Cover

(၁)

နေရာ

တစ်ယောက်က လူကုံထံမိသားစုက မွေးဖွားလာခဲ့တဲ့ မိဘအလိုလိုက်ခံထားရတဲ့ ပြဿနာကောင်လေးတစ်ယောက်၊ တစ်ယောက်က ဆင်းရဲတဲ့မိသားစုက မွေးဖွားလာခဲ့တဲ့ လိမ္မာရေးခြားရှိပြီး စာကြိုးစားတဲ့ကောင်လေးတစ်ယောက် ဘ၀အခြေအနေပေးချင်းမတူတဲ့ ကောင်လေးနှစ်ယောက်ကို နေရာချင်း ရက်သတ္တပတ်ကြာ ပြောင်းလဲကြည့်လိုက်တဲ့ အခါ . . .

နေမင်းတစ်ပတ်လှည့်တဲ့မြောက်ယဉ်စွန်းတန်းတစ်နေရာမှာ တောတောင်ရေမြေသဘာဝနဲ့ စိမ်းစိုလှပသက်ဝင်နေတဲ့ နေရာလေးတစ်ခုရှိတယ်။ အဲဒီ နေရာရဲ့ တောင်ကုန်းတောင်တန်းတော်တော်များများ ကိုလက်ဖက်စိုက်ခင်းတွေနဲ့ လွှမ်းခြုံထားတယ်။ လှပစိမ်းစိုတဲ့ တောတောင်တွေကြားထဲမှာ “သာယာကုန်း”လို့ခေါ်တဲ့ မူလတန်းကျောင်းလေး တစ်ကျောင်းရှိတယ်။

အဲဒီ ကျောင်းနဲ့ မိုင်ပေါင်းထောင်ကျော်ဝေးတဲ့နေရာမှာ မြို့ပြတစ်ခုရှိတယ်။ အရင်တုန်းက အဲဒီ မြို့ပြဟာ တံငါရွာလေးတစ်ရွာဖြစ်ခဲ့ပြီး အခုချိန်မှာ တော့ မိုးထိအောင်မြင့်တဲ့တိုက်ကြီးတွေနဲ့ စည်ကားလို့နေပါတယ်။နည်းပညာတွေထွန်းကားတဲ့မြို့၊ စီးပွားရေးအချက်အချာကျတဲ့မြို့၊ အပန်းဖြေစရာပင်လယ်နဲ့နီးတဲ့မြို့၊ ဖက်ရှင်ခေတ်ပေါ် ဒီဇိုင်းတွေနဲ့ လှပတဲ့မြို့ဖြစ်တာကြောင့် အိမ်ဈေးတွေက တိုက်အမြင့်ကြီးတွေလို မိုးထိအောင်မြင့်ပါတယ်။

လွန်ခဲ့တဲ့ ၂ လက ဒီမြို့ပြရဲ့ ကျောင်းတစ်ကျောင်းဆီ ကျွန်တော်တို့ရောက်လာခဲ့ကြတယ်။ ကျောင်းသားတွေထဲကနေ “နေရာချင်းလဲလှယ်နိုင်သူ”ကို ရွေးချယ်ရာက (၁၃)နှစ်အရွယ် မောင်ရဲလင်းအောင်လို့ခေါ်တဲ့သတ္တမတန်း ကျောင်းသားတစ်ဦးက ကျွန်တော်တို့ မြင်ကွင်းထဲ ရောက်လာခဲ့တယ်။

“မေမေနဲ့ ကျွန်တော် ရန်ဖြစ်တယ်။ မေမေ ဘာခိုင်းခိုင်း ကျွန်တော်တမင်မလုပ်ဘဲ နေတယ်”

“ဒီတစ်ခေါက် လပတ်စာမေးပွဲမှာ သင်္ချာကျတယ်။ အရင်တစ်ခေါက်က ၉၉ မှတ်ရတယ်။ ဆရာမ သင်တာကို ကျွန်တော်စိတ်မ၀င်စားဘူး။ တွေးချင်ရာတွေးပြီး ထိုင်နေလိုက်တယ်။ ကျွန်တော်တို့ အတန်းမှာ သင်တဲ့ဆရာမ တချို့က အရမ်းဆိုးတယ်။ အသံကျယ်ကြီးနဲ့ အော်တတ်တယ်။ သူတို့အသံကြားရင် ကျွန်တော် စိတ်ပိုရှုပ်တယ်။ အောက်ဆီဂျင်ပြတ်လပ်သွားသလိုမျိုးမခံနိုင်ဘူး၊ အရမ်းစိတ်ရှုပ်တယ်”

“ကျွန်တော့်မှာ ဖုန်းခြောက်လုံးရှိတယ်။ တစ်လုံးက ၀ယ်ပြီးပြန်လာတာနဲ့ ဖေဖေ ပစ်ပေါက်လို့ ကွဲသွားတယ်”

ဒါတွေက ကျွန်တော်တို့ကို မောင်ရဲလင်းအောင် ပြောပြတဲ့စကားတွေဖြစ်တယ်။ အပြောင်းအလဲများ တဲ့အရွယ်၊ ကျောင်းတက်ပျင်းတဲ့အရွယ်၊ စိတ်ကူးစိတ်ရူးနဲ့ စိတ်ကစားတဲ့အရွယ်၊ စိတ်ဆန္ဒထွေပြားတဲ့အရွယ်၊(၁၃)နှစ်အရွယ် လက်ကိုင်ဖုန်းကို စွဲလမ်းသူ၊ ဒါတွေဟာ သူနဲ့ တွေ့တွေ့ချင်း ကျွန်တော်တို့ကို မောင်ရဲလင်းအောင်ပေးတဲ့ ပထမဆုံးထင်မြင်ချက်တွေဖြစ်တယ်။

တီဗွီမှာ ထုတ်လွှင့်ပြသမယ့် ကျောင်းသားချင်း “နေရာချင်းလဲလှယ်ရေးအစီအစဉ်” အတွက် ရက်(၂၀)လောက် ကျောင်းမတက်ရဘူးဆိုတာကိုကြားတော့ မောင်ရဲလင်းအောင်ရဲ့ မျက်လုံးမှာ ၀မ်းသာတဲ့အရိပ်တွေလက်ခနဲထင်ဟပ် သွားပါတယ်။ ကျောင်းတက်စရာမလိုဘူးဆိုတဲ့ စကားတစ်ခွန်းက မောင်ရဲလင်းအောင်ကို အလဲထိုးနိုင်လိုက်တဲ့ လက်သီးတစ်လုံးဖြစ်ပါတယ်။ ဒါပေမယ့် မိနစ်(၂၀)အတွင်းမှာ ဒီအစီအစဉ်ထဲ မပါဝင်ချင်ကြောင်း သူ ငြင်းဆန်ပြန်တယ်။ဒီလိုအခြေအနေမျိုးမှာ မောင်ရဲလင်းအောင်မိဘနဲ့  ကျွန်တော်တို့ အဖွဲ့ တိုင်ပင်ဆွေးနွေးဖြစ်ပြီး မိသားစုအစည်းအဝေးတစ်ခု လုပ်ခဲ့ကြတယ်။ မောင်ရဲလင်းအောင်ကို ကျွန်တော်တို့ရဲ့ ကျောင်းသား “အလဲအလှယ်”ထဲပါဝင်ခွင့်ပြု၊ မပြုကိုမိသားစုတစ်တွေဆွေးနွေးခဲ့ကြတယ်။

ဒီလို ဝေးခေါင်တဲ့နေရာသွားဖို့ မောင်ရဲလင်းအောင်ရဲ့ ဘိုးဘိုးက သဘောမတူခဲ့ဘူး။ ဆေးရုံနဲ့ဝေး၊ မြို့ပြနဲ့ဝေးတဲ့ တောရွာတစ်ရွာမှာ မြေးဖြစ်သူဖျားနာမှာ ၊ ထိခိုက်ဒဏ်ရာရမှာ ကို သူစိုးရိမ်ခဲ့တယ်။

“အိမ်မှာ နေရင် သူ့တာဝန်ဝတ္တရားတွေအကုန်လုံး အမေပဲလုပ်ပေးရမယ်လို့ သူထင်နေတယ်။ ထမင်းစားတာတောင် အရန်သင့် ခူးခပ်ပေးရတယ်။ ပြင်ပ အတွေ့အကြုံတွေ သူခံစားကြည့်နိုင်ဖို့ လွှတ်သင့်တယ်လို့ကျွန်မထင်တယ်”

မောင်ရဲလင်းအောင်ရဲ့ မေမေ ဒေါ်မေလင်းက သူ့အပေါ် ပုန်ကန်ဆန့်ကျင်တတ်တဲ့သားကို တစ်နယ်တစ်ကျေးလွှတ်ပြီး သူ မကြုံဖူး၊ မတွေ့ဖူးတာတွေကို တွေ့ ကြုံခံစားနိုင်ဖို့ လုံးဝသဘောတူနေခဲ့တယ်။

“သူ့ကို ကျွန်မချစ်တာက ချစ်တာပဲ။ တကယ်လို့ သူ ဒီလိုဆက်ဆိုးနေမယ်၊ စာထဲလည်း စိတ်မ၀င်စားဘူး၊ ပြောစကားလည်း နားမထောင်ဘူးဆိုရင် ကျွန်မရဲ့ အချစ်က နစ်ရာ ရောက်လိမ့်မယ်။သူလိမ္မာလာရင် ပြောင်းလဲလာရင်တော့ ကျွန်မအရမ်းပျော်မှာ ပေါ့“

မောင်ရဲလင်းအောင်ရဲ့ ဖေဖေ ဦးဇော်အောင်ကလည်း မောင်ရဲလင်းအောင် လူလိမ္မာလေးဖြစ်လာတာကို မြင်ချင်တယ်။ ဒါကြောင့် ကိုယ့်အဖေ(မောင်ရဲလင်းအောင်ရဲ့ ဘိုးဘိုး) သဘောမတူတဲ့ကြားကသားကို စေလွှတ်ဖို့ သဘောတူခဲ့တယ်။ မောင်ရဲလင်းအောင်ရဲ့ ညီမ ရည်မွန်က သူနဲ့ခွဲပြီး အစ်ကို့ကို တစ်ယောက်တည်း အဝေးစေလွှတ်မယ်ဆိုတော့ မျက်ရည်ကျပါတယ်။ ရက်(၂၀)ပဲကြာမှာ လို့ ချော့သပ်ပြီး မောင်ရဲလင်းအောင်မဲဇာပို့ မယ့် အစီအစဉ်ကို မိသားစုအားလုံး သဘောတူလိုက်ကြပါတယ်။

* * *

(၂)

မှိန်ပျပျ တောတန်းတွေရဲ့ လက်ဖက်ခင်းကြားမှာ သဘာဝနဲ့ ယှဉ်ဖက်ပြီး ကြီးပြင်းလာခဲ့တဲ့ မောင်ဝေယံကို ရက်သတ္တပတ်ကြာ ကျောင်းသားချင်းလဲလှယ်ရေးအစီအစဉ်မှာ ကျွန်တော်တို့ရွေးချယ်ထားကြောင်းအကြောင်းကြားတော့ မောင်ဝေယံတစ်ယောက် အပျော်ကြီးပျော်နေခဲ့တယ်။ (၁၄)နှစ်အရွယ်မောင်ဝေယံဟာ ရိုးသားကြိုးစားပြီး လိမ္မာရေးခြားရှိသူတစ်ယောက်ဖြစ်တယ်။

မောင်ဝေယံက ကျွန်တော်တို့ ကို သူအမြဲမက်တတ်တဲ့ အိပ်မက်အကြောင်း ပြောပြတယ်။ အိပ်မက်ထဲမှာ လူတစ်ယောက်က အဝေးကနေပြီးသူ့ ကို အမြဲလက်ပြနှုတ်ဆက်တတ်တဲ့အကြောင်း၊ အဲဒီ လူရဲ့ လက်ကိုကိုင်ဆွဲနိုင်ဖို့ အဲဒီ လူဆီ သူအလောတကြီးပြေးသွားတိုင်း ချောက်တစ်ခုထဲ သူပြုတ်ကျပြီး လန့်နိုးလာတတ်တဲ့အကြောင်းတွေဖြစ်တယ်။ သူ့ရဲ့ မနက်ခင်းတော်တော်များများ က ကြောက်လန့်ပြီး နိုးထလာခဲ့ရတာ တွေများ ခဲ့တယ်။

* * *

(၃)

“ရဲလင်းအောင် . . . ရဲလင်းအောင် . . . ထတော့ . . . အိပ်ရာထဖို့ ဘယ်နှစ်ခါနှိုးရမှာ လဲ . . . နေဖင်ထိုးနေပြီ”

ခေါင်းမြီးခြုံပြီး အိပ်မက်ကို စိမ်ပြေနပြေမက်နေတဲ့ မောင်ရဲလင်းအောင်ကို ဒေါ်မေလင်းက စောင်လှန်ပြီးနှိုးတယ်။ မက်ကောင်းဆဲအိပ်မက်ကနေ အနှိုးခံလိုက်ရတဲ့ မောင်ရဲလင်းအောင်တစ်ယောက် အသံမာမာနဲ့အိပ်မက်ဖျက်ဆီးသူ ဒေါ်မေလင်းကို ပြန်အော်တယ်။

“ရှုပ်လိုက်တာ . . . ဒီလောက် အစောကြီးထခိုင်းတာ ဘာလုပ်ဖို့လဲ”

အိပ်မက်လှလှကို အဖျက်ဆီးခံလိုက်ရတဲ့ ရဲလင်းအောင်တစ်ယောက် စူပုတ်ပုတ်နဲ့ ဆောင့်ကြီးအောင့်ကြီးထပြီး မျက်နှာသစ်တယ်။ အဲဒီ နောက် အဆင်သင့် ခူးခပ်ထားတဲ့မနက်စာကိုစားပြီး ကျောင်းသွားဖို့ သူ ပြင်ဆင်တယ်။အ၀တ်ဗီရိုထဲက အင်္ကျီတွေ တစ်ထည်ပြီးတစ်ထည်ထုတ် ကိုယ်မှာ သူကပ်ကြည့်တယ်။ မကြိုက်ရင် ပြန်လဲ၊ ပြန်ပြောင်းနဲ့ သူ့ ခုတင်တစ်ခုလုံး အ၀တ်တွေနဲ့ ရှုပ်ပွနေပါတယ်။ စိတ်ကြိုက်အ၀တ်ကိုဝတ်ပြီး မှန်ရှေ့မှာ (၁၅)မိနစ်ကြာလောက်သူရပ်ပြီး ဆံပင်ကို သပ်တင်လိုက်၊ ဖြီးလိုက်၊ ခန္ဓာကိုယ်ကို ရှေ့လှည့်လိုက်၊ နောက်လှည့်ကြည့်လိုက်နဲ့ သူလုပ်နေတယ်။

စိတ်ကြိုက်ပြင်ဆင်ပြီး ကျောပိုးအိတ်ထဲ သူကြိုက်တဲ့ အစားအစာတွေကိုထည့်တယ်။ ပြီးတော့ ဖေဖေဦးဇော်အောင် မောင်းပို့မယ့်ကားထဲ အဆင်သင့်ဝင်ထိုင်နေလိုက်တယ်။ တစ်လမ်းလုံး သားအဖနှစ်ယောက်ဘာစကားမှ မပြောခဲ့ကြဘူး။ မောင်ရဲလင်းအောင်ကတော့ ကားနောက်ကြည့်မှန်ထဲကနေ သူ့ ဆံပင်ကို တသသ လုပ်နေခဲ့ပါတယ်။

* * *

(၄)

သာယာကုန်းကျောင်းတည်ရှိတဲ့ ကုန်းမြင့်ထက် ပတ်ဝန်းကျင်ရဲ့ ဆောင်းမနက်ခင်းက နှင်းခိုးနှင်းရိပ်တွေနဲ့  စိမ်းစိုအေးချမ်းနေပါတယ်။ တောင်ပေါ်ဒေသဖြစ်တာကြောင့် မနက်ခင်းပိုင်းမှာ အနွေးထည်ထူထူဝတ်ရပြီးနေ့လယ်နေ့ခင်းမှာ တောင် လက်ရှည်ခပ်ပါးပါးကိုဝတ်ဆင်ရပါတယ်။ ရာသီဥတုနောက်လိုက်ပြီး စိတ်တွေထုံမှိုင်းနေခဲ့ရင် သဘာဝအလျောက်စီးဆင်းနေတဲ့ တောင်ကျစမ်းရေနဲ့ မျက်နှာသစ်ကြည့်လိုက်ပါ။ အေးမြတဲ့စမ်းရေက လူကိုလန်းဆန်းတက်ကြွသွားစေမှာ အမှန်ပါပဲ။ ဒါကြောင့် ကျောင်းစာသင်ခန်းထဲက ကလေးတွေရဲ့  မနက်ခင်းစောစော စာအံသံက တောတောင်တစ်ခုလုံးကို ပဲ့တင်ထပ်သွားနိုင်လောက်အောင် ဟိန်းညံနေခဲ့ပါတယ်။

မောင်ဝေယံတက်တဲ့ မူလတန်းကျောင်းက ဆရာ/ဆရာမ နှစ်ဦးသာရှိတဲ့ ကျောင်းတစ်ကျောင်းဖြစ်တယ်။ ကျောင်းသူ၊ ကျောင်းသားပေါင်း (၂၃) ယောက်ပဲရှိတဲ့ကျောင်းဖြစ်သလို ပတ်ပတ်လည် ရွာ(၄)ရွာရဲ့ တစ်ခုတည်းသောကျောင်းလည်းဖြစ်တယ်။ မောင်ဝေယံနေတဲ့ရွာကနေ သာယာကုန်းကျောင်းကိုရောက်ဖို့ မိုင်(၂၀)ခန့် လမ်းလျှောက်ရတယ်။ တောရွာတွေရဲ့ ထုံးစံအတိုင်း သားသမီးတွေ အသက်နည်းနည်းရလာရင် မိဘတွေက အလုပ်ထွက်လုပ်ခိုင်းကြတာမို့ဒီကျောင်းမှာ အသက်အငယ်ဆုံး ကျောင်းသားက (၅)နှစ်ဖြစ်ပြီး အသက်အကြီးဆုံးကျောင်းသားက (၁၄)နှစ် မောင်ဝေယံဖြစ်တယ်။ ကျောင်းမှာ စာသင်ခန်းနှစ်ခန်းပဲ ရှိတယ်။ သူငယ်တန်းကနေ ဒုတိယတန်းအထိတစ်ခန်း၊တတိယတန်းကနေ စတုတ္ထတန်းအထိက တစ်ခန်းဖြစ်တယ်။

ဒီပြောင်းလဲရေး တီဗွီအစီအစဉ်ရိုက်ကူးဖို့ ကျောင်းအားလပ်ချိန်စာသင်ခန်းထဲမှာ ကျွန်တော်တို့ ဗီဒီယိုကင်မရာတွေ တပ်ဆင်တော့ ကျောင်းသားတွေက စိတ်ဝင်တစား၊ တအံ့တသြနဲ့ လာကြည့်ကြတယ်။ အဲဒီ ထဲမှာ မောင်ဝေယံလည်းပါတယ်။

* * *



ဝန်ဇင်းချစ်သူများ နိုင်းနိုင်းစနေ ၏ “ နေရာ ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


ရတနာများနှင့်ဆက်သွယ်ခြင်း

ကျွန်မဖတ်ဖို့ (၂)

နှလုံးသားဝန်ဆောင်မှု