Cover

(၁)

မိန်းကလေးအတွက် ဘ၀ဒဿန

( ၁ ) သင့်မှာ အ၀တ်အစားတွေ အများ ကြီးရှိဖို့ မလိုပါဘူး။ ခေတ်နဲ့ မလိုက်ဖက်တော့တဲ့ ဇာပန်းထည်တွေကို ခေါက်သိမ်းလိုက်ပါ။ သင့်အသက်အရွယ်နဲ့ မလိုက်ဖက်တော့တဲ့ အနားပန်းဖွားအင်္ကျီတွေကို ခေါက်သိမ်းလိုက်ပါ။ ဒီကနေ့ကစ ဗီရိုထဲမှာ ရှိတဲ့ အင်္ကျီတစ်ထည်တိုင်း သင်နဲ့လိုက်ဖက်တဲ့အရောင်၊ သင်နဲ့သင့်တော်တဲ့ စတိုင်လ်တွေ ဖြစ်နေပါစေ။

(၂) အားကစားရုံသွားဖို့ အပိုဝင်ငွေမရှိဘူးဆိုရင် လှေကားထစ်တွေကို သင် နေ့တိုင်းတက်နိုင်၊ ဆင်းနိုင်ပါတယ်။ နာမည်ကြီးတံဆိပ်၊ မိတ်ကပ်၊ ပေါင်ဒါတွေ သင် မသုံးနိုင်ဘူးဆိုရင် အရက်၊ဆေးလိပ်မသောက်၊ အိပ်ချိန်မှန်၊ စားချိန်မှန်ရင်လည်း သင့်အသားအရည်ကိုစိုပြေ၀င်းပစေပါတယ်။SPA တွေလုပ်ဖို့ ငွေကြေးမတတ်နိုင်ဘူးဆိုရင် green tea၊ နွားနို့၊ ရေတွေကို အမြသောက်ဖို့ မမေ့ပါနဲ့။ ဒါတွေဟာလည်းအကျိုးရှိတဲ့အရာတွေဖြစ်တယ်။

(၃) အချစ်ကို သင် ယုံကြည်လို့ရတယ်။ ယောက်ျားလေးတွေရဲ့ ချိုချိုသာသာစကားတွေကို သင် နားထောင်လို့ရတယ်။ ဒါပေမယ့်တစ်ဖက်နားက နားထောင်ရင် ကျန်တစ်ဖက်နားက ထွက် သွားပါစေ။ ပျားရည်လိုချိုတဲ့ အဆိပ်တွေကို ရင်ထဲသိမ်းဆည်းမထားပါနဲ့။ တော်တဲ့၊ ထက်တဲ့ယောက်ျားတွေကို သင် တန်ဖိုးထားနိုင်တယ်။တကယ်လို့ အိမ်ထောင်သည်ဆိုတဲ့ တံဆိပ်ကပ်ထားသူဆိုရင် သင် တတ်နိုင်၊ လက်ခံနိုင်တဲ့သူမဟုတ်ကြောင်း မမေ့ပါနဲ့။ ဒီလိုလူမျိုးနဲ့ကြုံခဲ့ရင် ဘာအတွယ်အတာမှ မချန်ဘဲ ဝေးဝေးခွာပါ။

(၄) ကိုယ့်ရဲ့ အပြင်ပန်းအလှကို တန်ဖိုးထားပါ။ ထိုနည်းတူ အတွင်းစိတ်ကိုလည်း မပြတ်ဖြည့်ဆည်းပါ။ စာများများ ဖတ်ပါ။ များများ သင်ယူပါ။လူမှု ရေး၊ ယဉ်ကျေးမှု ၊ နိုင်ငံရေး၊ ဖက်ရှင်၊ မိသားစု ဘုရားသခင်က သင့်ကို လှပတဲ့မျက်နှာ မပေးခဲ့ရင်၊ အသိဉာဏ်ပြည့်တဲ့ စိတ်နှလုံးတစ်စုံရှိဖို့ကို သင်ကိုယ်တိုင် တာဝန်ယူပါ။ ပန်းအိုးတွေကကွဲလွယ်တယ်။ ရုပ်ရည်က အိုလွယ်တယ်။ အသိဉာဏ်က နှစ်လကြာလေ တိုးပွားလေ၊ ခိုင်မြဲလေဖြစ်တယ်။

(၅) လက်ဆောင်ပစ္စည်းရတဲ့ အံ့သြ၀မ်းသာခြင်းမျိုးကို သင် ခံစားနိုင်ပါတယ်။ ဒါပေမယ့် အလကားစားရတဲ့ ညစာဆိုတာ မရှိဘူးဆိုတာကိုတော့ မမေ့ပါနဲ့။ ယောက်ျားတစ်ယောက်ကပေးတဲ့အဖိုးတန်ဈေးကြီးလွန်းတဲ့ လက်ဆောင်ပစ္စည်းကို ဘယ်လိုဂုဏ်ပုဒ်မျိုးနဲ့ သင် လက်ခံယူမလဲ။ ဇနီးမယား၊ ချစ်သူရည်းစား၊ တကယ်လို့ ဇနီးမယားလည်းမဟုတ်၊ ချစ်သူရည်းစားလည်း မဟုတ်ဘူးဆိုခဲ့ရင် ဒီလက်ဆောင်အတွက်ဘယ်လိုပေးဆပ်ခြင်းမျိုးကို သင် ပေးဆပ်ရလိမ့်မလဲဆိုတာကို သေသေချာချာ စဉ်းစားပါ။ ကိုယ်ကြိုက်နှစ်သက်တဲ့အရာကို ကိုယ်တိုင်ဝယ်ယူနိုင်ဖို့ ကြိုးစားပါ။ ယောက်ျားတွေပေးမယ့် လက်ဆောင်ကိုပဲ မျှော်ကိုးမနေပါနဲ့။

(၆) ရိုးသားလို့ရတယ်၊ ဒါပေမယ့် ရိုးစင်းနုံအလို့ မရဘူး။ ရိုးရှင်းလို့ရတယ်။ ဒါပေမယ့် အလွယ်လိုက်လို့ မရဘူး။ အိမ်အလုပ်၊ အိမ်ပစ္စည်းတွေကို သင် နားမလည်လို့ရတယ်။ ဒါပေမယ့် အနည်းဆုံးတော့အိမ်သုံးလျှပ်စစ်ပစ္စည်းတွေရဲ့ အညွှန်းစာအုပ်ကို သင် ဖတ်နိုင်ရမယ်။ ကိုယ့်အပေါ် ကူညီခဲ့သူတွေအတွက် ကျေးဇူးတရားကို ရင်ထဲအမြဲထည့်ထားပါ။ ကိုယ့်အပေါ် ကဲ့ရဲ့ လှောင်ပြောင်သူတွေအတွက် ပုံမှန်သာမန်စိတ်ကို မွေးပါ။

(၇) ငွေကြေးတွေကို အမြော်အမြင်ရှိရှိ သုံးပါ။ ကိုယ့်အတွက် ကောင်းမွန်တဲ့အတွင်းခံ၊ ဖိနပ်တွေဝယ်ဖို့ မနှမြောပါနဲ့။ အပြင်ပန်းလှပအောင် ၀တ်ဆင်တယ်ဆိုတာ သူတစ်ပါးကြည့်ဖို့အတွက်ပါ။ဒါဟာ ၀င့်ဝါခြင်းကို ၀တ်ဆင်တာဖြစ်တယ်။ သင့်တော်ကောင်းမွန်တဲ့ အတွင်းဝတ်တွေက ကိုယ်တိုင်အတွက်ပါ။ ဒါဟာ သက်သောင့်သက်သာရှိခြင်းကို ၀တ်ဆင်တာဖြစ်တယ်။

(၈) လိုက်လျောညီထွေတဲ့စကားကို ပြောဆိုတတ်ရမယ်။ ကလေးကလားနိုင်တဲ့ ကပ်ချွဲနှပ်ချွဲစကားတွေက သင့်မှာ ရှိသင့်တဲ့ အမှတ်တံဆိပ်တွေ မဟုတ်ဘူး။ သင့်မှာ ဗဟုသုတမရှိလို့ ရတယ်။ ဒါပေမယ့်အဆင့်အတန်းမရှိလို့ မရဘူး။ အမြင်မတူ၊ အသွင်ကွဲလို့ရတယ်။ ဒါပေမယ့် လေးစားရိုသေမှု တော့ ရှိရတယ်။ ဖြစ်ခဲ့ပျက်ခဲ့တဲ့အကြောင်းကိုပဲ ထပ်တလဲလဲ နာနာကျင်ကျင် မရွတ်ဆိုပါနဲ့။ ဒေါသထွက်နေတုန်း စကားတစ်ခွန်းပြောဖို့ (၁)ကနေ (၂၀)အထိရေတွက်ပြီးမှ ပြောပါ။

(၉) သင်ဟာ တစ်ကိုယ်တည်းသမားပဲဖြစ်ဖြစ်၊ အိမ်ထောင်သည်ပဲဖြစ်ဖြစ် ဒါတွေက အရေးမကြီးပါဘူး။ အရေးကြီးတာက တစ်ပါးသူကိုမှီတွယ်မယ်ဆိုတဲ့စိတ် မရှိဖို့ဘဲလိုတယ်။ အရာရာတိုင်း သူတစ်ပါးကိုအားကိုးနေလို့မဖြစ်ပါဘူး။ သိန်းသောင်းချီတဲ့ လခ ရနေတာက အကောင်းဆုံးပေါ့။ ထောင်ဂဏန်းလခဆိုလည်း မဆိုးပါဘူး။ အနည်းဆုံးတော့ ကိုယ့်ကိုယ်ကို ရှင်သန်အောင် ရပ်တည်နိုင်တဲ့အစွမ်း သင့်မှာ ရှိသေးတယ်။ဒါဟာ သင့်ရဲ့ ဂုဏ်ယူစရာဖြစ်တယ်။

(၁၀) ဘ၀ကပေးတဲ့အရာတိုင်းကို တန်ဖိုးထားမြတ်နိုးပါ။ သင်ယူပါ။ အချစ်ခံရ၊ အနှစ်သက်ခံရတယ်ဆိုတာ ပျော်ရွှင်တဲ့ဥစ္စာပစ္စည်းဖြစ်တယ်။ သူတစ်ပါးကို ချစ်တယ်၊ နှစ်သက်တယ်ဆိုတာ ပျော်ရွှင်တဲ့ပေးဆပ်ခြင်းဖြစ်တယ်။ တကယ်လို့ သင့်ကို သူ ခွဲသွားမယ်ဆိုရင် ပြုံးပြုံးရွှင်ရွှင်နဲ့တောင်းဆုတွေပေးပါ။ အထီးကျန်တာကို ဂုဏ်ရှိရှိခံယူတာက နာနာကျင်ကျင်ချစ်နေရတာ ထက်စာရင် ကောင်းပါတယ်။ ကိုယ့်ကိုယ်ကို ကောင်းကောင်းဆက်ဆံပါ။သူတစ်ပါးကို ခွင့်လွှတ်နားလည်တတ်ပါစေ။ ကိုယ့်ကိုယ်ကို ယုံကြည်တဲ့စိတ်၊ ခွင့်လွှတ်နားလည်တဲ့စိတ်၊ တာဝန်သိတတ်စိတ် စတဲ့စိတ်တွေ တစ်ခုမှ သင့်မှာ လျော့နေလို့မဖြစ်ဘူးဆိုတာကို နားလည်ထားပါ။

မူရင်း-http://www.duwenzhang.com/wenzhang/shenghuosuibi/shenghuoganwu/20110510/183457.html

* * *

(၂)

စာစုလေးတချို့(၁)

( ၁ ) ကိုယ့်ကိုယ်ကို ကောင်းကောင်းဆက်ဆံပါ။ လူ့ဘ၀ဆိုတာ တိုတောင်းလွန်းတယ်။ ကိုယ့်ဘေးကလူတွေကို ကောင်းကောင်းဆက်ဆံပါ။ နောင်ဘ၀ဆိုတာရှိရင်လည်း သူတို့နဲ့ကိုယ်ဆုံချင်မှဆုံလိမ့်မယ်။

(၂) လျှို့ဝှက်ချက်တစ်ခုကို ထိန်းထားတာဟာ လျှို့ဝှက်ချက်တစ်ခုကို ထုတ်ဖော်တာထက် ပိုတန်ဖိုးရှိတယ်လို့ သင် သိတဲ့အချိန် သင် ရင့်ကျက်ပြီ။

(၃) လူတစ်ယောက်ရဲ့ အတွေးအကြံကို ယူသုံးတာဟာ ခိုးတာတဲ့။ လူအများ ရဲ့ အတွေးအကြုံကို ယူသုံးတာက သုတေသနပြုတာဖြစ်တယ်။

(၄) အိမ်ထောင်ရေးအခက်အခဲဆိုတာ တစ်ဖက်သားရဲ့ ကောင်းကွက်နဲ့ ကျွန်တော်တို့ ချစ်သူရည်းစားဖြစ်နေပြီး တစ်ဖက်သားရဲ့ ဆိုးကွက်နဲ့ အတူနေရခြင်းဖြစ်တယ်။

(၅) ခရီးသွားခြင်းဆိုတာ ကိုယ်ငြီးငွေ့တဲ့နေရာကိုခွာပြီး တခြားလူငြီးငွေ့တဲ့နေရာကိုသွားတာဖြစ်တယ်။

(၆) တခြားလူနဲ့ ပြဿနာတစ်ခုခုတက်ရင် ကိုယ့်ကိုယ်ကို အရင်ဆန်းစစ်ပါ။ ၀မ်းချုပ်တိုင်း ကမ္ဘာကြီးဆွဲအားမကောင်းဘူးလို့ မထင်ပါနဲ့။

(၇) လူ့ ဘ၀ရဲ့ အရက်စက်ဆုံးက တစ်ကြိမ်တစ်ခါပဲ နုပျိုခွင့်ရတာ ပါပဲ။

(၈) လူတချို့က ကိုယ့်ဘေးပတ်ဝန်းကျင်ကလူတွေနဲ့တောင် မရင်းနှီးဘဲ ကမ္ဘာ့အပြင်ဘက်မှာ တခြားဂြိုဟ်သား ရှိမရှိဆိုတာကို စိတ်ဝင်စားကြတယ်။

(၉) ကိုယ်ကိုယ်တိုင်ကလွဲပြီး ကိုယ့်ပျော်ရွှင်မှု ကို ဘယ်သူကမှ မခြယ်လှယ်နိုင်ပါဘူး။

(၁၀) အချိန်က အရာရာကို ကုသပျောက်ကင်းစေလိမ့်မယ်။ အချိန်ကို အချိန်ပေးပါ။

(၁၁) ဘ၀ဆိုတာ တိုတောင်းလွန်းတယ်။ တစ်ယောက်ယောက်ကိုမုန်းဖို့ အချိန်မရှိလောက်အောင်ကို တိုလွန်းပါတယ်။

(၁၂) ထူးခြားဆန်းကြယ်မှု ကို ယုံကြည်ပါ။

(၁၃) နေ့တိုင်း အပြင်ထွက်ပါ။ ထူးခြားဆန်းကြယ်မှု က အရပ်လေးမျက်နှာမှာ သင့်ကို စောင့်နေပါတယ်။

(၁၄) ငြင်းခုန်ရန်ဖြစ်မှု တိုင်းကို သင် အောင်နိုင်စရာမလိုပါဘူး။ သင် သဘောမတူတာတွေကို သဘောတူလိုက်ပါ။

(၁၅) သင့်ကလေးမှာ ကလေးဘ၀ဆိုတာ တစ်ကြိမ်တစ်ခါပဲ ရှိတယ်။ ဒါကြောင့် အမှတ်တရဖြစ်ထိုက်ပါစေ။

(၁၆) သင့်ဘ၀ကို တခြားလူတွေနဲ့ မနှိုင်းယှဉ်ကြည့်ပါနဲ့။ ဘယ်လိုအတွေ့အကြုံမျိုးနဲ့သူတို့ ခရီးဆက်နေတာကို သင် နားမလည်နိုင်ပါဘူး။

(၁၇) ဘုရားစာ၊ ကျမ်းစာတွေကို ရွတ်ဖတ်ပါ။ အဲဒီ စာတွေထဲမှာ လူတွေရဲ့ စိတ်ခံစားချက်တွေပါတယ်။

(၁၈) လူ့ဘ၀ကို ဖဲကြိုးစည်းမထားလည်း လူ့ဘ၀ဆိုတာ လက်ဆောင်တစ်ခုဖြစ်ဆဲဖြစ်တယ်။

(၁၉) အပြစ်ရှာ ညည်းတွားတတ်တဲ့လူတွေဟာ စိတ်သဘောထားမကောင်းသူတွေ မဟုတ်ပေမယ့် လူတွေ အမြဲနှစ်သက်သူတော့ မဟုတ်ခဲ့ဘူး။

(၂၀) အလုပ်များ နေတာက အရေးမကြီးဘူး။ အရေးကြီးတာက ဘာအတွက် အလုပ်များ နေလဲဆိုတာပဲ ဖြစ်တယ်။ လူ့ဘ၀ရဲ့ အကြီးမားဆုံးအနှောင့်အယှက်နဲ့ ပြဿနာက ဦးတည်ချက်မရှိဘဲအလုပ်များ နေတာပဲဖြစ်တယ်။

(၂၁) သူငယ်ချင်းဆိုတာ အဖိုးတန်ရတနာပါ။ တစ်ခါတလေမှာ စကားလေးတစ်ခွန်းနဲ့တင် သင့်ကို နလန်ထပြောင်းလဲစေနိုင်ပါတယ်။

(၂၂) လူတစ်ယောက်နဲ့ခင်မင်ဖို့ အခွင့်အရေးလိုတယ်။ လူတစ်ယောက်ကိုနားလည်ဖို့ အသိဉာဏ်လိုတယ်။ ချစ်ချစ်ခင်ခင် ပေါင်းသင်းဖို့ ခွင့်လွှတ်နားလည်ခြင်းလိုတယ်။

(၂၃) ကောင်းတာကို ကောင်းတာနဲ့တုံ့ပြန်တယ်။ မကောင်းတာကို မကောင်းတာနဲ့ တုံ့ပြန်တယ်လို့ကြားဖူးထားတယ်။ ဒါပေမယ့် အသိဉာဏ်ရှိသူတွေက ကောင်းတာနဲ့မကောင်းတာကို ဖာထေးတယ်။အသိဉာဏ်မဲ့သူတွေက မကောင်းတာနဲ့ ကောင်းတာကို ချေဖျက်တယ်။

(၂၄) လူ့ဘ၀မှာ ရက်သုံးရက်ပဲရှိတယ်။ မနေ့က ရှင်သန်နေတာဟာ လူကို တွေဝေမိန်းမောစေတယ်။ မနက်ဖြန်မှာ ရှင်သန်နေတာက လူကိုစောင့်မျှော်စေတယ်။ ဒီနေ့မှာ ရှင်သန်နေတာကမှ လက်တွေ့ ကျတယ်။

(၂၅) အခွင့်အရေးဆိုတာ သူခိုးတစ်ယောက်နဲ့တူတယ်။ မသိမသာနဲ့အသံတိတ်ရောက်လာတတ်ပြီး ထွက်သွားတဲ့အချိန် သင့်မှာ ဆုံးရှုံးနစ်နာမှု တွေ ကျန်ခဲ့တတ်တယ်။

(၂၆) Jesus က သောကြာနေ့မှာ လက်ဝါးကပ်တိုင်ပေါ် သံရိုက်ပြီး အဆုံးစီရင်ခံခဲ့ရတယ်။ အဲဒီ နေ့က တစ်ကမ္ဘာလုံး မျှော်လင့်ချက်မံ့တဲ့နေ့ဖြစ်တယ်။ ဒါပေမယ့် သုံးရက်အကြာမှာ ခရစ်တော်ထမြောက်ပွဲနေ့(Easter day) ဖြစ်ခဲ့တယ်။

(၂၇) ကြီးမြတ်သူက ပတ်ဝန်းကျင်ကို ပြောင်းလဲတယ်။ ထက်မြက်သူက ပတ်ဝန်းကျင်ကို အသုံးပြုတယ်။ သာမန်လူက ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေနေတယ်။ လူဖျင်းလူညံ့က ပတ်ဝန်းကျင်ကို အပြစ်တင်တယ်။

(၂၈) တစ်ခါတလေမှာ ဆိတ်ဆိတ်နေခြင်း ဒါမှမဟုတ် အေးဆေးတည်ငြိမ်တဲ့အပြုအမူက စိတ်တိုဒေါသထွက်တာထက် ပိုအင်အားရှိတယ်။ ငြိမ်းချမ်းသိမ်မွေ့တဲ့အပြောအဆိုနဲ့ အကျိုးအကြောင်းကို ဆင်ခြင်သုံးသပ်တာကအော်ကြီးဟစ်ကျယ်၊ ရိုင်းရိုင်းစိုင်းစိုင်းပြောဆိုတာထက် တစ်ဖက်လူကို ပိုကြောက်လန့်စေတယ်။ ခွင့်လွှတ်ခြင်းနဲ့ နားလည်ခြင်းက ထိခိုက်နာကျင်ခြင်းနဲ့ ဆဲရေးစော်ကားခြင်းထက် တစ်ဖက်လူရဲ့  စိတ်ဝိညာဉ်ကို ပိုသိမ်းပိုက်နိုင်သလို ဘေးမှကြည့်သူတွေကိုလည်းကရုဏာဖြစ်စေတယ်။ ချစ်ခင်ခြင်း၊ ကြင်နာခြင်းနဲ့ ချီးမွမ်းခြင်းတွေက အကြမ်းဖက်၊ ရိုင်းစိုင်းခြင်းထက် လူတွေရဲ့ စိတ်ဝိညာဉ်ကို ပိုတိုးတက်ကောင်းမွန်စေပါတယ်။

(၂၉) ဘ၀ဆိုတာ သင်္ချိုင်းဘက် မောင်းနှင်သွားတဲ့ ရထားတွဲ တစ်တွဲ ပါတဲ့။ မောင်းနှင်ရာလမ်းတစ်လျှောက်မှာ ဘူတာရုံတွေ အများ ကြီးရှိတယ်။ ခရီးစကနေ ခရီးဆုံးအထိ ဘယ်သူကမှသင်နဲ့အတူ အဖော်မပြုနိုင်ပါဘူး။တွဲ ပေါ်တက်သူတက်၊ တွဲ အောက်ဆင်းသူဆင်းကြတာကိုသင် တွေ့ရပါလိမ့်မယ်။ တကယ်လို့ ကံကောင်းရင် သင့်ကို ခရီးတစ်ထောက် အဖော်ပြုပြီး သူ ရှိပါလိမ့်မယ်။ ရထားတွဲ ကနေ သူ ဆင်းသွားတဲ့အခါ မခွဲရက်လည်း ကျေးဇူးတရားကို ရင်မှာ ထားပြီးလက်ပြပြီး နှုတ်ဆက်လိုက်ပါ။ နောက်တစ်ဘူတာမှာ ပိုဝေးတဲ့ခရီးအတွက် သင့်ကို အဖော်ပြုနိုင်သူနဲ့သင် ဆုံကောင်းဆုံနိုင်လို့ပါပဲ။

(၃၀) ပြင်းပြတဲ့ လိုချင်စိတ်မရှိရင် နောက်ဆုံးမှာ ဘာကိုမှ သင် ပိုင်ဆိုင်လိမ့်မှာ မဟုတ်ဘူး။ သိနားလည်ဖို့ ကြိုးစားချင်စိတ်မရှိရင် နောက်ဆုံးမှာ ဘာကိုမှ သင် သိလိမ့်မှာ မဟုတ်ဘူး။ အောင်နိုင်ဖို့ အားထုတ်ချင်စိတ်မရှိရင်နောက်ဆုံးမှာ ဘာကိုမှ သင် အောင်နိုင်လိမ့်မှာ မဟုတ်ဘူး။

(၃၁) ကမ္ဘာကြီး ၁၈၀ ဒီဂရီလှည့်တဲ့အခါ နေ့က ညဖြစ်သွားတယ်။ ကမ္ဘာကြီးနောက်ထပ် ၁၈၀ ဒီဂရီ ထပ်လှည့်တဲ့အခါ ညက နေ့ဖြစ်သွားတယ်။ လူတစ်ယောက်နဲ့ ကျွန်တော်တို့ ၁၈၀ ဒီဂရီလှည့်တဲ့အခါ ၀မ်းနည်းကြေကွဲခြင်းကကျွန်တော်တို့နောက်နား ရောက်သွားတယ်။ နောက်ထပ် ၁၈၀ ဒီဂရီ ကျွန်တော်တို့ လှည့်လိုက်တဲ့အခါ အရာရာကို အသစ်က ပြန်စနိုင်တဲ့ စမှတ်ဆီရောက်သွားတော့တယ်။

(၃၂) ပွင့်လန်းတဲ့ပန်းတွေက ပျားပိတုန်းတွေကို ဆွဲဆောင်နိုင်တယ်။ ပုပ်သိုးတဲ့အသီးအရွက်တွေက ခြင်၊ ယင်တွေကိုပဲ ဆွဲခေါ်နိုင်တယ်။ ဆိုရိုးစကားတစ်ခုမှာ အတင်းအဖျင်းပြောသူရဲ့ လျှာက လူသုံးယောက်ကိုသတ်နိုင်သတဲ့။
(၁) ပြောသူကိုယ်တိုင်ကို သတ်တယ်။
(၂) နားထောင်သူကို သတ်တယ်။
(၃) အပြောခံရသူကို သတ်တယ်။

(၃၃) လူ့ဘ၀က လုံးဝမျှတတယ်ဆိုတာ မရှိဘူး။ ဒါပေမယ့် ဆက်စပ်တဲ့ မျှတမှု တော့ရှိတယ်။ ချိန်ခွင်တစ်ခုပေါ်မှာ သင့်ဘက်က ရတာ တွေပိုများ လေ တခြားလူထက် သင် ခံနိုင်ရည်ပိုရှိရလေဖြစ်တယ်။

(၃၄) အခက်အခဲ၊ ပြဿနာတွေဆိုတာ အမြဲမပြတ် ဖြစ်ပျက်နေတဲ့အရာတွေပါ။ အဲဒီ အခက်အခဲ၊ ပြဿနာတွေကို ဖြေရှင်းဖို့လည်း နည်းလမ်းမျိုးစုံရှိပါတယ်။ အသိဉာဏ်ကို တိုးမြှင့်ဖို့ ဘယ်တော့မှ မမေ့ပါနဲ့။စိတ်သဘောထားကြီးမြတ်ဖို့ ဘယ်တော့မှ မမေ့ပါနဲ့။ လူ့ ဘ၀ရဲ့ အခက်အခဲ၊ ပြဿနာတွေက နည်းများ မဆို လူသွားရာနောက် အမြဲလိုက်နေမှာ ပါပဲ။ အသိဉာဏ်ရှိတဲ့လူကမှ အဲဒီ အခက်အခဲ၊ ပြဿနာတွေကို ဘယ်လိုရင်ဆိုင်ရမယ်ဆိုတာခေါင်းအေးအေးထား ဖြေရှင်းနိုင်မှာ ဖြစ်တယ်။

(၃၅) ဘာဆင်ခြေနဲ့မှ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ မကြိုးစားပါနဲ့။ အမှားရဲ့ ရှေ့မှာ ဘယ်သူကမှ အဲဒီ ဆင်ခြေကိုနားထောင်ချင်လိမ့်မှာ မဟုတ်ဘူး။

(၃၆) နာကျင်ကြေကွဲတာကို တွေ့ ကြုံခံစားရမှ အရာတချို့ကို သင် သိနားလည်နိုင်တယ်။ စိတ်ထိခိုက်ခံရမှ ကြံ့ကြံ့ခံဖို့နဲ့ နှုတ်ဆိတ်ဖို့ကို သင် သင်ယူနိုင်တယ်။ နာကျင်ကြေကွဲတာနဲ့ ထိခိုက်တာကို ကော်ဖီမှု န့်လို့ဆိုပါစို့။တွေးတောခြင်းကို ဆူပွက်တဲ့ရေလို့ ပမာပြုပြီး ခါးသက်မွှေးကြိုင်တဲ့ ကော်ဖီတစ်ခွက်ကိုဖျော်ပြီး သောက်ချလိုက်ပါ။ သင် ကြည်လင်နိုးထဖို့ ကော်ဖီက ကူညီပါလိမ့်မယ်။

(၃၇) လောကမှာ ဘယ်စာအုပ်၊ ဘယ်ဖွင့်ဆိုချက်ကမှ သင့်အတွက် ကံကောင်းခြင်းတွေ ပေးနိုင်မှာ မဟုတ်ဘူး။ ဒါပေမယ့် သင့်ကိုယ်သင် သိစေတ့၊ဲ သင့်ကိုယ်သင် အသိအမှတ်ပြုစေတဲ့ ဗဟုသုတ၊ အသိအမြင်ကို ပေးနိုင်ပါလိမ့်မယ်။

(၃၈) တစ်လောကလုံးက သင့်ကို စွန့်လွှတ်သွားပြီး၊ ကျောခိုင်းသွားပြီလို့ သင် ခံစားရတဲ့အခါ သူ(လောကကြီး)ဟာ သင့်ကိုပွေ့ဖက်ဖို့ ခန္ဓာကိုယ်ကို တစ်ပတ်လှည့်နေတယ်ဆိုတာကို ယုံကြည်လိုက်ပါ။

(၃၉) ဂျူးလူမျိုးတို့ရဲ့ သူတော်ကောင်းတရား(၇)ချက်-
(က) သူတစ်ပါးပိုင်နက် မကျူးလွန်နဲ့ (သူတစ်ပါးရဲ့ အိမ်ရှေ့မှာ ကိုယ့်အာဏာ မပြနဲ့)
(ခ) သူတစ်ပါးစကား ကြားမဖြတ်နဲ့။
(ဂ) အောင်မြင်မှု ရဖို့ ဆန္ဒမစောနဲ့။
(ဃ) မေးမြန်းတဲ့မေးခွန်းမှာ ဦးတည်ချက်ပါပါစေ။
(င) ဖြေတဲ့အဖြေက အခြေအနေနဲ့ ကိုက်ညီပါစေ။
(စ) ပြောတဲ့စကားမှာ အစအဆုံး ရှိပါစေ။
(ဆ) အမှန်တရားကို အခြေခံထားပါ။

(၄၀) လူတေမွှာပါတဲ့ မျက်လုံးနှစ်လုံးက တန်းတူညီမျှတယ်။ ဒါပေမယ့် လူတွေကိုကြည့်တဲ့ အကြည့်က မျှတမှု မရှိဘူး။ လူတွေမှာ ပါတဲ့ နားတစ်စုံက ဘယ်ညာနှစ်ဖက်မှာ ခွဲထားတယ်။ ဒါပေမယ့် တစ်ဖက်ကိုပဲအာရုံစိုက်နားထောင်တတ်တယ်။ လူတွေမှာ ပါးစပ်တစ်ပေါက်ပဲ ပါတယ်။ ဒါပေမယ့် စကားနှစ်မျိုး လှည့်ပြောတတ်တယ်။

(၄၁) မေတ္တာစိတ်ပေးကမ်းနိုင်သူဟာ အသိပညာရှိသူ၊ ဦးနှောက်ခြောက်စရာတွေကို ချေဖျက်နိုင်သူက ဉာဏ်ရည်ဉာဏ်စွမ်းရှိသူ။ စိတ်ကူးအိပ်မက်ရှိတာက အသိဉာဏ်တဲ့၊ အဲဒီ စိတ်ကူးအိပ်မက်ကိုအကောင်အထည်ဖော်နိုင်တာက အရည်အချင်းဖြစ်တယ်။

(၄၂) ငွေကြေးကို ဆုံးရှုံးတာက နည်းတဲ့ဆုံးရှုံးမှု ၊ ကျန်းမာရေးကိုဆုံးရှုံးတာက များ တဲ့ဆုံးရှုံးမှု ၊ ရဲစွမ်းသတ္တိကို ဆုံးရှုံးတာက အရာအားလုံးကိုဆုံးရှုံးသတဲ့။

(၄၃) အိမ်ကထွက်တဲ့အခါ လမ်းဖြောင့်ကို လျှောက်ပါ။ ပါးစပ်ကထွက်တဲ့စကား နားဝင်ချိုပါစေ။ လက်ကထွက်တဲ့အလုပ် အကျိုးရှိပါစေ။

(၄၄) မျက်နှာကိုလှအောင် လိမ်းခြယ်တာက တတိယတန်းစား လိမ်းခြယ်မှု ၊ စိတ်ဓာတ်ကိုလှအောင် လိမ်းခြယ်တာက ဒုတိယတန်းစား လိမ်းခြယ်မှု ၊ ဘ၀ကိုလှအောင် လိမ်းခြယ်တာက ပထမတန်းစားလိမ်းခြယ်မှု ။

(၄၅) ကျွန်တော်တို့ မလှပလို့ရတယ်။ ဒါပေမယ့် ကျွန်တော်တို့ ကျန်းမာတယ်။ ကျွန်တော်တို့  မကြီးမြတ်လို့ ရတယ်။ ဒါပေမယ့် ကျွန်တော်တို့  ဂုဏ်သိက္ခာရှိတယ်။ ကျွန်တော်တို့ မပြည့်စုံလို့ရတယ်။ ဒါပေမယ့်ကျွန်တော်တို့ ကြိုးစားတယ်။ ကျွန်တော်တို့ ထာဝရမတည်မြဲလို့ရတယ်။ ဒါပေမယ့် ကျွန်တော်တို့ ရိုးသားတယ်။

(၄၆) သာမန်လူတွေက မျက်လုံးနှစ်လုံးဖွင့်ပြီး လောကကြီးကိုကြည့်တယ်။ အမြဲ အကြည့်မှားတယ်။ ထူးကဲတဲ့လူတွေက မျက်လုံးတစ်ဖက်ဖွင့်၊ တစ်ဖက်ပိတ်နဲ့ လောကကြီးကို ကြည့်တယ်။ အရိပ်အကဲကို ရှင်းရှင်းလင်းလင်းမြင်တယ်။ ပိုထူးကဲလွန်းတဲ့လူတွေက မျက်လုံးနှစ်လုံးပိတ်ပြီး စိတ်နဲ့လောကကြီးကို ကြည့်တယ်။ အားလုံးကို အောင်မြင်လွှမ်းမိုးတယ်။

(၄၇) စကားပြောနည်းလိုအပ်ချက်
(က) ပြောသင့်ချိန်မှာ ပြောတာ အဆင့်အတန်းရှိတယ်။
(ခ) မပြောသင့်ချိန်မှာ မပြောတာ ထက်မြက်တယ်။
(ဂ) ဘယ်အချိန်မှာ ပြောသင့်၊ မပြောသင့်တာကိုသိတာ အသိဉာဏ်ဖြစ်တယ်။

(၄၈) သင့်မှာ ဒေါသထွက်ခွင့်ရှိတယ်။ ဒါပေမယ့် တခြားလူရဲ့ ဂုဏ်သိက္ခာကို မနင်းချေပါနဲ့။ သင့်မှာ ဆုံးရှုံးခွင့်ရှိတယ်။ ဒါပေမယ့် ကိုယ့်ကိုယ်ကို တန်ဖိုးမမဲ့ပါစေနဲ့။ သင့်မှာ အောင်မြင်မှု ကို ရယူနိုင်ခွင့်ရှိတယ်။ဒါပေမယ့် တခြားလူ နစ်နာခံရတဲ့ အောင်မြင်မှု မျိုး မဖြစ်ပါစေနဲ့။ သင့်မှာ အငြင်းပွားခွင့်ရှိတယ်။ ဒါပေမယ့် လက်စားချေတုံ့ပြန်မှု မျိုး မဖြစ်ပါစေနဲ့။ သင့်မှာ လှပကောင်းမွန်တဲ့ ဘ၀ရှိခွင့်ရှိတယ်။ ဒါပေမယ့် လိမ်ညာလှည့်ဖြားပြီးရလာတဲ့ပျော်ရွှင်မှု မျိုးမဖြစ်ပါစေနဲ့။

(၄၉) ငါ အရမ်းပျင်းတယ်။ ဒါကြောင့် အကောက်ကြံတဲ့ ဘာကြံစည်မျိုးမှငါနဲ့မကစားနဲ့။ အဲဒီ အချိန်အတွက် ငါ ပိုအိပ်နေလိုက်မယ်။ ငါ အရမ်းပျင်းတယ်။ ဒါကြောင့် တခြားအချိန်တိုင်းမှာ လည်း ငါ့ကို တုံးအတယ်လို့မထင်ပါနဲ့။ မလိုအပ်ဘဲ ခေါင်းရှုပ်ခံ၊ ရေးကြီးခွင်ကျယ်လုပ်ဖို့ ငါ ပျင်းလို့ပါ။ ငါ အရမ်းပျင်းတယ်၊ ဒါကြောင့် ဟိုလိုလို ဒီလိုလို မပြတ်မသား ငါနဲ့မကစားပါနဲ့။ နင် မျှော်လင့်ချက်မဲ့မှာ ငါစိုးလို့ပါ။

* * *

(၃)

ထက်မြက်သူနဲ့ ညံ့ဖျင်းသူ

ထက်မြက်သူက နားထောင်ကောင်းသူတစ်ဦးဖြစ်တယ်။ ညံ့ဖျင်းသူက မပြတ်ညည်းတွားတိုင်တန်းတယ်။

ထက်မြက်သူက သင့်လျော်တဲ့အချိန်မှာ တုံးအချင်ဟန်ဆောင်တယ်။ ညံ့ဖျင်းသူက ဘယ်အချိန်ဖြစ်ဖြစ် ကိုယ့်ကိုယ်ကို ထက်မြက်သူလုပ်တယ်။

ထက်မြက်သူက ဘ၀ရဲ့ အသေးစိတ်အချက်အလက်ကို မှတ်သားတယ်။

ညံ့ဖျင်းသူက တစ်ဖက်သားရဲ့ အားနည်းချက်တိုင်းကို မှတ်သားတယ်။

ထက်မြက်သူက ကိုယ့်ကိုယ်ကို ဟာသလုပ်တယ်။

ညံ့ဖျင်းသူက တစ်ဖက်သားကို ဟာသလုပ်တယ်။

ထက်မြက်သူက ဆင်းရဲနွမ်းပါးချိန်မှာ လည်း အိနြေ္ဒထိန်းနိုင်တယ်။

ညံ့ဖျင်းသူက ချမ်းသာကြွယ်ဝချိန်မှာ ၀င့်ကြွားဂုဏ်မောက်တယ်။

ထက်မြက်သူက အချစ်ဆုံးရှုံးသွားလည်း ကိုယ်ကိုယ်တိုင် မဆုံးရှုံးအောင်နေတယ်။

ညံ့ဖျင်းသူက အချစ်ဆုံးရှုံးရှုံး၊ မရှုံးရှုံး ကိုယ့်ကိုယ်ကိုအမြဲဆုံးရှုံးတယ်။

ထက်မြက်သူက မကောင်းတဲ့အတိတ်ကို လက်လွှတ်ပြီး ရှေ့ကိုခရီးဆက်တယ်။

ညံ့ဖျင်းသူက အတိတ်မှာ တင်နစ်ပြီး အနာဂတ်ကို လျစ်လျူရှုတယ်။

ထက်မြက်သူက တခြားသူရဲ့ အစွမ်းအစကို အောက်ကျို့သင်ယူတယ်။

ညံ့ဖျင်းသူက တခြားသူရဲ့ ရှေ့မှာ ကိုယ့်အစွမ်းအစကို ကြွားဝါတယ်။

ထက်မြက်သူက သင်ယူဖို့ရာ အားသန်တယ်။ ကိုယ့်ထက် မသိသူဆီကလည်း သင်ယူဖို့ ၀န်မလေးဘူး။

ညံ့ဖျင်းသူက လူတွေနဲ့ အမြဲငြင်းခုန်တယ်။ ကိုယ့်ထက်မသိသူနဲ့လည်း ငြင်းခုန်ရန်ဖြစ်တယ်။

ထက်မြက်သူက ပေးဆပ်ဖို့ နားလည်တယ်။

ညံ့ဖျင်းသူက ရယူဖို့ပဲ ကြံတယ်။

ထက်မြက်သူက အရှုံးထဲက အတွေ့အကြုံ၊ သင်ခန်းစာကိုယူတယ်။

ညံ့ဖျင်းသူက အရှုံးထဲကနေ ကိုယ့်ကိုယ်ကို လက်လွှတ်ဆုံးရှုံးတယ်။

ထက်မြက်သူက ကိုယ့်စိတ်ကူးအိပ်မက်တွေ အကောင်အထည်မပေါ်မချင်း ကြံ့ကြံ့ခံတယ်။

ညံ့ဖျင်းသူက ဘာလုပ်လုပ် ဇွဲ၊ လုံ့လမရှိဘူး။

ထက်မြက်သူက ကံတရားက ဆိုးတယ်လို့ တစ်ခါတလေမှာ ထင်မြင်မိလည်း အပြုဆောင်စိတ်ဓာတ်နဲ့ ရင်ဆိုင်ဖို့ နားလည်တယ်။

ညံ့ဖျင်းသူက ကံတရားက ဇာတ်မြူးလို့ ထင်မြင်မိလည်း နောက်ဆုံးမှာ မပြုံးမရယ်နိုင် ဖြစ်ရတယ်။

ထက်မြက်သူက ဘယ်အချိန်မှာ စတင်မယ်၊ ဘယ်အချိန်မှာ စွန့်လွှတ်ရမယ်ဆိုတာကို သိတယ်။

ညံ့ဖျင်းသူက မရေမရာချိန်မှာ စတင်ပြီး ဘယ်အချိန်မှာ စွန့်လွှတ်ရမယ်ဆိုတာကို နားမလည်ဘူး။

ထက်မြက်သူက မွေးရာပါ ပါရမီတစ်ဝက်ရှိလည်း ကျန်တစ်ဝက်ကိုကျင့်ယူရတယ်ဆိုတာကို နားလည်တယ်။

ညံ့ဖျင်းသူက မွေးရာပါ ပါရမီရှိလည်း နောက်ပိုင်းမှာ တုံးအညံ့ဖျင်းအောင် ကျင့်တယ်။

မူရင်း-http://www.duwenzhang.com/wenzhang/shenghuo-suibi/shenghuoganwu/20110409/178423.html

* * *



ဝန်ဇင်းချစ်သူများ နိုင်းနိုင်းစနေ ၏ “ ကျွန်မဖတ်ဖို့ (၂) ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


ရတနာများနှင့်ဆက်သွယ်ခြင်း

စမ်းချောင်းလေးရဲ့ ခရီးစဉ်

မေတ္တာတို့ပေါင်းစုရာ