ရှေးလူကြီးတွေ ပြောစကားအရဆိုရင်တော့ ဖူးစာဆိုတာ မွေးကတည်းက ကိုယ့်နဖူးမှာ ပါလာပြီးသားတဲ့။ ဒီအတိုင်းတော့ မှန်မှာ ကြည့်ပြီး ဖတ်လို့မရဘူးပေါ့နော်။ ဖတ်လို့ရရင်လည်း ကိုယ်နဲ့ ဖူးစာပါမယ့် လူနာမည် ကြောင့် ဘယ်လိုလုပ်ရင်ခုန်ဖို့ ကောင်းတော့မှာ လဲ။ ကျွန်တော် လည်း အသက်အရွယ် အပိုင်း အခြားတစ်ခုအထိ တစ်ယောက် တည်းနေလာပြီးမှ ဖူးစာဆိုတဲ့ စကားဟာ တစ္ဆေလို ခြောက်လှန့်လာတော့တယ်။ ကျွန်တော် နဲ့ ဖူးစာပါမယ့် ကောင်မလေးဟာ ဘယ်လိုမျိုးလေးလဲ။ ဒါတွေ ကို လည်း သိပ်သိချင်လာတယ်။ ဒီလိုနဲ့ တစ်ရက်မှာ တော့ ကျွန် တော့် ဘဝဟာ ဖူးစာကွန်ရက်ထဲမှာ ဝဲလှည့်သွားလေရဲ့ ။
ဂရိအယူအဆအရ ကမ္ဘာဦးအစတုန်း ကတော့ ယောက်ျားနဲ့မိန်းမ ဟာ တစ်ပေါင်းတည်းလို့ ဆိုပြန်တယ်။ ခေါင်းတစ်လုံးတည်း ဆိုပေမယ့် မျက်နှာက နှစ် ခုတဲ့။ ပြီးတော့ လက်လေးဖက်၊ ခြေလေးချောင်းနဲ့ နားလည်းလေးပေါက်ရှိတယ်ဆိုပဲ။ တစ် ရက်တော့ နတ်ဘုရားတွေ က လူဆိုတာ သူတို့လောက် မြင့် မြတ်တဲ့သတ္တဝါမဟုတ်လို့ တစ်ကိုယ်ကို နှစ် ကိုယ်ခွဲစိတ်ပိုင်းခြား မှ သင့်တော် မယ်ဆိုပြီး လူဟာ နှစ် ခြမ်းခွဲခံလိုက်ရတယ်။ အဲဒါကြောင့် ကျွန်တော် တို့ဟာ ကိုယ့်ရဲ့ ကျန်တဲ့တစ်ခြမ်းကို လိုက်ရှာနေရတာ တဲ့။ တိုက်တိုက်ဆိုင်ဆိုင် တစ်ယောက် နဲ့တစ် ယောက် ပြန်ရှာတွေ့ ကြရင် ချစ်ကြတယ်၊ လက်ထပ်ကြတယ်။ ဒါလည်းပဲ ဖူးစာလို့ ဆိုရမှာ ပဲနော်။ ဒါဆို ကျွန်တော့် ရဲ့ ပျောက်နေတဲ့ တစ်ခြမ်းက ဘယ်သူများ ပါလိမ့်။သူ ... များ လား၊
ဖူးစာကွန်ရက်ထဲမှာ ဝဲလည်ရင်း တစ်ရက်တော့ ကျွန်တော့် နဖူး ကစာကို ရင်ဘတ်နဲ့ဖတ်ခွင့်ရခဲ့ပါတယ်။ နာမည် လေးတစ်လုံး တည်းပါပဲ။ (-----) တဲ့။
ဒါပေမဲ့ ဖူးစာကွန်ရက်လို့ ကျွန်တော် ဆိုခဲ့သလိုပါပဲ။
ကျွန်တော့် ဖူးစာဟာ ကွန်ရက်ထဲမှာ ဝဲလှည့်ရင်း ...
ကျွမ်းထိုးမှော က်ခုံတွေ ဖြစ်ရင်း ...
ကပေါက်တိ ကပေါက်ချာတွေ ဖြစ်ရင်း ...
ရှေးတိုးနောက်ဆုတ်တွေ ဖြစ်ရင်း ...
ဟိုလိုဒီလိုတွေ ဖြစ်ရင်း ...
နီးလာရင်း ...
ဝေးသွားရင်း ...
........ရင်း ...
........ရင်း ...
တကယ်တော့ ဒီကိစ္စဟာ မာတာမိခင်ဆီက မြစ်ဖျားခံလာတာပါ။ တဖြည်းဖြည်းနဲ့ပဲ ကျွန်တော့် အတွက် ပြဿနာအသွင်ဆောင်လာတော့တယ်။ နင့်ကို အိမ်မှာ ဒီအတိုင်းမထားနိုင်ဘူးလို့ ပြောလာတာလည်း မေမေပဲ။ ကျွန်တော့် ဘာသာ ကျွန်တော် ဒီအတိုင်း အိမ်မှာ နေလာခဲ့တာ အသက် အစိတ်တောင် ရှိလုနီးပြီ။ သားအလိမ္မာတုံးကြီး တစ်ယောက် မဟုတ်ပေမယ့် သားဆိုးတော့လည်း မဟုတ်ပါဘူး။ ခုလည်း လူရိုသေ, ရှင်ရိုသေ ဘွဲ့ကလေး တစ်ခုရပြီးလို့ သူငယ်ချင်းနှစ် ယောက် နဲ့ ရှယ်ယာပေါင်းပြီး ကားရေဆေး ဆီထိုး ဆားဗစ်စင်တာလေးတစ်ခု ဖွင့်ထားပါတယ်။ ဝင်ငွေလေးလည်း လုံးဝမဆိုးပါဘူး။ဒီလောက်သာယာနေတဲ့ ဘဝလေးကိုမှ မေမေက အဆိုတစ်ခု တင်သွင်းလာတယ်။ သိတဲ့အတိုင်းပဲ။ မိန်းမယူတော့ ငါ မြေးချီချင်ပြီတဲ့။သူ့မှာ လည်း သားသမီးဆိုလို့ ကျွန်တော် တစ်ယောက် တည်းရှိတာမို့ နေ့စဉ်နဲ့ အမျှ ဒီကိစ္စကိုပဲ တဖွဖွပြောနေတော့တာ။ ကြာလာတော့ ကျွန်တော့် မှာ စိတ်ညစ်လာရတော့တယ်။ မိန်းမယူဖို့ဆိုတာလည်း ချစ်သူရည်းစားကလေး က ရှိဦးမှ။ ခက်တာက ကျွန်တော့် မှာ လည်း ရည်းစားဆိုလို့ မူးရင်တောင် ရှူစရာ ရှိတာမဟုတ်ဘူး။ အဲဒါကြောင့် အထက်ကဆိုခဲ့သလိုပဲ ကျွန်တော့်  အတွက် ကတော့ ပြဿနာအကြီးစားမှ ဟဲဗီးအကြီးစားပါပဲ။
ဒီနေ့လည်း အလုပ်သွားမယ်ဆိုပြီး အောက်ထပ်ကိုဆင်းလာခဲ့ တယ်။ ထုံးစံအတိုင်း မေမေက ထမင်းစားခန်းထဲက လှမ်းအော်တယ်။
''သား ကိုသူ ...မနက်စာ တစ်ခါတည်း စားသွားလိုက်ဦး''
''ဟုတ်''
ခေါင်းကို ကေမပျက်အောင် ခပ်ဖွဖွကုတ်ပြီး ကျွန်တော် ဝင်သွား လိုက်တယ်။ ထမင်းစားပွဲရောက်တော့ မေမေကပဲ ကော်ဖီနဲ့မုန့် ပြင်ပေးတယ်။ ဖေဖေ ကတော့ မျက်လုံးတစ်ချက်ဝင့်ကြည့်ပြီး ဖတ်လက်စဂျာနယ်ကို ဆက် ဖတ်နေတယ်။ သားအဖအချင်းချင်း ဂွတ်မောနင်းတောင် မလုပ်ဘူး။ကော်ဖီလေးသောက်ရင်း ဒီနေ့တော့ အေးအေးဆေးဆေးပါလား ဆိုတဲ့ ကျွန်တော့် အတွေးလေးက မဆုံးလိုက်ပါဘူး။ မေမေက သူ့ရဲ့ မူပိုင် အပြုံးလေးနဲ့ ...
''အင်း ...မေမေ့သားလည်း ဘာလိုလိုနဲ့ အသက်အစိတ်တောင် ပြည့်တော့မယ်နော်''
စီဒီအဟောင်းကို စက်ထဲထည့်လိုက်ပြန်ပြီဆိုတာ ကျွန်တော် သဘောပေါက်လိုက်ပါတယ်။ သူမွေးထားတဲ့သားတော် မောင်ရဲ့ အသက်ကိုပဲ မသိသလိုလိုနဲ့။ ဒီအပြုံးနဲ့ ဒီအပြောလောက် ကတော့ ဖေဖေ့ကိုပဲရမယ်။ ကျွန်တော် ကတော့ နဝေတိမ်တောင်ဟန်လေး ဖမ်းလုပ်လိုက်ရင်း ...
''ဟင် ...မေမေက ဒီနှစ် သားမွေးနေ့ကို ဆီဒိုးနားမှာ အကြီးအ ကျယ် လုပ်ပေးမလို့လား''
မေမေ ကော်ဖီသီးမတတ် ဖြစ်သွားလေရဲ့ ။ ကျွန်တော့် ကိုလည်း မျက်နှာခြောက်ခေါက်ချိုးလောက်နဲ့ ကြည့်တယ်။ လေသံကိုလည်း အဲဒီ မျက်နှာအချိုးအတိုင်း သုံးနှုန်းလာတယ်။
''ဘာမွေးနေ့ပွဲလဲ၊ ရူးသလို ပေါသလို ပြန်ပြောမနေနဲ့ ကိုသူ၊ မေမေ ရှင်းရှင်းပဲပြောမယ် ...အရင်စကားပဲ၊ အသက်လည်း မငယ်တော့ ဘူး၊ မိန်းမယူတော့''
''လာပြန်ပြီ မေမေရာ၊ သားက ယောက်ျားလေးပါ၊ ဘယ်အချိန် ယူယူပါ၊ သမီးမွေးထားမှ သမီးကညာ အခါမလင့်စေနဲ့လို့ပဲ စကားရှိတာ''
ကျွန်တော် စိတ်ရှုပ်ဟန်နဲ့ ပြန်ပြောလိုက်တယ်။ မေမေက အလျှော့ ပေးချင်ဟန်မရှိဘဲ -
''အို ...ဘာပဲ ဖြစ် ဖြစ် သားသူငယ်ချင်း ဝေဖြိုးတောင် ဒီနှစ် ထဲ ယူတော့မယ်ဆို''
''အာ ...သူတို့က မယူလို့မှ မ ဖြစ်တော့ဘဲ''
''ဟေ ...ဘာ ...ဘာ ဖြစ်လို့လဲ''
ရင်ဘတ်လေးဖိ၊ မျက်လုံးပြူးရင်း မေမေက မေးလာတယ်။ ဖေဖေ ကလည်း ဂျာနယ်ဖတ်နေရင်းက ဆတ်ခနဲ ထပ်ကြည့်တယ်။ သူတို့ထင်သလို မဟုတ်ကြောင်း ကျွန်တော့် မှာ ရှင်းပြရပြန်တယ်။ လူကြီးသူမတွေ များ တစ်ခါ တလေ သိပ်အထင်ရဲတာကိုး။
''သြော် ...မယူလို့မ ဖြစ်ဆိုတာက သူတို့တွဲလာတာလည်း ခြောက် နှစ် ကျော်ပြီလေ၊ နှစ် ဖက်မိဘတွေ လည်း သိနေကြပြီကိုး၊ သားမှာ က သူ့လို ရည်းစားမှ မရှိဘဲ''
''ဒါဆိုလည်း ရှာပေါ့''
''ရှာမယ်လေ၊ မေမေလည်း သူတို့မိဘတွေ လိုပဲ ခြောက်နှစ် စောင့် ပေး''
''သူရိန်''
မေမေ အော်တော့တယ်။ မျက်နှာလည်း ရှစ်ခေါက်ချိုးအတိအကျ ဖြစ်သွားတယ်။ ကျွန်တော် ကတော့ မျက်နှာငယ်လေးလုပ်ပြီး ...
''အဟီး ...ဒါဆိုလည်း ငါးနှစ် နဲ့ လျှော့ပေးမယ်ဗျာ၊ ကဲ ... သွားပြီ မေမေရာ၊ နောက်ကျနေပြီ''
အမြန်ပြောရင်း ထလစ်လာခဲ့လိုက်တယ်။ ဒါတောင် မေမေ့အသံ စူပွပွက ကပ်ပါလာသေးတယ်။ ငါ့အနေနဲ့ ခြောက်နှစ် မဟုတ်ဘူး။ ခြောက် မိနစ်လောက်ပဲ စောင့်ချင်တာတဲ့။ခြံထဲဆင်းပြီး ကားပေါ်ရောက်တော့မှပဲ ကျွန်တော့် မှာ သက်ပြင်း ကြီးကို လွတ်လွတ်လပ်လပ်ချရတော့တယ်။ ဒါပေမဲ့ ဒီတစ်ရက်စာပါပဲ။ တစ်ဆက်တည်း သတိရလို့ မနက်ဖြန်အတွက် လေပူကြီးကို ကြိုမှု တ်ထုတ် လိုက်မိသေးရဲ့ ။
''နောက်ကျနေပုံထောက်ရင် ထုံးစံအတိုင်းပဲလား သူရိန်''
ဆိုင်ထဲဝင်ဝင်ချင်း ဝေဖြိုးက ပြောင်စပ်စပ်နဲ့ ဆီးမေးလိုက်တာပါ။ ယောက်ျား ဖြစ်နေလို့ ကျွန်တော် မျက်စောင်းတော့ မထိုးလိုက်မိဘူး။ 'ဘု' ရှိုးတော့ ရှိုးလိုက်တယ်။
''အေး ...အဲဒါပဲကွာ၊ ဟိုကောင် အောင်ကိုရော မလာသေးဘူး လား''
''ငါရောက်နေပါပြီကွ၊ ဟိုကောင်တွေ အလုပ်လုပ်တာ သွားကြည့် နေတာ''
နောက်ဘက်က အသံနဲ့အတူ လျှောက်လာတဲ့ အောင်ကို,ကို တွေ့  လိုက်ရတယ်။ ဒီဆိုင်က သုံးယောက် ရှယ်ယာဆိုပေမယ့် ဆိုင်ဖွင့်တာကို တစ်ယောက် တစ်ရက်စီ တာဝန်ခွဲယူထားတာ။ ဒီနေ့က ဝေဖြိုးရဲ့ အလှည့်။ အလုပ်သမားတွေ ကိုတော့ သုံးယောက် စလုံး အဆင်ပြေသလို ကြီးကြပ်ရ တာပေါ့။ ဆိုင်ဖွင့်တာလည်း တစ်နှစ် ကျော်ပြီဆိုတော့ အတော် လေး အသား ကျနေပါပြီ။ဆိုင်ဝင်းထဲမှာ ကာစတန်မာတွေ ထိုင်ဖို့ဆိုပြီး ကင်တင်းသဘော မျိုး ကော်ဖီဆိုင်လေးပါ တွဲဖွင့်ထားတယ်။ ကျွန်တော် တို့ သုံးယောက် လည်း တစ်ခါတလေ လူပါးရင် အဲဒီ မှာ ပဲ ထိုင် ဖြစ်ကြတာ။ ကျောင်းတုန်းက ကင်တင်းထိုင်တတ်တဲ့အကျင့်က ခုထိစွဲနေတုန်းလေ။ခုလည်း သုံးယောက် သား ထိုင်မိတော့ ဝေဖြိုးက အရင်စလာ တယ်။
''သူရိန် ...ငါ အတည်ပြောတာနော်၊ မင်းလည်း ရှာသင့်ပြီကွ၊ ဒီကောင် အောင်ကိုတောင် အဆင်ပြေတော့မှာ ''
''အေးပါ ...သိပါတယ်၊ အောင်ကို ...မင်းလည်း နားငြီးဦးမှာ ပဲ၊ ဆရာလုပ်တာလည်း ခံရဦးမှာ ပဲ''
ကျွန်တော့် စကားကြောင့် အောင်ကို့မျက်နှာကြီး မဲ့ပုပ်ပုပ် ဖြစ်သွား လေရဲ့ ။ ဟုတ်တယ်လေ။ ခု ဒီကောင်နဲ့ ငြိမလို့ ဖြစ်နေတာ စုသဲဖြူဆိုတဲ့ ကောင်မလေးပါ။ ကျောင်းတုန်းကပဲ သူငယ်ချင်း။ ခုတော့ စာရေး ဆရာမ တောင် ဖြစ်နေပြီ။ အဲဒါကို တက်ကျယ်ပြီး ဒင်းက ဗီဒီယိုဇာတ်ညွှန်းတောင် ရေး နေပြီတဲ့။ အဲဒါကြောင့် အောင်ကို့ကို စလိုက်တာပါ။အောင်ကိုက ချက်ချင်း ပဲ တုံ့ပြန်လာတယ်။
''ဘယ်လောက်ပဲ နားငြီးငြီး, ဘယ်လောက်ပဲ ဆရာလုပ်လုပ်ကွာ ယူပြီးရင် သူလုပ်လို့မရတဲ့အချိန်တွေ အများ ကြီး''
''ဘယ်အချိန်လဲကွ''
''အိပ်ချိန်လေ''
''ဟာ ...မိုက်ရိုင်းလိုက်တာ အောင်ကိုရာ၊ သူများ သားသမီးကို ကြိုက်တောင်မကြိုက်သေးဘူး''
အဲဒီ တော့မှ အောင်ကိုက ပျာပျာသလဲဟန်နဲ့ -
''ဟေ့ကောင် ဟေ့ကောင် ...အိပ်ချိန်ဆိုတာ သူ တကယ် အိပ် ပျော်နေတဲ့အချိန်ကို ပြောတာကွ''
''အေးလေ ...ငါကရော ဘယ်အချိန်ကိုပြောလို့လဲ''
ကျွန်တော့် စကားအဆုံးမှာ သုံးယောက် သား ရယ်မိကြတယ်။ ဒါ တောင် အောင်ကိုက ကျွန်တော့် ကို သူ့ကျ အ ဖြစ်မရှိဘဲနဲ့ဆိုပြီး ပွစိစိ ပြောလာသေးရဲ့ ။ဒီစကားလောက်တော့ မနာပါဘူး။ ခပ်အေးအေးပဲ ပြန်ပြောလိုက် တယ်။
''တော် ပါပြီကွာ၊ မိန်းမဆိုတာ မိန်းမောနေတဲ့အရာကို 'မ' ထားရ တာကွ၊ မင်းတို့ပဲ 'မ' ကြ''
''ဟဲ့ ...ဘာတွေ များ 'မ' နေကြတုံး''
အသံနဲ့အတူ စုသဲဖြူကို တွေ့ လိုက်ရတယ်။ ဒင်းတော့ အသက် ရှည်ဦးမှာ ပဲ။ သူများ ကိုပြောပြီး သူကပဲ ခုံတစ်ခုံ 'မ' ယူပြီး ဝင်ထိုင်တယ်။ကျွန်တော် က ရယ်ကျဲကျဲနဲ့ကြည့်ရင်း ...
''ဒီမှာ လေ အောင်ကိုက ဝေဖြိုးကို အားကျပြီး နင့်ကို 'မ' တော့ မလို့တဲ့''
''ဟဲ့ ကောင်စုတ် ...ဘာတွေ ပြောနေတာလဲ''
မျက်နှာနီစွေးစွေးနဲ့ စုသဲဖြူက လှမ်းရိုက်ရင်း ပြောလိုက်တယ်။ အောင်ကို ကတော့ ချော်လဲရောထိုင်သဘောနဲ့ ဟီးခနဲ နွားပြာကြီးလို အောက် သွားဖြဲပြလိုက်တယ်။ စုသဲဖြူ ကတော့ ဘာမှပြန်မဖြဲပြဘဲ အောင်ကို,ကိုမျက်စောင်းလှမ်းထိုးလိုက်ရဲ့ ။
''စုသဲ ...ဘယ်က လှည့်လာတာလဲ''
အောင်ကိုရဲ့ ညောင်နာနာအသံပါ။ ဟိုကလည်း 'နင့်ဆီကိုပဲ လာ တာ' ...လို့ ပြောမယ့်မိန်းမ မဟုတ်မှန်းလည်း သိနေတာကိုး။
ထင်တဲ့အတိုင်းပဲ စုသဲဖြူက ...
''ဇာတ်ညွှန်းတစ်ပုဒ်အတွက် လိုကေးရှင်းကြည့်ဖို့ ထွက်လာတာ၊ ရိုက်တော့မှာ မို့လို့လေ''
''အဟီး ...ငါ အဖော်လိုက်ပေးရမလား''
အောင်ကိုက မျက်နှာငယ်လေးနဲ့ တစ်ဆင့်တက်ကြည့်တယ်။ စုသဲဖြူရဲ့ အပြောကြောင့် ငယ်နေတဲ့မျက်နှာဟာ လက်သည်းခွံလောက် ဖြစ် သွားရတယ်။
''နေပါဟာ ...ရှုပ်ရှုပ်ယှက်ယှက်၊ နင့်မှာ လည်း အလုပ်အားတာ မှ မဟုတ်တာ၊ ငါ့မှာ သူငယ်ချင်း တစ်ယောက် အဖော်ပါတယ်''
''ယောက်ျားလား၊ မိန်းမလားဟင်''
အောင်ကို အမှတ်မရှိ ထပ်မေးပြန်ပြီ။ စုသဲဖြူကလည်း မရိုးနိုင် အောင် မျက်စောင်းထိုးရင်း ...
''အောင်ကိုနော် ...မိန်းကလေးပေါ့ဟဲ့၊ ကားပေါ်မှာ ထိုင်နေ တယ်''
သုံးယောက် စလုံး စုသဲဖြူကားဆီကို လှမ်းကြည့်မိကြတယ်။ ဟုတ် ပါတယ်။ ကောင်မလေး တစ်ယောက် ပါ။ ဘေးတိုက်ထိုင်နေပေမယ့် တစ် ဖက်အခြမ်းကို ငေးနေလို့ ဆံပင်လေးတွေ ပဲ မြင်ရတယ်။ နို့မို့ဆိုရင် မျက်နှာ တစ်ခြမ်းလောက် မြင်ရမလားပဲ။
''ဟဲ့ ...လုပ်စမ်းပါဦး၊ နင်တို့က ဘာတွေ လေပေါနေကြတာလဲ''
စုသဲဖြူစကားအဆုံးမှာ ဝေဖြိုးက ကျွန်တော့် ကို မေးငေါ့ပြရင်း-
''ဒီကောင်လေ သူရိန်ပေါ့ ...ဒီအရွယ်အထိ အမြီးမပေါက်သေး လို့ဟေ့၊ သူ့အိမ်က မိန်းမယူခိုင်းနေပြီလေ၊ အဲဒါကို ဒီကောင် စိတ်ညစ်နေ တာ''
''သူရိန် ...ဟုတ်လား''
ကျွန်တော့် ဘက်လှည့်ပြီး မေးလာလို့ ...
''ဟုတ်တော့ ဟုတ်ပါတယ်၊ ငါ့မှာ လည်း ယူစရာမိန်းမမှ မရှိဘဲ၊ နည်းနည်း တော့ ညစ်တာပေါ့''
'ဒါဆိုလည်း ငါ့ကိုယူလေဆိုပြီး' ...စုသဲဖြူက ပြောမလာပါဘူး။ ပြောလာရင်လည်း ကျွန်တော် က ပြတ်ပြတ်သားသား ငြင်းရမှာ ပဲ။ ကျွန်တော့်  တစ်ဘဝလုံးစာကို ဇာတ်ညွှန်းရေး ပစ်မယ့် အဲဒီ ဟာမမျိုးတော့ ကျွန်တော် ကြောက်တယ်။
ခုတော့ စုသဲဖြူက အဲဒီ လို အရှက်မရှိ ပြောမလားပဲ။
''အေး ...နင်လည်း ဒီအရွယ်အထိ ရည်းစားမရှိဘူးဆိုတော့ နင့်မှာ မိန်းမရဖို့ ဖူးစာမပါလာဘူးထင်တယ် နော့''
ဖူးစာဆိုတဲ့စကားကြောင့် ကျွန်တော့် ရင်ထဲမှာ နွေးနွေးကလေး လှုပ်ခတ်သွားရတယ်။ ဟုတ်တယ်။ ဒီဖူးစာဆိုတဲ့စကားဟာ ကျွန်တော် နဲ့ ဒီဘဝ မပတ်သက်ရတော့ဘူးလား။ အဲဒီ လိုလည်း အ ဖြစ်မခံချင်ပြန်ဘူး။ မရှက်တမ်း ဝန်ခံရရင်လည်း လူပျိုကြီးမလုပ်ချင်တာ အမှန်ပဲ။
ကျွန်တော် တွေ တွေ ငေးငေးလေး ဖြစ်သွားတာကိုကြည့်ပြီး စုသဲဖြူ က ...
''အလကား စ,တာပါဟယ်၊ နင့်ရုပ်ရည်အနေအထားနဲ့ မိန်းမတစ် ယောက် တော့ ကောင်းကောင်းရနိုင်ပါတယ်၊ ဘာလဲ ...ငါ ရှာပေးရမလား''
''ဟဲ ဟဲ ...အဲဒါတော့ ငါလည်း သိပါတယ်ဟ၊ ငါက ဖူးစာ ဆိုတဲ့စကားကို စဉ်းစားလိုက်မိလို့ပါ''
''ဖူးစာ''
စုသဲဖြူ မတိုးမကျယ် ရေရွတ်လိုက်တာပါ။ ပြီး ...မျက်ခုံးလေး နှစ် ဖက်စုပြီး စဉ်းစားနေသေးတယ်။ ပြီးမှ ဆတ်ခနဲ ...
''ခုမှ သတိရတယ်၊ သန်လျင်မှာ ဗေဒင်ဟောခန်းလေးတစ်ခု ရှိ တယ်ဟ၊ ချစ်နေကြတဲ့သူတွေ ဖူးစာဆုံမလား, ရည်ရွယ်ထားတဲ့လူနဲ့ရော ချစ်သူ ဖြစ်မလား, ပြီး ...ခု သူရိန် ဖြစ်နေသလိုမျိုး ဒီဘဝမှာ ရော ကိုယ့်ဖူးစာ ဘက် ရှိဦးမလား၊ အဲဒါမျိုးတွေ သိပ်မှန်တာတဲ့၊ ငါ လိပ်စာပေးလိုက် မယ် လေ''
ဒီစကားက ကျွန်တော် တို့သုံးယောက် စလုံးကို အကျုံးဝင်သွားစေ ပါတယ်။
စိတ်လည်း ဝင်စားသွားကြတယ်။ ဝေဖြိုးက မိန်းမယူတော့မယ့် ကောင်ဆိုတော့ ချက်ချင်း ပဲ ...
''အေး ...သွားမယ်ဟာ၊ လိပ်စာပေးခဲ့''
''အဟီး ...ငါလည်းလိုက်မယ်''
အောင်ကို့အပြောကြောင့် စုသဲဖြူက မျက်ထောင့်မနီ့တနီလေးနဲ့ ကြည့်တယ်။ သူ့အကြံက သူ ပြန်ခံရမယ့်အကြံ ဖြစ်လာနိုင်တာကိုး။ဝေဖြိုးက ကျွန်တော့် ဘက် ကြည့်လာပြီး ...
''သူရိန် ...ငါတို့ သွားရအောင်လေ၊ မင်းလည်း လိုက်ခဲ့ပါလား''
ကျွန်တော် က ဝေဖြိုးအမေးကို မဖြေသေးဘဲ စုသဲဖြူကို ကြည့် လိုက်ရင်း -
''ဗေဒင်ဆရာနာမည် က ဘာတဲ့လဲ''
''နာမည် တော့ မသိဘူးဟ၊ သူက ဟောခန်းကိုပဲ အထူးပြုပြီး နာမည် တပ်ထားတာ''
''အဲဒီ နာမည် က''
''ဖူးစာကွန်ရက် ...တဲ့''
ဒီလိုနဲ့ စုသဲဖြူ လမ်းညွှန် မ,စလိုက်တဲ့ 'ဖူးစာကွန်ရက်' ဆိုတဲ့ ဗေဒင်ဟောခန်းကို ကျွန်တော် တို့ သွားရတော့တယ်။ အထက်က ဆိုခဲ့တဲ့ အတိုင်း ဗေဒင်ဟောခန်းက သန်လျင်မှာ ပါ။ ကျွန်တော် တို့သုံးယောက် လည်း မနက်စောစောချိန်းပြီး ကားနဲ့ထွက်လာခဲ့ကြတယ်။လမ်းမှာ ကျွန်တော် က ...
''ဟေ့ကောင်တွေ ...ခုလည်း လာသာလာခဲ့ရတယ်နော်၊ တော် ကြာ စုသဲဖြူ ကျပ်လိုက်တာဆို သေပြီ''
စကားအဆုံးမှာ ကားမောင်းနေတဲ့ အောင်ကိုက ဆတ်ခနဲ ရှုတင်း တင်းလှည့်ကြည့်ပြီး -
''မင်းကလည်းကွာ ...ဒီကိစ္စမျိုးတော့ မကျပ်လောက်ပါဘူး''
''ပြောလို့မရဘူးလေ၊ မင်းရဲ့ စုသဲဖြူက စာရေး ဆရာမ ကွ၊ ခုလည်း ငါတို့အတွက်မဟုတ်ဘဲ မင်းကြောင့် ဇာတ်လမ်းဆင်လိုက်တာမျိုး ဖြစ်မှာ စိုး လို့ပြောတာ''
''ဘာ ...ဘယ်လို ဘယ်လို''
ဝေဖြိုးစကားအဆုံးမှာ အောင်ကိုက နဝေတိမ်တောင်ဟန်နဲ့ ဗလုံး ဗထွေး ပြန်မေးလာတယ်။ ဝေဖြိုးက ...
''မင်းပဲ စဉ်းစားကြည့်လေ၊ သူပြောတဲ့ဗေဒင်ဆရာက ချစ်သူတွေ ဖူးစာဆုံနိုင်မလား, ပြီးတော့ ရည်ရွယ်ထားတဲ့သူနဲ့ရော ချစ်သူ ဖြစ်မလား, ဒါမျိုးတွေ ဟောတာဆို၊ ခုပဲရောက်ရင် မင်းက မေးတော့မယ်၊ မင်းရည် ရွယ်ထားတဲ့ စုသဲဖြူနဲ့ ချစ်သူ ဖြစ်မလားပေါ့၊ ဟိုက ဗေဒင်ဆရာက ဟောမယ်၊ မင်းနဲ့စုသဲဖြူ လုံးဝချစ်သူတွေ မ ဖြစ်နိုင်ဘူး၊ ဖြစ်ရင်လည်း ကွဲမယ်၊ သေ မယ်ပေါ့ကွာ၊ ဆိုလိုချင်တာ ကတော့ စုသဲဖြူက မင်းကို မကြိုက်ချင်လို့ အဲဒီ ဗေဒင်ဆရာနဲ့ အရင်ညှိတာ၊ ပြီးမှ မင်းကို သွားမေးခိုင်းတာမျိုးပေါ့''''ဟေ့ကောင်''
အလန့်တကြားအော်ရင်းနဲ့ အောင်ကိုက ကားကိုတောင် ဘရိတ် ဆောင့်ဖမ်းပြီး ရပ်လိုက်တယ်။ ဝေဖြိုးကိုလည်း ရှူးရှူးရှားရှားကြည့်ပြီး...
''ဝေဖြိုး ...မင်း အဲဒီ လိုတော့ မပြောနဲ့ကွာ၊ စုသဲက ငါ့ကို အဖြေမပေးသေးတာဘဲရှိတယ်၊ မင်းပြောသလိုတော့ လုံးဝမလုပ်လောက် ဘူး''
''ကဲ ...တော် ကြပါတော့ကွာ၊ ဘယ်လိုပဲ ဖြစ် ဖြစ် ငါတို့ ခုပဲ သွားနေပြီပဲ၊ ပြီးတော့ စုသဲဖြူ ဇာတ်လမ်းလုပ်တယ်ပဲထားဦး၊ မင်းတို့ကရော အဲဒီ ဗေဒင်ဆိုတာကြီးကို အကြွင်းမဲ့ ယုံလို့လား''
မနေသာလို့ ဝင်ပြောရင်း ကျွန်တော် မေးလိုက်တယ်။ အဲဒီ တော့မှ အောင်ကိုက ကားကို ပြန်မောင်းထွက်လိုက်ရင်း ...
''အရမ်းကြီး ယုံတယ်လို့တော့ မဟုတ်ဘူးလေကွာ၊ ဗေဒင်ပညာ ဆိုတာ ဘုရားမပွင့်ခင်ကတည်းက ရှိခဲ့တာပဲ၊ ပြီးတော့ ဗေဒင်ဆိုတာကို လက်ခံတယ်၊ ယုံလားဆိုရင်တော့ မင်းပြောသလို အကြွင်းမဲ့တော့ မဟုတ် ဘူး''
''ဒါပဲလေ၊ ခု ငါတို့ သွားမေးမယ့်ကိစ္စကိုလည်း ဒီလိုပဲ ပေါ့ပေါ့ ပါးပါး သဘောထားလိုက်တာပေါ့၊ မဟုတ်ဘူးလား''
''အေးပါကွာ ...ငါကလည်း စုသဲဖြူက စာရေး ဆရာမ ဆိုတော့ အောင်ကို့ကို စ,လိုက်တာပါ''
ဝေဖြိုးစကားအဆုံးမှာ အောင်ကိုက မင်းကွာလို့ မကျေမချမ်း ရေရွတ်ရင်း မျက်ထောင့်နီနီနဲ့ တစ်ချက်လှမ်းကြည့်လိုက်သေးတယ်။
ဒီလိုနဲ့ တောပြောတောင်ပြောတွေ ပြောလာရင်း ကျွန်တော် တို့ ကားလေးဟာ သန်လျင်တံတားကိုတောင် ဖြတ်နေပါပြီ။ စိမ်းဖန့်နေတဲ့ မြစ်ရေပြင်ကိုငေးရင်း မြို့ပြနဲ့ဆန့်ကျင်တဲ့ လေကောင်းလေသန့်တွေ ကို ရှူ ရှိုက်မိကြတယ်။ သိတဲ့အတိုင်းပဲ။ သန်လျင်မြို့ထဲကို ဝင်တော့လည်း သဘာဝ ရနံ့ကို ပါးပါးသန့်သန့် ရှိုက်မိပြန်ရဲ့ ။
စုသဲဖြူညွှန်လိုက်တဲ့ လိပ်စာက သန်လျင်မြို့ထဲမှာ တော့ မဟုတ် ဘူး။ ကျိုက်ခေါက်ဘုရားကိုကျော်ပြီးမှ မြေနီလမ်းကလေးအတိုင်း မောင်းဝင် ရတာ ပါ။ ငါးမိနစ်နီးပါးလောက် မောင်းသွားလိုက်တဲ့အချိန်မှာ တော့ အိမ် တစ်အိမ်ရှေ့မှာ 'ဖူးစာကွန်ရက်' ဆိုတဲ့ဆိုင်းဘုတ်ကို တွေ့ လိုက်ရတယ်။
အောင်ကိုက ကားကိုရပ်လိုက်ရင်း ...
''ဟေ့ကောင်တွေ ရောက်ပြီကွ ...ဒီနေရာပဲ''
ကားပေါ်က မဆင်းခင် ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သေး တယ်။ လမ်း ကတော့ အိမ်ခြေကျဲပါးတဲ့ လမ်းကလေးပါ။ ထူးထူးခြားခြားဆို လို့ ကျွန်တော့် တို့လာတဲ့ ဗေဒင်ဟောခန်းခြံဝင်းထဲမှာ ဆလွန်းကားအဖြူလေး တစ်စီး ရပ်ထားတယ်။ အင်းလေ ...ဒီခေတ်မှာ က ဗေဒင်ဆရာဆိုလည်း အောင်မြင်ရင် ကားစီးနိုင်ကြတာပဲ။
သုံးယောက် သား ဝင်သွားလိုက်တော့ အိမ်အဝမှာ ပဲ ကောင်မလေး တစ်ယောက် ကို တွေ့ လိုက်ရတယ်။ သူကပဲ ကျွန်တော် တို့ကိုကြည့်ပြီး ...
''အစ်ကိုတို့က ဘာကိစ္စလဲ''
''ဘာကိစ္စရှိရမှာ လဲ၊ ဒီကိုလာမှတော့ ဗေဒင်လာမေးတာပေါ့''
ခပ်သွက်သွက်ဖြေလိုက်တဲ့ အောင်ကို့စကားအဆုံးမှာ တော့ ကောင် မလေးက ခိ,ဆိုပြီး ရယ်တယ်။ ယောက်ျားကြီးတွေ ဗေဒင်လာမေးတာဆို တော့ ရယ်ချင်သွားတာလား မသိဘူး။ အဲဒီ အချိန်မှာ ပဲ ကောင်မလေးက သတိဝင်လာဟန်နဲ့ ...
''သြော် ...ဟုတ်ကဲ့ ဟုတ်ကဲ့ ...အထဲကို ကြွပါရှင်''
တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်လိုက်ပြီးမှ ကျွန်တော် တို့ တွေ နောက်က လိုက်ဝင်သွားလိုက်တယ်။ အထဲရောက်တော့မှ အံ့သြရ တော့တာပဲ။ ကျွန်တော် တို့က ဗေဒင်ဟောခန်းဆိုလို့ ကန်တော့ပွဲတွေ နဲ့၊ အမွှေးတိုင်အနံ့တွေ လည်း ပလူပျံနေမယ်လို့ ထင်ထားတာ။ ခု ဒီဗေဒင် ဟောခန်းက သာမန်ဧည့်ခန်းတစ်ခုထက် နည်းနည်း ပဲ ပိုပါတယ်။
အခန်းအလယ်မှာ စားပွဲရှည်တစ်လုံးချထားပြီး စားပွဲရဲ့ တစ်ဖက်မှာ ဗေဒင်ဆရာထိုင်ဖို့လို့ ယူဆရတဲ့ ခုံတစ်လုံးနဲ့ တစ်ဖက်မှာ တော့ ထိုင်ခုံလေး လုံး တန်းစီထားတယ်။ စားပွဲပေါ်မှာ တော့ ဝါကြင်ကြင်စာအုပ်ကြီးတစ်အုပ် လည်း ချထားတယ်။ ဒါပါပဲ။
နည်းနည်း ထူးခြားတာဆိုလို့ အခန်းနံရံတွေ မှာ ရောမဒဏ္ဍာရီထဲက နတ်ရုပ်ပိုစတာတွေ ကပ်ထားတာပဲ။ အခန်းထောင့်မှာ ဗီရိုတစ်လုံးအပြင် ကျန်တာ ဘာမှမရှိဘူး။ ရှင်းလင်းလွန်းပါတယ်။
ဝေဖြိုးက ကျွန်တော့် လိုပဲ အကဲခတ်ရင်း ဘယ်လိုလဲဆိုတဲ့သဘော နဲ့ မျက်ခုံးပင့်ပြတယ်။ ကျွန်တော် လည်း ပခုံးပဲ ပြန်တွန့်ပြလိုက်မိရဲ့ ။ အောင်ကို ကတော့ ဘာလဲဟဆိုပြီး အသံတောင်ထွက်လာပါတယ်။ အမှန်တော့ ဘာမှ မလဲပါဘူး။ ဗေဒင်ဟောခန်းလို့ နာမည် တပ်ထားမှတော့ ဗေဒင်ဟောခန်းပဲ ပေါ့။ အဲဒီ လိုနဲ့ အခန်းဝမှာ သုံးယောက် သား ရပ်ငေးပြီးကြည့်နေတုန်းမှာ ပဲ ...
''အရင်ဆုံး မေးမယ့်သူ တစ်ယောက် ပဲ အခန်းထဲဝင်ပါ၊ ကျန်တဲ့ သူတွေ ကတော့ ဒီဘက်ဧည့်ခန်းထဲမှာ ထိုင်စောင့်ပါရှင်''
ခုနက ကောင်မလေးကပဲ လှမ်းပြောလိုက်တာပါ။ အဲဒီ အချိန်မှာ ပဲ အောင်ကိုက ...
''ငါ အရင်မေးမယ်ကွ၊ မင်းတို့ ခဏစောင့်ပေး''
ပြောပြောဆိုဆို အခန်းထဲကို လှစ်ခနဲဝင် သွားပါတယ်။ ဝေဖြိုးက မကျေနပ်သလို 'ဘု' ကြည့်လိုက်တယ်။ ကျွန်တော် က ဒီကိစ္စကို သူတို့လို ငမ်းငမ်းတက်မဟုတ်လို့ ပြောမနေတော့ပါဘူး။ ဝေဖြိုးကို ပခုံး အသာတို့ပြီး ဧည့်ခန်းထဲက ခုံမှာ ပဲ သက်သော င့်သက်သာ သွားထိုင်နေ လိုက်တယ်။
သိပ်မကြာကြီးတော့ မဟုတ်ပါဘူး။ ငါးမိနစ်လောက်အကြာမှာ ပဲ အောင်ကို ပြန်ထွက်လာပါတယ်။ မျက်နှာကြီးကလည်း ပြုံးဖြီးဖြီးနဲ့။
ကျွန်တော် မျက်မှော င်ကြုတ်လိုက်မိပြီး ...
''ဟေ့ကောင် ...ဘယ်လို ဖြစ်လို့ ပြန်ထွက်လာတာလဲ၊ ဗေဒင် ဆရာ မလာသေးဘူးလား''
''ဟာ ...အထဲမှာ ရှိပါတယ်၊ ငါ မေးပြီးလို့ ပြန်ထွက်လာတာပေါ့ ကွ''
ကျွန်တော့် လိုပဲ ဝေဖြိုးက အူတူတူပုံစံနဲ့ ...
''အေးလေ ...ခုနက အခန်းထဲမှာ မရှိပါဘူး၊ ဘာလဲ ...ဗီရိုထဲက ထွက်လာတာလား''
အောင်ကိုက ခေါင်းကို တဗျင်းဗျင်းကုတ်ရင်း ...
''ဟာကွာ ...ဗေဒင်ဆရာမ က ဗီရိုထဲ ကတော့ ထွက်လာမလား၊ အဲဒီ အခန်းထဲမှာ တံခါးပေါက်တစ်ပေါက်ရှိသေးတယ်ကွ၊ အဲဒီ ကနေ ဝင်လာ တာပေါ့၊ ကဲ ...ခု ဘယ်သူသွားမှာ လဲ၊ သွားမေးလေ''
ချက်ချင်း ဆိုသလို ဝေဖြိုးက ဆတ်ခနဲထ,ရပ်လိုက်တယ်။ ကျွန်တော့်  ကိုလည်း ...
''သူရိန် ...ငါ အရင်သွားလိုက်မယ်နော်''
လေကုန်မှာ စိုးလို့ ပြောမနေတော့ပါဘူး။ မေးပဲ ဆတ်ပြလိုက်တယ်။
ဝေဖြိုး ဝင်သွားတဲ့အချိန်မှာ တော့ အောင်ကိုက သူနဲ့စုသဲဖြူ သေချာ ပေါက် ချစ်သူ ဖြစ်မယ်လို့ ဗေဒင်ဆရာမ က ဟောလိုက်ကြောင်း တဖွဲ့တနွဲ့ ပြောတော့တယ်။
ကျွန်တော် လည်း စိတ်ပါချင်ယောင်ဆောင်ပြီး တအင်းအင်းနဲ့ ပုတ် သင်ညိုလို ခေါင်းပဲ ညိတ်နေလိုက်တယ်။ တကယ်တော့ အဲဒီ အဖြေက အသိသာကြီးပါ။ ဗေဒင်တောင် မေးစရာမလိုဘူး။ သူတို့နှစ် ယောက် သာ အချင်းချင်း မကြိုက်ကြရင် ဘယ်သူမှ သူတို့ကို ကြိုက်မှာ မဟုတ်ဘူး။ အပျိုကြီး၊ လူပျိုကြီးဘဝနဲ့ ငှက်ပျောတုံးဖက်ရမှာ သေချာတယ်။
''ဟေ့ကောင် သူရိန် ...ငါပြောနေတာ ကြားရဲ့ လား၊ ဘာတွေ စဉ်းစားနေတာလဲ''
''ငှက်ပျောတုံး ...ပါ''
''ဘာကွ''
ရုတ်တရက် မေးလာလို့ ကျွန်တော် လည်း ပါးစပ်က ကြောင်ပြီး ထွက်သွားတာပါ။ ပြီးမှ ပြူးပြူးပြဲပြဲ ကြည့်လာတဲ့ ဒင်းကို ဟီးခနဲရယ်ပြလိုက် ရင်း ...
''ဘာရယ်မဟုတ်ပါဘူးကွာ၊ မင်းတို့နှစ် ယောက် အဆင်ပြေမယ် လို့ ဟောလိုက်တာကိုပါ''
အောင်ကို မျက်နှာကြီး ပြုံးတုံ့တုံ့လုပ်ပြီး ...
''အေးလေ ...အဲဒါနဲ့ ငှက်ပျောတုံးနဲ့က ဘာဆိုင်လို့လဲ''
''သြော် ...မင်းတို့နှစ် ယောက် မှ မကြိုက်ကြရင် နှစ် ယောက် စလုံး ငှက်ပျောတုံး ဖက်ရမယ့်ဘဝကို ရောက်တော့မှာ ပဲလို့ စဉ်းစားနေတာပါ''
ခွေးကောင်လို့ အစချီပြီး အောင်ကို့ပါးစပ်က ဖရုဿဝါစာတွေ အတွဲလိုက် ထွက်လာပါတော့တယ်။ အဲဒီ အချိန်မှာ ပဲ ဝေဖြိုး ဟောခန်းထဲက ထွက်လာလို့ ...
''ကဲ ...အောင်ကို နောက်မှဆက်ဆဲတော့၊ ဟိုမှာ ဝေဖြိုး လာပြီ၊ ငါ သွားမေးလိုက်ဦးမယ်''
ခပ်တည်တည်ပြောရင်း ကျွန်တော် လည်း ဟောခန်းထဲ ဝင်လာခဲ့ လိုက်တယ်။ အထဲရောက်တော့ ဗီရိုထဲက ထွက်လာတာမဟုတ်တဲ့ ဗေဒင် ဆရာမ က ဣနြေ္ဒကြီးတစ်ခွဲသားနဲ့ ခုံမှာ ထိုင်နေပါတယ်။ ကြည့်ရတာ ကျွန် တော် တို့ထက် ဆယ်နှစ် လောက် အသက်ကြီးမယ့်ပုံပဲ။
ကျွန်တော် လည်း သူနဲ့ မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်လိုက်တော့...
''ပြောပါ ...ရှင်က ဘာကိစ္စကို မေးချင်တာလဲ''
''အဟီး''
ပြောရမှာ ပါးစပ်မရဲလို့ ရှက်ရယ်လေး အရင်ရယ်ပြလိုက်တာပါ။ အဲဒါကို ဆရာမ ကြီးက ဘယ်လိုထင်သွားတယ် မသိပါဘူး။ ဘာရယ်တာလဲ ဆိုပြီး ဘောက်ဆတ်ဆတ် ပြန်မေးလာတယ်။ အဲဒီ တော့မှ ကျွန်တော် လည်း မျက်နှာပိုးသပ်လိုက်ရင်း ...
''ဟိုလေ ...ဘာမှမရယ်ပါဘူး၊ ကျွန်တော် မေးချင်တာက ကျွန် တော့် ဘဝမှာ ဖူးစာဖက် ရှိနိုင်သေးရဲ့ လားဆိုတာရယ်၊ ပြီးတော့ ...ရှိခဲ့ရင် လည်း အဲဒီ ဖူးစာဖက်ဟာ ဘယ်လိုပုံစံမျိုးလဲဆိုတာရယ်ပါ''
စကားလည်းဆုံးရော ဆရာမ က ရှူးခနဲ နှာမှု တ်ပြီး သူ့ရင်ဘတ် ကို ကော့လိုက်ပါတယ်။ ကျွန်တော့် ကိုလည်း စူးစူးစိုက်စိုက်ကြည့်နေသေးရဲ့ ။ ဒီအချိန်မှာ များ သူ့ပါးစပ်က ...'နင့်ဖူးစာရှင် လုံးဝရှိတယ်၊ အဲဒါ ငါပဲ' ဆိုရင်တော့ သေပြီလို့ ကျွန်တော် ခပ်ကြောက်ကြောက် တွေးနေမိတယ်။
ဒါပေမဲ့ ကံကောင်းထောက်မစွာ ဆရာမ က အဲဒီ လို ပြောမလာဘဲ
''နာမည် ရယ်, မွေးသက္ကရာဇ်ရယ်, မွေးနေ့ရယ် ပြော''
''ဟုတ်ကဲ့''
ကျွန်တော် လည်း သူမေးတာတွေ ကို အရင်ပြောလိုက်ပါတယ်။ အဲဒီ မှာ ကျွန်တော် တစ်ခုစဉ်းစားမိတယ်။ ဗေဒင်ဆရာတွေ များ သူများ အကြောင်းတွေ ဘယ်လောက်ပဲဟောဟော လာမေးတဲ့သူကို အရင်ပြန်မေးရ တာပဲလို့ တွေးမိတာပါ။
ကျွန်တော့် စကားလည်း ဆုံးရော ဆရာမ က သူ့ရှေ့မှာ ရှိတဲ့ ရှေး ဟောင်းစာအုပ်ကြီးကို လှန်ပါတော့တယ်။ အထဲက စာတွေ ကိုတော့ ကျွန် တော် လည်း မဖတ်တတ်ပါဘူး။ ရောမစာတွေ လို့တော့ ထင်တာပဲ။ ကျွန်တော် က သူ့ကို မဟာဘုတ်တိုင်ထူမယ်လို့ ထင်ထားတာ။ ခုတော့ သူက ဘာတိုင်မှ ထူမနေဘဲ ...
''ဖူးစာရှင် ရှိလာနိုင်ပါတယ်၊ မတွေ့ ခင်တော့ စိတ်ရှုပ်စရာတွေ အများ ကြီး ကြုံလာနိုင်တယ်''
ရက်ရက်ရောရောကြီး ပြောချလိုက်လို့ ကျွန်တော် တောင် အံ့သြ သင့်သွားတယ်။ ပြီးတော့ ဆရာမ ကပဲ ...
''ဒီမှာ က ရောမဘက်က ဆင်းသက်လာတဲ့ ဗေဒင်တစ်မျိုးနဲ့ ကြည့်ပေးတာပါ၊ ပြီးတော့ ...အစီအရင်အနေနဲ့ မင်းရဲ့ အသုံးအဆောင် ပစ္စည်းတစ်ခု ဒီမှာ ထားခဲ့ရမယ်၊ မင်း နှမြောမနေမယ့်ပစ္စည်းတစ်ခုခုပေါ့''
''အခုလား ...ဆရာမ ''
''ဟုတ်တယ် ...ခုပဲ''
ခပ်ပြတ်ပြတ်ပဲ ပြောလာပါတယ်။ ကျွန်တော့် မှာ စဉ်းစားရတော့ တယ်။ ကျွန်တော် ပေါ့ပေါ့ပါးပါးနဲ့ ပေးထားခဲ့နိုင်တာ ဘာပါလဲပေါ့။
စဉ်းစားရင်းနဲ့ သတိရလာလို့ ဆရာမ ကို ကြည့်လိုက်ပြီး ...
''ချွတ်ပေးခဲ့လို့ရလား ဆရာမ ''
''ဟင် ...ဘာ ...ဘာကိုလဲ''
ဘာကိုထင်သွားလဲ မသိပါဘူး မျက်ကလူးဆန်ပျာနဲ့ ဆရာမ က ပြန်မေးလာတယ်။ ကျွန်တော် က ဘယ်ဘက်လက်ကို ပြလိုက်ပြီး ...
''ဒီဟာလေးပါ ဆရာမ ၊ ရာဘာနဲ့လုပ်ထားတဲ့ ဖန်စီလက်ပတ် ကလေးပါ''
ကျွန်တော် ပြလိုက်တာကိုတော့ ပရိသတ်ကြီးလည်း မြင်ဖူးမှာ ပါ။ နိုင်ငံခြားက ဘောလုံးသမားတွေ ၊ ရက်ပါတွေ ပတ်လေ့ပတ်ထရှိတဲ့ လက်ပတ် ကလေးပါ။ အရောင် စုံ,လာပြီး ကျွန်တော် တို့ဆီမှာ လည်း လူငယ်တွေ အတော် ပတ်ကြပါတယ်။ တန်ဖိုးလည်း သိပ်မကြီးပါဘူး။
ဖူးစာရှင်ရဖို့အတွက်တော့ ပေးပျော်ပါတယ်။ ကျွန်တော့် လက်ပတ် ကလေးက အဖြူနဲ့အနက် နှစ် ရောင် ရောစပ်ထားပြီး Levi's ဆိုတဲ့ စာတန်း လေး ပါပါတယ်။
ခုလည်း ကျွန်တော့် လက်ပတ်ကလေးကို မျက်ဝါးထင်ထင် မြင် လိုက်ရမှ ဆရာမ သက်ပြင်းလုံးလုံးကျသွားပုံပေါ်ပါတယ်။
''ရတယ်လေ ...မင်းပစ္စည်းဆိုရင် ပြီးတာပဲ''
ကိုယ့်ပစ္စည်းစစ်စစ်မို့ ကျွန်တော် လည်း ရဲရဲကြီး ချွတ်ပေးလိုက် ပါ တယ်။ ဆရာမ က ကျွန်တော့် ပစ္စည်းကို ဂရုတစိုက်ကြည့်ပါတယ်။ ပြည်တွင်း ဖြစ်လား၊ နိုင်ငံခြား ဖြစ်လားဆိုပြီး ကြည့်တာတော့ မ ဖြစ်နိုင်ပါဘူး။ သူကြည့် တာ အကြောင်းတော့ ရှိမှာ ပါ။
ခဏနေရင်းပဲ ဆရာမ က လက်ပတ်ကလေးကို စားပွဲပေါ်အသာချ ပြီး မတ်တတ်ထရပ်လိုက်တယ်။ ပြီး ...အခန်းထောင့်က ဗီရိုဆီသွားပြန် တယ်။ ဘာလုပ်နေတာလဲလို့ ကျွန်တော် စပ်စုနေချိန်မှာ ပဲ ဆရာမ ဗီရိုထဲက ဖန်ပုလင်းကြီးတစ်ခုကို ထုတ်ယူလာပါတယ်။
အဲဒီ ပုလင်းကြီးကို သူနဲ့ကျွန်တော့် ကြားက စားပွဲပေါ်မှာ ချလိုက် ရင်း ...
''ကဲ ...ဒီအထဲမှာ လူတွေ ရဲ့ အသုံးအဆောင်ပစ္စည်းလေးတွေ အများ ကြီးပဲ၊ မင်းကြိုက်တာကို ထုတ်ယူလိုက်''
ကျွန်တော် မျက်ခုံးပင့်မိသွားတာ တကယ်ပါ။ သူပြောသလိုပဲ ဖန်ပုလင်းထဲမှာ ပစ္စည်းလေးတွေ မျိုးစုံပါ။ ဘာသဘောနဲ့ ယူခိုင်းတာလဲ ဆိုတာ ကျွန်တော် မသိသေးဘူး။
ဘာပဲ ဖြစ် ဖြစ် ယူခိုင်းတာဆိုတော့ အားနာပါးနာနဲ့ပဲ ယူလိုက်ပါ တယ်။
ကျွန်တော် ပထမဆုံး နှိုက်ယူလိုက်တာက ဂစ်တာပုံ ချိတ်ဆွဲထား တဲ့ ကီးချိန်းလေး။ ဒုတိယ သစ်သားမီးခြစ်သေးသေးလေးတစ်ခု။ တတိယ စက္ကူအပြာနုရောင် နဲ့ ချိုးခေါက်ထားတဲ့ ငှက်ရုပ်သေးသေးလေးနဲ့ စတုတ္ထ ကျတော့ လက်သည်းညှပ်ပုံစံလေးလုပ်ထားတဲ့ ဖန်စီပစ္စည်းလေးပါ။
ကျွန်တော် ယူလိုက်တဲ့ပစ္စည်းတွေ ကို ဆရာမ က အံ့သြဟန်နဲ့ ကြည့် ပြီး ...
''ဟင် ...မင်းယူတာကလည်း လေးခုတောင်မှလား''
''မသိဘူးလေ၊ ဆရာမ က ကြိုက်တာယူဆိုလို့၊ ကျွန်တော် လည်း ကြိုက်တာတွေ ယူလိုက်တာပဲ''
ဆရာမ က ခေါင်းတဆတ်ဆတ်ညိတ်ရင်း ...
''ကောင်းပြီလေ ...မင်းယူ သွားပါ၊ အဲဒီ ပစ္စည်းပိုင်ရှင်လေးယောက် ထဲက တစ်ယောက် ယောက် တော့ မင်းရဲ့ ဖူးစာရှင် ဖြစ်နိုင်ပါတယ်၊ ကဲ ... မင်းရဲ့ လက်ပတ်ကလေးကိုလည်း ဒီဖန်ပုလင်းထဲ ထည့်ထားလိုက်ပြီနော်''
ကျွန်တော် နဝေတိမ်တောင် ဖြစ်သွားရတယ်။ ဒါနဲ့ပဲ ပြန်မေးရပြန် တယ်။
''ဆရာမ ခုနကဆိုလိုတာကို ကျွန်တော် သိပ်နားမလည်ဘူး''
ဆရာမ က တစ်ချက်စိုက်ကြည့်လာပြီး ...
''ဒီလိုပါ၊ ဂရိဗေဒင်မှာ ထုံးတမ်းစဉ်လာတစ်ခုရှိတယ်၊ ဥပမာ... မင်းယူထားတဲ့ပစ္စည်းတွေ ထဲက တစ်ယောက် ယောက် ဟာ မင်းရဲ့ ဖူးစာရှင် ဖြစ် မယ်ဆိုပါတော့၊ အဲဒီ တစ်ယောက် ဟာ မင်းကို စွဲစွဲလမ်းလမ်းချစ်လာလိမ့်မယ်''
''ဒါ ...ဒါဆို ကျွန်တော့် လက်ပတ်လေးကို တစ်ယောက် ယောက် က ယူသွားခဲ့တယ်ဆိုရင်''
''ဟုတ်တယ်၊ အဲဒီ တစ်ယောက် ကို မင်း အသည်းအသန်ချစ်သွားမှာ ပဲ''
''ဒါဆိုရင် သူတို့အယူအဆက ...''
ကျွန်တော့် စကားမဆုံးခင်မှာ ပဲ ဆရာမ က ဖြတ်ပြောလိုက်တယ်။
''အမှန်ပဲ ...မင်းယူထားတဲ့ပစ္စည်းပိုင်ရှင်နဲ့ မင်းပစ္စည်းကို ယူထားတဲ့ပိုင်ရှင်နဲ့ တိုက်တိုက်ဆိုင်ဆိုင်ပြန်ဆုံတွေ့ ရင် သူတို့သတ်မှတ်ထားတာက ဖူးစာဆိုတာပဲ''
''သြော်''
ခပ်တိုးတိုးပဲ ရေရွတ်လိုက်မိပါတယ်။ တကယ်ဆိုရင် ဒီကိစ္စမျိုးက အရမ်း ဖြစ်နိုင်ခြေနည်းပြီး ဒဏ္ဍာရီဆန်လွန်းပါတယ်။ ဒါပေမဲ့ ...ဒီဆရာမ က ယုံယုံကြည်ကြည်နဲ့ ပြောနေတော့လည်း ကျွန်တော် ဘာမှထပ်မမေးတော့ ပါဘူး။ ဆရာ ကတော့ ကျွန်တော့် ပုံစံကို အကဲခတ်သလိုကြည့်ရင်းနဲ့ ...
''ခု ဒီကိစ္စတွေ ကို မင်း ယုံချင်လည်း ယုံလို့ရတယ်၊ မယုံချင်ရင် လည်း ရတယ်၊ ဒါပေမဲ့ ချစ်ရေး ချစ်ရာကိစ္စနဲ့ပတ်သက်ပြီး ကံကောင်းအောင် တော့ ဒီပုံကလေးကို အိမ်မှာ ဆောင်ထားလိုက်''
ပြောပြောဆိုဆိုပဲ ပုံကတ်ပြားလေးတစ်ခု အံဆွဲထဲက ထုတ်ပေးလာ ပါတယ်။ အဲဒီ ပုံ ကတော့ ဂရိဒဏ္ဍာရီမှာ အချစ်နတ်သမီးလို့ တင်စားကြတဲ့ အဖရိုဒိုက် (Aphrodic) ရဲ့ ပုံပါ။ သူ့ကို ဗီးနပ်စ် (Venus) လို့လည်း ခေါ် ကြတယ်။ အဲဒီ ဗီးနပ်(စ်)ရဲ့ ပုံကို ဆောင်ထားရင်ပဲ သူ့ရဲ့ ဝိရောဓိဆန်ဆန် စရိုက်လက္ခဏာအတိုင်း အချစ်နဲ့ ကြုံတွေ့ ရပြီး အချစ်စိတ်တွေ နိုးကြားလာ တတ်လို့ ပြောပါတယ်။
ဘယ်လိုပဲ ဖြစ် ဖြစ် ကြည့်ကောင်းတာနဲ့ အဲဒီ ပုံကလေးကိုလည်း ကျွန်တော် ယူလာခဲ့လိုက်တယ်။ ပင်လယ်ရေမြှုပ်ကနေ မွေးဖွားလာပြီး ရင် (၃၇)၊ ခါး (၂၆)၊ တင် (၃၈) ရှိတယ်ဆိုတဲ့ သော ကြာနတ်သမီး ဗီးနပ်(စ်) ဟာ ပုံထဲမှာ တော့ အတော် ကို လှနေတာပဲ။
သြော် ...ပြောရဦးမယ်။ အဲဒီ ဗီးနပ်(စ်) ဆိုတာ ကျွန်တော် တို့ ပြောပြောနေတဲ့ မြားနတ်မောင် ကျူးပစ် (cupid) ရဲ့ အမေပါတဲ့။
ခုနက ပုံနဲ့ပစ္စည်းလေးတွေ ကို ဘောင်းဘီအိတ်ထဲထည့်ပြီး ကျွန် တော် ထွက်လာခဲ့တယ်။ စိတ်ထဲမှာ လည်း ဒီဗေဒင်ကြီးက ရယ်စရာတော့ ကောင်းသားလို့ တွေးမိတာ အမှန်ပဲ။ ဆရာမ ကတော့ ယုံချင်ရင်ယုံ၊ မယုံ ချင်ရင်နေတဲ့လေ။
အပြင်ရောက်တော့ အောင်ကိုက ဆီးမေးလာတယ်။
''သူရိန် မင်းကို ဘာပြောလိုက်လဲ၊ မင်းရဲ့ ဖူးစာရှင်ကို တွေ့ မယ် တဲ့လား''
''အေး ...အဲဒီ သဘောမျိုးတော့ ပြောလိုက်တာပဲကွာ''
ပေရှည်နေမှာ စိုးလို့ ဟိုပစ္စည်းတွေ အကြောင်းတော့ ထည့်ပြောမနေ တော့ပါဘူး။ ဒါနဲ့ပဲ သုံးယောက် သား ဗေဒင်ဟောခန်းကနေ ပြန်လာခဲ့ကြ တယ်။ လမ်းမပေါ်မရောက်ခင်မှာ ဘဲ အောင်ကိုက မျက်နှာချင်းဆိုင်ကလာတဲ့ဂျစ်ကားတစ်စီးကိုကြည့်ပြီး ...
''ဟာ ...အဲဒါ ကိုအောင်ဗကားကွာ''
''ဟင် ...ဘယ်က ကိုအောင်ဗလဲ''
ဝေဖြိုးရဲ့ အမေးကို အောင်ကိုကပဲ ...
''မင်းကလည်းကွာ ...ဒါရိုက်တာ ကိုအောင်ဗပါဝါလေ၊ ကွမ်း အရမ်းစားတာ''
''ဟာကွာ ...ငါမှမသိတာကိုး၊ အဲဒါဘာ ဖြစ်လို့လဲ''
ဝေဖြိုးစကားကို အောင်ကိုက ပြန်ဖြေမနေတော့ပါဘူး။ ကားကို တောင် လမ်းဘေးချပြီးရပ်လိုက်တယ်။ ခုနက သူပြောတဲ့ ဒါရိုက်တာကိုလည်း လှမ်းနှုတ်ဆက်နေသေးတယ်။ ဟိုဒါရိုက်တာကလည်း ဒီလမ်းထဲမှာ ရှုတင်ရှိ လို့ လိုက်ခဲ့ပါလားဆိုပြီး ဖိတ်ခေါ်နေသေးရဲ့ ။
အောင်ကိုက အလုပ်ရှိသေးတယ် ဘာညာနဲ့ နှုတ်ဆက်ပြီး ဆက် မောင်းလာခဲ့တယ်။
''နေစမ်းပါဦး အောင်ကိုရ၊ မင်းက ရုပ်ရှင်ဒါရိုက်တာတွေ နဲ့တောင် သိလို့ပါလား၊ ဘာလဲ ...ရုပ်ရှင်ရိုက်မလို့လားကွ''
ရယ်ကျဲကျဲနဲ့ ပြောလိုက်တဲ့ ကျွန်တော့် စကားအဆုံးမှာ ပဲ ဝေဖြိုးက ဖြတ်ပြီး ...
''မလုပ်ပါနဲ့ အောင်ကိုရာ၊ ဗေလုဝ တစ်ယောက် လက်ရှိမင်းသား နေရာက ဖယ်ပေးနေရပါဦးမယ်''
ခွေးကောင်တွေ ဆိုပြီး ခပ်တိုးတိုးဆဲရေး ပြီးမှ အောင်ကိုက ...
''ဟေ့ကောင်တွေ ပေါက်ကရပြောမနေနဲ့၊ ငါ သူနဲ့သိတယ်ဆိုတာ စုသဲ မိတ်ဆက်ပေးထားလို့ကွ၊ အဲဒါ ဒါရိုက်တာက စုသဲရဲ့ ဝတ္ထုဇာတ်ညွှန်း တွေ ကို ဗီဒီယိုရိုက်တာ အတော် များ ပြီလေ''
'သြော် ...ဒီလိုလား' ...ဆိုပြီး စကားလိုက်ထောက်မနေတော့ ပါဘူး။ အဲလိုလေး ပြောလိုက်ရုံနဲ့ စုသဲဖြူအကြောင်း အောင်ကို ကရားရေ လွှတ်ပြောတော့မှာ ကို သိလို့ ကျွန်တော် တို့နှစ် ကောင်စလုံး ငြိမ်နေလိုက်ကြ တယ်။
ဒီလိုနဲ့ ဆိုင်ပြန်ရောက်ပြီး သိပ်မကြာလိုက်ဘူး။ ဖုန်းမြည် လာလို့ ဖွင့်ကိုင်ကြည့်လိုက်တယ်။ ဖေဖေ အိမ်ကနေ ဆက်နေတာပါ။
ဖေဖေက ...
''သူရိန် ...မင်းတို့လူငယ်တွေ မှာ ကွာ သူငယ်ချင်းမတွေ ကို လက် ဆောင်ပေးရင် ဘယ်လိုပစ္စည်းမျိုးတွေ ပေးတတ်လဲကွ''
ကျွန်တော့် မှာ ကြောင်တောင်တောင် ဖြစ်သွားရပြီး ...
''ဟင် ...ဖေဖေက ဘာလုပ်မလို့လဲ''
''ဒီလိုကွာ ...ငါ့လက်အောက်မှာ အလုပ်လုပ်နေတဲ့ တပည့်မ မော်မော်လေ သူက ဒီနေ့ အလုပ်ကိစ္စနဲ့ နိုင်ငံခြားကို ခဏသွားမှာ ကွ၊ အဲဒါ ငါလည်း သူ့အတွက် အသုံးအဆောင်ပစ္စည်းတစ်ခု ဝယ်ပေးလိုက် ချင် တယ်၊ ခက်တာက ဘာဝယ်ပေးရမှန်းမသိလို့၊ အဲဒါကွာ ဘယ်လိုပစ္စည်းမျိုး ပေးရင်ကောင်းမလဲဆိုတာ စဉ်းစားပြီး တစ်ခါတည်း ဝယ်လာခဲ့လိုက်၊ ပြီးရင် ...ဖေဖေ့ဆီ ချက်ချင်း လာပေး၊ ဟုတ်ပြီလား''
''ဟင် ...ဖေဖေကလည်း ခု ချက်ချင်း ကြီးလား''
''အေးပေါ့ကွ ...မော်မော်က နေ့လယ် လေယာဉ်ကွင်းဆင်းတော့ မှာ လေ၊ လုပ်စမ်းပါကွာ ...သားအဖအချင်းချင်း မျက်နှာပျက်အောင် မလုပ် စမ်းပါနဲ့၊ ဒါပဲနော်''
စကားအဆုံးမှာ တောင် ဖေဖေက နောက်တောက်တောက် လုပ် သွားသေးတယ်။ မိဘစကားဆိုတော့လည်း ဖယ်ရှားမနေတော့ပါဘူး။ သူ ပြောသလို သားအဖအချင်းချင်း အခင်အမင်မပျက်အောင် ကြည့်ကျက်လုပ် ပေးရတော့မှာ ပေါ့ဗျာ။
ဒါနဲ့ပဲ ဝေဖြိုးတို့ကို အကျိုးအကြောင်းပြောပြီး ကားနဲ့ ကျွန်တော် ထွက်လာခဲ့တယ်။ ပရိသတ်ကြီးတော့ 'အင်း ...ဇာတ်လမ်း ကတော့ စပြီ' ...လို့ ထင်နေပြီလား မသိဘူး။
လမ်းမှာ ကားမောင်းလာရင်းနဲ့ စဉ်းစားလာရသေးတယ်။ ဖေဖေ့ တပည့်မအတွက် ဘာဝယ်ပေးရမလဲဆိုပြီးတော့လေ။ အဲဒီ မော်မော်ဆိုတဲ့ ဖေဖေ့တပည့်မက ကျွန်တော် တို့နဲ့ ရွယ်တူလောက်ရှိမယ့် ကရင်မ ဖြူဖြူလုံး လုံးလေးပါ။
စဉ်းစားရင်းနဲ့ ဒဂုံစင်တာတောင် ရောက်လာပါတယ်။ ဘာဝယ်ပေး ရမလဲ စဉ်းစားမရသေးလို့ အပေါ်ရောက်မှပဲ လျှောက်ကြည့်ပြီး ဝယ်တော့ မယ်လို့ ဆုံးဖြတ်လိုက်တယ်။
မြို့ပြရဲ့ ရှော့ပင်းမောတစ်ခု ဖြစ်တဲ့ ဒဂုံစင်တာရောက်မှပဲ ဒီခေတ်က ကောင်မလေးတွေ လန်းလှချည်လားလို့ တွေးမိလိုက်တယ်။ စကဒ်အတို အရှည်လေးတွေ နဲ့က တစ်ဖုံ၊ ဘောင်းဘီအကျပ်အပွလေးတွေ နဲ့က တစ်မျိုး။ မရိုးနိုင်အောင် လန်းနြေ ကတော့တာပဲ။
အဲဒါကြောင့် လည်း ကျွန်တော် တို့ဆိုင်ကို ကားဆားဗစ်လာလုပ် နေကျ ဖြစ်တဲ့ ဦးအောင်စိုးတို့, ဦးဝင်းတင်တို့လို အဘိုးကြီးတွေ ပြောကြတာ။ ဒီခေတ်မှာ နေရတာ မျက်စိအကြည်ဓာတ်ရတယ်တဲ့။ အင်းပေါ့လေ ... သူတို့မှာ လည်း ဒါလေးတွေ ကြည့်ပြီး အာရုံတွေ ကို နှိုးနေရတာ ပေါ့ ...လို့ ပြောင်ချော်ချော်တွေးမိလိုက်သေးတယ်။
အပေါ်ထပ်ရောက်တော့ ကျွန်တော့် မှာ လည်း ကိုယ့်ကိစ္စနဲ့ကိုယ် ဆိုတော့ သိပ်ငမ်းနေဖို့ အချိန်မရပါဘူး။ နီးစပ်ရာစတိုးဆိုင်တစ်ခုထဲ ဝင်သွား လိုက်တယ်။
ကောင်တာတစ်ခုရှေ့မှာ ရပ်လိုက်တော့ ဝန်ထမ်းကောင်မလေးက မေးပါတယ်။
''အစ်ကို ...ဘာရှာလဲမသိဘူး''
ဝေ့ကြည့်လိုက်ပြီးမှ ကျွန်တော် လည်း စဉ်းစားမရတာ နဲ့ ...
''ဟိုလေ ...မိန်းကလေးအသုံးအဆောင်ပစ္စည်းလေးများ ''
စကားတောင် မဆုံးလိုက်သေးဘူး၊ အဲဒီ ကောင်မလေးက သူ့ဘေး ကောင်တာက ကောင်မလေးကို လှမ်းပြောပါတယ်။
''ဟဲ့ နီလာ ...ဒီအစ်ကိုကြီးကို ရောင်းပေးလိုက် ဦး''
ကျွန်တော် လည်း အဲဒီ ကောင်တာဘက် ဆက်သွားလိုက်တယ်။ ရှေ့ရောက်တော့ နောက်ကောင်မလေးက ကျွန်တော့် ကို မရဲတရဲကြည့်ပြီး
''အစ်ကို ...ဟို ...ဟို ...လစဉ်သုံးပဲလားဟင်''
''မဟုတ်ဘူး၊ အမြဲတမ်း သုံးချင်တာ''
''ရှင်''
ကောင်မလေး ချက်ချင်း မျက်လုံးလေးပြူးကျဲသွားရင်း ...
''ဒီကောင်တာမှာ တော့ လစဉ်သုံးပဲ ရှိတာရှင့်၊ ဒါမျိုးပစ္စည်းက အမြဲတမ်းသုံး ပေါ်နေပြီလို့ သမီးတို့ မကြားဖူးသေးပါဘူး''
မျက်နှာနီနီလေးနဲ့ ပြန်ဖြေလာတော့မှ ကျွန်တော့် အကြည့်လည်း အောက်က ကောင်တာထဲကို ရောက်သွားတယ်။ စိတ်ထဲမှာ ဟာလို့ ရေရွတ် ရင်း မျက်နှာတစ်ခုလုံး ထူအမ်းသွားရတယ်။
''ဟာ ...မဟုတ်ဘူး၊ အဲဒါကို ပြောတာမဟုတ်ဘူး''
ပလုံးပထွေးနဲ့ ပြောရင်း ချာခနဲ လှည့်ထွက်လာခဲ့ရတယ်။ မျက်နှာ ပူပြီး ရှက်လိုက်တာလည်း မပြောပါနဲ့တော့။ ကျွန်တော် က အမျိုးသမီးတွေ လစဉ်သုံးတဲ့ပစ္စည်းကောင်တာကိုမှသွားပြီး အမြဲတမ်းသုံးလို့ မေးမိတာကိုး။ လှည့်ထွက်လာတဲ့အချိန်မှာ ပဲ နောက်က ရယ်သံတွေ ကြောင့် မြီးညောင်းရိုး တွန့်သွားရသေးတယ်။ သေသေချာချာ မကြည့်မိတာ ခံပေါ့ဟလို့ ကိုယ့် ကိုယ်ကိုယ်ပဲ ကျိန်ဆဲမိတော့တယ်။
အဲဒီ ဆိုင်က သုတ်ခြေတင်ထွက်လာခဲ့ပြီး နောက်တစ်ဆိုင်ရောက် တော့ သတိကြီးစွာ ထားရတော့တယ်။ ဒီတစ်ခါတော့ ဘယ်သူ့ကိုမှ မမေး တော့ပါဘူး။ လျှောက်ကြည့်ရင်းနဲ့ ကရင်မလေးမော်မော်နဲ့ လိုက်မယ့်ပစ္စည်း တစ်ခုကို သွားတွေ့ ပါတယ်။
တခြားတော့မဟုတ်ဘူး။ ဈေးနှုန်းလည်း သင့်သလို ဘရမ်းလည်း ကောင်းတဲ့ အမျိုးသမီးအလှတပ် မျက်မှန်တစ်လက်ပါ။ ကျွန်တော် လည်း ဒီကရင်မနဲ့တော့ လိုက်မှာ ပဲဆိုပြီး ဝယ်လာခဲ့တယ်။
အမှန်တော့ မျက်မှန်ဆိုတာ မလိုက်စရာအကြောင်းတော့ မရှိပါဘူး။ ကိုယ်တပ်ထားရင် ကိုယ့်မျက်နှာပေါ်ကနေ သွားလေရာ လိုက်နေမှာ ပဲ မဟုတ်ဘူးလား။ ချွတ်ထားရင်သာ မလိုက်မှာ လေ။ မြန်မာစကားများ တယ် ရှုပ်တာပဲ။
ငွေပေးချေပြီးတော့ ဆိုင်ကထည့်ပေးတဲ့ စက္ကူအိတ်ကလေးကကိုင်ရင်း ဆိုင်ထဲ လျှောက်ကြည့်နေမိသေးတယ်။ အရေး ထဲ ဖုန်းက ထမြည် လာပြန်တယ်။ နံပါတ်ကြည့်လိုက်တော့ စုသဲဖြူ ဖြစ်နေတယ်။
အဲဒီ စာရေး ဆရာမ ၊ ဇာတ်ညွှန်းဆရာမ နဲ့ ဒါရိုက်တာပါ လုပ်ချင်နေ သေးတဲ့ မိန်းမကပဲ ...
''သူရိန် ...နင် အပြင်မှာ ဆို''
''အေး ...ဟုတ်တယ်''
ကျွန်တော် တုံးတိတိပြန်ဖြေလိုက်တယ်။ ဒင်းလို စာရေး ဆရာမ နဲ့ ရှည်ရှည်လျားလျားလည်း မဆက်ဆံချင်ပါဘူး။ ဒါပေမဲ့ ကျွန်တော့် ဘက်က တိုတာတောင် သူ့ဘက် ကတော့ ရှည်လာသေးတယ်။
''အေး ...ငါ အောင်ကိုဆီ ဆက်ကြည့်တော့ နင် အပြင်မှာ ဆိုလို့ အပြန်ကျရင် ငါ့အိမ်ဘက် လှည့်ဝင်ခဲ့စမ်းပါ၊ ငါ နင့်ကို မေးစရာနဲ့ ပေးစရာ ရှိလို့''
ဘာတွေ မေးပြီး ဘာတွေ ပေးမှာ လဲလို့ ထပ်မေးမနေတော့ပါဘူး။ လေကြောက ရှည်နေဦးမယ်။ လမ်းလည်း သင့်နေတာမို့ ဝင်ခဲ့မယ်ဆိုပြီး ပြန်ပြောလိုက်တယ်။
ဖုန်းပြောတာ ပြီးသွားလို့ ဖုန်းချပြီး လှည့်အထွက်မှာ ပဲ ...
'ဘုန်း'
''အင့်''
''အာ့''
တစ်စုံ တစ်ယောက် နဲ့ ဝင်တိုက်မိလိုက်တာပါ။ ကျွန်တော့် လက်ထဲက ဖုန်းနဲ့ စက္ကူအိတ်ကလေးပါ လွတ်ကျသွားရတယ်။ ပစ္စည်းတွေ ကို မကောက် နိုင်သေးဘဲ တိုက်မိတဲ့သူကို အရင်ကြည့်မိတယ်။ ရင်ထဲမှာ 'အို'ဆိုပြီး အာမေဍိတ်ကလေး ပြုမိလိုက်ရဲ့ ။
ပရိသတ်ကြီး မျှော်လင့်ထားသလိုပဲ ကြည်စင်လှပတဲ့ ကောင်မ လေး တစ်ယောက် ပါ။ ကျွန်တော် သတိလွတ်ပြီး ငေးကြောင်ကြည့်နေမိသေး တယ်။ ဒါပေမဲ့ ကောင်မလေးက ပရိသတ်ကြီး မျှော်လင့်ထားသလိုမျိုး ဗီဒီယိုတွေ ထဲကလို ကက်ကက်လန်အောင် ရန်မတွေ့ ပါဘူး။
ကျွန်တော့် ကိုပဲ အားနာဟန်လေးနဲ့ ...
''အို ...ဆောရီးနော်၊ ကျွန်မလည်း ငေးပြီး လျှောက်လာတာနဲ့''
''ဟာ ...ရပါတယ်၊ ကျွန်တော် လည်း တစ်ဖက်ကို ဆတ်ခနဲ လှည့်မိလိုက်လို့ပါ''
ကောင်မလေးက မပွင့်တပွင့်ပြုံးရင်း ခေါင်းညိတ်တယ်။ အဲဒီ အပြုံး ထက်မှာ ဆွဲဆောင်မှု တွေ က ခရမ်းရောင် တောက်နေပါတယ်။ မနက်ခင်း လေပြည်ထဲမှာ နှင်းဝတ် နှင်းရည်တွေ ထိုးဆွပါဝင်နေသလိုမျိုးပေါ့။
ခဏနေရင်ပဲ ကောင်မလေးက သတိဝင်လာပြီး ကျွန်တော့် လိုပဲ လွတ်ကျသွားတဲ့ပစ္စည်းတွေ ကို ခန္ဓာကိုယ်လေးညွှတ်ပြီး ကောက်ပါတယ်။
ဒီနေရာမှာ ဘာ ဖြစ်လို့ ကုန်းကောက်တယ်လို့ မသုံးနှုန်းတာလဲလို့ မမေးကြပါနဲ့။ ကျွန်တော့် ကို စာရေး ဆရာ မိုးစက်ဝိုင်က ဒီအတိုင်းပဲ ရေး ပါ ဆိုပြီး သင်ထားလို့ပါ။
ကျွန်တော် လည်း ကိုယ့်ပစ္စည်း ကိုယ်ကောက်လိုက်ပါတယ်။ သူ့ လိုပဲ ဖုန်းနဲ့စက္ကူအိတ်ကလေးပေါ့။ ပြီးတော့ လမ်းခွဲရတော့မယ်ဆိုတဲ့ အသိက ခေါင်းထဲဝင်လာပြန်တယ်။ ဒါနဲ့ပဲ ...
''ဆောရီးနော်၊ ကျွန်တော့် နာမည် သူရိန်ပါ၊ တစ်ခုခု လိုက်စားပါ လား''
ဆိုင်လား မဆိုင်လားတော့ မသိဘူး။ ကျွန်တော် အဲဒီ လိုကြီးကို ပြောချလိုက်တာ။ ကောင်မလေးမျက်နှာပေါ်မှာ ပန်းနုရောင် တွေ ရစ်ခြုံသိုင်း ဝိုင်းသွားတယ်။ ကျွန်တော့် ကိုလည်း မျက်စောင်းထိုးပြီး ဘာမှပြန်မပြောဘဲ လှည့်ထွက်သွားတော့တယ်။
ဟူးခနဲနေအောင် လေပူကြီးကိုပဲ ကျွန်တော် မှု တ်ထုတ်လိုက်မိ တယ်။ နောက်က ထပ်လိုက်သွားရင်တော့ ကောင်မလေး စိတ်ဆိုးတော့မယ် ဆိုတာ ဆယ့်ရှစ်ရပ်ရှိတဲ့ ယောက်ျားတို့တပ်အပ်တဲ့ အဋ္ဌာရသတစ်မျိုးမျိုးနဲ့ ကျွန်တော် သိနေတယ်။ ဒါနဲ့ပဲ ကံမကုန်ရင် ပြန်ဆုံရမှာ ပေါ့လို့ တွေးရင်း ကျွန်တော် လည်း လှည့်ထွက်ခဲ့ပါတယ်။
ဒဂုံစင်တာက အပြန်ကျတော့ စုသဲဖြူအိမ်ကို လှည့်ဝင်ရသေး တယ်။ အောင်ကို မဟုတ်လို့ ဒင်းက အလှတွေ ပြင်ပြီး စောင့်မနေပါဘူး။ ပြင်ထားရင်လည်း ဆောရီးပါ စုသဲဖြူ။
ခုတော့ ရောက်ရောက်ချင်း ဒင်းကပဲ ပြုံးစစနဲ့ ...
''ဘယ်လိုလဲ သူရိန်၊ ငါ လမ်းညွှန်လိုက်တဲ့ ဗေဒင်က ဘာဟော လိုက်လဲ''
''ပြောတာပဲ၊ မကြာခင် ဖူးစာရှင် တွေ့ မယ်လို့''
အမှန်တော့ ခုနက ကောင်မလေးမျက်နှာကို ပြန်မြင်ယောင်ပြီး ဒီစကားကို အတည်ပြုချင်လှပြီ။ ဒါပေမဲ့ နာမည် လည်း မသိ။ ကိုယ်နဲ့လည်း မဆိုင်သေးတော့ ဆွဲကိုင်လို့ မရသေးပါဘူး။
စုသဲဖြူက ...
''ဒါနဲ့ ...ဟောခန်းက ဖန်ပုလင်းထဲက နင် ဘာယူလာခဲ့လဲ''
ဘာမှပြန်မပြောဘဲ ကျွန်တော် ဘောင်းဘီဇစ်ကို ဆတ်ခနဲ ဆွဲဖွင့် လိုက်ပါတယ်။ စုသဲဖြူ ဟင်ခနဲ ဖြစ်မ သွားပါဘူး။ ဘာ ဖြစ်လို့လဲဆိုတော့ ကျွန်တော့် ဘောင်းဘီက ဘေးအိတ်မှာ ဇစ်ပါတဲ့ ခပ်ပွပွအမျိုးအစားမို့ပါ။ ပြီးတော့ ဘာင်းဘီအိတ်ထဲက ကျွန်တော် ယူလာခဲ့တဲ့ပစ္စည်းလေးခုကို ထုတ်ပြလိုက်တယ်။
စုသဲဖြူက ပစ္စည်းတွေ ကိုကြည့်ပြီး ရင်ဘတ်ကို ဖိလိုက်တယ်။
''ဟယ် ...လေးခုတောင် ယူလာတယ်၊ ဟုတ်လား''
''အေးလေ ...ဘာ ဖြစ်လို့လဲ၊ ကြိုက်တာယူဆိုလို့ ကြိုက်တာတွေ ကို ယူလာတာပဲ''
''ဒုက္ခပါပဲဟယ်၊ ဗေဒင်ရဲ့ အယူအဆအရဆိုရင် အဲဒီ လေးယောက် စလုံးက နင့်ကို ကြိုက်တော့မှာ ပေါ့''
ကျွန်တော် က ဟက်ခနဲ ရယ်လိုက်ရင်း ခပ်ပေါ့ပေါ့ပုံစံနဲ့ ...
''ဒါဆိုလည်း ကောင်းတာပေါ့ဟ၊ ငါ ခေါင်းခေါက်ပြီး ရွေးလို့ ရတာ ပေါ့''
စုသဲဖြူက စိတ်ပျက်လက်ပျက် ဖြစ်သွားပုံနဲ့ ခေါင်းခါတယ်။ ပြီး ...ကျွန်တော့် ကိုလည်း -
''ဒါနဲ့ ...နင်ရော ဘာပြန်ထားခဲ့လဲ''
''အဟဲ ...ငါ ပတ်ပတ်နေတဲ့ ဖန်စီရာဘာလက်ပတ်ကလေးလေ''
''ဟို အဖြူနဲ့အနက်စပ်ထားတဲ့ဟာလား''
အရေး ထဲ ဒင်းက သေချာအောင် လာမေးနေလို့ ခေါင်းညိတ်ပြ ရသေးတယ်။ ပြောရင်းဆိုရင်းနဲ့ပဲ စုသဲဖြူက သတိရလာသလို ထ,ရပ်လိုက် ပြီး ...
''သြော် ...ခဏလေး၊ နင့်ကို ငါ ဟိုအခွေတွေ ပေးလိုက် ဦးမယ်''
''ဟာ''
ကျွန်တော် မျက်လုံးပြူးသွားရတယ်။ ခေါင်းကိုလည်း ဘယ်ညာ ခပ်ပြင်းပြင်း ခါလိုက်ရင်း ...
''မပေးနဲ့ ...မပေးနဲ့၊ ငါ ...အဲဒီ လို အခွေတွေ မကြည့်ဘူး''
ပထမတော့ စုသဲဖြူ ကြောင်နေသေးတယ်။ ပြီးမှ သဘောပေါက် သွားဟန်နဲ့ မျက်နှာကြီးရဲလာပြီး ...
''မသာ သူရိန် ...နင့်ကို ငါပြောတာ ငါ့ဝတ္ထုဇာတ်လမ်းတွေ ရိုက်ထားတဲ့ အခွေတွေ ကို ပြောတာ''
ဟီးခနဲ ရယ်လိုက်ရင်း ကျွန်တော် က ...
''အေးလေ ...ငါလည်း အဲဒါပဲ ပြောတာပဲ၊ ငါက မြန်မာကား မကြည့်ဘူးဟ၊ အမေရိကန်စစ်ကားတွေ ပဲ ကြည့်တာ၊ အေးလေ ...ပေးချင် တော့ ပေးလိုက် ပေါ့၊ ငါ့အမေတော့ တစ်ခါတစ်ခါ ရင်ထဲမှာ ဆို့သွားအောင် ခံစားချင်ရင် မြန်မာဟာသကားတွေ ကြည့်ပါတယ်''
''ကောင်စုတ် ...လုပ်လာပြန်ပြီ''
ပြောပြောဆိုဆိုပဲ စုသဲဖြူက မြန်မာဗီဒီယို လေးငါးကားသွားယူ ပေးပါတယ်။ ကျွန်တော့် ကိုလည်း ...
''နင် ...ခု ဆိုင်ကို တန်းပြန်တော့မှာ လား''
''ဟေ့အေး၊ ဒီမှာ လေ ...ငါ့အဖေ ဝယ်ခိုင်းထားတာကို အိမ်ပြန် ပို့ရဦးမယ်၊ ဘာမှာ မလို့လဲ''
''သြော် ...ညနေကျရင် အောင်ကို့ကို ငါ့ဆီ ဖုန်းဆက်ပါဦးလို့''
''အင်း ...ဒီမနက်ကပဲ အောင်ကို့ကို ဟောလိုက်တဲ့ ဗေဒင်က တော့ မှန်နေပြီထင်တယ်''
စုသဲဖြူက ရှက်တက်တက်တောင်မ ဖြစ်ဘဲ ကျွန်တော့် ကို ...
''သူများ တွေ မှန်တာကို ပြောမနေနဲ့၊ နင့်ကို ဟောလိုက်တဲ့ ဗေဒင် မှန်ရင်သာ နင် ဒုက္ခရောက်ဖို့ အသင့်ပြင်ထား''
''အောင်မာ ...အဲဒီ လိုဒုက္ခမျိုး ကတော့ လာစမ်းပါဟာ ...ဟဲ ဟဲ''
တဟဲဟဲရယ်ရင်း ကျွန်တော် အဲဒီ လိုပဲ ပြောခဲ့ပါတယ်။ စိတ်ထဲမှာ လည်း ပေါ့ပေါ့ပါးပါးနဲ့ အိမ်ပြန်လာခဲ့ပါတယ်။
အိမ်မှာ ဖားသားဖေဖေက သူခိုင်းထားတဲ့ ကိစ္စအတွက် စောင့်နေ မယ်ဆိုတာ အတိအကျသိလို့ပါပဲ။
အိမ်ပြန်ရောက်တော့ ဖေဖေက ဧည့်ခန်းထဲမှာ မိန့်မိန့်ကြီးထိုင်စောင့် နေပါတယ်။ အိမ်ထဲဝင်လာတဲ့ ကျွန်တော့် ကို မျက်မှန်ပေါ်ကနေ ကျော်ကြည့် ရင်း ...
''အဆင်ပြေရဲ့ လား သူရိန်၊ ဘာဝယ်လာခဲ့လဲ''
''ခုခေတ်ကောင်မလေးတပ်တဲ့ မျက်မှန်လေးပါ၊ ဘရမ်းလည်း ကောင်းပါတယ်''
''အေး ...ပြီးတာပဲကွာ၊ ဒါနဲ့ ခဏနေဦး၊ မင်းပြန်ရင် အဲဒီ မျက် မှန်ကို မော်မော့်ဆီ တစ်ခါတည်း ဝင်ပေးလိုက် ၊ ငါ စာရေး ပေးလိုက် မယ်''
ကျွန်တော် က ခေါင်းညိတ်ပြရင်း ခုံမှာ ပဲ အသာဝင်ထိုင်နေလိုက် တယ်။ အဲဒီ အချိန်မှာ ပဲ မီးဖိုခန်းထဲကနေ ဘယ်ကဘယ်လိုရောက်လာမှန်း မသိတဲ့ မေမေက ...
''အလိုတော် ...ပစ္စည်းလေးတစ်ခုပေးတာကိုပဲ စာတစ်တန် ပေ တစ်တန်နဲ့''
ဖေဖေက မေမေ့မျက်စောင်းကို လုံးဝရင်မဆိုင်ဘဲ မျက်နှာလွှဲလျက် သား ပြန်ဖြေပါတယ်။
''မင်းကလည်းကွာ ...ကိုယ်တိုင်သွားပေးတာ မဟုတ်တော့ ခုလို ရေး ပေးလိုက် မှ ကောင်းမှာ ပေါ့''
မျက်စောင်းကို အတွဲလိုက်ဆက်ထိုးရင်း အိမ်ခန်းထဲ ပြန်ဝင်သွား လေရဲ့ ။ ဖေဖေက ကျွန်တော့် ကို ပခုံးတစ်ချက်တွန့်ပြပြီး စာတစ်စောင် ချ ရေး နေတယ်။ ဖေဖေက အဲဒီ မော်မော်ဆိုတဲ့ တပည့်မကို အလုပ်နဲ့ပတ်သက် ပြီး သိပ်အားကိုးရတယ်လို့ ပြောဖူးပါတယ်။ ဘာပဲ ဖြစ် ဖြစ် ကျွန်တော် ကတော့ မျက်မှန်ဖိုးကို တောင်းရပါလိမ့်မယ်။
စာရေး ပြီးတော့ ဖေဖေက စာရွက်ကို ခေါက်ရင်း စာအိတ်ထဲတောင် မထည့်ဘဲ လှမ်းပေးလာတယ်။ ဒါပေမဲ့ အဲဒီ စာရွက်က ကျွန်တော့် လက်ထဲ ရောက်မလာခင်မှာ ပဲ ဘယ်ကဘယ်လို အနားပြန်ရောက်လာမှန်းမသိတဲ့ မေမေက ဆတ်ခနဲ ဆွဲယူလိုက်ပြီး ...
''ပြစမ်းပါဦး ...ရှင့်တပည့်မကို ဘာတွေ များ ညွှန်းပြီး ရေး ထား လဲဆိုတာ''
''မင်းကလည်းကွာ''
အဲဒီ လောက်ပဲ ညည်းဖို့ ဖေဖေ တတ်နိုင်ပါတယ်။ မေမေ ကတော့ စာကိုဖွင့်ပြီး မျက်နှာထိ မျက်နှာထားနဲ့တောင် အသံထွက်ဖတ်နေပါပြီ။
''ဘာတဲ့ ...မော်မော်ရေ ဟိုဘက်နိုင်ငံက ရာသီဥတုနဲ့ သင့်တော် မယ့်ပစ္စည်းလေး ဝယ်ပေးလိုက် တယ်၊ အပြင်သွားတိုင်း ဝတ်ပေါ့၊ မော်မော် က အသားဖြူတော့ လူတွေ ကြားထဲ ထင်းနေမှာ ပါ၊ အံမယ် ...အရေး အသားက ကောင်းလှချည်လား''
စာဖတ်တာရပ်ရင်း မေမေက ရွဲ့သလိုပြောနေသေးတယ်။ ဖေဖေက တော့ စိတ်ရှုပ်နေတဲ့ပုံစံကြီးနဲ့။
မေမေက ဆက်ဖတ်ပြန်တယ်။
''ဆိုဒ် ကတော့ မှန်းပြီး ဝယ်ပေးလိုက် တယ် မော်မော်ရေ၊ ဖရီးဆိုဒ် လို့တော့ ထင်တာပဲ၊ ဆရာ့လက်ဆောင်ကို မော်မော် ကျေနပ်လိမ့်မယ်လို့ တော့ ထင်ပါတယ်၊ ဇော်မင်းတဲ့''
စာကိုပစ်ချလိုက်ရင်း မေမေက ...
''အင်း ...စာ ကတော့ ပစ်စလက်ခတ်ကို ညွှန်းထားတာပဲနော်၊ ပြပါဦး ရှင်ပေးမယ့်လက်ဆောင်ကို''
မေမေက ဇိုးဇိုးဆတ်ဆတ်နဲ့ စားပွဲပေါ်က စက္ကူအိတ်ကို ဆတ်ခနဲ ယူလိုက်တယ်။ အိတ်ရဲ့ ထိပ်မှာ ကပ်ထားတဲ့ တိပ်ကိုခွာနေစဉ်မှာ ပဲ ဖေဖေက မျက်မှန်လေးပါကွာလို့ မတိုးမကျယ် လှမ်းပြောတယ်။
ဒါပေမဲ့ ဖေဖေ့စကားအဆုံး မေမေက စက္ကူအိတ်ထဲက သူ နှိုက် ယူလိုက်တဲ့ပစ္စည်းကို ကြည့်ပြီး ...
''ကိုဇော်မင်း ...ဒါ ...ဒါ ...ရှင်ပြောတဲ့ မျက်မှန်လား''
''ဟာ''
လှမ်းကြည့်လိုက်တဲ့ ဖေဖေ့မျက်လုံးဟာ ငယ်ထိပ်တက်ကပ်သွား တယ်လို့တောင် ထင်လိုက်ရရဲ့ ။ တဆတ်ဆတ်တုန်နေတဲ့ မေမေ့လက်ထဲမှာ တော့ နိုင်ငံခြား ဖြစ် အနက်ရောင် ဘရာစီယာလေးဟာ ဖေဖေ့ကို ပြုံးပြနေ ပါတယ်။
ဖေဖေက အလန့်တကြားပုံစံနဲ့ ...
''မ မခင်မြင့် ...အဲ ...အဲဒါ ...ငါ့ဘရာစီယာ မဟုတ်ဘူးနော်''
မေမေက ဘရာစီယာကို ခုံးပေါ်ပစ်ချရင်း ဆွေ့ဆွေ့ခုန်တော့တယ်။
''ဘာမဟုတ်တာလဲ၊ ဒါလား ...ဟိုနိုင်ငံက ရာသီဥတုနဲ့ သင့် တော် မယ်ဆိုတာ၊ ဘာ ဖြစ်တယ် ...အပြင်သွားတိုင်း ဝတ်ရင် အသားဖြူ တော့ လူတွေ ကြားထဲ ထင်းနေမှာ ပေါ့ ...ဟုတ်လား''
''မဟုတ် ...မဟုတ်ဘူးလေ၊ ငါပြောတာက မျက် ...မျက်မှန်''
''ဘာမျက်မှန်လဲ၊ ဒီမှာ လက်ပူးလက်ကျပ်တွေ့ နေပြီဥစ္စာ၊ ဆိုဒ် မသိလို့ ဖရီးဆိုဒ်တောင် ဝယ်ပေးလိုက် ရတယ်ဆိုသေး၊ ကိုဇော်မင်း ...ရှင် ဒီလက်ဆောင်မျိုးပေးတဲ့ အဆင့်တောင် ရောက်နေပြီလား ပြောစမ်းပါ''
ဖေဖေ ဘာပြန်ပြောရမှန်းမသိတော့ဘူး။ အဲဒီ အချိန်ကျမှ ကြောင် ပြီးကြည့်နေမိတဲ့ ကျွန်တော် သတိဝင်လာတော့တယ်။
ချက်ချင်း ဆိုသလိုပဲ မေမေ့လက်ထဲက ဖေဖေရေး ထားတဲ့စာကို ယူဖတ်ကြည့်မိလိုက်တယ်။
မော်မော်ရေ ...
ဟိုဘက်နိုင်ငံ ရာသီဥတုနဲ့ သင့်တော် မယ့် ပစ္စည်းလေး ဝယ်ပေးလိုက် တယ်။ အပြင်သွားတိုင်း ဝတ်ပေါ့။ မော်မော်က အသားဖြူတော့ လူတွေ ကြားထဲ ထင်းနေမှာ ပါ။ ဆိုဒ် ကတော့ မှန်းပြီး ဝယ်ပေးလိုက် တယ်။ ဖရီးဆိုဒ်လို့တော့ ထင်တာပဲ။ ဆရာ့လက်ဆောင် ကို မော်မော် ကျေနပ်မယ်လို့တော့ ထင်ပါတယ်။
ဇော်မင်း
ဟုတ်လည်း ဟုတ်တာပဲ။ ဒီစာနဲ့ ဘရာစီယာကိုသာ တွဲပေးလိုက် လို့ ကတော့ မော်မော်ဆိုတဲ့ သူ့တပည့်မ ရှက်လို့ တက်သေသွားနိုင်တယ်။ ခုလည်း မေမေ ထုတ်ကြည့်မိလို့သာပေါ့။ မဟုတ်ရင်တော့ ဖေဖေ့ခမျာ ကိုယ်ကျိုးနည်းပြီ။
ဘာပဲ ဖြစ် ဖြစ် လက်ရှိအခြေအနေမှာ တရားခံက ကျွန်တော် ဖြစ်နေ တာမို့ ...
''နေပါဦး မေမေရယ် ...ဒီပစ္စည်းက ကျွန်တော် ဝယ်လာပေးတာ ပါ''
မေမေက ကျွန်တော့် ဘက် ဆတ်ခနဲ လှည့်လာရင်း ဒေါသမျက်နှာ နဲ့ ...
''ဘာပြောတယ် ကိုသူ ...မင်းကရော အဖေခိုင်းတိုင်း ဝယ်လာ ပေးစရာလား''
''မဟုတ်သေးပါဘူး မေမေရာ၊ ကျွန်တော် ဝယ်လာတုန်းက တကယ့်ကို မျက်မှန်ပါ၊ ဘယ်လို ဘဝ ပြောင်းသွား တာလည်း မသိဘူး''
''ဘာမသိရမှာ လဲ၊ ဟေ့ကောင် သူရိန် ...မင်းကိစ္စ မင်းရှင်းတော့''
ထွက်ပေါက်ရသွားတဲ့ ဖေဖေ့ဒေါသတွေ ကျွန်တော့် ဘက် လှည့် လာတော့တယ်။ အဲဒီ အချိန်မှာ ဖုန်းမြည် လာလို့ ကျွန်တော် က မာတာပီတာ ကို လက်ကာပြရင်း ကိုင်လိုက်တော့ ...
''ဟဲ့ သော်တာ ...နင် ဘယ်မှာ လဲ ဆိုင်မှာ လား''
ကောင်မလေး တစ်ယောက် ရဲ့ အသံပါ။ ကျွန်တော် ကြောင်အမ်းသွား ရပြီ။
''ဖုန်းမှာ နေတယ်ဗျ''
ဖုန်းပြန်ချလိုက်ရင်း မိဘနှစ် ပါးဘက် လှည့်ရပြန်တယ်။ မေမေနဲ့ ဖေဖေက တင်းမာနေတုန်းပဲ။ ကျွန်တော် က မျက်နှာငယ်လေးနဲ့ ...
''ဒီလိုမေမေရာ ...ဖေဖေက သူ့တပည့်ကို လက်ဆောင်ပေးဖို့ ဆိုပြီး သင့်တော် မယ့်ပစ္စည်းတစ်ခု ဝယ်လာခိုင်းတာ၊ ကျွန်တော် လည်း အဆင် ပြေမယ်ထင်လို့ မျက်မှန်တစ်လက် ဝယ်လာခဲ့တာပါဗျ''
''ဟေ့ကောင် ...မင်းဝယ်လာတာကို ငါ ထုတ်တောင်မကြည့်ရ သေးဘူးနော်၊ မျက်မှန်ဆိုလို့ ဒီစာကို ရေး လိုက်တာ''
ဖေဖေက သူ့အပြစ် လုံးဝမဟုတ်ကြောင်း ကာထားလိုက်တယ်။ မေမေက ကျွန်တော့် ဘက် ပြန်လှည့်လာပြီး ...
''ကဲ ...ဒါဆို မင်းဝယ်လာတဲ့ မျက်မှန်ကရော''
''ဒါပဲလေ''
''ဘာကွ သူရိန် ...မင်း မင်း ...ငါ့ကို စော်ကားလိုက်တာလား''
ဖေဖေ့ဒေါသသံက ဟိန်းထွက်လာပြန်တယ်။ ကျွန်တော့် မှာ ကပျာ ကယာပဲ လက်ကာပြထားရင်း ...
''မဟုတ်သေးဘူးလေ ဖေဖေရဲ့ ၊ ကျွန်တော် မျက်မှန်ဝယ်လာတာ ဒီစက္ကူအိတ်ပဲလို့ ပြောတာပါ၊ ဒါပေမဲ့ ...အထဲမှာ ဘယ်လိုလုပ်ပြီး မျက်မှန် ကနေ ဘရာစီယာ ... ဖြစ် ဖြစ်''
ဖုန်းမြည် လာပြန်လို့ စကားက ပြတ်သွားရတာ ပါ။ ကြည့်လိုက်တော့ ခုနကဆက်တဲ့ နံပါတ်နဲ့ အသံကလည်း ခုနက ကောင်မလေးအသံပါပဲ။
''သော်တာ ...ခုနက ဘယ်သူ့ကို ဖုန်းပေးပြီး ဖုန်းမှားနေတယ် လို့ ပြောခိုင်းတာလဲ''
''ဟာ ...မဟုတ်ပါဘူး၊ တကယ်ဖုန်းမှားတာပါ၊ ဒီဖုန်းနံပါတ်က ဝ၉ .......ဗျ''
''မ ဖြစ်နိုင်တာ၊ ဒီမှာ ပေါ်တာပဲ၊ ဝ၉ .......ပါ''
''ဟာဗျာ''
''မဗျာပါနဲ့၊ သော်တာကို ဖုန်းပေးလိုက် စမ်းပါ၊ ရှင်က ဘယ်သူလဲ''
''သူရိန်ပါ''
အယောင်ယောင်အမှားမှားနဲ့ ဖြေလိုက်ပြီးမှ ဖုန်းကို ချပစ်လိုက် တယ်။ ချက်ချင်း ပြန်ခေါ်လာလို့ မကိုင်ဘဲ ထပ်ချလိုက်တယ်။ တစ်ဆက် တည်းပဲ လက်ထဲမှာ ကိုင်ထားတဲ့ ကိုယ့်ဖုန်းကိုယ် မသင်္ကာ ဖြစ်လာရတာ လည်း အမှန်ပါ။
ချက်ချင်း ပဲ ဖုန်းထဲက ဖိုင်တချို့ကို ဖွင့်ကြည့်လိုက်မှ ဟာခနဲ ဖြစ်ရတော့တယ်။ ဒါ ကျွန်တော့် ဖုန်း မဟုတ်ဘူး။ ကျွန်တော့် ဟန်းဆက်နဲ့ တစ်ထေရာတည်း မော်ဒယ်တူနေတဲ့ ဖုန်းတစ်လုံးပဲ။ ဒါဆို ဘယ်လို ဖြစ်ပြီး မှားနေတာလဲ။ ဝယ်လာတဲ့မျက်မှန်က ဘရာစီယာ ဖြစ်နေသလို ဖုန်းကလည်း မှားနေပါပြီ။
ဦးနှောက်ကို မော်တာတပ်ပြီး အလျင်အမြန်စဉ်းစားမိမှ သြော်လို့ ရေရွတ်လိုက်မိတော့တယ်။ ဒဂုံစင်တာမှာ ...။ အင်း ဒဂုံစင်တာမှာ ဝင် တိုက်မိတဲ့ ကောင်မလေးနဲ့ မှားတာပဲ ဖြစ်ရမယ်။ မှားတော့လည်း တစ်ခု တည်း မဟုတ်ဘူး။ ဖုန်းရော အိတ်ရောပဲ။
ဘာလုပ်ရမလဲဆိုတာ ကျွန်တော် သဘောပေါက်လိုက်ပါပြီ။ လက် ထဲမှာ ရှိတဲ့ ဖုန်းနဲ့ပဲ ကျွန်တော့် ဖုန်းကို ခေါ်လိုက်ပါတယ်။ နေ့လယ် ထမင်း စားချိန်ကြောင့် လား မသိဘူး။ လူကြီးမင်းနဲ့ မတိုးဘဲ ဖုန်းက တန်းဝင်သွား ပါတယ်။
''ဟဲလို''
ချိုကြည်တဲ့အသံလေး ထွက်ပေါ်လာပါတယ်။ သေချာနေပါပြီဆို တဲ့ အတွေးလေးနဲ့ ...
''ဒီမှာ ဗျ ...ခင်ဗျား မနက်ဆယ့်တစ်နာရီဝန်းကျင်လောက်က ဒဂုံစင်တာမှာ လူ တစ်ယောက် နဲ့ ဝင်တိုက်မိတယ်မလား''
''ရှင်''
''စဉ်းစားကြည့်ပါဦး၊ ခင်ဗျားနဲ့ ရွယ်တူလောက်ပဲ၊ ခပ်ချောချာနဲ့ လေ''
ကိုယ့်ကိုယ်ကိုယ် နှိမ့်ချပြီး ကျွန်တော် ပြောလိုက်တာပါ။ တစ်ဖက် က အသံတိတ်သွားပြီးမှ ...
''နေစမ်းပါဦး ...ရှင်က ဘယ်သူလဲ''
''ဟဲ ဟဲ ...အဲဒါ ကျွန်တော် ပဲလေ''
''ဘယ်လို ...ဘယ်လို ...ဝင်တိုက်မိတာ ကတော့ ဟုတ်ပါတယ်၊ ခု ဘာ ဖြစ်လို့ ဖုန်းဆက်တာလဲ''
''မဆက်လို့ ဖြစ်မလားဗျ၊ ခင်ဗျားနဲ့ ကျွန်တော် ဝင်တိုက်မိတော့ ဖုန်းချင်းမှားသွားတာ၊ ခု ...ခင်ဗျားလက်ထဲက ကျွန်တော့် ဖုန်းပဲ''
''ဟောတော် ''
ရေရွတ်ပြီးပြီးချင်းပဲ သူ့ဘက်က ဖုန်းချလိုက်ပါတယ်။ ထင်ထား တဲ့အတိုင်း သူ့ဘက်ကပဲ ပြန်ခေါ်လာတယ်။
ကျွန်တော် က ...
''ကဲ ...ယုံပြီ မဟုတ်လား''
''ဒုက္ခပါပဲ၊ ဘယ်လိုမှားသွားလဲ မသိဘူး၊ ဒါနဲ့ ...ကျွန်မဆီကို ဖုန်းလာသေးလား''
''လာတယ် ...လာတယ်၊ ခင်ဗျားနာမည် က သော်တာမဟုတ် လား''
''မဟုတ်ပါဘူး ...သော်တာလမင်းပါ''
''ဟဲ ဟဲ ...ကျွန်တော် ကလည်း သူရိန်နေမင်းပါဗျ''
''အောင်မာ ...ဘာဆိုင်လို့လဲ''
ဆိုင်တာပေါ့။ နေနဲ့လ, ရွှေနဲ့မြပေါ့ဆိုပြီး နောက်လိုက်မလို့ စဉ်း စားလိုက်သေးတယ်။ ဒါပေမဲ့ ချက်ချင်း ဆိုသလိုပဲ သူကလေးနဲ့ တွေ့ ချင် လာလို့ ...
''ဆိုင်ဆိုင် မဆိုင်ဆိုင်လေ၊ ခု ဖုန်းချင်း ပြန်လဲရမှာ ပေါ့၊ ကျွန်တော့်  ဆီကိုရော ဖုန်းလာသေးလား''
''မလာဘူး၊ မလာလို့ မသိတာပေါ့''
''ကဲ ထားပါ ...ကျွန်တော် တို့ ဘယ်မှာ ချိန်းမလဲ''
''ရှင်''
''သြော် ...ဖုန်းချင်းပြန်လဲဖို့ ဘယ်မှာ ပြန်တွေ့ မလဲလို့ ပြောတာ''
''အင်း သိပြီ ...ရှင် ဒဂုံစင်တာပဲ ပြန်လာခဲ့ပါလား၊( ) ကော်ဖီဆိုင်က စောင့်နေမယ်လေ''
''ဟင် ...ခင်ဗျားက အဲဒီ က ခုထိ မပြန်သေးဘူးလား၊ အတော် ဈေးဝယ်နိုင်တာပဲနော်''
''အာ ...ဘာတွေ ပြောနေတာလဲ၊ ကျွန်မက ဒီမှာ ဆိုင်ဖွင့်ထား တာရှင့်၊ ကဲပါ ...ရှင် ခု လာလဲမလား, မလာဘူးလား''
သူ့ဘက်က စိတ်မရှည်သံလေးတောင် ထွက်လာသေးတယ်။ ကျွန် တော် ကတော့ စိတ်ရှည်ရှည်နဲ့ပဲ ...
''လာမှာ ...လာမှာ ၊ လဲရမှာ ဖုန်းတစ်ခုတည်းတောင် မဟုတ် ဘူး''
''ဟင် ...ဘာကျန်သေးလို့လဲ''
''လာမှပြောမယ်ဗျာ၊ ခင်ဗျား အဲဒီ ဆိုင်ကပဲ စောင့်နေ၊ ဒါပဲနော်''
ပြောပြီး ဖုန်းချလိုက်တယ်။ ဖေဖေနဲ့မေမေကိုလည်း တစ်လှည့်စီကြည့်ပြီး ...
''ကဲ ...မေမေတို့ကြားတဲ့အတိုင်းပဲ၊ ဈေးဝယ်ရင်း ကောင်မလေး တစ်ယောက် နဲ့ ဝင်တိုက်မိခဲ့တာ၊ အဲဒီ မှာ ဖုန်းနဲ့အိတ်ကလည်း ဆိုင်တစ်ဆိုင် တည်းက ဝယ်လာတာမို့ ဆင်တူဆိုတော့ ခုလို မှားသွားတာပဲ''
ဖေဖေက လေပူကြီးကို တစ်မိသားစုလုံးကြားအောင် မှု တ်ထုတ် လိုက်ရင်း ...
''တော် သေးတာပေါ့ သူရိန်ရာ ...မင်းအမေသာ ခုလို မကြည့်မိဘဲ ဒီစာနဲ့အတူသာ သွားပေးလိုက် ရင်တော့ အင်း ...မတွေးရဲစရာပဲ''
ဖေဖေပြောတာကို နားထောင်ရင်း ကျွန်တော် ရယ်မိတော့တယ်။ မေမေက ...
''သဘောပေါက်တယ်နော် ကိုဇော်မင်း၊ ရှင့်သိက္ခာကို ကျွန်မ ဆယ်လိုက်တယ်မှတ်ပါ''
''အေးပါကွာ ...အေးပါ အေးပါ''
အဲဒီ အချိန်မှာ ပဲ မေမေက ကျွန်တော့် ဘက် လှည့်ပြီး တစ်စခန်း ထ,လာပါတယ်။
''သား ကိုသူ ...ကောင်မလေးက လှလား''
''ဗျာ ...ဘာ ဖြစ်လို့လဲ''
''သြော် ...ဗီဒီယိုတွေ ထဲမှာ ဆိုရင် ဒါ ...ဇာတ်လမ်းပဲလို့ တွေးမိ လို့ပါ''
ကျွန်တော် က မျက်ခုံးပင့်လိုက်ပြီး ...
''အင်း ...လှပါတယ်၊ ပြီးတော့ ...မေမေပြောသလိုလည်း တွေးမိပါတယ်၊ ဒါပေမဲ့ ...''
''ဒါပေမဲ့ ...ဘာ ဖြစ်လို့လဲ ကိုသူ''
ကျွန်တော် ဘာမှပြောမနေတော့ဘဲ စားပွဲပေါ်မှာ ခွေခွေလေး လှဲလျောင်းအိပ်စက်နေတဲ့ ဘရာစီယာအနက်ရောင် ကလေးကိုပဲ မျက်နှာပူပူ၊ လက်ပူပူနဲ့ လှုပ်နှိုးကောက်ယူလိုက်ပါတော့တယ်။
ကျွန်တော် ရောက်သွားတဲ့အချိန်မှာ တော့ သော်တာလမင်းဆိုတဲ့ သူမဟာ ချိန်းထားတဲ့ ကော်ဖီဆိုင်မှာ ရောက်နေပါပြီ။
''ဟိုင်း''
လက်မြှောက်ပြပြီး အဲဒီ လိုနှုတ်ဆက်လိုက်တာကို သူက ခပ်တည် တည်ဟန်လေးနဲ့ ...
''ဟိုင်းလို့ နှုတ်ဆက်ရအောင် ကျွန်မက ဟစ်တလာ မဟုတ်ဘူး ရှင့်''
''ဟုတ်ပါတယ်၊ ခင်ဗျားမှာ လည်း နှုတ်ခမ်းမွေး မရှိပါဘူး''
သူ မျက်စောင်းထိုးပြန်တယ်။ ကျွန်တော် က ပြုံးစစနဲ့ ဝင်ထိုင်လိုက် တော့ သူ့ရှေ့က ဖုန်းကို ကျွန်တော့် ဘက် တိုးပေးပြီး ...
''ရော့ ...ရှင့်ဖုန်း၊ ဘယ်မှာ လဲ ...ကျွန်မ ဖုန်းရော''
''ဟာ ...ပေးမှာ ပေါ့ဗျာ၊ ဒီမှာ ဋ္ဌာန်ကရိုဏ်းကျအောင် ထိုင်ပါရစေ ဦး၊ ခင်ဗျားက တော် တော် မတရားတာပဲ''
''ဘာရှင့်''
''ဟုတ်တယ်လေ၊ မတော် တဆနဲ့ မှားကြတာပဲ၊ ခု ...ကျွန်တော် ကတောင် တကူးတက ပြန်လာပေးတာ၊ ကော်ဖီလေး ဘာလေး သောက် ပါဦးလို့ ဟန်ဆောင်ပန်ဆောင်လေးတောင် မပြောဘူး''
သူက အားနာသွားတဲ့ပုံစံလေးနဲ့ ...
''အဲဒီ သဘော မဟုတ်ပါဘူး၊ ကော်ဖီသောက်လေ၊ ဗိုက်ဆာရင် မုန့်ပါမှာ စား၊ ပြန်ရင် ရေသန့်ဘူးပါ ထည့်ပေးလိုက် မယ်''
''အာ''
ကျွန်တော် အောင့်သက်သက် ဖြစ်သွားတဲ့ပုံစံကြောင့် သူက ခေါင်း ကလေး ငဲ့စောင်းရင်း ရယ်ပါတယ်။ အသည်းယားလို့ နင်းကန်စားသောက် ပစ်လိုက်မယ် စိတ်ကူးပြီးမှ ကော်ဖီတစ်ခွက်ပဲ ကျွန်တော် မှာ သောက် ဖြစ် တယ်။
သူ့ဖုန်းကိုလည်း ထုတ်ပေးလိုက် ရင်း ...
''ရော့ ...ဒီမှာ ခင်ဗျားဖုန်း၊ စစ်ကြည့်လိုက်ဦး''
''အို ...ရပါတယ်၊ မစစ်တော့ပါဘူး''
အဲဒီ တော့မှ ကျွန်တော် လည်း မျက်နှာပူပူနဲ့ပဲ ပြန်ယူလာတဲ့ စက္ကူ အိတ်ကို ထပ်တိုးပေးလိုက် တယ်။ ပါးစပ်ကလည်း ...
''ဒါလည်း ခင်ဗျားဟာပဲ၊ စစ်ချင်ရင် စစ်ကြည့်''
''ရှင် ...စက္ကူအိတ်ချင်းပါ မှားသွားတယ် ...ဟုတ်လား''
''ဟုတ်တယ်၊ အိမ်မှာ တောင် ကွိုင်တက်တော့မလို့''
''ဟင် ...ဒါ ...ဒါဆို ဒီအိတ်ထဲက''
အထစ်အထစ်နဲ့ပြောရင်း သူ့မျက်နှာလေးဟာ ရဲဗဒေါင်းခတ်သွား တော့တယ်။ ကျွန်တော့် ကိုတောင် မကြည့်ဘဲ ...
''ဘာ ...ဘာ ဖြစ်လို့ ဖွင့်ကြည့်လိုက်တာလဲ၊ ကျွတ်စ်''
အရေး ထဲ ကျွန်တော် က မရိုးမသားစိတ်နဲ့ ကြည့်သလို ဖြစ်ရဦး မယ်။ အဲဒီ လိုတော့ လားလားမှ အထင်မခံနိုင်တာမို့ ...
''ဖွင့်ချင်လို့ ဖွင့်တာမဟုတ်ပါဘူးဗျာ၊ ကျွန်တော့် အဖေက သူ တပည့်မ နိုင်ငံခြားသွားမယ်ဆိုလို့ ကျွန်တော့် ကို ပစ္စည်းဝယ်ခိုင်းတာ၊ အဲဒါ ...ကျွန်တော် က မျက်မှန်ဝယ်လိုက်တယ်၊ ခင်ဗျားနဲ့တိုက်မိပြီး အိတ်ရော, ဖုန်းပါ မှားသွားတာလေ၊ အိမ်ရောက်တော့ အမေက ဖွင့်ကြည့်ပြီး အဲဒါကို တွေ့ သွားတော့ ပြဿနာတက်ရောပေါ့ဗျာ၊ မျက်မှန်အစား အဲဒါကြီးဆိုတော့ စဉ်းစားကြည့်ပေါ့၊ မကြည့်မိဘဲ သွားပေးလိုက် ရင်တော့ အကုန်ဂွမ်းပြီ''
''ခိ''
သူ့ဆီက အသံလေးထွက်လာပါတယ်။ ပြီး ...အရှက်မျက်နှာကို ရယ်ချင်စိတ်နဲ့ ဖုံးအုပ်လိုက်ပြီး ခေါင်းကလေးမော့လာတယ်။
''အင်းလေ ...တော် သေးတာပေါ့၊ မျက်မှန်ထည့်ထားတဲ့ ရှင့် အိတ်ကိုတော့ ကျွန်မ ဖွင့်မကြည့်မိသေးပါဘူး၊ ဖုန်းမှားတာလည်း ရှင် ဆက်မှသိတာ''
''ကျွန်တော် လည်း ခင်ဗျားသူငယ်ချင်းဆီက ဖုန်းဝင်လာလို့ မ သင်္ကာ ဖြစ်သွားတာ၊ ခုတော့ ...အိမ်မှာ လည်း အေးအေးဆေးဆေး ဖြစ် သွားပါပြီ''
ဖုန်းကို ဖွင့်ကြည့်ရင်း သူ့ပါးစပ်က 'သြော် ...နေခြည့်ဆီကပဲ'လို့ ခပ်တိုးတိုးဆိုတယ်။ တစ်ဆက်တည်း ဖုန်းပြန်ခေါ်လိုက်ရင်း ...
''အေး နေခြည် ...ငါပါဟ၊ မနက် ဖုန်းခေါ်တယ်ဆိုလို့''
တစ်ဖက်က ဘာပြန်ပြောလိုက်လဲ မသိဘူး။ သူ့ပါးစပ်က အာ ...မဟုတ်ပါဘူးဆိုတဲ့အသံနဲ့ မျက်နှာပေါ်မှာ လည်း ရှက်သွေးတွေ ကပိုကရို လဲ့ဖြာသွားလေရဲ့ ။ အင်း ...ဒါဟာ တစ်ဖက်က သူ့သူငယ်ချင်းက ဖုန်းကိုင် တာ နင့်ရဲ့ ဘာညာလားလို့ မေးလိုက်တာပဲ ဖြစ်မယ်။ ကျွန်တော် က ဘယ် ကိစ္စမဆို အကောင်းဘက်ကပဲ အမြဲတွေးလေ့ရှိတာပါ။
ခုလည်း သူတို့အချင်းချင်း သုံးမိနစ်လောက် စကားပြောနေသေး တယ်။ စကားပြတ်တော့မှ ဖုန်းချပြီး ငေါင်စင်းစင်းထိုင်နေတဲ့ ကျွန်တော် တို့
''ဟို ...ကိုသူရိန် ...ခု ဘယ်သူ''
''သူရိန်ပဲ ခေါ်ပါ''
အဲဒီ တော့မှ သူက ...
''ဟိုဟာပါ၊ ရှင့်မျက်မှန် လိုက်ယူမယ်ဆိုရင် ကျွန်မတို့ဆိုင်ကို လိုက်ခဲ့လေ၊ တစ်ခါတည်း ပြန်ယူသွားပေါ့''
''အင်း ...လိုက်ခဲ့မယ်၊ ရော့ ရော့ ...ခင်ဗျားမျက်မှန်အိတ်၊ အဲလေ ...''
ထရပ်လိုက်တဲ့ သူ့ကို ကျွန်တော် ယူလာတဲ့အိတ် လှမ်းပေးလိုက် တာ ပါ။ မျက်စောင်းကို ဒိုင်းခနဲနေအောင်ထိုးရင်း သူမဟာ သူမရဲ့ မျက်မှန်အိတ် ကို လွတ်လွတ်ကျွတ်ကျွတ် လှမ်းယူလိုက်ပါတော့တယ်။
ကျွန်တော် လည်း တောက်ဆတ်တောက်ဆတ်နဲ့ ထွက်သွားတဲ့ သူ့နောက်က ကြည့်ကျက်လိုက်သွားရတော့တာပေါ့။
![]() ခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ် | ![]() PS. I Love U | ![]() အမုန်းမဲ့ဇုန် |