Cover

မိုးစက်ဝိုင်

PS. I Love U

ဖွဲဖွဲဖျောက်ဖျောက် ရွာကျနေတဲ့ မိုးရေစက်တွေကို ကျွန်တော်ရပ် ကြည့်နေမိရင်း ဖတ်ဖူးတဲ့ ကဗျာတစ်ပုဒ်ထဲက စာသားအချို့ကို တိုးတိုးလေး ရေရွတ်မိတယ်။

မိုးကလွဲရင် အားလုံးနဲ့လွဲခဲ့ပေါ့ . . .တဲ့။ ဒါဟာ ကျွန်တော်အတွက် အချိုရှဆုံး အမှန်းတရား ဆိုတာ ကြွင်းကျန်နေတဲ့ စကားလုံး တစ်ချို့နဲ့ သူသိအောင် ပြောခွင့်ရရင် တစ်ကယ်ပဲ ပြောပြချင်သေးတယ်။

ကောင်မရေ . . . .

ဟောဒီကောင် ရင်ဘတ်ထဲမှာလည်း အချစ်ဆိုတာ ဖြစ်တည်ဖူးခဲ့ပါရဲ့ကွယ်။

(၁)

အဲဒီနေ့ကတော့ မိုးဟာ ကလေးငယ် တစ်ယောက်လို ရှိုက်ကြီးတငင် ငိုကြွေးနေခဲ့တယ်။ ကျွန်တော်လည်း အတန်းတက်စရာ ရှိသေးတာမို့ မိုးကို စောင့်မနေတော့ဘဲ ထီးဖွင့်ဆောင်းပြီး ကင်တင်းထဲက ထထွက်လာခဲ့တာပေါ့။

ကိုယ့်အတွေးနဲ့ကိုယ် ကျောင်းလမ်းလေးအတိုင်း လျှောက်လာတုန်းမှာပဲ . . . .

“ဟေ့ . . .ရွှတ် . . .ရွှတ် . . . .ဒီမှာ . . .ဒီမှာ . . .”

လှမ်းခေါ်သံလေး ကြားလိုက်ရလို့ စူးစမ်းကြည့်မိတယ်။

အံ့လည်း အံသြသွားရတယ်။ ကောင်မလေး တစ်ယောက် ကျောင်းလမ်းဘေးက မလေးရှား ပိတောက်ပင် အောက်မှာ မိုးခိုးရင်း ကျွန်တော့်ကို လှမ်းခေါ်နေတာပါ။

အူတူတူနဲ့ ကျွန်တော်သွားလိုက်တော့ သူက ကျွန်တော့်ထီးထဲ ဆတ်ခနဲ ဝင်ခိုရင်း . . .

“ဟိုလေ . . . .ကျွန်မ ရှင့်ထီးနဲ့ စာသင်ဆောင်ဘက် လိုက်ခဲ့လို့ ရမလား”

ထီးထဲတောင် ရောက်နေပြီ။ သူ့အပြောလေးကြောင့် ကျွန်တော်က ပြုံးစိစိလုပ်ရင်း ပြန်ပြော မိသည်။

“သြော် . . . .အင်း . . . .ရပါတယ်”

“ကျေးဇူးပဲ”

သူ့အပြောလေးတွေကြောင့် ကျွန်တော် ပိုရယ်ချင်သွားပြီး-

“မရလို့လည်း မဖြစ်ဘူးလေ။ ခင်ဗျားလေးက ထီးထဲတောင် ရောက်နေမှကိုး”

“အံမယ် . . . .ရှင်က ချေးကိုင်တာလား”

ပြောရင်း မျက်စောင်းလေးက နီးနီးကပ်ကပ် ရောက်လာပါ တော့တယ်။ ရေစိုနေတဲ့ သူ့အလှကိုလည်း ကျွန်တော် မရည်ရွယ်ဘဲ စူးစမ်းမိ သွားတယ်။ ထီးတစ်လက်အောက်မှာ ခုလို မိန်းကလေးတစ်ယောက်နဲ့ အတူရှိနေဖို့ဆိုတာ ကျွန်တော် ဘယ်တုန်းကမှ မတွေးမိခဲ့ပါဘူး။

ရင်တဒိတ်ဒိတ်နဲ့ အတူလျှောက်လာရင်း ကျွန်တော့် အဆောင်ဘက်ရောက်တော့ ကော်ရစ်တာဆီ လှမ်းတက်မိတယ်။ သူက ကျွန်တော်နဲ့အတူ လိုက်ဝင်လာရင်း . . . .

“ရှင်က ဒီအဆောင်မှာ တက်တာလား”

“အင်းလေ . . . ဘာဖြစ်လို့လဲ”

“ကျွတ်(စ်) . . . .ဒုက္ခပါပဲ။ ကျွန်မက ဟိုဘက်က(ဒီ)ဆောင်မှာ တက်တာ။ မိုးကလည်း မစဲတော့ဘူး။ ဒီနေ့ကျမှပဲ ထီးက မေ့ကျန်ခဲ့တာ”

“ဘာလဲ . . . .ဟိုဘက်အထိ လိုက်ပို့ ပေးရဦးမှာလား”

ကျွန်တော့်အပြောကြောင့် ရေစိုနေတဲ့ ဆံနွယ်စလေးတွေ သပ်တင်ရင်း ပြန်ကြည့်လာရဲ့။ ပြီး . . . . .အားနာဟန်လေးနဲ့ပဲ . . . .

“အား . . . မဟုတ်ပါဘူး။ ဒီလောက်လိုက် လာရတာတောင် လွန်လှပြီ။ ကျွန်မ မိုးစဲအောင် ပဲ စောင့်လိုက်ပါ့မယ်”

သူ့အပြောကြောင့် ကျွန်တော် နည်းနည်းတော့ ညစ်သွားတယ်။ လိုက်ပို့ချင် ပါတယ်ဆိုမှ သူက အရိုးခံလေးနဲ့ အားနာနေလို့လေ။ ခက်တော့နေပါပြီ။

ဒါပေမယ့် သူနဲ့ ဆက်ပတ်သက်ရမယ့် အခြေအနေလေးကို ကျွန်တော် ချက်ချင်းတွေးမိ သွားတယ်။ ဒါနဲ့ပဲ လှမ်းပေးရင်း-

ကဲ . . . .ရော့၊ ကျွန်တော့်ထီးပဲ ယူသွားတော့”

ပထမတော့ အံ့သြသလို ကြည့်နေသေးရဲ့။ ပြီးမှ မိုးကို တစ်လှည့် ကျွန်တော့်ကိုတစ်လှည့် ပြန်ကြည့်ပြီး . . .

“ဒီလိုဆိုလည်း ကျေးဇူးပါပဲ။ နောက်နေ့ ဒီအဆောင်ကို လာပြန်ပေးပါ့မယ်။ ဒါနဲ့ရှင်က . . ”

ဒီအခွင့်အရေးကို စောင့်နေတဲ့ ကျွန်တော်က အားရဝမ်းသာစွာနဲ့ပဲ . . . . .

“ကျွန်တော်က ဟိုက် F3အခန်းက၊ ဆက်မော်လို့ မေးလိုက်ရင် ရပါတယ်”

“အင်း . . . .ကျွန်မ ဆက်လက်လာပြန်ပို့ မယ်နော်။ သွားပြီ”

မိုးစက်တွေကြားထဲ တိုးဝင်ပျောက်ကွယ်သွားတဲ့ သူ့ကိုကြည့်ရင်း ကျွန်တော့် နှလုံးသားမှာ အသံသစ်တစ်သံ ကြားနေမိပါတော့တယ်။

အဲဒီလို . . . .မိုးထဲလေထဲမှာမှ အချစ်ကို ကျွန်တော်ကြိုးဆဲ မိခဲ့တဲ့ ကောင်ပါ။

(၂)

နောက်နေ့မှာ မျှော်နေမိပေမယ့်လည်း သူရောက်မလာခဲ့ပါဘူး။ ထီးတစ်ချောင်းထက် သူ့ကို ထပ်မတွေ့ရတော့လို့ ကျွန်တော် နှမြောမိတာ တကယ်ပါ။ သူတက်တယ် ဆိုတဲ့ D ဆောင်ဘက်မှာ သွားကြည့်တော့လည်း အရိပ်အယောင်တောင် မတွေ့ရဘူး။

သုံးရက်အထိ မျှော်နေမိပေမယ့် ရောက်မလာတော့လို့ ကျွန်တော်စိတ်ကို လျှော့လိုက် ပါတော့တယ်။

အတန်းထဲမှာ ငူငူငိုင်ငိုင် ထိုင်နေတုန်းမှာပဲ . . .

“ကိုဆက်မော်ဆိုတာ ရှင်လား”

ကြည့်လိုက်တော့ သူစိမ်းကောင်မလေး တစ်ယောက်ပါ။ ကျွန်တော်က အလိုက်သင့်ပဲ . . .

“ဟုတ်ပါတယ်”

“ရော့ . . .ဒီမှာ ရှင့်ထီး။ မိုးယုက ပေးခိုင်းလိုက်တာ”

လက်ထဲကို ထီးထိုးထည့်ပေးရင်း အဲဒီကောင်မလေးပြန်လှည့် ထွက်သွားလေရဲ့။

ကျွန်တော့်မှာ မေးချိန်တောင် မရလိုက်ဘူး။ ထီးကတော့ ကျွန်တော့်ထီးပဲ။ ဟိုကောင်မလေး ပြောသွားတဲ့အတိုင်း ဆိုရင် သူ့နာမည်က မိုးယုတဲ့။ ဘာဖြစ်လို့များ ကိုယ်တိုင်လာ မပေးတာလဲ လို့တွေးရင်း ကျွန်တော့်မှာ မချင့်မရဲဖြစ်ရတယ်။ အကြောင်းတော့ ရှိမှာပေါ့လေ။

ညနေကျောင်းဆင်းတော့ မိုးရွာလို့ ကျွန်တော် ထီးဖွင့်ဆောင်း ရတယ်။ ပါးစပ်ကလည်း ထီးကိုကြည့်ရင်း ဟာခနဲ ရေရွတ်မိရဲ့။

ကျွန်တော့် ထီးအနက်ရဲ့ အတွေင်းဘက်မှာ ကော်ရရှင်ပန်နဲ့ ရေးထားတဲ့ စာကြောင်းလေးကို တွေ့လိုက်ရလိုပါ။

PS. Thank You တဲ့။

သူ့ သူငယ်ချင်း ကတစ်ဆင့် မပြောခိုင်းချင်လို့ ခုလိုရေးပေးလိုက်တာလို့ ကျွန်တော်တစ်ဖက်သတ် တွေးလိုက်မိတယ်။ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ကျွန်တော် ပျော်သွားမိတာတော့ အမှန်ပါပဲ။

(၃)

“အဲဒီနေ့က မိုးမိပြီး နေမကောင်းလို့ နောက်နေ့မှ သူငယ်ချင်းနဲ့ ထီးပြန်ပေး ခိုင်းလိုက်တာ”

အဲဒီစကားလေးနဲ့ စပြီး ကျွန်တော်တို့နှစ်ယောက်ဟာ သူငယ်ချင်းလို့ စာတန်းထိုးပြီး မိုးရာသီမြင် ကွင်းကျယ်ရုပ်ရှင် ပိတ်ကားထက်မှာ သရုပ်ဆောင် ခဲ့ကြတယ်။ မိုးယုနဲ့ ပတ်သက်ပြီး ဘာမှမစုံစမ်းခဲ့သလို ကျွန်တော် ချဲ့ထွင်ခဲ့တဲ့ ဆက်ဆံရေး နယ်ပယ်ဟာလည်း အတိတ်အကြောင်း တွေပါပဲလို့ ယုံကြည်ခဲ့တယ်။

တစ်လနီးပါး ကြာလာတဲ့အချိန်မှာ မိုးယုက ကျွန်တော့်ကို “ကိုဆက်”လို့ ခေါ်တတ်လာသလို “အချစ်” ဆိုတဲ့ အရာတစ်ခုအတွက်လည်း ကျွန်တော်ရှေ့ဆက် တိုးဖို့ အသင့်နီးပါး ဖြစ်ရခဲ့ပါပြီ။ ခုချိန်ထိကျွန်တော့်ထီးနဲ့ မိုးလိုက်ခိုနေတဲ့ ကောင်မလေးကို တစ်ဘဝလုံး သိမ်းမိုးစောင့်ရှောက် ချင်တာ ဘယ်သူမှ မပေးတဲ့ ကျွန်တော့်ရဲ့ ပီတိဝဋ် ကြွေးပါပဲလေ။

ကျွန်တော် ယုံကြည်ထားတယ်။ သူ့မျက်ဝန်းတွေကို အချိန်ပြည့် စူးစမ်းနေတဲ့ ကျွန်တော့် အကြည့်ကို သူဘာသာ ပြန်တတ်နေမှာ ပဲလို့လေ။ ကျွန်တော် စွန့်စားဖို့ ဆုံးဖြတ်တာ စွန့်လွှတ်ဖို့ လုံးဝ မဟုတ်ခဲ့ပါဘူး။

(၄)

“မိုးယုနဲ့ ကျွန်တော်သိတာ တစ်လပြည့်တော့ မယ်နော်”

“ဟင် . . ဘာဖြစ်လို့လဲ”

“သြော် . . .ဘာဖြစ်ရမှာလဲ၊ ကျွန်တော်တို့ ခုလိုတွဲ သွားတွဲလာ လုပ်နေတာ လူတွေလည်း စပ်စုကုန်ကြပြီ။ အနေအထိုင်တွေ ဆင်ခြင်ရမှာပေါ့”

“ဘာ . . . .ကိုဆက်နော်။ တစ်ပြန်ကြီး . . . .ဟွန်း“

မျက်နှာ နီဝါးဝါးလေးနဲ့ အော်တော့တယ်။ တကယ်တော့ ဒါဟာ အသားယူတာ မဟုတ်ဘဲ ကျွန်တော့်လှည့်ကွက်ထဲ သူမျော သွားတာပါ။

“အဟဲ . . . .ဒီလိုလေ၊ အနေအထိုင် ဆင်ခြင်ရမယ် ဆိုတာ နောက်ခုလို မနေဖို့ မဟုတ်ဘူး။ လူတွေ ထင်သလိုပဲ နေလိုက်ရအောင် လို့ပြောတာ”

မိုးယုစံ ခေါင်းလေးငုံ့ပြီး ငြိမ်သက်သွားလို့ ကျွန်တော့် ပင့်သက်ရှိုပ်ပြီး . . . .

“မိုးယု . . .မိုးယုကို ကျွန်တော် . . . . “

“ကိုဆက် . . . .မပြောပါနဲ့”

စကားနှစ်ခုဟာ မပြည့်စုံပေမယ့် လုံလောက် သွားသလိုပဲ။ မှားယွင်းမှု ရနံ့တစ်ခုနဲ့ ကျွန်တော်ရင်တွေ မူးနောက်လာတယ်။

“မိုးယု . . .မိုးယု”

“ကိုဆက်ရာ . . .ဒီနေ့ မပြောနဲ့တော့နော်”

ဒီတစ်ခါတော့ ဦးနှောက်ထဲ လင်းပွင့်သွားရတယ်။ အိုး . . . မနက်ဖြန်ဆိုတာ မိုးယုနဲ့ ကျွန်တော်သိတာ တစ်လတိတိ ပြည့်တဲ့နေ့ပဲ။ ဒါဆို မနက်ဖြန်မှာ သူငယ်ချင်းစာရင်း မျဉ်းပိတ်ပြီး ချစ်သူစာရင်း အက္ခရာသွင်း ကြတာပေါ့ ခွေးစုတ်မလေးရယ်။

“မိုးယု မှတ်မိသေးလား။ မိုးယု ကျွန်တော့်ထီးမှာ ရေးပေး လိုက်သလိုလေ။ ကျွန်တော်လည်း PS အနေနဲ့ စာကြွင်းကို မနက်ဖြန်မှ ပြောတော့မယ်”

အဲဒီ စာကြွင်းကို ဘာလဲလို့ မိုးယု ထပ်မမေးတော့ ပါဘူး။ သက်ပြင်းချသံလေးပဲ ကြားလိုက်ရပါတယ်။

(၅)

နောက်နေ့ ကျွန်တော့်ဆီရောက် လာခဲ့တာ မိုးယုမဟုတ်ခဲ့ ဘူး။ ကျွန်တော်မျှော်လင့် မထားတဲ့အဖြစ်ဟာ ဒီနှစ်မိုးလို အလာစော ခဲ့ပါတယ်။

“ဘာ . . . .ဘယ်လို၊ ခင် . . . .ခင်ဗျားက မိုးယုရဲ့ ချစ်သူ ဟုတ်လား”

ကျွန်တော့်ရဲ့ သတိလက်လွတ် အမေးကို အဲဒီလူက အားနာဟန်နဲ့ပဲ . . . .

“ဟုတ်တယ် ကိုဆက်မော်၊ ကျွန်တော်နဲ့ ကောင်မလေး တစ်ယောက်ကို အဆင်လွဲပြီး မိုးယုနဲ့ စကားများ ခဲ့ကြတယ်။ ကျွန်တော့်ကို စိတ်ဆိုးပြီး သူလည်း ယောကျာ်း တစ်ယောက်ကို ကောက်တွဲ ပြနိုင်တယ်လို့ ပြောလာတယ်။ ကျွန်တော်လည်း စိတ်ပေါက်ပေါက်နဲ့ ဒါဆိုလည်း မင်းငါပြတဲ့ ယောကျာ်းကို တစ်လအတွင်း ဖြားယောင်း ပြစမ်းပါလို့ ပြောလိုက်မိတယ်။ ဒါပေမယ့် ကျွန်တော် လှမ်းပြလိုက်တဲ့ ယောကျာ်းဟာ ခင်ဗျားဖြစ်နေလို့ပဲ”

“ဗျာ”

မိုးယုနဲ့ ကျွန်တော် ကျန်ခဲ့တစ်လက “စ” တွေ့ခဲ့တဲ့နေ့ကို ပြန်မြင်ယောင် နေမိတယ်။ အရာအားလုံးဟာ စနစ်တကျ စော်ကား ခံလိုက်ရတာလား။ ကံကြမ္မာ ကိုက ဆိုးလွန်း တာပါလေ။

“ဒီနေ့ဟာ သူနဲ့ကျွန်တော် လောင်းထားတဲ့နေ့ပဲ။ ခင်ဗျား ဒီနေ့ မိုးယုကို Propose လုပ်တော့မယ်လို့ သိရတယ်။ ကိုဆက်မော် . . . .သူ့ကို ဖွင့်ပြောလိုက်ရင် ကျွန်တော်ရှုံးမှာပါ။ ဒါပေမယ့် ကျွန်တော် ရှုံးသလို ကိုဆက်မော်ကိုလည်း မနာကျင်စေချင်ဘူး။ သူငယ်ချင်းတွေ လည်း သိကြတော့ ကျွန်တော်တို့ရဲ့ မာနတွေ မကျိုးကြေစေချင်လို့ပါ”

ဘာတွေလဲ . . . . ဘာတွေလဲ။ ကျွန်တော့် စိတ်ထဲက အော်နေမိတယ်။

မိုးယုဟာ ဒီလိုပဲ တကယ်လုပ်ခဲ့တာလား။ မနေ့ကအထိ သူ့မျက်ဝန်းတွေထဲမှာ ကျွန်တော်ဖတ် မိခဲ့တာက “အချစ်” ဆိုတဲ့ အက္ခရာပါ။ သူ ကျွန်တော့်ကို နည်းနည်းလေးမှ မချစ်ခဲ့ဘူးလား။ ကျွန်တော် မယုံချင်ဘူး။

ရွာကျနေတဲ့ မိုးရေစက်တွေကြားထဲ မတုန်မလှုပ် ကျွန်တော် ရပ်နေမိတယ်။ ဘယ်လောက်စိုစို ကျွန်တော့်ရင်ထဲကို အေးမြစေတော့မှာ မဟုတ်ပါဘူး။ နောက်ကျောဆီက အသံလေးကြားလိုက်ရမှာပဲ ကျွန်တော့် အာရုံတွေ တုန်ခါသွားရတယ်။

“ကိုဆက် . . . . ကျွန်မ ရှင်းပြရစေ။ ဒီကိစ္စဟာ လောင်းခဲ့တယ်ဆိုပေမယ့် ကျွန်မ . . . .ကျွန်မ ကိုဆက်ကို . . . .”

ဘုရားရေ . . . .မိုးယုပါးလား။ ကျွန်တော် လှည့်ကြည့်လိုက် ရမှာလား။ ပြီးတော့ ဘာများပြော ရဦးမှာလဲ။ ရိုးရိုးဖြူဖြူနဲ့ ချစ်ခဲ့တဲ့ မိန်းကလေး တစ်ယောက်ကိုတော့ လက်ညှိုးထိုးပြီး နင့်နင့်သီးသီး ကျွန်တော် ပြောမထွက်ဘူး။

လှည့်မကြည့်ဘဲ နာနာကျင်ကျင်ပဲ ပြောလိုက်မိတယ်။

“သွားပါတော့ မိုးယု၊ ဇာတ်လမ်းက ပြီးသွားပြီပဲ။ ကျွန်တော်တို့ နွေးနွေးထွေးထွေးပဲ လမ်းခွဲရအောင်နော်။ သွားပါတော့ဗျာ”

ရှိုက်သံသဲ့သဲ့နဲ့ အတူ မိုးယု ပြေးထွက်သွားတဲ့ အသံကိုပါ ကျွန်တော် ကြားနေရပါတယ်။ ဒါဟာ မိုးရာသီ မြင်ကွင်း ကျယ်ရုပ်ရှင်ကားရဲ့ အဆုံးသတ် တဲ့လားကွယ်။ အားလုံးကို “အလွမ်း” လို့ စာတန်းထိုးပြီး ရင်တော့ ကျွန်တော် ရေးပြချင်တဲ့ စာကြွင်းလေးက ကျန်နေပါ သေးတယ်။

မိုးယုရေ . . . PS . I Love You ဆိုတာကတော့ ငါ့ရင်ထဲမှာ ကြွင်းကျန်ရစ်နေတဲ့ ကျောက်ဖြစ်စာ ကြွင်းတစ်ခုပါပဲကွာ။

* * * * *


ဝန်ဇင်းချစ်သူများ မိုးစက်ဝိုင် ၏ “ PS. I Love U ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


အိမ်မက် အက်ဆေး

အချစ်သည် သင့်ကျန်းမာရေးအတွက် အကောင်းဆုံးကိုယ်ရံတော်

လေဒီစာအုပ်ကြီး