အမှာ စကား
ဒီဝတ္ထုဟာလည်း ကျွန်တော် တခြားကလောင်နာမည် နဲ့ ထုတ်ဝေဖူးခဲ့တဲ့ ဝတ္ထုတစ်ပုဒ်ပါ။ မဖတ်ရသေးတဲ့ ကျွန်တော့်  ပရိသတ်တွေ ကို ဖတ်စေချင်တဲ့စိတ်နဲ့ ပြန်လည်ပြင်ဆင်မွမ်းမံပြီး ပြန်ထုတ်ဝေလိုက်ပါတယ်။
ပရိသတ်ကို အစဉ်လေးစားလျက်
ကျွန်တော်
မွေးကတည်းက ဓားထမ်းမကျော်ခဲ့ရပေမယ့် တနင်္လာသား ခင် မောင်ဇော်ဆိုတဲ့ကောင်က ပေါ့သေးသေးမဟုတ်။ သူ့အမေဗိုက်ကို ဆရာ ဝန်တွေ ခွဲပြီး ထွက်လာကတည်းကပဲ ရှစ်ပေါင်ခွဲလောက်ရှိတယ်။ မွေးပြီး သုံးနှစ် သားလောက်ရောက်တဲ့အထိလည်း ပြဿနာမရှိခဲ့ပါဘူး။ အဲ ...သုံး နှစ် ကျော်လောက်ကျတော့ ဒင်းကလေးက စကားပြောတတ်လာပြီ။
ရုပ်ကလေးကလည်း သနားကမား၊ စကားကလည်း ပြောတတ် လွန်းတော့ ရပ်ကွက်ထဲကလူတွေ က ခင်မောင်ဇော်ကို ချစ်ကြတယ်။ အဲဒါ ကြောင့် ခင်မောင်ဇော်ကိုတွေ့ ရင် ဦးဦး၊ ဒေါ်ဒေါ်၊ ကိုကို၊ မမတွေ က ချစ် စနိုးနဲ့ မေးကြတယ်။
''ဟယ် ...သားလေးက ချစ်စရာလေးပဲ၊ ကဲ ပြောပါဦး ... သားလေး ကြီးရင် ဘာလုပ်မှာ လဲ''
သူများ တွေ ဆိုရင်တော့ အမေ၊ အဖေတွေ သင်ထားတဲ့အတိုင်း ဆရာဝန်ကြီးလုပ်မှာ ၊ ရဲမှူးကြီးလုပ်မှာ ၊ လွှတ်တော် အမတ်ကြီးလုပ်မှာ ဆိုပြီး ဖြေကြမှာ ပဲ။ ခင်မောင်ဇော် ကတော့ အဲဒီ လို မဟုတ်ဘူး။ သူဖြေတာက ရှင်းတယ်။
''သားမှ မကြီးသေးတာ၊ ဘယ်ပြောလို့ရဦးမှာ လဲ''
တဲ့။ ခင်မောင်ဇော်ဆိုတဲ့ ငတိက အဲဒီ လို။ ငယ်ငယ်ကတည်းကပဲ သောက်ကြောတင်းလေး။
တစ်ခါကလည်း သူ့အဖေ အလုပ်ကပြန်လာပြီး ခင်မောင်ဇော်မသိ ခင်မှာ အပြင်ကို အသာလေးလစ်ထွက်သွားတယ်။ အမှန်တော့ သူ့အဖေက အပေါင်းအသင်းတွေ နဲ့ စားသောက်ပျော်ပါးဖို့ ထွက်သွားတာ။ ဒါကို သူ့အမေ က သိတော့ ဒေါကန်နေတာပေါ့။ အဖေကိုမတွေ့ တော့ ခင်မောင်ဇော်က မေးတော့တယ်။
''မေမေ ... ဖေဖေ ဘယ်ရောက်သွားတာလဲ''
စိတ်တိုနေတဲ့ အမေကလည်း ရွဲ့ပြီး ဖြေလိုက်တယ်။
''နင့်အဖေ အလေလိုက်ဖို့သွားတာဟေ့''
အဲဒီ မှာ သုံးနှစ် သား ခင်မောင်ဇော်ဆိုတဲ့ ငတိကလည်း ဘယ်လို ထင်တယ်မသိပါဘူး။ သူ့အတွေးနဲ့သူ ပြန်ပြောလိုက်တယ်။
''မေမေ ...သားကို ဖေဖေ့ဆီ လိုက်ပို့ပေး၊ သားလည်း ဖေဖေ့လို အလေလိုက်ချင်တယ်''
အမေ ဖြစ်သူ မျက်လုံးပြူးရတော့တယ်။ ခင်မောင်ဇော်ဆိုတဲ့ ငတိက သုံးနှစ် သားလောက်ကပဲ ဘုမသိ၊ ဘမသိနဲ့ အလေလိုက်ချင်နေတာ။
တကယ့်ကောင် ...။
ဒီလိုနဲ့ ငါးတန်းလောက်ရောက်လာတော့ သူတို့ကျောင်းမှာ အလယ် တန်းအဆင့် စာစီစာကုံးရေး ခိုင်းတယ်။ ခေါင်းစဉ်က 'ဖေဖေ့အကြောင်း' ဆိုပဲ။ အလယ်တန်းအဆင့်ဆိုတာ ငါးတန်းကနေ ရှစ်တန်းအထိ ပါတာပေါ့။ အဲဒီ မှာ ခင်မောင်ဇော်က သူ့ဟာသူ မရေး ဘဲ ခုနစ်တန်းကျောင်းသူ သူ့အစ်မ ရေး ထားတာကိုပဲ ပြန်ကူးပြီး ရေး ပေးလိုက် တယ်။ မောင်နှမနှစ် ယောက် စလုံး ကရေး တဲ့ စာစီစာကုံးက တူနေတော့ ဆရာမ က ခင်မောင်ဇော်ကို ခေါ်မေး တော့တယ်။
''ခင်မောင်ဇော် ... ဒီမှာ သားရေး ထားတာနဲ့ သားအစ်မရေး ထား တာဟာ အကုန်လုံး တူနေတယ်၊ အဲဒါ ဘယ်လို ဖြစ်တာလဲ''
ဆရာမ ကတော့ ဘယ်သူ့ဆီက ဘယ်သူကူးရေး တာလဲဆိုပြီး မေး လိုက်တာပါ။ ခင်မောင်ဇော်ကလည်း အမှန်အတိုင်းပဲ ဖြေလိုက်ပါတယ်။
''တူမှာ ပေါ့ ဆရာမ ရဲ့ ၊ သားနဲ့ သားအစ်မမှာ က ဒီအဖေ တစ်ယောက် တည်းပဲ ရှိတာလေ၊ မတူရင် သားတို့မှာ အဖေနှစ် ယောက် ဖြစ်သွားမှာ ပေါ့''
မေးမိတဲ့ ဆရာမ မှာ ခင်မောင်ဇော်အပြောကြောင့် အူတီးအူကြောင် ဖြစ်သွားလေရဲ့ ။
နည်းနည်း ကြီးလာတော့ မောင်နှမတွေ ရဲ့ ထုံးစံအတိုင်း အစ်မနဲ့ မတည့်တော့ဘူး။ အိမ်မှာ နေရင် အစ်မက ဟိုခိုင်း ဒီခိုင်း။ ပြီးရင် ဆရာကြီး လုပ်လုပ်လွန်းလို့ ခင်မောင်ဇော်က သိပ်မကြည်ဘူး။
တစ်ရက် ...အစ်မက ဟင်းချက်နေရင်း ခင်မောင်ဇော်ကို မန် ကျည်းသီး ဝယ်ခိုင်းတယ်။ ဈေးရောက်တော့ မန်ကျည်းသီးရှာမတွေ့ တာနဲ့ ခင်မောင်ဇော်က ချဉ်တာချင်းအတူတူဆိုပြီး သံပုရာသီးဝယ်သွားလိုက်တယ်။ အိမ်ပြန်ရောက်တော့ အစ်မက တဗျစ်တောက်တောက် ဆူပါလေရော။
''နင်ဟာလေ အသုံးကိုမကျဘူး၊ ခိုင်းလိုက်ရင် တလွဲတွေ ပဲ လုပ် လာတယ်''
ခင်မောင်ဇော်က တင်းပြီး ပြန်ပြောလိုက်တယ်။
''အစ်မကိုက ရွာတော် ရှင် ဖြစ်နေတာပါဗျာ''
''အောင်မာ ...ဘာ ရွာတော် ရှင် ဖြစ်ရမှာ လဲ''
''အမှားမခံဘူးလေ''
အဲဒီ မှာ ပဲ သူ့အစ်မက ယောက် မနဲ့ကောက်ပေါက်လို့ ခင်မောင်ဇော် ထွက်ပြေးခဲ့ရတယ်။
တစ်ခါကလည်း လက်ဖက်ရည်ဆိုင်ထိုင်နေရင်း ဦးညွန့်လှိုင်တစ် ယောက် ခင်မောင်ဇော်ကို ကပ်ကြွားတယ်။
''ငါက ရှေးဟောင်းပစ္စည်းတွေ စုတာ သိပ်ဝါသနာပါတာ ခင်မောင် ဇော်ရ''
စကားဆုံးဆုံးချင်းမှာ ပဲ ခင်မောင်ဇော်က ပြေးပေါက်ကို အရင်ရှာ ထားလိုက်တယ်။ ပြီးမှ ပြန်ပြောလိုက်တယ်။
''ဟုတ်မှာ ပါ၊ ဘာ ဖြစ်လို့လဲဆိုတော့ ဦးရဲ့ မိန်းမကိုကြည့်တာနဲ့ သိသာပါတယ်ဗျ''
ဦးညွန့်လှိုင်ခမျာ တွေ ခနဲ စဉ်းစားလိုက်ပြီးမှ ဒေါသအမျက် ခြောင်း ခြောင်းထွက်သွားလေရဲ့ ။ ဘာ ဖြစ်လို့လဲဆိုတော့ သူ့မိန်းမက သူ့ထက် ဆယ်နှစ် လောက် ကြီးတာလေ။ ရှေးဟောင်းပစ္စည်းကြီးပေါ့။ အဲဒီ လိုတွေး မိပြီး ထထိုးဖို့ လုပ်တဲ့အချိန်မှာ ခင်မောင်ဇော်က မရှိတော့ဘူး။
လစ်ပြီ ...။
ဆယ်တန်းရောက်လာတော့ အမေက စာမလိုက်နိုင်မှာ စိုးလို့ အပြင် ကျူရှင်တက်ခိုင်းတယ်။ ဒါတောင် ခင်မောင်ဇော်က အမေကို အပေးအယူနဲ့။ ကျူရှင်တက်ရလို့ဆိုပြီး တစ်ပတ်တစ်ကြိမ် ကြေးအိုးဝယ်တိုက်ခိုင်းတယ်။ ဒီတော့ သူ့အမေကလည်း အပေးအယူသဘောလေး ပြန်ပြောတော့တာပေါ့။
''စာမေးပွဲတော့ အောင်အောင်ဖြေနော်၊ နင့်အတွက် ကျူရှင်လခ တင်မဟုတ်ဘူး၊ ကြေးအိုးဖိုးကလည်း ကုန်သေးတယ်''
''ပိုက်ဆံစကား သိပ်မပြောပါနဲ့ မေမေရာ၊ သား စာမေးပွဲမအောင် လည်း ကြီးလာရင် ပိုက်ဆံရှာမှာ ပေါ့၊ ဘာမှပူမနေနဲ့ ...အဲဒီ အခါကျရင် မေမေ့ကို ကျူရှင်ပြန်ထားပြီး ကြေးအိုးဝယ်တိုက်ပါ့မယ်''
ခင်မောင်ဇော်ဆိုတဲ့ကောင်က မွေးသမိခင်ကိုတောင် အဲဒီ လို ပြန် ချုပ်ပစ်တာ။
ဆယ်တန်းစာမေးပွဲ ဖြေပြီးတော့လည်း ခင်မောင်ဇော်ဆိုတဲ့ကောင် က လတ်လျားလတ်လျားနဲ့။ တစ်ချိန်လုံး ရပ်ကွက်ထဲမှာ ပဲ ဂလေရိုက်နေတာ။ အဲဒါကို မျက်စိစပါးမွေးစူးနေတဲ့ ရပ်ကွက်ထဲက သင်္ချာဆရာဟောင်း ဦးသိန်း ဟန်က ခေါ်ပြီးဆိုဆုံးမတယ်။
''မင်းကွာ ...ကျောင်းပိတ်ထားတုန်း လျှောက်လေမနေဘဲ တခြား သင်တန်းလေး ဘာလေးတက်ပါလား၊ ဒါမှမဟုတ် ငါ့ဆီမှာ သင်္ချာလာသင်''
ခင်မောင်ဇော်က ခပ်တည်တည်ပဲ ...
''ကျေးဇူးပါပဲ ဆရာကြီး၊ ဒါပေမဲ့ ...သင်္ချာဆိုတာက ကျွန်တော် ပိုင်တဲ့ ဘာသာရပ်မို့ မသင်တော့ပါဘူး''
သင်္ချာဆရာကြီးလည်း တင်းသွားပြီး ခင်မောင်ဇော်ကို ပြန်မေးလိုက် တယ်။
''အေး ...မင်း သင်္ချာပိုင်တယ်ဆိုရင် ငါ တစ်ခုမေးမယ်၊ A=B, B=C, A=C ဆိုတဲ့ သဘောတရားက ဘာလဲ''
ခင်မောင်ဇော်ဆိုတဲ့ သင်္ချာမဟာပညာရှိ ဖြေပုံကလည်း ပီပြင်ပါ တယ်။
''အဲဒါ ကတော့ ရှင်းပါတယ်ဆရာကြီး၊ ဥပမာ ကျွန်တော် က ဆရာ ကြီးကိုချစ်တယ်၊ ဆရာကြီးက ဆရာကြီးရဲ့ သမီးကိုချစ်တယ်၊ ဒီတော့ ကျွန် တော် ကလည်း ဆရာကြီးရဲ့ သမီးကိုချစ်တယ်ဆိုတဲ့ သဘောတရားမျိုးပါပဲ''
ဒီတစ်ခါလည်း ဆရာဦးသိန်းဟန် ဇက်ပိုးမအုပ်ခင် ခင်မောင်ဇော် တစ်ယောက် ပုဆိုးလေးကွင်းသိုင်းပြီး လိမ်ကျစ်လိမ်ကျစ်နဲ့ ထွက်ပြေးခဲ့ရတယ်။
ဟုတ်တယ်လေ ...။ အဲဒီ ဆရာဦးသိန်းဟန်မှာ က သမီးအပျိုတစ် ယောက် ရှိနေတာကိုး။
ရည်းစားရထားတာ မကြာသေးတဲ့ သူငယ်ချင်းညွန့်အောင်က ဘလိုင်းကြီး ကပ်ကြွားလာသေးတယ်။
''ဟေ့ကောင် ခင်မောင်ဇော် ...မနေ့က ငါနဲ့ငါ့ရည်းစား တွဲသွား တာ ဘယ်လိုနေလဲကွ၊ မင်း အားမကျဘူးလား''
ပြန်မဖြေခင်မှာ ခင်မောင်ဇော်က အဲဒီ သူငယ်ချင်းကို သေသေချာချာ ကြည့်လိုက်သေးတယ်။ ဒီကောင်က မည်းမည်းတူးတူးအညာသား။ အသား မည်းလွန်းလို့ ကုလားကြီးလို့တောင် ခေါ်ကြတယ်။ ဒင်း ကံစွပ်ပြီး ရသွားတဲ့ ရည်းစားက ဘဲဥလို ဖြူလုံးနေတဲ့ တရုတ်မ။ ဒီတော့ စိတ်ရင်းအတိုင်းပဲ ဖြေလိုက်ပါတယ်။
''ဘယ်လိုနေရမှာ လဲကွ ...မင်းတို့နှစ် ယောက် ကို ကြည့်ရတာ ဗမာဖင်နဲ့ ဘိုထိုင်အိမ်သာကိုပဲ ပြေးပြီးမြင်ယောင်မိတယ်''
''အင်''
ခင်မောင်ဇော်တို့က အဲဒီ လို ဥပမာပေးတာလည်း ပြောင်မြောက် သေးတယ်။
တစ်ခါကလည်း မုံရွာကသူငယ်ချင်း အုန်းခိုင်နဲ့ လမ်းမှာ ဆုံတယ်။ သူ့ဟာသူ ဘာ ဖြစ်နေလဲတော့ မသိဘူး။ အဲဒီ သူငယ်ချင်းက မျက်နှာအိုအို အသံလေးလေးကြီးနဲ့ ...
''ငါ ဒီနေ့ တော် တော် စိတ်ညစ်နေတယ် ခင်မောင်ဇော်ရာ''
ခင်မောင်ဇော်ဆီက နှစ် သိမ့်တဲ့စကားလေးများ ထွက်လာမလား ဆိုပြီး ပြောလိုက်တာပါ။ ခင်မောင်ဇော်ကလည်း ကိုယ်ချင်းစာစိတ်အပြည့်နဲ့ ပြန်ပြောလိုက်ပါတယ်။
''ဟ ...ညစ်ရမှာ ပေါ့ကွ၊ နေ့တိုင်း ပျော်နေနိုင်တာ အရူးပဲရှိမယ်''
အဲဒါပဲ ...။
ခင်မောင်ဇော်ဆိုတဲ့ကောင်က ဆွဲထိုးပစ်ချင်စရာကောင်းလောက် အောင် စပ်မြင်ကတ်ဖို့ကောင်းတယ်။
ပြီးတော့ ခင်မောင်ဇော်က ခုလို ဒီမိုကရေစီအသွင်ကူးပြောင်းနေတဲ့ ကာလမှာ ဂျာနယ်တွေ သိပ်ဖတ်တယ်။ အဲဒီ ဂျာနယ်တွေ ထဲက သတင်းသမား တွေ အင်တာဗျူး မေးပြီးတိုင်း ပြောတဲ့စကားကိုလည်း သိပ်သဘောကျတယ်။
အဲဒီ စကား ကတော့ ...
''ခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်''
ဆိုတဲ့စကားပဲ။
ကဲ ...။
မနက်မိုးလင်း၍ မျက်စိနှစ် လုံးဖွင့်ပြီဆိုတာနှင့် ခင်မောင်ဇော် လုပ် ဖြစ်သည့်အလုပ်မှာ သူငယ်တန်းစာအုပ်ထဲကအတိုင်း စောစောထ၊ သွားတိုက်၊ မျက်နှာသစ်၊ အိပ်ရာသိမ်း ဆိုတာလောက်ပဲ ဖြစ်သည်။
ပြီးလျှင်တော့ မနက်စာစားရန် ကိုယ့်ရပ်ကွက်နှင့် ကပ်လျက်ရှိသော အိမ်နီးချင်းရပ်ကွက်သို့ ကြွချီတော် မူပါတော့သည်။
ခင်မောင်ဇော်တင်သွင်းလာမည့်  ဝိစိကိစ္စအားလုံးကို အိမ်နီးချင်း ရပ်ကွက်မှ ငယ်ပေါင်းကြီးဖော်များ ဖြစ်သော သိန်းထွန်း၊ ညွန့်လှိုင်၊ ဇော်မင်း အောင်၊ နိုင်ဝင်းတို့က ပခုံးပြောင်း၍ ရင်စည်းခံနေရပါသည်။ ထိုရပ်ကွက်တွင် ခင်မောင်ဇော် ပရီမီးယား ဘယ်နှရာသီခြေစွမ်းပြဦးမည် မသိချေ။ ယနေ့ထိ တော့ မောင်မင်းကြီးသားက အနှီရပ်ကွက်ကိုပဲ ဓာတ်ကျနေသေးသည်။
ခုလည်း မနက်မိုးလင်းသည်နှင့် လာ လာချေပြီ။ ပျို့ချစ်ဦးလည်း မြူးတဲ့ရာသီ ဖြစ်ပါသည်။ နေရောင် ခြည်ကပင် ဖျော့ဖျော့လေး ဝင်းသွဲ့နေပြီ။
ရပ်ကွက်ချင်းက မဝေးပါ။ နီးလည်း မနီးပါ။ သို့ သော်လည်း ခြေထောက်အညောင်းမခံချင်သော ခင်မောင်ဇော်က ကားစီးပြီးသွားသည်။ လမ်းလျှောက်လျှင် သိပ်မဝေးသော်လည်း လိုင်းကားက သူ့လမ်းနှင့် သူ ရပ်ကွက်ကိုပတ်သွား၍ ပိုဝေးသလိုရှိ၏ ။ ရပါသည်။ ကားလမ်းတစ်လျှောက် ချိုင့်ခွက်ကျလျှင် အသက်အောင့်၊ ဒူးညွှတ်ထားရုံကလွဲပြီး ပိုက်ဆံပေးကာ အခန့်သားလိုက်စီးသွားရုံသာ။ ထိုသို့ သော အတွေးနှင့် ခင်မောင်ဇော် ကားပေါ် လှမ်းတက်လိုက်သည်။
ကားပေါ်ရောက်ရောက်ချင်း ပြဿနာက (ရုပ်ရှင်၊ ဗီဒီယိုတွေ ထဲက လို) မတက် ပါ။ သို့ သော်လည်း ကားပေါ်ကဆင်းမည့်  မှတ်တိုင်အရောက်မှာ တက်ပါတော့သည်။ ကိုယ်ကအဆင်း၊ ပြဿနာက အတက်ဟုပင် ဆိုရမလို ဖြစ်သွား၏ ။
မည် သည့် မည် သို့ ဆိုရမည် ပင်မသိတော့။ ထိုပြဿနာသည် စပယ်ယာဆီမှ ပြန်အမ်းမည့် ပိုက်ဆံကို တောင်းခြင်းမှ စလေသည်။ ကားပေါ် ရောက်ရောက်ချင်း စပယ်ယာ လက်တို့မတောင်းမီကပင် ခင်မောင်ဇော်က ယာဉ်စီးခကို အကျေအလည်ပေးချေပါသည်။ တစ်ရာတန်ခရီးကို ပိုက်ဆံ နှစ် ရာတန်ပေးစီးခြင်းက ကိုယ့်အမှားမဟုတ်ပါ။ ခုဆင်းတော့ စပယ်ယာက ငွေတစ်ရာကို ပြန်မအမ်းနိုင်သေး။ အကြွေမရှိဟု ဆိုပါသည်။
ကိုယ်ကလည်း တရုတ်လို မရှာရသော်ငြား၊ ကုလားလို မစု ဖြစ်ခဲ့ သော်ငြားပေမယ့် ဗမာလိုတော့ အားနာပါးနာနှင့် အလွယ် အဆုံးမခံနိုင်ချေ။ အဆုံးခံချင်သည့်သူများ သာ ခံကြပါ။ ခင်မောင်ဇော်ဆိုသည့်သူ ကတော့ သတ္တိ ရှိရှိပင် တောင်းခံပါသည်။
''ကဲ ...ပြန်အမ်းပေးလေဗျာ၊ ကျွန်တော် က ဒီမှတ်တိုင်မှာ ဆင်း တော့မှာ ဗျ''
''ဟာဗျာ ...ဒီမှာ လည်း အမ်းစရာ တစ်ရာတန်တစ်ရွက်မှ မရှိဘူး''
ကိုရွှေစပယ်ယာက ခပ်တင်းတင်းပင်။ ဒါမျိုး ကတော့ ခင်မောင်ဇော် တို့က အံတိုနေပြီ။ ပြန်တင်းပြလိုက်၏ ။
''ဘာလဲ ...ခင်ဗျားကို ကျွန်တော် က အကြွေဆင်းလဲပေးရမှာ လား၊ ဒါမှမဟုတ် နောက်တစ်ရာဖိုး ထပ်စီးရမှာ လား''
''ဟာဗျာ''
''ဟာဗျာမလုပ်နဲ့ ...ဒီကိုလည်း တစ်ရာပြန်အမ်းဦး''
နောက် တစ်ယောက် ဖြစ်ပါသည်။ အသံစူးစူးလေးနှင့် အတူ စူးစူး ရဲရဲလှသော နှစ် ဆယ့်တစ်ရာစုသမီးပျိုလေးကို လူတွေ ကြားထဲက အတင်းတိုး ထွက်လာရ၍ ခပ်မျော့မျော့ပုံစံလေးနှင့် ခင်မောင်ဇော်တွေ့ လိုက်ရ၏ ။ သူ့လိုပဲ တစ်ရာဒုက္ခ (ဒုက္ခတစ်ရာမဟုတ်ပါ) ရောက်နေခြင်း ဖြစ်သည်။ စပယ်ယာက ဘယ်လိုလုပ်ရမှန်းမသိသော ပုံစံမျိုး လုပ်နေသည်။ ကားက ရပ်ထားတာပင် ကြာလှပြီ။ ကားပေါ်ကလူတွေ ကလည်း ပွစိ ပွစိဖြင့် အသံတွေ ထွက်လာ၏ ။ ရှေ့က ဒရိုင်ဘာကလည်း လှမ်းအော်တော့သည်။
''မပြီးသေးဘူးလားဟေ့၊ မင်းအဖေ နောက်ကားက ဖင်ဆောင့် တော့မယ်''
''အင်း ....အဲ ပြီးပြီ''
မပြီးပါ။ လုံးဝမပြီးပါ။ စပယ်ယာက ပြီးစလွယ်ဖြေလိုက်ခြင်း ဖြစ် သည်။ ထိုသို့ ဖြစ်နေစဉ်မှာ ပဲ ကောင်မလေးက စပယ်ယာလက်မှ နှစ် ရာတန် တစ်ရွက်ကို တိတိကျကျ ဆတ်ခနဲဆွဲယူပြီး ခင်မောင်ဇော်ကို လှမ်းပြောလိုက် ၏ ။
''ကဲ ...ရပြီ၊ ရှင်လည်း ဆင်းတော့''
ပြောပြီး ကောင်မလေးက ဆင်းဟန်ပြုလိုက်သည်။ စပယ်ယာက ရုတ်တရက် အငိုက်မိသွားသော်လည်း ချက်ချင်း ပဲ လှမ်းဆွဲ၏ ။ လက်ကို ဖြစ်သည်။
''ဟာ ...ခင်ဗျားက ဘာလုပ်တာလဲ''
''အောင်မာ ...ရှင့်ကို ဘာလုပ်ရမှာ လဲ၊ နှစ် ရာယူတာပေါ့၊ ကျွန်မနဲ့ ဟို တစ်ယောက် က တစ်ယောက် တစ်ရာ ပြန်ရမှာ လေ၊ ပြီးမှ ခွဲယူလိုက်မယ် သဘောပေါက်ပြီလား''
တော် တော် ဥာဏ်ပြေးသည့် ကောင်မလေး ဖြစ်သည်။ ခင်မောင်ဇော် ပင် မှတ်မှတ်ရရ လေးစားသွား၏ ။
စပယ်ယာလည်း ကြောင်စီစီနှင့် ခေါင်းညိတ်ပြကာ ...
''ဆွဲ ဆရာရေ ...နှစ် ယောက် သား ပြေလည်သွားပြီဗျ''
ကားက သူ့လမ်းအတိုင်းဆက်လက်ထွက်ခွာ သွားပါပြီ။ မှတ်တိုင်မှာ တော့ ခင်မောင်ဇော်ခမျာ ဆက်မသွားနိုင်သေး။ အကြွေတစ်ရာ၊ ငွေတစ်ရာကို ပြန်တောင်းနေရသေးသည်။ စပယ်ယာပြောသွားသလိုလည်း မပြေလည် သေးချေ။
''ကဲ ...ခင်ဗျားနဲ့ကျွန်တော် က ဘယ်လိုရှင်းကြမှာ တုံး''
''ရှင်က ဘယ်လိုလုပ်ချင်လို့လဲ''
အို ...သူလေးကလည်း အလာကြီးပါလား။ နှုတ်သီးကောင်း လျှာပါးလေးထင်သည်။ မစမ်းသပ်ဖူး၍ သိပ်တော့မသေချာပါ။ တစ်ကိုယ်လုံး ခြုံကြည့်လျှင်တော့ ကြည်စင်လှပသူလေး ဖြစ်သည်။ ခုလည်း သူမက ပြန်မေးနေ၍ အဖြေရှိရပေမည် ။
''ကျွန်တော် ကတော့ ကျွန်တော့် တစ်ရာပဲ ပြန်လိုချင်တယ်''
သူမကလည်း လက်ထဲမှ လက်ဝယ်ပိုင်ပိုင်ရရှိထားသော နှစ် ရာတန် အနွမ်းလေးကို ကြည့်လိုက်ပြီးမှ ...
''အိုး ...ကျွန်မလည်း အဆုံးမခံနိုင်ဘူးရှင့်''
''ထင်သားပဲ ...ခင်ဗျားပုံစံက အဆုံးမခံနိုင်ဘူးဆိုတာ''
ယောင်ပြီး ခေါင်းညိတ်လိုက်ပြီးမှ သူမ၏ ဒေါသအမျက်က ချက် ချင်းပြူထွက်လာ၏ ။
''ဘာ ...ဘာပြောတယ်''
''ဟုတ်တယ်လေ ...ခင်ဗျားပဲ ခင်ဗျားပိုက်ဆံတစ်ရာကို အဆုံး မခံနိုင်လို့ ကျွန်တော် နဲ့ ဒီအခြေအနေအထိ ရောက်ကုန်တာပေါ့''
''အောင်မာ ...ကြီးကြီးကျယ်ကျယ်နဲ့၊ အဲဒီ တစ်ရာကို နှမြောလွန်း လို့ ထင်မနေနဲ့ဦး''
''ကျွန်တော် ကလည်း လိုအပ်ရင် လှူပါတယ်''
''ဘာ ရှင့် ...ရှင့်ပိုက်ဆံတစ်ရာကိုများ ဘယ်သူမှမယူဘူး''
''ဒါဆိုလည်း ခင်ဗျားပဲ ကောင်းသလို စီစဉ်ပါလေ''
ရှေးဟောင်းရုပ်ရှင်ကားထဲကဟန်ဖြင့် ခင်မောင်ဇော်က ခပ်လေး လေးပြောလိုက်၏ ။ သူမက အမြင်ကတ်ဟန်ဖြင့် မျက်စောင်းတစ်ချက်လှမ်း ထိုးပြီးမှ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။ လူသူရှင်းနေသည့်လမ်းမှာ လည်း နှစ် ရာတန်ကိုလဲပေးမည့် သူကို မတွေ့ ရ။ ဒီလောက်လိုချင်ရင် အလယ် က ဖြဲပေးရမှာ လားဟု မေးရအောင်လည်း စကားစဉ်က လှပုံမရချေ။ ခင် မောင်ဇော် ပေကတ်ကတ်စောင့်နေခြင်းကို မရှုဆိတ်ဟန်ဖြင့် ကြည့်ရင်း ...
''လာ ...ကျွန်မနောက်က လိုက်ခဲ့''
ခင်မောင်ဇော် ကြောင်သွား၏ ။ သူရဲဘောနည်းခြင်း မဟုတ်ပါ။ ကြောင်စီစီ ဖြစ်သွားခြင်း ဖြစ်သည်။ သို့ သော်လည်း ဒူးနှင့် မျက်ရည်ပင် သုတ်ရသုတ်ရ ...ဒီလို လှတပတကောင်မလေး ခေါ်ဆောင်ရာသို့ လိုက်ရပေမည် ။
''သွားလေ ...ခင်ဗျားနောက်က ကြည့်ကျက်လိုက်ခဲ့မယ်''
သွားဟန်ပြင်ပြီးမှ ဆတ်ခနဲ တွန့်သွားပြီး ...
''အောင်မာ ...ရှင် ရှေ့ကသွား''
''ဟင် ...ကျွန်တော် မှ ဘယ်သွားမယ်မှန်းမသိတာ''
သူမက လမ်းထောင့်က ကွမ်းယာဆိုင်ကို ညွှန်ပြကာ ...
''အဲဒီ ဆိုင်ကို သွားမှာ ၊ လာပါ၊ ကြာတယ် ...အတူတူသွားမယ်''
နှစ် ဆယ့်တစ်ရာစု၏ ထုံးစံဖြင့် သူမနှင့် သူ ရင်ပေါင်တန်းကာ ထို ကွမ်းယာဆိုင်သို့ ရောက် သွားပါသည်။
''ရှင် ဆေးလိပ်သောက်တတ်တယ် မဟုတ်လား''
''ဘာလဲ ...ဝယ်တိုက်မလို့လား''
''အောင်မာ ...အနေသာကြီး၊ ရှင့်ပိုက်ဆံတစ်ရာနဲ့ ရှင် ဆေးလိပ် ဝယ်သောက်လိုက်ပေါ့၊ ပိုတဲ့တစ်ရာကို ကျွန်မ ယူသွားမယ်''
တကယ့်ကို မလွယ်သည့် မဟိုဒင်း ဖြစ်သည်။ ရွှေဥာဏ်တော် စူး ရောက်ပုံက ခင်မောင်ဇော်ပင် ရည်းစားတော် ချင်သွား၏ ။ ခင်မောင်ဇော်က ရည်းစားရှိသူ မဟုတ်ပါ။ ထို့ကြောင့် အခြေအနေကို လက်လွတ်မခံချင်သော အားဖြင့် လျှာရှည်လိုက်သည်။
''ဆေးလိပ်တော့ ကျွန်တော် လည်း သောက်တတ်ပါတယ်၊ ဒါပေမဲ့ ခု မသောက်ချင်သေးဘူး၊ ခင်ဗျားပဲ တစ်ခုခု ဝယ်စားလိုက်ပါလား၊ အချဉ် ထုပ်တို့, ဘာတို့ပေါ့''
''အာ ...ကျွန်မဆီမှာ အချဉ်ထုပ်ပါလာပြီးသား''
ဆိုင်ရှေ့မှာ ရပ်ပြီး ထပ်ရှုပ်နေကြပြန်သည်။ သူမက အလျှော့ပေး ချင်ဟန် မတူချေ။ ခင်မောင်ဇော်လည်း ပိုက်ဆံတစ်ရာလေးကို နှမြောမနေ တော့ဘဲ ...
''ကဲပါဗျာ ...ကျွန်တော် လည်း ဆေးလိပ်ဝယ်သောက်မယ်၊ ခင်ဗျားလည်း တစ်ခုခုဝယ်စား၊ ဒါမှ မျှတမယ်''
အနည်းငယ်တွေ ဝေသွားပြီးမှ သူမက ဘဝင်ကျဟန်ဖြင့် ...
''ကောင်းပြီလေ ...ဒီမှာ စားစရာ တစ်ရာတန် ဘာရှိလဲ''
''မြေပဲယိုရှိတယ် အစ်မ''
ဆိုင်ရှင်တင့်ဆွေက အမြန်ဖြေသည်။ သူမ မြေပဲယိုထုပ်ကို ဆောင့် ကြီးအောင့်ကြီး ဆွဲဖြုတ်လိုက်စဉ်မှာ ပဲ ခင်မောင်ဇော်က စီးကရက်တစ်လိပ်ကို ပိုင်နိုင်စွာ မီးညှိနေပြီ။
အမှန်ဆို ကိုယ့်လမ်းကိုယ်သွားပြီး ဇာတ်လမ်းက ဒီမှာ ပဲ ပြီးရပါမည် ။ သို့ သော် ...
''ဟေ့ ...ရွှတ် ရွှတ် မြေပဲယို''
လှမ်းခေါ်သံကြောင့် ခြေလှမ်းလေးလှမ်းနှင့် တစ်ဝက်လောက် အရောက်မှာ ပဲ ဆတ်ခနဲလှည့်ကြည့်ပြီး မာခေါက်ခေါက် ပြန်ဖြေသည်။
''ဘာလဲ ဘာလဲ''
ခင်မောင်ဇော်က စပ်ဖြီးဖြီးလုပ်ကာ လက်ကြားက စီးကရက်ကို ပြလိုက်ပြီး ...
''သြော် ...လန်ဒန်နဲ့ မြေပဲယိုဆိုတော့ အပျိုကြီးတွေ လင်မရလို့ ပေါ့နော် ...ဟဲ ဟဲ''
''သေလိုက်ပါလား''
ထိုစကားအဆုံးမှာ ပဲ ခင်မောင်ဇော်က ခပ်တည်တည်ပုံစံနှင့် ပြန် ပြောလိုက်၏ ။
''ခုလို ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်''
ကောင်မလေးက မျက်စောင်းထိုးရင်း ထွက် သွားပါသည်။
ခင်မောင်ဇော်လည်း ဒီလို လှတပတလေးဆိုလျှင် အသက်ကို ပဓာနမထားဘဲ ချစ်ဝံ့ပါသည်။ အကယ်၍ သူမသာ လိုအပ်ပါက ဓူဝံကြယ် ကိုပင် အသက်နဲ့ရင်းပြီး ဆွတ်ယူပေးလိုက် ချင်သည် စိတ်ကူးဖြင့် ...။
ခင်မောင်ဇော်ရောက်မလာမီအချိန်အထိ လက်ဖက်ရည်ဆိုင်ထဲတွင် စားပွဲတိုင်းလိုလို စကားပြောဆိုသံများ နှင့် ဆူညံလျက်ရှိသည်။ ခင်မောင်ဇော် ဆိုင်ထဲဝင်လာမှ အမေရိကန်ကောင်းဘွိုင်ကားထဲကအတိုင်း မီးကို ရေနဲ့သတ် လိုက်သလို ရုတ်ခြည်း တိတ်ဆိတ်မသွားကြပါ။
ဘယ်သူမှလည်း ယောင်ပြီး ခါးကြားမှသေနတ်ကို မစမ်းကြ။ ရှိ လည်းမရှိပါ။
ထို့အတူ ခင်မောင်ဇော်ဆိုသည့်ကောင်ကိုလည်း သိပ်မထူးဆန်း သော မည် ကာမတ္တမျက်လုံးများ ဖြင့် သာ တချို့က လှမ်းကြည့်ကြသည်။
မနက်ခင်းနေရောင် ခြည်က ဆိုင်၏ မျက်နှာစာတစ်ဖက်သို့ ပင် အလင်းရိုက်ထိုးနေပြီ။ အပူချိန်က သိပ်မပြင်းလှသေး။ ဆိုင်ထဲတွင် လည်း ခင်မောင်ဇော်၏ သူငယ်ချင်းများ ဖြစ်ကြသော တောကျီးကန်း၊ တာတီးနှင့် ကီဝီတို့က လက်ဖက်ရည်မှာ ယူသောက်သုံးနေကြသည်။
ဆိုင်ထဲဝင်လာသော ခင်မောင်ဇော်ကိုကြည့်ပြီး ကီဝီက ...
''ဟေ့ကောင် ...ဒီကိုလာ၊ ငါတို့ ဒီမှာ ကွ''
ခင်မောင်ဇော်က သူတို့ဆီမသွားဘဲ နီးရာခုံတစ်ခုံကို ဆွဲယူထိုင်ပြီး''ဘာလဲ ...မင်းတိုက်မလို့လား''
''ဟာ ...မင်းကိုတွေ့ လို့ လှမ်းခေါ်တာလေ၊ ပိုက်ဆံအပိုမပါလာ ဘူးကွ''
''ဒါနဲ့များ လှမ်းခေါ်နေရသေးတယ် ...အံ့ပါရဲ့ ''
''ဟာ''
ခင်မောင်ဇော် မကျေမနပ်ပြောရင်း သူတို့နောက်နားမှ လူကြီးတစ် ယောက် ထိုင်နေသည့် အခြားစားပွဲဝိုင်းမှာ ပြောင်းထိုင်လိုက်သည်။
ထိုလူကြီးက ဘာမှမပြောသော်လည်း ပြောမိသည့် ကီဝီမျက်နှာက မဲ့ပုပ်ပုပ် ဖြစ်သွား၏ ။
တောကျီးကန်းနှင့် တာတီးတို့ကလည်း ခင်မောင်ဇော်ကို ဝင်မတား ပါ။ တော် ကြာ မင်းတို့တိုက်မလားဆိုလျှင် ပိုက်ဆံကကုန်ဦးမည် ။ ထို့ကြောင့် သူ့ဟာသူလာမှာ ကို ဝင်လျှာရှည်သော ကီဝီကိုပဲ အလကားရသည့် မကြည် ကြည့်ဖြင့် သာ ကြည့်နေလိုက်၏ ။
နောက်ဝိုင်းက ခင်မောင်ဇော်၏ တစ်ဖြဲနှစ် ဖြဲ မှာ ယူစားသောက်နေ သံများ ကို ကြားနေရသည်။
သုံးယောက် သား ငူငူကြီးထိုင်နေကြစဉ်မှာ ပဲ ...
''ခုခေတ် ကောင်မလေးတွေ များ ကွာ''
ထိုသို့ မကျေမနပ်သလို (အားမလိုအားမရလည်း ဖြစ်နိုင်သည်) ရေရွတ်ပြီး မခေါ်ဘဲဝင်ထိုင်လိုက်သူက ကိုအောင်သိန်း (သူကြီး) ရယ်ပါ။ သူတို့အုပ်စုနှင့် သူတော် အချင်းချင်း သတင်းလွေ့လွေ့ဆိုသလို လာရောက် ပေါင်းသင်းနေသော လူပျိုကြီး ဖြစ်သည်။
သူကြီးက ကောင်မလေးများ နှင့် ပတ်သက်လျှင် ပြောစရာတစ်ခုခု ပါးစပ်ထဲ အမြဲရှိသူ ဖြစ်သည်။
ခုလည်း စလာပြီ။
တာတီးက ထိုမီးကို စရှို့၏ ။
''ဘာတွေ ဖြစ်လာတာလဲ သူကြီးရာ ...ပြောပါဦး''
''ဘာ ဖြစ်ရမှာ လဲ ...ကောင်မလေးတွေ ပေါ့၊ ဝတ်တာစားတာများ ကွာ အတိုတွေ , အကွဲတွေ ချည်းပဲ၊ လန်ထွက်နေတယ်''
''ဒါများ သူကြီးရာ ...ကြည့်သော သူမှ မြင်တာပါ ...အဟီး''
''နေရာတိုင်းမှာ မြင်နေရလို့ဟေ့၊ ငါကွာ ...မပြောလိုက်ချင်ဘူး၊ ခွေးဆို ပြေးကိုက်တယ် ...အဟုတ်''
''ဟာ ...သူကြီးကလည်း''
နောက်ဝိုင်းမှ နားထောင်နေသော ခင်မောင်ဇော်ပင် ကိုက်နေသည့် အီကြာကွေးကို မျိုချရန် နင်သွား၏ ။ သူကြီးက သူ့ကိုမမြင်သေး။
''ဟိုကောင် ခင်မောင်ဇော်ကော မလာဘူးလား''
''ဝီဘာ ဝီဘာ''
ဒီမှာ ဒီမှာ ဟု ပြောလိုက်ခြင်း ဖြစ်သည်။ ပါးစပ်ထဲ အီကြာကွေး ပြည့်နေ၍ အသံက လုံးသွား၏ ။
သူကြီးက မျက်လုံးကြီးပြူးကာ လှမ်းကြည့်ပြီး ...
''မင်းက ဘယ်လို ဖြစ်နေတာလဲ ...ဒီကိုလာလေကွာ''
''လာရင် ဒါတွေ ခင်ဗျားရှင်းမှာ လား''
သူကြီးမျက်နှာ တွန့်သွား၏ ။ အခြေအနေအရပ်ရပ်ကို သဘော ပေါက်သွားဟန်လည်း တူသည်။
''လာချင်လာ, မလာချင် နေကွာ၊ ငါ ဆေးလိပ်ပဲ တိုက်နိုင်မယ်''
ခင်မောင်ဇော်လည်း ဘာမှဆက်မပြောတော့ဘဲ ဆက်လက်စား သောက်နေလိုက်၏ ။ သူကြီးတို့လည်း စကားပြန်ကောင်းနေကြသည်။ နား မထောင်သော်ငြားလည်း ခင်မောင်ဇော်မှာ ကြားနေရ၏ ။ စကားသာ ကောင်း ကြသည်။ ပြောသည့်အကြောင်းအရာများ ကတော့ သိပ်မကောင်းချေ။ ဒီဇိုင်နာ တောကျီးကန်းက အင်တာနက်က ဟိုဓာတ်ပုံတွေ အကြောင်း၊ ကီဝီ ကလည်း သူအလုပ်လုပ်နေသည့်ဂျာနယ်တိုက်မှာ ဘယ်မင်းသမီးက ဘယ်လို လာဖွ (ရင်ဖွင့်) သွားကြောင်း မစားရဝခမန်း ပြောနေကြသည်။
လောလောဆယ် အလုပ်လက်မဲ့ တာတီးနှင့် အလုပ်မလုပ်သူ အနုပညာသမား သူကြီးတို့ ကတော့ တဟီးဟီး တဟားဟားနှင့် သဘောတွေ ကျနေကြ၏ ။
ထိုစဉ်မှာ ပဲ ခင်မောင်ဇော်နှင့် တစ်စားပွဲတည်းထိုင်နေသာ လူကြီးက ...
''အဲဒါ မင်းသူငယ်ချင်းတွေ လား''
ပွက်လောရိုက်နေသည့် သူကြီးတို့ဝိုင်းကို မေးငေါ့ပြခြင်း ဖြစ်သည်။ ခင်မောင်ဇော်က ရုတ်တရက်မို့ ကြောင်သွား၏ ။
''ဟုတ်ပါတယ် အန်ကယ် ...ဘာ ဖြစ်လို့လဲ မသိဘူး''
ထိုလူကြီးက ချက်ချင်း ပြန်မဖြေပါ။ လူငယ်တွေ ပျော်တတ်သားပဲ ဟုလည်း မှတ်ချက်မပေး။ သူ့ရှေ့ခုံပေါ်မှာ တင်ထားသည့် ဘာစာအုပ်မှန်း မသိသော စာအုပ်ထူထူကြီးကို ပြန်ယူဖတ်နေပြန်သည်။ ခင်မောင်ဇော်လည်း ငြိမ်နေလိုက်၏ ။ သူကြီးတို့ဝိုင်းကလည်း အရှိန်က ထပ်မြင့်လာသည်။
ရပ်ကွက်ထဲတွင် လင်မယားရန် ဖြစ်၊ ဧည့်စာရင်းစစ်၊ နတ်ကတော် အောင်မိုး၊ အောင်စိုး ဝက်မျိုး စသော စသော လူမှု ရေး ပဋိပက္ခများ ပင် ပါ လာချေပြီ။
ထိုလူကြီးလည်း ကိုယ့်စာကိုယ်ဖတ်လို့ပဲ အာရုံမရလေသလား၊သူကြီးတို့ပြောသမျှ အတွင်းရေး တွေ ကိုများ လိုက်နားထောင်နေမိလေသလား မသိ ...။ စာအုပ်ကိုပိတ်ကာ မရှုဆိတ်ဟန်ဖြင့် လှမ်းကြည့်ပြီးမှ ခင်မောင် ဇော်ကို ...
''မောင်ရင်က စာဖတ်တာ ဝါသနာပါလား''
''ဗျာ ...ဟုတ်ကဲ့ အန်ကယ်၊ ပါ ပါတယ်''
ထိုလူကြီးက ခေါင်းတဆတ်ဆတ် ညိတ်သေးသည်။ ပြီးမှ ...
''အေး ...ကောင်းတယ်ကွ၊ လူငယ်ဆိုတာ စာဖတ်ရမယ်၊ ဒါမှ ခေတ်ကို သိမှာ ပေါ့၊ တချို့တွေ များ ဟေးလားဝါးလားနဲ့ကွာ၊ ကိုယ်လည်း ဗဟုသုတမရ, တခြားလူလည်း အနှောင့်အယှက် ဖြစ် ...ဘယ်ကောင်းမလဲ''
''ဟုတ်ပါတယ် အန်ကယ် ...မကောင်းပါဘူး''
တကယ်မကောင်းတတ်၍ သာ ပြန်ဖြေနေရသည်။ ရှေ့ဝိုင်းကို စောင်းပြီး ကိုယ့်ကိုတေ့ဖြုတ်နေမှန်း ခင်မောင်ဇော် ရိပ်မိပါသည်။ ထိုသို့ အလိုက်အထိုက်လေး ပြန်ဖြေဖော်ရသော မိမိကိုပင် မစာနာမထောက်ထားဘဲ ဆက်ပြောလာပြန်၏ ။
''အိုင်စတိုင်းဆို မင်းတို့အရွယ်မှာ ဘယ်မှမသွားဘူးကွ၊ အိမ်မှာ ပဲ စာထိုင်ဖတ်နေတာ''
ဗုဒ္ဓေါ ...ဘလိုင်းကြီးပါလား။
မသိရင် သူနဲ့ အိုင်စတိုင်းပဲ လည်ပင်းဖက်ပြီး ကြီးလာသလိုလို။
ခင်မောင်ဇော် စိတ်ညစ်သွား၏ ။ လူကြီးသူမတွေ အမြင်မတော် လို့ ဆုံးမတာကို သူနာခံပါသည်။ သို့ သော်လည်း လိုတာထက် ပိုပြီး ဆုံးမလာ သည့် ထိုပုဂ္ဂိုလ်ကြီးကိုတော့ တင်းသွား၏ ။
တစ်ဖွဲ့လုံး၏ သိက္ခာအတွက်ဟု တွေးကာ ခင်မောင်ဇော်က ရင်စည်း ပြီး မခံနိုင်တော့။
''ဟုတ်ပါတယ် အန်ကယ် ...အိုင်စတိုင်း ကျွန်တော် တို့အရွယ်မှာ စာတွေ ဖတ်ပြီး တွေးတောကြံစည်နေမှာ ပါ၊ အင်း ...အန်ကယ်တို့လိုအရွယ် မှာ လည်း အိုင်စတိုင်းဟာ လက်ဖက်ရည်ဆိုင်ထိုင်ပြီး စာအုပ်ဖတ်မနေဘဲ အဏုမြူဗုံးထုတ်လုပ်တဲ့ ဖော်မြူလာနဲ့ ကမ္ဘာကျော်နေပြီဗျ''
''ဖရူး ...ဘာကွ''
အိုင်စတိုင်းဘော်ဒါကြီး ရေနွေးသီးသွားသည်။ ခင်မောင်ဇော်ကို မျက်ထောင့်နီကြီးဖြင့် ကြည့်ပြီးမှ ကိုယ့်ဘဝကိုယ် သဘောပေါက်သွားပုံ ရ၏ ။ စားပွဲထိုးလေးဇာဇာလှမြင့်ကို ပိုက်ဆံခေါ်ရှင်းကာ ဆောင့်ကြီးအောင့်ကြီး နှင့် ထွက်သွားလေ၏ ။
ခင်မောင်ဇော်အတွက်တော့ ရှင်းပေးမသွား။ ကြိုးစားချင်လာအောင် လည်း ကိုယ်က သတိပေးပြောကြားရသေးသည်။
ရှိစေတော့ ...။
ကိုယ်စားတာ ကိုယ်ရှင်းပြီး ရှေ့ဝိုင်းသို့ ကူးလိုက်၏ ။ သူကြီးတိုက် သော စီးကရက်ကိုသောက်ပြီး ထိုအိုင်စတိုင်းဘော်ဒါကြီးအကြောင်း ပြောပြ လိုက်သည်။ တသော သော ရယ်ကြပြီးမှ သူကြီးက ...
''ထင်သားပဲ ...အဲဒီ လူကြီးက ခွကျကျကြီးကွ၊ မင်းတို့နဲ့ကပ်လျက် ဟိုဘက်ရပ်ကွက်ကလေ၊ မင်းနဲ့တွေ့ တော့ ပြီးရောပေါ့ကွာ၊ သူ့မှာ သမီးတွေ ရှိတော့ ဘယ်ကောင့်ကိုမှ ကြည့်လို့ရတာ မဟုတ်ဘူး''
''သူ့သမီးတွေ က ချောလို့လား''
တာတီးက အတင်းဖြတ်မေးသည်။
''ချောတယ် ဟေ့ကောင်၊ ဒါပေမဲ့ သွားမလုပ်နဲ့ ...ခုတောင် ဒီ ကောင်ခင်မောင်ဇော် ပြောလိုက်လို့ အဘိုးကြီး အဏုမြူဗုံး သွားထွင်နေပြီ လား မသိဘူး၊ မင်းပါ ပြာကျသွားမယ်''
ရယ်ကြရပြန်သည်။ ခင်မောင်ဇော်လည်း စီးကရက်နောက်တစ်လိပ် ကို မီးကူးရင်း မနက်ကတွေ့ ခဲ့သော မြေပဲယိုမလေးကို မဆီမဆိုင် သတိရ သွားလေ၏ ။ ဘာမှလည်း မဆိုင်ချေ။
ယောက်ျားတွေ များ ...။
လမ်းလျှောက်ရင်း အင်ကြင်း တစ်ယောက် တွေးလာမိသည်။ တွေး ရသည်မှာ လည်း မကောင်းချေ။ လမ်းလျှောက်နေရတာ က တစ်ဖက်နှင့် ။ သို့ သော် ကိုယ် အခုသွားနေသော အိမ်မှ အပျိုကြီးမဝင်းမာအကြောင်းတော့ တွေးရမည် ။ အပျိုကြီးမဝင်းမာနှင့် ကျောင်းတက်စဉ်ကပင် အတန်းမတူသော် လည်း ခင်ခဲ့ရ၏ ။ ခင်ဖို့လည်း ကောင်းပါသည်။ ခင်ဖို့ကောင်းသည့်ကြား ထဲမှာ ပင် မဝင်းမာက ကြက်စိတ်ဓာတ်အနည်းငယ်ရှိသည်။
ပြောရသည်မှာ လည်း မကောင်းပြန်ချေ။ မြန်မာပြည်ပေါက် တရုတ် နှင့် အနည်းငယ်စပ်ပြီးမွေးလာသော မဝင်းမာသည် တရုတ်ခရေစီ ဖြစ်သည်။ ဒီလောက် ကိုယ့်ပြည်သူပြည်သားတွေ စိတ်နာနေသည့် တရုတ်ကိုပဲ အထင် ကြီးသည်။ စကားပြောလျှင်လည်း တရုတ်မပါလျှင် မပြီး။ ထိုသို့ ကိုယ့်ဘက် ကိုယ် ယက်လွန်းအားကြီးသော ကြောင့် အပျိုကြီး မဝင်းမာကို ကြက်စိတ် ဓာတ်ရှိသည်ဟု သူတို့သူငယ်ချင်းများ က တိုးတိုးတိတ်တိတ် သတ်မှတ်ထား ကြခြင်း ဖြစ်၏ ။ ကြားသွားပြန်လျှင်လည်း မကောင်းချေ။ အပျိုကြီး၊ မဝင်းမာ၊ ကြက်စိတ်ဓာတ် ...တစ်မျိုးကြီး။
အင်ကြင်းရောက်သွားတော့ လူစုံသလောက် ဖြစ်နေပြီ။ မေသန္တာနှင့် ဇာခြည်တို့ကို အရင်တွေ့ လိုက်ရ၏ ။ မမြတ်သစ်ကိုတော့ မတွေ့ ရသေးချေ။ မရောက်သေးတာ ဖြစ်မည် ။ ဘာမှပင် မလုပ်ရသေး။ လူစုံမှ စကြမည် ထင်သည်။ ထိုသို့ ဆို၍ ပိုကာဒေါင်းကြမည် မဟုတ်ပါ။ မိန်းကလေးများ အားအားယားယား စုပြီး အပျိုကြီးမဝင်းမာအိမ်မှာ ဟီး ဟား သင်္ဘောသီး ထောင်း လုပ်စားကြမည် ဖြစ်သည်။ ပြင်ဦးလွင်မှ ပြန်ရောက်လာတာ မကြာ သေးသော အင်ကြင်းနှင့် ဆုံချင်လွန်းလို့လည်း ခုလိုပြန်စုမိကြခြင်း ဖြစ်၏ ။
''ဟဲ့ ...မမြတ်သစ် မရောက်သေးဘူးလား''
အိမ်ထဲကို လှမ်းဝင်ရင်း အင်ကြင်းက မေးလိုက်သည်။ ဘယ်သူမှ မဖြေခင်မှာ ပဲ အိမ်ခန်းထဲမှ ထွက်လာသည့် မဝင်းမာက ...
''ရောက်နေပြီ ရောက်နေပြီ ...နင်ပဲ နောက်ကျတာ''
ပြောမှပဲ ဒီမနက် ကားပေါ်ကအဆင်းမှာ ကြုံရသည့်အ ဖြစ်ကို သတိပြန်ရသွားသည်။ ရလက်စနှင့် မြေပဲယိုလေးကို ထပ်ကိုက်လိုက်ပြီး
''ဒါဖြင့် မမြတ်သစ်က ဘယ်မှာ လဲ''
''အိမ်သာထဲမှာ ဟေ့ အိမ်သာထဲမှာ ၊ နင့်ရှေ့ကပဲ စိတ်ဆိုးမာန်ဆိုးနဲ့ တက်လာပြီး အိမ်သာထဲ ဝင်ဖြဲနေတယ်''
''ဟယ်''
လက်ထဲက မြေပဲယိုပင် လွတ်ကျမတတ် ဖြစ်သွား၏ ။ အားလုံးက မျက်လုံးပြူးမျက်ဆန်ပြူးနှင့် ဝိုင်းကြည့်လိုက်ကြသည်။
မဝင်းမာက ကမန်းကတန်းပဲ ...
''ဟာ ...မဟုတ်ဘူး မဟုတ်ဘူး၊ စကားလောသွားလို့၊ မနက်က မမြတ်သစ်ကို ရပ်ကွက်ထဲက ကိုဖေအောင်က စာလိုက်ပေးလို့တဲ့၊ အဲဒါ လူကြားထဲမှာ ကြောင့် ရှက်ရှက်နဲ့ယူလာရတယ်လေ၊ စိတ်ဆိုးဆိုးနဲ့ အိမ် သာထဲမှာ ဖြဲပြီးလွှင့်ပစ်နေတာကို ပြောတာ''
''ရှင်းရှင်းလင်းလင်းပြောပါ မဝင်းမာရယ်၊ မထိတ်သာ မလန့်သာနဲ့''
ခုမှ သက်ပြင်းကိုယ်စီကျသွား၏ ။ မဝင်းမာက တခွီးခွီးရယ်လိုက် သေးသည်။
''မမြတ်သစ်က စွံတယ်နော်၊ ခဏ ခဏ စာလိုက်ပေးခံရတယ်''
မေသန္တာက မှတ်ချက်ချသည်။ အားကျနေပုံလည်း ရ၏ ။ ဒါကိုပင် မဝင်းမာက မရှုဆိတ်ဟန်ဖြင့် ...
''အို အေ ...ခဏ ခဏ စာလိုက်ပေးတာသာ ခံရတာ ပါ၊ တစ်ခါ မှလည်း တရုတ်မပါဘူး''
ဘာမှလည်း မဆိုင်ချေ။ မဝင်းမာအတွက်တော့ တရုတ်သည် သူ့ဘဝ၊ သူ့အနာဂတ်လား မသိ။ ထိုအချိန်မှာ ပဲ စာလိုက်ပေးခံရသော မမြတ်သစ်က အိမ်သာထဲမှတစ်ဆင့် အိမ်အလယ်ကိုဖြတ်ကာ အိမ်ရှေ့သို့ ရောက်လာပါပြီ။
''ခုမှပဲ ပေါ့သွားတော့တယ်ဟယ်''
''ဟင် ...မဝင်းမာပြောတော့ မမြတ်သစ် ရည်းစားစာသွားဖြဲပြီး လွှင့်ပစ်တာဆို''
အင်ကြင်းက မေးမိသည်။ မမြတ်သစ်က ရှက်သလိုရွံ့သလိုလုပ်ပြီးမှ
''ငါလည်း အစ ကတော့ တန်းဖြဲမလို့ပဲ၊ ဒါပေမဲ့ ဘာတွေ များ ရေး ထားလဲလို့ ဖတ်ကြည့်ချင်တာနဲ့ ဖတ်လိုက်သေးတယ်ဟ၊ စာအရေး အသား ကတော့ ညွှတ်နေတာပဲ၊ ဖတ်ရင်းနဲ့ ငါလည်း အိမ်သာတောင် တက်ချင်သွား တယ်၊ အဲဒါနဲ့ ကြာသွားတာ ...အဟိ''
စာပေးသည့် ကိုဖေအောင် ကြားလျှင်ဖြင့် ရင်ကျိုးရပေမည် ။ အဲဒီ မှာ စတွေ့ တာပဲဟု ယူကျုံးမရ ဖြစ်နေမလားမသိ။ ဒီကြားထဲမှာ ပင် မဝင်းမာက ဝင်ဟန့်သေးသည်။
''ထားစမ်းပါဟယ် ...တရုတ်မဟုတ်ရင် စိတ်မဝင်စားနဲ့''
မဝင်းမာကို ပြန်ချေပမနေတော့ပါ။ မမြတ်သစ်၏ လက်ကို စင် ကြယ်အောင် ဆပ်ပြာနှင့် အထပ်ထပ်အခါခါ ဆေးခိုင်းပြီး သင်္ဘောသီးခြစ်ခိုင်း ရသည်။ အင်ကြင်းက ကြက်သွန်လှီး၊ မဝင်းမာက ငရုတ်သီး၊ ငရုတ်ကောင်း ထောင်း၊ ပြီးလျှင် ဇာခြည်က လိုအပ်သည့်အစာများ ကိုထည့်ကာ နယ်ပြီး သကာလ မေသန္တာကို စားသောက်ရန် ပြင်ဆင်ခိုင်းလိုက်သော အခါ အသင့် စားသုံးနိုင်သော ဟီးဟားသင်္ဘောသီးထောင်းရပါပြီ။ ကြော်ငြာခြင်းမဟုတ်ပါ။ (ထို ''ဟီးဟား'' သင်္ဘောသီးထောင်းနည်းကို အသေးစိတ်သိလိုပါက ခုနစ် စဉ်ကြယ်စာပေတိုက်မှတစ်ဆင့် ရဲမှူးကြီးခင်မောင်ဇော်ထံသို့ ဆက်သွယ် မေးမြန်း စုံစမ်းနိုင်ပါသည်။)
''ဟီးဟား'' သင်္ဘောသီးထောင်းဟု ဆိုခဲ့သည့်အတိုင်း စား သောက်ပြီြး ကတော့ မနက်က မမြတ်သစ်စာပေးခံရသည့်ကိစ္စကို ပြန်ပြော ပြီး တဟီးဟီး တဟားဟား ဖြစ်နေကြသည်။
မမြတ်သစ်က သူချည်းပဲ အပြောခံနေရသော ကြောင့် ထင်သည်။ အင်ကြင်းဘက်ကို လှည့်ပြီး ...
''ကဲ မိအင်ကြင်း ...ပြောပါဦး၊ ပြင်ဦးလွင်က ပြန်ရောက်နေတာပဲ နှစ် ပတ်လောက်ရှိပြီ၊ ငါတို့နဲ့ ခုမှတွေ့ ရအောင် ဘာတွေ များ အလုပ်များ နေ ရတာ လဲ''
''ဒီလိုပါပဲ ...ရန်ကုန်မှာ အိုက်လွန်းတာနဲ့ အပြင်မထွက် ဖြစ်တာ''
''အံမယ် ...ကြီးကြီးကျယ်ကျယ်၊ နင်လည်း ရန်ကုန်သူပါနော်''
ဇာခြည်က ဝင်ပြော၏ ။ ဟုတ်တော့လည်းဟုတ်ပါသည်။ အင်ကြင်း က ရန်ကုန်သူပေမယ့် ကျောင်းပြီးကတည်းက ပြင်ဦးလွင်မှာ ပဲ အနေများ သည်။ ဟိုက အဒေါ်က အင်ကြင်းတို့ညီအစ်မသုံးယောက် ထဲမှာ အင်ကြင်း ကို အချစ်ဆုံး။ သားသမီးလည်း မရှိသော ကြောင့် အင်ကြင်းကို ပြင်ဦးလွင်မှာ နေစေချင်သည်။ သူမကလည်း ဟိုက ရာသီဥတုကို ကြိုက်သဖြင့် တစ်နှစ် မှာ ဆယ်လလောက် သွားနေ ဖြစ်၏ ။ ခုလည်း မေမေလှမ်းခေါ်၍ သာ ရန်ကုန်ကို ပြန်ဆင်းလာခြင်း ဖြစ်သည်။
ဇာခြည့်စကားကို သူမက ပြုံးနေလိုက်သည်။ မေသန္တာက စကား စလာပြန်၏ ။
''ဟဲ့ ...နင် ပြင်ဦးလွင်မှာ ကော ဇာတ်လမ်းတွေ ဘာတွေ မ ဖြစ် ခဲ့ဘူးလား''
''ထားစမ်းပါဟာ ...ဟိုမှာ ပန်းပင်တွေ နဲ့တင် အားတာမဟုတ်ဘူး''
''သြော် ...အားရင်တော့ ဖြစ်ချင်တယ်ပေါ့''
''အေးလေ ...ငါလည်း အရွယ်ရောက်တော့မှ ရည်းစားလေး ဘာလေး ရချင်ပြီပေါ့ဟ၊ တော် ကြာ မဝင်းမာကြီးလို ဖြစ်နေဦးမယ်''
အင်ကြင်းက မဝင်းမာကို စလိုက်၏ ။ စကားက သူ့ဘက်လှည့်လာ သော ကြောင့် မဝင်းမာ မခံချင် ဖြစ်သွားကာ ...
''ကောင်မတွေ နော် ...ငါက မရှာချင်သေးလို့ဟဲ့၊ မရှာချင်သေး လို့''
''ဟုတ်မှာ ပါ ...မဝင်းမာနဲ့ ယူမယ့်တရုတ်က မမွေးသေးဘူးနဲ့ တူတယ်''
''ဟေ ...ဟုတ်လား၊ ဒီလောက် ကမ္ဘာမှာ လူဦးရေအများ ဆုံး တရုတ်ထဲမှာ တောင် မမွေးသေးဘူးလား''
ဝိုင်းရယ် ဖြစ်ကြသည်။ မဝင်းမာလည်း ကိုယ့်စကားနှင့် ကိုယ် အရှက် ပြေ လိုက်ရယ်နေရသည်။ ပြီးမှ အင်ကြင်းကိုကြည့်ပြီး ...
''စကားမစပ် မေးရဦးမယ် ...နင် ရန်ကုန်မှာ ဒီတစ်ခေါက် ကြာကြာနေ ဖြစ်မှာ လား''
''မပြောတတ်သေးဘူး ...အခြေအနေအရပဲ''
ထိုစကားကို မမြတ်သစ်က သိပ်ဘဝင်မကျဘဲ ...
''ဒါနဲ့ နင့်အိမ်က ဘာကိစ္စအရေး ကြီးလို့ လှမ်းခေါ်တာတဲ့လဲ''
''ဘာကိစ္စရမှာ လဲ ...ကိုလှတင် ပြန်ရောက်နေပြီလေ၊ အဲဒါ ကြောင့် ပေါ့''
အားလုံး အင်ကြင်းကို ဝိုင်းကြည့်မိကြသည်။ အင်္ဂါဂြိုဟ်ဟု အမည် ပြောင်ပေးထားသည့် ကိုလှတင်ဆိုသူမှာ အင်ကြင်းနှင့် လူကြီးချင်း သဘောတူ ထားသူ။ အင်ကြင်းကမကြိုက်သော်လည်း ကိုလှတင်က အင်ကြင်းကို ဘယ် လိုရရ အသေရရ အရှင်ရရ ယူမည့် သဘောရှိ၏ ။ ထိုကိုလှတင် (အင်္ဂါဂြိုဟ်) သည် နိုင်ငံခြားတွင် အလုပ်သွားလုပ်နေခြင်း ဖြစ်သည်။ ဒီတစ်ခေါက်ပြန်လာ လျှင် အင်ကြင်းနှင့် နေရာချပေးမည် ဟုသိထားသော ကြောင့် အားလုံး စိတ်ဝင် စားသွားကြခြင်း ဖြစ်၏ ။
အင်ကြင်း ကတော့ အေးအေးလူလူပင်။ မအေးနိုင်သော မဝင်းမာ ကြီးက ပူပင်လာသည်။
''ဟဲ့ အင်ကြင်း ...ဒါဆို နင် လင်ယူဖို့ ပြန်လာတာပေါ့ ...ဟုတ် လား''
''ပြန်လာတယ်ဆိုတာလည်း ဟုတ်တယ်၊ အချိန်တန်ရင် လင် ယူမှာ လည်း ဟုတ်တယ်''
''ခုပဲ ကိုလှတင် ပြန်ရောက်နေပြီဆို''
''အာ ...မဝင်းမာကလည်း သူပြန်ရောက်တိုင်း ကျွန်မက ယူရ မှာ လား''
''နင်ပဲ အချိန်တန်ရင် လင်ယူမယ်ဆို''
''ဟုတ်တယ်လေ ...ဒါပေမဲ့ ကိုလှတင်တော့ မဟုတ်ဘူး''
''ဟယ် ...ဒါဆို နင်က ဘဲရှိနေပြီပေါ့၊ ကောင်မ ...ပြင်ဦးလွင် က မဟုတ်လား''
အားရဝမ်းသာဟန်နှင့် ဇာခြည်က ဝင်မေး၏ ။ သူမက ကိုလှတင် ကို ကြည့်မရသော ကြောင့် ကိုလှတင်ကလွဲပြီး အားလုံးနှင့် သဘောတူသူ ဖြစ်သည်။ အင်ကြင်းကလည်း ကိုလှတင်ကလွဲသော အားလုံးထဲက တစ် ယောက် ကိုပဲ ယူချင်ပါသည်။ ထို့ကြောင့် အင်ကြင်းက ...
''ဟေ့အေး ...ပြင်ဦးလွင်က မဟုတ်ဘူး''
စကားဖြတ်ကာ မဝင်းမာကို ကြည့်လိုက်ပြီးမှ ...
''အဲ ...တရုတ်လည်း မဟုတ်ဘူး''
''ရှုပ်နေတာပဲ အင်ကြင်းရယ်၊ ဒါဆို ဘယ်သူလဲ ...ပြော''
စိတ်ညစ်သွားဟန်နှင့် မေသန္တာက ဝင်မေးပြန်သည်။ မဝင်းမာက တော့ မျက်နှာကိုမဲ့ပြ၏ ။ အင်ကြင်းက သူ့ဆံပင် စင်းစင်းလေးကို လွင့်ရမ်း သွားသည်အထိ ခေါင်းခါလိုက်ရင်း ...
''ဟင့်အင်း ...ငါလည်းမသိသေးဘူး၊ ဒါပေမဲ့ ကိုလှတင်ကို မယူချင်ရင်တော့ တစ်ယောက် ယောက် တော့ ယူရတော့မှာ ပဲဆိုတာကို ပြော တာ''
''ဟဲ့ ...အင်ကြင်း''
မဝင်းမာက ချက်ချင်း စကားစဟန်ပြင်၏ ။ အင်ကြင်းက ...
''ပြောပြီးသားနော် ...တရုတ်မပါဘူး''
အားလုံး မဝင်းမာကို ဝိုင်းရယ်ြ ကတော့သည်။ အင်ကြင်းက ချစ် စရာကောင်းသူလေးမို့ မဝင်းမာက သူ့မောင်ဝမ်းကွဲ ဝင်းဦးနှင့် ကျိတ်ပြီး သဘောတူနေသော ကြောင့် ဖြစ်သည်။ အမြဲလိုလို အောင်သွယ်လုပ်၏ ။ ဝင်းဦးလို လောင်းကစားသမားကိုတော့ အင်ကြင်းက စိတ်မဝင်စားချေ။ ခုထိလည်း သူမနှလုံးသားကို မိန်းမောမှင်တက်စေလောက်သည့် တစ် ယောက် ယောက် က မရှိသေးပါ။ ကိုလှတင်၏ နဖူးပြောင်ပြောင်ကြီးကပဲ သူမကို ခြိမ်းခြောက်နေပါသေးသည်။
အင်ကြင်းဆိုသော သူမက လောကီပညာတွေ လိုက်စားပြီး အကြား အမြင်ရနေသူ မဟုတ်ပါ။ ဗေဒင်ဆရာကြီးတစ်ဦး၏ တပည့်မလည်း မဟုတ် ရိုးအမှန်ပါ။ ဒါပေမဲ့လည်း ဒီမနက် ကိုလှတင် အိမ်ကိုလာမည် ဆိုတာကို တော့ သိနေ၏ ။ မြေကြီးကို ဖနောင့်နှင့် ပေါက်လျှင် နာသွားဦးမည် ။ ကိုလှ တင် ကတော့ မကြာမီပင် ရောက်လာပါတော့မည် ။ သူမလည်း ဘယ်လိုမှ ကြည့်မရချေ။ နိုင်ငံခြားမှပြန်ရောက်ကတည်းက လာလာပြနေသော ကိုလှ တင်မျက်နှာကို ဖြစ်သည်။
ဒီနေ့လည်း အပြင်ထွက်ရန် အကြောင်းတစ်ခုခုက ပြရဦးမည် ။ အိမ်ရှေ့မှာ စာထိုင်ဖတ်နေသော မမငုဝါကို ကြည့်လိုက်၏ ။ မမက တက္က သိုလ်တစ်ခုမှ ကထိက တစ်ယောက် ဖြစ်သည်။ အမြဲလိုလို အေးအေးချမ်းချမ်း နေတတ်သော မမက လှပသော်လည်း ဆရာမ ,ပီသစွာ အိမ်ထောင်မပြု သေး။ အရွယ်ရှိသေးသော်လည်း လုံးဝစိတ်မကူးတော့ဟု အတိအလင်း ကြေညာထားသည်။ မိမိမှာ သာ ထိုသို့ မကြေညာရဲ၍ ကိုလှတင်နှင့် စီစဉ်ခံရ ခြင်း ဖြစ်၏ ။ အငယ်မလေး ဇလပ်ဝါကလည်း ခုမှ ငါးတန်းသာ ရှိသေးသ ဖြင့် မိမိဘက်ကို ဒီအရှုပ်ထုပ်ကြီးက ရောက်လာခြင်း ဖြစ်သည်။ ဘယ်ကိုမှ ပို့မရသော ဗြဟ္မာဦးခေါင်းကြီး။ ထိုသို့ စိတ်မောစွာ တွေးပြီး မမအနား ရောက် သွား၏ ။
''မမ''
''ဟေ ...ဘာလဲ ညီမလေး''
လက်ထဲက တရားစာအုပ်ကိုချရင်း မမက ဖြေသည်။ အင်ကြင်းက သက်ပြင်းချပြီး ...
''ညီမလေး ယောက်ျားမယူချင်သေးဘူး မမရာ''
မမက ဒါဆိုလည်း ကိုလှတင်ကို ငါပဲယူလိုက်တော့မယ်ဟု မဖြေပါ။ သူမကိုပင် နဝေတိမ်တောင်ဖြင့် ...
''အဲဒါကို မမက ဘယ်လိုလုပ်ပေးရမှာ လဲ ညီမလေးရယ် ...လူ ကြီးတွေ စီစဉ်ထားကြတာလေ''
ဒီလိုဆိုပြန်တော့လည်း မမက သူ ဘာမှမလုပ်ပေးနိုင်သလိုမျိုး။ ဒါမျိုးကြီးကို မမပဲယူတော့ ဟူ၍ လည်း မထိုးပေးရက်ပြန်။ ကိုယ်တောင် မယူချင်သေးသည်ပဲ။
မမကို စိတ်မညစ်စေချင်သော ကြောင့် အင်ကြင်းက ဘာမှမ ဖြစ်သ လို ပြုံးပြကာ ...
''မမ ...ဖေဖေ လက်ဖက်ရည်ဆိုင်သွားပြီလား''
မမက သဘောပေါက်စွာ ပဲ ...
''သွားပြီ ...မေမေလည်း ဈေးသွားတယ်၊ ညီမလေး သူငယ်ချင်း အိမ် သွားချင်သွားလေ၊ မမ ကြည့်ပြောထားလိုက်မယ်''
အင်ကြင်းက မမကိုသိုင်းဖက်ပြီး တစ်ချက်နမ်းလိုက်သည်။ မိဘတွေ ကို မလွန်ဆန်ချင်သော ကြောင့် စိတ်ညစ်နေရသည့် သူမကို မမက အမြဲစိတ် ချမ်းသာစေပါသည်။ အားရဝမ်းသာစွာ ပင် မမရှေ့က လှည့်ထွက်ခဲ့၏ ။
အိမ်ရှေ့ဝရန်တာတွင် စာကျက်နေသည့် အငယ်မကိုပင် ကောင်း ကောင်းကျက်နော်ဆိုပြီး ခေါင်းကို အားအားယားယား တစ်ချက်ခေါက်ခဲ့သေး ၏ ။ အငယ်မ ဇလပ်ဝါက မိစွာ တေး။ စလို့ အလွန်ကောင်းသည်။ ခုလည်း အော်ဟစ်ပြီး ကျန်ခဲ့၏ ။
မဝင်းမာကြီးဆီသွားမယ်ဆိုပြီး ကားမှတ်တိုင်သို့ ဦးတည်လိုက် သည်။ ကားတစ်စီးက လူကျပ်ညပ်ပြီး ထိုးဆိုက်လာ၏ ။ ကားပေါ်ပြေးတက် မလို လုပ်ပြီးမှ ဟိုတစ်ရက်ကလို ဖြစ်မှာ စိုးသော ကြောင့် ပိုက်ဆံအကြွေ ရှာလိုက်မိသည်။ ပိုက်ဆံအကြွေက မရှိချေ။ ထိုအချိန်မှာ ပဲ မေမေက ကား ပေါ်မှ ဈေးခြင်းတောင်းကြီးနှင့် ဆင်းလာသည်ကို တွေ့ လိုက်ရသည်။ အတွေ့  ခံ၍ မ ဖြစ်ပါ။ မကြီးမငယ်နှင့် နားရွက်ဆွဲပြီး ခေါ်ခံရဦးမည် ။ မေမေက ပြောလို့ရသည်မဟုတ်။ ကားမှတ်တိုင်မှ ဝရုန်းသုန်းကား ပြေးထွက်လိုက်ရ သည်။ စိတ်ရှုပ်လာသဖြင့် သိပ်မှမဝေးတာဟု တွေးပြီး အင်ကြင်း ကိုယ့်ခြေ ထောက်ကိုယ်ပဲ အားကိုးလိုက်ပါသည်။
လမ်းလျှောက်လာရင်း လက်ဖက်ရည်ဆိုင်တစ်ဆိုင်ရှေ့မှ ဖြတ်အ လျှောက်မှာ အင်ကြင်းသိလိုက်သည်။ သူ့နောက်မှ တစ်ယောက် ယောက် က ကပ်လိုက်လာပြီ။ သိပ်တွေးစရာမလိုပါ။ အကြောင်းအရင်းကို သိလိုက်၏ ။ စိတ်ရှုပ်စရာလည်း ကောင်းပါသည်။ ခပ်တည်တည်နှင့် ရိုးရိုးယဉ်ယဉ်ပဲ ဆက်လျှောက်လိုက်၏ ။
ခြေသံက သူမနောက်ကို တဖြည်းဖြည်း နီးလာကာ ...
''မမ ...မမ ခဏလေးပါ''
ဆတ်ခနဲ လှည့်ကြည့်လိုက်သည်။ သူမထက် သုံးနှစ် လောက် ငယ်မည် ဟုထင်ရသော အသားဖြူဖြူ၊ ရုပ်ချောချော၊ ရာဇာနေဝင်းစတိုင်နှင့် ရှုပ်ယှက်ခတ်အောင်ဝတ်စားထားသော ကောင်လေး တစ်ယောက် ။ ထိုကောင် လေးက သူမနှင့် ဘေးချင်းယှဉ်လျှောက်လိုက်ပြီး ...
''မမ ...ကျွန်တော် က မမတို့ရပ်ကွက်ထဲကပါ၊ မမ သိမလား မသိဘူး ...ကျွန်တော့် နာမည် အောင်သန်းဦးပါ မမ''
''ဘယ်သိမှာ လဲ ...မင်း ကိုယ့်လမ်းကိုယ်သွားရင် ကောင်းမယ်''
အင်ကြင်းက ခပ်တည်တည်နှင့် ပိတ်ဟောက်ပစ်လိုက်သည်။ ကောင်လေးက လုံးဝဂရုမစိုက်ဟန်နှင့် မထီတရီပင် ပြုံးလိုက်သေး၏ ။
(ဘယ်ရမလဲ ...အောင်သန်းဦးပဲ)
''ကျွန်တော် ကတော့ မမအင်ကြင်းကို သိပါတယ်၊ ကျွန်တော့် ကို လည်း မှတ်ထားပါမမ ...ဆီဗူး (နေပြည်တော် ) ဆိုတဲ့ကလောင်နာမည် နဲ့ ကဗျာတွေ ,ဘာတွေ ရေး တယ်လေ''
''ဟာ ...ရှုပ်ရှုပ်ယှက်ယှက်၊ ငါ ကဗျာလည်း မဖတ်ဘူး၊ မှတ် လည်း မထားနိုင်ဘူး၊ မင်းသွားတော့''
အောင်သန်းဦး စိတ်ညစ်သွားပုံရသည်။ သူ့ကလောင်နာမည် က ဒီလောက်တောင် လူသိနည်းသွားပြီလားဟုလည်း သော ကပင်လယ်ဝေသွား ၏ ။ အောင်သန်းဦး ကတော့ စိတ်မလျှော့နိုင်ချေ။ တစ်ညလုံး မအိပ်ဘဲရေး ထားသည့် စာနှင့် ပူးတွဲပါ မမကဗျာရှည်ကြီးကိုထုတ်ကာ တစ်မျိုးထပ်လုပ် လိုက်၏ ။
''မမက ပြန်ဆိုရင်လည်း ကျွန်တော် ပြန်မှာ ပါ၊ ဒါပေမဲ့ ဒီစာလေး ကိုတော့ လက်ခံပေးပါ မမ''
''စာ ...ဟုတ်လား၊ ဘာစာလဲ''
သိသိကြီးနှင့် အင်ကြင်းက မေးလိုက်သည်။ အောင်သန်းဦးက ဆွေးရီ အက်ကွဲသော လေသံလေးဖြင့် အဝေးကိုကြည့်ပြီး ...
''ကျွန်တော့် ရဲ့ မ ဖြစ်နိုင်ဘူးလို့ထင်ထားတဲ့ အိပ်မက်တွေ ကို သင်ပုန်း ချေချင်တဲ့ စာလေးပါ မမရယ်''
အင်ကြင်းက အောင်သန်းဦးကိုကြည့်ပြီး ရယ်ချင်ပက်ကျိ ဖြစ်သွား သည်။
''မ ဖြစ်နိုင်တာများ မင်း သိရဲ့ သားနဲ့ကွာ၊ ဒီလို ကိုယ့်ဘဝကိုယ် နားလည်တတ်တာကိုတော့ မမဝမ်းသာပါတယ်၊ ကဲ ...ပြန်တော့နော် မောင်လေး၊ လိမ္မာပါတယ်ကွယ်''
ဆုံးမသလိုလိုနှင့် တမင် လူကြီးဂိုက်ဟန်လုပ်ပြီး အင်ကြင်းပြောလိုက် သည်။ အောင်သန်းဦးလည်း ဘာလုပ်ရမှန်းမသိအောင် သွက်ချာပါဒ ဖြစ်သွား ၏ ။ ကိုယ့်စကားနှင့် ကိုယ် လေငန်းဖမ်းသလို ကျန်ခဲ့ရသည်။
အင်ကြင်း တစ်ယောက် မဝင်းမာအိမ်သို့ နောက်ထပ် အနှောင့်အ ယှက်မရှိဘဲ ရောက် သွားပါသည်။ ပို၍ စိတ်ညစ်ရပြန်၏ ။ မဝင်းမာကြီးက အိမ်မှာ မရှိပါ။ အမျိုး တစ်ယောက် လာခေါ်၍ လသာက တရုတ်တန်းဘက် သွားပြီး တရုတ်အစားအစာများ သွားစားကြသည်ဟု သူ့အမေ တရုတ်မကြီး က ဆိုပါသည်။ သူသည်ပင် တရုတ်ဖယောင်းတိုင်တွေ မှာ လိုက်ကြောင်း ထပ်လောင်းပြောကြားလိုက်သေး၏ ။ ဒီလိုအ ဖြစ်မျိုးတွေ လည်း ရှိလားဟု မချိမဆံ့တွေးကာ မဝင်းမာကြီးအိမ်နှင့် သိပ်မဝေးသည့် ဇာခြည်တို့အိမ်ကို ထပ်သွားလိုက်၏ ။
လမ်းထိပ်ရောက်စဉ်မှာ ပဲ အင်ကြင်း အံ့သြသွားသည်။ ဇာခြည်ကို ခေါင်းတုံးဆံပင်ပေါက် လူ တစ်ယောက် နှင့် တွဲပြီး တွေ့ လိုက်ရသော ကြောင့် ဖြစ်၏ ။ သူ့ကိုမြင်တော့ ဇာခြည့်မျက်နှာက မလုံမလဲ ဖြစ်သွားပြီး ...
''အင်ကြင်း ...ဘယ်သွားမလို့လဲ''
သူတို့လမ်းထိပ်မှာ တွေ့ တာကိုပဲ ဘယ်လဲ လာလုပ်နေသည်။ နင့်အမေယောက်ျားအိမ်ဆိုရင် မကောင်းက ဖြစ်ဦးမည် ။ အင်ကြင်းက မလျော့ မတင်းဟန်ဖြင့် ...
''ဘယ်ကိုသွားရမှာ လဲ ...နင့်ဆီ လာတာပေါ့''
''ကျွတ်(စ်) ...ငါမအားဘူး အင်ကြင်းရယ်၊ ကိုမျိုးနဲ့ သွားစရာ ရှိလို့ဟ''
ပြောရင်း ဇာခြည်က ရှက်ကိုးရှက်ကန်း ဖြစ်နေသေးသည်။
(မှတ်ချက် - ကိုမျိုး= လှမျိုးမြင့်= တောကျီးကန်း)
အင်ကြင်းလည်း သဘောပေါက်သွားပြီး ဒီနေ့ ကံမကောင်းသည့် ကိုယ့်ကိုယ်ကိုယ်ပဲ စိတ်ဖြေယူရသည်။
အတင်းကြီးစကားဖြတ်ချင်နေသော ဇာခြည်ကိုကြည့်ကာ ...
''အေး အေး ...သွားလေ၊ ဟဲ့ ဇာခြည်မ''
''ဟင် ...ဘာလဲ''
ဇာခြည်က သွားဟန်ပြင်ပြီးမှ ဆတ်ခနဲ လှည့်ကြည့်သည်။
''သြော် ...ကြည့်သွား ကြည့်စားလို့ ပြောမလို့ပါ''
ဇာခြည့်ဘေးက ကိုမျိုးဆိုသည့် တောကျီးကန်း မျက်နှာမဲ့သွား၏ ။ အသံတိတ် လှမ်းဆဲသော ဇာခြည့်ကို ရယ်ပြပြီး အင်ကြင်းလှည့်ထွက်လာခဲ့ သည်။ သူများ တွေ မှာ တော့ တရုတ်အစားအစာနှင့် သာသာယာယာ၊ တချို့ ကလည်း ဘေးက ဘာဘာညာညာနှင့် ။ ကိုယ့်မှာ ပဲ မသာမယာ ဖြစ်ဖို့ ဇာတာ က ပါလာလေပြီလားမသိ။
မမြတ်သစ်နှင့် မေသန္တာတို့ဆီလည်း ဝေးလွန်း၍ ကျူးကျူးကျော် ကျော် မသွားချင်တော့။ စိတ်မောလူမောကြီးနှင့် အိမ်ပြန်ရောက်သွား၏ ။ လမ်းမှာ တဖွဖွဆုတောင်းလာခဲ့သော်လည်း မပြည့်ဝရိုး အမှန်ပါ။ တွေ့  လိုက်ရပါပြီ။ အိမ်ဦးခန်းမှာ ခန့်ခန့်ဆန့်ဆန့်ကြီး တက်ထိုင်နေသူက ကိုလှ တင်။ သူမကို မဟာနဖူးကြီးနှင့် ချောက်ချားစေသော ကိုလှတင်(အင်္ဂါဂြိုဟ်) ရယ်ပါ။ ပြင်ဦးလွင်ကို တစ်ခါတည်း ထွက်ပြေးချင်စိတ်ပေါက်သွားသည်။
ကိုလှတင်က ဖေဖေနှင့် စကားကောင်းချင်ဟန်ဆောင်နေသည်။ သူမကိုမြင်တော့ ဝုန်းခနဲ ထရပ်မလို ဖြစ်သွားသေး၏ ။ ပြီးမှ ဖေဖေ့ကို ရှိန်ပြီး စိတ်ထိန်းလိုက်ဟန်တူသည်။ ဒါတောင် စကားအတိုအစက ထွက် လာသေးသည်။
''အင်ကြင်းလေး ပြန်လာပြီလား၊ ကိုယ်တောင် ရောက်နေတာ အတော် ကြာသွားပြီ''
''သြော် ...ဟုတ်လား၊ ပြန်တော့မလို့ ထင်တယ်၊ အားနာလိုက် တာ''
''အင်း ...ပြန် အဲ ...မပြန် ...ရပါတယ် အင်ကြင်းလေးရဲ့ ''
ကိုလှတင် အိုးနင်းခွက်နင်း ဖြစ်သွား၏ ။ ဖေဖေက သူမကို ရှုတင်း တင်း တစ်ချက်လှမ်းကြည့်ပြီးမှ ကိုလှတင်ဘက်ကို ပြန်လှည့်ကာ ...
''နေပါဦး မောင်လှတင်ရဲ့ ...ထမင်းစားပြီးမှ ပြန်မှပေါ့၊ မင်း အန်တီက မင်းလာမယ်ဆိုလို့ ပုစွန်တုပ်တွေ ချက်နေတာ''
''ဟာ ...နေပါစေ၊ ဦးကလည်း အားနာစရာကြီး''
''ဘာကို အားနာနေတာလဲကွ ...စားပြီးမှ ပြန်''
ဖေဖေ့စကားကို မလွန်ဆန်ရဲသလို ခေါင်းညိတ်ပြပြီးမှ အင်ကြင်းကို လှမ်းကြည့်သည်။
အင်ကြင်းလည်း မသိကျိုးကျွန်ပြုရင်း အခန်းထဲဝင်လာခဲ့လိုက်၏ ။ ခပ်လှမ်းလှမ်းမှ မမက အင်ကြင်းကိုကြည့်ကာ မချိပြုံးလေး ပြုံးပြရှာသည်။
ထိုသို့ ဖြင့် ကိုလှတင်ကိုခြံရံပြီး သူတို့မိသားစု ထမင်းစားရပြန်၏ ။
ထမင်းဝိုင်းမှာ မေမေက ပျူငှာလွန်းသည်။ သူ့သမက်ဟု အပိုင် တွက်ထားလေလား မသိ။
''မောင်လှတင် ထည့်စားလေ၊ သား ...ပုစွန်ကြိုက်တယ်မဟုတ် လား''
''ကြိုက်ပါတယ်၊ ဟိုမှာ ဆို ဂျပွန်က သိပ်စားရတာ မဟုတ်ဘူး၊ ဒီရောက်မှ ဂျပွန်လတ်လတ်ဆတ်ဆတ်တွေ စားရတာ ဗျ''
ဗုဒ္ဓေါ ...။ အင်ကြင်းပင်မက တစ်ဝိုင်းလုံး မျက်လုံးပြူးသွားကြ သည်။ ပုစွန်ကိုများ ဂျပွန်တဲ့။ ဘယ့်နှယ်ဟာကြီးလဲ။ ကိုလှတင် ကတော့ သူ့စကားကို သူ သတိမထားမိသေးပါ။ လူကြီးတွေ မသိချင်ယောင်ဆောင် လိုက်သော်လည်း အငယ်မဇလပ်ဝါက မအောင့်နိုင်ဘဲ တခွီးခွီးရယ်ပြီး ...
''ဦးလှတင်ကြီးကလည်း ပုစွန်ကိုများ ဂျပွန်တဲ့ ...ဟီး ဟီး ဟီး''
''ဟာ ...ဒီကောင်မလေး''
ဖေဖေ လှမ်းဟန့်တာပင် မမီလိုက်ပါ။ မျက်နှာကြီးတစ်ခုလုံး ရဲရဲနီ သွားပြီး ကိုလှတင် ခေါင်းမဖော်ရဲတော့ချေ။ ထမင်းကိုသာ တွင် တွင် ငုံ့စား နေပြီး သူပြောသည့် ဂျပွန်ကိုလည်း ယူမစားရဲတော့။ အင်ကြင်းနှင့် မမ ငုဝါလည်း တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်ပြီး ပြုံးစိစိ ဖြစ်နေ၏ ။
အတန်ကြာတော့မှ ကိုလှတင် အရှက်ပြေလောက်ပြီဟု မေမေ က ယူဆမိလားမသိပေ ...ဟင်းထည့်မစားတော့သည့် ကိုလှတင် အတွက် ဖေးဖေးမမလေး ပြောပေးရှာသည်။
''မောင်လှတင် ...ဟင်းတွေ ထည့်စားဦး၊ ဟဲ့ ...သမီးအင်ကြင်း နင့်အစ်ကိုပဂျန်ထဲ အဲ ...ပန်းကန်ထဲ ဂျပွန်တွေ ထည့်ပေးလိုက် လေ၊ အောင်မယ်လေး ...ငါတောင်မှားကုန်ပြီဟဲ့''
တစ်ဝိုင်းလုံး ဘယ်သူမှ မအောင့်အီးနိုင်တော့။ တသော သော ရယ်ကြလေသည်။ ကိုလှတင် (အင်္ဂါဂြိုဟ်) မှာ လည်း ရှက်ရှက်နှင့် လိုက်ရယ် နေရ၏ ။ အင်ကြင်းမှာ လည်း ဂျပွန်တွေ ကို ပဂျန်ထဲ ထည့်ပေးခွင့်မရတော့ပါ။ ကောင်းပါသည်။ ကိုလှတင် မစားနိုင်မသောက်နိုင်ဘဲ ပြန်သွားရလေသည်။ ကောင်းပါ၏ ။ ဒီနေ့ ရက်ရာဇာ ဖြစ်ဖို့ များ ပါသည်။
ခင်မောင်ဇော်ကို အလုပ်ရှိသည်ဟု ဆိုလို့မရသလို အလုပ်မရှိဟု လည်း ဆိုလို့မရပြန်ချေ။ အဖေမန္တလေးသားက အမေရန်ကုန်သူနှင့် ရပ်ကျော် ရွာကျော် အိမ်ထောင်ကျပြီး ခင်မောင်ဇော်ကို မီးရှူးသန့်စင်ခဲ့ခြင်း ဖြစ်သည်။ ခင်မောင်ဇော် အရွယ်မရောက်ခင်ကဘဲ ဖေဖေက မန္တလေးမှာ ကုမ္ပဏီသွား ထောင်၏ ။ ငယ်သေး၍ ခင်မောင်ဇော်ကလည်း မတားမိခဲ့။ ခု အရွယ်ရောက် တော့ ဖေဖေ့အလုပ်က မန္တလေးမှာ အခြေချခိုင်မာနေပြီ။ မေမေနှင့် မမ သည်ပင် ဟိုမှာ ဖေဖေနှင့် လိုက်နေသည်က များ ၏ ။
ခင်မောင်ဇော်မှာ ပဲ မေမေ့ညီမ အဒေါ်အပျိုကြီးနှင့် စခန်းသွားနေရ သည်။ အကောင်းလည်း မနေရပါ။ ဟိုက ဖေဖေလှမ်းမှာ သည့် ပစ္စည်းများ ကို မကြာခဏ ဝယ်ပို့ပေးရသေး၏ ။ သားအဖချင်းဆိုတော့လည်း လခမယူရက် ပါ။ နောက်တော့မှ ဒီကုမ္ပဏီကြီးတစ်ခုလုံး အပိုင်စီးတော့မည် ဟု ဆုံးဖြတ် ထားလိုက်၏ ။
မန္တလေးကို ပစ္စည်းပို့ပြီး အိမ်ပြန်ရောက်တော့ ကိုအောင်သိန်း (သူကြီး) က အားအားယားယား ရောက်နေ၏ ။ တကူးတက လာပုံထောက် လျှင်တော့ အကြောင်းရှိ၍ ဖြစ်မည် ။ ပြီး တစ်ယောက် တည်းလည်း မဟုတ်။ လှမျိုးမြင့်(တောကျီးကန်း) က ပါလာသေး၏ ။
နှစ် ယောက် သား အိမ်ပေါ် အခန့်သားတက်ပြီး သူ့အဒေါ်၏ မသထာရေစာကော်ဖီကို သောက်နေကြ၏ ။ ခင်မောင်ဇော်အဒေါ်က အပျို ကြီးပီပီ ကပ်စေးနှဲသည်။ ခုလည်း ဒီကော်ဖီမျိုပြီးရင် ရေတောင်တောင်း မသောက်နဲ့ဟူသော မျက်နှာပေးမျိုးနှင့် ခပ်လှမ်းလှမ်းက ကြည့်နေ၏ ။ ခင်မောင်ဇော်ကိုမြင်တော့မှ သူကြီးက အသက်ရှူဝသွားဟန်ဖြင့် ဝမ်းသာအယ် လဲ ဖြစ်သွားသည်။
''ဟား ...ကြာလိုက်တာ ငဇော်ရာ၊ ငါတို့ရောက်နေတာ ကြာပြီ ကွ''
''ဟဲ့ ...ခင်မောင်ဇော်ကို ခင်မောင်ဇော်ပဲ ခေါ်လေ၊ ဘာငဇော်လဲ''
ထိုစကားက ခင်မောင်ဇော်ပြောလိုက်ခြင်း မဟုတ်ပါ။ ချစ်တူလေး ကို မထီလေးစားခေါ်သော သူကြီးကို အဒေါ်က ဝင်ဆုံးမခြင်း ဖြစ်သည်။ သူကြီး အိခနဲ ဇက်ပုသွား၏ ။ ပါးစပ်ကလည်း လွှတ်ခနဲ ...
''ဗျာ အန်တီ''
''ဗျာမလုပ်နဲ့ ...ဟုတ်ကဲ့ ပြော''
''ဟုတ် ဟုတ်ကဲ့ အန်တီ၊ ဟို ...ဘာ ဘာပြောရဦးမှာ လဲ ခင်ဗျာ''
ပုဝင်သွားသော ဇက်ကို ပြန်ဆွဲမထုတ်နိုင်သေးဘဲ သူကြီးက နဝေ တိမ်တောင် ပြန်မေးသေး၏ ။
''မသိဘူးအေ ...ပြောချင်တာပြောတော့၊ ဒါပေမဲ့ ကောင်းကောင်း ပြော''
အသားလွတ်ကြီးမာန်မဲကာ အဒေါ်က အနိုင်နှင့် ပိုင်းပြီး ထသွား လေသည်။ ခင်မောင်ဇော်အဒေါ်ဆိုတော့လည်း ဒီလောက်တော့ လူပါးဝမည် ပေါ့။ သူကြီးကိုကြည့်ပြီး တခွိခွိကျိတ်ရယ်နေသော တောကျီးကန်းက ...
''ဟူး ...မင်းအဒေါ်ကလည်း မလွယ်ဘူး''
''မလွယ်လို့ အပျိုကြီး ဖြစ်နေတာပေါ့ကွ၊ လွယ်မှပဲ အရင်ကတည်း က ဒူးနဲ့မျက်ရည်သုတ်နေရမှာ ပေါ့''
ခုမှ ခင်မောင်ဇော်က စပြောလိုက်ခြင်း ဖြစ်သည်။
''အေးပါကွာ အေးပါ ...ငါတို့ကိစ္စရှိလို့လာတာ ဟေ့ကောင်''
''သိပါပြီ''
ကိုရီးယားကားမှ စကားလုံးမျိုး ပြောလိုက်၏ ။ တောကျီးကန်းက မရှုဆိတ်ဟန်ဖြင့် ကြည့်ပြီး ...
''လုပ်မနေနဲ့ ဟေ့ကောင် ...လိုက်မှာ လား မလိုက်ဘူးလား''
''ဘယ်လဲ ဘာလဲဆိုတာ ပြောဦးလေ ...မင်းက စွတ်စက်ခေါ် နေတာပဲ''
ချက်ချင်း ပင် တောကျီးကန်းမျက်နှာက ချိုသာသွား၏ ။ ပြီးမှ ...
''ဒီနေ့ ငါ့ကောင်မလေးရဲ့ သူငယ်ချင်းတွေ နဲ့ မြို့ထဲမှာ ချိန်းထား တယ်ကွ ...အမှတ်တရပေါ့ကွာ၊ ဟိုဘက်ဒီဘက် သူငယ်ချင်းတွေ ကို မိတ်ဆက်ပေးရင်း ငါနဲ့ဇာခြည်က ဒကာခံမလို့''
''ဟာ ...ဘယ်က ဇာခြည်လဲကွာ''
မဲ့ရှုံ့ရှုံ့နဲ့ ခင်မောင်ဇော်က မေးလိုက်သော ကြောင့် ...
''ငါ့ကောင်မလေးကွာ ငါ့ကောင်မလေး၊ ဇာခြည်ဆိုတာ ငါ့ရည်းစား အသစ်စက်စက် ငါ့ချစ်သူ''
''သြော် ...ဒီလိုလား၊ ဘယ်သိမလဲကွ''
တကယ်လည်း ခင်မောင်ဇော် မသိချေ။ ကောင်မလေး တစ်ယောက် ကို တောကျီးကန်း လိုက်နေသည်ဟုသာ လက်ဖက်ရည်ဝိုင်းမှာ အစွန်းထွက် ကြားမိခြင်းသာ ရှိသည်။ ခုမှ ရည်းစားရနေမှန်း သိရခြင်း ဖြစ်၏ ။
တောကျီးကန်းက ...
''ကဲပါကွာ ...သွားရအောင်၊ ဟိုနှစ် ကောင် တာတီးနဲ့ကီဝီ အလုပ် သွားနေလို့ မခေါ်လိုက်ရဘူး''
''အေး အေး ...လိုက်ခဲ့မယ်လေ''
''ဒါဆိုလည်း အဝတ်အစားလဲဦးလေကွာ''
ငြိမ်ကျသွားသော သူကြီးက ဝင်ပြောပြန်၏ ။ ဒါကိုပင် အဒေါ်က အခန်းထဲကအထွက်မှာ ကြား ဖြစ်အောင် ကြားသွားပြီး ...
''ဘာ အဝတ်အစားလဲဦးမှာ လဲ၊ ခုမှ အပြင်က ပြန်လာတာ မမြင် ဘူးလား''
''ဟုတ် ဟုတ်ကဲ့ ...မြင်ပါတယ်အန်တီ''
''ဒါဆိုလည်း သွားတော့လေ''
အဖြေစကားပင် မပေးနိုင်တော့ဘဲ သူကြီး ဆင်းပြေးတော့သည်။ ခင်မောင်ဇော်က သူ့အဒေါ်ကို ပြုံးစိစိနှင့် ကြည့်လိုက်၏ ။ သူ့အဒေါ် နောက် နေမှန်း သူကြီး သိမည် မဟုတ်၍ ဖြစ်သည်။
သပ်ရပ်ကျယ်ပြန့်သော စားသောက်ဆိုင်တစ်ခုမှာ တောကျီးကန်းက စီစဉ်ထားခြင်း ဖြစ်သည်။ တောကျီးကန်းဝင်ထိုင်လိုက်သော ဝိုင်းကိုကြည့်ကာ ခင်မောင်ဇော်ရင်ထဲ အအေးလှိုင်းတစ်ခုက ဖြတ်သွား၏ ။ စားပွဲဝိုင်းအလယ် တည့်တည့်မှာ ရေခဲတုံးကြီးတင်ထားသော ကြောင့် မဟုတ်ပါ။ ဝိုင်း၏ တစ်ဖက်စွန်းမှာ ထိုင်နေသူက ကားစီးရင်းဆုံခဲ့ရသည့် လတ်လတ်ဆတ်ဆတ် မြေပဲ ယိုလေး။ လသာရင် စိတ်ကူးယဉ်ရသူလေး။
အင်း ...ပွဲ ကတော့ လှပြီ။
သူမကလည်း ခင်မောင်ဇော်ကိုကြည့်ကာ တွေ ခနဲ ဖြစ်သွား၏ ။ ဒါဆိုရင် မှတ်မိတာ သေချာပြီ ...အဟီး။
တောကျီးကန်းက ဦးဆောင်ကာ တစ်ယောက် ချင်း မိတ်ဆက်ပေး နေသည်။ ခင်မောင်ဇော်အလှည့်ရောက်တော့ ...
''ဒါ ခင်မောင်ဇော်တဲ့၊ ဒါက ငါ့ဇာခြည်ပေါ့ကွာ၊ ဟိုဘက်က မဝင်းမာ၊ ပြီး မေသန္တာ၊ မမြတ်သစ်နဲ့ အင်ကြင်းတဲ့''
''ဟုတ်ကဲ့ ...တွေ့ ရတာ ဝမ်းသာပါတယ်၊ ဒါနဲ့ မအင်ကြင်းကို ကျွန်တော် မြင်ဖူးသလိုပဲ''
ခပ်တည်တည်နှင့် ခင်မောင်ဇော်က စကားစလိုက်၏ ။ အင်ကြင်းက လည်း အမူအရာပင် မပျက်ဘဲ ...
''သြော် ဟုတ်လား ...လူမှားတာ ဖြစ်ပါလိမ့်မယ်''
ပြောပြီး တစ်ဖက်ပင် လှည့်သွားသေး၏ ။ ခင်မောင်ဇော်မှာ ပဲ အောင့် သက်သက်နှင့် ။ ခဏနေတော့လည်း သူတို့နှစ် ယောက် ကို သတိထားမနေ ကြဘဲ အားလုံးမှာ ယူစားသုံးကြလေပြီ။ ငါနဲ့ဇာခြည် ဒကာခံမည် ဟု ဆို သော်လည်း ငမိုက်သားတောကျီးကန်းပဲ အကုန်ရှင်းရပါသည်။ ဇာခြည်က သူ့သူငယ်ချင်းများ နှင့် စကားကောင်းနေတာ ဟန်ဆောင်နေတာလား၊ တကယ်ပဲလား မသိပါ။
အားလုံးရှင်းပြီးသွားမှ ဇာခြည်က ပြောပါသည်။ ရေခဲမုန့်လေး စားဦးလေဟု လုံးဝမဟုတ်။
''ကဲ ...ကိုမျိုးနဲ့ပတ်သက်တော့လည်း သူငယ်ချင်းတွေ ပေါ့နော်၊ ဒီက ကျွန်မသူငယ်ချင်းတွေ ကိုလည်း ခင်လို့ရပါတယ်၊ သူငယ်ချင်းလိုပေါ့ နော်၊ ဘယ်လိုပြောရမလဲ ...ကျွန်မရယ်, မဝင်းမာရယ်, အင်ကြင်းရယ်က ရပ်ကွက်ချင်းနီးတော့ လမ်းမှာ တွေ့ နိုင်တာပေါ့နော်၊ ခေါ်ပြောနိုင်ပါတယ်၊ ကိုမျိုးပြောလို့ ကိုခင်မောင်ဇော်နဲ့ ကိုအောင်သိန်းအပြင် ကျန်တဲ့သူငယ်ချင်း နှစ် ယောက် ကိုလည်းပေါ့နော် ကျေးဇူးတင်ပါတယ် ... အဟင်း''
တောက်လျှောက်ကြီး 'ပေါ့နော်' တွေ ချည်း လုပ်သွားသည်။ မည် သို့ မည် ပုံ ပြန်ပြောရမည် ကိုပင် မသိတော့။ မည် သို့ ပင် ဖြစ်စေ ခင်မောင်ဇော် ရင်ထဲမှာ လေးနက်သွားသည့် နွေလယ်နေ့ခင်းလေးပဲ ဖြစ်သည်။
မြို့ထဲမှပြန်လာပြီး သုံးယောက် သား ရပ်ကွက်ထိပ်က လက်ဖက် ရည်ဆိုင်မှာ ထိုင် ဖြစ်ကြသေးသည်။ သူနှင့် ဆုံဖူးတာကို မသိချင်ဟန်ဆောင် နေသည့် အင်ကြင်းကို ခင်မောင်ဇော် စိတ်မနာနိုင်ပါ။ အမှတ်မထင် ပြန်တွေ့  လိုက်ရသော ကြောင့် ဝမ်းပင်သာနေသည်။ အင်ကြင်းနှင့် ဆုံခဲ့သည့်အ ဖြစ် အပျက်ကိုလည်း မအောင့်အီးနိုင်ဘဲ ပါးစပ်ဖွာလိုက်၏ ။
တောကျီးကန်းက ဟေ ...တကယ်လားဆိုပြီး အံ့သြနေသည်။ သူကြီး ကတော့ ခင်မောင်ဇော်ကိုကြည့်ကာ ပြုံးစိစိလုပ်နေ၏ ။
လက်ဖက်ရည်ဆိုင်မှာ တစ်နေ့ခင်းလုံး လေးပန်းနေပြီး ညနေစောင်း ခါမှ အိမ်ပြန်ရောက်သည်။ ဖျော့တော့သွားသော နေရောင် ခြည်အစား ချို အေးသည့်လေညင်းကပင် တစ်ချက်တစ်လှည့် တိုက်ခတ်နေပြီ။ သာယာ လင်းမြေ့သော ညနေခင်း ဖြစ်သည်။
အိမ်ထဲကို လှမ်းဝင်ဝင်ချင်း အဒေါ်က ဆီးပြော၏ ။
''ခင်မောင်ဇော် ...သားမေမေဆီက ဖုန်းလာတယ်၊ ဒီညနေ ပြန်ဆက်မယ်ပြောတယ်''
''ဟုတ်ကဲ့ ဒေါ်လေး ...သားစောင့်လိုက်မယ်''
အေးအေးလူလူ စာအုပ်တစ်အုပ်ဖတ်ရင်း စောင့်နေလိုက်၏ ။မကြာ ပါချေ။ ဖုန်းဝင်လာပါသည်။ သေချာအောင်ပြောရလျှင် မန္တလေးမှ မာတာ မိခင် ဆက်သည့်ဖုန်းက လေလှိုင်းထဲမှတစ်ဆင့် သားလေးခင်မောင်ဇော်ရှိ သော ရန်ကုန်ကဖုန်းမှာ အသံထမြည် ခြင်း ဖြစ်ပါသည်။
''ဟဲလို ...မေမေ ပြော ...သား မနက်က ပစ္စည်းပို့လိုက်သေး တယ်''
''အေး အေး ...ပြီးရော၊ ဒါနဲ့ သားကို မေမေ တာဝန်ပေးစရာ ရှိသေးလို့''
''ဘာများ လဲ မေမေ''
''သားကြီးကြီးမြရဲ့ သမီး နန္ဒာလေ ...သိတယ်မဟုတ်လား''
''သိပါတယ် မေမေရာ ...ဖေဖေ့အစ်မ ကြီးကြီးမြမဟုတ်လား၊ သားညီမ အစုတ်ပလုတ်လေး နန္ဒာကို သိတာပေါ့''
''သားကလည်း လုပ်တော့မယ်၊ အဲဒီ သားညီမလေးပေါ့''
''ဘာလဲ ...လင်နောက်လိုက်သွားပြီလား''
''သားနော် ...မေမေ အကောင်းပြောနေတာ''
''သိပါပြီ ...ပြောပါ မေမေ''
''နန္ဒာက နောက်နှစ် ရက်လောက်ကြာရင် ရန်ကုန်ဆင်းလာလိမ့် မယ်၊ ဆယ်တန်းအောင်ပြီဆိုတော့ သူ အဲဒီ မှာ သင်တန်းတွေ တက်မလို့တဲ့ ကွာ၊ မေမေလည်း ပြန်လာဦးမှာ ပါ၊ ဒီကြားထဲ သားညီမလေးကို သုံးလေး လလောက် စောင့်ရှောက်လိုက်ဦး ...ဒါပဲနော် သား''
စောဒကပင် မတက်လိုက်ရပါ။ မေမေ ဖုန်းချသွား၏ ။ ဒီတစ်ခါ တော့ ဖုန်းခနဲ နားရင်းချခံလိုက်ရသလိုမျိုး ခင်မောင်ဇော်ခံစားလိုက်ရသည်။
ကိုယ့်ညီမအကြောင်း ကိုယ်အသိဆုံး။ ဒီဆပ်စလူးမလေးကအဘယ်သို့ ထိန်းကျောင်းရမည် ပ။ ခင်မောင်ဇော် ရင်လေးသွားသည်။ ယောက် ဖခေါ်ခံရမည့် အရေး တွေ ကြိုမြင်နေရ၏ ။ နန္ဒာကလည်း သူနှင့် ရုပ်ချင်းခပ်ဆင်ဆင်မို့ ချောမော လှပ ပြေပြစ်သူကလေး ဖြစ်သည်။
အဟဲ ...။
![]() ချစ်သော | ![]() တစ်ကိုယ်တော်ကျူးပစ် | ![]() လေဒီစာအုပ်ကြီး |