Cover

အခန်း (၁)

အရွယ်သုံးပါးမရွေး၊

လူမျိုးမရွေး၊

ဘာသာမရွေး

ဤစာအုပ်အား ဖတ်ရှုနိုင်သည်။

ကျောင်းသား တစ်ယောက် အဖို့ ကျောင်းနောက်ကျရခြင်းမှာ ထူးဆန်းသည့်ကိစ္စမဟုတ်သဖြင့် အဲဒီ နေ့က အကြောင်းပြချက် မြူမှု န်မျှပင်မရှိဘဲ မိုးနောင် သွေးရိုးသားရိုး ကျောင်းနောက်ကျလေသည်။

ထို့ကြောင့် ခါတိုင်းနေ့တွေ လို ကင်းတင်းထဲဝင်ပြီး ကော်ဖီလေး တစ်ခွက်လောက်ပင် မသုံးဆောင် ဖြစ်တော့ဘဲ ပညာရည်နို့သောက်စို့ရန် စာသင်ခန်းဆီသို့ သုတ်ခြေတင်ခဲ့လိုက်၏ ။

ခပ်မြန်မြန်လျှောက်လာရင်း စဉ်းစားမိသေးသည်။

ငါဟာ ပညာရေး အတွက်ဆိုလျှင် ကျားကုတ်ကျားခဲ၊ အရိုးကြေကြေ အရေခန်းခန်း သင်ယူရန် တက်ကြွနေသူပါလား ဆိုသည့်အတွေး မဟုတ်။ စာသင်ခန်းထဲသို့ ဝင်ဝင်ချင်း သင်နေသည့်ဆရာက နောက်ကျတဲ့ကောင် ငါ့အချိန်ပြီးမှ အတန်းထဲဝင်ဟု လှမ်းအော်ငေါက်ကာ ဆီးပြောလိုက်လျှင် ဘယ်လိုလုပ်မလဲဟူသော အတွေးမေးခွန်း ဖြစ်သည်။ မျက်နှာငယ်လေး လုပ်ကာ ကုပ်ချောင်းချောင်း ပြန်လှည့်လာပြီး ကင်တင်းသွားရုံပေါ့လေဟု အဖြေရ၏ ။

ထိုသို့သော အတွေးမျိုးနှင့် စာသင်ခန်းရှေ့ရောက်တော့ အခန်းထဲ လှမ်းအကြည့် . . .

“ဟင်”

စာသင်ခန်းထဲတွင် ဆရာ,မရှိသဖြင့် မထူးဆန်းသော်ငြား အံ့သြဟန်လုပ်လိုက်မိသည်။ ခုခေတ်ဆရာတွေ ကလည်း ကိုယ့်လိုပင် နောက်ကျတတ်သည်လေ။ ထို့ကြောင့် အခန်းထဲ အေးအေးလူလူ ဝင်သွားလိုက်၏ ။

ဆရာ,မရှိသည့် အခန်းဟုဆိုခဲ့သည့်အတိုင်း အတန်းထဲတွင် ကျောင်းသူကျောင်းသားတွေ က ကိုယ့်အုပ်စုနှင့် ကိုယ် တော် ကီတွေ ပစ်၊ ပေါက်ပေါက်တွေ ဖောက်နေကြ၏ ။

ထိုင်နေကျခုံ ဖြစ်သည့် စာသင်ခန်း၏ နောက်ဆုံးနံရံနားတွင် ကပ်နေသော ကိုယ့်နေရာကို မိုးနောင် ကြည့်လိုက်သည်။ တွေ့ လိုက်ရသည်က တင်ထူးနှင့် အတူ ဒင်း၏ မဟုတ်ကဟုတ်က လေကြောတွင် မျောနေကြသည့် ကျောင်းသားတစ်စု။

အနားကပ်သွားလိုက်တော့ တင်ထူး၏ အသံသြသြကြီးကို အရင်ကြားလိုက်ရသည်။

“တကယ်တော့ နတ်ဆိုတာ အငွေ့ပဲ စားတာကွ၊ မင်းတို့ ကြားဖူးလားတော့ မသိဘူး”

တင်ထူးလောက်မျှပင် ကြားဖူးနားဝမရှိလေသလား မသိ။ ထိုအုပ်စုထဲမှ တစ်ယောက် တလေ လောက်ကပင် ဟုတ်တယ်၊ မဟုတ်ဘူး စသဖြင့် ပြန်မဖြေကြချေ။

ထို့ကြောင့် မိုးနောင်ကပဲ . . .

“ဘာ ဖြစ်လို့ နတ်က အငွေ့ပဲ ရှူတာလဲကွ၊ ပါးစပ်ပေါက်မပါလို့လား . . .”

“ဟာ”

တင်ထူး ခါးမတ်သွားပြီး ဆတ်ခနဲ လှည့်ကြည့်လာသည်။ ချက်ချင်း ဆိုသလို ပုပ်အဲ့အဲ့မျက်နှာ ပေးဖြင့် . . .

“မိုးနောင် . . . ငါ ဒီမှာ စကားအကောင်းပြောနေတယ်လေကွာ၊ မင်း ဘုပြောမယ်ဆိုရင် ဘေးမှာ ဝင်မထိုင်နဲ့”

“အောင်မာ. . . လာလာချည်းသေး၊ မင်းပြောတဲ့စကားကိုလည်း မင်းပြန်စဉ်းစားဦးလေ မောင်တင်ထူးရဲ့ ၊ နတ်ဆိုတာ အငွေ့ပဲစားမှန်း တော် ရုံကလေးတောင် သိတယ်၊ ခု မင်းပြောနေပုံက အဘိဓမ္မာပဲ ပို့ချနေသလိုလို ဟန်ပန် ဖြစ်နေလို့ကွ”

စကားအဆုံးမှာ တင်ထူးက အရှက်ပြေ ဟီးခနဲရယ်သည်။ ပြီးမှ

“မင်းကလည်းကွာ . . . နတ်ဆိုတာ အငွေ့ပဲစားမှန်း လူတိုင်းသိတာ ဟုတ်ပါတယ်၊ ဒါပေမဲ့ ငါတို့ ဆက်ဆွေးနွေးဖို့ စဉ်းစားနေတာ နောက်တစ်ခုဟ”

“ဟမ် . . . ဘာများ လဲ”

တင်ထူးမျက်နှာက ချက်ချင်း ပင် ပြန်တည်သွားသည်။ တမင်ကြီးကို ရည်ရွယ်ချက်ရှိရှိ ပြန်ကာ တည်ကြည်လေးနက်လိုက်သည့် ဟန်ပန်မျိုး ဖြစ်၏ ။

“ဒီလိုကွာ . . . နတ်တွေ ဟာ အစားအသောက်နဲ့ပတ်သက်ပြီး အထိအတွေ့ မရှိဘဲ အငွေ့ပဲစားတယ်ဆိုရင်. . ဟိုကွာ . . . နတ်တွေ မှာ လည်း နတ်သား, နတ်သမီး ဆိုတာရှိတာပဲ၊ ဒီတော့ သူတို့တွေ ချစ်ကြိုက်စုံမက်ကြတဲ့အခါရော ဘယ်လိုမျိုးလဲ၊ အဲဒီ နေရာမှာ တော့ အငွေ့ပဲလို့ ငါ လက်ခံလို့ မရပြန်ဘူး၊ အဲဒါကို စဉ်းစားနေတာ”

ဒီတစ်ခါ အလားတူလိုက်တည်သွားသည်က မိုးနောင်၏ မျက်နှာ ဖြစ်သည်။ တင်ထူးနှင့် အတူ တခြားကျောင်းသားတွေ ကိုပါ စေ့ငုအကဲခတ်လိုက်ရင်း . . .

“တင်ထူး . . . မင်း မဟုတ်ကဟုတ်ကအတွေးမျိုးနဲ့ ဒီအကြောင်းကို တွေးနေတာတော့ မဟုတ်ပါဘူးနော်”

တင်ထူးက မျက်မှော င်ကြုတ်ကာ ခပ်သွက်သွက် ခေါင်းခါလိုက်ပြီး

(သိပ်မကျေနပ်သလိုအသွင်ဖြင့် )

“ဟာ . . . မဟုတ်ရပါဘူး မိုးနောင်ရာ၊ ငါ့ခေါင်းထဲမှာ အတွေးတစ်စ ဝင်လာရင် ခုလိုပဲ လိုက်စဉ်းစားတတ်တာ မင်းသိပါတယ်”

မိုးနောင် မသိမသာ ခေါင်းညိတ်လိုက်၏ ။ ဟုတ်တော့လည်း ဟုတ်သည်။ တင်ထူးဆိုသည့် ဒီအမျိုးကောင်းသားက ကိစ္စတစ်ခုဆိုလျှင် ခုလိုပဲ တစ်မျှော်တစ်ခေါ် လိုက်စဉ်းစားလေ့ရှိ၏ ။ ထိုအကျင့်က ကောင်းသည်ဟု ပြောနိုင်သော်လည်း ဒင်း ရေဆုံးရေဖျား လိုက်စဉ်းစားသည့်ကိစ္စတွေ ထဲတွင် ကိုယ့်အတွက် အကျိုးရှိတာတွေ က နည်းနည်း ၊ ခပ်ကြောင်ကြောင်တွေ စဉ်းစားတာက များ သည်။ ဥပမာ . . . တံတွေးထွေးသည့်နေရာတွင် ထွီဟု အသံမပြုဘဲ တခြားအသံတစ်ခုခု ပြောင်းပြီး ဘာကြောင့် မထွေးတာလဲဆိုသည့် မဟာရေး ကြီးခွင်ကျယ် အတွေးမျိုးတွေ ။ ထိုသို့ သာ အတွေးတစ်ခုရ သွားပါက တင်ထူး အနည်းဆုံး နာရီဝက်လောက် ငြိမ်သွားပြီ။

ထားတော့ . . .။ ခုလောလောဆယ် တင်ထူးစဉ်းစားနေသော နတ်တွေ ချစ်တင်းနှောသည့် ကိစ္စကိုတော့ ကိုယ်လည်း ဖတ်ဖူးမှတ်ဖူးသည်မို့ ပြန်ကာစဉ်းစားလိုက်ရင်း . . .

“အဲ . . . အဲဒါက ဒီလိုရှိတယ်ကွ၊ မင်းတုန်းမင်းလက်ထက်တုန်းက စာပေကျမ်းဂန်အများ အပြားကို ရေး သားပြုစုခဲ့တဲ့ မန်လည်ဆရာတော် ကြီးဆိုတာကိုတော့ မင်းတို့လည်း ကြားဖူးမှာ ပါ၊ စာလေးပေလေး ဖတ်ရင်ပေါ့ကွာ၊ မာဃဒေဝလင်္ကာသစ်ကို ပြုစုရေး သားခဲ့တဲ့ ဆရာတော် ကြီးလေ”

ကြားဖူးလား၊ မကြားဖူးသည်လားတော့ မသိ။ တင်ထူးအပါအဝင် အားလုံး၏ မျက်နှာတွေ က အောင့်သက်သက်ဟန်လေးတွေ ဖြစ်သွားကြသည်။

မိုးနောင်က မသိကျိုးကျွန်ပြုကာ ဆက်၍ . . .

“အဲဒီ ခေတ်ကာလတုန်းက မန်လည်ဆရာတော် က သူသိတဲ့အကြောင်းအရာတွေ ကို မင်းကွန်း ဆရာတော် ဆီမှာ မေးမြန်းလျှောက်ထားခဲ့ဖူးသလို မင်းကွန်းဆရာတော် ကလည်း သိချင်တာတွေ ကို ပြန်ပြီးလျှောက်ထား မေးမြန်းခဲ့ဖူးတယ်၊ ပညာရှိတွေ အချင်းချင်း အသိအမြင် ဖလှယ်တဲ့သဘောပေါ့၊ အဲဒီ လို အမေးအဖြေကျမ်းတွေ ထဲမှာ မင်းသိချင်တဲ့ အကြောင်းပါတယ်ကွ”

“ဟာ . . . သိရင် ပြောပြစမ်းပါ မိုးနောင်ရာ၊ ငါ ရင်တွေ တောင်ခုန်တယ်၊ အဲ. . . ကိစ္စကို”

ဘာမှလည်း မဆိုင်ချေ။ အနည်းငယ် ညစ်စုတ်သည်ဟု ယူဆ၍ ရသော စကား ဖြစ်သည်။ သို့ သော် ဆက်ပြောလိုက်ပါ၏ ။

“အဲဒီ အထဲကမှ ပုစ္ဆာတစ်ပုဒ်မှာ မင်းသိချင်နေတဲ့ နတ်တွေ ဟာ လူတွေ ချစ်တင်းနှောသလို သံဝါသပြု, မပြုကို ဘယ်လိုမေးထားလဲဆိုတော့”

မျက်စိမှိတ်၍ ထပ်ကာ စဉ်းစားလိုက်ရင်း မိုးနောင်က သံနေသံထားဖြင့် . . .

“အပွေပို၊ မဖြေလိုစိတ်တော် ရှိပါနှင့် ၊ ခင်သိတာမို့၊ နတ်ခြောက်ဆူ၊ ချစ်သွေးနှစ် ကိုမြူလို့၊ ဟိုအမူ လူလိုချင်းပေထင့်၊ သင်းက ဘယ်သို့ . . . တဲ့”

“အမေးစကားက ပညာသားပါလိုက်တာကွာ၊ အဖြေကကော”

“သြော် . . . ပညာတတ်ပုဂ္ဂိုလ်တွေ ဆိုမှကွာ . . . ကဲ . . . ဘယ်လို ပြန်ဖြေလဲဆိုတော့”

စကားကို ခဏဖြတ်လိုက်ပြီးမှ ဆက်၍ . . .

“အပွေပို၊ မဖြေလိုစိတ်တော် ရှိပါဟု၊ ကိုယ်သိတာမို့၊ နတ်ခြောက်ဆူ၊ ချစ်သွေးနှစ် ကိုယ်မြူလို့၊ ဟိုအမူ လူလိုကျင့်ကြတယ်၊ သင်းက ဤသို့ . . . တဲ့၊ ကဲ . . . ရှင်းပြီလား”

“ဟား”

အားရပါးရ ရေရွတ်ရင်း တင်ထူးမျက်နှာကြီး ဝင်းသွားသည်။ တခြားကျောင်းသားတွေ ကပါ အထင်ကြီးသလို ကြည့်လာကြသဖြင့် မိုးနောင်မနေတတ်သလို ဖြစ်ရသေးတော့၏ ။

တင်ထူးက ပီတိအဟုန်မပျက်သေးသော မျက်နှာဖြင့် . . .

“ကျေးဇူးပဲကွာ မိုးနောင်၊ မင်းက စာတိုပေစလေးတွေ ဖတ်တော့ ခုလို ပြောနိုင်ဆိုနိုင် တာပေါ့ကွာ”

မိုးနောင် နင်သွားရသည်။ သေသေချာချာ ဖတ်ထား၊ မှတ်သားထားပြီး မနည်းပြန်စဉ်းစားကာ ဖြေပေးရသည်ကိုပင် ကိုယ့်ကို ပြောလိုက်ပုံက စာတိုပေစလေးတွေ ဖတ်ထားသော ကောင်တဲ့။ တရားကျဖို့ပင် ကောင်းလှသေးတော့၏ ။

ဒင်းကပဲ ဆက်၍ . . .

“အင်း. . . ဒါဆိုရင်တော့ နတ်တွေ ဟာလည်း လူတွေ လိုပဲ အဟွာပြု . . . အဲ . . . နတ်အခေါ် သံဝါသပြုကြတာပေါ့နော်”

“အေး . . . ပြုတယ်ကွာ၊ အဲဒါတင်မကဘူး နတ်သမီးတွေ ဟာ လူမိန်းကလေးတွေ လိုပဲ လစဉ် ရာသီပန်းပွင့်တယ်၊ လူမိခင်တွေ လိုပဲ နို့တိုက်တယ်လို့ ကျမ်းဂန်ထဲမှာ ဖြေထားသေးတယ်၊ အဲဒီ ထက် ငါလည်း မသိတော့ဘူး”

အနည်းငယ် ဘုတောသော လေသံနှင့် ပြောလိုက်သဖြင့် တင်ထူးက သဘောပေါက်စွာ ချော့သလို ပခုံးဖက်လာပြီး . . .

“သားကြီးစ်ကလည်းကွာ စိတ်မတိုပါနဲ့စ်၊ ခုလိုဖြေပေးတာကိုပဲ မင်းကို လေးစားပြီးသားပါ . . . ဟဲ ဟဲ”

“လေးစားရင်လည်း လက်ဖက်ရည်တိုက်လေ၊ လာ . . . ကင်တင်းသွားရအောင်၊ အတန်းထဲမှာ ဆရာလည်း မရှိဘဲနဲ့”

ပြောရင်း မိုးနောင်က ထရပ်လိုက်သည်။ သို့ သော် တင်ထူးမျက်နှာက အချိန်နှင့် တစ်ပြေးညီ ဆိုသလို ဆတ်ခနဲ မဲ့ရှုံ့ရှုံ့ ဖြစ်သွားပြီး ဗိုက်ကို လက်နှင့် ဖိလိုက်ကာ . . .

“အီး . . . မင်းပြောမှပဲ ဗိုက်က နာလာပြန်ပြီ၊ ငါ အိမ်သာတက်လိုက်ဦးမယ်၊ မင်းသွားနှင့် ကွာ မိုးနောင်၊ ငါ လိုက်လာခဲ့မယ်”

ဟုတ်သည်လား၊ မဟုတ်သည်လားတော့ မသိ။ သူသိလိုသမျှ ဖြေပေးပြီး ကိုယ်က လက်ဖက်ရည်တိုက်ဟု ဆိုလိုက်မှ ကောက်ကာငင်ကာ အီးပါချင်သွားသော ဒင်းကို မိုးနောင် မကြည်မလင် ဖြစ်သွားရသည်။

ထို့ကြောင့် . . .

“ဟေ့ကောင် . . . လက်ဖက်ရည်တိုက်ခိုင်းလို့ ချက်ချင်း ဗိုက်နာသွားတာလား”

လိုတာထက် မျက်နှာကို မဲ့ရှုံ့ရင်း တင်ထူးက . . .

“မဟုတ်ပါဘူးကွာ၊ တကယ် အိမ်သာတက်ချင်တာပါ၊ မင်းသွားနှင့် ၊ ငါ အမြန်ဆုံးကိစ္စရှင်းပြီး လိုက်လာခဲ့မယ်”

သွားရန် ဟန်ပြင်လိုက်၏ ။ မိုးနောင်က တင်ထူးကိုကြည့်ကာ ပခုံးတစ်ချက် တွန့်လိုက်ပြီး မသွားခင်လေး ဦးနှောက်စားပေးလိုက်ပါသည်။

“အေး အေး. . . သွားပေါ့ကွာ၊ ဒါပေမဲ့ . . . လူဆိုတာ ကိုယ်စီးတဲ့မြင်းကို အထီးမှန်း, အမမှန်းတော့ သိရတယ်ကွ၊ ခုလည်း မင်း သွားတက်မယ့် အိမ်သာဟာ ဘာအမျိုးအစားလဲဆိုတာ စဉ်းစားခဲ့ပေါ့”

လှမ်းရန်ပြင်နေသော တင်ထူး၏ ခြေလှမ်းတို့က ဆတ်ခနဲ ရပ်သွားပြီး . . .

“ဟေ့ကောင် . . . အိမ်သာမှာ က အမျိုးအစား ကွဲပြားတာ ရှိလို့လား”

ကဲ ကြည့်. . . တင်ထူးခေါင်းထဲ အတွေးတစ်စ ဝင်သွားလေပြီ။

မိုးနောင်က . . .

“ရှိတာပေါ့ကွာ၊ အိမ်သာလို့ ငါတို့ ခေါ်နေတဲ့အရာက အခေါ်အဝေါ် အမျိုးအစားကွဲတွေ ရှိတယ်ကွ၊ ဥပမာ ငါတို့ အလွယ်သိနေတဲ့ Toilet တို့, Latrine တို့အပါအဝင် တခြား Sewer တို့ Lavatory တို့ပေါ့ကွာ၊ ကဲ ကဲ . . . မင်း အိမ်သာတက်ရင်းနဲ့ စဉ်းစားလာခဲ့ပါ၊ ငါ သွားနှင့် ပြီ”

ပြောပြီး မိုးနောင် ချာခနဲ လှည့်ထွက်လာခဲ့၏ ။ မဟာ့မဟာ စဉ်းစားရှင်ကြီး ကတော့ အန္တရာယ်ကို ရင်ဝယ်သားကဲ့သို့ လွယ်ထားရင်းကပင် ငူငူကြီးရပ်ကာ စဉ်းစားနေဆဲ။

မိုးနောင်အဖို့မှာ တော့ စာသင်ခန်းတစ်ခုလုံး အနံ့အသက်အဟောင်းတွေ နှင့် ကြိုင်မွှေးပျံ့ သင်းခြင်းကင်းပါစေဟူ၍ ဆုတောင်းပေးရုံလေးပဲ တတ်နိုင်ပါတော့သည်။

* * * * *


ကင်တင်းထဲရောက်ရောက်ချင်း လွတ်နေသော စားပွဲဝိုင်းတစ်ဝိုင်းဆီသို့ သွားကာ အရင်နေရာ ယူလိုက်သည်။ ရှားရှားပါးပါး ဒီတစ်ဝိုင်းတည်း နေရာလွတ်နေသဖြင့် တော် ပါသေး၏ ။

ပြောရလျှင် ကိုယ့်ပိုက်ဆံနှင့် ကိုယ် စားမည့် ကိစ္စကို စားပွဲလွတ်မရှိ၍ သူများ တွေ ထိုင်နေသော ဝိုင်းသို့သွားကာ လွတ်နေသော ခုံတွင် ထိုင်လို့ရမလား၊ လူရှိလားဟု မျက်နှာငယ်လေးနှင့် မမေးချင်ချေ။

ထို့ကြောင့် စားပွဲဝိုင်းလွတ်နေခြင်းမရှိလျှင် ရှိသည့်ကင်တင်းသို့ မိုးနောင် သွားထိုင်တတ်သည်။ ကိုယ့်ဆန္ဒ၊ ကိုယ်ရွေးချယ်ရာက ကိုယ့်အမှန်တရားပေါ့။

ခုတော့ နေရာလွတ်ရှိသဖြင့် အဆင်ပြေပါပြီ။ ဝင်ထိုင်လိုက်တော့ စားပွဲထိုးလေးက လာမေးပါ၏ ။

“ဘာစားမလဲ အစ်ကို”

Hip Hop သံပေါက်နှင့် မေးလာသဖြင့် တစ်ချက်ကြည့်မိသေးသည်။ ပြီး လက်ဖက်ရည်ပေါ့ဆိမ့် ဟု ပြောလိုက်မည် ပြုပြီးမှ ဗိုက်ဆာသလိုလိုရှိလာသဖြင့် နာရီကြည့်လိုက်မိ၏ ။

“အင်”

ဆယ့်တစ်နာရီပင် ခွဲလေပြီ။ ဒီဗိုက်က ဆာပြီပေါ့။ နေ့လည်စာ တစ်ခါတည်း ဆွဲလိုက်မည် ဟု တွေးလိုက်ပြီး . . .

“ညီလေး . . . ထမင်းကြော်တစ်ပွဲ ကြက်သားနဲ့”

“ဟုတ်ကဲ့”

“ခဏလေး . . . ငါ ပြောဦးမယ်၊ ထမင်းကြော်ကို ဆီခြောက်ခြောက်လေးနဲ့ ကြော်ပေး၊ အသီးအရွက်လျှော့၊ ပြောင်းဖူးမထည့်နဲ့၊ ပြီးတော့ အချဉ်ကို ဘိတ်ချဉ်လေးပေး၊ နောက်ပြီး ရေသန့် တစ်ဘူး၊ လက်ဖက်ရည် ပေါ့ဆိမ့်တစ်ခွက်၊ ဒါပဲ . . . မှတ်မိတယ်မဟုတ်လား”

“မှတ်မိပါတယ် အစ်ကို”

“အေး . . . မြန်နိုင်သလောက် မြန်မြန်လေး လုပ်ပေးကွာ”

စားပွဲထိုးလေး လှည့်ထွက်သွားသည်။ ကိုယ် ကတော့ ဆက်စောင့်ရဦးမည် ပေါ့။ ထိုင်စောင့် နေရမည့် အတူတူ စာဖတ်ဦးမည် ဟု တွေးကာ အိမ်မှထည့်ယူလာသော ‘ဇင်’ ပုံပြင်စာအုပ်ကို ထုတ်ဖတ် နေမိသည်။

ထိုစဉ်မှာ ပဲ . . .

ဘူတာဆီသို့ ရထားတစ်စီး ထိုးဆိုက်လာကာ ထိုရထားပေါ်မှ လူတွေ အော်ဟစ်ပြီး ထွက်လာသလိုမျိုး။

“ဟဲ့ ဟဲ့ . . . မိန်းမတွေ . . . ဒီမှာ ထိုင်မယ်”

“အေးလေ . . . ဒီမှာ နေရာတွေ လွတ်နေတာပဲ”

“မောင်လေးရေ . . . လာဦးဟေ့၊ စားစရာ မှာ မလို့”

ထိုသို့ သော မိန်းကလေးအသံတွေ ကို အရင်ကြားလိုက်ရပြီး မျက်စိဖြင့် အကြည့်တွင် သုံးယောက် သော ကောင်မလေးများ က ကိုယ့်စားပွဲဝိုင်းရှိ နေရာလွတ်တွေ မှာ အသီးသီး ဝင်ထိုင်လိုက် ကြလေပြီ။

ကိုယ့်ကိုပင် လူရှိလား၊ ထိုင်မယ်နော်ဆိုပြီး တစ်ခွန်းမပြောချေ။ စိတ်ထဲ၌ ပိစိကွေးလေး လောက် ‘ဖု’ သွားသော်လည်း ခေတ်မိန်းကလေးတွေ ပဲဆိုသည့် အတွေးနှင့် ‘လျှော်’လိုက်ပါသည်။ ထပ်ပြောရလျှင် ထိုခေတ်မိန်းကလေးတွေ ထဲမှ တစ်ယောက် သော သူကလေးကလည်း (ကိုယ့် အမြင်မှာ ) အလွန်ချစ်စဖွယ်ကောင်းလေ၏ ။ (ယောက်ျားတွေ များ . . .)

မိုးနောင် မသိမသာ တစ်ချက်လှမ်းကြည့်ပြီးမှ ကိုယ့်စာအုပ် ကိုယ် ပြန်ဖတ်နေလိုက်၏ ။ ထိုကောင်မလေးတွေ ကလည်း ကိုယ့်ကိုတော့ အနည်းဆုံး တစ်ချက်လောက်တော့ အကဲခတ်ပေလိမ့် မည် ဟု မိုးနောင် သေသေချာချာ တွေးလိုက်မိသည်။

မသိမသာလေး နားစွင့်လိုက်တော့ . . .

“မိန်းမတွေ . . . ငါ အရင်မှာ မယ်နော်၊ မောင်လေး အစ်မပြောတာကို အရင်မှတ်၊ ထမင်းကြော် တစ်ပွဲ၊ ကြက်သားနဲ့ ဆီခြောက်ခြောက်လေးကြော်ခဲ့၊ အသီးအရွက်လျှော့မယ်၊ ပြောင်းဖူးမထည့်ဘူး၊ အချဉ်က ဘိတ်ချဉ်ယူမယ်၊ ပြီးတော့ ရေသန့်တစ်ဘူး၊ လက်ဖက်ရည်ပေါ့ဆိမ့်တစ်ခွက်. . . ဒါပဲ”

“နေချိုရယ် . . . နင်ကလည်း နင့်အတွက်ချည်းပဲ အရင်မှာ နေတာပဲ”

ကောင်မလေး တစ်ယောက် က မကျေမချမ်းသံဖြင့် ဝင်ပြောခြင်း ဖြစ်သည်။ နေချိုဆိုသော ကောင်မလေးက ရယ်လျက် . . .

“အေးခိုင်ရယ် . . . ငါ့အတွက်ချည်းပဲ မဟုတ်ပါဘူး၊ ရေသန့်ဘူးက နင်တို့လည်း သောက်လို့ ရပါတယ်၊ ငါ့ရဲ့ ရေကုသိုလ်ပေါ့”

ကျန်ကောင်မလေးနှစ် ယောက် က စူပွပွပြောကာ သူတို့စားချင်တာတွေ ထပ်မှာြ ကတော့၏ ။ သူတို့စားချင်တာ သူတို့မှာ ခြင်းကို မိုးနောင် ဘာမှဝင်မပြောလိုပါ။ ပြောခွင့်လည်း မရှိ။ သို့ သော် ကိုယ်မှာ ယူထားသည့် အစားအသောက်တွေ ကဲ့သို့ (တိုက်ဆိုင်စွာ ) ထပ်တူထပ်မျှ မှာ ယူလိုက်သော နေချိုဆိုသည့်ကောင်မလေးကိုတော့ မိုးနောင် ဂရုတစိုက် ထပ်ကြည့်မိသည်။

အို . . . ချစ်စဖွယ်လေးပါလား။

သို့ သော်လည်း ထိုသို့ မှာ ယူသည်ကိုပင် လှမ်းတားစရာအကြောင်းမရှိသဖြင့် မှတ်မိအောင် နှစ် ထပ်ကြည့်ပြီး ပြန်ငြိမ်ကာ စာဖတ်နေလိုက်သည်။

နောက်ထပ် ငါးမိနစ်လောက်ပဲ ကြာမည် ထင်ပါ၏ ။

“ဟယ် . . . မြန်လိုက်တာ၊ ထမင်းကြော်လာပြီ၊ မောင်လေး . . . ပေး ပေး . . . ဒီမှာ ချ”

“ဟာ အစ်မ . . . ဟိုလေ . . . ဒီထမင်းကြော်က ဟို . . .”

စားပွဲထိုးလေး၏ ခပ်ထိတ်ထိတ်ပြောသံ . . .။ ပြီး နေချိုဆိုသော ကောင်မလေး၏ စကား။

“သြော် . . . ကတုန်ကယင်နဲ့ ဘာ ဖြစ်နေတာလဲဟဲ့၊ ပေးပါဆို . . . နင် မူးများ နေလား၊ ငါမှထားတာ ဒါတွေ ပဲလေ . . . ထမင်းကြော်, ဘိတ်ချဉ်, ရေသန့်ဘူးနဲ့ လက်ဖက်ရည်၊ ဒါတွေ ပဲ”

ထိုစကားသံတွေ ကြောင့် မိုးနောင် စိတ်ထင့်ကာ လှမ်းကြည့်မိလိုက်သည်။ သေချာနေပါပြီ၊ ကိုယ်မှာ ထားသော အစားအသောက်တွေ နှင့် အမျိုးအစားတူညီနေသဖြင့် ကောင်မလေးက ဆွဲယူလိုက်ခြင်း ဖြစ်သည်။ အဓိကသက်သေ ကတော့ စားပွဲထိုးလေး။ ကိုယ့်ကို အားနာသလို၊ ပြောရ ချက်သလို လှမ်းကြည့်နေသည့် မျက်လုံးတွေ ။

မိုးနောင်က နေချိုကို လှမ်းကြည့်၍ . . .

“ဒီမှာ ဒီမှာ . . . အဲဒီ ထမင်းကြော်, ရေသန့်နဲ့ လက်ဖက်ရည်က . . . ဟာ သွားပါပြီ”

စကားအဆုံးသတ်တွင် သွားပါပြီဟု ရေရွတ်လိုက်ခြင်းသည် နေချိုက ထမင်းကြော်တစ်ဇွန်းကို သူ့ပါးစပ်လေးထဲ ဆတ်ခနဲ ပစ်သွင်းလိုက်ခြင်းကြောင့် ဖြစ်လေသည်။

ခုလည်း ထမင်းကြော် ခံတွင်းထဲရောက်သွားပြီးမှ သေသေချာချာ တစ်ချက် နှစ် ချက်ဝါးပြီး မိုးနောင်ကို ပြန်ကြည့်ကာ . . .

“ဘာလဲ . . . ဘာလဲ . . . ဘာ သွားပါပြီလဲ”

ဆတ်ခနဲ လှမ်းမေးသံကြောင့် မိုးနောင် ‘ဖု’ သွားရတော့၏ ။ ထို့ကြောင့် နေချိုဆို သူမ,ကို တိတိကျကျကြည့်ကာ . . .

“ဟာ. . . သွားပြီပေါ့၊ ခင်ဗျားပါးစပ်ထဲ ထည့်လိုက်တာ ကျွန်တော့်ထမင်းကြော်တွေ ဗျ၊ ဘယ့်နှယ်ဗျာ. . . သူများ မှာ ထားတာကို မမေးမစမ်းနဲ့ ကောက်စားလိုက်တယ်”

“ဘာ”

မျက်နှာလေး ရဲကာ ပြန်အော်လိုက်ခြင်းကြောင့် ထမင်းလုံးတွေ များ ထွက်ကျလာမလားဟု ထင်လိုက်မိသေးသည်။ သို့ သော် ထမင်းလုံးအစား ဒေါသနှင့် လုံးထားသော စကားလုံးတွေ ပဲ စက်သေနတ်ပစ်သလို တဒက်ဒက် ထွက်လာလေ၏ ။

“ဘာရှင့် . . . ဘာပြောလိုက်တယ်၊ ဒီထမင်းကြော်ဟာ ရှင့်ဟာ . . . ဟုတ်လား၊ ဘာတွေ လာပြောနေတာလဲ၊ ရူးနေလားမသိဘူး”

“အင်”

မိုးနောင် နင်သွားသည်။ နင်တင်တင်နှင့် ပင် ဆက်ပြောရလေတော့၏ ။

“အောင်မာ . . . ဘာလို့ရူးရမှာ လဲ၊ ခင်ဗျား မယုံရင် အဲဒီ စားပွဲထိုးလေးကို မေးကြည့်၊ ကြက်ထမင်းကြော်, ဘိတ်ချဉ်, ရေသန့်နဲ့ လက်ဖက်ရည်က ကျွန်တော် မှာ ထားတာဗျ”

“ကျွန်မလည်း အဲဒါတွေ ပဲ မှာ ထားတာလေ၊ မှာ လို့လည်း လာချပေးတာပေါ့၊ ဘယ်ဆိုင်က ဘလိုင်းကြီး လာကျွေးမှာ လဲ”

“ရော် . . . ခက်တာပဲ၊ မှာ ထားတာချင်းတူပေမယ့် ကျွန်တော် က ခင်ဗျားတို့မလာခင် ဆယ်မိနစ် လောက်ကပဲ မှာ ထားတာ၊ အဲဆိုတော့ ခုလာချပေးတာ ကျွန်တော့် ဟာပဲ ဖြစ်မှာ ပေါ့”

နေချိုဆိုသည့် ကောင်မလေး၏ မျက်နှာက တည်သွားသည်။ ချက်ချင်း ပင် စားပွဲထိုးလေးကို ကြည့်ကာ . . .

“ဟဲ့ . . . သူပြောတာ ဟုတ်လား”

စားပွဲထိုးလေးက ခေါင်းတဗျင်းဗျင်း ကုတ်လိုက်ပြီး . . .

“ဟုတ်တယ် အစ်မ . . . အဲဒါ”

စကားမဆုံးခင်မှာ ပဲ နေချိုက စားလက်စ ခက်ရင်းကို ထမင်းကြော်ပန်းကန်ထဲသို့ အသံမြည် အောင် ပစ်ချကာ . . .

“အာ . . . အစောကြီးက ပြောပါလားဟဲ့၊ ခုတော့ ငါ့မှာ ဟိုလူကို ထွေးထုတ်ပြီး ပြန်ကျွေးရမလို ဖြစ်နေပြီ”

“ငင်”

ထိုစကားကြောင့် ရုပ်ရည်ကို ထည့်မတွက်ဘဲ မိုးနောင် ပျို့ချင်ချင် ဖြစ်သွားရသည်။ ချက်ချင်း လက်ကာပြလိုက်ပြီး . . .

“ဟာ . . . တော် ပါဗျာ၊ ဘာလို့ရွံစရာတွေ ပြောနေတာလဲ၊ ခင်ဗျား ထွေးထုတ်ပြီးသားလည်း မစားပါဘူး”

နေချိုက မျက်နှာကို မဲ့လိုက်ပြီး . . .

“သဘောပဲလေ၊ ရှင်လည်း စားမယ်မထင်ပါဘူး၊ စကားလောက်နဲ့ ပြောတာကိုတော့ ရွံမနေပါနဲ့၊ ယောက်ျားကြီး ဖြစ်ပြီး”

“ဟာဗျာ . . . ဒုက္ခပါပဲ၊ အဲဒီ ဟာတွေ ခင်ဗျားပဲ စားလိုက်တော့၊ ပြီးမှ ခင်ဗျားဟာကို ကျွန်တော် စားမယ်”

“ဘာပြောတယ်၊ ရှင် . . . ရှင် မိုက်ရိုက်လှချည်လား”

အသံက ဒေါသနှင့် အကျိုးတူပူးပေါင်းကာ စူးခနဲ ထွက်လာသည်။ မျက်နှာလေးကလည်း နီမြန်းစွာ ။

မိုးနောင်က . . .

“ဘာမိုက်ရိုင်းလို့လဲဗျ၊ ကျွန်တော့် ဟာကို ခင်ဗျား စားလိုက်တယ်လေ၊ ဒီတော့ ခင်ဗျားဟာကို ကျွန်တော် ပြန်စား . . . စား”

ပြောနေရင်း ကိုယ့်စကားကိုယ် သဘောပေါက်သွားသဖြင့် မိုးနောင် ဘရိတ်အုပ်လိုက်ရ၏ ။ ပြီးမှ . . . ဟီးခနဲရယ်လိုက်ကာ . . .

“ကျွန်တော် မှာ ထားတဲ့ ထမင်းကြော် ခင်ဗျား စားလိုက်တော့လို့၊ ခင်ဗျားမှာ ထားတာ လာရင် ကျွန်တော် ယူစားလိုက်မယ်၊ ဒါကိုပြောတာ”

“ရှင်းရှင်းမပြောဘူး . . . ဟွန်း”

နေချိုဘေးမှ အေးအေးခိုင်ဆိုသည့် ကောင်မလေးက ဝင်ပြောလိုက်ခြင်း ဖြစ်သည်။ ပြောနေရင်း သူ့ရှေ့ဖုန်းဆီမှ ကလုံဆိုပြီး အသံမြည် လာသဖြင့် တစ်ချက် ယူကြည့်လိုက်ပြီးမှ မျက်နှာကို ရှစ်ခေါက် ချိုးလျက် . . .

“သူတောင်းစား . . . ချီးထုပ်၊ ဒင်းကများ လာပြောနေသေးတယ်”

“ဘာဗျ . . . ခင်ဗျားက ဘယ်သူ့ကို ပြောတာလဲ”

ကိုယ့်ကို ပြောသည်ထင်၍ မိုးနောင်က စိတ်တိုကာ ပြန်မေးလိုက်ခြင်း ဖြစ်သည်။

အေးအေးခိုင်ဆိုသော ကောင်မလေးက ပျာတာတာမျက်နှာဖြင့် ခေါင်းခါ၍ . . .

“ရှင့်ကိုပြောတာ မဟုတ်ပါဘူး၊ Viber ကနေ Message ပို့နေတဲ့ သူတောင်းစားကို ပြောတာပါ၊ ဒီမှာ ကြည့်လေ . . . အသည်းလေး ဘာလုပ်နေလဲတဲ့”

ပြောရင်း ဖုန်းမျက်နှာပြင်ကို လာပြသဖြင့် မိုးနောင်က ယောင်ကာကြည့်လိုက်မိသေးသည်။ ထိုစဉ် နေချိုက အေးအေးခိုင်လက်ထဲမှ ဖုန်းကို ဆွဲလုလိုက်ကာ . . .

“အေးခိုင် . . . ဘာတွေ လျှောက်ပြနေတာလဲ၊ နင်ကလည်း တစ်မျိုး”

“အေးလေ . . . နင့် Viber ကြီးကို ပိတ်ထားစမ်းပါ အေးခိုင်ရယ်၊ နင့်နာမည် Viber အေးခိုင်လို့ တွင် နေတာတောင် မမှတ်သေးဘူးလား”

“မေဇော် . . . နင် ဆေးဝင်မထိုးနဲ့နော်”

သူတို့အချင်းချင်း စကားပြောနေသည်ကို ကြောင်ကာ ကြည့်နေမိသော မိုးနောင်ကို နေချိုက . . .

“ရှင်ကရော ဘာတွေ လိုက်နားထောင်နေတာလဲ”

“အာ . . . နားမထောင်ပါဘူး”

ပြန်ပြောရင်း စိတ်က တိုလာသဖြင့် မိုးနောင်က စားပွဲထိုးလေးကို လက်အမူအရာပြ၍ လှမ်းခေါ်လိုက်ကာ . . .

“မင်းကလည်းကွာ . . . ငါမှာ တုန်းက သေသေချာချာ မမှတ်ထားဘူးလား၊ အဲဒါတွေ က ငါ အရင်မှာ ထားတာလေ”

ထိုစကားကြောင့် နေချိုက သူများ ထမင်းကြော်ကို ယူစားနေရင်းက မျက်စောင်းလှည့်ထိုးသေး သည်။ ဒါသည်ပင်မကသေးဘဲ တော် ကီလှမ်းပစ်လိုက်သေး၏ ။

“မောင်လေးရေ . . . ပြောလိုက်၊ ဘောပင်မရှိလို့ မမှတ်ထားလိုက်မိဘူးလို့”

နေချိုစကားအဆုံးမျာ စားပွဲထိုးလေးကလည်း အူတူတူဖြင့် . . .

“ဟုတ်တယ် အစ်ကို . . . ဘောပင်မရှိလို့ပါ”

“အာ”

မိုးနောင် ဖြစ်သွားပုံကိုကြည့်ကာ နေချိုတို့က ရယ်တော့သည်။ ကိုယ့်ကို လောင်စိန်လာလုပ် နေသဖြင့် ထိုချစ်စဖွယ်လေးဆိုတာကို မိုးနောင် အသဲယားလာပြီ ဖြစ်သည်။

ထို့ကြောင့် . . .

“ဘောပင်မရှိရင် ခင်ဗျားတို့ ပေးလိုက်ကြပါလားဗျ၊ ဒါမှ ခင်ဗျားလည်း သူများ ဟာ ယူမစား မိတော့ဘူးပေါ့”

နေချိုက မထီတရီဟန်လေးနှင့် . . .

“အောင်မာ . . . ထမင်းကြော်က တမင်ယူစားတာမှ မဟုတ်တာ၊ ကိုယ့်ကုသိုလ်နဲ့ကိုယ် ရှေ့ရောက်လာတာလေ၊ ဘောပင် ကတော့ ဆောရီးပဲ၊ ငှားစရာရော, ပေးစရာရော မရှိဘူး”

“ဟုတ်တယ် . . . တို့တွေ မှာ လည်း မရှိဘူး”

ကျန်နှစ် ယောက် ကလည်း အလိုတူအလိုပါ ဝင်ပြောလာသည်။ မိုးနောင်က စားပွဲထိုးလေးကို ကြည့်လိုက်ပြီး . . .

“ကဲ ညီလေး . . . မင်းလည်း ကြားတဲ့အတိုင်းပဲ၊ သူတို့တွေ တောင် ကျောင်းသူတွေ ဖြစ်ပြီး ဘောပင်မရှိဘူးဆိုတော့ မင်းမှာ ဘောပင်မရှိတာကို ငါ ခွင့်လွှတ်လိုက်ပါ့မယ်ကွာ၊ ဒါပေမဲ့ . . . ကျောင်းသူကျောင်းသား ဖြစ်ပြီး ဘောပင်မရှိတာ ကတော့ တော် တော် ဆိုးတယ်ကွ၊ တိုင်းပြည်အနာဂတ် အတွက် ရင်လေးစရာပဲ”

“ဟုတ်ကဲ့ အစ်ကို”

နေချိုတို့သုံးယောက် က တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်ကာ မဲ့ရင်း ပခုံးကိုယ်စီ တွန့်လိုက်ကြည်သည်။

မိုးနောင်က စားပွဲထိုးလေးကိုပဲ ကြည့်၍ . . .

“မင်း စဉ်းစားကြည့်ကွာ ညီလေး . . . ကျောင်းသူကျောင်းသား ဖြစ်ပြီး ဘောပင်မရှိတော့ ရေး စရာမရှိဘူးပေါ့ကွာ၊ ကဲ . . . ရေး စရာမရှိတော့ ဘာ ဖြစ်မလဲ”

စားပွဲထိုးလေးက စဉ်းစားလိုက်ပြီး ဆတ်ခနဲ . . .

“ရေး စရာမရှိတော့ . . . စာမသင်ရဘူးပေါ့ အစ်ကို”

“မှန်လိုက်တာကွာ၊ စာမသင်ရတော့ . . .”

“စာမေးပွဲရှုံးမှာ ပေါ့”

“ထပ်မှန်တယ်၊ စာမေးပွဲရှုံးတော့ . . .”

“ဘွဲ့မရတော့ဘူး”

“ဟုတ်ပြီ၊ ဘွဲ့မရတော့ . . .”

“အလုပ်အကိုင်မရှိ ဖြစ်မယ်”

“အလုပ်မရှိတော့”

“ပိုက်ဆံမရှိဘူးပေါ့ အစ်ကိုရာ”

“ဒါပဲပေါ့၊ ပိုက်ဆံမရှိတော့ . . .”

“စားစရာမရှိ ဖြစ်လာမယ်”

“စားစရာမရှိ ဖြစ်လာရင်. . .”

“လူပိန်လာပြီပေါ့ . . . ဗျ”

“လူပိန်လာတော့ . . .”

“ရုပ်ဆိုးပြီလေ”

“ရုပ်ဆိုးရင်”

“ချစ်သူ မရနိုင်ဘူး”

“ချစ်သူမရတော့”

“အထီးကျန်တာပေါ့ အစ်ကိုရာ”

“အေး . . . အထီးကျန်တော့ကော”

ဒီတစ်ခါတော့ စားပွဲထိုးလေးက ခေါင်းကုတ်တော့သည်။ မိုးနောင် အကဲခတ်လိုက်တော့ ဘောပင်မရှိဟု ပြောထားကြသည့် နေချိုတို့အုပ်စုလုံး မျက်နှာမည်းနေကြလေပြီ။ မီးသွေးလို မည်းသွား ခြင်းတော့မဟုတ်။ ရှိရင်းစွဲမျက်နှာက မူပျက်ကာ အရောင် ပြောင်းသွား ခြင်း ဖြစ်၏ ။

“အဲ . . . အထီးကျန်တော့ . . . မ . . . မသိတော့ဘူး အစ်ကိုရာ”

စကားအဆုံးမှာ မိုးနောင်က ဆတ်ခနဲ ခေါင်းညိတ်လိုက်ပြီး . . .

(နေချိုတို့ဘက်သို့ မသိမသာလေး ဝေ့ကြည့်လိုက်ပြီးမှ)

“အေး . . . မသိရင်မှတ်ထား ငါ့ညီရ၊ အထီးကျန်တော့ စိတ်ဓာတ်ကျမယ်ကွာ၊ စိတ်ဓာတ်ကျတော့ နေမကောင်း ဖြစ်မယ်”

“အဲ . . . ဟုတ်သားပဲ”

“ထပ်ဟုတ်ဦးမယ်၊ နေမကောင်း ဖြစ်တော့ ဘာ ဖြစ်လဲ၊ သေမှာ ပေါ့၊ အဲဒါပဲကွ . . . ဘောပင် မရှိရင် သေဖို့ တော် တော် လေး နီးစပ်နေပြီဆိုတာ သဘောပေါက်ပြီလား”

“ဗျာ . . . ဟုတ်၊ ဟုတ်တယ်နော်၊ ကျွန်တော် လည်း ဘောပင်ဆောင်ထားဦးမှာ ပဲ”

ခေါင်းတညိတ်ညိတ်လုပ်ကာ စားပွဲထိုးလေး ထွက်သွားချိန်မှာ ပဲ နေချိုက . . .

“ဒီမှာ . . . ဟိုလူ . . . ရှင် ကျွန်မတို့ကို စောင်းပြောနေတာလား”

မိုးနောင်က အူကြောင်ကြောင်ဟန်လေး လုပ်လိုက်ကာ . . .

“မပြောပါဘူး၊ ဟိုကောင်လေးကိုပဲ ပြောတာလေ”

“ရှင်နော်. . . မပြောလိုက်ချင်ဘူး . . . ဟွန်း”

မျက်စောင်း ဒိုင်းခနဲ ထိုးလာသည်။ ဘေးမှ ဒင်းကလေး၏ သူငယ်ချင်းမနှစ် ယောက် ကလည်း သိပ်ကြည်ပုံမရ။ ထိုစဉ် အေးအေးခိုင်၏ ဖုန်းဆီမှ ကလုံဟူသည့် Message ဝင်သော အသံ ထွက်ပေါ်လာသဖြင့် နေချို ပို၍ စိတ်ရှုပ်သွားကာ . . .

“ကဲ အေးခိုင် . . . နင် Viber ကို ပိတ်ထားလိုက်တော့၊ ဒီမှာ အစားအသောက်ပျက်ရတဲ့ ကြားထဲ”

“အေးပါဟယ်”

အေးအေးခိုင်ဆိုသည့် သူငယ်ချင်းကို ဟိန်းဟောက်ကာ နေချို ဆက်စားနေလိုက်သည်။

မိုးနောင်ကလည်း သူ့အတွက် ထမင်းကြော်မလာသေးဘူးလားဆိုပြီး လှမ်းမျှော်ကြည့်လိုက်၏ ။ သို့ သော် ရောက်လာတာက ထမင်းကြော် မဟုတ်သည့် နေမျိုးကျော်ဆိုသည့် ငတိ။ ဒင်းကလည်း တင်ထူးလိုပဲ ကျောင်းမှာ တွဲ နေသည့် ဘော်ဒါရင်း ဖြစ်သည်။

နေမျိုးကျော်က နောက်မှ ရဲလိုက်လာသလို အပြေးတစ်ပိုင်းနှင့် ဒရောသော ပါးရောက်လာပြီးမှ မိုးနောင်နှင့် အတူ ထိုင်နေသော နေချိုတို့ကိုမြင်၍ တစ်ချက်အမ်းကာ အရှိန်သေသွားသေးသည်။ မေးငေါ့ပြီး သူ့ကို အမူအရာပြကာ မေးလာသဖြင့် မိုးနောင်က ခေါင်းခါပြလိုက်ရင်း . . .

“ဘာမှမဟုတ်ဘူး၊ သူတို့ဟာသူတို့ နေရာလွတ်လို့ ဝင်ထိုင်နေတာ၊ ဘာ ဖြစ်လာလို့လဲ”

ခွင့်ပြုချက်ရသည်နှင့် နေမျိုးကျော်က ပျစ်ပျစ်နှစ် နှစ် ကြီး ပြောချလိုက်လေသည်။

“မိုးနောင်ရာ . . . မင်းလုပ်တာနဲ့ ဟိုကောင်တင်ထူး ချီးထွက်ကျပြီကွ၊ အခန်းထဲမှာ အပုံ လိုက်ကြီးပဲ၊ စာသင်ခန်းတစ်ခုလုံး နံစော်ပုပ်ပွနေပြီ၊ တကယ့်မှ မြင်မကောင်းကွာ၊ ချီးပုံထဲမှာ လည်း ငရုတ်သီးဖတ်တွေ နဲ့”

“ဖြီ”

“ေဝါ့!”

“ေအ့”

ကိုယ့်အသံ လားလားမျှမဟုတ်ဘဲ နေချိုတို့သုံးယောက် ဆီမှ ဆက်တိုက်ဆိုသလို ထွက်လာ သော အသံတွေ ဖြစ်သည်။ စားနေသောက်နေရင်း ပုံဖော်ကာ ပြေးမြင်သွားသည်လားမသိ။

“ဒီမှာ ”

အသံက အတော် ပင်ကျယ်လောင်စူးရှလေသည်။ ကြည့်လိုက်တော့ ပျို့အန်ချင်သော မျက်နှာ ထားကို ထိန်းကာ ဒေါသတကြီးကြည့်နေသည့် နေချို၏ မျက်ဝန်းကို မြင်လိုက်ရသည်။

“ရှင် . . . ရှင်တို့ တော် တော် ညစ်စုတ်ပါလား၊ ဒီမှာ စားနေသောက်နေတယ်၊ ဒါ . . . ဒါ ရှင် သက်သက်ကြီး ပြောတာမဟုတ်လား”

“ဟုတ်ပါ့ . . . မိုက်ရိုင်းလိုက်တာ”

မိုးနောင်က ခပ်တည်တည်ပြန်ကြည့်လိုက်ပြီး . . .

“မဆိုင်လိုက်တာဗျာ၊ ခင်ဗျားတို့ကို တစ်ခွန်းမပြောပါဘူး၊ ကိုယ့်သူငယ်ချင်းအကြောင်း ကိုယ်ပြောနေတာ”

“ဘာမပြောတာလဲ၊ ဘေးမှာ စားသောက်နေတဲ့လူတွေ ရှိတာကို ရွံစရာအကြောင်း လာပြော နေတာ တမင်ပြောတာပေါ့၊ ရှင် တော် တော် မိုက်ရိုင်းတဲ့လူပဲ”

စကားအဆုံးမှာ မိုးနောင်က ပခုံးအသာတွန့်လိုက်ရင်း . . .

“ကိုယ့်အလှည့်ကျတော့ သိတတ်တယ် . . . ဟုတ်လား၊ ပြန်စဉ်းစားလေ၊ ခုနက ကျွန်တော့် ကိုကျတော့ စကားလောက်ပဲပြောတာ ရွံစရာလားတဲ့၊ ခုလည်း စကားနဲ့ပြောတာပဲဗျာ၊ ပုံဖော် ပြီး ရွံတာက ခင်ဗျားတို့အပိုင်းပဲ”

“တောက်! . . . ရှင် . . . ရှင်”

တက်ခေါက်လိုက်ရင်းနှင့် ပင် ဒေါသအဟုန်ကြောင့် နေချို ဘာဆက်ပြောရမည် မှန်းမသိ ဖြစ်နေ ရသည်။

ထိုစဉ်မှာ ပဲ ဘေးမှ သူ့သူငယ်ချင်း တစ်ယောက် က နေချို့ကိုဆွဲကာ . . .

“ကဲပါ နေချိုရယ် . . . သွားရအောင်၊ ရန်လည်း ဆက် ဖြစ်မနေနဲ့တော့၊ ငါတို့လည်း ဆက်စားလို့ ရတော့မှာ မဟုတ်ဘူး”

ပြောရင်း ထိုသူငယ်ချင်းကပဲ ပိုက်ဆံထုတ်ကာ စားပွဲပေါ်ချထားလိုက်ရင်း . . .

“မောင်လေးရေ . . . ဒီမှာ ပိုက်ဆံတင်ထားခဲ့တယ်”

“ကျွန်တော့် အတွက် ထည့်မရှင်းထားခဲ့နဲ့နော်”

မိုးနောင်စကားအဆုံးမှာ နေချိုက စူးစူးရဲရဲကြည့်လျက် . . .

“သေလိုက်ပါလား၊ ရှင်နဲ့တော့ တွေ့ ဦးမယ် . . . တောက် !”

ဒုတိယမ္ပိ တက်ခေါက်ကာ ချာခနဲ လှည့်ထွက်သွားလေသည်။

မိုးနောင်က ခပ်တိုးတိုးအသံဖြင့် . . .

“ငါလည်း မင်းနဲ့ ထပ်တွေ့ ချင်ပါသေးတယ် နေချို”

ထိုအချိန်မှာ ပဲ ဘာမှနားမလည်စွာ ကြောင်တောင်တောင် ရပ်ကြည့်နေသည့် နေမျိုးကျော် သတိဝင်လာပြီး . . .

“မိုးနောင် . . . ဘာတွေ လဲဟ၊ ဟို တစ်ယောက် နဲ့မင်းက ဘာတွေ ဖြစ်နေတာလဲ”

မိုးနောင်က နေမျိုးကျော်ကို အားရပါးရ အရင်ပြုံးပြလိုက်သည်။ ပြီးမှ . . . စကားဆိုလိုက်ပါ၏ ။

“ကဲ . . . ပြောပါဦး တင်ထူးက ဘယ်လို ဖြစ်ပြီး ချီးထွက်ကျတယ်ဆိုတာကို”

* * * * *


အခန်း (၂)

ပြဿနာက ရှင်းရှင်လေး ဖြစ်သည်။ တောင်ပေါ်တွင် ခရိုနီတွေ သစ်ပင်ခုတ်လိုက်သကဲ့သို့ ထင်ရှားပြောင်လင်းနေပါသေး၏ ။

တင်ထူးသည် အတွေးတစ်စရလျှင် ရှေ့ဆက်ပြီး ဖျစ်ညှစ်စဉ်းစားတတ်သူပီပီ အိမ်သာတက်ချင် နေသည့် ကိုယ့်အ ဖြစ်ကိုယ်မေ့ပြီး အိမ်သာအမျိုးအစားအကြောင်းတွေ ကို စဉ်းစားအဖြေရှာမိလိုက်ခြင်း ဖြစ်၏ ။ သို့ သော် ကံအကျိုးပေးနည်းသဖြင့် ဦးနှောက်မှအဖြေမထွက်ဘဲ ဖင်ထဲက အီးထွက် သွားလေသည်။

အ ဖြစ်က ထိုသို့ ရိုးရှင်းညင်သာပါသည်။ သို့ သော်လည်း မိုးနောင်အပေါ်တွင် တော့ ပေါက်ကွဲ ပြင်းထန်လေတော့၏ ။

ဖုန်းလှမ်းဆက်ပြီး အရင်ကောသည်။

“ဟေ့ကောင် . . . မင်း ဦးနှောက်စားခဲ့လို့ ငါ ချီးစား၊ အဲ . . . ချီးထွက်ကျတာကွ၊ အဲဒီ အိမ်သာ အမျိုးအစားတွေ သာ တကယ်မရှိဘဲ မင်းကျပ်ခဲ့တာဆိုရင်တော့ မင်းနဲ့ငါ ဥဒါန်းကြေတာတောင် ကမ္ဘာ မကြေဘူး မိုးနောင်၊ မင်းအဖြေကို ပြောပြဖို့ စဉ်းစားထား . . . ဒါပဲ၊ ငါ ကျောင်းလာတဲ့နေ့ တွေ့ မယ်”

မည် သို့ ပင် ဖြစ်စေ . . .။ မိုးနောင် ကတော့ အေးအေးလူလူပဲ ဖြစ်သည်။ တင်ထူးသည် လူပုံအလယ်ခန်းမထဲတွင် ချီးဗြန်းဗြန်းထွက်ကျခဲ့ပြီး မဟာအရှက်ပန်းပွင့်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် တော် တော် နှင့် ကျောင်းလာတက်မည် မဟုတ်။ လာတော့လည်း ပြဿနာမရှိပါ။ အားပေးဆေး . . . အေးဆေးပါ ဖြစ်သည်။

သို့ နှင့် . . .

တင်ထူးအကြောင်းကို သိရပြီးနောက် ပြန်လည်သန့်ရှင်းနေပြီ ဖြစ်သော စာသင်ခန်းထဲ အရောက်တွင် နေမျိုးကျော်က မပြီးနိုင် မစီးနိုင် မေးနေသေးသည်။ စာသင်ခန်းထဲဆိုတော့ နေမျိုးကျော်အပြင် နောက်ထပ်ကျောင်းသားတွေ လည်း ရှိသည်ပေါ့လေ။

“မိုးနောင် . . . မင်း ငါမေးထားတာကို မဖြေသေးဘူးနော်”

ထိုစကားကြောင့် မိုးနောင် လှုပ်လှုပ်ရှားရှား ဖြစ်သွားရင်း . . .

“ဟေ . . . ဘာလဲ . . . မလေးရှားလေယာဉ် (MH-370) ကိစ္စလား၊ သုံးလပိုင်း ရှစ်ရက်နေ့က မလေးရှားကနေ တရုတ်ကိုသွားဖို့ ထွက်လာတယ်ကွာ၊ ခရီးသည် ၂၂၇ ယောက် နဲ့ လေယာဉ်ဝန်ထမ်း ၁၂ ယောက် ပါတယ်၊ အဲဒီ လေယာဉ် လမ်းခရီးမှာ ပျောက်သွားတာ ခုထိ အစအနတောင် ရှာမတွေ့ သေးဘူး၊ သတင်းထူးကြားရင် မင်းကို ပြောပါ့မယ်”

“အေးပါ . . . မမေ့နဲ့နော်၊ ဟာ . . . ဘာတွေ ပြောနေတာလဲ၊ ငါ မေးနေတာက ခုနက မင်းနဲ့ စကားများ တဲ့ ကောင်မလေးကိုမေးတာ၊ သူနဲ့ဘယ်လိုတွေ ဖြစ်ကြတာလဲလို့”

“သြော် . . . အဲဒါလား၊ သူတို့နဲ့ ဖြစ်တဲ့ကိစ္စက မလေးရှားလေယာဉ်လောက် မကျယ်ပြန့်ပါဘူး၊ ဟိုမယ်လေးနဲ့ ကိုရီးယားက Organization တို့ ဖြစ်တာလောက်လည်း မကြီးဘူး၊ ဒီလိုပဲ အပေါ်ယံ ရှပ်ငြိရုံလေးပါ”

“မင်းကလည်း . . . သေသေချာချာ ရှင်းပြဦးလေ”

“သြော် . . . ကဲ . . .”

ထိုသို့ ရေရွတ်ကာ ဖြစ်ခဲ့သမျှကို ပြောပြရပြန်သည်။ စကားဆုံးတော့မှ နေမျိုးကျော်က သက်ပြင်းချရင်း ခေါင်းတဆတ်ဆတ်ညိတ်သည်။ ပြီးမှ အသံခပ်လေးလေးနှင့် . . .

“သူတို့လေးတွေ ကို ငါသိတယ်ကွ”

“ဟင်”

မိုးနောင် ထိုစကားကိုတော့ အနည်းငယ် စိတ်ဝင်စားသွားသည်။ ကိုယ်ကလည်း နေချို အကြောင်းကို ယခုလို နာမည် ထက်ပို၍ ဆံချည်တစ်မျှင်စာလောက်ပဲ ဖြစ် ဖြစ် သိချင်နေသည်ကိုး။

“သိရင်လည်း ပြောပြစမ်းပါကွာ၊ ငါလည်း သိချင်လို့ပါ”

ဘာ ဖြစ်လို့ သိချင်တာလဲဟု နေမျိုးကျော်က ပြန်မမေးချေ။ ပြောပြရန်ပင် အတော် ကြီးကို ချင့်ချိန်စဉ်းစားနေပုံမျိုးနှင့် အဝေးကို လှမ်းကြည့်ပြီးမှ လေပူတစ်ချက် မှု တ်ထုတ်လိုက်သေးသည်။ ပြီး ပြောလာသော လေသံကလည်း ခပ်လေးလေး။

“အီးတုံးလေးတွေ ပါ မိုးနောင်ရာ”

“ဟာ”

မထင်မှတ်ထားသော စကားကို ကြားလိုက်ရသည်မို့ အံ့သြကြောင်အမ်းကာ နှာခေါင်းပင် ရှုံ့လိုက်မိသည်။

“ဟေ့ကောင် . . . ဘာတွေ ပြောနေတာလဲ၊ ခုတောင် တင်ထူးလုပ်ထားလို့ အနံ့အသက်က ကောင်းသေးတာ မဟုတ်ဘူး”

နေမျိုးကျော်က ခပ်စွေစွေ ပြန်ကြည့်လာပြီး . . .

“ဘာလဲ . . . ငါပြောနေတာက မင်းနဲ့ ဖြစ်တဲ့ကောင်မလေးတွေ လေ၊ အီးတုံးလေးတွေ ဆိုတာ သူတို့ကို ပြောတာ”

“ဖွီ . . . မိုက်ရိုင်းလှချည်လား”

“ဟာ . . . ဘာလို့ မိုက်ရိုင်းမှာ လဲ၊ အဲဒီ ကောင်မလေးတွေ က အီးမေဂျာက ကောင်မလေးတွေ ၊ အဲဒါကြောင့် အီးတုံးလေးတွေ လို့ ခေါ်လိုက်တာ”

“တခြားဥပမာပေးပြီး ခေါ်စမ်းပါကွာ”

မိုးနောင်က ဘောက်ဆတ်ဆတ် ပြန်ပြောလိုက်သည်။ နေမျိုးကျော်က ဆက်၍ . . .

“မင်းနဲ့ ဒဲ့ ဖြစ်တဲ့ ကောင်မလေးနာမည် က နေချိုတဲ့၊ အီးမေဂျာကွင်းမဟုတ်ပေမယ့် သူ့ကို လိုက်တဲ့သူတွေ များ တယ်၊ ဒါပေမဲ့ . . . ကောင်မလေးက စာတတ်တော့ ဘယ်သူမှ လိုက်လို့ မရသေးဘူး၊ ပြီးတော့ နေချိုက ဥာဏ်ကောင်းသလို စွာ လည်း စွာ တယ်ကွ၊ သူတို့အုပ်စုမှာ လည်း ဆရာမ ကြီးပဲ”

“သြော် . . မင်းသိတာ ဒီလောက်ပဲလား”

“အေးလေ”

“ဟို . . . နေချိုရဲ့ ဖုန်းနံပါတ်လေးရော မသိဘူးလား”

“ဟေ့အေး . . . ငါ မစုံစမ်းထားမိဘူး”

မိုးနောင်က ဆတ်ခနဲ ခေါင်းညိတ်လိုက်ရင်း . . .

“ဒါဆိုလည်း . . . ခု စုံစမ်းလိုက်ကွာ”

“အာ . . . ငါက ဘယ်လိုစုံစမ်းရမှာ လဲ”

“မင်းကလည်း (1876) ကို ဆက်လိုက်၊ နေချို့ဖုန်းနံပါတ်လေး သိချင်လို့ဆိုပြီး လှမ်းမေးလိုက်”

“အေး . . . ဟုတ်သားပဲ”

ပြောရင်း နေမျိုးက ဖုန်းထုတ်လိုက်သေးသည်။ ပြီးမှ သတိဝင်လာသလို ဘုကြည့် ကြည့်လာပြီး. . .

“ငါ့လခွီးထဲမှပဲ၊ (1876) ကို လှမ်းမေးလို့ရမလားဟ၊ ဟိုက ဖုန်းထဲကနေ ပါးရိုက်မှာ ပေါ့၊ ဘာကောင်မှန်းကိုမသိဘူး”

မိုးနောင်က တဟားဟားရယ်လိုက်သည်။

ပြီးမှ . . .

“နောက်တာပါကွာ၊ ငါ့ဟာငါ စုံစမ်းလို့ရပါတယ်၊ ခုလောလောဆယ်တော့ တင်ထူးအကြောင်း တွေးပြီး ရယ်ချင်လို့”

“နေစမ်းပါဦးကွ၊ မင်း. . . တင်ထူးကို ပြောလိုက်တဲ့ အိမ်သာအမျိုးအစားတွေ အများ ကြီးပဲ ဆိုတာ တကယ်ပဲလား”

မိုးနောင်က ရ

ုပ်ကို ပြန်တည်လိုက်ပြီး . . .

“တကယ်ပေါ့ကွ၊ ငါတို့ အလွယ်သိနေကြတဲ့ Toilet နဲ့ Latrine မှာ တောင် အဓိပ္ပာယ် ကွဲသေးတယ်၊ Toilet ဆိုတာက ရေဆွဲအိမ်သာကွာ၊ Latrine က တွင်းအိမ်သာကို ခေါ်တာ”

“ဟာ . . . အဲလိုလား၊ ငါတောင် ခုမှသိတယ်”

နေမျိုးကျော်ဘေးမှ ကျောင်းသား တစ်ယောက် က ဝင်ပြောသည်။ နောက်ကျောင်းသား တစ်ယောက် ကလည်း . . .

“ဒါနဲ့ . . . ကျန်တဲ့အိမ်သာတွေ ကိုကျတော့ ဘယ်လိုခေါ်တာတဲ့လဲ”

မိုးနောင်က စဉ်းစားလိုက်ရင်း . . .

“အများ ကြီးပဲကွ၊ ငါသိသလောက်ပြောရရင် Lavatory, Necessary house, Barthroom, Cloakroom, Outhouse, Powder room, Public convenience, Sewer, Water close, Privy, Wash room, Loo, Garderobe, Earth Closet, Netty နဲ့ Smallest room တို့ဟာ အိမ်သာလို့ သတ်မှတ်လို့ရတဲ့ အခေါ်အဝေါ်တွေ ပဲ၊ ဒါပေမဲ့ . . . တင်ထူးရဲ့ အိမ်သာ ကတော့ Class ဖြစ်သွားပြီပေါ့ကွာ”

နားထောင်နေကြသော ကျောင်းသားတွေ တအုံးအုံးရယ်ကုန်ြ ကတော့၏ ။ မိုးနောင်ပါ လိုက်ရယ်နေသဖြင့် နေမျိုးကျော်က မဲ့ကာရွဲ့ကာ ကြည့်လာပြီး . . .

“အေး အေး . . . မိုးနောင် မင်းရယ်နေ၊ ဟိုကောင်တင်ထူး ကတော့ မင်းနဲ့အပြတ်စာရင်း ရှင်းမှာ နော်၊ အဲကောင် အတော် တင်းနေတာ”

မိုးနောင်က ဟန်ပါပါပခုံးတွန့်ပြလိုက်သည်။ ပြီး အရယ်ပင် မရပ်ဘဲ ပြန်ပြောလိုက်လေ၏ ။

“အေး . . . ငါက သူ့ထက်တောင် ပြတ်သေးတယ်၊ မင်း အဲ့ကောင်ကို ပြောလိုက်၊ ဒီလောက် ပြတ်ချင်ရင် သူသေရင်လည်း ငါ မလာဘူး၊ ငါ ပဉ္စင်းတက်လည်း ဒင်း မလာခဲ့နဲ့လို့”

“ဟေ”

* * * * *


“တောက် ! တွေးလေ စိတ်တိုလေပဲ”

ကင်တင်းတစ်ခုမှ နောက်ကင်တင်းတစ်ခုသို့ ပြောင်းရွှေ့လာအပြီးတွင် အေးအေးခိုင်က ဆောင့်ကာထိုင်ချလိုက်ရင်း စူပွပွ ရေရွတ်လိုက်ခြင်း ဖြစ်၏ ။

မေဇော်ကလည်း အလိုတူအလိုပါ သံယောင်လိုက်၍ . . .

“ဟုတ်ပ . . . ဘာကောင်မှန်းကိုမသိဘူး၊ စကားပြောပုံကိုက အကြောကြီးနဲ့”

ထိုစဉ် အေးအေးခိုင်၏ ဖုန်းမှ ‘ကလုံ’ ဆိုသည့် Viber message ဝင်သံ ထွက်ပေါ်လာပြန်သဖြင့် နေချိုက မေးငေါ့၍ . . .

“အေးခိုင် . . . နင့်ဟာကိုလုပ်ဦး၊ ဝင်နေပြန်ပြီ”

ရုတ်ချည်းဆိုသလို အေးအေးခိုင်အမူအရာက မျက်ကလူးဆန်ပျာ ဖြစ်ကာ ထခုန်မိမလိုပင် ဖြစ်သွားပြီး . . .

“ဟဲ့ . . . ဘာဝင်နေတာလဲ”

နေချိုက မျက်စောင်းထိုးလိုက်ရင်း . . .

“ဘာဝင်ရမှာ လဲ၊ နင့်မှာ က ဝင်စရာ ကလုံ . . . ကလုံဆိုတဲ့ Viber message ပဲ ရှိတာလေ၊ အဲဒါကို ပြောတာ”

အေးအေးခိုင်က ချက်ချင်း ဆိုသလို ဖုန်းကို ပါဝါပိတ်ချလိုက်ပြီး

“အဲဒါက အရေး မကြီးပါဘူး နေချိုရာ၊ ဒါနဲ့ နေစမ်းပါဦးဟ . . . ခုနကပဲ နင် ဟိုကောင်ကို ဒေါနဲ့မောနဲ့ ပြောခဲ့တာ၊ ခုကျတော့ ဘာမှမ ဖြစ်တော့ပါလား”

အေးအေးခိုင်က စိတ်တိုနေသေးသည့်လေသံနှင့် မေးလိုက်သော်လည်း နေချိုက အေးအေး လူလူမျက်နှာထားနှင့် ပင် . . .

“ ဖြစ်တော့ ဖြစ်တယ်လေ၊ လောလောဆယ်တော့ အဲကိစ္စကို ထားခဲ့ပြီ”

စကားအဆုံးမှာ မေဇော်က မျက်နှာမဲ့လိုက်ရင်း . . .

“နေချိုရယ် . . . နင် ခုလို စိတ်မတိုဘဲနေနိုင်တာ အံ့ပါရဲ့ ၊ ငါသာ နင့်နေရာမှာ ဆိုရင် အသားတွေ တဆတ်ဆတ်တုန်နေဦးမှာ ”

နေချိုက ဝင့်ခနဲ တစ်ချက်ပြုံးသည်။ ပြီးမှ . . .

“နင်တို့နှစ် ယောက် ကို ငါ ပုံပြင်တစ်ပုဒ်ပြောပြမယ် နားထောင်”

လက်ရှိ ဖြစ်နေသော ကိစ္စနှင့် မဆိုင်သော ကြောင့် နှစ် ယောက် စလုံး အူတီးအူကြောင် ဖြစ်သွား ကြသည်။ သို့ သော်လည်း နေချိုက မလိုအပ်ဘဲ ပြောမည် မဟုတ်ဟု တွေးကာ ငြိမ်လျက် နားထောင် နေလိုက်၏ ။

“တစ်ခါတုန်းကပေါ့ဟာ ဇင်ဘုန်းတော် ကြီးနှစ် ပါးဟာ ရွှံနွံထူထပ်တဲ့လမ်းကိုဖြတ်ပြီး ခရီး သွားကြတယ်၊ မိုးကလည်း သဲသဲမဲမဲ ရွာနေတဲ့အချိန်ပေါ့၊ အဲဒီ လိုသွားရင်းနဲ့ လမ်းကွေ့တစ်ခု အရောက်မှာ ချစ်စဖွယ်ကောင်မလေး တစ်ယောက် က ပိတ်ပြီး ရပ်နေသလို ဖြစ်နေလို့ သူတို့နှစ် ယောက် ဟာ ဆက်သွားလို့မရတော့ဘူး၊ ကောင်မလေးက ရွှံနွံတွေ ကို ဖြတ်ပြီး မသွားရဲဘူး ဖြစ်နေတာပေါ့ဟာ၊ အဲဒီ အချိန်မှာ ပဲ ဇင်ဘုန်းကြီးတစ်ပါးက ကောင်မလေးကို ဆတ်ခနဲပွေ့ချီလိုက်ပြီး ရွှံနွံတွေ မရှိတဲ့ နေရာရောက်မှ ပြန်ချပေးလိုက်တယ်”

သူပြောသည့်စကားကို စိတ်ဝင်စားရဲ့ လားဆိုပြီး နေချိုက တစ်ချက် အကဲခတ် လိုက်သေးသည်။ နှစ် ယောက် စလုံး နားစိုက်ထောင်နေကြသည့် အမူအရာကိုတွေ့ မှ . . .

“အဲဒီ လိုနဲ့ ဘုန်းတော် ကြီးနှစ် ပါးဟာ ဘုရားကျောင်းရောက်သွားတယ်ဆိုပါတော့၊ ဒါပေမဲ့ ကောင်မလေးကို ပွေ့ချီပြီးပို့ခဲ့တဲ့ ဘုန်းကြီးကို နောက်ဘုန်းကြီးတစ်ပါးက အရမ်းမေးချင်နေတယ်၊ ဒီလိုနဲ့ တစ်ညလုံး မေးချင်စိတ်ကို မျိုသိပ်ထားခဲ့ပေမယ့် မအောင့်နိုင်တော့တဲ့ မနက်ရောက်တော့ မေးလိုက်တော့တယ်”

“ဘာမေးလိုက်တာလဲ”

“ကျုပ်တို့လို ဘုန်းကြီးတွေ ဟာ မိန်းကလေးတွေ အနားကို မကပ်ရဘူးမလား၊ ဒါဟာ အန္တရာယ် အရမ်းများ တယ်၊ ကိုယ်တော် က ဘာ ဖြစ်လို့ အဲဒီ ကောင်မလေးကို သယ်ပြီးချီပိုးခဲ့တာလဲတဲ့”

“အဲဒီ တော့”

“ပထမဘုန်းကြီး ပြန်ဖြေတယ်၊ တပည့်တော် အဲဒီ ကောင်မလေးကို အဲဒီ နေရာမှာ ပဲ ထားခဲ့ ပြီးပြီ၊ အရှင်က အဲဒီ ကောင်မလေးကို ခုထိ သယ်ထားတုန်းပဲလားတဲ့၊ ပုံပြင်လေး ကတော့ ဒါပဲ”

စကားအဆုံးမှာ နှစ် ယောက် စလုံး ငြိမ်သက်သွားကြသည်။ မေဇော်က အရင်သဘော ပေါက်သလို ပြုံးတုံ့တုံ့လုပ်လိုက်ရင်း . . .

“နေချို . . . နင်ဆိုလိုချင်တာက အဲဒီ ပုံပြင်လိုပဲ၊ ခု ငါတို့ ဖြစ်ခဲ့တဲ့ ကိစ္စအပေါ်မှာ ငါတို့က ခုထိ သယ်လာသေးတယ်၊ နင် ကတော့ အဲဒီ နေရာမှာ ထားခဲ့ပြီပေါ့ . . . ဟုတ်လား”

အေးအေးခိုင်ကပါ ထောက်ခံချက်ယူလိုဟန်ဖြင့် မေးဆတ်ကာပြသည်။

နေချိုက ခေါင်းညိတ်လိုက်ပြီး . . .

“အေး . . . လောလောဆယ် ထားခဲ့လိုက်ပြီလေ၊ အဲဒါမှ . . . ခုလို စားဖို့သောက်ဖို့နဲ့ တစ်ရက်တာ ဖြတ်သန်းမှု ကို ကောင်းကောင်းလုပ်လို့ရမှာ ပေါ့၊ တစ်ရက်လုံး ဒေါသတွေ တနုံ့နုံ့ထွက်နေရင် ကိုယ်ပဲ ပူလောင်မယ်လေ၊ အဲ. . . တစ်ခုတော့ရှိတယ်၊ ငါ အဲဒီ ကိစ္စအပေါ် လုံးဝ အပြီးသတ်မေ့လိုက်တာမျိုးတော့ မဟုတ်ဘူး”

“အင်း . . . နင်ပြောတာလည်း ဟုတ်သားပဲ၊ ငါတောင် စိတ်တိုပြီး ဖုန်းပိတ်လိုက်မိတယ်”

ပြောရင်းဆိုရင်း အေးအေးခိုင်က သူ့ဖုန်းကို ပါဝါပြန်ဖွင့်လိုက်သည်။ ဖုန်းပွင့်သွားသည်နှင့် အင်တာနက်လိုင်းအမြဲ (ကျောင်းချိန်အတွင်း) ဖွင့်ထားသော ဖုန်းဆီမှ ကလုံ၊ ကလုံဆိုသည့်အသံတွေ ပြန်ထွက်ပေါ်လာပြန်၏ ။ မေဇော်က အေးအေးခိုင်ကို မျက်စောင်းအရင်ထိုးလိုက်ပြီးမှ . . .

“ပုံပြင်လေးက ကောင်းသားပဲဟ၊ ပူလောင်မှု ကို စိတ်ထဲမှာ ကြာရှည်လက်ခံမထားဖို့နဲ့ လုပ်သင့်တဲ့အလုပ်ကို တွေ ဝေမနေဘဲ ရိုးရိုးရှင်းရှင်း မလုပ်ဖို့ ပြောသွားတာပဲ”

“ဟုတ်တယ်၊ အဲဒါက ဇင်ပုံပြင်လေးတစ်ပုဒ်ပါ၊ ဇင်ပုံပြင်တွေ ထဲမှာ ယူတတ်ရင် ကိုယ့်အတွက် ဘဝအသိရစရာတွေ အများ ကြီးပဲဟ”

မေဇော်နှင့် အေးအေးခိုင်တို့ ကိုယ်စီခေါင်းညိတ်လိုက်လေသည်။ နေချိုက ကျောင်းစာအပြင် တခြားဗဟုသုတရစေမည့်  စာတွေ လည်း ဖတ်သူမို့ ကိစ္စတစ်ခုကြုံလျှင် ထိုသို့ စဉ်းစားတွေးခေါ် တတ်လေ့ရှိသည်။ ဒါကြောင့် လည်း သူတို့အုပ်စုထဲတွင် ဆရာမ ကြီးဘွဲ့ကို မပေးဘဲ ရထားခြင်း ဖြစ်၏ ။ သို့ သော် . . . ခေတ်မိန်းကလေးဆိုတော့လည်း ခေတ်မိန်းကလေးအမူအကျင့်တွေ က ရှိသည်ပေါ့လေ။

သို့ နှင့် ဒီဘက်ကင်တင်းရောက်တော့လည်း နေချိုကပဲ ဆရာမ ကြီးလုပ်ကာ စားစရာတွေ ကို အရင်မှာ လိုက်သည်။ ဒီတစ်ခါတော့ စားပွဲဝိုင်းမှာ ကိုယ်တွေ ချည်းပဲမို့ ပြဿနာတက်စရာလည်း အကြောင်းမရှိချေ။

စားနေသောက်နေကြရင်း ဘာရယ်မဟုတ် ပတ်ဝန်းကျင်ကို ဝေ့ကြည့်ရင်း နေချို့မျက်နှာက တည်သွားသည်။ ပြီး ဆက်မစားနိုင်ဘဲ ထိုနေရာကို စူးစိုက်ကာ ကြည့်နေသဖြင့် မေဇော်က သတိထားမိသွားသည်။

“နေချို . . . ဘာတွေ ကြည့်နေတာလဲ”

နေချိုက . . .

“ဟဲ့ . . . နင်တို့ ဟိုတစ်ဝိုင်းကျော်မှာ ထိုင်နေတဲ့ တစ်ယောက် ကို သိလား၊ မသိမသာ ကြည့်နော်”

နှစ် ယောက် စလုံး မသိမသာပင် သိသိသာသာကြည့်လိုက်ကြသည်။ ကိုယ်တွေ နှင့် အသက် မတိမ်းမယိမ်းလောက် လူ တစ်ယောက် ကိုသာ တွေ့ ရပြီး ဘာမှမထူးခြားသဖြင့် . . .

“တွေ့ တယ်လေ . . . အဲဒီ တစ်ယောက် က ဘာ ဖြစ်လို့လဲ”

နေချိုက ခေါင်းခါလျက် . . .

“မ ဖြစ်ပါဘူး . . . သိလားလို့ မေးကြည့်တာ”

အေးအေးခိုင်က . . .

“ဘယ်သိမှာ လဲဟ၊ ကျောင်းမှာ က ကျောင်းသားတွေ အများ ကြီးရှိတာကို၊ ကျောင်းသား တစ်ယောက် ယောက် ပဲ ဖြစ်မှာ ပေါ့”

အဖြေက အတော် ပင် တိကျသေချာလွန်းလှသဖြင့် နေချိုပင် စိတ်လက်ကုန်ခန်းသွားရသည်။

မေဇော်ကလည်း . . .

“ငါလည်း ခုမှမြင်ဖူးတာလေ၊ အဲဒီ တစ်ယောက် က ဘာ ဖြစ်လို့လဲ နေချို”

နေချိုက ထိုလူကို တစ်ချက် ခပ်စူးစူးကြည့်လိုက်ပြီးမှ အကြည့်ကို လွှဲလိုက်ရင်း ခေါင်းခါကာ . .

“ဟင့်အင်း . . . ဘာမှမ ဖြစ်ပါဘူး၊ ငါ့စိတ်ထဲ တစ်နေရာရာမှာ မြင်ဖူးနေတယ် ထင်လို့ပါ”

“အယ် . . . ဒါများ ၊ အဲလိုတော့ ငါတို့လည်း မြင်ဖူးတာပဲ၊ စားမှာ သာ စားစမ်းပါဟာ”

နေချို ဘာမှပြန်ပြောမနေတော့ဘဲ စားစရာရှိတာတွေ ကို ဆက်စားလိုက်သည်။ စားရင်းပင် စိတ်ထဲက စဉ်းစားနေမိသေး၏ ။ စဉ်းစားရင်း၊ စားရင်း၊ စားရင်း၊ စဉ်းစားရင်း ထိုအမှု ကို တပြိုင်နက်တည်းလို ပြုလုပ်နေမိရင်းက ခေါင်းထဲမှာ ဖျတ်ခနဲ လင်းပွင့်သွားသဖြင့် ခုနကလူဆီ သေချာအောင် ပြန်ကြည့်လိုက်သည်။

သို့ သော် . . .

ထို တစ်ယောက် က ထိုင်နေခဲ့သော နေရာတွင် မရှိတော့ . . .။

* * * * *




ဝန်ဇင်းချစ်သူများ မိုးစက်ဝိုင် ၏ “ ချစ်သော ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


လေဒီစာအုပ်ကြီး

ရင်စည်းမခြားကျောင်းတော်

VIRGIN အပျိုစင်