“နာမည် ဘယ်လိုခေါ်လဲ”
“မောင်ပုလဲသီးပါ”
“ဟင် နာမည်ကြီးက ဘယ်လိုကြီးလဲ”
“အဲဒီ နာမည်က ကျွန်တော့်ကို လူတော်တော်များများ ခေါ်တဲ့ နာမည်ပါ”
“ဩော်…..ဒါဆို နာမည်အရင်း ရှိသေးတယ်ပေါ့”
“ရှိပါသေးတယ်”
“ဒါဆို ဘယ်လိုခေါ်တုန်း”
ချာလီချက်ပလင်”
“ဟင်…..အဲ့ဒါက နာမည်အရင်းလား”
“အင်း…..ဟုတ်ပါတယ်၊ ကျွန်တော့်ကို မမွေးခင် အမေက ချာလီချက်ပလင်ကား ကြည့်နေတာတဲ့၊ ကြည့်ပြီးပြီးချင်း မွေးရောတဲ့၊ အဲဒါကြောင့် အဲ့ဒီနာမည်ပေးတာလို့ ပြောတာပဲ”
“အေး…အေး…၊ ထားပါတော့ကွာ၊ မောင်ပုလဲသီးဆိုတဲ့ နာမည်ကရော ဘယ်လိုရလာတာလဲ”
“ဩော်…ဒါလား၊ ကျောင်းစစတက်တုန်းက ကျွန်တော့မှာ ပုလဲလက်စွပ်တစ်ကွင်းရှိ တယ်။ သာမန်ထက် နည်းနည်းကြီးတဲ့ ပုလဲပေါ့ဗျာ။ အမေက ယတြာဆိုပြီး ပေးထားတာ၊ အဲ့ဒါနဲ့ စကားပြောတော့ လက်မှာ အဲ့ဒီပုလဲကြီးက တဝင်းဝင်းတသီးသီးဖြစ်နေတာပေါ့၊ ဒါနဲ့ အမြင်ကတ်တဲ့ တစ်ယောက်က ပုလဲသီး စခေါ်တာနဲ့ နာမည်တွင်သွားတာပဲဗျ”
သူတို့နှစ်ယောက် ကင်တင်းမှာ ထိုင်စကားပြောနေကြခြင်းဖြစ်သည်။ စကားလာပြော သော အစ်ကိုကြီးကိုလည်း ပုလဲသီးမသိပါဘူး။
သူဘာသာသူ တစ်ယောက်တည်းထိုင်နေတုန်း ညီလေးရေ ခဏထိုင်ပါရစေကွာဆိုပြီး ဝင်ထိုင်နေတာဖြစ်သည်။
ထို့နောက်မှ သူကစကားစလာလို့ ပုလဲသီးက ပြန်ပြောနေခြင်းဖြစ်သည်။
“အခု မင်းတစ်ယောက်တည်းလား”
“သူငယ်ချင်းတွေနဲ့ ချိန်းထားတုန်း ဗိုက်ဆာတာနဲ့ ခဏဝင်စားနေတာ”
ပြောမယ်သာပြောရသော်လည်း ပုလဲသီးလည်း အူကြောင်ကြောင်ဖြစ်နေသည်။ ကိုယ်နဲ့မသိတဲ့လူကို စကားပြောနေရသောကြောင့် ဖြစ်သည်။
ထို့နောက် ထိုလူကြီးမှာ စကားစပြတ်သွားပြန်သည်။
လူကြီးလို့ ပြောရသော်လည်း သိပ်အသက်မကြီးသေးပါ။ လူလတ်ပိုင်းအရွယ်လောက် သာ ရှိသေးသည်။
ပုလဲသီးမှာ စားလက်စမုန့်ကို ချထားလိုက်ပြီး သူ့ကိုကြည့်လိုက်၏ ။ ထိုလူ၏ မျက်နှာမှာ ပြောသင့်မပြောသင့် ချိန်နေပုံရသည်။
“အစ်ကိုကြီး ဘာပြောမလို့လဲ”
သူပြောလိုက်သောကြောင့် ရှက်ကိုးရှက်ကန်းပုံပေါက်သွားပြီး
“အို…..ဘာမှထွေထွေထူးထူးတော့ မဟုတ်ပါဘူး၊ ဟိုလေကွာ ငါ့ညီမဖြစ်တဲ့ မင်းရဲ့ ချစ်သူကို မင်းကစိတ်ဆိုးနေတယ်ဆိုလို့၊ အဲဒါစိတ်မဆိုးပါနဲ့လို့ သူက မင်း…မင်းကို တကယ် ချစ်တာပါ၊ ပြန်…… ပြန်ခေါ်လိုက်ပါကွာ”
“ဗျာ”
ပုလဲသီး အံ့ဩတကြီးရှိနေတုန်း ထိုသူမှာ ကင်တင်းထဲမှ ရှက်ကိုးရှက်ကန်းနဲ့ အလျင် အမြန်ထွက်သွားလေသည်။
ပုလဲသီးမှာ လည်း အူတူတူနဲ့ ကျန်ရစ်ခဲ့သည်။
“ညီလေး ခဏထိုင်မယ်နော်”
မော့ကြည့်လိုက်သည်။ ခုနကလူနှင့် အသက်မတိမ်းမယိမ်း လူတစ်ယောက်ကို တွေ့လိုက်ရသည်။
သူ ခေါင်းညိတ်ပြလိုက်၏ ။
“ညီလေးက ပုလဲသီးနော်”
“ဟုတ်….ဟုတ်ပါတယ်”
စားနေသောမုန့်ပင် နင်သွားသည်။
စောစောကလူနှင့် ရုပ်ချင်းဆင်သလိုလိုတော့ ရှိသည်။
“ပွင့်ပွင့်လင်းလင်းပြောမယ်ကွာ”
“ဗျာ…ဘာကိုလဲ”
“ညီလေးနဲ့ ကိုယ့်ရဲ့ ညီမနဲ့ စိတ်ကောက်နေကြတယ်ဆိုတယ်ဆို၊ အဲ့ဒါသူ့မှာ တော်တော်လေး ခံစားနေရတယ်ကွ၊ မှားတာကသူဆိုတော့ အစ်ကိုပဲ သူ့အစားတောင်းပန်ပါ တယ်ကွာ”
“ဟင်….လာပြန်ပြီ၊ အစ်ကို့ညီမက ဘယ်သူလဲ၊ ကျွန်တော့်မှာ ရည်းစားလည်း မရှိပါဘူး”
“ဩော်…ညီလေးက အဲ့ဒီလောက်ထိ ရက်စက်တော့မလို့ကိုး၊ အေးလေ ကိုယ့်ညီမက မှားထား တယ်ဆိုတော့ သူ့အစား တောင်းပန်ပါရစေ”
“အာ..မှားနေပြီထင်တယ်”
နင်နေသောမုန့်ကို အအေးနှင့် အလျင်စလို မျောချလိုက်ရသည်။
ဘယ်လိုကြီးလဲဟ၊ သူတို့ဟာက…..
“ပြောရမှာ တော့ ရှက်ပါတယ်၊ ညီမအစား အစ်ကိုက လာတောင်းပန်ရတယ်လို့၊ သူက ညီလေးကို မတွေ့ရဲဘူး ဖြစ်နေတယ်”
နာမည်ချင်းဆင်တာဖြစ်ဖြစ်၊ လူမှားတာဖြစ်ဖြစ် တစ်ခုခုတော့ တစ်ခုခုပဲဟု တွေးလိုက်မိသည်။
“တစ်ခုမေးပါရစေ”
“မေးပါ ညီလေး၊ တစ်ခုမဟုတ်ပါဘူး၊ အကုန်ဖြေပါ့မယ်”
“အစ်ကို့ညီမလေးရဲ့ ရည်းစားကို တွေ့ဖူးလား”
“တွေ့တော့ ဘယ်တွေ့ဖူးမလဲ၊ သူကပြောလိုက်တယ် သမီးချစ်သူက ဓာတုဗေဒ ဒုတိယနှစ် တက်နေတယ်၊ လူခေါ်များ တဲ့နာမည်က ပုလဲသီး၊ အိမ်မှာ ခေါ်တာက ချာလီချက် ပလင်၊ ကျောင်းရဲ့ တရားဝင်မှတ်ပုံတင်နာမည်က ထွဋ်မြတ်တဲ့”
“ဗုဒ္ဓေါ”
“ပြီးတော့….ဒီကျောင်းမှာ တွေ့တဲ့လူတိုင်းမေးတော့ မင်းကို လက်ညိုးထိုးပြကြတယ် လေ၊ ကဲ..တွေ့ဖူးဖို့ လိုသေးလို့လား”
ပိုင်ပိုင်နိုင်နိုင်ကြီးပြောလိုက်၍ ပုလဲသီးမှာ တွေဝေသွားသည်။
သူစဉ်းစားနေတုန်းမှာ ပဲ ထိုအစ်ကိုကြီးက မတ်တပ်ရပ်လိုက်ပြီး-
“အဲ့ဒါ ပြန်စဉ်းစားပေးပါဦးညီလေး၊ ပြောစရာရှိရင် အစ်ကို့ဆီ အရင်ဖုန်းဆက်၊ ညီမလေးကို ပြောပြပေးမယ်”
ဟုဆိုပြီး ကတ်လေးတစ်ကတ် ထုတ်ပေးသည်။
ထို့နောက် ကင်တင်းထဲမှ ထွက်မလိုဟန်ပြင်စဉ်-
“ခဏလေး အစ်ကို”
“ဩော်…အေးပြောလေ”
“ဟို….အစ်ကို့ညီမနာမည် ဘယ်လိုခေါ်လဲ”
ထိုလူမှာ မျက်မှော င်ကျုတ်လိုက်သည်။
ထို့နောက်မှ တစ်ခုခုကို တွေးမိသွားပုံပေါက်ပြီး-
“မင်းက နာမည်မေ့လိုက်တဲ့အထိ စိတ်ဆိုးနေတာကိုး” ဟု ဆိုပြီးပြောသည်။
“ငါ့ညီမနာမည်က အိချိုမိုးမြင့်”
“ဩော်….”
သူ့အသိထဲမှာ ထိုနာမည်မျိုးမရှိပါ။ ရည်းစားဆိုတာတော့ ဝေလာဝေးပင်။
“ငါသွားတော့မယ်”
“နေပါဦး၊ နောက်ဆုံးတစ်ခုလောက် မေးချင်လို့”
“အေး ရပါတယ် မေးလေ”
“အစ်ကိုတို့မှာ မောင်နှမ ဘယ်နှယောက်တောင် ရှိတာလဲဟင်”
“ဩော်…ဒါလား၊ ငါတို့က မောင်နှမ လေးယောက်ရှိတာလေ၊ ငါက အကြီး၊ ငါ့အောက် မှာ ညီနှစ်ယောက်နဲ့ ညီမတစ်ယောက် ရှိတယ်။ ငါတို့က ငါတို့ညီမလေးကို သိပ်ချစ်တာ၊ ညီလေး ပြန်စဉ်းစားပါဦးကွာ နော်”
ဟုဆိုပြီး ကင်တင်းထဲမှ ထွက်သွားလေသည်။
ခဏအကြာတွင် သူထိုင်နေသည့်နေရာသို့ လူတစ်ယောက် လှမ်းလာတာ တွေ့လိုက်ရ သည်။
“အင်း…ငါထင်တဲ့အတိုင်းပဲ၊ သူကတော့ ညီအစ်ကိုတွေထဲမှာ အငယ်ဆုံးဖြစ်မယ်ထင် တယ်”
“အစ်ကိုလာ….ဒီမှာ ထိုင်”
သူကပင် ဦးဆောင်ခေါ်လိုက်သည်။
ထိုသူက တွေဝေသွားပုံရပြီး
“မင်းက ငါလာမှာ တောင် သိနေတယ်ပေါ့”
“အင်း ..စောစောက အစ်ကိုကြီးနှစ်ယောက် လာသွားသေးတယ်လေ”
“ထက်ခေါင်နဲ့ လင်းဦးထင်တယ်”
“ဟုတ်….ဟုတ်တယ်”
“ဒါဆို သူတို့လည်း ပြောသင့်သလောက် ပြောပြီးပြီဆိုတော့ ငါလည်း တိုတိုပဲ ပြော တော့မယ်ကွာ”
“ဟုတ်……ဟုတ်”
မဟုတ်သော်လည်း လိုက်ဟုတ်ရသည်။
“ငါ့ညီမမှာ အရင်တုန်းက ရည်းစားရှိမှန်းမသိဘူးကွ”
“ဟုတ်ကဲ့”
“ပြီးခဲ့တဲ့ တစ်ပတ်လောက်ကမှ ငါတို့အမေနဲ့ အဖေက ညီမလေးကို အိမ်ထောင်ချ ပေးဖို့ လုပ်တယ်။ အဲ့ဒီမှာ နောက်တစ်နေ့ မနက်စောစောလည်းရောက်ရော သူ့မှာ ရည်းစား ရှိတယ်ဆိုပြီး ငါတို့ကို ပြောပါလေရော။ ပြီးတော့ သူ့ရည်းစားနဲ့က ရန်ဖြစ်ပြီး ကွဲနေတာ တစ်လလောက်ရှိပြီတဲ့၊ ရန်ဖြစ်တဲ့ကိစ္စကလည်း သူမှားတာဆိုပြီး ငါတို့ကို ငိုပြောရောကွ၊ ငါတို့ကလည်း ညီမလေးတစ်ယောက်တည်းဆိုတော့ သိပ်ချစ်တယ်ကွ၊ ပြီးတော့ ငါတို့ညီ အစ်ကိုသုံးယောက်က ကိုယ့်စီးပွားရေးနဲ့ ကိုယ်လူပျိုကြီးတွေဆိုတော့ အဖေနဲ့အမေနဲ့လည်း သိပ်အစေးမကပ်ဘူးကွ၊ အခုဟာက ငါ့ညီမလေးဘက်က ရပ်တည်ဖို့ ဆုံးဖြတ်လိုက်တာ”
တော်တော်ရှုပ်တဲ့ ဇာတ်လမ်းပင်၊ ပိုဆိုးတာကာ သူ့ရဲ့ ရည်းစားမဟုတ်ပါဘဲနှင့် ရည်းစား၊ ရည်းစားဟု အပြောခံရတာ က ပိုဆိုးသည်။
“အဲ့ဒါ မင်းစဉ်းစားပါဦးကွာ၊ ရော့…ဒီမှာ ငါ့ကတ်၊ မင်းစဉ်းစားလို့ရရင် ဖုန်းဆက်လိုက်”
ဒီတစ်ယောက်လည်း ပြောပြောဆိုဆိုနှင့် ထွက်သွားပြန်သည်။
ကတ်ကနာမည်ကို ကြည့်လိုက်တော့ ကျော်ထင်ဟု တွေ့ရသည်။ ထက်ခေါင်၊ လင်းဦး နဲ့ ကျော်ထင်တို့က သူ့ညီမကို တော်တော်ချစ်ပုံရသည်။
သူကလည်း သူတို့ညီမဖြစ်သည့် အိချိုမိုးမြင့်ဆိုတာကို သိလည်းမသိပေ။ ထိုလူသုံး ယောက် က သူ့ကို လာလိမ်နေတာလား။
ဒါလည်း မဖြစ်နိုင် သူတို့ပုံစံတွေက ရိုးသားပြီးပွင့်ပွင့်လင်းလင်းရှိတဲ့ပုံစံတွေဖြစ်သည်။
ထို့နောက် ခေါင်းရှုပ်သွားပြီး-
“ရှင်းမယ်ဟေ့”
ဟုဆိုပြီး စားပွဲထိုးကို လှမ်းခေါ်ကာ သူ့သူငယ်ချင်းများ နှင့် ချိန်းထားရာနေရာသို့ သွားရန်ပြင်လိုက်သည်။
“ရှင်းပြီးသွားပြီအစ်ကို၊ ဒါက ပိုနေတဲ့ပိုက်ဆံတွေ”
“အာ…ငါဘယ်မှာ ရှင်းပြီးလို့လဲ”
“ခုနက အစ်ကိုနဲ့စကားပြောတဲ့လူသုံးယောက်လေ၊ သူတို့က အစ်ကိုစားထားသမျှတွေ ကို တစ်ယောက်ပြီးတစ်ယောက် ရှင်းသွားကြတာ၊ ဒီမှာ ပိုနေတဲ့ပိုက်ဆံတွေ”
“ဟူး”
ပုလဲသီးလည်း လေပူမှု တ်ထုတ်လိုက်ပြး ခေါင်းကုတ်လိုက်သည်။
“ပုလဲသီး……ပုလဲသီး”
ခေါ်သံကြောင့် လှည့်ကြည့်လိုက်ရာ သူ့သူငယ်ချင်းနှစ်ယောက်ကို တွေ့ရသည်။
“ငါ မင်းတို့ကို ရှာနေတာ”
“ငါတို့လည်း မင်းကိုရှာနေတာပဲ”
တင်မောင်က မျက်မှော င်ကျုတ်ပြီး ပြောသောကြောင့် နောက်တစ်ယောက်ဖြစ်တဲ့ ဆန်းမင်းဝင်းကလည်း
“ဟုတ်တယ် ငါတို့ မင်းကိုရှာနေတာ”
ဟုဒေါသသံထွက်ကာ ဝင်ပြောသည်။
ပုလဲသီးလည်း တအံ့တဩဖြစ်သွားပြီး
“နေပါဦး၊ ငါတို့ချိန်းထားတာပဲ၊ ငါလာမှာ ပေါ့၊ မင်းတို့က ဘာဖြစ်လို့ဒီလောက်လောကြီး ပြီး လိုက်ရှာနေရတာ လဲ၊ ဇာတ်မင်းသားတွေရဲ့ ”
ပုလဲသီးက သူတို့နှစ်ယောက်ကို ဇာတ်မင်းသားတွေလို့ တစ်ခါတစ်ခါ ခေါ်လေ့ရှိသည်။
သူတို့နှစ်ယောက် နာမည်နှစ်ခုကို ပေါင်းလိုက်ရင် ဇာတ်မင်းသားနာမည်ဖြစ်သော ကြောင့် ဖြစ်သည်။
“မင်း လျှို့ဝှက်ထားတဲ့ကိစ္စကို ငါတို့က မကျေနပ်လို့ ချက်ချင်းရှင်းရအောင် လိုက်ရှာ နေတာပဲ”
တင်မောင်က ဟိုဘက်လှည့်သွားသည်။
ဆန်းမင်းဝင်းက “ကဲ ဘယ်လိုလဲကိုယ့်လူ” ဆိုတဲ့ပုံစံနဲ့ ကြည့်နေသည်။
“မင်းတို့နဲ့ ငါနဲ့ ပေါင်းလာတာကြာပြီပဲကွာ၊ ငါ့မှာ ဘာလျှို့ဝှက်ထားတာရှိလို့လဲ၊ ငါ ဘာမှ မလျှို့ဝှက်ထားပါဘူး၊ ကဲ….ကဲ ငါလျှို့ဝှက်ထားတယ်ဆိုတဲ့ ကိစ္စကို ပြောပါဦး”
တင်မောင်က ပုလဲသီးကို သေချာကြည့်သည်။
“မင်း ရည်းစားရနေပြီဆိုတဲ့ ကိစ္စလေ”
“ဘာ ငါက ရည်းစားရနေပြီဟုတ်လား၊ မဟုတ်တာကွာ၊ ရည်းစားရှိရင် ငါ့သူငယ်ချင်း ဖြစ်တဲ့ မင်းတို့က အရင်သိရမှာ ပေါ့”
ဆန်းမင်းဝင်းက မျက်မှော င်ကျုတ်ထားရင်း-
“ငါတို့က အခုလေးတင် ကိုယ်တွေ့ကြုံလာတာကွ”
“ကိုယ်တွေ့ ဟုတ်လား”
“ဟုတ်တယ်၊ ခုနက မင်းကောင်မလေးက ငါတို့ကို လာတွေ့တယ်၊ သူနဲ့မင်းနဲ့ စိတ်ကောက်နေတာ တစ်လရှိပြီတဲ့၊ မှားတာက သူ့ဘက်က မှားတာပါတဲ့၊ အဲ့ဒါ ကူပြောပေး ပါဦးဆိုပြီး ငါတို့ဆီလာသွားတယ်”
“ဟင် မင်းတို့ဆီကိုလာသွားတယ်”
ပုလဲသီးကတော့ မျက်ခုံးကို ပင့်တင်ရင်း ပင့်တင်ရင်းနဲ့ တအံ့တဩ ဖြစ်နေရသည်။
“သူက ငါတို့ကို သိနေတယ်၊ ဘာပဲဖြစ်ဖြစ် ကောင်မလေး သနားပါတယ်”
ဒီတစ်ခါ မျက်မှော င်ကျုံ့ရသည်က ပုလဲသီး ဖြစ်သည်။
တင်မောင်နှင့် ဆန်းမင်းဝင်းက သူ့ကိုကြည့်ပြီး ဘာလဲဟဟု တွေဝေသွားပုံရသည်။
“မင်းနဲ့ အဲဒီ ကောင်မလေးက ဘယ်တုန်းကကြိုက်ခဲ့တာလဲ၊ ငါတို့လည်း ဘာမှမသိရပါ လား”
“ဟူး……..”
ဒီတစ်ခါလည်း လေပူတစ်ချက်မှု တ်ထုတ်လိုက်ရင်း၊ အနီးအနားရှိ အုတ်ခုံပေါ်တွင် ဝင်ထိုင်လိုက်ရသည်။
“ကောင်မလေးက သူ့နာမည်ကို ဘယ်လိုပြောသွားလဲ”
“အိချိုမိုးမြင့်တဲ့ အဟဲ….မင်းကောင်မလေးက ချစ်ရာလေးပဲ မင်းတို့ဘယ်တုန်းက ကြိုက်ခဲ့တာလဲ၊ ငါတို့ကို ပြောပြဦးလေ”
သူ့မှာ တစ်နာရီလောက် အာပေါက်အောင် ရှင်းယူရသည်။ လက်ဟန်ခြေဟန်တွေနှင့် ရှင်းပြရ၍ လက်တွေလည်း အတော်ကြီး ညောင်းနေပြီဖြစ်သည်။
ဒါတောင်မှ တင်မောင်နှင့် ဆန်းမင်းဝင်းက သိပ်ယုံကြည်သေးတာမဟုတ်။
“ငါ ဘယ်တုန်းက မင်းတို့ မသိတာ လုပ်ခဲ့လို့လဲ”
ထိုစကားကတော့ နည်းနည်းတာ သွားပါသည်။
တင်မောင်က
“အင်း….အဲ့ဒါတော့ဟုတ်တယ်၊ ဒီကောင်က သူဘာလုပ်လုပ် ငါတို့ကို ပြောနေကြပဲ၊ နောက်ဆုံး အီးအီးပါတာတောင်မှ ငါ “ကျား” ထဲသွားဦးမယ်ဆိုပြီး ပြောပြီးမှသွားတာကွ”
ဟုဆိုကာ ဆန်းမင်းဝင်းကို လေရိုက်နေသေးသည်။
ဆန်းမင်းဝင်းကလည်း “ဟုတ်တယ်” ဟု ထောက်ခံပေး၍ သာ တော်တော့သည်။
“ဒါဆို အဲ့ဒီ အိချိုမိုးမြင့် ဆိုတာ ဘယ်သူလဲ”
တင်မောင့်အမေးကြောင့် ပုလဲသီးက
“ငါလည်း အဲ့ဒါကိုပဲ သိချင်နေတာ၊ ပိုဆိုးတာက သူ့ရဲ့ အစ်ကိုသုံးယောက်ပဲ၊ ဘယ်လို မှကို ရှင်းပြလို့မရဘူးဖြစ်နေတယ်”
“ကောင်မလေးက အတ်ာချောတယ်ကွ”
ဆန်းမင်းဝင်းမှာ ပုလဲသီးကောင်မလေးမဟုတ်ဘူးဟု ဆိုလိုက်၍ အံတကြိတ်ကြိတ်နှင့် ဖြစ်နေ သည်။
“ရုပ်ရှင်တွေထဲကလို သူ့မိဘတွေ သဘောတူတဲ့လူနဲ့မယူချင်လို့ တွေ့ရာလူကို သူ့ချစ်သူပါ လို့ ပြောလိုက်တာရော မဖြစ်နိုင်ဘူးလား”
တင်မောင်က မေးစေ့လေးကို သကာသကာနှင့် ဝင်မေးသည်။
“အာ…ဒါဆို မင်းတို့ဇာတ်မင်းသားနှစ်ယောက်ကို ဘယ်လိုလုပ်ပြီးတော့ အသည်းကွဲ တာတွေရော၊ ကူညီပေးပါရော ဘယ်လာပြောမလဲ”
“အင်း…ဒါလည်း ဟုတ်တာပဲ”
ဆန်းမင်းဝင်းက
“ကောင်မလေးက မင်းကိုစိတ်ဝင်စားလို့ နည်းလမ်းတစ်မျိုးနဲ့ ချဉ်းကပ်တာရော မဖြစ်နိုင်ဘူးလား”
“ဒါကလည်း သိပ်မနီးစပ်ဘူးကွ၊ မိန်းကလေးတစ်ယောက်အနေနဲ့ သူ့သိက္ခာအကျခံပြီး ဘယ်လုပ်မလဲ”
“အင်း.........ဒါလည်း စဉ်းစားစရာပဲ”
တင်မောင်နှင့် ဆန်းမင်းဝင်းမှာ သူတို့ကကွက်နှင့် သူတို့အလုပ်ရှုပ်နေကြသည်။
ပုလဲသီးကလည်း ဘာမှန်းမသိသော ကောင်မလေးအတွက် အတော်ပင် စိတ်ညစ်နေ သည်။
ပိုဆိုးတာက ထိုကောင်မလေးအစ်ကိုသုံးယောက်ကို ပြန်တွေ့ဖို့လန့်နေခြင်းပင်ဖြစ် သည်။
“ပုလဲသီး မင်းစိတ်ဆိုးတာ မပြီးသေးဘူးလား” မေးနေရင်း ဖြေရကြပ်မှာ စိုးသော ကြောင့် ဖြစ်သည်။
“တစ်ခုခုတော့ တစ်ခုခုတော့ပဲကွ”
တင်မောင့်စကားကို ခေါင်းညိမ့်ပြလိုက်သည်။
ထို့နောက် တ်စစုံတစ်ခုကို တွေးမိလိုက်ပြီး။
“မင်း သူ့ကို မှတ်မိလိုက်တယ်မဟုတ်လား”
“ဟာ ရေရေလည်လည် မှတ်မိတာပေါ့”
ဒါက ဆန်းမင်းဝင်းပြောတဲ့စကားဆိုတာကို ရေးပြစရာတောင် မလိုပါဘူး။
“သူက ကျောင်းထဲကပဲလား”
“အင်း…ထင်တာပဲ၊ ဒါနဲ့ မင်းက ဘာစိတ်ကူးရလို့လဲ”
“သူ့ကို သွားတွေ့မလို့လေ”
နှစ်ယောက်စလုံး မျက်လုံးပြူးသွားကြသည်။
တစ်ကျောင်းလုံးလည်း နှံ့နေပြီဖြစ်သည်။ အခုထိ ရှာမတွေ့သေးချေ။
“ပုလဲသီး”
“ဘာလဲ”
“ငါတို့က လူပဲသိပြီး၊ မေဂျာနဲ့ အတန်းနဲ့ ဘာမှမသိပဲကွ၊ ရှာရတာ ခက်တာပေါ့”
တင်မောင်ရဲ့ အသံက မောနေပုံပေါက်သည်။
ဆန်းမင်းဝင်းကိုကြည့်လိုက်တော့ ဆန်းမင်းဝင်းကလည်း လျှာလေးတစ်လစ်တစ်လစ် လုပ်ပြ ၏ ။
သူလည်း မောပြီပေါ့ ဆိုတဲ့ ပုံစံပါ။
“ဒါဆို ငါတို့ နည်းစနစ်ပြောင်းရအောင်”
“ဘယ်လိုပြောင်းမှာ လဲ”
ပုလဲသီးစကားကြောင့် တင်မောင်နှင့်ဆန်းမင်းဝင်းမှာ အလုအယက် မေးကြသည်။
“ကျောင်းသားရေးရာသွားမယ်”
“ဟာ ဘာလုပ်ဖို့လဲ”
စိတ်ပျက်တဲ့လေသံတွေ ထွက်လာကြသည်။
“ဟ သူ့နာမည်မေးပြီး၊ ဘယ်မေဂျာကလဲ ဘာညာမေးရမှာ ပေါ့”
“ကျောင်းသားရေးရာမှာ မေးလို့လွယ်ပါ့မလားကွ ကောင်မလေးတွေအကြောင်း စုံစမ်း ရင် ပိုဆိုးတယ်လို့ ပြောတယ်”
တင်မောင်က ခေါင်းတစ်ခါခါနှင့် ဝင်ပြောသည်။
ဆန်းမင်းဝင်းကလည်း
“အော်ငေါက်လွှတ်လိုက်ရင် မလွယ်ဘူးနော် ပုလဲသီး၊ သူတို့က ဒေါသကခပ်ကြီးကြီး ရယ်”
“လာပါကွ မီးစင်ကြည့်ကတာပေါ့”
ထိုသို့ ဖြင့် ကျောင်းသားရေးရာ ရောက်သွားပြန်သည်။
ကံကောင်းချင်တော့ ကျောင်းသားရေးရာမှာ လူရှင်းနေသည်။ သို့သော် ကံဆိုးချင် တော့ ကျောင်းသားတွေလန့်သော စာရေးမကို တွေ့လိုက်ရသောကြောင့်ဖြစ်သည်။
သူ့နာမည်အရင်းကို ဘယ်သူမှ မသိကြပါဘူး။ အားလုံးကတော့ “ပူတူတူကြီး” ဟုခေါ် ကြ၏ ။
ဗိုက်ကလည်းပူသည်။ သူနဲ့စကားပြောလျှင် တစ်ဘက်လူမှာ တူနှင့်နှစ်ချက်လောက် အရိုက်ခံရသလို ဖြစ်တတ်သည်။ ပြီးတော့ ခန္ဓာကိုယ်ကလည်း ကြီးသေး၏ ။ ဒါကြောင့် “ပူတူတူကြီး” ဟု ခေါ်ကြသည်။ ထို့ပြင် အပျိုကြီးလည်း ဖြစ်သည်။
“အစ်မ”
ပုလဲသီးခေါ်သံကြောင့် “မပူ” ကမော့ကြည့်သည်။
“ဟင်”
ရုတ်တရက် သူ့မျက်နှာကိုကြည့်ပြီး သုံးယောက်သား လန့်သွားကြသည်။
မျက်လုံးများ နီရဲနေပြီး ဘယ်သူမှ မရှိသောကြောင့် အတန်ငယ် ငိုထားပုံပေါက်သည်။
သွားပြီ။ အခုလို စိတ်ညစ်နေတဲ့အချိန်မှာ သူတို့မေးတာကို ဘယ်လိုရှာပြီး ဖြေပေး တော့မလဲ။
သို့ သော် ကြိုးစားကြည့်ရဦးမည်။ တင်မောင်နှင့် ဆန်းမင်းဝင်းကတော့ သွားမယ်တကဲ ကဲ လုပ်နေသည်။
“ဘာကိစ္စလဲ”
ဘော်လွန်း နည်းနည်းပြင်းသည်။
ပုလဲသီးလည်း
“အဟီး…”
ဟု အရင်ရယ်ပြလိုက်ပြီးမှ မပူရှေ့သို့ လက်ကိုင်ပဝါလေး ထိုးပေးလိုက်သည်။
“မျက်ရည် မျက်ရည်ကျတော့မယ်၊ သုတ် သုတ်လိုက်ပါဦး”
သူ့စကားကြောင့် မပူလည်း ကြောင်သွားပုံရသည်။ တင်မောင်နှင့် ဆန်းမင်းဝင်းမှာ လည်း သူ့လုပ်ရပ်ကြောင့် “ဘာတုန်းဟ” ဆိုပြီး ကြည့်ကြသည်။
စက္ကန့်အနည်းငယ် ကြာသွားသည်။
ထိုစဉ် “မပူတူတူကြီး” က “ဗျုန်း” ဆိုပြီး ငိုချလိုက်ပါရော။
“အမလေး ဟီးဟီးဟီး”
ဘယ်တုန်းကတည်းကအောင့်ထားသည်မသိ။ အော်ငိုတာ တော်တော်အသံကျယ်လေ သည်။
ငိုလည်းငိုရင်း ပုလဲသီးချထားပေးသော လက်ကိုင်ပုဝါကိုလည်းယူကာ မျက်ရည်သုတ် လိုက်၊ နှပ်ညှစ်လိုက် လုပ်နေသည်။
သူတို့သုံးယောက်မှာ လည်း ဘာလုပ်လို့ လုပ်ရမှန်းမသိဖြစ်သွားကြသည်။ အတော်ကြီး ကြာမှ သူတို့သုံးယောက်ကို “မပူတူတူကြီး” က သတိပြန်ရသွားပုံပေါက်ပြီး
“နင်တို့က ဘာကိစ္စလဲ”
ဟုမေးသည်။
ဒီတစ်ခါတော့ ဘော်လွန်း သိပ်မပြင်းတော့ချေ။ နည်းနည်းဖွင့်ဟလိုက်၍ ဖြစ်နိုင်သည်။
လာရင်းကိစ္စကတော့ တခြားတစ်ခုပါ၊ ဒါပေမဲ့ အစ်မငိုတာကိုကြည့်ပြီး စိတ်မကောင်း ဖြစ်တာနဲ့ မမေးရက်တော့ပါဘူး အစ်မရယ်”
ဟုဆိုပြီး လှည့်ထွက်ရန်ပြင်သည်။
“ဟဲ…..နေဦး”
“မပူတူတူကြီး” လေသံကြောင့် ခြေလှမ်းများ ရပ်တန့်သွားကြသည်။
“နင်တို့ယောက်ျားတွေက ဒီလိုပဲ မပွင့်မလင်းနဲ့၊ တစ်ဖက်လူကို ကသိကအောက် ဖြစ်အောင် လုပ်တတ်ကြပါလား၊ ကဲ….နင်တို့က ဘာမေးမလို့လဲ”ပုလဲသီးလည်း ခပ်လန့်လန့်ပုံစံဖြင့် ကောင်တာနားတိုးသွားပြီး
“ဟို အိချိုမိုးမြင့်ဆိုတဲ့ ကောင်မလေးအကြောင်း သိချင်လို့ပါ”
မေးသာမေးလိုက်ရသည်။ မျှော်လင့်ချက် သိပ်ရှိလှရယ်တော့ မဟုတ်ဘူး။ “မပူတူတူ ကြီး” မှာ ပုလဲသီးအမေးကို စဉ်းစားလိုက်ပြီး-
“အေး..ငါရှာထားလိုက်မယ်။ မနက်ဖြန် တစ်ခေါက်လာခဲ့”
“ဟာ ….ကျေးဇူးတင်လိုက်တာ အစ်မရယ်”
“ရပါတယ်၊ နင်တို့ ယောကျာ်းတွေကိုက ပွင့်ပွင့်လင်းလင်းမရှိတာ”
ပုလဲသီးမှာ လည်း နည်းနည်းပြောရဲဆိုရဲရှိလာပြီး-
“အစ်မ”
“ဘာလဲ”
“အစ်မကြည့်ရတာ ယောက်ျားတွေနဲ့ပတ်သက်ပြီး စိတ်ညစ်နေတာထင်တယ်”
“အယ် နင်ကလဲ”
ပုလဲသီးရဲ့ အမေးကြောင့် “မပူတူတူကြီး”မှာ ရှက်သွားပုံရသည်။ တင်မောင်က လက်တို့ သည်။ မင်းကတော့ ကွိုင်ရှာပြန်ပြီဆိုတဲ့ ပုံစံနဲ့ပါ။ ပုလဲသီးကလည်း အရှိန်ထိန်းလို့ မရတော့ပါဘူး”
“ယောက်ျားတစ်ယောက်က အစ်မအပေါ်ကို မပွင့်မလင်းဖြစ်နေလို့လား”
“နင်…နင် ဘယ်လိုလုပ်သိလဲ”
“အဟဲ…အစ်မကလည်း သိတာပေါ့”
“မပူတူတူကြီး” မှာ ခုနကလိုမဟုတ်တော့ဘဲ အတန်ငယ် ပျော့ပျောင်းလာသည်။
“ဘာအကူအညီ ပေးရမလဲ အစ်မ”
“နင်တို့က ငါ့ကို ဘာကူညီနိုင်မှာ မို့လို့လဲ”
“အာ အစ်မကလည်း၊ အမျိုးသမီးတစ်ဦးမလုပ်နိုင်တဲ့ကိစ္စတွေမှာ ယောက်ျားတွေက လုပ်နိုင် တယ်ဆိုတာ သတိရစမ်းပါဗျ”
“မပူတူတူကြီး” တွေဝေသွားပုံရသည်။
ထို့နောက် ဘေးဘီဝဲယာကို ကြည့်ပြီး
“ငါ ချစ်နေတဲ့သူက ငါ့ကို အခုထိ ဖွင့်မပြောသေးလို့”
“အယ်”
တင်မောင်နှင့်ဆန်းမင်းဝင်းမှာ တစ်ဘက်လှည့်ပြီး မသိမသာ ရယ်ကြသည်။
“မပူတူတူကြီး”ကတော့ သူတို့နှစ်ယောက်ကို ဂရုမစိုက်ဘဲ ပုလဲသီးကိုသာ စကားပြောနေ သည်။
“သူကရော အစ်မကို ချစ်နေတာ သေချာလို့လား”
“သေချာတယ်”
ထိုမေးခွန်းက သူ့မာနကို ထိခိုက်သွားလို့လားမသိ လေသံပင် အနည်းငယ်မာသွား သည်။
“အင်း…ဟုတ်ပါပြီ၊ လုပ်ဖော်ကိုင်ဖက်ထဲကလား၊ အပြင်ကလား”
“လုပ်ဖော်ကိုင်ဖက်ထဲက”
“ဒါဆို ကျောင်းထဲကပဲပေါ့”
“အင်း”
အပျိုကြီးမှာ စိတ်အားငယ်သွားပုံပေါက်ပြီး တရှုံ့ရှုံ့နှင့် ပြန်ငိုနေသည်။
“ကျွန်တော်ကူညီပါ့မယ် မငိုပါနဲ့”
“တကယ်လား နင်က ဘယ်လိုကူညီမှာ လဲ”
“ဒါကတော့ သေချာမသိသေးဘူးဗျ၊ သူ့နာမည်က ဘယ်သူလဲ”
“သူ့နာမည်က ကိုထွန်းရှင်၊ ငွေစာရင်းဌာနကလေ”
“အာ..သိတယ်”
သူလည်း လူပျိုကြီးတစ်ယောက်ဖြစ်သည်။
ငွေသွားသွင်းရင် သူ့ဆီမှာ သွားသွင်းရတာ ကြောင့် ကျောင်းသားကျောင်းသူတော်တော် များများ သိနေသောသူ ဖြစ်သည်။
သဘောကောင်းသည်။ ရိုးရိုးအေးအေးကြီးနေတတ်သောသူ ဖြစ်သည်။
“စိတ်သာချနေ အစ်မ၊ တစ်ပတ်အတွင်း အစ်မကို ဖွင့်ပြောလာစေရမယ်”
“ဟဲ နင့်ဟာက ဟုတ်လို့လား၊ ငါ့သိက္ခာကျအောင်တော့ မလုပ်နဲ့နော်”
“ဒါတော့ စိတ်ချအစ်မရေ၊ အစ်မသိက္ခာကျအောင်တော့ မလုပ်ဘူး“
“ပြီးရော၊ ခုနက နင့်ကောင်မလေးနာမည်က ဘယ်သူ”
“ကောင်မလေး မဟုတ်ပါဘူးဗျ”
“အေးပါဟယ်၊ နာမည်မေ့သွားလို့ မေးတာပါ”
“အိချိုမိုးမြင့်”
“နင့်ဖုန်းနံပါတ်ပေးခဲ့၊ ရှာတွေ့တာနဲ့ ဖုန်းဆက်လိုက်မယ်”
အပြန်အလှန်အားဖြင့် ကူညီရတာ ကောင်းပါသည်။ အခုလို အချစ်ကိစ္စမှာ ကူညီရတာ ကတော့ အကောင်းဆုံးပဲဟု တွေးရင်း ငွေစာရင်းဌာနထဲသို့ လှမ်းဝင်လိုက်သည်။
ဒီတစ်ခါတော့ တင်မောင်နှင့် ဆန်းမင်းဝင်းက တက်တက်ကြွကြွ လိုက်လာလေသည်။
ကောင်တာမှာ စာရင်းမှတ်နေသော ကိုထွန်းရှင်ကို တွေ့ရသည်။ ငွေစာရင်းဌာနတွင် လူကလည်း ရှင်းနေသည်။
“အစ်ကိုကြီး”
“ဟေ…ငွေသွင်းဖို့လားကွ”
“မဟုတ်ပါဘူး”
“ပြော ဘာကိစ္စလဲ”
ကိုထွန်းရှင်က အေးအေးဆေးဆေးပဲ ပြန်မေးသည်။
“ဟို….ကျောင်းသားရေးရာက အစ်ကကြီးကို သိတယ်မှတ်လား”
နာမည်မသိ၍ ရမ်းရွှီးလိုက်ခြင်းဖြစ်သည်။
နည်းနည်းတော့ ထိရောက်ပါသည်။ ကိုထွန်းရှင်မှာ ရှက်သလိုလိုဖြစ်သွားပြီး-
“အေး သိတယ်ကွ”
ဘယ်သူလဲဟု မမေးဘဲ သူ့တွေးနှင့်သူ သိသောကြောင့် တော်သေးသည်။
“အဲ့ဒီအစ်မကြီးနဲ့ အစ်ကိုက ရည်းစားဖြစ်နေကြတာလား”
“ဟာ…မဟုတ်သေး…သေးပါဘူးကွ”
စကားအနည်းငယ်ထစ်သွားပြီး ဟိုမကိုင်မိ၊ ဒီမကိုင်မိ ပုံစံဖြစ်သွားသည်။
“မပူတူတူကြီး”ပြောတာကတော့ မှန်သည်။ သူ့ကိုချစ်နေတာ သေချာသည်။
“မဟုတ်ရင်လည်း ပြီးတာပါပဲ အစ်ကိုကြီးရာ”
သူတို့က လှည့်ထွက်မလိုပြင်လိုက်သည်။
ကိုထွန်းရှင်မှာ အလောတကြီးပုံစံဖြင့်
“ဟ..နေ…နေကြပါဦးကွ”
သူတို့ခြေလှမ်းများ ရပ်လိုက်သောကြောင့် ကိုထွန်းရှင်ကလည်း သူသိချင်တာကို ဆက်မေးသည်။
“သူ သူ ဘာဖြစ်လို့လဲ”
“ဘာမှမဖြစ်ပါဘူး၊ ကျွန်တော်တို့က အခုကျောင်းသားရေးရာကပြန်လာတာလေ၊ အဲ့ဒီမှာ အစ်ကိုကြီးနဲ့ တွဲ တဲ့အစ်မကြီးအကြောင်းကြားမလို့ လာမေးတာ၊ အခုတော့ အစ်ကိုကြီး တို့နှစ်ယောက်က သမီးရည်းစားမဟုတ်တော့ ပြောလို့မရတော့ဘူးဗျ”
“ဟာ….အဲဒီ လိုတော့ မလုပ်ပါနဲ့ကွာ၊ ငါက သူ့ကိုကြိုက်နေတာပါ၊ ဘာသတင်းလဲ ပြောပြစမ်းပါ”
“ပြောပြလို့မဖြစ်ဘူးဗျ၊ သူတို့မှာ လည်း အဲ့ဒီအစ်မကြီးကို ရည်းစားဖြစ်ပိုင်ခွင့်ရှိနေပြီပဲ”
“ဟင် ဘယ်သူတွေကလဲ”
ကိုထွန်းရှင်မှာ ပို၍ တုန်လှုပ်လာသည်ကို တွေ့ရသည်။
“ပြော ပြောပြစမ်းပါကွာ၊ ညီလေးတို့ရာ”
ပုလဲသီးက တင်မောင်နှင့် ဆန်းမင်းဝင်းကို ကြည့်လိုက်သည်။ သူတို့ကလည်း ပြောပြလိုက်ပါကွာ သနားပါတယ်ဆိုတဲ့ အိုက်တင်နဲ့ ပြန်ကြည့်နေကြသည်။
“ဒီလိုဗျ၊ ကျွန်တော်တို့ ကျောင်းသားရေးရာကို ကိစ္စရှိလို့ သွားတုန်း၊ ခုနက ကျွန်တော် တို့ ပြောတဲ့ အစ်ကိုကြီးတွေက”
“အေး…ဘယ်အစ်ကိုကြီးတွေလဲ”
“ဒါတော့ မပြောပါရစေနဲ့ဗျာ…နော်”
“အေး…..အေးထားလိုက်ပါတော့၊ ဆက်ပြောစမ်းပါဦး”
“အဲ ဒီအစ်ကိုကြီးတွေက အစ်ကိုကြိုက်တဲ့အစ်မကို ကြည့်ပြီး ပြောနေကြတာ”
“အေး..ဘာပြောနေတာလဲ”
“သိပ်မိုက်တယ်၊ သိပ်ခိုက်တယ်၊ ဒီညနေရုံးဆင်းရင်အမီလိုက်မယ်လို့ ပြောနေကြတာ ဗျ”
“ဟင်”
ကိုထွန်းရှင်မျက်နှာမှာ သွေးမရှိတော့ချေ။
ပုလဲသီးကလည်း ကြော်ငြာသလိုလို ဘာလိုလိုနဲ့ “သိပ်မိုက်တယ်၊ သိပ်ခိုက်တယ်”ဆို တာကြီး ပဲ ထပ်ပြောနေသည်။
“အဲ့ဒါ အစ်ကိုကြီးနဲ့ အဲ့ဒီအစ်မကြီးကို တွဲ လျက်တွေ့ဖူးထားတော့ ရည်းစားအောက် မေ့ပြီး လာသတိပေးတာပါ။ ရည်းစားမဟုတ်ဘူးဆိုလည်း ထားလိုက်ပါတော့ ဦးသူယူပေါ့”
ဟုပြောပြီး ထွက်လာခဲ့တော့သည်။
ကိုထွန်းရှင်ကတော့ တွေတွေငေးငေးဖြင့် ကျန်ရစ်ခဲ့လေသည်။
အိမ်ပြန်ရောက်တော့ အဖေနဲ့အမေက ထမင်းစားနေတာကို တွေ့ရသည်။ သူက ပြန်ချိန်မမှန် သောကြောင့် အဖေနှင့်အမေက သူ့ကို စောင့်ပြီး ထမင်းစားလေ့ မရှိချေ။
“တစ်ခါတည်းဝင်စားမှာ လား”
“မစားသေးဘူးအမေ၊ ပြီးမှ”
အခန်းထဲတက်သွားလိုက်သည်။
ပြန်ဆင်းလာတော့ အဖေနှင့်အမေက ထမင်းစားပြီးလို့ ပန်ကန်တောင်သိမ်းပြီးနေပြီ ဖြစ်သည်။
“နင့်ဆီကို ဖုန်းလာတယ်”
“ဘယ်သူ့ဖုန်းလဲ”
“ထက်ခေါင်လို့ ပြောသွားတာပဲ”
အိချိုမိုးမြင့်ရဲ့ အစ်ကိုတစ်ယောက်ဖြစ်သည်။ သူု့ဖုန်းနံပါတ်ကို ဘယ်ကရလို့ ဖုန်းဆက် တာလဲမသိ။
“ပြီးရင် ထပ်ဆက်မယ်တဲ့”
ပြောရင်းဆိုရင်း ဖုန်းမြည်လာသည်။
“ပြန်ဆက်တာထင်တယ် သွားကိုင်လိုက်ဦး”
ဖုန်းကို ခပ်သွက်သွက်လေး ကိုင်လိုက်သည်။
“ဟယ်လို”
“ပုလဲသီးလား”
“ဟုတ်ကဲ့”
“ငါကျော်ထင်ပါကွ၊ နေ့ခင်းကလာသွားတာလေ၊ မင်းရည်းစားအစ်ကိုလေ၊ အာ မင်းက လည်း ငါပြောရင်းဆိုရင်း ရှက်လာပြီ မှတ်မိတယ်မှတ်လား”
ခုနက ဖုန်းဆက်တဲ့တစ်ယောက်မဟုတ်၊ နောက်တစ်ယောက်ဖြစ်နေသည်။
“မှတ်မိပါတယ်”
“ဩော်….တော်သေးတာပေါ့၊ အခု ငါရုံးကပြန်တော့ကွာ၊ ငါ့ညီမက သူ့အခန်းထဲမှာ ငိုနေတယ်ကွ၊ အဲဒါ မင်းစဉ်းစားပြီးမပြီး၊ အဲဒါကွာ ဘယ်လိုပြောရမလဲ မသိဘူး”
တစ်ဖက်မှ တကယ်ပဲ သူ့ညီမကို သနားနေပုံရသည်။ ပုလဲသီးလည်း ခေါင်းတစ်ချက် ကုတ်လိုက်ပြီး
“ကျွန်တော်လည်း ဘယ်လိုပြောရမှန်းတောင် မသိဘူး”
“ဘယ်လိုမှ မပြောနဲ့တော့ အဖေနဲ့အမေက သူ့သမီးစိတ်ဆင်းရဲနေတာ မကြည့်ရက်လို့ လား မသိဘူး၊ မနက်ဖြန်ကျရင် မင်းကို တွေ့ချင်လို့တဲ့၊ အဲ့ဒါ ငါကျောင်းကို လာခေါ်မယ်”
“ဟာ”
ပြဿနာက ကြီးသထက်ကြီးလာလေပြီ။ ဘာမှပြန်မပြောနိုင်ခင် တစ်ဖက်မှ ဖုန်းချသွား သည်။
ဖုန်းချချပြီးပြီးချင်း ဖုန်းထပ်ဝင်လာပြန်သည်။
“ဟယ်လို”
“မောင်ပုလဲသီးနဲ့ ပြောချင်လို့ပါ”
အဒေါ်ကြီးတစ်ယောက်အသံဖြစ်သည်။
“ဟုတ်ကဲ့ ပြောနေပါတယ်”
“အစ်မပါ။ ဟို ကျောင်းသားရေးရာကလေ”
“မပူတူတူကြီး” ရဲ့ အသံကို အခုမှပဲ မှတ်မိသွားသည်။
“ဩော် အစ်မ၊ မှတ်မိပြီ”
“အဟင်း….မောင်လေးကို ကျေးဇူးတင်ကြောင်း လှမ်းပြောတာ”
“ဘာကိုလဲအစ်မ”
“သူက ဒီနေ့ အစ်မကို ဖွင့်ပြောတယ်လေ”
“ဟာ ကောင်းတာပေါ့အစ်မရဲ့ ၊ အဖြေပြန်ပေးလိုက်ပြီလား”
“ဟယ်….ချက်ချင်းတော့ ဘယ်ပြန်ပေးမလဲ၊ တစ်ပတ်နှစ်ပတ်လောက်တော့ အဟင်း၊ စောင့်ခိုင်တာပေါ့”
ဟင်း……အညိုးညိုးပဲဟု ပြစ်ပြစ်နှစ်နှစ် တွေးပစ်လိုက်သည်။
“သိပ်လည်း အချိန်မဆွဲနဲ့ဦးနော် အစ်မ”
“အင်းပါ၊ ဩော်..ဒါနဲ့ မောင်လေးစုံစမ်းခိုင်းထားတာသိပြီ”
“ဟာ…ဟုတ်လား၊ သူက ဘယ်ကလဲ”
“နေဦး အစ်မစာရွက်နဲ့ ကူးလာတယ်”
တစ်ဖက်က စာရွက်လှန်သံများ ကို ကြားလိုက်ရသည်။
“သူ့နာမည်က အိချိုမိုးမြင့်၊ အဖေက ဦးမိုးမြင့်၊ အမေကတော့ ဒေါ်ချိုချိုလှိုင်၊ အငယ်ဆုံး၊ အစ်ကိုသုံးယောက်ရှိတယ်။ မေဂျာက ရူပဗေဒ နေတာက…..”
ပုလဲသီးက စိတ်ထဲက လိုက်မှတ်နေလိုက်သည်။
“နောက်ဆုံးတစ်ခုက သူတို့က ဒီကိုပြောင်းလာတာ မကြာသေးဘူး၊ ဒါကြောင့် ကျောင်းကိုလည်း နယ်ကျောင်းကနေ အခု ကျောင်းကို ပြောင်းတက်တာလည်း သိပ်မကြာသေးဘူး၊ တစ်ပတ်လောက်ပဲ ရှိသေးတယ်”
“ဟင်….သူက ကျောင်းတက်တာ တစ်ပတ်ပဲ ရှိသေးတယ်”
လက်က ဖုန်းကို ယောင်ပြီး ပိတ်လိုက်မိသည်။
တစ်ဖက်က အသံကို ဘာမှ မကြားရတော့ချေ။
ဖုန်းထပ်လာပြန်သည်။ စုတ်ထဲက သူ့ဖုန်းပဲဆိုတာကို အလိုလိုသိနေ၍ သွားကိုင်လိုက် သည်။
အမေကတော့ ဖုန်းတယ်လာပါလားဆိုတဲ့ မျက်နှာနှင့် ကြည့်နေသည်။ သူလည်း မသိချင်ယောင်ဆောင်လိုက်ပြီး
“ဟယ်လို”
“ပုလဲသီး၊ ငါထက်ခေါင်ပါကွ၊ ခုနက ဖုန်းဆက်သေးတယ် မင်းမရှိလို့”
“ဟုတ်….ဟုတ်ကဲ့”
သူထင်ထားသည့်အတိုင်းပင် အိချိုဆိုသည့် ကောင်မလေး၏ အစ်ကိုဖုန်းဖြစ်သည်။
“အိမ်က မင်းကိုတွေ့ချင်လို့တဲ့”
“ဟုတ်ကဲ့…သိပြီးပါပြီ”
“ဟေ….မင်းကဘယ်လိုသိလဲကွ၊ ဩော်…ကျော်ထင်တို့ ဖုန်းဆက်တာထင်တယ်”
“ဟုတ်ပါတယ်”
“အေး…အေး၊ ဒါဆိုလည်း ငါ မနက်ဖြန်ကျောင်းမှာ လာခေါ်မယ် ဒါပဲနော်”
သူတို့ကပဲ ပြောချင်ရာပြောပြီး အရင်ဦးဆုံး ဖုန်းချသွားကြသည်။
သူလည်း စိတ်ပျက်လက်ပျက်နှင့် ဖုန်းဘေးနားမှာ ထိုင်ချလိုက်သည်။ မျှော်လင့် ထားသည့် အတိုင်းပင် ဖုန်းဝင်လာပြန်သည်။
“ဟုတ်ကဲ့၊ ကိုလင်းဦး ပြောပါ”
“အာ…မင်းက ငါ့အသံကို”
ကိုလင်းဦး ဖုန်းချသွားသောအခါတွင် ဖုန်းဘေးနားမှာ စိတ်ပျက်လက်ပျက်နှင့် ဆက် ထိုင်နေလိုက်သည်။
ဘယ်သူမှန်းမသိသော ကောင်မလေးအဖေနှင့် အမေကို တွေ့ရမည်ဆိုတော့ နည်း နည်းအူကြောင်ကြောင်နိုင်ပါသည်။
ပိုဆိုးသည်က ကိုယ်က သူတို့သမီး၏ ချစ်သူလိုလို ဘာလိုလို ထင်ခံနေရသည်။
သည့်အတွက်ကြောင့် သမက်လောင်းဆိုသည့် အကြည့်မျိုးနှင့်လည်း ကြည့်ကြဦးမည်။
မဖြစ်။ ဘယ်လိုအကြောင်းမျိုးနဲ့မှ သွားတွေ့လို့မဖြစ်။ ပိုဆိုးသည်က သူ့အစ်ကို သုံးယောက် ဖြစ်သည့် ထက်ခေါင်၊ လင်းဦးနှင့် ကျော်ထင် ဖြစ်သည်။
သူတို့က အတင်းကာရော လုပ်မည့်သူတွေ ဖြစ်သည်။
အတင်းဆွဲလားရမ်းလားလုပ်လို့ကတော့
“ခင်ဗျားကြီးတို့ ဘာဖြစ်နေကြတာလဲ” ဟု အော်လို့ကလည်း မဖြစ်။
သို့ သော် မနက်ဖြန်ကျမှပဲ အခြေအနေကြည့်လုပ်ရတော့မည်။ သူတို့နှင့် မလိုက်တော့ဘူး ဟု ဆုံးဖြတ်ထားသည်။
ကမ္ဘာစောင်းနေလို့
လကလည်း လိုက်မစောင်းပါဘူး
နင်ပြောင်းလဲနေလို့လည်း
ငါ့ဘဝက မပြောင်းလဲပါဘူး
![]() ရည်းစားထားတဲ့ဂိမ်း | ![]() သမီးရည်းစား အဘိဓာန် (၃) | ![]() မိန်းမရှာရွာ |