
အခန်း(၁)
အခန်း (၁)
“ဘာ ရှင်ဘာပြောတယ် ကိုပိုင်၊ ဒီအိမ်ကြီးကို ရောင်းမလို့ ဟုတ်လား”
“အေးလေ ငါ့မိဘတွေ လက်ဖွဲ့ခဲ့တဲ့အိမ်၊ အမွေပေးခဲ့တဲ့အိမ်ကို ရောင်းမှာ ၊ မင်းက ဘာလို့ အလန့်တတတကြား ထအော်နေရတာ လဲ”
“သြော် ရှင့်မိဘတွေ ပေးခဲ့တဲ့ အိမ် ဖြစ် ဖြစ်၊ ဘာ ဖြစ် ဖြစ် ရှင်လုပ်ချင်တိုင်း လုပ်လို့ရမလား။ ကိုပိုင်ရဲ့ ၊ ကျွန်မတို့ မွေးထားတာ သားသမီး သုံးယောက် ၊ ကလေး လူမမယ် အရွယ်လေးတွေ လည်း မဟုတ်တော့ဘူး။ သိတတ်နားလည်တဲ့ အရွယ်၊ ရှက်တတ်တဲ့ အရွယ်တွေ ရောက်နေကြပြီ။ ဒီသား သမီးတွေ ကို ငဲ့ညှာစာနာ ထောက်ထားပါဦးလား”
“အာ ဒီမိန်းမ ငါက ဒီအိမ်ကြီးကို ရောင်းပြီး သုံးဖြုန်းပစ်မှာ ကျနေတာပဲ။ ပွားစားအလုပ် လုပ် နေတာ အခြေအနေမကောင်းတော့လို့ တခြားစီးပွားရေး လုပ်ကြည့်မလို့ကွ နားလည်လား”
ဒေါ်မေသက် နှုတ်ခမ်းကို စုံမဲ့ကာ ခါးထောက်ရပ်ရင်း ဦးကျော်ပိုင်ကို စေ့စေ့ကြည့်လိုက်သည်။
အသက်လေးဆယ့်ငါးနှစ် အရွယ် ရှိပြီ ဖြစ်ပေမယ့် ဒီယောက်ျားက နုပျိုဖျတ်လတ် တက်ကြွနေ ဆဲ။
ဘယ်ခြေလှမ်းလှမ်းပြီး ဘယ်သွားနေတယ်ဆိုတာ နှစ် နှစ် ဆယ်ကျော် ပေါင်းသင်းလာတဲ့ ဒီ မိန်းမက မသိဘဲနေမလား။
အရွယ်ရောက်လာတဲ့ သားပျိုသမီးပျိုတွေ ကြောင့် ကြိတ်မှိတ်မျိုသိပ် သည်းခံလာခဲ့တာ၊ ရှိသမျှ ပစ္စည်းတွေ လည်း ကုန်နေပြီ။
မိမိကိုယ်တိုင် အပြင်ထွက် စီးပွားရှာပြီး ဒီသားသမီးတွေ ဟိတ်ဟန်မပျက် အားမငယ်အောင် ကြိုးစားအားတင်းထားရတာ ဘယ်လောက်ကြာပြီလဲ။
သမီးကြီး ယိမ်းနွဲ့ဝိုင်လေးကို ဆယ်တန်း တစ်နှစ် ကျမှ ကျောင်းထွက်ခိုင်းပြီး အိမ်မှု ကိစ္စ တာဝန် ပေးကာ သားလတ် မင်းရိပ်ပိုင်၊ သားငယ်လေး လင်းရိပ်ပိုင်တို့ရဲ့ ဝေယျာဝစ္စများ ဖြင့် အချိန်ကုန်စေ ခဲ့သည်။
သမီးကြီးနှင့် သားငယ်လေးက သိတတ်နားလည် လိမ္မာရေး ခြား ရှိပေမယ့် သားလတ် မင်းရိပ်ပိုင်လေးက အဖေတူသားမို့လားမသိ။ အသုံးအဖြုန်းကြီးသည်။
မော်မော်ကြွားကြွား ထည်ထည်ဝါ၀ါ နေချင်သည်။ မိသားစုအပေါ်မှာ အကြင်နာတရား သိပ်မရှိ။ သူ့ကိုယ်သူသာ ချစ်သည့် လူစားမျိုး။
သူမ သနားဆုံးက သားငယ်လေး လင်းရိပ်ပိုင် ပင်။ ခြေထောက်တစ်ဖက်က မွေးကတည်းက သေးသိမ်သိမ်လေးဖြင့် မသန်ရှာ။
အနိမ့်အမြင့်မညီသော ခြေထောက်လေးတစ်ဖက်ကို လက်တစ်ဖက်ဖြင့် အားပြုကိုင်ပြီး ထော့ နင်းထော့နင်း လမ်းလျှောက်ရရှာသည်။ ချိုင်းထောက်ကို အသုံးပြုရလောက်တဲ့အထိ မဆိုးရွားပေမယ့် ခြေတစ်ဖက် မသန်တဲ့ ဒုက္ခိတလေးမို့ ဖအေ ဖြစ်သူကို ကြင်နာဂရုစိုက်ပေးပါလို့ အမြဲတောင်းပန်နေခဲ့ရ သည်။
ဒါပေမဲ့ ဒီအဖေက မိသားစုကို အလေးအနက်ထား၊ တန်ဖိုးထားရမှန်းမသိတဲ့ အတ္တကြီးလွန်းတဲ့ လူစားမျိုးပါ။
ခုပဲကြည့် မိသားစုတွေ အရိပ်ခိုနေရသည့် ဒီအိမ်ကြီးကို ရောင်းပစ်တော့မည် တဲ့။
သားသမီးတွေ မအိပ်ကြသေးတာ သိနေ၍ အသံကို အတတ်နိုင်ဆုံး ထိန်းချုပ်ပြီး ပြောနေရ ပေမယ့် သူမရင်တွေ အဆမတန် နာကျင်အောင့်မျက်နေပြီ။
ဦးကျော်ပိုင်က ကုတ်အင်္ကျီကို တိုင်မှာ ချိတ်ပြီး အေးအေးသက်သာ ခုတင်ပေါ် လှဲအိပ်ဖို့ ပြင် သည်။ ဦးကျော်ပိုင် ကိုယ်ကြီးကို သူမ ဆွဲထူလိုက်သည်။
“ကိုကျော်ပိုင် ရှင်ပြောချင်တာ ပြောပြီး အိပ်လို့ မရသေးဘူး။ အခုကိစ္စက ရှင်ဆုံးဖြတ်ပြီးမှ ကျွန်မကို တိုင်ပင်တာလား။ လုပ်သင့်သလားလို့ ဆွေးနွေးညှိနှိုင်းကြည့်နေတာလား”
“အားလုံး စီစဉ်ပြီးနေပြီဆိုတာ အသိပေးတာ”
“ဘာ ရှင်လုပ်မယ့် စီးပွားရေး က ဘာလုပ်ငန်းမို့ ဒီအိမ်ကိုတောင် ရောင်းပြီး ရင်းနှီးရမှာ လဲ ကိုပိုင်ရဲ့ ”
“အဆိုတော် တစ်ယောက် ကို စီးရီးထုတ်ပေးမှာ ၊ တစ်ခွေနဲ့မပေါက်ရင် နောက်တစ်ခွေထပ်ထုတ် မယ်။ အောင်မြင်တဲ့အထိ လုပ်သွားမှာ အကျိုးအမြတ်ရရင် ဒီမိသားစုပဲ ခံစားကြမှာ မဟုတ်ဘူးလား”
“အမလေး သဲထဲရေသွန်လိုက်တာကမှ ဗွက်အိုင်ကျန်ပါဦးမယ်။ မသေချာတာ မ ဖြစ်နိုင်တာ ကြီးကို မိသားစုတွေ အရိပ်ခိုနေတဲ့ အိမ်ကိုရောင်းပြီး အရင်းအနှီး လုပ်စရာလိုသလား။ အဲဒီ မိန်းမက ဘယ်သူ ဖြစ်နိုင်လဲ၊ ဘယ်ကလဲဆိုတာ ကျွန်မ သိနေတယ်နော်”
“ဟား”
ဦးကျော်ပိုင် “ဟား”ခနဲအော်ကာ စီးကရက်တစ်လိပ်ကို မီးညှိ သောက်၍ ဒေါ်မေသက်နိုင်ကို စိမ်းနေအောင် ကြည့်သည်။
“မင်းသိနေတယ်ဆိုရင် ဘာလို့ လေကုန်ခံပြီး ငါ့ကိုဝေဖန်နေတာလဲ မေသက်။ မင်းတို့ကို ငါ တစ်သက်လုံး ရှာကျွေးလာခဲ့တာ၊ မျက်နှာငယ်ခဲ့ရဖူးလို့လား”
“အသံကောင်း ဟစ်မပြပါနဲ့ ကိုပိုင်၊ ရှင် ကျွန်မတို့ မိသားစုလေးကို ဂရုမစိုက်တော့တာ သားငယ် တစ်သက်ရှိနေပါပြီ။ ရှင့်အပေါင်းအသင်း မိတ်ဆွေတွေ ကြားမှာ ပိုလီယို ဖြစ်နေတဲ့ သားငယ် လေးကို မွေးပေးခဲ့လို့ ရှက်လှချည်ရဲ့ ဆိုပြီး ရှင်လုပ်ချင်ရာတွေ လုပ်နေတော့တာ မဟုတ်ဘူးလား။ အဲဒီ သားငယ်လေးမှာ အပြစ်ရှိသလား။ မွေးခဲ့တဲ့ ကျွန်မမှာ ကော အပြစ်ရှိသလား။ အတိတ်ဘ၀က ကံအကြောင်းတရား မကောင်းခဲ့လို့ ဒီလို ဖြစ်ရတာ ပါ။ သားငယ်ကရော သူ့ကိုယ်သူ ဒုက္ခိတဘ၀ ရောက်ချင်ပါ့မလား ကိုပိုင်ရဲ့ ”
“တော် ပြီ တော် ပြီ မေသက် ငါဘာမှမကြားချင်တော့ဘူး။ ငါဘာလုပ်လုပ် ပိတ်ပင်တားဆီးဖို့ မကြိုးစားပါနဲ့၊ ဝေဖန်တာမျိုး မလုပ်ပါနဲ့”
“မပြောလို့ ဖြစ်မလား ကိုပိုင်ရဲ့ ၊ သေရေး ရှင်ရေး တမျှ အရေး ကြီးနေတာ၊ ဒီအိမ်ကိစ္စက လွဲရင် ရှင်ဘာလုပ်လုပ် ဘယ်လိုနေနေ ကျွန်မ ဘာမှ မပြောဘူး။ သားသမီးတွေ မျက်နှာငယ်အောင် လူ့အောက်ကျအောင်။ ဒီတစ်ခုလေးကိုတော့ ရှင့်ဘက်က ညှာတာထောက်ထားပေးပါ”
“မေသက် တောက် ဒီမိန်းမ တော် တော့လို့ ပြောနေတာ နားမလည်ဘူး။ အိမ်ကို အဲလို ပူညံ ပူညံတွေ ကြောင့် ပြန်မလာချင်တာ သိပြီလား”
ဒေါ်မေသက်ကို ဆောင့်တွန်းကာကုတ်အင်္ကျီ ပြန်ဝတ်ပြီးဦးကျော်ပိုင် ထွက်သွားသည်။ မျက် ရည်တွေ နဲ့ လဲပြိုကာ ကျန်ခဲ့သည့် ဒေါ်မေသက်ကို ငုံ့၍ တောင် ပြန်မကြည့်။
ထိုအ ဖြစ်ကို မျက်နှာငယ်လေးတွေ နှင့် ချောင်းကြည့်နေကြသည့် မောင်နှမသုံးယောက် ပြေး ထွက်လာကာ ဒေါ်မေသက်အနား ၀ိုင်းအုံထိုင်လိုက်ကြသည်။
“မေမေ”
“မေမေ ဘာ ဖြစ်သွားသေးလဲ”
“မေမေ ဘာမှမ ဖြစ်ပါဘူးကွယ်၊ သားတို့ သမီးတို့ စိတ်မကောင်းမ ဖြစ်ကြနဲ့နော်၊ ဖေဖေက အရက်သောက်လာတဲ့ အချိန်ဆို အဲလိုပဲ သွေးဆိုးတတ်တာ သိရဲ့ သားနဲ့၊ မေမေက နားမလည်ဘဲ မဆင်မခြင် ပြောမိလို့ပါ”
သားသမီးတွေ ကို ဖက်တွယ်ကာ ဒေါ်မေသက် လေအေးလေးနှင့် ဟန်ဆောင်ကာ နှစ် သိမ့်မိ သည်။ ယိမ်းနွဲ့ မေမေ့ဒုက္ခတွေ ကို စာနာကာ မျက်ရည်ကျမိ၏ ။
“အသားအနာခံပြီး သမီးတို့အတွက် ရပ်တည်ပေးမနေပါနဲ့ မေမေရယ်၊ ဖေဖေက နားလည်ပြီး ပြောင်းလဲလာမှာ မှ မဟုတ်တာ”
“ဟုတ်ပါတယ် မေမေရယ်၊ သားတို့ ဘယ်လိုပဲ နေရ နေရ၊ မေမေ ဘာမှမ ဖြစ်ဖို့ အရေး ကြီးပါ တယ်”
သမီးကြီးနှင့် သားငယ်လေး စကားကြောင့် ကြိတ်မှိတ် ဖုံးကွယ်ထားသမျှ အားလုံးသိနေကြတာ ပဲဟု အတွေးရောက်ကာ ပိုပြီး စိတ်မကောင်း ဖြစ်ရသည်။
သားလတ် ကတော့ လက်သီးကို တင်းတင်းဆုပ် အံကြိတ်ကာ ဗြုန်းခနဲ ထရပ်သည်။
“ကျွန်တော် ကတော့ ဒီအိမ်ကို ရောင်းပြီး လုပ်ငန်းလုပ်မှာ ကို လက်မခံနိုင်ဘူး မေမေ၊ အခု ဖေဖေ သီချင်းခွေ လုပ်ပေးမယ်ဆိုတဲ့ ကောင်မလေးက ဖေဖေနဲ့ ဘယ်လိုပတ်သက်နေလဲ မသိဘူး။ ဖေဖေတို့ အမြဲသွားနေကျ K.T.V ကတဲ့။ ယောက်ျားကြီးတွေ နဲ့ ဒီလောက် အတွဲ များ တာ မိန်းမကောင်း ဖြစ်နိုင်ပါ့မလား”
“မေမေလည်း အဲဒါကြောင့် အတိုက်အခံလုပ် တားနေမိတာပေါ့ သားလတ်ရယ်၊ မ ဖြစ်နိုင်ဘူး၊ မအောင်မြင်ဘူးဆိုတာ သေချာသိနေတဲ့ လုပ်ငန်းတစ်ခုကို ဒီလိုမျိုး အခြေပျက် အနေပျက် ဖြစ်သွား လောက်တဲ့အထိ ရင်းနှီးမြှုပ်နှံပံ့ပိုးစရာ လိုသလား။ စိတ်ချပါ မေမေ သားတို့ဖေဖေနဲ့ ထပ်ပြီး ရင်ဆိုင် ပါဦးမယ်၊ သားတို့ မျက်နှာမငယ်စေရပါဘူးကွယ်”
ရှိုက်သံနှောနေတဲ့ မေမေ့ကတိ စကားကို ဘယ်သူမှ မယုံရဲကြပါ။ ဖေဖေ့ရဲ့ ဥပက္ခာများ ကို သူတို့ကိုယ်တိုင် ခံစားနေရတာ မို့ ဖေဖေ့စိတ်ကို သူတို့အသိဆုံး ဖြစ်သည်။
ဒါပေမဲ့ သားသမီးတွေ အပေါ် မေတ္တာထားနိုင်လွန်းတဲ့ မေမေ့ယုံကြည်ချက်တွေ ကိုတော့ မပျောက်စေချင်ပါ။
“မေမေ သားမေမေနဲ့ လာအိပ်ပေးရမလား။ ဖေဖေက ဒီည ပြန်လာတော့မယ် မထင်ဘူး”
“မေမေ သိတာပေါ့ သားငယ်လေးရယ်။ ဒါပေမဲ့ သားငယ်လေး လွတ်လွတ်လပ်လပ် အိပ်ပါ။ စာလည်း ကျက်ရဦးမယ်မဟုတ်လား။ သွာြး ကတော့နော်။ သွားကြ သွားကြ”
သားသမီးတွေ ကို အခန်းပြင်တွန်းလွှတ်ပြီးမှ ဒေါ်မေသက်နိုင် စိတ်သက်သာအောင် ငိုပစ် လိုက်၏ ။
ဒီအဖေကြောင့် သားသမီးတွေ စိတ်ညှိုးနွမ်း သိမ်ငယ်ရတော့မည် လား။ ကိုယ့်ရင်သွေးတွေ ထက် တခြားသူစိမ်း တစ်ယောက် အတွက် ငွေတွေ အကုန်ခံ၊ စီးပွားတွေ အပျက်ခံ၊ ဂုဏ်သိက္ခာတွေ ကျဆင်းခံနေရတဲ့ ကိုပိုင်ရဲ့ စိတ်ကို သူမဘယ်လို နားလည်ပေးရမှန်းမသိ။
သူမ လက်ထပ်ခဲ့စဉ်က ကိုပိုင်က လူရိုးလူးအေး တစ်ယောက် ပါ။ ပညာတတ်ကြီး မဟုတ်ပေမဲ့ ဘာအလုပ် ဖြစ် ဖြစ် ရိုးသားကြိုးစားချင်စိတ်ရှိတဲ့သူ။
သူ့မိဘတေါ အမွေပေးလိုက် သော ဒီအိမ်ကြီးမှာ သူမကို ပြည့်စုံအောင် စိတ်ချမ်းသာအောင် လည်း ထားခဲ့သည်။
နောက် သမီးကြီးနှင့် သားလတ် မွေးပြီး သိပ်မကြာခင်မှာ ကိုပိုင် အပေါင်းအသင်း စမှားလာ သည်။ ပွဲစားအလုပ်ဖြင့် ၀င်ငွေ ရှာနေသော ကိုပိုင်က တခြားနေရာတွေ မှာ ငွေဖြုန်းတီးတတ်လာ၏ ။
အရက်ကလေး တမြမြ ဖြစ်လာသလို လောင်းကစားဝိုင်းတွေ ၊ နိုက်ကလပ်နှင့် K.T.Vလို နေရာ မျိုးတွေ မှာ အချိန်ကုန် ငွေကုန်၊ မိသားစုကို မခင်တွယ်တော့တဲ့အထိ ဖြစ်လာသည်။
သားငယ်လေး မွေးတော့ အကြောင်းပြချက်ရကာ ပိုဆိုးလာ၏ ။ အိမ်ပြန်ချိန်တွေ မမှန်သလို ပြန်အိပ်ချင်မှလည်း အိပ်တတ်သည်။
ခုနောက်ပိုင်းတော့ အငယ်အနှောင်း ထားတာလိုလို ခုခေတ်အခေါ်စပွန်ဆာလိုလို မိန်းကလေး တွေ နှင့် တတွဲ တွဲ အကျင့်ပျက်လာ၏ ။
ဟုတ်လျှင်ကျော် ပုတ်လျှင်ပေါ် တဲ့။
သားသမီးတွေ ကို ဘယ်လိုလုပ် သူမ ဖုံးကွယ်ထားနိုင်တော့မှာ လဲ။
ကိုပိုင်ကို ဖျောင်းဖျ နားချမရလို့ စိတ်ပင်ပန်းနေရသလို သားသမီးတွေ ကို နှစ် သိမ့်အားပေးရ တာလည်း ရင်တွေ မောလှသည်။
သားသမီးတွေ သာ သူမအပေါ် စာနာ နားလည်မှု မရှိခဲ့လျှင် စိတ်ဆင်းရဲသော ကတွေ နှင့် သူမ ဘ၀ကူးပြောင်းတော့မှာ သေချာသည်။
ရှေ့ဆက် ဘာတွေ ဖြစ်လာဦးမှာ လဲ။ ဘယ်လိုတွေ ရင်ဆိုင်ရဦးမှာ လဲ၊ မသိနိုင်။
ကံဝဋ်ကြွေးဆိုပါလျှင် ဒီဘ၀ဒီမျှပေါ့ ကိုကျော်ပိုင်။
အခန်း (၂)
“ကိုပိုင်ကြီး ကတော့ တကယ်ပိုင်တယ်ဗျာ။ အိမ်ကို ပူညံပူညံ ဖြစ်အောင် အပြစ်ရှာ၊ ပြီးရင် ဒီနေရာလေးကို ကျေကျေနပ်နပ်ကြီး ဒိုးလာခဲ့တော့တာပဲ ဟုတ်တယ်မလား”
“ဟား ဟား ငြင်းရင် လူမိုက် ဖြစ်သွားမှာ ပေါ့။ မရည်ရွယ်ပေမယ့် ရည်ရွယ်သလို ဖြစ် ဖြစ်လာ တာ ကံတရားက လှလို့ပေါ့ မဟုတ်ဘူးလားဗျာ”
“ဟုတ်ပါ့ ဟုတ်ပါ့ ကံတရားက ကိုပိုင်ကြီးကိုပဲ မျက်နှာလိုက်လွန်းတယ်ဗျာ”
စားသောက်ဆိုင်နှင့် တွဲ ဖွင့်ထားသည့် ကာရာအိုကေခန်းလေးထဲမှာ စနောက် အော်ဟစ် ရယ်မောသံတွေ နှင့် ဆူညံနေသည်။
ပုလင်းသံ ဖန်ခွက်ချင်း ထိခတ်သံ၊ ဇွန်းသံ ခက်ရင်းသံများ က စူးရှပြင်းထန်လွန်းသော ဂီတသံ နှင့် ပင် တူနေသေးရဲ့ ။
“ဟော ကိုပိုင်ရဲ့ ထိပ်ထားလေးကြွလာပါပြီ။ သီချင်းဆိုမျာလား၊ ဘယ်မှာ အချိန်ဖြုန်းမှာ လဲ စဉ်းစားပြီးပြီလား”
“အချိန်နောက်ကျနေပြီ ဒီမှာ ပဲ ငြိမ့်မယ်ဗျာ။ ခင်ဗျားတို့ လှိမ့်ချင်လှိမ့်တော့”
“ဟာ ကျုပ်တို့ကို နှင်နေပြီ၊ တော် တော် မတရားတဲ့လူပဲဗျာ”
“သွားမလုပ်နဲ့ ကိုယ့်အလှည့်ကျရင် ၀ဋ်လိုက်နေဦးမယ်”
“ဒီလို ၀ဋ်လိုက်တာမျိုး ကတော့ ဆယ်ခါပြန်လိုက်စမ်းပါစေဗျာ။ ကဲ ကိုဇော်နိုင် ကျွန်တော် တို့ လည်း နေရာရွှေ့ပြီး ခံစားရအောင်”
ကိုဇော်နိုင်တို့နှစ် ယောက် အလိုက်သိစွာ ထွက်သွားတော့ ရှယ်လီဆိုသော မိန်းကလေး ဦးကျော်ပိုင်အနား ကြွကြွလေး လှမ်းလာသည်။
ချိုအီစွဲညှို့နေသော အပြုံးတို့ဖြင့် ဦးကျော်ပိုင် ရင်ခွင်မှာ နွဲ့နွဲ့မှီကာ တူချောင်းလေးဖြင့် အမြည်း တစ်ဖတ်ကို ကောက်ညှပ်လိုက်သည်။
ပြီးမှ ဘီယာသောက်သုံးနေသော ဦးကျော်ပိုင် ပါးစပ်ထဲကို ရွရွလေးထည့်ပေးလိုက် သည်။ ရမ္မက်ခိုးတွေ ဝေနေသော ဦးကျော်ပိုင်ရဲ့ မျက်လုံးများ က ရှယ်လီရဲ့ ခန္ဓာကိုယ် တစ်ခုလုံးကို ထက်အောက် စုန်ချည်ဆန်ချည် အားမနာတမ်း ကြည့်နေ၏ ။
“ဘာလို့ အဲလောက် ကြည့်နေတာလဲလို့”
“ရှယ်လီလေးက ကိုယ့်မျက်လုံး မခွာနိုင်အောင် လှလွန်းလို့ပေါ့ ရှယ်လီလေးရယ်”
“ဟွန်း အပိုတွေ မပြောပါနဲ့နော်။ ရှယ်လီ ဖြစ်ချင်တာကိုတော့ ဖြစ်အောင်မလုပ်ပေးနိုင်သေးပဲနဲ့”
“ခဏ ခဏလေးစောင့်ပါဦးကွာ။ ကိုယ်အမြန်ဆုံး လုပ်ပေးနိုင်အောင် ကြိုးစားနေပါတယ်”
“အချိန်တွေ နောက်ကျလို့ အခြေအနေမပေးရင် ရှယ်လီကို ရက်စက်တယ်လို့ မပြောနဲ့နော်”
မူနွဲ့စွာ ပြုံးထေ့ထေ့ ပြောတော့ ဦးကျော်ပိုင် ရင်တွေ တဖျပ်ဖျပ်လူးသွား၏ ။ ဘီယာဖန်ခွက်ကို စားပွဲပေါ် ပြန်ချကာ ရှယ်လီ ပခုံးလေးကို ခပ်တင်းတင်း ဆုပ်ညှစ်လိုက်သည်။
“အဲ အဲလိုမလုပ်ပါနဲ့ကွာ။ ရှယ်လီလေးနဲ့ တွေ့ မှ ကိုယ့်ဘ၀က ပိုပြီး စိုပြည်လန်းဆန်း လာတာပါ၊ အောင်မြင်တဲ့အထိ ပံ့ပိုးပေးမှာ ပါလို့ ကိုယ်ကတိပေးပြီးပြီပဲ၊ အရမ်းကြီး မလောပါနဲ့နော်၊ ခဏလောက်သည်းခံပေးပါ”
“ဟွန်း အိမ်က မယားကြီးနဲ့ သားသမီးတွေ လောက် ရှယ်လီက အရေး မကြီးဘူးဆိုတာ သိပါတယ်”
“ဒီ နှုတ်ခမ်းလေးက ဘာလို့ အဲလို သူစိမ်းဆန်တဲ့ စကားတေါ ပြောထွက်ရတာ လဲကွယ်။ ရှယ်လီလေးကို အရမ်းမြတ်နိုးလို့ ကိုယ့်မိသားစုနဲ့ အတိုက်အခံလုပ်နေတာပါ။ သိပ်မကြာခင် ရှယ်လီ ဆန္ဒတွေ ပြည့်ဝစေရမယ်နော်၊ ခုတော့ ကိုယ်ရော စိတ်ရော ပင်ပန်းလို့ အကြင်နာတွေ ပေးပါလားကွာ”
တဟင်းဟင်း ညှင်းသွဲ့သွဲ့ ရယ်လျက် ကိုကျော်ပိုင် ရင်ခွင်မှာ ရှယ်လီ တိုးခွေ့မှီနွဲ့ပစ်လိုက်၏ ။
ဦးကျော်ပိုင်က အသက်ရှူသံတွေ ပြင်းလျက် မွတ်သိပ်စွာ နမ်း၏ ။
လွန့်လွန့်လေး ရုန်းလိုက်၊ ညည်းညူမှု လေးဖြင့် တိုးကပ်လိုက်၊ မာယာများ ဖြင့် ဦးကျော်ပိုင် စိတ်တွေ ကို နှိုးဆွအပိုင်သိမ်း ညှို့ငင်ယုယနေလိုက်သည်။
ဒါမှ သူ ဖြစ်ချင်တာ ဖြစ်ခွင့်ရမှာ မဟုတ်လား။
အခန်း (၃)
“အဲဒါကို မေမေ ခွင့်မပြုနိုင်ဘူး သမီး။ သမီးက အိမ်မှု ကိစ္စတွေ ရော မောင်လေးတွေ ဝေယျာဝစ္စ တွေ ပါ လုပ်နေရတာ ။ တခြား အလုပ်ထွက်လုပ်လို့ ဘယ် ဖြစ်မှာ လဲ”
“မေမေ့ကို သမီးသနားလို့ပါ၊ အိမ်က ကိစ္စတွေ ကိုလည်း နိုင်နိုင်နင်းနင်း လုပ်ပါ့မယ်၊ ၀င်ငွေရ မယ့် အလုပ်လေးလည်း ထွက်လုပ်ပါရစေ၊ မေမေ့ကို အနည်းအကျဉ်း အထောက်အကူရတော့ တော် သေးတာပေါ့”
“မေမေ့မှာ ခွန်အား ရှိပါသေးတယ်ကွယ်၊ သမီးတို့ မောင်နှမတစ်တွေ မျက်နှာမငယ်ရအောင် မေမေ ရှာဖွေကျွေးမွေးနိုင်ပါသေးတယ်”
“သိပါတယ် အမေရယ်၊ အရင်းအနှီးမရှိတော့ မေမေ့မှာ ပိုပင်ပန်းတယ်၊ ဖေဖေ့အတွက်လည်း စိတ်ဆင်းရဲရတယ်၊ တစ်ခုခု ဆုံးဖြတ်လိုက်ပါလား မေမေ”
“ဟင် မေမေက ဘာဆုံးဖြတ်ရမှာ လဲ”
မေမေ မေးတော့လည်း ယိမ်း ဘယ်လို ဖြေရမလဲ စဉ်းစားချင့်ချိန်နေရသည်။ ဖြစ်သင့်လား မ ဖြစ်သင့်လားဆိုတာ မသိပေမယ့် မေမေ့ဆန္ဒက ပိုအရေး ကြီး၏ ။
“ဖေဖေက လင့်ဝတ္တရား ဖခင်ဝတ္တရား ပျက်ကွက်နေတာ ကြာပြီပဲ၊ ပြတ်ပြတ်သားသား ကွာရှင်းလိုက်ရင် ပိုမကောင်းဘူးလား၊ မေမေ စိတ်သက်သာမယ် ထင်လို့ပါ”
“မေမေ အကြိမ်ကြိမ် စဉ်းစားခဲ့တာပေါ့ သမီးရယ်၊ သမီးကို သမီးအကြီးဆုံးမို့ တိုင်လည်း တိုင်ပင်ချင်ခဲ့ပါတယ်။ ဒါပေမဲ့ မေမေတို့ကို ရသင့်ရထိုက်တာ ခွဲပေးတယ် ထားဦး။ အားလုံးက ကစဥ့်ကလျား အခြေအနေပျက် ဖြစ်မသွားနိုင်ဘူးလား။ အဖ အုပ်ထိန်းမှု မရှိတော့တဲ့ မေမေ့သားသမီး တွေ မျက်နှာငယ်ရမှာ လည်း စိုးရိမ်တယ်။ စိတ်ကူးကြည့်တာတောင် လက်တွေ့ ထက် ပိုခက်နေတယ်”
မေမေ့ သက်ပြင်းရှိုက်သံက လေးပင်တုန်ယင်နေသည်။ မျက်ရည်မကျအောင် ထိန်းထားပေမဲ့ စိတ်သော ကတွေ ကြောင့် မျက်နှာလေးက အိုစာရင့်ရော်နေသည်။ မေမေ့လက်များ ကို ဖွဖွညင်သာ ဆုပ်ကိုင်မိတော့ မေမေ့လက်များ က နူးညံ့မှု မရှိ ကြမ်းရှရှ အရေတွန့်နေသည်။
ပွဲစားအလုပ်ဆိုတာ နေ့စဉ် ပုံမှန်ဝင်ငွေ မရှိနိုင်။ ဒါဆို နေ့စဉ်အိမ်ရဲ့ စားစရိတ် အသုံးစရိတ်များ ကို မေမေ ဘယ်လိုနည်းနှင့် ရှာဖွေနေခဲ့သလဲ။
လင်ယောက်ျားကို ဒူးထောက် ခယချင်စိတ်မရှိတဲ့ မာနများ ဖြင့် မေမေ ဘယ်လောက်တောင် ပင်ပန်းနေခဲ့ရပြီလဲ။ ခြံဝင်းအကျယ်ကြီးနှင့် အိမ်ကြီးအိမ်ကောင်း နှစ် ထပ်အိမ်ကြီးမှာ နေနေရသော် လည်း အတွင်းထဲမှာ လှိုက်စားနေတဲ့ ပဋိပက္ခများ ကို ဘယ်သူမှ သိမှာ မဟုတ်ချေ။
မေမေကလည်း ကြက်မကြီးတစ်ကောင် ကြက်ကလေးတွေ ကို အုပ်သလို ပိပိစီးစီး အုပ်ထိန်း ထားနိုင်ခဲ့သည်။
ခုတော့ အခွံကြီးသက်သက် ကျန်တော့သော ဒီအိမ်ကြီးကိုတောင် ဖေဖေက ရောင်းချဖို့ စီစဉ် နေပြန်သည်။ ဒီကိစ္စကြောင့် မေမေမှမဟုတ် သူမတို့ မောင်နှမသုံးယောက် လည်း မအိပ်နိုင် မစားနိုင် စိတ်ဆင်းရဲနေကြရ၏ ။
ဖေဖေ့ကို ခြေသလုံးဖက်ကာ တောင်းပန်ရမည် လား။
မျက်ရည်ခံထိုး၍ ဆန္ဒပြရမည် လား။
“သမီး မျက်ရည်တွေ သုတ်စမ်းကွယ်၊ ဟိုမှာ သမီးမောင်လေးအငယ် ကျောင်းက ပြန်လာပြီ”
မျက်ရည်စမ်းစမ်း ဖြစ်နေတဲ့ ယိမ်းကို အမေက လက်ကုတ် သတိပေးသည်။ လွယ်အိတ်ကို စလွယ်သိုင်းလျက် ကျောင်းဝတ်စုံ အဖြူအစိမ်းလေးဖြင့် ခြေထောက်လေး ထော့နင်းထော့နင်း လျှောက်လာနေသော လင်းရိပ်ပိုင်က သူမတို့သားအမိနှစ် ယောက် ကြား ၀င်ထိုင်လိုက်သည်။
“ဘာတွေ တိုင်ပင်နေကြတာလဲ”
“ဘာရယ်မဟုတ်ပါဘူး အလင်းရယ်၊ မမတို့ စကားထိုင်ပြောနေကြတာပါ၊ အလင်းထမင်း ဆာပြီလား မမ ခူးပေးမယ်လေ”
“ဟင့်အင်း မဆာသေးပါဘူး။ မမနဲ့ မေမေ စားမှ သားတူတူစားမယ်လေ၊ သား ရေချိုးလိုက် ဦးမယ်၊ သြော် အမင်းရော ပြန်မလာသေးဘူးလား မေမေ”
“ဘယ်လာသေးဦးမှာ လဲကွယ်၊ တက္ကသိုလ်ကျောင်းသားကြီး ဖြစ်နေပြီဆိုတော့ အရင်ထက် ခြေပိုရှည်တော့မှာ ပေါ့၊ မအေရှာတဲ့ငွေဆိုပြီး အသုံးအစွဲကလည်း မလျှော့၊ မအေ ဥာဉ်အတိုင်းပဲ”
“သားက မေမေ့ကို တူတာနော်”
“ဟုတ်ပါတယ်တော် ဟုတ်ပါတယ်၊ သားက သားလိမ္မာလေးပါ”
မေမေ အဲလိုပြောလိုက်မှ အလင်းက သဘောတွေ ကျကာ မေမေ့ပါးကို ရွှတ်ခနဲ နမ်းသည်။ ယိမ်းပါးကိုလည်း ဘယ်ပြန်ညာပြန် နမ်းပြီးမှ ရေချိုးခန်း ၀င်သွား၏ ။ အမင်း ကတော့ ညအချိန်လောက် မှ ပြန်ရောက်လာလိမ့်မည် ။ အလင်းလို ယိမ်းတို့သားအမိအပေါ်မှာ နွေးနွေးထွေးထွေး မနေ။
ဂရုစိုက် အလေးထားခြင်းလည်း မရှိ။ ဈေးအကြီးဆုံး အကောင်းဆုံး အ၀တ်အစားများ ကို ပူဆာ တတ်ကာ သူ့ကိုယ်သူ ကြော့ကြော့မော့မော့ဖြင့် သူဋ္ဌေးသားဂိုက်ဖမ်းနေတတ်သည်။
ငွေကို လုံလောက်စွာ တောင်း၍ သူငယ်ချင်းအပေါင်းအသင်းများ ဖြင့် သုံးဖြုန်းတတ်၏ ။
မေမေ့မှာ ခြေမသန်တဲ့ ဒုက္ခိတ အလင်းအတွက် စိတ်ပူ စိတ်မချနိုင်သလို အမင်းအတွက်လည်း ဘယ်တော့မှ ရင်မအေးနိုင်ချေ။
ဒီခံစားမှု တွေ ကို ဖေဖေ ဘာမှ မသိ။ စိတ်လည်း မ၀င်စား။
အိမ်အသုံးစရိတ် ဘယ်လောက်ကုန်သလဲ။ သားနှစ် ယောက် ကျောင်းစရိတ်နှင့် လောက်ငှ ပါ့မလား ဘယ်တော့မှ မမေး။
ငွေဘယ်လောက်ရရ ပေးချင်မှ ပေးသည်။ ပေးချင်တဲ့အချိန်မှ ပေးသည်။
ဒီဒုက္ခတွေ ကို ခါးဆီးခံနေရတဲ့ မေမေ့ကို ယိမ်းရင်ထဲ မချိအောင် သနားနေမိပေမယ့် ဘာမှလည်း မတတ်နိုင်။
ဘယ်လောက်ကြာကြာ မေမေ အားတင်းထားနိုင်မှာ လဲ။
ဒီဝဋ်ကြွေးတွေ မကုန်သေးသ၍ လား။
အခန်း (၄)
“သမီး မေမေ ရှိလား။ ဖေဖေ့မှာ ဧည့်သည်ပါလာလို့ ခေါ်လိုက်ပါဦး”
“ဟုတ်ကဲ့ ဖေဖေ”
ဖေဖေ့ဧည့်သည်က ယိမ်းနှင့် အသက်အရွယ် မတိမ်းမယိမ်းလောက်သာ ရှိလိမ့်မည် ။ ကာလာစုံ တင်ထားသော မျက်နှာလေးက မထီတရီဖြင့် ထူပြည့်သော နှုတ်ခမ်းလေးမှာ နီရဲတောက်ပနေသည်။ အ၀တ်အစားများ က ယိုသူမရှက် မြင်သူရှက်စရာ ကလက်တက်တက်။
တစ်ထွာသာ ခွာမြင့်ဖိနပ်စီးထားသော သူမအရပ်အမောင်းက ဖေဖေ ပခုံးကို တွန်းတွန်း တိုက်တိုက်။
ခဏခြင်း အကဲခတ်ကာ မျက်နှာလွှဲလိုက်ပြီး မေမေ့ကို ခေါ်ဖို့ လှည့်အထွက်မှာ မေမေက ယိမ်း အနားမှာ ရောက်နေခဲ့သည်။
“မေမေ ကြားတယ်။ သမီး မောင်လေးတွေ ခေါ်ပြီး အပေါ်ထပ်တက်နေ၊ မေမေတို့ စကားဝိုင်းမှာ ဘယ်သူမှ ၀င်မပါနဲ့၊ အောက်ထပ်ကို ဆင်းမလာခဲ့နဲ့ ကြားလား”
သားသမီးတေါကို ဘာပြဿနာမှ မသိစေ၊ မကြားစေချင်တာကြောင့် အပေါ်ထပ်မှာ သွားနေ ခိုင်းပြီး ဒေါ်မေသက်နိုင် ဧည့်ခန်းဘက် ထွက်လာခဲ့သည်။
ဒေါ်မေသက်နိုင်ကို မြင်မှ ဦးကျော်ပိုင် ပခုံးမှာ မှီနွဲ့နေသော ရှယ်လီရဲ့ ခေါင်းလေးက ဆတ်ခနဲ ထောင်သွားသည်။ ဦးကျော်ပိုင်က ရှယ်လီရဲ့ ခေါင်းလေးကို ဖွဖွလေးပုတ်ပြီး ပြုံးနေတာမို့ ဒေါ်မေသက်နိုင် ၀င်ထိုင်ရခက်၊ မထိုင်ရခက် ကြောင်အမ်းအမ်း ဖြစ်နေမိသည်။
“လုပ်ငန်းရှင် တစ်ယောက် ရဲ့ မိန်းမအ ဖြစ်နဲ့ မိတ်ဆက်ပေးရုံသက်သက် ခေါ်လာတာလား။ ဒီအိမ်ရောင်းပြီးမှဆိုရင် လုပ် ဖြစ်မှာ မဟုတ်လို့ ကျွန်မနဲ့တွေ့ ပေးဖို့ အရေး မကြီးဘူး ထင်ပါတယ်”
“မေသက် မင်း ပြောချင်ရာ လျှောက်ပြောမနေနဲ့၊ ဒီအိမ်ရောင်းဖို့လည်း သူဋ္ဌေး တစ်ယောက် နဲ့ ဈေးညှိပြီးပြီ၊ သူ့ကို သီချင်းခွေလုပ်ပေးဖို့လည်း ဆုံးဖြတ်ပြီးပြီ၊ မင်းကို ဆွေးနွေးတိုင်ပင်နေတာ မဟုတ်ဘူး။ ဒီလုပ်ငန်းအောင်မြင်အောင် မင်းတို့ သားအမိတွေ အကျိုးအမြတ် ခံစားရအောင် လုပ်ပေး မယ့်သူက သူပဲဆိုတာ ခေါ်လာပြတာ”
ဒေါ်မေသက်နိုင် နှုတ်ခမ်းအစုံက ကွေးညွတ်မဲ့ရွဲ့သွား၏ ။ အပွေးမြင်လို့ အပင်မသိလျှင် သူမ အရာကျဦးမည် ။
“ဒါဆိုလည်း သူနဲ့ကျွန်မ စကားပြောကြည့်ချင်ပါတယ်။ ရမလား”
ဦးကျော်ပိုင်နှင့် မျက်လုံးချင်းဆုံသွား၏ ။ ထီမထင် မဲ့ပြုံးနှင့် ရှယ်လီက ကိုယ်ကို မတ်နေအောင် ပြင်ထိုင်သည်။
ပြောချင်ရာ ပြောဆိုသည့် သဘော။
“မင်း ဖြစ်နိုင်လား၊ မ ဖြစ်နိုင်လား၊ အောင်မြင်နိုင်လား မအောင်မြင်နိုင်လား ဆိုတာ အန်တီ မဝေဖန်ချင်ပါဘူး၊ ဒါပေမဲ့ မင်းအတွက် ဒီအိမ်ကြီးကို ရောင်းပြီး ရင်းနှီးမြှုပ်နှံရမယ်ဆိုတာကြီးက အန်တီတို့မိသားစု အခြေပျက် အနေပျက် ဘ၀ပါ ပျက်သွားနိုင်တယ်၊ အဲဒါကို မင်းဘက်က သေသေချာချာ စဉ်းစားပေးစေချင်ပါတယ်”
“ဒီအိမ်ကြီးက ကျွန်မရဲ့ ပိုင်ဆိုင်မှု ဆိုရင်ရော ကျွန်မ လုပ်ချင်တာ လုပ်ခွင့်ရှိမလား”
“ဘာ ဘာပြောတယ်”
ဒေါ်မေသက်နိုင် ပြူးပြူးပျာပျာ ထိတ်လန့်သွားသည်။ ဒီစကားရဲ့ အဓိပ္ပါယ်က ဘယ်အထိ သက်ရောက်သွားလဲ ခန့်မှန်းကြည့်ဖို့ မ၀ံ့မရဲ။
“ကိုယ်ပြောပြမယ် မေသက်၊ မင်းစိတ်အေးအေးနဲ့ နားထောင်၊ ကိုယ် ရှယ်လီနဲ့ တရားဝင် လက်ထပ်ထားတယ်၊ ကိုယ့်ရဲ့ ပိုင်ဆိုင်မှု တွေ က သူလည်း ပိုင်သွားပြီ”
“ကို ကိုပိုင် ဘာတွေ ပြောနေတာလဲ၊ ဘာတွေ ပြောနေတာလဲ၊ ရှင့်မှာ သားကြီး မယားကြီးတွေ နဲ့ လေ၊ ရှင် ဒီလောက်အထိ ပြောင်ပြောင်တင်းတင်း တာဝန်မမဲ့သင့်ပါဘူး”
“မင်းတို့အပေါ် တာဝန်မမဲ့သင့်မှန်း သိပေမယ့် ရှယ်လီကိုလည်း တာဝန်မယူလို့ မရတော့ဘူး လေ၊ ဒီအိမ်ကို ရောင်းပြီးတာနဲ့ ကိုယ် ဘာလုပ်သင့်လဲ စဉ်းစားထားပါတယ်”
“ပွင့်ပွင့်လင်းလင်း တစ်ခါတည်းပြောလိုက်ပါတော့ ကိုကြီးရယ်”
ချိုပျစ်ချိုအီနေသော ရှယ်လီ အသံက အော်ဂလီဆန်စရာ ကောင်းလွန်းလှသည်။ မိန်းမကြီး တစ်ယောက် ရှေ့မှာ ဒီလောက်ထိ ဣနြေ္ဒမမဲ့သင့်။
ဒေါ်မေသက်နိုင် အသားတွေ ဆတ်ဆတ်တုန်ကာ ခေါင်းတွေ လည်း မူးဝေနောက်ကျိလာသည်။ ချစ်မြတ်နိုးလို့ လက်ထပ်ခဲ့ကြပြီး ငယ်လင် ငယ်မယား သံယောဇဉ်တွေ တောင် တိုးပွားလာပြီးမှ အပျော် ရှာရုံမဟုတ်ဘဲ အတည်ကြံလိုက်တဲ့ ကိုပိုင် သိက္ခာတွေ ကို ဒေါ်မေသက်နိုင် စက်ဆုပ်ရွံရှာသွားသည်။
သားသမီးတွေ ကို ဘယ်လိုနှစ် သိမ့် အားပေးရမလဲ။
“ရှင် ဘယ်လို ဆုံးဖြတ်ထားတယ်ဆိုတာ ကျွန်မကို ပြော၊ ပြောပြပါ ကိုပိုင်၊ ကျွန်မ ကွာရှင်းပေး ရမလား”
“အဲဒီ ကိစ္စက မင်းဆန္ဒရှိသလို လုပ်လို့ရပါတယ်၊ ကွာရှင်းချင်တယ်ဆိုရင် ကိုယ်လက်မှတ်ထိုး ပေးမယ်၊ သားသမီးတွေ မျက်နှာထောက်မှ ဖြစ်မယ်ဆိုရင်လည်း ကိုယ် အရင်လို သွားလာနေထိုင်ပေး ပါ့မယ်၊ ဒါပေမဲ့ ဒီအိမ်ကြီးပေါ်က အမြန်ဆုံး ဆင်းပေးနိုင်မှ ဖြစ်မယ်၊ ဟိုဘက်လမ်းထဲမှာ သွပ်မိုး ပျဉ်ထောင်အိမ်လေး တစ်လုံး ကိုယ် စုံစမ်းပေးထားတယ်။ လောလောဆယ် အဲဒီ မှာ နေကြပေါ့၊ နောက်မှ ရှယ်လီအောင်မြင်သွားရင် အိမ်ကောင်းကောင်း တစ်လုံးပြန်ဝယ်ပေးမယ် ဟုတ်ပြီလား”
“ရှင် ရှင် သားသမီးတွေ မျက်နှာမထောက် လုပ်ရက်တယ် ကိုပိုင်ရယ်၊ ကိုယ့်သွေးကိုယ့်သား တွေ ကိုတော့ ပစ်စလက်ခတ် ဥပေက္ခာပြုပြီး ရှင့် ရမ္မက်ဆန္ဒအာသီသကို တန်ဖိုးထားနေတယ်ပေါ့၊ အမလေး ရက်စက်လိုက်တာ ရက်စက်လိုက်တာ ကိုပိုင်ရယ်”
ရင်ဘတ်တွေ အောင့်ကာ အသက်ရှူလို့ မ၀ ဖြစ်လာသည်မို့ ရင်ဘတ်ကလေးကို ဖိထားရင်း ဒေါ်မေသက်နိုင် ရင်ထုမနာ ပြောနေမိသည်။ ဦးကျော်ပိုင်က ဂရုမစိုက်ပါ။
ရှယ်လီ လက်ကလေး ကြင်နာယုယစွာ ဆုပ်ကိုင်ပြီး ထရပ်သည်။
“မင်း ပြောချင်သလို ပြောပါ မေသက်၊ နွားအို မြက်နုကြိုက်တဲ့ ကောင်လို့ စကားပုံ ရိုင်းရိုင်းနဲ့ ပစ်ပေါက်လည်း ကိုယ်ခံပါ့မယ်၊ ကံအကြောင်းတရားအလှည့်အပြောင်းကို ကိုယ်လည်း ဘာမှ မတတ် နိုင်ပါဘူး၊ ကိုယ့်ကို ခွင့်လွှတ်ပါ”
ဘယ်သူ့ကို အပြစ်တင်ရမှာ လဲ။
မိမိရဲ့ ကံကြမ္မာလား။ ကိုပိုင်ရဲ့ ကံဇာတာကိုလား။
သူများ မိသားစု အသိုက်အမြုံကို ဖျက်ဆီးဝံ့တဲ့ ရှယ်လီရဲ့ အရှက်နည်းမှု ကိုလား။
ကိုယ်ခန္ဓာချင်း ပူးကပ်ဖက်တွယ်ကာ သူမရှေ့က ထွက်သွားတဲ့ လင်ယောက်ျားနှင့် တခြား မိန်းမ တစ်ယောက် ကို ဘယ်လိုအင်အားနှင့် သူမ ကြည့်နေနိုင်ပါ့မလဲ။
ယှဉ်တွဲ လျက် ပုံရိပ်များ က နီးကပ်လာလိုက်၊ ဝေးကွာသွားလိုက်၊ မှု န်ဝါးပျောက်ကွယ်သွား လိုက်၊ ကြည်လင်ပြတ်သားလာလိုက်။
သွေးခုန်နှုန်းတွေ တဒုန်းဒုန်း ဆောင့်တက်လာကာ
“မေမေ”
“မေမေ”
“မေမေ”
ပြိုလဲသွားတဲ့ သူမအနီးမှာ သားသမီးသုံးယောက် ထိတ်ထိတ်ပျာပျာ ၀မ်းနည်းပူဆွေးကာ ၀ိုင်းအုံလာသည်။
မေမေ ဆိုတဲ့ ခေါ်သံလေးက အလုအယက်။
အားကိုးရာမဲ့မှာ စိုးလို့ ငိုကြွေးနေကြခြင်းလား။
ဟင့်အင်း မေမေ မသေချင်သေးပါဘူး။
သမီးနဲ့သားတွေ အတွက် မေမေ အသက်ရှင်ချင်ပါသေးတယ်။
အခန်း (၅)
ခေါင်းခါပြပြီး လှည့်ထွက်သွားတဲ့ ဆရာဝန်ကြောင့် ယိမ်းတို့ မောင်နှမသုံးယောက် မေမေအနား ၀ိုင်းအုံတိုးကပ်လိုက်ကြသည်။
မေမေက အသက်ကို ခက်ခဲပင်ပန်းစွာ ရှူရှိုက်နေလျက် ယိမ်းတို့ မောင်နှမ သုံးယောက် လုံးကို မျက်ရည်တွေ ပြည့်အိုင်စွာ ဖြင့် တစ်လှည့်ကြည့်နေသည်။
“မေမေ မေမေ ဘာမှမ ဖြစ်စေရဘူးနော်၊ ယိမ်းတို့ မောင်နှမသုံးယောက် ကို စိတ်ချလက်ချ ထားခဲ့လို့ မ ဖြစ်ပါဘူး မေမေရယ်၊ လောကကြီးမှာ မေမေမရှိဘဲ ကျန်နေရစ်ဖို့ ယိမ်းတို့မှာ အဆင်သင့် မ ဖြစ်သေးလို့ပါ”
“အားတင်းထားပါဦး၊ စိတ်မလျှော့လိုက်ပါနဲ့ဦး မေမေရယ်၊ သားလေးက ဒုက္ခိတလေးမို့ စိတ် မချနိုင်ဘူးလို့ မေမေ ပြောထားတယ်နော်၊ မေမေ မရှိရင် သားအရမ်းအားငယ်ရမှာ မေမေရဲ့ ”
“မေမေ ဒီလို ဝေဒနာတွေ ခံစားရတာ ဖေဖေ့ကြောင့် မေမေရ၊ မေမေ ဒီလိုကြီး အရှုံးပေး ထွက်သွားရင် သူတို့ ၀မ်းသာသွားမှာ ၊ အရှုံးမပေးပါနဲ့၊ စိတ်မလျှော့ပါနဲ့၊ ကျွန်တော် တို့ကို ချစ်တဲ့ စိတ်နဲ့ အားတင်းထားပါ မေမေရယ်”
မောင်နှမသုံးယောက် ရဲ့ တောင်းဆိုမှု ကို မေမေက မချိတင်ကဲ နားထောင်နေရဟန် တူသည်။ သားသမီး သုံးယောက် ရဲ့ လက်ကလေးတွေ ကို အားတင်းဆုပ်ကိုင်ထားရင်း တိုးလျ တုန်ယင်နေသော လေသံလေးဖြင့်
“မေမေ မသေချင်သေးဘူး။ သမီးနဲ့ သား သားလေးတို့အတွက် မေမေ အသက်ရှင် ရှင်ချင်ပါသေးတယ်။ ဒါပေမဲ့ မေမေ အရှုံးပေးရတော့မှာ ပါ၊ သ သမီးကြီး မောင်လေးတို့ကို ဂရုစိုက်ပါ စောင့် စောင့်ရှောက်ပါနော်၊ သား သားငယ်လေးကို ပိုပြီး ဂရုစိုက်ပေးပါ၊ ဖေ ဖေဖေကို မပြစ်မှားကြနဲ့၊ မစော်ကားမိစေနဲ့၊ သား သားတို့ မမ စကားကို နား နားထောင်”
စကားကို ဆုံးအောင် မပြောနိုင်ဘဲ မေမေ့ ခေါင်းလေးက တစ်ဖက်ကို လည်ကျသွားသည်။
ဗြုန်းခနဲ မောင်နှမသုံးယောက် အကြည့်ချင်း ဆုံသွားကာ အလုအယက် မေမေ့ကိုယ်ခန္ဓာလေး ကို ဖက်တွယ်မိကြသည်။
“မေမေ မေမေ မေမေ”
“တစ်သက်လုံး ဇွဲကောင်းလာပြီး ခုမှ ဘာလို့ အရှုံးပေးလိုက် တာလဲ မေမေရဲ့ ၊ အား မေမေ မေမေ”
“မေမေရယ်၊ သားလေးကို စိတ်မချဘူးဆို၊ ဒုက္ခိတလေးမို့ မေမေ အချစ်ပိုရတယ်ဆို၊ ခုဘာလို့ စိတ်ချလက်ချ ထားခဲ့တာလဲ မေမေရဲ့ ၊ ဘာလို့ ခွဲထားခဲ့တာလဲ၊ သား သားဘယ်သူ့ကို အားကိုးရမှာ လဲ မေမေရယ်၊ သား သားကို ဖေဖေကမှ မချစ်တာ၊ သား ဘယ်လိုလုပ်ရမှာ လဲ၊ သားလေး ဘယ်လို နေရမှာ လဲ”
ငိုယိုတိုင်တည်နေတဲ့ အသံတွေ ကို ကြားလျှင် တမလွန်က မေမေမျက်ရည်ကျနေပေလိမ့်မည် ။ စိတ်ပူပန်လွန်းစွာ ဘ၀ကူးကောင်းပါ့မလားတောင် မသိ။
ပွေ့ဖက်လိုက် နမ်းရှုံ့လိုက်၊ အော်ဟစ်ငိုကြွေးလိုက်ဖြင့် ခိုကိုးရာမဲ့နေကြသော မောင်လေးနှစ် ယောက် ကို ကြည့်ကာ ကိုယ့်စိတ်ကိုယ် ယိမ်း တည်ငြိမ်အောင် အားတင်းထိန်းချုပ်နေရသည်။ အငယ် နှစ် ယောက် အတွက် ခံစားရတဲ့အတိုင်း စိတ်လျှော့လိုက်လို့ မ ဖြစ်။
မေမေလည်း အနားမှာ မရှိ၊ မေမေလည်း နောက်ဆံတင်းလျက် ပြန်လာလို့ မရတဲ့ အဝေးဆုံးကို ထွက်သွားခဲ့ပြီ။
ဝမ်းနည်းဆို့နင့်မှု တွေ နာကျင်ကြေကွဲမှု တွေ ထက် အခုချိန်မှာ အရေး ကြီးဆုံးက ဘာလဲ။
“မောင်လေး အမင်း အလင်း မမ တစ်ယောက် လုံး ရှိပါသေးတယ်။ မေမေ့ကိုယ်စား မောင်လေး တို့အတွက် မမ ရပ်တည်မှာ ပါ၊ အခက်အခဲနဲ့ လောကဓံကို မမ ရှေ့ကနေရင်ဆိုင်ပေးမှာ ပေါ့ကွယ်၊ မေမေ ၀မ်းနည်းအောင် မပြောကြပါနဲ့၊ မေမေ နောက်ဆံတင်းအောင် မငိုကြပါနဲ့တော့၊ မေမေက မမတို့ ကို စိတ်ခွန်အားတွေ ပေးထားခဲ့တာပဲ၊ ရင်ဆိုင်နိုင်ရမှာ ပေါ့၊ ရုန်းကန်နိုင်ရမှာ ပေါ့၊ ငိုနေရင် မေမေ ပိုပြီး ပူလောင်နေရလိမ့်မယ်၊ မငိုကြပါနဲ့တော့”
ဖြေသိမ့်ပေးနေတဲ့ ဒီအစ်မရဲ့ ရင်ထဲမှာ မျက်ရည် ပင်လယ်ကြီး ဖြစ်နေတာကို မောင်လေးတွေ မသိစေချင်ပါ။
အဲဒီ ပင်လယ်ကြီးကို အန်တုပြီး ရင်ဆိုင်ရ ရုန်းကန်ရတော့မှာ က ယိမ်းရဲ့ တာဝန်မဟုတ်ပါလား။
ဘယ်အရာမှ အကောင်းအတိုင်း မ ဖြစ်နိုင်တဲ့ ဒီဘ၀က …။
အခန်း(၂)
အခန်း (၆)
“စိတ်မကောင်းပေမယ့် ဘာမှမတတ်နိုင်တော့ဘူးလေ။ ဒီလို ဖြစ်သွားလိမ့်မယ်လို့ ဖေဖေ တကယ်မထင်ခဲ့တာပါ၊ သမီးတို့ မေမေက အရမ်းမာနကြီးပြီး ခံနိုင်ရည်ရှိခဲ့တဲ့ မိန်းမ တစ်ယောက် မဟုတ်လား”
“သားသမီးတွေ အတွက် ဟန်ဆောင်တင်းထားခဲ့တာလို့ ဖေဖေမထင်ဘူးလား။ လင်ယောက်ျား ကို ဒါမလုပ်ပါနဲ့လို့ ဒူးထောက်မတောင်းပန်ခဲ့ပေမယ့် သားသမီးတွေ အတွက် မိခင်ကောင်း တစ်ယောက် ပါ ဖေဖေ”
“ဖေဖေသိပါတယ်၊ ဒါပေမဲ့”
“ဖေဖေ နစ်နေတဲ့ နွံထဲက ရုန်းထွက်ဖို့ မကြိုးစားခဲ့တာ မဟုတ်လား။ နစ်သထက် နစ်နေတာကို ကျေနပ်နေရင်းနဲ့ မေမေ့ကို ဝေဒနာတွေ ဒဏ်ရာတွေ ပေးနေခဲ့တာလေ၊ ဒီမိန်းမ ဘာမှမ ဖြစ်ပါဘူး၊ ခံနိုင်ရည်ရှိမှာ ပါဆိုတဲ့ ဖေဖေ့ရဲ့ အတွေးက အရမ်းအံ့သြဖို့ကောင်းပါတယ်၊ ဒါပေမဲ့ မေမေ မှာ ခဲ့ပါတယ်၊ သမီးတို့ အဖေကို မပြစ်မှားကြနဲ့၊ မစော်ကားမိစေနဲ့တဲ့၊ အဲဒီ စကားက သမီးတို့ကို ငရဲကျမှာ စိုးလို့လား၊ ဖေဖေ့ကို စိတ်မဆင်းရဲစေချင်တာလားတော့ မသိပါဘူး”
အကြာကြီး ငိုင်တွေ သွားပြီး သက်ပြင်းရှိုက်နေပေမယ့် ဖေဖေ့ဆီမှာ နောင်တရတဲ့ အရိပ် အယောင် မတွေ့ ရပါ။
သတင်းစာထဲမှာ နာရေး ကြော်ငြာမထည့်တာမို့ ရှယ်လီနှင့် ဟန်းနီးမွန်းထွက်သွားတဲ့ ဖေဖေက ဒီနေ့မှ မေမေ့နာရေး ကို သတင်းလာမေးခဲ့တာ ဖြစ်၏ ။
စိတ်မကောင်းဘူးဆိုပေမယ့် မေမေအတွက်ရော သားသမီးတွေ အတွက်ရော ၀မ်းနည်းနေတာ မျိုးတော့ မဟုတ်။
သားသမီးတွေ ကို နွေးနွေးထွေးထွေးခေါ်ပြီး အားပေးစကားလည်း မပြော။
ရှယ်လီကို ခေါ်မလာခဲ့တာဘဲ ကျေးဇူးတင်ရမည် လား မသိ။ ဒါပေမဲ့ ဥပဓိရုပ်ကောင်းကောင်း နှင့် လူကြီး တစ်ယောက် တော့ ပါလာသည်။
ထိုလူကြီးက ဒီအိမ်ကြီး အတွင်းအပြင် ထက်အောက် စုန်ချည် စပ်စုလျက် ယိမ်းတို့ မောင်နှမ သုံးယောက် ကိုလည်း အကဲခတ်သည်။
“ဖေဖေ ဒီအိမ်ကြီးကိုရောင်းမယ်ဆိုတာ သမီးတို့သိတယ်မဟုတ်လား”
“ဟုတ်ကဲ့ သိပါတယ်၊ မေမေ အသက်နဲ့လဲပြီး တားဆီးခဲ့လို့ ဖေဖေ မရောင်းတော့ဘူး မဟုတ်လား”
“မဟုတ်ဘူး သမီး၊ ဖေဖေက ငွေကိုတောင် ကြိုသုံးထားခဲ့တယ်၊ သူက ဒီအိမ်ကို ၀ယ်လိုက်တဲ့ သူဋ္ဌေးလေ”
“ရှင်”
“ဟိုဘက်လမ်းထဲမှာ သမီးတို့ မောင်နှမတစ်တွေ နေဖို့ အိမ်လည်းဝယ်ထားပြီးပါပြီ။ အခု ဖေဖေ မောင်းလာတဲ့ကားကလည်း ဈေးဖြတ်ယူထားတာဆိုတော့ ငွေက ရှယ်လီ သီချင်းခွေထုတ်ဖို့ လောက်ပဲ ကျန်တော့တယ်”
“သမီးတို့ဘက်က ရသင့်ရထိုက်တာတွေ တောင်းဆိုမှာ စိုးလို့ ရှင်းပြနေတာလား၊ ဖေဖေ၊ ဖေဖေ မသဒ္ဓါရင် သမီးတို့ကို ဘာမှ မပေးလိုက် ပါနဲ့”
“သူက ဖအေပဲ မသဒ္ဓါလည်း ပေးရမှာ ပေါ့ မမယိမ်းရဲ့ ”
အမင်းက ဖေဖေ့ကို စိမ်းနေအောင် ကြည့်ကာ ဗြုန်းခနဲ ထပြောသည်။ ယိမ်းက လက်ကိုပုတ်ပြီး ဟန့်တားတာလည်း ဂရုမစိုက်။
“မေမေ သေလို့ ရက်လည်ရုံပဲရှိသေးတယ်၊ ဒီစကားတွေ လာပြောနေတာ တရားလွန်လွန်းပါ တယ် ဖေဖေ၊ ဒီကိစ္စအတွက် မေမေ ရှော့ ဖြစ်သွားတာပါ၊ မေမေသေသွားရတာ ဖေဖေ့ကြောင့် ပါ”
“တော် စမ်း အမင်း ဖအေက ကောင်းမယ်ထင်လို့ စီစဉ်နေတာ၊ မင်းဘာမှ စကားနာထိုးစရာ မလိုဘူး။ ငါလုပ်နေတာ မင်းအမေ မတားဆီးခဲ့ရင် ဒီလိုမျိုး ဖြစ်သွားစရာအကြောင်း မရှိဘူး၊ သူ့အတ္တက သူ့ကိုသတ်သွားတာ၊ ငါနဲ့ ဘာမှမဆိုင်ဘူးကွ နားလည်လား”
“အဲလိုမပြောပါနဲ့ ဖေဖေ၊ ကိုယ့်ယောက်ျား တခြားမိန်းမနဲ့ ပလူးပလဲ ကယုကယင် လုပ်နေတာ ကို ဘယ်မိန်းမက ခံနိုင်ရည်ရှိမှာ လဲ၊ ကြည်ဖြူနားလည်ပေးနိုင်မှာ လဲ”
“ဘာကွ မင်းကပါ ငါ့ကို ခံပြောနေတယ် ဟုတ်လား”
မျက်ရည်တွေ ရစ်ဝိုင်းနေသော အလင်းကပါ အသံတုန်တုန်လေးနှင့် ၀င်ပြောတော့ ဖေဖေ ဒေါသ ဖြစ်သွား၏ ။
ထိုင်နေသည့် ဆိုဖာခုံလက်တန်းကို နှစ် ချက်သုံးချက် တဗုန်းဗုန်းပုတ်ကာ
“မင်းတို့က ငါ့ကို ၀ိုင်းပြီး တိုက်ခိုက်နေတာလား၊ ငါ့ဟာငါ နောက်အိမ်ထောင်ပြုပေမယ့် မင်းတို့ကိုလည်း လုပ်သင့်တာလုပ်ပေးနေတာပဲ၊ ဒါကိုမှ မကျေနပ်ရင် ဘာထပ်လုပ်ပေးစရာ လိုသေးသလဲ ပြောကြပါဦး”
“ဘာမှ မလုပ်ပေးပါနဲ့တော့ ဖေဖေ ရပါတယ်၊ နေစရာအိမ်လေး တစ်လုံးပေးထားတာပဲ ကျေးဇူးတင်နေပါပြီ၊ မောင်လေးတို့ ဘာမှမပြောကြနဲ့ တော့၊ အိမ်ပေါ်က ဆင်းပေးဖို့ပဲ ပြင်ကြရအောင် ပါ”
“အာ ဘာလို့ ဆင်းရမှာ လဲ၊ အိမ်ကြီးပေါ်ကနေ အိမ်သေးသေးလေးကို မဆင်းနိုင်ပါဘူး၊ ကျွန်တော် မပြောင်းချင်ဘူး မမ”
“အမင်းရယ် မင်းခေါင်းမာနေလို့ရော ဘာထူးမှာ လဲ၊ ဖေဖေက အိမ်ဝယ်တဲ့သူဋ္ဌေးကို ခေါ်လာ ပြီ၊ ပိုက်ဆံတွေ လည်း ယူပြီးနေပြီ၊ မမတို့ ဆင်းပေးရုံပဲ ရှိတော့တာပေါ့”
“မတရားဘူး မတရားဘူးဗျာ၊ မေမေ သေပေးခဲ့တာတောင် ဖေဖေက ဘာမှ ပြောင်းလဲမပေး ပါလား၊ ယောင်လည်လည် ကျန်ခဲ့တဲ့ ကျွန်တော် တို့ မောင်နှမတွေ ကို ဘာတာဝန်မှ ကျေမပေးပါလား”
“ဟိတ်ကောင် အမင်း တော် တော့ တော် ပြီ”
ဖေဖေက မာထန်တင်းပြတ်စွာ အော်ရင်း အမင်းအင်္ကျီရင်ဘတ်ကို ဆောင့်ခနဲ ဆွဲလိုက်သည်မို့ သူဋ္ဌေးဆိုသူရော ယိမ်းတို့မောင်နှမပါ အလန့်တကြားထဆွဲရလေသည်။
“ကဲ စိတ်ကို ထိန်းပါ ကိုကျော်ပိုင်ရယ်၊ ကလေးတွေ က သူတို့အမေလည်း သေထားတော့ ပေါက်ကွဲ နေကြတာပါ၊ ဒီလောက်ပြောထားရင် သူတို့နားလည်မှာ ပေါ့၊ သားတို့ သမီးတို့ကလည်း ဖြစ်ပြီးသွားတာတွေ က ဘာမှမတတ်နိုင်တော့ဘူး၊ မေမေလည်း ဆုံးသွားပြီဆိုတော့ ကျန်သေးတဲ့ အဖေကြီး စိတ်မဆင်းရဲအောင် လိုက်လျောလိုက်ကြပါ၊ ဦး ကြားထဲက တောင်းပန်ပါတယ်ကွယ်”
ကြားဝင်ဖျန်ဖြေပေးသော သူဋ္ဌေးရဲ့ စကားနှင့် နီမြန်းတင်းမာနေသော ဖေဖေ့ရဲ့ ဒေါသတို့ ကြောင့် ယိမ်းတို့ မောင်နှမတစ်တွေ ဘာမှ မပြောရြဲ ကတော့ပါ။
လက်သီးဆုပ်လေးတွေ ဖေဖေမမြင်အောင် တင်းတင်းဆုပ်လို့ အံကြိတ်သည်းခံ နေလိုက်ရ သည်။
ဒီလို မနေလို့လည်း ဘာမှမတတ်နိုင်တဲ့ ဘ၀အခြေအနေပါ။ အံတုဖက်ပြိုင်နိုင်တဲ့ အင်အား လည်းမရှိ။
ပြီးတော့ ကိုယ်တွေ က သားသမီး၊ သူက အဖေ။
လုပ်ချင်ရာလုပ်ဖို့က သူက အခွင့်အရေး ပိုသာပါသည်။
ဖေဖေ့စိတ်ဆန္ဒတွေ အတိုင်း ယိမ်းတို့…။
အခန်း (၇)
“တောက်”
အိမ်လေးရဲ့ ထောင့်တစ်နေရာမှာ ထိုင်နေလျက်နှင့် အမင်းတောက်ခေါက်နေတာ အကြိမ်ပေါင်း မနည်း။
အိမ်ပြောင်းရွှေ့လာလို့ အထုပ်အပိုးသယ်တာ ပစ္စည်းတွေ နေရာချာတာကအစ အမင်း ဘာ တစ်ခုမှ ၀ိုင်းကူမလုပ်။
အလင်း ကတော့ ခြေထောက် ထော့ကျိုးလေးဖြင့် သူနိုင်သည့်ဝန်လေးကို ၀ိုင်းကူလုပ်ရှာပါ သည်။
ယမ်းကသာ အလုပ်သမားနှစ် ယောက် ငှားကာ ဒိုင်ခံပင်ပန်းနေရပြီး မောင်လေးနှစ် ယောက် ကို ကြည့်၍ လည်း စိတ်မကောင်း ဖြစ်နေရသည်။ ဖေဖေ့ကောင်းမှု ကြောင့် တိုက်အိမ်ကြီးပေါ်ကနေ အိမ် လေးကို ဆင်းလာရတာ တွေးကြည့်ရင်း ရင်နာစရာကောင်းပေမယ့် မကျေမနပ် ဆန္ဒပြနေလို့ ဖြစ်ပါ့ မလား။
“ဒီနေ့ ထမင်းချက်ချိန်ရတော့မှာ မဟုတ်ဘူး လမ်းထိတ်က ဒေါ်ခင်ရွှေဆိုင်မှာ ထမင်းနဲ့ဟင်း သွားဝယ်လိုက်ပါလား အမင်းရယ်”
“အာ မသွားချင်ပါဘူး အလင်းကို သွားခိုင်းပါလား”
“ညီလေးက အရမ်းပင်ပန်းနေလို့ပေါ့ အမင်းရယ်၊ ပြီးတော့ သူ့ခမြာ ခြေတစ်ဖက်မသန်ဘဲနဲ့ ချွေးဒီးဒီးကျအောင် လုပ်နေရှာတာပါ”
“လူကောင်း ဖြစ်တဲ့ ကျွန်တော် က ဘာမှမလုပ်လို့ အပြစ်တင်နေတာလား မမယိမ်း”
“မဟုတ်ပါဘူး အမင်းရယ်၊ မမယိမ်းပြောတာ အဲလိုသဘောမျိုးမဟုတ်ပါဘူး၊ ဘာလို့ ရန်လိုနေ ရတာ လဲ အမင်း”
“ခုချိန်မှာ ကျွန်တော် ဘယ်သူ့ကိုမှ အကောင်းမမြင်နိုင်ဘူး မမယိမ်း၊ မေမေလည်း ဥပက္ခာပြုခဲ့ တာပဲ၊ ဖေဖေလည်း စေတနာမပါဘူး၊ မမယိမ်းကရော ကျွန်တော် တို့အတွက် ဘာအားကိုးအားထား ပြုနိုင်မှာ မို့လို့လဲ”
“ဘယ်လောက်ထိ လုပ်ပေးနိုင်မယ်ဆိုတာတော့ မမယိမ်းအာမမခံနိုင်ပါဘူး။ ခွန်အားရှိနေသ၍ တော့ မင်းတို့ရှေ့က မမယိမ်း ရပ်တည်သွားမှာ ပါ၊ အမင်းလည်း တက္ကသိုလ်ဆက်တက်၊ အလင်းလည်း ကိုးတန်းအောင်ရင် ဆယ်တန်းတက်၊ ပညာရေး က ရပ်တန့်ပစ်လို့ မ ဖြစ်ဘူး”
အမင်းက ဟွန့်ခနဲ မဲ့လျက် ဗြုန်းခနဲ ထရပ်သည်။ အ၀တ်စိုနှင့် ခုံတွေ တိုက်နေသော အလင်းလည်း အနားရောက်လာသည်။ အမင်းက တက်တစ်ချက် ခပ်ပြင်းပြင်းခေါက်ပြီး
“ဘယ်က ပိုက်ဆံနဲ့ ဘယ်က၀င်ငွေနဲ့ ကျွန်တော် က တက္ကသိုလ်ဆက်တက်ရမှာ လဲ၊ ချို့ချို့ တဲ့တဲ့ ကျောင်းတက်ပြီး သိမ်သိမ်ငယ်ငယ်နဲ့ ဘွဲ့ယူရမှာ လား။ ဖေဖေ မသဒ္ဓါရေစာပေးလိုက် တဲ့ ငွေက အရင်တုန်းက တစ်လမုန့်ဖိုးတောင် မရှိဘူး”
“အဲဒါလေးကို မမယိမ်းတို့ အရင်းအနှီးလုပ်မှာ ပေါ့ကွယ်၊ အမင်းတို့ မျက်နှာမငယ်စေရပါဘူး၊ မမယိမ်း ကြိုးစားမှာ ပါ”
“သားလည်း အလုပ်လုပ်မယ် မမ၊ အမင်း ပြည့်ပြည့်စုံစုံ နောက်ဆံမတင်းပဲ ကျောင်းတက် ပါစေ”
“အောင်မာ ကြီးကျယ်လို့ မင်းလို ဒုက္ခိတက ဘာအလုပ်လုပ်နိုင်မှာ မို့လို့လဲ၊ ဘယ်လောက် ငွေ ရှာနိုင်မှာ မို့လို့လဲ”
“ဟဲ့ အမင်း ကိုယ့်ညီလေးကို အဲလိုပြောရလား၊ သူက မင်းအတွက် စေတနာနဲ့ ပြောနေတာ”
“မလိုဘူးဗျာ ဘာမှ လာမပြောနဲ့၊ ပြည့်ပြည့်၀၀ ဆိုရင် ကျောင်းတက်မယ်၊ မဟုတ်ရင်တော့ လေမှာ ပဲ”
“သြော် ဒုက္ခပဲ ဘာမှလည်း မသိတတ်ပါလား”
ဘယ်သူ့ကိုမှ အကောင်းမမြင်စွာ ခြေလှမ်းကျဲကြီးနှင့် အိမ်ပြင်လှမ်းထွက်သွားသော အမင်း ကျောပြင်ကို ကြည့်၍ သက်ပြင်းမောတွေ မှု တ်ထုတ်၍ ယိမ်းညည်းညူမိလိုက်သည်။ အလင်းက ယိမ်း ပခုံးလေးကို လာဖက်၏ ။
“စိတ်မညစ်ပါနဲ့ မမယိမ်းရယ်၊ အမင်းက အရင်ကတည်းက ဒီလိုပဲ ဥစ္စာ၊ မေမေ့ဆီက တစ်မျိုး၊ ဖေဖေ့ဆီက တစ်မျိုး မုန့်ဖိုးတွေ လှည့်တောင်းပြီး သုံးဖြုန်းနေတာ၊ မမယိမ်း တစ်ယောက် တည်း သူ့တာဝန်ကို ယူနိုင်မှာ မဟုတ်ဘူး၊ သားလည်း လုပ်ပါ့မယ်”
“အို အလင်း အလုပ်မလုပ်ရပါဘူးကွယ်။ အလင်းက စာတတ်မှ ပညာတတ်မှ ဖြစ်မှာ ၊ ပင်ပန်းတဲ့ အလုပ် ကြီးလေးတဲ့ အလုပ်မှ မလုပ်နိုင်တာ အလင်းရယ်၊ အဲဒါကြောင့် မမယိမ်းက အလင်းအတွက် ပိုစိုးရိမ်တာပါ၊ မမယိမ်း ရုန်းကန်နိုင်မှာ ပါ”
“ဒါပေမဲ့ မမယိမ်းကရော ဘယ်လိုအလုပ်မျိုးနဲ့ အတွေ့ အကြုံရှိခဲ့လို့လဲ၊ အခုမှ မြေစမ်းခရမ်း ပျိုး၊ အကူအညီမပါဘဲနဲ့ ဘယ်လိုလ်ုပ ဖြစ်မှာ လဲ”
“မမယိမ်းက မင်းတို့ရဲ့ အစ်မကြီးပါ၊ ဘာပဲ ဖြစ် ဖြစ် ဦးဆောင်ပြီး လုပ်သွားမှာ မို့ မမယိမ်းစကား ကို နားထောင်ပါ၊ အလင်း ပညာရေး တစ်ခုကိုပဲ ဂရုစိုက်ပါကွယ် နော်”
အလင်းက ဘာမှမပြောတော့ဘဲ ပိုက်ဆံယူ၍ လမ်းထိပ်မှာ ထမင်းဝယ်ဖို့ထွက်သွားသည်။
ယိမ်းစိတ်တွေ လေးပင်မောပန်းစွာ ကျန်ခဲ့၏ ။ အမင်းက မသိတတ် နားမလည်ပေမယ့် ခြေတစ် ဖက် မသန်တဲ့ အလင်းက ယိမ်းကို နားလည်စာနာမှု ရှိသည်။
တတ်နိုင်သလောက်လည်း ဖေးမ ကူညီပေးတတ်၏ ။ ဘာကြောင့် ဒီအမေ ဒီအဖေက မွေးထား ပြီး စိတ်ချင်း မတူရတာ လဲ။
ယိမ်း ကတော့ အလင်းကို သနားပိုပေမယ့် မောင်နှဏ်ယောက် လုံး အတူတူ ချစ်ပါသည်။
မေမေလည်း ယိမ်းလိုပါပဲ။ ဖေဖေကသာ ယိမ်းတို့မိသားစုလေးထက် ရှယ်လီဆိုသော မိန်းကလေးကို ပိုအချစ်ပိုသွားရတာ လဲ မသိ။
အခန်း (၈)
“အဲဒီ ငှက်ပျောအူတွေ က ဘာလုပ်ဖို့လဲ”
“မနက်ဖြန်ကျရင် အိမ်ရှေ့က ဗာဒံပင်ရိပ်လေးမှာ မုန့်ဟင်းခါး ချက်ရောင်းမလို့လေ အမင်းရဲ့ ၊ အလင်းက မီးဖိုချောင်ထဲမှာ ကုလားပဲ ပြုတ်နေတယ်၊ နေ့လယ်ကျရင် မုန့်လက်ဆောင်းတို့ ရွှေရင်အေး တို့ ရောင်းဖို့ စဉ်းစားထားတယ်၊ တစ်နေ့ နှစ် ထောင်သုံးထောင်လောက် အမြတ်ရရင် မမတို့ မောင်နှမ သုံးယောက် စားသောက် ဖြစ်တာပေါ့”
“အာ မမယိမ်းတို့ လုပ်နေတာတွေ အရမ်းရှက်ဖို့ကောင်းတယ်ဗျာ”
“ဟဲ့ ဘာကို ရှက်ရမှာ လဲ၊ ဘာလုပ်လို့ ရှက်ရမှာ လဲ”
“အိမ်ရှေ့မှာ တဲလေးထိုးကတည်းက ဈေးရောင်းဖို့ဆိုတာ သိတယ်။ အဲဒီ ဦးနှောက်တွေ က ဒီလို အသေးအမွှားလုပ်ဖို့လောက်ပဲ သိသလား၊ ဒီရပ်ကွက်ထဲမှာ ပဲ အိမ်ကြီးပေါ်က အိမ်သေးသေး လေးကိုပြောင်း မေမေ့တုန်းက ပွဲစားအလုပ်လေး ဘာလေးနဲ့ တင့်တယ်သေးတယ်၊ ခုတော့ဗျာ တောက်”
ကျောင်းက ပြန်ရောက်တာနဲ့ လွယ်အိတ်ကို အဝေးရောက်အောင် လွှင့်ပစ်ပြီး အမင်းဒေါနှင့် မာန်နှင့် ပေါက်ကွဲနေသည်။
လှီးဖြတ်လက်စ ငှက်ပျောအူတွေ ကို နနွင်းမှု န့်ထားသော ရေဇလုံထဲ အကုန်သိမ်းကျုံးထည့်ကာ ရေစည်ဝိုင်းဘက်မှာ သွားထားပြီးမှ အမင်းကို ရင်ဆိုင်လိုက်သည်။
“ရိုးရိုးသားသားနဲ့ ကောင်းရောင်းကောင်းဝယ် သမာအာဇီဝအလုပ်က ဘာတွေ များ ရှက်စရာ ကောင်းနေလို့လဲ အမင်း၊ သေးမွှားတဲ့ ဒီအလုပ်တွေ မလုပ်စေချင်ရင် မင်းမမယိမ်းကို ကုမ္ပဏီထောင် ပေးမလား၊ ကုန်တိုက်ကြီးဖွင့်ပေးမလား၊ မ ဖြစ်နိုင်တာတွေ ကို စကားကပ်ပြောတယ် ဖြစ်ဦးမယ်၊ မ ဖြစ် နိုင်လို့ ဖြစ်သလို လုပ်နေရတယ်ဆိုတာ သဘောပေါက်စမ်းပါ”
“မသိဘူးဗျာ၊ အဲဒါတွေ နားမလည်ဘူး၊ ဒီလိုနေနေရလို့ ကျွန်တော့် ချစ်သူ အထင်သေးမှာ ပဲ ကြောက်တယ်”
“ဘာ ဘာပြောတယ် အမင်းမှာ ချစ်သူရှိနေပြီ ဟုတ်လား၊ အမလေးဟယ် ခုမှ တက္ကသိုလ် တက်နေရုံ ရှိသေးတယ်၊ ချစ်သူတွေ ဘာတွေ နဲ့လား၊ အသက်ငယ်ငယ်လေးနဲ့ အမင်းရယ်”
“ဒီအရွယ် ချစ်သူရှိတာ ဆန်းသလား၊ ဖေဖေနဲ့ မေမေတောင် ဆယ်တန်းနှစ် မှာ ခိုးပြေးပြီး ကျွန်တော် တို့ကို မွေးလာခဲ့သေးတာ”
ယိမ်း ဘာပြောရမှန်းမသိတော့ပါ။ အမင်း တမင်သက်သက် အရွဲ့တိုက်နေသလားဟုပင် တွေး နေမိသည်။ ဆူဆူညံညံအသံများ ကြောင့် မီးဖိုခန်းဘက်က ထွက်လာသည့် အလင်းက အမင်းရှေ့တွင် သွားရပ်ကာ
“မမယိမ်းကို ဘာလို့ စိတ်ဒုက္ခအမျိုးမျိုး ပေးနေတာလဲ အမင်း၊ မင်းကောင်းကောင်းဝတ်၊ ကောင်းကောင်းစားပြီး ကျောင်းတက်နေရရင် ပြီးရော မဟုတ်ဘူးလား။ ငါတို့မှာ မေမေ့ အမွေအနှစ် ကျန်ခဲ့သလား၊ ဖေဖေကရော လုပ်ငန်းကြီး လုပ်ဖို့ အရင်းအနှီး ထုတ်ပေးထားလို့လား။ ဘ၀ကို သုညကစပြီး အခုမှ ရင်ဆိုင်ကြည့်မလို့ကွ ဖြစ်မလား မ ဖြစ်မလား မသိပေမယ့် မင်းကို တပ်ကူ မခေါ်ပါဘူး၊ ဒါပေမဲ့ မမယိမ်းကို စိတ်အနှောင့်အယှက် မပေးပါနဲ့ကွာ”
“အေး နေသာသလို နေပေးဆိုရင်တော့ မခဲယဉ်းပါဘူး၊ ကျောင်းတက်ဖို့ လုံလောက်အောင် မပေးရင်တော့ ပြဿနာရှာမှာ ပဲ”
အမင်းက စောင့်စောင့်အောင့်အောင့်ပြောပြီး ခိုင်ခံ့မှု မရှိသော လှေခါးထစ်လေးကနေ ဗြုန်းဗြုန်း ဒိုင်းဒိုင်း ပြေးဆင်းသွားသည်။
ဟင်းခနဲ သက်ပြင်းတွေ အကြိမ်ကြိမ်ချရင်း အမင်း လွယ်အိတ်ကို တိုင်မှာ ချိတ်ရျင်းစရာရှိတာ ရှင်းပြီးတာနဲ့ စောစောက အလုပ်တွေ ကို အစက ပြန်စရသည်။
အလင်းက ထော့ကျိုးလေးဖြင့် လျှောက်လာပြီး ယိမ်းပခုံးလေးကို ထွေးဖက်၏ ။
“စိတ်ရော လူရော ပင်ပန်းနေပြီလား မမယိမ်း”
“မရှိတာထက် မသိတာ ခက်တယ်ဆိုတာ အမင်းလို လူစားမျိုးကို ပြောတာထင်ပါရဲ့ ကွယ်၊ ကိုယ့်တာဝန်ကိုယ်ယူရတာ မဟုတ်ဘဲနဲ့ အမြဲတမ်းအတိုက်အခံ လုပ်နေတယ်၊ ဒါပေမဲ့ အမင်းကို မမယိမ်း အပြစ်မမြင်ပါဘူး၊ ဖေဖေက သူ့ကို အချစ်ဆုံးဆိုတော့ အလိုလိုက်ခဲ့တယ်လေ၊ ကျန်တဲ့ သူတွေ အပေါ်မှာ တာဝန်မကျေခဲ့ပေမယ့် သူ့ကိုကျတော့ လိုလေသေးမရှိ ပံ့ပိုးခဲ့တယ် မဟုတ်လား”
“ခုလည်း ဖေဖေ့ဆီက အမင်း မုန့်ဖိုးတွေ ဘာတွေ သွားတောင်းနေလား မသိဘူးနော်”
“သူ မရှက်တတ်ရင် သွားချင်သွားနေမှာ ပေါ့၊ မမယိမ်း ကတော့ ဖေဖေ့အထောက်အပံ့ဘာမှ မယူဘူးလို့ ဆုံးဖြတ်ထားတယ်၊ မေမေ ဆုံးတာတောင် ကျန်တဲ့ သားသမီးတွေ ကို ငဲ့ညှာရမှန်း သိခဲ့တာမှ မဟုတ်တာ၊ သူ့ဘ၀နဲ့သူ ပျော်နေလို့ မမယိမ်းတို့ကို အမှတ်ရချင်မှလည်း ရမှာ ပါ”
“တစ်သက်လုံး မေ့ထားလည်း သားတို့ ဂရုစိုက်စရာမလိုပါဘူး မမယိမ်းရယ်၊ သားတို့ ကိုယ့်ခွန် ကိုယ့်အားနဲ့ စွန့်စားရုန်းကန်ကြတာပေါ့၊ မမယိမ်းနားမှာ သား တစ်ယောက် လုံးရှိတယ်”
“အလင်းရယ် အလင်းရဲ့ ဒီလို အားပေးစကားတွေ ကြောင့် မမယိမ်းအားအင်တွေ ပြည့်နေရတာ ပါကွယ်”
မျက်ဝန်းအိမ်က မျက်ရည်တွေ ကြောင့် မမယိမ်း အပြုံးက မပီပြင်ပါ။ ဒါပေမဲ့ ထိုအပြုံးက အလင်းအတွက် အားဆေးတစ်ခွက် ဖြစ်သည်။
ခြေတစ်ဖက် မသန်တဲ့ ဒုက္ခိတဘ၀ကိုတောင် မေ့လျော့ထားချင်၏ ။ မမယိမ်းကို ဘာအလုပ်မှ မလုပ်ခိုင်းဘဲ သူကသာ ဂရုစိုက် ပြုစုယုယချင်သည်။
ခုတော့ မသန်စွမ်းတဲ့ ခြေတစ်ဖက်ကြောင့် စိတ်ရှိတိုင်း လုပ်လို့မရ။ မမယိမ်းကို အနည်းငယ်သာ ကူညီပေးနိုင်သည်။
သူနိုင်တဲ့ဝန်က ဘာတွေ လဲ။ သူဘာလုပ်ရင် ကောင်းမလဲ။ ဒီအတိုင်းကြီး မမယိမ်း ပင်ပန်း တကြီး ရှာဖွေကျွေးမွေးသမျှ သက်တောင့်သက်သာ ထိုင်မစားချင်။
နည်းနည်း လေး ဖြစ် ဖြစ် အထောက်အကူပေးနိုင်တဲ့ လူ တစ်ယောက် ဖြစ်ချင်ပါသည်။
အခန်း (၉)
“မျက်နှာကြီးက ဘာ ဖြစ်လာတာလဲ အမင်း”
“အိမ်တွင်းရေး လမ်းကြောင်းကို စိတ်တိုင်းမကျလို့ပါ၊ ကိုယ့်ဘ၀မှာ ပုံ့ပုံ့သာ မရှိဘူးဆိုရင် အဝေးကြီးကို ထွက်သွားလိုက်ပြီ”
“ဟင်း ဟင်း အဲဒါဆိုလည်း ပုံ့ပုံ့နဲ့ တွေ့ နေပြီဆိုရင် မျက်နှာကြီးကို ပြင်တော့လေ၊ မြင်ရတာ မလန်းဘူးကွာ”
အမင်းမျက်နှာကြီးက ပြုံးဖြဲသွားကာ ပုံ့ပုံ့ နဖူးလေးကို မထိတထိ နမ်းလိုက်၏ ။
“ကိုယ်တကယ် ပုံ့ပုံ့နဲ့တွေ့ မှ စိတ်ချမ်းသာတယ်၊ အိမ်မှာ နေရတာ အရမ်းကွိုင်ပူတယ်ကွာ၊ မမရော အလင်းရော ဘာစိတ်ကူးတွေ ပေါက်ပြီး ဘာတွေ လုပ်နေကြမှန်း မသိဘူး”
“မုန့်ဟင်းခါးရောင်းမယ်ဆို၊ နေ့လည်မှာ ရွှေရင်အေး မုန့်လက်ဆောင်း ရောင်းမယ်တဲ့ ဟုတ်လား”
“ဟင် ပုံ့ပုံ့ ဘယ်လိုလုပ်သိတာလဲ”
“ရပ်ကွက်ထဲက လူတွေ က အမင်းတို့ မောင်နှမတစ်တွေ ရဲ့ ဘ၀အပြောင်းအလဲကို စုတ်တသပ်သပ် စိတ်ဝင်စားနေကြတာပဲ၊ သနားလို့ အားပေးချင်တဲ့သူတွေ လည်း ရှိတယ်၊ အမင်း အဖေကို အမြင်ကပ်ပြီး မျက်စောင်းထိုးချင်တဲ့သူတွေ လည်း ရှိတာပဲ”
“ဟို ပုံ့ ပုံ့ပုံ့ မိဘတွေ ကရောဟင်”
“ပြောပြီးပြီလေ အရင်ကတည်းက အမြင်ကြည်တာမှ မဟုတ်တာ၊ အမင်း အဖေတူသား ဖြစ်ရင် ဘယ်လိုလုပ်မလဲတဲ့၊ ပုံ့ပုံ့ကသာ အမင်းကိုချစ်လို့ ခိုးတွေ့ နေမိတာ”
သက်ပြင်းမောတွေ မှု တ်ထုတ်လိုက်မိပေမယ့် အမင်းရင်ထဲမှာ ပေါ့ပါးမသွား။
မိဘတွေ လက်မခံလျှင်သူတို့ အချစ်ရေး က ဘယ်အတိုင်းအတာအထိ ခိုင်မြဲမှာ လဲ။ ပုံ့ပုံ့ မျက်နှာလေးကို လက်နှစ် ဖက်ဖြင့် ဆွဲညှစ်ယူကာ ရီဝေညှို့ငင်နေသော မျက်ဝန်းများ ဖြင့် စေ့စေ့ကြည့် လိုက်သည်။
ပုံ့ပုံ့မိဘတွေ ဘက်က ဘယ်လောက်ပဲပိတ်ပင်တားဆီးပါစေ ကိုယ့်ကိုခွဲမ သွားပါနဲ့နော်။ ကိုယ်ပုံ့ပုံ့ ကို ချစ်တယ်၊ မခွဲပါရစေနဲ့ကွာ”
“အဟင်း ပုံ့ပုံ့လည်း အမင်းကို မခွဲနိုင်ပါဘူး၊ ဒါပေမဲ့ အမင်းနဲ့ ဒီလို ခိုးတွေ့ နေတာသာ ဖေဖေတို့ သိရင် ပုံ့ပုံ့ကို သတ်ကြမှာ ၊ အမင်းဆိုတဲ့ကောင်က ဘာအရည်အချင်းမှ ရှိတာမဟုတ်ဘူး၊ မိဘမျိုးရိုးက လည်း မကောင်းဘူးတဲ့၊ မိဘတွေ ကို အမြဲတမ်း ဆန့်ကျင်နိုင်အောင် အမင်း ပုံ့ပုံ့ ဆန္ဒတွေ ကို လိုက်လျောပေးဖို့ အရေး ကြီးတယ်နော်”
“စိတ်ချပါကွာ အခုပုံ့ပုံ့ ဘယ်သွားချင်လဲ ဘာစားချင်လဲ ကိုယ့်ကိုပြော”
“ရေပါလို့လား”
“အမင်းမှာ ဘယ်တော့မှ ရေမခမ်းဘူးဆိုတာ ပုံ့ပုံ့သိပါတယ်၊ ကျောင်းတက်ရက်တွေ ဆို အချိန် ပြည့် လန်းလို့ရတာ မဟုတ်ဘူး၊ ခုလို ကျောင်းပိတ်ရက်လေးမှာ တစ်နေကုန် လျှောက်လည်ကြမယ်ကွာ နော် ပုံ့ပုံ့”
ပုံ့ပုံ့ ခေါင်းလေးက ပုတ်သင်ညိုမလေးလို တဆတ်ဆတ် ဖြစ်သွား၏ ။ အမင်းလက်မောင်းကို တွဲ ချိတ်ကာ ရုပ်ရှင်ရုံကို အရင်သွားမည် ။ ပြီးလျှင် ကုန်တိုက်၊ ပလာဇာ တစ်နေရာရာကိုသွားပြီး လိုချင်တာတွေ လက်ညှိုးထိုး ပူဆာမည် ။
ပြန်ခါနီး မှ အကောင်းဆုံးစားသောက်ဆိုင်မှာ သူမ အကြိုက်ဆုံး အစားအသောက်ကို ၀ယ်ကျွေး ခိုင်းမည် ။
သူမဆီက အနမ်းတရှိုက်ကို လိုချင်လျှင် အမင်းက ဒါတွေ နှင့် အလဲအထပ်လုပ်နေကျမို့ သိပ်တော့ မထူးဆန်း။
အမင်းလိုချင်တာပေးဖို့ သူမလိုချင်တာ ရမှ ဖြစ်မည် ။
ဒါမှ အချစ်ရဲ့ လိုအပ်ချက်နှင့် ညီမျှခြင်း …။
အခန်း (၁၀)
“အလင်း ပန်းကန်တွေ ဆေးမနေနဲ့ ထားခဲ့လိုက်၊ ကျောင်းသွားတော့လေ၊ လွယ်အိတ်ယူပြီး လာခဲ့လိုက်တော့ လာ၊ မမယိမ်းဆီက မုန့်ဖိုးလာယူ”
ယိမ်းမုန့်ပွဲပြင်ရင်း လှမ်းအော်နေပေမယ့် အလင်းက ပန်းကန်တွေ ပြီးအောင်ဆေးပြီးမှ လွယ်အိတ်ကို စလွယ်သိုင်း၍ ရောက်လာသည်။
“မုန့်ဖိုး မယူတော့ဘူး မမယိမ်း၊ ဟိုနေ့က မမယိမ်းပေးထားတဲ့ မုန့်ဖိုး သားမှာ ရှိသေးတယ်”
“အလင်းရယ် မုန့်ဖိုးတစ်ခါပေးထားရင် ကုန်ကို မကုန်တော့ပါလား၊ သုံးရော သုံးရဲ့ လား အလင်း”
“မမ ယိမ်းကလည်း သားက ကျောင်းမသွားခင်မှာ ဒီမှာ မုန့်ဟင်းခါးတွေ အသုတ်တွေ စားသွားတယ်၊ ကျောင်းသွားရင်လည်း မမယိမ်းက ထမင်းဘူးထည့်ပေးလိုက် တယ်၊ သားက မုန့်ဖိုး ဘယ်လိုလုပ် ကုန်မှာ လဲ မမယိမ်းရဲ့ ”
အလင်းပြောနေတာကို မုန့်ဟင်းခါး စားနေသော အေးမက သဘောတွေ ကျနေသည်။
“အလင်းလေးက လိမ္မာလိုက်တာ၊ ကျောင်းမသွားခင်လည်း အလုပ်တွေ ကူလုပ်ပေးတယ်နော်၊ ကဲ ယိမ်းရေ ငါတို့ အမျိုးတော် ကြမလား”
“တော် ကြပါတော့ဟယ် ငါ့မောင်လေးက အားကိုးရပါတယ်”
“အာဗျာ မမတို့ကလည်း”
အလင်းက ရှက်ကိုး ရှက်ကန်းဖြင့် ဒူးလေးပေါ် လက်တစ်ဖက်နှင့် ထောက်ကာ ထော့နင်း ထော့နင်း ခပ်သုတ်သုတ် ထွက်သွားသည်။ အေးမနှင့် ယိမ်း တဟားဟား သဘောတွေ ကျကာ ကျန်ခဲ့ ကြ၏ ။
တကယ်လည်း အေးမမှာ ညီမလေး တစ်ယောက် ရှိသည်။ နာမည် လေးက လရိပ်ချို။
ငယ်ငယ်လေးကတည်းက သူတို့နှစ် ယောက် လင်းရိပ် လရိပ်ဆိုပြီး တွဲ တွဲ စနောက် ဖြစ် ကြသည်။ ပြီးတော့ ဘ၀တူလေးတွေ ဟု ပြောလျှင်လည်း ရနိုင်၏ ။
လရိပ်လေး ငါးနှစ် သမီး အရွယ်လောက်မှာ ကလေးချင်း ဆော့ကစားရာမှ မျက်လုံးကို ၀ါးချွန်နှင့် ထိုးမိကာ မျက်လုံးတစ်ဖက် ပျက်စီးသွားခဲ့ရသည်။
မျက်လုံးတစ်ဖက်တည်း အားပြုပြီး နေလာခဲ့တာ ခုချိန်ထိ။ အရွယ်လေးရောက် အတန်းလေး ကြီးလာတော့ မျက်လုံးတစ်ဖက်မရှိတာကို အားငယ်တတ် ရှက်တတ်လာသည်။
ဒါကို အလင်းက အားပေး၏ ။ ဖျောင်းဖျနှစ် သိမ့်၏ ။
လရိပ်လေးကလည်း နားလည်ကာ သူတို့နှစ် ယောက် တော် တော် လေး သံယောဇဉ်ကြီး ကြသည်။
အစ်မတွေ က စပြီနောက်ပြီဆိုရင်လည်း ရှက်တတ်လိုက်ကြတာ ကဆုန်ပေါက်ပြေး ပုန်းတော့ မယ့်အတိုင်း။
“မမယိမ်း ကျွန်တော့် ကို မုန့်ဖိုးတစ်သော င်းလောက်ပေးပါ”
“ဟင်”
အမင်းအသံကြောင့် ထိတ်လန့်ကာ အတွေးတွေ လည်း ထွက်ပြေးလွင့်စဉ်ကုန်သည်။
“မုန့်ဖိုးတစ်သော င်း ဟုတ်လား အမင်း၊ ဟိုနေ့ကပဲ မင်းအသုံးလိုလို့ဆိုပြီး ပိုက်ဆံသုံးသော င်း ပေးလိုက် ရတယ်လေ၊ အခုတစ်သော င်းဆိုတော့ ဈေးပြန်ရင်းဖို့ ဘယ်လိုလုပ် ငွေရှာထည့်ရမလဲ၊ တစ်နေ့နှစ် ထောင် သုံးထောင်မြတ်ဖို့ လွယ်တယ်မှတ်နေလား”
“လွယ်တာ မလွယ်တာ ကျွန်တော် မသိဘူးလေ၊ တက္ကသိုလ်တက်တာ အဲလောက်ငွေလေးကို ဘယ်နှရက် အသုံးခံမှာ လဲ၊ ဘာတွေ ရော သုံးလို့ရမှာ လဲ၊ ချို့ချို့တဲ့တဲ့ မနေရဘူး၊ လောက်ငအောင် ပေးမယ်လို့ မမယိမ်းပဲ ပြောခဲ့တာ”
“ဟုတ် ဟုတ်ပါတယ်ကွယ် အခုဟာက”
“စကားတွေ အများ ကြီးရှင်းပြမနေနဲ့ မမယိမ်း၊ မမယိမ်း မပေးနိုင်ရင် ဖေဖေ့ဆီ သွားတောင်းမယ်”
“ဟဲ့ အမင်း အမင်း”
ဒီလောက်အော်ခေါ်နေတာတောင် အမင်းက လှည့်မကြည့်။ စိတ်ဆိုးမာန်ဆိုးဖြင့် ဘာမှလည်း စားမသွားတာမို့ ယိမ်း စိတ်မကောင်း ဖြစ်ကာ မျက်ရည်တွေ တောင် လည်လာသည်။
“အလင်းက သိတတ်သလောက် အမင်းက တဇွတ်ထိုး တဇောက်ကမ်း မိုက်ရူးရဲလေးပါလား ယိမ်းရယ်”
“ဟုတ်တယ် အေးမရယ် သူတောင်းတိုင်း မပေးနိုင်ရင် အမြဲစိတ်ဆင်းရဲရတယ်၊ အလင်းဆိုရင် မုန့်ဖိုး ငါးရာ တစ်ထောင်ပေးထားရင် တစ်ပတ်လုံး သုံးမကုန်တော့ဘူး၊ အမင်းကို တက္ကသိုလ် ကျောင်းသားမို့ မျက်နှာမငယ်ရအောင် သူလိုသလောက် ပေးနေတာပါပဲ၊ ဒါပေမယ့် ကိုယ့်မှာ အပိုအလျှံမှ မရှိတာ၊ သင့်တော် ရုံပေါ့ဟယ်”
“အေး ငွေမရှာဘူးတော့ ငွေရှာရတာ ဘယ်လောက် ခက်တယ်ဆိုတာ သူဘယ်လိုလုပ် သိမှာ လဲ၊ နင်အရမ်း အခက်အခဲ ဖြစ်နေရင် ငါစုထားတဲ့ ငွေလေးယူသုံးလေ”
“နေပါစေ အေးမရယ်၊ နင့်မှာ ဘယ်လို တာဝန်ကြီးတွေ ထမ်းနေရတယ်ဆိုတာ ငါ သိပါတယ်၊ နင် ဘာအလုပ်လုပ်နေရတယ်ဆိုတာ သိလို့ ယူလည်း မယူရက်ပါဘူး”
“လူအထင်သေးတဲ့ အလုပ်ဆိုပေမယ့် ငါ့မိသားစု စားဝတ်နေရေး ပြေလည်ဖို့ ဒီအလုပ်က ငါ့အတွက် အဆင်ပြေနေလို့ပါဟယ်၊ ငါလည်း လုပ်ချင်လို့ လုပ်နေတာမဟုတ်ပါဘူး”
“ငါ နားလည်ပါတယ် အေးမရယ်၊ ငါနင့်ကို အထင်သေးလို့ မဟုတ်ပါဘူး”
“နင် ငါ့ကို နားလည်တယ်ဆိုတဲ့အတွက် ကျေးဇူးတင်ပါတယ် ယိမ်း၊ တချို့နားလည်မပေးတတ် တဲ့ လူတွေ ရှိတာလည်း ငါဂရုစိုက်နေလို့ မ ဖြစ်ဘူး၊ အတင်းပြောတတ်တဲ့ ပတ်ဝန်းကျင်က ငါ့မိသားစု အခက်အခဲကို ကူညီပံ့ပိုးနိုင်တာမှ မဟတ်ုတာ လူတွေ က လဲပြိုနေတာမြင်ရင် စုတ်သပ်ပြီး သနားသလိုလိုနဲ့ မတ်ထူပေးဖို့တော့ ဘယ်သူမှ မစဉ်းစားကြဘူး”
အေးမရင်ဖွင့်မှု က အနာတရ မကင်းကြောင်း သက်သေခံလျက်ရှိသည်။
အေးမဘ၀က ယိမ်းတို့ထက်စာလျှင် ပိုပြီး အထိနာသည်။ လေဖြတ်ထားသော အမေနှင့် မျက်စိ တစ်ဖက်တည်း အားပြုနေရသော ညီမလေး လရိပ်ချိုတို့အတွက် ခန္ဓာကိုယ်နှင့် ကိုယ်ကျင့်သိက္ခာကို ရင်းပြီး ငွေရလွယ်အောင် ရှာဖွေနေရသည်။
အစ ကတော့ ပတ်ဝန်းကျင်က တီးတိုးအတင်းပြောရုံ ဆိုပေမယ့် ခုတော့ ထင်သာမြင်သာ ကဲ့ရဲ့ အထင်သေး ရှုံ့ချကြသည်။
အေးမ ညီမလေး လရိပ်ချိုကိုတောင် သွေးတိုးစမ်းခင်တဲ့သူတွေ ရှိကြသေး၏ ။
အေးမက ညီမလေးကို ထိပါးလျှင်တော့ လုံးဝသည်းမခံ၊ ငါ့ညီမလေး ငါ့လို မ ဖြစ်ရဘူးလို့လည်း ကြွေးကြော်ထားသည်။ ပတ်ဝန်းကျင်ကို အမြဲတစေ ဂရုစိုက်နေတာမဟုတ်ဘဲ အမေနှင့် ညီမလေးကို သာ တာဝန်ကျေခဲ့၏ ။
ဘာ ဖြစ် ဖြစ် အေးမက ယိမ်းအပေါ် သူငယ်ချင်းကောင်း ပီသစွာ အားပေးစကား ပြောတတ်သူ ဖြစ်သည်။
ငွေရေး ကြေးရေး ကူညီရမှာ ၀န်မလေး။ တချို့လူတွေ လို မိဘကို အပုတ်ချပြီး ယိမ်းတို့ကို အထင်သေးတာမျိုးလည်း မရှိ။
သူ့ဘ၀ ကိုယ့်ဘ၀ နားလည်နေကြ၍ သနား ကရုဏာသက်ကြသည်။
ခုလည်း အမင်းပြောသွားသော စကားကြောင့် မျက်ရည်လည်နေသည့် ယိမ်းကို စာနာ သနားနေဟန်တူသည်။
သူက ဒီဘ၀ထဲမှာ အလူးအလဲ ခံစားခဲ့ရပြီးမှ အလေ့အကျင့်ရဣနြေ္ဒရနေပြီပဲ။
လောကဓံကို အရေထူကာ တုံ့ပြန်ရင်ဆိုင်နေတာပဲ။
ယိမ်းလည်း အေးမ လို …။
အခန်း (၁၁)
“ဟာ ကိုပိုင်ကြီး မဒီလေးလည်း ပါလာတာပဲ လာဗျာ၊ မတွေ့ တာကြာလို့ သတိရနေကြတာ”
“ဟုတ်ပါ့ ရှယ်လီနဲ့ လက်ထပ်ပြီးကတည်းက သိပ်မဆုံ ဖြစ်တော့ဘူး၊ ဘယ်မှာ သွားအောင်းနေ တာလဲ”
ဦးကျော်ပိုင်နှင့် ရှယ်လီ ဦးဇော်နိုင်တို့ဝိုင်းမှာ ၀င်ထိုင်လိုက်ကြသည်။ ဦးဇော်နိုင်တို့က ပျာပျာ သလဲ ဦးကျော်ပိုင်အတွက် ဘီယာတစ်ခွက် ငှဲ့ပေးကာ စပ်စုကြသည်။
မိန်းမငယ်ငယ်လေး ရသွားတဲ့ ဦးကျော်ပိုင်ကို အားကျပေမယ့် သူတို့မိန်းမတွေ က အဲဒီ လောက်ထိမှ နားလည်မပေးကြတာ။
ဒါပေမယ့် ဒီလို စားသောက်ဆိုင် ကာရာအိုကေဆိုင်ထိုင်သော မဒီလေး တစ်ယောက် နှစ် ယောက် နှင့် အမြဲတမ်း တွဲ ခုတ်တတ်၏ ။
ခုလည်း ဦးဇော်နိုင်နားမှာ တစ်ယောက် ဦးမောင်မြင့်အနားမှာ တစ်ယောက် ။
ဦးကျော်ပိုင်နှင့် ရှယ်လီပါ ၀င်ထိုင်လိုက်ပြီဆိုတော့ ၀ိုင်းလေးက ပိုပြီးစည်ဝေဆူညံ လှုပ်ခတ် သွားသည်။
“အနုအရွလေး အပိုင်ရထားတော့ မခွဲနိုင် မခွာရက် ဖြစ်နေတာလားဗျ ကိုကျော်ပိုင်”
“အင်း ဆိုပါတော့ သူ့သီချင်းခွေအတွက် အစစအရာရာ အကုန်လိုက်လုပ်ပေးနေရတယ်လေ၊ တိတ်ရော စီဒီရော တစ်ခါတည်း ထွက်ချင်တာဆိုတော့ နာမည် ရအောင် အင်တာဗျူး တွေ ပါ လုပ်ပေးရတာ ပေါ့”
“ဘယ်လိုလဲ အဆင်ပြေနိုင်မလား”
“ပြေတာ မပြေတာတော့ မသိဘူး၊ လက်ထဲရှိတဲ့ငွေ ကတော့ ဒီတစ်ခွေတည်းနဲ့ ကုန်သွားပြီ၊ ဒါမပေါက်လို့ နောက်တစ်ခွေ ထပ်ထုတ်မယ်ဆိုရင် ခုဝယ်ထားတဲ့ တိုက်ခန်းလေး ပြန်ရောင်းရင်ရောင်း၊ စီးနေတဲ့ ကားလေး ပြန်ထုတ်ရင်ထုတ်ပေါ့၊ ငွေထွက်လွယ်တဲ့ လိုင်းကြီးပါဗျာ”
“အဲလို မပြောပါနဲ့ ကိုကြီးရယ်၊ အောင်မြင်ရင်လည်း ငွေဝင်လွယ်တဲ့လိုင်းပါ၊ ခုဆို ရှယ်လီကို ကြော်ငြာရိုက်ဖို့ ကမ်းလှမ်းတဲ့အထိ စိတ်ဝင်စားနေကြတာကို ကိုကြီးမျက်မြင်ပဲမဟုတ်ဘူးလား”
“ဟုတ်တော့ ဟုတ်ပါတယ်၊ ဒါပေမယ့် ကြော်ငြာရိုက်ပေမယ့် သီချင်းခွေက အောင်မြင်မှ အောင်မြင်မှာ လေ၊ ပြီးတော့ အဲဒီ ကြော်ငြာလိုင်း ရုပ်ရှင်လိုင်းကြီးထဲ ရှယ်လီလေး ရောက်သွားမှာ ကို အကိုကြီး စိုးရိမ်တယ်”
“ဟင် ဘာ ဖြစ်လို့လဲ၊ တစ်ခုမအောင်မြင်ရင် နောက်တစ်ခုကို ရတဲ့နေရာက တွယ်ကပ်ထားရ မှာ ပေါ့၊ အဲလိုမျိုး အဟန့်အတားတွေ ဖြစ်လာရင်တော့ ကိုကြီးနဲ့ ရှေ့ဆက်ဖို့ မလွယ်ဘူးနော်”
ရှယ်လီ ခြိမ်းခြောက်လိုက်သည်နှင့် ဦးကျော်ပိုင် ငြိမ်ကုတ်သွားကာ ဘီယာတွေ တစ်ခွက်ပြီး တစ်ခွက် ဆင့်သောက်နေသည်။
“ဖေဖေ”
အနားကပ်ခေါ်လိုက်သည့် အသံကြောင့် ဦးကျော်ပိုင်ခေါင်းထောင်သွားသည်။
“ဟင် အမင်း ဒီလိုဆိုင်ထဲကို မင်း ဘာလို့ဝင်လာတာလဲ”
“ဖေဖေနေတဲ့အိမ်ကိုမှ ကျွန်တော် မသိတာ၊ ဖေဖေသွားတတ်တဲ့နေရာတွေ လိုက်ရှာရတာ ပေါ့”
“ဘာလုပ်မလို့လဲ”
“ကျွန်တော် ကျောင်းတက်နေတာ၊ မမယိမ်းတို့ပေးတဲ့ ပိုက်ဆံနဲ့ မလောက်ဘူး ဖေဖေ၊ အဲဒါ ကြောင့် ဖေဖေ့ဆီက ပိုက်ဆံလာတောင်းတာ၊ ခဏခဏ မလာရအောင် တစ်သိန်းလောက် ပေးလိုက် ပါ”
“အာ ငါ့မှာ လည်း အကုန်အကျများ နေလို့ မင်းလိုသလောက် မရှိဘူးကွ”
“ပါတဲ့ ပိုက်ဆံပေးလိုက် စမ်းပါ ကိုကြီးရယ်၊ သူ့မှာ ဒီအထိတောင် လိုက်ရှာပြီးတောင်းရတာ ၊ ရော့ မောင်လေး နောက်တစ်ခါ ပိုက်ဆံလိုလို့ ဒီဆိုင်တွေ မှာ မင်းအဖေကို မတွေ့ ရင် အိမ်လိုက်လာခဲ့ နော်၊ ဗစ်ဇင်းတင်းကဒ်ပါ ယူသွား”
ရှယ်လီက စေတနာပိုကာ ဦးကျော်ပိုင် လက်ကိုင်အိတ်ထဲက ငွေတစ်သိန်းအုပ် ယူကာ ဗစ်ဇစ်တင်းကဒ်ပါ တွဲ ပေးလိုက် သည်။ ငွေရသည်နှင့် အမင်းက ချာခနဲ လှည့်ထွက်သွား၏ ။
“ဟာ ဦးကျော်ပိုင် ခင်ဗျား ရှယ်လီလေးက သားသမီးတွေ အပေါ် ဒီလို အလိုက်သိ နားလည် ပေးတာ ကံကောင်းတာပေါ့ဗျာ။ တချို့ဆိုရင် အရင်မိန်းမနဲ့ သားသမီးတွေ ကို အနားကပ်မခံဘူး”
“နေပါဗျာ ငွေက ကျွန်တော် ရှာတာပါ၊ အဲလိုရက်ရောနေရင် ဒီကောင် ခဏခဏ လာတောင်း နေတော့မှာ ပေါ့၊ ကျွန်တော့်သားအကြောင်း ကျွန်တော် သိတယ်”
ဦးကျော်ပိုင်ရဲ့ အလိုမကျမှု က ရှယ်လီကိုလား အမင်းကိုလားမသိ။
ဦးဇော်နိုင်တို့ အလိုက်တသိထည့်ပေးနေသော ဘီယာတွေ တစ်ခွက်ပြီးတစ်ခွက် သောက်ရင်း မျက်နှာကြီးက သုန်မှု န်နေသည်။
“ခင်ဗျား သားသမီးတွေ ထဲမှာ ဒီကောင်လေး တစ်ယောက် ပဲ အရင်ကတည်းက ပိုက်ဆံတွေ ဘာတွေ တောင်းတာ တွေ့ ဖူးတယ်နော်၊ သမီးအကြီးနဲ့အငယ်က အဲလို မဟုတ်ဘူး”
“ကျန်တဲ့နှစ် ယောက် က မာနရှိတယ်လေ၊ သူတို့အပေါ် နွေးနွေးထွေးထွေးမဆက်ဆံတော့ ကျွန်တော့် အပေါ်လည်း ဖက်လဲတကင်းမရှိဘူး၊ ကျွေးရင်စား၊ ပေးရင်ယူ၊ သူတို့အမေလို စိတ်မျိုးတွေ ပေါ့၊ အဲဒါကြောင့် လည်း ကျွန်တော် က ပိုချစ်တယ်”
“ဆိုးတဲ့သားသမီးတွေ ကို မိဘတွေ က ပိုချစ်တတ်ကြတယ်တဲ့ ကျန်တဲ့နှစ် ယောက် က လိမ္မာပြီး ဒီကောင်လေးက လူဆိုးလေးမို့ ခင်ဗျားပိုချစ်နေတာ ဖြစ်မယ်”
“သူ့အမေက ပြောတယ်၊ အဖေတူသားတဲ့”
“ဟား ဟား ခင်ဗျားကို လူဆိုးလို့ ပြောချင်တာနေမှာ ပေါ့”
“သေချာတယ် သေချာတယ် ဟား ဟား”
ပုလင်းသံဖန်ခွက်သံ ရယ်သံတွေ အုန်းအုန်းထသွား၏ ။ မဒီလေးတွေ ရဲ့ ချော့မြူကျီစယ် ပလီပလာများ မှာ အားလုံး နစ်မျောပျော်ဝင်လို့ …။
အခန်း (၁၂)
“ဟဲ့ ယိမ်း ဒေါ်လေးသိန်းအိမ်ကို မလာစဖူး အလာထူးလို့ပါလား၊ ကိစ္စရှိလို့လား ယိမ်း”
“ဟုတ်ကဲ့ ဒေါ်လေးသိန်း နေကလည်းပူလိုက်တာနော်”
လက်ကိုင်ပ၀ါလေးဖြင့် ချွေးစလေးတွေ ကို ဟိုသုတ်ဒီသုတ် သုတ်ရင်း ဒေါ်လေးသိန်း ထိုင်နေ သည့် ဆက်တီခုံအနီးမှာ ၀င်ထိုင်လိုက်သည်။ ဒေါ်လေးသိန်းက ရေခဲသေတ္တာထဲက ရေတစ်ဘူး ယူလာပေးပြီး ယိမ်းကိုတိုက်သည်။
“ရေအေးအေးလေးသောက် အမောဖြေပြီး ဒေါ်လေးသိန်းကို ပြောစရာရှိတာပြော”
“ဟို ဒေါ်လေးသိန်းမှာ စောင်တွေ ခြင်ထောင်တွေ အ၀တ်တွေ လျှော်စရာ မရှိဘူးလားဟင်”
“ရှိတာပေါ့ ယိမ်းရဲ့ မနက်ဖြန်ဈေးသွားရင်တောင် အ၀တ်လျှော်တဲ့ စိန်စိန်ကို အလျှော်ငှားဖို့ ၀င်ပြောမယ် စဉ်းစားထားတာ၊ ဘာ ဖြစ်လို့လဲ ယိမ်း”
“ယိမ်း ယိမ်း လျှော်ချင်လို့ပါ၊ သူများ ထက် ဈေးနည်းပေးပါ ဒေါ်လေးသိန်းရယ်”
“ဟင်”
ဒေါ်လေးသိန်း အံ့လည်းအံ့သြ၊ စိတ်မကောင်းလည်း ဖြစ်သွားသည်။
“ယိမ်းရယ် အိမ်ရဲ့ အခြေအနေက အဲလောက်တောင် ဆိုးနေပြီလား၊ မုန့်ဟင်းခါးလည်း ရောင်းသေးတယ်ဆို”
“ဟုတ်ကဲ့ နေက အရမ်းပူတော့ မုန့်ဟင်းခါး သိပ်ရောင်းမကောင်းတော့ဘူး၊ ရွှေရင်အေး မုန့် လက်ဆောင်းရောင်းတာလည်း တစ်ထောင် ထောင့်ငါးရာလောက် မြတ်တာ၊ အိမ်စားစရိတ်နဲ့ ကျောင်း စရိတ်နဲ့ ဘယ်လိုလောက်ငမှာ လဲ ဒေါ်လေးသိန်းရယ်၊ ယိမ်းက တခြားအလုပ်တွေ လုပ်တတ်တာ မဟုတ်ဘူး၊ ဒါတောင်မောင်လေးတွေ မသိအောင် လုပ်ကြည့်ရမှာ ”
“အေး အေး ယိမ်းက အစ်မ တစ်ယောက် ထက် အမေ တစ်ယောက် ရဲ့ မေတ္တာတွေ နဲ့ ပါလား ကွယ်၊ အခုမှ ဒေါ်လေးသိန်းလည်း မပြောချင်ပဲ ပြောရဦးမယ်၊ ယိမ်းအမေလည်း ဒေါ်လေးသိန်း အိမ် မှာ အ၀တ်လျှော်တယ်၊ တခြားရပ်ကွက်တွေ မှာ လည်း ဒေါ်လေးသိန်း စပ်ဟပ်ပေးရတယ်”
“ရှင် မေ မေမေက”
“ဟုတ်တယ် ယိမ်း၊ ငွေအရင်းအနှီး တစ်ပြားမှ စိုက်မထုတ်နိုင်တဲ့ သူ့ရဲ့ ပွဲစားအလုပ်က ဘယ် လိုလုပ် နေ့စဉ်နေ့တိုင်း ဖြစ်မှာ လဲကွယ်၊ ယိမ်းအဖေကရော မိသားစုကို ငဲ့ကွက်လို့လား၊ ယိမ်းလိုပဲ အိမ်စရိတ် အသုံးစရိတ်၊ ကျောင်းစရိတ်တွေ အတွက် အဆင်ပြေအောင် အပင်ပန်းခံရတော့တာပေါ့”
“မေမေရယ်”
ခုမှ ကြားသိလိုက်ရသော မေမေ့ ခက်ခဲပင်ပန်းမှု တွေ ကို စာနာကာ ယိမ်း မျက်ရည်တွေ ကျလာ သည်။ သူများ အိမ်မှာ အ၀တ်လျှော် အောက်ခြေသိမ်းအလုပ်တွေ လုပ်ခဲ့ပေမယ့် ယိမ်းတို့ မောင်နှမ တစ်တွေ မသိအောင် မေမေလျှို့ဝှက် သိုသိပ်ခဲ့၏ ။
အဆင်မပြေမှု များ ကို ညည်းညူမှု မရှိ၊ ဖြည့်ဆည်းပေးဆပ်ခဲ့သည်။
ယိမ်းလည်း မေမေ့လို မေတ္တာမျိုးနှင့် မောင်လေးတွေ ကို လုံခြုံနွေးထွေးပေးနိုင်အောင် ကြိုးစား ရမည် ။
ဘယ်လိုဘ၀မျိုးရောက်ရောက် ဘာတွေ ဖြစ် ဖြစ်။
“ယိမ်း အ၀တ်တွေ လျှော်မယ်ဆိုလည်း လျှော်သွားလေ၊ သူများ ထက် ပိုပေးမှာ ပါ၊ တခြားလူ တွေ ဆီမှာ လျှော်ချင်လည်း ဒေါ်လေးသိန်းပြောပေးမယ်”
“ဟုတ်ကဲ့ ဒေါ်လေးသိန်းရယ် ယိမ်း ဘာ ဖြစ် ဖြစ်လုပ်ပါ့မယ်၊ မောင်လေးတွေ ကိုသာ မပြောမိ ပါစေနဲ့နော်၊ ဈေးရောင်းမကောင်းတာတောင် သူတို့သိမှာ စိုးရိမ်နေတာ၊ အလင်းလေးက ယိမ်းကို နားလည်ပေမယ့် အမင်း ကတော့ အပြစ်မြင်ပြီးအရမ်းရှက်တတ်တာ ဒေါ်လေးသိန်းရဲ့ ”
“အေးပေါ့ကွယ် အရင်က နေခဲ့ရတဲ့ အဆင့်အတန်းနဲ့ အခုက မိုးနဲ့မြေလို ကွာခြားသွားတာကိုး၊ အဲဒါပဲကွဲ့ အိမ်ထောင်ဦးစီး ဗွေဖောက်ပြီဆိုရင် ကျန်တဲ့မိသားစုတွေ အားလုံး ကဆင့်ကလျား အခြေပျက်တော့တာပဲ၊ ယိမ်းလည်း မောင်လေးတွေ အတွက် ကြိုးစားတော့မယ်ဆိုရင် အဆုံးထိ ရောက်အောင် ကြိုးစားပါကွယ်”
“ဟုတ်ကဲ့ မေမေ့တာဝန်တွေ ကို ယိမ်း ပခုံးပြောင်းယူထားတာပါ၊ အခက်အခဲတွေ ရင်ဆိုင်နိုင် အောင်တော့ လေ့ကျင့်ရဦးမှာ ပေါ့”
“အင်း ယိမ်းက အပြင်စီးပွားရေး မှ မရှာဖွေခဲ့ဘူးတာ၊ အိမ်ထဲမှာ တကုပ်ကုပ်နဲ့ အိမ်မှု ကိစ္စတွေ နဲ့ အချိန်ကုန်နေခဲ့တာ မဟုတ်လား၊ လောကထဲ တိုးဝင်ကြည့်ပါ၊ စွန့်စားကြည့်ပါ၊ ဒါမှ အတွေ့ အကြုံ လည်းရ ခံနိုင်ရည်ရှိသွားမယ်”
“ဟုတ်ကဲ့ ဒေါ်လေးသိန်း ယိမ်းကြိုးစားပါ့မယ်”
စိတ်ရင်းစေတနာကောင်းသော ဒေါ်လေးသိန်းက အ၀တ်တွေ လျှော်ပြီးတာနဲ့ ယိမ်းကို ထမင်း လည်းကျွေးသည်။ ပိုက်ဆံလည်း ပိုပေးသည်။
ဒီအလုပ်တွေ ကို နောက်ရက်တွေ မှာ လုပ်နိုင်အောင်လည်း စီစဉ်ပေးရသည်။ မောင်လေးတွေ မသိအောင် ကျောင်းပိတ်ရက်တွေ မှာ နားပြီး ကျန်တဲ့ရက်တွေ မှာ ကျောင်းက ပြန်မလာခင် အိမ်ကို အရောက်ပြန်ရသည်။
ဈေးရောင်းတာလည်း ဟန်မပျက်။ ဒီအလုပ်ကိုလည်း အပင်ပန်းခံ ကြိုးစားလုပ်ပါက အဆင်ပြေ သွားနိုင်လိမ့်မည် ထင်ပါသည်။
ဒါပေမဲ့ မိန်းမသား တစ်ယောက် ရဲ့ အင်အားက ဒီမိသားစုကို ကြာရှည်ထူမတ်ပေးနိုင်ပါ့မလား။
ဖေဖေ ကတော့ ဒါတွေ ကို သိမှာ မဟုတ်၊ သူ့ဘ၀နဲ့သူပျော်နေပြီး ယိမ်းတို့ကို မေ့ထားခဲ့တာ ဘယ်လောက်ကြာပြီလဲ၊ အမင်း ကတော့ ငွေရေး ကြေးရေး ကိစ္စကြောင့် ဖေဖေနှင့် သွားတွေ့ နေမှာ ဖြစ်ပေမယ့် အလင်းကိုတော့ တကူးတကသွားတွေ့ စရာမလိုဘူးလို့ ပိတ်ပင်ထားမိသည်။
လိုအပ်မှု ရှိလို့လာတာဆိုပြီး ဖေဖေ့မိန်းမငယ်ငယ်လေး ငြိုငြင်မှာ စိုးလို့ပါ။
ဖေဖေ့ရဲ့ ဥပက္ခာအတွက် စိတ်မဆိုးရက်ပေမယ့် မာနတစ်ခုတော့ ခုခံ ကာကွယ်ဖို့ ပိုင်ဆိုင်ထား သင့်သည်ဟု ယူဆထားမိသည်။
ဖေဖေထားခဲ့တဲ့ဘ၀မှာ ယိမ်းတို့တွေ ကဆင့်ကလျား ဒုက္ခရောက် ကျန်ခဲ့မည် ဆိုတာ ဖေဖေ သိသင့်သည်ပဲလေ။
![]() အကြင်နာလက်တစ်ကမ်း | ![]() အကြင်နာ လက်တစ်ကမ်း | ![]() ပြောဖို့လိုသေးလား |