
အခန်း (၁)
''ရည်းစားတစ်ထောင် လင်ကောင် တစ်ယောက် တဲ့၊ ရည်းစား တွေ အများ ကြီးထားကြည့်မှ ဘယ်ယောက်ျားက ကောင်းတယ်၊ ဘယ် ယောက်ျားက မကောင်းဘူးဆိုတာ သိရမှာ ၊ သိပြီဆိုရင်တော့ ကိုယ့်ရဲ့ အိမ်ထောင်ဖက်ကို ခေါင်းခေါက်ပြီးရွေးပေတော့၊ နရီက ဥစ္စာပေါ ရုပ်ချော၊ အဆင့်အတန်းဆိုလည်း ပြောစရာမလိုဘူး၊ အခုလည်း နရီ့အနားမှာ ဝပ်ဆင်းခယချင်နေတဲ့ယောက်ျားတွေ အများ ကြီး မဟုတ်လား၊ တစ် ယောက် ပြီး တစ်ယောက် ပြောင်းနေတာ အခုထိ စိတ်ကြိုက်မတွေ့ သေးဘူး လား နရီ''
မြှောက်ပင့်တာရော ရှင်းပြတာရော မေးခွန်းတွေ ရော စုံလင်စွာ ဖြင့် အဆုံးသတ်သွားချိန်မှာ ပန်းနရီ ခပ်မဲ့မဲ့လေးပြုံး၍ ဒေါ်ခင်နွဲ့တင်ကို မျက်လုံးလှန်ကြည့်သည်။
နေချင်သလိုနေခိုင်းတာဟာ သမီးရင်းသွေးသားရင်း မဟုတ် လို့လား။ သမီးရင်း မြတ်သော်တာကိုတော့ ဘာကြောင့် ဗိုင်းကောင်း ကျောက်ဖိ ထားရတာ လဲ။
မြတ်သော်တာက ပန်းနရီထက် တစ်နှစ် သာငယ်ပြီး ကိုကို ပလ္လင်ဦး ကတော့ သူမထက် သုံးနှစ် ကြီးလေသည်။ ကိုကို ပလ္လင်ဦးဆို လည်း ပညာစုံလို့ နိုင်ငံခြားမှာ ဘွဲ့လွန်သွားတက်သည်။
သုံးနှစ် တာကာလတွင်းမှာ ကိုကိုက လုပ်ငန်းတွေ နှင့်ပတ်သက် လျှင်လည်း တော် တော် လေ့လာသင်ယူပြီးပြီဆို၏ ။ ကိုကို သွားခါစကဆို
သူမနှင့် ဖုန်းအဆက်အသွယ်မပြတ်။
အီးမေးလ်ပို့၊ အင်တာနက်နှင့်စကားပြော။ ဒါဟာ အလွမ်းပြေ နေ့တစ်ဓူဝကိစ္စ။
''သားပလ္လင်က ပညာရေး ကတစ်ဖက်၊ လုပ်ငန်းပိုင်းကို သင် တန်းတွေ တက်ပြီး လေ့လာရတာ တစ်ဖက်နဲ့ နရီကို အချိန်ပေးနေရတာ အရမ်းပင်ပန်းပါတယ်ကွယ်၊ နရီလေးက အလိုက်သိမှ ကိုကိုလည်း စိတ်သက်သာမှာ ပေါ့၊ နရီ့ဘက်ကစပြီး နည်းနည်း ချင်း အဆက်အသွယ် ဖြတ်ပေးနော်၊ အဲဒါမှ ကိုကို စိတ်ဖြောင့်ဖြောင့် ပညာသင်နိုင်မှာ ပေါ့''
ပြောတာက ပညာသားပါပါ သံယောဇဉ်တွေ ကို ဖြတ်တောက် ခိုင်းလိုက်ခြင်းပင်။ ဒီကိစ္စ ဒီလိုရှိသည်ဆိုတာ အစ ကတော့ နားမလည် ပါ။
မိမရှိ ဖမရှိ အတွယ်အတာကင်းသည့်ဘဝမှာ ဦးလှိုင်မြင့်နှင့် ဒေါ်ခင်နွဲ့တင်တို့ မိသားစုက သူမအတွက် ခိုကိုးရာ သံယောဇဉ်ရပ်ဝန်း တစ်ခု။
''လင်းထွဋ်ဆိုတဲ့ ကောင်လေးက ရတနာဆိုင်ပိုင်ရှင်သားဆို၊ ပညာတတ် အဆင့်အတန်းရှိတဲ့ အသိုက်အဝန်းကမို့ သူ့ကိုတော့ လက် မလွှတ်သင့်ဘူး၊ အခု သူနဲ့တွဲ နေတုန်းမဟုတ်လား နရီ''
''ဟင်''
အတွေးနှင့် လွင့်ပါးနေဆဲ ဒေါ်ခင်နွဲ့တင်ရဲ့ နောက်ထပ် မေးခွန်း ကြောင့် ဟင်ခနဲ အသိဝင်လာရ၏ ။
''သူ ကတော့ တော် တော် ဇွဲရှိတယ် ပြောရမယ်၊ မတွဲ ချင်တော့ ဘူးလို့ နာကျင်အောင်ပြောလည်း နောက်မဆုတ်ဘူး''
''အဲဒါ နည်းတဲ့ကုသိုလ်လား၊ ခုခေတ်မှာ ယောက်ျားလေး တစ်ယောက် စွဲစွဲလမ်းလမ်း တွယ်ကပ်နေတယ်ဆိုတာ မရှိသလောက် ရှားသွားပြီ၊ သူတို့အတွက် မိန်းမပေါတယ်လေ''
''အဲဒါ အချစ်မှမဟုတ်ဘဲ မေမေတင်၊ မိန်းကလေးတွေ ကို အာသာဆန္ဒ ဖြေဖျောက်ရုံလောက် သဘောထားတဲ့ ယောက်ျားတွေ ကို နရီ မုန်းတယ်''
ဘယ်လိုလူမျိုးကို ချစ်တယ်၊ ဘယ်သူ့ကိုချစ်တယ်ဆိုတာတော့ နရီ ထည့်ပြောလို့မ ဖြစ်ပေ။
ရင်ထဲမှာ ဆန္ဒတွေ ရှိနေတာက သပ်သပ်။ မ ဖြစ်ချင်တာတွေ ကို လုပ်နေရတာ က သပ်သပ်။
''ပန်းနရီကို သမီးရင်း တစ်ယောက် လို ချစ်ပေးနိုင်တယ်၊ ချွေးမ တစ်ယောက် အ ဖြစ်တော့ မေမေ မသတ်မှတ်နိုင်ဘူး သား၊ သူ့မိဘတွေ က သားဖေဖေအသက်ကို ကယ်ခဲ့လို့ သားဖေဖေရဲ့ အသက်သခင် ကျေးဇူးရှင်ဆိုပေမယ့် မေမေတို့ဘက်က ပေးဆပ်ခဲ့ရတာ တွေ လည်း မနည်း ပါဘူး၊ ပန်းနရီ ငါးနှစ် သမီးအရွယ်ကတည်းက စောင့်ရှောက်လာခဲ့ရတာ ဘယ်လောက်များ ပင်ပန်းလိုက်သလဲ၊ သားခမြာ ညီမအရင်းကို ဂရု မစိုက်နိုင်ဘဲ ပန်းနရီကိုပဲ ထိန်းကျောင်းချော့မြှူသည်းခံခဲ့ရတယ်၊ သူ့အပေါ် ညီမ တစ်ယောက် လိုပဲ သဘောထားပါ သားကြီး၊ ချစ်သူ တစ်ယောက် လို ဖေးမကြင်နာတာမျိုးတွေ မလုပ်ပါနဲ့၊ သား မဆင်ခြင်နိုင်ရင်တော့ ပန်း နရီနဲ့ဝေးတဲ့နေရာကို အပြီးထွက်သွားကြဖို့ပဲ ရှိတယ်''
ဒီစကားတွေ နားနှင့်ဆက်ဆက်ကြားပြီးနောက်ပိုင်း ကိုကို့ကို မျက်နှာချင်းမဆိုင်ရဲတော့လောက်အောင် ပန်းနရီ အခက်တွေ့ သွားခဲ့ရ သည်။
ကိုကို့ကိုဆို အမြဲချွဲနွဲ့နေကျ ခံစားရသမျှတွေ တိုင်ပင်နေကျ။ ဘယ်သွားသွား ကိုကို့လက်မောင်းကို တွဲ ခိုပြီး သွားနေကျပါ။ အရွယ် ရောက်မှ ဘာကြောင့် စည်းခြားသွားရတာ လဲ။
ဒေါ်ခင်နွဲ့တင်က ကိုကိုရှေ့ဆို ပေါ်ပေါ်တင်တင် မဟုတ်ပေမယ့် ကွယ်ရာမှာ ဆိုလျှင်တော့
''ဒီလို အနေအထိုင်တွေ မသင့်တော် တော့ဘူး နရီ၊ သမီးကို သမီးရင်းလိုချစ်လို့ မေမေတင် သတိပေးတာပါ၊ ပတ်ဝန်းကျင်က ဘာမှ မတော် စပ်ဘူးဆိုတာ သိထားတဲ့အတွက် နရီလေးရဲ့ ဂုဏ်သိက္ခာကို ထိခိုက် နိုင်တယ်၊ သွေးမတော် သားမစပ် တစ်အိမ်တည်းနေရတာ ကိုက ပတ်ဝန်း ကျင်က အထင်သေး မေးငေါ့နေချင်ကြတာ၊ တစ်သက်လုံး အစ်ကိုရင်း တစ်ယောက် လိုပဲ သဘောထားစေချင်တယ်''
ပစ်ပစ်ခါခါကြီး မဟုတ်သော်လည်း တိတိကျကျကြီးပင် သတိ ပေးခဲ့သည်။ ဝမ်းနည်းလို့ မျက်ရည်ကျပြီး ခိုဝင်စရာ ရင်ခွင်ကို ခဏပင် မတောင့်တရဲတော့ပါ။
ထိုနောက်ပိုင်း စိတ်ထင်သလို ပျော်ရာမှာ ပဲ နေခဲ့သည်။ ကိုကို မဟုတ်သော တခြားသူတွေ နှင့် သွားချင်ရာသွား၊ လာချင်ရာလာကာ အိမ်ပင်မကပ်တော့။
ကိုကိုက တမင်တကာ ရှောင်တိမ်းနေမှန်းသိတော့
''ညီမလေး ဘာတွေ ဖြစ်နေတာလဲ၊ ဘယ်တွေ သွားပြီး ဘာတွေ လုပ်နေတာလဲ၊ ကိုကို ကျောင်းလည်းလိုက်ပို့မခိုင်းတော့ဘူး၊ တင်းနစ် ကစားဖို့လည်း မခေါ်တော့ဘူး၊ ထမင်းစားချိန်တောင် ကိုကိုရှိနေရင် ဝင်မစားတော့တာ ဘာ ဖြစ်လို့လဲ၊ ကိုကို့ကို ဘာတွေ စိတ်ကောက်နေတာ လဲ၊ စိတ်ဆိုးစရာရှိနေလား၊ ကိုကို့ကို ပွင့်ပွင့်လင်းလင်း ပြောပါ ညီမလေး ရယ်၊ ငယ်ငယ်တည်းက သူစိမ်းဆန်ရင် ကိုကို မနေတတ်တာ သိရဲ့ သား နဲ့''
အကြင်နာကြီးသည့် ကိုကို့စကားတွေ ကို သိမ်မွေ့စွာ မချေပ နိုင်ခဲ့တာ ဝမ်းနည်းစရာကောင်းလှပါသည်။ မေမေတို့နှင့် အဆက်ဆံ မပျက်အောင် သိုသိပ်စွာ ရေငုံနှုတ်ပိတ်နေနေမိတာ ကိုကို မသိစေချင်။
ဒီအိမ်မှာ ဖေဖေထွန်းနှင့် ကိုကိုကလွဲလျှင် သူမအပေါ် ဂရုစိုက် တန်ဖိုးထားမည့် သူ မရှိ။
ဒါတွေ ဟာ တကယ်တော့ သူမရဲ့ ကံကြမ္မာနဲ့ပဲဆိုင်တာမို့...။
အဆုံးမသတ်သေးသော စကားအတွက် ဒေါ်ခင်နွဲ့တင် ကျေနပ် သေးဟန်မတူ။ ဆန္ဒရှိသလို လုပ်ခွင့်မရတာ သူမရဲ့ ဝဋ်ကြွေးလား။
''လင်းထွဋ်နဲ့ ချိန်းထားလို့ နရီ အပြင်သွားလိုက်ဦးမယ် မေမေ တင်''
''သြော် အေးအေး အပြန်တော့ သိပ်နောက်မကျစေနဲ့ကွယ်၊ နရီ အဖေထွန်းက ရုံးပိတ်ရက်ဆို မိသားစုထမင်းလက်ဆုံ စားချင်တာ''
ရင်ထဲကမပါသည့် လောကွတ်စကားတွေ မှန်း သိနေသည်မို့ အင်းအဲပင် မလုပ်မိဘဲ ထွက်လာခဲ့သည်။ သူမ အိမ်ပြန်နောက်ကျလို့ ဘယ်အချိန်တုန်းက စိတ်ပူဖူးလို့လဲ။
စိတ်အလိုဆန္ဒနှင့် ဆန့်ကျင်စွာ လင်းထွဋ်ဆီရောက်လာခဲ့တော့ သူမ မျက်နှာလေးက ပန်းသွေးရောင် ဖျော့ဖျော့နှင့် တင်းမာအေးစက် နေခဲ့သည်။
''မျက်နှာက မလန်းဘူး၊ ဘာတွေ ကွိုင်လာတာလဲ ပန်း''
''ကိုယ်ရေး ကိုယ်တာကိစ္စပါ၊ လင်းထွဋ်နဲ့မဆိုင်ဘူး''
''ကိုယ့်ရဲ့ စိုးရိမ်မှု တွေ ကို သူစိမ်းဆန်တဲ့စကားတွေ နဲ့ ပယ်မချ လိုက်နဲ့ကွာ၊ ကိုယ့်ချစ်သူလေး မျက်နှာညှိုးနေတာကို ကိုယ် ဘယ်လိုလုပ် ကြည့်ရက်မှာ လဲ''
''ခုချိန်မှာ လာနွဲ့မနေနဲ့ လင်းထွဋ်၊ မျက်နှာတင် မလန်းတာ မဟုတ်ဘူး၊ စိတ်ပါ နွမ်းနေတာ၊ လင်းထွဋ်ကို ဘာမှရှင်းမပြချင်ဘူး''
''ကိုယ် ဘာလုပ်ပေးရမလဲ၊ ရုပ်ရှင်သွားကြည့်မလား၊ ကန်တော် ကြီးသွားမလား''
''သွားတော့မယ်၊ လင်းထွဋ် မလိုက်ခဲ့နဲ့''
''ဘာ''
''ကန်တော် ကြီးမှာ ညိုညိုနဲ့ချိန်းထားတယ်၊ သူ့အမေကို အထူး ကုဆေးခန်းလိုက်ပို့ပြီးမှ လာမှာ မို့ လင်းထွဋ်ဆီ အရင်ထွက်လာခဲ့လိုက် တာ''
''ကိုယ့်ကိုချစ်သူ တစ်ယောက် လိုရော သတ်မှတ်သေးရဲ့ လား ပန်း''
''ကျွတ်''
ကျွတ်ခနဲ စိတ်မရှည်သံပြုလျက် ပန်းနရီ ခေါင်းလေး ချာခနဲ ရမ်းသွားသည်။ ရင်ဘတ်ထဲမထည့်ခဲ့တာက အမှန်။
ဒါကို အမှန်အတိုင်း ပြောလည်း နောက်ဆုတ်မသွားသည့် လင်းထွဋ်ကို သူမ အနည်းငယ်တော့ အဖုအထစ် ဖြစ်လာသည်။
သူမဘက်က အလေးအနက်မရှိတာကို ဒီလောက်ထိ တွယ်ကပ် နေတာ မကြိုက်။
ကိုယ်က အပျင်းပြေဆိုရင် သူ့ကိုလည်း အပျော်သဘောထား ပြီး နောက် တစ်ယောက် နှင့် တွဲ လိုက်စေချင်၏ ။
''မင်းရည်းစားတွေ အများ ကြီးထားခဲ့တာ ကိုယ်သိတယ်၊ ကိုယ် လည်း မင်းထက်မနည်းလောက်ပါဘူး၊ ဒါပေမဲ့ ကိုယ်တို့က ကစားနေရ မယ့်အရွယ်တွေ မဟုတ်တော့ဘူး၊ အတည်တကျ လက်ထပ်သင့်နေပြီ''
ထိုစကားပြောသော နေ့က သူမအကြီးအကျယ် ပေါက်ကွဲခဲ့ သည်။ ကိုယ်က အချစ်ကို ယောင်ဝါးစွာ စမ်းသပ်နေတာ။
လက်ထပ်သင့်တဲ့သူကို အပင်ပန်းခံ ပန်းကုံးစွပ်ဖို့ ရွေးချယ်နေ တာမှမဟုတ်တာ။ တစ်ယောက် ယောက် ကို မချစ်မိအောင် ကြိုးစားဖို့။
''လင်းထွဋ်''
''ဟင်''
သူမ စူးခနဲကြည့်ကာခေါ်တော့ လင်းထွဋ် ကိုယ်ရှိန်သတ်၍ မျက်ခုံးပင့်ပြီးထူး၏ ။
''ရှင့်ကို ပန်း ချစ်တယ်လို့ ပြောဖူးလား''
''ဟမ် အာ ဒါပေမဲ့''
''ရည်းစားပဲ ထားချင်တာ၊ ချစ်သူမတော် ဘူးလို့ ရှင့်ကိုပြောဖူး တယ် ထင်ပါတယ်''
''ဘာထူးလဲ၊ ချစ်သူနဲ့ရည်းစား''
''ရောချဖို့ မကြိုးစားနဲ့ လင်းထွဋ်၊ ထွက်ပေါက်တစ်ခုအနေနဲ့ အပျော်ရည်းစားထားနေတာကို ဘာကြောင့် ဆိုတာ ရှင်လည်း သိပါတယ်၊ ရှင် စိတ်မရှည်ရင် ညောင်းတော့၊ နရီဆိုတဲ့ မိန်းမ အပင်ပန်းခံပြီး ဘယ်ယောက်ျားကိုမှ ဆွဲမထားဘူး''
''ပန်းနရီ''
ပြောဆိုသည့်သဘောနှင့် မေးဆတ်ထူးလိုက်သည်။ ကိုကို့ကို သတိရသည့်နေ့ဆိုလျှင် လင်းထွဋ်ကို ပြေလည်အောင်ပင် မဆက်ဆံချင်။
လင်းထွဋ် မျက်နှာကလည်း သုန်မှု န်နေကာ
''ကိုယ့်ကို တခြားသူတွေ လို မင်းထားချင်တိုင်း ထားလို့တော့ မရဘူး ပန်း၊ မပြေလည်တာရှိ ညှိယူပါ၊ မနှစ်သက် တာရှိရင် ကြိုပြောပါ၊ ကိုယ်လည်း ဘယ်မိန်းမကိုမှ အောက်ကျခံဖူးတာ မရှိပါဘူး၊ အထာနဲ့ နေခဲ့တာ''
''အဲဒါ ဘာလုပ်ရမှာ လဲ၊ ဒီနေ့ နရီလေနေတယ်နော်၊ ရစ်နေတာ ဆိုရင်တော့ ဘယ်တော့မှ ပြေလည်လာစရာ အကြောင်းမရှိဘူး''
''သြော် ပန်းရယ်''
ပန်းဘက်က တကယ် တင်းမာပြီဆို လင်းထွဋ် ဘာပြောရမှန်း မသိအောင် နဖူးကိုပွတ် ခေါင်းကိုကုတ်ဖြင့် ခြေမကိုင်မိ လက်မကိုင်မိပါ။
ပန်းနရီကို တခြားမိန်းကလေးတွေ လို အပျော်သဘောထားလို့ မရတာ က သူ့ရဲ့ ကံဇာတာပဲ ဖြစ်သည်။ ကျောင်းမှာ ကတည်းက ပန်းနရီ ရည်းစားများ မှန်း သူ သိသည်။ ဂုတ်အောက်မရောက်တရောက်မှာ အမြဲ လို နွဲ့ကျနေတတ်သော ဆံနွယ်များ က ကာလာတွေ တစ်မျိုးပြီးတစ်မျိုးနှင့် ပန်းနရီက လူသိများ ပေါ်ပြူလာ ဖြစ်ခဲ့သည်။
သူမအပြုံးကို ပေါပေါသီသီ မမြင်ရတာ လည်း ထူးခြား၏ ။ အမြဲလို တင်းတင်းစေ့ထားတတ်သော နှုတ်ခမ်းလေးက စိုရဲနုထွေးနေ ကာ ရွှန်းကော့နေသော မျက်တောင်၊ အရည်ကြည်လဲ့လဲ့ တောက်ပနေ သော မျက်နက်ဝန်း၊ နဖူးပြေပြေ၊ ပါးပြင်ပြည့်ပြည့်၊ လည်တိုင်ကြော့ကြော့ နှင့် ပန်းနရီရဲ့ အလှက ဘယ်နေရာမှ အပြစ်ပြောစရာမရှိပေ။
အဝတ်အစားဆိုလည်း အရောင် မရွေး၊ ဖစ်ဆိုက်ကိုယ်ကပ်လေး တွေ ဝတ်တတ်၍ အမြဲတမ်း လန်းနေသည်ဟု မှတ်ချက်ချလို့ရသည်။
ဒါပေမဲ့ ရည်းစားတွေ အများ ကြီးထားနေတာက ရင်ထဲမှာ ရှိနေ သော တစ်ယောက် ကို မောင်းထုတ်ချင်လို့တဲ့။
ဘယ်ရည်းစားကို ထားထား ထိုစကားပြောဖို့မမေ့ပေ။
ဒါကြောင့် လည်း တခြားယောက်ျားတွေ က သူမအနားမှာ ကြာ ရှည်မမြဲတာ။ ဘယ်သူက သူမရဲ့ သစ္စာစကားအတွက် ခံနိုင်ရည်ရှိပါ့မလဲ။ ယောက်ျားတွေ က မိန်းမတွေ ထက် အတ္တကြီးတာ၊ ပန်းနရီ သိသင့်သည်။ ကိုယ့်မှာ တော့ ဒီလိုမဟုတ်။
သူမ မျက်နှာလေးကို ငြိုငြင်မခံနိုင်လောက်အောင် ဖြည့်ဆည်း ပေးဆပ်ချစ်ချင်လှသည်။ အေးစက်စက် အလေးအနက်မရှိတာလေးကို ပဲ စွဲလမ်းနေကာ လက်ထပ်ဖို့အထိ ရည်ရွယ်ထားမိသည်။
ခုလည်း သူကပဲ အလျှော့ပေးရတော့မည် ပေါ့။
''ပန်း''
''မပြောနဲ့တော့ သွားတော့မယ်''
''နေပါဦး''
သူမ လက်ကလေးကို ဖမ်းဆွဲထားမိချိန်မှာ ပန်းနရီက ဖျတ်ခနဲ ရုန်းခါလိုက်သည်။
''မင်း ညိုညိုဆီ သွားမှာ မဟုတ်လား၊ ကိုယ် မတားတော့ပါဘူး၊ တစ်ပတ်တစ်ခါ တွေ့ ခွင့်လေးတော့ မရုပ်သိမ်းလိုက်ပါနဲ့၊ ကျောင်းပြီးသွား ကည်းက အရမ်းဝေးကွာသွားသလို ခံစားရတယ်၊ အခု ကိုယ်က ဒယ်ဒီ အလုပ်မှာ ဝင်လုပ်နေရတယ်၊ ခရီးထွက်ရတဲ့အခါတွေ လည်း ရှိတော့ အမြဲတမ်းတွေ့ ဖို့ဆိုတာ သိပ်မလွယ်တော့ဘူး၊ ကိုယ့်ကို ချစ်သူ တစ်ယောက် လို တန်ဖိုးမထားနိုင်သေးဘူးဆိုရင်တောင် လက်ထပ်ဖို့တော့ စဉ်းစားထား ပါ''
ကျွတ်ခနဲ အသံမပြုတော့ဘဲ မျက်စောင်းဝင့်ကာ ခြေဆောင့် ၍ ထွက်လာခဲ့သည်။
အနှောင့်အယှက်ကင်းသော အရပ်ဆီကို...။
အခန်း (၂)
''သူ့ကိုချည်း တစ်ဖက်သတ် အပြစ်မြင်မနေနဲ့၊ နင်လည်း အပြစ်ကင်းတာမှ မဟုတ်တာ၊ လက်ခုပ်က နှစ် ဖက်တီးမှမြည် တယ်ဆို ပေမယ့် နင်က နင့်ခံစားမှု ကိုပဲ ဦးစားပေးပြီး၊ လင်းထွဋ်ကို အသုံးချနေ တာ''
''သူ မခံနိုင်ရင် ရွေ့လို့ရတာ ပဲ၊ ငါက ဆွဲထားလို့လား''
''ခက်တယ် နရီရယ်၊ နင့်အတွက် အပျော်တွေ က အဲလောက် တောင်ရှားနေလား၊ ရည်းစားထားမှ စိတ်ဖြေသာတယ်ဆိုတာကြီးက မ ဖြစ် သင့်ပါဘူး''
''အဲလို ရည်းစားတွေ ထားကြည့်တာ တစ်ယောက် ယောက် ကို ချစ်သွားမိမလားလို့ပါ''
''ဘာ''
နားလည်ပြီးသလောက်ရှိပေမယ့် ညိုညိုစိမ့်က ကြောင်တောင် တောင်နှင့် ဘာခနဲ လုပ်၏ ။ ပန်းနရီက လူမရှိသော ကန်ရေပြင်ဘက်ကို ငေးနေရာမှ ညိုညိုစိမ့်ဘက် ချာခနဲ လှည့်၏ ။
''ကိုကို ပြန်လာတော့မယ်''
''ဟင်''
''ဒီအချိန်မှာ တစ်ယောက် ယောက် ကို အသည်းနင့်အောင် ချစ် ပြီး ကိုကို့ကိုမေ့ထားနိုင်ရင်ကောင်းမယ်''
''တကယ် မမေ့နိုင်လည်း စွန့်စားဖို့ စဉ်းစားပေါ့ဟယ်''
''အသိÓာဏ်နဲ့ထိန်းချုပ်နေရတဲ့လူ တစ်ယောက် ဖြစ်နေတာ ဒီ တစ်ကြိမ် ဘာလို့ ရင်နာနေမိမှန်း မသိဘူး၊ ပြီးတော့ မိန်းမ တစ်ယောက် ဖြစ်နေရတာ ကိုရောပေါ့၊ အရာရာ မသင့်တော် တာတွေ များ လွန်းတယ်''
''သူ့မိဘတွေ က မွေးစားတယ်ဆိုတာလည်း စာချုပ်စာတမ်း နဲ့မှ မဟုတ်တာ၊ အဲလောက်ထိ စောင့်စည်းစရာလိုလို့လား၊ ကိုကိုက နင့်ဘက်က အမြဲကာကွယ်ဂရုစိုက်ပြီး ချစ်နေရင် ပြီးပြီပေါ့''
''ရင်ဖွင့်ခွင့်တောင် သာခဲ့လို့လား ညိုရယ်၊ ကိုယ်စီ ရင်ထဲက အသိအမှတ်ပြုပြီး ဒီထက်မရင်းနှီးအောင် ဆင်ခြင်နေရတာ အဟန့်အ တား တံတိုင်းကြီးက ထုထည်ခိုင်ခံ့လွန်းလို့ပေါ့၊ ကြမ်းကြမ်းတမ်းတမ်း နှင်ချရင် ပုန်ကန်ပြီး စိန်ခေါ်လို့ရတယ်၊ အခုဟာက ရှေ့တည့်တည့်မှာ မျက်ခြေပြတ်မခံဘဲ သိမ်သိမ်မွေ့မွေ့နဲ့ ချည်နှောင်ထားတာ''
ရင်နာပေမယ့် ဖြေသာအောင်ပြောရင်း မျက်ရည်ဝဲမလို ဖြစ် လာ၏ ။ သက်ပြင်းမောတို့ ရှိုက်ထုတ်ဖို့တောင် အင်အားမရှိပါ။
''နင် လမ်းမှန်တစ်ခုတော့ ရွေးသင့်ပြီ နရီ၊ အခုကျောင်းလည်း ပြီးပြီ၊ စိတ်တည်ငြိမ်အောင် အလုပ်တစ်ခုခု လုပ်ပါလား၊ ရည်းစားတွေ လျှောက်ထားပြီး လေလွင့်နေတာထက်စာရင် လူကြားလို့ကောင်းသေးတာ ပေါ့''
''မေမေတင်က မွေးစားသမီးကို ခိုင်းစားတယ်လို့ ပတ်ဝန်းကျင် က မေးငေါ့မှာ စိုးရိမ်တယ်တဲ့၊ ကိုကို့ကိုတော့ သွေးရင်းသားရင်းမို့ နိုင်ငံခြားမှာ ကျောင်းတက်ခိုင်းတယ်ဆိုပေမယ့်လည်း အလုပ်လုပ်ရင်း ကိုယ့်စရိတ်ကိုယ် ရှာခိုင်းတာ၊ ကိုကိုက ကုမ္ပဏီမှာ တန်းခနဲ အလုပ်ဝင် နိုင်အောင် သင်တန်းတွေ လည်း တက်ရသေးတယ်''
''မြတ်သော်တာလည်း ကျောင်းပြီးတာနဲ့ ချောင်းသာဟိုတယ် ဇုန်မှာ တစ်ခါတည်း အလုပ်သွားလုပ်ခိုင်းမှာ တဲ့လေ၊ ကိုကို ပြန်လာရင် လည်း ဒီကဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ အလုပ်ဝင်ခိုင်းမှာ ၊ ငါ့ကိုသာ မခိုင်းရက်တာတဲ့၊ အဲဒီ တော့ ငါက ဘာလုပ်ရမှာ လဲ၊ အကြောက်အကန် ကို တားဆီးနေတော့''
''တကယ့်စေတနာအမှန်ရော ဟုတ်ရဲ့ လားဟယ်''
ညိုညိုစိမ့်က ရင်ပူလာသလို ကုတ်အအေးဘူးနှစ် ဘူး ထပ်မှာ ၍ ဖန်ခွက်ထဲကိုထည့်ကာ ပန်းနရီရှေ့ တိုးပေးပြီး သူကိုယ်တိုင်လည်း တစ် ကျိုက်တည်း မော့သောက်ချလိုက်သည်။
''မုန်းလို့လား မသိပေမယ့် အိမ်မှာ လည်း ငါ့ကို ဘာအလုပ်မှ ခိုင်းတာ မဟုတ်ဘူး၊ မြတ်သော်တာကိုတော့ ကျောင်းပိတ်ရက်တွေ မှာ မီးဖိုချောင်သင်တန်း တက်ခိုင်းတယ်၊ အိမ်မှာ လည်း ဝင်ချက်ခိုင်းတယ်၊ အိမ်အလုပ်တွေ လည်း သူတို့သမီးကိုပဲ ခိုင်းတာ၊ ငါ့ကိုတော့ အားငယ်မှာ စိုးလို့တဲ့၊ ဘာအလုပ်မှ မခိုင်းဘူး''
''နင့်ကို ဖူးဖူးမှု တ်အလိုလိုက် ချစ်နေတယ်လို့ နင် ထင်နေလား၊ စကားပုံတစ်ခု ကြားဖူးတယ်၊ သားသမီးကိုချစ်ရင် အလိုမလိုက်ပါနဲ့၊ နာနာရိုက် နာနာခိုင်းပါတဲ့လေ၊ ဒါမှအပိုးကျိုးပြီး လောကဓံအကြောင်း နားလည်မယ်၊ ကိုယ့်ကိုယ်ကိုယ် ရပ်တည်ရဲတဲ့သတ္တိတွေ လည်း ရှိလာမယ် တဲ့''
''အလုပ်လုပ်မှ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိလာမယ်ဆိုတာ ငါ သိတယ်၊ ဒါပေမဲ့ သူတို့ဆန္ဒမရှိတာကို ငါ မဆန့်ကျင်ချင်ဘူး၊ မှီခို လာခဲ့တဲ့ဘဝတစ်လျှောက်လုံးမှာ ငါ တစ်ခါမှ မလွန်ဆန်ဘူးတာ''
''အေးလေ တွေးရတော့ ခက်သားပဲ၊ သူတို့က ကိုယ့်ဘဝကို မတိုးတက်စေချင်ရင် အခု ချက်ချင်း ကန်ထုတ်လို့ရရဲ့ နဲ့၊ နင့်အဖေကျေးဇူး တရားတွေ ထောက်ထားပြီး အရိပ်တကြည့်ကြည့် စောင့်ရှောက်နေကြတာ၊ အတွေးမှားရင် ငရဲကြီးမှာ တောင်စိုးရတယ်၊ ကိုကို ပြန်ရောက်ရင် ဘာ လုပ်သင့်တယ်ဆိုတာလောက်တော့ တိုင်ပင်ကြည့်ပါလား''
ပန်းနရီ လဲ့လဲ့လေး ပြုံးလိုက်ပြီး အအေးခွက်ကို ကောက်မော့ ၏ ။ ပြီးမှ ဆတ်ခနဲ ပြန်ချကာ ထိုင်ခုံကို ခပ်တောင့်တောင့်လေး ကျော ကပ်မှီ၍
''ကိုကို့ကို ဘယ်လိုရှောင်တိမ်းရမလဲ စဉ်းစားနေတာ၊ မေမေ တင်က ငါ့ကို ကိုကို ပြန်ရောက်မလာခင် လက်ထပ်စေချင်နေတယ် ထင်တယ်၊ ငါတို့နှစ် ယောက် သံယောဇဉ်ကို မေမေတင် သိတယ်လေ၊ ကိုကိုက ပြန်လာလည်း ငါ့ဘက်က ကာကွယ်ပေးနေဦးမှာ ပဲ၊ အဲဒါတော့ ငါလည်း သိတယ်''
''နင့်ကို ဒေါ်ခင်နွဲ့တင် ယောက်ျားကလည်း ဂရုစိုက်မှု ရှိတယ် မဟုတ်လား''
''ဖေဖေလှိုင်က စိတ်ရင်းအမှန်ဆုံးပဲ ထင်တယ်၊ သူ့အသက် သခင်ကျေးဇူးရှင်ရဲ့ သမီးဆိုပြီး လိုလေသေးမရှိအောင် ပံ့ပိုးခဲ့ပါတယ်၊ အဲဒါကိုလည်း ဒေါ်ခင်နွဲ့တင်ရော မြတ်သော်တာရော သိပ်အစာမကြေ ဘူး၊ မြတ်သော်တာက လူငယ်ဆိုတော့ ပိုပြီးမနာလိုစိတ်ပြင်းတယ်''
''နင် အရမ်းမွန်းကြပ်နေမှာ ငါ ကိုယ်ချင်းစာပါတယ်၊ ဒါပေမဲ့ ထွက်ပေါက်ရှာတဲ့နည်းလမ်းမမှားစေချင်ဘူး၊ နင် အရမ်းနာမည် ပျက်နေ ပြီ''
''မေမေတင်ကို ဘာလို့ ငါ့ကိုမဆုံးမတာလဲလို့ မေးကြည့်ချင် တယ်''
''မွေးစားသမီးမို့ ချုပ်ချယ်တယ်လို့ အထင်ခံရမှာ စိုးလို့ လွှတ် ထားတာလားမှမသိတာ''
သူမအတွေးကို ညိုညိုက ဒက်ထိပြော၏ ။ မငြင်းဆန်နိုင်တာ ကတော့ ကိုယ်လည်း ဒီလိုခံစားနေမိလို့ ဖြစ်သည်။
မငြိုမငြင်ပြုစုစောင့်ရှောက်ခဲ့တာကိုက နည်းတဲ့ကျေးဇူးတရား တွေ လား။ ကိုယ့်အဖေကျေးဇူးတွေ ရှိခဲ့သည်ဆိုလည်း ကိုယ်ကပြန်တင်ရ မည့်  ကျေးဇူးတွေ က တစ်သက်လုံးဆပ်လို့ကျေတော့မည် မထင်။
ကျွေးမွေးပြုစုရုံတင်မဟုတ်။ ပညာတွေ သင်ပေးခဲ့သည်။ လူ့ အောက်မကျအောင် ထားခဲ့သည်။ သူစိမ်းပြင်ပြင် နှိမ့်ချဆက်ဆံခဲ့တာ လည်း မရှိ။
''ဟူး''
''သက်ပြင်းတွေ ဘာတွေ ချလို့၊ နင်ဘာအတွက် အဲလောက် တောင် စိတ်ပင်ပန်းနေတာလဲ၊ ပေါ့ပေါ့ပါးပါးပဲ နေစမ်းပါဟယ်၊ နင့်ကိုကို ပြန်ရောက်တာနဲ့ မိသားစုကြားမှာ နင် အရမ်းမွန်းကြပ်နေတော့မယ်ဆို တာ ငါ ကိုယ်ချင်းစာမိပါတယ်၊ ဒါနဲ့လင်းထွဋ်နဲ့ရော အဆင်ပြေလား''
''ငါ ဘယ်သူနဲ့ဘယ်လောက်တွဲ တွဲ ဘယ်လောက်ကြာကြာ အဆင်ပြေဖူးလို့လဲ''
''မြတ်မင်းက နင့်ကို ကားတင်ပြေးဖို့ကြိုးစားဖူးသေးတာပဲ မဟုတ်လား၊ အဲဒါတောင် လင်းထွဋ်က မငြိုငြင်ဘဲ နင့်ကို သည်းခံနေတာ တကယ်ချစ်လို့ ဖြစ်နိုင်ပါတယ်၊ နင့်ကိုကိုနဲ့မှ မ ဖြစ်နိုင်တာ၊ လင်းထွဋ်ကို လက်ထပ်ဖို့ စဉ်းစားပါလား''
ပန်းနရီ တွေ ခနဲ ဖြစ်ကာ အဝေးကိုငေးသည်။ ညနေဆည်းဆာ အလှကို သူမ မခံစားနိုင်။ နေက အနောက်ကိုဝင်ကာ မှန်သလား မှားသလား။
အရှေ့ကနေထွက်တာကရော လူသားတွေ ကို အပူဓာတ်တွေ ပေးရုံပဲလား။
သူမအတွက် သီးသန့်သာဆိုလျှင်...။
''ဒီနေ့ သားကြီးပြန်ရောက်မှာ ၊ နရီလေး ဒီနေ့ ဘယ်မှမသွား နဲ့တော့နော်၊ ပျင်းရင် ဖေဖေလှိုင်နဲ့ လေယာဉ်ကွင်းလိုက်ခဲ့ပေါ့''
''ဟင့်အင်း''
ဦးလှိုင်မြင့် စကားကြားတော့ ပန်းနရီ ပျာပျာသလဲပင် ခေါင်းခါ လိုက်သည်။ ဒေါ်ခင်နွဲ့တင်နှင့် မြတ်သော်တာရဲ့ မလိုလားသည့် မျက်ဝန်း များ ကြောင့် ပါ။
''ဘာ ဖြစ်လို့လဲ သမီးရဲ့ ၊ သမီးကိုကိုက သူ့ကိုလာကြိုရင် နရီ လေးကို ခေါ်ခဲ့ပါလို့ ဖေဖေလှိုင်ဆီ ဖုန်းဆက်ထားတာ''
''ဟို နရီချိန်းထားတာ ရှိလို့ပါ ဖေဖေလှိုင်၊ ဒီနေ့ အိမ်ပြန်တာ တောင် နောက်ကျမယ် ထင်တယ်''
ဦးလှိုင်မြင့်က မျက်ခုံးပင့်ပြီး ကော်ဖီခွက်ကို ပြန်ချကာ
''သမီးက ကိုကို ပြန်လာမှာ မပျော်ဘူးလားကွယ်၊ သားကြီး က သမီးကိုတွေ့ ချင်လွန်းလို့ တဖွဖွကို မှာ ရှာတာ၊ သမီးကိစ္စက အရေး ကြီးလို့လား''
''သြော် ကိုလှိုင်ရယ်၊ နရီလေးက အရေး ကြီးကိစ္စရှိလို့နေမှာ ပေါ့၊ အိမ်ပြန်ရောက်လည်း တွေ့ ရမှာ ပဲဥစ္စာ၊ သားကြီးက လေယာဉ်ကွင်း လိုက်လာဖို့ မှာ ရတယ်လို့၊ နရီ စိတ်အနှောင့်အယှက် ဖြစ်အောင် ဇွတ် မပြောပါနဲ့''
''မမနရီက ရည်းစားနဲ့ ချိန်းထားလို့ အပျက်မခံနိုင်တာ ဖြစ်မှာ ၊ ဟိုနေ့က အအေးဆိုင်မှာ တွေ့ တာ နောက် တစ်ယောက် မဟုတ်လား မမနရီ၊ မြတ်မင်းဆိုတဲ့လူနဲ့ပြတ်ပြီးမှ တွဲ တာလား၊ မပြတ်ခင်ကတည်း က ဇာတ်လမ်းလား''
''ဟဲ့ သမီး ဖေကြီးရှေ့မှာ ''
အလိုက်မသိသလို အပုတ်ချချင်တာလိုလိုနှင့် တမင်တကာ ပြောနေသော မြတ်သော်တာကို ဒေါ်ခင်နွဲ့တင်က ဟန်ဆောင်ကာ မာန်မဲ ဟန့်တား၏ ။
ဒီကိစ္စဒီအကြောင်းက အမြဲလိုလိုမို့ ပန်းနရီ ထူးပြီး မျက်နှာ ပျက်မသွားတော့ပါ။ ဖေဖေလှိုင်ရှေ့မှာ မျက်နှာပူ အားနာမိပေမယ့် ကိုယ့် ဘက်က ဆင်ခြေပေးစရာလည်း မရှိ။
ခေါင်းကို ဖျတ်ခနဲ ငုံ့ချလိုက်ရင်း အသံတိတ်ငြိမ်သက်နေလိုက် သည်။
''သမီး နရီ အတည်တကျ လက်ထပ်သင့်တဲ့သူရှိရင် ဖေဖေ လှိုင်တို့ကို ပွင့်ပွင့်လင်းလင်း ပြောနော်၊ မိဘနေရာကနေ အကောင်းဆုံး လုပ်ပေးမှာ ပါ''
''တင်တင်ကလည်း အဲဒါပြောတာပေါ့ ကိုလှိုင်ရယ်၊ ရည်းစား ထားတာလည်း ထားပေါ့၊ သင့်တော် ရာလူဆိုလည်း သင့်တော် တဲ့အရွယ် ရောက်နေပါပြီ''
''နရီ ခုလောလောဆယ် လက်ထပ်ဖို့ စိတ်ကူးမရှိသေးပါဘူး''
''ဒါဆိုလည်း ကျောင်းပြီးနေပြီပဲ၊ အလုပ်လေးတစ်ခုခုလောက် လုပ်ပါလားကွယ်၊ ဖေဖေလှိုင် ဆောက်လုပ်ရေး ကုမ္ပဏီမှာ သမီး ဝါသနာ မပါရင် ဖေဖေလှိုင် မိတ်ဆွေတွေ ရဲ့ ကုမ္ပဏီမှာ ပြောပေးမယ်လေ သမီးရဲ့ ''
''အို ဖေကြီးကလည်း နရီလေးကို အလုပ်လုပ်ခိုင်းမှတော့ တင်တင် သဘောမတူဘူးနော်၊ ပတ်ဝန်းကျင်က မွေးစားသမီးကို ခိုင်းစား တယ်လို့ မြင်သွားရင် ကောင်းပါ့မလား၊ သွားလေသူ သူ့အဖေကလည်း တမလွန်ကနေ သူ့သမီးလေးကို ဘယ်ဒီလိုခိုင်းတာ ကြည့်ရက်ပါ့မလဲ''
''အင်း ဟုတ်ပါတယ်၊ ဦးကျော်ဇောကို နောက်ဆံမတင်းအောင် ကိုယ် အထပ်ထပ် ကတိပေးခဲ့တာ၊ နရီလေးကို တစ်သက်လုံး သမီး ရင်းလေးလို စောင့်ရှောက်ပါ့မယ်လို့ပေါ့''
''တင်တင်ကလည်း အဲဒါပြောတာပါ၊ နရီလေးကို ဘာအလုပ် မှမခိုင်းရက်လို့ အိမ်မှု ကိစ္စနဲ့ပတ်သက်တာတောင် သမီးသော်တာကိုပဲ သင်ပေးတာ၊ နရီလေးအပေါ် လင်ကောင်းသားကောင်း ရသွားတဲ့အထိ တာဝန်ကျေချင်တယ်''
''အေးပါကွယ်၊ မင်းဘက်က သားသမီးရင်းနဲ့မခြား မေတ္တာ ပေးနိုင်တာကို ကိုယ်က ကျေးဇူးတင်နေတာပါ၊ နရီလေး အဖေသာ ကိုယ့်အသက်ကိုမကယ်တင်ခဲ့ဘူးဆိုရင် ဒီအချိန်မှာ မင်းတို့နဲ့ ဒီလိုမျိုး နေနိုင်မှာ မဟုတ်ဘူး၊ ဒီလိုစည်းစိမ်ဥစ္စာနဲ့လည်း နေနိုင်မှာ မဟုတ်ဘူး၊ နရီလေးအတွက် အဆုံးထိ တာဝန်ကျေရမယ်''
ဦးလှိုင်မြင့်က အလေးအနက်ပါ။ အားနာရလောက်အောင် လည်း ဦးလှိုင်မြင့် ဖြည့်ဆည်းပေးခဲ့တာ သူမ အသိဆုံး။ မြတ်သော်တာက မိန်းမ ပီသစွာ ဝန်တိုစိတ်ရှိတာလည်း သိနေသည်။
ဒေါ်ခင်နွဲ့တင်က လူကြီးစိတ်နှင့် နားလည်မှု ရှိသော်ငြားလည်း သားသမီးထက်မပိုနိုင်တာ ကတော့ မိဘ တစ်ယောက် ရဲ့ အတ္တတွေ ပဲ ဖြစ်မှာ ပေါ့။
ထိုနေ့က ကိုကို့ကို လေယာဉ်ကွင်းသွားကြိုသည့်အခါမှာ မိသား စုနှင့်အတူ မလိုက် ဖြစ်ခဲ့။ လင်းထွဋ်ကို ဖုန်းနှင့်လှမ်းချိန်းကာ တစ်နေကုန် လျှောက်လည်ပစ်လိုက်သည်။ ကစားကွင်းမှာ ကလေး တစ်ယောက် လိုပင် ခုန်ပေါက်အော်ဟစ် ကစားပစ်လိုက်၏ ။
''မင်းတစ်ခုခု ဖြစ်လာတယ် မဟုတ်လား ပန်း၊ မင်းတစ်ခုခု ကို ခံစားရတိုင်း ဒီလိုလုပ်တတ်တာ ကိုယ် သိနေတယ်''
''သိရင်လည်း အေးဆေးနေပါလား လင်းထွဋ်ရယ်၊ နရီရဲ့ အတူ ရှိနေပေးရတာ စိတ်မပါရင် ပြန်တော့၊ နရီ တစ်ယောက် တည်းပဲနေမယ်''
''ညနေတောင်စောင်းနေပြီ၊ မင်းက တစ်ယောက် တည်း ဘာ လုပ်နေမှာ လဲ၊ ကိုယ်ကရော စိတ်ချပြီးထားခဲ့မယ် ထင်လား''
''အဲဒါ ရှင့်သဘောပဲ လင်းထွဋ်၊ နရီက ကိုယ် စိတ်ပါတာ တောင် လုပ်ခွင့်မရှိလို့ လုပ်ချင်တာတွေ လုပ်ရင်း ဖြစ်သလိုနေနေတာ''
''မင်းစိတ်ဆန္ဒတွေ အားလုံး ကိုယ့် တစ်ယောက် တည်း ပုံပေးရင် ကောင်းမှာ ပဲ၊ ကိုယ်လည်း မင်းဘဝတစ်ခုလုံး ဖြည့်ဆည်းခွင့်ရချင်တယ်''
''ရှင် အခု နရီကို လက်ထပ်နိုင်မလား''
''ဘာ''
''ဆော ဆောရီး ဘာမှမဟုတ်တော့ဘူး''
ပျာပျာသလဲ လက်ကာရင်း လင်းထွဋ် အနားက ရှောင်ထွက် လာခဲ့သည်။ မ ဖြစ်သင့်တာတွေ တွေးတောရင်း အချစ်မပါတဲ့ အိမ်ထောင် ရေး ကိုတော့ ပစ်စလက်ခတ် မလုပ်ချင်။
နှလုံးသားက နုပေမယ့် မာကျောခြင်းဆိုတာကို ကိုကိုနဲ့ပတ်သက် ပြီး တောင့်တချင်သည်။
အချစ်ဆိုတာ နူးညံ့ခြင်းလား။ သိမ်မွေ့ခြင်းလား။
ရည်းစားတွေ အများ ကြီး ထားဖူးပေမယ့် ချစ်ဖူးခဲ့တာမှ မဟုတ် တာ။
ကိုကို့ရဲ့ အကြင်နာတွေ ကိုပဲ ရင်ခုန်ခဲ့တာပါ။
ဒါဟာ အချစ်လား၊ အချစ်တဲ့လား။
အခန်း (၃)
''ဒီအချိန်လောက်ဆို ပင်ပန်းပြီး ကိုကို အိပ်နေရောပေါ့''
အတွေးနှင့် ကားကို စက်သံမပေးဘဲ မောင်းဝင်လာရင်း ခြံ ထောင့်မှာ ပင် ရပ်ထားလိုက်သည်။ တိတ်ဆိတ်စွာ ကားအောက်ဆင်းကာ သစ်ခွရုံလေးဘက်လျှောက်လာခဲ့၏ ။ ထိုနေရာလေးမှာ ကိုကိုနှင့်အတူ ထိုင်နေကျ ဒန်းလေးအဖြူရောင် လေး ရှိသည်။
ငယ်စဉ်က လသာရက်များ မှာ ထိုဒန်းလေးပေါ် ထိုင်နေသော ကိုကို့ပေါင်ပေါ် ခေါင်းအုံး၍ လမင်းကြီးကို ငေးကြည့်ရင်း ကြယ်တွေ ကို အတူတူ ရေတွက်ခဲ့ကြဖူးသည်။ အရွယ်လေး ရောက်လာတော့ ပန်းရနံ့တွေ ကို ရှူရှိုက်ရင်းဖြင့် ရောနှောကာ ကိုကို့ ကိုယ်သင်းရနံ့ကို လည်း ရှူရှိုက်ခဲ့ဖူးသည်။
''ပန်းနရီ''
''ဟင်''
နာမည် အပြည့်အစုံခေါ်တတ်တာဆိုလို့ ကိုကို တစ်ယောက် သာ ရှိသည်။ မပြောင်းလဲသေးသော ကိုကို့ ကိုယ်သင်းရနံ့လေး။
''ကိုကို''
သူမ မတ်ခနဲ ထရပ်လိုက်ပြီးသား ဖြစ်သွားသည်။ သစ်ခွရုံ လေးရဲ့ အရိပ်ကြောင့် တောင့်တင်းခန့်ထည်သော ကိုကို့ရုပ်သွင်က မသဲ မကွဲ။
ရှေ့ဆက်တိုးလာသော အခါ လရောင် ကြောင့် ကိုကို ပို၍ ချော မွတ်ခံ့ညားလာတာ သိသိသာသာ မြင်လိုက်ရ၏ ။
မြင့်မားသော အရပ်အမောင်း၊ ဝင်းဝါသော အသားအရည် သေသပ်စွာ နောက်လှန်ဖြီးသင်ထားတတ်သော ဆံပင်နှင့် ဖက်ရှင်ကျကျ ဝတ်စားတတ်တာက ကိုကို့စတိုင်။
''ဒါက မိန်းကလေး တစ်ယောက် ရဲ့ အိမ်ပြန်ချိန်လား''
ချိုလွင်သြရှနေသော အသံလေးက အကြင်နာလွှမ်းကာ စိုးရိမ်မှု အပြည့်။ ငေါက်ငမ်းပြီး အပြစ်တင်ပါလား ကိုကိုရယ်။
တကယ်ဆို အကြာကြီး ဝေးနေရတာ ကိုကို့ရင်ခွင်ကို ပြေးဝင် ပြီး လက်ကမ်းကြိုဆိုသင့်တာ။
အရွယ်လွန် မရိုးသားခြင်းရဲ့ စည်းတစ်ခုခြားခြင်းလား။
''ပန်းနရီ ညီမလေး''
ကိုကိုက လက်ကို ဆွဲကာ ဒန်းလေးပေါ်မှာ ယှဉ်တွဲ ထိုင်စေသည်။ ပခုံးပေါ်က သိုင်းဖက်သလို ဆံနွယ်တွေ ကို ဖွဖွသပ်တင်ပေး၏ ။
''အရွယ်ရောက်လေ ဆိုးလေပါလား၊ ရည်းစားဘယ်နှယောက် တောင်ရှိနေပြီလဲ''
ကိုကို့မေးခွန်းအတွက် အံ့သြမသွားမိ။ သတင်းပေးသူရှိလို့ဆိုတာ အတိအကျ သိသည်။ ကောင်းစေချင်လို့ တိုင်တောတာမျိုး မဟုတ်တာ လည်း သိနေတာပါပဲ။
''ကိုကို ဘယ်အချိန်ပြန်သွားဦးမှာ လဲ''
''အပြီးပြန်လာတာ''
စကားလွှဲကာ ပြန်မေးတော့ ကိုကိုက သက်သော င့်သက်သာ ပဲ ပြန်ဖြေသည်။ မျက်နက်ဝန်းလေး ထောင့်ကပ်သွားရင်း သက်ပြင်းတစ် ရှိုက်က လေးပင်စွာ တိုးထွက်လာ၏ ။
''လေယာဉ်ကွင်းကို ညီမလေး လိုက်လာမယ်ထင်တာ''
''လိုက်မလာ ဖြစ်လောက်ဘူးဆိုတာ ကိုကို သိနေတယ် မဟုတ် လား''
ပလ္လင်ဦး အသံတိတ်သွား၏ ။ ဆံနွယ်တွေ ဆီမှ လက်ကိုပြန် ရုပ်ပြီး လက်ဖဝါးနုနုလေးကိုသွေးချေဥမတတ် ဖိဆုပ်ညှစ်ပစ်လိုက်၏ ။
''သူစိမ်းဆန်တဲ့အနေအထားမျိုး စည်းခြားသွားရတာ ဘယ် သူ့မှာ အပြစ်ရှိနေလဲ''
''နှလုံးသားမှာ ပေါ့ ကိုကို၊ နရီတို့ ရိုးသားခဲ့ရင်၊ ဒီနေ့လို အပြစ် ဒဏ်ခံရမှာ မဟုတ်ဘူး၊ စိတ်ခံစားမှု တွေ ကို ထိန်းချုပ်နိုင်ခဲ့ရင်ပေါ့''
''အင်း ဟုတ်တယ်နော်''
ဒါကိုတော့ သူ အလျင်အမြန်ပင် ထောက်ခံလိုက်မိသည်။ သူက ဒုတိယနှစ် ၊ ညီမလေးက ဆယ်တန်းအောင်သော နှစ် ။ ထိုအချိန်က လူကြီးတွေ သတိထားမိလောက်သည့်အနေအထားမျိုး ဖြစ်သွားခဲ့သည်။
''သမီးလေး ပန်းနရီ ဂုဏ်ထူးသုံးခုနဲ့ ဆယ်တန်းအောင်လို့ ဖေဖေက အိမ်မှာ ပါတီပွဲလေး လုပ်ပေးမယ်၊ ကားတစ်စီးလည်း လက် ဆောင်ပေးမယ်''
''ဟေး ဒါမှ တို့ဖေဖေလှိုင်ကွ''
ဟေးခနဲ လက်ခုပ်လက်ဝါးတီး၍ ပန်းနရီ အပျော်လွန်နေသည်။ ဖုဖုဖောင်းဖောင်း ပါးပြင်လေးနှင့်ရဲစိုနေသော အောက်နှုတ်ခမ်းတွဲ တွဲ လေး နှင့် ပန်းနရီက အပြစ်ကင်းကာ ကလေးဆန်ဆန် ချစ်စရာကောင်းလွန်း လှသည်။
အပျိုပေါက်လှသွေးကြွယ်ချိန်မို့ ပြင်တတ်ဆင်တတ် ရှိုးထုတ် တတ်တာလည်း လွန်သည်။
ထိုညက ကော့တေးနှစ် ခွက်သောက်ကာ ရီဝေဝေ ဖြစ်နေသော သူက အဖြူရောင် ဂါဝန်လေးနှင့် ကြွရွစွာ လှသွေးကြွယ်နေသည့် ပန်းနရီ ကို ကြည့်လို့မဝခဲ့ပေ။
''ကိုကိုတို့ တက္ကသိုလ်မှာ ညီမလေးလောက်လှတဲ့သူ တစ် ယောက် မှ မတွေ့ ဖူးဘူး၊ ကိုကို့ကို ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်တဲ့၊ အလှဘုရင်မတွေ ဝိုင်းဝိုင်းလည်နေတာ၊ ဘာ ဖြစ်လို့ ညီမလေးလောက် ချစ်စရာကောင်းတဲ့ မိန်းကလေး မတွေ့ ရတာ လည်း မသိဘူး''
''ဟင် ကိုကို့အနားမှာ မိန်းကလေးတွေ ဝိုင်းဝိုင်းလည်နေတယ် ဟုတ်လား၊ ကိုကို ဘယ်သူ့ကိုမှ စိတ်မဝင်စားရဘူး၊ မချစ်ရဘူးနော်၊ ညီမလေးကိုပဲ ချစ်ရမယ်၊ ဂရုစိုက်ရမယ်၊ သူများ တွေ နဲ့ ရည်းစားတော် ရင် ကိုကို့ကို ညီမလေးလိုက်သတ်မှာ ''
သဝန်တိုတတ်သော ပန်းနရီလေးကို သူ ဖက်ပွေ့ကာ အငမ်း မရ နမ်းပစ်လိုက်သည်။
''ကိုကိုချစ်တာ ညီမလေးပဲ၊ ကိုကိုက ဘယ်သူ့ကို စိတ်ဝင်စား ရမှာ လဲ၊ ကိုကို့ညီမလေးကိုလည်း ကိုကိုက ဘယ်သူ့ကိုမှ မပေးနိုင်ဘူး၊ ကျောင်းပြီးလို့ အလုပ်ဝင်ရင် ညီမလေးကို ကိုကို လက်ထပ်မယ်''
ထိုအ ဖြစ်အပျက် ထိုစကားတွေ ကို ကြားသွားမြင်သွားသူက မေမေ။ ထိုနောက်ပိုင်း ခါးခါးသီးသီး တားဆီးတာမျိုး မဟုတ်ပေမယ့် သိမ်မွေ့စွာ ဖြင့် သိမ်းသွင်းပိတ်ပင်ခဲ့သည်။
''မေမေတို့က သူ့ကိုစောင့်ရှောက်ဖို့ တာဝန်ရှိတယ်၊ သိမ်းပိုက် လို့ လူကြားမကောင်းဘူး သား၊ မရိုးမသား ညစ်နွမ်းတဲ့စိတ်တွေ ကို ထုတ်ထားလိုက်ပါ၊ ပန်းနရီဟာ တခြားယောက်ျားနဲ့ လက်ထပ်မယ့် သားရဲ့ ညီမလေးပဲ''
စည်းခြားသွားရသည့်အကြောင်းအရင်းက မွေးစားညီမ၊ ကျေး ဇူးရှင်ရဲ့ သမီး ဖြစ်နေလို့တဲ့။
''ကိုကို ဟိုမှာ ချစ်သူတွေ ဘာတွေ ရခဲ့ပြီလား''
''ဟင်''
အတွေးလွန်နေဆဲမှာ ပန်းနရီရဲ့ အမေးကြောင့် ခေါင်းကို ဆတ် ခနဲ ခါလိုက်ရသည်။
''ချစ်သူရှာဖို့သွားတာမှ မဟုတ်ဘဲ၊ ပညာသင်ရင်း အတွေ့  အကြုံရှာရင်း''
''ပညာလည်းစုံ ကြင်ရာလည်းစုံပြီး ပြန်လာခဲ့ရမှာ ''
''ပန်းနရီ''
''ဒါမှ မေမေတင်တို့ စိတ်ချမ်းသာမှာ မဟုတ်လား၊ အခုတော့စိုးရိမ်စိတ်တွေ နဲ့ အိပ်မပျော်နိုင် ဖြစ်နေတော့မယ်''
အရွဲ့တိုက်တာ မဟုတ်ပေမယ့် အထွန့်တက်စကားကို ကိုကို နားလည်ဟန်ဖြင့် သူမဘက်ကို ငဲ့စောင်းကြည့်၏ ။
''ရည်းစားတွေ အများ ကြီး ထားရတဲ့အကြောင်းအရင်းက''
''ကိုကို့ကို မေ့ချင်လို့''
ဒီလို ဖြေလိုက်ချင်ပေမယ့် ကိုကို စိတ်မကောင်း ဖြစ်သွားမှာ စိုး ၍ မျက်နှာကို တစ်ဖက်လှည့်ကာ လက်လှမ်းမီသော သစ်ခွပန်းတစ်ပွင့် ကို ခူး၍ ခပ်ဝေးဝေး ရောက်အောင် လွှင့်ပစ်လိုက်၏ ။
''ကိုကို မရှိတဲ့အချိန်မှာ ညီမလေး စိတ်အလိုလိုက်တာ မှား တယ်''
''ဒါဆို နရီက ဘာလုပ်ရမှာ လဲ''
''ရည်းစားတွေ ထားနေတာမဟုတ်ဘူးလို့ ကိုကို့ကို ဘာလို့ ဝန် မခံတာလဲ၊ ဘယ်သူ ဘာပြောပြော ညီမလေးစကားကိုပဲ ကိုကို ယုံချင် တာ''
''သတင်းတွေ အတိအကျကြားထားရင် ဒါအမှန်တရားလို့ လက်ခံလိုက်ပါ ကိုကို၊ ပန်းနရီက မြင့်မြတ်တဲ့ မိန်းကလေးမှ မဟုတ်ဘဲ''
''မင်းအခု အဲလိုလုပ်လို့ မရတော့ဘူး၊ ကိုကို ပြန်ရောက်လာပြီ၊ ကိုကို့စကားကို နားထောင်ရမယ်''
''ကိုကို့မှာ ဘာတာဝန်မှ မရှိပါဘူး၊ နရီကို ဂရုမစိုက်ပါနဲ့ ကိုကို၊ နရီနေချင်သလိုနေတာ ကိုကို့ကို မထိခိုက်ရင် ပြီးတာပဲမဟုတ် လား''
''ထိခိုက်တယ်ကွ၊ မင်းသတင်းတွေ ကြားပြီး ဟိုမှာ မအိပ်နိုင် မစားနိုင် ဘယ်လောက် ဖြစ်ခဲ့ရလဲ၊ မင်းဘာတွေ လျှောက်လုပ်နေလဲလို့ ငါ့မှာ ရူးမတတ်ပဲ၊ မင်းကို မေးချင်ပြောချင်နေတာတွေ အများ ကြီး၊ မင်းဘက်က မဟုတ်ပါဘူးလို့ ပြောင်ပြောင်တင်းတင်း ငြင်းဆန်တဲ့ စကား ကိုလည်း အငမ်းမရ ကြားချင်နေခဲ့တယ်''
''ဘာထူးမှာ လဲ ကိုကို''
''ဘာ''
ဖြတ်ရိုက်ခံလိုက်ရသလို ကျဉ်ခနဲ မျက်နှာလည်သွား၏ ။ ပခုံး လေးကို ဆွဲလှည့်ကာ မျက်နှာချင်းဆိုင် ဖြစ်လာသော သူမ မျက်ဝန်းတွေ ထဲ တည့်တည့်စူးစူးပင် ကြည့်ပစ်လိုက်သည်။
''ကိုကိုနဲ့ပတ်သက်ပြီး မင်းမှာ ဘာစိတ်တစ်ခုမှ မရှိတော့ဘူး လား၊ ကိုကိုက မင်းဘဝအတွက် အရေး ပါဆုံးပါဆို''
''ဒါတွေ က အတိတ်မှာ ကျန်ခဲ့ပြီ ကိုကို၊ ဒီအိမ်မှာ ခိုကပ်နေသ ရွေ့ ကိုကို့ချစ်သူတော် ခွင့် ဘယ်တော့မှ ရှိလာမှာ မဟုတ်ဘူး၊ သွေးသား ရင်းခြာမတော် ပေမယ့် ကျေးဇူးတရားက စည်းခြားပြီးသားပါ ကိုကို၊ အနေနီးလို့ ငြိတွယ်ခဲ့တယ်ဆိုလည်း ဒါဟာရှေ့ဆက်မတိုးသင့်တဲ့ ကျိန်စာ ပဲ''
''မင်းစကားတွေ အရမ်းတတ်လာတယ် ပန်းနရီ၊ ကိုကို မင်းကို လွမ်းနေခဲ့တယ်''
နရီလည်း အဲလိုပါပဲလို့ ရင်ဖွင့်ခွင့် ရချင်၏ ။ ရင်ခွင်ကျယ်မှာ ခိုဝင်ကာ အားရပါးရ ရှိုက်ငိုပစ်လိုက်ချင်သည်။
''စကားကျယ်ကျယ် မပြောပါနဲ့၊ မေမေတင်တို့ မအိပ်သေးဘူး ထင်တယ်''
''မေမေ ဒီအချိန် မအိပ်တတ်တာ မင်း သိပါတယ်၊ စကားတွေ မလွှဲနဲ့ ပန်းနရီ၊ မင်းရော ကိုကို့ကို လွမ်းနေခဲ့တယ် မဟုတ်လား ဖြေပါ''
''နရီ မေ့အောင်ကြိုးစားရင်းနဲ့ မလွမ်းတတ်အောင်လည်း လေ့ကျင့်နေခဲ့တယ်''
''ဒါဟာ အမှန်တရားမဟုတ်တာ မင်းမျက်ဝန်းလေးတွေ က သက်သေခံနေပါတယ် ပန်းနရီ၊ ကိုကို့ကို မင်း တစ်ရက်မှ မမေ့ခဲ့ဘူး မဟုတ်လား''
''နရီကိုဘာလို့ ချောင်ပိတ်ရိုက်သတ်နေတာလဲ၊ နရီ မဖြေချင် တာကို မရမက မေးပြီး ကိုကို ဘာတာဝန်ယူနိုင်လို့လဲ၊ မေမေတင်တို့ မငြိုငြင်အောင် နရီ နေပါရစေ၊ ကိုကို သွားပါတော့ အိမ်ထဲဝင်ပါတော့''
ကိုကို့သက်ပြင်းရှိုက်သံက သူမရင်ကို နာကျင်စူးရှနေစေ၏ ။ ကိုကိုနဲ့ပတ်သက်ရင် နှလုံးသားက အဲလောက်တောင် ခံနိုင်ရည်မရှိတာပါ ကိုကို။
''ကိုကို မသွားရင် နရီသွားမယ်''
ဒန်းလေးပေါ်က ဖျတ်ခနဲ ခုန်ဆင်းကာ ထရပ်တော့ ကိုကိုက သူမ ကိုယ်လေးကို သိမ်းကြုံးဖက်ပွေ့လိုက်သည်။
''ပန်းနရီ မင်းကို ကိုကိုချစ်တယ်''
''ဟင့်အင်း''
ရုန်းထွက်ပေမယ့် ကိုကိုက လွတ်မြောက်ခွင့်မပေး။ နဖူးဆံစ ပါးပြင်လည်တိုင်အနှံ့ တရှိုက်မက်မက် နမ်းသည်။ နောက်မှ နှင်းဆီငုံ နှုတ်ခမ်းဖူးဖူးလေး။ ထိုအထိအတွေ့  အနမ်းများ ကြောင့် သူမ ခဏတာမျှ မိန်းမူးပျော်ဝင်သွားခဲ့သည်။
ဆယ်တန်းအောင်စာရင်းထွက်သော နေ့ကထက် ရင်ခုန်သံတွေ ဗြောင်းဆန်နေ၏ ။
''ချစ်တယ် အရမ်းချစ်တယ် ပန်းနရီ''
''ဟင့်အင်း''
အချစ်ဆိုသော စကားကိုကြားတော့ သူမ ထိတ်လန့်စွာ ပင် ကိုကို့ကို တွန်းထိုးဖယ်ခွာပစ်လိုက်သည်။ ထိုစကားစုနှစ် လုံးထဲမှာ သူမ နစ်မျောလို့မ ဖြစ်။
''မပြောနဲ့၊ မပြောပါနဲ့ ကိုကို၊ အဲဒီ ချစ်တယ်ဆိုတဲ့စကား နရီ ကို ထပ်မပြောပါနဲ့၊ ကိုကို့အချစ်ကို နရီလက်ခံလို့ မ ဖြစ်ဘူး၊ သာယာ လို့မ ဖြစ်ဘူး၊ နရီတို့ နီးဖို့ကြိုးစားရင် အဝေးဆုံးကိုရောက်သွားကြမှာ ကိုကို သိတယ်မဟုတ်လား''
''မေမေ့ကို ရင်ဆိုင်မယ်ဆိုရင်ရော''
''ဟင့်အင်း နရီမှာ ချစ်သူရှိတယ်''
''ဘာ''
''နရီချစ်သူနဲ့ လမ်းသစ်ကိုလျှောက်ဖို့ နရီ ကြိုးစားနေပါတယ်၊ ဒီမိသားစုမေတ္တာကို လိုအပ်နေသရွေ့ ကိုကို့အချစ်ကို လက်မခံမိအောင် ကြိုးစားရမှာ ပဲ၊ ကိုကို နားလည်ပေးပါ''
တိုးတိတ်သော စကားသံလေးရဲ့ အဆုံးမှာ ပလ္လင်ဦး ဒန်းလေး ပေါ် ဖင်ထိုင်ကျသွား၏ ။
မိဘအသိုက်အဝန်းမရှိသည့် ဘဝမှာ ပန်းနရီက သူတို့မိသားစု ရဲ့ မေတ္တာတွေ နဲ့ပဲ ရှင်သန်ခဲ့ရရှာသည်။
သူ့ရဲ့ ဖေးမမှု တွေ ဟာ ငယ်စဉ်ကပဲ အကျုံးဝင်ပြီး အခုနောက် ပိုင်းမှာ ဖေဖေကလွဲ၍ မေမေရော ညီမလေးမြတ်သော်တာရော ပန်းနရီ အပေါ် သိပ်မလိုလာြး ကတော့။
''ကျေးဇူးတရားကြောင့် သာ ခေါ်မွေးစားထားရတာ ၊ မျိုးရိုးက သန့်တာမဟုတ်ဘူး၊ သူ့အဖေက ရိုးသားပေမယ့် အမေလုပ်သူက လင် ငယ်တွေ တစ်ယောက် ပြီး တစ်ယောက် ယူတယ်၊ မကောင်းတာလည်း လုပ် စားလိုက်သေးတယ်၊ နောက်ဆုံးကြည့်ပါဦး လူကြားလို့မကောင်းတဲ့ ရောဂါ နဲ့သေသွားရတာ ၊ ပန်းနရီမှာ ရော ဒီသွေးက ဆင်းသက်လာတော့ ဒီ အကျင့်စရိုက် မရှိဘူးလို့ ပြောလို့ရမလား၊ ရိုးရိုးရှင်းရှင်း အထောက်အပံ့ ပြုစုစောင့်ရှောက်နိုင်ပေမယ့် သားနဲ့ဟိုလိုဒီလို ပတ်သက်လာမှာ တော့ တင်တင် လုံးဝခွင့်မပြုနိုင်ဘူး''
ဖေဖေ့ကိုပြောနေသော မေမေ့အသံက ယတိပြတ်ဆုံးဖြတ်ထား သလိုပါ။ ပန်းနရီ ဂုဏ်သိက္ခာကြောင့် လိုလိုနဲ့ အနေအထိုင် ဆင်ခြင်ခိုင်း တာလည်း ခဏခဏ။
သားနဲ့သာ ပတ်သက်ကြည့် အဲဒီ အချိန်ကျရင် ပန်းနရီကို အိမ်ပေါ်က နှင်ချဖို့လည်း ဝန်မလေးဘူးဟု ကြိမ်းဝါးသံကိုလည်း ကြားရ သည်။ ပန်းနရီကို တိုက်ရိုက်ကြိမ်းဝါးမှု တွေ ရှိခဲ့ဖူးသလား မသိပေမယ့် ဆင်ခြင်တုံတရားနှင့် ထိန်းသိမ်းလိုက်ရတာ တော့ သူ့ တစ်ယောက် တည်း မဟုတ်တာ သေချာသည်။
ပန်းနရီလည်း ဘာထူးလို့လဲ။
သူနဲ့မျက်နှာချင်းမဆိုင်ရအောင် လေယာဉ်ကွင်းကို လာကြိုခဲ့ တာ မဟုတ်။ အိမ်ကိုနောက်ကျမှပြန်လာပြီး ခြံဝင်းထဲမှာ ပဲ တိတ်ဆိတ်စွာ ထိုင်နေခဲ့တာ။
အနမ်းတွေ ကိုတောင် ကြည်ဖြူစွာ လက်မခံတော့တာ၊ ဒီမေတ္တာ ရိပ်က ကွယ်ပျောက်သွားရမှာ စိုးလို့ပဲ မဟုတ်လား။
ဒါပေမဲ့ ဒီမိန်းကလေးကို သူ ဒီလိုနေခွင့်မပြုနိုင်ပါ။
ဘယ်သူတွေ နဲ့ ဘယ်လိုပဲ ရင်ဆိုင်ရ ရင်ဆိုင်ရ။
![]() ရင်ဘတ်ချင်းနီးနီးလေး | ![]() ပန်းနုရောင်နိဒါန်း | ![]() အခမဲ့ ရင်ပြင် |