Cover

လုံမ
အခမဲ့
ရင်ပြင်


အခန်း (၁)


“နာမည် က ပန်တော် ဝင်၊ အသက်က ဆယ့်ရှစ်နှစ် ၊ ဆယ်တန်း နှစ် ခါကျ၊ ကလေးစိတ် မကုန်သေးဘူး၊ ဆက်ဆံရေး မပြေပြစ်ဘူး၊ အိမ်ထောင် ထိန်းသိမ်းမှု မတတ်ဘူး”

“ဗျာ အဲလို အရည်အချင်းတွေ နဲ့ ပြည့်စုံနေတဲ့ မိန်းကလေးကို သားက လက်ထပ်ရမယ် ဟုတ်လား ဒယ်ဒီ”

အထိတ်တလန့် သျှင်မင်းညို အမေးကို ဦးအောင်မင်းညိုက ခပ်မိန့်မိန့်ပြုံးပြီး ခေါင်းညိတ်သည်။

“ဟုတ်တယ် ဒီရက်တွေ အတွင်း မင်း မြန်မာပြည် ပြန်နိုင်အောင် အဆင်သင့်လုပ်ထားပါ၊ ဆင်ခြေမပေးနဲ့၊ အယူခံ မဝင်နဲ့၊ မင်း အဖေ ဖြစ်တဲ့ ငါလည်း မိဘစကား မလွန်ဆန်ခဲ့ဘူး”

“ဒယ်ဒီရယ် ကိုယ့်သား နစ်မွန်းတော့မှာ ကို မသနားတော့ဘူးလား၊ မညှာတာတော့ဘူးလား၊ ဒီလို မိန်းကလေးနဲ့ အတူတူ အိမ်ထောင်ရေး ဝဲဂယက်ထဲမှာ နစ်မြောခံရတော့မှာ ကို ကြည့်ရက်သလား ဒယ်ဒီ”

“ဟိတ်ကောင် သျှင်မင်းညို”

“ဗျာ ဗျာ ဒယ်ဒီ”

မျက်မှော င်ကြီး ကုတ်ပြီး မာဆတ်ပြတ်တောက်စွာ အော်ချလိုက်တာမို့ ဗျာထူးသံတောင် ခလုတ်တိုက်ကာ အထစ်ထစ် အငေါ့ငေါ့ ဖြစ်သွားသည်။

ဗြုန်းခနဲ ထရပ်ပြီး ရှေ့ကနေ ခေါက်တုံ့ခေါက်ပြန် လျှောက်နေတာလည်း ခေါင်းမူးတော့မည် ထင်၏ ။

“ဒယ်ဒီ ပြောစရာရှိရင် ထိုင်ပြီး ပြောပါလား”

“ဘာ ဖြစ်လို့လဲ”

“သြော် ဒယ်ဒီ ခြေထောက်ညောင်းမှာ စိုးလို့ပါ”

ဟွန်းခနဲ နှာမှု တ်ပြီးမှ ဆိုဖာခုံမှာ ဆောင့်ခနဲ ဝင်ထိုင်၏ ။ သျှင်မင်းညိုကိုလည်း မိန်းမကြီးလို မျက်စောင်း ထိုးသည်။

“ဒီမှာ သျှင်မင်းညို မင်းက ငါ့သား”

“သိပါတယ် ဒယ်ဒီ”

“ဟိတ်ကောင် လျှာဝင်မရှည်နဲ့၊ ငါပြောတာပဲ နားထောင်၊ မင်းမာမီ ဆုံးပြီးကတည်းက မင်းကို မအေလိုတစ်မျိုး၊ ဖအေလိုတစ်မျိုး နောက်အိမ်ထောင်မပြုဘဲ ငါစောင့်ရှောက်လာတာ”

နိုက်ကလပ်တက်တာ၊ KTV သွားပြီး စိတ်အာသာ ဖြေတာ မပါဘူးလား ဒယ်ဒီလို့ သျှင်မင်းညို မပြောရဲ။

ဒေါသထွက်ပြီဆို နီးရာနှင့် ကောက်ပေါက်တတ်တာ ဒယ်ဒီ့အကျင့်။ ဖြူသော အသားက နှာခေါင်းတွေ ရော မျက်လုံးမျက်စပ်တွေ ရော ရဲရဲနီပြီး ကော်ပတ်ရုပ် သရဲကြီးနှင့် တူလာတက်သည်။

အတွေးနှင့် ဟိခနဲ ရယ်မချမိအောင် ပါးစပ်ကို လက်ဝါးနှစ် ဖက်နှင့် ဖိပိတ်ထားလိုက်ရသည်။

“အဲလို အပိုးမကျိုး မရတာ တွေ ကြောင့် မင်းကို မိန်းမ ပေးစားဖို့ စီစဉ်ရတာ ကွ၊ နားလည်လား၊ ဖအေ ကတော့ အလုပ်ကို ကုန်းရုန်းလုပ်၊ ဘွဲ့လွန်တွေ တက်၊ ပညာရေး တွေ ဆုံးခန်းတိုင်အောင် သင်ပေးလိုက်ရတာ ၊ ကျောင်းပြီးတော့လည်း မိဘအလုပ်ကို ဖိဖိစီးစီး တာဝန်ယူရမှန်း မသိဘူး၊ နိုင်ငံခြားမှာ လာနေပြီး အဲဒီ လို ဘာမှ အလေးအနက်မရှိ ပေါ့ပြက်ပြက် နေရတာ ကို မင်းကိုယ်မင်း အဟုတ် မှတ်နေလား”

“မမှတ်ပါဘူး ဒယ်ဒီ၊ သား အလုပ်လုပ်မှာ ပါ”

“အေး လုပ်ရမယ်၊ အခု မင်း လက်ထပ်ရမယ့် ကောင်မလေးရဲ့ အဖေ ငါ့ရဲ့ သူငယ်ချင်း၊ မြန်မာပြည်က ကုမ္ပဏီတစ်ခုမှာ ငါနဲ့သူနဲ့ ရှယ်ယာဝင်ထားတယ်၊ အဲဒီ ကုမ္ပဏီမှာ မင်း MD တာဝန်ယူပြီး အုပ်ချုပ်ရမယ်၊ အရှုံးအမြတ် ကုမ္ပဏီရဲ့ ရပ်တည်မှု က မင်းရဲ့ အရည်အချင်း အစွမ်းအစပဲ၊ အောင်မြင်ရင်စံ၊ မအောင်မြင်ရင် ခံပေါ့ကွာ၊ အဲဒီ ကုမ္ပဏီရယ်၊ ဗဟန်းဘက်က ခြံနဲ့ဝင်းနဲ့ တိုက်တစ်လုံး၊ ကားတစ်စီးရယ်၊ ငါတို့ နှစ် ဖက်မိဘရဲ့ လက်ဖွဲ့ပဲ၊ မင်းတို့ လက်ထပ်ပွဲကို ငါ မလာနိုင်တဲ့ အကြောင်းလည်း ဖုန်းဆက်ပြီးပြီ၊ အဲဒါ ငါ့စကားအကုန်ပဲ”

“ဒယ်ဒီရယ် အဲဒီ လို ပစ်စလက်ခတ် ဥပေက္ခာမပြုလိုက်ပါနဲ့၊ သူစိမ်းတွေ အလယ်မှာ မျက်စိသူငယ် နားသူငယ် ဖြစ်နေရမယ့် သား ဘဝကို နည်းနည်း လောက် သနားပါဦး ဒယ်ဒီရယ်”

ဒယ်ဒီ ခေါင်းရမ်းတော့ သျှင်မင်းညို မျက်ရည် ကျချင်သည်။ ဒယ်ဒီနှင့် လည်း တစ်ခါမှ မခွဲဘူး။

လွန်ခဲ့တဲ့ ရှစ်နှစ် လောက်က မာမီ ဆုံးတော့ သားအဖနှစ် ယောက် ကိုးရီးယားမှာ ရှိတဲ့ ဒယ်ဒီ အစ်ကို အကြီးဆုံး လူပျိုကြီးဆီ ရောက်လာကြသည်။

မြန်မာပြည်က လုပ်ငန်းကြီးကိုတော့ ဒယ်ဒီ့ သူငယ်ချင်းကိုပဲ လုံးလုံးလျားလျား အပ်ထားခဲ့၏

ဒယ်ဒီက ကိုရီးယားမှာ အောက်ခြေသိမ်း အလုပ်ကစပြီး လုပ်ငန်းရှင် တစ်ယောက် ဖြစ်လာ အောင်ထိ ကြိုးစားသည်။

သူ့ကိုတော့ သက်တောင့်သက်သာ ပညာရေး တစ်ခုပဲ စိတ်ဝင်စားခိုင်း၏ ၊ ဒါကြောင့် လည်း သူက ဘာအပူအပင်မှ မရှိ ရေသာခိုနေခဲ့တာ။

တကယ်တော့ သူ့အသက်က နှစ် ဆယ့်သုံးနှစ် ၊ လုပ်ငန်းပိုင်း အတွေ့ အကြုံ အများ ကြီး ရှိနေသင့်သည်။ ဒယ်ဒီ အားကိုးအားထိုက်သည့် သား တစ်ယောက် လည်း ဖြစ်သင့်နေ၏ ။

“ဟင်း”

သက်ပြင်းတွေ ချပြီး ဂျွမ်းထိုးအော်ငိုနေလည်း ဒယ်ဒီ ဆုံးဖြတ်ချက်က ပြင်မှာ မဟုတ်တော့ချေ။

အင်တာနက်နှင့် အီးမေး ပို့ထားသော မော်နီတာပေါ်က ကောင်မလေးပုံကို ကြည့်၍ သျှင်မင်းညို နှစ် ခေါင်းရှုံ့ မျက်လုံးလွှဲပစ်လိုက်သည်။

မျက်နှာပေါ်မှာ ဂုတ်ထောက်နေသော ဆံနွယ်တွေ က ဘေးတစ်စောင်း ခပ်အုပ်အုပ် ဝဲကျနေတာမို့ မျက်နှာတစ်ခြမ်းကို သေချာမမြင်ရ။

နှာတံစင်းစင်း ချွန်ချွန်လေးက အဖျားလေး မသိမသာ ကော့လျက် ပါးချိုင့်တစ်ဖက်က ခပ်ရေး ရေး ၊ မေးဖျား အကွဲလေးနှင့် လည်တိုင်လေးကလည်း ရှင်းကျော့လျက် သွယ်သွယ်လေးပါ။

ခြုံပြီးကြည့်လျှင် ချောတယ် လှတယ် မဝေဖန်တတ်သော်လည်း ချစ်စရာ ကောင်းတာ ကတော့ အမှန်ပင်။

ဒါပေမဲ့ သူမရဲ့ အရည်အချင်းတွေ ကို ဒယ်ဒီ ရေရွတ်ပြထားတော့ ဘယ်လိုမှ အထင်ကြီးလို့ မရ။

ငြင်းဆန် ရှောင်ဖယ်လို့လည်း အရာမရောက်နှင့် သျှင်မင်းညို တကယ့် ဘေးကျပ်နံကျပ် ဒုက္ခရောက်နေသည်။

အသက်ကလည်း ငါးနှစ် လောက်တောင် ကွာသတဲ့။

ပုခက်ထဲမှာ ချော့မြူသိပ်ပြီး ကလေးထိန်းရတော့မှာ လား။ ဘာပဲ ဖြစ် ဖြစ် သူ အိမ်ထောင် ကျတော့မှာ သေချာနေသည်။

ဒယ်ဒီ့သား ဖြစ်ရတာ ကံဆိုးတာပဲဟု သူ ပထမဆုံးအကြိမ် တွေး ဖြစ်၏ ။

ဒယ်ဒီ့သားသာ မ ဖြစ်ခဲ့လျှင် အဲဒီ ကောင်မလေးကို ယူရမှာ မဟုတ်ဘူးလေ။

အရည်အချင်း ဂုဏ်ပုဒ်တွေ စကြားရစဉ်ကတည်းက ခြေရော လက်ရော ဆလံသသင့်ပါသည့် ပန်တော် ဝင်။

* * * * ** * * * *


အခန်း (၂)


“အာ ဘာတွေ လျှောက်ပြောနေတာလဲ၊ ပန်ပန် ယောက်ျား မယူဘူးနော် အားပူးကျီး”

“ဘာ အားပူးကျီးလဲ မြန်မာလိုပဲခေါ်”

“ပြောင်းခေါ်ရင် ယောက်ျား မပေးစားဘဲ နေမှာ လား”

“ဘာ”

“တိုးတိုးအော်ပါ အားပူးကျီးကလည်း အဲ ဖေဖေကလည်း”

“ဘာမှမလဲဘူး၊ အားလုံး ထောင်တယ်၊ အဲ ဖေဖေ ပြောတာ သေချာ နားထောင်စမ်း ပန်ပန်၊ သမီးဘဝ တစ်သက်စာ ကောင်းစားစေချင်လို့ ဖေဖေ စီမံနေတာ သမီး အမေသာ ရှိရင် ဒီစကားတွေ က သမီး အမေ ပြောရမယ့် စကားတွေ ၊ ဖေဖေ ပြောမထွက်ဘဲ ပြောနေရတာ ပါ”

ပြောမထွက်လည်း မပြောနဲ့ပေါ့လို့ ဖေဖေ မကြားအောင် ပန်ပန် ပွစိ ပွစိ ရေရွတ နေလိုက်သည်။ ပန်ပန်ကို ဘာကြောင့် အိမ်ထောင်ချပေးချင်နေတယ်ဆိုတာ ပန်ပန် သိသားပဲ။

အရွယ်နှင့် မလိုက် သရီးစတက် ဆံပင်လိပ် ခွေခွေ၊ ရှင်းပြောင်နေတဲ့ မျက်ခုံးလေးကို လိုင်နာ အနီနှင့် မျက်ခုံးမွှေး ဆွဲထားပြီး မိတ်ကပ် ရောင် စုံ၊ နှုတ်ခမ်းဆိုးဆေး ရဲရဲတင်လို့ ခေတ်လွန်သော အဝတ်အစားတွေ နှင့် ဒေါ်ခရေမြိုင် ဆိုတဲ့ မိန်းမကြီးကို ဖေဖေ လက်ထပ်ချင်နေတာ။

ထိုမိန်းမကြီးနှင့် ဖေဖေ တတွဲ တွဲ ဖြစ်နေတာတော့ ကြာပါပြီ၊ အခု နောက်ပိုင်းတော့ လက်ထပ်မှ ဖြစ်တော့မည် လို့ ဖေဖေ့ပါးစပ်က ထွက်လာသည်။

အဲဒါထားတော့ ပန်ပန်ကို အတိအကျ မပြောသေး၍ သဘောတူသည် မတူသည် လက်သင့်ခံသည် မခံသည် ဆိုတာကို ပန်ပန်လည်း အတိအကျ မပြောရသေး။

ဒါပေမဲ့ အခု ကောက်ခါငင်ခါကြီး ပန်ပန်ကို ယောက်ျားပေးစားမည် ထ ဖြစ်တော့ ပန်ပန် ဘယ်လိုမှ သည်းမခံနိုင်အောင် ဖြစ်မိသည်။ အကြောင်းရင်းက သူ မိန်းမယူမှာ ပန်ပန်က လိုက်ဖျက် နေမှာ စိုးလို့ ယောက်ျား အတင်းပေးစားဖို့ လုပ်နေတာနှင့် တူမနေဘူးလား။

ဖြစ်နိုင်လျှင် ဖေဖေ့ရှေ့က ခုန်ပေါက်ပြီးသာ ပြေးထွက်လိုက်ချင်သည်။

“ထပြေးဖို့ စဉ်းစားမနေနဲ့ ပန်ပန်၊ ဖေဖေ သမီးကို အလိုလိုက်ခဲ့တာကို အခွင့်အရေး မယူနဲ့၊ အလေးအနက် အရေး တယူ ပြောနေတဲ့ အချိန်မှာ သေချာနားထောင်၊ အခု သမီးနဲ့ လက်ထပ်ပေးမယ့် မောင်သျှင်မင်းညိုက နိုင်ငံခြားကနေ မြန်မာပြည်ကို တစ်ပတ်အတွင်း ရောက်လာလိမ့်မယ်”

“ဟွန်း နတ်ကတော် မာမီနာမည် ကြီး၊ အဲဒီ နာမည် မခေါ်နိုင်ပါဘူး”

“သမီး ပန်ပန်”

“ရှန်”

“ပြန်ထူးဖို့ ခေါ်နေတာ မဟုတ်ဘူး၊ စိတ်တိုလို့ အာမေဍိတ်သံ ထွက်သွားတာ”

“ဩော် သိမှ မသိတာ၊ အဖေ ပြောစရာ ရှိတာ ဆက်ပြောပါ”

“အေး ပြောမယ် ဖေဖေ့စကားကို ဝင်ဝင် မဖြတ်နဲ့၊ အဲဒီ မောင်သျှင်မင်းညို ရောက်ပြီးတာနဲ့ အမြန်ဆုံး လက်ထပ်ပေးမယ်”

“ဟာ အဖေကလည်း ကြားထဲမှာ စေ့စပ်တာတွေ ဘာတွေ နားလည်မှု မယူရတော့ဘူးလား၊ ဒီလူက ဖြူသလား မည်းသလား ချိုသလား ငန်သလား ဘာမှန်းတောင် မသိရသေးဘဲနဲ့”

“သမီး သိစရာ မလိုဘူး၊ ဖေဖေ သိပြီးပြီ”

“ဟင် ဖေဖေနဲ့ ဘယ်အချိန်တွေ့ ပြီး ဘယ်လို ပေါင်းသင်းခဲ့လို့လဲ”

“ပန်ပန်”

“အာမေဍိတ်ပဲလား ဖေဖေ”

တိုးတိတ်သော တက်ခေါက်သံနှင့် သမီးကို တော် တော် စိတ်ပျက်သွားသည်။ ဒီသမီးကို ဘယ်လို နားဝင်အောင် ပြောရမည် လဲ။ အမြဲတမ်း ဘာကိုမှ အလေးအနက် မရှိ။ ကလေးစိတ် မပျောက်သော သမီးကို မိတဆိုးလေးမို့ လိုအပ်သမျှ ဖြည့်ဆည်းပြီး အလိုလိုက်ခဲ့မိတာ မှားများ မှားနေပြီလား။

ဒီအရွယ်ကြီးထိ ကလေးတွေ နှင့် ကစားနည်းစုံအောင် ကစားပြီး ကျောင်းစာကိုလည်း စိတ်မဝင်စား။

မိဘတွေ ရဲ့ စီးပွားရေး လည်း နားလည်အောင် မလုပ်။

ပြောပြန်ရင်လည်း တလေးတစား မရှိ။

ဒါကြောင့် သမီးအတွက် ရင်လေးမိသည်။ ကိုယ်က ခရေမြိုင်နှင့် ရင်းနှီးပတ်သက်မှု တွေ လွန်ကျွံပြီး မယူမ ဖြစ် လက်ထပ်ရတော့မယ့် အခြေအနေ ရောက်နေသည်။

ဒါကလည်း ကိုယ့်ဘက်က အမှားချည်း မဟုတ်၊ ကိုယ့်လုပ်ငန်းထဲ ရှယ်ယာဝင်ချင်သလိုလို ဘာလိုလိုနှင့် ကိုယ့်ကို စည်းရုံးသည်။ ကိုယ်ကလည်း အဟုတ်မှတ်ပြီး လုပ်ငန်းကိစ္စတွေ ဆွေးနွေးတိုင်ပင်ရင်းနှင့် ပတ်သက်မိ၏ ။

အဲဒီ နောက်မှာ ရင်းနှီးမှု တွေ အတိုင်းအတာ ကျော်လွန်လာမှ စုံစမ်းကြည့်တော့ ခရေမြိုင်က တစ်ခုလပ် တစ်လင်ကွာ အခွံကြီးသက်သက်ဆိုတာ သိလာရသည်။

ဒါပေမဲ့ ကိုယ်ကလည်း အချဉ်ဖမ်းခံမယ့် ဦးနှောက်မဲ့သူမှ မဟုတ်တာဘဲ။

ကိုယ်ပိုင်ဆိုင်သမျှ စည်းစိမ်ဥစ္စာတွေ ကို ယခု လက်ရှိ နေနေသည့် အိမ်မှလွဲ၍ သမီးလေး နာမည် နှင့် အားလုံး လွှဲပြောင်းထားလိုက်သည်။

စနစ်တကျ လက်ညှိုးထိုးပြရအောင်ကလည်း သမီးလေး အိမ်ထောင်ရက်သားကျမှ ဖြစ်မည် ။

တစ်အိမ်တည်း အတူနေကြလျှင် မဟုတ်မခံ ဆတ်ဆတ်ကြဲ သမီးနှင့် စည်းစိမ်ဥစ္စာမက်မောပြီး ကိုယ့်ကို ချဉ်းကပ်ခဲ့သည့် ခရေမြိုင်တို့ ဘယ်လိုမှ သဟဇာတ မ ဖြစ်နိုင်။

ဒါကြောင့် မို့ ဓာတ်သိ အကြောင်းသိ ကိုယ့်သူငယ်ချင်းရဲ့ သား ဖြစ်သော သျှင်မင်းညိုနှင့် သမီးလေးကို လက်ထပ်ပေးချင်ခဲ့သည်။ ခုတော့ အခြောက်နတ်ကတော် နာမည် ကြီး မခေါ်နိုင်ပါဘူး။ လက် မထပ်နိုင်ဘူးနှင့် ခွတိုက်နေသည်။

ကိုင်ဆောင့်ကာ ရိုက်ပုတ်ပစ်လိုက်ချင်သော်လည်း ငယ်စဉ်ကတည်းက တစ်ခါမှတောင် လက်နှင့် မရွယ်ဘူးတာမို့ ဘယ်လိုမှ မလုပ်ရက်နိုင် ဖြစ်နေရသည်။

ဒါပေမဲ့ မပြောမပြီး မတီးမမြည် ဆိုစကားအတိုင်း ချောင်းတစ်ချက် ဟန့်ကာ အင်ထရို ဝင်လိုက်သည်။

“အဟမ်း ဖေဖေ သမီးကို ဘာကြောင့် လက်ထပ်ပေးချင်ရတယ်ဆိုတာ သိရဲ့ လား သမီး”

“သိသားပဲ ဒေါ်ခရေမြိုင်ဆိုတဲ့ မိန်းမကြီးကို ဖေဖေ ယူချင်လို့ ပန်ပန်ကို မြောင်းထဲ ရောက်အောင် ပုတ်ထုတ်နေတာ မဟုတ်လား”

“ခက်တာပဲ သမီးလေး ဖေဖေ့စေတနာကို နားမလည်ပါလားကွယ်၊ ဖေဖေ ပြောပြမယ် သမီး၊ ဖေဖေ ခရေမြိုင်ကို ယူချင်လို့ ယူလိုက်ရမှာ မဟုတ်ဘူး၊ မယူမ ဖြစ်တော့လို့ ယူရမှာ ၊ အဲ အဲဒီ လို လုပ်လိုက်ရပေမယ့် ဖေဖေ့ စည်းစိမ်ဥစ္စာတွေ ကိုတော့ သူ့ကို ဖဲ့ဝေ မပေးချင်ဘူး သမီး၊ သမီးလေးကိုပဲ ဖေဖေက ပုံပေးချင်တာ၊ ဒါပေမဲ့ သမီးလေးမှာ လူကြီး တစ်ယောက် ရဲ့ အတွေး၊ အယူအဆ စဉ်းစားဥာဏ် ဘာမှမရှိဘူး၊ ဒါကြောင့် ဖေဖေတို့ စည်းစိမ်ဥစ္စာကို ထိန်းသိမ်း စောင့်ရှောက်နိုင်မယ့် အိမ်ထောင်ဖက်နဲ့ သမီးလေးကို ပေးစားချင်တာ”

နှုတ်ခမ်းစူချိတ်ချိတ်နှင့် ပန်ပန် တစ်ဖက် လှည့်သွားသည်။ ဦးကျော့မောင်က သမီး မျက်နှာမူရာဘက် ပြောင်းထိုင်လိုက်၏ ။

“စိတ်မကောက်ပါနဲ့ စိတ်မဆိုးပါနဲ့ သမီးလေးရယ်၊ တစ်နေ့နေ့မှာ သမီးလေး ဖေဖေ့မေတ္တာကို နားလည်လာမှာ ပါ၊ မောင်သျှင်မင်းညိုက လူတော် လူကောင်း ပညာတတ်လေးပါကွယ်၊ သမီးလေး အပေါ်လည်း ကြင်နာတတ်မယ်၊ ဖေဖေ့လို အလိုလိုက်နိုင်လိမ့်မယ်လို့ ဖေဖေ ယုံကြည်တယ်၊ သူ့ဓာတ်ပုံ သမီး ဟန်းဖုန်းထဲမှာ ထည့်ထားတယ်၊ သူ ရောက်လာတဲ့နေ့ လေယာဉ်ကွင်းမှာ သမီး သွားကြိုရမယ်၊ ဖေဖေပြောတာ နားလည်လား သမီး”

ခေါင်းမညိတ် ခေါင်းမခါနှင့် ပန်ပန် ပေကပ်ကပ် လုပ်နေလိုက်သည်။ ငြင်းဆန်လို့ မရမယ့် အတူတူ ဒီလောက်တော့ ဆန္ဒပြခွင့် ရှိဦးမှပေါ့။

ပြီးတော့ နတ်ကတော် နာမည် နှင့် ထိုလူကြီးကို လေယာဉ်ကွင်း သွားကြိုရမည့်  ကိစ္စ မမ မြခြူးယံ ကို ချောက်တွန်းဖို့ စဉ်းစားထားလိုက်သည်။

မမ မြခြူးယံ ဆိုတာက ဖေဖေ့အစ်မ အကြီးဆုံးရဲ့ သမီး။ အဖေ အမေဆုံးတော့ ဖေဖေကပဲ အစစ အရာရာ တာဝန်ယူထားရသည့် ဖေဖေ့ တူမ၊ ပန်ပန်နှင့် အသက် လေးနှစ် လောက် ကွာသည့် ပန်ပန် အစ်မ တစ်ဝမ်းကွဲ။

မမ မြခြူးယံက ပန်ပန်လို မဟုတ်။ ဆိုးနွဲ့စရာ မိဘမရှိတော့ ဘဝနာပြီး စာကြိုးစားသည်။ ကျောင်းပြီးတော့ ဖေဖေ့ကုမ္ပဏီမှာ အလုပ်ဝင်လုပ်ပြီး အိမ်အလုပ်တွေ ကိုလည်း မလစ်ဟင်းရအောင် တာဝန်ယူ၏ ။

အိမ်အကူ အလုပ်သမားလေးတွေ ရှိသော်လည်း ပန်ပန်နှင့် ပတ်သက်လျှင် ပိုဂရုစိုက်ပြီး ပန်ပန်ကိုလည်း ချစ်သည်။ ပန်ပန်ကလည်း ဆိုးနွဲ့စရာ အစ်မကြီး တစ်ယောက် ရ၍ မမ မြခြူးယံကို အမြဲတမ်း ဂျီကျတတ်သည်။

ကြောက်ရွံ့ရိုသေ လေးစားတာမျိုး မဟုတ်ပေမယ့် ဆွေမျိုးနီးစပ် အစ်မ တစ်ယောက် အနေနှင့် သံယောဇဉ်တော့ ရှိသည်။

ကျောလယ်လောက်ရှိသည့် ဆံနွယ်တွေ တစ်ထွေးကြီးနှင့် မမ မြခြူးယံကို ဖုန်းစခရင် လေးပေါ်မှာ ပေါ်လာတဲ့ ထိုလူကြီးအကြောင်း သိအောင် ပြောပြရမည် ။

ကုမ္ပဏီက မြန်မြန်ပြန်လာပါတော့ မမမြခြူးယံ၊ နတ်ကတော် ကြီး အကြောင်း ပြောပြ ချင်လွန်းလို့ ပါးစပ်တွေ ယားနေလို့ပါ အဟိ။

* * * * ** * * * *


အခန်း (၃)


“ဘာ လေးလေးက ပန်ပန်ကို ယောက်ျားပေးစားတော့မယ် ဟုတ်လား ပန်ပန်လေး”

“အဟင့် ဟင့် ဟုတ်တယ် မမယံရဲ့ ပန်ပန် ကတော့ သေချင်တာပါပဲ၊ ပန်ပန်အစား မမယံ ယူလိုက်ပါလားဟင်၊ ပန်ပန် အလကား ပေးပါ့မယ်”

“အမယ်လေး ဗုဒ္ဓေါ မလုပ်လိုက်ပါနဲ့ကွယ်၊ ကိုယ့်ဘာသာ အေးအေးနေပါရစေ၊ လေးလေး ကလည်းလေ ကလေးစိတ် မကုန်သေးတဲ့ ပန်ပန်လေးကို ဘာလို့များ ယောက်ျားပေးစားချင်ရတာာလဲ မသိဘူး”

ထိုစကား ကြားတော့ ပန်ပန်က အသံထွက်အောင် အော်ငိုချ၏ ။ ပန်ပန် ပခုံးလေး ဆုပ်ကိုင်ပြီး မြခြူးယံလည်း ဘယ်လိုနှစ် သိမ့် ဖျောင်းဖျရမှန်း မသိတော့။

“အီး ဟီး ဟီး ယောက်ျားရရင် ရှော့ပင်လည်း ထွက်ရမှာ မဟုတ်ဘူး၊ ကစားကွင်းလည်း သွားရမှာ မဟုတ်ဘူး၊ အိမ်မှာ လည်း နေချင်သလို နေရမှာ မဟုတ်ဘူး၊ သူ့ဘာသာ မိန်းမယူချင်တာကို သူများ ကို ယောက်ျားပေးစားတယ်၊ သူ့မိန်းမ ကလေးမရပါစေနဲ့ နောက်လင်ငယ်ထားပြီး ပွေရှုပ်ပါစေ”

“ဟဲ့ ပန်ပန်လေး ကိုယ့်အဖေကို အဲလို မပြောရဘူးလေ၊ လေးလေးဘက်ကလည်း ပန်ပန်လေးကို ယောက်ျားပေးစားရတာ အကျိုးအကြောင်းတော့ ရှိမှာ ပေါ့ကွယ်၊ ပန်ပန်လေးဘက်က ပန်ပန်လေး နေချင်သလို နေလို့ရအောင် ကိုယ် ယူရမယ့် ယောက်ျားကိုပဲ ဆွေးနွေးညှိနှိုင်းရမှာ ပေါ့ နာမည် က ဘာတဲ့”

“သျှင်မင်းညို တဲ့၊ အခြောက်ကြီးနေမှာ ပေါ့”

“ကဲပါကွယ် သူ့ကို မမယံ ပန်ပန်လေးအကြောင်း ပြောပေးပါ့မယ်”

“လေယာဉ်ကွင်းလည်း သွားကြိုပေး”

“ဟောတော် သူ့ကိုမှ မမယံ မမြင်ဘူးတာ၊ ဘယ်လိုသွားကြိုရမှာ လဲ”

“ပန်ပန့် ဟန်းဆက်ထဲမှာ သူ့ပုံရှိတယ်၊ မမယံ မှတ်မိအောင် ကြည့်ပြီးရင် ဖျက်ပစ်လိုက်တော့ ကျက်သရေ တုံးတယ်၊ ရုပ်ကိုက ဂန်ဒူးပုံစံနဲ့ နှုတ်ခမ်းမွှေးမရှိ ပါးသိုင်းမွှေး မရှိ”

“ဟင် အဲဒီ အမွှေးတွေ ရှိတော့ ရွံစရာကောင်းတာပေါ့”

“ဘာကောင်းရမှာ လဲ အဲဒီ အမွှေးတွေ ရှိမှ ယောက်ျားပီသတာပေါ့၊ ပန်ပန်က အဲလို အမွှေးပေါက်တဲ့သူမျိုးကိုမှ ကြိုက်တာ”

“ဟောတော် ဖြစ်မှ ဖြစ်ရလေ”

မြခြူးယံ ဘာပြောရမှန်းမသိ ဖြစ်သွားသည်။

စိတ်ကူးယဉ်တတ်တဲ့ ဆယ်ကျော်သက် အရွယ်ရဲ့ အတွေးကို မြခြူးယံ အံ့သြလို့ မဆုံး။

အခု မျက်ရည်တွေ တသွင်သွင်နှင့် ငိုကောင်းတုန်း၊ ချက်ချင်း မျက်ရည်တွေ ခမ်းခြောက်လျက် မျက်စောင်း တထိုးထိုး နှုတ်ခမ်း တရွဲ့ရွဲ့နှင့် ။

အမွှေးအမျှင်များ တဲ့သူမှ ကြိုက်တယ်ဆိုတာက ပါသေး။ သျှင်မင်းညို ဆိုတဲ့ လူ ဘယ်လောက် ပုံပန်း ဆိုးလို့လဲဟု ပန်ပန့်ဟန်းဆက် ကလေးကို ယူကြည့်လိုက်သည်။

“ဟင်”

ဆံပင်တိုတိုများ ကို ခေါင်းလိမ်းဆီ နက်ပြောင်နေအောင် လိမ်းပြီး နောက်လှန်ဖြီးသင်ထားတဲ့ မဟာနဖူးကျယ်ကျယ်။

မျက်ခုံးကောင်းကောင်း နှာတံပေါ်ပေါ် မပြုံးမရယ် ပိရိသေသပ် ထောင့်ချိုးညီနေသည့် နှုတ်ခမ်းလေးနှင့်

ရီဝေရွှန်းလက်နေသည့် ညှို့မျက်ဝန်းက စူးစူးတောက်တောက် အားလုံးကို ခြုံကြည့်လျှင် ယောက်ျားပီသ ခန့်ညားသူဟု ချီးမွမ်းထိုက်သည်။

ဘာကြောင့် များ ပန်ပန် ဂန်ဒူးကြီးဟု အမည် သညာ ပြုရသည်လဲ၊ မချစ်လျှင်မုန်း၊ အပြုံးကို အပြစ်မြင်နေတာပဲ ဖြစ်မှာ ပေါ့။

“ဟာ မမယံ ဒီလူ့ပုံကြည့်ပြီး ငုတ်တုတ် မေ့သွားပြီလား၊ ပေးစမ်းပါ မမယံ မှတ်မိပြီဆိုရင် ဖျက်ပစ်လိုက်တော့မယ်”

မြခြူးယံ လက်ထဲက ဟန်းဆက်ကလေး ဇွတ်ဆွဲယူပြီး ခလုတ်တစ်ခုကို ဆောင့်ကြီးအောင့်ကြီး နှိပ်ချလိုက်သည်နှင့် သျှင်မင်းညို ရုပ်ပုံလွှာလေး ဖျတ်ခနဲ ပျောက်သွားသည်။

နှမြောတသ သလိုနှင့် ခံစားမှု တစ်မျိုး၊ လှိုက်ဖြာသွားတာ ဘာကြောင့် ပါလဲ။

“မမယံ”

“ဟင် ဘာ ဘာလဲ ပန်ပန်”

“အဲဒီ လူကို မယူရအောင် ဘယ်လိုလုပ်ရင် ကောင်းမလဲဟင်”

“လေးလေး ကောင်းမယ်ထင်လို့ စီစဉ်ထားတာ၊ မမယံက ဘာအကြံပေးနိုင်မှာ လဲကွယ်၊ လေးလေး စီမံထားတာကလည်း ပန်ပန်လေး အတွက်ပဲဟာ”

“ဟို ဖေဖေ့ကို မမယံ ပြောကြည့်ပေးပါလား ဟင်၊ ပန်ပန်လေးက ငယ်ပါသေးတယ်၊ အိမ်ထောင် သားမွေးရမယ့် အရွယ် မဟုတ်သေးပါဘူး ဘာညာပေါ့”

“မ ဖြစ်ပါဘူး ပန်ပန်ရယ်၊ လေးလေးက မမယံကို ဆူမှာ ပေါ့”

“ဟင့်အင်း ပြောပေးပါ မမယံရယ်၊ ရတော့လည်း အမြတ် မရတော့လည်း အရင်းပေါ့၊ ဒီအချိန် အောက်ထပ် ဧည့်ခန်းမှာ ဖေဖေ ရှိနေမှာ ပါ၊ သွားပြောပေးပါနော်”

ပန်ပန်က ခုတင်ပေါ်ကနေ မြခြူးယံကို ဆွဲရုန်းထူပြီး အောက်ထပ် အဆင်းအတက် လှေကားအထိ တွန်းပို့သည်။

ဟင်းခနဲ သက်ပြင်းချပြီး ဧည့်ခန်းမှာ ဖိုင်တွဲ တွေ လက်ဂျာတွေ နှင့် အလုပ်ရှုပ်နေသော လေးလေးအနားက ထိုင်ခုံမှာ ရို့ရို့လေး ဝင်ထိုင်လိုက်ရသည်။

“ဘာပြောစရာရှိလို့လဲ ယံယံ”

“ဟို ပန်ပန်လေးကိစ္စ”

“အေး အဲဒီ ကစ္စ ယံယံကိုလည်း လေးလေး ပြောပြမလို့ပါ၊ ဒီလိုကွဲ့ ယံယံ ညီမလေး ပန်ပန်က အရွယ်ရောက်နေပေမယ့် အသိတရားက ကလေးဆန်နေတုန်းပဲ၊ လေးလေး အနေနဲ့ တစ်ဦးတည်း သော သမီးလေးကို ရင်အုပ်မကွာ စောင့်ရှောက်ရမယ်ဆိုတာ သိပါတယ်၊ ဒါပေမဲ့ အကျိုးအကြောင်း တစ်ခုက မ ဖြစ်ချင်ဘဲ ဖြစ်လာခဲ့တော့ ဒီလိုပဲ ဆုံးဖြတ်ရတော့မှာ ပဲလေ၊ ဘယ်လိုလဲ လေးလေး အစီအစဉ် ကောင်းတယ် မဟုတ်လား ယံယံ”

“ရှင် ဟုတ် ဟုတ်ကဲ့ ဒါပေမဲ့ ပန်ပန်လေးက အရမ်းငယ်နေသေးသလားလို့ပါ လေးလေး”

“လေးလေး အိမ်ထောင်ကျခဲ့တာလည်း ဒီအရွယ်ပါပဲကွယ်၊ ယံယံ အမေဆိုရင် ဆယ့်ခုနစ်နှစ် နဲ့ အိမ်ထောင်ကျခဲ့တာ၊ တော် တော် နဲ့လည်း သားသမီး မရခဲ့ဘူး၊ အသက်အရွယ်ရမှ ပန်ပန်ကို မွေးခဲ့တော့လည်း ကျန်းမာရေး က မကောင်းခဲ့ဘူးလေ၊ အဓိကက အိမ်ထောင်ပြုတယ်ဆိုတာ အသက်အရွယ်နဲ့ မဆိုင်ဘူး၊ အသိတရားနဲ့ပဲ ဆိုင်တယ်ကွဲ့၊ အခု လေးလေးကိုပဲ ကြည့်ပါလား၊ ပန်ပန်လေး အမေဆုံးတာ ငါးနှစ် ပဲ ရှိသေးတယ်၊ ကိုယ့်အသက်အရွယ်ကလည်း လေးဆယ်တွင်း ရောက်လာပြီ၊ မိန်းမတစ်ယေက်ကို ဘယ်လို ရှောင်ရှားရမယ်ဆိုတာ သိသင့်တာပေါ့ မဟုတ်ဘူးလား၊ ဒါပေမဲ့ ခဏလေး သတိလက်လွတ် ဖြစ်သွားခဲ့တာ ဆုပ်လည်းစူး စားလည်းရူးနဲ့ မြွေပွေးခါးပိုက် ပိုက်ရတော့မယ်”

“လျော်ကြေးပေးပြီး ဖြေရှင်းလို့ မရဘူးလားဟင်”

“အင်း ရယ်တော့ ရယ်ရသား၊ ငွေကို မက်တာ မဟုတ်ဘူး၊ လူကို ချစ်တာပါတဲ့လေ၊ သူ အရင်ရခဲ့ဖူးတဲ့ ယောက်ျားကို မိဘပေးစားလို့ ယူခဲ့တာ အချစ်မပါဘူးတဲ့၊ ဒါကြောင့် မို့ စောစောစီးစီး လမ်းခွဲခဲ့တာဆိုပဲ”

“အဲဒါဆိုလည်း ဒေါ်ခရေမြိုင်က လေးလေးကို တကယ်ချစ်တာ ဖြစ်ချင် ဖြစ်နိုင်ပါတယ် လေးလေးရယ်”

“ဘာပဲ ဖြစ် ဖြစ်လေ ဒီအရွယ်ကြီးကျမှ အချစ်ကိုလည်း ရှေ့တန်းမတင်ချင်တော့ပါဘူး၊ သားမှတ်မှတ် မယားမှတ်မှတ် ပေါင်းသင်းမယ်၊ ပန်ပန်လေးကို စည်းစိမ်ဥစ္စာတွေ အကုန်ပေးလိုက်လို့ မပေါင်းသင်းချင်ဘူးဆိုလည်း ကွာလိုက်ရုံပေါ့ မဟုတ်ဘူးလား ယံယံလေးလည်း ပန်ပန်ကို ဖျောင်းဖျနားချပေးပါကွယ်၊ သမီးကို ချစ်လွန်းလို့ ဒီလို စီမံရတဲ့အကြောင်း နားဝင်အောင် ပြောပေးပါ”

ကဲ မြခြူးယံ ဘာလုပ်ရမည် လဲ၊ ဖအေက တစ်မျိုး သမီးက တစ်မျိုးနှင့် စိတ်ဦးနှောက်တွေ ရှုပ်ထွေး နောက်ကျိလာသည်။ ဘာမှ မပြောတော့ဘဲ ရေငုံနှုတ်ပိတ် နေလိုက်တာက အကောင်းဆုံး ဖြစ်မည် ထင်၏ ။

လေးလေးရှေ့က သာသာလေးပဲ ထလာခဲ့သည်။ ကိုယ့်မှာ တော့ မိဘလည်း မရှိ၊ စည်းစိမ်ဥစ္စာလည်း မရှိတော့ ဘာပူပင်သော ကမှ တွေ့ ကြုံစရာလည်း မရှိ။

အေးချမ်းသလားဆိုတော့လည်း မေတ္တာတရားနှင့် ကင်းကွာနေရတော့ အရာရာ သွေ့ခြောက် လစ်ဟာနေခဲ့သည်။

သွေးသားအ ဖြစ် အားကိုးစရာ လေးလေး တစ်ယောက် ပဲ ရှိခဲ့သလို ချစ်ခင် သံယောဇဉ် တွယ်စရာဆိုလို့ ပန်ပန်လေး တစ်ယောက် သာ ရှိခဲ့သည်။

ဒါပေမဲ့ တစ်ခါတစ်ခါ ပန်ပန်လေး ဘဝကို အားကျစိတ်နှင့် ကိုယ့်ဘဝကို စိတ်တိုင်းမကျ အားငယ်မိသည်။

ခိုကိုး တွယ်ကပ်နေရတဲ့ ဘဝကိုလည်း သိမ်ငယ်မိ၏ ။ ဒါကြောင့် လည်း လုပ်အားနှင့် တာဝန်ကျေအောင် ပေးဆပ်နေမိခြင်းပင်။

လက်ညှိုးထိုးခိုင်းစရာ မလိုအောင် အလိုက်တသိ နေခဲ့ခြင်းက တင်ထားတဲ့ ကျေးဇူးကြွေးကို ပြန်ဆပ်နေတာဟု ကိုယ့်ကိုယ်ကို ယုံကြည် အားတင်းထားရသည်။

ဘဝက မပြည့်တဲ့အိုး ဘောင်ဘင်ခတ်သလို.......။

* * * * ** * * * *


အခန်း (၄)


“ဟား ငါ့ကို ဘယ်သူမှ လာမကြိုကြဘူး ထင်တယ်”

မတ်တပ်ရပ်နေရတာ ခြေထောက်တွေ ညောင်းလာသည်မို့ အသံထွက် ညည်းညူမိသည်။

လေယာဉ်တစ်စီးတည်း စီးလာတဲ့သူတွေ တောင် ကြို့တဲ့သူတွေ နှုတ်ဆက်တဲ့သူတွေ နှင့် အလျှိုအလျှို ပြန်သွားကြတာ တစ်ယောက် မှ မရြှိ ကတော့။

ဒယ်ဒီ ပေးလိုက်တဲ့ လိပ်စာအတိုင်း ကိုယ့်ဘာသာ Taxi ငှားပြီး သွားလိုက်တာ ကောင်းလိမ့်မည် ထင်သည်။

“ဒီက ကိုသျှင်မင်းညို ထင်တယ်”

“ဗျာ သြော် ဟုတ်ကဲ့ ဟုတ်ပါတယ်ခင်ဗျ”

“ကျွန်မက ပန်တော် ဝင်ရဲ့ အစ်မ မြခြူးယံပါ၊ ရှင့်ကို လာကြိုရင်းနဲ့ လမ်းမှာ ကားပျက်သွားလို့ ဆောရီးနော်”

“ဟုတ်ကဲ့ ကျွန်တော် လည်း နောက်ဆယ်မိနစ် နေလို့မှ ရောက်မလာဘူးဆိုရင် ကားငှားပြီး လာတော့မလို့ပါ”

“အဟင်း ဟင်း စိတ်မရှည်တတ်ဘူးထင်တယ်”

သျှင်မင်းညို ပြုံးရုံသာ ပြုံးနေလိုက်သည်။

သူမ ကားပေါ် ပစ္စည်းတွေ တင်ပြီး သူမ မောင်းတဲ့ ကားပေါ် ဘေးက ထိုင်စီးရတာ ဆံနွယ်တွေ ဆီမှ ရှန်ပူရနံ့ကို တစ်ဝရှူရှိုက်နေရသလိုပင်။

မြင်မြင်ချင်း စူးခနဲ ကြည့်မိသည်က မည်းနက် ဝဲခါနေသာ ကျောလယ်လောက်ရှိသည့် ဆံနွယ်တွေ နှင့် အပွင့်များများ ပါသော ပါတိတ် ဝမ်းဆက်ကလေးကို နုယဉ်စွာ ဝတ်ဆင် ထားသော ကြောင့် ဖြစ်သည်။

နိုင်ငံခြားမှာ အနေကြာလာတော့ မြန်မာဆန်ဆန် မိန်းကလေးများ ကို တမေ့တမော ငေးကြည့်ချင်သည့် ဆန္ဒက ဟိုကတည်းက ရှိနေခဲ့၏ ။

နာမည် လေးကလည်း မြန်မာဆန်ပါသည်။

မြခြူးယံ တဲ့။

“ရှင်”

“ဟို ကျွန်တော် မခေါ်ပါဘူး”

“မသိပါဘူး ကျွန်မ နာမည် ခေါ်လိုက်တယ် မှတ်လို့၊ ကိုသျှင်မင်းညိုက မြန်မာပြည်နဲ့ ကင်းကွာနေတာ တော် တော် ကြာပြီ ထင်တယ်၊ ပတ်ဝန်းကျင်ကို ငေးမောနေလိုက်တာ တအံ့တသြ”

“ဟုတ်တယ်ဗျ ရှစ်နှစ် ကျော်လောက် ရှိနေပြီ၊ မြန်မာပြည်ကြီးက အရမ်းတိုးတက်ပြောင်းလဲ သွားတာပဲနော်၊ ကျွန်တော် တို့က နိုင်ငံခြားမှာ ပဲ တိုးတက်ပြောင်းလဲတယ်မှတ်ပြီး အထင်ကြီးနေခဲ့တာ”

“မျိုးချစ်စိတ် အပြည့်အဝ တကယ်ရှိတဲ့ သူတွေ က သူများ နိုင်ငံ တိုးတက်အောင်မြင်တာကို အားမကျကြပါဘူး ကိုသျှင်မင်းညို၊ ကိုယ့်နိုင်ငံ တိုးတက်ပြောင်းလဲအောင်ပဲ စွမ်းစွမ်းတမံ ကြိုးစားကြတာပါ။”

“ဟုတ် ဟုတ်ကဲ့ ကျွန်တော် သဘောပေါက်ပါတယ်”

ပြောပြီး ကားပြတင်းမှ တစ်ဆင့် အဆောက်အဦး ရှုခင်းတွေ ကို ငေးမောနေသော သျှင်မင်းညိုကို မြခြူးယံ ငဲ့စောင်းကြည့်လိုက်သည်။

“ပန်တော် ဝင် ဘာလို့ ဘာမကြိုတာလဲလို့ ရှင် မမေးသေးဘူးနော် ကိုသျှင်မင်းညို”

“ဗျာ ကျွန်တော် က ဧည့်သည်ပဲ၊ မမေးသင့်ဘူး ထင်လို့ပါ”

“ကျွန်မ ဘာလို့ လာကြိုတာလဲလို့တော့ မေးချင်နေတယ် မဟုတ်လား”

“သူ လာမကြိုနိုင်လို့ မမြခြူးယံကို လာကြိုခိုင်းလိုက်တာ မဟုတ်လား၊ ကျွန်တော့် အတွက် သိပ်အရေး မကြီးပါဘူး”

“ဟင် ရှင်လည်း ပန်ပန်နဲ့ လက်ထပ်ဖို့ သိပ်အလေးအနက် မရှိဘူး ထင်တယ်၊ ဟုတ်လား ကိုသျှင်မင်းညို”

“ဗျာ”

“သြော် ပန်ပန်ကလည်း အိမ်ထောင်ရေး ကို စိတ်မဝင်စားသေးဘဲ သူ့အဖေရဲ့ ဆန္ဒကို မငြင်းဆန်နိုင်လို့ လက်ခံရမှာ ကိုသျှင်မင်းညိုလည်း အဲလိုပဲ မဟုတ်လားလို့ မေးကြည့်တာပါ”

မြခြူးယံကို တစ်ချက်လှည့်ကြည့်ပြီး သျှင်မင်းညို အသံတိတ်သွားသည်။

သိသင့်သည် ထင်လို့ ပြောပြခြင်းလား။ ကြိုတင် အကြောင်း ကြားခြင်းလား။

အကြောင်းပြချက် ရှာမရတာ ကတော့ သူရော သူမရော နှစ် ယေက်လုံး ဖြစ်ပေလိမ့်မည် ။ ဒီအကြောင်းတွေ သိစေချင်လို့ မြခြူးယံကို အကြိုလွှတ်လိုက်တာလား ပန်တော် ဝင်။

* * * * ** * * * *


အခန်း (၅)


“ဟင် သမီး ပန်ပန် မောင်သျှင်မင်းညို လေယာဉ်ကွင်း သွား မကြိုဘူးလား၊ ကြည့်စမ်း မီးဖိုခန်ထဲ ဝင်ပြီး ဘာလုပ်နေတာလဲ”

“ဟို ဟို အဲဒီ လူကြီးကို မမယံ သွားကြိုပေးမယ်ဆိုလို့ လွှတ်လိုက်တာ ဖေဖေရဲ့ ၊ ပန်ပန်ကိုလေ ဒေါ်ဒေါ်သွယ်နဲ့ မယ်တင် ချက်ပြုတ်နေတာ ဝိုင်းစီမံပေးလိုက်တဲ့၊ ဧည့်သည်ရောက်မှာ ဆိုတော့ လိုအပ်တာ မရှိရအောင်လို့တဲ့”

“အောင်မာ သမီးက ဘာလုပ်တတ်လို့လဲ၊ ပန်ပန်နော် ဖေဖေ မျက်နှာပျက်အောင် အမျိုးမျိုး ဇာတ်လမ်းထွင်ဖို့ မကြိုးစားနဲ့၊ သမီး ဆိုးချင်တိုင်း ဆိုးနေတာကို ဒီတစ်ခါတော့ ခွင့်လွှတ်မှာ မဟုတ်ဘူး၊ ကဲ မယ်တင်နဲ့ ဒေါ်သွယ် လုပ်စရာရှိတာလုပ်၊ သမီးလည်း ပေစုတ်ညစ်ပတ်နေတာပဲ ရေသွားချိုးချည် သွား၊ ဧည့်သည်က လာတော့မယ်”

“အာ ဖေဖေကလည်း မနက် အိပ်ယာထကတည်းက ရေချိုးထားတဲ့ဟာ၊ မချိုးချင်ပါဘူး၊ ဖေဖေ့ဧည့်သည်ကရော ဘယ်လောက်တောင် အရေး ကြီးနေလို့လဲ”

“ကဲ ပြောလေ ကဲလေပါလား ပန်ပန်၊ ဖေဖေ့စကားကို နားထောင်ရမှန်း မသိတော့ဘူးလား၊ ဖေဖေ ရိုက်ဆုံးမမှ ရတော့မှာ လား၊ ပြောစမ်း ပန်ပန်”

ပန်ပန် ခေါင်းကြီးငုံ့ပြီး စားပွဲခုံကို လက်သည်းတွေ နှင့် တဂျစ်ဂျစ် လုပ်နေသည်။

ဦးကျော့မောင် သက်ပြင်းရှိုက်ပြီး သမီး ပခုံးလေးကို ဖွဖွလေး ပွေ့ဖက်လိုက်သည်။

“ဂျီမကျစမ်းပါနဲ့ သမီးလေးရယ်၊ သမီးလေးကို ချစ်လွန်းလို့ ဖေဖေ ဒီလို စီမံရတာ ပါ၊ သမီးအတွက်ပါကွယ် နော်၊ ဖေဖေ့ကို ချစ်ရင် သနားရင် ဖေဖေ့စကားကို နားထောင်ပါ၊ ဟော လာကြပြီ ထင်တယ်၊ ကားသံကြားတယ် သမီး၊ လာ ဖေဖေနဲ့လိုက်ခဲ့”

ဖေဖေ ဆွဲခေါ်ရာ ပန်ပန် ယက်ကန်ယက်ကန် ပါလာသည်။ ဧည့်ခန်းဝ ရောက်နေပြီ ဖြစ်သော ဟိုလူကြီးကို ဖေဖေက လက်ဆွဲ ပခုံးဖက်နှင့် နိုင်ငံခြားလို နှုတ်ဆက်နေ၏ ။

ပန်ပန်က ဆိုဖာခုံမှာ အရင်ဦးအောင် ခြေချင်းချိတ် ထိုင်၍ စူပုတ်ပုတ် လုပ်နေလိုက်သည်။

“မောင်သျှင်မင်းညို တွေ့ ရတာ ဝမ်းသာတယ်ကွာ၊ မင်းအဖေရော ကျန်းမာရေး ကောင်းရဲ့ လားကွ”

“ဟုတ်ကဲ့ အန်ကယ် ဒေါင်ဒေါင်မြည် ပါပဲ၊ အန်ကယ်ရော နေကောင်းတယ် မဟုတ်လား ခင်ဗျ”

“အေး ကောင်းပါတယ်ကွာ ထိုင်ဦး မောင်သျှင်မင်းညို သြော် မယ်တင်ရေ မောင်သျှင်မင်းညို ပစ္စည်းတွေ သူ့အတွက် ပြင်ထားတဲ့ အပေါ်ထပ်အခန်းမှာ ထားပြီးရင် အအေးလေး တစ်ခွက်လောက် လုပ်ခဲ့ပါကွယ်”

“မယ်တင် နယ်လုပ်စရာရှိတာ လုပ်ပါ၊ အအေး ငါသွားယူလိုက်မယ်”

မြခြူးယံက သျှင်မင်းညိုအတွက် လိမ္မော်ရည်တစ်ခွက် ကိုယ်တိုင် သွားဖျော်၍ ယူလာ ပေးသည်။

“ကိုညို အမောပြေ သုံးဆောင်လိုက်ပါဦး”

အခု ချက်ချင်း ပြောင်းလဲသွားတဲ့ နာမ်စားတစ်ခုအတွက် သျှင်မင်းညိုက ရင်းနှီးမှု နှင့် မျက်ခုံးပင့် ကြည့်ပြီး အသိအမှတ်ပြုသည်။ မြခြူးယံက ပန်ပန် အနားဝင်ထိုင်ပြီး လက်ကုတ်ကာ သတိပေး၏ ။

“ဒါ အန်ကယ့် သမီး ပန်တော် ဝင်၊ သမီး သူက သမီးနဲ့ လက်ထပ်ပေးမယ့် မောင်သျှင်မင်းညို၊ နှုတ်ဆက်လိုက်လေ သမီး”

“ဖေဖေကလည်း သိပြီးသားကြီးကို”

ပန်ပန်က သျှင်မင်းညိုကို လုံးဝ မော့မကြည့်၊ သူမထက်စာရင် သူက အသက်အရွယ် အသိတရား ရင့်ကျက်နေပြီမို့ နားလည်မှု နှင့် ပြုံးနေလိုက်ရသည်။ ရောနှော၍ ပြုံးလိုက်မိသည်ဆိုက မမှား။

ကြည့်ပါဦး ပုံစံကိုက ခပ်နွမ်းနွမ်း စပန့်သား၊ ရှော့ပန်အတို တီရှပ်အင်္ကျီနှင့် ၊ ဆံပင်တိုနံ့နံ့ ကလည်း ပွရောင်းရောင်း။

မျက်နှာကလည်း ပတ်ခ်ရိုက်ထားခြင်း မရှိ ပေရေညစ်ပတ်လို့၊ တမင် စတန့်ထွင်ထားတယ် ဆိုတာ အသိသာကြီး။

“ကဲ ယံယံ မောင်သျှင်မင်းညိုအတွက် ထမင်းပွဲပြင်ချည်ကွယ်၊ အန်ကယ်လည် ရေချိုး လိုက်ဦးမယ်၊ မင်းတို့ မောင်နှမ စကားပြောရစ်ကြဦးနော် မောင်သျှင်မင်းညို”

“ဟုတ်ကဲ့ ခင်ဗျ”

ဖေဖေနှင့် မမယံ အလျှိုလျှို ထွက်သွားကြသည်။ တမင်ထားသွားသည်ဆိုတာ သိနေသည်မို့ ထိုလူကြီးကိုပဲ မျက်စောင်း ဖိထိုးမိ၏ ။

“ဟိတ် မင်းလည်း ရေချိုးသင့်တယ် ထင်တယ်၊ ညစ်ပတ်နေတာပဲ”

“အောင်မယ် ရေချိုးပြီးသား ဘာတွေ လာပြောနေတာလဲ၊ အလုပ်တွေ လုပ်ထားလို့ ဒီပုံ ဖြစ်နေတာ”

“ကိုယ့်အတွက် အပင်ပန်းခံပြီး ချက်ပြုတ်နေတယ်ပေါ့”

“ဝေးသေး အရေး မစိုက်လို့တောင် ရှင်ကြီးကို လာမကြိုတာပေါ့၊ ဒါလေးတောင် နားမလည်ဘူး လား”

“အင်း နောက်တော့ တဖြည်းဖြည်း နားလည်အောင် ကြိုးစားပါ့မယ်၊ ဒါနဲ့ မင်းခုချိန်ထိ ဆယ်တန်း မအောင်သေးဘူးဆို”

“အဲဒါ ဘာ ဖြစ်လဲ”

“ညံ့တာပေါ့ကွ ဟို အစားအသောက်လည်း မက်တယ်၊ ကစားရတာ ဆော့ရတာ လည်း မက်တယ်ဆို ဟုတ်လား”

သူ့ကို မျက်လုံးတစ်ချက် ပြူးကြည့်ပြီး နှုတ်ခမ်းက ရှေ့တစ်ထွာလောက် ထော်လာသည်။

“ဟုတ်တယ် အဲဒါ ဘာ ဖြစ်လဲ၊ ဒီထက်ပိုဆိုးတဲ့ အရည်အချင်းတွေ လည်း ပန်ပန်မှာ ရှိတယ်၊ လက်မထပ်နိုင်ဘူးဆိုရင် အခု ချက်ချင်း ပြန်သွားလို့ရတယ် ဦးသျှင်မင်းညို”

“နိုး နိုး မင်းကို လက်မထပ်ဘဲ ပြန်သွားရင် ဒယ်ဒီက ကိုယ့်ကို အမွေဖြတ်မှာ ပေါ့ကွ၊ ကိုယ် မင်းကို လက်ထပ်မှ ဖြစ်မှာ ”

“ဒါဆို ခင်ဗျားကြီး ပန်ပန်ကို မချုပ်ချယ်ရဘူး၊ ပန်ပန် ဘာလုပ်လုပ် ပိတ်ပင်တားဆီးတာတွေ မလုပ်ရဘူး၊ ပူဆာသမျှလည်း ဖေဖေ့လို အလိုလိုက်ပြီး အကုန်ဝယ်ပေးရမယ် ပြီးတော့”

“မကုန်သေးဘူးလား”

“အဲဒါ နည်းနည်း ပဲ ရှိသေးတယ်၊ နောက်အများ ကြီး”

“တော် ပြီကွာ မင်းက ကိုယ့်ထက် အငယ်မို့ လိုက်လျောရမယ်ဆိုပေမယ့် အတိုင်းအတာတော့ ရှိတယ်၊ အိမ်ထောင်သည် ဘဝ ရောက်သွားရင် မင်း ဖြစ်ချင်တာတွေ အကုန် ဖြစ်ချင်မှ ဖြစ်ရမယ်၊ အဲဒါ မင်းနားလည်ထား”

“အီးဟီးဟီး အဲဒါကြောင့် ပြောတာပေါ့ ယောက်ျားယူရင် အဲလိုတွေ ဖြစ်မယ်ဆိုတာ သိလို့ ယောက်ျားမယူချင်တာ၊ လူကိုပဲ ယောက်ျားဇွတ်အတင်း ပေးစားချင်နေတယ် မယူချင်ပါဘူး ဆိုမှ”

ပန်ပန်က ပြောရင်းဆိုရင်း အော်ငိုချသည်။ ပါးစပ်ပဲ လှမ်းပိတ်ရနိုးနိုးနှင့် သျှင်မင်းညို ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိ။ ဘိုးတော် က တစ်မျိုးထင်သွားလျှင် ဘယ်ကောင်းမလဲ။

“ဟိတ် ဟိတ် ကောင်မလေး ဘာလို့ အော်ငိုတာလဲ၊ မင်းကို ကိုယ် ဘာလုပ်လို့လဲ”

“ခင်ဗျားကြီးပဲ မင်း ဖြစ်ချင်တာတွေ ဖြစ်ချင်မှ ဖြစ်မယ်လို့ ဘာလို့ ပြောလဲ”

“ဟ ကိုယ်က ဥပမာ ပြောပြတာလေ၊ ကဲပါကွာ ဖြစ်ရစေမယ်၊ ဖြစ်ရစေမယ် တိတ်တိတ်၊ တော် ကြာ မင်းအဖေက ရောက်ရောက်ခြင်း သူ့သမီး ဘာတွေ နှိပ်စက်နေလဲလို့ ထင်နေဦးမယ်”

“ပြီးရော ဒါဆို ညနေကျ ခင်ဗျားနဲ့ပန်ပန် ဒိုးပစ်တမ်း ဆော့မယ်”

“ဘာ”

“ဘာလို့ အလန့်တကြား အော်တာလဲ၊ ဒိုးပစ်တယ်ဆိုတာ ပိုက်ဆံတွေ ကို သေချာခေါက်ပြီး ထောင်ပစ်တာ၊ ရှုံးတဲ့သူက ဘောလုံး ဂိုးဖမ်းရမယ်”

“ဟင်”

“မအံ့သြနဲ့လေ၊ ခင်ဗျားလာရင် အဖေက အပြင်ထွက် မဆော့ရဘူးဆိုလို့ ခင်ဗျားကို အဖော်စပ်နေတာ၊ မလုပ်ပေးနိုင်ဘူးဆိုရင် ခင်ဗျားနဲ့ မင်္ဂလာဆောင်တဲ့နေ့ကျ ပန်ပန် ထွက်ပြေးမှာ ပဲ”

“ဗုဒ္ဓေါ ဘုရားသခင် ကယ်ပါ”

အသံတိတ် ဘုရားတမိသည်။

ဒီလို မိန်းကလေးမျိုးကို သကောင့်သား သျှင်မင်းညို လက်ထပ်ရမည် တဲ့။ ဘယ်လို အကုသိုလ်ဂြိုဟ်ဆိုး ဝင်နေပြီမသိ။

ဒယ်ဒီ့ဆီသာ ကဆုန်ပေါက် ပြန်ပြေးလိုက်ချင်သည်။ ပြန်ပြေးလျှင်လည်း ဒီထက်ပိုဆိုးနိုင်၏ ။

“မင်း အဲဒီ မိန်းကလေးကို သည်းခံ အောင့်အီးပြီး လက်ထပ်ရမယ်၊ ဘယ်လို အပြစ်အနာ အဆာပဲ ရှိရှိ ခွင့်လွှတ်ပေးနိုင်ရမယ်။ ဒယ်ဒီတို့ လုပ်ငန်းကြီး သူ့အဖေကို လွှဲအပ်ထားရတဲ့ ကျေးဇူးတရား ဆိုတာ ရှိတယ်ကွ၊ လူဆိုတာ ကျေးဇူးတင်ထိုက်သူကို ကျေးဇူးတင်ရတယ်၊ အေး ငါ့စကား နားမထောင်ဘဲ တစ်ခုခု ဖြစ်တယ် ကြားကြည့် မင်းနဲ့ငါနဲ့ အတွေ့ ပဲ၊ အမွေဖြတ်ရုံမကဘူး၊ ငါ့သိက္ခာနဲ့ ငါ့အရှက်ကို အသက်နဲ့ လဲပစ်မယ်”

ဘာကြောင့် ရည်ရွယ်ချက်တွေ ပြင်းထန်နေရတာ လဲ။ သူ မေးကြည့်တော့ ကောင်မလေး အဖေက ဘေးကျပ်နံကျပ် ပြဿနာ တစ်ခုကြောင့် တောင်းပန်တိုးလျှိုး အကူအညီတောင်းလာလို့တဲ့၊ ပိုင်ဆိုင်သမျှ အမွေတွေ ကိုလည်း လွှဲပြောင်းပေးချင်တာတဲ့။

မက်မောလို့ မဟုတ်ပေမယ့် ကျေးဇူးကြီးမားလှသော ဒယ်ဒီ့ မေတ္တာတရားကိုတော့ ထောက်ထားရမည် ။

ဝဋ်ရှိသရွေ့ လည်စင်းပေးပေတော့ သျှင်မင်းညို။

* * * * ** * * * *




အခန်း (၆)

“ဟား ခင်ဗျား မညစ်ပတ်နဲ့လေ၊ ရှေ့ခြေတစ်လှမ်း စည်းခိုး နေပြီ”

“ကိုယ်ချည်းပဲ ရှုံးနေတာ၊ ဒီလောက်တော့ သည်းခံပေးပေါ့ကွ”

“အောင်မာ ခင်ဗျားညံ့လို့ ခင်းဗျား ရှုံးတာပေါ့၊ ကလေးကလား ဆော့နေတယ် ဆိုပေမယ့် စည်းကမ်းတော့ ထားရမှာ ပဲ၊ ခင်ဗျား လူကြီး ဖြစ်ပြီး မညစ်ပတ်နဲ့”

“အေး ကိုယ်က ပိုက်ဆံတွေ အများ ကြီးလည်း ရှုံးတယ်၊ ဂိုးလည်း ဖမ်းရဦးမယ်၊ တရား မျှတအောင် ခင်ဗျားဆိုတဲ့ နာမ်စား တစ်ခုခု ပြောင်းခေါ်ကွာ၊ နားထဲမှာ ကိုးလိုးကန့်လန့်နဲ့ ရိုင်းတယ်”

“အေးပါ ပိုက်ဆံတွေ အများ ကြီး နိုင်ထားပြီးပြီဆိုတော့ လိုက်လျောရမှာ ပေါ့၊ ခင်ဗျားက ပန်ပန်ထက် အသက်ကြီးတယ်၊ အဲဒီ တော့ အိုးပါးလို့ ခေါ်မယ်”

“ဟိတ် အိုးမပါးဘူး အိုးထူတယ်”

“အာ ကိုရီးယားလို အကိုလို့ ခေါ်နေတာ၊ မကြိုက်လည်း မခေါ်တော့ဘူး”

“အေး အေး ခေါ်ပါကွာ၊ မင်း ခေါ်တာ နားထောင်လို့ ကောင်းပါတယ် အိုးပါးနော်”

“အင်း ဟုတ်တယ် အဲဒါ အစ်ကိုလို့ ခေါ်တာပဲ”

“စမ်းခေါ်ကြည့်စမ်း”

“အိုးပါး”

အပေါ်နှုတ်ခမ်း အောက်နှုတ်ခမ်း ထိသလို မထိသလိုနှင့် ပန်ပန် ခေါ်ပုံလေးကို သဘောကျပြီး ဒိုးထုတာ လွဲသွားပြန်သည်။ ပန်ပန်က ခေါင်သိမ်း အကုန်မှန် ပွဲသိမ်းသွားပြန်၏ ။

သူ့လက်ထဲ ပါလာတဲ့ ရာတန်တွေ အကုန်ကုန်သွားတော့ အုတ်ခဲနှစ် လုံး ဟိုဘက်ဒီဘက် ထားပြီး ဘောလုံးဂိုးဖမ်းပေးဖို့ အလှည့် ကျရောက်လာ၏ ။

လေ့ကျင့်မှု တွေ များ လို့လား မသိ၊ ပန်ပန် ကန်ချက်တွေ က ပြင်းလှသည်။ တစ်ဂိုးဝင်လျှင် ငါးဆယ်ပေးရဦးမည် တဲ့၊ ဒယ်ဒီ ပေးလိုက် တဲ့ ဒေါ်လာတွေ အကုန် အကြွေလဲထားရမလို ဖြစ်နေသည်။

“အိုးပါး သေချာဖမ်းနော် ငါးဆယ် ငါးဆယ်”

“အိုးပါး ညာဘက်”

“အိုးပါး ဘယ်ဘက်”

အိုးပါး တစ်ခွန်းခေါ်တိုင်း တစ်ဂိုးဝင်သည်။ ဘယ်လိုအစွမ်းတွေ ပြနေသည်လဲ မသိ။

ဝင်းဝါ ဖြူဖွေးနေသော ခြေတံလှလှလေးနှင့် ဘောလုံး တစ်ခါ ကန်လိုက်တိုင်း တစ်ခါ ပေးမောမိ၍ ဂိုးတိုင်ထဲ ဘောလုံး ဝင်ဝင်သွားတာပဲ ဖြစ်မှာ ပါ။

ထိုနေ့က ပိုက်ဆံတွေ တော် တော် ကုန်သွားသည်။

ရင်းနှီးနွေးထွေးမှု နှင့် ပျော်ရွှင်ကြည်နူးမှု တွေ ဝယ်ယူလိုက်ရသည်ဟု သူ သဘောထားလိုက်၏ ။

အပြစ်ကင်း ရိုးသားဖြူစင်လှသော ပီတိ ကလေးငယ်လေး အတိုင်း။

“ကိုသျှင်မင်းညိုပါ ပန်ပန်နဲ့ ပေါင်းပြီး အရူးအပေါ် ဖြစ်တော့မယ် ထင်တယ် လေးလေး”

ခပ်လှမ်းလှမ်းကနေ ပန်ပန်နှင့် သျှင်မင်းညိုကို ကြည့်နေကြရင်း မြခြူးယံ နှုတ်က လွှတ်ခနဲ ထွက်သွားသည်။ ရင်းနှီးမှု ကို မမြင်လိုတာလား။ မကြည့်လိုတာလား ရင်ထဲမှာ ဘာမှန်းတော့ မသိ။

“ကောင်းတာပေါ့ ယံယံ၊ ဒါမှ လိုက်ဖက်မှာ ၊ သမီးလေး ပျော်တယ်ဆိုရင် လေးလေး စိတ်ချမ်းသာရတာ ပေါ့”

“လက်ထပ်ပြီးတဲ့အထိ အဲဒီ စိတ်တွေ မပျောက်ရင် အိမ်ထောင်ရေး ပျက်ပြားလိမ့်မယ် လေးလေ၊ ကိုသျှင်မင်းညို ဘယ်လောက်ထိ စိတ်ရှည်သည်းခံနိုင်မှာ လဲ၊ တကယ်ဆို ခုချိန်မှာ ပန်ပန် စိတ်တွေ အလေးအနက် မိန်းမ ပီပီသသ ဖြစ်နေရမှာ ”

“ဒါ ကတော့ ယံယံ ညီမလေးကို ယံယံ ပြောဆို နားသွင်းဆုံးမ ရမှာ ပေါ့ကွယ်၊ လေးလေးလည်း အတတ်နိုင်ဆုံး နားဝင်အောင် ပြောပါ့မယ်၊ မောင်သျှင်မင်းညိုကလည်း သဘောထား ပြည့်ဝမယ့်ပုံပါ၊ သူ့အဖေ မျက်နှာပျက်အောင် ဘယ်တော့မှ မလုပ်ဘူးလို့ လေးလေး ယုံကြည်တယ်၊ သမီးလေး ပန်ပန် ကံကောင်းမှာ ပါ”

မြခြူးယံ နှုတ်ဆိတ်သွားသည်။

ခြေလှမ်းတွေ ကလည်း ထိုမြင်းကွင်းကို မမြင်ရသည့် အိမ်မကြီးထဲကို ရွေ့လျားနေ၏ ။

ရင်ထဲမှာ ခိုးလို့ခုလုဖြင့် တဆစ်ဆစ် ကိုက်ခဲလာတာ ပန်ပန်ကို အားကျတာလား၊ မနာလို ဖြစ်နေမိတာလား။

အရာရာ ပြည့်စုံနေသော ဘဝမှာ မိန်းမ မပီသ၊ ရင့်ကျက်မှု မရှိတာတောင် အရေး တယူ လုပ်မယ့်သူက ရှိနေပြန်သည်။

သူမ ဘဝ ကတော့ ရေနည်းငါး။

အလှမွေးမယ့်သူ မရှိ။ မြစ်ထဲ ပင်လယ်ထဲကို တယုတယ ပြန်လွှတ်ပေးမယ့်သူ မရှိ။

* * * * ** * * * *


အခန်း (၇)


မှန်ပြတင်းပေါက်တွေ ကို ကာရံထားသော ဖြူလွလွ ခန်းဆီးလေးမှ တစ်ဆင့် မနက်ခင်းရဲ့ နေခြည်နုနု အလင်းရောင် ကြောင့် သျှင်မင်းညို အိပ်ရာမှ နိုးထလာခဲ့သည်။

အညောင်းအညာ ဆန့်ပြီး မျက်လုံးဖွင့်ကြည့်လိုက်သည်နှင့် သူ လက်ထပ်ရမည့်  ပန်တော် ဝင် တို့ အိမ်ပါလားဟု ချက်ချင်း အတွေး ရောက်၏ ။

မြန်မာပြည်ရဲ့ မနက်ခင်းတစ်ခုက သူ့စိတ်တွေ ကို ကြည်လင် လန်းဆန်းစေသည်။ ဟေမန္တ ရာသီ ဖြစ်ပေမယ့် အလွန်အကျွံ ချမ်းအေးနေတာ မဟုတ်၍ ရေမိုးချိုး အဝတ်အစားလဲပြီး သူ အောက်ထပ်ကို ဆင်းလာခဲ့၏ ။

“ဟော ကိုညို နိုးပြီလား၊ ဘရိတ်ဖတ် ဘာစားမလဲ”

“ရပါတယ် ရှိတာနဲ့ အဆင်ပြေသလို စားလို့ ဖြစ်ပါတယ်”

“မြန်မာပြည်က မုန့်ဟင်းခါး မစားရတာ ကြာပြီ မဟုတ်လား၊ ယံယံ ကတော့ မုန့်ဟင်းခါး ချက်ထားတယ်၊ ကိုညို စားတတ်ရင် စားပေါ့”

“ဟာ ကျွန်တော် မုန့်ဟင်းခါး အရမ်းကြိုက်တာ၊ အဲဒါ စားမယ် မြခြူးယံ၊ ဟို ငပွေးမလေးရော မနိုးသေးဘူးလား”

“ပန်ပန်လား ပန်ပန်က ဒီအချိန်နဲ့ အိပ်ရာ မထတတ်ဘူး၊ သူများ တွေ ရဲ့ နောက်ဆုံးမှ နိုးတတ်တာလေ၊ ဒါတောင် လေးလေး နဲ့ ယံယံ ကုမ္ပဏီမသွားခင် အိပ်ရာက နှိုးခဲ့ရတာ ၊ ခုတော့ ကိုညို ရှိနေတာနဲ့ သူ့သမီးလေးကို လေးလေး သွားနှိုးလေရဲ့ ၊ ဟင်း ဟင်း ပန်ပန်က အိပ်ပုတ်လည်း ကြီးတယ်”

“အရည်အချင်းတစ်ခု ထပ်သိရတာ ဝမ်းသာစရာပေါ့၊ ဟာ မုန့်ဟင်းခါးနံ့လေးက မွှေးနေတာပဲ၊ ကျွန်တော့် ထဲကို နံနံပင်ရော ထည့်ပေးနော် ယံယံ၊ ရှောက်သီးစိတ်လေးလည်း ညှစ်ပေးဦး၊ နှစ် ပန်းကန် သုံးပန်းကန်လောက် ဆွဲပစ်လိုက်မယ်”

ကလေးလေး တစ်ယောက် လို မြူးမြူးကြွကြွလေး ဖြစ်နေတဲ့ သျှင်မင်းညိုကို ကြည့်၍ အလိုလိုက် ဖြည့်ဆည်းပေးချင်တဲ့ အစ်မကြီး တစ်ယောက် လို မြခြူးယံ ပြုံးလိုက်သည်။

ကျကျနန ပြင်ဆင်၍ လည်း ကျွေးမိ၏ ။

“ဟို အန်ကယ်ရော စားပြီးပြီလား ဟင်၊ ကျွန်တော် က ဦးဦး ဖျားဖျား စားနေသလို ဖြစ်နေပြီလား မသိဘူး”

“မ ဖြစ်ပါဘူး ကိုညိုရယ်၊ လေးလေးက လမ်းလျှောက်ပြန်လာပြီးတာနဲ့ တစ်ခါတည်း စားလိုက်ပြီ၊ ယံယံကသာ ကိုညိုကို စောင့်နေတာ၊ ကိုညို အဖော်မရှိမှာ စိုးလို့”

မြခြူးယံက သူမအတွက် မုန့်တစ်ပွဲ ထပ်ပြင်ပြီး သျှင်မင်းညိုနှင့် မျက်နှာချင်းဆိုင် ခုံမှာ ထိုင်၍ စားသည်။

ထိုအချိန်မှာ ပန်တော် ဝင် ညအိပ်ဝတ်စုံ ဂါဝန်ပန်းရောင် လေးနှင့် သူတို့အနား ရောက် လာသည်။

“အိုးပါး အညာဆရော်”

“ဘာလဲ အညာဆရော် ဆိုတာ”

“အိုးပါးကလည်း အရမ်းပိန်းတာပဲ၊ ကိုရီးယားကားတွေ မကြည့်ဘူးလား၊ အညာဆရော် ဆိုတာ မင်္ဂလာပါလို့ နှုတ်ခွန်းဆက် တာပေါ့”

“ဟုတ်လား ဆောရီးပါ ခင်ဗျာ၊ ပြန်ပြီး နှုတ်ခွန်းဆက်ပါတယ်၊ ပန်တော် ဝင် အညာဆရော်”

“ခေါ်မတ်စမီးကား”

“လာပြန်ပြီ နောက်တစ်မျိုး”

“အိုးပါးကလည်း နောက်ဆို မှတ်ထားနော်၊ ခေါ်မတ်စမီးကား ဆိုတာ ကျေးဇူးတင်ပါတယ် တဲ့”

“ဟုတ်ကဲ့ နောက်ဆိုရင် လူကြီးလူကောင်း ပန်တော် ဝင်နဲ့ အတူတူ ကိုရီးယားကားတွေ ကြည့်ပေးပါ့မယ် ခင်ဗျာ”

“ခေါ်မတ်စမီးကား”

ဟု ပြောကာ သျှင်မင်းညိုနှင့် ကပ်ရက်ခုံမှာ ဝင်ထိုင်လိုက်သည်။

“မမယံ မုန့်ဟင်းခါး ချက်တာလား၊ ပန်ပန်က နန်းကြီးသုပ်ပဲ စားချင်တာ”

“ပန်ပန်လေးအတွက် သီးသန့် လုပ်ထားပါတယ်၊ မမယံ သုပ်လိုက်မယ်နော်၊ ခဏလေးစောင့်”

မြခြူးယံက ပန်တော် ဝင် အတွက် နန်းကြီးသုပ် သုပ်ပေးဖို့ မုန့်ဟင်းခါး စားနေရင်းက ထသွားသည်။ ပန်တော် ဝင်က သျှင်မင်းညိုကို ပခုံးချင်း တိုက်လိုက်ကာ

“အိုးပါး မုန့်ဟင်းခါး စားတယ်ဆိုတာ ငရုတ်သီးမှု န့် ထည့်စားမှ အင်္ဂါစုံတာ၊ အရသာကို ပီပီပြင်ပြင် သိရတာ ၊ ရော့ နည်း နည်း ထည့်စား”

“ဟာ ပန်ပန် ကိုယ် မစားနိုင်ဘူးကွ၊ ငရုတ်သီးစပ်မှာ ကြောက်တယ်”

“အာ ပန်ပန်က ငရုတ်သီးကို အသေကြိုက်တာ၊ ပန်ပန်ကို ယူမယ်ဆိုရင် ငရုတ်သီး စားနိုင်အောင် နည်းနည်း တော့ လေ့ကျင့်ထား ရမှာ ပေါ့၊ စားနော် အိုးပါး အိုးပါးက လိမ္မာပါတယ်”

ပါးစပ်ရှေ့မှာ ဇွတ်တိုး ထိုးပေးနေတော့ ငရုတ်သီးမှု န့်တွေ နှင့် နယ်ဖတ်ထားသော မုန့်ဟင်းခါး တွေ ကို မကြည့်ရဲသလို မျက်လုံး စုံမှိတ်ပြီး စားလိုက်ရသည်။

လျှာပေါ် ရောက်သွားသည်နှင့် ထွေးထုတ်ရမလို မျိုချရမလိုနှင့် မျက်နှာတပြင်လုံး နီရဲတွတ်လာကာ ဖျပ်ဖျပ်လူးနေသည်။

“အား အား စပ်တယ် စပ်တယ်၊ ပန်ပန် ရက်စက်တယ်ကွာ အား အောင်မယ်လေး သေပါပြီ”

“ဘီအားနယ် ဘီအားနယ် မမယံ ရေယူခဲ့ပါဦး၊ အိုးပါး အရမ်းစပ်နေပြီလား မမယံ ရေယူခဲ့ပါဦး၊ အိုးပါး မျက်နှာကြီးက ဘီလူး သံပုရာသီးစားတဲ့ ရုပ်ကြီး ပေါက်လာလို့ပါ”

သေဟဲ့ နန္ဒိယ၊ သူမ ကျွေးတဲ့ ငရုတ်သီး စားမိလို့ ရုပ်ပျက် ဆင်းပျက် ဖြစ်နေရတာ ကို ဘီလူး သံပုရာသီးစားတဲ့ ရုပ်တဲ့၊ မြခြူးယံ အပြေးအလွှားလာပြီး ရေတိုက်တော့မှ စပ်ဖျဉ်းဖျဉ်း ဖြစ်နေသော်လည်း လျှာကို ထုတ်ပြီး ယပ်ခတ်၍ နေသာထိုင်သာ ဖြစ်သွားသည်။

“ပန်ပန်ရယ် သူ ငရုတ်သီး မစားနိုင်တာကို ဘာလို့ သွားကျွေးရတာ လဲ၊ ကိုညို ရရဲ့ လား၊ ဒီငှက်ပျောသီးပါ စားလိုက်ဦး”

ပျာလောင်ခတ်နေသော မမယံနှင့် အ ဖြစ်သည်းနေသော သျှင်မင်းညိုကို ကြည့်၍ ပန်ပန် နှာခေါင်းရှုံ့ မျက်စောင်းထိုးလိုက်သည်။

“ဟွန်း ယောက်ျားကြီး ဖြစ်ပြီး ဒီလောက်တောင် ခံနိုင်ရည် မရှိဘူးလား၊ ပန်တော် ဝင်တို့ ဘယ်လို အားကိုးရပါ့၊ အိုးပါးတို့ ကတော့ တကတည်း အံ့ပါရဲ့ ”

မင်းကရော ဘယ်လောက် အရည်အချင်းတွေ နဲ့ ပြည့်စုံနေလို့လဲဟု ပိုးခနဲ ပက်ခနဲ အိုးနင်း ခွက်နင်း စွတ်ရွတ်ပြောပစ်လိုက် ချင်သော်လည်း ဒယ်ဒီ့စကားတွေ ကို ကြားယောင်ကာ မချိသွားဖြဲ ပြုံးပြလိုက်ရသည်။

“အစမို့လို့ပါ နောက်တော့ ငရုတ်သီး စားနိုင်အောင် ကိုယ် လေ့ကျင့်မှာ ပေါ့၊ အဆင်ပြေသွား မှာ ပါ ပန်ပန်ရဲ့ ၊ ဘီအားနယ်”

“သိသွားပြီလား”

“ခုနက ပန်ပန် တောင်းပန်ပါတယ်ဆိုတဲ့ စကားနဲ့ ရောပြောသွားတော့ အဲဒါ ဖြစ်ရမယ်လို့ တွေးလိုက်တာ၊ ဘီအားနယ် ဆိုတာ တောင်းပန်တာ မဟုတ်ဘူးလား”

“ဟုတ်တယ် အိုးပါးက တော် တယ်၊ ဒီနေ့ ပန်ပန်ကို ကစားကွင်း လိုက်ပို့”

“ဟာ ဒီနေ့ မင်္ဂလာဝတ်စုံတွေ ဝယ်ရမယ်လို့ အန်ကယ်က ပြောထားတယ်လေ၊ ကစားကွင်း သွားလို့ ဘယ် ဖြစ်မလဲ”

“အာ ပန်ပန် စိတ်မဝင်စားဘူး၊ မမယံ စီစဉ်ပေးလိမ့်မယ် နော် မမယံ၊ ဒီနေ့ ကုမ္ပဏီ မသွားနဲ့တော့၊ ပန်ပန်တို့အတွက် မင်္ဂလာဝတ်စုံ မမယံပဲ သွားဝယ်လိုက်တော့”

မြခြူးယံ ဘယ်လို ပြောရမည် လဲ၊ အသာအယာ ခေါင်းညိတ်ပြပြီး စားလက်စ မုန့်ဟင်းခါး ပန်းကန်ကို ဒီအတိုင်းထား၍ ဒေါ်သွယ်နှင့် မယ်တင်အတွက် မုန့်ဟင်းခါး ပြင်ပေးနေသလိုလို လုပ်ကာ ရှောင်နေလိုက်၏ ။

မြင်မြင်ချင်း ချစ်လို့ ပန်ပန်ကို အလိုလိုက် နားလည်ပေးနေခြင်းလားဟု သျှင်မင်းညိုကို မေးကြည့်လိုက်ချင်သည်။ ငြိုငြင်မှု မရှိ။ အပြစ်မမြင် လိုက်လျောနွေးထွေးမှု တွေ နှင့် အံ့သြစရာတောင် ကောင်းနေသည်။

ဒါတွေ ကို မြခြူးယံ ဆိုတဲ့ သူမက ဘာလို့ မရရတာ လဲ။

မိဘမဲ့လို့လား၊ အခြေအနေချင်း မတူလို့လား၊ ကံကြမ္မာ မကောင်းလို့ဆိုတာ ကတော့ သေချာပါသည်။

စားပွဲဝိုင်းက ရယ်သံလွင်လွင်တို့က နားထဲကို ခါးသက်စွာ ခလုတ်တိုက် တိုးခွေ့ဝင်လာသည်။

သူတို့တွေ အတွက် မင်္ဂလာဝတ်စုံ ဝယ်ဖို့ အကြောင်းပြချက်နှင့် ထွက်လာခဲ့၏ ။

အပြင်ကို ရောက်သည်နှင့် အေးစက်သော လေပြည်နုနုကို တစ်ရှိုက်ရှူသွင်းလိုက်သော်လည်း သူမ ရင်ကို မလန်းဆန်းစေနိုင်။

အဲဒါ ဘာကြောင့် လဲ။

* * * * ** * * * *




ဝန်ဇင်းချစ်သူများ လုံမ ၏ “ အခမဲ့ ရင်ပြင် ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


စိတ်မျှော်စင်

ရှိုက်သံကင်းမဲ့ဇုန်

အနမ်းများနှင့် ရှေ့ ဆက်ခွင့်ပြုပါ