Cover

အခန်း(၁)

လုံမ

ရှိုက်သံကင်းမဲ့ဇုန်

အခန်း(၁)

“ဟယ် ချောလိုက်တာဟယ်၊ ကိုရီးယားမင်းသားလေးကျနေတာပဲ”

“ယောက်ျားပီပီသသ ခန့်ညားတာပါဟဲ့။ နှုတ်ခမ်းမွှေး၊ ပါးသိုင်းမွှေးတွေ က ရိတ်သင်ထား တာလည်းမဟုတ်၊ ပေါက်နေတာလည်းမဟုတ်ဘဲနဲ့ အရာလေးတွေ ထင်ပြီး စိမ်းမြမြလေး ဖြစ်နေ တာ”

“ဆံပင်လေးက ပိုဆွဲဆောင်မှု ရှိတာဟဲ့။ ခုခေတ်ကောင်လေးတစ်ချို့လို ဂျယ်ထောင်တာ လည်းမဟုတ်ဘူး။ ပျော့ပျော့စင်းစင်းလေးနဲ့ ရွှေအိုရောင် လေး ။ ချစ်သူတော် ခွင့်ရရင် တစ်နေကုန် ထိုင်ပြီး ကြည့်ချင်တယ်”

“တို့ ကတော့ သူလေးနဲ့သာ နဖူးစာဖက်လိုက်ရရင် ခု ချက်ချင်း တောင် အပျိုစင်ဘ၀ကို ရှော့လိုက်ပါတယ်”

“…………….”

“ဗုန်း”

တော် တော် နားကြားပြင်းကတ်နေပြီမို့ စားပွဲခုံကို ယနေသွန်းဗုန်းခနဲ လက်သီးဆုပ်လေးနှင့် ထုပစ်လိုက်သည်။ ဒါလီနှင့် မိမျိုးက ပြိုင်တူ မျက်ခုံးပင့်ကြည့်၏ ။

“ဘာ ဖြစ်တာလဲသွန်း”

“အေးလေ စားနေသောက်နေရင်းနဲ့ ဘာတွေ အစာမကြေထ ဖြစ်တာလဲ”

“နင်တို့မကြားဘူးလား၊ ဟိုဘက်ဝိုင်းက မိန်းမတွေ ယောက်ျားလေး တစ်ယောက် ကို မမြင်ဘူး။ မတွေ့ ဘူးသလို ၀ိုင်းကြွေနေကြတာ”

“ဟယ် သူတို့မပြောနဲ့ တစ်ကျောင်းလုံးက မိန်းကလေးတွေ ယောနသံကို အသေရရ အရှင် ရရ ဆွဲစားချင်နေကြတာ ထူးဆန်းလို့လား”

“ဘာ နာမည် က ဘယ်လို”

“ယောနသံ နားအဖျားလေးမှာ နသံသီးလို အသီးလေးပါလို့ မိဘတွေ က အဲဒီ နာမည် ပေး ထားတာနေမှာ ပေါ့။ နင်နဲ့ ခပ်ဆင်ဆင်ပဲနော်၊ ဟိုက ယောနသံ၊ နင်က ယနေသွန်း”

“ဘာဆိုင်လဲ စိတ်မ၀င်စားဘူး”

“နင်စိတ်ဝင်စားလို့လည်း မရပါဘူး။ ဟိုက ဘယ်မိန်းကလေးမှ အထင်မကြီးတာတဲ့ ၊ အရော တ၀င်လည်းမရှိဘူး။ တစ်သီးတစ်သန့် နေတာ။ ဒါကြောင့် အားလုံး သည်းသည်းလှုပ် နေကြတာပေါ့”

ဒါလီ့အပြောကြောင့် ချောင်ကျကျ စားပွဲဝိုင်းမှာ သူငယ်ချင်း တစ်ယောက် နှင့် ထမင်းဘူးဖွင့် စားနေသော ယောနသံဆီ မျက်လုံးတစ်ချက် ဝေ့ကြည့်ကာ နှာခေါင်းရှုံ့လိုက်မိ၏ ။

“ဟွန်း ကျောင်းကန်တင်းမှာ ထမင်းဘူးနဲ့ စားနေပြီဆိုကတည်းက ရေလျှံတဲ့ အသိုင်းအ၀န်း ကတော့ မ ဖြစ်နိုင်ဘူး ။ ဘာအထင်ကြီးစရာရှိလို့လဲ။ သူ့ကိုယ်သူ ဘ၀င်လေဟပ်နေတာပဲ ဖြစ်မှာ ပါ”

“ဒီကျောင်းကို တက်နေတာလည်း ဆင်းရဲနုံချာတဲ့ အဆင့်အတန်းတော့ မ ဖြစ်နိုင်ဘူးလေ။ သတင်းအရတော့ မကွေးတက္ကသိုလ်ကနေပြောင်းလာတာတဲ့ ။ သူ့အဖေက ၀န်ထမ်းဆိုတော့ ရာထူးတိုးနဲ့ ရန်ကုန်ကို ရောက်လာကြတာဆိုပဲ အဖေတစ်ခု သားတစ်ခုနဲ့ အဆင်ပြေပြေပါပဲ”

ဒီလောက် ခရေစေ့တွင်းကျ ပြောပြနေသော ဒါလီ့ကို ယနေသွန်းအံ့သြနေမိသည်။ သူမတောင် ခုမှ မျက်မှန်းတန်းမိ သတိထားမိသော ယောက်ျား တစ်ယောက် အကြောင်း ဒါလီက နှိုက်နှိုက်ချွတ်ချွတ် ဘာကြောင့် သိနေရတာ လဲ။

အစားအသောက် မက်သော မိမျိုးကလည်း ယောနသံဆိုတဲ့ လူဆီကိုသာ အာသာငမ်းငမ်း မျက်လုံးကြီးတွေ ကျွတ်ကျမတတ် ငေးမောနေ၏ ။

“စိတ်မ၀င်စားဘူးဆိုပြီး ငါဘာကြောင့် ယောနသံအကြောင်းသိနေလဲဆိုတာ အံ့သြနေတယ် မဟုတ်လား”

ခေါင်းယမ်းဖို့ပြင်ပြီးမှ ယနေသွန်း ဒီအတိုင်း ငြိမ်နေလိုက်သည်။ အလေးအနက် မဟုတ်ပေ မယ့် ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ဆိုတော့ ပျားပိတုံးတို့နှင့် ဆော့ကစားနေသော သူမအတွက် ကဗျာ တစ်ပုဒ် ဖြစ်လာနိုင်သည် မဟုတ်လား။ ဒါလီက ဆီချက်ပန်းကန်ကို တစ်ဖက်တိုးရွှေ့ကာ

“အခု ယောနသံနဲ့ မျက်နှာချင်းဆိုင် ထိုင်စားနေတဲ့ သူငယ်ချင်းက ငါ့မောင်ဝမ်းကွဲရဲ့ ဘော်ဒါလေ။ အကြောင်းသိ ဓာတ်သိပေါ့။ သူတို့ သားအဖနှစ် ယောက် လုံး စိတ်ရင်းစေတနာ ကောင်းတယ်တဲ့။ အစိုးရ၀န်ထမ်း ဖြစ်တော့ နေမှု ထိုင်မှု ရိုးသားအေးဆေးတယ်။ ပတ်ဝန်းကျင်အရှုပ် အရှင်းကင်းတယ်တဲ့လေ”

“ကြီးကျယ်တာလည်း ဖြစ်နိုင်ပါတယ်။ ပုံစံကြည့်ပါလား။ တစ်လောကလုံး သူ့လုပ်စာ ထိုင် စားနေတဲ့ အတိုင်းပဲ။ မျက်နှာကျောကလည်း တင်း၊ ဘေးဘီဝဲယာကိုလည်း ဂရုမစိုက်”

မကျေမနပ် ရေရွတ်မိရင်း မျက်ဝန်းအကြည့်က ဝေ့ခနဲ ထိုနေရာကို ရောက်သွားပြန်သည်။

ကန်တင်းထဲမှာ စုဝေးရောက်ရှိနေသော မိန်းကလေး တချို့ အကြည့်ကလည်း ယောနသံ ဆီမှာ တရစ်ဝဲ၀ဲ။

“ယောက်ျားတန်မဲ့ အသားအရေလှတာ၊ စိုရဲနေတဲ့ နှုတ်ခမ်းလေးက စွဲဆောင်မှု ရှိတာ။ ၀တ် စားနေထိုင်မှု စတိုင်ကျတာ။ အဲဒါတွေ ကိုတော့ နင်မငြင်းနိုင်ဘူး မဟုတ်လား”

“အေး ဟုတ်တယ် ဟုတ်တယ်ဟဲ့ ဘယ်နေရာက ကြည့်ကြည့် စမတ်ကျ စတိုင်မိတာကိုက သူ့ရဲ့ ကိုယ်ပိုင်ဟန်ပဲ။ ယောက်ျားချင်းတောင် နှစ် ခါပြန် လှည့်ကြည့်ရတယ်ဆိုတာ ဖြစ်နိုင်တယ်”

မိမျိုးက အငမ်းမရ ၀င်ပြောသည်။ အသံက ခပ်ကျယ်ကျယ်မို့ တခြားစားပွဲဝိုင်းက ကျောင်း သူ၊ ကျောင်းသားတွေ တောင် သူမတို့ဝိုင်းကို လည်ပြန်လှည့်ကြည့်ကြသည်။

“အရူးမ၊ အဲလောက် ကျယ်ရသလား”

“ဒေါက်”

“အားလာလာ လက်သံ အဲလောက် ပြင်းရလား သွန်းရဲ့ ၊ ငါ့အ ဖြစ်ကို မမြင်ရက်လို့ မင်းသား လေးက ငါ့အနား ကြွလာရင် နင်မငိုနဲ့ နော်”

“အောင်မာ ငါက ဘာလို့ ငိုရမှာ လဲ။ ယောက်ျား တစ်ယောက် အတွက် တန်ဖိုးရှိတဲ့ ငါ့မျက် ရည်တွေ အလကားအ ဖြစ် ခံစရာလား”

“နင်အပြောမကြီးနဲ့ သွန်း၊ ယောက်ျားတွေ က နင့်အလှမှာ ခံစားချင်လို့ ဒူးထောက်အရှုံးပေး တာကို နင် ခေါင်းမော့ရင်ကော့ လက်မထောင်နိုင်ပေမယ့် ယောနသံလို လူမျိုးနဲ့တွေ့ ရင် နင် ငုတ် တုတ်မေ့ ထိုင်ငိုသွားနိုင်တယ်နော်”

ဒါလီအပြောကို နှုတ်ခမ်းပါးလေး ကွေးညွတ်သွားအောင် ယနေသွန်း လှောင်ရယ်ပစ်လိုက် သည်။

“ယနေသွန်းဆိုတဲ့ မိန်းမကို စိန်ခေါ်နေတာလား။ ခြိမ်းခြောက်နေတာလား။ ဒါလီ။ ယောနသံက ဘာသားနဲ့ထုထားတဲ့ ယောက်ျားမို့လဲ။ ဘယ်ယောက်ျားမှ မိန်းမနဲ့ မကင်းပါဘူးဟာ။ ရဟန္တာတောင် မိန်းမကြောင့် ဈာန်လျောရတာ နင်ကြားဖူးတယ် မဟုတ်လား”

“ယောက်ျားတိုင်း၊ ရဟန္တာ မဟုတ်ဘူးဆိုတာတော့ နင်လက်ခံရမယ် သွန်း ဟိုမှာ ကြည့်”

ဒါလီက ယောနသံကို စားပွဲဝိုင်းကို မေးငေါ့ပြသည်။ သူမက မင်သေသေ လက်ပိုက်ကာ မျက်လုံးစွေကြည့်လိုက်၏ ။

“ဟင်”

သူမ ဟင် ခနဲ ဖြစ်သွားအောင် မြင်ကွင်းက အံ့သြစရာ ကောင်းနေသည်။

ဆံပင်ခပ်တိုတို ဖန်စီပစ္စည်းတွေ တစ်ကိုယ်လုံး ရှုပ်ယှက်ခတ်နေသော ကောင်မလေးက ခပ်ကြောင်ကြောင်နှင့် ယောနသံကို အော်တိုရေး ခိုင်းနေ၏ ။

ယောနသံက မော့မကြည့်ဘဲ သူ့ထမင်းဘူးတွေ သိမ်းဆည်းလျက် နေရာက ခပ်တည်တည် လှည့်ထွက်သွားသည်။ ကောင်မလေးက မျက်နှာလေး ညှိုးငယ်ကာ သူငယ်ချင်းတွေ ရဲ့ လှောင် ပြောင်ခြင်းကို ခံလိုက်ရ၏ ။

“တောက်”

ကောင်မလေး ကိုယ်စား ကျွတ်ကျဲသွားကာ စပ်ဖျဉ်းဖျဉ်းခံစားလိုက်ရသည်။

အလိုက်ကမ်းဆိုးမသိ အားနာမှု မရှိ ဘယ်လိုယောက်ျားမျိုးလဲ။

သူ့ကိုယ်သူ ဘ၀င်လေဟပ်ပြီး အထာကိုင်သွားတာ။

“အဲလို အကြောတင်းတဲ့ ယောက်ျားမျိုး ယနေသွန်း ရှေ့မှာ မျက်ရည်အ၀ဲသားနဲ့ ခံစားလာ မယ်ဆိုရင် နင်ဘယ်လို လောင်းကြေးထပ်မလဲ ဒါလီ”

“ဟင်”

“ဘာ”

ဒါလီနှင့် မိမျိုးဆီက အာမေဍိတ်သံက ထိတ်လန့်တုန်လှုပ်သွားတာ မဟုတ်ဘဲ မယုံမရဲ စိုးရိမ်သွားခဲ့ခြင်းပင်။

ချည်းကပ်လာသမျှ ယောက်ျားတိုင်းကို အပျင်းပြေ ဂိမ်းဆော့သလောက်သာ သဘောထား တတ်သော ယနေသွန်းဆီမှာ နည်းပရိယာယ်အမျိုးမျိုးနှင့် မာယာတွေ ပြည့်နှက်နေသည်။

စိန်ခေါ်မှု မဟုတ်ဘဲနဲ့တောင် အနိုင်ရမှ ကျေနပ်တတ်သူ၊ အပြစ်မဲ့တဲ့ ယောနသံက ယနေသွန်းရဲ့ သားကောင်မ ဖြစ်သင့်။

“ဘာလဲ ငါရှုံးမယ် ထင်လို့လား။ ယောနသံ ကျရှုံးမှာ ကို မကြည့်ရက်လို့လား”

“မဟုတ်ပါဘူး ပညာရေး တစ်ခုပဲ အာရုံစိုက်နေတဲ့ ယောနသံ စိတ်အနှောက်အယှက် ဖြစ်သွားမလားလို့ပါ။ ကိုယ်နဲ့မဆိုင်ပေမယ့် နင့်ဇကို သိနေတော့”

“ဟင်း ဟင်း မိန်းမ တစ်ယောက် ရဲ့ အစွမ်းအစကို သူသိသွားသင့်တယ် ထင်တယ်။ မိန်းမ တွေ က သူအဖက်မလုပ် အဖိုးမတန် ဥပေက္ခာပြုသင့်တဲ့သူတွေ မဟုတ်ဘူးဆိုတာ နည်းနည်း သဘောပေါက်ရုံလေးပါ”

ဘာကိုမှ ဂရုမစိုက်သလို ခပ်မျှဉ်းမျှဉ်း ရယ်သွမ်းသွေးလိုက်သည်။

ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့်နှင့် ခြေတစ်လှမ်းစဖို့ တိုက်စစ်ဆင်လိုက်၏ ။

ရှင်ပြေးမလွတ်တော့ဘူး ယောနသံ။

•••

အခန်း(၂)

အခန်း(၂)

ကြိမ်းဝါးခဲ့တဲ့အတိုင်း နောက်တစ်နေ့မှာ ကျောင်းဖယ်ရီကားပေါ်က ဆင်းလာမယ့် ယောနသံကို သူမအချိန်ကုန်ခံပြီး စောင့်နေလိုက်သည်။

သူမ ကားလေး ကတော့ ကားပါကင်မှာ ခန့်ညားစွာ နေရာယူလို့

“ဟာ”

“အင့်”

“အို”

အာမေဍိတ်သံ စုံလင်စွာ ဖြင့် သူမ တမင်တကာ ယောနသံနှင့် ပစ်တိုက်မိအောင် ဖန်တီး လိုက်သည်။

ကြိုတင်လှီးဖြတ်ထားသော ခွာမြင့် ဖိနပ်လေးက ရုပ်ပျက်ဆင်းပျက် ပြတ်တောက်လျက်

“ဆောရီး”

တစ်ခွန်းတည်းသော စကားကို ၀တ္တရားကျေ တာဝန်မဲ့စွာ ပျာယီးပျာယာ ထားပစ်ခဲ့ရင်း လှည့်ထွက်သွားတဲ့ ယောနသံ လွယ်အိတ်ကြိုးစကို သူမဆောင့်ခနဲ ဆွဲပစ်လိုက်သည်။

“ဟိတ် ဘာလုပ်တာလဲ မင်း”

“ရှင် မမြင်ဘူးလား။ ဒီမှာ ရှင်နဲ့ တိုက်မိလို့ ကျွန်မ ပစ်လဲကျတယ်။ ဖိနပ်လည်း ပြတ်သွား တယ်။ ဒါကို ဆောရီးတစ်လုံးနဲ့ ကျွန်မက ကျေနပ်လိုက်ရမှာ လား”

“မတတ်နိုင်ဘူးလေ။ ငါတမင်တကာ လုပ်တာမှ မဟုတ်တာ”

“ရှင်အဲလို တာဝန်မဲ့စကား မပြောနဲ့လေ။ ကျောင်းသား အချင်းချင်း စာနာစိတ်တော့ ရှိဦးမှ ပေါ့။ ခြေဗလာနဲ့ ကျောင်းထဲကို ကျွန်မ ဘယ်လိုသွားမလဲ”

ကတ်ကတ်လန် ရန်တွေ့ တာမျိုး၊ မဟုတ်ဘဲ အချိန်ဆွဲ ရှင်းပြနေသော ကောင်မလေးကို ယောနသံ ခြေဆုံးခေါင်းဆုံး တစ်ချက်ကြည့်၍ မျက်မှော င်ကြုတ်လိုက်မိသည်။

ဖိနပ်ပြတ်သွားလို့ ရှက်ရွံ့နေတာလည်းမဟုတ်။ လူချင်းတိုက်မိလို့ ပစ်လဲသွားတာလည်း နာကျင်ပုံမရှိ။ ဒီလို ထွင်လုံးတွေ ရိုးနေပြီလို့ ပြောလိုက်ရင် ဘာ ဖြစ်သွားနိုင်သလဲ။

“ငါ့အတန်းချိန် နီးနေပြီ။ မင်းကိစ္စကို ငါမဖြေရှင်းပေးနိုင်ဘူး။ ရုပ်ရှင်တွေ ထဲကလို ဖိနပ်ပြေး ၀ယ်ပေးဖို့ ငါ့မှာ ပိုက်ဆံအပိုလည်း မပါဘူး။ အဲဒီ တော့ ငါ့လွယ်အိတ်ကြိုးစကို ကိုင်ထားတဲ့ မင်းရဲ့ လက်တွေ လွှတ်လိုက်ပါ”

“ဘာ”

ပြောပုံက ရင့်ရင့်သီးသီး၊ မာနကြောင့် သူမရဲ့ ဘာသံက တော် တော် ကျယ်လောင်မာဆက် ပြတ်တောက်နေပေလိမ့်မည် ။

ရှေ့ဆက်ရန်သာ မရှိဘူးဆိုလျှင် ဒီနေရာမှာ ပါးရိုက်ပွဲ ဖြစ်သွားနိုင်သည်။

ခုတော့

“ရှင့်မှာ ပိုက်ဆံမပါလည်း ကျွန်မ ပိုက်ဆံနဲ့ဆိုင်တစ်ဆိုင်က ဖိနပ်တစ်ရံလောက် သွားဝယ် ပေးပါလား။ ကျွန်မ ဒီအတိုင်းကြီး လမ်းမလျှောက်ရဲလို့”

“မိန်းမ တစ်ယောက် အတွက် ဖိနပ်ဝယ်ပေးဖို့ ငါစိတ်မ၀င်စားဘူး။ ဒီထက်ပိုပြီး အရှေ့မှာ ဒုက္ခရောက်နေလည်း ငါလျစ်လှူရှုထားမိမှာ အမှန်ပဲ။ နောက်လည်း ဒီအတိုင်းပဲဆိုတာ မင်းမမေ့နဲ့”

သူ့လွယ်အိတ်ကြိုးစကို ခပ်တင်းတင်း ဆောင့်ခနဲ ဆွဲကာ ခြေလှမ်းကျဲကြီးများ နှင့် ယောနသံ လှည့်ထွက်သွားသည်။

“တောက်”

ရှက်စိတ်ထက် ခံပြင်းစိတ်က ပိုကာ သူမတက်ခေါက်သံက ပြင်းထန်လွန်းသွားခဲ့သည် ထင်၏ ။

တစ်ကျောင်းလုံးမှာ တစ်ယောက် တစ်မျိုးစီ နာမည် ကြီးကြသော သူမတို့နှစ် ယောက် ကို ကွက်ကြည့်ကွက်ကြည့် လုပ်နေကြတဲ့ ကျောင်းသားတွေ နောက်ကို ရှဲသွားကြ၏ ။

ယောနသံက ဒီလို လူစားတဲ့လား။

ယနေသွန်း ဘယ်လိုမိန်းမလဲဆိုတာ မသိသေးလို့ ဖြစ်မှာ ပါ။

ဖိနပ်ပြတ်ကို ခပ်ဝေးဝေးရောက်အောင် လွှဲယမ်းပစ်လိုက်ကာ ကားပေါ်မှာ အဆင်သင့် ဆောင်ခဲ့တဲ့ အနီရောင် ခွာမြင့် ဖိနပ်လေးကို ယူစီးလိုက်ရသည်။

ခပ်ကြောင်ကြောင် အလုပ် ဖြစ်ပေမယ့် နိဒါန်းအစပဲ ရှိပါသေးတယ် ယောနသံ။

ကန်တင်းကို ရောက်တော့ အတန်းမတက်ဘဲ သူမအလာကို စောင့်နေကြတဲ့ ဒါလီနှင့် မိမျိုး က အောင်မြင်လား ဆိုသည့်သဘောနှင့် သူမကို လက်မထောင်ပြီး မျက်ခုံးပင့်မေးမြန်းကြသည်။

သူမ ခပ်မိန့်မိန့်မဲ့ပြုံးနှင့် ခုံမှာ ၀င်ထိုင်လိုက်သည်။

“အဲလောက် လွယ်နေရင် ပျင်းစရာကောင်းတာပေါ့ဟာ”

“ဒါဆို နင်အရှုံးပေးလာခဲ့ရတာ ပေါ့”

ထိုစကားကိုတော့ ယနေသွန်း လက်မခံနိုင်။

ယနေသွန်းရဲ့ ရာဇ၀င်မှာ အရှုံးဆိုတာ ရှိခဲ့ဖူးလို့လား။ လိုတရ ပြည့်စုံကြွယ်ဝမှု တွေ နှင့် မာမီက အရာရာ ဖန်တီးပေးထားသည်။

အလှအပမှာ လည်း မာမီ့ထက် မသာခဲ့ပေမယ့်

“သားအမိနှစ် ယောက် က တစ်ယောက် တစ်မျိုးစီ လှကြတာ ။ ညီအစ်မမှတ်ရတယ်။ ဘယ်လို ရှေးရေစက်ကြောင့် ဆုတောင်းကောင်းခဲ့ကြတာလဲ။ ဥစ္စာပေါ၊ ရုပ်ချော၊ ပညာတတ် အဆင့်အတန်းမြင့် ပြည့်စုံတဲ့ တော် လေး၀၀င်တွေ ပါပဲ”

မာမီ့မိတ်ဆွေ တချို့နှင့် သူမ သူငယ်ချင်းတွေ က ထိုသို့ ဝေဖန်ချီးမွမ်းခံရတဲ့အထိ သူမတို့ သားအမိက ထင်ပေါ်ကျော်ကြားခဲ့သည်။

ဒါကြောင့် လည်း ထိုဂုဏ်ပကာသန အလှအပတွေ အားကိုးနှင့် သူမတို့ သားအမိနှစ် ယောက် လုံး မာနကြီးခဲ့ကြ၏ ။ မာမီအနားမှာ အခုအရွယ်အထိ ဂုဏ်ဒြပ်မြင့်တဲ့ ပုရိသတွေ ၀ိုင်းဝိုင်း လည်နေသလို သူမအနားမှာ လည်း အလွှာစုံက ယောက်ျားလေးတွေ ခစားချင်ကြတာ မနည်း မနော။

ဒါပေမယ့် ရည်းစားသက်စေ့ ဆိုတဲ့ ခပ်ပေါ့ပေါ့အခြေအနေမျိုးနှင့်သူမအချိန်မကုန်တတ်။

သူမတို့လို အရာရာပြည့်စုံတဲ့ ယောက်ျားလေး တစ်ယောက် နှင့် တွဲ ကြည့်သည်။ အဆင်မပြေ လျှင် အချိုသပ်ပြီး ရှောင်တိမ်းပစ်တတ်၏ ။

ဒါကို အသည်းစား ကဝေမ၊ အသည်းခွဲ ဘုရင်မ ဟု သူမကို ကွယ်ရာမှာ သမုတ်ကြသည်။

သူမ ဂရုစိုက်စရာလိုသလား။ ဆင်ခြင် ထိန်းသိမ်းသင့်သလား။

ဘယ်မိန်းကလေးက ရည်းစားစကား အရင်ပြောပြီး ချစ်ခွင့်ပန်တယ်လို့ ကြားဖူးလို့လဲ။

ချည်းကပ်လာတဲ့ ယောက်ျားတွေ ကိုရော ကိုယ်က မနှစ်သက် လျှင် ငြင်းပယ်တိမ်းရှောင်ခွင့် မရှိရတော့ဘူးလား။

သူတို့ဆန္ဒတစ်ခုကိုသာ ဦးစားပေးတတ်သော ယောက်ျားတွေ ကို မာမီ့နည်းတူ သူမလည်း အထင်မကြီးတတ်။

“ယောက်ျားတွေ က မိန်းမတွေ ကို ဦးစားပေးရမှာ သိပ်ကြောက်တတ်ကြတယ် သမီး။ သူတို့ ဆန္ဒကို ရှေ့တန်းတင်ပြီး မိန်းမတွေ ကိုတော့ သူတို့ရဲ့ အဖြည့်ခံလို့သာ သဘောထားချင်ကြတယ်။ လူ အချင်းချင်း မိန်းမတွေ က သူတို့လောက် အဖိုးမတန်ဘူးတဲ့လား ။ ယောက်ျားတွေ နဲ့ ရင်ပေါင် တန်းလာတဲ့ မိန်းမတွေ ရဲ့ ခေတ်တစ်ခေတ်ဆိုတာ မရှိရတော့ဘူးလား”

နာကြည်းစရာ အတိတ်တစ်ခုကို မာမီ သတိရတိုင်း ထိုစကားမျိုးတွေ ရင်ဖွင့်တတ်သည်။ အလေ့အကျင့်လို နားထောင်လာခဲ့ရသည့် သူမသည်လည်း ယောက်ျားတွေ ကို လေးစား၊ အထင် ကြီးဖို့ ဘယ်တော့မှ စိတ်မကူးခဲ့။

မာမီကို ချစ်သော စိတ်က မာမီ့စကားတွေ မှန်နေသည်ဟု ယုံကြည်ခဲ့သည်။

နှင်းဆီမှာ ဆူးဆိုတာ သူ့သဘာဝအတိုင်း။

အကိုင်မတတ်လို့ ဆူးစူးတဲ့အခါ နှင်းဆီဆူးမှာ အပြစ်ရှိသလား။ ကိုင်တဲ့သူမှာ အပြစ်ရှိသ လား။

ကိုယ့်ကိုယ်ကို မဆန်းစစ်ဘဲ အပြစ်မြင်တတ်တာ ယောက်ျားတွေ ရဲ့ အကျင့်စရိုက်လား။

ဘာပဲ ဖြစ် ဖြစ် သူမ ကတော့ ယောက်ျားတွေ ကို အရှုံးမပေးနိုင်ပါ။ အချစ်ဆိုတာလည်း သူမ ရင်ထဲ ကိန်းအောင်းလာတော့မည် မထင်။

ဒါဟာ မာမီ့ရဲ့ အသွေးအသားတွေ ထဲက စီးမျောမှု အတိုင်း သူမ …………..။

•••

အခန်း(၃)

အခန်း(၃)

“အဲဒါကို မင်းယုံလား သက်တင်”

“မယုံပေမယ့် တခြား မိန်းကလေးတွေ လို ပုံပြင်လာပြောတယ်လို့ ပြောရမှာ လည်း ခက် တယ်ကွ၊ ယနေသွန်းဆိုတဲ့ မိန်းကလေးက ယောက်ျားလေးတွေ ကို ကဗျာတစ်ပုဒ်လို အထူးအဆန်း မခံစားတတ်ဘူး။ ကြာရှည်အနားကပ်မခံလို့ တဖုတ်ဖုတ်ကြွေကျသွားတဲ့ ကောင်တွေ လည်း ဒုနဲ့ဒေး ပဲ။ မင်းရောက်မလာခင် ဖက်(စ်)ရီးယားကတည်းက ယနေသွန်းက အလှနဲ့ ပြုစားတဲ့ နေရာမှာ နာမည် ကြီးကွ။ ရုပ်လည်းလှတယ်၊ ငွေကြေးလည်း ချမ်းသာကြွယ်ဝတော့ ဘာမှ ဂရုမစိုက်တတ် ဘူး”

သဘောကျလို့ မဟုတ်ပေမယ့် သွားမပေါ်ဘဲ နှုတ်ခမ်းလေးလှုပ်ရုံ ယောနသံ ရယ်လိုက်မိ သည်။

မနက်က အ ဖြစ်အပျက်တစ်ခုမှာ သူမရဲ့ မာယာတွေ မဟုတ်ပါဘူးလို့ ယောနသံ ယုံကြည် လို့မရ။

မာနကြီးတဲ့ မိန်းကလေးက စိတ်မဆိုးတတ်တာ ဘာကြောင့် ဖြစ်နိုင်မလဲ။

သက်တင်ကလည်း ဇာတ်လမ်းထွင်တာ မ ဖြစ်နိုင်ဘူးတဲ့။

“သူ့မျက်လုံး သူ့အပြုအမူက မရိုးသားတာ အမှန်ပဲကွ၊ မင်းပြောသလို မာနကြီးတဲ့ မိန်း ကလေး တစ်ယောက် သာ ဖြစ်ခဲ့ရင် သူ့ဒေါသက ဗုံးတစ်လုံးထက်တောင် အင်အားပြင်းနိုင်တယ်”

“ဒါ ကတော့မင်းကို ပတ်သက်ချင်လို့ ရင်းနှီးအောင် ကြိုးစားတတ်တဲ့ မိန်းကလေးတွေ နဲ့ ရောသွားလို့ ဖြစ်ပါလိမ့်မယ်။ ဘာပဲ ဖြစ် ဖြစ် မိန်းကလေးတွေ အပေါ် မင်းရဲ့ ဆက်ဆံမှု က အစွန်း ရောက်လွန်းနေပြီနသံ။ အထင်မကြီးနိုင်ဘူးဆိုရင်တောင် အဲဒီ လောက် ဥပက္ခာပြု လျစ်လျူမရှုသင့် ဘူးထင်တာပဲ”

ဘာကြောင့်လဲလို့ သက်တင်ကို မမေး ဖြစ်။ လူဆိုတာ ကိုယ့်ယုံကြည်မှု ကိုယ့်အစွဲနှင့် ကိုယ် အသက်ရှင်နေကြတာပဲ မဟုတ်ဘူးလား။

“မိန်းမ တစ်ယောက် ကို ကိုယ့်ဘ၀ကိုယ် ပုံအောပြီး မချစ်မိစေနဲ့၊ ချစ်မိရင်လည်း မခံစား တတ်အောင် ကြိုးစား၊ ငွေကြေးမပြည့်စုံ တင့်တောင်းတင့်တယ် မထားနိုင်ဘဲနဲ့လည်း လက်မထပ်နဲ့ အိမ်ထောင်ရေး မှာ နားလည်မှု မရှိရင် အချစ်က အလကား ဖြစ်သွားမယ်။ မိန်းမတွေ ရဲ့ မက်မောမှု က ဘယ်အရာကိုမှ ရောင့်ရဲတင်းတိမ်မှု မရှိတာဘဲ။ ငွေမရှိရင် ဂုဏ်ဒြပ်က ဘာမှသုံးစားမရဘူးလို့ တရားသေတွက်ထားကြတာ။ မိုက်တွင်း နက်နက်တူးပြီး နှာခေါင်းပိတ် မသေအောင် ကြိုးစားတာ အကောင်းဆုံးပဲ”

အခါအခွင့်သင့်တိုင်း အရွယ်ရောက်ပြီ ဆိုကတည်းက ဖေဖေထိုသို့ ဆုံးမသွန်သင်ခဲ့သည်။

ဖေဖေ့ကို လေးစားကြည်ညို အားကိုးခဲ့သော ကိုယ်က ဖေဖေ့စကားဆို တစ်သွေမတိမ်း လိုက်နာထိန်းသိမ်းတတ်ခဲ့၏ ။ ဆက်နွယ်နေသော ပညက်ချက်တစ်ခုနှင့် မိန်းမတွေ ကို အထင်ကြီး လေးစားလို့ မရတာ လည်း ဖေဖေ့သား တစ်ယောက် ဖြစ်ခဲ့လို့ ထင်သည်။

“ပညာကိုပဲ ကြိုးစားပါ သားရယ်၊ နိုင်ငံတော် က သင်ပေးတဲ့ ပညာနဲ့ ကိုယ့်နိုင်ငံကို ပြန်အကျိုးပြုနိုင်အောင်လည်း ကြိုးစား၊ ဘာတာဝန်မှ မသိတဲ့ ဆန်ကုန်မြေလေး မ ဖြစ်စေနဲ့။ ငွေဆို တာ အလိုအပ်ဆုံးနဲ့ မလိုအပ်ဆုံးအရာပဲ။ ငွေကို အရမ်းခင်တွယ် မက်မောတဲ့သူဟာ ကိုယ့်ကိုပဲ ချစ်တဲ့သူ ဖြစ်သွားလိမ့်မယ်။ မိန်းမ တစ်ယောက် ရဲ့ အတွေးအခေါ်ဟာ ခံယူချက်တစ်မျိုးနဲ့ အစွန်း ရောက်တတ်တယ်။ အဲဒီ စိတ်ဟာ အိမ်ထောင်ပြိုကွဲ ပျက်စီးမှာ ကိုလည်း အလွယ်တကူ ဖြတ် တောက်ပစ်နိုင်တယ်။ ဒါကြောင့် သားအမိမဲ့သား ဖြစ်ရတာ ဘယ်တော့မှ မမေ့နဲ့”

ထိုစကားတွေ ကို အထပ်ထပ် ကြားနေရတော့ မေတ္တာမဲ့ ဥပေက္ခာပြုရက်သော မေမေ့ကို အတွေးနဲ့တင် နာကြည်းခဲ့သည်။ မေမေ့ရင်ခွင်ကို မတောင့်တဘဲ ဒီလို မိခင် တစ်ယောက် မျက်နှာကို တစ်စိမ့်စိမ့်ကြည့်ကာ မုန်းတီးနေချင်ခဲ့၏ ။ ဒါကြောင့် လည်း …

သွေးမတော် သားမစပ် သူစိမ်းမိန်းမတွေ ကို တန်ဖိုးရှိသည်ဟုပင် မထင်မိ။

အရွယ်ရောက်လာတော့ ပိုဆိုးသည်။

ယောက်ျားပီပီသသ ချောမောခန့်ညားသော သူ့ကို မိန်းကလေးတွေ နည်းအမျိုးမျိုးနှင့် ချည်းကပ်ကြ၊ အရောတ၀င်လုပ်ကြ၊ ခင်မင်ရင်းနှီးအောင် လက်ဆောင်တွေ ပေးကြ။

ဒါ မိန်းကလေးတွေ လုပ်ရမယ့် အပြုအမူတွေ လား။

တန်ဖိုးရှိသော မိန်းကလေးတွေ ကို တန်ဖိုးမထားမိတာ သူ့မှာ အပြစ်မရှိဟုဘဲ ထင်မိသည်။

အခုလည်း ယနေသွန်းတဲ့။

ဘယ်လို မိန်းကလေးဟု အမည် ပေး ကင်ပွန်းတပ်စရာမလို ချည်းကပ်ပုံက ရှေးရိုးဆန်သလို သမားရိုးကျ ထုံးစံအတိုင်း အထင်ကြီးစရာ ဘာမှမရှိ။

ဂုတ်ပေါ်မှာ ဆံနွယ်လိပ်ခွေခွေတွေ ဝေ့၀ဲလို့ ဖြူဝင်းသော အသားအရေလေးနှင့် လိုက်ဖက် စွာ အရပ်အမောင်းလေးက မနိမ့်မမြင့်။ ၀တ်စားဆင်ယင်မှု က ခေတ်လွန်နေတာမျိုး မဟုတ်ဘဲ မရိုး မဆန်းနှင့် စွဲဆောင်မှု ရှိသည်။

ဒါကိုတောင် ကိုယ့်ကိုယ်ကို တန်ဖိုးမထား။ ဘာကြောင့် များ ယောက်ျား တစ်ယောက် နဲ့ ရင်း နှီးပတ်သက်အောင် ကြိုးစားရတာ လဲ။

သူမက ရည်းစားတွေ အများ ကြီး ထားဖူးသည်။ သူမကြောင့် အသည်းကွဲတဲ့သူတွေ ဘ၀ ပျက်တဲ့သူတွေ ရှိခဲ့သည်ဆိုပဲ။

သူ ကတော့ နည်းနည်း လေးမှ မတုန်လှုပ် မခံစားရပါ။ သူမအလှမှာ ယစ်မူးဖို့လည်း စိတ်ကူး မရှိ ။ စိတ်ဝင်စားစရာ အကြောင်းလည်း မလို။

“ငိုင်နေတာ အကြာကြီးပဲ ။ ဘာလဲ ယနေသွန်း အကြောင်း တွေးနေတာလား”

သက်တင် အသံကြောင့် လူက ဆတ်ခနဲ ဖြစ်ကာ တစ်ချိန်တည်း ခေါင်းပါယမ်းလိုက်မိ၏ ။

“တွေးနေတယ်ဆိုရင်တောင် သူ့အလှကိုတော့ မဟုတ်ဘူး။ သူ့စိတ်ဓာတ်ကိုပဲ ဖြစ်လိမ့်မယ် သက်တင်။ ငါအထင်မကြီးတဲ့ မိန်းကလေးထဲမှာ ယနေသွန်း ပါဝင်သွားပြီ”

“၀ါးလုံးရှည်နဲ့ သိမ်းကျုံးမရမ်းနဲ့ကွာ။ ယနေသွန်းလို မိန်းမကို ဘာကြီး ဖြစ်နေနေ ပိုင်ဆိုင်ချင် တဲ့ကောင်တွေ ချည်းပဲ”

“အဲဒီ ထဲမှာ ငါမပါတာ သေချာတယ် သက်တင်။ မိန်းမတိုင်းကို မဟုတ်ပေမယ့် တန်ဖိုးမဲ့ အောင် နေတတ်တဲ့ မိန်းမတွေ ကို ငါ အထင်မကြီးဘူး”

“ဘာလဲ မနက်က အခြေအနေက ယနေသွန်းရဲ့ မာယာတွေ လို့ မင်းယုံကြည်နေတုန်းပဲ လား”

“ရှေ့ဆက်တိုးမလာရင် ငါ့အထင်ကို ရုတ်သိမ်းပေးမယ် သက်တင်။ နောက်တစ်ခါ တိုက် ဆိုင်လာရင်တော့ သူ့ရဲ့ မရိုးသားမှု က အထင်အရှားပဲ”

“မင်းက ကိုယ့်ကိုယ်ကို အထင်ကြီးနေတဲ့ကောင်ပဲကွ။ ယနေသွန်းက သူ့ထက်မြင့်တဲ့ ကောင်တွေ ကိုတောင် ပျင်းလာရင် ချက်ချင်း ခွာပစ်လိုက်တာ။ မင်းလို ရုပ်ကလွဲပြီး ဘာမှပြစရာ မရှိတဲ့ကောင်ကို အရောတ၀င် လုပ်ဖို့ ဇာတ်လမ်းဆင်ပါ့မလား”

ယောနသံ ဟွန့်ခနဲ ပခုံးတွန့်ပြုံးလိုက်ကာ သက်တင် ပခုံးကို ဆုပ်ညှစ်၍ ထရပ်လိုက်သည်။

“မင်းလည်း ယနေသွန်းအလှမှာ ယစ်မူးပြီး မှိုင်းမိနေတဲ့ ကောင်ပဲ သက်တင်”

မဟုတ်ဘူးဟု သက်တင် ငြင်းချိန်မရ။

သူ့ကိုယ်ပိုင်ဟန်အတိုင်း ဘယ်ကိုမှ ငဲ့မကြည့်ဘဲ စာသင်ခန်းထဲတည့်မတ်စွာ လှမ်းဝင်သွား သည်။

ခြေလှမ်းတိုင်းမှာ ယုံကြည်မှု တွေ နှင့် တက်ကြွနေ၏ ။ အကြောင်းမသိသူတွေ က ယောနသံ ကို ဘ၀င်မြင့် ကြီးကျယ်လွန်းသူ တစ်ယောက် ဟု ထင်ကြေးပေးကြသော်လည်း သက်တင် ကတော့ ယောနသံကို ခင်ပါသည်။

ယောနသံက နည်းနည်း အစွန်းရောက်နေတဲ့ စိတ်ကလေးရှိတာက လွဲလို့ ……။

•••

အခန်း(၄)

အခန်း(၄)

ကျောင်းကပြန်ရောက်တာနှင့် သားအဖနှစ် ယောက် အတွက် ချက်ရပြုတ်ရတာ က ထုံးစံ။

တစ်အိမ်လုံး သန့်ရှင်းရေး လုပ်၊ ရေတင်ရေဖြည့်၊ ဘုရားပန်းလဲတာကအစ သူပဲ တာဝန်ယူခဲ့ သည်။

မနက်မိုးလင်း ဖေဖေ့အတွက် ထမင်းချိုင့်ထည့်ပေးပြီးတာနှင့် ဖေဖေက ရုံးသွား ။ ကိုယ်က ကိုယ့်ထမင်းဘူး ကိုယ်တိုင်ထည့်ယူ၍ ကျောင်းသွား။

ဖေဖေ့ရုံးပိတ်ရက် သူကျောင်းပိတ်ရက်ဆိုလျှင် သားအဖနှစ် ယောက် ဘယ်မှမသွားဘဲ အိမ်မှာ တစ်ခုခု လုပ်စား။

ပျင်းရိငြီးငွေ့စရာကောင်းပေမယ့် မိခင် တစ်ယောက် ရဲ့ နွေးထွေးမှု တွေ ပါဝင်မှ အသက်ဝင် ပျော်ရွှင်စရာ ကောင်းမှာ မဟုတ်ဘူးလား။

ဖေဖေ ကတော့ စည်းကမ်းဆိုသော ဘောင်တစ်ခုထဲမှာ နေသားတကျနှင့် အလေ့အကျင့် ဖြစ်နေသော်လည်း သူ့အတွက်တော့ မေမေ့အကြောင်း တွေးလိုက်တိုင်း အဆင်မပြေ ဖြစ်နေတတ် တာ ကိုယ့်ကိုယ်ကို အသိဆုံး ဖြစ်သည်။ ဒါပေမယ့် ဖေဖေ့ကို မပြောရဲ။

ဖေဖေ သတိထားမိအောင် ဘယ်တော့မှ ဣနြေ္ဒပျက်လို့မရ။

“သူကြင်မှကိုယ်ကြင် ဂျင်းစိမ်းနဲ့ မိတ်သလင် မေ့နိုင်အောင်ကြိုးစား သား။ မိခင်တစ် ယောက် ရဲ့ မေတ္တာကို မရလို့ သား သေမသွားနိုင်ပါဘူး။ ကိုယ့်ကိုယ်ကို တာဝန်ယူရဲတဲ့စိတ် ရပ် တည်ရဲတဲ့စိတ် ရှိနေဖို့ပဲ အရေး ကြီးတယ်။ သား ငါးနှစ် သားအရွယ်ကတည်းက ဖေဖေပြုစုစောင့် ရှောက်လာခဲ့တာ သား ဘ၀ ဘာများ လိုအပ်တာ ရှိခဲ့ဖူးသလဲ။ အရွယ်ရောက်လာတော့လည်း ကိုယ်ဖိရင်ဖိ နွေးထွေးမှု တွေ မပေးနိုင်တာကလွဲရင် သားရဲ့ ပညာရေး ၊ စားဝတ်နေရေး အတွက် ဖေဖေ တာဝန်ကျေခဲ့တာပဲ မဟုတ်လား ။ မတောင့်တနဲ့ မအောင့်မေ့နဲ့။ ရနေတဲ့ ဘ၀လေးကိုပဲ ကျေနပ်ရောင့် ရဲလိုက်ပါ”

ဖျောင်းဖျ အားပေးခြင်းလား ။ သွေးကွဲစေချင်သော ဆန္ဒနှင့် တိုက်တွန်းနေခဲ့သည်လား မသိနိုင်။

သူငိုင်တွေ မလှုပ်မယှက် တွေးငေးနေတဲ့ အချိန်တိုင်းထိုစကားတွေ ဖေဖေ ပြောတတ်ခဲ့ သည်။

ရောင့် ရဲချင်ပေမယ့် လိုအပ်မှု ရှိနေတာ မေမေ့ မေတ္တာတွေ ပဲ မဟုတ်လား။

လူ့လောကကြီးမှာ သက်ရှိထင်ရှား မရှိတော့ဘူးဆိုလျှင် သူဖြေသာပါသည်။

ခုတော့

“ဟော သားက ထမင်းပွဲတောင် ပြင်ပြီးနေပါရောလား ။ ဖေဖေက သားထွက်မကြိုလို့ ရေ ချိုးခန်း ၀င်နေတယ် အောင့်မေ့နေတာ”

“ဟုတ် ဟုတ်ကဲ့ ဖေဖေ၊ သားက မီးဖိုခန်းထဲ ရောက်နေလို့ ဖေဖေ့ကားသံ မကြားလိုက် တာ။ ဖေဖေရေချိုးပြီးရင် ထမင်းစားမယ်လေ”

“အေးကွာ ဒီနေ့ ဖေဖေထမင်းဆာလာတာကွ။ သားဘာတွေ ချက်ထားလဲ”

အပေါ်အင်္ကျီ ကြယ်သီးတွေ ဖြုတ်ရင်း ဖေဖေမေးသည်။

“အပြောင်းအလဲ ဖြစ်အောင် ဘဲဥ ချဉ်ရည် မချက်တော့ဘဲ ဘဲဥကို ခရမ်းချဉ်သီးနဲ့ ကြက် သွန်နီနဲ့ခေါက်ပြီး ကြော်ထားတယ်ဖေဖေ။ ငပိရည် ၊ တို့စရာနဲ့ ဟင်းခါးလေးလည်း ချက်ထားတယ်”

“ဟား ပြောရင်းနဲ့တောင် စားချင်လာပြီ။ ဖေဖေ ရေမြန်မြန်ချိုးလိုက်မယ် သား။ သားရော ရေချိုးပြီးပြီလား”

“သားက စားသောက်ပြီး အေးအေးဆေးဆေးမှ ရေချိုးလိုက်မယ် ဖေဖေ။ အဲဒါမှ စာကျက် ရတာ လန်းလန်းဆန်းဆန်း ဖြစ်တာ”

ဖေဖေက လက်ဆွဲအိတ်ကို ဧည့်ခန်းက စားပွဲပေါ် တင်လိုက်ကာ သွက်လက်စွာ ရေချိုးခန်း ၀င်လေသည်။

ဘာဟင်းချက်ထားထား အားရပါးရ မညည်းမညူ စားတတ်ပြီး သူ စိတ်ချမ်းသာအောင် ချီး မွမ်းစကားလည်း ပြောတတ်၏ ။

ခဏနေတော့ ဖေဖေက ထမင်းဝိုင်း ထိုင်ကာ

“ဒီထမင်း ဒီဟင်းစားရတာ ချို့တဲ့ဆင်းရဲတယ်လို့ သားထင်နေလား”

“ဗျာ”

လက်မဆေးသေးဘဲ သူ့ကို ကြည့်ကာ မေးလိုက်သည်မို့ ခုနက သူတွေးငေးစဉ်းစားနေတာ ဖေဖေသတိထားမိသွားမှန်း သိလိုက်သည်။ စည်းကမ်းကြီး စည်းစနစ်ကောင်းသော ဖေဖေက သူ့ အရိပ်အကဲကိုလည်း ဖမ်းတတ်၏ ။

“ယောက်ျားဆိုတာ တွေ ဝေတာ မပြတ်သားတာ ၊ မဆုံးဖြတ်ရဲတာ မလုပ်သင့်ဘူးကွ။ ၀န် ထမ်း တစ်ယောက် ရဲ့ သားသမီးက ဒီအခြေအနေ ဒီအဆင့်အတန်းလောက်ပဲ နေရမှာ ပေါ့”

“သား နားလည်ပါတယ် ဖေဖေ”

“ဒါဆို အိမ်မှု ကိစ္စတွေ လုပ်ရတာ ကို မင်းစိတ်ကုန်နေတာလား။ မင်း မလုပ်နိုင်ရင် ဖေဖေ လုပ်မယ်”

“မဟုတ်ပါဘူး ဖေဖေ”

“ဒါဖြင့်”

ဆိုတဲ့ စကားအထောက်မှာ ဖေဖေ့မျက်နှာက တင်းမာ အေးစက်သွားသည်။

သူ့မျက်လုံးတည့်တည့်ကို စူးနေအောင် ကြည့်၏ ။ ဖေဖေ ထိုသို့ ကြည့်တိုင်း သူ့မျက်လုံးတို့ ရင်မဆိုင်ရဲစွာ ငုံ့လျှိုးသိမ်ငယ်ရမြဲ။

“မင်းအမေရှိရင် ဒီအလုပ်တွေ လုပ်နေစရာမလိုဘူး။ ငါချထားတဲ့ စည်းကမ်းဘောင်ထဲမှာ လည်း စိတ်ကျဉ်းကြပ် ကိုယ်ကျဉ်းကြပ် နေရမှာ မဟုတ်ဘူးလို့ မင်း တွေးနေတယ်မဟုတ်လား”

သူ့အတွင်းစိတ်ကို ထွင်းဖောက် သိနေသလိုမျိုးဖြင့် ပြတ်သားအေးခဲစွာ မေးနေ၏ ။ မျက်ရည်မကျအောင် လက်သီးကို တင်းခနဲ ဆုပ်ထားလိုက်ရသည်။

သူဖေဖေ့ကို မော့ကြည့်ဖို့ တော် တော် အားတင်းလိုက်ရကာ

“အလုပ်လုပ်ရတာ ကို ပင်ပန်းတယ်လို့ သားမအောင့်မေ့ပါဘူးဖေဖေ။ ဖေဖေ့စည်းကမ်း ဘောင်ထဲမှာ နေရစားရတာ ကိုလည်းကျဉ်းကြပ်တယ်၊ ချို့တဲ့တယ်လို့ သား မအောင့်မေ့ပါဘူး။ တစ်ခါတစ်ရံ ဒီမိသားစုလေးကို မေမေဘာကြောင့် မမက်မောတာလဲဆိုတဲ့ အတွေးမျိုးနဲ့”

“အဲဒီ အကြောင်းကို မင်းသိတတ်တဲ့ အရွယ်ကတည်းက ငါပြောပြလာခဲ့တာပဲ။ ၀န်ထမ်း လစာကို သူ့ဖိနပ်တစ်ရံတောင် မ၀ယ်လောက်ဘူးလို့ ပြောရဲတဲ့မိန်းမ၊ အဲဒီ အချိန်က ၀န်ထမ်းအိမ်ရာ ခန်းလေးကို အသက်ရှူကျပ်တယ်လို့ ညည်းညူနှိမ်ချခဲ့တဲ့မိန်းမ။ လစာထုတ်တဲ့အချိန်တိုင်း ဝေမျှ တိုင်းထွာ ခွဲခြမ်းစိတ်ဖြာ သုံးစွဲရတာ ကို စိတ်ကုန် စိတ်ပျက်ပြီး ပေါက်ကွဲဒေါသ ဖြစ်နေတဲ့ မိန်းမ၊ အဲလို မိန်းမ တစ်ယောက် က မိသားစုကို မခင်တွယ်တာ ဆန်းသလား သား။ ဖေဖေကရော ဘယ်လို အတိုင်းအတာမျိုးနဲ့ သည်းခံပေါင်းသင်းရမလဲ”

မြေဇာပင် ဖြစ်ခဲ့ရတဲ့ သားခံစားမှု ကိုရော ဖေဖေနဲ့ မေမေ ငဲ့ညှာဖို့ မစဉ်းစားမိဘူးလားဟု သူမမေးရဲပါ။

စူးရှအားကောင်းသော ဖေဖေ့မျက်ဝန်းတို့ကို ချစ်ကြောက်ရိုသေကာ ဘယ်အချိန်တုန်းက တုံ့ပြန်ရင်ဆိုင်ရဲခဲ့လို့လဲ။

ဖေဖေစကားစ မပြတ်သေးဟန်နှင့် ထမင်းပန်းကန်ကို တစ်ဖက်တိုးရွှေ့ကာ စားပွဲပေါ် လက်ထောက်၍

“ရောင့် ရဲမှု မရှိတဲ့ မိန်းမက ခုလို အောင်မြင်ကျော်ကြားနေတာလည်း တင်းတိမ်မှု ရှိမယ့်ပုံ မပေါ်ဘူး။ ဒါကြောင့် မို့လည်း သား တစ်ယောက် ရှိခဲ့တယ်ဆိုတာကို မေ့ထားခဲ့တာပေါ့။ ၀မ်းမနည်း နဲ့သား ၊ သားဘ၀မှာ အဖေ တစ်ယောက် လုံး ရှိတယ်”

မလုံလောက်ဘူး ဖေဖေလို့ ပြောလိုက်မိလျှင် မင်းလည်း မင်းအမေလို ရောင့်ရဲတင်းတိမ်မှု မရှိ လောဘကြီးလှချည်လားဟု ဖေဖေ ပေါက်ကွဲပေလိမ့်မည် ။

တကယ်တော့ မေမေ့အောင်မြင်ကျော်ကြားမှု ကြွယ်ဝချမ်းသာမှု တွေ ကို သူဂုဏ်မယူ မမက် မောမိပါ။

ဒါဟာ ငါ့အမေကွလို့ ဘယ်သူ့ကိုမှလည်း ထုတ်ဖော် ကြွားဝါချင်စိတ်လည်း မရှိခဲ့။

ရင်ဘက်ကြီးတစ်ခုလုံး မေမေ့ ဥပက္ခာတွေ ကြောင့် နာကျင်နေခဲ့ရတာ ကိုပဲ မခံစားနိုင်တာ။

ဖေဖေ့ရှေ့မှာ လည်း ခံစားရသလောက် ထုတ်ဖော်မပြရဲ။ ဘယ်လောက်တောင် ဆိုးဝါး လိုက်သလဲ။

ဒီနေ့ သူရော ဖေဖေရော ထမင်းစား ဖြစ်ပါဦးမလား။

“ထမင်းစားလေ ဟိတ်ကောင် ဘာမဟုတ်တဲ့ အကြောင်း စဉ်းစားပြီး မစားနိုင် မသောက်နိုင် လဒမှိုင် မမှိုင်နဲ့။ ဘ၀အတွက် အရေး မပါဘူးကွ။ ရှေ့ဆက်ရမယ့် အနာဂတ်မှာ မင်းအမေက ငါတို့ အတွက် ဆူးငြောင့် ခလုတ်ပဲ”

စိတ်မပါသော်လည်း ဖေဖေ့စကားကို နာခံကာ ထမင်းတစ်ပန်းကန် ကုန်အောင် စားပြရ သည်။

ဖေဖေက ရယ်ကာ မောကာ စကားတွေ လမ်းကြောင်းပြောင်း၍ သူစိတ်သက်သာအောင် နှစ် သိမ့်နေ၏ ။

မေမေနှင့် ပတ်သက်လျှင် ဖေဖေ့လောက် မာနမကြီးနိုင်တာ ဘာကြောင့် လဲ။

တကယ်ဆို မေမေက သူတို့နှင့် ဘာမှ မသက်ဆိုင်သော မေမေ။

•••

အခန်း(၅)

အခန်း(၅)

“ဟား ဟင်းတွေ က စုံနေတာပဲ၊ သွန်းကြိုက်တဲ့ ပုစွန်ထုပ်ရော ပါလား ဒေါ်ဒေါ်ကြိုင်”

“ပါပါ့တော် ပါပါ့။ သမီးလေးက ပုစွန်ထုပ်ကို ပူပူလေးကြော်မှ ကြိုက်တာဆိုလို့ စားခါနီး မှ ကြော်လိုက်ရတယ် ရော့ သမီး”

ဒေါ်ဒေါ်ကြိုင်က ယနေသွန်းရှေ့မှာ ပုစွန်ထုပ် ပန်းကန်ကို ချပေးသည်။ မိဆင့်ယူလာတဲ့ ၀က်သားနီချက် ပန်းကန်ကို ရွှေလည်တိုင် ရှေ့တည့်တည့်မှာ ထားပေးလိုက် ၏ ။

ဒီသားအမိက တစ်ယောက် တစ်မျိုးလှသလို အစားအသောက်လည်း အကြိုက်ချင်းမတူ ကြချေ။

“ရွှေလည်တိုင်လေး ရူတင်နားရက်မို့ ၀က်သားနီချက်ကို ဒေါ်ဒေါ်ကြိုင် ကိုယ်တိုင် ချက်ထား တာ ။ မိဆင့်ကိုတောင် ဟင်းအိုးမွှေခိုင်းတာ မဟုတ်ဘူး။ စားလို့ အဆင်ပြေရဲ့ လား စားကြည့်ပါဦး လည်လည်ရယ်”

“စားကြည့်စရာ မလိုပါဘူး ဒေါ်ဒေါ်ကြိုင်ရယ်၊ မြင်ရုံနဲ့ ဒေါ်ဒေါ်ကြိုင့်လက်ရာကို ခန့်မှန်းလို့ ရပါတယ်”

ရွှေလည်တိုင်က ချီးမွမ်းတော့ ဒေါ်ဒေါ်ကြိုင် မျက်နှာကြီးကို ပြုံးဖြီးသွားသည်။ ယနေသွန်း ကမျက်စောင်းဝေ့ဝေ့ထိုးကာ

“ဒေါ်ဒေါ်ကြိုင်နော် သွန်း မနာလို ဖြစ်လာပြီ။ မာမီ့ကိုဆို အမြဲတမ်း ဦးစားပေးတာပဲ။ သွန်းကို ကလေးဆိုပြီး လူရာမသွင်းတာပေါ့”

“ဟောတော် သွန်းလေးအတွက်လည်း ဒေါ်ဒေါ်ကြိုင် လုပ်ပေးထားတာပဲလေ။ ကဲ ပုစွန် ကြော်က စားမကောင်းဘူးလား ပြောပါဦး”

“ဟွန်း ဘာ ဖြစ် ဖြစ် မတူတာ အသိသာကြီး၊ မာမီက ၀င်ငွေကောင်းကောင်းရှာနိုင်တယ်ဆို တော့ ပါဝါကြီးတာပေါ့လေ”

အဲဒီ လို ဂျီတိုက် ဆိုးနွဲ့လိုက်ရမှ ယနေသွန်းက စားဝင်အိပ်ပျော်သူ။ ဒေါ်ရွှေလည်တိုင်က လည်း သမီးကို ဘယ်တော့မှ စိတ်မဆိုး။

အလိုလိုက် ချစ်မြတ်နိုး၍ အပြုံးနှင့်သာ တုံ့ပြန်တတ်သူ၊ အခုလည်း ဆုံလည်စားပွဲပေါ်က သမီးကြိုက်တဲ့ ဟင်းလျာမှန်သမျှ သမီးပန်းကန်ထဲ စုံလင်အောင် ထည့်ပေးနေမိသည်။

ဟင်းဆယ်ခွက် မပြည့်လျှင် ငြူစူတတ်တဲံ သမီးစိတ်ကို သိနေတာကြောင့် ဒေါ်ဒေါ်ကြိုင်တို့ ကို ဂရုစိုက်၍ ချက်ခိုင်းရသည်။

ရေခဲသေတ္တာထဲလည်း အသီးအနှံ အချိုရည် ဘာမှ လိုလေသေးမရှိအောင် ထည့်ခိုင်းရ၏ ။ မုန့်ဖိုးနဲ့ရှော့ပင်ထွက်ဖို့လည်း မီးခံသေတ္တာသော့  ပေးထားကာ လိုသလောက် သုံးစွဲခွင့် ပါမစ်ပေး ထားခဲ့သည်။

ဒါကိုတောင် သမီးက သူမအပေါ် မကျေနပ်ချက်တွေ ရှိနေသေး၏ ။

“အိမ်မှာ နေရင် အလှတွေ သိပ်မပြင်နဲ့ မာမီရာ။ ရူတင်မှာ ဇာတ်ရုပ်နဲ့ အံဝင်ဂွင်ကျ ဖြစ် အောင် ပြင်ဆင်တာ သွန်း စိတ်မ၀င်စားဘူး။ အရမ်းကြီး သွန်းထက် ကြီးကျယ်ခမ်းနားနေရင် သွန်း ငုတ်တာပေါ့ မာမီရ”

ခုတလော ပြောတတ်လာတဲ့ စကားက မနာလိုတာလား။ သူမ ထင်ပေါ်ကျော်ကြားတာကို မနာလို မရှုဆိတ်တာလား ဘာမှန်းကို ခွဲခြားလို့မရ။

အစားအသောက်တောင် ကြေးတန်းနှိုင်းလာပြီဆိုတော့ ခြေရာချင်းတူလို့ တိုင်းချင်ပြီ ထင် ပါရဲ့ ။

သူမကလည်း နေရာပေးဖို့ အဆင်သင့်ပါ။

“သမီးလေး ကျောင်းပြီးရင် မင်းသမီး လုပ်ပါလား။ မာမီ အနားယူရတာ ပေါ့”

ဇွန်းခက်ရင်းကို ညင်သာစွာ ကိုင်တွယ်ရင်း သူမပြောလိုက်တော့ ယနေသွန်း နှာခေါင်းရှုံ့ လေ၏ ။

“နိုး နိုး မာမီ လူတကာ အဖက်ခံ အကြည့်ခံရတဲ့ အဲဒီ အလုပ်ကြီး သွန်း စိတ်မ၀င်စားတာ မာမီသိသားပဲ။ သွန်းက စီးပွားရေး လုပ်ငန်းရှင် တစ်ယောက် ပဲ ဖြစ်ချင်တာ။ ကျောင်းလည်း ပြီးတော့ မှာ မာမီ အရင်းအနှီးထုတ်ပေးဖို့သာ ပြင်ထား”

“ဟုတ်ပါပြီ မာမီက သမီးလေး လုပ်ချင်တာကို အားပေးမှာ ပါ။ သမီးလေးက ဘယ်လို လုပ် ငန်းကို လုပ်ချင်တာလဲ”

“သွန်း သူငယ်ချင်း တစ်ယောက် ရဲ့ မိဘတွေ က နိုင်ငံခြားမှာ မိန်းကလေး အလှပြင်ပစ္စည်း တွေ ဖော်မြူလာလုပ်တယ် မာမီ။ အဲဒီ ကို သွားပြီး လေ့လာသင်ယူရမှာ ပေါ့။ မြန်မာပြည် ရာသီဥတု နဲ့ ကိုက်ညီတဲ့ အလှပြင်ပစ္စည်းလေးတွေ တင်သွင်းနိုင်အောင် ကြိုးစားမယ်”

“ဟင် ဒါဆို သမီးက နိုင်ငံခြားကို အကြာကြီး သွားနေရမှာ ပေါ့”

“လေ့လာရုံပဲဟာ၊ သိပ်မကြာပါဘူး။ အကြာဆုံး လေးငါးလပေါ့။ မာမီက သွန်းကို မခွဲနိုင် လို့လား။ မ ဖြစ်နိုင်ဘူးနော်။ မာမီ နယ်ရိုက်ကွင်းတွေ သွားရင်လည်း သွန်းကို ဒီအတိုင်း ထားခဲ့ရတာ ပဲဟာ၊ သွန်းအောင်မြင်သွားရင် မာမီ မှေးမှိန်သွားမှာ စိုးလို့လား”

“သမီး”

အဟန့်အတားတစ်ခု ဖြစ်အောင် ခပ်ဆတ်ဆတ် အော်လိုက်မိသည်။

“အခုတလော သမီး ပြောတဲ့ စကားတွေ က တရားလွန် လက်လွတ်စပယ်နိုင်လွန်းတယ် ကွယ်။ မာမီက သမီးအောင်မြင်မှာ ကို မနာလို ဖြစ်စရာလား။ လုပ်ငန်းချင်းတူတဲ့ ကိုယ့်အောက် အငယ်တန်း မင်းသမီးတွေ ကိုတောင် စင်ပေါ်ရောက်အောင် ဆွဲတင်ခဲ့သေးတာပဲ”

“ဒါ ကတော့ မာမီက ပေါ်ပြူလာ ဖြစ်ချင်တာကြောင့် ပါ။ ဘယ်သူတွေ ကို မြေတောင်မြှော က် ပေးလိုက် တယ်ဆိုတဲ့ နာမည် ကောင်းဂုဏ်တစ်ခု လိုချင်တာ မဟုတ်လား။ အဲဒါကြောင့် မာမီ လုပ် ပေးလို့ ဖြစ်သွားတယ်ဆိုတဲ့ လမ်းကြောင်းပေါ် မရောက်ရအောင် သွန်းက တခြားနည်းလမ်းနဲ့ ဖဲ့ ထွက်ချင်တာ”

“ဟင်”

သမီးစိတ်ကို သူမ အထိတ်တလန့် ဖြစ်သွားသည်။

ဒေါ်ဒေါ်ကြိုင်လည်း အံ့သြစိတ်နှင့် ထမင်းဝိုင်းက ရှောင်ထွက်သွား၏ ။

သမီးက ဘာကိုမှ ဂရုမထားမိဟန်နှင့် ထမင်းကို ဖြည်းဖြည်းမှန်မှန် ၀ါးရင်း

“မာမီအောင်မြင်မှု တွေ ကြောင့် သွန်း ကျော်ကြားတာမျိုး မ ဖြစ်ချင်ဘူး။ မာမီ့အလှနဲ့ သွန်းကို သတိထားမိသွားတာမျိုးလည်း မလိုချင်ဘူး။ သွန်း မာမီက မာမီ လူတိုင်းသပ်သပ်ဆီ မြင်စေချင် တယ်။ အကယ်ဒမီများ ရှင် မင်းသမီးကြီး ရွှေလည်တိုင်ရဲ့ သမီးအ ဖြစ် အထင်ကြီး ခံရတယ်ဆိုတာ မာမီ့ကြောင့် လေ။ သွန်းရဲ့ အရည်အချင်းမှ မဟုတ်တာ”

“မာမီ့ သမီး မ ဖြစ်ချင်တော့တာလား သမီး၊ မာမီ့ သမီး ဖြစ်ရတာ ကို တန်ဖိုးကျတယ်လို့ ထင် နေတာလား”

ရင်နာနာနှင့် ဆို့နင့်စွာ မေးလိုက်မိသည်။ ထမင်းစားချင်စိတ် မရှိတော့၍ ထမင်း၊ ဟင်း ပန်း ကန်တွေ အသံမြည် အောင် တစ်ဖက်သို့ တိုးရွှေ့ပစ်လိုက်၏ ။

ဘာ့ကြောင့် သမီးမျက်လုံးထဲမှာ ကာလာတွေ အရောင် ဟပ်နေရတာ လဲ။

သမီးက ထိုင်ခုံနောက်မှီကို ဆောင့်ခနဲ ကျောကပ်မှီလိုက်ကာ ထီမထင်ဟန် မဲ့ပြုံးနှင့်

“သွန်း တိုက်ခိုက်နေတာ မဟုတ်ဘူး မာမီ ၊ ဘာကြောင့် သွေးပျက်နေရတာ လဲ။ မာမီ ရှာဖွေ ထားတဲ့ စည်းစိမ်ဥစ္စာတွေ နဲ့ သွန်းက ရှင်သန်နေရတာ ပါ။ ပရိုဂျူဆာ ဦးဇော်ခိုင်နဲ့ မာမီတွဲ နေတာကို သွန်းက မကျေနပ်တာ။ သူ့မှာ သားကြီးသမီးကြီးနဲ့ လုပ်ငန်းကလည်း ဖြစ် ဖြစ်မြောက်မြောက်ပိုင် ဆိုင်တာမဟုတ်ဘူး။ မာမီ အဲဒီ လူကြီးနဲ့ နှစ် ပါးသွားကသွားရင် သွန်းက ကိုယ့်အစွမ်းအစနဲ့ပဲ ရပ် တည်ကျန်ခဲ့ရမှာ မဟုတ်ဘူးလား”

“သြော်”

အခုမှ လေးပင်သော သက်ပြင်းကို ချရင်း သူမပေါ့ပါးသွားသည်။ သမီးက ၀န်တိုစိတ်နှင့် ဘက်တိုက် ရန်မူနေတာပဲ။ ဦးဇော်ခိုင်နှင့် ပတ်သက်ပြီး သမီးခဏခဏ သတိပေးနေပေမယ့် လုပ် ငန်းကိစ္စချင်း ဆက်နွယ်နေတော့ ရှေ့ဆက်၍ သာ တိုးနေမိသည်။

ဒါကို ဂျာနယ်လစ်တွေ မီဒီယာတွေ က အကျယ်ချဲ့ကာ စာမျက်နှာပေါ် တင်ကြသည်။ သူတို့ အတွက် ၀င်ငွေကောင်းသော်လည်း သမီးလေးအတွက် အုံဖွဲ့စုစည်းမှု တွေ ထုထည်ကြီးမားလာကာ ခံစားနေခဲ့ရသည် ထင်သည်။

သမီးလေးမှာ အားနည်းချက်တစ်ခုနှင့် သူမကို မှီခိုနေခဲ့ရသည် မဟုတ်ပါလား။

“ဒီကိစ္စကို ပတ်ဝန်းကျင်က အသံတွေ နားမထောင်ဘဲ မာမီ့စကားကိုပဲ ယုံကြည်ပေးပါ လားကွယ်။ အနုပညာလောကမှာ မာမီစန်းလာဘ်က သိပ်မကျန်တော့ဘူး။ ခုချိန်မှာ ရလာသမျှ အခွင့်အရေး ဆုပ်ကိုင်ထားနိုင်မှ ဖြစ်မှာ ပေါ့ သမီး၊ မာမီ ဒီလောကက အနားယူရတဲ့ အခါ ဦးဇော် ခိုင်နဲ့ ထုတ်လုပ်မှု အပိုင်း ဖြန့်ချိရေး အပိုင်းတွေ ဆက်လုပ် နိုင်ဖို့ မာမီပတ်သက်နေမိတာပါ”

“မာမီရှာထားတာတွေ က ဘာမှမလုပ်ဘဲ တစ်သက်လုံး ထိုင်စားလို့ မရတော့ဘူးလား မာမီ။ မာမီ့ကို ပြောလိုက်ရင် ငွေက အရေး ကြီးတယ်ဆိုပြီး ဘယ်တော့မှလည်း အနားမယူဘူး။ မာမီ့လော ဘနဲ့ သွန်းကို တာဝန်ကျေခဲ့တာ သွန်းနားလည်ပါတယ်။ ဒါပေမယ့် မာမီ ဒီလိုလုပ်နေတာ သွန်း အစွမ်းအစ အရည်အချင်းကို မယုံကြည်လို့ အားသွန်ခွန်စိုက် ကုန်းရုန်းရှာဖွေနေသလိုပဲ၊ ရုပ်ရှင် တွေ ထဲမှာ မင်းသားတွေ လူကြမ်းတွေ နဲ့ ထိတွေ့  ဆက်ဆံနေတာ သွန်းဝေဖန်နေတာ မဟုတ်ပါ ဘူး။ အခုဟာက ရူတင်ပြီးတာနဲ့ ဦးဇော်ခိုင်နဲ့ ပါသွားတယ်။ ရိုက်ကွင်းမှာ ဦးဇော်ခိုင်က လာစောင့် နေတယ် ဆိုတာကြီးက ပတ်ဝန်းကျင်မှာ ဘယ်လောက် အကျယ်တ၀င့် ဖြစ်နေတယ်ဆိုတာ မာမီ သိရဲ့ လား”

ရှင်းပြနေတာက ရဲရဲတင်းတင်း၊ ပြောနေတာတွေ ကလည်း အမှန်တရားတွေ ပဲမို့ သမီးကို ဘယ်လိုဖျောင်းဖျ နှစ် သိမ့်ရမှန်းပင် မသိတော့။

ပြည့်စုံတဲ့ ဘ၀ကနေ ဆင်းရဲခဲ့ဖူးပြီမို့ ထိုဘ၀မျိုးကို ရင်မဆိုင်ရဲတော့၍ ငွေနောက်လိုက်နေ မိတာ ကိုယ့်ကိုယ်ကိုလည်း သိနေသည်။

ငွေကြေးချို့တဲ့မှု ကြောင့် အိမ်ထောင်ပျက်ဘ၀နှင့် ဒီလောကမှာ သူမဘယ်လောက်တောင် ဆင်းရဲပင်ပန်းခဲ့သလဲ။ အခက်အခဲပေါင်းများ စွာ ရင်ဆိုင်ပြီး ထိုးနှက်တိုက်ခိုက်မှု ပတ်ဝန်းကျင်က ရှုတ်ချဝေဖန်မှု တွေ ခါးစည်းခံခဲ့ရတာ ဘ၀ပျက်မတက်။

ထိုအချိန်က သူမရဲ့ သော ကတွေ ပူလောင်မှု တွေ ကို ဘယ်သူ မျှဝေခံစားပေးခဲ့သလဲ။

အချစ်ကို ကိုးကွယ်ပြီး ချစ်သူတစ်မျက်နှာ တစ်ရွာထင်၍ သူမ ခိုးရာလိုက်သွားခဲ့သည်။

အသိစိတ် မရင့်ကျက်သေးတဲ့ ငယ်ရွယ်သော အချိန်မို့ ငယ်စဉ်ကတည်းက ကျွေးမွေးစောင့် ရှောက်ခဲ့သော အဘိုးမျက်နှာကိုလည်း ငဲ့ညှာထောက်ထားရမှန်း မသိခဲ့။

ချစ်သူနှင့် ပျော်နေချိန်မှာ အဘိုးသေဆုံးသွားခဲ့တာလည်း သူမမသိခဲ့။

တစ်ဆင့်စကားနှင့် သိခဲ့တဲ့အချိန်မှာ လည်း အဘိုးအတွက် ၀မ်းနည်းကြေကွဲမှု ကို တဒင်္ဂသာ ခံစားခဲ့ရသည်။ ထိုအချိန်က သူမဗိုက်ထဲမှာ ရင်သွေးလေး လွယ်ထားရပြီမို့ ရင်သွေးကိစ္စ၊ လင် ယောက်ျားနှင့် အိမ်ထောင်မှု ကိစ္စတွေ သာ အရေး ကြီးနေခဲ့သည်။

ပြီးတော့ အဆင်မပြေမှု တွေ အစပျိုးနေခဲ့သော …….။

•••

အခန်း(၆)

အခန်း(၆)

“ကိုယ်ဝန်လရင့်လာလေ ကျွန်မတော့ စိတ်ပူလာလေပဲ မောင်ရယ်။ ဒီစာရေး စာချီ အလုပ် မလုပ်ဘဲ တခြား ၀င်ငွေကောင်းတဲ့ အလုပ်လေး ဘာလေး ရှာလုပ်ကြည့်ပါဦးလား။ လင်မယားနှစ် ယောက် စားဖို့သောက်ဖို့တောင် ချို့ချို့တဲ့တဲ့နဲ့၊ ကလေးလေး လူ့လောကထဲ ရောက်လာရင် ပိုပြီး အခြေအနေဆိုးလာတော့မှာ ပဲ”

ဗိုက်ကလေးကို ပွတ်သပ်ရင်း ညည်းညူမှု ပြုနေတဲ့ ဇနီးသည်အနားမှာ မိုးမြင့်သော် ပခုံး လေး ပွေ့ဖက်၍ ၀င်ထိုင်လိုက်သည်။

“ဒီအလုပ်ကိုတောင် မောင့်အဖေ ပင်စင်နားပြီး ဆုံးပါးသွားလို့ ငဲ့ညှာသော အားဖြင့် မောင်က လုပ်ခွင့်ရခဲ့တာ။ ကိုယ့်အတွက် ပြည့်စုံလုံလောက်မှု မရှိလို့ဆိုပြီး မထွက်ချင်ဘူး လည်လည်ရယ်။ ၀န်ထမ်းဆိုတာ ရတဲ့လစာလေးနဲ့ စည်းကမ်းရှိရှိ သုံးစွဲတတ်ရမှာ ပေါ့”

“ကျွန်မက ဘာတွေ များ စည်းမဲ့ကမ်းမဲ့ သုံးစွဲနေလို့လဲ မောင်ရယ်၊ မောင်ကရော ဘယ်လောက်ထိ ပိုလျှံနေအောင် ရှာပေးနေလို့လဲ။ ထမင်းဟင်းကအစ ဖွယ်ဖွယ်ရာရာလည်း မစား သောက်ခဲ့ရပါဘူး။ မောင့်ကို ချစ်လို့ မောင့်နောက်လိုက်လာတာ။ မောင် ဘာကောင်လဲသိနေတဲ့ အတွက် အပြစ်မြင်နေတာလည်း မဟုတ်ဘူး။ ဒါပေမယ့် မွေးဖွားလာတော့မယ့် ရင်သွေးလေး အတွက် ကျွန်မ မပူပင်ရတော့ဘူးလား။ မစိုးရိမ်ရတော့ဘူးလား”

သူမလေသံမာသွားပြီ ဖြစ်၍ မောင်က ဆတ်ခနဲ ထရပ်ကာ မျက်နှာကြောကို တင်းလိုက်ပြီး တိုနံ့နံ့ဆံပင်တွေ ကို နောက်လှန်ဆွဲသပ်နေ၏ ။

“မောင်ကလည်း ရတဲ့လခ အကုန်အပ်နေတာပဲ။ တခြားယောက်ျားတွေ လို ဘာတွေ များ အပိုသုံးစွဲနေလို့လဲ။ ပြီးတော့ မောင့်အဖေလည်း ဒီဝန်ထမ်းဘ၀နဲ့ မောင်တို့ကို ဒီအရွယ်အထိ ကြီး ပြင်းရှင်သန်စေခဲ့တယ်။ ပညာတွေ သင်ပေးခဲ့တယ်။ အမေဆိုရင်လည်း အဖေပေးတဲ့ လစာနဲ့ လောက်ငမှု ရှိအောင် သုံးစွဲတတ်တယ်။ စည်းကမ်းရှိတယ်။ မောင်တို့ မွေးချင်း မောင်နှမ သုံး ယောက် ၊ တစ်ယောက် မှ မျက်နှာမငယ်ခဲ့ရဘူး”

“ဒါဖြင့် ကျွန်မက အသုံးအစွဲ မတတ်လို့တာ၊ စည်းကမ်းမရှိတာပေါ့ ဟုတ်လား မောင်၊ ဒီမယ် ကျွန်မ ဘယ်လို အဆင့်အတန်းမျိုးက မိန်းကလေးလည်းဆိုတာ မောင်သိပါတယ်။ ဒယ်ဒီနဲ့ မာမီ ဆုံးပြီးမှ အသက်အရွယ်ကြီးတဲ့ အဘိုးက လုပ်ငန်းတွေ မနိုင်မနင်း ဖြစ်ပြီး စီးပွားရေး ကျခဲ့တာ။ ဒါတောင် ဘဏ်မှာ အပ်ထားတဲ့ ငွေနဲ့ကျွန်မ အဆင့်အတန်းမြင့်မြင့် နေနိုင်ခဲ့တယ်။ မောင့်ကိုချစ်လို့ မောင်နဲ့ရမှ ကျွန်မဘ၀က ဒီလို ဆင်းရဲချို့တဲ့နေရတာ ပါ မောင်။ အဘိုးသေတုန်းက မရောက်ခဲ့လို့ အခု လတ်တလောလည်း အမွေတွေ ကို ပြန်ယူလို့မရဘူး။ ဆွေမျိုးတွေ လက်ညှိုးထိုးခံရမှာ စိုးလို့ ကျွန်မ ဒီအတိုင်း နေနေရတာ သိရဲ့ လား။ မဟုတ်ရင် အဲဒီ အမွေတွေ နဲ့ ကောင်းကောင်းဝတ်စားပြီး အဆင့်အတန်း မြင့်မြင့်နေရမှာ ”

“တောက်”

“ဘာလဲ မောင်က ဘာကို တက်ခေါက်တာလဲ။ ကျွန်မကို မကျေနပ်ဘူးလား ။ စည်းကမ်း မရှိ အသုံးအစွဲ မတတ်တဲ့ မိန်းမလို့ မြင်နေရတာ လား”

စူးခနဲ အော်လိုက်တဲ့ သူမရှေ့တည့်တည့်ကို စွေ့ခနဲ လာရပ်၍ မောင်က မျက်မှော င်ကြုတ် ကြည့်သည်။

သူမအသည်းတွေ ဆတ်ဆတ်ခါ နာကျင်နေ၏ ။ ဟိုတုန်းက ချစ်ရည်ရွှန်းလဲ့နေသော မျက်ဝန်းတွေ က ဘယ်ကိုများ အလည်သွားနေသလဲ။

“ဟုတ်တယ်လို့ ပြောရင် မင်းရင်နာရမှာ ခံစားရမှာ စိုးလို့ မောင်မပြောခဲ့တာ လည်လည်။ အိမ်စားရိတ် အသုံးစရိတ်ပဲဆိုရင် မောင်ရတဲ့ လစာက မလောက်ငစရာ ရှိသလား။ ခုတော့ လစဉ် အ၀တ်အစားတစ်စုံ မ ဖြစ်မနေ၀ယ်တယ်။ ဖိနပ်ဆိုလည်း မနွမ်းခင်က မင်းဝယ်စီးချင်တယ်။ ထမင်း စားပြီးရင် ဘာအချိုတည်းစရာ လိုသလဲ”

“မောင်”

“မင်း မပြောနဲ့ဦး၊ မောင်ပြောတာပဲ နားထောင်။ ကြည့်စမ်း ရေခဲသေတ္တာလေးထဲမှာ အသီး အနှံ အချိုရည်တွေ ၀ယ်ထည့်ထားလိုက်တာ။ ၀န်ထမ်း တစ်ယောက် ရဲ့ အိမ်နဲ့တူသလား။ မင်း ကြည့်ချင်တယ်ဆိုလို့ မောင်စုဆောင်းထားတဲ့ ငွေလေးနဲ့ တီဗွီ အောက်စက် ၀ယ်ပေးလိုက် ရတာ ။ ဘာမှမ ဖြစ်ဘူး။ ခုတော့ နေ့တိုင်း ကုန်လိုက်ရတဲ့ အခွေဖိုး၊ အလှပြင် ပစ္စည်းဆိုတာလည်း အလျှံ ပယ်။ မင်း အပျိုမှ မဟုတ်တော့ပဲကွ၊ မောင်နဲ့ အိမ်ထောင်ကျလို့ ကလေးတောင်မွေးတော့မယ်။ မင်း ဘာအသိတရားရှိသလဲ။ စည်းကမ်းဆိုတာ အဲဒါပဲ။ ကိုယ့်မှာ ရှိတာလေးနဲ့ ရောင့် ရဲတင်းတိမ်မှု မရှိတာ ချွေတာမသုံးစွဲတတ်တာ ၀င်ငွေနဲ့ ထွက်ငွေ မချင့်ချိန်တတ်တာ”

“တော် ပါတော့”

သူမကုန်းအော်လိုက်တော့ မောင့်အသံက တိခနဲ ပြတ်တောက်ကာ မျက်နှာလွှဲရပ်နေ၏ ။ မကျေမချမ်း ခပ်ကြိတ်ကြိတ် တက်ခေါက်ပြီး လက်ဖ၀ါး တစ်ဖက်ထဲမှာ လက်သီးဆုပ်တစ်ဖက် ထိုး နေသေးသည်။

သူမက ဆက်တီခုံ လက်ရမ်းနှစ် ခုကို အားပြုရပ်ကာ မောင့်ကို သူမနှင့် မျက်နှာချင်းဆိုင် အောင် သူမဘက် ဆွဲလှည့်လိုက်သည်။

“ဒီစကားတွေ ပြောဖို့ မောင် ဘယ်အချိန်ကတည်းက စုဆောင်းထားရတာ လဲ။ အံ့သြစရာ ကောင်းလိုက်တာ မောင်ရယ်။ မယားလိုအပ်တာ ဖြည့်ဆည်းပေးရမှာ လင့်ဝတ္တရား မဟုတ်ဘူး လား။ မောင့်လစာက ကျွန်မ ဖိနပ်တစ်ရံစာဖိုးတောင် ရှိလို့လား မောင်ရဲ့ ”

“ဘာ”

ကျယ်လောင်သွားသော အသံရဲ့ တစ်ဆက်တည်း မျက်နှာတစ်ပြင်လုံး နီရဲခက်ထန်သွား ကာ အသားတွေ လည်း တဆတ်ဆတ်တုန်ယင်သွားခဲ့သည်။

ဒေါသရဲ့ နောက်ကွယ်မှာ လက်ကို မြှော က်ရွယ်လိုက်မိသော်လည်း နေ့စေ့လစေ့ ရောက် ခါနီး နေသော ဗိုက်ပူပူကလေးကို မြင်လိုက်ရသည်နှင့် ဟင်းခနဲ စိတ်ကို လျှော့ချလိုက်ရသည်။ မျက် ရည်တွေ ပိုးပိုးပေါက်ပေါက်ကျကာ ရှိုက်ငိုနေသော ရွှေလည်တိုင်က

“ရိုက်ချင်သေးလို့လား မောင်၊ အသုံးမကျတဲ့ မောင့်မိန်းမကို ဆုံးမချင်သေးလို့လား။ တဲ သာသာ ဒီအခန်းကျဉ်းလေးထဲမှာ စိတ်မွမ်းကျပ်နေရတာ ထက်စာရင် သေသွားတာကမှ ကောင်းပါ သေးတယ်။ မသထာရေစာ စားနေရတဲ့ ဒီအိမှ်ာလည်း နေကို မနေချင်တာ သိရဲ့ လား”

သူ့ကျောကုန်းကို ထုသည်။ သူ့ရင်ဘက်ကို ထုသည်။ အော်ဟစ်ငိုယိုကာ ပေါက်ကွဲနေ၏ ။

ရင်သွေးမျက်နှာကြောင့် လား။ ရွှေလည်တိုင်ကို သိပ်ချစ်မိတာကြောင့် လားတော့ မသိ။ သူအံကြိတ်၍ သာ ငြိမ်ခံနေမိသည်။

ဖေဖေဆုံးတော့ မေ့မေ့ကို ပင်စင်လွှဲဖို့တွေ ဘာတွေ လုပ်ဖို့ ရန်ကုန်သွားချည်ပြန်ချည် လုပ် ရင်း ရွှေလည်တိုင်နှင့် ဆုံသည်။

အပေါ်ယံအလှကိုသာ ငြိတွယ်စွဲမက်ရင်း ပင်ကိုယ်စရိုက်ကို အတွင်းကျကျ မသိခဲ့။

အဖိုးတန် အ၀တ်အစားတွေ ၀တ်ပြီး အကောင်းဆုံးဖိနပ်ကို စီးတတ်သော ရွှေလည်တိုင်ကို လူချမ်းသာမျိုးနွယ်က ဆင်းသက်လာမှန်း သိပေမယ့် အချစ်ကြောင့် အရာရာ ပြောင်းလဲမည် ဟု ထင်ခဲ့သည်။

သူ့အထင်က အစပိုင်းမှာ ဟုတ်သလိုလိုနှင့် အခုလို အချိန်တွေ ကြာလာသည့် အချိန်မှာ ….။

•••

အခန်း(၇)

အခန်း(၇)

“ဒါဆို သားကိုယ်ဝန်ရှိကတည်းက ဖေဖေနဲ့ မေမေ ပြဿနာ တက်ကြတာပေါ့”

အတိတ်အကြောင်း ပြန်ပြောင်း မပြောချင်ပေမယ့် ထမင်းဝိုင်းမှာ သားစိတ်မကောင်း ဖြစ် သွားမှန်း သိ၍ စိတ်ဖြေသာအောင် ပြောပြနေမိခြင်းပင်။

သူခေါင်းညိတ်ပြတာကို သားက မြင်ဟန်မတူ။ ကိုယ်ကိုကိုင်း၍ သူ့မျက်နှာကို မော့ကြည့် နေ၏ ။ သား မျက်နှာပေါ်က ဝေ့၀ဲကျနေတဲ့ ဆံနွယ်တွေ ကို ဖွဖွသပ်တင်ပေးကာ

“တဖြည်းဖြည်းနဲ့ သူ့အကြောင်းကို ဖေဖေသိလာတယ်။ ချစ်လို့ လက်ထပ်ထားတဲ့ မိန်းမ တစ်ယောက် ကို ဖေဖေ ဘယ်စွန့်လွှတ်နိုင်ပါ့မလဲ သား။ ဒါပေမယ့် သူသုံးဖြုန်းချင်သလောက် လောက်ငအောင် ငွေရှာမပေးနိုင်တဲ့ ဖေဖေ့ကို အမျိုးမျိုးပေါက်ကွဲပြတယ်။ နှိမ့်ချစော်ကားတယ်။ ယောက်ျားပဲ သားရယ် အမြဲတမ်း ကိုယ့်သိက္ခာကို ထိပါးနေတဲ့ မိန်းမ တစ်ယောက် ကို အတိုင်းအ တာတစ်ခုအထိပဲ သည်းခံနိုင်မှာ ပေါ့”

“မေမေက အဲဒီ လောက် ဆင်းရဲချို့တဲ့မှု ကို ခံနိုင်ရည်မရှိလည်း ရစရာရှိတဲ့ အမွေတွေ ကို ပြန်ယူပါလား။ စီးပွားရေး လုပ်လို့ရတာ ပေါ့”

“အဲဒါက ဖေဖေ အတ္တကြီးခဲ့တာလား သား၊ သား မေမေကို ရန်ကုန်ကို ပြန်ခွင့်မပြုခဲ့ဘူး။ ပြန်မလာမှာ စိုးရိမ်တဲ့စိတ်ရင်း လင်ယောက်ျားရှာဖွေပေးတဲ့ ငွေကိုပဲ အဆင်ပြေအောင်လည်း စည်း ကမ်းနဲ့ သုံးတတ်ရမယ်ဆိုတဲ့ အမိန့်ပေးမှု ကြောင့် ဒီလိုတွေ ဖြစ်သွားခဲ့တာ။ သားသုံးနှစ် သား အရွယ်လောက်မှာ သားအမေ ရန်ကုန်သွားမယ်ဆိုပြီး တစ်ခါ ထွက်သွားဖူးတယ်။ သိသိချင်း ဖေဖေ လိုက်ရှာတော့ ကားဂိတ်မှာ တွေ့ တယ်။ တွေ့ တဲ့နေရာမှာ ပဲ ဆွဲရုန်းခေါ်ပြီး သူအရှက်ရအောင် ဖေဖေရိုက်ပုတ်ပစ်မိတယ်”

ပြောရင်းနှင့် ဦးမိုးမြင့်သော် အသံတွေ အက်ရှ တုန်ယင်နေသည်။ ထိုအချိန်က ရွှေလည် တိုင်ရဲ့ အပြုအမူတွေ ဆိုးဝါးခဲ့တာကြောင့် နောင်တရမိခြင်း မရှိခဲ့ပေမယ့် ယောက်ျားမာနကို ပြား ပြားဝပ်အောင် နင်းချေခံခဲ့ရသည့်အတွက် ခုချိန်ထိ နာကြည်းနေမိဆဲပင်။

“အဲဒီ အချိန်တုန်းက မေမေက ဖေဖေ့ကို အရမ်းစိတ်ဆိုးမှာ ပဲနော်။ ဖေဖေ့ကိုရော ဘာမှ မတုံ့ပြန်ဘူးလား ဟင်”

“တုံ့ပြန်တာပေါ့ သား၊ သားတုံ့ပြန်တာက ဖေဖေ့ထက်ပိုပြီး အရှက်ရ နာကြည်းစေတယ်။ ပိုက်ဆံချမ်သာတဲ့ ယောက်ျား တစ်ယောက် နဲ့ တွဲ ပြတယ်လေ။ အဲဒီ လူပေးတဲ့ လက်ဆောင်တွေ နဲ့ ဖေဖေ့ကို ကြွားဝါပြတယ်။ နှိုင်းယှဉ်ပြီး ပေါ်ပေါ်တင်တင် နှိမ့်ချတယ်။ အဲဒီ လူက ကုန်သည်ပွဲစား၊ လက်ဖျားငွေသီးနေတဲ့ လူပေါ့။ ဖေဖေတို့ ၀န်ထမ်းလောကမှာ တော် တော် လေး သိက္ခာမဲ့ရတဲ့ အ ဖြစ်အပျက်ပဲ”

“မေမေက အဲဒီ လို အရှက်မဲ့လောက်တဲ့အထိ ငွေမက်ခဲ့တာလား ဖေဖေ”

ဖေဖေ့ကို စာနာစိတ်နှင့် ယောနသံ မျက်နှာငယ်လေးနှင့် မေးမိသည်။

ဖေဖေက သရော်ရိပ်စွန်းသော မဲ့ပြုံးတစ်ခုနှင့်

“ဘယ်လောက်ပဲ ချစ်ချစ် အဲဒီ လို အိမ်ထောင်ရေး ဖောက်ပြန်မှု ကို ဘယ်ယောက်ျားက သည်းခံနိုင်မလဲ”

“သားနားလည်ပါတယ် ဖေဖေ”

“အေး သူ့စိတ်က ရိုးသားသည် ဖြစ်စေ၊ မရိုးသားသည် ဖြစ်စေ၊ ပတ်ဝန်းကျင်မှာ အရှက်ရတာ ထက် ဒီအဖေရဲ့ ရင်ထဲမှာ ဘယ်လောက်ကြေကွဲခံစားရမလဲ။ အဲဒါကြောင့် သားလေး ငါးနှစ် သား အရွယ်မှာ ဖေဖေကပဲ ကွာရှင်းခွင့်တောင်းလိုက်တယ်။ ရှင်းရှင်းပြောရရင် ဒီလို အကျင့်စာရိတ္တရှိတဲ့ မိန်းမမျက်နှာကို မကြည့်ချင် မမြင်ချင်တော့လို့ပဲ သား”

“မေမေက အသာတကြည် ဆင်းသွားတာပဲလား”

“လွတ်မြောက်ခွင့်ပေးတာ နောက်ကျလို့ ၀မ်းနည်းမိသေးတယ်တဲ့။ စောစောကသာ စွန့်ပစ် လိုက်ရင် သူဒီလောက် ပင်ပန်းဆင်းရဲမှာ မဟုတ်ဘူးတဲ့လေ”

“သားကိုရော ခေါ်သွားမယ်လို့ မပြောဘူးလား ဖေဖေ”

“ဖေဖေက မထည့်လိုက်တာပါ။ အဲလို မိခင်မျိုးလက်ထဲကို သားလေးကို ပေးရက်ပါ့မလား။ သားဘ၀ လေလွင့်ပျက်စီးသွားမှာ ပေါ့။ ငွေကြေးရှိပေမယ့် စည်းကမ်းမရှိရင် ကိုယ်ကျင့်တရား ပျက် ပြားတာပဲ သား။ မိသားစုထက် သားသမီးထက် ငွေကို မက်မောတဲ့ မိန်းမ တစ်ယောက် ဟာ ဂုဏ် သိက္ခာမဲ့တာ မဟုတ်ဘူးလား”

တင်းမာအေးစက်နေသော မျက်ဝန်းတို့က ဆွေးမြေ့ခြင်းသို့ ပြောင်းလဲသွားကာ သားမမြင် စေလို၍ ကျောခိုင်းလျက် ထရပ်လိုက်သည်။

ရွှေလည်တိုင်ကို မေ့ပစ်ဖို့ ကြိုးစားတိုင်း သားလေး နားလည်အောင် ခဏခဏ ဒီအကြောင်း တွေ ပြောပြနေရသည်။

ပြောပြတိုင်းလည်း သူ့ရင်ဘက်ကြီးတစ်ခုလုံး စုတ်ပြတ်သက်နေအောင် နာကျင်နေခဲ့၏ ။

အချစ်က ငွေကြေးဂုဏ်ဓနတွေ လောက် အရေး မကြီးဘူးတဲ့လား။ ပဲ့ထွက်ကွဲကြေသွားတာ မှန်တစ်ချပ်လည်း မဟုတ်။ သူက မလျှော့လို့ ကိုယ်က တင်းရတာ လည်း မပြည့်စုံမှု ကို အမည် ခံ၍ ကိုယ်ကျင့်တရား ဖောက်ပြန်ခဲ့သည့် ကိစ္စကြီး။

ချစ်လွန်းလို့ ကျန်တာတွေ နားလည်ပေးနိုင်သော်လည်း ခြံခုန်ချင်တဲ့ နွားမတစ်ကောင်ကို ဘယ်လို ကျုံးသွင်းပိတ်လှောင်ထားရမလဲ။ ခံနိုင်ရည် မရှိခဲ့တာက ချစ်လွန်းလို့ပဲ ဆိုတာ ကိုယ့် ကိုယ်ကို သိသည်။

ခုလည်း ………

“ဟင်”

အနားကပ်ကာ ခေါ်လိုက်သော သားအသံကြောင့် နောက်လှည့်ကြည့်မိသည်။ လရောင် ၀ိုး တ၀ါးအောက်မှာ သားမျက်ဝန်းအိမ်ထဲက မျက်ရည်တွေ လက်ခနဲ မြင်လိုက်ရ၏ ။

“သား ဘာကို စိတ်မကောင်း ဖြစ်နေတာလဲ”

သားပခုံးလေးကို ဖက်ကာ လေးလေးပင်ပင်ပဲ သူမေးလိုက်သည်။

“ဖေဖေနဲ့ မေမေ တရားဝင် ကွာရှင်းခဲ့ကြတာဆိုတော့ မေမေ ဘယ်တော့မှ သားတို့ဆီ ပြန် မလာတော့ဘူးပေါ့နော်”

“သားရယ် ဘာလို့ တောင့်တနေတာလဲ။ မိဘတွေ ရဲ့ ပဋိပက္ခကြောင့် သားရင်ထဲ နာကျင် ရတယ်ဆိုရင် ဖေဖေတောင်းပန်ပါတယ်။ ဖေဖေ့ဘက်က တစ်ဖက်သက် မှားယွင်းခဲ့တာ မဟုတ်ဘူး ဆိုတာ သားနားလည်တယ်မဟုတ်လား”

“နားလည်ပေမယ့် အဲဒီ အချိန်က သားက ဘာမှ မသိနားမလည်သေးတဲ့ ကလေးလေးပါ ဖေဖေ ။ သားမှာ ဘာအပြစ်ရှိလို့ မေမေ စွန့်လွှတ်နိုင်ရတာ လဲ၊ ဖေဖေ့သွေးသားပါဆိုပြီး သားကိုပါ မုန်းတီးခဲ့တာပေါ့”

“သားရယ်”

မချိမဆန့် ညည်းညူကာ သားကိုယ်လေးကို ထွေးဖက်ပစ်လိုက်သည်။ ဒီအဖေကို ထပ်ပြီး နာကျင်အောင် မပြောပါနဲ့တော့လား သားရယ်။

“ကျွန်မသားကို ကျွန်မခေါ်သွားရမှာ ပေါ့ မောင်။ ကျွန်မက ရင်နဲ့လွယ်မွေးခဲ့ရတာ ။ ရှင်က မလောက်မငရှာဖွေပေးပြီး သားဘ၀ ကောင်းစားဖို့ ဘာများ တာဝန်ယူနိုင်မှာ မို့လဲ”

“အေး ငါ့သားက ငါ့စည်းကမ်းအောက်မှာ နေရင် လူတစ်လုံး သူတစ်လုံး သိက္ခာရှိရှိ နေနိုင် မှာ ။ သူများ လက်ညှိုးထိုးမခံရတဲ့ ကိုယ်ကျင့်တရားကိုလည်း ပိုင်ဆိုင်မယ်။ မင်းလို မိခင်တစ် ယောက် လက်ထဲမှာ ငါ့သားဘ၀ ပျက်စီးမခံနိုင်ဘူး။ လုံးဝ မင်းထဲမထည့်လိုက်နိုင်ဘူး ရှင်းလား။ တရားတဘောင်နဲ့ သားကို ရအောင်တောင်းကြည့်လေ။ မင်းက ကိုယ်ကျင့်တရား ပျက်ပြားနေတဲ့ မိခင် တစ်ယောက် ပါလို့ အယူခံဝင်ပြမယ် မင်းစောင့်ကြည့်”

မရည်ရွယ်ပေမယ့် သားကို ပေးလိုက် ရမှာ စိုးတာကြောင့် အနိုင်ပိုင်းကာ ပြောလိုက်သည်။ ရွှေလည်တိုင် တဆတ်ဆတ်ခါသွားကား သူ့ရှေ့ခြေတစ်လှမ်းတိုး၍ မျက်လုံးကြီးပြူးနေ၏ ။

“သြော် ကျွန်မက ကိုယ်ကျင့်တရား ဖောက်ပြန်တယ် ဟုတ်လား ။ ရှင့်မှာ ခိုင်လုံတဲ့ သက် သေရှိလား။ လူ တစ်ယောက် ယောက် နဲ့ ခင်မင်ရင်းနှီးတယ်၊ ပေးတဲ့လက်ဆောင် ယူတယ်။ အဲဒါနဲ့ ကိုယ်ကျင့်သိက္ခာ ညှိုးနွမ်းသွားရောတဲ့လား။ ကိုယ်ကိုယ်တိုင်က ပြည့်စုံအောင် တာဝန်မယူနိုင်လို့ သူများ ကို မနာလိုတာ ကျွန်မလည်း မတတ်နိုင်ဘူး မောင်၊ ဒါပေမယ့် သားက ကျွန်မ မွေးခဲ့ရတဲ့ သား။ ဒီသားကို ကျွန်မနဲ့နေလို့ ပျက်စီးမယ်ထင်ရင် ကျွန်မခေါ်မသွားတော့ဘူး။ တစ်ခုတော့ပြောခဲ့ မယ် မောင်။ ရှင့်ရဲ့ အရိုးစွဲနေတဲ့ စည်းကမ်းဘောင်ထဲမှာ သားလေး စိတ်တွေ ကျွန်မလို မွမ်းကြပ် ပြီး ထွက်ပေါက်မရှာပါစေနဲ့”

“စိတ်ချ မင်းလို ဘယ်တော့မှ မ ဖြစ်စေရဘူး။ ငါ့သားကို ငါတာဝန်ယူနိုင်တယ်။ ရောင့်ရဲ တင်းတိမ်မှု ရှိတဲ့ ကိုယ့်ကျင့်သိက္ခာ တန်ဖိုးထားတတ်တဲ့ လူ တစ်ယောက် ဖြစ်အောင် ငါဆုံးမသွန် သင်မယ်။ ထိန်းသိမ်း စောင့်ရှောက်မယ်”

ပြောခဲ့ ကြိမ်းဝါးခဲ့တာက မခံချင်စိတ်တွေ မာနတွေ နှင့်။

တစ်ချိန်ချိန်မှာ သားနာကျင်စွာ ခံစားရမလားဆိုပြီး တွေးမပူမိခဲ့တာလည်း အမှန်ပင်။

ခုတော့ သူ့မေတ္တာရိပ်မှာ နေရင်း အကြင်နာတရားမရှိတဲ့ မိခင်ကို သားလေး တောင့်တနေခဲ့ တာလား။ ထားရစ်ခဲ့လေခြင်းဟု တွေးတောကာ ၀မ်းနည်းကြေကွဲနေလေသလား။

မှားခဲ့တယ်ဆိုရင်လည်း သူရော ရွှေလည်တိုင်ရော သားအပေါ်မတရားခဲ့တာ သေချာ သည်။

ဒီအဖေကြီးရဲ့ မေတ္တာရိပ်အောက်မှာ ပဲ အေးချမ်းစွာ နေပါတော့လားသားရယ်။

•••

အခန်း(၈)

အခန်း(၈)

ဒီနေ့လည်း သက်တင် ကျောင်းမတက်နိုင်။ မနေ့ကတည်းက သူ့အမေ နေမကောင်းလို့ ဆိုပြီး ခွင့်ယူသွားခဲ့တာ။ တစ်ယောက် တည်း ကြောင်တောင်တော် နှင့် အတန်းတက်။

ထမင်းစားတော့လည်း ကန်တင်းမှာ တစ်ယောက် တည်း။ အပေါင်းအသင်းအများ ကြီး မထားခဲ့သူမို့ သက်တင်မရှိတော့ ယောင်လည်လည် ပျင်းခြောက်ခြောက်ကြီး ဖြစ်နေသည်။ ဒီနေ့ တော့ ကန်တင်းကို ထမင်းသွားမစားတော့ဘဲ ရေတမာပင်အရိပ်လေးရှိတဲ့ အုတ်ခုံလေးမှာ ထိုင်စား ဖို့ ဆုံးဖြတ်လိုက်၏ ။

ထမင်းဘူးကိုး ချည်နှောင်လာတဲ့ လက်သုတ်ပုဝါလေးကို အုတ်ခုံလေးပေါ် ဖြန့်ခင်းပြီး ထမင်းဘူး တင်လိုက်သည်။ လွယ်ထားတဲ့ လွယ်အိတ်ကို မချွတ်တော့ဘဲ အုတ်ခုံပေါ်မှာ တင်ပျဉ် ခွေထိုင်၍ ထမင်းဘူးဖွင့်ကာ စားနေလိုက်၏ ။

“ဟ ဘာလဲ”

တစ်ယောက် ယောက် က စူးစိုက်ကြည့်နေသလို ခံစားရတာ ကြောင့် ကျောမလုံ ဖြစ်ကာ ဘေးဘီဝဲယာကို ချာကတည်း လှည့်ကြည့်လိုက်မိသည်။ ပါးစပ်ကို လက်နှင့်ပိတ်၍ ခိုးခိုးခစ်ခစ် ရယ်သံတို့နှင့် မိန်းကလေးသုံးယောက် ။

ခပ်လှမ်းလှမ်း အုတ်ခုံပေါ်မှာ ထိုင်ရင်း သုံးယောက် ထဲက တစ်ယောက် ဖြစ်သော ယနေ သွန်းဆိုတဲ့ မိန်းကလေးက သူ့ကို စူးစူးစိုက်စိုက်ကြည့်ကာ ဘာတွေ ပွစိပွစိပြောနေမှန်းမသိဘဲ ပြုံး တုံ့တုံ့။

“တောက်”

ခပ်ကြိတ်ကြိတ် တောက်ခေါက်မိကာ ထမင်းဘဲ ဆက်စားရတော့မလို ထမင်းဘူးပိတ်ပြီး ထ သွားရမလို ဆန့်တငင်ငင် ဖြစ်သွားသည်။

ဒီလောက်ပဲ ရှေ့တည့်တည့်မှာ ထိုင်ပြီး ရဲတင်းရသလား။ မနေ့ကတည်း ကန်တင်းမှာ တစ် ယောက် တည်း ထမင်းစားနေတော့ သူနှင့် အနီးဆုံး ခုံမှာ လာထိုင်ကြပြီး ရေပတ်မ၀င်နိုင်သော စကားတွေ ဗြောင်းဆန်အောင် ပြောလျက် သူ့ကို စိတ်အနှောက်အယှက်ပေးခဲ့သည်။

“ဟဲ့ ဘယ်နှစ် ၀ါရပြီလဲ”

“လေးဆယ့်ကိုးဝါနဲ့ နှစ် ပိုင်းတစ်ပိုင်း”

“ငယ်ဖြူလား ကြီးမှ ၀က်သက်ပေါက်ပြီး သိက္ခာပုတ်ဝါတော် ရ ပုဂ္ဂိုလ်ကြီး ဖြစ်သွားတာ လား”

“ကိုယ့်ကိုယ်ကိုတောင် မသိလိုက်ဘူး။ လောကီကို စိတ်ကုန်နေတာတော့ အမှန်ပဲ။ လူ့ပြည် က သံယောဇဉ်တွေ ဖြတ်နေတာ နတ်ပြည်က နတ်သမီးလေးတွေ ဆီ သွားချင်လို့”

ထိုသို့သော အပြောင်အပျက်စကားတွေ နှင့် တ၀ါးဝါး တဟားဟား သူ့ကို တည့်တည့်ကြည့် ပြီး ပြောခဲ့ကြသည်။

သည်းခံနိုင်စွမ်း မရှိလို့ ကိုယ့်ထမင်းဘူးလေး ပြန်ပိတ်ပြီး ထလာခဲ့တော့လည်း အမှတ်တမဲ့ ဟန်နှင့် ယနေသွန်းက သူ့ကို ရေနှင့်ပက်ပြီး ဆောရီးဟု ခပ်တည်တည် တောင်းပန်၏ ။

လူအများ ရှေ့မှာ မို့ သူဘာမှလည်း မပြောခဲ့။ ဘာမှလည်း မလုပ်ခဲ့။

ခုလည်းကြည့်ပါဦး ဣနြေ္ဒသိက္ခာမဲ့စွာ နှင့် သူ ထမင်းစားနေတာကို ပြောင်ပြောင်တင်းတင်း ထိုင်ကြည့်ကာ လှောင်ပြောင်သရော်နေခဲ့သည်။

ရှက်လို့ ကြောက်လို့ မတုံ့ပြန်ရဲတာလို့များ ထင်နေသည်လား ။ ဂရုမစိုက်ချင်လို့ ဒီအတိုင်း နေနေလည်း မရ။ ထမင်းလုတ် တစ်ခါပါးစပ်ထဲ ထည့်တိုင်း ရယ်သံတွေ က နားထဲ ဗလုံးဗထွေး ၀င် ရောက်လာသည်။

“တောက် အရှက်သိက္ခာမဲ့တဲ့ မိန်းကလေးတွေ ”

အသံတိတ် ရေရွတ်မိရင်း ထမင်းဘူးလေးကို လက်သုတ်ပုဝါနှင့် ပြန်စီး၍ လက်ထရိန်ခန်း ဘက် ထွက်လာခဲ့သည်။

“ဟဲ့ ဆွမ်းဘုဉ်းပေးပြီး ကုဋီသွားမလို့ ထင်တယ်။ ချဉ်ပေါင်ဟင်းစော်နံမလား။ ငပိရည်စော် နံမလား မသိဘူးနော်”

ဝင်ရမလို၊ ထွက်ရမလိုနှင့် သူ့ခြေလှမ်းတွေ တုံ့ခနဲ ဖြစ်သွားသည်။ လွယ်အိတ်ကို တင်းခနဲ ဆုပ်ကိုင်လိုက်ရင်း သူမတို့ဘက် ချာခနဲ လှည့်လိုက်၏ ။

အလယ်မှာ ရပ်နေတဲ့ ယနေသွန်း မျက်နှာနှင့် နီးနီးကပ်ကပ် ဖြစ်သွားသော်လည်း သူမက မျက်နှာပိုးမသေချေ။

ဘာလဲဟူသော သဘောနှင့် မျက်ခုံးတောင် ပင့်လိုက်သေး၏ ။

“မင်းတို့ မိန်းကလေးတွေ ဖြစ်ပြီး အရှက်တရား နည်းလှချည်လား”

ခပ်ချဉ်ချဉ် ပြောပစ်လိုက်၍ ကောင်မလေးနှစ် ယောက် နောက်ကို တွန့်သွားသော်လည်း ယနေသွန်းက ထီမထင် မျက်နှာပေးနှင့်

“ဗလိုင်းကြီးပါလား။ ကိုယ့်အလုပ်ကိုယ်လုပ်၊ ကျွန်မတို့လည်း ကျွန်မတို့အလုပ်လုပ်နေတာ”

“တောက် မင်းတို့က လာပြီး အကြောင်ရိုက်နေတာ၊ ငါ့ကိုများ မင်းတို့ လှောင်ပြောင်သရော် ရမယ့် ကောင်မှတ်နေလား။ မိန်းကလေးတွေ တဲ့ ဣနြေ္ဒသိက္ခာလည်းမရှိဘူး”

“ဟင်း ဟင်း အဲလို အယူတိမ်းနေရင်တော့ မထူးတော့ပါဘူး။ ဒီစာလေး ယူ သွားပါလား”

“ဘာကွ”

သူမ လွယ်အိတ်ထဲက အသည်းပုံ ပန်းရောင် စာအိတ်လေးကို ဆွဲထုတ်ယူကာ သူ့လက်ထဲ သို့ ထည့်သည် ။ ဆတ်ခနဲ ခါထုတ်ပစ်ကာ သူမျက်လုံးပြူးသွား၏ ။

“ဘာလဲ မိန်းကလေးက စပြီး ရည်းစားစာပေးတယ်ထင်လို့ ဘ၀င်မြင့်သွားတာလား။ ရှင် အဲလောက် မပိန်းနဲ့။ ရည်းစားစာ မဟုတ်ဘူးဆိုတာ ဖတ်ကြည့်ရင် သိလိမ့်မယ်”

“မင်းဘာသာ ဘာစာ ဖြစ် ဖြစ် ငါစိတ်မ၀င်စားဘူး။ မင်းလို သရုပ်ပျက်တဲ့ မိန်းကလေးနဲ့လည်း စကားဆက်မပြောချင်ဘူး။ ဖယ်”

သူတိုးတိုက်ကာ လှည့်ထွက်လိုက်တော့ ယနေသွန်းက လက်နှစ် ဖက်ဆန့်တန်းက သူ့ရှေ့ က ပိတ်ရပ်လိုက်သည်။

“နိုး နိုး ရှင်အဲလို ရှောင်ထွက်သွားရင် ရှင့်နောက်က တောက်လျှောက်လိုက်ပေးနေမှာ ပဲ”

“ဘာကွ မင်း”

“မယုံမရှိနဲ့ ယနေသွန်း မလုပ်ရဲတာ ဘာမှမရှိဘူး”

“သြော် ယောက်ျားလေး တစ်ယောက် နောက်က မင်းက လိုက်ရဲတယ် ဟုတ်လား။ လိုက်ပေါ့ ငါက ယောက်ျားလေး ဂရုစိုက်စရာမလိုပါဘူး။ ပေါ်ပြူလာတောင် ဖြစ်သေးတယ်”

“စိန်လိုက်လေ အိုကေ”

မထီမဲ့မြင် အပြုံးနှင့် လက်ဖြောက်တစ်ချက်တီးပြီး သူ့မျက်နှာရှေ့မှာ လက်ညှိုးထိုး၍ စိန် ခေါ်သည်။

နှုတ်ခမ်းထောင့်စွန်းလေး တစ်ဖက် ကွေးညွတ်သွားအောင် မဲ့ခနဲ ပြုံးလျက် သူ လှည့်ထွက် လာခဲ့သည်။

အတန်းချိန် မစေ့သေးပေမယ့် စာသင်ခန်းထဲဝင်ကာ စာဖတ်နေလိုက်၏ ။

သူမတို့အဖွဲ့ သူ့နောက်က တောက်လျှောက်ပါလာကာ သူ့ကို မြင်ရနိုင်သော ကော်ရစ်ဒါမှာ ထိုင်နေကြသည်။ သူ အမှတ်တမဲ့ သူမတို့ နေရာလေးကို အကြည့်ရောက်သွားတိုင်း မချိုမချဉ် အပြုံးနှင့် စာအိတ်လေးကို ထောင်ပြနေ၏ ။

တော် တော် အရှက်နည်းကာ သရုပ်ပျက်သော အပြုအမူပင် ။ တချို့ကျောင်းသူ ကျောင်း သားတွေ ပြုံးစိစိနှင့် တီးတိုးဝေဖန်နေကြသော်လည်း သူမ ကတော့ ဂရုမစိုက်၊ ဘယ်လို မိန်းမလဲ။ တွေးယူလို့တောင် မရနိုင်။

“သွန်းရယ် အရမ်းရှက်စရာကောင်းနေပြီ။ သွားရအောင်ပါဟယ်”

“သွန်း နင်လုပ်နေတာကြီးက ပြောင်းပြန်ကြီးနော် ။ ပြောတော့ ယောနသံ ဒူးထောက်ခယ လာစေရမယ်တဲ့။ ဟိုက ပိုးစိုးပက်စက်ကြီး ရှုတ်ချနေတာ နင့်ကို ဂရုတောင် မစိုက်ဘူး”

“ပူညံ ပူညံ မလုပ်နဲ့ဟာ ။ ငါ့အနားမှာ မနေချင်ရင် နင်တို့ သွာြး ကတော့”

“ဟဲ့ ငါတို့ပြောတာက”

“ကဲ နင်တို့ ဘိုးတော် ကို ငါက တစ်ဖက်သတ် ကြိုက်လို့အရှက်မရှိ မျက်နှာပြောင်တိုက် နေတယ် ထင်နေလား။ ဒင်းတို့ ပုဂ္ဂိုလ်က သူ့ဘက်ကစပြီး မိန်းကလေးတွေ ကို စိတ်ဝင်စားမှာ မဟုတ်ဘူး။ အဲဒါကြောင့် ကိုယ့်ကိုသတိထားမိအောင် စိတ်ဝင်စားအောင် အရင်လုပ်နေရတာ အဲဒီ ကနေ အစပြုပြီး ငါ့ကို သည်းသည်းလှုပ်လာမှ ငါက ဖြတ်ချလို့ရမှာ ပေါ့”

“ဟင်”

“ဘာ”

ဒါလီနှင့် မိမျိုး အထိတ်တလန့် အာမေဋိတ်သံနှင့်ပြူးတူးပြာတာ ဖြစ်သွားသည်။

“နင်က ဘာကို ဖြတ်ချမှာ လဲ”

“သြော် အယူတိမ်းပြီး အစိမ်းဘ၀ရောက်မသွားနဲ့ဦး။ ဖြတ်ချမယ်ဆိုတာ သူငါ့ကို မခွဲနိုင်၊ မခွာရက် ချစ်လာပြီဆိုမှ အရှင်လတ်လတ် အသည်းခွဲမှာ ကို ပြောတာ”

“အံမယ်လေး ရည်ရွယ်ချက်ကြီး ကတော့ အောင်မြင်တော့မှာ ပဲ ။ ဟိုက ဖုတ်လေတဲ့ငပိ ရှိတယ်လို့တောင် မအောင့်မေ့ဘူး။ ပြောလိုက်တာလည်းပိုးခနဲ ပတ်ခနဲ၊ မိန်းကလေးဆိုပြီး အားနာ ရမှန်း မသိဘူး”

“ဒီလိုပဲ အစဆိုတော့ မူတာပေါ့ဟယ်။ ကိုယ်က စိတ်ရှည်ရှည်ကြိုးစားရမှာ ပေါ့”

“ဘုရားသခင် နင့်အမေက နင့်ကို ပြောင်းပြန်ကြီး မွေးလာတာလား။ ချက်ကြောနဲ့ ရှက်ကြော မှားဖြတ်ပစ်လိုက်တာလား။ ဒုက္ခပါပဲ ငါတို့တော့ လူပေါင်းမှားပြီထင်ပါတယ်”

“အေးဟ ထင်ရက်စရာမရှိဘူး။ အရင်ကောင်တွေ တုန်းက ခေါင်းမော့ရင်ကော့ပြီး မာနနဲ့ နေခဲ့တာပါ။ ဒူးထောင်ခယချင်တဲ့ ကောင်တွေ ကို မျက်နှာသာတောင် ပေးခဲ့တာ မဟုတ်ဘူး။ ယော နသံနဲ့ကျမှ နင်က ခံဘက်ကပါလား”

“ဟဲ့”

ဒါလီပြောတာကို မိမျိုးက အလန့်တကြား တားမြစ်သည်။ ယနေသွန်းက ဘာကိုမှ ဂရုမစိုက် ဘဲ အော်သံကြားလို့ ဆတ်ခနဲ လှည့်ကြည့်လိုက်တဲ့ ယောနသံကို စာအိတ်လေး ထောင်ပြလိုက် သည်။

ခပ်ပျော့ပျော့ရွှေဝါရောင် ဆံပင်လေး လွင့်ခါသွားအောင် ပြန်လှည့်သွားတဲ့ ယောနသံကို ကြည့်၍ သူမအသည်းတစ်ခြမ်း ဖျပ်ဖျပ်ခါသွား၏ ။

ဘာကြောင့် လဲ ရင်ခုန်တာတော့ မ ဖြစ်နိုင်။

•••


ဝန်ဇင်းချစ်သူများ လုံမ ၏ “ ရှိုက်သံကင်းမဲ့ဇုန် ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


ခြယ်သမမီ တိမ်ပန်းချီ

လက်ကလေးရဲ့မီးပြတိုက်

ရင်ခုန်သံ အဓိပ္ပါယ်