Cover

( ၁ )

ယနေ့သည် ...ဒေါ်ထိပ်ထားခင်၏ အသုဘကို သုဿန်သို့ ပို့ဆောင်၍ မြေချသဂြိုဟ်မည့် နေ့ ဖြစ်သည်။

ထိပ်ထားခင်၏ အသုဘကား စည်ကားလှပေ၏ ။

ယနေ့သည် မိုးသည်းထန်စွာ ရွာသွန်းသည့်နေ့တစ်နေ့ ဖြစ်သော် လည်း ထိပ်ထားခင်၏ နောက်ဆုံးခရီးကို လိုက်ပါပို့ဆောင်သူများ မှာ များ ပြားလှပေ၏ ။

ဒေါ်ထိပ်ထားခင်သည် မြို့မျက်နှာဖုံးသူဋ္ဌေးတစ်ဦး ဖြစ်သလို၊ အောင်မြင်သော အမျိုးသမီးစွမ်းဆောင်ရှင်စီးပွားရေး သမား တစ်ယောက် ဖြစ်ပေရာ ထိပ်ထားခင်ကို ခင်မင်သူ၊ လေးစားကြည်ညိုသူ၊ စီးပွားရေး အရပေါင်းသင်းဆက်ဆံသူတွေ များ လှပါပေသည်။

ရန်ကုန်၊ မန္တလေး၊ ပြင်ဦးလွင်၊ မိတ္ထီလာ၊မြစ်ကြီးနား၊ ပုသိမ်၊ တောင်ကြီး၊ ပြည် တို့လိုမြို့ကြီးများ မှ ဒေါ်ထိပ်ထားခင်၏ အသုဘအတွက် လာရောက်ကြသည့် စီးပွားဖက်မိတ်ဆွေများ နှင့်ပင် မြိုင်သေလာမြို့၏ ဟိုတယ်နှင့်တည်းခိုခန်းအားလုံး လူပြည့်လျှံသွားလေသည်။

သူမ၏ အောင်မြင်မှု၊ ကြွယ်ဝမှုအရှိန်အဝါများ ကြောင့် ထိပ်ထား ခင်အား ''ဒေါ်''တပ်ကာ ဒေါ်ထိပ်ထားခင်ဟုခေါ်ဝေါ်နေကြသော်လည်း ထိပ်ထားခင်၏ အသက်မှာ ၃၃နှစ် သာရှိပါသေးသည်။

အသုဘမချမီပင် မိုးက သည်းထန်စွာ ရွာလာလေ၏ ။

ဒေါ်ထိပ်ထားခင်၏ ခင်ပွန်း ဖြစ်သူ ကိုထက်ဝေယံသည် အောက် ထပ်သို့မဆင်းမီ သူ့ကိုယ်သူ ကိုယ်လုံးပေါ်မှန်ကြီးထဲတွင် ကြည့်လိုက်၏ ။

မှန်ထဲ၌ အနက်ရောင် ကုတ်အင်္ကျီ၊ အနက်ရောင် ဘောင်းဘီရှည်၊ အနက်ရောက်နက်ကတိုင်လည်စည်းဖြင့် ပေါ်လာသော ချောမောလှပ ယောကျာ်းပီသသည့်လူ တစ်ယောက် ပုံရိပ်ကိုမြင်လိုက်ရလေသည်။

အနက်ရောင် ဆိုသည်ကား အ,မင်္ဂလာအရောင် ။ မမထား၏ အသုဘတွင် အနက်ရောင် ဝတ်စုံကိုဝတ်ဆင်ခြင်းဖြင့် ကြေကွဲဝမ်းနည်း နေကြောင်းပေါ်လွင်အောင် ပြသထားခြင်း ဖြစ်ပါသည်။

မမထားအသုဘပြင်ဆင်ထားရာ အောက်ထပ်သို့ရောက်လျှင် လည်း အသုဘပို့ပရိသတ်ရှေ့တွင် ကြေကွဲဝမ်းနည်းသော အမူအရာများ လုပ်ပြရပေလိမ့်ဦးမည် ။

မှန်ကြည့်နေစဉ် အခန်းဝတွင် လူရိပ်ပေါ်လာ၍ မှန်ရှေ့မှ အမြန် ခွာလိုက်ရသည်။

အခန်းဝကိုလှမ်းကြည့်လိုက်တော့ နန်းအေးဆိုသော အိမ်ဖော် မလေး ဖြစ်နေသည်။

''ဆရာ ...အသုဘချဖို့ အချိန်နီးနေပါပြီ''

နန်းအေးက သူ့ကို လေးစားရိုကျိုးစွာ ပြောလိုက်သည်။

''အေး ...လာပြီ''

ထက်ဝေယံက မျက်လွှာကိုချကာ ဝမ်းနည်းကြေကွဲဟန်အပြည့် ဖြင့် အခန်းထဲမှလှမ်းထွက်လာခဲ့သည်။

မြင့်မား၍ ရှည်လျားသော လှေကားကြီးမှ အောက်ထပ်သို့ တစ် လှမ်းချင်းနင်းလျှောက်လာသည့်အခါ...

ထက်ဝေယံအား ကရုဏာသက်သော မျက်လုံးများ ဖြင့်မော်ကြည့်နေကြသည့် အသုဘရှုပရိသတ်ကိုတွေ့ လိုက်ရလေသည်။ သူတို့သည် အသက်ငယ်ငယ်ရွယ်ရွယ်ဖြင့် မုဆိုးဖိုကလေးအ ဖြစ် ကျန်ရစ်နေခဲ့သော ထက်ဝေယံကို သနားနေကြပေလိမ့်မည် ။

''အသုဘချဖို့ အချိန်ကျပါပြီဆရာ''

ထိပ်ထားခင်ပိုင်စက်ရုံတစ်ခုမှ မန်နေဂျာကိုခွန်ထွန်းက လေးစား သော အမူအရာဖြင့် လှေကားရင်းအထိ လာ၍ အစီရင်ခံရှာသည်။

ကိုခွန်ထွန်းမှာ ထက်ဝေယံထက် အသက်များ စွာ ကြီးပါသော် လည်း သူဋ္ဌေးမလေး၏ ခင်ပွန်း ဖြစ်သူကို ဆရာဟုပင် လေးလေးစားစား ခေါ်ခဲ့ပေ၏ ။

တကယ်တော့ သေဆုံးသူဒေါ်ထိပ်ထားခင်ထက် အသက်ရှစ်နှစ် ပိုငယ်သော ခင်ပွန်း ဖြစ်သူထက်ဝေယံအသက်မှာ ယခုမှ၂၅နှစ် သာရှိပါ သေးသည်။ အသက်လေးဆယ်အရွယ်ကိုခွန်ထွန်းနှင့်စာလျှင် အတော် ပင် အသက်ချင်းကွာကြပေ၏ ။

''ဒေါ်ထိပ်ထားခင်ရဲ့ ရုပ်ကလာပ်ကို နောက်ဆုံးအနေနဲ့ အားရ အောင်ကြည့်လိုက်ပါဦး ဆရာ''

''စိတ်ကိုတင်းမထားပါနဲ့ဆရာ၊ ငိုချင်ရင် အားရအောင်သာ ငိုချလိုက်ပါ''

ကိုခွန်ထွန်းနှင့်အတူ သူ၏ ဇနီးနန်းခမ်းနွယ်ကလည်း ဝင်၍ နှစ် သိမ့်လိုက်ပြန်သည်။

ထက်ဝေယံလက်မောင်းတစ်ဖက်ကို ကိုခွန်ထွန်းကတွဲ ခေါ်ကာ အလောင်းပြင်ထားရာနေရာသို့လျှောက်လာခဲ့လေသည်။

ထက်ဝေယံသည် မျက်လွှာကိုချရင်း ဘယ်သူ့မျက်နှာကိုမှ မော် မကြည့်ပဲ အလောင်းစင်ရှိရာအထိ လိုက်ပါလာလိုက်သည်။ များ ပြားလှ သော အသုဘပို့ပရိတ်သတ်၏ မျက်လုံးများ မှာ သူ့ကိုကရုဏာသက်စွာ ကြည့်နေမည် မှန်သော်လည်း အချို့သော မျက်ဝန်းများ မှာ မူ စူးစမ်းသော ၊ သံသယဝင်သော အကြည့်များ ဖြင့်ကြည့်နေကြမည် ကို သိထား၍ ဖြစ်ပါ၏ ။

ယခုအချိန်ဝယ် ဘယ်လိုမျက်လုံးအကြည့်မျိုးကိုမှ ထက်ဝေယံ ရင်မဆိုင်ချင်ပါ။

ထက်ဝေယံက အလောင်းစင်ဘေးတွင် ဒူးထောက်ထိုင်ချလိုက် ၏ ။

အသက်ကင်းမဲ့နေသော မမထားမျက်နှာကို ကြောင်ငေးကာ ကြည့်နေမိသည်။

ဇာပဝါပါးပါးအောက်မှ မမထား၏ ရုပ်ကလာပ်က အသက်ကင်း မဲ့နေသော်လည်း လှပနေဆဲပါပေ။ နဂိုချောမောလှပသော ထိပ်ထားခင် ၏ အလောင်းကို နန်းခမ်းနွယ်က မိတ်ကပ်ပြင်ပေးထားခြင်း ဖြစ်ပါ၏ ။

''ငိုလိုက် ...ငိုလိုက်ပါဆရာ''

''စိတ်ကိုတင်းမထားပါနဲ့ကိုထက်ဝေယံ၊ ငိုချလိုက်ပါဗျာ''

သူ့ကို ငိုဖို့တိုက်တွန်းနေကြပါပကော။

သူ့မျက်ဝန်းအိမ်မှ မျက်ရည်များ စီးကျလာသည့်အတွက် သူ ကိုယ်တိုင်ပင်အံ့သြသွားရလေ၏ ။ ကျဆင်းလာသော မျက်ရည်များ မှာ မျက်ရည်အစစ်များ ဖြစ်ပါ၏ ။

သည်မျက်ရည်တွေ ဘာကြောင့်ကျလာရတယ်ဆိုတာ သူကိုယ် တိုင်သာ သိလေသည်။

ထက်ဝေယံက သိသိသာသာ တစ်ချက်ရှိုက်လိုက်သည်။

လောလောဆယ်တော့ ဇနီးသည်သေဆုံးသည့်အတွက် ဝမ်းပန်း တနည်းငိုရှိုက်နေသော မုဆိုးဖိုလေးအ ဖြစ် အံဝင်ခွင်ကျ ဖြစ်သွားရလေပြီ။

သူတို့က မမထား၏ အလောင်းကိုအခေါင်းထဲသို့သွင်းလိုက်ကြ၏ ။

အလောင်းကို အလုပ်သမားများ က သချုင်္ီင်းအရောက် ထမ်းပို့ ကြပါလိမ့်မည် ။

သူတို့ရဲ့ ကျေးဇူးရှင်အလုပ်ရှင်မမ၏ နောက်ဆုံးခရီးကို အလုပ် သမားများ ဆန္ဒအတိုင်း လိုက်လျောခဲ့ခြင်း ဖြစ်သည်။ များ ပြားလှသော အလုပ်သမားများ မှာ သင်္ချီုင်းအရောက် အလောင်းကို တစ်လှည့်စီထမ်း၍ ပို့ဆောင်ကြလိမ့်မည် ။

ခြေလျင်လိုက်ပို့သူများ က အလောင်းနောက်မှလိုက်ကြကာ ကားများ က နောက်ဆုံးမှ ဖြည်းညင်းစွာ မောင်းနှင်၍ အသုဘကို ပို့ဆောင် ခဲ့ကြသည်။

မိုးများ က သည်းသည်းမည်းမည်းရွာသွန်းနေကာ ပတ်ဝန်းကျင် တစ်ခုလုံး မှုန်မှိုင်းနေပါသည်။

ကားတန်း၏ ရှေ့ဆုံး မာစီးဒီးကားနက်ကြီးပေါ်ဝယ် ထက်ဝေယံ လိုက်ပါလာခဲ့သည်။ မိုးရေစက်များ က ကားမှန်ကိုရိုက်ခတ်လျှက်ရှိရာ ကားအတွင်းမှကြည့်လျှင် အပြင်ဝန်းကျင်တစ်ခုလုံး မှုန်ဝါးနေ၏ ။

ခြေလျင်ပို့သူများ ၏ ထီးများ ပေါ်သို့ မိုးရေများ က တဗြုန်းဗြုန်း ကျနေသည်။

သင်္ချီုင်းအတွင်းသို့ တိတ်ဆိတ်စွာ ရွေ့လျားဝင်ရောက်သွားသော အသုဘပို့လူအုပ်ကြီးမှာ မကောင်းဆိုးဝါးတစ်သိုက် စည်တန်းလှည့်လည် လာသည်နှင့်ပင် တူလှပေ၏ ။

အလုပ်သမားများ က ထိပ်ထားခင်၏ အလောင်းကို မြှုပ်နှံမည့်  နေရာအရောက် အုတ်ဂူအကြိုအကြားများ ကိုဖြတ်သန်းရင်း သယ်ဆောင် သွားကြသည်။

ထက်ဝေယံ ကားပေါ်မှဆင်းလိုက်သည်။

ကားတစ်စီးတည်းအတူပါလာသော နန်းခမ်းနွယ်က ဘေးမှ ထီးမိုးပေးရင်းလိုက်ပါလာ၏ ။

မိုးက တဖြည်းဖြည်း ပါး၍ သွားပေပြီ။

ဝန်းကျင်ထုသည်ကား မိုးသားတိမ်ရိပ်များ ကြောင့် မှုန်မှိုင်းနေ ဆဲပင်။

လူမှုရေး အရ ဝတ်ကျေတန်းကျေလိုက်ပို့သော ဧည့်သည်များ က အသုဘသင်္ချီုင်းရောက်သည်နှင့် ပြန်သွားကြပေပြီ။

နောက်ဆုံးတော့ ဒေါ်ထိပ်ထားခင်၏ လူယုံများ ၊ အလုပ်သမား တချို့၊ အုတ်ဂူလုပ်မည့် ပန်းရံသမားများ နှင့် ထက်ဝေယံတို့သာလျှင် သင်္ချီုင်းမြေမှာ ကျန်ရစ်ကြတော့သည်။

ထိပ်ထားခင်၏ အလောင်းကောင်ကို မြေကျင်းထဲသို့ ချလိုက် ပေပြီ။

''သွားပေတော့မမထားရေ ...သွားပေတော့ ... သံသရာဘဝအဆက်ဆက်မှာ မမထားနဲ့ကျွန်တော် ဘယ်တော့မှ ပြန်မဆုံရပါစေနဲ့ဗျာ''

ထက်ဝေယံက စိတ်ထဲမှ လှိုက်လှဲစွာ နှုတ်ဆက်ဆုတောင်း လိုက်လေ၏ ။

မြေဆိုင်ခဲတစ်ဆုပ်ကိုကောက်ယူ၍ အခေါင်းရှိရာမြေကျင်းထဲသို့ ပစ်ချလိုက်လေသည်။



( ၂ )

လေးဘီးအငှားကားလေးတစ်စီးက သင်္ချီုင်းရှေ့တွင် ရပ်လိုက် သည်။

အငှားကားတံခါးပွင့်လာကာ လူရွယ်တစ်ဦး ကားပေါ်မှဆင်း လာလေသည်။

သူသည် ဒူးဆစ်အထိရှည်လျားသော မိုးကာအင်္ကျီအနက်ရောင် ကို ဝတ်ဆင်ထား၏ ။ အင်္ကျီနှင့်တွဲ ရက်ပါသော မိုးကာဦးထုတ်ကို ဦးခေါင်း ဖုံးလုနီးပါးစွပ်ထားရာ ဖြူနုသော မျက်နှာလေးတစ်ခုသာ ထင်း၍ ပေါ်နေပေ ၏ ။

သူသည် သင်္ချီုင်းဝင်းထဲသို့ ခပ်သုတ်သုတ်လျှောက်၍ ဝင်သွား လေသည်။

မိုးစက်မိုးဖွားများ သည် သူ၏ မိုးကာပေါ်သို့ကျနေလေရာ တ ပေါက်ပေါက်အသံများ မြည် နေ၏ ။

သူက ခေတ္တတုံ့ရပ်ကာ သင်္ချီုင်းကုန်းထဲသို့ ဟိုသည်လှည့်ကြည့် လိုက်သည်။

တစ်နေရာမှ လူစုစုကိုမြင်လိုက်သည်တွင် သူက ထိုနေရာသို့ လျှောက်သွားလိုက်၏ ။

သြော် ...မမထားရယ် ဒီတစ်ခါလည်း ဟိန်း နောက်ကျရပြန် ပြီကောဗျာ၊ သူက ရင်တွင်းမှ နာကြင်စွာ ရေရွတ်လိုက်သည်။

သူသည် ထိပ်ထားခင်၏ အလောင်းမြေချရာအထိလျှောက်သွား ကာ မြေကျင်းအစပ်တွင် ရပ်လိုက်သည်။ မြေကြီးများ ကို အခေါင်းဖုံးလု နီးပါး ဖို့ပြီးနေပေပြီ။ မမထားရဲ့ မျက်နှာကိုတောင် နောက်ဆုံးအနေနဲ့ ကြည့်ခွင့်မရလိုက်တော့ပါလား။

သူက မြေဆိုင်ခဲတစ်ဆုပ်ကို ကုန်း၍ ကောက်လိုက်ကာ မြေကျင်း ထဲသို့ပစ်ချလိုက်သည်။

''မမရေ... အမျှ... အမျှ... အမျှ...''

သူက အသံထွက်၍ ရေရွတ်လိုက်လေသည်။

သူ့အသံကြောင့် ထက်ဝေယံနှင့်အတူ အနီးမှလူများ အားလုံး မော်ကြည့်လိုက်ကြသည်။

ထက်ဝေယံသည် မြေကျင်း၏ တစ်ဖက်ထိပ်တွင် သူနှင့်မျက်နှာ ချင်းဆိုင်ရပ်နေသော ''ထိုလူ''ကို မြင်လိုက်ရလေသည်။

''ထိုလူ''ကလည်း ထက်ဝေယံကိုပြန်ကြည့်သည်နှင့် အကြည့် ချင်းဆုံမိကြလေသည်။ ထိုလူကလည်း ထက်ဝေယံကို စူးစူးရဲရဲကြည့်နေ သည်။ ထက်ဝေယံကလည်း ထိုလူကို မုန်းတီးစက်ဆုပ်သော အကြည့်ဖြင့် စူးစိုက်ကြည့်နေမိလေသည်။

ကိုခွန်ထွန်းနှင့်နန်းခမ်းနွယ်အပါအဝင် အလုပ်သမားများ သည် သူတို့နှစ် ယောက် ကိုအံ့သြစွာ ကြည့်ရင်း ကြောင်ငေးနေမိကြသည်။

သူတို့နှစ် ယောက် သည် ...

အလောင်းမြှုပ်နှံရာမြေကျင်း၏ တစ်ဖက်တစ်ချက်စီတွင် မျက်နှာချင်းဆိုင်၍ ရပ်နေသည်။

တစ်ယောက် က အနက်ရောင် လွှမ်းသော အနောက်တိုင်းဝတ်စုံကိုသပ်ရပ်ခန့်ညားစွားဝတ်ဆင်ထားသည်။

ဧည့်သည် ဖြစ်သော နောက် တစ်ယောက် က ဒူးဆစ်အထိရှည် လျားသော အနက်ရောင် မိုးကာအင်္ကျီကြီးကိုလွှမ်းခြုံထားပြီး ဦးထုပ်ကို မျက်နှာပေါ်ရုံအုပ်ဆောင်းထားသည်။

ဘေးလူများ အဖို့ ...

မြေကျင်းတစ်ဖက်စီတွင် မျက်နှာချင်းဆိုင်ရပ်နေသော သူတို့ နှစ် ဦးကိုကြည့်ရသည်မှာ လူ တစ်ယောက် ၏ အရိပ်ကို မှန်ထဲတွင် ကိုယ်ခွဲ ၍ မြင်ရသကဲ့သို့ ခံစားရပေ၏ ။

အဘယ်ကြောင့်ဆိုသော် ဝတ်စားဆင်ယင်ပုံကွဲပြားသော်လည်း လူနှစ် ယောက် ၏ မျက်နှာမှာ ''တစ်ခုတည်း'' ဖြစ်နေသော ကြောင့်ပင်။

ထက်ဝေယံသည် သူ၏ မျက်နှာနှင့် တစ်ခုတည်းအလား ချွတ်စွတ်ထပ်တူညီသည့် ဧည့်သည်လူရွယ်၏ မျက်နှာကို စိုက်ကြည့်နေ သည်။

ထိုမျက်နှာရှင်ကား ထက်ဝေယံကို ဆန့်ကျင်ဖက်ဆန်သော ခံစားမှုများ ကို ပေးလျှက်ရှိပေသည်။ ထိုမျက်နှာသည် သူ့အတွက် အလွန် တရာမုန်းတီးရွံရှာစက်ဆုပ်ဖွယ်ကောင်းသော မျက်နှာတစ်ခု ဖြစ်ပါသည်။ တစ်ပြိုင်တည်းမှာ ပင် ထိုမျက်နှာမှာ သူ၏ မျက်နှာပင် ဖြစ်သည်မို့ သူ အလွန်တရာချစ်ခင်မြတ်နိုးရသော မျက်နှာတစ်ခုပင် ဖြစ်ပါတော့သည်။

မြိုင်သေလာမှလူများ သည် ထက်ဝေယံ၌ အမွှာညီအစ်ကိုရှိ သည်ဟုကြားခဲ့ဖူးသော်လည်း ...တစ်ကြိမ်တစ်ခါမျှ မမြင်ဖူးခဲ့ကြချေ။

ထက်ဝေယံ၏ အမွှာညီအစ်ကို ဖြစ်သူ ဟိန်းဝေယံသည် မြိုင် သေလာသို့ ယခုမှ ပထမဆုံးအကြိမ်ရောက်ရှိလာခြင်း ဖြစ်ပါ၏ ။

''ကိုဟိန်းဝေယံထင်ပါရဲ့ ''

ကိုခွန်ထွန်းက တာဝန်ရှိသူတစ်ဦး ဖြစ်သည့်အားလျော်စွာ ဧည့်သည်ကို အသိအမှတ်ပြုရင်းနှုတ်ဆက်လိုက်လေသည်။

ဟိန်းဝေယံက ကိုခွန်ထွန်းကို ခေါင်းညိတ်ပြလိုက်၏ ။

မှန်ပါသည်။ အသုဘမြေချချိန်ကျမှရောက်လာသော ဧည့်သည် သည် ...အသုဘရှင် ကျန်ရစ်သော မုဆိုးဖိုလေးထက်ဝေယံ၏ တစ်အူ တုံဆင်း အစ်ကိုအရင်း တစ်ယောက် ဖြစ်ပါသည်။

ပို၍ တိကျစွာ ဆိုရသော် ...ဟိန်းဝေယံနှင့်ထက်ဝေယံသည် တစ်ယောက် နှင့် တစ်ယောက် မိနစ်နှစ် ဆယ်သာခြား၍ မွေးဖွားခဲ့ကြသော အမွှာပူးညီအစ်ကို ဖြစ်ပါ၏ ။

ထက်ဝေယံက မြေကျင်း၏ ခြေရင်းဖက်မှပတ်၍ ဟိန်းဝေယံဆီ လျှောက်သွားလိုက်သည်။

''ကိုဟိန်း ...မင်းရောက်လာတယ်ပေါ့''

''ဟုတ်တယ် ...အသုဘလာပို့တာ''

''ငါ့အိမ်မှာ လိုက်တည်းမှာ မဟုတ်လား ...ဟင်''

ဟိန်းဝေယံက မျက်နှာလွှဲထားရာမှ ထက်ဝေယံကို ဆတ်ကနဲ လှည့်ကြည့်လိုက်သည်။

''ငါ့အိမ် ...ဟုတ်လား ...အဟင်း ...ဟင်း ...ဟွန်း ဟွန်း ...ဟွန်း ...''

ဟိန်းဝေယံက လှောင်ပြောင်သလို မရယ်ချင့်ရယ်ချင် ရယ်လိုက် လေသည်။

ထက်ဝေယံမျက်နှာမှာ ရှိန်းကနဲ ဖြစ်သွားလေ၏ ။ ဟိန်းဝေယံ အပေါ်မုန်းတီးနေသော စိတ်များ သည်လည်း အဆမတန်ပွားလာသည်ဟု ထင်မှတ်လိုက်မိလေသည်။

''မတည်းပါဘူး၊ ငါ မြို့ထဲကတည်းခိုခန်းတစ်ခုမှာ တည်းမှာ ၊ အိုကေအင်း တဲ့၊ အဲဒီ မှာ ပစ္စည်းတွေ ဝင်ထားခဲ့ပြီးမှ ဒီကိုလာခဲ့တာ''

ဟိန်းဝေယံအိမ်ကိုလိုက်မလာဘူးဆို၍ ထက်ဝေယံက စိတ် သက်သာရာရသွားလေသည်။

''ကောင်းပြီလေ ...တည်းခိုခန်းခကို ငါရှင်းပေးလိုက်ပါမယ်၊ မင်း ဘယ်နှရက်နေမှာ လဲ''

''ငါ အဲ့လောက်မမွဲသေးဘူးကိုထက်၊ မမထားရက်လည်ပြီးမှ ငါပြန်မယ် ... ဒါပဲ''

ဟိန်းဝေယံက စကားအဆုံးတွင် နေရာမှလှည့်ထွက်ပြီး လာ လမ်းအတိုင်းပြန်သွားလေသည်။

ဟိန်းဝေယံက အလာတုံးကငှားစီးခဲ့သော လေးဘီးကားလေးပေါ် သို့တက်ကာ ကားတံခါးကို ခပ်ပြင်းပြင်းဆောင့်ပိတ်လိုက်သည်။

''အိုကေအင်းကိုပြန်မယ်''

ဒရိုင်ဘာကိုပြောလိုက်လေ၏ ။



( ၃ )

၁၉၈၅ခုနှစ် ၏ တစ်ခုသော ညချမ်းဝယ် ရန်ကုန်မြို့ရှိ အရှေ့ပိုင်း ဆေးရုံခေါ်ဂန္ဓီဆေးရုံ၌ ဒေါ်မေမေဦးဆိုသူအမျိုးသမီးသည် အမွှာပူးသား လေးနှစ် ဦးကို ဖွားမြင်ခဲ့လေသည်။

ထိုနေ့သည် နိုဝင်ဘာလ(၁)ရက်နေ့ ဖြစ်ကာ သော ကြာနေ့ ဖြစ်ပါ သည်။

ကလေးများ ၏ ဖခင်လောင်းကိုမြင့်ဝေသည် ရင်ခုန်စွာ ၊ စိတ်လှုပ် ရှားစွာ ဖြင့် ဆေးရုံရှေ့တွင် ဟိုသည်လျှောက်ရင်း ဂနာမငြိမ်စွာ စောင့်နေ ရှာလေ၏ ။

ည၁၂နာရီထိုးလုတွင် သူနာပြုဆရာမ တစ်ဦး မွေးခန်းထဲမှထွက် လာကာ

''ကိုမြင့်ဝေ ...ရှင့်မိန်းမ တစ်ယောက် တော့မွေးပြီးပြီ၊ ယောကျာ်းလေးရှင့်''

အမွှာမွေးမည် ဆိုတာကို ကိုယ်ဝန်စမ်းသပ်အပ်နှံစဉ်ကတည်းက သိထားပြီး ဖြစ်ပါသည်။

ပထမသားလေးကို အောက်တိုဘာလ(၁)ရက်နေ့ ည၁၂နာရီ ထိုးရန် ၁ဝမိနစ်အလိုတွင် မွေးခဲ့သည်။ နောက်ကလေးကိုမွေးဖွားချိန်က ၁၂နာရီ၁ဝမိနစ်မို့ နောက်တစ်နေ့ကို ကူး ပြောင်းသွား ခဲ့ပေပြီ။ အောက်တို ဘာလ(၂)ရက်နေ့သို့ ရောက်ရှိသွားပေပြီ။

သို့ဖြင့် ...အမွှာပူးကလေးနှစ် ယောက် သည် မိနစ်နှစ် ဆယ်သာ ခြား၍ မွေးဖွားခဲ့ကြသော်လည်း ... တစ်ယောက် က သော ကြာသား ဖြစ်ကာ နောက် တစ်ယောက် က စနေသားအ ဖြစ်နှင့် နေ့ခြားပြီး လူ့လောကထဲသို့ ရောက်ခဲ့ကြလေ၏ ။

ကလေးတို့အဖေကိုမြင့်ဝေက ကလေးများ ကို နာမည် မှည့်ပေး ရာတွင် ...

သော ကြာနေ့မွေးသည့်သားဦးလေးကို နေ့သင့်နံသင့် ...

''ဟိန်းဝေယံ'' ဟူ၍ လည်းကောင်း ...

စနေနေ့မွေးသည့် ဒုတိယအမွှာသားလေးကိုလည်း နေ့သင့် နံသင့်ပင် ...

''ထက်ဝေယံ'' ဟူ၍ လည်းကောင်း ...

...မှည့်ခေါ်ခဲ့ပေသည်။



အမွှာတို့မည် သည် အချင်းတစ်ခုတည်းမှမွေးဖွားလာကြသည် မို့ ...ရုပ်ရည်ရူပကာချင်းတူညီသည်မှာ မဆန်းပါပေ။

အချို့အမွှာတို့သည် ရုပ်ချင်းဆင်သည်၊တူသည်ဟုသာပြောနိုင် ပြီး ...မည် သူမည် ဝါ ဖြစ်ကြောင်း အလွယ်တကူခွဲခြားနိုင်ပါသည်။

အချို့အမွှာများ ကျတော့ အနီးကပ်နေသည့် ဆွေမျိုးသားချင်း များ သာခွဲခြားနိုင်ပြီး သူစိမ်းများ အဖို့တော့ အမြဲတမ်းလူမှားပြီးဆက်ဆံ တတ်ကြသည်။

အလွန့်အလွန်ရှားပါးသော အချို့အမွှာများ မှာ တော့ ... တစ်ယောက် နှင့် တစ်ယောက် ခွဲခြားရန် လွန်စွာ ခဲယဉ်းပြီး မခွဲတတ်နိုင် အောင်ပင် တူညီကြပေ၏ ။

ထိုသို့ ရှားပါးသည့်အမွှာများ ထဲတွင် ...ဟိန်းဝေယံနှင့် ထက်ဝေယံ ပါဝင်ပါသည်။

ကိုဟိန်းနှင့်ကိုထက်ကို တိတိကျကျခွဲခြားနိုင်သူဆို၍ မေမေ ဒေါ်မေမေဦး တစ်ယောက် သာရှိပါသည်။ ဖေဖေဦးမြင့်ဝေသည်ပင် ကိုဟိန်း နှင့်ကိုထက်ကို မှန်အောင်မခွဲတတ်။ အမြဲတမ်း ရောထွေးနေတတ်သည်။

''အမေကြီးကျတော့ တယ်ဟုတ်ပါလားကွ၊ ကိုယ်တော့ ကိုယ့် သားအရင်းတွေ ကိုတောင် ဘယ်ဟာအကြီး၊ ဘယ်ဟာအငယ် မခွဲတတ် ဘူး၊ အမေကြီးကျတော့ ဘယ်လိုလုပ်ပြီး ခွဲသိသလဲဟင်''

''မေဦးက မွေးထားတဲ့အမေပဲကိုရဲ့ ၊ အာရုံနဲ့ခွဲပြီးသိတာပေါ့''

''အာရုံနဲ့သိတယ်''

''ဟုတ်တယ်၊ သားနှစ် ယောက် ကိုစိုက်ကြည့်ပြီး မေဦးရင်မှာ ခံစားကြည့်လိုက်ရင် ဘယ်သူက ဟိန်းဝေယံ၊ ဘယ်သူက ထက်ဝေယံ ဆိုတာ တန်းသိလာတာပဲကိုရဲ့ ''

''အင်း .... ဒါဟာ မင်းတို့မိန်းမတွေ ရဲ့ အားသာချက်ပဲ၊ ကိုးလဆယ်လလွယ်ပြီး ဒုက္ခခံမွေးပေးရတဲ့အမေတွေ အတွက် ဘုရား သခင်ရဲ့ ဆုလာဘ်ပေါ့လေ''

သည်လောကတွင် ကိုဟိန်းနှင့်ကိုထက်ကို မေမေ တစ်ယောက် သာ ခွဲခြားသိနိုင်သည်။

ယခုတော့ မေမေလည်း ဆုံးပါး သွားပါပြီ။ ဖေဖေရော မေမေပါ မရှိကြတော့ပါ။

ကိုဟိန်းနှင့်ကိုထက်ကို ခွဲခြားသိနိုင်သော လူသားဟူ၍ ...ဤ လောက၌ နှစ် ဦးတည်းသာကျန်ပါတော့သည်။

ထိုနှစ် ဦးကတော့ ...ဟိန်းဝေယံနှင့်ထက်ဝေယံမည် သော သူ တို့အမွှာညီအစ်ကိုကိုယ်တိုင်ပင် ဖြစ်ပါသတည်း။

အချင်းတစ်ခုတည်းမှ မွေးဖွားလာသော အမွှာများ ဖြစ်၍ ... ရုပ်လက္ခဏာတူညီသည်မှာ မဆန်းပါပေ။ အပြင်ပန်း ဗဟိဒ္ဓသဘောသာ ဖြစ်သည်။

အတွင်းအဇျတ္တစိတ်သဘောကရော ...တူညီနိုင်ပါ့မလား။

အမွှာပင် ဖြစ်စေ ရုပ်ခန္ဓာတစ်ခုစီနှင့်လူသားနှစ် ဦးမို့ အတွင်းစိတ် များ ထပ်တူညီဖို့ကတော့ ခဲယဉ်းလှပါ၏ ။ အနည်းနှင့်အများ ကွဲပြား ခြားနားသွားရသည်ပင်။

ဟိန်းဝေယံနှင့်ထက်ဝေယံကိုပင်ကြည့်ပါ။

အမွှာ ဖြစ်သော်လည်း လူသားတို့ပြက္ခဒိန်သတ်မှတ်ချက်အရ တစ်နေ့စီ တစ်ရက်စီ မွေးခဲ့ကြသည်။ နိုဝင်ဘာ(၁)ရက် သော ကြာနေ့နှင့် နိုဝင်ဘာ(၂)ရက် စနေနေ့။

ဝေဒပညာအမြင်အရဆိုပါလျှင်လည်း

ဟိန်းဝေယံမွေးသည့်အချိန်တွင် ရှိသည့် ဂြိုဟ်၊နက္ခတ်၊တာရာ တို့တည်နေပုံနှင့် ထက်ဝေယံမွေးသည့်အချိန်တွင် တည်နေပုံတို့မှာ ကွာခြား သွားရပြီ။

မဟာဘုတ်ဗေဒင်ပညာအရလည်း ဟိန်းဝေယံမှာ ''မရဏဖွား'' ဖြစ်နေပြီး ...ထက်ဝေယံက ''အဓိပတိဖွား'' ဖြစ်နေလေသည်။

ဂဏန်းဗေဒင်အမြင်အရလည်း (၁)ဂဏန်းသမားနှင့် (၂)ဂဏန်း သမား ဘဝအခြေချင်း ကွာခြား သွားပါသည်။

မွေးနေ့၊ မွေးရက်၊ မွေးချိန်အရ ဖြစ်ပေါ်လာရသော ဗေဒင် နက္ခတ်အမြင်များ သည်လည်း သူတို့ဘဝကို အမှန်တကယ်ရိုက်ခတ်ခဲ့ပါ၏ ။



ရုပ်ရည်ချင်းခွဲမရအောင်တူသော်လည်း ...သည်ခန္ဓာကိုယ်ပေါ် တွင် မတူညီနိုင်သည့်ကွာခြားချက်များ ရှိနေပါသေး၏ ။

လက်ဗွေရာ ...။

လူတစ်ဦးနှင့်တစ်ဦး မည် သည့်အခါမျှ လက်ဗွေရာချင်း မတူညီ နိုင်ပါ။ ဟိန်းဝေယံနှင့်ထက်ဝေယံတို့သည်လည်း လက်ဗွေရာချင်း ကွာခြား ပါသည်။

သို့ရာတွင် ...အကြောင်းကိစ္စတိုင်း လက်ဗွေစစ်ဆေးနေခြင်း မရှိပါ၍ လူစားထိုးလိမ်လည်ရန် လွယ်ကူခဲ့သည်။

သူတို့သည် သူတို့ဘဝတလျှောက်လုံးတွင် တစ်ယောက် နေရာ တစ်ယောက် အစားထိုး၍ လိမ်လည်လှည့်ဖျားသော လုပ်ရပ်ပေါင်းများ စွာ ကို ကျူးလွန်ခဲ့ကြဖူးလေသည်။



ကလေးဘဝက ကျောင်းမှသူငယ်ချင်းများ အပေါ် လူချင်းလဲ၍ နောက်ပြောင်ခြင်း၊ ဆရာဆရာမ များ ကို ပုံမှားရိုက်၍ လှည့်ဖျားခြင်း၊ ဈေး ဆိုင်များ တွင် အကြောင်ရိုက်၍ လူလည်ကျခြင်းများ မှာ ...ကိုဟိန်းနှင့် ကိုထက်တို့နှစ် ဦးတည်းသာတတ်နိုင်သော ကိုယ်ပိုင်ကစားနည်းများ ဖြစ်ခဲ့ ပါသည်။

သူတို့ဘဝတွင် ပထမဆုံးသော အကြီးကျယ်ဆုံး ပုံမှားရိုက် လိမ်လည်မှုကြီးကို ဆယ်တန်းစာမေးပွဲဖြေဆိုသည့်နှစ် တွင် ကျူးလွန်ခဲ့ ကြပါသည်။

စင်စစ် ထိုနှစ် ဆယ်တန်းစာမေးပွဲသည် ကိုထက်အတွက် ဒုတိယ အကြိမ်ဖြေဆိုရခြင်း ဖြစ်ပါ၏ ။ ထို့အရင်တစ်နှစ် က ကိုဟိန်းရော၊ ကိုထက် ပါ ဆယ်တန်းကို တစ်ပြိုင်တည်းဖြေဆိုခဲ့ကြသည်။

ကိုထက် ကျပါသည်။

ပညာရေး ဖက်တွင် ကိုဟိုန်းက ပို၍ တော် ကာ ထူးချွန်သည်။ ယခုလည်း ဆယ်တန်းစာမေးပွဲကို ကိုဟိန်း တစ်ယောက် ပဲ ဂုဏ်ထူးနှစ် ခု ဖြင့်အောင်မြင်သွား၏ ။ ကိုထက်က ကျကျန်ခဲ့သည်။

ကျောင်းစာတွင် ပို၍ တော် သဖြင့် ညီအစ်ကိုနှစ် ယောက် တွင် ကိုဟိန်းက ပို၍ သာလွန်တယ်လို့တော့ ပြောလို့မရပါ။

ကိုဟိန်းသည် စာကျက်နိုင်ပြီး မှတ်Óာဏ်ကောင်း၍ သာ ကျောင်း စာဖက်မှာ ထူးချွန်နေခြင်း ဖြစ်သည်။ ဖြတ်ထိုးÓာဏ်အရာမှာ တော့... ကိုထက်ကိုမယှဉ်နိုင်ပါချေ။ ကိုထက်လှည့်ဖျားသမျှ ...လူလည်ကျသမျှ ကို ကိုဟိန်းက ခံရသည်ချည်းသာ ဖြစ်သည်။ ပြင်ပဗဟုသုတနှင့် လူမှု ဆက်ဆံရေး မှာ ကိုထက်က ပိုသာသည်။ ပို၍ လူရည်လည်သည်။

ယခုလည်း ဆယ်တန်းစာမေးပွဲကို ကိုထက်ဒုတိယအကြိမ်ဖြေ ရမည့် အချိန်တွင် ကိုထက်၏ စီစဉ်ဖန်တီးမှုများ ကြား၌ ကိုဟိန်း တစ်ယောက် ကန့်လန့်ကန့်လန့်ပါလာရပြန်လေပြီ။

''ဟာကွာ ငါကြောက်တယ်၊ မလုပ်ရဲပါဘူး၊ အခန်းစောင့်တဲ့ ဆရာတွေ ဆရာမ တွေ သိသွားရင် ဘယ်လိုလုပ်မလဲ''

''ဘာသိစရာအကြောင်းရှိလဲ၊ သူတို့မျက်စိထဲမှာ ဟိန်းဝေယံ ဟာလည်း ထက်ဝေယံပဲ၊ ထက်ဝေယံဟာလည်း ဟိန်းဝေယံပဲ၊ မင်းနဲ့ ငါဟာ လူတိုင်းအတွက် ... မျက်နှာတစ်ခုတည်းနဲ့ လူနှစ် ယောက် ပါ ကိုဟိန်းရ''

'' ဖြစ်ပါ့မလားကွာ''

'' ဖြစ်ပါတယ်ကိုဟိန်း၊ ဟောဒီမှာ စာမေးပွဲဖြေဆိုခွင့်ကတ်ပြား၊ ဒီပေါ်မှာ ကပ်ထားတဲ့ဓာတ်ပုံဟာ တို့နှစ် ယောက် လုံး ဘယ်သူမဆို ဖြစ်နိုင် တယ်''

''အဲဒါထားပါတော့၊ တို့နှစ် ယောက် လက်ရေး ချင်းမတူဘူးလေ၊ မင်းကိုယ်စား ငါကဖြေပေးရမယ်ဆိုတော့ ...''

''ကျွတ် ...တုံးပါပေ့ကိုဟိန်းရာ အဖြေလွှာစစ်မယ့်ဆရာက တစ်ဘာသာ တစ်ယောက် စီဟ၊ လက်ရေး မတူတာကို ဘယ်သူကသိမှာ တုံး၊ ဒီမယ်ကိုဟိန်း၊ မင်းနဲ့ငါဟာ ညီအစ်ကို၊ ညီအစ်ကိုမှ အမွှာညီအစ်ကိုပါ ကွာ၊ မင်းကအောင်သွားပြီး ငါက တစ်နှစ် ကျကျန်ခဲ့ရပြီ၊ ငါ ဒီနှစ် ဆက် ကျမှာ ကို မင်းမြင်ချင်သလား၊ ကိုယ့်ညီလေး တစ်ယောက် အပေါ်မှာ မင်း ဒါလောက်မှာ မစာနာနိုင်တော့ဘူးလား ... ဟင် ...ကိုဟိန်း''

ကိုထက်က ခြိမ်းခြောက်၍ တစ်မျိုး၊ အသနားခံ၍ တစ်မျိုး ... လှည့်ပတ်၍ ပြောလိုက်သည့်အခါ ကိုထက်စီမံသည့်အတိုင်း ကိုဟိန်းမှာ လိုက်နာခဲ့ရလေတော့သည်။

ဓာတုဗေဒနှင့်ဇီဝဗေဒဘာသာဖြေဆိုသည့်ရက်နှစ် ရက်တွင် ဟိန်းဝေယံသည် ထက်ဝေယံအ ဖြစ်ဟန်ဆောင်၍ စာမေးပွဲခန်းထဲဝင်ကာ ကိုယ်စားဖြေဆိုပေးခဲ့ရပါလေ၏ ။ ပုံဆွဲညံ့သော ထက်ဝေယံအတွက် အား နည်းသော ဘာသာရပ်နှစ် ခု ဖြစ်လေသည်။

ဟိန်းဝေယံသည် စာမေးပွဲခန်းထဲတွင် စာမေးပွဲကိုကောင်းစွာ ဖြေဆိုနိုင်သော်လည်း ဇောချွေးများ ပြန်နေလေသည်။ ကံကောင်းထောက်မ စွာ ပင် မည် သူကမျှမရိပ်မိခဲ့ပေ။ စာဖြေခုံရှေ့တွင် ချထားသော စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြားပေါ်မှဓာတ်ပုံသည် ဖြေဆိုနေသူနှင့် တစ်ထပ်တည်း တူညီနေသည်မဟုတ်ပါလား။

အောင်စာရင်းထွက်လာသည့်အခါ ဇီဝဗေဒဘာသာဂုဏ်ထူးဖြင့် ထက်ဝေယံ ဆယ်တန်းစာမေးပွဲကို အောင်မြင်သွားလေသည်။

ထိုမျှကြီးကျယ်သော လိမ်လည်မှုကြီးကို မည် သူမျှ မရိပ်မိလိုက် ကြပါချေ။

ထို ဖြစ်ရပ်အတွက် မေမေဒေါ်မေမေဦး ပြောခဲ့သော စကားများ မှာ မှတ်သားစရာကောင်းပါသည်။

''စာမေးပွဲအောင်ပေမယ့် ကိုယ့်အရည်အချင်းနဲ့မှမဟုတ်ပဲ၊ ကိုထက်အတွက်ဂုဏ်ယူစရာမရှိပါဘူး၊ အေး ....သားကိုဟိန်းကို မေမေ ပြောရဦးမယ်၊ ကိုထက်ကို ဒါမျိုးကြပ်ကြပ်အလိုလိုက်၊ တစ်နေ့ .... သားကိုဟိန်း ဒုက္ခရောက်လိမ့်မယ်၊ ကိုထက်က ကိုဟိန်းကိုပုံမှားရိုက်ပြီး ရောင်းစားသွားလိမ့်မယ်၊ ကိုထက်က လည်လွန်းတယ်၊ ကိုထက်အတွက် ကိုယ့်ဘဝတစ်ခုလုံးပုံပြီး အလိုမလိုက်မိစေနဲ့ငါ့သား''

မေမေဆုံးမခဲ့သည့်စကားများ မှာ ... နိမိတ်စကားများ သဖွယ် မှန်ကန်လွန်းခဲ့ပါလေသည်။

သို့သော် ...ဒါတွေ ကို မေမေသိမသွားခဲ့ပါ။

ကိုဟိန်း၏ နှလုံးသားကိုနင်းချေပြီးမှ အောင်မြင်မှုအရယူသွား သည့် ကိုထက်၏ ယုတ်မာရက်စက်မှုများ ကို မေမေမသိနိုင်တော့ပေ။

ထိုအချိန်တွင် ...မေမေဒေါ်မေမေဦး ကွယ်လွန်ခဲ့လေပြီ။



အမျိုးသားမှတ်ပုံတင်အဟောင်းများ ကိုပယ်ဖျက်၍ နိုင်ငံသား စီစစ်ရေး ကတ်ပြားများ ဖြင့် လဲလှယ်ပေးသည့်ကာလက ...

လူဝင်မှုကြီးကြပ်ရေး ဋ္ဌာနမှဝန်ထမ်းများ သည် ရပ်ကွက်များ ထဲ အထိကွင်းဆင်းကာ နိုင်ငံသားစီစစ်ရေး ကတ်ပြားအသစ်များ ကို နေ့ချင်း ပြီးရရှိအောင်ဆောင်ရွက်ပေးခဲ့ပါသည်။

သူတို့ရပ်ကွက်တွင် ရပ်ကွက်ဓမ္မာရုံ၌ စုဝေးစေကာ သုံးရက်တိတိ ဆောင်ရွက်ပေးခဲ့သည်။

ထိုအချိန်က ...ကိုထက်ခေါ်ထက်ဝေယံမှာ နေမကောင်း ဖြစ် နေသည်။

ကိုထက်တွင် မွေးရာပါနှလုံးသွေးကြောကျဉ်း ရောဂါ ရှိနေခဲ့ပါ သည်။ ရံခါရံခါ ရောဂါ သည်းသည့်အခါတိုင်း အိပ်ရာထဲတွင် လှဲကာ အနား ယူနေရတတ်သည်။

နိုင်ငံသားစီစစ်ရေး ကတ်ပြားအသစ်တွေ လုပ်ပေးတော့ ဟိန်းဝေယံသည် မှတ်ပုံတင်အဟောင်းကိုအပ်နှံခြင်း၊ ဓာတ်ပုံရိုက်ကူးခြင်း ကိစ္စများ ကို ပထမဆုံးရက်မှာ ပင် ဓမ္မာရုံမှာ သွားလုပ်လိုက်သည်။

နောက်ဆုံးရက်အထိ အိပ်ရာထဲမှထလို့မရသေးသည့်ထက်ဝေယံ သည် ထုံးစံအတိုင်း အကူအညီတောင်းသယောင်နှင့် ဟိန်းဝေယံကို ခိုင်းစေပါတော့သည်။

''ကိုဟိန်း ... မင်းပဲ ငါ့ကိုယ်စား သွားလိုက်ပါတော့ကွာ''

''ဘယ် ဖြစ်မလဲကိုထက်၊ ဟိုမှာ ဓာတ်ပုံရိုက်ရမယ်၊ လက်ဗွေနှိပ် ရမယ်''

''ဘာ ဖြစ်သေးလဲကွာ၊ မင်းဟာလည်း ငါပါပဲ၊ သွားပေးပါ ကိုဟိန်းရာ၊ နောက်ဆိုရင် လဝကရုံးအထိလိုက်လုပ်နေရမှာ အချိန်ကုန် လွန်းလို့ပါ၊ ငါဘယ်လိုမှထလို့မ ဖြစ်သေးတာ မင်းအမြင်ပဲ''

ရင်များ တလှိုက်လှိုက်ခုန်ကာ မောပန်းစွာ အိပ်ရာထဲနားနေရ သော ကိုထက်ကိုကြည့်၍ ကိုဟိန်းမှာ မငြင်းရက်တော့ပြန်ပါပေ။ ကိုထက် ၏ နှလုံး ရောဂါ က ဖောက်လာပြီဆိုလျှင် မောပန်းနုံးခွေပြီး အိပ်ရာထဲမှာ နားနေရပေသည်။

အလွန်တရာအရေး ကြီးသော ကိစ္စမျိုးလို့လည်း မမှတ်ယူမိပါ သဖြင့် ကိုထက်ကိုယ်စား ကိုဟိန်းက ဓမ္မာရုံသို့သွားခဲ့လေသည်။

ထက်ဝေယံအ ဖြစ်နှင့်ပင် ဓာတ်ပုံအရိုက်ခံပြီး၊ လက်ဗွေရာရာ များ ကိုလည်း နှိပ်ပေးခဲ့ပါ၏ ။

ထို့ကြောင့် ထက်ဝေယံအမည် ဖြင့်ရှိနေသော နိုင်ငံသားစီစစ်ရေး ကတ်ပြားပေါ်မှလက်ဗွေရာသည် ဟိန်းဝေယံ၏ လက်ဗွေရာ ဖြစ်နေပါတော့ ၏ ။ လဝကရုံး၏ လက်ခံမှတ်တမ်းများ တွင် လည်း ဟိန်းဝေယံ၏ ဘယ်လက် ညာလက်နှစ် ဖက်စလုံးမှ လက်ဆယ်ချောင်းလုံး၏ လက်ဗွေရာများ ပါသွားလေတော့သည်။

ထိုအ ဖြစ်သည် သူတို့ညီအစ်ကိုအတွက် ကြမ္မာငင်လာမည့်  အ ဖြစ်ဆိုးကြီး ဖြစ်ကြောင်းကို နောင်နှစ် ပေါင်းအတော် ကြာမှသာ သိလာခဲ့ ရပါလေ၏ ။



လူချင်းလဲ၍ ပုံမှားရိုက်သည့်လုပ်ရပ်များ ကျူးလွန်ခဲ့ရာတွင် ... ထက်ဝေယံ၏ စီစဉ်ပေးမှုများ အတိုင်း လုပ်ဆောင်ခဲ့ရသည်ချည်း ဖြစ်သည်။

ကိုဟိန်းသည် သူ့လုပ်ရပ်ကြောင့် မည် သည့်အကျိုးဆက် ဖြစ်လာ မည် ကိုလည်း ကြိုမတွေးတတ်ခဲ့ပေ။ ကိုဟိန်းစိတ်ထဲမှာ ညီ ဖြစ်သူကို ရိုးသားစွာ ကူညီပေးခဲ့ခြင်းသာ ဖြစ်သည်။

ကိုဟိန်းသည် ရံဖန်ရံခါ ကိုထက်အ ဖြစ်ဟန်ဆောင်လှုပ်ရှားပေး ခဲ့သလို ...သူ့ကွယ်ရာတွင် ကိုထက်က သူ့ဟန်ဆောင်၍ လှုပ်ရှားနေခြင်း မျိုးမရှိနိုင်ဘူးလားဆိုတာကို ...ရိုးသားသော ကိုဟိန်းက တွေးပင်မတွေး မိခဲ့ပါပေ။

အကယ်၍ ...ကိုဟိန်းဆိုသော ဟိန်းဝေယံသည် အမိန့်အာဏာရှိသူတစ်ဦး ဖြစ်ခဲ့ပါက ထက်ဝေယံသည် ဟိန်းဝေယံအ ဖြစ်ဟန်ဆောင်ကာ အစ်ကို ဖြစ်သူ၏ အမိန့်အာဏာကို အလွဲသုံးစားပြုမည် မှာ အမှန် ဖြစ်ပေ၏ ။ ယခုတော့ ...ဟိန်းဝေယံသည် ကုမ္ပဏီအဖွဲ့အစည်းတစ်ခုမှာ သာမန် စာရင်းကိုင်ဝန်ထမ်းတစ်ဦးသာ ဖြစ်ခဲ့၍ တော် ပေသေးသည်။ ဟိန်းဝေယံ ၏ ဘဝ၌ အမိန့်၊ အာဏာ၊ ငွေကြေး၊ ဥစ္စဓန စသည့် မက်မောလောက် စရာအနေအထား မရှိခဲ့ပေ။ ဘာမှမက်မောစရာမရှိလို့လည်း ထက်ဝေယံ သည် ဟိန်းဝေယံအ ဖြစ် ဟန်ဆောင်စရာမလိုခဲ့ပေ။

သို့သော် ထိုအနေအထားသည် ဟိန်းဝေယံ၏ ဘဝထဲသို့ ထိပ်ထားခင်ဆိုသော လှပချောမောကာ ချမ်းသာကြွယ်ဝသည့် စီးပွားရေး လုပ်ငန်းရှင်မိန်းမသားတစ်ဦး ဝင်ရောက်မလာခင်အချိန်အထိသာ ဖြစ်ခဲ့ ပါသည်။



ထိပ်ထားခင်ဆိုသူ သူဋ္ဌေးမမိန်းမချောတစ်ဦးနှင့် ပတ်သက်လာ သည့်အချိန်တွင် ကား ...

ထက်ဝေယံသည် ဟိန်းဝေယံ၏ နှလုံးသားကို ခိုးယူကာ သူ့ရင် တွင် တပ်ဆင်ခဲ့လေတော့သည်။



( ၄ )

သူ ဘာ ဖြစ်လို့ရောက်လာရတာ လဲ။

မမထား၏ အသုဘကို ဟိန်းဝေယံရောက်လာလိမ့်မည် ဟု... ထက်ဝေယံက လုံးဝမမျှော်လင့်ခဲ့ပေ။

ကိုဟိန်း တစ်ယောက် အဝေးမှနေ၍ သာ မမထားအတွက် ယူကြုံးမရဝမ်းနည်းနေလိမ့်မည် ဟု ထင်ခဲ့သည်။

မြိုင်သေလာကို ဟိန်းဝေယံရောက်အောင်လာလိမ့်မည် ဟု မထင် ခဲ့ပါ။

စင်စစ် .... မြိုင်သေလာသည် ဟိန်းဝေယံအတွက် သူစိမ်း နယ်မြေသာ ဖြစ်သည်။ ဟိန်းဝေယံကိုကြိုဆိုမည့် သူမရှိသည့်နေရာ။

မမထားသာရှိသေးလျှင်တော့ ဟိန်းဝေယံကို လိုလားစွာ ကြိုဆို ကောင်းကြိုဆိုပေလိမ့်မည် ။ ဒါပေမယ့် ....ကိုဟိန်းသည် မမထားရှိစဉ် ကပင် မြိုင်သေလာသို့ ခြေချရန်မကြိုးစားခဲ့ပါ။

မြိုင်သေလာသို့ ကိုဟိန်းရောက်မလာခြင်းမှာ ကိုထက်ရှိနေ၍ လည်း ဖြစ်ပါသည်။ သူမုန်တီးသော ကိုထက် တစ်ယောက် လုံးရှိနေသည့် မြေသို့ ကိုဟိန်းခြေမချရဲတာကို ကိုထက်က သဘောပေါက်သည်။ ကိုဟိန်း သည် မြိုင်သေလာသို့လာ၍ ''မမထား၏ စည်းစိမ်းချမ်းသာများ နှင့် ထက်ဝေယံ''ကို ယှဉ်တွဲ ၍ မြင်လိုမည် မဟုတ်ပေ။

သို့ပါလျှက် ....

သူ့ကိုကြိုဆိုမည့်  မမထားရှိစဉ်ကပင် ရောက်မလာခဲ့သော ကိုဟိန်းသည် တစ်ဦးတည်းသော ကြိုဆိုမည့် သူ ကွယ်လွန်သွားချိန်ကျမှ မြိုင်သေလာသို့ အဘယ်ကြောင့် ရောက်လာရပါသနည်း။ ကိုဟိန်းမှာ ဘယ်ကသတ္တိတွေ ဝင်လာသလဲ။

ကိုဟိန်း... မင်းမှာ အကြံအစည်ရှိကောင်းရှိမယ်။ ဒါပေမယ့် ...မြိုင်သေလာလိုနေရာမျိုးမှာ မင်း ငါ့ကိုလာယှဉ်လို့ မရဘူးကွ။

ထက်ဝေယံသည် ဟိန်းဝေယံရောက်လာခြင်းအတွက် စိတ် လှုပ်ရှားစွာ ယောက် ယက်ခတ်တွေးတောနေရင်း ....ထိုင်ရာမှ ဆတ်ကနဲ ထလိုက်လေသည်။

ကိုဟိန်းတည်းခိုနေတဲ့နေရာကို သွားမှ ဖြစ်မည် ။

ကိုဟိန်း ဒီအိမ်ကြီးကိုရောက်မလာခင် သူကအရင်ဦးအောင် ကိုဟိန်းဆီသွားထားမှ ဖြစ်မည် ။

''မြသေလာမြိုင်''ဆိုတဲ့ သည်အိမ်ကြီးရဲ့ ကြီးကျယ်ခမ်းနားပုံ တွေ ၊ မမထားရဲ့ စည်းစိမ်ချမ်းသာတွေ ကို ကိုဟိန်းမျက်မြင်ကိုယ်တွေ့  မြင် သွားမှာ စိုးလို့ပါ။ မြင်ရုံလေးမြင်မှာ ကိုတောင် တွန့်တိုတယ်လို့ မထင်လိုက် ပါနဲ့ကိုဟိန်းရေ။ မင်းမှာ အဘိဇ္ဇာတွေ ပွားပြီး ငရဲရောက်နေမှာ စိုးလို့ပါ ကွာ....။ ငါ့ကိုမနာလိုစိတ်တွေ နဲ့ မင်းစိတ်ဆင်းရဲနေရမှာ စိုးလို့ပါ....။

အပြင်၌ အမှော င်ထုက တစတစလွှမ်းမိုးလာနေပေပြီ။

မိုးစက်မိုးမှုန်များ က ဝန်းကျင်တစ်ခွင်ကို ပို၍ မှိုင်းပျပိတ်မှော င် နေစေလေသည်။

ထက်ဝေယံက အပြင်မှာ အေးစိမ့်နေသည့်အတွက် နွေးထွေး သော အနွေးထည်ကိုလဲလှယ်ဝတ်ဆင်ရန် အဝတ်ဘီရိုကြီးဆီ လျှောက်သွား လိုက်သည်။

ဘီရိုကိုဖွင့်လိုက်သည့်အခါ... ဘီရိုနှင့်အပြည့် တန်းစီချိတ်ဆွဲ ထားသော တန်ဖိုးကြီးအနွေးထည်မျိုးစုံကိုမြင်လိုက်ရလေသည်။ သေလာ မြိုင်လို ရာသီဥတုအေးမြတဲ့ တောင်တန်းဒေသမှာ တော့ အနွေးထည်သည် မရှိမ ဖြစ်လိုအပ်သော အသုံးအဆောင်တစ်ခု ဖြစ်ပါသည်။

အရောင် အသွေးစုံလှသော အနွေးထည်များ စွာ ကြားထဲမှ အညို ရောင် သားမွေးကုတ်အင်္ကျီတစ်ထည်ကို ထုတ်ယူဝတ်ဆင်လိုက်သည်။ ဘောင်းဘီကိုလည်း ခပ်ပွပွဘောင်းဘီတစ်ထည်ကိုယူ၍ ဝတ်လိုက်၏ ။

ယခုမှပင် အသုဘပို့ကတည်းကဝတ်ထားသော အနက်ရောင် အနောက်တိုင်းဝတ်စုံကို လဲ ဖြစ်လေတော့သည်။

ထက်ဝေယံမှာ ဦးခေါင်းကိုအအေးခံလျှင် နှာစေးတတ်ပါ၍ ခေါင်းစွပ်တစ်ထည်ကိုလည်း မမေ့မလျော့ထုတ်ယူလိုက်လေသည်။

အနက်ရောင် သိုးမွေးခေါင်းစွပ်လေးက ထက်ဝေယံလက်ထဲ သို့ ပါလာလေသည်။

ကြည့်စမ်း... တိုက်ဆိုင်လိုက်တာ။

ဤသိုးမွေးခေါင်းစွပ်ကလေးမှာ မမထားကိုယ်တိုင် လက်ဖြင့် ထိုးထားသော ခေါင်းစွပ်ကလေး ဖြစ်ပါ၏ ။

မမထားက မင်္ဂလာဦးလက်ဆောင်အ ဖြစ် ပေးထားခဲ့သော ခေါင်းစွပ်ကလေး။

ထက်ဝေယံသည် ဤခေါင်းစွပ်ကလေးကို မမထားပေးစဉ်က အ ဖြစ်များ ကို မျက်စိထဲ၌ ပြန်မြင်လာလေ၏ ။



ထိပ်ထားခင်က ကားကိုအရှိန်လျှော့၍ လမ်းဘေးကိုထိုးရပ်လိုက် သည်။ ကားသည် လမ်းဘေးရှိ အရိပ်ကောင်းသော ကျွန်းပင်ကြီးများ အောက်တွင် ရပ်သွားလေ၏ ။

''ဘာ ဖြစ်လို့လဲမမ၊ ကားပျက်လို့လား''

''ကားမပျက်ပါဘူးဟိန်း၊ အောက်ကိုခဏဆင်းပါဦးဟိန်းရယ်''

ထိပ်ထားခင်က သူကိုယ်တိုင်လည်း ကားတံခါးကိုဖွင့်ကာ အောက်သို့ဆင်းလိုက်လေသည်။

ရှုခင်းမှာ လှချင်တိုင်းလှနေလေသည်။

ကားရပ်ထားသည့်နေရာမှာ ဝန်းကျင်တစ်ခုလုံးကို အပေါ်မှစီး မြင်နေရသော ဠငနတ ဏသငညအ ဖြစ်ပါ၏ ။

မြွေလိမ်မြွေကောက်လမ်းကလေးများ သည် တောင်စဉ်တောင် တန်းများ ကို ကွေ့ပတ်ရစ်တွယ်လျှက်ရှိ၏ ။ ခပ်လှမ်းလှမ်းရှိ တောင်ကြော ကြီးများ တွင် တော့ နှင်းမြူများ ရစ်သိုင်းနေလေသည်။

ရန်ကုန်မှလွဲ၍ ဘယ်ကိုမှမရောက်ဖူးသော ထက်ဝေယံက သူ့ အတွက်ဆန်းသစ်လှသော ရှုခင်းများ ကို တစ်ကိုယ်လုံးပတ်ချာလည်အောင် မဝတမ်းငေးမောကြည့်နေမိလေသည်။

''ဟိန်း ...''

ထိပ်ထားခင်၏ ခေါ်သံကြောင့် ထက်ဝေယံက လှည့်ကြည့်လိုက် သည်။

''မမ...''

ဟိန်း...ဆိုသည့်အခေါ်အဝေါ်က ထက်ဝေယံ၏ ရင်ကို ထိတ် ထိတ်သွားစေခဲ့သည်။ မမထားသည် သူ့ကို ယခုအချိန်အထိ ဟိန်းဝေယံဟု ထင်မြင်နေဆဲ ဖြစ်ပါသည်။

မန္တလေးတွင် နှစ် ညတာ အတူအိပ်စက်ကာ လင်မယားအရာမြောက်ပေါင်းသင်းနေထိုင်ခဲ့သော် လည်း သူသည် ထက်ဝေယံသာ ဖြစ်ကြောင်း၊ ဟိန်း ဝေယံမဟုတ်ကြောင်းကို ထိပ်ထားခင် မသိရှာသေးပါ။

ဟိန်း... ဆိုသည့်အခေါ်အဝေါ်က ထက်ဝေယံကို လိပ်ပြာမလုံ ဖြစ်သွားစေခဲ့သည်။

''ဟိန်း... စီးကရက်သောက်ချင်သောက်လေ''

''ဗျာ...''

''မန္တလေးမှာ လည်း ဟိုတယ်အအေးခန်းထဲမှာ ချည်းနေနေရ တော့ ဟိန်းဆေးလိပ်သောက်ဖို့အခက်တွေ့ နေတာမဟုတ်လား၊ မမက ရှုခင်းကြည့်ရင်း ဟိန်း စီးကရက်သောက်ရင်သောက်ရအောင် ကားရပ် ပေးတာပါဟိန်းရယ်''

သည်တော့မှပင်... ဟိန်းဝေယံအ ဖြစ်ဟန်ဆောင်ထားသော ထက်ဝေယံသည်... ဟိန်းဝေယံအ ဖြစ်ပီပြင်အောင် စီးကရက်သောက်ပြ ဖို့လိုကြောင်းတွေးမိလေတော့သည်။ ထက်ဝေယံက စီးကရက်ကို စတိုင် ကျကျ သောက်ချင်သော်လည်း သူ့မှာ နှလုံး ရောဂါ ရှိကာ မကြာမကြာ အမောဖောက်တတ်၍ ဆေးလိပ်မသောက်ပဲနေခဲ့သည်။ ထက်ဝေယံသည် စီးကရက်ကို အလှဟန်ပြလေးပင် သောက်မရလို့... ဘယ်တုံးကမျှ မသောက်ခဲ့ပါပေ။

ဟိန်းဝေယံကတော့ စီးကရက်ကို လက်ကမချတမ်းခဲထားတတ် သည့် ဆေးလိပ်ကြိုက်သူတစ်ဦး ဖြစ်ပါသည်။ ဆေးလိပ်သောက်တတ်ခြင်း နှင့်မသောက်တတ်ခြင်းက သူတို့အမွှာညီအစ်ကို၏ ကွာခြားချက်၊ ကွဲပြား ချက်ပင် ဖြစ်ပေတော့သည်။

''ဟိန်း... ဟိန်း... ဆေးလိပ်ဖြတ်လိုက်ပြီမမ၊ ဆေးလိပ် သောက်တာ မကောင်းမှန်းသိလို့ ဟိန်း ဆေးလိပ်ဖြတ်လိုက်ပါပြီမမရယ်''

ထက်ဝေယံက ဆေးလိပ်ကို ဟန်ပြလေးပင် သောက်ပြလို့ မ ဖြစ်သည်မို့ ဆေးလိပ်ပြတ်သွားပြီလို့ ညာပြောလိုက်ရသည်။ သူ့စကား ကို ထိပ်ထားခင်ယုံမယုံကိုလည်း အကဲခတ်ရသေး၏ ။

ထိပ်ထားခင်မျက်နှာက ဝမ်းသာသွားဟန်ဖြင့် ဝင်းလက်သွား လေသည်။

''ဟင်... ဟိန်းဆေးလိပ်ဖြတ်လိုက်ပြီ၊ ဟုတ်လား၊ ဝမ်းသာ လိုက်တာဟိန်းရယ်၊ ဘာလဲ... မမက ဆေးလိပ်သောက်တာမကြိုက်ဘူး လို့ပြောလို့ ဖြတ်လိုက်တာမဟုတ်လားဟင်''

ထိပ်ထားခင်သည် ဟိန်းဝေယံကိုဆေးလိပ်ဖြတ်ဖို့ တိုက်တွန်း ဖူးပုံရ၏ ။ ထက်ဝေယံက ထိပ်ထားခင်စကားကိုနင်းကာ ဝန်ခံလိုက်သည်။

''ဟုတ်ပါတယ်မမ၊ မမ,မကြိုက်ဘူးဆိုလို့ ဟိန်းကြိုးစားပြီး ဖြတ်လိုက်တာပါမမရယ်''

''အို... ဟိန်းရယ်... မမအချစ်ရယ်၊ မမ,မကြိုက်ဘူးဆိုတာ နဲ့ သိပ်ကြိုက်တဲ့ဆေးလိပ်ကိုဖြတ်ပစ်တယ်နော်၊ မမကိုချစ်လို့ပေါ့နော်... ဟုတ်လား... ပြောပါဦးဟိန်းရဲ့ ''

ထိပ်ထားခင်က ကြေနပ်ကြည်နူးမှုဖြင့် ထက်ဝေယံ၏ လည်ကို သိုင်းဖက်လိုက်ကာ မော်ကြည့်ရင်းမေးလိုက်သည်။

ဒီမိန်းမကြီး သူ့ကိုကျနေပြီ၊ စွဲနေပြီဆိုတာ မိန်းမကျမ်းကျေ လွန်းလှသည့်ထက်ဝေယံက ရိပ်စားမိလိုက်သည်။ မန္တလေးဟိုတယ်မှာ နှစ် ညလုံးချစ်ရည်လူးခဲ့ရာ အတွေ့ အကြုံမရှိသော သူဋ္ဌေးမအပျိုကြီးသည် သူ့ကိုစွဲစွဲလမ်းလမ်း ဖြစ်သွားလေပြီ။ သူ့ရဲ့ အချော့အမြှူအယုအယများ ၊ သူ့ရဲ့ ကျွမ်းကျင်လှတဲ့ချစ်နည်းဗျူဟာများ အောက်မှာ အယစ်မူးကြီးယစ်မူး သွားခဲ့လေပြီ။

ခင်ဗျားကြီးသိပ်ချစ်လှပါတယ်ဆိုတဲ့ ဟောဒီက ကျုပ်ဟာ ခင်ဗျားထင်သလို ဟိန်းဝေယံမဟုတ်ဘူး။ ကျုပ် ထက်ဝေယံဗျ။ အတူတူနေပြီးမှ ခင်ဗျား စွဲစွဲ လမ်းလမ်းနဲ့ပိုချစ်သွားတာလည်း ဟိန်းဝေယံကို မဟုတ်ဘူး။ ကျုပ်ကိုပဲ။ ကျုပ်ကို ''ဟိန်း..ဟိန်း..'' နဲ့ခေါ်နေတာ နားခါးလှတယ်။ ကျုပ်စိတ်ထဲမှာ မခံချိ မခံသာ ဖြစ်လှတယ်ဗျာ။ ဒါပေမယ့်... နေနှင့်ဦးပေါ့ လေ။ ကျုပ်ကို ထက်ဝေယံလို့ အသိခံလို့ မ ဖြစ်သေး တော့လည်း ကျုပ်သည်းခံရမှာ ပေါ့။

ကျုပ်ကို ခင်ဗျားရဲ့ လင်ယောကျာ်းအ ဖြစ်နဲ့ လက်ခံလာတဲ့နေ့ကျမှ...

''ဒါပေါ့မမရယ်... မမ,မကြိုက်လို့ ကျွန်တော် ဆေးလိပ်ဖြတ် လိုက်တာပါ၊ မမ,မကြိုက်တာဆို ဘာတစ်ခုမှ ကျွန်တော် မလုပ်ဘူးနော်''

ထက်ဝေယံက သူ့လည်ကိုသိုင်းဖက်ထားသော ထိပ်ထားခင်ကို ငုံ့နမ်းရင်းမှပြောလိုက်ရာ... ထိပ်ထားခင် တစ်ယောက် အကြည်နူးကြီး ကြည်နူးသွားလေတော့၏ ။

''နေဦး... နေဦးဟိန်း... မမ ဟိန်းကိုပြစရာရှိသေးတယ်''

ထိပ်ထားခင်က ဖက်တွယ်ထားသော လက်ကိုဖြုတ်၍ ကားဆီ သို့ပြန်လျှောက်သွားလေသည်။ ကားထဲမှတစ်စုံတစ်ခုကိုထုတ်ယူနေသည်။

''ဟိန်း... မျက်စိမှိတ်ထားကွယ်၊ မမဖွင့်ဆိုမှ ဖွင့်ကြည့်ရမယ် နော်''

ထိပ်ထားခင်က ကားအနီးမှထွက်မလာခင်အော်ပြောလိုက်ရာ ထက်ဝေယံမျက်စိမှိတ်ထားလိုက်ရလေသည်။

ထိပ်ထားခင်က သူ့အနီးသို့လျှောက်လာပြီး သူ့ခေါင်းပေါ်သို့ တစ်စုံတစ်ခုဖြင့်စွပ်ချလိုက်လေသည်။

''လာ... လာခဲ့''

မျက်စိမှိတ်ထားရက်မှ ထက်ဝေယံကို ကားအနီးသို့ခေါ်သွား သည်။

''ကဲ... မျက်စိဖွင့်ကြည့်လို့ရပြီဟိန်း''

ထက်ဝေယံက မျက်စိဖွင့်ကြည့်လိုက်သည်။

''ကားမှန်ထဲကိုကြည့်လိုက်စမ်း''

ထက်ဝေယံက ကိုယ်ကိုကိုင်း၍ ကားနောက်ကြည့်မှန်ထဲသို့ ကြည့်လိုက်ရာ...

''ဟာ... ခေါင်းစွပ်ကလေးပါလား၊ အနက်ရောင် ခေါင်းစွပ် ကလေး''

''တစ်ခါက အအေးခန်းစားသောက်ဆိုင်ထဲကို သွားတုန်းက အဲကွန်းအအေးကြောင့် ဟိန်း နှာမွှန်ပြီး တခွပ်ခွပ်နဲ့နှာတွေ ချေတာ မှတ်မိ သေးလား၊ အဲဒီ တုံးကတည်းက မြိုင်သေလာလိုအေးမြတဲ့တောင်ပေါ်မြို့မှာ ဆိုရင် ဟိန်းနွေးနွေးထွေးထွေးနေမှ ဖြစ်မယ်လို့ မမက တွေးနေမိတာ''

''မမရယ်...''

''ဒီခေါင်းစွပ်ကလေးဟာ ငွေကြေးအနေနဲ့တော့ တန်ဖိုးမရှိပါဘူး ဟိန်း၊ ဒါပေမယ့်... ဟိန်းအတွက်ရည်ရွယ်ပြီး မမကိုယ်တိုင် ထိုးထား တာလေ''

''ဟုတ်လားမမ''

''ဟိန်း သေလာမြိုင်ကိုလိုက်လာတဲ့အခါ အဆင်သင့် ဖြစ်အောင် မမကိုယ်တိုင် ထိုးထားတဲ့ခေါင်းစွပ်လေးပါကွယ်၊ ဒီခေါင်းစွပ်လေး ဖြစ် လာအောင် မမမှာ သုံးလတိတိထိုးခဲ့ရတယ်ကွဲ့''

''သြော်... မမရယ်''

ထက်ဝေယံသည် ဤအစီအစဉ်ကိုမလုပ်ခင် ကြိုတင်ကြံစည် ကတည်းက ဟိန်းဝေယံအ ဖြစ်ဟန်ဆောင်ရာ၌ အလုံးစုံ ဟိန်းဝေယံနှင့် တူဖို့လိုကြောင်းတွေးမိခဲ့သည်။

ထို့ကြောင့်... သူထားနေကျဆံပင်ပုံကို မမေ့မလျော့ ပြင်ပစ်ခဲ့ ရပါသည်။ ထက်ဝေယံ၏ ယခင်ဆံပင်ပုံစံမှာ ဆံပင်များ ကို ကော်ဖြင့် ထောင်ထားသော ပန့်ကေပုံစံ ဖြစ်သည်။

ထိပ်ထားခင်က ခေါင်းစွပ်ကိုယ်တိုင်စွပ်ပေးမှ သူကြိုတင်ကြံ စည်ခဲ့သော အကြံအစည်မှာ ပိရိလွန်းလှသည့်အတွက် ဂုဏ်ယူလိုက်မိ လေသည်။

ဟိန်းဝေယံအပေါ် အသေးစိတ်ကအစဂရုစိုက်လှသော သည် မိန်းမကြီးသည် သူသာဆံပင်ပုံစံမပြင်ခဲ့ပါက သူ့ဟန်ဆောင်မှုကိုရိပ်မိ သွားနိုင်ပါသည်။

''ခေါင်းစွပ်လေးက သိပ်လှတယ်နော်မမ''

ထက်ဝေယံက ထိပ်ထားခင်ကြေနပ်အောင် ရွှင်ပျသော လေသံ ဖြင့် ပြောလိုက်လေသည်။



ထက်ဝေယံသည် ခေါင်းစွပ်အနက်ကလေးကိုကိုင်ရင်း နောက် ကြောင်းများ ကို ပြန်လည်မြင်ယောင်ကြားယောင်နေမိသည်။

ထိုခေါင်းစွပ်ကလေးကိုပင် စွပ်လိုက်သည်။

ကိုဟိန်းတည်းနေတဲ့တည်းခိုခန်းကိုသွားဖို့ ကျွန်းသားလှေကား ကြီးအတိုင်း အောက်ထပ်သို့ဆင်းလာခဲ့၏ ။

အိမ်တစ်အိမ်လုံးနှင့် ခြံဝင်းတစ်ခုလုံးမှာ တော့ ရှိသမျှမီးချောင်း များ ထွန်းထားသည့်အတွက် လင်းထိန်နေလေသည်။ အသုဘအိမ် ဖြစ်၍ နေရာအနှံ့ မီးများ ထွန်းထားခြင်း ဖြစ်ပါ၏ ။

မနေ့ကညအထိ အလောင်းစောင့်သည့်ယောကျာ်းများ ၏ ဖဲဝိုင်း များ ဖြင့် စည်ကားနေခဲ့သေးသည်။ အလောင်းမြေကျပြီးသည့် ယနေ့မှာ တော့ ထက်ဝေယံက ဖဲဝိုင်းလုပ်ခွင့်မပြုတော့ပါ။ ယခုအချိန်တွင် အိမ်မှာ လူစည်ကားရှုပ်ထွေးနေမှာ ကို ထက်ဝေယံကမလိုလား။ ဒေါ်ထိပ်ထားခင် ဘာကြောင့်ရုတ်တရက်သေဆုံးသွားရသည်ကို စပ်စုမေးမြန်းသည့်မေးခွန်း များ ကိုလည်း မဖြေကြားလို။ ရှောင်ရှားလိုပါ၍ ဖဲဝိုင်းကိုခွင့်မပြုတော့ခြင်း ဖြစ်ပါသည်။

ထက်ဝေယံသည် နံရံမှာ ချိတ်ထားသည့်ကားသော့ ကိုဖြုတ်၍ ဂိုဒေါင်ထဲမှကားကိုထုတ်ကာ ကိုယ်တိုင်မောင်းထွက်လာခဲ့သည်။

ကိုဟိန်းဆီသို့ ...

ဟိန်းဝေယံတည်းခိုနေသည့် အိုကေအင်းဆီသို့ပါ။

လက်မှနာရီကိုကြည့်လိုက်တော့ ည၇-နာရီသာရှိသေးသည်။

ကိုဟိန်းရေ ...မင်းနဲ့ငါစာရင်းရှင်းဖို့ ငါလာပြီကွ။



( ၅ )

တည်းခိုရာ အိုကေအင်း OK Inn ဆီသို့ ဟိန်းဝေယံပြန်ရောက် သည်အထိ မိုးက မတိတ်သေးပါ။

တက္ကစီက ဟိုတယ်အဆောက်အဦးရှေ့တည့်တည့်တွင် ရပ်ပေး လိုက်သည်။ ကားပေါ်မှဆင်းလာသော ဟိန်းဝေယံကို ဧည့်ကြိုလူငယ်လေး က ထီးဖြင့်ထွက်ကြိုပြီး ဟိုတယ်အဆောက်အအုံအောက်ရောက်သည် အထိ ထီးမိုး၍ ပို့ပေးပါ၏ ။

ဟိန်းဝေယံက ဝတ်ထားသော မိုးကာအင်္ကျီကိုချွတ်၍ ဧည့်ကြို လူငယ်ကိုပေးလိုက်သည်။

''ကျေးဇူးပါပဲ''

မိုးကာအင်္ကျီမှာ ဟိုတယ်သို့ရောက်ရောက်ချင်း ငှားဝတ်ခဲ့ခြင်း ဖြစ်ပါ၏ ။ မြိုင်သေလာသို့ရောက်သည်နှင့် ဤအိုကေအင်းတွင် အခန်းယူ ကာ သင်္ချီုင်းသို့ ချက်ချင်း ထွက်ခဲ့ခြင်း ဖြစ်သည်။ တည်းခိုရမည့် အခန်း ကိုပင် မဝင် ဖြစ်သေးပဲ ...ပစ္စည်းများ အပ်ထားခဲ့ကာ အသုဘအမီသွား ရောက်ခဲ့ခြင်း ဖြစ်ပါ၏ ။

သို့သော်... မမထားနှင့်ပတ်သက်လေတိုင်း နောက်ကျရမြဲ ဖြစ် သည့် ဟိန်းဝေယံ၏ ကံတရားအတိုင်း မမထား၏ အသက်မဲ့မျက်နှာလေး ကိုပင် နောက်ဆုံးအနေဖြင့် မြင်ခွင့်မရခဲ့ပေ။

ဧည့်ကြိုကောင်တာရှေ့ရောက်တော့ ဧည့်ကြိုအမျိုးသမီးလေးက ဖော်ရွေသော အပြုံးဖြင့် ဆီးကြိုရင်းပြောသည်။

''အစ်ကိုကြီးအတွက် အခန်းနံပါတ်၂ဝ၁မှာ စီစဉ်ထားပါတယ် ရှင့်၊ အပေါ်ထပ်အစွန်ဆုံးအခန်းပါ၊ အစ်ကိုကြီးပစ္စည်းတွေ လည်း အခန်းထဲထည့်ထားပေးပြီးပါပြီ''

''ကျေးဇူးပါပဲညီမ''

''အစ်ကိုကြီးက သူဋ္ဌေးလေးဦးထက်ဝေယံနဲ့ ညီအစ်ကိုပေါ့နော်''

''ဟုတ်ပါတယ်၊ အမွှာညီအစ်ကိုပါ''

''သြော် ...အမွှာကိုး၊ ဒါကြောင့် အဲ့လောက်တူတာ''

မြို့မျက်နှာဖုံးသူဋ္ဌေးမကြီး၏ ခင်ပွန်း ဖြစ်သူ ထက်ဝေယံကို ကောင်းကောင်းမြင်ဖူးသူဧည့်ကြိုမလေးက မှတ်ချက်ချလိုက်သည်။

ကိုထက်ကို သူဋ္ဌေးလေးဆိုတဲ့အသုံးအနှုန်းနဲ့ခေါ်ဝေါ်နေကြပါ ကလား။ ဟိန်းဝေယံ၏ ရင်ထဲမှာ တင်းကနဲ ဖြစ်သွားရသည်။

သူဋ္ဌေးရဲ့ အမွှာညီအစ်ကိုက သူဋ္ဌေးအိမ်ကြီးမှာ မတည်းပဲ ဘာ ကြောင့် တည်းခိုခန်းမှာ လာတည်းသလဲဆိုတာ သိချင်မိသော်လည်း မေးရန်မသင့်၍ ဧည့်ကြိုမလေးက မြိုသိပ်လိုက်သည်။

''အခန်းကို ဘက်ဘွိုင် နြိ သြပက လိုက်ပို့ပါလိမ့်မယ်ရှင့်''

ဧည့်ကြိုအကူကောင်လေးက အပေါ်ထပ်ရှိ အခန်းနံပါတ်၂ဝ၁ သို့ လိုက်ပို့ပေးသည်။ အခန်းသော့ ကိုဖွင့်ကာ အပူပေးစက်ကိုဖွင့်ပေး သည်။ ဟိန်းဝေယံကို အခန်းသော့ အပ်ခဲ့ကာ ပြန်ထွက်သွားသည်။

ဟိန်းဝေယံသည် အခန်းတံခါးကို အတွင်းမှခလုတ်နှိပ်ကာ ပိတ် လိုက်၏ ။

မန္တလေးထိ ရထားစီးလာပြီးမှ သည်ဖက်ခရီးကို ကားနှင့်တစ် တန်လာခဲ့ရသည့်အတွက် ဟိန်းဝေယံခရီးပန်းနေပြီ။ မန္တလေးကို လေ ယာဉ်နှင့်လာပြီးမှ သည်ဖက်ခရီးကိုဆက်လျှင် ယခုလောက်ပင်ပန်းမှာ မဟုတ်။ သို့သော် ...ဟိန်းဝေယံသည် လေယာဉ်ပျံစီးနိုင်လောက်အောင် ကြွယ်ဝသူမဟုတ်ပေ။ ယခုလာရသည့်ခရီးအတွက်ပင် ငွေပိုငွေလျှံဆောင် နိုင်အောင် ရုံးက ငွေတိုးချေးသူတစ်ဦးဆီက အတိုးဖြင့်ချေးလာခဲ့ရခြင်း ဖြစ်သည်။

မြိုင်သေလာကိုရောက်တော့လည်း မမထားအသုဘကို မမီလိုက် ၍ ဟိန်းဝေယံမှာ စိတ်ပျက်နွမ်းလျသွားရသည်။

ဟိန်းဝေယံသည် ကုတင်ပေါ်သို့ အားလျော့စွာ ပစ်လှဲချလိုက် ၏ ။

အပူပေးစက်ကြောင့် အချမ်းဒဏ်လျော့ပါးသွားလေပြီ။

မိုးရေစက်များ က မှန်ပြတင်းတံခါးကို တဗြုံးဗြုံးရိုက်ခတ်နေ၏ ။

ကုတင်ပေါ်မှာ လဲလျောင်းရင်း ပတ်ဝန်းကျင်ရှုခင်းများ ကို ငေး မောကြည့်မိသည်။ ဒေါင့်ခန်းမို့ ဘေးဖက်နှင့်ခြေရင်းဖက်မှမြင်ကွင်းများ ကို မြင်နေရသည်။

ခပ်လှမ်းလှမ်းတွင် စိမ်းညို့ညို့တောင်တန်းကြီးများ ကို တမျှော် တခေါ်မြင်နေရ၏ ။

''မြိုင်သေလာဟာ တောင်တန်းကြီးတွေ ဝိုင်းရံနေတဲ့ မြို့ပေါ့ကွယ်၊ မြိုင်ဆိုတာက တော၊ သေလာဆိုတာက တောင်၊ တောကို... တောင်ပတ် လည်ဝိုင်းရံထားတဲ့ မြို့ကလေးပေါ့ ဟိန်းရယ်... မြိုင်သေလာကိုရောက်ရင် ဟိန်းပျော်သွားမှာ ပါ''

မမထားပြောခဲ့သည့်စကားများ ကို ပြန်လည်ကြားယောင်လာမိ လေ၏ ။

တစ်ချိန်တွင် ... မြိုင်သေလာသို့ မမထားနှင့်အတူလိုက်ပါလာရ လိမ့်မည် ဟု မျှော်လင့်ခဲ့သော ဟိန်းဝေယံ။ ဒေါ်ထိပ်ထားခင်၏ ခင်ပွန်းအ ဖြစ် နှင့်ရောက်လာရလိမ့်မည် ဟု ယုံမှတ်ထားခဲ့ရသော မြိုင်သေလာဆိုသည့် တောင်ပေါ်မြို့ကလေး။

ဟိန်း မြိုင်သေလာကိုရောက်လာပါပြီမမထား။ ဒါပေမယ့် ...

ဟိန်းဝေယံသည် မြိုင်သေလာသို့ သာမန်လူ တစ်ယောက် အ ဖြစ် ညှိုးငယ်စွာ ၊ သိမ်ငယ်စွာ ရောက်လာရခြင်းသာ ဖြစ်ပါသည်။ ထက်ဝေယံ သည် ဟိန်းဝေယံ၏ စိတ်ကူးယဉ်အိပ်မက်များ ကို ရက်စက်ယုတ်မာစွာ ချိုးဖျက်ဖဲ့ချွေခဲ့လေသည်။

ဟိန်းဝေယံသည် တွေးရင်း ရင်ထဲမှာ လှိုင်းထလာ၏ ။

ထက်ဝေယံအပေါ် မခံချိမခံသာ နာကြည်းခံပြင်းသော စိတ်များ က အသစ်တစ်ဖန်ပြန်ပေါ်လာသည်။

''မင်း,ဘွားတော် ကြီး ငါ့ဆီဖုန်းဆက်တယ်၊ မင်း သူ့ဟိုတယ်ကို မလာနဲ့တော့တဲ့၊ သူပဲအိမ်ကိုတစ်ခါတည်းဝင်ခေါ်ပြီး လေဆိပ်ကိုဆင်းကြ မယ်တဲ့''

လမ်းထိပ်ကစတိုးဆိုင်တွင် အရောင်းစာရေး လုပ်နေသည့် ထက်ဝေယံက တိုက်ပေါ်တက်လာပြီး လာပြောပေးသည်။

''ဟင်... မမထားဘာလို့အစီအစဉ်ပြောင်းလိုက်တာပါလိမ့်''

''သူစီစဉ်တာ ဟုတ်သားပဲကိုဟိန်း၊ သူတည်းနေတဲ့ ဆန်းမစ် ပတ်ခ်ဗျူးဟိုတယ်ကို မင်းသွားရင် လေယာဉ်ကွင်းကိုဆန့်ကျင်ပြီးသွားနေ ရဦးမှာ လေ၊ အချိန်ကုန်တာပေါ့၊ ဟိုတယ်ကနေ ဟောဒီတိုက်ခန်းမှာ မင်းကိုဝင်ခေါ်ပြီး လေဆိပ်ဆင်းတာက ပိုအဆင်ပြေတာပေါ့ကွ၊ ကဲ- သွားမယ်၊ သွားမယ်၊ ဆိုင်မှာ ဝယ်သူတွေ ကျနေတယ်၊ မင်းဘွားတော် ကြီး ကဖုန်းဆက်ပြောခိုင်းလို့ ငါလာပြောရတာ ''

မမထိပ်ထားခင်က ထက်ဝေယံအလုပ်လုပ်နေသည့်ဆိုင်ကို ဖုန်းဆက်ပြီး တစ်ဆင့်ပြောခိုင်းသည့်စကားကို ...ထက်ဝေယံက ဟိန်း ဝေယံသိအောင် သူတို့နေသည့်တိုက်ခန်းပေါ်တက်လာကာပြောပြခြင်း ဖြစ် ပါသည်။

''ကိုထက်... မင်းဆံပင်တွေ ဘယ်လို ဖြစ်သွားတာလဲ၊ ထောင် ထားတဲ့ဆံပင်တွေ လဲကုန်ပါရောလား''

ကိုထက်ဆံပင်ပုံစံ ပြောင်းသွား သည်ကို သတိထားမိ၍ ကိုဟိန်း က မေးလိုက်မိသေးသည်။ ယခင်က ကိုထက်ဆံပင်ပုံစံမှာ ဆံပင်ကို ကော်ဖြင့်ထောင်ထားသော ပန့်ကေပုံစံ ဖြစ်သည်။ ယခုတော့... ထောင် ထားသော ဆံပင်များ ပြည်နေပြီး ရိုးရိုးဆံပင်ပုံစံ ဖြစ်နေလေသည်။

''ပန့်ပုံစံထားတာကြာတော့ ငြီးငွေ့လို့ ဆံပင်ပုံပြောင်းလိုက်တာ ပါကွာ''

တိုက်ခန်းထဲကမထွက်ခင် ကိုထက်ကပြောသွားလေသည်။

ဟိန်းဝေယံသည် ထက်ဝေယံပြောသော စကားများ ကို ယုံကြည် စွာ နှင့်ပင် ထိပ်ထားခင်နှင့်ချိန်းထားရာဟိုတယ်သို့မသွားတော့ပဲ ထိပ်ထား ခင်လာအခေါ်ကိုသာ တိုက်ခန်းမှထိုင်စောင့်နေခဲ့လေ၏ ။

ထိုနေ့သည် ... ဟိန်းဝေယံ ထိပ်ထားခင်နောက်သို့ အပြီး အပိုင်လိုက်သွားရန် စီစဉ်ထားသည့်နေ့ ဖြစ်ပါသည်။ မမထား၏ အစီအစဉ် အရ မမထားနှင့်အတူ မြိုင်သေလာအထိလိုက်သွားပြီး သေလာမြိုင် ရောက်မှ လက်ထပ်ကြရန်စီစဉ်ထားခြင်း ဖြစ်ပါသည်။

ရုံးမှာ ပင် ခွင့်တစ်လတင်ထားခဲ့ပြီး ဖြစ်ပါ၏ ။

မမထားဆန္ဒက ကုမ္ပဏီမှ အပြီးအလုပ်ထွက်ခဲ့စေလိုသည်။

ဟိန်းဝေယံက မြိုင်သေလာမှာ နေသားတကျ ဖြစ်ပြီးမှ ရန်ကုန် ပြန်လာပြီး ထွက်စာတင်ဖို့ စီစဉ်ထားခြင်း ဖြစ်ပါ၏ ။

ဟိန်းဝေယံသည် ထိပ်ထားခင်နှင့်အတူ မြိုင်သေလာကိုလိုက် ရမည့် အစီအစဉ်များ အတွက် ပျော်နေခဲ့သည်။ ရင်ခုန်ကြည်နူးနေခဲ့သည်။

စိတ်လှုပ်ရှားစွာ နှင့် စီစဉ်ထားသည်များ ကို ထက်ဝေယံအား ပြောပြမိသေး၏ ။ ညီအစ်ကိုနှစ် ယောက် တစ်သက်တာ အပြီးခွဲခွာရတော့ မှာ မို့ ကိုထက်သိအောင် အသိပေးထားခြင်းလည်း ဖြစ်ပါသည်။

''ငါ မမထားနောက်ကို အပြီးလိုက်သွားတော့မယ် ကိုထက်''

''ဘာ ...''

''မနက်ဖြန် မမထားနဲ့ မြိုင်သေလာကိုလိုက်သွားတော့မယ်၊ ရုံးမှာ ခွင့်တင်ခဲ့ပြီ၊ မြိုင်သေလာရောက်မှ ငါတို့လက်ထပ်ကြမှာ ကိုထက်''

ကိုထက်က ကိုဟိန်းကို ငေးမောကြည့်ရင်း ကိုဟိန်းစကားများ ကိုနားထောင်နေခဲ့သည်။

ကိုထက်မျက်ဝန်းများ က တလက်လက်တောက်ပနေလေသည်။ ကိုထက် တစ်ယောက် ညီအစ်ကိုချင်းခွဲခွာရတော့မှာ မို့ မျက်ရည်ဝဲလာတယ် လို့ ကိုဟိန်းက ထင်ခဲ့မိသေးသည်။

ကိုဟိန်းကပင် ချော့မော့နှစ် သိမ့်ခဲ့ရသေးသည်။

''စိတ်မကောင်းမ ဖြစ်ပါနဲ့ ကိုထက်ရာ၊ ဒီလိုပဲ ခွဲခွာရမှာ ပေါ့၊ မင်းတော့ ဒီတိုက်ခန်းမှာ ပဲ နေခဲ့နော်၊ တစ်ယောက် တည်းဆိုပြီး တွေ့ ရာ နေရာလျှောက်သွားမနေနဲ့ကိုထက်၊ ဒီတိုက်ခန်းကိုလည်း ရောင်းမပစ်နဲ့ ကွာ၊ ဒါဟာ တို့ညီအစ်ကိုအတွက် ဖေဖေမေမေတို့ထားခဲ့တဲ့ တစ်ခုတည်း သော အမွေအနှစ် ပဲ''

ကိုထက်က ကိုဟိန်းစကားကိုဖြတ်မေးလိုက်သည်။

''မင်း,ဘွားတော် ကြီးက မင်းကိုတကယ်လက်ထပ်မှာ ပေါ့နော်၊ မင်းကိုယူတယ်... ဟုတ်လား''

''ဟာ ... ကိုထက်ကလည်းကွာ မမထားက ငါ့ကို တကယ် ချစ်တာပါ၊ တကယ်ချစ်တော့လည်း လက်ထပ်ဖို့အထိ ဆုံးဖြတ်တာပေါကိုထက်ရာ၊ မမထားဟာ မင်းပြောသလို ဘွားတော် ကြီးလည်း မဟုတ် သေးပါဘူးကိုထက်ရ''

သူ မိန်းမယူတော့မယ်ဆို၍ ခွဲခွာရမှာ စိတ်မကောင်း ဖြစ်နေရှာ သော ညီငယ်ထက်ဝေယံကို ဟိန်းဝေယံက ချော့မော့နှစ် သိမ့်ရင်းမှ ရယ် ရယ်မောမောပြောလိုက်သည်။

ထက်ဝေယံသည် သူတို့ထက်အသက်(၈)နှစ် ပိုကြီးသော ထိပ်ထားခင်ကို တွေ့ စကပင် ''ဘွားတော် ကြီး''ဆိုသည့်အသုံးအနှုန်းဖြင့် ခေါ်ဝေါ်သုံးစွဲခဲ့လေ၏ ။

တကယ်တော့ ... ဟိန်းဝေယံထက် အသက်ပိုကြီးသည်မှန် သော်လည်း မမထားအသက်မှာ သုံးဆယ်သာရှိပါသေးသည်။ ဘွားတော် ကြီးလို့ခေါ်ရလောက်အောင်လည်း အိုမင်းရေင့်ရော်ခြင်းမ ဖြစ်သေးပါ။ လှလှ ပပ၊ ဖြတ်ဖြတ်လတ်လတ်နှင့် စီးပွားရေး လုပ်ငန်းများ ကိုဦးဆောင်လုပ်နေ သော မိန်းမချောကြီးတစ်ဦးသာ ဖြစ်ပါသည်။

ယခုခေတ်ဝယ် မမထားထက်အသက်ပိုကြီးသော မိန်းမကြီးများ ပင် အပြင်အဆင်အချယ်အသများ ဖြင့် နုပျိုအောင်ဖန်တီးထားကြသေး ရာ... မမထားသည်လည်း ချမ်းသာကြွယ်ဝသူမို့ အလှအပအမွန်းအမံ များ ဖြင့် အသက်သုံးဆယ်ဟုမထင်ရအောင် နုပျိုချောမောနေဆဲ ဖြစ်ပါ ၏ ။

ကိုထက်က ကိုယ့်ထက် အသက်များ စွာ ကြီးသော အမျိုးသမီး ကိုမှ ချစ်ကြိုက်ရပါမလားဟု ...အစ်ကိုအတွက် ဂရုဏာဒေါသဖြင့် ထိပ်ထားခင်ကို ''ဘွားတော် ကြီး''ဟု ခေါ်ဝေါ်သုံးစွဲနေခြင်းပင် ဖြစ်ပါ၏ ။

''မင်း ဘွားတော် ကြီးက တော် တော် ချမ်းသာတာဆို၊ ငါက မင်းကိုခိုင်းကောင်းလို့ အချိုသပ်တွဲ နေတယ်မှတ်တာ၊ တကယ်ယူမယ်ဆို တော့ ဘယ်ဆိုးလို့လဲ''

''ကိုထက်ကလည်းကွာ မမထားက ငါ့ကိုတကယ်ချစ်တာပါ''

''မင်းတော့ သူဋ္ဌေး ဖြစ်ပြီပေါ့ကွာ၊ ဒေါ်ထိပ်ထားခင်က တော် တော် ချမ်းသာသလားဟင်၊ ဘယ်လောက်ထိအောင်ချမ်းသာတာမျိုးလဲ၊ မင်းသိလားကိုဟိန်း''

''ချမ်းသာတာတော့အမှန်ပဲ၊ ဒါပေမယ့်... ဘယ်လောက် ချမ်းသာတယ်၊ ဘာလုပ်ငန်းတွေ လုပ်လို့ချမ်းသာတယ်ဆိုတာ ငါမသိပါ ဘူးကွာ၊ ဒါတွေ ကို ငါစိတ်မဝင်စားဘူး၊ ငါ မမထားကိုချစ်တာပဲသိတယ်''

''ဟွန်း... ဟွန်း... မင်းကတော့ကွာ၊ ကိုယ်ယူမယ့်မိန်းမ အကြောင်းတောင် သေချာမေးမကြည့်ဘူးလား၊ အေးလေ... ဘာပဲ ဖြစ် ဖြစ် မင်း ''သူဋ္ဌေမ,လင်'' ဖြစ်တော့မှာ ကို ငါဝမ်းသာပါတယ်ကိုဟိန်း''

ကိုထက်က နားလည်ရခက်သော အကြည့်ဖြင့် သူ့ကိုကြည့်နေ ခဲ့သည်။ သည်တုန်းကတော့ ကိုထက်၏ အကြည့်များ ကို အဓိပ္ပါယ်မဝေခွဲ တတ်ခဲ့ပေ။

ရိုးသားဖြောင့်မတ်လှသော ဟိန်းဝေယံသည် မြိုင်သေလာသို့သွား မည့် အစီအစဉ်များ ကို ထက်ဝေယံအား အသေးစိတ်ပြောပြနေမိသေး၏ ။

မနက်ဆယ်နာရီမှာ မမထားတည်းခိုနေသော ဆန်းမတ်ပတ်ဗျူး ဟိုတယ်ကို ဟိန်းဝေယံအရောက်သွားရမည် ။ ဟိုတယ်မှကားငှားကာ လေဆိပ်ကိုသွားကြမည် ။ မန္တလေးအထိ လေယာဉ်လက်မှတ်နှစ် စောင်ကို လည်း စီစဉ်ပြီး ဖြစ်ပါသည်။

မမထားက အစီအစဉ်ပြောင်းလိုက်ပြီဆိုတာကို ကိုထက်ဆီ ဖုန်းဆက်ပြောတယ်ဆိုတော့လည်း... ကိုဟိန်းသည် ရိုးရိုးသားသားပင် ယုံကြည်နေခဲ့လေ၏ ။ ကိုထက်ကို ဘယ်လိုမှ သံသယမဝင်ခဲ့ပါ။

သည်လိုနှင့်... အိမ်ကိုဝင်ခေါ်မည့် မမထားကို နာရီတကြည့် ကြည့်ဖြင့်စောင့်မျှော်နေခဲ့ရာ လေယာဉ်ချိန်လွန်သွားခဲ့လေပြီ။

အောက်ထပ်ကိုဆင်း၍ မမထားတည်းခိုနေသည့်ဟိုတယ်ကို ဖုန်းဆက်ကြည့်တော့

''ဒေါ်ထိပ်ထားခင် မနက်ဆယ်နာရီကတည်းက ဃ့နခု သကအ လုပ် သွားပါပြီ''

မမထားဟိုတယ်မှထွက်ခွာသွားသည်ဆိုသော အချိန်မှာ သူနှင့် ချိန်းဆိုထားသော အချိန်ပင် ဖြစ်ပါသည်။ လက်ဦးအစီအစဉ်အရ... ကိုဟိန်းက မနက်ဆယ်နာရီအရောက် မမထားတည်းနေသော ဆန်းမစ် ပတ်ဗျူးဟိုတယ်ကိုသွားရမည် ။ ဟိုတယ်ရောက်မှ မမထားနှင့်အတူ လေယာဉ်ကွင်းကို တက်စီငှား၍ သွားကြမည် ။

မမထားက ထက်ဝေယံဆီဖုန်းဆက်ပြီး သူ့ဆီမလာနဲ့တော့၊ စမ်းချောင်းရှိကိုဟိန်းတို့တိုက်ခန်းမှာ ကိုဟိန်းကိုဝင်ခေါ်မည် ဆို၍ စောင့် နေခဲ့ခြင်း ဖြစ်သည်။ ခုတော့ ကိုဟိန်းနှင့်မမထားတို့ အတူလိုက်ပါမည့်  လေယာဉ်ထွက်ချိန်ပင် ကျော်လွန်သွားခဲ့ပြီ။

ဟိုတယ်မှ မနက်ဆယ်နာရီထွက် သွားပါရက်နဲ့ မမထား ဘာ ကြောင့်ရောက်မလာပါလိမ့်။ ဟိန်းဝေယံမစဉ်းစားတတ်ခဲ့ပေ။

ထိုနေ့ညက ထက်ဝေယံလည်း အိမ်ပြန်မအိပ်ခဲ့ပါ။ ရိုးလှသော ဟိန်းဝေယံသည် ဒါကိုလည်း သံသယမဝင်သေး။

ထက်ဝေယံမှာ သူ့ဆိုင်ကအပေါင်းအသင်းများ နှင့် ဘီယာဆိုင် ထိုင် ဖြစ်သည့်အခါမျိုးတွင် ညဉ့်နက်သန်းခေါင်မှ ပြန်လာလေ့ရှိသည်။ တစ်ခါတစ်ရံ ဆိုင်တွင် ပစ္စည်းများ ဝင်လာသည့်အခါမျိုးမှာ မိုးချုပ်သည် အထိစောင့်ပေးရတတ်သည်။ တစ်ခါတစ်ရံလည်း သူငယ်ချင်း တစ်ယောက် ယောက် အိမ်မှာ လိုက်အိပ်ရင်အိပ်တတ်သည်။ သူငယ်ချင်းအိမ်ကမှ ကိုဟိန်းဆီဖုန်းဆက်အကြောင်းကြားရင်ကြားသည်။ အကြောင်းမကြားပဲ လည်း နေရင်နေတတ်သည်။ ကိုထက်ရဲ့ ဒီအကျင့်များ ကိုသိထားပြီး ဖြစ်၍ ကိုထက်ပြန်မအိပ်တာကို ဘယမှသံသယမဝင်ခဲ့ခြင်း ဖြစ်ပါ၏ ။

ထက်ဝေယံက မိမိဟန်ဆောင်၍ မမထားနောက်များ လိုက်သွား လေသလားဟု ယောင်၍ မျှပင်မတွေးတတ်အောင် ရိုးခဲ့အ,ခဲ့လေသည်။

သုံးရက်တိတိကြာပြီးသည့်အချိန်ကျမှ...

အောက်ထပ်ရှိပီစီအိုဖုန်းမှ သူ့အတွက်ဖုန်းလာသည်ဆိုကာ လှမ်းခေါ်၍ အောက်ထပ်ဆင်းပြီးဖုန်းနားထောင်လိုက်ရာ...

''ဟိန်း...''

မမထား၏ အသံ။

''ဟင်... မမထား၊ မမထား ဘယ်ကဆက်နေတာလဲဟင်၊ မမထားကို ဟိန်းစောင့်နေတယ်၊ မမထား ဘာလို့မလာတာလဲ''

ဟိန်းဝေယံက သိလိုဇောကြီးစွာ ဆက်တိုက်မေးချလိုက်သည်။

''ဟိန်းရယ် အခုထိ ဘာမှမသိသေးဘူးလားအချစ်ရယ်''

''ဗျာ... မမထား၊ ဘာ ဖြစ်လို့လဲဟင်၊ မမထား ဘာ ဖြစ်လို့ ဟိန်းဆီကိုရောက်မလာတာလဲ''

''မမထားဆီကို ဟိန်းရောက်လာလို့၊ ဟိန်းဆီကို မမထား ရောက်မလာနိုင်တော့တာလေ''

''ဗျာ... မမထားဆီကို ဟိန်းရောက်လာတယ်''

''ဟုတ်တယ်ဟိန်း၊ ချိန်းတဲ့နေ့က ဆန်းမစ်ဟိုတယ်ကို ချိန်း ထားတဲ့အချိန်အတိုင်း အတိအကျရောက်လာတဲ့သူရဲ့ မျက်နှာဟာ ဟိန်း မျက်နှာပဲမို့လို့ ဟိန်းလို့ပဲ မမထားယုံလိုက်မိတယ်ကွယ်''

''ဗျာ... ဟာ... မမ... မမထား''

''ဟိန်းရယ်...ခုထိမသိရှာသေးပဲကိုး၊ အခုအိမ်မှာ ထက်ဝေယံ ရှိသလား''

''မရှိ... မရှိဘူးမမ''

''ဒါနဲ့များ သဘောမပေါက်တာ အံ့ပါရဲ့ ဟိန်းရယ်၊ ထက်ဝေယံ ဟာ ဟိန်းဝေယံအယောင်ဆောင်ပြီး မမထားဆီကိုရောက်လာခဲ့တယ်လေ''

''ဘာ... ဗျာ... ဟာ... ဟာ...''

''မမထားယုံခဲ့တယ်၊ ယုံခဲ့တာမှ ဒီနေ့မနက်အထိ သူဟာ ထက် ဝေယံပါဆိုတာ မရိပ်မိခဲ့ဘူးကွယ်၊ အခုနလေးကမှ သူကိုယ်တိုင် ဖွင့်ပြော လို့...''

''အိုဗျာ... ရက်စက်လှချည်လား၊ ရက်စက်လှချည်လားဗျာ''

လောကကြီးတွင် ဤမျှကောက်ကျစ်ယုတ်မာသော အ ဖြစ်မျိုး ရှိမည် ဟု စိတ်ပင်မကူးခဲ့သော ဟိန်းဝေယံမှာ ရုတ်တရက်ကြားလိုက်ရ သော မယုံနိုင်ဖွယ်စကားကြောင့် စိတ်ထိခိုက်ကာ မိုက်ကနဲ ဖြစ်သွားလေ သည်။ တယ်လီဖုန်းတင်ထားသော စားပွဲကို ဆုပ်ကိုင်ထားလိုက်ရသည်။

''မမ... မမရင်တွေ ကွဲရပါပြီ ဟိန်းရဲ့ ... ဘယ်လိုကံကြမ္မာ ကြောင့်များ ... အို...''

မမထားအသံများ က တိုးဝင်ကာ ပျောက်ကွယ်သွားလေသည်။

တယ်လီဖုန်းကျသွားသံကိုလည်း ကြားရသည်။ တစ်ဖက်က မြိုင်သေလာမှာ မမဘာများ ဖြစ် သွားပါသလဲ။

ဟိန်းဝေယံကတော့ အသိမရှိသလို တယ်လီဖုန်းကိုကိုင်ကာ ငေးကြောင်ရင်း ကျောက်ရုပ်သဖွယ် ရပ်နေမိလေတော့သည်။



ထက်ဝေယံသည် ဟိန်းဝေယံအပေါ် ဘဝတစ်ခုလုံးနှင့်ချီ၍ ယုတ်မာရက်စက်သွားခဲ့လေပြီတည်း။

ဟိန်းဝေယံသည် ကိုယ့်လိပ်ပြာကိုယ်ပင်ပြန်ရှက်မိကာ တိုက်ခန်း ထဲမှမထွက်ပဲ အတန်ကြာ အခန်းအောင်နေခဲ့ရသည်။

ရုံးမှအပြီးအပိုင်နှုတ်ထွက်စာမတင် ဖြစ်ခဲ့သည်မှာ ဟိန်းဝေယံ အတွက် အလွန်တရာကံကောင်းသွားခဲ့ပါသည်။ သို့မဟုတ်ပါက အလုပ် လက်မဲ့ ဖြစ်ကာ စားရမဲ့သောက်ရမဲ့ဘဝကို ရောက်ရပေဦးမည် ။

ထက်ဝေယံအပေါ် နာကြည်းမုန်းတီးသည့်စိတ်များ သည် ထိုအချိန်မှစ၍ အမြစ်တွယ်ကြီးထွားခဲ့ခြင်း ဖြစ်လေ၏ ။

ထိုကာလများ မှစ၍ ... ဟိန်းဝေယံသည် စီးကရက်ကို ယခင် ကထက် ပိုသောက် ဖြစ်လာခဲ့သည်။ ရှက်စိတ်ဖြင့် အိမ်တွင်းအောင်းနေ သည့်ကာလအတွင်း တစ်ယောက် တည်းအထီးကျန်ဘဝဝယ် ဆေးလိပ်ကို အဖော်ပြုရင်း စိတ်ကိုဖြေဖျောက်ခဲ့ရသည်။ ဆေးလိပ်မီးခိုးငွေ့များ ကြား ဝယ် မျက်ရည်စက်ပေါင်းများ စွာ ကျဆင်းခဲ့ရပေသည်။

ဟိန်းဝေယံသည် အတွေးများ ဖြင့်လဲလျောင်းနေရာမှ ထထိုင် လိုက်သည်။

ဆေးလိပ်အကြောင်းတွေးလိုက်မိ၍ ... ခံတွင်းချဉ်လာသည်။ ဆေးလိပ်ဆာလာသည်။

ခရီးဆောင်အိတ်၏ ဘေးအိတ်ထဲမှ စီးကရက်ဗူးကိုနှိုက်ယူ လိုက်သည်။ ဂက်စ်မီးခြစ်ကလေးကိုပါ တစ်ပါတည်းနှိုက်ယူလိုက်သည်။

စီးကရက်ဗူးထဲတွင် စီးကရက်သုံးလိပ် ကျန်နေပါသေးသည်။

စီးကရက်ကိုနှုတ်ခမ်းမှာ ချိတ်တွယ်ရင်း မီးခြစ်ကိုခြစ်၍ မီးညှိ လိုက်သည်။

သုံးကြိမ်လောက်ရှိုက်ဖွာလိုက်သည့်အခါမှ စိတ်မှာ အဆာပြေ သွားလေတော့သည်။

ပြင်ပမှမိုးကလည်း အနည်းငယ်ပါးသွားပေပြီ။

တောင်ပေါ်မြို့၏ ရာဦဥတုကတော့ ရန်ကုန်နှင့်စာလျှင် များ စွာ စိမ့်အေးလှပေသည်။ အချိန်ကာလကလည်း မိုးအကုန်ဆောင်းအကူး အခါသမယမဟုတ်ပါလား။

ခြေထောက်ဆီမှ နူးညံ့သော အထိအတွေ့ တစ်ခုကြောင့် အောက် ကိုငုံ့ကြည့်လိုက်သည်။

''ညောင်...''

လှပသော ကြောင်ဖြူလေးတစ်ကောင်က ဟိန်းဝေယံကို မော် ကြည့်နေလေသည်။ ဟိန်းဝေယံက ကြောင်လေးကိုကောက်၍ ပွေ့ချီ လိုက်သည်။

သူသည် တိုက်ခန်းထဲတွင် အထီးကျန်ဆန်မှုကို မခံရပ်နိုင်လွန်း သော ကြောင့် ခွင့်တစ်လမစေ့မီ ဆယ့်ငါးရက်အကြာမှာ ပင် ရုံးပြန်တက် ခဲ့လေသည်။ ရုံးမှာ မမထားနဲ့မင်္ဂဆောင်တော့မယ်လို့ မကြွားဝါခဲ့မိတာ တော် ပါသေးသည်။ ရုံးမှလူများ က ဒေါ်ထိပ်ထားခင်ကို အားလုံးသိကြ ပေသည်။ ဒေါ်ထိပ်ထားခင်ကုမ္ပဏီသို့ကိစ္စတစ်ခုဖြင့်လာရောက်ရာမှ... ဟိန်းဝေယံက ကူညီဆောင်ရွက်ပေးလိုက်၍ ရင်းနှီးကျွမ်းဝင်ခဲ့ကြခြင်း ဖြစ်လေသည်။

ဟိန်းဝေယံသည် ဘယ်ကမှန်းမသိ အခန်းထဲရောက်လာသော ကြောင်ဖြူလေးကို ပွေ့ပိုက်ပွတ်သတ်ရင်း... မလှပခဲ့သော အတိတ် အကြောင်းများ ကို နာကြည်းစွာ ဆက်လက်တွေးတောနေမိလေ၏ ။



( ၆ )

''ဟိန်း...''

''ဟင်... မမထား''

ကွန်ပြူတာထဲမှာ စိတ်ရောက်ကာ အလုပ်လုပ်နေသော ဟိန်း ဝေယံသည် အလုပ်စားပွဲရှေ့လာရပ်ပြီးခေါ်လိုက်သော အသံကြားမှ မော် ကြည့်မိသည်။ ထိပ်ထားခင်ကိုမြင်လိုက်သည်တွင် တော့ အံ့သြစိတ်နှင့် အတူ လှိုက်ကနဲဝမ်းနည်းသွားရလေ၏ ။

''ဟိန်းရယ်...''

မမထားက ကြေကွဲစွာ ရေရွတ်လိုက်သည်။

ဟိန်းဝေယံက ယောကျာ်းသားမို့ စိတ်ကိုထိမ်းချုပ်လိုက်နိုင်သော် လည်း ထိပ်ထားခင်ကမူ မျက်ရည်များ စို့တက်လာလေ၏ ။ မျက်တောင် ခတ်သိမ်းဆည်းလိုက်သော်လည်း မျက်ရည်စီးကြောင်းမျှင်မျှင်လေးက ပါးပြင်တစ်လျှောက် လိမ့်ဆင်းကျလာတာကို မြင်နေရပေ၏ ။

''မမ... မမ... မငိုလိုက်ပါနဲ့ဗျာ၊ လူမြင်ကွင်းကြီးမှာ ... လာ... မမ၊ ဟိန်းတို့သွားနေကျဆိုင်ကို သွားကြစို့''

စားသောက်ဆိုင်၏ သီးသန့်ခန်းထဲရောက်ချိန်တွင် တော့... နှစ် ယောက် စလုံးပေါက်ကွဲမိကြလေပြီ။

''သူ ပါမလာဘူးလား''

ထက်ဝေယံကိုရည်ရွယ်၍ ဟိန်းဝေယံက မေးလိုက်သည်။

''ပါပါတယ်ဟိန်း၊ ဟိန်းကိုမျက်နှာပူလို့ မလိုက်ချင်ဘူးတဲ့''

''သြော... သူက...''

''ဟိန်းရယ်... မမထား တစ်ရက်မှစိတ်မချမ်းသာရပါဘူး ကွယ်''

မမထားက ခံစားရသမျှကို ရင်ဖွင့်သွားခဲ့သည်။

''မမထားတို့နှစ် ယောက် စလုံး ရက်ရက်စက်စက်အလိမ်ခံလိုက် ရတာ ပဲ''

''ဘာတတ်နိုင်တော့မှာ လဲ မမထား''

အားပေးနှစ် သိမ့်သည့်သဘောဖြင့် မမထားလက်ဖမိုးလေးကို ဆုပ်ကိုင်ထားမိသည်။ မမထားကလည်း ဟိန်းဝေယံလက်ကိုပြန်လည် ဆုပ်ကိုင်လိုက်သည်။

''မမထားတို့ ကံဆိုးပါတယ်ဟိန်းရယ်... ကံဆိုးပါတယ်၊ ခုတော့... ဟိန်းနဲ့မမထား ဘဝချင်းခြားကြပြီနော်''

နောက်ပိုင်းတွင် ... မမထားရန်ကုန်ရောက်လာသည့်အခါတိုင်း ဟိန်းဝေယံတို့ကုမ္ပဏီရုံးခန်းသို့ ဝင်လည်လေ့ရှိသည်။ နှစ် လတစ်ခါ၊ သုံးလ တစ်ခါတော့ မမထားရန်ကုန်လာရ၏ ။ များ ပြားလှသော ထိပ်ထားခင်၏ လုပ်ငန်းခွဲများ အတွက် ရုံးပိုင်းဆိုင်ရာကိစ္စများ မှာ ရန်ကုန်မှာ ပင် ဆောင် ရွက်ရသည်မဟုတ်ပါလား။

ဟိန်းဝေယံနှင့်တွေ့ ဆုံခဲ့ရပုံကလည်း မမထားပိုင်စက်ရုံတစ်ခု မီးလောင်သွားရာမှ မီးအာမခံလျော်ကြေးရရန် ဟိန်းဝေယံက ကူညီ ဆောင်ရွက်ပေးရာမှ ရင်းနှီးကျွမ်းဝင်ခဲ့ရခြင်း ဖြစ်လေသည်။

ဟိန်းဝေယံသည် မမထားကို မြင်မြင်ချင်းချစ်ခဲ့မိရာမှ အနီး ကပ်ဆက်ဆံသည့်အခါ လေးစားမှုနှင့်အတူ မြတ်နိုးခဲ့ရပါသော်လည်း အသက်ချင်းကွာဟခြင်း၊ မမထားက အလွန်တရာချမ်းသာကြွယ်ဝခြင်း များ ကြောင့် ရုတ်တရက်ချစ်ရေး မဆို ဖြစ်ခဲ့ပေ။

တွေ့ ကြပြီး တစ်နှစ် ကြာမှပင် မမထားကိုချစ်ခွင့်ပန် ဖြစ်ခဲ့သည်။

မိဘများ ဆုံးပါးစဉ်ကတည်းက မိဘလက်ငုတ်စီးပွားရေး လုပ်ငန်း များ ကို မိန်းကလေးတန်မဲ့ဦးဆောင်ခဲ့ရသော ထိပ်ထားခင်သည် တော် ရုံ ယောကျာ်းလောက်ကို အထင်ကြီးလို့မရပေ။ မိမိကိုယ်တိုင်က ဥစ္စာဓန အရှိန်အဝါကြောင့်ရော၊ ထက်မြက်အကင်းပါးမှုကြောင့်ပါ အောင်မြင်မှု များ ရနေသော ကြောင့် ယောကျာ်းများ ကိုအထင်အမြင်မကြီးခဲ့ပေ။

ဟိန်းနဲ့တွေ့ ရတော့မှ... စီးပွားရေး လုပ်ငန်းကသပ်သပ်၊ နှလုံး သားရေး ရာကသပ်သပ်ဆိုတာ သဘောပေါက်လာရပါတယ်လို့ မမထား က ဝန်ခံခဲ့ပေသည်။

ဥစ္စာစီးပွားအနေနှင့် ဘာမှမက်လောက်စရာမရှိသော ဟိန်းသည် မမထားအတွက် အချစ်သူရဲကောင်း ဖြစ်ခဲ့ပေသည်။ အသက်သုံးဆယ် အထိ မာနတစ်ခွဲသားဖြင့်နေခဲ့သော အပျိုကြီးသူဋ္ဌေးမ တစ်ယောက် ဈာန် လျှောခဲ့ရလေတော့သည်။

သာယာသော အိမ်ထောင်တစ်ခုထူထောင်ရန်ကြံရွယ်ခဲ့သော သူတို့၏ အိပ်မက်များ မှာ ထက်ဝေယံကြောင့် ပျက်ပျယ်ခဲ့ရလေပြီ။

နောက်တစ်နှစ် အကြာတွင် ...

မမထားရန်ကုန်ရောက်လာပြီး ဟိန်းဝေယံဆီသို့ ဝင်အလည် မှာ ...

ဟိန်းဝေယံသည် မမထားနှင့်ပန်းမြတ်မွန်ကို မိတ်ဆက်ပေး ဖြစ်ခဲ့ပါ၏ ။

ပန်းမြတ်မွန်မှာ ကွန်ပြူတာပညာရပ်ဖြင့်ဘွဲ့ရထားသူတစ်ဦး ဖြစ် ပြီး ဟိန်းဝေယံတို့ကုမ္ပဏီတွင် ဃသာစကအနမ ဏမသါမောာနမ အ ဖြစ် လွန်ခဲ့ သည့်ခြောက်လက အလုပ်ဝင်ခဲ့သူ ဖြစ်သည်။

ယခုအချိန်တွင် ... ဟိန်းဝေယံနှင့်ပန်းမြတ်မွန်မှာ ချစ်သူများ အ ဖြစ်သို့ရောက်ရှိနေပါပြီ။

''ပန်းမြတ်မွန်က ကျွန်တော် ရည်ရွယ်ထားတဲ့ ကျွန်တော့် ချစ်သူ ပါ မမထား''

ထိပ်ထားခင်က ပန်းမြတ်မွန်လက်မောင်းကို ရင်းနှီးစွာ လှမ်း ကိုင်ရင်း...

''ညီမလေး... ညီမလေးဟာ သိပ်ကံကောင်းတဲ့မိန်းကလေး တစ်ယောက် ပါပဲကွယ်''

လေးလေးနက်နက်နှစ် နှစ် ကာကာပြောလိုက်လေသည်။

ဟိန်းဝေယံဖွင့်ပြောထား၍ ပန်းမြတ်မွန်မှာ ဇာတ်ကြောင်းစုံကို သိထားပြီး ဖြစ်ပါသည်။

''အချစ်ရေး မှာ အထိနာခဲ့တဲ့လူ တစ်ယောက် ၊ ရှုံးနိမ့်ခဲ့တဲ့လူ တစ်ယောက် အနေနဲ့ ကိုကို့ကို သနားချစ်တစ်ချစ် ထပ်ဆင့်သွားရပြန်ပါ ပြီကိုကို၊ အမွန့်ကို ပွင့်ပွင့်လင်းလင်းဖွင့်ပြောတဲ့အတွက် ကျေးဇူးတင်ပါ တယ်၊ အမွန် ခွင့်လည်းလွှတ်ပါတယ်ကိုကို''

ပန်းမြတ်မွန်က သည်သို့ပင်ပြောခဲ့သည်။

မမထားရန်ကုန်ရောက်လာသော နောက်ဆုံးတစ်ခေါက်မှာ တော့ ပန်းမြတ်မွန်က မမထားနှင့်ဟိန်းဝေယံတို့နှစ် ယောက် စလုံးကို သူမအိမ် သို့ဖိတ်ခေါ်ကာ ထမင်းကျွေးဧည့်ခံခဲ့သည်။

ထိုနေ့က... ထိပ်ထားခင်သည် ဟိန်းဝေယံနှင့်ပန်းမြတ်မွန် တို့၏ ရှေ့ရည်ရွယ်ချက်ကို မေးခဲ့လေ၏ ။ ပန်းမြတ်မွန်တို့အိမ်အခြေအနေ ကိုလည်း တစေ့တစောင်းအကဲခတ်ခဲ့လေသည်။

ပန်းမြတ်မွန်မိဘနှစ် ပါးစလုံးမှာ အစိုးရဝန်ထမ်းများ ဖြစ်ပြီး၊ ပန်းမြတ်မွန်တွင် မောင်နှမသားချင်းငါးယောက် ရှိလေသည်။ ပန်းမြတ်မွန် က အကြီးဆုံး ဖြစ်ပါ၏ ။ အိမ်တွင် မှိခိုနေထိုင်သော အဖေဖက်မှအဘွား တစ်ယောက် ရှိသေးသည်။

ပန်းမြတ်မွန်တို့အိမ်စီးပွားရေး အခြေအနေမှာ မတောင့်တင်းလှ ကြောင်းကို မမထားအကဲခတ်မိခဲ့ပုံပေါ်သည်။

''မင်းတို့နှစ် ယောက် စလုံးဟာ ပညာတတ်တယ်၊ လုပ်ရည်ကိုင် ရည်ရှိကြတယ်၊ ဒီလိုပဲ သူများ ဝန်ထမ်းလုပ်နေကြရင်တော့ ကြီးပွားဖို့ အခွင့်အလမ်းမရှိဘူး၊ ဒီတော့ စွန့်စားဖို့လိုတယ်၊ ကိုယ်တတ်ထားတဲ့ ပညာတွေ ကို ထိထိရောက်ရောက်အသုံးချဖို့လိုတယ်ကွဲ့''

''မမထား... လူငယ်တိုင်းဟာ ကြီးပွားချမ်းသာချင်တဲ့သူ တွေ ချည်းပါပဲမမထားရယ်၊ ဒါပေမယ့် ဒီခေတ်မှာ ကြီးပွားချမ်းသာဖို့ဟာ ပညာတစ်ခုတည်းနဲ့မပြီးဘူး၊ အရင်းအနှီးကလိုသေးတယ်မမထားရဲ့ ''

ဟိန်းဝေယံပြောစကားကို ထိပ်ထားခင်က အလေးအနက်ထား နားထောင်ခဲ့သည်။

''မင်းတို့မှာ ကြီးပွားချမ်းသာချင်တဲ့စိတ်ရှိတယ်ဆိုရင်ပဲ လုံ လောက်ပါပြီကွယ်''

သည်တုံးက... မမထားဘာကိုဆိုလိုခဲ့မှန်း ဟိန်းဝေယံရော၊ ပန်းမြတ်မွန်ပါ သဘောမပေါက်ခဲ့ချေ။

မမထားရန်ကုန်ကပြန်သွားပြီး မကြာမီ... တိတိကျကျဆိုရ သော် လွန်ခဲ့သော နှစ် လက မမထားထံမှ စာတစ်စောင်ရောက်လာမှပင် သူတို့အပေါ်မှာ ထားသည့် မမထားစေနာကို သဘောပေါက်လိုက်ရလေ တော့သည်။

စာကို ဟိန်းဝေယံကိုလိပ်မူပို့ခဲ့သော်လည်း နှစ် ယောက် စလုံး အတွက် ရည်ရွယ်ရေး ပို့ခဲ့ခြင်း ဖြစ်ပါသည်။

ဟိန်းနဲ့ညီမလေးအမွန်...

ဒီစာကို နှစ် ယောက် အတူတူဖတ်ကြပါကွယ်။

မမထားရင်ထဲမှာ ဟိန်းနဲ့အမွန်တို့ဘဝရှေ့ရေး ဖြောင့်ဖြူးဖို့ကိစ္စ အမြဲရှိနေခဲ့တယ်။

မင်းတို့နှစ် ယောက် စလုံးဟာ အရည်အချင်းရှိ တဲ့ ပညာတတ်ကလေးတွေ ပါ။

မင်းတို့နဲ့ ရန်ကုန်မှာ စကားပြောခဲ့တုန်းက မင်း တို့မှာ ကြီးပွားချမ်းသာအောင်လုပ်ဖို့ နည်းလမ်းတွေ ရှိတယ်၊ အရင်းအနှီး လိုနေတယ်ဆိုတာ မမထား သိခဲ့ရတယ်လေ။

မင်းတို့အခုလုပ်နေတဲ့ကုမ္ပဏီကအလုပ်ဟာ လစာအထိုက်အလျှောက်များ တယ်၊ ရာထူးကလည်း အရာရှိ ဖြစ်တယ်ဆိုပေမယ့် ကြီးပွားချမ်းသာဖို့ အခွင့် အလမ်းကတော့ မရှိဘူးမဟုတ်လား။

မမထားအနေနဲ့ မင်းတို့ကို ကြီးပွားချမ်းသာ စေချင်တယ်။

ပျော်စရာကောင်းပြီး သော ကကင်းတဲ့... အိမ်ထောင်တစ်ခုကို ထူထောင်စေချင်ပါပြီကွယ်။

ဒီတော့... မမထားကမင်းတို့ကို အရင်းအနှီး ထုတ်ပေးမယ်။ ငွေသိန်းတစ်ထောင် အရင်းအနှီး ထုတ်ပေးပါမယ်ကွယ်။ ဒါဟာ မမထားရဲ့ စေတနာပါ။ မမထားကူညီပါရစေကွယ်။

သိန်းတစ်ထောင်ပေးမယ်ဆိုတဲ့စကားကို ဟိန်း ကတော့ ယောကျာ်းမာန၊ ပညာတတ်မာနနဲ့ ကြိုက် မှာ မဟုတ်ဘူး။

မမထားအတွက်တော့ သိန်းတစ်ထောင်ဆို တာ မပြောပလောက်တာမို့ လုပ်ငန်းအတွက် မတည် ပေးပါရစေ။

တစ်နည်းအားဖြင့်... မင်းတို့အိမ်ထောင်ဦး အတွက် လက်ဖွဲ့ပါရစေကွယ်။

သူများ အလကားပေးတဲ့ပိုက်ဆံကို မယူချင် ဘူးဆိုရင်လည်း ဆပ်နိုင်တဲ့တစ်နေ့ကျ ပြန်ဆပ် ပေါ့ကွယ်၊ လောလောဆယ်တော့ လက်ခံစေချင် တယ်။

ဟိန်းနဲ့အမွန်တို့ရဲ့ ဘဝ သာယာဖြောင့်ဖြူးတာ ကိုမြင်ချင်တာ မမထားရဲ့ ဆန္ဒပါ။

မင်းတို့ရဲ့ မမထား

ထိပ်ထားခင်

မမထား၏ စေတနာကို လက်ခံဖို့သင့်,မသင့် ဟိန်းဝေယံနှင့် ပန်းမြတ်မွန်တို့ လေးလေးနက်နက်ဆွေးနွေးခဲ့ကြသည်။

ဟိန်းဝေယံကတော့ ရည်းစားဟောင်းဆီကရမယ့်အခွင့်အရေး မို့ ယူဖို့မတိုက်တွန်းရဲပါ။ ပန်းမြတ်မွန်တစ်မျိုးထင်သွားမှာ ကို စိုးရိမ်မိ သည်။ သို့သော်... ငြင်းပယ်ဖို့လည်း မတိုက်တွန်းခဲ့။ ပန်းမြတ်မွန် စိတ်တိုင်းကျ ဆုံးဖြတ်ပါစေ။

ထိုသို့... ဆုံးဖြတ်ရန်ခက်ခဲနေဆဲ... စဉ်းစားတွေးတောနေ ဆဲကာလမှာ ပင်...

ထိပ်ထားခင်ဆုံးသွားပြီဆိုသည့်သတင်းကို ကြားသိခဲ့ရခြင်း ဖြစ် လေသည်။

''မမထားရဲ့ နောက်ဆုံးခရီးကို ကိုကိုလိုက်ပို့ပါရစေအမွန်''

''ပို့သင့်တာပေါ့ကိုကို၊ အမွန်လည်းလိုက်ခဲ့မယ်လေ၊ ဘာပဲ ဖြစ် ဖြစ် မမထားဟာ အမွန်တို့ကျေးဇူးရှင်ပဲမဟုတ်လား၊ မမထားထောက်ပံ့ မယ့်ငွေ အမွန်တို့လက်ထဲရောက်မလာခဲ့ပေမယ့် မမထားဟာ အမွန်တို့ ဘဝအတွက် စဉ်းစားပေးခဲ့တဲ့ ကျေးဇူးရှင်ပါ''

''ဟုတ်တော့ဟုတ်ပါတယ်အမွန်၊ ဒါပေမယ့်... အသုဘကို အမွန်လိုက်လာဖို့တော့ မသင့်ဘူးလေ''

''ဘာ ဖြစ်လို့လဲကိုကို''

''ကိုကိုနဲ့အမွန်က ယူမှမယူရသေးတာ၊ ခရီးရှည်ကြီးကို နှစ် ယောက် တည်းအတူသွားကြမယ်ဆိုရင် ရုံးကလူတွေ က ဘာပြောကြမလဲ''

''အင်း... ဟုတ်တာပဲ၊ အမွန့်သိက္ခာအတွက် အမြဲစဉ်းစားပေး တဲ့ကိုကိုရယ်၊ ကိုကိုဟာ အခွင့်အရေး လည်းမယူတတ်ဘူး၊ တကယ့် ယောကျာ်းကောင်း တစ်ယောက် ပါပဲကွယ်''

ဖွင့်မပြောကြသော်လည်း မြိုင်သေလာအထိရောက်အောင်သွားရ မည့် ခရီးစရိတ်ကိုလည်း ထည့်တွက်ရသေးသည်။ ခရီးစရိတ်ကပင် သူတို့ ရသော လစာ တစ်လခစာ ရှိနေသည်။

''ကိုကို့ကို နားလည်ပေးပါနော် အမွန်''

''အမွန်နားလည်ပါတယ်ကိုကိုရယ်''

သည်လိုနှင့်... မမထားအသုဘကိုပို့ဆောင်ရန် ဟိန်းဝေယံ တစ်ယောက် တည်း မြိုင်သေလာသို့ရောက်လာရခြင်း ဖြစ်ပါသည်။

''ဒေါက်... ဒေါက်... ဒေါက်...''

တံခါးခေါက်သံကြားလိုက်ရ၍ ဟိန်းဝေယံအတွေးများ ပြတ် တောက်သွားသည်။

ဘယ်သူပါလိမ့်။

ကုန်လုဆဲစီးကရက်ကို စားပွဲပေါ်မှပြာခံခွက်ထဲ ထိုးချေလိုက် သည်။

ကြောင်ဖြူလေးကိုပိုက်လျှက်နှင့်ပင် တံခါးဝဆီထ,လာလိုက်၏ ။

တံခါးကိုဆွဲဖွင့်လိုက်သည့်အခါတွင် တော့...

သူ၏ ရုပ်သွင်ကို မှန်ထဲတွင် ပြန်မြင်လိုက်ရသည့်သဖွယ်...

တံခါးဝတွင် ရပ်နေသော ထက်ဝေယံကို မြင်တွေ့ လိုက်ရလေ တော့သည်။



( ၇ )

''ဟင်...ကိုထက်''

ဟိန်းဝေယံက ထက်ဝေယံကိုတွေ့ လိုက်ရသဖြင့် အံ့သြသွား လေသည်။

''ကိုထက်... မင်း ဘာလာလုပ်တာလဲ''

ကိုထက်က မရယ်ချင်ပဲ ရယ်ဟန်ပြု၍ ရယ်သွမ်းသွေးလိုက် သည်။

''အဟက်... ဟက်... ဘာလာလုပ်ရမှာ လဲ ကိုဟိန်းရဲ့ ၊ ငါကအိမ်ရှင်ဆိုတော့ ကိုယ့်အစ်ကိုကို ဧည့်ဝတ်ပြုဖို့လာတာပေါ့''

''ငါ မင်းဆီလာလည်တာမဟုတ်ဘူးကိုထက်၊ မမထားအသုဘ ကို လာပို့တာ''

''ငါက မမထားရဲ့ ယောကျာ်းလေ၊ ကဲပါ- ကိုဟိန်းရယ်၊ စကား နိုင်လုမနေပါနဲ့၊ ငါအထဲဝင်ပါရစေဦး''

ကိုထက်က ကိုဟိန်းကိုတွန်းဖယ်ကာ အခန်းထဲသို့ ဇွတ်ဝင် ရောက်လိုက်သည်။

ကိုဟိန်းက တံခါးကိုပြန်ပိတ်ရင်း နောက်မှလိုက်လာ၏ ။

ကိုထက်က စားပွဲခုံဘေးရှိကုလားထိုင်တွင် ဝင်ထိုင်လိုက်သည်။ ကုလားထိုင်မှာ အခန်းထဲ၌ တစ်လုံးတည်းသာချထားပေးပါသည်။ တည်းခိုသူတစ်ဦးတည်းအတွက်အခန်းမို့ ကုလားထိုင်တစ်လုံးပဲ ထည့်ပေး ထားခြင်း ဖြစ်ပါသည်။

တကယ်တော့... ဟိုတယ်စည်းကမ်းအရ အိပ်ခန်းဆောင် အတွင်းသို့ ဧည့်သည်ဝင်ခွင့်မရှိပါ။ အောက်ထပ်ဧည့်ခန်းတွင် သာ ဧည့် သည်ကိုခေါ်ပေး၍ တွေ့ စေပါ၏ ။ ထက်ဝေယံဆိုသူမှာ မြို့မျက်နှာဖုံး သူဋ္ဌေးလေးတစ်ဦး ဖြစ်နေရုံမက... ဤဟိုတယ်တွင် တည်းနေသည့် ဟိန်းဝေယံမှာ သူနှင့်အမွှာညီအစ်ကို ဖြစ်သည်မို့... ဧည့်ကြိုမိန်းကလေး က အခန်းနံပါတ်ပြောပြကာ တက်ခွင့်ပေးလိုက်ခြင်း ဖြစ်ပါသည်။

ထက်ဝေယံက တစ်လုံးတည်းသော ကုလားထိုင်မှာ ဝင်ထိုင်လိုက် တော့ ဟိန်းဝေယံသည် ကုတင်ပေါ်မှာ ပဲ တက်ထိုင်လိုက်ရလေ၏ ။

''မင်း ညစာစားပြီးပြီလား ကိုဟိန်း''

''မစားရသေးဘူး''

''ခရီးပန်းလာတာ ဆာနေမှာ ပေါ့၊ ငါ လှမ်းမှာ ပေးမယ်လေ''

''ခရီးပန်းလို့ကို စားချင်စိတ်မရှိတာ၊ နေပါစေ၊ မမှာ ပါနဲ့''

''ဟာ... မင်းဆာနေမှာ ပေါ့၊ တစ်ခုခုတော့ ဝင်အောင်စား လိုက်ကိုဟိန်း၊ နွားနို့သောက်လိုက်ပါလား၊ နွားနို့နဲ့ဟမ်ဘာဂါစားလိုက်ရင် ညစာပြီးရော၊ မြိုင်သေလာကနွားနို့က သိပ်ကောင်းတာကွ၊ မင်းမသိသေး လို့၊ ငါလည်းနွားနို့သောက်ချင်တယ်၊ ငါ့အတွက်ပါ မှာ လိုက်မယ်''

ထက်ဝေယံက ဟိန်းဝေယံဆီမှစကားပြန်ကိုမစောင့်တော့ပဲ စားပွဲပေါ်က ဟိုတယ်အတွင်းပြော အင်တာကွန်းတယ်လီဖုန်းကိုကောက် ကိုင်ကာ နွားနို့နှင့်ဟမ်ဘာဂါနှစ် ယောက် စာပို့ပေးဖို့ မှာ လိုက်သည်။

ဖုန်းဆက်နေစဉ် တယ်လီဖုန်းဘေးမှာ ချထားသည့်အခန်းသော့  ကို ထက်ဝေယံမြင်လိုက်ရ၏ ။ သော့ ကိုတွဲ ထားသည့်ပလတ်စတစ်ပြားလေး တွင် ၂ဝ၁ဟုရေး ထားသည့်အတွက် ဤအခန်းသော့  ဖြစ်မှန်းသိလိုက်သည်။

ထက်ဝေယံက သော့ ရှိသည့်နေရာကို သေချာမှတ်သားထားလိုက်၏ ။

ဟိန်းဝေယံက ထက်ဝေယံကို မလိုလားသလိုကြည့်ကာ စီးကရက်နောက်တစ်လိပ်ကို မီးညှိလိုက်၏ ။

ထိုစဉ်...

''ဒေါက်... ဒေါက်...''

တံခါးခေါက်သံကြားလိုက်ရသည်။ မှာ ထားတဲ့စားစရာတွေ လာ ပို့တာပဲ ဖြစ်လိမ့်မည် ။

ထက်ဝေယံက တံခါးရှိရာထသွားကာ တံခါးကိုဖွင့်ပေးလိုက် သည်။

နွားနို့ဖန်ခွက်နှစ် လုံးနှင့် ဟမ်ဘာဂါနှစ် ခုတင်ထားသော ဗန်းကို ကိုင်၍ စားပွဲထိုးလူငယ်တစ်ဦးဝင်လာသည်။

စားပွဲထိုးက လင်ဗန်းကို စားပွဲပေါ်ချထားပေးခဲ့ကာ ပြန်ထွက် သွားသည်။

ထက်ဝေယံက တံခါးကိုပြန်ပိတ်လိုက်၏ ။

ထက်ဝေယံသည် ကုလားထိုင်တွင် ပြန်ထိုင်ရင်း ဟိန်းဝေယံကို မေးလိုက်သည်။

''မင်းကြည့်ရတာ စီးကရက်တွေ သိပ်သောက်နေသလိုပဲ၊ အရင် ကထက်ပိုသောက်သလိုပဲကိုဟိန်း၊ ဘာ ဖြစ်လို့ ဆေးလိပ်တွေ ဒါလောက် သောက်နေရတာ တုံးကွာ''

ကိုဟိန်းက ကိုထက်ကို စိမ်းစိမ်းကြည့်ရင်း...

''စိတ်...ညစ်...လို့...ပေါ့...''

တစ်လုံးချင်းပြန်ဖြေလိုက်သည်။

''စိတ်ညစ်တယ်၊ အိုး... မင်းမှာ စိတ်ညစ်စရာတွေ ရှိတယ် ပေါ့၊ ငါ့ကြောင့်တော့ မဟုတ်နိုင်ပါဘူးနော်''

ကိုထက်က ကိုဟိန်းစိတ်ဆိုးအောင် တမင်ဆွပေးလိုက်သည်။

ကိုဟိန်းသည် စီးကရက်မီးခိုးများ ကို ပါးစပ်မှမှုတ်ထုတ်ရင်း ကိုထက်ကို စူးစူးဝါးဝါးစိုက်ကြည့်နေလေသည်။

''ဒါနဲ့... မေးရဦးမယ်၊ မမထားဆုံးသွားတာ မင်းဝမ်းနည်း သလားဟင်...''

''ကိုထက်''

''ဟင်...''

''မင်းက မမထားရဲ့ တရားဝင်လင်ယောကျာ်းပါ၊ ငါ့မှာ မိတ်ဆွေ တစ်ယောက် ဆုံးရှုံးရလို့ ဝမ်းနည်းသလောက်ပဲရှိတယ်၊ မင်းကတော့ မိန်းမသေပြီးစ မုဆိုးဖိုနဲ့ တစ်စက်မှမတူဘူး''

''အဟင်း... ဟင်း... ဟင်း...''

ကိုဟိန်းစကားကို ကိုထက်က သဘောကျစွာ ရယ်မောပစ်လိုက် သည်။

''မိတ်ဆွေ တစ်ယောက် ဆုံးပါးသလောက်ပဲ ဝမ်းနည်းတယ်၊ ဟုတ်ရဲ့ လားကွာ''

''မင်း ဘာဆိုလိုချင်တာလဲ ကိုထက်''

''မမထားဆီက သိန်းတစ်ထောင်မရလိုက်တာကိုရော... ဝမ်းမနည်းဘူးလား ကိုဟိန်းရဲ့ ''

ဟိန်းဝေယံ၏ ခန္ဓာကိုယ် ဆတ်ကနဲတုန်သွားလေသည်။

''ဒါကို မင်းသိတယ်ပေါ့''

''သိတာပေါ့၊ အလကားနောက်တာပါကွာ၊ မမထားက မင်းကို သိန်းတစ်ထောင်ပေးပြီး မင်းနဲ့မင်းရည်းစားကို စီးပွားရေး လုပ်ခိုင်းမယ် ဆိုတာ ငါသိပါတယ်ကိုဟိန်း၊ ဒါပေမယ့် အဲဒီ ကိစ္စနဲ့ပတ်သက်ပြီး မမထား ကို ငါဘာမှမပြောခဲ့ပါဘူး၊ တားလည်းမတားခဲ့ပါဘူး၊ မင်းအရင်းအနှီး ရမယ်ဆိုလို့ ငါက ဝမ်းတောင်သာနေသေးတာပါ''

ကိုဟိန်းက ကိုထက်စကားကို နှုတ်ခမ်းကိုတွန့်၍ မဲ့ပြုံးပြုံးပြ ခြင်းဖြင့် တုံ့ပြန်လိုက်သည်။ ''မယုံသေးဘူး''ဆိုသည့် အမူအရာမျိုး။

ကိုထက်သည် ကိုဟိန်းနှင့်စကားပြောနေရင်းမှ... သူ့ပိုက်ဆံ အိတ်ထဲရှိတစ်စုံတစ်ခုကို လက်နှင့်စမ်း၍ ရှာဖွေနေလေသည်။

တွေ့ ပါပြီ။

လက်သန်းလုံးအရွယ်ခန့် ပုလင်းလေးတစ်လုံး။

ကိုထက်က ပုလင်းလေးကိုလက်ဖြင့်ကိုင်ထားရင်း ကိုဟိန်း မျက်နှာလွှဲမည့် အချိန်ကို စောင့်နေလေသည်။

ထက်ဝေယံက နွားနို့ခွက်ကိုယူသောက်လိုက်သည်။

''အား...ကောင်းလိုက်တာ၊ လူကို လန်းသွားတာပဲ၊ ကိုဟိန်း- နွားနို့သောက်လေကွာ၊ အားပြည့်ပြီး လန်းသွားအောင်၊ မြိုင်သေလာက နွားနို့က သိပ်ကောင်းတာကွ၊ တောင်ပေါ်ကနွားတွေ ရဲ့ နို့က ပိုပြီးကောင်း တာ မင်းမသိသေးဘူး''

ကိုဟိန်းနွားနို့သောက်ချင်စိတ် ပေါက်လာအောင် ကိုထက်က မြှုဆွယ်လိုက်သည်။ ကိုဟိန်း လစ်မည့် အချိန်ကိုလည်း မျက်ခြည်မပြတ် စောင့်ကြည့်နေလေ၏ ။

ကိုထက်ကံကောင်း သွားပါသည်။

ကိုဟိန်းသောက်လက်စစီးကရက်မှာ တဖြည်းဖြည်းတိုလာပြီး ထိပ်မှာ ပြာတောင့်မှာ တဖြည်းဖြည်းရှည်လာသည်။ ကိုဟိန်းက ပြာတောင့် ကိုချွေချရန် ဟိုဟိုဒီဒီလှည့်ကြည့်သည်။ ဆေးလိပ်ပြာခံခွက်မှာ ကိုထက် ထိုင်နေသည့်ကုလားထိုင်နှင့်ကပ်လျက် စားပွဲပေါ်မှာ ရှိနေ၍ သူက ကိုထက် အနားသို့ ထ,လာချင်ပုံ မရပေ။

အောက်ကြမ်းပြင်ကလည်း ကတ္တီပါကောဇောခင်းထားသည့် အတွက် ပြာချွေချရန်မ ဖြစ်နိုင်ပေ။ သူထိုင်နေသည့်ကုတင်ပေါ်ကိုလည်း ပြချွေချလို့မ ဖြစ်။

ဟိန်းဝေယံသည် ကုတင်ပေါ်မှထကာ ဆေးလိပ်ပြာချွေရန် ရေချိုးခန်းထဲဝင်သွားလေ၏ ။

ထိုအခိုက်အတန့်လေးမှာ ပင် ထက်ဝေယံက ကြိုတင်ကြံရွယ် ထားသည့်လုပ်ရပ်များ ကို လျင်မြန်စွာ လုပ်လိုက်နိုင်သည်။

ဘယ်လက်ဖြင့် အသင့်ကိုင်ထားသော ပိုက်ဆံအိတ်ထဲမှပုလင်း လေးကို ထုတ်ယူလိုက်သည်။ ပုလင်းဖော့ဆို့ကိုဖွင့်• ကိုဟိန်းသောက်မည့်  နွားနို့ခွက်ထဲသို့ ပုလင်းထဲမှဆေးရည်များ ကို လောင်းထည့်လိုက်၏ ။ အရောင် အဆင်းမရှိသည့်ဆေးရည်များ သည် နွားနို့ထဲရောနှောပျော်ဝင် သွားကာ ပကတိနွားနို့ရောင် မပျက်ရှိနေပါ၏ ။ ဆေးရည်မှာ အနံ့မရှိသည့် အတွက် နွားနို့၏ အနံ့သည်လည်း ပြောင်းလဲမည် မဟုတ်ပေ။

ထက်ဝေယံထည့်လိုက်သော ဆေးရည်မှာ လူ တစ်ယောက် ၏ အသက်ကို တစ်နာရီအတွင်းသေစေနိုင်သော အဆိပ် ဖြစ်ပါသည်။

ထက်ဝေယံက ပုလင်းကို ပိုက်ဆံအိတ်ထဲ အလျင်အမြန်ပြန် ထည့်လိုက်သည်။ တစ်ဆက်တည်းမှာ ပင် တယ်လီဖုန်းဘေးမှသော့ တွဲ ကိုလှမ်းယူ၍ ပိုက်ဆံအိတ်ထဲထည့်လိုက်၏ ။

ခဏလေးပါ။

နွားနို့ထဲအဆိပ်ခတ်ခြင်းနှင့် အခန်းသော့ ကိုခိုးယူခြင်းကိစ္စနှစ် ခု မှာ ခဏလေးနှင့်ပြီးဆုံးသွားလေသည်။

ဟိန်းဝေယံရေချိုးခန်းထဲမှထွက်လာတော့ ကိုထက်သည် ဣနြေ္ဒ မပျက်ထိုင်နေနိုင်လေပြီ။

လူကသာ ဣနြေ္ဒမပျက်သော်လည်း ထက်ဝေယံရင်ထဲမှာ မောဟိုက်နွမ်းလျသွားလေပြီ။ ခိုးချောင်ခိုးဝှက်အလုပ်တစ်ခုကိုလုပ်လိုက် ရ၍ ရင်ခုန်လှုပ်ရှားသွားရသော စိတ်က နှလုံး ရောဂါ အခံရှိသော ထက် ဝေယံကို မောဟိုက်နွမ်းလျစေခြင်းပင် ဖြစ်တော့သည်။

''ကိုဟိန်း...ဟမ်ဘာဂါစားလေ၊ နွားနို့လည်း သောက်လိုက်ဦး''

''ထားလိုက်ပါ၊ ငါမဆာသေးဘူး''

''မင်း ငါ့အိမ်ကိုလိုက်လည်မလားဟင်''

''ငါလာတာ မမထားအသုဘကိုလာပို့တာလို့ ဘယ်နှခါပြောရ မလဲ၊ မင်းဆီလာတာမဟုတ်ဘူး၊ ရက်လည်တဲ့နေ့လာမှာ လည်း မမထား အတွက်လာတယ်မှတ်ပါ''

''ကိုဟိန်းကလည်းကွာ... ငါတို့ညီအစ်ကိုအချင်းချင်း ရင်းရင်း နှီးနှီးနေစမ်းပါ၊ ဖြစ်ပြီးတာတွေ မေ့လိုက်နော်၊ သြော် ပြောရဦးမယ်၊ ရန်ကုန်ကတိုက်ခန်းကို မင်းပဲယူလိုက်ပါ၊ ငါအမွေမခွဲတော့ပါဘူး၊ ငါ့ ဝေစုကို မင်းကိုပဲပေးလိုက်ပါတယ်''

''ဒီမှာ ကိုထက်၊ မင်းကအမွေခွဲပါပြောလည်း ငါ့မှာ အမ်းစရာ မရှိဘူး၊ ဖေဖေနဲ့မေမေထားခဲ့တဲ့တိုက်ခန်းကိုလည်း ရောင်းပြီး အမွေ မခွဲနိုင်ဘူး၊ ငါသေတဲ့အထိ ဒီတိုက်ခန်းမှာ ပဲနေမှာ ၊ မင်းအတွက် ဒီလောက် အမွေလေးကို စကားထဲထည့်ပြောနေစရာတောင် မလိုပါဘူးကွာ၊ အသံ ကောင်း ဟစ်မနေစမ်းပါနဲ့''

''ကိုဟန်းကလည်းကွာ...မင်း မမထားဆီက သိန်းတစ်ထောင် မရလိုက်တာကို ငါက သနားလို့ပါ၊ ငါက မင်းကိုစေတနာရှိပါတယ်၊ မမထားပေးဖို့ရည်ရွယ်ထားတဲ့သိန်းတစ်ထောင်ကိုလည်း ပေးလိုက်ချင်ပါ တယ်၊ ဒါပေမယ့် ကျန်ခဲ့တဲ့ငွေစာရင်းတွေ က ရှုပ်နေတယ်၊ ကိုခွန်ထွန်း နဲ့ ရှင်းရဦးမှာ ၊ အဲဒါကြောင့် ငါပိုင်ပိုင်နိုင်နိုင်ရှိတဲ့ ငါ့အမွေကိုပဲ မင်းကို လွှဲပေးနေတာပါကွာ''

ကိုဟိန်းက ကုတင်ပေါ်မှဆတ်ကနဲထလိုက်သည်။

စီးကရက်ကိုင်ထားသော လက်ဖြင့် ကိုထက်ကို လက်ညှိုး ထိုးကာ...

''ကိုထက်... မင်း ပြန်တော့''

သူတကယ်စိတ်ထိခိုက်သွားပေပြီ။

ကိုထက်ကလည်း သူ့အမိန့်အတိုင်း အခန်းထဲမှထွက်ရန် ကုလား ထိုင်မှထလိုက်၏ ။

''ငါကတော့ တစ်အူတုံဆင်း ညီရင်းအစ်ကိုတွေ ဆိုပြီး ချစ်တဲ့ စိတ်နဲ့လာတာပါ၊ မင်းက သိပ်စိမ်းကားတာပဲကွာ၊ မင်းပြန်စေချင် ငါ ပြန်ပါ့မယ်''

ကိုထက်က အခန်းတံခါးဖွင့်၍ ထွက်လိုက်သည်။

တံခါးမပိတ်မီ...

''သြော်... မမထားရက်လည်ကျ အိမ်ကကား လွှတ်ပေးလိုက် ပါ့မယ်၊ မင်း အစားစားလိုက်ဦးနော်ကိုဟိန်း၊ နွားနို့လေး ပူတုန်းသောက် လိုက်ဦး''

ကိုထက်စကားမဆုံးခင် ကိုဟိန်းက အခန်းတံခါးကို ဆောင့် ပိတ်ပစ်လိုက်သည်။

ကိုထက် ပြုံးလိုက်လေသည်။

ကိုထက်သည် ကိုဟိန်းအပေါ် စိတ်ရှည်သည်းခံပြခဲ့သည်။ ရက်ရောဖော်ရွေပြခဲ့သည်။

တကယ်တော့... သေခါနီး လူ တစ်ယောက် ကို အသေဖြောင့် အောင် အလိုလိုက်ပေးနေခြင်းသာ ဖြစ်ပါသည်။

နွားနို့သောက်ပြီး နောက်တစ်နာရီအကြာတွင် ... ဟိန်းဝေယံ သေတော့မည် မဟုတ်ပါလား။



( ၈ )

ဟိန်းဝေယံက ထက်ဝေယံ၏ စကားမဆုံးမီ တံခါးကို ဆောင့်ပိတ် ပစ်လိုက်၏ ။

ကြည့်စမ်း။ စော်ကားသွားလိုက်တာ။ သူခိုးက လူ လူ ဟစ်လို့။

သူများ ရည်းစားကို ကောက်ကျစ်စွာ လှည့်ဖျားပေါင်းသင်းခဲ့သူ က မဏ္ဍပ်တိုင်တက်ပြသွားခဲ့သည်။ သူသာ မမထားနဲ့သက်ဆိုင်သူ၊ မမထားရဲ့ အမွေခံအ ဖြစ် ကြွားဝါသွားခဲ့သည်။ ကိုဟိန်းဘဝနုံချာပုံကို သနားသယောင်ဖြင့် လှောင်ပြောင်သရော်သွားခဲ့သည်။

ဟိန်းဝေယံ ဒေါသထွက်၍ ကျန်ခဲ့ပါသည်။

အစီခံထိရောက်အောင် တိုသွားပြီ ဖြစ်သည့်စီးကရက်ကို ပြာခံ ခွက်ထဲပစ်ထည့်ကာ ကုတင်ပေါ်ပြန်လှဲလိုက်သည်။

အပြင်မှာ မိုးကမသည်းတော့။ လုံးလုံးလည်း တိတ်မသွား။ တဖွဲဖွဲကျဆင်းလျှက်ရှိလေသည်။

ဟိန်းဝေယံသည် ဒေါသ ဖြစ်စွာ နှင့် ထက်ဝေယံ၏ ဆိုးဝါးပုံများ ကို တွေးနေမိ၏ ။

ရန်ကုန်ကို နောက်ဆုံးရောက်လာသည့်အခေါက်က မမထား ရင်ဖွင့်သွားခဲ့သော စကားများ ကို ပြန်လည်ကြားယောင်လာမိသည်။

''ကိုထက်ဟာ မမထားဘဝကိုဖျက်ဆီးဖို့သက်သက် လူ ဖြစ်လာ တဲ့လူ တစ်ယောက် ပဲလားမသိပါဘူးကွယ်''

''ဟင်... မမ၊ သူ မမအပေါ်မှာ ဆိုးပြန်ပြီပေါ့၊ သူ ဘာလုပ် ပြန်ပြီလဲမမ ...ဟင်''

''သူ ဆိုးတာ မိုက်တာ သုံးတာ ဖြုန်းတာတွေ ကို မမထား ခွင့်လွှတ်နိုင်ပါတယ်ကွယ်... အခုဟာက ''

''ကိုထက်ဘာတွေ ဆိုးနေပြန်ပလဲ... ပြောပါဦးမမ ''

''ဟိန်းရယ်... အိမ်ထောင်ရေး ဖောက်ပြန်တဲ့ပြစ်မှုလောက် ကြီးလေးတာ ရှိပါဦးမလားကွယ်''

''ဟာ... မမရယ် ''

ဟိန်းဝေယံရင်မှာ ကာယကံရှင်မမထားထက်ပင် နာကြင်ခံစား သွားရတော့သည်။

''သူက မမထားဟာ အဘွားကြီးတဲ့၊ အသက်ကြီးပြီတဲ့၊ ဘာမှ ဆွဲဆောင်မှုမရှိတော့ဘူးတဲ့၊ အဲဒါကြောင့်... အဲဒါကြောင့်... သူ ပျော်စရာရှာတာပါတဲ့လေ''

''အားနာလိုက်တာ... ဟိန်း မမထားကို အားနာလိုက် တာဗျာ''

''မကောင်းတာက ထက်ဝေယံပါလေ၊ ဟိန်း မမထားကို အားနာစရာမလိုပါဘူး''

''သြော်...မမထားရယ် ထက်ဝေယံဟာ ဟိန်းရဲ့ ညီလေ၊ ပြီးတော့...ပြီးတော့...သူ မမထားကို ချစ်လို့ယူခဲ့တာမဟုတ်ဘူး''

စကားဒီနေရာရောက်တော့ အတိတ်ကြောင်းများ ကိုတွေးမိကာ နှစ် ယောက် စလုံး ငေးငိုင်သွားမိသေးသည်။

''သူကသာ မမထားစိတ်ချမ်းသာအောင် အလိုလိုက်ရမှာ မဟုတ်လား၊ သူလုပ်ပုံတွေ ကြောင့် ကျွန်တော် မမကိုမျက်နှာပူမိတာ အမှန်ပါပဲ''

''ရှိပါစေတော့လေ... မမထားဘဝနဲ့ မမထားရှိပါစေ တော့ဟိန်းရယ်''

မမထားက ယူကြုံးမရရေရွတ်လိုက်လေသည်။

ထက်ဝေယံ ဘယ်သူနဲ့ဖောက်ပြန်နေတယ်ဆိုတာတော့ မမထား က ပြောမသွားခဲ့ပါပေ။ ဟိန်းဝေယံမေးသော်လည်း မမထားမပြောခဲ့ပေ။

ဟိန်းဝေယံသည် ဘဝတလျှောက်လုံး ထက်ဝေယံ သူ့အပေါ် ဆိုးသွမ်းခဲ့ပုံများ ကိုတွေးရင်း ဒေါသတွေ ထွက်လာသည်။ ဝမ်းလည်းနည်း မိသည်။

ရင်ထဲမှာ လှုပ်ရှားရခြင်းနှင့်အတူ ဆာလောင်မွတ်သိပ်လာ လေ၏ ။

လမ်းခရီးမှာ နေ့လည်စာစားခဲ့ပြီးနောက်ပိုင်း ဘာမှမစား ဖြစ် သေးပါ။

မြိုင်သေလာအရောက်တွင် စိတ်လှုပ်ရှားဖွယ်အ ဖြစ်များ နှင့် သာကြုံနေရ၍ ဆာလောင်ဖို့ပင် သတိမရခဲ့ပေ။

မိုးအအေးနှင့်ဆောင်းအအေးအရောအနှောကြားတွင် အိပ်ရာ ထဲငြိမ်သက်စွာ လှဲနေမိမှ ဆာလောင်သည့်ဝေဒနာကို ခံစားလာရလေ၏ ။

ဟိန်းဝေယံသည် အိပ်ရာထဲလှဲနေရာမှ ပြန်ထလိုက်ပြန်သည်။

ထက်ဝေယံမှာ ပေးသွားသည့် ဟမ်ဘာဂါကို အစာပြေစားရန် ရည်ရွယ်ချက်ဖြင့် စားပွဲဆီ ထလာခဲ့၏ ။

ထိုအခါ...

ထိတ်လန့်ချောက်ခြားဖွယ်မြင်ကွင်းကို မထင်မှတ်ပဲ မြင်တွေ့  လိုက်ရလေတော့သည်။

စားပွဲပေါ်တွင် ...

ဟိန်းဝေယံချောမြှူခဲ့သော ကြောင်ဖြူလေးမှာ ပက်လက်လန်၍ သေဆုံးနေပါ၏ ။

ခဏတော့... မင်တက်မိစွာ ကြောင်ရပ်ကြည့်နေမိသေး သည်။

သတိဝင်လာတော့မှ... စားပွဲဆီအမြန်သွားကာ အခြေအနေ ကို အကဲခတ်လိုက်သည်။

ကြောင်သေကိုကိုင်ကြည့်တော့ တစ်ကိုယ်လုံးအေးစက်တောင့် တင်းနေပေပြီ။

နွားနို့ဖန်ခွက်ထဲတွင် နွားနို့များ တစ်စက်မျှ ရှိမနေပါလေတော့။

အနေအထားကိုကြည့်၍ ဟိန်းဝေယံသဘောပေါက်လိုက်သည်။

ကြောင်သည် နွားနို့ကိုသောက်၍ အဆိပ်မိသေဆုံးသွားခြင်းပင် ဖြစ်ပါသည်။

နွားနို့ထဲကို ဘယ်သူအဆိပ်ခတ်သလဲ။

နွားနို့နှစ် ခွက်ထဲမှ တစ်ခွက်ကို ထက်ဝေယံကိုယ်တိုင်သောက် သွားခဲ့သည်။ ဘာမှမ ဖြစ်ခဲ့။

အဖြေက ရှင်းနေပေပြီ။

ဒုတိယနွားနို့ခွက်ထဲသို့ အဆိပ်ခတ်ထားခဲ့သူမှာ ထက်ဝေယံ မှတစ်ပါး ဘယ်သူမျှမ ဖြစ်နိုင်တော့ပါ။

ထက်ဝေယံသည် ဟိန်းဝေယံကို နွားနို့သောက်ရန် အကြိမ်ကြိမ် တိုက်တွန်းခဲ့သည်။ ပြန်ခါနီး အချိန်အထိ နွားနို့သောက်ဖို့ သတိပေးခဲ့ သေးသည်။

ကိုထက်သည် ကိုဟိန်းကို အဆိပ်ခတ်သေကြောင်းကြံစည်ခဲ့ သည်မှာ ထင်ရှားလှပါသည်။

တစ်အူတုံဆင်း အမွှာညီအစ်ကိုအချင်းချင်း အဆိပ်ခတ် သတ် ရက်လေခြင်း။

ဝမ်းနည်းကြေကွဲမှုကြောင့် ကျလာသော မျက်ရည်များ က ပါးပြင်တလျှောက်တွင် တားဆီးလို့မနိုင်တော့။

ကိုဟိန်းက မျက်ရည်များ ကို လက်ခုံနှင့်ပွတ်သုတ်လိုက်သည်။

ကြေကွဲဝမ်းနည်းမှုများ က နာကြည်းခံပြင်းမှုအ ဖြစ် ပြောင်းလဲ သွားခဲ့ပြီ။ နာကြည်းစိတ်ကြောင့် ကိုထက်ကိုလက်စားချေလိုစိတ်များ က ရင်အနှံ့ကို ပြန့်သွားသည်။

လက်စားချေမယ်၊ လက်စားချေမယ်။ သူ့ကိုလက်စားချေရ မယ်။ မမထားအတွက်... ပြီးတော့... ညီအစ်ကိုချင်းမစာနာ တတ်တဲ့ မိုက်ရိုင်းမှုအတွက်

ထက်ဝေယံကို လက်စားချေရပါလိမ့်မည် ။

ဘယ်လိုလက်စားချေရမှာ ပါလိမ့်။



ဟိန်းဝေယံက ကြောင်သေကိုကောက်ယူလိုက်သည်။

ပြတင်းပေါက်ကိုဖွင့်၍ ကြောင်သေကို အောက်သို့ပစ်ချလိုက် သည်။ အသေဆိုးသေဆုံးနေသော ကြောင်လေးကို မကြည့်ရက်၍ လုပ်မိ လုပ်ရာလုပ်လိုက်မိခြင်း ဖြစ်ပါသည်။

ကြောင်သေကောင်သည် အောက်ထပ်ရှိပန်းခြံထဲမှ ပန်းခြုံ အတွင်းသို့ ကျသွားလေသည်။

ကြောင်သေကို လွှင့်ပစ်လိုက်မိပြီးမှ မှားလေပြီလားဟု တွေး မိပြန်၏ ။

ကြောင်သေကောင်သည် သူ့ကို ထက်ဝေယံအဆိပ်ခတ်ခဲ့ ကြောင်း ခိုင်လုံသည့်သက်သေတစ်ခုမဟုတ်ပါလား။ အခုမှတော့... မတတ်နိုင်တော့ပေ။

ပြတင်းပေါက်မှတိုးဝင်လာသော လေအေးကြောင့် တစ်ကိုယ်လုံး အေးစိမ့်သွားလေသည်။ မိုးဖွားလေးများ ကလည်း လေနှင့်အတူရော၍ ဝင်ရောက်လာပြန်၏ ။

ဟိန်းဝေယံက ပြတင်းတံခါးကိုပြန်ပိတ်လိုက်သည်။

ကိုထက်ဟာ သူ့ကို ဘာကြောင့်သတ်ဖို့ကြံစည်ရတာ လဲ။ ဟိန်းဝေယံ တွေးမရ ဖြစ်နေသည်။

တကယ်တော့... ကိုထက်ဟာ လက်ရှိအခြေအနေမှာ သူ့ ထက်အစစသာလွန်နေပြီမဟုတ်ပါလား။ သူ... ဟိန်းဝေယံကသာ နုံချာသော ဘဝဝယ် ရုန်းကန်နေရသူ ဖြစ်ပါသည်။ ထက်ဝေယံအနေဖြင့် သူ့ထက်ဘဝနိမ့်ကျသည့်ဟိန်းဝေယံကို မနာလို ဖြစ်စရာအကြောင်းမရှိချေ။

ဘာလို့ ငါ့ကိုသတ်ဖို့ ကြံစည်ရတာ လဲ။

ဟိန်းဝေယံက တစ်လိပ်တည်းကျန်တော့သော စီးကရက်ကို မီးညှိဖွာရှိုက်လိုက်သည်။

လှုပ်ရှားနေသော စိတ်ဖြင့် စီးကရက်သောက်ရင်း အခန်းထဲ ဝယ် လူးလာခေါက်တုံ့ လျှောက်နေမိ၏ ။

ဟိန်းဝေယံ၏ အသွင်သဏ္ဍာန်မှာ ခရီးပန်းမှု၊ ဆာလောင်မွတ် သိပ်မှုများ ကြောင့် မျက်တွင်းများ ချောင်ကျနေသည်။ ဆံပင်များ မှာ ပွ ယောင်းယောင်း ဖြစ်နေသည်။

ဟိုတယ်အခန်းအတွင်း ဟိုသည်လျှောက်နေသည့်သူ့အသွင် မှာ အသုဘအခေါင်းထဲမှ အလောင်းကောင်တစ်ခု လမ်းထလျှောက်နေ သည့်သဖွယ် ဖြစ်နေပါတော့သည်။



( ၉ )

ထက်ဝေယံသည် မီးဖိုထဲမှ မီးကျီခဲရဲရဲများ ကိုစိုက်ကြည့်ရင်း စိတ်တွေ အရမ်းလှုပ်ရှားနေမိသည်။

မီးညွန့်များ သည် တနွဲ့နွဲ့ယိမ်းလှုပ်နေကာ မီးဖွားများ တဖွားဖွား လွင့်စင်လျှက်ရှိသည်။

ထက်ဝေယံက မီးကောက်ဆွကိုလက်မှာ ကိုင်ရင်း မီးဖိုထဲမှ မီးကျီခဲများ ကို ဟိုဒီဖယ်ရင်း ရည်ရွယ်ချက်မရှိ လုပ်မိလုပ်ရာ လုပ်နေမိ လေသည်။

ထက်ဝေယံသည် အိမ်အောက်ထပ်ဧည့်ခန်းထဲရှိ မီးလှုံရာ မီးဖိုဘေးတွင် ထိုင်ရင်း တွေးမိတွေးရာတွေးနေမိခြင်း ဖြစ်ပါသည်။

မြိုင်သေလာလို ဆယ့်နှစ် ရာသီချမ်းအေးတဲ့ဒေသများ မှာ တော့ သည်လိုပဲ အိမ်ထဲမှာ ပင် မီးဖိုလုပ်ထားပြီး မီးလှုံရပါ၏ ။

ထက်ဝေယံက မီးကောက်ဆွကိုကိုင်ရင်း မီးကျီခဲများ ကို ဟိုဖယ် ဒီဖယ်လုပ်နေရာ မီးကောက်ဆွသံချောင်းမှာ ကြာရှည်မီးမြှိုက်ခံထား ရ၍ နီရဲနေလေသည်။

ကိုထက်၏ ရင်သည်လည်း မီးကျီခဲများ သဖွယ် ပူလောင်လို့ နေပါသည်။ သူသည် လူသတ်ရန်ကြံစည်ခဲ့သော်လည်း သတ္တိရှိသူတစ် ယောက် မဟုတ်ပါ။ မ ဖြစ်သာ၍ ကြံစည်ရခြင်း ဖြစ်ပါသည်။

အခုလောက်ဆို... ဟိန်းဝေယံ တစ်ယောက် သေများ သေ လေပြီလား။

သူခတ်ခဲ့သော အဆိပ်ကတော့ စိတ်ချရသော အဆိပ် ဖြစ်သည်။ လူကိုတစ်နာရီအတွင်း သေစေနိုင်ပြီး သေးငယ်သော သတ္တဝါများ ဆိုလျှင် ချက်ချင်း လဲသေစေနိုင်သည့်အဆိပ် ဖြစ်သည်။ ကိုထက် လက်တွေ့ လည်း သုံးခဲ့ဖူးပြီး ဖြစ်ပါသည်။ အဆိပ်မှာ ဆေးဝါးကျွမ်းကျင်သူဏ့မောခေငျအ ကိုယ်တိုင် ဖော်စပ်ပေးထား၍ အလွန်တရာစိတ်ချရပါသည်။

ခုလောက်ဆို... ဟိန်းဝေယံ သေလောက်ပါပြီ။

ည(၉)နာရီရှိပေပြီ။

သူ ကိုဟိန်းဆီသွားခဲ့တာ ည(၇)နာရီ။ ပြန်လာတာ ၇နာရီခွဲ လောက်မှာ ။

ကိုဟိန်းသာ နွားနို့သောက်ပြီးပါက အခုလောက်ဆို သေပြီး လောက်လေပြီ။

ထိုအဆိပ်သည် လူကို ဝေဒနာပြင်းစွာ မခံစားရစေပဲ... အသက်ဓာတ်ကို တဖြည်းဖြည်းနှုတ်ယူသွားသော အဆိပ်မို့... သူ ငြင်ငြင်သာသာနဲ့ပဲ အသက်ထွက်သွားမှာ ပါ။

ဘုရား ဘုရား ကိုဟိန်းသေပြီးများ ငါ့ကို လာချောက်နေဦး မှာ လား။ တွေးရင်း ကြက်သီးတွေ ဖြန်းဖြန်းထသွားသည်။

ရင်ထဲမှာ လည်း လှိုင်းထလာလေ၏ ။

မ ဖြစ်သာလို့ လူသတ်ရသော်လည်း ကိုထက်မှာ နှလုံး ရောဂါ အခံကရှိနေသည်။

သေပြီးသည့်ဟိန်းဝေယံ သူ့အနားရောက်လာသယောင် ထင်မြင်ကာ... ကိုထက်သည် ကြောက်စိတ်ဖြင့် ဇောချွေးများ ပြန်လာ လေ၏ ။

သနားတော့သနားပါတယ်လေ။ ငါ့အစ်ကိုဟိန်းဝေယံဟာ ဘာမှ နားမလည်တဲ့ ရိုးရိုးအအလူ တစ်ယောက် ပဲ။

ကိုဟိန်းနှင့်ပတ်သက်သမျှအကြောင်းများ မှာ ငယ်စဉ်ကလေး ဘဝမှစ၍ သူ့စိတ်ထဲ၌ အစီအရီပေါ်လာလေတော့သည်။

ထက်ဝေယံအတွက် အခက်အခဲကြုံလေတိုင်း လူစားထိုး ဖြေရှင်းပေးခဲ့သည့် ဟိန်းဝေယံ။ ကိုဟိန်းဖြေရှင်းပေးခဲ့၍ ကိုထက်ဘဝ မှာ အဆင်ပြေခဲ့သည့်ကိစ္စတွေ အများ ကြီးရှိခဲ့သည်။

အဲဒီ လို တစ်ယောက် နေရာမှာ တစ်ယောက် အစားထိုး ဟန်ဆောင်ရန် လွယ်ကူခဲ့ခြင်းကပင် မမထားကို ကိုဟိန်းလက်ထဲမှ လုယူသိမ်းပိုက်ရာ၌ လည်း အခက်အခဲမရှိအောင်မြင်ခဲ့ခြင်း ဖြစ်ပါသည်။

ကိုထက်က မမထားကို မလိုလားသယောင် ''ဘွားတော် ကြီး'' ဟုသုံးနှုန်းပြောဆိုပြခဲ့ခြင်းကို ကိုဟိန်းယုံကြည်ခဲ့လေသည်။ အမှန်က ကိုထက်သည် မမထား၏ စည်းစိမ်ဥစ္စာများ ကိုမက်မောသည့်အတွက် လူကိုမချစ်သော်လည်း မမထားကိုသိမ်းပိုက်ရန်အကြံအစည်ရှိနေ၍ ကိုဟိန်းသံသယမဝင်အောင် မမထားကို ဘွားတော် ကြီးလို့ ချိုးနှိမ်ခေါ် ဝေါ်ခဲ့ခြင်း ဖြစ်ပါသည်။ ထိပ်ထားခင်ကို စိတ်မဝင်စားသယောင် ဟန် ဆောင်ခဲ့ခြင်းသာ ဖြစ်ပါသည်။ ဒါတွေ ကို ရိုးသားသော ကိုဟိန်းက ယုံကြည် ခဲ့ပေသည်။

သည်လိုနှင့် သူတို့ထင်ထားသည်ထက် များ စွာ ကြွယ်ဝချမ်းသာ သော အပျိုကြီးသူဋ္ဌေးမ တစ်ယောက် ကို ထက်ဝေယံအရယူနိုင်ခဲ့လေသည်။

ကိုဟိန်းရဲ့ ချစ်သူ ဖြစ်သော်လည်း ကိုထက် စည်းမထားခဲ့ပါ။ သစ္စာမထားခဲ့ပါ။ တိုးတက်ကြီးပွားလိုသော ကိုထက်သည် အသင့်ပွင့်နေ သော လမ်းကြောင်းပေါ်မှာ လျှောက်လှမ်းခဲ့ခြင်းသာ ဖြစ်လေသည်။

လောကကြီးမှာ လည်သူစားစတမ်း၊ အ,သူခံစတမ်းပဲပေါ့။

မမထားနှင့်အတူ မြိုင်သေလာသို့လိုက်ပါလာသော နေ့က...

မမထားက နဂိုစီစဉ်ထားသည့် ဟိုတယ်မှစောင့်နေမည့်  အစီ အစဉ်ကိုပြောင်းလိုက်ကြောင်း၊ မမထား အိမ်ကိုဝင်ခေါ်လိမ့်မည် ၊ အိမ် ကစောင့်နေဖို့ သူ့ဆီဖုန်းဆက်သည်ဆိုကာ ကိုဟိန်းယုံအောင် လှည့်စား ရသည်မှာ လွယ်ကူလွန်းလှပါတော့သည်။

ကိုဟိန်းအယောင်ဆောင်၍ ထိပ်ထားခင်စောင့်နေရာဟိုတယ် သို့သွားရောက်ရာတွင် လည်း သံသယမြူတစ်မှုံမျှပင် အဝင်မခံခဲ့ရပေ။ ကိုထက်နှင့်ကိုဟိန်းဆိုသည်မှာ ''နှစ် ယောက် တစ်မျက်နှာ'' မဟုတ်ပါလား။

ကိုထက်က ထားလက်စ ဆံပင်အထောင်ပန့်ကေကို ပုံစံပြောင်း ပစ်ခြင်းဖြင့် ကိုဟိန်းအ ဖြစ် ပီပြင်စေခဲ့ပါသည်။

လမ်းခရီးတွင် အဆင်ပြေရန်လည်း ကိုထက်က စီစဉ်ခဲ့ပြီး ဖြစ် သည်။ သူတို့က မန္တလေးအထိ လေယာဉ်ဖြင့်သွားရောက်ရန်စီစဉ်ထား ရာ မှတ်ပုံတင်ကတ်ပြားပါဖို့လိုပါသည်။ ဒါကိုကြိုတွေးမိသော ကိုထက်က ကိုဟိန်းအလစ်တွင် မှတ်ပုံတင်ကတ်ပြားကို ခိုးယူဖို့ကြံခဲ့သည်။ သို့သော်... မှတ်ပုံတင်ကတ်ပြားကို ဘယ်လိုမှ ရှာမတွေ့ ခဲ့ပေ။

နောက်ဆုံးတော့... ရုံးတက်ရာတွင် သုံးသည့်အိတ်ထဲမှာ အလွယ်တကူတွေ့ သည့် ဝန်ထမ်းကတ်ပြားကိုပဲ ခိုးယူခဲ့ရသည်။ ဝန်ထမ်း ကတ်ပြားမှာ လည်း ဓာတ်ပုံကပ်ထားသည့်အတွက် မှတ်ပုံတင်သဖွယ် အသုံးဝင်သော ကတ်ပြားတစ်ခု ဖြစ်ပါသည်။

ယင်းသို့ဖြင့်... လေယာဉ်ခရီးစဉ်တွင် ရော၊ မန္တလေးဆီဒိုးနား ဟိုတယ်မှာ နှစ် ညတည်းခိုရာတွင် ပါ... ကိုဟိန်း၏ ဝန်ထမ်းကတ်ပြားဖြင့် အဆင်ပြေခဲ့ရလေသည်။

မန္တလေးမှာ နှစ် ညအိပ်ပြီး မမထားက မန္တလေးမိတ်ဆွေအိမ် တွင် အပ်ထားခဲ့သော သူမ၏ ကိုယ်ပိုင်ဆာ့ဖ်ကားကြီးဖြင့် မြိုင်သေလာသို့ ခရီးဆက်ခဲ့လေသည်။

ထိပ်ထားခင်သည် မန္တလေးဟိုတယ်၌ နှစ် ည တာအိပ်စက်ပေါင်းသင်းခဲ့ပြီးသည့်တိုင် သူမဘေးမှ လူသည် သူမချစ်သူ''ဟိန်းဝေယံ'' မဟုတ်ကြောင်း၊ အမွှာညီ''ထက်ဝေယံ''သာ ဖြစ်ကြောင်းကို မသိရှာ သေးပေ။

တကယ်တော့... ထက်ဝေယံဖွင့်မပြောသရွေ့ သိနိုင်ဦးမည် မဟုတ်ပါ။

သို့သော်... ဖွင့်မပြောလို့မ ဖြစ်သည့်အကြောင်းက ရှိလာတော့ ဖွင့်ပြောလိုက်ရပါတော့သည်။

မြိုင်သေလာသို့ရောက်ရှိပြီး နောက်တစ်နေ့တွင် ... လက်ထပ် စာချုပ်၌ လက်မှတ်ရေး ထိုးရန် ထိပ်ထားခင်က စီစဉ်ထားပါသည်။

တရားသူကြီးနှင့်တကွ မြို့နယ်အဆင့်အရာရှိအချို့၊ မြို့မိ မြို့ဖများ နှင့် ရပ်ကွက်လူကြီးများ ပါ ဧည့်ခန်း၌ ရောက်ရှိနေကြပါပြီ။

မမထားက လက်ထပ်စာချုပ်ကို အသင့်ဝယ်ထားသည်။ စာချုပ် ထဲတွင် သတို့သား၊ သတို့သမီးနှင့်ဆိုင်သော အချက်အလက်များ ကို ရေး ဖြည့်ရုံသာလိုအပ်သည့် အသင့်ရိုက်နှိပ်ထားပြီးသား ကြွေရောင် ဖောင်းကြွစာချုပ်ကြီး ဖြစ်ပါသည်။

ထက်ဝေယံသည် သတို့သားအ ဖြစ် အောက်ထပ်သို့မဆင်းမီ အဝတ်အစားများ ပြင်ဆင်နေရင်းမှ အပြင်းအထန်စဉ်းစားရလေပြီ။

သူသည် ''ဟိန်းဝေယံအ ဖြစ်''ဟန်ဆောင် လက်မှတ်ထိုးလိုက်ပါက ထိပ်ထားခင်၏ တရားဝင် လင်ယောကျာ်းမှာ ''ဟိန်းဝေယံ''သာ ဖြစ်သွားပေ လိမ့်မည် ။

စာချုပ်ပေါ်တွင် ဂုဏ်သရေရှိလူကြီးလူကောင်းများ ရှေ့၌ လက်မှတ်ရေး ထိုးခြင်းသည် ပယ်ဖျက်မရသော တရားဝင်ကိစ္စ ဖြစ်ပါသည်။

ဟိန်းဝေယံအ ဖြစ်နှင့် သူ လက်မှတ်မထိုးနိုင်ပါ။ သည်မျှအထိ စွန့်စားလာပြီးမှ သူ့ရဲ့ လုပ်ဆောင်မှုများ ကို အလဟဿအ ဖြစ်မခံနိုင်ပါ။

စာချုပ်ထဲတွင် သူ့နာမည် အမှန် ''ထက်ဝေယံ'' အ ဖြစ်သာ လက်မှတ်ထိုးရန် ဆုံးဖြတ်လိုက်ပါ၏ ။

အ ဖြစ်မှန်အတွက် မမထားနှင့်အားတင်းရင်ဆိုင်ရလေတော့ သည်။



''မမထား...''

''ဟိန်း...''

''မမထား... ကျွန်တော့် ကိုသေချာကြည့်စမ်းပါ''

ထိပ်ထားခင်သည် ထက်ဝေယံစကားကြောင့် အံ့သြဟန်ဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားလေသည်။

''မမထား... ကျွန်တော့် ကိုချစ်သလားဟင်''

ထက်ဝေယံက ''ဟိန်း''ဆိုသည့်နာမ်စားကို မသုံးပဲ ... ''ကျွန်တော် ''ဟုသုံးနှုန်းကာ မေးလိုက်သည်။

''ချစ်တာပေါ့ဟိန်းရယ်... ချစ်လို့ပဲ ဟိန်းကို မြိုင်သေလာအ ရောက် ခေါ်လာခဲ့ပြီမဟုတ်လား၊ ဟော အခု အောက်မှာ လက်ထပ်စာချုပ် လက်မှတ်ထိုးပွဲအတွက် လူကြီးတွေ တောင် ရောက်နေပြီပဲ''

''မမထား...ကျွန်တော့် ကိုချစ်တယ်ပေါ့၊ ဟောဒီခန္ဓာကိုယ် ပိုင်ရှင် ကျွန်တော့်ကိုချစ်တယ်ပေါ့နော်''

မမထားက သူ့ကိုမျက်မှော င်ကြုပ်ကြည့်ရင်း...

''ဟိန်းစကားက ဆန်းလှချည်လားကွယ်၊ လက်ထပ်ခါနီး မှ ဟိန်းက မမထားဆီက ကတိစကားတွေ လိုချင်နေပြီထင်တယ်၊ ချစ်ပါ သတဲ့ရှင်၊ ဟောဒီ...ဟိန်းဆိုတဲ့ကောင်လေးရဲ့ အသည်းနှလုံးကို ရော... ခန္ဓာကိုယ်လေးကိုပါ သိပ်ချစ်ပါသတဲ့... ကဲ''

''ဒီမယ်မမထား စိတ်ဟာ သိပ်ဆန်းကြယ်တယ်နော်၊ ကျွန်တော် မမထားနောက်ကိုလိုက်ခဲ့တယ်၊ မမထားနဲ့ သုံးရက်တိတိပေါင်းသင်းပြီး ပြီ၊ မမထားကလည်း ကျွန်တော့် ကိုချစ်နေတာပဲ၊ ဘာလိုသလဲ ဟောဒီခန္ဓာကိုယ်ပိုင်ရှင်ယောကျာ်းဟာ ဟိန်းဝေယံပဲ ဖြစ် ဖြစ်၊ ထက်ဝေယံ ပဲ ဖြစ် ဖြစ် အဓိကမဟုတ်ပါဘူး၊ ကိုယ်နဲ့လက်တွေ့ ပေါင်းနေတဲ့လူကို ချစ်နေဖို့ပဲမဟုတ်လား''

''ဟင်... ဟိန်း... ဟိန်းဘာတွေ ပြောနေတာလဲ''

''ကျွန်တော် ဟိန်းဝေယံမဟုတ်ပါဘူး၊ ကျွန်တော် ဟာ ထက်ဝေယံပါ မမထား''

''ဘာ-''

ထိပ်ထားခင်သည် ဓာတ်လိုက်ခံရသူလိုတုန်ယင်သွားခဲ့လေ၏ ။

''ဘာ- ဘာ- ဘာပြောတယ် ဟိန်း''

''ကျွန်တော် ဟာ ထက်ဝေယံ၊ ထက်ဝေယံပါလို့''

''အို... မနောက်ပါနဲ့... မနောက်ပါနဲ့ဟိန်းရယ်၊ ဒါ... ကြည်စယ်ရမယ့်အချိန်မဟုတ်ဘူး၊ ဘာတွေ ပြောနေတာလဲကွယ်၊ မမထား ရင်ထိတ်လိုက်တာဟိန်းရယ်''

''ကျွန်တော် အမှန်တွေ ကိုပြောနေတာပါ ဒေါ်ထိပ်ထားခင်၊ ကျွန်တော် ဟာ ကျွန်တော့် အမွှာအစ်ကိုဟိန်းဝေယံကိုလှည့်စားပြီး ခင်ဗျား ဆီလာခဲ့တာပါ၊ ဟောဒီမှာ လေ ကျွန်တော့် ရဲ့ မှတ်ပုံတင်''

ထက်ဝေယံက သူ၏ နိုင်ငံသားမှတ်ပုံတင်ကတ်ပြားအစစ်ကို ထုတ်ပြလိုက်သည်။

''လမ်းခရီးတလျှောက်လုံး မှတ်ပုံတင်ပြရမယ့်နေရာတွေ မှာ ဝန်ထမ်းကတ်ချည်းပဲထုတ်ပြခဲ့တာ မမထားသတိထားမိမှာ ပေါ့၊ အဲဒါ ကိုဟိန်းဆီက ကျွန်တော် ခိုးလာတာ''

''ဘာ... ဘာ... မင်း... မင်း... အို... တကယ် လား... ဒါတွေ ဟာ တကယ် ပြောနေတာလား... ဟိန်းရယ်... အို...''

ထိပ်ထားခင်သည် ရူးသွပ်သွားသူတစ်ဦးသဖွယ် ကယောင် ချောက်ခြား ဖြစ်သွားလေသည်။

''မင်း... မင်း... နောက်နေတာမဟုတ်ပါဘူးနော်''

''ဒါ... နောက်ရမယ့်အချိန်၊ ကြည်စယ်ရမယ့်အချိန် မဟုတ်ဘူးဆို... မမထားပဲ ပြောခဲ့တာလေ''

''အို...''

ထိပ်ထားခင်သည်Þအနီးရှိကုလားထိုင်ပေါ်ပစ်ထိုင်ချလိုက်ကာ ခေါင်းငိုက်စိုက်ကျသွားလေသည်။

''မင်း... ဘာ ဖြစ်လို့ဒီလိုလုပ်ရတာ လဲဟင် ငါချစ်တာက ဟိန်း... ဟိန်းဝေယံ...''

တုန်ယင်သော အသံကြီးဖြင့်ပြောလိုက်သည်။

''အဲဒါကြောင့်... ကျွန်တော် မေးခဲ့တယ်လေ၊ မမထားရှေ့မှာ အခုရပ်နေတဲ့ ဟောဒီခန္ဓာကိုယ်ပိုင်ရှင်ကို ချစ်သလားလို့၊ မမထားပဲ ချစ်တယ်ဆို၊ အမှန်ကတော့ စိတ်ပါမမထားရယ်၊ ပညတ်ချက်အရ ဟောဒီခန္ဓာကိုယ်ပိုင်ရှင်ဟာ ဟိန်းဝေယံပဲ ဖြစ် ဖြစ်၊ ထက်ဝေယံပဲ ဖြစ် ဖြစ် ပေါ့၊ မမထားစုံမက်နေရင် ပြီးတာပဲ''

''အိုး... မဟုတ်ဘူး၊ ငါ မင်းကိုမချစ်ဘူးထက်ဝေယံ၊ ငါ ချစ်တာက ဟိန်းဝေယံ၊ မင်း ငါ့ကိုလှည့်စားနေတာ''

''မမထားသာ မမထားစိတ်ကိုလှည့်စားနေတာပါ၊ ကျွန်တော့်  ကို ဟိန်းဝေယံလို့ထင်နေတုံးက ဒီလိုစိတ်မျိုးပေါ်ခဲ့လို့လား၊ မမထားရယ် ကျွန်တော် လေ... ကျွန်တော် မမထားကိုချစ်လွန်းလို့ ဒီလိုကြံမိကြံရာ ကြံလိုက်ရတာ ပါဗျာ''

''ဘာ- မင်းက ငါ့ကိုချစ်တယ်''

''ချစ်တာပေါ့မမထား၊ ချစ်တာမှ အသည်းနင့်အောင်ချစ်တယ်၊ မမထားနဲ့ကိုဟိန်းနဲ့ အရင်တွေ့ ပြီး ချစ်သူဘဝရောက်သွားလို့သာ ကျွန်တော် နောက်ဆုတ်နေခဲ့ရတာ ပါမမထား၊ မမထားကိုချစ်လွန်းလို့ ကျွန်တော် တလျှောက်လုံးခံစားခဲ့ရတာ ပါဗျာ၊ အဲဒါကြောင့်လည်း ခုလို ကြံစည်မိတာပါ၊ ကျွန်တော် ပြောတာယုံပါမမထား... ယုံပါဗျာ...''

''မ ဖြစ်ဘူး၊ မ ဖြစ်ဘူး၊ မ ဖြစ်နိုင်ဘူး၊ ငါ ဟိန်းကိုပဲချစ်တယ်၊ ဟိန်းနဲ့ပဲ လက်ထပ်နိုင်မယ်၊ မင်းကို... မင်းကို လက်မထပ်နိုင်ဘူး ထက်ဝေယံ''

''မမ... မမထား... စဉ်းစားပါဦးဗျာ၊ မမထားနဲ့ကျွန်တော် ဟာ သုံးရက်တိတိ လင်မယားအရာမြောက်ပြီးပါပြီ၊ ကျွန်တော့် ရင်ခွင်ထဲမှာ မမထားဘဝကိုပုံအပ်ပြီးမှ ဒီလိုဆုံးဖြတ်တော့မှာ လား''

''ဟင်... အို... အမလေး...''

ထိပ်ထားခင် အရုပ်ကြိုးပြတ် ဖြစ်သွားလေတော့သည်။

''ဆိုးလှချည်လား... ဆိုးဝါးလှချည်းလား၊ ဟိန်းရေ... ဟိန်းရဲ့ ... မမထားအ ဖြစ်ကိုလာကြည့်လှည့်ပါဦးကွယ်''

ထိပ်ထားခင်က ဟိန်းဝေယံကိုတမ်းတကာ ငိုယိုလိုက်လေသည်။

''ရက်စက်လှချည်လား၊ မင်းရက်စက်လှချည်လား၊ ရက်စက် ရုံတောင်မကဘူး၊ မင်းဟာ ယုတ်မာလွန်းတယ်၊ ယုတ်မာလွန်းတယ် ထက်ဝေယံ''

ထက်ဝေယံဖက်သို့လှည့်ကာ ရန်တွေ့ လိုက်ပြန်သည်။

ထက်ဝေယံသည် ယခုလိုအခြေအနေတွင် ထိပ်ထားခင် စိတ် ပျော့ပြောင်းအောင်လုပ်မှ ဖြစ်မည် ကို နားလည်လိုက်သည်။ သူ ထိပ်ထား ခင်ကို တရားဝင်မပိုင်သေးပါ။ ထိပ်ထားခင်က သူ့ကို လက်မထပ်တော့ ဘူးလို့ ငြင်းနိုင်သေးသည်။ သူ ထိပ်ထားခင်ဆိုသော သူဋ္ဌေးမချောချော ကြီးကို လက်မလွှတ်နိုင်တော့ပါ။ မြိုင်သေလာကိုရောက်မှ တွေ့ ရသော ထိပ်ထားခင်၏ ကြွယ်ဝချမ်းသာမှုများ ကို သူ ဥပေက္ခာမပြုနိုင်တော့ပါ။

ထိပ်ထားခင်ကိုပိုင်ဖို့ အောက်ကျို့သင့်ရင်ကျို့ရတော့မည် ။

ထက်ဝေယံက ထိပ်ထားခင်ထိုင်နေသည့်ကုလားထိုင်အောက် ကြမ်းပြင်တွင် ဝင်ထိုင်လိုက်သည်။ ထိပ်ထားခင်၏ ခြေနှစ် ဖက်ကို ပွေ့ဖက် ကာ အရှက်အကြောက်နည်းစွာ ပင် ပြောလိုက်လေ၏ ။

''မမထားရယ်... ကျွန်တော့် ကိုခွင့်လွှတ်ပါဗျာ၊ မမထားကို ချစ်လွန်းလို့ကြံမိတာပါ၊ ကျွန်တော့် ကိုခွင့်လွှတ်ပါ၊ ကျွန်တော့် အချစ်ကို လည်း ယုံပါမမထားရယ်... နော်... မမထား''

ထိုစဉ်... အခန်းဆီသို့လျှောက်လာသော ခြေသံတစ်ခုကို ကြားလိုက်ရသည်။ ခြေသံက တံခါးဝတွင် ရပ်သွားကာ တံခါးခေါက်သံ ဖွဖွ ပေါ်ထွက်လာ၏ ။

တစ်ဆက်တည်း မန်နေဂျာကိုခွန်ထွန်းအသံထွက်ပေါ်လာလေ သည်။

''ဒေါ်ထိပ်ထား၊ အောက်မှာ လူကြီးတွေ စုံနေပါပြီ''

ထိပ်ထားခင်က သက်ပြင်းကိုလေးတွဲ့ စွာ ချလိုက်သည်။

''ဟုတ်ကဲ့ဦးခွန်ထွန်း၊ ကျွန်မတို့ဆင်းခဲ့တော့မှာ ပါ''

ထိပ်ထားခင်က အသံကိုထိန်းကာ ပြန်ဖြေလိုက်သည်။

ထိပ်ထားခင်သည် သူ့ခြေထောက်များ ကိုဖက်တွယ်ထားသော ထက်ဝေယံလက်များ ကိုဖယ်ထုတ်လိုက်ကာ ထိုင်ရာမှထလိုက်သည်။

''ငါ့ကံတရားပဲပေါ့၊ ငါက ငါ့ရဲ့ သိက္ခာကိုမှ အကျမခံနိုင်တာ ကိုး၊ ဒီလိုဆုံးဖြတ်လို့ မင်းကို ကြည်ကြည်ဖြူဖြူလက်ခံလိုက်တယ်လို့ တော့ မထင်ပါနဲ့ထက်ဝေယံ၊ ငါ မင်းကိုမချစ်ဘူး၊ ငါ့ကိုလှည့်ဖျားတဲ့ မင်းကို ငါမုန်းတယ်၊ ခုတော့... စာချုပ်မှာ လက်မှတ်ထိုးလိုက်ပါမယ်၊ လူကြီးစုံရာကိုအသိပေးထားပြီးမှ စာချုပ်မှာ လက်မှတ်ထိုးရတော့မှာ ပေါ့၊ ဒီလိုဆုံးဖြတ်တာဟာ... ငါဟာ ဗုဒ္ဓဘာသာမြန်မာအမျိုးသမီးတစ် ယောက် ဖြစ်နေလို့ပဲ ထက်ဝေယံ၊ မင်းနဲ့ငြိစွန်းပြီးမှ မျက်နှာမများ ချင်လို့ ငါ့ ဘဝကိုနှစ် လိုက်တယ်လို့မှတ်ပါ၊ ကဲ- ထ- လာ... အောက်ဆင်းကြ မယ်၊ စာချုပ်တွေ ယူခဲ့၊ ငါလည်း ဣနြေ္ဒမပျက်အောင်နေမယ်၊ မင်းလည်း ဣနြေ္ဒမပျက်ပါစေနဲ့''

ထိပ်ထားခင်က မျက်ရည်များ ကိုသုတ်၊ အခန်းတံခါးကိုဖွင့်ရင်းအခန်းထဲမှထွက်လိုက်သည်။

ထက်ဝေယံသည် ထိပ်ထားခင်၏ နောက်ကျောကိုကြည့်ရင်း ပြုံုးလိုက်လေ၏ ။ သူအနိုင်ရလိုက်ပါပြီ။

သည်လိုနည်းဖြင့်... လက်ထပ်စာချုပ်ပေါ်မှ သတို့သား အမည် ကွက်လပ်နေရာတွင် ''ထက်ဝေယံ''ဆိုသည့်အမည် ကိုရေး ဖြည့်ပြီး လက်မှတ်ထိုးနိုင်ခဲ့သည်။ မမထားကို တရားဝင်ပိုင်အောင် ရယူနိုင်ခဲ့ ပါလေသည်။

ထက်ဝေယံသည် သူ့ဘဝ တစ်ကိုယ်တော် ကောင်းစားရေး အတွက် အမွှာအစ်ကို ဖြစ်သူဟိန်းဝေယံ၏ အသည်းနှလုံးကို ခုတုံးလုပ် နင်းတက်ခဲ့ခြင်းပင် ဖြစ်လေသည်။

ထက်ဝေယံကား ကိုယ့်ဘဝတက်လမ်းအတွက်ဆိုလျှင် ဘယ် လိုဆူးငြောင့်ခလုတ်မျိုးမဆို ရှင်းပစ်ဖို့ဝန်မလေး။ ဘယ်သူ့မျက်ခုံးမွေး ပေါ် စင်္ကြန်တက်လျှောက်ရ လျှောက်ရ ဝန်မလေးသော လူမျိုး ဖြစ်သည်။

ယခုလည်း သူ့ဘဝရှေ့ခရီးအတွက် ခလုတ်ကန်သင်းဟုယူဆ ရသော ဟိန်းဝေယံကို ရှင်းပစ်ဖို့ ကြံစည်ခဲ့ခြင်း ဖြစ်ပါသည်။

''ဒေါင်... ဒေါင်... ဒေါင်... ''

တိုင်ကပ်နာရီကြီးဆီမှ ဆယ်နာရီထိုးသံကြောင့် အတွေးထဲ နစ်မျောနေသော ထက်ဝေယံ သတိပြန်ဝင်လာသည်။

သူက ဆက်လုပ် ရဦးမည့် အစီအစဉ်များ အတွက် ထိုင်ရာမှ ထလိုက်လေသည်။





ဝန်ဇင်းချစ်သူများ နွေတမာန် ၏ “ မူရင်း ကျွန်တော်နှင့် မိတ္တူကျွန်တော် ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


သေတွင်း

နေနဲ့လကို ချည်တဲ့ကြိုး

ဘဝဟောင်းက ပြောင်းခဲ့သူ