အခန်း (၁)
( ၁ )
''နောက်ဆုံးအချိန်အထိ အမေတားချင်သေးတယ် သားရယ်...မ သွားပါနဲ့ လားကွယ်''
ဒေါ်ယဉ်ရွှေက ... မိုးမြင့်သော်တာ၏ မြင့်မားသော အရပ်ကြီးကိုမော်ကြည့်ကာ မျက်ရည်စမ်းစမ်းဖြင့်ပြောလိုက်လေသည်။
''ဟုတ်သားပဲကိုမိုးရယ်၊ ဘာမှ ဟုတ်တိပတ်တိ ရေရေရာရာ မရှိပဲနဲ့ မ သွားပါနဲ့ လားဟာ၊ ဒေါ်လေးယဉ်လည်း စိတ်မကောင်း ဖြစ်နေရပြီ၊ ပြီးတော့...ဒေါ်လေးယဉ်မှာ အားကိုးမရှိဘူး၊ တစ်ယောက် တည်းရယ်''
မကြာပွင့်ကလည်း ပြော၍ ရလိုရငြား မိုးမြင့်သော်တာကို တားမြစ်စကားဆိုလိုက်မိပြန်သည်။တကယ်တော့... ရန်ကုန်ကိုသွားတော့မယ်ရယ်လို့၊ ရွာကနေ ပဲနွယ်ကုန်းကားဂိတ်အထိပင် သူတို့ ရောက်လာကြပြီ၊မိုးမြင့်သော်တာကိုလိုက်ပို့ဖို့ ဒေါ်လေးဒေါ်ယဉ်ရွှေနှင့်မကြာပွင့်တို့ ကားဂိတ်အထိ လိုက်လာကြခြင်း ဖြစ်သည်။
မိုးမြင့်သော်တာစိတ်က ဆုံးဖြတ်ပြီးကိစ္စအတွက်... ဘယ်တော့မှနောက်မဆုတ်တတ်တာကို မကြာပွင့်သိပြီး ဖြစ်၍ တားလို့လည်း ထူးခြားမှာ မဟုတ်တာကို သိနေသည်။ သို့သော်... အမေကိုသနားစိတ်ဖြင့် စိတ်ပြန်လည်လိုလည်ငြား မကြာပွင့်က ဒေါ်လေးယဉ်စကားကိုနင်းကာ ဝင်ပြောလိုက်ခြင်းပင် ဖြစ်ပါသည်။
''သားကို မတားပါနဲ့ တော့အမေ၊ သားစိတ်ကို အမေသိပါတယ်၊သား သူ့ကိုတွေ့ အောင်ရှာမယ်၊ သူနဲ့ တွေ့ ရမှ ဖြစ်မယ်၊ သူဟာ... သားကိုခုအချိန်ထိဘာလို့ဆက်သွယ်မလာတာလဲ၊ သားကို အမှိုက်စတစ်စလွှင့်ပစ်သလို ဘာလို့ ပစ်ပစ်ခါခါလုပ်ထားတာလဲဆိုတာ သူ့ကိုတွေ့ ပြီး မေးရမှကြေနပ်မယ်အမေ''
တကယ်တော့... မိုးမြင့်သော်တာနှုတ်မှ ထိုသို့သော စကားများ ကို အကြိမ်များ စွာ ပင် ကြားခဲ့ရပြီး ဖြစ်ပါသည်။
''ကြာပွင့်... နင်လည်း ငါ့ကိုတားမနေပါနဲ့ ၊ ငါ နင့်ကိုပြောခဲ့ပြီးသားပ၊ဲ ငါအ့ မေအရင်းဆတို့ဲ ဒေါက်တာခင်လပြည့်ဝန်းကို တွေ့ အောင်ရှာမယ်ဆိုတာ... ငါ့ရဲ့ ခိုင်မာတဲ့ သံဓိဌာန်ပဲ၊ ဒါကို... ဘယ်သူမှဖျက်လို့မရဘူးဟာ''
မိုးမြင့်သော်တာက မကြာပွင့်ကို တစ်ဆက်တည်း ပြောလိုက်သည်။
''ဒါပေမယ့်... အမေရော... ကြာပွင့်ရော... ယုံကြပါ၊ကျွန်တော့် မိခင်ကိုတွေ့ အောင်ရှာတာဟာ အမေ့လောင်းရိပ်အောက်ကထွက်ပြေးဖို့ မဟုတ်ပါဘူး၊ ဒေါက်တာခင်လပြည့်ဝန်းကို မှီခိုချင်လို့လည်းမဟုတ်ပါဘူး၊ အမေအရင်းဆိုတဲ့ အမျိုးသမီးကြီးကို တွေ့ ချင်ရုံသက်သက်ပါ၊ သားအပေါ်မှာ ဘယ်လိုသဘောထားတယ်ဆိုတာ သိချင်ရုံသက်သက်ပါ၊ ဒီလောကမှာ ... မိုးမြင့်သော်တာဆိုတဲ့ သူ့ရင်သွေး တစ်ယောက် အသက်ရှင်ရက်ရှိသေးတယ်... ဆိုတာကို သူသိအောင် ပြောပြရုံပါပဲ၊ကြာပွင့်... ငါ့အမေအရင်းကို တွေ့ ပြီးတာနဲ့ ငါရွာကိုပြန်လာမှာ ပါ၊ ယုံပါနော်...''
''သား... ဟိုရောက်ရင် မောင်အေးမောင်စကားကို နားထောင်နော်၊ ရန်ကုန်မှာ မသွားတတ်ပဲနဲ့ လျှောက်လည်းသွားမနေနဲ့ ဦး''
တားမရနိုင်တော့မှန်းသိ၍ ဒေါ်ယဉ်ရွှေက ရှေ့ခရီးအတွက် မှာ ကြားစရာရှိသည်ကိုသာ စကားပြောင်းပစ်လိုက်တော့သည်။ကိုအေးမောင်ဆိုသည်မှာ ရန်ကုန်တွင် နေထိုင်နေသည့် သူတို့ရွာမှ ရွာသား တစ်ယောက် ဖြစ်သည်။ ကိုအေးမောင်က မိုးမြင့်သော်တာ အတွက်အနေအထိုင်နှင့်အလုပ်အကိုင်ကိုစီစဉ်ပေးမည် ဖြစ်ပါသည်။
''ဒေါက်တာခင်လပြည့်ဝန်းကိုတွေ့ ထားပြီ''ဟူသော ...သတင်းစကားကို ပေးပို့လိုက်သူမှာ လည်း ကိုအေးမောင်ပင် ဖြစ်ပါသည်။
စကားပြောနေကြစဉ်မှာ ပင်... တောင်ငူမှထွက်လာသော အဝေးပြေးကားကြီးက ဟွန်းကိုရှည်လျားစွာ တီးကာ ပဲနွယ်ကုန်းကားဂိတ်သို့ဆိုက်ရောက်လာလေသည်။ မိုးမြင့်သော်တာ ရန်ကုန်သို့ စီးနင်းလိုက်ပါသွားမည့် ကားပင် ဖြစ်ပါသည်။ တောင်ငူ-ရန်ကုန်ကားကို လက်မှတ်ကြိုဝယ်ထားပြီး ပဲနွယ်ကုန်းဂိတ်မှ ဖြတ်စီးခြင်း ဖြစ်ပါသည်။
ကားထိုးဆိုက်လိုက်သည်နှင့် စပယ်ယာက ''ကိုမိုးမြင့်၊ ကိုမိုးမြင့်၊ရန်ကုန်လိုက်မယ့် ကိုမိုးမြင့်ရှိလား''...ဟု အော်လာသည်။
မိုးမြင့်သော်တာက တစ်ခုတည်းသော လက်ဆွဲအိတ်ကလေး ကို...မကြာပွင့်လက်ထဲမှလှမ်းယူရင်း...
''ကဲ- သားသွားတော့မယ်အမေ၊ အမေတို့လည်း ပြန်ကြတော့၊ကြာပွင့်... အမေ့ကို ကောင်းကောင်းခေါ်သွားနော်''
''အေးပါ...''
''ငါမကြာဘူး၊ ပြန်လာမှာ ၊ သိလား''
မိုးမြင့်သော်တာက နောက်ဆုံးနှုတ်ဆက်ကာ အဝေးပြေးကားပေါ်သို့တက်သွားလေသည်။
ပြန်ပါတော့ဆိုသော်လည်း... ဒေါ်ယဉ်ရွှေက မပြန်သေးပါ။မိုးမြင့်သော်တာထိုင်သည့် ထိုင်ခုံနှင့် တည့်တည့် ကားနံဘေးမှာ သွားရပ်ကာ သား ဖြစ်သူကိုမော်ကြည့်နေသေးသည်။
ကားမှာ အလုံပိတ်မှန်လုံကားမို့... အပေါ်နှင့်အောက် စကားလှမ်းပြော၍ မကြားရပါ။
မိုးမြင့်သော်တာသည် ကားအောက်မှမော်ကြည့်နေသော မိခင်ကြီးကိုငုံ့ကြည့်ကာ သက်ပြင်းချလိုက်သည်။ ခွင့်လွှတ်ပါအမေ၊ အမေ့ကိုမချစ်လို့မဟုတ်ပါဘူး။ သားရင်ထဲကအမေက အမေဒေါ်ယဉ်ရွှေပါပဲ အမေရယ်...
မိုးမြင့်သော်တာက မကြည့်ရက်တော့၍ ဒေါ်ယဉ်ရွှေကိုခေါ်သွားရန် မကြာပွင့်ကို လက်ဟန်ဖြင့် ပြလိုက်သည်။
ကားသည်လည်း လမ်းကြိုခရီးသည်ကို ခေါ်ရုံမျှသာရပ်သည်မို့...ခဏချင်းမှာ ပင် ပဲနွယ်ကုန်းဂိတ်မှထွက်ခွာခဲ့လေသည်။
ဒေါ်ယဉ်ရွှေနှင့်မကြာပွင့်တို့က လက်ပြရင်းကျန်ရစ်ခဲ့၏ ။
မွေးစားမိခင်ကြီးနှင့်ချစ်သူတို့၏ ပုံရိပ်သည် ကားက အဝေးပြေးလမ်းမကြီးအတိုင်း ချိုးကွေ့လိုက်သည်နှင့် ကွယ်ပျောက်သွားလေသည်။မိခင်ရင်း ဖြစ်သော ဒေါက်တာခင်လပြည့်ဝန်းဆိုသူအား ရှာဖွေမည့် ခရီးစဉ်သည် စတင်ခဲ့ပေပြီ။
xxxxx
အခန်း (၂)
၁ ( က )
သားကလေး'မိုးမြင့်သော်တာ'ကို လပြည့်ညသန်းကောင်ယံအချိန်တွင် မွေးဖွားခဲ့ခြင်း ဖြစ်သည်။
မိုးမြင့်သော်တာကိုမွေးဖွားပေးခဲ့သူမှာ အမေ မယဉ်ရွှေကိုယ်တိုင်ပင် ဖြစ်လေသည်။ မယဉ်ရွှေက သူမကိုယ်တိုင်မွေးဖွားပေးခဲ့ပြီး မွေးကင်းစကတည်းက...သူမလက်ပေါ်ကြီးပြင်းခဲ့သော မိုးမြင့်သော်တာလေးကိုသားအရင်းနှင့် မခြား တုန်နေအောင်ချစ်လေသည်။
မယဉ်ရွှေသည် ကိုယ်ဝန်ဆောင်မိန်းမများ ကို မွေးဖွားပေးနေသည့်ဝမ်းဆွဲသည် တစ်ယောက် ဖြစ်သော်လည်း သူမကိုယ်တိုင်ကမူကလေး တစ်ယောက် မှ မမွေးခဲ့ဖူးပါချေ။
ဆိုရလျှင်... မိုးမြင့်သော်တာကိုမွေးစဉ်အချိန်က မယဉ်ရွှေအိမ်ထောင်ပင်မကျသေးချေ။
မယဉ်ရွှေသည် နတ်သံကွင်းတစ်ရွာလုံးရှိ ကိုယ်ဝန်ဆောင်မိန်းမများ ကို မီးဖွားပေးခဲ့သလို တစ်ရပ်တစ်ရွာမှ ကိုယ်ဝန်ဆောင်များ ကိုလည်းသူမအိမ်တွင် တည်းခိုနေထိုင်စေကာ မွေးဖွားပေးခဲ့ဖူးလေသည်။
သည်လိုဆိုတော့... မယဉ်ရွှေကိုအထင်အမြင်ကြီးစရာပင် ဖြစ်လေမည် ။ တစ်ရပ်တစ်ရွာက ကိုယ်ဝန်သည်မိန်းမများ က နတ်သံကွင်းလိုကျေးရွာဇနပုဒ်အထိလာရောက်ကာ မယဉ်ရွှေအိမ်မှာ တည်းခိုနေထိုင်ပြီးကလေးမွေးဖွားရသည်ဆိုတော့... မယဉ်ရွှေမှာ မီးဖွားသည့်ဖက်တွင် ကျွမ်းကျင်သော မီးယပ်သားဖွားဆရာဝန်မကြီးလား ထင်စရာရှိလေသည်။တကယ်တော့...မယဉ်ရွှေသည် ဆရာဝန် ဖြစ်ဖို့နေနေသာသာ...ပညာကိုပင်ကောင်းစွာ သင်ယူဖူးသူမဟုတ်ပါပေ၊ ဝမ်းဆွဲအလုပ်မှာ ... မိခင် ဖြစ်သူလုပ်ခဲ့သော အလုပ် ဖြစ်၍ သင်ယူတတ်မြောက်ထားခဲ့ခြင်း ဖြစ်ပါသည်။အရွယ်ရောက်လာတော့လည်း အပျိုဘဝနှင့် ပင် အရပ်ဝမ်းဆွဲလုပ်ခဲ့ခြင်း ဖြစ်သည်။
မယဉ်ရွှေရှိသည့် ရွာငယ်ဇနပုဒ်အထိ ကိုယ်ဝန်ဆောင်မိန်းမများ ကလေးလာမွေးသည်ဆိုသည်မှာ အခြားကြောင့်မဟုတ်။ လင်ကောင်မပေါ်ပဲဗိုက်ကြီးသူများ ၊ ကိုယ်ဝန်ရှိပြီးမှ ချစ်သူရည်းစားပစ်ပယ်ခံရသူများ တိုးတိုးတိတ်တိတ်ရောက်လာကာ ဗိုက်ပြဿနာကိုဖြေရှင်းကြခြင်းသာ ဖြစ်ပါ၏ ။
နတ်သံကွင်းသည် ချောင်ကျသော ဒေသတွင် ရှိသည့် ရွာကလေးတစ်ရွာလည်း ဖြစ်သည်။ မြိုနှင့် အဆက်အဆံနည်းသည်။ တော် ရုံတန်ရုံကိစ္စများ ကို... မြို့အရပ်က မကြားသိအောင် ဖုံးဖိထားလို့ ရသည်။ သည်လိုကြောင့်... တိုးတိုးတိတ်တိတ် ကလေးမွေးဖွားလိုသူများ သည် သတင်းကြားဖြင့် မယဉ်ရွှေထံရောက်လာကြခြင်း ဖြစ်ပါ၏ ။
မယဉ်ရွှေသည် သင့်လျော်သော အခကြေးငွေယူကာ... အိမ်တွင် တစ်လကိုးသီတင်းလက်ခံပြီး ချက်ပြုတ်၍ လည်းကျွေးမွေး၊ ကိုယ်ဝန်ဆောင်ကိုလည်းပြုစု၊ မွေးဖွားသည့်အခါမှာ လည်း အန္တရာယ်ကင်းအောင်မွေးဖွားပေးတတ်၍ တိတ်တဆိတ်ပြသနာဖြေရှင်းလိုသူများ အတွက်အဆင်ပြေလှသည်။
ပြီးတော့... မယဉ်ရွှေသည် မစပ်စုတတ်၊ သူမထံအားကိုးတကြီးရောက်လာသော ဒုက္ခသည်များ ၏ ဒုက္ခအရင်းအမြစ်ကို စပ်စုမေးမြန်းခြင်းမရှိပါပေ။ အရပ်ထဲကိုပြန်လည် ဖောက်သည်ချခြင်းမျိုးလည်းမရှိ။ သူ့တာဝန်ကို ကျေပွန်အောင်ဆောင်ရွက်ပေးတတ်သော အမျိုးသမီးတစ်ယောက် သာ ဖြစ်သည်။ သည်အချက်ကလည်း...မယဉ်ရွှေအပေါ် အားကိုးယုံကြည်လောက်သော အချက်တစ်ခုပင် ဖြစ်လေသည်။
သည်လိုနှင့်... သားကလေး မိုးမြင့်သော်တာ၏ မိခင်သည်လည်းမယဉ်ရွှေထံရောက်လာခဲ့ခြင်း ဖြစ်ပါသည်။
လွန်ခဲ့သော ... အနှစ် ၂ဝကပေါ့။ လက်ရှိကာလ... ၁၉၉၈ခုနှစ် မှပြန်ရေတွက်လျှင် ၁၉၇၈ခုနှစ် က ဖြစ်သည်။
မိုးမြင့်သော်တာလေးကို ကိုယ်ဝန်ဆောင်ထားရသော သူဌေးသမီးမိန်းမချောလေးရောက်ရှိလာပုံကို မယဉ်ရွှေ ယခုထိ... မြင်ယောင်နေမိပါသေးသည်။
+ + + + +
ထိုနေ့သည်... မိုးများ သည်းထန်စွာ ရွာသွန်းနေသော နေ့တစ်နေ့ ဖြစ်သည်။ ဝါဆိုလမို့ မြစ်ချောင်းများ ရေကြီးချိန်လည်း ဖြစ်ပါသည်။
မယဉ်ရွှေတို့ နတ်သံကွင်း-ရွာကလေးကိုရောက်အောင်...ချောင်းတစ်ချောင်းကိုဖြတ်၍ လာရပါသည်။ မိုးအခါမို့ ချောင်းမကြီးမှာ ရေပြည့်လျှံနေသည့်အချိန် ဖြစ်သည်။
နွေအခါတွင် ... ချောင်းထဲရေနည်းချိန်၌ ယာယီဝါးတံတားထိုး၍ သွားလာရလွယ်ကူသော်လည်း... မိုးအခါများ မှာ မူ သွားရလာရတာ ဒုက္ခရောက်လှပါသည်။ ချောင်းရေစီးမှာ ကြမ်းလှပြီး ရေစီးကြောင်းလည်းမကြာခဏပြောင်းလဲနေတတ်၍ တံတားအသေထိုးထားရန်လည်း မလွယ်ကူပေ။ ထိုအခါက... နတ်သံကွင်းရွာတစ်ဝိုက် ပဲခူးရိုးမတောင်ကြောတလျှောက်သည် သူပုန်များ ပေါများ သော ဒေသ ဖြစ်၍ လည်း... ခရီးလမ်းပန်းချောမွေ့အောင် သက်ဆိုင်ရာက ဆောင်ရွက်မပေးနိုင်ချေ။
ယခုလိုမိုးရာသီများ ၌ ... နေ့လည်ခင်းမှာ သာ ကူးတို့လှေဖြင့်လည်းကောင်း၊ ဝါးဖောင်ဖြင့်လည်းကောင်း... တစ်ဖက်ကမ်းသို့ကူးသန်းနိုင်ပါသည်။
မိုးမြင့်သော်တာ၏ မိခင် ခင်လပြည့်ဝန်းတို့  ရောက်လာချိန်မှာ ...ညကြီးမင်းကြီးအချိန် ဖြစ်ပေ၏ ။ မိုးများ လည်း... သည်းထန်စွာ ရွာသွန်းနေချိန် ဖြစ်လေသည်။
မယဉ်ရွှေတို့သားအမိလည်းအိမ်တံခါးများ ပိတ်ကာ မိုးအေးအေးတွင် အိပ်စက်နေကြပြီ။ တစ်ရွာလုံးလည်း လူခြေတိတ်ကာ အိပ်မောကျနေချိန် ဖြစ်ပါ၏ ။
''ဗျိုး... အရီးစိန်၊ အရီးစိန်၊ တံခါးဖွင့်ပါဦးဗျ''
တစ်ဖက်ကမ်းမှ ကူးတို့လှေသမား ကိုအောင်ချိန်၏ အသံကိုကြားလိုက်ရသည်။ ကိုအောင်ချိန်တို့လင်မယားမှာ မိုးအခါတွင် ရွာ၏ တစ်ဖက်ကမ်း ကမ်းနား၌ တဲထိုးနေကာ ရွာနှင့်တစ်ဖက်ကမ်းကို ကူးတို့ပို့နေသူ ဖြစ်ပါသည်။
ကိုအောင်ချိန့်အသံကို ကျက်မိလိုက်၍ ... မယဉ်ရွှေမိခင်ကြီးဒေါ်အေးစိန်က အိပ်ရာထဲမှထလိုက်သည်။
''ညကြီးမင်းကြီး အောင်ချိန့်အသံပါလား၊ ဘာများ ဖြစ်လို့ပါလိမ့်၊ဟဲ့... ယဉ်ရွှေ၊ ကြားသလား၊ ထစမ်း''
''ဟုတ်ကဲ့... အမေ၊ ကြားပါတယ်''
မယဉ်ရွှေ အိပ်ရာထဲမှထလိုက်ချိန်တွင် အမေက မီးခြစ်ကိုခြစ်ကာ... ရေနံဆီမီးအိမ်လေးကို ထွန်းလိုက်သည်။
မယဉ်ရွှေက တံခါးဖွင့်ပေးရန် တံခါးရှိရာထသွား၏ ။
''ဟဲ့- အပြင်ချောင်းကြည့်ဦး၊ အောင်ချိန် တစ်ယောက် ထဲဟုတ်ရဲ့ လား၊ လူဆိုးသူခိုးတွေ ကပ်ပါလာဦးမယ်''
အမေ့စကားကြောင့် တံခါးဝနားရောက်မှ မယဉ်ရွှေတန့် သွားရသည်။ အမေ့စကားကို အပြင်မှကိုအောင်ချိန်ကြားလိုက်ရသည်ထင်၏ ။
''ကျုပ်အောင်ချိန်ပါ အရီးစိန်ရဲ့ ၊ ဒီမှာ ... အရီးစိန်တို့အိမ်ကိုလာတဲ့ဧည့်သည်နှစ် ယောက် ကို လိုက်ပို့တာဗျ၊ မိန်းမနှစ် ယောက် ''
''ဟင်...''
မယဉ်ရွှေက အမေပြောသည့်အတိုင်း သေချာအောင် ထရံပေါက်မှချောင်းကြည့်လိုက်သေးသည်။
အပြင်တွင် ရပ်နေသည့် ကိုအောင်ချိန်နှင့်အတူ မိန်းမနှစ် ယောက် ကို တွေ့ လိုက်ရ၏ ။ တစ်ယောက် က အသက်ကြီးကြီး၊ တစ်ယောက် ကတော့...မယဉ်ရွှေထက်ပင်ငယ်ဦးမည့် မိန်းကလေး တစ်ယောက် ဖြစ်နေသည်။
မယဉ်ရွှေကစိတ်ချစွာ ပင် တံခါးမင်းတုပ်ကိုဆွဲဖယ်၍ ဖွင့်လိုက်၏ ။
''အောင်ချိန်၊ ညကြီးမိုးချုပ်ဟယ်... နင့်ဟာက...''
ဒေါ်အေးစိန်က ဧည့်သည်မိန်းမနှစ် ယောက် ကိုကြည့်ရင်း ပြောလိုက်သည်။
''သူတို့က ညကြီးရောက်ချလာတာကိုးအရီးစိန်ရဲ့ ၊ သိတဲ့အတိုင်းဟိုဖက်ကမ်းမှာ က နေစရာမှမရှိတာ၊ ကျုပ်တို့တဲကလေးကလည်း...သေးသေးလေးရယ်၊ အရောက်လိုက်ပို့ပါဆိုလို့...''
''ကဲ... အထဲဝင်ကြလေ၊ အို... မိုးတွေ လည်းစိုရွှဲလို့ပါလား''
ဒေါ်အေးစိန်က အိမ်ထဲသို့ဖိတ်ခေါ်လိုက်သည်။
ဧည့်သည်နှစ် ယောက် အိမ်ထဲဝင်လာသည့်အခါ... မီးအိမ်မှအရောင် ဖြင့် ထင်ရှားစွာ မြင်လိုက်ရသည်။ ထီးတစ်ချောင်းထဲကိုနှစ် ယောက် ဆောင်းလာ၍ နှစ် ယောက် စလုံးပင် မိုးရေများ ရွှဲစိုနေလေသည်။မဝံ့မရဲဖြင့် ... နောက်မှလိုက်ဝင်လာသော မိန်းကလေးမှာ မျက်နှာကိုငုံ့၍ ထားသည်။ သို့သော်... သူမ၏ ဖြူဝင်းသော မျက်နှာလှလှလေးက ရေနံဆီမီးအိမ်အလင်းအောက်၌ ထင်းထင်းကြီးပေါ်နေလေသည်။
ထို့ပြင်... မိန်းကလေး၏ စူထွက်နေသော ဝမ်းဗိုက်က ကိုယ်ဝန်ဆောင်တစ်ဦး ဖြစ်ကြောင်း ဖော်ပြနေလေ၏ ။ မြင်ရုံနှင့်ပင်... ဒေါ်အေးစိန်နှင့် မယဉ်ရွှေတို့ကနားလည်လိုက်လေပြီ။
''မိန်းကလေးတို့က ဘယ်ကလာကြတာလဲ၊ ဘယ်သူညွှန်လိုက်တာလဲ''
''တောင်ငူက မသက်ရီက ညွှန်လိုက်တာပါအဒေါ်''
အသက်ကြီးကြီးမိန်းမကြီးက သွက်သွက်လက်လက် ဝင်ပြောသည်။မိန်းကလေးကတော့ ခေါင်းကိုငုံ့ထားဆဲ ဖြစ်၏ ။
''ဒီကို မွေးဖို့ဖွားဖို့လာတာပေါ့၊ ဟုတ်လား''
''ဟုတ်ကဲ့အဒေါ်၊ ဒီမှာ ... မသက်ရီရေး ပေးလိုက်တဲ့စာ...''
မိန်းမကြီးက သားရေလွယ်အိပ်ထဲမှစာကို ထုတ်မည့် ဟန်ပြင်၏ ။
''စာကထားပါ၊ ငါလည်း ညကြီးမဖတ်နိုင်ပါဘူး၊ ညီးတို့သာနွေးနွေးထွေးထွေး ဖြစ်သွားအောင် အဝတ်လဲကြ၊ ယဉ်ရွှေ၊ မီးလေးဖိုလိုက်ပါဦးဟယ်...''
''ကျုပ်ပြန်မယ်၊ အရီးစိန်''
အဝတွင် ရပ်နေဆဲ ကိုအောင်ချိန်ကပြောလိုက်သည်။
''သြော်... ဟုတ်သားပဲ၊ ကူးတို့ခပေးရဦးမယ်၊ ရော့ - ငါ့မောင်၊ငါးကျပ်၊ လိုက်ပို့တာကျေးဇူးတင်ပါတယ်ကွယ်''
မိန်းမကြီးက လက်ပွေ့အိတ်ထဲမှ ငါးကျပ်တန်တစ်ရွက်ထုတ်ပေးလိုက်ရာ ကိုအောင်ချိန်ကယူပြီး လှည့်ထွက်သွားတော့သည်။ တကယ်တော့...ဟိုဖက်ကမ်းနှင့်သည်ဖက်ကမ်းကူးသည့် ကူးတို့ခမှာ တစ်ယောက် မှတစ်ကျပ်သာကျသည်။ ညလည်း ဖြစ်၊ မိုးလည်းရွာနေ၍ ကိုအောင်ချိန်ကငါးကျပ်တောင်းခြင်း ဖြစ်၏ ။
+ + + + +
ဧည့်သည်နှစ် ယောက် အဝတ်လဲပြီးချိန်တွင် ... မယဉ်ရွှေမီးဖိုသည်မှာ လည်း ပြီးသွားသည်။
ဒေါ်အေးစိန်က အအိပ်ပျက်သွားပြီး ဖြစ်၍ ... ပြောင်းဖူးဖက်ဆေးလိပ်ကြီးသောက်ကာ ထိုင်စောင့်နေ၏ ။
''အားနာလိုက်တာအဒေါ်ရယ်''
ဧည့်သည်မိန်းမက ကြမ်းပြင်ပေါ်ထိုင်ရင်းပြောလိုက်သည်။
''တို့အတွက်က ကိစ္စမရှိပါဘူး၊ မွေးမယ့်ဖွားမယ့်လူအချိန်မတော် လာခေါ်လည်း ထလိုက်ရတာ ပဲ၊ ညီးတို့ပဲ ညကြီးမိုးချုပ် မိုးထဲလေထဲမှာ ရောက်အောင်လာတယ်အေ၊ မသကာ... မနက်မှ လာရောပေါ့၊ ပဲနွယ်ကုန်းမှာ အိပ်နေ... ရသားနဲ့ ဟာ''
''လာမယ့်လာတော့ ခရီးဆုံးရောက်အောင်ဆိုပြီးလာလိုက်တာပါအဒေါ်၊ ရထားက လမ်းမှာ ပျက်ပြီး နောက်ကျသွားတာ''
''နို့- ဘယ်က လာကြတာတုံး''
''ရန်ကုန်ကပါ''
''သြော်... သြော်... အေးလေ၊ တို့ဆီမှာ တော့ စိတ်ချပါ၊ ဒါနဲ့...ကိုယ်ဝန်က ဘယ်နှလရှိပြီတုန်း၊ ကြည့်ရတာ ... ငါးလကျော်ခြောက်လလောက် ထင်ရဲ့ ''
ဒေါ်အေးစိန်က လက်သည်ပီပီ မှန်းဆပြောလိုက်သည်။
''ဟုတ်ကဲ့... ခြောက်လထဲမှာ ပါအဒေါ်''
''ငါ့နာမည် က အေးစိန်-တဲ့ ၊ ဟောဟိုက ငါ့သမီးက ယဉ်ရွှေ၊ငါကတော့ အသက်ကြီးလို့ ဘေးကထိုင်ကြည့်ရုံပဲလုပ်တော့တယ်''
ဒေါ်အေးစိန်က ရှင်းပြသည်။
''မွေးတာဖွားတာအစအဆုံး ယဉ်ရွှေလုပ်လိမ့်မယ်၊ သူလည်း...အပျိုပေမယ့် ကလေးမွေးပေးတဲ့ အလုပ်တော့ တော် တော် ကျွမ်းနေပါပြီ''
''ဟုတ်ကဲ့၊ မသက်ရီကလည်း သေချာပြောပြလိုက်ပါတယ်၊ကျွန်မ နာမည် က မချောစု လို့ ခေါ်ပါတယ်အဒေါ်၊ သူ့ နာမည် ကတော့...ခင်လပြည့်ဝန်း-တဲ့''
''နာမည် ကလည်း ဆန်းပါ့တော် ၊ ရန်ကုန်သူတွေ များ ...ကလေးမက ညီးသမီးလား၊ ဟုတ်မထင်ဘူး''
ဒေါ်အေးစိန်က မေးလည်းမေးရင်း သူ့အထင်အမြင်ကိုပါ တန်းပြောချလိုက်သည်။ ဒေါ်အေးစိန်လိုပင် မယဉ်ရွှေကလည်း သားအမိမဟုတ်နိုင်တာကို တွေးမိသည်။ အဘယ်ကြောင့်ဆိုသော်... မချောစုဆိုသော မိန်းမကြီးနှင့် ခင်လပြည့်ဝန်းဆိုသော မိန်းကလေးတို့မှာ အသွင်အပြင်ချင်း အတော် ပင်ခြားနားနေသော ကြောင့် ဖြစ်ပါသည်။
''ကျွန်မသမီးမဟုတ်ပါဘူး၊ ကျွန်မကျေးဇူးရှင်များ ရဲ့ သမီးပါ''
''သြော်...''
''ခင်လပြည့်ဝန်း ဒီရွာမှာ သားသမီးလာပြီးမွေးဖွားတယ်ဆိုတာကိုတော့ ဘယ်သူမှမသိစေချင်ဘူးအဒေါ်''
''ဒါတော့... စိတ်ချ၊ တို့သားအမိက သူများ ကိစ္စ ဘယ်တော့မှမစပ်စုဘူး၊ အတင်းအဖျင်းလည်း မပြောတတ်ဘူး၊ ကိုယ့်တာဝန်ကျေအောင်လုပ်ပေးတယ်၊ တို့ရွာကလည်း သိပ်ခေါင်တာ ညီး အမြင်ပဲ''
''ဟုတ်ကဲ့ပါအဒေါ်၊ အဒေါ်တို့ကိုယုံပါတယ်၊ ခင်လပြည့်ဝန်းရဲ့ မိဘတွေ က ဂုဏ်သရေရှိ သူဌေးသူကြွယ်တွေ မို့ လူသိခံလို့မ ဖြစ်လို့ပါ''
သူ့အကြောင်းပြောနေသည့်တလျှောက်လုံး ခင်လပြည့်ဝန်းခေါင်းငုံ့ထားသည်ကို မယဉ်ရွှေသတိပြုမိသည်။ ခင်လပြည့်ဝန်းနှုတ်မှယခုအထိ စကားတစ်လုံးမှ ထွက်မလာသေးပေ၊
''ပြီးတော့... ခင်လပြည့်ဝန်းကိုယ်တိုင်က ဆေးကျောင်းသူတစ်ယောက် ဆိုတော့...''
''ဘာ...''
''ခင်လပြည့်ဝန်းလေးက... ဆေးတက္ကသိုလ်တက်နေတဲ့ဆေးကျောင်းသူပါအဒေါ်၊ ဆေးကျောင်းမှာ ဒုတိယနှစ် ရောက်နေပါပြီ''
''ဒါနဲ့များ အေ..ခုလိုဘဝရောက်တဲ့ အထိ ဘာလို့အ ဖြစ်ခံတုန်း''
ဒေါ်အေးစိန်က အံ့သြတကြီးမေးလိုက်၏ ။
နဂိုကပင် ခင်လပြည့်ဝန်းကို စိတ်ဝင်စားနေသော မယဉ်ရွှေသည်လည်း ခင်လပြည့်ဝန်းကို အံ့သြစွာ စိုက်ကြည့်နေမိ၏ ။ခင်လပြည့်ဝန်းတော့ ငုံ့ထားသော ခေါင်းက ပို၍ ပင် ငုံ့သွားလိုက်သေးသည်။ ရှက်ရှာတယ်ထင်ပါရဲ့ ။
''ဒါပဲနော်၊ တို့က... မွေးဖွားပေးရုံပဲလုပ်တာ၊ ဖျက်ချတာတွေ ဘာတွေ လုံးဝမလုပ်ဘူး၊ ငါ့ကို ဗိုက်ဖျက်ပေးဖို့တော့မတိုက်တွန်းနဲ့''
''မဟုတ်ပါဘူးအဒေါ်၊ ဖျက်ချင်ရင် ရန်ကုန်မှာ လွယ်လွယ်လေးပါ၊ မွေးဖို့လာတာပါ၊ ရန်ကုန်ကို သတင်းမပေါက်ကြားဖို့သာ လိုရင်း ပါ''
''ဒါဖြင့်ပြီးရော... ကျန်တာတွေ အားလုံးစိတ်ချ''
''ခင်လပြည့်ဝန်းက လျှပ်ပေါ်လော်လီလို့ ဒီလို ဖြစ်ရတာ မဟုတ်ပါဘူးအဒေါ်... ဒီလိုပါ...''
ဒေါ်ချောစုက ခင်လပြည့်ဝန်းအကြောင်းပြောပြဖို့ဟန်ပြင်သည်။မယဉ်ရွှေနားစွင့်နေလိုက်၏ ။
သို့သော်... ဒေါ်အေးစိန်က ဟန့်တားလိုက်လေသည်။
''သူများ အကြောင်းတွေ ငါမသိချင်ပါဘူးအေ၊ ကိစ္စမရှိဘူး မပြောနဲ့''
ဒေါ်အေးစိန်က မပြောနဲ့ ဟန့်တားသော်လည်း မယဉ်ရွှေကတော့သိချင်နေသည်။
''ခင်လပြည့်ဝန်းလေးကို အထင်အမြင်သေးမှာ စိုးလို့ပါ၊ ပြောပါရစေ၊ခင်လပြည့်ဝန်းရဲ့ ကိုယ်ဝန်ဟာ သူနဲ့ စေ့စပ်ပြီးသားချစ်သူနဲ့ ရတဲ့ ကိုယ်ဝန်ပါအဒေါ်၊ ယူကြဖို့လည်းစီစဉ်ပြီးသားပါ၊ ဖြစ်ချင်တော့ ခင်လပြည့်ဝန်းရဲ့ ချစ်သူဟာ ကားတိုက်ခံရလို့ သေဆုံး သွားပါတယ်အဒေါ်''
''အို...''
မယဉ်ရွှေနှုတ်မှထွက်သွားသော အာမေဋိတ်သံ ဖြစ်သည်။
''လူသိသူသိစေ့စပ်ပြီးသားဆိုလည်း ရဲရဲတင်းတင်း မွေးလို့ရသားမဟုတ်လားအေ''
''ဒါပေမယ့်အဒေါ်ရယ်... ခင်လပြည့်ဝန်းလေးရဲ့ ရှေ့ရေး ကရှိသေးလို့ပါ၊ ခင်လပြည့်ဝန်းဟာ ငယ်ငယ်ပဲရှိသေးတယ်၊ ဘဝမှာ ရှေ့ဆက်ရမှာ တွေ အများ ကြီးရှိသေးတယ်လေ၊ ပြီးတော့... တစ်ချိန် ဆရာဝန် ဖြစ်လာမှာ ၊ သူ့ဘဝမှာ အိမ်ထောင်ရက်သားပြုဦးမှာ ကိုး၊ အခုကိစ္စက...သူလျှပ်ပေါ်လော်လည်တာမဟုတ်ပေမယ့် အပျိုစင်ဆိုတဲ့ဂုဏ်ကိုတော့အပျက်ခံလို့မ ဖြစ်ဖူး မဟုတ်လား၊ ဒါ့ကြောင့်ပါ''
''ဒါဖြင့်... သူတက်နေတဲ့ဆေးကျောင်းကကော''
''တစ်နှစ် ထွက်ထားလိုက်ရတာ ပေါ့ အဒေါ်''
''ကောင်းပြီလေ၊ ငါတို့ကတော့... အကောင်းဆုံးလုပ်ပေးမယ်ဆိုတာ စိတ်ချပါ၊ ကဲ- ကဲ- မိုးလည်းတော် တော် ချုပ်နေပြီ၊ ညီးတို့လည်းပင်ပန်းလာတာ၊ အိပ်ကြတော့၊ ယဉ်ရွှေ၊ သူတို့ကို အိပ်ရာပြင်ပေးလိုက်၊တို့မှာ တော့ခြင်ထောင်တစ်လုံးပဲရှိတယ်အေ့''
''ခင်လပြည့်ဝန်းအတွက်က အိပ်ယာအပြည့်အစုံ ယူလာပါတယ်၊ကျွန်မအတွက်ပဲ လိုတာပါ၊ ကျွန်မကလည်း တစ်ပတ်ဆယ်ရက်လောက်နေနိုင်မှာ လေ၊ ခင်လပြည့်ဝန်းကိုထားခဲ့ပြီး တစ်လတစ်ခေါက်လာကြည့်မယ်အဒေါ်''
xxxxx
အခန်း (၃)
၁ ( ခ )
သည်လိုနှင့် သားလေးမိုးမြင့်သော်တာ၏ မိခင်သည် သားလေးကိုမမွေးဖွားမီ သုံးလေးလအလိုကပင် မယဉ်ရွှေတို့အိမ်ကို ရောက်လာခဲ့လေ၏ ။
ဒေါ်ချောစုကတော့ တစ်ပတ်ပဲနေကာ ခင်လပြည့်ဝန်းကို ထားခဲ့ပြီး ရန်ကုန်ပြန်သွားခဲ့သည်။ ဒေါ်အေးစိန်နှင့်မယဉ်ရွှေကို ခင်လပြည့်ဝန်းအတွက် လိုအပ်မည် ထင်သည့်ငွေအချိုးအစားကို ပုံ၍ ပေးခဲ့လေသည်။
ခင်လပြည့်ဝန်းမှာ အနေအထိုင်အေးလှပေသည်။ တစ်နေ့လုံး နေလို့စကားတစ်ခွန်းပြောချင်မှပြောသည်။ မယဉ်ရွှေတို့ကမေးမှ ပြန်ပြောသည်။
စကားနည်းခြင်းမှာ မာနကြီးလို့တော့မဟုတ်ပါပေ။ သူဌေးသမီး ဖြစ်သော်လည်း မာနမကြီးရှာပေ။ သူမဘဝ၏ ကံကြမ္မာအကျိုးပေးကိုယူကြုံးမရ ဖြစ်နေဟန်တူပေသည်။
''ခင်လပြည့်ဝန်း၊ ကျွန်မတို့အိမ်မှာ နေရတာ ပျော်ရဲ့ လားဟင်''
မယဉ်ရွှေက မေးသည့်အခါ...
''ပျော်တယ်.. မပျော်တယ်.. မဟုတ်ပါဘူးအစ်မယဉ်ရွှေရယ်''
ထူးခြားမှုမရှိသော မျက်နှာပေးဖြင့် ဖြေလေသည်။
''လိုတာရှိရင်ပြောနော်၊ ခင်လပြည့်ဝန်းက သူဌေးသမီးလည်း ဖြစ်တယ်၊ ရန်ကုန်သူလည်း ရန်ကုန်သူဆိုတော့... ကျွန်မတို့တောမှာ နေရတာ အဆင်ပြေချင်မှပြေမှာ ပေါ့''
''အို.. ဒီလိုမဟုတ်ပါဘူးအစ်မယဉ်ရွှေ၊ ကျွန်မနေတတ်ပါတယ်''
''ကျွန်မတော့လေ... ခင်လပြည့်ဝန်းကိုသိပ်သနားတာပဲ''
''ဟင်... ဘာ ဖြစ်လို့လဲ''
''သြော်... သူဌေးသမီး၊ ဆေးတက္ကသိုလ်ကျောင်းသူတစ်ယောက် ဖြစ်ပါရက်နဲ့ ကိုယ်ဝန်ကြီးနဲ့ ဒုက္ခရောက်နေရလို့ပေါ့''
''ကံအကျိုးပေးပေါ့မယဉ်ရွှေရယ်၊ ကျွန်မကို သူဌေးသမီး...သူဌေးသမီးဆိုပြီး... သိပ်လည်းအထင်မကြီးပါနဲ့ လေ၊ သူဌေးသမီး ဖြစ်ပေမယ့်... ကံအကြောင်းမလှတော့လည်း.. အခုလို.. အစ်မယဉ်ရွှေတို့ဆီတိတ်တိတ်ပုန်းရောက်လာရတာ ပဲမဟုတ်လား၊ တကယ်တော့...''
''အို... ခင်လပြည့်ဝန်းရယ်၊ အခုအ ဖြစ်က... ခင်လပြည့်ဝန်းလော်လည်လို့မှ မဟုတ်တာ၊ ကိုယ်ဝန်ကလည်း ကိုယ့်ချစ်သူနဲ့ ရတဲ့ ကိုယ်ဝန်ပဲရှင်၊ သူ မမျှော်လင့်ပဲဆုံးသွားရလို့သာ ခဏတဖြုတ်ပုန်းရှောင်နေရတာ မဟုတ်လား၊ နောင်တော့... အဆင်ပြေသွားမှာ ပါ''
''မထင်ပါနဲ့ အစ်မယဉ်ရွှေရယ်၊ ကျွန်မမှာ ဒီကလေးပိုက်ပြီးအိမ်ကိုဘယ်လိုပြန်ရမလဲဆိုတာ...''
''အင်းနော်... ပတ်ဝန်းကျင်ကို ကလေးရတာ မသိစေချင်လို့ဒီအထိလာမွေးပြီးမှ ကလေးကိုခေါ်ပြီးပြန်မယ်ဆိုတော့လည်း ဘာထူးမှာ လဲ၊မွေးပြီးရင် ခင်လပြည့်ဝန်း ဘယ်လိုလုပ်မယ်စိတ်ကူးလဲဟင်''
''ဒေါ်ချော စီစဉ်ပါလိမ့်မယ်အစ်မယဉ်ရွှေ''
''အို... ဒေါ်ချောစုက ခင်လပြည့်ဝန်းအတွက် အရေး ပါလို့လား၊သူက ကူညီရုံကူညီပေးတဲ့မိတ်ဆွေဆို''
''ဟုတ်ပါတယ်၊ ဒေါ်ချောလာရင် ဖေဖေနဲ့ မေမေတို့က ဘယ်လိုစီစဉ်ဖို့မှာ လိုက်တယ်ဆိုတာ... သိရမယ်လို့ပြောတာပါ''
''အင်း...''
နှစ် ယောက် စလုံး သက်ပြင်းပြိုင်တူချလိုက်ကြသည်။မယဉ်ရွှေနှင့် ခင်လပြည့်ဝန်းတို့သည် နေ့စဉ်ပင်... ချောင်းကမ်းဘေးတလျှောက်မှာ လမ်းလျှောက်ကြသည်။ ကိုယ်ဝန်ဆောင်မိခင်လောင်းမို့ ကိုယ်လက်လှုပ်ရှားရှိစေရန် လမ်းလျှောက်ဖို့လိုသဖြင့်... မယဉ်ရွှေကအဖော်ရရန် လိုက်လျှောက်ပေးခြင်း ဖြစ်ပါသည်။
ဒေါ်ချောစုကတော့... ခင်လပြည့်ဝန်းမမွေးခင်အချိန်အထိတစ်လတစ်ခေါက် မှန်မှန်ရောက်လာလေသည်။
ဒေါ်ချောစု တတိယမြောက်ရောက်လာသည့်အခေါက်တွင် ...သားကလေးကိုမွေးဖွားခဲ့ခြင်း ဖြစ်လေသည်။
မွေးရက်နီးနေပြီမို့... ဒေါ်ချောစုက ခင်လပြည့်ဝန်းမွေးပြီးသည်အထိ စောင့်နေလေ၏ ။
+ + + + +
မိုးမြင့်သော်တာကို မွေးဖွားသည့်နေ့မှာ ... သီတင်းကျွတ်လပြည့်နေ့  ဖြစ်လေသည်။
ညနေပိုင်းတွင် ... ခင်လပြည့်ဝန်းဗိုက်စ,နာလာပြီး သန်းကောင်ယံအချိန်မှာ မွေးဖွားခဲ့ခြင်း ဖြစ်ပါသည်။ ဒေါ်အေးစိန်တွက်ထားသည့်ရက်နှင့်ကွက်တိ ဖြစ်ပြီး... လွယ်လွယ်ကူကူ လျှောလျှောရှူရှူပင်မွေးဖွားနိုင်ခဲ့ပါသည်။
''ယောကျာ်းလေးဟဲ့၊ အမလေး... တစ်တုံးတစ်ခဲ ချစ်စရာကြီးပါလားတော် ''
အနီးတွင် ထိုင်၍ ညွှန်ကြားနေသော ဒေါ်အေးစိန်က ပြောလိုက်လေသည်။
ကိုယ်တိုင်မွေးဖွားပေးသော မယဉ်ရွှေက ကလေးကို ငုံ့ကြည့်လိုက်သည်။ ကလေးလေးက... အသားဖြူဖြူဖွေးဖွေး၊ ဝဝကစ်ကစ်နှင့်ချစ်စရာကောင်းလှသည်။
''ဘာလေးလဲဟင်...''
ခဏသတိလစ်သွားသည့် ခင်လပြည့်ဝန်းက လေသံယဲ့ယဲ့ဖြင့်မေးလိုက်သည်။
''ယောကျာ်းလေးဟေ့... ခင်လပြည့်ဝန်း... ဟောဒီမှာ ...''
မယဉ်ရွှေက ကလေးကို အနှီးဖြင့်ထွေးပွေ့ရင်း ခင်လပြည့်ဝန်းကိုပြလိုက်၏ ။
''သားလေး... သား...''
''ခဏမှိန်းနေလိုက်ဦး ခင်လပြည့်ဝန်း၊ အားပြန်ပြည့်သွားအောင်''
+ + + + +
ကလေးတစ်ပတ်အရတွင် ဒေါ်ချောစုရန်ကုန်ပြန်သွားပြန်သည်။ခင်လပြည့်ဝန်းမိဘများ ကို သတင်းပို့ရန်ဟုဆို၏ ။
မပြန်မီ... ဒေါ်ချောစုမှာ သွားသော စကားများ က... ကလေးအပေါ်အကြင်နာတရားနည်းပါးလှကြောင်း ဖော်ပြနေပေသည်။
''အဒေါ်... ခင်လပြည့်ဝန်းကို ကလေးကိုနို့မတိုက်ပါစေနဲ့ နော်''
''အလို... ဘာ ဖြစ်လို့တုန်း''
''ရင်သားအလှပျက်မှာ စိုးလို့ပါ၊ အအိုပုံပေါက်သွားမှာ စိုးလို့''
'' ဖြစ်ရလေအေ... ကလေးအမေပဲ၊ ကလေးကိုနို့တိုက်ရမှာ ပေါ့''
''အဒေါ်ရယ်... ခင်လပြည့်ဝန်းက အပျိုလုပ်ပြီး ကျောင်းပြန်တက်ရဦးမှာ လေ၊ ကလေး တစ်ယောက် မွေးပြီးသားလို ပုံပျက်ပန်းပျက် ဖြစ်လို့မ ဖြစ်ဘူး၊ သူ့အတွက်ပါ''
ဒေါ်အေးစိန်က ဘာမှပြန်မပြောတော့။ ပြောင်းဖူးဖက် ဆေးလိပ်ကြီးကိုသာ ဆက်တိုက်ဖွာလိုက်ရာ မီးများ ရဲကနဲ... ရဲကနဲ ထသွားလေသည်။
ဒေါ်အေးစိန်သည် ဒေါ်ချောစုပြောသော စကားကို မနာခံပါ။
''အဲဒီ မချောစုမှာ ကလေးမရှိဘူးလား''
''ရှင်- ဘာ ဖြစ်လို့လဲဒေါ်လေး''
''သူပြောသွားပုံက ကိုယ်ချင်းစာစိတ် မရှိလို့ပါအေ၊ သူ့သားသမီးဆိုရင်ကော သူနို့မတိုက်ပဲနေမလား''
''သူ့မှာ လည်း သားသမီးတွေ ရှိမှာ ပါဒေါ်လေး၊ အိမ်ထောင်ရှိတယ်လို့တော့ပြောဖူးတယ်''
''ဟင်... မချောစုအကြောင်း ညီးကောင်းကောင်းမသိဘူးပေါ့''
ခင်လပြည့်ဝန်းက မျက်နှာပျက်ကာ ခေါင်းကိုငုံ့ထားသည်။
''ဒီလိုပါ ဒေါ်လေးရယ်၊ ဒေါ်ချောက ကျွန်မတို့အိမ်မှာ အိမ်ဖော်မိန်းကလေးတွေ လိုရင် လာလာပို့ပေးနေတဲ့သူပါ၊ အိမ်ဖော်ပွဲစားဆိုပါတော့၊ကျွန်မ... ဒီကို ဒီကိစ္စနဲ့ လာမယ်ဆိုတော့ ဆွေမျိုးသားချင်းထဲ ကရော၊နီးစပ်တဲ့ အသိမိတ်ဆွေထဲကပါ ခေါ်မလာချင်ဘူးလေ... ဒေါ်ချော ကတော့ဒါမျိုးတွေ ကျွမ်းပြီးသားဆိုပြီး သူ့ကိုနှုတ်လုံဖို့ပြောပြီး လိုက်ပို့ ခိုင်းရတာ ပါ၊ဒေါ်ချောဇာတိက ပင်လယ်ဖက်ကလို့ပြောပါတယ်၊ ကျန်တာတွေ ကျွန်မမသိဘူးလေ''
''သြော်... ဒီလိုလား၊ ထားပါတော့၊ ကလေးကို နို့ပေးမတိုက်နဲ့ လို့ပြောသွားတာတော့ ငါမကြိုက်ဘူးအေ့၊ ဘဲ့နဲ့... ညီးလည်း ကျန်းကျန်းမာမာနဲ့ နို့ထွက်ကောင်းနေတာပဲ၊သားသည်မအေဆိုတာ ကိုယ့်သားသမီးကိုယ် မိခင်နို့တိုက်ရမှာ ပေါ့''
''ဟုတ်ပါတယ်ဒေါ်လေးရယ်''
''တို့တောမှာ ကလေးကိုတိုက်စရာ နွားနို့ပဲရှိတယ်''
''ကျွန်မ၊ ကျွန်မသားလေးကို ကျွန်မနို့ပဲတိုက်မှာ ပါဒေါ်လေး''
''အေး... ဒီလိုမှပေါ့၊ ညီးကိုယ်တိုင်ရော တိုက်ချင်စိတ်ရှိရဲ့ လား''
''ကျွန်မဝမ်းနဲ့ လွယ်ပြီးမွေးထားတဲ့ သားလေးပါ ဒေါ်လေးရယ်၊မတိုက်ချင်ပဲဘယ်ရှိပါ့မလဲ''
''အေး... အေး... ကောင်းတယ်၊ ဒါမှ... အမေပီသတာ၊ မချောစုဘာပြောပြော၊ ကိုယ့်နို့ကိုယ်သာတိုက်ဟေ့၊ တကတည်း... သူကကြားကဘာမဆိုင်ညာမဆိုင်၊ ဟိုအမိန့်ပေး... ဒီအမိန့်ပေးနဲ့''
xxxxx
အခန်း (၄)
၁ ( ဂ )
မယဉ်ရွှေသည် ကလေးဝေယျာဝစ္စများ ကိုလုပ်ကိုင်ပေးရင်း...ကလေးကိုသံယောဇဉ်တွယ်နေမိသည်။ ခင်လပြည့်ဝန်းတို့ပြန်သွားမှာ ပင်စိုးရိမ်နေမိ၏ ။
ကလေးအနှီးလျှော်တော့လည်း... မယဉ်ရွှေ၊ ကလေးချော့သိပ်တော့လည်းမယဉ်ရွှေ။ မယဉ်ရွှေက... ခင်လပြည့်ဝန်း၏ အညစ်အကြေးအဝတ်များ ကိုပင် လျှော်ပေးခဲ့ပါသည်။ တကယ်တော့... မယဉ်ရွှေတို့လုပ်ပေးရမယ့်တာဝန်ထဲမှာ ဒါတွေ မပါ။ ဝမ်းဆွဲအ ဖြစ် ကလေးမွေးပေးရုံသာ ဖြစ်သည်။
သို့သော်... မယဉ်ရွှေက ခင်လပြည့်ဝန်းကို ခင်လည်းခင်နေ၊သူဌေးသမီးလေး တစ်ယောက် တည်း အားငယ်စွာ လာရောက်မှီခိုနေတာကိုလည်း သိနေ၍ အလုံးစုံကူညီပေးနေခြင်း ဖြစ်ပါသည်။
''အစ်မယဉ်ရွှေ''
''ဟေ...''
''သားလေးကိုမွေးတာ သီတင်းကျွတ်လပြည့်နေ့နော်''
''ဟုတ်တယ်လေ...''
''နေ့က ဘာနေ့လဲဟင်''
''ကြာသပတေးနေ့ကျတယ်ခင်လပြည့်ဝန်း''
''ကျွန်မလေ ကျွန်မသားလေးကို နာမည် ထဲမှာ နေတို့ လ,တို့ပါအောင်မှည့်ချင်တာ၊ ကြာသပတေးသားဆိုတော့...''
''ကြာသပတေးဆိုတော့ ပ၊ဖ၊ဗ၊ဘ၊မ...လေ၊ ခင်လပြည့်ဝန်းကနေတွေ လ,တွေ ဘာလို့ထည့်မှည့်ချင်တာလဲ''
''ဟို... ဟို... ကျွန်မအဖေ သားလေးရဲ့ အဘိုးနာမည် ကဦးနေလ-ပါ၊ ပြီးတော့ ကျွန်မနာမည် က ခင်လပြည့်ဝန်းလေ၊ ကျွန်မအောက်မှာ မောင်လေး တစ်ယောက် မွေးဖူးသေးတယ်၊ လသားအရွယ်နဲ့ဆုံးသွားတယ်အစ်မယဉ်ရွှေ၊ အဲဒီ မောင်လေးနာမည် က နေမင်းသူရိန်-တဲ့၊ဖေဖေက သားသမီးတွေ ကို နေလပါတဲ့နာမည် တွေ ချည်းမှည့်မယ်လို့ပြောခဲ့ဖူးတယ်၊ သားလေးကိုလည်း ကျွန်မတို့မျိုးရိုးနာမည် အတိုင်းနေလထည့်ပြီးမှည့်ချင်လို့ပါ''
''အင်း...''
မယဉ်ရွှေက စဉ်းစားလိုက်သည်။
''ကြာသပတေးနံကတော့ နေလနဲ့မဆိုင်ဘူး၊ ကြာသပတေးပ,ဖ,ဗ,ဘ,မ-ကို နေလတစ်ခုခုနဲ့ တွဲ လို့ရတာ ပဲခင်လပြည့်ဝန်းရဲ့ ၊ ဥပမာဖိုးလပြည့်ဆိုရင်ကော၊ ကြည့်စမ်း- သားလေးက လပြည့်နေ့မှာ လည်းမွေးတယ်၊ အသားလေးကို ဖြူပြီး မျက်နှာလေးက ဝိုင်းစက်နေတာပဲ၊ဖိုးလပြည့်ဆိုတဲ့နာမည် နဲ့ လိုက်ပါတယ်၊ ဟုတ်တယ်မဟုတ်လား...သားသားရေ... ဖိုးလပြည့်လေးရေ''
မယဉ်ရွှေက သူမမှည့်ပေးသည့်နာမည် ကိုခေါ်ကာ ကလေးကိုမြှူလိုက်သည်။
''ဖိုးလပြည့်ဆိုတာ ကောင်းတော့ကောင်းပါတယ်၊ အရပ်နာမည် ကြီး၊ ကျောင်းအပ်တော့ မောင်ဖိုးလပြည့်ဆို တစ်မျိုးကြီး ဖြစ်နေမှာ ပေါ့၊ကျွန်မစဉ်းစားပါဦးမယ်လေ၊ နာမည် ဆိုတာ အရေး ကြီးတယ်မဟုတ်လားအစ်မယဉ်ရွှေရယ်...''
''အေး... ဟုတ်ပါတယ်၊ နေ့နံလည်းသင့်အောင်၊ ပညတ်လည်းကောင်းအောင် တို့တွေ စဉ်းစားကြသေးတာပေါ့''
နောက်တစ်နေ့မှာ ပင်... ခင်လပြည့်ဝန်းက သူမစဉ်းစားလို့ရသော နာမည် ကို ပြောပြလေသည်။
''အစ်မယဉ်ရွှေ၊ မိုးမြင့်သော်တာ... ဆိုတဲ့နာမည် လေးကမလှဘူးလားဟင်... သော်တာဆိုတာ... လမင်းကိုပြောတာပဲမဟုတ်လား၊မိုးပေါ်မှာ သာနေတဲ့လမင်းကြီးပေါ့... အစ်မယဉ်ရွှေရယ်''
''အေး... ကောင်းသားပဲ၊ မိုးမြင့်သော်တာ... မိုးမြင့်သော်တာ''
မယဉ်ရွှေက ခင်လပြည့်ဝန်းရှာတွေ့ ထားသည့်နာမည် လေးကိုရွတ်ကြည့်ရင်း ပြောလိုက်သည်။
သည်လိုနှင့်... သားလေးနာမည် ကို မိုးမြင့်သော်တာဟု မှည့်ခေါ်ခဲ့ကြခြင်း ဖြစ်ပါသည်။
+ + + + +
မိုးမြင့်သော်တာလေး လေးလသားအရွယ်တွင် ဒေါ်ချောစုရောက်လာပြန်သည်။ ဒီတစ်ခါတော့... ခင်လပြည့်ဝန်းကို အပြီးပြန်လာခေါ်ခြင်း ဖြစ်ပါသည်။
ရန်ကုန်မှ ခင်လပြည့်ဝန်း၏ မိဘများ က...
''ခင်လပြည့်ဝန်းကို ပြန်ခေါ်ခဲ့ရန်... ကလေးကို သင့်တော် ရာလူအား မွေးစားဖို့ ပေးခဲ့ရန်''
...ဆိုသည့်အမှာ စကားက ဒေါ်ချောစုနှင့်အတူ ပါလာခဲ့လေသည်။
''အဲဒီ တော့... ဒီကလေးကို ဘယ်သူမွေးစားမလဲ၊ မွေးစားမယ့်လူ ရှာပေးပါဦးအဒေါ်ရယ်၊ ခင်လပြည့်ဝန်းကတော့ ကျောင်းဆက်တက်ရမှာ လေ၊ ကလေးကိုဘယ်နည်းနဲ့မှခေါ်သွားလို့မ ဖြစ်ဘူး''
ဒေါ်ချောစုက ခင်လပြည့်ဝန်းမိဘများ မှာ ကြားလိုက်သည့်အတိုင်းစီစဉ်နေတော့သည်။ ခင်လပြည့်ဝန်းရဲ့ ခံစားချက်နဲ့ ကလေးအပေါ်ထားတဲ့မေတ္တာတွေ ကို ထည့်မတွက်တော့ချေ။
ခင်လပြည့်ဝန်းမှာ တော့ သားလေးနှင့်ခွဲရမည့် အရေး တွေးကာမျက်ရည်နှင့်မျက်ခွက် ဖြစ်နေတော့သည်။
''တို့တောရွာမှာ ကိုယ့်သားသမီးမဟုတ်တဲ့ကလေး တစ်ယောက် ကိုမွေးစားမယ့်လူတော့အရှားသားအေ့၊ မွေးမယ့်လူရှိလည်း ကလေးဆင်းဆင်းရဲရဲနဲ့ ကြီးပြင်းရလိမ့်မယ်၊ အဲဒါတစ်ခုလည်း ညီးတို့စဉ်းစားကြဦး''
''တစ်သက်လုံး ပစ်ထားခဲ့မှာ မဟုတ်ပါဘူးအဒေါ်ရယ်၊ တစ်နေ့ပြန်လာခေါ်မှာ ပေါ့၊ လောလောဆယ်မှာ ခင်လပြည့်ဝန်း ကလေးတစ်ယောက် မွေးခဲ့တာ လူအသိခံလို့ကို မ ဖြစ်လို့ပါ၊ ကျွန်မလည်း သူ့မိဘတွေ မှာ တဲ့အတိုင်း လုပ်ရတာ လေ၊ ကျေးဇူးရှင်တွေ ဆိုတော့ သူတို့စကားလွန်ဆန်လို့လည်း မ ဖြစ်ဘူး''
''အမေရယ် သူတို့ကလေးကို မထားမ ဖြစ်ထားခဲ့မှာ ဆိုရင်လည်းတခြားလူတော့ မပေးချင်ဘူးအမေ၊ မပေးနိုင်ဘူး၊ ကျွန်မတို့ပဲမွေးထားမှာ ပေါ့၊နော်... အမေ''
မယဉ်ရွှေက မိခင်ဒေါ်အေးစိန်ကိုပြောလိုက်သည်။
''ယဉ်ရွှေ... ညီးအပျိုလေးနော်၊ ကလေး တစ်ယောက် တာဝန်နည်း... မှတ်လို့လား''
''အမေခွင့်ပြုရင် မွေးပါရစေ၊ ဒီကလေး... ကျွန်မကိုယ်တိုင်မွေးပေးထားတဲ့သားလေးမို့ပါ၊ သူများ ပေးပစ်မှာ မကြည့်ရက်ပါဘူးအမေရယ်၊ကျွန်မအပျိုပေမယ့် ကလေးမွေးစားတော့ ဘာ ဖြစ်တုံး၊ ကျွန်မမွေးတဲ့ကလေးမဟုတ်မှန်း တစ်ရွာလုံးသိနေတာပဲ''
''ညီးအိမ်ထောင်ရက်သားပြုမယ်ဆိုတော့ ကလေးကြီးတစ်ဖက်နဲ့မိန်းမဆိုရင် ညီးယူမယ့်လူက ငြိုငြင်မှာ ပေါ့သမီးရယ်''
''အို... ယောကျာ်းမယူရ ဘာအရေး တုံး၊ ခုလည်း ရည်းစားသနာရှိနေတာမှမဟုတ်တာ၊ အမေကလည်း...''
''ကာယကံရှင် မိန်းကလေးသဘောကရော...''
ဒေါ်ချောစုနှင့် မယဉ်ရွှေတို့သားအမိသာ ကလေးအတွက် ပြောဆိုစီစဉ်နေကြသည်။ အမေရင်း တစ်ယောက် လုံးရဲ့ ဆန္ဒကိုတော့ ဘယ်သူကမှမမေးမိကြပါ။ အဓိကအမေရင်း ဖြစ်သော ခင်လပြည့်ဝန်းကသူတို့ပြောသော စကားများ ကို နားထောင်ရင်း ကြိတ်ငိုနေရှာသည်။ဒေါ်အေးစိန်က မေးလိုက်မှသာ ခင်လပြည့်ဝန်း ခေါင်းမော်လာ၏ ။
''ကျွန်မ... ကျွန်မ... ဘာပြောရမှန်း မသိတော့ပါဘူး၊ သားလေးနဲ့ မခွဲနိုင်ဘူး၊ အဲဒါပဲသိတယ်''
''ခင်လပြည့်ဝန်းရယ်... ဒါကတော့ မ ဖြစ်နိုင်လွန်းလို့ပါအေ၊ပြီးတော့... တို့က ကလေးကို တစ်သက်လုံးသူများ ပေးထားခဲ့မှာ မဟုတ်ဘူးလေ၊ ခင်လပြည့်ဝန်း ဆရာဝန် ဖြစ်ပြီး ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်နိုင်တော့ ပြန်လာခေါ်မှာ ပေါ့၊ မသကာ ငါးနှစ် ခြောက်နှစ် လောက်ပါပဲအေ...''
ဒေါ်ချောစုက ချော့မော့၍ ဝင်ပြောသည်။
''ဒီလိုဆိုရင်လည်း... အစ်မယဉ်ရွှေမွေးမယ်ဆိုတာကို ကျွန်မသဘောတူပါတယ်၊ အစ်မယဉ်ရွှေနဲ့ဆိုရင် ကလေးကို ကျွန်မစိတ်ချတယ်''
မယဉ်ရွှေက မိခင်ဒေါ်အေးစိန်ကိုလှမ်းကြည့်သည်။
''သြော်... ပြောဖို့မေ့နေလိုက်တာ၊ ခင်လပြည့်ဝန်းအဖေကကလေးမွေးစားမယ့်လူတွေ ကို ကလေးကိုစောင့်ရှောက်ဖို့စရိတ်အနေနဲ့ငွေတစ်သော င်းပေးလိုက်ပါသေးတယ်၊ ကလေးကို ဒီအတိုင်းပစ်ထားခဲ့မှာ မဟုတ်ပါဘူး၊ နောင်လည်း အလျဉ်းသင့်သလို ထောက်ပံ့ပါမယ်တဲ့''
ဒေါ်ချောစု ပြောလိုက်သော စကားက... ကလေးမွေးစားရန်ချီတုံချတုံ ဖြစ်နေသော ဒေါ်အေးစိန်စိတ်ကို ယတိပြတ်ဆုံး ဖြစ်စေဖို့တွန်းအားပေးလိုက်လေသည်။
xxxxx
![]() တမလွန်ကပြန်ခဲ့တယ် | ![]() နေနဲ့လကို ချည်တဲ့ကြိုး | ![]() သည်းခြေပျက်တဲ့လ |