Cover

မိုးစက်ဝိုင်

Voice Mail

Voice mail ဆိုတာ ကျွန်တော့် အတွက်တော့ ချစ်သူဆီက မှာ ကြားချက်တွေ ပါပဲ . . . .။

အခန်း (၁)

တစ်နေ့တာကို ဖြတ်သန်းဖို့အတွက် ကျွန်တော့် ရဲ့ အိပ်ရာထချိန် ဆိုတာ တခြားလူတွေ နဲ့ မတူဘဲ ကွဲပြားခြားနား နိုင်ပါသည်။

ဟုတ်တယ်လေ။ ကျွန်တော် က ညနေသုံးနာရီလောက်မှာ အိပ်ရာထ ဖြစ်တာ ကိုး။

ဒီလိုပြောလို့ ကျွန်တော့် ကို အိပ်ပုတ်ကြီးတဲ့ကောင်၊ ကာလနဂါး၊တစ်ညလုံး မအိပ်ဘဲ ဂိမ်းတော့ါ၊ အွန်လှိုင်းတက်နေတဲ့ ကောင်လို့တော့ မထင်လိုက်ကြပါနဲ့။

ကျွန်တော် က ညဘက် အလုပ်လုပ်ရတဲ့ သူမို့ပါ။

ထပ်ပြောရရင် ကျွန်တော် က ညဘက်တွေ မှာ ဖွင့်တဲ့ Night Club တစ်ခုမှာ အလုပ်လုပ်တာ။

တာဝန်က ဝိတ်တာဟက်ဒ်။ စားပွဲထိုးခေါင်းပဲ ဆိုပါတော့။

အဲဒီ မှာ လုပ်နေတာက နှစ် နှစ် လောက်တော့ ရှိပါပြီ၊ အချိန်တွေ ပေါ့များ သလောက် အလုပ်အကိုင် ရှားပါးလွန်တဲ့ ဒီခေတ်၊ ဒီနိုင်ငံမှာ အလုပ်ကို သိပ်ရွေးနေလို့ မ ဖြစ်ဘူးမဟုတ်လား။

ထားပါတော့ . . . ။

ခုလိုပြောနေရတာ လည်း ကျွန်တော် အိပ်ရာထနောက်ကျရတဲ့ အကြောင်းကို အသိပေးတာပါ။

ခု ကျွန်တော် အိပ်ရာကထတော့ ညနေသုံးနာရီခွဲ။ နောက်ထပ်နှစ် နာရီခွဲပြီး လို့ ခြောက်နာရီဆိုရင် ကျွန်တော် အလုပ်ဝင်ရပြီ။

ဒါပေမဲ့ . . .အဲဒီ နှစ် နာရီခွဲဆိုတဲ့ အချိန်လေးဟာ ကျွန်တော့်အတွက် တစ်နေ့တာမှာ တန်ဖိုးရှိရှိနဲ့ ပျော်ရွှင်ကြည်နူး ရတဲ့အချိန်ပိုင်းလေးပါ။

ဘာ ဖြစ်လိုလဲတော့ အဲဒီ အချိန်လေးမှာ မှ ကျွန်တော့် ချစ်သူသွန်းသနဲ့ တွေ့ ခွင့် ရတာ လေ။

ခုလည်းအဲဒီ အတွေးလေးနဲ့ ကျွန်တော် အိပ်ရာက လူးလဲထလိုက်တယ်။

ကျွန်တော် က ဒီတိုက်ခန်းလေးမှာ တစ်ယောက် တည်း နေတာဆိုတော့ ကျွန်တော့ဝေယျာဝစ္စတွေ လုပ်ပေးမယ့် လူလည်း မရှိဘူး။

မိဘတွေ ကလည်း နယ်မှာ လေ။ ကျွန်တော် ရန်ကုန်မှာ နေချင်လွန်း လို့သော မိဘတွေ က တိုက်ခန်းဝယ် ပေးထားတာ။

ဒီတော့ ကိုယ့်အသုံးစရိတ်အတွက် ထပ်ပြီး မပူပကပ်ချင်တော့ဘူး။ ဒါကြောင့် ရတဲ့အလုပ်ကို ဝင်လုပ် ဖြစ်နေတာပေါ့။

အိပ်ရာထဲက ထလိုက်ရင်း ပထမဆုံး သတိရလိုက်မိတာက ကျွန်တော့် တိုက်ခန်းမှာ တပ်ဆင်ထားတဲ့ ကြိုးဖုန်းရဲ့ ဘေးက Voice mail Boxလေးပဲ။

အနားသွားကြည့် လိုက်တော့ Voice mail ဝင်နေတယ်ဆိုတဲ့ အကြောင်း နီနေတဲ့ LED မီးလေးက ပြနေတယ်။

ကျွန်တော် ပြုံးလိုက်တယ်။ ဒီ mailဟာ သွန်းသဆီက မဟုတ်ရင် ကျွန်တော့် လည်ပင်းကို လာဖြတ်လို့ ရဲရဲကြီးလောင်း ရဲပါတယ်။

Voice mail ကိုဖွင့်နားထောင်လိုက်တော့ ကျွန်တော့် ရဲ့ ကမ္ဘာဦး ဂီတသံလေးက ညွှတ်ပျောင်း သာယာစွာ လွင့်ပျံ့လာလေရဲ့ ။

“မောင် . . . အိပ်ရာက နိုးပြီလား၊ နိုးရင် သွန်းသပြောတာ နားထောင်နော်၊ ရေတစ်ခွက် အရင်သောက်လိုက်၊ ခဏနေမှ ရေချိုးနော်၊ အိပ်ရာက နိုးနိုးချင်း စီးကရက်လည်း သောက်မနေနဲ့ဦး”

အဲဒီ အသံကြောင့် စီးကရက်ဘူးဆီ လက်လှမ်းနေတဲ့ ကျွန်တော့် လက်ဟာ ရပ်သွားရတယ်။

“ရေသောက်ပြီး ခဏနေမှ ရေချိုးနော်၊ စိတ်ကြည်လင်သွားအောင် ခပ်ကြာကြာ စိမ်ချိုးလိုက်၊ အဲ . . . . အကြာကြီးလည်း ချိုးမနေနဲ့ဦး၊ ဖျားနေဦးမယ်၊ မောင် အားလုံးပြီး သွားပြီဆိုရင် ထိုင်နေကျ၊ ဆိုင်လေးကို လာခဲ့လိုက်၊ သွန်းသ စောင့်နေမယ်”

တကယ်တော့ ဒီစကားသံလေးဟာ တခြားသူတွေ အတွက် ထူးထူးခြားခြား မဟုတ်နိုင်ပေမယ့် ကျွန်တော့် အတွက်တော့ ချစ်သူရဲ့ မှာ ကြား ချက်တွေ ပါ။

ကျွန်တော် တန်ဖိုးထားရတဲ့ ပညတ်တော် တွေ ပါ။

ပြီးတော့ ချစ်သူရဲ့ ကျွန်တော့် အပေါ် တစ်ကိုယ်စာ စိုးရိမ်မှု တွေ လည်း ဖြစ်သေးရဲ့ ။

ကျွန်တော် အားလုံးပြင်ဆင်ပြီး ချိန်တော့ ကျောပိုးအိတ်ကို လွယ်ပြီး တိုက်ခန်းလေးထဲက ထွက်လာခဲ့တယ်။

ပြီး . . . တက်စီးတစ်စီးငှားပြီး တွေ့ နေကျ ဆိုင်လေးဆီ ဆက်သွားလိုက်တယ်။

စောင့်နေမယ့် ချစ်သူကို ကျွန်တော် လာနေပြီလို့ ပြောစရာမလိုဘူး။

ချစ်သူကလည်း အကြောင်းကြောင်းကြောင့် ကျွန်တော် မလာ ဖြစ်တော့ဘူးလို့ စိတ်ပူနေမှာ မဟုတ်ဘူး။

တစ်ရက်တာမှာ နှစ် ယောက် သား တွေ့ ခွင့်ရတဲ့ အချိန်ပိုင်းလေးကို အရမ်းတန်ဖိုး ထားကြတယ်လေ။

ထူးဆန်းနေမလားတော့ မသိဘူး။ ဒီခေတ်ဒီအခါကြီးမှာ တောင် တစ်ခုခုဆိုရင် လှမ်းပြောဖို့ ကျွန်တော့် မှာ ဟန်းဖုန်းတစ်လုံး မရှိပါဘူး။

ဒါပေမဲ့ . . . ကျွန်တော့်  သွန်းသရှိတဲ့ နေရာကို ရောက်တောမှာ ပါ။

* * * * *

အခန်း (၂)

ဆိုင်ထဲဝင်ဝင်ချင်းပဲ လှမ်းကြည့်လိုက်တော့ ထိုင်နေကျစား ပွဲဝိုင်းမှာ သွန်းသကို တွေ့ လိုက်ရတယ်။

ကျွန်တော့် ကို လှမ်းကြည့်နေတဲ့ သူ့မျက်နှာပေါ်က အပြုံးဟာ လင်းဝင်းတောက်ပလို့။ သူ့ရဲ့ ဟန်လေးဟာလည်း သွက်လက်နတ် သမီးတစ်ပါးလို မြူးထူးရွှင်လန်းလို့။

နောက်ပြီး ကျွန်တော့် အတွက် မှာ ပေးထားတဲ့ ကော်ဖီတစ်ခွက် ဟာလည်း အသင့်စောင့်နေ လို့ . . . ။ လို့ . . .။

ကျောပိုးအိတ်ကို ပခုံးက အသာချွတ်ချရင်း ဝင်ထိုင်လိုက်တော့ . . .

“မောနင်းပါ မောင်”

အပြုံးနဲ့ နှုတ်ဆက်လာတဲ့ သွန်းသစကားကြောင့် ကျွန်တော် က အရယ်တစ်ဝက်နဲ့ . . .

“ဘာမောနင်းလဲ ခွေးမလေးရဲ့ ၊ ခုပဲ ညနေလေး နာရီထိုးတော့ မယ်”

ကျွန်တော့် အပြောကြောင့် သွန်းသက မျက်စောင်းလဲ့လဲ့လေး အရင်ထိုးတယ်။

ပြီးမှ . . .

“ဘယ်နှနာရီပဲ ထိုးထိုးလေ . . . သွန်းသအတွက်က တစ်ရက်လုံးမှာ ခုမှ မောင့်မျက်နှာကို မြင်ရတာ ကိုး၊ ဒီတော့ သွန်းသအတွက်တော့ မောနင်းပဲလေ”

“ဟုတ်ပါပြီ သွန်းသရယ် . . .မောနင်းပါ မောနင်းပါ ၊ မောနင်းဆိုတဲ့ အတိုင်း မောင် ဗိုက်ဆာလာပြီကွ”

စကားဆုံးတော့ သွန်းသက ထပ်ဆင့်မျက်စောင်းလေးနဲ့ . . .

“သိပါတယ်နော် . . . မောင်ဗိုက်ဆာနေမယ် ဆိုတာ သိလို့လည်းမှာ ထားပြီးပြီ”

ဟုတ်ပါတယ် . . .။

စကားဆုံးပြီး သိပ်မကြာဘူး။ ကျွန်တော် ကြိုက်တဲ့ နန်းပြားသုပ်တစ်ပွဲ စားပွဲပေါ် ရောက်လာပါတယ်။

သူ့ဟာ သူ အလိုအလျောက် ရောက်လာတာမျိုးတော့ မဟုတ်ဘူးပေါ့။ စားပွဲထိုးလေး လာချပေးတာပါ။

“အရင်ဆွဲလိုက်ဦးမယ်နော် သွန်းသ၊ ဗိုက်က အရမ်းဆာနေပြီ”

တိတိကျကျ ခွင့်တောင်းလိုက်ပြီးမှ နန်းပြားသုပ်ကို အားရပါးရ ဆွဲပစ်လိုက်တယ်။

ချစ်သူမျက်နှာ တစ်ချက်ကြည့်လိုက်၊ စားလိုက်နဲ့ ဘယ်လိုကုန်သွားမှန်တောင် မသိလိုက်ဘူး။

စားပြီးမှ သတိရလို့ . . .

ဟင် . . . . သွန်းသက ဘာမှမစားဘူးလား”

“အား . . . မောင်ကလည်း သွန်းသက သင်တန်းနားမှာ စားပြီပြီလေ၊ ဒီအချိန်မှာ သွန်းသအတွက် ကော်ဖီတိုင်း”

“လပ်ဖတိုင်းကော မဟုတ်ဘူးလား”

“မောင်နော်”

ရယ်ရင်း သွန်းသက ပြောတယ်။

ဟုတ်လည်း ဟုတ်ပါတယ်၊ သွန်းသနဲ့ ကျွန်တော် နဲ့က ပြောင်းပြန်လို့ ပြောရမလားပဲ။

သွန်းသက သင်တန်းတွေ တက်၊ သူပါဝင်ထားတဲ့ ပရဟိတအဖွဲ့ အစည်းအတွက် အလုပ်တွေ လုပ်နေချိန်မှာ ကျွန်တော် က အိပ်ပျော်နေတာ။

ကျွန်တော် အလုပ်လုပ်တဲ့ ညဘက်အချိန်ကျတော့ သွန်းသက အနားယူနေပြီ။

ဒါကြောင့် လည်း ဒီအချိန်ပိုင်းလေဟာ နှစ် ယောက် စလုံးအတွက် တန်ဖိုးရှိနေတာပေါ့။

ကျွန်တော် က . . .

“ကဲ ပြောပါဦး . . . ဒီနေ့ ဘယ်တွေ သွားသေးလဲ”

ထုံးစံအတိုင်းပေါ့ မောင်ရာ . . . သင်တန်းတွေ တက်တယ်၊ ဒီကပြန်ရင် အသင်း ခဏဝင်ဦး မယ်လေ၊ ဒါနဲ့မောင့်ကို အရေး ကြီးတာ တစ်ခုပြောရဦးမယ်”

“ပြောလေ . . .ဘာများ လဲ”

ပြောမလို့ ဟန်ပြင်ပြီးမှ ဘာကိုစဉ်းစားမိတယ် မသိပါဘူး။ တွေ ခနဲ ဖြစ်သွားရင်း . . .

“ဟင့်အင်း . . . သန်ဘက်ခါမှ ပြောတော့မယ်”

“အာ”

သွန်းသက အဲလိုပဲ။

တစ်ခါတစ်ခါ ဘာလေးမှန်းကို မသိဘူး။ ကိုယ့်ချစ်သူမှန်းတော့ သိပါတယ်။

ကျွန်တော် ဆိုလိုတာက သွန်းသရဲ့ လျှို့ဝှက်တတ်တဲ့ အကျင့်ကို ပြောတာ။

ယုံမလားတော့ မသိဘူး။ သွန်းသနဲ့ ကျွန်တော် ချစ်သူတွေ ဖြစ်တာ တစ်နှစ် ပြည့်တော့မယ်။

သူ့နာမည် ဟာ သွန်းသ။ နယ်က လာတယ်။

ဒီမှာ သူငယ်ချင်း တစ်ယောက် နဲ့အတူ တိုက်ခန်းငှားပြီး သင်တန်းတွေ တက်နေတယ်။

ဒီလောက်ပဲ ကျွန်တော် သိထားတာ။ သူ့သူငယ်ချင်း ဆိုတာတောင် ကျွန်တော် မသိ၊ မမြင်ဖူးဘူး။

စ ကတော့ ကျွန်တော် လည်း နည်းနည်း ပါးပါး စပ်စုကြည့်ပါသေးတယ်။ သွန်းသက အချိန်ကျရင် အားလုံးသိရမှာ ပေါ့လို့ ပြောတာနဲ့ ထပ်မမေးမိတော့ဘူး။

သူနဲ့ပတ်သက်ပြီး ကျွန်တော် ထပ်သိထားတာက သူနေတဲ့ တိုက်ခန်းပဲ။ မြို့ထဲနဲ့ သိပ်မဝေးတဲ့ သုံးလွှာတိုက်ခန်းမှာ သွန်းသနေတယ်။

ဒါတောင် တိုက်ခန်းရှေ့ တံခါးအထိ လိုက်ပို့ဖူးလို့ သိတာ။ အခန်းထဲတောင် ရောက်ဖူးတာ မဟုတ်ဘူး။

အဲ . . .သွန်း ကတော့ ကျွန်တော့် အခန်းကို ရောက်ဖူးပါတယ်။

အကြိမ်ကြိမ် . . .။ နှစ် ယောက် တည်း . . .။ လွတ်လပ်နွေးထွေးစွာ . . . . ။အဲဒီ ဝပ်ကျင်းလေးထဲမှာ ဝင်သက်ထွက်သက် တိုးလျှိုးပေါက် အစီအစဉ် တကျ . . .။ ဖွဖွ . . .။

သက်ပြင်းချရင်းက ကျွန်တော် ထပ်မေးမိတယ်။

“သွန်းသရယ် . . .အရေး ကြီးတဲ့ စကားဆိုပြီး ခု ဘာလို့မပြောတာလဲ”

သွန်းသက မပွင့်တပွင့်လေး အရင်ရယ်တယ်။ ပြီးမှ . . .

“သြော် . . .မောင်ကလည်း သန်ဘက်ခါက မောင့်မွေးနေ့လေ၊ အဲဒါကြောင့် ရက်ရွှေ့လိုက်တာ”

သေစမ်း . . . ။

သွန်းသပြောတော့မှပဲ ကိုယ့်မွေးနေ့ကို ကိုယ် ပြန်အမှတ်ရတော့

တိတိပပမှတ်ထားတဲ့ သွန်းသကို ကြည်ကြည်နူးနူး ကြည့်လိုက်ရင်း . . .

“ကြည့်စမ်း . . . သွန်းသက မောင့်မွေးနေ့ကို မှတ်ထားသားပဲ၊ အင်း . . . အဲဒီ တော့ မွေးနေ့လက်ဆောင် တောင်းရမယ်၊ မောင့်ကို ဘာပေးမှာ လဲ ပြော”

သွန်းသ တစ်ချက်ငြိမ်သွား တယ်။ ပြီးမှ ကျွန်တော့် ကို စေ့စေ့ကြည့်ရင်း . . .

“သွန်းသက မောင်မတောင်းဘဲ အားလုံးပေးထားပြီး သားပါ၊ ဒီတော့ မောင့်မွေးနေ့မှာ မောင်က သွန်းသကို ပြန်ပေးရမယ်”

ကျွန်တော် မျက်ခုံးပင့်လိုက်တယ်။

“ဟုတ်ပါပြီ ဒါဆိုလည်း ပြော . . .သွန်းသမောင့်ဆီက ဘာလိုချင်လဲ ”

သွန်းသရဲ့ စကားသံဟာ လှိုက်လှိုက်မောမောလေး ထွက်လာပါတယ်။

“အဲဒီ နေ့ကျရင် မောင်နဲ့ တစ်ရက်လုံး အတူရှိ နေချင်တယ်”

အိုး . . .ခွေးမလေးရယ်၊ ကျွန်တော့် မှာ ချစ်လိုက်ရတာ ။

* * * * *

အခန်း (၃)

ကျွန်တော့်  အလုပ် ကတော့ သိတဲ့အတိုင်းပဲ။ လူပေါင်းစုံ အလွှာပေါင်းစုံ မူးရူး မြူးထူး ပျော်ပါးဖို့လာတဲ့နေရာ ဆိုတော့ အတော် လေး သည်းခံ ရတာ တွေ လည်း ရှိတယ်။

မီးရောင် စုံ၊ လူရောင် စုံနဲ့ ဆူညံလွင့်ပျံနေတဲ့ ဂီတသံတွေ ကြား အရယ်အမော တွေ လည်း ရှိရဲ့ ။

အထိအတွေ့ တွေ လည်း ရှိရဲ့ ။ အပွေ့အဖက်တွေ လည်း ရှိရဲ့ ။

အကြည့်စူးစူးနဲ့ စကားလုံး ရှရှတွေ လည်း ရှိရဲ့ ။

နောက်ပြီး . . . . ရှိရဲ့ . . .ရှိရဲ့ ။

ရိုးရှင်းတဲ့ လွတ်လပ်မှု အတွက် လာတဲ့လူတွေ လည်း ရှိမှာ ပါ။ ကျွန်တော် လူတွေ ကို ခွဲခြမ်းစိတ်ဖြာ ချင်တဲ့စိတ်တော့ မရှိပါဘူး။

ဒီနေရာမှာ လုပ်တာ ကြာပြီဆိုတော့လည်း ရိုးနေပါပြီ။ ကိုယ်ကသာ ကိုယ့်အလုပ်ကို အာရုံတစ်ခုတည်း ထားပြီး လုပ်နေပေမယ့်လည်း လာလာပြီး ပတ်သက်နေတာတွေ ရှိသေးတယ်။

တခြားတော့ မဟုတ်ပါဘူး။ Club ကို တစ်ပတ်မှာ သုံးလရက်လောက် လာတတ်တဲ့ ဘရဏီဆိုတဲ့ ကောင်မလေးပါ။

ခေတ်စကားနဲ့ ပြောရရင်တော့ ဒင်းကလေးက အလန်းစား၊ အမိုက်စား၊ အကဲစားလေးပေါ့။

ငွေကိုလည်း ရေလိုဖြုန်းနိုင်ပုံထောက်ရင် သူ့မိဘတွေ က သားသမီး ကိုတောင် ဂရုစိုက်ဖို့ မအားအောင် ပိုက်ဆံရှာတဲ့ အလုပ်လုပ်နေကြတဲ့ ဘာဆိုလားတွေ လားပဲ။

သူ့သူငယ်ချင်းတွေ နဲ့ Club လာတိုင်းလည်း သူကပဲ အကုန်အကျခံတာ များ တယ်။

ထားပါတော့ . . .။

အဲဒါ ကတော့ သူ့ကိစ္စပါ။ ခက်တာက ကျွန်တော့် ကို အဲကောင်မလေး လာလာအီနေတဲ့ ကိစ္စပဲ။

ထပ်ပြောရရင် အဲဒီ လို ဖြစ်လာအောင် လုပ်လိုက်တဲ့ကောင်က အောင်ထိုး။ ကျွန်တော့် လက် အောက်က ဝိတ်တာပေါ့။

ဒီကောင်က အတော့်ကို လည်လည်ဝယ်ဝယ် ရှိတယ်။ Club သုံးလေးခုလောက်မှာ လုပ်ဖူးတော့ Club ပါလည်း ဝနေပြီ

ဘရဏီနဲ့ကိစ္စ ကလည်း အဲဒီ ကောင်ပဲ စတာ။

အဲဒီ တုန်းက . . .

ကျွန်တော် နားနေခန်းထဲမှာ ခဏနားနေတုန်း အောင်တိုး ဝင်လာတယ်။

အနားရောက်တော့ ကျွန်တော့် ကို မချိုမချဉ် အပြုံးနဲ့ကြည့်ပြီး . . .

“ကိုဥက္ကာ . . .ခင်ဗျားအတွက် ကျွန်တော် ခွင်တစ်ခွင် ဖန်တီးခဲ့ တယ်ဗျ၊ သွားသာ ဆွဲစိလိုက်တော့”

ရုတ်တရက် ဆိုတော့ ကျွန်တော် လည်း ကြောင်သွားတယ်။ သေသေချာချာ မေးကြည့်တော့မှ . . .

“ဘရဏီဆိုတဲ့ ကောင်းမလေး ဗျာ၊ လန်းရုံတင် မဟုတ်ဘူး။ ငလျှံမလေးနော်၊ခင်ဗျား အကြောင်း ကျွန်တော့် ကို မေးနေတာ ကြာပြီဗျ၊ ဒီညတော့ သူနဲ့ လာထိုင်ဖို့ ဖိတ်လိုက်တယ်”

“ဟာ . . . မဟုတ်တာ၊ မသွားချင်ပါဘူး၊ ရှုပ်ရှုပ်ယှက်ယှက်ကွာ၊ ပြီးတော့ . . . ငါတို့ ဝန်ထမ်းတွေ က ကာစတန်မာနဲ့အတူ ထိုင်လို့မရဘူလေ”

စကားဆုံးတော့ အောင်တိုးက ရယ်တယ်။

“အဲဒီ အတွက်တော့ ဘာမှမပူနဲ့ဗျ၊ ကောင်မလေးက ဘာဂလောင်ရဲ့ သမီးလဲတော့ မသိဘူး။ အဲဒီ စည်းကို ကျွန်တော် ပြောပြလိုက်တော့ သူက ချက်ချင်း ပဲ ဂျာကြီးကို သွားပြောတာ”

“ဟေး”

“ဟုတ်တယ် . . . သူလည်း သွားပြောပြီးရော ဂျာကြီးက ကျွန်တော့် ကို ချက်ချင်း ခေါ်ပြီး ဥက္ကာကို အဲ့ကောင်မလေး တို့ဝိုင်းကို သွားပြီးဧည့်ခံ လိုက်လို့ ပြောလိုက်တဲ့၊ ဒါပဲဗျာ”

“ဟာ”

ကျွန်တော် ခေါင်းတဗျင်းဗျင်း ကုတ်လိုက်မိတယ်။ ဒီနေရာ၊ ဒီလိုအချိန်မှာ အဲလိုကောင်မလေး တစ်ယောက် နဲ့ ကျွန်တော် အတူရှိမနေချင်တာ အမှန်။

စိတ်ထဲမှာ သွန်းသကလွဲပြီး ဘယ်မိန်းကလေးနဲ မှလည်း ပတ်သက်စကားပြောချင်စိတ် မရှိဘူး။

ဒါပေမဲ့ . . . ဂျာကြီးက သွားဆိုတော့လည်း ကျွန်တော့် မှာ သွားရတော့တယ်။

အဲဒီ ဝိုင်းနားရောက်တော့ ဘရဏီကို သူ့သူငယ်ချင်း ကောင်းမလေး နှစ် ယောက် နဲ့အတူ တွေ့ လိုက်ရတယ်။ ရှေ့စားပွဲပေါ်မှာ လည်း ဝိုင်နီနှစ် ပုလင်းက အခွံ ဖြစ်နေပြီ။

ကျွန်တော် က သူတို့စားပွဲရှေ့မှာ ရပ်ပြီး . . .

“ကျွန်တော် ရောက်ပြီခင်ဗျာ ”

ပုံမှန်လေသံနဲ့ ပြောလိုက်တော့ ဘရဏီက ဆတ်ခနဲ ခပ်စူးစူး ကြည့်တယ်။

ပြီး . . .

ထရပ်လာတာလည်း ကျွန်တော် နဲ့ မျက်နှာချင်း ထိလုမတတ်ပဲ။

တချို့အထိအတွေ့ နဲ့ အကောင်းစားရေမွှေးရနံ့က သာမန်ယောကျာ်း တစ်ယောက် ကို ရင်ဖိုစေနိုင်တယ်။

သူက ကျွန်တော့် ရဲ့ နား,နားကို ကပ်ပြီး . . .

“ဘာ ဖြစ်လို့ အဲလိုတောင့်တောင့်ကြီး ရပ်နေတာလဲ၊ယူ့ကိုခေါ်တာက အဲလိုရပ်နေဖို့ မဟုတ်ဘူးလေ မစ္စတာဥက္ကာရဲ့ ”

အရောင် တွေ ပါနေတဲ့ လေသံကြောင့် ကျွန်တော် ဆတ်ခနဲ ဖြစ်သွားရတယ်။

ဒါပေမဲ့ . . .ဟန်လုပ်ရင်း . . .

“ဒါဆိုရင် . . .ကျွန်တော် က ဘာလုပ်ပေးရမလဲ”

စကားအဆုံးမှာ ဘရဏီက သူ့သူငယ်ချင်း တွေ ဘက် လှည့်လိုက်ပြီး . . .

“ဟဲ့ . . .ပြန်မေးနေတယ် ၊ ဘာလုပ်ပေးရမလဲတဲ့”

နှစ် ယောက် စလုံး ရယ်ကြတယ်၊ ပြီး . . . တစ်ယောက် က . . .

“ဘရဏီရယ် . . . နင်ပဲ ခုနက အဲဒီ ခပ်ဖြောင့်ဖြောင့် တစ်ယောက် နဲ့ ဘာလုပ်ချင်တယ်ဆို”

ပြောရင်း ရယ်ကြပြန်တယ်။ ဘရဏီက ကျွန်တော့် ကို ပြန်ကြည့်လာပြီး . . .

“ကဲ မစ္စတာဥက္ကာ . . . ဘရဏီအတွက် ဝိုင်နီတစ်ပုလင်းလောက် အရင်ယူလာပေးပါ”

ကျွန်တော် ချာခနဲ လှည့်ထွက်လာခဲ့တယ်။ သူတို့ သောက်နေကျ ဝိုင်နီတစ်ပုလင်း သွားယူလိုက်တယ်။

ကျွန်တော် ဝိုင်းနားပြန်ရောက်တော့ တခြားနှစ် ယောက် မရှိတော့ဘူး။ ဘရဏီ တစ်ယောက် တည်းပဲ ကျန်တော့တယ်။

ဘရဏီက . . .

“ကိုဥက္ကာ ထိုင်လေ၊ ဘရဏီနဲ့ ဝိုင်အထူထူ သောက်ရအောင်၊ ငြင်းလို့ မရဘူးနော်၊ နှစ် ခွက် ငှဲ့လိုက်”

ကျွန်တော့် မှာ ငြင်းချင်စိတ် ရှိပေမယ့် ဂျာကြီးပြောထားလို့ ဘာမှ ပြန်ပြောမနေတော့ဘူး။

အချိန်ပိုင်း ကျွန် တစ်ယောက် လို သူ့အလိုကျ နေပေးလိုက်ပါတယ်။

အဲဒီ နေ့ကစပြီး ဘရဏီဟာ Club လာတိုင်း ကျွန်တော့် ကို ခေါ်ခေါ်ပြီး စကားပြောတော့ တာပဲ။

တစ်ခါတုန်းကဆို သူ အတော် မူးသွားလို့ ကားမောင်းပြီး တောင်သူ့အိမ် လိုက်ပို့ဖူးတယ်။

ဒါကလည်း ဂျာကြီးက ခိုင်းလို့ပါ။

ဒီနေ့လည်း ကျွန်တော် Club ရောက်တော့ ရောက်ရှိကြောင်း လက်မှတ်ထိုးဖို့ ရုံးခန်းထဲ ဝင်သွားလိုက်တယ်။

လက်မှတ်ထိုး နေချိန်မှာ ပဲ ဂျာကြီးက . . .

“ဥက္ကာ . . . မင်းယူနီဖောင်း မလဲနဲ့ဦး . . .မင်းကို ဘရဏီ စောင့်နေတယ်”

“ဗျာ”

ဂျာကြီးကို လှမ်းကြည့်လိုက်တော့ ဂျာကြီးက မေးငေါ့ပြတယ်။ အဲဒီ နေရာ ကြည့်လိုက်တော့ ပခုံးတွန့်ပြတဲ့ ဘရဏီကို တွေ့ လိုက်ရလေရဲ့ ။

ကျွန်တော် သူ့အနား သွားလိုက်ပြီ . . .

“ဘရဏီ . . .ဘာကိစ္စများ ရှိလို့လဲ ၊ ကျွန်တော် က အလုပ်ဝင်ရဦးမှာ ”

စကားအဆုံးမှာ ဘရဏီက ခပ်းအေးအေးပဲ . . .

“ဘရဏီ . . .ဂျာကြီးကို ပြောပြီးပါပြီ၊ ဒီနေ့ ဘရဏီ သိပ်မကဲချင်ဘူး။ အဲဒါကြောင့် ဥက္ကာရဲနဲ့ တစ်နေရာရာမှာ ညစာ သွားစားမလားလို့”

ကျွန်တော် ဂျာကြီးကို လှမ်းကြည့်လိုက်တယ်။ ဂျာကြီးကလိုက်သွားဆိုတဲ့ အမူအရာနဲ့ မေးဆတ်ပြတယ်။

ဘရဏီကို ပြန်ကြည့်လိုက်တော့ သူက ကားသော့ ကို ကျွန်တော့် ဆီ ပစ်ပေးလာပါတယ်။

ဒီလိုနဲ့ . . . .။

* * * * *


ဝန်ဇင်းချစ်သူများ မိုးစက်ဝိုင် ၏ “ Voice Mail ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


လေဒီစာအုပ်ကြီး

ကတ္တီပါထောင်ချောက်

အနမ်းဂိမ်း