Cover

ဟဲ့

သတိ

ဤဝတ္ထုထဲတွင် ဥပဒေကို ချိုးဖောက်သည်ဟု ယူဆရသော ဇာတ်လမ်းဇာတ်ကွက်များ ပါဝင်ပါသည်။

* * *



အခန်း (၁)

တကယ်တော့ ဒီ ဖြစ်စဉ်နှစ် ခုဟာ တိုက်ဆိုင်ပတ်သက်စရာအကြောင်း တစ်ခုမှကို မရှိဘူး။

အဲဒီ နေ့က မနက်စောစောရောက်သွားတော့ လမ်းကြုံတာနဲ့ နိုင်ငံတော် ဖားကြီးဆီသို့ မနက် စောစောရောက်သွားတယ်။ နိုင်ငံတော် ဖားကြီးဆိုတာက ကျွန်တော် နဲ့ ကျောင်းအတူတက်ခဲ့တဲ့ သူ ငယ်ချင်း။ ဒီအကောင့်နာမည် ရင်း ဇော်မောင်။ ဒါပေမဲ့ … သူ့ကို ဘယ်သူမှ နာမည် ရင်းမခေါ်ကြဘူး။ နိုင်ငံတော် မှာ … နိုင်ငံတော် မှာ နဲ့ ချီချီပြီးပြောလွန်းလို့ နိုင်ငံတော် ကို ဖားတဲ့နိုင်ငံတော် ဖားကြီးလို့ နာ မည် တွင် ခဲ့တာ။ ခုတောင် နိုင်ငံတော် ဖားကြီးက သူ့အလုပ်ကိစ္စနဲ့ နေပြည်တော် ကို ခဏခဏရောက် လို့ သူ့ကို နေပြည်တော် ဖားကြီးလို့ ခေါ်ပါလားဆိုပြီး အဆိုတင်သွင်းသေးတယ်။ မင်း မေတ္တာစူးချင် လို့လားလို့ ပြန်ပြောလိုက်မှ ဒီကောင် ငြိမ်သွားတာ။ ကျွန်တော့် မှာ နိုင်ငံတော် ဖားကြီးအပြင် ရတနာ သိန်းထိုက်အောင်ဆိုတဲ့ ဘော်ဒါ တစ်ယောက် ရှိသေးတယ်။ အဲဒီ ကောင် ကတော့ ကုမ္ပဏီတစ်ခုမှာ အလုပ်ဝင်နေလို့ ကျွန်တော် နဲ့ ဖားကြီးတို့လို အားယားနေတဲ့ကောင်တွေ နဲ့ သိပ်မဆုံ ဖြစ်ဘူး။ ကဲ … အဲဒီ အကြောင်းကို ထားဦး။

စကားပြန်ကောက်ရရင် အဲဒီ နေ့မနက်က ကိုယ်ထမင်းကိုယ်စားပြီး ကျွန်တော် ဖားကြီးဆီ ကိုရောက်သွားတယ်။ ရောက်ပြန်တော့ ဖားကြီးက အိမ်ထဲအဝင်မခံဘူး။ ကျွန်တော့် ကို အိမ်အဝမှာ နေပြီး လက်ဖက်ရည်ဆိုင်သွားရအောင်ဆိုပြီး လှမ်းပြောတယ်။ သွားပေါ့။ ဒါနဲ့ပဲ နှစ်ယောက် သား ရှည်လျားလွန်းတဲ့ သူတို့ရပ်ကွက်ထဲကို ဖြတ်လာခဲ့ကြတယ်။

လမ်းလျှောက်လာရင်းနဲ့ ဖားကြီးက အငြိမ်မနေဘူး။ အဲ့လိုပြောလို့ လမ်းတစ်လျှောက် “က” လာတာမျိုးလည်း မဟုတ်ပြန်ဘူး။ သူ့စိတ်ထဲပေါ်လာတဲ့ အကြောင်းအရာမှန်သမျှ ကျွန်တော့် နား ထဲ တုတ်နဲ့ထိုးသလို စွတ်ပြောလာတာ။ ကြားဖူးနားဝတွေ ပေါ့။

“ဘီယာအခြောက်တဲ့ကွာ၊ မင်း ကြားဖူးလား သစ်ဦး”

လုပ်လာပြန်ပြီဆိုတဲ့ပုံစံနဲ့ ကျွန်တော် ဖားကြီးကို ကြည့်လိုက်တယ်။ ပြီး ခပ်တည်တည်ပဲ။

“မင်းကလည်းကွာ၊ ဘီယာအခြောက်ဆိုတာက ဘီယာဆိုင်တွေ မှာ ပရိုမိုးရှင်းက မိန်းက လေးပဲလုပ်တာလေ။ ယိုးဒယားမှာ တော့ မင်းပြောတဲ့ ဘီယာအခြောက် ရှိသလောက်”

စကားအဆုံးမှာ နိုင်ငံတော် ဖားကြီးက တဟားဟားရယ်လိုက်တယ်။ ရယ်သံကိုက ကျွန် တော့် ကို လှောင်ပြီးရယ်တာမျိုးပဲ။ သူတောင်းစားက။ ပြီး … ဒင်းကပဲ နှိမ်သလိုလို ပြန်ပြောလာ တယ်။

“ဒီတစ်ခါတော့ မင်းညံ့သွားပြီ သစ်ဦး။ မင်းက စာတိုပေစတွေ ဖတ်တဲ့ကောင်ဆိုတော့ “ဘီယာအခြောက်” ဆိုတာလောက်ကို သိမယ်လို့ ထင်ထားတာကွ။ မသေမချင်းမှတ်ထား သစ်ဦး။ ဘီယာခြောက်ဆိုတာ ဘီယာအ ဖြစ် လုပ်သောက်လို့ရလို့ ခေါက်ဆွဲခြောက်လို အခဲမျိုးကွ၊ သိပြီ လား”

ဘာလို့ မသိရမှာ လဲ။ ကျွန်တော် သိပါတယ်။ ဒါပေမဲ့ … အသာလေး ဆက်မှိန်းနေပြီး ပြန် မေးလိုက်တယ်။

“ဟုတ်ပါပြီ ဖားကြီးရာ။ ဒါနဲ့ ဘီယာအခြောက်ကို ဘယ်လို လုပ်ရတာ လဲ။ ပြီးတော့ … ဘီ ယာပြန် ဖြစ်အောင် ဘယ်လိုလုပ်ရတာ လဲ၊ လင်းစမ်းပါဦး”

ဖားကြီး အရယ်ရပ်သွားတယ်။ အားရနေတဲ့မျက်နှာကြီးကလည်း တည်သွားတယ်။

“ ဟာ … အဲဒီ နည်းစနစ်တွေ တော့ ဘယ်သိမှာ လဲကွ။ ဘီယာအခြောက်ရှိတယ်ဆိုတာသိ တာနဲ့တင် ဗဟုသုတ တော် တော် ကြွယ်နေပြီ။ မင်း ရပ်ကွက်ထဲ လျှောက်မေးကြည့်၊ ဘီယာအ ခြောက်ဆိုတာကို သိတဲ့လူရှိလားလို့ ”

အရေး ထဲ ဖားကြီးက ကြံဖန်ဂုဏ်ယူနေသေးတယ်။ ဝါးလုံးခေါင်းထဲ လသာချင်တဲ့ဖားကြီးပဲ။

“သြော် … အေး … ဟုတ်တာပေါ့ကွာ။ ငါတောင် ဘီယာအကြောင်း နည်းနည်း ပဲသိထား တာကွ”

ဖားကြီး ပြုံးလာပြန်တယ်။ တစ်ဆက်တည်းပဲ။

“ အဲလိုလုပ်စမ်းပါ သစ်ဦးရာ … ပြောစမ်းပါဦး။ မင်းသိထားတဲ့ ဘီယာအကြောင်းလေးကို”

မြန်မာဘီယာ၊ တိုက်ဂါးဘီယာ၊ ဒဂုံဘီယာ စသည်ဖြင့် ကျွန်တော် ရွတ်ပြလိုက်ဖို့ စဉ်းစား လိုက်ပါသေးတယ်။ လေကြောရှည်နေမှာ စိုးလို့ လိုရင်းပဲ ပြောလိုက်တယ်။

“ ငါ သိသလောက်တော့ ဘီယာကို ပထမဆုံးစသောက်တဲ့ လူမျိုး ကတော့ ဘေဘီလိုနီ ယမ်းလူမျိုးတွေ ပဲကွ။ သူတို့နိုင်ငံမှာ လွန်ခဲ့တဲ့ နှစ် ပေါင်းလေးထောင်လောက်ကစပြီး ဘီယာကို သောက်ခဲ့ကြတာလို့ ငါ စာထဲဖတ်ဖူးတယ် ”

ဖားကြီး လမ်းလျှောက်နေရင်းက မျက်လုံးနည်းနည်း ပြူးလာတယ်။ ဟုတ်လို့လားဆိုပြီး ပြန် မမေးရဲဘူး။

ကျွန်တော် ဆက်ပြောလိုက်တယ်။

“ ဒါပေမဲ့ … အင်္ဂလန်နိုင်ငံမှာ တော့ ဆယ့်ငါးရာစုနှစ် အလယ်ပိုင်းခေတ်ရောက်တဲ့အထိ ဘီယာကို ဘယ်သူမှ မသောက်ကြသေးဘူးကွ ”

“ အင်္ဂလန်မှာ ဘီယာ မပေါ်သေးလို့လား ”

“ မဟုတ်ဘူး၊ ဟော်လန်နိုင်ငံကနေ တင်ပို့လို့ ဘီယာက အင်္ဂလန်မှာ ရောက်နေပြီ။ ဒါပေမဲ့ … အင်္ဂလန်ကလူတွေ က ဘီယာဟာ ကျန်းမာရေး ကို ထိခိုက်နိုင်တယ်ဆိုပြီး မသောက်ကြတာ ”

“ ဟာကွာ … အင်္ဂလန်တွေ ကလည်း ”

ဖားကြီးက အင်္ဂလန်လူထုကြီးအတွက် မချင့်မရဲ ရေရွတ်လိုက်သေးတယ်။ သူကပဲ ဆက် ပြီး …

“ ဒါဆို အင်္ဂလန်မှာ ဘီယာက တော် တော် နဲ့ မပေါက်ဘူးပေါ့ … အဲလိုလား ”

“ ပြောမယ်လေ၊ ၁၄၃၆-ခုနှစ် အင်္ဂလန်နိုင်ငံရဲ့ ဆဋ္ဌမမြောက် ဟင်နရီဘုရင်လက်ထက်ကျ မှ ဘီယာဟာ ကျန်းမာရေး အတွက် ဆေးတစ်ပါး ဖြစ်မယ်ဆိုပြီး ဘုရင်ကိုယ်တိုင် ကြေညာချက် ထုတ်ပြန်လိုက်မှ ယုံယုံကြည်ကြည်နဲ့ စသောက်ကြတာကွ ”

ကျွန်တော့် စကားဆုံးတော့မှ ဖားကြီးဟာ တော် သေးတာပေါ့ဆိုတဲ့ပုံစံနဲ့ သက်ပြင်းချလိုက် တယ်။ ပြီး … တွေးတွေးဆဆနဲ့ ပြန်ပြောလာသေးရဲ့ ။

“ ဟာ … အဲဒါဆိုရင် နိုင်ငံတော် မှာ နိုင်ငံတော် သမ္မတက မိဘပြည်သူတွေ ကို နွားနို့ဟာ ကျန်းမာရေး နဲ့ ညီညွတ်တယ်ဆိုပြီး နွားနို့သောက်ခိုင်းတဲ့သဘောမျိုးပေါ့နော် သစ်ဦး ”

နှိုင်းယှဉ်တတ်လိုက်တာ နိုင်ငံတော် ဖားကြီးရာလို့ပဲ ကျွန်တော် အောင့်သက်သက် တွေး လိုက်မိတယ်။ အင်္ဂလန်နဲ့ ဘီယာအကြောင်းပြောနေတာကို ဒင်းက သမ္မတကြီးရဲ့ နွားနို့နဲ့ သွားချိတ် ဆက်ပစ်လိုက်တယ်။

“ အေးပါကွာ … မင်းပြောသလိုမျိုးပဲ သမ္မတရဲ့ စေတနာတွေ ပေါ့ကွာ။ ခုနက မင်းပြောတဲ့ ဘီယာအခြောက်ဆိုတာ ကတော့ စစ်ကြီးမ ဖြစ်ခင်တုန်းက ဂျာမဏီဘီယာကို အခြောက်ခံတဲ့နည်း စတီထွင်ခဲ့တာကွ။

နည်း ကတော့ ရိုးရိုးလေးပဲ။ ဘာလီစေ့တစ်မျိုးကို စွန်ပလွန်သီးပျော့ပျော့နဲ့ရောမွှေပြီး နေပူ ထဲမှာ အခြောက်လှန်းထားတာ။ အဲဒါကို ဘီယာအခြောက်လို့ခေါ်တယ်။ ခရီသွားတဲ့အခါ ယူသွား ပြီး ရေနဲ့ ဖြစ် ဖြစ် ဆော်ဒါနဲ့ ဖြစ် ဖြစ် ရောလိုက်ရင် ဘီယာ ဖြစ်သွားရောတဲ့ ”

ကျွန်တော့် စကားအဆုံးမှာ တော့ ဖားကြီးဟာ ခေါင်းတဗျင်းဗျင်းကုတ်တယ်။ လမ်းလျှောက် ရင်း လက်နှစ် ဖက်နဲ့ စုံကုတ်တာမို့ မြိုင်မြိုင်ဆိုင်ဆိုင်လည်း ရှိလှပါတယ်။ အားရပါးရ ခေါင်းကုတ်ပြီး မှ ကျွန်တော့် ကို ဟီးခနဲ ရယ်ပြလာပြီး …

“ အဟီး … မင်းကလည်း၊ သိထားတဲ့ကိစ္စကို စောစောစီးစီး ပြောပြတာမဟုတ်ဘူး ”

“ မသိဘူးလေကွာ၊ မင်းများ ရှင်းပြမလားလို့ နားထောင်ကြည့်ရသေးတာပေါ့။ ခုလို ငါရှင်းပြ လိုက်တော့ မင်းသေတဲ့အထိ မှတ်မိသွားပြီမလား ”

“ အေးပါကွာ … အေးပါ ”

ညောင်နာနာလေသံနဲ့ ပြန်ဖြေလာရင်း ဖားကြီးက နှာခေါင်းရှုံ့လိုက်သေးတယ်။ နောက်ထပ် လည်း ဘာအကြောင်းအရာကိုမှ ကျွန်တော့် ကို ဆက်မပြောလာတော့ဘူး။ ပြောဖို့ကြံစည်ထားရင် တောင်မှ ခေါင်းထဲက ထုတ်လိုက်ပုံရတယ်။

အဲဒီ လို စကားဆက်မပြော ကတော့ဘဲ ကိုယ့်ခြေထောက်နဲ့ကိုယ် လျှောက်လာကြတဲ့ ကျွန်တော် တို့နှစ် ယောက် ဟာ အသံစူးဝါးဝါးလေးတစ်ခုကြောင့် ခြေလှမ်းကိုယ်စီရပ်ပြီး လှမ်းကြည့် မိလိုက်ပါတယ်။

“ ဟဲ့ ”

လှမ်းခေါ်တာလို့ ပြောလို့ရတဲ့ အာမေဍိတ်ပြုသံလေးကြောင့် ကျွန်တော် နဲ့ဖားကြီး လှမ်း ကြည့်လိုက်မိတယ်။ မြင်လိုက်ရတာ ကတော့ ဖြူဖြူသွယ်သွယ်နဲ့ ချစ်စဖွယ် ခေတ်ပေါ်ကောင်မ လေး တစ်ယောက် ။ သူ့ရဲ့ မဟာဗလလေးနဲ့ ဆလွန်းကားတစ်စီးကို နောက်မြီးကနေ တွန်းရင်း ကျွန် တော် တို့ဆီ အသံပြုလိုက်တာပါ။

ကျွန်တော် နဲ့ဖားကြီးလည်း သူ့ခေါ်သံလေးကြောင့် တစ်ယောက် နဲ့ တစ်ယောက် အရင်ကြည့် လိုက်မိကြသေးတယ်။ ဘာလဲပေါ့။ အဲဒီ အချိန်မှာ ပဲ …

“ ဟဲ … နင်တို့ကို ခေါ်နေတာလေ။ ဒီမှာ ကားလာကူတွန်းပေးဦး။ မိန်းကလေး တစ်ယောက် ကားတွန်းနေတာ သိပ်များ ကြည့်ကောင်းနေလားမသိဘူး ”

ဒီတစ်ခါတော့ “ဒဲ့” ပြောပြီဆိုတာ နှစ် ယောက် စလုံး သိလိုက်ကြတယ်။ အသံ ကတော့ ခပ် စွာ စွာ ပဲ။ မိန်းကလေးဆိုတော့လည်း ကူညီရတာ ပေါ့ဆိုတဲ့အတွေးနဲ့။

“ ကဲ … နိုင်ငံတော် ဖားကြီးရေ … ဟိုမှာ မုန့်ဟင်းခါးစားဖို့တော့ ခေါ်နေပြီကွ၊ လာကွာ ”

ဖားကြီးက ဒီနေရာမျိုးမှာ နှစ် ခွန်းမပြောရပါဘူး။ ကျွန်တော့် နောက်က လိုက်ပါလာတယ်။

ကောင်မလေးအနားရောက်တော့ ရေမွှေးနံ့လိုလို၊ ကိုယ်သင်းနံ့လိုလို အနံ့သင်းသင်းလေး တစ်ခု ရတယ်။ သူကလေးက ကားနောက်ပိုင်းရဲ့ အလယ်တည့်တည့်က တွန်းနေတော့ ကျွန်တော် နဲ့ဖားကြီးလည်း သူကလေးရဲ့ ဘေးတစ်ဖက်တစ်ချက်စီကနေ ဝန်းရံလိုက်တယ်။

ကောင်မလေးက ကျွန်တော် တို့နှစ် ယောက် ဘက်ကို တစ်လှည့်စီကြည့်ပြီး ပြုံးပြလိုက်တယ်။ ပြီးမှ …

“ ကျေးဇူးပဲနော် … တွန်းလိုက်ရအောင် ”

ပြောပြီး သူက အရင် ဆတ်ခနဲ “စ” တွန်းလိုက်တာမို့ ကျွန်တော် တို့လည်း အလိုက်သင့် တွန်းပေးလိုက် ကြတယ်။ ကားတွန်းနေရင်းနဲ့ စဉ်းစားမိတယ်။ ကြည့်ရတာ … သူကိုယ်တိုင် တွန်း နေပုံထောက်ရင် ကားခေါင်းခန်းထဲမှာ က သူ့ထက် အသက်ကြီးတဲ့ သူ့အဖေ ဒါမှမဟုတ် အမေပဲ ဖြစ်ရမယ်။ တော် ရုံတန်ရုံမျိုး ကတော့ ကားခေါင်းခန်းထဲ အခန့်သားထိုင်ပြီး ဒီလို လှတီးလှတာ ရည်း စားကောင်မလေးကို ကားမတွန်းခိုင်းလောက်ဖူးလေ။

ကားတွန်းရင် အရှိန်လေးရလာတော့ ကျွန်တော် ကပဲ ဆော်သြလိုက်တယ်။

“ အရှိန်ရနေပြီဗျ … ကားစက်နှိုးခိုင်းလိုက်တော့လေ ”

ကျွန်တော့် အပြောကြောင့် ကောင်မလေးဟာ ကားတွန်းနေရာကနေ ဆတ်ခနဲ ရပ်လိုက် ပြီး …

“ ဟဲ့ … ဘယ်သူ့ကို ကားစက်နှိုးခိုင်းရမှာ လဲ ”

“ ဟာ … မင်းကလည်း၊ ကားထဲက လူကိုပေါ့ကွ ”

ပြောရင်းနဲ့ပဲ ကားကိုတွန်းနေရသေးတယ်။ အဲဒီ တော့မှ ကောင်မလေးက ခပ်တည်တည် ဟန်လေးနဲ့ …

“ ကားထဲမှာ ဘယ်သူမှမရှိတာကို ”

“ ဘာ ”

ရေရွတ်ရင်း ကျွန်တော် ကားတွန်းနေတာကို ရပ်လိုက်တော့ ဖားကြီးကလည်း ရပ်လိုက် တယ်။ စိတ်ထဲ မသိမသာ စိတ်တိုသွားရပြီး -

“ မင်းကွာ … ကားထဲမှာ မောင်းမယ့်သူမရှိဘဲ ကားတွန်းခိုင်းရလားကွ။ ဒီလိုသာတွန်းနေလို့ တော့ လူသေသွားတောင် ကားက စက်နိုးမှာ မဟုတ်ဘူး ”

“ အာ့ဆို .. ဘယ်လိုလုပ်ရမှာ လဲ ”

အရေး ထဲ မသိတဲ့ပုံစံလေးနဲ့ လာပြန်မေးနေသေးတယ်။ ကျွန်တော် က …

“ ဟာ … မင်းကလည်း၊ မင်း ကားမမောင်းတတ်ဘူးလား ”

“ မောင်းရုံလေးပဲ မောင်းတတ်တာ ဟဲ့ … စွတ်ကောမနေနဲ့ ”

သူကတောင် စွာ တေးလန်တဲ့ပုံစံနဲ့ ပြန်အော်လာသေးတယ်။ အဲဒီ ပုံစံကတောင် လှတီးလှ တလေး ဖြစ်နေလို့ ကျွန်တော် စိတ်လျှော့လိုက်ရင်း …

“ အဲဒါဆိုရင်လည်း မင်း ကားပေါ်တက်ပြီး စက်နှိုးပေး။ ငါတို့ဆက်တွန်းပေးမယ်။ ဟုတ်ပြီ လား ”

“ ပြီးရော ”

စူပွပွပြောပြီး ကျွန်တော် တို့အနားကနေ ကားရှေ့ဘက်ကို လျှောက်သွားလေရဲ့ ။ ကျွန်တော် နဲ့ဖားကြီးလည်း တစ်ယောက် ကို တစ်ယောက် ကြည့်ပြီး ပခုံးကိုယ်စီတွန့်လိုက်မိကြတယ်။

ကားရှေ့ဘက်ဆီကနေ တံခါးဖွင့်ပိတ်သံ ကြားပြီးမှပဲ ကျွန်တော် က ဖားကြီးကို ကားပြန် တွန်းဖို့ အချက်ပြလိုက်တယ်။ နောက်တစ်ခါ လာပြန်ပဟေ့ပေါ့။

ဒီတစ်ကြိမ်တွန်းရတာ က နှစ် ယောက် တည်း ဖြစ်နေတဲ့အပြင် ကားထဲမှာ လည်း ဟိုကောင်မ လေးရှိနေတော့ ပိုအားစိုက်ရသလိုပဲ။ ဘယ်လိုပဲ ဖြစ် ဖြစ် တွန်းတာတော့ တွန်းနေရပါပြီ။ ဒီတစ်ကြိမ် ထပ်တွန်းလို့ အရှိန်လေးနေရချိန်မှာ ပဲ။

“ ဟာ … ဟေ့ကောင်တွေ ရပ်ကြစမ်း။ ငါ့ကားကို ဘာ ဖြစ်လို့ တွန်းနေကြတာလဲ။ ကားသူခိုး တွေ ရပ်လိုက် ”

ရုတ်တရက်ဆိုသလို နောက်ဘက်ဆီ ကြားလိုက်ရတဲ့ အသံနက်ကြီးကြောင့် ကျွန်တော် နဲ့ ဖားကြီးလည်း ကားတွန်းနေတာကို ရပ်ပြီးနောက်လှည့်ကြည့်လိုက်မိတယ်။ လား လား … နည်းတဲ့ လူအုပ်ကြီး မဟုတ်ဘူး။ ဆယ့်လေးငါးယောက် လောက် ရှိမယ်။ ဒေါသထွက်နေတဲ့ လူအုပ်ကြီးဆို တာမျိုးများ လား။

ကျွန်တော် လည်း ကြောက်တက်တက်နဲ့ …

“ ဟေ့ကောင်ဖားကြီး … ငါတို့ကို ကားသူခိုးဆိုပြီး ပြေးလိုက်လာကြပြီ၊ ဘယ်လိုလုပ်မလဲ ”

ဖားကြီးကလည်း အရေး ပေါ် အူတီးအူကြောင်ကောင်ပဲ။ ကျွန်တော့် ကို ကြောင်စီစီပြန်ကြည့် ပြီး …

“ အေး ဟုတ်တယ်ကွ၊ သစ်ဦး … ငါတို့က ကားခိုးလာတာလား ”

“ အာ … မင်းကလည်းတစ်မျိုး ”

အရေး ပေါ် ဒူးတိုက်ဆွေးနွေးချိန်တောင် မရလိုက်ဘူး။ လူအုပ်ကြီးဟာ ကျွန်တော် တို့နှစ် ယောက် ကို ဝိုင်းထားပါပြီ။ တုတ်တွေ ကိုင်ထားတဲ့ လူလေးယောက် လောက် ရှေ့ထွက်လာပြီး ဒေါ သမျက်ခွက်တွေ နဲ့ …

“ ကားခိုးတာ ဒီကောင်တွေ လား။ ချကွာ … ချ ”

အခြေအနေက ချက်ချင်း ခံရသွားနိုင်တာမို့ ကျွန်တော် က ရှေ့တိုးလိုက်ပြီး ခပ်တည်တည် ဟန် တင်းလိုက်ရင်း …

“ ဟေ့လူတွေ … စောက်ရမ်း, စောက်ရမ်း စွတ်မလုပ်နဲ့နော်။ ကျုပ်တို့က ကားသူခိုးမဟုတ် ဘူး။ ခိုးမယ်ဆိုရင်တောင် ခုလို မနက်ပိုင်းကြီးတွန်းပြီး ခိုးမလားဗျ။ ရှင်းပြမယ်၊ လာလုပ်ရင်တော့ စောက်ပြဿနာအကြီးကြီးတက်မယ်နော် ”

ပြန်ဖြဲလိုက်တော့မှ ကိုယ်ရှိန်သတ်သွားကြတယ်။ အဲဒီ ကောင်တွေ လက်မောင်းမှာ “တာဝန်” ဆိုတဲ့ လက်ပတ်နီ ပတ်မထားတော့ စွမ်းအားရှင်ဆိုတဲ့ကောင်တွေ မ ဖြစ်လောက်ဘူး။ ဘာပဲ ဖြစ် ဖြစ် ခေတ်ကိုပြန်ဖြဲမှ ကျဲသွားတဲ့ခေတ်ဆိုရင် ခင်ဗျား ဘာပြောမလဲ။

အဲဒီ အချိန်မှာ ပဲ ရုပ်သန့်သန့်၊ အသက်သုံးဆယ်လောက်၊ ကော်လာလည်ကတုံးအင်္ကျီကို ယောပုဆိုးအနက်နဲ့ တွဲ ဝတ်ထားတဲ့ လူ တစ်ယောက် ရှေ့ထွက်လာတယ်။ ကျွန်တော် တို့လည်း အစုန်အဆန် စေ့စေ့ငုငု ကြည့်လိုက်ပြီးမှ …

“ အင်း … ရှင်းမယ်ဆိုရှင်းလေ၊ မင်းတို့ပုံစံကြည့်ရတာ တော့ ဝတ်စားပုံအရ ကားသူခိုးတွေ တော့ မ ဖြစ်လောက်ပါဘူး ”

ကျွန်တော် ကလည်း …

“ ရှင်းမှာ ပါ၊ ကားသူခိုးဆိုတာ ကျုပ်တို့လိုလည်း ဝတ်စားထားနိုင်တာပဲဗျ။ ခင်ဗျားလို လည် ကတုံးလည်း ဝတ်ထားနိုင်တာပဲ။ ဒါပေမဲ့ … ကျုပ်တို့က ခင်ဗျားကားကိုခိုးတာ မဟုတ်ဘူး။ ကောင် မလေး တစ်ယောက် က ကားစက်နှိုးဖို့ လာအကူအညီတောင်းလို့ တွန်းပေးကြတာ။ ကားထဲမှာ အဲဒီ ကောင်မလေး ရှိတယ်၊ ကြည့်လိုက် ”

အပိုင်ပြောပြီး ကားရှေ့ခန်းဘက်ဆီ ကြည့်လိုက်တော့ လည်ကတုံးပုဂ္ဂုလ်နဲ့ အပေါင်းအပါ တွေ ကလည်း လှမ်းကြည့်ကြတယ်။

“ ဟင် ”

“ ဟာ ”

“ ဟေ့ကောင်တွေ … ဘယ်မှာ လဲကွ ”

ဟုတ်ပါတယ်၊ ကားရှေ့ခန်းတံခါးက ပွင့်နေပြီ ကားထဲမှာ ဘယ်ကောင်မလေးမှ မရှိတော့ပါ ဘူး။ ဘယ်အချိန်က ဘယ်လိုလစ်ထွက်သွားမှန်းလည်း မသိလိုက်ဘူး။ ဖားကြီးက ကားအောက်ကို ငုံ့ကြည့်လိုက်ရင်း

“ ကား … ကားအောက်မှာ လည်း မ … မရှိဘူးကွ ”

နိုင်ငံတော် ဖားကြီးက တုန်လှုပ်နေတဲ့လေသံကြီးနဲ့ ပြန်ပြောလာတယ်။ တုတ်ကိုင်ထားတဲ့ ကောင်တွေ တစ်စခန်း ပြန်ထကြပြီ။

“ ဟေ့ကောင်တွေ … ကြောင်တောင်တောင် မလုပ်နဲ့နော်။ ဘယ်သူမှမရှိဘူး ”

“ သြော် … ခုနက ရှိပါတယ်ဆို၊ သူပဲ အကူအညီတောင်းလို့ ကားတွန်းပေးနေတာ။ ကောင် မလေးက ကျုပ်တို့အရွယ်လောက်ဗျာ။ ရုပ်ကလန်းလန်းလေး ”

“ ခဏလေး … ခဏလေး၊ မင်းပြောတဲ့ကောင်မလေးက ဘာဝတ်ထားတာလဲ ”

လည်ကတုံးပုဂ္ဂုလ်က လက်ကာပြရင်း ဝင်မေးလိုက်တာ။ ကျွန်တော် လည်း စိတ်ပေါက် ပေါက်နဲ့ …

“ အပေါ်အင်္ကျီက တီရှပ်အပြာနုရောင် ဗျာ၊ Nike တံဆိပ်နဲ့၊ ဘောင်းဘီက ဂျင်းဘောင်းဘီ အပြာရင့် levi’s တံဆိပ်ထင်တယ်။ အတွင်းခံတွေ ကတော့ ဘာအရောင် ဝတ်ထားမှန်း ကျုပ်မသိ ဘူး ”

“ ဟာ … ဒီကောင်တော့ ”

တစ်ယောက် က အဲဒီ လိုရေရွတ်ပေမယ့် လည်ကတုံးပုဂ္ဂုလ် သက်ပြင်းချလိုက်ပြီး …

“ အဲဒါဆို သိပြီ … မင်းတို့က ကားခိုးတာမဟုတ်ဘူးဆိုတာ ငါသိပြီ၊ ယိမ်းနွဲ့နဲ့ တွေ့ သွား တာကိုး ”

“ ဘာဗျ … ယိမ်းနွဲ့ ဟုတ်လား။ ခုနက လဒမလေးရဲ့ နာမည် ကို ပြောတာလား ”

“ ဟုတ်တယ် ... ယိမ်းနွဲ့က ငါနဲ့သဘောတူထားတဲ့ ကောင်မလေး။ ခုလည်း ငါ့ကို “စ” နောက်ချင်လို့ ကားကိုတွန်းသွားတာ ဖြစ်မယ်။ ငါက အစိုးရဝန်ထမ်းကွ၊ စည်ပင်မှာ AE နားလည် လား ”

မဆီမဆိုင် တောက်လျှောက်ကြီး ရှင်းပြသွားတယ်။ သူ့ဟာသူ AE မကလို့ ZE ပဲ ဖြစ် ဖြစ် ကျွန်တော့် အပူ တစ်ပြားသားမှ မပါပါဘူး။ ကိုယ့်ကိစ္စပဲ ကိုယ်ရှင်းလိုက်တယ်။

“ ကျုပ်တို့ ကားခိုးတာမဟုတ်ဘူးဆိုတာ ခင်ဗျားတို့ ယုံပြီနော်။ အဲဒါဆို သွားတော့မယ် ”

ဘယ်သူမှမတားကြဘူး။ တားလို့လည်း ဘယ်ရမလဲ။ ကိုယ်က မှန်နေတာပဲဥစ္စာ။ လူအုပ် ကြီးကြားက ထွက်လာခဲ့ပြီး လေးငါးလှမ်းလောက်လျှောက်ပြီးမှ ကော်လံလည်ကတုံးပုဂ္ဂုလ်ဆီ လှည့်ပြောခဲ့သေးတယ်။

“ ဟေ့လူ … ခင်ဗျားလည်း သတိထားဦး။ ဟိုကောင်မလေးက ခင်ဗျားကို စ,တာမဟုတ်ရင် အချဉ်ပေါက်နေတာ ဖြစ်မယ် ”

ကော်လံလည်ကတုံးရဲ့ မျက်နှာဟာ ဘယ်လိုဆက် ဖြစ်ပြီး ကျန်ခဲ့မယ်ဆိုတာ မသိချင်လို့ မျက်နှာ ချက်ချင်း လွှဲလာခဲ့တယ်။ တစ်ဆက်တည်းပဲ ယိမ်းနွဲ့ဆိုတဲ့ သောက်ကောင်မလေးကို မေတ္တာပို့လိုက်မိပါရဲ့ ။

* * *



အခန်း (၂)

ကြားဖူးတဲ့စကားအရဆိုရင်တော့ ပထမတစ်ကြိမ်ဟာ မတော် တဆတွေ့ တာပဲ။ အဲ … ဒုတိ ယတစ်ကြိမ်ကျတော့ တိုက်ဆိုင်တာ ဖြစ်သွားပြီ။

ဒီလို။

တစ်ရက် ကျွန်တော် လည်း လမ်းလည်းကြုံနေတာရယ်၊ ဝယ်စရာပစ္စည်းလေးတစ်ခုရှိတာ ကြောင့် ရှော့ပင်းမောလ်တစ်ခုထဲကို ရောက်သွားတယ်။ လိုချင်တဲ့ပစ္စည်းရတော့လည်း ချက်ချင်း ပြန်မထွက် ဖြစ်သေးဘူး။ ထုံးစံအတိုင်း လျှောက်ကြည့်နေမိတယ်။ ကြည့်နေရင်းနဲ့ ဗိုက်ဆာလာလို့ ရှောပင်းမောလ်အပေါ်ဆုံးထပ်မှာ ရှိတဲ့ စားသောက်ဆိုင်ကိုသွားပြီး ဝါးတီးဆွဲလိုက်သေးတယ်။ ဝါး တီးဆွဲပြီး သိပ်မကြာဘူး။ ဗိုက်ကနာလာပြန်လာတာနဲ့ အပေါ်ထပ်မှာ ပဲရှိတဲ့ အိမ်သာကိုသွားပြီး အစာဟောင်းကိုသွားပြီး အစာဟောင်းတွေ ကို မွေးဖွားသန့်စင်လိုက်ရပြန်တယ်။ ကျွန်တော် နဲ့ ဘယ် သူမှ အတူပါမလာလို့သာပေါ့။ မဟုတ်ရင်တော့ မင်းတော် တော် သောက်လုပ်ရှုပ်တဲ့ကောင်လို့ ပြော ခံရမှာ အမှန်ပဲ။ ခင်ဗျားဆိုရင်ကော ဘာပြောမလဲ။

အိမ်သာထဲပြန်ထွက်လာမှ တစ်ကိုယ်လုံးပေါ့ပါးပြီး ယုံကြည်မှု ပိုရှိလာသလို ခံစားလိုက်ရ တယ်။ မယုံရင် ခင်ဗျားတို့ ကျွန်တော့် လို လုပ်ကြည့်ပါ။ လက်ခံတယ်ဆိုရင် ရှော့ပင်းမောလ်ကို ရောက်တိုင်း အဲလိုလုပ်ပါ။ ဟက် ဟက်။

ကိစ္စဝိစ္စတွေ ပြီးတော့လည်း အိမ်ပြန်ဖို့ဆိုပြီး အောက်ထပ်ကို ပြန်ဆင်းလာခဲ့တယ်။ အောက် ထပ်ရောက်တော့ ရေငတ်လာပြန်လာတာနဲ့ အအေးတစ်ဘူးလောက် ဝယ်ဦးမှပဲဆိုပြီး ရှော့ပင်း မောလ်ထဲက ရေခဲသေတ္တာကို အဖွင့် …

“ ဟဲ့ ”

ရေခဲသေတ္တာက အသံထွက်လာတာ မဟုတ်ပါဘူး။ တံခါးဖွင့်ဖွင့်ချင်း ထွက်လာတဲ့အသံမို့ ကျွန်တော် ဆတ်ခနဲတော့ ဖြစ်သွားတယ်။ အနားကပ်ပြီး ဘယ်သူလာ “ဟဲ့” တာလဲ။ အဲဒီ အတွေး နဲ့ ဆတ်ခနဲ ကြည့်လိုက်တော့ …

“ ဟဲ့ … နင့်ကိုခေါ်တာ၊ ဘာကြောင်ကြည့်နေတာလဲ ”

“ ဟင် ”

ကျွန်တော့် ဦးနှောက်ဟာ ချက်ချင်း အလုပ်လုပ်သွားတယ်။ တစ်ဆက်တည်းပဲ “ဟဲ့” ပိုင်ရှင် ကိုလည်း မှတ်မိသွားတယ်။

တစ်ခါသားက ကားတွန်းခိုင်းပြီး ပြဿနာတက်စေတဲ့ ကောင်မလေးပေါ့။ ယိမ်းနွဲ့မိုးနဆိုတဲ့ အလန်းဇယားလေး။ ခုလည်း လာ “ဟဲ့” နေပြန်တယ်။

ကျွန်တော် က ခံထားရတဲ့ကောင်ဆိုတော့ ခပ်တည်တည်ပဲ ပြန်ကြည့်လိုက်ပြီး …

“ သြော် … မင်းပါလား၊ မင်း တော် တော် ကွိုင်ရှာတယ်နော် ”

“ အရေး ပေါ်မို့လို့ပါ ”

“ မင်းအရေး ပေါ်ကလည်း ငါတို့မှာ ကားသူခိုးဆိုပြီး ဝိုင်းသမခံရတော့မလို့ ”

“ အဲလောက်မ ဖြစ်ဘူးဆိုတာ သိလို့ လုပ်လိုက်တာပါ။ ဟိုလူ့ကိုလည်း ပညာပေးချင်လို့ပါ ”

“ သြော် … အဲလိုလား၊ အဲဒီ ကော်လံလည်ကတုံးနဲ့ အဆင်ပြေသွားပြီလား ”

ကျွန်တော့် စကားအဆုံးမှာ သူ မျက်ခုံးလေး အတွန့်ချိုးသွားတယ်။

“ အောင်မာ … ဘာလို့ပြောရမှာ လဲ။ ကြည့်မရလို့ လုပ်တာပါဆို ”

ရယ်လိုက်ရင်း ကျွန်တော် ကပဲ …

“ မသိဘူးလေ၊ အဲဒီ တုန်းက လည်ကတုံးပြောတာတော့ မင်းက သူ့ကောင်မလေးဆို ”

“ ဝေါ့ ”

ရင်ဘတ်ကိုဖိပြီး အန်ချင်တဲ့ပုံစံလေး လုပ်ပြလို့ ကျွန်တော် လည်း ရယ်လိုက်မိတယ်။ အဲဒီ ပုံ စံကိုသာ လည်ကတုံးကြီးမြင်ရင် သူ့ကိုယ်သူ သတ်သေသွားမလားတောင် မသိဘူး။ သူကလည်း ဆက်ပြောတယ်။

“ ငါ့အိမ်ကလူကြီးတွေ က သူနဲ့ သဘောတူသလိုလို ပြောထားတဲ့ လူပါ။ ဒါတောင် အတိအ ကျကြီး မဟုတ်သေးဘူးနော် ”

“ မင်းဟာကလည်း ရှုပ်နေတာပဲ ”

ကျွန်တော် ပြောတော့ သူရယ်ပြန်တယ်။ သူ့သွားဖြူဖြူလေးတွေ က အရမ်းလှတာပဲ။ ဘာ သွားတိုက်ဆေးလဲမသိဘူးလို့ ကျွန်တော် မဆီမဆိုင် တွေးလိုက်မိသေးတယ်။

အဲဒီ အချိန်မှာ ပဲ သူက …

“ အဲဒီ တုန်းက ကူညီခဲ့လို့ နင့်ကို ကျေးဇူးတင်ပါတယ်ဟာ။ ခု နင့်ကိုတွေ့ တော့ အဲဒါလာ ပြောတာ ”

“ အာ့ … လာပြောတာပေါ့ ”

ကျွန်တော် က ဖေ့ဘုတ်မှာ ရေး တဲ့ လေသံနဲ့ ပြန်ပြောလိုက်လို့ သူရယ်ပြန်တယ်။ ကျွန်တော် လည်း ဘာစကားထပ်ပြောရမလဲဆိုပြီး စဉ်းစားနေချိန်မှာ ပဲ သူ့လက်ထဲက ဟန်းဖုန်းက မြည် လာ တယ်။ ဖုန်းမှာ ပေါ်လာတဲ့နံပါတ်ကိုကြည့်ပြီး သူ့မျက်နှာလေးဟာ ရှုပ်ပွသွားတယ်။

“ အာ … ဒီဘဲကလည်း ဆက်ပြန်ပြီ ”

“ ဘယ်သူလဲ၊ လည်ကတုံးကြီးပဲလား ”

သူ ခေါင်းခါတယ်။ ပြီးတော့ ပြောတယ်။

“ လည်ကတုံးတော့ မဟုတ်ဘူး။ ဒါပေမဲ့ … သူ့လိုပဲ နောက် တစ်ယောက် လေ။ စိတ်ရှုပ်တာ ပဲဟာ ”

ကြည့်ရတာ ဒီကောင်မလေးမှာ အဲဒီ လူတွေ နဲ့ ပတ်သက်ပြီး စိတ်ရှုပ်နေပုံရတယ်။

ကျွန်တော် စဉ်းစားနေတုန်းမှာ ပဲ သူက …

“ ဟဲ့ … ငါ့ကို ကူညီဦး။ ဒီဖုန်းကို ကိုင်ပြီး ယိမ်းနွဲ့မအားဘူး။ ဘာပြောထားပေးရမလဲလို့ ပြောလိုက်၊ ရော့ … ရော့ ”

ပြောပြီး သူ့လက်ထဲက မြည်နေသေးတဲ့ဖုန်းကို ထိုးပေးလာတယ်။ ကျွန်တော် ကလည်း မသိ စိတ်က ဒီကောင်မလေးကို ကူညီချင်နေတဲ့ကောင်ဆိုတော့ ဖုန်းကို လှမ်းယူပြီး ဖွင့်ကိုင်လိုက်တယ်။

“ ဟဲလိုပြောပါ ”

တစ်ဖက်က ချက်ချင်း ပြန်မပြောဘဲ အသံတုံ့ဆိုင်းနေတယ်။ ပြီးမှ ဇဝေဇဝါအသံနဲ့ …

“ ဟို ဟို … ဒီဖုန်းက ယိမ်းနွဲ့ဖုန်းမဟုတ်ဘူးလား ”

“ ဟုတ်တယ်လေ၊ ယိမ်းနွဲ့ဖုန်း ဟုတ်တယ်။ ခု … ယိမ်းနွဲ့မအားဘူး။ ဘာပြောပေးရမလဲဗျ။ ပြောခဲ့လေ ”

“ ဟို ဟို … ဘာမှမဟုတ်တော့ပါဘူး ”

“ ကြောင်တောင်တောင်နဲ့ ”

အဆုံးသတ်တစ်ခွန်းပြောပြီး ဖုန်းချပစ်လိုက်တယ်။ သူ့ကို ဖုန်းပြန်ပေးလိုက် ရင်း …

“ ငါပြောတာ အိုကေတယ်မဟုတ်လား ”

“ မဆိုးပါဘူး ”

သူ့စကားကြောင့် နင်တင်တင် ဖြစ်ရသေးတယ်။ သူ့အကြောင်း စပ်စုဦးမှာ လဲဆိုပြီး တွေး လိုက်မိချိန်မှာ ပဲ …

“ ဟဲ့ … ငါ့ကို ရေခဲသေတ္တာထဲက SHARK တစ်ဘူးလောက်ယူပေး စမ်းပါ။ ရေငတ်လို့ ”

ရေခဲသေတ္တာကိုမေးငေါ့ပြရင်း ပြောလာတယ်။ ကျွန်တော် က ရေခဲသေတ္တာရှေ့မှာ ရပ်နေ တာဆိုတော့ တစ်ဖက်ကိုလှည့်ပြီး သူပြောတဲ့ SHARK အချိုရည်ဘူး ချက်ချင်း ရှာမတွေ့ ဘူး။ မ နည်းပြူးပြဲကြည့်လိုက်မှ ထောင့်မှာ တစ်ဘူးသွားတွေ့ တယ်။ အဲဒါနဲ့ လှမ်းယူပြီး သူ့ကိုပေးဖို့ ပြန် လှည့်လိုက်တယ်။

“ ဟဲ့ ”

ဒီတစ်ခါရေရွတ်လိုက်မိတာက ကျွန်တော် ကိုယ်တိုင်ပဲ။ ယိမ်းနွဲ့မိုးဆိုတဲ့သူမဟာ ကျွန်တော့်  ရှေ့ကနေ ဘယ်အချိန်က ဘယ်လို ပျောက်သွားမှန်း မသိဘူး။ မြန်လိုက်တာ။ သိုင်းလောကသား များ လား မသိဘူး။

ကျွန်တော် SHARK ဘူးကြီးကိုင်ပြီး သက်ပြင်းပဲ ချလိုက်မိတယ်။ ဒုတိယအကြိမ် ထပ်ဆုံ တာဟာ တိုက်ဆိုင်တာပါ။ ဒါပေမဲ့ … ကျွန်တော် ဆိုတဲ့ကောင်က ဇာတာမကောင်းဘူးရယ်။

မထူးတော့ဘူးဆိုပြီး အမှတ်တရ ဖြစ်အောင် အဲဒီ SHARK ဘူးကြီးပဲ ကျွန်တော် ဝယ်လာခဲ့ လိုက်တော့တယ်။

* * *



အခန်း (၃)

စိတ်ညစ်ရသည်။ ပြေးကြည့်မှ မိဘလေးနှစ် ပါးရှိပါတယ်ဆိုမှ ထိုမိဘနှစ် ပါးထဲက ဖေဖေ ကြောင့် ယိမ်းနွဲ့စိတ်ညစ်ရသည်။

ဖေဖေ ဦးမိုးအောင်က ရဲဝန်ယမ်းဟောင်းတစ်ဦး ဖြစ်သည်။ စခန်းမှူးဘဝဖြင့် အလုပ်မှ အ နားယူခဲ့၏ ။ ထိုသည်က ယိမ်းနွဲ့အတွက် ပြဿနာမရှိချေ။ သူ့ဟာသူ ကိုယ်မမွေးခင်ကပဲ ရဲဝန်ထမ်း လုပ်ခဲ့တာဆိုတော့ ကိုယ်ကလည်း ကန့်ကွက်၍ မရခဲ့သည်ကိုး။ ကိုယ်သိတက်တဲ့အရွယ်ရောက် ချိန်မှာ တော့ ဖေဖေက အငြိမ်းစားယူပြီးခဲ့ပြီ။

ရဲဝန်ထမ်းဘဝမှ အငြိမ်းစားယူပြီးခဲ့သော်လည်း ဖေဖေသည် ကိုယ့်ဟာကို အေးအေးဆေး ဆေး မေမေ့လုပ်စာကို ထိုင်စားမနေချေ။ အရွယ်ရောက်ဘွဲ့ရပြီးပြီ ဖြစ်သော ယိမ်းနွဲ့ကို အိမ်ထောင် အတင်းချပေးချင်နေသည်။ ပြီးတော့ … ဖေဖေလည်း ရဲဝန်ထမ်းလုပ်ခဲ့သူပီပီ တော် ရုံတန်ရုံလူကို ယုံသည်မဟုတ်။ သားအဖအချင်းချင်းတောင် သံသယမျက်စိဖြင့် ကြည့်တတ်သူ။

အဲဒီ မှာ ပြဿနာကစသည်။ ဖေဖေက ယိမ်းနွဲ့မှာ ရည်းစားသနာလည်း မရှိဟု ကြားသိရ သည်နှင့် သူ့မိတ်ဆွေ အစိုးရဝန်ထမ်းဟောင်းများ ၏ သားတော် များ ထဲမှ တစ်ယောက် ယောက် နှင့် ပေးစားရန် ကြံစည်လေတော့သည်။ သူ ဆန်ခါတင်ရွေးချယ်ထားသည့် လူတွေ ကလည်း လက်ရှိ မှာ အစိုးရဝန်ထမ်းလုပ်နေသူတွေ ။

ယိမ်းနွဲ့အနေဖြင့် ထိုလူတွေ ကို အစိုးရဝန်ထမ်းမို့လို့ ခါးခါးတူးတူး ငြင်းနေခြင်းမဟုတ်ပါ။ စိတ်ထဲမှ အလိုလို မနှစ်သက်၍ ဖြစ်သည်။ ပြီး … နောက်တစ်ချက်က ခုလိုကိစ္စမျိုးကို မေမေက မစီ စဉ်ဘဲ ဖေဖေကိုယ်တိုင် တွေးပူကာ စီစဉ်နေခြင်းကို ပို၍ အသည်းယားလေသည်။

ပထမဦးစွာ ဖေဖေ တင်သွင်းလာသော စည်ပင်မှ AE ဇော်ဝင်းနှင့် တွေ့ ဆုံစကားပြော ကြည့်သည်။ အဆင်မပြေချေ။ သူ့ဘာသာသူ စည်ပင်ဝန်ကြီးဌာနနှင့် အဆင်ပြေသော်လည်း ယိမ်း နွဲ့နှင့် က ဘယ်လိုမှ အစေးမကပ်။ ညင်ညင်သာသာငြင်းတာကိုတောင် ထို AE ဇော်ဝင်းက ခုချိန်ထိ လိုက်ကပ်နေသည်။ အဲဒါကို စိတ်ညစ်ရတာ တစ်မျိုး။

AE ဇော်ဝင်းကို ယိမ်းနွဲ့ သဘောမကျမှန်းသိတော့ ဖေဖေက နောက် တစ်ယောက် ကို တင် ဆက်လာပြန်သည်။ ဒီတစ်ခါကျတော့ ဆောက်လုပ်ရေး ဝန်ကြီးဌာနတွင် အင်ဂျင်နီယာတာဝန် ထမ်းဆောင်လျက်ရှိနေသော သန်းဦးဆိုသူ။ ထိုသန်းဦးနှင့် လည်း ဖေဖေ့အလိုကျ အလိုက်အထိုက် ဆက်ဆံကြည့်ပါသေးသည်။ နောက်တော့လည်း နှစ် ဝါတစ်နီဖြင့် စိတ်ထဲက ထုတ်ပယ်လိုက်ရ၏ ။

ဆန်ခါတင် နောက် တစ်ယောက် ထပ်လာပြန်သေးသည်။ ဒီတစ်ခါတော့ လူဝန်မှု ကြီးကြပ် ရေး မှ အောင်တိုးဆိုသူ။ ထိုလူကိုတော့ ယိမ်းနွဲ့မတွေ့ ခင်ကပဲ ငြင်းပစ်လိုက်၏ ။ အဲဒီ မှာ ပဲ ဖေဖေ နှင့် ယိမ်းနွဲ့တို့ စကားများ လေတော့သည်။ ထိုသို့ မှ မငြင်းလျှင် နောက်ထပ် စစ်ဗိုလ်တို့၊ မွေးမြူရေး နှင့် ရေလုပ်ငန်းတို့မှ အရာရှိ အရာခံတွေ စသဖြင့် ထပ်ကာရောက်လာဖို့ လမ်းမြင်၍ ဖြစ်သည်။

အချေအတင်စကားများ ပြီးချိန်မှာ တော့ ဖေဖေက ရာဇသံပေးလေသည်။

“ မိယိမ်းနွဲ့ … နင့်ကို အစိုးရဝန်ထမ်းတွေ နဲ့ အိမ်ထောင်ချပေးချင်တာက အကြောင်းရှိ တယ်။ အစိုးရဝန်ထမ်းဆိုတာဟာ တော် ရုံတန်ရုံနဲ့ ဥပဒေကို မဖောက်ဖျက် မကျူးလွန်ဘူး။ အဲဒါ ကြောင့် … ငါက ရွေးတာ ”

သြော် … ဖေဖေရယ်ဟု စိတ်ထဲက ညည်းပြီး ယိမ်းနွဲ့ ပြန်ပြောလိုက်သည်။

“ အာ … ဖေဖေကလည်း ဖေဖေက အစိုးရဝန်ထမ်းဆိုတိုင်း ဖေဖေ့စိတ်နဲ့ လိုက်နှိုင်းတာ လေ။ ဒီခေတ်မှာ အကျင့်ပျက်နေတဲ့ အစိုးရဝန်ထမ်းအချို့ရှိနေတာလည်း ဖေဖေ သိသားပဲ။ အဲဒီ တော့ မငြင်းနဲ့ ဖေဖေ ”

“ ရှိလည်း အောက်ခြေက ဝန်ထမ်းအချို့ပါကွာ ”

လူကြီးတွေ ခိုးတာကော ဖေဖေမသိဘူးလားဟု ပြန်ပြောဖို့ စဉ်းစားလိုက်သေးသည်။ အခြေ အနေ ပိုဆိုးသွားမှာ စိုးသော ကြောင့် အဆင်ပြေမည့် စကားပဲ ရွေးပြောလိုက်၏ ။

“ အောက်ခြေရယ်၊ အပေါ်ရယ်တော့ မဟုတ်ပါဘူးဖေဖေ။ ဥပဒေကို လက်တစ်လုံးခြားလုပ် နေတဲ့သူတွေ အများ ကြီးပါပဲ ”

“ အဲလိုကောင်မျိုး ငါ့ဆီခေါ်လာခဲ့ပါလား။ ဥပဒေကို လက်တစ်လုံးခြား ဘယ်လိုလုပ်သလဲ ငါကိုယ်တိုင် စမ်းချင်တာ ”

ဖေဖေကလည်း မလျှော့ဆို မလျှော့ချေ။ ထို့ကြောင့် ယိမ်းနွဲ့ စဉ်းစားရတော့သည်။ ဖေဖေ ရွေးချယ်ပေးသော လူတွေ ထဲက တစ်ယောက် ယောက် ကို ယူမလား၊ ဒါမှမဟုတ် ဖေဖေ့စိတ်တိုင်း ကျနိုင်မည့်  တစ်ယောက် ယောက် ကိုပဲ မိမိကိုယ်တိုင်ရှာမလား။

ထိုသို့ တွေးရင်း အကြံလေးတစ်ခုက ခေါင်းထဲ လက်ခနဲ ပေါ်လာသဖြင့် ဖေဖေ့ကိုပဲ တိုက် စစ်ပြန်ဖွင့်လိုက်သည်။

“ ဖေဖေ … ဒီအတိုင်းဆိုရင်တော့ ဖေဖေနဲ့သမီး တကျက်ကျက် ဖြစ်ရဦးမှာ ပဲ။ ဒီတော့ သမီး အိမ်ထောင်ပြုမယ့်ကိစ္စနဲ့ပတ်သက်ပြီး အပေးအယူတစ်ခု လုပ်ချင်တယ် ”

ဖေဖေ တစ်ချက်တွေ ခနဲ ဖြစ်သွားပြီးမှ ဆတ်ခနဲ ပြန်ပြောလာလေသည်။

“ ပြောကြည့်လေ … ဘယ်လို အပေးအယူမျိုးလဲဆိုတာ ”

* * *





ဝန်ဇင်းချစ်သူများ မိုးစက်ဝိုင် ၏ “ ဟဲ့ ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


ပင်လယ်ဝှက်တမ်း

ချစ်လို့

သံယောဇဉ်နေ့စဉ်