အမှာ စာ
တကယ်လို့…
ဒီဝတ္ထုလေးဟာ ပန်းပွင့်လေးတစ်ပွင့်ပဲ ဆိုပါစို့။
အဲဒီ ပန်းလေးကို ကျွန်တော် နဲ့အတူ စိုက်ပျိုးခဲ့သူ ကတော့
ခင်မင်ရတဲ့ ကိုကျော်ကျော်ထွန်း (ဒါရိုက်တာ သြရသ) ပဲ ဖြစ်ပါတယ်။
ကျွန်တော်
မိုးစက်ဝိုင်
ချောကလက်ထောင်ချောက်
ရုတ်တရက်ဆိုသလို….
အိမ်အပေါ်ထပ်ရှိ ပြတင်းတံခါးဆီမှ ဆူညံမြူးကြွဝုန်းဒိုင်းကျဲလှသည့် နိုင်ငံခြားသီချင်းသံကြီးက လွင့်ပျံ့လာသည်။ ပြတင်းပေါက်အောက်တည့်တည့်တွင် ကားရေဆေးနေသော ကြွယ်ဝအောင် တစ်ယောက် ဦးနှောက်ကို အမြန်အလုပ်ပေးလိုက် ၏ ။
အိမ်အပေါ်ထပ်က…
ဒီသီချင်းသံ..
ဒါဆို…. ငါ လုပ်ရမှာ က …
ထိုသော အတွေးနှင့် အတူ အိမ်ရှေ့ခြံထဲတွင် ပန်းအိုးများ နေရာရွှေ့နေသော ဦးကျောက်ခဲဆီသို့ လှမ်းကြည့်ကာ အော်ပြောလိုက်၏ ။
“ဦးလေးကျောက်ခဲရေ..ထုံးစံအတိုင်း လာပြန်ပြီဗျို့၊ ဟိုပစ္စည်း သွားယူပြီး အမြန်လာခဲ့တော့”
ဦးကျောက်ခဲ ထိုနေရာမှ လှစ်ခနဲ ပြေးထွက်သွားသည်။ ချက်ချင်း ဆိုသလို ကြွယ်ဝအောင်လည်း ရေပိုက်ကို ပစ်ချကာ ကားပေါ် အမြန်တက်၍ စက်နှိုးပြီး ကားနေရာရွှေ့လိုက်၏ ။ ထိုအချိန်မှာ ပဲ ဦးကျောက်ခဲက ကန်စ(တာပေါ်လင်စ) ကြီး ကိုင်ကာ အနားသို့ ပြန်ရောက်ရှိနေလေပြီ။
“ဦးလေးကျောက်ခဲ…ကန်စကို အမြန်ဖြန့်လိုက်ဗျ”
ဆယ်ပေပတ်လည်လောက်ရှိမည့်  ကန်စကြီးကို ဖြန့်ကာ ဦးကျောက်ခဲနှင့် ကြွယ်ဝအောင်တို့ အစွန်းတစ်ဖက်စီမှ ကိုင်ထားလိုက်ကြ၏ ။ အနေအထားကို ပြောရလျှင်တော့ အပေါ်ထပ်ပြတင်းပေါက်ဆီမှ ဘာပစ္စည်းကျလာလာ မြေကြီးပေါ်သို့ ပြုတ်မကျစေရန် ခံထားခြင်းပဲ ဖြစ်လေသည်။
မရှေးမနှောင်းမှာ ပင် သီချင်းသံထွက်နေသော ပြတင်းပေါက်ဆီမှ အမျိုးသမီးအသုံးအဆောင်ပစ္စည်းများ တစ်ခုပြီးတစ်ခု ဝဲပျံကျလာလေတော့၏ ။ ထိုပစ္စည်းများ ကို မြင်သာအောင် အမှတ်စဉ်မတပ်ဘဲ ဖော်ပြရလျှင်တော့…ဖက်ခေါင်းအုံး၊ မွေးပွရုပ်၊ ခေါင်းလျှော်ရည်ဘူး၊ မိတ်ကပ်ဘူး၊ ဟန်းဖုန်း..အစရှိသည်တို့ ဖြစ်လေသည်။
အောက်တွင် ခံထားသော တာပေလင်စထဲသို့ ကျလာသည့် ပစ္စည်းများ ကိုကြည့်ကာ ဦးကျောက်ခဲက သက်ပြင်းချရင်း ကြွယ်ဝအောင်ကို လှမ်းပြောလိုက်သည်။
“ကောင်လေးရေ… ခုတလော ဒီသားအဖတိုက်ပွဲက ပိုစိပ်လာသလိုပဲကွ…နော့”
ကြွယ်ဝအောင်က ပခုံးအသာတွန့်ပြလိုက်ရင်း..
“ထုံးစံအတိုင်း သူ့အဖေ နောက်အိမ်ထောင်ပြုမယ့်ကိစ္စနဲ့ ပတ်သက်ပြီး စကားများ တာပဲ နေမှာ ပေါ့ ဦးလေး ကျောက်ခဲရာ၊ မြူမိုးကလည်း တစ်ဦးတည်းသော သမီး၊ အမေလည်း မရှိတော့ဘူးဆိုတော့ ဖြစ်နေမှာ ပဲလေ”
ဥိးကျော်ကခဲက ခေါင်းညိတ်ရင်း..
“ဟုတ်ပါ့ကွာ…ဦးအောင်မိုးဘက်က ကြည့်ရင်လည်း မြူခိုး ဒီအသက်အရွယ်ရောက်တဲ့အထိ ပြုစုစောင့်ရှောက်လာခဲ့တာလေ။ ခုချိန် ကတော့လည်း ဆေးပေးမီးယူလေး ရှာချင်မှာ ပေါ့ကွာ၊ ဘယ်သူ့ကိုမှတော့ အပြစ်တင်လို့ မရပါဘူး။ အရေး ကြီးတာ ကတော့ မြူမိုး ဒေါသထွက်ပြီဆိုရင် သီချင်းအကျယ်ကြီးဖွင့် ပစ္စည်းတွေ လွှင့်ပစ်တတ်သလို ငါတို့ဘက်ကလည်း ခုလို တာဝန်သိသိ ပစ္စည်းတွေ မကျိုးမပဲ့အောင် ကန်စခံထားရုံပဲ ရှိတော့တာပေါ့..ဟား ဟား”
ပြောပြီး ဦးကျောက်ခဲက တဟားဟား ရယ်လေတော့သည်။ ကြွယ်ဝအောင်လည်း အလိုက်သင့် ပြန်ပြုံးရင်း ပြောလိုက်၏ ။
“ဟဲ ဟဲ…ဦးလေးကျောက်ခဲတောင် သူတို့သားအဖအကြောင်း တော် တော် သဘောပေါက်လာပြီပဲ၊ ကျွန်တော် ကတော့ ဒီအိမ်ကို ခပ်ငယ်ငယ်ကတည်းက ရောက်နေတာဆိုတော့ ဆရာ့အကြောင်းရော၊ မြူမိုးအကြောင်းရော နောကျေနေပြီဗျ၊ ခုလည်း ခဏနေရင် မြူမိုး ဒေါသပြေ သွားပါလိမ့်မယ်”
ထိုအချိန်မှာ ပဲ အပေါ်ထပ်ဆီမှ သီချင်းသံက ရုတ်တရက် ပြန်တိတ်သွားလေသည်။ ကြွယ်ဝအောင်က ပြတင်းပေါက်ဆီ တစ်ချက်လှမ်းကြည့်လိုက်ပြီးမှ ဦးကျောက်ခဲအား ထပ်ပြောလိုက်၏ ။
“ကဲ ကျွန်တော် မပြောဘူးလား၊ သီချင်းသံ ပိတ်သွားပြီဆိုရင် တိုက်ပွဲလည်း ယာယီရပ်သွားပြီဗျ ဦးလေး ဒီပစ္စည်းလေးတွေ သိမ်းလိုက်ရအောင်”
ဦးကျောက်ခဲက ခေါင်းအသာညိတ်ရင်း သံယောဇဉ် မကုန်သေးဟန်ဖြင့် အပေါ်ထပ် ပြတင်းပေါက်ဆီသို့ ထပ်ကာ လှမ်းကြည့်လိုက်ပြန်သည်။ တစ်ဆက်တည်းပဲ ဦးကျောက်ခဲ၏ မျက်နှာ အမူအရာ ပြောင်းသွား ရင်းက ကြွယ်ဝအောင်ဆီ ကြည့်ကာ အလန့်တကြားအော်ဟစ်ပြောလိုက်၏ ။
“ဟာ…ကြွယ်ဝအောင်..မင်း..မင်း”
ဦးကျောက်ခဲစကားက ထွက်မလာဘဲရပ်သွားသည်။ ကြွယ်ဝအောင်က နားမလည်ဟန်ဖြင့် မေးဆတ်ရင်း ကြောင်တောင်တောင် ပြန်မေးလုက်၏ ။
“ဦးလေးကျောက်ခဲ..ဘာလဲဗျ…အလန့်တကြား”
ဦးကျောက်ခဲက ဘာမှပြန်မပြောဘဲ မျက်လုံးကြီးပြူးကာ ပြန်ကြည့်နေသည်။ ထိုအချိန်မှာ ပဲ အိမ်အပေါ်ထပ်ဆီမှ နောက်ဆုံးကျည်ဆံဟု ယူဆရသည့် ပန်းအိုးတစ်လုံးက လှပစွာ လွင့်ပျံလာပြီး ကြွယ်ဝအောင်နဖူးဆီသို့ တည့်မတ်စွာ မိတ်ဆက်လိုက်လေသည်။
“ခွပ် !”
“အာ့”
ဘာ ဖြစ်သည်ဆိုတာကိုတော့ ဦးကျောက်ခဲလည်း ကြွယ်ဝအောင်အား ထပ်ရှင်းပြရန်မလိုတော့ချေ။ နဖူးဆီသို့ လက်ဖြင့် အသာစမ်းရင်းက ချွဲပစ်စေးထန်းသည့် အထိအတွေ့ ကြောင့် ကြွယ်ဝအောင် ကိုယ့်ကိုယ်ကိုယ် နားလည်လိုက်လေသည်။ ကွဲပြီ။
၂
သူငယ်ချင်းတွေ နှင့် ချိန်းဆိုထားသော ကော်ဖီဆိုင်ရှေ့သို့ ရောက်ရောက်ချင်း၊ မြူမိုး ကားဘရိတ်ကို ဆောင့်နင်းကာ တုံ့ခနဲ ရပ်လိုက်သည်။ ကားစက်ပိတ်သွားစေရန် သော့ ကိုလည်း ခပ်ကြမ်းကြမ်းလေး လှည့်ပိတ်လိုက်၏ ။ ပြီး ကားပေါ်မှ ဆောင့်ကြီးအောင့်ကြီးဆင်းကာ ကားတံခါးကိုလည်း ဒိုင်းခနဲမြည် အောင် ဆောင့်ပိတ်လိုက်သည်။ ထိုနောက် ဆိုင်ထဲသို့ လျှပ်စစ်ခြေလှမ်းများ ဖြင့် လှမ်းဝင်လိုက်၏ ။ ထိုမျှလောက်ဆိုလျှင် မြူမိုး ဒေါသထွက်နေမှန်း ပရိသတ်ကြီးလည်း ရိပ်မိလောက်ပြီ။
ဆိုင်ထဲရောက်တော့ ဝေ့ကာ လှမ်းကြည့်လိုက်၏ ။ စားပွဲတစ်ဝိုင်းတွင် အတူထိုင်ကာ စကားတစ်လုံးမှ မပြောမဆိုဘဲ ဖုန်းကိုယ်ဆီ ပွတ်နေကြသော နီလာနှင့် ခိုင်ခိုင်တို့အား တွေ့ လိုက်ရသည်။ မြူမိုးလည်း မျက်မှော င်ကြုတ်ကာ ခုံတစ်ခုံဆွဲ၍ ဝင်ထိုင်လိုက်ပြီးမှ ခပ်ဆတ်ဆတ်လေး၊ မေးလိုက်သည်။
“ဟဲ့..နင်တို့က အဲဒါ ဘာ ဖြစ်နေကြတာလဲ”
နီလာက အရင်ကြည့်လာသည်။ ကြည့်သည့်ပုံစံကိုက မခိုတရို့နှင့် ဖြစ်၏ ။ ပြီး… အကြည့်ကိုလွှဲကာ ဖုန်းကို ပြန်ပွတ်နေသဖြင့် မြူမိုး အသည်းယားရသွားပြီး စားပွဲကို ဘုန်းခနဲမြည် အောင် လက်နှင့် ရိုက်လိုက်ကာ..
“ဟဲ့ မိန်းမတွေ ..အဲဒါက ဘာလုပ်နေကြတာလဲလို့”
ထိုအခါမှ နှစ် ယောက် စလုံး လန့်ဟန်ဖြင့် ဖုန်းကိုယ်စီ စားပွဲပေါ်သို့ တင်လိုက်သည်။ ပြီး..နီလာကပဲ မျက်စောင်းထိုး၍
“လန့်လိုက်တာဟယ်..ဘာ ဖြစ်ရမှာ လဲ၊ ဒီမှာ ငါ့တို့ online သုံးနေတာလေ”
မြူမိုးက မျက်နှာလေးမဲ့လိုက်ရင်း…
“နင်တို့နှစ် ယောက် ကိုတော့ အံ့သြတယ်။ သူငယ်ချင်းနှစ် ယောက် အတူရှိနေတာတောင် စကားမပြောမဆိုကြဘဲ online သုံးနေကြတယ် ဟုတ်လား၊ ဘယ်လိုဟာတွေ လဲ ..နင်တို့က”
ခိုင်ခိုင်က ပြုံးစိစိပြန်ကြည့်လာပြီး..
“ပြောပါတယ်ဟာ..ခုနကပဲ ပြောနေသေးတယ်”
မြူးမိုးက..
“မပြောပါဘူးဟာ..ငါ ဆိုင်ထဲဝင်လာကတည်းက ကြည့်နေတာ၊ နင်တို့နှစ် ယောက် စလုံး ဖုန်းကိုပဲ သဲကြီးမဲကြီး ပွတ်နေကြတာမြင်တယ်..မညာနဲ့”
နီလာက ရယ်ရင်း..
“ဖုန်းပွတ်တာ ပွတ်တာပဲလေ၊ ငါတို့က Facebook သုံးရင်း ပြောစရာရှိရင် Chatbox က ပြောနေကြတာ၊ သဘောပေါက်ပြီလား”
“အင်”
မေးမိသည့် ကိုယ့်ပါးစပ်ကိုပဲ ဖြတ်ရိုက်ချင်စိတ် ပေါက်သွားရသည်။ တော် တော် ယုတ်တဲ့ ဟာမတွေ ၊ လူချင်းတွေ့ နေတာတောင် online က စကားပြောနေကြသည်တဲ့။
“နင်တို့ကလည်း လွန်လွန်ပါတယ်ဟာ..အချိန်ရှိသရွေ့ ဒီဖုန်းပဲ ပွတ်နေတာပဲ၊ ဖုန်းသာ သက်ရှိဆိုရင် အော်တာကြာပြီ”
ခိုင်ခိုင်က ရယ်သည်။
“ဒါ ကတော့ဟယ်…ခေတ်ကိုက”
“ခဲကြွနေတာလေ”
စကားမဆုံးခင်မှာ မြူမိုးက ဖြတ်ပြေးလိုက်ခြင်း ဖြစ်သည်။ နီလာက စားပွဲပေါ်၌ ရှိနေသော ရေဘူးထဲမှ ရေတစ်ခွက် ငှဲ့ပေးရင်း..
“ကဲ..မြူမိုး..ပြောရတာ မောနေဦးမယ်၊ ရေအရင် သောက်လိုက်ဦး၊ ပြီးမှ ပြောစရာရှိတာ ဆက်ပြော”
မြူမိုးက မျက်စောင်းထိုးလိုက်ပြီးမှ ရေခွက်ကို ယူကာ ဆတ်ခနဲ မော့သောက်လိုက်သည်။
ခိုင်ခိုင်က
“ဆိုပါဦး..နင် ဖုန်းဆက်ပြီး ချိန်းကတည်းက တစ်ခုခု ပေါက်ကွဲနေပြီဆိုတာတော့ သဘော ပေါက်တယ်၊ ခု ဘာ ဖြစ်လာပြန်တာလဲ”
လေပူကြီးကို အရင်မှု တ်ချလိုက်ရင်း မြူမိုး ပြန်ပြောလိုက်သည်။
“ဘာ ဖြစ်ရမှာ လဲဟ..ဖေဖေပေါ့၊ ငါ သဘောမကျပါဘူးလို့ ပြောထားတဲ့ဟာကို ဟိုမိန်းမကြီးပဲ ယူဖို့ လာလာပြောနေလို့ဟေ့”
နီလာက သဘောပေါက်ဟန်ဖြင့် ခေါင်းညိတ်လိုက်ပြီး
“သြော်..အဲဒီ ကိစ္စ ဖြစ်ပြန်ပြီလား၊ နင့်ဖားသားကြီးကလည်းဟာ ဒီအရွယ်ရောက်မှ အကြောက ထောင်နေသေးတယ်”
“ဟဲ့..နင် ငါ့အဖေကို ဘယ်လိုပြောလိုက်တာလဲ”
မြူမိုး ဆတ်ခနဲ ပြန်မေးလိုက်သဖြင့် နီလာက ဟီးခနဲ ရယ်လိုက်ရင်း..
“အဟီး…ငါက ဥပမာပေးတာပါ။ ဒီလိုလေဟာ..ခု…နင့်အဖေရဲ့ အသက်အရွယ် စီးပွားရေး အနေအထားနဲ့ ဒေါ်ဝေမာလို ပွဲစားမိန်းမ တစ်ယောက် ကို ယူချင်နေတာကို ပြောတာပါ”
စကားအဆုံး မြူမိုးက သက်ပြင်းချလိုက်ပြီး
“နင်တို့ မသိသေးတဲ့ကိစ္စတွေ ရှိတယ်ဟ၊ ဖေဖေက ဒေါ်ဝေမာကို ယူချင်နေတာ အကြောင်းရှိတယ်”
“ဟင်..ဘယ်လို ဖြစ်လို့လဲ၊ ဘာညာရှောခ့်တက်နေလို့လား”
မြူမိုးက ခေါင်းခါလိုက်ရင်း..
“ဟာ..အဲလိုမဟုတ်ပါဘူး၊ ဒေါ်မာဝေက ဖေဖေ့ရဲ့ ငယ်ရည်းစားလေ၊ အဲဒါကြောင့် လက်ထပ်ချင်နေတာ”
“သြော်..အဲလိုလား၊ အင်း…အဲလိုဆိုတော့လည်း နင့်ဖားသားကြီးကို အပြစ်အရမ်းပြောလို့ မရဘူး၊ မြူမိုး ဘာ ဖြစ်လိုလဲဆိုတော့ နင့်အမေဆုံးပြီးကတည်းက နောက်အိမ်ထောင်မပြုဘဲ ဒီအရွယ်ထိ နင့်ကို စောင့်ရှောက်လာတာလေ။ ခု..နင်လည်း အရွယ်ရောက်ပြီဆိုတော့ သူလည်း ဆေးပေးမီးယူလေး ရှာချင်မှာ ပေါ့ဟယ်”
ခိုင်ခိုင်စကားအဆုံးမှာ မြူမိုး သက်ပြင်းတစ်ချက်လိုက်မိသည်။
“ဟုတ်တော့လည်း ဟုတ်ပါတယ်ဟယ်…မေမေက ငါသိတတ်စအရွယ်ကပဲ ဆုံးသွားခဲ့တာလေ၊ အဲဒီ အချိန်ကပဲ ဖေဖေက ငါ့ကို အဖေလိုတစ်မျိုး၊ အမေလိုတစ်မျိုး ပြုစုစောင့်ရှောက်ခဲ့တာ၊ ငါ့အဘိုးအဘွားတွေ ရှိတဲ့ နိုင်ငံခြားကိုတောင် ငါ့ပညာရေး အတွက် မလွှတ်ချင်ဘဲ လွှတ်ခဲ့တာ ငါသိပါတယ်။ ဒါပေမယ့်..ငါ့အနေနဲ့ ဖေဖေ့ကို ဘယ်သူနဲ့မှ ထပ်ပြီး လက်မထပ်စေချင်ဘူး။ ဒီအတိုင်းပဲ နေစေချင်တယ်”
“ဒါ ကတော့ နင့်ဆန္ဒလေဟယ်၊ နင့်အဖေဘက်က ကြည့်ရင်လည်း သူ့ငယ်ရည်းစားနဲ့ ပြန်ပေါင်းထုတ်ချင်နေတာ ဖြစ်မှာ ပေါ့”
မြူမိုးက လေပူကြီးကို ဆင့်ကဲဆင့်ကဲ မှု တ်ထုတ်လိုက်ရင်း..
“အဲဒါကြောင့် လည်း ဖေဖေနဲ့ငါ တကျက်ကျက် စကားများ နေရတာ ပေါ့။ အဲ့ကိစ္စအတွက်ပါ ဘယ်လိုလုပ်ရင်ကောင်းမလဲဟင်၊ အကြံလေးဘာလေး ပေးပါဦး”
စကားအဆုံးမှာ နီလာက..
“ဒီလိုလုပ်ပါလားဟ..နင် အဲဒီ ကိစ္စကို facebook မှာ status တင်ပြီး အကြံတောင်းကြည့်ပါလား၊ နင့်မှာ လည်း firend တွေ များ တာပဲဟာကို”
ထိုစကားကြောင့် မြူမိုး စိတ်တိုသွားရပြီ…
“နီလာ….နင် ပေါက်ကရတွေ မပြောနဲ့ဟာ၊ ကိုယ့်အိမ်တွင်းရေး ကို facebook ပေါ်တင်တော့ တစ်တိုင်းတစ်ပြည်လုံးကို ကြော်ပြာသလို ဖြစ်သွားမှာ ပေါ့ဟ၊ တော် တော် စဉ်းစားတတ်တဲ့ ဦးနှောက်ပဲ”
“အေးလေ..ဘာတွေ ပြောနေမှန်းမသိဘူး”
ခိုင်ခိုင်က ကြားထဲက ဝင်ကာ အမှတ်ယူလိုက်သည်။ နီလာက ခိုင်ခိုင်ကို ပေစောင်းစောင်းကြည့်လိုက်ပြီး..
“ငါလည်း စဉ်းစားမိတာကို ပြောတာပဲလေ၊ နင့်မှာ အကြံရှိရင် ပေးလိုက် ပါလား”
စကားအဆုံးမှာ ခိုင်ခိုင်က မျက်နှာကို အတင်းကြီး တည်ပစ်လိုက်ရင်း..
“အေး..ငါ စဉ်းစားကြည့်မယ်”
ခိုင်ခိုင် အသဲအသန်စဉ်းစားနေချိန်က သုံးမိနစ်လောက် ကြာမည် ထင်သည်။ အနီးစပ်ဆုံး ပြောရလျှင် ခေါက်ဆွဲပြုတ်တစ်ထုပ် ပြုတ်ချိန်လောက်၊ ထိုသို့စဉ်းစားလိုက်ပြီးမှ ခိုင်ခိုင်မျက်နှာက ဝင်းခနဲ ဖြစ်သွားပြီး
“ဟုတ်ပြီ..မြူမိုး…ငါ အကြံရပြီ”
မြူမိုးက စကားမထောက်ပေးဘဲ ပြောကြည့်လေ..ဟူသော မျက်နှာပေးနှင့် အသာပြန်ကြည့်လိုက်၏ ။ ခိုင်ခိုင်က ဘယ်သူ့တိုက်တွန်းချက်မှ မပါဘဲ အားတက်သရော ပြောလေသည်။
“ဒီလိုလုပ်ဟာ..အချိန်ဆွဲထားတဲ့အနေနဲ့ နင် အိမ်ထောင်ပြုပြီးမှ နင့်အဖေကို ကြိုက်တာလုပ်လို့ ပြန်ပြောလိုက်ပေါ့…မကောင်းဘူးလား”
စကားအဆုံးမှာ ပဲ နီလာက မျက်ခုံးနှစ် ဖက်စု၍
“အာ..နင့်အကြံကလည်း..မြူမိုးက အိမ်ထောင်ပြုဖို့ နေနေသာသာ ရည်းစားမှမရှိတာကို”
“အေးလေ..အဲဒါကြောင့် ပဲ အချိန်ဆွဲထားလို့ရအောင် အဲလိုပြောခိုင်းတာပေါ့..ငတုံးမ နီလာရဲ့ ၊ မြူမိုးက ရည်းစားမရှိတော့ အိမ်ထောင်ပြုဖို့ဆိုတာ ဘယ်ဆီနေမှန်းမသိသေးဘူးလေ၊ မြူမိုး အိမ်ထောင်ပြုပြီးမှ သူ့အဖေက သူ့ကိစ္စကို စဉ်းစားလို့ရမှာ ဆိုတော့ မြူမိုးအဖေ အိမ်ထောင်ပြုဖို့ဆိုတာ ပိုဝေးပြီပေါ့..မဟုတ်ဘူးလား”
ထိုအခါမှ နီလာက ဟီးခနဲရယ်လိုက်ကာ
“အဟီး..ဟုတ်သားပဲ”
စကားအဆုံးမှာ ပဲ မြူမိုးက လက်နှင့် ဖြန်းခနဲပုတ်လိုက်ရင်း ဝမ်းသာဟန်ဖြင့်
“မှန်တယ် ခိုင်ခိုင်..လောလောဆယ်အခြေအနေမှာ နင်ပေးတဲ့အကြံက အကောင်းဆုံးပဲ..နင် တော် တယ်”
ခိုင်ခိုင် သဘောကျစွာ တဟက်ဟက်ရယ်လိုက်သည်။ မြူမိုးက ဆက်ပြောလိုက်၏ ။
“ထပ်ပြောရရင်တော့ ဒီနေ့အဖို့ နင့်ကို သိပ်ကျေးဇူးတင်သွားပြီ ခိုင်ခိုင်”
“ကျေးဇူးတင်ရုံပဲလားဟ”
စကားခေါ်သလို ပြန်မေးလာသည်မို့ မြူမိုးက
“လာမယ်လေ..ငါ့ဘက်ကလည်း နင့်ကို ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ ဖုန်းတစ်လုံး လက်ဆောင်ဝယ်ပေးဖို့ စဉ်းစားထားပါတယ်ဟ”
ခိုင်ခိုင်မျက်နှာက တစ်မုဟုတ်ချင်း ဝင်းတောက်ထိန်လင်းသွား၏ ။ ချက်ချင်း ပဲ လျှာခလုတ်တိုက်မတတ် ပြန်မေးလေသည်။
“ဖုန်းတစ်လုံးဟုတ်လား၊ ဘာဖုန်းလဲဟင် ..မြူမိုး၊ Iphone လား။ Samaung လား၊ HTC လား၊ ဒါမှမဟုတ် Sony”
စကားမဆုံးခင်မှာ ပဲ မြူမိုးက ဖြတ်ပြောလိုက်သည်။
“ခိုင်ခိုင်.. နင် ဘာတွေ လျှောက်ပြောနေတာလဲ၊ ငါ ဝယ်ပေးမယ့် ဖုန်းတစ်လုံးဆိုတာက လိုင်းကတ်ကို ပြောတာ။ ဘာယူမှာ လဲ… MPT လား၊ MEC လား၊ ဒါမှမဟုတ် Telenor လား၊ Ooredoo လား။ ကြိုက်တာပြော။ ထောင့်ငါးရာတန် တစ်ကတ်ဝယ်ပေးမယ်..သိလား”
“ဟဲ့..မြူမိုး၊ အစုတ်ပလုတ်မ၊ နင် တော် တော် အကုန်အကျများ သွားဦးမယ် သိလား..ဘာလိုင်းကတ်မှ မယူဘူး။ ဖုန်းဘီလ်မတတ်နိုင်ဘူးဟဲ့”
ခိုင်ခိုင်စကားအဆုံးမှာ တော့ မြူမိုးနှင့် နီလာတို့ သဘောကျစွာ ရယ်လိုက်ကြလေသည်။
လောလောဆယ်အဖို့ မြူမိုးစိတ်တွေ လွတ်လပ်ပေါ့ပါးသွားသည် ကတော့ အမှန်ပင်။
၃
“စိတ်ချပါ ဝေမာရယ်..ဒီနေ့ကျရောက်တဲ့ ဝေမာမွေးနေ့မှာ ဝေမာ လုံးဝအံ့သြပြီး ရှော့ခ် ဖြစ်သွားစေမယ့် လက်ဆောင်မျိုး ကိုယ်ပေးမှာ ပါ..ဟဲဟဲ”
အခန်းထဲ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်ရင်း ဖုန်းပြောနေသော ဦးအောင်မိုးမျက်နှာကြီးက ငယ်မူငယ်သွေးတွေ ကြွကာ နီရဲကြည်တောက်နေသည်။ ခုလို ငယ်ရည်းစားနှင့် ဖုန်းပြောတိုင်း တခြားလူတွေ ကြားမှာ စိုးသဖြင့် အိမ်ရှိ သီးသန့်ရုံးခန်းထဲတွင် သာ ပြောလေ့ရှိ၏ ။ ဒီနေ့လည်း မွေးနေ့ရှင် ဒေါ်ဝေမာက ဘာလက်ဆောင်ပေးမှာ လဲဟု မေးနေသဖြင့် ရှင်းပြနေခြင်း ဖြစ်သည်။
“သိပါတယ် ဝေမာရယ်၊ ကိုယ့်လက်ဆောင်ကို ဝေမာ့လက်ထဲထိ ရောက်အောင် အိမ်က ဟိုကောင် ကြွယ်ဝအောင်နဲ့ ပို့ခိုင်းလိုက်ပါ့မယ်၊ ပြီးရင်တော့ ဝေမာ..သိတယ်နော်..ဟီး ဟီး”
တစ်ဖက်က ဘာပြန်ပြောသည်မသိ။ ဦးအောင်မိုး တဟီးဟီးရယ်လိုက်ပြန်သည်။ ထိုအချိန်မှာ ပဲ အခန်းတံခါးခေါက်သံ ထွက်ပေါ်လာသဖြင့် ဦးအောင်မိုးက..
“ဝေမာရေ..ဒါပဲနော်..ကိုယ် ခဏနေရင် ဟိုကောင်နဲ့ လက်ဆောင်ပို့ခိုင်းလိုက်မယ်၊ ဒါပဲ..ဒါပဲ….၊ အဘွား…မွမွ”
အသက်အရွယ်နှင့် မလိုက်စွာ ပလီပလာတွေ ပြောပြီး ဦးအောင်မိုးဖုန်းချလိုက်၏ ။ ပြီး..မျက်နှာကို ချက်ချင်း တည်လိုက်ပြီး အသံမာမာနှင့် ခပ်ကျယ်ကျယ် လှမ်းပြောလိုက်၏ ။
“တံခါးစေ့ထားတယ် ဟေ့ကောင်..တွန်းဖွင့်ပြီး ဝင်ခဲ့”
အခန်းတံခါး အသာဟသွားပြီး နဖူးတွင် ပတ်တီးစည်းထားသော ခေါင်းတစ်လုံးက အရင်ဝင်လာသည်။ ထိုခေါင်းနှင့် အတူ ခန္ဓာကိုယ်ကြီးတစ်ခုပါ အတွဲ လိုက်ဝင်လာပြီး ဦးအောင်မိုးအား လှမ်းပြောလိုက်၏ ။
“ကျွန်တော် ရောက်ပါပြီ ဆရာ”
“အေး…မြင်တယ်လေကွာ၊ ငါ မျက်စိမမှု န်သေးဘူးကွ”
ဆရာနှင့် တပည့် ကတော့ ထိုကဲ့သို့ ချစ်ကြည်ဖြူကြလေသည်။ ကြွယ်ဝအောင်က ဘာမှဆက်မပြောဘဲ ခပ်တည်တည်ရပ်နေသဖြင့် ဦးအောင်မိုးက တပည့်ကျော်ကို စုန်ချည်ဆန်ချည် ကြည့်လိုက်ပြီးမှ မျက်နှာကိုမဲ့ကာ
“ဟေ့ကောင်..မင်းနဖူးက ဒဏ်ရာက ဘယ်လိုနေသေးလဲ၊ သိပ်မများ ဘူးမလား”
ကြွယ်ဝအောင်က နဖူးမှ ဒဏ်ရာကို စမ်းလိုက်ရင်း
“ရပါတယ် ဆရာ၊ သုံးချက်ပဲ ချုပ်ရတာ ပါ”
“သြော် အေး..မင်းကလည်း မင်းပဲ ကြွယ်ဝအောင်ရေ၊ ပန်းအိုးတစ်လုံးလွင့်လာတာတောင် မမြင်တာ အံ့ပါရဲ့ ”
ကြွယ်ဝအောင်က မသိမသာ နှာခေါင်းရှုံ့ရင်း
“ဟုတ်ပါတယ် ဆရာ..ရုတ်တရက်ဆိုတော့ မမြင်လိုက်တာနဲ့ ကျွဲနှစ် ကောင်ကြားက မြေစာပင်လေး ဖြစ်သွားတာပါ”
ထိုစကားကြောင့် ဦးအောင်မိုး ဆတ်ခနဲ တွန့်သွားရပြီး
“ဟေ့ကောင်..မင်းစကားက ဘာစကားလဲ၊ မင်းပြောမှပဲ ငါတို့သားအဖက ကျွဲသားအဖ ဖြစ်ဦးမယ်၊ မင်းကွာ”
“အဲဒီ လို မဆိုလိုပါဘူး ဆရာ”
ဦးအောင်မိုးက လက်ကာပြရင်း..
“တော် ကွာ.မင်း မရှောင်လို့ မင်းခံရတာ ပဲ ၊ ထားလိုက်တော့၊ ခု မင်းကို ခိုင်းစရာရှိလို့ ခေါ်လိုက်တာ ကြွယ်ဝအောင်”
ခေါင်းညိတ်လိုက်ရင်း ကြွယ်ဝအောင်က
“သိပါတယ် ဆရာ၊ ဆရာ ဘယ်တော့မှ မုန့်ဖိုးတွေ ဘာတွေ ပေးဖို့ မခေါ်တတ်ဘူးဆိုတာ သိထားပြီးသားပါ”
“အေး..သိရင်လည်း ပြီးတာပဲ၊ မင်းကို ငါပြောရဦးမယ်၊ မင်း ငါ့အိမ်မှာ နေတာလည်း ကြာလှပြီ၊ မင်းကို လစာလည်း ပေးထားတယ်၊ နေစရာနဲ့ စားစရာဆိုလည်း ပေးထားတယ်၊ အဲဒါကို မင်းက နာတယ် ထင်နေတာလား”
ကြွယ်ဝအောင် ခေါင်းခါလိုက်သည်။
“မထင်ပါဘူး ဆရာ၊ ဆရာက ကျွန်တော့် ကို ငယ်ငယ်ကတည်းက ကျွေးမွေးစောင့်ရှောက်လာခဲ့တဲ့ ကျေးဇူးရှင်ပါ”
“အေး..မင်း အမြဲနားလည်ထားဖို့တော့ လိုတယ်ကွ၊ ဒါပေမယ့် ..မင်းကို ငါ အကြည့်ကြည့်နေတာ ကြာပြီ..မင်းကိုလေ အလုပ်တစ်ခုခိုင်းလိုက်တိုင်း စိတ်ချရတယ်လို့ကို မရှိဘူး၊ အမြဲတမ်း စောက်တလွဲလုပ်တယ်၊ အဲဒီ အကျင့်လေးရော ပြင်ဖို့ အစီစဉ်ရှိရဲ့ လား”
“ကြိုးစားနေတယ် ဆရာ၊ ဒါပေမယ့်..ဆရာ စီးပွားပျက်အောင်၊ လူမှု ရေး ထိခိုက်အောင်တော့ ကျွန်တော် မလွဲဖူးပါဘူး”
“ဟုတ်ပါပြီကွာ..ဆင်ခြေဆင်လက်နဲ့ ဆင်နားရွက် ကတော့ မင်း တော် တော် ပေးတတ်ပါတယ်၊ ဟေ့ကောင် မင်းဖုန်း ခဏပေးစမ်း”
ထိုစကားကြောင့် ကြွယ်ဝအောင် ရုတ်တရက် ကြောင်အမ်းသွားရင်း ဘောင်းဘီအိတ်ထဲမှ ဟန်ဖုန်းကို ထုတ်လိုက်မိသည်။ ချက်ချင်း လှမ်းမပေးသေးဘဲ ပြန်မေးလိုက်၏ ။
“ကျွန်တော့် ဖုန်း ဘာလုပ်မလို့လဲ ဆရာ၊ အထဲမှာ ဘာညာတွေ မရှိဘူးနော်၊ ဆရာ ရှာနေရင် ပင်ပန်းမှာ စိုးလို့ပြောတာ”
ဦးအောင်မိုးက ယောင်ကာ ခေါင်းညိတ်လိုက်ရင်း..
“သြော်…ဟုတ်လား၊ အဲဆိုလည်း နေပါစေတော့ကွာ..ငါက မင်းဆီမှာ Home made လေးတွေ ရှိရင် Zapya လေးနဲ့ ကူးမလားလို့ ဟာ..ဟေ့ကောင် မင်းဆီက ဘာလုပ်ဖို့ ကူးမှာ လဲကွ၊ ငါတောင် ယောင်ကုန်ပြီ”
ကြွယ်ဝအောင်က ပြုံးစိစိလုပ်ရင်း..
“မသိဘူးလေ ဆရာရယ်..ဆရာက ဖုန်းတောင်းတော့ မေးကြည့်တာပါ”
“ဟေ့ကောင်..ဖုန်းတောင်းတယ်ဆိုတာက မင်းကို ငါ ပေးကိုင်ထားတဲ့ ဟန်းဆက်ကို ကြည့်မလို့ကွ၊ ငါ မင်းကို ခဏပေးကိုင်ထားတဲ့ ဟန်းဆက်က မော်ဒယ်အမြင့်နော်၊ ဈေးကြီးတယ်၊ မင်း…အဲဒီ ဟန်းဆက်ကို သပ်သပ်ရပ်ရပ် ကိုင်လား မကိုင်လားဆိုတာ စစ်မလို့ကွ၊ ပေးစမ်းပါ”
ကြွယ်ဝအောင်က လက်ထဲမှ ဖုန်းကို လှမ်းပေးလိုက် သည်။ ဦးအောင်မိုးက ဖုန်းအဟောင်း အရောင်းအဝယ်လုပ်သည့် ပွဲစားကဲ့သို့ ဖုန်းကို ဖင်ပြန်ခေါင်းပြန်ကြည့်ပြီးမှ ပြန်ပေးလိုက် ရင်း
“သေချာကိုင်ကွ..အောက်တွေ ဘာတွေ ပြုတ်ပျက်မကျစေနဲ့”
“အေး..ဆို”
“ဟေ့ကောင်..ဘာပြောလိုက်တယ်”
“သြော်….ရေလည်း အစိုမခံဘူးလို့ ပြောတာပါ ဆရာ”
“မကြားတကြားမပြောနဲ့ကွ..ပီပီသသပြော”
ကြွယ်ဝအောင် ပခုံးအသာတွန့်လိုက်သည်။ ထိုအခါမှ ဦးအောင်မိုးက သတိရဟန်ဖြင့်
“မင်းကို ဆုံးမနေရတာ နဲ့ ခိုင်းမယ့်ကိစ္စက မေ့တော့မယ်”
ထိုသို့ ပြောပြီး ဦးအောင်မိုးက စားပွဲပေါ်၌ အသင့်တင်ထားသည့် စက္ကူဘူးတစ်ဘူးကို လှမ်းယူလိုက်သည်။ ပြီး..ကြွယ်ဝအောင်ကို ကြည့်လျှက်..
“ကြွယ်ဝအောင်..ဒီကိတ်မုန့်ဘူးကို ငါ့မိတ်ဆွေ ဒေါ်ဝေမာအိမ်ကို မင်းကိုယ်တိုင် သွားပေးရမယ်”
“အထဲမှာ ဘာပါလို့လဲ ဆရာ”
ဦးအောင်မိုးမျက်နှာက ဆတ်ခနဲ တည်သွားပြီး..
“ကိတ်မုန့်ဘူးပဲကွ..အထဲမှာ ကိတ်မုန့်ပဲ ပါမှာ ပေါ့၊ လျှာမရှည်နဲ့ကွာ၊ ပြန်လည်း မမေးနဲ့၊ မင်း ဒီကိတ်မုန့်ဘူးကို ဒေါ်ဝေ့မာလက်ထဲ ရောက်အောင်သွားပေး ဒါပဲ ငါလိုချင်တယ်..ရော..ခု သွားတော့”
ပြောရင်း ဦးအောင်မိုးက လှမ်းပေးလာသည်။ ကြွယ်ဝအောင် လှမ်းယူလိုက်သော်လည်း ဦးအောင်မိုးက သူ့လက်ကို နောက်သို့ ဆုတ်လိုက်ရင်း မပေးသေးဘဲ
“ဟေ့ကောင် ထပ်မှာ မယ်..ဘာမှအလွဲလွဲ အချော်ချော် မ ဖြစ်စေနဲ့နော်၊ မင်းတာဝန်က ဒီကိတ်မုန့်ဘူးကို ဝေမာလက်ထဲ အရောက်ထည့်ဖို့ပဲ”
“သိပါပြီ ဆရာ”
ဒါသည်ကိုပင် ကျေနပ်ဟန်မရှိသော ဦးအောင်မိုးက
“ပြန်ပြောကြည့်စမ်း..ငါမှာ တာ ဘာလဲ”
ကြွယ်ဝအောင်က ခေါင်းတဗျင်းဗျင်းကုတ်လိုက်ရင်း
“ဒါကို ယူသွားရမယ်ဗျာ..ဟိုရောက်ရင် ဝေမာ့ကို ထည့်လိုက်ရုံပဲ..ဒါပဲမလား”
“ဟေ့ကောင်”
“သြော် ဒီကိတ်မုန့်ကို ဒေါ်ဝေမာလက်ထဲရောက်အောင် ထည့်ခဲ့ရမယ်လို့ ပြောတာပါ ဆရာ”
“ကြောင်တောင်တောင် မလုပ်နဲ့..ကြောင်တောင်တောင်မလုပ်နဲ့၊ သွားတော့ ဟေ့ကောင် ခုသွားပို့လိုက်၊ လမ်းမှာ ဘယ်မှမဝင်နဲ့ ကြားလား”
ကြွယ်ဝအောင်က ခေါင်းညိတ်လိုက်ပြီး
“ဟုတ်ကဲ့ပါဆရာ..အဲဒါဆိုလည်း ကျွန်တော် သွားမယ်လေ၊ ကိတ်မုန့်ဘူးပေးတော့”
“သြော်..အေး..ရော့ သေချာကိုင်သွား”
ဦးအောင်မိုး ပေးလာသော ကိတ်မုန့်ဘူးကို ကြွယ်ဝအောင်က လိုတာထက်ပို၍ ဂရုစိုက်ဟန်လုပ်လျက် တယုတယလေး လှမ်းယူလိုက်သည်။ ပြီး..ဦးအောင်မိုးကို တစ်ချက်ကြည့်ကာ ချာခနဲလှည့်ထွက်လိုက်ပါ၏ ။
![]() သူစိမ်းတွေ မရှိတဲ့ ကမ္ဘာ | ![]() ရာသက်ပန် ပရိုဂရမ် | ![]() သံယောဇဉ်နေ့စဉ် |