Cover

အခန်း(၁)

မိုးစက်ဝိုင်

ရာသက်ပန် ပရိုဂရမ်

နိဒါန်း

(သို့ )

ဧပြီလ (၁) ရက်နေ့

မနက် ၅ နာရီ တိတိ

နွေဦးရဲ့ နံနက်ခင်းဟာ အလင်းအားမသန်သေးပေမယ့် အမှော င်ပျပျ အောက်က နိုးထဖို့ အားယူနေပါတယ်။ မြို့ပြဟာ သူ့ရဲ့ လှုပ်ရှားမှု တွေ ကို စတင် စတက် (Start) နှိပ်လိုက်တဲ့အချိန်မျိုးပေါ့။

အဲဒီ လို မနက်ဦးရဲ့ မြန်မာစံတော် ချိန် ငါးနာရီတိတိမှာ ကျွန်တော် အိပ်ရာက နိုးထလာခဲ့တယ်။ အချိန်တိတိကျကျကြီး အိပ်ရာထတတ်လိုက် တာလို့ ကျွန်တော့် ကို မစွပ်စွဲလိုက်ပါနဲ့။ ဘာ ဖြစ်လို့လဲဆိုတော့ ညကပဲ နာရီကို သံပတ်ပေးထားလို့ ခုလို ထ,နိုင်တာပါ။

ဒီနေ့က ကျွန်တော့် အတွက် အရေး ကြီးတယ်လေ။ ဘာ ဖြစ်လို့လဲ ဆိုတော့ ဒီနေ့ဟာ ကျွန်တော့် ရဲ့ မွေးနေ့။ လွန်ခဲ့တဲ့ အနှစ် နှစ် ဆယ်ကျော် လောက်က အမေ ကျွန်တော့် ကို လူ့လောကထဲ ခေါ်လာခဲ့တဲ့ နေ့မျိုးတစ်နေ့ ပေါ့။ ဒီလိုနေ့မျိုးမှာ ကျွန်တော် စိတ်ကြည်ကြည်စင်စင်နဲ့ အိပ်ရာက ခပ်စော စော နိုးနေဖို့ကောင်းတယ်မဟုတ်လား။

အိပ်ခန်းထဲက အပြင်ထွက်ထွက်ချင်း ဘုရားခန်းဆီက အမေ့ရဲ့ ဝတ်ပြုဆုတောင်းနေသံကို အရင်ကြားလိုက်ရတယ်။

ကျေးဇူးအထူးပါ ...အမေ။ ဆပ်မကုန်တဲ့ ကျေးဇူးတော် တွေ ကို ကျွန်တော် အမြဲတမ်း သတိရနေမှာ ပါ။

ချက်ချင်း ဆိုသလို အမေ့အကြောင်း ဖွင့်ဆိုထားတဲ့ အင်္ဂလိပ်ဝါကျ တချို့ကို သတိရမိသွားတယ်။

အဲဒါ ကတော့ ...

M= motive

O = only one

T = true love

H = heastiest

E = exceptional

R = responsible

ဘာတွေ ဘယ်လိုပဲ ဖြစ် ဖြစ် ဒီလိုနေ့မျိုးမှာ ကျွန်တော် အမေ့ကို အရင်ဆုံး ဦးချလိုက်ပါတယ်။

•••

အခန်း (၁)

ဒီလို ကျွန်တော့် ရဲ့ မွေးနေ့မျိုးမှာ ဘာလုပ်သင့်သလဲ။ အင်း ... ထရိတ်တားတို့, ဆီဒိုးနားတို့လိုမျိုး ဟိုတယ်ကြီးတွေ မှာ မွေးနေ့ပွဲ ကျင်းပ ရမှာ လား။ ဒါမှမဟုတ် စပေါ့ဘားလိုနေရာမျိုးမှာ ဒင်နာပေးပစ်လိုက်ရမလား။ ဟင့်အင်း ...မလုပ်ချင်ပါဘူး။ ကျွန်တော့် ကို စာရေး ဆရာမိုးစက်ဝိုင်က အဲဒီ လို လူအထင်ကြီးအောင် လုပ်ပြတဲ့ပွဲတွေ မလုပ်ဖို့ အစောကြီးက မှာ ထား ပါတယ်။

ဒီတော့ ကျွန်တော် လုပ်ရမှာ က ဒီနေ့မှာ ကျွန်တော် ခင်တဲ့,ချစ်တဲ့ လူတွေ ကို စနစ်တကျ အရူးလုပ်ဖို့ပါပဲ။ ဘာ ဖြစ်လို့လဲဆိုတော့ ကျွန်တော့်  မွေးနေ့ဟာ ဧပြီလ တစ်ရက်နေ့လေ။ ဧပရယ်ဖူးလ် (April Fool) ဆိုတဲ့နေ့ ပေါ့။ သဘောပေါက်ပါတယ်နော်။

ကဲ ...စလိုက်ရအောင်။

ကျွန်တော် ဖုန်းဖွင့်ပြီး သူငယ်ချင်း အထီး တစ်ယောက် ဆီ အရင် ခေါ်လိုက်တယ်။ ဖုန်းဝင်သွားပြီး သိပ်မကြာလိုက်ဘူး ...အဲဒီ လဒက အဖို သံ အိပ်ချင်မူးတူးကြီးနဲ့ ဗလုံးဗထွေး ပြန်ပြောလာတယ်။

''ဟာ ...ဗညား ...ဘာလဲကွာ ဒီအချိန်ကြီး ဘာ ဖြစ်လို့ ဖုန်း ဆက်တာလဲ၊ အိပ်ကောင်းနေတဲ့ဟာကို''

အဲဒါ ကျွန်တော့် သူငယ်ချင်းတင်လတ်ရဲ့ အသံပါ။ သြော် ...ပြော စရာရှိသေးတယ်။ ဒီကောင့်ကောင်မလေးက ကျွန်တော့် ရဲ့ သူငယ်ချင်း။ ကျွန် တော် နဲ့ အိမ်နီးနားချင်းက ကေသွယ်ဆိုတဲ့ ငတိမလေးပါ။

ကျွန်တော် က ချက်ချင်း ပဲ အရေး တကြီးနိုင်လှတဲ့အသံနဲ့ ...

''ဟေ့ကောင် ...အိပ်ကောင်းမနေနဲ့၊ အရေး ကြီးလို့ ဆက်တာ၊ ခုနကပဲ ကေသွယ် အူအတက်ပေါက်လို့ဆိုပြီး ဆေးရုံတင်လိုက်ရတယ်''

''ဟေ ...ဘယ်လို, ဘယ်လို''

ဒီကောင့်အသံဟာ ပျာယာခတ်သွားတယ်။ အိပ်ရာပေါ်ကလည်း ငုတ်တုတ်ထ,ထိုင်လိုက်တဲ့ပုံပဲ။

ကျွန်တော် က ထပ်ပြီး ...

''အေး ...ဟုတ်တယ်၊ မနေ့ညက ငှက်ပျောသီးတွေ ဆိုလား၊ ဂွေးသီးတွေ ဆိုလား နင်းကန်စားပြီး ခုမနက်မှာ မှ ထ ဖြစ်တာ၊ အဲဒါ မင်း လိုက်သွားလိုက်ဦး၊ (...) ဆေးရုံမှာ ''

''အေး ...အေး ...ကျေးဇူးပဲ ဗညား၊ ခုပဲ ငါ လိုက်သွားလိုက် မယ်''

ပြောပြီး ဒင်းက အရင်တောင် ဖုန်းချသွားသေး။ အင်း ...သိပ် မကြာခင်မှာ တော့ တင်လတ် ကျွန်တော့် ကို အမြင်ကတ်တော့မှာ ပဲ။ ဘာ ဖြစ် လို့လဲဆိုတော့ ကေသွယ်ဆိုတဲ့ သူ့ငတိမက ဒီအချိန် ကျန်းမာပကတိနဲ့ အိပ်ကောင်းလွန်းလို့ ထဘီတောင် လည်ပင်းတက်စွပ်နေလောက်တယ်။

တင်လတ်ပြီးတော့ ဒုတိယကံဆိုးသူ မောင်ရှင်က ကျော်ကြီးဆိုတဲ့ ကောင်ပါ။ ဒီကောင့်ဆီ ဖုန်းဆက်ခေါ်လိုက်တယ်။ ဒင်းကလည်း အိပ်ရေး မဝသံကြီးနဲ့ ပြန်ထူးပါတယ်။

''ဗညား ...ဘာလဲကွာ ...ငါ ညက ဘိလိယက်ထိုးပြီး နှစ် နာရီ လောက်မှ အိပ် ဖြစ်တာကွ''

ကျွန်တော် က အားနာသံလေးနဲ့ ...

''ဟိုလေ ...ဒီလိုကွ ကျော်ကြီး၊ ငါ ...မင်းကို တောင်းပန်စရာ ရှိလို့''

''ဟင် ...ဘာလဲကွ''

''ဟိုလေကွာ ...မနေ့ညနေက မင်းပြန်တော့ မင်းဆိုင်မှာ ငါနေ ခဲ့တယ် မဟုတ်လား''

''အေးလေ ...မင်းပဲ ဆိုင်ပိတ်ပြီး သော့ ယူထားလိုက်မယ်ဆို''

ပြောပြီးမှ ဒီကောင်က သတိရသွားဟန်နဲ့ ...

''ဘာလဲ ...ဆိုင်သော့ ပျောက်သွားလို့လား၊ ရပါတယ် ငါ့ဆီမှာ သော့ အပို ရှိပါသေးတယ်''

ကျွန်တော် က ...

''သော့  ...သော့ က မပျောက်ပါဘူးကွ၊ ဟိုကွာ ...ငါ ...မင်း ဆိုင်က မပြန်ခင် ကော်ဖီသောက်ဦးမယ်ဆိုပြီး ဟော့ပလိတ်နဲ့ ရေနွေးအိုး တည်ထားခဲ့တာ ပြန်ပိတ်ဖို့ မေ့သွားတယ်၊ ခုမှ သတိရလို့ ဖုန်း ...ဖုန်း ဆက်တာ၊ အဲ ...အဲဒါ ...ဘာ ...ဘာမှမ ဖြစ်လောက်ပါဘူးနော် ... သူငယ်ချင်း''

စကားဆုံးဆုံးချင်းမှာ ပဲ ကျော်ကြီးအသံက ခေါင်းကို ဆင်နင်းခံ လိုက်ရသလို မချိမဆံ့ကြီး ထွက်လာတော့တယ်။ အားရစရာပါပဲ။

''ဟာ ...ဟာ ...ဒုက္ခပါပဲ၊ ဒီကောင်ကွာ ...မေ့စရာရှားလို့ အကုန်ရှော့ခ် ဖြစ်ကုန်မှာ ပေါ့ ... ချီးမှပဲ၊ ဟေ့ကောင် ...ငါ ခု ချက်ချင်း ဆိုင်သွားလိုက်မယ်၊ မင်းလည်း အိမ်က ထွက်ခဲ့လိုက်''

ပြောပြီး ဖုန်းချသွားတယ်။ သေချာပါတယ် ကျော်ကြီးတော့ သူ တပိုင်တနိုင်ဖွင့်ထားတဲ့ ကွန်ပျူတာစာစီဆိုင်လေးကို သော ကတွေ နဲ့ ပြေး ပြီဆိုတာ။ ခဏနေရင်တော့ ကျော်ကြီးလည်း ကျွန်တော့် ကို ဆော်ပလော် တီးချင်နေလောက်ပါပြီ။

နောက်တစ်ခါအလှည့်ကျလာသူက ဇင်မာဆိုတဲ့ သူငယ်ချင်းကောင် မလေး။ အင်း ...ဇင်မာကိုလည်း ဖင်နာ ...အဲလေ ကျွန်တော့် ကို ချဉ် လာအောင် သမရမယ်။

ဇင်မာဆီ ဆက်လိုက်တော့ ငတိမက အိပ်ရာက နိုးနေပုံပေါ်တယ်။ ကြည်ကြည်လင်လင်ပဲ ပြန်ထူးလာတယ်။

''ဗညား ...ပြော ဘာလဲ''

ကျွန်တော် က စိုးရိမ်ပူပန်နေတဲ့အသံမျိုးလုပ်ပြီး ...

''ဇင်မာရေ ...ကွိုင်တော့တက်ကုန်ပြီဟ''

''ဟင် ...ဘာ ...ဘာ ဖြစ်လို့လဲ''

''ဘာ ဖြစ်ရမှာ လဲ ...ကေသွယ်တို့အိမ်မှာ မိုးမီးလောင်ကုန်ပြီဟ''

''ဟေ ...မီးလောင်လို့ ဟုတ်လား၊ မီး ...မီးသတ်ကားတွေ မလာဘူးလားဟဲ့''

အရေး ထဲ ငတိမက ချော်တော့ငေါ့နေသေးတယ်။

ကျွန်တော် က ...

''ဟာ ...မီးလောင်တာ မဟုတ်ဘူး၊ မိုးမီးလောင်တာပါဆို၊ မနေ့ ညက ကေသွယ်ကို ဟိုကောင်တင်လတ် ခိုးပြေးသွားလို့တဲ့''

''ဟင် ...တကယ်''

''ဟာ ...ငါက ညာပါ့မလား၊ အဲဒါ သူ့မိဘတွေ က ငါ့ဆီကို ဖုန်းဆက်ပြီးမေးတာ၊ တအားလည်း ဒေါကန်နေကြတယ်''

''ဟယ် ...ဒုက္ခပါပဲ၊ အဲဒါဆို ...ဘယ်လိုလုပ်ကြမလဲ''

''အေး ...တွေ့ ရင်တော့ ခွဲမှာ အသေအချာပဲ၊ ခုပဲ လိုက်ရှာနေကြ ပြီ''

''ဒါနဲ့ ...ဘယ်သွားမယ်ဆိုတာ နင့်ဆီကို တင်လတ် ဖုန်းမဆက် သွားဘူးလား''

''တင်လတ်တော့ မဆက်ဘူး၊ ခုန ကတော့ ကျော်ကြီးဆက်တယ်၊ တင်လတ်နဲ့ ကေသွယ်နဲ့က ကွန်ပျူတာဆိုင်ထဲမှာ တဲ့''

''ဟင် ...သူတို့က ဆိုင်ထဲမှာ ဘာလုပ်နေကြတာလဲ''

''အာ ...ခိုးပြေးပါတယ်ဆိုမှ တစ်ယောက် က ကွန်ပျူတာစာစီပြီး နောက် တစ်ယောက် က မိတ္တူဆွဲနေမလားဟ၊ နင့်ကိုက ဝေးတာ''

''အဟီး ...သိဘူးလေ''

အံမယ် ...ဇင်မာက သူပဲ ရည်းစားမထားဖူးသေးတဲ့ အပျိုဖြန်း လေးလို ရှက်နေသေးတယ်။ ပြီးမှ ...

''ဗညား ...ဒါဆို ငါတို့ ဘာလုပ်ကြမလဲ ...ဟင်''

နင်လည်း ငါ့ကို လာခိုးပါလားလို့ ကျွန်တော် မပြောလိုက်ပါဘူး။ သူ့ကို ကြိုက်မှမကြိုက်ဘဲ။ ခု ကျွန်တော် ပြောလိုက်တာက ...

''အေး ...နင် ခုပဲ ကျော်ကြီးဆိုင်ကို လာခဲ့လိုက်၊ ငါလည်း ထွက်လာခဲ့မယ်၊ တင်လတ်တို့ကို ဝေးရာပြေးဖို့ စီစဉ်ပေးရမှာ ပေါ့''

''အေး အေး ...ခုပဲ ငါ ထွက်လာခဲ့မယ်၊ ဒါပဲနော် ဗညား''

ဒီလောက်နဲ့တင် မနည်း နေသာထိုင်သာရှိ သွားပါပြီ။ မိုးစင်စင်လင်း ရင်တော့ ဒင်းတို့တွေ ဒေါသမောင်းတင်ပြီး ကျွန်တော့် ဆီ အုပ်စုလိုက်ကြီး ချီတက်လာကြမှာ သေချာပါတယ်။

ဒါနဲ့ပဲ ကျွန်တော် မေမေ့ကို ပြောလိုက်တယ်။

''မေမေ ...ကျွန်တော့် သူငယ်ချင်းတွေ လာရင် မွေးနေ့မို့ ဘုရား သွားတယ်လို့ ပြောလိုက်ပါ''

''အေး အေး ...သား''

ကျွန်တော် တကယ်ပဲ ဘုရားသွားခဲ့ပါတယ်။ ဟိုအုပ်စုအတွက် တောင် အမျှအတန်းဝေခဲ့သေးရဲ့ ။

ဒင်းတို့တွေ တော့ ရောက်ရာအရပ်က သာဓုခေါ်နေမှာ မဟုတ်ဘူး။ ကျွန်တော့် နှာနုကိုပဲ ချိုးချင်နေမှာ သေချာလောက်တယ်။

ဘုရားပေါ်ကဆင်းလာတော့ ကျွန်တော် ဘယ်သွားရမှန်းမသိဘူး။ အိမ်ကိုလည်း မပြန်ချင်သေးတာအမှန်ပဲ။ စိတ်ထဲမှာ တစ်ခုခု လုပ်ချင်နေ တယ်။ အဲဒါ ဘာလို့ စဉ်းစားရင်း ...စဉ်းစားရင်း စိတ်ထဲမှာ ဖျတ်ခနဲ တွေးမိသွားတယ်။

အဲဒီ လိုနဲ့ ...

နောက်တစ်နာရီလောက်အကြာမှာ တော့ ကျွန်တော့် ဟန်းဖုန်းက ထ,မြည် လာပါတယ်။ အိမ်ကနေ မေမေ ဆက်တာပါ။

''သား ...ဘုရားက ပြန်လာရင် အိမ်ကိုပဲ တန်းလာခဲ့နော်၊ မေမေ သားကြိုက်တဲ့ နန်းကြီးသုတ် လုပ်ထားတယ်''

ကျွန်တော် က ...

''မစား ဖြစ်တော့ပါဘူး မေမေ၊ ကျွန်တော် တစ်နေရာသွားနေလို့''

''ဟဲ့ ...ဘယ်ကိုတုံး''

''ကျောင်းတုန်းက သူငယ်ချင်းတွေ ရှိတဲ့ မြို့လေးတစ်မြို့ကိုပါ''

''ဟေ''

''ဟုတ်တယ် မေမေရဲ့ ၊ သား အခု အဝေးပြေးကားပေါ်တက်တော့ မယ်၊ စိတ်မပူနဲ့နော် မေမေ၊ ဟိုရောက်ရင် သား ဖုန်းပြန်ဆက်လိုက်မယ်''

ပြောပြီးပြီးချင်း ကျွန်တော် ဖုန်းချလိုက်တယ်။ မေမေ စိတ်ပူပြီး မှာ တမ်းတွေ ချွေနေမှာ စိုးလို့ပါ။ မေမေက စိတ်ပူတတ်သလို ကျွန်တော် က လည်း ကိုယ့်ကိုယ်ကိုယ် စိတ်ချပါတယ်။

ဒီလိုနဲ့ ကျွန်တော့် စိတ်တွေ ဟာ မရောက်ဖူးသေးတဲ့ မြို့လေးတစ် မြို့ဆီ မှန်းဆနေမိတော့တယ်။

သူငယ်ချင်းတွေ ကို မွေးနေ့မှာ အရူးလုပ်ခဲ့တဲ့ ကျွန်တော် ဟာ ကျွန် တော့် အတွက် သွက်သွက်ခါမယ့် ကံကြမ္မာကို အဲဒီ မြို့လေးမှာ ပြဌာန်းထား မှန်း အဲဒီ တုန်းက လုံးဝမတွေးထားမိခဲ့တာ အမှန်ပါပဲ။

လူဆိုတာ မနက်ဖြန်ဆိုတဲ့ စာမျက်နှာတွေ ကို ကျော်ဖတ်ခွင့် မရှိ ဘူး မဟုတ်လား။

တကယ်လို့များ ...

ကျွန်တော် သာ အဲဒီ မနက်ဖြန်တွေ ကို နတ်တစ်ပါးပါးရဲ့ တန်ခိုး မျိုးနဲ့ ကြိုမြင်နိုင်ခဲ့ရင်တော့ ...

•••

အခန်း(၂)

အခန်း (၂)

ကားပေါ်တက်ပြီးလို့ ထိုင်ခုံပေါ်ကျကျနန ထိုင်ပြီးတဲ့အချိန်မှာ ကျွန် တော် ပထမဆုံးလုပ် ဖြစ်တာက ဟန်းဖုန်းကို ပါဝါပိတ်ပစ်လိုက်တာပါပဲ။ မဟုတ်ရင် ဟိုအုပ်စု လှမ်းညှောင်နေမှာ စိုးလို့ပါ။

ကားပေါ်မှာ ကျွန်တော် ထိုင်ရတဲ့ခုံက ပြတင်းပေါက်နဲ့ ကပ်လျက်။ ကျွန်တော့် ဘေးမှာ တစ်နေရာစာ လွတ်နေသေးတယ်။ ဒါပေမဲ့ ...အဲဒီ နေရာမှာ ထိုင်မယ့် ခရီးသည် ကတော့ မလာသေးပါဘူး။

ကားပေါ်မှာ ထိုင်နေရင်း တောင်တောင်အီအီ စဉ်းစားနေမိတယ်။ ခု ကျွန်တော် သွားမယ့် မြို့လေးမှာ က ထူးကျော်၊ မောင်ဦးနဲ့ သန်းဝင်းအောင် ဆိုတဲ့ သူငယ်ချင်းသုံးယောက် ရှိတယ်။ ထူးကျော်နဲ့မောင်ဦးက အဲဒီ မြို့ရဲ့ မြို့ခံသား။ ဟိုကောင် သန်းဝင်းအောင် ကတော့ အဲဒီ မြို့ကို အလည်လိုက်ရင်း နဲ့ မြို့ခံကောင်မလေး တစ်ယောက် နဲ့ ကြိုက်ပြီး ယူလိုက်တာ။ ပြီးတော့ အဲဒီ မြို့မှာ ပဲ အခြေချနေတယ်။ အလုပ်အကိုင်လည်း ကောင်းလို့ထင်ပါရဲ့ ။ အဲဒါကြောင့် ဖုန်းပြော ဖြစ်တိုင်း ကျွန်တော့် ကို အလည်လာဖို့ တဂျီဂျီမြောနေ တာလေ။ ကျွန်တော် လည်း တစ်ခါမှ မရောက်ဖူးတဲ့မြို့လေးကို ခုမှပဲ ရောက် ဖြစ်တော့မယ်။

သြော် ...ပြောရဦးမယ်ဗျ။ အဲဒီ မြို့က သူငယ်ချင်းတွေ နဲ့ ရန်ကုန် က သူငယ်ချင်းတွေ အားလုံး ရန်ကုန်မှာ ကျောင်းတက်တုန်းက ရင်းရင်းနှီး နှီးတွဲခဲ့ကြတာပါ။ ကျောင်းပြီးသွာြး ကတော့လည်း တကွဲတပြားနဲ့ပေါ့။ ဒါပေမဲ့ အဆက်အသွယ်တွေ တော့ မပြတ်ကြပါဘူး။ ခုပဲကြည့်လေ သန်းဝင်းအောင် ပေးထားတဲ့ လိပ်စာအတိုင်း ကျွန်တော် ခရီးထွက်ဖို့ အသင့် ဖြစ်နေပါပြီ။

တခြားခရီးသည်တွေ လိုတော့ ကျွန်တော့် မှာ ခရီးဆောင်အိတ်တွေ ဘာတွေ မပါဘူး။ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ပိုက်ဆံအချို့ပဲ ပါပါတယ်။ ဒါပေမဲ့ ပြဿနာမရှိပါဘူး။ ဟိုရောက်ရင် အဆင်ပြေမယ်ဆိုတာ သိပြီးသား ပါ။

ဒါနဲ့ပဲ ကားပေါ်မတက်ခင်မှာ ရေသန့်ဗူးနဲ့ စားစရာအချို့ ဝယ်ထား လိုက်တယ်။ ကျွန်တော် က ကွမ်းယာစားတတ်တဲ့ကောင်ဆိုတော့ ကွမ်းတစ် ထုပ်ပါ ဝယ်ထားသေးတယ်။ ဒီခရီးက လေးနာရီလောက် ကားစီးရမယ်လို့ သန်းဝင်းအောင် ပြောပြထားဖူးတာကိုး။

ကျွန်တော် စဉ်းစားနေချိန်မှာ ပဲ ဘေးက နေရာလွတ်မှာ လူတစ် ယောက် ဝင်ထိုင်လိုက်လေရဲ့ ။ ဆတ်ခနဲ ငဲ့ကြည့်ရင်း မျက်ခုံးပါ တစ်ဆက် တည်း ပင့်မိသွားတယ်။ လှတီးလှတကောင်မလေး တစ်ယောက် ဖြစ်နေလို့ပါ။ သူ့ဆီက ကိုယ်သင်းနံ့လား၊ ရေမွှေးနံ့လား မကွဲပြားတဲ့ သင်းရှရှအနံ့လေး ကိုပါ ကျွန်တော် ရလိုက်မိတယ်။ အင်း ...ဒီလိုကောင်မလေးမျိုးနဲ့ လေး နာရီလောက် အတူထိုင်ပြီး ခရီးသွားရတာ လည်း မဆိုးဘူးလို့ ပြောင်ချော် ချော် တွေးရင်း ပြုံးမိလိုက်တယ်။

ဒါပေမဲ့ ကျွန်တော့် အပြုံးက ခရီးဆုံးမရောက်လိုက်ပါဘူး။ ဘောက် ဆတ်ဆတ်အသံလေးက နားထဲ တိုးဝင်လာပါတယ်။

''ဒီမှာ ...ရှင် ဘာကိုကြည့်ပြီး ရယ်တာလဲ''

ရုတ်တရက် ကျွန်တော် ကြောင်အမ်းသွားရတယ်။ သူ့ဘက်ကို လှည့်ကြည့်မိတော့ ထပ်ပြောလာပြန်တယ်။

''ဒီမှာ ...ဒီမှာ ...ရှင့်ကို ပြောနေတာရှင့်''

''ဗျာ ..ကျွန်တော့် ကို ဟုတ်လား''

''ဟုတ်တယ် ...ခုနက ခုံမှာ ကျွန်မ ဝင်ထိုင်တော့ ရှင် ရယ်တယ်လေ၊ အဲဒါ ဘာသဘောလဲလို့ မေးနေတာ နားလည်ပြီလား''

''ဟာ ...မဟုတ်ပါဘူး၊ ကိုယ့်ဟာကိုယ် သဘောကျလို့ ပြုံးမိတာ ပါ၊ ခင်ဗျားနဲ့ မဆိုင်ပါဘူး''

ကျွန်တော် ဗြောင်ပဲ ညာလိုက်တယ်။ အဲဒီ တော့မှ ကောင်မလေး က မျက်စောင်းကို အရောင် လျော့ရင်း ...

''ကြိုပြောထားမယ်နော်၊ ကောင်မလေး တစ်ယောက် နဲ့အတူ ထိုင် ရတယ်ဆိုပြီး စကားရော ဖောရောနဲ့ မိတ်တွေ ဖွဲ့ပြီး ပတ်သက်ဖို့ ကြံစည် မနေနဲ့၊ လုံးဝစိတ်မဝင်စားဘူး''

''ဟောဗျာ ...ခုရောက်ကတည်းက ခင်ဗျားချည်းပဲ ပြောနေတာ မဟုတ်လား''

သူ့မျက်နှာလေးဟာ တစ်မျိုး ဖြစ်သွားတယ်။ ရှက်အမ်းအမ်းလို့ ဆိုရမလားပဲ။ ဒါတောင် သူကပဲ ဆက်ပြောလာပါသေးတယ်။

''အို ...ဘာ ဖြစ် ဖြစ် ရှင်တို့ ယောက်ျားတွေ အကြောင်းသိလို့ ကြိုပြောထားတာ''

ကဲကြည့် ...။ သူ့ပုံစံကြည့်ရတာ ဘယ်သူကမှ မတိုက်ခိုက်သေး ဘဲ အတင်းကာကွယ်သလို ဖြစ်နေတယ်။ ကျွန်တော့် ကို ကားပေါ်မှာ ဇာတ် လမ်းလုပ်မယ့်ကောင်လို့ ထင်နေတာကိုး။

ဒါနဲ့ပဲ ကျွန်တော် ပြန်ပြောလိုက်ပါတယ်။

''စိတ်ချပါဗျာ၊ ခင်ဗျားဘက်က စမပြောမချင်း ကျွန်တော် ဘာမှ မပြောဘူး ...ဟုတ်ပြီလား''

''အောင်မာ ...ကြီးကြီးကျယ်ကျယ် စိတ်ချ၊ ကျွန်မဘက်ကလည်း မပြောဘူး''

စကားအဆုံးမှာ ပဲ MP4 နားကြပ်ကလေးကို သူ့နားနှစ် ဖက်ထဲ ထိုးထည့်လိုက်တယ်။ ဘယ်ရမလဲ။ MP4 ပါမလာတဲ့ ကျွန်တော် လည်း အားကျမခံ ကွမ်းယာထုပ်ဖြည်ပြီး ကွမ်းတစ်ယာ ကောက်ဝါးပစ်လိုက်တာ ပေါ့။ အဲဒီ အချိန်မှာ ပဲ ကားဟာ ဘီးလိမ့်စပြုနေပါပြီ။

စကားမပြောရပေမယ့် မျက်စိကလေးမှိတ်ပြီး သီချင်းနားထောင် နေတဲ့ သူ့ကို ကျွန်တော် မသိမသာ အကဲခတ်မိတယ်။ နီညိုရောင် လှိုင်း တွန့်ဆံပင်လေးတွေ ဝန်းခနေတဲ့ သူ့မျက်နှာဖူးဖူးလေးဟာ အတော့် ကို ဆွဲဆောင်မှု ရှိပါတယ်။ ခေတ်စကားနဲ့ဆို အလန်းဇယားလေးပေါ့။ သူ့မျက်နှာ လေးကို ခိုးငေးရင်း ကျွန်တော့် ရင်ထဲမှာ မသိမသာ လှိုင်းထလာတယ်။ အဲဒါ ဘာ ဖြစ်တာလည်း ကျွန်တော် မသိဘူး။

တကယ်တော့ ကျွန်တော် ဆိုတဲ့ကောင်ဟာ မိန်းကလေးတွေ နဲ့ ပတ်သက်လာရင် အတွေ့ အကြုံနည်းပါတယ်။ ကျောင်းတုန်းက သူငယ်ချင်း ကောင်မလေးတွေ ရှိပေမယ့် စဖို့နောက်ဖို့လောက်ပဲ စိတ်ထဲမှာ ရှိတာ။ ရည်း စားဆိုတဲ့ ခေါင်းစဉ်အောက်ကို တစ်ခါမှ မရောက်ခဲ့ဖူးဘူး။ အဲဒီ လိုဆိုလို့ ခုဘေးမှာ ရှိတဲ့ ကောင်မလေးကို ကောက်ခါငင်ခါစိတ်ဝင်စားသွားတာမျိုး လည်း မဟုတ်ပါဘူး။ သူ့အလှကို သတိထားမိသွားတာမျိုးပါ။ ရင်ခုန်တယ် ဆိုတာကလည်း ဒီလို လှတီးလှတလေးနဲ့ ပူးပူးကပ်ကပ် ထိုင်နေရလို့ ဖြစ် မှာ ပေါ့။

ထားပါတော့လေ။ ခုတော့ သူလည်း သီချင်းတစ်ပုဒ်ပြီးတစ်ပုဒ် နားထောင်ရင်း ခရီးဆက်နေသလို ကျွန်တော် လည်း ကွမ်းတစ်ယာပြီး တစ် ယာ ဝါး ဖြစ်နေတယ်။ ခု ခရီးအတူသွားနေပေမယ့် နောက်လေးနာရီလောက် ကြာရင် သူနဲ့ကျွန်တော် တစ်ယောက် တစ်လမ်းစီ သွားကြရမှာ မဟုတ်လား။ ဒီတော့ စိတ်ကူးယဉ်စရာမကောင်းတဲ့ ဇာတ်လမ်းကို မေ့ပြီး ကျွန်တော် လည်း မျက်စိမှိတ်ထားလိုက်တယ်။

ဘယ်လောက်ကြာသွားလဲတော့မသိဘူး ဆူညံနေတဲ့ လူသံတွေ ကြောင့် ကျွန်တော် အိပ်ပျော်နေရာက နိုးလာတယ်။ စီးလာတဲ့ကားက စားသောက်ဆိုင်တစ်ဆိုင်ရှေ့မှာ ရပ်နေပါပြီ။ ထမင်းစားဖို့ ရပ်ပေးတာထင် တယ်။

အဲဒီ မှာ ခက်တော့တာပဲ။ ကျွန်တော် ကားပေါ်က ဆင်းချင်ပေမယ့် ဘေးနားက ဒင်းကလေးနဲ့ ပိတ်မိနေတယ်။ ခုထိ နားကြပ်နားကို နားမှာ တပ် ပြီး မျက်လုံးမှိတ်ထားတုန်းပဲ။ အိပ်ပျော်နေတာလားမသိဘူး။

အဟမ်းအဟမ်းလို့ အသံပြုရင်း ခဏစောင့်ကြည့်ပေမယ့် ဒင်းက တုတ်တုတ်ကို မလှုပ်သေးဘူး။ ခေါင်းကုတ်ရင်း ဘာလုပ်ရင် ကောင်းမလဲ လို့ စဉ်းစားလိုက်မိတယ်။

ခဏနေတော့ စိတ်ကူးမိတဲ့အကြံကို ကိုယ့်ဟာကိုယ် အတည်ပြု ရင်း သူ့နားနှစ် ဖက်က နားကြပ်ကြိုးလေးကို ဆတ်ခနဲ ဆွဲဖြုတ်လိုက်တယ်။ ပတ်ဝန်းကျင်က ဆူညံသံတွေ နားထဲကို အထွေးလိုက် ဝင်လာလို့လားမသိ ဘူး သူ့မျက်ခွံလေးဟာ အပေါ်ကို ဆတ်ခနဲ လှန်တက်လာလေရဲ့ ။

ပြီး ...ဘေးက ကျွန်တော့် ကိုလည်း တရားခံဖမ်းတဲ့အကြည့်နဲ့-

''ဒီမှာ ကျွန်မနားကြပ်ကို ဘယ်သူဆွဲဖြုတ်တာလဲ''

ခပ်တည်တည်ပဲ ကျွန်တော် ပြန်ဖြေလိုက်တယ်။

''နားကြပ်လား ...ကျွန်တော် ဆွဲဖြုတ်လိုက်တာ''

''အောင်မာ ...ဘာကိစ္စနဲ့ ဆွဲဖြုတ်လိုက်တာလဲ''

''ဟာဗျာ ...ခင်ဗျားက လူထွက်ပေါက်ကို ပိတ်ထားတာကိုး''

''ဘာရှင့်'

''ဟုတ်တယ်လေ၊ ကျွန်တော် က အောက်ဆင်းပြီး တစ်ခုခုသွားစား မလို့၊ အဲဒါ သွားလို့မရဘူး၊ ခင်ဗျားက အပေါက်ပိတ်နေတယ်၊ အဲဒါကြောင့် နိုးအောင် လုပ်လိုက်တာ''

မျက်စောင်းကို ရက်ရက်ရောရော အရင်ထိုးပါတယ်။ ပြီးမှ ...

''ဒါများ နားကြပ်ကို ဆွဲဖြုတ်စရာလား၊ ဒီအတိုင်း ပါးစပ်နဲ့ နှိုး လည်း ရတာ ပဲဟာကို''

''ဟင် ...ခင်ဗျားပဲ စကားလာမပြောနဲ့ဆို၊ အဲဒါကြောင့် ခုလို နှိုးတာပေါ့၊ ခုလည်း ခင်ဗျားဘက်က စပြောလို့ ပြန်ပြောတာနော်''

''ဟုတ်ပါပြီ ...ဟုတ်ပါပြီ၊ အဲဒီ အတွက် ကျေးဇူးတင်ပါတယ်''

ရွဲ့သလိုပြောရင်း သူကပဲ ထိုင်နေရာက အရင် ထ,ရပ်လိုက်ပါတယ်။ ပြီး ...သူပဲ ရှေ့က အရင်ဆင်းသွားရဲ့ ။

စားသောက်ဆိုင်ထဲရောက်တော့လည်း တစ်ဝိုင်းတည်းမှာ အတူ မထိုင် ဖြစ်ကြပါဘူး။ မထိုင်ဆို ဆိုင်မှမဆိုင်ဘဲလေ။ ကျွန်တော် လည်း အပေါ့ အပါး အရင်သွားပြီး ဘီယာတစ်လုံးနဲ့ ထမင်းပေါင်းတစ်ပွဲ တီးပစ်လိုက်တယ်။ စားသောက်ပြီးစီးလို့ ကားပေါ် ပြန်မတက်ခင်မှာ ကွမ်းယာတစ်ထုပ် ထပ်ဝယ် ရင်း သူ့ကို တွေ့ မလားလို့ ဝေ့ဝဲကြည့်မိသေးတယ်။ မတွေ့ ပါဘူး။ ကား ပေါ် ပြန်တက်သွားပြီထင်ရဲ့ ။

ဒီလိုနဲ့ ကျွန်တော် လည်း ကားပေါ်ပြန်တက်လာရင်း ထိုင်ရမယ့် နေရာရောက်တော့ ...

''ဟင်''

ကျွန်တော် မျက်လုံးပြူးသွားရတယ်။ ပြတင်းပေါက်နဲ့ ကပ်လျက် ကျွန်တော့် နေရာမှာ ဒင်းကလေးက ပိုင်စိုးပိုင်နင်း ဝင်ထိုင်နေလို့ပါ။

မတ်တတ်ရပ်ရင်း အဟမ်းလို့ အသံပြုလိုက်တော့ သူက စွေကြည့် လာပြီး ...

''ကျွန်မ ခေါင်းမူးနေလို့ ဒီဘက်မှာ ထိုင်မယ်နော်''

''ဟာဗျာ ...ကျွန်တော် လည်း မူးတတ်တာပဲဗျ၊ ကိုယ့်နေရာမှာ ကိုယ်ထိုင်ပါလား''

မျက်ခုံးလေး အတွန့်ချိုးသွားရင်း သူကပဲ ...

''ကျွန်မ တကယ်ပြောနေတာရှင့်၊ ရှင်က ယောက်ျားလေးပဲ လေဒီ ဖတ်(စ်) ဆိုတာ မကြားဖူးဘူးလား''

''ဟင့်အင်း ...လေဒီဂါဂါပဲ ကြားဖူးတယ်၊ အဆိုတော် လေ''

ပထမ သူ ကြောင်သွားတယ်။ ပြီးမှ စောင်းငမ်းငမ်းအကြည့်လေး နဲ့ ...

''ရှင် နောက်တောက်တောက် လုပ်မနေပါနဲ့၊ ရှင့်နေရာမှာ ပေး ထိုင်မလား၊ မထိုင်ဘူးလား ပြော''

ကျွန်တော် ဘာမှပြောမနေတော့ဘဲ သူ့နေရာမှာ ဝင်ထိုင်လိုက် ပါတယ်။ ပြီးမှ ...

''တစ်ခုတော့ ရှိတယ်ဗျ''

သူ ဆတ်ခနဲ လှည့်ကြည့်လာပြန်တယ်။ တစ်ခုရှိရင် တစ်ဝက်ပေး လေလို့တော့ မပြောဘူး။ ဒီတော့ ကျွန်တော့် မှာ ဆက်ပြောရတယ်။

''ကျွန်တော် က ကွမ်းစားတဲ့သူဗျ၊ ဒီဘက်မှာ ထိုင်တော့ ကွမ်းတံ တွေးထွေးဖို့ အခက်အခဲ ရှိတယ်လေ၊ ထွေးချင်ရင် ခင်ဗျားကို ကျော်ပြီး ထွေးရမှာ လား''

သူက ပျာပျာသလဲပဲ ...

''အာ ...ဘယ် ဖြစ်မလဲ''

ပြောရင်း သူ စဉ်းစားဟန်ပြုတယ်။ စဉ်းစားတာမို့ အဖြေလည်း ရသွားပုံပေါ်တယ်။ ချက်ချင်း ဆိုသလိုပဲ လွယ်ထားတဲ့ လွယ်အိတ်ထဲကို လက်နှိုက်ပြီး မွှေနှောက်ပါတော့တယ်။ သိပ်မကြာပါဘူး ...သူ့လက်ထဲမှာ ကြွပ်ကြွပ်အိတ်ကြီးတစ်အိတ် ပါလာပါတယ်။

အဲဒါကြီးကို ကျွန်တော့် ဆီ လှမ်းပေးရင်း ...

''ရော့ ...ဒီအိတ်ထဲကို ကြိုက်သလောက်သာ ထွေး''

ကျွန်တော် ကလည်း လှမ်းယူရင်း ရယ်ကျဲကျဲနဲ့ ...

''ပြီးရင် ...ခင်ဗျားကို ပြန်ပေးရမှာ လား ...ဟင်''

''ဘာရှင့် ...ပြန်ပေးစရာလား၊ ရှင့်ဟာရှင်သာ ပြန်သောက်ပစ် လိုက်''

ဝေါ့လို့ အသံပြုရင်း ကျွန်တော် ပျို့သလိုဟန်လုပ်ပြလိုက်တယ်။ သူ့မျက်နှာလေးပေါ်မှာ အပြုံးဖန့်ဖန့်သန်းသွားလေရဲ့ ။ ဒါပေမဲ့ သူနဲ့ကျွန်တော် စကားမဆက် ဖြစ်တော့ပါဘူး။ 'မ' နေမြဲ 'ကျား' နေမြဲဆိုသလို သူလည်း သူ့ဟာသူ နားထဲ နားကျပ်ထည့်တော့ ကျွန်တော် လည်း ကိုယ့်ပါးစပ်ထဲ ကိုယ် ကွမ်းယာတစ်ယာ ထိုးထည့်လိုက်ရတာ ပေါ့။

အဲ ...တစ်ခုတော့ရှိတယ်။ ကွမ်းစားရင်း အိတ်ကြီးတစ်ဖက် လက်က ကိုင်ထားရတာ သိပ်တော့မနိပ်ဘူးပေါ့ဗျာ။ ဒါပေမဲ့ ...ခဏပဲ ဆုံတွေ့ ရမယ့်သူကလေး စိတ်ချမ်းသာဖို့အတွက်ဆိုတော့လည်း ယောက်ျား မာနလေးနဲ့ပဲ ...ဗညားရေ မင်း အိပ်မငိုက်နဲ့ဟ။

ဒီလိုနဲ့ ...

ကြိုဆိုပါ၏ ...ဆိုတဲ့ ဆိုင်းဘုတ်ကိုကျော်လွန်ပြီး မြို့ကလေးဆီ ရောက်ရှိချိန်မှာ တော့ မွန်းလွဲနေဟာ မြို့ကလေးကို ကျဲပက်ထားပါပြီ။

သူ့တာဝန်ထမ်းဆောင်လို့ ပြီးသွားတဲ့ကားဟာလည်း ဂိတ်ဝင်းထဲမှာ မောကြီးပန်းကြီး ထိုးရပ်လိုက်ပါတော့တယ်။

•••

အခန်း(၃)

အခန်း (၃)

တစ်ခါမှ မရောက်ဖူးသေးတဲ့မြို့မို့ ကားဂိတ်ဝင်းထဲမှာ ကြောင်တက် တက် ဖြစ်နေမိသေးတယ်။ သွားရမှာ ကတော့ သန်းဝင်းအောင်ရဲ့ အိမ်ကိုပါ။ ဒီကောင် ကတော့ မှာ ထားတယ်။ လိပ်စာပြောပြီး ဆိုက်ကားသာ ငှားလာခဲ့ တဲ့။ ခုလည်း အဲဒီ အတိုင်း လုပ်ရတော့မှာ ပဲ။

ဒါပေမဲ့ ...ဒီနေ့က ဧပရယ်ဖူးလ်ဆိုတော့ ဒီကောင့်ကိုလည်း အရူးလုပ်ချင်သေးတယ်။ အဲဒီ အတွေးနဲ့ အိတ်ထဲက ဟန်းဖုန်းထုတ်ပြီး ဒီကောင့်အိမ်ဖုန်းကို ခေါ်လိုက်တယ်။ ဘာသံမှမကြားရဘူး။ မသင်္ကာလို့ ကိုယ့်ဖုန်းကိုယ် ပြန်ကြည့်လိုက်တော့ ဘက်ထရီက ဒေါင်းနေပါပြီ။

ကျွန်တော် ကလည်း လူ တစ်ယောက် ကို စဖို့, နောက်ဖို့, အရူးလုပ်ရ ဖို့ဆို ရွပ်ရွပ်ချွံချွံစိတ် ထားရှိတဲ့ကောင်ဆိုတော့ အနီးအနားဝေ့ပြီး အများ ပြည်သူသုံးဖုန်း လိုက်ရှာမိတယ်။

ရှာရင်းနဲ့ 'ဖုန်းပြောနိုင်သည်' ဆိုတဲ့ ဆိုင်တစ်ဆိုင်ကို တွေ့ လိုက်ရ တယ်။ ဒါနဲ့ပဲ အဲဒီ ဆိုင်ဘက်ကို ခပ်သွက်သွက်သွားလိုက်ပြီး စားပွဲပေါ်တင် ထားတဲ့ ဖုန်းခွက်ကို လှမ်းအယူ ...

''ဟာ''

ဖုန်းစကားပြောခွက်ဟာ ကျွန်တော့် လက် မဟုတ်တဲ့ တခြားလက် တစ်ခုထဲကို စွေ့ခနဲ ပါ သွားပါတယ်။ ပြောရင် သွယ်ကိုင်းပြေပြစ်တဲ့ လက် ကလေးတစ်ဖက်ပါ။ ကျွန်တော် လှည့်ကြည့်လိုက်တော့ ကားပေါ်မှာ အတူ ထိုင်ခဲ့ရတဲ့ 'သူ' ဖြစ်နေတယ်။

ကျွန်တော် က တင်းသွားသလို ဟန်လုပ်ပြီး ...

''ဒီမှာ ...ကျွန်တော် ဖုန်းဆက်မလို့ အရင်ရောက်နေတာဗျ''

ကားပေါ်မှာ မဟုတ်တော့လို့ ကျွန်တော် ကပဲ အရင်ပြောလိုက်ပါ တယ်။ ဖုန်းလုဆက်တဲ့သူ ကတော့ အနိုင်ရတဲ့သူလို ပြောင်စပ်စပ်ပုံစံလေးနဲ့ ...

''အဟင်း ...လေဒီဖတ်(စ်)လေ မသိဘူးလား''

''ဟုတ်ကဲ့ ...ဒါဆိုလည်း ဆက်ပါ လေဒီဂါဂါရယ်''

လို့ ရွှဲ့သလိုပြောပြီး ခပ်လှမ်းလှမ်းကို ထွက်လာခဲ့လိုက်တယ်။ သူများ ဖုန်းပြောတာကို နားမထောင်သင့်ဘူး မဟုတ်လား။

သူပြောတာလည်း သိပ်တော့မကြာပါဘူး။ သူထွက်သွားတော့မှ ကျွန်တော် သွားပြီး ဖုန်းခေါ်လိုက်တယ်။ သန်းဝင်းအောင်ဆီကိုပေါ့။

တစ်မြို့တည်းက ကြိုးဖုန်းမို့လို့လားမသိဘူး ဖုန်းက တန်းဝင်သွား ပါတယ်။

''ဟဲလို''

တစ်ဖက်က သန်းဝင်းအောင်က အိမ်ထောင်ဦးစီးလေသံနဲ့ ထူးလာ တယ်။ ကျွန်တော် က အသံခပ်အုပ်လုပ်လုပ်ပြီး ...

''ဟုတ်ကဲ့ ...အဲဒီ အိမ်က ကိုအောင်မင်းနဲ့ ပြောချင်လို့ပါ''

''ဗျာ ...ဖုန်းမှားနေပါတယ်ဗျ''

''ဟင် ...မမှားပါဘူး၊ ဒီအိမ်က မကြူကြူခိုင်တို့အိမ် မဟုတ်ဘူး လား''

သန်းဝင်းအောင် ကြောင်သွားပုံပေါ်တယ်။ ပြီးမှ ...

''အဲ ...အဲဒါတော့ ဟုတ်ပါတယ်''

''ဒါနဲ့များ ဗျာ ...ကိုအောင်မင်းဆိုတာ ကြူကြူခိုင်ရဲ့ ယောက်ျား လေ''

''ဗျာ ...မ ...မဟုတ်သေးပါဘူး၊ ကြူကြူခိုင်ရဲ့ ယောက်ျားက သန်းဝင်းအောင်ဆိုတဲ့ ကျုပ်ဗျ''

''ဟင် ...ကြူကြူခိုင်က နောက်ယောက်ျား ယူလိုက်ပြီကိုး''

''ဘာဗျ ...ကျုပ်မိန်းမက အပျိုဗျ၊ အဲလေ ...ကျုပ်ယူတုန်းက အပျိုလို့ပြောတာ ...ခင် ...ခင်ဗျားက ဘယ်သူလဲ''

''ငါလား ...မင်းအဖေ ဗညားလေ''

ကျွန်တော့် စကားလည်း ဆုံးရော တစ်သက်လုံး ဆည်းပူးလေ့လာ ထားတဲ့ အဆဲအဆိုတွေ နဲ့ သန်းဝင်းအောင် ဆဲပါတော့တယ်။ ပြီးမှ တဟား ဟား ရယ်ပြီး ...

''ဗညားရာ ...နောက်စရာရှားလို့ကွာ၊ ရန်ကုန်ကနေ တကူးတက နောက်နေရတယ်လို့၊ မင်းအကျင့် ကတော့ ဘယ်တော့မှ ပျောက်မှာ မဟုတ် ဘူး''

အဲဒီ တော့မှ ကျွန်တော် က လေးနက်တဲ့အသံမျိုးလုပ်ရင်း ...

''ကဲပါကွာ ...မနောက်တော့ပါဘူး၊ ခု ...ငါ အတည်ပြောမယ်''

''အေး ...ပြောလေ''

စကားကို ခဏရပ်ထားလိုက်ပြီးမှ ကျွန်တော် က ...

''ဒီလို သန်းဝင်းအောင်ရ ... ခု ...ငါ မိန်းမ ခိုးလာတယ်''

''ဟေ''

''ဟုတ်တယ်ကွ၊ သိပ်မအံ့သြနဲ့ဦး၊ ထပ်ပြောရင် မင်း ပိုတောင် အံ့သြသွားဦးမယ်''

''ဟင် ...ဘာ ဖြစ်လို့လဲ''

''ခု ...ငါ မိန်းမခိုးပြီး မင်းတို့မြို့ကို ရောက်နေတာကွ''

''ဟာ ...ဗညား ...မင်း မနောက်နဲ့နော်''

မယုံသံနဲ့ ပြန်ပြောလာတယ်။ ရပါတယ်။ ကျွန်တော် ကလည်း လေးနက်ခိုင်ကျည်သံနဲ့ ထပ်ပြောလိုက်တယ်။

''လုံးဝမနောက်ဘူးကွာ၊ မင်းမယုံရင် ထူးကျော်နဲ့မောင်ဦးတို့ကို လှမ်းခေါ်ပြီး မင်းအိမ်ကပဲ စောင့်နေလိုက်၊ ခု ငါလာခဲ့မယ်''

ပြောပြီး ချက်ချင်း ဖုန်းချပစ်လိုက်တယ်။ စိတ်ထဲမှာ ရောက်ရောက် ချင်း သူငယ်ချင်းတွေ နဲ့ တွေ့ ချင်တာရယ်၊ ပြီးတော့ ...ဒီကောင်တွေ ကို အရူးလုပ်ချင်တာနဲ့ရောပြီး ခုလို ပြောလိုက်တာပါ။ ဒါတောင် နာမည် လေးပဲ သိထားတဲ့ ကြူကြူခိုင်မှာ အဆစ်ခံလိုက်ရသေးရဲ့ ။

ဖုန်းဆိုင်မှာ ပဲ ဆိုက်ကားဂိတ်နေရာကိုမေးပြီး ဆက်ထွက်လာခဲ့ တယ်။ ဂိတ်နားရောက်တော့ တစ်စီးတည်းသော ဆိုက်ကားကို လှမ်းတွေ့  ရပါတယ်။ ဒါပေမဲ့ ရင်မောရပြန်တယ်။ အဲဒီ ဆိုက်ကားဆရာနဲ့ ဈေးစကား အချေအတင်ပြောနေသူက ကျွန်တော့် ထက် အမြဲဦးနေတဲ့ လေဒီဖတ်(စ်) လေဒီဂါဂါလေး။ ဈေးလည်း တည့်ပုံမပေါ်ဘူး။

ကျွန်တော် က အနားသွားလိုက်ပြီး ...

''ဆိုက်ကားဆရာ ...အားလားဗျ''

ဆိုက်ကားဆရာက ကျွန်တော့် ကို လှည့်ကြည့်လာတယ်။ ဒါပေမဲ့ ဦးအောင်ပြောလာသူက ဒေါ်ရွှေလေဒီဂါဂါပါပဲ။

''ဒီမှာ ကျွန်မ ငှားနေတာ မမြင်ဘူးလား''

''မြင်သားပဲ၊ ဒါပေမဲ့ ဈေးမှမတည့်တာလေ၊ ကျွန်တော် ငှားမှာ ပေါ့''

အဲဒီ တော့မှ ဆိုက်ကားဆရာက ဝင်ပြီး ...

''ဟုတ်သားပဲ ... ဒီက အစ်မလေးကလည်း တစ်ယောက် တည်း စီးလည်း နှစ် ယောက် စာ ပေးရမယ်ဆိုတာ လက်မှမခံဘဲ''

''ဒါဆိုလည်း ကျွန်တော် ငှားမယ်ဗျာ၊ တောင်းသလောက်ပေးမယ် ( ) ရပ်ကွက်ထဲက ( ) လမ်းကိုသွားမယ်၊ ဘယ်လောက်လဲပြော''

ကျွန်တော့် စကားအဆုံးမှာ ပဲ ဒေါ်ရွှေလေဒီဂါဂါက မျက်မှော င်ကြုတ် ရင်း ...

''အာ ...ကျွန်မလည်း အဲဒီ ရပ်ကွက်ထဲက အဲဒီ လမ်းကို သွားမှာ ပဲ၊ ကဲ ...မထူးပါဘူး ကျွန်မလည်း တောင်းသလောက်ပေးမယ်''

ခက်တော့ ခက်နေပါပြီ။ ဒီဟာမလေး ကျွန်တော့် ထက် နေရာ တကာများ ဦးချင်နေလားမသိဘူး။ ခု ...ကျွန်တော် ငှားမယ်ဆိုတော့မှ သူလည်း တောင်းတဲ့ဈေးကို လိုက်ပေးနေပြန်တယ်။

ဆိုက်ကားကလည်း ဒီတစ်စီးပဲ ရှိတော့တာမို့ ကျွန်တော် စိတ်ညစ် သွားတယ်။ နောက်တစ်စီးက ဘယ်အချိန်ကျမှ ဂိတ်ပြန်ဝင်မယ်မပြောတတ် ဘူး။ ဒါပေမဲ့ ကျွန်တော့် ရဲ့ အခက်အခဲကို ဆိုက်ကားဆရာလေးက ဝင်ရှင်း ပေးပါတယ်။ လေးစားစရာပါပဲ။ (နောက်မှ ဘာရယ်မဟုတ်ဘဲ လမ်းမှာ စပ်စုကြည့်တော့ ဆိုက်ကားဆရာလေးက သူ့နာမည် နေစေးလို့ ပြောပါ တယ်)

ခုလည်း မျက်နှာချိုချိုနဲ့ သဘောကောင်းပုံရတဲ့ ဆိုက်ကားဆရာ လေးက ...

''ကဲပါ အစ်မလေးရယ် ...ဒီအစ်ကိုလေးနဲ့ တစ်လမ်းတည်း သွားမှာ ပဲဟာကို၊ နောက်ဆိုက်ကားကလည်း ကြာဦးမှာ ဆိုတော့ ကျွန်တော် ပဲ နှစ် ယောက် စလုံးကို လိုက်ပို့ပေးပါ့မယ်၊ ကျသင့်ငွေလည်း တစ်ယောက် တစ်ဝက်စီပဲ ပေးပေါ့''

''သိပ်ကောင်းတဲ့ အစီအစဉ်ပဲ ငါ့ညီရာ၊ ဒီခေတ်မှာ မင်းလို သဘော ကောင်းပြီး မျှမျှတတ စဉ်းစားတတ်တဲ့ ဆိုက်ကားဆရာတွေ ရှားနေပြီကွ၊ တချို့ဆိုရင် သိတယ်မလား ကိုယ့်ဆန္ဒတစ်ခုပဲ ရှေ့တန်းတင်နေကြတာ ...ဟဲ ဟဲ''

ကျွန်တော့် စကားအဆုံးမှာ ပဲ လေဒီဂါဂါက စူးစူးရဲရဲကြည့်လာပြီး

''ရှင် ...ရှင် ...ကျွန်မကို စောင်းပြောနေတာလား''

''မပြောပါဘူး၊ ကျွန်တော် ပြောနေတာက ဆိုက်ကားဆရာတွေ ကိုလေ၊ ဘာလဲ ...ခင်ဗျားက ဆိုက်ကားနင်းစားဖူးလို့လား''

''အောင်မာ ...ဘာ ဖြစ်လို့ နင်းရမှာ လဲ၊ ရှင့်ဟာရှင်ပဲ နင်းစား''

''ကဲ ...ဒါဆိုလည်း ပြီးရောဗျာ၊ ခု သွားမယ်ဆိုလည်း သွားရ အောင်''

ပြောပြောဆိုဆိုပဲ ကျွန်တော် က ဆိုက်ကားခေါင်းခန်းမှာ ထိုင်ဖို့ ဟန်ပြင်လိုက်တယ်။ ဒါပေမဲ့ မရောက်လိုက်ပါဘူး။ သူကပဲ ဆိုးကလို့ ဇာတ်ကားထဲက မင်းသမီးရှုကြည်ရဲ့ အလျင်နှုန်းနဲ့ ခေါင်းခန်းမှာ စွေ့ခနဲ ဝင်ထိုင်လိုက်ပါတယ်။

အငိုက်မိသွားတဲ့ ကျွန်တော့် ကိုတောင် မထီတရီ အကြည့်လေးနဲ့ ကြည့်ပြီး ...

''သဘောပေါက်တယ်နော်၊ လေဒီဖတ်(စ်)ဆိုတာ''

''ပေါက်ပါတယ် လေဒီဂါဂါရယ်''

''ဘာရှင့်''

''ဘာမှမရှင့်ဘူး၊ ကဲ ...ဆရာရေ သွားမယ်''

ကျွန်တော် နောက်ခန်းမှာ ဝင်ထိုင်လိုက်ချိန်မှာ ပဲ ဆိုက်ကားဆရာ လေးက သူ့ရဲ့ ခြေနှစ် ချောင်း လက်နှစ် ဖက်ကို အသုံးပြုပြီး မောင်းထွက်ပါ တော့တယ်။ အမှန်တော့ ဆိုက်ကားနင်းလိုက်တာပါပဲ။

ဆိုက်ကားစီးလာတဲ့လမ်းမှာ လည်း ကျွန်တော် အငြိမ်မနေနိုင်ပြန် ဘူး။ ကျောပေးထားတဲ့ သူ့ကို နောက်ကနေ သွားကြားထိုးတံနဲ့ ထိုးနေတာ လည်း မဟုတ်ပါဘူး။ ကျွန်တော့် ပါးစပ်နဲ့ ဆိုက်ကားဆရာလေးကို ပြောနေ တာပါ။

''ဒီလိုရှိတယ် ညီလေးရ ...ကိုယ် ဆောင်းပါးတစ်ခုထဲမှာ ဖတ် ဖူးတယ်''

''ဟုတ်ကဲ့''

''မိန်းမတွေ ဟာ တစ်နေ့မှာ စကားလုံးပေါင်း သုံးသော င်းကျော် လောက်ပြောပြီး ယောက်ျားတွေ ကတော့ တစ်သော င်းခွဲလောက်ပဲ ပြောတာ တဲ့၊ တစ်ဝက်လောက်ကွာတယ်ကွ''

''သိပ် ဖြစ်နိုင်တာပေါ့ အစ်ကိုလေးရာ၊ ကျွန်တော့် မိန်းမဆို သိပ် စကားများ တာ''

ဆိုက်ကားဆရာလေး နေစေးက တစ်ခဲနက် ထောက်ခံပါတယ်။ ဒါပေမဲ့ လုံးဝ ရှုံ့ချတာက သူ။ ကျွန်တော့် ရှေ့က လေဒီဂါဂါပေါ့။

နောက်မှာ ထိုင်နေတဲ့ ကျွန်တော့် ဘက်ကို ရအောင်လှည့်လာပြီး...

''ဒီမှာ ...ဒီမှာ ရှင်က တစ်လမ်းလုံး ကျွန်မကချည်း စကားပြော လာတာကို စောင်းပြောနေတာလား၊ ပြောပုံကိုက မိန်းမလို မိန်းမရနဲ့၊ ကြည့်လို့ကိုမရဘူး ...ဟွန်း''

''ဟောဗျာ ... ဖြစ်ရပြန်ပြီ''

စကားအဆုံးမှာ ဆိုက်ကားဆရာလေးနေစေး ထ,ရယ်ပါတော့ တယ်။ ဟုတ်တယ်လေ ...ခုနက ပြောလိုက်ကြတဲ့ ကျွန်တော် နဲ့ လေဒီဂါဂါ ရဲ့ စကားလုံးအရေအတွက်က အတော့် ကို ကွာတာကိုး။

တကယ်တော့ သူ့ကို ကျွန်တော် အသည်းယားပြီး စနေတာပါ။ အသည်းက ဘယ်နေရာက ဘယ်လိုယားတာလဲလို့တော့ မမေးပါနဲ့။ တချို့ စာရေး ဆရာတွေ ရေး သလိုပဲ သဘောပေါက်လိုက်ကြပါ။

ပြီးတော့ ...သူကလည်း ကျွန်တော် သွားနေတဲ့ သန်းဝင်းအောင် တို့လမ်းမှာ ပဲ တည်းခိုမယ်ဆိုတော့ မတော် တဆ ထပ်တွေ့ ရင် ထပ်စဖို့ အခွင့်အရေး ရနိုင်သေးတယ်လေ။ အဲဒီ အတွေးနဲ့တင် နဂိုတည်းက အား မပြတ်ပါဘဲ တော် တော် အားရှိသွားတယ်။

ခုတော့ လိပ်စာ မှားမှာ စိုးလို့ ခြံနံပါတ်တွေ ကို လိုက်ကြည့်နေရတယ်။ သန်းဝင်းအောင် ပြောထားတဲ့ ခြံနံပါတ်ကိုတွေ့ တာနဲ့ ကျွန်တော် ဆိုက်ကား ပေါ်က ဖတ်ခနဲ ခုန်ဆင်းလိုက်ရင်း ကျသင့်ငွေကို ပေးလိုက် တယ်။ ပြီး ...ကြောင်တောင်တာင်လေး ကြည့်နေတဲ့ လေဒီဂါဂါကို မျက်ခုံးပင့်ပြရင်း-

''ကဲ ...လေဒီဂါဂါရေ လစ်ပြီဗျို့''

ရွှတ်နောက်နောက်ပြောရင်း ကျွန်တော် လှည့်ထွက်လာခဲ့တယ်။ သူ့နာမည် ရင်းမှ မသိတာကိုး။

အိမ်ရှေ့ခြံတံခါးဝရောက်တော့ အော်ခေါ်လိုက်တယ်။

''သန်းဝင်းအောင်ရေ ...သန်းဝင်းအောင်''

ကျွန်တော့် အသံပြဲကြီးကို ဒီကောင် မကြားစရာမရှိပါဘူး။ လာပြီ ဟေ့ ...လာပြီလို့ အော်ရင်း သန်းဝင်းအောင် ပြေးထွက်လာတယ်။

အနီးနားရောက်တော့ မျက်လုံးပြူးကြီးနဲ့ ကြည့်ရင်း ...

''ဟာ ...ဗညား ငါက နောက်တယ်ထင်နေတာ၊ မင်းက တကယ် မိန်းမခိုးလာတာကိုး''

ဘာလဲဟလို့ တွေးရင်း ကျွန်တော် အူတူတူ ဖြစ်နေချိန်မှာ ပဲ သန်း ဝင်းအောင်က သူ့အိမ်ဘက် ပြန်လှည့်ပြီး အသံပြဲကြီးနဲ့ ...

''မိန်းမရေ ...လာပါဦးဟ ဒီမှာ ငါ့သူငယ်ချင်းဗညား မိန်းမခိုးလာ လို့''

''ဟာ ...ဟေ့ကောင် ဘာတွေ ပြောနေတာလဲ၊ ငါ့ကို ပြန်မကျပ် နဲ့နော်၊ ငါ ...ဘယ်မှာ မိန်းမခိုးလာလို့လဲ''

''အောင်မာ ...လူ တစ်ယောက် လုံး မြင်နေရတာ တောင် မင်းက အရူးလုပ်ချင်သေးတယ်ပေါ့ ...ဟုတ်လား၊ ဟိုမှာ လေ မင်းနောက်မှာ လေ''

ကျွန်တော် လည်း ယောင်ယမ်းပြီး လှည့်အကြည့် ...

''ဟင်''

မျက်နှာတစ်ခုလုံး ရဲရဲနီပြီး မျက်လုံးပြူး မျက်ဆန်ပြူးနဲ့ ငုတ်တုတ် မေ့နေတဲ့ လေဒီဂါဂါကို တွေ့ လိုက်ရပါတော့တယ်။

သွားပြီ။

•••


ဝန်ဇင်းချစ်သူများ မိုးစက်ဝိုင် ၏ “ ရာသက်ပန် ပရိုဂရမ် ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


စူပါဆန်းဒေး

အော်တိုနှစ်ဆ

ကျောင်းစိမ်း