
အခန်း(၁)
မင်းတခေတ်
တားရော့
မိတ်ဆွေ……
သင်သည် ကံကြမ္မာကို ကြိုတင်သိမြင်နိုင်သူ တစ်ယောက် ဖြစ်ခဲ့ပါက
သင်ပျော်ရွှင်ကျေနပ်နိုင်မည် လား (သို့ ) စိတ်ဒုက္ခ ခံစားနေရမည် လား။
အကယ်၍ သင်ဟာ သင့်ရဲ့ မကောင်းတဲ့ ကံကြမ္မာတစ်ခုကို
ကြိုတင်သိမြင်ထားခဲ့ရင် သင်ဘာလုပ်မည် နည်း။
ကံကြမ္မာကို ရှောင်လွှဲဖို့ ကြိုးစားမည် လား…….။
ကံကြမ္မာကို ရင်ဆိုင်ဖို့ ကြိုးစားမည် လား……..။
နိဒါန်း
တက္ကသိုလ်၏ Canteen တစ်ခုတွင် အချစ်ရေး သီးသန့်ကို ငွေကျပ် (၁၅၀၀) သာယူပြီး Tarot Card များ ဖြင့် ကံကြမ္မာကို ဖတ်ပေးသော ကျောင်းသားလေး တစ်ယောက် သည် စားပွဲပေါ်ရှိ အေးစက် တင်းမာနေသော ကော်ဖီခွက်ကို တစ်ငုံသောက်ရင်း တစ်စုံ တစ်ယောက် အလာကို မျှော်လင့်နေလေ၏ ။
ညက မက်ခဲ့သော အိပ်မက်ကို သူယုံကြည်ပါသည်။ ထို့ကြောင့် လည်း သူမျှော်နေမိခြင်းလည်း ဖြစ်၏ ။
ထိုစဉ် ချောမောလှပပြေပြစ်လှသော ကောင်မလေး တစ်ယောက် သူ့စားပွဲရှေ့ကို အိပ်မက် ဆန်ဆန် ၀င်ရောက်လာခဲ့သည်။ သူမမျက်ဝန်းတွေ က စူးရှ တောက်ပလွန်းနေသည်။ ခုံလွတ်တွင် ၀င်ထိုင်ရင်း သူမကပဲ စပြီး စကားစသည်။
‘ကျွန်မက Tarot ကို မယုံဘူး’
‘……………………..’
သူ…… သူမကိုပဲ ကြည့်နေလိုက်သည်။
‘ရှင်က ဒီတက္ကသိုလ်ထဲမှာ Tarot ဟောတာ သိပ်မှန်တယ်ဆိုပြီး နာမည် ကြီးနေလို့ ကျွန်မကိုယ်တိုင် လာစမ်းသပ်တာပါ’
အပြောက ညက်သလို စကားသံကလည်း ချိုရှနေသည်။ သာမန်အချိန်တွေ မှာ သာဆိုလျှင် အသားလွတ်လာစော်ကားနေသော သူမကို သူ တစ်ခုခုတုံ့ပြန်မိမှာ သေချာနေပေမယ့်လည်း အိပ်မက် အရ သူ့ဘက်က ပြောစရာစကား သိပ်ရှိမနေခဲ့။
‘ကောင်းပြီလေ’
သူက Tarot ထုပ်ကို သူမရှေ့သို့ ချပေးပြီး ချိုးခိုင်းလိုက်သည်။ သူမကလည်း သာသာယာယာ ပဲ ချိုးသည်။ ကျလာရာ နိမိတ်ပုံကဒ်ကလေးကို သူ လှပ်ကြည့်လိုက်ပြီး လျှို့ဝှက်စွာ ပြုံးနေ၏ ။ သူမ ကတော့…..
‘ကျွန်မ အတွက် အချစ်ရေး က ဘာတဲ့လဲ’
‘ဒီ ၇ ရက်အတွင်း ခင်ဗျား ချစ်သူ တစ်ယောက် ရလိမ့်မယ်’
‘ဘာ..!’
သူမ အတော် အံ့အားသင့်သွားပုံရသည်။ တုန်လှုပ်မှု များ လည်း မျက်နှာမှာ ထင်ဟပ်နေသည်။ သို့ သော် ထိုအဖြေကိုတော့ သူမ ယုံကြည်လက်ခံပုံ မပေါ်ပါ။
‘ဟုတ်တယ် … ခင်ဗျားတို့ ချစ်သူနှစ် ယောက် ဟာ တစ်ယောက် ကို တစ်ယောက် သိပ်ချစ်ကြလိမ့်မယ်’
‘ဘယ်လို…. အဟင်း…. ဟင်း….ဟင်း…. မ ဖြစ်နိုင်တာဘဲရှင်’
သူမက သူ့စကားကို အကောင်းစားပြက်လုံးတစ်ခု ကြားလိုက်ရသလို ရယ်မောနေသည် ကြောင့် သူတို့ကို စိတ်ဝင်တစား ငေးကြည့်နေကြသည့် အခြားကျောင်းသား ကျောင်းသူတွေ ပင် ကြောင်ငေးနေကြ၏ ။
‘အချိန်က အဆုံးအဖြတ်ပေး သွားပါလိမ့်မယ်၊ နောက် (၇) ရက်ပြည့်တဲ့နေ့ ကျောင်းဆင်းချိန်မှာ ခင်ဗျားနဲ့ကျွန်တော် ဒီ Canteen လေးမှာ ပြန်ဆုံကြတာပေါ့။ အဲဒီ နေ့ကျမှပဲ အခု Tarot ဟောခ (၁၅၀၀) ကို ခင်ဗျားပေးပါ။ အခုတော့ နောက်လူတွေ ကို ကျွန်တော် ဟောရဦးမှာ မို့လို့ ခင်ဗျား ပြန်နိုင်ပါ ပြီ’
‘ကောင်းပြီလေ…. အဲဒီ နေ့မှာ ပဲ ဆုံကြတာပေါ့'
ထ,ထွက်သွားသော သူမ ကျောပြင်လေးကို ငေးကြည့်ရင်း သူ သက်ပြင်းရှည်ကြီးတစ်ခုကို ချလိုက်ပြီး တစ်စုံတစ်ခုကို သူ တွေးနေမိတော့သည်။
* * * * * * *
(0)
ခြံဝန်းလေးထဲသို့ သူ ခြေတစ်လှမ်းချလိုက်မိသည်နှင့် အိမ်အ၀မှာ ချိတ်ဆွဲထားသည့် ကျွန်းဆိုင်းဘုတ်လေးတစ်ခုကို လင်းလင်းထင်းထင်း တွေ့ မြင်လိုက်ရ၏ ။
ကျွန်းသားကို ပေါလစ်နိုင်နိုင်သုတ်ထားပြီး အ၀င်ဝမှာ သေသေသပ်သပ် ချိတ်ဆွဲထားပုံက ထိုအိမ်ကလေး၏ အပြင်အဆင်နှင့် လိုက်ဖက်လွန်းလှသည်ဟု သူ့စိတ်ထဲမှာ မှတ်ချက်ပေးလိုက် မိ သည်။
ထိုအိမ်ကလေး၏ ထူးခြားမှု ကတော့ လိုအပ်သည်ထက် ပိုမို တိတ်ဆိတ်လွန်းနေခြင်းပင် ဖြစ် သည်။ တစ်ထပ်ခွဲအိမ်ကလေးဆိုပေမယ့် အတန်အသင့်တော့ ကျယ်ဝန်းသည်ဟု ဆို၍ ရပါသည်။ ကျွန်းသစ်သက်သက်ဖြင့် သီးသန့်ဆောက်လုပ်ထားပုံက ဒီခေတ်ကြီးထဲမှာ အတော် ရှားပါးနေပြီ ဖြစ် သော်လည်း ထိုအိမ်ကလေး ကတော့ တကယ် Romance ဆန်လွန်းလှပါသည်။
ခြံဝန်းလေးထဲမှာ လည်း မြက်ခင်းစိမ်းစိမ်းတို့အပြင် ပန်းပင်အမြောက်အမြားကိုပါ တွေ့ ရ၏ ။ မြင်လိုက်သည်နှင့် ဂရုတစိုက် ပြုစုပျိုးထောင်ထားမှန်း သိသာလှသည်။ သူ အိမ်ကလေးထဲကို မ၀င် ဖြစ် သေးဘဲ ခြံဝန်းထဲမှာ တဒင်္ဂ မတ်တတ်ရပ် ငေးမောရင်း အကဲခတ်ကြည့်နေမိ၏ ။ တိတ်ဆိတ်မှု ထက် အေးချမ်းမှု တို့က သူ့ရင်ထဲကို တိုးဝင်လာခဲ့သည်။
သူ သက်ပြင်းတစ်ချက်ကို ခပ်ဖွဖွ မှု တ်ထုတ်ရင်း အိမ်ကလေးထဲကိုဝင်ဖို့ ခြေလှမ်းစလိုက် သည်။ အ၀င်ဝနားရောက်တော့ ထိုကျွန်းဆိုင်းဘုတ်လေးကို သူ နောက်တစ်ကြိမ် ထပ်ကြည့်လိုက်မိ၏ ။

* * * * * * *
သူ ဧည့်ခန်းထဲက ကျွန်းဆက်တီမှာ ထိုင်ရင်း အိမ်ကလေးထဲကို အကဲခတ်နေမိသည်။ ချိတ်ဆွဲထားသည့် ပန်းချီကားချပ်များ ၊ အသက်ဝင်မတတ် ရုပ်လုံးကြွနေသော ပန်းပုရုပ်တုများ နှင့် အတော် ကြီးမားသည့် စာအုပ်စင်ကြီးတစ်ခုကို သူတွေ့ ရသည်။
အိမ်ကလေးထဲက ခြံထဲကထက် ပိုမိုအေးချမ်းတိတ်ဆိတ်နေသည်။ အမျိုးအမည် ဖော်ရခက်တဲ့ အကြည့်ဓာတ်တစ်မျိုးက သူ့ကိုယ်ခန္ဓာကို ရစ်သိုင်းလွှမ်းမိုးထားသလိုလည်း ခံစားနေရသည်။
ငါးမိနစ်ခန့်ကြာမှ သူရှိရာ ဧည့်ခန်းထဲသို့ အသက် (၅၀) ၀န်းကျင် လူ တစ်ယောက် က ချောင်း ဟန့်သံတစ်ချက်နှင့် အတူ ၀င်ရောက်လာသည်။
အေးချမ်းတည်ငြိမ်းလွန်းလှသော ဥပဓိရုပ်နှင့် ထိုပုဂ္ဂိုလ်သည် သူ စုံစမ်းသိထားရသလောက် တော့ ဒီအိမ်ကလေး၏ အရှင်သခင်ပင် ဖြစ်ရမည် ။
ပြီးတော့ ဒီအိမ်ကလေးထဲမှာ သူ တစ်ယောက် တည်းနေတယ်ဆိုတာကို သူသိထားပြီးသား မဟုတ်လား။ နှုတ်ခမ်းမွှေး၊ ပါးမြိုင်းမွှေးရေး ရေး မှအပ လင်းလက်ရှင်းလင်းနေသည့် ပုဂ္ဂိုလ်ဥပဓိရုပ်ရည် က မလွဲနိုင်ပါ။
ဒါ…. သူ တွေ့ ချင်နေသည့်လူပဲ ဖြစ်ရမည် ။
သူနှင့် မျက်နှာချင်းဆိုင် ကျွန်းကုလားထိုင်မှာ ထိုပုဂ္ဂိုလ်ဝင်ထိုင်ပြီးသည်အထိ တစ်ယောက် နှင့် တစ်ယောက် ဘာစကားမှ မစ ဖြစ်ကြသေး။ အကဲခတ်သလိုသာ စူးစမ်းကြည့်နေကြမိသည်။
ထိုပုဂ္ဂိုလ်၏ မျက်ဝန်းတွေ က အသက်အရွယ်နှင့် မလိုက်ဖက်လှအောင် စူးရှတောက်ပလွန်းနေ သည်။ ထိုအကြည့်ဒဏ်ကို သူ ရင်မဆိုင်နိုင်သည်ကြောင့် မျက်လွှာချလိုက်ရသည်။
Mind Reader တစ်ယောက် ၊ စိတ်ညှို့ပညာရှင် တစ်ယောက် လို အကြည့်တွေ က ဘာအပြစ်မှ လုပ်မထားသော်လည်း သူ့ကိုယ်သူ စိုးရွံ့သိမ်ငယ်ပြီး လိပ်ပြာမလုံသလို ခံစားနေရသည်။
အတော် ကလေးကြာမှ ထိုပုဂ္ဂိုလ်က သြဇာသံအပြည့်ပါသည့် အသံလှိုင်းတစ်ခုဖြင့် စကားစ၏ ။
‘ဘာကိစ္စများ ရှိပါသလဲ မောင်ရင်လေး’
အသံက ကြည်လင်ပြတ်သားပြီး သြဇာသံအပြည့် ပျော်ဝင်နေ၏ ။ သို့ ပေမယ့် အမိန့်သံ မဆန်ဘဲ နားထောင်လို့ပင် ကောင်းနေသေးသည်။
‘ဟုတ်ကဲ့….. ကျွန်တော် ဦးဆီမှာ ပညာသင်ချင်လို့ပါ’
သူ့ရည်ရွယ်ချက်ကို ပြောပြလိုက်တော့ ပထမတော့ ထိုပုဂ္ဂိုလ်ကြီး မျက်မှော င်ကုတ်သွားသည်။ နောက်….. သူ့ကို စေ့စေ့စပ်စပ် သေသေချာချာ စိုက်ကြည့်ပြီး ပြုံးနေပြန်၏ ။
သူနားမလည်ပေမယ့်လည်း ပြန်လည်စူးစိုက်ကြည့်မိပြီး ထိုပုဂ္ဂိုလ်ရဲ့ အဖြေကို ဆိုင်းငံ့နေမိ သည်။
‘မောင်ရင့်အသက် ငယ်ဦးမယ်ထင်တယ်’
အဆက်အစပ်သိပ်မရှိလှပေမယ့် သူ တရိုတသေ ပြန်ဖြေလိုက်ပါသည်။
‘ဟုတ်ကဲ့….. ကျွန်တော် ဆယ့်ရှစ်နှစ် ပြည့်တော့မှာ ပါ။ နောက်လထဲမှာ ကျွန်တော် တက္ကသိုလ် စတက်ရတော့မှာ ပါ ဦး။ ကျွန်တော့ နာမည် က…’
ပုဂ္ဂိုလ်ကြီးက လက်ကာပြနေသည်ကြောင့် သူ့စကားစ ပြတ်သွားသည်။ ခဏနေမှ သက်ပြင်းချ သံသဲ့သဲ့နှင့် အတူ သူ့ကို မေးလာခဲ့သည်။
‘ဦးအတွက် နာမည် တွေ က အဓိကမကျလှပါဘူး။ ဒါပေမဲ့ ဥိးတစ်ခုတော့ မောင်ရင့်ကို မေးရလိမ့်မယ်’
သူ အသာ နားစွင့်လိုက်သည်။
‘ဒီ Tarot ပညာကို မောင်ရင် ဘာကြောင့် သင်ယူချင်ရတာ လဲ’
မေးခွန်းအဆုံးမှာ မျက်ဝန်းချင်း ထိပ်တိုက်ဆုံမိကြ၏ ။ သူ ဘာစကားကိုမှ မပြော ဖြစ်သေး။
‘ရဲရဲဖြေပါ မောင်ရင်၊ စိတ်ထဲမှာ ခံယူယုံကြည်ထားတဲ့ အမှန်တရားတော့ ဖြစ်ပါစေ၊ ဘာကြောင့် လဲဆိုတော့ မောင်ရင့်အဖြေပေါ်မှာ ဒီပညာသင်ပေး၊ မပေးဆိုတဲ့အချက်က မူတည်နေလို့ပဲ’
သူ အားတင်းပြီး စိတ်ထဲက သူ့ခံယူချက်နှင့် ခံစားချက်အချို့ကို ပြောပြအဖြေပေးလိုက် မိသည်။
‘ဟုတ်ကဲ့ပါ… ဦး…. ကျွန်တော် ဖြေပါ့မယ်။ ပထမဆုံးအနေနဲ့ ကျွန်တော် ၀န်ခံရရင် ကျွန်တော် Tarot ကို မတော် တခေါက်တော့ ဟောတတ်ပါတယ်။ Tarot အကြောင်းကိုလည်း အကြမ်းဖျင်းတော့ သိထားပါတယ် ဦး၊ ဒါပေမဲ့ ဘုရားတောင် အမှီရှိမှ ပွင့်တယ်လို့ ဆိုထားတော့ ဒီပညာကို ပေါက်ပေါက် မြောက်မြောက် နားလည်ဖို့အတွက် တကယ်သိ နားလည်တဲ့လူဆီမှာ စနစ်တကျသင်ယူရမယ်လို့ ယုံကြည်လို့ ဦးဆီကို ရောက်လာခဲ့တာပါ’
ထိုပုဂ္ဂိုလ်ကြီးက ခေါင်းတညိတ်ညိတ်နှင့် ဂရုတစိုက် နားထောင်နေ၏ ။ ဘာတစ်ခွန်းမျှလည်း ၀င်မထောက်ပေ။
‘Tarot ကို အဓိက သင်ယူချင်ရတဲ့ အကြောင်းရင်း ကတော့ ကျွန်တော် ကံကြမ္မာကို စိတ်ဝင် စားလို့ပါ။ ပြီးတော့ ဒီကတ်ပြားလေးတွေ ရယ်၊ ကံကြမ္မာရယ်၊ မိမိရဲ့ စိတ်ဝိညာဉ်ရယ် ပေါင်းစပ်ပြီးမှ ရလာမည့်  အဖြေတွေ နဲ့ ကျွန်တော် အပါအ၀င် လူသားတွေ ကို ကယ်တင်ချင်လို့ပါ … ဦး’
‘ဒီပညာသင်ဖို့အတွက် မောင်ရင်က ဘာကြောင့် ဦးကို ရွေးချယ်ခဲ့ရတာ လဲ။ တခြား Tarot ဟောဆရာတွေ အများ ကြီးပဲလေ’
‘ဦးနဲ့ Tarot ကတ်တွေ က တစ်သားတည်း ဖြစ်နေတယ်လို့ ကျွန်တော် ယုံကြည့်လို့ပါ .. ဦး’
ထိုပုဂ္ဂိုလ်ကြီးရဲ့ အပြုံးကို သူ ဘာသာမပြန်တတ်ပါ။ ထို့ကြောင့် လည်း ထိုပုဂ္ဂိုလ်ကြီးကို လူထူးဆန်းကြီးဟု ဆိုကြတာ ဖြစ်မည် ။
‘မောင်ရင့်ကို ဦးက ဒီပညာသင်ဖို့အတွက် ငြင်းဆန်လိုက်တယ် ဆိုရင်ရော…’
သွေးတိုးစမ်းသလို မေးလာသည့် ပုဂ္ဂိုလ်ကြီးရဲ့ စကားကို သူ တည်ငြိမ်အေးဆေးစွာ ပင် ပြန်ဖြေ လိုက်သည်။
‘ဦး ငြင်းဆန်မှာ မဟုတ်ပါဘူး။ ကျွန်တော့်ကို သင်ပေးမှာ သေချာပါတယ်’
‘ဘာကြောင့် ဒီလောက်သေချာနေရတာ လဲ မောင်ရင်’
‘ဦးက စိတ်နဲ့ပတ်သက်တဲ့ ပညာရပ်တော် တော် များများ ကို ထဲထဲဝင်ဝင် လေ့လာကျင့်ကြံတတ် မြောက်ထားတယ်လို့ ကျွန်တော် သိထားပါတယ်။ ဒီတော့ ကျွန်တော့် စိတ်ထဲမှာ ဒီ Tarot ကတ်လေး တွေ ကို ဘယ်လောက်သက်ဝင်မြတ်နိုးတယ်၊ ဘယ်လောက်ချစ်ခင်တွယ်တာတယ်ဆိုတာကို ဦး သိပြီးသား ဖြစ်မှာ ပါ’
‘ဦး ဆီကို မောင်ရင့်လိုပဲ Tarot ပညာသင်ဖို့အတွက် လူငယ် (၁၂)ယောက် တိတိ ရောက်လာခဲ့ ဖူးပါတယ်။ ဒါပေမဲ့ ဦး တစ်ယောက် မှ သင်မပေးခဲ့ဘူး။ အခု မောင်ရင်က (၁၃) ယောက် မြောက်ပဲ’
ပုဂ္ဂိုလ်ကြီး၏ စကားအဆုံးမှာ သူက…..
‘ကျွန်တော့် ကို ဦးရဲ့ တူသား တစ်ယောက် လို ဆိုဆုံးမပြီး တပည့်သားမြေးအ ဖြစ် လက်ခံပေးပါ ဦး’
ထိုပုဂ္ဂိုလ်ကြီးက သူ့ခြံဝန်းလေးထဲကို ဆေွးးဆွေးရီရီ တစ်ချက်ကြည့်လိုက်ပြီး သက်ပြင်းရှည် ကြီး တစ်ခုကို ဖြည်းညင်းစွာ ချလိုက်သည်။
‘ဟူး….. တကယ်တော့ Tarot ဆိုတာ သင်ယူရမယ့် ဘာသာရပ်မျိုး မဟုတ်ပါဘူး မောင်ရင်၊ ဒါပေမဲ့ Tarot က သိမ်မွေ့နူးညံ့တယ်။ မာကျောတယ်၊ အနုပညာဆန်တယ်၊ ကြောက်စရာကောင်း တယ်၊ နောက်တော့လည်း မောင်ရင် ဒါတွေ ကို နားလည်လာမှာ ပါ’
‘ဟုတ်ကဲ့…………..’
စကားလုံး အဓိပ္ပာယ်တွေ ကို သူ တိတိပပ နားမလည်ပေမယ့် ပြန်ပြီး မေးခွန်းမထုတ် ဖြစ်ပါ။ ပုဂ္ဂိုလ်ကြီးရဲ့ စကားတွေ ကိုပဲ ဂရုတစိုက် နားထောင်နေလိုက်မိသည်။
‘အင်းပေါ့လေ….. လူတွေ ထဲမှာ နေနေတော့လည်း ထုံးစံအရ သိပ်အရေး မပါလှတဲ့ စည်းစနစ် တွေ ကိုပဲ တကယ့်အရေး ကြီးလေဟန်နဲ့ သင်ပြရဦးမှာ ပေါ့….. ဒါပေမဲ့ မောင်ရင် မှတ်ထားပါ’
‘ဟုတ်ကဲ့ ပြောပါဦး….’
‘Tarot မှာ တကယ်အဓိကကျတာက မိမိရဲ့ အဖြူစင်ဆုံး နှလုံးသားပဲ’
ပြောပြီး ထိုပုဂ္ဂိုလ်ကြီးက အိမ်ထဲကိုဝင်သွားပြီး ပစ္စည်းတစ်ခုနှင့် အတူ ပြန်ထွက်လာခဲ့သည်။ ထိုပစ္စည်းလေးကို စားပွဲပေါ်တင်လိုက်တော့မှ ယွန်းသေတ္တာငယ်လေးတစ်လုံး ဖြစ်မှန်း သူသိလိုက်ရ၏ ။
ရည်ရွယ်ချက်ကို သူမသိပါ။ မေးလည်း မမေး ဖြစ်ပါ။ သူ့ အထင် ကတော့ ထိုယွန်းသေတ္တာလေး ထဲမှာ အလွန်အဖိုးထိုက်တန်သည့် ရတနာပစ္စည်းတစ်ခုခုဟု ယူဆပါသည်။
ထိုပုဂ္ဂိုလ်ကြီးက ယွန်းသေတ္တာလေးကို အသာဖွင့်လိုက်မှ သူ့အထင် လွဲမှားသွားကြောင်း သိလိုက်ရ၏ ။ ယွန်းသေတ္တာလေးကို ဖွင့်လိုက်သည်နှင့် အမျိုးအမည် မသိတဲ့ မွှေးရနံ့တစ်ခုက သူ့နှာခေါင်းထဲကို တိုးဝင်လာသည်။ သေတ္တာထဲမှာ တော့ အစိမ်းရင့်ရင့် ကတ္တီပါသားနှင့် သပ်သပ် ရပ်ရပ် ထုပ်ပိုးထားသည့် Tarot ကတ်များ ။
‘လူက ပိုက်ဆံကို ခင်တွယ်မှ ပိုက်ဆံကလည်း လူကိုခင်တွယ်တယ်ဆိုတဲ့ ဒဿနကို မောင်ရင် လက်ခံမလား’
အဆက်အစပ်မရှိလှသည့် အမေးကြောင့် ရုတ်တရက် သူကြောင်သွားသည်။ ပြီးမှ သူ ခေါင်း ညိတ်အဖြေပေးလိုက် ၏ ။
‘အဲသလိုပဲပေါ့။ စည်းမျဉ်းတွေ အရ မဟုတ်ပေမယ့် ဦးက ဒီကတ်ကလေးတွေ ကို တရိုတသေ အမြတ်တနိုးနဲ့ သပ်သပ်ရပ်ရပ်ပဲ ထားတယ်။ ဒါမှလည်း သူနဲ့ တစ်သားတည်း ဖြစ်မှာ လေ’
‘ဟုတ်ကဲ့’
‘ဦး ဒီပညာတွေ မောင်ရင့်ကို သင်ပေးပါ့မယ်။ မောင်ရင်ဟာ ဦးရဲ့ ပထမဦးဆုံး သားတပည့် ဖြစ်သလို နောက်ဆုံးသော သူလည်း ဖြစ်တယ်။ ဒီတော့ မောင်ရင့်ကို နေ့စဉ် Tarot ကတ်တစ်ကတ် အကြောင်းကို သင်ကြားသွားမယ်။ အဲ…. ပြီးတော့ ပုံပြင်ရှည်ကြီးတစ်ပုဒ်ကိုလည်း နေ့စဉ်ပြောပြပြီး မယ်။ တိတိကျကျပြောရရင်တော့ Tarot ကပြောတဲ့ ကံကြမ္မာကို ဆန့်ကျင်ပြောင်းလဲဖို့ ကြိုးစားလို့ ကျိန်စာသင့်သွားတဲ့ ချစ်သူနှစ် ယောက် ရဲ့ ပုံပြင်လေးပေါ့။ ဦး…. ဘာကြောင့် မောင်ရင့်ကို ဒီပညာသင်ဖို့ အတွက် လက်ခံလိုက်သလဲ… သိလား’
သူ ခေါင်းပဲ ရမ်းပြမိသည်။ ထိုပုဂ္ဂိုလ်ကြီးရဲ့ စကားတွေ က စိတ်ဝင်စားဖို့ ကောင်းပေမယ့် သူ ဘာကိုမှ သဘောမပေါက်နိုင် ဖြစ်နေရ၏ ။
‘အေး….. မောင်ရင့်ခံယူချက်တွေ နဲ့ မောင်ရင်က ဦးငယ်ငယ်ကအတိုင်း ဖြစ်နေလို့ပဲ’
‘ဗျာ…’
သူ မေးခွန်းတစ်ခုခု မထုတ်လိုက်ရခင်မှာ ပင် ထိုပုဂ္ဂိုလ်ကြီးက ဆက်ပြောပြသည်။
‘ဦးအသက်က အခု (၅၃)နှစ် ၊ ဦး အသက် (၁၈)နှစ် အရွယ် မောင်ရင့်အရွယ်လောက်ကပေါ့ ကွာ၊ ဦးလက်ထဲကို ဒီ Tarot ကတ်ပြားကလေးတွေ America ကနေ ရောက်လာခဲ့တယ်။ ဦးအဖေက နိုင်ငံခြားသင်္ဘောအရာရှိ တစ်ယောက် ဆိုတော့ ဦးလိုချင်သမျှ, မှာ သမျှကို ပို့ပေးခဲ့တယ်လေ။ ဒီကတ် ကလေးတွေ ဦးနဲ့အတူ နေခဲ့တာ (၃၅)နှစ် ကျော်ပြီ။ မောင်ရင် ယူကြည့်လို့ရပါတယ်။ ကြည့်ပါ’
ခွင့်ပြုချက်ရသည်နှင့် သူ အမြန်ကောက်ကိုင်လိုက်မိသည်။
‘ဟင်!’
ဘာကြောင့် မှန်း မသိ။ ကတ်ကလေးကို ထိမိသည်နှင့် ဓာတ်လိုက်သလို ကျဉ်မနဲ ခံစားလိုက်ရ သည်။ သူ သေသေချာချာ အနီးကပ်ကြည့်ပြီး……
‘ဦး….. ဒါ Tarot Card အစစ်တွေ ပဲ။ ဒီကတ်တွေ က ခေါက်ရိုးမကျိုးဘူး။ ရေစိုခံတယ်။ အလင်း ရောင် မရှိတဲ့နေရာတွေ မှာ ပါ ကတ်တွေ ကို ကြည့်လို့ရတယ်။ ဟုတ်တယ် မဟုတ်လား ဦး’
ဟု အလောတကော မေးလိုက်မိ၏ ။
‘သိပ်ဟုတ်တာပေါ့ မောင်ရင်ရယ်’
‘ကျွန်တော် လိုက်ရှာပေမယ့် ဘယ်မှာ မှ မရခဲ့ဘူး။ ဒါကြောင့် Tarot Card အတုတွေ ကိုပဲ ၀ယ်ထားရတယ်’
သူ့စကားကို ထိုပုဂ္ဂိုလ်ကြီးက အပြုံးနှင့် ပင် တုံ့ပြန်နေ၏ ။
ပြီးမှ…..
‘တကယ်တော့ မောင်ရင်ရယ်…. အတုတွေ , အစစ်တွေ က အဓိက မကျလှပါဘူး။ ကတ်အပေါ် မှာ ထားတဲ့မိမိရဲ့ ယုံကြည်သက်ဝင်မှု နဲ့ စိတ်နှလုးသားကသာ အဓိကပါ မောင်ရင်။ ကဲ… မောင်ရင်နဲ့ ဦးရဲ့ ကံကြမ္မာကို ကြည့်ကြည့်လိုက်ရအောင်’
‘ဗျာ..’
ရုတ်တရက်မို့ သူနားမလည် ဖြစ်သွားသည်။ ပြီးမှ သဘောပေါက်သွားရ၏ ။
ပုဂ္ဂိုလ်ကြီး ကတော့ Tarot ကတ်တွေ ကို အသာအယာ ကောက်ယူလိုက်ပြီး မျက်လုံးမှိတ်ကာ တစ်ခုခုကို အသံတိတ် ရွတ်ဆိုနေသည်။ နောက်…. ကတ်ကလေးတွေ ကို သေသပ်ကျွမ်းကျင်စွာ မွှေနောက် ကုလားဖန်ထိုးလိုက်ပြီး-
‘ချိုးလိုက်ပါ မောင်ရင်’
သူ အလိုက်သင့်ချိုးပေးလိုက် ၏ ။ ဘာကြောင့် မှန်းမသိ သူ့ရင်တွေ ခုန်နေသည်။ သူနှင့် ထိုပုဂ္ဂိုလ်ကြီးတို့ရဲ့ ကံကြမ္မာက ဘယ်လိုများ လဲ။
သူ တကယ်ပဲ စိတ်လှုပ်ရှားနေမိပါသည်။
ထိုပုဂ္ဂိုလ်ကြီးက Tarot ကတ်တစ်ခုကို သူ့ရှေ့မှာ မှော က်လျက်သား အသာချပေးထားသည်။ ကတ်ကို မလှန် ဖြစ်သေးဘဲ ပုဂ္ဂိုလ်ကြီးက …
‘လူ တစ်ယောက် က သူ့ကံကြမ္မာကို ကြိုတင်သိခွင့်ရနေတာကို ကံကောင်းတယ်လို့ သတ်မှတ် မလား၊ ကံဆိုးတယ်လို့ သဘောထားမလား မောင်ရင်’
‘ဗျာ’
သူ ဒုတိယအကြိမ် ဗျာမိပြန်သည်။
ဟုတ်တယ်လေ….။ မေးခွန်းတွေ က အခြေအနေနဲ့ ကွာဟလွန်းနေတာကိုး။ ဒါပေမဲ့ သူစိတ်ထဲ ရှိတဲ့အတိုင်း အဖြေပေးလိုက်ပါသည်။
‘ကျွန်တော့် သဘော ကတော့ ကိုယ့်ကံကြမ္မာကို ကိုယ်ကြိုသိနေတာ မကောင်းဘူးလို့ ထင်ပါ တယ် ဦး။ ဒါမှလည်း လူတွေ ထဲမှာ လူသားဆန်မှာ ပေါ့’
‘မှန်တယ်၊ မောင်ရင့်အဖြေကို ဦး လက်ခံပါတယ်။ လူ တစ်ယောက် က မနက်ဖြန်မှာ ကိုယ် ဘာ ဖြစ်မယ်ဆိုတာကို ကြိုသိနေရင် ဘယ်ရင်ခုန်စရာ ကောင်းတော့မလဲ။ ဒါပေမဲ့ လူအများ စု ကတော့ ဒီအ ဖြစ်ကို ကံကောင်းတယ်လို့ ယူဆကြလိမ့်မယ်။ သူတို့က မနက်ဖြန်ကို ကြိုသိခွင့်ရနေကြတာကိုး။ ဒါပေမဲ့ အချိန်ကြာလာတာနဲ့အမျှ သူတို့ဟာ သူတို့ရဲ့ မနက်ဖြန်တွေ ကို ကြိုမသိချင်ြ ကတော့ဘူး။ သိရမှာ ကို ကြောက်ရွံ့လာကြတယ်’
ပုဂ္ဂိုလ်ကြီးရဲ့ အထူးအဆန်းစကားတွေ ကို သူ စိတ်ဝင်တစား နားထောင်နေ၏ ။
‘ဘာကြောင့် လဲဆိုတော့ သူတို့ဟာ မနက်ဖြန်တွေ ကို ကြိုတင်သိခွင့်ရနေတာဟာ သူတို့ အတွက် ကောင်းကျိုးထက် မကောင်းကျိုးတွေ က ပိုများ တယ်ဆိုတာကို သဘောပေါက်လာကြလို့ပဲ မောင်ရင်’
ပြောပြီး ပုဂ္ဂိုလ်ကြီးက သက်ပြင်းတဖွဖွ တစ်ချက်ချလိုက်ပြီး ဆက်ပြောပြ၏ ။
‘ဒီ Tarot ကတ်တွေ ကလည်း လူ တစ်ယောက် ဒါမှမဟုတ် မိမိရဲ့ ကံကြမ္မာတွေ ၊ မနက်ဖြန်တွေ ကို ကြိုတင်သိခွင့်ရစေတဲ့ ပညာရပ်တစ်ခုပဲလေ။ ဒီလို ကြိုတင်သိခွင့်ရတာ ဟာ မကောင်းဘူးလို့ မောင်ရင် လက်ခံထားရဲ့ နဲ့ ဘာကြောင့် ဒီပညာကို သင်ချင်နေရတာ လဲ။
တဒင်္ဂ မျက်လုံးချင်း ဆုံမိသွားကြသည်။ ခဏနေမှ သူ ခပ်အေးအေးပင် ဖြေပေးလိုက် သည်။
‘ကျွန်တော် က ဦးငယ်ငယ်ကနဲ့ တူလို့ နေမှာ ပေါ့’
သူ့အဖြေကြောင့် ထိုပုဂ္ဂိုလ်ကြီး ပြုံးသွားသည်။ ပြီးမှ …. ဘာမေးခွန်းမှ ထပ်မမေးတော့ဘဲ သူ့ရှေ့ Tarot ကတ်ကလေးကို လှန်ဖို့အတွက် မေးဆတ်၍ ပင် ပြ၏ ။
သူ့ရှေ့က ကတ်ကလေးကို လှန်ဖို့အတွက် သူ အားမွေးလိုက်သည်။ ဒီကတ်က သူနဲ့ပုဂ္ဂိုလ်ကြီး တို့ရဲ့ ကံကြမ္မာပဲလေ။
ဒီကတ်ရဲ့ အဖြေက ဘာ ဖြစ်မလဲ.. ?
ဒီကတ်က ဘာလဲ….. ဘယ်လိုများ လဲ …?
သူ မျက်စိမှိတ်ပြီး ထိုကတ်ကလေးကို လှန်ကြည့်လိုက်၏ ။ ထိုကတ်ရဲ့ နိမိတ်ပုံလေးမှာ ကား…..
* * * * * * *

(A)
တစ်ခါတုန်းက တက္ကသိုလ်တစ်ခုတွင် Tarot ဟောသော ကောင်လေးတစ်ကောင် ရှိခဲ့ဖူးသည်။ ထိုကောင်လေးသည် Tarot ကတ်ကလေးတွေ ကို အသက်တမျှ ယုံကြည်ကိုးစားသူ ဖြစ်ပြီး Tarot အပေါ် သစ္စာရှိလွန်းသူတစ်ဦးလည်း ဖြစ်သည်။
Tarot သည် သူကိုယ်တိုင် ဖြစ်ပြီး သူကိုယ်တိုင်သည်ပင် Tarot ဖြစ်၏ ။
* * * * * * *
(I)
‘ပပ…. ဟို Canteen က စားပွဲဝိုင်းမှာ လူတွေ အုံနေတယ်။ ဘာတွေ ဖြစ်နေကြတာလဲ’
သူမရဲ့ အမေးကို ပပက အပြုံးစစဖြင့် ………..
‘သြော်…. ဟုတ်ပါရဲ့ ၊ ဧကရီက ဒီနှစ် မှ ကျောင်းပြောင်းလာတာဆိုတော့ ဒါတွေ ကို ဘယ် သိဦးမလဲ’
‘ဘာတွေ လဲ ပပရယ်….. ပြောမှသာ ပြောစမ်းပါ’
သူမရဲ့ ပင်ကိုစရိုက်အတိုင်း စိတ်မြန်လက်မြန်ပင် ပြန်မေးလိုက်၏ ။
‘ဟုတ်ပါပြီ ဧကရီရယ်… ပြောပါ့မယ်။ ဒီ တက္ကသိုလ်ထဲမှာ သစ်ကို ဆိုရင် မသိတဲ့လူ မရှိဘူး’
‘ဘာလဲ …. သစ်ကိုဆိုတာ..’
‘ဧကရီရယ်… ခက်လိုက်တာ၊ သစ်ကို ဆိုတာ လူပေါ့ဟဲ့’
‘ဒါဆို လူနာမည် ကိုက သစ်ကိုပေါ့’
သူမရဲ့ စစ်စစ်ပေါက်ပေါက် အမေးကို ပပ တကယ်ပဲ စိတ်ညစ်သွားမိသည်။
‘ဟုတ်တယ်၊ သူ့နာမည် က သစ်ကို၊ ဆိုက်ကိုဖိုင်နယ် က’
‘ပပ…. ငါမေးတာက ဟို Canteen က လူစုစုအကြောင်းနော်၊ အဲဒီ ဘာလိုလို၊ ညာလိုလို နာမည် ပိုင်ရှင်အကြောင်း မဟုတ်ဘူး’
‘နင်နဲ့တော့ ရူးချင်တာပဲ ဧကရီရယ်၊ ငါလည်း အခု နင်မေးတဲ့ အကြောင်း ပြောနေတာပဲလေ’
‘နင်ပဲ ဆိုက်ကိုက သစ်ကိုဆို’
‘အေးလေ…. အခု လူတွေ အုံနေကြတာ သစ်ကိုပဲလေ’
‘ဘယ်လို’
ဒီတစ်ခါတော့ ပပ အဖြေကြောင့် သူမ တကယ်ပဲ စိတ်ဝင်စားသွားသည်။
‘နေစမ်းပါဦး…. သူ့ကို ဘာလို့ လူတွေ အုံနေကြရတာ လဲ။ ဘာလဲ… သူက မျက်လှည့်ပြ တတ်လို့လား’
သူမအပြောကို ပပ က အရယ်တစ်ဝက်ဖြင့် ….
‘ဧကရီ…. နင်ဟာလေ…. အရင်ကအတိုင်းပဲ တစ်ခုခုဆို နင်ထင်ရာ စွတ်လုပ်၊ စွတ်ပြောတော့ တာပဲ။ ဘယ်တော့မှ အကြောင်းရင်းကို မစုံစမ်းဘူး’
‘ငါပြောတာ မဟုတ်လို့လား။ ဒီလိုနေရာမျိုးမှာ ကျောင်းသူ၊ ကျောင်းသားတွေ အုံနေမှတော့ သူ မျက်လှည့်ပြနေတာ မ ဖြစ်နိုင်ဘူးလား’
‘အေးပေါ့လေ…. နင်က ဒီနေ့မှ ကျောင်းပြောင်းပြီး စတက်ရတာ ဆိုတော့ ဒါကို အထူးအဆန်း ဖြစ်နေမှာ ပေါ့။ နောက်တော့လည်း ဒီမြင်ကွင်းကို နင် ရိုးသွားမှာ ပါ ဧကရီ’
‘ပပ….. နင့်စကားက ဘာလဲဟ။ နင့်ပြောပုံအရ အဲဒီ သစ်ကို ဆိုတဲ့လူကို နေ့တိုင်း လူတွေ က ၀ိုင်းနေတယ်ဆိုတဲ့ သဘောလား’
သူမ အမေးကို ပပက….
‘အေး ….. ဟုတ်တယ်၊ ဒါပေမဲ့ အချိန်ပြည့်တော့ မဟုတ်ပါဘူး။ အခုလို မနက်ခင်းတစ်ချိန်ရယ်၊ နေ့ခင်းတစ်ချိန်ရယ်ပဲ သူ့ကို လူတွေ အုံကြတာပါ’
ဘာလဲ၊ ဘာကြောင့် လဲ၊ သူမ မတွေးတတ်တော့ပါ။ သို့ နှင့် ထုံးစံအတိုင်း သူမထင်ရာတွေ ကို ပြောလိုက်ပြန်၏ ။
‘ဘာလဲ….. သစ်ကိုက ဒီလိုပဲ သူငယ်ချင်းတွေ ကို စုပြီး အထူးအဆန်းပုံပြင်တွေ ပြောပြောပြ နေလို့လား’
‘နင် ပြောတာတွေ တစ်ခုမှ မဟုတ်ဘူး ဧကရီ။ ဒီတော့ နင့်ပါးစပ်ကို ပိတ်ပြီး ငါပြောတာကို ခဏလေး နားထောင်…… ဟုတ်ပြီလား…’
ကိုယ့်အပြစ်နှင့် ကိုယ်မို့ သူမလည်း အသာငြိမ်နေပေးလိုက်သည်။ ပပ က……
‘ဒီတက္ကသိုလ်ထဲမှာ တော့ သစ်ကိုက နာမည် ကြီးပဲ။ ပြီးတော့ နင်ပြောသလို သူ့မှာ သူငယ်ချင်း အများ ကြီးလည်း မရှိဘူး။ ရှားရှားပါးပါး တစ်ယောက် ပဲရှိတယ်။ အဲဒီ လူနာမည် က အေးမင်းသူတဲ့။ သူ ကတော့ လူအေး တစ်ယောက် ပါ’
‘ငါ မေးတာက’
သူမ အမေးစကားမဆုံးခင်မှာ ပင် ပပက ဖြတ်ပြောလိုက်၏ ။
‘သစ်ကိုက အင်မတန် စကားနည်းပြီး အနေအေးတဲ့ လူထူးလူဆန်း တစ်ယောက် ပဲ ဧကရီ။ သူ့မှာ မိဘတွေ မရှိတော့ဘူး။ တစ်ကောင်ကြွက်ပေါ့။ သူ့ကျောင်းစရိတ်ကို သူ့ဘာသာရှာပြီး ကျောင်းတက်နေရတယ်လေ၊ အခုလည်း သူ့အတွက် သူ အလုပ်လုပ်နေတာပါ’
‘ဘယ်လို ပပ….. အခု သူ အလုပ်လုပ်နေတာ…. ဟုတ်လား’
သူမ မနေနိုင်၍ ၀င်မေးလိုက်သည်။ ပပက…..
‘အင်း…. ဟုတ်တယ်။ သူ အလုပ်လုပ်နေတာ’
‘ဘာ အလုပ်လဲ’
‘Tarot ကတ်တွေ နဲ့ ကံကြမ္မာဖတ်တဲ့အလုပ်’
စကားအဆုံးမှာ တော့ သူမ မျက်နှာကလေး ရှုံ့တွ သွားသည်။ ပြီးမှ…
‘အမယ်လေး ပပရယ်။…. ငါ့မှာ တော့ ဘာအထူးအဆန်းများ လဲဆိုပြီး စိတ်ဝင်စားလိုက်ရတာ ၊ ဗေဒင်ဟောတယ်ဆိုရင်လည်း ဟောတယ် ပြောရင် ပြီးတာပဲကို၊ ထင်တော့ထင်ပါတယ်လေ….. ဆိုက်ကိုကဆိုတော့ ဂေါက်တောက်တောက်ပဲနေမှာ ပေါ့။ ငါ ကတော့ ဗေဒင်တွေ ၊ ယတြာတွေ ဘာမှ အယုံအကြည်မရှိဘူး ပပ၊ အဲလိုသူတွေ ကိုလည်း လုံးဝအထင်မကြီးဘူး’
‘နင်ထင်သလို သစ်ကိုက ဗေဒင်ဟောနေတာ မဟုတ်ဘူး။ Tarot ကတ်တွေ နဲ့ ကံကြမ္မာကို ပြောနေတာ’
‘မကြောင်စမ်းပါနဲ့ ပပရာ၊ အတူတူပါပဲ၊ အလကား လျှောက်ပြီး လျှောက်ရွှီးနေတာကို အဟုတ် မှတ်နေကြတာ’
‘ထင်ရာကို လက်လွတ်စပယ် မပြောစမ်းပါနဲ့ ဧကရီရာ၊ သစ်ကိုက နင်ထင်သလို လူလိမ်လူညာ မဟုတ်ဘူး။ နောက်ပြီး သူ့ဟောချက်တွေ ကလည်း လွဲတယ်ဆိုတာ မရှိခဲ့ဖူးသေးဘူး။ ဒါကြောင့် လည်း ဒီလောက်လူ စည်နေတာပေါ့။ နောက်ပြီး သစ်ကိုက အခုမှ Tarot ဟောတာ မဟုတ်ဘူး။ First Year ကတည်က ဟောလာခဲ့တာ။ ဒီနှစ် ရောဆို ဒီတက္ကသိုလ်မှာ သူဟောတာ သုံးနှစ် ရှိနေပြီ။ တစ်နေ့ကို လည်း သူ ၁၁ ယေက်ပဲ ဟောတယ်။ မနက်ပိုင်း ကျောင်းမတက်ခင် ငါးယောက် ၊ နေ့ခင်းအတန်းအား ချိန် ခြောက်ယောက် ’
‘ဟွန့်’
ပပစကားတွေ ကို သူမက အရေး မစိုက်သလိုလုပ်ပြီး နားထောင်နေ၏ ။
‘ဒါတောင် ကြိုတင်ဘိုကင်လုပ်ထားမှ ရတာ နော်။ သစ်ကိုက သူ့ပညာကို မယုံသလို ပညာစမ်းသလို လူတွေ အထူးသဖြင့် နင့်လိုလူတွေ ပေါ့ ဧကရီရယ်… အဲလိုလူတွေ ကို လုံးဝဟောတာ မဟုတ်ဘူး။ ဟောရင်လည်း အလောင်းအစား ကြီးကြီး တစ်ခုပါမှ’
သူမ သစ်ကို ပုံစံကို စိတ်ဝင်စားမိတာတော့ ၀န်ခံပါသည်။
သူက ဘယ်လိုလူမျိုးများ လဲ။
‘သစ်ကိုက အချစ်ရေး သီးသန့်ပဲ ဟောတယ်။ ဥာဏ်ပူဇော်ခ ကတော့ ၁၅၀၀ ပေးရတယ်’
‘အင်း…. တစ်နေ့ကို ၁၆၅၀၀ ပုံမှန်ဝင်တယ်ဆိုတော့ ၀င်ငွေက မဆိုးပါဘူး။ တစ်လကို ငွေ လေးသိန်းလွဲလောက် ရနေတာပဲ….. ခိုင်သားပဲ’
သူမရဲ့ ပေါ့ပျက်ပျက် ခနဲ့တဲ့တဲ့ ပြောစကားကို ပပက….
‘နင်ဟာလေ… တကယ်ပဲ။ အေးပါ…. နောက်တော့ နင် သိလာမှာ ပါ။ သစ်ကိုရဲ့ အကြောင်းကို’
‘ဘာကိုပြောတာလဲ ပပ’
‘တစ်ခါတုန်းက နင့်လိုပဲ မယုံလို့ဆိုပြီး သစ်ကို,ကို သွားရစ်တဲ့ ကျောင်းသား တစ်ယောက် ရှိခဲ့ဖူးတယ် ဟ’
‘အလဲ့… ပြောစမ်းပါဦး ပပ၊ ငါစိတ်ဝင်စားလာလို့’
သူမရဲ့ ကလိတိတိပြောစကားကို ပပက တုံ့ပြန်မနေတော့ဘဲ တစ်ချိန်က အ ဖြစ်အပျက်တစ်ခု ကို ပြောပြလိုက်လေတော့သည်။
* * * * * * *
(B)
သစ်ကို ဒုတိယနှစ် တွင် ဖြစ်သည်။ ထုံးစံအတိုင်း Canteen မှာ ဟောနေလိုက် Maths Final မှ ဝေဖြိုးဆိုသည့် ကျောင်းသားတစ်ဦး ရောက်လာခဲ့သည်။
‘ငါ့ ညီနာမည် က သစ်ကိုနော်’
‘………………..’
‘ဒီကျောင်းထဲမှာ တော့ ငါ့ညီက Star ပဲ။ ငါ့ညီရဲ့ ကတ်အဟောတွေ က အရမ်းမှန်တယ်ဆိုပြီး တော့ပေါ့လေ’
‘ဒါ ကတော့ မေးသူရဲ့ ယုံကြည်မှု အလိုက် အကျိုးပေးတာပါပဲ’
‘ပွင့်ပွင့်လင်းလင်း ပြောရရင် ကိုယ် ကတော့ လက်တွေ့ သမားကွ၊ ဒီကတ်တွေ ကို အယုံအကြည် မရှိဘူး။ အဓိပ္ပာယ်မရှိဘူးလို့ ကိုယ်ထင်တယ်။
ကိုယ့်ရှေ့မှာ တည့်တည့်ထိုင်ပြီး ကိုယ့်ကို တိုက်ရိုက်စော်ကားနေသည်ကို သူမနည်းသည်းခံ ကြိတ်မှိတ်နေလိုက်ရသည်။
အပြုံးတစ်ခုကို သူ အမြန်ဆုံး ဖန်ဆင်းလိုက်ပြီး လေသံခပ်အေးအေးနှင့် ……
‘ဟုတ်ကဲ့ လွတ်လပ်စွာ သဘောထား ကွဲလွဲခွင့် ရှိပါတယ်၊ ကျွန်တော့် ပညာကို မယုံကြည်တဲ့ လူတွေ ကို ကြည့်မပေးတတ်ပါဘူး။ အစ်ကို ပြန်နိုင်ပါပြီ။ ကျွန်တော် နောက်လူတွေ ကို ကြည့်ပေးရဦး မှာ မို့ပါ။ ကျေးဇူးတင်ပါတယ်’
ပြောပြီး မျက်ဝန်းချင်း ဆုံမိကြ၏ ။
‘ဒါဆိုရင် …. ငါ့ညီ ဒီကျောင်းထဲမှာ တခြားလူတွေ ကို လိမ်ညာပြီး ဗေဒင် ဟောမနေနဲ့တော့ပေါ့’
စကားအဆုံးမှာ သူ ဝေဖြိုးကို စူးစူးရဲရဲတစ်ချက် စိုက်ကြည့်လိုက်ပြီး….
‘ကျွန်တော် ဗေဒင်ဆရာမ ဟုတ်ပါဘူး။ Tarot ကတ်ကလေးတွေ နဲ့ ကံကြမ္မာဖတ်ပြီး ကူညီနေ တာပါ။ ပြီးတော့ ဒီအလုပ်က ကျွန်တော့် ရဲ့ ဘ၀ပါ အစ်ကို၊ ကျွန်တော် ဘယ်တော့မှ လိမ်ညာ မပြောတတ်ပါဘူး’
ဝေဖြိုးက ခနဲ့သလို ဟက်ခနဲ ရယ်လိုက်သေးသည်။ တခြားကျောင်းသူ ကျောင်းသားတွေ ကလည်း ဘာဆက် ဖြစ်မလဲဆိုတဲ့ အတွေးနဲ့ စိတ်ဝင်တစား စောင့်ကြည့်နေကြသည်။
ဒီကျောင်းထဲမှာ ဝေဖြိုးဆိုသူကလည်း ‘ရစ်ကြီး’ဆိုပြီး သတင်းကြီးနေခဲ့သူ မဟုတ်လား။
‘ငါ့ညီ လိမ်ညာမဟောဘူးဆိုတာကို ကိုယ် ဘယ်လိုယုံရမလဲ’
မေးခွန်းက သူ့ပညာကိုမလေးစားမှု နှင့် သူ့ကို လူအများ ရှေ့မှာ စိန်ခေါ်မှု တို့ အထင်သား ပေါ်လွင်လှ၏ ။ သူ ဒီလို လူမျိုးများ ကို စကားနည်းရန်စဲလုပ်ဖို့ မရည်ရွယ်ပါ။
ထို့ကြောင့် ….
‘ချိုးလိုက်ပါ အစ်ကို’
သူ့လုပ်ရပ်ကြောင့် ဝေဖြိုးပင် ကြောင်သွားသည်။ ပြီးမှ သဘောပေါက်သွားကာ…..
‘သြော်…. ကိုယ့်ညီက ကိုယ့်ကိုပါ ဗေဒင်ဟောပေးမလို့လား။ ဟား…. ဟား… ဟား… ရပါတယ် ကွာ….. အပျော်ပေါ့။ ကိုယ်လည်း ပျင်းနေတာနဲ့ အတော် ပဲ’
‘ကျွန်တော် ခံယူချက်မှာ အပျော်သဘောနဲ့ အပျင်းပြေဆိုတာ မရှိဘူး။ ကဲပါလေ….. အစ်ကိုက ကျွန်တော့် ပညာကို မယုံကြည်ဘူး မဟုတ်လား’
ဝေဖြိုးက နိုင်ငံခြားမင်းသားအချို့ လုပ်နေကျအတိုင်း လက်နှစ် ဖက်ဖြန့်ပြပြီး မျက်ခုံးပင့်ပြ၏ ။
သူက မတ်တတ်ရပ်လိုက်ပြီး ကြည့်နေကြသည့် ကျောင်းသူ ကျောင်းသားတွေ ကို ပြောလိုက်သည်။
‘ဟုတ်ကဲ့ခင်ဗျာ….. ဒီက အစ်ကိုက ကျွန်တော် နဲ့ ဟောဒီ ကတ်ကလေးတွေ ကို မယုံကြည် ပါဘူး။ လိမ်ညာနေတယ်လို့ ထင်နေပါတယ်။ ဒီတော့ ဒီအစ်ကိုအပါအ၀င်တခြားသူတွေ ပါ အမြင်ရှင်း သွားအောင် ကျွန်တော် အလောင်းအစားပွဲလေးတစ်ခုကို ဒီလူတွေ ရှေ့မှာ လုပ်ချင်ပါတယ်’
စကားစကို ဖြတ်ပြီး အားလုံးကို သူအကဲခတ်သလို တစ်ချက်ဝေ့ကြည့်လိုက်သည်။ အားလုံး သူ့ အဆိုကို စိတ်ဝင်စားနေမှု ကြောင့် ကျေနပ်သွားကာ ဆက်ပြောလိုက်၏ ။
‘ဟုတ်ကဲ့….. ပွဲလေးက ဒီလိုပါ။ ကျွန်တော် က ဒီအစ်ကို့ကို ဖဲတစ်ချပ်ယူစေပြီး ဒီနေ့မှာ ကြုံတွေ့ ရမယ့် အ ဖြစ်အပျက်တစ်ခုကို ဟောပါ့မယ်။ အကယ်၍ ကျွန်တော် ဟောတာ မှားတယ်ဆိုရင် ဒီနေ့ကစပြီး ကျွန်တော် ဒီTarot ကတ်ကလေးတွေ ကို တစ်သက်လုံး မကိုင်တွယ်တော့ပါဘူး။ ပြီးတော့ ကျွန်တော့် ကိုလည်း ဒီအစ်ကိုထင်သလို လူလိမ်၊ လူညာ တစ်ယောက် လို့ သတ်မှတ်လိုက်ပါ’
မထင်မှတ်ဘဲ ပွဲလေးက အတော် စိတ်ဝင်စားဖို့ ကောင်းလာခဲ့သည်။ အခြားသူတွေ အတွက် သာမန် အလောင်းအစားပွဲလေးတစ်ခု ဆိုပေမယ့်Tarot ကို အသက်တမျှ မြတ်နိုးလွန်းတဲ့ သူ့အတွက် ကတော့ အလျော်အစား ကြီးမားလွန်းပါသည်။
ဒီပွဲထဲမှာ သူ့ ဂုဏ်သိက္ခာ၊ သူ့ မာနတွေ ကို လောင်းကြေးထပ်ထားခဲ့ရသည် မဟုတ်ပါလား။
‘အဲ…. ကျွန်တော့် ဖြေတွေ မှန်ခဲ့ရင်တော့’
ဝေဖြိုးအပါအ၀င် အားလုံး စိတ်ဝင်စားနေကြ၏ ။
‘ပြောပါ….. ကိုယ်ဘာလုပ်ပေးရမလဲ’
ဝေဖြိုးက ၀င်ထောက်တော့ သူက အပြုံးတစ်ဝက်နှင့် ……..
‘ကျောင်းဝမှာ ‘ကျွန်တော် သည် နောင်တစ်သက်လုံး ကိုယ်မတတ်မြောက်သည့် မည် သည့်ပညာရှင်ကိုမှ မစော်ကားတော့ပါ။ ယခုလည်း ကျွန်တော့် အမှားအတွက် သစ်ကိုနှင့် အတူ Tarot ကတ်ကလေးများ ကို အနူးအညွတ်တောင်းပန်ပါသည်’ဆိုတဲ့ စာတန်းကို ချိတ်ဆွဲပြီး တစ်နေကုန် မတ်တပ်ရပ်နေရမယ်’
‘မျှတပါတယ်’
‘ကောင်းတယ်ဗျို့’
‘………………..’
စသည့် ထောပနာသံတို့အဆုံးမှာ သူက ‘ဘယ်လိုလဲ’ဟု မေးလိုက်တော့ ဝေဖြိုးက အားလုံးကို တစ်ချက် ဝေ့ကြည့်လိုက်၏ ။ ပြီးမှ……
‘OK လေ….. ကိုယ်သဘောတူတယ်။ အားလုံးရှေ့မှာ ဆိုတော့ သက်သေပိုခိုင်လုံတာပေါ့။ လုပ်ပါ’
သူ မေးဆတ်ပြတော့ ဝေဖြိုးက Tarot ကတ်တွေ ကို စိတ်ကြိုက်ချိုးလိုက်၏ ။ သူက အပေါ်ဆုံး ကတ်တစ်ခုကို ဆွဲလှန်လိုက်၏ ။
အားလုံးကလည်း ရင်ခုန်စိတ်လှုပ်ရှားနေကြသည်။ ကတ်ကလေးရဲ့ နိမိတ်ပုံ ကတော့…..

အားလုံးက သူ့စကားသံကို ငံ့လင့်နေသည်။ သစ်ကို ဘယ်လိုဟောမည် လဲ။ ဝေဖြိုး ကတော့ အလေးမထားဟန်ဖြင့် လေပင်ချွန်နေလိုက်သေးသည်။
‘နိမိတ်ပုံ ကတော့ မှော်ပညာရှင်ကို ပြနေတယ်။ သူဟာ လောကဓာတ်ပညာရှင် ‘မာဂျီယန်’လို့ အမည် ရတဲ့ ဘုန်းတော် ကြီးရဲ့ ပုံပါ။ သူ့လက်ထဲမှာ တုတ်၊ ခွပ်၊ ဓားနဲ့ ကြယ်တွေ ရှိတယ်။ သူ့ညာလက် နဲ့ ကိုင်ဆောင်ထားတဲ့ တုတ်ကို Magic Wand လို့ခေါ်တယ်။ မှော်တောင်ဝှေးဆိုပါတော့။ ခွပ်က အဂ္ဂိရိတ်ပညာတွေ ကို ကိုယ်စားပြုတယ်။ ဓား ကတော့ ယဇ်ပူဇော်ခြင်းနဲ့ မကောင်းဆိုးဝါးတွေ ကို ဖယ်ရှားခြင်းအတွက် ဖော်ညွန်းတယ်။ ကြယ် ကတော့ နက္ခတ်ဗေဒအတတ်ကို ကိုယ်စားပြုထားပါ တယ်’
ဟောချက်ကို ပြောမပြသေးပေမယ့် ဝေဖြိုးအပါအ၀င် အားလုံးက သူ့အပြောကို စိတ်ဝင်တစား နားထောင်နေကြပါ၏ ။
‘လက်တစ်ဖက် ကတော့ မြေကြီးကို ညွန်ပြထားတယ်၊ ဆန့်ကျင်ဘက်တို့ရဲ့ ပေါင်းစည်းမှု ကို ဖော်ပြထားတာပါ။ သူ့ဦးခေါင်းထက်က (ထ) အမှတ်တံဆိပ် ကတော့ မြွေက သူ့အမြီးကို ပြန်မျိုးထားတဲ့ ပုံပါ။ သဘော ကတော့ အတိုင်းအဆကြီးမားလွန်းတဲ့ လောကီသဘာဝရဲ့ ရှုပ်ထွေးဆန်းကြယ် သံသရာ လည်ပတ်မှု ကို ကိုယ်စားပြုထားတာပဲ။ ယေဘုယျအားဖြင့် ဒီကတ်ရဲ့ နိမိတ်ပုံက ကောင်းမွန်လွန်းပါ တယ်’
‘ဒါဆို… ငါ့ညီဆိုလိုတာက အစ်ကို ကံကောင်းနေတယ်ပေါ့’
သူ ပြန်မဖြေ ဖြစ်ပဲ ကြည့်၍ ပင် နေလိုက်သည်။ ဝေဖြိုး ကတော့ သရော်ပြုံးတစ်ခုဖြင့် ….
‘ဒီလိုပဲ ပြောမယ်ဆိုတာကို သိပြီးသားပါ၊ ကိုယ့်စီးပွားရေး ၊ ကိုယ့်အသိုင်းအ၀ိုင်း၊ ကိုယ့်ပုံစံကို ကြည့်ပြီး မှန်းပြောလိုက်တာ မဟုတ်လား။ ငါ့ညီက ဆိုက်ကိုက ဆိုတော့လည်း အထင်ကြီးစရာတော့ မရှိပါဘူး’
‘ကျွန်တော် မဟောရသေးပါဘူး’
ဝေဖြိုးစကားမဆုံးခင် သူဖြတ်ပြောလိုက်သည်။
‘ဟင်…….. ဒါဆိုလည်း ဟောတော့လေကွာ’
အားလုံး ပိုမိုစိတ်ဝင်စားသွားကြသည်။ သစ်ကိုက လျှို့ဝှက်စွာ ပြုံးလိုက်ပြီး…..
‘ကျွန်တော် ပြောနေတာက ကတ်အတည့်ရဲ့ ရာဇ၀င်တွေ ပါ။ အခုကတ်က ပြောင်းပြန် အဟောအတွက်ပါ။ ကျွန်တော့်ဘက်မှာ အတည့်ဆိုပေမယ့် အစ်ကို့အတွက်က ပြောင်းပြန်ပါ အစ်ကို’
‘အဲဒီ တော့’
‘ဒီနေ့တော့ အစ်ကို ကံမကောင်းဘူး’
‘ဘာ….’
သူ လေသံအေးအေးနှင့် ပင် ဆက်ပြောပြလိုက်၏ ။
‘ဟုတ်တယ် အစ်ကို … ဒီနေ့ အစ်ကို ဂရုစိုက်နေပါ။ အထူးသဖြင့် အစ်ကို့ရဲ့ ညလက်နဲ့ ညာခြေ ကို ဂရုစိုက်ပါ’
‘ဘာကြောင့် လဲ’
‘အစ်ကို့ ညာခြေ၊ ညာလက်မှာ သွေးထွက်သံယို ဖြစ်လိမ့်မယ်’
‘ဟား… ဟား…. ဟား..’
ဝေဖြိုးက အပေါစား ပြက်လုံးတစ်ခု ကြားလိုက်ရသလို ရယ်နေသေးသည်။ ပြီးမှ……
‘ဟုတ်ပါပြီ…. ဟုတ်ပါပြီ၊ အစ်ကို ဂရုစိုက်တဲ့အနေနဲ့ တစ်နေ့လုံး အတန်းမတက်တော့ဘူး။ ဒီ Cateen မှာ ပဲ ထိုင်နေတော့မယ်။ ဟုတ်၊ မဟုတ် မှန်၊ မမှန်လည်း စောင့်ကြည့်ရတာ ပေါ့… ဟား… ဟား….’
ဒါ ကတော့ အစ်ကို့သဘောပါ။ ခုတော့ ကျွန်တော် အတန်းဝင်လိုက်ပါဦးမယ်။ အားလုံးပဲ ခွင့်ပြု ကြပါဦး’
‘အလကားပါကွာ။ လူအထင်ကြီးအောင် လုပ်နေတာပါ’
ဝေဖြိုးအပြောကို သူ မကြားနိုင်တော့ပါ။ အကြောင်းက Carteen နှင့် အတော် လှမ်းလှမ်းသို့ သူ ရောက်ရှိနေပြီ ဖြစ်သော ကြောင့် ပင်။
စိတ်ဝင်စားသည့် ကျောင်းသူ ကျောင်းသားများ က ဝေဖြိုးကဲ့သို့ အတန်းမ၀င်တော့ဘဲ Canteen မှာ ပင် ထိုင်ကာ သစ်ကိုအဖြေ မှန်၊ မမှန်ကို စောင့်ကြည့်ကျန်ခဲ့ကြ၏ ။
ဘာဆက် ဖြစ်မည် မသိကြပေမယ့် နောက်တစ်ချိန်ပြီးလျှင် ကျောင်းဆင်းတော့မည် ဆိုတာ ကိုတော့ အားလုံး သိနေကြပါသည်။
Canteen ထဲမှာ တော့ အချိန်တွေ ကုန်လာသည်နှင့် အမျှ ဝေဖြိုး အသံက ပိုမိုကျယ်လောင်နေခဲ့ပြီ ဖြစ်၏ ။
* * * * * * *
(C)

နောက်တစ်နေ့နံနက်တွင် အဆိုပါ တက္ကသိုလ်ကျောင်း၌ အထက်ပါစာတန်းကို ချိတ်ဆွဲပြီး မတ်တပ်ရပ်နေသော ကျောင်းသား တစ်ယောက် ကို တွေ့ ရလေ၏ ။
ထိုကျောင်းသား၏ ညာဘက်ခြေမကိုလည်း ပတ်တီးစည်းထားသည်ကို မြင်တွေ့ ကြရမည် ဖြစ်သည်။
အကြောင်းက…
မနေ့က Canteen တွင် ကျောင်းဆင်းခါနီး အချိန်၌ စားပွဲထိုးလေးများ က စားပွဲပေါ်ရှိ ပစ္စည်းများ ကို လိုက်လံသိမ်းဆည်းရာမှ ထိုင်ခုံတစ်လုံးကို တိုးတိုက်မိသွားသည်။
ကံဆိုးချင်တော့ ထိုခုံက ဝေဖြိုးဆိုသူ၏ ညာဘက်ခြေထောက်ပေါ်သို့ ကျသွားခဲ့ပြီး ၎င်း၏ ခြေမ ကွဲသွားခဲ့၏ ။
တိုက်ဆိုင်မှု ဟု ဆိုကြပါစို့။
Cateen လေးမှာ တော့ ထုံးစံအတိုင်း Tarot ဟောနေသည့် လူငယ် တစ်ယောက် ကို ကျောင်းသူ ကျောင်းသားများ ၀ိုင်းနေကြလေ၏ ။
အချစ်ရေး တစ်ခုတည်းကိုသာ ဟောသော ၊ ဉာဏ်ပူဇော်ခ အ ဖြစ် ငွေ ၁၅၀၀ ကျပ်သာ ယူတတ်သော ၊ တစ်နေ့လျှင် လူ ၁၁ ယောက် ကိုသာ ဟောပေးတတ်သော ထိုလူငယ်လေး၏ အမည် မှာ …..
‘သက်ကို’

ကမ္ဘာမြေကြီးကို ထိန်းသိမ်းစောင့်ရှောက်သော နတ်သမီး ‘ဒီမီတာ’ တွင် အလွန်ချောမောလှ သော သမီးတော် တစ်ပါးရှိသည်။ ‘ပါဆက်ဖုန်း’ (Persephone) ဟု အမည် တွင် ၏ ။ ဂရိဒဏ္ဍာရီအရ ဂျူနို (Juno) ဟုလည်း အမည် ရှိ၏ ။
တစ်နေ့သော အခါ ဂျူနို(Juno) အား တမလွန်တိုင်းပြည်ကို အုပ်ချုပ်သော ‘ဟေးဒီး’ မှ မြင်တော် မူပြီး မြေအောက်ကမ္ဘာသို့ ကြင်ယာတော် အ ဖြစ် သယ်ဆောင်တင်မြှောက်လိုက်၏ ။ ဂျူနို (Juno)ကို ဂျေရာအမည် ရှိ (J)တိုင်လုံးနှင့် ဘီးဆင်း(B) တံဆိပ်ရေး ထိုးထားသော ကျောက်သလင်း တိုင် အဖြူအမည်းနှစ် ခုကြားမှ သလွန်တော် တွင် ထိုင်ပြီး သေဆုံးသူတို့ကို နေရာချထားခြင်းဖြင့် တမလွန်တိုင်းပြည်ကို ဦးစီးစေခဲ့သည်။
အလွန်လျှို့ဝှက်နက်နဲသော နည်းပညာ၊ အတတ်ပညာများ ရှိသော အ၀င်မုခ်ဦးတံခါးတွင် ဒေါင်းမြီးကွက်ပန်းများ နှင့် ဝေဆာနေပြီး နန်းတော် ကြီးကို အလှဆင်ထား၏ ။
စောင့်စည်းမှု ၊ အမှားအမှန်ခွဲခြားသုံးသပ်မှု နှင့် အဆုံးအဖြတ်ပေးသော သဘာဝ၊ အလင်းနှင့် အမှော င်၊ အဓမ္မနှင့် ဓမ္မ၊ ကောင်းခြင်းနှင့် ဆိုးခြင်းတို့ သဘာဝကို ပြသထားသည်။
သူတော် စင်မ၊ မယ်တော် ၊ ဂရိနတ်ဘုရားမ ဂျူနို (Juno) သည် (Tora) ဟု ရေး ထိုးထားသော စာရွက်လိပ်ကို ကိုင်ဆောင်ထားပြီး ရှေ့ ဖြစ်၊ နောက် ဖြစ်ကို မြင်နိုင်သော မှော်ဖန်လုံးကို သရဖူပြုလုပ် ပြီး ဦးခေါင်းထက်တွင် ပန်ဆင်ထားသည်။ ထို့ပြင် ဓမ္မသတ်ဥပဒေစာအုပ်ကိုလည်း ကိုင်ထားသေး သည်။
[ဟီဘရူး (HEBREW) ဘာသာစကားအရ TORA ၏ အဓိပ္ပာယ်မှာ ဥပဒေ ဖြစ်သည်။]
သူမ၏ ရင်ညွန့်တွင် လည်း (SOLAR CROSS) ကြက်ခြေခတ်ပုံ လည်ဆွဲတစ်ခုကို ဆွဲထား သေး၏ ။ ထိုနိမိတ်ပုံ ကတ်ပြားသည် အလွန်ထူးခြားသော နိမိတ်ပုံ ဖြစ်၏ ။
“The World Belongs To The Silent Ones”
ငြိမ်သက်တိတ်ဆိတ်နိုင်ခြင်းသည် ကမ္ဘာကို ပိုင်ဆိုင်နိုင်ရန် တစ်ခုတည်းသော နည်းလမ်း ဖြစ်သည်။
* * * * * * *
အခန်း(၂)
(II)
‘ဧကရီရေ…. မိကျော့မှာ တော့ သစ်ကိုဟောလိုက်တဲ့အတိုင်း တစ်ပတ်အတွင်းမှာ ချစ်သူ တစ်ယောက် ရသွားပြီ’
‘အဲဒါ …. ငါက ဘာလုပ်ရမှာ လဲ ပပရယ်’
သူမရဲ့ မထုံတက်တေး တုံ့ပြန်မှု ကို ပပက အလိုမကျဟန်ဖြင့် …..
‘ဟဲ့… ဘာရမလဲ… သစ်ကိုဟောတာ မှန်တယ်လေဟာ’
‘အဲဒီ တော့..’
‘နင် သစ်ကိုရဲ့ Tarot ကို ယုံလိုက်တော့လေ’
ပပကို သူမက မျက်စောင်းတစ်ချက်ထိုးလိုက်ပြီး စုတ်တစ်ချက် သပ်လိုက်သည်။
‘ကျစ်…. နင်တို့မိန်းကလေးတွေ က အဲဒါပဲ’
‘အမယ်…. နင်ကရော ဘာမို့လို့လဲ’
‘ဟုတ်ပါတယ်…. ဒါပေမဲ့ ငါ ကတော့ နင်တို့လောက် မိန်းမ,မဆန်ဘူး’
‘အခုဟာက နင်လည်း လက်တွေ့ ပဲလေ’
‘တိုက်ဆိုင်မှု ရော.. မ ဖြစ်နိုင်ဘူးလား’
သူမအဖြေကို ပပ တကယ်ပဲ စိတ်ပျက်နေမိ၏ ။ ဧကရီက ငယ်စဉ်ကတည်းက အဲလိုပါပဲ။ တစ်ခုခုဆို ခေါင်းမာတတ်သည်။ အပြောထက် လက်တွေ့ ကို မြတ်နိုးတတ်သူ ဖြစ်၏ ။
မူလတန်းမှနေ အလယ်တန်းအထိ သူမတို့ သူငယ်ချင်းနှစ် ယောက် က ကျောင်းအတူ တက်ကာ ညီအစ်မတွေ လို ချစ်ခင်ခဲ့ကြသည်။ တစ်ယောက် အကြောင်းကိုလည်း တစ်ယောက် သိကြပါ သည်။
ပပ အဖေက အစိုးရ၀န်ထမ်း ဖြစ်သည်။ ပပ အလယ်တန်းမှာ နယ်မြို့တစ်မြို့သို့ ပြောင်းရွှေ့ သွားခဲ့ရာမှ သူငယ်ချင်းနှစ် ယောက် ဝေးကွာခဲ့ကြပြီး ယခု တက္ကသိုလ်နောက်ဆုံးနှစ် ရောက်မှ ပြန်လည် ဆုံတွေ့ ခဲ့ကြခြင်း ဖြစ်သည်။
သူမအကျင့်က ငယ်စဉ်ကတည်းက တစ်ဇွတ်ထိုးဆန်လွန်းသည်။ မိဘတွေ က ပြောဆိုဆုံးမပြီး သူငယ်ချင်းတွေ က သတိပေးခဲ့ဖူးသော်လည်း သူမဗီဇကို မလွန်ဆန်နိုင်ခဲ့ပါ။
‘နင်.. ယုံချင်ယုံ၊ မယုံချင်နေ… ငါ ကတော့ ဘာမှကို ဆက်မပြောချင်တော့ဘူး… ဧကရီရာ၊ ဒါပေမဲ့ ငါ ကတော့ ယုံတယ်။ အခွင့်ကြုံလာရင်တော့ သစ်ကို,ကို သွားမေးရမှာ ပဲ’
‘အေး…. ကောင်းတယ်။ ဒါနဲ့ စကားမစပ် ပပ … သစ်ကိုမှာ ရည်းစားရှိလား’
သူမ၏ မဆီမဆိုင်အမေးကြောင့် ပပ နှာခေါင်းရှုံ့သွားသည်။
‘ဟွန်း !.... နင်က ဘာလုပ်မလို့လဲ။ စိတ်ကူးတွေ ယဉ်မနေနဲ့၊ သစ်ကိုက အချစ်ရေး ပဲ သီးသန့် ဟောပေမယ့် သူကိုယ်တိုင်က အချစ်ကို စိတ်ဝင်စားတာ မဟုတ်ဘူးရယ်’
‘အလဲ့…. ဟုတ်လှချည်လား..၊ ပြောစမ်းပါဦး’
‘ဟုတ်တယ်လေ…. သစ်ကို အနားမှာ အုံနေတဲ့ မိန်းကလေးတွေ ထဲက တစ်ဝက်လောက်က သစ်ကိုကို စိတ်ဝင်စားလို့ လာနေကြတဲ့သူတွေ လေ။ ဒါပေမဲ့ သစ်ကို ကတော့ တစ်ယောက် ကိုမှ စိတ်ပါပုံ မရဘူး။ သူ့အလုပ်ပဲ သူလုပ်နေတာ’
‘ပပ…. နင်က သူ့အကြောင်းတွေ သိလှချည်လား။ ဘာလဲ……နင်လည်း…..အဲ့ဒီထဲက တစ်ယောက် လား’
‘No… ပါ။ သစ်ကိုအကြောင်း သိနေတာ မဆန်းပါဘူး။ သူက ဒီမှာ နာမည် ကြီးပဲလေ။ ရူပါ ကလည်း ဖြူးတယ်မဟုတ်လား’
‘ငါ ကတော့ သူ့ကို အနီးကပ် မမြင်ဖူးသေးးတော့ ဖြူး၊ မဖြူးတော့ မသိဘူး’
ပပက သူမကို ငါးခူပြုံးပြုံးပြီး ပုလိပ်စစ်သလို မေးခွန်းအချို့ ထွက်လာခဲ့သည်။
‘ဧကရီ… ဧကန္တတော့ နင်…. သစ်ကို, ကို စိတ်ဝင်စားနေပြီ…. ဟုတ်တယ် မဟုတ်လား’
‘အင်း….’
သူမက ခေါင်းညိတ်ပြတော့ ပပက ‘ငါ ထင်သားပဲ’ ဟု ပြောပြီး ပြုံးနေသည်။
‘ဒါပေမဲ့ … ငါစိတ်ဝင်စားတာက သစ်ကိုရဲ့ (CC)စီစီကို’
‘ဟမ်…. ဘယ်လို’
သူမအပြောကြောင့် ပပ ခေါင်းရှုပ်သွား၏ ။ သူမက …..
‘စီစီ(CC) လေ….’
‘ဘာလဲ စီစီ …. (CC) ….’
ပပကို သူမက ဝေးလိုက်တာဆိုတဲ့ မျက်ဝန်းမျိုးနှင့် တစ်ချက်ကြည့်လိုက်ပြီးမှ….
‘မသေမချင်း မှတ်ထား… စီစီ (CC) ဆိုတာ Current နဲ့ Colour ကို ပြောတာ။ ငါ စိတ်ဝင်စား တယ်ဆိုတာလည်း သစ်ကိုရဲ့ Current နဲ့ Colour ကိုပဲ ပပ။ သူက အားလုံးထဲက ကွဲထွက်နေတယ် လေ’
သည်တော့မှ ပပ တစ်ယောက် သဘောပေါက်သွားပြီး….
‘သြော်….. အဲသလိုလား။ အဲ….. ဒါကိုတော့ ငါလည်း သိပ်မသိဘူး။ သစ်ကိုက တော် တော် လျှို့ဝှက်တယ်လေ။ လိုအပ်မှ စကားပြောတာ။ ဒါပေမဲ့ စုံစမ်းရင်တော့ ရနိုင်မှာ ပါ…. ဘာ ဖြစ်လို့လဲ ဧကရီရဲ့ ’
‘……………………’
အဖြေစကား ထွက်မလာဘဲ ပြုံးပြုံးကြီး လုပ်နေသည့် သူမကို ပပ ကတော့ နားမလည်နိုင် ဖြစ် နေလေတော့၏ ။
* * * * * * *
(III)
တက္ကသိုလ်ဝန်းထဲတွင် ဝေဖြိုးနှင့် အ ဖြစ်အပျက်ပြီးနောက် သစ်ကို ကိုနာမည် ကြီးလာစေမည့်  အကြောင်းကိစ္စတစ်ခု ပေါ်ပေါက်လာခဲ့လေ၏ ။
ထိုအ ဖြစ်အပျက်အတွက် ကျောင်းသူကျောင်းသားများ တင်မက သူကိုယ်တိုင်ပင် အံ့သြ စိတ်လှုပ်ရှားခဲ့ရပါ၏ ။
တစ်နေ့…..
သစ်ကို တစ်ယောက် Canteen မှ Tarot ဟောနေလိုက် ၀ိုင်းအုံနေသော ကျောင်းသူ ကျောင်းသားများ သည် ရုတ်တရက် အလျှိုလျှိုပျောက်ကွယ်သွားလေ၏ ။
တစ်ကြိမ်တစ်ခါမှ မကြုံဖူးခဲ့သည်ကြောင့် သူပင် ကြောင်သွားရ၏ ။ အကြောင်းရင်းက သစ်ကို ရှိရာ စားပွဲဝိုင်းသို့ (ပါမောက္ခချုပ်) ဆရာဦးဆန်းဝင်း တစ်ယောက် တည့်တည့်ကြီး လျှောက်လာသော ကြောင့် ပင် ဖြစ်သည်။
သစ်ကိုဆီကို ပါမောက္ခချုပ်က ဘာကြောင့် လာတွေ့ ရပါသလဲ။
Canteen အတွင်းမှ ကျောင်းသူ ကျောင်းသားများ အားလုံးကလည်း ဘာဆက် ဖြစ်မလဲဟူသည့် အတွေးနှင့် စိတ်ဝင်စားနေကြသည်။
အားလုံးတွေးထင်ထားသည့်အတိုင်းပါပင်…..။
စားပွဲရှေ့ရောက်လာသည့် ဆရာကြီးကို သူ မတ်တတ်ရပ် နှုတ်ဆက်လိုက်သည်။
‘ဆရာကြီး….. ဘယ်လဲ ခင်ဗျား’
‘ထိုင်ပါ မောင်သစ်ကို…. ဆရာကြီး မင်းဆီကိုပဲ လာခဲ့တာပါ’
‘ဗျာ….’
ဆရာကြီးစကားကြောင့် သူ အံ့အားသင့်သွားရ၏ ။
ဘာကြောင့် များ လဲ….။
‘ဟုတ်တယ်… မောင်သစ်ကို ၊ Tarot ကိစ္စ ဆိုပါတော့ကွာ’
သွားပြီ။ ဒီတက္ကသိုလ်မှာ Tarot ဟောဖို့ကို ပါမောက္ခချုပ်ကိုယ်တိုင်လာတားပြီဟု သူတွေးထင် လိုက်မိသည်။
သို့ သော် ဆရာကြီးရဲ့ နောက်ဆက်တွဲ စကားကြောင့် သူ အသက်ရှူ ပြန်ချောင်သွား၏ ။
‘ဒီလိုပါ မောင်သစ်ကို….. အခုဆိုရင် ဆရာကြီးအသက် (၅၀)ကျော်လာပါပြီ။ အဲ…. အိမ်ထောင်သက် ကတော့ (၂၀)ကျော်ပေါ့ကွာ’
အကြောင်းရင်းကို မသိရသေးပေမယ့် ဆရာကြီးစကားကို လေးစားသမှု နှင့် သူ စကားထောက် ပေးလိုက်၏ ။
‘ဟုတ်ကဲ့’
အခြား စပ်စပ်စုစုကျောင်းသူကျောင်းသားများ ကလည်း သူတို့ပြောစကားများ ကို ကြားလိုသည် ကြောင့် မသိမသာ တိုးကပ်လာကြသည်။
‘ဆရာကြီး ပွင့်ပွင့်လင်းလင်း ပြောရရင် မောင်သစ်ကိုဆီကို Tarot ကြည့်ဖို့ လာခဲ့တာပါ။ မောင်သစ်ကို သတင်းကို ဆရာကြီး ကြားပါတယ်။ ဟောခ ၁၅၀၀ နဲ့အချစ်ရေး သီးသန့်ပဲ ဟောတယ်ဆိုတာကို မှန်တယ်လို့လည်း ဆရာကြီးကို ပြောကြပါတယ်’
‘ဟုတ်ကဲ့’
‘ကျောင်းဝန်းထဲမှာ ဟောတယ်ဆိုပေမယ့် မောင်သစ်ကိုရဲ့ ဘ၀အခြေအနေနဲ့ ကျောင်းစရိတ် အတွက်မို့၊ ပြီးတော့ ကျောင်းအတွက်လည်း ဘာထိခိုက်မှု မှမရှိလို့ သားသမီးချင်း ကိုယ်ချင်းစာပြီး ဆရာကြီး ကျောင်းဝန်းထဲမှာ မောင်သစ်ကို Tarot ဟောတာကို မတားမြစ်ခဲ့တာပါ’
‘ကျေးဇူးတင်ပါတယ် ဆရာကြီး’
သူ ဆရာကြီးစိတ်ထားကို တကယ်ပဲ လေးစားကြည်ညိုမိပါသည်။
‘ဒါပေမဲ့ မောင်သစ်ကို ကိုဆရာကြီးတစ်ခုတော့ တောင်းဆိုချင်တယ်’
‘ပြောပါ ဆရာကြီး…. ကျွန်တော် တတ်နိုင်သမျှ ကူညီပါ့မယ်’
‘ဆရာကြီး Tarot ကြည့်ချင်တာက အချစ်ရေး မဟုတ်ဘူးလေ။ အဲဒီ တော့ မောင်သစ်ကိုရဲ့ စည်းကမ်းနဲ့ မကိုက်ညီတဲ့ တခြားကိစ္စတစ်ခု ဖြစ်နေလို့ပါ’
သူ တစ်ချက်တော့ တွေ ဝေသွားသည်။ ပြီးတော့ သူလေးစားရသည့် ဆရာကြီး ဆိုပြန်တော့..
‘ဆရာကြီး….. ပြောကြည့်ပါ ခင်ဗျာ’
ဆရာကြီးက ဘေးဘီကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး…
‘ဆရာကြီး အမှန်အတိုင်းပဲ ပြောပါ့မယ်။ ဒီကို လာမေးဖို့အတွက်လည်း ဆရာကြီး အကြိမ်ကြိမ်စဉ်းစားပြီးမှ လာခဲ့တာပါ’
‘ဟုတ်ကဲ့’
‘ဆရာကြီးရဲ့ အိမ်ထောင်သက်က ခုဆိုရင် နှစ် (၂၀)ကျော်နေပါပြီ။ ပြဿနာက ရင်သွေး မရတဲ့ ပြဿနာပဲ မောင်သစ်ကို’
သူ နည်းနည်း တော့ သဘောပေါက်လာခဲ့ပြီ ဖြစ်၏ ။
‘ တစ်ယောက် ယောက် ရဲ့ ချို့ယွင်းချက်ကြောင့် များ လားဆိုပြီး ဆေးရုံမှာ လည်း သွားစစ်ခဲ့ ပြီးပါပြီ။ ဒါပေမဲ့….. နှစ် ယောက် လုံးမှာ လည်း ဘာအပြစ်မှ မရှိဘူးလို့ ဆေးစာက ထွက်နေတယ်။ ဇနီး သည် ကတော့ မိန်းမပီပီ အဆောင်တွေ ၊ ဘာတွေ လျှောက်လုပ်တာပေါ့ကွာ။ မရှက်တမ်းပြောရရင် ဆရာကြီးလည်း ဆေးကောင်းဝါးကောင်းတွေ နဲ့ အကြိမ်ကြိမ် ကြိုးစားခဲ့တာပဲ။ ဒါပေမဲ့ မထူးခြားခဲ့ပါဘူး။ ဒါကြောင့် နောက်ဆုံးအနေနဲ့ ဆရာကြီးရဲ့ ကံကြမ္မာကို ကြည့်ပြီး စိတ်ဒုံးဒုံးချလိုက်ချင်လို့ပါ။ ဒီတစ်သက် ဆရာကြီးမှာ သားသမီးမရနိုင်တော့ဘူးလား.. ရနိုင်ဦးမလားဆိုတာကို ကျေးဇူးပြုပြီး မောင်သစ်ကိုရဲ့ ပညာနဲ့ကူညီ ဟောကြားပေးပါ’
‘ဆရာကြီးရယ်…. ရုံးခန်းထဲ ခေါ်မေးလိုက်ရင် ရတာ ပဲကို ဒီကိစ္စအတွက်နဲ့ လူကိုယ်တိုင် လာစရာမလိုပါဘူးဗျာ’
ထိုအခါ ဆရာကြီးမှ…..
‘ဒါက ဒီလိုရှိတယ် မောင်သစ်ကို ဆရာကြီးရဲ့ အယူအဆ ဆိုပါတော့ကွာ။ အခု မောင်သစ်ကို က ဒီစကားကို ဆရာနဲ့ တပည့်ဆိုတဲ့ စိတ်ထားနဲ့ ပြောလိုက်တာကို ဆရာကြီး လက်ခံပါတယ်။ ဒါပေမဲ့ ဒီ Tarot ပညာမှာ တော့ ဆရာကြီးက ဘာမှမသိနားမလည်တဲ့ လူ တစ်ယောက် လေ။ မောင်သစ်ကို ကတော့ ပညာရှင်ပေါ့’
သူ ဆရာကြီး အဆိုကို သဘောပေါက်ပါသည်။ ပိုလို့လည်း လေးစားသွားမိ၏ ။
‘မောင်သစ်ကို ပြောသလို ရုံးခန်းထဲခေါ်ပြီး မေးလို့ရတာ မှန်ပေမယ့် ဆရာကြီးခံယူချက်ကိုက ဘယ်ပညာရှင်မလို လေးစား၊ မြတ်နိုးတတ်တော့ လိပ်ပြာမလုံသလို ခံစားရတယ်။ ဒါ…. ပညာရှင်ကို စော်ကားလိုက်တာနဲ့ အတူတူပဲလို့ ဆရာကြီး ထင်တယ်လေ။ အဲဒါကြောင့် ကိုယ်အလိုရှိရာအတွက် ပညာရှင်ဆီကို ကိုယ်တိုင်ပဲ သွားသင့်တယ် မဟုတ်လား’
‘ရပါတယ် ဆရာကြီးရယ်’
ဆရာကြီးက သူ့မျက်နှာကို စေ့စေ့ကြည့်ပြီး……
‘မောင်သစ်ကိုကို ဆရာကြီး ယုံပါတယ်။ ကျေးဇူးပြုပြီး ဆရာကြီးကို ဟောပေးပါ’
သူ ခေါင်းညိတ်ပြလိုက်ပြီး Tarot ကတ်ကလေးတွေ ကို ကျင်လည်သပ်ရပ်စွာ မွှေနှောက် လိုက်၏ ။ နောက်……
‘ဆရာကြီး…. ချိုးလိုက်ပါ ခင်ဗျာ’
သူက ကတ်တစ်ခုကို ဆရာကြီးရှေ့ ချပေးလိုက် ပြီး……
‘ဒါ… ဆရာကြီးအတွက် နိမိတ်ပုံကတ်ပါပဲ’
ဟု ပြောပြီး ကတ်ကို အသာလှပ်လိုက်၏ ။ နိမိတ်ပုံကတ်ရဲ့ အမည် မှာ …..
THE EMPRESS
(ဧကရီ ဘုရင်မပုံ)
ကတ်၏ နိမိတ်ပုံကို ကြည့်ပြီး သူ လဲ့ခနဲ ပြုံးလိုက်လေတော့သည်။

‘စေတန်’ နှင့် ‘ရီရာ’ တို့မှ မွေးဖွားသော သားသမီး ခြောက်ဦးတွင် ‘ဇု’နတ်သားသည် အငယ်ဆုံး ဖြစ်သည်။ သို့ သော် အစ်ကို၊ အစ်မ ငါးဦးတို့မှာ စေတန်၏ ၀မ်းတွင်း၌ ပင် ရှိနေရ၏ ။ ထို့ကြောင့် အရွယ်ရောက်နေပြီ ဖြစ်သော ‘ဇု’နတ်မင်းက ‘စေတန်’ကို ဖယ်ရှားပြီး အစ်ကို၊ အစ်မတို့ကို အန်ထုတ်စေခဲ့၏ ။
အစ်ကိုတော် ဟေးဒီ (Hedes)၊ ပိုဆိုက်ဒွန် (Poseidon)၊ အစ်မတော် ဒီမီတာ (Demeter)၊ ဟီရာ (Hera) တို့ကို (ဇု) က ကယ်တင်ပြီး ရှင်သန်စေခဲ့သည်။ ‘ဇု’နတ်မင်းသည် အစ်မတော် ဒီမီတာကို အလွန်ချစ်မြတ်နိုးပါသည်။
ဒီမီတာသည် ကမ္ဘာမြေကို စောင့်ရှောက်သော နတ်မိမယ် ဖြစ်၏ ။ ကြယ် ၁၂ လုံးသရဖူကို ဆောင်းကာ ကမ္ဘာမြေကို အထူးစောင့်ရှောက်နေခဲ့သည်။ ဒီမီတာအား (Goddess of Agriculture)/ (Fertility)မြေဆီ မြေနှစ် ကို ရှင်သန်စေသော နတ်မိမယ်ဟု သတ်မှတ်ထား၏ ။
‘ဇု’နတ်မင်းသည် သူပိုင်ဆိုင်သော ‘လိုတရ ဆိတ်ချို’ (ကော်နျူကိုပီယာ)အား အစ်မတော် ဒီမီတာကို ပေးအပ်ခဲ့ပါသည်။ ဒီမီတာသည် လိုတရဆိတ်ချိုအစွမ်းဖြင့် ကမ္ဘာမြေကို သစ်သီးဝလံ ပန်းမန်များ ၊ သောက်သုံးရေချိုများ ဖြင့် ပြည့်စုံကုံလံစေခဲ့သည်။
အထက်ပါကတ်ပါ နိမိတ်ပုံတွင် လောကမိခင် ဧကရီဘုရင်မဟု ခေါ်ထိုက်သော ဒီမီတာ နတ်သမီးသည် အသည်းပုံပလ္လင်ထက်တွင် အမိန့်အာဏာကို ကိုယ်စားပြုသည့် ကျိုင်းတံကို ဘယ်လက်နှင့် ကိုင်ဆောင်ပြီး ကိုယ်ဝန်လွယ်ထားပုံ ဖြစ်သည်။
ထိုင်နေသော ပလ္လင်တွင် ဖော်ညွန်းထားသော (…..) သင်္ကေတသည် သော ကြာဂြိုဟ်၏ နိမိတ်ပုံ ဖြစ်၏ ။ အေးချမ်းခြင်း၊ မေတ္တာတရား၊ နားလည်မှု ၊ သဘောပေါက်မှု ၊ မျိုးဆက်သစ်မွေးထုတ် နိုင်ခြင်းတို့ကို ဆိုလိုပါသည်။
ဘုရင်မ၏ နောက်ခံရှုခင်းသည် စိမ်းလန်းရှင်သန်နေသော သဘာဝတောတောင်တို့ကို ဖော်ညွန်းထားသည်ကြောင့် ရှင်သန်၊ သန်စွမ်း၊ အထမြောက်မှု တို့၏ နိမိတ်ပုံ ဖြစ်ပြီး အထူးကောင်မွန် ပြည့်စုံမှု တို့ကို ရည်ညွန်းထားလေ၏ ။
* * * * * * *
(D)
သစ်ကိုက ပါမောက္ခချုပ် ဦးဆန်းဝင်းအား တစ်ပတ်အတွင်း ရင်သွေးရလိမ့်မည် ဟု ပြောရာ ဆရာကြီးအတော် အံ့အားသင့်သွားခဲ့သည်။
(၃)ရက်မြောက်နေ့မှာ ပင် ဆရာကြီးအား ဇနီးသည်မှ မိမိတွင် ကိုယ်ဝန်တစ်လခွဲခန့် ရှိနေပြီ ဖြစ်ကြောင်း အသိပေးလိုက်ရာ….
တိုက်ဆိုင်မှု ဟုပင် ဆိုကြပါဦးစို့…….
သစ်ကို ကတော့ ဂုဏ်သတင်း ပိုမိုကြီးထွားလာခဲ့ပြန်ပြီ ဖြစ်၏ ။
‘မဟုတ်တာ ဆရာကြီးရယ်…. မပေးခဲ့ပါနဲ့။ မလိုပါဘူး ဆရာကြီးရယ်’
‘ပညာဟာ ပညာပါပဲ။ မောင်သစ်ကို ယူထားလိုက်ပါ’
ထိုနေ့က ဆရာကြီးအတင်းပေးသွားခဲ့သော ငွေ ၁၅၀၀ ကိုတော့ သူ ဘုရားမှာ ရွှေသင်္ကန်းကပ် လှူ ဖြစ်ခဲ့ပါသည်။
နောက်တော့ လျှို့ဝှက်သော အပြုံးနှင့် အလားသဏ္ဍာန်တူသည့် အပြုံးတစ်ပွင့်ကို နှစ် လိုစွာ ပြုံးလိုက်ပြီး အောက်ပါအတိုင်း တီးတိုးရွတ်ဆိုနေလေတော့၏ ။
‘Tarot သည် ငါ ဖြစ်ရမည် ။ ငါကိုယ်တိုင်သည်လည်း Tarot ဖြစ်စေရမည် ’
* * * * * * *
(IV)
‘ဟုတ်တယ် ဧကရီ…. သစ်ကိုက Tarot ကို ငယ်ငယ်လေးကတည်းက Crazy ဖြစ်ခဲ့တာဟဲ့ ဟ၊ ကစားတာတောင် Tarot ဟောတမ်းမှ ကစားတာတဲ့’
ပပ အဖြေကို သူမက …..
‘နေစမ်းပါဦး….. သစ်ကိုအကြောင်းတွေ ကို နင် ဘယ်က မေးလာခဲ့တာလဲ’
ပပက ပြုံးစစလုပ်နေပြီးမှ ….
‘ဟဲဟဲ…. ငါ့ အစ်ကိုဝမ်းကွဲက တစ်ဆင့် သိရတာ ’
‘နင့်အစ်ကိုနဲ့ သစ်ကိုနဲ့က သိလို့လား’
သူမ အမေးကို ပပက ခေါင်းခါပြ၏ ။
‘ဟင်….. ဘယ်လိုကြီးလဲ’
‘ဒီလိုဟ…. သစ်ကိုမှာ သူငယ်ချင်း တစ်ယောက် ပဲ ရှိတယ်လို့ ငါပြောဖူးတယ် မဟုတ်လား’
သူမ ခေါင်းညိတ်ပြသည်။
‘အေး…. သစ်ကို သူငယ်ချင်း အေးမင်းသူနဲ့ ငါ့အစ်ကိုနဲ့က ဘော်ဒါတွေ ’
‘သြော်….’
‘ဘယ်လိုလဲ…. ဧကရီ။ ငါ တော် တယ် မဟုတ်လား… ဟဲ ဟဲ’
ကိုယ့်ဂုဏ်ကိုယ်ဖော် မသူတော် လုပ်နေသည့် ပပကို သူမက မျက်စောင်းခဲလိုက်ပြီး…..
‘ကဲပါ…. ပြောမှာ သာ ဆက်ပြောစမ်းပါ’
သူမ တကယ်ပဲ စိတ်ဝင်စားမိပါသည်။ သစ်ကို ဘ၀အကြောင်းနဲ့ လက်ရှိပုံစံကလည်း သူမ အတွက် အထူးအဆန်းတစ်ခုလို ဖြစ်နေခဲ့သည်ကိုး။
ပပက သူမကို ….. သစ်ကိုဟာ နိုင်ငံခြားသင်္ဘောသားအရာရှိတစ်ဦးနှင့် ကျောင်းဆရာမ တစ်ဦး တို့၏ တစ်ဦးတည်းသော သားလေး ဖြစ်ကြောင်း၊ ငယ်စဉ်က မပူမပင် မကြောင့် မကြ နေလာခဲ့ရ ကြောင်း၊ သစ်ကိုအဖေက သစ်ကိုစကားကို နားမထောင်ခဲ့၍ သေဆုံးသွားခဲ့ကြောင်းနှင့် သစ်ကိုအမေ မှာ လည်း ယောက်ျားစိတ်နှင့် အိပ်ရာထဲလဲကာ တစ်လအတွင်း ဆုံးပါးသွားခဲ့ကြောင်းတို့ကို စီကာ ပတ်ကုံးပြောပြလိုက်၏ ။
‘ဒါနဲ့…. သစ်ကိုက သူ့အဖေကို ဘာပြောလို့ သူအမေက နားမထောင်ရတာ လဲ။ ဘယ်လိုကြောင့် သစ်ကိုအဖေကရော သေသွားခဲ့ရတာ လဲ’
‘ဒါတော့ ငါလည်း ဂဃနဏ မသိဘူး ဧကရီရယ်။ သေချာတာ ကတော့ သစ်ကိုအဖေက ပင်လယ်ပြင်မှာ မုန်တိုင်းမိပြီး သင်္ဘောမှော က်သေသွားခဲ့တာပဲ။ အဲဒီ အချိန်တုန်းက သစ်ကို ဆယ်တန်း ဖြေပြီးချိန်လို့တော့ ငါ့အစ်ကို က ပြောတယ်’
‘ဒါနဲ့ပဲ သစ်ကိုက ကျောင်းစရိတ်ကို သူ့ပညာနဲ့သူရှာပြီး ခုထိ ဆက်တက်နေတယ်ဆိုပါတော့’
‘အင်း’
ပပ အဖြေအဆုံးမှာ သူမ တဒင်္ဂငြိမ်သက်သွားသည်။ ခဏနေမှ ပပက…..
‘သူ့အဖေ သေဆုံးသွားတာဟာ သူ့ဘ၀ရဲ့ ၀မ်းအနည်းဆုံးနေ့ ဖြစ်ခဲ့သလို အပျော်ဆုံးနေ့ လည်း ဖြစ်ခဲ့တယ်တဲ့’
‘ဘယ်နေ့တဲ့လဲ’
‘၁၃ ရက်နေ့ သော ကြာနေ့’
သူမက နားမလည်တာတစ်ခုကို ထပ်မေးလိုက်ပြန်၏ ။
‘သူ့အဖေသေလို့ ၀မ်းနည်းတာကို ငါ နားလည်လို့ရတယ်။ ဒါပေမဲ့ ဘာလို့ သူက ပျော်ရတာ လဲ’
ပပ စကားအဆုံးမှာ တော့ သူမ နှုတ်ဆိတ်နေလေတော့၏ ။ ပပ အဖြေ ကတော့….
‘သူနဲ့ Tarot ကတ်တွေ တစ်သားတည်းကျတဲ့နေ့ ဖြစ်နေလို့ပဲတဲ့လေ’
* * * * * * *

မီးတောက်မီးလျှံတွေ နှင့် ကျောက်ဆောင်များ ကို နောက်ခံထားပြီး ရာဇပလ္လင်ထက်မှာ ထိုင်နေ သော ဧကရာဇ်မင်းသည် အခက်အခဲကြားမှ အထွဋ်အထိပ် ရောက်လာမှု နှင့် အောင်နိုင်မှု နိမိတ်ပုံတို့ကို ကိုယ်စားပြုသည့် တောင်ဆိတ်ဦးခေါင်းပုံ သရဖူကို ဆောင်းထားပြီး (Truth) အမှန်တရားနှင့် သစ္စာတို့ကို ဖော်ညွန်းသည့် ကမ္ဘာလုံးပုံကို ဘယ်လက်တွင် ကိုင်ဆောင်ထား၏ ။
ဘယ်လက်သည် လက်ခံစောင့်ရှောက်မှု ကို ဖော်ညွန်းထားပြီး တိုက်ခိုက်ကာကွယ်မှု တို့ကို ကိုယ်စားပြုသည်။ ညာလက်တွင် မှု (Scepter of the Magic) ဘ၀ရှင်သန်မှု နှင့် (Justice) တရားမျှတ မှု တို့ကို ပြသည့်သံလျက်ကို ကိုင်ဆောင်ထားသည်။
သစ္စာတရားနှင့် အမှန်တရားတို့ကို ဦးထိပ်ထားပြီး တန်ခိုးအာဏာတို့ကို တည်ငြိမ်ထိန်းသိမ်း တတ်သည့် ဧကရာဇ်ဘုရင်မင်းမြတ်၏ ထူးခြားမှု နိမိတ်ပုံပင် ဖြစ်၏ ။
►►►
ကျောင်းပိတ်ရက်တစ်ရက် ဖြစ်သော ကြောင့် သစ်ကို အားလပ်နေပါသည်။ သူ တစ်ယောက် တည်း နေထိုင်ခဲ့သည့် သည်အိမ်ကြီးထဲမှာ သူ့အတွက် အထီးကျန်မှု တို့ ရစ်သိုင်းနေတာ မှန်ပေမယ့် လည်း မိဘတို့၏ တစ်ခုတည်းသော အမွေမို့ ကျေနပ်ပါသည်။
မိဘတွေ ၏ အငွေ့အသက်များ ကိုလည်း သူ ကောင်းကောင်းခံစားမိပါ၏ ။
ထို့ကြောင့် လည်း ယခုအချိန်အထိ အသုံးအဆောင်ပစ္စည်းများ ကို ဟိုယခင်အတိုင်း ခြေရာ လက်ရာမပျက် သူ ထားရှိခဲ့တာ ဖြစ်သည်။
ဧည့်ခန်းရှိ ရှိုးကေ့ပေါ်က ဓာတ်ပုံမှန်ဘောင်လေးကို သူ ယူကြည့်လိုက်၏ ။ ဓာတ်ပုံထဲတွင် သင်္ဘောသားအရာရှိတစ်ဦးနှင့် ကျောင်းဆရာလေးတစ်ဦးတို့ ပွေ့ဖက်ထားကြပြီး သူ့ကို ပြုံးကြည့်နေ ကြသည်။
သူ ရီရီဝေေ၀ တစ်ချက်ပြုံးလိုက်ပြီး မှန်ပေါ်မှာ ကပ်တွယ်နေသည့် ဖုန်အလွှာပါးလေးများ ကို လက်နှင့် ပွတ်သပ်သန့်ရှင်းစေလိုက်၏ ။
‘သစ်ကိုရေ… သစ်ကို’
အိမ်ရှေ့မှ ခေါ်သံကြောင့် ဓာတ်ပုံလေးကို သူ နေရာတကျပြန်ထားခဲ့ပြီး တံခါးဖွင့်ရန် ထွက်လာ ခဲ့သည်။ တံခါးဖွင့်လိုက်တော့ သူငယ်ချင်း ဖြစ်သူ အေးမင်းသူကို တွေ့ လိုက်ရသည်။
‘ဟာ .. အေးမင်းသူ… ဘယ်က လှည့်လာခဲ့တာလဲ ၀င်လေကွာ’
‘ဒီလိုပါပဲကွာ…. ငါလည်း ပျင်းနေတာနဲ့ မင်းဆီ ထွက်လာခဲ့တာ’
ပြောပြောဆိုဆိုဖြင့် အေးမင်းသူက ဧည့်ခန်းက ခုံတစ်လုံးပေါ် ၀င်ထိုင်လိုက်သည်။
‘ငါ့ဆီမှာ တော့ မင်းသိတဲ့အတိုင်းပဲ ဘာပျော်စရာမှ ရှိတာမဟုတ်ဘူး’
‘သိပါတယ်ကွာ၊ ပြီးတော့ ငါ မင်းကို တိုင်ပင်အသိပေးစရာလေးရှိလို့’
အေးမင်းသူစကားကြောင့် သူပြုံးလိုက်မိပြီး ခုံတစ်လုံးမှာ ပင် ၀င်ထိုင်လိုက်သေး၏ ။
‘အမယ်…… ထူးထူးဆန်းဆန်းပါလား။ ဒါများ ကျောင်းမှာ ပြောလည်း ရတာ ပဲကို’
‘မင်းက ကျောင်းမှာ ဆို ငါနဲ့ စကားပြောဖို့ အချိန်ရော ရလို့လား၊ တစ်ချိန်လုံး လူတွေ အုံနေတဲ့ဟာကို ငါက ဘယ်လိုပြောရမလဲ’
ဟုတ်ပါရဲ့ ။ အေးမင်းသူနဲ့က မေဂျာချင်လည်း မတူတော့ ရှားရှားပါးပါး သူငယ်ချင်းလေး တစ်ယောက် ဆိုပေမယ့်လည်း အခြားသူငယ်ချင်းအတွဲ တွေ လို ပလူးပလဲ မနေ ဖြစ်။
သို့ပေမယ့်လည်း အေးမင်းသူက သူ့အပေးမှာ နားလည်မှု အပြည့်ရှိသော သူငယ်ချင်း တစ်ယောက် ဆိုတာကိုတော့ သူသိပါသည်။
‘ဟုတ်ပါပြီ…..မင်းက ငါ့ကို ဘာတွေ တိုင်ပင်ချင်တာလဲ’
သူ့မေးခွန်းထဲမှာ သဘောကျစရာ တစ်စုံတစ်ရာ မပါပါဘဲနှင့် အေးမင်းသူက ပြုံးဖြီးဖြီးကြီး လုပ်နေ၏ ။ ပြီးမှ ….
‘ငါ မတိုင်ပင်ခင် မင်းကိုအရင် ၀န်ခံဦးမယ်’
ဒီကောင် ဒီနေ့ ဘာ ဖြစ်လာတယ်မသိ….. မျက်နှာက မချိုမချဉ်နဲ့ ပြောလိုက်တဲ့ စကားတွေ ကလည်း အဆက်အစပ်မရှိတဲ့ အထူးအဆန်းစကားတွေ ။
သို့ပေမယ့် သူ စိတ်ဝင်စားမိပါသည်။ ဘာအမှားတွေ လုပ်ခဲ့လို့ဝန်ခံချင်တာလဲ။
‘ဒီလိုကွ…… ဟိုတစ်နေ့က ငါ့ ငယ်သူငယ်ချင်း တစ်ယောက် နဲ့ ကော်ဖီဆိုင်တစ်ဆိုင်မှာ တွေ့ တယ်။ ဇာတ်လမ်းက အဲဒီ မှာ စတော့တာပဲ။ ငါ့ သူငယ်ချင်းနဲ့အတူ နတ်သမီးလေးတစ်ပါး ပါလာ တယ်။ ငါ့ သူငယ်ချင်းရဲ့ ညီမ၀မ်းကွဲလို့ ပြောတယ်။ ငါတို့ ကျောင်းထဲကပဲကွ။ နာမည် က ပပ တဲ့။ ရေရေလည်လည် လန်းတယ်ကွာ’
‘အဲဒါနဲ့ ငါနဲ့က ဘယ်လို ပတ်သက်နေလို့လဲ’
‘လာမယ်လေကွာ….. ပွင့်ပွင့်လင်းလင်းပြောရင် ငါ ပပကို စိတ်ဝင်စားမိသွားတယ်’
‘ဟွန်း’
သူ သိသိသာသာပဲ နှာခေါင်းရှုံ့ပြလိုက်သည်။ အေးမင်းသူ ကတော့ သူ့ကို ဂရုစိုက်မနေပါ။ မျက်နှာပြုံးဖြီးဖြီးကြီးနှင့် ပင် ဆက်ပြောနေ၏ ။
‘အဟဲ…. ငါ့ကံလေးက ကောင်းချင်တော့ သူက င့ါကို သိနေတယ်ကွ၊ အဲ….. ပြီးတော့ မင်းကို လည်း သိနေတယ် …. သစ်ကို’
‘ဒါများ ……. အဆန်းလုပ်လို့။ ကျောင်းမှာ ငါ့ကို မသိတဲ့လူ ဘယ်သူများ ရှိလို့လဲ’
သူတမင်ပဲ ရွဲ့ပြောပစ်လိုက်၏ ။
‘ဒါတော့ ဒါပေါ့ကွာ….. အဲ ဆန်းတာက ငါ့ ကောင်မလေးက မင်းအကြောင်းတွေ လွှတ်မေး တော့တာပဲ….. သစ်ကို’
ကြည့်စမ်း….. ကြောက်ဖို့ကောင်းလိုက်တာ။ မနေ့တစ်နေ့ကမှ စတွေ့ တဲ့ ကောင်မလေး တစ်ယောက် ကို ချက်ချင်း ပဲ ဒင်းပါးစပ်ဖျားမှာ …..’ငါ့ ကောင်မလေး’ ဖြစ်သွားရရှာတယ်။
သူ မသိဟန်ဆောင်ပြီး အသာပဲ နှုတ်ဆိတ်နေလိုက်ပါသည်။
‘ဒါပေမဲ့ မင်းအကြောင်းတွေ ကို ငါ့ ကောင်မလေးက သိပ်စိတ်ဝင်စားလွန်းလို့တော့ မဟုတ်ဘူးကွ’
စိတ်အချဉ်ပေါက်လာတာနှင့် သူ ဘုဘောက်ပစ်လိုက်၏ ။
‘ဒါဆိုလည်း ဘာလို့မေးနေသေးလဲကွာ’
‘ဒါက ဒီလိုရှိတယ်လေ….. ငါ့ကောင်မလေးရဲ့ သူငယ်ချင်း တစ်ယောက် က မင်းအကြောင်းတွေ ကို စိတ်ဝင်စားနေတာ။ အဲဒီ မှာ မင်းသူငယ်ချင်း ဖြစ်တဲ့ ငါနဲ့ဆုံပြီး ငါ့သူငယ်ချင်း ဖြစ်တဲ့ မင်းအကြောင်း တွေ ကို စိတ်သဘောထားကောင်းမွန်စွာ နဲ့ ကူညီစုံစမ်းပေးနေတာ။ ငါလည်း ပါရမီဖြည့်ဖြည့်…’
‘ဒါနဲ့ မင်းကလည်း ဘူးထပြီး ကောင်မလေးကို မျက်နှာလို မျက်နှာရနဲ့ ငါ့အကြောင်းတွေ ကို ခရေစေ့တွင်းကျ ပြောလိုက်တယ် ဆိုပါတော့’
စကားမဆုံးခင် ရုပ်တည်ကြီးနဲ့ သူက ဖြတ်ပြောလိုက်တော့ အေးမင်းသူက စပ်ဖြဲဖြဲနှင့် ခေါင်းညိတ်ပြသည်။
‘ဟွန်း.!....... တော် တော် အားကိုးရတဲ့ သူငယ်ချင်းပဲ’
‘စိတ် မရှိပါနဲ့ သစ်ကိုရာ၊ မင်းအကြောင်းတွေ ကို ဒီတစ်ခါတည်းပဲ ပြောဖူးတာပါ။ ဒါကလည်း ငါ့ နှလုံးသားဆန္ဒပါ။ ငါ ပပကို တကယ်ကြွေသွားတာကွ။ အဲဒါကြောင့် ခု မင်းဆီကို အဲဒီ ကိစ္စကို ၀န်ခံရင်း တိုင်ပင်ကြည့်တာပါ။ အဲ… ပြီးတော့ ငါ့ရဲ့ အချစ်ရေး လေးကိုလည်း မင်းရဲ့ Tarot ကတ်ကလေးတွေ နဲ့ ကြည့်ရအောင်လို့၊ ကျောင်းမှာ က လူတွေ္ဂရှုပ်တယ်လေ။ လုပ်ပါ….. ငါ ကော်ဖီတိုက်ပါ့မယ်ကွ….. ဟဲဟဲ’
တတွတ်တွတ် ထိုင်ပြောနေသည့် အေးမင်းသူကို ကြည့်ပြီး မရယ် ဖြစ်အောင် စိတ်ထိန်းထားရ သည်။
ဒီကောင့်ကို သူနည်းနည်း တော့ ညှဉ်းရပါဦးမည် ။ ဟုတ်တယ်လေ…..။ ဒီကောင်က သူ့အကြောင်းတွေ ကို လျှောက်ပြောထားတာ မဟုတ်လား။
‘ကော်ဖီတစ်ခွက်လောက် ကတော့ သွားစမ်းပါကွာ’
‘သစ်ကို… မင်း မညစ်နဲ့နော်’
‘ဒါဆိုလည်း သဘောပဲ’
‘လုပ်ပါကွာ….. မနက်ဖြန်ကျ ငါ ထမင်းပါကျွေးပါ့မယ်၊ လုပ်ပါ…. ငါ့ကို ကြည့်ပေးစမ်းပါ၊ သယ်ရင်းကလည်း လိမ္မာပါတယ်’
‘သေချာတယ်နော်’
သူက ညစ်ကျယ်ကျယ်ပြုံးပြီး ပြောတော့ အေးမင်းသူက ခုနစ်ကြိမ်လောက် ခေါင်းညိတ်ပြရ၏ ။
‘Love Creates Everythings’ ဆိုတဲ့ ဂရိစကားပုံလေးက သိပ်မှန်နေပါလားဟုလည်း သူ တွေးနေမိသည်။
‘ဒါနဲ့ သစ်ကို….. မင်းလည်း နောက်ဆုံးနှစ် ရောက်နေပြီနော်’
‘အဲဒါ ဘာ ဖြစ်လဲ’
‘ဘာ ဖြစ်ရမလဲ… ရည်းစားလေး တစ်ယောက် လောက်တော့ ရအောင် ရှာထားဦးလေ’
‘ခုမှ ရည်းစားရဖို့ စလုံးရေ စရမယ့်ကောင်ကများ ကြီးကြီးကျယ်ကျယ်နဲ့၊ မှတ်ထား….. အချစ် ဆိုတာက တမင်တကာလိုက် ရှာနေရမယ့် အရာမျိုးမဟုတ်ဘူးကွ၊ သူ့အလိုလို မွေးဖွားလာတတ်တာ မျိုးကွ’
‘အဲဒီ တော့လည်း မင်းရဲ့ အချစ်ရေး အတွက် ကြိုတွက်လို့ရအောင် ကိုယ့်ကံကြမ္မာကိုလည်း ကိုယ် ကြည့်ထားဦး’
အေးမင်းသူ စကားကို သူပြန်မဖြေ ဖြစ်သေးဘဲ သက်ပြင်းတစ်ခုကို ချလိုက်၏ ။ ပြီးမှ…..
‘ငါ့ ကံကြမ္မာကို ငါ မကြည့်ချင်ဘူး။ ကြိုမကြည့်ဖို့အတွက်လည်း ငါ ဆုံးဖြတ်ထားတယ်’
‘ဘာ ဖြစ်လို့လဲ’
‘ငါ့မိဘတွေ ဆုံးပါးသွားပြီးကတည်းက ငါ့ကံကြမ္မာကို ငါ မဖတ်တော့တာဘဲ။ သူငယ်ချင်း။ လူတွေ ကတော့ ကိုယ့်မနက်ဖြန်တွေ ကို ကြိုသိချင်ကြတယ်။ ငါ ကတော့ ကြိုသိရမယ့်အ ဖြစ်ကို ကြောက်တယ်’
‘ငါ မင်းပြောတာကို နားမရှင်းဘူး သစ်ကို၊ ကြိုသိနေတော့ ပိုမကောင်းဘူးလား’
သူ ဆွေးဆွေးမြည့် မြည့်  တစ်ချက်ပြုံးလိုက်ပြီး……
‘မင်း ထင်လို့ပါကွာ၊ ငါပြောပြမယ်….. လူ တစ်ယောက် က မနက်ဖြန်မှာ ပိုက်ဆံကောက်ရမယ် လို့ ကြိုသိထားတယ်ဆိုပါစို့ကွာ’
‘အင်း….’
‘သူ ကောက်ရလိုက်တဲ့အချိန်မှာ ကြိုသိပြီးသားကိစ္စတစ်ခုအတွက် သိပ်မထူးဆန်းသလို ခံစား ရမယ်။ ပြီးတော့ အပြည့်အ၀ အံ့သြပျော်ရွှင်မနေရတော့ဘူးလေ။ ဘာကြောင့် လဲဆိုတော့ ပိုက်ဆံ ကောက်ရမှာ ကို သူက ကြိုသိနေပြီးသားကိုး’
‘အေးဟ……’
‘နောက် ဥပမာတစ်ခု ထပ်ပြောပြမယ်။ လူ တစ်ယောက် က နောက်တစ်လကြာတဲ့အချိန်မှာ သူ သေရမယ်လို့ ကံကြမ္မာကို ကြိုသိထားတယ် ဆိုပါစို့’
‘အင်း..’
‘နောက် ဥပမာတစ်ခု ထပ်ပြောပြမယ်။ လူ တစ်ယောက် က နောက်တစ်လကြာတဲ့အချိန်မှာ သူ သေရမယ်လို့ ကံကြမ္မာကို ကြိုသိထားတယ် ဆိုပါစို့’
‘အင်း….’
‘ဘာမှ ကြိုမသိထားတဲ့လူနဲ့ အဲလို ကြိုသိနေတဲ့လူ ဘယ်သူက ပိုကောင်းမယ်ထင်လဲ’
အေးမင်းသူက သေချာစဉ်းစားပြီးမှ ဖြေလိုက်သည်။
‘ဘာမှ မသိတဲ့သူက ပိုကောင်းမယ်’
‘အေး…. အဖြေက အဲဒါပဲ။ သူသေရမယ်ဆိုတာကို ကြိုသိထားနေတော့ ကျန်ရှိနေတဲ့အချိန် တွေ မှာ သာမန်လူတွေ လို သူမပျော်နိုင်တော့ဘူး။ အချိန်ရှိတိုင်း ဒီအတွေးကြီးက သူ့ကို နှိပ်စက်ပြီး ရှင် လျက်နဲ့ အကြိမ်ကြိမ် သေနေစေတယ်။ သူ့စိတ်နဲ့သူ တစ်လမပြည့်ခင်မှာ တောင် သေသွားနိုင်သေး တယ် မဟုတ်လား’
‘အေးနော်’
‘ဘာမှ ကြိုသိမထားတဲ့ လူ တစ်ယောက် ကတော့ သူ မနက်ဖြန်မှာ သေရမယ်ဆိုရင်တောင်မှ လက်ရှိအချိန်အထိ ဘာအပူအပင်မှမရှိဘဲ ပျော်နေနိုင်သေးတယ်။ သေခါမှသာ သေရောလေ။ ဘာ ကြောင့် လဲဆိုတော့ သူက သူ့ကံကြမ္မာကို ကြိုသိနေတာဟာ ကိုယ့်ကောင်းကျိုးထက် မကောင်းကျိုး တွေ များ တယ်။ အဲဒါ ငါ့ကိုယ်တွေ့ ပဲ’
‘အေးကွ….. မင်းပြောပြတော့လည်း ကြိုသိနေတာဟာ ကြောက်စရာတောင် ကောင်းနေသေး တယ်နော်’
သူ ပြန်မဖြေ ဖြစ်ပါ။
‘ဒါဆိုရင် …. မင်းက ဘာကြောင့် သူများ ကံကြမ္မာတွေ ကို ကြည့်ပေးနေရတာ လဲ’
‘ဒါ…. သိပ်ကောင်းတဲ့ မေးခွန်းပဲ။ ဒါပေမဲ့ မင်းတစ်ချက် မေ့သွားပုံရတယ်’
‘ဘာလဲ’
‘ငါက အချစ်ရေး တစ်ခုတည်းကိုပဲ ကြည့်ပေးနေတာလေ…’
နောက်တော့ ဘာစကားမှ ထပ်မပြော ဖြစ်တော့ဘဲ အတွေးကိုယ်စီနှင့် ငြိမ်သက်သွားကြသည်။ ထိုနေ့သည် ဇူလိုင်လ၏ နောက်ဆုံးသီတင်းပတ် တနင်္ဂနွေနေ့လည်း ဖြစ်ခဲ့လေ၏ ။
* * * * * * *
(V)
‘ကျွန်မကို Tarot ကြည့်ပေးပါ ကိုသစ်ကို’
မေးလာသူ ကျောင်းသူ မိန်းကလေး တစ်ယောက် ကို သူ တစ်ချက်ပင့်ကြည့်လိုက်ပြီး ထိုင်ရန် မေးဆတ်ပြလိုက်သည်။
‘ပြောပါ…. ဘယ်လိုကိစ္စမျိုးလဲ။ အချစ်ရေး သီးသန့်ပဲ ဟောတာကိုတော့ သိပါတယ်နော်’
‘ဟုတ်ကဲ့….. သိပါတယ် ကိုသစ်ကို၊ အချစ်ရေး ကိုပဲ မေးမှာ ပါ’
‘ကောင်းပြီ…… မေးပါ’
ကျောင်းသူ မိန်းကလေးက ရှက်ရွံ့ဟန်ဖြင့် ဘေးဘီကို တစ်ချက်ကြည့်လိုက်သေးသည်။ ထုံးစံအတိုင်း သစ်ကိုနံဘေးမှာ ကျောင်းသူကျောင်းသားတွေ က ၀ိုင်းနေကြသည်။
အချို့က မေးရန်၊ အချို့က အပျင်းပြေသာ ကြည့်ကြသည်။ အချို့ ကတော့ စိတ်ဝင်တစား၊ အချို့ ကတော့ စပ်စပ်စုစု လာကြည့်နေခြင်း ဖြစ်၏ ။
ဘာပဲ ဖြစ် ဖြစ် သစ်ကိုနံဘေးမှာ တော့ လူစည်နေပါသည်။
မိန်းကလေးက လူအများ ကြားမှာ မိမိကိုယ်ရေး ကိုယ်တာ ကိစ္စကို မေးရမှာ မလုံမလဲ ဖြစ်နေ ဟန်တူပါသည်။
ဒါကိုတော့ သစ်ကိုလည်း မတတ်နိုင်ပါ။ နောက်ဆုံးတော့ မိန်းကလေးက အားတင်းပြီး ပြောလိုက်ပုံရပါသည်။
‘အ ဖြစ်အပျက်က ဒီလိုလေးပါ ကိုသစ်ကို။ ကျွန်မမှာ လွန်ခဲ့တဲ့ တစ်နှစ် လောက်ကတည်းက ချစ်သူ တစ်ယောက် ရှိပါတယ်။ ဒီကျောင်းထဲ ကတော့ မဟုတ်ပါဘူး…. အပြင်ကပါ။ ကျွန်မနဲ့ သူနဲ့ သိပ်ချစ်ပါတယ်။ ကိုသစ်ကို..’
သူ ငြိမ်ငြိမ်သက်သက် ဂရုတစိုက် နားထောင်နေပါ၏ ။ အခြားကျောင်းသူ ကျောင်းသားတွေ ကလည်း ငြိမ်သက်နားစွင့်နေကြသည်။
‘ဒါပေမဲ့ ကျွန်မကွယ်ရာမှာ …’
မိန်းကလေးပြောရင်းနှင့် ၀မ်းနည်းလာပုံရသည်။ ပြီးမှ အားပြန်တင်းပြီး ဆက်ပြော၏ ။
‘သူ နောက် တစ်ယောက် နဲ့ တွဲ နေတယ်’
‘ဟုတ်ကဲ့… မိန်းကလေး မေးချင်တဲ့ မေးခွန်းက’
သူ စကားထောက်ပေးလိုက်၏ ။ သို့ ပေမယ့် အဖြေက ခြားနားလွန်းပါသည်။
‘ကျွန်မ သူ့ကို အရမ်းချစ်တယ် ကိုသစ်ကို။ အဆုံးအရှုံးလည်း မခံနိုင်ဘူး။ အဲဒါ……’
‘မေးပါ….’
Tarot Card ကလေးတွေ ကို သူ ကျင်လည်စွာ ကုလားဖန်ထိုးရင်း မေးလာခဲ့သည်။
‘ပွင့်ပွင့်လင်းလင်းပြောရရင် သူ့ကို ကျွန်မရင်ခွင်ထဲ ပြန်လာအောင် လုပ်ပေးပါ။ ဘာ အစီအစဉ် ယတြာတွေ လိုအပ်သလဲ ပြောပါ။ ပိုက်ဆံလည်း ဘယ်လောက်ကုန်ကုန်ပါ။ သူ ပြန်လာဖို့ပဲ အဓိကပါ။ ကျွန်မကို ကူညီပေးပါ ကိုသစ်ကို’
မိန်းကလေး တကယ်ခံစားနေရတာ ကို သူခံစားမိပါသည်။
သို့ သော် လက်ထဲက Tarot ကတ်တွေ ကို စားပွဲပေါ် အသာချလိုက်ပြီး…..
‘မိန်းကလေး …. မင်းမေးခွန်းတွေ မှားနေပြီ’
‘ကျွန်မကိုလေ ကျေးဇူးပြုပြီး ကူညီပါ ကိုသစ်ကိုရယ်’
‘ကျွန်တော် က ဗေဒင်ဆရာ မဟုတ်လို့ ယတြာတွေ လည်း မပေးတတ်ပါဘူး။ လူ တစ်ယောက် ပြန်လာအောင်လည်း လုပ်မပေးတတ်ပါဘူး။ ကျွန်တော် က မိန်းကလေးရဲ့ အချစ်ရေး မေးခွန်း၊ ကံကြမ္မာ ကိုပဲ ဖတ်ပေးတာပါ။ ဆိုးခြင်း၊ ကောင်းခြင်း ကတော့ ဒီကတ်ပြားလေးတွေ အပေါ်မှာ ပဲ မူတည်ပါတယ်။ ကျွန်တော် က မိန်းကလေးနဲ့ ကတ်ပြားလေးတွေ ကြားမှာ ဘာသာပြန်ပေးရုံပါပဲ’
ထိုမိန်းကလေးက သူ့ကိုဆွေးဆွေးလေး တစ်ချက်ကြည့်ပြီး……
‘ကျွန်မ ဘာဆက်လုပ် ရမလဲ ဟင်’
‘မိန်းကလေးအတွက် ကံကြမ္မာကိုပဲ ကျွန်တော် ကြည့်ပေးနိုင်မှာ ပါ။ မဟုတ်ရင်တော့ မိန်းကလေး ပြန်လိုက်တာ အကောင်းဆုံးပဲ။ နောက်မှာ လူတွေ ကြည့်ပေးရဦးမယ်’
သူက အဲသလိုပါပဲ။ စကားကို ပွင့်ပွင့်လင်းလင်းပဲ ပြောလေ့ရှိ၏ ။ သေချာတာ ကတော့ အခြားဗေဒင်ဆရာ၊ အကြားအမြင်ဆရာ၊ ရှေ့ ဖြစ်ဟော ပုဂ္ဂိုလ်တွေ လို အပိုစကားတွေ ကို နားဝင်ပီယံ ဖြစ်အောင် မပြောတတ်ချေ။ မလိုအပ်တဲ့ စကားကိုလည်း မပြောတတ်ပေ။
‘ဒါဆိုရင် ….. ကျွန်မ သူနဲ့ ဆုံနိုင်၊ မဆုံနိုင်၊ ပေါင်းနိုင်၊ မပေါင်းနိုင်ပေါ့နော်။ ကံကြမ္မာကို ကြည့် ပေးလို့ရမလား ကိုသစ်ကို’
‘အင်း….. ဒါဆိုရင်တော့ ရပါတယ်’
သူ Tarot ကတ်ကလေးတွေ ကို သူ့ရှေ့ကို ချပေးလိုက်ပြီး ချိုးခိုင်းလိုက်၏ ။ ကျောင်းသား၊ ကျောင်းသူတွေ ကတော့ စိတ်ဝင်တစား စောင့်ကြည့်နေကြ၏ ။
ထိုအထဲတွင် ဧကရီနှင့် ပပ တို့လည်း ပါဝင်ခဲ့လေသည်။
‘ဒီကတ်ကလေးက မိန်းကလေးရဲ့ ကံကြမ္မာနိမိတ်ပုံပါ’
သူ ပြောပြောဆိုဆို လှန်ကြည့်လိုက်သည်။ နိမိတ်ပုံက ကတ်နံပါတ် (၅) ပြောင်းပြန် ဖြစ်၏ ။ ထို မိန်းကလေးနှင့် အတူ သူ မျက်ဝန်းချင်း ဆုံသွားကြသည်။
‘စိတ်မကောင်းပါဘူး မိန်းကလေး၊ မင်းသူနဲ့ ပေါင်းဖက်ခွင့် မရှိပါဘူး။ ဒါပေမဲ့ အဲဒါဟာ မင်းအတွက် ကောင်းတဲ့ ကံကြမ္မာပါပဲ။ မင်းအိမ်ထောင်ဖက်က မင်းအပေါ်မှာ အရမ်းကောင်းတယ်။ အခုချိန်မှာ အချစ်အတွက် မင်းခံစားနာကျင်နေရတယ်ဆိုပေမယ့်လည်း မင်းအချစ်အတွက်နဲ့ တစ်သက်လုံး စိတ်ချမ်းသာမှာ ပါ မိန်းကလေး’
သူ့အဖြေအတွက် ထိုမိန်းကလေးက အားယူပြုံးပြလိုက်ပြီး
‘ကျေးဇူးတင်ပါတယ် ကိုသစ်ကို….. ဒီမှာ ပါ’
ဆိုပြီး ငွေ ၁၅၀၀ ကို စားပွဲပေါ်တင်ခဲ့ပြီး ထွက်သွားလေတော့၏ ။
* * * * * * *

Tarot Card နံပါတ် (၅) တွင် သူတော် စင်ရဟန်းချုပ်ကြီးက အဆင့် (၃)ဆင့်ပါဝင်သော သရဖူတစ်ခုကို ဆောင်းထားသည်။
ထို သရဖူ (၃)ဆင့်သည် ရုပ်ခန္ဓာကို ရင်းနှီးရသော ကာယစွမ်းရည်၊ ဉာဏအတတ်တို့ဖြင့် ဘ၀ ရပ်တည်ရသော လောကုတ္တရာပညာရှင်၏ ထူးခြားသော နိမိတ်ပုံကို ရည်ညွန်းထားခြင်း ဖြစ်သည်။
ဝဲယာ တစ်ဖက်တစ်ချက်တွင် ရှိသော ကျောက်တိုင်ကြီး (၂)ခုသည် လွတ်မြောက်ခြင်း (Freedom)နှင့် ဥပဒေ( Law) တို့ကို ကိုယ်စားပြုပြီး ညာဘက်လက်မှ လက်နှစ် ချောင်းထောင်ပြထား ခြင်းသည် ကောင်းခြင်း (Good)နှင့် ဆိုးခြင်း (Evil) တို့ကြား မိမိရဲ့ သမာဓိစွမ်းအား (Will Power)ကို အသုံးချရန် ဖော်ညွန်းပြထား၏ ။
ဘယ်ဘက်လက်တွင် အဆင့်(၃)ဆင့်ပါသော မှော်နှင်တံသည် ကိုယ်ခန္ဓာ(Body)၊ အသိစိတ် (Mind) နှင့် နာမ် ၀ိညာဉ် (Soul) တို့ကို ခြားနားသိမြင်စေပြီး ပေါင်းစည်းအသုံးချတတ်စေရန် ဖြစ်သည်။ သော့ နှစ် ချောင်းမှာ မူ အသိပညာနှင့် အတတ်ပညာတို့ ဖွင့်လှစ်နိုင်စေရန် ရည်ရွယ်ထားခဲ့၏ ။
သီလစင်ကြယ်သော ပုဂ္ဂိုလ်အကြီးအကဲတို့၏ ထူးခြားသော အထောက်အကူများ ဖြင့် လူအပေါင်းကို စေခိုင်းအုပ်ချုပ်နိုင်မည် ဟု ခြေရင်းတွင် ခံစားနေသော လူနှစ် ဦး၏ နိမိတ်ပုံဖြင့် ဖော်ပြ ထားသည်။ အချုပ်ဆိုရသော် ဤနိမိတ်ပုံသည် ကောင်းမွန်မှု ကို ဖော်ဆောင်ထားသော ပုံ ဖြစ်လေ သည်။
(E)
ထိုနေ့က သစ်ကို Tarot ဟောနေသည်ကို ဧကရီဆိုသော ကောင်မလေးက သူငယ်ချင်း ဖြစ်သူ ပပနှင့် အတူ အကဲခတ်ကြည့်ရှုခဲ့သည်။
အပြန်တွင် သူမက သူငယ်ချင်း ဖြစ်သူ မနက်ဖြန်တွင် သစ်ကိုဆီမှာ သူမကိုယ်တိုင် Tarot သွား မေးမည် ဟုဆိုရာ ပပက မယုံကြည်ဘဲနှင့် သွားမမေးရန် သူမကို တားမြစ်ပြောဆိုနေခဲ့၏ ။
(မလိုလားအပ်သော အခြားပြဿနာများ မ ဖြစ်ပေးစေရန်အတွက် တားမြစ်နေပုံရ၏ ။)
သူမတို့နှစ် ဦး ပြောဆိုနေကြသော စကားအကျဉ်းချုပ်မှာ အောက်ပါအတိုင်း ဖြစ်သည်။
ပပ။ ။ မလုပ်စမ်းပါနဲ့ ဧကရီရယ်… ပြဿနာကို မီးခွက်ထွန်း မရှာချင်စမ်းပါနဲ့။ ဝေဖြိုးအ ဖြစ် ကို နင်မေ့သွားပြီလား။
ကရီ။ ။ အေးအေးပါဟာ.. ငါက ဝေဖြိုးကို ပညာသွားစမ်းမှာ လည်း မဟုတ်ပါဘူး… ရပါ တယ်။
ပပ။ ။ နင့်ပုံစံနဲ့ မ ဖြစ်ပါဘူး။
ဧကရီ။ ။ ဘာကိစ္စ မ ဖြစ်ရမှာ လဲ။ ငါက သူ ဘယ်လောက်တော် သလဲဆိုတာကို စမ်းသပ်ကြည့် ရုံပါပဲ။
ပပ။ ။ ဘာအကျိုးရှိမှာ မို့လို့လဲဟာ။
ဧကရီ။ ။ လောလောဆယ် ငါ အကဲခတ်ရသလောက် ကတော့ သစ်ကိုက စကားနည်းတယ်။ တည်ကြည်တယ်၊ သူ့ကိုယ်သူ ယုံကြည်တယ်၊ ဟုတ်တယ်နော်။
ပပ။ ။ ……။
ဧကရီ။ ။ ဒါပေမဲ့ … ဘာမဟုတ်တဲ့ ကတ်ပြားလေးတွေ ကို ယုံကြည်မှု လွန်ကဲလွန်းနေတယ် လို့ ငါထင်တယ်။ သူ ယုံကြည်သလို ဘ၀တွေ က အသေမဆန်ဘူးလေ။ အလှည့်အပြောင်း၊ အချိုး အကွေ့တွေ အများ ကြီးရှတယ်၊ သူ ကျစ်ကျစ်ပါအောင် ကိုင်ဆုပ်ထားတဲ့ သက်မဲ့ကတ်ပြားလေးတွေ က ထင်သလောက် အစွမ်းမရှိဘူးဆိုတာကို ငါသူ့ကို သိစေချင်တယ် ပပ။
ပပ။ ။ နင်နဲ့တော့ ခက်တာပဲဟာ။
ဧကရီ။ ။ ရတယ်လေ… မနက်ဖြန် နင်မလိုက်ချင်ရင် နေခဲ့လေ။ ငါ ကတော့ မနက်ဖြန်မှာ သစ်ကိုဆီကို ရောက်အောင် သွားမေးမှာ ပဲ။
ပပ။ ။….။
* * * * * * *
(VI)
'Tarrot မေးလို့ရလား'
သူဖျတ်ခနဲ မော့ကြည့်လိုက်မိသည်။ သာမန်ထက် အနည်းငယ်ချောမော ပြေပြစ်လှပြီး ထက် ထက်မြက်မြက်ရှိမည့်  မိန်းကလေး တစ်ယောက် ဟုလည်း သူ မှတ်ချက်ချလိုက်မိပါ၏ ။
'သတ်မှတ်ချိန်တော့ မရောက်သေးပါဘူး။ ဒါပေမဲ့ ကျွန်တော် လည်း Breakfast စားပြီးပြီဆို တော့ ရပါတယ်.. ထိုင်ပါ'
သူက လက်မှနာရီကို တစ်ချက်ငုံ့ကြည့်ရင်း ပြောလိုက်၏ ။
'ထိုင်လ သူငယ်ချင်း'
သူမက ပပကို ၀င်ထိုင်ရန် သတိပေးသလိုပြောလိုက်မှ သူမမှာ အဖော် တစ်ယောက် ပါမှန်း သူ သတိထားမိသွားသည်။
ထိုစဉ်…
'သစ်ကို လုပ်ငန်းစတော့မှာ လား'
အေးမင်းသူ ရောက်လာ၏ ။ ပြီးမှ ပပကို မြင်သွားပုံရသည်။ မျက်နှာပြုံးကြီးဖြင့် ..
'ဟာ.. ဘယ်သူများ လဲလို့… ပပတို့ပါလား။ ဘာလဲ.. သစ်ကိုဆီ Tarot လာမေးတာလား'
ဟုတ်တယ် ကိုအေးမင်းသူ၊ ဒါပေမဲ့ ပပမေးမှာ မဟုတ်ဘူး။ သူငယ်ချင်းကို အဖော်လိုက်ပေး တာ'
'သြော်'
သူ…သူမကို တစ်ချက်ကြည့်ပြီး ပြုံးလိုက်မိသည်။ သူမ ကတော့ သူလုပ်ကိုင်သမျှကို အသေးစိတ်လိုက်ကြည့်နေပုံရ၏ ။ ခဏကြာမှ သူမက အရင်စကားစ၏ ။
'ကိုသစ်ကို'
'ဟုတ်ကဲ့…ပြောပါ'
'ပုဂ္ဂိုလ်ရေး မေးခွန်းတစ်ခုလောက် မေးချင်လို့ပါ.. .ရမလား'
သူမကို တစ်ချက်စိုက်ကြည့်ပစ်လိုက်၏ ။ သူမ ကတော့ တည်တည်ငြိမ်ငြိမ်ပဲ ရှိနေပါသည်။ ပပ ဆိုသူ ကတော့ သူနှင့် အေးမင်းသူတို့ကို အားနာသလိုကြည့်ပြီး ပြုံးပြနေသည်။
သူမမေးခွန်းအတွက် အခြားသူ တစ်ယောက် ယောက် သာဆိုလျှင်တော့ သူ ငြင်းဆန်လိုက်မိမှာ သေချာပါ၏ ။ သို့ ပေမယ့် သူ့စိတ်ထဲမှာ သူမနဲ့ဆုံတွေ့ ရခြင်းကို ထူးဆန်းသလို ခံစားနေရသည် ကြောင့် …
'ဟုတ်ကဲ့..မေးကြည့်ပါ၊ ဒါပေမဲ့ မ မိန်းကလေး မမေးခင် ကျွန်တော် တစ်ခုလောက် ပြောလို့ရ မလား'
ဒါ … နောက်ဆုံးပေါ် နာမည် မေးနည်းတဲ့လား။ 'မ.. မိန်းကလေး'တဲ့။ သူမအပြုံးကို ရင်ထဲမှာ ပဲ သိမ်းဆည်းပစ်လိုက်ပြီး သူ့ကို မျက်ဝန်းချင်းဆုံပစ်လိုက်၏ ။
'ပြောပါ ကိုသစ်ကို.. ကျွန်မနာမည် က မိန်းကလေးမဟုတ်ပါဘူး.. ဧကရီပါ'
'ဟုတ်ကဲ့ မဧကရီ၊ မဧကရီ ကျွန်တော့် ဆီရောက်လာခဲ့တာ Tarot ကြည့်ချင်တာထက် တစ်ခုခု ကို စူးစမ်းချင်လို့မဟုတ်လား။ ပွင့်ပွင့်လင်းလင်းပြောရရင် မဧကရီစိတ်ထဲမှာ Tarot ကို မယုံဘူးမဟုတ် လား'
'ဒါက…'
သူမ စကားမဆုံးခင် သူ ဖြတ်ပြောပစ်လိုက်မိသည်။
'ရပါတယ်.. ကိစ္စမရှိပါဘူး မဧကရီ.. ကျွန်တော့် စိတ်ထဲက ခံစားမှု ထင်မြင်ချက်သက်သက်ပါ။ ဒီစကားအတွက် မဧကရီရဲ့ တုံ့ပြန်မှု ကိုလည်း ကျွန်တော် အလိုမရှိပါဘူး'
စကားအဆုံးမှာ တဒင်္ဂငြိမ်သက်သွားကြသည်။ သစ်ကို ကိုလည်း သူမစိတ်ထဲမှာ အတော် လေး ဖြုံသွား၏ ။
'မဧကရီ မေးချင်တာမေးပါ'
သူမ အားတင်းလိုက်၏ ။ သူမမေးခွန်းအတွက် သူစိတ်ဆိုးလျှင်လည်း သူမ လုံးဝတတ်နိုင်မည် မဟုတ်ပါ။
'ကိုသစ်ကို.. ရှင်က ဒီအသက်မဲ့နေတဲ့ Tarot card ကလေးတွေ ကို သိပ်ယုံကြည်တာပဲလား'
သူ..သူမကို အံ့အားသင့်သွားမိသည်။ မင်း ဘယ်လိုမိန်းကလေးလဲ။ ပပက သူမကို လက်တို့နေ ၏ ။ သူမပုံစံက လုံးဝ မတုန်လှုပ်။ သူ ကြိုးစားပြုံးလိုက်ပြီး ဖြေပေးလိုက် သည်။
'ဟုတ်ကဲ့.. ကျွန်တော့် ကိုယ်ကျွန်တော် ထက်ကို ဒီကတ်လေးတွေ ကို ယုံကြည်သက်ဝင်ပါတယ် မဧကရီ.. ဘာ ဖြစ်လို့လဲ သိလား'
သူမက ညင်ညင်သာသာ ခေါင်းခါပြတော့ သူ လျှို့ဝှက်စွာ ပြုံးနေ၏ ။
ထုံးစံအတိုင်း သစ်ကိုရှိရာ Tarot ၀ိုင်းလေးနားသို့ အခြားကျောင်းသူကျောင်းသားတွေ အလျှိုလျှိုရောက်လာပြီး စည်ကားစပြုလာပြီ ဖြစ်သည်။
'ကျွန်တော့် မှာ အပေါင်းအသင်းသိပ်မရှိပါဘူး။ ကျွန်တော် ကိုယ်တိုင် အရောတ၀င် မပေါင်းသင်း တာလည်း ပါတာပေါ့'
သူ့ဆိုလိုရင်းတွေ ကို သူမ နားမလည်နိုင်သည့်တိုင် စိတ်ဝင်တစားနားထောင်နေမိပါသည်။ အေးမင်းသူ ကတော့ သူ့ကို အထူးအဆန်းသတ္တ၀ါတစ်ကောင်လို စူးစိုက်ကြည့်နေခဲ့၏ ။
ကြည့်မည် ပေါ့.. ။ သစ်ကိုက မလိုအပ်ဘဲ ဘယ်သူ့ကိုမှ စကားအပိုတွေ ပြောတတ်တာမှ မဟုတ်ဘဲ။ အခု..သစ်ကို ဘာ ဖြစ်ရတာ လဲ။
'(31)ဘုံမှာ ကျင်လည်နေတဲ့ ဒြပ်ရှိ ဒြပ်မဲ့သတ္တ၀ါတွေ အားလုံးထဲမှာ ကြောက်စရာအကောင်း ဆုံးနဲ့ လိမ်လည်တတ်ပြီး ကတိမတည်ဆုံးက လူတွေ ပဲ မဧကရီ ဟုတ်ပါတယ်.. မဧကရီပြောသလို သူ ကျွန်တော့် ကိုတော့ ဘယ်တော့မှ မဟုတ်မမှန်တောတွေ မပြောဘူးလေ၊ ကျွန်တော့် မိဘတွေ ဆုံးပါး သွားပြီးကတည်းက ကျွန်တော့် အပေါ်မှာ သစ္စာအရှိဆုံးနဲ့ အရိုးသားဆုံးမိတ်ဆွေဟာ Tarot ပဲ၊ ကျွန်တော် နဲ့ အပြန်အလှန်နားလည်သစ္စာရှိနေကြတဲ့ ထာဝရမိတ်ဆွေတွေ ပါ မဧကရီ'
လဲ့လဲ့လွင်လွင် လေပွေငယ်လေးတစ်ချက် တိုက်ခတ်သွားရုံမှအပ ပတ်ဝန်းကျင်မှာ တစ်စုံ တစ်ရာ ထူးခြားမှု မရှိပါ။ သူမနှင့် သူ မျက်ဝန်းချင်းတော့ ဆုံမိနေပါ၏ ။
'ဟုတ်ကဲ့ပါ၊ အကယ်၍ များ ကိုသစ်ကိုမှာ အသက်ထက်ချစ်ရမယ့် ချစ်သူ တစ်ယောက် ရှိတယ် ဆိုပါစို့'
'အင်း'
ချောင်ပိတ်ရိုက်မေးတော့ သူမမေးခွန်းတွေ ကို သူကြိုတင်ရိပ်စားမိပါသည်။ သူမအပြုံးက မာယာအချို့ကိုလည်း သူ လှစ်ခနဲ မြင်လိုက်မိသေး၏ ။
ပတ်ဝန်းကျင် ကတော့ ကြောက်စရာကောင်းလောက်အောင် တိတ်ဆိတ်နေသည်။ ပပ ကတော့ မျက်စိမျက်နှာပျက်နှင့် အေးမင်းသူကို ငေးကြည့်နေ၏ ။
'အဲဒီ ချစ်သူက ရှင့်ကိုတစ်နေ့နေ့မှာ Tarrot နဲ့ သူ့ကို ရွေးခိုင်းလာခဲ့မယ်ဆိုရင်ရော ရှင် ဘယ်လို ဆုံးဖြတ်မလဲ ကိုသစ်ကို၊ ရှင့်အတွက် အခက်တွေ့ နေမယ်ဆိုရင်တော့ ဒီမေးခွန်းကို ကျွန်မ ပြန်ရုပ်သိမ်း ပါတယ်'
သူမရွှေ့တဲ့အကွက်က ပိရိသေသပ်လွန်းပါ၏ ။ သို့ သော်…
'ကျွန်တော် ဖြေပါ့မယ် မဧကရီ'
သူမမျက်နှာပေါ်က ကျေနပ်မှု ပုံရိပ်တို့ ရုတ်ခြည်းလွင့်ပါးသွား၏ ။ သူမအတွေးထဲမှာ ဒီမေးခွန်း အတွက် သူ ငြင်းဆန်လိမ့်မည် ဟု တစ်ထစ်ချယုံကြည်ထားခဲ့သည် မဟုတ်လော။ အခုတော့..
'ဘာ ဖြစ်လို့လဲဆိုတော့ ကျွန်တော့် ချစ်သူ ဖြစ်လာမယ့်သူက အဲသလို သဘောထားသေးသိမ် တဲ့ မိန်းမ တစ်ယောက် ဖြစ်လာမှာ မဟုတ်လို့ပါပဲ မဧကရီ'
သူမမျက်နှာပေါ်က ကျေနပ်မှု ပုံရိပ်တို့ ရုတ်ခြည်းလွင့်ပါးသွား၏ ။ သူမအတွေးထဲမှာ ဒီမေးခွန်း အတွက် သူ ငြင်းဆန်လိမ့်မည် ဟု တစ်ထစ်ချယုံကြည်ထားခဲ့သည် မဟုတ်လော။ အခုတော့ …
'ဘာ ဖြစ်လို့လဲဆိုတော့ ကျွန်တော့် ချစ်သူ ဖြစ်လာမယ့်သူက အဲသလိုသဘောထားသေးသိမ်တဲ့ မိန်းမ တစ်ယောက် ဖြစ်လာမှာ မဟုတ်လို့ပါပဲ မဧကရီ'
သူမ သူ့ကို အတော် ရှိန်သွားသည်။ သူဟာ စကားအပြောအဆို တည်တည်ငြိမ်ငြိမ်နှင့် အလွန် ပါးနပ်လိမ္မာသူ တစ်ယောက် ဖြစ်မှန်းကိုလည်း လက်ခံမိသွား၏ ။
သူမ ဆွံ့အနေချိန်မှာ ပဲ သူက စကားဝိုင်းလေးကို ပိတ်သိမ်းပစ်လိုက်၏ ။
'ပုဂ္ဂိုလ်ရေး မေးခွန်းတွေ ရပ်ပြီး အလုပ်ကလေး စလိုက်ရအောင်ပါ'
ပြောပြောဆိုဆိုဖြင့် Tarot card လေးတွေ ကို ထုတ်ပြီး သေသပ်လှပစွာ မွှေနှောက်နေ၏ ။ သူ့ လုပ်ပုံက သေသပ်သည်။ လှပသည်။ ကျွမ်းကျင်သည်။ အနုပညာဆန်သည်။
'မေးပါ မဧကရီ'
တကယ်တော့ သူမ မေးခွန်းအတွက် အဆင်သင့်မရှိခဲ့ပါ။ သို့ ပေမယ့်လည်း…
'ကျွန်မ အချစ်ရေး နဲ့ပတ်သက်ပြီး ရှင့်ကတ်ကလေးတွေ ပြောတဲ့အတိုင်း ဟောပေးပါ ကိုသစ်ကို'
မရေမရာဆိုတာသိပေမယ့် သူ လက်ခံလိုက်သည်။
'ချိုးပါ မဧကရီ'
'ဟုတ်ကဲ့'
သူမရှေ့မှာ နိမိတ်ပုံ Tarot Card လေးတစ်ခုက မှော က်လျက်အနေအထားနှင့် ရောက်ရှိနေခဲ့ ပြီ ဖြစ်၏ ။ အယုံအကြည်မရှိခဲ့တဲ့ သူမအတွက် ရင်ခုန်စိတ်လှုပ်ရှားနေမိတာကိုတော့ တစ်ဆိတ် အံ့သြ စရာကောင်းနေလွန်းပါသည်။ သည်အချိန်မှာ ပဲ သူက နူးညံ့ညင်သာစွာ ကတ်ကလေးကို ဆွဲလှန်ပြ လိုက်၏ ။
'အို'
'ဟင်'
'…………'
Card လေးပေါ်က နိမိတ်ပုံတစ်ခုကြောင့် အားလုံးပိုမိုစိတ်ဝင်စားနေကြသည်။ သူ ဘာပြော မလဲ။ အတွေးတို့က သူ့ရင်အစုံကို ဆောင့်ခုန်သွားစေပါသည်။
သူ ကတော့ နှုတ်ခမ်းလေး တွန့်ကွေးသွားတယ်ဆိုရုံမျှသာ လှုပ်ခတ်ပြီး လျှို့ဝှက်စွာ ပြုံးနေ၏ ။
'ကျွန်မအတွက် အချစ်ရေး ကံကြမ္မာက ဘယ်လိုပြောထားတာလဲ ကိုသစ်ကို'
* * * * * * *

'Tarot Card တွေ ထဲက Major (22) ကတ်ထဲက ခြောက်ကတ်မြောက်ပါ ကမ္ဘာဦးအစက အာဒမ် (Ardam) နဲ့ ဧ၀ (Eve) တို့ ချစ်သူနှစ် ဦးရဲ့ နိမိတ်ပုံပါ။ ဒီနိမိတ်ပုံထဲမှာ ဧ၀က (The Tree of Knowledge of Good and Evil) လို့ခေါ်တဲ့ အကောင်းအဆိုးကို ခွဲခြားသိမြင်စေတဲ့ သစ်ပင်ရှေ့မှာ ရပ်နေတယ်။ ဒါပေမဲ့ အဲဒီ သစ်ပင်ကို မကောင်းမှု အားပေးတတ်တဲ့ မိစ္ဆာမြွေဆိုးကြီးက ရစ်ပတ်ထားပါ တယ်'
သူ့ရဲ့ ပြောဆိုနေမှု အောက်မှာ သူမ တကယ်ပဲ ရင်ခုန်စိတ်လှုပ်ရှားနေရတ၏ ။
'အာဒမ် ကတော့ မီးတောက်မီးလျှံတွေ သီးပွင့်နေတဲ့ (The Tree of Flames) အပင်ရှေ့မှာ ရပ် ပြီး ချစ်ရသူဧ၀ကို တရှိုက်မက်မက် ငေးကြည့်နေတယ်။ သူတို့နှစ် ဦးရဲ့ ကြားမှာ တော့ ခြောက်သွေ့ကြမ်း တမ်းနေတဲ့ တောင်တန်းကြီးတစ်ခု ရှိနေတယ်။ ပြီးတော့ တိမ်တိုက်တွေ ကြားကနေ နေမင်းကြီး သူတို့ နှစ် ဦးကို ကောင်းချီးပေးနေပုံပါ'
သူ ဘာကို ဆိုလိုချင်တာလဲ။ သူမ သိချင်စိတ်ကို မနည်းအောင့်အည်းနေရ၏ ။
'နိမိတ်ပုံရဲ့ အဓိကဆိုလိုရင်း ကတော့ ချစ်သူနှစ် ယောက် နဲ့ကံကြမ္မာရဲ့ ကြားက ဘ၀တိုက်ပွဲတွေ ၊ လောကမာယာတွေ နဲ့ ခါးသီးမှု ၊ ပျော်ရွှင်မှု ၊ ချစ်မေတ္တာတို့ကို ဖော်ပြထားတာပါ မဧကရီ'
'အဲဒီ တော့'
သူမက တည်ငြိမ်ဟန်ဖြင့် စကားထောက်ပေးလိုက် သည်။ သူ ကတော့ ပြုံးစစဖြင့် ..
'ကျွန်တော့် ကို မယုံကြည်နိုင်သေးဘူးမဟုတ်လား'
'…………..'
သူမ ပြန်မဖြေ ဖြစ်သေး။ သူက ဘာ ဖြစ်လို့ ငါ့အတွေး၊ ငါ့စိတ်တွေ ကို ကြိုရိပ်မိနေရတာ လဲ။
'ယုံကြည်သည် ဖြစ်စေ၊ မယုံကြည်သည် ဖြစ်စေ၊ ကျွန်တော် ပြောရပါလိမ့်မယ်'
'ပြောပါ ကိုသစ်ကို'
'အခု… မဧကရီတစ်ကိုယ်လုံး ၀တ်စားလာတဲ့ အသုံးအဆောင်တွေ ထဲမှာ အနီရောင် တစ်ခုမှ မပါပါဘူးနော်'
'အင်း… ဟုတ်ပါတယ်၊ ဘာ ဖြစ်လို့လဲ'
အခြားသူတွေ က သူ့စကားကြောင့် သူမကို ၀ိုင်းကြည့်နေ၏ ။ သူမကိုယ်တိုင်လည်း သူမကိုယ် သူမ ငုံ့ကြည့်မိသွားသည်။
'ငါ…ဘာမှားနေလို့လဲ'
'မဟုတ်ပါဘူး.. ကျွန်တော် စ ဟောတော့မလို့ပါ'
သူမ ထပ်မမေး ဖြစ်တော့ဘဲ သူ ပြောတာတွေ ကိုပဲ ဂရုစိုက်နားထောင်နေမိသည်။
'မဧကရီကို ဒီနိမိတ်ပုံလေးက ပြောနေတယ်။ မဧကရီက အင်မတန်ခေါင်းမာပြီး တစ်ဇွတ်ထိုး ဆန်တတ်တဲ့၊ ပြီးတော့ အနီရောင် ကို ငယ်ငယ်ကတည်းက သိပ်ကြိုက်တယ်တဲ့'
'အင်း..ဟုတ်တယ်၊ ဒါကို ရှင်ဘယ်လိုသိနေတာလဲ'
ဒီတစ်ခါတော့ သူမ တကယ်အံ့သြသွားသည်။ ပပလည်း မျက်လုံးပြူးနေမိ၏ ။
'ကျွန်တော် မသိပါဘူး မဧကရီ၊ ဒီအသက်မဲ့နေတဲ့ ကတ်ကလေးတွေ က ပြောနေတာပါ'
'ဟွန်း'
သူမ နှာခေါင်ရှုံ့သွားသည်။ တော် တော် စကားပြောတတ်တဲ့သူ။
'အခု..ကတ်ကလေးတွေ ပြောတဲ့ အချစ်ရေး ကံကြမ္မာကို ပြောတော့မယ်နော်'
သူမက ခေါင်းညိတ်ပြ၏ ။
'မဧကရီ ရည်းစား တစ်ယောက် မှ ထားဖူးပုံမပေါ်ဘူးနော်'
'ရှင်..သြော်..အင်း'
သူမ အယောင်ယောင်အမှားမှားနှင့် ဘာတွေ ပြောမိမှန်းပင်မသိတော့။ ပြီးမှ…
'မထားတာပါ။ ကျွန်မ ထားချင်ရင်'
'ရှင်ပဲ ရည်းစားမထားဖူးသေးဘူးဆို၊ ကျွန်မက စိတ်ကိုမ၀င်စားတာ'
'သြော်'
'ဟီး ဟီး'
သူတို့ကိုကြည့်ပြီး ပပက အရင်စရယ်၏ ။ နောက် .. အေးမင်းသူ၊ ပြီးတော့ အားလုံးလိုလို ၀ါးလုံးကွဲ ရယ် ဖြစ်ကြ၏ ။
သူ ကတော့ ပြုံး၍ ပဲနေသည်။ သူမ ကတော့ ရှက်ရွံ့ထူပူနေပုံရ၏ ။ နှုတ်ခမ်းလေးတွေ ပါးလေး တွေ နီတာရဲလာခဲ့သည်။ သူစိတ်ထဲကနေ တိတ်တိတ်ကလေး မှတ်ချက်ပေးလိုက် မိသည်။
'မင်း..သိပ်လှတယ် ဧကရီ'
ရယ်သံတွေ ကျဲပါးသွားတော့ သူမက…
'ဆိုင်တာပဲဟောပါ ကိုသစ်ကို'
'ကျွန်တော် လည်း ဆိုင်တာကိုပဲ ဟောနေတာပါ မဧကရီ'
သူမက 'မပြောချင်တော့ဘူး'ဆိုတဲ့ ပုံနဲ့ မျက်စောင်းတစ်ချက်ထိုးကြည့်လိုက်၏ ။
'ဒီတစ်ပတ် 7 ရက်အတွင်းမှာ '
သူက စကားကိုခဏဖြတ်ထား၏ ။ အားလုံးကလည်း သူ့ကို ငေးကြည့်နေကြသည်။
'မဧကရီအတွက် ပထမဦးဆုံးနဲ့ နောက်ဆုံးသော ချစ်သူ တစ်ယောက် ရလိမ့်မယ်'
'ဘာ'
သူ ခေါင်းညိတ်ပြတော့ သူ အတော် အံ့အားသင့်နေပုံရသည်။ နောက်တော့ အကောင်းစား ပြက်လုံးတစ်ခုကို ကြားလိုက်ရသလို သူမ ရယ်မောနေ၏ ။
'မ ဖြစ်နိုင်တာ ကိုသစ်ကိုရယ်'
သူမက သူတွေ့ ဆုံဖူးတဲ့ မိန်းကလေးအများ စုလို မဟုတ်တာတော့ သေချာပါသည်။ အခြား မိန်းကလေး တစ်ယောက် သာ သူမနေရာမှာ ဆိုရင် ဒီဟောကိန်းအတွက်…
'ဟယ်… တကယ်'
'၀မ်းသာလိုက်တာ'
'……………'
စသည့်အသံတွေ ကြားရမည် ဖြစ်သည်။ ယခုတော့….
'မ ဖြစ်သေးတာပါ မဧကရီ၊ သေချာတာ ကတော့ ကျွန်တော့် ကတ်ကလေးတွေ က တစ်ခါမှ လိမ်ညာမပြောဖူးသေးဘူး။ 7 ရက်အတွင်းမှာ မဧကရီ ချစ်သူ တစ်ယောက် ရလိမ့်မယ်။ တစ်ယောက် ကို တစ်ယောက် သိပ်ချစ်ကြတဲ့ ချစ်သူတွေ ပေါ့'
'ရှင်..ဒီကတ်တွေ နဲ့ပတ်သက်ပြီး ယုံကြည်မှု သိပ်လွန်ကဲနေပြီ ကိုသစ်ကို'
'ကျွန်တော့် အဖြေကို မဧကရီ မယုံကြည်လို့ရပါတယ်။ ဒါပေမဲ့ လက်ခံလိုက်ရလိမ့်မယ်'
သူမက မဲ့ခနဲပြုံးနေ၏ ။ သူ ကတော့ သူမကို သိပ်သည်းစွာ ခပ်ပြင်းပြင်းနှင့် စိုက်ကြည့်နေပါ သည်။ ထိုစဉ် သူမက မတ်တပ်ထရပ်လိုက်ပြီး စကားတစ်ခွန်းပြောလိုက်၏ ။
'လူလိမ်'
ပြောပြီး သူမ နောက်လှည့်ထွက်လာခဲ့သည်။ ပပကိုပင် မခေါ်ခဲ့မိ။ သူမ ရှက်ရွံ့ထူပူနေတာ လည်း ပါမည် ထင်ပါသည်။ အလကား.. အဓိပ္ပာယ်မရှိလိုက်တာ။ လူတွေ အားလုံး ကတော့ သူနှင့် သူမ တို့ကို ပါးစပ်အဟောင်းသားနှင့် ကြောင်ငေးကြည့်နေကြ၏ ။
ထိုစဉ်..
'မဧကရီ'
ဆွဲငင်အားအပြည့်ပါသည့် မတိုးမကျယ် သူ့ခေါ်သံကြောင့် သူမကိုယ်လုံးလေး မတ်ခနဲ ဖြစ်သွား ၏ ။ အားလုံးကလည်း ဘာဆက် ဖြစ်မလဲ ဆိုတဲ့ အတွေးနဲ့ ပိုမိုစိတ်ဝင်စားလာကြပုံရသည်။
သူမကလည်း….
'ဘာများ လဲ'
ဆိုတဲ့အတွေးနှင့် နောက်လှည့်ကြည့်လိုက်၏ ။
'အို'
ပြုံးစစမျက်နှာပေးနှင့် ရီဝေေ၀မျက်ဝန်းအကြည့်တို့ကြောင့် သူမ ရင်ခုန်သွားသည်။ သူ ဘာပြောမလို့လဲ။
'ပိုက်ဆံ မပေးရသေးဘူးလေ'
'ရှင်'
သည်တော့မှ သူမအ ဖြစ်ကို တွေးမိသွားပုံရသည်။
ဟုတ်ပါရဲ့ ။ ငါ ဘာလို့ပိုက်ဆံပေးဖို့ မေ့ခဲ့ရတာ လဲ။ ငါ … သိပ်စိတ်လှုပ်ရှားနေခဲ့ပါလား။ အားလုံး လည်း သူမကိုကြည့်ပြီး ပြုံးစိစိ ဖြစ်ကုန်ကြသည်။
နောက်ဆုံးတော့ သူမလည်း ခက်ရှက်ရှက်နှင့် ပင် ပိုက်ဆံထုတ်ပေးလိုက် ရလေတော့၏ ။
* * * * * * *
![]() သရီးမိနစ် | ![]() Mind | ![]() အိန်ဂျယ်(လ်) စတိုရီ |