Cover

အခန်း(၁)

လူငယ်စာရေး ဆရာ

မင်းတခေတ်

Min ta Khit

မိုင်း(ဒ်)

Mind

Starnge Love Romance Story

လူငယ် တစ်ယောက် ရဲ့ ဆန်းသစ်တဲ့ အမြင်တွေ .. .

တီထွင်ချင်စိတ်ရှိတဲ့ သူ့ရဲ့ အတွေးတွေ . . .

ခေတ်သစ်တစ်ခုကို ဖြစ်စေချင်တဲ့ သူ့ရဲ့ စိတ်ကူးတွေ ကို

သူရေး ပေးတဲ့စာပေတွေ ထဲမှာ အတိုင်းသားတွေ့ နေရတယ်။

ဒါဟာ စာရေး သူရဲ့ စာဖတ်သူအပေါ်မှာ ထားတဲ့စေတနာပဲ. . .

‘မင်းတခေတ်’ ရဲ့ ဆန်းသစ်တဲ့ စိတ်ကူးတွေ ကို

အနုပညာသမား တစ်ယောက် အနေနဲ့ အမြဲကြိုဆိုပါတယ်. . .

ကြည်ဖြူသျှင်

တခုတ်တရ ကျေးဇူးအမှာ

ကျွန်တော့် ရဲ့ (၉) အုပ်မြောက် လုံးချင်းဝတ္ထု ဖြစ်တဲ့ ‘မိုင်း’ (MIND) စာအုပ်ကလေးနဲ့ ပတ်သက်ပြီး ရင်ထဲမှာ ပြောချင်တဲ့ စကားအချို့ ရှိနေပါတယ်။

အမှန်က ဒီ (Story) လေးက ကျွန်တော့် ရင်ထဲမှာ ရှိနေတာ အတော် ကြာပါပြီ။ မှတ်မှတ်ရရ ပြောရရင် တားရော့ (TAROT) စာအုပ်ကို ရေး နေတဲ့ အချိန်မှာ ကတည်းက ဆိုပါတော့. . .။ ကျွန်တော် အိပ်ရာဝင်တိုင်း ဒီဇာတ်လမ်းလေးကိုပဲ အမြဲတွေ နေမိတယ်။ စိတ်ကူးနဲ့ အကြိမ်ကြိမ် ရေး တယ်. . .။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် အားမရသလို ချရေး ဖို့ မ၀ဲ့မရဲ ဖြစ်နေသလိုလို. . . . တစ်ခု ခုကို ကြောက်နေသလိုလို အဲသလို ဘာလိုလိုတွေ နဲ့ပဲ မရေး နိုင် ဖြစ်နေခဲ့တယ်။

နောက်ဆုံကုန်ကုန်ပြောရရင် ဗန်ပိုင်ယာ (VAMPIRE)၊ ရိုဘော့(တ်) (ROBOT)၊ ပရောဖက် ရှင်နယ် (PROFESSIONAL)၊ လပ်(စ်) စတိုရီ ( LOVE STORY)၊ သရီးမိနစ် (THREE MNUTE)၊ *နိုင်းနိုင်းနိုင်း* (*999*) အစရှိတဲ့ ကျွန်တော့် ရဲ့ လုံးချင်းတွေ သာ တစ်အုပ်ပြီးတစ်အုပ် ရေး သား ပြီးစီး ထုတ်ဝေလာခဲ့တယ် ‘မိုင်း’ (MIND) ဇာတ်လမ်းက တစ်လုံးမှ အစမပျိုးနိုင်သေးဘူး။

အချိန်တွေ ကြာလာတာနဲ့အမျှ ကျွန်တော့် ရင်ထဲမှာ အချိန်ပြည့် နေရာယူပြီး မွေးမြူထား ခဲ့တဲ့ ဒီဇာတ်လမ်းလေးက ကျွန်တော့် ကို စိတ်ဖိစီးမှု တွေ အရမ်းပေးခဲ့ပါတယ်။ ဒါနဲ့ပဲ. . . ငါ ဒီဇာတ် ကို ရေး မှကို ဖြစ်တော့မယ်ဆိုပြီး ဆုံးဖြတ်ချက်ချလိုက်တယ်။ တကယ့်တကယ် ရေး ရတော့မယ်ဆို ပြီး စာရေး စားပွဲမှာ ထိုင်တော့လည်း ရဲထဲမှာ ကိန်းအောင်းနေတာ ကြာပြီ ဖြစ်တဲ့ စကားလုံးဝါကျတွေ က ဘယ်လိုခြစ်ကုပ် နုတ်ယူလို့ကို မရပြန်ဘူး။ မှတ်မှတ်ရရ အဲဒီ ညက စာရေး စားပွဲမှာ ထိုင်ပြီး စားတစ်လုံးမှ မရေး ခဲ့တဲ့ ညပါပဲ. . .။

အဲသလို အဲသလိုနဲ့ . . . ဇာတ်လမ်းလေးထဲ စီးမျောရင်း တွေးခေါ်ရင်း အချိန် (၃) လလောက်သာ ကြာသွားတယ်. . . .စာတစ်မျက်နှာတောင် မရေး နိုင်ခဲ့ဘူး။ ပြီးတော့ . . . နေစဉ် ရက်ဆက် ကြုံတွေ့ နေရတဲ့ ကျွန်တော့် မိသားစုဆိုင်ရာ အိမ်တွင်းရေး အရေး အခင်းတွေ ၊ လူမှု ရေး ဆိုင်ရာ ပြဿနာတွေ ၊ နောက် . . . ကျွန်တော့် စိတ်ခံစားမှု ပိုင်းဆိုင်ရာ ၀မ်းနည်းပူဆွေးမှု တွေ နဲ့ အချိန်အတော် ကြာကြာ လေလွင့်နေမိတယ် . . . ကျွန်တော့် ရဲ့ ပျင်းရိမှု လေးလည်း နည်းနည်း ပါ ပါတယ်. . . ။

တစ်ရက်မှာ တော့ . . . ကျွန်တော့်  ထုတ်ဝေသူက ဖုန်းဆက်ပြီး စာမူပြီးရင်ပေးတော့လို့ လှမ်းတောင်းပါတယ်။ အမှန်က သူတောင်းတဲ့အချိန်မှာ ‘မိုင်း’ (MIND) က စလုံးရေတောင် မစရ သေးပါဘူး။ အဲဒီ ရက်ပိုင်းတွေ က ကျွန်တော် ကံဇာတာအတော် နိမ့်ပါးနေပုံလည်း ရပါတယ် . . . အစစအရာရာ ဘာတစ်ခုမှ အဆင်မပြေပါဘူး။ အခု အဆင်ပြေသလားလို့ မေးရင်လည်း ကျွန်တော် တကယ်အဆင်မပြေပါဘူး။

စာရေး ဆရာ မ ဖြစ်ခင်ကတည်းက အနုပညာကလွဲပြီး ဘာမှပါမလာတဲ့ ကျွန်တော့် မှာ အတော် ပင်ပင်ပန်းပန်း ခက်ခက်ခဲခဲကြီးကို ၀ါသနာကို အရင်းပြုပြီး ကြိုးစားတည်ဆောက်ခဲ့ရပါ တယ်။ အဲ . . . အခုလို စာအုပ်ကလေးတွေ ထုတ်ဝေလာနိုင်တော့လည်း ကျွန်တော့် ဘက်မှာ မနည်းကြိုးစား ကျားကန်ပြီး ရပ်တည်ထားရပါတယ်. . . မိဘတွေ သိပ်အလိုမတူတဲ့ကြားကနေ ကျွန်တော် ရိုးရိုးရင့်ရင့် ရဲရဲဝံ့ဝံ့ ရှေ့ဆက်လာခဲ့ပါတယ်. . . ။

အခုလက်ရှိထုတ်ဝေနေတဲ့ ကလောင်နာမည် ‘မင်းတခေတ်’ ဖြစ်မလာခင် (၂၀၁၀) ခုနှစ် တုန်းက ‘ခေတ်သွေး’ ဆိုတဲ့ ကလောင်နဲ့ ‘ပိုးဟပ်ဖြူ’၊ ‘နှလုံးသားဗိုလ်လုပွဲ’စတဲ့ လုံးချင်းနှစ် အုပ် ထွက်ခဲ့ပါသေးတယ်. .. ။ အဲဒီ တုန်းက (သရုပ်ဆောင်) ကျွန်တော့် ရဲ့ အစ်ကို တစ်ယောက် လို ကူညီ အားပေးစောင့်ရှောက်ပေးခဲ့တဲ့ ‘အစ်ကိုမင်းအုပ်စိုး’ ဦးစီးထုတ်ဝေတဲ့ ‘သရပါ’ ရသစာပေမဂ္ဂဇင်းမှာ အယ်ဒီတာဝင်ကူလုပ်ပေးနေတဲ့အချိန်ပေါ့. . . ကိုမင်းအုပ်စိုး အကူအညီနဲ့ပဲ ‘သရ၀ဏ်’ ဗီဒီယို ထုတ်လုပ်ရေး အတွက် ဇာတ်ညွှန်း (၅) ကားလောက်ရေး ပြီး ရိုက် ဖြစ်ခဲ့ပါသေးတယ်။ အခုတော့ တချို့ဇာတ်ကားတွေ လည်း ထွက်ပြီးနေပါပြီ။ ‘ခေတ်သွေး’ ကလောင်နဲ့ မဂ္ဂဇင်းတွေ မှာ ကဗျာ၊ ၀တ္ထု တို၊ ဆောင်းပါး၊ ဆက်အေး စုစုပေါင်း ပုဒ်ရေ (၈၀) ခန့်လည်း ဖော်ပြပါရှိခဲ့ပါတယ်. . .။

‘မင်းတခေတ်’ အမည် နဲ့ လုံးချင်းလိုင်းထဲကို စိတ်နှစ် ကိုယ်နှစ် ၀င်ရောက်ပြီးချိန်မှာ တော့ မဂ္ဂဇင်းတွေ မှာ မရေး ဖြစ်တော့ပြန်ပါဘူး။ ကျွန်တော် စိတ်အရမ်းပင်ပန်းနေတာတွေ လည်း ပါတာ ပေါ့. . . ။ (၂၀၀၅-၂၀၀၆) လောက်ကနေ တစ်ဆင့်ပြီးတစ်ဆင့် အနုပညာအား ကိုယ်နဲ့တစိုက်မတ် မတ် ကြိုးစားလာခဲ့တာ အခုဆိုရင် (၇) (၈) နှစ် ပတ်ဝန်းကျင်ကို ရောက်လာခဲ့ပြီ။

(၂၀၁၂) ကမှ စတင်ခဲ့တဲ့ ‘မင်းတခေတ်’ ကလောင်နဲ့ လုံးချင်း စာအုပ် (၉) အုပ်အထိ ထုတ်ဝေလာနိုင်ခဲ့ပါပြီ။ ဒါဟာလည်း အနယ်နယ် အရပ်ရပ်က စာဖတ်ပရိသတ်တွေ ရဲ့ အားပေး လက်ခံမှု ကြောင့် သာ ကျွန်တော့် ရဲ့ ခြေလှမ်းတွေ ကို တစ်လှမ်းပြီးတစ်လှမ်း ဖြည်းဖြည်းမှန်မှန် လှမ်းလာနိုင်ခဲ့တာပါ။ ဒီကျေးဇူးတွေ ကြောင့် လည်း ပရိသတ်အတွက် ကျွန်တော် အကောင်းဆုံး ကြိုးစားရေး သားတင်ပြနိုင်ဖို့ အမြဲအားထုတ်နေခဲ့တာပါ။

ကျွန်တော် . . . စာရေး ချင်စိတ် မရှိတော့လောက်အောင်ကို စိတ်ဓာတ်ကျ လေလွင့်နေချိန် မျိုးတွေ မှာ အားပေးတွန်းအားပေးကြသော သူငယ်ချင်းများ ၊ အွန်လိုင်းပေါ်က ကျွန်တော့် ရဲ့ စာဖတ် ပရိသတ်များ နဲ့ တကူးတကနဲ့ ဖုန်းဆက်အားပေးကြသော ပရိသတ်များ ကို ကျွန်တော် အထူးပဲ ကျေးဇူးတင်မိပါတယ်။

အဲဒီ ကရတဲ့ခွန်အားတွေ နဲ့ ကြုံတွေ့ နေရတဲ့ စိတ်ဆင်းရဲပင်ပန်းမှု ၊ အဆင်မပြေမှု ပေါင်း များ စွာ ကို စိတ်တည်ငြိမ်အောင် တည်ဆောက်ဖယ်ထုတ်ပေးပြီး လက်ရှိဒီစာအုပ်ကို ရေး သားခြင်းပဲ ဖြစ်ပါတယ်။ တချို့အခန်းတွေ မှာ ဆို အနုပညာဈာန်ဝင်စားပြီး ၀မ်းနည်းမှု စိတ်အခံနဲ့ ကျွန်တော် မျက်ရည်တောက်တောက်ကျအောင် ခံစားရေး သားထားပါတယ်။

ဘယ်လိုပဲ ဖြစ် ဖြစ်. . . ဒီ Story လေးကို ကျွန်တော် ကျေနပ်အားရစွာ အဆုံးသတ်နိုင်ခဲ့လို့ အရမ်းပဲ ပျော်ရွှင်မိပါတယ်။ ရင်ထဲမှာ လည်း အတော် ကြီးကို ပေါ့ပါး သွားပါတယ်. . . ။ ကျွန်တော့်  အတွက် ဒီစာအုပ်က တကယ့်ကို အမှတ်တရပါပဲ. . .။ ပြီးတော့ ကျွန်တော် ရေး ခဲ့သမျှ လုံးချင်း စာအုပ်တွေ ထဲမှာ လည်း ဒီစာအုပ်ဟာ ရေး ချိန်အကြာမြင့်ဆုံး စာအုပ်တစ်အုပ်ပါပဲ. . .။ စာဖတ် ပရိသတ်တွေ ကျေနပ်ကြမယ်လို့ မျှော်လင့်မိပါတယ်။

စာဖတ်ပရိသတ်အားလုံးကိုလည်း အထူးပဲ ကျေးဇူးတင်မိပါတယ်။ မူကြမ်းတွေ ကို ဒိုင်ခံဖတ် ပြီး အကြံပြု၊ စာလုံးပေါင်း သတ်ပုံ စစ်ပေးနေသော ကျွန်တော့် ရဲ့ စာတည်းချုပ်ကြီး စာရေး ဆရာမ ‘ပျို့ခေတ်’ ကို (အထူး) အထူးကျေးဇူးတင်မိပါတယ်. . .။

ကျွန်တော့် စာအုပ်အတွက် အမှတ်တရ အမှာ စာရေး ပေးပါသော ဒါရိုက်တာ မကြည်ဖြူသျှင် ကိုလည်း ကျေးဇူးအထူးတင်ပါတယ်။

ပြီးတော့. . . ကျွန်တော့် ရဲ့ (PROFESSIONAL/ပရော်ဖက်ရှင်နယ်) စာအုပ်မှာ အမှာ စာ ရေး ပေးပါသော ဒါရိုက်တာ ၀ိုင်းကိုလည်း ကျေးဇူးတင်ပါတယ်။

နောက်. . . ကျန်ရှိနေသေးသော ကျေးဇူးတင်ပါတယ်. . . ။

နောက် . . . ဆက်လက်ထွက်ရှိလာဦးမည့်  ကျွန်တော့် ရဲ့ (၁၀) အုပ်မြောက် အထူးထုတ် အတွက်လည်း တင်ပြမှု ပုံစံအသစ်နဲ့ တင်ဆက်နိုင်ဖို့ ကျွန်တော် ကြိုးစားနေပါတယ် . . .။

ကျွန်တော့် ကို ဝေဖန်အကြံလိုသော ပရိသတ်အများ အနေဖြင့် စာအုပ်တိုက် လိပ်စာအတိုင်း ဆက်သွယ်စာရေး သားနိုင်ပါကြောင်း (သို့ မဟုတ်) အောက်ဖော်ပြပါတို့မှတစ်ဆင့် ဆက်သွယ်အကြံ ပြု ဆွေးနွေးနိုင်ပါကြောင်း . . .

E-mail - mintakhit11@gmail.com

Facebook - မင်းတခေတ်

Pare - မင်းတခေတ် ဝေဖန်ရေး နှင့် သူ၏ ပရိသတ်များ တွေ့ ဆုံဆွေးနွေးရာ

Ph - 09-401667545

လေးစားကြိုးစားလျက် . . .

မင်းတခေတ်

(၂၃. ၇. ၂၀၁၃)

အခန်း(၂)

ဤ၀တ္ထုထဲတွင်

ဂျစ်ပစီလေး တစ်ယောက်

ရွှေမင်းသားလေး တစ်ပါးနှင့်

နတ်သမီလေး တစ်ဦးတို့ ပါဝင်ပါသည်။ ။

လေးစားစွာ ဖြင့်

မင်းတခေတ်

တစ်ခါတုန်းက

ရန်ကုန်မြို့၏

အထင်ကရ လမ်းမကြီးတစ်ခုပေါ်တွင် ပလက်ဖောင်းအခြေစိုက် (Gypsy Cafe) ဂျစ်ပစီကဖီးဟူသော (ထူးခြားဆန်းသစ်လှသော ကော်ဖီဆိုင်လေး တစ်ဆိုင် ရှိခဲ့ဖူးသည်။

(A)

မြို့ပြ၏ သန်ခေါင်းယံညသည် လောကဓာတ် ရောင် စုံမီရောင် မျာဖြင့် တောက်ပလင်းလက်နေ၏ ။ လမ်းမကျယ်ကြီး တစ်ခုပေါ်မှာ တော့ မကြာခဏ ဖြတ်မောင်းသွားနေကြသော ကားရောင် စုံမျာ ဟွန်းတီးသံများ ဘရိတ်ဆွဲသံများ ဖြင့် မြို့ပြ၏ ညကို အပီအပြင် သရုပ်ဖော်ပေးနေကြ၏ ။

လမ်းဘေးပလက်ဖောင်းပေါ်မှာ တော့ Club ဖြင့် လူငယ်အချို့၏ Hip Hop ၀ါကျအပိုင်းအစ များ ကို Beer ရနံ့နှင့် (အော်ပ်တာလို) တွဲ ဖက်ကပြ အသုံးတော် ခံနေသည်ကို တွေ့ ရမည် ဖြစ် သည်။

လမ်းမီးတိုင်ကို ဟန်ပါပါ မှီနွဲ့ဖက်တွယ်ထားရင်း ဖြတ်သွား ဖြစ်လာ လူငယ်အချို့ကို Sexy Pose နှင့် Color စုံ မျက်ဝန်းများ ကို နမူနာအ ဖြစ် ချကျွေးထားသော ည၏ သမီးပျိုလေးတစ်ဦးက လက်မှ နာရီကို (၉) ကြိမ်မြောက် ကြည့်ပြီး (၁၁) ကြိမ်မြောက် သက်ပြင်းကို သေသေချာချာ ချလိုက်ချိန်မှာ တော့ ညသည် (၁၂) နာရီအချိန်သို့ လူမသိ သူမသိ ကူး ပြောင်းသွား ခဲ့ပြီ ဖြစ်၏ ။

ပလက်ဖောင်း အခြေစိုက် ‘ဂျစ်ပစီကဖီး’ ဆိုင်လေး ကတော့ ညလူတော် တော် များများ နှင့် လှုပ်ရှားလည်ပတ်နေဆဲပင် ဖြစ်သည်။

‘zzxxx ဒင်××× ဒေါင်xxxzz’

ဆိုင်ကလေးအတွင်းရှိ ရှေးဟောင်းနာရီအိုကြီးက ညသန်းခေါင်အချိန် ဆယ်နှစ် နာရီထိုးပြီ ဖြစ်ကြောင်းကို လေးလေးပင်ပင် အတည်ပြု ထုတ်ဖော်ပြောဆိုနေပြီ ဖြစ်သည်။

‘ဂျစ်ပစီကဖီး’ ဆိုင်ကလေးအတွင်းရှိ လူအချို့က နာရီအိုကြီး၏ အသံကို တဒင်္ဂနားစွင့်ပြီး (ဘာရယ်မဟုတ် ဆိုသလို) လက်မှနာရီကိုယ်စီကို တစ်ချက်ငုံ့ကြည့်လိုက်ကြသည်။

ပြီးတော့လည်း ဘာအကြောင်းမှ မယ်မယ်ရရ မဟုတ်ဘဲ ပြောလက်စ စကား၊ လုပ်လက်စ အလုပ်အချို့ကို ဆက်လုပ် နေကြ၏ ။

(ဥပမာ။ ။ လက်ဖက်ရည် ငုံ့သောက်ခြင်း၊ စီးကရက် မီးညှိခြင်း စသဖြင့် . . . )

ည (၁၂) နာရီအချိန်သည် မည် သို့မျှ ထူးခြားခမ်းနားခြင်း မရှိပါ။ သို့ သော် ‘ကောင်တာ’ ဟု အမည် ပေါက်သော စားပွဲတစ်လုံးမှ လူငယ်ကလေးအတွက်တော့မူ ထိုနာရီအိုကြီး၏ မြည် ဟီးသံက အထိတ်တလန့် ရသစွမ်းအားကို ပေးစွမ်းနိုင်စေခဲ့၏ ။

ထုံးစံအတိုင်း လူငယ်လေးက သေချာစေရန် လက်မှ ကိုယ်ပိုင် နာရီကို ထပ်မံငုံ့ကြည့်လိုက် သည်။ ပြီး . . . ရှေ့တူရူရှိ ည၏ ထူးမခြားနား အခမ်းနားကို စွေးစွေးငူငူ မျှော်ကြည့်နေပြန်သည်။ နောက်. . . ကိုယ်ပိုင်နာရီကို တစ်လှည့် ရှေးဟောင်းနာရီအိုကြီးကို တစ်လှည့် ငေးကြည့်နေပြန်၏ ။

‘ဟူး!’

လူငယ်လေးက မျက်နှာမသာမယာနှင့် လေပူတစ်ချက်ကို မှု တ်ထုတ်ပစ်လိုက်ပြီး ခေါင်းကို ပါ ခပ်ဖြည်းဖြည်း ရမ်းခါနေ၏ ။ (ဘယ်၊ ညာ . . ဘယ်ဟုတော့ တိုင်ပင်မခေါ်ပါ . . .။)

သည်ကနေ့ည ‘ဂျစ်ပစီကဖီး’ ဆိုင်မှ လူငယ်ကလေးမည် သို့ ဖြစ်နေပါသနည်း။ အရင့်အရင် ညတွေ ဆို လူငယ်လေးက ထိုသို့မဟုတ်။ ည (၁၂) နာရီတီးသံကို ကြားသည်နှင့် သူတစ်ကိုယ် တည်း ပြုံးပြီး ‘ဂျစ်ပစီကဖီး’ (၂) ခွက်ကို သူကိုယ်တိုင်ဖျော်ပြီး ဆိုင်ရှေ့ပလက်ဖောင်းပေါ်ရှိ (ဓာတ် မီးတိုင် အောက်တည့်တည့်က) စားပွဲဝိုင်းမှာ ပြင်ဆင်ခင်းကျင်းနေကျ ဖြစ်သည်။

လူငယ်လေး ဘာ ဖြစ်နေပါသလဲ. . .။

အရင်ညတွေ လို တက်ကြွလင်းလက်မှု အစုံကို မတွေ့ ရ။ ထိုင်းမှိုင်းလေးလံမှု တို့ကိုသာ မြင်နေရသည်။

သို့ သော် လူငယ်လေးသည် တစ်စုံတစ်ရာကို ဆုံးဖြတ်ချက်ချပြီး ဟန်ဖြင့် ကောင်တာစားပွဲ မှ ထလာသည်။ နောက် . . . ရိုးရာမပျက် ‘ဂျစ်ပစီကဖီး’ (၂) ခွက်ကို ကိုယ်တိုင်ဖျော်ပြီး လမ်းမီး တိုင်အောက်တည့်တည့်ရှိ စားပွဲပေါ်မှာ အသင့်ခင်းကျင်း ပြင်ဆင်ထားလိုက်သည်။

ပြီး . . . လူငယ်လေးက ရှေ့သို့ ခေတ္တမျှော်ငေးကြည့်လိုက်၏ ။

ဘောင်းဘီဝတ် လူငယ်အချို့ . . . တက္ကစီအချို့နှင့် ခွေးလေခွေးလွင့် တစ်ကောင်တို့ကို သာ တွေ့ မြင်ရမည် ဖြစ်သည်။

‘ဟူး!’

လူငယ်လေးက မျက်နှာမသာမယာနှင့် သက်ပြင်းတစ်ချက်ကို ချလိုက်ပြီး စားပွဲဝိုင်းမှာ ငူငူ ကြီး ထိုင်နေရှာ၏ ။

မျက်ရည်အချို့ စီးကျနေသလား . . . တပ်အပ်တော့ မဆိုနိုင်ပါ။ အဘယ့်ကြောင့် ဆိုသော် လူငယ်လေးက မီးတိုင်အောက်တည့်တည့်မှာ ထိုင်နေသည်ကြောင့် သူ့ဆံပင်ခပ်ရှည်ရှည်တွေ ၏ အရိပ်နှင့် မျက်ဝန်းအစုံကို ကွယ်ထားသော ကြောင့် ဖြစ်သည်။

လူငယ်လေး၏ အာရုံထဲတွင် ညနေတုန်းက ဖြစ်ပျက်ခဲ့သည့် ဇာတ်ဝင်ခန်းအချို့က အလို မတူဘဲ တဖျတ်ဖျတ် ပေါ်လာနေ၏ ။

ခေါင်းကို ရမ်းသည်။ ထပ်ခါထပ်ခါ ရမ်းသည်။ (ကျေနပ်အားရဟန် မပေါ်ချေ)

မျက်နှာကိုမော့ပြီး ဆံပင်အချို့ကို သပ်တင်ပစ်လိုက်ပြီး လေပူရှည်ကြီး တစ်ချက်ကို မှု တ်ထုတ်ပစ်လိုက်၏ ။

မျက်စိကို စုံမှတ်ထားသည်။ အရောင် တလက်လက် အရေး အကြောင်းနှစ် ခု လဲ့ခနဲ လင်းကျ သွားသည်။

သေချာသည်။ ထိုလူငယ်လေးသည် ရင်တွင်းခံစားမှု အရှိန်ကြောင့် စိတ်နစ်မွန်း မျက်ရည် ကျနေလေပြီ။ နောက်. . . လူငယ်လေးက အရူး တစ်ယောက် လို စူးစူးဝါးဝါး ထိုးအော်ပစ်လိုက် သည်။

‘‘အား))))))’’

ည၏ တိတ်ဆိတ်မှု ကြောင့် လူငယ်လေး၏ အော်သံက ပဲ့တင်သံတွေ အလီလီကြားနေရ၏ ။ အော်သံကြောင့် ဆိုင်ထဲမှ လူအချို့က ‘ဘာလဲဟ’ ဆိုသည့်အထာနှင့် လူငယ်လေးကို ငေးကြည့် ကြသည်။ နောက်တော့လည်း ခေါင်းတရမ်းရမ်းနှင့် သူတို့အလုပ် သူတို့ ဆက်လုပ် နေကြ၏ ။

လူငယ်လေး ကတော့ ဘာကိုမျှ အရေး တယူ ဂရုတစိုက် မရှိလှ။ သူ့ရင်တွင်း ဖြစ်စဉ်အချို့ကို သာ စိတ်ရောက်နေပုံရသည်။ (ဒါဟာလည်း ဂျစ်ပစီတို့ရဲ့ ရိုးရာအထာတစ်ခုပဲ မဟုတ်လား)

လူငယ်လေးက တုန်ယင်စပြုသော လက်တစ်ဖက်ကို အသိစိတ်နှင့် ထိန်းချုပ်ပြီး စားပွဲပေါ်ရှိ ဂျစ်ပစီကော်ဖီခွက်ကို ကောက်ကိုင်လိုက်ပြီး စားပွဲပေါ်ရှိ ပိုင်ရှင်မဲ့ ကော်ဖီခွက်ကလေးကို ငေးကြည့် နေသည်။

တစ်စက္ကန့်. . .

နှစ် စက္ကန့်. . .

သုံးစက္ကန့်. . .

လူငယ်လေး၏ မျက်ဝန်းအိမ်မှာ မျက်ရည်များ စီးကျလာပြန်သည်။ အကြည့်တွေ ကတော့ ပိုင်ရှင်မဲ့ ကော်ဖီခွက်ထံမှ မလွှဲဖယ်သေး။

နားလည်ရခက်လှသည့် ဂျစ်ပစီလူငယ်လေး ကတော့ စီးကျနေသော မျက်ရည်စက်တွေ ကို လက်တစ်ဖက်နှင့် ခပ်ကြမ်းကြမ်း သုတ်ဖယ်ပစ်လိုက်ပြီး ပြုံးပြုံးကြီး လုပ်နေပြန်၏ ။

သို့ သော် ထိုအပြုံးက အသက်မပါလှ။ သေအံ့ဆဲဆဲ လူနာ တစ်ယောက် ၏ မချိတင်ကဲ အပြုံး။ လူလိမ်ခံလိုက်ရသည့် ပဲကုန်သည် တစ်ယောက် ၏ နာနာကျင်ကျင်အပြုံးမျိုး။ သို့ ပေမယ့် လည်း ထိုအပြုံးမှာ အမုန်းတရားတို့ကို မတွေ့ ရ။ ၀မ်းနည်းပူဆွေးမှု တို့ကိုသာ မြင်နေရသည်။

‘ဒီညကစပြီး ဂျစ်ပစီကဖီမှာ ငါ တစ်ယောက် ပဲ ကော်ဖီထိုင်သောက်ရတော့မယ်ထင်ပါရဲ့ . . . ငါတို့နှစ် ယောက် ရဲ့ အဆုံးသတ်က ဒီလိုမျိုးလေးပဲလား နတ်သမီးလေးရေ. . . ညနေက အချိန်တွေ ကိုသာ ငါ မမြင်ခဲ့ မတွေ့ ခဲ့. . . မကြုံမဆုံခဲ့ရဘူးဆိုရင် သိပ်ကောင်းမှာ ပဲ . . . အခုတော့ . . . အဟွန်း’

လူငယ်လေးက တစ်ကိုယ်တည်းစကားတွေ ပြောပြီး တစ်ကိုယ်တည်း ကဗျာတွေ ရွတ်နေ ပြန်သည်။ စီးကရက်တစ်လိပ်ကိုလည်း မီးညှို့ရှိုက်ဖွာနေလိုက်ပါသေးသည်။

‘သန်းခေါင်ယံ နတ်သမီးလေးရယ် . . . ငါ့စီးကရက်ထဲကို အလွမ်းတွေ ဘယ်သူထည့်သွား လဲ. . . မင်းရဲ့ စိတ်ကို မီးခြစ်လိုခြစ်ပြီး ငါ့ရဲ့ စိတ်ကို မီးညှို့ရှိုက်ဖွာကြည့် ကြည့်စမ်းပါ. . .’

သန်းခေါင်းယံည . . . ပလက်ဖောင်းအခြေစိုက် ‘ဂျစ်ပစီကဖီး’ ၏ လမ်းမီးတိုင်းအောက်က စားပွဲတစ်လုံး . . .။

ဂျစ်ပစီကော်ဖီ (၂) ခွက်နဲ့ လူငယ် တစ်ယောက် ပို့စ်မော်ဒန် ကဗျာဝါကျအချို့ စီးကရက်မိုး မီးခိုးငွေ့များ . . . ဂျင်းဘောင်းဘီအပွန်း အပဲ့များ . . . .

ဘယ်လောက် ဂျစ်ပစီဆန်လိုက်တဲ့ မြင်ကွင်းမျိုးလဲ။

‘ဒီညက ငါ့အတွက် ပထမဆုံး အသဲကွဲညတစ်ညပေါ့ နတ်သမီးလေးရယ် . . . Cheer’

‘ခွပ်!’ (ခွပ်ခြင်း ထိခတ်သံ)

လူငယ်လေးက ကဗျာအချို့ကို ရွတ်ဆိုပြီး ပိုင်ရှင်မဲ့ ကော်ဖီခွက်ကလေးနှင့် ‘ချီးယား’ လုပ်လိုက်ပြီး . . . ကော်ဖီကို သောက်မည် လုပ်စဉ် ရနံ့တစ်ချို့နှင့် အတူ ၀ါကျတစ်ချို့ပါ ရောက်ရှိ လာလေ၏ ။

‘ဟိတ်! ဂျစ်ပစီလေ. . . လူကိုတောင် မစောင့်တော့ဘဲ တစ်ယောက် တည်း သောက်တော့ မယ်ပေါ့ . . . ဟုတ်လား. . .’

လူငယ်လေးက စားပွဲတစ်ဖက်ခုံလွတ်မှာ ၀င်ထိုင်လာသော ကောင်မလေးကို အထိတ် တလန့် ငေးမောကြည့်လိုက်သည်။

‘ဟင်! . . . နတ်သမီး. . . မင်းရောက်လာတယ်. . .’

ညသည် ဂျစ်ပစီဆန်ဆန် စီးမျောနေလေသလား မသေချာပါ။ သို့ သော် ဂျစ်ပစီကဖီးမှာ ဂျစ်ပစီလေး တစ်ယောက် နှင့် နတ်သမီးလေးတစ်ပါးတို့ ကတော့ သေချာပေါက် အတူတကွ ထိုင်နေ ကြပြီ ဖြစ်သည်။

သြော် အခုတော့ ဂျစ်ပစီကော်ဖီလေးတစ်ခွက်ကို နတ်သမီးတစ်ပါးက ပိုင်ဆိုင်သွားခဲ့ပြီ ဖြစ်လေတော့၏ ။

xxxx

However narrow the path is, there will nerver any traffic congestion for all go an one way traffic.

ဘယ်လောက်ကျဉ်းမြောင်းတဲ့လမ်းပဲ ဖြစ်နေပါစေ. . . လူတွေ အားလုံးက ဦးတည်ရာ တစ်ဖက်တည်းကိုပဲ သွားနေကြမယ်ဆိုရင် ဘယ်လိုနည်းနဲ့မှ လမ်းပိတ်ဆို့သွားစရာအကြောင်း မရှိ ပါဘူး။

(B)

- တက္ကသိုလ်တစ်ခု၏ Canteen အတွင်း

- နေ့ခင်း (၂း၀၀) ခန့်

Canteen လေးထဲတွင် ထုံးစံအတိုင်း ကျောင်းသူ ကျောင်းသားများ နှင့် စည်းကားအသက် ၀င်နေကာ ကိုယ့်အုပ်စုလေးနှင့် ကိုယ် အစုလိုက် အသိုက်လိုက် စားပွဲဝိုင်းများ ၊ နှစ် ယောက် ထိုင် စုံတွဲ စားပွဲဝိုင်းများ နှင့် အရာအားလုံးဟာ နေသားတကျ အစီအစဉ်အတိုင်း ဖြစ်တည်နေသည်။

Canteen လေး၏ ထောင့်အကျဆုံး စားပွဲတစ်လုံးမှာ တော့ လူငယ်လေး တစ်ယောက် တည်း သာ ကော်ဖီတစ်ခွက် စီးကရက်တစ်လိပ်နှင့် ငြိမ်သက်စွာ ထိုင်နေလေ၏ ။

ထိုလူငယ်လေး၏ အပြင်အဆင်က သည်နေ့ခေတ်ကြီးထဲတွင် အနည်းငယ် ထူးဆန်းသည် ဟု ဆိုရမည် လား (သို့ မဟုတ်) အနည်းငယ် ခေတ်နောက်ကျနေပြီဟု ပြောရမည် လားမသိ။

အရောင် ပြယ်လွင့်နေပြီ ဖြစ်သော (၅၀၁) တံဆိပ် ဂျင်းဘောင်းဘီ ဒူးပြဲတစ်ထည်နှင့် အညိုရောင် တီရှစ်တစ်ထည်တို့ကို Countery ဖိနပ်တစ်ရံနှင့် တွဲ ဖက်ဝတ်ဆင်ထားသည်။

အိုမီဂါ တံဆိပ် နာရီတစ်လုံးနှင့် (952) ဟုထင်ရသော ဟန်းချိန်းနှင့် လက်စွပ်တစ်ကွင်းကို ဘယ်ဘက်လက်တွင် အချိုးကျစွာ ၀တ်ဆင်ထားသည်။

မျက်နှာအနေအထား ကတော့ အတော် မိုက်သည်။ မရိတ်မသင်ဘဲထားသည့် နှုတ်ခမ်းမွှေး စစနှင့် ပသိုင်းမွှေးငုပ်တိုတို့ နှောင့်ယှက်ထားသည်ကိုပင် မျက်နှာလေးက အတော် ကြည့်ကောင်းနေ သည်။ နှုတ်ခမ်းပေါက်ပုံ၊ နှာတံကျပုံ ထူထဲဖြောင့်တန်းလှသော မျက်ခုံးမွှေးပေါက်ပုံတို့ကြောင့် လူငယ်လေး၏ ရုပ်ရည်က အတော် တည်ကြည်ခန့်ညားနေ၏ ။

အထူးသဖြင့် မျက်လုံးတွေ စူးရှသည်။ လင်းလက်သည်။ တော် ရုံစိတ်ဓာတ်မခိုင်မာသူတို့ ဆိုင်မကြည့်ရဲတဲ့ မျက်ဝန်းပေါက်ပုံမျိုး။ ညှို့ဓာတ်တစ်ခုခုက ဆွဲဆောင်နေသလိုလို မျက်လုံးမျိုး။

မျက်နှာတစ်ခြမ်းနီးနီးကို ဖုံးကွယ်ထားသည့် နီညိုရောင် ဆံနွယ်ရှည်များ က သူ့ကိုယ်ခန္ဓာ အချိုးအစားနှင့် အထူးလိုက်ဖက်လွန်းနေသည်။

မသိရင် ထိုလူငယ်လေးပုံစံက ကိုရီးယားအက်ရှင်ကား တစ်ကားထဲက လူကြမ်းမင်းသား လိုလို ဘာလိုလိုအထာ။

အားလုံးကို ခြုံငုံဆိုရလျှင်တော့ ထိုလူငယ်လေးပုံစံက အတော် ကလေးမိုက်ပါသည်။

လူငယ်လေးက ကုန်လုလု ဖြစ်နေပြီ ဖြစ်သော လက်ကြားထဲက စီးကရက်ကို တရှိုက်မတ် မတ် ရှိုက်ဖွာလိုက်ပြီး စားပွဲပေါ်ရှိ ဆေးလိပ်ခံ ခွက်ထဲသို့ ထိုးချေပစ်လိုက်သည်။

နောက်. . . လက်မှ နာရီကို တစ်ချက်ငုံ့ကြည့်လိုက်ပြီး တစ်ပါးတည်းမှ Canteen ရှေ့သို့ လည်း မျှော်ကြည့်နေလိုက်သေးသည်။

ဘာရယ်အတိအကျ မသိပေမယ့်လည်း လူငယ်လေး ကတော့ ပြုံးယောင် သမ်းနေပြီ ဖြစ်၏ ။ ခေါင်းထဲမှ အတွေးတစ်ချက် လက်သွားပုံရသည်။

ချက်ခြင်းဆိုသလို ကျောပိုးလွယ်အိတ်အတွင်းမှ စာအုပ်နှင့် ဘောလ်ပင်တို့ကို ထုတ်ယူ လိုက်ပြီး ကဗျာတချို့ကို ချရေး နေလိုက်သည်။

ကဗျာခေါင်းစဉ် ကတော့ အမိုက်စားပဲ ဖြစ်သည်။

‘သင်းကွဲတေလေ’

‘ရော်ရွက်ဝါ တချို့ လွင့်ကြွေသွားတယ်. . .

လူသုံးများ တဲ့ အချစ်က

အခုတော့လည်း အိတ်ကပ်ထဲညှပ်နေရှာတဲ့

ရာတန်အဟောင်းလေး တစ်ရွက်လိုပါပဲလာ. . . ။

အိပ်မက်တွေ အရောင် မဲ့သွားတယ်

တိမ်တိုက်တွေ လွင့်မျောသွားတယ်

ခမ်းနားခြင်းကင်းတဲ့ ငါ့ရင်ခုန်ခြင်းတွေ ကတော့

ဟိုမရောက် ဒီမရောက်နဲ့ ကြွေမွသွာတယ်. . .။

အိုး! . . . ညနေရေ. . .

ငါ. . . အခုထိ အိပ်ရာမ၀င်ရသေးဘူးကွဲ့ . . .’

လူငယ်လေးက သူရေး ထားသော ကဗျာကို ပြန်ဖတ်လိုက်၏ ။ ပြီးမှ အားရကျေနပ်ဟန်ဖြင့် ခေါင်းတစ်ချက်ညိတ်ပြီး ကဗျာအောက်နားလေးမှာ သူ့ Sign ကို ထိုးလိုက်သည်။

‘ဂျစ်ပစီ’

ထိုစဉ် လူငယ်လေး၏ ကဗျာစာအုပ်ကို တစ်စုံ တစ်ယောက် က ဆွဲယူဖတ်ကြည့်လိုက်၏ ။

‘ဟင်. . .’

ရုတ်တရက်မို့ လူငယ်လေးလည်း ကြောင်သွားပုံရသည်။

ကဗျာစာအုပ်ကို ဖတ်နေသည့် လူငယ်လေးက ကဗျာစာအုပ်ကို ပြန်ပေးလိုက် ပြီး. . .

‘မိုက်တယ်ကွာ . . . ဒီကဗျာကို ကိုယ်ကြိုက်တယ်၊ ဒီကဗျာကို ကိုယ်ယူလိုက်မယ် သူငယ်ချင်း . . . ’

ဟုဆိုကာ မျက်နှာချင်းဆိုင် ထိုင်ခုံလွတ်မှာ ၀င်ထိုင်လိုက်၏ ။

‘ဆောရီးပဲ. . . ဒီကဗျာက ရောင်းဖို့ ရေး ထားတာမဟုတ်ဘူး။ ဒါက ငါ့ခံစားချက်ကဗျာ. . . နောက်တစ်ချက်က သူများ ပစ္စည်းတစ်ခုကို အခွင့်မရှိဘဲ ယူကိုင်တာက လူယဉ်ကျေးတွေ ရဲ့ လုပ်ရပ်မျိုးမဟုတ်ဘူး. . . . အထူးသဖြင့် ငါ့ပစ္စည်းကို နောက်တစ်ခါ ဒါမျိုးမလုပ်ပါနဲ့’

ပထမလူငယ်လေးက ဒုတိယရောက်လာသည့် လူငယ်လေး၏ မျက်နှာကို တည့်တည့်စိုက် ကြည့်ပြီး အသံ Tone Colour ညီညာစွာ နှင့် ပြောလိုက်ခြင်း ဖြစ်သည်။

လူငယ်လေးနှစ် ယောက် ၏ မျက်ဝန်းနှစ် စုံတို့ စူးရှစွာ တွေ့ ဆုံမိကြ၏ ။ မည် သူကမျှ မလွှဲ ဖယ်သေးပေ။

Canteen အတွင်းရှိ တခြားစားပွဲဝိုင်းမှ ကျောင်းသူ ကျောင်းသားအတော် များများ ကလည်း သူတို့နှစ် ယောက် စားပွဲဝိုင်းသို့ ကွက်ကြည့် ကွက်ကြည့် လုပ်နေ၏ ။

ပထမ လူငယ်က စကားထပ်စလိုက်သည်။

‘နောက်တစ်ချက်က ငါသူငယ်ချင်း မထားတတ်ဘူး. . . ငါ့မှာ သူငယ်ချင်းဆိုတာ မရှိဘူး။ အဲဒီ တော့ . . . မင်း ငါ့ကို သူငယ်ချင်းလို့ သုံးနှုန်းစရာ မလိုဘူး’

စကားအဆုံးမှာ ပထမလူငယ်လေးက စီးကရက် အသစ်တစ်လိပ်ကို မီးထပ်ညှိလိုက်သည်။ ဒုတိယလူငယ်လေး ကတော့ ပထမလူငယ်လေး စကားကို နိုင်ငံခြားမင်းသား အတော် များများ ပြုမူ တတ်သည့် (action) အိုက်တင်မျိုးဖြင့် လက်ဝါးနှစ် ဖက်ကိုဖြန့်၊ ပခုံးကိုတွန့်၊ မျက်ခုံးနှစ် ဖက်ကို ပင့်ပြရင်းဖြင့် တုန့်ပြန်လာ၏ ။

သည်နေရာမှာ အခြားသူ တစ်ယောက် သာဆိုပါက အတော် သောက်မြင်ကတ်စရာ ကောင်းလှမည် မှာ သေချာလှသော်လည်း ဒုတိယလူငယ်လေး၏ အပြုအမူ ကတော့ ထိုသို့မဟုတ်။ အတော် လိုက်ဖက်ပြီး သိပ်သိပ်ကို ကြည့်လို့ေ ကောင်းလွန်းလှပါသည်။

‘ကြိုက်တယ်ကွာ . . . မင်းရဲ့ အပြောအဆိုတွေ ကို အင်း . . . ဒါကြောင့် လည်း ဒီတက္ကသိုလ်ထဲမှာ ဘာအရှိန်အ၀ါမှမရှိဘဲ ‘ဂျစ်ပစီလေး’ ဆိုပြီး နာမည် ကြီးနေတာကိုး . . . ဒါနဲ့ စကားမစပ်ကွာ . . . ငါဘယ်သူလဲဆိုတာကို မင်းတကယ် မသိဘူးလား’

ဒုတိယလူငယ်လေး၏ စကားက အနည်းငယ် အထက်စီးနိုင်လှသော်လည်း ပထမလူငယ် လေး ကတော့ ရှိုက်ဖွာပြီးစ စီးကရက်မီးခိုးငွေ့တွေ ကို ခပ်ဖြည်းဖြည်း မှု တ်ထုတ်ရင်း ခင်အေးအေး ပင် ခေါင်းခါပြနေ၏ ။ ပြီးမှ. . .

‘မင်းဘာကောင်လဲဆိုတာ ငါမသိဘူး. . . အေး. . . သိဖို့အတွက်လည်း ငါစိတ်မ၀င်စားဘူး . . . သေချာတာ ကတော့ မင်းလည်း ဒီကျောင်းဝင်းထဲက ကျောင်းသားဆိုတဲ့ခေါင်းစဉ်တစ်ခု အောက်က လူ၊ ငါလည်း အဲဒီ ခေါင်းစဉ်အောက်ကလူ . . . ဒါပါပဲလေ. . .’

ဒုတိယလူငယ်လေးက စီးကရက်မီးခိုးငွေ့ဒဏ်ကို မခံနိုင်သည်ကြောင့် ဝေ့၀ဲနေသည့် တိမ်ညိုရောင် မီးခိုးငွေ့တွေ ကို ခါရမ်းထုတ်နေ၏ ။

ထိုပုံစံကိုကြည့်ပြီး ပထမလူငယ်လေးက ပြုံးလိုက်မိသည်။

နောက်. . .

‘ကဲ . . . လာရင်းကိစ္စပဲ ပြောစမ်းပါဦး’

‘အင်း. . .’

စကားဝိုင်းလေးက စက္ကန့်အတော် ကြာမျှ တိတ်ဆိတ်သွား၏ ။ ပြီးမှ ဒုတိယလူငယ်လေးက စကားစလိုက်သည်။

‘မင်းက ဒီကျောင်းထဲမှာ ကဗျာတွေ ရောင်းတဲ့သူဆို’

‘ဟုတ်တယ်. . .’

‘အသည်းကွဲနေတဲ့ ကျောင်းသား ကျောင်းသူတွေ ကို အသည်းကွဲကဗျာ ဝေးနေလွမ်းနေကြ တဲ့ ချစ်သူတွေ အတွက် အလွမ်းကဗျာ စသဖြင့် ပေါ့ကွာ. . . အဲလိုကဗျာတွေ ကို အခကြေးငွေယူပြီး ရေး ပေးနေတယ်ဆိုတာ မင်းပေါ့’

လူငယ်လေးက ခေါင်းညိတ်ပြလိုက်ပြီး . . .

‘အခု . . . ငါ့ဆီကို မင်းလာရတဲ့ ကိစ္စက . . .’

ဒုတိယလူငယ်က စကားမဆုံးခင် လက်ပြလိုက်ပြီး ဖြတ်ပြောလိုက်သည်။

‘ဖြည်းဖြည်းပေါ့. . . အရင်ဆုံး ကိုယ့်ကိုကိုယ်တော့ မိတ်ဆက်ပါရစေဦး။ ဒါမှလည်း ငါ မင်းဆီကို ရောက်လာရတဲ့ ကိစ္စကို ပြောလို့ အဆင်ပြောမှာ လေ’

‘အိုကေ’

‘ငါ့နာမည် က မင်းခက်ထန် . . .မက်စ်ဖိုင်နယ်က ကင်း . . .မရှက်တမ်း ၀န်ခံရရင်. . . ဒီကျောင်းထဲမှာ ဥစ္စာပေါ ရုပ်ချောနဲ့ ပျိုတိုင်းကြိုက်တဲ့ မင်းသားလေးပေါ့ကွာ . . . ငါ့ကို မသိတဲ့ သူ တစ်ယောက် မှ မရှိဘူး။ မင်း ကတော့ ခြွင်းချက်ပေါ့လေ. . . ဒီကျောင်းထဲမှာ ငါနဲ့ပတ်သက်ချင်တဲ့ မိန်းကလေးတွေ တစ်ပုံကြီးပဲ. . . ဒါပေမဲ့ ငါ တစ်ယောက် ကိုမှ အရောမ၀င်ခဲ့ဘူး. . . ပြီးတော့ ဒီအခြေအနေကို ငါကျေနပ်တယ်။ အဲသလို ဖြစ်အောင်လည်း ငါနေခဲ့တယ်. . .’

မင်းခက်ထန် ပြောသမျှကို လူငယ်လေးက ဘာမှတ်ချက်မ မပေးဘဲ အသာပဲ နားထောင် နေ၏ ။

‘အဲ . . . ငါတစ်ခု အလိုမကျတာက. . .’

မင်းခက်ထန်က စကားကို ဆက်မပြောသေးဘဲ လူငယ်လေးကို တစ်ချက်ကြည့်လိုက်သေး သည်။ ပြီးမှ. . .

‘ဒီကျောင်းထဲမှာ မင်းက ငါ့ထက် ပိုနာမည် ကြီးနေလို့ပဲ’

‘သြော် . . . သြော်. . .’

‘ဒါ . . . ယောက်ျားချင်း ငါ့ဘက်က ပွင့်ပွင့်လင်းလင်း ၀န်ခံတဲ့ စကားပဲ မင်းယုံမလားတော့ မသိဘူး။ ငါ ဒီကျောင်းထဲမှာ ဘယ်သူနဲ့မှ မင်းလောက်စကားကြာကြာ မပြောဖူးဘူး’

ကြည့် . . . ပြောပုံက။ သူ့ကိုယ်သူပဲ ကောင်းကင်က ကျလာတဲ့ နတ်ဘုရား တစ်ပါးလိုလို ဘာလိုလို။

လူငယ်လေး၏ တုန့်ပြန်မှု ကလည်း အတော် ရိုးရှင်းပွင့်လင်းလွန်းပါသည်။

‘ဟုတ်ပြီလေ. . . အဲဒါ ငါက ဘာလုပ်ပေးရမှာ လဲ. . .’

‘ဟိုး ဟိုး . . . မင်း ဘာမှလုပ်ပေးစရာ မလိုပါဘူး။ ငါဆိုလိုတာက ငါက ချမ်းသာတယ်၊ ရုပ်ရှိတယ်၊ ပြီးတော့ . . . ငါက မာနကြီးတယ်။ ဘယ်သူ့ကိုမှ အဖက်မလုပ်တတ်ဘူး . . . စတဲ့ စတဲ့ . . . အကြောင်းတရားတွေ ကြောင့် ငါက နာမည် ကြီးပြီး လူစိတ်ဝင်စားတာကို ခံရတာ ၊ မင်းက ကျတော့ မတင်လုပ် မယူရဘဲနဲ့ နာမည် ကြီးနေတယ်။ ဒါကြောင့် မင်းဟာ ဘယ်လိုလူမျိုးလဲ . . . ဘာကြောင့် နာမည် ကြီးနေရသလဲဆိုတာကို သိရအောင် လာခဲ့တာပဲ. . .’

‘အလုပ်မရှိ အလုပ်ရှာလို့ကွာ . . .’ဟု ပြောလိုက်ချင်ပေမယ့် လူငယ်လေးက စိတ်ထဲမှာ ပဲ ထားလိုက်သည်။

နောက်. . . အခုလို ပွင့်ပွင့်လင်းလင်း ဖွင့်ပြောပြသည့် မင်းခက်ထန်အနေအထားကိုလည်း သဘောကျမိသွားသည်။

‘နာမည် ကြီးလောက်ပါပေတယ် . . . .မင်း ကာရိုက်တာက တစ်မျိုးကွဲထွက်နေတာကိုး။ ၀တ်ပုံစားပုံ ပြောပုံ ဆိုပုံက အစပေါ့။ အဲ . . .မင်းနဲ့ငါတူတာ (၂) ချက် ကတော့ တွေ့ တယ်။ (၁) အချက် မင်းရူပါက မိုက်တယ်။ (၂) အချက် မင်းလည်း ငါ့လိုပဲ သူငယ်ချင်းမထားတတ်ဘူး။ ဒါပေမဲ့ . .. . ငါ တစ်ခုတော့ မေးချင်တယ်။ ငါ သူငယ်ချင်းမထားရတဲ့အကြောင်း ကတော့ စောစောက ပြောခဲ့သလိုပဲ ဘယ်သူ့ကိုမှ အရေး တယူမလုပ်ချင်လို့ပဲ. . . မင်းကရော ဘာကြောင့် သူငယ်ချင်း မထားရတာ လဲ. . . သိခွင့်ရရင် ငါသိချင်တယ်’

စကားအဆုံးမှာ ပထမလူငယ်လေးက ဖင်စီခံနားကို ရောက်လုလုရှိနေပြီ ဖြစ်သော လက်ကြားက စီးကရက်တိုလေးကို မက်မက် စက်စက် ရှိုက်ဖွာပစ်လိုက်ပြီး ဆေးလိပ်ခံခွက်ကလေး ထဲကို ထိုးချေပစ်လိုက်၏ ။ ပြီးမှ စကားစသည်။

‘ငါ့စရိုက်က မင်းထင်သလိုကြီးလည်း တအားကွဲထွက်နေတာမျိုးတော့ မဟုတ်ပါဘူး။ မင်း ခက်ထန်. . . ဒါပေမဲ့ တစ်ခုတော့ ရှိတယ်။ ငါက လူတွေ ကိုမော့ကြည့်ပြီး ဆက်ဆံတတ်တဲ့ကောင် မျိုး မဟုတ်သလို ဘယ်သူ့ကိုမှလည်း ငုံ့ကြည့်ပြီး မဆက်ဆံဖူးဘူး. . . အားလုံးကို တန်းတူညီတူ ပုံစံနဲ့ပဲ ငါ စကားပြောတတ်တယ်. . . လူတစ်ဖက်သားကို ဝေဖန်တာမျိုးကို ငါဝါသနာမပါပေမယ့် မင်းကိုတော့ ငါတစ်ခုပြောဦးမယ်. . .’

မင်းခက်ထန်က ‘ပြော’ဆိုသည့် အထာနှင့် မေးဆတ်ပြတော့ လူငယ်လေးက ထုံးစံအတိုင်း လေသံအေးအေးလေးဖြင့် သူ့မျက်နှာကို စေ့စေ့ကြည့်ရင်း ဆက်ပြော၏ ။

‘မင်း. . . လူတွေ ကို ငုံ့ ငုံ့မကြည့်ပါနဲ့. . . အဲဒါက ရေရှည်မှာ မင်းဘ၀အတွက် မကောင်း ဘူး’

စကားအဆုံးမှာ မင်းထက်ထန် သဘောတကျဖြင့် တဟားဟား အော်ရယ်နေလိုက်သေး သည်။

‘ဟား ဟား ဟား . . . ငါ မင်းစိတ်ဓာတ်ကို တကယ်ကြိုက်တယ်ကွာ အဟဲ. . . မင်းယုံ မလားတော့ မသိဘူး။ ဒီကျောင်းထဲက ဘယ်သူမှ မင်းငါ့ကို ဝေဖန်သလို မပြောရဲကြဘူး။ ငါ့ကို မြင်တာနဲ့ ပြုံးပြနှုတ်ဆက်ပြီး ရောချင်ကြတဲ့ လူတွေ ချည်းပဲ. . . ဟား ဟား . . . ဒါနဲ့ ဆက်စမ်းပါဦး၊ မင်းသူငယ်ချင်း မထားရတဲ့အကြောင်းလေး . . .’

လူငယ်လေးက သည်မေးခွန်းကို ပြောရန်အတွက် မျက်နှာပေါ်ရှိ အကြောအတော် များများ ကို အရင်အလုပ်ပေးလိုက် သည်။ (ဥပမာ မျက်မှော င်ကုတ်ခြင်း)

နောက် . . . လေပူတစ်ချက် မှု တ်ထုတ်လိုက်ပြီး ဦးခေါင်းကို ညင်သာစွာ ခါရမ်းလိုက်၏ ။ ပြီးမှ. . .

‘ငါက သူငယ်ချင်းမထားချင်တာ မဟုတ်ဘူး. . . သူငယ်ချင်းထာရမှာ ကို ကြောက်နေမိတာ . . .’

‘ဟာ . . . မင်းစကားက ဘယ်လိုကြီးလဲကွ’

‘ဟုတ်တယ် . . . အရင်တုန်းက ငါက တစ်ဦးတည်းသော သား ပီပီ အဖော်ဖက်ခဲ့တာပေါ့ . . . ငါ့မှာ သူငယ်ချင်းတွေ များ မှများ ပဲ . . . အဟွန်း’

လူငယ်လေးက စကားစကို ခဏဖြတ်ပြီး စီးကရက်အသစ်တစ်လိပ်ကို မီးညှိနေ၏ ။

‘စကားမစပ်ကွာ. . . မင်း ဆေးလိပ်တွေ သောက်တာ များ တယ်နော် ဆေးလိပ်ဆိုတာမျိုးက . . .’

‘တော် . . . မင်းဆက်ပြောမယ့် ဆေးလိပ်ရဲ့ ဆိုးကျိုးတွေ အားလုံးကို ငါသိမယ် မင်းခက်ထန်. . .’

စကားမဆုံးခင် လူငယ်လေးက အထက်ပါအတိုင်း ဖြတ်ပြောလိုက်တော့ မင်းခက်ထန်က . . .

‘ဒါနဲ့များ ကွာ . . . ဆေးလိပ်တွေ သောက်နေရသေးတယ်လို့’

‘ဒါပေမဲ့ . . . ငါကြိုက်တယ်လေကွာ. . . ဖူး! . . .’

လူငယ်လေးက အဖြေပေးရင်းမှ စီးကရက်မီးခိုးငွေ့တွေ ကို ဟန်ပါပါနှင့် မှု တ်ထုတ်ပစ်လိုက် ၏ ။

‘ကဲပါ. . . ဆေးလိပ်ကိစ္စကို ထားလိုက်ပါတော့. . . မင်း ပြောလက်စ စကားပဲ ဆက်စမ်း ပါဦး. . .’

‘ပြောရရင်တော့ ငါကိုယ်က မွေးကတည်းက အထီးကျန် နက္ခတ်ပါလာတာလား. . . ကံဆိုးတာလား မပြောတတ်တော့ပါဘူး။ အဲ . . . မင်းစကားကိုပဲ ငါခပ်တည်တည်နဲ့ယူပြောရရင် မင်းခက်ထန် မင်းယုံမလားတော့ မသိဘူး။ ငါ့ဒီအသက်အရွယ်အထိ ငါနဲ့တွဲ ခဲ့ဖူးတဲ့ သူငယ်ချင်းဆို တဲ့ သတ္တ၀ါတွေ က ငါ့ကိုကောင်းကျိုးပြုတဲ့ကောင် တစ်ကောင်မှ ပါမလာခဲ့ဘူးကွ. . . ဆိုးတဲ့ ကောင်တွေ ချည်းပဲ။ မင်းမယုံရင် ငါ နောက်ကျောမှာ ရှိတဲ့ မမြင်ရတဲ့ ဒဏ်ရာဟောက်ပက်တွေ ကို ကြည့်ကြည့်ပါလား. . .’

စကားအဆုံးမှာ တော့ မင်းခက်ထန်က အားရပါးရ ရယ်မောပြီး ပွင့်ပွင့်လင်းလင်းပဲ ဆိုလာခဲ့ ၏ ။

‘ငါ . . . မင်းကို ခင်သွားပြီကွာ . . .’

မျက်ဝန်းနှစ် စုံ ဆုံမိသွားပြန်၏ ။

‘ငါ တကယ်ပြောတာ. . . ဒီလိုလုပ်ကွာ၊ ငါကလည်း သူငယ်ချင်း လုံးဝမထားတဲ့ကောင် . . . မင်းကလည်း သူငယ်ချင်း မထားတတ်တဲ့ကောင် ဒီတော့ ငါတို့နှစ် ယောက် သူငယ်ချင်း လုပ်ကြရင် မကောင်းဘူးလား . . .’

မျက်ဝန်းနှစ် စုံ ‘လင်း’ခနဲ ဆုံမိကြပြန်ပါသည်။

ဤသည်ကို မင်းခက်ထန်က မလုံမလဲနှင့် ဖြေရှင်းချက် ထုတ်ပေးနေသေး၏ ။

‘မင်း ယုံမလားတော့မသိဘူးကွာ. . . ငါ့ဘ၀မှာ တစ်ခါမှ အခုလို ယောက်ျားချင်း လိုက်မိတ် ဖွဲ့ရမယ်လို့ တွေးမထားမိဘူး။ ငါ မင်းကို တကယ်သူငယ်ချင်း တော် ချင်သွားလို့ ငါ့ဘက်က လိုလို လားလား မိတ်ဖွဲ့မိတာပါ’

‘ဒီလိုပဲ ဖြစ်တတ်ပါတယ်’

လူငယ်လေးက ဟိုမရောက် ဒီမရောက်မို့ မင်းခက်ထန်က . . .

‘ဒါဆိုလည်း ဖြစ်တတ်ပါတယ်တွေ ဘာတွေ လုပ်မနေနဲ့တော့လေကွာ ငါနဲ့ သူငယ်ချင်းလုပ် မလား မလုပ်ဘူးလားဆိုတာကို ဖြေဦးလေကွာ. . .ယောက်ျားအချင်းချင်းကြီး စဉ်းစားပါရစေဦးလို့ တော့ မပြောလောက်ပါဘူးနော်’

မင်းခက်ထန်က ရုပ်တည်ကြီးနှင့် အရွှန်းထဖောက်တော့ လူငယ်လေးက နှစ် လိုမှု အပြည့်နှင့် ပြုံးနေ၏ ။ ပြီးမှ. . . အတည်လိုလို ဘာလိုလိုဖြင့် အောက်ပါအတိုင်း မင်းခက်ထန်ကို ဖြေပေးလိုက် သည်။

‘မင်း ယုံမလားတော့ မသိဘူးကွာ. . . ငါ့တစ်သက်မှာ မင်းလိုလူမျိုး တကယ်မတွေ့ ဖူးဘူး. . . .’

‘ဗြိ ! ! !’

(စာရွက်တစ်ရွက်ကို ဖြဲရာမှ ထွက်ပေါ်လာသည့်အသံ)

‘ရော့ . . . မင်းခက်ထန် . . . မင်းရောင်းမလားဆိုတဲ့ ငါ့ခံစားချက်ကဗျာ’

လူငယ်လေးက ‘သင်းကွဲတေလေ’ အမည် ရှိ ကဗျာစာရွက်လေးကို ဗလာစာအုပ်ထဲမှာ ဖြဲပြီး မင်းခက်ထန်ကို ကြည်ကြည်ဖြူဖြူ ထိုးပေးလိုက် တော့ . . .

‘ဒါ မင်းခံစားချက် ကဗျာမို့ မရောင်းဘူးဆို’

‘အေးလေ . . . ဒါက ရောင်းတာမှမဟုတ်တာ၊ ငါ မင်းကို ပေးတာ’

‘ဟာ . . . ဒါ ဒါဆို. . . မင်းနဲ့ငါ . ..’

လူငယ်နှစ် ယောက် မျက်နှာချင်းဆိုင်ပြီး ပေါ့ပေါ့ပါးပါး ပြုံးရယ်နေပုံက ကောင်းကင်က တိမ်တိုက်တွေ ယိမ်းနွဲ့နေသလို ပေါ့ပါးလွတ်လပ်လွန်းလှပါသည်။

‘ကျေးဇူးပဲကွာ . . .ဒီတော့ မင်းနဲ့ငါ ဒီနေ့ကစပြီး သူငယ်ချင်းတွေ ဖြစ်သွားကြပြီပေါ့ . . .မင်း တစ်ခုတော့ စိတ်ချကွာ. . .’

‘ဘာကိုလဲ. . .’

‘သြော် . . . ငါ့လက်က ဘယ်တော့မှ သူငယ်ချင်းနောက်ကျောကို ထိုးမိမယ့်ဓားမျိုး ကိုင်ထားမှာ မဟုတ်ဘူးဆိုတာကိုပေါ့ . . .’

‘ဘာလဲ. . . ရှေ့တည့်တည့်က ရင်ဝကိုယ် ခွဲမယ့်’ ပစ္စတိုပဲ ကိုင်မလို့လား’

‘အာ. .. မင်းကလည်း . . . အဟားဟား. . .’

‘ဟား ဟား . . . ဟား ဟား. . . .’

လူငယ်နှစ် ယောက် ကြည်ကြည်စင်စင် ရယ်မောလိုက်ကြ၏ ။ အတော် ကလေးကြာတော့ မင်းထက်ခန်ကက မထော်မနန်း ၀ါကျတစ်ခုကို ပြောလာခဲ့၏ ။

‘ဒါနဲ့ . . . မင်းနာမည် က ဘယ်သူလဲ. . .’

‘ဟာ . . . မင်းက တော် တော် ခင်လို့ကောင်းမယ့် သူငယ်ချင်းပဲ ငါ့နာမည် တောင် မသိဘဲနဲ့ လာမိတ်ဖွဲ့ရတယ်လို့ကွာ. . . အဟားဟား အတော် ရယ်ရတဲ့ကောင်. . .’

လူငယ်လေးက ပြောပြောဆိုဆိုဖြင့် အစောက သူပေးထားသော ကဗျာစာရွက်မှာ သူထိုး ထားသော Sign ကို ထောက်ပြလိုက်သည်။

‘Gypsy ဂျစ်ပစီ’

‘အာ . . .ဒီနာမည် တော့ ငါသိတာပေါ့. . . မင်းက နာမည် ကြီးဟာ ငါဆိုလိုတာက မင်းရဲ့ နာမည် အရင်း၊ ကျောင်းနာမည် ကို ပြောတာ. . .’

‘သြော်. . . ငါ့နာမည် အရင်းလား. . . အင်း မင်းနာမည် နဲ့ သိပ်တော့မကွာလှပါဘူး။ ငါ့နာမည် က . . . ခေါင်ခိုက်စိုး၊ မေဂျာ ကတော့ ဖလော်ဖိုင်နယ်’

‘အားပါးပါး . . . နာမည် က အမိုက်စားပါလား၊ မင်းနေပုံထိုင်ပုံ ပြောပုံ ဆိုပုံနဲ့လည်း ယူထား တဲ့ မေဂျာနဲ့လည်း ကွက်တိပဲ၊ ကဗျာလည်း ရေး တယ်ဆိုတော့ . . . ကောင်းပါတယ်’

‘ငါနဲ့သူငယ်ချင်းလုပ်ရင် နည်းနည်း တော့ မင်းသတိထားပေါ့ကွာ’

‘ဘာကိုလဲ . . .’

‘ဆုံးပါးသွားတဲ့ င့ါမိဘနှစ် ပါး ကတော့ ငါ့ကို ခေါင်ခိုက်အောင် ဆိုးလွန်းပေလွန်းလို့. . . နာမည် နဲ့လိုက်တယ်လို့ မသေခင် တဖွဖွ ပြောသွားတာပါပဲ’

‘ရပါတယ်ကွာ . . .ဒါနဲ့ ငါမင်းကို ဘယ်လို နာမ်စားသုံးခေါ်ရမလဲ ငါ့ကိုတော့ ခက်ထန်လို့ပဲ ခေါ်ပေါ့ကွာ. . .’

‘ဂျစ်ပစီဆိုတဲ့ နာမည် ကို ငါသဘောကျတယ်လေ. . . ဒီတော့ အများ ခေါ်ကြသလို ဂျစ်ပစီ လေးလို့ပဲ ခေါ်ပေါ့ကွာ’

‘No . . . No! မင်းနဲ့ငါနဲ့က ဘော်ဘော်တွေ ဖြစ်သွားကြပြီလေ။ အဲဒီ တော့ မင်းကို လူအများ ကခေါ်နေတဲ့ ဂျစ်ပစီဆိုတဲ့ နာမ်စားကြီးတော့ မသုံးချင်ဘူး . . . ငါ . . . မင်းကို ခေါင်ခိုက်လို့ပဲ ခေါ်မယ် . . . ရမလား . . .’

‘အိုကေလေ . . . မင်း ကြိုက်သလို ခေါ်ပါ ခက်ထန်. . .

မင်းထက်ခန်က စားပွဲပေါ်မှ ကဗျာစာရွက်ကလေးကို ညင်ညင်သာသာ ခေါက်သိမ်းလိုက်ပြီး လွယ်အိတ်ထဲသို့ ထိုးသိမ်းလိုက်၏ ။

‘ခေါင်ခိုက်. . . မင်းက ငါ့ကို သူငယ်ချင်း ဖြစ်တဲ့ အထိမ်းအမှတ် အနေနဲ့ ခံစားချက်ကဗျာ တစ်ပိုဒ်လက်ဆောင် ပေးထားတာဆိုတော့ ငါလည်း ခင်မင်မှု အထိမ်းအမှတ်အနေနဲ့ ဒီဝိုင်းအတွက် ငါဒကာခံပါရစေကွာ. . .’

‘နေပါစေ ခက်ထန်. . . မင်းလည်း ဘာမှမစားမသောက်ဘဲနဲ့’

‘ကဲ . . . နေစမ်းပါ ခေါင်ခိုက်ရာ . . . ဒီမှာ ပိုက်ဆံ ငါထားခဲ့ပြီ၊ ငါအတန်းရှိလို့ လစ်တော့ မယ်. . . See You Later ပေါ့ကွာ’

မင်းခက်ထန်က ပြောပြောဆိုဆိုဖြင့် ငါးထောင်တန်ငွေစက္ကူတစ်ရွက် (ခေါက်လျက်သား) စားပွဲပေါ်သို့ တင်ပြီး ထွက်သွားခဲ့ပြီ ဖြစ်၏ ။

ဂျစ်ပစီလေး တစ်ယောက် နှင့် မင်းသားလေး တစ်ယောက် တို့၏ တွေ့ ဆုံခန်းက များ စွာ မထူးခြား မခမ်းနားလှပါ။ ထိုမျှလောက်ပဲ ဖြစ်ပါသည်။

သို့ သော် . . . . . . . . .။

ငါးထောင်တန် ငွေစက္ကူအခေါက်ကြားလေးထဲမှာ အမှတ်မထင် ညှပ်ပါလာသည့် မိန်းမချော လေး တစ်ယောက် ၏ ဓာတ်ပုံငယ်လေးတစ်ခုသာ ပါမလာခဲ့ဘူးဆိုရင်ပေါ့. . .။

xxxx

မင်းသားလေးတစ်ပါး၏ အကူအညီနှင့် ရောက်ရှိလာသော ဓာတ်ပုံလေးထဲမှ မိန်းမချောငယ်လေးကို ဂျစ်ပစီလေးတစ်ဦးက သူ့သဘောနှင့် သူ တိတ်တဆိတ် နာမည် ပေး လိုက်တော့၏

‘နတ်သမီး ! ! ! !’

Love is an unseen tie,

Linking heart to heart

အချစ်ဆိုတာ နှလုံးသားချင်း

ဆက်နွယ်ချည်နှောင်ပေးထားတဲ့

မမြင်ရတဲ့ ပိုးကြိုးမျှင်တစ်ချောင်းပဲ ဖြစ်တယ်. . .။

( C )

- တက္ကသိုလ်တစ်ခု၏ Canteen အတွင်း . . .

- နံနက် (၉း၃၀ ခန့်)

‘အလွမ်းရှိုင်း’

ဟု အမည် ရသော ကဗျာရှည်တစ်ပိုဒ်ကို လူငယ်လေး တစ်ယောက် က ခံစားချက်အပြည့် ဖြင့် ထိုင်ဖတ်နေသည်ကို စီးကရက်သောက် လူငယ်လေး တစ်ယောက် က တိတ်တဆိတ် ငေးကြည့် နေ၏ ။

အတော် ကလေးကြာမှ ကဗျာဖတ်လူငယ်လေးက စကားစသည်။

‘ကျေးဇူးပဲ ဂျစ်ပစီလေးရာ . . . ကဗျာက အရမ်းမိုက်တယ်။ ဒါကြောင့် လဲ . . .တစ်ကျောင်း လုံးရဲ့ ပါးစပ်ဖျားမှာ ဂျစ်ပစီဆိုတဲ့နာမည် တစ်လုံးထင်ကျန်နေတာနေမှာ ’

ဂျစ်ပစီလေး ကတော့ ထိုလူငယ်လေး၏ စကားကို အသိအမှတ်ပြုသော အားဖြင့် ခေါင်း တစ်ချက်သာ ညိတ်ပြပြီး သောက်လက်စ စီးကရက်ကိုသာ ရှိုက်ဖွာနေ၏ ။

‘ဒီကျောင်းထဲမှာ ဂျစ်ပစီလေးရေး ပေးတဲ့ ကဗျာအလန်းစားတွေ နဲ့ အဆင်ပြေသွားတဲ့အတွဲ တွေ မနည်းတော့ဘူးနော်. . . ဒါနဲ့ စကားမစပ် သူများ တွေ အတွက်ပဲ လုပ်နေတော့မှာ လား . . . ကိုယ့်အတွက်လည်း ကြည့်ထားဦးလေဗျာ . . .’

လူငယ်လေးက နောက်တာလိုလို အတည်လိုလိုနှင့် တကယ်ကြီး မေးလာတော့လည်း သူကပြုံး၍ ပင် ခေါင်းညိတ်ပြလိုက်သည်။ တခြား ထွေထွေထူးထူး ဘာအမူအရာမှလည်း မပြ။ သူ မူပိုင်ဟန်အတိုင်း ဂျစ်ပစီဆန်ဆန် ပြုံး၍ ပင် နေ၏ ။

ထိုစဉ် Canteen လေးထဲသို့ မင်းခက်ထန် တစ်ယောက် ရောက်လာခဲ့ပြီ ဖြစ်သည်။ ထုံးစံ အတိုင်း (S-4) ဖုန်းအဖြူရောင် လေးကို စားပွဲပေါ်သို့ အရင်တင်ပြီးမှ လူကခုံတစ်လုံးမှာ ၀င်ထိုင် လိုက်၏ ။

‘ကဲ. . . ကျွန်တော် လည်း လစ်တော့မယ် ဂျစ်ပစီလေးရာ ဒီမှာ ကဗျာအတွက်. . .’

လူငယ်လေးက ငွေစက္ကူအချို့ကို ခုံပေါ်တင်ပြီး ထပြန်ရန် ဟန်ပြင်လိုက်၏ ။ နောက် . . .

‘ဂျစ်ပစီလေး. . . ကျွန်တော် ပြောတာလည်း မမေ့နဲ့ဦးနော်၊ ချစ်သူလေး တစ်ယောက် လောက်တော့ ရှာထားဦး . . .’ ဟုဆိုကာ မင်းခက်ထန်ကိုပါ တစ်လက်စတည်း ပြုံးပြနှုတ်ဆက် သွားသည်။

လူငယ်လေးမရှိတော့မှ. . .

‘ဘယ်လိုလဲ ခေါင်းခိုက်. . . ဒီနေ့ ကဗျာတွေ စောစောစီးစီး ရောင်းနေရတယ်ဆိုတော့ . . .

‘ဒီလိုပါပဲ ခက်ထန်ရာ. . .

‘ဒါနဲ့ စောစောက ဟိုကောင်ငသိုးပြောသွားတဲ့ကိစ္စတော့ မင်း လုပ်သင့်ပြီ ထင်တယ်နော်’

‘ဘာလဲ’

ခက်ထန်၏ အရင်းမရှိ အဖျားမရှိစကားကို သူတကယ်ပဲ နားမလည်၍ ပြန်မေးလိုက်ခြင်း ဖြစ်သည်။ ခက်ထန်ကလည်း သူ့မူပိုင်အတိုင်း နိုင်ငံခြားမင်းသားတွေ လို လုပ်ပြပြီးမှ စကားစသည်။

‘မင်းလည်း သူများ တွေ အတွက်ပဲ အချစ်ကဗျာတွေ စာတွေ ရေး မနေနဲ့ ကိုယ့်အတွက်လည်း ရှားထားဦးလေကွာ. . . အင်း . . . ငါသိသလောက် ပြောရင် ဒီကျောင်းထဲမှာ လည်း မင်းဘက်က မီးစိမ်းပြလိုက်ရင် ပြေးဝင်လာမယ့် မဒီအလန်းလေးတွေ မနည်းမနောပဲနော်’

‘တော် စမ်းပါ ခက်ထန်ရာ. . . မင်းလည်း ငါ့ Type ကို သိရဲ့ သားနဲ့ တော် ရုံတန်ရုံ မိန်းမတွေ က ငါနဲ့အဆင်ပြေမှာ မဟုတ်ပါဘူး။ ငါက ငါလုပ်ချင်ရာ လွင့်ချင်ရာ လွင့်နေချင်တဲ့ ဂျစ်ပစီတစ် ယောက် လေကွာ’

‘ဒီမှာ သားကြီး. . . မင်းထားဖူးတယ်ရှိအောင် ဆော်တစ်ဗွေလောက် ဆွဲကုတ်ထားလိုက် စမ်းပါ. . . နောက်တော့လည်း တဖြည်းဖြည်းနဲ့ တစ်ယောက် စိတ်ကို တစ်ယောက် အလိုလို နားလည်ပြီး အိုကေသွားမှာ ပါကွာ’

‘မလုပ်ပါရစေနဲ့ကွာ . . . တော် ကြာမှ နာမည် ပျက်ရုံလောက် တွဲ လိုက်ရပြီ ဟ,သွားကြရင် ငါ့အတွက် ဘာမှမပြောပလောက်ပေမယ့် မိန်းကလေးဘက်ကျ မကောင်းဘူးလေကွာ. . . ပြီးတော့ . .. အချစ်ဆိုတာမျိုးက အဲလို တခုတ်တရ လိုက်ရှာနေရမယ့် အရာမျိုးမဟုတ်ပါဘူး ခက်ထန်ရာ . . . အချိန်တန်လာရင် ဘယ်အရာကမှတောင် ၀င်တားဆီးလို့ မရဘူး ဟေ့ကောင် …’

ခက်ထန်က ချပေးလာသော ကော်ဖီခွက်ကို တငုံ ငုံလိုက်၏ ။ ဂျစ်ပစီလေးက သေဆုံး သွားသော စီးကရက်စတ်လိပ်ကို ခံခွက်အတွင်းသို့ သင်္ဂြိုဟ်ပစ်လိုက်၏ ။

‘တစ်နေ့ . . .တစ်နေ့ ငါမင်းကိုကြည့်ရတာ . . . ရင်ထဲမှာ အထီးကျန် ဆန်သလိုလို ဘာလိုလို ခံစားရလို့ ပြောတာပါကွာ။ သိတယ်မို့လား။ လူအတော် များများ က အချစ်နဲ့တွေ့ သွားရင် Active ဖြစ်သွားကြတယ်လေ’

ထုံးစံအတိုင်း သူ ကတော့ အပြုံးတချို့နှင့် ပင် ပြန်ဖြေပါသည်။

‘ငါ မင်းကို အစကတည်းက ပြောခဲ့သားပဲ . . . ငါက အထီးကျန်နက္ခတ်နဲ့ ကောင်ပါလို့ . . .’

‘ငါ့အထင်တော့ အဲဒီ အထီးကျန်နက္ခတ်တွေ နဲ့ ဘာမှမဆိုင်ဘူး ခေါင်ခိုက် . . . အဲဒါ မင်းက ဖလော်သမားပီပီ သမားရိုးကျကိစ္စတစ်ခုကို တွေးလွန်းလို့ အဲလို ဖြစ်နေတာ’

‘ဟာ . . .တွေးရမယ် . . . ဒီကမ္ဘာကြီးတစ်ခုလုံးကို အတွေးအခေါ်တွေ နဲ့ တည်ဆောက် ထားတာလို့တောင် ဒဿနပညာရှင်တွေ က ဆိုခဲ့သေးတာပဲ။ ငါလည်း တွေးရမှာ ပေါ့ . . . ငါ ဂျစ်ပစီ တွေ လိုပဲ လွတ်လွတ်လပ်လပ် တွေးရတာ ကို ကြိုက်တယ်. . . Free Thinker ပေါ့ကွာ’

‘ဟုတ်ပြီ . . . ဒါဆို ငါလည်း မင်းကို တစ်ခုပြောမယ် ခေါင်ခိုက်’

သူငယ်ချင်းနှစ် ယောက် မျက်ဝန်းချင်းဆုံမိကြသည်။

‘ပြော!’

‘ပညာရှင် တစ်ယောက် က အဆိုအမိန့်တစ်ခု ထုတ်ထားတာ ငါ ဖတ်လိုက်ရတယ်’

‘အင်း!’

‘ကိစ္စတိုင်း . . . ကိစ္စတိုင်းကိုသာ စဉ်းစားတွေးတောပြီးမှ လုပ်နေမယ်ဆိုရင် သင် ဘာတစ်ခုမှ လုပ်လိုက်ရမှာ မဟုတ်ဘူးတဲ့’

စကားဝိုင်းလေးက စက္ကန့်အတော် ကြာမျှ ရေခဲငွေ့ဆန်သွားသည်။ Canteen လေအတွင်း မှာ တော့ စကားသံများ ၊ ရယ်မောသံများ နှင့် ဖွင့်ထားသည့် CD Player မှ သွားလေသူ အဆိုတော ဒိုးလုံး၏ သီချင်းသံသဲ့သဲ့ကိုသာ ကြားနေရ၏ ။

‘ဟုတ်ပြီလေ . . . ဒါဆို မင်းမှာ ရော ချစ်သူရှိလို့လား ခက်ထန်’

ခက်ထန်က ရှားလော့ဟုမ်းအထာနှင့် ပြုံးသည်။ သို့ သော် ခက်ထန်အပြုံးက ရှားလော့ဟုမ်း အပြုံးထက် ပို၍ ကြည့်ကောင်းပါသည်။

‘မင်း ယုံမလားတော့ မသိဘူး ခေါင်ခိုက်. . . ငါ့ကောင်မလေးက နိုင်ငံခြားမှာ . . .’

‘သြော်. . .’

‘ငါတို့ကျောင်းပြီးရင် သူ ဟိုကနေ မြန်မာပြည်ကို ခဏပြန်လာလိမ့်မယ်. . . ငါနဲ့ စေ့စပ် ထားဖို့အတွက်ပေါ့ ခေါင်ခိုက်. . .’

ခေါင်ခိုက်က ခက်ထန်စကားကို ခေါင်းတညိတ်ညိတ်လုပ်ပြီး အသိအမှတ်ပြုပေးပြီးမှ. . .

‘အဲဒါကြောင့် မင်းက ဒီမှာ သစ္စာရှိရှိနဲ့ ခြေငြိမ်နေတယ်ဆိုပါတော့’

‘Right ! ခေါင်ခိုက်. . . ငါ သူ့ကို သိပ်ချစ်တယ်။ ပြီးတော့ သူနဲ့ ငါနဲ့က ဟိုးငယ်ငယ်လေး ကတည်းက ကျောင်းနေဖက် သူငယ်ချင်းတွေ လေ . . . သူ ငါ့ကို ဆယ်တန်းဖြေပြီး နောက် တစ်ရက်မှာ အဖြေပေးခဲ့တယ်. . . ငါတို့ ချစ်သူသက်တမ်းက ခုဆိုရင် လေးနှစ် ပြည့်တော့မှာ လေ’

မင်းခက်ထန် မျက်ဝန်းတွေ က ချစ်သူနှင့် ပတ်သက်သည့် အကျိုးအကြောင်း ၀ါကျတွေ ကြောင့် ထင် ကြည်နူးရိပ်တွေ နဲ့ ပြည့်သိပ်ကျပ်နေ၏ ။

‘ဒါဆို ငယ်ကချစ် အနှစ် တစ်ရာဆိုတဲ့ ဂန္ထ၀င်ဇာတ်လမ်းမျိုးပေါ့ ဟုတ်လား ခက်ထန်’

ခေါင်းခိုက်က အထက်ပါအတိုင်းပြောတော့ ခက်ထန်က ပီပီပြင်ပြင် ပြုံးပြီး ခေါင်းဆတ်ပြ သည်။ နောက်. . .

‘အင်း . . . အဲလိုပဲ ဆိုပါတော့ကွာ . . .’ဟု ဆိုကာ သူ၏ ချစ်သူ ကောင်မလေးအကြောင်း ကို အစမှအဆုံးတိုင်အောင် ရှည်လျားထွေပြားစွာ မက်မက်မောမော ပြောပြနေလေတော့သည်။

ခေါင်ခိုက် ကတော့ ခက်ထန်ပြောဆိုသမျှကို စီးကရက်တစ်လိပ်ပြီးတစ်လိပ် ရှိုက်ဖွာခံစား ရင်း အသေအချာ နားစွင့်နေပေးလေတော့၏ ။

Xxxxx

အိပ်စက်ခြင်းက ကောင်းတယ် . . .

သေဆုံးသွားခြင်းက ပို၍ ကောင်းတယ်. . .

အကောင်းဆုံး ကတော့ . . .,

လုံးဝ (လုံးဝ) မွေးဖွားမလာခြင်းပါဘဲ. . .

(ဟိန်းရစ်ဟိန်း)

(D)

အချိန်အားဖြင့် ညတစ်နာရီ ကျော်လုပြီ ဖြစ်သည်။

မြို့ပြ၏ သန်းခေါင်ယံကျော် ညများ သည် အညှီအဟောက် အဆိပ်အတောက်ပေါင်းစုံနှင့် စီးမြောနေ၏ ။

ပလက်ဖောင်းဟု အမည် ရသော ဖြူနီကျားဆေးအရောင် ရှိ ကွန်ကရစ်အမြင့်လေးအပေါ်မှာ တော့ လူ တစ်ယောက် လမ်းလျှောက်နေ၏ ။

မာကျူရီ မီးရောင် အောက်မှာ မနှေးလွန်း မမြန်လွန်းသော ပုံမှန်ခြေလှမ်းများ နှင့် လမ်းလျှောက်နေသော အထက်ပါ လူ တစ်ယောက် ဖြူလွှပါးလျသော ည၀တ်အင်္ကျီတစ်ထည်ကို အချိုးကျစွာ ၀တ်ဆင်ထားပါသည်။

သေချာကြည့်မှ ရှင်းရှင်းမြင်ရသည်။ ထိုလမ်းလျှောက်ပုဂ္ဂိုလ်သည် အများ တွေးထင်ထားမိ သလို ယောကျားသား တစ်ယောက် မဟုတ်ချေ။

မိန်းမချောလေး တစ်ယောက် ဆိုသည်ထက် ကောင်မငယ်ငယ် ချောချောလေးဟု ဆိုသည် က ပိုမိုသင့်လျော်မည် ထင်ပါသည်။

(ကြည့် . . .

ခင်ဗျားတို့ လျှောက်တွေးနေပြန်ပါပြီ။)

သန်းခေါင်ယံလွန် မြို့ပြည၏ လမ်းမထက်က မိန်းမချောလေး တစ်ယောက် လမ်းလျှောက် နေပုံမှာ နတ်သမီးတစ်ပါးအလား ထင်မှတ်မှားစရာ အသွင်မှာ ရှိ၏ ။

ဖြောင့်စင်းသော ဆံမျှင်နွယ်တွေ က လေအဝှေ့မှာ တဖျတ်ဖျတ် လူးလွန့်နေပြီး မာကျူရီ မီးအရောင် ၏ မြှောထိုးပင့်ကော်ပြုမှု ကြောင့် အဆင်းခက်နွယ်တွေ ၀ဲပျံနေသလို . . .

ည၀တ်အဖြူရောင် ဂါဝန်ရှည်ကြီးကလည်း သူမနှင့် လိုက်ဖက်လှစွာ ယိမ်းနွဲ့လက်ခါနေသေး ၏ ။ သူမ၏ ခြေလှမ်းတို့သည် ပုံမှန်အနေအထားမှ အနည်းငယ်သော တက်ကြွပျိုမြစ်မှု တို့ စီးဝင်လာ ပုံရ၏ ။ အနည်းငယ် သွက်လက်လာပြီး တစ်ခါတစ်ရံများ တွင် မူ (၁၄) နှစ် သမီး အရွယ်လေးကဲ့သို့ ခုန်စွခုန်စွလေးပင် လုပ်သွားနေသေးသည်။

အကြောင်းမသြိုကရှာသော Club ပြန် လူငယ်အချို့က လမ်းပေါ်မှာ တစ်ယောက် တည်း လိမ့်နေသော သူမကို အဖော်ရှာမတွေ့ သေးသည့် ညငှက်မလေးတစ်ကောင်အ ဖြစ် ထင်မှတ်ပြီး ဇာတ်လမ်းစ၏ ။

‘ဘေဘီလေး. . . ကိုယ်တို့သုံးယောက် နဲ့ ရွေ့ကြမလား’

ဒုတိယလူငယ်လေးက သူမတစ်ကိုယ်လုံးကို မျက်လုံးရိုင်းတစ်စုံနှင့် သိမ်းပိုက်ပစ်လိုက်ပြီး . . .

‘မင်း. . . သိပ်မိုက်တယ်ကွာ .. . ငါတော့ ခိုက်သွားပြီ’

တစ်ကိုယ်လုံး တက်တူးတွေ နှင့် ပေပွနေသည့် တတိယလူငယ်လေး ကတော့ စကားပြော တာ ပြတ်၏ ။

‘ပြော . . . မင်း ဈေးဘယ်လောက်ပေးရမလဲ’

‘ . . . .’

သူမမှာ တော့ မိုက်တိမိုက်ကန်းပုံစံ လူငယ်သုံးယောက် ကိုကြည့်ပြီး ဘာပြောရမည် မသိ ဖြစ်နေသည်။ ကြောက်ရွံ့အားငယ်မှု တို့ကြောင့် မျက်ဝန်းက စွတ်စိုစပြုလာနေ၏ ။

‘ဒီမယ်. . . လွှတ်မူမနေနဲ့ ပြောစရာရှိတာပြော . . . အင်း . . . မတန်တဆဈေးကြီးတော့ လာမပြောနဲ့နော် . . .’

‘ရှင်!. . . ကျွန်မက အဲလို မိန်းကလေးမျိုး မဟုတ်ပါဘူးရှင်’

တုန်ယင်စ ပြုနေသည့် သူမဖြေသံလေးအဆုံးမှာ တော့ လူငယ်လေး (၃) ယောက် က တစ်ယောက် မျက်နှာကို တစ်ယောက် ကြည့်ပြီး ဟားတိုက်ရယ်မောလိုက်ကြ၏ ။

‘စီ’ခနဲ လွင့်လာသည့် လူငယ် (၃) ယောက် ပါးစပ်မှ ချဉ်စူးစူး အနံ့ရှိုင်းကြောင့် သူမ နှာခေါင်းလေး မသိမသာ ရှုံ့သွားမိ၏ ။

ဤသည်ကို ခပ်ပြတ်ပြတ် စကားပြောတတ်ပုံရသည့် လူငယ်လေးက. . .

‘ဒီမယ်. . . အဲဒီ အထာတွေ က ရိုးနေပြီဟ. . . ပြောမှာ သာ ပြောစမ်းပါ။ ဟိုမှာ တွေ့ လား . .’

ဟုဆိုကာ လမ်းတစ်ဖက်က ပလက်ဖောင်းတစ်နေရာကို လက်ညှိုးထိုးပြလိုက်သဖြင့် သူမလည်း အလိုလို လှည့်ကြည့်မိလျက်သား ဖြစ်သွားသည်။

မိန်းမချောလေး တစ်ယောက် . . .

ဟုတ်ပါသည်။ မျက်နှာပေါ်မှာ ကာလစုံတွေ ဖို့တင်ထားမှန်း အဝေးကပင် မြင်နေရသော မိန်းမလှလေး တစ်ယောက် ။ လမ်းမီးတိုင်ကို လက်တစ်ဖက်က ပွတ်သပ်ဖက်တွယ်ထားရင်းမှ စီးကရက်တစ်လိပ်ကို ရှိုက်ဖွာပြီး မီးခိုးငွေ့များ ကို သူမတို့ဘက်သို့ တမင်ပင် မှု တ်ထုတ်ပြလိုက် သေး၏ ။

‘တွေ့ လား . . . ငါတို့အတွက် အဖော်တွေ ပေါပါတယ်။ မဟုတ်ရင် ငါတို့ ဟို တစ်ယောက် နဲ့ သွားချိတ်လိုက်တော့မယ်. . . အိုကေ. . .’

‘ဟုတ်. . . ဟုတ်ကဲ့ရှင် . . . ကျွန်မက တကယ် အဲလိုမိန်းကလေးမျိုး မဟုတ်ပါဘူးရှင် . . .’

‘သားကြိး . . . ငါ ကတော့ ဒီဆော်လေးကိုပဲ ရင်ထဲထိတယ်ကွာ’

ရမ္မက်ခိုးတွေ ဆူဝေနေပုံရသော ပထမလူငယ်လေး၏ စကားကြောင့် သူမရင်တစ်ချက် ထိတ်သွား၏ ။

‘ထိတယ်ဆိုရင်လည်း တစ်ခါတည်းသာ ဆွဲစိခဲ့လိုက်တော့လေကွာ’

ဒုတိယလူငယ်လေးက အထက်ပါအတိုင်း အချွန်နှင့် ၀င်မပေးတော့ သူမ၏ နဂိုဖြူဝင်းလှ သော မျက်နှာလေးက သွေးမရှိတော့သလို ပို၍ ခြောက်သွေ့ဖြူရော်၍ သွားသည်။

‘ကဲ. . . ဘေဘီလေး. . . ကိုယ်တို့တောင်းသလောက် ပေးမယ်ကွာ ဟုတ်ပြီလား . . .’

‘မဟုတ်ဘူး. . . ကျွန်မက ရှင်တို့ထင်သလို မဟုတ်ရပါဘူးရှင်’

‘ဘာလဲ . . . ကျွန်မက မိကောင်းဖခင် သားသမီးပါရှင်လို့ ပြောဦးမလို့လား. . . ဒီမယ် ဘယ်မိကောင်းဖခင် သားသမီးမှ ည (၁) နာရီကျော် အချိန်အထိ တစ်ယောက် တည်း လမ်းပေါ်မှာ မနေဘူးကွ. . . လာ ငါတို့နဲ့ အသာတကြည်လိုက်ခဲ့ . . . မင်းအတွက် မနစ်နာစေရပါဘူး’

ဟုဆိုကာ ပြောပြောဆိုဆိုဖြင့် ဒုတိယလူငယ်လေးက သူမ လက်တစ်ဖက်ကို ဆွဲကိုင်လိုက် ၏ ။

‘အို. . . လွှတ် . . . ရှင်တို့ ဒါ ဘာလုပ်တာလဲ. . .’

‘လာစမ်းပါကွာ . . . လိမ္မာရဲ့ သားနဲ့. . .’

ပထမလူငယ်လေးကပါ ကျန်လက်တစ်ဖက်ကို ဆွဲငင်လိုက်သည်ကြောင့် သူမ မရုန်းသာ တော့ချေ။

‘ရှင်တို့ . . . မတရားမလုပ်ကြနဲ့နော်၊ ကျွန်မကို ခု ချက်ချင်း လွှတ်’

စူးရှတင်းစက်နေသည့် သူမအသံတို့က အနားသတ်တွေ တုန်ခါနေ၏ ။ လူငယ်လေး (၃) ယောက် ကတော့ အရက်အရှိန်နှင့် ရမ္မက်စိတ်တို့ကြောင့် ထင် ပိုမိုရဲတင်းလာကြ၏ ။

ထိုစဉ်

‘မင်းတို့ ဒါဘာလုပ်နေကြတာလဲ. ..’

‘ဟင်!’

လူငယ်သုံးယောက် နည်းတူ အသံလာရာဆီသို့ သူမလည်း ကြည့်လိုက်မိသည်။

လူနှစ် ယောက် အသက် ကတော့ သူမအထင် သုံးဆယ်ပတ်ဝန်းကျင်ခန့်ရှိမည် ထင်ပါသည်။ ဆိုဒ် ကတော့ နိုင်ငံခြားအက်ရှင်ကား အတော် များများ မှာ တွေ့ မြင်နေကြ ဘော်ဒီအလုံးအထည်မျိုး။ တော် ရုံဘဲလေးတွေ စကားမာမာပင် ခံမပြောရဲလောက်သည့် မျက်နှာပေါက်မျိုးတွေ နှင့် ဆိုတာ တော့ လူငယ်သုံးယောက် လည်း အနည်းငယ်တော့ ရှိနေကြပုံရ၏ ။

‘ငါ .. . မင်းတို့ကို ဟိုခပ်လှမ်းလှမ်းကတည်းက ကြည့်နေတာ၊ အလိုမတူတဲ့ မိန်းကလေး တစ်ယောက် ကို ဘာကြောင့် အင်အားသုံး အနိုင်ကျင့်ချင်ရတာ လဲ’

‘ကျွန်တော် တို့က အနိုင်ကျင့်နေတာ မဟုတ်ပါဘူး. . . တန်ရာ တန်ကြေးပေးမှာ ပါ. . .’

သူမကလည်း ရလာသည့် အခွင့်အရေး ကို လက်လွတ်မခံပါ။ ချက်ချင်း ဆိုသလို ရုန်းထွက် ပြီး ကယ်တင်ရှင် လူကြီးနှစ် ယောက် အနားသို့ တိုးကပ်လိုက်ပြီး . . .

‘မဟုတ်ရပါဘူး ဦးတို့ရယ်. . . ကျွန်မက အဲလိုမိန်းမမျိုးလဲ မဟုတ်ပါဘူး . . . အဲဒါကို သူတို့ က လက်မခံဘဲ အတင်းဆွဲခေါ်နေကြတာပါရှင်. . .’

‘ဖြောင်း!’

‘အွတ်!’

သူမစကားသံ အဆုံးမှာ တော့ လက်သွက်ပြီး စိတ်ဆတ်ပုံရသည့် လူကြီး တစ်ယောက် က အစောက အထွန့်တက်လာသည့် လူငယ်လေးရဲ့ ဇက်ပိုးကို ဆွဲအုပ်ပစ်လိုက်ခြင်း ဖြစ်၏ ။ ကျန် လူငယ်နှစ် ယောက် လည်း တုတ်တုတ်မျှ မလှုပ်ရဲ။

‘မှတ်ထားကွ . . . ညဘက်မှ တွေ့ ရတဲ့မိန်းကလေးတိုင်းက မိန်းမပျက်မဟုတ်ဘူးကွ. . . သူလည်း သူ့အကြောင်းနဲ့သူ ရှိမှာ ပေါ့။ ကိုယ့်မြန်မာလူမျိုးအချင်းချင်း လိုအပ်ရင်တောင် အကူ အညီပေးရဦးမှာ ၊ ခုတော့ မင်းတို့က’ဆိုပြီး လက်ရွယ်တော့ သူငယ်လေးသုံးယောက် နောက်ကို တွန့်သွားကြသည်။ ပြီးမှ . . .

‘ကျွန်. . . ကျွန်တော် တို့ မသိလို့ပါ အစ်ကိုရာ. . . ’

‘ဟုတ်ပြီလေ . . . ဒါဆိုလည်း မင်းတို့အမှားအတွက် သူ့ကို ပြန်တောင်းပန်လိုက်. . .’

တိကျပြတ်သားပြီး အမိန့်သံဆန်လွန်းပေမယ့်လည်း လူငယ်လေး သုံးယောက် မလွန်ဆန် နိုင်ပါ။

‘ညီမ. . . ဆောရီးပဲနော်. . .’

‘အစ်ကိုတို့ မှား သွားပါတယ်’

‘တောင်းပန်ပါတယ် ညီမ. . .’

သူမက မည် သို့ မျှ မတုန့်ပြန်မိ။ စိတ်ထဲ ကတော့ ထိုဦးကြီးနှစ် ယောက် ကို အတိုင်းမသိ ကျေးဇူးတင်နေမိသည်။

မဟုတ်ရင်. . . သူမဘ၀က မတွေးဝံ့စရာဘဲ မဟုတ်ပါလား။

‘ပြီးရင်. . . မင်းတို့ သွာြး ကတော့ . . .နောက် . . . ညလက် လမ်းပေါ်မှာ သူ့ကိုထပ်တွေ့  ရင်လည်း လုံးဝမနှောက်ယှက်ပါစေနဲ့၊ အေး မဟုတ်ရင်တော့ မင်းတို့နဲ့ ငါနဲ့ တွေ့ ပြီမှတ်. . .’

‘ဟုတ်. . .’

‘‘ဟုတ်ကဲ့ ’’

လူငယ်လေးသုံးယောက် ခပ်ကုတ်ကုတ်နှင့် ထွက်သွားကြပြီ ဖြစ်သည်။ အနည်းငယ် ဝေးဝေးလေးရောက်သွားတော့မှ သူမက ကျေးဇူးတင်စကား ဆို၏ ။

‘ကျေးဇူးပါပဲ . . . ဦးတို့ရယ်. . . သမီး ဘယ်လိုပြောရမယ်တောင် မသိတော့ပါဘူးရှင်. . .’

‘ကဲ. . . ဘယ်လိုမှ ပြောမနေပါနဲ့တော့ သမီးရယ်. . . ဦးတို့က အခွင့်ကြုံလို့ ကူညီလိုက် တာပါ’

‘ဟုတ်. . .’

‘သမီးသွားစရာရှိတာသွားနော်. . . ဒီကောင်တွေ နောက် မနှောက်ယှက်ရဲတော့ပါဘူး ကွယ်. . . .’

ဟု လူကြီး တစ်ယောက် ကပါ ၀င်ပြောတော့ သူမ လှိုက်လှိုက်လှဲလဲပဲ ပြုံးပြလိုက်မိသည်။

နောက်တော့လည်း ‘ကျေးဇူး’ဆိုသည့် စကားတစ်ခွန်းကိုပဲ ခပ်ဖွဖွဆိုရင်း သူမ ခြေလှမ်းတွေ ကို စတင်လိုက်၏ ။

လူကြီးနှစ် ယောက် ကတော့ တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်ပြီး ခပ်ဖြည်းဖြည်း ခေါင်းရမ်းပြကြပြီး သက်ပြင်းခပ်ဖွဖွကို ကိုယ်စီချလိုက်ကြသည်။

သန်းခေါင်ယံလွန် ည၏ ပလက်ဖောင်းလေးတစ်ခုအပေါ်မှာ တော့ ည၀တ်အင်္ကျီအဖြူလွှလွှ ကလေးနှင့် လွင့်ပါးနေသော နတ်သမိးလေး တစ်ပါးခရီးဆက်သွားနေပြီ ဖြစ်၏ ။

ဟုတ်. . .

သူမသည် . . .။

xxxxx

လူ တစ်ယောက် အတွက်

သူ ဘယ်လိုသေဆုံးတယ်ဆိုတာ

အရေး မကြီးဘူး

အသက်ရှင်စဉ်အခါက

သူ ဘယ်လို နေထိုင်ခဲ့သလဲ ဆိုတာသာ

အရေး ကြီးတယ်. . . ။ ။

(ဟိုးမား)

(E)

ကျောင်း Canteen တစ်ခုတွင် သူငယ်ချင်းနှစ် ယောက် စကားပြောနေကြသည်။

‘မင်း ကျောင်းပြီးရင် ဘာလုပ်မှာ လဲ. . .’

‘ငါလားးး အင်းးး’

စီးကရက်တစ်လိပ်ကို စမတ်ကျကျ ရှိုက်ဖွာနေသော လူငယ်လေးက နှာဖူးကြောတစ်ချို့ကို တွန့်ပြီး စက္ကန့်အတော် ကြာမျှ စဉ်းစားနေသေး၏ ။

ပြီးမှ. . .

‘ငါ အမှန်အတိုင်း စိတ်ထဲမှာ ရှိတဲ့အတိုင်းဖြေရင် မင်း ငါ့ကို ရယ်နေမယ်ထင်တယ်’

‘မင်း ယုံမလားတော့ မသိဘူး. . . ငါ့ရာဇ၀င်မှာ တစ်ပါးသူရဲ့ ရည်ရွယ်ချက်ကို ဘာကြီးပဲ ဖြစ်နေစပါစေ ပျက်ရယ်ပြုရိုး ထုံးစံမရှိဘူး. . . လူ တစ်ယောက် မှာ သူ့ရဲ့ အနာဂတ်ရည်ရွယ်ချက်က အရေး အကြီးဆုံးပဲမို့လား’

‘ဟုတ်ပါပြီကွာ .. . ဒီလိုဆိုတော့လည်း ဒီမေးခွန်းကို ငါမဖြေခင် မင်းကို ငါပြန်ပေးပါရစေ’

‘မေး’

‘မင်းရော. . . ကျောင်းပြီးရင် ဘာလုပ်မှာ လဲ. . .’

လူငယ်နှစ် ယောက် မျက်ဝန်းချင်း ဆုံမိကြ၏ ။

‘ငါ့အဖြေက ရှင်းရှင်းလေးပဲလေ. . . ကျောင်းပြီးတာနဲ့ ငါ့အဖေကုမ္ပဏီမှာ ၀င်ဦးစီးရမှာ ပဲ လေ. .. ပြီးရင် ငါ့ချစ်သူနဲ့လက်ထပ်မယ်၊ ပျော်ရွှင်နွေးထွေးတဲ့ မိသားစုတစ်ခုကို ထူထောင်မယ်။ အောင်မြင်တဲ့ လုပ်ငန်းရှင်ကြီး တစ်ယောက် ဖြစ်အောင် ကြိုးစားမယ်. . . ဒါပါပဲ. . . ငါ့ရည်ရွယ်ချက် နဲ့ အနာဂတ်အိပ်မက်တွေ က ဒီလောက်ပါပဲ. . .’

လူငယ် တစ်ယောက် ကတော့ ရိုးရာမပျက် စီးကရက်တစ်လိပ်ကို ရှိုက်ဖွာလျက်မှ နားထောင် ပေးနေရှာ၏ ။

‘ကဲ. . . မင်းအလှည့်. . . ကျောင်းပြီးရင် မင်းဘာလုပ်မှာ လဲ၊ ဘာလုပ်ချင်တာလဲ. . .’

လူငယ်လေးက တစ်ဝက်နီးပါးကျန်နေသေးသော စီးကရက်ကို ဆေးလိပ်ခံခွက်အတွင်းသို့ ထိုးချေပစ်လိုက်၏ ။ ပြီးမှ. . . အောက်ပါအတိုင်း ခပ်အေးအေးပဲ ဖြေပေးလိုက် သည်။

‘လက်ဖက်ရည်ဆိုင် တစ်ဆိုင်ဖွင့်ချင်တယ်. . .’

လူနှစ် ယောက် တည်းနှင့် ဖွဲ့စည်းထားသော စကားဝိုင်းလေးသည် တဒင်္ဂတော့ တိတ်ဆိတ် သွား၏ ။ အကြည့်ချင်းလည်း ဆုံမိကြ၏ ။

လူငယ်လေး တစ်ယောက် က စီးကရက်အသစ်တစ်လိပ်ကို မီးညှိရှိုက်ဖွာနေပြီး ကျန်လူငယ် လေးက အေးစက်စပြုနေသော ကော်ဖီခွက်ကို တစ်ငုံယူသောက်သည်။ ပြီးမှ. . .

‘အင်းးးး ငါက မင်းကို ကျောင်းပြီးရင် စားရေး ဆရာ ကဗျာဆရာ လုပ်မယ်လို့ ထင်ထားတာ၊ မင်းက ကဗျာရေး ကောင်းတယ်. . . မင်းလေ . . .လက်ဖက်ရည်ဆိုင်ဖွင့်ချင်တယ်ဆိုတော့ . . . အင်း. . . မင်းအတွေးကို ငါနားမလည် ဖြစ်မိတာတော့ အမှန်ပဲ. . .’

စကားအဆုံးမှာ တော့ လူငယ်လေးက စီးကရက်အသောက်မပျက်ဘဲ ဂျစ်ပစီဆန်ဆန် ပြုံးပါသည်။ ပြီးမှ. . .

‘ငါက လက်ဖက်ရည်ဆိုင် ဖွင့်ချင်တယ်ဆိုတာက သူလိုကိုယ်လို မြင်ဖူးနေကြ လက်ဖက် ရည်ဆိုင်မျိုး ဖွင့်ချင်တာ မဟုတ်ဘူး. . .’

ထိုစီးကရက်သောက် လူငယ်စကားကြောင့် ကျန်လူငယ်လေး အတော် စိတ်ဝင်စားသွား ပုံရသည်။

‘ဒါဆို . . . မင်းက ဘယ်လိုဆိုင်မျိုး ဖွင့်ချင်တာလဲ. . .’

‘ဟူး!. . . ဒါက ငါ့စိတ်ကူးအိပ်မက်သက်သက်ပါကွာ. . . အောင်မြင်မှာ မအောင်မြင်မှာ ထက် ငါဖွင့်ချင်တဲ့ ပုံစံမျိုးအတွက် ငွေအရင်းအနှီးလည်း ငါမတတ်နိုင်ဘူးလေ. . . ပြီးတော့ မင်းထင်ထားတဲ့ ကဗျာဆရာ စာရေး ဆရာဘ၀ကို ငါမက်မောပါတယ် . . . ငါ့နှလုံးသွေးထဲမှာ လည်း အနုပညာဆိုတဲ့ သွေးတွေ စီးဆင်းနေခဲ့တာပါ. . . ဒါပေမဲ့ . . . ငါဘယ်တော့မှ အနုပညာဆိုတာကို ဗန်းပြပြီး ကိုယ်ကျိုးရှာတဲ့ အတ္တ၀ါဒီသမားတွေ ရဲ့ သတ်ကွင်းမှာ သားကောင်အ ဖြစ်ခံမှာ မဟုတ် ဘူး. .. .’

‘. . . .’

‘ငါ့ရှုးသွယ်မှု နဲ့ စွဲလမ်းမှု ကို မင်းနားလည်မှာ မဟုတ်ပါဘူးကွာ’

‘နေစမ်းပါဦး . . .မင်းက ဘယ်လိုဆိုင်မျိုး ဖွင့်ချင်တာလဲ’

‘ဂျစ်ပစီကဖီး. . .’

‘‘. . .. .’’

အဓိပ္ပာယ်နှင့် ဆိုလိုရင်းကို နားမလည်နိုင်သည်ကြောင့် လူငယ်လေးက

‘ဘယ်လို . . . ဂျစ်ပစီကဖီး ဟုတ်လား. . .’

‘အင်းးးး’

‘အဲဒါ . . . ဘယ်လိုဆိုင်မျိုးလဲ. . . ဘာတွေ ရောင်းမှာ လဲ . . .’

‘ဘယ်လိုဆိုင်မျိုးလဲဆိုတော့ ငါ့စိတ်ကူးအိပ်မက်ထဲက ကော်ဖီဆိုင်လေးပေါ့ကွာ . .. ည ဘက်မှာ သာ ဆိုင်ဖွင့်ပြီး ကော်ဖီနဲ့ကဗျာကို တွဲ ဖက်ခံစားလို့ရတဲ့ဆိုင်မျိုးပေါ့ . . .ငါ့လို စီးကရက် ကြိုက်ပြီး အနုပညာကို ခံစားတတ်တဲ့ ကောင်မျိုးအတွက်တော့ အံကိုက်ပေါ့ကွာ . . . မင်းပဲ ခဏ ခံစားကြည့်စမ်း၊ ညတစ်ည. . . ကဗျာတစ်ပုဒ်. . . ကော်ဖီတစ်ခွက်. . . စီးကရက်တစ်လိပ်နဲ့ Country သီးချင်းအေးအေးလေးတစ်ပုဒ်၊ ဘ၀က ဘယ်လောက်ခံစားလို့ ကောင်းမလဲ’

‘ဖျောက်!’ (လက်ဖျစ်/လက်ဖျောင်းတီးရာမှ ထွက်ပေါ်လာသော အသံ)

လူငယ်လေးက စီးကရက်သောက် လူငယ်လေးစကားအဆုံးမှာ အထက်ပါအတိုင်း လက်ဖောက်တစ်ချက်ကို တီးလိုက်ပြီး. . .

‘ဟာ. . .ဟုတ်ပြီ . . . ငါသဘောပေါက်သွားပြီ၊ မင်း ဘယ်လိုအတွေးမျိုးနဲ့ လက်ဖက်ရည် ဆိုင်ဖွင့်ချင်တယ်ဆိုတာကို မိုက်တယ်. . . မင်း အိုင်ဒီယာလေး တော် တော် သစ်တယ်. . . ငါကြိုက် တယ်. . .’ ဟု ပွင့်ပွင့်လင်းလင်းပဲ ဆိုလာခဲ့၏ ။

ထိုလူငယ်လေးနှစ် ယောက် သူငယ်ချင်း ဖြစ်လာရပြီး တစ်တွဲ တွဲ ဖြစ်လာရခြင်းမှာ လည်း အထက်ပါအချက်အလက်တွေ ကြောင့် ဖြစ်၏ ။

တစ်ယောက် က လူတွေ ကို ရိုးရှင်းစွာ ဆက်ဆံပြောဆိုတတ်ပြီး တစ်ယောက် က ပွင့်လင်းစွာ ပြောဆိုဆက်ဆံတတ်၏ ။

‘ငါ့ရဲ့ ဂျစ်ပစီကဖီးလေးရဲ့ နံရံတွေ မှာ ကမ္ဘာကျော် ဒသနတွေ ရဲ့ မော်ဒန်ပန်းချီကားတွေ ကို တွဲ ဖက်အလှဆင်ထားမယ်. . . Hollow guitar နှစ် လက်လောက်လည်း ချိတ်ဆွဲပေးထားမယ်လေ . . . ၀ါကျင့်ကျင့် မီးရောင် မှိန်မှိန်လေးထွန်းထားပြီး စားပွဲတိုင်းမှာ ဖယောင်းတိုင်ကြီးတစ်တိုင်စီ ထွန်းထားပေးမယ်။ ငါ့ဆိုင်ရှေ့က ပလက်ဖောင်းပေါ်မှာ လည်း စားပွဲဝိုင်းလေးတွေ ချခင်းပေးထား မယ်. . . အဓိက ငါ့ရည်ရွယ်ချက်က ရင်ဘတ်ညီတဲ့ လူငယ်တွေ ကို ငါ့ဆိုင်လေးထဲမှာ လွတ်လွတ် လပ်လပ် စီးမျောခံစားဆွဲဆောင်ထားချင်လို့ပါပဲ. . .’

စီးကရက်သောက် လူငယ်လေး၏ ရင်တွင်းက ထွက်ကျလာသည့် ၀ါကျအရှည်ကြီးကို ကျန် လူငယ်လေးက အောက်ပါအတိုင်း အဆုံးသတ်ပေးလိုက် ၏ ။

‘ဒါဆိုရင်. . .မင်းဘာမှ တွေးပူမနေနဲ့တော့. . . ကျောင်းပြီးတာနဲ့ မင်းရည်ရွယ်ချက် မင်း အိပ်မက်ကို တန်းအကောင်းအထည်ဖော်လိုက်တော့ ကုန်ကျစရိတ်အားလုံး ငါတာဝန်ယူတယ်. . .’

‘ဟာ . . . ဒါတော့ ငါလက်မခံနိုင်ဘူး . . .ငါဖွင့်ချင်တဲ့ဆိုင်နေရာ အခင်းအကျင်းနဲ့ ကုန်ကျ စရိတ်တန်ဖိုးက နည်းမှာ မဟုတ်ဘူး . . .ပြီးတော့ ငါမင်းဆီက ဘာအခွင့်အရေး မှ မယူချင်ဘူး. . .’

‘ဟုတ်ပြီလေ. . . ငါက အရင်းအနှီးစိုက်ထုတ်ပေးပြီး မင်းကို ဦးစီးခိုင်းတယ်ဆိုရင်ရော မင်းလုပ်နိုင်မလား’

‘ဟင့်အင်း . .. ၀မ်းနည်းပါတယ်. . . အဲလိုပုံစံမျိုးဆို ငါပိုလို့တောင် မလုပ်ချင်ဘူး’

‘ဟာ. . . ဘာ ဖြစ်လို့လဲကွာ. . .’

‘ဘာ ဖြစ်ရမှာ လဲကွာ. . . သူငယ်ချင်းအကန့်တွေ ကြားမှာ ငွေရေး ကြေးရေး တွေ အလုပ်ရှင် အလုပ်သမား ဆက်ဆံရေး တွေ . . . စတဲ့ အရာတွေ ပါလာရင် အဆုံးသတ်က အမုန်းပဲထွက်လာ တာ ငါကိုယ်တွေ့ ပဲ. . . ငါ မင်းကို မမုန်းချင်ဘူးလေ . . .’

‘ . . .’

လူငယ်နှစ် ယောက် စက္ကန့်အတော် ကြာကြာ မျက်ဝန်းချင်းဆုံမိသည်။

‘မင်း ယုံမလားတော့ မသိဘူး. . . ငါ့ဘ၀မှာ စိတ်နှစ် ကိုယ်နှစ် နဲ့ တကယ်ခင်ခင်မင်မင် ပေါင်းသင်းမိတဲ့ သူငယ်ချင်းဆိုတာ မင်း တစ်ယောက် ပဲ ရှိတယ်. . . ငါမင်းဆီက ဘာကိုမှ မမျှော် လင့်ပါဘူး။ ငါ့ရဲ့ ရှားရှားပါးပါး တစ်ဦးတည်းသော သူငယ်ချင်း တစ်ယောက် ကိုတော့ ငါတတ်နိုင်တဲ့ ဘက်က အကူအညီတစ်ခုလောက်တော့ ပေးချင်တယ်လေ. . . တစ်ယောက် ကို တစ်ယောက် နွေးနွေးထွေးထွေး ဖေးကူတဲ့သဘောပေါ့ . . .ဒါမှလည်း ငါတို့နှစ် ယောက် အတွက် သူငယ်ချင်းဆို တဲ့ ခေါင်းစဉ်လေးက အဓိပ္ပာယ်ရှိလာမှာ ပေါ့။ မဟုတ်ဘူးလား .. . . Please! ကျေးဇူးပြုပြီး ဒီတစ်ခု ကိုတော့ မင်းလက်ခံပေးပါ။ ငါစိတ်မကောင်း ဖြစ်အောင်တော့ မင်းမလုပ်ပါနဲ့ကွာ. . .’

စီးကရက်သောက် လူငယ်လေးက ခေါင်းတရမ်းရမ်းဖြင့် . . .

‘မင်း သေချာစဉ်းစားကြည့်ပါဦး . . ငါဖွင့်ချင်တဲ့ဆိုင်မျိုးက အောင်မြင်မယ် မအောင်မြင်ဘူး ဆိုတာ ဘာမှရေရာမှု မရှိတဲ့ ဆိုင်မျိုး. . . အရူးဆိုင်လို့ လူတွေ က မှတ်ချက်မပေးရင်တောင် ကံကောင်းလှပြီ’

‘နီကီတာခရုရှက်ဆိုတဲ့ ပုဂ္ဂိုလ် တစ်ယောက် က ပြောဖူးတယ်။ မိမိကိုယ်မိမိ ယုံကြည်ခြင်း ဟာ အောင်မြင်မှု အတွက် ပထမဦးဆုံးသော သော့ ချက် ဖြစ်တယ်တဲ့. . .မင်းရဲ့ ရူးသွပ်မှု အတွက် မင်းမှာ ယုံကြည်ချက်မရှိဘူးလား’

‘ငါ မင်းကို အားနာတယ်. . .’

စကားအဆုံးမှာ ကျန်လူငယ် တစ်ယောက် က ပစ်ပစ်နှစ် နှစ် ကြီး ရယ်နေပါသည်။

‘ဟား ဟား ဟား . . . ဖြစ်ရလေကွာ. . . မင်းနဲ့ငါကြားမှာ မပြောသင့်ဆုံးစကားက အဲဒီ စကားပဲ. . . မင်း ငါ့ကို တကယ်ခင်တယ်ဆိုရင် နောက်ဘယ်တော့မှ ဒီစကားမျိုး မင်းပါးစပ်က ထွက်ကျမလာပါစေနဲ့’

‘ဟုတ်ပြီလေ. . . ငါတစ်ခုတော့ တောင်းဆိုချင်တယ်’

‘ပြော. . .’

‘မင်း တစ်ယောက် တည်းက မဆီမဆိုင် စိုက်ထုတ်ပေးတဲ့ ပိုက်ဆံနဲ့ တည်ထောင်ထားတဲ့ ဆိုင်ဆိုပြီးတော့ စီမံကွပ်ကဲတာမျိုးကိုတော့ ငါလက်မခံဘူးနော်. . . ၀န်ထမ်းခန့်တာကအစ . . . ဆိုင်အခင်းအကျင်း အပြင်အဆင်အဆုံး အားလုံး ငါစိတ်ကူးနဲ့ လုပ်ချင်တယ်. . . ဘယ်လိုလဲ. . .’

စကားအဆုံးမှာ လူငယ်လေးကပြုံးပြီး . . .

‘မင်းနဲ့ငါနဲ့ ပေါင်း ဖြစ်တာက ရင်ဘတ်ချင်းနီးလို့ပဲ. . . ဒါပေမဲ့ ငါ့ Type က Gentleman၊ မင်း Type က Gypsy . . . ညဘက်တွေ မှာ ဖွင့်တတ်တဲ့မင်းဆိုင်ထဲကို ငါယောင်လို့တောင် ရောက် ဖြစ် မှာ မဟုတ်ဘူး. . . ဒါပေမဲ့ လူငယ်သဘာဝ စိတ်ထွက်ပေါက်တစ်ခုအနေနဲ့တော့ တစ်ခါတစ်လေ တော့ ကော်ဖီသောက် ရောက်ကောင်းတော့ ရောက်လာနိုင်တာပေါ့ . . . Customer တစ်ယောက် အနေနဲ့တော့ လာလို့ ဖြစ်တယ်မို့လား. . .

အရွှန်းဖောက်သလို အတည်ပြောလာသည့် လူငယ်လေးကို စီးကရက်သောက် လူငယ် လေးက သဘောတကျ ပြုံးပြလိုက်၏ ။ ပြီးမှ. . .

‘ကျေးဇူးပဲ . . .’ဟု ခပ်တိုးတိုး ဆိုလာခဲ့သည်။

‘ကျေးဇူးတွေ စွတ်တင်မနေစမ်းနဲ့ကွာ . . မင်းက Idea နဲ့လူစိုက်တယ်၊ ငါက ငွေစိုက်တယ်၊ အကျိုးအမြတ်က တစ်ယောက် တစ်ဝက်. . . ကဲ ဘယ်မလဲ ကျေးဇူးတရား. . . တစ်ခုပေးလို့ တစ်ခု ပြန်ရတယ်လို့ပဲ ရိုးရိုးလေး တွေးထားလိုက်စမ်းပါ’

‘မဟုတ်သေးဘူးလေကွာ. . . ဒီကိစ္စက. . .’

‘ဟုတ်ပါတယ် မင်းဒီအတွက်နဲ့ ဘာစိတ်ဖိစီးမှု မှ ခံစားမနေနဲ့. . . ငါက စီးပွားရေး သမား တစ်ယောက် အနေနဲ့ Project အသစ်တစ်ခုကို မ ဖြစ်စလောက်ငွေလေးရင်းပြီး ရှာဖွေတယ်လို့ သဘောထား၊ အကယ်၍ မင်းရဲ့ ဂျစ်ပစီကဖီးသာ အောင်မြင်ခဲ့ရင် ဒီရန်ကုန်မြို့အနှံ့မှာ ဆိုင်ခွဲတွေ ငါထပ်မဖွင့်ပါဘူးလို့ ဘယ်သူပြောမလဲ. . .အဲဒီ တော့ ခုကတည်းက မင်းစိတ်ကြိုက်နေရာရှိရင် ငါ့ကို ပြော လိုအပ်သမျှကို ဖြည်းဖြည်းချင်း စာရင်းပြုထား. . . ကျောင်းပြီးတာနဲ့ အကောင်အထည်ဖော် မယ်. . . ဟုတ်ပြီလား. . .’

စီးကရက်သောက် လူငယ်လေးက သက်ပြင်းသဲ့သဲ့တစ်ချက်ချပြီး . . .

‘ငါ့အိပ်မက်ကို ယုံကြည်ပေးလို့ ကျေးဇူးပါပဲကွာ. . .’

‘မင်းနဲ့ငါကြားမှာ ဘယ်တော့မှ မပြောသင့်တဲ့ စကားတစ်ခွန်း ထပ်တိုးလာပြီပဲ။ နောက် . . ကျေးဇူးတရားအကြောင်းတွေ မပြောစမ်းနဲ့ကွာ၊ မင်းသာ ကျေးစွတ်သွားရင် ငါတစ်သက်လုံး နာကျင်နေရလိမ့်မယ်. . . အဲဒီ တော့ မင်းနဲ့ငါ့ကြားမှာ ဘာကျေးဇူးတရားမှ စည်းခြားမထားဘူး. . . မင်းယုံမလားတော့ မသိဘူး။ အခု . . . ငါ လူတွေ ကို တစ်တန်းတည်း ကြည့်တတ်အောင် ကြိုးစား နေတာကွ. . .’

‘ဒီမှာ . . . ခက်ထန် . . . မင်းယုံမလားတော့ မသိဘူး၊ ငါ မင်းကိုသူငယ်ချင်းအ ဖြစ် လက်ခံ ခဲ့တာ. . . အဲလို အရှိကိုအရှိအတိုင်း ပွင့်ပွင့်လင်းလင်း မျက်နှာချင်းဆိုင် ၀န်ခံပြောရဲလို့ပဲ. . .’

‘ဒီလိုပဲ ဖြစ်ရမှာ ပေါ့. . . ခေါင်ခိုက်ရာ . . . ဟား ဟား . . .’

သူငယ်ချင်းနှစ် ယောက် လင်းလင်းချင်းချင်း ရယ်မောမိကြသည်။ လေပြေတချို့ ဖြတ်တိုက် သွားသည်။ စီးကရက်တစ်လိပ် သေဆုံးသွားသည်။

အိပ်မက်တစ်ခု ကတော့ ကြီးထွားသီးပွင့်ရန် အဆင့်သင့် ဖြစ်နေခဲ့ပြီ ဖြစ်၏ ။

ထို. . .

ထိုသို့ဖြင့်

ဂျစ်ပစီကဖီး ဆိုင်ကလေးသည်. . .

xxxxxx

အကြွေးနဲ့အိပ်ယာက နိုးထလာခြင်းထက်

ညစာမစားဘဲနဲ့ အိပ်ယာဝင်လိုက်ခြင်းက

ပိုကောင်းတယ်. . .

(ဘင်ဂျမင် ဖရင်ကလင်း)



ဝန်ဇင်းချစ်သူများ မင်းတခေတ် ၏ “ Mind ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


ပရော်ဖက်ရှင်နယ်

တားရော့

သရီးမိနစ်