Cover

မနက်မိုးလင်း အိပ်ရာမှအထ ဘာတွေ့ ရမလဲ

ရုပ်ကြွင်းကျောက်ရုပ်

ခန္ဓာကိုယ်တွေ သာ ရုပ်ကြွင်းကျောက်ရုပ် ဖြစ်သွားသည် မဟုတ်။ အတွေးအခေါ်၊ ပေါ်လစီ နှင့် တုံ့ပြန်မှု တို့သည်လည်း မျက်မှော က်ခေတ်၌ ရုပ်ကြွင်း ဖြစ်သွားတတ်သည်။ ဤအချက်ကို ထောက်ပြသူမှာ တခြားသူ မဟုတ်။ စင်ကာပူနိုင်ငံ၏ လက်ရှိအာဏာရပါတီ (ပီအေပီ) ၏ ဥက္ကဋ္ဌ ဖြစ်သူ တိုနီတဲင်ပင် ဖြစ်သည်။

တိုနီတဲင်သည် မစ္စတာလီကွမ်ယူ ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်စဉ်အခါက ဝန်ကြီးချုပ် ရာထူးကို ဆက်ခံရန် ငြင်းဆိုခဲ့သူ ဖြစ်သည်။ မကြာသေးမီက ကျင်းပပြုလုပ်သော ပီအေပီ အစည်းအဝေးတစ်ရပ်တွင် အထက်ဆိုခဲ့ပါအတိုင်း ၎င်းက သတိပေး ပြောကြားခဲ့ခြင်း ဖြစ်၏ ။

ဆက်လက်ပြီး ၎င်းက အတွေးအခေါ်နှင့် တုံ့ပြန်မှု ပေါ်လစီများ ရုပ်ကြွင်းကျောက်တို့ကို ခံစားသိရှိနားလည်လွယ်ရမည် ဟု ဆိုသည်။ ခေတ်၏ ရေစီးကြောင်းကို သဘောပေါက်နှလုံးမူ နိုင်ရန် အထူးတလည် လိုအပ်ခြင်းကို ညွှန်းပုံရပါသည်။

သို့ မဟုတ်လျှင်

ဤသို့ ခေတ်ကို အချိန်မီနားမလည်ပါက ပီအေပီပါတီသည် နိုင်ငံရေး အသည်းကြွပ်နာ Political Sclerosis ကို စွဲကပ်ခံရလိမ့်မည် ဟု တိုနီတဲင်က ဆိုသည်။

ခေတ်ကို နားမလည်ရာမှ ပေါ်ပေါက်လာနိုင်သော နိုင်ငံရေး အသည်းကြွပ်နာ အန္တရာယ်ကို တက်တက်ကြွကြွ သတိရှိရမည် ဖြစ်လေရာ ဤအချက်အပေါ် သတိလက်လွတ် ဖြစ်သည်နှင့် အမျှ မနက်အိပ်ရာထလျှင် တစ်မျိုးတွေ့ ရလိမ့်မည် ဟု ဆိုသည်။ ဤတစ်မျိုးကို မမျှော်လင့်ဘဲ တွေ့ ရလိမ့် မည် ဟုလည်း ပြောသည်။

ဤတစ်မျိုးမှာ တခြားမဟုတ်ပေ။ လူငယ် လူရွယ်တို့၏ ဆန္ဒ၊ အာသီသနှင့် ရည်မှန်းချက် တို့သည် ပါတီခေါင်းဆောင်တို့၏ ဆန္ဒ၊ အာသီသနှင့် ရည်မှန်းချက်တို့နှင့် ခြားနားကွဲပြားနေခြင်း ဖြစ်ပေသည်။

ဤအခြေအနေသည် ပါတီခေါင်းဆောင်တို့၏ အတွေးအခေါ်ပေါ်လစီနှင့် တုံ့ပြန်မှု တို့သည် မနက်မိုးလင်းသည့်အခါ ရုပ်ကြွင်းကျောက်ရုပ် ဖြစ်နေခြင်းကို တွေ့ လိုက်ရသည့်ပမာ ညွှန်းဟန်တူ သည်။

ပြီးပြည့်စုံသော ဖော်မြူလာ

မက္ကဆီကိုနိုင်ငံ၏ စီးပွားရေး သည် ပီဆိုငွေတန်ဖိုး ကျွမ်းစိုက်ကျဆင်းသွားသည်ကို အကြောင်းပြု၍ နက်ရှိုင်းသော အကျပ်အတည်းထဲတွင် ဗြုန်းစားကြီး ရောက်ရှိနေ၏ ။

ဤမက္ကဆီကို အကျပ်အတည်းသည် စင်ကာပူသို့ လည်း ဂယက်ရိုက်ခတ်လာသည်။ အကြောင်းမူ မက္ကဆီကိုသည် လက်တင်အမေရိက၏ စင်ကာပူဟု နာမည် ရနေသော ကြောင့် ဖြစ်၏ ။ အတုယူစရာ၊ နမူနာယူစရာဟု အပြောများ နေသော ကြောင့် ဖြစ်၏ ။ စင်ကာပူ ဒုက္ခတွေ့  သော အခါ ဒီစင်ကာပူကော ဘယ်လိုလဲဟု မေးခွန်းများ ထုတ်လာကြပေသည်။

ဤကိစ္စနှင့် ပတ်သက်၍ စင်ကာပူ ပေါ်လစီသုတေသနအဖွဲ့တွင် ပညာရှင်များ မကြာခင်က ဆွေးနွေးကြရသည်။ ဤဆွေးနွေးပွဲတွင် ပညာရှင်တစ်ဦး၏ တင်ပြချက်သည် အထက်တွင် တိုနီတဲင် တင်ပြသွားခဲ့သည့်အချက်နှင့် ခပ်ဆင်ဆင်တူနေသည်ကို တွေ့ ရသည်။

၎င်းပုဂ္ဂိုလ်က . . .

“စင်ကာပူက ပြဿနာအရပ်ရပ် ဖြေရှင်းဖို့အတွက် ပြီးပြည့်စုံတဲ့ ဖော်မြူလာကို တွေ့ ထား ပြီးပြီလို့ မှတ်ယူနေရင် အမှားကြီး မှားလိမ့်မယ်။ အဲဒီ လို တရားသေအယူအဆဟာ နောင်မှာ အကြီးအကျယ် ဒုက္ခပေးလိမ့်မယ်” ဟု တင်ပြသွားသည်။

မီကီးမောက်(စ်)

အခြားစိတ်ဝင်စားစရာ အယူအဆတစ်ခုမှာ မကြာသေးမီးက ဘရူနိုင်းနိုင်ငံ၊ ဘရူနိုင်း တက္ကသိုလ်တွင် ကျင်းပပြုလုပ်ခဲ့သည့် မလေးရှားယဉ်ကျေးမှု ဆိုင်ရာ ပညာရှင်များ နှီးနှောဖလှယ်ပွဲ တစ်ရပ်၌ ပညာရှင်တစ်ဦးက တင်ပြလာသော အယူအဆတစ်ရပ် ဖြစ်ပါသည်။

ဤပညာရှင်က အနောက်တိုင်းသတင်းဆိုင်ရာ တက်ကနိုလိုဂျီတို့ကြောင့် ကလေးသူငယ် တို့သည် မစ်ကီးမောက်(စ်) မျိုးဆက် (Mickey Mouse Generation) ထဲ ရောက်လာကြပြီဟု ဆိုသည်။

မစ်ကီးမောက်(စ်) မျိုးဆက်သည် နိုင်ငံခြား အိုင်ဒီအိုလိုဂျီတို့ကို သွတ်သွင်းပေးသည်။ ထို့ကြောင့် မလေးစိတ်ဓာတ်ကို ညံ့ဖျင်းစေကြောင်း အမှန်တကယ် စိုးရိမ်ရသည်။ ဤအချက်တို့ ကပင် မလေးယဉ်ကျေးမှု ရှင်သန်တည်မြဲရန် ဗီဇစိတ် (Survival Instinct) ကို ဖျက်ဆီးလာသည် ဟု ဆိုသည်။

ဆက်လက်ပြီး မလေးယဉ်ကျေးမှု ကို ရှင်သန်တည်မြဲစေလိုလျှင် အစ္စလမ်ကို မဏ္ဍိုင်အ ဖြစ် ပြန်တည်ရမည် ။ နိုင်ငံခြားအတွေးအခေါ် လွှမ်းမိုးမှု တို့ကို တားဆီးရမည် ။ မလေးတွေ ကိုယ်တိုင်က မလေးယဉ်ကျေးမှု ကို ရှင်သန်အောင် ပြုရမည် ။ ရိုးရာအစဉ်အလာတို့နှင့် ဆန့်ကျင်သော စီးပွားရေး ဆောင်ရွက်မှု ပုံသဏ္ဌာန်အသစ်တို့သည် မလေးနိုင်ငံများ တည်တံ့မှု ကိုလည်း အန္တရာယ်ပြုနေ၍ ကြီးစွာ သတိထားရမည် ဟု ပြောပါသည်။

အထက်တွင် ဖော်ပြခဲ့သော စင်ကာပူမှ အတွေးအခေါ်တို့နှင့် ယခု မလေး အတွေးအခေါ် တို့ကို နှိုင်းယှဉ်ကြည့်ပြီး စာဖတ်သူက လိုအပ်သလို ဆင်ခြင်ကြည့်ရန် နှိုးဆော်အပ်၏ ။

ယခုအနောက်တိုင်းက တွေးပုံကို ဖော်ပြပါမည် ။

နှစ် ဆယ်သမားများ

အနောက်တိုင်းလူအဖွဲ့အစည်းတို့ကလည်း လူငယ် လူရွယ်တို့၏ ဆန္ဒ၊ အာသီသနှင့် ရည်မှန်းချက်တို့ကို ဂရုစိုက်နားထောင်ကြပါသည်။ လက်ရှိဘဝကို မည် သို့ ရှုမြင်ကြသနည်းဆိုသော အချက်ကိုလည်း အလေးထားကြည့်ကြသည်။

ဤကိစ္စနှင့် ပတ်သက်၍ ဖော်ကျွန်းမဂ္ဂဇင်းကြီးက အမေရိကန်ရှိ အသက်နှစ် ဆယ်တစ်ဝိုက် လူငယ်တို့၏ အနေအထားကို စုံစမ်းလေ့လာသည်။ ထိုလူငယ်တို့ကို “နှစ် ဆယ်သမားများ ” ဟု အတိုကောက်ခေါ်ကြ၏ ။

ဤသို့ စုံစမ်းလေ့လာရာတွင် အခြေအနေအရပ်ရပ်တို့ကို ထောင့်စုံဘက်စုံ ငုံမိစေရန် အလို့ငှာ မေးခွန်းတို့ကို စနစ်တကျ စီစဉ်ထုပ်ပိုးပြုစု၍ မေးသည်။ ဤမေးခွန်းတို့ကို အောက်ပါ အတိုင်း ဖော်ပြအပ်ပါ၏ ။

(၁) ဘဝမွန် (Good life) ဆိုသည်ကို ဘယ်လို နားလည်သလဲ။

(က) ငွေရေး ကြေးရေး အပိုင်း အောင်မြင်ခြင်းကို ခေါ်တာလား။

(ခ) အိမ်တစ်ဆောင် မီးတစ်ပြောင်နှင့် နေနိုင်ခြင်းကို ခေါ်တာလား။

(ဂ) အလုပ်လုပ်ရတာ ကို ခေါ်တာလား။ (သို့ တည်းမဟုတ်) အချိန်အား များများ ရတတ်တာကို ခေါ်တာလား။

(ဃ) ချမ်းသာတဲ့ မိသားစု ဖြစ်ခြင်းကို ခေါ်တာလား။

(င) ခရီးများများ သွားလာနိုင်ခြင်းကို ခေါ်တာလား။

(စ) လုပ်ခ ကောင်းကောင်းရခြင်းကို ခေါ်တာလား။

(ဆ) အခြားသူတို့ကို ကူညီနိုင်ခြင်းကို ခေါ်တာလား။

(ဇ) ဉာဏ်ပညာ ဖွံ့ဖြိုးတိုးတက်အောင်၊ တီထွင်ဖန်တီးနိုင်အား ကြွယ်ဝအောင် လုပ်လာနိုင်ခြင်းကို ခေါ်တာလား။

(ဈ) ဘုရား တရားဘက် ကြည်ညိုသဒ္ဓါတရား ပွားများ နိုင်ခြင်းကို ခေါ်တာလား။

ဘဝ စိတ်ဝင်စားစရာကောင်းအောင်

(၂) ဘဝမျှော်လင့်ချက်တို့သည် တိုးပွားသလား။ လျော့ပေါ့သွားသလား။

(၃) ဓနရရှိရေး နှင့် ဘဝပြေပြစ်ရေး (Sarmon) တို့ နှစ် ခုကြားတွင် မည် သည့်အချက်ကို ပို၍ တန်ဖိုးထားသနည်း။

(၄) လွတ်လပ်မှု အသိစိတ်၊ အလားအလာနှင့် အခွင့်အလမ်းများ ပိုမိုပွင့်လင်း များ ပြား လာသည်ဆိုသော အသိစိတ်ရွေးချယ်ခွင့် ပိုမိုရရှိလာသော အသိစိတ်၊ မိမိဘဝကို မိမိကသာ ပိုင်ပိုင်နိုင်နိုင် ဆုံးဖြတ်နိုင်သည်ဆိုသော အသိစိတ် (ကိုယ့်ကိုယ်ကို အစိုးရနိုင်ခြင်း) တို့နှင့် ပတ်သက်၍ ဘယ်လို မြင်သလဲ။

(၅) အနာဂတ်တက်လမ်းအတွက် ဘာအရေး ကြီးဆုံးလဲ။ ပညာရေး လား။ ပတ်ဝန်းကျင် လား။

(၆) ကိုယ့်ဒူးကိုယ်ချွန် စိတ်ဓာတ်အပေါ် ဘယ်လို မြင်သလဲ။

(၇) (က) သင်၏ အလုပ်တွင် ကျေနပ်ရဲ့ လား။

(ခ) သင်၏ အလုပ်တွင် ပျော်ပိုက်ရဲ့ လား။

(ဂ) သင်၏ အလုပ်က အကျိုး ဖြစ်သည်ဟု ယူဆသလား။

(ဃ) အလုပ်လုပ်ရာတွင် လေးစားမှု ရှိသလား။

(င) သင်၏ အလုပ် လုံခြုံမှု အတွက် ဘယ်လို ခံစားရသလဲ။

(၈) သင့်ဘဝ စိတ်ဝင်စားစရာကောင်းအောင် သင် ဘာလုပ်ချင်သလဲ။

ကောင်းမွန်တဲ့အချိန် (good time) ရဖို့ သင် ဘာလုပ်မလဲ။

(၉) အိမ်ထောင်ရေး အပေါ် ဘယ်လို သဘောထားသလဲ။

(က) ဘဝအဖော်မွန်အနေဖြင့် အိမ်ထောင်ပြုသလား။

(ခ) စီးပွားရေး ကြောင့် အိမ်ထောင်ပြုရတာ လား။

(ဂ) လူ့အဖွဲ့အစည်း၏ အလုပ်အကိုင်ကြောင့် အိမ်ထောင်ပြုရတာ လား။

အိပ်မက် ရှိသလား

(၁၀) ကမ္ဘာကြီးမှာ ဘာတွေ ဖြစ်နေသလဲ။ အဲဒီ အချက်အပေါ် ဘယ်လောက် စိတ်ဝင်စား သလဲ။

(က) သတင်းစာ ဘယ်လောက်ဖတ်သလဲ။

(ခ) ရုပ်မြင်သံကြား ဘယ်လောက်ကြည့်သလဲ။

(ဂ) စာနယ်ဇင်းတွေ ဘယ်လောက် ဖတ်သလဲ။

(၁၁) တိုင်းရေး ပြည်ရေး ကိုကော ဘယ်လောက် စိတ်ဝင်စားသလဲ။ တိုင်းပြည်၏ အိပ်မက် ဆိုတာ ရှိသလား။ ရှိရင် ဒီအိပ်မက်ဟာ ဘယ်လိုဟာမျိုးလဲ။

(၁၂) သင်သည် သင့်မိဘတွေ ငယ်ရွယ်စဉ်ကထက် ပိုပြီး ကောင်းကောင်းမွန်မွန် နေရ သလား။

(၁၃) သင်သည် လူငယ်ဘဝမှနေ၍ လူရွယ်ဘဝရောက်လာလျှင်ကော သင့်မိဘတွေ ရဲ့ လူရွယ်ဘဝထက် ပိုပြီး ကောင်းကောင်းမွန်မွန် နေရလိမ့်မည် လို့ မျှော်လင့်သလား။

(၁၄) သင့်မိဘတို့နှင့် နှိုင်းယှဉ်ကြည့်ပြီး သင်က

(က) စိတ်ဝင်စားဖွယ်ကောင်းသည့်ဘဝကို ပိုပြီး လွယ်ကူစွာ ရရှိနေသလား။

(ခ) အလုပ်ရှာရတာ ပိုလွယ်နေသလား။ သင့်အလုပ်မှာ အောင်မြင်မှု ကကော

ပိုလွယ်သလား။

(ဂ) ရာထူးအဆင့်အတန်း တိုးတက်မှု ကော ပိုလွယ်ကူသလား။

(ဃ) မိမိအတွက် ကျေနပ်ဖြည့်ဆည်းနိုင်မှု ကော ပိုလွယ်ကူသလား။

အကောင်းမြင်ခြင်း

(၁၅) ဘဝမွန် ခံစားမှု ကော ပို၍ လွယ်ကူသလား။

(၁၆) အိမ်တစ်ဆောင် မီးတစ်ပြောင်ရဖို့ကော ပိုလွယ်ကူသလား။

(၁၇) ကိုယ်ပိုင်စီးပွားရေး လုပ်ငန်း ပိုင်ဆိုင်ဖို့ကော ပိုလွယ်ကူသလား။

(၁၈) ငွေရေး ကြေးရေး လုံခြုံမှု ကိစ္စမှာ ကော ပိုပြီး လွယ်ကူနေသလား။

(၁၉) အားလပ်ချိန်ကိစ္စမှာ ကော ပိုပြီး အဆင်ပြေ လွယ်ကူနေသလား။

(၂၀) မိသားစုကို ထောက်ပံ့မှု ကိစ္စမှာ ကော ပိုပြီး အဆင်ပြေသလား။

(၂၁) တာရှည်ခံအိမ်ထောင်ရေး ကို ထိန်းသိမ်းရေး မှာ ကော ပိုလို့ အဆင်ပြေသလား။

(၂၂) သားသမီးတို့အတွက် ပညာသင်ကြားစရိတ် ရှာဖွေရရှိရေး ကော ပိုလို့ လွယ်ကူသလား။

(၂၃) လာမည့်  (၁၀) နှစ် အတွင်းမှာ သင်၏ အလုပ်အကိုင်နှင့် ဘဏ္ဍာရေး အလားအလာ တို့အပေါ် မည် ကဲ့သို့ အကောင်းမြင်ပါသနည်း။

(၂၄) လာမည့်  (၁၀) နှစ် အတွင်းမှာ တိုင်းပြည်၏ စီးပွားရေး အလားအလာနှင့် ပတ်သက် ပြီး မည် ကဲ့သို့ အကောင်းမြင်ပါသနည်း။

(၂၅) သင်နှင့် အသင့်လျော်ဆုံးဟု သင် ထင်မြင်သော အလုပ်အကိုင်ကိုကော သင် တွေ့ ပြီလား။

(၂၆) သင် လက်ရှိလုပ်ကိုင်နေရသော အလုပ်နှင့် ပတ်သက်ပြီး တိုးတက်မှု အပေါ် သင် ကျေနပ်သလား။

ဘဝဟန်

(၂၇) လက်ရှိ အလုပ်လုပ်နေသော ကုမ္ပဏီတွင် ရှေ့ဆက်ပြီး ငါးနှစ် ဆက်တိုက် သင် ဆက်လုပ် ဖို့ အလားအလာရှိသလား။

(၂၈) လာမည့်  ငါးနှစ် အတွင်း လက်ရှိကုမ္ပဏီမှ သင် အလုပ်ဖြုတ်ခံရဖို့ အလားအလာ ကော ရှိသလား။

(၂၉) တိုင်းပြည်၏ နေထိုင်မှု ဟန် Way of life ကို မည် သည့်အရာတို့က အဓိကအန္တရာယ် ပြုနေသနည်း။

(က) မူးယစ်ဆေးဝါးလား။

(ခ) ပညာရေး စနစ်လား။

(ဂ) ပတ်ဝန်းကျင် ပျက်စီးလာခြင်းလား။

(ဃ) ရာဇဝတ်မှု တွေ လား။

(င) စီးပွားရေး ရောဂါ ဝေဒနာတွေ လား။

(စ) နိုင်ငံခြားနှင့် စီးပွားရေး အရ ယှဉ်ပြိုင်မှု လား။

(ဆ) လူမျိုးရေး ၊ လူမျိုးနွယ် ပြဿနာတွေ လား။

(ဇ) ကမ္ဘာနှင့် ချီပြီး ဖြစ်နေသော နိုင်ငံရေး နှင့် စစ်ရေး မတည်ငြိမ်မှု နှင့် ဆူပူမှု တွေ လား။

(၃၀) သင့်ထက် အရင်ကျသည့် မျိုးဆက်တို့အပေါ် သင် ဘယ်လိုသဘောထားသလဲ။

(က) သူတို့လို သင် ဖြစ်ချင်သလား။

(သို့ မဟုတ်)

(ခ) သူတို့နှင့် မတူညီလိုဘူးလား။

စုပေါင်းစိတ်နေစိတ်ထား

အထက်ဖော်ပြပါမေးခွန်းတို့ကား နှစ် ဆယ်သမားတို့အား မကြာသေးမီက မေးခဲ့ကြသော မေးခွန်းတို့ ဖြစ်ကြသည်။ ဤမေးခွန်းတို့ကို အမျိုးမျိုးဖြေကုန်ကြ၏ ။ ဤအဖြေတို့သည် နောင် တစ်ခေတ် ခေါင်းဆောင် ဖြစ်မည့် သူတို့၏ လက်ရှိသဘောထားများ ပင် ဖြစ်ကြပါမည် ။

ထို့အပြင် ဤအဖြေတိုပသည် လာမည့် မျိုးဆက်သစ်တို့၏ ဆန္ဒ၊ အာသီသနှင့် ရည်မှန်းချက် တို့ကိုလည်း ထင်ဟပ်ပါလိမ့်မည် ။ ပညာရှင်တစ်ဦးကမူ ဤအဖြေတို့သည် တိုင်းပြည်၏ စုပေါင်း စိတ်အနေအထား Collective psyche ကို ဖော်ပြရာရောက်လိမ့်မည် ဟုလည်း ဆိုသည်။

စင်ကာပူဆရာတို့က ဤလူငယ်လူရွယ်တို့၏ စိတ်နေသဘောထားကို သိရှိနားလည်နေရန် ဟော၏ ။ ဘရူနိုင်း နှီးနှောဖလှယ်ပွဲမှ ပညာရှင်တို့ကမူ ဤလူငယ်တို့သည် မစ်ကီးမောက်(စ်) မျိုးဆက်သစ် ဖြစ်လာမည့် ဟန် တွေးပူနေကြသည်။ အမေရိကန်တို့သည် တိကျသော ပုစ္ဆာတို့ကို အထက်တွင် ဖော်ပြသည့်အတိုင်း ခြုံငုံမိအောင် ထုတ်လုပ်၍ ပွင့်ပွင့်လင်းလင်း ဟန်မလုပ်သော အဖြေတို့ကို ညှစ်ထုတ်ယူသည်။

ပြီး ကောက်ချက်တစ်ခု ချသည်။ ယင်းမှာ နှစ် ဆယ်သမားတို့၏ ခေါင်းတို့သည် အနည်းငယ် ရှုပ်ထွေးနေပုံရသည်။ သို့ သော် သူတို့၏ နှလုံးသားတို့မှာ မူ နေရာမှန်တွင် ရှိနေကြသည်ကား သေချာသည်ဟူ၍ ဖြစ်သည်။

[ရနံ့သစ်၊ ဧပြီ-၁၉၉၅]

အက်ကြောင်းကွဲကြောင်းပြောင်းလဲခြင်း

ဒေါင်လိုက် အလျားလိုက်

လူ့အဖွဲ့အစည်းတိုင်း၌ အက်ကြောင်းကွဲကြောင်းများ ရှိကြသည်။ ၂၁ ရာစုနှစ် အဝင်၌ ကား ဤအက်ကြောင်း ကွဲကြောင်းတို့၏ ပုံသဏ္ဌာန်အရာတို့သည် ယခင်ကနှင့် မတူတော့ဘဲ တစ်မျိုး တစ်ဖုံ ပြောင်းလဲသွားလေပြီဟု နိုင်ငံရေး သိပ္ပံပညာရှင်တို့က ထောက်ပြုလာကြကုန်၏ ။

လူ့အဖွဲ့အစည်းအတွင်းရှိ အက်ကြောင်း ကွဲကြောင်းတို့ကို နိုင်ငံရေး သိပ္ပံပညာရှင်တို့က နှစ် မျိုးခွဲကြည့်ကြသည်။ ဒေါင်လိုက်အက်ကြောင်း (vertical cleavage) နှင့် အလျားလိုက် အက်ကြောင်း (horizontal cleavage) တို့ ဟူ၍ ဖြစ်သည်။

ဒေါင်လိုက်အက်ကြောင်းသည် လူ့အဖွဲ့အစည်းအား ယဉ်ကျေးမှု စံတို့အရ ခွဲခြမ်းပစ်သည်။ ယဉ်ကျေးမှု စံတို့တွင် ဘာသာရေး ၊ ဘာသာစကား၊ လူမျိုးနွယ်စုနှင့် လူမှု ရေး မှတ်ဉာဏ် (social memory) တို့ ပါဝင်ကြသည်။ လူမှု ရေး မှတ်ဉာဏ်ဆိုသည်မှာ သမိုင်းကို ဆိုလိုဟန်တူသည်။

အလျားလိုက်အက်ကြောင်းသည် စီးပွားရေး နှင့် လူမှု ရေး အလွှာတို့နှင့် ပတ်သက်ပြီး ပေါ်ပေါက်သော အက်ကြောင်းကို ဆိုလိုသည်။ လူတန်းစား၊ ဝင်ငွေ၊ ပညာရေး ၊ အဆင့်အတန်း၊ မြို့ပြ (သို့ မဟုတ်) ကျေးလက်ဝန်းကျင်၊ အလုပ်အကိုင်အမျိုးအစား စသည်တို့ ဖြစ်ကြကုန်သည်။

နိုင်င့တိုင်းလိုလိုတွင် အလျားလိုက်အက်ကြောင်းရော၊ ဒေါင်လိုက်အက်ကြောင်းပါ သူ့အချိုး အစားနှင့် သူ ရှိကြသည်။ အချိုးအစားသာ ကွာမည် ၊ အက်ကြောင်းနှစ် မျိုးစလုံးတော့ ရှိကြမည် ။

ကန့်လန့်ဖြတ်ပုံ

ဖော်ပြပါ အက်ကြောင်းတို့သည် သူ့လမ်းနှင့် သူ မရောမထွေး တသီးတခြား လှုပ်ရှားနေကြ သည်ကား မဟုတ်။ ဟိုဘက် ဒီဘက် လှုပ်ရှားရင်း ကန့်လန့်ဖြတ်မိကြကုန်သည်။ အက်ကြောင်းများ ကန့်လန့်ဖြတ်မိပုံ (intersections) တို့ကလည်း နိုင်ငံအလိုက် သူ့နည်းသူ့ဟန်နှင့် ထူးထူးခြားခြား ဖြတ်မိကြခြင်း ဖြစ်သည်။

ထို့ကြောင့် အက်ကြောင်းများ ကန့်လန့်ဖြတ်ပုံသည် အကြင်နိုင်ငံ၏ မူလအစနှင့် သဘာဝ ကို ညွှန်းလေတော့၏ ။

နိုင်ငံတစ်နိုင်ငံ၌ ဒေါင်လိုက်အက်ကြောင်းသာရှိလျှင် ဤနိုင်ငံသည် စည်းလုံးညီညွှတ်မှု ကို ထိန်းသိမ်းရန် ခက်ပါလိမ့်မည် ။ စည်းလုံးညီညွှတ်မှု ဆုံးရှုံးမည် ။ အကယ်၍ တစ်ဖန် အလျားလိုက် အက်ကြောင်းတွေ သာ တစ်ပြုံတစ်ခေါင်းကြီးရှိနေပြီး တန်ပြန်ညှိပေးမည့်  ဒေါင်လိုက်အက်ကြောင်း များ မရှိခဲ့ဟု ဆိုပြန်လျှင် ဤနိုင်ငံ၌ လူမှု ရေး မတည်ငြိမ်မှု ဖြစ်ပွားမည် ။

ထို့ကြောင့် လူ့အဖွဲ့အစည်း၏ တည်တံ့ခိုင်မြဲမှု သည် ဖော်ပြခဲ့ပါ အက်ကြောင်းမျိုးစုံတို့ကို လိမ္မာပါးနပ်စွာ အဆင်ကောင်းကောင်းနှင့် ချိန်ခွင်လျှာမှန်မှန် ရက်လုပ်ပေးနိုင်မှု ပေါ် မူတည်သည်။ ခေတ်သစ်နိုင်ငံရေး ပညာသည် လူ့အဖွဲ့အစည်း၏ အက်ကြောင်းတို့ကို အပြွတ်လိုက်၊ အခိုင်လိုက်၊ အအုံလိုက် ဖြစ်ထွန်းမှု တို့ပေါ်တွင် မလွဲမသွေ အာရုံစူးစိုက်ရတော့မည် ။

အလျားလိုက်အက်ကြောင်းမှ ပေါ်ပေါက်သော conflicts ပဋိပက္ခတို့သည် ဒေါင်လိုက် အက်ကြောင်းမှ ပေါ်ပေါက်သော ပဋိပက္ခတို့နှင့် နှိုင်းစာလျှင် ဖြေရှင်းရ ပို၍ လွယ်ကူကြသည်။ ဤအချက်က ဘာကိုပြသနည်းဆိုမူ ဒေါင်လိုက်အက်ကြောင်းနှင့် အလျားလိုက်အက်ကြောင်း တို့တွင် ရှိသော ဖြေရှင်းနိုင်သော စွမ်းပကားတို့သည် မညီမျှကြောင်းကို ပြသည်။ စွမ်းပကားချင်း မတူပေ။

အလားအလာနှစ် ရပ်

ယဉ်ကျေးမှု စံတို့တွင် အခြေခံ၍ ဖြစ်သော ဒေါင်လိုက်အက်ကြောင်း (ယဉ်ကျေးမှု ပဋိပက္ခ) နှင့် လူမှု ရေး ၊ စီးပွားရေး စံတို့တွင် အခြေခံ၍ ဖြစ်သော အလျားလိုက်အက်ကြောင်း (လူမှု စီးပွားရေး ပဋိပက္ခ) တို့သည် လူ့အဖွဲ့အစည်း၌ အခါအားလျော်စွာ ပြောင်းလဲနေသော အချိုးအစားများ ဖြင့် ကန့်လန့်ဖြတ်မိနေကြစေကာမူ ရေရှည်၌ ကား ယဉ်ကျေးမှု ပဋိပက္ခက ပို၍ လွှမ်းမိုးခဲ့သည်။

အချို့နိုင်ငံတို့သည် ယဉ်ကျေးမှု ပဋိပက္ခ အသည်းအသန် ဖြစ်နေသည်။ သို့ ရာတွင် တစ်ကမ္ဘာလုံးအတိုင်းအတာနှင့် ခြုံပြီးကြည့်လျှင် ဤပဋိပက္ခနှစ် မျိုးမှာ သူမသာ ကိုယ်မသာ ညီမျှ လာပုံရသည်ဟု ပညာရှင်တို့က ထောက်ပြကြသည်။

ဤကိစ္စနှင့် ပတ်သက်၍ ထူးခြားချက်တစ်ရပ်မှာ အလျားလိုက်အက်ကြောင်း၌ စေ့စပ် ဖြေရှင်းမှု အလားအလာ ပိုရှိသော အချက် ဖြစ်သည်။ ဥပမာ - လစာတိုးပေးရေး ကိစ္စတို့၌ စေ့စပ် ဖြေရှင်းလို့ ရပုံမျိုး။

စေ့စပ်ဖြေရှင်းမှု ၏ ရလဒ်သည် ကောင်းချင်မှ ကောင်းမည် ၊ ဆိုးချင် ဆိုးနေမည် ။ သို့ သော် ဤနေရာ၌ အရေး ကြီးသည့်အချက်မှာ စေ့စပ်ဖြေရှင်းမှု မှ ပေါ်ပေါက်သော ရလဒ်မဟုတ်။ စေ့စပ် ဖြေရှင်းမှု ဖြစ်နိုင်သည်ဆိုသော အလားအလာသာ ဖြစ်သည်။

အလျားလိုက်အက်ကြောင်း (ယဉ်ကျေးမှု ပဋိပက္ခ) တို့၌ မူ ပြဿနာသည် ဖြေရှင်းရန် အလွန်ခက်ခဲလှ၏ ။ ရံဖန်ရံခါ၌ ဖြေရှင်းလို့ မ ဖြစ်နိုင်သည်အထိလည်း ဖြစ်ပေါ်သည်။ စေ့စပ်ဖြေရှင်း နိုင်သော အလားအလာ နည်းပါးသည်။

ပစ္စည်းမဲ့ အငယ်စား

ခေတ်သစ်လူ့အဖွဲ့အစည်းတိုင်းသည် ဒေါင်လိုက်အက်ကြောင်းနှင့် အလျားလိုက် အက်ကြောင်းတို့ အပြန်အလှန် ကန့်လန့်ဖြတ်မှု (cross-cutting) တို့ဖြင့် ရင်ဆိုင် စခန်းသွားနေကြ ရသည်။ တစ်နည်းပြောလျှင် လူ့အဖွဲ့အစည်း၏ စနစ်အရပ်ရပ်သည် ဤသို့ သော ကန့်လန့်ဖြတ်မှု ၏ စိန်ခေါ်ခြင်းကို ရေရေလည်လည် ခံနေရခြင်း ဖြစ်သည်။

ဤနေရာ၌ နိုင်ငံရေး သိပ္ပံပညာရှင်တို့က ဒေါင်လိုက်အက်ကြောင်းနှင့် အလျားလိုက် အက်ကြောင်းတို့ကို ပို၍ ဆိုးရွားစေသော အခြေအနေသစ် တစ်ရပ်ကိုလည်း အရေး တကြီး မီးမောင်းထိုးပြလာကြသည်။ ယင်းမှာ လူဝင်မှု immigration ပြဿနာပင် ဖြစ်သည်။

နိုင်ငံအများ အပြားသည် အထူးသဖြင့် ချမ်းသာလာသော နိုင်ငံတို့သည် အခြားနိုင်ငံမှ လာရောက် အလုပ်လုပ်ကိုင်ကြသော အခြားလူမျိုးများ ဝင်ရောက်လာမှု ကို ပြဿနာကြီးတစ်ရပ် အနေဖြင့် မနိုင်မနင်း ဖြေရှင်းနေကြရသည်။

ဤသို့ သော နိုင်ငံခြားလုပ်သားတို့သည် ရှိရင်းစွဲ အက်ကြောင်းတို့ကို မျက်နှာစာသစ် တိုးပွားစေခြင်းသာ ဖြစ်ပြီး ထိုအကြောင်းကြောင့် လည်း အက်ကြောင်းတို့သည် ပို၍ နက်ရှိုင်း ကျယ်ဝန်းသွားပုံရသည်။

ဤကိစ္စနှင့် ပတ်သက်၍ နိုင်ငံရေး သိပ္ပံပညာရှင်တို့က subproletariat ဆိုသော ဝေါဟာရ တစ်ပါးကို တီထွင်သုံးစွဲကြသည်။ နိုင်ငံခြားသားလုပ်သားတို့သည် အိမ်ရှင်နိုင်ငံမှ လုပ်သားတို့ထက် ဝင်ငွေနည်းကြသည်။ အိမ်ရှင်နိုင်ငံမှ အလုပ်သမားတို့ မလုပ်လိုသည့်အလုပ်တို့ကို လုပ်ကြရသည်။

သို့ ဖြင့် သူတို့၏ အခြေအနေသည် ယခင်နားလည်နေကျ ပစ္စည်းမဲ့ proletariat ထက် နိမ့်ကျ၍ ပစ္စည်းမဲ့အခွဲ ပစ္စည်းမဲ့ အငယ်စားဟု ခေါ်ဝေါ်ခြင်း ဖြစ်သည်။

မှတ်ပုံတင် တံဆိပ်များ

လူတိုင်းသည် အစွဲကိုယ်စီရှိသည်။ ဝါဒစွဲ၊ ပုဂ္ဂိုလ်စွဲ၊ ဘာသာစွဲ၊ လူမျိုးစွဲ၊ လူတန်းစားစွဲ၊ ဂိုဏ်းဂဏစွဲ၊ ပါတီစွဲ စသည်ဖြင့် အစွဲများ ရှိကြသည်။ ဤအစွဲတို့ဖြင့် မိမိတို့သည် မည် သူမည် ဝါ ဖြစ်ကြောင်း ထပ်တူပြုကြသည်။ မှတ်ပုံတင်သည့်သဘော ဖြစ်၏ ။

သို့ ဖြင့် လူတန်းစားမှတ်ပုံတင် (class identity) ၊ ဘာသာဂိုဏ်း မှတ်ပုံတင် (religious identity) ၊ လူမျိုးစွဲ မှတ်ပုံတင် (ethnic identity) ၊ ဝါဒစွဲ မှတ်ပုံတင် (ideological identity) ၊ ပါတီစွဲ မှတ်ပုံတင် (party identity) စသည်ဖြင့် နိုင်ငံထဲတွင် အမျိုးမျိုးအဖုံဖုံ ရှိလာကြသည်။

ဤမှတ်ပုံတင်တို့သည် စင်စစ်အားဖြင့် တွေးကြည့်လျှင် အထက်တွင် ဖော်ပြခဲ့သော အက်ကြောင်း ကွဲကြောင်းတို့ကို ထင်ဟပ်ပြခြင်းသာ ဖြစ်သည်။

နိုင်ငံရေး သိပ္ပံပညာရှင်တို့က ကမ္ဘာအရပ်ရပ်တွင် ကျင်းပပြုလုပ်ခဲ့သော ရွေးကောက်ပွဲမျိုးစုံ တို့ကို စိစစ်ဝေဖန်ကြည့်ပြီးသကာလ ကောက်နုတ်ချက်တစ်ခုကို မကြာသေးမီက ပြုလုပ်ခဲ့ကြ သည်။

ဤကောက်နုတ်ချက်မှာ ယနေ့ နိုင်ငံအများ အပြားတို့ အထက်ဖော်ပြပါ မှတ်ပုံတင်များ (ဝါ) အစွဲများ ကျဆင်းကုန်ပြီဆိုသော ကောက်နုတ်ချက် ဖြစ်သည်။

ဆိုဗီယက်ယူနီယံ ပြိုကျသွားခြင်းကို နိုင်ငံရေး သိပ္ပံပညာရှင် ဒီဘယ်လ်က အိုင်ဒီအိုလိုဂျီ၏ နိဂုံးဟု အကဲဖြတ်ခဲ့သည်။ သဘောတရားဝါဒတွေ နိဋ္ဌိတံပြီဟု ဆိုလိုရင်း ဖြစ်၏ ။

လွတ်ကျွတ်သလား

နိုင်ငံရေး လောကထဲ၌ ဘာသာရေး အစွဲဖြင့် ရပ်တည်ခြင်း၊ ဘာသာစကားအစွဲဖြင့် ရပ်တည် ခြင်း၊ လူတန်းစားအစွဲဖြင့် ရပ်တည်ခြင်း၊ လူမျိုးရေး အစွဲဖြင့် ရပ်တည်ခြင်း၊ ပါတီဂိုဏ်းဂဏအစွဲဖြင့် ရပ်တည်ခြင်းတို့သည် မှေးမှိန်ကျဆင်းလာသကဲ့သို့ ပင် သဘောတရားရေး (ဝါဒ) အစွဲဖြင့် ရပ်တည် ခြင်းတို့သည်လည်း ကျဆင်းလာပြီဟု နိုင်ငံရေး သိပ္ပံပညာရှင်တို့က ထောက်ပြကြကုန်သည်။

ဤသို့ ဆိုသည်ရှိသော် လူတို့၏ အစွဲအပေါ် ရပ်တည်မှု နေရာတွင် မည် သို့ သော အကြောင်း ခြင်းရာတို့က ဝင်ရောက်အစားထိုးနေပါသနည်းဟု မေးခွန်းထုတ်စရာ ပေါ်လာကုန်သည်။

Substantive issues ဟု ဆိုကြသည်။ အနှစ် သာရရှိသော လက်တွေ့ ပြဿနာတို့သည် ဝါဒ သဘောတရားနေရာတွင် ဝင်ရောက်နေရာယူထားလေပြီ။ လူတို့သည် ဝါဒကို မကြည့်တော့။ လူတန်းစားအမြင်ကို အခြေမခံတော့။ လူမျိုးရေး အစွဲကို ဖျောက်နိုင်ကြပြီ။ ဘာသာရေး ကို လောကီ ကိစ္စမှ ဖယ်ထားကြလေပြီ။ ပါတီတံဆိပ်၊ ပါတီအစွဲကို ဖျောက်ကြပြီ။ အခြေအနေအလိုက် ဖြစ်ပေါ် နေသော အဓိက ပြဿနာတို့ကိုသာ ပြဿနာချင်းလိုက် ကြည့်ရှုလာကြပြီ။ နိစ္စဓူဝ ဘဝပြဿနာ တို့အပေါ် ပို၍ အာရုံစိုက်ကြခြင်း ဖြစ်လေ၏ ။

ပြဿနာအပေါ် အခြေခံကြည့်ရှုရာ၌ လည်း စုစုပေါင်းနှင့် ကြည့်ရှုကြသည်က နည်းလာ၏ ။ ကိုယ့်ဘာသာကိုယ် တစ်ဦးချင်းလိုက်၍ ရှေ့တန်းတက်နေသော ပြဿနာတို့ကို ဝေဖန် ဆင်ခြင် ကြည့်ကြကုန်၏ ။

ဤအခြင်းအရာကို ပုဂ္ဂလိက တစ်ဦးချင်းဆန်မှု individualization ခေတ်စားလာခြင်းဟု အကဲဖြတ်ကြသည်။ ပုဂ္ဂလိက တစ်ဦးချင်းသည် အဖွဲ့အစည်းအနှောင်အဖွဲ့နှင့် ဝါဒအနှောင်အဖွဲ့တို့မှ လွတ်ကျွတ်လာသည့် ဖြစ်စဉ်နှင့် အဓိပ္ပာယ်လည်း သက်ရောက်သည်။ ထိုအလို့ငှာ နိုင်ငံရေး သိပ္ပံ ပညာရှင်တို့က liberalization of individual ဆိုသော ဝေါဟာရကို ဖန်တီး၍ အဓိပ္ပာယ် ရှင်းပြကြ သည်။

ဝင်ရိုး

ဖော်ပြပါ ဖြစ်စဉ်နှင့် အဓိပ္ပာယ်တို့ ဖြစ်ပေါ်ရသည့်အကြောင်းအရင်းတို့ကိုလည်း နိုင်ငံရေး သိပ္ပံပညာရှင်တို့က ရှာဖွေကြည့်ကြပါသည်။ အောက်ပါအကြောင်းတရားတို့ကို ရှာဖွေတွေ့ ရှိကြ သည်။

(၁) ဝင်ရိုးကွာမှု နည်းသွားခြင်း depolarization ဟု ဆိုသည်။ အဓိပ္ပာယ်မှာ ဝင်ငွေ ကွာဟမှု ကျဉ်းမြောင်းသွားခြင်းကို အဓိကဆိုလိုသည်။ လူတန်းစားချင်း ခြားထား သော မျဉ်းတို့ကလည်း မှု န်ဝါးလာသည်။

(၂) ခေတ်မီလာသော ပညာရေး နှင့် မီဒီယာတို့ကလည်း လူတို့အား အစွဲအလမ်းတို့ကို ပပျောက်စေသည်။ ဒေသစွဲ၊ ဝါဒစွဲ၊ ပုဂ္ဂိုလ်စွဲ၊ လူမျိုးစွဲ၊ လူတန်းစားစွဲ စသည့် အစွဲ ပေါင်းစုံတို့မှ လွတ်ကျွတ်စေသည်။ လူတစ်ဦးစီသည် လွတ်လပ်သော လူ ဖြစ်လာပြီ။

(၃) ဘာသာရေး သြဇာကျဆင်းလာခြင်း၊ ယဉ်ကျေးမှု အဆင့်အတန်း မြင့်မားလာခြင်း၊ အလုပ်သမား လူတန်းစား၏ အရွယ်အစားနှင့် ဖွဲ့စည်းပုံတို့ကလည်း ပြောင်းလဲ သွားခြင်း၊ ရှေးရိုးအစဉ်အလာ ကျေးလက်ပုံသဏ္ဌာန်မျိုး ကျဆင်းသွားခြင်း၊ ခေတ်မီ ဆက်သွယ်ရေး စနစ်တို့ကြောင့် ဒေသအချင်းချင်းသည် တစ်ပုံစံတည်းလို ဖြစ်လာ ခြင်းနှင့် အခြားအကြောင်းတို့ ဖြစ်ကြကုန်သည်။

အထက်ပါအကြောင်းတရားတို့ကြောင့် ဒေါင်လိုက်နှင့် အလျားလိုက်အက်ကြောင်းတို့သည် ပို၍ ချိန်ခွင်လျှာ ညီလာသည်ဟု ဖြေကြကုန်သည်။ ကောင်းသော လက္ခဏာပေတည်း။

[ရနံ့သစ်၊ နိုဝင်ဘာ ၁၉၉၆]

စီးပွားရေး တိုက်ပွဲခေါ်သံ

သုညပွဲလော

ကမ္ဘာ့စီးပွားရေး လောကတွင် ယခုတစ်လော အဆန်းဆန်းအပြားပြား စီးပွားရေး အတွေး အခေါ်တွေ တစ်ပြုံတစ်မကြီး ပေါ်လာသည်။ ထိုအနက်မှ တစ်ခုမှာ ကုန်သွယ်ရေး ပြိုင်ပွဲကို စစ်တိုက်သလို တိုက်ရမည် ဟုဆိုသော အယူအဆ ဖြစ်သည်။ ထို့ကြောင့် လည်း ကုန်သွယ်ရေး စစ်ပွဲဟု အမည် တွင် သည်။

စစ်ပွဲတွင် နိုင်သူနှင့် ရှုံးသူတို့ဟူ၍ ရှိ၏ ။ ဤရလဒ်ကို သင်္ချာစကားနှင့် ပြောလျှင် ပွဲသည် သုညပွဲ (Zero Sum Game) ဖြစ်လေသည်။ နိုင်သူနှင့် ရှုံးသူတို့ကို ထေလိုက်လျှင် ဘဲစားဘဲချေ ဖြင့် သုည ဖြစ်သွားသည်။ ရှုံးသူ၏ အရှုံးသည် နိုင်သူ၏ အမြတ် ဖြစ်သွားသည့်အလျောက် တစ်ခုလုံးခြုံကြည့်လျှင် ကြေသွားသည်။

အစဉ်အလာအရနှင့် သီအိုရီအရပြောဘိမူ လွတ်လပ်စွာ ကုန်သွယ်မှု သည် စစ်ပွဲလို မဟုတ် ပေ။ ပါဝင်ပတ်သက်သူအားလုံး အကျိုးရှိကြသည် ဖြစ်၍ နိုင်သူနှင့် ရှုံးသူဟူ၍ မရှိပေ။ သင်္ချာစကား နှင့် ပြောလျှင် ပွဲသည် 'အကျိုးထွက်ပွဲ' (Positive Sum Game) ဖြစ်လေ၏ ။

ကုန်သွယ်ရေး သည် စစ်ပွဲနှင့် အလားတူသည်ဟုဆိုသော အယူအဆသည် အဓိပ္ပာယ်မရှိ သော အယူအဆ ဖြစ်သည်။ စက်မှု တော် လှန်ရေး ခေတ် မတိုင်မီက ပေါ်ပေါက်ဖူးသော အယူအဆ အဟောင်းအဆွေးတစ်ခုဆီသို့ နောက်ပြန်လှည့်ခြင်းသာ ဖြစ်သည်ဟု ဘောဂဗေဒပညာရှင်အချို့က ဝေဖန်တိုက်ခိုက်ကြကုန်သည်။

မည် သို့ ပင် ဖြစ်စေ ကုန်သွယ်ရေး စစ်ပွဲဆိုသော စကားရပ်ကို သုံးစွဲနေကြခြင်းဖြင့် စစ်ပါရဂူ ကလော့(ဇ်) ဝစ်ပြောသကဲ့သို့ နိုင်ငံရေး ကို အခြားနည်းဖြင့် တိုးချဲ့နေကြခြင်းပေလောဟု သံသယ ဖြစ်လာကြသည်မှာ အမှန်ပင် ဖြစ်သည်။

သေနိုင် မသေနိုင်

နောက်ဆန်းပြားသော အယူအဆတစ်ခုမှာ ခေတ်သည် ကုမ္ပဏီခေတ် ဖြစ်သည့်အလျောက် ကုမ္ပဏီအကျိုးစီးပွားသည် ဤကုမ္ပဏီအခြေစိုက်ရာနိုင်ငံ၏ အကျိုးစီးပွားနှင့် ထပ်တူထပ်မျှ ဖြစ်ထိုက်သည်ဆိုသော အယူအဆ ဖြစ်သည်။ ဤအယူအဆကိုအခြေခံ၍ ကုမ္ပဏီအမျိုးသားရေး ဝါဒဆိုပြီလည်း ပေါ်လာသည်။

ဖွံ့ဖြိုးပြီးသော နိုင်ငံတို့တွင် ကုမ္ပဏီတို့ဆိုသည်မှာ နိုင်ငံစုံကော်ပိုရေး ရှင်းကြီး (Multination-als) တို့ကို ဆိုလိုသည်။ အစိုးရသည် နိုင်ငံတကာနှင့် ကူးသန်းရောင်းဝယ်ရေး ကိစ္စတွင် ဤကော်ပို ရေး ရှင်းကြီးတို့၏ အကျိုးစီးပွားနှင့် ခပ်ကင်းကင်းရှင်းရှင်း နေထိုင်သလားဆိုသော ပုစ္ဆာသည် ယခုအခါ အလွန်တရာမှ အရေး ကြီးလာပေသည်။

မြင်ရသလောက်၌ နိုင်ငံ၏ စီးပွားရေး အကျိုးစီးပွားနှင့် ကုမ္ပဏီတို့၏ စီးပွားရေး အကျိုးစီးပွား တို့သည် မည် မျှထွေးရောယှက်တင် ဖြစ်နေသနည်းဆိုသော အချက်ပေါ်တွင် မူတည်၍ ဤကိစ္စကို စဉ်းစားဆုံးဖြတ်နေကြဟန် ရှိသည်။

ကုမ္ပဏီတို့သည် စီးပွားရေး ပြိုင်ပွဲ၌ အနိုင်မကြဲနိုင်လျှင် ကျဆုံးသွားနိုင်သည်။ အနည်းဆုံး ဒေဝါလီခံ အမွဲစာရင်းထဲ ဝင်ကြရမည် ။ နိုင်ငံတစ်နိုင်ငံလုံး၏ စီးပွားရေး ၌ မူ ဤသဘောမရှိပေ။ နိုင်ငံ စီးပွားရေး သည် 'သေ' သည်ဟူ၍ မရှိပေ။

ထို့ကြောင့် သူပြုတ် ကိုယ်ပြုတ် သူသေ ကိုယ်သေ အကြမ်းပတမ်း ဆင်နွှဲနေသော စီးပွားရေး စစ်ပွဲတွင် အစိုးရက တတ်နိုင်သမျှ လက်ရှောင်နေသင့်သည်ဆိုသော အယူအဆ ရှိသကဲ့သို့ ပင် ကိုယ့်အမျိုးသားကုမ္ပဏီများ တိုက်ပွဲ၌ မကျဆုံးရလေအောင် အစိုးရက တက်ကြွစွာ ပါဝင်ကူညီသင့်သည်ဆိုသော အယူအဆကလည်း တစ်ဖက်၌ ရှိနေသည်။ ဤဒုတိယအယူအဆ သည် ယခုအခါ အင်အားကြီးနေပုံရသည်။

အလယ်ခေတ်

စီးပွားရေး စစ်ပွဲတို့တွင် အစိုးရများ ကိုယ်တိုင်က ရှေ့တန်းက ပါဝင်ပတ်သက်လာကြသော အခါ ပြီးဆုံးသွားသော စစ်အေးစစ်ကြီးနေရာတွင် သူသေ ကိုယ်သေ၊ သူပြုတ် ကိုယ်ပြုတ် အကြမ်း ပတမ်းဆင်နွှဲနေသော စီးပွားရေး စစ်ပွဲ (Economic Death Struggle ဟု အမည် ပေးကြသည်) တို့က အစားထိုးနေပြီဟု သုံးသပ်မှု များ ရှိလာသည်။

သာမန်စစ်ပွဲတို့တွင် စစ်သားတို့ကို အသုံးပြုကြသည်။ ယခု စီးပွားရေး စစ်ပွဲတို့တွင် မူ ကော်ပို ရေး ရှင်းအကြီးအကဲတို့က ဦးဆောင်လာကြသည်။ အစိုးရများ က သူတို့ကိုယ်စား အခြားအစိုးရများ နှင့် စေ့စပ်ညှိနှိုင်းပေးရာတွင် ဤကော်ပိုရေး ရှင်းအကြီးအကဲတို့က အရေး ပါအရာရောက်သော သံတမန်များ ဖြစ်သွားကြကုန်သည်။

ဤအခြေအနေကို မနှစ် မြို့သူတို့က ကော်ပိုရေး ရှင်းအကြီးအကဲတို့ကို စစ်သူကြီး သူရဲကောင်းများ သဖွယ် နေရာပေးနေရပုံမျိုးသည် အလယ်ခေတ် ရှေးဟောင်းသူရဲကောင်းတို့အား ဂုဏ်ပြုနေရပုံမျိုးနှင့် တူနေပြီဟု ရှုတ်ချကြသည်။

လွတ်လပ်သော ဈေးကွက်ကို အခိုင်အမာ ယုံကြည်ခဲ့သော ဗြိတိသျှဝန်ကြီးချုပ်ဟောင်း မာဂရက်သက်ချာကပင် ဤအချက်ပေါ်တွင် သူ ရှုပ်ထွေးသွားပြီဟု ဝန်ခံပြောဆိုလာရသည်။ ကမ္ဘာ ပေါ်၌ လွတ်လပ်သော ဈေးကွက်ဟူသည် တကယ်မှ ရှိပါလေစဟု သံသယများ ပွားများ လာကြ သည်။

နာကျင်မှု များ

ကမ္ဘာ့ဈေးကွက်တွင် ယခုတစ်လော နာကျင်မှု (Panis) တို့နှင့် ပြည့်နှက်နေသည်။ အဓိက နာကျင်မှု မှာ အလုပ်လက်မဲ့ထူပြောလာသော နာကျင်မှု ဖြစ်သည်။ ဥရောပ၌ အလုပ်လက်မဲ့ဦးရေ ၁၈ သန်းမျှ ရှိသည်။ ဒုတိယနာကျင်မှု မှာ ကျွမ်းကျင်အလုပ်သမား၏ ဝင်ငွေနှင့် မကျွမ်းကျင်အလုပ် သမား၏ ဝင်ငွေတို့သည် အလွန်ကွာခြားလာကြခြင်း ဖြစ်သည်။

နာကျင်မှု တို့သည် မည် မျှပင် ပြင်းထန်စေကာမူ ကမ္ဘာ့စီးပွားရေး တစ်ရပ်လုံးသည်မူ လစ်ဘရယ်အရင်းရှင်စနစ်၏ လမ်းကြောင်းအတိုင်း တည့်တည့်မတ်မတ် ချီတက်နေသည်ဟု ပညာရှင်တို့က အကဲဖြတ်ကြသည်။ အထောက်အထားများ အနေဖြင့်

(၁) စီးပွားရေး နယ်ပယ်မှ ချုပ်ချယ်ကန့်သတ်မှု တို့ကို လျှော့ချကြခြင်း။

(၂) တန်ခိုးအင်အားကြီးသော ဗဟိုဘဏ်တို့ကို ထူထောင်နိုင်ကြခြင်း။

(၃) ဖောင်းပွမှု နှုန်းကို လျှော့ချနိုင်ကြခြင်း

(၄) ဘတ်ဂျက်လိုငွေတို့ကို ကြုံလှီသွားအောင် လျှော့ချနိုင်ကြခြင်းတို့ကို ထောက်ပြကြ သည်။

ထို့အပြင် စီးပွားရေး ပြိုင်ပွဲတို့ကို စစ်ပွဲပမာ ခင်းကျင်းနေကြစေကာမူ ပေါ်လစီပိုင်းဆိုင်ရာ တို့၌ သဘောတူညီမှု တို့က သဘောကွဲလွဲမှု တို့ထက် ပို၍ များ ကား သမိုင်းတစ်လျှောက်၌ အများ ဆုံး ဖြစ်ထွန်းနေသည်။

ဤနေရာ၌ စီးပွားရေး ကို စစ်ပွဲကဲ့သို့ ခင်းကျင်းနေကြသည်မှာ ကော်ပိုရေး ရှင်းကြီးတို့သာ ဖြစ်သည်။ အစိုးရတို့က စစ်ပွဲကဲ့သို့ မခင်းကျင်းပါဟုလည်း ဝေဖန်ကြည့်ကြသည်။

မီးကုန်ယမ်းကုန်

စစ်ပွဲတို့တွင် အင်အားအကုန်သုံး၍ တရမန်းကြမ်း တိုက်ခိုက်သော အဆုံးသတ်ချေမှု န်းရေး တိုက်ပွဲ (All Out War) ဟူ၍ ရှိကြသည်။ ဤတိုက်ပွဲမျိုးတို့တွင် အင်အားအကုန်ကို မီးကုန် ယမ်းကုန် သုံးစွဲရသည်။

စီးပွားရေး စစ်ပွဲတွင် ဤကဲ့သို့ အလားတူ လုပ်လို့ရပါမည် လား။ မရပေ။ မရနိုင်ကြောင်း လူတိုင်း သိကြသည်။ ခေါင်းထဲထည့် စဉ်းစားလို့ပင် မကောင်းသော အယူအဆလည်း ဖြစ်နေသည်။ ဥပမာ ကွန်ပျူတာကဲ့သို့ ဉာဏ်ပညာပစ္စည်းများ ကာကွယ်ရေး ကိစ္စနှင့် ပတ်သက်၍ တရုတ်ပြည်ကို တစ်ဖက်သတ် စီးပွားရေး အရ ပိတ်ဆို့တားမြစ်ရန် အချို့သော အမေရိကန် ကော်ပိုရေး ရှင်းကြီး တို့က လိုလားကြသည်။ မီးကုန်ယမ်းကုန် ကြဲလိုက်ဖို့ပင် ဖြစ်၏ ။ သို့ ရာတွင် အမေရိကန် ကုန်ပစ္စည်းများ အတွက် ကျယ်ပြန့်လှသော တရုတ်ဈေးကွက်ကို ငဲ့လိုက်ရသော အခါ မီးကုန် ယမ်းကုန်ဆိုသော စကားသည် လေထဲ လွင့်ထွက်သွားလေတော့၏ ။

ထို့ကြောင့် စီးပွားရေး ပြိုင်ဆိုင်မှု တို့သည် စစ်ပွဲ 'လေ' တို့နှင့် မီးရှူးမီးပန်း ပစ်နေကြစေကာမူ နောက်ဆုံး၌ ကား အပေးအယူ ညှိနှိုင်းမှု တို့နှင့် အဆုံးသတ်ကြဖို့သာ ရှိသည်။ ငဲ့ရမည့် အချက်တွေ အများ ကြီး ရှိကြလေ၏ ။

ဘာ ဖြစ်မည် နည်း။

စစ်ပွဲတွင် စစ်ပွဲခေါ်သံဟူ၍ ရှိ၏ ။ ယခု စီးပွားရေး စစ်ပွဲတွင် လည်း တိုက်ပွဲခေါ်သံဆိုပြီး ရှိနေသည်။ ဤတိုက်ပွဲခေါ်သံသည် ယခင်က ခေါ်သံမျိုးနှင့် မတူပေ။ တစ်မျိုး ဖြစ်ပြီး ခြားနားနေ သည်။

ယခု တိုက်ပွဲခေါ်သံသည် ဈေးကွက်သို့ ဝင်ခွင့်ရရေး (Access to Market) ဟူ၍ ဖြစ်သည်။ ဈေးကွက်ထဲသို့ အလုအယက် ထိုးဖောက်ဝင်ရောက်ရေး ။ ဤ၌ ပင် အပေါက်ကျဉ်းကျဉ်းဖြင့် တအိအိ ထိုးဖောက်ဖို့မဟုတ်။ အပေါက်အကျယ်ကြီး အပြန့်ကြီးတို့ဖြင့် ခပ်မြန်မြန် ထိုးဖောက် ဝင်ရောက်နိုင်ဖို့ ဖြစ်သည်။ တစ်ဖက်၌ ကိုယ့်ဈေးကွက်တံခါးကို တတ်နိုင်သမျှ ပိတ်ထားလိုကြပြန် ၏ ။ ဈေးကွက်တိုက်ပွဲဟု ခေါ်လျှင် ဖြစ်နိုင်သည်။

၁၉၇၀ ပြည့်နှစ် များ ၌ မူ ထိုစဉ်က ပြဿနာ (ဝါ) ရောဂါ ကို ထင်ဟပ်သော တိုက်ပွဲခေါ်သံ သည် နိုင်ငံခြားငွေ လဲလှယ်ရေး နှုန်းထားတို့ကို အရှင်ထားမလား သို့ မဟုတ် ပုံသေထားမလား Flexibility or Fixity ဟူ၍ ဖြစ်ခဲ့သည်။ ငွေလဲလှယ်ရေး နှုန်းထားများ မတည်ငြိမ်မှု သည် ထိုစဉ်က တကယ့် ရောဂါ ဆိုးကြီးလို ဖြစ်ခဲ့သည်။ သို့ အားဖြင့် ကမ္ဘာ့စီးပွားရေး အခြေအနေလိုက်ပြီး စီးပွားရေး တိုက်ပွဲခေါ်သံတို့သည် ပြောင်းလဲကုန်ကြ၏ ။ ယခု၌ ဈေးကွက်ဖွင့်ပေးရေး သည် အဓိက သော့ ချက် ဖြစ်နေသည်။ သုံးလေးနှစ် မျှသာလိုသော ၂၁ ရာစုနှစ် ထဲ ဝင်သည်ရှိသော် အခြား ပြဿနာတစ်ရပ် ရပ်သည် ရှေ့တန်းသို့ အထင်ကရ ထိုးထိုးထောင်ထောင် တက်လာစရာ ရှိပါလိမ့်မည် ။

ဤပြဿနာသည် ဘာ ဖြစ်မည် ကိုကား မသိ။ အမျိုးမျိုး မှန်းဆပြောဆိုနေကြသည်။

[နွယ်နီ၊ နိုဝင်ဘာ ၁၉၉၆]



ဝန်ဇင်းချစ်သူများ မောင်စူးစမ်း ၏ “ မနက်မိုးလင်းအိပ်ရာမှအထ ဘာတွေ့ရမလဲ ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


သမိုင်းကိုလေမှုတ်စက်ဖြင့်မှုတ်ကြည့်ခြင်း

ကမ္ဘာ့စီးပွားရေးမြင်ကွင်း (၂၀၀၈)

ဈေးကွက်ရှာဖွေထူထောင်ခြင်းဆိုင်ရာမူကြီးများအတွဲ(၁)