Cover

အခန်း (၁)

ပဲတောင်သူမှ အကျပ်ပွိုင့်အထိ

တိမ်ညွတ်ချက်ငါးပါး

ကုန်သွယ်ရေး (trade) သည် ဂလိုဘယ်လိုက်ဇေးရှင်း (globalization) ကို မောင်းနှင်နေသော အင်ဂျင်မဟုတ်။ တက္ကနုလိုဂျီတို့ကသာ ဂလိုဘယ် လိုက်ဇေးရှင်းကို မောင်းနှင်နေသော အဓိက အင်ဂျင် ဖြစ်သည်ဟုဆိုသော ကောက်နုတ်ချက်ကို ဗဟိုပြု၍ စာရေး သူသည် စစ်ကိုင်း သမ၀ါယမကောလိပ်တွင် ခေတ်သစ် စီးပွားရေး အမြင်တို့ကို ဟောပြောခဲ့ပါသည်။ စာရေး သူနှင့် အတူ ဟောပြောသူမှာ အငြိမ်းစားပါမောက္ခ ခင်မောင်သန်း (စိတ်ပညာ) ဖြစ်သည်။

ကုန်သွယ်ရေး နှင့် တက္ကနိုလိုဂျီတို့၏ ကိုယ်စီစွမ်းပကားတို့ကို အကျဉ်းမျှ နှိုင်းယှဉ်ပြပြီးနောက် တက္ကနိုလိုဂျီ အံမခန်း ဖွံ့ ဖြိုးတိုးတက်မှု၏ ပုံသဏ္ဍန်တို့ကို စာရေး သူက ရှင်းပြရင်း တက္ကနိုလိုဂျီ တိုးတက်ပြောင်းလဲမှုနှင့် ပက်သက်၍ တိမ်းညွတ်ချက် ငါးပါးအကြောင်း ဆက်လက် ရှင်းပြပါသည်။ ၎င်းတို့မှာ (၁) သဏ္ဍတိုင်းသို့ ကွန်ပျူတာစနစ်ပျံ့ နှံ့သွားခြင်း (computerization) ၊ (၂) ဆက်သွယ်ရေး ၌ တယ်လီဆက်သွယ်ရေး ကို ခေတ်မီအောင် အပြိုင်ပြုလုပ်ကြခြင်း (innovation in telecommunication) ၊ (၃) တက္ကနိုလိုဂျီ ဖြစ်စဉ်တို့ကို ပိစိကွေး သေးသေးလေးတို့ဖြင့် တီထွင်ခြင်း (miniaturization) ၊ (၄) တက္ကနိုလိုဂျီ ဖြစ်စဉ်တို့ကို ကျုံ့ ပစ်ခြင်း (compresion) ၊ (၅) တက္ကနိုလိုဂျီတို့ကို ဒစ်ဂျစ်တို့ဖြင့် တီထွင်ခြင်း (digitization) တို့ဟူ၍ ဖြစ်ပါသည်။

ဒီမိုကရေစီဆန်ခြင်း သုံးပါး

ဤတိမ်းညွတ်ချက် ငါးပါးဖြင့် တက္ကနိုလိုဂျီတို့ ဖွံ့ ဖြိုးတိုးတက်လာသော အခါ အလွန်အရေး ကြီးသော အကျိုးသက်ရောက်မှု သုံးရပ် ဖြစ်ပေါ်လာပြန်သည်။ ၎င်းတို့မှာ တက္ကနိုလိုဂျီ ဒီမိုကရေစီဆန်လာခြင်း (democratization of technology) (၂) ငွေရေး ကြေးရေး နှင့် ဘဏ္ဍာရေး ပိုင်းတွင် ဒီမိုကရေစီဆန်လာခြင်း (democratization of information) တို့ ဖြစ်သည်။

တက္ကနိုလိုဂျီ ဒီမိုကရေစီဆန်လာသည် ဆိုသည့်သဘာမှာ လူတိုင်း လိုလိုက တက္ကနိုလိုဂျီတို့ကို အသုံးပြုခွင့်ရလာခြင်းကို ရည်ညွှန်းသည်။ ဥပမာ ဆဲလ်ဖုန်းဆိုလျှင် ယခုအခါ မြို့ ရောတောပါ နေရာတိုင်း၌ အသုံးပြုနိုင်သည်။ ကမ္ဘာအနှံ့မှ သန်းပေါင်းများ စွာ သော လူတို့အချင်းချင်း အဆက်အသွယ်များ စွာ ရှိလာသည်။ သတင်းအင်ဖော်မေးရှင်း၊ မဟုသုတပညာ၊ ငွေအသပြာ၊ မိသားစု၊ ဓာတ်ပုံ၊ တေးဂီတ၊ ရုပ်မြင်သံကြားအခွေ စသည်တို့ကို လွယ်လွယ်ကူကူ ဖလှယ်နိုင်ကြသည်။ တစ်နည်းပြောရလျှင် ကျယ်ကျယ်ပြန့်ပြန့် အဆက်အသွယ် အချိတ်အဆက် well connected ရှိလာခြင်းပင် ဒီမိုကရေစီဆန်လာသော လက္ခဏာ ဖြစ်သည်။

ငွေရေး ကြေးရေး ဘဏ္ဍာရေး ပိုင်း၌ ဒီမိုကရေစီဆန်လာခြင်း၏ ပြယုဂ်မှာ ဘဏ်တိုက်ကြီးတို့က ဘဏ္ဍာရေး လောကကို လက်ဝါးကြီးအုပ်ထားမှုသည် ပြိုကျသွားခြင်း ဖြစ်သည်။

ဘဏ္ဍာရေး လောကထဲ၌ ဘဏ်တို့မှသာ မဟုတ်။ ဘဏ်မဟုတ်သော အခြားအဖွဲ့ အစည်းတို့ထံမှလည်း ငွေကြေးများ ချေးငှားလာနိုင်သည်။ အရာရာကို အာမခံစာချုပ်များ အသွင် (အစုရှယ်ယာ၊ ဘွန်း စသည့် လဲလှယ်ခွင့်ရှိသော စာရွက်များ commercial papers အသွင်) ပြောင်းလဲနိုင်ကြသည်။ Securitization ဟု ခေါ်သည်။

ဘ၀အခြေခံများ ပြောင်းလဲ

သတင်း အင်ဖောမေးရှင်းပိုင်း၌ ဒီမိုကရေစီဆန်လာခြင်း အကြောင်းမှာ ရှင်းသည်။ လူထုအများ အပြားသည် သတင်း အင်ဖော်မေးရှင်းတို့ကို ဘုံးဘောလအော ရရှိနိုင်နေကြသည်။ ဂြိုလ်တု ရုပ်မြင်သံကြား၌ ချဲနယ်လိုင်းပေါင်း ၅၀၀ ခန့်ရှိလာရာ မည် သည့်အင်ဖော်မေးရှင်း မည့် သည့်ပညာမဆို လွယ်လွယ် ကူကူ ရရှိလာနိုင်ပြီး ဗီဒီယို၊ ဒီဗီဒီ အခွေတို့ဖြင့် အစားထိုးလာသဖြင့် သတင်း အင်ဖော်မေးရှင်းတို့ကို ကိုယ်နှင့် အတူ လိုရာသယ်သွားနိုင်သည်။

အထက်ဖော်ပြပါ ဒီမိုကရေစီဆန်မှု သုံးပါးအကြောင်းကို ထပ်မံ၍ ချုံ့ ပြီး ပြောရလျှင် ဤသုံးပါးကြောင့် (၁) ကျွန်တော် တို့ ဘယ်လို ဆက်သွယ်ကြမလဲ (How we communicate) ဆိုသော အပိုင်း၌ လည်းကောင်း (၂) ကျွန်တော် တို့ ဘယ်လို ရင်းနှီးမြှုပ်နှံသလဲ (How we invest) ဆိုသော အပိုင်း၌ လည်းကောင်း (၃) ကျွန်တော် တို့ ဘယ်လိုသတင်းကို ရရှိသလဲ (How we gather information) ဆိုသော အပိုင်း၌ လည်းကောင်း အကြီးအကျယ် ပြောင်းလဲသွားသည်။ ဘ၀အခြေခံအတွင်း အကြီးအကျယ် ပြောင်းလဲမှုတို့ပင် ဖြစ်သည်။

ဤအချက်တို့ကြောင့် ဂလိုဘယ်လိုက်ဇေးရှင်း၏ ပုစ္ဆာတစ်ပုဒ်သည် လည်း ပြောင်းလဲသွားသည်။ စစ်အေးခေတ်တုန်းက အလေးအချိန် (weight) က အဓိက စကားပြောသည်။ ခင်ဗျားဗုံးက ဘယ်လောက်ကြီးသလဲ၊ ခင်ဗျား ဒုံးပျံက ဘယ်လောက် ကြီးသလဲဟု မေးခဲ့ကြသည်။ ယခု ဂလိုဘယ်လိုက်ဇေးရှင်း ခေတ်တွင် မူ ခင်ဗျား ကွန်ပျူတာက ဘယ်လောက်မြန်သလဲဟု မေးလာသည်။ Speed က အခရာ ဖြစ်နေသည်။

အင်ဖလက်ရှင်းပွိုင့်

စီးပွားရေး တွင် လည်း သမားရိုးကျ နားလည်၍ မရတော့ပေ။ လှေကြီးထိုး ရိုးရိုးအတွေးတွေ ခေတ်မရှိတော့ပြီ။ စီးပွားရေး တွင် အောင်မြင်ရေး (success) သည် ခြွင်းချက် ဖြစ်၍ အကျပ်အတည်း (crisis) သည် ‘မူ’ ဖြစ်နေပြီ။ စီးပွားရေး တွင် အောင်မြင်သည်ဆိုသည်မှာ အကျပ်အတည်းကို ကျော်လွှား ဖြေရှင်းတတ်သော ကြောင့် ဖြစ်နေပြီ။

သို့ဖြင့် စာရေး သူက အကျပ်အတည်းပွိုင့် (crisis point) အကြောင်းကို ရှင်းပြသည်။ မဟာဗျူဟာမြောက် အင်ဖလက်ရှင်းပွိုင့် (strategic inflection point) အကြောင်းကို ရှင်းပြသည်။ ဤသို့ ရှင်းပြရာ၌ လက်တွေ့  အခြေအနေတစ်ခုနှင့် စပ်ဟပ်ပြီး ရှင်းပြပါသည်။

စီးပွားရေး လုပ်လျှင် ကဏ္ဍ ၅ နေရာကို အထူးသတိထားရမည် ။ အင်အား (forces) လို့လည်း ခေါ်သည်။ ဤအင်အား ၅ ရပ်မှာ (၁) မိမိနှင့် ပြိုင်ဘက်များ ၊ သူတို့၏ ခွန်အား၊ ဥာဏ်ရည်နှင့် ခြေလှမ်း (၂) မိမိ၏ ဖောက်သည်များ ၊ သူတို့၏ ခွန်အား၊ ဥာဏ်ရည်နှင့် ခြေလှမ်း (၂) မိမိ၏ ဖောက်သည်များ ၊ သူတို့၏ ခွန်အား၊ ဥာဏ်ရည်နှင့် ခြေလှမ်း (၃) မိမိအား ပစ္စည်းထောက်ပံ့သူ (suppliers) များ ၊ သူတို့၏ ခွန်အား၊ ဥာဏ်ရည်နှင့် ခြေလှမ်း (၄) ယခု မဟုတ်သေးသော်လည်း နောင်တွင် ဖြစ်ပေါ်လာနိုင်သည့် ပြိုင်ဘက်သစ်များ (potential competitors) သူတို့၏ ခွန်အား၊ ဥာဏ်ရည်နှင့် ခြေလှမ်း (၅) ဖြန့်ချိရေး လမ်းကြောင်း (distribution channels) များ အပြောင်းအလဲတို့ ဟူ၍ ဖြစ်သည်။ ယခု စက်တင်ဘာလ ၁၁ ရက်နေ့ နယူးယောက် နှင့် ၀ါရှင်တန်တို့တွင် ဖြစ်ပျက်ခဲ့သော ဖြစ်ရပ်ဆိုးကြီးတို့ကို ပြင်ပရှော့ခ် (exogenous shock) ဟု ခေါ်လေရာ ဤရှော့ခ်တို့ကိုလည်း ထည့်တွက်ရန်လိုလာကြောင်း ရှင်းပြသည်။

ပဲတောင်သူ

မဟာဗျူဟာမြောက် အင်ဖလက်ရှင်းပွိုင့်ဆိုသည်မှာ အထက်ဖော်ပြပါ အင်အားတစ်နေရာရာ၌ အပြောင်းအလဲ ဖြစ်ခဲ့လျှင် အခြား အင်းအားတို့၌ လည်း အပြောင်းအလဲ ဖြစ်ကုန်သည်။ သဒ္ဒါတွင် ၀ိဘတ်သွယ်ပုံမျိုးနှင့် တူသည်။

ဥပမာအနေဖြင့် စာရေး သူ ကြားသိရသော သတင်းတစ်ခုကို ပြောပြသည်။ ပဲတောင်သူတို့သည် မနှစ် ကလို ပင်ထောင် ကြိုပွိုင့်ရောင်းချခြင်းမျိုးကို မကြိုက်တော့။ ပဲပေါ်ချိန်၌ ဈေးကွက်ပေါက်ဈေးဖြင့် သာ ရောင်းချလိုလာကြသည်။ ယင်းမှာ ဆီစက်ပိုင်ရှင်တို့အတွက် ပစ္စည်းထောက်ပံ့သူ (suppliers) တို့ဘက်မှ အပြောင်းအလဲ ဖြစ်လေရာ ဤအပြောင်းအလဲကို အကြောင်းပြု၍ မိမိပြိုင်ဘက်တို့က ဘယ်လို လှုပ်ရှားမလဲ၊ မိမိဖောက်သည်တို့က ဘယ်လို တွက်ဆလာကြမလဲ၊ ပစ္စည်းထောက်ပံ့သူများ အကြား၌ ပင် ကြိုပွိုင့်နှင့် ပင်တိုင် ရောင်းလိုသူများ ရှိသေးသလား၊ ပဲဖြန့်ချိရေး ၊ ဆီဖြန့်ချိရေး လမ်းကြောင်း အပြောင်းအလဲ ဖြစ်နိုင်သလား၊ ပြိုင်ဘက်အသစ်တွေ ပေါ်လာနိုင်သလား၊ ပေါ်လျှင် သူတို့ ဘယ်လိုလှုပ်ရှားကြမလဲ စသည်ဖြင့် ဆက်စပ်ပြီး အကုန် တွက်ချက်ရတော့မည် ဟု ရှင်းပြပါသည်။

ဖော်ပြပါ အင်အားငါးရပ်နှင့် မမျှော်လင့်သော ရှော့ခ်တို့ကိုလည်း စီးပွားရေး သမားတို့က အစဉ်တွက်ချက်နေရသော အခါ ခပ်ကြောင်ကြောင်တော့ ဖြစ်လာနိုင်သည်။ အဘယ့်ကြောင့် ဆိုသော် ဟိုပူပန်၊ ဒီပူပန်နှင့် တွက်ချက်ပြီး လုပ်နိုင်သူတို့သည်သာ အကျပ်အတည်း ပွိုင့်တို့ကို ဖြေရှင်းနိုင်တတ်ကြသော ကြောင့် ဖြစ်သည်။ ထို့ကြောင့် အကျပ်အတည်း ပွိုင့်တွင် ပါရနွား (paranoia) သာ ရှင်သန်နိုင်ကြောင်း သီအိုရီဆန်ဆန် အဆိုပြုချက်တစ်ရပ် ပေါ်နေကြောင်း ရှင်းပြခဲ့ပါသည်။

ဈေးကွက်ဂျာနယ်၊ အမှတ် ၂၄၈။

* * * * *


ဇီးရိုးမှ ဗူဒူးသို့

ဇီးရိုးအတိုး

စီးပွားရေး စာရင်းအင်းပညာတွင် ဇီးရိုး ‘သုည’ ကိုသာ ဇီးရိုးဟု မခေါ်ပေ။ ‘တစ်’ အောက် ရောက်လျှင်လည်း ဇီးရိုးနယ်ထဲဝင်ပြီး ဖြစ်၍ ဇီးရိုးလို့ ခေါ်လိုက်ကြသည်။

အဘယ့်ကြောင့် ဤအကြေင်းပြောရသနည်းဆိုသော် ကမ္ဘာ့ စီးပွားရေး တို့ ဖီးရိုးတွေ အကြောင်း အပြောများ လာသော ကြောင့် ဖြစ်သည်။ ပထမဦးဆုံး အမေရိကန်ဗဟိုဘဏ် (Fed) က အတိုးနှုန်းကို ၁၁ ကြိမ်မြောက် လျှော့ချခဲ့ရာ ယခုနောက်ဆုံး ၁.၇၅ ရာခိုင်နှုန်းအထိ လျှော့ချလိုက်သည်။

Fed သည် ၁၂ ကြိမ်မြောက်အ ဖြစ် ၂၀၀၂ ခုနှစ် ၊ မတ်လထဲတွင် နောက်ထပ် လေးစိတ်တစ်စိတ် အတိုးနှုန်းလျှော့ချလိမ့်ဦးမည် ဟု ဘောဂဗေဒပညာရှင်တို့က ခန့်မှန်းထားကြသည်။ ဤသို့ အတိုးနှုန်းကိုလျော့ချရင်း Fed အာဏာပိုင်တို့က အတိုးနှုန်းလျှော့ချရန် ၀န်မလေးဆိုသော စကားကို ရိုးတိုးရိပ်တိပ် ပြောသံ ကြားလာကြသဖြင့် အတိုးနှုန်းသည် တစ်ရာခိုင်းနှုန်းအောက် ဇီးရိုးနယ်ပယ်ထဲ ၀င်လေမလားဟု ထင်ကြေးပေးနေကြသည်။

ဂျပန်တွင် အတိုးနှုန်းသည် ဇီးရိုး ဖြစ်သည်။ စီးပွားရေး ဆုတ်ယုတ်ကျဆင်းမှုကို လျော့ပါးသွားလေမည် လော။ ပြန်လည် နာလန်ထူလာနိုင်မည် လားဆိုသော မျှော်လင့်ချက်ဖြင့် ဂျပန်ဗဟိုဘဏ်က အတိုးနှုန်းတွေ ကို တစ်ထစ်ပြီးတစ်ထစ် ချချပေးခဲ့လေရာ နောက်ဆုံး ဇီးရိုးတစ်ဝိုက် ရောက်သည်အထိ ဖြစ်ခဲ့သည်။ အတိုးနှုန်းတို့က ဇီးရိုးရောက်နေသော်လည်း ဂျပန်စီးပွားရေး သည် ပြန်ကောင်းမလာသေးပေ။ ရီဆက်ရှင်းထဲ ရောက်မြဲရောက်နေသည်။ အတိုးနှုန်း အလျှော့အတင်းလုပ်ပြီး ဖြေရှင်းရုံဖြင့် မလုံလောက်တော့ဟု ပြလာသည်။

ယခု အမေရိကန်စီးပွားရေး သည်လည်း ဂျပန်လို ဖြစ်လာမလားဟု တွေးပူကြသည်။ စီးပွားရေး ပြန်လည် ဦးမော့လာနိုးနိုးနှင့် အတိုးနှုန်းတို့ကို ချပေးခဲ့လေရာ ယခုနောက်ဆုံး ၁ . ၇၅ ရာခိုင်နှုန်း ရောက်လာသည်အထိ ပြန်လည် ဦးမမော့ဟုဆိုလျှင် အတိုးနှုန်း ထပ်လျှော့ပေးရဦးမည် ။ သို့ဖြင့် အတိုးနှုန်းသည် ဇီးရိုးနယ်ပယ်ထဲ ၀င်သွားနိုင်သည်။

ကြီးမလား လှိုင်း

ကိစ္စက အတိုးနှုန်းနှင့် မပြီးပေ။ ယခု မေးခွန်းကြီးတစ်ခုကို မေးလာကြသည်။ ယင်းမှာ နောက်ထပ်ပေါ်မည့်  အကြမ်းဖက် တိုက်ခိုက်မှုတို့သည် စက်တင်ဘာလ ၁၁ ရက်နေ့ အကြမ်းဖက် တိုက်ခိုက်မှုထက် ပိုကြီးမလားဟူ၍ ဖြစ်သည်။ စက်တင်ဘာ ၁၁ ရက် အကြမ်းဖက်တိုက်ခိုက်မှုသည် အကြီးမားဆုံး ဖြစ်၍ သည့်ထက် ကြီးမားသည့် တိုက်ခိုက်မှုမျိုး နောက်ထပ်ပေါ်လာစရာ အကြောင်းမရှိတော့ပါဟု မည် သူကမျှ မပြောရဲကြပေ။

သို့ဖြင့် ကမ္ဘာ့ စီးပွားရေး ပြန်လည်နာလန်ထမှု ကံကြမ္မာသည် နောက်ထပ် ပေါ်ပေါက်လာမည့်  အကြမ်းဖက်တိုက်ခိုက်မှု၏ အရွယ်အစားအပေါ် မူတည်နေဟန် ရှိနေပြီ။ ဤမေးခွန်းနှင့် တွဲ ဖက်ပြီး ပေါ်လာသည့် မေးခွန်းတစ်ခုမှာ အမေရိကန်ဗဟိုဘဏ်သည် ဘဏ်တိုးလျှော့ဖြတ်ခြင်းကို တစ်ခါတည်း အပြီးအပိုင် ရပ်စဲပစ်လိုက်တော့မည် လားဟူ၍ ဖြစ်သည်။ ဗဟိုဘဏ်သည် အတိုးနှုန်းကို ဇီးရိုးအထိ လျှော့၊ မလျှော့ မေးခွန်းထုတ်ခြင်း ဖြစ်တန်ရာသည်။

စီးပွားရေး ပညာရှင်တို့က ရေရှည်အခြေခံလှိုင်းကြီးတစ်ခုကို ကြည့်ရှုနေကြသေးသည်။ ဤလှိုင်းမှာ သတင်းအင်ဖော်မေးရှင်း တက္ကနိုလိုဂျီလှိုင်း ဖြစ်သည်။ ၁၉၉၀ ပြည့်နှစ် များ ကစပြီး ဤလှိုင်းကြီး စတင်ပေါ်ထွန်းခဲ့ရာ ရှေ့ ဆက်ပြီး ဘယ်လောက် အရှိန်ကောင်းနေဦးမည် နည်းဟု ခန့်မှန်းတွက်ချက်ကြခြင်း ဖြစ်သည်။ Information wave of the 1990’s ခေါ်၍ ဤလှိုင်းကြီးသည် အမေရိကန်စီးပွားရေး ကို အစစ အရာရာ ပြန်လည်ဖွဲ့ စည်းစေခဲ့သည်။

အင်ဖော်မေးရှင်း တက္ကနိုလိုဂျီလှိုင်းကြီးသည် ခပ်တိုတို အတက်အကျ သံသရာ (business cycles) တို့ဖြင့် လှုပ်ရှားခဲ့လေရာ စက်တင်ဘာ ၁၁ ရက် ဖြစ်ရပ်ကြီးကို အကြောင်းပြု၍ ကာကွယ်ရေး နှင့် လုံခြုံရေး ဆိုင်ရာ တက္ကနိုလိုဂျီတို့သည် ထောင်တက်လာခဲ့သည်။

အရှိန်ဘယ်တော့

ယခုထည့်တွက်နေသည့် ပြဿနာက အမေရိကန်စီးပွားရေး ကို တအားတွန်းတင် မောင်းနှင်ခဲ့သည့် ဤအင်ဖော်မေးရှင်း တက္ကနိုလိုဂျီလှိုင်းသည် ဘယ်တော့လောက် အရှိန်သေမလဲဆိုသော ပြဿနာ ဖြစ်သည်။ ဤကိစ္စနှင့် ပက်သက်၍ ပညာရှင်တို့က လာမည့်  ၅ နှစ် မှ ၁၀ နှစ် အတွင်း၌ ဤလှိုင်းကြီး ပြိုလဲသည်နှင့် အတူ စီးပွားရေး သံသရာလည်း ပြိုလဲသွားမည် ။ လာမည့်  ၅ နှစ် နှင့် ၁၀ နှစ် လောက်ကျမှသာ ဒုက္ခတွင်းထဲ တကယ်နက်နက်ရောက်မည် ။ ယခု မရောက်သေးဟု ဆိုလိုခြင်း ဖြစ်သည်။

အင်ဖော်မေးရှင်း တက္ကနိုလိုဂျီလှိုင်းအကြောင်းသည် ရေရှည်ကာလနှင့် ဆိုင်သော အကြောင်း ဖြစ်သည်။ အခုလောလောဆယ်အတွက် ရေတိုအကြောင်းကိုလည်း စီးပွားရေး ပညာရှင်တို့က မှန်းဆ ကြည့်ကြသည်။ ဤမှန်းဆကြည့်ချက်ထဲတွင် ရေနံက အခရာ ဖြစ်နေသည်။ ရုရှတို့၏ ကောင်းမှုကြောင့် ရေနံဈေးနှုန်း ကျနေသဖြင့် စီးပွားရေး အကျပ်အတည်းတို့ သက်သာရာရနေသည်ဟု အကဲဖြတ်ကြသည်။

အကယ်၍ အကြမ်းဖက်ဝါဒသမားတို့ ရေနံတွင်းတို့ကို အကြမ်းဖက် တိုက်ခိုက်လျှင် ရေနံရှားပါးပြတ်လပ်မှုကြောင့် တွေ့  ကြုံနေရသော အကျပ်အတည်းတို့ ပို၍ ဆိုးရွားသွားနိုင်သည်။ ထို့ကြောင့် အကြမ်းဖက်ဝါဒနှင့် ရေနံလုပ်ငန်းတို့ကို ပူးတွဲ ပြီး တွေးပူစရာ ရှိလာသည်။ အရှေ့ အလယ်ပိုင်းဒေသ၏ လက်ငင်းဆူပူမှုမီးလျှံကို ကြည့်၍ ရေနံဈေးနှုန်း ဘယ်လို ဖြစ်လာမည် နည်းဟု ဧကန်မပြောရဲကြပေ။

ကိန်းစ်လား၊ ဗူဒူးလား

အကြမ်းဖက်ဝါဒစစ်ပွဲ ပြီးစီးသလောက် ဖြစ်နေပြီဟု မှန်းဆ၍ သမိုင်းကို ပြန်ကြည့်သည်လည်း ရှိသည်။ ဒုတိယကမ္ဘာစစ်ကြီးအပြီး၌ စီးပွားရေး ပြန်လည်ထူထောင်ရေး လုပ်ငန်းတို့ကို လော့ဒ်မေနပ်ကိန်းစ်၏ စီးပွားရေး အမြင်တို့ဖြင့် ဆောင်ရွက်ခဲ့ကြသည်။

ဘတ်ဂျက်လိုငွေတွေ ပြစေခဲ့သည်။ တစ်နည်းပြောရလျှင် အစိုးရအသုံးစရိတ်တို့ကို အရမ်းမြှင့်တင်ခဲ့သည်။ ငွေစက္ကူတွေ ပိုမို ရိုက်ထုတ်ခဲ့သည်။ အခွန်အတုတ်တွေ လျှော့ဖြတ်ပေးခဲ့သည်။ အတိုးနှုန်းတို့ကို သက်သက်အောင် လုပ်ပေးထားခဲ့သည်။

ယခု အာဖဂန်စစ်ပွဲအပြီး၌ မည် သည့် စီးပွားရေး လက်နက်တို့ကို သုံးစွဲမလဲဟု မေးခွန်းထုတ်ကြည့်ကြသည်။ အတိုးလျှော့သည်။ အခွန်ကောက် လျှော့ဖြတ်သည်။ ငွေစက္ကူ ပိုမို ရိုက်နှိပ်ထုတ်ဝေသည်။ ဘတ်ဂျက်လိုငွေ ပြန်ကျင့်သုံးသည် စသည်တို့မှာ ကိန်းစ်ဘောဂဗေဒက လမ်းညွှန်သော မူဝါဒတို့ ဖြစ်လေသည်။

ဘတ်ဂျက်လိုငွေနှင့် ပက်သက်၍ voodoo reganomics ဆိုသော ဘန်းစကားတစ်ခု ပေါ်ခဲ့ဖူးသည်။ သမ္မတရောနယ်ရီဂင် လက်ထက်က ဘတ်ဂျတ်လိုငွေသည် ထပ်ဖျား အမြင့်ဆုံးအထိ ခေါင်စိုက်ခဲ့သည်။ ဗူဒူးမှော်၊ အောက်လမ်း စုံးကဝေပညာတို့ဖြင့် စဉ်းစားသော ရီဂင်၏ ဘောဂဗေဒဟု ဆိုလိုခြင်း ဖြစ်သည်။ အခြေအနေမှန်ကို ယထာဘူတကျကျ မသုံးသပ်။ ရောင်းလိုအား အခြေပြုသော ဘောဂဗေဒ (supply-side-economics) ကို မျက်စိစုံမှိတ်ပြီး ကျင့်သုံးခဲ့သဖြင့် ဘတ်ဂျက်လိုငွေ ခေါင်စိုက်ခဲ့ရခြင်း ဖြစ်သည်ဟု ထောက်ပြကြသည်။

ယခု သမ္မတဘုရှ်အစိုးရကလည်း အခွန်လျှော့ဖြတ်၊ လိုငွေတိုး၊ ကုမ္ဗဏီကြီးတို့ကို ထောက်ပံ့ စသည့် ရောင်းလိုအားအခြေပြု ဘောဂဗေဒဖြင့် ကုစားရန် ပြင်ဆင်နေပုံရသည်။

ဤတွင် စီးပွားရေး ပညာရှင်များ အကြား မေးလာသော မေးခွန်းမှာ စက်တင်ဘာ ၁၁ ရက်အပြီး စီးပွားရေး ပြဿနာတို့ကို ကိန်းစ်ဘောဂဗေဒနည်းတို့ဖြင့် ဘယ်လောက်ရှင်းပေးနိုင်မလဲ။ သို့တည်းမဟုတ် Voodoo ဟု နာမည် တွင် ခဲ့သည့် ရောင်းလိုအားအခြေပြု ဘောဂဗေဒဖြင့် ဘယ်လောက် ဖြေရှင်းပေးနိုင်မလဲဟူ၍ ဖြစ်လာသည်။

ပေါ်ပေါက်လာမည့်  အကြမ်းဖက်တိုက်ခိုက်မှုတို့သည် စက်တင်ဘာ ၁၁ ရက် အ ဖြစ်အပျက်တို့ထက် ကြီးမလား၊ ငယ်မလား။ ရေနံထုတ်လုပ်မှုကို အကြမ်းဖက်သမားတို့က တိုက်ခိုက်လေမလားဆိုသော အချက်တို့သည် စီးပွားရေး ပညာနှင့် မဆိုင်လှသော်လည်း ထည့်တွက်ရမည့်  ရှော့ခ်အ ဖြစ် မှတ်ယူထားကြသည်။ ဇီးရိုးကိုလည်း မမေ့သင့်ပါ။

Ref: IHT- 21 Dec 2001

ဈေးကွက်ဂျာနယ်၊ အမှတ် ၂၄၉။

* * * * *


3G ဖုန်း ယဉ်ကျေးမှု

ကုန်ပစ္စည်းနှင့် ကုန်စည်

သာမန်အရပ်သားအမြင့်၌ ကုန်ပစ္စည်း (goods) နှင့် ကုန်စည် (commodities) တို့သည် အဓိပ္ဗာယ်ချင်းတူဟန်ရှိသည်။ သို့သော် စီးပွားရေး ပညာ၌ မူ ဤနှစ် ခုသည် မတူပေ။ အဓိပ္ဗာယ်ချင်း ခြားနားသည်။ ရှေးရိုးဘောဂဗေဒကျမ်းတို့ အဆိုအရ ကုန်ပစ္စည်း (goods) ဆိုသည်မှာ လူတို့၏ အလိုဆန္ဒကို ဖြည့်ဆည်းပေးသည့် မည် သည့်အရာကိုမဆို ဆိုလိုသည်။

တစ်ဖန် ကုန်ပစ္စည်းကိုပင် နှစ် မျိုးခွဲပြန်သည်။ သဘာဝပစ္စည်းများ ဖြစ်သော လေ၊ ရေတို့ကလည်း လူတို့၏ လိုအင်ဆန္ဒကို ဖြည့်ဆည်းပေးထားသည် ဖြစ်သော ကြောင့် သဘာဝကုန်ပစ္စည်း (natural goods) ဟု ခေါ်သည်။ လူတို့က ကြိုးပမ်းအားထုတ်ရာမှ ပေါ်ပေါက်လာသော ကုန်ပစ္စည်းတို့ကိုမူ စီးပွားရေး ပစ္စည်း (economics goods) ဟု ခြားနားစွာ ခေါ်ဆိုသည်။

ဤ စီးပွားရေး ကုန်ပစ္စည်းတို့ကို အခြားသူများ နှင့် ဖလှယ်ရန်၊ ကျယ်ကျယ်ပြန့်ပြန့် ပြောရသော် ဈေးကွက်၌ ရောင်းချရန် ဟုဆိုကာမှ ကုန်စည် (commodities) ဟူ၍ ဖြစ်သွားသည်။ စာရေး သူကိုယ်တိုင်က မာ့ခ်စ်ဘောဂဗေဒကျမ်းတွင် ဈေးကွက်အတွက်ရည်ရွယ်သော ကုန်စည်တို့ကို ရောင်းကုန်ဟု သုံးနှုန်းခဲ့သည်။ ကိုယ့်ဟာကိုယ်ထုတ်၊ ကိုယ့်ဟာကိုယ်စားဖို့ရာ ရည်ရွယ်သော ကုန်စည်တို့သည် ဈေးကွက်ကို မရည်ရွယ်သဖြင့် ရောင်းကုန် ဖြစ်မလာသေးပေ။

ဤ ကကြီး၊ ခခွေးကို ပြန်၍ နှူးရသည်မှာ စာရေး သူ၌ ရည်ရွယ်ချက်ရှိသည်။ Icon ခေါ် အထွတ်အမြတ်၊ အမွန်အမြတ်ထားသော အရာတို့ အကြောင်းကို ရှင်းပြလို၍ ဖြစ်သည်။ ဆက်ပြီး ဖုန်းယဉ်ကျေးမှု (phone culture) အကြောင်းကို ပြောလို၍ ဖြစ်သည်။ ဖုန်းမှာ မှ 3G phone တို့အကြောင်း၊ 3G ယဉ်ကျေးမှု အကြောင်းတို့ပေတည်း။

အိုင်ကောင်

အထက်တွင် ကုန်ပစ္စည်းမှစီးပွားရေး ၊ ထိုမှ ကုန်ရောင်းသို့ ပြောင်းလဲလာပုံတို့ကို ရှင်းပြခဲ့သည်။ ယခုအပြောင်းအလဲသည် တစ်ဆင့် မြင့်တက်သွားပြန်သည်။ အချို့ သော ကုန်စည်တို့သည် ကုန်စည်သက်သက်သာ မ ကတော့ဘဲ အထွတ်အမြတ် အမွန်အမြတ်ထားရာ အိုင်ကောင် (icons) တွေ ဖြစ်လာချေပြီ။ ရုပ်တု၊ ပုံတော် တွေ ဖြစ်လာပြီ။

ကုန်စည်တစ်မျိုးသည် လူတွေ ၏ အသည်းစွဲ ဖြစ်လာ၊ လူတွေ အတွက် မ ဖြစ်မနေ လိုအပ်ချက် ဖြစ်လာ၊ လူတွေ ပါးစပ်ဖျားမှာ သီးနေသော စကား ဖြစ်လာ၊ ဤကုန်စည်မှ မသုံးစွဲရလျှင် ခေါင်းကိုက်သလိုလို ဝေဒနာခံစားရသော အခြေအနေမျိုး ဖြစ်လာ၊ လူတို့ရဲ့ မရှိမ ဖြစ် အဆင့်အတန်းပြသင်္ကေတ (status symbol) ဖြစ်လာ။ တစ်နိုင်ငံတည်းလည်း မဟုတ်၊ တစ်ကမ္ဘာလုံးသို့လည်း ပျံ့ နှံ့ လာ။ အလွန့်အလွန် ပေါ်ပြူလာ ဖြစ်၊ ဖက်ရှင် ဖြစ်လာ။ ရေပန်းစားလာ။ ကမ္ဘာသုံးလည်း ဖြစ်လာ။ ဤသို့ ဖြစ်လာသော ကုန်စည်မျိုးတို့ကို သာမန်ကုန်ပစ္စည်းမျိုးအ ဖြစ် သဘောမထားနိုင်တော့ပြီ။ လူတွေ ကိုယ်တိုင်က ဖော်ပြပါအကြောင်းတို့ကြောင့် အမြတ်တနိုး ထားလာသည့်အတွက် ဤကုန်ပစ္စည်းတို့သည် အိုင်ကောင် ဖြစ်သွားကြပြီ။

အချို့ သော ပညာရှင်တို့က ဤ အိုင်ကောင်သဘောကိုပင် သင်္ကေတလွန်များ (meta symbol) ဟု သုံးနှုန်းသည်။ သာမန်သင်္ကေတမဟုတ်။ မဟာသင်္ကေတတွေ ဖြစ်လာသည်။ အဓိပ္ဗာယ်ကို သင်္ကေတသက်သက်ထဲတွင် ရှာလို့မရတော့။ ဤသင်္ကေတတို့လို လွန်၍ ၊ ကျော်၍ ကြည့်ရတော့မည် ဟု ဆိုသည်။ ကုန်စည်မှ အိုင်ကောင်များ အ ဖြစ်သို့ ပြောင်းလဲသွားသော အရာအချို့ ကို ဥပမာအနေဖြင့် ပြရလျှင် (၁) မော်တော် ကား (၂) မက်ဒေါ်နယ် ဟမ်ဘာဂါ အသားညှပ်ပေါင်မုန့် (၃) တီဗီ (၄) အင်တာနက် (၅) တယ်လီဖုန်း အစရှိသည်တို့ ဖြစ်ကြသည်။ ယခုဆောင်းပါး၌ အိုင်ကောင် ဖြစ်လာသော တယ်လီဖုန်း အစရှိသည်တို့ အကြောင်းကိုသာ ပြောလိုသည်။ တယ်လီဖုန်း၌ လည်း မိုဘိုင်းဖုန်းကိုသာ။

ပဉ္စလက်ဖုန်းလော

နောက်ဆုံးပေါ် တယ်လီဖုန်းကို 3G ဟု ခေါ်သည်။ တတိယ မျိုးဆက်သစ် (third generation) ကို အတိုကောက်ခေါ်ထားခြင်း ဖြစ်သည်။ တယ်လီဖုန်း၌ လည်း မိုဘိုင်းဖုန်း၊ လက်ကိုင်ဖုန်းတို့ကိုသာ ရည်ညွှန်းသည်။ မိုဘိုင်းဖုန်း လောကသည်ပင်လျှင် ပထမမျိုးဆက်၊ ဒုတိယမျိုးဆက်တို့ကို ကျော်ဖြတ်လာပြီး ယခု တတိယမျိုးဆက်ထဲ ၀င်လေပြီ။

တတိယမျိုးဆက်သစ် မိုဘိုင်းဖုန်းကို ပဉ္စလက်ဖုန်းလို့ခေါ်လျှင် ရမလားမသိ။။ နတ်သိကြားတွေ ဖန်ဆင်းလိုက်သော ဖုန်းလားလို့ ထင်ရသည်။ ဖန်ရှင် (functions) တွေ က များ မှများ ။ မိုဘိုင်းဖုန်း တစ်လုံးတည်းဖြင့် (၁) စကားပြောလို့လည်း ရသည်။ ကမ္ဘာ့ဘယ်နေရာကို ပြောမလဲ၊ ရသည်။ (၂) တီဗီကြည့်မလား၊ ရသည်။ (၃) ဒိုင်ခွက်ငယ်ပါသည်။ (၄) ဗီဒီယိုကင်မရာလည်း ပါသည်။ (၅) အင်တာနက်နှင့် ချိတ်ဆက်မလား၊ ရသည်။ (၆) ပီဒီအေမှတ်စုလည်း ပါသည်။ (၇) တေးဂီတသီချင်း နားထောင်မလား၊ ရသည်။ (၈) ဖက်စ်ပို့မလား၊ ရသည်။ အဲဒီ လောက်တောင် ပါနေသော မိုဘိုင်းဖုန်းကို multi tasking လို့ ခေါ်သည်။ တစ်လုံးတည်းနှင့် လုပ်ငန်းမျိုးစုံလုပ်နိုင်သော ဖုန်းပေတည်း။ 3G ဖုန်းနှင့် ဆက်သွယ်မှုကလည်း အံ့သြစရာကောင်းလောက်အောင် အလွန်မြန်သည်။ ဥပမာအနေဖြင့် စာမျက်နှာပေါင်း ၁၃၀၀ ရှိသော တော် လ်စတွိုင်း၏ စစ်နှင့် ငြိမ်းချမ်းရေး ၀တ္ထုကြီးကို အင်တာနက်မှမျှောချလျှင် ယခင်ဖုန်းဖြင့် ဆိုလျှင် ၅၆ မိနစ် နှင့် ၃၄ စက္ကန့်ကြာသည်။ ကွန်ပျူတာမော်ဒမ် (modem) နှင့် မျှောချလျှင် ၅၆ စက္ကန့်ကြသည်။ ယခု 3G ဖုန်းနှင့် မျှောချလျှင် (ကားထဲမှာ ဆိုလျှင်) ၂၅ စက္ကန့်။ လမ်းလျှောက်ရင်းဆိုလျှင် ၈ . ၃ စက္ကန့်။ အမြန်ဆုံးမြှင့်ချင်လျှင် ၁ . ၆ စက္ကန့်နှင့် မျှောချနိုင်သည်။ အလွန်မြန်လှသည်။

ဘ၀နေဟန်

တယ်လီဖုန်း ကုမ္ဗဏီကြီးတို့သည် ဤမျှအစွမ်းထက်သော မိုဘိုင်းဖုန်းကို အမြန်အဆန် တီထွင်ကြပြီးသည့်နောက် ဈေးကွက်ထဲ နေရာဦးအောင် အသည်းအသန် ဈေးကွက်လုနေကြသည်။ တယ်လီဖုန်း ကုမ္ဗဏီကြီးတို့၏ မိုဘိုင်းဖုန်း ဈေးကွက်လုပွဲသည် စစ်ပွဲကြီးများ ဆင်နွှဲသလို ဖြစ်နေ၍ Phone Wars: Episode 3G ဟု တိုင်းမဂ္ဂဇင်းကြီးက အမည် ပေးထားရသည်။

လုပ်ငန်းပေါင်းစုံ လုပ်ပေးနိုင်သော 3G မိုဘိုင်းဖုန်း မည် သူက မလိုချင်ဘဲ နေပါမည် နည်း။ ဤမှာ ဖန်ရှင်တွေ များ လာသည့်အတွက်လည်း မိုဘိုင်းဖုန်းသည် အိုင်ကောင် ဖြစ်လာပြီ။ Icon သဘောသက်ရောက်လာလျှင် ယဉ်ကျေးမှု လက္ခဏာလည်း ၀င်လာတော့သည်။ ခေတ်သစ်ယဉ်ကျေးမှုကို ဖုန်းယဉ်ကျေးမှု (phone culture) လို့ပင် ပညာရှင်တို့က ခေါ်ဆိုလာကြသည်။

ယဉ်ကျေးမှုဆိုသည်မှာ ဘ၀နေဟန်ကို ထင်ဟပ်ခြင်း ဖြစ်သည်။ ဖုန်းတို့သည် ဘ၀နေဟန်ကို အကြီးအကျယ် ပြောင်းလဲစေခဲ့သည်။ 3G ဖုန်းဆိုလျှင် ဘယ်ပြောကောင်းပါ့မလဲ ဆိုလောက်သည်။ ဘ၀နေဟန်၊ အထူးသဖြင့် လူငယ်တို့၏ ဘ၀နေဟန်သည် အကြီးအကျယ် ပြောင်းလဲသွားတော့မည် ။

ဝက်ဘ်ရည်းစား

နိုင်ငံခြားရုပ်ရှင် ဗီဒီယိုဇာတ်ကားနှင့် နိုင်ငံခြားဂြိုလ်တု သတင်းကားတို့တွင် မြို့ ကြီးတို့မှ ပလက်ဖောင်းတစ်လျှောက် ခပ်သုတ်သုတ်လျှောက်ရင်း မိုဘိုင်းဖုန်းတွေ ကိုယ်စီနှင့် လူငယ်တွေ စကားပြောကြသည့် လှုပ်ရှားမှုတို့မှာ ကြည့်လိုပင် ကောင်းလှသေးသည်။ အလွန် ဝေေ၀ဆာဆာရှိသည်။ ဤပုံတို့သည် ပြောင်းလဲသွားသော ဘ၀နေဟန်(၀ါ) ယဉ်ကျေးမှုတို့ကို ထင်ဟပ်ခြင်းလည်း ဖြစ်တန်ရာသည်။

ယခုလည်း 3G ဖုန်းတို့ကြောင့် ဘ၀နေဟန်ပြောင်းဦးမည် ။ ပထမ အပြောင်းအလဲက ဤသို့။ ကွန်ပျူတာကီးဘုတ်တွင် လက်ဆယ်ချောင်းစလုံး အသုံးပြုရန် မလိုတော့ပြီ။ 3G ဖုန်းကီးဘုတ်၌ လက်မနှင့် လိုရာနှိပ်ပြီး လိုရာ function ကို ခေါ်ယူအသုံးပြုလို့ ရနိုင်ပြီ။ ထို့ကြောင့် ဝေဖန်ဆန်းစစ်သူတို့က 3G ပေါ်လာ၍ လက်ဆယ်ချောင်းယဉ်ကျေးမှု မှေးမှိန်သွားစရာရှိသည်။ လက်မယဉ်ကျေးမှု ပေါ်ပေါက်လာမည် ဟု ပြောကြသည်။

နောက် ရည်စားထားလိုလျှင်၊ သို့မဟုတ် မိတ်ဖွဲ့ လိုလျှင် မျက်နှာချင်းဆိုင်၊ လူချင်းဆိုင်တွေ့  ရန် မလိုဘဲ 3G ဖုန်းမှ ကီးဘုတ်ကို လက်မနှင့် နှိပ်ပြီး အင်တာနက် ၀က်ဘ်ဆိုက်မှတစ်ဆင့် ရည်းစားထားနိုင်သည်။ ဖူးစာရေး နတ်သည် 3G ဖြစ်လာမည့် ပုံ။ တစ်ဖက်မှပုဂ္ဂိုလ် ချော၊ မချောမှာ ကိုယ့်ကံပင်။

3G ဖုန်းကိုအသုံးပြုလျှင် နည်းပညာအရ i-mode ဆိုသော စနစ်ကို အသုံးပြုရသည်။ ဂျပန်တီထွင်သူတို့၏ အဆိုအရ မိုဘိုင်းဖုန်းကို တီထွင်ရသည်မှာ အဝေးပြေးမော်တော် ယာဉ် ဒရိုင်ဘာများ ကြောင့် ဖြစ်သည်။ သူတို့၏ လိုအပ်ချက်ကို ဖြည့်ဆည့်ပေးရန် ရည်ရွယ်ချက်နှင့် တီထွင်ရခြင်း ဖြစ်သည်။ ကားဂိတ်ရောက်မှ နီးရာတယ်လီဖုန်းရုံကနေပြီး မိမိကား ဘယ်ရောက်နေကြောင်း ဌာနချုပ်သို့ သတင်းပို့ရသည့်ဒုက္ခမှ လွန်ကင်းအောင်ဆိုပြီး သူတို့အတွက် မိုဘိုင်းဖုန်းကို တီထွင်ပေးခဲ့ရသည်ဟု ဆိုသည်။

ယခု 3G ဖုန်းနှင့် ဆိုတော့ အလွန် စမတ်ကျနေသည်။ 3G နှင့် မမြင်ရသည့် အမျိုးသမီးတစ်ဦးကိုလည်း ကားမောင်းရင်း လက်တည့်စမ်း ရည်းစားထားနိုင်နေကြသည်။ ဘ၀နေဟန်၊ အလုပ်စတိုင်တို့ အကြီးအကျယ် ပြောင်းလဲလိမ့်မည် ဟု မှန်းဆထားကြသည်။

Ref: Time 27 Nov 2000

ဈေးကွက်ဂျာနယ်၊ အမှတ် ၂၀၀

* * * * *


အခန်း (၂)

အရွယ်သုံးပါး ဘယ်လိုဆက်စပ်

ပေါ်လစီနှင့် လွတ်လပ်ဈေးကွက်

လူ့အဖွဲ့ အစည်းအတွက် ပဓာနကျစွာ အရေး ကြီးသော အရွယ်အစား သုံးပါး ရှိပါသည်။ ၎င်းတို့မှာ (၁) အိမ်ထောင်စု အရွယ်အစား (size of family) (၂) စီးပွားရေး လုပ်ငန်းတို့၏ အရွယ်အစား (firm’s size) နှင့် (၃) အစိုးရ အရွယ်အစား (the size of the Government) တို့ဟူ၍ ဖြစ်သည်။

ဤ အရွယ်အစား သုံးပါးအကြောင်းကို ဖရန်စစ်ဖူကူယားမားက သူ၏ ယုံကြည်မှု (Trust) စာအုပ်ထဲတွင် သမိုင်းနှင့် ယဉ်ကျေးမှုကို အခြေခံ၍ နက်နဲစွာ သုံးသပ်ဖော်ပြထားသည်။ ၂၁ ရာစုနှစ် ထဲ၌ နိုင်ငံရေး ၊ စီးပွားရေး ၊ လူမှုရေး နှင့် စစ်ရေး တို့တွင် ယဉ်ကျေးမှုမျက်နှာစာက အတော် အတန် နေရာယူထားပြီး အထူးအရေး ပါ အရာရောက် လာလိမ့်မည် ဟု သူကဆိုထားသည်။ ထို့ကြောင့် ယဉ်ကျေးမှုရှုထောင်မပါဘဲ မည် သည့်သုံးသပ်ချက်မျိုးမှ ယထာဘူတ မကျနိုင်တော့ပြီဟု သူကဆိုသည်။

ယခုလက်ငင်း ဖင်စီ ဖြစ်ပြီး အကြိတ်အနယ်၊ အချေအတင် ဆွေးနွေးနေကြသော ပြဿနာများ မှာ ပေါ်လစီလား၊ သို့တည်းမဟုတ် လွတ်လပ်သော ဈေးကွက်လား (Policy versus free market) ဟူ၍ ဖြစ်သည်။ ပေါ်လစီသည် အစိုးရနှင့် သက်ဆိုင်သည်။ တစ်နည်းပြောရလျှင် ပေါ်လစီသည် အစိုးရ၏ စီးပွားရေး လောကအတွင် ပါဝင်ပတ်သက်မှုနှင့် ၀င်ရောက်စွတ်ဖက်မှုတို့ကို ထင်ဟပ်သည်။

ဆာမူရိုင်းမှ ဘူဇွာသို့

ပေါ်လစီတို့သည် အစိုးရ၏ အရွယ်အစားကိုလည်း ရောင် ပြန်ဟပ်သည်။ အစိုးရ၏ အရွယ်အစားပြဿနာနှင့် ပက်သက်၍ ဖရန်စစ်ဖူကူယားမားက တရုတ်၊ ဂျပန်၊ ကိုရီးယား၊ အမေရိကန်၊ ပြင်သစ်၊ အီတလီ နှင့် ဂျာမနီတို့ကို နမူနာ စံထား၍ သုံးသပ်ကြည့်သည်။ သမိုင်း ဖြစ်စဉ်တစ်ရပ်ကိုလည်း ကိုးကားသည်။

လူမှုစီးပွားရေး သိပ္ဗံပညာရှင် အယ်လ်ဘတ်ဟပ်ရှ်မင်က လူ့အဖွဲ့ အစည်း၏ ဆင့်ကဲပြောင်းလဲလာပုံကို ဤသို့ပြောသည်။ လူတို့သည် ရှေးဦးပထမ passion ခေါ် စုံမက်မြတ်နိုးမှု ရမ္မက်အပေါ် အခြေခံ အာရုံစူးစိုက်၍ လှုပ်ရှားသည်။ ယင်းမှ interest ခေါ် ရုပ်ဝတ္ထုပစ္စည်းတို့တွင် ပေါများ လိုသော အကျိုးစီးပွားအပေါ် အခြေခံ၍ ပြောင်းလဲလှုပ်ရှားခဲ့ကြသည်။ စုံမက်မြတ်နိုးမှုမှာ ဂုဏ်ရောင် ပြောင်မြောက်လိုမှုရမ္မက် (passion for glory) က အဓိက ဖြစ်သည်။

သာဓကအနေနှင့် ဂျပန်တွင် ဖြစ်ထွန်းခဲ့သော ဆာမူရိုင်းယဉ်ကျေးမှုသည် ဂုဏ်ရောင် ပြောင်လိုမှုရမ္မက်ကို ထင်ဟပ်ခဲ့ခြင်း ဖြစ်သည်။ ကျင့်ဝတ်သီလအ ဖြစ် ဘူရှီဒိုစိတ်ဓာတ် လက်ကိုင်ထားခဲ့သည်။ ဤ ဆာမူရိုင်းတို့ပင်လျှင် အကျိုးစီးပွားဘက်ဆီသို့ ပြောင်းလဲသည့်အနေဖြင့် စီးပွားရေး လုပ်ငန်း (business) ထဲ ၀င်ကြကုန်သည်။ ဆာမူရိုင်းမှ ဘူဇွာဇီ (အရင်းရှင်) တွေ ဖြစ်လာကြသည်။ အရင်းရှင် ဖြစ်စေကာမူ ဘူရှီဒိုကျင့်ဝတ်တို့ကိုကား မစွန့်လွှတ်ခဲ့။ မွမ်းမံပြင်ဆင် သုံးစွဲခဲ့ကြသည်။ နိုင်ငံရေး သိပ္ဗံပညာရှင် သော မတ်ခ်ဟော့ပ်က အနောက်တိုင်း လူ့အဖွဲ့ အစည်းတို့၌ လည်း အလားတူ ကူးပြောင်းမှုမျိုး ဖြစ်ခဲ့သည်ဟု ထောက်ပြသည်။ ဂုဏ်ရောင် ပြောင်လိုမှုရမ္မက် (desire for glory) မှ ဥစ္စာဓနကို စုဆောင်းလိုမှု (rational accumulation) ဘက် ကူးပြောင်းခဲ့ကြသည်။

သူရဲကောင်းထက် ဘူဇွာ ဖြစ်ဖို့က ပို၍ အရေး ကြီးလာခဲ့ကြသည်။

မိသားစုမှ ကော်ပိုရေး ရှင်းသို့

ပြင်သစ်တွင် အစိုးရ၏ စီးပွားရေး အပေါ် ကွပ်ကဲမှုနှင့် စီးပွားရေး ထဲ ၀င်ရောက်စွက်ဖက်မှုသည် သမိုင်းအရပင် အလွန်ကြီးမားခဲ့သည်။ ဤ ကိစ္စနှင့် ပတ်သက်၍ ဖရန်စစ်ဖူးကူးယားမားက ဝေါဟာရတစ်လုံးကို သုံးသည်။ ယင်းမှာ dirigisme ဖြစ်သည်။ အဓိပ္ဗာယ်မှာ အစိုးရက စီးပွားရေး ထဲ ကြီးကြီးမားမား ၀င်ရောက်စွက်ဖက်ခြင်း (heavy intervention of the Government) ဟုလည်း အဓိပ္ဗာယ်ထွက်သည်။ Active involvement of the State in economic life ဟူ၍ လည်း အဓိပ္ဗာယ်ထွက်သည်။

တရုတ်ပြည်တွင် ပဒေသရာဇ်ဘုရင်များ လက်ထက်ကပင် အင်အား တောင့်တင်းသော အင်ပါယာပြည့်ရှင် (strong Empire) ဖြစ်အောင် ကြိုးပမ်းကြသော သမိုင်း ရှိခဲ့သည်။ အစိုးရအပေါ် မှီတည်သော ယဉ်ကျေးမှု (state-oriented culture) က လွှမ်းမိုးခဲ့သည်ဟု ဖရန်စစ်ဖူးကူးယားမားက ပုံဖော်ခဲ့သည်။ ဂျပန်နှင့် ပတ်သက်၍ မူ အချို့ ပညာရှင်တို့နှင့် ခြားနားနေပြီး ဂျပန်ယဉ်ကျေးမှုသည် အစုအဝေးအပေါ် အခြေစိုက်ယဉ်ကျေးမှု (group-oriented culture) ဟု အကဲဖြတ်သည်။ ဥပမာအနေဖြင့် လုပ်သားတို့သည် အစိုးရအပေါ် သစ္စာခံသည်ထက် မိမိတို့လုပ်ကိုင်နေသည့် ကုမ္ဗဏီတို့အပေါ် ပိုပြီး သစ္စာခံကြသည့်အ ဖြစ်ကို ပြသည်။

သို့ရာတွင် တစ်ဖက်၌ အစိုးရလမ်းညွှန်ဖွံ့ ဖြိုးတိုးတက်မှု (state guided development) ကလည်း အစဉ်အလာနှင့် ရှိနေခဲ့၍ ဤယဉ်ကျေးမှုကလည်း ရှိနေသည်။ တောင်ကိုရီးယား၏ ယဉ်ကျေးမှုသည် ဂျပန်နှင့် နီးစပ်သည်ထက် တရုတ်နှင့် ပို၍ နီးစပ်သည်ဟု ဖရန်စစ်ဖူးကူးယားမားက သုံးသပ်သည်။

သူက ဘာကိုကြည့်သနည်းဆိုမူး မိသားစုအခြေစိုက် စီးပွားရေး (family based business) မှ ခေတ်သစ် ကော်ပိုရေး ရှင်းကြီးများ အ ဖြစ်သို့ ပြောင်းလဲဖွဲ့ စည်းရာတွင် အစိုးရကဦးဆောင်ပြီး ဖွဲ့ စည်းပေးခြင်းကို ကြည့်သည်။ ဤသို့ ဖွဲ့ စည်းပေးရာ၌ အခက်အခဲတွေ အများ ကြီး တွေ့  ရသည်။ ကိုရီးယား မိသားစုစီးပွားရေး သည် မိမိ မိသားစုမှအပ အပြင်လူကို အ၀င်မခံလိုသော အကြောင်းကြောင့် ဤသို့ အခက်အခဲများ တွေ့  ရခြင်း ဖြစ်သည်။ မိသားစုစီးပွားရေး မှ ကော်ပိုရေး ရှင်းကြီးတို့၏ ပုံစံသို့ ပြောင်းလဲရာတွင် အပြင်လူ (outsiders) တို့ကို လက်ခံနိုင်မှ ဖြစ်မည် ။ အစိုးရက ဤသို့လက်ခံရန် ဖိအားပေးသုံးစွဲခဲ့ရသည်။ သို့ဖြင့် တောင်ကိုရီးယားတွင် ချားဘိုးလ် (Chaebol) တွေ ပေါ်ပေါက်လာသည်။

အရွယ်နှင့် စကေး

ဖရန်စစ်ဖူးကူးယားမားက အစိုရ၏ ကဏ္ဍကို နှစ် ပိုင်းခွဲကြည့်သည်။ ပထမအပိုင်းမှာ စီးပွားရေး ဖွံ့ ဖြိုးအောင် အစိုးရက ဦးဆောင်လမ်းညွှန်သည့်အပိုင်း ဖြစ်သည်။ ဒုတိယအပိုင်းမှာ မိသားစုအခြေစိုက် စီးပွားရေး မှ နိုင်ငံစုံကော်ပိုရေး ရှင်းကြီးများ အ ဖြစ်သို့ ကူးပြောင်းဖွဲ့ စည်းရေး ဖြစ်သည်။ Organizational change ဖြစ်သည်။

ဘောဂဗေဒပညာသဘောအရ ပြောရလျှင် ဆောင်းပါးအစတွင် ဖော်ပြထားသော စီးပွားရေး လုပ်ငန်းတို့၏ အရွယ်အစား (firm’s size) ကို အငယ်စားမှ အကြီးစားအရွယ်အစား ဖြစ်လာအောင် တိုးချဲ့ ဖွဲ့ စည်းပေးရန် ဖြစ်သည်။ Economics of scale စကေးချဲ့ ခြင်းဟု ခေါ်သည်။ စကေးမချဲ့ ဘဲ စီးပွားရေး ဖွံ့ ဖြိုးမှုဆိုသည်မှာ မ ဖြစ်နိုင်သလောက်ပင် ဖြစ်သည်။ အကြီးစားစကေးတို့၏ အကျိုးကျေးဇူးတို့ကို ရိတ်သိမ်းလိုသည်။

ဤနေရာ၌ စီးပွားရေး လုပ်ငန်းတို၏ အရွယ်အစားနှင့် စကေးတို့ကို တိုးချဲ့ ကြီးထွားစေရာတွင် အရှေ့ အာရှ၌ အတွေ့  အကြုံ နှစ် မျိုးနှစ် စား ပေါ်ထွန်းပုံကို ဖရန်စစ်ဖူးကူးယားမားက ရှင်းပြသည်။

ပထမအမျိုးအစားမှာ ဂျပန်နှင့် ကိုရီးယားတို့၏ ပုံစံ ဖြစ်သည်။ အစိုးရက ၀င်ရောက်စွက်ဖက်၍ အစိုးရ၏ ကူညီထောက်ပံ့မှုတို့ဖြင့် ဂျပန်နှင့် တောင်ကိုရီးယားမှာ စီးပွားရေး လုပ်ငန်းတို့သည် အရွယ်အစားနှင့် စကေး ကြီးမားခဲ့သည်။ Government-aided transformation ဟုခေါ်သည်။ ဂျပန်တွင် Keiretsu စနစ်၊ ကိုရီးယားတွင် ချားလ်ဘိုးတို့ ပေါ်ထွန်းကြီးထွားခဲ့သည်။

ဒုတိယအမျိုးအစားသည် အရှေ့ အာရှ တောင်ပိုင်းနိုင်ငံတို့က ဆောင်ရွက်လိုက်သော ပုံစံ ဖြစ်သည်။ ဤပုံစံမှာ နိုင်ငံခြားအရင်းအနှီးတို့ကို အားရပါးရ ကြိုဆို လက်ခံ၍ ဤနိုင်ငံခြားအရင်းအနှီးတို့ဖြင့် မိသားစုအခြေစိုက် စီးပွားရေး နှင့် အသေးစား၊ အငယ်စားအရွယ် စီးပွားရေး တို့ကို ကော်ပိုရေး ရှင်းကြီးတွေ ဖြစ်အောင် ပြောင်းလဲဖွဲ့ စည်းလိုက်သော ပုံစံ ဖြစ်သည်။

ယဉ်ကျေးမှုသုံးမျိုး

ဖရန်စစ်ဖူးကူးယားမားက အစိုးရ ၀င်ရောက်စွက်ဖက်မှု၏ အတိုင်းအတာနှင့် ပုံစံတို့သည် နိုင်ငံအလိုက် လူ့အဖွဲ့ အစည်းကို အခြေခံအားဖြင့် သုံးမျိုးခွဲသည်။ (၁) နိုင်ငံတော် အစိုးရအခြေစိုက် ယဉ်ကျေးမှု (state-oriented culture) (၂) လူတစ်ဦးချင်းအပေါ်အခြေစိုက် ယဉ်ကျေးမှု (group-oriented culture) တို့ဟူ၍ ဖြစ်သည်။

နိဂုံးချုပ်ရေး ရလျှင် စီးပွားရေး လုပ်ငန်းတို့၏ အရွယ်အစားကို ကော်ပိုရေး ရှင်းကြီးများ အဆင့်ရောက်အောင် ကူးပြောင်းဖွဲ့ စည်းရေး ၊ အကျိုးဆက်အားဖြင့် မိသားစု စီမံအုပ်ချုပ်မှု (family management) မှ ကျွမ်းကျင်သူတို့က စီမံအုပ်ချုပ်မှု (professional management) ဆီသို့ ကူးပြောင်းပေါ်ထွန်းရေး ၊ ပုဂ္ဂလိကပိုင်း စီးပွားရေး သည် နိုင်ငံတော် ကို တိုးချဲ့ ထားရာ (extension of State) ဖြစ်နေသလား၊ သို့ တည်းမဟုတ် ပုဂ္ဂလိကပိုင်းနှင့် နိုင်ငံတော် တို့ ပါတနာအ ဖြစ် တည်ရှိ ဆက်ဆံသလား။ စီးပွားရေး ကို ဘယ်သူက အဓိကမောင်းသလဲ။ အစိုးရလား၊ ပုဂ္ဂလိကပိုင်းလားဆိုသော ပြဿနာအ၀၀တို့သည် ဖရန်စစ်ဖူးကူးယားမား၏ အဆိုအရ နိုင်ငံအလိုက်၏ ယဉ်ကျေးမှုအခြေအနေအပေါ် အများ ကြီး မှီတည်နေပါသည်။ သူက လူမှုပေါင်းသင်းဆက်ဆံမှု (sociability) (၀ါ) လူမှုအရင်းကို ယဉ်ကျေးမှု အကြောင်းအရာအ ဖြစ် အဓိက အလေးပေးသည်။

ဈေးကွက်ဂျာနယ်၊ အမှတ် ၂၀၁။

* * * * *


မျဉ်းပြတ်ဝန်းကျင်ထဲ လူးကာ လွန့်ကာ

မီးရှူးတန်ဆောင်နှစ် ခု

ကားလ်မတ်စ်က ဓန၏ ဇာစ်မြစ်သည် လုပ်အား (labour) ဟု ဟောခဲ့သည်။ ပီတာ အက်ဖ် ဒရပ်ကာက ကားလ်မတ်စ်၏ လုပ်အားသီအိုရီမှာ ဟာကွက်တို့ကို ထောက်ပြပြီးသည့်နောက် ဓန၏ ဇာစ်မြစ်သည် ပညာ (knowledge) ဟု ဖော်ထုတ်ခဲ့သည်။

မိမိတို့ ဘာလုပ်မည် ကို သိနေသော အလုပ်။ တစ်နည်းပြောရလျှင် လက်ရှိလုပ်နေသော အလုပ်တွင် ပညာကိုအသုံးပြုပါက ကုန်ထုတ်အစွမ်းသတ္တိ (productivity) ဆိုပြီး ပေါ်လာသည်။ တစ်ခါမှ မလုပ်ဖူးသေးသော အလုပ်သစ်၊ လက်ရှိလုပ်နေသော အလုပ်နှင့် ခြားနားသော အလုပ်သစ်တွင် ပညာကို အသုံးပြုပါက အသစ်အဆန်း တီထွက်ချက် (innovation) ဆိုပြီး ပေါ်လာသည်။

ပီတာဒရပ်ကာသည် ဆိုခဲ့ပါအတိုင်း ရှင်းပြပြီးသည့်နောက် ကုန်ထုတ် အစွမ်းသတ္တိနှင့် အသစ်အဆန်း တီထွင်ချက်တို့သည် စီးပွားရေး တိုင်းအတွက် မီးရှူးတန်ဆောင် ဖြစ်သင့်သည်၊ လမ်းပြမီးပွိုင့် ဖြစ်သင့်သည်ဟု အကြံပေးသည်။ ပီတာဒရပ်ကာသည် ပညာ၏ အရေး ပါပုံကို ဆိုခဲ့ပါအတိုင်းရှင်းပြရင်း နောင်တွင် အရေး ပါ အရာရောက်လာမည့်  ပညာ၏ ပုံသဏ္ဍန်မှာ အလွန်အဆင့်မြင့် အထူးပညာ (highly specialzed knowledge) ဟု ထောက်ပြသည်။

သို့ရာတွင် ပီတာဒရပ်ကာသည် ထိုသို့ အချက်အချာကျစွာ အရေး ပါ အရာရောက်လာမည့်  ပညာ၏ သဘာဝ (nature of knowledge) ကိုမူ တိတိကျကျ ရှင်းမပြခဲ့ပေ။ အရိပ်အမြွတ်လောက်သာ ပြောသည်။ ၂၁ ရာစုနှစ် သည် အစဉ်အဆက်ပြတ်သော ခေတ် (age of discontinuity) ဖြစ်လိမ့်မည် ဟု ဟောခဲ့သည်။

ယခုနောက်ပိုင်း ပညာရှင်တို့က အစဉ်အဆက်ပြတ်ခြင်းကို တခြားစကားနှင့် ပြောလာကြသည်။ ယင်းမှာ non-linear environment ဟုဆိုခြင်း ဖြစ်သည်။

သို့ သော် မထုံနဲ့

ပြင်သစ်နိုင်ငံ၊ ဖောင်တိန်ဘလူးတွင် ဥရောပသမဂ္ဂအတွက် တည်ထောင်ထားသော နာမည် ကြီး INSEAD စီးပွားရေး ၊ စီမံခန့်ခွဲမှုတက္ကသိုလ်၌ စီးပွားရေး နှင့် သတင်းအင်ဖော်မေးရှင်း ပညာရပ်ဆိုင်ရာ ပါမောက္ခ ဖြစ်သူ ဆူမိတြာဒတ်တားက အင်တာနက်သည် အခြေခံအားဖြင့် မျဉ်းဆက်မဟုတ်သော ၀န်းကျင် (non-linear environment) ဖြစ်သည်။ ထို့ကြောင့် မျဉ်းဆက်မဟုတ်သော နည်းတို့ ထုတ်ဖော်ပြောဆိုသည်။ အီး-ကော်မတ်စ်လို့လည်း ခေါ်ကြ၊ အီး-မတ်ကက် (e-market) လို့လည်း ခေါ်ကြသော စီးပွားရေး လုပ်နည်းတစ်ခုလုံးသည် အကြောင်းအကျိုး ဆက်စပ်ပုံတို့ကို မျဉ်းတစ်ဆက်တည်းနှင့် ၊ မျဉ်တစ်ကြောင်းတည်းနှင့် တွေးခေါ်၍ မရသော ပညာတို့ ဖြစ်ကြဟန်တူသည်။ မျဉ်းမျိုးစုံ၊ မျဉ်းပြတ်မျိုးစုံတို့နှင့် တွေးခေါ်ရမည် ။ အလုပ်လုပ်တတ်ရမည် ။ အီးကို ရှေ့ ကတပ်ပြီးပြောလာသော လုပ်ငန်းမှန်သမျှသည် မျဉ်းပြတ်ကို ခုန်ပျံကျော်လွှား (leap) တို့နှင့် များ နေဟန် ရှိပါလိမ့်မည် ။

ထို့ကြောင့် ကမ္ဘာကျော် Yahoo ကုမ္ဗကြီး၏ ဆောင်ပုဒ်က စိတ်ဝင်စားဖွယ် ကောင်းလှသည်။ ‘Do What is crazy, but not stupid’ ‘အရူးအမူး ဖြစ်စရာတို့ကို လုပ်ပါ။ သို့ရာတွင် မထုံနဲ့’ ဟူသတည်း။

ပြောရမည် ဆိုလျှင် ပညာနှင့် အိုက်ဒီယာမှန်သမျှကို ယခုအခါ ကွန်ပျူတာ ဆော့ဖ်ဝဲထဲ ထည့်သွင်းကြသည်။ ဆော့ဖ်ဝဲတို့ ကိုယ်တိုင်ကလည်း သူ့ဘာသာသူ အဖြေ (solution) တို့ကို တွက်ပေးတတ်ကြပြီ။ ဆော့ဖ်ဝဲသည် ပညာ၏ အဓိက မီဒီယမ် ဖြစ်လာပေရာ ဤမီဒီယမ်သည် မျဉ်းဆက်တွေးခေါ်မှု (linear thinking) ကို စွန့်ပစ်ထားသည်။ မျဉ်းပြတ်တွေးနည်း (non-linear thinking) တို့ကိုသာ သုံးလာသည်။

မျဉ်းပြတ်ဗီဇ

Geometry ဟုခေါ် ဂဲသြမေထရီသည် မျဉ်းတို့၊ ထောင့်မှန်တို့၊ အချွန်တို့၊ အ၀ိုင်းတို့နှင့် သက်ဆိုင်သည်။ အင်ဂျင်နီယူပညာသည် ဤ ဂဲသြမေထရီအပေါ် အဓိက အခြေစိုက်ခဲ့သည်ကို လူတိုင်းလို သိကြသည်။ ယခုအခါ ဤ ဂဲသြမေထရီနည်းဖြင့် စဉ်းစားခြင်းသည်ပင် အင်ဂျင်နီယာတို့အတွက် အခက်အခဲနှင့် ဒုက္ခ ဖြစ်စေတော့သည်ဟု အင်ဂျင်နီယာတို့အတွက် အခက်အခဲနှင့် ဒုက္ခ ဖြစ်စေတော့သည်ဟု အင်ဂျင်နီယာပါမောက္ခ အင်ဒရူးဂျေကင်းက ထောက်ပြလိုက်သည်။ ဂျေကင်းသည ဂြိုလ်တုအင်ဂျင်နီယာ ဖြစ်သည်။

သူက သဘာဝနှင့် လူ၏ ဆင့်ကဲ ဖြစ်ပေါ်မှု (ဒါဝင်ဝါဒ) တို့ကို ရှင်းပြကာ AI ခေါ် ဖန်တီးထားသော ဥာဏ်၊ လူနှင့် တူသော စက်ရုပ်တို့ကို တီထွင်ခဲ့သည်။ ဤသို့ တီထွင်ရာတွင် ဂဲသြမေထရီကိုမသုံး။ သဘာဝနှင့် ဆင့်ကဲ ဖြစ်ပေါ်မှုတရားတွင် ရှိသော Genetic Algorithm နည်းကို အသုံးပြုသည်။ ဤနည်းတွင် မျဉ်းပြတ်သဘော (non-linear adges) တွေ တစ်ပြုံတစ်မကြီး ပါဝင်ကုန်သည်။ သူ၏ နည်းကို ကွန်ပျူတာအပျော့ထည် ဆော့ဖ်ဝဲထဲထည့်သွင်းပြီး အဖြေတို့ကို ရှာဖွေစေသည်။ အံ့သြစရာကောင်းလောက်အောင်လည်း တွေ့  သည်။ အမြန်ဆုံး၊ အကောင်းဆုံးအဖြေကိုလည်း တွေ့  သည်။

သို့ဖြင့် ပညာသည် မျဉ်းဆက်ဝန်းကျင် (linear environment) မှ မျဉ်းပြတ်ဝန်းကျင် (non-linear environment) ဆီသို့ ကူး ပြောင်းသွား လေပြီ။ လူငယ်တို့သည် အသစ်ပြောင်းလဲသွားသော မျဉ်းပြတ်ဝန်းကျင်တွင် ပညာသစ်များ ရှာမှီးရတော့မည် ။ ပညာသစ်တို့ကို ဆည်းပူးရတော့မည် ။ မျဉ်းပြတ်ဝန်းကျင်ကို အခြေခံ၍ လေ့လာ၊ လေ့ကျင့်မှုတွေ ပြုလုပ်ကြရတော့မည် ။

ထပ်ခြင်း

ဂလိုဘယ်လိုက်ဇေးရှင်းသည် မျဉ်းပြတ်ဝန်းကျင်တွင် အရှိန်အဟုန်ပြင်းစွာ ဖြစ်ထွန်းမည် ။ ပီတာဒရပ်ကာ၏ ဟောကိန်းအရဆိုမူ အစဉ်အဆက်ပြတ်သော ခေတ် (age of discontinuity) ထဲတွင် ဂလိုဘယ်လိုက်ဇေးရှင်း ထွန်းကားမည့် သဘော ဖြစ်တော့သည်။ ထို့ကြောင့် စိန်ခေါ်မှုတို့မှာ သမားရိုးကျတွေ ဖြစ်ဖွယ်မရှိ။ မတွေ့  ဖူး၊ မကြုံဖူးသော ၊ အသစ်အသစ်သော စိန်ခေါ်မှုတို့သာ ဖြစ်ကြမည် ။

ဤစိန်ခေါ်မှုတို့ကို ရင်ဆိုင်ဖြေရှင်းရန် စီးပွားရေး ကော်ပိုရေး ရှင်းကြီးတို့သည် မိမိတို့ချင်း သဘောသဘာဝ နီးစပ်ရာလိုက်ပြီး မဟာမိတ်တွေ ဖွဲ့ စည်းလာကြသည်။ ရေရှည်အကျိုးစီးပွားကို ကြည့်ကြရသည် ဖြစ်၍ ဤမဟာမိတ်တို့ကို မဟာဗျူဟာမြောက် မဟာမိတ် (strategic alliances) တို့ဟူ၍ ခေါ်ဆိုလာကြသည်။

မဟာမိတ်ဖွဲ့ စည်းရန် စေ့ဆော်သော အကြောင်းတရား နှစ် ပါးကလည်း အင်အားကောင်စွာ နှင့် ရှိသည်။ ဈေးကွက်၏ သဘာဝနှင့် နည်းပညာ တက္ကနိုလိုဂျီ အပြောင်းအလဲတို့ ဖြစ်ကြသည်ဟု ပီတာဒရပ်ကာက ထောက်ပြသည်။

ရှေးဦးပထမ တက္ကနိုလိုဂျီတို့သည် တစ်ခုနှင့် တစ်ခု ထပ်လာသည့် (overlapped) သဘောသည် အလွန်များ လာသည်။ ယခင်ကဆိုလျှင် အီလက်ထရွန်းနစ်ပိုင်းမှ လူတို့သည် လျှပ်စစ် အင်ဂျင်နီယာအပိုင်းအကြောင်းကို သိစရာ မလို။ ကုန်ကြမ်း (materials) တို့အကြောင်းကို သိစရာ မလို။ စက္ကူထုတ်လုပ်သူတို့သည် စက္ကူဆိုင်ရာ စက်မှုပညာနှင့် စက္ကူဆိုင်ရာ ဓာတုဗေဒလောက်ပဲ သိဖို့လိုသည်။ တယ်လီဆက်သွယ်ရေး စနစ်သည် သူ့ ဟာနှင့် သူ လုံလုံလဲလဲရှိနေသော (self-contained) ကဏ္ဍ ဖြစ်သည်။

ပညာလူးကာလွန့်ကာ

သို့သော် ယခု ဤသို့မဟုတ်ပြီ။ ကုမ္ဗကြီးတစ်ခု၏ သုတေသန ဓာတ်ခွဲခန်းသည် မိမိတို့လိုချင်သမျှ တက္ကနိုလိုဂျီတို့ကို အကုန် မွေးထုတ်နိုင်တော့သည်မဟုတ်။ အခြားတစ်နည်းဖြင့် သုတေသနဓာတ်ခွဲခန်းတစ်ခုသည် မိမိကုမ္ဗဏီက လိုချင်သော ရလဒ်ထက်ပိုပြီး ရလဒ်တို့ကို မွေးထုတ်လာနိုင်သည်လည်း ရှိလာသည်။

သို့ဖြင့် ဆေးဝါးထုတ်လုပ်ရေး ကုမ္ဗဏီသည် မျိုးရိုးဗီဇသမား (geneticists) တို့နှင့် မဟာမိတ်ဖွဲ့ ရန် လိုလာသည်။ ကွန်ပျူတာ အမာထည်ထုတ်လုပ်သော IBM သည် ဆော့ဖ်ဝဲအပျော့ထည် ထုတ်လုပ်သော ကုမ္ဗဏီတို့နှင့် မဟာမိတ် ဖွဲ့ ရတော့သည်။ တက္ကနိုလိုဂျီ မြန်မြန်တိုးတက်လာလေ ဤသို့ မဟာမိတ်ဖွဲ့ ကြရန် ပို၍ လိုလာလေလေ ဖြစ်သည်။

ဈေးကွက်သည်လည်း တစ်ခုနှင့် တစ်ခု ထပ်လာသည်။ Overlapping ပေါင်းစပ်လာသည်။ ဈေးကွက်တစ်ခုနှင့် တစ်ခု ဖြတ်လာသည်။ Criss-Crossing ဖြစ်လာသည်။ ဈေးကွက်တို့သည် တသီးတခြား ကွဲကွဲပြားပြား ခြားခြားနားနား (distinct) ဟူ၍ မရှိတော့ပြီ။ ဤအကြောင်းကြောင့် လည်း ကော်ပိုရေး ရှင်းကြီးတို့ မဟာမိတ်ဖွဲ့ ရန် ပိုလိုလာသည်။

နိဂုံးချုပ်ပြောရသော် ဆိုခဲ့ပါအတိုင်း မဟာမိတ်များ ဖွဲ့ စည်း၍ ဆောင်းပါးအစတွင် ဖော်ပြသော ကုန်ထုတ်အစွမ်းသတ္တိနှင့် အသစ်အဆန်းတီထွင်ချက်တို့ကို ပညာကိုကျောရိုးထားပြီး အင်အားကောင်းအောင်၊ တန်ခိုးတက်အောင် ကြိုးပမ်းလိုက်ကြလေရာ အကျိုးဆက်အားဖြင့် ပညာသည် မျဉ်းပြတ်ဝန်းကျင်ထဲ ရောက်သွားပြီ။ ဗယောက် ဗယက် လူးကာလွန့်ကာ လှုပ်ရှားရသည့်ဘ၀နှင့် ရင်ဆိုင်လာရပြီ။

Ref: Management for the Future by Peter F.Druker. Business

ဈေးကွက်ဂျာနယ်၊ အမှတ် ၂၀၂။

* * * * *


ဂေါ့ဒ် ဒဏ်ခတ်သည် ဖြစ်စေကာမူ

အာဒမ်နှင့် ဧဝ

ဘုရားသခင် ဂေါ့ဒ်က အာဒမ်နှင့် ဧ၀တို့ကို ဖန်ဆင်းပြီးသည့်နောက် အီဒင်ပန်းခြံကြီးထဲ၌ ဘာမျှလုပ်စရာမလိုဘဲ အေးချမ်းစွာ နေထိုင်ရန် စီမံထားလိုက်သည်။ သို့ သော် သူတို့နှစ် ဦးသည် ဘုရားသခင် စီရင်သလိုမနေဘဲ မူလအကုသိုလ် (original sin)ကို ကျူးလွန်မိလိုက်ကြရာ ဘုရားသခင်က ဒဏ်ခတ်လေတော့၏ ။ ဘုရားသခင်ကပေးသော ပြစ်ဒဏ်ကား အာဒမ်နှင့် ဧ၀တို့ကို ကိုယ့်ဘာသာကိုယ် ရှာဖွေစားသောက်ကြရန် အလုပ်စေခိုင်းလိုက်ခြင်းပင် ဖြစ်သည်။

ထို့ကြောင့် ဂျူဒါခရစ်ယာန်တို့၏ ယုံကြည်မှု အရ အလုပ်(work)သည် ဘုရားသခင်၏ ပြစ်ဒဏ် ဖြစ်၍ နာကျင်မှု (painful) ဖြစ်သည်။ ၀ဋ်ဒုက္ခ ဆင်းရဲလည်း မည် ၏ ။ ခရစ်ယာန်ဘာသာဝင်တို့ ကွယ်လွန် အနိစ္စရောက်သော အခါ၌ Requiescat in Pacemဟု ဂူတွင် ကမ္ပည်းထိုးလေ့ရှိကြသည်။ အဓိပ္ပာယ်မှာ ဘ၀သံသရာတွင် ပင်ပန်းကြီးစွာ အလုပ်လုပ်ရသော ၀ဋ်ဒုက္ခဆင်းရဲခြင်းမှ နားနေခွင့်ပြုခြင်းဟု သက်ရောက်သည်။

ဖရန်စစ်ဖူးကူးယားမားက ခရစ်ယာန်တို့၏ ယုံကြည်မှု ကို ရည်ညွှန်းကိုးကားလိုက်ပြီးသည့်နောက်`လူတွေ ဘာကြောင့် အလုပ်လုပ်ကြသနည်း´ဆိုသော မေးခွန်းကို ထုတ်လိုက်သည်။ ရှေးဟောင်း ဘောဂဗေဒပညာရှင်တို့က ခရစ်ယာန်ယုံကြည်မှု ကို နာမူနာယူ၍ အလုပ်သည် အသုံးဝင်မှု ကို စွန့်လွှတ်ခြင်း (disutility)အ ဖြစ် မြင်သည်။ အလုပ်မလုပ်ဘဲနေသော အားလပ်မှု (leisure)ကို စွန့်လွှတ်ခြင်း ဖြစ်၍ နာကျင်မှု သဘော ရှိသည်။ ၀ဋ်ဆင်းရဲဒုက္ခသဘော ပါရှိသည်။

ကျွမ်းကျင်မှု လျော့

ရှေးဟောင်း ဘောဂဗေဒသဘောတရားအရ လူတို့သည် အလုပ်လုပ်ချင်လွန်း၍ အလုပ်လုပ်နေကြခြင်း မဟုတ်ပေ။ ၀င်ငွေရှိရန် အလုပ်လုပ်နေကြခြင်း ဖြစ်သည်။ ဤ၀င်ငွေဖြင့် မိမိ စွန့်လွှတ်ထားရသော အားလပ်မှု အတွက် ပြန်လည်အသုံးပြုရန် ဖြစ်သည်။ ထို့ကြောင့် အလုပ်အားလုံးသည် အန္တိမအဆုံး၌ အားလပ်မှု (leisure)အတွက် ဦးတည်ကြကုန်သည်သာ ဖြစ်သည်။

အခြား အယူအဆတစ်ခုကမူ အလုပ်သည် ကျေနပ်နှစ်သက် ဖွယ် ကောင်းသော အရာ ဖြစ်သည်။ လူတို့သည် ထုတ်လုပ်သော သတ္တ၀ါလည်း ဖြစ်သည်။ စားသုံးသော သတ္တ၀ါလည်း ဖြစ်ကြလေရာ သဘာဝကြီးကို မိမိတို့အလုပ်အ ဖြစ် အသွင်ပြောင်းလဲခြင်းနှင့် သဘာဝကြီးအပေါ် အနိုင်ယူနိုင်ခြင်းကြောင့် ပီတိ ဖြစ်ကြသည်။ အလုပ်သည် အပေါင်းလက္ခဏာဆောင်သော အသုံးဝင်မှု (positive utility)ရှိသည်။

သို့ သော်လည်း အလုပ်အမျိုးအစားက အတော် စကားပြောသည်။ အလုပ်သည် လက်မှု အတတ်ပညာ (craft )တစ်ခုခုအပေါ် မူတည်ဆောင်ရွက်ခဲ့ရသော ကာလတို့၌ မိမိအတတ်ပညာကို အချောကိုင် မွမ်းမံနေနိုင်သဖြင့် သီးခြား လွတ်လပ်ခဲ့ကြသည်။ မိမိ၏ တီထွင်ကြံဆမှု နှင့် အောင်မြင်မှု တို့အပေါ် အလွန် ကျေနပ်ပီတိ အားရခဲ့ကြသည်။ ယခုကား အခြေအနေသည် ပြောင်းလဲခဲ့ပြီ။ လက်မှု အတတ်ပညာဖြင့် ပစ္စည်းအနည်းငယ်ကို ရွေးချယ် ထုတ်လုပ်ခဲ့သော အဆင့်မှ စက်ရုံ၊ အလုပ်ရုံတို့တွင် ကုန်စည်အမြောက်အမြားတို့ကို ထုနှင့် ၊ ထည်နှင့် ထုတ်လုပ်သော အဆင့် (mass production )ဆီသို့ ပြောင်းလဲလိုက်ရပြီ။ ထိုအခါ လက်မှု အတတ်ပညာတွေ မလိုတော့ပေ။ ဤအချက်ကို deskillingဟု ခေါ်သည်။ မူလကျွမ်းကျင်မှု လျော့ပါးသွားခြင်း မည် သည်။

မဟာဗျူဟာ ရှုခင်းဇာတ်သစ်

အလုပ်နှင့် ပတ်သတ်သော အခြေခံဒဿန အပြောင်းအလဲတို့ကို ဤနေရာ၌ အကျယ်ချဲ့ မရှင်းလင်းတော့ပါ။ ဖြတ်လမ်းသဘောအားဖြင့် ခုန်ပျံကျော်လွှားပြီး၊ ယနေ့ရောက်ရှိနေသော သတင်းအင်ဖော်မေးရှင်း အိုင်တီခေတ်၌ အလုပ်၏ သဘာဝသည် အဘယ်သို့ ပြောင်းလဲသွားသနည်းဟု ဝေဖန် ဆန်းစစ်ကြခြင်းကိုသာ ရှင်းပြလိုတော့သည်။

စီမံခန့်ခွဲမှု ပညာရှင် ပီတာ အက်ဖ် ဒရပ်ကာက အလုပ်ကို နှစ် မျိုးပဲ ခွဲခြားပြောဆိုသည်။ အရာဝတ္ထုတို့ကို ဖန်တီးထုတ်လုပ်ခြင်း (making things) နှင့် ဤအရာဝတ္ထုတို့ကို ရွှေ့ပြောင်းရွေ့လျားစေခြင်း (moving things)တို့ ဟူ၍ ဖြစ်သည်။ ခေတ်သည် ပညာခေတ်၊ ပညာလူ့ဘောင်(knowledge society )ဟု သတ်မှတ်သည်။

ပီတာဒရပ်ကာက ဖော်ပြပါ အလုပ်နှစ် မျိုးနှစ် စားကိုပင် ထပ်မံပြီး သုံးပိုင်းပိုင်းပြသည်။ ကုန်ချောထုတ်လုပ်သော အလုပ်(manufacturing work)၊ ပညာကိုအခြေခံသော အလုပ် (knowledge work)နှင့် ၀န်ဆောင်မှု အလုပ် (service work)တို့ဟူ၍ ဖြစ်သည်။ ပီတာဒရပ်ကာက တက္ကနိုလိုဂျီ နည်းပညာများ ထွန်းကားမှု ကြောင့် ထုတ်လုပ်မှု အစွမ်းသတ္တိများ ပေါက်ကွဲအောင်(productivity explosion) မည် သို့ ပြုလုပ်မည် နည်း ဆိုသော အချက် ဖြစ်လိမ့်မည် ဟု ဆိုသည်။ ဤနှစ် ပိုင်းတွင် အောင်မြင်သော နိုင်ငံတို့က အရှိန်အဟုန်ကြီးစွာ ဖြင့် ခုန်ပျံကျော်လွှားသွားမည် ဟု ဆိုသည်။

၎င်းက ထုတ်လုပ်မှု အစွမ်းသတ္တိသည် နိုင်ငံတို့၏ ဓနအင်အား ဖြစ်လာပြီဟု ဆိုသည်။ Productivity has become wealth of nations. ဟု ပြောသည်။ သို့ ဖြစ်၍ ဤအလို့ငှာ နိုင်ငံအလိုက်သည် မဟာဗျူဟာ ရှုခင်းဇာတ်အိမ်(strategic scenarios)တို့ကို ထုဆစ်ထားနိုင်တော့မည် ဟု ထောက်ပြသည်။

ထူးကဲခန္ဓာ

ဝန်ဆောင်မှု အလုပ်နှင့် ပတ်သတ်၍ ကျန်းမာရေး ၀န်ဆောင်မှု (health care)လုပ်ငန်းကိစ္စကို နမူနာပြသည်။ ၁၉၄၀ ပြည့်နှစ် တို့၌ ဆေးရုံတို့သည် လုပ်အားဖိသုံးသော စနစ်(labour intensive)ကို ကျင့်သုံးခဲ့ရသည်။ ခုတင်၊ မော်တာနှင့် အဆောက်အအုံအချို့တို့တွင် သာ အနည်းငယ် ရင်းနှီးမြှပ်နှံမှု ရှိခဲ့သည်။ စက်မှု နည်းပညာ တက္ကနိုလိုဂျီတို့တွင် အသုံးအစွဲ ရင်းနှီးမြှပ်နှံမှု နည်းခဲ့သည်။ ဓာတ်မှန်ဌာန၊ ဓာတ်ခွဲခန်း၊ ခန္ဓာကိုယ်စိစစ်ခန်းတို့ဟူ၍ အလွန်နည်းပါးခဲ့သည်။

သို့ သော် ယနေ့အခါတွင် မူ ဆေးရုံတို့သည် အရင်းအနှီးကို အောတိုက်ဖိပြီးသုံးစွဲသော အဆောက်အအုံ(the most capital intensive facilities)တို့ဘက် ပြောင်းလဲသွားလေပြီ။ ခေတ်အမီဆုံး ဆေးဘက်ဆိုင်ရာ တက္ကနိုလိုဂျီတို့ကို အကြီးအကျယ် သုံးစွဲလာကြပြီ။

သို့ ရာတွင် တစ်ဖက်၌ လုပ်အားဖိသုံးသော စနစ်ကလည်း အကြောင်းအကြောင်းကြောင့် လျှော့ချလို့မရကြပေ။ သို့ဖြင့် ကျန်းမာရေး ကုသမှု လုပ်ငန်းတွင် အရင်းအနှီး ဖိသုံးခြင်းနှင့် လုပ်အားဖိသုံးခြင်း နှစ် မျိုးစလုံး ဒွန်တွဲ ရှိလာသည်။ ပီတာဒရပ်ကာ၏ အမြင်၌ ဤသို့ နှစ် မျိုးဒွန်တွဲ ရှိနေခြင်းကြောင့် ကျန်းမာရေး ကုသစရိတ်တို့သည် တက်လာတော့သည်။ တစ်မူထူးခြားသော စီးပွားရေး (economics monstrosity) ခန္ဓာကိုယ်ထည်ကြီးအ ဖြစ် နိုင်ငံတိုင်းတွင် မြင်လာကြရသည်ဟု ဆိုသည်။

ပီတာဒရပ်ကာ၏ ဆိုလိုရင်းအာဘော်မှာ ၀န်ဆောင်မှု လုပ်ငန်းတို့တွင် ထုတ်လုပ်မှု အစွမ်းသတ္တိတို့ကို ပေါက်ကွဲအောင် ဖန်တီး ကြံဆလာသည်ကား ချီးကျူးစရာပင် ဖြစ်သည်။ သို့ရာတွင် တစ်ဖက်၌ စရိတ်စက ကြီးကြီးပေး၍ ဤသို့ ဖြစ်ရခြင်းမျိုးကာ မ ဖြစ်ကောင်းဟု ဆိုသည်။ စီးပွားရေး စီမံခန့်ခွဲမှု တွင် စရိတ်စကတို့ကို ဖြတ်တောက်လျှော့ချရန် ကြိုးပမ်းမှု (cost-cutting)သည် အမြဲတမ်း စိန်ခေါ်ခံနေရသော အလုပ်ဟု ထောက်ပြပါကြောင်း။

ဂေါ့ဒ်က ဒဏ်ခတ်သည့်အနေဖြင့် လူတို့ အလုပ်လုပ်ကြရသည် ဆိုစေကာမူ ပညာအလုပ်နှင့် ၀န်ဆောင်မှု အလုပ်တို့တွင် ထုတ်လုပ်မှု အစွမ်းသတ္တိသည် တအိအိ တိုးရန်မဟုတ်။ ခုန်ပျံတိုးတက်ရန် ဖြစ်တော့သည်။ ဤသည်ပင် အနာဂတ်အတွက် စီမံခန့်ခွဲခြင်း မည် သည်။ လူတို့သည် ပို၍ စမတ်ကျကျ အလုပ်လုပ်ရမည် ။ To work smarter ဟု ဆိုသည် ။

Ref: Trust by Francis Fukuyama,

Managing for the Future by Peter F. Druker

ဈေးကွက်ဂျာနယ်၊ အမှတ် ၂၀၃။

* * * * *




ဝန်ဇင်းချစ်သူများ မောင်စူးစမ်း ၏ “ ဂလိုဘယ်ဇေးရှင်းခေတ် အိုင်ဒီယာစီးပွားရေး ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


ယနေ့အသစ်။ မနက်ဖြန်အဟောင်း သန်ဘက်ခါခေတ်ကုန်။ ဒီတော့ ---- ရွှေဟဲလို နှင့် လူမှု၊စီးပွားရေးအတွေးများ

စီးပွားရေးအဘိဓာန်

မနက်မိုးလင်းအိပ်ရာမှအထ ဘာတွေ့ရမလဲ