Cover

အမှာ

ကမ္ဘာနှင့် အဝှမ်း ဒေသအားလုံး၌ စီးပွားရေး အပြောင်းအလဲတို့သည် အကောင်းဘက်တွင် ဖြစ်စေ၊ အဆိုးဘက်တွင် ဖြစ်စေ ကြီးကြီးကျယ်ကျယ် ဖြစ်ထွန်းနေကြ၏ ။ အံ့မခန်း (miracle) ဆိုသော စကားကို တွင် တွင် ကျယ်ကျယ် သုံးစွဲနေကြခြင်းသည် ဤအဓိပ္ပာယ်ကို ဖွင့်လှစ်ပြခြင်း ဖြစ်တန်ရာသည်။

ဤသို့ ဖြစ်ထွန်းမှု ၏ အကျိုးဆက်အနေအထားဖြင့် သမိုင်းတွင် မကြုံဖူးလောက်အောင် လူမျိုးမရွေး၊ ဘာသာမရွေး၊ ဖို မ မရွေး၊ လူတိုင်းလိုလိုက စီးပွားရေး အကြောင်းတို့ကို အလွန် သိချင် လာကြကုန်၏ ။ အလွန် နားလည်ချင်လာကြကုန်၏ ။ ဤသည်ပင် တစ်ဆက်တည်း၌ စီးပွားရေး ပညာအကြောင်းတို့ကိုလည်း အလွန် သိချင်လာကြပေသည်။

သို့ ဖြင့် စီးပွားရေး ပညာအကြောင်း သိလိုစိတ်များ အံ့မခန်း ပြင်းထန်ကျယ်ပြန့်လာသော အခါ၌ ရှေးမဆွက ရှေးလူကြီးသူမတို့၏ ဘောဂဗေဒပညာနှင့် ပတ်သက်သော အမြင်သဘောထား တစ်ခုသည် အကဲစိမ်းခံရသလို ဖြစ်လာသည်။ ဘောဂဗေဒသည် ထိုင်းမှိုင်းသော ဘာသာရပ် (dismal science) ဖြစ်သည်ဟု ရှေးလူကြီးတို့က ဆိုခဲ့ကြသည်။

ယခု ဤဘာသာရပ်သည် မထိုင်းမှိုင်းတော့ပြီ။ မူရင်းကျမ်းပြုဆရာတို့၏ သီအိုရီက မည် မျှပင် နားမလည်နိုင်လောက်အောင်ရှိစေကာမူ နောက်ပိုင်း ဋီကာဖွင့်သူတို့က လူအများ နားလည်အောင် သွက်သွက်လက်လက် ပေါ့ပေါ့ပါးပါး ရေး သားပေးကြရ၏ ။

ထို့အပြင် ကမ္ဘာအနှံ့ မြန်မြန်ဆန်ဆန် ဖြစ်ပျက်နေသော စီးပွားရေး ဖြစ်ရပ်တို့ကို အချိန်မီ ဖော်ပြရာ၌ လည်းကောင်း၊ ထိထိမိမိ ဝေဖန်စိစစ်သုံးသပ်ပြရာ၌ လည်းကောင်း၊ သက်ဆိုင်ရာ စာရေး ဆရာ၊ သတင်းစာဆရာတို့ကလည်း တတ်နိုင်သမျှ အများ နားလည်အောင် သွက်သွက်နှင့် ရှင်းရှင်း ရေး သားလွှင့်ထုတ်လာကြရသည်။

လူအများ ကလည်း ဤစီးပွားရေး ကျမ်း၊ ဤစီးပွားရေး သတင်း၊ ဤစီးပွားရေး ဝေဖန်ချက် တို့ကို ခေတ်၏ အရှိန်နှင့် အညီ အမီလိုက်ရန်အလို့ငှာ ရည်ညွှန်းစာအုပ်များ အဆောတလျင် လိုလာ ကြပြန်သည်။

ဤစီးပွားရေး ပညာအဘိဓာန်သည် ဤလိုအပ်ချက်ကို ဖြည့်စွမ်းပေးရန် ရည်ရွယ်ပါသည်။ ထို့အပြင် မူရင်းကျမ်းများ ပါ စကားရပ်တို့ကိုသာမက ယခုမျက်မှော က်ခေတ်၏ အလွန်တရာ ရှုပ်ထွေးလှသော စီးပွားရေး ဖြစ်ထွန်းမှု တို့မှ စကားရပ်တို့ကိုလည်း နောက်ဆုံးနေ့အထိ ခေတ်မီ အောင် အသစ်ထပ်မံစုဆောင်းပြီး သင့်လျော်သော အဓိပ္ပာယ်ရှင်းလင်းချက်တို့ဖြင့် ဖြည့်စွက်ပြီး ကြိုးစားပြုစုထားပါသေးသည်။

ဤအဘိဓာန်သည် စီးပွားရေး ပညာကို လိုက်စားနေသူများ သာမက သာမန်အရပ်သူ အရပ် သားများ လည်း လွယ်ကူစွာ နားလည်စေရန် ကြိုးပမ်းထားပါသည်။ ဤအဘိဓာန်စာအုပ် ဖြစ်မြောက်ရေး အတွက် ကူညီအားပေးသူတိုင်းအား အလွန်တရာမှ ကျေးဇူးတင်ပါသည်။

မောင်စူးစမ်း

* * * * *


အခန်း (၁)

Ability to Invest ~ မ, တည်မြှုပ်နှံနိုင်သော အင်အား။

လူ တစ်ယောက် စီ၏ ဝင်ငွေထဲမှ နေထိုင် စားသုံးမှု အတွက် စားစရိတ်ကိုနုတ်လျှင် ကျန်ငွေသည် မ, တည်မြှုပ်နှံနိုင်သော အင်အား ဖြစ်သည်။ ဤအင်အားကို အစိုးရ၏ အခွန် ကောက်ခံခြင်းက ယုတ်လျော့စေ၏ ။ ထို့ကြောင့် မ, တည်မြှုပ်နှံနိုင်သော အင်အားသည် နေထိုင်စားသုံးမှု စားရိတ်ထုထည်၊ အခွန်ထမ်းဆောင်မှု ၏ အရေအတွက်နှင့် အစိုးရ၏ ဘတ်ဂျက်ပိုငွေ ရှိ၊ မရှိတို့အပေါ်တွင် တည်နေသည်။

Ability to pay ~ ထမ်းဆောင်နိုင်သည့် အင်အား။

အခွန်ထမ်းဆောင်နိုင်သည့် အင်အားကို ဆိုလိုသည်။ အခွန်ထမ်းဆောင်နိုင်သည့် အင်အား ကို တိုင်းထွာရာမှာ ဤသို့ ဖြစ်သည်။ လူတိုင်း၌ ဝင်ငွေရှိသည်။ ဤဝင်ငွေမှ စီးပွားရေး သက်သာချောင်ချိမှု ကို ရသည်။ အခွန်ပေးရသည့်သဘောမှာ ဤဝင်ငွေမှ စီးပွားရေး သက်သာချောင်ချိမှု တစ်စိတ်တစ်ဒေသကို စွန့်လွှတ်ရခြင်း ဖြစ်သည်။ ထို့ကြောင့် ထမ်းဆောင်နိုင်သော အင်အားဆိုသည်မှာ စီးပွားရေး သက်သာချောင်ချိမှု အနည်းဆုံး စွန့်လွှတ်၍ ထမ်းဆောင်နိုင်သော အင်အားကို ခေါ်သည်။ ဝင်ငွေနှင့် စီးပွားရေး သက်သာ ချောင်ချိမှု ကို ဆက်သွယ်ရန် ထမ်းဆောင်နိုင်သော အင်အားကို တိုင်းထွာကြသည်။ လူတိုင်း၌ အခွန်ပေးဆောင်ခြင်းဖြင့် စီးပွားရေး ချောင်ချိမှု တစ်စိတ်တစ်ဒေသကို စွန့်လွှတ်၍ အနစ်နာခံရန် တာဝန်ရှိသည်။ ထိုမှ မူအမျိုးမျိုး ထွက်လာသည်။ တချို့က အချိုးကျ အနစ်နာခံရမည် ဟု ဆိုသည်။ တချို့က အနည်းဆုံး အနစ်နာခံရမည် ဟု ဆိုသည်။ တချို့က နဂိုရှိရင်း ဝင်ငွေဖြန့်ဖြူးမှု ပုံစံမပျက် မထိခိုက်ဘဲ အနစ်နာခံရမည် ဆိုသည်။

Ability to Receive ~ ရနိုင်သော အင်အား။

တိုင်းသူပြည်သားတို့သည် အစိုးရအား အခွန်ပေးဆောင်ခြင်းဖြင့် အနစ်နာခံရသည်။ တစ်ဖန် အစိုးရက ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် သုံးစွဲခြင်းဖြင့် တိုက်ရိုက် ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ အကျိုးခံစားရပြန်သည်။ အကျိုးခံစားမှု ရရှိနိုင်သော အင်အား ဟူသည် အမြင့်ဆုံး အကျိုး ခံစားချက်ဖြင့် အစိုးရထံမှ ရပိုင်ခြင်းကို ဆိုလိုသည်။

Absolute Rent ~ အဆုံးစွန်ငှားခ။

မြေယာများ ကို ပုဂ္ဂလိက ပိုင်ဆိုင်ထားသော အခြေအနေ၌ မြေငှားခဟူ၍ ရှိလိမ့်မည် ။ မြေတစ်ကွက်နှင့် တစ်ကွက်သည် မြေသြဇာအရ လည်းကောင်း၊ အကွာအဝေးအရ လည်းကောင်း မတူကြ။ ဤသို့ မတူသည့်အလျောက် မြေငှားခလည်း တူမည် မဟုတ်။ မြေသြဇာ ခြားနားချက်ကို လည်းကောင်း၊ အကွာအဝေး ခြားနားချက်ကို လည်းကောင်း နုတ်ပစ်လိုက်ပါ။ မြေယာအားလုံးသည် တူကြလိမ့်မည် ။ ဤသို့ တူသော မြေယာများ အတွက် တူသော မြေငှားရမ်းခ ရှိလိမ့်မည် ။ ဤတူသော မြေငှားခသည် အနိမ့်ဆုံးမြေငှားခ ဖြစ်လိမ့်မည် ။ သည်ထက်ပိုလာသည့် အပိုသည် မြေသြဇာနှင့် အကွာအဝေး ခြားနားချက် ကြောင့် ဖြစ်လိမ့်မည် ။ မြေသြဇာနှင့် အကွာအဝေး ခြားနားချက်ကြောင့် အပိုငှားခကို ခြားနားသော ငှားခခေါ်သည်။ (Differential rent ကို ကြည့်ပါ။) ထို့ကြောင့် မြေကွက်များ တွင် ခြားနားချက်အဝဝကိုနုတ်၍ တည်နေသော အခြေတွင် ပေးရသော မြေငှားခကို အဆုံးစွန်ငှားခဟု ခေါ်သည်။

Abrasion ~ အလေးချိန်လျော့မှု ။

ရွှေဒင်္ဂါး၊ ငွေဒင်္ဂါး စသည့် ငွေစများ ကို ပိုက်ဆံအ ဖြစ် လဲလှယ်သုံးစွဲသည့်အခါ ကိုင်ဖန်များ ၍ အပွန်းအပဲ့များ ကာ အလေးချိန်လျော့ပါးလာမှု ကို ခေါ်သည်။ ဤကဲ့သို့ လျော့ပါးမှု ၏ အတိုင်းအတာသည် ရွှေ သို့ မဟုတ် ငွေ တို့၏ မာမှု ၊ ကြာရှည်ခံမှု ပေါ်နှင့် 'ချေး' ရောစပ်မှု အချိုးအစားပေါ်၌ တည်သည်။

Absentee ~ အလုပ်ခွင်၌ မရှိသူ။

ယေဘုယျအားဖြင့် လယ်လုပ်ခွင့်နှင့် ဝေးသော အရပ်၌ နေထိုင်သော မြေရှင် ဖြစ်သည်။ မြို့နေ လယ်ပိုင်ရှင် ဖြစ်သည်။ ထို့ပြင် အလုပ်ခွင်၌ ပျက်ကွက်သူမှန်သမျှကို ဤစကားလုံး ဖြင့် ခေါ်သည်။

Abstract of Title ~ ပိုင်ဆိုင်ခွင့် အတိုကောက်။

မြေနေရာတစ်ခုကို ပိုင်ဆိုင်ကြောင်း အခွင့်အရေး ပြ တရားဝင်စာချုပ်စာတမ်းတစ်ခုကို အတိုကောက်နည်းအားဖြင့် ဖော်ပြချက် ဖြစ်သည်။

Absolute Surplus Value ~ အဆုံးစွန် အစွန်းတွက်တန်ဖိုး။

အလုပ်ချိန်ကို ရှည်လျားစေ၍ ညှစ်ထုတ်သော အစွန်းတွက်တန်ဖိုးကို အဆုံးစွန် အစွန်း တွက်တန်ဖိုး။

Abstract Labour ~ ဒြပ်မဲ့အလုပ်။

အလုပ် ရည်ရွယ်ချက်၏ ထူးခြားချက်ကို ထည့်မစဉ်းစားဘဲ လူ့အဖွဲ့အစည်း၏ အလုပ် စုစုပေါင်း၏ အစိတ်အပိုင်းတစ်ရပ်အ ဖြစ် ယေဘုယျပြု၍ စဉ်းစားသော အလုပ်ကို ဒြပ်မဲ့ဟု ခေါ်သည်။ လူသည် အလုပ်လုပ်သည့်အခါ အရာဝတ္ထုနှစ် ခုကို တစ်ပြိုင်နက်တည်း လုပ်ရ ၏ ။ ပထမအရာမှာ သက်ဆိုင်ရာအလုပ်ကို လုပ်ခြင်း ဖြစ်၏ ။ ဥပမာ - လက်သမားဆိုလျှင် ကုလားထိုင်၊ စားပွဲ စသည်ဖြင့် ဒြပ်ရှိသော အလုပ်တစ်ခုခုကို လုပ်ခြင်း ဖြစ်၏ ။ ဒုတိယ အရာများ တစ်ချိန်တည်းတွင် လက်သမားသည် လူ့အဖွဲ့အစည်း၏ စုစုပေါင်းလုပ်အားတွင် အစိတ်အပိုင်းတစ်ရပ်အ ဖြစ် (စုပေါင်းကုန်ထုတ်လုပ်မှု တွင် ) ပါဝင်၏ ။ ဒုတိယအလုပ်ကို 'ဒြပ်မဲ့' အလုပ်ဟု ခေါ်၍ ပထမအလုပ်ကို ဒြပ်ရှိအလုပ်ဟု ခေါ်သည်။

(Concrete Labour ကို ကြည့်ပါ။)

Acceptance ~ ဘီလ်တစ်ခုကို လက်ခံခြင်း။

အေက ဘီထံသို့ တစ်စုံတစ်ရာ ဝယ်ယူသည့်အတွက် ညီမျှသော ငွေကို ပေးဆပ်ရန် တောင်းဆိုသည်။ ဘီလ်တစ်ခု ပေးပို့လိုက်သည်။ ဘီက ပေးပါမည် ဟု ဘီလ်အပေါ်တွင် လက်မှတ်ရေး ထိုးလိုက်ခြင်းကို ဘီက လက်ခံသည်ဟု ခေါ်သည်။ ဘီက လက်ခံလိုက်သော ဘီလ်ကို အေက လိုအပ်သော အခါ အခြား တစ်ယောက် အား လက်ပြောင်းလက်လွှဲ ရောင်းစားနိုင်သည်။ (Bill of Exchange) ကို ကြည့်ပါ။

Accepting House ~ ဘီလ်များ ကို လက်ခံသော တိုက်။

အေ၌ ဘီထံမှ ရစရာရှိသော ဘီလ်တစ်စောင်ရှိ၏ ။ အေသည် ၎င်းဘီလ်ကို မိမိဘဏ်တိုက် သို့ အပ်လိုက်၏ ။ ၎င်းဘဏ်တိုက်က ယင်းဘီလ်အပေါ် လက်မှတ်ထိုးလိုက်သော အခါ ဘဏ်တိုက်က ဘီလ်ကို လက်ခံသည်ဟု ခေါ်သည်။ ဤသို့ ဘဏ်တိုက်က လက်မှတ်ထိုး လိုက်ခြင်းအားဖြင့် အချိန်စေ့သော အခါ ဘီလ်ကို လက်ခံထားရှိသူသည် ပေးအပ်မည့် သူ ဘီထံမှ ငွေကိုမရခဲ့လျှင် လက်မှတ်ထိုးလိုက်သော ဘဏ်တိုက်ဆီမှ ငွေရနိုင်သည်။ ဘဏ်တိုက်က စိုက်၍ ဆပ်လိုက်ရမည် ဖြစ်သည်။ ဘဏ်တိုက်များ က ဘီလ်များ အပေါ် လက်မှတ်ထိုး လက်ခံလိုက်သော အခါ ဤဘီလ်များ ၏ တန်ဖိုးသည် မြင့်သွားလေသည်။ ငွေရဖို့ အလွန်သေချာသွားသည်။ အင်္ဂလန်တွင် ၎င်းဘီလ်များ ကို လက်ခံသော အလုပ်များ ကို ဆောင်ရွက်သော အလုပ်တိုက်များ သည် ဘာရင်(စ်)၊ ချူဝင်းနှင့် ရှရိုဒါ စသော ကုမ္ပဏီ သုံးခုသည် ကမ္ဘာကျော် ဘီလ်လက်ခံသော အလုပ်တိုက် ဖြစ်သည်။ ဤကုမ္ပဏီသုံးခုမှ လက်မှတ်ပါသော ဘီလ်များ သည် တန်ဖိုးကောင်းလေသည်။ ဘီလ်များ ကို လက်ခံ ဆောင်ရွက်သော အလုပ်တိုက်များ ကို လက်ခံသော တိုက်ဟု ခေါ်သည်။ ဤတိုက်များ သည် နိုင်ငံခြားမှ အာမခံစာချုပ် ရောင်းဝယ်လိုသူများ ကိုလည်း ပွဲခယူ၍ ဆောင်ရွက်ပေးသည်။

Accelrator ~ တိုးကိန်း။

မ, တည်မြှုပ်နှံမှု နှင့် ဝင်ငွေဆက်ဆံရေး ကို နှစ် ပိုင်း ပိုင်းသည်။ ရှေးဦးစွာ တစ်စုံတစ်ရာသော အရင်းကို မ, တည်မြှုပ်နှံလိုက်အံ့၊ ဤပထမ မ, တည်မြှုပ်နှံမှု ကြောင့် တစ်စုံတစ်ရာသော ဝင်ငွေသည် တိုးလာသည်။ ပထမ စတင် မ, တည်မြှုပ်နှံမှု နှင့် တိုးလာသော ဝင်ငွေတို့၏ အချိုးကို မြှောက်ကိန်းဟု ခေါ်သည်။ ပထမ စတင်မြှုပ်နှံမှု ကြောင့် ဝင်ငွေ တိုးလာပြန်သော အခါ ထပ်မံ၍ မ, တည်မြှုပ်နှံရန် သွေးဆောင်ပြန်သည်။ သို့ ဖြင့် တိုးလာသော ဝင်ငွေနှင့် ရသော မြှုပ်နှံမှု တို့၏ အချိုးကို တိုးကိန်းဟု ခေါ်သည်။ ဝင်ငွေတစ်ထပ် တိုးလာတိုင်း နောက်ထပ် တစ်ထပ် မြှုပ်နှံရန် ဆွဲဆောင်သည်ကိုဖော်ပြသော ကိန်းကို ခေါ်သည်။

Account ~ စာရင်းဖွင့်။

စတော့အိပ်စ်ချိန်း၌ ဤစကားလုံးသည် 'ရစရာရှိမှု ' ကိုပြသည့် စတော့တစ်ခုကို နောက် တစ်ပတ်တွင် ငွေချေရန် သဘောတူညီချက်ဖြင့် ရောင်းလိုက်၏ ။ ဤလိုရောင်းခြင်းမျိုးကို စာရင်းဖွင့်ရောင်းခြင်းဟု ခေါ်သည်။ နောက်တစ်ပတ် ကြာသော အခါ ဝယ်သူသည် စာရင်း ရှင်းရန် ပျက်ကွက်လျှင် 'စာရင်းဖွင့်' သည် နောက်အပတ်ထဲ ပြောင်းလိုက်ရ၏ ။

Active Trade Balance ~ တက်ကြွသော ကုန်သွယ်ရေး ချိန်ခွင်။

ဂျာမနီနှင့် သြစတြီးယားတို့တွင် အသုံးများ သော စကားလုံး ဖြစ်သည်။ နိုင်ငံခြားနှင့် ကုန်သွယ်မှု တွင် ထုတ်ကုန်က သွင်းကုန်ထက်များ သည့် ကုန်သွယ်ရေး ချိန်ခွင်ကို ခေါ်သည်။ သွင်းကုန်များ လျှင် passive trade balance ဟု သုံးသည်။

Actuary ~ အာမခံကုမ္ပဏီမှ အတွက်အချက်။

အာမခံကုမ္ပဏီလုပ်ငန်း၏ အသက်အာမခံ၊ မီးအာမခံ စသည်တို့နှင့် သက်ဆိုင်သမျှ စာရင်း အတွက်အချက်တွင် ကျွမ်းကျင်သည့်ပညာ။ ဥပမာ - 'အန္တရာယ်' ပေါ်တွင် ပရီမီယမ် မည် သို့ ဆုံးဖြတ်မည် ၊ အသက် ဘယ်နှနှစ် ၌ အသေအပျောက်နှုန်း မည် မျှရှိသည်၊ မည် သည့် အလုပ်အကိုင်မျိုး၌ အသေအပျောက်နှုန်း မည် မျှရှိတတ်သည် စသည့် ပြဿနာများ ကို တွက်ချက်တတ်ကျွမ်းသူ ဖြစ်သည်။ ထိုသူသည် ကုမ္ပဏီက ရရှိသော ပရီမီယမ်များ အပေါ် မှ အသားတင်ငွေ မည် မျှ အမြတ်ထားသင့်သည်ကိုလည်း ဆုံးဖြတ်သူ ဖြစ်သည်။ အများ အားဖြင့် ထိုသို့ အဆုံးအဖြတ်မျိုးကို သုံးနှစ် တစ်ကြိမ် သို့ မဟုတ် ငါးနှစ် တစ်ကြိမ်ကျ စုဆောင်းထားသော ကုမ္ပဏီ၏ ဝင်ငွေအပေါ်မှ ဆုံးဖြတ်လေ့ရှိသည်။

Accumulation of Capital ~ အရင်းစုဆောင်း မ, တည်မှု ။

အရင်းပစ္စည်းများ မ, တည်စုဆောင်းလာမှု ကို ခေါ်သည်။ ဤကိစ္စ၌ အချို့သော ဘောဂ ဗေဒပါရဂူတို့က ကုန်ထုတ်လုပ်ငန်းဆိုင်ရာ အရင်းပစ္စည်းများ (စက်ရုံများ ၊ စက်ကိရိယာများ စသည်တို့) ကို မ, တည် ထူထောင်ခြင်းကိုသာ ခေါ်သည်။ အချို့သော ဘောဂဗေဒပါရဂူ တို့ကမူ ကုန်ထုတ်အရင်းပစ္စည်းများ သာမက ကြာရှည်စားသုံးကုန်များ (ဥပမာ - အိမ်များ ၊ ရေခဲသေတ္တာများ ) ကိုလည်း အရင်းပစ္စည်း မ, တည်စုဆောင်းမှု စာရင်းတွင် ထည့်သွင်းလို ကြသည်။

Ad valorem Tax ~ တန်ဖိုးအပေါ် ကောက်သော အခွန်။

အခွန်စည်းကြပ်ရာ၌ နှစ် မျိုးရှိသည်။ ပထမအမျိုးမှာ ကုန်ပစ္စည်းအလေးချိန်အပေါ် မူတည် ကောက်ခြင်း ဖြစ်သည်။ ဓာတ်ဆီတစ်ဂါလံပေါ်တွင် မည် ရွေ့မည် မျှ အခွန်ပေးရမည် ဟူ၍ ဖြစ်သည်။ ဒုတိယအမျိုးမှာ ကုန်ပစ္စည်း၏ တန်ဖိုးပေါ်တွင် မည် ရွေ့မည် မျှ အခွန်ပေးရမည် ဟူ၍ ဖြစ်သည်။ ဥပမာ - တစ်ထောင်တန်သော ကုန်ပစ္စည်းတစ်ခုရောင်းလျှင် ရောင်းခွန် သို့ မဟုတ် အကောက်တော် ခွန် ငါးကျပပးရမည် ဟူ၍ စည်းကြပ်သည်။

Advances by Banks ~ ဘဏ်များ က ကုန်ထုတ်လုပ်သူများ အား ကြိုတင်ငွေချေးခြင်း။

ဘဏ်များ က ကုန်ထုတ်လုပ်သူများ ကို ဖြစ်စေ၊ အိတ်(စ်)ပို့ အင်ပို့ကုမ္ပဏီများ ကို ဖြစ်စေ၊ အတိုးနှုန်းဖြင့် ထုတ်ချေးသည့်ငွေကို ခေါ်သည်။

Advance ~ ဘဏ်က ချေးငှားမှု ။

(Advances by Banks) ကြည့်ပါ။

Advantages of backwardness ~ ခေတ်နောက်ကျသည့်အတွက် ပေါ်လာသော အကျိုးများ ။

မျက်မှော က်ခေတ်၌ တစ်နိုင်ငံနှင့် တစ်နိုင်ငံ စီးပွားရေး အရ နောက်ကျမကျန်ရစ်အောင် အမီလိုက်နေကြ၏ ။ ဤသို့ အမီလိုက်ရာ၌ မူလက နောက်ကျခဲ့သော နိုင်ငံတို့က ပို၍ သွက်သွက် အမီလိုက်နိုင်ကြသည်။ ဥပမာ - အာရှသည် မဖွံ့ဖြိုးခဲ့ပေ။ ခေတ်နောက်ကျခဲ့၏ ။ ဥရောပကို အမီလိုက်သော အခါ အလွန်သွက်သွက်လက်လက် အမီလိုက်နိုင်သည်။ ဤသို့ လိုက်နိုင်သည်မှာ မူလက ခေတ်နောက်ကျခဲ့သော ကြောင့် ဟု ဆိုလေသည်။

Adverse Balance of Payment ~ ညံ့ဖျင်းသော ငွေချေမှု ချိန်ခွင်။

ငွေချေမှု ချိန်ခွင်။ Balance of Payment ကြည့်ပါ။

Advice Note ~ နှိုးဆော်စာ။

ကုန်သည်တစ်ဦးက အခြားကုန်သည်တစ်ဦးထံသို့ ကုန်ပစ္စည်းများ တင်ပို့လိုက်၏ ။ တင်ပို့ သည့် ကုန်သည်က အခြားကုန်သည်ထံသို့ မည် သည့်နေ့က မည် သည့်အမျိုးအစား ကုန်များ ကို မည် ရွေ့မည် မျှ ပို့လိုက်ကြောင်း စာရင်းပါသည့် စာတစ်စောင်ပို့လိုက်၏ ။ ဤအမျိုးကို နှိုးဆော်စာဟု ခေါ်သည်။ ဤနှိုးဆော်စာမျိုးကို ဘဏ်တိုက်များ ကလည်း အသုံးပြုသည်။ မိမိတို့၏ ဖောက်သည်များ အား ငွေများ မည် ရွေ့မည် မျှ အပ်ထားသည်မှ မည် မျှကျန်သည်။ ထုတ်ယူငွေ မည် မျှရှိသည် စသည်တို့ကို ဖော်ပြ၏ ။

Aggregate Demand ~ စုစုပေါင်း ဝယ်လိုအား။

အစိုးရသုံးငွေများ နှင့် ပုဂ္ဂလိက အရင်းမြှုပ်နှံမှု နှင့် အသုံးပြုခြင်းတို့၏ စုစုပေါင်းသည် စုစုပေါင်း၏ ဝယ်လိုအား ဖြစ်၏ ။ စုစုပေါင်းဝယ်လိုအားမှာ တိုင်းပြည်ရှိ စုစုပေါင်းဝယ်လိုအား ဖြစ်၏ ။

Allonge ~ ချိန်တွဲ စက္ကူ။

အိတ်(စ်)ချိန်းဘီလ်များ ပေါ်တွင် လက်မှတ်ရေး ထိုးစရာ နေရာလွတ်မရှိသော အခါ စက္ကူ စာရွက်ကို တွဲ လိုက်သည်။ ဤစက္ကူပေါ်တွင် လက်မှတ်ရေး ထိုးသွားနိုင်သည်။ အလိမ်မ ဖြစ် စေရန် နောက်ဆုံး လက်မှတ်ရေး ထိုးသူသည် မူလဘီလ်စာရွက်ပေါ်တွင် လည်း ထိုးရမည် ။ ချိတ်တွဲ စက္ကူပေးတွင် လည်း ထိုးရမည် ။

Alloy ~ အချေး။

သာမန်အသုံးအနှုန်းသည် သတ္တုအမျိုးမျိုး ရောစပ်ထားခြင်းကို ခေါ်သည်။ သို့ သော် ဒင်္ဂါး သွန်းရုံအဖို့၌ အဖိုးတန် ရွှေ ငွေနှင့် ရောရန် အခြေခံသတ္တုအချေးကို ခေါ်သည်။ သတ္တု အချေးကို ပေါင်းစပ်ပေးခြင်းဖြင့် ငွေစတို့သည် (၁) အရောင် ကောင်းခြင်း၊ (၂) ကြာရှည်ခံ ခြင်း၊ (၃) အသံလွင်ခြင်းတို့ ရှိသည်။

American Account Countries ~ ဒေါ်လာဧရိယာ ကြည့်ပါ။

Amortization ~ အဟောင်းလဲခြင်း။

ဤစကားလုံးသည် အဓိပ္ပာယ်သုံးမျိုး ထွက်လာသည်။

(၁) ဥပဒေတွင် ပစ္စည်းတစ်ခုကို ကော်ပိုရေး ရှင်းတစ်ခု ဖြစ်စေ၊ ဌာနတစ်ခုကို ဖြစ်စေ လှူလိုက်ခြင်းကို ခေါ်သည်။

(၂) ဘဏ္ဍာရေး တွင် တင်ရှိသော အကြွေးကို မြုပ်လျက်ရှိသော ရန်ပုံငွေ တဖြည်းဖြည်း ပြန်ဆပ်ခြင်းကို ခေါ်သည်။

(၃) ဘောဂဗေဒတွင် စက်ကိရိယာကြီးများ ပွန်းပဲ့ဟောင်းနွမ်းသည်ကို အစားဖြည့် အသစ်လဲထားသည့် ရန်ပုံငွေကို ခေါ်သည်။

Anarchism ~ စီမံကွပ်ကဲမှု မဲ့သော ဝါဒ။

ကုန်ထုတ်လုပ်ငန်းကို ဘောဂဗေဒတွင် ဈေး၏ မျက်မှန်း အင်အားအပေါ်တွင် မှီထားရပြီး အစီအမံ အကွပ်အကဲ စနစ်တကျမရှိခြင်းကို ခေါ်သည်။ နိုင်ငံရေး တွင် အစိုးရမရှိဘဲ လူ့ပြဿနာအရပ်ရပ်ကို ဖြေရှင်းသွားနိုင်သည်ဆိုသော ဝါဒ ဖြစ်၏ ။

Annuities, Terminable ~ နှစ် ရှည်ပဋိညာဉ်ခံစာချုပ်များ ။

အမွေပစ္စည်းများ သည် သတ်မှတ်ထားသော တန်ဖိုးတစ်ခုထက် ကျော်လွန်နေလျှင် ကျော်လွန်သော တန်ဖိုးအား အစိုးရပဋိညာဉ်ခံစာချုပ်များ ဖြင့် လဲလှယ်ခြင်း ဖြစ်သည်။ ဤစာချုပ်သည် အမွေစား အသက်ရှင်နေသမျှကာလပတ်လုံး ဖြစ်စေ၊ တစ်စုံတစ်ခုသော ကာလအတွက် ဖြစ်စေ သတ်မှတ်ထားသော အမွေစားအား အစိုးရက လဲလှယ်ထားသော အမွေပစ္စည်းတန်ဖိုး၏ နှစ် စဉ်တန်ဖိုးကို ထုတ်ပေးခြင်း ဖြစ်သည်။

ဥပမာ - အမွေစား တစ်ယောက် သည် တစ်သိန်းတန်ပစ္စည်းအတွက် ပဋိညာဉ်စာချုပ်နှင့် လဲလှယ်ရသည်ဆိုပါစို့။ ၁၀ နှစ် ကန့်သတ်ထားလျှင် ဤပစ္စည်းသည် တစ်နှစ် လျှင် တစ်သော င်းတန်လိမ့်မည် ။ သို့ ဖြစ်လျှင် အစိုးရက အမွေစားအား တစ်နှစ် လျှင် တစ်သော င်း မှန်မှန် ထုတ်ပေးလိမ့်မည် ။

Anti-combination Laws ~ စုပေါင်းမှု ဆန့်ကျင်ရေး ဥပဒေများ ။

ရောင်းသူက ဖြစ်စေ၊ ဝယ်သူက ဖြစ်စေ လက်ဝါးကြီးအုပ်ခြင်းကို ကာကွယ်ရန် ပြဋ္ဌာန်း သည့်ဥပဒေများ ဖြစ်၏ ။

Anti-semitic ~ ဆီမစ်တစ်ဝါဒဆန့်ကျင်ရေး ။

ပြင်သစ်က စူပါပါဝါ အမေရိကန်ဆန့်ကျင်ရေး ကိုသာ စိတ်ဝင်စားနေသည်နှင့် အတူ အာရပ် တို့ကလည်း ဂျူးဆန့်ကျင်ရေး တွင် သာ စိတ်အားထက်သန်နေကြသည်။ ပြင်သစ်နှင့် အာရပ်တို့သည် အရှေ့အလယ်ပိုင်းဒေသ၌ ပြင်သစ်တော် လှန်ရေး ၏ ဆောင်ပုဒ် ဖြစ်သော လွတ်လပ်ရေး ၊ တန်းတူညီမျှရေး နှင့် ချစ်ကြည်ရင်းနှီးရေး တို့ကို စိတ်ဝင်စားပုံမရှိဟု အလယ် အလတ်ပိုင်းရေး ရာပါရဂူ စတိပင်ကိုတင်က မှတ်ချက်ချသည်။

A 1 at loyds ~ လှိုက်အေဝမ်း။

လွိုက်ဘဏ်၏ ဗြိတိသျှနှင့် နိုင်ငံခြားသင်္ဘောလုပ်ငန်းဆိုင်ရာ အရာရှိရုံးမှစကား ဖြစ်သည်။ သင်္ဘောတစ်စင်းကို စစ်ဆေးလျှင် စက်အခြေအနေ၊ ကုန်ထားရန်နေရာ၊ စတိုနေရာ ထိုင်ခင်းနှင့် ကျောက် အစရှိသည်၏ အရပ်ရပ် အခြေအနေကိုပါ ဖော်ပြရာ ဖြစ်သည်။ အေဝမ်းဟုဆိုလျှင် ပထမတန်းစား ဖြစ်ကြောင်း ဖော်ပြသည်။

Applied Economics ~ လက်တွေ့ ဘောဂဗေဒ။

ဘောဂဗေဒ သဘောတရားအား စက်မှု လက်မှု လုပ်ငန်း၊ ကူးသန်းရောင်းဝယ်ရေး နှင့် ဘဏ္ဍာရေး လောကတို့မှ လက်တွေ့ ပြဿနာများ ပေါ်တွင် ဖြေရှင်းကျင့်သုံးခြင်းကို ခေါ်သည်။

Apprenticeship ~ အလုပ်ပညာသင်။

အလုပ်ရုံတစ်ရုံတွင် အလုပ်သမားမ ဖြစ်ခင် အလုပ်သမားမ ဖြစ်ခင် အလုပ်ပညာသင်အ ဖြစ် ဆရာတစ်ဦး၏ အောက်တွင် ရှေးဦးစွာ လုပ်ကိုင်ရသော စနစ်ကို ခေါ်သည်။ အလယ်ကြူဒါ ခေတ်တို့တွင် အလုပ်ပညာသင်သဘောသည် ခေတ်စားသည်။ ၁၅၆၃ ခုနှစ် အလုပ်ပညာ သင်ဥပဒေဟူ၍ ပေါ်လာခဲ့သည်။ ယခုခေတ်၌ အလုပ်ရုံအတွင်း အလုပ်ပညာသင်စနစ် နေရာတွင် များ သော အားဖြင့် စက်မှု လက်မှု ပညာကို သိပ္ပံပညာကျောင်းများ ၊ တက္ကသိုလ် ကျောင်းများ က အစားထိုးဝင်လာသည်။

Appropriate technology ~ အံကိုက်နည်းပညာ အတတ်ပညာ။

တက်ကနိုလိုဂျီခေါ် နည်းပညာ အတတ်ပညာတို့ကို အဆင့်နိမ့်၊ အလယ်အလတ်နှင့် အဆင့်မြင့်ဟူ၍ ခွဲခြားကြသည်။

စက်မှု ဖွံ့ဖြိုးပြီးနိုင်ငံတို့သည် အဆင့်မြင့်တက်ကနိုလိုဂျီကို အသုံးပြုကြ၏ ။ ဤအချက်ကို အားကျကာ တတိယကမ္ဘာ့နိုင်ငံတို့၌ လည်း အဆင့်မြင့်တက်ကနိုလိုဂျီတို့ကို တင်သွင်း အသုံးပြုရမည် ဟု အပြောအဆိုများ ရှိလာသည်။

ဤအချက်ကို ဆန့်ကျင်သူတို့က တတိယကမ္ဘာ့နိုင်ငံတို့သည် မိမိတို့အခြေအနေနှင့် ကိုက်ညီသည့် တက်ကနိုလိုဂျီတို့ကိုသာ အသုံးပြုသင့်သည်ဟု တင်ပြကြရာမှ ဤစကား ထွန်းကားလာခြင်း ဖြစ်၏ ။

အံကိုက်တက်ကနိုလိုဂျီ အယူအဆကို ခြွင်းချက်ဖြင့် လက်ခံသူတို့က အံကိုက်တက်ကနို လိုဂျီဆိုသည်မှာ အဆင့်နိမ့်နှင့် အလယ်အလတ် တက်ကနိုလိုဂျီတို့ကို ရည်ညွှန်းခြင်း ဖြစ်၍ ယှဉ်ပြိုင်နိုင်သော အင်အား ခေတ်နောက်ကျအောင် ဆော်သြသည်နှင့် တူသည်ဟု ပြောကြ သည်။

Arbitrage ~ ကြား၌ အရောင်းအဝယ်လုပ်ခြင်း။

နိုင်ငံတစ်ခု၏ ငွေ (ပေါင်စတာလင် ဆိုပါစို့) ကို ဖြစ်စေ၊ နိုင်ငံတစ်ခု၏ အာမခံစာချုပ် (ဗြိတိသျှစာချုပ် ဆိုပါစို့) ကို ဖြစ်စေ၊ အင်္ဂလန်နိုင်ငံနှင့် တိုက်ရိုက်အရောင်းအဝယ် မလုပ်ဘဲ ပြင်သစ်နိုင်ငံ၌ ဖြစ်စေ၊ အခြားနိုင်ငံ၌ ဖြစ်စေ အရောင်းအဝယ် ပြုလုပ်ခြင်းကို ခေါ်သည်။

Arbitration ~ ဖျန်ဖြေရေး ခုံရုံး။

ဝါဏိဇ္ဇကိစ္စအရပ်ရပ်များ အငြင်းပွားလျှင် အငြင်းပွားသူချင်း ဖြေရှင်း၍ မရသော အခါ နှစ် ဦး သဘောတူသည့် တစ်စုံတစ်ရာအဖွဲ့မှ ဖြေရှင်းဆုံးဖြတ်ပေးချက်ကို လက်ခံကြသည်။ ဤအဖွဲ့မျိုးကို ခေါ်သည်။ ကမ္ဘာ့ကွဲလွဲချက်များ ကိုလည်း ဤကဲ့သို့ ခုံရုံးဖွဲ့ကာ အဆုံးအဖြတ် ပေးလေ့ရှိသည်။

Arithmetic, Political ~ နိုင်ငံရေး သင်္ချာ။

နိုင်ငံရေး ဘောဂဗေဒ သို့ မဟုတ် ဘောဂဗေဒကို ရှေးက နိုင်ငံရေး သင်္ချာဟု ခေါ်သည်။ ဆာဝီလျံဝီတီဆိုသူက ၁၇၅၅ ခုနှစ် တွင် 'နိုင်ငံရေး သင်္ချာဆိုင်ရာ အက်ဆေးများ ' ဟု ရေး သားရာ၌ သုံးစွဲခဲ့သည်။

Articles of Association ~ အဖွဲ့အစည်းစည်းမျဉ်းများ ။

ကုမ္ပဏီတစ်ခု၏ ကုမ္ပဏီတွင်းဆိုင်ရာ အစီအစဉ်နှင့် အုပ်ချုပ်မှု များ နှင့် စပ်လျဉ်းပြီး လိုက်နာ ကျင့်သုံးရမည် ဖြစ်သော ဥပဒေများ ဖြစ်သည်။ အစုရှယ်ယာများ ခွဲဝေပုံ၊ ဒါရိုက်တာများ ၏ အခွင့်အရေး ၊ ၎င်းတို့၏ လိုအပ်သော အရည်အချင်းနှင့် ကုမ္ပဏီ၏ အမြတ်ခွဲဝေပုံ၊ အစည်း အဝေးခေါ်ယူရန် အချက်အလက်များ စသည်တို့ ပါဝင်သည်။ ဤစည်းမျဉ်းများ ကို ကုမ္ပဏီ များ က မိမိတို့အလိုအကျ ရေး ဆွဲကြသော်လည်း ကုမ္ပဏီအက်ဥပဒေများ နှင့် မဆန့်ကျင် စေရ။ အကယ်၍ မရေး ဆွဲလျှင် ကုမ္ပဏီအက်ဥပဒေ၏ ပုံစံ (အေ) အရ အကျုံးဝင်သည်။

Artisan ~ လက်မှု ပညာသည်။

ကိုယ့်အရင်း ကိုယ့်လုပ်အားနှင့် ထူထောင်သည့် လက်ရှိပညာသည်တို့ကို ခေါ်သည်။ ယခု ဤအသုံးအစွဲမျိုး နည်းသွားပြီး အလုပ်ရှင်တစ်ဦးအား စက်မှု လက်မှု ပညာဖြင့် လုပ်ကိုင်ပေး သူများ အား ခေါ်လာကြသည်။ စက်ဆရာ၊ ဂဟေဆက်သူတို့ကို ခေါ်သည်။

Aggregate Demand ~ စုစုပေါင်း ဝယ်လိုအား။

အစိုးရသုံးငွေများ နှင့် ပုဂ္ဂလိက အရင်းမြှုပ်နှံမှု နှင့် အသုံးပြုခြင်းတို့၏ စုစုပေါင်းသည် စုစုပေါင်း၏ ဝယ်လိုအား ဖြစ်၏ ။ စုစုပေါင်းဝယ်လိုအားမှာ တိုင်းပြည်ရှိ စုစုပေါင်းဝယ်လိုအား ဖြစ်၏ ။

Asset-deflation ~ အက်ဆက်တန်ဖိုးကျခြင်း။

ဈေးတက်ခြင်းကို ဖောင်းပွမှု ဟု ယေဘုယျခေါ်၍ ဈေးကျခြင်း၊ တန်ဖိုးကျခြင်းတို့ကို ဒီဖလေးရှင်း ဟုခေါ်သည်။

ဈေးကျရာ၌ အထွေထွေကုန်ဈေးနှုန်းများ ကျဆင်းခြင်းက တစ်မျိုးရှိ၍ တိုက်တာအိမ်မြေ များ ၊ စတော့နှင့် ရှယ်ယာများ ၊ စက်ရုံအလုပ်ရုံများ တန်ဖိုးကျဆင်းခြင်းက တစ်မျိုး ရှိလေ သည်။

ဒုတိယအမျိုးအစားကို အက်ဆက်များ တန်ဖိုးကျခြင်းဟု ခေါ်သည်။ အက်ဆက်တန်ဖိုး များ ကျဆင်းခြင်းသည် ကုန်ပစ္စည်းများ တန်ဖိုးကျဆင်းခြင်းထက်ပို၍ ဓနအင်အားကို ထိခိုက်သည်ဟု အဆိုရှိသည်။

Asset Demand for Money ~ ငွေကို သိပ်ထားရန် လိုအပ်သော ငွေဝယ်လိုအား။

ပြည်သူများ လက်ထဲ ရောက်ရှိနေသော ပိုက်ဆံကို အပိုင်းနှစ် ပိုင်း ပိုင်းနိုင်သည်။ တစ်ပိုင်းမှာ အိပ်နေသော ငွေ ဖြစ်၏ ။ တစ်ပိုင်းမှာ အလုပ်အကိုင် စီးပွားရေး လုပ်ငန်းတွင် လည်ပတ်နေ သော ငွေဟူ၍ ဖြစ်ကြသည်။ စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးလာ၍ ၎င်းလုပ်ငန်းတွင် လည်ပတ် နေသော အရေအတွက်နှင့် မလောက် ဖြစ်နေတတ်သည်။ ထိုအခါ အိပ်နေသော ငွေကို စီးပွားရေး လုပ်ငန်းအတွင်း ဆွဲသွင်းလုပ်စေခြင်းဖြင့် ဖြစ်စေ၊ ပိုက်ဆံအသစ် ထပ်မံဖန်တီး၍ ဖြစ်စေ၊ ဖွံ့ဖြိုးလာသော စီးပွားရေး လုပ်ငန်းတွင် ပွားလာနိုင်စေသည်။

Austrian School of Economics ~ သြစတြီးယားဘောဂဗေဒဂိုဏ်း။

သြစတြီးယားပြည်မှ ဘောဂဗေဒပါရဂူများ ကို ပေးသော နာမည် ဖြစ်သည်။ အထူးသဖြင့် မဲင်ဂါ၊ ဝံဇာ၊ ဘောင်ဘောက်တို့ ဖြစ်ကြသည်။ သူတို့သည် ဘောဂဗေဒတွင် ဂိုဏ်းတစ်ဂိုဏ်း ဖြစ်၏ ။ သူတို့သည် လက်တွေ့  ဖြစ်ရပ်များ ကို အခြေခံထား၍ သတ္တုချသုံးသပ်သည်ထက် တစ်ခုခုကို အရင်ကောက်ချက်ချ၍ ဤမှနေ၍ ကောက်ချက်ငယ်များ ဆွဲထုတ်ယူသော နည်းကို အသုံးချ၏ ။ ဤနည်းဖြင့် သူတို့သည် အထူးသဖြင့် တန်ဖိုးသဘောတရားတစ်ခုကို စိတ်ဆန္ဒအမြင်ပိုင်းမှာ ဖော်စပ်ထားခဲ့သည်။ ယနေ့၌ အကျော်ကြားဆုံး သြစတြီးယား ဘောဂဗေဒပါရဂူတို့ကား လု(ဒ်)ဝစ်ဘောင်မိုက်(စ်)၊ ပါမောက္ခဟာရကဒ်တို့ ဖြစ်သည်။ ၎င်းတို့နှစ် ယောက် သည် လစ်ဘရယ်ဆန်၍ ပြိုင်ဆိုင်မှု ရှိသော စီးပွားရေး စနစ် ထူထောင်ရ မည် ဟု ရှေ့နေလိုက်သော သူများ ဖြစ်သည်။

Autarky ~ လွတ်လပ်ဖူလုံရေး ။

တိုင်းပြည်တစ်ပြည်သည် မိမိပြည်တွင်း ဖြစ်ပစ္စည်းနှင့် ဖူလုံရေး ပေါ်လစီ ဖြစ်သည်။ နိုင်ငံခြား မှ သွင်းကုန်များ အပေါ် မှီခိုရမှု ကင်းလွတ်လာခြင်းဖြင့် လွတ်လပ်အောင် ကြိုစားခြင်း ဖြစ်သည်။

Average, General ~ ယေဘုယျပျမ်းမျှ။

သင်္ဘောအာမခံစာချုပ် အပုဒ်တစ်ပုဒ် ဖြစ်သည်။ ဤအပုဒ်အရ အပျက်အစီး အဆုံးအရှုံး ရှိလျှင် သင်္ဘောပေါ် ကုန်တင်သူများ ကပါ ခံရသည်။ အားလုံးကို အာမခံထားကြရသည်။ ထို့ကြောင့် ဤအသုံးအနှုန်းအတွက် သင်္ဘောကုမ္ပဏီကိုပါ အာမခံကုမ္ပဏီက လျော်ကြေး ထုတ်ပေးရမည် ။

Average, Particular ~ တသီးတခြားပျမ်းမျှ။

သင်္ဘောအာမခံစာချုပ် အပုဒ်တစ်ပုဒ် ဖြစ်သည်။ ဤအပုဒ်အရ အပျက်အစီး အဆုံးအရှုံး ရှိလျှင် ပျက်စီးဆုံးရှုံးခံရသည့်သူကသာ စိုက်ရမည် ဖြစ်သည်။ တစ်နည်းဆိုလျှင် ပျက်စီး ဆုံးရှုံးခံရသည့်သူကို အာမခံကုမ္ပဏီက လျော်ပေးလိမ့်မည် ။

Average Product ~ ပျမ်းမျှထွက်ကုန်။

ကုန်ထုတ်လုပ်ငန်းတစ်ခုတွင် စုစုပေါင်းထွက်ရှိသော ထွက်ကုန်ကို ၎င်းလုပ်ငန်းရှိ စုစုပေါင်း အလုပ်သမားဦးရေနှင့် စားလျှင် တစ်ယောက် ကောင်းတွင် ထွက်ရှိသော ထွက်ကုန်ကို ရမည် ။ ဤရလဒ်ကို ပျမ်းမျှထွက်ကုန်ဟု ခေါ်သည်။

A snapshot ~ လျှပ်တစ်ပြက်ရိုက်ချက်။

နိုင်ငံတစ်နိုင်ငံ၏ ငွေကြေးနှင့် ဘဏ္ဍာရေး စနစ်ကို အနုစိတ် လေ့လာကြည့်ခြင်းရှိသလို ဓာတ်ပုံအမြန်ရိုက်သလို လျှပ်တစ်ပြက်ရိုက်ကြည့်ခြင်းမျိုးလည်း ရှိသည်။ ဤသို့ လျှပ်တစ်ပြက်ရိုက်သော အခါ ပုံရိပ်ပြကြောင်း ပေါ်စေသည်။ ၎င်းတို့မှာ -

(၁) ငွေကြေးကဏ္ဍနှင့် ငွေကြေးပေါ်လစီ တိုးတက်ပုံ

(၂) ဘဏ်စနစ်၏ အရွယ်အစားဖွဲ့စည်းမှု နှင့် စွမ်းရည်ထက်မြက်မှု တို့ (အစိုးရ၏ ကဏ္ဍ လည်း ပါဝင်စေရမည် ။)

(၃) ဘဏ်စည်းမျဉ်းနှင့် ကြီးကြပ်ကွပ်ကဲမှု တို့၏ အရည်အသွေး။

(၄) ဘဏ်မဟုတ်သော ဘဏ္ဍာရေး ကဏ္ဍ Non-bank Financial Sliter

(၅) ဘဏ္ဍာရေး စနစ်၏ တံခါးဖွင့်မှု အနေအထား Openness Financial Seeter

(၆) အဖွဲ့အစည်းနှင့် ဝန်းကျင် (institutional environment) တို့ဟူ၍ ဖြစ်ပါသည်။

* * * * *


အခန်း (၂)

Balance of Payment on Current Account ~ လက်ငင်းစာရင်းအရ ငွေချေးမှု ချိန်ခွင်။

နိုင်ငံတစ်ခု၏ အခြားနိုင်ငံသို့ ပေးရငွေများ (အခြားနိုင်ငံမှ ကုန်စည်များ ဝယ်ယူ၍ ပေးရငွေ၊ ချေးငွေအတွက် အတိုးပေးရငွေ။ သင်္ဘောငှားခအတွက် ပေးရငွေ၊ နိုင်ငံ တစ်နိုင်ငံသို့ ဤနိုင်ငံမှချေးငွေ။ အခြားနိုင်ငံမှ ကြွေးကို ပြန်ဆပ်သည့်အရင်းငွေ စသည်တို့သည် ပေးရ ငွေများ ဖြစ်သည်။) နှင့် ဤနိုင်ငံက အခြားနိုင်ငံများ မှ ရငွေများ (ဤနိုင်ငံမှ အခြားနိုင်ငံများ သို့ တင်ပို့သည် ထုတ်ကုန်များ တန်ဖိုး၊ ဤနိုင်ငံက အခြားနိုင်ငံများ အား သင်္ဘောငှား၍ ရငွေ များ ၊ အခြားနိုင်ငံများ မှရသည့် အတိုးငွေများ ၊ အခြားနိုင်ငံမှ ပြန်ရရှိသော ငွေရင်း စသည် တို့သည် ဤနိုင်ငံမှ ရငွေ ဖြစ်သည်။) ကို နှိုင်းယှဉ်ပြသော ဇယားကို လက်ငင်းစာရင်းအရ ငွေချေးမှု ချိန်ခွင်ဟု ခေါ်သည်။

Balance of Trade ~ ကုန်သွယ်ရေး ချိန်ခွင်။

ပြည်ပသို့ ထွက်ကုန်နှင့် ပြည်တွင်းသို့ ပြည်ပမှ တင်သွင်းသည့် ကုန်တန်ဖိုးကို နှိုင်းယှဉ် ကြည့်သည့် ဇယား ဖြစ်သည်။ ဝန်ဆောင်မှု အတွက် ရငွေနှင့် ပေးငွေများ မပါချေ။

Backwardation ~ ပျက်ကွက်ကြေး။

စတော့အိပ်(စ်)ချိန်းဆိုင်ရာ စကားလုံး ဖြစ်သည်။ ဝယ်သူသည် ရောင်းသူက သတ်မှတ် သည့်နေ့တွင် စတော့ပေးရန် တာဝန်ရှိလျက် ပျက်ကွက်လျှင် ပျက်ကွက်ကြေးရသည်။ ရောင်းသူသည် ပျက်ကွက်ကြေးပေးလျက် စတော့ကို နောက်မှပေးလျှင် ဖြစ်သည်။

Bank ~ ဘဏ်။

ငွေကြေးနှင့် ချေးငှားလုပ်ငန်းများ လုပ်ဆောင်သည့် ကုမ္ပဏီတစ်ခု ဖြစ်သည်။ ဘဏ်သည် မိမိဖောက်သည်များ ၏ ငွေများ ကို လုံခြုံစွာ သိမ်းပေးသည်။ ငွေချေးသည်။ အခြားနိုင်ငံများ ၌ ငွေစက္ကူထုတ်သည်။ ငွေချေရာ၌ တကယ်မလိုဘဲ စာရင်းသွင်း စာရင်းတွက်နည်းဖြင့် ချေရန် လွယ်ကူစေသည်။ ကုန်သွယ်မှု လုပ်ငန်းအဝဝကို တကယ့်ငွေကြေးကိုင်ပြီးလုပ်ရန် လိုအပ်ချက်ကို လျော့ပါးစေသည့်နည်းများ ဖြင့် ဆောင်ရွက်သည်။

Bank Charter Act ~ ဘဏ်ချာတာဥပဒေ။

၁၈၄၄ ခုနှစ် တွင် အင်္ဂလန်ဗဟိုဘဏ်အတွက် ပြဋ္ဌာန်းသည်။

(၁) ဘဏ်ကို ဌာနအားဖြင့် နှစ် ဌာန ဖွဲ့စည်းစေရမည် ။ ထုတ်ဝေရေး ဌာနက ငွေစက္ကူ၊ အကြွေ စသည်တို့ ထုတ်ဝေရေး တာဝန်ရှိ၍ ဘဏ်လုပ်ငန်းဌာနက ဘဏ်လုပ်ငန်း များ တာဝန်ယူဆောင်ရွက်ရမည် ။

(၂) ဘဏ်လုပ်ငန်းဌာနသည် ထုတ်ဝေရေး ဌာနအား သန်းအောင်း ၁၄ သန်း တန်ဖိုးရှိ သည့် အစိုးရအာမခံစာချုပ်များ ကို လွှဲပြောင်းပေးရမည် ။ ထုတ်ဝေရေး ဌာနက ငွေစက္ကူနှင့် အကြွေများ ကို ပေးအပ်ရမည် ။ (Fiduciary Issue)

(၃) ပုဂ္ဂလိကဘဏ်တစ်ခုအား ငွေစက္ကူထုတ်ဝေခွင့်ကို ရုပ်သိမ်းလျှင် ဗဟိုဘဏ်သည် ထုတ်ဝေခဲ့ပြီး ဖြစ်သော ငွေစက္ကူ၏ သုံးပုံနှစ် ပုံကို အာမခံစာချုပ်များ ဖြင့် ကျောထောက်နောက်ခံပြုကာ ထုတ်ဝေနိုင်သည်။

(၄) ဘဏ်သည် အပတ်စဉ် စာရင်းရှင်းတမ်း တင်ပြကြော်ငြာရမည် ။

(၅) မည် သူမဆို ထုတ်ဝေရေး ဌာနမှ ရွှေတစ်အောင်စပေးရန် ၃ ပေါင် ၁၇ သျှီလင်နှင့် ၉ ပဲနိကို လဲလှယ်ယူခွင့်ရှိသည်။

ဤဥပဒေသည် ပြင်ဆင်ချက်များ ဖြင့် အင်္ဂလန်ဘဏ်၏ အဆောက်အအုံကို စိုးမိုးလျက် ရှိသည်။ အပုဒ် (၅) ကို ၁၉၃၉ ခုနှစ် ၌ ပြဋ္ဌာန်းသော ငွေစက္ကူနှင့် ဘဏ်ငွေများ အက်ဥပဒေ ဖြင့် အစားထိုးလိုက်သည်။

Bank Clearing ~ ဘဏ်တိုက်ချင်း စာရင်းရှင်းမှု ။

အကြောင်းအမျိုးမျိုးကြောင့် ဘဏ်တိုက်တစ်ခုသည် အခြားဘဏ်တိုက်များ မှ ချက် လက်မှတ်များ မိမိထံရောက်နေရ၏ ။ အခြားဘဏ်များ လက်ထဲတွင် မိမိဘဏ်မှ ချက် လက်မှတ်များ ရောက်နေ၏ ။ ဤသို့ အားဖြင့် ဘဏ်တိုက်တို့သည် ထိုဘဏ်မှ ချက် လက်မှတ် ဒီဘဏ်ရောက်၊ ဒီဘဏ်မှ ချက်လက်မှတ် ထိုဘဏ်ရောက်နေကြရသည်။ ထိုအတွက် မိမိတို့ချင်း တွေ့ ဆုံကာ စာရင်းရှင်းရန်လိုသည်။ ဥပမာ - နိုင်ငံတော် ကူးသန်း ရောင်းဝယ်ရေး ဘဏ်မှ ချက်လက်မှတ်များ ရောက်နေ၏ ။ ထိုအခါ တစ်နေရာတွင် အချိန်မှန်တွေ့ ရန် သတ်မှတ်ကာ ချက်လက်မှတ်များ စာရင်းရှင်းလဲလှယ်ကြသည်။ ဤသို့ စာရင်းရှင်းသော အခါ အပိုပြဿနာရှိ၏ ။ လွိုက်ဘဏ်က ရရှိသော နိုင်ငံတော် ကူးသန်း ရောင်းဝယ်ရေး ဘဏ်၏ ချက်လက်မှတ်တန်ဖိုးသည် နိုင်ငံတော် ကူးသန်းရောင်းဝယ်ရေး ဘဏ်က ရရှိသော လွိုက်ဘဏ်၏ ချက်လက်မှတ်တန်ဖိုးထက် များ နေလျှင် ဤအများ ကို နိုင်ငံတော် ကူးသန်းရောင်းဝယ်ရေး ဘဏ်က ချေရလေသည်။ ဒုတိယရှင်းနည်းမှာ နိုင်ငံတော် ကူးသန်းရောင်းဝယ်ရေး ဘဏ်ကော၊ လွိုက်ဘဏ်ပါ ပြည်ထောင်စုဘဏ်၌ အပ်ငွေများ ရရှိ၏ ။ နိုင်ငံတော် ကူးသန်းရောင်းဝယ်ရေး ဘဏ်က လွိုက်ဘဏ်အား ထိုထို သော အရေအတွက်ရှိသော ငွေကို ပေးစရာရှိသည်ဆိုလျှင် နိုင်ငံတော် ကူးသန်းရောင်းဝယ် ရေး ဘဏ်က လွိုက်ဘဏ်အား ပြည်ထောင်စုဘဏ် ချက်လက်မှတ်ကို ထုတ်ပေးနိုင်၏ ။ လွိုက်ဘဏ်က ထိုချက်လက်မှတ်ကို ပြည်ထောင်စုဘဏ်သို့ အပ်လိုက်လျှင် လွိုက်ဘဏ်၏ စာရင်းတွင် အပ်ငွေပိုလာရာ နိုင်ငံတော် ကူးသန်းရောင်းဝယ်ရေး ဘဏ်၏ စာရင်းတွင် လျော့သွားလိမ့်မည် ။ ဘဏ်တိုက်အချင်းချင်း တစ်နေရာ၌ ရက်မှန်တွေ့ ၍ ဤသို့ စာရင်းရှင်း ကြခြင်းကို ဘဏ်တိုက်ချင်းစာရင်းရှင်းမှု ဟု ခေါ်သည်။

Bank Credit ~ ဘဏ်၏ ချေးငှားမှု ။

ဘဏ်တိုက်များ က အခြားသူများ အား ချေးငှားရာတွင် ပုံစံသုံးမျိုးရှိသည်။ ပထမအမျိုးမှာ လာရောက်ချေးငှားသူအား ငွေချေးသူလက်မှတ်များ ထုတ်ပေးလိုက် ၏ ။ ငွေချေးသူသည် ငွေမရသော်လည်း ချက်လက်မှတ်ရကာ ဤချက်လက်မှတ်များ ဖြင့် ဝယ်ခြမ်းငွေချေနိုင် သည်။ ငွေချေးသူသည် အတိုးနှင့် ငွေရင်းကို ဘဏ်အား ပြန်ဆပ်မည် ။ ဒုတိယအမျိုးမှာ ဘဏ်တွင် ငွေအပ်သူများ အား အပ်သည့်ငွေထက် ပို၍ ထုတ်ယူခွင့် (Over Draft) ပြုခြင်း ဖြစ်သည်။ ငွေတစ်ထောင်အပ်သူအား ၁၅၀၀ ကျပ်အထိ ထုတ်ယူခွင့်ပြုခြင်း ဖြစ်သည်။ ပိုမို ထုတ်ယူသည့် အတိုးနှင့် အရင်း ပြန်ဆပ်ရမည် ။ တတိယအမျိုးမှာ အာမခံစာချုပ်များ ကို ဝယ်ယူခြင်း ဖြစ်သည်။ အာမခံစာချုပ် လာရောင်းသူက မိမိဘဏ်ချက်လက်မှတ်ကို ပေးလိုက် ခြင်းဖြင့် ရောင်းသူသည် ဤချက်လက်မှတ်များ ဖြင့် အခြားပစ္စည်းများ နှင့် ကုန်များ ကို ဝယ်ယူငွေချေနိုင်သည်။ ဘဏ်တိုက်များ က ဤသို့ ချေးငှားမှု ကို ဘဏ်ချေးငှားမှု ဟု ခေါ်သည်။

Bank Deposits ~ ဘဏ်အပ်ငွေ။

လူအများ က ဘဏ်တိုက်များ တွင် အပ်သော ငွေများ ကို ခေါ်သည်။ ဘဏ်တွင် ငွေအပ်ရာ တွင် နှစ် မျိုးအပ်နိုင်သည်။ တစ်မျိုးမှာ ငွေရှင်အပ်ငွေ ဖြစ်သည်။ ငွေအပ်သူက အချိန်မရွေး ငွေပြန်ထုတ်လျှင် ဘဏ်က ပေးရခြင်း ဖြစ်သည်။ နောက်တစ်မျိုးက အချိန်အပ်ငွေ ဖြစ်သည်။ အချိန်မရွေး ထုတ်ယူခွင့်မရှိဘဲ ထုတ်လိုလျှင် ခုနှစ် ရက် ဖြစ်စေ၊ တစ်စုံတစ်ရာ ရက်တွင် ဖြစ်စေ ဘဏ်တိုက်အား အကြောင်းကြား၍ ထုတ်ရခြင်း ဖြစ်သည်။ အချိန်အပ်ငွေ ဖြင့် အပ်သူအား ဘဏ်တိုက်က အတိုးပေးသည်။

Banker's Deposits ~ ဘဏ်တိုက်များ ၏ အပ်ငွေ။

ဘဏ်တိုက်အသီးသီးသည် နိုင်ငံရှိ ဗဟိုဘဏ်၌ သတ်မှတ်ထားသော ငွေအရေအတွက် ရာခိုင်နှုန်းကို ဥပဒေပြဋ္ဌာန်းထားသည်နှင့် အညီ အပ်ရလေသည်။ ထိုသို့ သော ဘဏ်တိုက် များ ၏ အပ်ငွေများ ကို ဘဏ်တိုက်များ ၏ အပ်ငွေဟု ခေါ်သည်။

Banking Department ~ ဘဏ်လုပ်ငန်းဌာန။

နိုင်ငံတိုင်းတွင် ဗဟိုဘဏ်တစ်ခုစီ ရှိကြသည်။ မြန်မာနိုင်ငံတွင် ပြည်ထောင်စုဘဏ် ဖြစ်သည်။ ဤဗဟိုဘဏ်၌ ဌာနကြီးနှစ် ခု ရှိသည်။ တစ်ခုမှာ ငွေစက္ကူထုတ်လုပ်ရေး ဌာန ဖြစ်၏ ။ တစ်ခုမှာ ဘဏ်လုပ်ငန်းဌာန ဖြစ်လေသည်။ ဘဏ်လုပ်ငန်းဌာနသည် အစိုးရနှင့် ဘဏ်တိုက်အသီးသီးတို့ကအပ်သော အပ်ငွေများ ကို လက်ခံခြင်း၊ ပြန်ပေးခြင်း၊ အာမခံ စာချုပ်များ ကို ရောင်းဝယ်ခြင်း၊ ငွေချေခြင်း စသည့် လုပ်ငန်းများ ကို လုပ်သည်။

Bank for International Settlements ~ ဘီအိုင်အက်(စ်)။

အီတလီ၌ ၁၉၃၀ ပြည့်နှစ် က တည်ထောင်သည်။ တစ်ပိုင်းအားဖြင့် ဂျာမနီထံမှ ရန်းစီမံကိန်းအရ၊ ရစရာ လျော်ကြေးများ အရ လွယ်ကူစေရန် ဖြစ်သည်။ တစ်ပိုင်းအားဖြင့် ဗဟိုဘဏ်များ ၏ ပူးပေါင်းဆောင်ရွက်မှု ကို လွယ်ကူစေရန်နှင့် နိုင်ငံတကာငွေချေးမှု ဆိုင်ရာ ပြဿနာများ ကို ဖြေရှင်းပေးရန် ဖြစ်သည်။ ဘဏ်၏ အစုရှယ်ယာအရင်းများ ကို ဗဟိုဘဏ် မျးသို့ လည်းကောင်း၊ ဘယ်လ်ဂျီယံ၊ ပြင်သစ်၊ ဂျာမနီ၊ အင်္ဂလန်၊ အီတလီ၊ ဂျပန်နှင့် အမေရိကန်ပြည်ရှိ ဘဏ်တိုက်များ သို့ လည်းကောင်း ထုတ်ဝေရောင်းချသည်။ စစ်အတွင်း က ဘဏ်၏ လုပ်ငန်းများ ရပ်ဆိုင်းထားရ၍ ဒုတိယကမ္ဘာစစ်အပြီးတွင် 'ဥရောပနိုင်ငံချင်း ငွေချေးမှု သဘောတူညီချက်' နှင့် ဥရောပ စုငွေချေးမှု သမဂ္ဂ ဖွဲ့စည်းရေး တို့အတွက် ဘဏ်သည် အသေးစိတ်ပါဝင်ခဲ့သည်။

Bank Note ~ ချက်လက်မှတ်။

ဘဏ်တိုက်တစ်ခုမှ ထုတ်ဝေသော ကတိဝန်ခံချက်ရှိသည့် စာတမ်းတစ်ခု ဖြစ်သည်။ ဤစာတမ်းကိုင်ထားသူက တောင်းဆိုသည့်အချိန်တွင် ငွေထုတ်ပေးရန် တာဝန်ရှိသည်။

Bank of England ~ အင်္ဂလန်ပြည်ဘဏ်။

၁၆၉၄ ခုနှစ် တွင် တည်ထောင်သည်။ ယူနိုက်တက်ကင်းဒမ်းအတွက် ဗဟိုဘဏ် ဖြစ်သည်။ အင်္ဂလန်ပြည်ဘဏ်လုပ်ငန်း၏ မဏ္ဍိုင်ကျောရိုး ဖြစ်သည်။ ဤဘဏ်သည် ကြွေးကို စီမံ ဆောင်ရွက်သော အစိုးရဘဏ် ဖြစ်ရုံမက ငွေစက္ကူထုတ်ဝေခွင့်ကို တစ်ဦးတည်း အခွင့် အရေး ရှိသည့်ဘဏ် ဖြစ်သည်။ ၎င်းဘဏ်၌ ကူးသန်းရောင်းဝယ်ရေး ဘဏ်များ ၊ အခြားနိုင်ငံ များ မှ ဗဟိုဘဏ်များ ကလည်း စာရင်းဖွင့်ငွေအပ်ကြသည်။ ၁၉၄၆ ခုနှစ် အထိ ဤဘဏ် သည် ပုဂ္ဂလိကပိုင် ဖြစ်၍ အစုရှယ်ယာပိုင်ဆိုင်သူများ က ရွေးလိုက်သော ဒါရိုက်တာဘုတ် အဖွဲ့နှင့် ဂါဗာနာလူကြီး တစ်ယောက် က အုပ်ချုပ်ခဲ့သည်။ ၁၉၄၆ ခုနှစ် အင်္ဂလန်ဘဏ်၏ ဥပဒေအရ ဤဘဏ်ကို ပြည်သူပိုင်လုပ်ခဲ့သည်။ အစုရှယ်ယာပိုင်ဆိုင်သူများ သည် မိမိတို့၏ အစုရှယ်ယာစတော့များ အတွက် တစ်ရာခိုင်နှုန်း အစိုးရ အာမခံစာချုပ်များ ရကြသည်။ ဒါရိုက်တာလူကြီးများ လည်း အစိုးရခန့်များ ဖြစ်လာကြသည်။

Bank Rate ~ ဘဏ်အတိုးနှုန်း။

ဗဟိုဘဏ်က ပေးသော ယူသော အတိုးနှုန်း ဖြစ်သည်။

Banking Principle ~ ဘဏ်မူ။

အင်္ဂလန်တွင် ငွေစက္ကူထုတ်ဝေမှု နှင့် စပ်လျဉ်းသော မူ ဖြစ်သည်။ ၁၈၄၄ ခုနှစ် တွင် ငွေစက္ကူ ထုတ်ဝေရာ၌ မည် သည့်မူကို အခြေခံသင့်သည်ဆိုသည့်အချက်၌ အငြင်းအခုံ ဖြစ်ကြသည့် ဘဏ်ဂိုဏ်းက ကုန်သွယ်မှု ၏ လိုအပ်ချက်သည် ငွေစက္ကူအရေအတွက်ကို ထိန်းသိမ်းရ မည် ဟု ဆိုသည်။ ၎င်းဂိုဏ်းက ငွေစက္ကူများ ကို တောင်းဆိုသော ရွှေနှင့် လဲလှယ်ခွင့် ရှိရ မည် ဟူ၍ လည်း ဆိုသည်။

Bargaining Power ~ ဈေးဆစ်အရေး ဆိုနိုင်သော အား။

ကား(လ်)မတ်(က်စ်)က အလုပ်သမားတို့သည် စည်းရုံးဖွဲ့စည်း၍ အရေး ဆိုလျှင် ဈေးဆစ် နိုင်သော အားကြီးသည်ဟု ဆို၏ ။ မည် သည့်အတိုင်းအတာအထိ ကြီးသနည်းဟူမူ လုပ်ခကို တစ်စုံတစ်ရာသော အတိုင်းအတာအထိ မြှင့်နိုင်လောက်သည်ဆို၏ ။ သို့ သော် သူက အတိုင်းအတာမရှိ မြှင့်နိုင်သည့်အထိတော့ အရင်းရှင်စနစ် ရှိသရွေ့မ ဖြစ်နိုင်ဟု ယူဆသည်။ အလုပ်လက်မဲ့စစ်တပ်ကြီးသည် ဈေးဆစ်နိုင်သော အားကို လျော့စေသည်ဟု ဆို၏ ။ မတ်(က်စ်)၏ ယူဆချက်သည် ရှေးဟောင်းဘောဂဗေဒ ယူဆချက်တစ်ချက်ကို တွန်းလှန်ရာကျ၏ ။ ရှေးဟောင်းဘောဂဗေဒ၏ ယူဆချက်တစ်ရပ် ဖြစ်သော 'သံမဏိတရား' အရ လုပ်ခကို အတိုးအလျှော့မလုပ်ရဟု ဆိုသည်။ အလုပ်သမားတို့၏ ဈေးဆစ်နိုင်သော အား မရှိဟု ဆိုရာရောက်သည်။ ဤအချက်ကို မတ်(က်စ်)က ဆန့်ကျင်သည်။

Bear ~ မရှိဘဲရောင်းသူ။

စတော့အိပ်(စ်)ချိန်း၌ မိမိလက်ထဲ 'စတော့' မရှိဘဲ စတော့ရောင်းသူကို ခေါ်သည်။ တစ်နည်းဆိုလျှင် လက်ငင်း၌ စတော့မရှိသော်လည်း ဝယ်၍ ပြန်ရောင်းသော အခါ မိမိဝယ် သည့် စတော့ဈေးသည် ရောင်းသည့်ဈေးထက် နိမ့်လိမ့်မည် ဟု တွက်ဆကာ ရောင်းခြင်း ဖြစ်သည်။ သူ့ခေါ်ဈေးနှင့် ဝယ်သူရှိလျှင် သူသည် စတော့ကို ဝယ်၍ အပ်လိမ့်မည် ဖြစ်သည်။

Behaviourable economics ~ အပြုအမူဆိုင်ရာ ဘောဂဗေဒ။

ဘောဂဗေဒဆိုလျှင် သင်္ချာညီမျှခြင်းတို့ဖြင့် သာ တွက်ချက်သက်သေထူခဲ့ကြသည်။ ယခု သင်္ချာထက် လူတို့၏ အပြုအမူတို့ကို အခြေခံထား လေ့လာသည်။ တစ်နည်းပြောလျှင် စိတ်ပညာကို အခြေခံ၍ ဘောဂဗေဒကို လေ့လာခြင်းကို ညွှန်းသည်။

Benchmark rate ~ စံထားနှုန်း။

ဗဟိုဘဏ်က သတ်မှတ်သော အတိုးနှုန်းကိုခေါ်သည်။ အခြားဘဏ်တို့သည် ဗဟိုဘဏ်က သတ်မှတ်သော အတိုးနှုန်းကို ဗဟိုစံထား၍ မိမိတို့ယူသော အတိုးနှုန်းတို့ကို ညှိကြရသည်။

Benchmarking ~ စံမှတ်ခြင်း၊ စံရှာခြင်း။

ထိပ်တန်းကုမ္ပဏီကြီးတို့၏ အောင်မြင်မှု အကြောင်းအရာတို့ကို ရှာဖွေစုံစမ်းပြီး ဤအကြောင်းအရာတို့ကို မိမိတို့ကုမ္ပဏီအတွက် စံထားပြီး ပြုပြင်သင့်သည်ကို ပြုပြင်ရန် ဆောင်ရွက်ခြင်းကို ခေါ်သည်။

စံမှတ်ခြင်း၊ စံရှာခြင်းလုပ်ငန်း၌ ယေဘုယျအားဖြင့် အဆင့်သုံးဆင့် ရှိသည်။

ပထမအဆင့်မှာ မည် သည့်အချက်တို့ကို မိမိတို့ကုမ္ပဏီက တိုးတက်ကောင်းမွန် အောင် ပြုလုပ်ရမည် နည်းဟု လေ့လာသုံးသပ်ရှာဖွေခြင်း ဖြစ်သည်။

ဒုတိယအဆင့်မှာ ထိပ်တန်းရောက်နေသော ကုမ္ပဏီတစ်ခုခုကို ထောက်လှမ်း စနည်းနာခြင်း ဖြစ်သည်။

တတိယအဆင့်မှာ ဤထိပ်တန်းကုမ္ပဏီနှင့် ဆက်သွယ်ပြီး မန်နေဂျာနှင့် အလုပ် သမားတို့နှင့် ဆွေးနွေးကာ ဘာကြောင့် ထိပ်တန်းရောက်ပြီး အောင်မြင်ရသနည်းဟု တီးခေါက်ကြည့်ခြင်း ဖြစ်သည်။

ထိပ်တန်းရောက်ကုမ္ပဏီတို့၏ လုပ်ပုံကိုင်ပုံတို့ကို စံအ ဖြစ် အတုယူရန် ကြိုးပမ်းမှု သည် သဘောတရားအရ လွယ်ကူသော်လည်း လက်တွေ့ ၌ မလွယ်ပေ။

အဆိုပါ ထိပ်တန်းကုမ္ပဏီကြီးတို့သည် မိမိတို့ လုပ်ပုံကိုင်ပုံကို များ သော အားဖြင့် လျှို့ဝှက်ထားတတ်ကြ၏ ။ မလွှဲသာ၍ အသိပေးလည်း ပညာစားချန်ထားတတ်သည်။

Benelux ~ ဘီနီးလတ်(ဇ်)။

ဘယ်လ်ဂျီယံ၊ နယ်သာလင်နှင့် လူဇင်ဘတ်နိုင်ငံတို့၏ စီးပွားရေး သမဂ္ဂ ဖြစ်သည်။ ဤသမဂ္ဂ၏ ရည်ရွယ်ချက်မှာ သုံးနိုင်ငံ၏ စီးပွားရေး သမဂ္ဂကို ပြည့်စုံစွာ တည်ထောင်ရန် ဖြစ်သည်။ ၁၉၄၈ ခုနှစ် က တူညီသော အကောက်တော် နှုန်းကို သတ်မှတ်၍ ၁၉၄၉ ခုနှစ် တွင် ကုန်အမျိုးအစား အတော် များများ ကို အပြန်အလှန် လွတ်လပ်စွာ ဖလှယ်ကြသည်။

Big Five ~ ကြီးငါးကြီး။

အင်္ဂလန်တွင် အကြီးဆုံးဘဏ်တိုက် ငါးခု ဖြစ်သည်။ ၎င်းတို့မှာ မိလဲင်ဝက်(စ်)၊ မီနီစတာ၊ ဘတ်(က်)လေ၊ လွိုက်နှင့် နေရှင်နယ်ပရိုဗီရှင်နယ်တို့ ဖြစ်သည်။

Bilateralism ~ စုံတွဲ ကုန်သွယ်မှု ဝါဒ။

နိုင်ငံအများ အပြား တွဲ ၍ ကူးသန်းရောင်းဝယ်သည့်စနစ်နှင့် တစ်ဖက်စီ ဖြစ်သော နိုင်ငံနှစ် ခု ချင်းတွဲ ၍ ကူးသန်းရောင်းဝယ်သည့်စနစ် ဖြစ်သည်။ ၎င်းစုံတွဲ စနစ်အရ နှစ် နိုင်ငံ၏ ကူးသန်း ရောင်းဝယ်မှု တန်ဖိုးသည် ညီမျှရမည် ။ ဤနိုင်ငံမှ ထိုနိုင်ငံသို့ ထွက်ကုန်တန်ဖိုးသည် ထိုနိုင်ငံမှ ဤနိုင်ငံသို့ သွင်းကုန်တန်ဖိုးနှင့် ညီမျှရမည် ။ ထို့အပြင် ဤနိုင်ငံသို့ တင်သွင်း သည့်အတွက် ရငွေသည် ဤနိုင်ငံမှ ကုန်ပစ္စည်းနှင့် ဆောင်ရွက်မှု များ ဝယ်ခြမ်းမှု တွင် သုံးစွဲရမည် ဟူ၍ ဖြစ်သည်။

Bill Brokers ~ ဘီ(လ်) ပွဲစားများ ။

ဘီ(လ်)ပွဲစားဆိုသူများ သည် ဘီ(လ်)များ ကို ဝယ်ယူခြင်း၊ ရောင်းခြင်းကို လုပ်ကြသည်။ ၁၀၀ ကျပ်တန်သည့် ဘီ(လ်)တစ်ခုကို ၎င်းတို့က ၉၅ ကျပ်ဖြင့် ဝယ်ယူကာ တစ်ဖန် ဘဏ်များ ကို ၉၈ ကျပ်ဖြင့် ပြန်ရောင်းသည်။ သို့ ဖြင့် ၎င်းတို့က သုံးကျပ်မြတ်သည်။ မိမိ လက်ထဲရှိ ဘီ(လ်)များ ကို ပြ၍ ဘဏ်များ ထံမှ ချိန်တိုငွေချေးမှု များ လည်း လုပ်သည်။ မိမိက ၉၅ ကျပ်ဖြင့် ဝယ်ယူထားသော ၁၀၀ ကျပ်တန် ဘီ(လ်)များ ကို ဘဏ်တိုက်တွင် အပေါင် ထားခြင်းဖြင့် ငွေရကာ ၎င်းငွေဖြင့် တစ်ဖန် ဘီ(လ်)များ ကို လက်ခံခြင်း၊ ဝယ်ယူခြင်း ပြုသည်။ အာမခံစာချုပ် အရောင်းအဝယ်လည်း လုပ်သေးသည်။

ဘီ(လ်) အရောင်းအဝယ်လုပ်သူများ ၊ ဘီ(လ်) ရောင်းဝယ်လိုသူများ အား ဘဏ် တိုက်များ နှင့် ဆက်သွယ်ပေး၍ အရောင်းအဝယ် ဖြစ်စေသူများ ၊ အာမခံစာချုပ် အရောင်း အဝယ်လုပ်ပေးသူများ ကို ခေါ်သည်။

Bill of Exchange ~ ဖလှယ်မှု ဘီ(လ်)။

လူ တစ်ယောက် က ဖြစ်စေ၊ ကုမ္ပဏီတစ်ခုက ဖြစ်စေ အခြားလူ တစ်ယောက် ကို ဖြစ်စေ၊ အခြားကုမ္ပဏီတစ်ခုကို ဖြစ်စေ ထိုထိုသော ပစ္စည်း ဝယ်ယူသည့်အတွက် ထိုမျှသော ငွေကို ထိုနေ့တွင် ပေးဆပ်ပါရန် ပေးပို့လိုက်သော ဘီ(လ်) ကို ခေါ်သည်။ ဘီ(လ်) ပေးပို့သူကို ဘီ(လ်) ဆွဲသူဟု ခေါ်သည်။ ပေးပို့လိုက်သော ဘီ(လ်) ကို ဒုတိယလူက ဘီ(လ်) ပါ အတိုင်း ပေးမည် ဟု ကတိခံကာ ဘီ(လ်)အပေါ်တွင် လက်မှတ်ထိုးလိုက်လျှင် ဘီ(လ်) ကို လက်ခံသည်ဟု ခေါ်သည်။

လက်ခံသူရှိသည့် ဘီ(လ်)များ သည် တရားဝင်စေ့စပ်နိုင်၏ ။ ဆိုလိုသည်မှာ ဤ ဘီ(လ်)ကို တတိယလူအား တစ်ဆင့်လွှဲပေးနိုင်ခြင်း ဖြစ်သည်။ ဘီ(လ်) စာရင်းအရ ငွေ ၁၀၀ ရစရာရှိသည် ဆိုပါစို့။ ဤ ၁၀၀ တန်သော ဘီ(လ်) သည် နောက်တစ်ပတ်ကြာမှ လက်ခံသူထံမှ ငွေ ၁၀၀ ရမည် ဖြစ်လျှင် ဘီ(လ်)ဆွဲသူသည် ဤ ၁၀၀ တန် ဘီ(လ်) ကို ၁၀၀ ထက် နည်းသော ငွေဖြင့် အခြားသူတစ်ဦးအား ရောင်းချပစ်နိုင်၏ ။ ဤသို့ ရောင်းချ လိုက်သော အခါ မိမိက ဘီ(လ်)၏ ကျောဘက်တွင် 'မှန်ကန်သဘောတူကြောင်း' လက်မှတ်ထိုးလိုက်ရမည် ဖြစ်သည်။ အဓိပ္ပာယ်ကား ဤတတိယလူသည် အချိန်စေ့၍ ဘီ(လ်) လက်ခံသူထံသွား၍ ဘီ(လ်) ပြကာ ငွေတောင်းသော အခါ ထိုသူက မပေးနိုင်လျှင် မိမိ ဘီ(လ်) ဆွဲသူက စိုက်ပေးရမည် ဖြစ်သည်။

Bill of Loading ~ ကုန်ရကြောင်း ဘီ(လ်)။

သင်္ဘောပေါ် ကုန်များ တင်ပြီး၍ လက်ခံရရှိကြောင်း သင်္ဘောကပ္ပတိန်က ဖြစ်စေ၊ ၎င်း၏ ကိုယ်စားလှယ်က ဖြစ်စေ လက်မှတ်ထိုးထားသော ဘီ(လ်) ဖြစ်သည်။ သင်္ဘောပေါ်မှ ကုန်အား သင်္ဘောကပ္ပတိန်က ဖြစ်စေ၊ ၎င်း၏ ကိုယ်စားလှယ်က ဖြစ်စေ ဆိပ်ကမ်းရောက် လျှင် ကုန်မှာ သူထံ အပ်ရမည် ။

Bill of Sale ~ အရောင်းဘီ(လ်)။

ပစ္စည်းအပေါင်ဖြင့် ငွေချေးသော စာချုပ် ဖြစ်သည်။ ငွေချေးငှားသူသည် အတိုးနှင့် အရင်းကို ပေးဆပ်ရန် ပျက်ကွက်လျှင် ချေးသူက စာချုပ်ပါ ကုန်ပစ္စည်းများ ကို ရောင်းချပိုင်ခွင့်ရှိသည်။ အရောင်းဘီ(လ်)သည် အထူးသဖြင့် သင်္ဘောပေါ်မှ ကုန်များ ၊ အကောက်ရုံးဂိုဒေါင်ရှိ ကုန်များ ပိုက်ဆံမရှိသဖြင့် မရွေးနိုင်သော အခါတွင် ၎င်းပစ္စည်းများ ကို အပေါင်ထား၍ ချေးလေ့ရှိသည်။

Bimetalism ~ စုံတွဲ ဒင်္ဂါးစနစ်။

နိုင်ငံတစ်နိုင်၌ ရွှေဒင်္ဂါးရော၊ ငွေဒင်္ဂါးကိုပါ သွန်းလုပ်ပြီး တရားဝင်ပိုက်ဆံအ ဖြစ် စင်ပြိုင် သုံးစွဲစေသည့် စနစ်ကို ခေါ်သည်။

Birth-rate ~ မွေးဖွားနှုန်း။

တစ်နှစ် လျှင် လူဦးရေ မည် မျှတိုးသည်ကို ခေါ်သည်။

Black Bourse ~ မှော င်ခိုနိုင်ငံခြားငွေဈေး။

နိုင်ငံခြားငွေများ ကို အာဏာပိုင်တို့က သတ်မှတ်ထားသည့်နှုန်းထက်လျှော့၍ အရောင်း အဝယ်လုပ်ခြင်းကို ခေါ်သည်။ ဥပမာ - မြန်မာငွေ တစ်ကျပ်သည် ရူပီးငွေ တစ်ကျပ်နှင့် ညီမျှရမည် ဟု အာဏာပိုင်တို့က သတ်မှတ်ထား၏ ။ လူ တစ်ယောက် သည် တစ်နေရာ၌ အိန္ဒိယငွေတစ်ကျပ်ကို မြန်မာငွေ နှစ် ကျပ်ပေး၍ ဝယ်ယူသည်ဆိုလျှင် သတ်မှတ်သည့် နှုန်းထက် လျှော့ဝယ်ခြင်း ဖြစ်သည်။ ဤသို့ နိုင်ငံခြားငွေရောင်းဝယ်မှု ကို မှော င်ခိုနိုင်ငံခြား ငွေဈေး ဟုခေါ်သည်။

Blacklegs ~ ခြေထောက်မည်းများ ။

အလုပ်ရုံတစ်ရုံရှိ အလုပ်သမားအဖွဲ့အစည်းက သပိတ်မှော က်လိုက်သော အခါ အလုပ်ရှင် သည် အခြားဒေသမှသူများ ကို ခေါ်ယူ၍ အလုပ်လုပ်စေတတ်၏ ။ သပိတ်မှော က်ချိန်၌ အလုပ်ရှင်၏ ခေါ်ယူမှု ကြောင့် အခြားတစ်နေရာမှ လာရောက်အလုပ်လုပ်သူများ ကို 'ခြေထောက်မည်း' များ ဟု ခေါ်သည်။

Blocked Accounts ~ ပိတ်ဆို့ခံထားရသော စာရင်းများ ။

ပြည်တွင်းဘဏ်တိုက်များ ၌ နိုင်ငံခြားမှသူများ က ဤပြည်တွင်းရှိငွေများ အပ်ထားတတ်၏ ။ ဥပမာ - မြန်မာပြည် ဘဏ်တိုက်များ ၌ အိန္ဒိယပြည်နှင့် အင်္ဂလန်မှသူများ က ကျပ်ငွေများ အပ်ထားတတ်၏ ။ ဤမြန်မာငွေဖြင့် အပ်ငွေများ ကို အာဏာပိုင်တို့က ပြည်တွင်း၌ သုံးစွဲခွင့် မပြုခြင်း၊ သို့ မဟုတ် အကန့်အသတ်နှင့် သာ သုံးစွဲခွင့်ပြုခြင်းကို 'စာရင်းများ ကို ပိတ်ဆို့ထား သည်' ဟု ခေါ်သည်။ သုံးစွဲခွင့်မရသော နိုင်ငံခြားသားများ ၏ ဘဏ်ငွေများ ကို 'ပိတ်ဆို့ခံ ထားရသော စာရင်းများ ' ဟု ခေါ်သည်။ ('စာရင်းတန့်' ဟုလည်း ခေါ်နိုင်သည်။)

Bond ~ ဘောင်(ဒ်)စာချုပ်။

ငွေချေးစာချုပ်တစ်မျိုး ဖြစ်သည်။ တစ်စုံတစ်ရာ သတ်မှတ်ထားသော အချိန်တွင် တစ်စုံ တစ်ရာသော ငွေများ ကို ပေးပါမည် ဟု ကတိပါရှိသော ငွေချေးစာချုပ် ဖြစ်သည်။ အထူး သဖြင့် မြူနီစီပါယ်အဖွဲ့များ လို အာဏာပိုင်ပြည်သူအဖွဲ့များ က အများ ပြည်သူတို့ထံမှ ငွေချေး ငှားရာတွင် သုံးစွဲသည့်စာချုပ် ဖြစ်သည်။ အမေရိကန်တွင် စက်မှု နှင့် အာဏာပိုင်ပြည်သူ အဖွဲ့တို့က သတ်မှတ်ထားသော အတိုးပေးဆပ်ရန် သဘောတူသော အာမခံစာချုပ်များ ကို ခေါ်သည်။

Bonded Warehouses ~ ဘောင်(ဒ်)ထားသော ဂိုဒေါင်များ ။

နိုင်ငံခြားမှ တင်သွင်းသည့်အချိန်တွင် အခွန်မကောက်ဘဲ ဂိုဒေါင်မှ ထုတ်ယူသည့်အခါမှ ကောက်ခံစည်းကြပ်ခံရမည့်  ကုန်များ ထားရာ ဂိုဒေါင်ကို ခေါ်သည်။ နိုင်ငံခြားမှကုန်များ ရောက်လာ၏ ။ အခွန်မစည်းကြပ်သေးဘဲ ဂိုဒေါင်ထဲတွင် ထားစေ၏ ။ ပြည်တွင်း၌ ရောင်းချ ရန်အတွက် ဂိုဒေါင်မှထွက်သည်နှင့် အခွန်စည်းကြပ်၏ ။ ယင်းသို့ အခွန်မစည်းကြပ်ရသေး သည့်ကုန်များ ထားရာ ဂိုဒေါင်များ ကို ခေါ်သည်။

Book-debt ~ စာအုပ်အကြွေး။

ကုမ္ပဏီများ သည် မိမိတို့အချင်းချင်း ပေးစရာ၊ ရစရာများ အပြန်အလှန် အသီးသီးရှိကြ၏ ။ ဤပေးစရာ၊ ရစရာများ ကို စာအုပ်များ တွင် မှတ်သားထား၍ တစ်စုံတစ်ရာသော အချိန်တွင် အချင်းချင်း တွေ့ ဆုံကာ အကျန်ကို ငွေဖြင့် ဖြစ်စေ၊ ချက်လက်မှတ်ဖြင့် ဖြစ်စေ ချေကြသည်။

Boom ~ စီးပွားရေး စန်းပွင့်ချိန်။

သာမန်အားဖြင့် တိုတောင်းလှသော ကာလတစ်ခု ဖြစ်သည်။ ဤကာလအတွင်း၌ အရောင်းအဝယ် ဖွံ့ဖြိုး၏ ။ ကုန်ထွက်လုပ်ငန်းများ တိုးတက်၏ ။ ကုန်များ အဆက်မပြတ် ဈေးသို့ ရောက်ကာ မြန်မြန်ဆန်ဆန် ကုန်သွား၏ ။ ဈေးကောင်းမိကာ အမြတ်များများ ကျန်၏ ။ ဤလိုကာလကို စီးပွားရေး စန်းပွင့်သော ကာလဟု ခေါ်သည်။ ၎င်း၏ ဆန့်ကျင် ဘက်ကို 'စီးပွားရေး ဆုတ်ယုတ်ချိန်' (Slump) ဟု ခေါ်သည်။

Bounties ~ ထောက်ပံ့မှု ။

နိုင်ငံတော် အစိုးရက ကူးသန်းရောင်းဝယ်ရေး နှင့် စက်မှု လက်မှု အဖွဲ့များ ကို လုပ်ငန်း တိုးတက်စေရန် အားပေးသော ထောက်ပံ့မှု ဖြစ်သည်။

Bourse ~ ဒိုင်။

ပြင်သစ်စကား ဖြစ်သည်။ ဘဏ်လုပ်ငန်းလုပ်သူများ ဘီ(လ်)ပွဲစားများ နှင့် အခြား ကုန်သည် တို့ နေ့စဉ် တွေ့ ဆုံသည့်နေရာကို ခေါ်သည်။

Boycotting ~ သပိတ်မှော က်ခြင်း။

ကုမ္ပဏီတစ်ခုနှင့် ဖြစ်စေ၊ တစ်စုံတစ်ခုသော လူ တစ်ယောက် နှင့် ဖြစ်စေ ပေါင်းသင်း ဆက်ဆံရေး မလုပ်ခြင်း၊ ကူးသန်းရောင်းဝယ်ရေး ကိစ္စများ ဖြင့် မဆက်ဆံခြင်း စသည့် နည်းများ ဖြင့် 'ကြဉ်' ထားခြင်းကို ခေါ်သည်။ ဤစကားလုံးသည် ကပ္ပတိန်ဘွိုင်ကော့ဆိုသူ ကို အမှီပြု၍ ပေါ်လာသည်။ သူသည် ၁၈၈၀-၈၁ ခုနှစ် က လယ်ယာကိစ္စနှင့် ဖြစ်ပွားသော အဓိကရုဏ်းတွင် ကြဉ်ခံခဲ့ရသည်။

Branch Banking ~ ဘဏ်လုပ်ငန်းခွဲများ ။

ဘဏ်တိုက်တစ်ခုက ခရိုင်မြို့များ တွင် ဘဏ်ခွဲဖွင့်ခြင်း။ ဘဏ်လုပ်ငန်း လုပ်ဆောင်ခြင်း တို့ကို ခေါ်သည်။ အင်္ဂလန်တွင် ဘဏ်ခွဲစနစ် ရှိသည်။ သို့ သော် အမေရိကန်ပြည်တွင် မူ ဘဏ်ခွဲစနစ်ကို ပိတ်ပင်သည်။ ထို့ကြောင့် အမေရိကန်ပြည်တွင် သီးခြားဘဏ်များ အနှံ့ အပြားပေါ်ရသည်။

Brassage ~ သွန်းကြေး။

မည် သူမဆို မိမိတို့ရွှေများ ကို ဒင်္ဂါးအ ဖြစ် သွန်းလုပ်ရာ၌ ဒင်္ဂါးသွန်းရုံကယူသော သွန်းကြေး ဖြစ်သည်။ အင်္ဂလန်တွင် ၁၆၆၆ ခုနှစ် က ဤကြေးကို ဖျက်လိုက်သည်။

Bubble, South Sea ~ တောင်ပိုင်းပင်လယ်မှ လှိုင်းခေါင်းဖြူ။

မတည်ငြိမ်ဘဲ လှုပ်လှုပ် လှုပ်လှုပ်နှင့် လုပ်ကိုင်ကြရသာ ကုမ္ပဏီများ ကို တင်စားခေါ်ဝေါ် သည်။ ၁၇၁၁ ခုနှစ် က အင်္ဂလန်ပြည်မှ တောင်ပိုင်းပင်လယ်ကုမ္ပဏီသည် 'တိုင်းပြည်ကြွေး' နှင့် စပ်လျဉ်း၍ တာဝန်ယူဆောင်ရွက်ခဲ့၏ ။ တောင်ပိုင်းပင်လယ်ပိုင်းနှင့် ကူးသန်းရောင်းဝယ် မှု တွင် လက်ဝါးကြီးအုပ် အထူးအခွင့်အရေး ရရှိခဲ့၏ ။ အစပထမ၌ ဤကုမ္ပဏီ အစုရှယ်ယာ များ သည် အဆမတန် ဈေးကောင်းခဲ့၏ ။ သို့ သော် ၁၇၂၀ ပြည့်နှစ် တွင် 'လှိုင်းခေါင်းဖြူ' ပေါက်ကွဲကာ ကုမ္ပဏီသည် အရှုံးကြီး ရှုံးသွားခဲ့ရသည်။

Bucket Shop ~ ဈေးကစားသည့်ဆိုင်။

စတော့အိပ်(စ်)ချိန်းတွင် အဖွဲ့ဝင်အ ဖြစ်မပါဘဲ အစုရှယ်ယာများ ကို ပွဲခယူ၍ အရောင်း အဝယ်ပြုလုပ်ပေးသော ဆိုင် ဖြစ်သည်။ ဤဆိုင်၏ လုပ်ငန်းသည် ဈေးအလွန်ကစားတတ်၍ တရားနည်းလမ်းမကျသည့်နည်းလမ်းဖြင့် စီးပွားရှာသည်။

Budget ~ ဘတ်ဂျက် သို့ မဟုတ် သုံးငွေစာရင်း။

ရသုံးခန့်မှန်းခြေ ငွေစာရင်း ဖြစ်သည်။ မြန်မာပြည်၌ အစိုးရသည် နှစ် စဉ် သြဂုတ်လ၌ ပါလီမန်တွင် ဘတ်ဂျက်စာရင်း တင်သွားကာ သဘောတူညီချက် ရယူသည်။ ဘတ်ဂျက်ကို အခွန်တော် ခန့်မှန်းခြေစာရင်းနှင့် ငွေလုံးငွေရင်း ခန့်မှန်းခြေစာရင်း ဟူ၍ နှစ် ပိုင်း ခွဲခြား ဖော်ပြသည်။ ယေဘုယျအားဖြင့် သာမန်အသုံးစရိတ်များ ကို အခွန်တော် ရငွေမှ သုံးစွဲကာမိ စေရမည် ဖြစ်၏ ။ ငွေလုံးငွေရင်း အသုံးစရိတ်များ ကို အခွန်တော် ပိုငွေ၊ ငွေလုံးငွေရင်းနှင့် ချေးငွေတို့ဖြင့် ကာမိစေရမည် ဖြစ်သည်။

(၁) အခွန်တော် ရငွေ။

(၂) သာမန်အသုံးစရိတ်။

(၃) အခွန်တော် ပိုငွေ။

(၄) ငွေလုံးငွေရင်း ရငွေ။

(၅) အခွန်တော် ပိုငွေနှင့် ငွေလုံးငွေရင်း ရငွေ။

(၆) ငွေလုံးငွေရင်း အသုံးစရိတ်။

(၇) ငွေလုံးငွေရင်း လိုငွေ။

(၈) ချေးငွေ။

Build, Operate, Transfer (BOT) ~ ဆောက် လုပ် လွှဲ စနစ်။

နိုင်ငံခြားမှ ရင်းနှီးမြှုပ်နှံမှု ပုံစံတစ်မျိုး ဖြစ်၏ ။ မိမိတို့ကိုယ်တိုင် စက်ရုံတွေ ထောင်၊ အလုပ် သမားတွေ ငှား၊ ကုန်တွေ ထုတ်၊ ကုန်တွေ ရောင်း စသည့် ငှားနေကျပုံစံမျိုးဖြင့် နိုင်ငံခြား တိုင်းပြည်များ သို့ သွားရောက်၍ အလုပ်လုပ်လျှင် အလွန်ခေါင်းရှုပ်ရ၏ ။

ထိုအစား ပြဿနာအလွန်နည်းသည့်ပုံစံကို နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတို့က ပို၍ ကြိုက်နှစ်သက် လာကြသည်။

ဤပုံစံအရ အိမ်ရှင်အစိုးရအဖွဲ့အစည်း တစ်ရပ်ရပ်နှင့် သဘောတူညီပြီးပါက အဆောက်အအုံ (ဟိုတယ်) ကို ဆောက်၊ ဆောက်လုပ်ပြီးပါက မိမိက ရာခိုင်နှုန်းပြည့် လုပ်ငန်းဆောင်ရွက်ချက်၊ အနှစ် သုံးဆယ်ပြည့်လျှင် အိမ်ရှင်အစိုးရကို ပြန်၍ လွှဲပေးလိုက် ရန် ဖြစ်သည်။ မိမိလုပ်ခွင့်ရသော အနှစ် သုံးဆယ်အတွင်း အရင်းကျေပြီး အမြတ်ပေါ် အောင် လုပ်ရုံ ဖြစ်သည်။

စက်ရုံ၊ အလုပ်ရုံ အဆောက်အအုံတို့ကို ကန်ထရိုက်ဆွဲ၍ ဆောက်ပေးသော ရင်းနှီး မြှုပ်နှံမှု တို့ကို Facility investment ဟုလည်း ခေါ်သည်။ ဤပုံသဏ္ဌာန်လည်း ခေတ်စား နေသည်။

Built-in Flexibility ~ ပတ်ရံထားသော လျော့ပြောင်းမှု ။

စီးပွားရေး ဖောက်လွဲဖောက်ပြန်မှု ကို အလိုအလျောက် လျော့ပါးသွားစေရန် ရည်ရွယ်သော အခွန်တော် ငွေကြေးစနစ်တစ်ရပ် ဖြစ်သည်။ ဤစနစ်၌ သုံးချက် ပါသည်။

(၁) အမြတ်တော် ကြေးနှုန်းကို နက်ရှိုင်းစွာ တိုးတက်သော နှုန်းဖြင့် စည်းကြပ်ရေး ။

ဝင်ငွေကောင်း၍ စီးပွားရေး စန်းပွင့်သော အခြေအနေတွင် အစိုးရ ရသုံးငွေဘတ်ဂျက်တွင် အပိုထွက်လာစေမည် ။ ဝင်ငွေနည်း၍ စီးပွားရေး ညံ့ဖျင်းသော အခြေအနေတွင် အစိုးရ ရသုံးငွေတွင် လိုငွေထွက်စေမည် ။ ဤသို့ အားဖြင့် နက်ရှိုင်းစွာ တိုးတက်ကောက်သော အမြတ်တော် ကြေးနှုန်းသည် အစိုးရ ရသုံးငွေဘတ်ဂျက်အပို သို့ မဟုတ် အလိုကို စီးပွားရေး အခြေအနေကိုလိုက်၍ သူ့အလိုအလျောက် ဖြစ်ပေါ်စေသည်ဟု ဆိုသည်။

(၂) လူမှု ဖူလုံရေး အာမခံလုပ်ငန်းစနစ်တစ်ရပ်ကို တီထွင်ရေး ။

တစ်ဖက်တွင် လူမှု ဖူလုံရေး အခွန်စည်းကြပ်၍ အခြားတစ်ဖက်တွင် အလုပ်လက်မဲ့များ အား ခံစားခွင့်ကြေး ပေးစေရန် ဖြစ်သည်။ သို့ ဖြင့် စီးပွားရေး ကောင်းသော အခြေအနေတွင် အလုပ်လက်မဲ့ နည်းပါးမည် ဖြစ်၍ ခံစားခွင့်ကြေး ပေးရမည့် နည်း။ သို့ သော် လူမှု လုံခြုံရေး အခွန်ရငွေ များ မည် ။ လူမှု လုံခြုံရေး အခွန်ရငွေက ခံစားခွင့်ကြေးထက် များ ခြင်းသည် စီးပွားရေး စန်းပွင့်မှု ကို ချုပ်ထိန်းစေသည်။ စီးပွားရေး ညံ့ဖျင်းသော အခြေအနေတွင် အလုပ် လက်မဲ့ များ လာမည် ဖြစ်ရာ ခံစားခွင့်ကြေး ပေးရများ လာမည် ။ လူမှု လုံခြုံရေး အခွန် အရ နည်းသွားမည် ။ ခံစားခွင့်ကြေးက လူမှု လုံခြုံရေး အခွန်ထက်များ ခြင်းသည် စီးပွားကပ်ကို တားဆီးစေသည်။

(၃) ကောက်ပဲသီးနှံဈေးနှုန်း ကောက်ယူ ငွေပေးရေး ။

လယ်သမားများ အား ပေါက်ဈေးအတိုင်း ရောင်းချစေ၍ ပေါက်ဈေးသည် အစိုးရ မှန်းထား သည့် ဈေးထက်လျော့လျှင် ဤလျော့သည့်အတွက် အစိုးရက ထောက်ကူငွေပေးခြင်း ဖြစ်သည်။ သို့ ဖြင့် ကောက်ပဲသီးနှံဈေးများ ကျဆင်း၍ လယ်သမားဝင်ငွေ ယုတ်လျော့လာ သည့်အခြေအနေတွင် ထောက်ကူငွေများ ပေးခြင်းဖြင့် လယ်သမားဝင်ငွေ ကျဆင်းမှု ကို ထိန်းထားနိုင်မည် ။

အထက်ပါသုံးချက်သည် ပြောင်းလဲလာသော စီးပွားရေး အခြေအနေအပေါ် အလို အလျောက် တုံ့ပြန်နိုင်စေရန် တီထွင်ထားသော စနစ်တစ်ရပ် ဖြစ်သည်။ အမေရိကန်၌ ပတ်ရံထားသော လျော့ပြောင်းမှု ခေါ်သည်။

Bull ~ ဘူး (လ်) ။

စတော့အိပ်(စ်)ချိန်း စကားလုံး ဖြစ်သည်။ အစုရှယ်ယာကို ပြန်ရောင်းစားရန် ဝယ်ယူသည့် သူကို ခေါ်သည်။ ရံဖန်ရံခါ၌ မိမိတွင် ငွေမရှိဘဲ အစုရှယ်ယာကို လျှော့ဈေးဖြင့် ဝယ်ယူကာ ဈေးမြှင့်၍ ပြန်ရောင်း၏ ။ ပြန်ရောင်းရငွေဖြင့် ဝယ်ယူခဲ့သည့်အတွက် ပေးစရာငွေကို ပြန်အပ်သည်။ ဤလို အရောင်းအဝယ်လုပ်နေသူကို နွားသိုး၊ ဘူး (လ်) ဟု တင်စားခေါ် သည်။

Bull and Bear ~ နွားသိုးနှင့် ဝက်ဝံ။

နွားသိုးသည် အပေါ်ကော်သည့်အကျင့် ရှိ၏ ။ ဝက်ဝံသည် အောက်သို့ စိုက်ချသည့်အကျင့် ရှိသည်။

ဤသဘာဝ တို့ကို ဥပမာပြု၍ စတော့နှင့် ရှယ်ယာဈေးများ တက်နေခြင်းကို နွားသိုး ဈေး Bullish market ဟုခေါ်ပြီး စတော့နှင့် ရှယ်ယာဈေးနှုန်းများ ထိုးကျနေခြင်းကို Bear market ဟု ခေါ်လာကြသည်။

စတော့ရှယ်ယာပွဲစားတို့သည် နွားသိုးနှင့် ဝက်ဝံအကိုင် တော် ကြရသည်။

Bullion ~ ရွှေချောင်း ငွေချောင်း။

ဒင်္ဂါးအ ဖြစ် မသွန်းလုပ်ရသေးဘဲ အသိအမှတ်ပြုထားသော အရည်အသွေးပါဝင်သည့် ရွှေချောင်း ငွေချောင်းများ ကို ခေါ်သည်။

Butty System ~ ဘတ်တီစနစ်။

သတ္တုတွင်းများ ၊ ကျောက်မီးသွေးတွင်းများ ပိုင်ရှင်တို့က အလုပ်သမားများ လိုသဖြင့် တစ်ဆင့်ကန်ထရိုက်ချကာ အလုပ်သမားရှာသည့်စနစ်ကို ခေါ်သည်။ သတ္တုတွင်းပိုင်ရှင် တစ်ဦးသည် မိမိသတ္တုတွင်းတွင် အလုပ်သမားများ လိုလျက်ရှိသည်။ အလုပ်သမားများ စုဆောင်းပေးမည့် သူကို ကန်ထရိုက်ခေါ်လိုက်သည်။ လေး၊ ငါး၊ ခြောက်ဦးက ကန်ထရိုက် ဆွဲကြသော အခါ ဈေးအနည်းဆုံးပေးသူကို ကန်ထရိုက်ပေးသည်။ ကန်ထရိုက်ရသူက အလုပ်သမားများ ရှာဖွေပေးရသည်။ အလုပ်သမားကန်ထရိုက်ရသူကို ဘတ်တီဟု ခေါ်ရာ မှ ဤကန်ထရိုက်စနစ်ကို ဘတ်တီစနစ်ဟု ခေါ်လာသည်။

Buyer's Preference ~ ဝယ်သူအကြိုက်။

စက်ရုံတစ်ခုမှ ကုန်ပစ္စည်းကို ဝယ်သူက ပိုမိုနှစ်သက် ခြင်းကို ခေါ်သည်။

Burden of Retirement ~ ပင်စင်ဝန်ထုပ်။

အမေရိကန်သမ္မတဘုရှ်၏ အခွန်လျှော့ဖြတ်ရေး စီမံကိန်းကို ဝေဖန်ကြရာမှ ပေါ်လာသော စကား ဖြစ်သည်။ ဘုရှ်အစိုးရ၏ စီမံကိန်းအရ စုဆောင်းငွေ (Saving) တို့အပေါ် အခွန် လွတ်ငြိမ်းခွင့် ပြုလိုက်သည့်အတွက် အလုပ်သမားတို့၏ ပင်စင်ဝန်ထုပ်သည် အရွှေ့ အပြောင်း ဖြစ်သွားသည်။ ယခင်စနစ်အရ အလုပ်သမားတို့၏ ပင်စင်တာဝန်ကို ကုမ္ပဏီ တို့က ထမ်းဆောင်ရသည်။

ယခု စီမံကိန်းအရ ပင်စင်ဝန်ထုပ်သည် တစ်ဦးစီ individuals အပေါ် ကျရောက် သွားသည်ဟု ထောက်ပြကြသည်။ ကုမ္ပဏီလောကမှ တစ်ဦးချင်းစီသို့ ပင်စင်အငြိမ်းစား ဝန်ထုပ် ရွှေ့သွားသည်။

Buying-in ~ အတွင်းဝယ်ယူမှု ။

စတော့အိပ်(စ်)ချိန်းစကားလုံး ဖြစ်သည်။ အစုရှယ်ယာနှင့် စတော့ရောင်းသူသည် သတ်မှတ်ထားသော နေ့၌ အစုရှယ်ယာနှင့် စတော့ကိုပေးအပ်ရန် ပျက်ကွက်ငြားအံ့၊ စတော့အိပ်(စ်)ချိန်း၏ အတွင်းဌာနက ပျက်ကွက်သည့်တန်ဖိုးနှင့် အညီ စတော့များ ကို ရောင်းသူထံမှ အပိုကြေးငွေယူ၍ ဝယ်ယူခြင်းကို ခေါ်သည်။

* * * * *




ဝန်ဇင်းချစ်သူများ မောင်စူးစမ်း ၏ “ စီးပွားရေးအဘိဓာန် ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


ကမ္ဘာ့စီးပွားရေးမြင်ကွင်း (၂၀၀၈)

လက်ဇပ်ကားနှင့် သံလွင်ပင်

စကားနု စကားယဉ် စကားလှတို့ ၏ ကံကြမ္မာ အပါအ၀င် အခြားစာစုများ