အခန်း (၁)
'စပိ' အမည် ရှိ ဗွီဒီိယိုရုပ်ရှင်ကား၌ ၊ ပြန်ပေးသမားက ဇိမ်ခံလူစီးဘတ်စ်ကားကြီးထဲတွင် ၊ ထူးဆန်းသော ဗုံးတစ်လုံးကို ထည့်ပေးလိုက် ၏ ။ တစ်နာရီ ကီလိုမီတာ ၅၀ နှုန်းအထက် မောင်းရ တော့မည် ။ ဤနှုန်းထက် အရှိန်လျှော့ မောင်းမိသည်နှင့် တစ်ပြိုင်နက်၊ ဇိမ်ခံလူစီးကားကြီးသည် ဗုံးကွဲ၍ ပေါက်ကွဲတော့မည် ။
တိုင်းပြည်တစ်ပြည်၏ စီးပွားရေး သည် ဤသိုပ အလားတူနေသည်ဟု၊ အချို့သော ဘောဂ ဗေဒပညာရှင်တို့က ရည်ညွှန်းပြောဆိုကြသည်။ နှေးလျှင် ကွဲမည် ။ အချို့ကမူ ဤမျှမြန်အောင် မောင်းရလျှင် ဗုံးမပါပါက၊ ထိန်းမနိုင်သိမ်းမရ ဖြစ်ကာ တစ်စုံတရာနှင့် ဝင်ဆောင့်ပြီး၊ တိမ်းမှော က် သွားနိုင်သည်။ ယုတ်စွအဆုံး၊ လမ်းဘေးချော်ထွက်သွားနိုင်သည်ဟု၊ ထင်မြင်ချက် ပြောကြသည်။
သို့ ဖြင့် ၊ ဘယ်လောက်နှုန်းနှင့် မောင်းမလဲဆိုသော အရှိန် (speed စပိ) ပြဿနာသည်၊ ထိပ်တန်းတက် အရေး ကြီးလာတော့သည်။
ဘယ်စံတွေ လဲ
နိုင်ငံတိုင်းလိုလိုသည် စီးပွားရေး ဖွံ့ဖြိုးကြီးထွားလာအောင် ဖြစ်စေ၊ တိုးတက်အောင် ဖြစ်စေ၊ မလွဲမသွေ ကြိုးပမ်းကြရ၏ ။ ထို့အပြင်၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှု တို့ကိုလည်း၊ လိုက်လျော ညီထွေ ဆောင်ရွက်ကြရသည်။
ထို့ကြောင့် ၊ ပြဿနာတို့မှာ စီးပွားရေး ဖွံ့ဖြိုးကြီးထွားတိုးတက်အောင် ကာလဘောင် (time frame) ကို မည် သို့ သတ်မှတ်မည် နည်း ဟူ၍ လည်းကောင်း၊ ဤကာလဘောင်အတွင်း၌ စပိကို ဘယ်လောက်တင်မည် နည်း ဟူ၍ လည်းကောင်း၊ လုပ်ဆောင်ရမည့်  စီးပွားရေး ပြုပြင်ပြောင်းလဲမှု တို့ကိုလည်း၊ ကာလဘောင် သတ်မှတ်၍ နှေးနှေးဆောင်ရွက်မည် လား (သို့ မဟုတ်) မြန်မြန် ဆောင်ရွက်မည် လား၊ တစ်နည်းအားဖြင့် စပိ ဘယ်လောက်တင်မည် နည်း ဟူ၍ လည်းကောင်း ဖြစ်လာသည်။
စပိသည် တိုင်းပြည်စီးပွားရေး တွင် ၊ မဟာဗျူဟာအရ အချက်အချာ ကျလေပြီ။ ဤကိစ္စနှင့် ပတ်သက်၍ စဉ်းစားသုံးသပ်ရမည့် အချက်မှာ ၊ ဤစပိကို မည် သည့်စံချိန်စံထားတို့ဖြင့် အခြေပြု၍ ဆုံးဖြတ်မည် နည်း၊ ဆိုသော ပုစ္ဆာပင် ဖြစ်လေတော့၏ ။
ညှိရမည်
ဤပုစ္ဆာနှင့် ပတ်သက်၍ ၊ ဂျာမန်ပညာရှင် အက်ဇဲလ်ဘီဘန်းက အထောက်အထားတို့ကို စိစစ်သုံးသပ်ပြပြီးသည့်နောက်၊ အချက်လေးချက်ကို အရေး တယူစဉ်းစားရန် တင်ပြလိုက်သည်။ ယေဘုယျအားဖြင့် ဖော်ပြရလျှင်၊ ဖော်ပြပါ စပိပြဿာနသည် ပြည်တွင်းစံနှင့် ပြည်ပစံ နှစ် ရပ်ပေါ် တွင် မူတည်ရသည်။
သို့ ရာတွင် ၊ လီဘန်းက မျက်မှော က်ခေတ်နှင့် နောင်အနာဂတ်တို့တွင် ၊ စပိပြဿနာကို ပြည်ပစံဖြင့် သာ အခြေခံ၍ စဉ်းစားရတော့မည် ဟု၊ ဆိုသည်။ ပြည်တွင်းစံတို့ဖြင့် စပိပြဿနာကို ကိုင်တွယ်ဖြေရှင်းရသော ခေတ်သည် ကုန်လေပြီဟုပင်၊ ထောက်ပြလိုက်သည်။
အဘယ်ကြောင့် ဆိုသော်၊ စီးပွားရေး ပြိုင်ဆိုင်မှု တို့သည် ကမ္ဘာလုံးဆိုင်ရာပြိုင်ဆိုင်မှု (global competition) အသွင်လက္ခဏာဘက်ဆီသို့ ၊ လုံးဝဥဿုံ ကူး ပြောင်းသွား ပြီ ဖြစ်သော ကြောင့် ဖြစ်၏ ။ ကမ္ဘာနှင့် ယှဉ်၍ လည်း ပြိုင်နိုင်ရမည် ၊ သူများ နိုင်ငံတို့နှင့် လည်း တတ်နိုင်သမျှ အမီလိုက်နိုင်ရ မည် ။
ထို့ကြောင့် သူများ နှင့် ရင်ဘောင်တန်းလိုက်နိုင်ရေး ၊ သူများ နှင့် အမီလိုက်နိုင်ရေး ဆိုသော မဟာဗျူဟာ (catch-up strategy) ကို လက်လွှတ်၍ မ ဖြစ်သည်နှင့် အမျှ၊ စပိပြဿနာကို ပြည်ပစံ တို့ဖြင့် သာ အဓိက ညှိရပေမည် ။ ပြည်ပစံတို့နှင့် မညှိသမျှ နာမည့် သဘော ရှိလေ၏ ။
ရုရှားနာရီ
စပိပြဿနာတွင် ၊ လူမျိုးအလိုက် စိတ်နေစိတ်ထားနှင့် စရိုက်တို့ကလည်း၊ အတော် ကလေး စကားပြောသည်။ ယင်းမှာ ပြည်တွင်းစံတစ်ပါး ဖြစ်ပုံရသည်။
ပညာရှင် လီဘန်းက၊ ဥပမာအနေဖြင့် ရုရှားကို ပြသည်။ သူက ရုရှားစကားပုံတို့ကို အထောက်အထားပြုသည်။ 'သင် ဖြည်းဖြည်းသွားလေ၊ ခရီးတွင် လေ' ဆိုသော ရုရှားစကားပုံ၊ 'အဝတ်စမဖြတ်ခင် ခုနစ်ခါလောက် ကိုယ်တိုင်းယူပါ' ဆိုသော စကားပုံ၊ 'ရုရှားနာရီတွေ ဟာ အခြား လူမျိုးတွေ ရဲ့ နာရီတွေ နဲ့ မတူဘူး၊ တစ်မျိုး မြည် တယ်' ဆိုသော အဆိုစကား စသည်တို့ကို ကိုးကား ပြီးနောက်၊ ရုရှားတို့၏ အနှေးကြိုက်ပုံ စိတ်ထားတို့ကို ဖော်ပြသည်။ 'မရှိလို့လုပ်စား ဖြည်းဖြည်းပေါ့' ဆိုသော မြန်မာဗန်းစကားနှင့် ၊ ခပ်ဆင်ဆင် တူပုံရသည်။
အနှေးကြိုက်ရုရှားတို့သည် 'အချိန်သည် ပိုက်ဆံ' ဆိုသော ၊ အမေရိကန်တို့က ပြောနေ သော စကားကို ကြားရသော အခါ၊ နားမလည်နိုင်ဘဲ ဖြစ်သွားကြသည်ဟု လီဘန်းက ကိုယ်တွေ့ ဖြင့် ပြောပြသည်။ ရုရှားတို့၏ စိတ်နေစိတ်ထားသည်၊ ဂျပန်တို့၏ မြန်မြန်တွေး၊ မြန်မြန်လုပ် (think fast, act fast) ဆိုသော အမြင်မျိုးကိုလည်း၊ ကြောင်စီစီ ဖြစ်နေကြသည်။
မိကျောင်း
လူမျိုးစရိုက်ထဲတွင် ခေါင်းဆောင်တို့၏ စရိုက်ကိုလည်း၊ လီဘန်းက ထည့်သွင်းစဉ်းစား ကြည့်သည်။ ဆိုဗီယက်ယူနီယံ မပြိုခင်ကလေး ဂေါ်ဘာချက်ဗ် ကြီးစိုးနေချိန်၌ ၊ ပြက်လုံးတစ်ခု မော်စကိုတွင် လူပြောများ ခဲ့ဖူးသည်။
'မိကျောင်းတစ်ကောင်နဲ့ ပေါ်လစ်ဗျူရိုကြားမှာ ဘာခြားနားသလဲ၊'
'မိကျောင်းမှာ ခြေလေးချောင်းရှိပြီး သွားအချောင်း ၄၀ ရှိတယ်၊ ပေါ်လစ်ဗျူရိုမှာ ဒါတွေ မရှိဘူး။'
ပေါ်လစ်ဗျူရိုလူကြီးများ အိုကုန်ပြီဟု ဆိုလိုခြင်း ဖြစ်၏ ။ ဤလူအိုကြီးတို့သည် ကိုယ်တိုင်က စပိမရှိတော့သည့်အလျောက်၊ စပိမြန်ခြင်းကို မကြိုက်ကြပေ။
အထက်ပါအချက်တို့ကို ထောက်ပြ၍ လီဘန်းက၊ ရုရှားလူထု အများ အပြားနှင့် ခေါင်းဆောင်ပိုင်းတို့သည်၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှု အရှိန် (သို့ မဟုတ်) စပိမြန်လိုက်ခြင်းကို၊ လက်ခံကြိုဆိုရန် အဆင်သင့်မ ဖြစ်နိုင်ဘဲ ဖြစ်ခဲ့ရသည်ဟု၊ မီးမောင်းထိုးပြပါသည်။
ကမ္ဘာ့အခြေအနေကိုကြည့်၍ ပြည်တွင်းစီးပွားရေး ၌ စပိမြန်လိုလျှင်၊ လူမျိုးတို့၏ အနှေးကြိုက်စရိုက်ကိုလည်း ပညာပေး ပြောင်းလဲပေးရန် လိုအပ်ပါလိမ့်မည် ။ ဤအချက်သည်ပင် လီဘန်း၏ အဓိကဆိုလိုချက် ဖြစ်၏ ။
မဟာ လိုအပ်ချက်များ
Exigencies ဆိုသော စကားရပ်ကိုလည်း အဓိက ဇောင်းထား၍ လီဘန်းက သုံးစွဲသည်။ ဝေါဟာရ၏ အဓိပ္ပာယ်မှာ အရေး ပေါ်အချိန်၌ ပေါ်ပေါက်လာသော မဟာလိုအပ်ချက်တို့ ဖြစ်ကြ သည်။
အရေး ကြီးဆုံး ဘာလိုအပ်နေသနည်းဟု၊ တွက်ချက်ကြံဆကြည့်ရန် ဖြစ်သည်။
တိုင်းပြည်စီးပွားရေး ၌ ၊ အခြေအနေလိုက်ပြီး မဟာလိုအပ်ချက်တို့ကား၊ ရှိနေကြမည် သာ ဖြစ်၏ ။ ဤမဟာလိုအပ်ချက်တို့ကပင်၊ အထက်တွင် ဖော်ပြခဲ့သော တိုင်းပြည်စီးပွားရေး ၏ ဖွံ့ဖြိုး တိုးတက်မှု နှင့် ၊ ပြုပြင်ပြောင်းလဲမှု တို့နှင့် ပတ်သက်သော အရှိန် (သို့ မဟုတ်) စပိကို ပြဋ္ဌာန်းမည် ဖြစ်ပါသည်။
ထို့ကြောင့် မဟာလိုအပ်ချက်တို့သည် ဖိအား ဖြစ်နေကြပါလိမ့်မည် ။ ဤမဟာလိုအပ်ချက် တို့၌ လည်း၊ ပြည်တွင်းနှင့် ပြည်ပ ဟူ၍ နှစ် မျိုးနှစ် စား ရှိမည် ဖြစ်လေရာ၊ လီဘန်း၏ အဆိုအမိန့် အတိုင်းဆိုလျှင် အခြားနိုင်ငံများ နှင့် ရင်ဘောင်တန်း အမီလိုက်နိုင်ရေး ဆိုသော လိုအပ်ချက်က၊ ပို၍ အရေး ကြီးဖွယ်ရာ ရှိပါလိမ့်မည် ။
ဤအချက်ကြောင့် စပိကို ပိုမြန်ပေးရမည့် သဘော ရှိ၏ ။
ဒုတိယ သဘာဝ
သို့ ရာတွင် ၊ တစ်ဖက်၌ နိုင်ငံသားတို့က စပိမြန်ခြင်းကို၊ အကြောင်းကြောင်းထောက်၍ မလိုက်နိုင်ဘဲ ရှိနေတတ်ကြသည်။ ထို့ကြောင့် ၊ နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေး ပြုပြင်ပြောင်းလဲမှု ကို၊ ပြည်တွင်းအင်အားစုတို့က မြန်လွန်းသည်ဟု ထင်တတ်ကြသည်။ သို့ ဖြင့် ၊ စပိမြန်ခြင်းကို ခုခံတတ် ကြသည်။ ပြည်ပကမူ နှေးလွန်းသည်ဟု ထင်တတ်ကြပြန်သည်။
ဤတွင် စပိကိုကြားချပြီး ထိန်းဖို့ ဖြစ်လာသည်။ ပြည်တွင်းကလည်း မြန်လွန်းသည်ဟု မထင်ရသော စပိ၊ ပြည်ပကလည်း နှေးလွန်းသည်ဟု မထင်ရသော စပိ၊ ဤအလယ်စပိဖြင့် စီးပွားရေး မော်တော် ကားကြီးကို မောင်းရမည့် ပုံ ဖြစ်လာသည်။
မည် သို့ ပင် ဖြစ်စေ၊ ဘယ်စပိနှင့် မောင်းမောင်း၊ အနှေးကြိုက်လူမျိုးစရိုက်ကိုကား၊ ပြင်ပေးကြ ရမည် ဖြစ်၏ ။ အနှေးကြိုက်စရိုက်သည် မူလပထမ သဘာဝ (first nature) ဖြစ်၍ ၊ ပြုပြင်ပေး၍ သဘောပေါက်လာသော အမြန်ကြိုက်စရိုက်သည်၊ ဒုတိ သဘာဝ (second nature) ဖြစ်လာစေ ရပါမည် ။
နောင်အခါ၌ မူ ပထမ သဘာဝ ပျောက်စေ၍ ၊ ဒုတိယ သဘာဝ သည် ပထမ သဘာဝ နေရာ သို့ ဝင်ရောက်နေရာယူသွားရပါမည် ။ မြန်မြန်စဉ်းစား၊ မြန်မြန်ဆုံးဖြတ်၊ မြန်မြန်အကောင်အထည် ဖော် ဆိုသော စရိုက်သည်၊ ကွန်ပျူတာခေတ်နှင့် လည်း အံဝင်ဖွယ်ရာ ဖြစ်ပါလိမ့်မည် ။
သို့ မဟုတ်လျှင်မူ၊ စပိပြဿနာသည် အီလည်လည်ကြီး ဖြစ်နေဖို့၊ ရှိသည်။ လှည်းမောင်း နေဘိအလား ခံစားကြရဖို့ ရှိပါသည်။
လေးချက်
အခြား ဂျာမန်ပညာရှင်တစ်ဦး ဖြစ်သူ ဟင်နရီဘိခ်ျ တိုးလ်က၊ စပိနှင့် ပတ်သက်၍ ဖြည့်စွက် ပြီး တင်ပြသည်ကလည်း၊ အလွန်စိတ်ဝင်စားဖို့ ကောင်းလှသည်။
လိုရင်းချုပ်၍ ၎င်းကပြောသည်မှာ ၊ စပိမြန်မလား နှေးမလားဆိုသော ပြဿနာသည်၊ အချက်လေးချက်ပေါ်တွင် မူတည်နေကြောင်း တင်ပြသည်။ ၎င်းတို့မှာ - (၁) အထက်တွင် ဖော်ပြခဲ့ သော မဟာလိုအပ်ချက်များ ၊ (၂) ချမှတ်ကျင့်သုံးနေသော စီးပွားရေး မဟာဗျူဟာ၊ (၃) တိုင်းပြည် တွင် လွှမ်းမိုးနေသော သဘောတရား (အိုင်ဒီအိုလိုဂျီ) နှင့် (၄) အာဏာလွန်ဆွဲပွဲတို့ ဟူ၍ ဖြစ်ပါ သည်။ ဘာမျှ အငြင်းပွားစရာမရှိဟု ထင်သည်။
Ref; Aussen Politik
အခန်း (၂)
တိုင်းပြည်တစ်ပြည်၏ စီးပွားရေး အခြေအနေမှန်ကို သိချင်လျှင်၊ အဆင့်မြင့် ရုပ်ပုံလွှာ ရှိသော ကုမ္ပဏီနှင့် လုပ်ငန်း (high-profile business) တို့ကိုကြည့်ပြီး စိစစ်အကဲဖြတ်မလား၊ သို့ တည်းမဟုတ် ရုပ်ပုံလွှာမဲ့၊ (သို့ မဟုတ်) ရုပ်ပုံလွှာမွဲချာသော အသေးစားစီးပွားရေး (small business) တို့ကိုကြည့်ပြီး အကဲဖြတ်မလား။
နိုင်ငံတစ်နိုင်ငံ၏ ခေတ်မီစီးပွားရေး အစစ်အမှန်ကို ကိန်းဂဏန်း (numbers) တို့အပေါ် အခြေခံအားကိုး၍ စိစစ်သုံးသပ်မလား၊ သို့ တည်းမဟုတ် သင်္ကေတ (symbols) တို့အပေါ် အခြေခံ အားကိုးပြီး စစ်ဆေးအကဲဖြတ်ကြည့်မလား။
ဤသို့ အားဖြင့် ရှုထောင့်ရွေးချယ်ပုံကို၊ စီးပွားရေး ပညာရှင်တို့က ပြန်လည်သုံးသပ်လာကြ သည်။ စက်မှု ဖွံ့ဖြိုးပြီး ကြွယ်ဝသော နိုင်ငံတို့တွင် မူ၊ ဥပမာ - အမေရိကန်အပါအဝင် ဥရောပနှင့် ဂျပန် နိုင်ငံတို့တွင် ၊ အဆင့်မြင့်ရုပ်ပုံလွှာရှိသော ကုမ္ပဏီကြီးတို့နှင့် သေချာခိုင်လုံသော ကိန်းဂဏန်းတို့ကို အားကိုး၍ ၊ ထိုနိုင်ငံတို့၏ စီးပွားရေး အခြေအနေ အစစ်အမှန်ကို၊ လွယ်လွယ်ကူကူနှင့် မြန်မြန် ဆန်ဆန် ဝေဖန်အကဲဖြတ်နိုင်ကြသည်။
သို့ ရာတွင် အခြားနိုင်ငံတို့တွင် ကား၊ အဆင့်မြင့် ရုပ်ပုံလွှာကုမ္ပဏီတွေ သိပ်မထွန်းကား။ ကိန်းဂဏန်းတို့ကလည်း မတိကျ၊ မသေချာ။ ထန်းပင်ဆာဗေးတွေ များ နေသော အခါတွင် ၊ အခြား တစ်မျိုးကို အားကိုးရတော့သည်။ ဆိုခဲ့ပါအတိုင်း ရုပ်ပုံလွှာမွဲခြောက်သော အသေးစားလုပ်ငန်းနှင့် ၊ တိုင်းပြည်စီးပွားရေး အတွင်း ပေါ်ထွန်းနေသော သင်္ကေတတို့ကို ဖော်ထုတ်ရှာဖွေစိစစ်ပြီး အခြေ အနေမှန်ကို ရှာလာကြရသည်။
အထူးသဖြင့် ၊ ဆိုရှယ်လစ်စနစ်မှ အရင်းရှင်စနစ်ဆီသို့ ပြန်လည်ကူးပြောင်းရသော ၊ ရုရှား အပါအဝင် ကွန်မြူနစ်ဟောင်းနိုင်ငံတို့တွင် ၊ သင်္ကေတရှုထောင့်ဘက်မှ အသေးစားစီးပွားရေး လုပ်ငန်းရှုထောင့်ဘက်မှ လေ့လာဆန်းစစ်မှ အမှန်ကို တွေ့ ရှိနိုင်ကြကုန်သည်။
ကော်ဖီတစ်ခွက်
ရုပ်ပုံလွှာမွဲခြောက်သော အသေးစားစီးပွားရေး လုပ်ငန်းနှင့် ၊ သင်္ကေတတို့ကို အဓိက အခြေခံပြီး လေ့လာသုံးသပ်သော နည်းကို မက်ဆာချူးဆက်တက္ကသိုလ်၏ စီးပွားရေး သုတေသန အမျိုးသားဗျူရိုက စမ်းသပ်ဖော်ထုတ်ပြီး၊ ရုရှားအပါအဝင် အခြားအရှေ့ဥရောပနိုင်ငံတို့၏ စီးပွားရေး အခြေအနေတို့ကို ဝေဖန်ကြည့်သည်။
ဤအတွက် အကြောင်းကိုရှာသော အခါ၊ ရာဇဝတ်မှု (crime) ကို သွားတွေ့ ကြသည်။ ရာဇဝတ်မှု တို့က၊ အသေးစားစီးပွားရေး ကို မဖွံ့ဖြိုးရဲအောင် အကြီးအကျယ် ဖိနှိပ်ထားကြောင်း၊ တွေ့ ရှိကြသည်။ ရာဇဝတ်မှု ကြောင့် အသေးစားစီးပွားရေး တို့က၊ ကျခံရသော စရိတ် (cost) သည် အလွန်မြင့်မားနေသည်။ ဘယ်လောက်အထိ စရိတ်ကြီးနေသနည်းဆိုမူ၊ အသေးစားစီးပွားရေး ကိုပင် မလုပ်ရဲ မလုပ်ဝံ့အောင် ဖြစ်လာသည်။ ဤသို့ စရိတ်ပေးဆောင်ရမှု ကြီးမားလှသဖြင့် လည်း၊ အသေးစားစီးပွားရေး တို့မှ ထုတ်လုပ်သော ပစ္စည်းနှင့် ဝန်ဆောင်မှု ဈေးနှုန်းတို့ကလည်း အဆမတန် ကြီးမြင့်နေရသည်။ ဥပမာ - မော်စကိုမြို့၌ သုံးရူဘယ်လ်နှင့် ရောင်းလို့ ဖြစ်သော ကော်ဖီတစ်ခွက် ကို၊ ခြောက်ရူဘယ်လ်နှင့် ရောင်းနေကြရသည်။ ရာဇဝတ်မှု အတွက် ပေးရသော စရိတ်ကို ကာမိ စေရန် ဈေးတင်ရခြင်း ဖြစ်၏ ။
ခြောက်မျိုး
စီးပွားရေး လောကမှ ရာဇဝတ်မှု တို့ကား အဘယ်အရာနည်း။ ဖော်ပြပါ မက်ဆာချူးဆက် ဗျူရိုက လက်တွေ့  လူတွေ့  မေးမြန်းမှု တို့ကို စစ်စစ်ပေါက်ပေါက် ပြုလုပ်ပြီးသည့်နောက်၊ ရာဇဝတ်မှု ခြောက်မျိုးကို စာရင်းတင်လိုက်သည်။ ဤရာဇဝတ်မှု ခြောက်မျိုးက၊ နဂိုကမှ ရုပ်ပုံလွှာမွဲခြောက် နေသော အသေးစားစီးပွားရေး တို့ကို၊ ဖိနှိပ်ချုပ်ချယ်ထားသည်ဟု ကောက်နုတ်ချက် ပြုလိုက်ပါ သည်။
ဤရာဇဝတ်မှု ခြောက်မျိုးမှာ
(၁) လူဆိုးဂိုဏ်းတို့၏ မိုက်ကြေးခွဲမှု ၊
(၂) ဌာနအသီးသီးမှ ဗျူရိုကရက် အကြီးအသေးတို့၏ တောင်းကြေးနှင့် လာဘ်ကြေး များ ၊
(၃) ရဲတို့အား အစောင့်အရှောက်အတွက် ပေးရသော ကြေး၊
(၄) ဂိတ်ကြေးမျိုးစုံ၊
(၅) ပြိုင်ဘက်တို့က မယှဉ်ပြိုင်ရဲအောင် ပြုလုပ်သော ရမ်းကားမှု တို့အတွက် ကုန်ကျ စရိတ် (ဥပမာ - ဆိုင်သစ်ပေါ်လျှင် မှန်ကို ခဲလုံးနှင့် ပစ်ခွဲခြင်းမျိုး)
(၆) တရားမဝင်အလှူခံ၊
စသည်တို့ ဖြစ်ကြသည်။
ဤရာဇဝတ်မှု တို့သည် အငယ်စားစီးပွားရေး မျိုး လုပ်ကိုင်စားသောက်ရန်ကိုပင်၊ အလွန် အမင်း စရိတ်ကြီးစေသည့်အလျောက်၊ အဆင့်မြင့်ပုံရိပ်လွှာ စီးပွားရေး ၏ အရိပ်အာဝါသအောက်၌ ဖြစ်စေ၊ ယှဉ်၍ ဖြစ်စေ ကြီးထွားထိုက်ပါလျက်၊ မကြီးထွားဘဲ ဖိနှိပ်ထားခံရသည်။ စီးပွားရေး ပုံသဏ္ဌာန် အကူးအပြောင်းကာလတွင် ၊ အသေးစားစီးပွားရေး သည် ကဏ္ဍအသီးသီးမှ လွင့်စင် ထွက်ကျလာသော လူအများ အတွက်လည်း၊ ခိုအောင်းရာ ဖြစ်ရသည်။ အလုပ်လက်မဲ့ပြဿနာ ဖြေရှင်းပေးရာ နည်း တစ်နည်းလည်း ဖြစ်ရသည်။
ဗြုန်းစား
ထိုသို့ ဖြစ်ရပါလျက် အသေးစားစီးပွားရေး လုပ်ငန်းတို့သည် ဖော်ပြပါနည်းလမ်းများ အတိုင်း ဖိနှိပ်ကန့်သတ်ခံရသည်မှာ ကောင်းမွန်သော သင်္ကေတ မဟုတ်ဟု၊ စီးပွားရေး ပညာရှင်တို့က ယူဆ ကြသည်။ တွေ့ ကြုံရန်ရှိသည့် စီးပွားရေး အကျပ်အတည်းကို ပိုမိုဆိုးဝါးစေသည်သာမက၊ လူမှု တင်းမာမှု တို့ကိုလည်း ကြီးထွားစေသည်ဟု ထောက်ပြကြသည်။
မက်ဆာချူးဆက်တက္ကသိုလ် သုတေသနဗျူရိုက၊ အနှိပ်ကွပ်ခံထားရသော အသေးစား စီးပွားရေး သင်္ကေတတို့ကိုပင်၊ ဆိုရှယ်လစ်ဟောင်းနိုင်ငံချင်း နှိုင်းယှဉ်ကြည့်ကြသည်။ ပိုလန်၌ အထက်ဖော်ပြပါ ရာဇဝတ်မှု ခြောက်မျိုးကြောင့် ၊ အသေးစား စီးပွားရေး တို့က ကျခံနေရသော စရိတ် မှာ ၊ ခြောက်ရာခိုင်နှုန်းမျှသာ ရှိသည်။ မော်စကို၌ မူ ၇၆ ရာခိုင်နှုန်းရှိသည်။
ထို့ကြောင့် လည်း ရုရှားတွင် အသေးစားစီးပွားရေး လုပ်ငန်းများ ဖွဲ့စည်းမှု (small business formation) မှာ ပိုလန်၊ ချက်၊ ဟန်ဂေရီတို့ထက် ပို၍ နောက်ကျကျန်ရစ်နေခြင်း ဖြစ်သည်ဟု သုံးသပ်ရရှိသည်။ ဤသို့ အဘယ့်ကြောင့် ဖြစ်ရသနည်းဟု သုတေသီတို့က စုံစမ်းကြည့်ကြသည်။ အဖြေက ပိုလန်၊ ချက်၊ ဟန်ဂေရီနိုင်ငံတို့သည် ကွန်မြူနစ်တို့ မသိမ်းပိုက်ခင်ကတည်းက၊ အရင်းရှင် စနစ်၏ အစဉ်အလာက ကြီးကြီးမားမား ရှိခဲ့သည်။ ဆိုရှယ်လစ်စနစ် ထူထောင်သော အခါ၌ လည်း၊ အရင်းရှင်စနစ်ကို အတိုင်းအတာတစ်ခုအထိ ခွင့်ပြုထားခဲ့ရသည်။
ထို့ကြောင့် ဆိုရှယ်လစ်စနစ် ပြိုကျသွားပြီးသည့်နောက်၊ အရင်းရှင်စနစ်ကို ပြန်လည် စမ်းသပ်ရသော အခါတွင် ၊ စီးပွားရေး ရာဇဝတ်မှု ကြောင့် စရိတ်များ ရှိစေကာမူ ရုရှားလောက် မများ ။ ယဉ်ပါးနေဖူးသော ပုဂ္ဂလိက အသေးစားစီးပွားရေး မှာ ဣနြေ္ဒရရ ဆက်လက်ရှင်သန် ကြီးထွားခွင့် ရခဲ့သည်။
ရုရှား၌ မူ ကာလအတော် ကြာကြာကြီး ဆိုရှယ်လစ်စနစ် ဖြစ်ထွန်းခဲ့သဖြင့် ၊ သာမန်အရင်းရှင် စနစ်၏ အစဉ်အလာနှင့် လက္ခဏာတို့မှာ မရှိသလောက်ဆိုသလို ကွယ်ပျောက်သွားခဲ့သည်။ မျိုးဖြုတ်ခံခဲ့ရသည်။ ဗြုန်းစားကြီးဆိုသလို အရင်းရှင်စနစ်ကို စမ်းသပ်ရန် ဖြစ်လာရသော အခါ၊ ကပေါက်တိ ကပေါက်ချာတွေ မျိုးစုံ တွေ့ ကြုံကြရတော့သည်။ ထိုကပေါက်တိ ကပေါက်ချာတို့ ထဲတွင် အသေးစားစီးပွားရေး လုပ်ငန်းများ ၊ ဖော်ပြပါ ရာဇဝတ်မှု ခြောက်မျိုး၏ နှိပ်စက်မှု ကြောင့် ထွန်းကားသင့်သလောက် မထွန်းကားရသည့်အချက်လည်း ပါလာသည်။ ဤသို့ နှိပ်စက်မှု ကြောင့် ၊ ရုရှားမှ အသေးစားစီးပွားရေး လုပ်ငန်းတို့က ရောင်းချသော ပစ္စည်းနှင့် ဝန်ဆောင်မှု တို့သည်လည်း၊ ဈေးကြီးနေကြရသည်။
လွတ်လပ်လုံခြုံ
အသေးစားစီးပွားရေး လုပ်ငန်းတို့သည် ပုံရိပ်နှင့် ရုပ်ပုံလွှာ ဆင်းရဲကြရသည့်အထဲ၊ ဖော်ပြပါ စီးပွားရေး လောက ရာဇဝတ်မှု တို့ကြောင့် ၊ ရင်တမမနှင့် မလုံမခြုံ စီးပွားရေး လုပ်ကိုင် စားသောက် ရသည့်အခြေအနေကို၊ စီးပွားရေး ပညာရှင်တို့က ညံ့ဖျင်းသော သင်္ကေတ (bad symbol) အ ဖြစ် မြင်ကြသည်။
ထို့ကြောင့် ရုပ်ပုံလွှာချို့တဲ့သော အသေးစားစီးပွားရေး လုပ်ငန်းများ လွတ်လပ်စွာ နှင့် လုံခြုံစွာ လုပ်ကိုင်နိုင်ရေး (free and secure) ဝန်းကျင် ပေါ်ထွန်းဖန်တီးရေး သည်၊ ဧရာမနိုင်ငံခြား အရင်းအနှီးတို့ကို ဖက်လဲတကင်း ပင့်ဖိတ်ကြိုဆိုရေး ထက် ပိုမိုအရေး ကြီးသည်ဟု၊ မက်ဆာချူး ဆက်တက္ကသိုလ် သုတေသနပညာရှင်တို့က ထောက်ပြကြသည်။ အဆင့်မြင့်ရုပ်ပုံလွှာရှိသော ကုမ္ပဏီလုပ်ငန်းများ ၊ လွတ်လွတ်လပ်လပ်နှင့် လုံခြုံစွာ လုပ်ကိုင်နိုင်ရေး ထက်၊ ရုပ်ပုံလွှာမွဲသော အသေးစားစီးပွားရေး လုပ်ငန်းများ လွတ်လွတ်လပ်လပ် လုံလုံခြုံခြုံ လုပ်ကိုင်နိုင်ရေး က၊ ပို၍ အရေး ကြီးပါသည်။
စင်စစ်အားဖြင့် ၊ မာဖီးယားနှင့် လူဆိုးဂိုဏ်းကြီးစိုးမှု နှင့် လာဘ်ပေးလာဘ်ယူ ကြီးထွားမှု တို့ကြောင့် ၊ ရုပ်ပုံလွှာမြင့်သည် ဖြစ်စေ၊ နိမ့်သည် ဖြစ်စေ ဘယ်လုပ်ငန်းမှ မလုံခြုံပါဟု၊ အချို့က သုံးသပ်ကြသည်။
စီးပွားရေး ပညာရှင်တို့သည် နိုင်ငံ့စီးပွားရေး ကို တစ်နိုင်ငံလုံးကို ခြုံ၍ ပုံ၍ သုံးသပ်သော မက်ခရို (macro) နည်းကိုလည်း အသုံးပြုကြ၏ ။ ကဏ္ဍတစ်ခုကို သီးသန့်ကန့်ပြီး အနုစိတ် လေ့လာသော မိုက်ခရို (micro) နည်းကိုလည်း အသုံးပြုကြ၏ ။ ယခု ဤနည်း နှစ် နည်းစလုံးကို၊ ကိန်းဂဏန်းတို့ပေါ်ထက် သင်္ကေတတို့အပေါ် ပိုပြီး အခြေခံ၍ အသုံးပြုကြသော အခါ၊ ချူဘာအိ ပြောသလို ပြောခြင်းမျိုးတို့ကို မလွှဲမရှောင်သာ ကိုးကားလာရတော့သည်။
လမ်းဖြောင့်
နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေး ကို လေ့လာကြည့်သော အခါ ကိန်းဂဏန်းတို့ကိုလည်း ကြည့်ပါ ၏ ။ ကြည့်လည်း ကြည့်ထိုက်ပါ၏ ။ သို့ ရာတွင် ယခုအဓိကမေးနေသော မေးခွန်းမှာ ၊ အကြင်နိုင်ငံ၌ စီးပွားရေး လုပ်ရတာ ဘယ်လောက် လွတ်လပ်ပါသလဲ။ ဘယ်လောက် လုံခြုံပါသလဲဆိုသော မေးခွန်း ဖြစ်နေသည်။
ဤမေးခွန်း၏ အဖြေကို ကိန်းဂဏန်းတို့တွင် ရှာဖွေကြည့်သည်ထက်၊ သင်္ကေတတို့တွင် ရှာဖွေကြည့်သည်က ပို၍ အမှန်နှင့် နီးစပ်နိုင်သည်။ ပို၍ အဖြေနှင့် နီးစပ်နိုင်သည်။ ပို၍ ထိရောက် နိုင်သည်ဟု တွက်ဆကြပါသည်။
ဤသို့ သင်္ကေတတို့ကို ရှာဖွေရာ၌ လည်း သွက်သွက်လက်လက်နှင့် လှုပ်ရှားပြောင်းလဲ၍ အသက်ဝင်နေသော သင်္ကေတ (living and moving symbols) တို့ကို ရှာဖွေကြသည်။ သင်္ကေတအသေတို့ကို အားမကိုး။ ဥပမာ - go straight ဆိုသော သင်္ကေတ။ လမ်းဖြောင့်သွားပြီ၊ လမ်းတည့်တည့်သွားပြီဟု အဓိပ္ပာယ်ပြန်နိုင်ပါလိမ့်မည် ။
စီးပွားရေး တွင် အချို့သော ပုဂ္ဂိုလ်တို့သည်၊ ပထမအစတော့ မသမာသော နည်း၊ တရားမဝင် သော နည်း၊ တရားမဝင်သော ငွေ (သို့ မဟုတ်) ငွေမည်းတို့ဖြင့် စတင်အလုပ်လုပ်ကိုင်ခဲ့ကြသည်။ သို့ ရာတွင် နောက်ပိုင်း၌ အကြောင်းကြောင်းကြောင့် တရားဝင်သော အလုပ်၊ တရားဝင်သော နည်းဖြင့် ပြောင်းလဲလုပ်ကိုင်လာကြသည်။ ဤသဘောကိုရည်ညွှန်း၍ go straight ဆိုသော စကားကို သုံးနှုန်းကြည့်ကြသည်။ လမ်းဖြောင့်ပေါ်ရောက်ခြင်းပေါ့။ လမ်းတည့်တည့်လျှောက်ခြင်း ပေါ့။ သင်္ကေတ အပြောင်းအလဲဟုလည်း ဆိုနိုင်သည်။
ဥပမာ - ရုရှားတွင် ၊ မာဖီးယားလူဆိုးဂိုဏ်းနှင့် အကြီးအကျယ် လာဘ်စားသူတို့သည်၊ ပထမ တော့ တရားမဝင်လုပ်ငန်းတို့တွင် ကျင်လည်ရာမှ၊ နောက်ပိုင်း၌ ကောင်းရောင်းကောင်းဝယ်ဟု ဆိုအပ်သော ၊ တရားဝင်စီးပွားရေး တို့ကို ပြောင်းလဲလုပ်လာကြသည်။ လမ်းဖြောင့်ပေါ်လျှောက် ခြင်း၊ လမ်းတည့်တည့်လျှောက်ခြင်း ဖြစ်၏ ။ သို့ ရာတွင် မေးခွန်းတစ်ပုဒ်ကိုကား မေးနေကြတုန်းပင် ဖြစ်သည်။ ဘယ်လောက် ဖြောင့်သလဲပါ။
ဆိုက်ပရပ်စ်
နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးမှု နှင့် ပတ်သက်၍ နှစ် စဉ်ခန့်မှန်းချက်များ ပြုလုပ်လေ့ရှိကြသည်။ အစိုးရ ပိုင်းကလည်း ပြုလုပ်သည်။ အခြား အခြားသော အဖွဲ့အစည်းနှင့် ပုဂ္ဂိုလ်တို့ကလည်း ပြုလုပ်ကြ သည်။ ၁၉၉၈ ခုနှစ် ၌ ဂျီဒီပီ (တိုင်းပြည်စီးပွားရေး ) ဘယ်လောက်ရာခိုင်နှုန်း တိုးမည် လဲပေါ့။
ဖွံ့ဖြိုးမှု တိုးတက်နှုန်းကို ကြည့်သော အခါ၊ သမားရိုးကျနည်းအရ ဤနိုင်ငံ၏ အစိုးရ ဘတ်ဂျက်လိုငွေ ဘယ်လောက်ရှိသလဲ၊ အခွန်ကောက်ခံမှု တိုးတက်ကျယ်ပြန့်သလား၊ နိုင်ငံခြား ရန်ပုံငွေ အရန်ဘယ်လောက်ရှိသလဲ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဘယ်လောက်ရှိမလဲ၊ နိုင်ငံခြား ကုန်သွယ်မှု ရှင်းတမ်းလိုငွေ ဘယ်လောက်ရှိမှာ လဲ စသည်ဖြင့် ၊ မက်ခရိုကိန်းဂဏန်း (macro-economic data) တို့ကို အားကိုးပြီး တွက်ကြသည်။
ယခုနောက်ပိုင်း၌ ကား ဤကိန်းဂဏန်းတို့ဖြင့် မလုံလောက်။ ဤကိန်းဂဏန်းတို့သည် ဖွံ့ဖြိုးမှု ကို တကယ် ကိုယ်စားပြု သရုပ်ပြခြင်းထဲတွင် ဘယ်သင်္ကေတတွေ ရှိသလဲ၊ ဘယ်သင်္ကေတ တွေ က လွှမ်းမိုးနေသလဲ၊ ဘယ်သင်္ကေတတွေ က ဗဟိုအချက်အချာ ဖြစ်နေသလဲဆိုသော သင်္ကေတစူးစမ်းမှု တို့ကို ကြည့်ပြီးမှ၊ ဖွံ့ဖြိုးမှု လျာထားချက်သည် ဖြစ်နိုင် - မ ဖြစ်နိုင်ကို၊ ခန့်မှန်းလာ ကြကုန်သည်။
ဥပမာ - ရုရှား၌ ၁၉၉၈ ခုနှစ် တွင် စီးပွားရေး ဖွံ့ဖြိုးမှု နှုန်း အတော် အတန် ရှိလိမ့်မည် ဟု ခန့်မှန်းထားကြသည်။ သို့ ရာတွင် သင်္ကေတစူးစမ်းမှု ကို ပြုလုပ်သူတို့က ရုရှားတွင် စီးပွားရေး ရာဇဝတ်မှု မြင့်မားနေခြင်း၊ ချောဆီထည့်ရသော ကိစ္စ၊ ရုရှားတွေ ကိုယ်တိုင်က ပင်လယ်ရပ်ခြား (အထူးသဖြင့် ဆိုက်ပရပ်စ်) သို့ အရင်းအနှီးများ ထုတ်ယူနေသော ကိစ္စ (flight of capital) တို့ သည်၊ ဗဟိုသင်္ကေတများ အ ဖြစ် စိုးမိုးနေသော ကြောင့် ၊ ခန့်မှန်းသလို မ ဖြစ်နိုင်ဟု ဝေဖန်ထောက်ပြ နေကြပါသည်။ အာရှ၏ စီးပွားရေး အကျပ်အတည်းက တစ်ပူပေါ် နှစ် ပူဆင့်လာသဖြင့် ၊ ပို၍ ပင် ဆိုးဦးမည် ဟု ခန့်မှန်းကြသည်။
ဤဆောင်းပါး၏ ရည်ရွယ်ချက်သည် စီးပွားရေး သုံးသပ်မှု တို့တွင် ကိန်းဂဏန်းတို့ကို အားထားသည်ထက် သင်္ကေတတို့ကို ပို၍ အားထားလာကြကြောင်းကို သိမြင်လို၍ ဖြစ်ပါသည်။
Ref: Time, Newsweek, The Economist
အခန်း (၃)
သဘာဝ လား
ဖွံ့ဖြိုးမှု နှင့် လူလတ်တန်းစားကို၊ တစ်ဆက်တည်း တစ်စပ်တည်း ပူးတွဲ စဉ်းစားလေ့ ရှိကြ သည်။ စီးပွားရေး ဖွံ့ဖြိုးလျှင် လူလတ်တန်းစားအသစ်တို့လည်း ပေါ်ထွန်းလာကြကုန်၏ ။ တစ်ဖန် ဤလူလတ်တန်းစားသည်ပင် စီးပွားရေး ဖွံ့ဖြိုးမှု ၏ အင်ဂျင် ဖြစ်သွားသည်ဟု ယူဆခဲ့ကြသည်။
ယခု ပညာရှင်တစ်ဦးက၊ သဘာဝ ကိုတု၍ ဖန်တီးထားသော လူလတ်တန်းစား ကြီးထွားမှု (သို့ မဟုတ်) ဟန်ဆောင်ထားသော လူလတ်တန်းစား ကြီးထွားမှု (artificial growing of middle class) ဆိုပြီး သုံးနှုန်းကာ စိစစ်သုံးသပ်ပြလာသော အခါ၊ ပြဿနာ၏ အချိုးအဆစ်သည် တစ်မျိုး ဖြစ်သွားပြန်သည်။
မူလက လူလတ်တန်းစားဆိုလျှင် ဘာအမျိုးအစားမှ မခွဲခြား၊ တစ်ပုံစံတည်း အတူတူပဲလို့ သဘောထားပြီး သုံးသပ်ခဲ့ကြသည်။ ယခု အထက်ဖော်ပြပါပညာရှင်က သဘာဝ အတိုင်း ဖြစ်ထွန်း သော လူလတ်တန်းစားနှင့် ၊ သဘာဝ ကိုတုပ၍ ဖြစ်ထွန်းသော လူလတ်တန်းစား (ဟန်ဆောင် ဖြစ်ထွန်းလာသော လူလတ်တန်းစား) ဟူ၍ နှစ် မျိုးခွဲခြားပြီး ဝေဖန်တင်ပြလာသည်။ စိတ်ဝင်စားဖို့ ကောင်းသည်။
ညချင်းကြီး
အဆိုပါပညာရှင်၏ ဖွင့်ဆိုချက်အရဆိုလျှင်၊ စွန့်စားတီထွင်ဖန်တီးသော စိတ်ဓာတ် (entrepreneur spirit) ဖြင့် ကုန်းရုန်းပြီး ကြီးထွားလာသော ဖြစ်စဉ်ကိုသာ၊ သဘာဝ နှင့် အညီ ဖြစ်ထွန်းသော လူလတ်တန်းစားအ ဖြစ် ယူဆပုံရသည်။ စွန့်စားတီထွင်ဖန်တီးသော စိတ်ကို အခြေမခံဘဲ ဆူလွယ်နပ်လွယ် အခြားသော နည်းတို့ဖြင့် ကြီးထွားလာသော လူလတ်တန်းစားကို၊ ဟန်ဆောင် ဖြစ်ထွန်းမှု (သို့ မဟုတ်) သဘာဝ ကို တုပ၍ ဖြစ်လာသော ဖြစ်ထွန်းမှု ဟု ဆိုလိုဟန် ရှိသည်။
ဤအချက်နှင့် ပတ်သက်၍ ပညာရှင်က အသေးစိတ်ရှင်းပြပါသည်။ အစိုးရ၏ အထောက် အပံ့နှင့် အကူအညီ၊ အထူးအခွင့်အရေး ၊ အဆက်အသွယ်နှင့် အကာအကွယ်၊ ဈေးကစားမှု ၊ မှော င်ခို၊ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု ၊ အတိုးကြီးထိုင်စားမှု ၊ ငွေအရပ်ရပ်ကို အလွယ်တကူ ရရှိမှု ၊ မြို့ကြီးပြကြီးတို့၌ မြေဈေးများ တအားထောင်တက်လာမှု စသည့် နည်းလမ်း တို့ဖြင့် ကြီးပွားလာသော လူလတ်တန်းစား ဖြစ်ထွန်းမှု ကို၊ သဘာဝ အတုအပအ ဖြစ် ခြယ်မှု န်းပါ သည်။ အရှင်မွေးတော့ ညချင်းကြီးဆိုသော မြန်မာစကားပုံပါ ဖြစ်ထွန်းမှု နှင့် ဆင်တူပုံရသည်။ ခေတ်သစ်သူဌေးဟု အများ က ပြောနေသော စကားနှင့် လည်း ဆင်တူပုံရသည်။
နိုင်ငံတော် အစိုးရသည် လူလတ်တန်းစားများ ပိုမိုများ ပြားလာပြီး၊ ကြီးထွားလာအောင် အားပေးရမည် ကား ဓမ္မတာ ဖြစ်ပါ၏ ။ သို့ ရာတွင် အစိုးရအကူအညီနှင့် အကာအကွယ်တို့ကိုသာ၊ နို့သက်ခံစို့နေလိုခြင်းကိုမူ အားပေးဖို့ကောင်းသည် မဟုတ်ပေ။
အကြောင်းငါးပါး
အဆိုပါပညာရှင်က ဟန်ဆောင်လူလတ်တန်းစား ဖြစ်ထွန်းမှု ၏ အကျိုးအပြစ်တို့ကို ဝေဖန် ဆွေးနွေးခြင်းမပြုပါ။ ဟန်ဆောင်လူလတ်တန်းစား ဖြစ်ထွန်းမှု သည် တိုင်းပြည်၏ စီးပွားရေး ကို ထိခိုက်သလား၊ သို့ တည်းမဟုတ် အကျိုး ဖြစ်ထွန်းစေသလား ဆိုသော အချက်ကို မဆွေးနွေး စေကာမူ၊ အကြောင်းကြောင်းသော အကြောင်းတို့ကြောင့် ဟန်ဆောင်လူလတ်တန်းစား ဖြစ်ထွန်းမှု သည်၊ အလွယ်တကူ ပျက်စီးသွားတတ်ကြောင်းကိုကား ထောက်ပြသည်။
ဤကိစ္စနှင့် ပတ်သက်၍ ပျက်စီးစေသော အကြောင်းတရားကြီး ငါးပါးကို ရှင်းပြပါသည်။ ပထမအကြောင်းတရားမှာ ပြည်တွင်းပြည်ပကြွေးမြီ (public debt) ကိစ္စ၊ ဒုတိယအကြောင်းတရား သည် ငွေကြေးဖောင်းပွမှု ၊ တတိယအကြောင်းတရားသည် အစိုးရက ထောက်ပံ့ငွေနှင့် အကူအညီ တို့ကို ဖြတ်တောက်ရုပ်သိမ်းမှု နှင့် ၊ အစိုးရ၏ အကာအကွယ်တို့ကို လျှော့/ဖြတ် ရုပ်သိမ်းမှု ၊ စတုတ္ထ အကြောင်းတရားမှာ ငွေချေးငှားမှု အရပ်ရပ်တို့ကို လျှော့/ဖြတ် ရပ်ဆိုင်းမှု နှင့် ၊ ပဉ္စမအကြောင်း တရားသည် မြို့နှင့် တော ကုန်သွယ်မှု ဆက်ဆံရေး တွင် တောရွာတို့က အသာရမှု (urban-rural terms of trade) တို့ ဖြစ်ကြသည်။
ဝုန်းခနဲ
စီးပွားရေး ဖွံ့ဖြိုးရေး ကို ကြိုးစားပမ်းစား ပြုလုပ်ြ ကတော့မည် ဟုဆိုလျှင်၊ အနည်းနှင့် အများ ငွေရင်းချေးငှား၍ လုပ်ကြရ၏ ။ ပြည်ပမှလည်းကောင်း၊ ပြည်တွင်းမှလည်းကောင်း ချေးငှား၍ ရင်းနှီး မြှုပ်နှံကြရသည်။
သို့ ရာတွင် ချေးငှားသော ကြွေးမြီသည် အလွန်များ ပြားလာပြီး၊ လိုအပ်သည်ထက် ပိုလွန်းနေ လျှင် ပြည်သူလူထုအပေါ်တွင် ဝန်ထုပ်ဝန်ပိုး ဖြစ်လာလေတော့၏ ။ ဤဝန်ထုပ်ဝန်ပိုးကို ဘယ်လောက် ခံနိုင်ရည်ရှိစွာ ထမ်းဆောင်နိုင်မလဲဟု ပြဿနာပေါ်လာမည် ။ ထိုအခြေအနေတွင် ကြွေးမြီတို့ကို လျှော့/ဖြတ် ရသည်။ ကြွေးမြီသစ်များ မတိုးပွားအောင် ဆောင်ရွက်ကြရသည်။
ကြွေးမြီအဟောင်းတို့ကို ပြန်ရအောင် မ ဖြစ်မနေ အတင်းအကျပ် တောင်းဆိုရသော အခါ၊ သို့ တည်းမဟုတ် ကြွေးမြီသစ်များ ထုတ်မချေးသော အခါ၊ ဖော်ပြပါ ဟန်ဆောင် ဖြစ်ထွန်းလာသော လူလတ်တန်းစားတို့သည်၊ အစုလိုက်အပြုံလိုက် ထိခိုက်လေတော့၏ ။ (ပညာရှင်က အာဖရိက တိုက်မှ အိုင်ဗာရီကို့စ်နိုင်ငံကို နမူနာပြသည်။ ထိုနိုင်ငံ၌ ခေတ်သစ်သူဌေး အတော် များများ ပြန်မွဲ သွားသည်။)
စီးပွားရေး ဖွံ့ဖြိုးမှု သည် အမြဲတမ်း 'ရွှေ' ဖြစ်နေသည်ကားမဟုတ်၊ အတက်အကျ ရှိလေရာ အကျပိုင်းရောက်၍ အကျပ်အတည်းဆိုက်လျှင် ပေးထားသော အကာအကွယ်၊ ပေးထားသော ထောက်ပံ့မှု တို့ကိုလည်း ရုတ်ခြည်းဆိုသလို ဖြတ်တောက်ပစ်ကြရသည်။ ထိုအခါ၌ အစိုးရ၏ အကူ အညီ အထောက်အပံ့ အကာအကွယ်တို့နှင့် နို့သက်ခံစို့နေသော ၊ သဘာဝ ကို တုပထားသော လူလတ်တန်းစားတို့သည် ကိုယ့်ခြေထောက်ပေါ် ကိုယ်မရပ်တည်နိုင်တော့သည့်အခြေသို့ ဆိုက်ရောက်ြ ကတော့သည်။ ဝုန်းခနဲ ပြိုလေတော့သည်။
ခေတ်သစ်လူလတ်တန်းစားသည် မြို့ပေါ်၌ ကြီးပွား၏ ။ တောနှင့် မြို့ စီးပွားရေး ဆက်ဆံမှု တွင် တောကုန်တို့ကို ဈေးနှိမ်၍ မြို့ပေါ်တွင် ကြီးပွားကြခြင်း ဖြစ်လေရာ၊ အခြေအနေက ပြောင်းပြန် ဖြစ်သွားပြီး၊ တောကုန်တွေ ဈေးကောင်းရကာ မြို့ကုန်တွေ ကျဈေးမိသွားနိုင်သည်။ ထိုအခြေ အနေမျိုးဆိုက်လာလျှင် ဖော်ပြပါ သဘာဝ တုပ၍ ဖြစ်ထွန်းလာသော လူလတ်တန်းစားတို့သည်၊ ဘဝပျက်ခြင်းမျိုးနှင့် ရင်ဆိုင်လေရတော့၏ ။ (နိုင်ရိုဘီ၊ ကင်ရှာဆာ၊ ဆောပေါ်လို၊ မက္ကဆီကိုစီတီ၊ ကာရကတ်စ် စသော မြို့ကြီးတို့တွင် မြို့ပေါ်ဝင်ငွေများ ထိုးကျခဲ့ကြသည်။)
ငွေတန်ဖိုးကျခြင်း
ငွေဖောင်းပွမှု သည် ယေဘုယျအားဖြင့် အားလုံးကို ထိခိုက်သော်လည်းကောင်း၊ လူလတ် တန်းစားကို ထိခိုက်လျှင် ရင်းနှီးမြှုပ်နှံမှု အခြေအနေကို ပို၍ ထိခိုက်လေ၏ ။ အတုအပ ဖြစ်သော လူလတ်တန်းစားသည်၊ ပို၍ ဘဝပျက်နိုင်သည်ဟု ဆိုသည်။ ဖောင်းပွမှု ပုံသဏ္ဌာန် အမျိုးမျိုးရှိသော် လည်း ဖွံ့ဖြိုးဆဲနိုင်ငံတို့တွင် ဖြစ်ပေါ်နေသော အဓိကပုံသဏ္ဌာန်မှာ ငွေကြေးလဲလှယ်မှု နှုန်းကြောင့် ဖြစ်ရသော ဖောင်းပွမှု (exchange rate induced inflation) ဖြစ်၏ ။ မိမိနိုင်ငံ၏ ငွေကြေးတန်ဖိုးက အခြားနိုင်ငံခြားငွေတို့နှင့် လဲလှယ်ရာတွင် အလွန်အမင်း ကျဆင်းလာခြင်းကြောင့် ကုန်ဈေးနှုန်း တွေ တက်ရသော ပုံသဏ္ဌာန် ဖြစ်သည်။
ဤပုံသဏ္ဌာန်တွင် လူလတ်တန်းစားတွေ ဘယ်လောက်ထိခိုက်ပါသလဲ၊ ဘယ်လိုထိခိုက် ပါသလဲ၊ ဤပုံသဏ္ဌာန်တွင် အကျိုးအမြတ်ရှာဖွေနိုင်သူတွေ ကော မပေါ်ပေါက်ဘူးလား၊ ဤပုံသဏ္ဌာန်မှ ဟန်ဆောင်၍ ဖြစ်ထွန်းလာသော လူလတ်တန်းစားအသစ်တွေ ကော မပေါ်နိုင်ပေ ဘူးလား၊ စသည် စသည်ဖြင့် ထပ်ဆင့်မေးစရာတွေ တစ်ပြုံတစ်မကြီး ပေါ်ပေါက်ပါသည်။
အမှတ်တံဆိပ်
အခြားပညာရှင်တစ်ဦးက၊ အရေး နိမ့်သူ၏ ရုတ်တရက်ကျသော ဘေးဒုက္ခ (loser catastrophes) ဆိုသော အသုံးအနှုန်းကိုသုံးစွဲ၍ ၊ သူ၏ ကျမ်းသဘောကို တင်ပြသည်။ ခေတ်ကြီး သည် ကမ္ဘာ့ရွာဟု ဘယ်လောက်ပင်ဆိုစေကာမူ၊ ဤရွာကြီးတွင် ညီညွှတ်မှု ရှိနိုင်ဖို့ အလွန်ခဲယဉ်း မည် ။ အဘယ်ကြောင့် ဆိုသော် ဤကမ္ဘာ့ရွာတွင် အပြိုင်အဆိုင်တို့သည် ပြင်းထန်သလား မမေးနှင့် ၊ ကျားကုတ်ကျားခဲ ပို၍ ပို၍ အသည်းအသန် ပြိုင်ဆိုင်ကြရသော ကြောင့် ဖြစ်၏ ။ ပဋိပက္ခနှင့် တင်းမာမှု တို့သည် ဤကမ္ဘာ့ရွာ၏ ကုန်အမှတ်တံဆိပ် ဖြစ်နေပါမည် ။
အသေအလဲ ပြိုင်ဆိုင်ပွဲတွင် အားလုံးနိုင်သည်ဟူ၍ ရှိဖို့ အလွန်ခဲယဉ်းသည်။ နိုင်သူနှင့် ရှုံးသူ၊ အောင်ပွဲခံသူနှင့် အရေး နိမ့်သူ၊ ပန်းပန်လျက်ပါဟု လက်မထောင်သူနှင့် ပန်းကြွေသွား၍ မျက်နှာညှိုးကျသွားသူ စသည်ဖြင့် ရှိလာမည် မှာ ၊ အလွန်သေချာသည်။
အခြေအနေကို အကဲခတ်ကြည့်ရသလောက်ဆိုလျှင်၊ အရေး နိမ့်သူတို့ တွေ့ ကြုံရသော အခက်အခဲသည် သာမန်အသေးအမွှားလောက် မဟုတ်တန်နိုင်ရာပေ။ ပညာရှင်က catastrophes ဆိုသော စကားကို သုံးပုံထောက်လျှင်၊ အရေး နိမ့်သူတို့သည် ရုတ်တရက် ဘေးဒုက္ခဆိုက်ရောက် ရပုံ၊ ရုတ်တရက် ကပ်ကြီးဆိုက်ရပုံတို့ကို ရည်ညွှန်းကြောင်း ထင်ရှားပါသည်။ တအိအိသဘော၊ တဖြည်းဖြည်းသဘော ရှိပုံမရ။
ကမောက်ကမ
ဤဘေးဒုက္ခသည်၊ ကမ္ဘာ့ရွာ ဖြစ်ထွန်းပုံ အချိုးအစား မပြေပြစ်သော ကြောင့် ပေါ်ပေါက်ရ ခြင်း ဖြစ်သည်ဟု၊ ပညာရှင်က ဆိုသည်။ Asymmetrical development ဟု ပြောသည်။ ကမ္ဘာနှင့် ချီ၍ ဖြစ်သော ဖြစ်ပေါ်တိုးတက်ပုံတို့သည် အချိုးအစား ကမောက်ကမ နိုင်လှသကဲ့သို့ ပင်၊ သက်ဆိုင်ရာနိုင်ငံအတွင်းတို့၌ လည်း ဖြစ်ထွန်းမှု တို့သည် ဟန်ချက်မညီ ကမောက်ကမ ဖြစ်နိုင်ကြ ကုန်သည်။
ဤသည်၏ အကျိုးဆက်အ ဖြစ် အရေး နိမ့်သူတို့ ကပ်ကြီးဆိုက်နိုင်ခြင်း ဖြစ်လာသည်။ ဤအရေး နိမ့်သူတို့ထဲတွင် သဘာဝ တုပ၍ (ဟန်ဆောင်၍ ) ဖြစ်ထွန်းသော လူလတ်တန်းစားတို့ လည်း ပါဝင်ကောင်း ပါဝင်နိုင်သည်။ အရေး နိမ့်မှု သည် စီးပွားရေး အရလည်းကောင်း၊ လူမျိုးရေး အရ လည်းကောင်း၊ ဘာသာရေး အရလည်းကောင်း၊ ယဉ်ကျေးမှု အရလည်းကောင်း ဖြစ်နိုင်သည်။ လောကအသွယ်သွယ်၌ အရေး နိမ့်သူများ ရှိနိုင်သည်။
ပရက်ရှာကွတ်ကာ
အရေး နိမ့်သူတို့၏ ကံကြမ္မာသည် ထိန်းမနိုင် သိမ်းမရပေါက်ကွဲပြီး၊ ဆိုးဆိုးဝါးဝါး ဖြစ်သွား တတ်သည့်ကိစ္စနှင့် ပတ်သက်၍ ၊ ပညာရှင်တို့ကြားတွင် 'ပရက်ရှာကွတ်ကာသီအိုရီ' (လျှပ်စစ် ထမင်းအိုး ဟင်းအိုး) နှင့် ရေခဲတောင်အပြိုသီအိုရီ (thawed marshland) တို့ဆိုပြီး ပေါ်ပေါက် သည်။
အရေး နိမ့်သူတို့၏ ပြဿနာတို့ကို ပရက်ရှာကွတ်ကာအိုးထဲ ထည့်ပြီး ပြွတ်သိပ်ဖုံးဖိထား လျှင်၊ တန်နေ့နေ့၌ အတွင်းမှ အပူရှိန်က ပရက်ရှာကွတ်ကာ အဖုံးကို ကန်ဖွင့်ပစ်ပါလိမ့်မည် ။ သို့ တည်းမဟုတ် အဖုံးကို မလွှဲသာ၍ ရုတ်ခြည်းဖွင့်လိုက်ရလျှင်၊ အတွင်းမှ ပြဿနာအပူတို့သည် တအားကန်ထွက်ကြပါလိမ့်မည် ။ (ယူဂိုစလပ်ပြည်ဟောင်း အရေး အခင်း၊ အရှေ့ဥရောပ အရေး အခင်းတို့ကို ဥပမာပြသည်။)
အခြားပညာရှင်တစ်ဦးက ရေခဲတောင်ပြိုကျပုံမျိုးနှင့် နှိုင်းသည်။ ရေခဲအရည်ပျော်လေသော အခါ အခိုင်အခံ့ တည်ဆောက်ထားသော အဆောက်အအုံတို့လည်း ရေထဲမျောပါသွားကုန်သည်။ ပြိုကုန်လေ၏ ။ (အယ်လ်ဘေးနီးယားအရေး က ဥပမာ ဖြစ်နေသည်။)
ဖျာအောက်
ပညာရှင်တစ်ဦးကမူ အရေး နိမ့်သူတို့၏ ပြဿနာတို့ကို ဖျာအောက်ထဲ တံမြက်စည်းနှင့် လှည်းထည့်ပြီး၊ ဘယ်လောက်ကြာကြာ ဖုံးဖိထားနိုင်ပါ့မလဲဟု မေးခွန်းထုတ်ကာ သူ၏ အမြင်ကို ပြောပြသည်။ ယခုတလော စာနယ်ဇင်းတို့၏ သတင်းဝေဖန်ချက်တို့တွင် ၊ ဆင်းရဲချမ်းသာ ကွာဟမှု ပြဿနာကို အလင်းရောင် ရဲရဲဖြင့် မီးမောင်းထိုးပြလာကြသည်မှာ ၊ အရေး နိမ့်သူတို့၏ ကပ်ဆိုးကို ကြိုတင်မြင်၍ သတိပေးနေကြခြင်းပေလောဟု တွေးတောစရာ ဖြစ်နေသည်။
အချိန်ပိုင်း ရမ်ဘို (part-time Rambos) တွေ ကမ္ဘာအနှံ့ ပေါ်နေသော အချက်သည်၊ အရေး နိမ့်သူတို့၏ ကပ်ဘေးကို နားလည်စေရန် သဲလွန်စ ဖြစ်အပ်သည်ဟုလည်း ဆိုသည်။ ယဉ်ကျေးမှု သည် အားလုံးကိုစေးကပ်အောင် စေ့ပေးသော ဘိလပ်မြေ ဖြစ်အပ်၏ ။ သို့ ရာတွင် အချို့သော လူ့အဖွဲ့အစည်းတို့၌ ယဉ်ကျေးမှု သည်၊ ပြဿနာတို့ကို ဖုံးဖိပေးသော ဖျာကဲ့သို့ ဖြစ်နေ သည်မှာ ဝမ်းနည်းဖို့ ကောင်းလှသည်ဟု၊ ပညာရှင်တစ်ဦးက ဆိုသည်။
ဖွံ့ဖြိုးမှု နှင့် အချိုးအစားပြေပြစ်မှု သည် တစ်ပြိုင်နက်တည်း ဖြစ်ဖို့ရာတော့ အလွန်ခဲယဉ်း ပါသည်။ ဝင်ငွေကွာဟမှု ကို ခပ်ကျဉ်းကျဉ်းထိန်း၍ ဖြစ်ပေါ်လာသော ဖွံ့ဖြိုးမှု ဆိုသည်မှာ လည်း၊ ပထမအဆင့်၌ ဖြစ်နိုင်ခြေမရှိ။ စိတ်ကူးယဉ်ခြင်းသာ ဖြစ်၏ ။ 'ကိတ်မုန့် အရင်ကြီးအောင် လုပ်ပါ၊ နောက်မှ အညီအမျှ ဝေချင်သပဆိုလျှင် ဝေပါ' ဟု ဘောဂဗေဒပညာရှင်တို့က ရှေးမဆွကပင် ပြောထားကြပြီး ဖြစ်ပါသည်။
ကိတ်မုန့်မကြီးဘဲ အညီအမျှဝေလျှင်၊ သေးသေးကွေးကွေးလေးတွေ သာ ရမည် ။ ဤ သေးသေးကွေးကွေး ဝင်ငွေတို့သည် ရင်းနှီးမြှုပ်နှံမှု တို့ကို အားမပေးရုံမက၊ ရင်းနှီးမြှုပ်နှံမှု တို့ကိုပင် အနုတ်လက္ခဏာ ပြနိုင်သည်။
ယဉ်ကျေးမှု
ထို့ကြောင့် အရေး နိမ့်သူ၏ ကပ်ဆိုးကြီး ဆိုသော အရာကို ကြောက်လန့်ဖို့ရာ မဟုတ်။ သို့ သော် တစ်ဖက်၌ အရေး နိမ့်သူတို့၏ ပြဿနာများ တကယ်ရှိသည် ဆိုသော အချက်ကို၊ မျက်ခြည်မပြတ် ဂရုတစိုက် ဒေါက်ထောက်ကြည့်နေဖို့ လိုသည်။
စီးပွားရေး ကို တစ်ခါတရံ၌ လေယာဉ်ပျံကြီးလို ကြည့်ရ၏ ။ တစ်ခါတရံမှာ တော့ လူမမာလို ကြည့်ရသည်။
အရေး နိမ့်သူတို့၏ ပြဿနာအဝဝနှင့် ၊ ဖွံ့ဖြိုးမှု နှင့် အတူပါလာသော သဘာဝ တုပ၍ (ဟန်ဆောင်၍ ) ဖြစ်ထွန်းလာသော ၊ လူလတ်တန်းစားတို့၏ ပြဿနာအရပ်ရပ်တို့ကို၊ ဖျာအောက် ထဲ တံမြက်စည်းနှင့် လှည်းထည့်ထားလို့ငှာ မသင့်။ ပို၍ မသင့်သည်မှာ ယဉ်ကျေးမှု ကို ဖျာအ ဖြစ် အသုံးပြုခြင်းပင် ဖြစ်သည်။ ယဉ်ကျေးမှု သည် ဘိလပ်မြေ ဖြစ်၏ ။
Ref: 1. International Social Science Journal No. 147
2. Universita No. 3
![]() စင်ပြိုင်ဒရမ်မာ ကမ္ဘာကုန်ကျယ်သရွေ့နှင့် လှသောစိန် | ![]() ပညာအခြေစိုက်စီးပွားရေး | ![]() ယောမင်းကြီး၏ စီးပွားရေး အတွေးအခေါ်နှင့် ဘောဂဗေဒ လက်ရွေးစင် |