စာရေးသူ၏ အမှာ
ဂျာနယ်၊ မဂ္ဂဇင်းအစုံတို့၌ အကြောင်းအရာမျိုးစုံကို စာရေးသူက ဆောင်းပါးရေးသားထားပေရာ ကိုယ့်ဆောင်းပါး ကိုယ်က ပြန်ဖတ်မိအောင် အနိုင်နိုင် ကြိုးစားနေရသည်။ စာရေးလွန်းလို့လည်းပါသည်။ အသက်အရွယ် ထောက်လာလို့လည်း ပါသည်။ ရေးပြီးသား ကိုယ့်ဆောင်းပါးကိုနောက်တစ်ခေါက်ဖတ်ရန် ဝန်လေးမိပါသည်။
စာရေးသူ၏ စိတ်နေစိတ်ထားက ဤသို့ရှိနေစဉ်တွင် စာရေးသူ၏ ဆောင်းပါးတို့ကို သေသေချာချာရွေးချယ်၍ စနစ်တကျ မာတိကာ စီစဉ်ပြီး ထုတ်ဝေလိုက်သည်ကို တွေ့ရသောအခါစာရေးသူ အတော် ဝမ်းသာသွားသည်။ စာရေးဆရာတိုင်း၌ ရေးသက်ရင့်လာလျှင် စာနှင့်ပတ်သက်ပြီး‘ပင်ပန်းနွမ်းလျမှု ’ ရှိသည်။ ထို့ကြောင့် မိမိစာကို နောက်တစ်ခေါက် ကိုယ်တိုင်တည်းဖြတ် ပြင်ဆင် လိုစိတ်မရှိပါချေ။ တည်းဖြတ်မှု နှင့် ပတ်သက်၍ ထုတ်ဝေသူတို့အား လွတ်လပ်ခွင့်ပေးထားလိုက်သည်။
‘ပညာအခြေစိုက် စီးပွားရေး’ သည် ခေတ်သစ်၏ ပင်မရေစီးကြောင်းဖြစ်၍ ဤအတွက်စာရေးသူက တစ်စစီ ကြိုးပမ်းရေးသားလိုက်မိသည်ကိုပင် အံ့သြသွားသည်။ မည်သို့ ပင်ဖြစ်စေ ခေတ်ပြိုင်အတွေးအခေါ်တို့ဖြစ်၍ ဖတ်သူတို့က ဝေဖန်မှု ဥာဏ်ဖြင့် လေ့လာဖတ်ရှုကြရန် တိုက်တွန်းနှိုးဆော်လိုသည်။ အကြောင်းမူ အိုင်ဒီယာတို့သည် မမြဲလွန်းသောကြောင့် ဖြစ်သည်။ အိုင်ဒီယာတို့၏ သက်တမ်းတိုသည်။
မောင်စူးစမ်း
၁၄.၁.၀၁
စီစဉ်သူ့စကား
‘ပညာအခြေစိုက် စီးပွားရေး’ မှာ The Commerce Journal (စီးပွားကူးသန်းဂျာနယ်) တွင် ၂၀၀၃ ခုနှစ်မှ စတင်၍ ဆရာမောင်စူးစမ်း အပတ်စဉ် ရေးသားလာခဲ့သော ဆောင်းပါးများ ထဲမှ အဓိက ကောက်နုတ် စုစည်းထားခြင်းဖြစ်သည်။ ၁၉၄၈ ခုနှစ်မှ စတင်ခဲ့သော ဆရာ၏ စာရေးသက်တမ်းသည်နှစ်ပေါင်း ၆၀ ပင်ပြည့်တော့မည်ဖြစ်ပါသည်။ ဆရာ့အတွေး ဆရာ့အရေးများ ကား ခေတ်နှင့်အညီ လိုက်ပါရှင်သန်ဆဲဖြစ်ပါသည်။
သို့ဖြစ်၍ ခေတ်ကိုမြင်၍ ထင်ဟပ်ထားသော ဆရာ့စာများ ကို တစ်ထောင့်တစ်နေရာမှစုစည်းကြည့်ခြင်းလည်း ဖြစ်ပါသည်။ ဤစာအုပ်အား ထုတ်ဝေခွင့်ပြုသော ဆရာ မောင်စူးစမ်းနှင့် The Commerce Journal တို့အားလည်း အထူးပင် ကျေးဇူးတင်ရှိပါသည်။
WISDOM HOUSE
စီးပွားရေးနတ်သမီး ပုံပြင်တွေလား
အိုင်ဒီယာနှစ်မျိုး
အရှေ့အာရှတွင် စီးပွားရေး အိုင်ဒီယာ အယူအဆ နှစ်မျိုးကို ယခုတစ်လော အာဏာရှိ ပုဂ္ဂိုလ်တို့ကပြောဆိုလာကြသည်။ ပထမ အိုင်ဒီယာသည် အရှေ့အာရှနှင့် အရှေ့အာရှ တောင်ပိုင်း(အာဆီယံ) ကိုအီးယူခေါ် ဥရောပ သမဂ္ဂလို ကူးပြောင်းဖွဲ့စည်းရန် ဆော်သြခြင်း ဖြစ်သည်။ ဆော်သြသူမှာ မကြာမီဝန်ကြီးချုပ်အဖြစ်မှ အငြိမ်းစား ယူတော့မည့် မလေးရှား ဝန်ကြီးချုပ် မဟာသီယာ (ယခုအနားယူပြီး)ဖြစ်သည်။
ဒုတိယ အိုင်ဒီယာသည် အရှေ့အာရှ (တောင်ပိုင်း အပါအဝင်)၌ ဘွန်းဈေးကွက် (bond market) တိုးချဲ့ထူထောင်ရန် ဖြစ်သည်။ ဆော်သြသူတို့မှာ ထိုင်း နှင့် စင်ကာပူမှ ခေါင်းဆောင်တို့ဖြစ်ကြသည်။ ဤ အိုင်ဒီယာ နှစ်ခု စလုံးသည် စိတ်ကူးယာဉ်အိပ်မက် (ယူတိုးပီးယား) တွေ မဟုတ်ကြပေ။ အစစ်အမှန် ဖြစ်ရန်နီးစပ်သည်။ လက်ငင်း လက်တွေ့ ပြဿနာတို့ အကျုံးဝင်သော စိတ်ကူးအိုင်ဒီယာဖြစ်ကြသည်။ သို့ရာတွင် ဤ အိုင်ဒီယာ နှစ်မျိုးစလုံးသည် ဖြစ်နိုင်ခြေ နည်းသည်ဟု ယူဆသူတို့က ၎င်းတို့အား စီးပွားရေး နတ်သမီး ပုံပြင်များ အဖြစ် ဝေဖန်ပြောဆိုနေကြသည်။ အိုင်ဒီယာ နှစ်မျိုးစလုံးကို ဦးတည်ချက် (orientation) အနေဖြင့် ကြိုးပမ်းသင့်သည်ကလည်း အမှန်ပင် ဖြစ်သည်။ သို့သော် တစ်ဖက်၌ အဟန့်အတားနှင့် ကန့်သတ်ချက်တို့ကလည်း တစ်ပြုံတစ်မကြီး ရှိနေသည်ကို နှလုံးမူမိကြသည်။
ဥပမာ အာဆီယံကို ဥရောပ သမဂ္ဂလို ပြင်ဆင်ဖွဲ့စည်းရန် မဖြစ်နိုင်ပေ။ ဤအတွက်အဓိက အကြောင်းပြချက် နှစ်ချက်ရှိသည်။ ပထမအချက်၌ အမျိုးသား အချုပ်အခြာအာဏာပိုင်ဆိုင်မှု (national sovereignty) ပြဿနာဖြစ်သည်။ ဥရောပသမဂ္ဂ စီးပွားရေး အဖွဲ့အစည်းအဖြစ်သာမကနိုင်ငံရေးအရလည်း စုစည်းထားသည်။ Both econmic and political integration ဖြစ်ထွန်းသည်။ ပြည့်တော့မပြည့်စုံသေး။
ဤသို့ စီးပွားရေးနှင့် နိုင်ငံရေး နှစ်ဖက်စလုံး၌ စုစည်းထားသဖြင့် အဖွဲ့ဝင်နိုင်ငံတို့သည်မိမိတို့၏ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှု ကို ဖဲ့ပေးထားရသည်။ တစ်စိတ်တစ်ဒေသ စွန့်လွှတ်ထားရ သည်။ ဤသို့ စွန့်လွှတ်နိုင်ကြသည်မှာ လည်း ဥရောပနိုင်ငံတို့သည် တန်ဖိုး (value) ချင်းတူညီကြသောကြောင့် ဖြစ်သည်။ တစ်နည်းပြောရလျှင် ဒီမိုကရေစီ နိုင်ငံချင်း တူညီနေကြသောကြောင့် ဖြစ်သည်။
အာဆီယံနိုင်ငံတို့သည် တန်ဖိုးချင်း မတူညီကြပေ။ ဒီမိုကရေစီ နိုင်ငံချည်း မဟုတ်ပေ။တန်ဖိုးထက် အကျိုးစီးပွား (interest) အပေါ် အခြေခံဖွဲ့စည်းထားခြင်းဖြစ်သည်။ ထို့ကြောင့် ဘုံ အကျိုးစီးပွား (common interest) တို့အပေါ် အခြေစိုက်ရာမှ ဘုံတန်ဖိုး (common value) တို့အပေါ်အခြေစိုက်ရာဆီသို့ အသွင်ကူးပြောင်းမှု သည် သိပ်မလွယ်နိုင်ပေ။ တင်းမာမှု တွေ အများ ကြီး တွေ့မည်။နောက်ဆုံး တန်ဖိုးချင်း (စနစ်ချင်း) မတူညီသည့် အဖွဲ့ဝင်နိုင်ငံတို့ကို တန်ဖိုးချင်း တူအောင် လုပ်။
ဤသို့ မလုပ်နိုင်လျှင် တန်ဖိုးချင်း မတူသည့် နိုင်ငံကို ဖယ်ရှားပစ်ရခြင်းမျိုး လုပ်ရပေမည်။ တန်ဖိုးချင်း တူအောင် မလုပ်ဘဲ အာဆီယံသည် အီးယူလို မဖြစ်နိုင်ပေ။ တန်ဖိုးချင်း တူမှလည်းအချုပ်အခြာအာဏာ ပိုင်ဆိုင်မှု ကို ဖဲ့၍ စွန့်လွှတ်ရန် အဆင်သင့် ဖြစ်မည်။
ဘွန်း နှစ်မျိုး
ဒုတိယ အိုင်ဒီယာသည် အာရှ၌ ဘွန်းဈေးကွက် ကျယ်ကျယ်ပြန့်ပြန့် ထူထောင်ရန်ဖြစ်သည်။ အာရှတွင် equity market ခေါ် စတော့ရှယ်ယာ ဈေးကွက်သည် အတော်အတန် ထွန်းကားနေပြီး ဖြစ်သည်။ စတော့ အိပ်ချိန်းတို့သည် အတော်အတန် သွက်သွက်လက်လက် ရှိနေပြီး ဖြစ်သည်။
သို့ရာတွင် ဘွန်းဈေးကွက် (bond market) ကား မထွန်းကားသေး။ ရှိပင် မရှိဟု ဆိုသော် ဆိုနိုင်သည်။ သို့ဖြင့် ဘွန်းအကြောင်း သိကောင်းစရာ အကျဉ်းရှင်းပြရန် လိုသည်။ ဘွန်းဈေးကွက်ကို အကြွေးဈေးကွက် (debt market) လို့လည်းခေါ်သည်။ ကြွေးမြီ၌ နှစ်မျိုးရှိသည်။ ပထမ ကြွေးမြီကို အစိုးရ ကြွေးမြီ (government debt) လို့ ခေါ်သည်။ အစိုးရတို့သည် ငွေတိုက်လက်မှတ်၊ငွေတိုက်ဘီလ် (treasury bills) နှင့် certificates တို့ကို တစ်နှစ်၊ သုံးနှစ်၊ ဆယ်နှစ် စသည်ဖြင့် ကာလသတ်မှတ်၍ ထုတ်ဝေသည်။
ယင်းဘီလ်နှင့် လက်မှတ်တို့ကို အစိုးရ ဘွန်း (government bonds) များ ဟု ခေါ်သည်။ အစိုးရက ဤ ဘွန်းတို့ကို ရောင်းချသည် ဆိုသည်မှာ အစိုးရက အများ ပြည်သူတို့ထံမှ လည်းကောင်း၊ ကုမ္ပဏီနှင့် ဘဏ် တို့ထံမှ လည်းကောင်း ငွေချေးငှားယူခြင်း ဖြစ်သည်။ ဤသို့ ချေးသည့်အတွက် အတိုးနှုန်း သတ်မှတ်ပေးသည်။
အစိုးရက ဘွန်းတွေ ထုတ်ပေးသလို ကုမ္ပဏီကြီးတို့ကလည်း ဘွန်းတွေ ထုတ်ပေး သည်။ ဤ ငွေချေးစာချုပ် (ဘွန်း) တို့ ထုတ်ဝေ၍ ကုမ္ပဏီတို့သည် အရင်းအနှီး ရှာဖွေ ထူထောင်ကြကုန်သည်။
နိုင်ငံခြားငွေ ကွပ်ကဲမှု
သို့ဖြင့် ဘွန်းဈေးကွက် ဆိုသည်မှာ အစိုးရ ငွေချေးအာမခံစာချုပ်နှင့် ကော်ပိုရေးရှင်းကြီးတို့၏ ငွေချေးအာမခံစာချုပ်များ (အစိုးရဘွန်းနှင့် ကော်ပိုရိတ်ဘွန်း) တို့ကို ဝယ်ရောင်းလုပ်သော ဈေးကွက်တို့ကိုဆိုလိုသည်။ သို့ရာတွင် ဤမျှလောက်နှင့် အဓိပ္ပာယ် ပြည့်စုံသွားသည် မဟုတ်ပေ။ ဤဘွန်းတို့ကို ပြည်တွင်း ငွေကြေးဖြင့်သာ သတ်မှတ်ထားလို့ကတောပ ပြည်တွင်းငွေကြေးဖြင့်သာ အရောင်းအဝယ်ဖြစ်နေမည်။ အကျိုး သိပ်မပေါ်။
ဤ ဘွန်းတို့ကို နိုင်ငံခြားငွေတို့ဖြင့် တန်ဖိုး ချိတ်ဆက်ထားရန် လိုသည်။ ဒေါ်လာနှင့်ဖြစ်စေ၊ ယူရိုနှင့် ဖြစ်စေ၊ ယန်းငွေ နှင့် ဖြစ်စေ ဘွန်းတို့ကို တန်ဖိုး သတ်မှတ်ထားနိုင်ရမည်။ ယင်းကိုနိုင်ငံခြားငွေဖြင့် တန်ဖိုး ဖော်ပြသော ဘွန်း (foreign currency denominated bonds) တို့ဟူ၍ ခေါ်သည်။ သဘောမှာ ဘွန်းတွေ အချိန်စေ့လျှင် နိုင်ငံခြားငွေဖြင့် အရင်းရော အတိုးပါ ပေးပါမည်ဟု အာမခံချက် ရှိခြင်းဖြစ်သည်။
နိုင်ငံအလိုက် ထုတ်ဝေထားသော ဘွန်း (အစိုးရဘွန်းနှင့် ကော်ပိုရိတ်ဘွန်း) နှစ်မျိုး စလုံးသည် နိုင်ငံခြားငွေ နှင့် ဝယ်ရောင်း လုပ်နိုင်ကြရမည်။ တစ်နည်းပြောလျှင် လွတ်လပ်သော ငွေအသပြာတွေ (free money) ဖြစ်ရမည်။ ဒေါ်လာ၊ ယူရို၊ ယန်း စသည့် မည်သည့် နိုင်ငံခြားငွေ နှင့်မဆိုလွတ်လပ်စွာ ဝယ်ရောင်းလုပ်နိုင်ရမည်။
ဤသဘော ဖြစ်ထွန်းရန် ဆိုလျှင် နိုင်ငံခြားငွေ လဲလှယ်ရေး ကြီးကြပ်မှု (foreign exchange control) မရှိရပေ။ နိုင်ငံခြားငွေ လဲလှယ်မှု ကို အရှင်ဖွင့်ထား၊ အရှင် မျှောထားရမည်။ free float ဟု ခေါ်သည်။
ထို့ကြောင့် နိုင်ငံခြားငွေ လဲလှယ်ရေးစနစ်ကို ကွပ်ကဲ ထိန်းချုပ်ထားပြီး ဘွန်းဈေးကွက်တိုးတက် ဖွံ့ဖြိုးရေးကို ပြောခြင်းသည် နတ်သမီး ပုံပြင် ဆန်သည်ဟု ဝေဖန်နေခြင်း ဖြစ်သည်။ Bond market with foreign exchange control is fantasy ဟု ပြောခြင်းသည် ယုတ္တိရှိသည်ဟု ဆိုရမည်။
ဒီဖလေးရှင်းတိုက်ပွဲ စပြီ
(၁) အမ်ဒီချင်း
အီရတ်စစ်ပွဲ အခြေခံအားဖြင့် ပြီးစီးသည်ဟု ကြေညာပြီးသည်နှင့် ကမ္ဘာ့စီးပွားရေး သည် ပြန်လည် ဦးမော့ လာလိမ့်မည်ဟု မျှော်လင့်ထားကြသည်။ မျှော်လင့်သလို ဖြစ်မလာပေ။ ဒီဖလေးရှင်း စိုးရိမ်မှု တို့သာ တိုးပွားလာသည်။ ကမ္ဘာနှင့် အဝှမ်း ဒီဖလေးရှင်း တိုက်ပွဲ စပြီလို့ပင် ပြောလာသည်။ ဒီဖလေးရှင်း (deflation) ဆိုသည်မှာ ယေဘုယျအားဖြင့် အရပ်ရပ် ဈေးနှုန်းများ ကျဆင်းခြင်း၊ ထုတ်လုပ်မှု များ ကျဆင်းခြင်း၊ အလုပ်လက်မဲ့များ တိုးပွားလာခြင်း စသည်တို့ကို ခေါ်သည်။ ခြုံပြောလျှင် စီးပွားရေးများ အခြေအနေ မကောင်း၊ အထွေထွေ ဆုတ်ယုတ် ကျဆင်းခြင်းဟု ခေါ်နိုင်သည်။
အီရတ်စစ်ပွဲတွင် သံခင်းတမန်ခင်း လွန်ဆွဲပွဲတွေ ပေါ်ခဲ့သည်။ အီရတ်စစ်ပွဲကို စိတ်ညွတ်သူများ နှင့် မဟာမိတ် (Coalition of the Willing) ဖွဲ့၍ အမေရိကန်က ဆင်နွှဲခဲ့သည်။ အီရတ် အရေးအခင်းနှင့် ယခု ကြုံတွေ့နေရသော စီးပွားရေး အရေးအခင်းတို့မှာ စာလုံး အတိုကောက်ချင်း သွားတူသည်။
အီရတ်စစ်၌ လူတွေ အစုလိုက် အပြုံလိုက် သေစေခြင်း (mass destruction) ကို ညွှန်းသည်။ ယခု ကမ္ဘာ့စီးပွားရေး၌ အစုလိုက် အပြုံလိုက် တိုက်ဖျက်ရေးတွင် စိတ်တူသူ၊ စိတ်ညွတ်သူများ မဟာမိတ်ကို ဖွဲ့စည်းရမည် ဖြစ်လေရာ ဤ သူများ မဟာမိတ်တွင် အမေရိက၊ ပြင်သစ်၊ ဂျာမဏီ၊ ဂျပန်တို့ပါဝင် ဖွဲ့စည်းရမည့်သဘော ရှိသည်။
(၂) သမ္မာကျမ်းစာ ရေလျှံမှု ကြီးလို
ဝေဖန် ဆန်းစစ်သူ တစ်ဦးက သမ္မာကျမ်းစာထဲမှ နိုအာခစ် ရေလွှမ်းမိုးမှု ကြီး (Biblical flood) နှင့် နှိုင်းသည်။ ရေစည်ကြီးမှ စို့ကိ ဖောက်လိုက်သည့်အခါ ရေတွေလျှံထွက်သွားသကဲ့သို့ ပိတ်ဆို့ထားသော ငွေစည်ကြီးကို အပြိုင်အဆိုင် ဖောက်လိုက်ကြရာ ငွေတွေ အများ ကြီး လျှံကျနေပြီ။ Flood ofLiquidity ဟု ဆိုသည်။
အတိုးနှုန်းတွေ အပြိုင်အဆိုင် လျှော့ချခြင်းကို ရည်ညွှန်းသည်။ အတိုးနှုန်းတွေ ချပေးထားသောအခါ ရင်းနှီးမြှပ်နှံသူတွေ၊ စားသုံးသူတွေ၊ ကုမ္ပဏီတွေ အတိုးနှုန်း သက်သာတုန်း ချေးချင်ကြသလို ချေးကြဖို့ ဖွင့်ပေးလိုက်သလိုပင် ဖြစ်သွားသည်။ ငွေတွေ စီးပွားရေးထဲ တအား သွန်ထည့်ခြင်းပင်။ အတိုးနှုန်းလျော့ချ၍ ငွေရည် တိုးပွားစေခြင်းသည် ဆုတ်ယုတ်နေသော စီးပွားရေးကို ပြန်လည်ဦးမော့လာရန် ရည်ရွယ်သည်။ တစ်နည်းပြောလျှင် ဒီဖလေးရှင်း ဖြစ်နေကြောင်းကို အသိအမှတ်ပြုရာ ရောက်သည်။
ဂျပန်က တစ်မျိုး ထူးထူးခြားခြား ဆောင်ရွက်ပေးရသည်။ အငယ်စား နှင့် အလတ်စားကုမ္ပဏီတို့ကို ဂျပန်ဗဟိုဘဏ် (ဘီအိုဂျေ) က ငွေကြေးထောက်ပံ့လိုက်သည်။ အစဉ်အလာ မရှိခဲ့။ကုမ္ပဏီတို့လက်ထဲ ငွေတွေ တိုက်ရိုက်ထည့်ပေးလိုက်ခြင်းပင် ဖြစ်သည်။ ဂျာမနီသည် စီးပွားရေး ပြန်မတ်ရန် အစီအစဉ်ကို ဆန္ဒပြ ကန့်ကွက်မှု တို့ကြားမှ ဇွတ်အတင်း အကောင်အထည် ဖော်နေရသည်။
အမေရိကန်ဗဟိုဘဏ်သည် အတိုးနှုန်းကို ၁ ရာခိုင်နှုန်းအထိ လျှော့ချလိုက်သည့် အပြင် နှစ်ရှည် အစိုးရ အာမခံစာချုပ်တို့ကိုလည်း အများ အပြား ဝယ်ယူသည်။ သဘောမှာ စီးပွားရေးထဲ ငွေတွေ သွန်လောင်းထည့်၍ ဒီဖလေးရှင်းကို တိုက်ခိုက်ခြင်းဖြစ်သည်။
(၃) တစ်ဟုန်ထိုး မောင်း
ဤသို့ ဒီဖလေးရှင်းကို တိုက်ခိုက်စဉ် ၁၉၉၀ ပြည့်နှစ်များ က ဖြစ်ပေါ်ခဲ့သော ပူဖေါင်း (bubble) တို့၏ အမွေအနှစ်တို့ကို လက်ကျန်အဖြစ် ရရှိထားဆဲ ဖြစ်နေသည်။ ၎င်းတို့မှာ ထုတ်လုပ်မှု စွမ်းရည်တွေ ပိုလျှံနေခြင်း၊ စားသုံးသူ ကြွေးမြီ နှင့် ကော်ပိုရေးရှင်းတို့၏ ကြွေးမြီတို့က လေးလေးလံလံ ရှိနေသေးခြင်း၊ လုပ်ခတွေ ဖိအားပေး ခံနေရသေးခြင်းနှင့် ဈေးနှုန်းတွေ ကျဆင်းနေခြင်းတို့ ဖြစ်သည်။
ထိုအခြေအနေ၌ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ပြုနိုင်ရန်အတွက် ပေါ်လစီတို့သည် ဆွဲအား (traction) ကောင်းဖို့လိုသည်။ ကံအားလျော်စွာ အမေရိကန်၊ ဂျပန်၊ ဂျာမနီ နှင့် ပြင်သစ်တို့၏ ဒီဖလေးရှင်း တိုက်ဖျက်ရေး ပေါ်လစီတို့သည် ဆွဲအား၊ တွန်းအားလိုလိုနှင့် အတော် ပြင်းထန်နေသည်။Aggressive ဖြစ်သည်။
အမေရိကားသည် စီးပွားရေး ဖွံ့ဖြိုးမှု ကို ဖြစ်ထွန်းစေရန် (၁) ရေရှည် အတိုးနှုန်း ကျဆင်းအောင်ပြုသည်။ (၂) ကော်ပိုရေးရှင်းတို့ ငွေချေးငှားရာတွင် ကျခံရသော စရိတ် သက်သာ အောင် (cost of borrowing) ပြုလုပ်သည်။ (၃) တန်ဖိုးလျှော့မှု စည်းမျဉ်း (Depreciation rules) တို့ကို လျှော့ပေါ့ပေးသည်။ (၄) ဒေါ်လာကို အားပျော့စေသည်။ ဤပေါ်လစီ နည်းလမ်းတို့ဖြင့် ဖွံ့ဖြိုးမှု ၊ အလုပ်အကိုင်နှင့် ရင်းနှီးမြှပ်နှံမှု တို့ တိုးပွားစေရမည်ဟု ဆိုထားသည်။
ဤ ပေါ်လစီတို့သည် ငွေကြေးတို့ကို တစ်ဟုန်ထိုး တရစပ် စီးဆင်းစေရန် (Torrent Of liquidity) အတင်း မောင်းသွင်းခြင်း ဖြစ်သည်။
(၄) ပြန်မြောက် အဓိပ္ပာယ်
၁၉၉၀ ပြည့်နှစ်များ တွင် ကမ္ဘာ့ စီးပွားရေးသည် အင်ဖလေးရှင်း တိုက်ပွဲ (inflation battle) ကို ဆင်နွှဲခဲ့ရသည်။ ဤသို့ ဆင်နွှဲသည့်အတိုင်းလည်း အင်ဖလေးရှင်းကျဆင်းသွားသည်။ အင်ဖလေးရှင်း ဆိုသည်မှာ အရပ်ရပ် ဈေးနှုန်းများ ထောင်တက်ခြင်းကို ခေါ်သည်။ အင်ဖလေးရှင်းနှင့်အတူ ဖြစ်ပွားခဲ့သော ပူဖေါင်းတို့သည် တစ်လုံးပြီးတစ်လုံး ပေါက်ပြဲ ထွက်ကုန်ခဲ့လေရာ အရပ်ရပ် ဈေးနှုန်းတွေ ကျဆင်းလာသည်။ ဒီဖလေးရှင်းထဲ စိုက်ဆင်းလာသည်။ အကယ်၍ ဒီဖလေးရှင်းကို မထိန်းသိမ်းနိုင်လျှင် စီးပွားရေး ဆုတ်ကပ် (depression) ထဲရောက်သွားမည်။ ၁၉၂၉ ခုနှစ်၌ တွေ့ကြုံခဲ့သော စီးပွားပျက်ကပ်ကြီးမျိုး ဖြစ်သည်။
ထိုအခြေအနေမျိုး မရောက်ရအောင် ဖြစ်ပွားလာသော ဒီဖလေးရှင်းကို နိုင်ငံအားလုံးက စုပေါင်း တိုက်ခိုက်ကြရန် လိုလာပြီ။ ထို့ကြောင့် ဒီဖလေးရှင်း တိုက်ပွဲ စပြီဟု မီဒီယာတို့က ပြောဆိုလာသည်။
သို့သော် မကြာသေးမီက ဆားစ်ရောဂါ မှိန်သွားသောကြောင့် လည်းကောင်း၊ အီရတ်စစ်ပွဲ အရှိန် လျော့သွားသောကြောင့် လည်းကောင်း၊ အီရတ်နှင့် အာဖဂန် စစ်ပွဲတို့တွင် ဖြုန်းတီးခဲ့ရသော စစ်လက်နက် ပစ္စည်းတို့ကို ပြန်လည် အစားထိုးဖြည့်ရသောကြောင့် လည်းကောင်း ကုမ္ပဏီတွေအမြတ် ပြန်ကောင်းလာကြသည်။ စတော့ရှယ်ယာဈေးတွေ ပြန်မြောက်လာသည်။ အချို့ကုန်စည်နှင့်အက်ဆက်တွေ ပြန် အရောင်းသွက်လာသည်။
ဤသည်တို့သည် ဒီဖလေးရှင်း တိုက်ပွဲ၏ ရလဒ်လား၊ သို့တည်းမဟုတ် သီးခြား အကြောင်းတရားတို့နှင့် ဖြစ်လာတာလားဟု ဆန်းစစ်နေကြသည်။
![]() ဘောဂဗေဒသံခိပ် | ![]() စင်ပြိုင်ဒရမ်မာ ကမ္ဘာကုန်ကျယ်သရွေ့နှင့် လှသောစိန် | ![]() ဂလိုဘယ်ဇေးရှင်းခေတ် အိုင်ဒီယာစီးပွားရေး |