နွားနှင့် ပြိုင်ကား
စိတ်ဘဝ
ယဉ်ကျေးမှု ချင်းခြားနားချက် (Cultural Differences) အကြောင်းကို ပြောင်းပြန်လှန်ပြီး တွေးခေါ်စဉ်းစားဖော်ပြထား သည့် သုတေသနစာတမ်း တစ်စောင်ပေါ်လာသည်။ မီချိဂန်တက္ကသိုလ်မှ စိတ်ပညာရှင် နစ္စဘက်နှင့် ဂျပန်စိတ်ပညာရှင် တာယာဟီကိုမာဆူဒါတို့ ပူးတွဲ လေ့လာသော သုတေသန ဖြစ်၍ စိတ်ပညာလောကတွင် အတော် လေးဂယက်ရိုက်သွားသည်။
မူလအယူအဆအရ လူမျိုးဟူ၍ ဘယ်လိုပဲကွဲပြားခြားနားနေပါစေ၊ ယဉ်ကျေးမှု တွေ ဘယ်လိုပဲကွဲပြားခြားနားနေပါစေ လူသည်လူသာ ဖြစ်၍ တွေးပုံခေါ်ပုံ စဉ်းစားပုံစဉ်းစားနည်းတို့သည် အခြေခံအားဖြင့် တူညီကြသည်။ လူတို့၏ စိတ်ဘဝ (mental life) နှင့် သိမြင်ခံစားခြင်း (cognitive process) တို့သည် အခြေခံအားဖြင့် တူညီကြကုန်သည်။
နုသည်၊ ရင့်သည်၊ ရိုးစင်းသည်၊ နက်သည်၊ အ သည်၊ ထက်သည် ဆိုသော ပမာဏနှင့် အတိုင်းအတာတို့လောက် သာ ခြားနားမည် ။ အခြေခံအားဖြင့် ကား တူညီကြသည်။ ဥပမာ- အာဖရိကတိုက် ဘော့ဆွာနာနိုင်ငံမှ မြီးကောင်ပေါက် လူငယ်တစ်ဦးသည် နွားအကြောင်းကို စိတ်လက်မာန်ပါ ဆွေးနွေးမှု ပုံသဏ္ဍာန်မျိုးသည် နယူးယောက် မှ မြီးကောင်ပေါက် လူငယ်တစ်ဦးက ပြိုင်ကားငယ်အကြောင်း စိတ်လက်မာန်ပါ ဆွေးနွေးမှု ပုံသဏ္ဍာန်မျိုးနှင့် အရင်းခံသဘောအားဖြင့် အတူတူ ပင် ဖြစ်သည်။ ယဉ်ကျေးမှု ချင်း ခြားနား၍ သာ တစ်ယောက် က နွားအကြောင်းပြော၊ အခြား တစ်ယောက် က ပြိုင်ကား အကြောင်း ပြောကြခြင်းသာ ဖြစ်သည်။ အခြေခံစဉ်းစားပုံ၌ တူသည်။
ယဉ်ကျေးမှု ချင်း ဘယ်လောက်ပင် ခြားနားစေကာမူ တွေးခေါ်စဉ်းစားပုံ အလေ့အထ (habit of thought) တို့သည် တူညီကြကုန်သည်။ ဤကား လွန်ခဲ့သော နှစ် ပေါင်း ၄ဝ မှစ၍ စိုက်စိုက်မတ်မတ် လက်ခံခဲ့သော အယူအဆ ဖြစ်သည်။
မျဉ်းဆက်မှလမ်းခွဲ
တည်ဆဲ အယူအဆအရ လောကကိုမြင်ရာ၌ လူမှန်သမျှသည် ယုတ္တိဖြင့် စဉ်းစားသည်။ (logical reasoning) အရာဝတ္ထုတို့ကို အမျိုးအစား ခွဲခြား၍ ရှုမြင်သည်။ (Categorization) အ ဖြစ်အပျက်နှင့် အခြေအနေတို့ကို အကျိုးအကြောင်း ဆက်စပ်မှု သဘောဖြင့် ရှုမြင်သုံးသပ်သည်။ ဤအကျိုးအကြောင်း ဆက်စပ်မှု ကိုလည်း မျဉ်းဆက်သဘောဖြင့် ရှုမြင်သည်။ (Linear- terms of cause and effect) မှတ်ဉာဏ် (memory)၊ အာရုံသိမှု (perception)၊ နည်းလမ်းစည်းမျဉ်းသီလ (rule application) စသည်တို့ကို အသုံးပြုရာ၌ လည်း တူညီကြသည်။ ဤအယူအဆကို စိတ်ပညာရှင်တို့က ဘုရားဟောအမိန့်ပမာ စွဲမြဲစွာ ယုံကြည်ခဲ့ကြသည်မှာ ကြာပြီ။ ယခု စိန်ခေါ်ခံလာရပြီ။
ယခု နစ္စဘက်နှင့် မာဆူဒါတို့က ဤအယူအဆကို ပြောင်းပြန်လှန်ပစ်ကြသည်။ ဂျပန်၊ ကိုးရီးယား၊ တရုတ်နှင့် အခြား အာရှနိုင်ငံတို့တွင် လည်းကောင်း၊ အမရိကန်၌ လည်းကောင်း အတော် ကြာကြာ သုတေသနပြုလုပ်ပြီးသည့်နောက် ကောက် နုတ်စစ်တမ်း ထုတ်ကြည့်သော အခါ အဖြေတစ်မျိုးကို တွေ့ လာကြသည်။
ဥရောပ၊ အမေရိကန်နှင့် အရှေ့အာရှမှ အာရှတိုက်သားတို့သည် မတူသည့် ခြားနားသော အရာဝတ္ထု (defference things) တို့ကိုသာ စဉ်းစားသည်မဟုတ်၊ ခြားခြားနားနားလည်း စဉ်းစားကြသည်။ (think differently) ဟူသော အချက်ကို လည်း တွေ့ ရှိလိုက်ကြသည်။ တွေးပုံခေါ်ပုံ စဉ်းစားပုံ စဉ်းစားနည်းမတူကြပေ။ ခြားနားသော ယဉ်ကျေးမှု ပတ်ဝန်းကျင်တွင် ခြားနားစွာ လူ ဖြစ်လာရသူတို့သည် ခြားနားစွာ စဉ်းစားကြကုန်သတည်း။
ဘယ်လိုခြား
ဂျပန်၊ တရုတ်နှင့် ကိုးရီးယားတို့ကို အရှေ့တိုင်းသားများ ဟု နစ္စဘက်နှင့် မာဆူဒါတို့က သတ်မှတ်ကြသည်။ သို့ ဖြင့် အရှေ့တိုင်းသားတို့က ဘယ်လို စဉ်းစားတတ်သနည်း၊ အမေရိကန်တို့က ဘယ်လိုစဉ်းစားတတ်သနည်းဆိုသော အချက်ကို ၎င်းတို့နှစ် ဦးက သုတေသနပြု၍ စစ်ဆေးကြည့်ကြသည်။
ဘာသွားတွေ့ သနည်းဆိုသော်-
(၁) အရှေ့တိုင်းသားတို့သည် တစ်ခုလုံးကို ခြုံငုံစဉ်းစားတတ်သည်။ တစ်ခုလုံး (whole) နှင့် အစိတ်အပိုင်း (parts) တို့ဟူ၍ နှစ် မျိုးရှိလေရာ အရှေ့တိုင်းသားတို့က တစ်ခုလုံးကို ခြုံကြည့်လေ့ရှိတတ်သည်။ (think holistically) ဟု ဆိုသည်။
(၂) အရှေ့တိုင်းသားတို့သည် ရှေ့နောက်စကားအဆက်အစပ် (context) အပေါ် ပို၍ အာရုံထား စဉ်းစားတတ် သည်။ လက္ခဏာ သွင်ပြင်များ ဆက်သွယ်ပုံ (relationship) ကို ပိုပြီး အာရုံထားသည်။ လက်တွေ့ ကို အခြေခံသော ပညာနှင့် ဗဟုသုတတို့ကို ပိုပြီး အားကိုးစဉ်းစားသည်။ ဒြပ်မဲ့ယုတ္တိ (abstract logic) တို့ကို သိပ်မကြိုက်။
(၃) အရှေ့တိုင်းသားတို့သည် ဆန့်ကျင်ဘက် ပဋိပက္ခ (contradiction) တို့ကို သည်းခံတတ်သည်။
(၄) အနောက်တိုင်းသားတို့သည် တစ်ပိုင်းစီတစ်စစီဖြုတ်၍ စိစစ်သရုပ်ခွဲမှု အပေါ် ပို၍ အာရုံထားသည်။ analytic ပို ဖြစ်သည်ဟုဆိုသည်။ ထို့ကြောင့် အရာဝတ္ထု (objects) တို့ကို ၎င်းတို့၏ အနက် အဆက်အစပ် (context) မှ ခွဲထုတ်လေ့ရှိသည်။ အနောက်တိုင်းသားတို့သည် ဆန့်ကျင်ဘက်ပဋိပက္ခကို ပိုရှောင်လိုသည်။ ပုံစံကျ ယုတ္တိဗေဒ (formal logic) ကို အကြီးအကျယ် အားကိုးသည်။
အခြေအနေ၏ ဖိအား
မီချိဂန်တက္ကသိုလ်၌ ဂျပန်ကျောင်းသားအချို့နှင့် အမေရိကန်ကျောင်းသားအချို့ကို ပင်လယ်ရေပြင် သတ္တဝါများ လှုပ်ရှားပုံတို့ကို ပြသသော ဗီဒီယိုကား တစ်ကားအား ပြသပြီး ဝေဖန်ခိုင်းကြည့်သည်။ ဤကားထဲတွင် ငါးကြီးတစ်ကောင်နှင့် အတူ အခြားငါးကလေးတို့က လှုပ်ရှားကူးခတ်နေသည်။
အမေရိကန်ကျောင်းသားတို့က ဗဟိုဆုံချက် ဖြစ်နေသော ငါးကြီး (focal fish) ကို အဓိကထားပြီး ဝေဖန်ပြောဆို သည်။ ဂျပန်ကျောင်းသားတို့ကမူ မြင်ကွင်းတစ်ခုလုံးကို ပြောပြသည်။ နောက်ခံအကွက်အကွင်းတို့ကိုပါ ထည့်သွင်းပြောပြ သည်။ ငါးအပြင် ရေထဲရှိပစ္စည်းတို့အကြောင်းလည်း ထည့်၍ ပြောသည်။
အမေရိကန်ကျောင်းသားတို့ကမူ ၎င်းတို့မြင်ရသော အကြီးဆုံးငါးအကြောင်း၊ အတောက်ပဆုံးအရာဝတ္ထုအကြောင်း၊ အမြန်ဆုံးလှုပ်ရှားနေသော ငါးတွေ အကြောင်းတို့ကို ပြောပြကြသည်။ အလှုပ်ရှားဆုံး ဖြစ်နေသော ငွေလောကကို ရောင် ပြန် ဟပ်ပုံရသည်။
သို့ ဖြင့် တွေးပုံခေါ်ပုံချင်း မတူညီကြပုံတို့ကို လက်တွေ့ စမ်းသပ်ကြည့်ခြင်း ဖြစ်လေရာ နောက်ထပ် ဘာကို ထပ်မံတွေ့ ရှိသနည်းဆိုသော် အခြေအနေ၏ ဖိအား (situational pressure) တွင် လူတို့၏ ပြုမူပုံနှင့် ပတ်သက်၍ အရှေ့တိုင်းသားတို့က အမေရိကန်တို့ထက် အဆက်အစပ် (context) ကို ပို၍ လျင်မြန်စွာ သိရှိနိုင်ကြသည်ဆိုသော အချက် ဖြစ်နေသည်။
စိတ်ပညာရှင်တို့သည် လူတစ်ဦးချင်း၏ စရိုက်လက္ခဏာဗီဇတို့ဖြင့် လူ့အပြုအမူတို့ကို ရှင်းပြလေ့ရှိခဲ့ကြသည်။ အခြေအနေ၏ ဖိအား (ပတ်ဝန်းကျင်) အကြောင်းကို သိပ်ထည့်မတွက်ကြပေ။ ယင်း၏ သဘောမှာ ဥပမာ-လူ တစ်ယောက် က တစ်စုံတစ်ရာကို ထုတ်ဖော်ပြောဆိုသည်ဟု ဆိုသည်မှာ သူပြောတာကို သူယုံကြည်၍ ပြောခြင်း ဖြစ်သည်ဟု မှတ်ယူနိုင်ခြင်း ဖြစ်သည်။
မျိုးဗီဇလား
သို့ သော် အခြေအနေ၏ ဖိအားတို့ ပြင်းထန်လျှင် ဤသို့ ယူဆရန် ခက်ခဲသွားသည်။ ဤသို့ ယူဆမှု သည် မှားသွားနိုင်သည်။ ဤအချက်ကို (Fundamental Attribution error) အခြေခံမှတ်ယူချက်အမှားဟု စိတ်ပညာတွင် ခေါ်ဆိုသည်။ အရှေ့တိုင်းသားတို့ အတွေးအခေါ်၌ ဤအမှားမျိုး မာဂျင်နည်းသည်ဟု ဆိုသည်။
ပြန်၍ ချုပ်ပြောရသည်ရှိသော် အထက်ဖော်ပြပါ အရှေ့နှင့် အနောက် ခြားနားချက်တို့သည် လူမှု ရေး နှင့် ဘာသာရေး ခြားနားမှု တို့ကြောင့် က ဘယ်လောက် ဖြစ်ရသည်။ ဘာသာစကားခြားနားမှု တို့ကြောင့် က ဘယ်လောက် ဖြစ်ရသည်။ ပထဝီ အနေအထား ခြားနားမှု တို့ကြောင့် က ဘယ်လောက် ဖြစ်ရသည် ဆိုသော အချက်တို့နှင့် ပတ်သက်၍ မူ သန်ရာသန်ရာခန့်မှန်း တွက်ချက်ကြရုံ ဖြစ်သည်ဟုဆိုသည်။
သို့ သော် အချက်တစ်ချက်ကိုတော့ အထက်ဖော်ပြပါ စိတ်ပညာရှင်နှစ် ဦးက အခိုင်အမာပြောဆိုသည်။ ယင်းမှာ ဖော်ပြပါ ခြားနားချက်တို့သည် မျိုးဗီဇ (genes) အရ ဖြစ်သည်ဟု မဆိုနိုင်ခြင်း ဖြစ်သည်။ အထောက်အထားအ ဖြစ် ဥရောပ၊ အမေရိကန်နိုင်ငံသားနှင့် အာရှနွယ်ဖွား အမေရိကန်နိုင်ငံသားတို့၏ တွေးပုံခေါ်ပုံ စဉ်စားပုံတို့သည် တူညီနေကြခြင်းကို ပြသည်။
ဤသို့ ဆိုသော် နွားနှင့် ပြိုင်ကား ဥပမာသည် ယဉ်ကျေးမှု ချင်း ခြားနားချက်ကို ပြသလား၊ သို့ တည်းမဟုတ် ဗီဇခြားနားချက်ကို ပြသလား၊ သို့ တည်းမဟုတ် တွေးခေါ်စဉ်းစားပုံ ခြားနားချက်ကို ပြသလား မေးစရာ ဖြစ်လာသည်။
ရည်ညွှန်း
International Herald Tribun e, September 2000
* * * * *
နှေးနှေးကမ္ဘာနှင့် မြန်မြန်ကမ္ဘာ
လိုင်းတွေ ပူး
ဆိုနီကုမ္ပဏီက ဒီဂျစ်တယ်ကင်မရာထုတ်လုပ်လိုက်ပြီဟု ကြေညာလိုက်သော အခါ ယခု ဒီမှာ ခေတ်စားနေသော ဘန်းစကားနှင့် “လိုင်းတွေ တော့ ပူးကုန်ပြီ” ဟု ပြောလာကြသည်။ ဆိုနီနှင့် ကင်မရာ ဘာဆိုင်လို့လဲ။ ကိုယ့်အလုပ်ကိုယ်လုပ်၊ ကိုယ့်လိုင်းကိုလုပ်။ ခု ဒီလို မဟုတ်ဘဲ ကိုယ်နှင့် မဆိုင်သည့် ကင်မရာလိုင်းထဲ ဝင်ဖောက်လာသည်မှာ ဘာသဘောလဲ စသည်ဖြင့် ဝိုင်းမေြး ကတော့သည်။ ဆိုနီ၏ လိုင်းသည် အဓိကအားဖြင့် တေးဂီတဗွီစီဒီ ဖြစ်သည်။
ဆိုနီက ဘာမျှ ပြန်မပြောပါ။ သို့ သော် နည်းပညာ၏ သဘာဝ ကို သိရှိသူတို့ကမူ ဆိုနီလုပ်တာမှန်သည်။ သဘာဝ ကျ သည် ဟုဆိုပြီး ဒီဂျစ်တယ် တက္ကနိုလိုဂျီ (digital technology) အကြောင်းကို ရှင်းပြလာကြသည်။ ဒီတော့ ဆိုနီသည် ဘယ်တက္ကနိုလိုဂျီ လိုင်းထဲက ကုမ္ပဏီ ဖြစ်သလဲလို့ စူးစမ်းကြည့်ကြသည်။ ဆိုနီသည် ဒီဂျစ်တယ်တက္ကနိုလိုဂျီလိုင်းထဲမှ ကုမ္ပဏီ ဖြစ်သည်။ ဗီစီဒီ တေးဂီတတို့ကို ဒီဂျစ်တယ်နည်းဖြင့် ထုတ်ဝေနေခြင်း ဖြစ်သည်။ ဒီတော့ ကင်မရာကိုလည်း ဒီဂျစ်တယ်နည်းဖြင့် ထွင်ကြည့်လိုက်သော အခါ အလွယ်လေးနှင့် ဖြစ်မြောက်သွားသည်။
ဒီလိုဆိုတော့လည်း ဆိုနီသည် သူ့လိုင်းသူ ချဲ့ခြင်း ဖြစ်၍ ဘာမှအပြစ်ဆိုဖွယ်မရှိတော့ပေ။ လုပ်သင့်လုပ်ထိုက်တာ လုပ်ခြင်းသာ ဖြစ်သည်။ အပြစ်ဆိုဖို့ထက် ဒီဂျစ်တယ်ခေတ်စားလာမှု digitizations တို့ကြောင့် စီးပွားရေး လိုင်းနှင့် မျဉ်းတို့သည် အားလုံးမှိန်ကုန်ပြီ။ ခဲဖျက်နှင့် ဖျက်သလို ဖျက်ခံရပြီဟု ထောက်ပြလာကြသည်။
တွေ့ နေသားပဲ
စီးပွားရေး လိုင်းတို့အား သူ့လိုင်းနှင့် သူ ခြားနားစေသော စည်းတို့သည် အကုန်ပြိုကျလာပြီဟု ဆိုသည်။ သဘောမှာ မည် သည့်စီးပွားရေး လိုင်းထဲသို့ မဆို ကြိုက်သည့်အချိန်၌ ကြိုက်သည့်နေရာမှ ဝင်နိုင်ပြီဟု သက်ရောက်လာခြင်း ဖြစ်သည်။ တစ်နည်းပြောလျှင် စီးပွားရေး လုပ်ငန်းအသီးသီးသို့ ဝင်ရန် ဝင်ပေါက်တို့၌ ကန့်သတ်ထားသော အပိတ်အဆို့၊ အဟန့်အတား တို့ မှန်သမျှသည် မရှိတော့ပြီ။ အကုန်ပွင့်ကုန်ပြီဟု ဆိုခြင်း ဖြစ်သည်။
နောက်ဆက်တွဲ အကျိုးသက်ရောက်မှု အားဖြင့် လူတိုင်းသည် ပုံနှိပ်ထုတ်ဝေခြင်းလုပ်ငန်းကို လွယ်လွယ်ကူကူ ဈေးပေါပေါဖြင့် ဝင်လုပ်နိုင်လာကြခြင်း ဖြစ်သည်။ everyone is publisher ဟူ၍ လည်းကောင်း၊ anyone can start publishing house ဟူ၍ အပြောအဆိုရှိလာသည်။ အိုင်တီတက္ကနိုလိုဂျီ၏ ရလဒ်တည်း။
ဤအချက်သည် မြန်မာပရိသတ်အတွက် မဆန်းဟု ဆိုနိုင်သည်။ မြင်နေကျ တွေ့ နေကျအတိုင်း မိတ္တူစာကူးစက်၊ ကွန်ပျူတာစာစီနှင့် ပရင်တာတို့ကြောင့် မည် သူမဆို ပုံနှိပ်ထုတ်ဝေနိုင်သည်မှာ အထင်အရှား ဖြစ်သည်။ ဒီဂျစ်တယ် တက္ကနိုလိုဂျီသာ တွင် ကျယ်လာဦးမည် ဟုဆိုလျှင် ဤပုံနှိပ်ထုတ်ဝေရေး ကို ဒေသအလိုက်သာ ထုတ်ဝေသည့်အဆင့်မှ ကမ္ဘာပတ်ဖြန့်သည့် အဆင့်သို့ ပင် ကူး ပြောင်းသွား နိုင်သည်။
အင်တာနက်နှင့် အီးမေးလ်တို့နှင့် ချိတ်ဆက်မိလျှင် ပုံနှိပ်ထုတ်ဝေသူဘဝမှာ အလှည့်အပြောင်းတစ်ခုဖြင့် ပိုပြီး စိတ်ဝင်စားစရာကောင်းသွားမည် ။
မိတ္တူစာကူးစက်၊ ကွန်ပျူတာစာစီ တို့သည် တစ်နည်းပြောလျှင် ပုံနှိပ်စက်အမျိုးမျိုးတို့ကို အန်တုယှဉ်ပြိုင်ခြင်း ဖြစ် သည်။ ဆိုနီက ဒီဂျစ်တယ်ကင်မရာထွင်တော့ ကိုဒတ်ကုမ္ပဏီက ဆန့်ကျင်ဝေဖန်ခဲ့ဖူးသည်။ ဒီဂျစ်တယ် ကင်မရာတွင် ဖလင်မလိုပေ။ ဒီဂျစ်တယ် တက္ကနိုလိုဂျီသည် ဘယ်လိုင်းထဲဝင်ဝင် အလွန်လွယ်ကူစေသည်။
ဆူပါ
လူတိုင်းသည် ပုံနှိပ်ထုတ်ဝေသူ ဖြစ်နိုင်သကဲ့သို့ ပင် လူတိုင်းသည်လည်း ကိုယ်ပိုင်စာအုပ်ဆိုင် ဖွင့်နိုင်တော့မည် ။ ကွန်ပျူတာတစ်လုံး၊ မိုဒန်ခေါ် ကွန်ပျူတာ ချိတ်ဆက်ပစ္စည်း၊ အီးမေးလ်နှင့် တယ်လီဖုန်းတို့ ရှိ၍ အင်တာနက်နှင့် ဆက်နိုင်ပြီ ဟု ဆိုလျှင် အင်တာနက်တွင် တင်ထားသော ကမ္ဘာအရပ်ရပ်မှ စာအုပ်စာတမ်းမျိုးစုံတို့ကို ဆွဲချယူနိုင်မည် ။ ပြီး ပရင်တာနှင့် ပွားပြီး ကော်ပီတွေ ရောင်းချနိုင်မည် ။ သို့ မဟုတ် အခွေ (အီး ဘုတ်အုပ်) လုပ်ပြီး ရောင်းနိုင်မည် ။ စာအုပ်ဆိုင်ဖွင့်ရန် လွယ်လှသည်။
ဒီတော့ ဤဥပမာတို့ကို ဖော်ပြပြီး ဘာကိုပြောချင်တာလဲဟု မေးလျှင် လူတစ်ဦးစီ Individuals တို့ အကြောင်းပဲ ပြောချင်သည်ဟု ဆိုရမည် ။ ပညာရှင်တို့က ဤလူသည် အရင်ကလူနှင့် လုံးဝမတူတော့ပြီ။ လူသစ်မှာ မှ တကယ့်လူသစ်။ အရင်လူနှင့် နှိုင်းမရပြီ။ ဖော်ပြပါ တက္ကနိုလိုဂျီတို့ကြောင့် လူတစ်ဦးစီသည် စရိတ်အလွန်သက်သာစွာ ဖြင့် ပုံနှိပ်ထုတ်ဝေသူ လည်း ဖြစ်နိုင်၊ စာအုပ်နှင့် အခွေရောင်းသူလည်း ဖြစ်နိုင်၊ နောက်ထပ်တိုးချဲ့ပြီး ပေါ်လာသော အစွမ်းမှာ ရင်းနှီးမြှုပ်နှံသူ အကောင်းစားလည်း ဖြစ်လာနိုင်သည်။ တက္ကနိုလိုဂျီတို့ကြောင့် လူ၌ လုပ်ဆောင်နိုင်သော စွမ်းအားတန်ခိုးခွန်အားတွေ တအားကြီး တိုးသွားလေပြီ။ ဆူပါအဆင့်ပင် သတ်မှတ်သဖြင့် Super-impowered individuals ဟု လက္ခဏာဖြတ်၍ ဖော်ပြလာကြသည်။
သို့ ဖြင့် ဒီဂျစ်တယ်တက္ကနိုလိုဂျီ ထွန်းကားမှု တို့ကြောင့် စီးပွားရေး လုပ်ငန်းတို့မှ ဝင်ပေါက်အပိတ်အဆို့နှင့် နံရံတို့သည် အကုန်ကွာကျကုန်သည်။ ကော်နှင့် ဘယ်လောက်ပဲကပ်ကပ် ဘယ်လိုနည်းနှင့် မျှ ကပ်အား မကောင်းနိုင်တော့ပြီ။ ဝင်ပေါက် လမ်းတွေ အကုန် ပွင့်ခြားထားသည်။ မျဉ်းတွေ ၊ လိုင်းတွေ ၊ စည်းတွေ အကုန်မှု န်မွှားသွားသည်။ ဤအခြေအနေတွင် လူတစ်ဦးစီသည် ဆူပါပါဝါတွေ ရလာကြသော အခါ ၂၁ ရာစုနှစ် တွင် မွေးဖွားသော လူငယ်တို့သည် ပိုပြီး လူ ဖြစ်ရကျိုးနပ် လိမ့်မည် ဟု ဟောလာကြကုန်သည်။
လေးပါးမှ သုံးပါးသို့
၂၁ ရာစုနှစ် ကို တက္ကနိုလိုဂျီ တော် လှန်ရေး ခေတ်ဟု ပြောကြသည်။ သို့ ဖြစ်လျှင် ယင်း၏ အထင်အရှားဆုံး အမှတ် အသားတို့သည် အဘယ်အရာတွေ နည်းဟု ပညာရှင်တို့က ဆန်းစစ်ကြည့်ကြသည်။ ဤကိစ္စနှင့် ပတ်သက်၍ တက္ကနိုလိုဂျီ ဖြစ်စဉ်လေးရပ်ကို မီးမောင်းထိုးပြကြသည်။
၎င်းတို့မှာ
(၁) ကွန်ပျူတာသည် ကဏ္ဍတိုင်း၊ ထောင့်တိုင်းနေရာအလပ်မရှိ ထိုးဖောက်ခြင်း (computerization)
(၂) သေးသေးမွှားမွှား ပိစိကွေးလေးတွေ ဖြစ်အောင် ချုံ့ပစ်နိုင်ခြင်း (miniaturization)၊ ဖျစ်ညှစ်ပစ်နိုင်သော တက္ကနိုလိုဂျီ (compression technology) လို့လည်းခေါ်သည်။ ဆဲလ်ဖုန်းတို့၊ ဒီဂျစ်တယ်ကင်မရာတို့ ပေါ်လာခြင်းမှာ တက္ကနိုလိုဂျီ ကြောင့် ဖြစ်ည်။
(၃) တယ်လီဆက်သွယ်ရေး တက္ကနိုလိုဂျီ (telecommunication technology) တွင် တီထွင်ဆန်းသစ်မှု များ မြန်ဆန်လှခြင်းနှင့်
(၄) ဒီဂျစ်တယ်တက္ကနိုလိုဂျီ ကျယ်ပြန့်ထွန်းကားလာခြင်း (digitization) တို့ ဟူ၍ ဖြစ်သည်။
ဤတက္ကနိုလိုဂျီလေးရပ်သည်-
(၁) သတင်းအင်ဖော်မေးရှင်းတို့တွင် ဒီမိုကရေစီလက္ခဏာထွန်းကားစေသည်။
(၂) ဘဏ္ဍာရေး တွင် ဒီမိုကရေစီလက္ခဏာတွေ ထွန်းကားစေသည်။
(၃) တက္ကနိုလိုဂျီ၌ ပင် ဒီမိုကရေစီလက္ခဏာတွေ အပြည့်ပါလာစေသည်။
အများ စုအပေါ် အကျိုးသက်ရောက်ခြင်းအများ စု၏ ကိရိယာ ဖြစ်လာခြင်း၊ အများ စုက တန်ခိုးထွားလာခြင်းတို့ကို ရည်ညွှန်း ဒီမိုကရေစီအမှတ်အသားအ ဖြစ် အနက်ပေးကာ ဆိုခဲ့ပါအပိုင်းတို့တွင် ဒီမိုကရေစီလက္ခဏာများ ထွန်းကားခြင်း ဖြစ် သည်ဟု ပညာရှင်တို့က သုံးနှုန်းကြခြင်း ဖြစ်သည်။
အိုင်းစတိုင်းမှ မူးသို့
အထက်ဖော်ပြပါ တက္ကနိုလိုဂျီလေးပါးသည် အံ့မခန်းဖွံ့ဖြိုးလာရသည့်အတွက် လူတိုင်းအပေါ် အကျိုးသက်ရောက်မှု များ ဖြစ်ပေါ်စေသည့်အပြင် အရေး အကြီးဆုံး အကျိုးသက်ရောက်မှု ကြီးတစ်ခုကိုလည်း မွေးထုတ်စေတော့သည်။
ကမ္ဘာကြီးနှစ် ခြမ်းကွဲသွားပြီ။ အနှေးကမ္ဘာ (Slow World) နှင့် အမြန် ကမ္ဘာ (Fast World) တို့ဟူ၍ ဖြစ်သည်။ ထို့ကြောင့် ဖွံ့ဖြိုးပြီးနိုင်ငံနှင့် ဖွံ့ဖြိုးဆဲနိုင်ငံဆိုသော အပိုင်းအခြားမျိုး၊ မြောက်ဘက်ခြမ်းနှင့် တောင်ဘက်ခြမ်းဆိုသော အပိုင်းအခြားမျိုး၊ ပထမကမ္ဘာ၊ ဒုတိယကမ္ဘာနှင့် တတိယကမ္ဘာ ဆိုသော အပိုင်းအခြားမျိုးတို့ကို နောက်ပိုင်းပညာရှင်တို့က မသုံးလိုတော့ပြီ။
ကမ္ဘာကြီးမှာ နှစ် မျိုးပဲရှိမည် ။ နှေးနှေးကမ္ဘာနှင့် မြန်မြန်ကမ္ဘာ။ ဤအချက်ကို ရှင်းလင်းပြသည့်အနေဖြင့် စစ်အေး ခေတ်တွင် ရူပဗေဒပညာကျော်ကြီး အိုင်းစတိုင်း၏ စွမ်းအားနှင့် ထုညီမျှခြင်း E=MC2 သည် အခရာကျခဲ့သော်လည်း ယခု ဂလိုဘယ်လိုက်ဇေးရှင်းခေတ်တွင် မူ Moore's Law မူး၏ နိယာမတရားက အခရာကျလာသည်။ ဤနိယာမတရားက မိုက်ကရိုချစ်တို့၏ တွက်ချက်နိုင်သော စွမ်းအားသည်သာ ၁၈ လ တစ်ကြိမ် သို့ မဟုတ် ၂၄လတိုင်း၌ နှစ် ဆတိုးနေသည်ဟု ဖော်ပြထားသည်။
စစ်အေးခေတ်တွင် “ခင်ဗျားဒုံးပျံဘယ်လောက်ကြီးသလဲ” ဟုမေးမှ ခေတ်မီသည်။ ယခု ဂလိုဘယ်လိုက်ဇေးရှင်း ခေတ်တွင် မူ "ခင်ဗျားကွန်ပျူတာဘယ်လောက်မြန်သလဲ" ဟု မေးမှ ခေတ်မီသည်။
ရည်ညွှန်း
Lexus and Olive Irll by Thomas Friedman
* * * * *
ဝီစကီ၊
အမည်းရောင် အတတ်ပညာလော
ဖြူဖပ်ဖြူရော်မ ဖြစ်
အစဉ်အလာကို လေးစားလျက် ၀ီစကီကို whisky ဟု စာလုံးပေါင်းရန် မေတ္တာရပ်ခံသည်။ အမေရိကန်နှင့် အိုင်းရစ်လူမျိုးတို့က စကော့လူမျိုးတို့၏ ၀ီစကီကို အတုခိုးရုံမျှမက နာမည် ကိုလည်း whiskey ဟု မတူအောင် ပေါင်းပစ်လိုက် သည်။ ဘယ်လိုပဲ ‘e’ တစ်လုံးပို ထည့်ပိုထည့် စကော့ဝီစကီ ကတော့ စကော့ဝီစကီပါပဲ။ ပန်းပန်လျက်ပင် ရှိသည်။
ဝီစကီသည် ရူပဗေဒ၊ ဓာတုဗေဒ၊ ဇီဝဗေဒ၊ ဂဲသြမေထရီနှင့် နောက်ဆုံး ကွန်ပျူတာတို့ဖြင့် ပေါင်းစပ်၍ ထုတ်လုပ်ထား သော အံ့ဖွယ်ရလဒ်ဟု သိပံ္ပနည်းကျကျ ပြောမည် ဆိုလျှင်လည်း ပြောနိုင်ပါသည်။ တကယ်ကလည်း ဒီအတိုင်း အမှန် ဖြစ်သည်။ ၀ီစကီချက်လုပ်ရာ၌ တိတိကျကျတိုင်းထွာသော ကိရိယာ (precision instruments) တို့ ပြည့်စုံရသည်။
ဤသိပံ္ပကိရိယာတို့ဖြင့် ဘယ်လောက်ပဲ တိကျစွာ တိုင်းတိုင်း ရွှေရည်သည် ကြာတော့လည်း ဖြူဖပ်ဖြူရော် ဖြစ်သွား သည်။ စကော့တို့ အသုံးပြုသော ရှေးဟောင်းကိရိယာတို့လောက် မတိကျဟုပြောနိုင်သည်။ ရှေးဟောင်းကိရိယာတို့ ဆိုသည်မှာ နှာခေါင်း၊ လျှာနှင့် ဒေတာစိစစ်သည့် လူ့ဦးနှောက်တို့ကို ဆိုလိုသည်။ ကြာလေကြာလေ ရွှေရောင် အိုလာသည်။ ရွှေအိုရောင် သည် သက်ရင့်ခြင်းကို ပြသည်။ ဖြူမသွား။ အနပ်လွန်သည်။ တူးသွားသည်ဟူ၍ မရှိ။
လူသည် အသက်ရင့်လာလေ တန်ဖိုးနည်းလာလေ ဖြစ်သော်ငြားလည်း စကော့ဝီစကီကမူ အသက်ရင့်လာလေ တန်ဖိုးကြီးလာလေ ဖြစ်နေပြီ။ သက်ကြီးရွယ်အိုတို့ ၀ီစကီကို အတုခိုးကြရန် အကြံပြုအပ်၏ ။
အသက်ရေစင်
whisky (စကော့) နှင့် whiskey (အိုင်းရစ်အမေရိကန်) တို့ဆိုပြီး မည် သို့ ပင် ခြားနားစွာ ရေး သားကြစေကာမူ ဤစကားသည် ဂေးလစ်စာပုဒ် uisgebeath မှ ဆင်းသက်လာကြောင်း မည် သူကမှ ဂရုမထားမိပေ။ ဤစာပုဒ်၏ အဓိပ္ပာယ်မှာ water of life ဟု ပေါက်သည်။ အသက်ရေစင်၊ ဘ၀ရေစင်လို့ မြန်မာလို ပြန်ရမလားမသိပေ။
ပြင်သစ်တို့ကလည်း သူတို့၏ အရက်ကို eau de vie ဟု ခေါ်သည်။ အသက်ရေစင်လို့ပင် အနက်ထွက်သည်။ သို့ သော် ပြင်သစ်တို့က ဘရန်ဒီကို ညွှန်းပြီးပြောခြင်း ဖြစ်သည်။ ရိုမန်နှင့် ကျူတန်တို့က aquavit ဟု ခေါ်သည်။ အသက်ရေစင် သဘောပင် ဖြစ်သည်။ သို့ သော် သူတို့က ဟော်လန်ဂျင်အရက်ကို ညွှန်းသည်။
ဝီစကီသည် သက်ရှိသတ္တ၀ါနှင့် အလားတူသော ဖြစ်စဉ်နှစ် မျိုးကို ထိန်းရသည်။ ပထမ ဖြစ်စဉ်သည် ဓာတုဓာတ်တို့ကို ရှုပ်ရှုပ်ထွေးထွေးပေါင်းစပ်ပေးခြင်း ဖြစ်သည်။ ဤဓာတ်များ ဓာတ်ပြုမူပေါ် မူတည်၍ ၀ီစကီ၏ ဂုဏ်အင်္ဂါကို ဖော်ရသည်။ ဒုတိယ ဖြစ်စဉ်သည် ၀ီစကီချက်လုပ်သူက ၀ီစကီ၏ ဂုဏ်အင်္ဂါကို မယိုမယွင်းကာလကြာကြာ ထိန်းသိမ်းသွားနိုင်ရန် ဖြစ်သည်။
ဤ ဖြစ်စဉ်နှစ် ရပ်ကို ဂရုစိုက်ပြီး ချက်လုပ်ထိန်းသိမ်းသွားသည့်ကြားမှပင် အငွေ့ပျံကာ ‘ရေ’ အချို့ကောင်းကင် ပျံတက်ပြီး ဆုံးရှုံးသွားတတ်သည်။ ၀ီစကီချက်သူတို့က ဤသို့ အငွေ့ပျံတက်သွားသည့်ရေကို ဆုံးရှုံးသည်ဟုမထင်။ ဘုရားသခင်၏ တမန်တော် နတ်အား ဝေစုပေး၍ ပသသည်ဟု အမြတ်တနိုးပင် ဆိုလိုက်ကြသေးသည်။ angel’s share ဟု တရိုတသေပြောကြသည်။ မြန်မာ၌ အရက်မသောက်ခင် နတ်ကိုပသသည့်ပုံနှင့် တူသည်။
ကျပ်ခိုးနံ့လေးနဲ့ နတ်ဝေစုသည် သိပ်မများ ပါ။ ပထမချက်စဉ်၌ ၈ ရာခိုင်နှုန်းခန့်ရှိသည်။ နောက်ပိုင်း၌ ရာခိုင်နှုန်း လျော့လျော့သွားလေရာ ချက်ပြီးသုံးနှစ် လောက် အကြာတွင် ၃ ရာခိုင်နှုန်းလောက်သာ ရှိတော့သည်။ ဒီအခါကျမှ ၀က်သစ်ချ စည်ကြီးထဲထည့်သည်။ ဤသို့ မထည့်ခင် အလုပ်ကများ သား။
မစ္စတာပစ်ကရယ်လ်က နတ်ဝေစုပေးမှ ၀ီစကီအရည်အသွေးလည်းတက်သည်။ ဘာပြဿနာမှလည်း မပေါ်။ အဲ… နတ်ဝေစု မပေးလို့ ကတော့ ပြဿနာတစ်မျိုးပြီးတစ်မျိုး တွေ့ တတ်သည်။ ၀ီစကီကလည်း သောက်လို့မကောင်းတော့ဟု ပြောပြသည်။ နတ်ဝေစုကို ချီးမြှင့်ပြီး၍ လေးနှစ် မှ ခြောက်နှစ် လောက်အကြာတွင် မှ ၀ီစကီကို ထုတ်ရောင်းပါ။ သောက်သုံးသူ တွေ အသည်းစွဲတော့သည်။
ဝီစကီချက်သည်ဆိုသည်မှာ ထမင်းချက်သလို နပ်အောင် နှပ်ရသေးသည်။ သေသေချာချာနှပ်ပေးရသည်။ အကောင်းဆုံးနှပ်ပေးနိုင်သော ပစ္စည်းမှာ ၀က်သစ်ချပင် ဖြစ်သည်။ ၀က်သစ်ချပင်ကို ပေါင်းရသေးသည်။ သို့ မှ လုံသည်။ ပေါင်းသည့်အခါ၌ လည်း ၉ လမှ တစ်နှစ် ကြသည်အထိ ပေါင်းပေးနိုင်သမျှ ၀က်သစ်ချသား၏ ဓာတုဂုဏ်အင်္ဂါတို့သည် အသက်ရေစင်ထဲ စိမ့်ပျော်သွားမည် ။ ကြာရှည်အသားသေအောင် ပေါင်းထားသော ၀က်သစ်ချသားကိုမှ စည်အ ဖြစ် ပြုလုပ်သည်။
ဝက်သစ်ချပင်အဖြူကို Querous alba ဟု ခေါ်၍ ဤအဖြူသားဖြင့် ပြုလုပ်ထားသော စည်တို့ကို ဘိုဘွန်းဟု ခေါ်သည်။ အမေရိကန်တို့က ဤဘိုဘွန်းဖြင့် စည်သွင်းထားသော ၀ီစကီကို ဘိုဘွန်းဟူ၍ စကော့ဝီစကီနှင့် ခြားနား သွားအောင်အမည် ပေးသည်။ ချက်ပြီး ၀ီစကီ၊ နတ်ဝေစုပေးပြီး ၀ီစကီတို့ကို ချက်ချင်း စည်ထဲထည့်သေးသည်မဟုတ်။ စည်အတွင်းသားကို ကျပ်တင်ပေးရသေးသည်။ ၀ီစကီအနံ့ကို ကျပ်ခိုးအနံ့လေးသင်းစေခြင်းအားဖြင့် ချက်လုပ်ထားသော ၀ီစကီမှ ပုဆိုးကြမ်းတို့ကို ဖယ်ရှားပစ်စေသည်ဟု ဆိုသည်။
လူငယ်ဝီစကီ
ဝီစကီတို့ကို ထားပုံသိုပုံနည်းတို့ကလည်း အတော် စကားပြောသည်။ ၀က်သစ်ချစည်ကို အသုံးပြုရာ၌ စကော့ဝီစကီ အရက်ချက်ရုံနှင့် အမေရိကန် အရက်ချက်ရုံတို့ အသုံးပြုပုံတို့ကလည်း မတူကြ။ စကော့တို့က စည်ဟောင်းတို့ကို ပိုသုံးသည်။ ပိုနှစ်သက် သည်။ စည်ဟောင်းလေ ပိုပြီးကောင်းလေဟု ယူဆပုံရသည်။
ဝီစကီစည်တို့ကို မြေအောက်ဂိုဒေါင်ထဲထည့်ရာ၌ လည်း စည်သစ်ကို အပေါ်၊ စည်ဟောင်းတို့ကို အောက်ထားပြီး တင်တင်သွားရသည်။ ဂိုဒေါင်ထဲ ထည့်ပုံထည့်နည်း၊ အခန်းအပူချိန်တို့ကို သေချာစွာ စိစစ်ခြင်းကလည်း ၀ီစကီကို နှပ်ပေးရာ ရောက်သည်။
ဝီစကီသည် ထမင်းလိုမဟုတ်။ နပ်နပ်ချင်းသောက်လို့မကောင်းပေ။ စကော့တလန်၌ နှပ်ပြီး သုံးနှစ် ပြည့်လျှင် ၀ီစကီကို ရောင်းချနိုင်သည်။ သို့ သော် ဤမျှအနှပ်နုသော ၀ီစကီကို လက်ဖြင့် ပင် တို့မကြည့်ကြဟု စာဆိုရှိသည်။ နပ်လို့ကျက်ပြီး အတော် တော် ကြာကြာ ထားနိုင်လေ ပိုနပ်လေဟုဆိုသည်။ စကော့ဝီစကီသည် အချိန်ဖြင့် နှပ်သည်ဟု စာဆိုရှိသည်။ အချိန်ကိုပင် နှစ် ဖြင့် မပြော။ ဆယ်စုနှစ် ဖြင့် ပြောသည်။ ဘယ်ဆယ်စုနှစ် ကြာ ၀ီစကီလို့ပြောမှ ဂုဏ်ရှိသည်။ နှစ် လောက်ပြောရုံမျှတော့ တန်ဖိုးမရှိပေ။
ကြာကြာလည်းမနှပ်၊ ကျက်သည်ဆိုရုံမျှဖြင့် ထုတ်ရောင်းသော ၀ီစကီကို youth ဟုခေါ်သည်။ ငယ်ရွယ်သော ၀ီစကီ၊ လူငယ်ဝီစကီပေါ့။ သို့ ရာတွင် ကာလီဖိုးနီးယားဥပဒေက ငယ်ရွယ်သော ၀ီစကီကို အသိအမှတ်မပြုပေ။ `၀ီစကီ´ဆိုသော တံဆိပ်ကို ဘုရားသခင်က ချီးမြှင့်ထားသော တံဆိပ် holy lable အ ဖြစ် မှတ်ယူသည်။ ထိုတံဆိပ်ရရှိရန် နှပ်ပြီး ကျက်ပြီး သုံးနှစ် ကြာသည်အထိ စောင့်ရန်လိုသည်။
ဂျာမနီအရက်သမားတို့က မြင်းစားဂျုံကြမ်းဖြင့် ချက်သော အရက်ကို ၀ီစကီဆိုပြီး ထုတ်ရောင်းကြည့်သည်။ မစွံ။ ချက်အရက်တစ်မျိုး ဖြစ်ပုံရသည်။ ကြာတော့ ချဉ်စုပ်စုပ် ဖြစ်လာ၊ စူးရှသည့်အရသာပျောက်သွားသည်။ စကော့တလန်တွင် စပီးမြစ်ကို ၀ီစကီချစ်သူတို့က အလွန်အမြတ်တနိုးထားကြသည်။ သို့ ရာတွင် စပိန်ပြည်တွင်းစစ်မှစပြီး စပီး ဖြစ်နံဘေးမှ ၀က်သစ်ချပင်တို့ ရှားပါးသွားကုန်သဖြင့် အစားထိုးစရာအ ဖြစ် အမေရိကန် ကင်တာကီပြည်နယ်သို့ အာရုံပြောင်းခဲ့ရသည်။
အိုလေတန်ဖိုးကြီးလေ
ဝီစကီချက်လုပ်ခြင်းသည် တောအရက်ကြမ်းမှ ရွှေအိုရောင် အရည် ဖြစ်အောင် အသွင်ပြောင်းလဲရခြင်းမျိုး ဖြစ်လေရာ ဤလုပ်ငန်းသည် သိပံ္ပပညာလုပ်ငန်းဟု ယူဆစရာရှိသည်။ သိပံ္ပပညာလုပ်ငန်းဆိုလျှင် ၀ီစကီချက်ရုံထဲမှ ပညာရှင်တို့သည် ဓာတ်ခွဲခန်းထဲမှ ပညာရှင်များ ကဲ့သို့ ၀တ်ရုံဖြူတို့ကို ၀တ်ဆင်ကြရပါလိမ့်မည် ။ သူတို့မ၀တ်ပေ။ အ၀တ်ဖြူကို ၀တ်ဆင်ရန် ငြင်းဆန်ကြသည်။ အ၀တ်ဖြူ ၀တ်ရုံအစား သားရေဖြင့် ချုပ်ထားသော ခါးစည်းရှေ့ဖုံးထည်တို့ကိုသာ ၀တ်ကြကုန်သည်။
ဝီစကီ၏ ဖခင်ကြီးဟု ခေါ်ဆိုအပ်သော စကော့လူမျိုးဆရာဝန် ဒေါက်တာ ဂျိမ်းစ်ကရိုးကို ၁၈၃၃ ခုနှစ် က အမေရိကန် ကင်တပ်ကီအရက်ချက်ရုံပိုင်ရှင် အော့စကာပက်ပါးက ငှားရမ်းခဲ့သည်။ ဒေါက်တာဂျိမ်းကရိုးက ၀ီစကီချက်နည်းကို သိပံ္ပပညာ လုပ်ငန်းသက်သက်အ ဖြစ် မမြင်။ အမည်းရောင် အတတ်ပညာ black art ဖြစ်သည်ဟု ပြောခဲ့သည်။ မည် သို့ ပင် ဖြစ်စေ perfect whisky ပြစ်မျိုးမဲ့ဝီစကီ (၀ါ) ရွှေအိုရောင် ၀ီစကီကို အမည်းရောင် အတတ်ပညာဖြင့် ဖန်တီးခဲ့လေရာ ဤ၀ီစကီ၏ အထူးဂုဏ်ပုဒ်သည် အိုလေလေ ကောင်းလေလေဟူ၍ ဖြစ်လေတော့သတည်း။
အထက်ပါ ၀ီစကီအကြောင်း ရေး သူဂျာနယ်လစ်က တစ်နည်းအားဖြင့် ကြည့်လျှင် ငေါ့ရေးးသည်ဟု ထင်စရာရှိသည်။ အဘယ့်ကြောင့် ဆိုသော် ၂၁ ရာစုနှစ် တွင် လူငယ်သည်သာ အဖိုးတန်သည်။ လူငယ်သည်သာ အနာဂတ် ဖြစ်သည်။ ငယ်လေ ကောင်းလေ ဖြစ်သည်။ လူကြီးလူငယ် ပဋိပက္ခသည် ၂၁ ရာစုနှစ် ၏ ခေတ်လက္ခဏာ ဖြစ်လိမ့်မည် ဟု လျှမ်းလျှမ်းဝေအောင် ပြောဆိုနေကြချိန်တွင် အိုလေအဖိုးတန်လေဘက်မှ စကားအချေတစ်ခုအ ဖြစ် စကော့ဝီစကီအကြောင်းကို ထိုဂျာနယ်လစ်က ကြံကြံဖန်ဖန်ရှာဖွေပြီး ရေး သားလိုက်ပုံရသည်ဟု ယူဆနိုင်သည်။
ရည်ညွှန်း
The Economist.
* * * * *
![]() စီးပွားရေးအတွေးအမြင်နှင့် အခြားဆောင်းပါးများ | ![]() ဗုဒ္ဓဂယာခရီး နှင့် ဒဿနမျှော်စင် | ![]() ၂၁ ရာစုနှစ် ဖွင့်ဆိုချက် |