Cover

နှစ်ဆယ့်တစ်ရာစု အနက်အဓိပ္ပာယ်ကို ဖွင့်ဆိုခြင်း

၂၁ ရာစုနှစ်၏ အနက်အဓိပ္ပာယ်နှင့် အီဗော်လူးရှင်း

အနန္တကိန်း

လူ့ဉာဏ်က လူသားလောကကို စိုးမိုးထားခဲ့ရာ၊ ယခု လူ့ဉာဏ် စိုးမိုးကြီးစိုးမှု ကို စက်ဉာဏ် (machine intelligence) က ဖယ်ရှားပစ်လိုက်ပြီ။ စက်ဉာဏ်၏ ကြီးစိုးမှု ပေါ်လာပြီ။ သဘောမှာ ၊ စက်ဉာဏ်သည် လူ့ဉာဏ်ထက် အဆပေါင်းထရီလီယံနီးပါးပိုပြီး ဉာဏ်ထက်မြက်လာသဖြင့်၊ လူ့ဉာဏ်သည် စက်ဉာဏ်ကို မမီတော့ပြီ။ လူ့ဉာဏ်သည် စက် ဉာဏ်ကို နားမလည်နိုင်တော့ပြီ။ လူ့ဉာဏ်သည် စက်ဉာဏ်ကို မကွပ်ကဲနိုင်တော့ပြီ။

ဤသဘောမှာ စက်ဉာဏ်က လူ့ဉာဏ်၏ ကြီးစိုးမှု ကို ဖြုတ်ချုပစ်လိုက်ခြင်း (overthrow of supremacy of human intelligence) ဖြစ်သည်။ စက်ဉာဏ်၏ အီဗော်လူးရှင်းတွင် နှစ်ဆင့်ရှိခဲ့သည်။ ပထမအဆင့်၌ စက်ဉာဏ်သည် လူ့ဉာဏ်ကို အတုခိုးနေ သည်။ ထို့ကြောင့် စက်ဉာဏ်သည်၊ လူ့ဉာဏ်ကို တိုးချဲ့ထားခြင်း (extension of human intelligence) ဟု ဆိုနိုင်သည်။ သို့ ရာတွင် ယခု ဒုတိယအဆင့်၌ ၊ စက်ဉာဏ်သည် လူ့ဉာဏ်ကို မတုပတော့ပေ။ လူ့ဉာဏ်ကို အားမကိုးတော့ပေ။ ကိုယ့်ဉာဏ်နှင့်ကိုယ် ဉာဏ် ကြီးထွားအောင်လုပ်သည်။ self-evolution ဟု ခေါ်သည်။

ယခု စက်ဉာဏ် (အထူးသဖြင့် ကွန်ပျူတာတွက်ချက်နိုင်အား) သည် အဆုံးမရှိ ဖြစ်လာသည်။ အကန့်အသတ်မဲ့ လာသည်။ ဤသည်ကို စက်ဉာဏ်သည် ဆင်ဂူလာရီတီ (singularity) ဖြစ်လာပြီဟု ဆိုသည်။ ဆင်ဂူလာရီတီ ကိန်းရှင်ဖြစ်သည်။ ကိန်းရှင်တစ်ခု သည် အကန့်အသတ်မဲ့သွားခြင်းကို ဆိုသည်။ ကိန်းရှင်သည် အသင်္ချေအနန္တ (infinity) ဖြစ်သွားသည်။ အဆုံးပိုင်းအခြား မရှိပြီ။

လူ့ဉာဏ်စိုးမိုးမှု ဖြုတ်

လူ့ဉာဏ်သည် အကန့်အသတ်ကို ထိလာပြီ။ သို့ ရာတွင် စက်ဉာဏ်ကမူ အသင်္ချေ အနန္တဖြစ်၍ ၊ အကန့်အသတ်ကို မထိပေ။ စက်ဉာဏ်သည် အနန္တကိန်း (၀င) အနမတဂ္ဂ ဖြစ်၍ အဆုံးအပိုင်းအခြားမရှိပေ။ ထို့ကြောင့် ၂၁ ရာစုနှစ်၏ အရေးအကြီးဆုံး လက္ခဏာ တစ်ပါးသည် စက်ဉာဏ်က အနန္တကိန်းဖြစ်လာပြီး လူ့ဉာဏ်ထက် အဆပေါင်းထရီလီယံ ချီပြီး ဉာဏ်ပိုထက်မြက်နေသော ဖြစ်ထွန်းမှု ဖြစ်သည်။ ဘာပဲ စဉ်းစားစဉ်းစား၊ စက်ဉာဏ်က လူ့ဉာဏ်ထက်သာလွန်နေပြီဆိုသော အချက်ကို စွဲစွဲမြဲမြဲ မှတ်သားနိုင်ရမည်။ လွယ်လွယ် မှတ်လိုလျှင် ကွန်ပျူတာနှင့် အလုပ်လုပ်တတ်မှ၊ ခရီးပေါက်မည်ဆိုသောအချက်ကို မှတ်သားထားရန် ဖြစ်သည်။

၂၁ ရာစုနှစ်တွင် စိန်ခေါ်မှု ကြီးတို့ကလည်း၊ ဧရာမအရွယ်အစားကြီးကြီးတွေ ဖြစ်မည်။ မီဂါပြဿနာတွေဖြစ်မည်။ သို့ ဖြစ်ရာ ဤစိန်ခေါ်မှု ကြီးတို့ကို လူ့ဉာဏ်ဖြင့် ဖြေရှင်း နိုင်မလား၊ စက်ဉာဏ်ဖြင့် ဖြေရှင်းနိုင်မလား၊ အမေးပေါ်လာသည်။ ဆင်ဂူလာရီတီအဆင့်၌ လူ့ဉာဏ်နှင့်စက်ဉာဏ်တို့ မဟာမိတ်ဖွဲ့နိုင်စရာအကြောင်းရှိ၍ တော်သေးသည်ဟု ဆိုရ မည်။ ၂၁ ရာစုနှစ် ပြဿနာကြီးတို့ကို လူသားသည် စက်ဉာဏ်ကိုမှီခိုအားထား၍ ဖြေရှင်းရလိမ့်မည်ဟု ဂျိမ်းမာတင်က ထောက်ပြထားသည်။

စက်ဉာဏ်သည် အလွန်အင်အားကောင်းလာ၍ အဆင့်လေးဆင့်ကို ဖြတ်ရသည်။ ပထမအဆင့်၌ ၊ စက်ဉာဏ်သည် ရုပ်ပစ္စည်း (matter) ကို ဖြုတ်ချရမည်။ overthrow of matter ဟု ဆိုသည်။ ဒုတိယအဆင့်၌ ကွန်ယက်နှင့် ၀ိုင်ယာလက်ကြိုးမဲ့ပေါ်သဖြင့်၊ အကွာ အဝေးကို ဖြုတ်ချသည်။ overthrow of distance ဟု ခေါ်သည်။ တတိယအဆင့်၌ လူသားဉာဏ်မဟုတ်သော စက်ဉာဏ် (nonhuman like intelligence) ဖြစ်ပေါ်သဖြင့် စက်ဉာဏ်က လူသားဉာဏ်အပေါ် မှီခိုအားထားနေခြင်းကို ဖြုတ်ချသည်။ Overthrow of machine dependence on human programming ဟု ခေါ်သည်။ စတုတ္ထအဆင့် (ဆင်ဂူလာရီတီ) ၌ စက်ဉာဏ်က လူ့ဉာဏ်၏ ကြီးစိုးမှု ကို ဖြုတ်ချသည်။ overthrow of supremacy of human intelligence ဟု ခေါ်သည်။

အီဗော်လူးရှင်းနှစ်မျိုး

လူ့ဉာဏ်နှင့်စက် အပြိုင်အဆိုင်တိုးတက်လာရင်း၊ အီဗော်လူရှင်း၌ လည်း နှစ်မျိုးကွဲသွား သည်။ သဘာဝအီဗော်လူးရှင်း (natural evolution) နှင့် တက္ကနိုလိုဂျီမောင်း အီဗော်လူးရှင်းတို့ ဟူ၍ ဖြစ်သည်။ တက္ကနိုလိုဂျီသည် အီဗော်လူးရှင်းတရားကို ဖြစ်ထွန်းစေရာ၌ အလိုအလျောက် အော်တိုမေတက် ဖြစ်စေသည်။ ထို့ကြောင့် တက္ကနိုလိုဂျီမောင်း အီဗော်လူးရှင်းကို automated evolution ဟု ခေါ်သည်။

သဘာဝအီဗော်လူးရှင်းမှ အော်တိုမေတက် အီဗော်လူးရှင်းသို့ ပြောင်းရာတွင်၊ အဆင့် သုံးဆင့်ကိုဖြတ်သည်။ ပထမအဆင့်၌ ဆဲလ်တစ်ခုတည်းရှိသော သတ္တ၀ါမှ ဆဲလ်မျိုးစုံရှိသော သတ္တ၀ါသို့ ကူးပြောင်းသည်။ ဤတွင် သတ္တ၀ါသည် ဇီဝသတ္တ၀ါမှ ဉာဏ်ရှိသောသတ္တ၀ါတို့ ကူး ပြောင်းသည်။ from biological species to intelligent species ဟု ခေါ်သည်။ ဘယ်လောက် တောင် ဉာဏ်ရှိလာသနည်းဆိုလျှင် စာအုပ်တွေ ရေးသားနိုင်သည်။ သိပ္ပံပညာတို့ကို နားလည် နိုင်သည်အထိ ဖြစ်လာသည်။ (ဤအဆင့်၌ ဂေါ့ဒ်၏ ဒီဇိုင်းကိုလုပ်သည်ဟု ဘာသာရေးအယူအဆ ရှိသူတို့က ပြောသည်။)

စွတ်ကြောင်းစုံ

ဒုတိယအဆင့် အီဗော်လူးရှင်း၌ ၊ ဉာဏ်ရှိသော သတ္တ၀ါသည် ကိုယ့်နည်းနှင့်ကိုယ်၊ ကိုယ့် ပုံသဏ္ဌာန်နှင့်ကိုယ် မိမိအီဗော်လူးရှင်းကို မိမိဘာသာ ဖန်တီးသည်။ It creates its own form of evolution ဟု ဆိုသည်။ စက်တွေဖန်တီးသည်။ ဓာတုဗေဒအလုပ်ရုံတွေ ဖန်တီးသည်။ ဆောဖ်ဝဲလ် နှင့် ကွန်ပျူတာကွန်ယက်ဖန်တီးသည်။ သယ်ယူပို့ဆောင်ရေးနှင့် ထုတ်လုပ်မှု ဖြစ်စဉ်အသီးသီးကို ဖန်တီးသည်။ မျိုးရိုးဗီဇတို့ကို ကိုင်တွယ်ကစားသည်။ ဤဂြိုဟ်ကမ္ဘာကြီးပေါ်တွင် ဘီလီယံချီရှိသော လူအပေါ်သည် အမျိုးမျိုးတီထွင်ဆန်းသစ်ကြသည်။ မိမိတို့ ဆန်းသစ်ပြီးခဲ့သော အရာတို့ကို၊ တိုး တက်ကောင်းမွန်အောင် ပြုလုပ်ကြသည်။ ထို့အပြင် ခြားနားသော အိုင်ဒီယာအမျိုးမျိုးပေါ်လာ လေရာ၊ အီဗော်လူးရှင်းလမ်းကြောင်း စွတ်ကြောင်းတို့ကလည်း အမျိုးစုံဖြစ်ပေါ်လာသည်။ great diversity of evolutionary tracks ဟု ဆိုသည်။

တတိယအဆင့် အီဗော်လူးရှင်း၌ ဉာဏ်ရှိသော သတ္တ၀ါတို့သည် အီဗော်လူးရှင်းဖြစ်စဉ်ကို ပင်၊ အလိုအလျောက်အော်တိုမေတက်ဖြစ်စေသည်။ Intelligent species learns to automatc evolution itself ဟု ဆိုသည်။ ယင်း အီဗော်လူးရှင်းကို၊ သဘာဝမဟုတ်ဘဲ လူက ဖန်တီးထား သော အီဗော်လူးရှင်း (artificial evolution) ဟု ခေါ်သည်။

ဘာတွေ မေးထုတ်မှာ လဲ

ဖန်တီးထားသော အီဗော်လူးရှင်းသည် အစပထမ၌ ဆော့ဖ်ဝဲလ်နှင့် ကွန်ပျူတာကွန်ယက် တို့မှ စသည်။ နောက်ပိုင်း လုပ်ထုံးလုပ်နည်း (procedures)၊ ကွပ်ကဲမှု ယန္တရား (control mechanism) နှင့် ဟာ့ဒ်ဝဲလ်များ သို့ ဆီသို့ တိုးချဲ့သည်။ ဒုတိယအဆင့် အီဗော်လူးရှင်းသည်၊ ပထမ အဆင့် အီဗော်လူးရှင်းထက် ပိုပြီး အဆမတန်မြန်ဆန်လေရာ၊ ယခု တတိယအဆင့် အီဗော်လူးရှင်း သည်၊ ဘယ်လောက်မြန်မှန်းပင် မသိနိုင်တော့ပေ။ မြန်ဆန်လွန်းသဖြင့် မဟာမြန်နှုန်း (great speed) ဖြင့် အရာရာကို ပြောင်းလဲနေသည်။ မြန်ဆန်လွန်းသဖြင့် လူသားလောကက၊ ဤကမ္ဘာ ကြီးပေါ်တွင် ဘာတွေမွေးထုတ်ဦးမည်မှန်း မသိနိုင်လောက်အောင် ဖြစ်မည်။ ထို့ကြောင့်၊ ကမ္ဘာကြီး သည် ရှင်သန်နိုင်ပါ့မလားဟူ၍ ပင် မေးစရာပေါ်သည်။ ၂၁ ရာစုနှစ်ထဲတွင် ဤမေးခွန်းကို မေးလိမ့် မည်။

ကမ္ဘာကြီးနှင့် လူသားတွေ ရှင်သန်လိုလျှင်၊ သဘာဝမဟုတ်သော အီဗော်လူရှင်း (artificial evolution) ကို ထိန်းကျောင်းနိုင်ရမည်။ ဤ artificial evolution သည်၊ ယခုအခါ မတည်မငြိမ်နှင့် မဆင်မခြင် ဖြစ်နေသည်။ ကမ္ဘာကြီးနှင့် လူသားကို ရှင်သန်လိုသော်၊ ဤ artificial evolution ကို၊ ဉာဏ်တို့ဖြင့် ဦးတည်ရာပြသောဖြစ်စဉ် (intelligently directed process) အဖြစ်သို့ ပြောင်းပစ် နိုင်ရမည်။

လက်တင်ရှေးဟောင်းစကား

အီဗော်လူးရှင်းကို ပြောသောအခါ၊ ဒါဝင်၏ အီဗော်လူးရှင်းအကြောင်းကို ရည်ညွှန်းရသည်။ ဒါဝင်၏ အီဗော်လူးရှင်းတွင် algorithm အကြောင်းပါသည်။ ဤဝေါဟာရသည်၊ ရှေးဟောင်း လက်တင်စကားမှ ဆင်းသက်လာခြင်းဖြစ်၍ ‘ဆက်ကာဆက်ကာ ပြန်သုံးနိုင်သော လုပ်ထုံး စည်းမျဉ်း’ (repeatable procedure) အဓိပ္ပာယ်ပေါက်သည်။ ဤဝေါဟာရသည်၊ ယခုအခါ ကွန်ပျူတာသုံး ဝေါဟာဖြစ်လာသည်။ ကွန်ပျူတာတွေ လက်တွေ့လိုက်နာကျင့်သုံးသော၊ လုပ်ထုံး စည်းမျဉ်းဟု အဓိပ္ပာယ်ထွက်သည်။

သို့ ဖြင့် မေးခွန်းတစ်ပုဒ်မေးသည်။ သဘာဝ၏ ဆန်းကြယ်ရှုပ်ထွေးမှု ကို algorithm (လုပ်ထုံးစည်းမျဉ်း) အနေဖြင့် ဖန်တီးနိုင်ခဲ့ပါသလောဟူ၍ ဖြစ်သည်။ အီဗော်လူးရှင်းဖြစ်စဉ်၌ ၊ အစဉ်လိုက်မဟုတ် ကြုံသလိုဖြစ်မှု ကျပန်းသဘော (random element) တစ်ခုက၊ အင်အား ကောင်းကောင်းဖြင့် ပါရှိနေလေရာ၊ လွန်ခဲ့သော နှစ်ပေါင်းဘီလီယံမှ ဖြစ်ခဲ့သော အီဗော်လူးရှင်း ဖြစ်စဉ်ကို ပြန်ဖြစ်ခိုင်းကြည့်လျှင်၊ မူလဖြစ်ခဲ့သော အီဗော်လူးရှင်းနှင့် အနည်းငယ်လွဲချော်နိုင်သည်။ ခြေလေးချောင်းသတ္တ၀ါအစား ခြေခြောက်ချောင်းသတ္တ၀ါမျိုးတွေပေါ်စရာရှိသည်။ ဤသို့ ဖြစ်ရ သည်မှာ ၊ အစဉ်လိုက်မဟုတ် ကြုံသလိုကျပန်းသဘောက၊ ၀င်ရှုပ်သောကြောင့် ဖြစ်သည်။

ဒါဝင်၏ အီဗော်လူးရှင်းကို အထက်ဆိုခဲ့ပါအတိုင်း ကျပန်းလက္ခဏာကို ထောက်ပြ၍ ဝေဖန်မှု များ ရှိခဲ့သလို၊ ဘာသာရေးပညာရှင်တို့ကလည်း ဒါဝင်၏ ဘုရားမဲ့လုပ်ထုံး (Godless algori-them) ဖြင့် အီဗော်လူးရှင်းတရားကို ဖြေရှင်း

Cover

ပြသနိုင်မှာ မဟုတ်ဟု ဝေဖန်ခဲ့ကြသည်။ သို့ သော် အထောက်အထားအရပ်ရပ်တို့သည်၊ ဒါဝင်၏ အီဗော်လူးရှင်းတရားကို ထောက်ခံနေသဖြင့်၊ ယခု ၂၁ ရာစုနှစ်ရောက်ရှိနေသော ဉာဏ် ဖြစ်စဉ်ကိုလည်း၊ ဤတရားဖြင့်ပင် နှိုင်းယှဉ်လေ့လာသုံးသပ်ကြသည်။

ဤသို့ လေ့လာသုံးသပ်ပြီးသကာလ၊ သဘာဝအီဗော်လူးရှင်း (nature’s evolution နှင့် အော်တိုမေတက် အီဗော်လူးရှင်း (automated evolution) နှစ်ပါးကို၊ ရှေ့တွင်ဖော်ပြခဲ့သည့် အတိုင်း နှိုင်းယှဉ်ပြသည်။

ဖော်ပြပါအတိုင်း သဘာဝအီဗော်လူးရှင်းနှင့် အော်တိုမေတက်အီဗော်လူးရှင်းတို့အကြောင်း ကို နှိုင်းယှဉ်လေ့လာ၍ ၊ စက်ဉာဏ်က လူ့ဉာဏ်ထက် အဆထရီလီယံပိုသာလွန် ဉာဏ်ကောင်း နေပုံတို့ကို၊ ၂၁ ရာစုနှစ်၏ အနက်အဓိပ္ပာယ်အဖြစ် နားလည်အပ်ပြီ။

ဆင်ဂူလာရီတီ

စတုတ္ထအဆင့် (ဆင်ဂူလာရီတီ) ၌ လူ့ဉာဏ်၏ ကြီးစိုးမှု သည် ဖြုတ်ချခံရလေရာ (၁) လူ့ ဉာဏ်သည် စက်ဉာဏ်ကို နားမလည်နိုင်တော့သည့်အခြေဆိုက်ရောက်သည်။ (၂) လူ့ဉာဏ်သည် စက်ဉာဏ်ကို မှီခိုအားထားလာရမည်။ စက်ဉာဏ်က လူ့ဉာဏ်အပေါ် မှီခိုအားထားခဲ့ရသောအဆင့် ပျောက်၍ ပြောင်းပြန်ပေါ်မည်။ (၃) ဧရာမလူသားရေးရာပြဿနာ၊ သဘာဝရေးရာပြဿနာကြီး တို့ကို လူ့ဉာဏ်တို့ဖြင့် ဖြေရှင်းသညထက် စက်ဉာဏ်ဖြင့် ဖြေရှင်းလာကြရမည်။

စက်ဉာဏ်က အထွတ်အထိပ်ရောက်လာခြင်းကို၊ ဆင်ဂူလာရီတီ (singularity) ဟု ခေါ်သည်။ မတူထူးခြားသည့် လက္ခဏာဖြစ်ခြင်းဟု ပြန်ဆိုနိုင်သည်။ စက်ဉာဏ်က လူ့ဉာဏ်၏ ကြီးစိုးမှု ကို ဖြုတ်ချပြီး၊ ကိုယ့်ဉာဏ်နှင့်ကိုယ်အထွတ်အထိပ်ရောက်လာလျှင်၊ လူတို့သည် စက် ဉာဏ်ဖြင့်သာ ပြဿနာအရပ်ရပ်ကို ဖြေရှင်းကြလိမ့်မည်။ စိတ်အလှုပ်ရှားဆုံးဖြစ်မည့်သူတို့မှာ စွန့်ဦးတီထွင်သူတို့နှင့် ရင်းနှီးမြုပ်နှံသူတို့ဖြစ်ကြမည်။ သူမတူအောင် အလွန်ထက်မြက်သော စက် ဉာဏ်တို့ကို၊ ထုတ်လုပ်ရောင်းစားသော ဘိဇနက်သည်၊ စိတ်အလှုပ်ရှားဆုံးနှင့်အလွန် စန်းပွင့်မည်။ စန်းပွင့်သလောက်လည်း ဤအစိတ်အပိုင်း၏ ဘိဇနက်သည် အတက် အကျ၊ အဖောက်ပြန်ဆုံး ကာလ (the most volatile period) နှင့် ကြုံမည်။

ဘူးနက်နှင့်လူတစ်ဦးဓန

ရင်းနှီးမြုပ်နှံသူတို့သည် သူတို့အတွက် ၀င်ငွေ၊ စီးပွားရေးအလားအလာ၊ အမြတ်အစွန်း၊ အကျိုးအမြတ်စသည်တို့ကို လူ့ဉာဏ်ဖြင့် တွက်ချက်စဉ်းစားကြလိမ့်မည်မဟုတ်။ NHL intelligence (လူ့ဉာဏ်မဟုတ် စက်ဉာဏ်)ဖြင့် စဉ်းစားကြလိမ့်မည်။ ကမ္ဘာအရပ်ရပ် စတော့အိပ်စ် ချိန်းဈေးကွက်တို့သည် အလှုပ်ရှားဆုံးဖြစ်လာမည်။ ဤတွင် ရင်းနှီးမြုပ်နှံသူတို့ကြားထဲ၌ ‘ပါးနပ် သောရင်းနှီးမြုပ်နှံသူ’ နှင့် ‘ငတုံးငအ ရင်းနှီးမြုပ်နှံသူ’ တို့ ဆိုပြီး ပေါ်မည်။

ပါးနပ်အလိမ္မာဆုံး ရင်းနှီးမြုပ်နှံသူ (cleverest investors) တို့ ဆိုသည်မှာ ၊ ဘူးနက် (black Box) သုံးသူတို့ကို ဆိုလိုသည်။ ဘူးနက်သည် ကွန်ပျူတာဘူးတစ်မျိုးဖြစ်သည်။ အထက်မြက်ဆုံး စက်ဉာဏ်ကို ထည့်ထားသောဘူးဖြစ်၍ ဘယ်လောက်နှင့် ဘယ်လိုရင်းနှီးလျှင် အမြတ်အများ ဆုံး ဘယ်လိုထွက်မည်၊ ကမ္ဘာနှင့်ချီပြီး ခြားနားစွာ သော ဈေးကွက်တို့၌ လှုပ်ရှားမှု တွေ ဘယ်လိုရှိမည်။

ဈေးကွက်တွေ ယိုင်လဲပြန်ကျမှု မှလည်းကောင်း၊ ဈေးကွက်စန်းပွင့်မှု မှလည်းကောင်း အကျိုး အမြတ်ပေါ်အောင် မည်သို့ဆောင်ရွက်နိုင်သည်။ ကမ္ဘာအရပ်ရပ်မှ ငွေချေးပြီး မည်သည့်ကမ္ဘာ၏ ဒေသ၌ ဤချေးငွေတို့ကို သုံးစွဲလျှင် အမြတ်အများ ဆုံး ဘယ်လိုရနိုင်သည်စသဖြင့် တွက်နည်း ပေါင်းစုံတို့ကို အလျင်အမြန်တွက်ချက်ပေးနိုင်သည်။

စက်ဉာဏ်က လူ့ဉာဏ်ကို အခြေမခံဘဲ၊ လူ့ဉာဏ်ထက် အဆထရီလျံချီပြီး၊ ဉာဏ်အား ကောင်းလာသောအခါတွင်၊ အချို့သောသူတို့က အခြားသူတွေထက်ပိုပြီး ငွေပိုရှာနိုင်သော အခြေ အနေဖြစ်ပေါ်မည်။ စက်ဉာဏ်က လူ့ဉာဏ်ထက် အဆမတန်သာလွန်သည်။ လူ့ဉာဏ်က စက်ဉာဏ်အပေါ် မှီခိုလာရသောအခြေကို ဆင်ဂူလာရီတီဟု ခေါ်လေရာ၊ ဤဆင်ဂူလာရီတီခေတ် တွင် ဘီလ်ဂိတ်နှင့်ဆိုရော့စ်လို ကြွယ်ချမ်းသာမှု မျိုးသည်၊ တစ်မွန်းတည့် ခဏလောက်သာဖြစ်မည်။ လူတစ်ဦး၏ ကြွယ်ဝချမ်းသာမှု သည် နိုင်ငံတစ်နိုင်ငံ၏ ဂျီဒီပီထက်၊ အဆများ စွာ ပို၍ များ နိုင်ခြေ ရှိမည်။

အိုင်ဒီယာတွေ ဘယ်ကရ

လူတစ်ဦး၏ ကြွယ်ဝချမ်းသာမှု နှင့် နိုင်ငံတစ်နိုင်ငံ၏ ဂျီဒီပီကို အဆက်အစပ်ပြုစဉ်းစား ကြည့်ရာမှ၊ လူ့ဉာဏ်၏ ကြီးစိုးမှု ဖြုတ်ချခံရသော (စက်ဉာဏ်က အထွတ်အထိပ်ရောက်လာသော ကာလ) တွင်၊ ကော်ပိုရေးရှင်းတို့၏ ၀င်ငွေ (corporate revenue) နှင့် နိုင်ငံ၏ ၀င်ငွေ (ဂျီဒီပီ) တို့၏ အဆက်အစပ်ကိုလည်း လေ့လာကြည့်သည်။ စက်ဉာဏ်အထွတ်အထိပ်ခေတ်တွင် ဂျီဒီပီပို၍ အရေးကြီးသလား၊ (သို့ တည်းမဟုတ်) ကော်ပိုရိတ်ဝင်ငွေက အရေးကြီးသလားဆိုပြီး အချေ အတင် ဆွေးနွေးမှု ပေါ်သည်။

ဂျီဒီပီသည် အစိုးရနှင့် အများ ဆုံးသက်ဆိုင်သည်။ ထို့ကြောင့် အစိုးရ၏ ကဏ္ဍကို ဆန်းစစ် ကြည့်ာ၊ အစိုးရသည် ရည်မှန်းချက်ပန်းတိုင် ချမှတ်ပေးရသော အလုပ်ကို လုပ်သည်။ အစိုးရက ချမှတ်ပေးသောပန်းတိုင်တို့ကို၊ ကော်ပိုရေးရှင်းတို့က အလုပ်ဖြင့် အကောင်အထည်ဖော်ပေးသည် ဟု သုံးသပ်သည်။

ယခုခေတ်တွင် ယိုယွင်းနေသော အနေအထားတို့ကို ပြန်လည်ပြင်ဆင်ရန်၊ ငွေတွေ အများ ကြီးလိုသည်။ ထို့ကြောင့် ဤငွေတို့ကို ဘယ်ကအများ ဆုံးရမလဲဟု မေးစရာပေါ်သည်။ အစိုးရဆီက အများ ဆုံးရမလား (သို့တည်းမဟုတ်) ကော်ပိုရေးရှင်းတို့ထံမှ အများ ဆုံးရမှာ လား။ ဥပမာ၊ ရာသီဥတုကိုပြင်ဆင်ရန်အလို့ငှာ ကားအမျိုးအစားတွေ၊ သစ်တွေ လိုသည်။ စွမ်းအင် ပါဝါအသစ်တွေ လိုသည်၊ အဆောက်အအုံ ဗိသုကာအသစ်တွေ လိုသည်။ ယင်းမှာ အိုင်ဒီယာ အသစ်တွေလိုခြင်းကို ပြသည်။ ဤအိုင်ဒီယာအသစ်တို့ကို ဘယ်ကရမလဲ။ အစိုးရထံမှ ရမှာ လား။ ကော်ပိုရေးရှင်းထံမှ ရမှာ လား။ ဤမေးခွန်းသည် ၂၁ ရာစုနှစ်၏ အနက်အဓိပ္ပာယ်ကို ဖွင့်လှစ်မည်။

*****

အဓိကဇာတ်လမ်းနှင့် ဇာတ်ဝင်ခန်းငယ်တို့ကလူ့အသိဉာဏ်စိုးမိုးမှု ကို ဖယ်ရှားခြင်း

ဇာတ်ကြီးနှင့်ဇာတ်ငယ်

၂၁ ရာစုနှစ်၏ အနက်အဓိပ္ပာယ်ကို နားလည်လိုလျှင်၊ အခြင်းအရာတို့၏ အချိတ်အဆက် အနေအထားကို အရွှေ့အပြောင်းပြုလုပ်ရန်လိုသည်။ စင်စစ် မိမိက မရွှေ့မပြောင်းပေမယ့်လည်း၊ အခြင်းအရာတို့က သူ့ဘာသာသူ ရွှေ့ပြောင်းကြပြီ။ ဥပမာ စီးပွားရေးနှင့် သဘာဝပတ်ဝန်းကျင် အချိတ်အဆက်ကိုကြည့်။ မူလက ကြည့်ပုံနှင့် ယခု ၂၁ ရာစုနှစ်၌ ကြည့်ပုံတို့၊ ပြောင်းပြန်လို ဖြစ်သွားသည်။

ဘောဂဗေဒပညာရှင်တို့သည် လူသားရေးရာကိစ္စတို့တွင်၊ စီးပွားရေးကို ဗဟိုနေရာတွင် ထားသည်။ ရှုပ်ထွေးလှသော လူသားအရေးအခင်းတို့၌ စီးပွားရေးသည် ဗဟိုအချက်အချာကျ သည်ဟု ယူဆခြင်းဖြစ်သည်။ သဘာဝပတ်ဝန်းကျင်ကိုမူ ဘေးအစွန်အဖျားသို့ ပို့သည်။ စီးပွားရေး က ဗဟို (central) ဖြစ်ပြီး သဘာဝပတ်ဝန်းကျင်က အဖျား (peripheral) အဖြစ် တွဲ ချိတ်သည်။

ဇာတ်စကားနှင့် ပြောလျှင် စီးပွားရေးသည် အဓိကဇာတ်လမ်းဖြစ်၍ သဘာဝပတ်ဝန်းကျင် က ဤအဓိကဇာတ်လမ်း၏ ဇာတ်ဝင်ခန်းငယ်မျှသာဖြစ်သည်။ စီးပွားရေးက အဓိကဇာတ်ကောင်၊ သဘာဝပတ်ဝန်းကျင်က အရံဇာတ်ရုပ်လို့လည်း ပြောလို့ရသည်။ သို့ သော် ယခု ပြောင်းပြန်ထား လိုက်ရပြီ။ သဘာဝပတ်ဝန်းကျင်သည် အဓိကဇာတ်လမ်းကြီး၊ စီးပွားရေးက ဇာတ်ဝင်ခန်းငယ်။ သဘာဝပတ်ဝန်းကျင်က အဓိကဇာတ်ကောင်၊ စီးပွားရေးက ဇာတ်ပို့၊ ဇာတ်ရံ။

လိုက်ဖ်စတိုင်ကြွယ်ဝမှု

စီးပွားရေးနှင့်သဘာဝပတ်ဝန်းကျင်တို့ကို အနေအထား ပြောင်းပြန်ရွှေ့စဉ်းစားရသည်မှာ ၊ ဧရာမ အကြောင်းတရားကြီးငယ်တို့ကြောင့် ဖြစ်သည်။ ၂၁ ရာစုနှစ်ကို တစ်ဖက်စွန်းရောက်မှု တို့က လွှမ်းမိုးထားမည်ဖြစ်၍ ၊ တစ်ဖက်စွန်းရောက်မှု တို့၏ ရာစုနှစ် (century of extremes) ဟု သတ်မှတ်သည်။ ဤတစ်ဖက်စွန်းရောက်မှု တို့ထဲတွင် ရာသီဥတုဆိုးရွားလာမှု နှင့်၊ စက်ဉာဏ်က လူ့ဉာဏ်ထက် အဆပေါင်း ထရီလီယံချီ၍ သာလွန်လာသောဖြစ်ထွန်းမှု ကြီးတို့လည်း ပါဝင်သည်။

ရာသီဥတုဆိုးရွားမှု အကြောင်းကို သုတေသနတွေ အများ ကြီးပြုလုပ်ကြသည်။ ယနေ့ ကမ္ဘာကြီးပူနွေးလာမှု သည် သဘာဝအလျောက် ပူနွေးရမည့်အချိန်ဖြစ်၍ ပူနွေးခြင်းအပြင်၊ လူသား၏ ပယောဂတို့ကြောင့် ပူးနွေးရခြင်းတို့ ပေါင်းစပ်မိနေသည်။ သဘာဝတွင် ကွပ်ကဲမှု ယန္တရားစနစ်ရှိသည်။ ယခု ကွပ်ကဲမှု ယန္တရားစနစ်သည် ယိုယွင်းနေပြီ။ ဤသို့ ယိုယွင်းသဖြင့် သဘာဝ၏ ဂေဟစနစ်လည်း ပျက်စီးနေပြီ။

သို့ဖြင့် အလွန်တွက်ချက်အားကောင်းသော စူပါကွန်ပျူတာကြီးတို့ဖြင့် မော်ဒယ်လ်တွေ ဆွဲပြီး တွက်ကြည့်ရာ၊ လာမည့် ၂၀ အတွင်း၌ ပြင်ဆင်စရာရှိသည်တို့ကို မပြင်ဆင်လျှင်၊ ကမ္ဘာကြီး ၏ ရာသီဥတုဆိုးရွားလာမှု ကို ဘယ်လိုမှကောင်းအောင် ပြင်ဆင်နိုင်တော့မည်မဟုတ်ကြောင်း တွေ့နေရသည်။ ဤမျှ အရေးကြီးသော ရာသီဥတုဆိုးရွားမှု သည်၊ လူသားရေးရာကိစ္စတို့၌ ဗဟို အလယ်ရောက်နေမည်မှာ ဓမ္မတာဖြစ်သည်။ လူသားရေးရာနှင့်ပတ်သက်လာလျှင် ၂၁ ရာစုနှစ် ကံကြမ္မာသည် ရာသီဥတုပြောင်းလဲမှု အခြေအနေပေါ်တွင် အများ ကြီးမှီတည်သည်။

တစ်ဖက်၌ လူတို့သည် ကြွယ်ဝချမ်းသာလာကြသည်။ ယခင်က ကြွယ်ဝချမ်းသာမှု ကို စီးပွားရေးပေတံတို့ဖြင့် တိုင်းသည်။ ယခု လူသားတို့၏ ကြွယ်ဝချမ်းသာမှု ကို သဘာဝပတ်ဝန်းကျင် ပေတံတို့ဖြင့် တိုင်းထွာသည်။ ၎င်းကို Ecoaffluence ဟု ခေါ်သည်။ အီကိုကြွယ်ဝချမ်းသာမှု ဆိုသည်မှာ လိုက်ဖ်စတိုင်မျိုးစုံပေါ်သည်။ ဤလိုက်ဖ်စတိုင်မျိုးစုံတို့သည် ပျော်ရွှင်စရာကောင်း သည်။ စိုလည်းစိုပြည်သည်။ သို့ သော် ဤလိုက်ဖ်စတိုင်တို့သည်၊ သဘာဝကို ဘေးအန္တရာယ် မပြု ရပေ။ ဤသို့ အီကိုကြွယ်ဝချမ်းသာမှု ကို ပန်းတိုင်အဖြစ် ထားရှိခြင်းကပင်၊ အီကို သဘာဝ ပတ်ဝန်းကျင်ကို ဗဟိုနေရာသို့ ရွှေ့ပြောင်းရကြောင်း ပြသည်။

ရာသီဥတုပြောင်းလဲမှု နှင့် လူသားဉာဏ်ထက်ပိုကောင်းလာသော စက်ဉာဏ်တွေပေါ်လာ ခြင်းကြောင့်၊ ၂၁ ရာစုနှစ်၏ အနက်အဓိပ္ပာယ်ပြောင်းလဲသွားပုံကို နားလည်ရန် ဖြစ်သည်။

*****

၂၁ ရာစုကို ပုံပြာဂရပ်နှစ်မျိုးဖြင့် အနက်ဖွင့်ခြင်း

လူလုပ်အရင်းအနှီးနှင့် သဘာဝအရင်းအနှီး

၂၁ ရာစုနှစ်၏ အနက်အဓိပ္ပာယ်The Meaning of the 21 st Century အကြောင်း ကျမ်းစာအုပ်ရေးသူ ဂျိမ်းမာတင်က၊ အရင်းအနှီးနှစ်မျိုးအကြောင်းကို ရှင်းပြသည်။ ပထမအရင်း အနှီးသည် လူက ဖန်တီးယူသော အရင်းအနှီး Human-made Capital ဖြစ်၍ ၊ ဒုတိယအရင်းအနှီး သည် သဘာဝကပေးသော အရင်းအနှီး Natural Capital ဖြစ်သည်။ လူက ဖန်တီးယူသော အရင်း အနှီးတို့ကို ဘိဇနက်အဖွဲ့အစည်းအမျိုးမျိုးဖြင့် စီမံခန့်ခွဲသည်။

သို့ ဖြင့် ဘိဇနက်အဖွဲ့အစည်းများ ဆင့်ကဲ့ဖြစ်ပေါ်ပုံ အီဗော်လူးရှင်းတရားကို၊ လေ့လာ သည်။ ဤအီဗော်လူးရှင်း၏ နောက်ဆုံးအဆင့်တွင် လူက ဖန်တီးသော အရင်းအနှီးတို့ကို ကော်ပိုရေးရှင်းပုံစံဖြင့် ဖြစ်စေ၊ ယုံကြည်စွာ အပ်နှံမှု ဖြင့်ဖြစ်စေ စီမံခန့်ခွဲကြသည်။ Corporation or Trust ဟု ခေါ်သည်။ များ စွာ သော ရင်းနှီးမြုပ်နှံမှု ဖန် (investment funds) တို့ကို (trust Law) ဖြင့် စီမံခန့်ခွဲကြသည်။

သဘာဝကပေးသော အရင်းအနှီးဆိုသည်မှာ သဘာဝရင်းမြစ်အားလုံးကို ဆိုလိုသည်။ ရေ၊ လေ၊ ရေနံ၊ သဘာဝသတ္တုပစ္စည်း၊ သဘာဝဓာတ်ငွေ့၊ ကျောက်မီးသွေး၊ သစ်တော၊ မြက်ခင်း၊ စိမ့်မြေ၊ မြစ်ဝ၊ ပင်လယ်သမုဒ္ဒရာစသည့် သက်ဝင်စနစ်အားလုံးပါဝင်သည်။ လူလုပ်အရင်းအနှီး သည် လူတို့က ဖန်တီးထားခြင်းဖြစ်၍ ၊ သဘာဝအရင်းအနှီးသည် ဤသို့ မဟုတ်ပေ။ ပြန်လည် အသုံးမပြုနိုင်။ Non-reneable အသစ်ပြန်လုပ်လို့ မရ။ ထို့ကြောင့် ကုန်ခန်းတတ်သည်။

လူဦးရေနှင့် မက်ခရိုတစ်ပါး

ဂျိမ်းမာတင်က လူဦးရေနှင့် သဘာဝအရင်းအနှီးတို့အချိုးကို တွက်ပြသည်။ တစ်ခုစီ၏ တိမ်းညွတ်ချက်ကို ထောက်ပြသည်။ တိမ်းညွတ်ချက် နှစ်ခုစလုံးအတွက် စနစ်တစ်ခုလုံး အကျုံး ၀င်အောင် အခြေခံထား၍ တွက်ပြသဖြင့်၊ ဤတိမ်းညွတ်ချက်နှစ်ခုစလုံးကို Macro Trends မက် ခရိုတိမ်းညွတ်ချက်ဟု ခေါ်သည်။ သို့ သော် ဤတိမ်းညွတ်ချက်နှစ်ခု၏ လားရာဦးတည်ရာတို့သည် ဆန့်ကျင်ဘက်ဆီသို့ ရွေ့နေသည်။

လူဦးရေသည် အတက်ဘက်ပြနေသည်။ တိုးပွားနေသည်။ ထို့ကြောင့် လူဦးရေဆိုင်ရာ မက်ခရိုတိမ်းညွတ်ချက်ကမူ၊ အကျဘက်မြားပြနေသည်။ လျော့ပါးကုန်ခန်းလာခြင်းကို ညွှန်းသည်။ ထို့ကြောင့် ပုံကားချပ် (၁) ဖြင့် ဤသို့ ပြနိုင်သည်။

Cover

ပြန်လည်သစ်ခြင်းနှင့်အစားထိုးခြင်း

ဖော်ပြပါပုံကားချပ် (၁) အတိုင်းဆိုလျှင် လူဦးရေ တိမ်းညွတ်ချက်သည် အတက်ဘက်ပြ၍ ၊ သဘာဝအရင်းအနှီးတိမ်းညွတ်ချက်သည် အကျဘက် ယိုင်နေသည်။ သဘာဝအရင်းအနှီး၌ လည်း နှစ်မျိုးပါဝင်သည်။ ကုန်ပစ္စည်း (commodities) နှင့် ၀န်ဆောင်မှု (services) တို့ဖြစ်သည်။ သဘာဝကုန်ပစ္စည်းနှင့် သဘာ၀၀န်ဆောင်မှု တို့ဖြစ်ကြသည်။ လေ၊ ရေ၊ ရေနံ၊ ကျောက်မီးသွေး၊ သဘာဝဓာတ်ငွေ့၊ ငါး စသည်တို့သည် ကုန်ပစ္စည်းများ ဖြစ်ကြသည်။ အသက်ရှူလို့ရသော၊ သဘာဝကို ထိန်းသိမ်းပေးသော၊ စိုက်ခင်းများ ၊ စိမ်းလန်းစိုပြည်အောင် ထိန်းသိမ်းပေးသော ပတ်ဝန်းကျင် လေ၊ ရေတို့သည် သဘာဝကပေးသော ၀န်ဆောင်မှု တို့ ဖြစ်ကြသည်။

မြေသြဇာကောင်းကောင်း ထိန်းသိမ်းပေးသော ပိုးမွှားများ ၊ လေထဲ ရေထဲမျောပါသော ပိုးမွှားများ စသည်တို့သည်၊ သဘာ၀၀န်ဆောင်မှု တို့ ဖြစ်ကြကုန်သည်။ သဘာဝပစ္စည်းနှင့် သဘာဝ ၀န်ဆောင်မှု တို့သည်၊ များ စွာ သော ကိစ္စတို့၌ ပြန်လည်မဆန်းသစ်နိုင်စေကာမူ (non-renewable ဖြစ်ကြစေကာမူ)၊ အစားထိုးသည်။ ဥပမာ ရေနံကုန်ခန်းလျှင် အစားထိုးလောင်စာဆီ၊ သံရိုင်းများ ကုန်ခန်းလျှင် ဓာတုပစ္စည်းတို့ဖြင့် အစားထိုးလာနိုင်သည်။ သို့ ရာတွင် နေရောင်ခြည်၊ လေ၊ ရေ တို့ကိုမူ အစားမထိုးနိုင်ပေ။ တွေ့ရှိထားသော အချက်မှာ (၁) သဘာဝပစ္စည်းတို့အတွက် အစားထိုး စရာများ ပေါ်နိုင်သော်လည်း (၂) သဘာ၀၀န်ဆောင်မှု (service provided by nature ) ကိုမူ၊ အစားထိုးရန် ရှာမတွေ့ဟု ဆိုသည်။

သို့ ဖြင့် လူသားကဖန်တီးသော အရင်းအနှီးတွင်၊ အရင်းအနှီးများ အလွန်အမင်းတိုးပွား လာသလောက် သဘာဝအရင်းအနှီးခေါ် ထရပ်စ်ဖန်သည် လျော့နည်း ကျဆင်းလာသည်။ ဤ အရငးအနှီးနှစ်ခု၏ ဆက်စပ်မှု အနေအထားကို ပုံကားချပ် (၂) ဖြင့် ဂျိမ်းမာတင်က ရေးဆွဲပြသည်။

Cover

သို့ ဖြင့် ပုံကားချပ်နှစ်ချပ်က ၂၁ ရာစုနှစ်၏ စိန်ခေါ်မှု တို့ကို ထင်ဟပ်ဖော်ပြသည်။ ၂၁ ရာစုနှစ် စိန်ခေါ်မှု တို့ကို နားလည်ခြင်းသည်ပင် ၂၁ ရာစုနှစ်၏ အနက်အဓိပ္ပာယ်ကို နားလည်ရာရောက် သည်ဟု ဂျိမ်းမာတင်က ထောက်ပြသည်။

*****

လီဗာဖက်တာနှင့်အတူ ဖိုထိုးကြမ်းလာခြင်း

နန်းချ

၂၁ ရာစုနှစ်တွင် တက္ကနိုလိုဂျီနှင့်အိုင်ဒီယာတို့သည် တောင်ပေါ်မှ ရေခဲတုံးများ ၊ ကျောက်တုံးများ ပြိုသလို တစ်ဟုန်ထိုးအံ့ဖွယ်ဆင်းကျလာမည်။ avalanche of technologies ဟု ခေါ်သည်။ သို့ ဖြင့် သမိုင်းတွင်မကြုံဖူးသော ဧရာမအပြောင်းအလဲကြီးတွေ ဖြစ်ထွန်းမည်။ တော်လှန်ရေးအမျိုးမျိုး ဖြစ်ပေါ်မည်။ မဟာတိမ်းညွတ်ချက်ကြီးတွေ (mega-trends) ဖြစ်မည်။ ဖြစ်လည်း ဖြစ်နေသည်။

ဤဧရာမအပြောင်းအလဲကြီးတို့ထဲတွင် စက်ဉာဏ် (ကွန်ပျူတာစူပါဉာဏ်) တို့က၊ လူ့ဉာဏ် ထက် အဆမတန်ပို၍ ဉာဏ်ကောင်းသွားသည့်အချက်လည်းပါသည်။ စက်ဉာဏ်က လူ့ဉာဏ်၏ စိုးမိုးမှု ကို နန်းချပစ်လိုက်ပြီ။ သို့ သော် လူ့ဉာဏ်နှင့်စက်ဉာဏ်တို့ မဟာမိတ်ဖွဲ့စည်း၍ ၊ မီဂါပြဿနာ ကြီးတို့ကို ဖြေရှင်းနိုင်ကြရန် ကြိုးပမ်းကြရတော့မည်။

လီဖက်တာ

အပြောင်းအလဲကြီးတို့ကို အံ့ဖွယ်ဖြစ်စေသော အကြောင်းတရားတို့ထဲ၌ ၊ လီဗာဖက်တာ (Lelverage factor) ကလည်း တစ်ပါးအဖြစ် ကြီးကျယ်ခမ်းနားစွာ ပါဝင်သည်။ Leverage ကို အင်္ဂလိပ်-မြန်မာအဘိဓာန်အနက်၌ ကုတ်အား၊ ကော်အားဟု အနက်ဟောထားသည်။ Lever မှ လာသော စကားဖြစ်၍ လည်း မော်တော်ကားလီဗာအနက်ဖြင့် သုံးသည်။ အရှိန်မြန်အောင် တွန်းသောအရာဟု ပြောလို့ရသည်။

စီးပွားရေးပညာအဘိဓာန်၌ မူ တစ်မျိုးအဓိပ္ပာယ်ဟောသည်။ (၂) ချေးငှား၍ ပရောဂျက် တစ်ခုကို အကောင်အထည်ဖော်သည်။ ဤပရောဂျက်မှရရှိသည့်အမြတ်သည် ချေးငှားသည့် စရိတ်ထက်ပိုသည်။ (၂) Leverage beta ဆိုသည်မှာ ဈေးကွက်၏ အတက်အကျဖောက်ပြန်မှု နှင့် နှိုင်းယှဉ်ကြည့်၍ ၊ အမြတ်အစွန်းကိုတွက်သော တွက်နည်းဖြစ်သည်။ (၃) Leveraged buy-out ဆိုသည်မှာ ကုမ္ပဏီတစ်ခုကို ၀ယ်ယူသိမ်းပိုက်ရာ၌ ငွေချေးပြီးဝယ်သည့်သဘောဖြစ်သည်။ အချို့ကိစ္စတို့၌ ၀ယ်ယူသိမ်းပိုက်သည့်ကုမ္ပဏီအပြင်၊ သိမ်းပိုက်ခံကုမ္ပဏီတို့မှ အက်ဆက်တို့ကိုပါ အပေါင်ထား၍ သိမ်းပိုက်သည်။ အီကွီတီရှယ်ယာအနည်းငယ်ကိုသာ ပရိုက်ဗိတ် ရင်းနှီးမြုပ်နှံသူတို့ လက်ထဲ ချန်ထားသည်။ Leveraged company ဆိုသည်မှာ ၊ ကုမ္ပဏီ၏ အရင်းအနှီးဖွဲ့စည်းပုံတွင် ချေးငွေအရင်းအနှီးက ပိုများ ခြင်းကို ရည်ညွှန်းသည်။ Leveraged Lease ဆိုသည်မှာ ၊ ငှားရမ်းသူ သည် အများ ဆုံးငွေချေးငှား၍ အက်ဆက်ကိုရယူခြင်းဖြစ်သည်။ ဘဏ်တို့မှ ငွေချေး၍ အက်ဆက် များ ၀ယ်ယူခြင်းသဘောဖြစ်သည်။ Leveraged shares ဆိုသည်မှာ ရှယ်ယာတို့ကို အပေါင်ထား ခြင်းကိုခေါ်သည်။

အာခီမီးဒီးကြုံးဝါးသံ

ယခုရေးမည့် လီဗက်ဖက်တာ (Leverage factors) တို့မှာ စီးပွားရေးသည် အဘိဓာန်က ဟောသော အနက်အဓိပ္ပာယ်နှင့်မဆိုင်ပေ။ သီးခြားအဓိပ္ပာယ်၊ အထူးအဓိပ္ပာယ်ရှိသည်။ ဤ အချက်ပေါ်အောင် သိပ္ပံပညာ၏ ဖခင်ကြီးဟု နာမည်ကြီးသော၊ အာခီးမီးဒီး၏ ဆိုစကားတစ်ပုဒ်ကို ကိုးကားသည်။ အာခီမီးဒီးက ‘ကျုပ်ကို ခပ်ကြီးကြီးလီဗာတစ်ခုသာ ပေးပါ။ ကျုပ် ဤကမ္ဘာကြီးကို ရွှေ့ပစ် လှုပ်ပစ်နိုင်သည်’ ဟု ကြုံးဝါးဖူးသည်။ လီဗာတံတစ်ခုဖြင့် ကမ္ဘာမြေကြီးကိုပင် ရွှေ့ပစ်နိုင် သည်ဟု ဆိုခြင်းမှာ ကြွားလွန်းသည်ဟု ထင်စရာရှိသည်။

သို့ သော် အာခီမီးဒီး၏ ပြောစကားသည်၊ ယခုအခါ အလွန်အဓိပ္ပာယ်ရှိနေသည်။ သေးသေး မွှားမွှား ဆောင်ရွက်ချက်တစ်ရပ်ဖြင့်ဖြစ်စေ၊ (သို့ တည်းမဟုတ်) ယခုစည်းမျဉ်းတို့တွင် ခပ်ငယ်ငယ် ပြောင်းလဲမှု ပြုလုပ်ခြင်းဖြင့်ဖြစ်စေ၊ ထူထပ်ကြီးမားသော ရလဒ်တို့ကို ရရှိစေနိုင်သည့်သဘော ပေါ်လာသည်။ အငယ်စားဆောင်ရွက်မှု (small action)၊ (သို့ တည်းမဟုတ်) အငယ်စား ပြောင်းလဲမှု (minor change) ဖြင့်၊ အကြီးစား ဧရာမရလဒ် (massive outcome) ကို ပေါ်စေနိုင် သည်။ ယင်းကို လီဗာရေ့ခ်ျဖက်တာဟု ခေါ်ဆိုသည်။ ၂၁ ရာစုနှစ်တွင် ဖြစ်ထွန်းသော ဧရာမ ပြောင်းလဲမှု ကြီးအချို့သည်၊ ၂၁ ရာစုနှစ်တွင် ဖြစ်ထွန်းသော ဧရာမပြောင်းလဲမှု ကြီးအချို့သည်၊ ခပ်ငယ်ငယ်ဆောင်ရွက်မှု နှင့် ခပ်ငယ်ငယ်ပြောင်းလဲမှု တို့ကြောင့် ဖြစ်ပေါ်ရခြင်းဖြစ်သည်။

ဥပမာအနေဖြင့် ဓာတုဗေဒ၌ ဓာတ်ကူတစ်စက်သည် ကြီးမားသော ဓာတုတုံ့ပြန်မှု တို့ကို မွေးထုတ်သည့်ပုံစံမျိုး ပြနိုင်သည်။ လူ့ခန္ဓာကိုယ်ထဲ ထိုးဆေးတစ်မျိုး အနည်းငယ်ထိုးပေးရုံဖြင့်၊ ကိုယ်ခံအား တအားမြင့်တက်သွားသည်။ တိမ်းညွတ်ချက်အတော်များများ တွင် လီဗာဖက်တာတို့ ပါဝင်နေလေရာ၊ ဤဖက်တာတို့ကို အသုံးပြုလျှင် ဘေးအန္တရာယ်တွေလျော့ပါးသွားနိုင်သည်။ အံ့ဖွယ် ဥပမာတစ်ခုမှာ ဆင်းရဲသောနိုင်ငံတို့၌ အမျိုးသမီးများ စာဖတ်တတ်သွားသည့်အတွက် သူတို့၏ ကလေးမွေးနှုန်း လျော့နည်းသွားသည်။ စရိတ်မကြီးသော အဖြေတို့ဖြင့် အံ့သြစရာရလဒ် တွေ ရရှိနိုင်သည်။

မမျှော်လင့်

ရောမအင်ပါယာခေတ်၌ တိရစ္ဆာန်တို့ကို မြက်ခြောက်မကျွေးပေ။ မြေထဲပင်လယ်ပိုင်း၌ မြက်စိမ်းတို့က အရမ်းပေါပေါများများ ပေါက်ရောက်နေသောကြောင့်ဖြစ်သည်။ အမှော င်ခေတ်၌ မြက်ခြောက်တို့ကို အသုံးပြုလာသည်။ မြက်ခြောက်ဆိုသည်မှာ အလွယ်တကူရနိုင်သောပစ္စည်း ဖြစ်၍ ၊ ဥရောပမြောက်ပိုင်းတွင် မြက်ခြောက်ကိုသုံးရမှန်း သိလိုက်ရာမှ ကျွဲ နွားတွေအများ ကြီး မွေးကြသည်။ လန်ဒန်သည်ပင် မြက်ခြောက်ကျွေး၍ ကျွဲ နွားမွေးမြူခြင်းတို့ကို ပြုလုပ်ခဲ့သည်။ ယင်းမှာ ခပ်ငယ်ငယ်ဆောင်ရွက်မှု ဖြင့်၊ အံ့ဖွယ်ရလဒ် ဖြစ်ပေါ်သောအကျိုး (လီဗာရေ့ခ်ျဖက်တာ) ကို ပြသည်။ လီဗာဖက်တာဟု အတိုဆိုနိုင်သည်။ လီဗာဖက်တာ၌ အကောင်းအကျိုးပြုမှု ရှိသလို အဆိုးအကျိုးပြုမှု လည်းရှိသည်။ အချို့လီဗာဖက်တာတို့သည် မမျှော်လင့်ဘဲ ဖြစ်ပေါ်သည်။ ဥပမာ အင်တာနက်ဝက်ဘ်ဆိုက်ဒ်ဆော့ဖ်ဝဲ world wide web သည် ပေါ်ပေါက်လာလိမ့်မည်ဟု မမျှော် လင့်ခဲ့ကြပေ။ ပေါ်လာတော့လည်း၊ အလွန်စရိတ်သက်သာစွာ ဖြင့် အီးကော်မတ်စ်တို့ကို ဆောင် ရွက်နိုင်သည်။ ကမ္ဘာတစ်ဝန်းလုံးချိတ်ဆက်မှု ကို ချက်ချင်းအလျင်အမြန် ပြုလုပ်နိုင်ကြသည်။

ဖိုထိုးကြမ်း

၂၁ ရာစုနှစ်တွင် တက္ကနိုလိုဂျီတွေ တစ်ဟုန်ထိုးထွန်းကားလာသည့်အတွက်၊ အိုင်ဒီယာ တို့သည်လည်း အဆုံးမရှိပေါ်လာသည်။ ဤအိုင်ဒီယာတို့ကို လက်တွေ့စမ်းသပ်ကြည့်ကြသည်။ ယခင်က အိုင်ဒီယာတို့ကို အစိုးရနှင့်အဖွဲ့အစည်းတို့ကသာ စမ်းသပ်ခဲ့သည်။ ယခု ပုဂ္ဂိုလ် တစ်ဦးချင်းကလည်း အိုင်ဒီယာတို့ကို စမ်းသပ်ကြည့်ကြသည်။ ဤသို့ အိုင်ဒီယာတို့ကို လုံးခွက်တွင် ထည့်၍ ဖိုထိုး (စမ်းသပ်) ကြည့်ရာ၌ လည်း၊ နုနုပျော့ပျော့ မစမ်းသပ်ကြပေ။ မီးပြင်း အရမ်းတိုက်ပြီး ဖိုထိုးသည်။ ပြင်းပြင်းထန်ထန် စမ်းသပ်သည်။

၉/၁၁ အကြမ်းဖက်တိုက်ခိုက်မှု ၊ အသေခံဗုံးဖောက်မှု တို့သည် အိုင်ဒီယာတို့ကို၊ ခပ်ကြမ်းကြမ်း ပြင်းပြင်းထန်ထန် စမ်းသပ်ကြည့်သည့်သဘောတို့ကို ပြသည်။ အာခီမီးဒီးက လီဗာတံတစ်ချောင်းဖြင့် ကမ္ဘာကြီးကိုရွှေ့သည်။ ယခု အိုင်ဒီယာ လက်ကိုင်တပ်သူတို့က၊ အိုင်ဒီယာ တို့ကို လုံခွက်ထဲထည့်၍ ပြင်းပြင်းထန်ထန် ခပ်ကြမ်းကြမ်းစမ်းသပ်ကြည့်သည်။ ထို့ကြောင့် ၂၁ ရာစုနှစ်၌ အံ့အားသင့်စရာတွေ ပြည့်နှက်နေမည်၊ full of surprises ဟု ဆိုသည်။

*****

တကျွတ်ကျွတ် တကျွိကျွိ ရုရှားရူလေး၌ ကံစမ်းခြင်း

ဘာလင်တံတိုင်းကြီးပြိုကျအပြီး၌ အဆိုစကားတစ်ခု ရေပန်းစားသည်။ ဤစကားမှာ တံတိုင်းမဲ့ကမ္ဘာကြီး၊ တည်ဆောက်လော့ဟူ၍ ဖြစ်သည်။ တံတိုင်းတွေမရှိသောကမ္ဘာကြီးကို တည်ဆောက်ရန်ဟု ဆိုသောအခါ၊ ဖြစ်နိုင်ပါ့မလားဟု သံသယ၀င်ကြသည်။ လူသားစွမ်းရည်ကို လျှော့တွက်သလို ဖြစ်ခဲ့သည်။ သိပ်မကြာပါပေ။ အင်တာနက်ပေါ်သည်။ အင်တာနက်သည် နံရံ တံတိုင်းတို့ကို ဖြုချခြင်းမရှိသော်လည်း နံရံတံတိုင်းတို့ကိုဖြတ်ဖောက်ပြီး ခရီးသွားနိုင်သည်။ နံရံ တံတိုင်းသည် အပေါက်အပြဲတို့နှင့် ဖြစ်ကုန်သည်။ ဤအပေါက်အပြဲတို့ကို ဖာထေးနိုင်စွမ်းမရှိပေ။ ပြိုသည့်တံတိုင်းပြို၊ မပြိုလည်း အပေါက်အပြဲတွေနှင့်ဖြစ်ကုန်သည်။

တစ်ပေါက်ဖာလျှင်၊ အခြားအပေါက်တွေဖောက်ပြီး အင်တာနက်က ထွက်သည်။ ဖာမဆုံ ဖောက်မဆုံး။ နောက်ဆုံး၌ တံတိုင်းအပေါက်ဖာသူတွေ လက်မြှောက်ရသည်။ ဤကဲ့သို့ ဖြစ်ထွန်း မှု သည် ၂၁ ရာစုနှစ်၏ စိန်ခေါ်မှု တို့ကို ထင်ဟပ်ခြင်းဖြစ်၍ ဤစိန်ခေါ်မှု တို့အကြောင်း နားလည်လျှင် ၂၁ ရာစုနှစ်၏ အနက်အဓိပ္ပာယ်ကို နားလည်သည်ဟု ကျမ်းရှင် ဂျိမ်းမာတင် ဆိုသည်။

၂၁ ရာစုနှစ်၏ အနက်အဓိပ္ပာယ် နားလည်လိုလျှင် ၂၁ ရာစုနှစ်အတွင်း၌ ဖြစ်ပေါ်နိုင်ဖွယ် ရှိသော စိန်ခေါ်မှု တို့ကို ဖော်ထုတ်နားလည်ရန် လိုသည်။ စိန်ခေါ်မှု တို့ကိုလည်း ငယ်ငယ်တွေ မဟုတ်။ စူပါတန်းဝင်တွေဖြစ်မည်။ ဤစိန်ခေါ်မှု တို့ကို လေ့လာ၍ တိမ်းညွှတ်ချက်တို့ကို ဖော်ထုတ် ကြည့်နိုင်ရမည်။ ဤတိမ်းညွှတ်ချက်တို့ကလည်း မဟာတန်းဝင်အကြီးကြီးတွေဖြစ်မည်။ ဤသို့ ကြည့်လျှင် ၂၁ ရာစုနှစ်သည် တစ်ဖက်စွန်းရောက်ခြင်းတွေ စိုးမိုးသောရာစုနှစ်ဖြစ်မည်။ century of extremes ဟု ခေါ်သည်။

ငါးဆယ်စီ

အင်တာနက်အကြောင်းကို ရည်ညွန်းသည်မှာ ၂၁ ရာစုနှစ်၌ ဖြစ်ထွန်းသောအံ့မခန်း တက္ကနိုလိုဂျ သစ်ဆန်းမှု တို့အကြောင်းကို ပြောပြလို၍ ဖြစ်သည်။ တက္ကနိုလိုဂျီ အံ့မခန်းဖြစ်ထွန်း မှု တို့သည် ၂၁ ရာစုနှစ်ထဲ၌ တောင်ပေါ်မှ ရေခဲတုံးများ ၊ ကျောက်တုံးများ တစ်ဟုန်ထိုးလျှောကျ သည့် ပုံသဏ္ဌာန်ဖြစ်သည်။ ယင်းကို technology avalanche ဟု ခေါ်သည်။ ဤသို့ ဖြစ်ထွန်းလာ သဖြင့် အချို့ တက္ကနိုလိုဂျီတို့သည် လူသားကို ကောင်းကျိုးပေး၍ ၊ အချို့တက္ကနိုလိုဂျီတို့သည် ဆိုးကျိုးပေးသည်။

ရာသီဥတုဆိုးရွားမှု ကို ဖြေရှင်းပေးနိုင်သော တက္ကနိုလိုဂျီတို့သည် လူသားအတွက် အကျိုး ရှိသော်လည်း လူတွေအစုလိုက်အပြုံလိုက် သေစေနိုင်သော လက်နက်မျိုးတို့ကို ထုတ်လုပ်နိုင် သော တက္ကနိုလိုဂျီ (ဥပမာ၊ နျူကလီးယားလက်နက် တက္ကနိုလိုဂျီ) တို့သည် လူ့ယဉ်ကျေးမှု ကို ဖျက်ဆီးနိုင်သည်။ မကောင်းဆိုးဝါးဟု ဆိုနိုင်သည်။ သို့ ဖြင့် ကောင်းကျိုးနှင့်ဆိုးကျိုး တစ်ဝက်စီ မျှနေသဖြင့် ခေတ်လူ (homo sapiens) ၏ အလေးသားမှု သည်၊ ငါးဆယ်စီထက် မပိုနိုင်ပါဟု သုခမိန်တစ်ဦး ခန့်မှန်းထားဖူးသည်။

တက္ကနိုလိုဂျီ ဖွံ့ဖြိုးတိုးတက်မှု တို့သည်၊ အကောင်းအဆိုး ထက်ဝက်စီမျှ၍ ပေါ်လာလျှင် ခေတ်လူက ရှင်သန်နိုင်မည်။ သို့ သော် လူ့ယဉ်ကျေးမှု (civilization) ကမူ ရှင်သန်နိုင်ချင်မှ ရှင်သန်နိုင်မည်။ ထို့ကြောင့် ၂၁ ရာစုနှစ်၏ ဧရာမစိန်ခေါ်မှု ကြီးသည် ရေခဲတုံး၊ ကျောက်တုံးများ ပြိုကျသလို ပြိုကျသော တက္ကနိုလိုဂျီတို့နှင့် လိုက်လျောညီထွေဆောင်ရွက်နိုင်ရန်၊ အသို့ လေ့လာ မည်နည်းဟူသော ပြဿနာ ဖြစ်မည်။ အံ့မခန်းဖွံ့ဖြိုးဆန်းသစ်လာသော တက္ကနိုလိုဂျီတို့အား စီမံခန့်ခွဲနိုင်ရေးသည် ၂၁ ရာစုနှစ်၏ ကြီးကျယ်အခမ်းနားဆုံး စိန်ခေါ်မှု ကြီးဖြစ်ပါလိမ့်မည်။

ရုရှားရူလေးနှင့်ဗီဇ

အံ့မခန်းတက္ကနိုလိုဂျီအသစ်တွေ တွေ့ရှိလာမည်။ အလွန်အံ့သြစရာတွေ ပေါ်မည်။ တစ်ဖက်စွန်းရောက်မှု တွေ ပေါ်မည်။ ထို့ကြောင့် ပြဿနာမှာ လူသား၏ တွေ့ရှိသမျှအသစ် တက္ကနိုလိုဂျီတို့သည်၊ ခေတ်လူ၏ ဖြစ်တည်မှု ကို တည်တံ့စေလိမ့်မည်။ တိုးတက်ကောင်းမွန်စေ လိမ့်မည်ဟု အာမခံနိုင်ပါမည်လောဟူ၍ မေးခွန်းပေါ်သည်။ တက္ကနိုလိုဂျီ ဖွံ့ဖြိုးတိုးတက်မှု တို့သည် အကောင်းနှင့်အဆိုး တစ်ဝက်စီဖြစ်နေလျှင် ခေတ်လူ၏ ဖြစ်တည်မှု သည် အဆိုးဘက်ယိုင်သွားနိုင် သည်။ ရုရှားရူလေး (Russia roulette) ၌ ကံစမ်းရသလို ဖြစ်နိုင်သည်။

ဤကိစ္စနှင့်ပတ်သက်၍ ၊ ဂျိမ်းမာတင်က သိပ္ပံပညာရှင်တို့၏ သဘာဝဗီဇကို ဂရုစိုက်ရန် သတိပေးသည်။ Lemmings ဆိုသည်မှာ ၊ မြောက်ဝင်ရိုးစွန်းမှ သတ္တ၀ါတစ်မျိုးဖြစ်၍ အစာရှာရန် တစ်ကောင်းနှင့်တစ်ကောင် တန်းစီသွားကြသည်။ ရှေ့မှသွားသော ခေါင်းဆောင်နောက် ကျန် အကောင်တို့က လိုက်ကြသည်။ အစာတွေ့မည်ဟု ထင်သောတွင်းထဲသို့ ပင် အသေခံပြီး ဆင်းကြ သည်။ သိပ္ပံပညာရှင်တို့သည် ဤလဲင်မင်းတို့နှင့်တူသည်။ အသစ်ရှာဖွေတွေ့ရှိလျှင်ပြီးရော ကိုယ်သေလည်း ကိစ္စမရှိ။ သူများ တွေသေလည်း ကိစ္စမရှိဟု တွက်တတ်ကြသည်။ လူသားတို့ကို ဒုက္ခပေး၊ မျိုးသုဉ်းစေမည့်နည်း ဖြစ်ပါစေ တွေ့အောင်ရှာတတ်ကြသည်။

ယင်းကို Lemmings ဟု ခေါ်သည်။ သိပ္ပံပညာရှင်တို့သည် ‘အက်တမ်ရိုက်ခွဲခြင်း’ (atom smasher) ကို စမ်းသပ်နေကြသည်။ next ဟု အမည်ပေးသည်။ Next, Next စသည်ဖြင့် ထပ်ထပ်ပြီး အနုစိတ်ခွဲကြည့်နေကြသည်။ ဤသို့ အက်တမ်ကို ထပ်ထပ်ပြီး ရိုက်ခွဲကြည့်ခြင်းသည် အလွန်အန္တရာယ်များ သည်ဟုသိကြသော်လည်း ဆက်ပြီးဆောင်ရွက်နေကြသည်။

ဝင်ရိုက်စွန်းနှစ်ဖက်

အက်တမ်ကို ရိုက်ခွဲခြင်းအပြင်၊ အခြားအန္တရာယ်များ လှသော စမ်းသပ်မှု တို့ကိုလည်း သိပ္ပံ ပညာရှင်တို့က တိုးတက်ဆောင်ရွက်နေကြသဖြင့်၊ ၂၁ ရာစုနှစ်တွင် လူတို့သည် သိပ္ပံပညာရှင်တို့၏ စကားကိုလည်း နားစွင့်ရမည်။ သူတို့သတိပေးချက်တို့ကိုလည်း အာရုံပြုရမည်။ တစ်ချိန်တည်း မှာ ပင် သိပ္ပံပညာရှင်တို့၏ သဘာဝဗီဇတို့ကိုလည်း သိရှိထားရန်လိုမည်။ ၂၁ ရာစုတွင် စိန်ခေါ်မှု တို့ကို နားလည်ရန်လိုအပ်သောအချက်၊ တစ်နည်းပြောလျှင် ၂၁ ရာစုနှစ်၏ အနက်အဓိပ္ပာယ်ကို နားလည်ရန် လိုအပ်သောအချက်တို့တွင် သိပ္ပံပညာရှင်တို့၏ သဘာဝဗီဇကို နားလည်ရန်လိုခြင်း သည်လည်း တစ်ပါးအပါအ၀င်ဖြစ်သည်။

ဂျိမ်းမာတင်က ၂၁ ရာစုကို crunch time ဟု ခေါ်သည်။ တကျွတ်ကျွတ် တကျွိကျွိ မြည်နေသော ရာစုနှစ်ဟု အဓိပ္ပာယ်ထွက်သည်။ ကျွတ်ဆတ်သော ရာစုနှစ်ဖြစ်ပေသည်။ ထိုရာစုနှစ်တွင် ပြဿနာအကြီးကြီးတို့ကို ဂုန္တန်ထိုးပန်းချီအထည်လို ရက်ကြည့်နိုင်ရမည်။ စင်စစ် အားဖြင့် ဤပြဿနာကြီးတို့ကို အလွန်မြင်သာနေပါသည်။

ကမ္ဘာကြီးသည် ဘယ်အရပ်ဆီသို့ လူသားတို့သည် ဘယ်အရပ်ဆီသို့ ၊ လူ့အဖွဲ့အစည်း သည် ဘယ်အရပ်ဆီသို့ ရှေးရှုနေသနည်း။ ၂၁ ရာစုနှစ်တွင် အလွန်ကြောက်စရာကောင်းသော ဘေးအန္တရာယ်တို့ရှိသလို၊ တစ်ဖက်၌ အံ့ဖွယ်ကောင်းလောက်အောင် အခွင့်အလမ်းတို့ ပူးတွဲ ရှိသော ၂၁ ရာစုနှစ်ဖြစ်၍ ၊ ၀င်ရိုးစွန်းနှစ်ဖက်ရှိသော ရာစုနှစ်ဟုဆိုရမည်။ ဘေးအန္တရာယ်တို့သာ ပေါများ နေလျှင် ၀င်ရိုးစွန်းတစ်ဖက်စွန်းစောင်းနေသည်ဟု ဆိုရမည်။ ထို့ကြောင့် လူငယ်တွေ နေချင်စရာအကောင်းဆုံး ရာစုနှစ်ဟု ဂျိမ်းမာတင်က အကဲဖြတ်သည်။

*****
ဓနကြီးထွားရာဇာတ်မြစ် ပြောင်း

၂၁ ရာစုနှစ်တွင် ဓနအင်အားတွေ အရမ်းတိုးတက်မည်။ သို့ ရာတွင် ဓန၏ အခြေခံ ဇာတ်မြစ်သည် ပြောင်းလဲသွားမည်။ ယခင်က ဓနအင်အားကြီးထွားမှု သည်၊ ရုပ်ဝတ္ထုပစ္စည်းတို့ အပေါ်တွင် အခြေခံသည်။ သို့ ရာတွင် ၂၁ ရာစုနှစ်၌ ဓနအင်အားကြီးထွားမှု သည် ဉာဏ်စွမ်းအား (intellect) နှင့် ဒစ်ဂျစ်ပြုထားသော ပညာ (digitized knowledge) တို့ပေါ်တွင် အခြေခံသည်။

ဖွံ့ဖြိုးပြီး ချမ်းသာနေသောနိုင်ငံတို့ကို ပထမကမ္ဘာဟု အဆင့်ခွဲသည်။ ဤပထမကမ္ဘာ၏ ဓနအင်အားတိုးတက်မှု သည်၊ ဉာဏ်စွမ်းနှင့်ဒစ်ဂျစ်ပြုထားသော ပညာအပြင်၊ ထုတ်လုပ်မှု အစွမ်း သတ္တိတို့ တိုးတက်မှု နှင့် ပိုမိုကောင်းမွန်သော စီမံခန့်ခွဲမှု တို့ကြောင့်လည်း ဖြစ်လာသည်။ ဤသို့ သုံးသပ်ပြီးသကာလ ၂၁ ရာစုနှစ်ကို ပထမနှစ် ၅၀ ပိုင်းနှင့် ဒုတိယနှစ် ၅၀ ပိုင်းဟူ၍ ခွဲခြားကာ၊ ၂၁ ရာစုနှစ်၏ ပထမပိုင်းတွင် ပထမကမ္ဘာ၏ ဓနအင်အားဖွံ့ဖြိုးတိုးတက်မှု သည် ဆယ်ဆတိုးတက် မည်ဟု ခန့်မှန်းသည်။ တရုတ်ပြည်က အခြေခံအဆင့်နိမ့်မှ ခုန်တက်ရမည်ဖြစ်၍ ၊ တရုတ်ပြည် ဓန အင်အားတိုးတ်မှု သည် ၂၁ ရာစုနှစ်ပထမပိုင်း၌ ဆယ်ဆကျော်တိုးတက်လျက်ရှိသည်။

၂၁ ရာစုနှစ်တွင် ဓနတိုးတက်မှု က၊ လူဦးရေတိုးတက်မှု ထက် ပိုပြီး မြန်ဆန်မည်မှာ သေချာသည်။

မသိကိန်းနှင့်စက်ဉာဏ်

ဤတွင် ကြီးမားသော မသိကိန်း (big unknown) တစ်ပါး ပေါ်လသည်။ ယင်းမသိကိန်းမှာ ခိုင်မာအင်အားတောင့်တင်းသောနိုင်ငံ (strong nations) တို့သည် သူတို့၏ ချမ်းသာကြွယ်ဝမှု ငွေကြေးတို့ထဲမှ တစ်စုံတစ်ရာအစိတ်အပိုင်းကို ဆင်းရဲသောနိုင်ငံတို့အား ဆင်းရဲတွင်းမှ လွတ်မြောက်အောင် ကူညီပံ့ပိုးကြမည်လောဟူသော မေးခွန်းဖြစ်သည်။ ဤမေးခွန်းကို စိတ်ချ လက်ချ မဖြေနိုင်ကြပေ။ ဖြေဆိုရန်လည်း တွန့်ဆုတ်သည်။

ဆင်းရဲသောနိုင်ငံတို့ကို ကယ်တင်ကူညီမလား၊ (သို့ တည်းမဟုတ်) အကျိတ်အခဲအတိုင်း ထားမလားဟူသော မေးခွန်းသည်၊ ၂၁ ရာစုနှစ်တွင် ပေါ်နေသည့် မသိကိန်းအကြီးစားပင် ဖြစ်အံ့ ထင်သည်။ တစ်နည်းပြောလျှင် ၂၁ ရာစုနှစ်တွင် ဧရာမဆန့်ကျင်ဘက်ကြီးတစ်ပါး ပေါ်မည်။ ယင်းမှာ ကမ္ဘာ၏ တစ်ပိုင်းက လူ့ယဉ်ကျေးမှု အသစ်ကို ဖန်တီး၍ ခန့်ခန့်ညားညားဖြစ်နေပြီး၊ အခြား တစ်ပိုင်းက ငရဲအိုးပေါ် ခွထိုင်ထားသလို ဒုက္ခပင်လယ်ဝေနေခြင်းဖြစ်သည်။

သို့ သော် တစ်ဖက်မှစဉ်းစားလျှင်၊ အလုပ်မှန်သမျှကို စက်တွေ၊ ကွန်ပျူတာတွေဖြင့် အော်တိုမက်တစ်လုပ်လာကြသဖြင့် လူတွေ အချိန်တွေအများ ကြီး ရရှိကြသည်။ ထို့ကြောင့် ၂၁ ရာစုနှစ်၌ ခေတ်သစ်မေးခွန်းတစ်ပုဒ် ပြန်ပေါ်သည်။ ယင်းမှာ အချိန်ပိုအားလပ်ချိန်တို့ကို လူတွေ ဘယ်လိုအသုံးပြုကြသနည်းဆိုသော အချက်သည် အဆုံးမရှိသော တီထွင်ဖန်တီးမှု အသစ် ပုံသဏ္ဍာန်မျိုးစု (endless new forms of creativity) ကို တကယ်ပဲ ရွေးထုတ်မည်လောဟူ၍ ဖြစ်သည်။ထိုမေးခွန်းထက် ကြီးကျယ်ခမ်းနားသော မေးခွန်းကလည်း ပေါ်သည်။ စက်ဉာဏ် (ကွန်ပျူတာစူပါဉာဏ်) က လူ့ဉာဏ်ကို နှုန်းချလိုက်ပြီဖြစ်၍ ၊ ဧရာမစိန်ခေါ်မှု ကြီးတို့ကို မည်သည့် ဉာဏ်ဖြင့် ဖြေရှင်းမလဲဟူ၍ မေးသည်။

အချိန်လား ငွေလား

စက်ဉာဏ်သည် အစပထမ၌ လူ့ဉာဏ်ကို အတုခိုးသည်။ ယခုနောက်ပိုင်း၌ စက်ဉာဏ် သည် လူ့ဉာဏ်ကို အတုမခိုးတော့ပေ၊ အားမကိုးတော့ပေ။ ကိုယ့်ဉာဏ်နှင့်ကိုယ် ကြီးထွားအောင် ပြုလုပ်သည်။ self-evolution ဟု ခေါ်သည်။ နှီးနွှယ်ရာအကျိုးဆက်တို့ တစ်ပြုံကြီးပင်။ ဆဲလ်ဖုန်း တို့သည် ကင်မရာတွေအဖြစ် ပြောင်းလဲသွားသည်။ ကင်မရာမှတစ်ဆင့် အဆင့်မြင့် ဗီဒီယိုတွေ အဖြစ် ပြောင်းလဲသွားသည်။ နောက်တစ်ဆင့်တက်လိုက်သောအခါ တုပထားသော အစစ်အမှန် ၀န်းကျင် (virtual-reality environment) တို့ ပေါ်လာသည်။

နောက်ပိုင်း တက္ကနိုလိုဂျီတို့သည် စွမ်းအင်အနည်းငယ်မျှဖြင့် အမျိုးမျိုးအသုံးပြုခံစား နိုင်သော ပစ္စည်းကိရိယာတို့ကို၊ မွေးထုတ်ပေးသည်။ တစ်နည်းပြောရလျှင် ပိုလျှံလာသော အချိန် တို့ကို သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေဘဲ ရသပေါင်းစုံကို ထည့်လာနိုင်ခြင်းဖြစ်သည်။ အရာရာကို စက်နှင့်ဆောင်ရွက်လုပ်ကိုင်ကြသောကြောင့် လူတွေ အချိန်ပိုတွေ အများ ကြီးရရှိ ကြသည်။

သို့ ဖြင့် အရေးကြီးော မေးခွန်းတစ်ပုဒ်၊ နောက်ထပ်ပေါ်သည်။ အချိန်က ပိုပြီးတန်ဖိုးရှိ သလား၊ သို့ တည်းမဟုတ် ငွေကြေး (မန်းနီး) က ပိုပြီး တန်ဖိုးရှိသလားဟူ၍ ဖြစ်သည်။ ၂၁ ရာစုနှစ် `၌ ဖြစ်ထွန်းမှု အရပ်ရပ်တို့၏ အကျိုးသက်ရောက်မှု တို့ကြောင့် အချိန်က ငွေကြေးထက်ပို၍ တန်ဖိုးရှိကြောင်းကို သိလာကြလိမ့်မည်ဟု ပညာရှင်တို့က ခန့်မှန်းတွက်ပြသည်။

ဂရိအလွမ်းဇာတ်နှင့် နားလည်မှု လွဲမှားခြင်းခြောက်ပါး

ဂရိဇာတ်အလွမ်း

၂၁ ရာစုနှစ်၏ အနက်အဓိပ္ပာယ်ထဲတွင် ဤကမ္ဘာပထ၀ီမြေကြီး အရုပ်ဆိုးစွာ ပျက်စီး လာသည့်အကြောင်းလည်းပါသည်။ သို့ သော် လူသားတို့က ဤကမ္ဘာပထ၀ီမြေကြီးကို ပျက်စီးပါ စေတော့ဟုဆိုပြီး စေတနာဆိုးနှင့် ဖျက်ဆီးကြခြင်းတော့ မဟုတ်ပေ။ ဂရိအလွမ်းသဘင် (Greek tragedies) တို့ထဲ လူသားတွေ ပိတ်မိနေသောကြောင့်ဖြစ်သည်။ ရှေးဂန္ထ၀င်ဂရိဇာတ်ပွဲကြီးတို့၌ ဟီးရိုး (ဇာတ်လိုက်) သည် တစ်စုံတစ်ခုကို လုပ်သာလုပ်လိုက်သည်။ ဤလုပ်ရပ်က ဘယ်လို ဆိုးကျိုးတွေဆီ ဘယ်လိုခေါ်သွားမည်ကိုကား သူကိုယ်တိုင်မသိ။ လုပ်သာလုပ်လိုက်သည် ကောင်းကျိုး ဆိုးကျိုးကို မသိပေ။

ဂန္ထ၀င်ဂရိအလွမ်းဇာတ်လမ်းတို့သည် လူသားတို့၏ အစစ်အမှန်ကို မှားယွင်းစွာ တွက်ချက် မိမှု (miscalculation of reality) တို့ကြောင့် ကြေကွဲဖွယ် အလွမ်းဇာတ်လမ်းတွေ ပေါ်ရသည်ဟု ညွှန်းသည်။ ဂရိဇာတ်တော်ကြီးတို့၏ ရည်ရွယ်ချက်သည် လူ့သဘာဝအကြောင်း မေးခွန်းတို့ကို မေးရန်သာဖြစ်သည်။ လူ့သဘာဝက ဘယ်လိုရှိသနည်း။ ကိစ္စအရပ်ရပ်တွင် လူ၏ အနေအထားက ဘယ်လိုရှိသနည်း။ လူ့ဘ၀ကို ထိန်းချုပ်ထားသောပါဝါနှင့် လူတို့အဆက်အသွယ် ဘယ်လိုရှိ သနည်း စသည်ဖြင့် မေးခွန်းတွေ ဆက်တိုက်မေးသည်။

ပွဲကြည့်ပရိသတ်ကလည်း သိထားသည့်တစ်ချက်ရှိသည်။ လူတို့ထဲမှ ချီးမွမ်းစရာ အကောင်းဆုံးလူတို့ကိုပင် ဖြိုချပစ်နိုင်သော အင်အားကြီး အင်အားစုတွေ ရှိပါကလားဆိုသော အချက်ဖြစ်သည်။ လူသား၏ မဟာဂုဏ်ကြီးမြင့်မှု ကို ဂရိပုံပြင်က ထောမနာပြုသည့် တစ်စုံတစ်ရာ သော မဟာပန်းတိုင်ကို ဆွတ်ခူးရရန်အလို့ငှာ အကျိုးအကြောင်း ဆီလျော်စွာ ရှိသော အကန့် အသတ်တို့ကိုပင် ကျော်ဖြတ်ရဲသည့် သတ္တိဗျတ္တိရှိပုံကို ပွဲထဲ၌ ထည့်ပြသည်။

ဂေါ့(ဒ်) တို့ စကားပင် နားမထောင်

ဂရိသူရဲကောင်းဟီးရိုးတို့၌ မကောင်းမှု ဒုစရိုက်တစ်ပါး ရှိသည်။ ယင်းမှာ မာန်မာနကြီးခြင်း ဖြစ်သည်။ ကိုယ့်ကိုကိုယ် လွန်ကဲစွာ ယုံကြည်လွန်းခြင်း၊ လွန်ကဲစွာ ဂုဏ်ယူခြင်းတို့ကို ရည်ညွှန်း သည်။ ဘယ်လောက်တောင် လွန်ကဲသနည်းဆိုမူသ ဂေါ့ဒ်တို့၏ သတိပေးချက်တို့ကိုပင် လျစ်လျှူ ရှုသည်အထိဖြစ်သည်။ ဂရိသူရဲကောင်းတို့သည် မာနကြီးလွန်းသဖြင့် ဂေါ့(ဒ်) တို့ကိုပင် လျစ်လျှူ ရှုသည်။ သို့ ဖြင့် သူတို့သည် ကပ်ဘေးကြီးတို့ကို ဖိတ်ခေါ်တော့သည်။ ၂၁ ရာစုနှစ်သည် ဤဇာတ် လမ်းမျိုးတို့ကို ခမ်းနားကြီးကျယ်စွာ တင်ဆက်နေသည်။

၂၁ ရာစုနှစ်၏ အနက်အဓိပ္ပာယ်ကို ဖွင့်လှစ်ပြသူ ဂျိမ်းမာတင်က ကြေကွဲဖွယ်အလွမ်း ဇာတ်လမ်းကို နှစ်မျိုးခွဲပြသည်။ ပထမဇာတ်လမ်းသည် လူသားတို့က ရှောင်ရှားနိုင်ပါလျက် မရှောင်ရှားသဖြင့် တကယ်ဖြစ်နေသော အလွမ်းဇာတ်လမ်းတို့ဖြစ်သည်။ ကမ္ဘာပထ၀ီမြေကြီး ပျက်စီးလာမှု ၊ ကင်ဆာရောဂါ၊ ဘေးအန္တရာယ်များ လောက်အောင် လူဦးရေတိုးပွားမှု ၊ သေးငယ် သော ဤကမ္ဘာဂြိုဟ်ပေါ်တွင် လူသားတို့အသက်ရှင်နိုင်ရန် စွမ်းပကားပျက်စီးလာမှု တို့သည် သာဓကတွေ ဖြစ်သည်။ ဒုတိယအလွမ်းဇာတ်လမ်းတို့ကမူ မဖြစ်သေးပေ၊ မပြသေးပေ။ လူတို့သည် ဤအလွမ်းဇာတ်လမ်း၏ အလယ်တွင် ရှိနေကြသည်။ ထို့ကြောင့် ဇာတ်သိမ်းခန်းကို လူတို့ကို ပြင်ဆင်ပြောင်းလဲနိုင်သည်၊ မနိုင်သည်ဟု မေးရာဖြစ်သည်။ လူသားသည် ဇာတ်အလယ်ထဲ ရောက်နေသည်။

တက္ကနိုလိုဂျီ

လူသားလောကသည် ကမ္ဘာကြီးကို လူပြိန်းတွေးတွေးပြီး နားလည်နေသည်။ လွယ်လွယ် နားလည်နေသည်။ သဘာဝသည် ရှုပ်ထွေးဆန်းကြယ်ခက်ခဲသည်။ သဘာဝ၏ ခက်ခဲစွာ ဆန်းကြယ်ရှုပ်ထွေးမှု complexity of nature ကို ရှင်းပြသည်။ သိပ္ပံပညာကလည်း ထိုစဉ်က မပေါ်သေး၍ ဤသို့ ပင် ခပ်လွယ်လွယ်နားလည်ခြင်း ဖြစ်တန်ရာသည်။ သို့ သော် သိပ္ပံပညာတွေ ထွန်းကားလာသည်။ ယခု နောက်ဆုံးပေါ် သိပ္ပံပညာတို့အရ သဘာဝကြီးသည် လူတွေထင်ထား သည်ထက်ပို၍ ခက်ခဲရှုပ်ထွေးသည်။ ပို၍ ဆန်းကြယ်သည်။ ပို၍ နူးညံ့သိမ်မွေ့သည်။

လူတို့၏ ရုပ်နာမ်နှစ်ပါး၊ ကိုယ်ခံအားစနစ်၊ သဘာဝ၏ ဂေဟစနစ် ဗိုင်းရပ်(စ်) ပိုးတို့၏ ဖြစ်ပေါ်ပုံ၊ အီဗော်လူးရှင်းနှင့် ဤကမ္ဘာဂြိုဟ်၏ ဂေဟစနစ်တို့နှင့် အပြန်အလှန်တုံ့ပြန်မှု စနစ်တို့သည် အတန်ငယ်ဖွဲ့စည်းပုံ၊ စကြ၀ဠာအရွယ် ရူပဗေဒတို့ ဆိုးယုတ်စွာ ခက်ခဲရှုပ်ထွေးသကဲ့သို့ ခက်ခဲ ရှုပ်ထွေးသည်။

လူတို့က တက္ကနိုလိုဂျီအကြောင်း အလွန်ဂုဏ်ယူပြောဆိုကြသည်။ ဤတက္ကနိုလိုဂျီတို့သည် သဘာဝနှင့်နှိုင်းယှဉ်ကြည့်လျှင် စာဖွဲ့လောက်သည်မဟုတ်ပေ။ အကြမ်းထည် နိုင်သည်။ ရှေး ပဝေသဏီ ဆန်သည်။ သဘာဝကို မမီပေ။ သို့ သော် တက္ကနိုလိုဂျီတို့သည် လူမဆန်စွာ အရမ်း အင်အားကြီးသည်။ ဘူလ်ဒိုဇာမြေထိုးစက်သည် သစ်တောနှင့် တွေ့သောအခါ သဘာဝကို ဖျက်ဆီးတော့သည်။ ကျေးလက်တောရွာတို့၌ ဒီဒီတီပိုးသတ်ဆေးဖြန်းသောအခါ သတ္တ၀ါပိုးမွှား အမျိုးမျိုးသေကျေကြရသည်။ နျူကလီးယားရောင်ခြည် ဖြာထွက်လာသောအခါ အသက်တို့၏ ကျိုးပဲ့လွယ်သော ယန္တရားစနစ်သည် ပဲ့ထွက်ကုန်သည်။

လူလုပ်သောသဘာဝနှင့် တွေ့သောအခါ

ဤသာဓကတို့သည် တုံးတိတိ တဲ့တိုးထိပ်တိုက်ရင်ဆိုင်မှု (blunt confratative) ဖြစ်သည်။ မြင်သာသည်။ သို့ ရာတွင် အခြားအလွန်သိမ်မွေ့သော အရာတွေ အများ ကြီးရှိသည်။ ဥပမာ- မမြင်ရသော ဓာတုပစ္စည်းအတုတို့က လူ့ခန္ဓာကိုယ်ထဲရှိ ဓာတုဗေဒ မက်ဆေ့(ခ်ျ) များ ဖြင့် ပြုလုပ်သော ဆက်သွယ်ရေးစနစ် (endocrine systems) သည် မမှန်ကန်သော မက်ဆေ့(ခ်ျ) (false message) များ ပို့တတ်ခြင်းမျိုးဖြစ်သည်။ လူသားက ဖန်တီးထားသော ဓာတုဗေဒတို့သည် လူ့ခန္ဓာကိုယ်ထဲတွင် စုဆောင်းမိလာကာ နောက်ဆုံး၌ ကင်ဆာ၊ မွေးစဉ်ပါ ချို့ယွင်းချက်များ နှင့် အခြားပြဿနာတို့ကို ဖြစ်ပေါ်စေတော့သည်။

သဘာဝကလည်း လိမ္မာပါးနပ်လာသည်။ နှစ်ပေါင်းဘီလီယံချီပြီး အီဗော်လူးရှင်းကို ဖြတ်သန်းခဲ့ရသဖြင့်၊ တစ်နည်းပြောရလျှင် စမ်းသပ်လိုက်၊ မှားလိုက်၊ ဖြစ်လိုက် (trial and error) ဖြစ်စဉ်ကို ဖြတ်သန်းခဲ့ရသဖြင့် သဘာဝသည် ကိယ့်သဘာဝမှ ကာကွယ်ရန်နားလည်သော်လည်း သဘာဝသည် လူလုပ်လက်ရာ (artificial work of man) မှ ကာကွယ်ရန်ကိုမူ မလေ့လာမိ သေးပေ။ တက္ကနိုလိုဂျီနှင့်သဘာဝ တွေ့မိသောအခါ အချို့သော သဘာဝသွင်ပြင်လက္ခဏာ တို့သည် သိသာထင်ရှားစွာ ဘေးအန္တရာယ်နှင့် နီးစပ်သွားရခြင်းဖြစ်သည်။

ပရက်ရှာကွတ်ကာနှင့် ဒုစရိုက်အသစ်

ကမ္ဘာကြီးတွင် အပြောင်းအလဲသိပ်များ သည်။ သိပ်မြန်သည်။ သိပ်စူးရှသည်။ ထို့ကြောင့် လူတို့သည် ပရက်ရှာကွတ်ပေါင်းအိုးထဲထည့် ပေါင်းခံနေရသလိုဖြစ်လာသည်။ စူးစူးရှရှအပြောင်း အလဲ လူဦးရေထူထပ်လာမှု ၊ ကွန်ရက်နှင့်မီဒီယာတို့၏ ဘဲင်အကျယ် တစ်ဖက်စွန်းရောက်အောင် ကျယ်ပြန့်လာမှု တို့နှင့် ကမ္ဘာဂြိုဟ်ကြီးသည်လည်း ပရက်ရှာကွတ်ကာပေါင်းအိုးထဲ ထည့်ပေါင်းခံရ သလို ဖြစ်လာသည်။

အကျိုးသက်ရောက်မှု ကား ၀မ်းနည်းစရာကောင်းသည်။ လူတို့သည် မိမိတို့ဘ၀ ရှင်သန် ရေးအတွက်း လိုအပ်သော ရင်းမြစ်အင်အားစုတို့ကို အတော်များများ ဖြုန်းမိသည်။ ထို့ကြောင့် ဆက်လက်အသက်ရှင်သန်ရေးအတွက် ရှေ့ဆက်ပြီး ရင်းမြစ်အင်အားစုတွေ ရနိုင်၊ မရနိုင် ပြဿနာပေးသည်။ ကပ်ဘေးအန္တရာယ်တို့ကို နှစ်မျိုးခွဲကြည့်သည်။ ပထ၀ီနယ်နိမိတ်အကန့် အသတ်နှင့်ဖြစ်သောကပ်ဘေးနှင့် ပထ၀ီနယ်နိမိတ်မရှိသော ကပ်ဘေးတို့ဟူ၍ ဖြစ်သည်။ ယခု ဂရိအလွမ်းဇာတ်လမ်းတို့အတိုင်း ကပြခဲ့သဖြင့် ပထ၀ီနယ်နိမိတ်မရှိသော ကပ်ဘေးတွေ များများ စားစားပေါ်လာပြီ။ အကုသိုလ် ဒုစရိုက်အမျိုးအစား အသစ် (newclass of sins) တို့လည်း ပေါ်လာပြီ။ မျိုးသတ္တ၀ါတို့ကို မျိုးတုံးစေခြင်း၊ ဂေါ့(ဒ်)က ဖန်တီးပေးထားသော ဇိဝမျိုးစုံမှု ကို ဖျက်ဆီးပစ်ခြင်းက၊ ရာသီဥတုကို ဆိုးဝါးအောင် ပြောင်းလဲပစ်လိုက်ခြင်းဖြင့်လည်းကောင်း၊ သစ်တောတို့ကို ဖြုန်းတီးခြင်းဖြင့်လည်းကောင်း၊ အခြားဆိုးဝါးမှု တို့ကို ပြုခြင်းဖြင့်လည်းကောင်း ဤကမ္ဘာပထ၀ီမြေကြီး၏ သမာဓိဂုဏ်သည် ပျက်ပြားလာတောသည်။ ဤအပြုအမူတို့သည် အကုသိုလ်ဒုစရိုက်အသစ်တွေ ဖြစ်ကြန်ကုန်သည်။

ထို့ကြောင့် ၂၁ ရာစုနှစ်၏ အဓိကစိန်ခေါ်မှု ကြီးသည် လှပသော အထီးကျန်လိုဖြစ်လာ သော ဤဂြိုဟ်ကြီးအား၊ ကောင်းမွန်စွာ စီမံခန့်ခွဲရေး ဖြစ်လာသည်။ သို့ သော် လူသားလောကသည် သဘာဝ၏ ခက်ခဲရှုပ်ထွေးမှု နှင့် ကျိုးလွယ်ပဲ့လွယ်နိုင်မှု တို့ကို လျှော့တွက်နေသည်။ ထို့အပြင် လူသား၏ ကြီးစိုးမှု (human supremacy) နှင့်ပတ်သက်၍ ခမ်းခမ်းနားနား အယူလွဲမှားနေသည်။ လူတို့၏ ဤသို့ အယူလွဲမှားကြီး (misconception) ခြောက်ပါးရှိသည်။

အယူလွဲခြောက်ပါး

လူသားတို့၏ လူသားကြီးစိုးမှု နှင့်ပတ်သက်၍ အထင်အမြင်နားလည်မှု လွဲမှားမှု ခြောက်ပါး သည် အောက်ပါအတိုင်းဖြစ်သည်။

(၁) သဘာဝ၏ ရင်းမြစ်အင်အားစုတို့သည် အကန့်အသတ်မရှိ ပေါကြွယ်ဝသည် ဟူ၍ လူတွေက ယုံကြည်နေသည်။ ဤလို ယုံကြည်ခြင်းသည် မှားသည်။ ၂၀ ရာစုနှစ် အကုန်အထိ ဤအတိုင်းယုံကြည်ခဲ့လေရာ၊ ၂၁ ရာစုနှစ်ထဲရောက်သည်နှင့် ဤ ကမ္ဘာပထ၀ီမြေကြီးသည် အကန့်အသတ်နဲ့ပါကလားဟု မြင်လာပြီ။ ထိုသို့ မြင်လာ ချိန်၌ ကမ္ဘာပထ၀ီမြေကြီးက အတော်ပျက်စီးနေပြီ။

(၂) သဘာဝသည် ညစ်ညမ်းမှု မှန်သမျှကို အကန့်အသတ်မရှိ စုပ်ယူနိုင်သည် ဟူ၍ လူတွေယုံကြည်ကြသည်။ ကမ္ဘာညစ်ညမ်းမှု မှန်သမျှကို ပင်လယ်သမုဒ္ဒရာတို့က စုပ်ယူနိုင်သည်။ မြစ်ချောင်း အင်းအိုင်တို့က စုပ်ယူနိုင်သည်။ လေကစုပ်ယူနိုင်သည် ဟု ယုံကြည်ကြသည်။ အလွန်လှပသော ပင်လယ်၊ သမုဒ္ဒရာတွေ ညစ်ထေးလာမှ အိုဇုန်းလွှာပေါက်ပြဲမှ၊ ၀င်ရိုးစွန်း ရေခဲတောင်တွေ အရည်ပျော်ကျမှ၊ လေထု၊ ရေထု အတော်ပျက်စီးနေပါကလားဟု တုန်လှုပ်ခြောက်ခြားစွာ မြင်လာကြသည်။ သဘာဝ ၌ ညစ်ညမ်းမှု တို့ကို စုပ်ယူနိုင်သောနည်းကား အကန့်အသတ်နှင့်သာရှိကြောင်း သဘောပေါက်စ ပြုလာကြသည်။

(၃) သဘာဝ၏ မျိုးစိတ် (nature’s species) တို့ကို ဖျက်ဆီးပစ်နိုင်ရန် မမျှော်လင့်ခဲ့ပေ။ သို့ သော် သဘာဝမျိုးစိတ်တို့ကို အမှတ်မထင် မတော်တဆ လူတို့ကဖျက်ဆီးခဲ့ရ သည်။ မရည်ရွယ်ဘဲနှင့် ဖျက်ဆီးခဲ့ရသဖြင့် မျိုးစုံရှိသော ဂေဟစနစ်သည် မျိုးမစုံ နိုင်တော့ပေ။ မျိုးရိုးဇာတိအမှန် သတ္တ၀ါများ အစား ဧည့်သည်မျိုး (nonnative species) တို့က တွန်းတွန်းတိုက်တိုက်စိုးမိုးလာသည်။ ဤဧည့်သည်မျိုးတို့က ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးတို့ကို ခံနိုင်ရည်ရှိနေသည်။ ပြီးနေသည်။

(၄) လူတို့က မိမိတို့ခန္ဓာကိုယ်တို့သည် မိမိတို့ထုတ်လုပ်သော ပစ္စည်းကို ဘေး အန္တရာယ်တို့မှ ကာကွယ်နိုင်စွမ်းရှိသည် ခုခံစွမ်းအားရှိသည် ဟု ယုံကြည်ကြသည်။ လူသား၏ မျိုးပွားနိုင်သော သုတ်ပိုး (sperm) အရေအတွက်သည် လွန်ခဲ့သော ၂၅ နှစ်မှစပြီး လေးလေးနက်နက်ကျဆင်းလာသည်။ သုတ်ပိုးအတော်များများ သည် ပျက်စီးကုန်သည်။ လူလုပ်ဓာတုဗေဒတို့လည်း သတ္တ၀ါအများ စု၏ ခန္ဓာကိုယ်ထဲ ရောက်ရှိနေကြလေရာ ဓာတုဗေးဖြင့် အချက်ပြဆက်သွယ်သော လူ့ခန္ဓာကိုယ် အတွင်း endocrine system သည်လည်း ဖရိုဖရဲဖြစ်ရပြီ။ လူလုပ်ဓာတုဗေဒတို့ ကြောင့် လူ့ခန္ဓာကိုယ်တွင်း၏ သဘာဝဓာတုဗေဒစနစ်များ အနှောင့်အယှက် ဖြစ်လာရပြီ။

(၅) သဘာဝက ပြုလုပ်သော အရာမှန်သမျှကို တက္ကနိုလိုဂျီတို့က အစားထိုးနိုင်သည် ဟု လူတွေထင်ကြသည်။ သဘာဝ၏ မြေအနေအထား၊ မြေဆီလွှာ၊ မြေသြဇာတို့၏ အကြောင်းသည် အလွန်ထူးထူးကဲကဲ ခက်ခဲရှုပ်ထွေးလှပုံတို့ကို လူတွေနားလည် ရန် ပျက်ကွက်ကြသည်။ ယခု မျိုးဗီဇကို တက္ကနိုလိုဂျီဖြင့် မွမ်းမံပြင်ဆင်လာသော ကြောင့် အီဗော်လူးရှင်း၏ အခြေခံမူကြီးလည်း ပြောင်းလဲသွားသည်။ မူလ မူကြီး သည် ‘အင်အားကြီးသူ ရှင်သန်ရေး’ (survival of the fittest) ဖြစ်သည်။ ယခု အမြတ်အများ ဆုံးရှာနိုင်သူ အသက်ရှင်သန်ရေး (survival of most profitable) ဖြစ်လာသည်။

တက္ကနိုလိုဂျီဖွံ့ဖြိုးတိုးတက်ရေးသည် လူသား၏ အနာဂတ်အတွက် လိုအပ်သည်။ သို့ သော် သဘာဝ၏ နက်ရှိုင်းသော ခက်ခဲရှုပ်ထွေးမှု (deep complexity of nature) ကို လေးစားသမှု ပြုရင်း တက္ကနိုလိုဂျီတို့ကို သုံးစွဲနိုင်သည်။ နှစ်ပေါင်း ဘီလီယံချီ၍ ဖြစ်ပေါ်ခဲ့သော အတွေးအမြင် (wisdom) ကို တက္ကနိုလိုဂျီကြောင့် ရရှိသော လိမ္မာပါးနပ်မှု (cleverness) နှင့်အစားထိုးရန် မကြိုးပမ်းသင့်။ တက္ကနိုလိုဂျီနှင့် သဘာဝတို့ကို အတွေးအခေါ်ရှိရှိ မဟာမိတ်ဖြစ်ရန် ကြိုးပမ်းသင့် သည်။

(၆) လူတို့က လူ့အဖွဲ့အစည်းကို ခပ်လွယ်လွယ် နည်းလမ်းတို့ဖြင့် စီမံခန့်ခွဲနိုင်ခဲ့သည် ဟု ထင်ကြသည်။ could manage society in simplistic ways ဟု ထင်ခဲ့ကြသည်။

အာဏာရှင်အစိုးရတို့သည် လူ့အဖွဲ့အစည်းတို့ကို အရိုင်းထည် အကြမ်းထည် အုပ်ချုပ်ခဲ့ကြသည်။ လူ့သမိုင်းသည် အာဏာရှင်များ ၊ ရှင်ဘုရင်းများ ၏ ဗြူရိုကရက် တို့၏ အကြောင်းတို့ဖြစ်ခဲ့လေရာ၊ သူတို့သည် သူတို့လူ့အဖွဲ့အစည်းကို ဘယ်လို အုပ်ချုပ်ရမှန်း မသိခဲ့ကြပေ။ ယခု စီမံအုပ်ချုပ်စနစ်ကောင်းကောင်းကို နားလည် လာကြပြီ။

၂၁ ရာစုနှစ်အတွက် အကြီးမားဆုံးတွေ့ရမည့် ပြဿနာသည် တက္ကနိုလိုဂျီအပေါ် ထားရှိသော သဘောထားအမြင်ပင် ဖြစ်သည်။ တက္ကနိုလိဂျီ ဆန့်ကျင်ရေးအမြင် မရှိစေကာမူ၊ သဘာဝကို လေးစားသောအမြင်ရှိရန်ကား လိုသည်။

၂၁ ရာစုနှစ်၏ အနက်အဓိပ္ပာယ်ကို ရှင်းလင်းဖော်ပြသည့် ကျမ်းရှင်ဂျိမ်းမာတင်က ဆိုခဲ့ပါ လူတို့၏ နားလည်မှု လွဲမှားခြင်း ၆ ပါးကို မီးမောင်းထိုးပြ၍ ၂၁ ရာစုမျိုးဆက်တို့က ဤသို့ လွဲမှားသော အယူအဆတို့ကို ကျော်လွှားနိုင်ရန် သတိပေးသည်။

၂၁ ရာစုနှစ်၌ ဖြစ်ဖွယ်စစ် ဘယ်မှာ မွေးမလဲ

၂၁ ရာစုနှစ်ကို တစ်ဖက်စွန်းရောက်ခြင်းတွေ ပေါများ မည့် ရာစုနှစ် (century of extremes) ဟု ကျမ်းပြုဆရာဂျိမ်းမာတင်က သတ်မှတ်ထားသည်။ ဤအစွန်းရောက်မှု တို့ကို ဥပမာ တစ်ခုအနေဖြင့် ပြရလျှင်၊ စက်ဉာဏ် (ကွန်ပျူတာ) က လူ့ဉာဏ်ထက် အဆပေါင်း ထရီလီယံချီ၍ သာလွန်ထက်မြက်နေခြင်းကို ပြနိုင်သည်။ စက်ဉာဏ်က လူ့ဉာဏ်၏ ကြီးစိုးမှု ကို ဖယ်ရှားပစ်လိုက် ပြီ (overthrow of supremacy of human intelligence) ဟု ခေါ်သည်။

မြေထုကျောက်တုံးပြိုသလို

လူသားသည် တက္ကနိုလိုဂျီနှင့် သိပ္ပံပညာရှင်၏ အကူအညီဖြင့် ဇီဝဗေဒကို ကျော်ဖြတ်နေ သည်။ လူသားကို မွန်းမံပြင်ဆင်သည်။ အရည်အသွေးမြင့်အောင် ပြုလုပ်သည်။ သတ္တ၀ါအတုတွေ ဖန်တီးသည်။ လူသားအင်္ဂါအစိတ်အပိုင်းအတုတွေ ဖန်တီးသည်။ ယင်းကို ဇီဝဗေဒကို ကျော်ဖြတ် ခြင်းဟူ၍ လည်းကောင်း၊ လူသားကို ကျော်ဖြတ်ခြင်း (transhumanism) ဟူ၍ လည်းကောင်း ခေါ်သည်။

တက္ကနိုလိုဂျီဖွံ့ဖြိုးတိုးတက်မှု သည် ရိုးရိုးသာမန်မဟုတ်၊ တောင်ပေါ်မှ မြေထု၊ ရေခဲထု၊ ကျောက်တုံးတွေပြိုကျသလို တစ်ဟုန်ထိုးဖြစ်သည်။ Avalaneshe of technology ဟု ခေါ်သည်။ ဤတက္ကနိုလိုဂျီတို့ထဲတွင် တစ်ဖက်စွန်းရောက်လက်နက်တွေ ထုတ်လုပ်မှု လည်း ပါဝင်သည်။

ဇာတ်ကောင်သစ်နှင့်ကမ္ဘာစစ်

တစ်ဖက်စွန်းရောက်လက်နက် (exteme weapon) တို့ ဆိုသည်မှာ လူတွေကို အစုလိုက် အပြုံလိုက် သေစေနိုင်သော နျူကလီးယားလက်နက်တို့နှင့် ဇီဝလက်နက် (nuclear and biological weapons) တို့ကို အဓိကရည်ညွှန်းသည်။ တက္ကနိုလိုဂျီ အံ့ဖွယ်တိုးတက်မှု ထဲတွင် နျူကလီးယားလက်နက်နှင့် ဇီဝလက်နက်များ ထုတ်လုပ်နိုင်မှု လည်း ပါဝင်လာရာ၊ အကယ်၍ အနာဂတ် ကမ္ဘာ့စစ်ကြီးတစ်ခု၌ ဤလက်နက်တို့ဖြင့် သုံးစွဲတိုက်ခိုက်ကြလျှင်၊ ဘယ်လောက် ကြောက်စရာကောင်းမလဲဟု တွေးတောစရာရှိသည်။ လူ့ယဉ်ကျေးမှု တစ်ခုလုံး ပျက်စီးနိုင်သည်ဟု ဟောကိန်းထုတ်သည်။

၂၁ ရာစုနှစ်ဆိုင်ရာ ပညာရှင်က ဤသို့ ခြုံပြီး မတွေးပေ။ လက်နက်တို့က တစ်ဖက်စွန်း ရောက်သလို၊ ဘာသာရေး တစ်ဖက်စွန်းရောက်တို့ကလည်း ပေါ်လာမည်။ ဤဘာသာရေး တစ်ဖက်စွန်းရောက်သူတို့က အကြမ်းဖက်တိုက်ခိုက်မှု တွေ ပြုမည်။ သူတို့သည် နိုင်ငံအစိုးရတွေ မဟုတ်ဘဲ၊ အစိုးရတို့နှင့်မပတ်သက်သော ဇာတ်ကောင်တွေဖြစ်မည်။ Non-state actors တွေဟု ခေါ်သည်။

အစိုးရလက်ထဲ နျူကလီးယားလက်နက်နှင့် ဇီဝလက်နက်တွေရောက်ရှိပြီး၊ နိုင်ငံအစိုးရချင်း တိုက်ကြကာ နျူကလီးယားစစ်ပွဲမျိုး ဖြစ်ပေါ်စရာအကြောင်း သိပ်မရှိ၊ ဖြစ်ပေါ်မည့်ပုံသည် အထက်ဖော်ပြပါ ဘာသာရေးအယူသီး အစွန်းရောက် အကြမ်းဖက်သမားတို့လက်ထဲ နျူ ကလီးယားလက်နက်နှင့် ဇီဝလက်နက်တွေ ရောက်ရှိသွားပြီး ဤလက်နက်တို့ဖြင့် တိုက်ခိုက်သော ပုံသဏ္ဍာန်ဖြစ်သည်။

နှစ်မျိုး

အစိုးရမဟုတ်သော ဇာတ်ကောင် (non-state actors) တို့က နျူကလီးယားနှင့် ဇီဝ လက်နက်တို့ဖြင့် ဆင်နွှဲသောစစ်ပွဲသည်၊ ၂၁ ရာစုနှစ်၌ အတော်စိုးရိမ်ပူပန်စရာကောင်းသော ပြဿနာဖြစ်မည်။ အစွန်းရောက်လက်နက်တို့ကို အစွန်းရောက်အကြမ်းဖက်သမားတို့က အသုံး ပြု၍ ဆင်နွှဲသောစစ်ပွဲကို၊ ၂၁ ရာစုနှစ်၏ မီဂါစိန်ခေါ်မှု ကြီးတို့ထဲမှ တစ်ပါးအဖြစ်သုံးသပ်သည်။

သို့ဖြင့် အကြမ်းဖက်သမားတို့ကို အနာဂတ်အတွက် နှစ်မျိုးခွဲသည်။ နျူကလီးယား အကြမ်းဖက်သမားနှင့် ဇီဝအကြမ်းဖက်သမားတို့ဟူ၍ ဖြစ်သည်။ နျူကလီးယားနှင့် ဇီဝဗေဒ အကြမ်းဖက်သမားတို့သည် မိမိတို့နိုင်ငံတွင်း၌ လက်နက်တို့ကို အသုံးပြုတိုက်ခိုက်မည်မဟုတ်။ အခြားနိုင်ငံတို့တွင် အသုံးပြုတိုက်ခိုက်မည်ဖြစ်သည်။

တောင်မရောက် မြောက်မရောက်

ဤတွင် မေးခွန်းတစ်ပုဒ်မေးစရာပေါ်သည်။ မည်သည့်နိုင်ငံတို့တွင် အကြမ်းဖက်သမား တို့က တိုက်ခိုက်မည်နည်း။ ဤမေးခွန်းနှင့်ပတ်သက်၍ ဂျိမ်းမာတင်က (၁) လွတ်လပ်မှု မရှိသော အာဏာရှင်နိုင်ငံတို့တွင် အကြမ်းဖက်တိုက်ခိုက်မှု အန္တရာယ် နည်းမည်။ ထိုနည်းတူစွာ (၂) နိုင်ငံရေး လွတ်လပ်ခွင့် မြင့်မားသော နိုင်ငံတို့တွင် အကြမ်းဖက်တိုက်ခိုက်မှု အန္တရာယ်နည်းမည်။ သို့ သော် (၃) အကြမ်းဖက်တိုက်ခိုက်မှု များ မည့်နိုင်ငံတို့မှာ တောင်မရောက်၊ မြောက်မရောက်နိုင်ငံတို့တွင် ဖြစ်မည်။ တစ်နည်းပြောလျှင် အာဏာရှင်စနစ်မှ ဒီမိုကရေစီသို့ အသွင်းကူးပြောင်းနေသောနိုင်ငံ တွင် အကြမ်းဖက်မှု အန္တရာယ် ပိုများ မည်။ ဤကောက်ချက်ကို ဂျွန်အက်ဖ်ကနေဒီအစိုးရပညာ တက္ကသိုလ်မှ ပါမောက္ခ အာဘာဒီက အထောက်အထားတို့ဖြင့် ထောက်ခံသည်။ ဤကောက်ချက် သည် ဆင်းရဲတွင်းနက်သောနိုင်ငံတို့၌ အကြမ်းဖက်မှု ကို မွေးထုတ်သည်ဆိုသော ယူဆချက်ကို ငြင်းပယ်လိုက်ရာရောက်မည်။ မည်သို့ ပင်ဖြစ်စေ၊ အကြမ်းဖက်ဝါဒကလည်း ၂၁ ရာစုနှစ်၏ အနက် အဓိပ္ပာယ်ကို ဖော်ဆောင်ပေးနေသည်။

*****
ရော့ခ်ဝါဒ-ပို့စ်မော်ဒန်ဝါဒနှင့် ဆားပုလင်းတက္ကနိုလိုဂျီတို့ ဆုံမိနေခြင်း

ကမ္ဘာ့ရေးရာတို့တွင် အိုင်ဒီအိုလိုဂျီ၏ နိဂုံး (end of ideology) ဆိုပြီး ပြောဆိုခဲ့သည်။ ဖက်ဆစ်ဝါဒနှင့်ကွန်မြူနစ်ဝါဒတို့ ကျဆုံးပြီးသည့်နောက် အရင်းရှင်စနစ် အိုင်ဒီအိုလိုဂျီကို လည်းကောင်း၊ ဒီမိုကရေစီကကိုလည်းကောင်း အစားထိုးစရာ အိုင်ဒီအိုလိုဂျီအသစ်တွေ ပေါ်ပေါက် လာစရာအကြောင်းမရှိဟု ယူဆခဲ့ကြသည်။ သို့ ဖြင့် အိုင်ဒီအိုလိုဂျီ နိဂုံးချုပ်ပြီဟု ဆိုသည်။

ဤနေရာတွင် အိုင်ဒီအိုလိုဂျီကို နှစ်မျိုးခွဲကြည့်သည်။ ပထမတစ်မျိုးသည် ကမ္ဘာလုံးဆိုင် သော လောကအလုံးစုံဆိုင်သော မူကြီးတို့ကို စိတ်ကူးဖြင့် ဖော်ထုတ်ကြည့်သော အိုင်ဒီအိုလိုဂျီ ဖြစ်သည်။ Grand universal utopia များ ဟု ခေါ်သည်။ ဒုတိယအမျိုးအစားသည် အရင်းရှင်စနစ် အကျိုးကို မြှင့်တင်ရန်အတွက်ဖြစ်စေ၊ အရင်းရှင်စနစ်ကို ဝေဖန်ပြပြိး ကောင်းရာတို့ဘက် မွမ်းမံ ပြင်ဆင်နိုင်ရန်အတွက်ဖြစ်စေ တင်ပြသောအိုင်ဒီအိုလိုဂျီတို့ ဖြစ်ကြသည်။

ဤကိစ္စနှင့်ပတ်သက်၍ မကြာသေးမီက အိုင်ဒီအိုလိုဂျီနှစ်ပါး ပေါ်သည်။ ရေပန်းလည်း စားသည်။ ပထမအိုင်ဒီအိုလိုဂျီသည် ပို့စ်မော်ဒန်ဝါဒ (Post-modernism) ဖြစ်သည်။ ဒုတိယအိုင်ဒီအိုလိုဂျီသည် ရှော့ခ်ဒေသနာ (shock doctrine) ဖြစ်သည်။ ပို့စ်မော်ဒန်ဝါဒသည် အနုပညာ လောကနှင့် ဗိသုကာလောကတွင်စတင်ပေါ်ပေါက်ခဲ့သော်လည်း ယခုအခါ နယ်ကျယ်သွားပြီး နိုင်ငံရေး၊ စီးပွားရေး၊ လူမှု ရေးနယ်တို့အထိ တိုးချဲ့ခေတ်စားလာသည်။

ရှော့ခ်ဒေသနာသည် လွတ်လပ်သောဈေးကွက်သမားတို့က တီထွင်သောဝါဒဖြစ်သည်။ ချီကာဂိုတက္ကသိုလ်မှ စတင်ပေါက်ဖွားလာသည့်အတွက်လည်း ချီကာဂိုဏ်းဟုခေါ်သည်။ ဤဂိုဏ်းက လွတ်လပ်သော ဈေးကွက်စီးပွားရေးသဘောတရားကို ကမ္ဘာအနှံ့ ရှော့ခ်ရိုက်ပြီး မိတ်ဆက်သွတ်သွင်းချဲ့ထွင်ပေးရမည်ဟု ဟောသည်။ ရှော့ခ်ကုထုံးဟု မူလက ပြောသော်လည်း ယခုအခါ ဒေသနာဝါဒကြီးတစ်ခုလို အသုံးပြုလာကြသည်။ စီးပွားရေး၌ သာ ရှော့ခ်ရိုက်ဖို့မဟုတ်။ နိုင်ငံရေး၊ လူမှု ရေးပြဿနာတို့ကိုလည်း ရှော့ခ်ရိုက်ကုသရန် ပြောလာသည်။ ဓာတ်ကြမ်းတိုက်ချင်ပုံ ရသည်။

ပဓာနအနှစ်သာရ ဆန့်ကျင်

ပို့စ်မော်ဒန်ဝါဒနှင့် ရှော့ခ်ဝါဒနှစ်ပါး ရေပန်းစားလာချိန်၌ တက္ကနိုလိုဂျီ (surveillance technology) အရမ်းထွန်းကားလာသည်။ ဤတက္ကနိုလိုဂျီတို့ကြောင့် လူ့အဖွဲ့အစည်းသည် ‘ဆာပုလင်း လူ့အဖွဲ့အစည်း’ ဖြစ်လာရပြီ။ လမ်းမတို့တွင်ကင်မရာတပ်၊ လေယာဉ်ကွင်း ကုန်တိုက်ကြီးတို့တွင် ကင်မရာတပ်၊ နေရာတကာကင်မရာနှင့် စောင့်ကြည့်ကိရိယာတွေတပ်ပြီး လူတို့ကို စောင့်ကြည့်သည်။ ဤလက္ခဏာကို ဆားပုလင်းလူ့အဖွဲ့အစည်းဟု အကဲဖြတ် ပြောဆို သည်။

ဆားပုလင်းတက္ကနိုလိုဂျီနှင့် ဆားပုလင်းလူ့အဖွဲ့အစည်းတို့ အရှိန်အဟုန်ပြင်းပြင်းနှင့် ပို့စ် မော်ဒန် (မော်ဒန်လွန်ဝါဒ) တို့က အိုင်ဒီအိုလိုဂျီအဖြစ် ပေါ်လာခြင်း ဖြစ်သည်။ ဤနေရာ၌ ထူးခြား ချက်တစ်ချက်ရှိသည်။ ၎င်းမှာ ပို့စ်မော်ဒန်ဝါဒက ၎င်းကို အိုင်ဒီအိုလိုဂျီအဖြစ် သတ်မှတ်ခြင်းကို ကန့်ကွက်ဆန့်ကျင်သောအချက်ဖြစ်သည်။ အကြောင်းမူ ပို့စ်မော်ဒန်ဝါဒသည် ပဓာနရှိမှု ကို ဆန့်ကျင်သောကြောင့် ဖြစ်သည်။ အရာတိုင်း၌ မွေးရာပါပဓာနအနှစ်သာရ (essence) (သို့ မဟုတ်) အခြေခံသဘာဝတစ်ရပ် ရှိသည်ဆိုသောအချက်ကို ပို့စ်မော်ဒန်ဝါဒက ဆန့်ကျင်သည်။

ပဓာန၀ါဒ (essentialism) ကို ပို့စ်မော်ဒန်ဝါဒ ဆန့်ကျင်ရသည်မှာ သဘာဝကျခြင်းထက် ယဉ်ကျေးမှု အရဖြစ်ခြင်းကို ပို၍ အလေးပေးသောကြောင့် ဖြစ်သည်။ နက်နက်နဲနဲထက် အပေါ်ယံ အရဖြစ်ခြင်းကို ပို၍ အလေးပေးသောကြောင့် ဖြစ်သည်။

တစ်ပုံတည်း တူညီခြင်းထက် ခြားနားခြင်း (difference over sameness) ကို ပို၍ အလေး ပေးသာကြောင့်ဖြစ်သည်။ ပို့စ်မော်ဒန်ဝါဒ အယူအရ အရာရာသည် ပြောင်းလဲနေသည်။ စိတ်ဖြာခံရ သည်။ Fragmentation ကြောင့် နဂိုနေရာ၌ မရှိပြီ။

ဥပမာ ‘လူထုတစ်ရပ်လုံး’ ဆိုသောစကားကို ပို့စ်မော်ဒန်ဝါဒက ပယ်ချသည်။ အဘယ် ကြောင့်ဆိုသော် အကြောင်းအမျိုးမျိုးကြောင့် လူထုသည် စိတ်ဖြာကွဲပြားလာသောကြောင့်ဖြစ် သည်။ လူထုသည် မူလနေရာ၌ မရှိပြီ။ ကွဲနေသည်။ ဤအချက်က ဘာပြသနည်းဆိုသော် လက္ခဏာတိုင်း၌ အနက်မျိုးစုံရှိလာခြင်း (multiplying meanings) ကို ပြသည်။ တစ်ခုတည်း အနက်စွဲ၍ မပြီး။ လူတို့သည် ရေးရာအရပ်ရပ်ကို ဘာသာစကားအသုံးပြု၍ ပုံပြင်ဇာတ်လမ်းတွေ ပြောကြသည်။ ဤသို့ ပုံပြင်ဇာတ်လမ်းတို့ထဲ၌ စစ်ဆေးသုံးသပ်ကြည့်လာကြသည်။ Metana-rratives တို့လည်း ပါဝင်သည်။ ရုပ်လွန်ပုံပြင်၊ ပုံပြင်လွန်တို့ကို ဆိုလိုသည်။

ဖြစ်ရပ်ကို ပုံလောင်းနိုင်၊ မနိုင်

ဤပုံပြင်ကြီးတို့သည် ခံ့ညားလွန်းသော မဟာပုံပြင်တို့ဖြစ်ကြသည်။ ကမ္ဘာလုံးချီပြီး မှန်ကန် သည်။ လောကအလုံးစုံ မှန်ကန်သည်။ လုံးလုံးလျားလျား ခိုင်ခန့်သောအဖြေ၊ အလုံးစုံငုံမိသော အဖြေ (total and all embracing answers) တို့ကို ပေးစွမ်းနိုင်သည်ဟု ပြောပြကြသည်။ ပို့စ်မော်ဒန်ဝါဒသည် ဤလိုကြီးကျယ်သော ပုံပြင်ကို မီကာပုံပြင်တို့ကို မယုံကြည်ပေ။ ဝေဖန်တိုက် ခိုက်သည်။ ပုံပြင်ကို မီကာပုံပြင်နှင့် မက္ကရိုပုံပြင်ဟူ၍ နှစ်မျိုးခွဲသည်။ ပို့စ်မော်ဒန်ဝါဒက မက္ကရိုပုံပြင် တို့ကို ပိုပြီးအရေးစိုက်သည်။

ပို့စ်မော်ဒန်ဝါဒက ယခုလက်ရှိ ရောက်နေသောကာလကို ပို့စ်မော်ဒန်ကာလဟု အကဲဖြတ် သည်။ မော်ဒန်ကာလကို ဖြတ်ကျော်နေပြီဟု ဆိုသည်။ ဤနေရာ၌ anomie ဆိုသောစကားရပ်ကို သုံးသည်။ ပို့စ်မော်ဒန်ခေတ်သည် မျှဝေယူထားကြသော လူ့တန်ဖိုးတွေ၊ စံချိန်စံထားတွေ အစိတ်စိတ်အမြွှာမြွှာ တစ်စစီ ဖရိုဖရဲဖြစ်နေသော ခေတ်ဟု ဆိုသည်။ အချို့က သည်လိုသုံးသပ် ချက်တွေ လက်မခံချင်ကြပေ။

ကမ္ဘာ့ရေးရာတို့၌ အထက်တွင်ဖော်ပြသော အိုင်ဒီအိုလိုဂျီတို့ ရှုထောင့်မှ ကြည့်ရှုသလို နိုင်ငံ အစိုးရတို့၌ လည်းကောင်း၊ ခေါင်းဆောင်တို့၌ လည်းကောင်း ဖြစ်ရပ်တို့ကို မိမိစိတ်ကြိုက် ပုံလောင်း နိုင်သည့်စွမ်းပကား (capacity shape events) ရှိ၊ မရှိကို ရှုထောင့်သစ်ဖြင့် ကြည့်လာကြသည်။ ကမ္ဘာ့အရေးတို့သည် အလွန်ရှုပ်ထွေးလာလေရာ ဖြစ်ရပ်တို့သည် အရှိန်အဟုန်ပြင်းထန်စွာ ဖြင့် ဖြစ်ပွားကြသည်။ များ စွာ သောဖြစ်ရပ်တို့သည် ရှော့ခ်ပုံသဏ္ဌာန်တို့ဖြင့် ပေါ်သည်။ မမျှော်လင့်ဘဲ ပေါ်သည်။ ထို့ကြောင့် ၂၁ ရာစုနှစ်ကို အငိုက်အရှိုက်များ သော ရာစုနှစ် (century full of suprises) ဟု ဆိုသည်။

ဆားပုလင်းနှင့် ဖားပြုပ်

ဆားပုလင်းတက္ကနိုလိုဂျီဆိုသည်မှာ ကင်မရာများ ကွန်ပျူတာများ ဂျီပီအက်စ်များ အစ ရှိသည့် လူအပေါင်းကို လူဆိုးထိန်း ဆားပုလင်းက စောင့်ကြည့်သလို စောင့်ကြည့်နိုင်သော ကိရိယာတို့ကို ဆိုလိုသည်။ အချို့ပညာရှင်တို့က လူ့အဖွဲ့အစည်းသည် ဆားပုလင်းလူ့အဖွဲ့အစည်း ဖြစ်လာလိမ့်မည်ဟု ထောက်ပြသည်။ ဆားပုလင်းတက္ကနိုလိုဂျီတို့ကို နိုင်ငံတိုင်းက အသုံးပြုလာကြ သောကြောင့် တိုင်းပြည်တစ်ပြည်သည် လွတ်လပ်သောနိုင်ငံဖြစ်သည် (သို့ မဟုတ်) အာဏာရှင် နိုင်ငံဖြစ်သည်ဆိုပြီး မခွဲခြားနိုင်တော့ပြီဟု ထောက်ပြသည်။ လွတ်လပ်သော နိုင်ငံနှင့် အာဏာရှင် နိုင်ငံကြား စည်းပျောက်သွားသည်။

အခြားပညာရှင်တစ်ဦးက ဆားပုလင်းတက္ကနိုလိုဂျီတွေ ထွန်းကားလာသောကြောင့် လူတို့ သည် ရေနွေးအိုးပြုတ်ခံရသော ဖားနှင့်တူလာပြီဟု နှိုင်းသည်။ အနှောင့်အယှက်ဘေးမှ အေးငြိမ်း လိုခြင်း (privacy) သည် ဆုံးရှုံးလာသည်။ သို့ သော် အိုးထဲမှဖားသည် ရေနွေးဆူလာသောအခါ အိုးထဲမှခုန်မထွက်နိုင်ဘိသကဲ့သို့ တူမည်။ ရေနွေးဆူဆူထဲ၌ ပင် နေတတ်ထိုင်တတ်အောင် ကြိုးပမ်းရသည်။ သို့ သော် ဖားပြုပ်နှင့်နှိုင်းသောပညာရှင်က အချက်တစ်ချက် သတိပေးသည်။ ပရိုက်ဗေစီဆုံးရှုံးမှု သည် သေရေးရှင်ရေးအဆင့် ရောက်လာသောအခါ၌ အပြုတ်ခံနေရသော ဖားက တစ်မျိုးစဉ်းစားလာစရာရှိသည်။

*****

အီကိုစည်ပင်ဝပြောမှု လိုက်ဖ်စတိုင်ကောင်းနှင့် ပညာသစ်

လှလည်းလှ ညီလည်းညီ

၂၁ ရာစု၏ အလားအလာတို့ကိုထည့်တွက်ရာတွင် eco-affluence အကြောင်းလည်း ပါသည်။ တော်ရုံတန်ရုံနေရာ၌ ပါဝင်သည်မဟုတ်။ ၂၁ ရာစု၏ အရေးအကြီးဆုံးသော အရေးကိစ္စ တို့ထဲတွင် တစ်ခုအဖြစ်ပါဝင်သည်။ eco-affluence ‘အီကိုစည်ပင်ဝပြောမှု ’ ဆိုသည်မှာ သဘာဝ ပတ်ဝန်းကျင်ကို မထိခိုက်စေဘဲ လူတွေစည်ပင်ဝပြောလာမှု ကို ပြောသည်။ လူတွေ စည်ပင်ဝပြော ပါ၏ ။ သို့ သော် သဘာဝပတ်ဝန်းကျင်ကို ဆိုးဝါးပျက်စီးစေသည်ဟုဆိုလျှင် ဤစည်ပင်ဝပြောမှု ကို ‘အီကိုစည်ပင်ဝပြောမှု ’ ဟု မခေါ်ဆိုနိုင်ပေ။

၂၁ ရာစု၏ အနက်အဓိပ္ပာယ်ကျမ်းကို ရေးသားပြုစုသူ ဂျိမ်းမာတင်က ‘အီကိုစည်ပင် ၀ပြောမှု ’ ကို ဤသို့ အနက်ဖွင့်ဆိုသည်။

မကြာမီတွင် ကျွန်ုပ်တို့သည် ဤကမ္ဘာဂြိုဟ်ကြီးက ပေးစွမ်းနိုင်သော နည်းလမ်းတို့အတွင်း နေထိုင်ရတော့မည်။ ဤကမ္ဘာမြေကြီးက ပေးစွမ်းနိုင်သော ရေထက်ပိုပြီး ရေတွေမသုံးနိုင်တော့ပေ။ သို့ သော် သဘာဝပတ်ဝန်းကျင်က ပေးသော ရင်းမြစ်အင်အားစုထက်ပိုမသုံးဘဲ စည်ပင်ဝပြော သော လူ့ယဉ်ကျေးမှု ကြီးတစ်ရပ်ကို ကျွန်ုပ်တို့ထူထောင်နိုင်ပါသည်။ ဤစည်ပင်ဝပြောမှု ကိုပင် eco- affluence ဟု ကျွန်ုပ်က နာမည်ပေးလိုသည်။ ဂျမ်းမာတင်၏ ဆိုလိုရင်းမှာ သဘာဝပတ်ဝန်းကျင် စနစ်ကို မဖျက်ဆီးဘဲ သဘာဝရင်းမြစ်အင်အားစု အရပ်ရပ်ကို ဉာဏ်ရှိရှိ ချွေတာသုံးစွဲရင်း၊ စည်ပင် ၀ပြောမှု ကို ထူထောင်နိုင်သော အလားအလာရှိသည်ဟု ဆိုခြင်းဖြစ်သည်။

အခန့်ညားဆုံး အရည်အသွေးရှိသည့် လိုက်ဖ်စတိုင်တွေ အမျိုးမျိုးဖြင့် ပေါ်မည်။ ဤလိုက်ဖ် စတိုင်တို့သည် သဘာဝပတ်ဝန်းကျင်စနစ်များ ဖျားနာနေမှု ကို ကုစားပေးနိုင်သည်။ သဘာဝ ပတ်ဝန်းကျင်ကို ဘေးအန္တရာယ်မပြုပေ။ အလွန်အဆင့်မြင့်ခေတ်မီလာသော စီးတီးတို့တွင်နေထိုင် ခြင်း၊ မိသားစုများ အနီးတွင် နေထိုင်ခြင်း၊ တီထွင်ဖန်တီးမှု လက်ရာတို့၏ စိတ်လှုပ်ရှားမှု တို့ကို ခံစား ခြင်း၊ ယဉ်ကျေးမှု မျိုးစုံ ရှိခြင်း၊ ခမ်းနားသော ပန်းခြံနှင့်ဖြေဖျော်မှု တို့ရရှိခြင်းစသည်ဖြင့် တင့်တယ် သည့် စီးတီး (မြို့ကြီး) တို့သည် လှလည်းလှ။ သဘာဝပတ်ဝန်းကျင်များ တို့နှင့်လည်း ညီညွတ်မည်။ Cities can be both beautiful and ecologically correct ဟု ဆိုသည်။ ဤကား အီကိုစည်ပင် ၀ပြောမှု ၏ သဘောတရားပင် ဖြစ်သည်။

သဘာဝဆီပြန်လှည့်

အီကိုစည်ပင်ဝပြောမှု သည် ဆိုခဲ့ပါရှင်းလင်းချက်အရ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှု နှင့် လူတို့၏ စည်ပင်ဝပြောလာမှု ကို လိုက်လျောညီထွေ တွဲ စပ်ပေးထားခြင်းဖြစ်သည်။ လူတို့၏ စည်ပင် ၀ပြောမှု (သို့ မဟုတ်) လိုက်ဖ်စတိုင်မျိုးစုံ ပေါများ လာမှု သည် သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေ ခြင်းကို ရည်ညွှန်းသည်။ အချို့ကား သဘာဝကိုလည်း မထိခိုက်၊ စည်ပင်ဝပြောမှု လည်းဖြစ်စေဟု ဆိုသည်မှာ သဘာဝဆီပြန်လှည့်ခိုင်းခြင်း (back to nature) လောဟု မေးခွန်းထုတ်နေသည်။

ကျမ်းရှင်ဂျိမ်းမာတင်က အီကိုစည်ပင်ဝပြောမှု သည် ရှေးခေတ်ကလို လူအပေါင်းတို့အား သဘာဝဆီပြန်လှည့်ခိုင်းခြင်းမဟုတ်ဟု ဖြေကြားသည်။ သဘာဝနှင့်ကိုက်ညီအောင်ဆိုပြီး ရှေးခေတ်လူတွေ နေနည်းထိုင်နည်းတို့အတိုင်း ပြန်နေခိုင်းခြင်းမဟုတ်။ အရည်အသွေးအမြင့်ဆုံး လိုက်ဖ်စတိုင်တို့ကို ထူထောင်ကြရင်း သဘာဝပတ်ဝန်းကျင်နှင့် အညီအညွတ်ဖြစ်စေရန်သာ တိုက်တွန်းခြင်းဖြစ်သည်။

ဂျိမ်းမာတင်က ‘ကောင်းမွန်သောလိုက်ဖ်စတိုင်’၏ အနက်အဓိပ္ပာယ်ကို ဖွင့်သည်။ ယင်းမှာ လိုက်ဖ်စတိုင်တစ်ရပ်သည် ဘာသာရေး (religion) အလှရသ (beauty) နှင့် အသိုင်းအ၀ိုင်း (community) တို့နှင့် အချိတ်အဆက်ရှိလျှင် ဤလိုက်ဖ်စတိုင်သည် လိုက်ဖ်စတိုင်ကောင်း ဖြစ်သွားသည်ဟု အနက်ဖွင့်သည်။

အနာဂတ်လူ့ယဉ်ကျေးမှု တွင် လိုက်ဖ်စတိုင်မျိုးစုံရှိမည်။ အချို့က သဘာဝကို ချစ်မြတ်နိုး ခြင်း (love of nature) ကို ပြောမည်။

အ၀ယ်လူတန်းစားအသစ်

အချို့ကအဆင့်မြင့် တက္ကနိုလိုဂျီအကြောင်းကို အဓိက အားထားမည်။ အချို့က အော်ပရာ ဇာတ်၊ ဘေ့စ်ဘော၊ ပြဇာတ်ရုံနှင့် ဂျက်စ်ဂီတအကြောင်းတို့ကို ရည်ညွှန်းမည်။ အချို့က ဇီဝမျိုးစုံ စနစ်ရှိခြင်းကို အရေးပေးမည်။ အချို့က သမုဒ္ဒရာအတွင်း ပြိုင်ပွဲတို့အကြောင်းကို ပြောချင်သည်။ အချို့က ငှက်မွေးမြူရေး၊ သစ်ခွပန်းစိုက်ပျိုးရေး၊ လေဟုန်စီးခြင်း၊ ခရစ်ကက်ကစားခြင်း၊ တောထဲ ခရီးကြမ်းထွက်ခြင်း၊ သာယာလှပသောပန်းခြံတွေထဲ လမ်းလျှောက်ခြင်း စသည့်အရာတို့တွင် ရှုးသွပ်နေကြသည်။ လူတို့သည် ဒစ်ဂျစ်တယ်တက္ကနိုလိုဂျီတွေပေါ်လာသဖြင့် အလွန်ကြွယ်ဝသော virtual reality computer games တို့ကို ကစားကြမည်။ အစစ်နှင့် ခွဲမရအောင်တူသော ကွန်ပျူတာဂိမ်းအမျိုးအစားတို့ဖြစ်ကြသည်။ ဟိုင်ဖိုင်နားကြပ်၊ အဆင့်မြင့်ကြည်လင်ပြတ်သားမှု ကိရိယာများ ပေါ်ထွန်းလာသဖြင့် လူတို့သည် ခေတ်အမီဆုံးဖျော်ဖြေမှု လုပ်ငန်းတို့ကို ကမ္ဘာ မည်သည့်နေရာသို့ မဆို ယူဆောင်သွားနိုင်ပြီ။ ဤအချက်က ညွှန်းလိုသည့်အရာမှာ ‘အ၀ယ်လူ တန်းစားအသစ်’ (a vast new buying class) တစ်ရပ် ပေါ်ထွန်းလာသောအချက် ဖြစ်သည်။ မိုးမျှော်ကုန်တိုက်၊ တာဝန်ကုန်တိုက်၊ မော်လ်ကုန်တိုက်ကြီးတွေပေါ်လာ၍ အ၀ယ်လူတန်းစား အသစ်ပေါ်လာပြီ။ သူတို့က လူဦးရေ ဘီလီယံနှင့်ချီရှိသည်။ ထို့ကြောင့် ဤဘီလီယံနှင့်ချီရှိမည့် ဤအ၀ယ် လူတန်းစားအသစ်တို့က သဘာဝပတ်ဝန်းကျင်ကို အခြေအနေဆိုးဝါးအောင် မလုပ်ဖို့ ထိန်းသိမ်းရန် လိုလာသည်။ သဘောမှာ သူတို့ကို လေထုထဲ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ မှု တ်သွင်းခြင်းမပြုစေဘဲ ဆောင်ရွက်ရန်ဖြစ်သည်။ ဤအတွက် သူတို့အတွက် သန့်ရှင်းသော စွမ်းအင်အသစ်၊ မညစ်ညမ်းသော စွမ်းအင်သုံး မော်တော်ကား အမျိုးအစားသစ်၊ ရေကိုထိထိ ရောက်ရောက် သုံးစွဲနည်း စသည်တို့ကို အရန်သင့်ရှိနေစေရန်လိုမည်။ သဘောမှာ အီကိုစည်ပင် ၀ပြောမှု (eco-affluence) ကို ကမ္ဘာတစ်ဝန်း ပိုပြီး လူကြိုက်များ လာအောင် ဆောင်ရွက်ပေးဖို့ဖြစ် သည်။

အသင်္ချေနှင့်အနတ္တ

အနာဂတ်တွင် ပညာသည် အလွန်လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်မည်။ ပညာသာကြီးထွား မည်မဟုတ်။ ဤပညာကို လက်တွေ့အသုံးချသောနည်းနာတို့လည်း အရမ်းကြီးထွားမည်။ Knowledge and techniques တို့ ပူးတွဲ ပြီး အရမ်းကြီးထွားမည်။ ပုံမှန်လုပ်ရိုးလုပ်စဉ်တို့ကို စက်တို့က ၀င်ရောက်လုပ်ဆောင်ပေးကြမည်ဖြစ်သည့်အတွက် လူတို့၌ အချိန်တွေအများ ကြီး ပိုမည်။ လူတို့သည် ထွက်ရှိလာသောအချိန်ပိုတို့ကို တီထွင်ဖန်တီးမှု လုပ်ငန်း (creativity) တို့၌ လည်းကောင်း၊ လူသားခံစားမှု လိုအပ်သော အလုပ်တို့၌ လည်းကောင်း ပို၍ ပို၍ ဖိုးကပ်စ်လုပ်လာနိုင် ကြမည်။ သဘောမှာ အီကိုစည်ပင်ဝပြောမှု ဆိုင်ရာ အသင်္ချေနှင့်အနတ္တပေါ်လာမည်။

ဆိုခဲ့ပါအတိုင်း တင်ပြခြင်းသည် ကောင်းလွန်းနေသည်။ ဤနေရာ၌ ဂျိမ်းမာတင်က Lord of The Rings ရုပ်ရှင်ကားကိုရည်ညွှန်းည်။ တိုးတက်မှု အတွက် စိတ်ကူးတို့သည် ကပ်ဘေးကြီးများ ကြောင့်လည်းကောင်း၊ တိုက်ပွဲတို့ကြောင်းလည်းကောင်း၊ ဗျူရိုကရက်တို့ကြောင့်လည်းကောင်း၊ ပိတ်ဆို့ခံရနိုင်သည်။ အာရုံပြောင်းအောင် ဆွဲဆောင်မှု တို့သည် အလွန်စူးရှလှပေရာ လူတို့သည် ယင်းတို့မှ မရုန်းထွက်နိုင်အောင် ဖြစ်တတ်သည်။ ထို့ကြောင့် ‘အီကိုစည်ပင်ဝပြောမှု ’သည် အဖျက် ဘက်နှင့် လွန်ဆွဲရမည်။ လွန်ဆွဲပွဲ၌ လူတို့က နိုင်စရာအကြောင်းရှိသည်။ အဘယ်ကြောင့်ဆိုသော် ၂၁ ရာစု၌ ဓနကို ဉာဏ်ပညာက ဖန်တီးလာသောကြောင့် ဖြစ်သည်။

*****

လူသားတို့၏ အပြစ်ခြောက်ပါးဂရိအလွမ်းဇာတ်နှင့် ဘုံပိုင်တို့၏ အလွမ်းဇာတ်

ဂေါ့ဒ်နှင့်အီကွေးရှင်း

Big Bang ဆိုသည်မှာ စကြ၀ဠာကြီးအား စတင်ပေါက်ဖွားပေးလိုက်သော ပေါက်ကွဲမှု ကြီး ကို ရည်ညွှန်းသည်။ စကြ၀ဠာ၏ အစသည် ဘစ်ဘင်ဖြစ်သည်။ ဤတွင် ဘစ်ဘင်ကို ဂေါ့ဒ်က ဖန်ဆင်းပေးလိုက်ခြင်းလော။ သို့ တည်းမဟုတ် ဤဘစ်ဘင်သည် ဂေါ့ဒ်အား ညီမျှခြင်း (equation) ထဲမှ ဖယ်ရှားပစ်ခြင်း (သို့ မဟုတ်) သဘာဝကြီးသည် ယိုယွင်းပျက်စီးလာသည်။

ထိုအခါ၌ အငြင်းထပ်ပွားကြပြန်သည်။ သဘာဝကြီး ပျက်စီးယိုယွင်းမှု သည် စကြ၀ဠာကြီး သည် နှစ်ပေါင်းဘီလီယံနှင့်ချီ၍ အီဗော်လူးရှင်းကို ဖြတ်သန်းခဲ့ရသဖြင့် ဇရာကြောင့် ဤသို့ ဖြစ်ခြင်း လော၊ သို့ တည်းမဟုတ်၊ စကတည်းက လူသားတွေမှားယွင်းခဲ့မှု ကြောင့် သဘာဝကြီးပျက်စီးလာရ ခြင်းပေလောဟူ၍ အငြင်းပွားသည်။ ယခုအခါ ပညာရှင်အားလုံးလိုလိုက နှစ်ခုစလုံးကြောင့် သဘာဝကြီး ပျက်စီးရသည်ဟု သဘောတူညီကြသည်။

လူသားတွေကြောင့်ဟုဆိုလျှင် လူသားတွေ ဘာမှားသနည်းဟု မေးစရာပေါ်လာသည်။ အမှားတွေ့လျှင် ပြင်ဆင်လို့ကော ရနိုင်ပါ၏ လောဟု၊ အဆက်မေးခွန်းမေးသည်။ ဤမေးခွန်းတို့ သည်ပင်လျှင် ၂၁ ရာစုနှစ်၏ အနက်အဓိပ္ပာယ်ကို ဖွင့်ဆိုလိမ့်မည်ဟု ၂၁ ရာစုနှစ် အနက်အဓိပ္ပာယ် ကျမ်းကိုရေးသူ ဂျိမ်းမာတင်က ထုတ်ဖော်ပြသည်။ လူတွေကြောင့် သဘာဝ ပျက်စီးလာရသည်ဟု ဆိုလျှင် လူတွေက တမင်တကာ မကောင်းသော ကြံရွယ်ချက်နှင့် ဖျက်ဆီးတာလားဟု မေးရပြန် သည်။ ဂျိမ်းမာတင်အဆိုအရ လူသားတို့သည် မကောင်းသော စေတနာဖြင့် သဘာဝကိုဖျက်ဆီး ကြသည် မဟုတ်ပေ။ မရည်ရွယ်ဘဲနှင့် အမှု မဲ့ အမှတ်မဲ့ မတောတဆ ဖျက်ဆီးမိကြခြင်းဖြစ်သည်။

မှားယွင်းစွာ နားလည်ခြင်း

ဤနေရာ၌ ဂျိမ်းမာတင်က လူသားတွေ ရှေးဟောင်းဂန္ထ၀င်အလွမ်းဇာတ်လမ်းတွေ (Greek tragedies) ထဲ မျောပါနေပုံကို ထောက်ပြသည်။ ရှေးဟောင်းဇာတ်လမ်းပဲဖြစ်ဖြစ်၊ ကာလအပေါ် အလွမ်းဇာတ်လမ်းပဲဖြစ်ဖြစ်၊ အလွမ်းဇာတ်လမ်းမှန်လျှင် အစစ်အမှန်အကဲခတ်မှားခြင်းကို အခြေခံ သည်။ Miscalcuation of reality ဟု ဆိုသည်။ အစစ်အမှန်တွေကို အတွက်အချက်မှား၍ လွမ်းရ ဆွေးရသည်။ ကြေကွဲရသည်။

ဂရိဇာတ်သဘင်တွင် သူရဲကောင်း ဟီးရိုးကို စံမတူအောင် အမွှမ်းတင်သည်။ ဘာကိုမဆို လုပ်ရဲကိုင်ရဲ၊ လုပ်နိုင် ကိုင်နိုင်သည်ဟု ပြသရာတွင် ဂေါ့ဒ်တို့၏ သတိပေးစကားကိုပင် ဂရုမစိုက် လျစ်လျှူရှုနိုင်လောက်အောင် မာနကြီးသည်အထိ ဖြစ်ပေးရသည်။ လူသားတွေကလည်း ဤသို့ ဇာတ်လမ်းတွေထဲ မိန်းမောနေကြရာ မိမိတို့၌ ဘယ်လိုအတွေးအခေါ် အမှားအယွင်းတွေရှိနေမှန်း ပင် မသိနိုင်ကြတော့ပေ။ လူတို့၌ သဘာဝနှင့်ပတ်သက်ပြီး နားလည်မှု အမှားအယွင်းခြောက်ပါး ရှိသည်။ ဤသို့ နားလည်မှု မှားယွင်းမှု ခြောက်ပါး (six kinds of misconception) ကြောင့် သဘာဝ ကြီးသည် ပျက်စီးလာရသည်။ ၎င်းခြောက်ပါးမှာ -

(၁) သဘာဝ၏ ရင်းမြစ်အင်အားစုတို့သည် အကန့်အသတ်မရှိဟု မှားယွင်းစွာ ယုံကြည် သည်။

(၂) သဘာဝသည် ညစ်ညမ်းမှု (pollution) မှန်သမျှကို စုပ်ယူသိမ်းဆည်းနိုင်သည်ဟု မှားယွင်းစွာ တွေးတောသည်။

(၃) သဘာဝ၏ မျိုးစိတ် (species) တို့ကို အမှု မဲ့အမှတ်မဲ့ ဖျက်ဆီးပစ်ကြသည်။

(၄) လူတို့က မိမိကိုယ်ခန္ဓာတို့သည် မိမိတို့က ထုတ်လုပ်သော ပစ္စည်းတို့၏ ဘေး အန္တရာယ်မှ ကာကွယ်နိုင်သည်။ ခုခံကာကွယ်နိုင်စွမ်းရှိသည်ဟု ယုံကြည်ကြသည်။

(၅) သဘာဝကပြုလုပ်ပေးသော အရာမှန်သမျှကို တက္ကနိုလိုဂျီက အစာထိုးပေးနိုင် သည်ဟု လူတို့က ယုံကြည်ကြသည်။

(၆) လူတို့က လူ့အဖွဲ့အစည်းကို ခပ်လွယ်လွယ်နည်းတို့ဖြင့် စီမံခန့်ခွဲနိုင်သည်ဟု ထင် ကြသည်။ Can Manage Society in Simplistic Ways ဟု တွင်သည်။ ဤခြောက်ပါးသော နားလည်မှု အလွဲအမှားတို့ကြောင့် ရာသီဥတုတွေ ဖောက်ပြန် လာသည်။ သဘာဝကြီး ပျက်စီးလာည်။

လိင်လမ်းချောင်လမ်းလွဲမှု များ

လူတို့သည် သဘာဝ၏ အခက်အခဲရှုပ်ထွေးမှု (complexity of nature) ကို ခပ်လွယ်လွယ် ပင် နားလည်သည်။ ယခု သူတို့ ထင်ထားသည်ထက် သဘာဝ၏ ခက်ခဲရှုပ်ထွေးမှု က ပို၍ နက်ရှိုင်း ဆန်းကျယ်ကြောင်း သိရှိလာကြသည်။ လူတို့သည် သဘာဝ၏ ဆန်းကြယ်ရှုပ်ထွေးမှု ကို နားမလည် သော်လည်း သဘာဝအတုတို့ကို ဖန်ဆင်းသည်။ Artificial nature တို့ကို ဖန်တီးသည်။ သို့ဖြင့် လူလုပ်ဓာတုဗေဒအတုတို့ကို ထုတ်လုပ်ကြသည်။ လူတို့၏ ကိုယ်ခန္ဓာများ အတွင်းသို့ လူလုပ် ဓာတု ဗေဒပစ္စည်းအမျိုးမျိုးတွေ ရောက်ရှိကုန်သည်။

လူ့ခန္ဓာကိုယ်တွင် သူ့သဘာဝနှင့်သူ ဓာတုဗေဒစနစ်ရှိသည်။ သဘာဝကိုယ်တွင်း ဓာတု ဗေဒဖွဲ့စည်းပုံတို့က အရည်အချင်းအချက်ပြပြီး သွေးလေလှုပ်ရှားလည်ပတ်နေသည်။ ယခု လူလုပ် ဓာတုဗေဒပစ္စည်းတွေ ခန္ဓာကိုယ်များ အတွင်း ရောက်ရှိလာကြသဖြင့်၊ မူလဓာတုဗေဒ၏ လှုပ်ရှားမှု စနစ်သည် အနှောင့်အယှက်တို့နှင့် ကြုံတွေ့လာရတော့သည်။ မူလခန္ဓာကိုယ်တွင်း ဓာတုဗေဒစနစ် တွေ ရှုပ်ထွေးသွားသည်။ ဖရိုဖရဲဖြစ်ကုန်သည်။

သို့ ဖြင့် ရောဂါအမျိုးမျိုးပေါ်သည့်အပြင် သဘာဝဖြစ်စဉ်တို့သည်လည်း ကမောက်ကမ ဖြစ်ကုန်သည်။ မိန်းမလျာ၊ ယောက်ျားလျာတွေ ပေါ့်လာခြင်းသည် လိင်ရှုပ်ထွေးမှု (sexual confusion) ကို ပြသည်။ ယခုလူတို့၌ သာ လိင်ရှုပ်ထွေးမှု ပေါ်သည်မဟုတ်။ တိရစ္ဆာန်တို့၌ လည်း ပေါ်လာသည်။ တိရစ္ဆာန် မိန်းမလျာ၊ ယောက်ျားလျာတွေပေါ်လာသည်။ ဖိုမနှစ်ခုစလုံးပါသော သတ္တ၀ါမျိုးတွေပေါ်လာသည်။ ဖိုမလိလမ်းလွဲမှု များ ဟု ဆိုသည်။ ဤဆန်းကြယ်မှု တို့ ဖြစ်ပေါ်ရခြင်း သည် အထက်တွင်ဖော်ပြခဲ့သော လူတို့၏ နားလည်မှု မှားယွင်းမှု ခြောက်ပါးမှ စတင်သည်ဟု ကျမ်းရှင်က ဆိုသည်။

ဘုံဘိုင်တို့၏ ကြေကွဲဖွယ်ဇာတ်လမ်း

ဂရိအလွမ်းဇာတ်လမ်းများ ပေါ်သလို common ခေါ် အားလုံးပိုင် ဘုံပိုင်အရာတို့သည် လည်း ကြေကွဲဖွယ်ဇာတ်လမ်းနှင့်တွေ့လာသည်။ Tragedies of common ဟု ခေါ်သည်။ ရွာတိုင်းတွင် နွားစားကျက်တွေရှိသည်။ ဤနွားစားကျက်တို့သည် ရွာ၏ ဘုံပိုင်ဖြစ်သည်။ အလားတူ မျိုးပင် ပင်လယ်သမုဒ္ဒရာ၊ အာကာသ၊ ငါး၊ လေထုစသည်တို့သည်လည်း ကမ္ဘာသူ ကမ္ဘာသား အားလုံး၏ ဘုံပိုင်ပစ္စည်းတွေ ဖြစ်ကြသည်။ မမြင်ရသော ဘုံပိုင်တို့လည်းရှိသည်။ အိုဇုန်းအလွှာနှင့် မြေအောက်ဘက် ရေအရင်းအမြစ်တို့ဖြစ်သည်။ သဘာဝကပေးသော ဘုံပိုင်များ ရှိသလို လူတို့ ဖန်တီးထားသော ဘုံပိုင်တို့လည်း ရှိလာသည်။ ၎င်းတို့မှာ မော်တော်ကားလမ်း၊ ရေဒီယိုလှိုင်း၊ အင်တာနက်နှင့်ဂြိုဟ်တုပတ်လမ်းကြောင်းတို့ ဖြစ်ကြသည်။

ကျေးရွာဟောင်းတို့တွင်ရှိသော ဘုံပိုင်တို့ကို စည်းမျဉ်းဖြင့် ကွပ်ကဲပြီး regulated လုပ်သလို အထက်တွင်ဖော်ပြသော ဘုံပိုင်ရင်းမြစ်အင်အားစုတို့ကိုလည်း စည်းမျဉ်းတို့ဖြင့် ကွပ်ကဲသင့်သည်။ သို့ ရာတွင် ကျေးရွာဘုံပိုင်ပစ္စည်းတို့အပေါ် ကွပ်ကဲနည်းတို့နှင့်တော့ မတူနိုင်ပေ။ မကြာသေးမီက အထိ ဤကမ္ဘာပထ၀ီမြေကြီး၏ ဘုံပိုင်ပစ္စည်းတို့ကို အမှတ်မထင်သိထားခဲ့သည်။ ဤဘုံပိုင်ရင်းမြစ် အင်အားစုတို့သည် အလွန်ကျယ်ပြန့်၍ သုံးမကုန်နိုင်အောင် ဖြစ်သည်ဟု ယူဆခဲ့ကြသည်။

လူတို့နေ့စဉ် ရှုနေသော လေထု၊ သစ်တောနှင့် သမုဒ္ဒရာတို့သည် အလွန်ကျယ်ပြန့်လှပေရာ သုံးမကုန်အောင်ကျယ်ပြန့်သည်ဟု ထင်မှတ်စရာ ဖြစ်နေသည်။ သို့ သော် ယခုတက္ကနိုလိုဂျီအသစ် တွေ ပေါ်လာသည်။ ဤတက္ကနိုလိုဂျီအသစ်တို့ဖြင့် သုံးမကုန်ဟုထင်ရသောဘုံပိုင်တို့ကို လူသား တို့က အလဟဿဖြုန်းပစ်လာကြသည်။ လူဦးရေကလည်းတိုး၊ စည်ပင်ဝပြောမှု ကလည်းတိုး၊ အမြတ်ရလိုမှု တို့ကလည်း တိုးပွားလာသောအခါ ဖျက်ဆီးနိုင်သော အင်အားကလည်း တိုးပွားလာ တော့သည်။

ယခင်ကဆိုလျှင် ဘုံပိုင်ပစ္စည်း၏ အလွမ်းဇာတ်လမ်းဆိုလျှင် ကျေးလက်ဘုံပိုင်ပစ္စည်းတို့၏ အလွမ်းဇာတ်လမ်းအဖြစ်သာ နားလည်ခဲ့ရသည်။ ယခု ဤအဆင့်ကျော်ပြီ။ ဂြိုဟ်ကမ္ဘာမြေကြီး၏ ဘုံပိုင်ပစ္စည်းတို့၏ လွမ်းခန်းဖြစ်လာသည်။ ကမ္ဘာဂြိုဟ်၏ ဘုံပိုင်ပစ္စည်းတို့ ကြေကွဲပြီ။ ဤဂြိုဟ်ကမ္ဘာ ၏ ဘုံပိုင်ပစ္စည်းတို့အရေးသည် ဂလိုဘယ်အရေး (global issue) ဖြစ်နေပြီ။ ဤဘုံပိုင်ပစ္စည်းသည် သမုဒ္ဒရာတို့ ဖြစ်ကြသည်။ ဂြိုဟ်တုမှနေ၍ ဤဂြိုဟ်ကမ္ဘာကြီးကို ငုံ့ကြည့်လျှင် ကမ္ဘာမြေကြီး၏ ၇၀ ရာခိုင်နှုန်းသည် ရေတွေဖြစ်နေကြောင်း တွေ့မြင်ရမည်။ သမုဒ္ဒရာတွေထဲ ခရီးဆန့်ကြည့်ပါ။ လူတို့က သမုဒ္ဒရာထဲမှ ငါးအားလုံးတို့၏ ၉၀ ရာခိုင်နှုန်းကို ဖျက်ဆီးထားကြောင်း တွေ့ရမည်။

ဤသည်ကိုပင် ကမ္ဘာ့ဘုံပိုင်ပစ္စည်းတို့၏ ကြေကွဲဖွယ်ဇာတ်လမ်းဖြစ်တော့သည်။ Tragedy of common ဟု ခေါ်သည်။

Ref: The meaning of 21 century by James Martin.

THE WAVES MAGAZINE 9-2007,1-2008

ဒစ်ဂျစ်ပြုပညာနှင့် အကောင်းဆုံးကို ခေါင်းခေါက်ရွေး

ပညာကက်တီဒရော် နေရာရွေ့

ပြဋ္ဌာန်းစာအုပ်မှန်သမျှကို ဒစ်ဂျစ်တယ်နည်းဖြင့် မှတ်တမ်းတင်ပြီး အင်တာနက် ၀က်ဘ်ဆိုက် (ဆိုက်ကာစပေ့စ်) တို့တွင် တင်ထားကြပြီ။ သို့ဖြင့် အက္ခရာဖြင့် ပုံနှိပ်ထားသော ပညာတို့သည် ဒစ်ဂျစ်ပြုပညာ (dgitixed knowledge) တွေ ဖြစ်ကုန်ပြီ။ ပထမအဆင့်၌ ဤဒစ်ဂျစ် ပြုပညာတို့သည် လူသားတွေ အသုံးပြုရန်အတွက် ဖြစ်သည်။ လူသားတို့အကျိုးငှာ ဒစ်ဂျစ်ပြုပညာ ကို တီထွင်သည်။

သို့ သော် ယခုနောက်ပိုင်း၌ တစ်မျိုးပြောင်းသွားသည်။ ဒစ်ဂျစ်ပြုပညာ (အီလက်ထရောနစ် ပြုပညာ electronis knowledge) သည် လူသားတွေ အသုံးပြုရန်အတွက် သက်သက်သာသာ မဟုတ်တော့ဘဲ၊ ကွန်ပျူတာတို့က အသုံးပြုရန် ဖြစ်လာသည်။ ကွန်ပျူတာ (စက်) တို့က ဒစ်ဂျစ်ပြု ပညာတို့ကို အသုံးပြုမည်။ ပညာကို လူသားတို့ကလည်း အသုံးပြု၊ ကွန်ပျူတာကလည်း အသုံးပြု ဖြစ်လာမည်။

ယင်း၏ သဘောမှာ ၊ ပညာသည် လူသားဗဟိုပြုမှု မှ ကွန်ပျူတာဗဟိုပြုမှု သို့ ရွေ့လျားလာ ခြင်းဖြစ်သည်။ ဤအရွှေ့အပြောင်းကို သတိချပ်မိကြရန်လိုသည်။ လူသားဗဟိုပြုဖြစ်ဖြစ်၊ ကွန်ပျူတာဗဟိုပြုဖြစ်ဖြစ်၊ ပညာတို့ကို ဒစ်ဂျစ်ပြု၍ ဆိုက်ဘာစပေ့စ်တွင် တင်ထားကြတော့မည် ဖြစ်လေရာ၊ cathedral of cyberspace (ဆိုက်ဘာစပေ့စ်) မှ ကက်တီဒရော်ကျောင်းတော်ကြီး တွေ ပေါ်တော့မည်။ ပေါ်လည်းပေါ်နေသည်။

ထို့ကြောင့် အနာဂတ်ပညာရေး၏ ရည်ရွယ်ချက်သည် ကျောင်းသူ၊ ကျောင်းသားတို့အား ဤဆိုက်ဘာစပေ့စ် ကက်တီဒရော် (ဘုရားရှိခိုးကျောင်း) ကြီးတွင် ကျင်ကျင်လည်လည် ပျော်မွေ့ နိုင်ကြရန် ဖြစ်လာသည်။

ထိပ်တန်းကို စစ်ကြည့်ခြင်း

၂၁ ရာစုနှစ် အနာဂတ်ပညာ၏ အနေအထား သဘာဝတို့ကို အထက်တွင် ဖော်ပြသည့် အတိုင်း ဟောကိန်းထုတ် ရှင်းပြနေချိန်၌ ၊ တက္ကသိုလ်များ အပါအ၀င် အစိုးရကျောင်းဖြစ်စေ၊ ပရိုက်ပိတ်ကျောင်းဖြစ်စေ၊ ကျောင်းအသီးသီး၏ ထိပ်တန်းရောက်မှု အခြေအနေကို ပညာရေးပါရဂူ တို့က သုံးသပ်ပြနေသည်။

ဤအကြောင်းကို အဓိကသုတေသနပြုသုံးသပ်သော အဖွဲ့အစည်းမှာ မက္ကကင်ဆေး သုတေသနအဖွဲ့ဖြစ်၍ ၊ ဤအဖွဲ့ ကမ္ဘာပေါ်တွင် ပညာရေး၌ ထိပ်တန်းစာရင်းဝင်နိုင်ငံတို့ကို ဖော်ပြ သည်။ (၁) ကနေဒါ၊ (၂) ယူအက်စ်၊ (၃) ဖင်လန်၊ (၄) ဂျပန်၊ (၅) စင်ကာပူ၊ (၆) တောင်ကိုရီးယား၊ (၇) နယူးဇီလန်၊ (၈) သြစတြေးလျ၊ (၉) ဆွီဒင်၊ (၁၀) နော်ဝေ၊ (၁၁) နယ်သာလန်၊ (၁၂) ဂျာမနီ စသည်ဖြင့် ဖော်ပြသည်။ ထိုနိုင်ငံတို့မှ တက္ကသိုလ်နှင့်ကျောင်းတို့သည် ကမ္ဘာ့ထိပ်ဆုံး (တော့ပ်) တို့တွင် ရှိနေကြသည်။

ထို့ကြောင့် ‘ဤသို့ ထိပ်ရောက်ရန် ဘယ်လိုလုပ်ကြသလဲ။ ဘယ်လိုလုပ်ကြမလဲ’ ဟူ၍ မေးခွန်းထုတ်ပြီး၊ မက္ကင်ဆေးအဖွဲ့က စစ်တမ်းထုတ်သည်။ (၁) ကျောင်းရန်ပုံငွေ တောင့်တင်းလို့ လား၊ (၂) ကျောင်းအုပ်ချုပ်ပုံ ကောင်းလို့လား၊ (၃) သင်ရိုးညွှန်းတမ်း အဆင့်အတန်းကောင်းပြီး မြင့်လို့လား၊ (၄) စာမေးပွဲစမ်းသပ်ခြင်းနှင့် အောင်ချက်တွေ ကောင်းလို့လား၊ (၅) ဒေသဆိုင်ရာ အစိုးရတို့၏ ကဏ္ဍက ကောင်းလို့လား၊ (၆) ဗဟိုအမျိုးသားအစိုးရက မည်သည့်ကဏ္ဍမှ ပါဝင် သနည်း၊ (၇) အခြားနေရှင်နယ်အေဂျင်စီတို့က ဘယ်လိုအနေအထားရှိသလဲ၊ ဘယ်လောက် အတိုင်းအတာအထိ အကျုံးဝင်ပတ်သက်သလဲ၊ (၈) ကျောင်းဝင်ခွင့်တို့က ဘယ်လိုပုံစံရှိသလဲ စသည်ဖြင့် မေးခွန်းတွေထုတ်သည်။ ဤမေးခွန်းတို့သည် အထူးအဆန်းတွေမဟုတ်ပေ။ သမား ရိုးကျနည်းတွေ ဖြစ်သည်။

ကိုရီးယားဆိုရိုး

ဤနည်းတို့ဖြင့် စုံစမ်းစစ်ဆေးရလဒ်တို့ကို ရှာသည်။ သမားရိုးကျ အဓိကရလဒ်က နှစ်မျိုး ဖြစ်သည်။ စာတတ်မြောက်မှု (literacy) နှင့် ကိန်းဂဏန်းတွက်ချက်တတ်မှု (numeracy) တို့ ဖြစ်ကြသည်။ ဤရလဒ်နှစ်မျိုးစလုံး မူလတန်းပညာရေးအဆင့် တိုးတက်ခြင်း မရှိသည်ကို မက္ကင် ဆေးသုတေသနအဖွဲ့က ထောက်ပြသည်။

သို့ ဖြင့် ပညာရေးဆိုင်ရာ ပညာရှင်တို့ကြောင့် ၀ုဒီအယ်လင်၏ ဟာသစကားတစ်ခု ခေတ် စားလာသည်။ ဤဟာသစကားမှာ ‘ဘာမျှ မလုပ်တတ်လျှင် ကျောင်းဆရာလုပ်၊ ကျောင်းဆရာ မလုပ်တတ်လျှင် ကျောင်းကို စီမံအုပ်ချုပ်’ ဟူ၍ ဖြစ်သည်။ ဤကိုကားချက်သည် တလွဲတချော် ကိုးကားချက်ဟု စွပ်စွဲသည်။

ပညာရေးအဆင့်အတန်းတို့သည် တစ်နိုင်ငံနှင့်တစ်နိုင်ငံ မတူညီကြပေ။ ခြားနားသည်။ ဤသို့ ခြားနားချက်တို့ကို အိုအီးဒီစီအဖွဲ့က လေ့လာသုံးသပ်သောအခါ အချက်နှစ်ချက်တွေ့သည်။ ပထမအချက်သည်၊ အကောင်းဆုံး ပညာရေးစနစ်ရှိသောနိုင်ငံတို့သည် အညံ့ဆုံးပညာရေးစနစ်ရှိ သောနိုင်ငံတို့ထက် ပါဖောင်းမန့် (ဆောင်ရွက်မှု ) ပိုကောင်းသည်။ ဒုတိယအချက်သည် ပညာရေး၌ ထိပ်တန်းရောက်နေသောနိုင်ငံတို့သည် ထိပ်တန်းနေရာမှ မကျတော့သည့်အချက်ဖြစ်သည်။ ဤသို့ သုံးသပ်ပြီးသကာလ၊ မက္ကင်းဆေးသုတေသနအဖွဲ့က အချက် ၃ ချက် အကြံပေးသည်။

(၁) အကောင်းဆုံးဆရာတို့ကို ငှားပါ။

(၂) အကောင်းဆုံးဆရာတို့ကို ရွေးချယ်ရာတွင်လည်း အကောင်းဆုံး ဆရာတို့ထဲမှ ရွေးပါ။

(၃) တပည့်တွေက ညံ့ဖျင်းနေလျှင် ဆရာကောင်းတို့က ၀င်ပါ။

ဟူ၍ ဖြစ်သည်။ အထက်ပါ အကြံပေးချက်သုံးပါးသည် ကိုရီးယားပညာရေးပိုင်း၏ ဆိုရိုးစကားကို အားကိုးထားသည်။ ‘ပညာရေးစနစ်၏ အရည်အသွေး ကွာလတီသည် ဆရာတို့၏ အရည်အသွေး ကွာလတီထက် မပိုနိုင်ပါ’ဟု ကိုရီးယားပညာရေးဆိုရိုးစကားက ပြောထားသည်။ ကွာလတီကောင်း ဆရာတို့ကို မွေးထုတ်ရန် (သို့ မဟုတ်) ငှားရမ်းရန် လစာကောင်းကောင်း၊ အခွင့်အရေးကောင်း ကောင်းပေးရန် လို မလိုနှင့်ပတ်သက်ပြီး အငြင်းပွားနေသည်။ ‘အကောင်းဆုံးကို ခေါင်းခေါက်ရွေး ပါ’(pick the best) ဆိုသော ဆောင်ပုဒ်၏ ကျယ်ပြန့်သော သက်ရောက်မှု တို့ကို စဉ်းစားနေချိန် တွင် လူတွေအသုံးပြုရန်ထက် ကွန်ပျူတာတို့က အသုံးပြုရန် ရည်ရွယ်သော ‘ဒစ်ဂျစ်ပညာ’တွေ ဆိုက်ဘာစပေ့စ်တွင် ပေါ်နေသည်။ အကောင်းဆုံးဆရာကို ရွေးမလား၊ ကတ်တီဒရော်သို့ တက်မလား။

အညွှန်း- The Economists, The meaning of 21 st Century

THE WAVES MAGAZINE 9-2007

လေးကမ္ဘာ၊ လေးမြင်ကွင်း၊ နမိတ်အပါးသုံးဆယ် အနာဂတ် ဟောကိန်းနှစ်ရပ် နှိုင်းယှဉ်ချက်

ကြိုတင်ခန့်မှန်းချက် နှစ်ပါး

အနာဂတ်ဝါဒီသမားတို့က နှစ်ဆယ့်တစ်ရာစုနှစ်၏ အနက်အဓိပ္ပာယ်ကိုရှားရင်း တရုတ်ပြည် ၏ စွမ်းပကားကို ခန့်မှန်းသည်။ Forecast လုပ်ကြသည်။ တရုတ်ပြည်ကို နှစ်ဆယ့်တစ်ရာစုနှစ်တွင် ပေါ်ပေါက်လာဖွယ်ရှိသည့် အင်အားတောင့်တင်းခိုင်မာသော နိုင်ငံတို့၏ ကလပ် (The Strong Nations Club) ထဲ စာရင်းသွင်းသည်။ ဤကလပ်အဖွဲ့ဝင်နိုင်ငံတို့သည် အင်အားတောင့်တင်း ခိုင်မာလာရာ ခံတပ်ကြီး (fortress) တို့နှင့် တူချေသည်။

အနောက်တိုင်းမှ အနာဂတ်ဝါဒီသမားတို့က၊ တရုတ်ပြည်မှ တရုတ်ပညာရှင်သုခမိန်အဖွဲ့ တစ်ဖွဲ့ကလည်း မိမိတို့နိုင်ငံသည် ၂၀၃၅ ခုနှစ်၌ ဘယ်လိုပုံသဏ္ဌာန်ရှိမလဲဟု ခန့်မှန်းကြသည်။ Forecast လုပ်သည်။ ယခုဆောင်းပါးသည် အနောက်တိုင်းသုခမိန်တို့နှင့် တရုတ်ပညာရှင်သုခမိန် တို့၏ တရုတ်ပြည်၏ အနာဂတ်ကို ရှုမြင်သုံးသပ်ပုံတို့ကို နှိုင်းယှဉ်ပြထားခြင်း ဖြစ်သည်။

လေးကမ္ဘာ

၂၁ ရာစုနှစ်၏ အနက်အဓိပ္ပာယ် (The Meaning of 21 Century) အကြောင်း ကျမ်းပြုသူ ဂျိမ်းမာတင်က ကမ္ဘာကြီးကို လေးကမ္ဘာခွဲခြမ်းပြခဲ့သည်။ ၎င်းတို့မှာ -

(၁) ပထမကမ္ဘာ-ကြွယ်ဝချမ်းသာသော စက်မှု နိုင်ငံတို့ ဖြစ်သည်။

(၂) ဒုတိယကမ္ဘာ-ဆင်းရဲတွင်းမှလွတ်မြောက်လာပြီး၊ ပထမကမ္ဘာအဆင့်ရောက်အောင် ကြိုးပမ်းနေသောနိုင်ငံတို့ဖြစ်သည်။ ထိုဒုတိယကမ္ဘာထဲ တရုတ်နှင့် အိန္ဒိယတို့ကို ထည့်ထားသည်။

(၃) တတိယမ္ဘာ-ဖွံ့ဖြိုးဆဲနိုင်ငံတို့ကို ရည်ရွယ်သည်။

(၄) စတုတ္ထကမ္ဘာ-ဆင်းရဲတွင်းမှ မလွတ်မြောက်နိုင်ဘဲ ခိုကိုးရာမဲ့ဖြစ်နေသော နိုင်ငံတို့ ဖြစ်သည်။

ကမ္ဘာ့ရှုခင်း လေးမျိုး

ဆိုခဲ့ပါအတိုင်း ကမ္ဘာကြီးကို လေးကမ္ဘာခွဲခြားပြီးနောက် ကမ္ဘာ့ရှုခင်းမြင်ကွင်း (World Secenario) ကိုလည်း လေးမျိုးခွဲပြန်သည်။

(၁) ခံတပ်အမေရိကား (Fortress America)

(၂) အင်အားတောင့်တင်းသော နိုင်ငံတို့၏ ကလပ် (The Strong Nation Club) တရုတ်နှင့်အိန္ဒိယတို့ကို ထည့်ထားသည်။

(၃) အသက်ရှင်ရန် အလားအလာရှိသူတို့ကိုသာ ဦးစားပေးနေရသော နိုင်ငံများ (Triage) ။ ဆေးရုံ၌ ခုတင်မရှိသည့် ဥပမာဖြင့် ဖြေရှင်းပြသည်။

(၄) မေတ္တာကရုဏာသက်စရာကမ္ဘာ (Compossinate World)

တို့ဟူ၍ ဖြစ်သည်။

ဆိုခဲ့ပါအတိုင်း အနောက်တိုင်း အနာဂတ်ဝါဒီပညာရှင်တို့က ကမ္ဘာကြီးကို ဤသို့ လေးကမ္ဘာ ခွဲ၊ ကမ္ဘာ့မြင်ကွင်းကို လေးမြင်ကွင်း သရုပ်ခွဲပြလိုက်ချိန်တွင် တရုတ်သုခမိန်အဖွဲ့ကလည်း ၂၀၃၅ ခုနှစ်အထိ တရုတ်ပြည်ကြီး၏ အနာဂတ်ကို ဟောကိန်းထုတ်သည်။ အပိုင်း ၃၀ ပါဝင်သည်။

တရုတ်သုခမိန်တို့ ဟောကိန်း

ဤအပိုင်း ၃၀ စလုံးကို အသေးစိတ်ရှင်းမပြဘဲ အရေးကြီးသည့် အပိုင်းကိုသာ စာမျက်နှာ ငဲ့၍ အနည်းငယ်စီရှင်းပြပါမည်။ တရုတ်လူမှု သိပ္ပံ အကယ်ဒမီအဖွဲ့မှ သုတေသီတို့၏ ဟောကိန်း ဖြစ်သည်။ အနောက်တိုင်းဝေဖန်သူတို့က ဤဟောကိန်းကို ရိုးသားသောဟောကိန်းဟု အသိ အမှတ်ပြုသည်။

(၁) လူဦးရေ- တရုတ်လူဦးရေသည် ၂၀၃၀ ပြည်နှစ်တွင် ၁.၄၇ ဘီလီယံရှိ၍ ၊ ၂၀၃၅ ခုနှစ်တွင် ၁.၄၉ ဘီလီယံရှိမည်။ ယခု တရုတ် လူဦးရေ ၁.၃၁ ဘီလီယံရှိသည်။

(၂) ဂျီဒီပီ- ၂၀၃၅ ခုနှစ်၌ ဒေါ်လာ ၆.၇ ထရီလီယံ ရှိမည်။

(၃) တစ်ဦးကျ ဂျီဒီပီ-၂၀၃၅ ခုနှစ်၌ ဒေါ်လာ ၄၅၀၀ ရှိမည်။ ယခု ၁၈၆.၇ ဒေါ်လာ ရှိသည်။

(၄) ဝန်ဆောင်မှု စီးပွားရေး- ၂၀၃၅ ခုနှစ်တွင် တရုတ်စီးပွားရေး၏ ၅၅ နှင့် ၆၀ ရာခိုင်နှုန်း ကြား ရောက်ရှိမည်။

(၅) ဆင်းရဲချမ်းသာကွာဟမှု - ခေါင်းဆောင်ကြီး တိန့်ရှောင်ပင်က အချို့လူတွေ အရင် ချမ်းပါသာစေဟု ဆိုခဲ့သောကြောင့် ဆင်းရဲချမ်းသာကွာဟမှု ကြီးခဲ့သည်။ လာမည့် နှစ် ၃၀ အတွင်း ဤကွာဟမှု က ကျဉ်းပြီး တည်ငြိမ်သွားမည်။

(၆) စွမ်းအင်သုံးစွဲမှု -ထိရောက်ပြီး ပိုကောင်းလာမည်။

(၇) ရေနံတင်သွင်းမှု - အရမ်းတက်မည်မဟုတ်။ သင့်ရုံတက်မည်။

(၈) ကုန်သွယ်ရေး-ပိုငွေတိုးမည်။ သို့ သော် တရုတ်ပြည်၏ နိုင်ငံခြားကုန်သွယ်ရေး အပေါ် မှီခိုအားထားမှု သည် လျော့သွားမည်။

(၉) တရုတ်ကုမ္ပဏီများ -ကမ္ဘာပေါ်တွင် ကမ္ဘာအဆင့်မီ ကုမ္ပဏီပေါင်း ၅၀၀ ရှိရာ၊ ထိုအထဲတွင် တရုတ်ကုမ္ပဏီ ၂၂ ခုပါဝင်သည်။ နောက်ထပ် တရုတ်ကုမ္ပဏီ ၃၀ မှ ၄၀ အထိ ကမ္ဘာ့အဆင့်မီ ကုမ္ပဏီတွေဖြစ်လာဖွယ်ရှိသည်။

(၁၀) မော်တော်ကားစင်းရေး-တရုတ်ပြည်တွင် ၂၀၃၅ ခုနှစ်၌ ၅၃.၄ သန်း ကျော်မည်။

(၁၁) မိုဘိုင်းဖုန်း-၂၀၀၀ ပြည့်နှစ်တွင် မိုဘိုင်းဖုန်းရှိသူ သန်း ၄၈၀ ရှိလေရာ ၂၀၃၅ ခုနှစ် ၌ ၅၄၁ သန်းအထိ ရှိလာမည်။

(၁၂) အင်တာနက်အသုံးပြုသူ-ယခုလက်ရှိ အင်တာနက်အသုံးပြုသူ ၁၃၇ သန်းရှိသည်။ ၂၀၃၅ ခုနှစ်၌ ၂၂၃ သန်း ရှိလာမည်။ မြို့ပြထွန်းကားမှု ကြောင့် လူဦးရေ၏ ၇၀ ရာခိုင်နှုန်းသည် အင်တာနက်အသုံးပြုသူတွေ ဖြစ်လာမည်။

(၁၃) စီးပွားရေးပြုပြင်ပြောင်းလဲမှု -၂၀၃၀ ပြည့်နှစ်၌ အခြေခံအားဖြင့် ပြီးစီးမည်။ ကျန်ကာလတွင် အကျိုးစီးပွားချင်း ညှိနှိုင်းမှု တို့သာ ရှိမည်။ Adjustment of Intersts ဟု ဆိုသည်။

(၁၄) ဈေးကွက်ယှဉ်ပြိုင်မှု -ဂလိုဘယ်လ်ဈေးကွက်တွင် တရုတ်ကုမ္ပဏီတို့၏ ယှဉ်ပြိုင် နိုင်မှု စွမ်းပကားသည်

(က) သုတေသနနှင့်ဖွံ့ဖြိုးရေးကို အာရုံစူးစိုက်ခြင်းဖြင့်လည်းကောင်း၊

(ခ) လုပ်အားခနှုန်း နိမ့်ကျမှု အပေါ် အခွင့်အလမ်းတို့ကို အသုံးချခြင်းဖြင့် လည်းကောင်း၊

(ဂ) အရွယ်အစား၏ အကျိုးကို အသုံးပြုခြင်းဖြင့်လည်းကောင်း တော်တော် တိုးတက်လာမည်။

(၁၅) ဘဏ္ဍာရေးစနစ်-ခေတ်ပြိုင်ဘဏ္ဍာရေးစနစ်ပေါ်ထွန်းမည်။ သို့ သော် ဘဏ်တို့တွင် မြုပ်နေသော အက်ဆက်တို့ကြောင့် အနည်းငယ် နှေးကွေးစရာရှိသည်။

(၁၆) သိပ္ပံပညာနှင့်တက္ကနိုလိုဂျီ-ထူးချွန်ထက်မြက်သူ ရှားပါးမှု နှင့် ဉာဏ်ပညာပစ္စည်း မူပိုင်အခွင့်အရေး ညံ့ဖျင်းမှု ကြောင့် ၂၀၃၆ ခုနှစ်အထိ အခက်အခဲတွေ့နိုင်စရာရှိ သည်။ ၀န်ထုပ်ဝန်ပိုး ကြီးလေးစရာ ရှိသည်။

(၁၇) တယ်လီကွန်းဆက်သွယ်ရေး-အကန့်အသတ်ချုပ်ချယ်မှု တို့ကို ၂၀၃၀ ပြည့်နှစ် လောက်၌ အတော်အတန် ဖယ်ရှားနိုင်လိမ့်မည်ဟု မျှော်လင့်ထားမည်။

(၁၈) လူမှု ရေး ပြုပြင်ပြောင်းလဲမှု -လူမှု ဖူလုံရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု တို့သည် လူမှု ပြုပြင်ပြောင်းလဲရေး၏ အရေးကြီးသော အစိတ်အပိုင်းတို့ ဖြစ်မည်။

(၁၉) ကျန်းမာရေးစောင့်ရှောက်မှု -အလုံးစုံအကျုံးဝင်သော ကျန်းမာရေး စောင့်ရှောက်မှု ပေါ်မည်။

(၂၀) ပညာရေး-ပညာရေးဈေးကွက်အပေါ် ချုပ်ချယ်ထားမှု တို့ကို ဖယ်ရှားပြီးသားဖြစ် မည်။ အစိုးရပညာရေးနှင့်ပရိုက်ဗိတ်ပညာရေးတို့အကြား တရားမျှတစွာ ယှဉ်ပြိုင်မှု ပေါ်ပေါက်မည်။

(၂၁) အစားထိုးစွမ်းအင်- ဈေးကွက်ကျယ်ပြန့်လာမည်။

(၂၂) ပတ်ဝန်းကျင်ထိန်းသိမ်းရေး-လေထု ရေထုညစ်ညမ်းမှု ၊ သဘာဝညစ်ညမ်းမှု တို့ကို တိုက်ဖျက်သော တက္ကနိုလိုဂျီတွေ ခေတ်စားမည်။

(၂၃) ရေအရင်းအမြစ်-တိုးတက်မှု အားရစရာမရှိပေ။ ၂၀၃၅-၃၆ ခုနှစ်၌ ရေအရင်းအမြစ် အခြေအနေ ဆိုးရွားမည်။

(၂၄) မိသားစုစီမံကိန်း-တစ်အိမ်ထောင် ကလေးတစ်ယောက် ပေါ်လစီကို တဖြည်းဖြည်း ရုပ်သိမ်းမည်။

(၂၅) ယူအက်စ်(အမေရိကန်) နှင့်ဆက်ဆံရေး- တရုတ်နှင့်ယူအက်စ်တို့ စီးပွားရေးအရ ဆက်ဆံမှု တွေ တိုးတက်များ ပြားလာသလို ကုန်သွယ်ရေး၊ ဒေသလုံခြုံရေးနှင့် အကြမ်းဖက်ဝါဒ ဆန့်ကျင်ရေးတို့တွင် တူညီသော အကျိုးစီးပွားတွေ ရှိလာမည်။

(၂၆) တရုတ်(တိုင်ပေ)နှင့် ဆက်ဆံရေး- တန်းတူရည်တူ ပိုဖြစ်လာမည်။ နိုင်ငံရေးအငြင်း ပွားမှု တို့ကို ကုန်သွယ်ရေးနှင့်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု တို့ဖြင့် အစားထိုး မည်။

(၂၇) ရုရှား-တရုတ် ဆက်ဆံရေး- ရုရှားနှင့်မဟာမိတ်အဖြစ် ပူပေါင်းဆောင်ရွက်မှု ကို တိုးမြှင့်စရာရှိသည်။ သို့ သော် တရုတ်ခြိမ်းခြောက်မှု ဆိုသော အယူအဆကို ရုရှား ဘက်မှ ကိုင်လာစရာရှိသည်။

(၂၈) အာဖရိက၊ လက်တင်အမေရိကနှင့်တရုတ်-အာဖရိကနှင့် လက်တင်အမေရိကတို့ မိတ်ဆွေဆက်ဆံရေးတိုးမြှင့်မည်။ တရုတ်နှင့် အာဖရိက၊ လက်တင်အမေရိကတို့ ဆက်ဆံမှု တွင် အချိုးမညီမှု (asymmetry) ပေါ်ပေါက်နိုင်သည်။

(၂၉) စစ်ရေးဖွံ့ဖြိုးတိုးတက်မှု -တရုတ်ပြည်လုပ် စစ်လက်နက်တို့ဖြင့် အင်အားဖြည့်ဆည်း နိုင်စေကာမူ၊ နိုင်ငံခြားမှ ခေတ်မီလက်နက်များ တင်သွင်းမှု ကို ဆက်လက်အားကိုး ရဦးမည်ဖြစ်သည်။ ၂၀၃၅ ခုနှစ်အထိ ဤသို့ အားကိုးမှု ရှိနေမည်ဖြစ်သည်။ ဤအချက်ကပင် တရုတ်ပြည်၏ ရွေးချယ်မှု (China’s option) တို့ကို အကန့် အသတ် ဖြစ်စေမည်။

(၃၀) ကြက်ခေါင်းဆိတ်မခံ-ကြက်ခေါင်းဆိတ်မခံသော (sensitive) ပြဿနာရှိသည်။ ၎င်းတို့အပေါ် ကြိုတင်ခန့်မှန်းရခက်သည်။

ဤပြဿနာတို့မှာ

(က) နိုင်ငံရေး ပြုပြင်ပြောင်းလဲရေး၊

(ခ) အလုပ်သမားသမဂ္ဂများ နှင့်

(ဂ) ဘာသာရေး

တို့ဖြစ်ကြသည်။

အထက်ပါတို့ကား အနောက်တိုင်း အနာဂတ်ဝါဒီပညာရှင်တို့က တရုတ်ပြည်နှင့်ပတ်သက် ပြီး ပြုလုပ်သော ကြိုတင်ခန့်မှန်းချက်နှင့်၊ တရုတ်ပညာရှင်တို့ကိုယ်တိုင်က တရုတ်ပြည်နှင့် ပတ်သက်ပြီး ပြုလုပ်သော ကြိုတင်ခန့်မှန်းချက်တို့ကို နှိုင်းယှဉ်ပြထားခြင်းဖြစ်သည်။ သို့ ဖြင့် စာဖတ် သူတို့က ဉာဏ်ကွန့်အကဲဖြတ်ကြည့်နိုင်ရာသည်။

Ref: The Meaning of 21 Century, Forecast by Chinese Academy of Social Science

THE WAVES MAGAZINE 2-2008



ဝန်ဇင်းချစ်သူများ မောင်စူးစမ်း ၏ “ ၂၁ ရာစုနှစ် ဖွင့်ဆိုချက် ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


အမြင် ၂၀၀၈ - ၂၀၀၉

ဂလိုဘယ်လိုက်ဇေးရှင်း ရှေးဟောင်းလူဆိုးနဲ့ ရှေးဟောင်းရဲ

ဦးနှောက်ကိုဆွခြင်း