ဒေါသခိုးလျှံ၍ မီးဝင်းဝင်းတောက်မတတ် စူးရဲသော ကိုကို့အကြည့်ကို စုစုထား မခံနိုင်။
သည်အကြည့် မရုတ်သိမ်းမီ ကြမ်းတမ်းသော စကားလုံးများ ကို ကိုကို့နှုတ်မှ တသီကြီး ထွက်ကျလာတတ်မြဲ ဖြစ်သည်ကိုလည်း စုစုထား သိနှင့် သည်။
“မင်း…မင်းလေ ငါ့ကိုမယူဘဲ မောင်မောင်လိုကောင်စားနဲ့ ညားခဲ့ဖို့ကောင်းတယ်။အလကား မိန်းမ”
တစ်ကိုယ်လုံး ကျင်ခနဲ တုန်ခါသွားသည်ဟု ခံစားလိုက်ရသည်။ ဦးခေါင်းမှသွေးတို့ ပွက်ပွက်ဆူရုံမက လျှံကျလာပြီထင်၏ ။ လက်ထဲက ချုပ်လက်စ ကလေးအကျီကို ထွေးလုံးကာ ကြမ်းပေါ်ပစ်ပေါက်ချ လိုက်မိသည်။ တစ်ချိန်လုံး ငုံ့ထားသော မျက်နှာသည် ဒေါနှင့် မာန်နှင့် ပင့်၍ မော့လာ၏ ။
မာနမျက်နှာ၊ မီးမျက်နှာ။
ကိုကို့ ဒေါသမျက်နှာကို စုစုထားက မာနမျက်နှာနှင့် တုံ့ပြန်တိုက်ခိုက်စပြုသည်။ အလျှံ တရဲရဲတက်နေသော မီးမျက်နှာနှစ် ခုသည် အိမ်ထောင်ရေး ကို မည် မျှကြာကြာ လောင်မြိုက်ဦးမည် မသိ။
“ဘ၀ကို ဘယ်တော့မှ ကျေနပ်အားရနိုင်တယ်မရှိတဲ့ မိန်းမ။ နေ့စဉ်နှင့် အမျှ အလိုမကျချည်း ဖြစ်နေတဲ့မိန်းမ။ ဒါ့လောက် အထွတ်အထိပ်မှာ ကြီးပွားချင်နေရက်နဲ့ ငါ့လိုကောင်မျိုးနဲ့ တစ်အိုးတစ်အိမ် ထူထောင်ဖို့ ဘာလို့ စိတ်ကူးခဲ့သေးလဲ။ ယူပါလား။ ရေကန်အသင့်ကြာအသင့် ဖန်တီးပေးနိုင်တဲ့လူမျိုး၊ ရွှေဘုံပေါ်မှာ တင်ထားနိုင်တဲ့လူမျိုး။ အခွင့်အရေး ရမယ်ဆိုရင် ဘာမဆို မရှက်မကြောက် လုပ်မယ့်လူမျိုး။ စုစုထားရယ် တကယ်ပြောတာ မင်း … မောင်မောင်လို ကောင်စား ရှာယူခဲ့ဖို့ ကောင်းတာ”
ဒုတိယအကြိမ်မြောက် တစ်ကိုယ်လုံး တုန်ခါသွားရသည့်အ ဖြစ်ကို စုစုထား သည်းမခံနိုင် တော့။
“တော် နော် … ကိုကို … တော် ။ စုစုပြောနေတာ ရွှေဘုံပေါ်မှာ မစံရလို့မှမဟုတ်တ်ဘဲ။ ကိုယ့်အိမ်ထောင်အားမရတိုင်း တစိမ်းယောက်ျားတွေ အားကျပြီး ထိုင်ပြစ်မှားနေတာမှမဟုတ်ဘဲ။ ကိုကို သဘောပေါက်သားနဲ့ အောက်တန်းစားလို သက်သက်မဲ့ စုစုကို လာရမ်းကားတယ်။ ဒီမှာ ကိုကို စုစုပြောနေတာ စုစုတို့ အိမ်ထောင်ရေး ကိစ္စ။ ကိုကိုနဲ့ စုစုထားတို့ မွေးထားတဲ့ ကလေးသုံးယောက် ကိစ္စ။ ခုမကြာခင် လူ့လောကထဲဆွဲသွင်းပြီး ဒုက္ခတွေ ပုံပေးရဦးမယ့် လူ ဖြစ်ခါနီး ကလေး တစ်ယောက် ကိစ္စ သိရဲ့ လား၊ မိသားစုစားဝတ်နေရေး ကိစ္စ။ ရှေ့ရေး ကိစ္စ။”
“ဟေ့ … သိပ်ပုံကြီးချဲ့မနေစမ်းပါနဲ့ကွာ။ မနက်ထမင်း၊ ညထမင်း နပ်မှန်စားနေရရင် သိပ်ကံကောင်းတယ်မှတ်ပါ။ ရှေ့ရေး တွေ အနာဂတ်တွေ နဲ့ ကြီးကြီးကျယ်ကျယ် စိတ်ကူးမယဉ်စမ်းပါနဲ့။ လုပ်စားရင်း မိုး ခေါင်နေတာပဲကွ။ မောင်မောင့်လိုကောင်မျိုး အားကျပြီး ငါနဲ့တော့ ဘယ်တော့မှ နှိုင်းမတွက်နဲ့ သိလား။ ခိုးစားတိုင်း ခွေးမဟောင်ပေမယ့် ငါလိုကောင် ကတော့ လျှာပေါ်မှာ မြက် ပေါက်ပါစေ”
ကိုကိုက ခါးသီးသော အကြည့်နှင့် တစ်ချက် စူစူးဝါးဝါး ကြည့်ပစ်လိုက်ခါ စုစုထားကို ကျော ခိုင်းလှည့်ထွက်သွားတော့သည်။
စုစုထား၏ မီးမျက်နှာတွင် မဲ့ပြုံးတစ်ချက် လှစ်ခနဲ လက်လာ၏ ။
“လျှာပေါ်မှာ မြက်ပေါက်ပေစေ” တဲ့။
ရိုးတာလှပြီ ဖြစ်သော ပုံခိုင်းစကားကို ကိုကိုက ဆိုပြန်ချေပြီ။ ကိုကို့ လက်ရုံးနှစ် ဖက်မှာ သည်ပုံခိုင်းစကားကို ၀န်စည်သဖွယ် တနင့်တပိုး ထမ်းပိုးမြဲမို့လည်း ကိုကို့ခြေလှမ်းတို့ အစဉ်လေး ကန်နှောင့်နှေးခြင်း ဖြစ်မည် ။
သူတကာ “လျင်” သလောက် ကိုကိုဖင့်နွဲ့ရသည်ကို စုစုထား အားမလို အားမရ ဖြစ်ခဲ့သည် မှာ ကြာပြီ။ ကိုကို့အပေါ် အားမရတိုင်း စုစုထား နားပူနားဆာတိုက်ခဲ့သည်တော့ မှန်ပါ၏ ။
အထူးသဖြင့် မောင်မောင့်အကြောင်း စကားစပ်မိတိုင်း ကိုကို့အပေါ် အားမရနိုင်သည့် အငုံ စိတ်ကို စုစုထား မျိုသိပ်နိုင်စွမ်းမရှိ။ မောင်မောင်မိသားစု ကြီးပွားနေသည့်အကြောင်း၊ တောက်ပနေသည့်အကြောင်းတွေ ကို အားပါးတရ အရှည်အလျား တဖွဲ့ကြီးပြော ဖြစ်သည်။
ပြီးတော့ ကိုကိုငြီးငွေ့၍ ထမသွားခင် ကိုယ့်မိသားစု လူတန်းမစေ့သေးသည့်အကြောင်း၊ သည့်ထက်ဆယ်ဆလောက်တိုး၍ ကြိုးစားပါမှ မောင်မောင်တို့အခြေအနေ တစ်ဝက်မျှလောက် မှီ နိုင်ကောင်းမည့် အကြောင်း၊ ကမန်းကတန်းပြော ဖြစ်အောင် ပြောမိမြဲတည်း။
သည်လိုအခါတိုင်း ကိုကိုနှင့် ကတောက်ကဆ ဖြစ်ရာမှ သည်အိမ်တွင်းရေး ပဋိပက္ခသို့ တိုင်ခဲ့သော အကြိမ်ပေါင်း မနည်းတော့။
အခုတစ်လောမှာ အထူးသဖြင့် သည်စတုတ္ထမြောက် ရင်သွေးကိုယ်ဝန်လွယ်ရချိန်မှာ ကိုကို နှင့် ပို၍ ကတောက်ကဆ ဖြစ်ရသည်ဟု စုစုထား အမှတ်တရရှိနေ၏ ။
မပေါ့မပါးရှိမို့ စုစုထားကိုယ်ကလည်း စိတ်လှုပ်ရှားလွယ်သည်။ သွေးနုချိန် သားနုချိန်မို့ အသည်းကလည်း နုသည်။ ထိခိုက်လွယ်သည်နှင့် အမျှ ပွင့်ထွက်ပေါက်ကွဲမြန်သည်။
ခုပင်ကြည့်။
“ဟော ကြည့်စမ်း၊ မောင်မောင်ပါလားလို့။ ကိုကိုရေ ဟောဒီမှာ မောင်မောင်လာတယ်”
ကြည်ပြာရောင် မာဇဒါပစ်ကပ်ကလေး ရှေ့ခန်းက မောင်မောင်ဆင်းလာသည်ဆိုလျှင်ဘဲ စုစုထားက လှိုက်လှဲပျူငှာစွာ ကြိုဆိုမိသည်။ ကိုကိုကမူ သူ့ထုံးစံအတိုင်း စာရေး စားပွဲ စာအုပ်ပုံ ကြားက တော် တော် နှင့် မထ။
“ကိုကိုကော ထား”
စုစုထားကို “ထား” ဟူ၍ ထူးထူးခြားခြား ခေါ်သူမှာ တစ်လောကလုံးတွင် မောင်မောင် တစ်ယောက် သာရှိသည်။ မောင်မောင်လျှာဖျားမှ “ထား” ဟုခေါ်မြဲ အစဉ်အလာရှိသည်မှန်သော်လည်း၊ ကြားနေကျမဟုတ်၍ နားဝမှာ ရှတတ ဖြစ်နေ၏ ။ ကိုယ့်ကို တိုက်ရိုက်ပြောနေသည်နှင့် မတူ။ ရှိရင်းစွဲ ရင်းနှီးမှု ကလေး ရုတ်ခြည်းလှုပ်ခါလျှောကျကာ ကြောင်စီစီယောင်နန ဖြစ်စေသည်ထင်၏ ။
ကိုကိုရှိရာကို အမူအရာဖြင့် မေးတစ်ချက်ဆတ်ပြကာ မောင်မောင့်ကားပေါ် လုတက်နေကြ သော သားသုံးကောင်ကို ပြေး၍ ဆွဲချရသည်။ ညနေပိုင်း ကျူရှင်သွားအံ့ဆဲဆဲ လွယ်အိတ်ကိုယ်စီ နှင့် ။ တစ်ယောက် က ဒရိုင်ဘာခုံမှာ ထိုင်၊ ကျန်နှစ် ယောက် က ကားနောက်မြီးကို တွဲ လွဲခိုလျက်။
အတော် ကြီး ချော့မော့ခြိမ်းခြောက်လိုက်၍ သူတို့သွားရမည့် လမ်းကို ဖြောင့်ဖြောင့်တန်း တန်း ထွက်သွာြး ကတော့မှ စုစုထားအိမ်ပေါ်တက်ခဲ့ရသည်။
“မင်း တယ်ရှုပ်တဲ့ကောင်ကွာ၊ မင်းနဲ့ပတ်သက်ပြီး မင်းဆီရောက်လာတဲ့လူတွေ ကို သက်သက်မဲ့ ငါနဲ့ လာဆက်ပေးတယ်။ တောက် …”
ကိုကို့တောက်ခေါက်သံသည် စာအုပ်ပုံကြားမှ ဟိန်းထွက်လာ၏ ။ မောင်မောင်က စားပွဲရှေ့ ကုလားထိုင်တွင် ခပ်လျောလျောထိုင်ရင်း ပြုံးကျဲကျဲနှင့် ကိုကို့ကို လေပြေထိုးနေသည်။
“နယ်ကလူတွေ က ကိုကိုတို့ကိုလည်း တွေ့ ချင်ကြတယ်။ တရရ နားပူလွန်းလို့ပါ ကိုကိုရ”
“အလှူက သန်ဘက်ခါဆိုတော့ အလှူပြီးပြီးချင်း ပြန်ကြမှာ မို့ မနက်ဖြန်တစ်ရက်ပဲ ကိုကိုနဲ့ တွေ့ နိုင်မှာ …”
“အေး … သေမတတ် တွေ့ ချင်ကြတယ်ဆိုလည်း မင်းအလှူမှာ တွေ့ နိုင်သားပဲကွ။ ငါ့အိမ် လာစရာ ဘာလိုလဲ။ မင့်ကွာ တော် တော် သောက်သုံးမကျတဲ့ကောင်”
ကိုကိုက လက်ထဲမှ ဖိတ်စာကတ်ပြားကလေးကို စားပွဲပေါ် ဖတ်ကနဲပစ်ချပြီး ၀ုန်းခနဲထကာ နောက်ဖေးဘက်သို့ လှည့်ဝင်သွားတော့သည်။
မောင်မောင်က ပခုံးတစ်ချက်တွန့်ကာ ကိုကိုပစ်ချသွားသည့် ဖိတ်စာကတ်ပြားလေးကို ကောက်၍ စုစုထားကို လှမ်းပေးလိုက် ၏ ။
“ထားရဲ့ တူ တူမတွေ ရှင်ပြုနားသလေ၊ စင်္ကာပူကျောင်းတိုက်မှာ တရားနာမယ်။ ထားတို့ သားအမိတွေ ဆက်ဆက်လာရမယ် သိလား။ ကားလွှတ်ပေးမယ်”
ကြွေရောင် လက်နေသော ကတ်ပြားဖြူဖြူပေါ်မှ ဖောင်းကြွရွှေစာလုံးများ ကို စုစုထား ရုတ်ခြည်းဖတ်မရ။
ပြုံးရောင် ၀င်းပျက်နေသည့် မောင်မောင့်မျက်နှာပေါ်မှ စရိုက်လက္ခဏာတို့ကိုသာ စုစုထား အလွယ်တကူဖတ်၍ ရလိုက်သည်။
ကိုယ့်ကိုကိုယ် ယုံရဲသူတို့မျက်နှာထား၊ လောကမှာ အောင်မြင်သူတို့မျက်နှာထား၊ လေသံ ဟန်ပန်မြင့်မားရုံမက မျက်လုံးအကြည့်ကိုက ၀ံ့ဝံ့စားစား။
“ဒီလိုပုံပျက်ပန်းပျက်ကြီးနဲ့ လူတောထဲလာလို့ ဖြစ်မလား မောင်မောင်ရဲ့ ကိုကိုလာမှာ ပေါ့”
“အမလေး ထားကိုကို ဒေါသကုမ္မာရကြီးတော့ ခပ်လန့်လန့်ပါဗျာ ခုတောင်မတွေ့ ဘူးလား မျက်နှာချင်းဆုံတာနဲ့ တဂျိန်းဂျိန်း”
“ထားနဲ့လည်း မျက်နှာချင်းကြာကြာဆုံတာနဲ့ တဂျိန်းဂျိန်းဆို”
စုစုထားက ခပ်ဟက်ဟက်ကလေး ရယ်ရင်း အဖြေကိုဝေ့၍ လွှဲပစ်လိုက်သည်။
ခုတစ်လော ကိုကိုနှင့် မကြာခဏ ကတောက်ကဆ ဖြစ်ရသည်မှာ လူသိရှင်ကြားတည်း။ ခေါင်မိုးတစ်ခုတည်းအောက်တွင် နှစ် ဆယ့်လေးအိမ်ထောင်သော မိသားစုတို့ အုတ်နံရံတစ်ချပ်စီ ခြား၍ နေကြသော အစိုးရတိုက်ခန်းမို့လည်း တစ်ခန်းတွင် အပ်ကျသည်ကအစ ကျန်နှစ် ဆယ့်သုံး ခန်းလုံးက သိနိုင်သည်။ တစ်စ,စ ပန်းသတင်း လေညှင်းဆောင်သည်ထင့်။ ကိုကိုနှင့် စုစုထားတို့ အိမ်ထောင်ရေး ပဋိပက္ခသည် မောင်မောင့်နားသို့ ပင် ပေါက်ခဲ့ပြီး ရှက်သည်ဟု ၀န်မခံချင်သော်လည်း မောင်မောင့်ရှေ့ မှာ မျက်နှာတော့ နည်းနည်း နီချင်သည်။
“ကိုကိုက လူတစ်မျိုးပဲ ထားကို ကိုယ်ချင်းစာပါတယ်။ ဒီအိမ်ထောင်မှာ ထား သိပ်ပင်ပန်းနေတယ်ဆိုတာလည်း သိတယ်။ အေးလေ …”
မောင်မောင့်အသံသည် တစ်စ,စ တိမ်ဝင်သွားကာ တစ်ဝက်တစ်ပျက်တွင် ရပ်နေ၏ ။ ဗြုန်း ကနဲ စုစုထား မျက်ရည်ဝဲလာသည်။ လှိုက်တက်လာသော ရင်ကို ပွင့်ထွက်မသွားအောင် နှုတ်ခမ်း ကို တင်းတင်းကိုက်ထားရသည်။
“ဒီအိမ်ထောင်မှာ ထားသိပ်ပင်ပန်းနေတယ်ဆိုတာ သိတယ်” တဲ့။
ကိုကို ကတော့ “ဘ၀ကို ဘယ်တော့မှ ကျေနပ်နိုင်တယ်မရှိတဲ့မိန်းမ၊ ဘ၀င်မြင့်ပြီး အောက် ခြေလွတ်နေတဲ့ မိန်းမ” ဟု မကြာခဏ စွပ်စွဲသည်။ တစ်ရံဆန်လောက်မှ စုစုထားအပေါ် နားမလည်နိုင်သည့် ကိုကို။ မောင်မောင့်ထံမှ ပျော့ပျောင်းသော ကရုဏာလေသံတို့ကို ကြားပြန်တော့ ကိုကို့ကို စိတ်ထဲမှာ မျက်ခနဲ နာချင်သည်။ အဟောင်းတွေ အသစ် ဖြစ်လာသည်။
“ထား ဘယ်မှာ အပ်ထားလဲ”
ကိုယ်ဝန်ကို ရည်ရွယ်၍ မေးကြောင်း မောင်မောင့်မျက်လုံးများ က သိသာစေသည်။ စုစုထား သည် ကျောက်ရုပ်လိုရပ်နေရာက အနေအထားကို ရှက်ကိုးရှက်ကန်း ပြင်လိုက်မိသေး၏ ။
“ဂန္ဓီမှာ အရှေ့ပိုင်းဆေးရုံလေ”
ဗိုက်ဖုံးအင်္ကျီရှေ့ပိုင်းအောက်နားက “ရိ” ၍ ပြဲနေသည့်နေရာကို လက်ဖြင့် ဆုပ်ထားရင်း အသံ ကတုန်ကယင် ဖြစ်နေသည်ကို စုစုထားသိသည်။ မောင်မောင့်ရှေ့မှာ ရပ်နေရသည့်အ ဖြစ်ကို စုစုထား မလုံလဲ။ မောင်မောင့်အကြည့်က စုစုထား တစ်ကိုယ်လုံးလွှမ်းရစ်ကာ အသက်ရှူကျပ်စေ သည်။
အချိုးအစားမကျသော ဗိုက်ဖုံးအင်္ကျီတိုနံ့နံ့ကလေးကို မသိမသာ ဆွဲချရင်း ရင်ထဲက လှိုက် တက်လာပြန်၏ ။ အောက်နှုတ်ခမ်းကို တင်းတင်းကိုက်ကာ အင်္ကျီအနားစကို ကျစ်နေအောင် ဆုပ် ချေနေမိသည်။
“အိုဂျီ ဘယ်သူလဲ ထား”
“ဒေါက်တာ တင်တင်လှလို့ ပြောတာပဲ။ စုစုတို့က ရိုးရိုးအပ်တာပါ မောင်မောင်ရယ်”
စုစုထားသည် ၀မ်းနည်းလာကာ ငိုသံပါလာ၏ ။
“အိုဂျီနဲ့ စပါယ်ရှယ်အပ်မှပေါ့ ထားရဲ့ ၊ သားမွေးတယ်ဆိုတာ ပေါ့ဆလို့ရတဲ့ကိစ္စမှ မဟုတ်ပဲ ပြီးတော့ ထားက ဒါ လေးယောက် မြောက်နော်။ သိပ်ပင်ပန်းနေပြီ။ လေးယောက် ဆို မတော် ချင်သေးဘူးလား”
မျက်နှာပေါ်တွင် ရှိန်းခနဲပူသွားကာ ရုတ်တရက်ဘာပြန်ဖြေရမည် မသိ။ စီးမိုးထားသော မောင်မောင့်အကြည့်ကိုလည်း မခံနိုင်တော့ကာ ခေါင်းကိုသာ ငုံ့စိုက်ချလိုက်ရသည်။
“ထားတို့အနေနဲ့ ရပ်လိုက်ဖို့ ကောင်းပြီ။ ဒီခေတ်မှာ သားသမီး သုံးယောက် လေးယောက် ပဲ အများ ဆုံးယူကြတယ်။ စီမံကိန်းမဲ့ မွေးချင်တိုင်းမွေးတဲ့ လူစားကလွဲရင်ပေါ့လေ။”
စုစုထားသည် မောင်မောင့်မျက်နှာကို ဖျတ်ခနဲ မော်ကြည့်လိုက်မိ၏ ။ မောင်မောင့်စကား တွေ ထဲက “စီမံကိန်းမဲ့” ဆိုသော စကားတစ်လုံးကို စုစုထား သဘောကျသွားသည်။ သည်တစ်ခါ ကိုကိုနှင့် စကားများ လျှင် ကိုကို့ကို တိုက်ခိုက်စရာ စကားလုံးလက်နက်တစ်ခု ရပြီဟူ၍ မှတ်လိုက် သည်။
“ထား ကိုကိုနဲ့လည်း တိုင်ပင်ဦးလေ။ အကူအညီလိုရင်ပြော ဟုတ်လား။ ရင်းနှီးတဲ့ သားဖွား မီးယပ်ပါရဂူတွေ ရှိတယ်။ အိမ်က မိခိုင်ဆိုရင် မီးနေသည်ဘ၀က အငြိမ်းစားယူထားတာ သုံးနှစ် ရှိပြီ ကျန်းမာဝဖြိုး အလှတိုးလို့ပါဗျာ။ ထားလည်း စဉ်းစားပါ။ မြန်မြန်ဆုံးဖြတ်ပါ။ မီးမဖွားခင် တစ်ခါ တည်းဆုံးဖြတ်။ မီးဖွားပြီးတာနဲ့ တစ်ဆက်တည်း အကောင်အထည်ဖော်ရမှာ ။ ကဲ - သွားတော့မယ် ထား။ သဘက်ခါ ကားလွှတ်မယ်နော်”
မောင်မောင်က စကားကို ရေပက်မ၀င်အောင် ရွှန်းရွှန်းဝေအောင် ပြောတတ်သလောက် ဘယ်နေရာမှာ စကားစသိမ်းရ ဖြတ်ရမည် ကိုလည်း အကင်းပါးသည်။ မောင်မောင့်စကားတွေ ကို ဂရုစိုက်နားထောင်ကြည့်လျှင် သူပြောချင်သည့် အချက်အလက်စုံကို ထောင့်စေ့အောင် နားဝင် အောင် ပြောတတ်မြဲတည်း။
ပါးစပ်ဟသည်နှင့် ဘီလူးကြိမ်း ကြိမ်း၍ ကျားဟိန်းဟိန်းတတ်သော ကိုကိုနှင့် များ ကွာပါ့။
ကွာသမှ လူပုံလူဟန်ခြင်းကိုက ကွာခြားလှပြီ။
မောင်မောင်က ကိုကို့လို အသားမဖြူ။ သို့ သော် မောင်မောင် အသားညိုပြာပြာက ကိုကို့ ထက် စိုပြေနုညက်သည်မှာ သိသိသာသာချည်း။
ဘယ်တော့ကြည့်ကြည့် တိုက်ပုံနှင့် မျက်မှန်အပျံစားနှင့် ။ ခုတစ်လော ယောလုံချည်၊ ရခိုင် လုံချည်တွေ ချည်း ထည်လဲဝတ်နေသည်မှာ ကြာပြီ။ မောင်မောင့်ကို ကြည့်လိုက်လျှင် သပ်သပ်ရပ်ရပ် သန့်သန့်ပြန့်ပြန့် အခန့်စားတည်း။ တကယ့်လူကြီးလူကောင်း ပုံစံအပြည့်။
ကိုကို ကတော့ …
ဟင်း … ကိုကို ကတော့ ပြောမပြောချင်။ ဘယ်တော့ကြည့်ကြည့် ဘိုသီဘတ်သီ။ စုတ်တိ စုတ်ဖွား၊ ဟိုတုန်း ကတော့ သည်ကပိုကရို ဖွာလန်ကြဲကလေးကိုပဲ ချစ်စနိုးမိကာ ကိုကို့အပေါ် စုစုထား စိတ်ဝင်စားမိခဲ့သည် မှန်ပါ၏ ။ ၀န်ခံပါ၏ ။
အပျိုဘ၀က စုစုထားဆိုသည့် မိန်းကလေးမှာ ကဗျာစပ်သူ၊ စာဖတ်သူပင်။ သည်တော့ ချစ်သူ ကြင်သူ မြတ်နိုးသူရယ်လို့ စိတ်ကူအိပ်မက် ဖန်ဆင်းရာမှာ ပင် ကဗျာထဲ စာထဲက သြဇာတွေ လွှမ်းကဲနေသည်။
ကိုကိုနှင့် ပတ်သက်လျှင် သူ့နှလုံးသည်းညှာကို ဦးစွာ နားလည်မြတ်နိုးမိပြီးမှ ရုပ်လက္ခဏာ သွင်ပြင်ကို တွေ့ မြင်ရပါသည်ဟု မှန်သော သစ္စာစကားကို စုစုထားဆိုမည် ။
မဂ္ဂဇင်းတွေ မှာ လစဉ်ပါနေကျ ကိုကို့ဝတ္ထုများ က စုစုထားအပေါ် အတော် ကြီး သြဇာလွှမ်းမိုး ခဲ့သည်။ တစွဲလန်းလန်း၊ တတမ်းမက်မက်၊ စောင့်လျက်ဖတ်ရသည်ကို အားမရချင်။ ၀တ္ထုဖတ်ခြင်း မွေ့လျော်သူတို့ ဓမ္မတာ ၀တ္ထုဖတ်ရင်းက စာရေး ဆရာ၏ နှလုံးသည်းညှာကို ကြည်ညိုစိတ် လွှမ်းကဲ လာသည်။ ကိုကို့အယူအဆ၊ ကိုကို့အတင်အပြ၊ ကိုကို့လောကအမြင်တွေ ကို စုစုထား လေးစား မကုန်နိုင် ဖြစ်လာသည်။ ကိုကို့အနုပညာမှာ စုစုထား တိမ်းမူးညွတ်နူးမိသည့်အ ဖြစ်ကို မိမိဘာသာ သတိထားမိလာတော့ ကိုကို့ထံ စုစုထားကပင် စတင်စာရေး ဖြစ်သည်။
ကိုကို့ဝတ္ထုတွေ ကို စုစုထား တစ်ဝကြီး ဖတ်ပါရစေဟု။ မဂ္ဂဇင်းတွေ မှာ မပြတ်တမ်းရေး ပါ။ အခွင့်သင့်တိုင်း လုံးချင်းတွေ လည်း ထုတ်ပါ။ ဖြစ်နိုင်လျှင် ကိုကို့ကလောင်ဖျားနှင့် တို့ကစားထားသည့် မင်ခြစ်ရာမှန်သမျှကိုပင် တစ်လုံးတစ်ပါဒ တစ်စက်တစ်ပေါက်မကျန် ဖတ်နိုင်ရသည်ကိုယ် ဖြစ်ရပါစေလို့ … ဟု ပိုသည်ပဲ ဆိုဆို၊ မိန်းမက စသည်ပဲ ပြောပြော၊ ရင်ထဲရှိလျှင် မထိန်ချန်ချင်သည့် စုစုထား၏ စရိုက်ကလေးကြောင့် ပင်လျှင် ကိုကို့ဆီရောက်လာသမျှ မိတ်ဆက်စာအထောင်အသော င်းကြားမှာ စုစုထား၏ စာကို ကိုကို စိတ်ဝင်စားခဲ့ခြင်း ဖြစ်မည် ။
သို့ နှယ် စာချင်းအတော် ကြာ အပြန်အလှန် ဆက်သွယ်ကာ သံယောဇဉ်ငြိတွယ်ပြီးမှ စာပေ ဟောပြောပွဲတစ်ခုမှာ လူချင်းဆုံ ဖြစ်သည်။
ဟောပြောပွဲ စင်မြင့်ပေါ် ကိုကိုတက်လာတော့ တိုက်ပုံအင်္ကျီလက်တစ်ဖက်မှာ စွတ်လျက် တန်းလန်း တစ်တောင်နီးပါး ထွက်နေသော ပုဆိုးခါးပုံစနှင့် ဆံပင်ဖွာလန်ကြဲနှင့် ။
ထိုစဉ်က ကိုကိုသည် အခြားစာရေး ဆရာများ နှယ် မိမိဝတ္ထုများ အကြောင်း လုံးဝမပြော။ စာပေဝေဖန်ရေး ကိုသာ အဓိက ဆွေးနွေးသွားသည်။ စုစုထားတစ်သက် မမေ့နိုင်သည်က ပထမဆုံး ကြားဖူးရသည့် ကိုကို့ဟောပြောချက်ထဲမှာ လေးနက်ရင့်ကျက်သည့် စာပေအယူအဆများ ပါသည်ပင်။ ခေတ်ပေါ် မြန်မာဝတ္ထုများ နှင့် ပတ်သက်၍ ကိုကို သုံးသပ်တင်ပြသွားပုံမှာ ထောင့်စေ့သည်။ နှစ် လိုဖွယ်အသုံးအနှုန်းနှင့် အားနည်းချက်များ ကို တရားသဖြင့် ညွှန်ပြသည်။
ကိုကို့ကို စာရေး ရုံသက်သက်သာ ၀ါသနာပါသော စာရေး ဆရာမျိုးမဟုတ်၊ စာစုံဖတ်ခြင်း၊ မပြတ်လေ့လာခြင်း၊ စသည့် ခွန်အားသစ်များ ဖြင့် အစဉ်လန်းဆန်းနေမည့်  စာသမားတစ်ဦး ဖြစ်ကြောင်း စုစုထား နားလည်ခဲ့ရလေသည်။
သို့ ကြောင့် လည်း ကပိုကရို ဖွာလန်ကြဲနေသော ကိုကို့ပုံစံမှာ စုစုထား ချစ်စနိုးဖွယ် ဖြစ်လာသည်။ ရင်ထဲမှာ ဘ၀င်မကျချင်ရိုး မှန်ပေမည့် ဖြည့်၍ တွေးခဲ့သည်။
ဒဂုန်တာရာ၏ “ရုပ်ပုံလွှာ” ထဲမှ အကြိမ်ကြိမ်အထပ်ထပ် ဖတ်ဖူးခဲ့သည့် “အောင်ဆန်း သို့ မဟုတ် အရိုင်း” ကို ဖျတ်ခနဲ သတိရသည်။ ဂျာနယ်ကျော်မမလေး၏ “သူလိုလူ” ထဲမှ ဂျာနယ် ကျော်ဦးချစ်မောင်၏ ပုံလွှာကို ရိပ်ခနဲမြင်ယောင်သည်။
အလှအပ၊ အသန့်အပြန့်ကို ဂရုမထားဘဲ ဖြစ်သလိုနေတတ်ထိုင်တတ်ရုံနှင့် လူ့တန်ဖိုး၊ လူ့ သိက္ခာလျောကျမသွားနိုင်ဟု စုစုထားက မာနကြီးစွာ လိုရာဆွဲ၍ တွေးခဲ့ဖူးပါ၏ ။
ခုတော့ …
ခုတော့ … ၀န်ခံရလျှင် ကိုကို့ကို မောင်မောင်နှယ် မြင်ချင်သည်ပင်။
တစ်ခုသာရှိသည်။ သိသိသာသာကြီး ထွက်စပြုနေသော မောင်မောင့်ဘီယာဗိုက်ကိုတော့ စုစုထား လုံးဝသဘောမကျချင်။ တစ်ခုကိုစမိလျှင် ကျန်တစ်ခုမှာ အလိုလို ကပ်ပါလာမြဲ ဖြစ်၏ ။ မောင်မောင့် အသောက်အစား၊ အပျော်အပါး သတင်းအချို့ကို စုစုထားလည်း ကြားဖူးခဲ့သားပင်။
သည်လိုဆိုပြန်တော့ ကိုကို့ကို ကျေးဇူးပင်တင်ရဦးမည် လား။ အသောက်အစားနှင့် အပျော်အပါးသည် ကိုကို့အတွက် မိတ်ဆွေမ ဖြစ်သလို ရန်သူလည်းမဟုတ်ပါချေ။ တစ်ဦးနှင့် တစ်ဦး ဘာမှ မပတ်သက်သလို ဘာသိဘာသာနေကြသော သူစိမ်းများ ပမာတည်း။
သို့ သော် … ဒါပဲ၊ ဒါပါပဲ။ ဒါတစ်ခုကလွဲလျှင် ကိုကို့အပေါ် ကျေနပ်ဖွယ် စိုးစဉ်းမျှမရှိ။
မြင်ကွင်းမှ မောင်မောင်သော်လည်းကောင်း မောင်မောင့်ကားပြာလေးသည်လည်းကောင်း၊ တဖြည်းဖြည်းဝေး၍ ပျောက်ကွယ်သွားသည့်တိုင် တောက်ပတက်ကြွသော မောင်မောင့်အသွင် သဏ္ဍာန်များ မှာ စုစုထား၏ အာရုံထဲမှာ တ၀ဲလည်လည် ထင်ကျန်ရစ်ဆဲတည်း။
အလိုလို ဖုထစ်လာသော ရင်ထဲက ဒဏ်ရာ။ တစ်စစ ဝေဒနာ။
“ဟေ့ ထမင်းစားမယ်လေ။ ဒီမှာ ခူးခပ်ပြီးနေပြီ”
“ဟင်”
ကိုကိုက ခန်းဆီးကြားမှ ခေါင်းပြူကာ လှမ်းခေါ်နေ၏ ။ ရင်ထဲမှာ လှုပ်သွားသည်။ ကျားသား မိုးကြိုး။ ထမင်းပွဲကို သူကိုယ်တိုင် စိတ်လိုလက်ရ ပြင်ဆင်ခူးခပ်ပြီးနှင့် ပြီဆိုတော့။ မိမိကိုပင် တခုတ်တရ လှမ်းခေါ်ဖော်ရသည်ဆိုတော့ စိတ်ထဲမှာ တစ်ထစ်လျော့ပြေသွားကာ ရယ်ရွှင်ပြုံးပြ ဖြစ်လာ သည်။
“ဟိုကောင် ဘာတွေ လက်ချာရိုက်နေတာလဲ”
“သြော် … သူ့အလှူကို လာဖို့ပါ။ ကိုကိုကလည်း ဒေါချည်းပဲ ဒေါနဲ့မော်နဲ့ နောက်ဖေးဝင် သွားလို့ စုစုတောင် လန့်နေတာ။ လက်စသတ်တော့ ထမင်းပွဲ ပြင်နေတာကိုး”
စုစုထား ရယ်သံတစ်ဝက်နှင့် ကိုကို့ကို ကျီစယ်စကားဆိုလိုက်သည်။ လစေ့လုနီး ကိုယ်ဝန် နှင့် ထမင်းစားပွဲဝိုင်း နိမ်နိမ့်ကလေးတွင် ကျုံ့ကျုံ့ကွေးကွေး ၀င်ထိုင်ရသည်မှာ မလွယ်လှ။ အတတ်နိုင်ဆုံး သက်တောင့်သက်သာရှိအောင် နေရာပြင်ထိုင်ရင်း လည်ချောင်းဝမှ “အင့်” ခနဲ အသံများ ပင် ထွက်လာသည်။
သို့ တိုင် စုစုထား၏ စိတ်ထဲတွင် လွတ်လပ်ပေါ့ပါးနေ၏ ။ ကိုကိုပြင်ထားသော ထမင်းပွဲကို ကြည့်ရင်း ကြည်နူးစိတ်များ တရိပ်ရိပ်တက်လာသည်။
တစ်ခဏချင်း စီမံဖန်တီးလိုက်သော ကိုကို့လက်ရာ မြင်းခွါရွက်သုပ်ပန်းကန်သည်ပင် အထူး တလည် အံ့ဖွယ်ထွေပြားနေ၏ ။ မြေပဲဆန်ထောင်း၊ ကြက်သွန်ကြော်နိုင်နိုင်နှင့် စုစုထားသည် ကြာကြာတွေးမနေတော့ဘဲ မြင်းခွါရွက်သုပ်ကို ဇွန်းဖြင့် ခပ်ကာ ကိုကို့ထမင်းပန်းကန်ထဲ အရင်ဦးချလိုက် သည်။ ပြီးဆက်တိုက်ပင် နှစ် ဇွန်းသုံးဇွန်းတိုင်အောင်ခပ်၍ စားလိုက်မိသည်။
“အားပါး ဒေါသကုမ္ဘဏ်မြင်းခွါရွက်သုပ်ကလည်း ကောင်းမှ ကောင်းပါလား။”
စိတ်လက်ကြည်သာလျှင် ကိုကို့ကို ပြက်ချော်ချော်ထေ့၍ ခေါ်နေကျနာမည် နှင့် မြင်းခွါရွက်သုပ်ကို တွဲ ဖက်နာမည် တင်လိုက်ခါ စုစုထားသည် သူ့ဘာသာ သဘောကျနေ၏ ။ သူ့ရယ်သံနှင့် သူ ထွေးလုံးရစ်ပတ် ဖြစ်နေသည်။
အခါတိုင်း အသင့်ပြင်ပြီးသား ထမင်းပွဲကိုပင် စိတ်ပါလက်ပါ စားလေ့မရှိခဲ့သော ကိုကို။
ထမင်းစားတိုင်း စာတစ်အုပ်ကို ပေါင်ပေါ်တင်၍ ထမင်းတစ်ဝက်၊ စာတစ်ဝက်စားတတ်သော ကိုကို။ ကောင်းသည် ဆိုးသည် တစ်ခွန်းမပြောဘဲ၊ ဘယ်သူ့မျက်နှာမှ တစ်ချက်မကြည့်ဘဲ စာတစ်အုပ်နှင့် စားချင်သလိုစား၍ ပြီးချင်သလို ပြီးတတ်သော ကိုကို။ ထမင်းပွဲကို အကြောင်းပြု၍ ကတောက်ကဆမှု ၊ ပဋိပက္ခမှု ကို ဖန်တီးမြဲ ကိုကို။
ခုလို စိတ်လိုလက်ရ ထမင်းပွဲကို သူကိုယ်တိုင် ပြင်ဆင်ထားသည်ဆိုတော့ ဘယ်မှာ မအံ့သြနိုင်ဘဲ မကြည်နူးနိုင်ဘဲ ရှိတော့မည် လဲ။ ကြည့် ကြက်သွန်ဖြူ ဆယ့်လေးငါးလုံးခန့်ကိုပင် စိတ်ရှည်လက်ရှည် အခွံသင်၍ ရှာလကာရေရွှဲရွှဲ ဆမ်းထားလိုက်သေးသည်။
“အမဲသား၊ ပဲကုလားဟင်းက ကလေးတွေ အုပ်သွားတာ နည်းနေပြီလေ။ ဒါကြောင့် မြင်းခွါရွက်သုပ် သုပ်လိုက်တာ၊ စုစုက စံချိန်ပြည့်စားရမှာ ၊ အသားနည်းတဲ့အခါ မြေပဲနဲ့အစားထိုး၊ ဟော ကြက်သွန်ဖြူလည်း များများ စားပေးဖို့လိုတယ်။”
ကိုကိုက လက်ဆေးရေခွက်ကို ယူလာရင်း အာဟာရစီမံကိန်းအတွက် အမှာ စကား ပြောစ ပြုသည်။
“ကိုကိုကလည်း မီးနေသည်မှ ကြက်သွန်ဖြူများများ စားရတယ် ကြားဖူးပါတယ်။”
“အဲဒါက အစဉ်အလာ အယူအဆသက်သက်ကိုး ကြက်သွန်ဖြူရဲ့ အာနိသင်ကို နားမလည်ဘဲ အစဉ်အလာရှိလို့ စားနေကြတာ။ ကိုကိုပြောတာမယုံရင် ဟောဟိုအိပ်ရာဘေးက စာအုပ်စင် အောက်ဆုံးထပ်မှာ အမျိုးသား ဦးလှဒင်ပြုစုတဲ့ ကြက်သွန်ဖြူဆိုတဲ့ စာအုပ်ရှိတယ်။ ယူဖတ်လိုက် စုစုမှာ လည်း တစ်နေ့တစ်နေ့ ဘ၀ကိုအလိုမကျ၊ လင်ကို အလိုမကျ၊ လောကကြီးကို အလိုမကျနဲ့ဘဲ စိတ်တ္တဇ ဖြစ်နေတာပဲ၊ စာလေးဘာလေး ဖတ်ပါဦး၊ လောကမှာ စာဖတ်ခြင်းလောက် ငြိမ်းချမ်းတာမရှိဘူးနော်။”
စုစုထားသည် နှုတ်ခမ်းနားရောက်နေသော ထမင်းလုတ်ကို ချက်ချင်း ပြန်ချထားလိုက်ကာ ကိုကို့ကို မော့ကြည့်လိုက်မိ၏ ။ ပြောင်ချော် ရွှန်းပြက်နေသော အမူအရာကလေး ဖျတ်ခနဲ လွင့်စင် သွားသည်။
“ဒါတော့ ကိုကိုနဲ့ စုစု တူမှမတူတာကြီးကို၊ ကိုကိုက ငြိမ်းချမ်းမှု ကို မြတ်နိုးပေမယ့် စုစုမှ မငြိမ်းချမ်းချင်တဲ့ဟာ”
“ယုံပါတယ် အမြဲတိုက်ခိုက်ချင်နေတယ်ဆိုတာကို၊ ဆူပူမှု ဖန်တီးဖို့အကြောင်းပဲ အမြဲရှာချင် နေတယ်ဆိုတာကို”
ကိုကိုက ထမင်းစားမပျက် ခပ်ပေါ့ပေါ့ ပြောလိုက်လေသည်။ ခွင့်လွှတ်ထားနိုင်သော အပြစ်တင်စကားဆိုပုံမျိုး၊ ကိုကို့အမူအရာမှာ ပေါ်လွင်နေသည်။
စုစုထား ကတော့ ကိုကို့လို မဟုတ်၊ တကယ့်ခံစားနေရသူ ဖြစ်ကာ ခံစားချက် တရှိန်ရှိန်တက်နေ၏ ။
“လူဆိုတာ အမြဲတိုက်ခိုက်နေမှ ကိုကိုရဲ့ လောကဓံဆိုတာ ပဋိပက္ခပဲဆို။ လူဆိုတာ ပဋိ ပက္ခနဲ့ ဖွံ့ဖြိုးရမယ်ဆို။ ငြိမ်းချမ်းချင်ရင် လူတွေ ထဲ ဘယ်နေမလဲ။ တောထွက် ပြီး ဘုရား ဖြစ်အောင် ကျင့်မှာ ပေါ့”
ကိုကိုက စုစုထားကို စူးစူးဝါးဝါး ကြည့်လိုက်သည်။ ကိုကို့မျက်လုံးများ အရောင် ထွက်စပြု လာ၏ ။
“ခွေးမ ငါ့ကိုယ်ငါ စိတ်ရှည်အောင် ကြိုးစားနေတာနော်။ တောက်တီးတောက်တဲ့တွေ လျှောက်ပြောမနေနဲ့”
“ဒါတောက်တီးတောက်တဲ့လား ကိုကိုရ စုစုရင်ထဲရှိတာ ပြောတာ”
အတွန့်တက် ဖြစ်အောင် တက်လိုက်မိပြီးမှ တစ်စုံတစ်ခုကို ပြန်၍ တွေး ဖြစ်သည်။ ကိုကို့ မျက်နှာကို လှမ်းကြည့်ရင်း တရိပ်ရိပ်ပြုံးလာမိ၏ ။
“ဟင်း - ဟင်း - ကိုကိုစိတ်ရှည်အောင် ကြိုးစားနေတာကိုး ဒါကြောင့် မောင်မောင့်ကို ဒေါပွ ပြီး နောက်ဖေးဝင် မြေပဲတွေ ဒေါနဲ့မောနဲ့ ဖိထောင်းနေတာကိုး”
ကိုကို စားလက်စ ထမင်းပန်းကန်ကို ဆောင့်တွန်းပစ်လိုက်သည်။ ထမင်းပန်းကန်သည် လက်ဆေးရေဇလုံကို သွားတိုက်ကာ ရေများ ဘောင်ဘင်ခတ်၍ စားပွဲပေါ် ဖိတ်စင်ကျကုန်၏ ။
စုစုထားက စားပွဲပေါ်စီးကျနေသော ရေများ နှင့် လွတ်အောင် နေရာပြင်ရင်း။
“ကိုကိုကလည်း ပြောရင်းဆိုရင်း ဒေါသပဲ ထွက်ချင်နေတာကိုး”
“ဘယ်သူက အလကားနေရင်း ဒေါသထွက်ချင်မလဲဟ”
ကိုကိုက ရေဇလုံတွင် လက်ကိုနှစ် ရင်း တအားကြုံးအော်လိုက်သည်။ ဆောင့်၍ ဆောင့်၍ ခါလိုက်သော ကိုကိုလက်မှ ရေစက်တို့သည် စုစုမျက်နှာကို တစ်ပေါက်ပေါက် လာ၍ စင်ကုန်၏ ။
“ငါ့ဟာငါ နေရင် ဘယ်တော့မှ ဒေါသမ ဖြစ်ဘူး။ သောက်သုံးမကျတာတွေ က ငါ့လာလာ ပတ်သက်တော့ ဒေါသထွက်ရပြန်ရော”
မိမိကို တိုက်ရိုက်ပစ်လွှတ်လာသည့် ဒေါသမဟုတ်မှန်း သေချာသွားသည်မို့ စုစုထားက ထမင်းကို ဟန်မပျက် ဆက်စားနေလိုက်၏ ။ ကိုကို ဒေါသကုမ္ဘဏ် ကတော့ လက်သုတ်နေပေပြီ။ ဒေါသကြောင့် ထမင်းပွဲ တစ်ဝက်တစ်ပျက်နှင့် ပျက်ရသည့်အခါပေါင်း စုစုထားတို့ အိမ်ထောင်ရေး မှာ မရေမတွက်နိုင်တော့။
“ပြောရင်လည်း ငါ့အလွန် ဖြစ်မယ်။ ကိုယ့်ဟာကို ရှည်ဝေးပြီး ဖိတ်ထားတဲ့ ဧည့်သည်တစ်အုပ်ကြီးကို မဆီမဆိုင် ငါ့အိမ်လာထိုးပို့မလို့တဲ့”
မျိုလက်စ ထမင်းလုတ်မှာ လည်ချောင်းဝတွင် နင်နေ၏ ။ မျက်ကလူးဆန်ပြာအကြည့်ဖြင့် ကိုကို့ကို လှမ်းကြည့်ရင်း ထမင်းလုတ်သံ ဗလုံးဗထွေးဖြင့် အရေး တကြီးမေးလိုက်မိသည်။
“မောင်မောင့် ဧည့်သည်လားဟင် တစ်အုပ်ကြီးတဲ့လား”
“အေးပေါ့ နယ်က ဆွေမျိုးတွေ ပေါ့ အလှူလာကြတာ”
စုစုထားသည် လည်ချောင်းရှင်းရန် ကုလားပဲဟင်းကိုသာ မဲ၍ ဖိသောက်နေမိ၏ ။ ရေထ မခပ် ဖြစ်။ မပေါ့မပါးမို့ ထိုင်ရထရသည်မှာ မလွယ်ချေ။
ကိုကို ကတော့ နံရံတွင် ကပ်မှီ၍ ခေါက်ထားသော ပက်လက်ကုလားထိုင်ကို ဆွဲဖြန့်ရင်း ဒေါသံမောသံနှင့် ဆက်ပြောနေသည်။
“ကိုယ့်ဟာကိုယ် ကြွားချင်လို့ ရှုပ်ထားတဲ့ကိစ္စ။ မောင်မောင် တစ်ယောက် ရန်ကုန်မှာ ကြီးပွားချမ်းသာနေပါတယ်ဆိုတာ သက်သက်ခေါ်ကြွားတဲ့ကိစ္စ။ ငါ့လာခုတုံး လုပ်တယ်။ အလှူရက် ဧည့်သည်များ လို့ သူ့အိမ်ဆံ့တော့ ဒီလာထိုးချင်တာကို ကိုကို့ကို တွေ့ ချင်ကြလို့လေး ဘာလေးနဲ့ လူလည်ကျတယ်။ ဒီကောင်စကားစတာနဲ့ ဘာလိုချင်တယ်ဆိုတာ သိပြီးသား”
“စုစုကိုတော့ ဘာမှပြောမသွားဘူးကိုကို၊ ဧည့်သည်တွေ က ဘယ်တော့လာမှာ တဲ့လဲ”
“နက်ဖြန်”
ပက်လက်ကုလားထိုင်ပေါ်တွင် ဆောင့်၍ မှီချရင်း ကိုကိုက တောက်တစ်ချက် ပြင်းပြင်း ခေါက်လိုက်သည်။
“ရုံးအားရက်မို့ အေးအေးဆေးဆေး စာရေး မယ်လို့ စီစဉ်ထားတာ ပျက်ပြီပေါ့။ ရှေ့ရောက်ရင် မီးနေသည်ပြုစုရဦးမှာ နဲ့ ဘာနဲ့ မြောပါပြီ”
ကိုကိုသည် ရှူးရှူးရှားရှား ဒေါသမထိန်းနိုင် မသိမ်းနိုင် ဖြစ်နေ၏ ။ စုစုထားက ဘာမှဆက်မပြောတော့ဘဲ ထမင်းပွဲကို လက်စသတ်ကာ စိတ်မပါ့တပါ သိမ်းဆည်းနေမိသည်။
ဘာ ဖြစ် ဖြစ် အဓိက ကိုကိုစာရေး ပျက်ရတာ အထိခိုက်ဆုံးပါပဲ။ ရုံးအလုပ်တာဝန်များ ပြားမှု ၊ စာဖတ်ချင်စိတ်များ ထက်သန်များ ပြားမှု ၊ အခိုင်အမာ သေရပ်သေချာလိုစိတ် များ ပြားမှု တို့ဖြင့် ကိုကိုသည် စုစုထားနှင့် အိမ်ထောင်ကျပြီးကတည်းက စာရေး ကျဲလာ၏ ။ လုံးချင်းဝတ္ထုများ ခေတ် ကောင်းနေချိန်တွင် ကိုကိုမှ တစ်နှစ် လုံးမှ တစ်အုပ်လောက်ရေး ဖြစ်၏ ။
စာနယ်ဇင်းများ မှာ ကြိုကြားကြိုကြားလည်း မရေး ဖြစ်။ မရေး ချင်တော့ဟု ဆိုသည်။ ရသ စာပေပုံသဏ္ဍာန်တွင် ပီပီပြင်ပြင် အဖတ်တင်နိုင်မည့်  လုံးချင်းဝတ္ထုသာ ရေး လိုတော့သည်တဲ့။
ကိုကို့အယူအဆမို့ မစွက်ဖက်ချင်သော်လည်း ကိုကို့ကို စာများများ ရေး စေချင်သည်သာ။
လျှမ်းလျှမ်းတောက် ကျော်ကြားသော အများ ကြိုက်စာရေး ဆရာ မဟုတ်သော်လည်း ကိုကို့ စာပေသိက္ခာမှာ စာပေလောကတွင် မနိမ့်ပါးလှ။ သည်အခြေအနေနှင့် ပဲ စာရေး ဆရာ ကိုကို့ဇနီး သည်အ ဖြစ် စုစုထား ဂုဏ်ယူဝံ့ရဲပါသည်။
သို့ သော် ကိုကို စာများများ ရေး ဖြစ်အောင် အခြေအနေဖန်တီးပေးဖို့တော့ စုစုထားမှာ တာဝန်ရှိသည်လို့ ယုံစားသည်။
အကြောင်းကြောင်းကြောင့် စာမရေး ဖြစ်နိုင်သည့်အထဲ ဧည့်သည်တွေ က ရောက်ဦးတော့မည် ။
စုစုထားသည် လက်သုတ်ပုဝါကို ပန်းကန်စင်ပေါ် လွှားတင်လိုက်ကာ ထိုင်နေကျ ကြိမ်ခုံ ၀ိုင်းကလေးကို သွားယူ၍ နံရံနား ကပ်ချလိုက်သည်။
သည်ခုံပေါ်မှာ အညောင်းပြေမှေးမှီထိုင်ရင်း စောစောက ကလေးအင်္ကျီချုပ်လက်စကို အပြီး သတ်ရပေဦးမည် ။
စိတ်ကူးပျက်လာလျှင် အ၀တ်ချုပ်၊ သို့ မဟုတ် ရပ်ကွက်သမဆိုင်ကပေးသော ကျောက်ခဲသ လဲဖွဲဆန်ကွဲ ဆတူရောစပ်သည့်ဆန်ကို တစ်စကောကြီးထည့်၍ တဇပ်ဇပ်ငုံ့ကောက်နေလိုက်ချင် သည်။ အပ်ချုပ်ရင်း၊ စပါးလုံးကောက်ရင်း ရောက်တတ်ရာရာတွေးရသည်မှာ စိတ်သက်သာသည်။
လက်ထဲက ချုပ်လက်စကို ကြည့်လိုက်သည်။ မွေးကင်းစ ကလေးဝတ် လိပ်ပြာတောင် အင်္ကျီလေးမှာ တော် တော် ရုပ်လုံးပီပြင်နေပြီ။ လည်ပင်းလုံး၍ တစ်ဆက်တည်း နောက်ကျောက ကြိုးကလေးနှစ် ဆ တပ်လိုက်ဖို့သာ လိုတော့သည်။
ရှန်သားအပြာရောင် ခံ အဖြူပြောက် အင်္ကျီကလေးမှာ အသစ်စက်စက်မဟုတ်သော်လည်း အရောင် အသွေး အမှေးမှိန်လှ၊ အပျိုဘ၀က ည၀တ်ဘလောက် ဖြစ်ခဲ့၍ ယခု မမွေးသေးသော ရင်သွေးငယ်အတွက် အင်္ကျီအ ဖြစ် ပြန်လည်ဆန်းသစ်ရခြင်းတည်း။
ဘလောက်စ် ချုပ်ပြီးစဉ်က လည်ပင်းကျယ်လွန်းသည်ကို မ၀ံ့မရဲ ဖြစ်ခါ တစ်ခါနှစ် ခါမျှ ၀တ် ဖြစ်သည်ထင်၏ ။ ဆယ်နှစ် ကျော်မျှ သေတ္တာအောက်ဆုံးမှာ ညှပ်သပ်ပျောက်ဆုံးနေခဲ့သော အင်္ကျီ ဖြစ်သည်။ တစ်နေ့ကမှ သေတ္တာရှင်းရင်း လက်မထပ်မီက ချစ်သူဘ၀ ကိုကို့ ပေးစာဖိုင်တွဲ ကြားမှာ အမှတ်မထင်ပြန်တွေ့ ခဲ့သည်။
ခုမှ ပြန်တွေ့ တာပဲ ကောင်းသေးတော့သည်။ စောစောက တွေ့ လျှင် စောစောကပင် သုံးမိ ပြီး၍ စုတ်ပြဲလောက်ရော့မည် ။
အိမ်မှာ တော့ မအေ့အင်္ကျီမှသည် ကလေးအင်္ကျီ၊ ခန်းဆီးမှသည် အိပ်ရာခင်း၊ ခြင်ထောင် အမိုးဟောင်းမှသည် ခေါင်းအုံးစွပ်၊ စားပွဲခင်းမှသည် လက်သုတ်ပုဝါ၊ နောက်တော့ ပုဆိုးဟောင်းမှ သည် လက်သုတ်ပုဝါ စသည် စသည်ဖြင့် ပြန်လည်ဆန်းသစ် ဖန်တီးရမြဲတည်း။
ခါးတွင် ၀တ်ထားသည့် ဗိုက်ဖုံးအင်္ကျီကပင်လျှင် ကိုကို့ ပုဆိုးတစ်ပတ်ရစ်ကို ပြန်လည်ဆန်း သစ်ဖန်တီးထားခြင်း ဖြစ်သည်။ အကြီးဆုံးကောင်လက်ထက်က သုံးလာခဲ့သော ဗိုက်ဖုံးအင်္ကျီသုံးလေးထည်မှာ တတိယသားအထိတော့ လှုပ်လှုပ်ကပ်ကပ် ၀တ်လိုက်ရပေသား။ လေးနှစ် လောက် ကလေးခြားသွားတော့ အိမ်နေရင်း ၀တ်စရာကလည်း နည်းသည်နှင့် ချဝတ်ပစ်လိုက်မိရာ တက်ထရွန်သားက ပိတ်စိမ်းပါးဘ၀ ပြောင်းချေပြီ။ အကိုင်မခံချင်လောက်အောင်ပင် ရိချေပြီ။
သို့ နှင့် ကိုကို့ပုဆိုး တစ်ပတ်ရစ်တစ်ထည်ကို ဗိုက်ဖုံးအင်္ကျီနှစ် ထည်ရအောင် ခဲခဲယဉ်းယဉ်း ချုပ်ဝတ်လိုက်ရသည်။
ခက်သည်က ကိုယ်ဝန်ဆောင်ဗိုက်ကြီး ဖြစ်၍ ဗိုက်ဖုံးအင်္ကျီမ၀တ်လျှင် တင့်တယ်သည်မထင် အင်္ကျီနှင့် မဖုံးသော ထမီ မှီတမှီဝတ်ထားသော ဗိုက်ကတုံးကလေးတွေ ကို မြင်ရလျှင် အကြည့်ရဆိုး သည် ထင်၏ ။ က္ကုနြေ္ဒမဲ့သည် ထင်သည်။
သို့ ကြောင့် ချုပ် ဖြစ်အောင်ချုပ်၍ ၀တ် ဖြစ်အောင်ဝတ်ခဲ့သည့် အင်္ကျီ၊ ကြည့်-အောက်နားက ရိလှပြီ။ နောက်တစ်ခါနှစ် ခါ လျှော်လျှင်ပင် ဖွာလန်ကြဲတော့မည် ထင်သည်။
“ငမောင့်အလှူကို စုစုပဲသွားလိုက်၊ ကိုကို မအားဘူး။ သွားလည်း မသွားချင်ဘူး”
အင်္ကျီလည်ပင်းကွပ်အနားစကို အပ်ဖျားကလေးနှင့် သိမ်းကာ ၀က်သိုးချုပ်နေရင်းက ကိုကို ရှိရာကို လှမ်းကြည့်လိုက်သည်။ ကိုကိုက စုစုထားကို လုံးဝမကြည့်ဘဲ ခေါင်မိုးမျက်နှာကြက်ကိုသာ စိုက်ငေးနေလေသည်။
“စုစုလည်း မသွားချင်ပါဘူး ကိုကိုရယ်၊ ကားလွှတ်မယ်ပြောသွားတာပဲ ကိုကိုပဲ လိုက်သွား လိုက်ပါ။”
“ငါ မသွားချင်လို့ ပြောနေတာ၊ ကားလွှတ်မယ်ဆို ပိုလွယ်သားပဲ၊ စုစုသွားလိုက်ပါ။ ကြောင်ရင် သားကြီး ဖြစ် ဖြစ် အဖော်ခေါ်သွားပေါ့။”
“သြော် … ကိုကိုကလည်းလေ”
စုစုထားက လေးလေးတွဲ့ တွဲ့  ညည်းရုံမက သက်ပြင်းတစ်ချက်ပင် ကြိတ်ချလိုက်မိ၏ ။
“ကိုကိုကလေ ပြောချင်ရာသာ စွတ်ပြောနေတာပဲ၊ ဘာမှလည်း မသိဘဲနဲ့ စုစု ဘယ်လိုလုပ် သွားမလဲ ကိုကိုရဲ့ ၊ မိန်းမ တစ်ယောက် အလှူသွားဖို့ဆိုတာ လွယ်တဲ့ကိစ္စမှတ်လို့၊ ကိုကိုတို့ ယောက်ျားတွေ အဖို့သာ ဒီအတိုင်းထသွားလည်း ခေါင်းဝင်ကိုယ်ဆန့်တာ”
“ဘာလဲ ပြောင်ပြောင်လက်လက် ၀တ်ရေး စာရေး လား၊ ဘယ်သူတွေ ကကော ဘယ်လိုလာကြမှာ မို့လဲ မိစုရယ်၊ ဒါ ရန်ကုန်အလှူပါ ကိုယ့်ရှိတာ ကိုယ်ဝတ်သွားပေါ့”
ခက်လိုက်သည့်ကိုကို စာသမားများ သည်အတိုင်းပဲ ထင်သည်။ သူတို့အမြင်များ သည် သဘောတရားရေး အရ မှန်ကောင်းမှန်ပေမည် ။ လက်တွေ့ ဘ၀နှင့် သီသီလွဲမြဲတည်း။
“ဟုတ်ပါတယ်။ အဲဒီ ကိုယ့်ရှိတာကိုယ်ဝတ်ဖို့ကိုကပဲ မလွယ်တာပေါ့ ကိုကိုရဲ့ စုစုမှာ ရှိတာ က ကိုကို့ပုဆိုးအစုတ်ကို ပြန်ချုပ်ထားတဲ့ ဗိုက်ဖုံးအင်္ကျီနှစ် ထည်ရယ်၊ ခုဝတ်ထားတာ ကြည့်ပဲကြည့်ပါဦး။ ပုံမကျ ပန်းမကျ တိုနံ့နံ့နဲ့။ ကိုယ့်မိန်းမ ဘာရှိလို့ ဘာဝတ်တယ်ဆိုတာ ကိုကိုစိတ်လည်း မ၀င်စားဘူး။ သိလည်း မသိဘူး။ အရမ်းအရမ်းသာ ပြောတတ်တာ။”
ကိုကို့မျက်လုံးများ ရိပ်ခနဲ ညို့သွားသည်ကို သတိထားလိုက်မိသည်။
“ပြောပါလား စုစုရယ် လိုနေတာကို ပြောမှသိမှာ ပေါ့။ ၀တ်စရာမရှိရင် ချုပ်ရမှာ ပေါ့။ အင်္ကျီ က ချုပ်လို့မီသေးတယ်မှု တ်လား။ မနက်ဖြန် မိုးဝေမှာ ကိုကို စာမူခရစရာရှိတာ သွားထုတ်လိုက် မယ်လေ။”
ငိုရအခက်၊ ရယ်ရအခက်နှင့် စုစုထားသည် ခေါင်းနောက်လာ၏ ။ ကိုကို့စေတနာကို စုစုထား မသိတတ်၍ မဟုတ်၊ သိသည်။ ကိုကို့မေတ္တာကရုဏာကို စုစုထား မခံစားတတ်၍ မဟုတ်၊ ကြည် ကြည်နူးနူးခံစားမိလိုက်သည်။
သို့ သော် ပြောမှသိ၊ ထိမှနာ ဒါဆိုဒါပဲ စဉ်းစားတတ်သည့် လူစားဟု ရင့်ရင့်သီးသီးတွေး၍ ရင်ထဲမှာ ဆတ်ခနဲ ကျင်လာ၏ ။
“မချုပ်ပါဘူး။ စုစုက အင်္ကျီအသစ် မချုပ်ရလို့ ရန်တွေ့ နေတာမှ မဟုတ်တာ။ အလှူကို စုစု သွားဖို့ အဆင်မပြောတာကို ပြောတာပဲ။ ကိုကိုသွားသင့်တယ်ဆိုတာ သဘောပေါက်စေချင်လို့”
လေသံမှာ ပျော့ပျော့ပျောင်းပျောင်း မရှိသည်ကို ကိုယ့်ဘာသာ သတိထားမိသည်။ ရင်ထဲမှာ ဗြောင်းဆန်အောင် လှုပ်ရှားနေကြသော မကျေနပ်မှု များ လေသံမှာ စီးမြောပွင့်ကန်လာ၏ ။ ရုတ် ခြည်းအရောင် ထွက်လာသော ကိုကို့မျက်လုံးများ ကလည်း ဒါကိုသိလိုက်ကြောင်း ဖော်ပြလာသည်။
“မင်း ငါ့ကို ကပ်ဖဲ့လုပ်ဖို့ ဆန့်ကျင်ဖို့ လူ ဖြစ်လာသလား။ စုစုရယ်။ ငါက အကောင်းပြောရင်လည်း မင်းကချည်း ရန်လုပ်နေတာပဲ။ ငါ ဘာလုပ်ရမလဲ စုစု၊ မင်းသဘောကျအောင် ငါ ဘာတွေ လုပ်ပေးရမှာ လဲ။”
ဒေါသမြားဦးသည် စုစုထားဆီသို့ ဦးတည်လှည့်လာ၏ ။ စုစုထားက မိမိဖက်မှစ၍ စကားမှား မိလေသလားဟု သံသယမကင်း ဖြစ်ကာ ခေါင်းငုံ့ရင်း ချုပ်လက်စအင်္ကျီကို ဆက်ချုပ်နေလိုက် သည်။
“အင်္ကျီဝတ်စရာမရှိဘူးဆိုလို့ ချုပ်ပါဆိုတော့လည်း မဟုတ်ရဘူး။ ငါ့ကို ဆန့်ကျင်ရပြီးရော ဆိုပြီး ကပ်ဖဲ့စကားတွေ လျှောက်ပြောနေတာပေါ့”
“ကပ်ဖဲ့ပြောတာမဟုတ်ဘူး ကိုကို၊ ကိုကိုက ဒါဆိုဒါပဲသိတာကိုး။ စုစုအင်္ကျီသစ်ချုပ်ဖို့ အလှူ သွားဖို့ထက် အရေး ကြီးတဲ့ကိစ္စတွေ ရှိသေးတယ်ဆိုတာ ကိုကို သတိမရဘူးလား။ စုစုလေ ကိုကို့ကို ပြဿနာတွေ မတင်ချင်ပါဘူး အားလည်း နာပါတယ်။ တော် ရုံတန်ရုံလည်း ကိုကို့ဘာသာသိဖို့ ကောင်းပါတယ်။ စုစုက အားနာလို့ မပြော။ ကိုကိုကလည်း နေရပြီးရော ဆိုပြီး နေနေတာပဲ။ အိမ် မှာ ဘာတစ်ခုမှ စိတ်မ၀င်စားသလိုပဲ”
“ဟ … ဒါလောက် နေ့ရှိသရွေ့ နွားလို ကုန်းရုန်းနေတာတောင် စိတ်မ၀င်စားဘူး ပြောသေးလား။ ရှာလို့ရသမျှ တစ်ပြားမကျန် အကုန်အပ်နေတဲ့အပြင် ထွက်ဓားပြတိုက် ကျွေးရဦးမှာ လား”
ကြုံး၍ အော်လိုက်သော ကိုကို့အသံက တိုက်သံဟိန်း၍ ပတ်ဝန်းကျင်အတော် လှမ်းလှမ်း အထိ ပြန့်လောက်သည်။ သည်လိုနှင့် အနည်းဆုံး ဟိုဘက်ခန်း သည်ဘက်ခန်း ကတော့ စုစုထား တို့လင်မယား ပဋိပက္ခကို နားတစွင့်စွင့်ရှိရော့မည် ။ စုစုထားက ကိုကို အော်ကြီးဟစ်ကျယ် ဖြစ်သည်ကို သည်းခြေမကြိုက်၊ ထို့ထက် ကိုကို့စကားလုံး အသုံးအနှုန်းကို ရွံ့မုန်းသည်။
နွားလို ရုန်းကျွေးရသည်။ ကြက်လို ယက်ရှာရသည်။ စသည်ဖြင့် အိမ်ရှင်မအပေါ် အလိုမကျသည့် ယောက်ျားတိုင်း စကားနာထိုးနေကြ အသုံးအနှုန်းကို စုစုထား ရွံ့မုန်းသည်။
နွားလိုပဲ ရုန်းရုန်း ကြက်လိုပဲ ယက်ယက် ကေသရာဇာခြင်္သေ့မင်းနှယ်၊ သိန္ဓောမြင်းနှယ်၊ ရတနာကြန်စုံ ဆဒ္ဒန်ဆင်မင်းနှယ် ရှာသည်လို့ တခမ်းတနား ဆိုဦးတော့ ဘာထူးမည် နည်း။
လိုလျှင် လိုသလို၊ မလိုလျှင် မလိုသလို စကားလုံးအားကိုးနှင့် အချေအတင် ဖြစ်ရသည်မှာ ဦးတည်ချက်ပျောက်ဖို့သာရှိသည်။
စကားစစ်ပွဲ အလီလီနွှဲ၍ အတွေ့ အကြုံများ လှပြီ ဖြစ်သော စုစုထားက သည်တစ်ခါတော့ စကားကျမကောက်မိအောင် သတိထားလိုက်လေသည်။
“ကိုယ့်အခြေအနေမှန် မစဉ်းစားဘဲ ပြောချင်ရာ စွတ်ပြောနေတာကိုး။ ကိုကိုက အင်္ကျီဝတ် စရာမရှိရင် အသစ်ချုပ်ပေါ့လို့ ကိုကိုပြောတော့ ကြားရတာ ကောင်းပါတယ်။ မရှိတိုင်း ချုပ်နိုင်ရင် တစ်အိမ်လုံး ခုလို စုတ်ပြတ်မနေဘူး”
“ခု မချုပ်နိုင်ရအောင် ငါက ကြားကောင်းရုံ ပြောတာမို့လားပြောပြီကော မိုးဝေစာမူခထုတ် လိုက်ပါ့မယ်လို့။ ပန်းဆိုးတန်းက ကိုဝင်းတင့်ဆိုင်မှာ ငါမှာ ထားတဲ့စာအုပ်တွေ မယူနိုင်သေးဘူးလို့ ပြောလိုက်မယ်။ မင်းစိတ်ချမ်းသာမယ်ဆိုရင် ပြီးရော။ ငါ့အတွက် လုံးဝမစဉ်းစားဘူး နေပေ့စေ။”
ရင်ထဲငုပ်နေသော ဒေါသအညှောင့်လေး လှပ်ခနဲပြူလာ၏ ။ စုစုထား မမြိုသိပ်နိုင်တော့။
အင်္ကျီမချုပ်နိုင်သူထက် စာအုပ်မ၀ယ် ဖြစ်သူက ပိုပြီးကြေကွဲနေသည်ထင့်။ လေသံက အစွန့်လွှတ်ကြီးစွန့်လွှတ်လိုက်ရသည့်ပုံ၊ ဦးစားပေးကြီး ပေးလိုက် ရသည့်ပုံ။
“လာပြန်ပြီ ဒီမိုးဝေစာမူခ၊ ၀ယ်ပါကိုကို မှာ ထားတဲ့စာအုပ် ၀ယ် ဖြစ်အောင်ဝယ်။ ဒီစာမူခနဲ့ အင်္ကျီချုပ်မယ်လို့ စုစုဘယ်တုန်းကမှ စိတ်မကူးဖူး သိလား။ ကိုကိုသာ မရခင်ထဲက စာအုပ်ဝယ်ဖို့ မှန်းပြီးသားမဟုတ်လား။ ကိုဝင်းတင့်ဆီ မှာ ထားတာ မယူလို့ ကောင်းတော့မလား၊ သွားသာယူ မနက်ဖြန် ကိုကို့ဆွေမျိုးတွေ လာတော့ အဲဒီ ကိုကို့စာအုပ်တွေ ပဲ ချက်ကျွေးပစ်လိုက်မယ်။ ညပြန် မနက်ပြန် စာအုပ်ထမင်း၊ စာအုပ်ဟင်း …”
“ဒုန်း …”
ကိုကိုက ထိုင်ရာမှထကာ ပက်လက်ကုလားထိုင်ကို ဒုန်းခနဲ ဆောင့်ကန်လိုက်ပြီး အိမ်ရှေ့ သို့ ထွက်သွားတော့သည်။ စုစုထားသည် မချင့်မရဲ ပို ဖြစ်လာ၏ ။
“ပြောချင်ရာ ပြောပြီးရင် အဲဒီ လို အနိုင်နဲ့ပိုင်းပြီး ရှောင်ထွက်ဖို့ပဲ ကိုကိုတတ်တယ်။ ဒါကြောင့် ဒီအိမ်မှာ ပြောင်ပြောင်ရောင် ရောင် မရှိတာပဲ။ သူများ ပြောစကားကို အရေး တယူ နားလည်းမထောင်ဘူး။ စိတ်လည်း မ၀င်စားဘူး။ အားရင် စာဖတ်ဖို့ စာဖတ်ဖို့ ဒါပဲ တစ်အိမ်လုံးလည်း ဖတ်လို့ မကုန်နိုင်တဲ့ စာအုပ်၊ ၀ယ်လို့မဆုံးနိုင်တဲ့ စာအုပ်၊ စာအုပ်ပဲ ပြစရာရှိတယ်။ ကိုကို့မှာ တော့ စာအုပ်တွေ ၀ယ်ချင်သလောက်ဝယ်ပြီး စာဖတ်ချင်သလောက် ဖတ်နေရင် ပြည့်စုံနေတာပဲ။ အိမ်မှာ တခြားလူမှု ရေး လိုအပ်ချက်တွေ ကိုတော့ ဘာမှ ပြန်မကြည့်ဘူး။ စုစုတော့ အိမ်ကို လူလာမှာ သိပ် ကြောက်တာပဲ။ အထူးသဖြင့် ဆွေမျိုးတွေ လာမှာ ပိုကြောက်တယ်။ ပစိပစပ်က ခပ်များများ ၊ ကိုကို က ဘာမှမသိ၊ ဟင်း … နက်ဖြန်ကျရင်တော့ တွေ့ ရပါလိမ့်မယ်။ မောင်မောင့်အလှူ လာသမျှဆွေမျိုးတွေ က ကိုကို့အိမ်တည်းပြီး မဲ့လိုက်ရွဲ့လိုက်မဲ့ ဖြစ်ခြင်း၊ ဘာပဲ ဖြစ် ဖြစ် ကိုယ်က အားနည်းချက် ရှိတာကိုး ခံရတော့မှာ ပဲ၊ မောင်မောင့်ကိုလည်း ဧည့်သည်ခေါ်လာရမလားလို့ ဒေါပွစရာမလိုဘူး။ ဆွေမျိုးတော် မှတော့ အ၀င်အထွက်ရှိမှာ ပေါ့။ သူ ကတော့ အိမ် ‘သာ’ တော့ ဧည့်သည်လာစေချင် မှာ ပေါ့၊ မဆန်းပါဘူး။ ကိုယ်ကသာ သူ့လို အိမ် ‘သာ’ အောင် မဖန်တီးနိုင်တာ၊ စုစုသိပ်ရှက်တာပဲ”
ပြစ်တောက်ပြစ်တောက် ပြောရင်း ရင်ထဲမှာ ပေါ့သွားသည်မရှိ၊ ဒေါသသည် တရှိန်ရှိန် တောက်နေ၏ ။ ကိုကို့ထံမှ တစ်စုံတစ်ရာ တုန့်ပြန်မှု မရလေ။ ရင်ထဲက ကြိတ်မနိုင်ခဲမရနိုင် ဖြစ်လေ။
“စာရေး ပါ စာရေး ပါဆိုတော့ တစ်နှစ် တစ်အုပ်ကို ဖျစ်ဖျစ်ညှစ်ညှစ်ရယ်၊ ရုံးက ရတာ လည်း တစ်လငါးရာတောင် ပြည့်တာမှု တ်ဘူး။ ဒီထဲက စာအုပ်ဖိုးက တစ်လ လေးငါးဆယ်၊ ဒီခေတ်မှာ ဘယ်သူမှ စာအုပ်အပိုင် မ၀ယ်ြ ကတော့ဘူး ကိုကိုရဲ့ သိလား။ ငှားပဲ ဖတ်ြ ကတော့တာ။ သူများ မှာ တော့ ရတာ လေးနဲ့ စေ့ငှအောင် မနည်းခြစ်ခြုတ်သုံးရတာ ဦးနှောက်ကို ခြောက်လို့၊ ရောမမြို့ကြီး မီးလောင်တာကို စောင်းတီးမပျက် ကြည့်နေတဲ့ နီရိုးဘုရင်ကြီးလိုပဲ စုစု ဘာတွေ ဖြစ်နေနေ ကိုကို ကတော့ စာအုပ်နဲ့ မျက်နှာအပ်နေရက်တာပဲ။ စိတ်နဲ့လူနဲ့ အတူတူမှ မရှိတာ၊ မောင်မောင်ဆိုရင် မျက်စိအောက်တင် ထောင်တက်သွားတာ၊ ကိုယ့်နောက်မှ အိမ်ထောင်ကျတဲ့လူ ခု သားရှင်ပြုနေပြီ ဒီမှာ တော့ ကလေးသုံးယောက် ၊ စာအုပ်တပုံတပင်နဲ့ ထွေးလားလုံးလား”
စုစုထားသည် ပြောရင်းဆိုရင်း ငိုသံပါလာ၏ ။ အင်္ကျီလည်ပင်းကွပ်ပေါ်မှ ချုပ်ရိုးတို့ တောင် တစ်ချက် မြောက်တစ်ချက် ထိုးထိုးထောင်ထောင် ဖြစ်လာသည်ကို မျက်ရည်ကြားမှ ဝေေ၀၀ါးဝါး မြင်ရလေသည်။ ငိုသံပျောက်အောင် တစ်ချက်နှစ် ချက်မျှ ကြိတ်၍ ရှိုက်မိသည်။
“ဟင်း နောက် တစ်ယောက် မွေးဖို့လည်း နေ့လားညလားမသိ ရက်စေ့နေတာတောင် ခုထိ ဘာမှ အသင့်ပြင်ဖို့ စိတ်မကူးသေးဘူး။ အနှီးမရှိ၊ ပေါင်ဒါမရှိ၊ ပျားရည်မရှိ၊ သမ၀ါယမဆိုင်က ပလပ်စတစ်ရှတင်တွေ အလွတ်ရောင်းနေတာတောင် မ၀ယ် ဖြစ်ဘူး။ ဒါတွေ ပြောရင် သိပ်စိတ်ညစ်မယ်လေလို့ နေလာတာ သူက အလိုက်မသိတဲ့အပြင် စာအုပ်တွေ လေးငါးဆယ်ဖိုးများ ၀ယ်ဖို့ စိတ်ကူးရက်သေးတယ်။ ဒီက မရှိ ရှိတဲ့ အစုတ်ပလုပ်တွေ ရှာဖွေပြီး ကြံဖန်ချုပ်လုပ်နေတာကို ကြည့် ကောင်းကောင်းနဲ့ ကြည့်နေရက်တယ်။ ဘ၀မှာ ဒီလိုနဲ့ မျောနေရတာ ပဲ၊ ကိုယ့်မျက်စိအောက်တင် အိမ်ထောင်ကျသွားတဲ့လူတွေ အောင်မြင်ကြီးပွားနေတဲ့အချိန်မှာ ကိုယ်က စာအုပ်တစ်ပုံ ကလေး တစ်လှေတိုက်နဲ့ ကမ်းမမြင် လမ်းမမြင် မျောတုန်း”
နောက်ဆုံးစကားစုတို့သည် ရှိုက်သံတစ်ဝက်နှင့် ဗလုံးဗထွေး ထွက်လာ၏ ။ အိမ်ရှေ့မှ တဒုန်းဒုန်းနှင့် လျှောက်လာသော ကိုကို့ခြေသံ ပြင်းပြင်းကို ကြားရသည်။
သည့်နောက် ဒေါသခိုးလျှံ၍ မီးဝင်းဝင်းတောက်သော မျက်လုံးများ နှင့် စုစုထားရှေ့မှာ ကိုကို လာရပ်သည်။
သည့်နောက် …
ဒေါသ၊ မာန၊ ပဋိပက္ခ။
သည့်နောက် … သည့်နောက် …
နေဒဏ်ခံ ပန်းသတင်း | အနီတစ်စက် အနက်တစ်ရာ | ခေါက်ထီးလေးမလုံ့တလုံ |