အခန်း (၁)
“ကဲ…ဒေါ်ရွှေစင်မွန်၊ မေးစရာများ ရှိရင်….”
တရားစီရင်ရေး အဖွဲ့ နာယက၏ ပကတိတည်ငြိမ်သော အသံက တရားခွင်ကို ထွင်းဖောက်လိုက် သည်။
အမွန်သည် ဣနြေ္ဒမပျက်ရအောင် အတတ်နိုင်ဆုံးချုပ်ထိန်းရင်း ထိုင်ရာမှထကာ တရားသူကြီး အဖွဲ့ကို အရိုအသေပြုလိုက်၏ ။
တရားလိုပြသက်သေ ထွက်ချက်ကို အဆုံးသတ်ရိုက်နေသည့် ရှေ့ဖတ်စာရေး ၏ လက်နှိပ်စက်သံ တချောက်ချောက်မှတစ်ပါး တရားခွင်သည် စောစောကထက် သိသိသာသာကြီးတိတ်ဆိတ်နေ၏ ။
အားလုံးကပင် အစိုးရရှေ့နေကြီး ဒေါ်ရွှေစင်မွန် မေးခွန်းထုတ်တော့မည် ကို အာရုံစိုက်နေကြဟန် ရှိသည်။ အမွန်သည် တရားခွင်ကိုတစ်ချက်မျှ မျက်လုံးဝေ့၍ အကဲခတ်လိုက်၏ ။ ခုံတန်းလျားပေါ်တွင် ခပ်တောင့်တောင့် ထိုင်နေသော တရားခံအဘွားကြီးက လှမ်း၍ ပြုံးပြလိုက်လေရောအ မွန့်ရင်ထဲမှာ ဖျတ်ခနဲ လှုပ်သွားရပြန်လေသည်။
တရားရုံးမျက်နှာစာ စင်္ကြံတစ်လျှောက်မှာ ပြည့်ကျပ်နေရုံမက တရားရုံးတံခါးပေါက်များ တွင် ပါ ပြွတ်သိပ်တိုးဝှေ့နေကြသော လူထုပရိသတ်ကိုလည်း အမွန်စိတ်ပျက်လှသည်။ တရားလိုပြသက်သေ မိန်းကလေးကိုတော် တော် အနှောင့်အယှက် ဖြစ်စေသည့် ပရိသတ်။
အမွန်သည် ပျံ့လွင့်နေသော အာရုံကို အတတ်နိုင်ဆုံး စုစည်းလိုက်ကာ သက်သေမိန်းကလေး၏ မျက်နှာကို ဖျတ်ခနဲစိုက်ကြည့်လိုက်သည်။
“မသီတာစိမ့်၊ အသက်က ဆယ့်ရှစ်နှစ် နော်”
“ဟုတ်ကဲ့ရှင့်”
သီတာစိမ့်ဆိုသူမှာ အရွယ်နှင့် မလိုက်အောင် အံ့စဖွယ်ရဲတင်းလှစွာ ရောင် စုံဆေးဆိုးပန်းရိုက် မျက်နှာလေးကို ခပ်မော့မော့ပင့်ကာ မျက်စနှစ် ဖက်ချီ၍ မေးသမျှဖြေမည် ဆိုသည့် မျက်နှာပေးမျိုးနှင့် ရှက်ရွံ့တုန်လှုပ်ဟန် ရှိုးတိုးရှန့်တန့်အမူအရာ လုံးဝမရှိ။
“တရားခံဒေါ်ခင်မေကို အရင်က သိဖူးသလား”
“သိပါတယ်။ လွန်ခဲ့တဲ့ တစ်နှစ် လောက်ကတည်းက ခင်မင်ရင်းနှီးလာတာပဲ”
သီတာစိမ့်သည် မေးခွန်းကို ဖြေရင်းက တရားခံဘက်ကို လှည့်၍ ပြုံးပြလိုက်သေး၏ ။ အမွန်က လက်နှိပ်စက်ဖြင့် မှတ်တမ်းတင်ထားသည်ကို စောင့်ရင်း ဆက်၍ မေးခွန်းထုတ်လိုက်သည်။
“ရွှေနဂါးဟိုတယ်ကို ရဲကဖမ်းတဲ့ညတုန်းက မသီတာစိမ့်ရှိနေတယ်လို့ ထွက်ဆိုထားတယ်။ အဲဒီ ညတစ်ညပဲ ရွှေနဂါးဟိုတယ်ကို မသီတာစိမ့်ရောက်ဖူးသလား”
“ဟင့်အင်း…အရင်ကလည်း ခဏခဏလာဖူးတာပဲ။ အန်တီမေမှာ တယ်ဆိုရင် ကျွန်မတို့ လာနေ ကျပဲ”
ငယ်ရွယ်နုနယ်သလောက်၊ သွက်လက်ဖျတ်လတ်သလောက် တရားရုံးအတွေ့ အကြုံ နည်းဟန် တူ၏ ။ တရားခံနှင့် ရင်းနှီးကြောင်း၊ တရားခံ၏ သြဇာကို မလွန်ဆန်နိုင်ကြောင်း၊ ဤမျှရဲရဲတင်းတင်း ထွက်ဆိုနေခြင်းဖြင့် တရားခံအပေါ် ပို၍ ပြစ်မှု ထင်ရှားစေသည်ကို နားမလည်ရှာ။
“ကဲ…စာရေး ကြီးရေ၊ တိတိကျကျလေး ဖြစ်အောင် လုပ်ပါရှင်၊ ယခင်ကလည်း မကြာခဏ ရောက် ဖူးပါသည် ဟုတ်လား။ အဲ…အန်တီမေ မှာ သည်ဆိုလျှင် ကျွန်မတို့ လာနေကျ ဖြစ်ပါသည်လို့ ရပြီနော်”
အမွန်သည် တရားခွင်မှာ လမိုင်းကပ်စပြုလာ၏ ။ နာယကကြီးကပင်…
“ခပ်အေးအေးသာမေးပါ ဒေါ်ရွှေစင်မွန်၊ မှတ်တမ်းကို တိကျအောင် လုပ်၊ လက်နှိပ်စက်က ပြည်သူပိုင်သိမ်းတုန်းက ပါလာတဲ့ တကယ့်လက်ဟောင်းအစစ်ဗျ၊ အတော် ထိန်းရိုက်ရတာ ”
ဟုလှမ်း၍ သတိပေးလိုက် သည်။ တချောက်ချောက်ရိုက်နေသော လက်နှိပ်စက်ကို အမွန်က အတော် သည်းခံ၍ စောင့်နေရ၏ ။ မေးခွန်းတစ်ခုနှင့် တစ်ခု အချိန်အကြာကြီး မကွာသင့်သည်ကို သိထား တော့လည်း ရှေ့နေပီပီ ကြောင့်ကြ မိသည်။
“ရဲကဖမ်းတဲ့ ညတုန်းက ရွှေနဂါးဟိုတယ်ကို မသီတာစိမ့်ရောက်နေတာဟာ တရားခံက မှာ လို့ပဲလား”
“ဟုတ်ပါတယ်၊ အလုပ် ဖြစ်မယ်ဆိုပြီး မှာ လို့လာခဲ့တာ”
တရားရုံးစင်္ကြံမှ ပရိသတ်များ လှုပ်လှုပ်ရွရွ ဖြစ်လာသည်။ သီတာစိမ့်၏ ဆေးရောင် စုံမျက်နှာ ကလေးကမူ ဘယ်သူ့ကိုမျှ ထီမထင်သလို ပို၍ ပင် မော့လာ၏ ။ အမွန်သာလျှင် ရင်ထဲမှာ တဒိတ်ဒိတ် ခုန်စ ပြုလာသည်။
“အလုပ် ဖြစ်တယ်ဆိုတာ ဘာကိုဆိုလိုတာလဲ”
သီတာစိမ့်သည် စိမ်းပြာရောင် မျက်ခွံများ ဖောင်းကြွတက်လာအောင် မျက်တောင်ရှည်များ စင်းစင်း မှေးလိုက်ကာ မထေ့တထေ့ ပြုံးလိုက်သေး၏ ။
“ဒီလိုပါ ရွှေနဂါးဟိုတယ်ကို ကျွန်မရောက်သွားတော့ ဟိုမှာ နိုင်ငံခြားဧည့်သည်တွေ နဲ့ တွေ့ တယ်။ အဲဒီ ထဲက ဂရိသင်္ဘောသားလို့ ပြောတဲ့ဧည့်သည်နှစ် ယောက် နဲ့ ကျွန်မနဲ့အတူတူ အိပ်တာပေါ့”
ဟားခနဲ ရယ်သံများ ထွက်လာ၏ ။
အမွန့်မျက်လုံးများ ပြာခနဲ ဖြစ်ကာ တရားခွင်တစ်ခုလုံး မှု န်ဝါးသီဝေလာသည်။ ဣနြေ္ဒမပျက် အောင် ချုပ်ထိန်းနေသည့်ကြားက မျက်လုံးထားစရာနေရာ မရှိတော့သလောက် အနေရခက်နေ၏ ။
အလိုက်သိသော နာယကကြီးက သက်သေ၏ ဖြေကြားချက်ကို မှတ်တမ်းတင်ရန် ကြားဝင် ကြောင်း ပေးလိုက် ၍ သာ တော် တော့သည်။
“ထိုညက ရွှေနဂါးဟိုတယ်သို့ ကျွန်မရောက်သွားခဲ့ပါသည်။ နိုင်ငံခြားသားဧည်သည်များ နှင့် တွေ့ ဆုံ၍ စကားပြောပါသည်။ ထိုဧည့်သည်များ ထဲမှာ ဂရိသင်္ဘောသားများ ဟု ကျွန်မသိရသော …” ဟုတ်တယ်နော် မသီတာစိမ့်…“အင်း ….ဂရိသင်္ဘောသားများ ဟု ကျွန်မသိရသော နိုင်ငံခြားသား ဧည့်သည် အမျိုးသားနှစ် ယောက် နှင့် ကျွန်မအတူအိပ်၍ အလုပ် ဖြစ်ခဲ့ပါသည်။ ဟုတ်သလား..ကဲ….. ဒေါ်ရွှေစင်မွန်က မေးခွန်းဆိုလိုချက်ကို ပြည့်စုံအောင် ဆက်မေးဦး”
အရေး ထဲမှ လက်နှိပ်စက်ကလည်း တစ်မှော င့်။ လေးရနှေးရသည့်အထဲ စာမျက်နှာကုန်၍ စာရွက် သစ် လဲထည့်နေရပြန်သည်။ နာယကကြီးက ထွက်ချက်ကို ဒုတိယအကြိမ် ရွတ်ဆိုကြောင်းပေးနေခိုက် ပရိတ်သတ်မှာ သိသိသာသာတိုး၍ ဆူညံလာသည်။
အမွန်သည် ရပ်စောင့်နေရသော အချိန်ကာလကို လိုသည်ထက်ပို၍ ကြာလှသည်ထင်၏ ။ ထူပူနေသော မျက်နှာကို ဘယ်လိုမှမပြင်တတ်တော့ဘဲ ဤမျှကြာကြာမတ်တပ်ရပ်နေသည်မှာ ညောင်းလွန်းလှချည့်ရဲ့ ။ ဖြစ်နိုင်လျှင် မိမိကို မြေခွဲ၍ မျိုပစ်လိုက်စေချင်သည်။
အခန်း (၂)
တရားခွင်တွင် တည်ကြည့်ခံ့ထည်သော ရှေ့နေမျက်နှာထားဖြင့် အမွန်နေသားကျလာခဲ့သည်မှာ ကြာပြီ။
ခုမှ၊ သည်အမှု ကျမှ မတုန်လှုပ်စဖူး တုန်လှုပ်နေတော့သည်။ မမြင်ဝံ့ဆေးသမား၊ မကြားဝံ့တရား သူကြီးဆိုပေမယ့် သည်အမှု က မလွယ်ပါ။
ပြောရလျှင် သည်မြို့နယ်တရားရုံးမှာ ဥပဒေ၀န်ထမ်းအဆင့် (၄)အ ဖြစ် တာဝန်ထမ်းဆောင်လာခဲ့ သော ခြောက်လကျော်၊ ခုနစ်လနီးပါး သက်တမ်းတိုကလေးမှာ ပင် အမှု တစ်ရာမက ကြုံရဖူးပြီ။
ခိုးမှု ၊ လုယက်မှု ၊ ယစ်မျိုးမှု ၊ လောင်းကစားမှု ၊ မှော င်ရိပ်ခိုမှု စသည့် အသေးအဖွဲ့များ သာမက ဓားပြမှု ၊ လူသတ်မှု ၊ မုဒိမ်းမှု များ ပင် ကိုင်တွယ်ခဲ့ရဖူးပြီ။
အမျိုးသမီးဥပဒေ၀န်ထမ်း တစ်ယောက် အနေနှင့် ပုဒ်မ ၃၇၆ လို အမှု မျိုးကို ရင်မဆိုင်လို၍ လည်း ရသည်မဟုတ်။ တွေ့ ဦးကြုံသစ်နံပါတ်တစ်ကြိမ်တွင် တော့ တရားခွင်မှာ မျက်နှာနည်းနည်း နီခဲ့ဖူးသည်။
နောက်တော့ အလိုလို အသားကျကာ ယင်းအမှု မျိုးတွင် တရားလို၊ တရားခံများ ကို ခပ်ဆတ်ဆတ် ကလေးဟောက်၍ ငေါက်၍ ခြောက်၍ များ ပင် မေးခွန်းထုတ်တတ်လာသည်။
တရားစီရင်ရေး အဖွဲ့နှင့် အမွန်တို့ကလည်း လမိုင်းကပ်လှသည်မို့ သည်ရုံးမှာ အမွန့်အဖို့ အတော် ကလေး အသက်ရှုချောင်ရခြင်းတည်း။
“မင်းကိုယ်မင်းလည်း ငါမိန်းကလေးပဲဆိုတာကို မေ့ထားလိုက်။ တို့ကိုလည်း သူစိမ်းပြင်ပြင် မအောက်မေ့နဲ့။ လုပ်ဖော်ကိုင်ဖက် ရဲဘော်ရဲဘက်ချင်းလို့သာ သဘောထား။ လုပ်စရာရှိတာလုပ်၊ ပြောစရာရှိတာပြော၊ မင်းမှားသွားလို့ အထအနကောက်မယ်၊ အဆင်းဘီးတပ်ပေးလိုက် မယ်လို့များ စိတ် မထင့်လေနဲ့။ တို့ကအောက်တန်းကလာတာ၊ တို့မှာ ဂုဏ်သိက္ခာဆိုလို့ လူလူချင်းစာနာတဲ့အထိ၊ ဖြောင့်မတ် ရိုးသားတဲ့အကျင့်သီလနဲ့ တိုင်းပြည်နဲ့လူမျိုးကိုတိုးတက်ကြီးပွားစေချင်တဲ့ စေတနာဒါတွေ ပဲ ပြစရာရှိပါတယ်။ ဒီတော့ တို့တွေ ပွင့်ပွင့်လင်းလင်း ရိုးရိုးရှင်းရှင်း အလုပ်လုပ်သွားကြရအောင် ဟုတ်လား”
တရားစီရင်ရေး အဖွဲ့နာယကမှာ အပြောနှင့် အလုပ် တစ်ထပ်တည်းကျသူ ဖြစ်ကြောင်းကို လုပ်ရင်း ကိုင်ရင်း အိုးနင်းခွက်နင်းကပင် အမွန်နားလည်လာရပေသည်။ သို့ ကြောင့် လည်း သည်ရုံးမှာ အမွန်စိတ် ချမ်းသာသည်။ အလုပ်ခွင်မှာ ပျော်ရွှင်တတ်ကြွလာသည်။
ဘယ်မိုးကျရွှေကိုယ်၊ ဘယ်အမှု ပွဲစား၊ ဘယ်မတရားသက်သေကိုမှ မှု စရာမရှိ။ သို့ ပါလျက် သည်အမှု မှာ တော့ အမွန်တုန်လှုပ်ချောက်ချားရဘိသည်။
ဘယ်နေနိုင်ပါလိမ့်။
အမှု ကိုက တိုင်းသိပြည်သိ ဟိုးဟိုးကျော်
တရားခံကလည်း ထိတ်ထိတ်ကြဲ။
ပုဒ်မတွေ ကလည်း တစ်သီကြီးတန်းစီလျက်၊ ပြည့်တန်ဆာ နှိပ်ကွပ်ရေး အက်ဥပပေုဒ်မ ၅(၁)။ ၇ (၁) ဂငယ်၊ င။ ၈ (က)။
အရပ်ပြော ပြောရလျှင် ပြည့်တန်ဆာများ ၏ စီးပွားတစ်စိတ်တစ်ဒေသကို မှီခို၍ အသက်မွေးခြင်း၊ ပြည့်တန်ဆာအိမ်ထားရှိခြင်းစသည့် စွဲချက်များ တည်း။
ကျော်စောသူ တရားခံ တိုင်းသိပြည်သိ။ ကမ္ဘာသိ “ရွှေနဂါး ဒေါ်ခင်မေ”။
အင်းလျားကန်စောင်းတွင် မေးတင်လျက် ရေတစ်ဝက်၊ ကုန်းတစ်ဝက် ဆောက်ထားသော “ရွှေနဂါးဟိုတယ်” ပိုင်ရှင်ဒေါ်ခင်မေ ကမ္ဘာအနှံ့ကျော်သည်ဆိုခြင်းမှာ ဟုတ်တန်ရာသည်။
ရှေ့နေတွေး တွေးကြည့်ဦးတော့၊ ဖြစ်နိုင်သည့် သက်သေသက္ကာယ အထောက်အထားများ က အာရုံမြင်ကွင်းမှာ ထင်းခနဲပေါ်လာသည်။
“အခင်း ဖြစ်ပွားသည့်ညက တရားခံ၏ ရွှေနဂါးဟိုတယ်ကို သတင်းအရ တက်ရောက်ရှာဖွေခဲ့ပါ သည်။ အိပ်ခန်းငယ်များ အတွင်း ခုတင်အောက်တွင် တချို့၊ ခေါင်မိုးမျက်နှာကြက်ပေါ်တွင် တချို့၊ အ၀တ် အစားမပြည့်စုံဖရိုဖရဲနှင့် ပုန်းအောင်းနေကြသော အမျိုးသမီးခြောက်ယောက် ကို နိုင်ငံခြားသင်္ဘောသား ရှစ်ယောက် ၊ ကမ္ဘာလှည့်ခရီးသည်နှစ် ယောက် နှင့် အတူ တွေ့ ရပါသည်” စသည့်တရားလိုပြသက်သေ(၁) ရဲစခန်းမှူး ဦးဝင်းမြင့်၏ ထွက်ချက်ကိုကြည့်။
ဘာပဲ ဖြစ် ဖြစ် အများ ပြည်သူကြားမှာ တော့ သတင်းကကျော်နှင့် ပြီ။
ရွှေနဂါးဒေါ်ခင်မေကို ဖမ်းဆီး၍ ရွှေနဂါးဟိုတယ်ကို ချိပ်ပိတ်ပြီးသည့် နောက်တစ်နေ့တွင် သတင်းစာအသီးသီးမှာ သတင်းပါလာကာ ဟိုးလေးတကျော် အုတ်အော်သော င်းတင်း ဖြစ်ခဲ့သည်။
ရုံးတင်သည့်နေ့တွင် တော့ ပြောမနေနှင့် ။
တရားရုံးဝင်းထဲမှာ ပွဲတော် တမျှ စည်ကားနေနှင့် သည်။ နိုင်ငံကျော် ရွှေနဂါးဒေါ်ခင်မေဆိုသူကို ကြည့်လိုကြ၍ ၊ မြင်လိုကြ၍ ။
သည်တုန်းက တရားရုံး စင်္ကြံတစ်လျှောက်တွင် တိုးဝှေ့အုံခဲနေကြသော လူကန္တာရကြီးကို ခက်ခက်ခဲခဲ ထိုးဖောက် ကျော်ဖြတ်လျှောက်လာရင်း ကိုယ့်ထက် ဗဟုသုတကြွယ်ဝသော လူထုပရိသတ် ကို အမွန်အံ့သြရသေး၏ ။
“အန်တီမေ၊ အန်တီမေနဲ့ ကမ္ဘာကတောင် သိနေတာကွ။ တို့မြန်မာသင်္ဘောသားတွေ နိုင်ငံခြား ဆိပ်ကမ်းမြို့ကြီးတွေ ရောက်ရင် ဟိုကဖောက်သည်တွေ က ဆီးမေးကြသတဲ့။ အန်တီမေ တစ်ယောက် ရှိသေးလား။ နေကောင်းရဲ့ လား ဘာညာနဲ့”
“ခေါင်းဆိုလို့ အထင်တော့မသေးနဲ့မောင်။ သူ့စီးပွားက ရွှေနဂါးတစ်ခုတည်းမထင်နဲ့။ မြို့ထဲမှာ တည်းခိုခန်းတွေ ဖွင့်ထားတာ ပွလို့။ “မာလာ”တို့ “တမာ”တို့ဆိုတာ အန်တီမေ ဌာနခွဲတွေ ပေါ့”
“ကြည့်နေပါ။ ဒီကိစ္စ နောက်ဆုံးအဖျားရှူးသွားမှာ ပဲ။ မြို့နယ်တရားရုံးအဆင့်လောက်က အန်တီမေကို ထောင်မချဝံ့ပါဘူး။ မသကာဒဏ်ငွေပေါ့။ ခေတ်အဆက်ဆက် လူကြီးတွေ ရဲ့ မျက်ခုံးမွေး ပေါ်မှာ စင်္ကြံလျှောက်လာတဲ့ အန်တီမေပဲ။ စောင့်သာကြည့်”
အရပ်စကားမို့ တရားမ၀င်ပေမယ့် အမွန့်ရင်ထဲမှာ ဖျတ်ခနဲလှုပ်ခါသွားမိသည်။ ဘုရား…ဘုရား။ ဘယ်လိုမိုးကျနတ်သားများ ကြားဝင်ကိုယ်ထင်ပြလာလေမလဲ။ သည်မိန်းမကြီး ဒုစရိုက်မျိုးစုံဖြင့် ကျော်စော သတင်းရှိသည် ကတော့ အမှန်။
တရားခွင်တင်ထားသည့် အမှု တွဲ ကလည်း သက်သေခံ အထောက်အထား ခိုင်မာဖွယ်ရှိသည်ဟု တွက်ဆနိုင်လောက်သည်အမှန်။
ပြီးတော့ သည်အချိန်သည်ကာလတွင် ဒုစရိုက်ပေါင်းစုံကို စစ်ဆင်ရေး တစ်ရပ်အ ဖြစ် အပြတ် အသတ် နှိမ်နင်းလျက်ရှိသည်မှာ အမှန်။
သို့ သော် “မူ”ဆိုသည်မှာ “လူ”က ဖျက်လျှင် ဘာခံနိုင်တော့မည် လဲ။ သည်အဖျက်သမားတွေ ကြောင့် စီမံကိန်းများ တိမ်းပါးချွတ်ချော်ခဲ့ရသည့် သာဓကများ အထင်အရှားအများ သိ။ ဆယ့်ငါးနှစ် အတွင်း နေ့စဉ်သတင်းများ ကို တစ်ရွက်ချင်း လှန်၍ သာ ကြည့်။ သည်တော့-
တရားကျင့်သော သူကို
တရားသည် စောင့်ရှောက်၏
တရားကိုချစ်သော သူသည်
စည်းစိမ်ချမ်းသာ ဖြစ်ထွန်း၏
တရားကို မုန်းသော သူသည်
စည်းစိမ်ချမ်းသာ ပျက်စီး၏
အကြင်သူသည် တရားကိုသတ်၏
ထိုသူကို သေကျေပျက်စီးသော တရားသည်သတ်တတ်၏ ။
သည်အဆိုအမိန့်ကို မပြတ်နှလုံးသွင်းလာသော အမွန်ပင် ချောက်ချားစပြုသည်။
တရားခွင်တွင် ရင်ဆိုင်ရပြီဆိုတော့ ဆိုဖွယ်ရာမရှိပြီ။ ဒေါ်ခင်မေဆိုသည်မှာ အသက်ခြောက်ဆယ် ၀န်းကျင် အမေအရွယ်၊ အဘွားအရွယ်ပါတကား။ ဇရာ၏ လက္ခဏာများ ကြားကပင် လောကဓံအတွေ့  အကြုံဖြင့် ထုံ၍ မဖြုံတော့သော မျက်နှာထားကို အမွန်တအံ့တသြ စိုက်ငေးမိသည်။
သူ့နံဘေးပတ်လည်မှာ ကလည်း အခြွေနှင့် အရံနှင့် ။ အာမခံမည့် သူများ က အဆင်သင့်။ တရားခံ အကျိုးဆောင်များ အ ဖြစ် ပါဝါလွှဲစာတင်သည့် ပုဂ္ဂိုလ်များ ကိုလည်းကြည့်။
အိုင်စီအက်စ် ဦးထွန်းမင်း။ ဦးမောင်မောင်ကျော်။
ဇော်မှ တကယ့်ဇော်ချည်း။ သည်ထို ထိပ်သီးဝတ်လုံတော် ရကြီးများ နှင့် မျက်နှာချင်းဆိုင်ရပြီဆို တော့ အမွန့်မှာာ အလိုလိုလိပ်ပြာငယ်ပြီးသား၊ ရှေ့နေသိက္ခာကို မနည်းကြီး ကြိုးစားဆည်နေရသည်။
သို့ ကြောင့် လည်း အာမခံလျှောက်ထားသည့် ကိစ္စတွင် မိမိဘက်က ထွေထွေထူးထူး စကား မဆိုခဲ့။ အာမခံပေးနိုင်သည့်ပုဒ်မ မ ဖြစ်၍ တစ်ကြောင်း၊ တရားခံမှာ အိုမင်းပြီး ကျန်းမာရေး ချို့တဲ့သူအ ဖြစ် သက်ဆိုင်ရာဆရာဝန်၏ ဆေးထောက်ခံချက် ပူးတွဲ တင်ပြနိုင်၍ တစ်ကြောင်း။
ပြီး အမွန့်အတွေးအသိထဲမှာ သည်မိန်းမကြီးမျိုးကို အချုပ်ထဲတွင် မရှိစေချင်။ အချုပ်ထဲမှ အခြား အခြားသော အမျိုးကောင်းသမီးများ စွာ နှင့် မရောယှက်မိစေချင်။
သည်မိန်းမကြီး၏ အရှိန်အ၀ါသြဇာက အချုပ်ထဲမှာ လွှမ်းမိုးပျံ့နှံ့သွားမည် စိုးလှသည်။ အချုပ် အနှောင်ကာလ၊ အကျဉ်းချအပြစ်ဒဏ်ခံဆဲကာလများ မှာ စိတ်အင်အားချို့တဲ့နေသည့် မိန်းမငယ်များ ကို စည်းရုံးရေး လုပ်သွားမည် ဆိုလျှင် မခက်ပါလား။
နှမ်းတစ်လုံးနှင့် ဆီမ ဖြစ်နိုင်သော်လည်း ပျိုရွယ်တက်ကြွသူတို့သဘာဝအတိုင်း အမွန် ကတော့ တရားဥပဒေလမ်းကြောင်းသာမက လူမှု ရေး ကိုပါ ထည့်၍ တွက်လေ့ရှိသည်။
သည်လိုအကြောင်းတွေ ရှိထားတော့ အမွန့်ဘက်က ကန့်ကွက်ရန် မရှိပါဟူ၍ သာ ခပ်တိုတို လျှောက်လဲ ဖြစ်ခဲ့သည်။ မိမိထက် အပြန်တစ်ရာမက ရင့်ကျက်လှပြီ ဖြစ်သော တရားခံအကျိုးဆောင် ပညာရှိကြီးများ ရှေ့မှာ ကြီးကြီးကျယ်ကျယ် ရှည်ရှည်ဝေးဝေး ပညာပြနေဖို့ မလို။ ပညာပြရန်လည်း မ၀ံ့။ အချိန်အခါအားဖြင့် လည်းမသင့်။ တိုတိုနှင့် ပြီးရမည့် ကိစစ။
သို့ သော် မမျှော်လင့်ဘဲ ပြဿနာ ဖြစ်လာသည်။ ထိုနေ့က ရုံးတော် မှ အန်တီမေကို အချုပ်လွတ်ထု ချေရန် အာမခံပေးလိုက် ပြီး အမှု ကို နှစ် ပတ်ခွာရက်ချိန်ပေးလိုက် ကာ တရားခွင်ကို ရုတ်သိမ်းလိုက်သည်။ တရားလိုပြသက်သေများ ကို လာမည့် ရုံးချိန်းတွင် စတင်စစ်ဆေးကြားနာမည် ။
တရားခွင်ပြီးစီး၍ ရှေ့နေများ နားနေခန်းသို့ ပြန်ထွက်အလာ စင်္ကြံလမ်းကူးမှာ အမွန့်အနားကို လူစိမ်းနှစ် ယောက် ကပ်လာသည်။ နှစ် လိုဖွယ်ရာမဟုတ်သော်လည်း အောက်ကျို့ပျူငှာသော အပြုံးဖြင့် အသားကျတပ်ဆင်ထားသော မျက်နှာနှစ် ခု။
အန်တီမေက ပြောခိုင်းပါသည်တဲ့။ ဆရာမ လေးကျေးဇူးကို တစ်သက်မမေ့ပါ။ ကျေးဇူးတရားကို သိတတ်ပါသည်လို့။
ပထမတော့ အမွန်နားမလည်။ ဘာကိုရည်ရွယ်၍ ဆိုလိုသည်မသိ။ ကြောင်စီစီ ယောင်နနနှင့် ပင် ၀ိုင်းအုံစူးစမ်းနေကြသော မျက်လုံးပေါင်း အထောင်အသော င်းကြားမှာ အကြာကြီးရပ်နေမိသည်။ နောက်တော့ တစ်ဖက်ကပင် စတင်နှုတ်ဆက်၍ လူချင်းခွဲသွားသည်။
“ခွင့်ပြုပါဦးခင်ဗျ၊ နောက်မှ ဆရာမ လေးကို သီးခြားလာတွေ့ ပါဦးမယ်။ အိမ်ကိုပဲ ဖြစ် ဖြစ်ပေါ့“
သည်တော့မှ ဖြုန်းခနဲ အမွန်သဘောပေါက်တော့သည်။ တစ်စုံတစ်ရာ ခွန်းတုံ့ပြန်မည် ကြံတော့ တစ်ယောက် မှ အနားတွင် မရှိတော့ပြီ။ ခပ်တည်တည်ဖြင့် အပိုင်ချည်သွားလိုက်ပုံများ ဖြင့် ဟုတ်ပ။
အမွန်သည် ရှက်ဒေါသဖြင့် နားရွက်ဖျား၊ နှာသီးဖျားဖျား ထူပူလာ၏ ။ နားထင်နားရင်းတွေ မှာ သွေးတဒိတ်ဒိတ်တိုးခုန်သေည်ကို သတိထားမိကာ မျက်လုံးများ ပြာဝေလာသည်။ အနားပတ်လည် ဘာကိုမျှမမြင်။ မြင်လည်းမမြင်ဝံ့တော့။
တရားလိုရှေ့နေ တစ်ယောက် ကို တရားခံက ကျေးဇူးတင်ပါသည်။ ကျေးဇူးတစ်သက်မမေ့နိုင်ပါ တဲ့။ ထားဦး။ ကျေးဇူးသိတတ်ပါသည်။ သီးခြားလာတွေ့ ပါဦးမည် ဆိုတာတော့ တဆိတ်လွန်လွန်းပြီ ထင် သည်။
အရာရာကို အပေးအယူသဘောပဲ မြင်တတ်သည်။ ငွေကြေးပမာဏနှင့် သာ ချ၍ တိုင်းတာယူ တတ်သည်။
သူတို့မျက်စိထဲမှာ အမွန့်ကို တမျိုးမြင်သည်။ အမွန့်လုပ်ရပ်ကို အထင်လွဲသည်။ အာမခံလျှောက် ထားသည့်ကိစ္စနှင့် ပတ်သက်၍ တစ်စုံတစ်ရာ ကန့်ကွက်ခြင်းမရှိသည်ကို အဓိပ္ပာယ်တစ်မျိုးကောက်လိုက် ကြသည်။ အပေးအယူသဘောဖြင့် ချဉ်းကပ်လာသည်။
အမွန်သည် စိတ်နောက်ကျိစွာ ပင် ရှေ့နေခန်းတွင်းသို့ ကမူးရှူးထိုး ၀င်လာခဲ့ပြီး မိမိစားပွဲပေါ်သို့ လက်ထဲမှ ဖိုင်တစ်ထပ်ကြီးကို ဗုန်းခနဲမြည် အောင် ပစ်ချလိုက်သည်။ ဘယ်သူ့ကိုမှ ဂရုမစိုက်တော့ဘဲ မလွယ်ပေါက်တံခါးကို တွန်းဖွင့်ကာ တရားသူကြီးများ စဉ်းစားခန်းဘက်သို့ အပြေးတစ်ဝက် ကူးဝင်လာခဲ့ သည်။
“ဟော…ဟော မမွန်၊ ခင်ဗျားအကြောင်း ကျွန်တော် အခုတင်ပဲ စကားစရုံရှိသေး”
ရော… ခက်ကပြီ။ ကိုကျော်စိုးပါကလား။ သည်လူနှင့် မျှ လာ၍ ဆုံရပြန်သည်။ လတ်တလော ကြုံတွေ့ လာရသည့် ပြဿနာကို ရင်ထဲမှာ တနုံ့နုံ့မထားချင်၍ တရားသူကြီးအဖွဲ့ဝင်များ ရှေ့တွင် ပွင့်ပွင့် လင်းလင်း ရင်ဖွင့်ချလိုက်မည် ဟု အားခဲလာခဲ့သမျှ အလဟဿ ဖြစ်ရပြီ။
အမောဆို့လာသော တာဝေးအပြေးသမားပမာ နီးရာကုလားထိုင်တစ်လုံးပေါ် ပစ်ထိုင်ချလိုက်ရင်း ကိုကျော်စိုးကို အပြုံးလျော့လျော့ဖြင့် ၀တ်ကျေတမ်းကျေ နှုတ်ဆက်လိုက်ရသည်။
“ကဲ…ဆက်ပါဦးလေ။ ကျွန်မအကြောင်း”
တရားသူကြီးသုံးယောက် က အမွန့်ကို အဓိပ္ပာယ်ပါသော မျက်လုံးများ ဖြင့် လှမ်း၍ ကြည့်ကြသည် ကို အမွန်သတိထားလိုက်မိ၏ ။
“သြော်…အစိုးရရှေ့နေကြီးက ဒီတစ်ခါ တရားခံကို အတော် လိုက်လျောလိုက်ပါတကားလို့ အံ့သြ မိလို့ပါ”
“ရှင်…”
ပထမတော့ မမျှော်လင့်သော စကားမို့ ရုတ်တရက် ဘာပြန်ပြောရမည် မသိ။ ရင်ဆိုင်ရတော့မည် ကို သိထားနှင့် သော ပြဿနာမို့လည်း ငယ်ထိပ်မှာ ပူခနဲ သွေးတက်ဆောင့်လာသည်။
ကိုကျော်စိုး၏ ဂနာမငြိမ်သော ပင်ကိုအမူအရာက အမွန့်ကိုပို၍ စိတ်အနှောင့်အယှက် ဖြစ်စေ သည်။ ကုလားထိုင်ကို နှဲ့ကာနှဲ့ကာ၊ လက်ချောင်းများ က စားပွဲခုံကို လက်နှိပ်စက်ရိုက်သလို တဒေါက် ဒေါက် ခေါက်ကာနှင့် တစ်ဖက်သားကို ဂရုမစိုက်သလိုလို၊ လှောင်သလိုလို၊ ပြောင်သလိုလို၊
“စောစောက ဒေါ်ခင်မေ့လက်ရုံးတွေ နဲ့ ခင်ဗျားအဖွဲ့ကျနေတာ တွေ့ ရပါတယ်ဗျာ..ဟဲ..ဟဲ…”
“ဘာ…ရှင့်”
မျက်ခုံးနှစ် ဖက်ကို အထက်ပင့်၍ ပြောင်ချော်ချော် ပြုံးကျဲကျဲလုပ်နေသော ကျော်စိုးမျက်နှာကြီးကို လက်ရောက်ကျူးလွန်ချင်စိတ်တွေ တဖွားဖွားပေါက်လာ၏ ။ အမွန်က ဒေါသကို ဖရိုဖရဲသိမ်းဆည်းရင်း ကျော်စိုးအား ခပ်စူးစူးကြည့်ပစ်လိုက်သည်။
“ရှင်ဘာကို ဆိုလိုချင်တာလဲ ကိုကျော်စိုး”
အမွန့်အသံက အခန်းထဲမှာ ဟိန်း၍ ထွက်လာသည်။ အမွန်ဒေါသထွက်နေသည်မှာ သိသာလွန်း လှတော့လည်း ကိုကျော်စိုးက မျက်နှာပိုးသေသေနှင့် ။
“ဘာကိုမှ မဆိုရသေးပါလားဗျာ”
“ကျွန်မကိုတော့ အူကြောင်ကြောင် မလုပ်နဲ့နော် ကိုကျော်စိုး။ ပြောစရာရှိ ရှင်းရှင်းပြော။ ရှင်ဆို ချင်တာ ကျွန်မသိတယ်။ ဘာလဲ ဒေါ်ခင်မေ့ကို အာမခံပေးတဲ့ကိစ္စ ဘာ ဖြစ်သလဲ၊ ရုံးတော် ကပေးတာ။ တရားရုံးရဲ့ သမာဓိကို ရှင်ဘာထိခိုက်အောင် စော်ကားချင်ရတာ လဲ”
ရုတ်ခြည်း မည်းခနဲပျက်သွားသော မျက်နှာထားကို ကျော်စိုးပြန်ချိန်မရလိုက်။ တရားသူကြီးကို မလုံမလဲဝေ့ကြည့်ရင်း သူ့စကားကို ပြန်၍ ဖာသည်။
“မမွန်ရယ်၊ ရှေ့နေပီပီ စကားတတ်တိုင်း မြားဦးကို တစ်ဖက်လှည့်မပစ်ပါနဲ့ဗျာ။ ကျွန်တော် ပြော တာက တရားရုံးဆုံးဖြတ်ချက်ကိုမှ မဟုတ်ဘဲ။ ခင်ဗျားလုပ်ရပ်ကိုပြောတပါ။ ဘယ့်နှယ့်ဗျာ…အစိုးရနဲ့ ပြိုင် ဖြစ်ရတဲ့ တရားခံ တစ်ယောက် ကို အစိုးရရှေ့နေက အာမခံကိစ္စမှာ လုံးဝ ၀င်မကန့်ကွက်ဘူးဆို တော့…”
“ဒီမှာ ကိုကျော်စိုး”
အမွန့်အသံသည် နဂိုကထက်ပို၍ ဟိန်းထွက်လာသည်။
“ရှင်က ဘာလဲ။ အထူးအာဏာရစုံထောက်လား။ ကျွန်မအလုပ် ကျွန်မလုပ်နေတဲ့ကိစ္စ။ ရှင်နဲ့ လုံးဝမပတ်သက်တဲ့ တရားရေး ကိစ္စ။ ဘာကြောင့် မဆီမဆိုင် ၀င်စွက်ဖက်ချင်ရတာ လဲ”
ကုလားထိုင်နောက်မှီတွင် ကိုယ်ကိုပစ်မှီရင်း တလှုပ်လှုပ်တရွရွနဲ့ နေရာက ကျော်စိုးဝုန်းခနဲ ကိုယ်ကိုမတ်ပစ်လိုက်သည်။ ညိုသော မျက်နှာသည် မည်းရုံမက မှော င်လာသည်။
“ဘယ်သူက တာဝန်ပေးပေး မပေးပေး ကျုပ်သိခွင့်ရှိပြီလားဗျ။ ပြည်သူ တစ်ယောက် ပဲ။ ခင်ဗျားတို့ က ပြည်သူ့ဝန်ထမ်းပဲ။ ပြည်သူ့ဝန်ထမ်း တစ်ယောက် ရဲ့ လုပ်နည်းလုပ်ဟန်ကို ပြည်သူတိုင်းလေ့လာခွင့်၊ ဝေဖန်ခွင့်၊ သက်ဆိုင်ရာကို သတင်းပို့ပိုင်ခွင့်ရှိတယ်။
“သြော်…ဟော်…ကိုကျော်စိုးရယ်”
အမွန်သည် ဒေါသဖြင့် ဖိုလှိုက်နေသည့်ကြားက ခပ်ဟက်ဟက်ကလေးရယ်ချလိုက်မိ၏ ။ နာယက ကြီးက မပြုံးမရယ် ခပ်တည်တည်ဖြင့် ဆေးပြင်းလိပ်ခဲရင်း ကျော်စိုးကို စူးစိုက်ကြည့်နေသည်။ တရားသူကြီးအဖွဲ့ဝင်နှစ် ဦးကမူ ဣနြေ္ဒဆည်နေနိုင်ဟန်မတူတော့။ အမွန်နှင့် အတူပင် ရောနှော၍ တဟား ဟားရယ်ပစ်လိုက်ကြသည်။
မသိလျှင်တော့ ကျော်စိုးဆိုသည့် ဟိုစပ်စပ်သည်စပ်စပ် အရပ်ရှစ်မျက်နှာ နေရာတကာဝင်ဝင် နှောက်တတ်သည့် “ရောဆရာ” မှာ လန့်ချင်စရာတည်း။
ကြီးလေး၍ အရေး ပါအရာရောက်သော တာဝန်တစ်ရပ်ကို ထမ်းဆောင်ထားရသူပမာ အရေး တကြီး ကိစ္စတွေ အစဉ်ထွေပြားနေသော မျက်နှာထားနှင့် ။
ပါတီယူနစ်ရုံးနှင့် ကောင်စီရုံးများ တွင် လည်း ကျော်စိုး တစ်ယောက် သန်းခေါင်စာရင်းနှင့် အထိမ်း အမှတ်တံဆိပ်ပါသော လက်ဆွဲအိတ်အစိမ်းကြီး တယမ်းယမ်းနှင့် ယောက် ယက်ခတ်နေသည်မှာ နေ့စဉ် နှင့် အမျှ။
သမ၀ါယမအသင်းဆိုင်မှာ လည်း သူ့မျက်နှာ၊ ရပ်ကွက်ဆိုင်ရာသာရေး ၊ နာရေး ကိစ္စများ မှာ လည်း သူ့မျက်နှာ။ ပွဲလမ်းသဘင် လူစည်ကားရာ နေရာတကာတိုင်းမှာ ကျော်စိုးမျက်နှာကို မမြင်ချင့်အဆုံး။ လူကြီးမပြောနှင့် ။ ကလေးသိ၊ ခွေးသိ။
ကျော်စိုးမျက်နှာကို ရိပ်ခနဲမြင်ရလျှင် မြင်ရသူတိုင်း အနည်းအကျဉ်းတော့ စိတ်အနှောင့်အယှက် ဖြစ်ရသည်။ အ နေအထိုင်ကျုံ့ကြရသည်။ ဌာနဆိုင်ရာတွေ မှာ ဟိုဝင်ဒီထွက်လုပ်ကာ စပ်စပ်စပ်စပ် ပါသည်။ မဆီမဆိုင် ၀င်စွက်သည်။
သည်ရပ်ကွက်သို့ အမွန်ရောက်လာစက ဘာမှန်းမသိသော ကျော်စိုးကိုအ များ နှင့် ရှောကာ လန့်မိ သေး၏ ။ ပါတီစုံထောက်လား၊ ရဲသတင်းပေးလား။
ကျော်စိုးနှင့် စတင်သိကျွမ်းရသည့်နေ့ကျမှ ကျော်စိုးဆိုတာ သည်လိုလူစားပါကလားဟု ရိပ်ဖမ်းမိ တော့သည်။
တစ်ညဦးက လမ်းထိပ်မှာ ၊ ကလေးသံ၊ ခွေးသံနှင့် အသံချဲ့စက်သံတညံညံကို ဘာမှန်းမသိ ကြား လိုက်ရပြီး တစ်ခဏအကြာ လူတစ်သိုက် အိမ်ပေါ် တက်လာ၏ ။
“ဒေါ်ရွှေစင်မွန် ရှိပါသလားခင်ဗျာ”
“ဟုတ်ကဲ့၊ ကျွန်မ ရွှေစင်မွန်ပါ”
မသိကျွမ်းရသေးသည်သာ ရှိသည်။ မြင်ဖူးတွေ့ ဖူး၊ ကြုံဖူးနေကျရပ်ကွက် ဇာတ်လိုက်ကျော်ကြီးက ပြုံးဖြဲဖြဲ ပြောင်စပ်စပ် သန္ဓေပါ မျက်နှာထားနှင့် ရှေ့သို့ ထွက်လာသည်။
“ကျွန်တော် ဗဟိုကော်မတီဝင် ကျော်စိုးပါ”
“သြော်…”
အမွန်သည် “သြော်” တစ်လုံးမှတစ်ပါး ရုတ်တရက် စကားမဆက်နိုင်အောင် ကြောင်တောင်ရပ် နေမိတော့၏ ။ အကြီးအကျယ်လည်း အံ့အားသင့်နေမိသည်။
ဗဟိုကော်မတီဝင်ဆိုပါကလား။ နှယ်နှယ်ရရမဟုတ်။ သည်ပုဂ္ဂိုလ်ကြီးတွေ ဘာကိစ္စကြောင့် များ ရောက်လာကြပါလိမ့်။
“ဒီလိုပါခင်ဗျာ၊ ကျွန်တော် တို့က မြို့နယ်လုံးဆိုင်ရာ ထုပ်ဆီးတိုးပွဲ ကျင်းပရေး ကော်မတီကပါ။ ထုပ်ဆီးတိုးပွဲအတွက် ရပ်ကွက်ထဲမှာ ရန်ပုံငွေ လိုက်ကောက်နေပါတယ်။ အဲဒါ…”
ကျောင်းဆရာပုံစံပေါက်နေသော ရည်ရည်မွန်မွန်၊ သားသားနားနား လူရွယ်တစ်ဦးက ၀င်၍ ရှင်းပြ လိုက်မှ အမွန် ပင့်သက်ခိုးချမိတော့သည်။ သိသိသာသာကြီးပင် ဗဟိုကော်မတီဝင် ကျော်စိုးဆိုသူကို လည်း ပြုံး၍ ကြည့်လိုက်မိသည်။
“သြော်… အလှူငွေ လာကောက်ကြတာကိုး။ ကောင်းပါပြီရှင်။ ကိုယ့်ရပ်ကွက်ကိစ္စပဲ ထည့်ရမှာ ပေါ့”
အမွန်သည် စကားကို ပြေပြစ်အောင် ကြိုးစားပြောလိုက်ကာ ရယ်ချင်တစ်ဝက်ဖြင့် အိမ်ထဲကို သုတ်ခနဲ လှည့်ဝင်ပြေးခဲ့ရ၏ ။
“ဒေါ်ရွှေစင်မွန်တို့ကိုပဲ ရပ်ကွက်အနေနဲ့ အားကိုးရတာ နော်။ ငါးဆယ်လောက်တော့ ထည့်ဖို့ မေတ္တာ ရပ်ခံပါတယ်”
အနှစ် နှစ် အ လလက ရင်းနှီးကျွမ်းဝင်လာခဲ့သော လေသံမျိုးဖြင့် ကိုရွှေကျော်စိုးက နောက်မှ လှမ်း၍ အော်လိုက်သေး၏ ။ အမွန်က အသံထွက်၍ ခွက်ထိုးခွက်လန် မရယ်မိအောင် မနည်းကြီးချုပ် တည်းနေရသည်။
“သြော်…ဗဟိုကော်မတီဝင်တဲ့။ ထုပ်ဆီးတိုးပွဲကျင်းပရေး ဗဟိုကော်မတီဝင်ကြီးရယ်”
အမွန်သည် မျက်နှာပိုးသတ်အေင် အတော် ကြီးကြိုးစားကာ မွေ့ရာခင်းအောက်မှာ နှစ် ဆယ်တန် တစ်ချပ်ကို နှမြောနှမဲ့နှင့် ဆွဲထုတ်လာခဲ့၏ ။
ကိုကျော်စိုးက အလှူငွေနည်းလှကြောင်း၊ ငါးဆယ်ကျပ်တော့ အနည်းဆုံးထည့်ဖို့သင့်ကြောင်း၊ လဟာပြင်က ဈေးသည်များ လို အတင်းအဓ္ဓမချည်း ဆွယ်နေသည်။ အတူပါလာသူများ ၏ အားနာပါးနာ အနေရခက်နေကြသော မျက်နှာများ ကို ကျော်စိုးမမြင်။ ကျေးဇူးတင်စကားဆို၍ အိမ်ပေါ်က ဆင်းသွားကြ မှ ကျော်စိုးမှာ ဟောင်ဖွာဟောင်ဖွာနှင့် နောက်ကဆင်းလိုက်သွားရသည်။ သည်အထဲက ကျော်စိုးကို အမွန် တစ်စိတ်တစ်ဒေသ နားလည်ခဲ့ပြီ။
အမွန်သည် ကျော်စိုးမျက်နှာကို စိတ်ပျက်စွာ ကြည့်ရင်း ထိုင်ရာမှ ထလိုက်၏ ။
“ဒီမှာ ကိုကျော်စိုး၊ ကျွန်မကိုရှင်ထင်ချင်သလိုထင်စမ်း။ ရှင်တစ်ခု သိထားဖို့က ကျွန်မဟာ ဥပဒေ ၀န်ထမ်း တစ်ယောက် ။ အစိုးရရှေ့နေဥပဒေ၀န်ထမ်းဆိုတာ ရှင့်ဦးနှောက်ထဲမှာ ကျပ်ခိုးစွဲနေသလို “ဆွဲချ” တစ်ယောက် မဟုတ်ဘူးရှင့်။ အစိုးရရှေ့နေ တစ်ယောက် အ နေနဲ့ အမှု တစ်ခုမှာ တရားခံဟာ အပြစ်ကျူး လွန်ကြောင်း မခိုင်လုံဘူးလို့ ကျွန်မယုံကြည်ရင် ကျွန်မယုံကြည်ချက်အတိုင်း ရုံးတော် ကို တင်ပြနိုင်တယ်။ ခုလိုအာမခံပေးသင့်၊ မပေးသင့်ကိစ္စလောက် မပြောနဲ့။ ဒါကို ရှင်ဗဟုသုတယူထားလိုက်သိလား”
ကျော်စိုးတော့ ဘာ ဖြစ်ကျန်သည်မသိ။ အမွန်သည် စကားဆုံးဆုံးချင်း ချာခနဲလှည့်ကာ ရှေ့နေ ခန်းသို့ ပြန်ထွက်လာခဲ့သည်။
လုပ်ရကိုင်ရသည်မှာ တစ်ခါတစ်ခါတော့လည်း စိတ်ရှုပ်စရာကောင်းလှသည်။ အလုပ်မလုပ်ဘဲ နေသူ၊ တာဝန်မဲ့သူကို အ လုပ်လုပ်နေသူ၊ တာဝန်ဆောင်ရွက်နေသူက တစ်ပြန်ကြီး လန့်နေရဦးမည့်  အ ဖြစ်။
ထိုနေ့က မိမိစားပွဲမှာ စိတ်ပျက်လက်ပျက် ပစ်ထိုင်ကာ ငိုင်နေတုန်း တရားသူကြီးအဖွဲ့ဝင် ကိုခင်ဇော်ဦး ရောက်လာသည်။
တရားသူကြီးအဖွဲ့ဝင် ကိုခင်ဇော်ဦးကိုတော့ အမွန်အကျွမ်းဝင်ဆုံး အရင်းနှီးဆုံးဟုပင် ဆိုချင်၏ ။ လူငယ်ချင်း ဖြစ်၍ ပြောရဆိုရ၊ ဆက်ဆံရသည်မှာ လွတ်လွတ်လပ်လပ်ရှိလှသည်။
“မမွန်ရေါ်၊ သိပ် စိတ်ရှုပ်မနေနဲ့ဗျ၊ ဒီကေ့စ်မျိုးက ဒီအတိုင်းပဲ။ ပတ်ဘလစ်က အရမ်းစိတ်ဝင်စား နေတယ်မဟုတ်လား။ စိတ်ဝင်စားတယ်ဆိုတာ တရားခံနှင့် နှစ် ဖက်သက်သေကိုချည်း မဟုတ်ဘူးဗျ။ အမှု တစ်ခုလုံးကိုပါ စိတ်ဝင်စားတာ၊ တရားခွင်ကိုပါ စိတ်ဝင်စားတာ၊ တရားစီရင်ရေး ကိုရော၊ ခင်ဗျားတို့၊ ကျွန်တော် တို့အားလုံးရဲ့ လုပ်ရပ်ကိုရော။ လာကြည့်ကြတဲ့မျက်လုံးတွေ ကလည်း မျိုးစုံနော်။ ဒီတော့ဝေဖန် ရေး ကိုလည်း ပေါင်းစုံဗျ။ ခင်ဗျားက အမျိုးသမီးလည်း ဖြစ်ဆိုတော့ အဲ…အရေသာထူနိုင်ဖို့ ကြိုးစားဗျာ”
“အို…ထူပါတယ်ရှင်။ ဒီအလုပ် လုပ်စားကတည်းက အရေထူပြီးသားပါ။ ဒါပေမယ့် စိတ်တော့ သိပ်ကိုလှုပ်ရှားရတယ်။ ကျော်စိုးလို လူစားမျိုးက စည်းမဲ့ကမ်းမဲ့ ၀င်နှောက်တာကြည့်။ စောစောက စကား မျိုးအရပ်ထဲမှာ လည်း ၀ါဒဖြန့်ချိနေမှာ ဘယ်လောက်အန္တရာယ်ကြီးသလဲ။ အရာရောက်တာ၊ မရောက်တာ ထား။ တရားရုံးရဲ့ သမာဓိနဲ့ ကျွန်မရဲ့ သိက္ခာကို ဘယ်လောက် ထိပါးနေပြီလဲ”
“မမွန်ရယ်၊ ဒါတော့ လုံးဝအရေး မစိုက်နဲ့ဗျ။ ခင်ဗျားယုံတာ ခင်ဗျားရဲရဲလုပ်။ ဒီလိုလူမျိုးက ခေတ်တိုင်းခေတ်တိုင်းမှာ ရှိတတ်တာပဲ။ ဒီလိုလူမျိုးတွေ ရှိလို့လည်းပဲ ပဋိပက္ခတရားရဲ့ အနှစ် သာရကို ကျွန်တော် တို့ အတွေ့ အကြုံနဲ့ ရင်းနှီးယူနိုင်တာ မဟုတ်လား။ ကျွန်တော် ကတော့ မောရစ်ကောလစ်ကို အစဉ်အောက်မေ့ချီးကျူးတယ်။ သူ့ကိုအမြဲစံပြထားတယ်။ ဖြောင့်မတ်သော တရားစီရင်ရေး နဲ့ တရားသူကြီး တစ်ယောက် ရဲ့ သမာဓိကို ထိန်းသိမ်းဖို့အတွက် ပွက်ပွက်ညံနေတဲ့ အတိုက်အခံ ဝေဖန်ရေး တွေ ကို တည်ငြိမ်ရဲရင့်စွာ ရင်ဆိုင်သွားတယ် မဟုတ်လား။ မောရစ်ကောလစ်ရဲ့ အတွေ့ အကြုံနဲ့စာရင် ကျွန်တော် တို့ ရင်ဆိုင်နေရတာ အသေးအဖွဲ့ဗျ။ သူက သူတို့မျက်နှာဖြူ အင်္ဂလိပ်လူမျိုးချင်းရဲ့ သဘော ကွဲလွဲမှု ၊ အတိုက်အခံ ဝေဖန်မှု ကို လူမျိုးခြားတွေ အလယ်မှာ တစ်ယော်တည်း ငုတ်တုတ်ပစ်ရင်ဆိုင်ရတာ ၊ အဓိကက တရားစီရင်ရေး စနစ်ရဲ့ အနှစ် သာရနဲ့ တရားရုံးရဲ့ သမာဓိကို ဘယ်သူရဲ့ စွက်ဖက်မှု ကြောင့် နဲ့မှ အငြိအစွန်းမခံရဖို့ပဲ။ ကျွန်တော် ကတော့ ကျွန်တော့် ယုံကြည်ချက်အတိုင်း ဘယ်ပယောဂမှ အကပ်မခံ ဘူး”
ကိုခင်ဇော်ဦးကိုတော့ အမွန်ကဆန္ဒစောတတ်သူအ ဖြစ် ကောက်ချက်ချထားမိသည်။ သို့ သော် အစဉ်အမြဲ စိတ်အားထက်သန်နေကာ ပြည်သူ့တရားသူကြီးဆိုသည့် ဂုဏ်ပုဒ်ကို မက်မက်မောမော ထိန်းသိမ်းတတ်သူမို့လူငယ်ချင်း ဖြစ်ပါလျက် တလေးတစားဆက်ဆံရသည်။ တရားဥပဒေကိစ္စနှင့် တရားခွင်သာ သူ့ဘ၀ဟု ယူဆသည်ထင့်။
သူပြောသည့် မောရစ်ကောလစ် အတွေ့ အကြုံများ ကိုတော့ အမွန်နှလုံးသွင်းဖို့ တယ်ပြီး စိတ်မပါ လှပေ။ ခေတ်ခင်း၊ စနစ်ချင်းက ကွာခြားခဲ့ပြီ။
ဟိုခေတ်၊ ဟိုအခါက ကျော်စိုးတို့လို လူတန်းစားလည်း ပေါ်ပေါက်ခဲ့ဖူးမည် လား။
သည်လိုလူမျိုးက နှံဖြတ်ပိုးလို ရာသီဥတု အကောင်းအဆိုး၊ အကြောင်းအကျိုးပေါ်မှီခို၍ ကျရောက်တတ်သော အန္တရာယ်တစ်မျိုးတည်း။ တစ်ခေတ်တစ်ခါပေါ်သော ကပ် ရောဂါ မျိုးဟူ၍ သာ တင်စားချင်သည်။
သည်လူစားတွေ က သည်လိုအချိန်မျိုးမှာ နေရာလည်းရတတ်သည်။ တွင် လည်း တွင် ကျယ်စွမ်း သည်။ သူတို့ကိုအထင်မကြီးစကောင်းသော်လည်း စိတ်မ၀င်စားပဲနေ၍ မ ဖြစ်။
“ရန်သူကို အထင်မသေးရ”ဟုဆိုသည်မဟုတ်လား။
မမျှော်လင့်ဘဲ ရှုပ်ထွေးလာသော ပြဿနာပေါင်းစုံဖြင့် အမွန်တုန်လှုပ်မိသည်တော့ အမှန်။ အများ စိတ်ဝင်စားသော အမှု ကိုမှ တက်၍ ကိုင်ရသည်ဆိုတော့ လုပ်ရကိုင်ရ၊ ဆုံးဖြတ်ရသည်မှာ စိတ်လွတ် ကိုယ်လွတ် မရှိနိုင်တော့။
ပြီး အမှု ကလည်း တကယ့်အမှု ။
အများ ပြည်သူ ကြားနာရန် မသင့်ဟုဆိုကာ တရားရုံးကိုတံခါးပိတ်၍ သာ စစ်လိုက်ချင်သည်။
ခုတော့ မလွယ်။
သက်သေ တစ်ယောက် စစ်ရရုံနှင့် ပင် အမွန်ဇောချွေးပြန်လှပြီ။ ထူပူသော မျက်နှာကို လူပုံအလယ် မှာ အထားရခက်လှပြီ။
မြေသာခွဲ၍ မျိုပစ်လိုက်စေချင်ပါ၏ ။
စင်္ကြံဘက်မှ ဟား ခနဲ ရယ်သံတစ်ချက် ထွက်လာတိုင်း ရင်ထဲမှာ “ဒိန်း”ခနဲ သွေးတစ်ချက် ဆောင့်ခုန်သွားရသည်။
နောက်ဆုံးအကြိမ် ရင်ထဲမှာ ဒိန်းခနဲခုန်သွားတော့ “ဂျိုင်း” ခနဲ ဆောင့်ရိုက်ချလိုက်သည့် လက်နှိပ် စက်သံကို အမွန်သတိထားလိုက်မိလေသည်။
အခန်း (၃)
“ကဲ…ဒေါ်ရွှေစင်မွန် ဆက်ကြရအောင်”
နာယကကြီးက ထပ်၍ သတိပေးလိုက် မှပင် အမွန်က အာရုံပျံ့လွင်နေ့မိသည့် မိမိအ ဖြစ်ကို သတိရကာ ရှက်ပြုံးမပွင့်တပွင့်ဖြင့် သက်သေကိုလှမ်းကြည့်လိုက်မိသည်။
စောစောက မေးခွန်း၏ ဦးတည်ချက်ကို ခြုံငုံမိစေမည့်  မေးခွန်းသစ်အတွက် စကားလုံးများ ကိုပါ အပူတပြင် ရွေးချယ်လိုက်ရလေသည်။
“ရွှေနဂါးဟိုတယ်မှာ မသီတာစိမ့် အလုပ် ဖြစ်ရင် အခကြေးငွေ ဘယ်လိုရသလဲ”
“ဧည့်သည် တစ်ယောက် တည်းဆိုရင်တော့ တစ်ညကို တစ်ရာရပါတယ်။ အန်တီမေကို ဟိုတယ် အခန်းခအတွက် ငါးဆယ်ပေးရပါတယ်။ ဟိုည ကတော့ ကျွန်မဧည့်သည့်က နှစ် ယောက် ဖြစ်လို့ တစ်ရာ့ ငါးဆယ်နဲ့ အ လုပ် ဖြစ်ခဲ့ပါတယ်”
“အခန်းခပေးတဲ့အခါ ဘယ်သူ့လက်ထဲကို ပေးရသလဲ။ တရားခံဒေါ်ခင်မေ လက်ထဲကို ကိုယ်ထိ လက်ရောက်ပေးဖူးသလား”
“ပေးဖူးပါတယ်။ ကျွန်မကိုယ်တိုင် အန်တီမေ့လက်ထဲကို တိုက်ရိုက်ပေးတဲ့အခါလည်း ပေးပါ တယ်။ တစ်ခါတစ်လေတော့ ဒရ၀မ်အာချီယားက တစ်ဆင့် ပေးရပါတယ်”
ဖြေသည့်သူ ကတော့ ခပ်ပေါ့ပေါ့ပင်။ အမွန့်ရင်ထဲမှာ သာ ဝေဒနာလှိုင်း ရိုက်ခတ်လာသည်။ အလုပ်တာဝန်ကို ငိုစားရယ်စား၊ သဘောထား၍ မရသည်မှာ နုနယ်သည်ဆိုရမလား။ ရင့်ကျက်သည်ဆိုရ မလား မပြောတတ်။
လက်နှိပ်စက်သမားကို စောင့်စားရင်း အမွန်က သီတာစိမ့်မျက်နှာနုနုကလေးကို ခပ်ငေးငေး စိုက်ကြည့်နေမိသည်။
အသက်ဆယ့်ရှစ်နှစ် ပါဟု ထွက်ဆိုသွားသော သီတာစိမ့်ထွက်ချက်ကိုတော့ အမွန်က သံသယ မရှိ။ ယုံသည်။
သီတာစိမ့်တို့လို မိန်းကလေးများ မှာ အကြောင်းကြောင်းဖြင့် တရားရုံးသို့ ရောက်ရှိလာလျှင် အသက်ကိုမှန်မှန် အစစ်ခံလေ့မရှိ။ များ သော အားဖြင့် တော့ ခုလို တရားလိုပြသက်သေအ ဖြစ် ရောက်လာ ရတတ်သည့် အ ဖြစ်မျိုးကလည်းနည်းသည်။ ပြည့်တန်ဆာနှိပ်ကွပ်ရေး ပုဒ်မ၊ ရန်ကုန်ရဲပုဒ်မ ၁၃ (က) (ခ) စသည်တို့ဖြင့် သာ တပ်စွဲ၍ တရားခံအ ဖြစ် ရောက်လာရသည်ချည်း။ ပြောရလျှင် ဘ၀င်မကျစရာ ကတော့ အ မှန်။
ပြည့်တန်ဆာအ ဖြစ် ရှာဖွေရရှိသည့် စီးပွားကို ခေါင်းပုံဖြတ်သူများ အား နှိပ်ကွပ်ရန် အရပ်စကား ဖြင့် ပြောရလျှင် ပြည့်တန်ဆာခေါင်းများ ကို ဥပဒေကြောင်းအရ အရေး ယူနိုင်ရန်အတွက် အဓိကတင်ပြရ မည့်  သက်သေများ ကလည်း ပြည့်တန်ဆာများ သာ ဖြစ်ကြသည်။
ပြည့်တန်ဆာကို ပြည့်တန်ဆာနှိပ်ကွပ်ရေး အက်ဥပဒေနှင့် အရေး ယူရမည် မှန်သော်လည်း ပြည့်တန်ဆာခေါင်းကို နှိပ်ကွက်လိုသည့်အခါတွင် တော့ ပြည့်တန်ဆာကိုလွှတ်ပေးလိုက် ရပြန်သည်။ ယခု လည်း သည်အမှု မှာ မသီတာစိမ့်ကို အစိုးရသက်သေ ဖြစ်ရပြီ။
တရားခံဘ၀နှင့် တရားခွင်မှာ ရင်ဆိုင်ရသည့်တိုင် သင်းတို့အပြုံးမပျက်လှ။ တရားရုံးကို ကြော်ငြာ ဌာသို့ ပင် သဘောပိုက်လေရော့သလားမသိ။ သင်းတို့ရုံးထွက်လာတိုင်း ၀ါသနာရှင်ပရိသတ်ကလည်း အနားမှာ တရုန်းရုန်း၊ တအုန်းအုန်း၊ ထုံးစံအတိုင်း ဂေဟာမှာ အခိုက်အတန့်အနားယူအားမွေးပြီး အပြင် ပြန်ရောက်သည်နှင့် ဖောက်သည်သစ်တိုးပွားရေး ကို တရားခံဘ၀ကပင် ကြိုးစားအားထုတ်သွားတတ်ကြ သည်မှာ အမွန့်ကိုယ်တွေ့ ။
တစ်ပတ်နွမ်းအလှကို အကြော့ဆုံး အမော့ဆုံး ပြင်ကာ ရဲအစောင့်အရှောက်ကြား တရားရုံး အဆောင်အယောင် အဟန့်ထဲကပင် တတ်နိုင်သလောက် ကလူ၏ သို့ မြှူ၏ သို့ နှယ် လုပ်သွားတတ်ကြ သည်။
သတင်းစာများ မှာ သတင်းပါလာလျှင် သင်းတို့ပို၍ သဘောကျသေး၏ ။ “အချို့သတင်းစာများ က နာမည် ၊ နေရပ်လိပ်စာအပြည့်အစုံ ထည့်ပေးတတ်လေရာ အခမဲ့ကြော်ငြာပါသည့်နှယ် လုပ်ငန်းပို၍ တွင် ကျယ်ရပြန်သည်။ ၀ါသနာရှင်များ သာမက ဒေါ်ခင်မေတို့လို “ခေါင်း”တွေ ကလည်း သတင်းစာကို လက်ညှိုးနှင့် ထောက်၍ ဖွေရှာဆက်သွယ်လာတတ်သည်။
ပြည့်တန်ဆာအမျိုးသမီး တစ်ယောက် အဖို့ကလည်း နှိပ်ကွပ်ရေး ဥပဒေနှင့် သာ အရေး ယူခံရပါက သိကြားမသလောက် ပျော်စမြဲ၊ ယင်းပုဒ်မမှာ အလုပ်ကြမ်းနှင့် ထောင်ဒဏ်မှမဟုတ်ဘဲ။
သုံးနှစ် ထက် မပိုသော အချိန်ကာလ အတိုင်းအတာအားဖြင့် ဂေဟာတစ်ခုခုတွင် အထိန်းသိမ်းခံရ ရုံမျှသာ။ စာရိတ္တပြုပြင်ရေး ဦးတည်ချက်ဖြင့် ဂေဟာမှာ စည်းကမ်းကလနားနှင့် နေရစားရတာ တစ်ခုပဲ စိတ်ကျဉ်းကျပ်ရသည်။ အအိပ်အစားမှန်မှန်နှင့် ဆေးဝါးအကုသခံကာ အနားယူအားမွေးရသည်မို့ အမြတ် တော့ ထွက်သည်ပင်။
သီတာစိမ့်တို့လို အစိုးရသက်သေအ ဖြစ် ပါဝါကြီးတစ်ခွဲသားနှင့် တရားခွင်မှာ ထွက်ဆိုခွင့်ရပြန် တော့ ဘယ်သူ့ကိုမှု တော့မည် လဲ။
သည်အလုပ်မျိုးက ရှက်ကြောက်နေ၍ လည်းမ ဖြစ်။ အရှက်အကြောက်နည်းနိုင်ပါမှ၊ လူပုံအလယ် မှာ မျက်နှာပြောင်ပြောင်နှင့် ကိုယ့်ကိုယ်ကိုယ် ကြော်ငြာနိုင်ပါမှ။
တရားရုံးတွင် ထွက်ဆိုသည်ကအစ ပညာသုံးရသည်။ အသက်ကို ငယ်နိုင်သရွှေ့ ငယ်ပြောကြ သည်။ အလုပ် ဖြစ်သည့် အခကြေးငွေနှုန်းထားကိုလည်း တတ်နိုင်သရွှေ့ တင်ပြောကြသည်။ ဤနည်းဖြင့် ကြားကြားသမျှကို လုပ်ငန်းကြော်ငြာလိုက်ခြင်းတည်း။
ခုလည်း ကြည့်။
သီတာစိမ့်လို ကလေးမကလေးကပင် တရားရုံးကို အသုံးချတတ်နေပြီ။ အဆင်အပြင်၊ အထုံး အဖွဲ့၊ အမူအရာတွေ နှင့် သွယ်ဝိုက်သော မြှူဆွယ်နည်းမျာကို သုံးနေသည်။
တရားခွင်မှာ မမေးမ ဖြစ်၍ မေးရသော မေးခွန်းတွေ ကလည်း သူတို့အဖို့ အကျိုးပြုစရာတည်း။
“ဆယ့်ရှစ်နှစ် ”ပါ ဟုထွက်ဆိုသွားသော သီတာစိမ့်ဆိုသည့် ကလေးမကလေးကို အမွန်က ခြေဆုံး ခေါင်းဖျား စေ့စေ့စပ်စပ်ကြည့်မိသည်။ သွယ်သွယ်ကျစ်ကျစ်၊ ကလျာဖူးစသစ်။ မျက်နှာပေးကလည်း အမှတ် တမဲ့ကြည့်လိုက်လျှင် နုပျိုလန်းသစ်သော ကျောင်းသူကလေး တစ်ယောက် လား ထင်ရမည် ။
သို့ သော် နည်းနည်း ကလေးပဲ သတိထား၍ ကြည့်။ အင်္ဂ၀ိဇ္ဇာအတတ်ကို ကျွမ်းကျင်ဖို့မလိုပါ။
ဘယ်လောက်နုနု၊ ဘယ်လောက်လှလှ၊ ဘယ်လောက်သစ်သစ်၊ သင်းတို့မျက်လုံးက သိသာ သည်။ ဖိတ်ကြို့ညှို့ယူသည့်အကြည့်၊ ရမ္မက်မြှူမှေးယှက်ထွေးသည့်အကြည့်၊ အတွေ့ အကြုံဖြင့် ထုံ၍ မဖြုံတော့သော အကြည့်။
မျက်ခွံစိမ်းပြာ၊ မျက်ရစ်လိုင်းနက်နက်နှင့် နိုင်လွန်မျက်တောင်တုအရှည်ကြီးတို့ မွမ်းမံထားသည့် ကြားကပင် သီတာစိမ့်၏ မျက်လုံးကလေးများ မှာ သိသိသာသာ ဖျော့တော့လွန်းလှ၏ ။
သေပြီ။ အတွေ့ အကြုံဖြင့် ထုံ၍ မဖြုံတော့သော အာရုံကြောများ သန်းယှက်ကာ သီတာစိမ့် မျက်လုံးကလေးများ အသက်မရှိတော့ပြီ။
အလှုပ်အခတ်မြန်ဆန်လှသော သီတာစိမ့်၏ နှုတ်ခမ်းထောင့်စွန်းကလေးများ လည်း လျှပ်ပေါ်ခြင်း ကို အထင်းသားအကဲဖြတ်၍ ရသည်။ တစ်ရာတန်အလှ။
အမွန်က ဦးနှောက်ကို အလျင်အမြန် အလုပ်ပေးလိုက် ကာ နောက်ဆုံးမေးခွန်းတိုတိုများ ကို ဆက်တိုက်မေးရန် အသင့်ပြင်လိုက်၏ ။
“မသီတာစိမ့်နဲ့အတူ ရွှေနဂါးဟိုတယ်မှာ အလုပ် ဖြစ်ကြတဲ့ မိန်းကလေးအားလုံး ကိုယ့်အခကြေး ငွေထဲကကို တရားခံဒေါ်ခင်မေကို အခန်းခ ပေးရတာ ပဲလား”
“ပေးရပါတယ်။ အခန်းခ ငါးဆယ် ကတော့ ထုံးစံပဲ”
“ဒေါ်ခင်မေကို ရဲက လာဖမ်းတော့ မသီတာစိမ့်တို့ ဘယ်မှာ ရှိသလဲ”
“အဲဒီ တော့ ကျွန်မတို့ ပြန်ခါနီး ပါပြီ။ ပြန်မယ်လုပ်နေတုန်း ရဲတွေ ရောက်လာတော့ ကျွန်မလည်း ကြောက်ကြောက်နဲ့ ခေါင်မိုးမျက်နှာကြက်ပေါ် တက်ပုန်းနေပါသေးတယ်။ နောက်တော့ ရဲစခန်းကို ကျွန်မ တို့အားလုံး လိုက်သွားရပါတယ်”
“ရဲကကော မသီတာစိမ့်တို့ကို ခြိမ်းခြောက်နှိပ်စက်သေးသလား”
“ဟင့်အင်းပါရှင့်။ လုံးဝမခြိမ်းခြောက်ပါဘူး”
“တရားခံဒေါ်ခင်မေနဲ့ကော မသီတာစိမ့်အနေနဲ့ မကျေချမ်းစရာအကြောင်းကြီးငယ်များ ရှိဖူး သလား”
“ဟင့်အင်းပါရှင့်။ လုံးဝမရှိဖူးပါဘူး”
“ဟုတ်ပြီ။ ဒါပါပဲ မသီတာစိမ့်၊ ကျေးဇူးတင်ပါတယ်”
အမွန်သည် တစ်ဆက်တည်းပင် နာယကကြီးအား မိမိအနေနှင့် မေးမြန်းပြီးဆုံးပြီ ဖြစ်ပါကြောင်း လျှောက်ထားလိုက်ကာ ကုလားထိုင်ပေါ်သို့ ဣနြေ္ဒရရပင် ပြန်ထိုင်ချလိုက်လေသည်။
တရားခံအကျိုးဆောင်ကြီးများ ကတော့ ဤသက်သေနှင့် ပတ်သက်၍ မေးမြန်းရန် မရှိပါကြောင်း၊ အစိုးရဥပဒေအကျိုးဆောင်ကြီး ဒေါ်ရွှေစင်မွန်မေးမြန်းသွားသည့် မေးခွန်းများ ထဲမှာ ပင် မိမိတို့သိလိုသော အချက်အလက်များ ပါဝင်သွားပြီ ဖြစ်၍ ပညာရှိအကျိုးဆောင်ကြီး ဒေါ်ရွှေစင်မွန်ကို ကျေးဇူးတင်မိပါ ကြောင်း စသည်ဖြင့် ရုံးတော် သို့ ဖွဲ့ဖွဲ့နွဲ့နွဲ့ လျှောက်ထားနေ၏ ။
စောစောကတစ်ချိန်လုံး ဇောချွေးပြန်နေခဲ့သော အမွန်သည် ယခုလည်း တစ်ကိုယ်လုံး ချွေးစေး များ ဖြင့် အေးအေးမြမြကလေးပင် နေလို့ထိုင်လို့ ကောင်းနေသေးတော့သည်။
အမှန်တော့လည်း အမွန်မေးသွားသည့် နောက်ဆုံးမေးခွန်းနှစ် ခုမှာ တစ်ဖက်က အကျိုး ဆောင်ကြီးများ မုချမလွဲမသွေ မေးကိုမေးတော့မည့်  မေးခွန်းများ တည်း။
သို့ သော် မေးခွန်းထုတ်ပုံချင်းတော့ ကွာကောင်းကွာမည် ။ နိမိတ်ပြသဘောဖြင့် သိုင်းကာဝိုင်းကာ မေးကောင်းမေးမည် ။ သက်သေ၏ စိတ်ထဲတွင် အဓိပ္ပာယ်တစ်မျိုးပေါက်၍ စောစောကနှင့် ဆန့်ကျင်သော အဖြေကို ပေးကောင်းပေးမည် ။ မိမိကအရင်ကိစ္စပြတ်အောင် ဖြတ်ထားလိုက်တော့ ပြဿနာတစ်မျိုး ရှင်းသည်။
တရားသူကြီးအဖွဲ့က နောက်သက်သေ တစ်ယောက် ထပ်၍ ခေါ်ရန် ရှေ့ဖတ်စာရေး ကို ညွှန်ကြား နေခိုက်မှာ အမွန်က စင်္ကြံဘက်သို့ လှမ်း၍ ကြည့်လိုက်မိသည်။
အပျံစားပါလား။
ရှားညိုရောင် အင်ဒိုနီးရှားပါတိတ်ကို အထက်အောက်ဆင်တူ ၀တ်ဆင်ထားသော မိန်းမငယ် တစ်ယောက် ၏ ကိုယ်ဟန်မှာ အဝေးကြည့်မြင်ကွင်းတွင် ထင်းခနဲပေါ်နေ၏ ။ အခွေအလိပ်များ စွာ ဖြင့် ခပ်ဖွဖွထုံးထားသော ပြင်သစ်ဆံထုံးနှင့် အညိုရောင် လှည်းဘီးမျက်မှန်ဝိုင်းတို့ တစ်ဝက်တစ်ပျက်ဖုံးထား သော သူမ၏ မျက်နှာကို မလုံ့တလုံ ခပ်အုပ်အုပ်ကလေး ဆောင်းထားသော ခေါက်ထီးပြန့်ကလေး မကွယ့် တကွယ်မှာ ရိပ်ခနဲတွေ့ လိုက်ရသည်။
လှလည်းလှမည့် ပုံပါပဲ။ အလှကြီးမဟုတ်တောင် စွဲမက်ဖွယ်၊ စိတ်လှုပ်ရှားဖွယ် ဆွဲဆောင်မှု ရှိသည် တော့ အမှန်ပင်။ ဆင်ယင်ထုံးဖွဲ့မှု နှင့် ကိုယ်ဟန်ကောက်ကြောင်းအလှကိုက အဝေးကြည့်မြင်ကွင်းမှာ ထင်းထင်း ပြတ်ပြတ်ရှိလှသည်။
“ခရေ ခေါ် မနုနုကြွေ”
“ခရေ ခေါ် မနုနုကြွေ”
ပန်းနုရောင် ခေါက်ထီးကလေးသည် ဖျတ်ခနဲ ရပ်သွား၏ ။ အမျိုးသမီးက သူ့အနားလာရပ်၍ စွတ်ရွတ်အော်ခေါ်နေသော ရှေ့ဖတ်စာရေး ကို မထိတထိ တိုးဝှေ့ကာ ရုံးခန်းအတွင်းသို့ ၀င်လာသည်။
နဖူးပေါ် အုပ်ကျနေသော ဆံပင်နှင့် မျက်နှာတစ်ဝက်ဖုံးနေသော လှည်းဘီးမျက်မှန်ကြောင့် ထူဝင်းသော နှုတ်ခမ်းအုတ်နီရောင် အစုံကိုသာ စိတ်ဝင်တစားကြည့်စရာရှိတော့၏ ။ နှုတ်ခမ်းများ မှာ နေရာ ချဲ့ကာ ဆေးဆိုးထားသော ကြောင့် နဂိုထက်ပို၍ ထူဝန်းထွေးစုနေသည်။
သည်လို ထွေးထွေးစုနေသည့် နှုတ်ခမ်းထူထူကလေးမျိုး အမွန်ဘယ်မှာ အမွန်ဘယ်မှာ တွေ့ ဖူးပါ လိမ့်။
အမျိုးသမီးသည် ရဲရဲတင်းတင်း လျှောက်ဝင်လာကာ ကုလားထိုင်တွင် ခပ်တောင့်တောင့် ၀င်ထိုင် လိုက်၏ ။
“ကတိသစ္စာဆိုရအောင် မတ်တပ်ရပ်ပါ”
အမွန်က ခရေ ခေါ် မနုနုကြွေကို စေ့စေ့ကြည့်ရင်း ကတိသစ္စာပြုချက်ကို တိုင်ပေး၇န် နေရာမှ ဦးစွာ ထရပ်လိုက်သည်။
အမျိုးသမီးက မျက်မှန်ဝိုင်းကြီးကို အရင်ချွတ်လိုက်သေး၏ ။ ပြီးမှ နဖူးပေါ်ဝေ့၀ဲအုပ်ကျနေသော ဆံပင်တို့ကို ခေါင်းတစ်ချက် နှစ် ချက်ဆတ်ကာ တော့ပစ်လိုက်ပြီး အမွန်နှင့် မျက်နှာချင်းဆိုင် ရပ်လိုက် သည်။
“ဟင်…”
ရုတ်တရက် မနုနုကြွေ၏ နှုတ်ဖျားမှ လွတ်ထွက်လာသော အာမေဍိတ်သံမှာ ခန်းမဆောင်တစ်ခု လုံးတွင် ပဲ့တင်ရိုက် သွားလောက်အောင် ကျယ်လောင်လှ၏ ။ နှုတ်ခမ်းမှတစ်ပါး သနပ်ခါးနံ့သာ လုံးဝလိမ် ခြယ်မထားသော မျက်နှာဝါ၀ါကလေး ရုတ်ခြည်းညိုညစ်သွားသည်ကို အမွန်သတိထားလိုက်သည်။
နုနုကြွေသည် တရားသူကြီးစားပွဲကို အားပြုထောက်ထားရင်း တစ်ကိုယ်လုံး ဆောက်တည်ရာ မရအောင် စိတ်လှုပ်ရှားနေ၏ ။
အမွန်က ရုတ်ခြည်းပြောင်းလဲ ဖြစ်ပေါ်လာသော အခြေအနေကို ဘယ်လိုအစကောက်ရမည် မသိ ဖြစ်နေသည်။ အခြေအနေပျက်နေသော မိန်းမငယ်၏ မျက်နှာကို စေ့စေ့ကြည့်ကာ အဖြေရှာနိုင်ရန် ကြိုးစားကြည့်သည်။
ပြောင်နေအောင် ရိတ်ချပြီးမှ ခဲသားဖြင့် တစ်ကြောင်းဆွဲ ဆွဲထားသော မျက်ခုံး၊ မျက်ရစ်ကောက် ကြောင်းတို့ကို ဆေးတောင့်ဖြင့် ပုံဖော်ရေး ဆွဲထားသည့် မျက်လုံးတို့မှာ ပဟေဋ္ဌိတစ်ပုဒ် ဖြစ်နေ၏ ။
ငုံ့စိုက်ချထားသော မျက်နှာကိုတဖြည်းဖြည်းမော့၍ အမွန်ရှိရာသို့ နောက်တစ်ကြိမ် မျက်နှာချင်း ဆိုင်လိုက်သည့်အခါတွင် တော့ အမွန်က သဲလွန်စတစ်ခုကို တွေ့ လိုက်ရလေသည်။
ဟုတ်ပါပြီ။
သူမှ သူပါပဲ။
မေးဖျားမှ သည်မှဲ့နက်ကလေးကို အမွန်ကောင်းကောင်းမှတ်မိသည်။ မှဲ့နက်ကလေး သဲလွန်စ ဖြင့် ဤမှထူဝန်းထွေးစုနေသော နှုတ်ခမ်းရဲရဲကလေးများ ကို အမွန်သတိရသွားသည်။ ဖြုန်းခနဲ ရင်ထဲမှာ တလှပ်လှပ် ခုန်လာပြီး မျက်လုံးများ ပြာဝေလာ၏ ။
“ဟင်… မင်း…မင်း…ကြွေ…ကြွေ…ခင်ကြွေမြင့်…”
သူ့နာမည် ရင်းကို သူပြန်မကြားဝံ့တော့ပြီလားမသိ။ အမွန်က နာမည် ခေါ်လိုက်မိသည်နှင့် မျက်လုံး များ ကို တအားမှိတ်ပစ်လိုက်ကာမျက်နှာကို ငုံ့စိုက်ချလိုက်လေသည်။ ဘေးတိုက်မြင်နေရသော မျက်နှာ တစ်ခြမ်းမှာ ရုတ်ခြည်း သွေးဆုတ်ဖြူဖျော့လာ၏ ။
သည့်နောက် မပီမသစကားတစ်ခွန်းကို ဗလုံးဗထွေး ရေရွတ်လိုက်ရင်း မတ်တပ်ရပ်နေရာမှ ၀ုန်းခနဲ လဲကျသွားလေသည်။
တရားခွင်သည် မမျှော်လင့်ဘဲ ရုတ်ရုတ်သဲသဲ ဖြစ်သွားရ၏ ။ အမွန်က ကျောက်ရုပ်လို မလှုပ် မယှက် အကြာကြီး ရပ်နေမိသည်။ မိမိရှေ့မှာ ပျားပန်းခပ်သလို လှုပ်ရှားနေသော လူစုလူအုပ်ကိုလည်း မမြင်တစ်ဝက် မြင်တစ်ဝက်ရှိသည်။
“ကြွေရယ်…ခရေတဲ့…နုနုကြွေတဲ့… ဖြစ်မှ ဖြစ်ရလေ မိန်းကလေးရယ်”
အနီတစ်စက် အနက်တစ်ရာ | နေပွင့်ပန်း၏ အပြာရောင်စာမျက်နှာသစ် | တစ်ကောင်တည်းပဲ ဒါပေမယ့် ခြင်္သေ့ |