Cover

(၁)

၁၉၈၂…

တစ်ကိုယ်လုံး အေးခဲသွားသလို ခံစားရသည်။

လက်ထဲက လျှေကျသွားသော ပတ်ကားဘောပင်ကို ရုတ်ခြည်းမကောက်မိ။ စစ်ဆေးနေဆဲ လယ်ဂျာစာအုပ်ကို အယောင်ယောင်အမှားမှား ပိတ်မိသေး၏ ။ ပြီးမှ လှုပ်ရှားလွယ်လွန်းသောစိတ်ကို စိတ်ထဲက ပြန်ကျိန်ဆဲရင်း နှုတ်ခမ်းဖွဖွ ကိုက်ရသည်။ ဘေးတိုက်အနေအထားကို မြင်နေရ၏ ။ သေချာအောင် ထပ်ပြီး စေ့စေ့ကြည့်သည်။

ဟုတ်ပါပြီ။

ကိုဖုန်း ကိုဖုန်း အစ်ကိုဖုန်း… ဦးဖုန်းမြင့်။

အာရုံထဲမှာ တဖျပ်ဖျပ်ပေါ်လာသော ပုံရိပ်ဟောင်းတွေကို ခေါင်းဆတ်ပြီး ဖျောက်ပစ်လိုက်သည်။ နှစ်ကျော့ပြန် အကဲခတ်ဖို့မလိုသော ကိုဖုန်း၏ လက္ခဏာကို မေခင်က စိမ်းစိမ်းကြည့်နေမိလေသည်။

“ဇရာနဲ့ ရင်းနှီးလွယ်လိုက်တာ”

ဟု မှတ်ချက်ချရင်း ‘နွမ်းပါးခြင်း’ ကို မိန်းမတို့၏ မနောသိဖြင့် တစ်ဆက်တည်း မြင်လိုက်သည်။

နှုတ်ခမ်းထောင့်ကလေးတွေ သိသိသာသာ လှုပ်သွားသည်ကို မေခင့်ဘာသာမေခင် သိလိုက်၏ ။ အကယ်၍ သာ နှုတ်ခမ်းများ ကို အချုပ်အထိန်းမဲ့စွာ ဖွင့်ပေးလိုက်မည်ဆိုလျှင် ‘ဟက်’ ခနဲ ရယ်သံကလေး ထွက်သွားလိမ့်မည်။ အကြေအခြင်တွေကို ဖြေလျော့ကာ ထိုင်နေသော အလူမီနီယံ ကုလားထိုင်နောက်မှီပေါ်သို့ ခပ်နွဲ့နွဲ့မှီလိုက်သည်။ ပေါင်နှစ်ဖက်ကို ထပ်၍ ဒူးပေါ်တွင် လက်ချင်းချိတ်ကာ မဟေသီထိုင်ထိုင်ရင်း သူ့ကို ခြေဆုံးခေါင်းဖျား ကြည့်နေလေသည်။

သူက ‘မြို့နယ်လုံးကျွတ် စာတတ်မြောက်မှု အောင်ပွဲ’ ဟူသော စာတန်း မပြယ့်တပြယ်မြင်ရသည့် ဆွဲအိတ်နွမ်းကို ဆိုင်ခုံနှုတ်ခမ်းမှာ ခပ်မှေးမှေးတင်ကာ အတွင်းပစ္စည်းများ ကို ဆွဲထုတ်နေသည်။

ဆိုင်ပေါ်တွင်ရှိနေသော စီစီက သူနှင့်မျက်နှာချင်းဆိုင် တိုးထိုင်ရင်း သူထုတ်ပြသည့် အထည်စများ ကို လှမ်းယူလေသည်။

“အိုး… အပိုင်းအစတွေပါလား”

သူက ပုံစံအောက်နေပြီဖြစ်သော အဖြူတစ်ဝက် အနက်တစ်ခြမ်းနှစ်ရောင်စပ် ကိုင်းတပ်မျက်မှန်ကို အလုပ်မရှိ အလုပ်ရှာပင့်ကာ မျှော်လင့်ချက်မျက်လုံးများ ဖြင့် စီစီ့ကို လှမ်းကြည့်နေသည်။

“ကျွန်မတို့က အလိပ်လိုက်မှ အလုပ်ဖြစ်ပါတယ်ရှင်။ ခုဟာက ဘာမှမဖြစ်လောက်ဘူးဆိုတော့ … နေပါဦး …အစ်ကိုကြီးက ဒါ အကုန်ပဲလား”

“နှစ်ကိုက်စ သုံးစနဲ့ တစ်ကိုက်စ သုံးစဗျာ”

မေခင့်နားထဲသို့ ကျဉ်ခနဲဝင်လာသည့် အသံ၊ သူ့အသံ။

လေယူလေသိမ်းကောင်းမွန်သပ်ရပ်သော၊ စကားပြော အတတ်၌ ကျွမ်းကျင်စွာ အသားကျနေပြီဖြစ်သော ဦးဖုန်းမြင့်ရဲ့ အသံပါပဲ။ သို့သော် အသံနှင့် အံဝင်ခွင်ကျမဖြစ်လှသော စကားရပ်တို့ကို ပြောဆိုနေရသည့်အဖြစ်။ နှုတ်ခမ်းထောင့်ကလေးများ ဒုတိယအကြိမ် တွန့်လှုပ်သွားမိသည်ကို သတိထားမိပြန်သည်။ စီစီဖြန့်ကြည့်နေသော ကျောင်းစိမ်းစတွေကို မျက်လုံးစွေကြည့်သည်။

နွေရာသီကျောင်းပိတ်ရက်နီးမှ ရှေ့လာမည့် ပညာသင်နှစ်အတွက် တင်ကြိုဖြန့်ဖြူးသော ကျောင်းစိမ်း မြန်မာတက်ထရွန်စတွေ။ နှစ်ကိုက်စတွေကတော့ အလယ်တန်း၊ အထက်တန်းကျောင်းသူကျောင်းသားများ အတွက်။ တစ်ကိုက်စတွေလည်း ပါလာပုံထောက်သော် ဧကန္တ သူ့မှာ မူလတန်းကျောင်းသားအရွယ်၊ ကလေးလူမမည်ရှိပုံပါပဲ။

တစ်ဆက်တည်းမှာ ပင် ဆံပင်ဖြူတွေ ထိုးထိုးထောင်ထောင် မြင်နေရသည်ကို ငေးကြည့်ကာ မေခင်က ရင်မောခြင်းတစ်ဝက်၊ ရယ်မောခြင်းတစ်ဝက် ဖြစ်ရသေး၏ ။

ကော်လာရှည် တက်ထရွန်ရှပ်ပေါ်မှာ ဘဲလိုဖတ်စ်တိုက်ပုံ မီးခိုးရောင်မှာ အသစ်လိုက်ထားသော လက်ချုပ်ရိုး ကင်းခြေများ တွေကို မညီတညီမြင်နေရသည်။ နှစ်နံစပ် ယောလုံချည်အနက်ကလည်း ဖြူဖပ်ဖြူရော်နှင့်။

အဖိုးနည်းပြီး အကြမ်းခံနိုင်မယ့် ပစ္စည်းကို ရွေးချယ်ရတဲ့ အနေအထားဆိုတော့ ယိုးဒယားလုပ် ဥတုသုံးပါးခံ ရော်ဘာဖိနပ်ပဲ စီးရတာ ပေါ့လေဟု ရောက်တတ်ရာရာ ဆက်တွေးနေမိသည်။ စိတ်ရိုင်းတို့ကို ချွန်းဖွင့် လွှတ်လိုက်ပြီ။

ပြီးတော့ သူ အလုပ်လက်မဲ့များ ဖြစ်နေလေပြီလား၊ အငြိမ်းစားအနားယူတာမျိုးလည်း ဖြစ်နိုင်သည်။ သို့သော် ကျန်းမာရေးတော့ ပြောပလောက်အောင် ချွတ်ယွင်းမည်မထင်။ အသက်ကလည်း ၄၀ ဟိုဘက်ကို စွန်းလှမူ အလွန်ဆုံး နှစ်နှစ်၊ သုံးနှစ်။

ဘာအကြောင်းကြောင့်နှင့်ပဲဖြစ်ဖြစ် ကုလားထိုင်လက်ရှိမဟုတ်နိုင်တာတော့ သေချာသည်။

ကြည့်၊ ကော်လာရှည်ရှပ်နှင့် ရော်ဘာဖိနပ်မှာ နှစ်နံစပ်ယောလုံချည်နှင့် ဘယ်လိုမှ မအပ်စပ်ဘူဆိုတာ ဗဟုသုတအတော်အတန်ရှိရုံနှင့် နားလည်သည်။

လည်ကတုံးရှပ်မှ။ ကတ္တီပါသည်းကြိုးတပ် ညှပ်ဖိနပ်မှ။

တွေ့မြင်နေရသည့် ကိုဖုန်းရဲ့ လူသုံးပစ္စည်းများ ကတော့ ခေတ်ဟောင်းလက်ကျန်တွေ ဖြစ်နိုင်စရာ အကြောင်းရှိသည်။ ဟိုတစ်ချိန် ၁၀ နှစ်ကျော် ကာလဟောင်းကတော့ ကိုဖုန်းသည် ကတ္တီပါဖိနပ်စီးကာ သူ့ကုလားထိုင်ပေါ်မှာ မြိန့်မြိန့်ကြီးထိုင်၍ မေမေခင်ဆိုသည့် အရွယ်မရောက်တရောက် မိန်းမငယ်တစ်ယောက်ကို စီးမိုးကြည့်ခဲ့ဖူးသည်။

ခုတော့ မေခင်သည် မိမိစည်းစိမ်ချမ်းသာ၏ အစိတ်အပိုင်းတစ်ခုမျှသာဖြစ်သော ‘လှဝိဇ္ဇာ ဂါဝန်စတိုး’ အရောင်းဆိုင်ရှေ့တွင် မိမိအတွက် သီးသန့်ချခင်းပေးထားသော အလူမီနီယံကုလားထိုင်ပေါ်မှ သူ့ကို ‘မဟေသီကြည့်’ ကြည့်ရင်း ကျေနပ်စပြုသည်။

မေခင်သည် အဆီပြန်တော့မည်ထင်ရသော မိတ်ကပ်ပါးပြင်တို့ကို ပိုးလက်ကိုင်ပ၀ါနှင့် မခို့တရို့ကလေး တို့သုတ်လိုက်၏ ။ ဆိုင်အကူ အထွေထွေလုပ်သား မောင်လှက စားပွဲတင်ပန်ကာ အသေးစားကလေးကို မေခင့်အနားရွှေ့ယူလာပြီး အနှေးခလုတ်ကို သခင်မအလိုကျ ဖွင့်ပေးသည်။

သူ မျက်လုံး ဝေ့ကြည့်သည်ကို မေခင်မြင်သည်။ သို့သော် သူ့မျက်လုံးတွေမှာ အရိပ်အယောင်မရှိ။ သူ့မျက်နှာသွင်ပြင်မှာ အလှုပ်အခတ်မရှိ။ ပကတိမျက်နှာသေဖြင့် စီစီထံ ပြန်လှည့်သွားသည်။

မေခင့်ကို သူ မမှတ်မိတော့သည်မှာ သေချာလေပြီ။

မေခင်သည် ဘုရင်မတစ်ပါးနှယ်၊ ခြေချိတ်ထိုင်ရာက ဆန့်ထွက်နေသော မိမိ၏ ခြေဖမိုးစွန်းတစ်ဖက်ကို မျက်တောင်စင်းစင်းဖြင့် လှမ်းကြည့်သည်။ ခြေထောက်ကို စည်းဝါးမကျတကျ လှုပ်ရမ်းလိုက်သောအခါ နှစ်လက်မခွာမြင့် ရှာမွိုင်းသားရေနု ဖိနပ်ကလေးသည် ခြေဖျားတွင် ခိုတွယ်နေရာက အသာအညင် လျှောကျသွားလေ၏ ။ ပုံသွင်းထားသော ကြေးနီရောင် ခြေသည်းလက်လက်ကလေးတွေ။ ပန်းနုရောင် ဖနောင့်သားနှင့် ၀င်းအိနုညက်သော ခြေဖမိုးပြင်တွေ။

မေခင်သည် မိမိဘာသာ ကျေနပ်ခြင်းကြီးစွာ ဖြင့် ရော်ဘာဖိနပ်ညစ်ထပ်ထပ်ပေါ်မှ ဖနောင့်သား ပပ်ကြားအပ်နေသော အညတရခြေထောက်ကို အားမနာပါးမနာ ကြည့်လေ၏ ။

စိတ်ထဲကလည်း အရေးပေါ်အစီအစဉ်တွေ တစ်မျိုးပြီးတစ်မျိုးကြံစည်တွက်ဆလျက်ရှိသည်။ သူ မမှတ်မိသည့်အဖြစ်ကို မကျေနပ်။ မှတ်မိစိမ့်သောငှာ၊ သတိရစိမ့်သောငှာ၊ သတိရစိမ့်သောငှာ တစ်စုံတစ်ခုကိုတော့ မေခင် လုပ်ရပေလိမ့်မည်။

“အားလုံးပေါင်းမှလည်း ကိုးကိုက်ပဲ ရှိတယ်ရှင်၊ ပြီးတော့တစ်ဆက်တည်း မဟုတ်လို့ပါ။ ကျွန်မတို့က ဂါဝန်ပြန်ချုပ်တာချုပ်တာဆိုတော့ တစ်ဆက်တည်းမှ တွက်သားကိုက်ပါတယ်။ ခုလို အစတွေဆိုရင် လေတတ်လို့ပါ”

စီစီ အဆုံးဖြတ်ရခက်နေသည်ကို ခုမှ ဆိုင်ပေါ်ပြန်ရောက်လာသည့် လှလှကြူက၀င်ပြီး အပြတ်ရှင်းလိုက်သည်။

လှလှကြူသည် နှုတ်မှ ပြောလည်းပြော လက်တစ်ဖက်ကလည်း ထောပတ်သီးဖျော်ရည် ဖန်ခွက်ကို ကိုင်ရင်း ကျန်လက်တစ်ဖက်ဖြင့် နောက်ဘက် ဗီရိုကိုဖွင့်ကာ ပန်းကန်ပြားတစ်ချပ်ကို ထုတ်ယူနေ၏ ။

တစ်ဆက်တည်းပင် လက်သုတ်ပ၀ါကို ရှာသည်။

ပန်းကန်ပြားပေါ်တွင် ဖန်ခွက်တင်ပြီးမှ လက်သုတ်ပ၀ါခေါက်ကို ဖန်ခွက်ဘေးမှ ထည့်ကာ မေခင့်ကို လက်နှစ်ဖက်ဖြင့် ကမ်းလေသည်။

စီစီသည် အားနာဟန် ချိုသာပြုံးကလေးနှင့် ပိတ်စများ ကို ကျင်လည်စွာ ပြန်ခေါက်ရင်း-

“တက်ထရွန် ကိုက်ထိုးရောင်းတဲ့ဆိုင်တွေမှာ သွင်းကြည့်ပါနော်”

“ဖြစ်နိုင်ရင်တော့ ယူလိုက်ပါဗျာ၊ တခြားမှာ လည်း ကျွန်တော်ထပ်စကားမပြောချင်တော့လို့ပါ”

ပင်ကိုထက် တစ်ထစ်လျှော့သော တိုးလျှိုးဟန်ကြောင့် စီစီက လှလှကြူကို မျက်လုံးဖြင့် လှမ်း၍ တိုင်ပင်သည်။ လှလှကြူက ခေါင်းယမ်းမည်ကြံဆဲ -

“ယူထားလိုက်ပါ စီစီ”

မေခင့်မျက်နှာပေါ်သို့ အကြည့်အားလုံး စုပြုံကျရောက်လာပြီကိုသိသည်။ မေခင်က ဘယ်သူ့ကိုမှ အကဲမခတ်သလို က္ကနြေ္ဒမျက်နှာဖြင့် ထောပတ်သီးဖျော်ရည်ကို မြုံ့သောက်နေ၏ ။ မေခင်သဘောထား မီးစိမ်းပြလိုက်သည်နှင့်တစ်ပြိုင်နက် လှလှကြူက ပိတ်စများ ကို ကိုက်ထိုးတော့သည်။

“အစ်ကိုကြီးကို အားနာလို့ ကျွန်မတို့မမက လက်ခံလိုက်တာရှင့်၊ ဒီဆိုင်က ဘောက်ပစ္စည်းကောက်တဲ့ထုံးစံလည်း မရှိပါဘူး။ အလိပ်လိုက်ပဲ ယူတယ်။ ဒီနေ့ပေါက်ဈေးတော့ အစ်ကိုကြီးသိတယ်နော် ဆယ့်နှစ်ခွဲ”

ဗျာ… တစ်ကိုက်ကို ဆယ့်နှစ်ကျပ်ခွဲ၊ မနည်းလွန်းဘူးလားဗျာ။ နှစ်ကျပ်လောက်ပဲ မြတ်တယ်”

“မေးကြည့်ပါရှင်၊ ဒီဗိုလ်ချုပ်ဈေးသစ်တွင်မကပါဘူး၊ ဟုဘက်က လေဟာပြင်ဈေးပါ လိုက်မေးပါ။ တစ်ကျပ်ပိုရင် အချိန်မရွေး ပြန်လာပြော အစ်ကိုကြီး”

“နည်းလွန်းပါတယ်ဗျာ၊ ဆယ့်ငါးကျပ်တော့ ပေးပါ”

ယောလုံချည် ဖြူဖပ်ဖြူရော် ၀တ်နေရခြင်းအကြောင်းရင်းဇာစ်မြစ်ကို မေခင်တစ်ထိုင်တည်းနှင့်ပင် ကြံဆသိဖြင့် ဆုပ်ဖမ်းမိတော့မတတ် ရှိသည်။ ခြင်းရိပ် တင်းရိပ်သိလွယ်သော လှလှကြူက -

“တစ်ကျပ်တစ်ပြားအတွက် အချေအတင်ပြောရတာ အစ်ကိုကြီးကို အားနာပါတယ်ရှင်။ အစ်ကိုကြီးလည်း အလုပ်ဖြစ်အောင် ကဲ… ဆယ့်သုံးခွဲယူ”

“ဆယ့်လေးအတိပဲ ပေးလိုက်ပါလားဗျာ”

“သြော်… အစ်ကိုကြီးကလည်းလေ။ တကယ်ပဲ။ အစ်ကိုကြီးအိမ်သူကတော့ အရမ်းလွှတ်ကံကောင်းတာပဲ။ တကယ့်ကို ဈေးသဘောကျွမ်းတဲ့ အစ်ကိုကြီး။ ကဲ… စီစီရယ် ပေးလိုက်ပါဟယ်…တစ်ရာနှစ်ဆယ့်ခြောက်ကျပ်”

လှလှကြူက ကျွမ်းကျင်ရုံမက ပါးနပ်သူဖြစ်လေသည်။ မေခင့်ရှေ့မှာ သူ့ကျွမ်းကျင်မှု တွေ ပေါ်ထင်အောင်ပြလျက်ရှိသည်။ ဒါမျိုးတွေ မေခင်တို့က ဖြစ်လာသည်မို့ အမှု အမှတ် တယ်မထားချင်တော့။ အမှန်မှာ စီစီလည်း လှလှကြူထက်မသာဘူးဆိုသော်မှ တန်းတူတော့ လိုက်နိုင်သည်ကို မေခင်သိသည်။ သို့သော် လှလှကြူက နှုတ်ရေးစကားတတ်။

“တစ်ရာနှစ်ဆယ့်ခြောက်ကျပ်လား”

သူက သံယောင်လိုက်ပြီး မေးသည်။ သည်အသံကိုကြားမှမေခင့်ရင်ထဲကပါ ‘တစ်ရာနှစ်ဆယ့်ခြောက်ကျပ်’ ဟု ပဲ့တင်ထပ်လာလေသည်။

“တွက်ပြမယ် အစ်ကိုကြီး…ကြည့်”

စက္ကူတစ်ရွက်ပေါ်မှာ ဘောလ်ပင်တယမ်းယမ်းနှင့် အလုပ်ရှုပ်နေသော သူတို့သုံးယောက်ကိုကြည့်ရင်း မေခင့်ခေါင်းထဲမှာ အလင်းတစ်ခုလက်လာသည်။

“တစ်ရာနှစ်ဆယ့်ခြောက်ကျပ်ဆိုတာ ဟိုတစ်ချိန်တုန်းက အောက်တန်းစာရေးတစ်ယောက်ရဲ့ လစာပဲနော်”

မေခင်က တစ်ကိုယ်တည်း ညည်းသလို ပြောလိုက်သည်။

သူ မျက်လုံးဝေ့၍ ကြည့်သည်။

သို့သော် နဂိုအတိုင်းပင် သူ့မျက်လုံးတွေမှာ အရိပ်အယောင်အလှုပ်အခတ် မမြင်ချေ။ ‘သွားပြီ’ ဟု မေခင့်စိတ်ထဲမှာ မောသွားသည်။

ပထမကျည်ဆံတော့ လွဲချေပြီ။ သို့သော် ပထမကျည်ဆံဆိုသည်မှာ သေနတ်စမ်းခြင်းသာ ဖြစ်သည်မဟုတ်လား။ လွဲစမ်းပါစေ။စီစီက ပိုက်ဆံများ ကို ကမ်းပေးလိုက်သည်။ ရာတန်တစ်ရွက်၊ အစိတ်တန်တစ်ရွက်၊ ကျပ်တန်တစ်ရွက်၊ ရှင်းလင်းစွာ ။

မေခင့်ခေါင်းထဲမှာ ဒုတိယအလင်းတစ်ခု လက်လာပြန်သည်။ ထောပတ်သီးဖျော်ရည်ခွက်ကို မောင်လှအား လှမ်းပေးလိုက်ပြီး လက်ပွေ့အိတ်ကို ကောက်ယူကာ ထောက်ခနဲ ဖွင့်သည်။ အတွင်းအိတ်ငယ်လေးတစ်ခု၏ ဇစ်ကိုဆွဲလိုက်သော် နှစ်ဆယ်တန်ငွေစက္ကူဟောင်းတစ်ချပ်ကို နဂိုနေမြဲအခြေအနေအတိုင်း တွေ့ရလေသည်။

အိတ်မြှော င်ကလေးထဲသို့ လက်နှိုက်၍ စမ်းပြန်သည်။ ရွှေပြားခတ်ပန်းလက်စွပ်တစ်ကွင်း လက်ထဲမှာ ပါလာ၏ ။ လက်စွပ်ကို နှစ်ဆယ်တန် ငွေစက္ကူနှင့် ရစ်ပတ်လိပ်ခေါက်လိုက်သည်။

ငွေစက္ကူခေါက်ကို လက်မှာ ဆုပ်မိသောအခါ မေခင့်အသွေးအသားတွေ ပွက်ပွက်ဆူမတတ်ခံစားရ၏ ။ သို့သော် သွေးအေးသောအမူအရာနှင့်ပင် ငွေစက္ကူခေါက်ကို သူ့ခြေထောက်ကြားထဲသို့ ဘယ်သူမှမရိပ်မိအောင် ပစ်ထည့်လိုက်လေသည်။ သူက ရုတ်ခနဲ ခြေထောက်တွေအနေအထားပျက်သွားပြီ၊ လက်တွင်းမှာ ပိုက်ဆံများ ရေတွက်နေလျက်ကအောက်သို့ ကယောင်ကတမ်း ငုံ့ကြည့်သည်။

“ရှင့်ဆီက တစ်ခုခု ထွက်ကျသွားတယ်”

“ဗျာ…”

သူသည် ခြေထောက်ကြားက ပိုက်ဆံခေါက်ကိုတစ်လှည့်၊ သူ့လက်ထဲက ပိုက်ဆံများ ကိုတစ်လှည့် နားမလည်စွာ အယောင်ယောင်အမှားမှားကြည့်ရင်း ပိုက်ဆံခေါက်ကို ကုန်း၍ ကောက်သည်။

“အဲဒါ ရှင့်ဥစ္စာပဲ”

“ဗျာ”

မေခင်သည် ကုလားထိုင်တွင် ပြန်၍ ခပ်နွဲ့နွဲ့မှီလိုက်ပြီး ခြေပြောင်း၍ ချိတ်ကာ မျက်တောင်များ ကို စင်းနေအောင် မှေး၍ ကြည့်နေလိုက်၏ ။

သူက ငွေစက္ကူခေါက်ကို ဖြေနေသည်။

တော်ပြီ၊ အချိန်တန်ပြီဟု ဆုံးဖြတ်ကာ ထိုင်ရာမှ ထသည်။

“မမပြန်မယ်၊ ဂါဝန်ဒီဇိုင်းသစ် ခြောက်မျိုးအတွက် နေရာလုပ်ထား။ ဒီဇိုင်းဟောင်းတွေစာရင်းကို တစ်ပတ်အတွင်းပြီးအောင်လုပ်၊ နယ်မပို့ခင် ပြည်ထောင်စုပွဲမှာ တင်ဦးမယ်”

နှစ်ဆယ်တန်ကို ဖြန့်ကြည့်နေသော သူ့လက်တွေ တုန်ယင်နေပြီလားဟု သိချင်သည်။

တွေ့ပြီလား၊ ဟင်…ရှင်တွေ့ပြီလား၊ ရှင်ပေးခဲ့တဲ့ လက်စွပ်လေ။

‘ညီမလေးရဲ့ ပညာရေးအတွက်’ လို့ အသော့ရေးထားတဲ့ ရှင့်လက်ရေးကိုကော ရှင်တွေ့ပြီလား။

ပြီးတော့ ကျွန်မကိုကော…မေမေခင်ကိုကော ရှင်တွေ့ပြီလား၊

နှုတ်ခမ်းကို ဖွဖွကိုက်ရင်း မျက်လုံးထောင့်ဖျားမှ သူ့ကို ကြည့်သည်။ ဆိုင်ပေါ်တင်ထားသော လက်ပွေ့အိတ်ကို ကောက်ယူပြီး သူ့ကို နောက်ခိုင်းလှည့်ထွက်ခဲ့လေသည်။

ဒါလောက်ပါပဲ၊

‘စိန်’ ခေါ်ရုံလောက်ပါပဲ၊

လောကတစ်နေရာမှာ ဦးဖုန်းမြင့်ကို ရင်ဆိုင်လိုသေးတဲ့ မေမေခင်တစ်ယောက် ရှိနေသေးတယ်ရယ်လို့ အသိပေးရုံလောက်ပါပဲ။

နောက်ပါးမှ လက်ဆွဲအိတ် လွတ်ကျသလိုလို အပြိုပြိုအလဲလဲ ဖရိုဖရဲသံများ ကြားလိုက်ရသည်။



ဝန်ဇင်းချစ်သူများ စမ်းစမ်းနွဲ့(သာယာဝတီ) ၏ “ တစ်ကောင်တည်းပဲ ဒါပေမယ့် ခြင်္သေ့ ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


မဟူရာအကျဉ်းထောင်

ခေါက်ထီးလေးမလုံ့တလုံ

တစ်ခါတုန်းကတော့ မဟေသီ