သင်္ဘောဦးကိုဘီယာပုလင်းဖြင့် ပစ်ခွဲပစ်လိုက်သည်။
ဖန်စများ ဖွာခနဲ စဉ်ထွက်သွားသည်နှင် တစ်ချိန်တည်းမှာ လက်ခုပ်သံများ လျှံကျလာ၏ ။ တစ်ခဏအတွင်း မြူးကြွဆူညံလာသော အိုးစည်ဒိုးပတ်သံများ က မေဇော့်ရင်ကို လှိုက်ခုန်စေသည်။
မေဇော်သည် ကွန်ကရစ်ပလက်ဖောင်းပေါ်မှ ဖယ်ဆင်းလိုက်ပြီး နောက်ဘက်သို့ ပြန်လျှောက်လာ သည်။
လွန်းကျင်းလျှောလမ်းမှ ရန်ကုန်မြစ်အတွင်းသို့ တအိအိလျှောဆင်းနေသော သင်္ဘောသစ် “မာန်အောင်” ကို ကျောခိုင်းခဲ့ပြီ။ ထားရစ်ခဲ့ပြီ။ သည့်ထက်ပိုကာ အရှည်အကြာလည်း မကြည့်ရက် မမြင် ရက်တော့ပြီ။
မျက်လွှာလွဲခဲ့သည့်တိုင် “မာန်အောင်”၏ မြူးကြွနေသော မြင်ကွင်းကို မျက်စိထဲက ဖျောက်မရ။ သင်္ဘောကုန်းပတ်တစ်လျှောက်သွယ်တန်းထားသော အလံငယ်ကလေးများ ဖျိုးဖျိုးဖျပ်ဖျပ် လှုပ်ခါလွင့်မြူး နေဟန်မှာ ချစ်သူနှင့်အတူ ခရီးရှည်ထွက်ရတော့မည့် သတို့သမီးငယ်က မိခင်ကိုနှုတ်ဆက်နေသလို ခံစားရသည်။
ခြောက်လတိုင်တိုင် အအိပ်ပျက်၊ အစားပျက်၊ နေ့မှန်း ညမှန်းမသိ၊ အားသွန်ခွန်စိုက် တည်ဆောက်ခဲ့ရသော သည်သဘောင်္သစ် “မာန်အောင်”။ မေဇော် ကြီးကြပ်တည်ဆောက်သည့် ပထမ ဆုံးလက်ရာ။
ဝယ်သူ့လက်ပါတော့မည်ဆိုတော့ ရင်မှဖြစ်သော သမီးဦးနှင့်ခွဲခွာရတော့မည့်အလား နှမြောနှမဲ ရင်နင့်ရသည်။
ကိုယ်တိုင်ကိုယ်ကြပ် အခမ်းအနားနှင့် ရေချပေးပြီးသောအခါ မိခင်တစ်ယောက်၏ နှစ်ထောင်း အားရခြင်း ပီတိသုခသည် အတောမသတ်နိုင်။
“ချိ(ဖ်) … သတင်းစာဆရာတွေ စောင့်နေပါတယ်”
အမှတ်မထင် အနားရောက်လာသော နေရိန်ကျော်ကို ဖျတ်ခနဲ မော့ကြည့်မိသည်။ မေဇော့်ကိုယ် ရေးလက်ထောက်သည် ကျိုးနွံသော အမူအရာကိုထုတ်ဖော်လေ့မရှိ။ အထက်အရာရှိကို လိုသည်ထက်ပို ၍ အရိုအသေမပေးတတ်သော၊ မိမိကိုယ်ကို ယုံကြည်စိတ်ချသည့် အတ္တမာနမြဲမြံသော လူငယ်တစ်ဦး ဖြစ်သည်။
သည့်အတွက် လုပ်ငန်းခွင်မှာ မေဇော်စိတ်လက်ပေါ့ပါးစွာ သက်တောင့်သက်သာဖြစ်ရသည်။
လူမြင်သူမြင် အနားကပ်၍ မနေတတ်သော ကိုယ်ရေးလက်ထောက်သည် မထင်မှတ်သောနေရာ မှာ ရောက်လာတတ်ပြီး မေဇော့်ကို ကူညီမြဲ။
ကမ်းရိုးတန်းသွား သင်္ဘောသစ် ‘မာန်အောင်’ ရေချပွဲအတွက် မေးမြန်းစုံစမ်းလာကြမည့် သတင်းစာ ဆရာများ နှင့် ရင်ဆိုင်ဖို့ပြင်ရသည်။
“အေအမ်အီးတွေရော၊ ဖိုမင်တွေပါ ရှိကြရင် ကောင်းမယ်”
“အားလုံးစုံနေပါပြီ ချိ(ဖ်)”
ဟုတ်လားဟုမေးဆဲ ကင်မရာလျှပ်တပြက်မီးများ ၀င်းခနဲ… ၀င်းခနဲ လက်လာသည်။ ဆူညံလျှံ ထွက်နေသော အိုးစည်းဒိုးပတ်ဝိုင်းသည် အလိုက်သိစွာ အပါးမှခွာစပြု၏ ။ တစ်ဝင်းလုံးကို လှည့်လည်၍ တီးမှု တ်ကခုန်နေကြမည်ထင်သည်။ သူတို့လည်း အတိုင်းမသိ ပျော်မြူးအားရနေကြပေမည်။
“ဒီ မာန်အောင်သင်္ဘောဟာ မြန်မာပြည်မှာ တည်ဆောက်ခဲ့တဲ့ သင်္ဘောတွေအနက် အကြီးဆုံး ကမ်းရိုးတန်းသွားသင်္ဘောပါပဲ၊ ပြည်နယ်သမ၀ါယမအသင်းရဲ့ အမှာ အရ ကျွန်တော်တို့စက်ရုံက တည်ဆောက်ပေးတာပါ။ ကုန်ကျစရိတ် နှစ်ဆယ့်ရှစ်သိန်းမှာ လုပ်အားခ တစ်သိန်းခွဲပဲ ရှိပါတယ်။ ဒီလောက် လုပ်အားခမျိုးနဲ့ ဒီသင်္ဘောမျိုး ဘယ်မှာ မှ မရနိုင်ပါဘူး။ ဒါဟာ ကျွန်တော်တို့စက်မှု အင်ဂျင်နီယာ ချုပ် ဒေါ်မေဇော်တင်ထွဋ်ရဲ့ ကြီးကြပ်ကွပ်ကဲမှု ကြောင့် ရရှိတ့ အကျိုးကျေးဇူးပါပဲ”
သပ်ရပ်သော လေယူလေသိမ်းနှင့် ရှင်းလင်းပြောပြနေသည့် အလုပ်ရုံခွဲမှူး ဦးကျော်မြစကားကို မေဇော်ကပြုံး၍ ထောက်ခံနေမိသည်။ သို့ သော် ဖြည့်စွက်ပြင်ဆင်သင့်သည်တို့ကိုလည်း မဆိုင်းမတွ ပြောပြမှ သင့်မည်။
“မာန်အောင်ကို ပုံထုတ်တဲ့ ပညာရှင်က ဒေါ်ချိုချိုတင်တဲ့။ ပုံထုတ်တယ်လို့ ကျွန်မပြောပါတယ် နော်။ ပုံတူကူးတာ မဟုတ်ပါဘူး။ ကွဲလွဲစေချင်လို့ပါ။ ဒေါ်ချိုချိုတင်ကိုယ်တိုင် တီထွင်ပုံတူထုတ်ထားတဲ့ ဒီသင်္ဘောကို ကျွန်မတို့ဆောက်ကြမယ်ဆိုတာ စရွေးကိုက်နည်းကိုသုံးဖို့ ရွေးလိုက်ကြတယ်။
ဦးပိုင်း၊ ပဲ့ပိုင်းနဲ့ အင်ဂျင်ပိုင်းရယ်လို့ သုံးပိုင်းကို တစ်ပိုင်းစီ သီးခြားတည်ဆောက်ပြီးမှ စရွေးကိုက် အောင် ဆက်စပ်တည်ဆောက်ရတဲ့ ခေတ်မီနည်းပါပဲ။ အင်မတန် လက်ဝင်ပါတယ်။ အဲဒီ အခက်ခဲဆုး အလုပ်ကို မညည်းမညူလုပ်ကြတဲ့ ဟောဒီအလုပ်သမားရဲဘော် အားလုံးရဲ့ ဇွဲနဲ့ စေတနာကြောင့် လျာထား ချက်အတိုင်း အကောင်အထည်ပေါ်လာရတာ ပါ”
“ချီးကျူးစရာပါပဲ။ ပုံဆွဲသူကလည်း အမျိုးသမီး၊ ကြီးကြပ်တည်ဆောက်တဲ့ အင်ဂျင်နီယာချုပ် ကလည်းအမျိုးသမီး”
ဘယ်သူဘယ်ဝါမှန်းမသိသော အသံတစ်သံ သတင်းစာဆရာ အုပ်စုထဲမှ ထွက်လာသည်။
“ဒါဟာ ထူးခြားချက်မဟုတ်ပါဘူး”
ဟု မေဇော်က ရုတ်ခြည်းကန့်ကွက်လိုက်သည်။
“လျာထားချက်ထက် ကုန်ကျစရိတ် ထက်ဝက်နီးပါး သက်သာစွာ နဲ့ သဘောင်္တစ်စင်း ထုတ်လုပ် နိုင်တယ်ဆိုတဲ့ကိစ္စသာ ထူးခြားချက် ဖြစ်ပါတယ်။ခေတ်မီနည်းနဲ့ မြန်မာပြည်ရဲ့ အကြီးဆုံး ကမ်းရိုးတန်းသွား သဘောင်္တစ်စင်း အောင်မြင်စွာ ထုတ်လုပ်နိုင်တယ်ဆိုတဲ့ အချက်သာ ချီးကျူးဖွယ်ဖြစ်မယ်ထင်ပါတယ်။
အထူးသဖြင့် ဒီသတင်းနဲ့ ပတ်သက်လို့ ကျွန်မတို့နာမည်ကိုထည့်သုံးဖို့ လိုအပ်မယ်ဆိုပါရင် ရှေ့က အမျိုးသမီးရယ်လို့ အထူးပြုချက်မထည့်ဖို့ မေတ္တာရပ်ခံပါတယ်။
“ဒါဟုတ်တာပေါ့။ ဒေါ်မေဇော်တင်ထွဋ်အနေနဲ့ ဒီကိစ္စလောက်က အသေးအဖွဲ့ပဲလို့ ကျွန်တော် နားလည်ထားပါတယ်။ ပင်လယ်ကူးသင်္ဘောကြီးတစ်စင်း ဒီစက်ရုံကထုတ်လုပ်ဖို့ အစီအစဉ်ကိုတော့ စနေ ပါပြီလား”
စရုံပဲရှိပါသေးတယ်ဟုဖြေကာ မေးခွန်းရှင်ကို အကဲဖြတ်ကြည့်မိသည်။ သူကမေဇော်နှင့်ပတ်သက် ၍ ဘယ်လိုနားလည်ခံယူထားသည်မသိ။ ပြောပုံက မြှော က်သလိုလို။ အမှန်တကယ် ချီးကျူးတာမျိုးလည်း ဖြစ်ချင်ဖြစ်မည်။
သို့ သော် မေဇော် ဘ၀င်မကျ။
“ကျွန်မ အသေးအဖွဲ့တိုင်းကို အလေးအနက်လုပ်တတ်တဲ့ စက်မှု ၀ါသနာရှင်ပါ။ ကျွန်မပြောချင် တာက ယောက်ျား၊ မိန်းမရယ်လို့ သိပ်ပြီး ခွဲမကြည့်ဖို့ပါပဲ”
သဲ့သဲ့မျှသော ရယ်သံများ ထွက်လာသည်။ အားတုံ့အားနာမျက်လုံးများ ကို ပြုံးကြည့်ရင်း…
“ကိုယ်လုပ်ချင်ရာ၊ လုပ်နိုင်ရာကို လုပ်တတ်သလို လုပ်နေကြတဲ့ လူသားတွေပဲရှင်၊ ဇွဲ ၀ီရိယရှိ မယ်၊ စေတနာထက်သန်မယ်ဆိုရင် လုပ်ငန်းအောင်မြင်တာပါပဲ။ ဟောဒီသင်္ဘောကျင်းမှာ ကျွန်မတို့အား လုံး စိတ်ကူကိုယ်မျှ ညီညွတ်ကြလေတော့ ဘာပဲလုပ်ရလုပ်ရ၊ ၀န်မလေးတော့ဘူး။ အကြီးအကဲပီပီ နာမည်ထွက်တာပေါ့၊ သူကြီးဘုရား ရွာသားကောင်းမှု ပေါ့ မဟုတ်ဘူးလား”
ခုမှပင် ရယ်သံအားလုံး လွတ်လပ်ပေါ့ပါးလာကြသည် ထင်၏ ။ အကျွေးအမွေးအစီအစဉ်စဖို့ နေရိန်ကျော်ကို အချက်ပြလိုက်သည်။
သက်သာဆိုင် စားသောက်ခန်းမမှာ ထောပတ်မဆလာနံ့များ ထောင်းထောင်းပျံ့နေလေသည်။ မေဇော်က ဧည့်သည်များ ကို ဦးဆောင်ခေါ်လာခဲ့ပြီး အသင့်ပြင်ဆင်ထားသော စားပွဲမှာ နေရာချထားပေး လိုက်သည်။
“သုံးဆောင်ကြပါ၊ ဒီနေ့တော့ ကျွန်မတို့ သက်သာဆိုင်က စပါယ်ရှယ် ကြက်သားဟင်းချက်တယ် ထင်ပါရဲ့ ။ ဟုတ်တယ် မဟုတ်လား ဦးထွန်းလွင်၊ မွှေးသင်းနေတာပဲ” ခပ်လှမ်းလှမ်းမှာ ယို့ယို့ကလေးရပ်နေသော စားသောက်ဆိုင်တာဝန်ခံ ဦးထွန်းလွင်သည် ပြုံးကျဲ ကျဲဖြင့် အနားကပ်လာသည်။
“ခါတိုင်းလိုပဲ ဆရာမ ။ ဒီနေ့ဆိုရင် ဆရာမ ကြိုက်တဲ့ ပျဉ်းတော်သိမ်းရွက်တောင် မပါဘူး။ ဘယ်ဈေးမှာ မှ ရှာမရလို့ သစ်ကြံပိုးနဲ့ ကရဝေးရွက်ချည်း ဆီသတ်ထည့်ရတယ်။ ဒါပေမယ် စံချိန်မလျှော့ ပါဘူးဆရာမ ။ ခါတိုင်းလိုပါပဲ”
ဦးထွန်းလွင်၏ ‘ခါတိုင်းလိုပါပဲ’ ဆိုသော စကားလေသံမှာ စံယူဟန်၊ ၀င့်ကြွားဟန် အပြည့်ပါသည် ကို မေဇော်နားလည်လိုက်သည်။ ပလာတာ လောက်လောက်ငငရှိလားဟု မေဇော်မေးသည်ကို ပိုပိုလျှံလျှံ လုပ်ထားပါတယ်ဆရာမ ဟု တိုတိုရှင်းရှင်းအဖြေပေးသည်။ တစ်ဆက်တည်းပင် ဧည့်သည်များ ကို သူ့သက်သာဆိုင်နှင့် ပတ်သက်၍ အကျယ်တ၀င့် ရှင်းလင်းပြောပြနေတော့လေသည်။
ထုံးစံအတိုင်း ငွေကြေးအမြတ်အစွန်းကို ရှေ့တန်းမတင်ဘဲ အလုပ်သမားများ ကောင်းကောင်း မွန်မွန်၊ ဈေးနှုန်းသက်သက်သာသာနှင့် စားသုံးနိုင်ဖို့ အဓိကထားကြောင်းတွေ ဂုဏ်တယူယူပြောမဆုံး နိုင်။
“ကျွန်တော်တို့ဆီမှ စီအမ်အီးကအစ အရာရှိတွေအားလုံး စားကြတာခင်ဗျ၊ ပြီးတော့ အလုပ်သမား ရဲဘော်တွေဆိုလည်း ပင်ပန်းကြတယ် မဟုတ်လား။ ကောင်းကောင်းစားရမှ ကောင်းကောင်း လုပ်နိုင်မှာ ပေါ့။ ကောင်းကောင်းစားနိုင်ဖို့လည်း ဈေးနှုန်းသက်သာဦးမှကိုး ခင်ဗျ။ ဒီမှာ က ဆီပြန်ဟင်းတစ်ခွက်နဲ့ ထမင်းအ၀စား နှစ်ကျပ်ခွဲပဲ ကျပါတယ်။ ကျွန်တော်တို့စက်ရုံမှာ အိမ်က ထမင်းဘူး ယူတဲ့လူ မရှိသလောက်ပါပဲ။ ထမင်းဘူးစရိတ်ထက် ဒီမှာ က ပိုပြီးတွက်ခြေကိုက်တာကိုးခင်ဗျ”
သက်သာလှချည်လားဟု အံ့အားတသင့်မေးခွန်းတွေ ထွက်ပေါ်လာသည်။ ဟင်းကလည်း ကရ၀ိတ် ကြက်သားဆီပြန်ကို မီတာပဲဟု ချီးကျူးသံများ လျှံလာ၏ ။
ကျွန်တော်ကိုယ်တိုင်က ကောင်းကောင်းကြိုက်တတ်တော့ ကောင်းကောင်းပဲ ချက်ချင်ပါတယ်ဟု ဦးထွန်းလွင်က သူ့စကားကို အနားသတ်လေရာ မေဇော်သည် ဟက်ခနဲပင် ရယ်သံထွက်သွားမိလေ၏ ။ က္ကုနြေ္ဒမပျက်အောင် ဂရုပြုကာ မိမိပန်းကန်ထဲက ပလာတာနှစ်ချပ်ကို အလွှာလွှာဖြစ်သွားအောင် ဆွဲဖွ နေလိုက်ရသည်။
မေဇော်အလုပ်သမားကြီးများ ၏ ရိုးစင်းသော သဘောသဘာဝကို တစ်ခါတစ်ခါ ချစ်စနိုးပြုံးချင်မိ သော်လည်း လှောင်ရယ်စရာမကျအောင်တော့ သတိထားဆင်ခြင်ရမည်။
ဖျတ်ခနဲ အနားကပ်လာသော နေရိန်ကျော်ကို မြင်သည်။
“ညွှန်မှူးဆီက တယ်လီဖုန်းလာတယ်။ ချိ(ဖ်)နဲ့ တိုက်ရိုက်ပြောချင်တယ်တဲ့။ နောက်ဆယ်မိနစ်မှာ ပြန်ဆက်ပါ့မယ်လို့ အကြောင်းပြန်ထားတယ်”
“ကောင်းတယ်၊ ဒီမှာ အချိန်ရတာ ပေါ့၊ ကျေးဇူးပဲ နေရိန်ကျော်”
တယ်လီဖုန်း ပြန်ချပြီးပြီးချင်း နံရံကပ်နာရီကို မျက်လွှာတစ်ပင့်ကြည့်သည်။ အလုပ်သမားတွေ စုံစုံ လင်လင် ရှိနိုင်တော့မည်မဟုတ်ဟု သိလိုက်၏ ။ အချိန်ပို တာဝန်ကျသူများ မှတစ်ပါး အလုပ်သမားအများ စု ပြန်ကြပြီ။
သင်္ဘောသစ်ရေချပွဲ အထိမ်းအမှတ်အဖြစ် ကျွေးမွေးသော ပလာတာနှင့် ကြက်သားဟင်းကို မစား ရက်၊ မသောက်ရက် ထုတ်ပိုးပြီ။ အမြန်ဆုံး အိမ်ပြန်ပြေးကြသူများ သည်ကို မေဇော်သိသည်။ ပျော်တတ် သူတစ်ချို့သာ တာဝန်မရှိဘဲ ဟိုတစ်ဟု သည်တစ်စု ၀ိုင်းဖွဲ့ကျန်ရစ်နေသည်။
မေဇော်က အင်တာကွန်ကို လေးကန်နှေးကွေးစွာ လှည့်ရင်းခလုတ်ဖြူဖြူကို ခပ်သာသာဖိလိုက် လေသည်။ တစ်ဖက်မှ နေရိန်ကျော်၏ ထူးသံကြားရသည်။
“ဦးဦးကျော်နိုင် ရှိသေးလား”
“ကားမတွေ့တော့ဘူး။ ပြန်သွားပြီထင်ပါတယ်”
“အက်ဒ်မင်ကကော ဘယ်သူကျန်သေးသလဲ။ ဘိုဘိုလှဟန်တို့ကောရှိသေးရင် တားထားလိုက် ပါ။ အရေးပေါ်ကိစ္စရှိတယ်၊ ပြီးရင် ရှိနေတဲ့ ရုံဆရာတွေကို အကြောင်းကြား၊ အလုပ်သမားတွေ ကျန်သလောက် စုထားပေးပါဦးလို့။ နီးစပ်ရာ အိမ်လိုက်ခေါ်လို့ရမယ့် လူတွေကို လိုက်ခေါ်ပေ့စေ။ အလုပ် သမားသုံးရာ ညရှစ်နာရီမတိုင်မီ အသင့်ရှိရမယ်”
“ဒါပဲလား ချိ(ဖ်)”
“ဒါပါပဲ”
“ချိ(ဖ်) ဒီည မိုးချုပ်မယ်ဆိုရင်…”
နေရိန်ကျော်အသံသည် တစ်ပိုင်းတစ်ဝက်မှာ ပြတ်ထွက်သွား၏ ။ သို့ သော် အဓိပ္ပာယ်အပြည့် အစုံ ကို မေဇော်နားလည်လိုက်သည်။
မေဇော်သည် ဌာနကြီးမှူးဖြစ်သလို ဌာန၏ တစ်ဦးတည်းသော အမျိုးသမီးဝန်ထမ်းပေတည်း။
ခေါင်းကို ဆတ်ခနဲ ယမ်းခါပစ်လိုက်မိသည်။ ဘာမဟုတ်သည့် အကြောင်းကိစ္စလေးတွေကို ရှေ့ တန်းတင်၍ အရေးယူဆောင်ရွက်ရမည်ဆိုတော့ စိတ်ရှုပ်ချင်လေသည်။ အထူးသဖြင့် မိမိအရေးမထား ချင်သော ‘မိန်းမ…မိန်းမ’ ဆိုသည့် ခြားနားချက်ကို တစ်စုံတစ်ရာက ဒိုင်းခနဲ သတိပြန်ပေးလိုက်သည့်အခါ ရင်ထဲမှာ တစ်စုံတစ်ရာ ပေါက်ကွဲသွားသလို အထိတ်တလန့်လည်း ဖြစ်သည်။
“ည ကိုးနာရီကျော်ရင် အန်တီရီးနာကို ပြန်ခေါ်ထားဖို့ ပြောလိုက်မယ် ချိ(ဖ်)၊ ဒီကြားထဲ ကားသုံး ဖို့ မရှိဘူးမဟုတ်လား”
လိုအပ်သည်ထက် ပြည့်စုံလျော်ကန်သော စီစဉ်မှု ပေပဲဟု နားလည်လိုက်သည်။ အတော်ဆုံး ကိုယ်ရေးလက်ထောက်ပါပဲဟု နေရိန်ကျော်နှင့်ပတ်သက်၍ အားရကျေနပ်မှု လည်းဖြစ်မိသည်။
သင်္ဘောတည်ဆောက်စဉ် အရေးတကြီးစီမံကိန်းကာလများ အတွင်းက မေဇော်သည် စက်ရုံ အတွင်းသို့ ညဘက်တွင် အကြောင်းအားလျော်စွာ လာရောက်ညွှန်ကြားရဖူးးသည်။
မှတ်မှတ်ရရ၊ စိုးသိန်းဆိုသော အလုပ်သမားကောင်လေး လွန်းကျင်းနုန်းထဲသို့ လိမ့်ကျသေဆုံး စဉ်က တစ်ကြိမ်၊ မာန်အောင်တွင် တပ်ဆင်ပြီးစ စက်ပစ္စည်းတစ်ချို့ ပျောက်ဆုံးစဉ်ကတစ်ကြိမ်၊ နောက် နှစ်ကြိမ်သုံးကြိမ်ခန့်။
ထိုစဉ်အခါတွေက မေဇော့်တစ်ဦးတည်းသော မိန်းမဖော်ဖြစ်သည့် အန်တီရီးနာ လိုက်ပါခဲ့လေ သည်။ အန်တီရီးနာသည် မေဇော့်အမျိုးမဟုတ်။ မေဇော့်အထက်တန်းကျောင်းသူဘ၀က မေဇော့်ဆရာမ တစ်ဦးဖြစ်ခဲ့ဖူးသည်။
ဆရာတပည့်ထက်မကသော သံယောဇဉ်ဖြင့် မေဇော့်ကို ဂရုစိုက်စောင့်ရှောက်ခဲ့ဖူးလေရာ၊ လောကမှာ တကယ်တမ်း ဘ၀ကို လုံးချင်းရင်ဆိုင်ရတော့မည်ဆိုတော့ အဖော်သဟဲပြုရာ၊ အားထားခိုဝင် ရာအဖြစ် အန်တီရီးနာကို ပထမဆုံးသတိရသည်။
အန်တီရီးနာနှင့်ပတ်သက်၍ အန်တီ့ခင်ပွန်းသည် ဦးကြီးစောဟဲရစ်မှာ လည်း ခုတော့ မေဇော့် ကားကို တာဝန်ယူမောင်းပေးလျက်ရှိပြီ။
“အသက်ကြီးလာလေ အလုပ်တစ်ခု လုပ်နေပါတယ်လို့ ကိုယ့်ကိုယ်ကို ယုံကြည်ဖို့ အရေးကြီး လေပဲကွ၊ အလုပ်မရှိရင် လောကကြီးအတွက်ကိုယ်ဟာ ဘာမှအသုံးမ၀င်တော့တဲ့ လူပိုကြီးတစ်ယောက် လို နေရထိုင်ရတာ ဟာတိဟာတာနဲ့။ နေရင်းထိုင်ရင်း နှာစေးချောင်းဆိုးဖြစ်ချင်သလိုလို၊ ဒူလာဝမ်းကိုက် ဖြစ်ချင်သလိုလို။ ဟဲ…ဟဲ ခုတော့ ဦးကြီးက မေ့အဖေဆိုလည်းဟုတ်။ မေ့ ဒရိုင်ဘာဆိုလည်းဟုတ်။ မေ့အိမ်မှာ ဦးကြီးမရှိရင် ဖြစ်ကိုမဖြစ်တော့ဘူး။ ဟုတ်တယ်မဟုတ်လားမေ”
“ဟုတ်တယ်…ဟုတ်တယ်၊ ဘယ်မှ သွားစရာမရှိဘူး။ အန်တီရီးနာကိုသာ ပြန်ခေါ်ခိုင်းလိုက်ပါ နေရိန်ကျော်၊ ဒီမှာ ညဥ့်နက်လိမ့်မယ်၊ အဲဒါတွေပြီးရင် မမကိုလာတွေ့လှည့်ဦး”
မမဟု မလွဲမရှောင်သာ ထည့်သုံးလိုက်ရသည်ကို ကိုယ့်ဘာသာ စနိုးစနောင့်ဖြစ်နေလေသည်။ နေရိန်ကျော်က လူတစ်မျိုး။
မေဇော့်ကို ဆက်ဆံရာတွင် သတိကြီးစွာ ထားသူ၊ စည်းကမ်းတိကျစွာ စောင့်စည်းသူဖြစ်လေ သည်။ အကြောင်းမဲ့ စကားပိုကို ဆိုလေ့ပြောလေ့မရှိ။ ပဋိသန္ဓာမကျင့်သုံး။ မေဇော့်ကို လူပုဂ္ဂိုလ်ရေးအရ အရောတ၀င် ရှိစေမည့် ဆက်ဆံရေးမျိုးကို ဂရုတစိုက် ရှောင်ရှားပုံရသည်။
‘မမ’ ဟူသော အခေါ်အဝေါ်မျိုးကိုလည်း နှစ်သက်ပုံမရချေ။ ဘိုဘိုလှဟန်တို့လို လက်ထောက် အင်ဂျင်နီယာတွေက မေဇော့်ကို မမဟုပင်ခေါ်သည်။ နေရိန်ကျော်နှင့် သက်တူရွယ်တူတွေ၊ ဆရာမ ဟု ခေါ်သော အလုပ်သမားတွေလည်းရှိသည်။ ရာထူးအရ စီအမ်အီးဟုခေါ်ကြသူတွေလည်းရှိကြသည်။ နေရိန်ကျော်ကတော့ ချိ(ဖ်)ဟု ခေါ်လေသည်။
ချိ(ဖ်)မက်ကင်းနစ်ကယ်လ် အင်ဂျင်နီယာကို နေရိန်ကျော်က သူ့စိတ်ကူးနှင့်သူ ချိ(ဖ်)ဟုခေါ် သည်။ နေရိန်ကျော်၏ လေသံကို သံယောင်လိုက်သော ချိ(ဖ်)ုခေါ်သူတွေက များ လေသည်။
မေဇော်က အားလုံးလိုလိုကို ‘ကျွန်မ…ကျွန်မ’ဟုပြောတတ်သော်လည်းကိုယ့်ထက် ဆယ်စုနှစ် ခေတ်မျှကွာသော နေရိန်ကျော်တို့လို လူငယ်တွေကျတော့ ‘ကျွန်မ’နှင့်ပြောရမည်ကို မနှစ်သက်ပေ။ ကိုယ့်ကိုယ်ကို နှိမ့်ချရာမရောက်ဘဲ ငယ်သူတွေနှင့် တစ်ပြေးတည်း ကလေးကလား ရောထွေးရာကျမည် ထင်၏ ။
သည်တော့ ကိုယ်က ဆက်ဆံရာမှာ ကျွန်မဟု မသုံးဖြစ်။ နာမည်ထည့်ပြောဖို့ကိုတော့ ပို၍ ပင် ၀န်လေးလှသေးရာ သည်လိုပဲ သံပြတ်နှင့် ပြောရဆိုရလေသည်။ မလွှဲသာသည့်အခါကျမှ ‘မမ’ဟု ထည့် ပြောမိလေသည်။
သို့ သော် နေရိန်ကျော်ကတော့ ယောင်၍ မျှပင် ‘မမ’ဟုမခေါ်စဖူး။ အလုပ်ခွင်ထဲမှာ ပုဂ္ဂိုလ်ရေး ရင်းနှီးမှု ကို မဖန်တီးချင်သည့်သဘော။
အမှန်တော့ အရာရှိနှင့် ကိုယ်ရေးလက်ထောက်ဆိုသည့် လုပ်ငန်းကိစ္စရော ကိုယ်ရေးကိုယ်တာ ပါ ကြာလေကြာလေ ထွေးလုံးရစ်ပတ်ရှိတတ်မြဲပင်။
ခက်သည်က မေဇော့်ကိုယ်ရေးလက်ထောက်မှာ မေဇော့်လို အမျိုးသမီးပင်ဖြစ်သင့်သည်။ သို့ သော် မဖြစ်နိုင်။ သင်္ဘောကျင်းစက်ရုံတို့ အစဉ်အလာမှာ အမျိုးသမီးလုပ်သား၊ အမျိုးသမီးဝန်ထမ်း မရှိခဲ့စဖူး။
ဖြစ်ခေါင့်ဖြစ်ခဲ ဌာနအကြီးအကဲက အမျိုးသမီးဖြစ်လာရုံနှင့် အစဉ်အလာတွေကို ရုတ်ခြည်းပြောင်း လဲမပစ်နိုင်ချေ။ တော်တန်ရုံမိန်းကလေးတို့ကလည်း သင်္ဘောကျင်းစက်ရုံတို့၏ သဘောသဘာဝဒဏ်ကို ခံနိုင်ရည်ရှိမည်မဟုတ်ပေ။
ရောက်စတုန်းကတော့ နေရိန်ကျော်၏ ပြတ်သားသော ဆက်ဆံရေးကြောင့် စိတ်အနှောင့် အယှက်ဖြစ်ရသေးသည်။
နေရိန်ကျော်သည် ဌာနမှူးဟောင်း၏ ကိုယ်ရေးလက်ထောက်။
မေဇော်ရောက်လာသောအခါ ဌာနမှူးဟောင်း၏ ကိုယ်ရေးလက်ထောက်ကိုပင် ဆက်လက်သုံး စွဲဖို့ ဆုံးဖြတ်သည်။ ကိုယ်ရေးလက်ထောက်ထားခြင်းသည် တပည့်မွေးခြင်းမဟုတ်ဟု မေဇော်နားလည် ၏ ။ လူသာပြောင်းမည်၊ တာဝန်သည်မပြောင်းလဲ။ မေဇော်က တာဝန်ပိုင်းကို ကူညီမည့်လူသာလိုချင် သည်။
သို့သော် နေရိန်ကျော်၏ ပုဂ္ဂိုလ်ရေး ရင်းနှီးမှု ရှောင်ရှားလိုသော သဘောကိုမမျှော်လင့်ဘဲ တွေ့ရ သည့်အခါ ပုဂ္ဂိုလ်စွဲမစင်ကြယ်လေသလားဟု အထင်မှားမိလေ၏ ။ အသားကျလာတော့မှ နေရိန်ကျော် စေတနာကို ဆုပ်ဖမ်းမိသည်။
နေရိန်ကျော်သည် အထက်အရာရှိ၏ လုပ်ငန်းကိစ္စအ၀၀ကို ဘယ်တော့မှ မျက်ခြေမပြတ်သူ။ ပြီးတော့ အထက်အရာရှိသည် မိန်းမတစ်ယောက်ဖြစ်သည်ဆိုသည့်အချက်ကို သတိချပ်ကာ အမြဲ ထာဝရ စာနာတတ်သူ။
ခုပင်ကြည့်။
ညဘက်အချိန်မတော် လုပ်ငန်းခွင်ထဲမှာ သွားလာလှုပ်ရှားမှု အတွက် ကြိုတင်တွေးကာ တွက်ဆရုံ မက စီစဉ်ပြင်ဆင်ပြီး ရှိနှင့်ပေပြီ။ မိမိမေ့လျော့ သတိမထားမိသော အရေးတကြီးကိစ္စကို မိမိထက်များ စွာ ငယ်ရွယ်သူက မယွင်းမချွတ် သတိမြဲစွာ ဆောင်ရွက်တတ်ပါကလား။
မိမိကိုယ်ရေးလက်ထောက်သည် နေရိန်ကျော်သာမဖြစ်ခဲ့လျှင် …
မေဇော်သည် ဖြုတ်ခနဲ အတွေးကို ရပ်ပစ်လိုက်သည်။
ပုဂ္ဂိုလ်စွဲရှိနေပြီလားဟု ကိုယ့်ကိုယ်ကိုယ် ပြန်စစ်ဆေးကြည့်ရသည်။
ဘာပဲဖြစ်ဖြစ် နေရိန်ကျော်ကိုတော့ အလန့်တကြားပင် ကျေနပ်ဖွယ်တွေ့ရသည်။ အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့သော ကိစ္စရပ်တွေ၊ မမျှော်လင့်ဘဲ အဆင်ချောသွားစေသော အခက်အခဲတွေ၊ သည်ရာ ထူးနေရာမှာ မေဇော်ထိုင်လာခဲ့သည့် ရှစ်လခန့်ကာလအတွင်း အဖြစ်အပျက်တွေမှာ မနက်ကဖြစ်ပျက်ခဲ့ သလို အမှတ်ထင်ထင်ရှိနေဆဲ။
ဒါတွေအားလုံး နေရိန်ကျော်၏ အကူအညီ၊အပံ့အပိုးတွေနှင့် မကင်းနိုင်သည်ကို ဘယ်အခါဖြစ် ဖြစ်၊ ဘယ်နေရာဖြစ်ဖြစ် မေဇော်ထုတ်ဖော်ဖို့ ၀န်မလေးပါ။ ခေါင်းဆောင်ကောင်းတွေမှာ နောက်လိုက် ကောင်းလိုစမြဲ။
မေဇော်လို ကောင်းအောင်လုပ်ချင်သူ အကြီးအကဲတွေမှာ နေရိန်ကျော်လို ၀န်ထမ်းမျိုးမရှိမဖြစ် လိုအပ်သည်။ မေဇော် မှန်တရုတ်ကတ်များ ကို ကိုယ်တစောင်းလှည့်၍ ဆွဲဖွင့်လိုက်၏ ။
မြစ်ရေကို ရှပ်တိုက်ပြေးဝင်လာသော ညဥ့်ဦးလေပြည်သည် မျက်နှာ၊ ပါးပြင်တို့ကို သာသာညင် ညင် တိုးဝှေ့လာသည်။
အပြင်မှာ မှော င်စပြုပြီ။
အင်တာကွန်ဒိုင်ခွက်မှ အမှတ်သုံး ဂဏန်းကွက်ကို လက်ညှိုးနှင့် ထောက်၍ တစ်ပတ်ရစ်လိုက် သည်။ ခလုတ်ဖြူကို ဖိလိုက်၏ ။ ဖျတ်လတ်သော ကိုယ်ရေးလက်ထောက်၏ ထူးသံကို မဆိုင်းမတွ ကြားရလေသည်။
“အစည်းအဝေးခန်းထဲမှာ လူစုံပြီလား နေရိန်ကျော်”
“တစ်ချို့တစ်ဝက်တော့ ရောက်နေကြပြီ ချိ(ဖ်)”
မေဇော်က နှုတ်ခမ်းဖွဖွကိုက်ရင်း နံရံကပ်နာရီကို လှမ်းကြည့်လိုက်သည်။
“ဆယ့်လေးမိနစ်ပဲ လိုတော့တယ်။ ဒီလိုလုပ်လေ၊ အလုပ်ရုံအားလုံးက ဖိုမင်တွေကို လျှောက် ဆက်ပါ။ သတ်မှတ်ထားတဲ့အချိန်မှာ အစည်းအဝေးစမယ်လို့၊ အကြောင်းပြချက်မခိုင်လုံဘဲ နောက်ကျ ရင်၊ ပျက်ကွက်ရင် ထိထိရောက်ရောက် အရေးယူမယ်ဆိုတာပြောပါ”
ဆယ့်သုံးလေးမိနစ်အတွင်း လူစုံတန်ကောင်းရဲ့ လားဟု ခန့်မှန်းရသည်။ ဖတ်လက်စ ‘ချက်ချင်း’၊ ‘အလျင်အမြန်’၊ ‘ကန့်သတ်’၊ ‘အတွင်းရေး’၊ ‘လျှို့ဝှက်’ စသည်ဖြင့် အလံနီတပ်ထားသော အရေးတကြီး စာရွက်စာတမ်းများ ကို သီးခြားဖိုင်တစ်ခုအတွင်းသို့ သွင်းလိုက်၏ ။ အသေးစိတ် လေ့လာရဦးမည်။ ဖိုင်တွဲ ဟောင်းများ စွာ ကို ပြန်လှန်ဖို့ လိုကောင်းလိုမည်။ ဦးစားပေးရှင်းရမည့် ပြဿနာရပ်များ သွားလေသူ ယခင်ဌာနမှူးဟောင်းလက်ထက်က အစမသိမ်းနိုင်ခဲ့သော ပြဿနာအရပ်ရပ် သည် မေဇော့်စားပွဲပေါ်က အ၀င်စာခွက်ထဲမှာ အမှိုက်ပုံကြီးသဖွယ် ရှုပ်ပွကျန်ရစ်မည်။
သက်သာဆိုင် ငွေကွာသည့်ကိစ္စ။
စားသောက်ဆိုင် ဟင်းခွက်ထဲမှာ ကြွက်မြီးပြတ်တစ်ခု ပါလာသည့် ပြဿနာ၊ နေ့စားလူသစ်များ ခန့်ထားရာတွင် လက်ရှိအလုပ်သမားကြီးများ ၏ သားသမီးများ ကို ချပ်လှပ်ခဲ့သည့် မီးပွား။
စက်မှု အင်ဂျင်နီယာချုပ်ရာထူးမှာ ပထမဆုံး ဌာနတွင်းအမှိုက်ပုံကြီးကိုစတင်၍ ရှင်းလင်းရဦးမှာ ပါ ကလား။
မေဇော်ဝါသနာပါသော တည်ဆောက်ရေးအပိုင်းကို ဖြုန်းခနဲ စတင်အကောင်အထည်ဖော်နိုင်ဖို့ မလွယ်။
သင်္ဘောကျင်းတစ်ခု၏ ဌာနမှူးဖြစ်သော ဤစက်မှု အင်ဂျင်နီယာချုပ်ရာထူးမှာ မေဇော်လို အမျိုး သမီးတစ်ဦးနှင့် အံဝင်ခွင်ကျရှိမှ ရှိနိုင်ပါမည်လားဟု စောင့်ကြည့်နေကြသော မျက်လုံးပေါင်းများ စွာ ကလည်း ရှိသေးသည်။
ရှေးအစဉ်အဆက်ကမူ ဤရာထူးမျိုးမှာ ‘ပြည်ထောင်စုမြန်မာနိုင်ငံသား ယောက်ျားဖြစ်ရမည်’ဟူ သည့် ကန့်သတ်ချက်ထားရှိသည့်နှယ် ယောက်ျားစင်စစ် ဧကန်ဖြစ်သူတို့အတွက် သီးခြားကုလားထိုင် ဖြစ်ခဲ့လေ၏ ။
ခုမှမကြုံစဖူး မိန်းမသားတစ်ဦးက စက်မှု အင်ဂျင်နီယာချုပ်ဖြစ်လာခဲ့သည်ဆိုတော့ ကြားကြား သမျှ အံ့သြမဆုံး ဇီးကွက်မျက်လုံး။
အထူးသဖြင့် ဤရာထူးကို ချိန်ရွယ်မျှော်မှန်းနေသည့် တတိယတန်းတာဝန်ခံအရာရှိ ဦးတင်ဖေ၀င်း ဆိုလျှင် အတော်ကလေး အောင့်သီးအောင့်သက် ခံရခက်နေပုံရသည်။
“မိန်းမသားတစ်ယောက်နဲ့ မပြိုင်ပါဘူးဗျာ။ ဟား…ဟား… လေဒီဖာ့စ်တဲ့ဗျ၊ သူတို့က အခွင့်ထူးခံ လူတန်းစား”
တစ်ဆင့်စကား တစ်ဆင့်ကြားဖြင့် မေဇော့်နားသို့ ရောက်လာသည့်အခါ နှလုံးသွေးတို့က တဒိုင်း ဒိုင်း ဆောင့်ခုန်လှည့်ပတ်ကြလေ၏ ။ ငယ်စိတ်ငယ်မာန်နှင့်သာဆိုလျှင်တော့ ဗြောင်းဆန်အောင် ကြမ်းပစ် လိုက်သည်။ ခုတော့…နေပါစေလေ… ။ အထင်အမြင်လျော့ပါးသော စကားတို့ကို ခံရခက်လှသော်လည်း အတ္တချင်း မပြိုင်လိုတော့ပြီ။ ခြေရာချင်းတိုင်းလိုသော ကျောင်းသူစိတ်မျိုး မေဇော့်မှာ မရှိတော့ပြီ။
ပထမတန်းရေကြောင်း အင်ဂျင်နီယာ (ဘီ-အို-တီ) လက်မှတ်နှင့် ပင်လယ်သွားသင်္ဘောပေါ်မှာ ကိုယ်တွေ့လိုက်ပါ ဆည်းပူးခဲ့သော ပင်လယ်ပြင်အတွေ့အကြုံတို့က မေဇော့်ကို လိပ်ပြာလုံစေခဲ့ပြီ။
စာကျက်နိုင်ရုံ၊ ပိုက်ဆံတတ်နိုင်ရုံဖြင့် မရရှိနိုင်သော သမားရိုးကျမဟုတ်သည့် ကျွမ်းကျင်မှု အတတ်ပညာများ ။
လန်ဒန်မက်ထရစ်အောင်၍ အမ်-အို-တီးခေါ် ဒုတိယရေကြောင်း အင်ဂျင်နီယာ အပိုင်း (က) အောင်လက်မှတ်ပိုင်ရှင် ဦးတင်ဖေ၀င်းကို မေဇော်အပြန်အလှန်လေးစားမှု ဖြင့် လက်တွဲ လုပ်သွားနိုင် ပါသည်။
မေဇော့်သဘောကတော့ အရည်အချင်းဆိုသည်မှာ အောင်လက်မှတ်လည်းမဟုတ်။ ရာထူး ကုလားထိုင်လည်းမဟုတ်။ လုပ်ရပ်ကို အကဲဖြတ်တိုင်းတာဖို့ပါပဲ။ ကောင်းသောစေတနာဖြင့် ကောင်းစွာ လုပ်ကိုင်တတ်ဖို့ ခံယူကာမေဇော်သည် မျက်နှာစိမ်းများ အလယ်သို့ ၀ံ့ရဲစွာ တိုးလျှောက်ခဲ့ခြင်း ဖြစ်သည်။
အားနွဲ့သော မိန်းမသားဟု စာနာတတ်သူနှင့်ဆုံလျှင် မေဇော်စိတ်ချမ်းသာမည်။ အားနွဲ့သူဆိုခြင်း ကို မေဇော်မကန့်ကွက်။ မငြင်းဆန်။ နွဲ့ပျောင်းသော သံမဏိမျှင်သည် ကျိုးပြတ်ရန် ခံယဉ်း၏ ။ မာသော၊ ဆတ်သောအရာမှန်သမျှ ကျိုးပျက်ကွဲအက်လွယ်သည်။
နွဲ့လျသူ မိန်းမသားတို့၏ စိတ်ရှည်မှု ၊ ဇွဲကြီးမှု ခွန်အားတို့ကို ယူဆောင်ကာ သည်နေရာသို့ မေဇော် လာခဲ့သည်။ အခက်အခဲတွေ ပြွမ်းလျက်ရှိမည်ကို မေဇော်ကြိုတင်တွက်ဆခဲ့သည်။ အန္တရာယ်တွေ ထူပြောလျက်ရှိမည်ကိုလည်း မိန်းမသားပီပီ ကြိုတင်ခန့်မှန်းခဲ့သည်။ အရာအားလုံးကိုထွင်းဖောက်ကျော် ဖြတ်နိုင်မည်ဟု မေဇော်မျှော်မှန်းခဲ့ပြီးလည်း ဖြစ်လေသည်။ မေဇော်သည် လှိုင်းထဲလေထဲ မုန်တိုင်းထဲမှာ ကျင့်သားရခဲ့ပြီ။
လောကမှာ ပင်လယ်ပြင်လောက် နည်းပရိယာယ်ကြွယ်ဝသူမရှိနိုင်တော့ဟု ထင်သည် ပရိယာယ် ကြွယ်သည်နှင့်အမျှ အန္တရာယ်ကလည်း အထပ်ထပ် တင်းကျမ်းပြည့်သော ပင်လယ်ပြင်…။
အဲသည်ပင်လယ်ပြင်ကိုတေ့ မေဇော်တင်ထွဋ်က ယဉ်ပါးစွာ ဆက်ဆံခဲ့ဖူးပြီ။
မျှော့သွေးစမ်းတာပဲဟု ဒက်ခနဲ သဘောပေါက်လိုက်သည်။
မြင်းခွာပုံ အစည်းအဝေးစားပွဲရှည်ကြီး၏ ထိပ်လယ်တည့်တည့်တွင် ဦးတင်ဖေ၀င်းသည် အမြိုင့် သား ထိုင်လျက်ရှိသည်။
မြင်းခွာ၏ လက်တံရှည်တစ်ဖက်တစ်ချက်စီတွင်တော့ အရာရှိတစ်ချို့နှင့် အဆင့်နိမ်ဝန်ထမ်းများ ပြောက်တိပြောက်ကျား နေရာယူထားကြသည်။
စီအမ်အီးလာနေပြီဟု ကြိုတင်အသိပေသော ကိုယ်ရေးလက်ထောက် နေရိန်ကျော်၏ အသံသဲ့သဲ့ ကိုပင် မေဇော်ကြားလိုက်ရ၏ ။ တစ်ယောက်စ နှစ်ယောက်စ ရိုသေမှု ဖြင့် မတ်တတ်ထ၍ ကြိုကြသည်။
ဌာနအကြီးအကဲအတွက် သတ်မှတ်ထားသော သီးသန့်နေရာတွင် ဦးတင်ဖေ၀င်းသည် ကျောက်ချထားသည့်နှယ် မလှုပ်မယှက်၊ စီးကရက်ပင် အဖွာမပျက်။ အမျိုးသမီးမို့ အရိုအသေမပေးထိုက် ဟု ယူဆလေသလား။
မေဇော်မရောက်မီ သွားလေသူ ဌာနမှူးဟောင်း၏ နေရာမှာ ယာယီတာဝန်ယူခဲ့ရသောကာလ ကုန်ဆုံးသွားပြီကို မသိကျိုးကျွန်ပြုခြင်းပေပဲလား။
ဘာပဲဖြစ်ဖြစ် ခုအချိန်မှာ မေဇော်တင်ထွဋ်သည် ဤဌာန၏ အကြီးအကဲ။
အမျိုးသမီးပဲဖြစ်ဖြစ်၊ သူ့ထက်ငယ်ရွယ်သူမို့ပဲဖြစ်ဖြစ် အထိုက်အလျောက်တော့ လေးစားရပေလိမ့်မည်။
ပြီးတော့ မေဇော်တင်ထွဋ်သည် နာမည်ခံရင်ခွင်ပိုက်မဟုတ်။ ဌာနအကြီးအကဲ၏ ကုလားထိုင် မှာ မိမိမှတစ်ပါး ဘယ်သူမျှ ၀င်အထိုင်မခံနိုင်။ ပတ်ဝန်းကျင်အထင်အမြင် အလျော့အပါး မခံနိုင်။
သို့ သော် မေဇော်သည် သိမ်မွေ့သောအပြုံးပွင့်ကို ကြဲဖြန့်၍ အစည်းအဝေးခန်းမတွင်းသို့ ၀င်လာ ခဲ့သည်။ မြစိမ်းရင့်ဂုန်နီကော်ဇောပေါ်မှာ ညှပ်ဖိနပ်ပါးပါးကလေးနှင့် ဖွဖွနင်းလျှောက်လာ၏ ။ လက်ထောက်ဝန်ထမ်းတို့ရှေ့မှော က်မှာ ရိုင်းပျကြမ်းတမ်းသော အသွင်အပြင်များ မတော်တဆမျှပင် မပြုမူမိချင်။
မေဇော်က မြင်းခွာပုံစားပွဲကို ပတ်၍ လျှောက်လာခဲ့ပြီး ထိပ်လယ်ရှိ ဦးတင်ဖေ၀င်းထိုင်နေသော ကုလားထိုင်နားမှာ သိမ်မွေ့စွာ ရပ်လိုက်သည်။ လက်ထဲကိုင်လာသော ဒိုင်ယာရီစာအုပ်ကို ဦးတင်ဖေ၀င်း ရှေ့စားပွဲပေါ် ခပ်ရွရွလှမ်းတင်လိုက်ပြီး…
“ကဲ အစည်းအဝေးစဖို့ နေရာယူကြရအောင်နော်။ နေရိန်ကျော် ပလိစ်…. ဦးတင်ဖေ၀င်းအတွက် နေရာစီစဉ်ပေးပါ”
နည်းနည်းတော့ ရုပ်ပျက်သွားမည် ထင်သည်။ အကျအန နေရာယူထားပြီးဖြစ်သော လူကြီးအချို့ ကိုယ်ကိုကျုံ့ရ၊ ရွှေ့ရနှင့် အနေအထားတွေ ပျက်ကုန်လေသည်။
တည့်တည့်ပြောမှ ရိပ်မိသော ဦးတင်ဖေ၀င်းမှာ ဖြုန်းခနဲထူပူသွားသည်ထင်၏ ။ စီးကရက်မီးတဖွား ဖွား၊ စာရွက်ဖိုင်တွဲ တွေ ကစဥ့်ကလျားနှင့် ကတိုက်ကရိုက် ထပေးသည်။ အားနာချင်သော်လည်း မတတ် နိုင်။
“ကိုင်း.. သုံးမိနစ်တောင် လွန်သွားပြီ။ အစည်းအဝေး စလိုက်ရအောင်”
ပြောပြောဆိုဆို မေဇော်ကပင် အရင်ဆုံး ထလိုက်လေသည်။
“အခမ်းအနားမပါတဲ့ ဒူးတိုက်ဆွေးနွေးပွဲ ပုံစံမျိုးပါပဲ။ ဒါပေမယ့် ပထမဆုံးပြောချင်တာက ဒီအစည်း အဝေးပွဲမှာ ပျက်ကွက်သူ၊ အကြောင်းမဲ့နောက်ကျသူတွေကို နောက်ဆုံးအကြိမ်နှုတ်နဲ့သတိပေး လိုက်ပါတယ်။ နေရိန်ကျော် မှတ်တမ်းတင်ပါ”
အစည်းအဝေးတက်နေသူအချို့ လူးလွန့်လှုပ်ရှားစပြုသည်။ မေဇော်က အသံကို အနည်းငယ် မြှင့်လိုက်ပြီး…
“အခု အစည်းအဝေးတက်ရောက်လာတဲ့ ပုဂ္ဂိုလ်အားလုံးဟာ လုပ်ငန်းသဘောသဘာဝကို ကျွန်မ ထက် ကျေကျေညက်ညက်နားလည်ပြီးဖြစ်တဲ့ အသိပညာရှင်တွေ၊ အတတ်ပညာရှင်တွေ၊ ကျွမ်းကျင် လုပ်သားတွေချည်းပါပဲ။ ဒါကြောင့် ထွေထွေထူးထူး အမှာ စကားပြောကြားဖို့ နိဒါန်းစကားတွေသွယ်ဖို့ မလိုတော့ဘူးထင်ပါတယ်။ ကျွန်မအကြံပေးချင်တာက ညွှန်ကြားပြောဆိုချင်တာတွေကို ဆွေးနွေးရင်းနဲ့ တစ်ပါတည်းထည့်ပြော သွားပါ့မယ်။ ခု အဓိက ဆွေးနွေးချင်တဲ့ကိစ္စကတော့ ဖိတ်စာထဲမှာ ဖော်ပြထားတဲ့ အတိုင်း လုပ်ငန်းပြီးစီးမှု သုံးသပ်ချက်ပါပဲ။ ဒီတော့…”
မေဇော်က ဒိုင်ယာရီကိုဖွင့်သည်။
မီးခိုးတိတ်အစည်းအဝေးဟုပင် ပြောရမည်ထင်၏ ။ ဆေးလိပ်ဖွာသူပင် မရှိတော့။ ဦးတင်ဖေ၀င်း လက်ထဲက သောက်လက်စစီးကရက်သည် ပြာအတောင့်လိုက် တည်လျက်ရှိလေပြီ။ အသက်ရှုကြသည် မထင်ရလောက်အောင် တိတ်ဆိတ်ငြိမ်သက်နေသေ ခန်းမထဲမှာ မေဇော့်အသံတစ်သံတည်း ကြည်ကြည် လင်လင် ထွက်ပေါ်လျက်ရှိသည်။
“ဒီတော့ ကျွန်မထင်မြင်သုံးသပ်ချက်တွေအပေါ်မှာ မကျေလည်တာ၊ သဘောမတူတာ၊ စောဒက တက်ချင်တာတွေရှိရင် တစ်ထိုင်တည်း ပွင့်ပွင့်လင်းလင်းကန့်ကွက်ပါ။ မတူတာတွေ ညှိရမှာ ပါပဲ။ ကျွန်မ ဒီသင်္ဘောကျင်းထဲဝင်လာရတဲ့ရက်ပိုင်းအတွင်း လေ့လာကြည့်ပါတယ်။ လိုရင်းကို ခပ်တိုတိုပြောရရင် ဒီမှာ လုပ်ငန်းတွေ သိပ်ပြီး ဖင့်နှေးကြန့်ကြာတာပဲ။ လိုအပ်တဲ့ အချိန်ကာလအတိုင်းအတာထက် များ စွာ ပိုပြီး မျောနေတာကို ပြောတာပါ”
မျက်လုံးချင်းဆုံမိတာဖိုမင်နှစ်ဦး၊ သုံးဦး ရုတ်ခြည်းမျက်လွှာချသည်ကိုမြင်သည်။ ငုံ့နေသော ခေါင်း အချို့ဆတ်ခနဲ ပြိုင်တူမော့လာကြပြီး နဂိုက မော့ငေးကြည့်နေသော မျက်နှာများ ငုံ့စိုက်ချသွားကြလေ သည်။
ဦးတင်ဖေ၀င်းလက်မှာ ငြိမ်သက်စွာ တည်ရှိနေသော စီးကရက်သည် လက်အလှုပ်တွင် ဖြုတ်ခနဲ ပြာအတောင့်လိုက် ကြွေသွားလေ၏ ။
“ဒါဘယ်သူ့ဘယ်သူမှ အပြစ်စကားဆိုလို့။ တာဝန်လွှဲချလို့ မသင့်ပါဘူး။ ကျွန်မအပါအ၀င် အားလုံးက အတတ်နိုင်ဆုံး နည်းလမ်းရှာရအောင်ပါ။ ဆိုပါတော့… လူမြင်သူမြင် သာဓကတစ်ခု ကျွန်မ ပြပါ့မယ်။ အမှတ် (၆) လွန်းကျင်းပေါ်က သောင်ခုတ်သင်္ဘောကိုကြည့်၊ လွန်းတင်ပြင်ဆင်နေတာ ခုနစ်လ ကျော်ပြီ။ ကုန်ကြမ်းပြည့်စုံရင် နှစ်လအတွင်းပြီးပြတ်နိုင်တဲ့ကိစ္စ။ ဒါဘာကြောင့် ခုထိမပြီးနိုင်ရသလဲဆို တာ သိချင်တယ်။ နောက်တစ်ခုက ဖစ်တင်နဲ့ မရှင်းန်ရှော့ပ်မှာ သင်္ဘောငယ်အတွက် ၀င်ရိုးနဲ့ ပန်ကာရေ ယက်ဆယ်ခု ၀ပ်အော်ဒါဖွင့်ထားတာကြာပြီ။ လေးလနီးပါးပဲ။ တစ်ခုမှမပြီးသေးဘူ။ အကြောင်းရင်းသိချင် တယ်။ သက်ဆိုင်ရာဖိုမင်တွေကို တင်ပြပါ။ အခက်အခဲရှိရင်လည်း ပွင့်ပွင့်လင်းလင်းပြော၊ တစ်ထိုင်တည်း ရှင်းကြရအောင်”
ရုတ်တရက် တုန့်ပြန်ချက် လုံးမ၀လာ၊ တစ်ယောက်ကိုတစ်ယောက် မျက်လုံးချင်းစကားပြောကြ ကာ ပထမဆုံးထမည့်သူရဲကောင်းကို တစ်ယောက်တစ်ပြန် ရှာကြနေဟန်တူသည်။ ခဏကြာတော့ ညိုးညိုးညံညံ ဗလုံးဗထွေး စကားသံများ ထွက်လာကာ ထိုင်ရာမထ တစ်ယောက်တစ်ပေါက်ပြောနေကြ သည်ကို သည်းခံနားထောင်ရတော့သည်။
“ကျွန်တော့်အလုပ်ရုံက ပြီးတာ ကြာလှပါပြီ။ ၀ဒိန်ဘက်က မပြီးသေးလို့ စောင့်နေရတာ ပါ”
ဝယ်လ်ဒင်ကို ဆိုလိုကြောင်းနားလည်ရသည်။ မေဇော်သံဂဟေဆက်ရုံ ဖိုမင်ကို လှမ်းကြည့် လိုက်သည်။
“အလုပ်သမား မလုံလောက်လို့ပါ ဆရာမ ။ ကျွန်တော်တို့ရုံမှာ ကျွမ်းကျင်လုပ်သားတစ်ယောက်ပဲ ရှိတယ်။ ပို့ထားတဲ့ လုပ်အားပေးပညာသင်လေးယောက်ကလည်း သိပ်အားမကိုးရခင်ဗျ”
“ဟုတ်ပါတယ်။ ဒီချာတိတ်တွေကတော့ သိပ်ကိုင်လို့မရဘူးလေ”
“ကျွန်တော့်ရုံမှာ လည်း ခြောက်ယောက်တောင် ထိုင်ကားရား ထကားရားမို့ လစ်ရင်လည်း လစ် ကြပေစေဆိုပြီး လွှတ်ထားလိုက်တယ်”
အလုပ်ရုံတာဝန်ခံတို့၏ ရင်ထဲမှာ ၀ှက်ထားသော တစ်စုံတစ်ရာကို လှစ်ခနဲ မြင်လိုက်ရသလိုရှိ၏ ။
အကြောင်းအားလျော်စွာ ခေါ်ယူခန့်ထားလေ့ရှိသော လုပ်အားပေးပညာသင်များ နှင့် ပတ်သက်ပြီး အလုပ်တာဝန်ခံ ဖိုမင်တို့ ဘ၀င်ကျပုံမရ။ များ သောအားဖြင့် ပညာသင်ကလေးတွေမှာ အသက်အရွယ် အားဖြင့် လူကြီးမကျ၊ ကလေးမကျ၊ စကောစက အတန်းပညာကို ကြည့်ပြန်တော့ အနည်းဆုံး ဆယ်တန်း မှသည် ဘွဲ့ရအထိ။ အထူးသဖြင့် မိုးကျရွှေကိုယ်ကလေးတွေများ လေရာ တော်ရုံတန်ရုံ ကွပ်ကဲကြပ်မတ် မှု နှင့် ထောင့်မကျိုး အချိုးမကျနိုင်။
သည်ကောင်လေးတွေထဲမှာ တချို့က နေ့စားလုပ်အားခရသူတွေရှိသလို၊ ကိုယ့်စားရိတ်ကိုယ် စားပြီး သင်္ဘောကျင်းလုပ်သက် လေးနှစ်ရရုံ ၀င်လုပ်နေကြသူတွေလည်းရှိသည်။
ခေတ်ကရေကြောင်းလမ်းပွင့်နေချိန်ဖြစ်လေရာ အမြော်အမြင်ကြီးမားသော၊ အခါအခွင်နား လည်သော ပုဂ္ဂိုလ်ကြီးငယ်တို့က မျိုးဆက်သစ်တွေကို သည်နေရာလေးမှာ လာချထားကြလေသည်။ သည်နေရာမှာ သင်္ဘောကျင်းလုပ်သက်ယူရင်း၊ ညနေပိုင်းစက်မှု သင်တန်းတက်နိုင်သည်။ ရေကြောင်း ပညာဆိုင်ရာ စာမေးပွဲများ ဖြေနိုင်သည်။
လက်တစ်ကမ်းတွင်ရှိနေသော သင်္ဘောထွက်ခွင့်၊ နိုင်ငံခြားထွတ်ခွင့် စသည့်အကျိုးခံစားခွင့်များ ကို မျှော်ကိုးပြီး ရောက်လာကြသူတွေ အုတ်ရောရော၊ ကျောက်ရောရော ရှိနေသမျှ တကယ်တမ်း ၀ါသနာပါသူ၊ ထိထိရောက်ရောက် ပညာသင်လိုသူတွေကို အနှောင့်အယှက်ဖြစ်စေမည်ထင်၏ ။ အဓိကကတော့ လုပ်ငန်းမှာ အ နှောင့်အယှက်မဖြစ်ရအောင် ကွပ်ကဲရမည်။
မေဇော်က ပညာသင်ကိစ္စကို ဒိုင်ယာရီမှာ တေးမှတ်လိုက်သည်။တင်းတင်းကျပ်ကျပ် ကိုင်တွယ်မှ၊စည်းလွတ်ဝါးလွတ် လွတ်ချင်တိုင်းလွတ်လာခဲ့သောကိစ္စကို ပညာပေး၍ စည်းရုံးရဦးမည်။
အလုပ်ခွင်မှာ လုပ်သား နှင့် ပညာသင် စိတ်ဝမ်းကွဲ၍ မဖြစ်။
ကျွန်တော်က သံရည်ကျိုရုံ ဖိုမင် လှဆောင်ပါ။ကျွန်တော့်ရုံအတွက်အမြဲတမ်း ကုန်ကြမ်းအခက်အခဲ ရှိပါတယ်။သက်ဆိုင်ရာ ပစ္စည်းရှိနေပါလျက် အမှာ စာပို့ရ၊အတိုအရှည်ရေးရနဲ့ ကြန့် ကြာတယ်ခင်ဗျ။အဲဒါတွေက လက်ဝင်နေတယ်’’
မေဇ်ာကပြုံးလိုက်သည်။
ကျွမ်းကျင်လုပ်သားကြီးများ ၏ အတန်းပညာ အားနည်းချက်ကို ဒက်ခနဲ နားလည်းလိုက်၏ ။
လုပ်ရင်းကိုင်ရင်း ရင်နှစ်ခြမ်း ဖြန်းဖြန်းကွဲချင်ကွဲ သွားပါစေ၊ လုပ်မည်။စာရွက်စာတမ်းကိုင်းရမည် ဆိုတော့ သေမလောက်ကြောက်၏ ။ ရေးရသားရမည့် ကိစ္စဆိုလျှင် လက်မှတ်ထိုးရမည်ကိုပင် ဆားနှင့်အတို့ ခံရသော တီလို တွန့် ဆုတ်တွန့် ဆုတ်။
“ဦးလှဆောင် ရဲရုံးမှာ လုပ်သား ဘယ်နှစ်ယောက် ရှိသလဲ”
“ဆယ့်နှစ်ယောက်ပါ၊ ပညာသင်က လေးယောက်”
“ရုံးနဲပတ်သက်တဲ့  ကိစ္စအ၀၀ကို စာနဲ့ ပေနဲ့  ဆက်သွယ်ဆောင်ရွက်ဖို့  အဲဒီ ပညာသင် တွေထဲက သင့်တော်မယ့်တစ်ယောက် ရွေးပြီး တာဝန်းပေးထားရင်မဖြစ်ဘူးလား။ စာတိုစာရှည် ရေးဖို့ လည်း မလိုဘူးလေ။ ပုံစံ ဖြည့်ရုံလောက်ပဲဟာ”
“မှန်ပါတယ်၊ အဲဒီ ပုံစံ စာ ရွက်တွေက ရှားတယ်ခင်ဗျ။ တောင်းတိုင်းမရ ပါဘူး”
“ဟုတ်လား……..ဒါဖြင့်  ပုံစံစာရွက်စာတမ်း ပြည်စုံးအောင်လုပ်ပေး ရ မှာ ပေါ့။ အက်ဒ်မင်က ဘယ်သူပါသလဲ။ ဒီကိစ္စအတွက် ဘာအခက်အခဲရှိလဲ၊ တင်ပြပါ”
မျက်မှန်းတန်းဖူးသော စီမံခန့်ခွဲရေးဆိုင်ရာ ၀န်ထမ်းအချို့ဘက်သို့ ဦးတည်ပြီး မေးခွန်းထုတ် လိုက်သည်။ “ဒါက ဒီလိုရှိပါတယ်”
အသားဖြူဖြူ၊ ဗိုက်ရွှဲရွှဲ၊ ကုပ်ပိုးအထစ်ထစ်၊ မေးတစ်ရစ်ရစ်နှင့် ဖိုးဝရုပ်ကြီးတစ်ရုပ် လှုပ်ရှားစပြု၏ ။
“ဟုတ်ကဲ့ပြောပါ ဦးဦးကျော်နိုင်”
စီမံရေးရာဌာနခွဲမှူး ဦးဦးကျော်ခိုင်ဟု မေဇော်မှတ်သားမိသည်။ ဘယ်တော့ကြည့်ကြည့် ဆူဖြိုး လေးလံသော သူ့ခန္ဓာကိုယ်အတ္တဘောကြီးကို ကုလားထိုင်ပေါ်မှ ရွှေ့သည်မရှိ။
နေ့စဉ်နှင့်အမျှ ရုံးချိန်တစ်ချိန်လုံး ကျောက်ချထားသလို စွဲစွဲမြဲမြဲထိုင်ကာ စကားပွဲအံဆွဲထဲ မပြတ် ထည့်ထားသော မုန့်ပဲသရေစာတွေကို တဖြောက်ဖြောက် ၀ါးနေတတ်သူဖြစ်သည်။ မကြာခဏ ဒုက္ခပေး တတ်သော သွေးတိုးရောဂါကြောင့် ပင်စင်သွားဖို့စိတ်ကူးလျက်ရှိပြီး လုပ်သက်အနှစ်သုံးဆယ်ပြည့်ရန် လပိုင်းမျှလိုတော့သည်ကို ပျင်းရိငြီးငွေ့စွာ စောင့်ဆိုင်းရင်း အလုပ်ခွင်မှာ အာရုံလျော့ပါးနေပုံရ၏ ။
“ပုံစံစာရွက်စာတမ်းတွေ တောင်းတိုင်းမရဘူး ဆိုတာလည်း ဟုတ်ပါလိမ့်မယ်၊ ကျွန်တော်တို့ဆီ မှာ လိုအပ်သလို အသုံးပြုနိုင်ဖို့ အသင့်ဖြည့်ဆည်းထားပေမယ့် လာတောင်းတိုင်း လက်လွတ်စပယ် မပေး နိုင်ပါဘူး။ စနစ်တကျအသုံးမပြဲု လက်သုတ်ပစ်တာတို့၊ အိမ်သာသုံးပစ်တာတို့စတဲ့ကိစ္စတွေဖြစ်လာလို့ ထိန်း ချုပ်ထားတဲ့ သဘောပါပဲ။ ဟိုတစ်လောကဆိုရင် ခွင့်ပုံစံတွေတစ်ထပ်ကြီး ဂိမ်းဝကွမ်းယာဆိုင်မှာ မိတယ်။ စာရင်းနဲ့ အင်းနဲ့တော့ တောင်းဖို့လိုတယ်ခင်ဗျ”
ဖိုမင် ဦးလှဆောင် ရှူးရှူးရှားရှားထလာသည်။
“တကယ်အလုပ်လုပ်နေရတဲ့လူတွေက စာတိုစာရှည်မရေးအာူးးဗျ၊ လက်ဝင်တယ်၊ ကျုပ်တို့က လက်တွေ့သမား၊ ထုစရာရှိရင်ထုမယ်၊ ခွဲစရာရှိရင်ခွဲမယ်၊ ရိုက်စရာရှိရင် ရိုက်မယ်၊ ဒါပဲ”
“ကျေးဇူးတင်ပါတယ် ဦးလှဆောင် ထိုင်နိုင်ပါပြီ”
ဟုအချိန်မီ ကြားဝင်လိုက်ရသည်။
ကာယနှင့်ဉာဏတို့၏ အတ္တဇွဲကိုမြင်သည်။ ယင်းပဋိပက္ခကို အကြီးထွားမခံနိုင်။
“ရုံးသုံးပရိဘောဂနဲ့ စာရွက်စာတမ်း ထိန်းသိမ်းဖြန့်ဖြူးရေးမှာ ၀န်ထမ်းအင်အား ဘယ်လောက် ရှိသလဲ”
“ယူဒီစီတစ်ယောက်၊ အယ်လ်ဒီနှစ်ယောက်နဲ့ ဟယ်လ်ပါတစ်ယောက်ရှိပါတယ်”
“ဒါဆိုလုံလောက်ပါတယ်၊ အဲဒီ က အယ်လ်ဒီတစ်ယောက်ကိုတာဝန်တစ်ခု ခွဲပေးလိုက်ပါ၊ စက်ရုံ ထဲမှာ ရှိတဲ့ အလုပ်ရုံအသီးသီးက လုပ်ငန်းဆိုင်ရာကိစ္စတွေနဲ့ ပတ်သက်ပြီးလိုအပ်တဲ့ပုံစံကို ဖြည့်စွက်ရေး သားပေးဖို့ သက်ဆိုင်ရာ ဖိုမင်တွေက အချိန်မရွေး အကူအညီတောင်းနိုင်တယ်၊ လုပ်ပေးလိမ့်မယ်၊ ဟုတ် ပြီလား”
ဦးလှဆောင်၏ မျက်နှာမှာ အကြောအချင်တွေ ပြေလျော့စပြုလာသည်။ ဦးဦးကျော်ခိုင်၏ လေးလံ ရွေ့ရွေ့ငြီးငွေ့ဟန်ပေါက်နေတတ်သော အသွင်အပြင်သည် အကြီးအကျယ် စိတ်ဓာတ်ကျသွားသည့် နှယ်။ ကျယ်ဝန်းသော နှာခေါင်းပေါက်မှ သက်ပြင်းမှု တ်သံကို ကြားလိုက်ရသည်။
“စက်ရုံတစ်ခုလုံးက ကိစ္စတွေကို တစ်ယောက်တည်းနဲ့ နိုင်ပါ့မလားလို့ ကျွန်တော်စနောင့်စနင်း ဖြစ်မိတယ်ခင်ဗျ”
ဦးဦးကျော်ခိုင် အနားတွင်ထိုင်သူ လူငယ်တစ်ဦးထံမှ အသံထွက်လာသည်။
“နိုင်အောင်ပေးရမှာ ပဲ၊ ဒီတစ်ယောက်ဟာ ပြောခဲ့တဲ့ကိစ္စတွေအတွက်ပဲ တာဝန်ယူပေစေလေ။ ကျန်တဲ့လုပ်ငန်းရပ်တွေကို ကျန်တဲ့သူနဲ့ ဖြစ်အောင်လုပ်ပါ၊ ဟယ်လ်ပါတစ်ယောက်ထပ်ဖြည့် ပေးမယ်၊ ဦးဦးကျော်ခိုင် ကျွန်မဆီကတစ်ယောက် အဲဒီ ကိုခွဲပို့လိုက်ပါ၊ ကျန်တဲ့တစ်ယောက်နဲ့ဖြစ်တယ်မဟုတ်လား နေရိန်ကျော်”
“ရပါတယ်”
“ဟုတ်ပြီ ရှိတဲ့အင်အားနဲ့ ဖြစ်အောင်လုပ်နိုင်တာ အရည်အချင်းပါပဲ။ နောက်ပြီးတော့ ၀န်ထမ်းတွေ အလုပ်ပျက်ကွက်တာ သိပ်များ လွန်းတယ်။ တစ်နေ့တစ်နေ့ ခွင့်ယူကြတာတွေ မနည်းဘူး။ ဒါဟာ ပုံမှန် အခြေအနေပဲလား”
သူ့ကိုကိုယ်ကြည့်၊ ကိုယ့်သူကြည့်နှင့် ရုတ်ခြည်းအဖြေထွက်မလာ၊ ခဏကြာမှ စောစောက ဖိုမင် ဦးလှဆောင်ထလိုက်သည်။
“ရုံးဌာနနဲ့ ပတ်သက်လို့တော့ ကျွန်တော်ဘာမှမသိပါဘူး။ စီအမ်အီး၊ ကျွန်တော်တို့အလုပ်သမား ထဲမှာ တော့ ဒီလိုပြဿနာလေးတွေ ရှိပါတယ်။”
“ပွင့်ပွင့်လင်းလင်းပြောပါ ဦးလှဆောင်”
“ကျွမ်းကျင်အလုပ်သမားတစ်ချို့ကို ကျွန်တော်တို့လက်လွတ်ရတော့မယ့် အခြေအနေမှာ ရှိနေပါ တယ်။”
“ဘာဖြစ်လို့လဲ”
“ခွင့်ရသလောက်ယူပြီး အပြင်မှာ အောက်ဆိုက်ထွက်လုပ်နေကြတယ်ခင်ဗျ။ ဒါ ကိုင်တွယ်ဖို့ အတော်ခက်ခဲတဲ့ ပြဿနာပါ၊ အပြင်အောက်ဆိုက်လုပ်ငန်းကလည်း ပိုပြီးတွက်ခြေကိုက်နေတယ် ဆို တော့ကာ…”
“ဟုတ်ပြီ … ဟုတ်ပြီ”
ချက်ချင်းသဘောပေါက်ထောက်ခံလိုက်သည်။
“တခြားပုဂ္ဂိုလ်များ ကော ဘာပြောစရာကျန်သေးလဲ”
ဘယ်သူမျှ တုတ်တုတ်င် မလှုပ်ကြတော့ပြီ။
“ခု ဦးလှဆောင်ပြောသွားတဲ့အချက် အင်မတန်စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဒါဟာ ဒီစက်ရုံ မှာ လုပ်အားအပြည့်အ၀ မရနိုင်ခြင်းအတွက် အဓိကကျတဲ့ အကြောင်းရင်းတစ်ချက်ပဲလို့ ကျွန်မယူဆမိ တယ်။ ဦးတင်ဖေ၀င်းကကော ဘယ်လိုသဘောရပါသလဲရှင်၊ အကြံပြုပါဦး ”
တစ်ချိန်လုံး စကားဝိုင်းအပြင်ဘက် စဉ်ထွက်နေသူလို သီးခြားတိတ်ဆိတ်နေသည့် ဦးတင်ဖေ၀င်း ကို မေဇော်က သတိတရ အရေးယူလှည့်မေးလိုက်သည်။
ဦးတင်ဖေ၀င်းက မျက်နှာညိုညိုကို ခပ်လွှဲလွှဲပြုကာ…
“ဒါ လုပ်သားရေးရာကိစ္စဆိုတော့ ကျွန်တော်တိုက်ရိုက်မကိုင်ခဲ့ဖူးပါဘူး။ ဦးဘသန်းချစ် ပြောပါ လိမ့်မယ်၊ အခြေခံကောင်စီဥက္ကဌနဲ့ တိုက်ရိုက်သက်ဆိုင်ပါတယ်။ ဦးဘသန်းချစ်… လုပ်ပါ၊ ထပါ”
ကောင်းရော့။
ထမင်းရည်ပူလာ လျှာလွှဲစကားမျိုး ဒီခေတ်ကြီးမှာ သူမို့ပဲပြောထွက်သည်။ သည်အသေးအဖွဲ့ ကိစ္စတွေလောက် စိတ်ဝင်စားနေဖို့ မလိုပါဘူးဟု မိမိကို ဖြုတ်လိုက်ခြင်းပေလား။
ကုန်ကြမ်းမလုံလောက်မှု အခက်အခဲ၊ လုပ်ငန်းခွင်မှ ကျွမ်းကျင်လုပ်သားတွေ လျော့ပါးကုန်သည့် အခြေအနေတို့ကိုပင် အပ်ကြောင်းထပ်မျှ ကြားရပြန်သည်။
ဦးဘသန်းချစ် အကျယ်တ၀င့်ရှင်းပြနေသည်ကို နားထောင်ရင်းစာတမ်းဖတ်နေရော့သလားဟုာ ထင်ရ၏ ။ ကာလပေါ် ပြဋ္ဌာန်းချက်စကားတို့ဖြင့် ပွရောင်းစွာ ပြုစုထားအပ်သော စာတမ်းရှည်။
“ဟုတ်ပါပြီ၊ ကျေးဇူးတင်ပါတယ်၊ ကဲ..ဒီတော့ ခု တင်ပြသွားတဲ့ ကုန်ကြမ်းအခက်အခဲ အချိန်မီ ပြည့်စုံအောင် ဆောင်ရွက်ပေးမယ်၊ သက်ဆိုင်ရာ ကော်ပိုရေးရှင်းတွေက အလုံအလောက်မရရင် ပြင်ပက အမြန်ဆုံးရှာမယ်။ ဒီကိစ္စ သီးခြားညှိနှိုင်းပြီး ဦးစားပေးဖြေရှင်းမယ်၊ နေရိန်ကျော်မှတ်တမ်းတင်ပါ။
နောက်တစ်ခု… ခွင့်ယူထားတဲ့ ကျွမ်းကျင်လုပ်သားတွေ၊ ၀န်ထမ်းတွေကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ သက်ဆိုင်ရာတာဝန်ခံတွေက အလုပ်ခွင်ထဲ အမြန်ဆုံးရောက်အောင် ပြန်ခေါ်ယူပါ။ ဒီအတွက် ကျွန်မ အာမခံချက် နှစ်ချက်ပေးလိုက်မယ်။ တစ်တစ်ချက်က ကျွန်မတို့လုပ်ငန်းတွေမှာ ကန်ထရိုက်ပုတ်ပြတ် စနစ် အကောင်အထည်ဖော်ဖို့ အစီအစဉ်ရှိတယ်”
တစ်ပြိုင်နက်တည်းလို ဆတ်ခနဲမော့လာသော ဦးခေါင်းများ ကို မြင်ရသည်။ ပြီးတော့ ဦးတင်ဖေ၀င်း၏ အံ့အားတသင့်အကြည့်။
“ဆိုပါတော့ သင်္ဘောတစ်စင်း လွန်းတင်ရာမှာ ကုန်ကျစရိတ် တစ်သိန်းသတ်မှတ်မယ်ထား၊ အလုပ်သမားတွေ အားကြိုးမာန်တက်လုပ်လို့ လျာထားတဲ့ကာလထက် စောစောကြိုတင် ပြီးပြတ်မယ် ဆိုရင် ကုန်ကျစရိတ်နည်းပါးမယ်။ ခုနစ်သောင်းပဲကျတော့မယ်ဆိုပါစို့၊ ပိုထွက်လာတဲ့သုံးသောင်းကို အလုပ်သမားအားလုံး ဝေပေးမယ်။ အချိန်ပိုလုပ်ခ၊ ပိတ်ရက်လုပ်ခ ခွင့်ပြုချက်အတိုင်းအတာရှိသလောက် ရစေမယ်၊ ဒါ…များများ လုပ်၊ များများ ယူစနစ်ပဲ ”
“ဒီစနစ်ဟာ ခွန်အား ဉာဏ်အား ကြွယ်ဝသူတိုင်းအတွက် ထိုက်တန်တဲ့အကျိုးကျေးဇူးကို ခံစားရ လိမ့်မယ်လို့ ကျွန်မယုံကြည်ပါတယ်။ အဲဒီ တော့ ကျွန်မတို့ စိတ်တူကိုယ်တူ ကြိုးစားကြရအောင်ပါ၊ ဘယ့်နှယ့် သဘောရသလဲ”
“ဒါဟာ သိပ်ကောင်းတဲ့အစီအစဉ်ပဲ” ဟု ထိုင်ရာမထ ထောက်ခံလိုက်သော ဦးလှဆောင်၏ အသံ ၀ါကြီးကို အလျင်ဆုံးကြားရသည်။ “များများ လုပ်၊ များများ ယူစနစ်ပဲ များများ ရမယ်လို့ မျှော်လင့်ချက်ရှိနေမှ များများ လုပ်ဖို့ပဲ ရှိတာ ပေါ့၊ သိပ်ကြိုက်တယ်”
“စီအမ်အီးဘက်က တာဝန်ကျေပြီပေါ၊ ကျွန်တော်တို့ဘက်က ကျေဖို့ပဲလိုပါတော့တယ်၊ မဟုတ် ဘူးလား”
တစ်ချိန်လုံး နှုတ်ပိတ်တိတ်ဆိတ်စွာ ထိုင်နေခဲ့သော အလုပ်ရုံဖိုမင်များ တက်တက်ကြွကြွ ရှိလာ သည်။ အစည်းအဝေးမှာ တစ်ခုခုဆွေးနွေးရမည်ဆိုလျှင် မတ်တပ်ရပ်ဖို့ နားလည်ချင်မှ နားလည်မည်။ နားလည်ဦးတော့ မတ်တပ်ရပ်၍ စကားပြောဖို့ ၀န်လေးကောင်းလေးမည်။
ဘာပဲဖြစ်ဖြစ် တကယ့်တကယ် ရင်ထဲမှာ လှိုင်းထပြီဆိုတော့ ဘယ်လိုလူမှု ရေးတွေကိုမှ မငဲ့ကွက် တော့ပြီ၊ ဘာမျှချုပ်ထိန်း၍ မရနိုင်ပြီ။ ထိုနေလျက်ပင် သူတို့ရင်ထဲက ပီတိလှိုင်းများ လျှံကျလာသည်။
ယုံကြည်သက်ဝင်သော မျက်လုံးအကြည့်တွေ ကိုးစားအားထားသော မျှော်လင့်ချက်တွေ…။ မေဇော်တစ်ခုခု ပြောလိုက်ချင်သေးသည်။ ရုတ်တရက် စကားလုံးရှာမရနိုင်ဘဲ ရှိသည်။ အလုပ် သမားများ ၏ သွေးကြောထဲသို့ သံမဏိတုံးတွေ အမှု န့်ထောင်းပြီး လောင်းထည့်ပေးလိုက်သလို တအား တက်စေမည့် စကားလုံးမျိုး။
လေအေးစက်ကို ဖြုတ်ခိုင်းသောအခါ နေရိန်ကျော်က နားမလည်သလို ခပ်တွေတွေ ပြန်ကြည့် နေသေးသည်။
“အဲရ်ကွန်ဒီရှင်းမလိုပါဘူး။ လှောင်ပိတ်နေတဲ့ အခန်းကိုသာ နည်းနည်းပြင်ရမယ်။ မြစ်လေ တဟူး ဟူးတိုက်နေတဲ့ နေရာပဲ၊ မှန်တရုတ်ကတ်လေးတွေ တပ်ပေးရမယ်။ လေနဲ့အလင်းရောင် ရသလောက် လိုချင်တယ်”
သြော်… သြော် ဟုတ်ပြီဟု ခုမှသဘောပေါက်သွားပုံရသည်။
လေအေးစက်ကို သက်သာဆိုင်သို့ ရွှေ့ပြောင်းတပ်ဆင်ခိုင်းသောအခါ ဒုတိယအကြိမ် နားမလည် နိုင်သောမျက်လုံးများ ဖြင့် ကြည့်ပြန်၏ ။
“တို့ အလုပ်သမား သက်သာစားသောက်ခန်းဟာလည်း ခေတ်မီစားသောက်ခန်းတွေလို အဲရ်ကွန်ဒီရှင်းနဲ့၊ ပန်းချီကားလှလှတွေနဲ့ ရှိသင့်တာပေါ့”
“အဲဒီ စိတ်ကူးမျိုး ကျွန်တော်တစ်ခါမှ မရှိခဲ့ဖူးပါဘူး။ ချိ(ဖ်)က အင်မတန်ကို ခေါင်းကောင်းတာပဲ ဗျာ”
“အသက်အရွယ်နဲ့ အတွေ့အကြုံပါပဲကွယ်၊ မင်းလည်း ဒီနေရာမှာ မျိုး တစ်နေ့ရောက်လာမှာ ပါ။ အမ်အိုတီ ပါ့ဒ်အေ အောင်ပြီးပြီဆို”
“ချိ(ဖ်) ဘယ်လိုသိတာလဲ၊ နောက်ဆုံးအပတ်ကမှ ကျွန်တော်အောင်ခဲ့တာ၊ မကြာသေးပါဘူး”
“ပန်းသတင်း လေညင်းဆောင်တဲ့၊ ပင်နယ်လ်တီ မထိတဲ့လူ၊ တစ်ကြိမ်တည်း ကျွတ်တဲ့လူဆိုရင် သတင်းမွှေးလာတာပဲ”
“ဒါပေမယ့် သင်္ဘောတက်ရဖို့ အလှမ်းဝေးပါသေးတယ် ချိ(ဖ်)”
“ဖြစ်လာမှာ ပေါ့၊ တို့တောင်ဖြစ်လာသေးတာပဲ နေရိန်ကျော်၊ မိန်းမဆိုတာ အရာရာမှာ အခွင့် အရေး တစ်ထစ်လျှော့ပြီးသား၊ ဒုတိယလူတန်းစားပါ။ နေရာတစ်နေရာရဖို့ ခဲယဉ်းယဉ်း ရှာရတယ်၊ စဉ်း စဉ်းစားစားရွေးချယ်ရတယ်၊ ရည်မှန်းချက်တစ်ခုကို ဖြစ်အောင်လုပ်တဲ့နေရာမှာ အမြဲတမ်းနှစ်ဆပိုပြီး ပင်ပန်းတယ်။ တို့သင်္ဘောတက်မယ်ဆိုတော့ အတော်စဉ်းစားရသေးတယ်။ ဒါတောင် တိုက်တိုက်ဆိုင် ဆိုင် အမျိုးသမီးတွေ လိုက်လို့ရတဲ့သင်္ဘောမျိုးနဲ့ ကြုံခဲ့လို့၊ မင်းတို့ဆိုရင် ကြုံရာသင်္ဘောကို ကျွမ်းထိုးတက် သွားလို့ရတယ်”
နေရိန်ကျော်က စာခွက်ထဲမှ လက်မှတ်ထိုးပြီးသား ရုံးမိန့်နှစ်စောင်ကို ကောက်ယူရင်းမေဇော့် မျက်မှော က်မှာ ပထမဆုံးအကြိမ် ဟက်ဟက်ပက်ပက် ရယ်လေသည်။
“ဒီလောက်လည်း မလွယ်ပါဘူး ချိ(ဖ်)၊ ကျွန်တော်တို့လုပ်ရကိုင်ရတာ ကျတော့လည်း အထာတွေ သိပ်များ တယ်”
“သူ့ခေတ်၊ သူ့အခါပေါ့ကွာ”ဟု အားပေးလိုက်ရသည်။
“ညနေ သုံးနာရီဆေးသုတ်ဖို့ စီစဉ်ထားတယ်။ အ၀ါနုရောင်နဲ့ အောက်ခြေတစ်ပေကို အညိုရင့်၊ ချိ(ဖ်) သဘောကျရဲ့ လား”
“ကောင်းတယ်၊ အ၀ါနုရောင်က လင်းလည်းလင်းတယ်၊ မြင်ကွင်းကိုလည်း ပိုပြီးကျယ်ပြန့်စေ တယ်။ ဆေးသစ်ပြန်သုတ်ခိုင်းရတာ က အမြင်လှဖို့ မဟုတ်ပါဘူး။ ဟောဒီအစိမ်းနုရောင်က ရုံးခန်းနဲ့ မလိုက် လွန်းလို့ပါ။ ဟိုတယ်တွေ၊ အိမ်ခန်းတွေ၊ အပန်းဖြေရိပ်သာတွေနဲ့မှ ကိုက်တာ၊ တစ်ခုရှိတယ် နေရိန်ကျော်၊ ဆေးချက်ချင်းခြောက်မှ ဖြစ်မယ်နော်။ သင်နာကောရှိရဲ့ လား”
“ကျွန်တော် မေးကြည့်လိုက်ပါ့မယ်”ဟု ဖြေရင်းလှည့်သွားဖို့ပြင်သည်။ မေဇော်က လက်ဖြင့် လှမ်း အချက်ပြလိုက်ကာ …
“ခဏလေး နေရိန်ကျော်။ ပလိ(စ်)၊ သင်္ဘောကျင်းထဲကို မင်းရောက်ရင် မသိမသာအကဲခတ် ကြည့်စမ်းပါ။ ပြင်းပြင်းထန်ထန် အလုပ်လုပ်နေတဲ့ ရုံရှိရင်ချက်ချင်းသတင်းပို့၊ အလုပ်မလုပ်ဘဲ ယောင် တောင်ပေါင်တောင်လုပ်နေတဲ့ လူတွေကို မမြင်ချင်ယောင်ဆောင်နေလိုက်နော်။ အဲဒါပါပဲ။ ကဲ… သွား… သွား…”
ဆင်နားရွက်တံခါးသည် အတော်ကြာကြာ လှုပ်ခါကျန်ရစ်လေ၏ ။
အလုပ်သမား ၀တ်စုံပြာကို ရင်ဘတ်ကြယ်သီးများ တပ်၍ ၀တ်လိုက်သည်။ လေယာဉ်မောင် နက်ပြာထဘီနှင့် တွဲ စပ်လိုက်သောအခါ အလုပ်သမားတွေနှင့် တစ်သွေးတည်း၊ တစ်ရောင်တည်း ဟပ် သွားလိမ့်မည်ထင်၏ ။
နံရံတွင် အသင်ချိတ်ထားသော ဖိုင်ဘာဟက်အကြီးစားကို ဖြုတ်သည်။ ခေါင်းမှာ စွပ်လိုက်သော အခါ ဆံပင်တစ်အုံလုံးကို အုပ်ဖုံးသွားလေသည်။
ပန်းပဲနှင့် သံရည်ကျိုဟု နေရိန်ကျော်ထံမှ သတင်းရရှိထားသည်။
ပထမဆုံးအကြိမ်အဖြစ် သင်္ဘောကျင်းထဲသို့ မေဇော်တစ်ယောက်တည်း ဆင်းလာခဲ့လေသည်။ ဦးလေးသားချင်းသဖွယ် ရင်းနှီးနေသော ညွှန်မှူးက ….
“ကောင်မလေးနော် သင်္ဘောကျင်းထဲ တစ်ယောက်တည်း လျှောက်လျှောက်မသွားနဲ့။ ယောက်ျား တိုင်းပြည်ဆိုတာ ထင်သလိုနေနေကြတာ၊ ဟား…ဟား.. စာစောင်တွေ၊ ဂျာနယ်တွေထဲ မင်းတွေ့ဖူးသလို အလုပ်သမားဝတ်စုံပြာ ဒိုဘီချနဲ့ ဘွိုင်လာဆု(တ်)အပျံစားနဲ့ လှလှပပ ဟန်ရေးပြနေတာ မဟုတ်ဘူးခင်ဗျ၊ နေအပူ၊ မီးအပူနဲ့ ချွေးဒီးဒီးကျအောင် လုပ်နေရတဲ့နေရာမျိုးကျတော့ အ၀တ်တောင် ကပ်ချင်မှ ကပ်နိုင် တာ။ ဟား…ဟား.. နတ်ဝတ်ပုဆိုး တိမ်မီးခိုးနဲ့ ထုရိုက်သယ်မ နေတာတွေတွေ့လို့ ဖျားသွားမယ်”
ညွှန်မှူးက ကောင်မလေးလို့ခေါ်တိုင်း စင်စစ် အသက်မငယ်တော့ပြီဆိုသည့်အချက်ကို မေဇော် သတိရစေသည်။
သုံးဆယ့်ငါးပတ်ဝန်းကျင်အရွယ်မှာ လောကအတွေ့အကြုံ၊ ဘ၀အတွေ့အကြုံသည် သာမန် မိန်းမငယ်တို့ထက် စုံခဲ့ပြီ။
နုပျိုရွယ်မှ ယနေ့အထိ…
ရည်းစားထားခဲ့ဖူး၍ ရည်းစားလည်း ပျက်ခဲ့ဖူးပြီ။
အိမ်ထောင်ကျဖူး၍ အိမ်ထောင်လည်း ပျက်ခဲ့ဖူးပြီ။
တစ်ခုလပ်ဘ၀မှသည် မုဆိုးမအဖြစ်သို့ ပင် နှစ်ဘ၀ကူးဖြစ်လိုက်သေးသည်။ အိမ်ထောင်ပျက်ရာ က တိုင်းတစ်ပါးသို့ လွင့်ထွက်ခဲ့ပုံတွေ၊ ပင်လယ်ရေကြောင်းပညာရပ်ကို စိတ်ဝင်စား၍ ခက်ခက်ခဲခဲ ပထမတန်း ရေကြောင်းအင်ဂျင်နီယာလက်မှတ်ရအောင် ကြိုးစားခဲ့ရပုံတွေ… ပင်လယ်ပြင်အတွေ့အကြုံအတွက် သင်္ဘောလိုက်ခဲ့သည့် ကာလမှာ အပ်ဖျားမှာ တည့်တည့် မုန်ညင်းစေ့လို၊ မြက်ဖျားမှာ တွယ်သည့် နှင်းပွင့်လို အနေအထား။
မြန်မာအမျိုးသမီးတစ်ယောက်အဖို့ မလှုပ်သာ မလွန့်သာဘ၀၊ ဘာသာတရားနှင့် ရိုးရာယဉ်ကျေး မှု ထုံမွမ်းသော မိမိယုံကြည်ချက်တံခါးကို အခိုင်အမာ ပိတ်ဆီးခဲ့ရလေသည်။
ယုံကြည်ချက်သာ ပြိုကွဲခဲ့ပါလျှင် မေဇော်တင်ထွဋ်သည် ဤနေရာသို့ ဘယ်နည်းနှင့်မျှ ရောက်လာ နိုင်မည်မဟုတ်။
ဖြတ်သန်းခဲ့ရသော အတွေ့အကြုံအရပ်ရပ်က သည်သင်္ဘောကျင်းလို ယောင်္ကျားတိုင်းပြည်တစ်ခု မှာ နေ၀ံ့ရဲအောင် တွန်းပို့သလိုရှိသည်။
သည်မှာ တော့ အစဉ်အလာကိုက အမျိုးသမီးမရရှိခဲ့ဖူးသော ဌာနမို့ လွတ်လပ်ပွင့်လင်းသော စရိုက်ကို အကွယ်အ၀ှက်မဲ့စွာ တွေ့ရပေသည်။ အနည်းဆုံး ရိုင်းပျကြမ်းတမ်းသော အပြောအဆိုတွေ၊ ဆဲလုံးတွေကို နားခံနိုင်အောင် ကြိုးစားရပေမည်။ ပြည်ပမှာ ဘာသစုံ တစ်တစ်ခွခွဆဲေ၇းတိုင်းထွာသံများ ၊ ကြားဖူးရုံမက နားရည်ဝခဲ့ပြီးဖြစ်ရာ ဒါလောက်တော့ သိပ်ပြီးမထူးတော့ချေ။
မိမိရောက်လာပြီဆိုတော့လည်း အစဉ်အလာကြမ်းတမ်းခဲ့သော ယောက်ျားတိုင်းပြည်မှာ အနည်း အပါး လွတ်လပ်မှု ဆုံးရှုံးရမည်ပင်။
မေဇော်သည် အနီးဆုံးဖြတ်လမ်းကိုရွေး၍ ပန်းပဲရုံအတွင်းသို့ မသိမသာဝင်ခိုလိုက်သည်။
အပေါ်ပိုင်းဗလာကျင်းထား၍ ချွေးဆီတ၀င်းဝင်း ပြောင်လက်နေသော ကျောပြင်ကြီးကို မြင်၏ ။ ဘယ်သူမှ နောက်ဘက်သို့ လှည့်မကြည့်အားကြ။
ဘောင်းဘီပွကို ဒူးအထိ လိပ်တင်ထားသူတွေ၊ ပုဆိုးခါးတောင်းကြိုက်သူတွေထဲမှာ နတ်ဝတ်ပုဆိုး တိမ်မီးခိုးနှင့် တစ်ယောက်မှ မတွေ့ရ၍ တော်သေးရဲ့ ဟု ပြုံးမိသည်။
ပူတော့် အတော့်ကို ပူပြင်းသည့်အလုပ်ရုံ၊ တဟဲဟဲအရှိန်တက်နေသော မီးအငွေ့သည် အဝေးဆုံး မှာ ရှိနေသော မေဇော့်မျက်နှာကိုပင် သိသိသာသာလာ၍ အပူဟပ်သည်။ အနီးကပ်လုပ်နေကြရသော အလုပ်သမားတွေအဖို့ အ၀တ်မကပ်ချင်သည်မှာ အင်မတန်သဘာဝကျသောကိစ္စဖြစ်လေသည်။
မီးလျှံရဲရဲတက်နေသော ကျောက်မီးသွေးဖိုကြီးထဲမှာ အရည်ပျော်ကျလုနီးပါး အပူဒီဂရီဝနေသော လက်မောင်းခန့် သံချောင်းကြီိးု မြင်နေ၏ ။ ယင်းကို အလုပ်သမားတစ်ဦးက ပြုတ်တူဖြင့်ညှပ်၍ လေထဲသို့ ၀ှီးခနဲ ဝှေ့ယမ်းပစ်လွှတ်လိုက်သည်။ ရဲရဲတောက်နေသော မီးပန်းဆွဲကီး မြေမကျမီ တစ်ဖက်မှ အလုပ် သမားတစ်ဦးက ပြုတ်တူဖြင့်ညှပ်၍ ဖမ်းလိုက်လေသည်။ တစ်ချိန်တည်းပင် တူမစက်ကြီးပေါ်သို့ အသင့်တင်ပေးလိုက်သည်။
တူမကြီးက တဒိုင်းဒိုင်းထုနှက်ဆဲ။ သံပူချောင်းကို အသင့်အနေအထားဖြစ်အောင် လှည့်ပတ် ပြုပြင်ပေးလေရာ စက်ကိရိယာတစ်ခု၏ ၀င်ရိုးပုံပေါ်လာသည်။
တိုင်းတစ်ပါးမှာ ဆိုလျှင်တော့ ပစ္စည်းထုတ်လုပ်မှု အတွက် ဤမျှခွန်အားစိုက်ထုတ်ရမည်မဟုတ် ချေ။ ခလုတ်အဆင့်ဆင့်နှိပ်သွားရုံနှင့် လိုအပ်သောကိရိယာတွေ၊ အပိုပစ္စည်းတွေ ရနိုင်သည်။ ဉာဏအား ဖြင့် ထိန်းချုပ်ပေးဖို့ပဲ လုပ်သားမှာ တာဝန်ရှိလေသည်။
ဖွံ့ဖြိုးဆဲနိုင်ငံ၏ ထူထောင်ရေးကာလမှာ လူတိုင်းလူတိုင်း နည်းနည်းပါးပါးတော့ ပိုပြီး ပင်ပန်း ကြ ရမြဲဖြစ်သည်။ သို့ သော် လူသားအားမာန်ကို အားကိုးခြင်းဖြင့် ကျွမ်းကျင်သော ပညာရပ်တွေ အံ့မခန်း ပေါ် ရသည်မဟုတ်လား။
ခုပင်ကြည့် …
အလုပ်သမားကြီးများ ၏ တိကျသောအမှန်းအဆ၊ ကျွမ်းကျင်သော အကိုင်အတွယ်ဖြင့် စက်ကိရိယာသုံးပစ္စည်း တစ်ခုရလာသည်။
“ဟေ့..ဟေ့… လေခိုသွားမယ်နော်။ နှစ်ခါပြန် လုပ်မောကြီးဖြစ်နေဦးမယ်”
အသံလာရာသို့ ဆက်လျှောက်လာခဲ့သည်။ အပူရှိန်သည် အတွင်းဘက်ကျလေ ပို၍ ပြင်းလေမို့ ဖိုင်ဘာဟက်ကို ဆက်ဆောင်းမထားနိုင်တော့။
သံရည်ပူများ လောင်းချနေသော သဲပုံစံခွက်ကို လှမ်းကြည့်လိုက်သည်။ အင်ဂျင်ထက်ခြမ်းပုံ။
“ဟေ့..စိုးကြီးကွနော်။ ဆရာလှဆောင်တပည့် စိုးကြီးတို့ရာဇ၀င်မှာ လေခိုတယ်မရှိဘူး။ လေခို တယ်ဆိုရင် ငါ့ကိုဖြတ်”
စိုးကြီး၏ နောက်ဆုံး စကားပိုဒ်ထဲတွင် တစ်တစ်ခွခွတိုင်းထွာသော စကားလုံးတစ်လုံးပါလာ၏ ။ နှုတ်ထွက်ကြမ်းသော်လည်း လုပ်နည်းလုပ်ဟန်သေသပ်သော၊ မိမိကိုယ်ကို ယုံကြည်စိတ်ချသော အတ္တ မာနကလေးရှိသည်ကို မေဇော်သဘောကျသည်။
အနားမှာ အကြီးအကဲရှိနေသည်ကိုပင် မသိသော အလုပ်သမားအုပ်စုထဲသို မေဇော်ဖိုင်ဘာဟက် ကိုချွတ်ပြီး တိုးဝင်လာခဲ့သည်။
“၀ပ်(ခ်)အော်ဒါတွေ တော်တော်များ သလား”
ယိမ်းကသလို ဖျတ်ခနဲလှည့်ကြည့်ကြသည်။ အံ့အားတသင့် မျက်လုံးများ သည် ရုတ်ခြည်းပင် ရှက်ခြင်း၊ အားနာခြင်းအကြည့်သို့ အဆင့်ဆင့်ကူးပြောင်းနေကြသည်။
“ဆရာလှဆောင်ရုံမဟုတ်လား၊ ဘယ်သွားတုံး…ရှင်တို့ဆရာ-”
စိုးကြီးက ခါးတောင်းကျိုက်ကို အလျင်အမြန်ဖြေချရင်း…
“ပစ္စည်းသွားထုတ်ပါတယ်ချိ(ဖ်)၊ ကုန်ကြမ်းက အလျဉ်မမီဘူး ဖြစ်နေလို့”
“ဖိုမင် မျက်နှာလွှဲလို့ရသားပဲ၊ ဘယ့်နှယ့် နားကြရသေးရဲ့ လား ထမင်းတော့ စားပြီးကြရောပေါ့”
ပြီးပါပြီဟု တစ်ယောက်တစ်ပေါက်ဖြေဆဲ၊ စိုးကြီးက ဖွာဆန်ကြဲနေသော သူ့ဆံပင်ရှည်ကို လက်ဝါး နှစ်ဖက်ဖြင့်သပ်ကာ …
“ထမင်းစားချိန်မှာ လည်း ကျွန်တော်တို့ရုံက ရပ်ထားလို့မရပါဘူး ခင်ဗျ၊ တစ်လှည့်စီ စားကြရပါ တယ်။-”
ဘယ်သူမှ ရုတ်တရက်မဖြေ စိမ်းနေသောအသိ။ ခပ်ရှိန်းရှိန်းဖြစ်နေသေးပုံရသည်။
“ကဲ…ကဲ လုပ်စရာရှိတာ ဆက်လုပ်က၊ ဒီရုံနဲ့ပတ်သက်ပြိး ပြောစရာရှိရင် မောင်စိုးကြီး စီအမ်အီး ရုံးခန်းကို အချိန်မရွေးလာနိုင်တယ် ဟုတ်လား။ မင်းတို့ရုံက လုပ်ငန်းသိပ်တွင်လို့ လူကြီးတွေ စိတ်ဝင်စား နေတယ်။ အခွင့်အရေးရှိရင် ဒီရုံဦးစားပေးပဲ..ကဲ…တစ်လှည့်စီနားပြီး လက်ဖက်ရည်သောက်ရအောင်လို့ ပို့ပေးလိုက်မယ်”
နောက်ဘက်ဆီတွင် တူသံပေသံများ တိုး၍ ဆူညံကျန်ရစ်သည် ထင်ရလေ၏ ။
မဟူရာအကျဉ်းထောင် | နေဒဏ်ခံ ပန်းသတင်း | ခေါက်ထီးလေးမလုံ့တလုံ |