Cover

ပန်းသတင်းမှတ်စု

ပန်းတစ်ခြင်းလှဖို့အတွက် ပန်းတစ်ခင်းလုံးမလိုအပ်ပါ။

လှပမွှေးပျံ့သော ပန်းခြင်းကို ရင်သပ်ရှုမောရင်း ဘယ်သူကမှ ပန်းခင်းကို သတိရ မြင်ယောင်မိမှာ လည်း မဟုတ်ပါ။

ပန်းခြင်း၏ သိန်သရေကို ထိန်ဝယ်တင့်တယ်စေသည်က ငွားငွားလန်းစွင့် ပွင့်ချင်တိုင်းပွင့်နေ သည့် လီလီပန်းများ ဖြစ်ပါလိမ့်မည် ။ ကတ်တလီယာ သစ်ခွဖြူနှင့် ဒင်ဒရိုဘီယံ ခရမ်းပြာပွင့်တို့က ရောင် စုံနှင်းဆီငုံများ နှင့် အပြိုင် လီလီ၏ အလှကို ၀န်းရံခစားလျက်။

အဖြည့်ခံကြယ်တာရာ ပန်းမှု န်လေးတွေ က ဟိုနားတစ်ခက်၊ သည်နားတစ်ခက်၊ စိမ်းမြမြကျောက်ခက်များ က သဘာဝကျကျဖြည့်စွက်။

ပန်းပွင့် သစ်ရွက်မဟုတ်သော လက်လုပ်ဖဲပြားကြိုးတွေ ကလည်း ပန်းပွင့်ပုံဟန်ဆောင်၍ ပန်းခြင်းလက်ကိုင်မှာ ထိပ်ဖြားကနေရာယူလျက်။

အစစ်နှင့် အတု၊ ဂန္ထ၀င်နှင့် အရိုင်းတို့ ရောစွတ်ဖန်တီးထားသော ပန်းခြင်းက ရင်သပ်ရှုမော အံဩမကုန်နိုင်ဖွယ် လှရက်လွန်းပါဘိ။

သည်ပန်းရောင် စုံကို ခူဆွတ်ချိုးဖြတ်လာသည့် ပန်းခင်းအား အမှတ်မထင် လည်ပြန် ငဲ့ကြည့်မိလျှင်တော့ စိတ်ဝင်စားဖွယ် ကောင်းလိမ့်မည် ထင်ပါသည်။

လေဒဏ် မိုးဒဏ် ၊ နေလောင်ဒဏ်ခံနိုင်အောင် အစိမ်းရောင် ပန်းဆန်ခါ (ဖျင်ပါးစ) တွေ အလုံအခြုံ အုပ်မိုး၍ ကာကွယ်စောင့်ရှောက်အပ်သော လီလီပန်းခင်းကြီး ကတော့ တင့်လှပေဟန်။

အမြင့်မှာ အိုးအသွယ်သွယ် ချိတ်ဆွဲပြီး လက်သပ်မွေးထားသော သစ်ခွရောင် စုံ ကလည်း ခိုင်ညှာတံ ယိမ်းနွဲ့နွဲ့။

ရောင် စုံနှင်းဆီခင်း ကတော့ ရေလောင်း၊ ပေါင်းသင်းပြီး အပွင်အားဆေး ကျွေးရသည့်တိုင် သိပ်ယုရဖို့ မလိုပါ။ လောင်းရိတ်ကို ငြင်းပယ်သလို ပူရှိန်ပြင်းသည့် နေဒဏ်ကို ခံနိုင်ရည်မရှိသည်က နှင်းဆီတို့၏ သဘာဝ။

နေညိုလျှင် သူငိုက်သည့် အပူကြိုက်မျိုးဟု ဆိုရိုးစကားရှိသော နေကြာနှင့် ဂျူလီယာပန်းခင်းကြီး တွေ ကတော့ တစ်မျှော်တစ်ခေါ် တစ်ပြန့်တစပြော…..

သူ့အဆင်းနှင့် သူ့အချင်းနှင့် ဖူးပွင့်ကြိုင်လန်းနေသော သည်ပန်းခင်းလွင်ပြင်ကြယ်ကြီးမှာ ရာသီဥတုဒဏ်၊ ပိုးမွှားဒဏ် ခံစားသက်ရောက်ပုံချင်း မတူကြ။

တစ်ချို့ကပွင့်၊ တစ်ချို့ကကြွေ၊ တစ်ချို့က မျိုးစေ့သစ်တို့ကို မြေမှာ ကြဲချ။ အညွှန့်အညှောက်တို့ ဝေဆာရုန်းထ။

“နေဒဏ်ခံ ပန်းသတင်း” က ပန်းတစ်ခင်း၏ သေးငယ်သော အစိတ်အပိုင်းမျှသာ ဖြစ်ပါသည်။

ပန်းတစ်ခင်းသတင်းကို ပြည့်စုံအောင် ဖော်ပြဖို့ မ ဖြစ်နိုင်ကောင်းသော်လည်း အစိတ်အပိုင်းအချို့ အချို့ကိုတော့ ဆက်လက်စုစည်း မှတ်တမ်းပြုဖို့ ကျွန်မတို့ စိတ်အားထက်သန်လျက် ရှိကြပါသည်။

ပန်းသတင်းစုစည်းသူများ

(၁)

ချိုနွယ်ဦး

ပုဒ်မ ၅(ည)၊ မ-ကျ/တိုက်

အင်းစိန်အကျဉ်းထောင်

-ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုးတွက် စိုက်လိုက်မတ်တက် အနစ်နာခံ၊ အဆင်းရဲခံပြီး ထောင်ထဲလည်းမရောက်၊ အဖမ်းတောင်မခံရဖူးသလို ဘယ်ဆင်မြင့်ပေါ်မှာ မှ မျက်နှာမပြခဲ့တဲ့ စေတနာ ဖြောင့်ဖြောင့် နိုင်ငံရေး လုပ်လာသူတွေ လည်း ကျွန်မတို့တိုင်းပြည်မှာ ဒုနဲ့ဒေးပါ။

-နိုင်ငံရေး အကျဉ်းသားများ နည်းတူ မိသားစုဝင်တွေ ကလည်း နိုင်ငံရေး လောကဓံမှာ ဇွဲသတ္တိနဲ့ ရင်ဆိုင်ခဲ့ကြသူများ ပါ။

မ-ကျ/တိုက်(၁)

မ-ကျ/တိုက်

“မ-ကျ/တိုက်တဲ့”။

ဆိုကြည့်စမ်း ။ ဘယ့်နှယ့်လဲ။

ကြားရတဲ့ အသံထွက်ကြီးကိုက မကောင်းတာ။ ဒီအတိုင်းအဓိပ္ပာယ်ကြီးကိုလည်း ဖွင့်ကြည့်ဦး။ တစ်စက်ကလေးမှ မနိပ်ဘူး။ တီးလုံးလေးနဲ့ သံစဉ်လေးသွင်းပြီး ဆိုကြည့်ရင်တောင် နားထောင်လို့ ကောင်းမှာ တောင်မဟုတ်ပါဘူး။

အဲဒီ “မ-ကျ/တိုက်” ဆိုတာ ကျွန်မတို့ကို ထောင်ကျတဲ့အချိန်က စပြီးလွတ်လာတဲ့အထိ ထည့်ပိတ်ထားတဲ့ “တိုက်”လို့ ပြောတာ။

တစ်ခုခုဆိုရင် ညစ်ထေးထေး နီကြင်ကြင် သံတခါးကျဉ်းကျဉ်းမှာ ပတ္တာထည့်ထားတဲ့ သံပြားဝိုင်းပေါက်ကနေ ကုန်းကုန်းအော်တာ။

“မ-ကျ/တိုက်”

“မ-ကျ/တိုက်”

အဲဒါဆိုရင် သူတို့ အမျိုးသမီးဝန်ထမ်းတွေ က အဲဒီ အပေါက်ကလေးနားကိုသွားပြီး ချောင်းကြည့်၊ ဖွင့်မှ ဖြစ်မယ်ဆိုရင် အဲဒီ သံတခါးကိုဖွင့်။ ဖွင့်ဖို့လိုတဲ့ ကိစ္စဆိုရင် အဲဒီ အပေါက်ကနေ အပေးအယူလုပ်တာပေါ့။ စာရွက်စာတမ်းတို့လို ဟာမျိုးတော့ ဖွင့်မနေတော့ဘူးပေါ့။

အတိုချုံးပြောတာ၊ အတိုချုံးတာကြိုက်တဲ့နေရာမှာ “အ.က.စ” လို့ခေါ်တဲ့ အကျဉ်းဦးစီးဌာန လောက် အတိုချုံ့တာမရှိဘူးမှတ်တယ်။ အဲဒီ သံတခါးကနေ လာလာအော်တဲ့ ဝေါဟာရတွေ ကို ပြောပြရမယ်ဆိုရင် “လမ်းကြောင်း”ကို “လမ်ကြောင်” ၀စ္စပေါက်သံထည့်ရင် မောမှာ စိုးလို့လား မသိဘူး။ “ထမင်ပို” “ရေနွေ” “မိလ္လာ” “ပါဆယ်” အစရှိသဖြင့် ပေါ့။

အဲဒီ ထဲမှာ မှ နားထောင်မကောင်းပေမယ့် ကြိုက်တဲ့အသံတော့ရှိတယ်။ အဲဒါဘာလဲဆိုရင် “၅(ည) ထောင်ဝင်စာ” လို့ ဆောင့်ကြီးအောင့်ကြီး အော်လိုက်တဲ့အသံပါပဲ။

ရိုးရိုးတန်းတန်း “၅(ည) ထောင်ဝင်စာ” ၊ ဒီလိုအော်လို့ မရဘူးထင်တယ်။ သြဇာသံ၊ မာလာကာ သံလေးနဲ့ “၅(ည) ထောင်ဝင်စာ” လို့ အော်လိုက်ရမှ အဆင်ပြေသလားတော့ မသိဘူး။ ဘာစကားလုံး ဖြစ် ဖြစ် ဆောင့်ဆောင့်အော်တာပါပဲ။

ကဲ-ထားပါတော့၊ အဲဒီ “၅(ည) ထောင်ဝင်စာ” ဆိုရင်“အဆောင်ကလား”၊ “တိုက်ကလား” ဆိုတာ ဆက်ပြီး နားစွင့်ရပြန်ရော။ ကိုယ်ထောင်ဝင်စာနေ့ မဟုတ်ပေမယ့် သူများ ထောင်ဝင်စာ ဆိုရင် လည်း စိတ်ဝင်စားတာပဲ။

ဘာလို့လဲဆိုရင်တော့ ကျွန်မတို့တိုက်က ဘယ်သူ့ထောင်ဝင်စာနေ့ပဲ ဖြစ် ဖြစ် ပြန်လာရင် တစ်ခန်းနဲ့တစ်ခန်း ခိုးပေးကြတာလေ။ အထုတ်ကြီးကြီး၊ အထုတ်သေးသေး၊ နည်းနည်း ပါရင်လည်း နည်းနည်း ၊ များများ ပါရင်လည်း များများ ၊ မျှပြီး တစ်ယောက် ကို တစ်ယောက် ခွဲဝေကျွေးကြတာ။ ဘယ်တော့မှ တစ်ယောက် ထဲမျိုမကျပါဘူး။

အားလုံးကို ၇ ပေခွဲ ၉ ပေ အခန်းထဲ ထည့်ပိတ်ထားပြီးအပြင်ကသော့ ခတ်ထားတာ။ စပြီးထောင်ထဲရောက်ကတည်းက ပိတ်လိုက်တဲ့အပိတ်။ လွတ်တော့မှ သော့ ဖွင့်ပေးပြီး ထွက်ရတော့တယ်။ ထောင်ကျခါစကနေ မနက်တစ်နာရီ၊ ညနေတစ်နာရီ “ရေချိုး၊ လမ်းလျောက်” ချိန် ရလိုက်သေးတယ်။

နောက်ပိုင်းတော့ အမိန့်မျိုးစုံထုတ်၊ ကျပ်တည်းသထက်ကျပ်တည်းလာပြီး ၅(ည) တွေ ကလည်း တဖြည်းဖြည်းနဲ့ အားပေးတာများ လာတော့ တစ်ခန်းကို ၁၅ မိနစ် ဖြစ်ရော၊ နည်းနည်း စီ လျော့သွားတာ မဟုတ်ဘူးနော်။ နာရီဝက်၊ ၁၅ မိနစ် ဖြစ်သွားတာ။

ရေ ကတော့ တစ်နေ့ကို မနက် ဖြစ် ဖြစ်၊ ညနေ ဖြစ် ဖြစ် တစ်ခါပဲချိုးရတယ်။“အိုက်လို့ နှစ် ခါချိုးမယ်”၊ ဒါမျိုးလုံးဝမရဘူး။ မနက်ချိုးရင် ညနေမချိုးရဘူး။ညနေချိုးရင် မနက်မချိုးရဘူး။ အလွန်ကို တိကျတာ။ စဥ့်အိုးတစ်အိုးပဲ။ အဲဒီ စဥ့်အိုးက ခပ်ရွယ်ရွယ်ပဲ။

အဲဒီ ၁၅ မိနစ်မှာ ဒုက္ခတွေ့ြ ကတော့တာပဲ။ အမှန်က ထောင်ထဲမရောက်ခင် စအဖမ်းခံရပြီးကတည်းက ဒုက္ခနဲ့တွေ့ တာ။ ကျွန်မတို့ထွက်ရတဲ့ အချိန်ပေါက်စလေးမှာ အကုန်လုံးပြီးစီး အောင် တရတွန်း ထိုးလုပ်ရတော့တာပဲ။ကိုယ်ကအချိန်မီမပြီးရင် နောက်အခန်းကလူတွေ နစ်နာမယ်လေ။ တစ်ခန်းဝင်မှ တစ်ခန်းကိုထုတ်တာ။

ကိုယ်တွေ က လူငယ်တွေ မို့လို့ သွက်သွက်လုပ်နိုင်ပေမယ့် သက်ကြီးပိုင်းတွေ ဖြစ်တဲ့ ဒေါ်စန်းစန်း(ဆိပ်ကမ်း)၊ ဒေါ်စမ်းစမ်နွဲ့(သာယာဝတီ)၊ ဒေါ်ငယ်မမသန်း( ဒေါ်အောင်ဆန်းစုကြည်၏ ညီမ၀မ်းကွဲ)။ သူတို့ဆိုရင် အင်မတန်ဒုက္ခရောက်တယ်။ သိပ်လည်းကျန်းမာကြတာမဟုတ်ဘူး။ ကျွန်မဆိုရင်ထောင်ကသာ လွတ်လာရော။ တိုက်အနောက်ဘက် ရေချိုးတဲ့နေရာ ကွက်လပ်ကိုဆင်းတဲ့ လှေကားထစ်လေးရှိတယ်။တစ်ခါမှ မနင်းမိဘူး။ “၀ုန်း”ခနဲ ခုန်ချ၊ ခုန်တက်ပဲ။

ကိုယ့်အလှည့်မရောက်ခင်ကတည်းက သောက်ရေအိုးထဲက ရေနဲ့ ပလတ်စတစ်ဇလုံထဲမှာ လျှော်မယ့်အ၀တ်ကို ဆပ်ပြာနဲ့ပွတ်ပြီး နှပ်ထားတာ။ သောက်ရေအိုးဆိုတာက ထောင်ကျ တစ်ယောက် ကို အပ်နှင်းထားတဲ့ ထောင်အဆောင်အယောင်ထဲက တစ်ခုပေါ့။ ပုံစံအင်္ကျီ (အဲဒီ တုန်းက အဖြူ)၊ ပုံစံ ထဘီ (လုံချည်လို့ မခေါ်ဘူးနော်) ထဘီက ၀တ်လိုက်ရင် ဒူးအောက် လက်သုံးလုံး။ အက်ႌရင္ဖံုးအျဖဴ က ရင္ဖံုးကို သက္သက္ဆက္ထားတာ။ ဟိုတုန်းက အဘွားကြီးတွေ ၀တ်တဲ့ ရင်ချုပ်ရိုးနဲ့ ပုံမျိုး။ ဒါပေမဲ့ ရင်ဖုံးဆက်ထားတဲ့ အစနဲ့ အင်္ကျီကိုယ်က အစနဲ့ တူချင်မှတူမယ်။

ချုပ်ရိုးက ဆက်ထားတာ ရှုံ့တွနေပြီး ကြယ်သီးက ပလတ်စတစ်အနက်ရောင် ပါ။ ကြယ်သီးနဲ့ ကြယ်သီးကွင်းက လွဲနေသေးတယ်။ ၀မ်းဆက်များ ၀တ်ထားလိုက်ရင် ဘယ်လို ပန်တျာမလာမှန်း မသိ ဘူး။ ကံကောင်းချင်တော့ ကျွန်မနဲ့ တစ်ထည်မှ မတော် ဘူး။ စေ့လို့ကို မရတာ ။ ကျွန်မက အဲဒီ တုန်းက တည်းက ၀တုတ်လေး။ အခုတော့ ၀တုတ်ကြီး ဖြစ် သွားပါပြီ။ ကဲ- ဆက်လိုက်ဦးမယ်။

ပုံစံဖြူ ထဘီ၊ အင်္ကျီရယ်၊ သောက်ရေအိုးရယ်၊ ပုံစံပန်းကန်လို့ခေါ်တဲ့ သံပန်းကန်ပြားကတစ် ချက်၊ စောင်တစ်ထည်၊ ချေးပါ၊ သေးပေါက်ဖို့က အဖုံးမပါတဲ့ ဗြက်ကျယ်ကျယ်၊ ဇောက်နက်နက် စဥ့် အင်တုံက တစ်လုံး။ ကြာတော့လည်း ကိုယ့်အနံ့ကိုယ် ယဉ်သွားသလား မသိပါဘူး။ ထောင်ရောက်ခါ စတုန်းကဆိုရင် အင်တုံဘက်ကို လှည့်ကို မလှည့်ဘူး။ နောက်မှ အကျင့် ဖြစ်သွားတာ။ ဒီနေရာမှာ တစ် ခု စာဖတ်သူများ ကို တောင်းပန်ချင်ပါတယ်။

‘ချေး၊ သေး’ ဒီလိုရေး တာ ခွင့်လွှတ်စေချင်ပါတယ်။ ဘာ ဖြစ်လို့ ဒီလိုရေး ရလဲဆိုတော့ ဒီလိုရေး မှ အဆင်ပြေလို့ပါ။ အထဲမှာ လည်း အဲဒီ လိုပဲ ပြောဆိုလာကြတာကိုး။ နောက်ပိုင်းကျတော့ ICRC နိုင်ငံတ ကာ ကြက်ခြေနီအသင်းက လာမှာ ဖြစ်တဲ့အတွက် ဘိုထိုင်မကျ၊ မြန်မာမကျ သစ်သားခုံကိုအလယ်က အပေါက်ဝိုင်းကြီး ဖောက်ထားပြီး အောက်အဆင့်မှာ ပလတ်စတစ်ဇလုံအမည်းကြီးကို အဖုံးနဲ့နော်၊ ထည့်ပေးထားတဲ့ဟာ။ တစ်ခန်း တစ်လုံးပေးပြီး အင်တုံတွေ ပြန်သိမ်းသွားတယ်။

အဲဒီ တုန်းက ငယ်မွေးခြံပေါက် အင်တုံကို နှမြောသလိုတောင် ဖြစ်မိသေးတယ်။ ဘာပဲပြောပြော အင်တုံဇလုံကြီးနဲ့စာရင် ဒီအင်ဂလိုဘားမား ချေးယိုအိမ်သာကြီးက အများ ကြီး အဆင်ပြေပါတယ်။ ကျွန်မတို့က အဲဒီ ဟာကြီးကို အင်ဂလိုဘားမားချေးယိုအိမ်သာလို့ တင်စား ခေါ်ဝေါ် ကြပါတယ်။ ပိုပြီး အဆင်ပြေသွားတာတော့ အမှန်ပဲ။

အရင် အင်တုံကြီးနဲ့တုန်းကဆိုရင် ပြောကို မပြောချင်ပါဘူး။ အမျိုးသမီး တစ်ယောက် အနေနဲ့ ဒီ အကြောင်းကို ရေး ပြရတာ အလွန် ရိုင်းစိုင်းပြီး ရှက်ဖွယ်ရာကောင်းတယ်လို့ မြင်ပါတယ်။ ဒါပေမဲ့လည်း ဒီလိုပဲ ရေး ပြမှကျွန်တို့ တိုက်ထဲမှာ နေ့စဉ်နဲ့အမျှ ဘယ်လို နေထိုင်ရတယ် ဆိုတာကို စာဖတ်သူများ သိရမှာ မို့လို့ပါ။ စာဖတ်သူများ ကို မလေးစားလို့ မဟုတ်ပါ။

အင်တုံ့ရဲ့ပုံ ဇောက်တိမ်တိမ်၊ အ၀ိုင်း ဗြက်ကျယ်ကျယ် ။ စရောက်ခါစ အဲ့ဒါကြီးကိုကြည့်ပြီး ဘယ့်နှယ့်လုပ်ရမှန်းကို မသိဘူး။ အချုပ်တိုက်ကို ရောက်ရောက်ခြင်း အ၀တ်တထည်၊ ကိုယ်တခုနဲ့ ဘာမှလည်းမပါဘူး။ ဒါကြီးကဘာလဲလို့ ၀န်ထမ်းအမျိုးသမီးကိုမေးကြည့်တော့ အဲ့ဒီကိစ္စ ဖြေရှင်းတာဆိုတော့ စိတ်ကိုညစ်သွားတာပဲ။

အဲ့ဒီအင်တုံကြီးကိုပဲ ထောင်ကျသွားလို့ ‘ မ-ကျ / တိုက်’ ကိုပြောင်းရတော့ ယူသွား ရတယ်လေ။ တော် သေးတယ်။ အချုပ်သူ အမျိုးသမီးအချို့ကို ထောင်မှူးမက `မ-ကျ/ တိုက်’ ကို ရေအိုး၊ အင်တုံနဲ့ ကွပ်ပျစ်ကို သယ်ခိုင်းပြီး ကျွန်မက လက်ချည်းသက်သက် ‘မ - ကျ/ တိုက်’ ကို လာရ တာ။

ကွပ်ပျစ်တိုက်ပွဲ

ဒီနေရာမှာ ကံကောင်းတာလေးတစ်ခုကို ပြောရဦမယ်။ အချုပ်တိုက်ကို ရောက်သွားကတည်းက ရောဂါ တွေ နဲ့ဆိုတော့ ကျွန်မက ကွပ်ပျစ်ရတယ်။ ကွပ်ပျစ်ဆိုလို့ အပြင်က လူ့ ပြည်မှာ လို ခြေထောက်လေးချောင်းမှာ ပေါင်ခွေပြီး အခင်းလေးနဲ့၊ ဒီလို မဟုတ်ဘူး။ ကြမ်းပြင်ကနေ အ မြင့်က ၆ လက်မလောက် မရှိတရှိပဲ။ လက်ငါးလုံးလောက် အကျယ်ရှိတဲ့ ပျဉ်ပြား ၅ ချပ်ကို စီရိုက်ထား တာ။ သွေးတွေ မတရား လှိမ့်တက်နေတာပဲ ကျေးဇူးတင်ရမလိုပဲ။

သမံတလင်းနဲ့ ရွဲ့စောင်းပြီး ချည့်သွားမယ့် အလားအလာတွေ ရှိနေတယ်လို့ ထောင်က ဆရာဝန်က လာကြည့်ပြီး ကွပ်ပျစ်လိုအပ်ကြောင်း ဆေးစာ ရေး လိုက်တဲ့အတွက် အများ နဲ့မတူ တစ်မူထူးခြားစွာ ထောင်ထဲရောက်ပြီး မကြာခင် အချုပ်ဘ၀နဲ့ ကွပ်ပျစ်ရတာ ။ ဒါတောင် နှစ် ပတ်တစ်ခါ ဆရာဝန်က ကွပ်ပျစ် ဆက်ပေးဖို့လို၊ မလို လာပြီး ဆေးစစ်ပေးရသေးတယ်။ နောက်တော့လည်း ရှုပ်လို့ လား မသိဘူး။ မစစ်တော့ဘူး။

“အပိုင်ရသွားပြီကွ”

တကယ်တော့ အဲဒီ ထောင်ဆရာဝန်က တကယ့်စေတနာ အစစ်အမှန်နဲ့လုပ်တာ။ သူတို့မှာ ၅ (ည) အတွက် ပြောရတာ အင်မတန် အန္တရာယ်များ ပါတယ်။ လိုင်းတွေ ဘာတွေ လည်း ၀င်ထားတာ မဟုတ်ပါဘူး။ အချုပ်ထောင်က ထောင်မှူးနဲ့ အတိုက်အခံလုပ်ပြီးကို ပြောတာ။ နောက်ပြီး ကျွန်မကိုယ် တိုင်က ညာဘက်တစ်ခြမ်းလုံး မလှုပ်နိုင်လို့ ၀ှီးချဲနဲ့ နေလာခဲ့ရဖူးတဲ့သူပါ။ (ဦးနှောက်ထဲက သွေးကြောသေးသေးလေး တစ်ချောင်း ပိတ်သွားလို့။ )

အချုပ်ထောင်မှူးမကစသ ၅(ည) ကလည်း ဖြစ်ပြန်၊ ရောက်ခါစ ဘယ်အချုပ်သားကိုမှ ကွပ်ပျစ်မပေးနိုင်ဘူးလို့ ငြင်းတယ်။ ထုံးစံမရှိဘူးလို့ကို ပြောတယ်။ ဒါပေမဲ့ ထောင်ဆရာဝန်က ‘ကျုပ်က လိုအပ်လို့ ပေးခိုင်းတာ။ ပေးတာ၊ မပေးတာ ခင်ဗျားကိစ္စ။ ဒီကလေးမလေး တစ်ခုခု ဖြစ်သွားရင် ခင်ဗျား တာဝန်ပဲ’ လို့ ပြောလို့ ထောင်မှူးမက ထောင်ပိုင်ကြီးကို တင်ပြပြီး (အမှန်တော့ ထောက်လှမ်းရေး အဆင့်ဆင့်လည်း ပါပါလိမ့်မယ်) နောက်တော့ ‘ ကွပ်ပျစ်ရစေ’ ဆိုလို့ဗျို့။ အလွန်တရာ အဖိုးတန်လှသော ကွပ်ပျစ်ကြီးပါ။

ဘာမှု နဲ့ပဲ ဖြစ် ဖြစ် ထောင်ထဲကို ရောက်သွားပြီဆိုရင် ဘ၀ ၂ ခု ရှိတယ်။ အဲဒါ အချုပ်ဘ၀နဲ့ အကျဘ၀ဆိုပြီး ခေါ်တယ်။ စကားပြောကြရင် အချုပ်တုန်းက ဘယ်လို၊ အကျရောက်တော့ ဘယ်လို။ ဒီလိုပဲ ပြောကြတာ။ ဘယ်လို ဖြစ်တယ် မသိဘူး။ တစ်သက်လုံး ထေင်ထဲမှာ မွေးပြီး ထောင်ထဲမှာ ပဲ ကြီး လာကြသလိုပဲ။ အကုန် ဒီအတိုင်းချည်းပဲ။

ဘယ်လောက်တောင် စိတ်ဖိစီးမှု များ တဲ့နေရာလဲဆိုရင် အိပ်မက်တွေ မက်တယ်။ ထောင်ကနေ အိမ်ကို ခဏ ပြန်ရတယ်တဲ့။ အိပ်မက်ထဲမှာ မေမေ့ကို ပြောတယ်။ ‘မေမေ ထောင်ပိတ်ခါနီး နေပြီ၊ သမီး ပြန်မှ ဖြစ်မယ်။ ’ အဲဒီ လိုတောင် အိပ်မက်ထဲမှာ ထောင်က မလွတ်သေးဘူးဆိုတာ သိနေတယ်။ အခု ခပ်ပေါ့ပေါ့လေးရေး ပြလှို့ ခပ်ပေါ့ပေါ့လေး မဟုတ်ပါဘူး။ ၂၄ နာရီလုံး တိုက်ပိတ်ခံနေရတဲ့သူတွေ အဖို့မှာ တော့ တစ်ရက်တည်း၊ နှစ် ရက်တည်းလည်း မဟုတ်ပါဘူး။ နှစ် ရှည်လများ ပိတ်ခံရတာ ပါ။ စာဖတ်တဲသူတွေ အားနာလို့၊ ရဲရဲတောက်တွေ ၊ စွေးစွေးနီတွေ ရေး မပြချင်လို့ပါ။ ဘာပဲပြောပြော ဒီခေတ်ကြီးထဲ့မှာ ရဲရဲတောက်တွေ ကြားရလွန်းလို့ နားများ လျှံနေကြရောပေါ့ ။

အိုးခွဲဘုရင်မ

ကျွန်မက ရေအိုး ၂ လုံး တောင် ရထားတာနော်။ ကြွားရအုံးမယ်။ သူများ တွေ ဆို တစ်ခန်းကိုတစ်အိုးပဲ ။ နှစ် ယောက် လည်း တစ်အိုး၊ တစ်ယောက် လည်းတစ်အိုးပဲ ။ ကျွန်မက ဘာလို့ နှစ် အိုး ဖြစ်ရလဲဆိုရင် ခဏ ခဏ ၀မ်းလျှောတာ။ လျှောလိုက်ရင်လည်း အကြိမ် ၃၀-၄၀။ ကြောက်စရာကောင်းလောက်အောင်ကို သွားတာ။ ဓီကြားထဲ အင်တုံက ခဏ ခဏ ကွဲသေးတယ်။ အစ်မကြီး ဒေါ်ခင်မမအေးမာက ဆိုရင် ခဏ ခဏ စတယ်။ ‘ ဟေ့ ချီးအိုးကွဲကြီး’ လို့ ။

ခရမ်းချဉ်သီးရောင် လောက်ပဲ လင်းတဲ့ နီကြင်ကြင်မီးသီးကလည်း ခဏ ခဏ ကျွမ်းတယ်။ ထောင်မှူးမက ပြောတယ်။

‘ ချိုနွယ်ဦးတော့ ထောင်ကျတာတန်အောင်လို့ မိလ္လာအိုး ကလည်း ခဏ ခဏ ကွဲသေးတယ်။ မီးလုံးကလည်း ခဏ ခဏ ကျွမ်းသေးတယ်’ လို့ပြောတယ်။

ထောင်ကျဖော် တိုက်ထဲက သူငယ်ချင်းတွေ ကတော့ ‘ ချိုနွယ့် ရာဇအင်တုံတာ် ကွဲပြန်ပြီ’ နောက်ပြောင်ကြတယ်။

ကျွန်မတို့တစ်တွေ အားလုံး ညီအဟ်မတွေ လိုပါပဲ။ တစ်မီစီကနေ ပေါက်ဖွားလာခဲ့ကြပေမယ့် အဒီထဲတွေ မှာ တော့ တစ်အုထုံဆင်းညီအစ်မအရင်းတွေ ပေါ့။ တစ်ယောက် ကို တစ်ယောက် အကျဉ်းအကျပ်တွေ ထဲမှာ တက်နိုင်သလောက်စောင့်ရှောက်ပြီး ကြံ့ကြံ့ခံနေလာခဲ့ကြတာ။

ထောင်မှူးမအလစ်မှာ သီချင်းဆိုကြ၊ လမ်းလျှောက်ထွက်ချိန်မှာ အမျိုးသားထောင်ဘက် စိုက်ခင်းတွေ က အသီးအရွက်တွေ ကို သူတို့အမျိုးသမီးဝန်ထမ်းတွေ အတွက် ဝေယူဖို့ တိုက်ရှေ့မှာ လာပုံရင် အလစ်မှာ ခိုးပြီး ထဘီထဲထည့်၊ အခန်းထဲရောက်မှ ရေဆေး၊ အစိမ်းသုတ်စားလို့ရရင် သုပ်၊ မရတဲ့အရွက်ဆိုရင် နှင်းနှင်းမွှေးက ချဉ်ဖက်စိမ်ပေးတယ်။ ချဉ်ဖက် ဖြစ်မှ ပြန်ပြီး သုပ်စား။ မကြီး ပြုံးပြုံးအေးက အသုပ်မှာ ၀ိဇ္ဇာ။

တစ်ခါတစ်လေ ကျောက်ခေတ်ကိုရောက်နေသလိုပဲ။ လူ့ပြည်မှာ (အဲဒါပြင်ပလောကကို ပြောတာ) ဘာတွေ ဖြစ်လို့ ဖြစ်နေမှန်း သေသေချာချာမသိရဘူး။ အမျိုးသမီးဝန်ထမ်းတွေ က များ သော အားဖြင့် ဘာကိုမှ စိတ်မ၀င်စားဘူး။ တိုင်းပြည်ဘာတွေ ဖြစ်နေနေ သူတို့နဲ့ လုံးဝမသက်ဆိုင်၊ ကျွန်မတို့ကိုပြန်ပြောပြဖို့ဆိုတာ ဝေလာဝေး၊ ပြန်မပြောရဘူးလို့ အမိန့်ထုတ်ထားတာကို လိုက်နာတာမဟုတ်ဘူး။ သိကိုမသိတာ။

စိတ်နေစိတ်ထားကောင်းမွန်ပြီး၊ ကိုယ်ချင်းစာတရားရှိုပြီး နိုင်ငံရေး ကိုသိတဲ့ ၀န်ထမ်းအမျိုးသမီး က လက်တစ်ချောင်းအပြင် နှစ် ချောင်းရေကြည့်လို့မရှိဘူး။ သူကတိုက်မကျရင် ဘာမှမသိဘူး။ သူ့ဂျူတီရောက်ဖို့ကလည်း အကြာကြီးစောင့်ရတာ ။ ဒီတော့ထောင်ဝင်စာမှာ အရိပ်အခြေည်ကြည့်ပြီး အလစ်ချောင်းသိုင်းနဲ့ပြောမှ၊ ဒီတော့ထောင်ဝင်စာပဲမျှော်။

ဒါတောင် English လိုတောင်မပြောရဘူး။ မြန်မာလိုပဲပြောရတယ်။ ၅(ည)တွေ ထိုင်မယ့်နေရာ မှာ အသံဖမ်းစက်ကလည်း တပ်ထားသေး။ မလွတ်လပ်လိုက်တဲ့ဘ၀မှာ လေတောင်လွတ်လွတ်လပ်လပ် မရှုနိုင်ဘူး။

ဒါပေမယ့် အားလုံးက ထောင်ကျနေလို့ဆိုပြီး ပူဆွေးသော ကရောက်ပြီးမှိုင်နေဖို့ဆိုတာ တစ်ယောက် မှ မရှိဘူး။ ကျွန်မတို့တစ်တွေ တက်နိုင်သလောက် ဘုရား၊ တရားနဲ့နေကြ၊ ဖတ်ဖူးတဲ့ စာအုပ်အကြောင်းတွေ ပြန်ပြောကြ၊ ဘယ်သီချင်းလေး ဆိုပြပါဦး၊ ဘယ် တစ်ယောက် က ဘာသီချင်းကို ပိုင်တာ။

ဒီတော့ ဘယ်သူကဘယ်သီချင်းကိုဆို။ ဒါမျိုးလေးတွေ ကိုလည်း ထောင်မှူးမ ညဂျူတီမကျတဲ့နေ့မျိုးတွေ မှာ ကျင်းပကြတာပေါ့။ တစ်ယောက် ကို တစ်ယောက် မမြင်ရတော့လည်း မရှက်ပါဘူး ။ တစ်ခါတစ်လေ သီချင်းဆိုကောင်းတဲ့ ၀န်ထမ်းမလေးတွေ ရှိရင် မုန့်ကျွေးပြီး ဆိုခိုင်းသေးတာ။ကျွန်မတို့ မ-ကျ/တိုက်က နိုင်ငံရေး အကျဉ်းသူတွေ လေ။

နဂိုကတည်းက မဟုတ်မမှန်တာလုပ်ပြီး ထောင်ထဲဝင်လာကြတာမဟုတ်ဘူး။ အားလုံးရဲ့ စိတ်ထဲမှာ ငါတို့တစ်တွေ ဟာ ကိုယ့်ယုံကြည်ချက်ကြောင့် မမှန်တာကို မမှန်ဘူး။ မတရားတာကို မတရားလို့ ၊ ဒီလိုတိုက်ပွဲဝင်လာကြလို့ ဒီိလိုထောင်ကျနေတာဆိုတဲ့ အသိတရားတွေ ကြောင့် ဘယ်လောက်ပဲ ဒုက္ခရောက်နေနေ ဒါတွေ ကို သတ္တိရှိရှိ ရင်ဆိုင်သွားနိုင်တာပဲ။

(ပြောရင်းဆိုရင်း ဘရိတ်ပေါက်ပြီး ရဲရဲတောက်စကားလုံးတွေ သုံးမိတော့မယ်။ အမြန်ဘရိတ် အုပ်မှပါပဲ)

ကြုံတုန်းပြောရဦးမယ်။ထောင်ဆိုတာ လူဆိုးလူမိုက်တွေ ကို ထားတာလို့ပြောကြတယ်။ ဟိုးအရင် ထောင်ထဲမရောက်ဖူးခင်က ထင်ထားတာ။ တကယ်တော့ထောင်ထဲကထက် ဆိုးတဲ့လူတွေ ထောင့်အပြင်မှာ တစ်ပုံတစ်ပင်။ ဟိုးတုန်းက လူရွှင်တော် ကြီး ဦးရွှေငါး ပြောသလို ‘မိ’ သွားတဲ့လူမှာ အပြစ်ရှိတယ်ဆိုတာ သွားသတိရမိတယ်။ ထောင်ကအုပ်ချုပ်သူ တစ်ယောက် ဆိုရင် အဲဒီ လူဆိုးတို့၊ လူမိုက်တို့ထက်တောင်ယုတ်သေးတယ်။

ရောက်ဖူးသူတွေ သိပါတယ်။ တချို့ရုပ်ရှင်တွေ ၊ ၀တ္ထုတွေ ထဲမှာ ဆိုရင် ထောင်ကလွတ်လာတဲ့ ဇာတ်လိုက်တွေ ဘာတွေ က လိမ္မာသွားပြီး လူကောင်းသူကောင်းတွေ ဖြစ်ပြီး ကြိုးစားလိုက်တာ။ ကြီးပွားပြီး ဘာတွေ ညာတွေ တောင် ဖြစ်သွားတယ်ဆိုတာ မျိုးတွေ ရေး ကြ၊ ရိုက်ပြကြတာ။ မယုံနဲ့။ လုံးဝမယုံလိုက်နဲ့။ အဲဒါအလကား။ ထောင်ဆိုတာ ဘာမှန်းညာမှန်း မသိတဲ့လူတွေ ရေး ကြတာ။ ရိုက်ကြတာ။

တကယ့်တကယ်တမ်း ခိုးမှု ၊ ခါးပိုက်နှိုက်မှု ၊ လုယက်မှု ၊ ရိုက်မှု ၊ ဆေးမှု ၊ ဆေး(ရောင်း/၀ယ်)မှု ၊ ဓားပြမှု ၊ လူသတ်မှု အစသဖြင့် ထောင်ကျသွားပြီး ပြစ်ဒဏ်ခံရပြီး လူကောင်းသူမွန် လူလိမ္မာ ဖြစ်ဖို့ဆိုတာ တကယ်မလွယ်ပါဘူး။ ဒီအထဲမှာ ရှင်သန်နေကြတာ ဆိုးစား၊ မိုက်စား၊ ဗိုလ်ကျစား ဒီလိုနေကြတာ။

ထောင်ထဲမှာ လည်း အသက်မွေးမှု ဆိုတာ ရှိတယ်နော်။ ၀န်ထမ်းနဲ့ပေါင်း၊ ထောင်ကျသစ်တွေ ဆီက ဗိုလ်ကျယူ၊ မိုက်ကြေးခွဲစား။ ကြာတော့တော် ရုံသဖြင့် ပါချည်ပါချဲ့ သူခိုးလေး၊ ကြမ်းပိုးလေးလဲ တန်းစီးနဲ့ပေါင်းထားမှ၊ဗာရာနဲ့ပေါင်းထားမှ၊ ငါ့ကိုဗိုလ်မကျအောင် ငါကအရင်ဗိုလ်ကျထားမှ။ ဒီလိုတွေ ဖြစ်လာတယ်။ အဲဒီ အတွက် သူတို့ကို ဘယ်သူကမှ အရေး မယူဘူး။ တကယ့် လူမိုက်ကမ္ဘာ။

၅(ည)ဟာ ၅(ည)ပါပဲ

ကျွန်မတို့ အမျိုးသမီး၊ အမျိုးသား ၅(ည)များ မပါ။ ဒီလိုထောင်ထဲက မတရားမှု ၊ ရက်စက်မှု ၊ ယုတ်မာမှု တွေ ကို မျက်ဝါးထင်ထင်မြင်ရလေလေ ကိုယ့်ရဲ့ ယုံကြည်ချက်ကို ပိုမိုခိုင်မာလာလေလေ၊ ပိုပြီးပြင်းထန်လာလေလေ။ မဟုတ်တာလုပ်ရမှာ ကို ပိုရှက်လာလေလေ ဖြစ်တော့တာပဲ။

ဒီနေရာမှာ ၅(ည) လို့ ရေး မိတာ ခွင့်လွှတ်ပါ။ နိုင်ငံရေး နဲ့ စပ်လျဉ်းပြီး ထောင်ကျခံရတဲ့သူတွေ အားလုံးကို ၅(ည)လို့ ခပ်လွယ်လွယ်ခေါ်ကြတာကိုး။ နှုတ်ကလည်းကျိုး ၊ နားကလည်းယဉ်။

အမှန်တော့ ယုံကြည်ချက်ကြောင့် နိုင်ငံရေး လုပ်လို့ ဖမ်းဖီးအမျိုးမျိုး၊ ခေါင်းစဉ်အမျိုးမျိုးတပ်ပြီး ထားပေမယ့် နိုင်ငံရေး မကျဉ်းသားဟာ နိုင်ငံရေး အကျဉ်းသားပါပဲ။ ယခုလည်း ထောင်အသီးသီးမှာ ကျန်ရှိနေဆဲပါပဲ။ ‘မည် သို့ ပင်ဆိုစေကာမူ ဤပုဂ္ဂိုလ်များ အားလုံးကို အစဉ်ထာဝရ လေးစားလျက်ပါပဲ။’

ရေး ရင်းနဲ့ ပြန်ကောက်လိုက်ဦးမှ။ ကျွန်မတို့တိုက်က (၁၀) ခန်းရှိပါတယ်။ ၀င်၊ထွက်ပေါက်လွှဲ ထားတဲ့ မျက်နှာချင်းဆိုင်အခန်း (၅) ခန်းစီရှိပါတယ်။ အလယ်မှာ စင်္ကြန်လမ်းခြားထားပါတယ်။ ဒီတော့ အားလုံး (၁၀) ခန်းပေါ့။ အားပေးတာထားတာ တစ်ခန်းမှ မလွတ်ဘူး။ House Full ပါပဲ။

တိုက်ခန်းရဲ့ အကျယ်က ၇ ပေခွဲx၉ ပေရှိပါတယ်။ ၀င်၊ ထွက်ပေါက်သစ်သားတစ်ခါးမှာ တစ်တောင်လောက်ရှိပြီး သံစခါနှစ် ထပ်ထပ်ထားတဲ့အပေါက်ရှိတယ်။ အဲဒီ သံဆန်ခါပေါက်ကို အပြင်ကပဲဖွင့်၊ ပိတ်လုပ်လို့ရတဲ့ သုံးထပ်သားနဲ့ တံခါးသေးသေးလေး တပ်ထားပါတယ်။ အဲဒီ အပေါက်ကနေ ထောင်ပိုင်တို့၊ ညွှန်မှူးတို့၊ ထောက်လှမ်းရေး တို့၊ ၀န်ထမ်းတို့က ကျွန်မတို့ကို ကြည့်ပါတယ်။ အဲဒီ ၀င်၊ ထွက်ပေါက်တံခါးကို အမြဲတမ်းသော့ ခ်ခတ်ထားပါတယ်။

ဒါကြောင့် တစ်ခါ Facebook မှာ သော့ တွေ အများ ကြီးကို ဓာတ်ပုံရိုက်ထားတဲ့ပုံကို တွေ့ တော့ မနေနိုင်တာနဲ့ ‘သော့ တွေ ကို မုန်းတယ်’ လို့ Comment လုပ်လိုက်မိတယ်။ အဲဒါကို အစ်ကို တစ်ယောက် က ‘အဲဒါ မင်းထင်ကိုကိုကြီး ကဗျာ မဟုတ်လား’ လို့ ရေး ပါတယ်။

ဆရာကသော့ တွေ ဘာကြောင့် မုန်သလဲတော့မသိဘူး။ ကျွန်မတို့က သော့ ခတ်ခံရလွန်းလို့ သော့ တွေ ကို သိပ်မုန်းတာပဲ။ တစ်ရက်တစ်လေလဲ မဟုတ်ဘူး။ နှစ် ပေါင်းများ စွာ ။

ဒါနဲ့ဆက်လိုက်ဦးမယ်။ အဲဒီ အ၀င်၊ ထွက်ပေါက်တခါးမှာ မိလ္လာအင်တုံအိုးကို ကပ်ပြီးချထားတာ။ လူနေတဲ့နေရာနဲ့ ဝေးနိုင်သမျှဝေးအောင်၊ အဲဒီ မှာ ထွက်ချင်ဇောနဲ့ ခလုတ်တိုက်မိပြီး ခဏခဏ အင်တုံကွဲတာ၊ တော် သေးတယ်၊ ကွဲတိုင်းအထဲမှာ ဘာမှ မရှိလို့ ။

ခေါင်းရင်းမှာ ပြတင်းပေါက် တစ်ပေါက်ရှိတယ်။ သာမန်ပြတင်းပေါက်ရဲ့ အကျယ်အတိုင်းပဲ။ အပြင်ဘက် မှန်တခါးနှစ် ချပ် တပ်ထားတယ်။ ပြတင်းပေါက်ကို သံတိုင်တစ်ထပ် ၊ သံဆန်ကာတစ်ချပ်ကာထားတယ်။ အဲဒီ သံဆန်ခါမှာ တခါးဖွင့်ပိတ်လုပ်နိုင်ဖို့ လက်ထုတ်လို့ရတဲ့ အပေါက်လေးတစ်ပေါက်ရှိတယ်။ အဲဒီ အပေါက်ကို သစ်သားဘောင်ကိပ်ထားတယ်။ ဒီအပေါက်လေးကနေပဲ ပန်းကန်ဆေးတဲ့ရေ၊ မျက်နှာသစ်တဲ့ရေ၊ လက်ဆေးတဲ့ရေ၊ သန့်ရှင်းရေး လုပ်တဲ့ရေကို သွန်တာ။ ကျွန်မခေါင်းရင်းမှာ နှစ် နဲ့ချီပြီး သွန်သွန်ထားလို့ တွင်းတောင် ဖြစ်နေတယ်။ ရေ ကတော့ ခဏလေးနဲ့ခြောက်တာပါ။ အဲဒီ နေရာမှာ သိပ်ပူတယ်။ အပူဒဏ်လည်းလျော့အောင် အဲဒီ မှာ ရေသွန်တာ။ အပြင်ထွက်ပြီး သွန်လို့လဲ ရတာ မဟုတ်ဘူး။ အပြင်က သော့ ခတ်ထားတာ။

တိုက်သန့်ရှင်းရေး ကျတဲ့ အချိန်မတော် လမ်းလျှောက်မှု ၊ ပြည့်တန်ဆာမှု မိန်းကလေးတွေ က သောက်ရေအိုးဖြည့်ပေးရတာ ။ သူတို့အကြောင်းလဲ ပြောရဦးမယ်။ သူတို့က ထောင်ဝင်စာ မရှိရှာဘူး။ ကိုယ့်ထောင်ဝင်စာလာရင် သူတို့အတွက်လည်း တိုက်ကလူတွေ က ခွဲဝေကျွေးကြပါတယ်။ ဒါမှလည်း သူတို့ခမျာ စားစရာရှိရှာတာ။ မဟုတ်လို့ ကတော့ ပုံစံငါးပိနဲ့၊ ပဲရည်ကျဲနဲ့ အသက်ဆက်ရမှာ ။

ကွပ်ပျစ်ရဲ့ ခေါင်းရင်းမှာ သောက်ရေအိုး၊ ပြတင်းပေါက်ပေါင်ပေါ်မှာ ဘုရားပုံကို ညှပ်ထား၊ ခြေရင်းအ၀င်တခါးဝမှာ အိမ်သာအင်တုံ၊ တခါးပေါက်ရဲ့ ဘေး ကွပ်ပျစ်ခြေရင်းမှာ တစ်တောင်လောက်လွတ်နေတဲ့ သမန်တလင်းကြမ်းပေါ်မှာ ဘူးလေးတွေ ၊ ခွက်ကလေးတွေ နဲ့ ထောင်ဝင်စာကရတဲ့ စားစရာလေးတွေ စီထည့်။ နံရံပေါ်က သံချိတ်တွေ မှာ ကျန်ကျောင်း၊ ဒါမှမဟုတ် ပေါင်ချိန်ပုံနဲ့ ကြွပ်ကြွပ်အိတ်ကြီးထဲမှာ ချမ်းသာသမျှနဲ့ မုန့်ပဲ သရေစာလေးတွေ ထည့်ထားရတာ ပေါ့။ ဟင်းစားအခြောက်အခြမ်းတွေ က ခြေရင်းမှာ ဘူးခွက်တွေ နဲ့။

ထောင်ဝင်စာတွေ့ တဲ့နေ့ပြီး နောက်ရက်တွေ ၊ နောက်ရက်တွေ မှာ တဖြည်းဖြည်းမုန့်ထုပ်တွေ လျော့လာတဲ့အခါကျတော့ ပေါင်ချိန်မျက်နှာကြီးက ရှုံတွလာပြီးလေတိုက်လိုက်ရင် ကြောက်ဖို့တောင်ကောင်းသေးတယ်။ ဘယ်ကြည့်ကြည့် သည်သန်ဆန်ခါတစ်ထပ်၊ သံတိုင်တစ်ထပ် ခံနေတာ။ အပေါ့အလေးသွားခြင်ရင် ဖင်လေး ၂ ချက်၊ ၃ ချက်လောက် ရွှေ့လိုက်ရင် သောက်ရေအိုးဆီကိုရောက်ရော။

ထောင်ကလည်းလွတ်ရော အိမ်ပြန်ရောက်တော့ ရေသောက်ဖို့သောက်ရေအိုးဆီကို ရောက်အောင်သွားရတာ ။ အိမ်သာဆီရောက်အောင် သွားရတာ မောနေလို့ပါဆို။ ထမင်းစားဖို့ ထမင်းခန်းကို လမ်းလျှောက်သွားရတာ ‘ပင်ပန်းလိုက်တာနော်’ လို့တောင် ညည်းမိတော့ အိမ်အမိဘတွေ က ၀ိုင်းရယ်ကြတယ်။

ထောင်တွင်းက ဘုရား၊ တရား၊ သံဃာ

ထောင်ထဲမှာ တော့ ထမင်းစားချင်ရင် ကွပ်ပျစ်ပေါ်မှာ ထိုင်။ ဘူးထဲက အခြောက်အခြမ်းတွေ ကို ပလတ်စတစ်ပန်းကန်ထဲကို ထည့်စား။ ပြီးရင် ပလတ်စတစ် ရေဇလုံထဲ လက်ဆေးချ။ အဲဒီ ရေအညစ်ကို ခေါင်းရင်းပေါက်က သွန်ချ။ လူက အစုတ်ပလုတ်တွေ စားပြီး အလှုပ်အရှားမရှိတော့ အသားတိုး ပြိတ္တာများ လားမှတ်ရတယ်။

ထမင်းစားပြီး ဗိုက်ချောင်အောင် အခန်းထဲလျှောက်ရတာ ခေါင်းကို မူးနေတာပဲ။ ၃ လှမ်းလှမ်း၊ ပြန်လှည့် ။ ၃ လှမ်းလှမ်း၊ ပြန်လှည့် ။

‘လှည့်ချင်စိတ်ကြောင့် လှည့်ဟု ဖြစ်လာ ထိုအခါမှတ်ပါ ယောဂီများ ’

အဲဒီ လို မဟုတ်ဘူး။မလှည့်ရင်ဆောင့်မိတော့မှာ ။ မနက်စောစောနဲ့ ညဘက် စပီကာကနေဖွင့်ပေးတဲ့ ဆရာကြီးဦးစောအောင်ရဲ့ တရားခွေထဲမှာ ပါတာ ပြောကြည့်တာ။

ဘုရားရှစ်ခိုးချင်ရင် ခေါင်းရင်းဘက်လေးလှည့်ပြီး ကွပ်ပျစ်ပေါ်မှာ ထိုင်ရှစ်ခိုး။ တရားလေးမှတ်တဲ့ အခါမှတ်၊ ညဘက်ထောင်မှူးမ ဂျူတီမကျတဲ့နေ့ဆိုရင် သီချင်းအော်ဆို ။ ပွဲတောင်းကြသကိုး။

‘ပန်းချစ်သူ’၊ `ကြိုးကြာသံ’၊ ‘ခွန်အားဖြည့်မိငယ်’ စတဲ့ ဦးခင်မောင်တိုးရဲ့ သီချင်းတွေ ကို မိုက်လွတ်ဟဲကြတာ။ သူရဲ့ သီချင်းတွေ ဆိုပြီး ကိုယ့်ကိုယ်ကို ချာဂျာသွင်းကြတာ။ ဦးခင်မောင်တိုး ကွယ်လွန်သွားတဲ့အတွက် အင်မတန်မှ စိတ်ထိခိုက်ရပါတယ်။

မနက်စောစော`တန်း’ မဖွင့်ခင်နဲ့ ညဆိုရင် စပီကာတွေ ကနေ ဆရာတော် ကြီးများ ရဲ့ တရားခွေတွေ ဖွင့်ပေးတယ်။ထောင်စရောက်ပြီး နောက်တစ်နေ့မနက် အချုပ်တိုက်မှာ မနက်စောစော ‘ဘုရားကန်တော့မယ်’ ဆိုတဲ့ ဆွဲဆွဲငင်ငင် သံသေးသံကြောင်ကို ကြားရပြီး လန့်နိုးသွားတာ။ အချုပ်ကျသူတွေ ရဲ့ ဘုရားရှစ်ခိုးသံကြီးကို ကြားရတာ တစ်မျိုးကြီးပဲ။ ဘုရားရှစ်ခိုးသံ ဖြစ်ပြီး ဘယ်လိုမှ နားထဲမှာ နားထောင်လို့ မကောင်းမှန်းမသိပါဘူး။ ထောင်သံနဲ့ ဆိုလို့လားမသိဘူး။ မ-ကျ/တိုက် ရောက်တာ့လည်း အမျိုးသမီးထောင်ကျဆောင်တွေ က ဘုရားရှစ်ခိုးသံ ကလည်း ဒီအတိုင်းပဲ။

ထောင်ရောက်ရောက်ခြင်းက စပီကာတွေ မတပ်ရသေးပါဘူး။ နောက်မှတပ်တာ။ တရားနာချင်နာ၊ မနာချင်ရင်ဖွင့်ပေးထားတာ။ ဘယ်မှလဲ တိုက်ထဲက ရွှေ့လို့သွားလို့ ရတာ မဟုတ်တော့ တရားနာ ဖြစ်သွားတာလေ။ ဒီတစ်ခုကြံဖန်တွေးရင် အမြတ်ပေါ့။ အပြင်မှာ ဆို ဘယ် ဒီလိုတရားတွေ ဘာတွေ နာ ဖြစ်ဦးမှာ လဲ။ ဒီလိုနဲ့ တရားတွေ နာရင်း နောက်တော့ တရားရည်တွေ ဘာတွေ ၀လို့ ဖလိုးကို မိပြီးသားပဲ။

တစ်ခုတော့ရှိတာပေါ့လေ။ ဖွင့်ပေးတဲ့တရားခွေက ကထမပိုင်း၊ ဒုတိယပိုင်းရှိပေမယ့် ဖွင့်ပေးတဲ့သူက မူးနေတဲ့သူလည်း ဖြစ်ချင် ဖြစ်မယ်။ စေတနာမပါပဲ ဖွင့်ပြီးရောလူမျိုးလည်း ပါချင်ပါမယ်။ သူဖွင့်ချင်တဲ့အခွေ သူဖွင့်တာ။ ဒုတိယပိုင်းကလည်း စဖွင့်လည်း နာရတာ ပဲ။

ဘယ်လောက်တောင်များ လဲဆိုရင် ဒုတိယပိုင်းချည်းပဲ လအချို့အောင်ဖွင့်ပေးပြီးမှ ကထမပိုင်းရှာတွေ့ တယ်နဲ့တူပါတယ်။ပထမပိုင်းကို ဖွင့်တော့တာ။

ဟာ- ဘာပြောကောင်းမလဲ၊ အဲဒီ ပထမပိုင်းကို လကျော်လခြားဖွင့်ပြန်ရော။ ဒီကလူတွေ ကလည်း ဥာဏ်တွေ က လွှတ်ကောင်းနေတော့ ဘယ်လောက်ပဲ ပြောင်းပြန်ဇောက်ထိုးပဲဖွင့်ဖွင့်၊ ကိုယ့်ခေါင်းထဲမှာ ပြန်ထည့်လိုက်တာပေါ့။ အလွတ်လည်း ရကုန်ပြီ မဟုတ်လား။ တရားရည်ဝတယ်ဆိုတာ ဒါပြောတာ။

တရားပွဲမှာ လို ဘယ်ဆရာတော် ကြီးက ဘာတရားဟောမယ်ဆိုတာမျိုး မရှိဘဲ။ တချို့ခွေတွေ မှာြ ကတော့ ပါပြန်ရော။ အဲဒီ တော့ အသံကိုမှတ်ပြီး ဒါဘယ်ဆရာတော် ၊ ဒါဘယ်ဆရာတော် ဆိုတာ အလိုလိုသိကြကုန်ရော။ မတော် ဘူးလား။ ဘွဲ့အမည် မသိရပါသော ဆရာတော် ကြီးရဲ့ တစ်ပါးရဲ့ တရားများ ဆိုရင် မနက်စောစောမှာ -

‘ထိုထိုတောခေါင်း၊ ပုန်းခိုအောင်း၊ လွတ်ကြောင်းမရှိပါ’

‘သမုဒ္ဒရာအလယ်၊ ပြဿဒ်တည်၊ လွတ်ဖွယ်မရှိပါ’

အဲဒီ တရားခွေများ ဖွင့်ပေးတဲ့နေ့ဆိုရင် စိတ်ကိုညစ်ရော။ တရားခွေက မနက်တစ်ခါ ၊ ညတစ်ခါဖွင့်သကိုး။

တနင်္ဂနွေဆိုရင် ဆရာတော် ကြီးများ ကို ပင့်ဖိတ်ပြီးတရားဟောခိုင်းသေးတာ။ အကျဉ်းသူတွေ အားလုံး အဆောင်ထဲထည့်ပိတ်၊ တိုက်ထဲကလူတွေ လည်း ရေချိုး၊ လမ်းလျှောက် စောစောထုတ်ပေးပြီး အကုန်ပြန်ထည့် သော့ ခတ်ထား။ ၀န်ထမ်းမတွေ လည်း အဲဒီ အချိန်မှာ မ-ကျ/တိုက်ရှေ့မှာ စုရုံးပြီး စကားတွေ ပြောကြတာ။ ကျွတ်ကျွတ်ဗလဗွတ်ကို ညံလို့။

မ-ကျ/တိုက်က လူတွေ ကလည်း ဆရာတော် ကြီးက စပီကာကလာတဲ့ အသံကြားတစ်ချက်၊ မကြားတစ်ချက်။ တကယ်တော့ ဒီတရားသံတွေ ကို ၀န်ထမ်းမတွေ နာရမှာ ။ ကျွန်မတို့က လိုင်စင်ရလူမျိုးများ လိုပဲ။ အလိမ္မာတိုးပွားအောင် တရားခွေတွေ ဖွင့်ပေး၊ ဆရာတော် တွေ ပင့် တရားဟောခိုင်းပြီး လူလိမ္မာတွေ ဖြစ်အောင်ဆိုပြီး လုပ်နေကြတာ။ ကိုယ့်ကိုယ်ကိုယ်တောင် လူသတ်သမားများ လား ဘာလား အူကြောင်ကြောင်တောင် ဖြစ်မိတယ်။ ‘မရိုမသေ ပြောတာမဟုတ်ပါဘူး။ ဆရာတော် ကြီးများ ခွင့်လွှတ်ပေးတော် မူပါ’

မှတ်မှတ်ရရ ယခုတိုင်အောင် ရိုသေစွာ ကျေးဇူးတင်မိတဲ့ ဆရာတော် တပါးရှိပါတယ်။ ဘွဲ့အမည် ကို ပြောသော်ငြားလည်း သေချာမသဲကွဲခဲ့ပါသော ကြောင့် မသိခဲ့ပါဘူး။ ဒါပေမယ့် လှည်းကူးက ရတနာ့ဗိမ္မန်စာသင်တိုက်က ဆရာတော် လို့သာ မှတ်မိပါတယ်။ အဲဒီ ဆရာတော် ရဲ့ ကျေးဇူးကိုတော့ မမေ့နိုင်ပါဘူး။ အဲဒီ ကျောင်းတိုက်မှာ သီတင်းသုံးတယ်ဆိုတာကို တရားဟောရင်းနဲ့ ထည့်ဟောသွားလို့ မှတ်မိနေတာပါ။

ကျွန်မတို့ ထောင်သူထောင်သားများ ကို တကယ့် မေတ္တာစေတနာအပြည့်နဲ့ သက်ညှာစွာ ပြောဆိုမိန့်ကြားခဲ့တာ မမေ့နိုင်အောင် စိတ်ထဲမှာ ထိခိုက်ရပါတယ်။

ဆရာတော် ကြီးက ကျွန်မတို့ထောင်သူ၊ ထောင်သားတွေ ကို လောကအကျဉ်းထောင်ထဲက သူတို့သူတွေ တဲ့။ တကယ်တော့ အားလုံးဟာ သံသရာအကျဉ်းထောင်ထဲက သံသရာအကျဉ်းသားတွေ ချည်းပါပဲ ဆိုတာကို ဂရုဏာအပြည့်နဲ့ ဟောပေးခဲ့တာ။အခုရေး ရင်းနဲ့တောင် ရင်ထဲမှာ ထိခိုက်မိပါတယ်။

အဲဒီ အချိန်ကာလတုန်းက သီတဂူဆရာတော် ကြီးဟာ ထောင်ကိုလာပြီး မလှူရသေးတဲ့အချိန်ပါ။ ဒါပေမယ့် ဆရာတော် ကြီးရဲ့ တရားကိုတော့ ကျွန်မတို့ မကြာခဏ နာရပါတယ်။ ကျွန်မထောင်ကလွတ်ပြီးမှ ဆရာတော် ကြီးကိုယ်တော် တိုင် ထောင်ကိုကြွလာပြီး တရားဟောတုန်းက ထောင်သူ၊ ထောင်သားတွေ ရဲ့ ငိုသံဟာ အင်မတန်ကြေကွဲဖို့ ကောင်းတယ်ဆိုတဲ့ အကြောင်းကို ကျွန်မနောက်မှလွတ်လာတဲ့ မ-ကျ/တိုက်သူ ညီအစ်မတွေ ပြောပြလို့ သိရပါတယ်။

အခုလည်း လှည်းကူးရတနာ့ဗိမ္မာန်စာသင်တိုက် ဆရာတော် ဟောတဲ့ အထဲကအကြောင်း ဆက်ရရင် ဆရာတော် က လွတ်လာခဲ့ရင် သူ့ကျောင်းကို လာဖို့ ထောင်သူ၊ ထောင်သားတွေ ကို စပီကာ ကနေမိန့်ခဲ့ပါတယ်။ ဒါ့အပြင် စာအုပ်တွေ ထောင်ကို လှူမယ့်အကြောင်းလည်း ပြော သွားပါသေးတယ်။ဒီအထဲမှာ နေရင်း စာဖတ်ချင်တဲ့ စေတနာနဲ့ ပါ။

အင်းစိန်ထောင်အာဏာပိုင်များ ကတော့ ထောင်သူ၊ ထောင်သားများ အလိမ္မာတိုးတက်ကုန်မှာ စိုးပြီး သူတို့ခမျာ အလုပ်မရှိမှာ စိုးလို့လား။ အ.က.စ ဆိုတာ ထောင်သားရှိမှ အလုပ် ဖြစ်တာကိုး။

မိသားစု ဒုက္ခ

အဲဒီ အချိန်က နိုင်ငံရေး အကျဉ်းသားမကလို့ ဘာ ဖြစ် ဖြစ် စာဖတ်ခွင့်မရှိပါဘူး။ စာအုပ်မပြောနဲ့ ။ အိမ်ကထည့်ပေးတဲ့ ရှောက်သီးဆေးပြားထုပ်၊ ဆီးထုပ်၊ မုန့်ထုပ်က တံဆိပ်တောင် ဖြုတ်ပြီးမှပေးတာ။ ဒီလိုကြပ်မတ်တာပါ။ တရားစာအုပ်တောင် ကျွန်မမိဘများ ကတာဝန်တောင် တရားဝင်သွင်းပေးရင် အဆင့်ဆင့်တက်ရပါတယ်။ အဆင့်ဆင့်စစ်ဆေးပြီးမှ ကျွန်မလက်ထဲကို ရောက်တာ။ တစ်လခွဲ၊ နှစ် လကြာပါတယ်။

(ကျွန်မ မိဘများ ကလည်း စာငတ်ခဲ့တဲ့ ကျွန်မကို ဗုဒ္ဓစာပေများ ဖတ်စေချင်တာတော့ ဒါ အကွက်ကောင်းလို့ သဘောထားပြီး အပင်ပန်းခံ ကြိုးစားပြီး ပို့ကြပါတယ်။ အပြင်မှာ တခြားစားတွေ ချည်း နင်းဖတ်ပေမယ့် ဗုဒ္ဓစာပေကျတော့ သဘောလောက်သာ ဖတ်ခဲ့တဲ့ကျွန်မကို အခွင့်သာတုန်း တစ်အုပ်ပဲ ဖတ်ရဖတ်ရ ဆိုတဲ့စိတ်နဲ့ ပို့ကြတာပါ။)

တကယ်တော့ ဒီကျေးဇူးတရားတွေ ကြောင့် လည်း ကျွန်မဟာဗုဒ္ဓဘာသာဝင်တစ် ယောက် ဖြစ်ရတဲ့ တန်ဖိုး၊ အမိကောင်း အဖကောင်းများ ၊ ဆရာကောင်း သမားကောင်းများ ရဲ့ ဂုဏ်ကျေးဇူးကိုပိုပြီး သိနားလည်ခဲ့ရပါတယ်။ မိဘများ ရဲ့ ကျေးဇူးတရား ကြီးမားလှပေစွ။

နိုင်ငံရေး အကျဉ်းသားရှိတဲ့ မိသားစုဟာဆိုရင် တစ်မိသားစုလုံး ထောင်ဒဏ်ကို ခံနေရတာ ပါ။ ဒါ့ကြောင့် ထောင်ထဲကလူ အသက်ရှင်အောင်နေထိုင်ဖို့ဆိုတာ အပြင်မှာ ရှိတဲ့ မိသားစုတွေ ဖြစ်တဲ့ မိဘ၊ သားသမီး၊ ဇနီး၊ ခင်ပွန်းတို့ရဲ့ ကျေးဇူးတွေ ပါပါတယ်။ နှစ် ရှည်လများ ခါးစည်းခံခဲ့ရပြီး သေခဲ့ရတဲ့ အာဇာနည် မိခင်၊ ဖခင်များ ရဲ့ ရင်ကွဲစရာတွေ လည်း ရှိခဲ့ပါတယ်။

တချို့ဆိုရင် ပြင်းထန်လှတဲ့ ရာသီဥတုဒဏ်၊ ခရီးပန်းတဲ့ဒဏ်နဲ့ အိမ်အပြန်လမ်းမှာ တင် အသက်ပျောက်ခဲ့ရတဲ့ အာဇာနညမိခင်လည်း ရှိပါသေးတယ်။ ထောင်ထွက်၊ထောင်ကျ( နိုင်ငံရေး အကျည်းသား)တွေ ချည်းပဲ ဂုဏ်ပြုနေကြလို့ပြောတာပါ။ ဒါကလည်း ဒီခေတ်မှာ မှပါ။ ကျွန်မတို့ လွတ်တုန်းကဆို အခုခေတ်လို အိုးစည်ဗုံမောင်းနဲ့ ပန်းဆက်ပြီး ကြိုဖို့နေနေသာ ခေါ်မယ့်ပြောမယ့်လူတောင် မရှိပါဘူး။ နှုတ်ဆက်မှာ စိုးလို့ မမြင်ခြင်ယောင်ဆောင်တာများ ပါတယ်။

မိဘများ ၀ါဝင်၊ ၀ါထွက် ဆန်အိတ်ပို့ နေတဲ့ သီလရှင်ကျောင်းကတောင် ကျွန်မသီလရှင်ဝတ်ဖို့ ခွင့်တောင်းတာတောင် လက်မခံဘူး။`အခုမှ ငါ့ကြောက်တဲ့လူ တယ်များ ပါကလား’ ဆိုပြီး ဘ၀င်တောင်မြင့်ရမလိုပဲ ။အရပ်ထဲလမ်းသွားရင် ကွက်ကြည့်ကွက်ကြည့်၊ တိုးတိုး တိုးတိုးနဲ့ ဘာပြောမှန်းလဲမသိဘူး။ ဒါလည်း ကြုံလို့ ထည့်ပြောတာပါ။

ဒီလိုနဲ့ ကျွန်မမိဘများ လည်း သားသမီးလုပ်တဲ့လူကို ထောင်ဝင်စာပို့ရတာ မွဲလုမွဲခင်ပါပဲ။ကျွန်မ အိမ်ပြန်ရောက်တဲ့ အချိန်မှာ မိဘများ ဟာ အသက်တွေ ကြီးရင့်ပြီး ကျန်းမာရေး ၊ စီးပွားရေး အဖက်ဖက်က ချို့ယွင်းကြရှာပြီ။

ဒါတောင် ကျွန်မကျတာ အင်းစိန်ထောင်တင်ပါ။ ဟိုးအဝေးကြီးက နယ်ထောင်တွေ မဟုတ်သေးပါဘူး။ ဒါ ထောင်ထွက်မိသားစုတွေ ရဲ့ ဒုက္ခတွေ ပါ။(ဒါတောင်ပါးပါးလေးပြောတာနော်)

တကယ်တော့ ရင်ဆိုင်ခဲ့ရရှာတဲ့ အပြင်ဘက်က မိဘမောင်ဖား၊ ဇနီးခင်ပွန်းဟာ ထောင်ဝန်ထမ်းတွေ ရဲ့ နင်ပဲငဆ ပြောဆိုခံရတာ တွေ အများ ကြီးပါ။

ကျွန်မဖခင် ကြီးဟာဆိုရင် ဦးထုတ်ဆောင်းတဲ့ အကျင့်ရှိတယ်။ အဲဒါကျွန်မကို ထောင်ဝင်စာလာတွေ့ တော့ ‘ဦးလေး ဦးထုပ်ချွတ်ပါ’ လို့ဆိုတယ်။ ဖေကြီးက သမီးထောင်ကျလို့ စိတ်ထိခိုက်နေတဲ့အချိန်၊ တော် တော် နဲ့လည်း မတွေ့ ရသေးတော့ ဒေါသ ဖြစ် ဖြစ်နဲ့ ‘ငါ့ဦးထုပ် ငါ့ခေါင်းပေါ်ဆောင်းထားတာ “ရီး” မို့လို့ ချွတ်ရမလား’ ဆိုပြီး ဟောက်ထည့်လိုက်တာ လန့်ပြီး တစ်ချိုတည်း လစ်သွားရောတဲ့။ ဒါကမထင်မှတ်ပဲနဲ့ ကြုံတောင့်ကြုံခဲအောင်မြင်မှု လေးတစ်ခုပါ။

ဒီကလူကလည်း ထောင်ဝါးက မ၀သေးတော့ ၁၅ မိနစ်ဆိုရင် တွေ့ ချိန်က ကုန်ပြီဆိုပေမယ့် တစ်ချိန်ကို ၄၅ ကျပ်ပေးပြီး ဆက်တွေ့ ရင်ရတယ်လို့ ပြောသံကြားလို့ ဖေဖေနဲ့ မေမေကို ခေါင်းလောင်းတီးရင် မပြန်နဲ့နော်။၄၅ ကျပ်၊ ၄၅ ကျပ်ပေးပြီး ဆက်တွေ့ ရအောင်ပြောလို့ ခေါင်းလောင်းလည်းတီးရော အနားလာနှင်တဲ့ ၀န်ထမ်းကို ‘ရော့ ဒီမှာ ၉၀ိ/- နောက်ထပ်နှစ် ကြိမ် ဆက် တွေ့ မယ်ကွ ’ လို့ပြောလိုက်တယ်။

ဝန်ထမ်းက ‘မရလို့ပါ အဘရယ်။ ၅(ည) ကမရဘူး။တောင်းပန်ပါတယ်၊ ပြန်ပါ’ ဆိုလို့ ဖေဖေနဲ့မေမေက ပြန်သွားရတယ်။ မဟုတ်ရင် ၄၅ ကျပ်၊ ၄၅ ကျပ်နဲ့ တစ်နေ့လုံးတွေ့ မလို့ ။တခြားလူတွေ ကလည်း ပြုံးစိပြုံးစိနဲ့။

ကျွန်မမှာ လည်း ပထမဆုံးထောင်ဝင်စာဆိုတော့ အဲဒီ ထောင်ဝင်စာခန်းထဲမှာ ထိုင်ခိုင်းထားတုန်း ဟိုကြည့်ဒီကြည့်ပေါ့။ တချို့ကလည်း တွေ့ နေကြပြီ။ များ သော အားဖြင့် ထိုင်နေကြ တာများ ပါတယ်။

ကျွန်မ ကတော့ စိတ်က ပူလာပြီ။

‘ငါ ဒီအခန်းထဲမှာ ထိုင်နေတာ ၁၅ မိနစ်လောက်ရှိနေပြီ။ အခုချိန်ထိ ဖေဖေနဲ့ မေမေလည်း မရောက်သေးဘူး။ ငါရောက်နေတာ မသိသေးဘူးနဲ့ တူတယ်။ အချိန်စေ့သွားလို့ ကတော့ မတွေ့ ရတော့ဘဲနဲ့ ပြန်ရတော့မယ်။’

အဲဒီ လို စိုးရိမ်ပြီး စိတ်ကများ လာ၊ သော ကတွေ ရောက်ပြီး အဲဒီ ထောင်ဝင်စာခန်းက တစ်ပွင့်နဲ့လူကြီးကို -

‘ဦးလေး…ဦးလေး ၊ ကျွန်မ ဖေဖေနဲ့ မေမေကို ခေါ်ပေးပါ’

လို့ ကျုံးအော်တာ။

သူက ‘ခေါ်ထားတယ်’ လို့ အေးအေးဆေးဆေးပဲ ပြန်ပြောတယ်။ ဒါနဲ့ ဆက်စောင့်နေလိုက်ရော။ အဲ….ဒါပေမယ့် ဖေဖေနဲ့မေမေကို အရိပ်အယောင်တောင် မတွေ့ ရဘူး။ ဒါနဲ့ထပ်စောင့်ရပြန်ရော။

‘ဦးလေး မြန်မြန်ခေါ်ပေးပါ။ အချိန်စေ့သွားတော့မယ်’

လို့အော်ရပြန်ရော။

အဲဒီ တော့ သူလည်း ကျွန်မသော ကကို နားလည်သွားပုံရတယ်။ ရိုးရိုးဝန်ထမ်းရဲဘော် တစ်ယောက် ကို လှမ်းခေါ်ပြီး တိုးတိုး တိုးတိုးနဲ့ပြောတာတွေ့ ရပါတယ်။ အဲဒီ ၀န်ထမ်းက စပ်ဖြဲဖြဲနဲ့ လာပြောတယ်။

‘ရောက်လာမှ (၁၅) မိနစ်စမှာ ၊ မအော်နဲ့တော့’ လို့ပြောတယ်။ အဲဒီ တော့မှ သဘောပေါက်သွားပြီး အေးအေးဆေးဆေး ထိုင်စောင့်နိုင်တော့တယ်။

အဲဒီ တုန်းက အမိန့်ကျပြီးခါစ အချုပ်ဆောင် အရှေ့တိုက်ကနေ ထောင်ဝင်စာထွက်ရတာ လေ။ အဲဒီ အရှေ့တိုက်က အခန်းကျယ်တယ်။ မ-ကျယ်/တိုက်ကို မရောက်သေးဘူး။

ထောက်လှမ်းရေး က ဖမ်းပြီး စစ်ကျောရေး ပြီးတာနဲ့ (အလုပ်လုပ်နေတဲ့ ကုမ္ပဏီမှာ လာဖမ်းတာ) အင်းစိန်ထောင်ထဲကို တမ်းပို့တာ။ အ၀တ်တစ်ထည် ကိုယ်တစ်ခုနဲ့။ စားစရာကလည်းမရှိ၊ ၀တ်စရာလည်းမရှိ။ လာဖမ်းတုန်းက ‘ခဏလောက်လိုက်ခဲ့ပါ’ ပဲ၊ ၅ နှစ် ၊ ၄လနဲ့ အရက်၂၀ ကြာတယ်။ နောက်ကို ခဏဆိုရင် လိုက်ကို မသွားကြနဲ့။

ပုံစံ ငရဲပြည်

ဒီလိုနဲ့ စားစရာကမရှိ၊ ၀တ်စရာက မရှိ။ ထောင်က ထမင်းဆိုတာကြီးကလည်း ထမင်းနဲ့မတူ။ ငါးပိကလည်း လောက်သေကောင် ပိုးလို့ပက်လက်နဲ့ ရွှံ့စရာကြီး။ တစ်ရက်ပြီးတစ်ရက် သောက်ရေအိုး ထဲက ရေခပ်သောက်ပြီး အသက်ဆက်နေရာကနေ အချုပ်သူ အန်တီ တစ်ယောက် က တိုက်အ၀င်ပေါက် သံဆန်ကနေ မြေပဲကြော် လက်တစ်ဆုပ်စာလောက်ကို ပစ်သွင်းပြီး ထွက်ပြေးသွားတာ ၊ မိသွားလို့ ကတော့ သေလုအောင် အရိုက်ခံရတာ လေ။

(ပုံစံပြည့်ဆိုတာ နှစ် လုံးပူးလိမ်ထားတဲ့ ကြိမ်လုံးနဲ့ ၃၅ ချက် အပြည့်ရိုက်တာ။ တုတ်လည်း တစ်စစီစုတ်ပြတ်သွားသလို လူလည်း တုတ်လို ဖြစ်သွားတာကို ပြောတာ) သမံတလင်းပေါ်မှာ ကျဲပြန့်ပြီး ကျနေတဲ့ မြေပဲစေ့လေးတွေ ကို တစ်စေ့စီ ကောက်စားရင်း ရင်ထဲမှာ ဆို့တက်လာခဲ့ပါတယ်။

‘ကြည့်စမ်းပါဦး။ ငါဟာ မဟုတ်တာ ဘာလုပ်ခဲ့လဲ။ ဒီလိုကြမ်းပေါ် ကျနေတဲ့ အစာကို တိရိစ္ဆာန်တစ်ကောင်လို ကောက်စားနေရတယ်။ လမ်းဘေးမှာ တောင်းစားနေတဲ့ သူတောင်းစားတောင် ငါ့လိုမနေရဘူး။ လူ့အဆင့်အတန်းရှိသေးတယ်။ ငါကိုယ်ကျင့်တရား မကောင်းလို့ သူတစ်ပါးပို နစ်နာအောင် မလုပ်ခဲ့ဘူးဘဲနဲ့၊ ငါ့မှာ အပြစ်တစ်စုံတစ်ရာ မရှိဘဲနဲ့ ဒီလိုဘ၀ကို ရောက်ရတယ်။ သေရင်တောင် မကျေဘူး’ ဆိုပြီး ချက်ချင်း အားတွေ ရှိသွားတာ။ နောက်ပြီးအဲဒီ အန်တီက လစ်ရင်လစ်သလို ခိုးဝှက်ကျွေးတာ၊ တကယ်ကျေးဇူးကြီးမားလှပါတယ်။

ဒါ့ကြောင့် နောက်ပိုင်းတိုက်ထဲကို အချုပ်နဲ့ ရောက်လာသမျှ ကိုယ့်လို မငတ်ရအောင် ခိုးဝှက်ကျွေးတာပဲ။ အစာရေစာပြတ်လတ်လာတဲ့အချိန်မှာ လူမှာ သကြားဓာတ်လျော့လာပြီး တဆတ်ဆတ်တုန်လာတယ်။ ရင်ထဲမှာ လည်း တုန်ပြီးနေလို့ လုံးဝမကောင်းတော့ဘူး။ အော်ချင်ဟစ်ချင် စိတ်တွေ တောင် ပေါက်လာပြီ။

အဲဒီ အချိန်မှာ ဘာလီသကြားလုံးလေး တစ်လုံးရတယ်။အဲဒီ အန်တီပဲ ခိုးကျွေးတာလေ။ သကြားလုံးလေးကို လျှာပေါ်တင်ပြီး ငုံလိုက်ရတဲ့ခဏမှာ အင်မတန်ထူးကဲလှတဲ့ သကြားလုံးရဲ့ အရသာဟာတစ်သက်မှာ မမေ့နိုင်သလို နာကြည်းခံပြင်းစိတ်တွေ ဟာလည်း ဒီဂရီတွေ မြင့်တက်လို့လာပါတယ်။ ဒီအကြောင်းတွေ ကို ဒီစာအုပ်ထဲမှာ အင်မတန်ပေါ့ပေါ့ပါးပါးလေး ရေး ထာတာပါ။

ထားပါတော့။ ထောင်ဝင်စာအကြောင်းလေး ပြန်ဆက်လိုက်ဦးမယ်။

ထောင်ထဲရောက်ခါမှ အပြင်မှာ ဘယ်တုန်းကမှ မလိမ်းတဲ့ သနပ်ခါးကို ဘယ်လိုသွေးလိမ်းချင်မှန်းကို မသိပါဘူး။ လှလွန်းလို့ မလိမ်းတာမဟုတ်ပါဘူး။ သွေးရတာ ပျင်းလို့ မလိမ်းတာ ။ မိတ်ကပ်တွေ ဘာတွေ လည်း မလိမ်းဖူးပါဘူး။ အာချီလောက်ပဲ လိမ်းဖူးတာ။အောင်မယ်၊ ထောင်ထဲရောက်ခါမှ သနပ်ခါးလိမ်းချင်၊ မိတ်ကပ်တွေ ဘာတွေ လိမ်းချင်နဲ့၊ ဘယ်လို ဖြစ်တယ် မသိဘူး၊ မလိုလို့၊ တော် တော် ရယ်စရာကောင်းတယ်။

ဒါနဲ့မိဘများ နဲ့ ထောင်ဝင်စာလည်းတွေ့ ရော သနပ်ခါးလိမ်းချင်တဲ့ အကြောင်းပြောမိပါလေရော။ နောက်နှစ် ပတ်နေလို့ ဒုတိယအကြိမ်ထောင်ဝင်စာလည်း တွေ့ ရော ဖေဖေက မျက်စိမျက်နှာပျက်နဲ့ အမောတကောဝင်လာတယ်။

‘သမီ၊ သမီး၊ အရေး ကြီးတာပြောရဦးမယ်။ ကျောက်ပျဉ်ကြီး သိမ်းသွားပြီ’လို့ပြောတယ်။

‘အဲဒါတွေ ဘယ်ခွင့်ပြုမလဲ ဖေဖေရယ်။ ထောင်ကျပါတယ်ဆိုမှ’ လို့ ပြောရတယ်။

တစ်ခါသူတို့ ပစ္စည်းတစ်ကို ဒီလိုသိမ်းပစ်တာမျိုး မခံဘူးကြဖူးလေ။

ကြုံတုန်းပြောရဦးမယ်။ ကျွန်မအဖေက စစ်သားပါ။ တပ်မတော် (ရေ) စက်မှု လက်မှု တပ်က ဗိုလ်မှူးပါ။ ၁၉၇၉ ခုနှစ် မှာ စစ်တပ်က ထွက်ပါတယ်။ ကျွန်မ အမေက စစ် သမီးပါ။ ရေတပ်ကပဲ။ သူတို့ နှစ် ယောက် က ကျွန်မကို မွေးတာပါ။မိခင်ရော ဖခင်ပါ တပ်မတော် ကို အလွန်ချစ်မြတ်နိုးသူတွေ ပါ။ ကျွန်မကိုယ်တိုင် စစ်တပ်ထဲမှာ ကြီးပြင်လာတာပါ။

ဖခင်ဘက်က ကျွန်မအဖိုးဟာ ကျန်းမာရေး ၀န်ကြီး ဒေါက်တာ စိတ်ဘန်း ဖြစ်ပါတယ်။ အင်္ဂလိပ်ခေတ်၊ ဂျပန်ခေတ်၊ အင်္ဂလိပ်ခေတ် သုံခေတ်လုံး လွတ်လပ်ရေး အတွက် တိုက်ပွဲဝင်ခဲ့ သူပါ။ ဆေးတပ်ကို စတင်ထူထောင်သူတွေ ထဲက တစ်ဦးအပါအ၀င် ဖြစ်ပြီး UN ကို ပထမဦးဆုံးအကြိမ် မြန်မာပြည်ကိုယ်စားပြုပြီး အလွှတ်ခံရတဲ့ ကိုယ်စားလှယ်လေးဦးထဲက တစ်ဦး ဖြစ်ပါတယ်။

လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် အတူ တိုက်ပွဲဝင်ခဲ့သူပါ။ ဖေဖေပြန်ပြာပြောဖူးပါတယ်။ ဖေဖေတို့မိသားစု မြန်အောင်မှာ ရှိတုန်းတစ်ညမှာ ဦးလေးကြီး တစ်ယောက် ရောက်လာပြီး စာရွက်အပိုင်းအစလေး တစ်စလာပေးတယ်တဲ့။ ဘာရေး ထားလဲဆိုတော့-

‘အဘ၊ ဆေးမှူးလိုတယ်၊ အောင်ဆန်း’ လို့ရေး ထားတယ်။

အဲဒါနဲ့ အဖေကြီးလိုက်သွားတာ ၊ သေလား၊ ရှင်လားမသိဘူးတဲ့။ စစ်ကြီးပြီးမှ ပြန်ရောက်လာတာတဲ့ ဂျန်ခေတ် တစ်လျှောက်လုံး အမေကြီး(အဘွား) ဟာ ဖေဖေတို့ ညီအစ်ကိုလေး ယောက် နဲ့ ပုန်းလျှိုးကွယ်လျှိုးနေရတယ်လို့ပြောတယ်။ တော် လှန်ရေး မိသားစုမိုလို့ သိပ်ဒုက္ခရောက်တယ်လို့ ပြောတယ်။ ဒါပေမယ့် အမေကြီး (အဘွား) တောင် ထောင်ဝင်စာ မတွေ့ ဖူးဘူး။ အင်္ဂလိပ်တို့ ၊ ဂျပန်တွေ မို့လို့လား မသိဘူး။ မြေးလက်ထက်ကျမှပဲ ထောင်ကျတော့တယ်။ တော် သေးတယ်၊ နှစ် ဖက်လုံးက အဖိုး၊ အဘွားတွေ တစ်ယောက် မှ မရှိတော့လို့။

ဒီအကြောင်းလေး ထည့်ရေး မိတာ စာဖတ်သူများ ကျွန်မကို အသားလွတ်ထည့် ရေး တယ်ဆိုပြီး မငြိုငြင်စေချင်ဘူး။ တစ်ခါ တစ်ခါမှာ အဲဒီ အကြောင်းတွေ ကို ပြောပြချင်မိလို့ပါ။

ကဲပါလေ၊ ထားလိုက်ပါတော့။

ထောင်ထဲက တိုက်

ပြောပြချင်တာ ရှေးလူကြီးတွေ ရဲ့ ပြောစကားရှိခဲ့ဖူးတယ် မဟုတ်လား။ ‘ထောင့်အပြင် တန်းမရှိဘူး’ဆိုတာလေ။ ‘ထောင့်အပြင်တန်း မရှိဘူး’ ဆိုပေမယ့် ‘တိုက်ရှိတယ်ဆိုတဲ့အကြောင်း’ ပြောပြချင်လို့ပါ။

တိုက်ကို မနက်အစောကြီး ရေနွေးလာတယ်။ ဆန်ပြုတ်လည်းလာတယ်။ ရေနွေးကဆိုရင် အင်မတန်ပူချစ်နေတဲ့ ရေနွေးပါ။ ဒါပေမယ့် ၀န်ထမ်းမတွေ က တိုက်ရှေ့ မှာ ရေနွေးပုံးကြီး ချခိုင်းပြီး ပြန်အိပနေလို့ ရေနွေး မအေးတအေးမှ တိုက်ကလူတွေ ရတော့တယ်။ တစ်ချို့စေတနာကောင်းတဲ့ ၀န်ထမ်းအမျိုးသမီးနဲ့ ကြုံရင် ပူတုန်းလေးရပါစေဆိုတဲ့ စေတနာနဲ့ ချက်ချင်း တိုက်တခါးဖွင့်ပြီး ဝေပေးပါတယ်။ အဲဒီ လို အခါမျိုးမှာ ဆိုရင် ရေနွေးပြန်အေးသွားမှာ စိုးလို့ ပလတ်စတစ် ရေဘူးခွံနဲ့ ထည့်ထားတဲ့ရေနွေးဘူးကို ချမ်းသာသမျှ တစ်ထည်တည်းသော စောင်လေးနဲ့ ပတ်ထားရတာ ၊ ချမ်းတာတောင် စောင် မခြုံနိုင်ဘူး။ စောင်ကတစ်ထည်တည်းသာ ထားခွင့်ရှိတယ်လေ။ ကျွန်မတို့ကိုဆို အင်မတန်စိစစ်တာ။

တန်းဖွင့်ပြီဆိုတော့မှ မိလ္လာဆိုပြီး ကိစ္စပြုထားတဲ့ဟာတွေ ကို မိလ္လာအလုပ်ချထားတဲ့ သာတီးဒီ( ၃၀ဃ) မိန်းကလေးတွေ က လာသွန်ပေးရတာ ။ တစ်ခန်းချင်းဖွင့် သွန်၊ ပိတ်၊ နောက်တစ်ခန်းဖွင့် သွန်၊ ပိတ် နားလည်မှု နဲ့ အဲဒီ အချိန်လေးတွေ မှာ တစ်ခန်းနဲ့တစ်ခန်း အပေးအယူလုပ်ကြရတယ်။

အဲဒီ နေရာမှာ တစ်ခုပြောချင်တာက (နည်းနည်း ရိုင်းရာကျတယ်၊ ခွင့်လွှတ်နော်) ကျွန်မတစ်ခုတွေးမိတာ၊ ကျွန်မတို့ကို အပြစ်ရှိတယ်ဆိုပြီး ထောင်ချတယ်။ သော့ ခတ်ပြီး တိုက်ပိတ်ထားတယ်။ မိုးလင်းတစ်ခါ၊ ညနေတစ်ခါ မိလ္လာသွန်ပေးရတယ်။ တော် သေးတယ်။ ငါ့အီးကျုံးပေးလို့ ပျော်လိုက်တာ၊ တွေးပြီး ကျေနပ်လိုက်တယ်။ အပြင်မှာ ဘယ်သူမှ ကိုယ့်အီးကျုံးပေးမှာ လဲ။ ဆေးရုံတက်ရင်တောင် နပ်စ်မက လုပ်မပေးဘူး။(အိုပါ့ဂန်းနန်းစတိုင်ဆိုတာကို မြင်တော့ ထောင်ထဲမှာ စဥ့်အိုးတုံးကြီး အိမ်သာတက်ရတာ ကို သတိရမိတယ်။)

ထမင်းဆိုလည်း စားမကောင်းတဲ့ ၀က်စာသာသာပဲ။ဒါပေမယ့် ချက်ပြီး ပို့ပေးရတာ ။ အဲဒီ လို ကြံဖန်ပြီး ကိုယ့်ကိုယ်ကိုယ် ဘ၀င်မြင့်ပြီး ရယ်စရာအ ဖြစ်တွေးတယ်။ အဲဒါကြောင့် ကျွန်မတို့ မ-ကျ/တိုက်မှာ မှိုင်နေတဲ့သူ မရှိ၊ တဟိဟိနဲ့ မပျော်ပျော်အောင် ကြံဖန်တွေး၊ ပျော်ပျော်နေကြတယ်။ အစ်မကြီး ဒေါ်အေးအေးမာက ပြောတာ သတိရလို့ ပြန်ပြီး ဖောက်သည်ချလိုက်ဦးမယ်။

‘ဒီမှာ ကျွန်မတို့ ကို သော့ ဖွင့်ပေးတောင် ထွက်မပြေးဘူး။ မနက်တံခါးလားဖွင့်ရင် လွှတ်တာလား။ မဟုတ်ရင် ရေနွေးထွက်ခပ်မယ်တဲ့ ဒါပဲ၊ မိုက်တယ်နော်’

ကျွန်မတို့ အားလုံး ကိုယ့်စည်းကိုယ့်ကမ်းနဲ့ နေကြတယ်။ ဘာလို့လဲ။ အလိုလျောက်သူများ စည်းကမ်းလာချပေးစရာမလိုတော့ဘူး။ ဒါကြောင့် လိုက်နာစရာလည်း မလိုဘူး။ တန်ဖိုးလည်း ရှိတယ်။ အဲဒီ အချိန်အခါက ထောင်ထဲမှာ နိုင်ငံရေး သမား အကျဉ်းသားတွေ ကို အင်မတန် ကြပ်မတ်တယ်။ ဒါပေမယ့် ကျွန်မတို့ မမှု ခဲ့ဘူး။ ဘာလို့လဲဆိုတော့ ကိုယ့်စည်းကိုယ့်ကမ်းနဲ့ နေတယ်။ ဘုရားအဆုံးအမနဲ့ နေတယ်။

ဘုရားအဆုံးအမဆိုလို့ ပြောရဦးမယ်။ မိဘများ က ဘုရားစာအုပ်တွေ ကို လွတ်တဲ့အချိန်ထိ အားလုံး (၁၀) အုပ်သွင်းပေးတယ်။ တစ်ခါတည်း အကုန်ပို့ပေးရတာ မဟုတ်ပါဘူး။ တစ်ကြိမ်မှ တစ်အုပ်စီ ၊ နှစ် အုပ်စီပါ။ တစ်ခါသွင်းရင် အလွန်ကြာမှ ကိုယ့်စီရောက်တာပါ။ စာအုပ်အားလုံးကို ပေးမထားပါဘူး။ ရုံးခန်းမှာ ထားပြီး တစ်အုပ်ပြီးမှ တစ်အုပ်ပေးပါတယ်။

ကိုယ့်အချင်းချင်းပေးဖတ်လို့ မရပါဘူး။ ခိုးပြီး ပေးဖတ်ရပါတယ်။ တရားစာအုပ်ဆိုပေမယ့် ခါးကြားထိုးပြီး ရေသွန်တဲ့ အပေါက်ကနေ ထိုးပေးရတယ်။ ခိုးပေး၊ ခိုးယူလုပ်ရပါတယ်။ တလာစီလို့ မိသွာမှာ လည်း ကြောက်ရတယ်။ တခြားကြောင့် မဟုတ်ပါဘူး။ မိသွာခဲ့ရင် အလွန်သိက္ခာကျပါတယ်။ မိသွားရင် တကယ်မလွယ်ပါဘူး။ မကောင်းတဲ့ ကိစ္စလည်း မဟုတ်ဘဲနဲ့ ခဲရာခဲဆစ် ခိုးဝှက်လုပ်ခဲ့ရ ပါတယ်။

တရားစာအုပ်ကို ခါးကြားထိုးပြီး ‘သြော်-ကပ်လျှင် ဆောင်ယူထိုက်သော တရားတော့ပါတကား’ လို့တောင် အချင်းချင်းရယ်စရာ ပြောကြပါတယ်။ အဲဒီ ခေတ်အခါက ထောင်ထဲမှာ အဲဒီ လို နေခဲ့ရပါတယ်။ အခုကာလလို ဂျာနယ်တို့ ၊ ၀တ္ထုစာအုပ်တို့ ၊ ဘာသာရပ်ဆိုင်ရာစာအုပ်တို့ဆိုတာ ဝေလာဝေးပါ။

စာဖတ်ချင်လွန်းလို့၊ စာငတ်လွန်းလို့ စာ ဖြစ်ရင်ပြီးရော ဆေးပေါ့လိပ် ဖင်စီခံတွေ ခွာဖတ်၊ အမှိုက်ပုံးထဲက ဆေးလိပ်ဖင်စီခံတွေ ရှာ ၊ အခန်းထဲရောက်မှ သွားဖတ်။ ဖတ်ရတော့လည်း ဘာမှ ဟုတ်တိပတ်တိ ထူးခြားတာမရှိပါဘူး။ဘယ်မြို့နယ်က NLD အဖွဲ့ဝင်တွေ နုတ်ထွက်တယ်ဆိုတာမျိုး ၊ ဒါမျိုးတွေ ချဉ်းပါ။ ဒါပေမယ့်လည်း စာ ဖြစ်ရင် ပြီးရော ဖတ်ကြတာပဲ။

ကျွန်တို့ ထောင်ကျခါစ အချိန်က ဒံပေါက်ကို သတင်းစက္ကူတို့ ၊ ဘာတို့နဲ့ပဲ ထုတ်သေးတာ။ အခုလို Box တွေ ဘာတွေ မရှိသေးဘူး။ အခြားအမှု သည် ထောင်ကျထောင်ဝင်စာမှာ ဒံပေါက်တွေ ဘာတွေ ပါတက်တယ်။ သူတို့က ထောင်မှူးမတွေ ၊ ၀န်ထမ်းတွေ ကို ကျွေးကြတယ်။ အဲဒီ အခါ ထုပ်ထားတဲ့ စက္ကူခွံတွေ ကို တိုက်နောက်က အမှိုက်ပုံးမှာ လွှင့်ပစ်ကြတယ်။

မနက်မိလ္လာအထုတ်မှာ အမှိုက်ပုံးကို အပြေးအလွှား၊ သတင်းစာ၊ မဂ္ဂဇင်း အစအန စာရွက်ရရ၊ စာပဲရရ၊ အဆက်အစပ် ရှိရှိ၊ မရှိရှိ ဖတ်စရာရယ်လို့ ဖြစ်ရင် ပြီးရော။ ရလာရင်ဖတ်ပြီး တစ်ခန်းနဲ့ တစ်ခန်း ခိုးပေးပြီး ဖတ်ရတယ်။ အဲလောက်ထိ စာငတ်ခဲ့တာ။

အပြင်မှာ ဖတ်လာခဲ့ဖူးတဲ့ စာအုပ်တွေ ပြန်ပြောကြပါတယ်။ အဲဒီ မှာ အန်တီစန်း( ဒေါ်စမ်းစမ်းနွဲ့ - သာယာဝတီ) ပြောပြတဲ့စာအုပ်တွေ ဆိုရင် အသည်းစွဲ ဖြစ်ခဲ့ရပါတယ်။ အင်္ဂလိပ်စာတို့ ဘာတို့ လေ့လာရဖို့ ဆိုတာ ဝေလာဝေးပါ။

အစောင့်အရှောက်ပါသော ထောင်ဝင်စာ

ထောင်ဝင်စာတွေ့ ရတာ ကလည်း အစပိုင်းမှာ သာ လွတ်လပ်တာ။ နောက်ပိုင်း ဟိုဘက်၊ ဒီဘက် ပြောသမျှအကုန် လိုက်ရေး တော့တာပဲ။ အရင်တုန်း ကတော့ ထောင်ဝင်စာမှာ ၀န်ထမ်းက ဘေးကစောင့်ကြည့်ရုံတင် ကြည့်နေတာ။ နောက်တော့ ‘နေကောင်းလား ဖေဖေ’ လို့ပြောရင် ‘နေကောင်းလား ဖေဖေ’ လို့ လိုက်ရေး တယ်။ ဒါတောင် ၅(ည) ထောင်ဝင်စာတွေ့ တဲ့ နေရာမှာ အသံဖမ်းစက်တပ်ထားသေးတယ်။ အဲဒီ စက်ကလည်း အသံဖမ်းမရဘူးလား ဘာလား မသိပါဘူး။

ထောင်ဝင်စာတွေ့ ပြောရတာ လည်း နိုင်ငံခြားရုပ်ရှင်တွေ ထဲကလို မှန်လေးကာပြီး ဖုန်းလေနဲ့ပြောရတာ မဟုတ်ဘူး။ သံဆန်ခါအမြင့်ကြီး နှစ် ထပ်ကာထားတယ်။ တစ်ချပ်နဲ့ တစ်ချပ်ကို ၆ လက်မ ၊ ဒါမှမဟုတ် ၈ လက်မလောက်ခွာထားတယ်။ တစ်ခါတစ်ခါ ထောင်ဝင်စာထွက်ရင် အမျိုးသမီးဘက်က အနည်းဆုံးလူအယောက် နှစ် ဆယ်အစိတ်ကနေ သုံးဆယ်လောက်ထိရှိတက်တယ်။ အမျိုးသားဘက်ကလည်း အဲဒီ လောက်တော့ အသာလေးရှိတယ်။

အဲဒီ ထဲမှာ အမျိုးသမီးဘက်က တစ်ယောက် ၊ ဒါမှမဟုတ် နှစ် ယောက် ။ အချုပ်ဆောင်ဘက် အနောက်က [အဘွားတို့ ၊ မသီတာ (စမ်းချောင်း) ] တို့ဘက်နဲ့ လွဲအောင်လည်း၊ မတွေ့ အောင်လည်း လုပ်ထားသေးတယ်။ တစ်ယောက် နဲ့ တစ်ယောက် တွေ့ ကြရင် ဘာမှလည်း ပြောလို့ရတာ မဟုတ်ပါဘူး။ ဒါပေမယ့် တွေ့ ပြီး အားတွေ တက်ကုန်မှာ စိုးလို့ လားမသိဘူး။

ဟိုဘက် အနောက်တိုက်က ၅(ည) နဲ့ ဒီဘက် အကျဆောင် မ-ကျ/တိုက် က ၅(ည) မတွေ့ အောင် စီစဉ်ထားပါတယ်။ ဒါကြောင့် ထောင်ဝင်စာ လာတွေ့ တဲ့လူတွေ ဟာ အပြင်ကနေ တစ်မော့မော့နဲ့ စောင့်ကြရရှာတာပါ။ ထောင်လွတ်လို့ စောင့်ရ၊ ထောင်ဝင်စာတွေ့ ဖို့ စောင့်ရ၊ ဘာကိစ္စလေးပဲ ဖြစ် ဖြစ် စောင့်ရလွန်းတာ ကျွန်မတို့ပါ။

အမျိုးသမီးဘက်က နှစ် ဆယ်အစိတ် ၊ အမျိုးသားများ ဘက်ကလည်း နှစ် ဆယ်အစိတ်လောက်ဆိုတော့ အမျိုးသား ၅(ည) လည်း နှစ် ယောက် ၊ ၃ ယောက် ၊ ၅ ယောက် ။ အဲဒီ လောက် ရှိမှာ ပေါ့။ အားလုံးပေါင်း အကျဉ်းသားဘက်က ၅၀ ပတ်ဝန်းကျင်လောက် လူအင်အားရှိပြီး လာတွေ့ တဲ့ဘက်က နှစ် ယောက် ထား ၊ တစ်ခေါက်တစ်ခေါက်ကို လူအယောက် တစ်ရာကျော် ၊ တစ်ရာနီးပါးတစ်ချိန်တည်း တစ်ပြိုင်တည်း ပြောကြဆိုကြတာ။ ဆူညံပြီး လေးလုံးမကွဲ။ ကွဲတဲ့အခါကွဲ။

အခုခေတ် Hand Phone ပြောရသလို ‘ဟင် ၊ ဘာလဲ၊ ကြားရလား’ နဲ့ တစ်ခွန်းနဲ့ တစ်ခွန်းနှစ် ခါ၊ သုံးခါပြန်ပြောရတယ်။ အချိန်လည်းစေ့ရော အော်ရဟစ်ရလွန်းလို့ ဖတ်ဖတ်ကိုမောလို့ ။ အဲဒါကို ထောင်စကားနဲ့ ထောင်ဝင်စာတက်တယ်လို့ ခေါ်သပေါ့။

ကြုံလို့ ပြောရဦးမယ်။ ကျွန်မရဲ့ ခင်ပွန်း ကိုသန်းဝင်းကလည်း ၁၇/၁ တရားမ၀င်အဖွဲ့အစည်းနဲ့ ဆက်သွယ်မှု ဆိုပြီး ( နိုင်ငံရေး မှု ပဲ) သူကလည်း ထောင်ကျနေတာ။ အဲဒီ ထောင်ဝင်စာမှာ ဆုံဖုးတယ်။ ဒါပေမယ့် တလွဲမထင်ပါနဲ့နော်။ အဲဒီ တုန်းက ဘာမှမပါဘူး။ ရိုးရိုး နိုင်ငံရေး ရဲဘော် အချင်းချင်း တွေ့ တာပါ။ စကားတောင်ပြောလို့ ရတာ တောင် မဟုတ်ပါဘူး။

ထောင်ကလွတ်ပြီး အကြာကြီးမှ တွေ့ ပြီး လက်ထပ် ဖြစ်တာပါ။ ကျွန်မခင်ပွန်းက ၆ နှစ် ကျတာပါ။ ဒါပေမယ့် သူက ၆ နှစ် နဲ့ ၁၁ လ ပိုပိုသာသာ အင်းစိန်ထောင်ကို အားပေးလိုက် ရတယ်။ ၁၉၉၆ ခုနှစ် မှာ လွတ်ပါတယ်။

ဘ၀တူ ဒုက္ခခံရခြင်းသူမို့ တစ်ယောက် ကို တစ်ယောက် နားလည်စာနာစွာ နဲ့ အိမ်ထောင် ထူထောင် ဖြစ်ခဲ့ကြတာပါ။ တစ်ခါတစ်လေတော့ အကြောမတည့်တဲ့အခါတွေ ရှိသပေါ့။ အခုဆိုရင် သမီးလေးက ၅ နှစ် ကျော်ပြီ။ ‘အင်ကြင်းသန့်’တဲ့။ ဒါလေးက ကြုံတုန်းထည့်ကြွားလိုက်တာပါ။

ကဲ-ထောင်ဝင်စာထုပ် လက်ထဲရောက်ပါပြီ။ ထောင်ဝင်စာခန်းရဲ့ အပြင်ဘက်က ယိုင်နဲ့နဲ့ ခုံပေါ်မှာ အမျိုးသားဝန်ထမ်းတွေ က အကုန်ဖြေပြီး သေသေချာချာ စစ်တော့တာပါပဲ။ ဟိုအပြင်ဘက်က မိဘတွေ က ကြိုးစားပန်းစား မပါပါအောင်၊ အပယ်မခံရအောင် ထည့်ပေးလိုက်တဲ့စားစရာကို ဒီဘက်မှာ ထပ်မံပြီးစစ်ဆေးပါတော့တယ်။

မိဘအိမ်က သန့်သန့်ပြန့်ပြန့်နဲ့ ချက်ပြုတ်ထည့်ပေးတဲ့ စားစရာတွေ ထဲမှာ ချဉ်ပေါင်ကြော်ဆိုရင် ၀မ်းနူးစာ ဖြစ်လို့ ပယ်တယ်။ ပယ်တယ်ဆိုတာ သိမ်းလိုက်တာ။ မိဘတွေ ကို ပြန်ထည့်ပေးလိုက် တာ မဟုတ်ဘူး။ ပြန်ပေးလို့လည်း မရတော့ဘူး။ မိဘများ က ပြန်သွားရပြီ။ အဲဒီ ပယ်တယ် ဆိုပြီး သိမ်းထားလိုက်တဲ့ ဟင်းထုတ်တွေ ကို ၀န်ထမ်းတွေ က အကျဉ်းသားတွေ ဆီမှာ ပြန်ရောင်း၊ ဒါမှမဟုတ် သူတို့ စားဖို့ အိမ်ပြန်ယူကြတာပါ။ ထောင်မှာ ပိုက်ဆံမကိုင်ရဆိုပေမယ့် လမ်းကြောင်းတွေ နည်းလမ်းတွေ အများ ကြီးပါ။

တကယ်တော့ သူတို့ပယ်လိုက်တဲ့ ချဉ်ပေါင်ကြော်လေး ဘာလေးကမှ ထောင်ထမင်းနဲ့ စားလို့ ၀င်ပါသေးတယ်။ ဘယ်ချဉ်ပေါင်ကြော်က နှစ် ပတ်ခံမှာ မိုလို့လဲ။ တစ်ရက်ဝေစားကုန်တာပါ။ ပြီးရင်နောက်ရက်တွေ မှာ ငါးခြောက်ကြော်၊ ငါးပိကြော်နဲ့ ၀ါးရလွန်းလို့ သွားတွေ တောင် ပဲ့ပါတယ်။ စိတ်ကောင်းရှိတဲ့ ၀န်ထမ်းတွေြ ကတော့လည်း မသိချင်ယောင်ဆောင်ပြီး မသိမ်းပဲ ပေးလိုက် တာမျိုးလည်း ရှိပါတယ်။

ဟင်းအစိုဆိုတာ အခုလူတွေ အိမ်မှာ ချက်စားကြတဲ့ အသီးအရွကကြော်တို့ ၊ သားငါးဆီပြန်ဟင်းတို့ကို ပြောတာပါ။ အဲဒါမျိုးပါလာလို့ ကတော့ အသိမ်းပဲ။ ကျန်းမာရေး အကြောင်းပြပြီး သူတို့ချဉ်းယူတာ။ ခုဏကပြောသလို ကိုယ်ချင်းစာတရားရှိတဲ့ ၀န်ထမ်းကြီးတွေ နဲ့ တွေ့ တော့လည်း ပြန်ထည့်ပေးလိုက် တာပါပဲ။ ကိတ်မုန့်ဆိုရင်ခြေကြည့်တယ်။ အထဲမှာ စာထည့်ပေးလိုက် မှာ စိုးလို့တဲ့။

သိပ်ပြီး ကျပ်တည်းတဲ့အချိန်ဆိုတာ ရှိသေးတယ်။ အခုရေး ပြတဲ့ အကြောင်းတွေ က ကျပ်တဲ့အချိန်မဟုတ်သေးဘူး။ ကျပ်တယ်ဆိုတဲ့ အချိန်မျိုးဆိုရင် ဇွန်းကျိုးနဲ့ ဟင်းထုတ်တွေ ထဲကို မွှေကြည့်တော့တာပဲ။ ရွံတက်လည်း မိဘတွေ က အကုန်အကျခံ၊ အပင်ပန်းခံ ချက်ပြုတ်ထည့်ပေးတာလေ။ ရင်ထဲမှာ မကောင်းပေမယ့် ၊ မကျေနပ်ပေမယ့် တိုက်ထဲပြန်ရောက်ရင် အချင်းချင်းဝေမျှစားရင်း ပျော်ခဲ့ရတာ ပါပဲ။

ကျွန်မတို့ မ-ကျ/တိုက် ကတော့ တကယ့်ထောင်အစစ်ပါပဲ။ ဒါပေမယ့် အားလုံးတက်နိုင်သမျှ ပျော်ပျော်နေကြတယ်။ ၀န်ထမ်းမတွေ ကပြောတယ်။ နင်တို့ ထောင်ကျနေတာနော်၊ ပျော်ပွဲစားထွက်နေတာလားလို့ မကြာခဏပြောတယ်။ ဒါဟာသူတို့တွေ ထောက်လှမ်းရေး ဆိုတဲ့ ဟာတွေ ဘယ်လိုမှ နားမလည်နိုင်တဲ့ကိစ္စပါ။ စားမကောင်းတဲ့ ထမင်းစုတ်ထမင်းပြတ်ကို လိပ်ပြာသန့်သန့်နဲ့ မျိုချနိုင်တာ ကျွန်မတို့ပါ။ အကျဉ်းသား ဖြစ်ပေမယ့် သူတစ်ပါး မျက်ရည်စက်နဲ့ လူးနေတဲ့ ထမင်းထုတ်ကို မျိုမချရတဲ့ ကျွန်မတို့ဘ၀က သူတို့တွေ ထက်သာတာ သူတို့ မသိရှာလို့ပါ။

လူ့ဘ၀မှာ အနိမ့်ကျရဆုံး ၊ လူနဲ့မတူရဆုံး ထောင်ကျတဲ့ဘ၀မှာ ရှိနေပေမယ့် သူတစ်ပါး တစ်ထွေးပေါက် ကောက်သောက်ရတဲ့လူတွေ ရဲ့ ဘ၀ထက် ကျွန်မတို့ ဘ၀ကဖြင့် မြတ်ပါတယ်။ ထောင်ကမလွတ်လို့ စိတ်ဆင်းရဲနေလို့ ကတော့ ရူးသွားမယ်။ အခုရေး ပြတဲ့အထဲမှာ ဟဲဗီးတွေ မပါသေးပါဘူး။ ပါးပါးလေးပဲ ရှိသေးတာ။

တလာစီခြင်း ‘ဘာလို့ ဒီလိုနေနေရတာ လဲ’ ‘ငါဟာ မဟုတ်မတရားတဲ့ အလုပ်လည်း မလုပ်ဘဲနဲ့ ဘာကြောင့် ဒီလို လမ်းဘေးက သူတောင်းစားထက် နိမ့်ကျတဲ့ဘ၀မျိုးနဲ့ နေနေရတာ ပါလိမ့်။’ အားအားယားယားဒီလိုတွေးမိတယ်။ မ-ကျ/တိုက်ထဲရောက်ပြီး ဒုတိယအကြိမ် တလာစီခံရတော့မှ ထိတာလေ။ အဲဒီ အချိန်ြ ကတော့ ထောင်ဝင်စာကလည်း နှစ် ကြိမ်၊ သုံးကြိမ် တွေ့ ပြီးပြီဆိုတော့ ဇွန်းကလေး ၊ ခွက်ကလေး အိမ်ကထည့်ပေးတာ ရှိလာပြီလေ။ ပုဆိန်တံဆိပ် ဒဏ်ကျေလိမ်းဆေးတို့ ၊ မျက်နှာသစ်ဆက်ပြာ၊ ခေါင်းလျှော်ရည်တို့လိုပေါ့။

ပထမဦးဆုံး တလာစီခံရတဲ့ ခံစားချက်ကို ပြောပြဦးမယ်။ မနက်လင်းအားကြီး အစောကြီးမှာ ဘာမှန်းမသိဘဲ တိုက်အခန်းတခါးကို ဖွင့်ဝင်လာပြီး လူကိုရှာပါတယ်(ခန္ဓာကိုယ်ကို)။ ရုတ်တရတ်ဆိုတော့ ဘာမှန်းမသိဘူး။ ၀န်ထမ်းအမျိုးသမီးတွေ ရော ၊ အမျိုးသားတွေ ရော ယူနီဖောင်းအပြည့်နဲ့ တစ်ပုံကြီး အခန်းထဲကို ၀င်လာတာ။ သိပ်ကိုကြောက်သွားမိတယ်။ ကိုယ့်ခန္ဓာကိုယ်ကို ဒီိလိုကြီး လာကိုင်တာကိုလည်း မခံဖူးဘူး။ ပြီးတော့ အခန်းအပြင်ဘက်မှာ ထိုင်ခိုင်းပါတယ်။ စိတ်ကောင်းရှိတဲ့ ၀န်ထမ်းအမျိုးသမီးကြီးက ကျွန်မကို`သမီးမကြောက်နဲ့၊ ဒါထောင်ရဲ့ ထုံးစံထဲက တစ်ခုပဲ’ လို့ ပြောပါတယ်။ ‘ဘာလုပ်တာလဲ’ လို့ဆိုတော့ ‘တလာစီတာ’ လို့ပြောပါတယ်။

ဘာမှန်းမသိဘဲ အပြင်မှာ ထိုင်နေတုန်းမှာ ၀န်ထမ်းတွေ အခန်းထဲမှာ ရှာပြီး ပြန်ဝင်ခိုင်းတယ်။ တကယ်တော့ ကျွန်မမှာ ဘာကိုမှ မရှိတာ။ ရှာစရာမရှိတဲ့ ဘ၀မှာ စဖမ်းကတည်းက အ၀တ်တစ်ထည် ကိုယ်တစ်ခုနဲ့ ပါသွားတယ်။ အချုပ်ဘ၀မှာ ပဲ ရှိပါသေးတယ်။

ဖေဖော်ဝါရီလ ချမ်းနေတုန်းပဲ ရှိပါသေးတယ်။ အရှေ့ဘက် အချုပ်တိုက်က စိမ့်ပြီး အေးနေတာပါ။ ထောင်ကပေးတဲ့ ပုံစံစောင်ကို ခေါင်းအုံးရလို့ ခြုံစရာတောင် မရှိပါဘူး။ ဖျာစုတ်တစ်ချပ်ပေါ်မှာ ထဘီခြုံပြီး အိပ်ခဲ့ရတာ ပါ။ ကိုယ်မှ ဒီလို မဟုတ်ပါဘူး။ နိုင်ငံရေး မှု နဲ့ ရောက်တဲ့သူတိုင်း ဒီလို အ၀တ်တစ်ထည် ကိုယ်တစ်ခုပါပဲ။

ဒီကြားထဲ ကြွက်တွေ က လူပေါ်ဖြတ်ပြေးပြီး စိန်ပြေးတမ်းကစားကြတာ ခြေရာတောင်ကျန်တယ်။ အချုပ်တိုက်က မ-ကျ/တိုက်ထက် အခန်းက သုံးဆလောက် ကျယ်ပါတယ်။ ကျွန်မကို တစ်ယောက် ထဲထည့်ပိတ်ထားပါတယ်။

ထောင်ထဲရောက်စ ၅(ည) ဘ၀ဆိုတာ ကြွကတောင် မလေးစားပါဘူး။ ခေါင်းပေါ်ကဖြတ်ပြေးလိုက် ခြေထောက်ပေါ်က ဖြတ်ပြေးလိုက်နဲ့။ အချုပ်သူ ရုံးထွက် တစ်ယောက် က ရုံးပြန်မှာ မုန့်ဖတ်ထုပ်တစ်ထုပ် ခိုးပြီးပေးသွားတာ။ ချထားတုန်းပဲရှိသေးတယ်။ ကြွက်ကြီး က ဆွဲပြေးလို့ ဖိနပ်နဲ့ပေါက်ပြီး ပြန်လုရတယ်။ ကြွက်ပေါက်တွင်းကြီးတွေ မှ အကျယ်ကြီး။ ကြွက်စီကတောင် လုစားရတဲ့ အ ဖြစ်။ စားစရာမရှိ၊ ၀တ်စရာမရှိနဲ့ ဆိုတော့ စဉ်းစားမိတယ်။

‘ငါ ဘာကြောင့် ဒီိလို ဖြစ်ရတာ လဲ’

ပလတ်စတစ်ဇွန်းက ထမင်းအကုန် ပါးစပ်ထဲ မရောက်ဘဲ ဇွန်းမှာ ကပ်ကပ်နေလို့ ရှေ့သွားနဲ့ ခြစ်ရတာ သွားတောင် ခေါလာပြီိလို့ မေမေ့ကိုပြောမိလို့ ကျွန်မမေမေ ဒေါ်မြင့်မြင့်က ရေခွက်၊ ဇွန်း၊ ပန်းကန် အကုန်မယ်လမင်းတွေ ချဉ်း ထည့်ပေးတာ။ ကိုယ်ကလည်း သူတောင်းစားထက် စုတ်ပြတ်တဲ့ ဘ၀ကနေ ခွက်ကလေး ဘာလေးလှလှပပ ပါလာတော့ ၀မ်းသာတာပေါ့။

တလာစီပြီးလို့ အချုပ်ခန်းထဲ ပြန်ဝင်ရတဲ့အချိန်မှာ အကုန်အသိမ်းခံရပြီး ပွပလဲနေတဲ့ မြင်ကွင်းကို မြင်ရတာ ။ အဖိုးတန် ကြွပ်ကြွပ် အိတ်၊ သားရေကွင်း၊ ပလတ်စတစ်အိတ်တို့ကို ရေချိုးထွက်ချိန်မှာ ဆပ်ပြာနဲ့ သေချာဆေးကြောပြီး သိမ်းထားတာ။အဲဒါတွေ က ထောင်ဆိုတဲ့နေရာမှာ မရှိမ ဖြစ်အရေး ပါတဲ့ အရာတွေ လေ။ အကုန်ကိုပါသွားတာ။ နှမြောလိုက်တာဆိုတာလေ။ ဘာနှမြောမှန်းကို မသိဘူး။ ၀မ်းနည်းလိုက်တာ။

ထောင်မကျဖူးတဲ့ စာဖတ်သူများ ကိုယ့်အိမ်ကိုယ့်ရာကို တစ်ခါမှ မသိဖူးတဲ့ သူစိမ်းတွေ ၀င်လာပြီး စိတ်ကြိုက်အကုန်သိမ်းဆည်း ယူငင်သွားရင် အဲဒီ လို ခံစားရမှာ ပဲ။ ကိုယ်ပိုင်တာ ဘာမှ မရှိဘူးဆိုတဲ့ သဘောပဲ။ နင်တို့ကို ငါတို့ ဘာ ဖြစ် ဖြစ် လုပ်ပိုင်ခွင့်ရှိတယ်။ နင်တို့ဟာနင်တို့ ဘယ်ဘ၀က လာလာ၊ ငါတို့ ကြိုက်သလို စီမံနိုင်တယ်ဆိုတာမျိုး ပြတာပဲ။

နောက်တော့လည်း ထောင်ဝါးဝလာတော့ ‘တလာစီလာတယ်’ ဆိုတာ သိပ်ပြီး မဆန်းတော့ပါဘူး။ ကြိုတင်ဝှက်တက်လာပြီ။ သတင်းကြိုရတာ မျိုးလည်း ရှိတယ်လေ။ မပါအောင် ကြံတက်ဖန်တက်လာပြီလေ။ ထောင်ဆိုတာ နည်းနည်း လေးလောက်ကောင်းတဲ့ ဟာမျိုးလေးတွေ ကိုတောင်တွေ့ ရင် ကြိုက်တက်၊ သိမ်းဆည်းတက်တယ်ဆိုတာပြောပြတာပါ။

စားစရာကျတော့ကော၊ ဒီိလိုပါပဲ။ ဒါပေမယ့် တို့များ မ-ကျ/တိုက်က ၅(ည) နိုင်ငံရေး မကျဉ်းသားများ ကတော့ ပျောပျော်ပဲ။`အမှတ်မရှိလို့ ၊ မနာတက်လို့မှ မဟုတ်ဘဲ၊ နေနှင့် ဦးပေါ့ကွာ’။

ရင်ထဲမှာ အကျိတ်အခဲ၊ ရင်ထဲက နာကြည်းမှု ၊ ရင်ထဲကဒဏ်ရာ ဘယ်မှာ ပျောက်နိုင်ပါ့မလဲ။ Ultrasoound တွေ ၊ echo cardiogram ၊ ကြိုက်တဲ့ ခေတ်မီ ကိရိယာတွေ နဲ့ စစ်ဆေး စမ်းသပ်လိုက်စမ်းပါ။ ဘယ်လိုမှ ရှာမတွေ့ နိုင်တဲ့ဒဏ်ရာတွေ ဒဏ်ချက်တွေ နှလုံးသားနဲ့ အပြည့်ပါ။ အရိုက်အနှက် အနှိပ်အစက်ခံရလို့ ကိုယ်အင်္ဂါချို့ယွင်းသွားသူတွေ ၊ အသက်ပါ ဆုံးရှုံးသွားသူတွေ ဟာ ဒုနဲ့ဒေးပါ။ ယုံကြည်ချက်ကြောင့် ကိုယ့် တိုင်းပြည်၊ ကိုယ့်လူမျိုးကောင်းစားဖို့ ဒီလိုကိုယ်ကျိုးစွန့် ၊ ဘ၀စွန့် ၊ အသက်စွန့်ခဲ့ကြရတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ပါ။

လူချင်းမတူ၊ လူချင်းမမျှ ထောင်ထဲရောက်တာခြင်းအတူတူ ရာဇ၀တ်သားတွေ နဲ့ အခွင့်အရေး ချင်း ယှဉ်လို့ မရအောင် ဖိနှိပ်ခံခဲ့ရတာ နိုင်ငံရေး အကျဉ်းသားတွေ ပါ။ ဘယ်သူမှ တစ်မူးပို မသာပါဘူး။

မ-ကျ/တိုက်ဋီကာ

ICRC နိုင်ငံတကာ ကြက်ခြေနှီအသင်းက ထောင်ထဲကို လာတဲ့အခါ နိုင်ငံရေး အကျဉ်းသားမရှိဘူး။ မ-ကျ/တိုက်ထဲမှာ ဘာမှ မရှိဘူး။ ဂိုထောင်ကြီးပါ။ ဘာမှ မရှိပါဘူးလို့ ဖြစ်အောင် အခန်းတိုင်းရဲ့ တစ်ခုတည်းသော ပြတင်းပေါက်က မှန်တခါးတွေ ကို ဆေးသုတ်တယ်။ တိုက်အ၀င်တခါးကို အပြင်ကသော့ ပိတ်ပြီး ဂိုထောင်ယောင်ဆောင်တယ်။ လေပိတ်မွန်းကျပ်ပြီး မျက်နှာကြီးတွေ ဖူးယောင်းနေလည်း သီချင်းဆိုမပြတ်တာ မ-ကျ/တိုက်ပါပဲ။

ICRC လာမှာ မို့လို့ ရေချိုး၊ လမ်းလျှောက် မထုတ်ပဲ နေမှာ မို့လို့ မ-ကျ/တိုက်က နိုင်ငံရေး အကျဉ်းသားတွေ ကို အအေးလှိုင်းကျနေချိန်မှာ မနက် ၅ နာရီ ရေချိုးထုတ်လည်း အခုမချိုးရင် နောက်ထပ်ချိုးဖို့ အခွင့်အရေး မရှိတော့ ။ တစ်နေ့တစ်ခါမှ မချိုးရရင် မနေနိုင်လို့ ချိုးတာပဲ။

ကျွန်မတို့လို လူငယ်တွေ ကထား ။ ကြီးကြီးစန်း(ဆိပ်ကမ်း ဒေါ်စန်းစန်း) ၊ အန်တီစန်း( ဒေါ်စမ်းစမ်းနွဲ့ - သာယာဝတီ) အန်တီငယ် ( ဒေါ်ငယ် မမသန်း၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အစ်ကို ဦးအောင်သန်းရဲ့ သမီး) သူတို့ဆိုရင် အသက်အရွယ်ကြီးရင့်သူ၊ မကျန်းမာသူတွေ ပါ၊ ကံကောင်းတဲ့ဘ၀မှာ အားလုံးဟာ သံမဏိနဲ့ လုပ်ထားသလို ပဲ။ ဘယ်သူမှ ဘာမှမ ဖြစ်ပါဘူး။

‘ပူပြီဟေ့’ ဆိုရင်လည်း မ-ကျ/တိုက်ထဲမှာ ဝေသာလီခေတ် ယဉ်ကျေးမှု ရောက်နေသလားအောက်မေ့ရတယ်။ ထမီလေးတွေ ရင်ရှားပြီး ပလတ်စတစ်ယပ်တောင်တစ်ဖျပ်ဖျပ်နဲ့ ။ မနက်ရေချိုးထွက်ချိန်မှာ အဆောင်တိုက်ကို ကာထားတဲ့ သွပ်ပြားက သံချပ်မှာ ရေနွေးပုလင်းကိုချိတ် ၊ ရေနွေးနေပူလှန်းတာ။ ညနေ ၁၅ မိနစ် ခ၏ လမ်းလျှောက်ထွက်ချိန်မှာ ကမန်းကတမ်းရေနွေးရုပ် ။ တော် တော် ကိုပူနေတာ။ အိမ်က ပါဆယ်ထည့်ပေးတဲ့ ကောဖီမစ်ထုပ်လေးဖျော်။ အဲဒီ ကော်ဖီမစ်ထုပ်ကို တခြားမှာ ၀ယ်ယူလို့ မရဘူး။ ၀န်ထမ်းများ သက်သာချောင်ချိ ၊ အကျဉ်းသားမသက်သာ မချောင်ချိကနေ အပြင်ကထက် အဆမတန် အဆမတန်ဈေးတင်ထားတဲ့ ဆိုင်ကနေ ၀ယ်ပြီး တရားဝင် ပါဆယ်ပို့ခွင့်ရပါတယ်။ ဘာမဆို ဖြတ်တာ အ.က.စ ပါ။

ထောင်ဝင်စာနေ့မှာ အပြင်ကလာတွေ့ တဲ့ မိသားစုက ၀ယ်ပြီး ထားခဲ့ရတယ်။ နောက်နေ့မှ ထောင်ကျလက်ထဲကို စာရင်းနဲ့ လာပို့တာပါ။ ဒီကြားထဲ က တိုက်စောင့် ၀န်ထမ်းက နှစ် ထုတ်၊ သုံးထုပ်ဖြတ်ယူပါသေးတယ်။

အပြင်ဘက် လူ့ပြည်မှာ နေတုန်းက New Year ဆိုတာလည်း ကိုယ့်အလုပ်နဲ့ ကိုယ်ရှုပ်ပြီးနောက်တစ်နှစ် ကို ရောက်သွားတာပါပဲ။ အဲဒီ နှစ် ကူး အထိမ်းအမှတ်တွေ လည်း လုပ်လေ့ မရှိပါဘူး။ သင်္ကြန်ဆိုလည်းရေတောင် ထွက်မပတ် ဖြစ်ဘူး။ ရက်ရှည်ကြီး ပိတ်ရက်မို့လို့ ဖတ်စရာရှိတဲစာတွေ သိမ်းကျုံးပြီး အိမ်မှာ ဖတ်နေတာနဲ့ ဘာကိုမှ အပြင်မှာ ပျော်စရာကောင်းမှန်းမသိခဲ့ဘူး။ စိတ်လည်းစိတ်မ၀င်စားမိပါဘူး။ ထောင်ကျခါမှ အဲဒီ အချိန်အခါမျိုးမှာ သိပ်အိမ်ပြန်ချင်တာပဲ။ ဟိုး…..အဝေးကြီးက ရထားသံ သဲ့သဲ့ကြားရင်လည်း အိမ်ပြန်ချင်တာပါပဲ။ အဲဒီ လိုအခါကျတော့လည်း ကိုငှက်ကြီးရဲ့ အမေ့အိမ် သီချင်းကို အော်ဆိုလိုက်ကြတာပေါ့။

‘အိမ်ပြန်ချင်တယ် ဟူး. ဟူး အငြိမ်းချမ်းဆုံး အမေ့အိမ် xxxxxxxx အိမ်ပြန်ချင်တယ် ဟူး ဟူး အနွေးထွေးဆုံး အမေ့အိမ် xxxxxx ’

အလွန်ပူလောင်သော ဒီအင်းစိတ်ထောင်ကြီးမှ နွေးထွေးလှတဲ့ အမေ့အိမ်ကို ပြန်ချင်လှပါဘိ။ သံတိုင်တစ်ပတ်၊ သံဆန်ခါတစ်ထပါ ပြတင်းပေါက်ကနေ ပြာလဲ့နေတဲ့ မိုးကောင်းကင်ကိုကြည့်ပြီး လွမ်းလိုက်တာမေမေရယ်။

Feel တွေ အရမ်းတက်ပြီး ‘အိမ်ပြန်ချင်တယ် ဟူး ဟူး ’ လုပ်တာ လက်လွန်သွားလို့ ‘တိုက် တိုက် ’ နဲ့ ၀န်ထမ်းတွေ သတိပေးရပါတယ်။ ဘရိတ်အုပ်လို့ စတိတ်ရှိုးအစီအစဉ်ပျက်။

စိန်ပန်း၊ ဗာဒံနဲ့ ခြင်ဖမ်းဝိဇ္ဖာ

ကျွန်မ မျက်စိကမွဲမွဲ၊ မျက်မှန်ကလည်း မရှိတော့ အခန်း(၁) မှာ နေတုန်း အဲဒီ ပြတင်းပေါက်ကနေ ဟိုးတံတိုင်းကြီးရဲ့ အဆုံး တံတိုင်းကို ကျော်ပြီး မြင်ရတဲ့ နီနီအပွင့်ကို ကျွန်မက စိန်ပန်းပွင့်တွေ မှတ်ပြီး ကဗျာဆန်နေတာ။ စုစုဝင်းကို လှမ်းပြီး`မိစုရေ စိန်ပန်းတွေ ပွင့်နေတာ ရဲနေတာပဲလို့ ’ စုစုဝင်းကို လှမ်းပြောတာ။ မိစုက သူလည်း ရေချိုးထွက်ရော ။ စိန်ပန်းကြည့်ချင်လို့ ကျွန်မအခန်းအပြင်ဘက် ခေါင်းရင်းကနေ ပြတင်းပေါက်ပေါင်ပေါ် တက်လည်းကြည့်ပြီး ဟားပါလေရော။

‘ချိုနွယ်ရယ် ၊ ဘယ်ကစိန်ပန်းပွင့်ကမှာ လည်း ၊ အဲဒါ ဗာဒံပင်က အရွက်နီနေတာ’ ဆိုပြီး ဟားတော့တာလေ။ သူ့မှာ မျက်မှန်ပါတာကိုး။

ဒီလိုနဲ့ ရေနွေးပူ လှမ်းပြီး ကော်ဖီဖျော်တာ ထောင်မှူးမကြီး သိသွားရော။ ရေနွေးပူ မလှမ်းရဘူး။ သွပ်ပြားတွေ လန်ကုန်မှာ စိုးလို့တဲ့ ။ အမှန် ကတော့ ကျွန်မတို့ မ-ကျ/တိုက်ကလူတွေ က ကြံဖန်ပြီး လုပ်ချင် ၊ လိုချင်တာကို ဖြစ်အောင်လုပ်ကြတယ်။ သူတို့လည်း မသိဘူး။ ဘာဥပဒေမှလည်း မငြိဘူး။ အေးဆေးပဲ။ ဘာမှမဟုတ်ဘူး။ ကော်ဖီသောက်ပြီး ငြိမ့်နေ ဇိမ်ကျနေတယ်ထင်ပြီး ညစ်တာလေ။ ဒါလေးများ နားမထောင်ပေါင်။ ဆက်ပြီး လှမ်းကြတာပါပဲ။ သူတို့လည်း နောက်ထပ် မပြောတော့ဘူး။

လမ်းဘေးလက်ဖက်ရည်ဆိုင်တောင် ကော်ဖီမစ်တစ်ခွက်ဆိုရင် ရေနွေးပေးသေးတယ်။ ထောင်မှာ တော့ အလကားရတဲ့ နေရောင် ခြည်လှမ်းပြီး ယူတာတောင်ကြားထဲက နှမြောတွန့်တိုနေကြတယ်။ မည် သို့ ပင် ဆိုစေကာမူ ကျွန်မတို့ ကတော့ ဆိုလာစစ်စနစ်နဲ့ ကျိုချက်ခြင်းဆိုပြီး ဂုဏ်တွေ တောင် ယူလိုက်သေး။

နောက်ထက် ထူးဆန်းသော ခြင်ဖမ်းခြင်းအကြောင်း ပြောပြရဦးမယ်။ ထောင်ကပေးတဲ့ ပုံစံ ပန်းကန်ပြားကြီးကို ရေချိုးထွက်တုန်း သဲတွေ နဲ့ စပယ်ရှယ်ပွတ်ပြီး ဆေးထားတာ။ ပြောင်လက်ပြီး ၀င်းဝင်းတောက်နေတာပဲ။

တစ်ယောက် နဲ့ တစ်ယောက် ငါ့ပုံစံပန်းကန်က ပိုပြောင်တယ်။ သူ့ပန်းကန်က ငါ့လောက်မပြောင်ဘူးနဲ့ ဂုဏ်တုဂုဏ်ပြိုင်လုပ်ကြသေးတာ။ အဲဒီ ပန်းကန်နဲ့တော့ ဘယ်သူမှမစားဘူး။ အပျော်သက်သက်ကြွားဖို့လုပ်တာ။ အဲဒီ ပန်းကန်ပြားကြီးကို ငါးခြောက်ကြော်ထဲက ဆီကို ပါးပါးလေးသုတ်၊ ထူထူသုတ်လို့ မရဘူး။ အဲဒီ ဆီသုတ်ထားတဲ့ ပန်းကန်ကြီးနဲ့ အခန်းထဲက ခြင်တွေ ကို လိုက်ယပ်တာ ။ ခြင်တွေ ကပ်ပြီး သေကုန်ရော။ တစ်နေ့ကို ၃ ခါယပ်တယ်။ တစ်ခါယပ်ရင် ခြင်အကောင် ၁၅၀၊၂၀၀ ရတယ်။

ခြင်သေတွေ ကိုရေတွက်ရင်း ပီတိ ဖြစ်ရတာ ။ ဒါတောင်ထောင်ဝင်စာမှာ မိဘတွေ ကိုပြပြီး ကြွားမလို့၊ ပန်းကန်ပြားကြီး ယူသွားခွင့်မရှိဘူးဆိုလို့ ပါးစပ်နဲ့ပဲ ပြောပြတော့ မေမေတို့၊ ဖေဖေတို့တော့ အံ့သြမှာ ပဲလို့ ထင်ထားတာ။

မိဘတွေ က မျက်စိမျက်နှာပျက်ပြီး “သမီး အဲလိုလုပ်ရင် ခြင်တွေ နည်းသွားလား” လို့မေးတယ်။ အဲဒီ မှာ ကျွန်မသိသွားတော့တယ်။

“ဟုတ်တယ် ဖေဖေ၊ နည်းမသွားဘူး”ဆိုတော့ “ဒါဆိုလည်း လုပ်မနေပါနဲ့တော့ သမီးရယ်။ အကုသိုလ်တွေ ပေးတိုင်းယူမနေပါနဲ့တော့။ ဒီအတိုင်းနေကြည့်ပါ” လို့ မိဘများ က ဆုံးမတာနဲ့ မလုပ်တော့ဘူး။ ခြင်ကိုက်လည်း သက်သာသွားတယ်။“ဟုတ်ပ” ဘုရားတွေ သေလုအောင်ရှိခိုးပြီး ခြင်တွေ အဲဒီ လောက်သတ်နေမှတော့ ဘယ်လာကောင်းနိုင်ပါတော့မလဲ။

မ-ကျ/တိုက်ကျဉ်းပုံ ကတော့ ၇ ပေခွဲ x ၉ ပေပဲရှိတယ်။ ကျွန်မက တစ်ယောက် ထဲ တိုက်ပိတ်ခံရတာ ။ နှစ် ယောက် ထည့်ပိတ်ခံရတဲ့ သူတွေ ဘယ်လိုများ နေမလဲ စဉ်းစားသာကြည့်ပေတော့။ ခြေလှမ်းသုံးလှမ်းလောက် လှမ်းပြီးရင် နံရံကိုရောက်သွားရော။ နောက်ပြန်လှည့် ပြန်လျှောက်နဲ့ လမ်းလျှောက်လေ့ကျင့်ခန်းက ခေါင်မူးလို့ ပြန်ထိုင်ရတယ်။

ထောင်ကလွတ်တော့လေ ခြေဖ၀ါးလေးများ နုလို့ ။ လမ်းမှ ရှည်ရှည် မလျှောက်နိုင်ဘူး။ လူထူရင်ချော်လဲသေးတာ။ လွတ်ခါစ ၀မ်းကွဲ ညီမလေး၊ မောင်လေးတွေ က မြို့ထဲ ဖရေဇာလမ်းခေါ်သွားတာ။ ဈေးဗန်တွေ တက်နင်း၊ သူများ ဖိနပ်တွေ နင်းမိ၊ ခလုတ်တွေ တိုက်။ “ဟိုလူ့ မတော် လို့ပါ၊ ဒီလူ့မတော် လို့ပါ၊ ကန်တော့နော်” ပြောလိုက်၊ တောင်းပန်လိုက်ရတာ ဆိုတာ ဘာမှ မော့မကြည့်နိုင်ဘူး။

စားပွဲဝိုင်းတွေ နဲ့ ချကျွေးတဲ့ အလှူများ ဆို ထိုင်စားနေတဲ့ ဧည့်သည်တွေ ခြေထောက်တွေ တက်နင်းမိလို့ တောင်းပန်ရ၊ အနင်းခံရတဲ့သူတွေ ကလည်း သူတို့ခြေထောက်တွေ ဆင်နင်းခံရသလို ဖြစ်တော့ မကျေနပ်။ ထောင်ထွက်ဆိုပြီး ကွက်ကြည့်ကွက်ကြည့် တိုးတိုးနဲ့ လုပ်တော့ “တော် ပြီကွာ၊ နောက် ဘယ်မှ မသွားတော့ဘူး” ဆိုပြီး “ခွ” တိုက်။ လွတ်ခါမှ ကိုးယိုးကားယားတွေ ဖြစ်တော့လည်း ဒီဒဏ်တွေ မိဘများ ခါးစည်းခံရတာ ။

ဒီကြားထဲ လူကြီးသူမအချို့က ကြုံတုန်းတွေ့ တုန်း ဆုံးမသွားဦးမှ ဆိုတဲ့ဆန္ဒတွေ နဲ့ “နောက်မမိုက်နဲ့တော့နော်” “လိမ်လိမ်မာမာနေ” လို့ပြောရင် စိတ်ထဲဖျဉ်းကနဲ ဖြစ်မိတာ။ မျက်နှာက အလိုလိုနေရင်း စူပုတ်ပုတ် ဖြစ်သွားတာ။ ညဘက်အိပ်နေရင်းကယောင်ပြီး “အော်” တာ။ တအားအော်တာ။ မိသားစုမဟုတ်တဲ့ အပြင်ကလူတွေ နဲ့ဆိုရင် ပြောစရာစကားမရှိတော့တာ။ ကိုယ့်အရင်ခင်မင်ခဲ့တဲ့သူတွေ ကိုယ့်ကိုမြင်ရင်ရှောင်သွားတာ။ ဒါတွေ က နိုင်ငံရေး အကျဉ်းသားဟောင်း အချင်းချင်းပဲ နားလည်းနိုင်တဲ့ ကိစ္စတွေ ပါ။

သူများ ပျော်လို့ မပျော်နိုင်

လောကကြီးမှာ အပျော်ဆုံးနေ့ ၃ နေ့ ရှိတယ်တဲ့။ အဲဒီ ၃ နေ့ထဲမှ တခြားဘာနေ့ ညာနေ့ တွေ ထား၊ ထောင်ကလွတ်တဲ့နေ့တဲ့။နိုင်ငံအကျဉ်းသား လွတ်သူ ဘယ်နှယောက် များ ပျော်မယ်ထင်လဲ။ ကျွန်မစိတ်ထင် တစ်ယောက် မှ ပျော်မယ်သူ ရှိမှာ တောင်မဟုတ်ဘူး။ ကိုယ်နဲ့အတူ ငရဲခန်းမှာ ဒုက္ခသုက္ခမျိုးစုံနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ရဲဘော်ရဲဘက် ညီအစ်ကို မောင်နှမတွေ ကျန်ခဲ့တာ ဘယ်လောက်ထိရင်နာခဲ့ရတယ်၊ ကြေကွဲရတယ်ဆိုတာ အချင်းချင်းပဲ သိတယ်။

ခေါင်းတောင်ထုတ်လို့ မရတဲ့ သံဆန်ခါပေါက်လေးတွေ ကနေ လက်ညိုးလေးတွေ ထုတ်ပြီး တာ့တာပြကျန်ခဲ့ကြတာ ဘယ်တော့မှ မေ့ပျောက်လို့ ရမှာ မဟုတ်ဘူး။ ( အဲဒီ သံဆန်ခါကလည်း လက်ညိုးတစ်ချောင်းပဲ ထုတ်လို့ ရတာ ပါ။)

စားလည်း စားချိန်မို့ ၊ အိပ်လည်း အိပ်ချိန်မို့ ၊ ရေချိုး၊ အိမ်သာတက် အချိန်တိုင်းမှာ ကျန်ခဲ့တဲ့ သူတွေ ခမျာတော့ အခုထိ ဒုက္ခရောက်နေကြတုန်းပဲဆိုတဲ့ အသိက တစ်ချိန်လုံး ကြီးစိုးနေတာ။ ဘယ်လိုမှ စိတ်မချမ်းသာသလို ဘယ်လိုမှလည်းမပျောင်နိုင်ပါဘူး။

ကိုယ့်အိမ်မှာ လူတွေ စားတဲ့ထမင်းကို စစားတဲ့အချိန်မှာ မျိုချလို့ မရဘူး။ နင်နေတယ်။ ထမင်းပွဲကို ကြည့်ပြီး မျက်ရည်တွေ က အလိုလိုကျလာမိတယ်။ “အို….သူတို့ခမျာမှာ တော့…”ဆိုတဲ့ စိတ်နဲ့နင်နေတာ။ မိဘများ ကလည်း ကိုယ့်ကိုကြည့်ပြီး စိတ်မကောင်းကြဘူး။ ပျော်စရာမရှိလိုက်တာ။

နောက်ပိုင်းကျမှ ပုံမှန်လာတာ။ အကုန်ဒီတိုင်းချည်းပဲ။ မမခင်ကြီး(ဒေါ်ခင်မကြီး) တို့ ညီအစ်မတစ်တွေ လွတ်တုန်းကဆို သူတို့ကို မ.မ.န ဆိုတဲ့နေရာကို ခေါ်သွားပြီးမှ အိမ်ပြန်ရတာ ။ အဲဒီ မှာ လှေကားတက်ရတယ်။ လမ်းမှ ရှည်ရှည် မလျှောက်ခဲ့ရသူတွေ လှေကားလည်းတက်ရော ဒုက္ခတွေ ရောက်ကြတာ။

“ချိုနွယ်ရယ် ၊ မမခင်ကြီးလေ။ ဒူးတွေ ကို နာနေတာပဲ” လို့ ပြောရှာတယ်။ အဲဒီ အစ်မအိမ်က ညီအစ်ကို မောင်နှမ ငါးယောက် စလုံး နိုင်ငံရေး မှု နဲ့ ထောင်ချခံရတာ ။ မမခင်ကြီးမှာ အမွှာရှိတယ်။ ဒေါ်ခင်မလေးတဲ့ ။ နောက်ထပ် အစ်မကြီးနှစ် ယောက် က အနောက်ဘက်တိုက်မှာ ။ မမခင်ကြီးကသာ ကျွန်မတို့ မ-ကျ/တိုက်မှာ အပိတ်ခံရတာ ။

အစ်ကို ဖြစ်သူ ကိုသိန်း(ကိုသိန်းထွန်း)ယခုမှ သာယာဝတီထောင်က လွတ်လာတာ မကြာသေးပါဘူး။ တစ်မိသားစုတည်း ဖြစ်ပေမယ့် တစ်ယောက် တစ်နေရာစီ ၊ တစ်နယ်စီခွဲပြီး ထောင်ချခဲ့တဲ့ န.အ.ဖ ရဲ့ လုပ်ရပ် ကတော့ စံတင်လောက်ပါပေတယ်။

ဆက်ပြီး ပြောပြဦးမယ်။

ဒါနဲ့ ညီအစ်မတွေ လွတ်ပြီး အိမ်ပြန်ရောက်တော့ အိမ်က သော့ ကြီးခတ်ထားတာ။ အိမ်ကလူတွေ ထောင်ဝင်စာသွားပို့တာ ပြန်မရောက်ကြသေးဘူး။ သူတို့လွတ်မယ်ဆိုတာ လည်း မသိဘူး။ လွှတ်ခံရတဲ့ သူတွေ တောင် လွှတ်ပြီဆိုမှ သာ လွတ်မှန်းသိတာ။ ကြိုသိရတာ မဟုတ်ဘူး။ အဲဒီ လောက်တောင်ကျွန်မတို့ နိုင်ငံရေး အကျဉ်းသားတွေ ပေါ် ကြပ်မတ်တာ။ ထောင်ကအကြီးအကဲ ၀န်ထမ်းကအစ မသိရဘူးပဲ။

ဒီလူတွေ ကို လွှတ်လိုက်ပါပြီလို့ စောစောစီးစီးမပြောဘဲ အချိန်တွေ ကုန်၊ နေကုန်မှ လွတ်ကုန်ပြီ ဆိုတဲ့ အကြောင်းပြောလို့ ၀မ်းသာအားရနဲ့ အိမ်ပြန်လာတော့ အိမ်ရှေ့မှာ ထောင်ထွက် ညီအစ်မတွေ ငုတ်တုတ်ထိုင်စောင့်နေတာ ကြုံခဲ့ရရှာတယ်။

အိမ်ပြန်ရောက်ပြီး စားစရာလည်းမရှိလို့ ထောင်ဝင်စာထုပ်တွေ ပြန်ဖြေပြီး စားကြရတာ ။ မမခင်ကြီး ပြန်ပြောလို့ သိရတာ ။ ကျွန်မဒီအကြောင်းတွေ ကို ပေါ့ပေါ့ပါးပါးလေးပြောပြလို့ ရယ်စရာပဲနော်။ တကယ်တော့ ရယ်စရာမဟုတ်သလို ပျော်စရာလည်းမဟုတ်ခဲ့ပါဘူး။အခုချိန်ထိ အိမ်ပြန်မရောက်နိုင်သေးတဲ့ နိုင်ငံရေး မကျဉ်းသားများ ရဲ့ မိသားစုများ ရဲ့ ရင်ထဲမှာ ဘယ်လောက်များ ထိခိုက်နာကျင်ရရှာမလဲ။ ကျန်ခဲ့တဲ့သူတွေ ရဲ့ ရင်ထဲမှာ ရော၊ ဒါတွေ ဟာ ညှဉ်းပန်းနည်းတွေ ပါပဲ။ နိုင်ငံရေး အကျဉ်းသားမရှိပါဘူးလို့ ပြောရဲ့ ။ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့သူတွေ ၊ အမျိုးစုံ ခေါင်းစဉ်ပေါင်းစုံတပ်ထားပေမယ့် နိုင်ငံရေး အကျဉ်းသားဆိုတာ ကတော့ နိုင်ငံရေး အကျဉ်းသားပါပဲ။

ပလတ်စတစ်ကို ချစ်မိဖူးတယ်

(အခုပြောပြတဲ့အထဲမှာ စကားလုံးကြီးကြီးတွေ ၊ နိုင်ငံရေး ခံယူချက်တွေ ၊ သဘောထားတွေ ၊ အားနည်းချက်တို့၊ အားသာချက်တို့ ဆိုတဲ့ စကားလုံးတွေ ကို တက်နိုင်သမျှ ရှောင်ရှားပြီး ရိုးရိုးပဲ ပြေပြသွားတာ ဖြစ်ပါတယ်။ ဘာကြောင့် လဲဆိုတော့ စာဖတ်သူများ ကို လေးစားအားနာသော ကြောင့် ပါ။ တစ်ခါမှလည်း မရေး ဖူးတော့ အသုံးအနှုန်းများ မယဉ်ကျေးခဲ့ရင်လည်း ခွင့်လွှတ်ပေးဖို့ အနူးအညွတ်တောင်းပန်အပ်ပါသည်။)

ပြောရဦးမယ်။ ထောင်ထဲမှာ တုန်းက ၀န်ထမ်းမတွေ ပြောပြောနေကြတာ TV ဇာတ်လမ်းမှာ ပေါင်ချိန် ပေါင်ချိန်။ လွတ်လို့ အိမ်လည်းပြန်ရောက်ရော ဟား- ပေါင်ချိန်နဲ့ တွေ့ တော့တာပဲ။ ပြည်သူ့ တရားရှင်တဲ့။ နာမည် ကြားတာနဲ့ အားရှိတယ်ဆိုတာ ဒါမျိုးပြောတာ။ ခေါင်းစဉ်နဲ့ ဇာတ်လမ်း လိုက်ဖက်ပုံများ မတရားချည်းခံရလွန်းလို့လား မသိဘူး။ကြည့်ရင်းကြည့်ရင်း အဲဒီ ပေါင်ချိန်အဖိုး ကြီးကို ကိုယ့်ဘကြီးလို၊ ကိုယ့်အဘိုးလို့တောင်ချစ်မိတယ်။

ဘာပဲပြောပြော ပြည်သူ့တရားရှင် ပေါင်ချိန်က ပစ္စည်းသက်သေ၊ လူသက်သေ ခိုင်လုံမှ သူရဲ့ ခွေးခေါင်ဓားစက်တို့ ၊ ကျားခေါင်းဓားစက်တို့ ၊ နဂါးခေါင်းဓားစက်တို့နဲ့ စီရင်တာနော်။ ဒီခေတ်မှာ သာ ပေါင်ချိန်ရှိလို့ ကတော့ တခြားဓားစက်တွေ ကတော့ သုံးရမှာ မဟုတ်ဘူး။ ခွေးခေါင်းဓားစက်က သုံးရလွန်းလို့ မော်တာတောင် တပ်ထားရမယ်ထင်တယ်။

အမှန်တော့ ဒီပေါင်ချိန်ကြီးက ကျွန်မတို့ မြန်မာပြည်ကို နှစ် တော် တော် ကြာကတည်းက ရောက်နေတာ မသိလို့။ မုတ်ဆိတ်ဆပ်ပြာဆိုတဲ့ ဆပ်ပြာထုတ်မှာ ပါတဲ့ အဘိုးကြီး မဟုတ်ဘူးလား။ ဘယ်လိုပဲပြောပြော ပေါင်ချိန်ပြည်သူ့တရားရှင် ဇာတ်လမ်းတွဲ ကတော့ အသည်းစွဲပဲ။ တရုပ်စကားတွေ တောင် တော် တော် တက်မလို့ဟာ။ ဒီမှာ ပဲ ကိုရီးယားကားတွဲ တွေ က ၀င်လာတာနဲ့ တရုတ်နဲ့ အဆတ်ပြတ်သွားတာ။

ပြောရင်း ပြောရင်း ဟိုရောက်ဒီရောက်တွေ ဖြစ်ကုန်ပြီ။ ပြောချင်တာက “ပြည်သူ့တရားရှင် ပေါင်ချိန်” တို့ “ကျန်ကျောင်း” တို့ ဆိုတာ ထောင်ထဲမှာ အတူရှိခဲ့တာပါ။ ထောင်ဝင်စာထည့်ပေးလိုက် တဲ့ ကြွပ်ကြွပ်အိတ်တွေ မှာ သူတို့ပုံတွေ အမြဲပါနေတာ။

ထောင်ထဲက ဘ၀ကြီးမှာ တော့ ကြွပ်ကြွပ်အိတ်လောက် အရေး ပါတာ မရှိတော့ဘူး။ အခုကာလ ပတ်ဝန်းကျင်ထိန်းသိမ်းရေး နဲ့တော့ တကယ့်ဆန့်ကျင်ဘက်ပဲ။ ပလတ်စတစ်ဘူး၊ ခွက်၊ ပန်းကန်ဆိုတာ မရှိမ ဖြစ်ပဲ။ ဒါတွေ နဲ့ စားသုံးနေလို့ ရောဂါ ရမယ်တို့၊ ဘာတို့ဆိုတာ မသိကြတာမှ မဟုတ်တာ။ ကြွေပန်းကန်သုံးချင်တာပေါ့။ထောင်သားက လူမှ မဟုတ်တာလို့။

ခုချိန်ထိ ပလတ်စတစ်ဘူးလှလှ၊ ခွက်လှလှမြင်ရင် မကြည့်ဘဲကိုမနေနိုင်ဘူး။ ခင်ပွန်းသည်ကဆိုရင် ကျွန်မ ပလတ်စတစ်ပစ္စည်းတွေ ရပ်ကြည့်နေရင်“စိတ်မနာနိုင်ဘူးလား၊ လာ မြန်မြန်လျှောက်” ဆိုပြီး ဆွဲခေါ်တာ။ ဒီကြားထဲ လှတာလေးတွေ့ ရင် သူမသိအောင်ခိုးဝယ်မိသေးတာ။ ပြောသာပြောတာ သူလည်းဒီလိုပဲ။

ထောင်ထဲရောက်တာက ကိုယ် တစ်ယောက် တည်း။ ဒါပေမယ့် ဒုက္ခရောက်တာ တစ်မိသားစုလုံးပဲ။ တကယ်ခါးစည်းခံရတာ ။ နယ်ထောင်ပြောင်းပါတဲ့သူတွေ ရဲ့ မိသားစုများ ဆို သာတောင်မှ ဒုက္ခရောက်သေးတယ်။ကိုယ့်သားသမီး၊ ကိုယ့်မောင်နှမ၊ ကိုယ့်ဇနီး၊ ခင်ပွန်း အကျဉ်းအကျပ်ထဲမှာ ကျနေတယ်၊ ပင်ပန်းဆင်းရဲရှာတယ်ဆိုပြီး အပြင်ဘက်က မိဘမောင်ဖား၊ ဇနီး၊ ခင်ပွန်း ပစ်မထားရက်ကြဘူး။ ရောက်လေရာ နယ်စွန်နယ်ဖျား ဖားသီ ဖားသီ (မရှိရှိ၊ ရှိရှိ) ပို့ကြ၊ တွေ့ ကြရရှာတယ်။ ဘယ်ဘ၀က ဘယ်လိုသဋ်ကြွေးမှန်းကို မသိဘူး။

ဘယ်လောက်ပင်ပန်းပါစေ၊ ရှာဖွေစားသောက်ရတာ ဘယ်လောက်တောင် အဆင်မပြေကြပါစေ ဘာမှမမှု သလို အပြုံးမျက်နှာလေးတွေ နဲ့ ကိုယ့်ရဲ့ ထောင်ကျနေတဲ့ မိဘ၊ သားသမီး၊ ဇနီး၊ ခင်ပွန်း၊ ညီအစ်ကို မောင်နှမတွေ ကို အားပေးခဲ့ကြရတဲ့ အပြင်ဘက်က မိသားစုများ ရဲ့ ဘ၀၊ ထောင်ထဲမှာ ကွယ်လွန်သွားကြရရှာတဲ့သူတွေ ၊ ကျန်းမာရေး ချို့ယွင်းပြီး လူစဉ်မမီကြရတဲ့ နိုင်ငံရေး အကျဉ်းသားတွေ မရှားပါဘူး။

မသာအိမ်မှာ အငြိမ့်ခံသတဲ့

ကျွန်မရဲ့ ကျေးဇူးရှင်ဆရာ ဖြစ်တဲ့ ဦးမြသန်း(ကိုကိုးကျွန်းပြန်-ကွယ်လွန်) ကပြောဖူးတယ်။

“ဆရာတို့ တိုင်းပြည်က မသာအိမ်မှာ အငြိမ့်ခံနေသလိုပဲ” တဲ့။

အင်မတန်မှန်တဲ့စကား၊ ကျွန်မထောင်ကလွတ်လို့ အိမ်ပြန်ရောက်ချိန်မှာ ဆရာမ ရှိတော့ပါဘူး။ ကွယ်လွန်သွားခဲ့ပါပြီ။ ကျွန်မဘ၀မှာ အင်မတန်မှ ကြီးမားလှတဲ့ ဆုံးရှုံးမှု ကြီးပါ။ ဘာနဲ့မှ အစားထိုးလို့ မရပါဘူး။ ဆရာ့လို ပုဂ္ဂိုလ်မျိုးလည်း ကျွန်မအနေနဲ့ ဘယ်တော့မှ တွေ့ ရတော့မှာ မဟုတ်ပါဘူး။ အင်မတန်မှ ကြေကွဲဝမ်းနည်းရပါတယ်။ ဖြေလို့ မဖြေနိုင်အောင် ဖြစ်ရပါတယ်။ ဆရာ့ဇနီး အန်တီတိုးက ဖေ့ဖေ့ကိုပြောတယ်။

“သမီးပြန်လာရင် ဘယ်လိုပြောရမလဲ။ အဲဒီ အကြောင်းကျွန်မ မပြောချင်ဘူး။ ရှင်ပြောလေ” လို့ ပြောရှာတယ်။ အခုတော့ အန်တီတိုးလည်း ဆုံး သွားပါပြီ။ ကျွန်မရဲ့ အဒေါ် ( မေ့မေ့ညီမ အငယ်ဆုံး) သူက အိမ်ထောင်စု ဇယားမှာ ပါတယ်။ ထောင်ဝင်စာ တစ်ခေါက်လိုက်လာတယ်။ သူ့ခမျာ စကားကို တစ်ခွန်းမှ မပြောနိုင်ဘူး။ အဖြူရောင် ၀မ်းဆက်နဲ့ တူမကို ကြည့်ပြီး မျက်ရည်ကျနေရှာတာ။ သူအိမ်ထောင်မကျခင်ထိ အတူအိပ်၊ အတူစားနေခဲ့တာ။

ထောင်ဝင်စာတွေ့ ဖို့ဆိုတာ အိမ်ထောင်စု စရင်းဇယားမှာ ပါတဲ့ တကယ့်သွေးရင်းသားရင်းပဲ တွေ့ ခွင့်ရှိတာ။ ဘယ်လောက်အမျိုးတော် နေနေ အိမ်ထောင်စုဇယားမှာ မပါလို့ ကတော့ ဆောရီးပါပဲ။ ဒါက ၅(ည) နိုင်ငံရေး အမှု ပါ။ ကျန်တဲ့အမှု မပါဘူး။ တစ်ခါတွေ့ ရင် ဧည့်နှစ် ယောက် ပဲ တွေ့ ခွင့်ရှိတာပါ။ မိသားစုများ က ကျွန်ဝယ်ရာ အဆစ်ပါသလိုခံရတာ ။

ကျွန်မမိခင်ကြီးက ပြောတယ်။ ငါတို့အပြင် လူဆိုတာ ဒီနားပူရင် ဟိုနားရွှေ့ထိုင်လို့ ရတယ်။ သမီးတို့က ထောင်ကျရတဲ့ အထဲမှာ မှ အခန်းကျဉ်းကျဉ်းလေးထဲမှာ တိုက်ပိတ်ခံထားရတာ ။ ပူရင်လည်း ပူရှာပြီ။ အေးရင်လည်း ချမ်းများ နေရှာတော့မလားနဲ့ စိတ်မကောင်း ဖြစ်နေရတာ လို့ပြောတယ်။

မိဘတွေ ဆိုတာ သားသမီး မလွတ်မချင်း သော ကက မပြတ်ရဘူး။ ထောင်ပြောင်းသံကြားလို့ ပါများ သွားပြီလား။ အပြင်က လူတွေ ကလည်း အသံအမျိုးမျိုးကြားနေ၊ အထဲကလူတွေ ကလည်း အသံအမျိုးမျိုးကြားနေရ။ ဟုတ်တာလည်းရှိ၊ ၊မဟုတ်တာလည်းရှိ၊ ပူမယ်ဆိုရင် ပူပန်စရာကြီးပဲ။

ဒီတော့ ထောင်ထဲက ကျွန်မတို့ နိုင်ငံရေး အကျဉ်းသားတွေ ဘယ်လိုနေကြမလဲ။ အနေအစားဆင်းရဲပေမယ့် ကြံဖန်ပြီး စိတ်ကိုပျော်အောင် ထားကြတယ်။ ဆဲသံ၊ ဆူသံ၊ ရိုက်သံ၊ နှက်သံ၊ နင်ပဲငဆပြောသံ ဆိုသံတွေ ကြားထဲကနေ အကုသိုလ်ကင်းကင်းနဲ့ နေနိုင်တယ်ဆိုတာ တကယ်အံ့သြစရာကောင်းတဲ့ ကိစ္စပါ။

ကုသိုလ်ကောင်းမှု နိုင်သလောက်လုပ်နိုင်ကြတဲ့သူတွေ ထဲမှာ ကျွန်မတို့ မ-ကျ/တိုက်က လူတွေ လည်းပါပါတယ်။ အိမ်က ထောင်ဝင်စာမှာ ထည့်ပေးလိုက် တဲ့ နို့မှု န့် ၊ သကြားမှု န့်တို့ကို ချွေတာစားပြီး စုထားကြ၊ များ လာပြီ ဆိုရင် လူနာဆောင်က သက်ကြီး ၊ ကလေး ၊ မီးနေသည်တွေ အတွက် မနက်လာပို့တဲ့ ဆန်ပြုတ်စည်ပိုင်းကြီးထဲကို ထည့်မွှေပြီး နို့ဆန်ပြုတ် ဝေခိုင်းတာ။ ဒါမျိုြး ကတော့ ၀န်ထမ်းမကြီးတွေ ကို အကူအညီတောင်းရတာ ပေါ့။

များ သော အားဖြင့် ၀န်ထမ်းသက်ကြီးတွေ က ကူညီကြတယ်။ နောက်ပေါက်အငယ်ဝန်ထမ်းမတွေ ကတော့ ကိုယ်ချင်းစာတရားလည်း မရှိဘူး။ သူတို့ရဖို့၊ သူတို့ သက်သာဖို့၊ သူတို့ ဇိမ်ကျဖို့ကလွဲပြီး ဘာမှ မသိဘူး။သဘောကောင်းတဲ့ ထောင်မှူးမတွေ ဆိုရင်လည်း ဒီလိုကိစ္စမျိုးကို မသိချင်ယောင်ဆာင်ပေးပါတယ်။

ဝန်ထမ်းတိုင်း မကောင်းတဲ့သူတွေ မဟုတ်ပါဘူး။ ကောင်းတဲ့ဝန်ထမ်းတွေ လည်း ကျွန်မတို့ကြုံဖူးပါတယ်။ အခြေခံစိတ်နေသဘောထားတွေ ပေါ်မှာ ကွာသွားတာပါ။ တစ်ဖက်သတ်ကျလှတဲ့ ဒီထောင်ဥပဒေတွေ ပေါ်မှာ မူတည်ပြီး အုပ်ချုပ်သူများ ရဲ့ စိတ်ဓာတ်အဆင့်အတန်းလိုက် အကျဉ်းသားက ဒဏ်ခံရတာ ပါ။

ဆိုတက်၊ ဆဲတက်ပါပေရဲ့

ထောင်သက်ရှည်ပြီး အနေကြာတော့လည်း ၀န်ထမ်းနဲ့ ထောင်သား တယ်လည်း မကွာလှပါဘူး။ ဘာနဲ့တူသလဲဆိုတော့ ငရဲခံနေရတဲ့ လူတွေ နဲ့ ရဲသားအထိန်းတွေ လိုပါပဲ။ ငရဲမီးက ငရဲထိန်းကို မပူသလိုပေါ့။ စာထဲမှာ မို့လို့ ပြောတာပါ။ ရောက်ဖူးလို့မဟုတ်ပါဘူး။ ဖတ်ဖူးလို့ပါ။

အဆဲ၊ အဆိုတွေ များ ဆိုရင် အပြင်လူ့ပြည်မှာ နေတုန်းက ကြားတောင်မကြားဖူးဘူး။ ပြည့်တန်ဆာမှု နဲ့ ကျလာတဲ့ ငယ်ငယ်ရွယ်ရွယ် ကလေးမလေးတွေ ဆိုရင် “ဟဲ့- ဖာတလက်တက်လေးတွေ ၊ ဖာပုစွန်ဆိတ်လေးတွေ ”အဲဒီ လို ဆဲတာမျိုး( ကြာဖူးရပါတယ်)၊“ ဘုရားအစ်မ၊ ကျောင်းအစ်မ၊ ဖေတရာမတွေ ရေ” ဆိုတာမျိုး။ ဒါကကြင်ကြင်နာနာ ဆဲတယ်လို့ ခေါ်တယ်။တော် လောက်ပါပြီ။ ရေရင်းနဲ့ အဆဲကျမ်းပြုစုသလို ဖြစ်မှာ စိုးလို့။

အခုဆိုရင် တစ်ခါတစ်လေများ အတော် ကို အဆင်မပြေတာ။ အဆီအငေါ်မတည့်တာ။ အမြင်အကြား မတော် တာတွေ များ တွေ့ ရင် “ ဟင်း…မဆဲချင်လို့ ကြည့်နေတာ၊ ကကြီးကနေ အ အထိ စုံအောင်ဆဲတက်တယ်၊ ဟင်း ဟင်း” ဆိုပြီး စိတ်ထဲက ကျိတ်ပြောမိတယ်။ တကယ်ပါ။ ဆဲနည်းတကာ့ အစုံ။

စာဖတ်သူများ ကို မလေးမစား အဆဲတွေ ထည့်ရေး တာ မဟုတ်ပါဘူးဆိုတာ လေးစားစွာ တောင်းပန်ပါရစေ။ ထူးဆန်လွန်းတဲ့ ဆဲနည်းလေးတွေ ကို မျှဝေပေးတာပါ။

အဲဒီ မှာ မြင်တွေ့ လာတဲ့ ထူးထူးဆန်းဆန်းဇိမ်ခံတဲ့ ၀န်ထမ်းအချို့ရဲ့ ဇိမ်ခံနည်းလည်း ပြန်ပြောပြရဦးမယ်။ ကျွန်မတို့ မ-ကျ/တိုက်အလယ်ကောင်မှာ ပြောင်ချောနေတဲ့ သမံတလင်းလမ်းကြားလေးရှိတယ်။ တစ်တိုက်လုံးမှာ အကောင်းဆုံးနေရာပါ။ ကျွန်မတို့ က အလယ်လမ်းကြားလို့ ခေါ်တယ်။ ဘယ်လောက်ကျယ်လဲဆိုရင် လက်နှစ် ဖက်ကိုဖြန့်လိုက်၊ နည်းနည်း ပဲ ပိုမယ်။

အဲဒီ လမ်းကြားရဲ့ တစ်ဖက်တစ်ချက်စီမှာ တိုက်ခန်း ၅ ခန်းစီရှိတယ်။ အရှည်က တိုက်စ-တိုက်ဆုံး ၅ ခန်းစာပေါ့။ အဲဒီ အလယ်လမ်းကြားမှာ ၀န်ထမ်းတွေ ရှိတဲ့ ကွပ်ပျစ်တစ်လုံးရှိတယ်။ ၀န်ထမ်းမ တစ်ချို့ကဆိုရင် ထိုင်နေတယ်လို့ သိပ်မရှိဘူး။ လှဲနေတာများ တယ်။ ပျင်းလွန်းလို့ တစ်ခါတစ်လေ ကျွန်မတို့လည်း ခဏတစ်ဖြုတ်ထိုင်တယ်။ ဒါပေမယ့် ရေချိုး၊ လမ်းလျှောက်ချိန်က ခဏလေးပဲရတာ ဆိုတော့ ထိုင်ခဲပါတယ်။

အဲဒီ ကွပ်ပျစ်ကြီးက တစ်ကယ်တော့ ဇိမ်ခံကွပ်ပျစ်ကြီးပါ။ အဲဒီ ကွပ်ပျစ်ကြီးပေါ်မှာ ၀န်ထမ်းမက တုံးလုံးလှဲနေပြီး ထောင်ကျ အကျဉ်းသူ(များ သော အားဖြင့် ၃၀ ဃ၊ ဒါမှမဟုတ် ပြည့်တန်ဆာမှု ၃ ကတွေ ဖြစ်တာများ တယ်။) အမျိုးသမီးက သမံတလင်းပေါ်မှာ ဖင်ချထိုင်၊ အပေါ်ကွပ်ပျစ်ပေါ်က ၀န်ထမ်းမက ဆံပင်ကို ဖြေချပေးထားတယ်။ တိုရင်လည်း တိုတဲ့ အလျောက်ပေါ့။

အောက်က အကျဉ်းသူက ဘီးတစ်ချောင်နဲ့ ဆံပင်ကိုခွဲပြီး။ ခေါင်းကိုခြစ်ရတယ်။ဆံပင်ကို ဖြုဖြဲပြီး ဘီးနဲ့ခြစ်ပြီးရင် ပါးစက်နဲ့ ဖူးဖူးဆိုပြီး မှု တ်ပေးရသေးတယ်။ အောက်ကထိုင်ပြီး လုပ်ပေးနေတဲ့ အကျဉ်းသူရဲ့ ပေါင်ပေါ်မှာ ရော၊ သမံတလင်းမှာ ရော အဖြူရောင် အဖတ်တွေ က ဖွေးလို့ ။ မြင်ကွင်းက ထူးဆန်းလွန်းလို့ မနေနိုင်ဘဲနဲ့ သွားမေးကြည့်တော့ “ဒါဘာလုပ်တာလဲဟင် ” လို့၊ ၀န်ထမ်းမက ၀က်မှိန်းလေး မှိန်းနေရာကနေပြန်ပြောတယ်။

“ဘောက်ကုတ်တာ”တဲ့ ။ ကြားဖူးကြပါသလား။

သြော်- လုပ်အားအင်မတန်ပေါတာ ထောင်ပါ၊ ရေချိုးရင်လည်းကြည့်လိုက်ဦး။ ရေလောင်းတဲ့သူက လောင်းပေး၊ ကြေးတွန်းတဲ့သူက တွန်းပေး။ အောင်မလေး အူယားဖို့ကောင်းလိုက်တာ။

ထောင်ထဲရောက်ခါစဆိုတော့ ဒါမျိုးတွေ မျက်စိက မယဉ်ဘူး။ ရေချိုးပြီးရင်လည်း ကြည့်လိုက်ဦး။ အကျဉ်းသူတွေ က သနပ်ခါးကိုသွေးပြီးအဆင်သင့်ပြင်ထားရတယ်။ ထောင်မှူးမက ကုလားထိုင်ပေါ်မှာ ထမီရင်ရှားနဲ့ ပေါင်အရင်းထိ လှန်တင်ထားတာ။ အဲဒီ သွေးပြီးသားသနပ်ခါးတွေ ကို အကျဉ်းသူက လက်နဲ့ယူပြီး ခြေတွေ ၊ လက်တွေ ကို ပလစ်ပလစ်နဲ့ မြည် အောင်လိမ်းပြီး ညီအောင် တံပွတ်တံနဲ့ ညှိပေးရသေးတယ်။ ( ထောင်မှူးမက မျက်နှာတော့ သူ့ဟာသူလိမ်းပါတယ်။)

ကျွန်မစိတ်ထဲမှာ ကလီယိုပါထရာတောင် သူတို့လောက် ဇိမ်ကျမယ်မထင်ဘူး။ အဲဒီ လိုပဲ ချိုင်းမွှေနုတ်ခံတာရှိသေးတယ်။ အပြင်ဘက်က စာဖတ်သူများ ချိုင်းမွှေးသူများ ကို နုတ်ခိုင်းဖူးသလားဟင်။ ရေး ရတာ ရှက်တော့ရှက်ပါတယ်။ ဒါပေမယ့် ဒါတွေ ဟာ တစ်ကယ်မြင်တွေ့ ကြုံခဲ့ရတာ ပါ။ မယဉ်ကျေးလို့ ၊ အရှက်ကင်းလို့ ၊ ထောင်ထွက်မို့လို့ ဒီလိုအရေး ကြမ်းတာလို့ မထင်စေချင်ပါဘူး။

ကျွန်မတို့ရဲ့ မ-ကျ/တိုက်ရဲ့ ခေါင်းရင်းဘက်မှာ မိုးခြိမ်းပန်းပင်လေး တွေ ရှိတယ်။ ပန်းခရမ်းရောင် လေးတွေ ပွင့်ပါတယ်။ မိုးရွာလာရင်ပွင့်ရော။ အဲဒီ ပန်းလေးတွေ ကို ခူးပြီး ဘုရားတင်ကြတယ်။ များများ စားစားလည်း မဟုတ်ပါဘူး။ ဘယ်အချိန်ကာလ ဘယ်သူစိုက်ခဲ့တယ် ဆိုတာလည်း မသိပါဘူး။ ဒါပေမယ့် အဲဒီ ပန်းလေးတွေ ပွင့်ရင် စိတ်ချမ်းသာမိတယ်။ အဲဒါကို ထောင်အာဏာပိုင်များ သိသွားတော့ အဲဒီ ပန်းလေးတွေ ကို နုတ်ပစ်လိုက်ကြတယ်။

အားလုံးတိုက်ထဲကလူတွေ ပါးစပ်ကထုတ်မပြောပေမယ့် ဒီအပင်လေးတွေ ကို နုတ်ပစ်တာ စိတ်မကောင်းကြဘူး။ ဒါပေမယ့် မြေကြီးထဲမှာ ဥလေးတွေ ကျန်ခဲ့တော့ အချိန်တန်ရင် အရွက်ကလေးတွေ ထွက်လာတယ်။ မိုးရွာရင်ပန်းလေးတွေ ပွင့်တယ်။ လာပြန်နုတ်ကြပြန်တယ်။ ပြန်ပြီး အပင်ပေါက်တယ်။ အပွင့်ပွင့်တယ်။ ဘယ်လောက်ထိ လုပ်သလဲဆိုရင် အဲဒီ အပင်လေးတွေ ကို နုတ်ပြီးရင် ရွံ့တွေ နဲ့ မြေကြီးကို ပြန်မံတယ်။ အင်မတန်ဇွဲကောင်းလှတဲ့ အပင်လေးတွေ ပါ။

ရေလောင်းပေးတဲ့သူ၊ မြေစာထည့်ပေးမယ့်သူလည်း ရှိတာမဟုတ်ဘူး။ အဆောင်နဲ့ မ-ကျ/တိုက်ကြား ကာထားတဲ့ သွပ်ပြားနားမှာ ပေါက်နေတာ။ ကျွန်မတို့ ရေနွေးပူလှမ်းတဲ့ သွပ်ပြားနားမှာ ပါ။ ကျွန်မတို့လည်း ထွက်ပြီးရေလောင်းလို့ ရတာ မဟုတ်ဘူး။ကိုယ့်ကိုကိုယ် ရေလောင်းဖို့တောင် မနည်းအချိန်လုနေရတဲ့ဘ၀ပါ။ ထောင်အာဏာပိုင်များ ဟာ နောက်ဆုံးဒီဇွဲကောင်းလှတဲ့ အပင်လေးတွေ ကို ပေါက်တူးနဲ့ ပေါက်ပြီး “ဥ”တွေ ပါ တူးပစ်လိုက်တော့မှပဲ ဇာတ်သိမ်းသွားတော့တာပါပဲ။

ဒါကိုကြည့်ခြင်းအားဖြင့် ထောင်အာဏာပိုင်များ ဟာ ဘယ်လိုလူတွေ ဆိုတာ သိနိုင်ပါတယ်။ ဒါဘာမှ ကြီးကျယ်တဲ့ ကိစ္စမဟုတ်ပါဘူး။ ဒီအပင်လေးတွေ က ပန်းလေးတွေ ပွင့်တယ်ဆိုတာဘာမှလည်း တိုင်းရေး ပြည်ရေး ထူးခြားသွားတာ မဟုတ်ပါဘူး။ သူတို့လည်း ထိခိုက်နစ်နာတာ မဟုတ်ဘူး။ ဒါပေမယ့် ကျွန်မတို့ ဒီပန်းလေးတွေ ကိုကြည့်ပြီး စိတ်ချမ်းသာကြတယ်။ ဒါကိုမလိုလားတာ။ ကျွန်မပြောချင်တာက ထောင်ဆိုတာ စိတ်ချမ်းသာရမယ့် ကိစ္စဆိုရင် တစ်စက်ကလေးမှ မရှိရဘူးဆိုတာပါပဲ။

ကင်ဆာဆပ်ပြာ

ထောင်မှာ တစ်ပတ်တစ်ခါ ဝေတဲ့ ရွှေဝါဆပ်ပြာလောက်တောင် အဆင့်မရှိတဲ့ ဆပ်ပြာကိုတောင် အကျဉ်းသားတွေ ရဲ့ ရပိုင်ခွင့်ထက် လျော့လှီးပြီး အိမ်မှာ သုံးဖို့ယူတဲ့လူတွေ ပါ။ သူတို့အိမ်မှာ သုံးတဲ့စောင် ၊ ခြင်ထောင်အကုန် ထောင်ထဲသယ်လာပြီး အကျဉ်းသူကို လျော်ခိုင်းတာ။ ဆပ်ပြာပေးတယ်များ မှတ်သလား၊ ဝေးပါသေးတယ်။

တဖြည်းဖြည်းနဲ့ တစ်ပတ်တစ်ခါဝေတဲ့ ဆပ်ပြာတုံးက တဖြည်းဖြည်းနဲ့ သေးလိုက်လာတာ။ ကျွန်မလွတ်လာခါနီး အချိန်မှာ လက်တစ်လုံးတောင် မရှိတော့ဘူး။ ဒီလိုအဖိုးမတန်တဲ့ ဟာလောက်နဲ့တောင် ဖြတ်စားခံရတာ ။ တစ်ချို့ကိစ္စတွေ ဆိုရင် ရှက်စရာကောင်းပြီး ရေး ပြဖို့တောင် မသင့်တော် လွန်းလို့ မရေး တော့ပါ။

နိစ္စဓူဝ ဒီအခန်းကျဉ်းလေးထဲမှာ တကုပ်ကုပ်နဲ့နေရပေမယ့် ဖြစ်တဲ့နည်းနဲ့ အားလုံးသန့်သန့်ရှင်းရှင်းနေကြတယ်။ အင်္ကျီ တွေ စုတ်ဖွာနေပေမယ့် ဖြူဖြူစင်စင်လျှော်ဖွပ်ပြီး ၀တ်ကြတယ်။( အိမ်ကထည့်ပေးတဲ့ ဆပ်ပြာနဲ့ပါ၊ ထောင်ဆပ်ပြာမဟုတ်)ဖိနပ်သည်းကြိုးတွေ ပြတ်ရင်ကြွပ်ကြွပ်အိတ်ကို သေးသေးလေးတွေ ဖြတ် ကျစ်ဆံမြီး လှလှရေး ရအောင် ကျစ်။ ကြွပ်ကြွပ်အိတ်ရောင် စုံနဲ့ ကျစ်ထားတဲ့ သဲကြိုးလှလှဖိနပ်လေး။ ဘယ်နိုင်ငံမှာ မှ ၀ယ်လို့မရဘူး။ ဒါမျိုး Speical Limited ဘယ်မှာ မှ မရှိဘူး။ စိတ်ကူးလေးကောင်းရင်ကောင်းသလို လှလှလေးထွင်စီးလို့ရတယ်။

ကော်ဖီမစ်အိတ်အခွံ၊ ဘီစကွတ်အိတ်အခွံတွေ ကို ၀ါးခြမ်းပြားနဲ့ တင်းအောင်ဆွဲပြီး ချုပ်ထားတဲ့ယပ်တောင်လေးတွေ များ ဆို သိပ်လိက်ရာမြောက်တာ။ ပလတ်စတစ်အိတ်ကို ကြိုးလုပ်ပြီး လက်ဆွဲအိတ်လေးတွေ ထိုးထားတာ သိပ်လှတာပဲ။ အဲဒီ လိုအိတ်တွေ ကို အမျိုးသားဆောင်ဘက်က ထိုးတာများ တယ်။ ၀န်ထမ်းတွေ ကိုင်လာကြတာ။ ရောင်းလည်းရောင်းတယ်။ ဒါပေမယ့်လည်းလေ ကိုယ်ကထောင်ထွက်မို့လို့လား မသိဘူး။ အဲဒီ ဟာတွေ အမှတ်တရတောင် မသိမ်းချင်ကြဘူး။

ကြိုးနဲ့ထိုးထားတဲ့ ပုတီးတွေ ၊ ပလတ်စတစ်အိတ်နဲ့ ထိုးထားတဲ့ ဆင်မြီးလက်စွပ်လေးတွေ ၊ ဆပ်ပြာနဲ့ထုထားတဲ့ ဘုရားပုံတော် ရုပ်ထုတွေ အမျိုးသမီးဝန်ထမ်းတွေ ဆီမှာ တွေ့ ဖူးတာ အလွန်လက်ရာမြောက်ပါတယ်။အမျိုးသမီး ထောင်ကျဆောင်ဘက်မှာ တော့ တက်ကင်း၊ ဇာထိုး၊ ပန်းထိုး၊ ဟိုးအရင် ကတော့ ရက်ကန်းတို့ ၊ အုန်းဆံမွေ့ယာတို့လုပ်တာ ရှိတယ်လို့ပြောတယ်။

ကျွန်မတို့ ထောင်ကျချိန်မှာ တော့ အမျိုးသမီးထောင်ကျဆောင်ဘက်မှာ လာမှတော့ မည် မည် ရရ အလုပ်ကြီးကြီး မရှိပါဘူး။ စက်တန်းဆိုတာရှိတယ်။ ဘာတွေ ဘယ်လောက်ချုပ်တယ်ဆိုတာ သေသေချာချာတော့ မသိဘူး။တိုက်ထဲမှာ ပဲ နေရတာ ဆိုတော့ အဆောင်ကကိစ္စတွေ ကို သိပ်မသိရဘူး။

ရုပ်မမြင်အသံကြား ဆဲသံ၊ ဆိုသံ၊ ရိုက်သံ၊ နှက်သံ။ အဲဒါတွေ ကတော့ အမြဲကြားရတယ်။ “ပုလင်းတိုက်” ဆိုတဲ့ အလုပ်တစ်မျိုးလည်း ရှိသေးတယ်။ လူ့ပြည်မှာ မကြားဖူး၊ မမြင်ဖူးခဲ့ဘူး။ အဲဒါလေးလည်း ပြောပြရဦးမယ်။

အဆောင်ရဲ့ သစ်သားကြမ်းပြင်တွေ ကို ပုလင်းရဲ့ ဖင်ထောင့်စွန်းလေးတွေ နဲ့ ဖိပြီး ပြောင်လက်နေအောင်တိုက်နေရတာ ။ သစ်သားကြမ်းပြင်ကို ပုလင်းဖင်နဲ့ ဖိပြီးတိုက်တာ“၀ရော ၀ရော” ဆိုတဲ့အသံဟာ စက်ရုံတစ်ခုခုရှိတယ်လို့တောင်ထင်ရတယ်။ ကိုယ်ကလည်း အားနေတယ်ဆိုတော့ ဘာရမလဲ၊ လက်လေးလုံးအမြင့်ရှိတဲ့ မဟာကွပ်ပျစ်တော် ကြီးကို ဦးစိုင်းဒဏ်ကျေ ဆေးပုလင်းဖင်နဲ့ ဖိတိုက်တာလက်တစ်ဝါးစာတောင် ပြောင်လက်အောင် မတိုက်နိုင်ဘူး၊ မောလွန်းလို့ လက်လျော့လိုက်ပါတယ်။

ပြောရဦးမယ်၊ တိုက်ကလည်း လေမ၀င်တော့ အတော် ပူတယ်။ တစ်နေကုန်ပြတင်းပေါက်မှာ ရပ်ပြီး လေအေးစောင့်နေပေမယ့် တစ်ချက်တစ်လေတောင်လေကမလာဘူး။ ဘယ်သွားတိုက်နေတယ် မသိဘူး။ အမြဲတမ်း ချွေးတစ်လုံးလုံးနဲ့နေရတာ ။ နဂိုကတည်းက ချွေးထွက်သန်တာ။ ရယ်စရာလုပ်ပြီး ပြောကြတာ၊ ထောင်ဝင်စာထွက်ရင် ထောင်နံရံတွေ မှာ ဆောင်ပုဒ်တွေ ဖော်စပ်ပြီး ဆေးနဲ့ရေး ထားတွေ က ပြစ်မှု ကြွေးကို ချွေးနဲ့ဆပ်မည် တဲ့။ တကယ်သာပြစ်မှု ကျူးလွန်လို့ ကတော့ ဒီလိုချွေးထွက်ပုံမျိုးနဲ့ဆိုရင် လူသတ်မှု တောင် ခဏလေးတောင်ကျေတယ်လို့။

တကယ်တော့အဲဒီ အထဲမှာ က နိုင်ငံရေး အကျဉ်းသားပဲ ဖြစ် ဖြစ်၊ ရာဇ၀တ်သားပဲ ဖြစ် ဖြစ် ဘာတစ်ခုမှ တကယ်လုပ်လို့ ကိုင်လို့ မရတဲ့ အလဟဿ အချိန်တွေ ချည်းပဲ။ ရာဇ၀တ်သားတွေ ကမှ လွတ်လပ်ပြီး မဟုတ်မတရားအလုပ်တွေ လုပ်နိုင်သေးတယ်။ နိုင်ငံရေး အကျဉ်းသားတွေ ကတော့ ကောင်းကောင်း၊ ဆိုးဆိုး၊ အကျိုးရှိရှိ၊ မရှိရှိဘာကိုမှ လုပ်လို့မရတာ ။ ကြီးကြီးကျယ်ကျယ် တိုင်းကျိုးပြည်ကျိုးများ တော့ ဝေးပါသေးတယ်။

ရေချိုးထွက်ရင်းလျှော်ထားတဲ့ ထဘီစုတ်၊ အင်္ကျီစုတ်လေးတွေ တောင် မိုးရွာရင် ထွက်မရုတ်နိုင်ဘဲ ဒီအတိုင်းကြည့်နေရတဲ့ဘ၀၊ မခြောက်လို့ ထည်စွပ်ထည်လဲ မလုပ်နိုင်တော့ မခြောက်တစ်ခြောက် ခပ်ထိုင်းထိုင်းပဲ ပြန်ဝတ်ရတဲ့ဘ၀။ နောက်တော့လည်း မိုးရိပ်မိုးခြည်ကြည့်ပြီး မလှန်းရဲတော့ဘူး။ တိုက်ထဲပြန်ယူလာ၊ ကြမ်းပြင်ကို သန့်နေအောင်တိုက်ထားပြီး ကြမ်းမှာ လှမ်း။ အပြင်မှာ လှန်းတာထက် စိတ်ပိုချရတယ်။ ပိုလည်းသန့်ရှင်းတယ်။

ဝှက်နိုင်မှာ တော် ကာကျတော့မယ်

ကျွန်မကတိုက်ထဲမှာ တစ်ယောက် တည်း ထည့်ပိတ်ထားတာဆိုတော့ ကြမ်းချလှမ်နိုင်သေးတယ်။ နှစ် ယောက် သမားတွေ က နဂိုကတည်းက ကွပ်ပျစ်နှစ် ချပ်စပ်ထားတော့ ဘေးက သမံတလင်းကြမ်းပြင်က တစ်တောင်သာသာ ကျန်တော့တယ်။ အဲဒီ နေရာကျဉ်းကျဉ်းလေးထဲမှာ ကြံဖန်ပြီး လှန်းရတာ ။ ဒါလည်း စိတ်မပျက်ပေါင်။ ဖြစ်အောင်လုပ်နေကြတာပဲ။

ပြတင်းပေါက်က သံတိုင်၊ သံမျက်ကွက်မှာ လှန်းကြ၊ အချိန်တန်တော့လည်း ခြောက်သွားတာပဲ။ ခြေရင်း၊ ခေါင်းရင်း မရှိ။ ကိုယ့်ခေါင်းရှိတဲ့ဘက်အရပ်သည် ခေါင်းရင်းပဲ။ ဘာမှဒါတွေ ကို ဇာချဲ့မနြေ ကတော့ဘူး။ ကျောက်ခေတ်က နည်းစနစ်တွေ နဲ့ပဲ အဲဒီ လို အဆင်ပြေအောင်စခန်းသွားကြတာပဲ။ အောင်မြင်သွားရင်လေ“တယ်တော် တဲ့ ငါ” ဆိုပြီး ဘ၀င်တောင်မြင့်ပစ်လိုက်တာ။

မှန်ကလည်း တယ်ကြည့်ချင်တာပဲ။ထွက်ရတဲ့အချိန်လေးတွေ မှာ တိုက်ရှည့်မှန်ကို ပြေးပြေးကြည့်ရတာ အမော။ ကိုယ့်မှာ လည်း မှန်တော့ရှိတာပေါ့။ လက်မလောက်လေးပဲရှိတာ။ ဘယ်အားရမလဲ။ တလာစီရင် ပါမသွားရအောင် အဲဒီ လက်မလောက် မှန်လေးကို သစ်သားပေါင်ကြားထဲမှာ ၀ှက်ခဲ့ရတာ ။ အကြာကြီးဆိုရင် ဘယ်ဝှက်လို့ရမလဲ။ အဲဒီ မှန်လေးဘယ်လိုရလာသလဲဆိုတာ သိချင်သလား။မပြောပြဘူး သတ်ချင်သတ်လိုက်။

အဲဒီ ပေါင်ကြားမှာ ထည့်ဝှက်တဲ့ပစ္စည်းတွေ အကြောင်းပြောပြရဦးမယ်။ အဲဒီ မှန်လေးရယ်၊ လက်ချုပ်အပ်ရယ်၊ ဓားရယ် ဓားဆိုလို့ လန့်မသွားနဲ့။ ခဲတံချွန်တဲ့ ပလတ်စတစ် မောင်းချဓားလေးတွေ ရှိတယ်လေ။အဲဒီ ပလတ်စတစ်အဖုံးလေးကို ချွတ်ပြီး လွှင့်ပစ်လိုက်။ ဓားမှာ ပလတ်စတစ်နဲ့ တွဲ ပြီးခေါက်ဖို့ အပေါက်ကလေးကျန်အောင် ချိုးရတယ်။ တလာစီရင်မပါအောင် ဆံပင်မွှေးကို နုတ်၊ အဲဒီ ဓားရဲ့ အပေါက်ကလေးမှာ ချည်၊ သစ်သားကြားထဲထိုး။

တလာစီပြီး ပြန်ဝင်ရတယ်ဆိုတော့မှ အဲဒီ ဆံပင်မွှေးတန်းလန်းလေးကို ပြန်ရှာ ဆွဲထုတ်၊ လှီးချင်တာလှီးပေတော့။ အပ်လည်း ဒီလိုပဲ။ အပြဲအစုတ်လေးမှ ချုပ်စရာမရှိရင် ဘယ်လိုလုပ်မှာ လဲ။ အာဏာပိုင်တွေ က အဲဒီ ဓားတွေ ၊ မှန်ကွဲတွေ ၊ ဘာတွေ နဲ့ ကျွန်မတို့ ကိုယ့်ကိုကိုယ် သေကြောင်းကြံမှာ စိုးလို့တဲ့ ။ ဆွဲကြိုးချသေမှာ စိုးလို့ တိုက်ထဲမှာ ကြိုးလည်း မထားရဘူး။

ကျွန်မတို့ ကတော့ထားတာပဲ။ ကြိုးများ ဘာခက်တာမှတ်လို့။ ကြွပ်ကြွပ်အိတ်ကိုကျစ်လိုက်ရင်ရတာ ပဲ။ လိုချင်တဲ့ ဆိုက်ရတယ်။ ကြိုးလောက်တော့ အပင်ပန်းခံပြီး ၀ှက်မနေတော့ဘူး။ သိမ်းသွားပေါ့။ နောက်ထပ်ပြန်ကျစ်လို့ရတာ ပဲ။ ယူသွား။

ထောင်မှူးပါဝါနှင့် ခေါင်းလျှော်ရည်

ထောင်ဝင်စာမှာ အိမ်ကထည့်ပေးတဲ့ ခေါင်းလျှော်ရည်ဆိုရင်လည်း သိမ်းတယ်။ ကျွန်မ အမေက ကျွန်မအတွက် အမြဲတမ်းခေါင်းလျှော်ရည်ထည့်ပေးတယ်။ တစ်ချို့ထောင်ဝင်စာ ထောင်မှူးတွေ က ထည့်ထားတာတွေ့ ပေမယ့် အမြဲထည့်ပေးတယ်။ မသိမ်းဘူး။ နားလည်မှု ရှိတယ်။ ဒါတစ်ကိုယ်ရည် သန့်ရှင်းရေး ကိစ္စပဲ။

အပြင်ဘက်ရှာတဲ့လူက ထည့်ပေးလိုက် ရင် အထဲက၀န်ထမ်းလည်းမသိမ်းဘူး၊ ပေးလိုက် တာပါပဲ။ အဲဒီ ထောင်ဝင်စာမှာ ထောင်မှူး တစ်ယောက် ဆိုတဲ့ လူ ကတော့ ကျွန်မ အမေဆီက အမြဲသိမ်းတယ်။ ပြန်လည်းမပေးဘူး။ ကျွန်မ အမေကလည်း ဒီတစ်ပတ်အသိမ်းခံရရင် နောက်တစ်ပတ်ထပ်ထည့်တယ်။ ထပ်သိမ်းတယ်။ ဘူးပေါင်းများ စွာ အသိမ်းခံရတာ ။

တစ်ခါတော့ သူကလွှတ်ပေးလိုက် တယ်။ မသိမ်းဘူး။ အထဲက ရှာဖွေရေး ၀န်ထမ်းက သိမ်းပစေပေါ့။ သိမ်းရင် အဲဒီ လူစီက ပြန်တောင်းမယ်ပေါ့။ အထဲက၀န်ထမ်းကလည်း ခေါင်းလျှော်ရည်ဆိုတော့ ဘာမှ အပြစ် ဖြစ်တဲ့ကိစ္စ မဟုတ်ဘူး။ သန့်ရှင်းရေး ကိစ္စပဲ ။ မသိမ်းပဲလွှတ်ပေးလိုက် တယ်။ အထဲက မသိမ်းမှန်းလဲ သိသွားရော။ မ-ကျ/တိုက်က ထောင်မှူးမကို ခေါ်ပြီး ကျွန်မထောင်ဝင်စာ အိတ်ထဲမှာ ခေါင်းလျှော်ရည်ဗူးပါသွားတယ်၊ သိမ်းပြီး သူ့ဆီ ပို့ပေးလို့ ခေါ်ပြောတယ်။

ထောင်မှူးမလည်း တော် တော် စိတ်တိုသွားတယ်။ တိုက်ထဲအထိရောက်ပြီးမှ သိမ်းခိုင်းတာဆိုတော့၊ နောက်ပြီး ဒါဘာမှ ပြဿနာ ဖြစ်တဲ့ ကိစ္စလည်း မဟုတ်ဘူး။ အမျိုးသမီးချင်းလည်း ဖြစ်တော့ မသိမ်းချင်ဘူး။ သက်သက်မဲ့လိုချင်လို့ လုပ်တာမှန်းလည်း သိတယ်။ သူလည်းဒေါသ ဖြစ်တယ်။ ကျွန်မကို သွန်ယူထားလိုက်။ ရေဖြည့်ပြီး ငါသွားပြန်ပေးလိုက် မယ်။ လွှတ်ပေးပြီးသားကို ဒီလိုလုပ်ရသလားဆိုပြီး စိတ်မကောင်းလည်း ဖြစ်၊ စိတ်လည်းတိုပြီးပြောတာ။

ဒါဟာဘာကို ပြတာလဲဆိုတော့ ထောင်အာဏာပိုင် အုပ်ချုပ်သူ တွေ ထဲမှာ ကိုက ကောင်းတဲ့သူရှိသလို ဆိုးတဲ့သူတွေ လည်းရှိတယ် ဆိုတာပါပဲ။ ဖိနှိပ်ထားတာကို အခွင့်ကောင်းယူပြီး ကိုယ်ကျိုးလုပ်စားတာ။ ဒီလို ဘာမှ အဖိုးမတန်တဲ့ ပစ္စည်းကိုတောင် လိုချင်တယ်။ စိတ်နေစိတ်ထားမကောင်းတာရယ်၊ သူများ ပစ္စည်း အလကားလိုချင်စိတ်ရယ် ပေါင်းပြီးလုပ်တာ။

အချို့ကိစ္စတွေ မှာ ဘယ်သူမှ ဒီလောက်ညွန်ကြားထားတာမရှိသော်လည်း နဂိုမူလ မကောင်းတဲ့စိတ်၊ ရက်စက်တဲ့စိတ်၊ ယုတ်မာတဲ့စိတ်၊ သူတစ်ပါးပစ္စည်း အချောင်လိုချင်တဲ့စိတ်နဲ့ ပြည်သူလူထုကို နှိပ်စက်ဒုက္ခပေးတာ။

တိုးတက်တဲ့ ဒီမိုကရေစီ နိုင်ငံတော် သစ်ကြီးကို တည်ဆောက်မယ်ဆိုရင် ဒီလိုစိတ်ဓာတ်တွေ ကို ပြုပြင်ရမယ်။ မတရားမှု တွေ ကို တရားနည်းလမ်းမှန်မှန်နဲ့ ဖော်ထုတ်နိုင်ရမယ်။ အရေး ယူရမယ်။ အထက်ကနေ အောက်အထိ နိုင်ငံ့ဝန်ထမ်းများ ဘက်ကလည်း စေတနာမှန်မှန်၊ တာဝန်ယူစိတ်ရှိရှိ လုပ်ကိုင်ဆောင်ရွက်ရမယ်။ ဒီလိုမဟုတ်လို့ ကတော့ ဘယ်လိုမှ တိုင်းပြည်တိုးတက် ကောင်းစားဖို့ရှိမှာ မဟုတ်ဘူး။ အယ်- ရေး ရင်းနဲ့ အရှိန်လွန်သွားပြီ။ ဒီလိုဟာတွေ ထည့်မရေး ပါဘူးဆိုမှ။

နောက်ပြီးထောင်ထဲမှာ ကြုံတွေ့ ခဲ့ရတဲ့ ပြည့်တန်ဆာလေးတွေ အကြောင်းလည်း နည်းနည်း ပြောရဦးမယ်။ ထောင်ကျလာတဲ့ အကျဉ်းသူတွေ ကို အလုပ်ချပေးတယ်ဆိုတာ ရှိတယ်။ ဘယ်လိုလဲဆိုတော့ ရောက်လာတဲ့ ထောင်ကျ အကျဉ်းသူတွေ ကို ဘယ်သူက ဘာအလုပ်လုပ်ဆိုတာမျိုးပေါ့။

အဲဒီ မှာ အလုပ်လုပ်လိုက် လျော့ရက်“ကွာ” စသည်ဖြင့် ပေးတယ်။ “ကွာ”ဆိုတာကလည်း ထောင်စကားလို့ထင်တယ်။ လျော့ရက်ပါပဲ။ (အဲဒါထဲမှာ နိုင်ငံရေး အကျဉ်းသားမပါဘူးနော်။ ဘာလျော့ရက်၊ ဘာ“ကွာ” မှမရဘူး)နိုင်ငံရေး အကျဉ်းသားမှာ လျော့ရက်ဆိုတာမရှိဘူး။ အပြည့်အားပေးရတာ ။ ပိုမနေရရင်ကံကောင်း။ (အဲဒါကို ကျွန်မတို့က လိုက်ပွဲပေးတယ်လို့ခေါ်တယ်။)

ဥပမာ မိလ္လာဆိုပါတော့။ အဲဒီ အလုပ်ဆိုရင် လျော့ရက် အများ ကြီးရတယ်။ စက်ချုပ်၊ ဇာထိုး၊ ပန်းထိုး၊ သန့်ရှင်းရေး ၊ ဆေးခန်း၊ ရုံးခန်းစသည်ဖြင့် အလုပ်အမျိုးမျိုးရှိတယ်။ အဲဒီ နေရာတွေ မှာ လည်း မရိုးဖြောင့်မှု တွေ အများ ကြီးရှိတယ်။ ဒါတော့ ထားလိုက်တော့၊ အသေးစိတ်မပြောတော့ဘူး။

ပြောချင်တာက တိုက်ကိုချပေးတဲ့ သန့်ရှင်းရေး ၊ ရေဆွဲ၊ မိလ္လာ၊ အဲဒီ လို မိန်းကလေးတွေ ရှိတယ်။ (မိန်းကလေးတွေ လို့ပဲ သုံးနှုန်းပါတယ်) စည်း ကတော့ ရှိတယ်။ မိလ္လာသမားက ရေဆွဲမလုပ်ရဘူး။ တိုက်ဝင်းထဲမှာ တံမြတ်စည်းလှည်း၊ သန့်ရှင်းရေး စသည်ဖြင့် ခိုင်းမယ်။

တိုက်မိလ္လာဆိုတာ တိုက်ပိတ်ထားတဲ့ လူတွေ ရဲ့ ဆီး၊ ၀မ်းသွားထားတာကို တစ်နေ့နှစ် ကြိမ် အဆောင်ဘက်မှာ ရှိတဲ့ စဥ့်အိုးကြီးတွေ ထဲမှာ အရည်သတ်သတ်၊ အဖတ်သတ်သတ် သွန်ပေးရတာ ။ အဲဒီ စဥ့်အိုးကြီးတွေ က ကျွန်မတို့ တိုက်ခေါင်းရင်း သွပ်ပြားဟိုဘက်အဆောင်ဘက်မှာ ထားတာ။ ကျွန်မတို့က အဲဒီ ကျင်ကြီးကျင်ငယ် ပေါင်းချုပ် ခေါင်းထားအိပ်တာ။ အဲဒီ ဟာတွေ ကို သွန်ပြီးရင် တိုက်နောက်ဘက်က မြောင်းမှာ အင်တုံတွေ ကို ရေဆေးရတယ်။

ပုဒ်မ ၃၀(ဃ)ဆိုတာ တကယ်တော့ များ သော အားဖြင့် ပြည့်တန်ဆာမှု ပုဒ်မ မတပ်သေးပဲ အချိန်မတော် လမ်းလျှောက်မှု ဆိုတဲ့ ခေါင်းစဉ်နဲ့ ထောင်ထဲထည့်တာပါ။အဲဒီ ၃၀(ဃ)(သာတီးဒီ၊ ထောင်အခေါ်အတိုင်း ရေး ပါမယ်) သာတီးဒီဆိုတဲ့ အမျိုးသမီးတွေ ထဲမှာ လမ်းပေါ်မှာ တောင်းရမ်းစားသောက်နေတဲ့လူတွေ ၊ အိမ်မဲ့ရာမဲ့ လမ်းပေါ်မှာ အိပ်၊ လမ်းပေါ်မှာ နေတဲ့ အခြေအနေမဲ့လို့ ခေါ်တဲ့သူတွေ လည်းပါပါတယ်။

သူတို့တစ်တွေ ဟာ ဘယ်လိုအချိန်မျိုးတွေ မှာ ထောင်ထဲကို အများ ဆုံးရောက်သလဲဆိုရင် ပြည်ထောင်စုနေ့တို့၊ လွတ်လပ်ရေး နေ့တို့လို အခါကြီး ရက်ကြီးတွေ မှာ အခြားတိုင်းပြည်က အကြီးအကဲတွေ လို ဟာမျိုးတွေ ရောက်လာတော့မယ်ဆိုရင် အဲဒီ အခြေအနေမဲ့တွေ ၊ တောင်းရမ်းစားသောက်နေရသူတွေ အလုံးအရင်းနဲ့ ရောက်လာတော့တာပါပဲ။ ဒါကို တံမြတ်စည်းလှည်းတယ်လို့ ခေါ်တယ်။

အဲဒီ လူတွေ ထောင်ထဲကို ၀င်လိုက်၊ ထွက်လိုက်၊ နှစ် ပတ်ကျလိုက်၊ တစ်ပတ်ကျလိုက်၊ သုံးလကျလိုက်ပဲ။ ပြည့်တန်ဆာလေးတွေ ကတော့ ဒီလိုသာတီးဒီ ပုဒ်မတပ်ပြီး ၀င်လိုက်၊ ထွက်လိုက် လုပ်နေရာကနေ ပြည့်တန်ဆာပုဒ်မတပ်ပြီး တစ်နှစ် စသည်ဖြင့် ကျကြပါတယ်။

ထောင်ကို ၀င်လိုက်၊ ထွက်လိုက်နဲ့ အလုပ်ဆုံး ကတော့ နိုင်ငံရေး သမားနဲ့ သာတီးဒီပါပဲ။

ပြည့်တန်ဆာများ မှာ တော့ အနှိပ်ခန်း၊ ခေါင်းလျှော်ခန်း၊ Night Club၊ ပန်းခြံ၊ လမ်းဘေး၊ ဆေးဖာ စသည်ဖြင့် အတန်းအစားအမျိုးမျိုးရှိပါတယ်။ နိုင်ငံခြားသားပဲ သီးသန့်လိုက်တယ်ဆိုတဲ့ High Club တွေ တောင်ရှိပါတယ်။ နေရာပေါ်မှာ မူတည်ပြီး အတန်းအစားကွဲပြားသွားပေမယ့် လုပ်ငန်း ကတော့ ဒီအလုပ်ပါပဲ။ ကာလသား ရောဂါ ၊ HIV ဆိုတာ ကတော့ ဗလာမပါကံစမ်းမဲပါပဲ။ ဘယ်လောက်သားသားနားနားရှိနေပါစေ။ အဲဒီ ရောဂါ ပိုး နှစ် မျိုးစလုံး ကတော့ နှစ် မျိုးစလုံး၊ ဒါမှမဟုတ် တစ်မျိုး ကတော့ ရှိနေတာပါပဲ။

မိလ္လာ၊ သန့်ရှင်းရေး ၊ ရေဆွဲဆိုတဲ့ မိန်းကလေးတွေ လည်း အဲဒီ အထဲကပဲ မတက်နိုင်တဲ့သူတွေ ၊ ထောင်ဝင်စာမရှိတဲ့သူတွေ သူတို့ပဲ ဒီအလုပ်လုပ်တွေ ပဲ လုပ်နေကြရတာ လေ။ ဒီတော့လည်း သူတို့အကြောင်း မသိချင်လည်းသိရတာ ပါပဲ။ သူတို့မှာ စားစရာမရှိ၊ ထောင်ဝင်စာမရှိတော့ မ/ကျ/တိုက်က ၅(ည) တွေ ကပဲ ကိုယ့်ထောင်ဝင်စာထဲကပဲ ခွဲကျွေးပေါ့။ ထောင်ဝင်စာပြန်ရင် ကိုယ့် ၅(ည)တွေ အချင်းချင်း ခွဲကျွေးကြသလိုပါပဲ။ သူတို့ အတွက်လည်း ရှယ်ယာပါတယ်။

အိမ်ကိုသူတို့အတွက် ဆေးမှာ ပေး၊ ဆေးခန်းတာဝန်ကျတဲ့ တာဝန်မှူးကို ဆေးစာရေး ခိုင်း၊ ပင်နယ်စလင် ဘယ်နှသိန်းအားသောက်ဆေး ရေး ပေးပါဦး။ ပြီးရင်သူတို့ကို ပြန်ပေး။ သူတို့တွေ က ဘာဆေးသောက်ရမယ်ဆိုတာ သိပြီးသား။ ဘယ်လောက်ထိ သမ္ဘာရင့်နေပြီလဲဆိုတော့ မပြောနဲ့။ HIV တော့မသိဘူးပေါ့။ ကာလသား ရောဂါ အတွက်ပါ။

အပြင်မှာ ပြန်တွေ့ ရင် ခေါ်မှာ လား ဟင်

အဲဒီ ရောက်လာတဲ့ မိန်းကလေးတွေ ရဲ့ အမည်းလေးတွေ ကိုကြည့်ဦး “လမင်းငယ်”၊“ချစ်ပြုံးနှင်းဆီ”၊ “ထစ်ချုန်းမိုး”၊“ဗေဒါ”။ အိုး- အမည် လေးတွေ မှ အပျံစားချည်းပဲ။ ရုပ်ဆင်းအင်္ဂါအမျိုးမျိုးမှာ နာမည် နဲ့တော့ လိုက်ချင်မှ လိုက်ပါမယ်။ သူတို့လေးတွေ ပဲ ကျွန်မတို့ကို ရေပို ခိုးထည့်ပေးတာ။

“မကြီးတို့က အပြင်ထွက်ရတာ မဟုတ်ဘူး။ တိုက်ထဲထည့်ပိတ်ထားတာ။ ရေ၀အောင်ချိုး။ နို့မို့ဆိုရင် အညောင်းအညာမိနေတာ” ဆိုပြီး စေတနာ အပြည့်အ၀နဲ့ကို ရေဆွဲထည့်ပေးရှာတာ။ သူတို့တွေ မှာ တောင် စာနာတက်တဲ့ စိတ်ဆိုတာရှိတယ်။ သူတို့ကလည်း “လူ” ကိုး။

အဲဒီ မိန်းကလေးတွေ က ပြောတယ်။

“အစ်မကြီးတို့ ထောင်ကလွတ်သွားပြီး အပြင်မှာ တွေ့ ရင် ကျွန်မတို့ နှုတ်ဆက်လို့ ရမှာ လား”

ဒီလိုမေးရှာတယ်။ ကျွန်မတို့ နိုင်ငံရေး အကျဉ်းသား ၅(ည) တွေ ဟာ ထောင်ထဲမှာ နေခဲ့တဲ့တစ်လျှောက်လုံး သူတို့ကို အင်မတန်အားကိုးရတာ ။ သိပ်ကျေးဇူးတင်ဖို့ကောင်းတယ်။

“ခေါ်မှာ ပေါ့။ နှုတ်ဆက်ရမှာ ပေါ့။ အစ်မကပြန်လည်းနှုတ်ဆက်မယ်။ ညီမတို့က မမြင်ရင်တောင် အစ်မအရင်မြင်ရင်လည်း အစ်မက နှုတ်ဆက်မှာ ပဲ”

ဒီလိုပြောတဲ့အခါ ကျေနပ်သွားရှာတဲ့ သူတို့မျက်နှာလေးတွေ ။

အပြင်မှာ တကယ်ပြန်တွေ့ တော့လည်း တကယ်ခေါ်ကြ၊ ပြန်နှုတ်ဆက်ကြတာ။ ဘယ်သူဘယ်လိုထင်ထင် မိန်းကလေးတွေ ကလည်း အဲဒီ လို နှုတ်ဆက်တဲ့အတွက်လည်း ၀မ်းသာကြတယ်။

“ဘယ်သူနေကောင်းလား”

“တွေ့ သလားနဲ့ပေါ့”

ဒီအတွက် ကျွန်မတို့က သိက္ခာကျတယ်၊ ဂုဏ်သိက္ခာမဲ့တယ် မထင်ပါဘူး။သူတို့လေးတွေ ဟာ ထောင်သမိုင်းတစ်လျှောက်လုံးမှာ ပါဝင်ခဲ့တာပါ။ သူတို့တွေ ကသာ ကျွန်မတို့ ၅(ည)တွေ ကို ၊ နိုင်ငံရေး အကျဉ်းသားတွေ ကို ထိထိရောက်ရောက် ကူညီခဲ့ကြတာ။ ဒါနဲ့ သူတို့လေးတွေ အလုပ်လုပ်တဲ့ နေရာတစ်ချို့ကို ရိပ်မိရတော့တာပေါ့။

တစ်ကြိမ်မှာ တော့ ကျွန်မရဲ့ ဖေဖေနဲ့၊ သမီးလေးနဲ့ မုန့်ဝယ်နေတုန်း အဲဒီ ထဲက တစ်ယောက် နဲ့တွေ့ ရော ၊ နှုတ်ဆက်ကြတာပေါ့။ အဲဒီ မုန့်တိုက်နားမှာ နာမည် ကြီးတည်းခိုခန်းတစ်ခုရှိတယ်။ အပြန်ြ ကတော့ ဖေဖေကမေးတယ်။ အဲဒါဘယ်သူလဲပေါ့။ ဒါနဲ့ပြောပြလိုက်တယ်။

အဲဒါအထဲမှာ တွေ့ ပြီး ခင်ခဲ့တာ။ “သမီးတို့ကို အများ ကြီး ကူညီခဲ့တာ” လို့ သေသေချာချာ ပြောပြလိုက်တယ်။ အဲဒီ မုန့်တိုက်က ကျွန်မတို့နေတဲ့ရပ်ကွက်နဲ့ နီးတယ်။ သမီးလေးအတွက် အဲဒီ မုန့်ကို ခဏ ခဏ ၀ယ်ရတယ်။ တွေ့ တိုင်းလည်း နှုတ်ဆက်မိတယ်။ မသိချင်ယောင်ဆောင် ၊ မမြင်ချင်ယောင် မဆောင်ရက်ဘူး။

တစ်ခုတော့ရှိတယ်။ သူတို့ဘက်က သိပ်ပြီး အနေအထားမမှန်တဲ့အခါမျိုးဆိုရင် သူတို့ကလည်း ကိုယ့်ကို လေးစားတဲ့အနေနဲ့ နှုတ်မဆက်ဘူး။ ဘယ်လို အနေအထားပဲ ဖြစ် ဖြစ်ပါ။ သူတို့ကို နှုတ်ဆက်ဖို့ ကတော့ကျွန်မ ဘယ်တော့မှ ၀န်မလေးဘူး။ သူတို့ကူညီခဲ့တာတွေ နည်းတာမှ မဟုတ်တာ။ သူတို့လည်း စွန့်စားခဲ့ရတာ ပဲ။

ဒီလိုနဲ့ တစ်နေ့တော့ ကျွန်မ ဖေဖေက သူ့မြေးအတွက် မုန့်ဝယ်ပြီး ပြန်လာတယ်။

“သမီးရေ သမီးကောင်မလေးတွေ တော့ ဒုက္ခရောက်ကြရှာပြီ။ အဲဒီ နေရာကို ရဲတွေ ၀င်ဖမ်းကုန်ပြီ” လို့ အလန့်တကြား ပြောတော့တာပဲ။ စိတ်မကောင်းလဲ ဖြစ်လာတယ်။

သူတို့လေးတွေ ရဲ့ ဘ၀ဟာ ဒီလိုပဲ အဖမ်းခံရလိုက်၊ ထောင်ချလိုက်၊ လွတ်သွားလိုက်။ ဒီလိုနဲ့ပဲ သံသရာလည်ရင်း နောက်ဆုံးအသက်ဆုံးရရှာတာပဲ။ ဒါဖြင့် ဒီလိုကိစ္စတွေ အတွက် ဘယ်လို အဖြေရှာကြမလဲ။

ဆယ်ကျော်သက်လည်း တစ်နှစ် ပဲ

ထောင်ထဲမှာ တွေ့ လာတဲ့ မိန်းကလေး တစ်ယောက် ရှိသေးတယ်။ နာမည် ထည့်မရေး တော့ပါဘူး။ ၁၂ နှစ် ၀န်းကျင်ပဲရှိသေးတယ်။ တစ်နှစ် ချလိုက်တာ၊ တိုက်မှာ သန့်ရှင်းရေး လုပ်ရတယ်။

ဒီကလေးသာသာလေးကို မြင်တိုင်းသိပ်ကို စိတ်မကောင်း ဖြစ်ရတယ်။ သူလေးကို ကျွေးစရာရှိတာကျွေးတယ်။ ကျွန်မရဲ့ ခေါင်းရင်းပြတင်းပေါက်မှာ လာထိုင်တယ်။ ရုပ်ကလေးကလည်း သနားစရာ၊ ချစ်စရာ။ ကျွန်မသာထောင်ထဲကို မရောက်ခဲ့ရင် ဒီလိုကလေးမျိုးတွေ ရှိမှန်းတောင် သိမှာ မဟုတ်ဘူး။

တဖြည်းဖြည်းနဲ့ သူကလေးရဲ့ လွတ်ရက်ကနီးလာတယ်။ ထောင်ဝင်စာထွက်တိုင်း ချောင်ရင်ချောင်သလို ဒီကလေးအကြောင်းကို မိခင်ကြီးကို ပြောပြထားပြီး အဲဒီ ကလေး ဒီဘ၀ပြန်မရောက်အောင် စီစဉ်ပေးပါဆိုပြီး ပြောထားတာ( အဲဒီ လောက်ထိ မိဘကို ဒုက္ခပေးတာပါ။)

မိခင်ကြီးကလည်း ကလေးမအတွက် အသက်မွေးဝမ်းကြောင်းသင်တန်းတွေ မှာ စုံစမ်း၊ အကျိုးအကြောင်းပြောပြနဲ့ အဲဒီ က ဆရာမ ကြီးတွေ ကလည်း လူမှု ဖူလုံရေး ဌာနရဲ့ ညွန်ကြားရေး မှူးလက်မှတ်သာ ပါပစေ။ လက်ခံပေးတယ်။ ဒီလိုဆိုတော့ အမေကြီးက အဲဒီ ဖူလုံရေး ရုံးခန်းကိုသွား၊ အကျိုးအကြောင်းပြောပြတော့ ဒု-ညွှန်မှူး ဆိုတာနဲ့တွေ့ တယ်။

သူက “အဲဒီ ကလေးမလေးဟာ ထောင်ကျဖူးသွားတဲ့အတွက် လက်ခံပေးလို့ မရပါဘူး။ စည်းမျဉ်း စည်းကမ်းတွေ ရှိပါတယ်။” လို့ ပြောပါတယ်။

ကျွန်မအမေက အဲဒီ စည်းမျဉ်းတွေ ကို မသိပါဘူး။ ကျွန်မက အေးအေးမနေဘဲ ထောင်ကျနေတာတောင် မိဘကို ဒုက္ခပေးမိတာ။

ဒု-ညွှန်ကြားရေး မှူးဆိုသူက ဒီလိုရှင်းပြရုံတင်မကဘူး။

“အန်တီက ဒီလောက်တောင် သနားနေရင် ကိုယ့်အိမ်ကို ခေါ် သွားပါလား” လို့ပြောလို့ မယ်တော် ကြီးလွန်စွာ ဒေါပွသွားပြီး-

“ကျွန်မအိမ်မှာ ဒီလို ဆိုင်းဘုတ်ထောင်ထားရင် ကျွန်မအိမ်ကို ခေါ်သွားမှာ ပေါ့။ အခု ရှင်တို့ဆီမှာ ဆိုင်းဘုတ်တင်ထားလို့ ကျွန်မလာပြီး အကူအညီတောင်းတာပေါ့ ”ဆိုပြီး ပြောဆိုပါလေရော။ အဖော်လိုက်ခဲ့ပေးတဲ့ဘကြီးက အတင်းဆွဲပြီး ပြန်ခေါ်လာလို့။

အဲဒီ တုန်းက မေမေနဲ့အတူပါသွားတာ လူမှု ဖူလုံရေး ဌာနက ညွန်ကြားရေး မှူး ဆရာဝန်ကြီးပါ။ အဲဒီ အချိန်မှာ ပင်စင်ယူပြီးနေပါပြီ။ ဒီလိုနဲ့ပဲ အဲဒီ ကလေးကို မကူညီနိုင်ခဲ့ပါဘူး။ ကျွန်မမလွတ်ခင် နောက်တစ်ကြိမ်ထောင်ထဲကို ရောက်လာပါသေးတယ်။ သူ့ကိုမြင်တိုင်း ကျွန်မရင်နာရပါတယ်။

ကြွပ်ကြွ့ပ်အိတ် အသုဘ

တချိုကမိန်းကလေးတွေ မှာ ကိုယ်ဝန်ပါလာပါတယ်။ တစ်ယောက် ဆိုရင် ရေဆွဲပေးနေရင်း တစ်နေ့တစ်ခြားဗိုက်ကြီးပူလာလို့ ကိုယ်ဝန်ရှိနေမှန်းသိသွားပြီး တိုက်ရေဆွဲကနေ ဖြုတ်ပစ်လိုက်တာ။ ဒီကောင်မလေးကလည်း တမင်ကိုယ်ဝန်ရှိနေမှန်းသိပေမယ့် ပျက်ချင်ပျက်ကျပါစေတော့ဆိုတဲ့ သဘောနဲ့ပဲ ရေဆွဲတဲ့ အလုပ်ကို လုပ်လေရော့သလားမသိပါဘူး။ အဲဒီ မိန်းကလေးတွေ ကိုလည်း စားစရာပေးတာက လွဲပြီး ဘာမှ ထိထိရောက်ရောက် မကူညီနိုင်ခဲ့ပါဘူး။ ကလေးလေးမွေးတော့ တိုက်ခေါင်းရင်းကနေ လာကြပါသေးတယ်။ “မိန်းကလေး”ပါ။

ဒီလိုပဲ မိန်းမထောင်ဆေးခန်းမှာ မွေးရင်းနဲ့ လူ့ပြည်ဆိုတာ ဘာမှန်းမှ မသိလိုက်ရဘဲ သေရရှာတဲ့ ကလေးတွေ ရှိပါတယ်။ ပြည့်တန်ဆာမလေးတချို့ ကိုယ်ဝန်ပါလာတဲ့ကိစ္စတွေ က သိပ်တော့မဆန်းလှပါဘူး။ ရုံးထွက်နေရင်းက ရလာကြတာများ ပါတယ်။ ဒီအကြောင်းတွေ ကို ရေး ပြဖို့ အင်မတန် ရွံရှာဝန်လေးမိပါတယ်။ ဒီလောက်ပဲပြောပြချင်ပါတယ်။

သေသွားတဲ့ ကလေးအသေကောင်လေးတွေ ကို ကြွပ်ကြွပ်အိတ်နဲ့လာထည့်ပြီး ထုတ်ပေးလိုက် တာ မြင်ဖူးလိုက်ပါတယ်။ မွေးမွေးပြီးချင်း ကလေးဆိုရင် ကြွ့ပ်ကြွပ်အိတ်သေး၊ နည်းနည်း ကြီးမှဆိုရင် ပေါင်ချိန်အိတ်၊ ကျန်ကျောင်းအိတ်ပါပဲ။ဒါကြောင့် ထောင်ထဲမှာ တော့ သဘာဝပတ်ဝန်းကျင် ဘယ့်နှယ့်ပဲ ဖြစ် ဖြစ် ကြွပ်ကြွပ်အိတ် ကတော့ထောင်ဘ၀မှာ မရှိမ ဖြစ်ပါပဲ။

လက်မှတ်ထိုး ဗိုလ်စွဲခြင်း

ထောင်ထဲမှာ နေရတဲ့အချိန်မှာ ကျွန်မတို့ဟာ အင်မတန် လက်မှတ်ထိုးရပါတယ်။ ထောင်ထဲမှာ လောက် ဘယ်မှာ မှ လက်မှတ်မထိုးဖူးဘူး။ ကျွန်မတို့က တိုက်ပိတ်ခံထားရတဲ့သူတွေ မို့လို့ ဆေးရုံစားထမင်းရပါတယ်။

ဆေးရုံစားထမင်းဆိုတာ အခြားထောင်ကျတွေ ကို ကျွေးတဲ့ထမင်းထက် နည်းနည်း ပိုပျော့အောင် ချက်ထားတဲ့ထမင်းပါ။ တစ်ခါတစ်လေများများ ပိုပျော့ပါတယ်။ထမင်းစေ့ဆိုတာမျိုး တစ်စေ့ချင်းဘယ်တော့မှ မတွေ့ ဖူးပါ။ ထမင်းတွေ က အမြဲပူးနေတယ်။သေးသေးပူးတာရယ်၊ အတုံးကြီးကြီးပူးတာရယ်။ အခဲလိုက်ကြီး ဖြစ်နေတာရယ်ပဲ ရှိပါတယ်။ဒီလို ဖြစ်အောင်ချက်ဖို့ဆိုတာ ကျွန်မအထင် တော် ရုံပညာရှင်တောင် လုပ်နိုင်မယ်မထင်ပါဘူး။ ကြက်ဥပြုတ်တစ်လုံးရပါတယ်။ အဲဒီ ထမင်းတစ်ခါပေးတိုင်း၊ ကြက်ဥမနက်တစ်ခါရတိုင်း၊ ရေနွေး မနက်တစ်ခါရတိုင်း လက်မှတ်ထိုးရပါတယ်။ ကြက်ဥက အပြင်လောကမှာ ဆိုရင် လက်ဖက်ရည်ဆိုင်တွေ ဘာတေမှာ ကာကျက်ဆိုပြီးစားတာမျိုး ကြားဖူးပါတယ်။

ထောင်ဆေးရုံကြက်ဥ ကတော့ နှစ် ကျက်လို့ပဲပြောရမလားမသိပါဘူး။ အကာအခွံသားက ကြည်လောင်လောင် အရည်ချွဲချွဲ ဖြစ်နေပြီး အနှစ် က လောက်စလုံးနဲ့ နင်လားငါလားမာပါတယ်။ တစ်ခါတစ်ရံမှာ ခွဲလည်း ခွဲလိုက်ရော၊ ကြက်အကောင်ပေါက်လေးကို ကြောက်စရာတွေ့ လိုက်ရလို့ လန့်တောင် အော်မိတယ်။

အိမ်က ပါဆယ်ပို့ရင်လည်း လက်မှတ်ထိုးထုတ်ရပါတယ်။ ဆေးဆိုရင်လည်း လက်မှတ်ထိုးယူရပါတယ်။ သွေးပေါင်ချိန်ရင်တောင် လက်မှတ်ထိုးရပါတယ်။ ဆေးကိုလည်း အကုန်ပေးမထားပါဘူး။ တစ်ရက်စာ နှစ် ရက်စာပဲ ပေးပါတယ်။ ပေးတိုင်းလည်း လက်မှတ်ထိုးရပါတယ်။

ဘာပဲပြောပြော လက်မှတ်ထိုးရလို့ ကျွန်မတို့ ဘယ်သူမှ မငြူစူပါဘူး။ အဲဒီ အချိန်လေးမှာ လက်မှတ်ထိုးဖို့ အတွက် အခန်းအပြင်ဘက်ကို ခဏထွက်ရပါတယ်။ လက်မှတ်တစ်ထိုးစာဆိုပေမယ့် ဖြတ်သွားသမျှ အခန်းတိုင်းက ညီအစ်မတွေ နဲ့ စကားပြောလို့ရပါတယ်။ မရတဲ့အခြါ ကတော့လည်း မျက်စပစ်ပြ၊ လျှာထုတ်ပြကြတာပေါ့။ အဲဒီ မျက်စပစ်၊ လျှာထုတ်ပြတာတွေ ကလည်း အဓိပ္ပါယ်ရှိတာချည်းပါပဲ။ ကိုယ့်အချင်းချင်းတွေ ကတော့ နားလည်သဘောပေါက်ကြပါတယ်။

ချောင်တဲ့အချိန်တွေ ဆိုရင် တစ်ခန်းနဲ့တစ်ခန်းအော်ပြီး စကားပြောကြတယ်။ ဒီတော့လည်း တစ်ယောက် အကြောင်း တစ်ယောက် သိကြတာပေါ့။ မကြီး ပြုံးပြုံးအေးဆိုရင် သူကသိပ်နားမကြားရဘူး။ သူနဲ့အတူနေတဲ့ စုစုဝင်းက ဘာသာပြန်ပေးတယ်။ အဆင်ကိုပြေလို့။

တကယ်တော့ ထောင်ထဲမှာ ဘာကိစ္စမှ အဆင်ပြေတယ်ဆိုတာ မရှိဘူး။ မလွယ်ကူအောင်၊ ခဲရာခဲဆစ် ဖြစ်အောင် အလွန်ကြိုးစားစီမံထားပုံရပါတယ်။ ထောင်ကလွတ်ပြီး တစ်ယောက် နဲ့ တစ်ယောက် စတွေ့ တွေ့ ချင်းဆိုရင် တစ်မျိုးကြီးပဲ။ ဘာလိုနေမှန်းကို မသိဘူး။ ဘယ်ဟုတ်လိမ့်မလဲ။ တစ်ယောက် နဲ့ တစ်ယောက် က ဘယ်ကြည့်ကြည့် သံတိုင်နဲ့ သံဆန်ခါ နှစ် ထပ်ကြားကပဲ မြင်နေရတာ ။ ယခုလို အပြင်ဘက်မှာ အတားအဆီးမရှိ၊ ဟာလာဟင်းလင်းကြီးမြင်ရတော့ တစ်မျိုးကြီးကို ဖြစ်နေတော့တာပဲ။

တခြားတိုက်သန့်ရှင်းရေး တို့ ၊ မိလ္လာတို့ကျတော့ ဒီလိုမ ဖြစ်ဘူး။ မ ဖြစ်ဆို ကိုယ်ကသာ အပြင်ထွက်လို့ မရတာ ။ သူတို့က ကိုယ့်အခန်းထဲဝင်ပြီး မိလ္လာချ၊ ရေထည့်။ ဒီလိုဝင်လုပ်ရတာ ကိုး။ တိုက်ထဲကို နိုင်ငံရေး အကျဉ်းသားတွေ တစ်ယောက် ပြီး တစ်ယောက် ရောက်လာရင် -

“လာလာဟေ….လာကြပြီလေ….ရေမြေတောအနှံ့က တို့ဆွေသဟာတွေ …..ရပ်ဝေးကဆွေ…ရပ်နီးကဆွေ….စုပေါင်းညီညာသလေ…..ဝေလေလေ…..ဝေလေလေ”နဲ့ အော်ဆိုရင် ၀ိုင်းရယ်ကြတာ။ ၀မ်းနည်းနေလို့၊ ပူဆွေးသော ကရောက်နေလို့ ရူးရုံသာရှိတော့မှာ ပေါ့။

မ-ကျ/တိုက် ညီအစ်မများ

မမိုမိုအေး(ခ) မာမောအေး။ အဲဒီ အစ်မက ထောင်ကြီးက ကျောင်းဆရာမ လေး။ သူကခင်အေးမွန်နဲ့ တစ်ခန်း။

လဲ့လဲ့ဝင်း(မလဲ့) နဲ့ မအေးအေးမြင့် သူတို့က ပျဉ်းမနားက၊ တစ်ခန်း။

မီးမီး(ခ) သင်းသင်းအေးနဲ့ ရွှေစင်(ခ) အိရွှေစင်ညွန့်က တစ်ခန်း။

အန်တီစန်း( ဒေါ်စမ်းစမ်းနွဲ့-သာယာဝတီ)နဲ့ သူ့သမီး မြတ်မိုမိုထွန်းက တစ်ခန်း။

မပြုံးပြုံးအေးနဲ့ စုစုဝင်းက တစ်ခန်း။

ဒေါ်ခင်အေးအေးမာနဲ့ မပို(ခ) မ၀င်းဝင်းဌေးက တစ်ခန်း။ မပိုက အစက ဒေါ်စန်းစန်း( ဆိပ်ကမ်းဒေါ်စန်းစန်း) နဲ့ အတူတစ်န်း။ ဒါပေမယ့် ကြီးစန်း( ဆိပ်ကမ်း ဒေါ်စန်းစန်း)ကို အနောက်တိုက်ကို ရွှေ့လိုက်ပြီး ဒေါ်ခင်အေးအေးမာနဲ့ တစ်ခန်းထားတာ။

မခင်မကြီး (မမခင်ကြီး) ကို စီးပွားရေး မှု အမျိုးသမီးတစ်ဦးနဲ့ တစ်ခန်းထည့်ပိတ်ပါတယ်။

နှင်းနှင်းမွှေး( သူကဒုတိယအကြိမ် အင်းစိန်ထောင်ကို အားပေးသူပါ။ ပထမအကြိမ် အင်းစိန်ထောင်ကနေ သာယာဝတီထောင်ကို တစ်လမ်းလုံး နေပူလှန်း၊ တုတ်နဲ့ရိုက်ပြီး ပြောင်းခံရတဲ့သူပါ)။ သူနဲ့ မမာမာဦး( အညတရ သူရဲကောင်းဆုရသူ) သူက မန္တလေးထောင်မှာ တစ်ကြိမ်၊ အင်းစိန်ထောင်မှာ တစ်ကြိမ်၊ နောက်တစ်ကြိမ် ဗန်းမော် ထောင်တစ်ကြိမ်၊ စုစုပေါင်း (၃) ကြိမ် နိုင်ငံရေး မှု နဲ့ ထောင်ကျတာပါ။ သူတို့နှစ် ယောက် က တစ်ခန်းပါ။

သီတာဝင်း၊ သူက မုံရွာကပါ။ ပထမ မ-ကျ/တိုက်မှာ တစ်ခန်းနေရပါတယ်။ နောက် သာယာဝတီထောင်ပြောင်းပါပြီ။ မကျန်းမာလွန်းသော ကြောင့် ရန်ကုန်ဆေးရုံကြီးကို ထောင်ဂါတ်ဝပ်မှ တစ်ဆင့် အင်းစိန်ထောင် အမျိုးသမီးဆေးခန်း။ အဲဒီ ကမှ ကျွန်မတို့ မ-ကျ/တိုက်ကို ပြန်ရောက်ရတာ ပါ။

ဒေါ်ငယ်မမသန်း( ဗိုလ်ချုပ်အောင်ဆန်း၏ အစ်ကို ဦးအောင်သန်း၏ သမီး၊ဒေါ်အောင်ဆန်းစုကြည်၏ ညီမ၀မ်းကွဲ) ကတစ်ခန်း။

ကျွန်မ ချိုနွယ်ဦးက တစ်ခန်း။ အရင် ကျွန်မတို့ တိုက်ကို ရောက်ခါစက ဒေါ်စိုးစိုးထွန်း(န.၀.တ ပတ္တမြားကြီးအမှု ) ၊ သူ့ကိုလည်း တစ်ယောက် တည်း ပိတ်ထားတာပါ။ အခန်းနံပါတ်တွေ ထည့်မရေး တာ ကတော့ အခန်းတွေ ပြောင်းပြောင်းပြီး ထည့်ပိတ်တဲ့အတွက် ဖြစ်ပါတယ်။

ကျွန်မရဲ့ အမှု တွဲ အေးအေးမိုးနဲ့ မိုးကလျာဦးကတစ်ခန်း။

လေးလေးမွန်ကတစ်ခန်း။

နောက်ပိုင်း မီးမီး(ခ) သင်သင်းအေး၊ အိရွှေစင် ၊ မိုးကလျာဦး၊ အေးအေးမိုး၊ သီတာဝင်း၊ လေးလေးမွန်တို့က သာယာဝတီထောင် ပြောင်းသွား ပါတယ်။မန္တလေးမှ ဒေါ်ညို(စီးပွားရေး အမှု )သူလည်း မ-ကျ/တိုက်ကို ခဏ လာအားပေးဖူးပါတယ်။ ကျွန်မလွတ်သွားပြီး ကျွန်မ အခန်းကို နိုဘယ်လ်အေးရောက်လာပါတယ်။

ဒီလိုပဲ ဘ၀သံသရာ ရထားကြီးလို “ တစ်ယောက် ဆင်း တစ်ယောက် တက်နဲ့” သီချင်းထဲကလောက်တာ့ မမြန်ဘူး။တ၀ကြီး အမုန်းနေကြရတာ ။

အင်းစိန်ဆိုတဲ့နေရာများ စိတ်နာချက်ကပြင်းတယ်။“—” ဆိုတဲ့ ရှုဆေးကြီးလေ။ သိပ်ရှုလို့ကောင်းတာ။ တစ်ချက်လောက်များ ရှုလိုက်ရင် အမူးအမော်ကို ပြေသွားတာပဲ။ ကျွန်မအလွန်ကြိုက်သော ရှုဆေးဘူးကြီး ဖြစ်ပါတယ်။ အိပ်ရာထဲမှာ တစ်ဘူး၊ စလင်းဘက်ထဲမှာ တစ်ဘူး၊ အပြင်ဘက် စားပွဲပေါ်မှာ တစ်ဘူး။ ဒီလိုထားပြီးရှုတာ။

“—”ဆိုတဲ့ စာလုံးဝိုင်းဝိုင်းကြီး ရေး ထားတာကိုပဲဖတ်ပြီး ကျန်တာမဖတ်မိဘူး။ အဲဒီ ဘူးကြီး တစ်ရှုရှုနဲ့နေတာ၊ နောက်မှ လိပ်စာဖတ်မိပြီး အကျဉ်းဦးစီး အင်းစိတ်မှလည်း သိရော အကုန်လွှင့်ပစ်တာ။ ဒါနဲ့ ကိုယ်ဟာကိုယ် လွှင့်ပစ်ပြီး အေးအေးမနေဘူး။

အန်တီစမ်း( ဒေါ်စမ်းစမ်းနွဲ့ - သာယာဝတီ)နဲ့တွေ့ တော့ အန်တီစမ်းရေ၊ အဲဒီ ရှုဆေးဘူးကြီးမှာ အကျဉ်းဦးစီးလို့ ရေး ထားတယ်လို့လဲ ပြောရော“ဟေ…ဟုတ်လား၊ အန်တီမှာ့  နှစ် ဘူးတောင်ရှိတယ်။ အိမ်ရောက်မှ လွှင့်ပစ်မယ်” လို့ပြောတယ်။ တကယ်ကို လွှင့်ပစ်တာ။ အဲဒီ လောက် အဲဒီ အင်းစိန်ထောင်ကို စိတ်နာကြတာ။

ဒါတောင်မှ တစ်ချို့လူတွေ ရင်ထဲက ဒဏ်ရာဒဏ်ချက်ကို မသိဘူး။ ထောင်ကျတာပျော်နေတယ် ထင်တဲ့လူတွေ က ရှိသေးတယ်။ နိုင်ငံရေး လုပ်ကြတာပဲ။ ထောင်ကျချင်လည်းကျမယ်။ မကျချင်လည်း မကျဘူး။ နိုင်ငံရေး လုပ်လို့ ထောင်ကျတာ သိပ်ပြီးလည်း ဂုဏ်လုပ်နေစရာလည်း မဟုတ်သလို ထောင်ကျမှ၊ ထောင်ထွက်မှ အရေး ပါတယ်၊ အရာရောက်တယ်။ဒီလိုထင်နေသူများ လည်း ဒီခေတ်ကြီးထဲမှာ ရှိသေးတယ်။

အခုချိန်ထိ တစ်ခါမှ ထောင်ထဲမရောက်၊ အဖမ်းတောင် မခံလိုက်ရဘဲ ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုးအတွက် စိုက်လိုက်မတ်မတ် အနစ်နာခံ၊ အပင်ပန်းခံ၊ ဘယ်နေရာ၊ ဘယ်စင်မြင့်ပေါ်မှာ မှ မျက်နှာမပြခဲ့တဲ့ နိုင်ငံရေး ကို စေတနာမှန်မှန်နဲ့ လုပ်လာတဲ့လူတွေ လည်းကျွန်မတို့ တိုင်းပြည်မှာ ဒုနဲ့ဒေးပါ။

နိုင်ငံရေး အကျဉ်းသားများ ရဲ့ မိဘမောင်ဖား၊ ဇနီး၊ ခင်ပွန်း၊ သားသမီးများ ဟာလည်း နိုင်ငံရေး အကျဉ်းသားများ ၊ နိုင်ငံရေး သမားများ နည်းတူ ဒီတိုက်ပွဲကြီးထဲမှာ ဒုက္ခသုက္ခပေါင်းစုံကို ဇွဲသတ္တိနဲ့ ရင်ဆိုင်ခဲ့ကြသူများ ပါ။ စင်မြင့်ပေါ်တက်လို့ မဟောပြောနိုင်ခဲ့ပေမယ့် ၊ ဘယ်ဓာတ်ပုံ၊ ဘယ်မှတ်တမ်း၊ ဘယ်သတင်းတွေ မှ မပါပေမယ့် အသက်စွန့်သွားခဲ့ကြသူတွေ ၊ ကိုယ်လက်အင်္ဂါ ချို့ယွင်းသွားရရှာတဲ့သူတွေ ၊ စိတ်မကျန်းမြာ ကတော့တဲ့သူတွေ ၊ အခုချိန်ထိရှေ့မထွက်ဘဲ ဒီမိုကရေစီရေး အတွက် တိုင်းပြည်ကောင်းစားဖို့အတွက် လုပ်ဆောင်နေတဲ့သူတွေ ကျွန်မတို့တိုင်းပြည်မှာ အများ ကြီးရှိပါတယ်။

ဒါကြောင့် ဆရာနိုင်မြန်မာရေး တဲ့ သီချင်းစာသားလေးကို သတိရမိပါတယ်။“အာဇာနည်တွေ နေတဲ့တိုင်းပြည်”၊ ခေတ်အဆက်ဆက် လွတ်လပ်ရေး ၊ ဒီမိုကရေစီ တော် လှန်ရေး အတွက် တိုက်ပွဲဝင်ခဲ့ကြသော ရဟန်းရင်လူ၊ မိဘပြည်သူ၊ ကျောင်းသားလူငယ်အားလုံးကို အစဉ်ထာဝရ လေးစားလျက်။

ချိုနွယ်ဦး



ဝန်ဇင်းချစ်သူများ စမ်းစမ်းနွဲ့(သာယာဝတီ) ၏ “ နေဒဏ်ခံ ပန်းသတင်း ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


တစ်ကောင်တည်းပဲ ဒါပေမယ့် ခြင်္သေ့

ဝေါ(လ်)၀ိုက်(ဒ်)၀က်(ဘ်)ထဲမှာ စက်လည်းပျော်ပါးနိုင်နှင့်အခြားဝတ္ထုတိုများ

မဟူရာအကျဉ်းထောင်