Cover

ကျေးဇူးတင်စကား

လင်းလွန်းခင်စာပေမှ ကျွန်မ၏ မဂ္ဂဇင်းဝတ္ထုရှည်များ ကို စုစည်းထုတဝေရန် စီစဉ်သည့်အခါ ကျွန်မဘက်က အတော်အချိန်ယူခဲ့ရပါသည်။

ရေးခဲ့သမျှ ၀တ္ထုတို၊ ရှည်၊ ဆောင်းပါး၊ ကဗျာ မှန်သမျှ သက်ဆိုင်ရာ စာစောင်၊ မဂ္ဂဇင်း၊ ဂျာနယ်အတွဲ ၊ အမှတ်နေ့စွဲ စနစ်တကျ ဘာသာရပ်ခွဲ၍ ဖိုင်တွဲ ထားခဲ့ဖူးပါသည်။

နိုင်ငံရေးစိတ်အား ထက်သန်သော စာရေးဆရာတစ်ဦးအနေနှင့် နိုင်ငံရေးကိစ္စရပ်များ တွင် ပါဝင်ပတ်သက်ခဲ့လေရာ ကျွန်မအိမ်မှာ ရှာဖွေရေးမုန်တိုင်း ၂ ကြိမ်မျှ ကျခဲ့သည်။ ငယ်ရွယ်သော သားသမီးတို့က စိတ်ပူပန်မှု လွန်ကဲပြီး အိမ်ရှေ့ခန်းမှာ ပိုက်စိပ်တိုက်ရှာဆဲ၊ ထပ်ခိုးပေါ်က စာရွက်စာတမ်း စာဖိုင်အချို့ကို နောကဖေးပေါက်မှ ပစ်ချကြသည်။ ပြန်ရသည်လည်းရှိ၊ ပျက်စီးဆုံးရှုံးသည်လည်းရှိ။

ဘဘလတ်နှင့် အန်တီ (ဆရာကြီး ဦးခင်မောင်လတ်နှင့် ဒေါ်ခင်မျိုးချစ်) တို့က အင်္ဂလိပ်စာပေသင်တန်း ပျက်ကွက်၍ ကျွန်မကို ဆူပူကြိမ်းမောင်းသည့်ပေးစာများ (တကယ်နှမြောတသ မဆုံးပါ) ဆရာမ င်းသိင်္ခထံမှ စာအုပ်စာမူ အပေးအယူကိစ္စ ပေးစာများ အပါအ၀င် စာရွက်စာတမ်း စာအုပ်အချို့ကို ပြောမရဆိုမရ သိမ်းဆည်းထားကာ လူကိုပါ မျက်နှာအိတ်စွပ် ဖမ်းဆီးခံခဲ့ရပြီးသကာလ ထောင် (၁၀) နှစ်ကျပြီးသည့်အဆုံး ကျွန်မ၏ စာအုပ်စင်များ ကစဥ့်ကလျားဖြစ်ခဲ့ရသည်မှာ မဆန်းပါ။

အမှတ်တရရှိနေသော ၀တ္ထုရှည်များ ကို စာကြည့်တိုက်များ မှ ရတန်သလောက်စုစည်းနိုင်ခဲ့ သော်လည်း စိတ်တိုင်းမကျသည်များ ကို ချန်လှပ်ခဲ့ရပြန်ပါသည်။ ခေတ်ကာလနှင့် လိုက်လျောညီထွေ မရှိလှသော အကြောင်းအရာတချို့ကိုလည်း ဖယ်ထုတ်ပစ်ခဲ့ရသည်။

စာပေစိစစ်ရေးကို ဖောက်ထွက်နိုင်အောင် ဖန်တီးခဲ့ရသော ၀တ္ထုများ စွာ ရှိခဲ့ပါသည်။ စစ်အစိုးရ ခေတ်ဦးကာလပုံရိပ်များ ကို ရင်ထဲသိမ်းမထားနိုင်၍ ထိုကာလမှာ ပင် “မောင်နဲ့သာတွဲ လိုက်ရင် ပွဲကြိုက်မယ်ထင်” ကို ရေးဖြစ်ခဲ့သည်။

“သူတို့ မှားနေတာ ဟုတ်ပြီ၊ ငါတို့ကကော မှန်ကြသေးရဲ့လား” ဆိုသည့်ငြိမ်းချမ်းရေးနိုဘယ် ဆုရှင် ဒက်စ်မွန်တူးတူး၏ စကားကို ကြားမိတော့ “ပရိသတ်ကြားက အဖွားနဲ့ ကျွန်တော်” ကို ရေးမိသည်။

အလုပ်မဖြစ်သော ကြွေးကြော်သံဆိုင်းဘုတ်များ ကြောင့် စိတ်ကသိကအောင့် ဖြစ်လွန်းလှ၍ “စွန့်ပစ်ပစ္စည်း” ကို ရေးမိပါသည်။

နောက်ဆုံးရေးဖြစ်သည့် ၀တ္ထုရှည်မှာ “ဝေါလ်ဝိုက်ဒ်ဝက်ဘ်ထဲမှာ စက်လဲပျော်ပါနိုင်”

စာဖတ်သူ၏ စိတ်ခံစားချက်ကို စွက်ဖက်ရာကျမည်မို့ တစ်ပုဒ်ချင်း ဆွဲထုတ်မပြလိုတော့ပါ။ နိမိတ်ပုံသင်္ကေတ မကျွမ်းကျင်ခြင်းကြောင့် စာဖတ်သူရင်ထဲမထိဟုဆိုပါလျှင် ကျွန်မ၏ တာဝန် မကျေမှု ပါပဲ။

ဈေးကွက်ကို မငဲ့ဘဲ ရသစာပေများ ကို တမြတ်တနိုးတန်ဖိုးထား ထုတ်ဝေလျက်ရှိသူ ဦးသိန်းလွင် (လင်းလွန်းခင်စာပေ) မှာ ကျွန်မနှင့် မောင်ရင်းနှမပမာသာသည် နာသည် တွက်ရိုးထုံးစံမရှိတာ မှန်သော်လည်း ဤစာအုပ်ဖြစ်မြောက်လာရခြင်းအတွက် စိတ်ရင်းမှ အားနာခြင်းများ စွာ ဖြစ်ရပါသည်။ ကြည်ကြည်နူးနူးကျေးဇူးများ စွာ တင်ရပါသည်။

ချစ်ခင်လေးစားပါသော

စမ်းစမ်းနွဲ့ (သာယာဝတီ)

၆-၇-၂၀၁၃

စွန့်ပစ်ပစ္စည်း

တကယ်တော့ ကျွန်တော် ဆိုတဲ့ကောင်က ဆိုင်းဘုတ်ချိတ်ရမှာ အင်မတန် ၀န်လေးတဲ့ကောင်ပါ။ ဆရာဝန်လုပ်သက် နှစ်နှစ်ကျော်တဲ့အထိ ကျွန်တော့်အိမ်မှာ ဆိုင်းဘုတ်မရှိလို့ အမေက ဆူညံပူညံ လုပ်လိုက်သေးတယ်။

အမေ့သဘော ပြောရရင်တော့ဗျာ၊ ကျွန်တော် ဆ.မ မရခင်ကတည်းက ဆိုင်းဘုတ်ချိတ်ဖို့ စိတ်ကူးတွေ ယဉ်နေခဲ့တာ။ အမေဘာပြောပြော ကျွန်တော်က ထုံပေပေ အေးစက်စက်မို့ ကြာတော့ အမေလည်း စိတ်လျှော့သွားပုံ ရပါတယ်။

အဲဒီ နောက် နယ်မြို့ကလေး တစ်မြို့ကို ပြောင်းရွှေ့ တာဝန်ကျတော့မှပဲ မဖြစ်မနေ ဆိုင်းဘုတ်ချိတ်လိုက်ရတော့တယ်။

ကျွန်တော် နေရတဲ့အိမ်က ဆေးရုံကပေးတဲ့ ဆရာဝန်လိုင်းမှာ ဆိုတော့ လက်ထောက်ဆရာဝန် သုံးယောက်အတွက် လုံးချင်း သစ်သားအိမ်ပုကလေး သုံးလုံးက စီတန်းလို့။ ကျွန်တော့်အိမ်ကလွဲပြီး ကျန်တဲ့အိမ်နှစ်လုံးမှာ နာမည်ဆိုင်းဘုတ်ကလေးတွေ ကိုယ်စီချိတ်လို့။

“ဒေါက်တာ ထူးကျော်မောင်” တဲ့။ အဲဒါက အမျိုးသမီး ဆရာဝန်ပါ။ “ဒေါက်တာ ခင်အောင်မြင့်ဦး” တဲ့။ အဲဒါက ကျွန်တော့်လို ယောကျာ်းစင်စစ် ဧကန်ဖြစ်၏ ပေါ့ဗျာ။ နှစ်ယောက်လုံးက ကျွန်တော့်ထက်စောတဲ့ စီနီယာတွေဆိုတော့ လူသစ် နယ်စိမ်းဖြစ်တဲ့ ကျွန်တော့်ကို သိသင့်တာတွေပြော၊ ရှိသင့်တာတွေဖြည့်နဲ့ နွေးထွေးမှု အပြည့်ပါပဲ။ ကျွန်တော်ရောက်ပြီး တစ်ပတ်လောက်အကြာ ကျွန်တော်ဂျူတီနားချိန် အိမ်ရှေ့တံခါးလေး ဆေးသုတ်နေတုန်းပေါ့ဗျာ။ ဂျူတီထွက်တဲ့ “ဒေါက်တာထူး” က ကျွန်တော့်အိမ်ရှေ့ ဖြတ်ပြန်ရင်း လှမ်းအော်သွားတယ်။

“ဒေါက်တာမင်းမောင်၊ ရှင့်အတွက် ဆိုင်းဘုတ်ကို ကလေးတွေ ခုပဲလာပို့ကြလိမ့်မယ်”

ဘာဆိုင်းဘုတ်များ ပါလိမ့်လို့ နားမရှင်းမိပေမယ့် ဒေါက်တာထူးကို ဘာမှပြန်မမေးလိုက်တော့ပါဘူး။

မကြာပါဘူးဗျာ။ ထူးစော ဆိုတဲ့ အမျိုးသား သူနာပြုကလေးတစ်ယောက် ပေါလစ်ရည်ဝနေတဲ့ သစ်သားတုံးရှည်မျောမျောကလေးတစ်ခု ပိုက်ပြီး ရောက်လာတော့တာပါပဲ။

“ဆရာ ကျွန်တော် တစ်ခါတည်း ချိတ်ပေးခဲ့မယ်ဗျာနော်”

“ဘာဆိုင်းဘုတ်လဲကွ”

ရယ်ရယ်ပြုံးပြုံးနဲ့ သူကမ်းပေးတဲ့ သစ်သားတုံးကလေး။ သုံးလက်မလောက်ထူမယ်။ မူလ သစ်ပင်ရဲ့ လုံးပတ် သဘာဝပုံသဏ္ဍာန်အတိုင်း ဖြတ်ပိုင်းထားတာမို့ အကွေ့အကောက် အရစ်အ၀ိုက်ကလေးတွေနဲ့ လှလိုက်တဲ့ သစ်တုံးဗျာ။ သစ်ခေါက်တွေကို “လိုက်ကာ” အနက်ရောင်တင်ပြီး အနှစ်သားမျက်နှာပြင်မှာ နို့နှစ်ရောင်ပေါလစ်နဲ့ စိုရွှန်းတောက်ပြောင်နေတော့တယ်။ မျက်နှာပြင်တစ်ဖက်ထိပ်မှာ သံကွင်းကလေး နှစ်ကွင်းဖောက်လို့၊ ချိတ်ဖို့ သံကြိုးပါအဆင်သင့်။ ရှေ့မျက်နှာပြင်မှာ တော့ အင်္ဂလိပ်ဘာသာနဲ့ ရေးထားတဲ့ ကျွန်တော့်နာမည်နဲ့ ဘွဲ့။

ဒေါက်တာ မင်းမောင် ဆိုတဲ့ အင်္ဂလိပ်စာလုံးက နည်းနည်းကြီးနေသလားလို့ စိတ်တိုင်းမကျချင်ပေမယ့် “လုပ်ပြီးပြီပဲလေ၊ ဆေးအဖြူနဲ့မို့ ပြူးတူးပြဲတဲကြီးတော့ မဖြစ်လောက်ပါဘူး” လို့ ကိုယ့်ဘာသာ လျှော့ချလိုက်ပါတယ်။

“ဘယ်လောက်ကျသလဲ ထူးစောရ”

ဘုမသိ ဘမသိ အိတ်ကပ်ကိုစမ်းရင်း မေးမိတော့ . . .

“ဘယ်တော့မှ မကျပါဘူး ဆရာ၊ ဒီနယ်က သစ်ပေါတယ်လေ၊ ဆရာ့အတွက် ကျွန်တော်တို့ ဆေးရုံဝန်ထမ်းတွေရဲ့ မေတ္တာလက်ဆောင်ပါ”

ကျွန်တော့်ဘ၀မှာ ပထမဆုံး ဆိုင်းဘုတ်ချိတ်ဖြစ်ခဲ့တဲ့ အကြောင်းရင်းကတော့ အဲဒါပါပဲဗျာ။

+ + +


ခုတော့ ကျွန်တော် ဆိုင်းဘုတ်တစ်ခု ချိတ်မှ ဖြစ်တော့မယ်ဗျ။

နယ်မြို့ကလေးမှာ ငါးနှစ်ကြာပြီး ရန်ကုန်အရှေ့ပိုင်းဆေးရုံကို ပြောင်းရွှေ့တာဝန်ကျလာတော့ ကျွန်တော့်မှာ စုမိဆောင်းမိဆိုလို့ ဘွဲ့လွန်တစ်ခုပဲ ရှိပါတယ်။ နယ်က မေတ္တာလက်ဆောင် ဆိုင်းဘုတ်ကလေးမှာ အဲဒီ လောလောလတ်လတ် ရထားတဲ့ ဘွဲ့ကို ထပ်ဖြည့်ဖို့ စိတ်ကူးတယ်လို့များ တော့ မထင်လိုက်ပါနဲ့၊ ဘယ်ဗျာ အားအားယားယား။

နယ်မှာ နေတုန်းက ရန်ကုန်မှာ ကျန်ရစ်တဲ့ အမေ့ဆီကို လစဉ် ကျွန်တော်တတ်အားသလောက် ကျေးဇူးဆပ်တယ်ခေါ်ရမလား၊ ငါးထောင်မျိုး တစ်သောင်းမျိုး ပို့လေ့ရှိတယ်ဗျ။ အမေက ကျွန်တော် နယ်ပြောင်းစကတည်းက သားအမိနှစ်ယောက်နေခဲ့တဲ့ လမ်း (၅၀) က တိုက်ခန်းကလေးကို အိမ်ငှားတင်ပြီး ကျွန်တော့်အစ်မကြီးအိမ်မှာ ရွှေ့နေခဲ့တာ။ အစ်မကြီး လင်မယားက အိတ်စ်ပို့လုပ်ငန်းနဲ့၊ ကိုယ်ပိုင်စက်ရုံနဲ့၊ ကုမ္ပဏီရဲ့ မန်နေဂျင်း ဒါရိုက်တာတွေဆိုတော့ အမေ့အတွက် ပိုပြီး ပြည့်စုံတာပေါ့ဗျာ။ ဒါပေမဲ့ အမေက အစ်မကြီးရဲ့ အမေချည်းမှ မဟုတ်တာ။ ကျွန်တော့်အမေလည်း ဖြစ်တော့ ကျွန်တော့် ချွေးနှဲစာကို အမေ သုံးစေ၊ စားစေချင်တာပေါ့၊ လှူစေတန်းစေချင်တာပေါ့။

ဒါပေမဲ့ အမေဆိုတာကတော့ အမေပါပဲဗျာ။ ကျွန်တော့်အတွက် မြို့သစ်တစ်နေရာမှာ တိုက်ခန်းကလေးတစ်ခု ၀ယ်ပေးထားပါလေရော။ သွားနေဖို့ မဟုတ်ဘူးတဲ့။ မြို့သစ်ခြောက်ခန်းတွဲ ငါးလွှာအဆောက်အအုံရဲ့ မြေညီထပ်ထောင့်ခန်း။

ကျွန်တော် ပထမတော့ အမေ့ရှေ့မှာ ခေါင်းကုတ်မိတယ်။ အရှေ့ပိုင်းဆေးရုံမှာ တာဝန်ကျ၊ ပြင်ပပုဂ္ဂလိကဆေးရုံနှစ်ခုမှာ အချိန်ပိုင်းထိုင်ပေးဖို့ ဆက်သွယ်ထား။ သည်မြို့သစ်မှာ ဆေးခန်းဖွင့်ဖို့ ဘယ်မှာ လဲ အချိန်။

“အမေ့ အစီအစဉ်အတိုင်း လုပ်ရရင် တက္ကစီဖိုးနဲ့ ဒေ၀ါလီ ခံရလိမ့်မယ်”

“ဟဲ့ . . . အမေ့ကား မင်းယူမသုံးရင် ဘယ်သူသုံးဖို့လဲ”

သားအမိနှစ်ယောက်ကြားမှာ အစ်မကြီးက ၀င်ဖြတ်ပေးလိုက်တယ်။

“အေး မင်းမယူချင်ဘူးဆိုတာ မကြီး နားလည်တယ် မယူနဲ့ပေါ့၊ ငှားစီးပေါ့။ အမေ့ကို တစ်လ နှစ်သောင်းပေးလိုက်၊ အမေ ကားသုံးချင်ရင် အိမ်မှာ စတင်းဘိုင်တစ်စီး အမြဲရှိနေတာ။ မင်း …အမေ့အတွက် မပူနဲ့ ဟုတ်ပြီလား၊ ရော့ . . . ဒီမှာ အမေ့ကားသော့၊ ကဲ . . . နောက်မှ တွေ့မယ်ဟေ့၊ လေဆိပ်မှာ တရုတ်တွေ ကြိုရဦးမှာ မို့ ငါသွားပြီ”

အစ်မကြီးက ကျွန်တော့်ထက် အများ ကြီး ခေတ်မီနေပါပြီ။ အချိန်မဆွဲတတ်တာ။ ပြဿနာကို ပြေလည်အောင် ဖြတ်တတ်တာ။ အပြောနည်းပြီး များများ လုပ်တာ၊ လက်တွေ့ကျတာတွေပေါ့။

မော်ဒယ်လ်နိမ့်ပေမယ့် တစ်လက်ကိုင် အမေ့ကားကလေးကို ကျွန်တော်သဘောကျသွားတယ်။ ကားတစ်စီး ရထားမှတော့ ကျွန်တော် ဆိုတဲ့ကောင်က ပါရမီရိပ်သာထဲ ဘယ်နေလိမ့်မလဲဗျာ။ ခြံကြီးဝင်းကျယ်ဆိုပေမယ့် ကွန်ကရစ်လမ်း၊ အလှမွေးမြက်ခင်း၊ ကရိကထများ လှတဲ့ သဇင်၊ သစ်ခွခြံ၊ ကားဂိုဒေါင်၊ အလုပ်သမား တန်းလျားတွေကြားမှာ တောနယ်က ပြန်လာတဲ့ ကျွန်တော် လေရှူရတာ ၀တယ်ကို မထင်ဘူး။ မြို့ပြင် မြို့သစ်မှာ တစ်ယောက်တည်း။ အိမ်တစ်ခန်းနဲ့ လွတ်လွတ်လပ်လပ် အကြိုက်ပေါ့။

တိုက်တန်းလျားဆိုပေမယ့် ပတ်ဝန်းကျင် အနေအထားကို ကျွန်တော်သဘောကျတယ်။ ကျွန်တော့်အိမ်ရှေ့ကထွက်ပြီး လမ်းသွယ်ကလေးပေါ် တက်လိုက်ရင် ဟိုဘက်ခြမ်းမှာ စိုက်ခင်းကွင်းပြင်တွေ တစ်မျှော်တစ်ခေါ်နဲ့၊ စိုက်ခင်းတွေကကိုကျော်တော့ ရန်ကုန်မြစ်က ခွဲထွက်လာတဲ့ ချောင်းလက်တက်ရေလျဉ်က ကွေ့ဝိုက်ပြီး စီးဆင်းလို့။ ရေတက်ချိန်မှာ ရေသံတဟဲဟဲကို ကျွန်တော့်အိမ်ထဲက အတိုင်းသားကြားနေရတယ်။

နေ၀င်ချိန်ကို ကျွန်တော် သတိမရနိုင်ပေမယ့် နေထွက်ချိန်ကို ကျွန်တော်နေ့တိုင်း ကြည့်ခွင့် ရတယ်။ နေ၀န်းနဲ့အတူ နိုးထရတယ်ဆိုတဲ့ ခံစားမှု က ကျွန်တော့်အတွက် တစ်နေ့တာ ခွန်အားတွေ ပြည့်နေသလိုပါ။ ကျေနပ်စရာကောင်းလှတဲ့ ကျွန်တော့် အိမ်ခန်းကလေးမှာ အသင့်ရှိပြီးသား ကျွန်တော့်နာမည် ဆိုင်းဘုတ်ကိုလည်း သပ်သပ်ရပ်ရပ် ချိတ်လို့ပါပဲ။

မနက် (၈) နာရီ မထိုးခင် အိမ်ကထွက်ပြီး ညအချိန်မတော်မှ ပြန်ရောက်မြဲမို့ ကျွန်တော့်အိမ်ကို လူနာတွေ ဘာတွေမလာကြပါဘူး။ သိဟောင်းကျွမ်းဟောင်းမရှိတဲ့ ပတ်ဝန်းကျင် အသစ်မှာ ရောက်စရက်ပိုင်းလောက်က အတော့်ကို လွတ်လပ်ပေါ့ပါးခဲ့တာ အမှန်ပါ။

တနင်္ဂနွေဆိုရင်တော့ ကျွန်တော်က အပြည့်နားချင်တယ်။ ဆေးရုံတွေမှာ အရေးပေါ်မရှိရင် တနင်္ဂနွေဟာ ကျွန်တော်ရဲ့ ကိုယ်ပိုင်ရက်အားပဲ။ နားတယ်ဆိုလို့ အိပ်ရာထဲ ခွေနေတာမျိုး။ အိပ်မက်မွေ့ရာပေါ် လဲလျောင်းနေတာမျိုးတော့ မဟုတ်ရပါဘူးဗျာ။ စာဖတ်မယ်၊ ရေဒီယိုသတင်း နားထောင်မယ်၊ အင်ဗာတာသုံးပြီး ဗီဒီယိုကြည့်မယ်ပေါ့။ ဘောလုံးပွဲတို့၊ လက်ဝှေ့ပွဲတို့၊ နာမည်ကျော် ဂီတာဝိုင်းတွေရဲ့ စတိတ်ရှိုး စီဒီခွေတွေ ကြည့်မယ်ပေါ့။ ပြီးတော့ အနီးနားထွက် တိုလီမိုလီလေးတွေ ၀ယ်ချင် ၀ယ်ပေါ့။ အိမ်ခန်းကလေးကိုလည်း စိတ်ထဲပေါ်ရင် ပေါ်သလို ပြင်ဆင်လို့ပေါ့။ ဒါတွေပါပဲ။ ကိုယ့်စိတ်ထဲရှိတာလေးတွေ အေးအေးဆေးဆေး လွတ်လွတ်လပ်လပ် လုပ်နေတာဟာ ကျွန်တော့်အတွက်တော့ အနားယူနေတာပါပဲ။

တစ်နေကုန် တာဝန်ထမ်းနေရသူမှန်ရင် တစ်ပတ်မှာ တစ်ရက်တော့ နားသင့်တယ် ထင်တယ်။ ခုဆိုရင် ကျွန်တော် အသက်လေးဆယ်ကျေယ်နေပြီ။ ကံပေါ်လို့ မိန်းမကလေး ဘာလေး ရဖြစ်ခဲ့ရင် ဒီအကြောင်းလေးတွေတော့ ပြောထားဦးမှဗျာ။ ဒါမှ မိသားစု တနင်္ဂနွေကို ပုံဖော်ဖို့ သူ သဘောပေါက်နိုင်မှာ ။

နားသင့်ချိန်မှာ အပြည့် မနားရရင် လူဟာ စိတ်ပိုင်းဆိုင်ရာ အနာတရဖြစ်သွားတာ ဘယ်သူမှ မမြင်သာဘူး။ စိတ်တိုမယ်၊ အလိုမကျမှု များ မယ်၊ လုပ်ငန်းပြဿနာ ဆက်တိုက်ကြုံမယ်၊ စိတ်ကျမယ်၊ ငြီးငွေ့မယ်၊ လုပ်ငန်းတွေ ရေမျောကမ်းတင် ဖြစ်မယ်။ ကျွန်တော်ကတော့ဗျာ ဆရာဝန် မဖြစ်ခဲ့လည်း တနင်္ဂနွေအပြည့်နားရမှ တနင်္လာမှာ နိုးထရှင်သန်နိုင်မယ် ထင်ပါတယ်။

အဲ. . . အဲသလို နားဖြစ်ခဲ့ တစ်ခုသော တနင်္ဂနွေ နံနက်ခင်းပေါ့ဗျာ။ ထုံးစံအတိုင်း မနက် (၅) နာရီဆိုရင် အိမ်ရှေ့လမ်းသွယ်ပေါ် ကျွန်တော် ရောက်ပြီ။ ချောင်းဖျားဆီက တက်လာစ နေ၀န်းကို ကျွန်တော် မြင်ရပြီ။ ပတ္တမြားနီရောင်က လိမ္မော်သွေး ရိပ်ရိပ်ပြေးတဲ့အထိဟာ ကြည့်လို့အလှဆုံးပါပဲ။ တစ်စစနဲ့ ၀ါရွှေလက်ပြီး အရောင်အလျှံတွေ ထွက်လာတဲ့အခါမှာ တော့ နေမင်းကို ကျောခိုင်းပြီး အိမ်ဘက်ဆီ လှည့်ပြန်ခဲ့မြဲပါ။

လမ်းသွယ်ပေါ်က ဆင်း၊ ဖြစ်တယ်ရုံ ခင်းထားတဲ့ အုတ်လမ်းကလေးကို ၀ါးတစ်ပြန်လောက် လျှောက်လိုက်ရင် ကျွန်တော့်းအိမ်ပေါက်ဝ ရောက်ပြီပေါ့။ မြေညီထပ် အခန်းတိုင်းအတွက် လမ်းသွယ်ပေါ်က ဆင်းလျှောက်ဖို့ အုတ်လမ်းကလေးတွေ ခင်းပေးထားတယ်။ အပေါ်ထပ်တက်ဖို့ လှေကားသုံးစင်းရဲ့ လှေကားရင်းအထိလည်း အုတ်လမ်းကလေးတွေနဲ့ပေါ့။ မျဉ်းပြိုင်ကိုးကြောင်းလို ညီညာလှတဲ့ အုတ်လမ်းကလေးတွေဟာ သိပ်ကြာကြာတော့ ခံပုံ မပေါ်ဘူးဗျာ။အုတ်ခဲတွေ ဖရိုဖရဲ ဖြစ်၊ မြေတွေအိကျနဲ့ လမ်းပျောက်မသွားခင် ပြုပြင်ဖို့ လိုပေလိမ့်မယ်။ ကျွန်တော့်အိမ်ဝင်တဲ့ အုတ်လမ်းကိုတော့ ဘေးတစ်ဖက်တစ်ချက် ကွန်ကရစ်ဘောင်ကလေးတွေတင်ပြီး အနားသတ်ပေးဦးမှပါ။

စိတ်ကူးသစ်တွေ တဝေေ၀နဲ့ ကျွန်တော့်အိမ်လှေကားထစ် အုတ်ခုံပေါ်အပြေးတစ်ဝက် လှမ်းတက်လိုက်မိပါတယ်။

အား…ပါး…ပါး… ပေပွလို့ပါလားဗျာ။ ယောင်ပြီး ခြေထောက်ကို ဆတ်ခနဲ ရုပ်လိုက်မိတာ အုတ်ခုံပေါ်က ပြန်ပြုတ်ကျတော့မလို ဖြစ်သွားလို့မနည်းထိန်းလိုက်ရတယ်။

ကွမ်းတံတွေးတွေ နည်းနည်းနောနော မဟုတ်ပါကလား။ ဘယ့်နှယ် ကျွန်တော့်အိမ်ပေါက်ဝမှာ ဘယ်သူက ဒီကွမ်းတံတွေးတွေ လာထွေးထားရတာ လဲ။ တစ်ဖက်ကို လှည့်ကြည့်လိုက်တော့ အပေါ်ထပ်တွေဆီတက်တဲ့ လှေကားရင်းမှာ လည်း ကွမ်းတံတွေးတွေ တင်းကျမ်းပြည့်။ လှေကားရဲ့ ဟိုတစ်ဖက်ကပ်ရက် အခန်း (၂) က အိမ်ဝအုတ်ခုံမှာ လည်း ကျွန်တော့်အခန်းနည်းတူပါပဲကလား။ တစ်လှည့်စီ သေချာကြည့်မိတော့မှ မျက်နှာစာဖောင်ဒေးရှင်း တွေမှာ စဉ်ထားလိုက်တဲ့ ကွမ်းတံတွေးတွေဗျာ၊ ပေပွနေတာပါပဲ။

ဟုတ်ပါပြီ။ ဆင်းကြ တက်ကြသူတွေရဲ့ ခြေရာလက်ရာ၊ အဲ… ပါးစပ်ရာတွေဖြစ်မှာ ပါ။ ကျွန်တော် နည်းနည်းတင်းသွားတယ်။ သည်လှေကားကို ပုံမှန် အသုံးပြုနေတဲ့ မိသားစုက ဆယ်စု။ ဘယ်လို လူစားတွေလဲ ကျွန်တော် မသိချင်ပေမယ့် နည်းနည်းတော့ စပ်စုဦးမှပါ။

အိမ်ရှေ့ အုတ်ခုံပေါ်က ဆင်းခဲ့ပြီး လှေကားရင်းဆီ လျှောက်လာခဲ့တယ်။ လှေကားရင်းကနေ အပေါ်ကို မျှော်ကြည့်လိုက်တော့ ဆစ်ချိုး တစ်ကွေ့။ နောက်လှေကားတစ်ခုကို တက်ပြီးမှ အပေါ်တစ်ထပ်ကို ရောက်မယ်။ လှေကားထစ်တွေနဲ့ နံရံနှစ်ဖက်လုံး ကွမ်းတံတွေးတွေ အကွက်အကွက် ထလို့ဗျ။ ပလတ်စတစ်အိတ်ခွံတွေ အမှိုက်သရိုက်တွေကလည်း လှေကားထောင့်မှာ ပုံပွလို့။ တစ်ရက်ခြားလာနေတဲ့ အမှိုက်လှည်းရဲ့ ခေါင်းလောင်းသံကို မကြားကြ ဘူးဗျာ။ နားတွေ ပင်းကုန်ကြပြီလား။

စိတ်နာနာနဲ့ တွေးချင်တိုင်း တွေးနေတုန်း အပေါ်ထပ်တွေက ၀ုန်းဒိုင်းကြဲဆင်းလာတဲ့ ခြေသံတွေ ကြားရတယ်။ ယောကျာ်းလေးသံတွေ ဟေး… ဟားနဲ့ ကောင်လေးတွေ အတော်များ မယ့်ပုံပဲ၊ ကျွန်တော် လှမ်းမြင်နေရတဲ့ လှေကားဆစ်ချိုးကွေ့ကို အဦးဆုံးရောက်လာတာက ချာတိတ်တစ်သိုက်၊ လေးငါး ခြောက်ယောက်။ ဟင် … မကဘူးဗျ။ ဆယ်ယောက် ဆယ့်ငါးယောက်၊ ဟော … အပေါ်ဘက်မှာ လှမ်းမြင်နေရတာ နဲ့ဆိုရင် နှစ်ဆယ်ကျော်မယ်။

အပြေးဆင်းလာကြတဲ့ သင်းတို့အုပ်စုကို တိမ်းဖယ်ဖို့ပြင်ဆဲ ကျွန်တော့်ဆီဖုန်တွေ လွင့်လာတော့တယ်။ တစ်ယောက်ယောက်ရဲ့ ခြေထောက်နဲ့ ခတ်တိုက်မိဟန်တူတဲ့ စက္ကူစတွေ အိတ်ခွံတွေ လှေကားရင်းမှာ ရပ်နေမိတဲ့ ကျွန်တော့်ဆီ ပျံဝဲကျလာတယ်။

မျက်နှာနား ဖြတ်လွင့်လာတဲ့ အိတ်ခွံတစ်ခုကို လက်နဲ့ပုတ်ချလိုက်မိတာ အိတ်ကပ် လက်ကျန် ငရုတ်သီး၊ မဆာလာမှု န့်တွေကို ခါထုတ်လိုက်သလို ဖြစ်သွားပြီး ကျွန်တော့်မမျက်စိထဲဝင် အို … စပ်လိုက်တာဗျာ။ အာလူးကြော် အပိုင်းအစတစ်ခုက ကျွန်တော့်လည်ပင်းကော်လာအောက် ၀င်ညပ်နေတာကို မျက်ရည်လည်ရွဲနဲ့ ဆွဲထုတ်လိုက်ရသေးတယ်။ ပြေးဆင်းသွားကြတဲ့ ငါမနိုင်သားလားတွေကတော့ လမ်းသွယ်ပေါ်က ဘယ်ရောက်သွားကြပြီလဲဆိုတာ မကြည့်နိုင် မမြင်နိုင်တော့ပါဘူး။ ကျွန်တော့် အိမ်တံခါးသော့ကိုတောင် မမြင်မကန်း ဖွင့်ဝင်ခဲ့ရတာ ။

မျက်နှာကို စိမ်ပြေနပြေသစ်ရင်း ကျွန်တော့် ဒေါသတွေကို လျှော့ချနေရတယ်။ ဘာပဲဖြစ်ဖြစ် ဆိုင်းဘုတ်တစ်ခုတော့ ချိတ်မှ ဖြစ်မယ်။

+ + +


“ကွမ်းတံတွေး မထွေးရ”

သုံးထပ်သားပြားမှာ ဆေးအဖြူခံ အနက်စာလုံးဝိုင်းနဲ့ ရေးထားတဲ့ ဆိုင်းဘုတ်ကို လှေကားနဲ့ ကျွန်တော့်အခန်း ကန်းခြားထားတဲ့ လက်ယာဘက် အုတ်နံရံမျက်နှာစာမှာ ချိတ်လိုက်တယ်။ ရင်ထဲတော့ ပေါ့သွားသလိုပဲဗျ။

လှေကားအုတ်ခုံနဲ့ အုတ်လမ်းကလေးကိုလည်း ကျွန်တော်ကိုယ်တိုင်ပဲ သန့်ရှင်းရေး လုပ်လိုက်ရတော့တာပေါ့ဗျာ။ မကြည့်ချင် မြင်ရက်သားရှိနေတဲ့ ဟိုဘက်ခြမ်းက အစွန်းအကွက် အမှိုက်သရိုက်တွေကိုတော့ ဘယ့်နှယ်မှ မတတ်နိုင်ပေဘူးပေါ့။

တနင်္လာမနက် အိမ်ကထွက်တော့ တံခါးသော့ခတ်ရင်း ဆိုင်းဘုတ်ကလေးကို တစ်ချက်လှမ်းကြည့်မိသေးတယ်။ ကိုယ့်အတွေးနဲ့ ကိုယ်တော့ ကျေနပ်လိုက်တာ။ သော့ခတ်တော့ လုံခြုံသွားစေတယ်။ ဆိုင်းဘုတ်ကြောင့် အကုန်ဖြုံသွားစေမယ်ပေါ့။

အဲဒီ နေ့က ကျွန်တော်တို့ မြို့သစ်မှာ အလှည့်ကျမီးဖြတ်တဲ့နေ့။ ည (၉) နာရီကျော်မှ အိမ်ပြန်ရောက်တဲ့ ကျွန်တော်ဟာ ရေမိုးချိုး၊ ကော်ဖီတစ်ခွက်သောက်ပြီး အိပ်ရာဝင်ခဲ့တယ်။ မနက် (၅) နာရီဝန်းကျင်မှာ တော့ နှိုးစက်မလိုဘဲ ကျွန်တော်နိုးကျင့်ရနေပြီ။ ထုံးစံအတိုင်း လမ်းသွယ်ပေါ်တက် အကြောလျှော့ လေ့ကျင့်ခန်းလေးနည်းနည်းပါးပါးလုပ်ရင်း နေမင်းကို နှုတ်ဆက်၊ လုံးလုံးလျားလျား နေထွက်ပြီဆိုတော့မှ အိမ်ဘက်ဆီပြန်လှည့်။

မနက်ပိုင်း အချိန်နဲ့ ပေးတဲ့မီး ပြန်ပျက်မသွားခင် နံနက်စာ ကတိုက်ကရိုက် ပြင်ရဦးမှာ လေ။ ဖွယ်ဖွယ်ရာရာ ချက်ပြုတ်စားလေ့ မရှိပေမယ့် ပုလင်းထဲက နို့ကို နွှေးဖို့လိုမယ်။ စိတ်ပါရင် ပေါင်မုန့်ကြက်ဥကြော် ဖြစ်မယ်။ ပုံမှန်အားဖြင့်တော့ နို့ခွက်ထဲ ကြက်ဥနှစ်လုံး ဖောက်ထည့်ပြီး ပေါင်မုန့်မီးကင်နဲ့ စားလိုက်တာပါပဲ။

ကရိကထနည်းအောင် လုပ်နေတဲ့ကြားက အိမ်ဗာဟီရလေးတွေကတော့ များ တုန်းပဲဗျာ။ ရေချိုးရင်း ရေဖြည့်၊ သောက်ရေသန့်ဘူးကြီးကို လဲဖို့ လိုမလိုကြည့်။ အ၀တ်ဟောင်းတွေများ လာရင် အစ်မအိမ်မှာ ပေးလျှော်ဖို့ လိုက်စု စသည် စသည်ပေါ့။ ဘာပဲဖြစ်ဖြစ် (၈) နာရီမထိုးခင် အိမ်က ထွက်ဖြစ်ဖို့ လိုတယ်။ ကားပါကင် ရောက်အောင် လမ်းလျှောက်သွားဖို့က ငါးမိနစ်လောက် အချိန်ယူရသေးတာ။

အိမ်သော့ခတ်နေတုန်း ကျွန်တော် ဆိုင်းဘုတ်ကလေးကို သတိရသွားတယ်။

“အကုန်ဖြုံသွားကြပြီ မဟုတ်လား၊ ဆိုင်းဘုတ်ကလေးရေ” လို့ စိတ်ထဲက နှုတ်ဆက်ရင်း လှမ်းကြည့်လိုက်တော့…

အာရိုရို … ဟုတ်မှ ဟုတ်ရဲ့လားဗျာတို့။

မျက်လုံးတွေ မိုက်ခနဲ ပြာသွားလိုက်တာ။ အမြင်များ မှားနေပြီလား။

ဟုတ်ပါပြီ။ တကယ် အဟုတ်ပါပဲ။ ကျွန်တော့်ဆိုင်းဘုတ်ကလေး၊ “ကွမ်းတံတွေး မထွေးရ” ဆိုတဲ့ ဆိုင်းဘုတ်ကလေးမှာ ကွမ်းတံတွေးတွေ ပေလို့ပွလို့။

ကြည့်ပါဦးဗျာ။ “ကွမ်းတံတွေး မထွေးရ” ဆိုတဲ့ စာတန်းကိုမှ ကွမ်းတံတွေးနဲ့ ထွေးသွားကြတယ်။ ငါးပေ အမြင့်လောက်မှာ ချိတ်ထားတဲ့ ဆိုင်းဘုတ်ကို မဖြစ်ဖြစ်အောင် ဘယ်လိုများ ခဲရာခဲဆစ် ညစ်ပတ်ယုတ်ကန်းသွားကြပါလိမ့်။ နံရံကိုပဲ ပြေးဆောင့်ကန်လိုက်ချင်တော့တယ်။ ဒေါသစိတ်နဲ့ သွေးတွေ ဆူလာလိုက်သမျှ ကျွန်တော့်ရင်ခုန်သံ တဒိုင်းဒိုင်းကို ကျွန်တော် အတိုင်းသား ပြန်ကြားနေရတဲ့အထိ။

+ + +


အဲဒီ နေ့က (၆) နာရီ မထိုးခင် အိမ်ကို စောပြန်လာခဲ့တယ်။ ပတ်ဝန်းကျင်ကို စူးစမ်းရတော့မယ်လေဗျာ။ ဘယ်သူတွေ စည်းပျက်ကမ်းပျက် မိုက်ရိုင်းကြတာလဲဆိုတာ ကျွန်တော့်သိက္ခာကို ထိပါးခဲ့ပြီမို့ ထိပ်တိုက်ရင်ဆိုင်ဖို့ ကျွန်တော် ခြေတစ်လှမ်း တိုးရတော့မှာ ပေါ့။

အိမ်ရောက်ရောက်ချင်း ရေမိုးချိုး၊ ကော်ဖီတစ်ခွက်ဖျော်ပြီး အိမ်ရှေ့ထွက်လာခဲ့တယ်။ ကျွန်တော့် လက်ယာဘက်အခန်း (၂) က လူကြီးတစ်ယောက် သူ့အိမ်ရှေ့မှာ အမှိုက်တွေ လှည်းနေရင်း ကျွန်တော့်ကို မြင်သွားတော့ …

“ဒေါက်တာ ဒီနေ့ပြန်လာတာ စောတယ်နော်”

“ဟုတ်ကဲ့ ခင်ဗျား၊ ကျွန်တော်လည်း သန့်ရှင်းရေးလေးလုပ်ဖို့ လိုတာနဲ့”

ပုဂ္ဂိုလ်ကြီးက နားလည်စွာ ပြုံးလိုက်တယ် ထင်ပါတယ်။

“သန့်ရှင်းရေးလုပ်ရတာ လည်း မနိုင်နိုင်ဘူး ဒေါက်တာ။ ကွမ်းတံတွေးနဲ့ အမှိုက်တွေက သိမ်းသလောက် ပြန်ပွတာပဲ၊ ဟောကြည့် သိမ်းလို့ မပြီးသေးဘူး အပေါ်က ထပ်ကျလာပြန်ပြီ၊ ဒေါက်တာ ကော်ဖီခွက် သတိထားနော်”

လေထဲမှာ ပျံဝဲကျလာတဲ့ နေကြာစေ့ခွံတွေကို ရှောင်ရင်း နှစ်ယောက်သား အထဲဘက်ကို ပြေးကပ်မိကြတော့ …

“တစ်နေ့ တစ်နေ့ အဲသလို တရုတ်သိုင်း ကနေရတာ ပဲ ဒေါက်တာရေ၊ လေးထပ်မှာ က သင်တန်းတစ်ခု ရှိတယ်၊ ကောင်လေးတွေချည်း နှစ်ဆယ်ကျော်လောက်ရှိမယ်၊ သင်တန်းတက်ခွင့် စာမေးပွဲဝင်နိုင်ဖို့အတွက် အကြိုသင်တန်းဆိုလားပဲ၊ ဘော်ဒါဆောင်လို ကဲ့င်ပ်သွင်းထားတော့ လက်လက်တောက်နေတဲ့ ဆယ့်ခြောက်နှစ်၊ ဆယ့်ခုနစ်နှစ် မျောက်လောင်းကလေးတွေရဲ့ဒဏ်ကို ခံနေရတယ်”

တနင်္ဂနွေ တစ်ရက်က ကျွန်တော့် မျက်စိထဲ ငရုတ်သီး၊ မဆလာမှု န့်တွေ ၀င်ခဲ့တာ သတိရသွားတယ်။

“သင်တန်းဆိုရင်လည်း စည်းကမ်းတော့ နားလည်ရမှာ ပေါ့ ခင်ဗျာ၊ အုပ်ချုပ်တဲ့ ဆရာတွေမှာ တာဝန်ရှိတာပဲ၊ ခုတော့ ငယ်ငယ်ရွယ်ရွယ်လေးတွေနဲ့ ကွမ်းကို ထမင်းစားသလို စားနေကြတယ်”

“ဆေးလိပ်သောက်ခွင့်မပြုတော့ ကွမ်းစားကြတယ် ထင်ပါရဲ့ဗျာ၊ သင်တဲ့ဆရာကလည်း တစ်ယောက်တည်းပါ။ မနက် (၆) နာရီ လာပြီး ညနေ(၆) နာရီဆိုပြန်ရော၊ ညမအိပ်ဘူး”

“ဒါဆို ချာတိတ်တွေချည်းပေါ့၊ အိမ်ရှင်ကကောဗျာ”

“အိမ်ရှင်တော့ မမြင်ဖူးပါဘူး ဒေါက်တာရယ်၊ အဲ … ဟိုလူက အခန်းငှားပြီး သင်တန်းဖွင့်တာတဲ့၊ မနက် ညစာ ထမင်းကို လမ်းထိပ်ကဆိုင်မှာ ကျွေးတယ်၊ ထမင်းစားချိန်နဲ့ မနက်စောစော ပီ-တီ ပြေးဆင်း ပြေးတက်နဲ့၊ ခုလို အချိန်တော့ အပြင်ထွက်ခွင့်လည်း မမပးဘူး၊ ဆရာလည်း မရှိဘူးလေ၊ ဒီလိုနဲ့ပဲ သည်းခံပေးရတော့တာပေါ့ဗျာ”

ကျွန်တော်ကသည်းမခံနိုင်တဲ့လူမျိုး ဖြစ်နေပြီ၊ စိတ်ထဲ မအီမလည်ကြီးမို့ ကော်ဖီတစ်ကျိုက်ငုံရင်း ကွမ်းတံတွေးတွေ ပေကျံနေတဲ့ ကျွန်တော့် ဆိုင်းဘုတ်ကိုပဲ မော့ကြည့်နေလိုက်မိတယ်။

“ဒေါက်တာရေ … ဆိုးတော့ ဆိုးပါတယ်၊ ကွမ်းတံတွေး မထွေးရဆိုတဲ့ စာတမ်းကိုမှ ကွမ်းတံတွေးနဲ့ ထွေးသွားကြတာ၊ နောင်တစ်ခေတ်မှာ ဘာဖြစ်လာကြမယ့် အနာဂတ်ရဲ့ ကြယ်ပွင့်ကလေးတွေဆိုတာ မတွေးရဲဘူး၊ ဒေါက်တာ့လိုပဲဒဏ်မခံနိုင်တဲ့ တစ်ယောက်ကလည်း ဆိုင်းဘုတ်တစ်ခု ချိတ်သွားပြန်ပြီ၊ တွေ့ပြီးပြီလား၊ လှေကားထောင့်ကွေ့မှာ ”

“ဟုတ်လား”

အဖော်ရပြီဆိုပြီး ကျွန်တော် စိတ်ဝင်စားစွာ လှေကားရင်းဆီ လျှောက်သွားတော့ သူလည်း ကျွန်တော့်အနားကို ရောက်လာတယ်။

“ဟော … ဟိုမှာ တွေ့လား ဒေါက်တာ၊ နည်းနည်းတော့ မှော င်တယ်၊ လာပါ အပေါ် တက်ကြည့်ရအောင်ပါ”

လှေကားကိုးထစ်ကို ဘယ်ညာ နင်းတက်ခဲ့တာ ကျွန်တော် မှန်မိနေတယ်။ ဆစ်ချိုးကွေ့ရောက်တော့ နံရံထောင့်မှာ ချိတ်ထားတဲ့ ဆိုင်းဘုတ်ကတ်ပြားကလေးကို မှု န်သီမှု န်ဝါး အလင်းရောင်နဲ့ ကျွန်တော် မြင်ရပါပြီ။ ဆိုင်းဘုတ်အောက်မှာ ပလတ်စတစ် ပုံးနက်ကြီး တစ်ပုံးချလို့။ အဖုံးနဲ့ ဘာနဲ့ဗျ။

ဆိုင်းဘုတ်စာတန်းကို ကျွန်တော် ဖတ်လိုက်တယ်။

“ကွမ်းတံတွေးနှင့် အမှိုက်များ

ဒီပုံးထဲကို စွန့်ပစ်ကြပါခင်ဗျား

ကျွန်တော်သိမ်းပါ့မယ်”

“သြော် … (၆) လွှာမှာ နေတဲ့ လူပဲ၊ ဒီအောက်ဆုံးထပ်မှာ အမှိုက်ပုံးလာချပေးထားတာကိုး”

“ဟုတ်တယ် ဒေါက်တာ၊ အသက် အစိတ်လောက်ပဲရှိဦးမယ်၊ လူငယ်ကလေးပါပဲ၊ ခရီးသွား ကုမ္ပဏီတစ်ခုက လက်ထောက်မန်နေဂျာတဲ့၊ မနက်က အမှိုက်ပုံးနဲ့ ဆိုင်းဘုတ်လာချိတ်တုန်း ကျုပ်နဲ့ တွေ့လို့ စကားနည်းနည်း ပြောဖြစ်လိုက်တယ်၊ ဒီလိုမွန်မွန်ရည်ရည်လေးတွေ တွေ့ရတော့လည်း သာဓုခေါ်မိပါရဲ့ဗျာ”

ကျွန်တော် ဘာကြောင့် ကတုန်ကယင်ကြီး ဖြစ်လာရပါလိမ့်။

လှေကားထစ်တွေကို တစ်ထစ်ချင်း ဆင်းလာနေတဲ့အခိုက်မှာ ကျွန်တော်ဟာ တရိပ်ရိပ် ကျဆင်းလာသလို ခံစားရတာ တော့ တကယ်ပါဗျာ။

+ + +


ကွမ်းတံတွေး မထွေးရ ဆိုတဲ့ ကျွန်တော့်ဆိုင်းဘုတ်ကို မကြည့်ဖြစ်အောင်သတိထားရင်း နေ့ရက်တွေကို ဖြတ်သန်းခဲ့ရတယ်၊ တနင်္ဂနွေတစ်ပတ်လည်ပြန်ပြီပေါ့။

သတိမထားဘဲ အမှတ်မထင် မြင်လိုက်ရတာ ကတော့ လှေကားနံရံတွေကို ဆေးသုတ်နေတဲ့ လူငယ်ကလေးတစ်ယောက်ပါပဲ။ အရပ်ရှည်ရှည်နဲ့ ဂျင်းဘောင်းဘီကို ဒူးဆစ်အထိ လိပ်တင်ထားပြီး သူ့အလုပ်သူ စိတ်ပါလက်ပါ လုပ်နေပုံက ကျားကျားလျားလျား ရှိလိုက်ပါဘိခြင်းဗျာ။ မပြောဘဲ သိလိုက်ပါတယ်။ (၆) လွှာ အခန်း ၂၅(က)…

ကျွန်တော် သူ့အနား ဘယ်လိုများ ရောက်သွားခဲ့တယ် ဆိုတာတောင် မသိလိုက်နိုင်တော့ပါ ဘူး။

“မောင်တောဇာဆိုတာ ထင်တယ်”

သူက စုတ်တံကို အောက်ချ၊ ကျွန်တော့်ဘက် တည့်တည့် လှည့်ရပ်ပြီးမှ …

“ဟုတ်ပါတယ် ခင်ဗျာ”

သူပြုံးနေပုံက ကြည်ကြည်လင်လင် ရွှင်ရွှင်လန်းလန်း ရှိလိုက်တာ။

ကျွန်တော် သူ့ကို တစ်ခုခု ပြောချင်နေတာပါ။ အဲဒီ တစ်ခုခုဟာ ဘာလဲလို့ အစရှာဖို့ ရုတ်တရက် ခဲယဉ်းနေတာ။ ကျွန်တော်က ဆေးသုတ်ပြီးစ လှေကားနံရံတွေကို မျက်စိတစ်ဆုံး မော့ကြည့်ရင်း …

“တစ်ယောက်တည်း ဆေးသုတ်တာ ပြီးတောင် ပြီးတော့မယ်၊ ကိုယ်စောစောက သိရရင် လာကူပါတယ်ကွာ၊ ကိုယ်လည်း တနင်္ဂနွေ အားနေတာပဲ”

စိတ်ထဲရှိတာတွေ အလိုလို ပြောထွက်သွားတယ်။ ကျွန်တော် လိပ်ပြာမလုံဖြစ်နေပါလား ဆိုတာကိုလည်း ကိုယ့်ကိုယ်ကိုယ် ပြောရင်းနဲ့ အလိုလို နားလည်သွားတယ်။

“ရပါတယ် ခင်ဗျာ၊ ကျွန်တော် မပင်ပန်းပါဘူး၊ အစ်ကို့ ဆိုင်းဘုတ်ကလေးလည်း ကျွန်တော် သန့်ရှင်းရေး လုပ်လိုက်ပါတယ်၊ ကွမ်းတံတွေး ရွှဲနေတာကို ရေစိုဝတ်နဲ့ ဖိပြီးပွတ်တာ၊ အတွင်းအား များ သွားတယ်၊ အောက်ခံဆေး နည်းနည်း ကွာသွားတာ ကျွန်တော့်ကြောင့်ပါ”

ဟင်ခနဲ အသံထွက်အောင် အံ့အားသင့်ရပြန်ပါသကော။ ဟုတ်ပါရဲ့၊ ကွမ်းတံတွေး မထွေးရဆိုတဲ့ ဆိုင်းဘုတ်ကလေးက ပြောင်စင်သစ်လွင်လို့။

“အားနာစရာကွာ၊ ကိုယ်လည်း ဒီဆိုင်းဘုတ်ကို ဖြုတ်ပစ်တော့မလို့ပါ”

“နောက်ထပ် ကွမ်းတံတွေးပေမှာ မဟုတ်တော့ဘူး ထင်ပါတယ် အစ်ကို၊ လှေကားမှာ အမှိုက်တွေလည်း သိပ်မပစ်ကြတော့ဘူး၊ အခုလို ဆေးသုတ်လိုက်တော့ ပိုလန့်သွားပြီး ပိုလည်း ဂရုစိုက်လာကြမယ် ထင်ပါတယ်”

ကျွန်တော် သူ့ကို ပြန်ပြုံးကြည့်နေမိတယ်၊ ရှက်ရွံ့ပြုံး၊ မချိတရိပြုံးများ ဖြစ်နေလေမလားပဲ။

“ကွမ်းတံတွေးနဲ့ ထွေးမှာ စိုးလို့ မဟုတ်ပါဘူး ငါ့ညီရာ၊ ထွေးခဲ့တဲ့ လူတွေကိုလည်း စိတ်မဆိုး တော့ပါဘူး၊ ကိုယ်ရေးထားတဲ့ ဆိုင်းဘုတ်ကို မှားယွင်းနေတာ၊ ဒါလည်း မင်းရေးထားတဲ့ ဆိုင်းဘုတ်ကို ဖတ်မိတော့မှ ကိုယ်နားလည်သွားတာ”

ဒေါသ မာန အတ္တ အလျှင်းမရှိ။ ပကတိ စေတနာကိုပေါ်လွင်နေတဲ့ တေဇာရဲ့ ဆိုင်းဘုတ်ကလေးကို ကျွန်တော် အချိန်မရွေး အလွတ် ရွတ်ပြနိုင်ပါတယ်။

ဖြစ်စေချင်တဲ့ကိစ္စ၊ ဖြစ်ထိုက်တဲ့ ကိစ္စမှန်ရင် ကိုယ်ကိုယ်တိုင်ကလည်း ခွဲဝေ တာဝန်ယူဖို့ ကျွန်တော် မေ့လျော့ခဲ့မိတာ။ အပေါ်စီးဆန်ဆန် သြဇာသံတွေကို နာခံ ခက်ခဲကြပေမှာ ပေါ့။ လူ့သဘာဝကို လျှော့တွက်မိခဲ့တာကိုက ကျွန်တော့်ရဲ့ အမှား။

“အများ ကြီး ကျေးဇူးတင်ပါကွာ၊ မင်း အားရင် ကိုယ့်အခန်း လာလည်ပါ။ ကိုယ်ကတော့ တနင်္ဂနွေကလွဲရင် အမြဲ မိုးချုပ်တယ်ကွ”

“ဟုတ်ကဲ့ပါ အစ်ကို၊ ကျွန်တော်လည်း အိမ်ပြန် နောက်ကျတတ်ပါတယ်၊ ဒါပေမဲ့ တစ်ရက်ခြားတော့ ကြိုးစားကြံဖန်ပြီး ခုနစ်နာရီ မခွဲခင် ပြန်ရတယ်၊ အမှိုက်လှည်းက တစ်ခါ တစ်ခါ စောစောလာတတ်လို့”

“အဲဒီ အတွက်လည်း မင်းကို လေးစားပါတယ်ကွာ”

“ဟာ … အဲဒီ လို မပြောပါနဲ့ အစ်ကိုရာ၊ ကျွန်တော့်အိမ်က အမှိုက်တွေလည်း ပစ်နေရတဲ့ အတူတူမို့ ဘာမှ ပိုပြီး အပန်မကြီးပါဘူး၊ ကျွန်တော့်ကို သိပ်ထင်ထားမှာ စိုးလို့ တစ်ခုပြောပြရဦးမယ်၊ မနေ့က အဖြစ်လေးပေါ့ အစ်ကိုရာ၊ အမှိုက်လှည်းက တော်တော်စောပြီး လာသွားပုံရတယ်၊ ခေါင်းလောင်းသံကို မကြားလိုက်မိဘူး၊ (၈) နာရီထိုးလို့ ကျွန်တော်ဆင်းလာတော့ ပုံးထဲက အမှိုက်တွေ သွန်ပြီးနေပြီဗျ၊ ပုံးထဲမှာ လည်း ပလတ်စတစ်အိတ်အသစ်နဲ့ သေသေချာချာ စွပ်ပြီးသား၊ ဟား… ကျွန်တော် အရမ်းပျော်သွားတယ်၊ ဘယ်သူမှန်းလည်း မသိဘူး ၀င်လုပ်ပေးသွားတာ”

“ဟုတ်လား”

“တကယ်ခင်ဗျ၊ ဘယ်သူမှန်း မသိရဘဲ ၀င်လုပ်ပေးသွားတာကိုက လေးစားဖို့ ကောင်းနေပြီ၊ ကျွန်တော်လေ ဒါ … ဒါ လုပ်ပါမယ့်အကြောင်း ဆိုင်းဘုတ်ထောင်ပြီးနာမည်ကပ်လိုက်သေးတယ်၊ ခု ကျွန်တော့်ဆိုင်းဘုတ်ကို ဖြုတ်ပစ်လိုက်ပြီ အစ်ကို၊ ကျွန်တော့်စိတ်ဓာတ်ကို မပြည့်ပြည့်အောင် ဖြည့်ပေးလိုက်တဲ့ အဲဒီ အဖြစ်ကလေးခုတွေးရင် ခုပျော်တယ်”

အပျော်ဆိုတာ ကူးစက်လွယ်တယ်လို့ တကယ်ယုံသွားပြီဗျာ။ တေဇာနဲ့အတူ မျက်နှာချင်းဆိုင် ရယ်မောရင်း သူ့ပခုံးနှစ်ဖက်ကို အားပါးတရ ဆုပ်ကိုင်လှုပ်ယမ်းပစ်လိုက်မိတယ်။

ပြီးတော့ စကားတစ်ခွန်းမှ ပြောမနေတော့ဘဲ “ကွမ်းတံတွေး မထွေးရ” ဆိုတဲ့ ကျွန်တော့် ဆိုင်းဘုတ်ကို ဆွဲဖြုတ်ချလိုက်တယ်။ ခေါင်းပွ အုတ်နံရံသားက သံမှိုပါ ပြုတ်ကျလာလေတော့ သံငုတ်ပါမကျန် ကောက်သိမ်းပြီး လှေကား ဆစ်ချိုးကွေ့ဆီ ဦးတည်လှမ်းတက်ခဲ့တာပါပဲ။

ဒါတွေအားလုံး တေဇာရဲ့ အမှိုက်ပုံးထဲ စွန့်ပစ်ဖို့။

ကျွန်တော့်အတ္တ အချို့တစ်ဝက်ကိုလည်း နုတ်သိမ်း စွန့်ပစ်ဖို့။

လှေကားပေါ်ကို ကျွန်တော် ပေါ့ပါးဖျတ်လတ်စွာ တက်လာခဲ့ပါပြီ။

တစ်ထစ်ပြီး တစ်ထစ် …

ပရိသတ်ကြားက အဘွားနဲ့ ကျွန်တော်

အသံတွေ တိတ်သွားတယ်။

အင်မတန် အငြင်းပွားဖွယ်၊ စိတ်ဝင်စားဖွယ် ကောင်းလှတဲ့ ပြိုင်ပွဲတစ်ခုကို တစ်ချိန်လုံး စိတ်လှုပ်ရှားစွာ စောင့်ကြည့်နေခဲ့ကြတာ မှန်ပေမယ့် ပြီးသွားပြီဆိုတော့လည်း အားလုံး ပြီးသွားပြီပဲပေါ့ဗျာ။ အရှုံးအနိုင်၊ အဆုံးအဖြတ် ရလဒ်က ထွက်သွားပြီပဲ။

ကျေနပ်သူတွေက ၀မ်းသာပီတိကို ချောကလက်ကင်ဒီလို ငုံရင်း တမြုံ့မြုံ့ ခံစားနေသလို၊ အလိုမကျသူတွေကတော့ ဒေါသကို ပီကေလိုဝါးရင်း မထွေးနိုင် မမျိုနိုင်နဲ့ရယ်။

ပွဲပြီးသွားပြီဆိုမှတော့ ဘာပြောစရာ လိုတော့မှာ တဲ့လဲဗျာ။ ခံစားချက် ကိုယ်စီနဲ့ ငြိမ်လို့။ တစ်ချိန်လုံး ငြင်းခုံဆူညံလာခဲ့တဲ့ အသံတွေအားလုံး တိတ်လို့ …။

+ + +


တကယ်တော့ ကျွန်တော်တို့ လူသိုက်ကလည်း စည်းကလေး ထားတတ်ကြလို့ပါ။ နောက်တစ်ခုက အဘွားကိုလည်း ရှိန်ကြလို့ပါ။

အံ့သြစရာ ဖြစ်နေမလားတော့ မသိဘူးဗျာ။ အသက် နှစ်ဆယ်ဝန်းကျင် ကျွန်တော်တို့အုပ်စုနဲ့ အသက်ခြောက်ဆယ်ကျော် အဘွားတစ်ယောက် ရှစ်ပေစလောင်းတစ်ချပ်နဲ့ နိုင်ငံတကာ ဘောလုံးပွဲတွေ အတူတူကြည့်ဖြစ်လာကြတာ သုံးနှစ်သုံးမိုး ကျော်ခဲ့ပါပြီလို့ဆိုရင် …။

ကျွန်တော်တို့ မြို့သစ် ရန်နိုင်လမ်းသွယ် -၁ မှာ အဘွားက နောက်ဆုံးရောက်လာသူဗျ။ ကျွန်တော်တို့ တစ်ထပ်တိုက်တွေ၊ နှစ်ထပ်တိုက်တွေ ဆောက်ပြီး မိသားစုတွေ ပြောင်းရွှေ့နေကြ၊ အခြေကျသည်အထိ အဘွားအိမ်က ဆောက်ရသေးတာမဟုတ်ဘူး။ ပေလေးဆယ် ခြောက်ဆယ်နှစ်ကွက်စာကို သံဆူးကြိုး ၀င်းထရံကာပြီး လေးငါး ခြောက်လ ပစ်ထားသေးတာ။ အုတ်၊ သဲ၊ ကျောက်တွေ၊ သစ်တွေပုံပြီး အိမ် စဆောက်တော့မှ အိမ်ရှေ့ ခြံစည်းရိုးကို ပုဏ္ဍရိပ်ပင်တွေ စေ့စပ်နေအောင်စိုက်တယ်။ ၀င်းတံခါး တစ်ဖက်တစ်ချက်မှာ ပိတောက်ပင် ပျိုးတယ်။ အိမ်နောက်ခြံစည်းရိုးကို အုတ်တံတိုင်း ကာတယ်။

ခြံကျယ်ကျယ်မှာ အိမ်ကြီးကြီးဆောက်ပြီး မိသားစုတွေ တစ်လှေကြီးပြောင်းလာကြလိမ့် မယ်လို့ တွေးခဲ့၊ ထင်ခဲ့တာပေါ့ဗျာ။ တကယ်ဆောက်တော့ သစ်သားအိမ် ပုပုသေးသေးကလေးရယ်။ ကျွန်တော်နဲ့ ခြံချင်းကပ်ရက်၊ ကျွန်တော်တို့ ခြံဘက်ကို နေရာယူပြီး ဆောက်တာမို့ အိမ်ရှေ့နဲ့ အိမ်ခြေရင်းဘက်မှာ မြေကွက်လပ်ကျယ်ကြီးတွေ ချန်ထားလေရဲ့။

အိမ်ဆောက်နေရင်း အ၀ီစိတွင်းတူးတာ၊ မီတာဘောက်စ် တပ်ဆင်တာတွေ ကျွန်တော် မြင်နေ ကြားနေရတာ ပါ။ အိမ်ကလေးက ကျွန်တော့် မျက်စိအောက်မှာ တစ်စတစ်စ ရုပ်လုံးပေါ်လာတော့မှ အိုး … စိတ်ကူး ကောင်းမှ ကောင်းကိုးဗျ။ အုပ်ကြွပ်မိုး နီနီနဲ့ အနက်စွေးစွေး သစ်သားအိမ်ပုကလေးဟာ မြက်ခင်းစိမ်းတွေ အလယ်မှာ ဘယ်လောက် နေပျော်ချင်စဖွယ် ကောင်းလိုက်မလဲဆိုတာ စဉ်းစားသာကြည့်။ ခြံမြေကွက်ပေါ်မှာ သစ်ပင်၊ ပန်းပင်၊ သီးပင်၊ စားပင် ဘာတစ်ပင်မှ မထားဘဲ မြက်ခင်းပြင်ကျယ်ကြီးကိုသာ စိမ်းမြနေအောင် မွေးထားတာ။

မြက်ခင်းစိမ်းနဲ့ ယာတောအိမ်ကလေးကို တရိပ်ရိပ် ကြည့်ကောင်းနေတုန်းမှာ ပဲ နေမယ့် အိမ်ရှင်တွေ ပြောင်းလာကြတယ်။ မဟုတ်ပါဘူးဗျ။ အဘွားကြီး တစ်ယောက်တည်းရယ်။

အိမ်သုံးပရိဘောဂ အနည်းအကျဉ်းလောက်ကို နေရာချပြီးပြီးချင်း အိမ်ရှေ့မြက်ခင်းမှာ ရှစ်ပေစလောင်းတစ်ချပ်ဆင်တယ်။ ကျွန်တော်တို့ အိမ်တန်းရဲ့ အရှေ့မှာ လမ်းသွယ်။ လမ်းသွယ်ရဲ့ တစ်ဖက်ခြမ်းက မြေလွတ်မြေရိုင်းတွေပေါ့။ အကွက်တွေရိုက်ပြီးသားပေမယ့် ပိုင်ရှင်တွေက စိတ်ဝင်စားပုံ မရှိသေးဘူး ထင်ပါတယ်။ ကျွန်တော်တို့အိမ်တန်းက အဘွားအိမ်အပါအ၀င် ဆယ့်နှစ် လုံးရှိတာမို့ “ဆယ့်နှစ်လုံးတန်း” လို့တောင် ခေါ်နေကြပါပြီ။ နှစ်ထပ်တိုက်ကလေး ငါးလုံး ဆိုပါတော့ဗျာ။ သစ်သားအိမ်ဆိုလို့ အဘွားရဲ့ မြက်ခင်းစိမ်းနဲ့ ယာတောအိမ်ကလေး တစ်လုံးတည်း ရယ်ပါ။

ကျွန်တော်တို့ လမ်းသွယ်ကနေ လမ်းမပေါ် တက်မိရင်တော့ ဘတ်စ်ကားတွေ ချောင်တတ်ပါတယ်။ စိတ်ရှည်ရင် တက္ကစီစီးလည်း ရတတ်ပါတယ်။ ရပ်ကွက်က ခေါင်တယ်လို့ ပြောကြပေမယ့် သွားရေးလာရေး မခက်ခဲလှပါဘူး။

ကိုယ်ပိုင်ကားနဲ့ မြို့ထဲသွား အလုပ်လုပ်တဲ့ လူကြီးတွေ၊ ကိုယ်ပိုင်ကားနဲ့ ကျောင်းကြိုပို့ လိုပ်နေတဲ့ အိမ်တွေလည်းရှိတော့ လမ်းကြုံ လိုက်ချင်ရင်လည်း ကျွန်တော်တို့ ဆယ့်နှစ်လုံးတန်းက နွေးထွေးပြီးသားရယ်။ ကိုယ့်အသက်မွေးဝမ်းကျောင်းဘ၀နဲ့ ကိုယ်မို့ ထွေးရောယှက်တင် မနေတတ်ကြပေမယ့် တစ်အိမ်နဲ့ တစ်အိမ် သိကြပါတယ်။

ကျွန်တော်တို့ လူငယ်တွေကျတော့ ရင်းနှီးခင်မင်ပြီး ဘော်ဒါဘော်ချက်တွေ ဖြစ်နေကြပြီပေါ့ဗျာ။

ဒဂုန်တက္ကသိုလ်တက်နေတဲ့ ပါထွေးနဲ့ ပါတိုး ညီအစ်ကိုရယ်၊ ဆော့စ်ဝဲကုမ္ပဏီတစ်ခုမှာ ပရိုဂရမ်လုပ်နေတဲ့ ကိုကြီးကျော်ရယ်၊ ကွန်ပျူတာနည်းပြ ကိုငယ်လေးရယ်၊ ကျောင်းပြီးစ ကယောင်ပြနေတဲ့ ဖိုးချိုရယ်၊ ဖိုးချိုလိုပဲ ကျောင်းပြီးစ မိဘလည်း ကျေနပ်စေဖို့၊ ကိုယ့်ကိုယ်ကိုယ်လည်း အယုံအကြည် နည်းမသွားစေဖို့ စိတ်ကူးတည့်ရာ ဟိုသင်တန်း ဒီသင်တန်း တွေ လိုက်တတ်နေတဲ့ ကျွန်တော် မောင်မောင်ရယ်ပေါ့။ ဒါ ကျွန်တော်တို့ လမ်းထဲမှာ လူငယ်လိုနေတဲ့ လူငယ် အကုန်ပါပဲ။

အဘွား အိမ်ပြောင်းလာပြီး နှစ်ရက်သုံးရက်အကြာ ထင်ပါရဲ့။ အိမ်တက်ပရိတ်တရားနာ ဆွမ်းကျွေးတော့ အဘွားကိုယ်တိုင် အိမ်ပေါက်စေ့ လိုက်ပြီး ဖိတ်တယ်။

ကျွန်တော်တို့ ခြောက်ယောက်အုပ်စုမှာ ကျွန်တော်က ခြံချင်းကပ်ရက်အိမ်နီးချင်း အရင်းကြီးမို့ ကျွန်တော်ကပဲ ရှေ့ဆောင်ပြီး အဘွားအိမ်ကို ဆွမ်းကျွေးမတိုင်မီ ညရောက်သွားကြတယ်။

“အဘွား … ဘာလုပ်ပေးစရာများ ရှိသေးလဲလို့ပါ ခင်ဗျာ”

တီဗွီရှေ့မှာ ချဉ်ပေါင်ရွက်တွေ သင်နေတဲ့ အဘွားက ကျွန်တော်တို့ ရောက်လာတာကို အံ့အားသင့်သွားပုံနဲ့ …

“မောင်မောင်တို့ပါလား၊ ကျေးဇူးပဲကွဲ့၊ လာ … ထိုင်ကြဦး၊ ခုတော့ လုပ်စရာ မရှိသေးပါဘူး၊ မနက်ကျရင်သာ ၀ိုင်းကူ ဧည့်ခံပေးကြပေါ့နော်”

“မဟုတ်ဘူးလေ အဘွားရဲ့၊ ခုညကြိုပြီး ချက်ဖို့ပြုတ်ဖို့ရယ်၊ ပန်းကန်ခွက်ယောက်တွေ စီစဉ်ပြင်ဆင်ဖို့ရယ်”

ကျွန်တော့်စကား အဆုံးမသတ်ခင် အဘွားက ရယ်လိုက်တယ်။ သင်ပြီးစ ချဉ်ပေါင်ရိုးတွေ ဆွဲစုသိမ်းဆည်းရင်း …

“ဒံပေါက် မှာ ထားတယ်ကွဲ့၊ ချဉ်ပေါင် တစ်အိုးပဲ ချက်ရမှာ ၊ အဘွားလုပ်နိုင်ပါတယ်၊ အချဉ်သုပ်အတွက် လှီးဖို့ ချွတ်ဖို့ ကူဖော်လောင်ဖက်တစ်ယောက် မှာ ထားတယ်၊ ခဏနေရင် ရောက်လာပြီး ညအိပ်ပေးလိမ့်မယ်၊ ပန်းကန်ခွက်ယောက်က ဘုန်းကြီးပွဲအတွက် ပြည့်စုံပါတယ်၊ လူပရိသတ်အတွက်တော့ တစ်ခါသုံးတွေနဲ့ ဧည့်ခံရမှာ ပဲ၊ အဘွား နိုင်သလိုပဲ လုပ်ရမှာ လေ၊ နိုင်သလောက်ပဲ လုပ်မယ်ဆိုပေမယ့် မင်းတို့ အကူအညီတော့ လိုတယ်ကွဲ့၊ မနက်စောစောလေး လာပေးကြပါ၊ ဟုတ်လား”

တစ်ခါသုံးတွေနဲ့ ဧည့်ခံမှာ ဆိုတဲ့စကားက ကျွန်တော့်နားထဲ ရှတတ၀င်သွားခဲ့တာ အမှန်ပါ။ အဘွားက နိုင်သလိုပဲ လုပ်မှာ လို့ ကြည်ကြည်စင်စင် မျက်နှာနေ မျက်နှာထားနဲ့ ဆက်ပြောနေပြန်တော့ ဒီအဘွား တစ်မျိုးတော့ တစ်မျိုးပါလား။

တစ်ခါတစ်ရံ အရက်ကို မူးအောင်သောက်ပြီး “ပျော်တယ်ကွာ၊ ပျော်တယ်ကွာ” နဲ့ ကွေးနေအောင် ကတတ်လွန်းလို့ ကိုကြီးကျော်လို့ ကျွန်တော်တို့ခေါ်တဲ့ ကိုကျော်မင်းနိုင်က ကျွန်တော်တို့အထဲမှာ အသက်အကြီးဆုံး၊ စကား ဖွယ်ဖွယ်ရာရာ အပြောတတ်ဆုံး၊ အကွက်စေ့အောင် လာဘ်မြင်တတ်ဆုံးဗျ။

“ဘုန်းကြီးတွေ သွားပင့်ပေးရဦးမလား အဘွား”

“မနက်ငါးနာရီကြွဖို့ တစ်ခါတည်းပင့်ခဲ့ပြီကွဲ့၊ မင်းပြောမှ သတိရတယ်၊ လှူဖွယ် ပစ္စည်းတွေ ထမင်းစားပွဲပေါ် ပုံထားတာ စီစဉ် ပြင်ဆင်ပေးသွားကြပါဦး၊ အဲဒီ မှာ ကျောက်ကာလင်ပန်းကြီး တစ်ချပ်နဲ့ ပလတ်စတစ်အိတ် အသစ်တွေ တင်ထားတယ်၊ တို့များ ရွာဦးကျောင်းက သံဃာကုန် လေးပါးရှိတာကလား၊ လေးပါးစာ လေးစုခွဲပြီး လေးအိတ်ထည့်ကြပေရော့”

တကယ်တော့ ကူညီဖို့လာတဲ့ ကျွန်တော်တို့ တစ်တွေ ကြောင်တောင်တောင် ဖြစ်မနေစေရအောင် အဘွားက သူစီစဉ်ပြီးသားတွေကို နငယ်အမြီးတပ်စေတာပါ။

ဘာပဲဖြစ်ဖြစ် အဘွားရဲ့ ထမင်းစားခန်းထဲ စရောက်ဖူးတဲ့ နေ့ပါပဲ။ ခြောက်ယောက်စာ စားပွဲဝိုင်းနဲ့ နံရံကပ်ပန်းကန်စင်၊ ဗီရို၊ ရေခဲသေတ္တာ …။ မြင်ကွင်းက ရှင်းနေတယ်။ ဆက်နေတဲ့ မီးဖိုဆောင်ကို လှမ်းကဲကြည့်လိုက်တော့ လျှပ်စစ်မီးဖိုတစ်ဖို၊ ဓာတ်ငွေ့မီးဖို တစ်ဖို၊ ရိက္ခာသိုလှောင်ရာ သံဆန်ခါတပ် နံရံကပ် ဗီရိုပုကလေးတွေ ပတ်ပတ်လည်။ အဘွားကြီးတစ်ယောက်ရဲ့ မခမ်းနားလှသော်လည်း ကျေနပ်လောက်စဖွယ် ဘ၀ဆည်းဆာကို ခန့်မှန်းလို့ရပါတယ်။

သင်္ကန်းလေးစုံပါတဲ့ အဘွားရဲ့ လှူဖွယ်ဝတ္ထုတွေကို အဘွား ခိုင်းသလိုပြင်ဆင်ပြီး အိမ်ရှေ့ကို သယ်ထုတ်မယ် လုပ်တော့မှ အိမ်ရှေ့မှာ နေရာရှင်းဖို့၊ ခင်းဖို့ ကျင်းဖို့ လိုသေးတာကို သတိရကြတော့တယ်။

“အဘွား နေရာတွေ ခင်းကျင်းဖို့ လိုမလားလို့ပါ ခင်ဗျာ”

ဒရင်းဘတ်ပေါ် လျောင်းမှီနေတဲ့ အဘွားက ကိုယ်ကိုမတ်ထိုင်လိုက်ပြီး ကျွန်တော်တို့ကို လည်ပြန်လှည့်ကြည့်ရင်း …

“အေး … စောစောပြင်ဆင်တော့လည်း စောစော အသင့်ဖြစ်တာပေါ့ကွယ်၊ ကဲ … လာကြ၊ ဆက်တီခုံတွေ ထမင်းစားခန်းထဲ သွင်းလိုက်ကြရအောင်”

ကျွန်တော်တို့ ခုံတွေ သယ်ရွှေ့နေတုန်း အဘွားက ကော်ဇောတွေ ထုတ်ယူလာတယ်။ တစ်ခန်းလုံး ပလတ်စတစ်မြက်ဖျာတွေ အပြည့်ခင်းပြီးတော့ ခေါင်းရင်းဘက်မှာ ဘုန်းကြီးတွေအတွက် ကတ္တီပါကော်ဇောတွေ ထပ်လိုက်ကြတယ်။ တစ်ယောက် တစ်လက်မို့ မြန်သလားမမေးနဲ့။ ကန်တော့ပွဲပါ နေရာချထားလိုက်ပြီးတော့ လုပ်စရာက တကယ်ကုန်သွားပြီလေ။

ကျွန်တော်တို့အားလုံး အခင်းတွေပေါ် ခြေဆန့်လက်ဆန့် ထိုင်ချရင်းဖွင့်ထားတဲ့ တီဗွီကို လှမ်း“ရှိုး” လိုက်တော့ …

“ဟာ … ဘောလုံးပွဲလာတော့မှာ ကွ”

အင်ဒိုလိုင်းတစ်လိုင်းမှာ အနောက်တိုင်းဝတ်စုံအပြည့်နဲ့ စမတ်ကျကျ အရုပ်ခပ်ဆိုးဆိုး အစီစဉ်မှူးနှစ်ယောက် ဘောလုံး ဒီဇိုင်းပုံ မိုက်ခွက်တွေ ရှေ့ချပြီး အပြန်အလှန် ဆွေးနွေးနေလေရဲ့။

ကိုငယ်လေးက လက်ပတ်နာရီကို မြှော က်ကြည့်ရင်း …

“တော်ကီပွားနေတာ ကြာပြီပဲကွ၊ ကိုးနာရီလေးဆယ့်ငါး စကန်မှာ ဆိုတော့ ငါးမိနစ်တောင် မလိုတော့ဘူး”

“ဘောလုံးပွဲ ကြည့်ချင်ကြလို့လား ကြည့်လေ၊ အဲဒီ မှာ ”

ထမင်းစားခန်းထဲက အဘွားရဲ့အသံထွက်လာတယ်။ အဘွားက နားတော်တော်ပါးတာပဲ။ ပြောပြောဆိုဆိုနဲ့ လိမ္မော်သီးတွေ ကြိမ်ခြင်းကလေးထဲ ထည့်ပြီး ကျွန်တော်တို့နား လာထိုင်တယ်။

“ဘောလုံးပွဲကြည့်ရင်း စားကြတာပေါ့ကွာ၊ မင်းတို့ ကြည့်နိုင်လို့ကတော့ တစ်ညလုံး “အမုန်း”ပဲ၊ ခု … ပရီးမီးယားပွဲတွေလာပြီးရင် အီတလီ စီးရီးအေတွေ ဆက်တိုက်ကန်မယ်၊ နှစ်ချက်ခွဲတိတိမှာ စပိန်ပွဲရှိတယ်၊ လာလီဂါတော့ မဟုတ်ဘူးထင်တယ်၊ စပိန်ဘုရင့်ဖလားပွဲ ဆီမီးဖိုင်နယ်လ်”

ကျွန်တော်တို့အားလုံး တစ်ယောက်မျက်နှာ တစ်ယောက် အပြန်အလှန် ကြည့်နေမိကြတုန်း အင်မတန်နှုတ်သွက်တဲ့ ကိုကြီးကျော်က …

“ကျွန်တော်တို့ တီဗွီကြည့်နေရင် အဘွားအိပ်ရေးပျက်မှာ ပေါ့ ခင်ဗျာ၊ မနက် အရုဏ်ဆွမ်းအတွက် စောစောလည်း ထရဦးမှာ ဆိုတော့ …”

“အိုး … အဘွားက ဘောလုံးပွဲတွေ မိုးအလင်း ကြည့်နေကျကွဲ့၊ စလောင်းတပ်ရခြင်း အကြောင်းရင်း နှစ်ခုပဲ ရှိတယ်၊ ဘောလုံးပွဲ ကြည့်ဖို့နဲ့ သတင်းသိဖို့၊ အဲဒီ တော့ မင်းတို့ အားမနာနဲ့၊ အဘွားကိုလည်း မအံ့သြကြနဲ့၊ နောက်တော့ ရိုးသွားမယ်၊ အဘွား အသက်ခြောက်ဆယ်ကျော်ပြီ၊ ကိုယ်ကြိုက်တာ ကိုယ်လုပ်ပြီး ကိုယ်မကြိုက်တာ မလုပ်ဖို့လည်း ဆုံးဖြတ်ထားနိုင်ပြီ၊ ကြိုက်တာတွေ အားလုံး မလုပ်ဖြစ်ပေမယ့် မကြိုက်တာတော့ တစ်စုံတစ်ရာမှ မလုပ်ဘဲ နေလို့ရပြီ၊ လူဆိုတာ ဇရာထောက်လာရင်၊ ကိုယ့်ကိုယ်ကိုယ် အရိုအသေတန်လာရင် ဂိလာနဘ၀နဲ့ အိုနာကျမှာ ၊ အဘွားက အိုခြင်းနဲ့ သေခြင်းကို မရုန်းကန်ရဘဲ အသာတကြည်လက်ခံချင်တာ”

ပါထွေးနဲ့ ပါတိုးတို့ ညီအစ်ကိုကလွဲရင် ကျွန်တော်တို့အားလုံး အဘွားဆိုလိုချင်တဲ့ အဓိပ္ပာယ်ကို နားလည်လိုက်ပါတယ်။

အဲဒီ ညကို ကောင်းကောင်း မှတ်မိတာပေါ့။ မိုးဖွဲဖွဲ ရွာနေတာ တစ်ညလုံးပါပဲ။ ဘောလုံးပွဲ ပထမပိုင်း ၄၅ မိနစ် ပြီးတော့ အဘွားက ကျွန်တော်တို့ အိမ်တွေကို စိတ်ပူမှာ စိုးလို့ ပြန်သတင်းပို့ခိုင်းတယ်။ အဘွားအိမ်မှာ တစ်ညလုံးရှိမယ့်အကြောင်း။ ပြီးတော့ အပေါ်ဝတ် အနွေးထည်တွေ ယူလာခိုင်းတယ်။ အအေးမိကြမှာ စိုးလို့။

ဘယ်ဗျာ … ကြည့်ခဲ့တဲ့ ဘောလုံးပွဲက ကျွန်တော်တို့ ဖေးဘရိတ် “နဗီးလ်ညီနောင်”နဲ့ ဘက်ခ်ဟမ်းရဲ့ ဖရီးကစ်ကန်ချက်ကောင်းတာတွေတောင် မပြောဖြစ်တော့တဲ့ညပါ။ မိုးစက် မိုးပေါက် ဖြိုးဖြိုးဖြောက်ဖြောက်တွေထဲမှာ သူ့အိမ် ကိုယ့်အိမ်ပတ်ပြီး သတင်းပို့ကြရင်း ဘောလုံးပွဲကြိုက်တဲ့အဘွားကြိုက်တဲ့အဘွားအကြောင်း တစ်ယောက်တစ်ပေါက် ပြောလို့မကုန်နိုင် ဖြစ်ကြတာ အဘွားအိမ်ရှေ့ ပြန်ရောက်လာတဲ့အထိ။

လိမ္မော်သီးတွေစားရင်း လက်ဖက်သုပ်တွေဝါးရင်း သန်းခေါင်ယံ စီးရီးအေပွဲစဉ်တွေကို ဘယ်လို ကျော်ဖြတ်ခဲ့မှန်းတောင် မသိတော့ပါဘူးဗျာ။ စပိန်ပွဲပြီးတော့ အရုဏ်လွန့်နိုးစပြုပြီ။ တစ်ယောက်မှ နားမူးနားထိုင်းမရှိ။ ပကတိ ကြည်ကြည်လင်လင်ရယ်။ ရောက်လာတဲ့ ဒံပေါက်အိုးတွေ သယ်ချကြ၊ ဘုန်းကြီးဆွမ်းပွဲ ပြင်ကြနဲ့ အဆင်ကို ချောလို့။

အဲဒီ နေ့ကစပြီး ကျွန်တော်တို့မှာ နွေးထွေးတဲ့ အဘွားတစ်ယောက်၊ ဘာသာစကားတူတဲ့ အဖော်တစ်ယောက်၊ ပျော်ရွှင်ကျေနပ်စွာ ခိုနားရတဲ့ အရိပ်တစ်ခု ရလိုက်တာပါပဲ။

+ + +


“ပါညီနောင်” က အာဆင်နယ် ခရေဇီတွေဗျ။ ငယ်ကလည်း ငယ်သေးကြတော့ အာဆင်နယ် နိုင်တဲ့ပွဲများ ဆိုရင် ကျွမ်းလှိမ့်ထိုးပြီး အော်ကြ ပျော်ကြတာ။ မနှစ်က တစ်ရာသီလုံး အာဆင်နယ် နိုင်ပွဲတွေ ဆက်ခဲ့တော့ ပါညီနောင်နှစ်ယောက်သား မြောက်သလားမမေးနဲ့။ မိုးပေါ်ကကို မဆင်းတော့တာ။

သိကြတဲ့အတိုင်းပဲ ကျွန်တော်တို့ကြိုက်တဲ့ မန်ချက်စတာယူနိုက်တက်ကတော့ အာဆင်နယ်ကို ရှုံးပြီးတဲ့နောက်မှာ တစ်ရာသီလုံး ပြဿနာတွေ ကောက်ရိုးပုံကို တစ်စဆွဲထုတ်လို့မှ မဆုံးခင် နောက်နှစ်စက ထွက်လာနေပြီ။ နည်းပြကြီး ဖာဂူဆန်နဲ့ မန်ယူစတား ဘက်ခ်ဟမ်းနဲ့ ငြိရာက စတယ်ထင်ပါတယ်။ တစ်ဖက်အသင်းက ကန်လိုက်တဲ့ ဘောလုံး ဘက်ခ် ဟမ်းခြေထောက်နဲ့ ထိပြီး ကိုယ့်ဂိုးကိုယ်သွင်းသလို ဖြစ်ခဲ့လို့ ဖာဂူဆန် ပေါက်ကွဲခဲ့။ အနီးမှာ တွေ့ တဲ့ ဘောကန်ဖိနပ်ကိုဒေါတဲ့မောနဲ့ ကျုံးကန်ပစ်လိုက်တာ ဖိနပ်က ဘက်ခ်ဟမ်းရဲ့ နဖူးကို ဒါရိုက်ဟစ်ထိပြီး မျက်ခုံးကွဲခဲ့။ ဘက်ခ်ဟမ်းလည်း အရံထိုင်ခုံမှာ နေ့ရက်ရှည်ကြာအရာကျခဲ့။ ဘက်ခ်ဟမ်းကို စပိန်ကလပ်ရီးယဲလ်မက်ဒရစ်ကို ယူရိုငွေ ၂၅ သန်းနဲ့ ရောင်းထုတ်ခဲ့။

ရီးယဲမက်ဒရစ် ရောက်စမှာ ဘက်ခ်ဟမ်း ခြေစွမ်းတွေ ပြနေတော့ မန်ယူအသင်းဖော် တချို့ ကလွမ်း။ လူငယ်လူသစ်တွေ ၀ယ်ယူ အားဖြည့်ပေမယ့် ထင်တိုင်းမပေါက်တဲ့ မန်ယူ။ အလယ်တန်း က အားနည်း၊ နောက်တန်းကပေါက်၊ ပြစ်ဒဏ်ပွဲပယ်တွေ၊ ဒဏ်ရာပွဲနားတွေနဲ့ လုံးချာလိုက်ပြီး မန်ယူယိုင်ဆင်းသွား။ အားလုံး မှတ်မိနေကြမှာ ပါဗျာ။

ပရီးမီးယားလိဂ်မှာ မန်ယူ ကိုယ်ခံအားတွေ ကျဆင်း။ အာဆင်နယ်က ခွန်ပြည့် အားပြည့်နဲ့ အောင်ပွဲတွေ ခင်းကျင်း။

ကျွန်တော်တို့ ပရိသတ် ဖြတ်သန်းခဲ့ရတဲ့ အငြင်းအခုံ ၀ိရောဓိ အကြောင်းရင်းတွေကို ပြောပါတယ်။

အဘွားကတော့ အငြင်းအခုံတွေကျယ်လောင်လာရင် တစ်ခွန်းစ နှစ်ခွန်းစ၀င်ထိန်းတာပဲ။ ကျွန်တော်တို့က ချီးမွမ်း၊ ကဲ့ရဲ့ လွယ်တယ်။ ဟစ်အော် ပေါက်ကွဲချင်တယ်။ အဘွားရှေ့မှာ မို့ ချဲလုံး ဆဲလုံးတွေ ထိန်းထားကြတာရှိမယ်။

အငြင်းအခုံတွေ ကျယ်လောင်ပြီး အကြောင်းအရာတွေ ထပ်လာရင်တော့ အဘွားက ဘယ်နေလိမ့်မလဲ။

“မင်းတို့ကွာ ရွယ်တူယောကျာ်းချင်း ကိုယ်မလုပ်နိုင်တာတွေ သူတို့လုပ်ပြနေတာကို ထိုင်စောင့်ကြည့်နေရတာ လွန်လှပြီ၊ သူတို့ မလုပ်နိုင်တာတွေကို ကိုယ်တို့ ဘာလုပ်ပြမလဲ စဉ်းစားမကြည့်ချင်ကြဘူးလား၊ သူတို့လိုပဲ ကမ္ဘာကြီးက အံ့သြသွားရအောင်လေ၊ မင်းတို့ အငယ်လေးတွေနော်၊ အနာဂတ်တွေ အများ ကြီး ရှိသေးတယ်”

အဘွားစကားက ကျွန်တော်တို့အားလုံးကို ဖြုံသွားစေတာ အမှန်ပါ။ ပါတိုးတစ်ယောက်သာ သိပ်နားမလည်ချင်တဲ့ပုံနဲ့ …

“အဘွားက ကိုရီးယားဇာတ်လိုက်တွေလိုပဲ၊ စကားကိုအကုန် မပြောဘူး၊ တိုက်ရိုက်လည်း မပြောဘူး၊ စားတယ်ဗျာ”

တစ်ခါတော့ အဘွား စကားပြော များ သွားတယ်။

“ဘောလုံးကွင်းထဲမှာ က လူ့စရိုက်စုံကို တစ်ပြိုင်တည်း တွေ့ရတာ ကွ၊ စရိုက်ပေါင်းစုံ၊ ကိုယ်ရည်ကိုယ်သွေး ပေါင်းစုံနဲ့ ခင်းကျင်းနေတာ၊ ဘောလုံးပွဲ တစ်ပွဲနဲ့ တစ်ပွဲ ရသချင်း မတူဘူး၊ ရလဒ်လွဲချော်မှု တွေလည်း ရှိတယ်၊ အချို့ပွဲတွေက ပျော်ရွှင်အားတက်မှု ကို ဝေမျှပေမယ့် တချို့ပွဲတွေကျတော့ ဒေါသ၊ မာန်မာန၊ အငြိုးအတေးတွေ ကျန်ရစ်တယ်၊ ယောကျာ်းစွမ်းရည်နဲ့ ရဲရင့်ခြင်းကို မြင်ရသလို ကောက်ကျစ်ယုတ်မာမှု နဲ့ ရက်စက်ကြမ်းကြုတ်ခြင်းတွေကိုလည်း တွေ့နေရတယ်၊ အကောင်းနဲ့ အဆိုး၊ မျှတမှု နဲ့ မမျှတမှု တွေ အားပြိုင်နေကြတော့ ဘာက ဘာကို ဘယ်ပုံဘယ်နည်း ကျော်ဖြတ် အနိုင်ယူသွားမလဲလို့ စောင့်ကြည့်နေသူတွေက ပရိသတ်တွေပဲပေါ့”

မနှစ်က မန်ယူနဲ့ အာဆင်နယ် ရုန်းရင်းဆန်ခတ်ဖြစ်တဲ့ ပွဲအပြီးမှာ ပေါ့။ ပါတိုးဆိုတဲ့ ကောင်လေးလေ၊ အကွက်ဝင်ပြီဆိုတဲ့ မျက်နှာပေးနဲ့ …

“ဟုတ်တယ် အဘွားရဲ့၊ ခုနက နစ္စတယ်ရွိုင်း ကလိန်ကကျစ်ကျတာအဘွားတွေ့လိုက်တယ် မဟုတ်လား၊ ဗီအဲရာချတာ မထိရပါဘဲနဲ့ လှဲချလိုက်တော့ ဟိုလူ အနီကတ် တိုက်ရိုက်ထိပြီး ထွက်ရရော၊ ပေါက်ကွဲသွားတဲ့ အက်ရှ်လေကိုးလ်တို့ ၀ိုင်းလာတော့ အပြစ်မဲ့တဲ့ ယုန်ကလေးကို ပိုပိုကဲကဲ အမူအရာနဲ့ ရုပ်ရှင်ရိုက်ပြလိုက်တာ တစ်ပြုံလုံး “၀ါ” ကုန်ရော”

“ဟေ့ကောင် … ပါတိုးလေး၊၊ မင်းစကားကိုပြောင်းပြန် ပြင်ပြောလိုက်စမ်း ငါ့ညီ”

“ဟုတ်တယ်၊ မင်း ဂန်းနားတွေက ဘောလုံးသမားမှ မဟုတ်ဘဲ၊ မာဖီးယားဂိုဏ်းလို အချိုးချိုးတာ မင်းမြင်တယ် မဟုတ်လား”

“ရွိုင်းကိန်းတို့ စိတ်ထိန်းနိုင်လွန်းလို့ပေါ့ကွာ၊ ငါသာ ကိန်းနေရာမှာ ဆို လက်သီးမသုံးဘူး၊ အက်ရှ်လေကိုးလ်နဲ့ ဗီအဲရာကို ကျိုးအောင်ချိုးမှာ ၊ လေမန်းတို့ စိတ်ဆိတ်တယ်၊ လက်မြန်တယ်ဆိုတာလောက်တော့ ပျင်းတောင်ပျင်းသေးတယ်”

ပါတိုးလေးကို တစ်ယောက် တစ်ပေါက် ၀ိုင်းတွယ်နေကြတော့ သူ့အစ်ကို ပါထွေး မျက်လုံးတွေ ၀င်းဝင်းတောက်လာတယ်။ သူ့ညီကို ထိလို့ မဟုတ်ဘူးဗျ။ အာဆင်နယ် ဂန်းနားတွေကို ထိလို့။

“လေးယောက်နဲ့ နှစ်ယောက် ဆိုပြီး စကားနိုင် မကျင့်ကြနဲ့လေဗျာ၊ မန်ယူစိတ်ဓာတ်ဆိုတာ ဒါမျိုးလား”

အဲဒီ ညက အဘွားကတော့ ဘာတစ်ခွန်းမှ ၀င်မပြောတော့ဘဲ လွှတ်ပေးထားတယ်။ စပိန် နွားရိုင်းသတ်ပွဲကို သူ့အတွေးနဲ့ သူ တိတ်ဆိတ်စွာ ကြည့်လို့။ ကိုကြီးကျော်က အဘွားကို အရင်ဆုံး သဘောပေါက်သွားတယ်။

“အဘွားကတော့ တို့ကို စိတ်ကုန်သွားပြီ ထင်တယ်”

ဟုတ်မှာ ပေါ့။ အဘွား ပြောချင်တဲ့လိုရင်းအကြောင်းက တခြား။ အထအနကောက်၊ ငြင်းခုံ၊ ပတ်လည်ရိုက်သွားကြတဲ့ အကြောင်းတွေက တခြား။

အဲဒီ အချိန်လောက်ကစပြီး ကျွန်တော် စကားသိပ်မပြောမိအောင် ထိန်းဖြစ်သွားတာ ထင်တယ်။ စိတ်လွတ်ကိုယ်လွတ် ငြင်းခုံဖို့မပြောနဲ့၊ ခပ်လွယ်လွယ်ကောက်ချက်ဆွဲတာမျိုးတောင် မလုပ်ဖြစ်တော့ဘူး။ အစတော့ မနည်းချုပ်တည်းရတာ ပေါ့ဗျာ။ တဖြည်းဖြည်း ချုပ်ထိန်းဖန် များ လာတော့ သိပ်သတိထားဖို့ မလိုတော့ဘဲ အလိုလို ကျင့်သားရလာတယ်။

ဘာဖြစ်လို့လဲဆိုတော့ စကားမပြောရတဲ့ အရသာကို ကျွန်တော် သိသွားလို့ပါ။ နှစ်ခြိုက်လာလို့ပါ။ ကိုယ်ကမပြောမှ သူများ က များများ ပြောတာ မဟုတ်လား။ များများ သိရတာ ပေါ့။ ကိုယ်က နည်းနည်းပဲပြောဖြစ်တော့ အလွဲအချော် အမှားအယွင်းတွေ၊ နောက်ကလိုက်ပြီး ပြင်ပြောရတာ တွေ မရှိတော့ဘူးလေ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု လည်း ရလာတယ်။

ဒီဘောလုံးရာသီ အစမှာ တော့ ဖာဂူဆန်လို ပီကေတောင် ၀ါးစရာမလိုဘဲ ကျွန်တော့် စိတ်လှုပ်ရှားမှု တွေကို ကျွန်တော် ထိန်းနိုင်နေပြီဆိုရင် ယုံပါ။

+ + +


ဒီညမန်ယူ - အာဆင်နယ်ပွဲ။

ကျွန်တော်တို့လူစုတင် ဘယ်ဟုတ်ပါ့မလဲဗျာ၊ တစ်ကမ္ဘာလုံးက ဘောလုံးပရိသတ်တွေ အလုံးအရင်း အားပေးကြတဲ့ပွဲပေါ့။

ရန်ကုန်မြို့လယ် ဟိုတယ်ကြီးမှာ ငါးရာနဲ့ ၀င်ကြည့်နေကျ ကျွန်တော့်သူငယ်ချင်းတွေတောင် နေရာမရတော့လို့ ငါးထောင်၊ ခြောက်ထောင်တန် ဟိုတယ်ခန်းတွေ လိုက်ရှာနေကြရတာ ခွေးပြေး ၀က်ပြေးပဲ။ ကျွန်တော်တို့ကတော့လား၊ အဘွားအိမ် ရှိတယ်ပလေ။

တကယ်တော့ ကျွန်တော့်အိမ်မှာ လည်း ရှစ်ပေစလောင်း ရှိပါတယ်။ ကိုငယ်လေးနဲ့ ဖိုးချိုတို့ အိမ်တွေမှာ လည်း နှစ်ပေစလောင်း ကိုယ်စီနဲ့ပါ။ ဒါပေမဲ့ မိသားစုနဲ့ဆိုတော့ မလွယ်ဘူးဗျ။ ကိုရီးယားဇာတ်လမ်းတွဲ နဲ့ ဟောလိဝုဒ် ရုပ်ရှင်ကားတွေ ကြိုက်လွန်းတဲ့ အမေ၊ အစ်မတွေနဲ့ အမြဲပဲ ပြဿနာဖြစ်ရတာ ။

အဘွားကတော့ ရှင်းတယ်။ ကမ္ဘာ့သတင်းနဲ့ ဘောလုံးပွဲ ဦးစားပေးပဲ။ ဘောလုံးပွဲသုံးပွဲလောက် ပြိုင်ပြနေရင်လည်း သုံးပွဲစလုံးကို ရွှေ့ချင်သလို ရွှေ့၊ ပြောင်းချင်သလိုပြောင်းပြီး ကြည့်ခွင့်ရတယ်။ ကျွန်တော့်အမေလို “ဂြိုဟ်တုနာသွားမယ်” တို့၊ “ချန်နယ်လ်တွေ ထွက်ကုန်မယ်” တို့၊ “စလောင်းကြီး ပန်ကာလို တ၀ီဝီလည်နေပြီ” တို့နဲ့ မငြူစူတတ်ဘူးခင်ဗျ။

“ပစ္စည်းဆိုတာ လူက ခိုင်းဖို့၊ လူကို ပစ္စည်းက ခိုင်းတာမျိုး မဖြစ်စေနဲ့” ဆိုတဲ့ အဘွားရဲ့ မူက ကျွန်တော်တို့ တစ်သိုက်နဲ့တော့ အံဝင်ခွင်ကိုက်ပေါ့ဗျာ။

ကျွန်တော်လေ ဘောလုံးပွဲ ဇောကပ်ပြီး နေ့လယ်က သင်တန်းမတက်ဘဲ အင်တာနက် ၀က်ဘ်ဆိုက်တွေ ဖွင့်ကြည့်နေခဲ့တာ။ ပွဲကြိုသတင်း ဘာတွေများ သိရမလဲလို့ပါ။

မန်ယူရဲ့ အိမ်ကွင်း (အိုးလ်ထရက်ဖို့ဒ်) မှာ ကန်မယ့်ပွဲပေမယ့် အာဆင်နယ်ထောက်ခံသူတွေက များ တယ်ဗျ။ အာဆင်နယ်လ် နိုင်မယ်လို့ တစ်ပ်ပေးထားတဲ့ ဟင်းဒီကတ် (Handicap) တွေကလည်း အများ ကြီးထွက်နေတယ်။ ၀က်ဘ်ဆိုက်စကားဝိုင်းတွေ (Chatting Room) ထဲ ၀င်ပြောဖြစ်တော့လည်း “အာဆင်နယ်နိုင်မှာ ပဲ၊ ဒါပေမယ့် မန်ယူကိုပဲ အားပေးမယ်” ဆိုတဲ့ ကျွန်တော့်လို လူစားတွေအများ ကြီးပေါ့ဗျာ။ ကျွန်တော်လည်း အာဆင်နယ်လ် အနိုင်လို့ပဲ ထင်ပါတယ်။ ကျွန်တော်တို့ရဲ့ မန်ယူက တိုက်စစ်မှူးတွေလည်း ပေါပါရဲ့။ အရင်က ပေါက်ခဲ့တယ်ဆိုတဲ့ နောက်တန်းမှာ လည်း ရှစ်လပွဲပယ် ပြစ်ဒဏ် ပြီးဆုံးသွားလို့ ခြေစွမ်းပြနေတဲ့ ဖာဒီနန်ရယ်၊ ဟိန့်ဇ်ရယ်၊ ဂယ်ရီနဗီးလ်ရယ်၊ ဆီဗက်စထရာရယ်၊ တံတိုင်းခံတပ်ကြီးလို မာကျောခိုင်ခံ့နေပါရဲ့။ ဒါပေမဲ့ အချိတ်အဆက်မမိ၊ ခြေမမှန်နဲ့ လုံးဝ သေချာမှု မရှိသေးတာ စိတ်ပျက်စရာပါ။ စီရော်နယ်လ်ဒိုရဲ့ အလိမ်အခေါက်များ လွန်းပုံကလည်း တိုက်စစ်အားကို ကျစေတယ်။ စိတ်ဆတ်တဲ့ ၀ိန်းရွန်နေကလည်း ပြဿနာဖြစ်မှာ စိုးရ။ အသင်းဟောင်း အဲဗာတန်မှာ ရွန်နေ ရှိတုန်းက အာဆင်နယ်ကို တစ်ဂိုးသွင်းပြီး ကောင်းကောင်းဒုက္ခပေးခဲ့တဲ့ ရာဇ၀င်ကြွေးလည်း ရှိခဲ့တာ မဟုတ်လားဗျာ။ ဒီတစ်ခါတော့ ရွန်းနေ ပါးပါးနပ်နပ် ရှိပါစေလို့ပဲ ဆုတောင်းရတော့မယ်။

အဘွားအိမ်မှာ ကျွန်တော်တို့ အားလုံးဆုံမိကြတော့ ပွဲစခါနီး နေပြီ။ ပါညီနောင်ကတော့ အာဆင်နယ်ပီပီ စင်ပေါ်က မျက်နှာထားတွေနဲ့ပေါ့ဗျာ။ ပွဲစတော့ ဒဏ်ရာတွေကြောင့် ပါနိုင်ဖွယ်မရှိဘူးလို့ သတင်းထွက်နေတဲ့ ကွင်းလယ်ဖန်တီးရှင် ဗီအဲရာက မတ်မတ်မားမားနဲ့။ ပါညီနောင်လက်ဖျောက်တီးပြီး လေချွန်လိုက်တာများ ဇာတ်တိုက်ထားသလား ထင်ရတယ်ဗျာ။ ကျွန်တော်တို့မှာ တော့ ငြိမ်ကုတ်နေရတာ ပေါ့။

ပထမပိုင်းမှာ အာဆင်နယ်က ကွင်းလယ် အသာစီးနဲ့ ဖိထားတာ။ ဒါပေမဲ့ ဖီးလ်နဗီးလ်နဲ့ ပေါလ်စခိုးလ်တို့ “အသားကုန်” ဖျက်တာကို မထိုးဖောက်နိုင်သေးဘူး။ အာဆင်နယ် အားသာတဲ့ ဘယ်ခြမ်းကို ဖီးလ်နဗီးလ်က အားပြုပြီး ဖျက်ကစားနေတော့ အာဆင်နယ် တိုက်စစ်မှူးတွေဖြစ်တဲ့ အွန်နရီရော ရေးယက်စ်ပါ လှုပ်လို့မရအောင် ကျပ်နေတယ်။ ဘယ်ဘက်မှ ဂိုးမသွင်းနိုင်သေးပေမယ့် အခြေအနေက မန်ယူပရိသတ်တွေ မျှော်လင့်လို့ ရနိုင်သေးတဲ့ အနေအထား။ တွန်းတွန်းတိုက်တိုက်နဲ့ပဲ ပထမပိုင်းပြီးသွားတယ်။

ဒုတိယပိုင်းကျတော့ အာဆင်နယ်က ရေးယက်စ်ကိုထုတ်ပြီး ဖီးရက်စ်ကို ထည့်လိုက်တယ်။ တိုက်စစ်အား ကျသွားတာ သိသာလိုက်တာဗျာ။ အွန်နရီ ကစားပုံကလည်း အသက်မပါ။ ဖိအားများ တာ၊ ပွဲပန်းတာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

အဲဒီ အချိန်မှာ မန်ယူကစားပုံ ပြောင်းလိုက်တယ်။ ဟိန့်ဇ်ကို ရှေ့တက်ဖိခိုင်းပြီး အက်ရှ်လေကိုးလ်ကို ရှိန်နေတဲ့ စီရော်နယ်လ်လေးကို ဘယ်ခြမ်း ပြောင်းပေးလိုက်တော့ ရွန်းနေနဲ့ ပေါလ်စခိုးလ်တို့ ချောင်သွားတာပေါ့ဗျာ။ နည်းပြ ဖာဂူဆန် ပါးနပ်ပုံပြောပါတယ်။

ဒုတိယပိုင်း ၂၇ မိနစ်မှာ ရွန်နေ ဘောလုံး ရသွားတယ်။ ဘယ်ဘက်ကို ဆွဲအထွက် ဆိုးလ်ကမ်းဘဲလ်က လိုက်ကပ်တယ်။ ရွန်နေ လှစ်ခနဲ ပြန်ချိုးအချမှာ ဆိုးလ်ကမ်းဘဲလ်က မမီတမီ ခြေထိုးဖျက်လိုက်တာ ရွန်နေ ပင်နယ်တီစည်းထဲ မှော က်ရက် ထိုးကျသွားတာပါပဲ။ ဒိုင်လူကြီးရဲ့ ခရာသံထွက်လာတော့ ဖိုးချိုထခုန်တယ်။

“ရွန်နေကို မထိပါဘူး၊ သေချာမြင်လိုက်သားပဲ၊ ဖက်တီး အိုက်တင်များ သွားတာ၊ အ၀ါကတ် ပြဖို့ကောင်းတာ”

ပါတိုး မကျေမချမ်း ရွတ်မြည်နေလေတော့ ကိုကြီးကျော်က ဖျောင်းဖျတဲ့ လေသံလေးနဲ့ …

“ငါ့ညီရာ၊ ကွင်းထဲမှာ ဒိုင်အဆုံးအဖြတ်က အတည်ပဲ၊ မထိဘူးလို့ မင်းမြင်လိုက်တာ တကယ်သေချာရဲ့လား။ ငါတော့ ဆိုးလ်ကမ်းဘဲလ် ခြေနဲ့ ချိတ်မိသွားတယ် ထင်တယ်နော်၊ ဟော … နစ္စတယ်ရွိုင်း ပင်နယ်တီ ကန်တော့မယ်၊ ကန်ပြီ … အေး … ဂိုး .. ဟိုးဟိုး”

ကိုကြီးကျော်က ကျွန်တော်တို့ သုံးယောက်နဲ့ တစ်လှည့်စီ လက်ဝါးချင်း ရိုက်ပစ်လိုက်တယ်။ ပျော်လိုက်တာဗျာ။ အာဆင်နယ်ကို မန်ယူက တစ်ဂိုးသွင်းနိုင်လို့။ ပြီးတော့ နစ္စတယ်ရွိုင်း ပင်နယ်တီ ၀င်အောင် ကန်သွင်းနိုင်လို့။

မနှစ်က သူ အာဆင်နယ်ကို ပင်နယ်တီ ၀င်အောင် မကန်နိုင်ခဲ့တာ၊ လှောင်ပြောင်စော်ကား ရန်စခံရတာ တွေ ကျေပြီလေ။ ကျေသွားပြီ။

“မတရားတဲ့ဂိုးပဲ” လို့ ပါညီနောင်ပေါက်ကွဲနေကြတာလည်း အရေးမလုပ်အားတော့ပါဘူး။ အာဆင်နယ် တိုက်စစ်မြှင့်လာပြီ။ မန်ယူ နောက်တန်းကို မဖောက်နိုင်သေးလို့ တော်တော့တယ်။

“ကျေးဇူးပဲ ရီယိုရေ၊ ဂယ်ရီရေ ” နဲ့ ဖိုးချိုက တဖွဖွ အော်နေတယ်။ ရော်နယ်လ်ဒိုကို ထုတ်ပြီး အလန်စမစ်ကို သွင်းလိုက်တော့ ကျွန်တော်တို့ ပိုကျေနပ်သွားကြတာပေါ့ဗျာ၊ ၁၉ နှစ်၊ နှစ် ၂၀ ရွယ်တူတွေထဲမှာ စမစ်က ဘောကြောနပ်တယ်ဗျ။ ပိုပြီးလည်း ရင့်ကျက်တယ်။

ထင်တဲ့အတိုင်းပါပဲ။ မိနစ်ကိုးဆယ်မှာ ဆာဟာ ဘောလုံးရသွားတာကို ဆွဲပြေးလာပြီး တောင်ပံက “စမစ်” ဆီ လှမ်းပို့လိုက်တယ်။ စမစ်က ရှေ့ကို ထိန်းဆွဲလာပြီး ဂိုးပေါက်တည့်တည့် ပြေးတက်လာနေတဲ့ ရွန်နေဆီ လှမ်းတင်ပေးလိုက်တာ၊ ကွက်တိပဲဗျာ။ ရွန်နေက ဂိုးထဲကို ကန်သွင်းပေးလိုက်တော့ အာဆင်နယ်ဂိုးသမား “လေမန်း” ငုတ်တုတ်မေ့ရော။ အဖိုးတန် ဂိုးပါ။

အဘွားက ဒရင်းဘတ်လက်တန်းကို သူ့လက်ထဲက ယပ်တောင်နဲ့ ဖျန်းခနဲ ရိုက်ချလိုက်တယ်။

ပြီးပြီလေ၊ တူး-ဇီးရိုး ရလဒ်ဆိုတာ သိပ်ကျေနပ်စရာပေါ့။

+ + +


အသံတွေ တိတ်သွားတယ်။

ငယ်ရွယ်သူ “ပါညီနောင်” ကိုအားနာလို့ ကျွန်တော်တို့ အောင်ပွဲခံမနေတော့ပါဘူး။ နိုင်လိုက်ပြီပဲဗျာ။ ခပ်တည်တည်ပေါ့။

အရှုံးသမားလေး နှစ်ယောက်ခမျာလည်း မျက်နှာပုပ်သိုးသိုးနဲ့ ငြိမ်ကုပ်နေလို့။ နှစ်မိနစ်လောက်ရှိတော့မှ အဘွားက တိတ်ဆိတ်ခြင်းကို ဖြိုခွင်းပစ်လိုက်တယ်။

“ဘာပဲဖြစ်ဖြစ် မန်ယူကတော့ နိုင်လိုက်ပြီ၊ ပျော်နေတဲ့ မောင်မောင်တို့လည်း သေချာတွေးကြည့်ရင် ဒိုင်လူကြီးကို ညစာတောင် ဖိတ်ကျွေးချင်ကြမယ်၊ ဟုတ်တယ်မဟုတ်လား”

ကျွန်တော် ဆတ်ခနဲ ခေါင်းထောင်သွားတယ်။

“ကျွန်တော်လည်း အဲဒါတော့ ဟုတ်သလိုပဲ အဘွားရယ်၊ ဂယ်ရီနဗီးလ်က ရေးယက်စ်ကို ချတာ၊ ဖာဒီနန်က ယွန်းဘတ်ကိုတွန်းလှဲချတာ ဒိုင်လူကြီး အရေးမလုပ်တော့ ဆန်းနေသလားလို့”

“ဒါဆိုရင် အွန်နရီတို့၊ လေမန်းတို့လည်း အသားလွတ်ကြီး ရန်စနေတာ မမြင်လိုက်လို့လား”

ဖိုးချိုဆိုတဲ့ ကောင်ကတော့လေ၊ အွန်နရီကို မုန်းကို မုန်းနေတာ။ ဂိုးသွင်းပြီး လုပ်လေ့ရှိတဲ့ မျက်နှာထားကို သူ သည်းမခံနိုင်တာ။

“အဘွား မျက်စိကောင်းတယ်ကွဲ့၊ အွန်နရီက ဟိန့်ဇ်ကို ကန်လိုက်တာ၊ ဘားကမ့်က စမစ်ကို တံတောင်နဲ့ “ကျွေး”တာ ၊ အိုး … မြင်တာတွေ ပြောရရင်တော့ ဘယ်နည်းပါ့မလဲ၊ တစ်ဖက်နဲ့ တစ်ဖက်က အငြိုးအတေး၊ ရာဇ၀င်ကြွေးရော၊ ယှဉ်ပြိုင် အနိုင်ယူလိုစိတ်ပါ ထွေးရောယှက်တင် ဖြစ်နေကြတာ၊ ဘယ်ဘက်ကမှ မှန်ပါတယ် ရပ်တည်ပေးလို့ မရပါဘူးကွယ်၊ နောက်ပြီး နည်းပရိယာယ် လှည့်စားမှု နဲ့ ကံတရားကလည်း ပါဝင် ပတ်သက်နေသေးတာ”

ဖိုးချိုက အဘွားအနား တိုးကပ်သွားတဲ့ပြီး …

“အဘွားက မန်ယူနိုင်တာ ကံကောင်းလို့လို့ ပြောချင်တာလားဟင်”

“ဖိုးချိုရယ် … ကံတရား၊ နည်းပရိယာယ်၊ အနိုင်မခံစိတ်နဲ့ အာဃတရန်ကြွေးတွေ နှစ်ဖက်စလုံးမှာ ရှိနေကြတာမို့ ဘယ်သူမှ မမှန်ဘူးလို့ ပြောနေတာ။ ဆုကြေးစား လောက၊ စီးပွားရေး လောကမှာ ချည်း မဟုတ်ဘူး၊ ယှဉ်ပြိုင် အနိုင်လု နေကြတဲ့ လူ့အလွှာပေါင်းစုံမှာ အားလုံးဟာ ကိုယ့်ဘက်က အမှန်ချည်းပဲ၊ သူမှားပြီး ကိုယ်မှန်နေတဲ့ လူက များ တယ်။

အေး … စကားကြုံလို့ အဘွား တစ်ခုပြောပြချင်တယ်၊ မင်းတို့ကြည့်၊ သူနိုင်ကိုယ်နိုင် အားပြိုင်နေတုန်းမှာ “သူတို့ မှာ နေတာတော့ ဟုတ်ပြီ၊ ငါတို့ကကော မှန်ကြရဲ့လား” လို့ ဘယ်သူ ပြောရဲမှာ လဲ၊ အဲဒီ စကားမျိုးကို သူတို့ချလို့ ငါတို့ပြန်ချမယ်ဆိုပြီး ရုန်းရင်းဆန်ခတ်ဖြစ်နေတဲ့ လူအုပ်ကြီးထဲမှာ အော်ဟစ် သတိပေးရဲတဲ့ ပုဂ္ဂိုလ်တစ်ယောက် ရှိဖူးတယ်၊ အာဖရီကတိုက်သား ဘုန်းတော်ကြီး တစ်ပါးပေါ့၊ ဂုဏ်သိက္ခာဆိုတာ သူ့ရဲ့ ကိုယ်ကျင့်တရားအောက်မှာ ရှိတယ်၊ သူ့ကိုယ်ကျင့်တရားက ဂုဏ်သိက္ခာကို ဖန်ဆင်းတယ်၊ ဂုဏ်သိက္ခာအတွက် အရှိန်အ၀ါ၊ ဥစ္စာဓန၊ ဘာနဲ့မှ ဖန်တီးမယူတဲ့ ပုဂ္ဂိုလ်၊ အဲဒီ လိုလူမျိုးမှ ခုနစကားမျိုးကို ပြောနိုင်တာ။

သူမှားတယ်၊ ငါမှန်တယ်နဲ့ အရှုံးအနိုင်တွေ တစ်ပြိုင်တစ်လှည့် ပတ်လည်ရိုက်နေတဲ့ လောကသဘာဝကို နားလည်အောင်ကြိုးစား၊ ဒါမှ သူမှား ကိုယ်မှန်အငြင်းသန်တာတွေ လျော့ကျသွားမှာ ။ ခုပဲကြည့်လေ၊ သူများ လုပ်တာတွေ ထိုင်ကြည့်ရင်း ငြင်းရ ခုံရတာ ကိုက တို့များ သူတို့ထက် ညံ့သွားရင်တော့ လူဖြစ်ကျိုးနည်းတာပေါ့ဗျာ၊ ဟုတ်ပြီလား”

“ခပ်ညံ့ညံ့ပဲ ကောင်းပါတယ် အဘွားရယ်” လို့ ပါတိုးက မသိနိုးနား နောက်တီးနောက်တောက် လုပ်နေသေးတယ်။

ကိုကြီးကျော်က မျက်မှော င်ကြုတ်ပြီး ဟန့်တားလိုက်ရင်း …

“အဘွားပြောလိုက်တာ ဘယ်သူ … အဲ … သူများ တွေ မှားတာတော့ ဟုတ်ပြီ၊ ကိုယ်တို့ကကော မှန်ကြသေးရဲ့လားတဲ့၊ ဟုတ်လား အဘွား”

ဂြိုဟ်တုချန်နယ်တွေကို အဝေးထိန်းခလုတ်နဲ့ ရွှေ့နေတဲ့ အဘွားက ကျွန်တော် တို့ကို လှည့်မကြည့်တော့ဘဲ …

“နှစ်ခါ ထပ်မပြောဘူးဟေ့၊ သိချင်င် စာအုပ်ထဲမှာ ရှာဖတ်ကြည့်ကြ၊ ဟောဟို ဗီရိုထဲမှာ ၊ အတ္ထုပ္ပတ္တိစာအုပ်တွေရှိတယ်၊ အားတဲ့နေ့ လာရှာ”

အဘွားပြောမှ စာအုပ်ဗီရိုတွေ ပတ်လည်ဝန်းရံထားတဲ့ အဘွားရဲ့ ဧည့်ခန်းနံရံတွေကို လှည့်ပတ်ကြည့်မိပါတော့တယ်။ ဒါတွေ အဘွား ဖတ်ခဲ့လေသလား။ ၀ါသနာပါလို့ စုရုံဆောင်းရုံပဲလား။

“ခု ရှာယူလို့ ရမလားဟင် အဘွား”

ကိုကြီးကျော်ကလည်း မစောင့်နိုင် မအောင့်နိုင်၊ ချက်ချင်းဆိုမှ ချက်ချင်းကြီးရယ်။

“ရတယ်၊ကြိုက်တဲ့စာအုပ်ကိုယူ၊ ရိုရိုသေသေကိုင်၊ လုံးဝမပျောက်ပါစေနဲ့”

“စိတ်ချပါ အဘွား၊ စိတ်ချ”

ကိုကြီးကျော်သာမက ဖိုးချို၊ ကိုငယ်လေးနဲ့ ပါညီနောင် နှစ်ယောက်ပါ ရုတ်ရုတ်သဲသဲ ထပြီး စာအုပ်ဗီရိုတွေ ဖွင့်ကြ၊ ရှာကြ၊ ရွေးကြနဲ့ဗျာ။ ကျွန်တော်တို့လူတွေ ဟုတ်မှ ဟုတ်ရဲ့လား မသိပါဘူး။

“ဒေးဗစ်ဘက်ခ်ဟမ်းရဲ့ မိုင်ဆိုက်ဒ် ရှိမလား မသိဘူး၊ အဲဒီ စာအုပ်ထဲမှာ ဓာတ်ပုံတွေ ပျံထနေတာလို့ ပြောကြတယ်”

ဖိုးချိုပြောသံကို ကျွန်တော် သဲ့သဲ့ကြားနေရသလို နားပါးတဲ့ အဘွားလည်းကြားလိုက်မယ့်ပုံပါ။

ကျွန်တော်ကတော့ စာအုပ်မဖတ်နိုင်သေးပါဘူးဗျာ။ သင်တန်းကတစ်ဖက်၊ အင်တာနက်ကိုလည်း အားတိုင်း သုံးနေတော့ မျက်လုံးတွေတောင် ကြောင်နေပြီ။ အဘွားရဲ့ စာအုပ်တွေကို စိတ်မစားနိုင်သေးတာ မှန်ပေမယ့် အဘွားနဲ့ ကျွန်တော်က ဖရီကွင်စီချင်း ကိုက်တယ်လို့ ပြောနိုင်မယ်ထင်ပါတယ်။ အဘွား ပြောသမျှ စကားတွေက ကျွန်တော့်ကို တိုကရိုက်ထိတယ်။ ကျွန်တော် စကားနည်းလာတာ၊ ငြင်းခုံချင်စိတ် လျော့ပါးလာတာတွေဟာ အဘွားနဲ့ တွေ့ပြီးမှ တစ်စတစ်စ ပြောင်းလဲလာရတာ တွေပါ။

ခုလည်း အဘွားက ကျွန်တော့်ကို စဉ်းစားစရာလေးတွေ ပေးလိုက်ပြန်ပါပြီ။

ကျွန်တော် သိပ်ညံ့နေပြီလား။

ပြီးတော့ အရွဲ့အစောင်း၊ အလွဲအချော်တွေ တွေ့တဲ့အခါတိုင်း “ဒါတွေ လွဲချော်နေတာတော့ ဟုတ်ပါပြီ၊ ငါ့ကကော တည့်မှတည့်ပါရဲ့လား” လို့ ကိုယ့်ကိုယ်ကိုယ် စစ်မေးဝံ့ပါ့မလား။

အဖြေရှာဆဲပေမယ့် ဒါတွေ စဉ်းစားလာမိတဲ့ အတွက်ကြောင့်ပဲ ကျေးဇူးပါအဘွားရယ် …။

ကျွန်တော့်အနာဂတ်ရဲ့ ဗိသုကာဟာ ကျွန်တော်ကိုယ်တိုင် ဖြစ်တယ်ဆိုတာတော့ ကျွန်တော် တကယ် သိလိုက်ပါပြီ။ ။

နှစ် (၂၀) မြောက် အထူးထုတ်၊ ကလျာမဂ္ဂဇင်း။



ဝန်ဇင်းချစ်သူများ စမ်းစမ်းနွဲ့ (သာယာဝတီ) ၏ “ ဝေါ(လ်)၀ိုက်(ဒ်)၀က်(ဘ်)ထဲမှာ စက်လည်းပျော်ပါးနိုင်နှင့်အခြားဝတ္ထုတိုများ ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


ခေါက်ထီးလေးမလုံ့တလုံ

တစ်ကောင်တည်းပဲ ဒါပေမယ့် ခြင်္သေ့

မဟူရာအကျဉ်းထောင်