
အပိုင်း(၁)
(၁၈၆၃ - ခုနှစ် ) မြန်မာပြည်နယ်စပ်ဒေသ….
တောမြို့ လေးရဲ့  အ၀င်လမ်းဝယ် လူငယ်တစ်ဦးဟာ ချင်းလွယ်အိတ်ကြီးတစ်လုံးကိုလွယ်ပိုး ရင်း မောလျဟန်နဲ့လျှောက်လာတယ်။
စားပွဲတစ်လုံးချထားတဲ့မြေစိုက်တဲလေး တစ်တဲရှေ့ ရောက်တဲ့အခါ သူက ခြေစုံရပ်လိုက်ရင်း
“ခရီးအဝေးကြီးကို… လမ်းလျှောက်လာခဲ့ရတဲ့အတွက် ငါ သိပ်ပင်ပန်းနေသလို၊ ငါ့ခြေ ထောက်တွေ လည်း သိပ်နာနေပြီး၊ ဗိုက်ထဲကလည်း တဂွီဂွီနဲ့၊ ဒါ … စားစရာရောင်းတဲ့ နေရာပဲ ဖြစ်ရ မယ်၊ ဒီမှာ ၀င်နားမှ ဖြစ်မယ်”
လို့ တွေးမိပြီး နဖူးက ချွေးကို သုတ်လိုက်တယ်။
ပြီးတော့… တဲလေးထဲဝင်သွားပြီး လူရိပ်လူခြည် ကြည့်လိုက်တယ်။
“စားစရာ ဘာရလဲဗျ ၊ ဆိုင်ရှင်တို့”
လူငယ်ဟာ ထိုသို့ အသံပြုရင်း စားပွဲမှာ ၀င်ထိုင်လိုက်တယ်။
“စားစရာအကုန်ရှိတယ် ၊ ဘာစားချင်သလဲသာ ပြော”
မာထန်တဲ့အသံကြောင့် လူငယ်က မော့ကြည့်လိုက်တယ်။
အပေါ်ပိုင်း ဗလာကျင်းနေတဲ့ လူသန်ကြီးတစ်ဦး။
လူသန်ကြီးက စူးရဲတဲ့မျက်လုံးနဲ့ စေ့စေ့ကြည့်ပြီး ပြောလိုက်တဲ့အတွက် သူ စိတ်အချဉ် ပေါက်သွားပြီး…
“မ ဖြစ်နိုင်တာ မပြောစမ်းပါနဲ့ ၊ တောမှာ လာပြီး…. မြို့ က စားသောက်ဖွယ်တွေ မှာ လို့ ရနိုင် လား… ဗျ”
လို့ မေးလိုက်တဲ့အခါ လူသန်ကြီးက…
“ဒီမယ် ကောင်လေး… မင်းစားချင်တာကို ပြောစမ်း ငါ့လက်ရာ အရသာမရှိရင် တစ်ပြားမှ မပေးနဲ့ ၊ ချက်ချင်း ထထွက်သွားနိုင်တယ်ကွ”
လို့ ဒေါသထွက်ဟန်နဲ့ ပြောလာတယ်။
လူငယ်က မေးစေ့ကို လက်နဲ့ပွတ်သပ်ရင်း…
“ကောင်းပြီလေ… အင်း… ကျုပ် အသားများများ နဲ့ လက်ရာသိပ်ကောင်းတဲ့ ခေါက်ဆွဲကြော် ရယ်၊ အသားတွေ အများ ကြီးပါတဲ့ ကုန်းဘောင်ကြော်နဲ့၊ ကြံမဆိုင်ဟင်းရည်ရယ် လိုချင်တယ် ၊ အမြန်ဆုံး လုပ်ပေးပါ ၊ ဗိုက်သိပ်ဆာနေပြီဗျ”
လို့ ပြောလိုက်တယ်။
လူသန်ကြီးဟာ မြေနဲ့လုပ်ထားတဲ့ မီးဖိုကြီးရှိရာ လျှောက်သွားတယ်။
ပြီးတော့ အလွန်ကြီးတဲ့ သံယောက် မကြီးနဲ့ တရွှမ်းရွှမ်း အသံပေးရင်း စတင်ကြော်လှော် တော့တယ်။
လူငယ်လေးဟာ ဖျင်အိတ်ကြီးထဲက ဘူးသီးခြောက်ရေဘူးလေးထုတ်ပြီး မျက်နှာသစ်သန့် စင်လိုက်တယ်။
ဒီအချိန်မှာ ပဲ လူတစ်ဦးက လူငယ်ကို ပေစောင်းစောင်းအမူအရာနဲ့ကြည့်ပြီး မျက်နှာပျက် သွားတယ်။
ပြီးတော့ လူငယ်ဘေးက ခပ်သုတ်သုတ် ထွက်သွားတယ်။
လူငယ်ဟာ လူသန်ကြီး လာချပေးတဲ့ စားသောက်ဖွယ်ရာတွေ ကိုကြည့်ပြီး မျက်လုံးပြူးသွား တယ်။
“အားပါးပါး အနံ့တွေ က သိပ်မွှေးပါလား ၊ ပါးစပ်ထဲတောင် မရောက်သေးဘူး ၊ အနံနဲ့တင် ယုံသွားပြီဗျို့ ၊ ခင်ဗျား သိပ်တော် တဲ့လူပဲ ၊ ချီးကျူးတယ်ဗျာ”
လူငယ်လေးက တံတွေးနင်သံကြီးနဲ့ ပြောရင်း ပူလောင်နေတဲ့အစားအစာများ ကို အငမ်းမရ အောင် စားသောက်တော့တယ်။
ဒီအချိန်မှာ ပဲ မျက်နှာပေါက်သိပ်ဆိုးတဲ့ လူသန်ကြီး နောက် တစ်ယောက် ရောက်လာတယ်။
လူသန်ကြီးရဲ့ တစ်ကိုယ်လုံး သွေးစက်တွေ ပေကျံနေသလို ၎င်းဟာ လူငယ်လေးရဲ့ အနားက ဖြတ်ပြီး ချက်ပြုတ်ရာကို လျှောက်သွားတယ်။
တစ်စက်စက်ကျသွားတဲ့ သွေးစက်တချို့ က လူငယ်လေးရဲ့ လက်မောင်းပေါ် စဉ်သွားတယ်။
လူငယ်လေးဟာ အသားတစ်တုံးကို ကိုက်ဝါးနေရာက လက်မောင်းက အရာကို သုတ်လိုက် တယ်။
ဒီအခါ ကပ်စေးစေး ဖြစ်နေတဲ့ လက်ကိုကြည့်မိရင်း မျက်လုံးအကြည့်က မီးဖိုကြီးဘက် ရောက်သွားတယ်။
မျက်နှာပေါက်ဆိုးတဲ့ လူသန်ကြီးက ပခုံးပေါ်ထမ်းလာတဲ့ အရေခွံဆုတ်ပြီးသား ခွေးသားကို စဉ်းတီတုံးကြီးပေါ် ဗိုင်းခနဲ ပစ်ချလိုက်တယ်။
ပြီးတော့ ဓားမကြီးနဲ့ ခုတ်ထစ်တော့တယ်။
လူငယ်လေးဟာ ဒါကိုမြင်ပြီး ထိတ်လန့်ဟန်နဲ့ ဝေါ့ခနဲ အန်ချပစ်လိုက်တယ်။
“ဘာ ဖြစ်တာလဲ ကောင်လေး ၊ ငါ့အစားအစာထဲမှာ ဘာများ ပါမိလို့လဲ”
ဆိုင်ရှင်လူသန်ကြီးရဲ့ အမေးကြောင့် လူငယ်လေးက ဒေါသတကြီးဟန်နဲ့…
“ခင်… ခင်ဗျားတို့… အတော် ယုတ်မာတဲ့ လူတွေ ၊ ခွေးသားတွေ ကျုပ်ကို ကျွေးတယ်၊ ရွံ့ ဖို့ ကောင်းလိုက်တာဗျာ … တောက်”
လို့ မကျေမနပ် ကြုံးဝါးလိုက်တယ်။
ဆိုင်ရှင်လူသန်ကြီးက သူ့ကို အံ့အားသင့်ဟန်နဲ့ ကြည့်နေတယ်။
“ရောမရောက်ရင် ရောမလိုကျင့်ရမှာ ၊ မင်း နားမလည်ဘူးလား ကောင်လေး ၊ ဒီအရပ်မှာ ခွေးသားကိုပဲ အဓိကထား စားကြတယ် ၊ ငါတို့မြို့ ရဲ့  တံခါးကြီးကျော်သွားရင် တရုတ်ပြည်မကြီးပဲ ကွ ၊ အဲဒီ မှာ ဆို… ခွေးသားက သိပ်ဈေးကောင်းတာ၊ မင်း ဘာသိလို့လဲ”
“အိုဗျာ… ကျုပ် ဘာမှမသိဘူး ၊ ကျုပ်တို့ ရန်ကုန်မြို့ ကြီးမှာ ဆို ခွေးသားဆို လူတိုင်း အော့ နှလုံးနာကြတာ၊ အစောကြီးကတည်းက ပြောပါလားဗျ ၊ … တောက်”
လူငယ်လေးက ဒေါသတကြီးပြောဆိုပြီး ထရပ်လိုက်တယ်။
သူ့ရဲ့ ဖျင်လွယ်အိတ်ကြီးကို ကောက်ဆွဲလိုက်စဉ်မှာ ပဲ မမျှော်လင့်တဲ့အ ဖြစ်က ဖြစ်သွားတယ်။
***
အပိုင်း(၂)
“ဟ… ဘာလုပ်တာလဲ ၊ ခင်ဗျားတို့ ဘယ်သူတွေ လဲ”
လူငယ်လေးက လက်ကိုတင်းကျပ်စွာ ဆုပ်ကိုင်ခံရတဲ့အတွက် ဆောင့်ရုန်းရင်း အော်ဟစ် လိုက်တယ်။
သူ့ရဲ့ လက်ကို ချုပ်ထားတဲ့လူအပါအ၀င် လူသုံးယောက် …။
ထိုသူက လက်ကို ပိုမိုတင်းကျပ်စွာ ဆုပ်ကိုင်လိုက်ပြီး…
“မင်းနာမည် … သက်ဦး မဟုတ်လား ၊ ငါတို့ဒေသကို ဓားပြအဖွဲ့နဲ့ပတ်သက်ပြီး ရောက်လာ တဲ့ အလွတ်စုံထောက် မဟုတ်လား ၊ လိမ်ညာဖို့ မကြိုးစားနဲ့”
လို့ လေသံမာမာနဲ့ ပြောလာတယ်။
“အာ… ဘာတွေ လာပြောနေတာလဲ ၊ ကျုပ်က ခြေသလုံးအိမ်တိုင် သွားလာနေတဲ့ကောင်ဗျ ၊ ဘာစုံထောက်မှ မဟုတ်ဘူး၊ ကျုပ်နာမည် ညချမ်းဗျ ၊ ခင်ဗျားတို့ လူမှားနေပြီ”
လူငယ်လေးရဲ့ အပြောကြောင့် … ထိုလူရဲ့ မျက်နှာ တင်းမာသွားပြီး စာရွက်လိပ်ကြီးတစ်ခုကို သူ့မျက်နှာရှေ့  ဖြန့်ပြတယ်။
မြင်လိုက်ရတဲ့အရာကြောင့် လူငယ်လေးဟာ မျက်လုံးပြူးသွားတယ်။
သူ့မျက်နှာပုံကို ခဲပန်းချီကြီး ဆွဲထားပါလား။
တစ်ဆက်တည်းမှာ ပဲ… သူ သဘောပေါက်သွားတယ်။
သက်ဦးဆိုတဲ့ စုံထောက်ဟာ… သူနဲ့ ရုပ်ချင်းဆင်သလို….
ဒီလူတွေ ဟာ ဓားပြတွေ ဆိုတာ ရိပ်စားမိသွားတယ်။
ဒီပြသာနာကို ဘယ်လိုမှ အနုနည်းနဲ့ ဖြေရှင်းလို့မရတာ လည်း သဘောပေါက်သွားတယ်။
ဒါကြောင့် … သူ့လက်ကို ဖမ်းချုပ်ထားသူရဲ့ တံကောက်ကွေးကို ခြေနဲ့ အားကုန်ဆောင့်ကန် လိုက်တယ်။
‘အ’…ခနဲ အော်သံနဲ့အတူ ထိုလူ ဟန်ချက်ပျက်သွားတော့မှ လက်ကိုဆောင့်ရုန်းလိုက်ပြီး ဖျင်အိတ်ကို ဆတ်ခနဲလွယ်ပြီး တစ်ရှိန်ထိုး ပြေးထွက်တော့သည်။
“ဟာ… ကောင်လေး ပြေးပြီး၊ ငါ့ကို ငွေလည်း ရှင်းမသွားဘူး၊ လိုက်ကြပါဟ”
ဆိုင်ရှင်လူသန်ကြီးရဲ့ အော်သံနဲ့အတူ ဓားပြသုံးယောက် ဟာ သူ့နောက်ကို အူယားဖားယား ပြေးလိုက်ကြတယ်။
လူငယ်လေးဟာ အားကုန်သုံးပြီး ခြေဦးတည့်ရာကို တစ်ရှိန်ထိုး ပြေးတော့တယ်။
သူ မည် မျှကြာအောင် ပြေးမိသည်မသိ…။
ပတ်ဝန်းကျင်တစ်ခုလုံး မှော င်ရီပျိုးရာက… မိုးစုံးစုံးချုပ် သွားချေပြီ။
ညချမ်းဟာနောက်ကိုလှည့်ကြည့်ရင်း ကျောက်တုံးကြီးတစ်တုံးကို အမှီပြုပြီးခြေပစ်လက်ပစ် ထိုင်ချလိုက်တယ်။
မောလွန်းတဲ့အတွက် တစ်ကိုယ်လုံးပူထူပြီး အသက်ရှူမရအောင် ဖြစ်လာတယ်။
ဒါကြောင့် …
ဘူးသီးခြောက်ရေဘူးလေးထုတ်ပြီး အငမ်းမရ မော့ချလိုက်တယ်။
ရေက တစ်စက်မှ ကျမလာတဲ့အတွက် သူ အကြီးအကျယ် စိတ်ပျက်သွားတယ်။
ကျောက်တုံးကြီးကို ခေါင်းမှီလိုက်ပြီး အသက်ဝအောင် ရှူလိုက်တယ်။
“ဟာ… ဒုက္ခပါပဲကွာ၊ ရေငတ်ပါတယ်ဆိုမှ … ရေက ကုန်ပြီ ၊ ငါ ဘာလုပ်ရမလဲ”
အတွေးနဲ့အတူ ပတ်ဝန်းကျင်ကို မျက်လုံးဝေ့ကြည့် လိုက်တယ်။
ပတ်ဝန်းကျင်တစ်ခုလုံး မှော င်ကြီးမည်းမည်း။
“ရေသိပ်ငတ်တယ်ကွာ၊ ဘာပဲ ဖြစ် ဖြစ် ရေသောက်ဖို့ရအောင် ငါ ရှာရမယ်”
အတွးနဲ့အတူ… ဖျင်လွယ်အိတ်ထဲ လက်နှိုက်ပြီး ဖယောင်းတိုင်နဲ့ မီးခြစ်ထုတ်လိုက်တယ်။
ဖယောင်းတိုင်မီးရဲ့ အလင်းရောင် နဲ့ ရေရှာပုံတော် ဖွင့်ခဲ့ရတယ်။
ခြေညောင်းအောင် ရှာမိပေမယ့် ရေလုံးဝရှာမတွေ့ ဘူး ဖြစ်နေတယ်။
“ဟူး… စိတ်ပျက်ဖို့ကောင်းလိုက်တာ၊ သောက်စရာရေတစ်စက်တောင် မတွေ့ ဘူး၊ ငါ… သိပ် ကံဆိုးနေပါလား၊ အမေသေလို့ သွားစရာနေရာ မရှိလို့ ၊ ဆရာကြီးဆီ လာပါတယ်ဆိုမှ ၊ နေ ရင်းထိုင်ရင်း ပုလိပ်စုံထောက်နဲ့မှားပြီး ဓားပြတွေ ရဲ့  လိုက်တာလည်းခံရတယ် ၊ ဗိုက်ဆာလို့ဝင်မိပါမှ ခွေးသားနဲ့ တိုးခဲ့ရတယ်၊ ခုလည်း ရေဆာလို့ ရှာတော့ ရေလုံးဝမရဘူး၊ ငါ့လောက် ကံဆိုးတဲ့လူ လောကမှာ ရှိပါ့မလားကွာ”
ညချမ်းဟာ ထိုသို့ ရေရွတ်ရင်း သောက်ရေကို ကျီးကန်းတောင်းမှော က်မျက်လုံးနဲ့ အမှော င် ထဲ ရှာဖွေမိတယ်။
အမေသေပြီး ရက်လည်ပြီးတာနဲ့ သူတို့မြို့ လေးမှာ ကိုယ်ခံပညာလာသင်ပေးဖူးတဲ့ ဆရာကြီး ကို အားကိုးပြီး ဒီဒေသရောက်ခဲ့ရတာ ။
တကယ်တော့ သူ့ရဲ့ ဆရာကြီးက အောက်လမ်းဆရာကြီး။
ကိုယ်ခံပညာရပ်ကို တစ်ဖက်ကမ်းခပ် ကျွမ်းကျင်တယ်။
အောက်လမ်းဆရာကြီး ဦးမှော်နဲ့တွေ့ ဖို့ သူပေးခဲ့တဲ့လိပ်စာအတိုင်း နယ်စပ်ဒေသကို လာခဲ့ တာ။
ဒီရောက်တော့ ဆရာကြီးလိပ်စာတောင် မရှာရသေးဘဲ ဓားပြအဖွဲ့နဲ့ တိုးခဲ့ရတာ ။
ဒီပုံအရဆို ဓားပြတွေ သူ့ကို မြေလှန်ရှာမှာ ။
ဘယ်လိုမှ ရွာထဲဝင်လို့ရမှာ မဟုတ်ဘူး။
အတွေးနဲ့အတူ ညချမ်းဟာ အကြီးအကျယ် စိတ်မောသွားမိတယ်။
‘ဗွမ်း’…ခနဲ အသံနဲ့အတူ သူ့ခြေထောက်တွေ စိုစွတ်သွားမှ အတွေးက ပြတ်သွားတော့ တယ်။
“ဟား… ဟား… ရှာလိုက်ရတာ ကွာ၊ ခုကျတော့လည်း ငါ့ခြေထောက်အောက် ရောက်နေပါ လား ၊ မဆိုးပါဘူး ၊ ကံလေး နည်းနည်း ကောင်းနေသေးတယ်ဟ”
ညချမ်း တစ်ယောက် ရေအိုင်တစ်အိုင်ထဲ ခြေချမိတာကြောင့် ၀မ်းသာလုံးဆို့ပြီး အော်ဟစ် လိုက်မိတယ်။
သူဟာ ဘောင်းဘီကိုလိမ့်တင်ရင်း ရေထဲ ဆင်းလိုက်တယ်။
ပြီးတော့…
အငမ်းမရ လက်ခုံနဲ့ရေကို ခပ်သောက်ရင်း အပန်းဖြေလိုက်မိတယ်။
ဒီအချိန်မှာ ပဲ… သူ့နားထဲ အသံတစ်သံ တိုးဝင်လာတယ်။
***
![]() မိုးကြိုးအလောင်း | ![]() နှစ်တစ်ရာ ဂူသင်္ချိုင်း | ![]() သင်္ချိုင်းကုန်းက ဟိုတယ်ကြီး |