Cover

မအိုစာ

သင်္ချိုင်းကုန်းက ဟိုတယ်ကြီး

အပိုင်း (၁)

(၁၉၉၁ ခုနှစ် …)

အိုးဘိုရပ်ကွက်လေးရဲ့ မနက်ခင်းက ဆူညံဆူညံအသံများ နဲ့ လန်းဆန်းနေတယ်။

ရွာသူကြီးရဲ့ အိမ်ဝိုင်းထဲ လူတွေ ခြံလုံးပြည့်မျှ စုပြုံရောက်နေသလို သူကြီးရဲ့ မျက်နှာမှာ တော့ စိတ်ရှုပ်ထွေးမှု တွေ ပဲ ကြီးစိုးနေရှာတယ်။

``ဒီမယ် သူကြီး… ဒီကိစ္စကို ကျုပ်တို့ လုံးဝ လက်မခံဘူး၊ အဓိပ္ပါယ်မရှိတဲ့ကိစ္စ၊ လူမဆန်တဲ့ လုပ်ရပ်ဗျ´´

ရွာသားလူငယ် တစ်ယောက် ရဲ့ စကားကို ကျန် တစ်ယောက် က…

``ဟုတ်တယ်ဗျ၊ ဒါက အများ နဲ့ဆိုင်တဲ့ကိစ္စဗျ၊ ဟိုက ပြောတဲ့အတိုင်း သူကြီးလုပ်ရင် ရွာနီးချုပ်စပ်တွေ အားလုံး သူကြီးကို ပြဿနာရှာလိမ့်မယ်´´

``ဟုတ်တယ်တော့ သူကြီးရဲ့ ၊ သူကြီးက ကျုပ်တို့ရွာမှာ မျိုးရိုးစဉ်ဆက် သူကြီးလုပ်ခဲ့တာလေ၊ ဓနရှင်တွေ ကြောင့် သူကြီးအပေါ် ရွာတွေ အားလုံးထားတဲ့ လေးစားမှု ကို မပေါ့လျော့စေချင်ဘူးရှင်´´

ရွာသူရဲ့ အပြောကို ကျန်လူတွေ ကပါ…

``ဟုတ်တယ် မှန်တယ်၊ ရွာသားတွေ ဘက်က ရပ်တည်ပေးပါ သူကြီး´´

လို့ ၀ိုင်းဝန်း ပြောကြကုန်တယ်။

အိုးဘိုရွာသူကြီး ဦးသက်ညိုက ရွာသူရွာသားတွေ ရဲ့ စကားတွေ ကြောင့် အကြီးအကျယ် စိတ်ညစ်ညူးသွားရတယ်။

ဒါ့ကြောင့် စားပွဲခုံကြီးကို တဘုန်းဘုန်းထုလိုက်ရင်း…

``တော် ကြပါတော့… ရပ်ကြပါတော့ဟ၊ ဒီကိစ္စကို ငါ သေသေချာချာ စဉ်းစားပါဦးမယ်၊ ပြန်ကြပါတော့… တောင်းပန်ပါတယ်။ ကြာရင်… ငါ အသက်ထွက်တော့မယ်ဟ´´

လို့ အော်ဟစ်ပစ်လိုက်တယ်။

ရွာသူရွာသားတွေ ဟာ သူကြီးရဲ့ ပေါက်ကွဲမှု ကြောင့် တိတ်ဆိတ်သွားကုန်တယ်။

တစ်ယောက် လက် တစ်ယောက် တို့ရင်း သူကြီးရဲ့ ခြံဝိုင်းထဲကနေ အသီးသီး ထွက်ခွာသွားကြတယ်။

ဒီအချိန်မှာ ပဲ ရွာမှာ အသက်အကြီးဆုံး ဖြစ်တဲ့ ဘွားအိုစာဟာ တုတ်ကောက်ကို အားပြုရင်း သူကြီးရဲ့ ခြံဝိုင်းထဲ ရောက်လာတယ်။

``ဟာ… ဘွားလေးပါလား၊ ကြွပါ… ကြွပါ ဘွားလေး၊ ဘွားလေးက အိမ်ထဲအောင်းနေတာ နှစ် ပေါင်းမနည်းတော့ဘူးလေ၊ ဘယ်အကြောင်းကြောင့် များ ကျုပ်အိမ် လာရပါသလဲ… ပြောပါ ဘွားလေး´´

သူကြီးက အိမ်ဦးခန်းမှာ နေရာချပေးရင်း ပျာပျာသလဲ မေးလိုက်တယ်။

ဒေါ်အိုစာဆိုတာက မျိုးရိုးစဉ်ဆက် အောက်လမ်းပညာရပ်မှာ တစ်ဖက်ကမ်းခပ်တဲ့သူ။

ဒါ့ကြောင့် အိုးဘိုတစ်ရွာလုံး ဘွားလေးအိုစာကို အကြီးအကျယ် ကြောက်လန့်သည်။

အရမ်းလည်း လေးစားကြတယ်။

``နင်… အခု ဘာတွေ လုပ်နေသလဲ၊ ပြောစမ်း သက်ညို၊ ရွာသားတွေ နင်လုပ်တာ မကျေနပ်ဘူးလို့ ငါ သတင်းရတယ်ဟေ့´´

ဘွားလေးအိုစာရဲ့ တောင်ဝှေးကို ဆောင့်ပြောလိုက်တဲ့စကားကြောင့် သူကြီးသက်ညိုဟာ အကြီးအကျယ် ပျာယာခတ်သွားရရှာတယ်။

``ဒီ… ဒီလိုပါ ဘွားလေးရယ်၊ ကျုပ်ကလည်း ဆန္ဒအရ လုပ်ချင်လို့ မဟုတ်ပါဘူး၊ ဘယ်သူ့ကိုမှ ကျုပ်မပြောပြပေမယ့် ဘွားလေးကို ကျုပ် ပြောပြပါ့မယ်၊ တကယ်တော့ ဘွားလေးရဲ့ … ဒီသင်္ချိုင်းရဲ့ မြေနေရာက ကျုပ်တို့ရွာက ပိုင်ဆိုင်တာ မဟုတ်ဘူး၊ လွန်ခဲ့တဲ့နှစ် ပေါင်း ငါးဆယ်လောက်ကတည်းက သူဌေးကြီး ဦးကျင်ဆိုင် ပိုင်ဆိုင်ခဲ့တာပါ၊ သူဌေးကြီးက သဘောကောင်းတဲ့အတွက် ရွာမှာ သင်္ချိုင်းမြေမရှိတုန်း သူ့မြေကွက်ကို သုံးခွင့်ပြုခဲ့တာပါ၊ ဒါကို… သူကြီး ဖြစ်တဲ့ ကျုပ်ကလွဲရင် ဘယ်သူမှ မသိခဲ့ပါဘူး၊ အခု… သူ့ရဲ့ မျိုးဆက်တွေ က သင်္ချိုင်းမြေနေရာကို ရောင်းချချင်တဲ့အတွက် ကျုပ်ကို သင်္ချိုင်းဖယ်ခိုင်းနေပြီ၊ ကျုပ် ဘာလုပ်ရမလဲ၊ ကျုပ်ဘက်လည်း ထည့်စဉ်းစားပါဦး ဘွားလေးရယ်´´

သူကြီးသက်ညိုရဲ့ ရှင်းပြမှု ကြောင့် ဒေါ်အိုစာက…

``ကောင်းပြီး သက်ညို၊ နင့်စကား အမှန်ဆိုရင် ငါကိုယ်တိုင် ရွာသူရွာသားတွေ ကို ပြောပေးမယ်၊ သင်္ချိုင်းဖယ်တာတော့ ဟုတ်ပါပြီ၊ နာရေး ပေါ်လို့ မသာချရင် ဘယ်သွားချကြမလဲအေ့´´

``ဒီအတွက်လည်း စိတ်မပူပါနဲ့၊ ရွာနောက်ဘက်က ချောင်းစပ်ဘက်ရွှေ့ဖို စီစဉ်ထားပါတယ်၊ ဘွားလေးသာ ရွာသားတွေ ကို ရှင်းပြပေးပါဗျာ´´

သူကြီးရဲ့ စကားကို ဒေါ်အိုစာက မျက်မှော င်ကြုတ်ရင်း

``နေစမ်းပါဦး၊ သူတို့က သင်္ချိုင်းမြေမှာ ဘာလုပ်မယ်တဲ့လဲ´´

လို့ မေးလိုက်တဲ့အခါ သူကြီးက…

``ကျုပ်တို့ရွာက အဝေးပြေးလမ်းမရဲ့ ဘေးမှာ ရှိနေသလို၊ သင်္ချိုင်းကလည်း လမ်းမဘေးမှာ ရှိနေတာကိုး ဘွားလေးရဲ့ … ဒါကြောင့် သူတို့က အဲဒီ့ မြေကို တည်းခိုခန်းလား၊ ဟိုတယ်လားတော့ မသိပါဘူးဗျာ၊ အဲဒါ ဆောက်မယ်လို့ ပြောတာပါပဲ´´

သူကြီးသက်ညိုရဲ့ စကားကြောင့် ဒေါ်အိုစာဟာ တအံ့တသြ ရေရွတ်လိုက်မိတယ်။

``ဘယ်လို… ဟိုတယ်ဆောက်မယ်… ဟုတ်လား၊ ကြံကြီးစည်ရာတော် … သင်္ချိုင်းမြေကြီးမှာ ´´**************

* * * * *

အပိုင်း (၂)

သင်္ချိုင်းမြေမှာ ဟိုတယ်ဆောက်မယ့်သတင်းက အိုးဘိုတစ်ရွာလုံး အုတ်အော်သော င်းတင်း ပျံ့နှံ့သွားသည်။

ရွာသူရွာသားတွေ ဟာ ဟိုတစ်ဟု သည်တစ်စုနဲ့ ထိုအကြောင်းကိုသာ ပြောကြကုန်တယ်။

``မြေပိုင်ရှင်ရှိလို့ သင်္ချိုင်းဖယ်ရတာ ဟုတ်ပါပြီ၊ ဒါပေမယ့် ဟိုတယ်ဆောက်မယ်ဆိုတာတော့ မလုပ်သင့်ဘူးဗျ´´

``မှန်တာပေါ့ရှင်၊ မြေပိုင်ရှင်တွေ က စီးပွားရေး သိပ်ဆန်လွန်းတယ်၊ ဟိုတယ်ဆိုတာက လူတွေ က ခရီးသွားရင်း ပင်ပန်းရင် ၀င်နားကြမှာ လေ၊ အ,မင်္ဂလာနေရာကြီးမှာ ဆောက်ထားတော့ အမယ်လေး… တွေးရုံနဲ့ ကြက်သီးထစရာကြီးတော့်´´

``အကောင်းဘက်က တွေးရင်တော့ ကောင်းပါတယ်ဗျာ၊ တို့ရွာထိပ်မှာ ဟိုတယ်ကြီးရှိတော့ ဂုဏ်တက်တာပေါ့ဟ´´

``ဂုဏ်တက်တာ အသာထားဦး၊ သရဲတွေ ဟိုတယ်ပေါ်တက်ပြီး ခြေက်လှန့်ရင် ကြောက်စာကြီးနော်၊ အရင်ကတည်းက တို့သင်္ချိုင်းက ရာဇ၀င်နဲ့၊ ဒီသင်္ချိုင်းကုန်း ဘယ်လောက်အခြောက်ကြမ်းတယ်ဆိုတာ အားလုံး အသိပဲလေ၊ ညဘက်မပြောနဲ့… နေ၀င်ရီတရောတောင် ဖြတ်ဝံ့တာမဟုတ်ဘူး´´

``ဒါတော့ဟုတ်တယ်ဗျို၊ မြို့တက်ပြီး အပြန်ဆိုရင် နေမ၀င်ခင် အမီပြန်မှ၊ အသုဘချရင်လည်း နေ့ခင်းဘက် ချရဲကြတာ၊ ခေတ်အဆက်ဆက်က သရဲ သဘက်တွေ သင်္ချိုင်းမှာ ကြီးစိုးထားတာ အားလုံး အသိပဲ´´

``ဟုတ်တယ်နော်၊ ဒီအတိုင်းဆို ဟိုတယ်ကြီးသာ ဆောက်ပြီးသွားရင်… ဘာတွေ ဖြစ်နိုင်လဲ တွေးမိရုံနဲ့ ကျောချမ်းမိပါရဲ့ ၊ ကြောက်စရာကြီးတော့် ´´

ရွာသူရွာသားတွေ ဟာ တစ်ယောက် တစ်မျိုး ဝေဖန်ပြောဆိုရင် ရွာလမ်းအတိုင်း လျှောက်လာတဲ့ သူကြီးကို တွေ့ သွားကြတယ်။

``ဗျို့ သူကြီး… ဘယ်လဲဗျ´´

ရွာသားတွေ ရဲ့ နှုတ်ဆက်မှု ကြောင့် သူကြီးက ၎င်းတို့ရှိရာ လျှောက်လာတယ်။

``လူတွေ စုပြီး ဘာတွေ များ တိုင်ပင်နေကြတာလဲကွ´´

``တိုင်ပင်တာ မဟုတ်ပါဘူး သူကြီးရာ၊ အတင်းချနေကြတာပါ.. ဟဲ.. ဟဲ´´

``ဟေ… အတင်းချနေတာ… ဟုတ်လား၊ ဘယ်သူ့အတင်းများ လဲကွ´´

``ဟို… သင်္ချိုင်း… သင်္ချိုင်းကုန်းအတင်းဗျ ဟဲ… ဟဲ´´

``မင်းတို့ကောင်တွေ ကွာ၊ ချစရာရှားလို့ သင်္ချိုင်းကုန်းအတင်းများ ချရတယ်လို့´´

``ဒါနဲ့… သူကြီးကရော ဘယ်သွားမလို့လဲတော့်´´

``ငါလည်း သင်္ချိုင်းကိစ္စပဲလေ၊ ဘွားလေးအိုစာအိမ် သွားမလို့ဟ၊ နင်တို့ လိုက်ချင်လိုက်ခဲ့ကြလေ´´

သူကြီးသက်ညိုနဲ့ ရွာသူရွာသားတချို့ဟာ ရွာရဲ့ အနောက်ဘက်အစွန်မှာ ရှိတဲ့ ဒေါ်အိုစာခြံကို ထွက်ခဲ့ကြတယ်။

``ဗျို့.. ဘွားလေး… ဘွားလေးရေ၊ ကျုပ်တို့ ခြံထဲဝင်ခဲ့မယ်နော်´´

သူကြီးသက်ညိုက ထိုသို့အသံပြုရင်း ခြံဝိုင်းထဲ ၀င်သွားတယ်။

ရေနံချေး သုတ်ထားတဲ့ အိမ်ကြီးနားရောက်တော့…

``တောက်…. တောက်… တောက်…. တောက်…´´

သူတို့အားလုံး အိမ်ပေါ်ရောက်တဲံအခါ ကျောပေးထိုင်နေတဲ့ ဒေါ်အိုစာကို တွေ့ လိုက်ကြရတယ်။

ဒေါ်အိုစာဟာ ဟောင်းနွမ်းနေတဲ့ အနက်ရောင် ၀တ်စုံ ၀တ်ဆင်ထားသလို… အရိုးခေါင်းကြီးကို အရိုးချောင်းနဲ့ တတောက်တောက် ခေါက်နေတယ်။

သူကြီးနဲ့ ရွာသားတွေ ဟာ ၎င်းရဲ့ နောက် ၀င်ထိုင်ရင် ငြိမ်သက်စွာ စောင့်နေလိုက်တယ်။

အတန်ကြာမှ ဒေါ်အိုစာဟာ နောက်လှည့်လာတယ်။

``ဘာအကြောင်းရှိလဲ သက်ညို… ပြောစမ်း´´

``ဒီလိုပါ ဘွားလေး… မကြာခင်မှာ သင်္ချိုင်းနေရာကို ဖယ်ပေးရမှာ မဟုတ်လား၊ ကျုပ်တို့ အိုးဘိုရွာသင်္ချိုင်းဆိုတာက သရဲ တစ္ဆေ အခြောက်ကြမ်းတယ်ဆိုပြီး ရွာနီးချုပ်စပ်အထိ သတင်းကြီးတာ ဘွားလေး သိမှာ ပါ…။ ပြီးတော့ အဲဒီ သင်္ချိုင်းမြေမှာ က ဟိုတယ်ဆောက်မှာ လေ၊ ဒါ့ကြောင့် နောင်အခါ မလိုအပ်တဲ့ ကိစ္စတွေ ဖြစ်လာမှာ စိုးလို့ သင်္ချိုင်းမြေက နာနာဘာဝတွေ ကို ရွှေ့ပြောင်းပေးရင် ကောင်းမလား တွေးမိပါတယ်၊ ဒါကြောင့် ဘွားလေးနဲ့လာပြီး တိုင်ပင်တာပါဗျာ´´

သူကြီးသက်ညိုရဲ့ စကားကြောင့် ဒေါ်အိုစာက ခေါင်းဆတ်ဆတ် ညိတ်ရင်း…

``ဒါ လုပ်သင့်တဲ့ကိစ္စပဲ၊ နင်တို့သာ ရက်သတ်မှတ်လိုက်၊ သင်္ချိုင်းက နာနာဘာဝတွေ ရွှေ့ဖို့ ငါကူညီမယ်၊ ဒါပဲ မဟုတ်လား… ပြန်ြ ကတော့´´

လို့ ပြောတဲ့အတွက် သူကြီးနဲ့ ရွာသားတွေ လည်း လှည့်ပြန်ခဲ့ကြရတယ်။

အပြန်လမ်းမှာ ရွာသား တစ်ယောက် က…

``ဒီအဘွားကြီးက ထူးဆန်းတယ်ကွ၊ အကြောင်းမရှိရင် သူ့ခြံဝိုင်းထဲက အပြင် လုံးဝမထွက်ဘူး၊ အမြဲတမ်းလည်း အနက်ရောင် ပဲ ၀တ်တယ်၊ ပြီးတော့… ထဘီကလည်း ဇောက်ထိုးကြီးကွ၊ မိန်းမတွေ ထဘီဝတ်ရင် အထက်ဆင်က အပေါ်ဝတ်ကြတာပဲ၊ သူကျမှ အောက်ရောက်နေတယ်လို့၊ တကယ့် စုန်းမကြီးကွ´´

``ဟကောင်ရ… စုန်းမကြီးကပဲ သင်္ချိုင်းက သရဲတွေ ရွှေ့ပေးမှာ နော်၊ သူ့အကြောင်း မပြောနဲ့ကွ၊ တော် ကြာ နေရင်းထိုင်ရင် ပြုစားနေဦးမယ်´´

* * * * *

အပိုင်း (၃)

``ဘယ်လိုလဲ သူကြီး… ကျုပ်တို့ပြောထားတဲ့ကိစ္စ အဆင်ပြေလား၊ အဆင်မပြေလည်း ဂရုမစိုက်ဘူးနော်၊ ကျုပ်တို့က သင်္ချိုင်းတစ်ခုလုံးကို ရိုက်ချိုးဖျက်ဆီးပြီး မြေလှန်ပစ်လိုက်မယ်၊ ငွေလမ်းခင်းလိုက်ရင် ခင်ဗျားတို့တစ်ရွာလုံးပါ မသာနဲ့အတူ ရွှေ့လိုက်ရမယ်၊ ဘာမှတ်နေလဲ´´

သင်္ချိုင်းမြေပိုင်ရှင်ရဲ့ မြေး ဖြစ်သူ မောင်တရုတ်ရဲ့ ကြုံးဝါးသံကြောင့် သူကြီးသက်ညိုက လက်ကာလိုက်ရင်း…

``ဒီလိုမဟုတ်ရပါဘူး သူဌေးလေးရယ်၊ ရွာသားအားလုံးလည်း သင်္ချိုင်းရွှေ့မယ့်ကိစ္စကို လက်ခံကြပါတယ်၊ မနက်ဖြန်ညဆို သင်္ချိုင်းအပြီးရွှေပြီးမှာ ပါ၊ ကျုပ် တာဝန်ယူပါတယ် သူဌေးလေး´´

လို့ ပြောလိုက်တယ်။

``ဘာဗျ… သင်္ချိုင်းရွှေ့တာ ဘယ်အချိန်လုပ်လုပ် ရတာ ပဲဗျ၊ ဘာလို့ မနက်ဖြန်ညမှ ပြီးရမှာ လဲ၊ ကျုပ်တို့မှာ အချိန်မရှိဘူးနော်´´

``ဟုတ်ပါတယ် သူဌေးလေးရယ်၊ ဒီလိုပါဗျာ… နောက်နေ့မနက်မှာ အုတ်ဂူတွေ ၊ မြေပုံတွေ ရွှေ့ဖို့ စီစဉ်ထားပါတယ်၊ ည… ညပိုင်းမှာ က သန်းခေါင်ချိန်မှာ သင်္ချိုင်းမှာ ရှိတဲ့ ၀ိညာဉ်တွေ ကို ရွှေ့ဖို့အတွက်ပါ၊ ဒါ့ကြောင့် သန်ဘက်ခါမှ သူဌေးလေးတို့လက်ထဲ သင်္ချိုင်းမြေကို ပြန်အပ်နိုင်မှာ ပါဗျာ´´

သူကြီးသက်ညိုရဲ့ စကားကြောင့် မောင်တရုတ်ဟာ မျက်မှော င်ကြီး ကြုတ်သွားတယ်။

``ဘယ်လိုလူတွေ လဲဟ၊ ဒါ့ကြောင့် ခင်ဗျားတို့လိုလူတွေ ဖုန်တောထဲက မထွက်နိုင်တာ၊ အလကား အယူသီးတဲ့လူတွေ ၊ လူဟာ သေရင်ပြီးပြီ… မှတ်ထား၊ ဘာဝိညာဉ်မှ မရှိဘူးဗျ၊ ကျုပ် ဘာမှမယုံဘူး´´

``ဟုတ်ပါတယ် သူဌေးလေးရယ်၊ တစ်ရွာလုံး စိတ်ရှင်းဖို့ လုပ်ရတာ ပါဗျာ၊ တစ်ရက်ပဲ စောင့်ပေးပါဗျာ… တကယ်ပါ´´

``ကောင်းပြီ… တစ်ရက် အချိန်ပေးလိုက်မယ်၊ ကတိမတည်ရင် ခင်ဗျားတို့တစ်ရွာလုံး အိမ်ခြေမဲ့ဖို့ ပြင်ထား… ဒါပဲ´´

သင်္ချိုင်းမြေပိုင်ရှင်ရဲ့ မြေး မောင်တရုတ်ဟာ ၎င်းပြောချင်တာကို မိုက်မိုက်ရိုင်းရိုင်း ပြောဆိုပြီး သူကြီးခြံဝိုင်းထဲက လှည့်ထွက်သွားတယ်။

ရွာသားတစ်ချို့က သူကြီးရဲ့ ၀ိုင်းထဲ ၀င်လာရင်း…

``ပုံစံကိုက ထောင့်မကျိုးဘူး သူကြီးရာ…. မြေရှင် ဖြစ်ပြီး သိပ်အောင်တန်းကျတယ်၊ ကျုပ်တော့ ဒင်းကို ချောင်းရိုက်ချင်စိတ် ပေါ်နေပြီ… တောက်´´

လူမိုက်မီးခဲရဲ့ အပြောကြောင့် သူကြီးသက်ညိုဟာ ခေါင်းခါရမ်းလိုက်တယ်။

``မဟုတ်သေးဘူး မီးခဲရ၊ ဘာပဲ ဖြစ် ဖြစ် သူ့အဘိုးရဲ့ ကျေးဇူးကို ထောက်ရမယ်ကွ၊ သူတို့ပိုင်မြေမှာ နှစ် တွေ အများ ကြီး သင်္ချိုင်းနေရာ ပေးထားခဲ့တယ်၊ အင်း… ပိုက်ဆံကလည်း ရှိ၊ ခေတ်ပညာတတ် လူငယ်လည်း ဖြစ်တော့ နည်းနည်း တော့ အောက်ခြေလွတ်တာပေါ့ကွာ၊ သူ့အဘိုး သူဌေးကြီးက သိပ်ကို စိတ်ထားပြည့်ဝတာကွ၊ သူလည်း ငါတို့အိုးဘိုရွာသားပဲလေ၊ ထားလိုက်ပါတော့ကွာ… မကြာခင် ပြီးသွားမယ့်ကိစ္စပါကွာ´´

``မီးခဲပြောသလိုပဲဗျ… ကျုပ်လည်း မခံနိုင်ဘူး၊ အယူမသီးဘူး အယုံကြည့်မရှိဘူးဆိုပြီး… တစ်ချိန် သူ့ဟိုတယ်ကြီး ဧည့်သည်တွေ နဲ့ ပြဿနာတက်ရင် သူပဲ စီးပွားပျက်မှာ ၊ ပညာသာတတ်တာဗျ၊ ဒီလူ ဘာမှ ဦးနှောက်မရှိဘူး´´

``ဒါတော့လည်း မင်းပြောတာ မှန်ပါတယ်၊ ဘုရားဟောထဲမှာ တောင် လူဟာ သေရင် နောက်ဘ၀ဆိုတာ ရှိတယ်ကွ၊ ဘ၀နှစ် ခု ကူးပြောင်းကာလ… ကိုယ့်ရဲ့ ကုသိုလ် , အကုသိုလ်တရားကြောင့် ရုပ်ခန္ဓာကနေ နာမ်ခန္ဓာဘ၀ ရောက်နိုင်တာပဲ။ ဒါပေမယ့်… တို့ရွာက သင်္ချိုင်း ကတော့ လူအားလုံး လိပ်ပြာလွင့်လောက်အောင် ခြောက်လှန်တယ်လို့ နာမည် ကြီးတာ အားလုံး အသိပဲ၊ သူတို့ သင်္ချိုင်းအကြောင်း မသိသေးလို့ပါကွာ၊ ငါတော့ ဘာတွေ ဖြစ်မလဲဆိုတာ ရင်တထိတ်ထိတ်နဲ့ နားစွင့်နေရမှာ ပဲဟေ့´´

* * * * *


ဝန်ဇင်းချစ်သူများ မအိုစာ ၏ “ သင်္ချိုင်းကုန်းက ဟိုတယ်ကြီး ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


ဟိုင်းဝေး တစ္ဆေ

အောက်လမ်း (ပထမပိုင်း)

ဘီလူးနက္ခတ်