
အောက်လမ်း (ပထမပိုင်း)
``ဘာ…. အမေ ဘာပြောလိုက်တယ်၊ မိုးယံကို မိန်းမပေးစားတော့မယ် ဟုတ်လား၊ ဘယ်လိုအတွေးတွေ နဲ့များ ဆုံးဖြတ်လိုက်တာလဲ အမေ၊ ဒါ ဘယ်လိုမှ မ ဖြစ်သင့်တဲ့ကိစ္စပဲ၊ ဒီကိစ္စကို ကျွန်မ လုံးဝ လက်မခံဘူး၊ အမြန်ဆုံး ပြန်လာခဲ့မယ်၊ ဒါပဲ အမေ´´
ရွှေဘုံစံ တစ်ယောက် ဟန်းဖုန်းကို ပိတ်လိုက်ရင်း ဒေါသတကြီး တောက်ခေါက်လိုက်တယ်။
ဒါကိုမြင်တွေ့ သွားတဲ့အလတ်ကောင် ရွှေမင်းဂံက…
``ဘာတွေ ဒေါသထွက်နေတာလဲ အစ်မ၊ အမေ ဘာပြောလို့လဲ´´
လို့ ဖုန်းနဲ့ သီချင်းနားထောင်နေရာက နားကြပ်ကို ဖြုတ်ရင်း မေးလိုက်တယ်။
ရွှေဘုံစံ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်ရင်း…
``မ ဖြစ်သင့်တဲ့ကိစ္စကို အမေ လုပ်နေတာ၊ မ ဖြစ်ဘူး… ဖြစ်ဘူး ရွှေမင်းဂံ၊ ငါတို့ မြန်မာပြည်ကို အမြန်ဆုံးပြန်မှာ ဖြစ်မယ်… နင် လေယာဉ်လက်မှတ် အမြန်စီစဉ်စမ်း´´
လို့ ပြောလိုက်တယ်။
``ဟာ…. အစ်မကလည်းဗျာ၊ စင်္ကာပူရောက်တာမှ တစ်လမပြည့်သေးဘူး၊ မပြန်ချင်သေးဘူး အစ်မရာ၊ နေချင်သေးတယ်´´
ရွှေဘုံစံက သူ့ကို ဆတ်ခနဲ လှည့်ကြည့်လိုက်တယ်၊
``လျှာမရှည်နဲ့ ရွှေမင်းဂံ၊ ငါက ဒါဆို ဒါပဲ… နင်လုပ်ရမယ်၊ ဒီကို ဘယ်အချိန် ပြန်လာလာ ရတယ်၊ အခု… ပြန်ဖို့ စီစဉ် ဒါပဲ…´´
အစ်မ ဖြစ်သူရဲ့ စကားကြောင့် ရွှေမင်းဂံ တစ်ယောက် ထိုင်ရာမှ ထရပ်လိုက်ရင်း…
``ကျွတ်… အစ်တို့က ဘာတွေ လဲဗျာ၊ သိပ်စိတ်ပျက်ဖို့ ကောင်းတယ်၊ ရတယ်၊ အခုပဲ လက်မှတ်စီစဉ်ပေးမယ်´´
လို့ ပြောဆိုပြီး အခန်းပြင်ကို ထွက်သွားတယ်။
ရွှေဘုံစံက စိတ်လှုပ်ရှားဟန်နဲ့ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေရာက ဆိုဖာပေါ် ဆတ်ခနဲ ထိုင်ချလိုက်တယ်။
``ရွှေမိုးယံ မိန်းမယူလို့ မ ဖြစ်ဘူး၊ ဟုတ်တယ်… ဘယ်နည်းနဲ့မှ မ ဖြစ်နိုင်ဘူး၊ ငါ လုပ်သမျှအားလုံး သဲထဲရေသွန် ဖြစ်တော့မယ်၊ ဟုတ်တယ်…. ရွှေမိုးယံရဲ့ မင်္ဂလာကိစ္စကို ငါ ရအောင် တားရမယ်၊ တွေ့ ကြသေးတာပေါ့… အမေနဲ့ ကျွန်မ ကောင်းကောင်းကြီး တွေ့ ပြီပဲ´´
နယ်မြို့လေးတစ်မြို့ရှိ ပျဉ်ထောင်အိမ်လေးအတွင်းမှာ စားသောက်ဖွယ်ရာတွေ ပြင်ဆင်ရင်း အမျိုးသမီးတစ်စုဟာ လှုပ်လှုပ်ရှားရှား ရှိနေကြတယ်။
``စားတော် စာတွေ စုံပြီလားဟေ့၊ ဘာမှ လိုအပ်ချက် မရှိစေနဲ့နော်၊ သန့်ရှင်းသပ်ရပ်မှု လည်း ရှိပါစေအေ့´´
ရင်ဘတ်မှာ ပ၀ါအနီးရောင် စည်ထားတဲ့ ကနားစီးညွန့်ညွန့်က အသံစာစာလေးနဲ့ လှမ်းပြောလိုက်တယ်။
``စုံပါပြီ ညွန့်ညွန့်ရယ်၊ တို့တွေ က ၀ါဝင်ဝါထွက်ချိန်တိုင်း ညွန့်ညွန့်နဲ့ပဲ ရိုးရာကန်တော့နေကျလေ၊ အားလုံး အလွတ်ရနေပြီ၊ ဘာမှ မပူနဲ့နော်´´
ဒေါ်ရင်မေက ကနားစီးညွန့်ညွန့်ကို လှမ်းပြောပြီး…
``သမီးရေ… သမီး ပန်းသပြေ၊ နင် မပြီးသေးဘူးလား ရေချိုးတာ၊ ဒီမှာ ကန်တော့တော့မှာ သမီးရဲ့ ´´
လို့ အိပ်ခန်းထဲသို့ လှမ်းပြောလိုက်တယ်။
``ပြီးပါပြီး အမေရဲ့ ၊ ဒီမှာ ခေါင်းဖြီးနေလို့ပါ၊ လာပြီ အမေ… လာပြီ´´
ခပ်နွမ်းနွမ်း မြန်မာဝတ်စုံလေးနဲ့ တံကောက်ကွေးထိ ရှည်တဲ့ ဆံပင်ကြီးကို ကျစ်ဆံမြီးကျစ်ထားတဲ့ ပန်းသပြေ
စားပွဲရှိရာ လျှောက်သွားပြီး ကျုံ့ကျုံ့လေး ထိုင်လိုက်တယ်။
ကနားစီးညွန့်ညွန့်က ပန်းသပြေကိုကြည့်ပြီး….
``အမယ်လေးနော်… မရင်မေတို့များ ကံကောင်းလိုက်တာ၊ တော့် သမီးက ဘယ်အချိန်ကြည့်ကြည့် ကျက်သရေကို ရှိနေတာပဲ၊ သေချာတယ်… ဒီလိုရုပ်မျိုးက လူချမ်းသာအသိုင်းအ၀ိုင်းနဲ့ပဲ လက်ဆက်ရမှာ … ဟင်း ဟင်း´´
လို့ ချီးမွမ်းခန်း ဖွင့်လိုက်တယ်။
မိန်းမလျာ ကနားစီးညွန့်ညွန့်ရဲ့ အပြောကြောင့် ဒေါ်ရင်မေက မျက်နှာလေးနွမ်းဖတ်သွားရှာတယ်။
သက်ပြင်းချလိုက်ရင်းက…
``ဒါတော့.. စိတ်ကူးတောင် မယဉ်ရဲပါဘူး ညွန့်ညွန့်ရယ်၊ ကျုပ်ယောက်ျား တိမ်းပါးသွားချိန်တည်းက ကျုပ်တို့သားအမိ အပ်ချုပ်စက်လေး တစ်လုံးတည်းနဲ့ စက်ချုပ်စားခဲ့ရတာ ပါ၊ အခု ရိုးရာကန်တော့ဖို့ ငွေတောင် မလောက်ငှလို့ ဘေးဘိမ်ကနေ စွဲထားရတယ်လေ၊ လူချမ်းသာတွေ ဆိုတာက… သူတို့ချမ်းသာတဲ့ အသိုင်းအ၀ိုင်းမှာ ပဲ ကျင်လည်ကြတာပါ၊ ဘယ်သူမှ ရွှေကို… ကြည်း ကွပ်ချင်မှာ မဟုတ်ပါဘူးလေ´´
``သြော်… မရင်မေရယ်… တော် ကလည်း အားငယ်တတ်လိုက်တာနော်၊ ကျုပ်ပြေမယ်… လောကမှ လှံထမ်းလာတာပဲ မြင်ရတယ်၊ ကံထမ်းလာတာ မမြင်နိုင်ဘူးတော့် ၊ ကျုပ် လုံးဝ အတတ်ဟောလိုက်မယ်၊ တော့်သမီး ပန်းသပြေလေးဟာ ချမ်းသာတဲ့ အသိုင်းအ၀ိုင်းဆီ ရောက်ကိုရောက်လိမ့်မယ်တော့်၊ ပိုပြီးသေချာအောင် ရိုးရာကန်တော့ရင် မိဆိုင်,ဖဆိုင်နတ်တွေ ဆီ ကျုပ် ပန်းသပြေကို အပ်ပေးမယ်၊ ကဲ… ကဲ…. အားလုံးစုံရင် ပွဲစလိုက်မယ်နော်´´
ကနားစီးညွန်ညွန့်ဟာ ထိုသို့ပြောဆိုပြီး အမွှေးတိုင်တွေ ထွန်းညှိလိုက်တယ်။
သပြေခက်တွေ ကို လက်အစုံနဲ့ကိုင်ရင်း လက်အုပ်ချီ မျက်လုံးစုံမှိတ်လိုက်တယ်။
ခဏတွင်းချင်းဆိုသလို နတ်ဝင်သွားပြီး…
``ပျော်တယ်ဟေ့… အမေပျော်တယ်၊ စားတော် ပွဲတွေ ကို အမေ အငွေ့သုံးဆောင်မယ်ဟဲ့၊ သမီးတော် ကြီး ဆက်သစမ်း´´
ဒေါ်ရင်မေက မုန့်ဖြူ၊ မုန့်နီ၊ ဆီထမင်း၊ လက်ဖက် စားဖွယ်တွေ ကို တစ်ခုချင်းစီ ဆက်သ,လိုက်တယ်။
ကနားစီးညွန့်ညွန့်ဟာ စားဖွယ်တွေ ကို မျက်လုံးစုံမှိတ် ခေါင်းဆတ်ဆတ်တုန်ရင်း အငွေ့ရှူလိုက်တယ်၊
ပြီးတဲ့အခါ….
ရေဇလုံထဲ တွန့်လွန့်လူးနေတဲ့ ငါးရံ့အရှင်နှစ် ကောင်ကို ဖမ်းယူပြီး လက်ဝါးတစ်ဖက်စီပေါ် တင်လိုက်တယ်။
တွန့်တွန့်လူးနေတဲ့ ငါးရဲ့ နှစ် ကောင်ဟာ ကနားစီးညွန့်ညွန့်ရဲ့ လက်ပေါ်ရောက်တဲ့အခါ လုံးဝငြိမ်ကျသွားတယ်။
``ဒီနေ့… ဒီအချိန်ကစပြီး အမေ့သမီးတွေ ရဲ့ အိမ်မှာ လာဘ်လာဘတွေ တိုးပွားရစေမယ်ဟဲ့၊ ငါ့သမီးတို့ရဲ့ လူမှု ရေး ၊ စီးပွားရေး အားလုံးကို အမေ ပဲခူးမယ်တော် ကြီး စောင့်ရှောက်ပေးမယ်ကွဲ့၊ ဟုတ်ပြီလား… ငါ့သမီးတွေ ´´
``ဟုတ်ကဲ့ပါ အမေ၊ သမီးတော် ကြီးကို သားအမိမှာ … ဘုရားနဲ့ ရိုးရာကိုပဲ… အားထားရာ ရှိပါတယ်၊ အားကိုးပါတယ် အမေ၊ စောင့်ရှောက်ပေးတော် မူပါရှင်´´
ဒေါ်ရင်မေ ထိုသို့ပြောရင်း ပဲခူးမယ်တော် ကြီးကို ဦးချကန်တော့လိုက်တယ်။
မိခင်က ကန်တော့တဲ့အတွက် ပန်းသပြေလည်း လက်အုပ်လေးချီရင်း ကန်တော့လိုက်တယ်။
``ကောင်းပြီ… ကောင်းပြီ၊ ဒီအချိန်ကစပြီး ငါ့သမီးတွေ ကို အမေက နှစ် ဆတိုးပြီး စောင့်ရှောက်ပြီလို မှတ်လိုက်ကြစမ်း၊ ဟိုသမီးအငယ်လေး… အမေ့ရှေ့မှော က် တိုးစမ်းကွဲ´´
မိခင်က လက်လှမ်းတို့လိုက်တဲ့အတွက် ပန်းသပြေ ရှေ့ကို တိုးလိုက်ရတယ်။
ပဲခူးမယ်တော် ကြီးက သူမရဲ့ ခေါင်းပေါ် ငါးရံ့တင်လိုက်ရင်း…
``သမီးတော် လေးကို… အမေ ပြောမယ်ကွဲ့၊ ငါ့သမီးလေး ဒီနေ့ကစပြီး အနက်ရောင် ထက်အောက်ဆင်တူဝတ်ဆင်ခြင်းကို အထူးရှောင်ရမယ်၊ ပြီးတော့… မိရိုးရာ ဖရိုးရာကို ဘယ်တော့မှ မမေ့ပျောက်ရဘူကွဲ့၊ စားတော် ပွဲနဲ့ ရိုးရာမကန်တော့နိုင်ရင်တောင် လက်ဖက်တစ်ရိုး ကွမ်းတစ်ယာနဲ့ တင်မြှောက်ရမယ်၊ ကြားရဲ့ လား သမီးတော် လေး´´
လို့ ပြောလာတယ်။
ပန်းသပြေဟာ စကားနည်း အေးဆေးသူ ဖြစ်တဲ့အလျှောက်….
``ဟုတ်ကဲ့ပါရှင်´´
ဆိုတဲ့တစ်ခွန်းတည်းသာ ပြန်ပြောလိုက်မိတယ်။
``ဟဲ့… မရင်မေရေ… တော် တို့အိမ်ရှေ့မှာ ကားအကောင်းစားကြီးတစ်စီး လာရပ်နေပြီတော့်´´
ရိုးရာကန်တော့ပြီးသွားတဲ့အတွက် ပန်းကန်ခွက်ယောက် တွေ သိမ်းဆည်းနေတဲ့ ဒေါ်ရင်မေ တစ်ယောက် ကနားစီးညွန့်ညွန့်အပြောကြောင့် အံ့အားသင့်သွားမိတယ်။
ဒီအချိန်မှာ ပဲ ကားပေါ်ကနေ အသက်ခုနှစ် ဆယ်အရွယ်ရှိ ရွှေတွေ သီးနေတဲ့ အဘွားကြီးတစ်ဦး ဆင်းလာပြီး….
``ဒီအိမ်က မရင်မေတို့အိမ်လား မသိဘူး´´
လို့ လှမ်းအသံပြုတယ်။
ကနားစီးညွန့်ညွန့်က သွက်လက်စွာ ထသွားရင်း….
``ဟုတ်ပါတယ်ရှင့်.. ဒါ မရင်မေတို့အိမ်ပါ၊ အပေါ်ကို ကြွပါရှင်… ကြွပါ´´
လို့ ဖိတ်မန္တက ပြုလိုက်တယ်။
ရွှေတွေ ညွှန့်နေတဲ့ အဘွားကြီးက အိမ်ပေါ်တက်လာပြီး သင်ဖြူးဖျာပေါ် ၀င်ထိုင်လိုက်တယ်။
ဒေါ်ရင်မေတို့သားအမိလည်း အံ့သြမှင်တက်စိတ်နှင့် မီးဖိုချောင်က ထွက်လာကြတယ်။
အဘွားကြီးက ဒေါ်ရင်မေရဲ့ မျက်နှာကို စူးစိုက်ကြည့်ရင်း…
``မ… မရင်မေ မဟုတ်လား´´
လို့ မေးလာတယ်။
ဒေါ်ရင်မေဟာ သူမအနီး တရွေ့ရွေ့လျှောက်သွားမိရင်း တွေးမရနိုင်အောင် ဖြစ်သွားတယ်။
``ဟယ်… အစ်မကြီး… အစ်မကြီး ရွှေနှင်းဆီ၊ အစ်မကြီး ရွှေနှင်းဆီ´´
ဒေါ်ရင်မေဟာ ၀မ်းသာအားရ ရေရွတ်ရင်း… အဘွားကြီးဘေး ၀င်ထိုင်လိုက်တယ်။
``မတွေ့  ဖြစ်တဲ့ ဆယ့်ငါးနှစ် လောက်မှာ နင်က ဘာမှမပြောင်းလဲပါလား ရင်မေရယ်´´
ဒေါ်ရွှေနှင်းဆီက ဒေါ်ရင်မေရဲ့ လက်ကို ဆုပ်ကိုင်ပြီး ပြောလိုက်တယ်။
``အစ်မကြီးရွှေနှင်းဆီ ကတော့… အသားတွေ ပိုဖြူပြီး ကျက်သရော ရှိတယ်နော်၊ ဘယ်လိုများ မြို့ကို ပြန်ရောက်လာတာလဲ အစ်မကြီးရယ်၊ ခုလို … အစ်မကြီး ပြန်လာတဲ့အချိန်မှာ ကျွန်မကို လာတွေ့ တာ ဘယ်လိုပျော်မိမှန်းမသိဘူး´´
ပန်းသပြေက ဧည့်သည်အတွက် ရေနွေးဗန်းကို အသာသွားချပေးလိုက်တယ်။
ဒေါ်ရွှေနှင်းဆီက သူမကို အကဲခတ်ကြည့်ရင်း မျက်လုံးတွေ လှုပ်ရှားသွားတယ်။
``ဒါ… နင့်သမီးလေး မဟုတ်လား၊ အတော် တောင် ကြီးလာပြီပဲ၊ ကြည့်ပါဦး.. ဘယ်လောက်များ မြန်မာဆန်ပြီး ကျက်သရေ ရှိလိုက်လဲကွယ်´´
ဒေါ်ရွှေနှင်းဆီရဲ့ ချီးမွမ်းစကားကြောင့် ပန်းသပြေဟာ မနေတတ်အောင် ဖြစ်သွားရတယ်။
``အင်း… ငါ့မြို့ကိုလာတာ သိပ်မှန်သွားပြီ၊ ငါ ဖြစ်ချင်တဲ့ဆန္ဒကို အကောင်အထည် ဖော်နိုင်တော့မယ်´´
အဆက်အစပ်မရှိဘဲ ပြောချလိုက်တဲ့ ဒေါ်ရွှေနှင်းဆီရဲ့ စကားကြောင့် …
``ရှင်… အစ်မကြီး.. ဘာပြောနေတာလဲဟင်´´
ဒေါ်ရင်မေက နားမလည်နိုင်စွာ မေးလိုက်မိတယ်။
``ဒီလို ရင်မေရဲ့ … ငါ ဖြစ်စေချင်တဲ့ဆန္ဒက ငါ့ရဲ့ အငယ်ဆုံးသားကို ငါ့ဇာတိ ဖြစ်တဲ့ ဒီမြို့ကလေးက မိန်းကလေးနဲ့ပဲ အိမ်ထောင်ကျစေချင်တယ်၊ နင့်အိမ်ကို အရင်ဆုံး ငါလာမိတာ သိပ်ကောင်းတယ်၊ နင် လက်ခံမယ်ဆိုရင်… နင့်သမီးလေးနဲ့ ငါ့သားလေးကို နေရာချထားပေးချင်တယ်´´
ဒေါ်ရွှေနှင်းဆီရဲ့ အပြောကြောင့် ဒေါ်ရင်မေဟာ `ရှင်´ ခနဲ ဖြစ်သွားရလို ပန်းသပြေလည်း အံ့အားသင့်သွားရတယ်။
``ရှင်… အစ်မကြီ၊ ကြားရတာ ကျွန်မနားကို မယုံနိုင်လောက်အောင်ပါပဲရှင်၊ အိပ်မက်မက်နေသလားလို့တော် ထင်မိပါတယ်´´
ဒေါ်ရွှေနှင်းဆီက သားအမိနှစ် ယောက် လုံးကို ပြုံးကြည့်ပြီး…
``အိပ်မက်မဟုတ်ပါဘူး ရင်မေရယ်၊ ငါ့ဘက်က… တကယ်ကို ကမ်းလှမ်းတာပါ၊ ဒါနဲ့… သမီးလေးကရော ချစ်သူရည်းစားတွေ ၊ ဘာတွေ များ ရှိနေရော့လားကွဲ့´´
ပန်းသပြေက မျက်လွှာချခေါင်းငုံ့ရင်း…
``မ… မရှိပါဘူးရှင့်´´
လို့ ဖြေလိုက်တဲ့အခါ ဒေါ်ရွှေနှင်းဆီရဲ့ မျက်နှာ ပိုပြီးတောက်ပသွားတယ်။
``ဟုတ်ပါပြီကွယ်၊ ကဲ… ဒါဆို ငါ ပြန်ဦးမယ် ရင်မေ၊ သားလေးနဲ့ တွေ့ ပေးရအောင် သမီးကိုပါ အိမ်ခေါ်ခဲ့ဦးနော်´´
ဒေါ်ရွှေနှင်းဆီဟာ ထိုသို့ဆိုပြီး နှုတ်ဆက်ရင်း ပြန်သွားတယ်။
ကားထါက်သွားတဲ့အခါမှာ တော့…
``ပန်းသပြေတို့တော့… အမေပဲခူး မ,ပြီဟေ့၊ ရိုးရာကန်တော့ပြီးတာနဲ့… မင်္ဂလာစကား ကမ်းလှမ်းတာ ခံရတယ်၊ ကံကောင်းချက်များ အကြီးကြီးပဲတော် ´´
ကနားစီးညွန့်ညွန့်ရဲ့ အပြောကြောင့် ဒေါ်ရင်မ တစ်ယောက် အပြုံးပန်းထသွားသလို ပန်းသပြေလည်း ရှက်သွေးဖြာသွားတော့တယ်။
မြို့လေးရဲ့ ဆိတ်ငြိမ်ရပ်ကွက်အတွင်းမှာ ရှိတဲ့ ခြံဝင်းအကျယ်ကြီးနဲ့ အဖြူရောင် တိုက်ကြီး။
ပန်းသပြေဟာ ခြံဝမှာ ရပ်ရင်း တိုက်ကြီးရဲ့ ခန့်ထည်မှု ကို ငေးကြည့်နေမိတယ်။
``ဟဲ့ သမီး… ခေါင်းလောင်းတီးလိုက်လေ၊ ဘာငေးနေတာလဲကွဲ့´´
မိခင်က တံတောင်နဲ့တို့ရင်း ပြောလိုက်တဲ့အတွက် သူမ သတိဝင်လာပြီး ခေါင်းလောင်းလေးကို ဆွဲလှုပ်လိုက်တယ်။
ခေါင်းလောင်းသံကြောင့် လူကြီး တစ်ယောက် ပန်းခြုံတွေ ကြားက ထွက်လာပြီး ခြံတံခါးဖွင့်ပေးတယ်။
``မရင်မေလား မသိဘူးဗျ၊ အိမ်ထဲကို လိုက်ခဲ့ပါခင်ဗျ၊ သူဌေးမကြီး မှာ ထားပါတယ်´´
လူကြီးက ပြောဆိုရင်း ခံ့ညားတဲ့ အဖြူရောင် တိုက်ကြီးဆီ ခေါ်သွားတယ်။
တိုက်ကြီးထဲရောက်တော့ အဖြူရောင် ဆိုဖာဆက်တီကြီးမှာ လူကြီးက နေရာချထားပေးတယ်။
``ခဏလေး စောင့်ပါခင်ဗျ၊ ကျွန်တော် သူဌေးမကြီးကို အကြောင်းကြားပေးပါ့မယ်´´
လူကြီးထွက်သွားခဲ့တဲ့အခါ သားအမိနှစ် ယောက် သား ဧည့်ခန်းကြီးကို မျက်လုံးဝေ့ကြည့်မိတယ်။
အကောင်းစားပစ္စည်းတွေ နဲ့ချည်း မွမ်းမံထားတဲ့ ဧည့်ခန်း။
ပန်းသပြေဟာ နံရံမှာ ချိတ်ထားတဲ့ ဓာတ်ပုံတွေ ကို ငေးကြည့်ရင်း မျက်လုံးအစုံ ၀ိုင်းစက်သွားရှာတယ်။
``ဟင်… အမေ ဟိုမှာ ကြည့်ပါဦး၊ ချိတ်ထားတဲ့ အဖြူအမည်းဓာတ်ပုံထဲမှာ သပြေတို့အဘိုးလည်း ပါနေတယ် အမေ´´
သူမစကားကြောင့် ဒေါ်ရင်မေက အဘိုးကြီးနှစ် ယောက် ပခုံးဖက်နေတဲ့ဓာတ်ပုံကို ကြည့်လိုက်မိတယ်။
``ဟုတ်တယ်လေ သမီးရဲ့ ၊ အဲဒါ အမေ့ရဲ့ အဖေ… သမီးရဲ့ အဘိုးပုံပဲကွယ့်၊ သိပ်အံ့သြသွားလား သမီး၊ တကယ်တော့… သမီးရဲ့ အဘိုးနဲ့ ဒေါ်ရွှေနှင်းဆီရဲ့ အဖေဟာ သိပ်ချစ်ကြတဲ့ သူငယ်ချင်းတွေ ဖြစ်သလု၊ ဂျပန်ခေတ် စစ်ပြေးတဲ့အချိန်မှာ ဒေါ်ရွှေနှင်းဆီတို့ မိသားစုကို သမီးရဲ့ အဘိုးကပဲ သူ့ရဲ့ ရွာမှာ စောင့်ရှောက်ကျွေးမွေးထားခဲ့တယ်၊ အဲဒီ ကျေးဇူးကြောင့် ပဲ… စစ်ပြီးလို့ အမေတို့အိမ် မီးလောင်ပျက်စီးသွားတဲ့အခါ… ဒေါ်ရွှေနှင်းဆီတို့အဖေက အမေတို့မိသားစုကို သူ့အိမ်မှာ ပဲခေါ်ပြီး စောင့်ရှောက်ထားခဲ့တယ်လေ၊ အဲဒီ တုန်း ကတော့ အမေက ကလေးသာသာအရွယ်ပဲ ရှိသေးတာ သမီးရဲ့ ၊ နောက်ပိုင်း… ဒေါ်ရွှေနှင်းဆီရဲ့ အဖေ လူကြီး ရောဂါ နဲ့ ဆုံးပါးသွားသလို သူ့ရဲ့ အမျိုးသားလည်း အရက်သောက်တဲ့ဒဏ်နဲ့ ဦးနှောက်သွေးကြောပြတ်ပြီး ဆုံးခဲ့ရှာတယ်၊ ဒါကြောင့် ဒေါ်ရွှေနှင်းဆီဟာ ဒီအိမ်ကြီးကို ထားရစ်ပြီး ရန်ကုန်မြို့ကို ပြောင်းသွား ခဲ့တာကွဲ့´´
ဒေါ်ရင်မေဟာ သမီး ဖြစ်သူကို ရှင်းပြနေချိန်မှာ ပဲ အပေါ်ထပ်ကနေ ဒေါ်ရွှေနှင်းဆီ ဆင်းလာတယ်။
``စောင့်ရတာ ကြာရောပေါ့ ရင်မေ၊ ငါ ရေချိုးနေလို့ ကြာသွားတာပါကွယ်´´
ဒေါ်ရင်မေက မတ်တတ်ရပ်လိုက်ရင်း…
``မကြာပါဘူး အစ်မကြီးရယ်၊ ဒီမှာ လေး သမီးလေးကို သူ့အဘိုးအကြောင်း ရှင်းပြနေတာ´´
လို့ ပြောလိုက်တယ်။
``ဟင်း… ဟင်း… ဟင်း.. အဘိုးတွေ အကြောင်းပြောရင် ငါတို့အကြောင်းလည်း ပါမှာ ပေါ့ ရင်မေရဲ့ ၊ နင် မှတ်မိလား၊ ငယ်ငယ်က နင် အပြစ်လုပ်လို့ နင့်အဖေက ထမင်းမကျွေးဘဲ ဒဏ်ပေးတာလေ၊ ငါ နင့်ကို ဆွမ်းတော် တင်မယ့်မုန့်တွေ ခိုးပြီး ကျွေးခဲ့ရသေးတယ် မဟုတ်လား´´
ဆိုဖာမှာ ၀င်ထိုင်ရင်း ပြောလိုက်တဲ့ ဒေါ်ရွှေနှင်းဆီရဲ့ အပြောကြောင့် ဒေါ်ရင်မေ ရယ်မောလိုက်မိတယ်။
အိမ်ဖော်မိန်းကလေး လာချပေးတဲ့ အအေးနဲ့ မုန့်တွေ ကို စားသောက်ပြီးခါမှတော့…
``ဒါနဲ့ အစ်မကြီးရဲ့ ကလေးတွေ ရော… မမြင်ပါလား အစ်မကြီး´´
ဒေါ်ရင်မေရဲ့ အမေးကြောင့် ဒေါ်ရွှေနှင်းဆီဟာ သက်ပြင်းရှိုက်ရင်း…
``သမီးအကြီးနဲ့ အလတ်ကောင်လေးက စင်္ကာပူက ရုံးခွဲကိစ္စနဲ့ အဲဒီ ကို ခဏရောက်နေကြတယ်၊ အငယ်ကောင်လေး ကတော့ ရန်ကုန်မှာ ကျန်ခဲ့တယ်လေ၊ မကြာခင် ဒီကို လိုက်လာမှာ ပါ´´
ပြောဆိုရင်း ခေါင်းထဲ မိုက်ခနဲ ဖြစ်သွားတဲ့အတွက် ဒေါ်ရွှေနှင်းဆီဟာ မျက်လုံးမှိတ်ရင်း နားထင်ကို ထောက်လိုက်တယ်။
``အိုး… အစ်မကြီး… အစ်မကြီး ဘာ ဖြစ်လို့လဲ´´
ဒေါ်ရင်မေက ပူပန်စွာ မေးလိုက်မိတယ်။
``အိပ်ရေး ပျက်လို့ ထင်ပါရဲ့ လေ၊ ခေါင်းမူးသွားတာပါ၊ ဘာမှမ ဖြစ်ဘူး စိတ်မပူနဲ့၊ ရင်မေ… ညည်းတို့သားအမိ ညနေစာ စားပြီးမှ ပြန်ရမယ်နော်´´
![]() ကျောက်ကြီးမောင်နှမ | ![]() ဘီလူးနက္ခတ် | ![]() စုန်းတောက်တဲ့ည |