
စုန်းတောက်တဲ့ … ည
ရန်ကုန်မြို့ အစွန်အဖျားရှိ အခြေခံလူတန်းစား ရပ်ကွက်လေးတစ်ခုအတွင်းကို ကာလပေါက်ဈေး သိန်းငါးရာကျော်တဲ့ ဇိမ်ခံကားကြီးတစ်စီးဟာ တရွေ့ရွေ့ မောင်းဝင်သွားတယ်။
ဆင်ခြေဖုံးရပ်ကွက်အတွင်းရှိ လူကြီး၊ ကလေးပါမကျန် ထိုကားကြီးကို တအံ့တသြ ငေးမောကြည့်ကြကုန်တယ်။
ကလေးသူငယ်တွေ က ထိုဇိမ်ခံကားကြီးကို လက်ညှိုးထိုး ငေးကြည့်ရင်း …
“ကားကြီးက မိုက်တယ်ကွာ၊ ဒီကားကြီး ငါတို့လမ်းထဲက ဘယ်အိမ်ကို လာသလဲဆိုတာ လိုက်ကြည့်ကြမယ်ဟေ့”
လို့ တစ်ယောက် တစ်ပေါက် ပြောဆိုပြီး အတိုင်အဖောက်ညီစွာ ထိုကားနောက်က ပြေးလိုက်ကုန်ကြတယ်။
ကားမောင်းသူဟာ လမ်းက ကြမ်းတဲ့အတွက်ရော၊ လူတွေ ကို ရှောင်ရှားရတဲ့အတွက်ပါ ကားကို ဘီးလှိမ့်ရုံလေး လှိမ့်ရင်း ဂရုတစိုက် မောင်းနှင်နေရတယ်။
ကားမောင်းသူဟာ လူရည်သန့်တစ်ဦး ဖြစ်ပြီး ခန့်ညားတဲ့ရုပ်ရည်ကို ပိုင်ဆိုင်သလို၊ တကယ် ဘရမ်းဒ်စစ်တဲ့ သိန်းကျော်တန် ယူ.အက်.အေ ဖြစ် ဝတ်စုံကို ဝတ်ဆင်ထားတယ်။
အသက်အရွယ်အားဖြင့် ထိုလူက လေးဆယ်ဝန်းကျင်ရှိသလို ၄င်းရဲ့ ဘေးမှာ တော့ အသက်ခြောက်ဆယ်အရွယ်ရှိ လူကြီးတစ်ဦး လိုက်ပါလာတယ်။
ထိုကားဟာ အိမ်ဆိုလေးတစ်ဆိုင်ရှေ့ ရပ်တန့်သွားပြီး ကားမောင်းသူက ကားပေါ်က ဆင်းလိုက်တယ်။
“တစ်ဆိတ်လောက်ပါဗျာ၊ ဒီနားမှာ …ပွင့်မော်ဦးဆိုတဲ့ မိန်းကလေးရဲ့ အိမ် ဘယ်မှာ ရှိသလဲဆိုတာ တစ်ဆိတ်လောက် ညွှန်ပေးပါလားဗျာ”
ထိုလူက ယဉ်ကျေးပျူငှာစွာ လှမ်းမေးလိုက်တယ်။
အိမ်ဆိုင်လေးအတွင်းရှိ အဘွားအိုက သူ့ကို အကဲခတ်ရင်း …
“ဘာ … ပွင့်မော်ဦးရဲ့ အိမ် ဟုတ်လား၊ သူက အထည်ချုပ်စက်ရုံမှာ အလုပ်လုပ်တဲ့ အလုပ်သမလေးပဲကွဲ့ … ကဲ … ကဲ …ပြောနေကြာပါတယ် … ဒီအတိုင်းဆက်သွား၊ ဟိုရှေ့ရောက်ရင် လမ်းမီးတိုင်တစ်ခု တွေ့ ရမယ်၊ အဲဒီ လမ်းမီးတိုင်ရှိတဲ့အိမ်က ပွင့်မော်ဦးဆိုတဲ့ ကောင်မလေးရဲ့ နေအိမ်ပဲကွဲ့”
လို့ လှမ်းပြောတယ်။
ကားမောင်းသူက အဘွားအိုကို ကျေးဇူးစကားဆိုပြီး ကားပေါ် ပြန်တက်လိုက်တယ်။
ဝါးငါးရိုက်လောက် အကွာအဝေးရောက်တဲ့အခါ လမ်းမီးတိုင်လေးကို တွေ့ လိုက်ရတယ်။
ကားမောင်းသူက လမ်းမီးတိုင်ရှေ့ ကားရပ်ရင်း မိန်းကလေးရဲ့ နေအိမ်ကို လှမ်းအကဲခတ်လိုက်တယ်။
ယိုရွဲပျက်စီးနေတဲ့ စုတ်ချာလွန်းတဲ့ တဲအိမ်လေးတစ်လုံး။ အကျယ်အဝန်းက ဆယ်ပေပတ်လည်လောက်ပဲ ရှိလိမ့်မယ်။
ဒါကို မြင်တွေ့ သွားတဲ့ ကားမောင်းသူဟာ သက်ပြင်းသဲ့သဲ့ချမိရင်း ကားပေါ်က ဆင်းလိုက်တယ်။
၎င်းနဲ့အတူ ဘေးမှာ လိုက်ပါလာတဲ့ အဘိုးကြီးကပါ ကားပေါ်ကနေ ဆင်းလိုက်တယ်။
“ဟောဒါက ပွင့်မော်ဦးရဲ့ အိမ်ပါလားဗျာ”
ထိုလူက ကျိုးကြေပျက်စီးနေတဲ့ ခြံစည်းရိုးရဲ့ နောက်မှာ ရေခပ်နေတဲ့ လူကြီးတစ်ဦးကို လှမ်းပြီး အသံပြုလိုက်တယ်။
လူကြီးက ရေခပ်နေရာက ရပ်လိုက်ပြီး အံ့အာသင့်ဟန်နဲ့ ခြံစည်းရိုးအနား လျှောက်လာတယ်။
“ဟုတ် … ဟုတ်ပါတယ်ကွယ်၊
ဒါက ကျုပ်ရဲ့ သမီး ပွင့်မော်ဦးရဲ့ အိမ်ပါပဲ၊
ဒါ … ဒါနဲ့ … ဘာအကြောင်းများ ရှိလို့ပါလဲ မောင်ရင်”
ကားမောင်းသူက လူကြီးကို ချိုသာစွာ ပြုံးပြလိုက်တယ်။
“ ဖြစ်နိုင်မယ်ဆိုရင် … ကျွန်တော့်ကို
အိမ်ထဲ ဝင်ခွင့်ပြုပါလား ခင်ဗျာ”
လူကြီးက ၄င်းရဲ့ စကားကြောင့် သူ့ကိုတစ်လှည့် ဇိမ်ခံကားကြီးကိုတစ်လှည့် အကဲခတ်လိုက်တယ်။ ပြီးမှ …
“ရပါတယ် မောင်ရင်ရယ်၊ သမီးလေးလည်း
အိမ်မှာ ရှိနေပါတယ်၊ ဝင်ခဲ့ပါ … ဝင်ခဲ့ပါ”
လို့ ဖိတ်မန္တကပြုရင်း ခြံတံခါးကို ဖွင့်ပေးလိုက် တော့တယ်။ တဲအိမ်လေးရှေ့ရောက်တဲ့အခါ လူကြီးက ၄င်းတို့ကို အားတုံ့အားနာဟန်နဲ့ ကြည့်ပြီး …
“အိမ်ပေါ်ခေါ်ရမှာ အားနာလိုက်တာကွယ်”
လို့ ပြောလာတဲ့အတွက် …
“ရပါတယ် ခင်ဗျာ … ကိစ္စမရှိပါဘူး၊
ကျွန်တော် တို့ ကွပ်ပျစ်မှာ ပဲ ထိုင်လိုက်ပါ့မယ်”
ဧည့်သည်လာမှန်းသိတဲ့အတွက် ပွင့်မော်ဦးက ဖျာလိပ်ယူပြီး ကွပ်ပျစ်ပေါ် ဖြန့်ခင်းလိုက်တယ်။
“သမီးရေ … ဟောဒီ့ဧည့်သည်တွေ က …
သမီးနဲ့ တွေ့ ချင်တယ်တဲ့ကွယ်၊ ထိုင်ပါဦး သမီး”
ဖခင်ရဲ့ စကားကြောင့် အိမ်ထဲပြန်ဝင်ဖို့ ပြင်လိုက်တဲ့ သူမ အံ့အားသင့်သွားမိတယ်။
ကွပ်ပျစ်ပေါ် ထိုင်လိုက်ပြီး နားမလည်နိုင်တဲ့အကြည့်နဲ့ ဧည့်သည်တွေ ကို ကြည့်လိုက်တယ်။
“ကျွန်တော် က သက်နောင်ပါ ခင်ဗျ၊
ဟောဒီက ပွင့်မော်ဦး အလုပ်လုပ်တဲ့
TN အထည်ချုပ်စက်ရုံပိုင်ရှင်ပါ”
ထိုလူရဲ့ အပြောကြောင့် သူမ မျက်လုံးအစုံ ဝိုင်းစက်ပြီး ရှင် … ခနဲ ရေရွက်လိုက်မိတယ်။
“ဟုတ် … ဟုတ်ကဲ့ သူဋ္ဌေး၊ ဘယ်လိုအကြောင်းများ
ရှိလို့ပါလဲရှင်၊ ကျွန်မ အမှားများ လုပ်မိလို့လားဟင်၊
အလုပ်သမပေါင်း ရာချီရှိတဲ့ … TN အထည်ချုပ်စက်ရုံ၊
သူမတို့ နေ့စဉ်ဆက်ဆံရတာ က တွေ နဲ့သာ၊
အလုပ်ဝင်ခဲ့တာ ခြောက်လရှိပေမယ့်
ပိုင်ရှင်သူဋ္ဌေးကို သူမ တစ်ခါမှ မတွေ့ ခဲ့ဘူးပေ”
“သူဋ္ဌေးလို့ မခေါ်ပါနဲ့ ပွင့်မော်၊
ကိုယ်လာတဲ့အကြောင်းက အလုပ်ကိစ္စမဟုတ်ပါဘူး၊
ကိုယ် ပွင့်မော်ကို မေတ္တာရှိနေတဲ့အတွက်
လာရောက်တောင်းရမ်းတာပါ”
ဦးသက်နောင်ရဲ့ စကားကြောင့် သူမ မျက်လုံးပြာဝေမတတ် အကြီးအကျယ် အံ့အားသင့်သွားရှာတယ်။
သူမရဲ့ ဖခင်ကိုယ်တိုင် ပါးစောင်းမှာ ခဲထားတဲ့ ဆေးပေါ့လိပ် ပြုတ်ကျမတတ် အံ့သြသွားရတယ်။
“ဘယ် … ဘယ်လို၊ သူဋ္ဌေးက ကျုပ်ရဲ့ သမီးကို
လာတောင်းရမ်းတယ် ဟုတ်လား”
“ဟုတ်ပါတယ် ခင်ဗျ၊
ကျွန်တော် က မိဘ,မရှိပါဘူး၊
ဟောဒီ ဦးလေးကပဲ ကျွန်တော့် ကို
အုပ်ထိန်းခဲ့တာပါ၊ ပြီးတော့ … ခုချိန်ထိ …
အိမ်ထောင်မပြုရသေးတဲ့ လူပျိုကြီးပါခင်ဗျ၊
အမှန်အတိုင်းပြောရမယ်ဆိုရင် …
စက်ရုံမှာ ပွင့်မော်ကို ကျွန်တော် ဂရုပြုမိခဲ့တာ
သုံးလရှိပါပြီ၊ ကျွန်တော့် ရဲ့ ကမ်းလှမ်းမှု ကို
ဦးတို့အနေနဲ့ အချိန်ယူပြီး စဉ်းစားပေးပါ ခင်ဗျ၊
ကျွန်တော် တစ်ပတ်ပြည့်ရင် … ပြန်လာခဲ့ပါ့မယ်”
အလုပ်သမ တစ်ယောက် ကို သူဋ္ဌေးက အိမ်တိုင်ရာရောက် ကမ်းလှမ်းတဲ့သတင်းဟာ ဆင်ခြေဖုံးရပ်ကွက်တစ်ခုလုံး ပျံနှံ့သွားတယ်။
ဒီသတင်းကြောင့် တချို့က …
“အမယ်လေးတော် … ပိုက်ဆံဝါးလား သူဋ္ဌေးတွေ က
ဒီလို အလုပ်သမကို အတည်ကြံပါ့မလား၊
သစ်ပင်ကောက်တာပဲ မြင်နိုင်တယ်၊
ယောက်ျားတွေ ရဲ့ စိတ်ကို မသိနိုင်ဘူး၊
ငါ တွေးကြည့်ရင် ပြေးကြည့်တာထက်
သေချာတယ်အေ့၊ သူဋ္ဌေးက သူ့ကို
ဘယ်နှယောက် မြောက်တဲ့ မယားငယ်လုပ်ဖို့လဲမှ
မသိတာ”
လို့ ပြောကြသလို …
“ဘာပဲ ဖြစ် ဖြစ်ပါဟာ … ငါတို့ ရပ်ကွက်က မိန်းမပျိုကို
သူဋ္ဌေးက တော် ကောက်တဲ့ကိစ္စပဲ
ရပ်ကွက်အတွက် ဂုဏ်တက်ပါတယ်၊
ဒါပေမယ့် … ဒီသူဋ္ဌေး မကောင်းရင်တော့
ငါတို့ရပ်ကွက်က မိန်းမပျိုရဲ့ ဘဝက
မတွေးဝံ့စရာပဲဟေ့၊ ရင်လေးမိတယ်ကွာ”
လို့ လိုသူနဲ့မလိုသူတွေ က အမျိုးမျိုး အတင်းအဖျင်း ဆိုကြကုန်တယ်။
ဒါတွေ ကို ပြန်ကြားသိတဲ့ ပွင့်မော်ဦးဟာ …
“ဘယ်လိုလုပ်မလဲ အဖေရယ်၊ လမ်းထဲမှာ ရော၊
ဈေးထဲမှာ ပါ ပွင့်မော်ကို သူဋ္ဌေး လာတောင်းရမ်းတဲ့
အကြောင်းချည်း ပြောနေကြတယ်၊
လူဆယ်ယောက် မှာ ခြောက်ယောက် က
မလိုသလို ပြောနေကြတယ် အဖေရဲ့ ၊
ပွင့်မော်ရှက်တယ် အဖေရယ်”
လို့စိတ်ရှုပ်ထွေးဟန်နဲ့ ပြောလိုက်တယ်။
သူမရဲ့ ဖခင် ဖြစ်တဲ့ ဦးပွင့်က သက်ပြင်းကို ဟင်း … ခနဲချလိုက်ရင်း …
“ဒီမယ် ငါ့သမီးရဲ့ … ခုဆို …
သမီးရဲ့ မိခင် ဆုံးပါးခဲ့တာ ဆယ်နှစ် ကြာခဲ့ပြီ၊
အဖေကလည်း ဇရာထောက်လာတဲ့အတွက်
သားသမီးသုံးယောက် ကို ပြည့်စုံအောင်
မထောက်ပံ့နိုင်ခဲ့ဘူး၊ အဖေ့ရဲ့ မနက်ပိုင်း
သတင်းစာပို့တဲ့ အလုပ်လေးပဲရှိတာပါ သမီးရယ်၊
ငါ့သမီးက အကြီးဆုံးကွဲ့၊
သမီးရဲ့ အထည်ချုပ်မှာ ဝင်လုပ်တဲ့
လစာလေးကြောင့် … သမီးရဲ့
မောင်လေးနဲ့ညီမလေးဟာ
ကျောင်းဆက်တက်နိုင်ခဲ့တာပါ သမီးကြီးရယ်၊
အဖေပြောပြမယ် သမီးကြီး၊
လောကမှာ … မိန်းမ တစ်ယောက် ရဲ့ ကျက်သရေဟာ
ရုပ်အဆင်း လှပခြင်း ဖြစ်သလို၊
တင့်တယ်တဲ့ မင်္ဂလာပွဲဟာလည်း …
မိန်းမ တစ်ယောက် အတွက် ကျက်သရေပါပဲ
သမီးကြီး၊ မလိုတမာ … လို၊ သကာလို
ပတ်ဝန်းကျင်ကို ငါ့သမီးကြီး
ထည့်မစဉ်းစားသင့်ဘူးကွဲ့၊ မောင်သက်နောင်ဟာ …
လူချမ်းသာတစ်ဦး ဖြစ်လာမယ့်
လူ့ယဉ်ကျေးမှု အပြည့်ရှိသလို၊
အတန်းအစားခွဲခြားတတ်တဲ့ လူစားဆိုတာ
တစ်ကြိမ်မြင်တာနဲ့ အဖေ နားလည်တယ်
သမီးကြီး၊လောကမှာ ရေမြင့်ရင် ကြာမြင့်တယ် သမီး။
ဒါကြောင့် … ငါ့သမီးကြီးရဲ့ အိမ်ထောင်ရေး ကို
မောင်ငယ်၊ နှမငယ်လေးတွေ အတွက်
တွေးပေးပါလို့ အဖေ တောင်းဆိုချင်ပါတယ်
သမီးကြီးရယ်၊ အဖေက အသက်ကြီးလှပါပြီကွယ်၊
နောင်နေရမှ သုံးနှစ် ပေါ့ သမီးကြီး”
လို့ ဖျောင်းဖျ နားသွင်းစကားဆိုလိုက်တယ်။
ဖခင်ရဲ့ အပြောကြောင့် သူမ အချိန်ကြာမြင့်စွာ တွေးတောနေမိတယ်။ အတန်ကြာမှ …
“မှန်ပါတယ် အဖေရယ်၊
အဖေပြောတဲ့ သမီးအနေနဲ့
အငယ်နှစ် ယောက် ကို ငဲ့ညှာရမယ့်ကိစ္စက
ဟုတ်ပါတယ်၊ ဒါ … ဒါပေမဲ့ … အဖေရယ်
သ … သမီးမှာ ချစ်သူရှိတာ
အဖေသိသားပဲ၊ မောင်မောင့်ကို
သမီး ဘယ်လိုရှင်းပြရမလဲ အဖေ၊
သမီးလည်း ကိုယ့်မိသားစုဘဝ
လုံးဝပြောင်းလဲမယ့်ကိစ္စကို၊
လုပ်ပေးချင်ပါတယ် အဖေရယ်၊
ဒါ … ဒါပေမဲ့ … ဦးသက်နောင်ကို
သမီးမှမချစ်ဘဲ အဖေ၊ အဖေ စိတ်မဆိုးပါနဲ့နော်”
ဦးပွင့်က သူမကို စိုက်ကြည့်ရင်း ယဲ့ယဲ့လေး ပြုံးလိုက်တယ်။
“အဲဒါပဲ သမီးကြီး၊ လောကမှာ
လူတွေ ဟာ … ဝမ်းစာအတွက်ရော၊
ကိုယ်ရေး ကိုယ်တာ ကိစ္စအတွက်ပါ၊
အမြဲတမ်း ဘဝတိုက်ပွဲဆိုတာတွေ
ရှိတယ်ကွဲ့၊ အခု … ငါ့သမီးကြီးက
တိုက်ပွဲဆိုရင် မမှားသလို၊
ဘဝအတွက် လွန်ဆွဲပွဲကြီးတစ်ခုကို
ဆုံးဖြတ်ချက်ချရတော့မယ်၊ ငါ့သမီးကြီးရယ် …
အဖေ ဘာမှမပြောချင်တော့ပါဘူး၊
နောက်ဆုံးတစ်ခုပါပဲ သမီးကြီး၊
နှလုံးသားနဲ့ဘဝ … သမီးကြီး
ကြိုက်တဲ့လမ်းကို ခေါင်းအေးအေးထားပြီး
ရွေးချယ်ပါ၊ ငါ့သမီးက ကာယကံရှင်ပါကွယ်၊
အဖေ တစ်ယောက် အနေနဲ့ ဘာတစ်ခုမှ
အဖေဟာ မတရားမလုပ်ဘူး သမီးကြီး၊
ဒါပါပဲကွယ်”
ဦးပွင့်ဟာ ထိုသို့ ပြောရင်း ထိုင်ရာက ထရပ်လိုက်တယ်။
ပွင့်မော်ဦး တစ်ယောက် မျက်ရည်စို့တဲ့ မျက်ဝန်းနဲ့ဖခင်ရဲ့ ကျောကို ငေးကြည့်ရင်း …
“နေပါဦး အဖေ … အဖေဟာ
ဖခင် တစ်ယောက် နဲ့မတူဘဲ မိခင် တစ်ယောက် လို
သားသမီးတွေ ကို အုပ်ချုပ်ခဲ့တယ်၊ အဖေရယ် …
ကိုယ့်မိသားစုရဲ့ ဘဝကို နားလည်နေတဲ့
သမီးကြီး တစ်ယောက် က …
မိသားစု ဒုက္ခပင်လယ်ထပ်ဝေမယ့်ကိစ္စမျိုး
ဘယ်တော့မှ မလုပ်ဝံ့ပါဘူး၊
အဖေက စဉ်းစားတိုင်း … ရွေးချယ်ခိုင်းပေမယ့်
ပွင့်မော်အတွက် ရွေးစရာလမ်းမရှိပါဘူး
အဖေရယ်၊ အဖေ့ရဲ့ ဆန္ဒက ပွင့်မော်ရဲ့ ဆန္ဒပါပဲ၊
အဖေ စိတ်မကောင်းမ ဖြစ်ပါနဲ့နော်”
ဘာတွေ ဖြစ်နေတာလဲ မဦး …
မဦး … ဘာတွေ လုပ်နေတာလဲဗျာ၊
တကယ်စိတ်ပျက်ဖို့ကောင်းတယ်ကွာ၊
မောင့်နားထဲမှာ မဆန့်တော့ဘူး မဦးရဲ့ ၊
ပတ်ဝန်းကျင်က မဦးနဲ့ ပတ်သက်တဲ့
အကြောင်းတွေ ပြောနေကြတာ … တကယ်လားဟင်”
ညောင်မုတ်ဆိတ်ပင်ကြီးအောက် ချစ်ဦးသူမောင်မောင်က သူမရဲ့ ပခုံးကို ဆွဲကိုင်လှုပ်ယမ်းမေးလာတယ်။
သူမဟာ သက်ပြင်းသဲ့သဲ့ချမိရင်း အဝေးကို ရီဝေစွာ ငေးကြည့်လိုက်တယ်။
“ဟုတ်တယ် မောင်၊ မဦး အထည်ချုပ်စက်ရုံပိုင်ရှင်
ဦးသက်နောင်နဲ့ လက်ထပ်ရလိမ့်မယ်၊
ပတ်ဝန်းကျင်ကို မဦး စိတ်မဝင်စားဘူး၊
ဒါပေမဲ့ … မဦး အခုပြောတဲ့ကိစ္စက
တကယ်ပဲ မောင်၊ မဦးကို နားလည်ပေးပါနော်”
သူမရဲ့ အပြောကြောင့် မောင်မောင် တစ်ယောက် အကြီးအကျယ် ပေါက်ကွဲသွားတယ်။
“ဘာ … ဘာ … နားလည်ပေးရမယ် ဟုတ်လား မဦး၊
မ ဖြစ်နိုင်ဘူး၊ လုံးဝ မ ဖြစ်နိုင်ဘူးဗျာ၊
ချစ်သူအားလုံးရဲ့ ပန်းတိုင်က
လက်ထပ်ခြင်းပဲ မဦး၊ မောင်က ပန်းတိုင်မရောက်ခင်
လမ်းခုလတ်မှာ ပဲ မဦးကို လက်လျော့အရှုံးပေးပြီး
တပ်ခေါက်ပြန်ရမှာ လားဗျာ၊ လုံးဝမ ဖြစ်နိုင်ဘူး မဦး”
“မဟုတ်ဘူး မောင်ရယ်၊
မဦးလည်း မောင့်ကို ဘယ်လောက်ထိ
ချစ်သလဲဆိုတာ မောင်အသိပါပဲ၊
မဦးတို့နဲ့ ချစ်သူသက်တမ်းဟာ
ခြောက်နှစ် လောက် ရှိနေပါပြီ မောင်ရယ်၊
ဒါပေမဲ့ … မဦးက အကြီးဆုံးသမီးပါ မောင်၊
မဦး အတ္တမကြီးနိုင်ဘူး၊ အငယ်တွေ အတွက် မဦး
လုပ်သင့်တဲ့ လမ်းကိုပဲ ရွေးရမှာ ပဲ မောင်ရယ်၊
နားလည်မှု ပေးပြီး လမ်းခွဲကြရအောင်နော်”
ပွင့်မော်ဦးရဲ့ အပြောကြောင့် မောင်မောင် တစ်ယောက် ယမ်းပုံမီးကျမတတ် ပေါက်ကွဲသွားတယ်။
“ပြောရက်လှချည်လား မဦးရယ်၊
မဦးက ကိုယ့်မိသားစုအတွက်
ကိုယ့်ရဲ့ နှလုံးသားကို စတေးတော့မှာ ပေါ့၊
မဟုတ်ဘူး … လုံးဝ လက်မခံနိုင်ဘူး၊
ဒါတွေ က … ခေတ်ဟောင်းရုပ်ရှင်တွေ ,
မြန်မာဗီဒီယိုဇာတ်လမ်းတွေ ထဲမှာ ပဲ
ရှိတာပါ မဦး၊ သေချာစဉ်းစားကြည့်စမ်းပါ၊
ကိုယ်မချစ်တဲ့ လူကြီးကို မိသားစုကြောင့်
ယူပြီးရင် ရွှေဘုံပေါ်တော့ မဦး ရောက်သွားမှာ ပါ၊
ဒါပေမဲ့ … မဦးဟာ ရွှေဘုံပေါ်မှာ အသက်မဲ့တဲ့
ရွှေစင်ရုပ်တစ်ရုပ် ဖြစ်သွားလိမ့်မယ်၊ ဒါကို …
မဦးအနေနဲ့ အလေးအနက် စဉ်းစားသင့်တယ်ဗျာ”
မောင်မောင်ဟာ မရပ်မနားပြောရင်း တံတွေးကို မျိုချလိုက်တယ်။ ပြီးမှ … ခါးထောက် သက်ပြင်းချရင်း …
“ကောင်းပြီ မဦး၊ မောင်က
မဦးကို အသက်ထက် ပိုချစ်တဲ့ လူပါကွာ၊
ခုချိန်မှာ … မဦး ခေါင်းတွေ သိပ်ပူနေလောက်ပြီ၊
မောင်ချစ်တဲ့မိန်းမကို ဘာဖိအားမှ
မောင်မပေးချင်ဘူး၊ ဒါ့ကြောင့် … မဦး
သေချာစဉ်းစားပါ၊ ဟောဒီ့နေရာမှာ ပဲ လာမယ့်
လပြည့်နေ့ရောက်ရင် မောင်တို့ ပြန်ဆုံကြတာပေါ့၊
မောင်သွားပြီ မဦး”
လို့ ပြောဆိုပြီး ချာခနဲ လှည့်ထွက်သွားတော့တယ်။
ပွင့်မော်ဦး တစ်ယောက် ချစ်ဦးသူရဲ့ ကျောပြင်ကို ငေးကြည့်ရင်း မျက်ရည်ပေါက်ခနဲ ကျမိတယ်။
မောင်မောင် တစ်ယောက် ယောက်ျားတို့ရဲ့ ထုံးစံအတိုင်း အသဲကွဲဝေဒနာကို ခဏတာဖြေဖျောက်ဖို့အတွက် လမ်းထိပ်ဘီယာဆိုင်မှာ ထိုင်လိုက်မိတယ်။
စည်လေးဂျားကုန်တဲ့အထိ ရင်ထဲမှာ ပွင့်မော်ဦးရဲ့ မျက်နှာကို မြင်နေမိတဲ့အတွက် နောက်ထပ် နှစ် ဂျားနဲ့အတူ အာလူးကြော်ကိုပါ ထပ်မှာ လိုက်တယ်။
“ဟေ့ … မင်း … မောင်မောင်
မဟုတ်လားကွ … ဟေ”
ရုတ်တရက် ပခုံးပုတ်ရင်း အမေးခံလိုက်ရတာ ကြောင့် ရီဝေနေတဲ့ မျက်ခွံကို အားယူပြီး မော်ကြည့်လိုက်မိတယ်။
ရှပ်အင်္ကျီနဲ့ ကချင်လုံချည်ကို အနက်ရောင် ထက်အောက် ဆင်တူဝတ်ထားတဲ့ အသက်လေးဆယ်ကျော် လူကြီး တစ်ယောက် ။
သူ ခေါင်းခါယမ်းလိုက်ရင်း …
“ဘယ်သူလဲဗျာ၊
ခင်ဗျားကို ကျုပ် မသိဘူး၊
ဟုတ်တယ် ကျုပ် မောင်မောင်ပဲဗျ … အေ့”
လို့ ဖြေလိုက်တဲ့အခါ လူကြီးက သူ့ဘေး ပလတ်စတစ်ခုံကို ဆွဲရင်း ဝင်ထိုင်လိုက်တယ်။
ဒါကြောင့် နှုတ်ခမ်းမွှေးစစရှိတဲ့လူကြီးရဲ့ မျက်နှာကို သူဟာ အနီးကပ် မြင်လိုက်ရတယ်။
လူကြီးက ဘေးလွယ်အိတ်ကြီးကို စားပွဲပေါ်တင်လိုက်ရင်း …
“သြော် … သုံးနှစ် ဆိုတဲ့ကာလမှာ …
လူတွေ က အရာအားလုံး
ပြောင်းလဲသွားနိုင်တာပဲ၊
လူကောင်းက လူမကောင်း ဖြစ်သွားရှာတယ်၊
ဟန်ကျသကွာ … ဟေ … ဟေ့”
“ဘာဗျ … ခင်ဗျားကြီးက
ကျုပ်ကို သက်သက်မဲ့လာပြီး
စော်ကားနေတာလား၊
ကျုပ်က လူကောင်းဗျ၊
ဘာမှမကောင်းစရာမရှိဘူး၊
ဘာလဲ … ထုံးစံအတိုင်း ဘီယာသောက်ချင်လို့၊
စကားဝင်ရောပြီး အလကား သောက်မလို့လား၊
လုံးဝမရဘူး၊ ကျုပ်တောင် ငွေမရှိဘူး၊
ဂိုးတော့ဗျာ ခင်ဗျားကြီး”
မောင်မောင်ရဲ့ အပြောကြောင့် လူကြီးက ပြုံးကြည့်ရင်း ခေါင်းဆတ်ခနဲ ညိတ်လိုက်တယ်။
“ဟုတ်ပါပြီကွာ၊
ငါ့ကို ဘီယာမတိုက်ချင်လည်း နေပါကွ၊
ဒါနဲ့ … မင်းက ငွေမရှိဘဲ
ဘီယာဖိုး ဘယ်လိုရှင်းမလဲ၊
ပြောစမ်းပါဦးကွ”
မောင်မောင်က လက်ကျန်ဘီယာကို ဂွပ်ခနဲ မော့ချလိုက်ရင်း …
“ကျုပ် … ကျုပ် အကြီးကြီးကွဲနေတယ်ဗျ၊
ကျုပ် သေချင်လောက်အောင် စိတ်ညစ်တယ်၊
ကျုပ်မှာ ငွေမရှိဘူး၊ ဒါ … ဒါပေမဲ့ …
အေ့ … မိန်းမယူဖို့ စုထားတဲ့ စုဘူး
ဖောက်ပစ်လိုက်ပြီ၊
ဟာဟ … ကျုပ်အတွက် လောကမှာ
ဘီယာကလွဲရင် ဘာမှမရှိတော့ဘူးဗျာ …
ဟား … ဟား … ဟား”
လို့ ရယ်သံကြီးနဲ့ မျက်ရည်ပေါက်ခနဲကျသွားတဲ့ မောင်မောင့်ကို ကြည့်ပြီး လူကြီးက သက်ပြင်းချမိတယ်။
“ ဖြစ်ရလေ မောင်မောင်ရာ၊
မိန်းမဆိုတာ ယောက်ျားတွေ အတွက်
လိုအပ်ချက် ဖြစ်ပေမယ့် … မင်း
သိပ်ကို အသည်းနုလွန်းပါလားကွ၊
မင်း သိပ်ခံစားနေရပြီ၊
ငါ့ကို ရင်ဖွင့်လိုက်စမ်းကွာ၊
ငါ မင်းကို ဘီယာတိုက်ရုံတင်မကဘူး
တစ်ညလုံး မင်း ရင်ဖွင့်သမျှ
ထိုင်နားထောင်ပေးမယ်၊
ဟုတ်လားကွ”
လူကြီးရဲ့ စကားကြောင့် မောင်မောင် တစ်ယောက် ခေါင်းထောင်လာတယ်။
“ဘာ … ဘာဗျ၊
ကျုပ်ကို ဘီယာတိုက်ပြီး …
ကျုပ်ရဲ့ ရင်ကွဲဇာတ်လမ်းကို
နားထောင်ပေးမယ် ဟုတ်လား၊
ဟား … ကြားရတာ နားတောင်မယုံနိုင်ဘူး၊
ခင်ဗျားဟာ …
သိကြားမင်းကြီး မိုးပေါ်က ကျလာသလိုပါပဲ၊
ကဲ … ကဲ … ကျုပ်ပြောပြီ သိကြာမင်းကြီးရေ၊
ရင်ဘတ်ကြီး ဖွင့်ပြီးသာ နားထောင်ပေတော့”
![]() ကုတင်နံပါတ် (၃၁) | ![]() ခတ်ဆေး | ![]() ကျောက်ကြီးမောင်နှမ |