Cover

အပိုင်း (၁)

ဒုတိယစစ်ကြီးပြီးစကာလ

မန္တလေးထောင်ဘူးအတွင်း

“ပုံစံကျကျ” …

ခက်ထန်မာကျောလှသော အသံကြီးကြောင့် လူနှစ် ဆယ်ကျော်မျှရှိသော လူအုပ်ကြီးမှာ ဆတ်ခနဲ ထိုင်ချလိုက်သည်။

လူအုပ်ကြီးထဲ တယောက် အပါအ၀င် ဖြစ်သော မင်းဝေဟာ အသံကြီးကြောင့် ဘာလုပ်ရမှန်းမသိအောင် ဖြစ်သွားတယ်။

ဒီအချိန်မှာ ပဲ အနားမှာ ထိုင်နေတဲ့သူက သူ့လက်ကို ဆောင့်ဆွဲပြီး ထိုင်ခိုင်းတယ်။

မင်းဝေလည်း ဟိုလူထိုင်နည်းအတိုင်း လက်နှစ် ဖက်ကို ဇာတ်ပိုးပေါ်တင်ပြီး ခေါင်းငုံ့ဆောင့်ကြောင့် ထိုင်လိုက်သည်။

လွန်စွာ ပြင်းထန်လှသော ဖိနပ်သံနှင့် အတူ ထောင်မှူးကြီးနဲ့ တုတ်ကိုင် ဗာရာကြီးဟာ ပုံစံထိုင်တွေ ကို တဦးချင်းလိုက်ကြည့်တယ်။

ပုံစံကျမကျ…လိုက်လံစစ်ဆေးတယ်။

ခေါင်းငုံ့ထားတဲ့ မင်းဝေရှေ့ရောက်တဲ့အခါ တုတ်ကိုင်ဘာယာကြီးရဲ့ ခြေလှမ်းတုံ့သွား တယ်။

မင်းဝေရဲ့ မေးစေ့ကို သူ့လက်ကတုတ်ကြီးနဲ့ ဆတ်ခနဲ ဆွဲမော့လိုက်တယ်။

“ဘာအမှု လဲ”…

ဘာယာကြီးရဲ့ မာထန်တဲ့ မျက်နှာနဲ့ ပြတ်သားတဲ့အမေးကြောင့် မင်းဝေဟာ ကဗျာကယာ အမူအရာနဲ့ …

“လူသတ်မှု ပါခင်ဗျာ”…

လို့ဖြေလိုက်တယ်။

ဒီအခါမှာ ဘယာကြီးရဲ့ တုတ်က သူ့လက်မောင်းပေါ် “ဘုန်း”…ကနဲ ကျလာပြီး…

“ဒါထောင်ကွ…မင်းအမေ့အိမ်မဟုတ်ဘူး၊ လိုရင်း ကိုဖြေ၊ ဘာအမှု လဲ…လူသတ်မှု ဒါဘဲ၊ လျှာမရှည်နဲ့ ”

လို့အသံမာကြီးနဲ့ အော်ငေါက်ပြန်တယ်။

တုတ်ကိုင်ဘာယာကြီးဟာ မင်းဝေကို မာန်မဲပြီး ဆက်လျှောက်သွားတယ်။

“လက်ကောက်ပါသလား…ထစမ်းဟေ့”

ဘာယာကြီးရဲ့ ဒုတိယမြောက် အော်ငေါက်သံနဲ့ အတူ အုပ်ထဲမှ အလျှိလျှိထရပ်ကြတယ်။

“မင်းတို့လက်ကောက်တွေ ဘေးထွက်နေ၊ မျက်နှာရင်းတွေ ချည်းပါလား၊ ထောင်ထဲမှာ ပျော်တယ်ထင်တယ်”

ဘာယာကြီးရဲ့ အော်သံကြောင့် မတ်တပ်ရပ်နေတဲ့သူတွေ ဟာ ပြိုင်တူ…

“ပျော်ပါတယ်”

လို့ခပ်ပြတ်ပြတ်ဖြေလိုက်တဲ့အခါ ဘာယာကြီးက တုတ်ကို ဟန်တပြင်ပြင်ကိုင်ရင်း…

“အေးကောင်းတယ်၊ ထောင်ပျော်တွေ ဆို ကြိုက်တယ်၊ ဒို့လည်း ထောင်ပျော်တွေ ပဲ”

ဘာယာကြီးရဲ့ မာကြောခက်ထန်တဲ့ အသံကြီးအဆုံးမှာ တော့ သူတို့အားလုံးကို အခန်းတခုထဲသွင်းလိုက်တယ်။

မင်းဝေဟာ နဘေးကလူကို အသာလက်ကုတ်ရင်း …

“ဘာလုပ်အုံးမှာ လဲဗျ”

လို့မေးလိုက်တဲ့အခါ ထိုလူကလေသံတိုးတိုးနဲ့ …

“တလာစီမှာ လေဗျာ၊ ဘာလုပ်မယ်ဆိုတာ အထဲရောက်ရင် ခင်ဗျားသိလိမ့်မယ်”

လို့ပြောတယ်။

တာဝန်ကျ တလာစီတွေ က သူတု့အားလုံးကို အ၀တ်အစား ချွတ်ခိုင်းတယ်၊ အားလုံး..အ၀တ်အစားဗလာကျင်းလျက်…

မိမွေးတိုင်း ဖမွေးတိုင်း အနေအထားလေနဲ့ …သူတို့ကို အနေအထားအမျိုးမျိုးနဲ့ အသေအချာ စစ်ဆေးတယ်။

ရှာဖွေစစ်ဆေးမှု ပြီးတော့မှ သူတို့အားလုံးကို အချုပ်ဆောင်ဘက် ခေါ်သွားတယ်။

သူတို့ဟာ နှစ် ယောက် တတွဲ စီတွဲ လျက် ခေါင်းငုံ့အနေထားတဲ့ တန်းစီ လိုက်သွားရတယ်။

ခုနက တုတ်ကိုင်ဆရာကြီး က အချုပ်ဆောင် ဗာရာထံ သူတို့ကို လွှဲပြောင်းပေးလိုက်တယ်။

သူတို့အားလုံး အချုပ်ဆောင်ရှေ့ပုံစံ ထိုင်နေရပြန်တယ်။

ဒီအချိန်မှာ ပဲ အချုပ်ဆောင်ဗာရာကြီးထံမှ…

“ပါတဲ့လူတွေ ဘေးထွက်…”

ဆိုတဲ့ဟိန်းဟောက်သံကျယ်ကြီး ကြားလိုက်ရတယ်။

လူအုပ်ထဲက လူတချို့ဟာ အစုထဲက ထွက်ပြီး ဘေးထွက်ထိုင်ကြတယ်။

မင်းဝေဟာ ဘာယာကြီးပြောတဲ့ စကားကို နားမလည်တာကြောင့် တောင်ကြည့်မြောက်ကြည့် လုပ်နေမိတယ်။

ဒီအခါမှာ နဘေးကလူက မင်းဝေရဲ့ လက်ကို ဆတ်ခနဲဆွဲပြီး ဘေးထွက်လိုက်တယ်။

အစုနှစ် စု ကွဲသွားပြီ။

အချုပ်ထောင် ဗာရာကြီးက ကျန်လူများ ဘက် လှည့်ပြီး မျက်နှာတင်းတင်းနဲ့ …

“နှမပေးတွေ …မင်းတို့ အမေ့လင်ကိုတောင် သတိမရဘဲ ထောင်ထဲလာတဲ့ကောင်တွေ ၊ ပုံစံပြရသေးတာပေါ့ကွာ”

လို့အော်ငေါက်ပြီး လက်ကိုင်တုတ်ကြီးနဲ့ တအားလွှဲရိုက်တယ်။

အရိုက်ခံရတဲ့ လူတွေ ဟာ ကျောကော့၊ ခါးစောင်း၊ လက်ကာ ပုံစံအမျိုးမျိုးနဲ့ မရှုမလှကော့လန်ကား ဖြစ်ရရှာတယ်။

ဘာယာကြီးဟာ အားရအောင်ရိုက်နှက်ပြီးတော့မှ အားလုံးကို အချုပ်ဆောင်ထဲ သွင်းလိုက်တယ်။

မင်းဝေဟာ အချုပ်ဆောင်ရဲ့ ထောင့်တနေရာမှာ ရင်မောစွာ နဲ့ ထိုင်ချလိုက်တယ်။

ခုနကလူကလည်း သူ့ဘေးမှာ လာထိုင်တယ်။

မင်းဝေက ထိုလူ့ဘက်လှည့်ပြီး …

“ကျေးဇူးတင်းလိုက်တာဗျာ၊ ခုနက ခင်ဗျားသာ ဆွဲမထုတ်ခဲ့ရင် ကျုပ်လည်း ဟိုလူတွေ လို ကျောကော့ပြီပဲ၊ ဒါနဲ့ အဲ့ဒါက ဘာလို့ရိုက်တာလဲ”

လို့မေးလိုက်တဲ့အခါ ထိုလူက ရယ်ကျဲကျဲ အမူအရာနဲ့ …

“ထောင်ထဲလာခဲ့ရင်၊ အချုပ်ဆောင် ဗာရာကြီးအတွက် အနည်းဆုံးငွေ သုံးကျပ်တော့ ပါရမယ်ဗျ၊ မပါရင်တော့ ကော့လန်ကားဖို့သာ ပြင်ပေတာ့၊ ကျုပ်က ထောင်သုံးခါကျဖူးတယ်”

“ဒါကြောင့် ရေပါတယ်ဗျ”

လို့ဖြေတယ်။

မင်းဝေက ထိုလူကို မယုံသလို စူးစိုက်ကြည့်ရင်း…

“ခင်ဗျားကရော … ကျုပ်တို့ အားလုံးရော လက်ဗလာနဲ့ ရောက်လာကြတာ၊ ဘာငွေစမှ မတွေ့ ရပါလားဗျာ”

လို့မေးတယ်။

ထိုလူက မင်းဝေကို လက်ကာပြရင်း…

“ခင်ဗျားမေးတာကို အခုမဖြေနိုင်သေးဘူး၊ ကျုပ်အီးပါပြီးမှ ပြောမယ်၊ ကျုပ်နာမည် က ပေသီး၊ ခါးမှု နဲ့ အချုပ်ကျတာ”

လို့ပြောတဲ့အခါ မင်းဝေက…

“ကျွန်တော့် နာမည် မင်းဝေပါ၊ အမှု ကတော့ လူသတ်မှု ”

လို့ပြောလိုက်တယ်။

ပေသီးက မင်းဝေကို မျက်ခုံးပင့်ကြည့်ရင်း

“ကိုယ့်လူက လူတောင်သတ်ခဲ့တယ်ဆိုတော့ ၊ အတော် သတ္တိကောင်းမှာ ပဲနော်၊ ကိုယ့်လူကြည့်ရတာ အချုပ်ထဲ ခုမှရောက်ဖူးတဲ့ ဖ၇က်ရှာ ဖြစ်မယ်”

လို့ပြောပြန်တယ်။

“ဘာလဲဗျာ…ဖရက်ရှာ”

မင်းဝေရဲ့ အမေးကို ပေသီးက သူပခုံးကို ဖက်ရင်း…

“ဟား…ဟား…၊ ကိုယ့်လူက တယ်ဝေးတာကိုး၊ ဖရက်ရှာဆိုတာ…အသစ်…အတွေ့ အကြုံ မရှိသေးတဲ့ လူသစ်ကိုပြောတာဗျ၊ ခင်ဗျားကိုကြည့်ရတာ လူသတ်မှု သာဆိုတယ်၊ အူတူတူ အတတနဲ့ ၊ ဒါကိုသိလို့လည်း ဘူးကြီးအ၀င်မှာ ခင်ဗျားကို ကူညီပေးခဲ့တာ”

လို့ပြောတယ်။

ဒီအချိန်မှာ လည်း လေးလုံးမကွဲသော အသံကြီးတသံ ကြားလိုက်ရတယ်။

အသံကြီးကြောင့် အချုပ်ဆောင်တွင်းရှိလူတွေ ဟာ ၀ရုန်းသုန်းကား ဖြစ်ပြီး၊ ပန်းကန်ခွက်သံတွေ ဆူညံသွားတယ်။

ပေသီးက ငေးကြောင်ကြောင် ဖြစ်နေတဲ့ မင်းဝေကို လှမ်းပြီး…

“ငိုင်မနေနဲ့ ကိုယ့်လူ၊ ငတ်သွားလိမ့်မယ်၊…ခုနက အသံက“”ထမင်းဆွဲမယ်…ထမင်းဆွဲကြမယ်ဟေ့လို့” အော်နေတာဗျ၊ ထမင်းစားချိန်ရောက်ပြီလေ၊ ကျုပ်တို့လည်း ထောင်ပါးမ၀ခင် ဒီလိုပဲ၊ ဟဲ..ဟဲ…ကြာတော့လည်း ထောင်ထဲမှာ နေရတာ ပျော်လာတယ်ဗျ…အချိန်တန် စားလိုက်…အိပ်လိုက်နဲ့ လောကနိဗ္ဗာန်ပါပဲ”

လို့အရွှန်းဖောက်စကားဆိုတယ်။

မင်းဝေလည်း အချုပ်သားများ နည်းတူ ဒန်ပန်းကန်ပြား တချပ်ဆွဲပြီး သူတို့နောက် လိုက်ခဲ့တယ်။

♥ ♥ ♥


အပိုင်း (၂)

မင်းဝေဘာတွေ ကြုံရဦးမှာ လဲ ?

တန်းစီးမြမောင်…

“အုန်း”…ကနဲ

“ဒုန်းကနဲ” အသံတွေ ကြောင့် … အချုပ်ဆောင်ထောင့်မှာ ထိုင်နေတဲ့ မင်းဝေဟာ ဆတ်ခနဲ ခေါင်းမော့ကြည့်လိုက်တယ်။

“ငါ့နာမည် တန်းစီးမြမောင်၊ မှတ်ထားကြ၊ …ဒီနေရာကို လာပြီး တန်းစီးမြမောင်အတွက် မပါရင် ဒီလိုလုပ်တယ်ကွ”

“အုန်း”…“ဒုန်း”…“ဒုန်း”…

လက်ကိုင်တုတ်ကြီး ဝှေ့ရမ်းရင်း ရိုက်နှက်ကန်ကျောက်နေတဲ့ လူဝကြီးတယောက် …လူဝကြီးဟာတဖြည်းဖြည်းမင်းဝေတို့ အနားရောက်လာပြီ။

ပေသီးရဲ့ အနားရောက်တော့ လူဝကြီးက ဆောင့်ကန်ဖို့ ခြေကိုမြှော က်လိုက်တယ်။

ပေသီးက ကမန်းကတန်း လက်ကာရင်း …

“ဟိုး…ဟိုး..၊ တန်းစီးကြီးအတွက်ပါ ပါတယ်၊ခင်ဗျ ရော့ပါ”

ဆိုပြီး ငွေတဆယ်ကို ထုတ်ပေးတယ်။

“ဟောဒါက ကျွန်တော် မောင်ပေသီးနဲ့ ဟောဒီမောင်မင်းဝေအတွက်ပါ တန်းစီး”

ပေသီးရဲ့ စကားနဲ့ အတူ တန်းစီး မြမောင်ဟာ ငွေတဆယ်ကို ဆတ်ခနဲယူပြီး လွန်စွာ သဘောကျတဲ့ မျက်နှာနဲ့ ပြုံးပြတယ်။

“ဟဲ…ဟဲ ကောင်လေးတွေ မြမောင်ကို သိတတ်တယ်၊ လိုအပ်တာရှိရင်ပြော… မြမောင်အားလုံးကူညီမယ်”

တန်းစီးမြမောင်ဟာ ပြုံးဖြီးဖြီးနဲ့ မျက်နှာနဲ့ ပြောဆိုပြီး ပြန်ထွက်သွားတယ်။

မင်းဝေက သက်ပြင်းချရင်း…

“အထဲမှာ နေရတာ မလွယ်ပါလားဗျာ၊ ကိုပေသီးသာမရှိရင် ကျုပ်တော့ မတွေးရဲဘူး… ဟူး”

လို့ ညည်းညူလိုက်တယ်။

ပေသီးက မင်းဝေရဲ့ ပေါင်ကို ပုတ်ရင်း…

“သူ့နေရာနဲ့ သူပေါ့ဗျာ၊ ရောမရောက်ရင် ရောမလို ကျင့်ရမှာ ပေါ့၊ ထောင်ထဲရောက်ရင် ထောင်လိုကျင့်၊ ဒါမှ အံဝင်ခွင် ကျ ဖြစ်မယ်လေ၊ ဒီမှာ က ရေဘဲလိုတယ်၊ ရေနည်းနည်း ရှိရင် အားလုံး ဖြစ်တယ်၊ ဟဲ…ဟဲ ခေတ်ကာလကြီးကလည်း စစ်ပြီးစဆိုတော့ အုပ်ချုပ်ရေး ပိုင်းတွေ လျောနည်းတာလည်း ပါတာပေါ့ဗျာ၊ ထောင်နဲ့ပတ်သတ်တဲ့ အကြောင်းတွေ ခင်ဗျားကို ပြောပြထားမယ်၊ ခင်ဗျားတို့ ကျုပ်တို့ သာမန်အကျဉ်းသားတွေ ကို ကတုံး (ကတိန်း) လို့ခေါ်တယ်၊ ထောင်ထဲမှာ ဦးထုပ်တလုံးရရင် အားလုံးပြီးပြီ ကိုယ့်လူ”

လို့ပြောတဲ့အခါ မင်းဝေက…

“ဘာလဲဗျ၊… နေရိပ်ထဲမှာ နေပြီး ဦးထုပ်လို လို့လား”

လို့မေးမိတယ်။

ပေသီးက ခေါင်းခါယမ်းလိုက်ရင်း…

“ကိုယ့်လူက တကယ် ဒူတာပဲ၊ ထောင်ထဲမှာ ဦးထုပ်တလုံးရထားရင် ရေပေါ်ဆီစာရင်း ၀င်ပြီဗျ၊ ဦးထုပ်တလုံးရဖို့ မလွယ်ကူသလို ရပြီးရင်လည်း ဦးထုပ်ပြုတ်မှာ သိပ်ကြောက်ကြတယ်၊ဦးထုပ်တောင်မှ သူ့အစားနဲ့ သူရှိတာဗျ၊ ဦးထုပ် အဖြူဆောင်းဗာရာကို Gan's Book စာအုပ်ကိုင် ဗာရာလို့ခေါ်တယ်၊ ဦးထုပ်အပြာဆောင်းကို Convict Overseer ၊ အပြာဆောင်းကို အဖြူတွေ က အုပ်ချုပ်ရတယ်ဗျ၊ ပြီးတော့ “သံတေ” တွေ ရှိသေးတယ်၊ သံတေ ဆိုတာ ခါးပတ်ရသူတွေ ပါဗျာ၊ သူတို့ ခါးပတ်မှာ C.W ဆိုတဲ့အမှတ်အသားပါတယ်၊ Convict Warder၊ ဦးထုပ်ဖြူဦးထုပ်ပြာတွေ ရဲ့ အပေါ်က အုပ်ချုပ်ရသူပေါ့ဗျာ၊ အဲ နောက်ဆုံး အာဏာရှိသူက Convict Officer လို့ခေါ်တယ်၊ အကျဉ်းသားအရာရှိ ခြောက်ထောင်ပိုင်တွေ ပေါ့ဗျာ” လို့ပြောတဲ့အခါ မင်းဝေက…

“ဦးထုပ်ရပြီးတော့ကော ဘာလုပ်လို့ရလို့လဲ၊ သူတို့လဲ အကျဉ်းသားပဲဗျာ…”

လို့ပြောလိုက်တယ်။

“ဟ ကိုယ့်လူက ၊ ဦးထုပ်ရထားရင် ဘာအလုပ်ကြမ်းမှ မလုပ်ရဘူးဗျ၊ အနေအစားချောင်တယ် ဆိုပါတော့ဗျာ၊ ကျုပ်တို့လည်း ဒီတိုင်းနေလို့မရဘူး တခုခု အမြန်ဆုံးလုပ်ရမယ်”

ပေသီးရဲ့ စကားကြောင့် မင်းဝေဟာ စိတ်လှုပ်ရှားသွားပြီး

“ပြောစမ်းပါဦး ကိုပေသီးရယ်၊ ဘာများ လုပ်အုံးမှာ လဲ”

လို့မေးလိုက်တယ်။

ပေသီးက လက်ညှိုးနဲ့

လက်မကို ၀ိုင်းလိုက်ရင်း …

“ရေခင်းရမယ်လေဗျာ၊ မဟုတ်ရင် ချီးဇလားထမ်းရတာ တို့ ဆန်ကြိတ်ရုံဘက်ကျတာတို့ ဖြစ်လိမ့်မယ်ဗျ၊ ကျုပ် ကတော့ ဒီနေရာတွေ မကျအောင် လုပ်ရမှာ ပဲ ဒါမှ အိုကေမှာ ဗျို့”

လို့ပြောလာတယ်။

ပေသီးရဲ့ စကားကြောင့် မင်းဝေမှာ မှိုင်ကျသွားရင်း

“အင်း…ကျုပ် ကတော့ ဓနရှင် မဟုတ်တော့ ၊ ကျရာနေစေရာသွားပေါ့ဗျာ”

လို့ည်ည်းညူလိုက်မိတယ်။

ပေသီးက သူပခုံးဖက်လိုက်ရင်း…

“စိတ်ဓာတ်မကျပါနဲ့ ကိုယ့်လူရာ၊ ကျုပ်ခင်ဗျားကို ကူညီပါ့မယ်၊ ကြုံမှပြန်ဆပ်ပေါ့ဗျာ၊ မဟုတ်ဘူးလား…ဟဲ…ဟဲ”

လို့ပြောတယ်။

မင်းဝေက ပေသီးကို အားကိုးတကြီးကြည့်ရင်း…

“အများ ကြီး ကျေးဇူးတင်ပါတယ်ဗျာ၊ ကျုပ်အပြင်ရောက်ရင် ကျေးဇူးဆပ်ပါ့မယ်၊ ဒါနဲ့ …ကိုပေသီးက ဘယ်နေရာ ကျအောင်လုပ်မှာ လဲ”

လို့မေးလိုက်တဲ့အခါ ပေသီးက…

“ဆေးရုံဘက်ကို” … လို့ ဒုန်းတိတိ ဖြေတယ်။

ပေသီးရဲ့ စကားကြောင့် မင်းဝေဟာ မျက်လုံးပြူးသွားရင်း

“ဘာ…ဆေးရုံ ဟုတ်လား”

လို့ရေရွတ်လိုက်တယ်။

“ဟုတ်တယ်လေ…ဆေးရုံဘက်မှာ အလုပ်ကျလည်း ရိုးရိုးအကျဉ်းသားတွေ လို လုံးတီးထမင်းဘဲ စားရတယ်၊ ဒါပေမယ် နို့ပေါင်မုန့်တော့ ရတယ်ဗျ ပြီးတော့ …ဆရာဝန်ကြီးတွေ …ဆေးပေးသူတွေ …စာရေး တွေ နဲ့ တည့်အောင်ပေါင်းနိုင်ရင် အနေအစားချောင်တယ်ဗျ၊ ဟဲ…ဟဲ ရှင်းရှင်းပြောရင် လူချစ်အောင်နေရမယ်ပေါ့ဗျာ”

ပေသီရဲ့ စကားကြောင့် မင်းဝေက…

“ဆေး…ဆေးရုံဆိုရင် မ ဖြစ်ဘူး၊ ကျုပ်..ကျုပ်က သရဲကြောက်တယ်” လို့တုန်ယင်တဲ့ အသံနဲ့ ပြောတယ်။

ပေသီးက ဟားတိုက်ရယ်ရင်း…

“ဟား…ဟာ…ဟာ…၊ ပြောတော့ လူသတ်မှု နဲ့ ၀င်လာတယ်ဆို၊ ဒီလိုလူက သရဲကြောက်တယ်ဆိုတော့ အံ့သြတယ်ဗျာ၊ ဟား…ဟား…ဟား…”

လို့လှောင်ပြောင်ပြောလာတယ်။

မင်းဝေဟာ ခေါင်းကြီးငုံ့လျက်…

“ကိုပေသီးပြောလဲ ခံရမှာ ပဲ၊ ကျုပ်ကမတရားတာ ခေါင်းငုံ့မခံချင်တဲ့စိတ်နဲ့ လူသတ်မိတာဗျ၊ ဒါပေမယ့် ကလေးဘ၀ထဲက ဆေးရုံ ဆေးခန်း ရှောင်တယ်၊ လူအချင်းချင်း အန္တရာယ် ပြုရင် ဖြတ်၇ိုက်လိုက်ရုံဘဲ၊ မမြင်ရတဲ့ အရာတွေ ကတော့ အမလေးဗျာ…တွေးမိရုံနဲ့ ကျောချမ်းတယ်”

လို့တုန်ယင်တဲ့ အသံနဲ့ ပြောလိုက်တယ်။

ပေသီးက သူ့ကို ပြုံးပြုံးထေ့ထေ့ကြည့်ရင်း …

“ကိုယ့်လူ ကြောက်တတ်မှန်းသိလို့၊ ဖြဲခြောက်တာတော့ မဟုတ်ဘူး၊ ကြုံတုန်းပြောထားရဥိးမယ်ဗျ၊ ဟောဒီထောင်အတွင်းမှာ နာမည် ကြီးတဲ့နေရာတခုရှိတယ်”

လို့ပြောတဲ့အခါ မင်းဝေက မျက်လုံးပြူးကြီးနဲ့

“ဘယ်…ဘယ်နေရာလဲဗျ”

လို့မေးမိတယ်။

ပေသီးက အေးအေးဆေးဆေး အမူအရာနဲ့ စကားကိုတလုံးချင်း ပြောတယ်။

“ကုတင်နံပါတ် ၃၁”

********


အပိုင်း(၃)

ပေသီးပြောတာတကယ်လား

ဂန်ဂျီနဲ့ တွေ့ ပြီ..

“ဂလောင်..ဒေါင်…ဒေါင်”

နာရီသံချောင်းခေါက်သံကြောင့် ကျောခင်းတနေရာလေးမှာ လူးလိမ့်နေတဲ့ မင်းဝေတယောက် ပတ်ဝန်းကျင်ကို ခေါင်းထောင်ကြည့်မိတယ်။

အချုပ်သားအားလုံး ဟောက်သံညံညံစီနေပြီး အိပ်မောကျနေပြီ။

သ့ချောင်းခေါက်သံက ခြောက်ချက်မို့ မိုးလငိးပြီလို့ သူထင်တယ်။

ဒါကြောင့် ခေါင်းထောင်ကြည့်မိကာ…

လူအားလုံး တုပ်တုပ်တောင် မလှုပ်ဘူး။

မင်းဝေဟာ နံဘေးမှာ ခွေအိပ်နေတဲ့ ပေသီးကို လှုပ်နိုးရင်း…

“ဟေ့ လူ…ထဗျ…ထ..ထ၊ မိုးလင်းနေပြီလို့ ” ပြောတယ်။

မင်းဝေရဲ့ လှမ်းနှိုးမှု ကြောင့် ပေသီးက မျက်လုံးသပ်ရင်း…

“မလင်းသေးပါဘူးကွာ…အားလုံးအိပ်နေတာ မတွေ့ ဘူးလား… ပြန်အိပ်…ပြန်အိပ်”

လို့ပြောတယ်။

“မဟုတ်သေးဘူးထင်တယ် ကိုပေသီး၊ နာရီသံချောင်းခေါက်သံ ခြောက်ချက်ကြားရတယ်၊ ထတော့ဗျာ”

မင်းဝေရဲ့ စကားကို ပေသီးက စိတ်ရှုပ်ထွေးဟန်ဖြင့် ခေါင်းကို ကုတ်ဖွရင်း…

“ဟာ ကိုယ့်လူနဲ့ တော့ ခက်တော့တာပဲ၊ သံချောင်းခြောက်ချက်ခေါက်တာ ခြောက်နာရီမဟုတ်ဘူး၊ ထောင်ထဲမှာ ဆယ့်ငါးမိနစ် တမောင်းတီးတာဗျ၊ ခုမှနှစ် နာရီပဲ ရှိသေးတယ်၊ ဘာလဲဗျာ…အိပ်ရေး ပျက်တယ်”

လို့မကျေမနပ် ရေရွတ်ပြီး ပြန်အိပ်သွားတယ်။

ထောင်ကို အိမ်ဦးနဲ့ ကြမ်းပြင် လိုသဘောထားပြီး ၀င်ချည်ထွက်ချည်လုပ်နေတဲ့ ပေသီးတယောက် တရှုးရှုးနဲ့ အိပ်ပျော်သွားပြီ။

မင်းဝေ ကတော့ ကျောတခင်းစာ ဘယ်ညာလူးလိမ့်ရင်း အိပ်မပျော်နိုင်အောင်ရှိတယ်။

မိုးစင်စင်လင်းတဲ့အခါမှာ တော့ တညတာ ငြိမ်သက်နေတဲ့ အချုပ်ခန်းဟာ အချုပ်သားတွေ ရဲ့ အသံဗလံနဲ့ ညံညံစီသွားတယ်။

“ဂန်ဂျီဆွဲမယ်…ဂန်ဂျီဆွဲမယ်”

တန်းစီးရဲ့ ဟိန်းထွက်လာတဲ့ အသံကြီးကြောင့် အချုပ်သားအားလုံး လှုပ်လှုပ်ရွရွ ဖြစ်သွားတယ်။

မင်းဝေက ပေသီးကို လှမ်းကြည့်ရင်း…

“ဘာလုပ်ဖို့အော်နေတာလဲဗျ၊ သန့်ရှင်းရေး လုပ်ရမှာ လား”

လို့မေးတဲ့အခါ ပေသီးက…

“ဂန်ဂျီဆိုတာ ဆန်ကွဲကျိုထားတဲ့ ငံကျိကျိ ဆန်ပြုတ်ကို ပြောတာဗျ၊ မနက်အစောကြီး အစာပေါ့ဗျာ၊ ထောင်ထဲမှာ တနေ့သုံးကြိမ်ကျွေးတယ်၊ မနက်ပိုင်းက ပုံစံဂန်ဂျီ နေ့ခင်းဘက်က ပုံစံထမင်း၊ ညနေလည်း ပုံစံထမင်းပဲ”

လို့ပြောတယ်။

“ခင်ဗျားဟာကလည်းဗျာ၊ ပုံစံချည်းထပ်နေတာဘဲ၊ အဲဒီ ဂန်ဂျီကကောင်းသလား”

မင်းဝေရဲ့ စကားကို ပေသီးက သဘောကျစွာ ဟက်ဟက်ပက်ပက် ရယ်မောလိုက်ရင်း…

“ဟား…ဟား…ဟား… ဟိုရောက်ရင် ကိုယ့်လူသိရလိမ့်မယ်၊ ခဏစောင့်…ခဏစောင့်”

လို့ပြောလာတယ်။

ခဏကြာတော့ အချုပ်ဆောင်ထဲကနေ အကုန်တန်းစီပြီး ပန်းကန်ဆွဲထွက်ရတယ်။

စားဖိုဆောင်ရောက်တော့ တန်းစီရပြန်တယ်။

သံစည်ပိုင်းပြတ်ထဲက ညိုညစ်ညစ်အရည်တွေ ကို တန်းစီးက လက်ကိုင်ရိုးတပ် အိုးမှု တ်ခွက်နဲ့ ခပ်ထည့်ပေးတယ်။

မင်းဝေဟာ သူ့ပန်းကန်ထဲရောက်လာတဲ့ ဆန်ကွဲကျိုရည်ကို ကြည့်ရင်းမျက်နှာ ရှုံ့မဲ့သွားတယ်။

ပေသီး ကတော့ ဂန်ဂျီရည်ကို ပန်းကန်လိုက်မော့ချလိုက်တယ်။

ပြီးတော့ မင်းဝေက ဘက်လှည့်ပြီး

“ကြည့်မနေနဲ့ ကိုယ့်လူ၊ ဂန်ဂျီကို တဇွန်းချင်းသောက်င် ခံသွားရလိမ့်မယ်၊ ပန်းကန်လိုက်မော့ချ လိုက် လည်ချောင်းထဲကို လျောခနဲဝင်ပြီး အရသာ မသိမှာ ဗျ”

လို့ပြောလာတယ်။

မင်းဝေလည်း ပေသီးပြောတဲ့အတိုင်း ဂန်ဂျီကိုမော့ချလိုက်သည်။

အ၀င်ဆိုးလိုက်တဲ့အ ဖြစ်..

ငန်ကြိကြိချွဲပျစ်ပျစ်ကြီးနဲ့ ဆန်ကွဲကြမ်းက မနပ်ဘူး။

မင်းဝေဟာ ပထမဆုံး ဂန်ဂျီအတွေ့ အကြုံကြောင့် လည်ချောင်းထဲနင်ပြီး အော့သွားတယ်။

ဒါကြောင့် မြောင်းတခုနားသွားပြီး “ဝေါ့” ခနဲ ထိုးအန်လိုက်တယ်။

ပေသီးက မင်းဝေရဲ့ အနားကို လျှောက်လာရင်း…

“ဟဲ…ဟဲ ကိုယ့်လူရဲ့ အစာအိမ်က ဂန်ဂျီနဲ့ စိမ်းနေသေးလို့ပါဗျာ၊ဆွေမျိး ဖြစ်သွားရင် မအန်တော့ဘူး လျှောခနဲဘဲဗျို့”

လို့ကျီစယ်သလိုပြောတယ်။

ဂန်ဂျီဆွဲပြီးတဲ့အခါ အချုပ်သားတွေ အားလုံး အဆောင်တွင်း သန့်ရှင်းရေး လုပ်ကြရတယ်။

ချုပ်သစ်(လူသစ်)သမားတွေ ဟာ တညလုံးအညစ်အကြေးစွန့်ပစ်ထားတဲ့ ၈န်ဖလား( စဥ့်အိုး) တွေ ယူပြီး သတ်မှတ်နေ၇ာမှာ စွန့်ပစ်ရတယ်။

ပြီးတော့ ဂန်ဖလားကို ဆေးကြောပြီး နေပူလှန်းရတယ်။

ပေသီးနဲ့ မင်းဝေဟာ ချုပ်သစ် ဖြစ်ပေမယ့် တန်းစီးမြမောင် ကောင်းမှု ကြောင့် ဂန်ဖလားနဲ့ ဝေးရပြီ။

အဆောင်သန့်ရှင်းရေး လုပ်ပြီးနောက် ရေချိုးချိန်။

ရေချိုး…အ၀တ်လျှော်။

သတ်မှတ်ချိန်ကျော်ပါက ရေကန်သို့ လုံးဝသွားခွင့်မရှိ ထိုရေကန်ရဲ့ အရှင်သခင်က ရေကန်စောင့်ဗာရာ။

ဗာရာနဲ့ အလွမ်းသင့်ပါက အချိန်ခါမရွေး ရေသုံးခွင့်ရမယ်။ အလွမ်းသင့်ဖို့က မုန့်ပဲသားရေစာ …ဆေးလိပ်လောက်နဲ့ ပြီးတယ်။

အချိန်ကာလ ဒုတိယ ကမ္ဘာစစ်ကြီးပြီးစကာလ။

အုပ်ချုပ်ရေး ပိုင်း မတင်းကြပ်သလို …ထောင်တွင်း ရဲ့ နေရာတိုင်းမှာ အရှင်သခင်ရှိတယ်။

ရေရှိရင် အနေချောင်မယ်၊ အစားချောင်မယ်။

ဒါကိုသိတဲ့ ပေသီးက ငွေသုံးဆယ်ကို ချောပြီး တန်းစီးမြမောင်နဲ့ ပလဲနံသင့်တယ်။

အချုပ်သား (ချုပ်သစ်) တွေ ကို အလုပ်တာဝန်ကိုယ်စီ ခွဲပေးချိန်မှာ တော့ ပေသီးနဲ့ မင်းဝေက ထောင်ဆေးရုံမှာ အလုပ်ကျတယ်။

ဒါကိုမင်းဝေ သိတဲ့အခါ…

“ ဖြစ်ပါ့မလား ကိုပေသီးရဲ့ ၊ ဆေးရုံမှာ အလုပ်ကျတာထက်စာရင် ဂန်ဖလားဆေးရာတမှ တော် အုံးမယ်၊ ကျုပ်သရဲကြောက်တယ်ဗျ”

လို့မျက်နှာမသာမယာနဲ့ ပြောလိုက်တယ်။

ပေသီးက မချင့်မရဲ ဖြစ်ပြီး…

“ကိုယ့်လူက တကယ့်ဒူကြီးပဲ၊ ဆေးရုံဆိုတာ လူတိုင်းလုပ်ချင်တဲ့နေရာဗျ၊ ဒီအတွက် ကျုပ်ငွေခင်းထားရတာ ဘာမှကြောက်စရာမလိုဘူး၊ ကျုပ်တို့တာဝန်က ဆေးရုံအတွင်းအပြင်ကို သန့်ရှင်းရေး လုပ်ရုံဘဲ၊ ထောင်ထဲမှာ နို့ပေါင်မုန့် စားရဖို့မလွယ်ဘူးနော်၊ အတွေးမချော်စမ်းပါနဲ့ ဗျာ”

လို့ပြောတယ်။

အကြောက်ဓာတ်ခံရှိတဲ့ မင်းဝေကော့ ဆေးရုံမှာ အလုပ်လုပ်ရမယ့်အရေး တွေးပြီး ဇောချွေးပြန်နေပြီ။ ပေသီးပြောဖူးတဲ့စကား…

“ကုတင်နံပါတ် ၃၁ တဲ့”

********




ဝန်ဇင်းချစ်သူများ မအိုစာ ၏ “ ကုတင်နံပါတ် (၃၁) ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


ချစ်တီးတိုက်

သင်္ချိုင်းကုန်းက ဟိုတယ်ကြီး

ကျမ်းစူး