Cover

ချစ်တီးတိုက်

အပိုင်း(၁)

(လွန်ခဲ့သော ၁၅ နှစ် ကျော်ကာလခန့်)

ရန်ကုန်မြို့ရှိ ရပ်ကွက်တစ်ခုဟာ နံနက်ခင်းရဲ့ နေရောင် အောက် တိတ်ဆိတ်ငြိမ်သက်နေရှာတယ်။

တန်းလျားတစ်ခုရဲ့ အလယ်ရှိ အခန်းတွင်းမှာ တော့ အဘွားကြီး တစ်ယောက် ဟာ တန်းစီထောင်ထားတဲ့ ခြင်ထောင်ကြိုးတွေ ကို ဆွဲဖြုတ်လိုက်ရင်း….

“ထကြ….ထြ ကတော့ဟေ့၊

မိုးလင်းနေပြီ…ထကြစမ်း”

လို့ ဆော်သြလိုက်တယ်။

အဘွားကြီးက ခြင်ထောင်ကြိုးတစ်စကို ဆွဲဖြုတ်ရင်း ခြင်ထောင်ကို ဆွဲလှန်လိုက်တယ်။

“ဟဲ့…မိချမ်း..ထတော့လေ၊

နင် ကျူရှင်သွားရမှာ မဟုတ်လား၊

ဒီနေ့ သင်္ချာဖြေရမယ့်နေ့ဆို….

ထတော့….ထ…ထ”

အဘွားကြီးက ဆယ့်နှစ် နှစ် အရွယ် ကောင်မလေးရဲ့ တင်ပါးကို ခြေထောက်နဲ့ တို့ပြီး နှိုးလိုက်တယ်။

“အာ…ဘွားဘွားကြီးကလည်း….

အစောကြီး ရှိသေးတဲ့ဟာ…

မိချမ်း…အိပ်ချင်သေးတယ်”

ကောင်မလေးက ခေါင်းအုံးကို ခွရင်း ဆက်အိပ်နေတယ်။

ဒီအချိန်မှာ ပဲ အဘွားကြီးရဲ့ လက်သံက ကောင်မလေးရဲ့ ကျောကို ဖျန်းခနဲ မြည် သွားပြီး….

“ထ,လို့ ပြောနေတယ်၊

နင်က သင်္ချာဆို ဘယ်တော့မှ

ဘဲဥကွဲတာ မဟုတ်ဘူး၊

ဒီလပတ် စာမေးပွဲကျလို့ ကတော့…

နင့်အဖေအမေတွေ ဆီ လှမ်းတိုင်လိုက်မယ်

ဘာမှတ်သလဲ…

ထဆို ထစမ်း”

လို့ ခြိမ်းခြောက်လိုက်တယ်။

ဒီအခါမှ ကောင်မလေးဟာ စိတ်ရှုပ်ဟန်နဲ့ ခေါင်းကို ကုတ်ဖွလိုက်ရင်း လူးလဲထ,လိုက်တယ်။

မိဘနှစ် ပါးလုံး နိုင်ငံခြားမှာ သွားအလုပ်လုပ်နေတဲ့ အတွက် အဘွားအိမ်မှာ အဒေါ်တွေ နဲ့ နေနေရသည် မဟုတ်ပါလား။

တကယ်တော့ သူမ ဒီအဘွားအိမ်မှာ မနေချင်ပေ။

ကားလမ်းကူးလိုက်တာနဲ့ ရောက်သွားသည့် အဖေ့ဘက်က အဘွားအိမ်မှာ ပဲ နေချင်တာ။

မိခင်ရဲ့ တစ်ချက်လွှတ်အမိန့်ကြောင့် သာ ဒီအိမ်မှာ နေရခြင်းသာ။

ဒီအဘွားက မျက်နှာကြောတင်းပြီး သူမကို အလိုမလိုက်ခြင်းကြောင့် သူမ လုံးဝမနေချင်ပေ။

ဒါပေမဲ့…လစ်ရင်လစ်သလို ဟိုဘက်အဘွားအိမ် ပြေးပြီး စားသောက် မုန့်ဖိုးတောင်းတတ်တာလည်း သူမရဲ့အကျင့်။

မိချမ်း တစ်ယောက် မကျေမနပ်စိတ်နဲ့ပဲ မျက်နှာသစ်လိုက်ရတယ်။

သနပ်ခါးလိမ်း၊ အဝတ်အစားလဲပြီး လွယ်အိတ်ကို ကောက်လွယ်ရင်း….

“ပေး…မုန့်ဖိုး”

လို့ အဘွားရှေ့ လက်ဖြန့်တောင်းလိုက်တယ်။

အဘွားကြီးက အတွင်းခံအင်္ကျီထဲက ငွေတစ်ဆယ်ကို ထုတ်ပေးပြီး….

“ကျူရှင်ပြီးတာနဲ့ ကျောင်းကို

တန်းသွားနော်၊ သစ်လုံးတွေ ပေါ်တက်ပြီး

ဆော့မနေနဲ့၊ ကျောင်းက ပြန်လာတာနဲ့

အင်္ကျီတွေ ပေကျံလာရင် နင် မလွယ်ဘူး”

မိချမ်းက မျက်နှာကို ရှုံ့မဲ့လိုက်တယ်။

“ဟွန်း….အင်္ကျီပေလည်း

ကိုယ့်ဟာကိုယ် လျှော်ရတာ ပဲ၊

အဘွားလျှော်ရတာ မှ မဟုတ်တာ”

“ဟဲ့….နင်ဟာ…

သိပ်ဆိုးတဲ့ ကလေးပါလား၊

လူကြီးကို ခံပြောနေတယ်၊

အခု မိုးတွင်းဟဲ့…သစ်လုံးပေါ်တက်ဆော့ပြီး

ချော်ချက်ကျရင် ငါ့သမီးက ငါ့ အပြစ်ပြောမှာ ၊

သွား…သွား…မြန်မြန်သွားတော့”

မိချမ်းဟာ ဆောင့်ကြီးအောင့်ကြီးအမူအရာနဲ့ အဘွားကြီးဆီက ပိုက်ဆံကို လှမ်းယူလိုက်တယ်။

ပြီးတော့ ဖိနပ်စီးပြီး အိမ်တံခါးကို ဆွဲဖွင့်လိုက်တယ်။

“ဝုန်း…အုန်း…အုန်း…ဒုန်း….”

တန်းလျားတစ်ခုလုံး တုန်ခါသွားပြီး ကြားလိုက်ရတဲ့ အသံကြီးကြောင့် မိချမ်း တစ်ယောက် အရမ်းကြောက်သွားသလို အဘွားကြီးလည်း….

“ဟဲ့…ဟဲ့…မြတ်စွာ ဘုရား”

လို့ အထိတ်တလန့် ရေရွက်လိုက်တယ်။

ခြင်ထောင်အသီးသီးရှိ အဒေါ်သုံးယောက် လုံး ခုန်ထွက်လာပြီး…

“ဘာ ဖြစ်တာလဲ….ဘာ ဖြစ်တာလဲ၊

ငလျင်လှုပ်တာလားဟင်”

လို့ မျက်လုံးပြူးမေးကုန်ကြတယ်။

♥ ♥ ♥


အပိုင်း(၂)

“ဟာ. . . ချစ်တီးတိုက်ကြီး ပြိုသွားပြီဟေ့၊

လုပ်ကြပါဦးကွ … ကယ်ကြပါဦး”

ဆိုတဲ့အသံတွေ က လမ်းမတစ်လျှောက်လုံး ကျယ်လောင်စွာ ထွက်ပေါ်သွားတယ်။

ယောက်ျားအများ စုနဲ့ မိန်းမတချို့ဟာ ချစ်တီးတိုက်ရှိရာ အသည်းအသန် ပြေးလွှားသွားကုန်ကြတယ်။

ရပ်ကွက်ရှိလူများ ရဲ့ သတင်းပေးမှု ကြောင့် ချက်ချင်း ဆိုသလို ကြက်ခြေနီနဲ့ အရန်မီးသတ်တပ်ဖွဲ့တွေ ရောက်ရှိလာကြတယ်။

ထိုအချိန် တန်းလျားအတွင်းမှာ တော့….

“အဘွား … ခရာမှု တ်သံတွေ ကြားနေရတယ်၊

ချစ်တီးတိုက်ကြီး ပြိုသွားတယ်လို့လည်း

ကြားနေရတယ်၊

မိချမ်း သွားကြည့်ချင်တယ်၊

အဲဒီ ချစ်တီးတိုက်မှာ မိချမ်းရဲ့ သူငယ်ချင်းတွေ

ရှိတယ် အဘွားရဲ့”

မိချမ်းရဲ့ အပြောကြောင့် အဘွား ဖြစ်သူရဲ့မျက်နှာ တင်းမာသွားတယ်။

သူမရဲ့ ခေါင်းကို ဒေါက် … ခနဲ မြည် အောင် ခေါက်လိုက်ပြီး …

“နင် … သိပ်အကြောရှည်ပါလား မိချမ်း၊

နင် ဒီနေ့ စာမေးပွဲရှိတာ မမေ့နဲ့၊

တိုက်ပြိုတာ နင်နဲ့ ဘာမှမဆိုင်ဘူး၊

ငါတို့နေတဲ့ တန်းလား ပြိုသွားတာမဟုတ်ဘူး၊

ကျူရှင်သွားပြီး ဒီနေ့ဖြေမယ့် စာမေးပွဲကို

ရအောင်ဖြေခဲ့၊

ကလေးက ကလေးလိုနေစမ်း၊

သွားတော့ ကျူရှင်ကို”

လို့ ငေါက်ငမ်းလိုက်တယ်။

အဘွား ဖြစ်သူရဲ့ စကားကြောင့် မိချမ်း တစ်ယောက် မကျေနပ်စိတ်နဲ့ပဲ သစ်သားလှေကားလေးအတိုင်း ဆင်းသွားမိတယ်။

သူမ သွားရမယ့် ကျူရှင်က ချစ်တီးနေတဲ့ နံဘေးမှာ ရှိတဲ့ ရထားလမ်းအတိုင်း လျှောက်သွားရမှာ ။

ကျူရှင်နောက်ကျလို့ စာမေးပွဲမဖြေနိုင်တာက အရေး မကြီးဘူး။

ချစ်တီးတိုက်ရှေ့က ဖြတ်လျှောက်ရမယ့်အရေး တွေးမိပြီး သူမ စိတ်လှုပ်ရှားသွားမိတယ်။

ဘာကြောင့် လဲဆိုတော့ ချစ်တီးတိုက်မှာ နေထိုင်တဲ့ သူမရဲ့သူငယ်ချင်းများ ဖြစ်တဲ့ ရွှတ်ကီးတို့၊ အမီနာတို့၊ ဘီဂျေးတို့ ရှိသည်မဟုတ်ပါလား။

၎င်းတို့က သူမရဲ့ ကုန်းလားရေလားဆိုတဲ့ ကစားနည်းနဲ့ ကစားဖက် ဖြစ်ကြသလို သံတွေ တင်တဲ့ ဒေါ်ဂျမ်းကားကြီးပေါ်မှာ ညအချိန် ရုပ်ရှင်ဝှက်တမ်း၊ ကခုန်တမ်း ကစားကြတဲ့ သူငယ်ချင်းများ ဖြစ်နေခြင်းကြောင့် ပင်။

သူမ ကျောပိုးအိတ်ကို လွယ်ပိုးရင်း ချစ်တီးတိုက်ဘက်ရှိရာ လျှောက်ခဲ့မိတယ်။

ချစ်တီးတိုက်နားရောက်တော့ တားဆီးထားတဲ့ စာတန်းအနီကြီးနဲ့အတူ ယူနီဖောင်းဝတ်လူကြီးတစ်ဦးက …

“ဒီနေရာက ဖြတ်လို့မရဘူး ကလေးမ၊

တခြားလမ်းက သွားပါ”

ဆိုတဲ့ တားဆီးခြင်းကို ခံလိုက်ရတယ်။

သူမ ကျောပိုးအိတ်ရဲ့ ကြိုးကို ဆုပ်ကိုင်ရင်း ရင်ကော့လိုက်တယ်။

“ဒီမယ် ဦးလေး … ဦးလေးက ဝတ္တရားအရ

တားဆီးသလို၊ ကျွန်မကလည်း ဝတ္တရားအရ

ကျောင်းသားတာဝန်ရှိတယ်၊

ဒီနေ့ … လပတ်စာမေးပွဲဖြေရမှာ ၊

ကျူရှင်က ဒီလမ်းက မသွားရင်

ဘယ်လမ်းကမှ သွားစရာမရှိဘူး၊

ဒီလမ်းက မဖြတ်ရလို့ ကျူရှင်မသွားနိုင်ရင်

ကျွန်မ စာမေးပွဲဖြေနိုင်မှာ မဟုတ်ဘူး၊

သားသမီးချင်း စာနာပါ … သွားခွင့်ပြုပါ”

လေသံမာမာနှင့် ပြောလိုက်တဲ့ သူမစကားကြောင့် တာဝန်ရှိလူကြီးဟာ တွေ ခနဲ ဖြစ်သွားတယ်။

ပြီးမှ သက်ပြင်းချရင်း ကားဆီးထားတဲ့ သူ့လက်ကို ရုပ်သိမ်းလိုက်တယ်။

သူမ စိတ်ထဲ ကျိတ်ပျော်သွားမိတယ်။

ချစ်တီးတိုက်ကြီးရဲ့ရှေ့က ဖြတ်ရင်း အခြေအနေကို သုံးသပ်နိုင်လေတော့မည် ။

သူမ ခပ်တည်တည်နဲ့ လူကြီးရှေ့က ဖြတ်လျှောက်ခဲ့တယ်။

ချစ်တီးတိုက်ကြီးရဲ့ ရှေ့ရောက်တော့ လူတွေ ရဲ့ အော်ဟစ်ငိုကြွေးသံတွေ နဲ့အတူ တစ်စစီ ကျိုးကြေပျက်စီးနေတဲ့ အ,မင်္ဂလာမြင်ကွင်းကို တွေ့ မြင်လိုက်တယ်။

တိုက်ပျက်ကြီးရဲ့အုတ်ပုံတွေ ကြားက သွေးသံတရဲရဲမြင်ကွင်းတွေ နဲ့အတူ အကူအညီတောင်းခံနေတဲ့ အသံတွေ ကိုပါ နားနဲ့မဆံ့အောင် ကြားလိုက်ရတယ်။

သူမရင်ထဲ စိတ်မကောင်းခြင်းနဲ့အတူ ထိုတိုက်အိုကြီးမှာ နေထိုင်တဲ့ သူငယ်ချင်းတွေ ကို တွေ့ လိုတွေ့ ငြား မျက်လုံးဝေ့ပြီး ရှာလိုက်မိတယ်။

ဒါပေမဲ့ … သူငယ်ချင်းတွေ ရဲ့ အရိပ်အယောင် လုံးဝ မတွေ့ ရတဲ့အတွက် သူမ ခြေစုံရပ်ရင်း မျက်ရည်ရစ်ဝဲတက်လာတယ်။

“ဒီနေရာက တားမြစ်နယ်မြေ ဖြစ်သွားပြီ

ကလေးမ၊

မင်း … ဘာရပ်လုပ်နေတာလဲ”

အသံကြောင့် သူမ မော်ကြည့်မိတဲ့အခါ ယူနီဖောင်းဝတ် နောက်ထပ်လူကြီးတစ်ဦးကို တွေ့ ရပြန်တယ်။

သူမ မျက်ရည်စတွေ ကို ပုတ်ထုတ်လိုက်ရင်း …

“ကျွန်မ … ကျူရှင်သွားမလို့ပါ၊

တိုက်ပြိုတာကို မမြင်ဖူးလို့ ရပ်ကြည့်မိတာ

အမှားလား၊

ဒါဆို မကြည့်တော့ဘူး၊

သွားတော့မယ်”

လို့ ပြောပြီး ချစ်တီးတိုက်ပြိုတဲ့ ရှေ့ကနေ လေးကန်တဲ့ ခြေလှမ်းနဲ့ ထွက်ခဲ့မိတော့တယ်။

♥ ♥ ♥


အပိုင်း(၃)

မိချမ်း တစ်ယောက် … ကျောင်းရောက်လို့ ခုံမှာ ထိုင်မိစဉ်မှာ ပင် …

သူမအနားကို အတန်းဖော်သူငယ်ချင်းတွေ စုပြုံရောက်လာပြီး …

“ဟဲ့ … မိချမ်း …

နင်တို့ရပ်ကွက်မှာ တိုက်အိုကြီး ပြိုလို့ဆို၊

ဘာတွေ ဖြစ်သွာလဲ၊

လူတွေ အများ ကြီး သေသလားဟ”

လို့ ဝိုင်းမေးကြကုန်တယ်။

မိချမ်းဟာ ချစ်တီးတိုက်အိုကြီးမှာ နေထိုင်တဲ့ သူငယ်ချင်းတွေ အတွက် ယူကျုံးမရစိတ်နဲ့အတူ မခံမရပ်နိုင်စိတ်နဲ့ …

“ဟုတ်တယ်၊ ငါတို့ ရပ်ကွက်မှာ

တိုက်အိုကြီး ပြိုသွားတယ်၊

ဒါ … ဘာ ဖြစ်လဲ ငါ ဘာမှမသိဘူး၊

နင်တို့ သိပ်သိချင်ရင် …

သတင်းထောက်တွေ သွားမေးကြ၊

ငါ ဘာမှမသိဘူး”

လို့ ဇွတ်ငြင်းလွှတ်လိုက်တယ်။

ဒီအချိန်မှာ ပဲ ကျောင်းတက်ခေါင်းလောင်းထိုးလိုက်တဲ့ အတွက် သင်္ချာကို တာဝန်ယူထားတဲ့ အတန်းပိုင်ဆရာမ ရောက်ရှိလာတယ်။

ဆရာမ က မေးခွန်းတွေ ကို ဝေငှရင်း စာမေးပွဲကို စတင်တော့တယ်။

ကျောင်းသူကျောင်းသားအားလုံး ငြိမ်သက်သွားသလို မိချမ်းကိုယ်တိုင် စိတ်နှစ် ပြီး မေးခွန်းကို ဖတ်လိုက်မိတယ်။

မေးခွန်းက သူမ ကျက်မှတ်လေ့လာထားသမျှ ဘာမှ မပါဘူး။

ဒါပေမဲ့ … ချစ်တီးတိုက်အိုကြီးက သူငယ်ချင်းတွေ ဆီ စိတ်နဲ့အတူ မေးခွန်းတွေ ကို စိတ်ကူးတည့်ရာ ရေး ပြလိုက်တော့တယ်။

တစ်ချိန်ကုန်တဲ့ ခေါင်းလောင်းထိုးသံကြောင့် …

သင်္ချာဆရာမ က အဖြေလွှာတွေ ကို လိုက်လံသိမ်းဆည်းလိုက်တယ်။

ဒီအချိန်မှာ ပဲ မိချမ်းရဲ့ဘေးခုံရှိ သူငယ်ချင်းမက …

“ဟဲ့ … နင် ဖြေနိုင်ရဲ့လား၊

သင်္ချာမေးခွန်းတွေ က လှည့်ထားတယ်နော်၊

ငါတော့ အောင်မှတ်ရရင်

ကံကောင်းပဲ”

လို့ ပြောလာတယ်။

“ငါလည်း မသိဘူးဟာ၊

မေးခွန်းအားလုံးကို မှန်းဖြေလိုက်တာပဲ၊

ငါက သင်္ချာမှာ …

ဘယ်တော့မှ ဇီးရိုးကွဲတဲ့လူမှ

မဟုတ်တာ၊

ရီပို့ကတ်ဒ်ထွက်လာရင် အဘွားရိုက်တဲ့ဒဏ်

ငါ ခံရဦးမှပဲဟ”

သူမ ထိုသို့ ပြောနေစဉ်မှာ ပဲ နောက်ဘာသာရပ်အတွက် မြန်မာစာဆရာမ ဝင်လာတယ်။

ဆရာမ ကို ထ,နှုတ်ဆက်ပြီး ဆရာမ ,ပြောတဲ့စာတွေ အားလုံး မိချမ်း ခေါင်းထဲမဝင်ဘူး။

သူမအာရုံထဲ သွေးသံတရဲရဲ အော်ဟစ်နေရှာတဲ့ ချစ်တီးတိုက်အိုကြီးက …

အော်ဟစ်ညည်းတွားသံတွေ သာ ကြားယောင်နေမိတယ်။

ဒီအချိန်မှာ ပဲ သူမ စားပွဲပေါ် ကြိမ်လုံးသံ “ဖျန်း” ခနဲ ကျလာပြီး …

“ဟဲ့ မိချမ်း … ဆရာမ စာသင်နေတာ

နင် စိတ်မဝင်စားဘူးလား၊

ငါ အခု ဘာသင်နေသလဲ … ပြောစမ်း ”

ဆိုတဲ့ မြန်မာစာဆရာမ ရဲ့အသံကြောင့် သူမ လန့်ဖျပ်သွားမိတယ်။

မိချမ်း တစ်ယောက် ထိုင်ရက ထရင်း လက်ပိုက်လိုက်ပြီး …

“ဟို … ဟို … သမီး …

မသိပါဘူး ဆရာမ ၊

ဘာသင်နေသလဲဆိုတာ …

ဆရာမ ပဲ ပြောပြပါနော်”

လို့ ကယောင်ကတမ်း ပြောလိုက်မိတယ်။

ဆရာမ ရဲ့ မျက်နှာ အကြီးအကျယ် ပျက်သွားပြီး …

“ဘာ … ငါ ဘာသင်နေသလဲဆိုတာတောင်

နင်မသိဘူး … ဟုတ်လား၊

ထွက်စမ်း … ခု ချက်ချင်း အတန်းရှေ့ ထွက်ခဲ့”

ဆိုတဲ့ ကျယ်လောင်တဲ့ ဒေါသသံကြီးကို ကြားလိုက်ရတယ်။

မိချမ်းဟာ ကတုန်ကယင်အမူအရာနဲ့ အတန်းရှေ့ထွက်လိုက်စဉ်မှာ ပဲ မြန်မာစာဆရာမ ရဲ့ထားဝယ်ကြိမ်လုံးကြီးက သူမ,ကျောပေါ် ဖျမ်းခနဲ ကျလာတော့တယ်။

သူမ ကြိမ်ဒဏ်ကြောင့် မျက်ရည်ရစ်ဝဲရင်း …

“ကြောက်ပါပြီ ဆရာမ ရဲ့ …

နောက် မ ဖြစ်စေရပါဘူး၊

နောက် မ ဖြစ်စေရပါဘူးရှင်”

လို့ အထပ်ထပ် အော်ဟစ်လိုက်မိတော့တယ်။

♥ ♥ ♥




ဝန်ဇင်းချစ်သူများ မအိုစာ ၏ “ ချစ်တီးတိုက် ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


စုန်းတောက်တဲ့ည

နှစ်တစ်ရာ ဂူသင်္ချိုင်း

အရှင်လတ်လတ်