Cover

အပိုင်း(၁)
(၁၉၂၀ ခုနှစ် … ဝန်းကျင်)

မြေမြှုပ်တဲ့ည

တောင်ပေါ်မြို့လေးတစ်နေရာ…

တောင်နီသင်္ချိုင်း တစ်ခုလုံး ငြိမ်သက်နေတယ်။

အဝေးဆီက အူလိုက်တဲ့ ခွေးအူသံကသင်္ချိုင်း တစ်ခုလုံး ပျံ့နှံ့သွားတယ်။

ဒီအချိန်မှာ ဘဲ လူနှစ် ယောက် ဟာ လွန်စွာ ကြီးမားတဲ့ အထုပ်ကြီးတစ်ထုပ်ကို ဒရွတ်တိုက်ဆွဲရင်း သင်္ချိုင်းထဲဝင်ခဲ့ကြတယ်။

သူတို့ဟာ သင်္ချိုင်းတစ်ခုလုံးကို အကဲခတ်ကြည့်ရင်း ညောင်မုတ်ဆိတ်ပင်ကြီးနားရောက်တော့…

“ဟေ့ကောင်… ကျင်း အမြန်တူးကွာ၊ ခွေးတွေ ကလည်း အူတာမရပ်ဘူး၊ ငါ ကျောစိမ့်လာပြီ”

လို့ တစ်ယောက် ကပြောလိုက်တယ်

ကျန် တစ်ယောက် က မြေကြီးကို ခပ်သွက်သွက်တူးလိုက်တယ်။

ပြီးတော့ အထုပ်ကြီးကို ဖြေလိုက်တယ်။

မျက်နှာမှာ ဒဏ်ရာတွေ နဲ့ မိန်းမ တစ်ယောက် ရဲ့ အလောင်းတစ်လောင်း ..

အထုပ်ထဲက ထွက်လာတယ်။

“နေအုံးကွ ဟိုးနားကဇရပ်မှာ ခေါင်းပျက်တစ်လုံးရှိတယ်၊ အလောင်းကို အခေါင်းနဲ့ထည့်ပြီးမြေမြှုပ်တာပိုကောင်းတယ်”

တစ်ယောက် က ပြောဆိုရင်း ဇရပ်ရှိရာကို ထွက်သွားတယ်။

ကျန်ခဲ့တဲ့လူက အလောင်းကို ကြည့်ရင်း တုန်လှုပ်ခြောက်ခြားနေမိတယ်။

အူး … အူး … အူး

ခွေးအူသံတွေ က နီးကပ်လာသလို သူ့တစ်ကိုယ်လုံးဇောချွေးပျံလာတယ်။

သူဟာ အလောင်းကို စူးစိုက်ကြည့်နေတုန်းမှာ ဘဲ အလောင်းကြီးက လှုပ်နေသလိုခံစားလိုက်ရတယ်။

“အား .. ကယ်ကြပါဦး”

သူ့ရဲ့ ငယ်သံပါအောင် အော်ဟစ်သံကြောင့် အခေါင်းသယ်လာသူဟာ လန့်ဖျပ်သွားပြီး …

“ဘာ .. ဘာ ဖြစ်တာလဲကွ၊ ဟင်… အလောင်းကြီး ထိုင်နေပါလား”

လို့ ရေရွတ်လိုက်မိတယ်။

နှစ် ယောက် သား အလောင်းကိုကြည့်ရင်း ကြက်သေ သေသွားမိတယ်။

ဒီအခါမှာ ပဲ အလောင်းကြီးက ‘ဘုန်း’ ခနဲလကျသွားပြီး ညည်းညူသံထွက်လာတယ်။

အလောင်းရဲ့ မျက်လုံးအစုံက ‘ဖျတ်’ ခနဲ ပွင့်လာရင်း..

“ငါ့ကို ဘာလုပ်ကြမလို့လဲ…. ဘာလုပ်ကြမလို့လဲ”

ဆိုတဲ့အသံဩကြီးကိုကြားလိုက်ရတယ်။

“ဟာ…မသေသေးဘူးကွ၊ ဘယ်လိုလုပ်ကြမလဲ”

လူ တစ်ယောက် ရဲ့ အမေးကြောင့် ကျန် တစ်ယောက် က အလောင်းကိုကြည့်ရင်း မျက်နှာတင်းမာသွားပြီး…

“ကိစ္စမရှိဘူး၊ အရှင်လတ်လတ်မြေမြှုပ်ပစ်မယ်”

လို့ ကြုံးဝါးလိုက်တယ်။

“ဘာ… ဘာပြောတယ် ထွန်းအိုင်၊ မင်းရူးသွားပြီးလား… သူက မင်းမိန်းမနော်၊ မသေဘဲမြှုပ်လို့ ဖြစ်မလားကွ”

အဖော် ဖြစ်သူရဲ့ စကားကြောင့် ထွန်းအိုင်က သွေးအေးစွာ ဘဲ…

“ငါ့မိန်းမမို့မြှုပ်ရမှာ ၊ သူ့ကို အသက်ရှင်ခွင့်ပေးလိုက် ရင် ငါ့လည်ပင်းငါကြိုးကွင်းစွပ်သလို ဖြစ်သွားမှာ ပေါ့၊ ရူးနေတာက မင်းဘဲကွ”

လို့ပြောလိုက်တယ်။

ဒီအချိန်မှာ ပဲ အလောင်းကြီးက ထွန်းအိုင်ရဲ့ ခြေထောက်ကိုလှမ်းဆွဲပြီး..

“ကို .. ကိုထွန်းအိုင်၊ ရှင်..ရှင်ယုတ်မာလှချည်လား၊ ငါ့..ငါ့ကိုသတ်ပြီးမှ မြေမြှုပ်ပါ။ အရှင်လတ်လတ်ကြီးတော့ မလုပ်ပါနဲ့”

လို့ပြောရင်း ထဖို့ကြိုးစားလိုက်တယ်။

ထွန်းအိုင်က ခြေထောက်ကို ဆောင့်ရုန်းလိုက်ရင်း…

“နင့်ပါးစပ်ပိတ်လိုက်စမ်း ငါ့ဘဝကို ဖျက်ဆီးတဲ့မိန်းမ… ဖောက်ပြန်တဲ့မိန်းမ၊ နင့်လိုလူ အသက်ရှင်ရင်ဘာမှအကျိုးမရှိဘူး၊ မိန်းမယုတ်တို့ရဲ့ သွားရာလမ်းကို နင့်ကို ပို့ရမယ်၊ နင့်ကိုအရှင်မထားဘူး”

လို့ပြောပြီး အားကုန် ဆောင့်ကန်လိုက်တယ်။

ထွန်းအိုင်ရဲ့ ကန်ချက်ကြောင့် မိန်းမ ဖြစ်သူ ကမြေကျင်းထဲ လွင့်ကျသွားတယ်။

“ကိုထွန်းအိုင် ရှင်မှားလိမ့်မယ်၊ မှားလိမ့်မယ်”

မိန်းမ ဖြစ်သူဟာ ကျင်းထဲကနေ သွေးရူးသွေးတန်း အော်ဟစ်နေရှာတယ်။

မိန်းမ ဖြစ်သူရဲ့ အသံကြောင့် ထွန်းအိုင်ဟာ ဒေါသထွက်သွားပြီး…

“ကောင်မ…နင့်ပါးစပ်ပိတ်လို့ ပြောနေတယ်နော်”

လို့ကြုံးဝါးရင်း လည်ပင်းညှစ်ဖို့ ကြိုးစားလိုက်တယ်။

“ကောင်မ…ငါ့ကိုကိုက်တယ်ပေါ့၊ ကိုက်အုံးကွာ…ကိုက်အုံး”

ထွန်းအိုင်ဟာ မိန်းမ ဖြစ်သူရဲ့ ပါးကို ဘယ်ပြန်ညာပြန် ရိုတ်ပစ်လိုက်တယ်။

“ဟေ့ကောင်… အချိန်ဆွဲမနေနဲ့၊ လုပ်စရာရှိတာလုပ်၊ သုဘရာဇာကြီး ရောက်လာရင် ရှုပ်ကုန်လိမ့်မယ်”

အဖော် ဖြစ်သူရဲ့ သတိပေးစကားကြောင့် ထွန်းအိုင်က အခေါင်းကိုဆွဲယူလိုက်ရင်း..

“ဟေ့ကောင်မောင်ဇီး ဒီကောင်မကို အခေါင်းထဲထည့်ပြီးမှ မြေမြှုပ်ပစ်မယ်၊ ဝိုင်းကူဦး”

လို့ပြောလိုက်တယ်။

“နင်တို့ မှားမယ်နော် ၊ ငါ့ကိုအသေသတ်လိုက်၊ သေအောင်သတ်ပါ ကိုထွန်းအိုင်ရယ်၊ တောင်းပန်ပါတယ်၊ ရှိကြီးခိုးပါတယ်”

မိန်းမ ဖြစ်သူဟာ အကြောက်အကန် ငြင်းဆန်ရင်း ထွန်းအိုင်တို့လက်မှာ ပါသွားတယ်။

အခေါင်းကို မြေကျင်းထဲ ချလိုက်ချိန်မှာ တော့ မိန်းမ ဖြစ်သူဟာ အခေါင်းနံရံကိုထုနှက်ရင်း…

“မလုပ်ကြပါနဲ့…ငါမသေသေးဘူး၊ ငါ့ကို အရှင်လတ်လတ်ကြီး မြေမမြှုပ်ကြပါနဲ့”

လို့အော်ဟစ်ရုန်းကန်နေရှာတယ်။

ထွန်းအိုင်ဟာ မြေကျင်းထိပ်မှာ ဒူးထောက်ထိုင်လိုက်ရင်း အေးတိအေးစက်အမူအရာနဲ့…

“ရော့..ဖယောင်းတိုင်နဲ့မီးခြစ်၊ အခေါင်းထဲမှာ သိပ်မှော င်တယ်၊ ဖယောင်တိုင်ထွန်းပြီးနင့်ရဲ့ သေမင်းကို မြင်အောင်ကြည့်ပေတော့၊ အားလုံးပြီးဆုံးသွားပြီ ရှင်မြမွန်”

လို့ပြောပြီး ဖယောင်းတိုင်နဲ့ သစ်သားမီးခြစ်တစ်လုံးကို အခေါင်းပေါ်တင်လိုက်တယ်။

အသင့်ပါလာတဲ့ တူနဲ့သံကိုထုတ်ပြီး သံကို တစ် ချက်ချင်း ရိုတ်သွင်းလိုက်တယ်။

ဘုန်း…ဘုန်း…ဘုန်း..

“မလုပ်ကြပါနဲ့…အ.. အသက်ရှူကြပ်တယ်၊ အခေါင်းထဲက ထုပ်ပေးကြပါ၊ မလုပ်ကြပါနဲ့…”

****

“အခေါင်းထဲက မိန်းမ..သေပြီလား”
အပိုင်း(၂)
မျက်လုံးတစ္ဆေ…

ထွန်းအိုင်ဟာ နှစ် ထပ် ပျဉ်ထောင်အိမ်ကြီးရဲ့ အပေါ်ထပ်မှာ တစ်ကိုယ်တော် အရက်ဝိုင်းဖွဲ့နေချိန်…

သူ့တစ်ကိုယ်လုံး ဇောချွေးပျံပြီး ကတုန်ကရင် ဖြစ်နေတယ်။

သူ့ အာရုံထဲမှာ တော့ အခေါင်းထဲကနေ အော်ဟစ်ရင်း သွေးပျက်နေတဲ့ မိန်းမ ဖြစ်သူရဲ့ မျက်နှာကို မြင်ယောင်နေမိတယ်။

ထွန်းအိုင်ဟာ အရက်ကိုပုလင်းလိုက် မော့ချလိုက်ရင်း…

“မသိဘူး… ငါ ဘာမှမသိဘူး ရှင်မြမွန်…

မင်း…မင်း ငါ့ကိုအာရုံထဲက ထွက်သွားစမ်း”

လို့ အော်ဟစ်ပြီးအရက် ပုလင်းနဲ့ နံရံကိုပစ်ပေါက်လိုက်တယ်။

“ခွမ်” ခနဲ အသံကြောင့် အသက်ဆယ့်ခြောက်နှစ် အရွယ် အိမ်စေမိန်းခလေးတစ်ဦးဟာ ထွန်းအိုင်ရှိရာပြေးလာရင်း..

“ဆ… ဆရာလေး… အပုမ ဘာလုပ်ပေးရမလဲ”

လို့ မဝံမရဲမေးလိုက်မိတယ်။

“ဟာ…လာရှုပ်ပြန်ပြီ၊ နင့်ကို ဘာပြောထားသလဲ၊ ငါဘာလုပ်လုပ် ထွက်မလာနဲ့၊ ငါ့အိမ်ငါမီးရှို့ရင်တောင် နင်နဲ့မဆိုင်ဘူး၊ သွားစမ်း”

ထွန်းအိုင်ရဲ့ ဒေါသတကြီး အော်ဟစ်သံကြောင့် အပုမဟာ ကြောက်ရွံ့စွာ ပဲ အနားထွက်သွားတယ်။

ထွန်းအိုင်ဟာ အရက်ပုလင်း အသစ်ကိုဖောက်လိုက်ပြီး ဒယိမ်းဒယိုင်ခြေလှမ်းနဲ့ အိပ်ခန်းထဲကိုဝင်ခဲ့တယ်။

အိပ်ခန်းထဲရောက်တဲ့အခါ ရှင်မြမွန်ရဲ့ ပုံတူပန်းချီကားရှေ့ရပ်လိုက်တယ်။ ထွန်းအိုင်ဟာ အရက်ကို မော့ချလိုက်ရင်း ပန်းချီကားကို စူးစိုက်ကြည့်မိတယ်။

“ရှင်မြမွန်…မင်းဟာ ငါ့မိန်းမ၊ မင်းကို ငါကိုယ်တိုင် အရှင်လတ်လတ် မြေမြှုပ်ရမယ်လို့၊ တစ်ခါမှ မတွေးဖူးဘူး၊ ရှင်မြမွန်ကို ငါသတ်လိုက်ပြီ၊ ဘာလို့ ငါသူ့ကို မြေမြှုပ်ခဲ့တာလဲ၊ အခု …အခု…အိမ်ကြီးမှာ ငါ တစ်ယောက် တည်း၊ ရှင်မြမွန်ဟာ မြေကြီးထဲရောက်သွားပြီ၊ ခုချိန်ဆို သူ…သူ၊ မဟုတ်ဘူး… ငါသူ့ကိုမသတ်ဘူး၊ သူ့ကြမ္မာ သူငင်သွားတာ၊ ဟုတ်တယ် ရှင်မြမွန်ကို ငါမသတ်ဘူး…ငါ မသတ်ဘူး”

ထွန်းအိုင်ဟာ သွေးရူးသွေးတန်း အော်ဟစ်ရင်း အိပ်ရာပေါ် ဝုန်းခနဲလှဲချလိုက်တယ်။

“ရှင်မြမွန်…ရှင်မြမွန် ငါ့အနားမှာ မရှိတော့ဘူး၊ မြေကြီးထဲရောက်သွားပြီ…ဒါဟာ သစ္စာမရှိတဲ့ မိန်းမတို့သွားရာလမ်းဘဲ၊ ဟား…ဟား ထွန်းအိုင်တို့လွတ်လပ်သွားပြီ၊ ခင်ယွန်းကို အိမ်ပေါ်တင်ပြီး၊ ပျော်ပျော်ကြီးနေပစ်လိုက်မယ်၊ ဟား..ဟား..ဟား”

ထွန်းအိုင်ဟာ အရူးပမာအော်ဟစ်ရယ်မောပြီး ရှင်မြမွန်ရဲ့ ပုံတူပန်းချီကားဆီ အကြည့်ရောက်သွားတယ်။ စူးရှတောက်ပနေတဲ့ ရှင်မြမွန်ရဲ့ မျက်လုံးတွေ က စိုက်ကြည့်နေသလို ခံစားလိုက်ရတယ်။ ပန်းချီကားထဲက အကြည့်ကြောင့် ထွန်းအိုင်ဟာ ကြက်သီးဖျန်းခနဲ ထသွားမိတယ်။ ဒါကြောင့် အိပ်ရာပေါ်က ဆတ်ခနဲ ထလိုက်တယ်။

ပြီးတော့…ပန်းချီကားကို မျက်တောင်မခတ်တမ်း စိုက်ကြည့်ရင်းအခန်းဝဆီလျှောက်သွားမိတယ်။

ရှင်မြမွန်ရဲ့ အကြည့်တွေ က သူသွားရာနောက်လိုက်ကြည့်နေသလို ခံစားလိုက်ရတယ်။

ထွန်းအိုင် တစ်ယောက် မျက်လုံးစုံမှိတ်ရင်း ‘အား’ ခနဲ အသံကုန်အော်ဟစ်လိုက်မိတယ်။

ဒီအချိန်မှာ ဘဲ သူငယ်ချင်း ဖြစ်သူမောင်ဇီး အပြေးရောက်လာပြီး..

“ထွန်းအိုင်…ထွန်းအိုင်၊ ဘာ ဖြစ်တာလဲ…၊ သတိထားလေကွာ”

လို့ပြောရင်း ထွန်းအိုင်ရဲ့ ပခုံးကိုလှုပ်ကိုင်လိုက်တယ်။

ထွန်းအိုင်ဟာ ရှင်မြမွန်ရဲ့ ပုံတူကားချပ်ကို ညွှန်ပြရင်း…

“ရှင်မြမွန်…ရှင်မြမွန်၊ ငါ့ကို စိုက်ကြည့်နေတယ်ကွ၊ ငါ…ငါ သွားရာနောက်ကို လိုက်ကြည့်နေတယ်”

လို့ သွေးရူးသွေးတန်း ပြောလိုက်တဲ့အခါ မောင်ဇီးက ခေါင်းခါလိုက်ပြီး

“မင်းတော့သွားပြီ ထွန်းအိုင်၊ အသက်မဲ့တဲ့ပန်းချီကားက၊ မင်းနောက်လိုက်ကြည့်နေတာ၊ ဘယ်လိုလုပ် ဖြစ်နိုင်မှာ လဲ၊ မင်းသောက်တာ များ နေပြီထင်တယ်။ အိပ်လိုက်တော့ကွာ”

လို့ပြောလိုက်တယ်။

ထွန်းအိုင်ဟာ ချွေးသီးချွေးပေါက်ကျနေတဲ့မျက်နှာကြီးနဲ့ မောင်ဇီးကိုကြည့်လိုက်ရင်း…

“မဟုတ်ဘူး…မဟုတ်ဘူး ငါသိတယ်၊ သူ့မျက်လုံးတွေ က ငါ့ကိုပြာကျမတတ် စိုက်ကြည့်နေတာ၊ ငါ မူးလို့ပြောတာမဟုတ်ဘူး”

လို့ ငြင်းဆန်ပြန်တယ်။ မောင်ဇီးက ထွန်းအိုင်ကို စိတ်မရှည်စွာ ကြည့်လိုက်ပြီး…

“ငါ ပန်းချီကားကို ဖြုတ်လိုက်မယ်၊ ဒါဆို မင်းဘာမှ မ ဖြစ်တော့ဘူး”

လို့ပြောရင်း ပန်းချီကားကို ဖြုတ်ဖို့ပြင်လိုက်တယ်။

ထွန်းအိုင်က မောင်ဇီးရဲ့ လက်ကို လှမ်းဆွဲလိုက်ရင်း…

“မဖြုတ်နဲ့…မဖြုတ်နဲ့ မောင်ဇီး၊ ဒီမိန်းမက သူ့ရဲ့ ပုံတူကားချပ်ကြီးကို သိပ်မက်မောတာကွ၊ဒီအတိုင်းပဲ ထားလိုက်ပါ၊ ငါ အခန်းပြောင်းအိပ်လိုက်မယ်”

လို့ ပြောတယ်။

မောင်ဇီးက ထွန်းအိုင်ကိုကြည့်ရင်း သက်ပြင်းကိုသာ ချလိုက်မိတယ်။

***



ဝန်ဇင်းချစ်သူများ မအိုစာ ၏ “ အရှင်လတ်လတ် ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


စုန်းတောက်တဲ့ည

ကုတင်နံပါတ် (၃၁)

ဘင်ပုပ်ငရဲကျခံရတဲ့မိစော