
အပိုင်း (၁)
`မန်ကျည်းရွက်နုနုလေးတွေ ဗျ …´
`မန်ကျည်ရွက်နုနုလေးတွေ ရမယ်ဗျို့… ယူကြဦးမလားဗျ´
အညာဒေသရှိ မြေနီလမ်းထက် အသက်ဆယ့်ရှစ်နှစ် အရွယ်ကောင်လေးတဦးဟာ မန်ကျည်းရွက်ဗန်းလေး ခေါင်းပေါ်တင်ပြီး လှည့်လည်ရောင်းချနေတယ်။
`မန်ကျည်းရွက်သည်လာဦး´
ခြံဝိုင်းတခုထဲက ခေါ်သံကြောင့် ကောင်လေးက သွက်လက်စွာ ပဲ ၀င်သွားတယ်။
မန်ကျည်းရွက်ဗန်းလေး အောက်ချပြီး …
`ဘယ်လောက်ဖိုး ယူမလဲ ဒေါ်ကြီး´
လို့မေးလိုက်တယ်။
မိန်းမကြီးက အိမ်ထဲကထွက်လာရင်း …
`တရာဖိုးထည့်ပေး ၊ ဟဲ့ ပိုပိုသာသာထည့်နော် … ဈေးသည်ဆိုတာ လက်သာမှ ပုံမှန်ဖောက်သည်ရတာ ဟဲ့… ထည့် … ထည့်´
မိန်းမကြီး စကားကြောင့် ကောင်လေးဟာ မျက်နှာမဲ့သွားပြီး …
`ဒေါ်ကြီးကလည်းဗျာ တရာဖိုးလေး ၀ယ်ပြီး ငါးရာဖိုးလောက်တောင်းချင်နေတယ်။´
`အများ ကြီးလိုချင် အများ ကြီးဝယ်ပေါ့၊ ကျုပ်ကပုံမှန်ပဲ ရောင်းတယ် ၊ တရာဖိုးပဲ ထည့်ပေးနိုင်မယ်ဗျ´
ကောင်လေးရဲ့ မချေမငံပြောဆိုမှု ကြောင့် ဈေးဝယ်သူဟာ ဒေါသထွက်သွားတယ်။
`ဟဲ့ ဈေးရောင်းစားပြီး ပါးစပ်ဆိုးလှချည်လား၊ အရိုင်းအစိုင်းကောင်ရဲ့ ၊ သွားတော့´
မိန်းမကြီး အသံကြောင့် ကောင်လေးက မန်ကျည်းရွက်ဗန်း ခေါင်းပေါ်တင်ပြီး မကျေမနပ်ထွက်သွားလိုက်တယ်။
`တောက် … ဘယ်လိုမိန်းမကြီးလဲကွာ´
ဒီလိုလူမျိုးဈေးမရောင်းရလို ငတ်မယ်ဆိုလဲ အငတ်ပဲ ခံလိုက်မယ်၊ အပေါ်စီးက ဆက်ဆံတာတော့ လုံးဝ လက်မခံနိုင်ဘူး´
ကောင်လေးက မကျေမနပ်ရေရွတ်ရင်း ဆက်လျှောက်လာတယ်။
`ဟေ့ ဖိုးအောင် … အာ မင်းက ဒီရပ်ကွက်ထဲ ရောက်နေတာကိုး၊ ဟိုမှာ မင်းမိထွေးလိုက်ရှာနေတယ်။ မြန်မြန်ပြန်ချေကွ´
လူကြီးအပြောကြောင့် ဖိုးအောင်က မျက်နှာရှုံ့မဲ့သွားတယ်။
`ဈေးကောင်းကောင်းလည်း မရောင်းရပါလားဗျာ ၊ အိမ်ပြန်လို့ မန်ကျည်းရွက် မကုန်ရင်လည်း အဆဲအရိုက်ခံရဦးမယ်၊ ဒီနေ့ငါ့ကံကိုက ဆိုးတာပဲ´
ဖိုးအောင်က လမ်းလျှောက်ရင်း သူ့ဘ၀နောက်ကြောင်း ပြန်တွေးလိုက်မိတယ်။
သူဆယ်နှစ် သားအရွယ်မှာ ပဲ မိခင် ဖြစ်သူက မီးယပ် ရောဂါ နဲ့ ဆုံးပါးသွားခဲ့တယ်။
သူ့မှာ မောင်နှမ သားချင်းမရှိဘူး။
ဖခင် ဖြစ်သူ ကတော့ မြို့တကာလှည့်ပြီး အလုပ်လုပ်တဲ့ လက်သမား ဆရာ ဖြစ်သလို အင်မတန်လည်း မိန်းမ ရှုပ်ပွေတယ်။
မိခင်ဆုံးပြီး နှစ် မကူးခင်ပဲ ဖခင်ဟာ ဒေါ်စိန်ကြီးကို လက်ထပ်လိုက်တယ်။
ဒေါ်စိန်ကြီးကလည်း နောက်မယားတို့ ထုံးစံအတိုင်း လင်ပါသား ဖြစ်တဲ့ သူ့ကို မျက်နှာသာမပေးဘူး။
ဖခင် ဖြစ်သူက အမြဲလို ခရီးသွားနေတဲ့အတွက် ဖိုးအောင်ဟာ ဒေါ်စိန်ကြီးနှိပ်ကွက်မှု အောက်မှာ ကြီးပြင်းခဲ့ရရှာတယ်။
ဒီထက်ဆိုးဝါးတဲ့ ကံကြမ္မာက ပြီးခဲ့တဲ့နှစ် က ဖခင် ဖြစ်သူဟာ မိန်းမပွေရှုပ်ခြင်း ရလဒ် ဖြစ်တဲ့ အိတ်အိုင်ဗွီ ရောဂါ ပိုးကြီးနဲ့ ဆုံးပါးသွားခဲ့တယ်။
ဖခင်မရှိချိန်က စပြီး မိထွေးဒေါ်စိန်ကြီးဟာ သူ့ကို အရင်ထက် အဆပေါင်းများ စွာ ပိုမို နှိပ်စက်လာခဲ့တယ်။
ပြေးစရာမြေမရှိတဲ့ ခိုကိုးရာမဲ့ဘ၀မို့ မကျေနပ်မှု တွေ မြိုသိပ်ရင်း လောကဓံကို ခံနိုင်ရည်ရှိအောင် ကြိုးစားခဲ့တယ်။
ဖိုးအောင်ဟာ မန်ကျည်းရွက်ဗန်းလေး လျှောက်နေရာက ၄င်းဘ၀ကိုတွေးရင်း အားငယ်စိတ်နဲ့ မျက်ရည်ပေါက်ခနဲ ကျမိတော့တယ်။
***
အပိုင်း (၂)
ဖိုးအောင်ဟာ သူ့အိမ်ရှေ့ဝိုင်းအရောက် ၀င်ဖို့ ပြင်လိုက်စဉ်မှာ ပဲ …
`လာစမ်း သေနာကျလေး၊ နင်ဟာ စောက်မှတ်သည်းခြေမရှိတဲ့ အမျိုးယုတ်ကောင်ပဲ´
ဒေါ်စိန်ကြီးက ဖိုးအောင်ရဲ့ ဆံပင်ကို စောင့်ဆွဲပြီး ဖုန်းခနဲ ချလိုက်တယ်။
`ကျုပ်ဘာလုပ်လို့လဲဗျ… ဒေါ်ကြီးကျုပ်ကို မတရားလုပ်တာတွေ လွန်နေပြီနော်´
`အမယ်…အံမယ် …နင်က ငါ့ကို ပြန်ပတ်နေတယ်ပေါ့လေ ၊ သူတောင်းစားလေး ၊ နင့်ကို ငါမပြောထားဘူးလား၊ ဈေးရောင်းမထွက်ခင် ရေဖြည့်ပြီးမှ သွားရမယ်ဆိုတာ၊ နင့်ကြောင့် ငါခုထိ ရေမချိုးရသေးဘူး ..ဟဲ့ အကောင်ရဲ့ ၊ နင့်ကြောင့် ငါ့ကို ဖိတ်ထားတဲ့ မင်္ဂလာဆောင်လည်း မသွား ဖြစ်တော့ဘူး၊ နင်ဟာလေ ဘယ်လိုသင်သင် ကျွဲပါးစောင်းတီးကောင်ပဲ၊ နင့်ကို လုံးဝ ခွင့်မလွှတ်ဘူးဟဲ့၊ လာစမ်း…´
ဒေါ်စိန်ကြီးက ဒေါသတကြီး အော်ဟစ်ရင်း ဖိုးအောင်ကို ဆောင့်ဆွဲပြီး ပါးနားရိုက်ပြန်တယ်။
အိမ်နီးနားချင်းတွေ က ဒေါ်စိန်ကြီး ပါးစပ်ကို ရွံကြောက်နေတဲ့အတွက် ဘယ်သူမှ ထွက်မဆွဲဝံ့ဘူး၊
ဒီအချိန်မှာ ပဲ ခရီးဆောင်အိတ်ဆွဲ ထွက်လာတဲ့ အမျိုးသမီးကြီးတဦးဟာ ထိုအ ဖြစ်ကို မြင်သွားတယ်။
ဒေါ်စိန်ကြီးတို့အနားရောက်တော့…
`စောစောစီးစီး … မိစိန် ဘာ ဖြစ်နေတာလဲ၊ ဖိုးအောင်ကို ဆုံးမချင်လည်း အိမ်ထဲမှာ ဆုံးမပေါ့အေ၊ လူမြင်လို့ မကောင်းပါဘူး၊ …အထဲဝင်ကြ´
ထိုမိန်မကြီးအပြောကြောင့် ဒေါ်စိန်ကြီး လက်တွန့်သွားတယ်။
သူက တခြားလူမဟုတ်ဘူး။
သူတို့မြို့လေးက လူတွေ ကို အလုပ်ကိုင်ရအောင် ရှာဖွေပေးနေတဲ့ အိမ်ဖော်ပွဲစား ဒေါ်ညိုဟာ အိမ်ဖော်ပွဲစားအလုပ်လုပ်ကိုင်နေသလို တဖက်ကလည်းရပ်ကွက်ထဲမှာ ငွေတိုးချေးစားနေသူ ဖြစ်တယ်။
ဒါကြောင့် တရပ်ကွက်လုံး ဒေါ်ညိုနဲ့ မကင်းနိုင်ကြဘူး။
သူတို့ရပ်ကွက်လေးမှာ တော့ အိမ်ဖော်ပွဲစား ဒေါ်ညိုဟာ ရက်ကွပ်အုပ်ချုပ်ရေး မှူးထက် တန်ခိုသြဇာရှိတယ်။
ဒေါ်စိန်ကြီးက ခြံထဲဝင်ရင်…
`ဒီကောင်လေးက ကျွန်မ ဆုံးမတာကို ထော်လော်ကန့်လန့်လုပ်နေတာ ဒေါ်ညိုရဲ့ ၊ ဆုံးမတယ်ဆိုတာကလည်း သူ့နောင်ရေး ကောင်းစားဖို့ပါရှင်၊ ယောက်ျားလေးဆိုတာ ဒီဘက်ခေတ်မှာ ဆုံးမနိုင်မှ တော် ကာကျမယ်လေ ဒေါ်ညိုရဲ့ ၊ ကဲပါ … ဒေါ်ညို အိမ်ပေါ်ထိုင်ပါဦး၊ ဟဲ့ ဖိုးအောင် .. နင့်အဒေါ်အတွက် အကြမ်းရေ ယူခဲ့´
လို့ပြောလိုက်တယ်။
ဒေါ်ညိုက ကွပ်ပျစ်မှာ ထိုင်လိုက်တယ်။
`ဒါနဲ့ ဒေါ်ညို ဒီတခေါက် မြို့သွားတာ ကြာတယ်နော်´
ဒေါ်ညိုက ဖိုးအောင်လာချပေးတဲ့ အကြမ်းရည်ကို ခွက်ထဲ ငှဲ့လိုက်ရင်း…
`မြန်ဆို အလုပ်က ရန်ကုန်မှာ မပြတ်သေးဘူးအေ့၊ သူဌေးမတယောက် အရေး ပေါ် လူပို့ခိုင်းလို့ ပြန်လာရတာ ၊ လူရတာ နဲ့ ချက်ချင်း ပြန်မှာ လေ´
ဒေါ်ညိုစကားကြောင့် ဒေါ်စိန်ကြီး တစုံတရာကို သဘောပေါက်သွားပြီး …
`ဟင်း ..ဟင်း .. ကြုံတုန်း ဒေါ်ညို့ကို အပူကပ်ရဦးမယ်တော် ၊ ကျွန်မလေ ဖိုးအော်ကို ရန်ကုန်မြို့ကြီးမှာ အလုပ်လုပ်ခိုင်းချင်တယ်တော့၊ ဘာအလုပ်ရရပေါ့ ဒေါ်ညိုရယ်၊ စားပွဲထိုးတို့ ဘာတို့လည်း ဖြစ်ပါတယ်။ အဓိကက သူလူတောတိုးပြီး လူတွေ အကြောင်းသိစေချင်တာလေ၊ ငွေက အဓိက မဟုတ်ပါဘူးရှင့်… ဟင်း ဟင်း ဟင်း´
ဒေါ်စိန်ကြီး စကားကြောင့် ဖိုးအောင်တယောက် ခေါင်းနပန်းကြီးသွားတယ်။
`ဒီမိန်းမကြီးဟ ရွာမှာ ငါ့ကို ခိုင်းစားလို့ အားမရဘဲ မြို့အထိ ခိုင်းစားချင်နေပြီ၊ အတော့် ကို ယုတ်မာကောက်ကျစ်ပြီး ငွေမက်တဲ့ မိန်းမကြီးပဲ´
ဖိုးအောင်ဟာ အိမ်ထရံနောက်ကွယ်ကနေ မကျေမနပ် ရေရွတ်လိုက်တယ်။
ဒေါ်ညိုက ရေနွေးကြမ်းခွက်ကို ချလိုက်ရင်း…
`ဟုတ်ပါရဲ့ အေ ညည်းသတိပေးတော့မှ ဖိုးအောင်ကို ငါ တွေးမိတော့တယ်၊ ငါ အခုပြန်လာတာ မိန်းမ အလုပ်သမားရှာဖို့ မဟုတ်ဘူး၊ သူဌေးမတယောက် က ခြံအကူအလုပ်သမား … လူငယ်အရွယ်တည်းက လိုတယ်ပြောတယ်အေ့၊ ဖိုးအောင်က ရုပ်လေးလည်းမဆိုးဘူး ၊ အညာသားဆိုပေမယ့် အသားရေကလည်းဖြူတယ်၊ ဒီတော့ သူဌေးမအိမ်မှာ ခိုင်းဖို့ အဆင်ပြေတယ်အေ့၊ ဖိုးအောင်ကို ငါနဲ့ တခါတည်း ထည့်လိုက်ပေတော့ မိစိန်´
လို့ပြောတဲ့အခါ မစိန်ကြီးဟာ ၀မ်းသာအားရနဲ့ ..
`ဟင် … တကယ်လားဒေါ်ညို၊ သူဌေးအိမ်မှာ ဆိုတော့ ကောင်းတာပေါ့၊ လစာဆိုလည်း သုံးလစာ ကြိုထုတ်လို့ ရမှာ ပေါ့နော်´
`ဒါပေါ့ … မိစိန်ရယ်၊ ဖိုးအောင်လို သန့်ပြန့်တဲ့လူဆိုရင် ဈေးက တို့ပါးစပ်ထဲမှာ ပဲလေ… ဟင်း..ဟင်း´
မစိန်ကြီးက မျက်မှော င်ကြုတ်သွားပြီး…
`အဲလိုတွေ လည်း ရှိလား၊ ဘာလို့ အလုပ်ရှင်တွေ က ခွဲခြားထားတာလဲဟင်´
ဒေါ်ညိုက ရေနွေးကြမ်းကို မော့သောက်လိုက်ရင်း …
`ဒီလိုရှိတယ် မိစိန်ရဲ့ … ရန်ကုန်မှာ ရှိတဲ့ ငါတို့ရဲ့ အိမ်ဖော်ပွဲစားကြီးက လူချမ်းသာတွေ ပဲ အခေါ်များ တဲ့ တန်းမြင့်ပွဲစားအိမ်လေ၊ တခါတလေတော့လည်း လူလတ်တန်းစားတွေ လာပြီး အလုပ်သမားခေါ်တာတော့ ရှိပါတယ်အေ့၊ တခါကဆို ငါခေါ်သွားတဲ့ အလုပ်သမားတယောက် ပြဿနာတက်ဖူးတယ်လေ´
လို့ပြောတဲ့အခါ မစိန်ကြီးက စိတ်ဝင်တစားဟန်နဲ့ …
`ဟုတ်လား … ဘယ်လို ဖြစ်တာလဲရှင်´
လို့မေးလိုက်တယ်။
ထရံအကွယ်က နားထောင်နေတဲ့ ဖိုးအောင်ဟာ ဆက်နားမထောင်တော့ပဲ စိတ်ပျက်စွာ နဲ့ အပြင်ထွက်သွားတော့တယ်။
***
![]() ဘီလူးနက္ခတ် | ![]() မိုးကြိုးအလောင်း | ![]() အမေကိုစားတဲ့သမီး |