
အပိုင်း (၁)
ဘီလူးနက္ခတ်
ဘီလူးနက္ခတ်
``ဂျိန်း´´ ကနဲ ခြိမ်းလိုက်တဲ့ ခြိမ်းသံကြော့် ခင်မေကြီး တစ်ယောက် ရင်ထိတ်သွားမိတယ်။
ခင်မေကြီးဟာ ချွေးသီးချွေးပေါက်ကျနေတဲ့ မျက်နှာနဲ့ လက်သည်မိန်းမကို လှမ်းကြည့်ရင်း…
``ဒုက္ခပါပဲ… မိုးရွာတော့မယ်၊ ဒီနေ့ ကိုငွေဆိုင် မြို့ကပြန်လာမှာ ၊ မိုးကြီးလေကြီးနဲ့သာကြုံရင် သူ အပြန်ခက်ရချည်ရဲ့ ´´
လို့ ညည်းညူလိုက်တယ်။
လက်သည်မိန်းမက သူ့ကို ပြန်ကြည့်ပြီး….
``မရှိတဲ့လူကို တွေးပြီး ပူမနေပါနဲ့ ၀န်ထောက်ကတော် ရယ်၊ မကြာခင် ကလေးမွေးရမယ့် ၀န်ထောက်ကတော် ရဲ့ အရေး က ပိုကြီးပါတယ်ရှင်၊ ကျုပ် မွေးဖွားဖို့ အားလုံး အသင့်ပြင်ပြီးပြီ´´
လို့ ပြောလိုက်တဲ့အခါ ခင်မေကြီးဟာ ဗိုက်ကို လက်နဲ့ အသာဖိရင်း…
``ဗိုက် ကတော့ နာနေတယ်၊ အရမ်းတော့မနာသေးဘူး၊ ကလေးကလည်း ထွက်မယ့်အရေး ကို ဘာလုပ်နေလဲ မသိဘူး၊ မြန်မြန်မွေး ပြီးရော´´
လို့ စိတ်မြန်သူပီပီ တဗျစ်တောက်တောက် ရေရွတ်လိုက်တယ်။
ဒီအချိန်မှာ ပဲ အိမ်စေမိန်းကလေး တစ်ယောက် မီးနေခန်းထဲ ၀င်လာပြီး…
``အပြင်မှာ ကလေးကင်ပွန်းတပ်ဖို့ ဆရာကြီး ရောက်နေပါပြီရှင့်´´
လို့ ခင်မေးကြီးကို ပြောလာတယ်။
အိမ်စေမိန်းကလေးရဲ့ စကားကို ခင်မေကြီးက…
``ဗိုက်ကဖြင့် နာတယ်ဆိုရုံရှိသေးတယ်၊ ကင်ပွန်းတပ်ဆရာက ရောက်နေပြီ၊ သွား… သွား… စောင့်နေဦးလို့ ပြောလိုက်၊ ဟဲ့… ဟဲ့…. ညည်းကို တစ်ခါတည်း မှာ ထားမယ်၊ ငါ့ယောက်ျား ပြန်လာတာကလွဲရင် ဘာကိစ္စမှ ငါ့လာမပြောနဲ့၊ ကြားလား´´
လို့ လှမ်းပြောလိုက်တယ်။
``ဟုတ်ကဲ့ပါ ၀န်ထောက်ကတော် ၊ မှာ တဲ့အတိုင်း ဖြစ်စေရပါ့မယ်´´
အိမ်စေမိန်းကလေးဟာ ၀န်ထောက်ကတော် ခင်မေကြီးကို ရိုကျိုးစွာ ပြန်ဖြေပြီး အခန်းထဲက ထွက်သွားတယ်။
ဒီအချိန်မှာ ပဲ မိုးက လေပြင်းနဲ့အတူ တ၀ုန်းဝုန်း ရွာချတော့တယ်။
ခင်မေကြီးက ဗိုက်ထဲက စူးကနဲ့ ခံစားလိုက်ရတာ ကြောင့် လက်သည်မိန်းမရဲ့ လက်ကို လှမ်းဆွဲလိုက်ရင်း…
``အမယ်လေ… နာလိုက်တာ၊ ဗိုက်နာလာပြီး ကိုငွေဆိုင်ရဲ့ ´´
လို့ သံကုန်အော်သစ်လိုက်သည်။
လက်သည်မိန်းမဟာ ခင်မေကြီးကိုကြည့်ရင်း မျက်လုံးပြူး မျက်ဆန်ပြူး ဖြစ်သွားပြီး…
``ညှစ်… ညှစ်… ၀န်ထောက်ကတော် …. ညှစ်ထား´´
လို့ ပြောလိုက်တယ်။
`ဂျုံ´ ခနဲ့ `ဒိုင်း´ခနဲ မြည် ဟီးနေတဲ့ မိုးသက်လေပြင်းနဲ့အတူ ခင်မေကြီးဟာ ဝေဒနာကို အလူးအလဲ ခံစားနေရရှာတယ်။
``အမလေး… နာလိုက်တာကိုငွေဆိုင်ရဲ့ ၊ လုပ်ပါဦး ကိုငွေဆိုင်ရဲ့ ´´
ခင်မေကြီးရဲ့ သွေးရူးသွေတန်း ညည်းညူသံကြောင့် လက်သည်မိန်းမက…
``အို… ၀န်ထောက်ကတော် ကလည်း ကလေးမွေးတဲ့ဟာ ဘုရားတရား အာရုံပြုမှပေါ့၊ ဘယ့်နှယ် ၀န်ထောက်မင်းကို တ,နေရတာ တုန်း´´
လို့ ရေရွတ်လိုက်တဲ့အခါ ခင်မေကြီးက ဝေဒနာကို အံကြိတ်ခံနေရင်းက…
``ဒင်း… ဒင်းကြောင့် ကျုပ်ဗိုက်နာရတာ ၊ ဒင်းကို မတ,လို့ ဘယ်သူ့တ,နေရမှာ တုန်း၊ ကယ်ပါဦး ကိုငွေဆိုင်ရ့၊ နာလိုက်တာတော့် …´´
လို့ ရင်ခေါင်းသံကြီးနဲ့ အော်ဟစ်လိုက်ပြန်တယ်။
``အူငဲ… အူငဲ… အူငဲ´´
စူးစူးဝါးဝါး ထွက်ပေါ်လာတဲ့ ကလေးငိုသံကြောင့် လက်သည်မိန်းမဟာ ချွေးသီးချွေးပေါက်တွေ ကို သုတ်လိုက်ရင်း…
``မွေးပြီတော့… မွေးပြီ၊ မိန်းကလေး ဖြူဖြူဖွေးဖွေးကြီးနဲ့ ချစ်စရာလေးတော့…´´
လို့ သံကုန်အော်လိုက်သည်။
မီးနေခန်းက အသံကြောင့် ကင်ပွန်းတပ်ဆရာကြီးဟာ ကျောက်သင်ပုန်းနဲ့ ကျောက်တံကို ကောက်ကိုင်လိုက်ပြီး တဒေါက်ဒေါက်နဲ့ တွက်ချက်လိုက်တယ်။
ဒီအချိန်မှာ ပဲ `ဒေါက်… ဒေါက်… ဒေါက်´´ ဆိုတဲ့ တံခါးခေါက်သံကို ကြားလိုက်ရတယ်။
အိမ်စေမိန်းကလေးက တံခါးကို ပြေးဖွင့်လိုက်တဲ့အခါ ပိုးအင်္ကျီ၊ ပိုးခေါင်းပေါင်းစ တလူလူနဲ့ လူကြီးနှစ် ဦးကို တွေ့ လိုက်ရတယ်။
ခေါင်းပေါင်းစ တလူလူနဲ့ လူကြီးနှစ် ယောက် ဟာ မျက်နှာတင်းတင်းနဲ့ အိမ်ထဲ လှမ်းဝင်ရင်း…
``၀န်ထောက်ဟောင်း ဦးငွေဆိုင် ဘယ်မလဲ´´
လို့ မေးလာတယ်။
ဒီအခါ အိမ်စေမိန်းကလေးက ကိုယ်ကိုကိုင်းညွှတ်လိုက်ရင်း…
``၀န်ထောက်ဟောင်း ဦးငွေဆိုင် မရှိပါဘူး၊ မြို့တက် သွားပါတယ်ရှင်၊ ထိုင်ကြပါဦးရှင့်´´
လို့ တရိုတသေ ပြောလိုက်တဲ့အခါ လူကြီးနှစ် ယောက် ဟာ မျက်နှာတင်းမာသွားပြီး…
``ဒါဆို ဒေါ်ခင်မေကြီး ဘယ်မှာ လဲ၊ သူ့ကို ခေါ်ပေးပါ´´
လို့ ပြောလာပြန်တယ်။
လူကြီးရဲ့ စကားကြောင့် အိမ်စေမိန်းကလေးဟာ မျက်နှာပျက်သွားရင်း…
``ခေါ်ပေးလို့တော့ မရဘူးရှင့်၊ ၀န်ထောက်ကတော် ဟာ ခုချိန်မှာ ကလေးမျက်နှာမြင်နေပါတယ်၊ ပြီးတော့ ဘာကိစ္စပဲ ဖြစ် ဖြစ် သူ့ကို လာမပြောဖို့ ကျွန်မကို မှာ ထားပါတယ် ရှင့်။ ၀န်ထောက်ကြီးဟာ မကြာခင်မှာ မြို့က ပြန်ရောက်လာပါလိမ့်မယ်၊ ဦးကြီးကို ခဏထိုင်စောင့်ကြပါရှင်´´
လို့ ပြောလိုက်တဲ့အခါ လူကြီးနှစ် ယောက် က ဒေါသတကြီးနဲ့…
``အို… မျက်နှာမြင်တာတွေ ဘာတွေ နားမလည်ဘူး၊ ခင်မေကြီးကို ခေါ်ပေးပါ၊ မဟုတ်လို့ ကတော့ မီးနေခန်းထဲ ၀င်တွေ့ ရလိမ့်မယ်၊ ငါတို့မှာ ဘာအယူမှ မရှိဘူး´´
လို့ လေသံမာမာနဲ့ အော်ဟစ်ပြောလိုက်တယ်။
အခန်းပြင်က အသံတွေ ကြောင့် ခင်မေကြီးဟာ အိပ်ရာပေါ် လှဲနေရာက မျက်မှော င်ကြုတ်သွားရင်း..
``ဟဲ့… ဟဲ့.. အပြင်မှာ ဘာတွေ ဖြစ်နေကြတာတုန်း၊ မိဂျမ်း… မိဂျမ်း… လာစမ်း၊ ညည်းတို့ အလိုက်ကမ်းဆိုးကို မသိဘူး´´
လို့ အသံကျယ်ကျယ်နဲ့ အော်ငေါက်လိုက်တယ်။
ခင်မေကြီးရဲ့ ခေါ်သံကြောင့် အိမ်စေမိန်းကလေးဟာ မီးနေသည်ခန်းတွင်း ပြေးဝင်လာတယ်။
``ညည်းတို့ ဘယ်လို ဖြစ်နေကြတာလဲ၊ ဒီမှာ မီးဖွားနေတာ မသိဘူးလား၊ ကမ္ဘာပျက်သလား အောက်မေ့ရတယ်၊ ပွက်လောကို ရိုက်နေတာပဲ´´
ခင်မေကြီးရဲ့ မာန်မဲမှု အဆုံးမှာ အိမ်စေမိန်းကလေးက အကြောင်းစုံကို ရှင်းပြလိုက်တယ်။
အိမ်စေမိန်းကလေးရဲ့ စကားကြောင့် ခင်မေကြီးဟာ မျက်လုံးပြူးသွားရင်း…
``ဘာ… ငါ့ယောက်ျားနဲ့ တွေ့ မှ ဖြစ်မယ် ဟုတ်လား… ကိုငွေဆိုင်မှာ ခဲ့တာတော့ ရှိတယ်၊ ငွေချေးထားတဲ့လူတွေ အတိုးလာပေးလိမ့်မယ်တဲ့၊ အမယ်လေး… ငွေပေးမယ့်သူတွေ ပဲ ခေါ်လိုက်စမ်း ငါ့ဆီ… မြန်မြန်လွှတ်လိုက်´´
လို့ ပြောလိုက်တယ်။ စိတ်မြန်လက်မြန်ရှိတဲ့ ခင်မေကြီးက ကုတင်ခေါင်းရင်းမှာ ခေါင်းအုံးခုရင်း ကျောမှီထိုင်လိုက်တယ်။
ဒီအချိန်မှာ ပဲ ခေါင်းပေါင်းစ တလူလူနဲ့ လူကြီးနှစ် ယောက် ဟာ အခန်းထဲဝင်လာရင်း…
``ကျုပ်တို့ အတိုးလာပေးတာ မဟုတ်ဘူး၊ ခင်ဗျားယောက်ျား ၀န်ထောက်ဟောင်းကြီး ကျုပ်တို့ဆီက ငွေတွေ မဆပ်နိုင်လို့ အကြွေးနဲ့ အိမ်သိမ်းမလို့ လာခဲ့တာဗျ´´
လို့ အသံကျယ်ကျယ်နဲ့ ပြောလိုက်တယ်။
ကြားလိုက်ရတဲ့ စကားကြောင့် ခင်မေကြီးဟာ အကြီးအကျယ် ထိတ်လန့်သွားတယ်။
``ဘာ… ဘုရား… ဘုရား… အကြွေးနဲ့ အိမ်သိမ်းဖို့လာတာ ဟုတ်လား… အမယ်လေး… လေး… ကြားရတာ သွေးတောင် တက်လာပြီ၊ မူးလိုက်တာ၊ ရှင်… ရှင်တို့ မဟုတ်တာတွေ လာပြောနေတယ်။ ကျုပ်ယောက်ျားက သူများ ဆီက အကြွေးယူတဲ့လူစားမျိုး မဟုတ်ပါဘူး၊ ရှင်တို့ လွဲနေပြီထင်တယ်´´
ခင်မေကြီးရဲ့ စကားကြောင့် လူကြီး တစ်ယောက် က လက်ကိုင်အိတ်ကြီးထဲက စာရွက်ခေါက်တစ်ခုကို ထုတ်ပြီး…
``ဟောဒီမှာ အိမ်ဂရံနဲ့ ငွေချေးထားတဲ့စာချုပ်၊ သေချာကြည့်… ခင်ဗျားယောက်ျားကိုယ်တိုင် လက်မှတ်ထိုးထားတယ်၊ ခင်ဗျားယောက်ျားဟာ ပိုကာဝိုင်းမှာ အကြီးအကျယ် ရှုံးပြီး ကျုပ်တို့ဆီက ငွေချေးထားတာ ကြာပြီဗျ၊ အခု သတ်မှတ်ရက်ပြည့်ပြီ၊ ဒါကြောင့် ကျုပ်တို့ အိမ်သိမ်းဖို့ လာခဲ့တာပဲ၊ ဒီမှာ ခင်မေကြီး၊ မနက်ဖြန်ညနေစောင်းတာနဲ့ အိမ်ပေါ်က ဆင်းဖို့ပြင်ပါ… ဒါပဲ´´
လို့ ပြောပြီး ချာခနဲ လှည့်ထွက်သွားကြသည်။
လူကြီးနှစ် ယောက် ထွက်သွားတဲ့အခါ ခင်မေကြီးဟာ နားနှစ် ဖက်ကို လက်နဲ့အုပ်လိုက်ရင်း…
``ဘုရား… ဘုရား… ဘာတွေ ဖြစ်ကုန်ပြီလဲ၊ မနက်ဖြန် အိမ်ကဆင်းပေးရမယ်တဲ့၊ အမယ်လေး…. ကိုငွေဆိုင်၊ ရက်စက်လှချည်လား ကိုငွေဆိုင်ရယ်၊ လုပ်ရက်လိုက်တာ၊ ဖဲရိုက်တာ အိမ်ဂရံတောင် ပေါင်ပြီး ရိုက်ရသတဲ့လား၊ ခင်မေကြီး ဘ၀ပျက်ပါပြီတော့် ´´
လို့ သွေးရူးသွေးတန်း အော်ဟစ်ငိုလိုက်တယ်။
လက်သည်မိန်းမနဲ့ အိမ်စေမိန်းကလေးဟာ ၀န်ထောက်ကတော် ခင်မေကြီးကို ၀ိုင်းဝန်းနှစ် သိမ့်ပေးရှာတယ်။
လက်သည်မိန်းမကြီးဟာ ခင်မေကြီးရဲ့ နားထင်ကို နှိပ်နယ်ပေးရင်း…
``စိတ်ကိုထိန်းပါ ၀န်ထောက်ကတော် ရယ်၊ ပစ္စည်းဥစ္စာဆိုတာ ပြန်ရှာရင် ရပါတယ်ရှင်၊ မိန်းမ တစ်ယောက် ရဲ့ မီးတွင်းကာလဟာ သိပ်အရေး ကြီးတယ်၊ မီးတွင်းမှာ ငိုရင် ခေါင်းကိုက်ဝေဒနာ စွဲသွားတတ်တယ်ရှင့်၊ မငိုပါနဲ့ရှင်၊ တိတ်ပါနော်´´
လို့ ပြောရှင်တယ်။
ဒီအချိန်မှာ ပဲ အိမ်ခန်းအပြင်ဘက်မှာ …
``မိဂျမ်း… မိဂျမ်း.. ဘယ်သူမှ မရှိကြဘူးလား´´
ဆိုတဲ့ အသံကြားလိုက်ရတယ်။
ခင်မေကြီးဟာ ကုတင်ပေါ်က ဆတ်ခနဲ လှမ်းဆင်းလိုက်ရင်း…
``ဟင်… ငါ့ယောက်ျား ပြန်လာပြီထင်တယ်၊ ကိုငွေဆိုင် ပြန်လာပြီ´´
လို့ ရေရွတ်ရင်း အခန်းပြင် ပြေးထွက်သွားတယ်။
``၀န်ထောက် ကတော့… မပြေးနဲ့… မပြေးနဲ့လေ….´´
လက်သည်မိန်းမဟာ ခင်မေကြီးနောက်ကို စိုးရိမ်တကြီး ပြေးလိုက်သွားတယ်။
ခင်မေကြီးဟာ အခန်းအပြင်ရောက်တော့ ယောက်ျား ဖြစ်သူ ကိုငွေဆိုင် မဟုတ်ဘဲ ကုန်တင်ကားဒရိုင်ဘာကို တွေ့ လိုက်ရတယ်။
ခင်မေကြီးရဲ့ သွေးရူးသွေးတန်းအမေးကြောင့် ကုန်ကားဒရိုင်ဘာ မျက်နှာမသာမယာနဲ့ ခေါင်းငုံ့ထားရင်းက…
``ကျုပ်တို့ မြို့ကအပြန် လမ်းမှာ မမျှော်လင့်ဘဲ မိုးသက်လေပြင်းနဲ့ ကြုံခဲ့ရတယ်၊ တောင်ကွ့တစ်ခုကို ရောက်တော့ ကားဘရိတ်ပေါက်ပြီး ချောက်ထဲ ကျခဲ့ရတာ ၊ ဆရာငွေဆိုင် ကတော့ ကျုပ်ပြောနေတဲ့ကြားထဲက ခုန်မဆင်းခဲ့လို့ ကားနဲ့အတူ ချောက်ထဲကျပြီး ပွဲချင်းပြီး ဆုံးရှာပြီ´´
လို့ ငိုသံကြီးနဲ့ ပြောလာတယ်။ ခင်မေကြီးဟာ ခေါင်းတစ်ခုလုံး ချာချာလည်သလို ခံစားလိုက်ရပြီး…
``အမယ်လေ… ငါ့ယောက်ျား… ငါ့ယောက်ျား မရှိတော့ဘူး၊ ဘုရား…. ဘုရား… ငါ့ဘ၀တော့ ပဋာမြေလူးပါပြီတော် ´´
လို့ အော်ဟစ်ရင်း ကြမ်းပေါ်ဗိုင်းခနဲ ပြိုလဲကျသွားရှာတယ်။
ကင်ပွန်းတပ်ဆရာကြီးဟာ ၀န်ထောက်ဟောင်းကတော် ရဲ့ အ ဖြစ်ကို စိတ်မသက်သာဟန်နဲ့ ခေါင်းခါလိုက်တယ်။
ပြီးတော့ ကျောက်သင်ပုန်းမှာ ကျောက်တံနဲ့ တဒေါက်ဒေါက်တွက်ချက်ရင်း…
``အင်း…. ၀န်ထောက်ဟောင်းကတော် ရဲ့ သမီးဦးလေးဟာ ဘီလူးနက္ခတ်နဲ့ယှဉ်ပြီး မွေးလာသူပဲ၊ သူဟာ ငယ်ရွယ်စဉ်မှာ ဆင်းရဲဒုက္ခမျိုးစုံကို ခံရပြီး အသက်ကြီးတဲ့အခါ ကတော် တစ်ပါး ဖြစ်နိုင်တယ်။ ဒါပေမယ့် သူဟာ အိမ်ထောက်ဖက်များ မယ်၊ သူ ဖြစ်ချင်တာကို မရရအောင် လုပ်မယ်၊ အလိုလောဘကြီးလိမ့်မယ်၊ စိတ်ဓာတ် ကတော့ မဟုတ်မခံစိတ်ရှိပြီး မိမိအပေါ် အကောင်းအဆိုးတွေ ကို မမေ့တတ်သလို နာကြည်းမှု ကို တစ်သက်လုံး မှတ်ထားတတ်တယ်၊ စိတ်အပြောင်းအလဲ မြန်မယ်၊ စိတ်ကူးယဉ်ပြီး စိတ်ကူးယဉ်တဲ့အတိုင်း လက်တွေ့ အကောင်အထည် ဖော်တတ်တဲ့ ဇာတာရှင်ပဲ´´
လို့ ရေရွတ်လိုက်တော့တယ်။
**************
ဘီလူးနတ္ခတ်နဲ့ ယှဉ်မွေးတဲ့ သူငယ်မ ဘာ ဖြစ်မလဲ?
အပိုင်း (၂)
မျက်နှာများ တဲ့ မပန်းဖြူ….
ပြည်မြို့ရဲ့ မလှမ်းမကမ်းမှာ ဇီးတောဆိုတဲ့ရွာလေးရှိတယ်။
အဲဒီ ရွာမှာ ခ၀ါသည်မုဆိုးမသားအမိ နေထိုင်ကြတယ်။
မိခင်ကြီးဟာ မိုးလင်းကမိုးချုပ် သူများ အိမ်တွေ မှာ တစ်အိမ်တက်ဆင်း အ၀တ်လျှော်ဖွပ်ရပေမယ် သမီး ဖြစ်သူ ကတော့ ဘာအလုပ်မှ မလုပ်ဘူး။
မိခင်ကြီးကလည်း ထိရက်စရာ မရှိအောင် ချောမောလှပလွန်းတဲ့ သမီး ဖြစ်သူကို ဘာမှမခိုင်းရက်ဘဲ ခြေမွှေးမီးမလောင် ထားတယ်။
တစ်နေကုန်အောင် ရွာရိုးအနှံ့ အ၀တ်လျှော်ပြီး ပြန်လာ၊ အိမ်ရောက်တော့ ကိုယ်တိုင် မီးမွှေးပြီး ထမင်းချက်ပြုတ်။
သမီး ဖြစ်သူ မပန်းခြူကို ခူးခပ်ကျွေး၊ ပြီးရင် ထင်းခွဲ၊ ရေခပ်…။
ညမိုးစုန်းစုန်းချုပ်တော့မှ ကြမ်းပေါ် ကျောခင်းရရှာတယ်။
ဒါပေမယ့် မိခင် မုဆိုးမကြီးဟာ ညူစူစကား တစ်ခွန်းမှ မပြောဘူး။
သမီး ဖြစ်သူကို ဒီလို လုပ်ကိုင်ကျွေးရတာ ကိုပဲ အကျေနပ်ကြီး ကျေနပ်နေရှာတယ်။
မပန်းခြူဟာ လှပသလောက် မျက်နှာလည်း သိပ်များ တယ်။
ဇီးတောတစ်ရွာလုံး မပန်းခြူနဲ့ မချစ်ကြိုက်ဖူးတဲ့ကာလသား မရှိဘူး။
အဲဒီ အတွက် အရပ်က အတင်းစကားအမျိုးမျိုး ဆိုကြပေမယ့် မပန်းခြူက ဖုတ်လေတဲ့ငပိ ရှိလေတယ်တောင် မအောက်မေ့ဘူး။
မိခင်မုဆိုးမကြီးဟာ အရပ်က တအားပြောလာတဲ့အခါ သမီး ဖြစ်သူကို သတိပေးတဲ့အနေနဲ့…
``မပန်းခြူရယ်… ညည်းနဲ့တော့ ခက်တော့တာပဲ၊ ငါတို့ကို မုဆိုးမသားအမိဆိုပြီး အရပ်က မျက်လုံးဒေါက်ထောက် ကြည့်နေတာ ညည်းမသိဘူးလား၊ အခု ညည်းသတင်းတွေ က အရပ်ရပ် နေပြည်တော် ကြားလို့မှ ကောင်းသေးရဲ့ လား၊ မအေကို သေအောင် သတ်နေတာလား မိပန်းခြူ… ဟင်´´
လို့ပြောရင်း ၀မ်းနည်းပြီး မျက်ရည်စက်စက် ကျရှာမိတယ်။
မပန်းခြူဟာ သူမရဲ့ ရှည်လျားတဲ့ဆံပင်တွေ ကို ဆီလိမ်နေရာက လှည့်မကြည့်ဘဲ…
``အို… အမေကလည်း လူပဲ ကိုယ့်စိတ်နဲ့ကိုယ် နေမှာ ပေါ့၊ ဘာလို့ အရပ်ကို ဂရုစိုက်ရမလဲ၊ ကဲ့ရဲ့ ခုနှစ် ရက်တဲ့၊ ပါးစပ်ညောင်းရင် ပိတ်သွားလိမ့်မယ်၊ အလကား… စိတ်ရှုပ်ခံပြီး တွေးမနေစမ်းပါနဲ့´´
မပန်းခြူရဲ့ စကားကြောင့် မိခင်ကြီးဟာ ရင်ဘတ်ဖိမိရင်း…
``အမယ်လေး… ပန်းခြူ၊ ညည်းက မိန်းကလေးနော်၊ ယောက်ျားတွေ မျက်နှာများ တာ လူကဲ့ရဲ့ လွတ်တယ်အေ့၊ ညည်းက မိန်းကလေး ဖြစ်ပြီး ဟိုလူနဲ့တွဲ လိုက်၊ ဒီလူနဲ့တွဲ လိုက် လုပ်နေတာ မရှက်ဘူးလား၊ ရွာမှာ ညည်းနဲ့လွတ်တဲ့ ယောက်ျား ကျန်သေးရဲ့လား၊ မုဆိုးဖိုလည်း မချန်ဘူး၊ တစ်ခုလပ်လည်း တွဲ လိုက်တာပဲ၊ ညည်းဟာ မိန်းမကောင်းမဟုတ်တော့ဘူး မိပန်းခြူရဲ့ သိရဲ့ လား´´
လို့ မချိတင်ကဲ မာန်မဲလိုက်တဲ့အခါ မပန်းခြူက နှုတ်ခမ်းစူလိုက်ရင်း…
``အညှိရှိလို့ ယင်အုံတာပဲ အမေရယ်၊ အမေသာ သူများ ပြောတိုင်း လျှောက်ယုံနေ။ အရပ်ထဲက ကောင်မတွေ ကို ကြည့်ပါဦး၊ အမေ့သမီး ပန်းခြူရဲ့ ခြေဖျားကို မှီတဲ့သူ ရှိလို့လား၊ သူတို့တွေ ကျုပ်ကို ၀န်တိုပြီး သွားပုပ်လေလွင့် ပြောနေတာ အမေယုံရင် ရူးဖို့ပဲရှိတယ်။ ကျုပ်ရဲ့ အိမ်ထောင်ဖက်ကို ဒီအချိန်မှာ ခေါင်းခေါက်ပြီး စိတ်တိုင်ကျ ရွေးချယ်တာ ဘာ ဖြစ်သလဲ။ ရည်းစားတစ်ထောင် လင်ကောင် တစ်ယောက် တဲ့၊ ကျုပ် ကတော့ စိတ်တိုင်းကျ ရွေးရမှာ ပဲ လှေကုန်ရှုံးရင် တစ်ခေါက်ပဲ။ လင်ရွေးမှာ ရင် ကျုပ်တစ်ဘ၀လုံး ဆုံးမှာ အမေရဲ့ … သိရဲ့ လား´´
လို့ ပြန်ပြောတယ်။
ဒီလို…. ဒီလိုအကြောင်းအရာတွေ က မပန်းခြူနဲ့ မိခင်ကြားမှာ အမြဲရှိခဲ့တယ်။
မိခင်ကြီး ဘယ်လိုပင် ဆုံးမပါစေ၊ မပန်းခြူ ကတော့ မပြောင်းလဲခဲ့ပါဘူး။
တကယ်လည်း ဟုတ်တယ်။
ဇီးတောရွာမှာ ပန်းခြူရဲ့ အလှကို မှီတဲ့အပျို မရှိဘူး။
တောရွာဇနပုဒ်မှာ ကြီးပြင်းခဲ့ပေမယ့် သူမရဲ့ အလှက နန်းထိုက်တဲ့ရွှေသဇင်။
သူမရဲ့ အကျင့်က ယောက်ျားတကာနဲ့ တွဲ နေရမှာ စားဝင်တဲ့ မိန်းမစားမျိုး။
ဇီးတောရွာရှိ ယောက်ျားတွေ ကလည်း မျက်နှာများ တဲ့ မပန်းခြူရဲ့ အကြောင်း သိပါလျက် သူမမှသူမ ဖြစ်နေကြတယ်။
တစ်နေ့မှာ တော့ မပန်းခြူတို့ သားအမိရဲ့ ဘ၀ကို ပြောင်းလဲစေတဲ့ ပြဿနာကြီးတစ်ခု ဖြစ်ပွားခဲ့တယ်။
အဲဒီ ပြဿနာက…
**************
![]() သွေးစုပ်သူယောင်မယ် | ![]() မိုးကြိုးအလောင်း | ![]() အောက်လမ်း (ပထမပိုင်း) |