Cover

အခန်း (၁)

မကျည်းကုန်းရွာလေးရဲ့ ရွာဦးဘုန်းတော် ကြီးကျောင်းဝယ် ကျောင်းထိုင်ဆရာတော် ကြီးဟာ ကွမ်းယာကို ၀ါးငုံရင်း….

``အိမ်း.. ဒီလိုရှိတယ် ဒကာဖိုးအောင်ရဲ့ ၊ လာမယ့်သော ကြာနေ့ဟာ နေ့ကောင်း ဖြစ်သလို အဲဒီ နေ့ရဲ့ မနက်ကိုးနာရီကနေ ဆယ့်တစ်နာရီအထိက အချိန်ကောင်း အခါကောင်းပဲကွဲ့၊ ဒါကြောင့် ဒကာဖိုးအောင်ရဲ့ သားကို ကိုရင်ပြု၊ သင်္ကန်းစီးဖို့ဟာ ထိုနေ့မှသာ ဖြစ်သင့်ပါတယ်´´

လို့ မိန့်ကြားလိုက်တဲ့အခါ ဆရာတော် ရှေ့ လက်အုပ်ချီ ထိုင်နေတဲ့ ဦးဖိုးအောင်က….

``မှန်လှပါ ဘုရား… တပည့်တော် ကတော့ အမြန်ဆုံး ကိုရင် ၀တ်ပေးချင်တာပဲ သိပါတယ် ဘုရား၊ ဘာကြောင့် လဲဆိုတော့… ဆရာတော် ဘုရားရဲ့ အရိပ်အောက်နေမှ ရတော့မှာ ပါ၊ သား ဖြစ်သူ မောင်ချစ်အောင်ဟာ တပည့်တော် ထိန်းမနိုင်အောင် ဆိုးနေလို့ပါ ဘုရား၊ တစ်နေ့ကလည်း ငှက်ပစ်ထွက်ရင်း လောက်စာလုံးက ငှက်မထိဘဲ ထင်းခုတ်ပြန်လာတဲ့ သစ်ခုတ်သမားကို ထိမှန်ခဲ့လို့ တပည့်တော် ဆေးဖိုးဝါးခ အတော် လေး ကုန်ခဲ့ရပါတယ် ဘုရား၊ ဆရာတော် ဘုရားရဲ့ ဆုံးမမှု အောက် နေထိုင်မှ ဒီကလေး ရမှာ ပါ ဘုရား´´

လို့ လျှောက်တင်လိုက်တယ်။

ဆရာတော် ကြီးက ခေါင်းဆတ်ဆတ်ညိတ်ပြီး…

``ဒကာလေးမောင်ချစ်အောင်က ဆယ့်လေးနှစ် အရွယ်ပဲ ရှိသေးတာ မဟုတ်လားကွဲ့၊ အိမ်း… ဒီအရွယ်ဆိုတာ ကတော့ ဆော့ကစားခြင်းနဲ့ အစားအသောက်သာ မက်လိမ့်မပေါ့၊ ကဲပါလေ…. မောင်ချစ်အောင်လေး လိမ္မာရေး ခြားရှိဖို့ ဘုန်းကြီး တာဝန်ယူပါတယ်၊ ဒကာကြီးဖိုးအောင်သာ ကိုရင်လောင်းအတ်ွက စီစဉ်စရာတွေ စီစဉ်ပါလေ´´

လို့ မိန့်တော် မူလိုက်တယ်။

ထိုအချိန်မှာ ပဲ…

ကျောင်းပေါ်သို့ လူတစ်ဦးရောက်လာပြီး ဆရာတော် ကြီးကို ၀တ်ပြုလိုက်တယ်။

``ဘာအကြောင်းများ လဲ ဒကာသာလှရဲ့ … ဆိုစမ်းပါဦး´´

``ဒီလိုပါဘုရား… တောင်ပိုင်းက သူဌေးကြီးဦးဖိုးမှန် ဆုံးပါး သွားပါပြီ ဘုရား၊ သူဌေးကတော် ကြီးနဲ့ မိသားစုတွေ ဟာ ရုတ်တရက် သေဆုံးတဲ့ သူဌေးကြီးကြောင့် ရင်ထုမတနာ ဖြစ်ပြီး ငိုကြွေးမဆုံး ရှိနေကြပါတယ် ဘုရား၊ ဒါကြောင့် …ကျန်ရစ်သူမိသားစုကို တရားသဘော နှလုံးမူဖို့ ဆရာတော် ဘုရားကို လာရောက်ပင့်ဆောင်ရခြင်းပါ ဘုရား´´

သာလှရဲ့ စကားကြောင့် ဆရာတော် ကြီးက သက်ပြင်းချလိုက်တယ်။

``သြော်… ကျောင်းဒကာကြီးဖိုးမှန်တောင် မနေ့ကမြင်ပြီး…. ဒီနေ့ ကွယ်ပျောက်သွားပြီကိုး၊ ဘုန်းကြီးဖြင့် တယ်ပြီး စိတ်မကောင်းလှပေဘူး၊ ကဲ… ကဲ… ဒကာကြီးဖိုးအောင်လည်း ပြန်ပေဦးကွဲ့၊ ဘုန်းကြီးလည်း နာရေး အိမ်ကို ကြွရမကွဲ့´´

ဆရာတော် ကြီးက ထိုသို့ပြောပြီး ထိုင်ရာက ထ,ရင်း သင်္ကန်းကို ပြင်ဝတ်လိုက်တယ်။

ဦးဖိုးအောင်လည်း သား ဖြစ်သူ ကိုရင်ပြုမယ့်အရေး ကြောင့် ဆရာတော် ကို ဦးချရင်း ရွာဦးကျောင်းကနေ ထွက်သွားခဲ့တော့တယ်။

* * * * *


မကျည်းပင်တွေ စီရီနေတဲ့ မြေနီလမ်းမထက်... ကလေးတစ်အုပ်ဟာ ဆူညံစွာ အော်ဟစ်ဆော့ကစားနေကြတယ်။

၎င်းတို့ဟာ ၀ါးခြမ်းပြားနဲ့ ပြုလုပ်ထားတဲ့ လက်လုပ်သေနတ်ကိုယ်စီနဲ့ စစ်တိုက်တမ်း ကစားနေကြတယ်။

``ဒိုင်း… ဒိုင်း… ဒိုင်း… ဒိုင်း´´

``ဟေ့ကောင် သံလုံး… ငါ ပစ်လိုက်တာ မင်း ထိသွားပြီလေကွာ၊ ဘာလို့ မြေကြီးပေါ် လှဲပြီး `အား´လို့ မအော်တာလဲ၊ မြေကြီးပေါ် လှဲလိုက်စမ်းကွ´´

``ဘာလို့လှဲရမှာ လဲကွ၊ မင်းပစ်တာ ငါ့မထိဘူး၊ ငါ ဒီမှာ ပုန်းနေတာပဲ.. လုံးဝ မထိဘူးကွ´´

သံလုံးဆိုတဲ့ကလေးရဲ့ အပြောကြောင့် အသားဖြူဖြူ ကောင်လေးဟာ မျက်နှာတင်းသွားတယ်။

သံလုံးရဲ့ ရင်ဘတ်ကို ဆောင့်တွန်းလိုက်ရင်း…

``မင်း…ဘာစကားပြောတာလဲ၊ မင်းပုန်းနေတဲ့ ချုံပုတ်ကိုလည်း ကြည့်ဦး၊ ချုံပုတ်သေးသေးလေးမှာ ပုန်းနေတဲ့ဟာ၊ မင်းကိုယ်တစ်ခြမ်းလုံး မြင်နေရလို့ ငါ ပစ်တာပေါ့ကွ၊ မင်း… ငါပစ်တာ မှန်သွားပြီ သေလိုက်တော့ ဟေ့ကောင်´´

သံလုံးကလည်း မှု န်ကုပ်ကုပ်ဟန်နဲ့ ပြန်ကြည့်ရင်း…

``လုံးဝ မသေနိုင်ဘူးကွာ၊ မင်း ဘာ ဖြစ်ချင်လဲ ဟေ့ကောင်´´

လို့ ပြန်ပြောလိုက်တဲ့အခါ….

``အေး… ဒါ ဖြစ်ချင်တယ်ကွာ..´´

``ခွပ်´´

``အား´´

``ဟာ… ငအောင် မလုပ်နဲ့ကွ၊ မင်းတို့က ဆော့တိုင်း ရန်ပဲ ဖြစ်နေကြတယ်´´

ကလေးတစ်အုပ်ဟာ စုပြုံသွားပြီ စကားတွေ ပွက်လောရိုက်သွားတယ်။

သံလုံးက လဲနေရာက ထလိုက်ရင်း…

``ဒီမယ် ငအောင်… မင်းကြောင့် ငါ နှုတ်ခမ်းကွဲသွားပြီ၊ မင်းကို ဘကြီးဖိုးအောင်နဲ့ တိုင်ပြောမယ်၊ လုံးဝ မကျေနပ်ဘူးကွ´´

လို့ ကြုံးဝါးရင်း ပြေးထွက်သွားတယ်။

ချစ်အောင်က သူငယ်ချင်းတွေ ဆွဲထားရာက ရုန်းကန်ရင်း…

``လွတ်ကြစမ်းပါကွ…. ဒီကောင်သံလုံး ကစားတိုင်းလူလည်ကျနေတာ၊ ဒင်းကမျာ ငါ့ တိုင်ဦးမယ်၊ ဟေ့ကောင်သံလုံး… ဒီနေ့ မင်း ငါ့အဘတိုင်ပြီးရင် မနက်ဖြန် မင်းခေါင်းကွဲဖို့ ပြင်ထားကွ၊ ချစ်အောင်တို့က ဘယ်သူ့မှ သောက်ဂရုမစိုက်ဘူးကွ… တောက်´´

လို့ ကြိမ်းမောင်းလိုက်တော့တယ်။

ကျန်ကလေးတွေ ဟာ ၎င်းတို့ရန်ပွဲကြောင့် ဆက်မကစားတော့ဘဲ ပြန်သွားကြတယ်။

မြေနီလမ်းမထက် ချစ်အောင်နဲ့ ငယ်သူငယ်ချင်း အရင်းကြီး ဖြစ်တဲ့ သာထူးနှစ် ယောက် သာ ကျန်ရစ်ခဲ့တယ်။

သာထူးက ကျောက်တုံးကြီးတစ်ခုပေး ထိုင်ချလိုက်ပြီး…

``မင်းကလဲကွာ… မကြာခင် ကိုရင်ဝတ်ရတော့မယ့်ဟာကို ဘာလို့ ရန် ဖြစ်ရတာ လဲကွ၊ မင်းအဘသိရင် ဆော်ပလော်တီးခံရမယ်ကွ´´

လို့ ပြောလိုက်တဲ့အခါ ချစ်အောင်က စိတ်ရှုပ်ထွေးဟန်နဲ့ ခေါင်းကုတ်ဖွလိုက်တယ်။

``ငါ ကိုရင်မ၀တ်ချင်ဘူး ငထူးရာ၊ ကိုရင်ဝတ်ရင် ညစာ မစားရဘူးတဲ့၊ ပြီးတော့ ထမင်းစားရင်လည်း ဆွမ်းခံလို့ရတဲ့ ဟာတွေ အားလုံးကို ရောနယ်ဖတ်ပြီး စားရတာ တဲ့ကွ၊ ငါက ထမင်းစားရင် အသားဟင်းပဲ စားတတ်တာ မင်းအသိပဲ၊ အရွက်ကြော်တွေ ဆို လုံးဝမကြိုက်ဘူးကွ၊ ငါ စိတ်ညစ်တယ်ကွာ´´

``အေးကွ… ဒါတော့ ဟုတ်တယ်ကွ၊ ငါ့ကိုလည်း ကပ္ပိယကြီးက ပြောဖူးတယ်၊ သင်္ကန်းစီးတဲ့အခါ ရိုးရိုးလူတွေ လို မနေရဘူးတဲ့၊ ကိုယ်က မြင့်မြတ်တဲ့ဘုရားရဲ့ သားတော် ဖြစ်သွားတဲ့အတ်ွက အနေအထိုင် အပြောအဆိုအားလုံး ပြောင်းလဲရမှာ တဲ့၊ ဆော့လို့လည်း မရဘူးကွ၊ အိပ်ရင်လည်း ဖျာပေါ်မှာ ပဲ အိပ်ရာတာကွ´´

``ဟား… ဟား… မင်းလို သူဌေးသားပေါက်စအတွက်တော့ အကြီးကြီးတွေ့ ပြီပဲပေါ့၊ မင်းက ဇီဇာသိပ်ကြောင်တဲ့ကောင်း၊ အိပ်ရင်လည်း လဲမှို့မွေ့ရာနဲ့မှ အိပ်တတ်တဲ့ကောင်၊ ဟင်းဆိုလည်း ချေးများ သေး၊ ပြီးတော့ ရှိုးစမိုးကလည်း လူကြီးတွေ လို ဂိုက်ပေးချင်တဲ့ကောင်၊ အေးပေါ့ကွာ.. မင်းက ရွာမှာ လူလတ်တန်းစာ သူဌေးတစ်ဦးရဲ့ တစ်ဦးတည်းသော သားဆိုတော့… မင်းဘ၀နဲ့ မင်း ကတော့ ဟုတ်နေတာပဲကွ၊ ငါက မိဘမဲ့အမျိုးမဲ့ကောင်၊ မင်းအဖေက သနားပြီး အိမ်ခေါ်ထားတဲ့ လက်တိုလက်တောင်း ခိုင်းခံ၊ ငါ့ဘ၀ ကတော့ ဟဲ.. ဟဲ… ဟဲ… သင်္ကန်းစီးရမှ ဇိမ်ကျရမှာ ကွ၊ ဆွမ်းခံထွက်လိုက်၊ စားလိုက်၊ အိပ်လိုက်ပေါ့၊ နွားစာလည်း မစဉ်းရတော့ဘူး၊ ထင်းလည်း မပေါက်ရတော့ဘူး၊ လက်တိုလက်တောင်းကိစ္စတွေ လည်း မလုပ်ရတော့ဘူးလေ၊ မင်းနဲ့အတူ သင်္ကန်းစီးခွင့်ပေးတဲ့ မင်းအဖေကိုတောင် ကျေးဇူးတင်သေးကွ၊ ဖြစ်နိုင်ရင် ကိုရင်ပဲ ၀တ်နေရရင် ကောင်းမယ်ကွ၊ ကဲပါကွာ… နေစောင်းတော့မယ်ကွ… ပြန်ကြရအောင်ကွာ၊ ဗိုက်လည်း ဆာနေပြီ´´

သာထူးက ထိုင်ရာက ထ,ရင်း ချစ်အောင်ရဲ့ ပခုံးကို ဖက်လိုက်တယ်။

ပြီးတော့… နှစ် ယောက် သား မကျည်းပင်တန်းတွေ အောက် ဖြတ်လျှောက်ရင်း အိမ်ပြန်ခဲ့ကြတယ်။

* * * * *


မကျည်းကုန်းရွာလေးရဲ့ ညချမ်းကို စူးစူးဝါးဝါး အော်ဟစ်သံကြီးက ဖုံးလွှမ်းသွားတယ်။

အသံက ရွယ်လယ်ပိုင်းရှိ လယ်ပိုင်ရှင် ဦးဖိုးအောင်ရဲ့ နှစ် ထပ်ပျဉ်ထောင်အိမ်ကြီးဆီမှ….

မောင်ချစ်အောင် တစ်ယောက် အိမ်အောက်ရှိ တိုင်ကြီးကို ဖက်ရင်း အော်ဟစ်ငိုယိုနေသလု ဖခင် ဖြစ်သူရဲ့ အညာကြိမ်လုံး ရိုက်ချက်က သူ့ကျောပေါ် တဖုန်းဖုန်း ကျနေရှာတယ်။

``ဖအေကို အမြဲ ဒုက္ခပေးတဲ့အကောင်၊ ဒီရွာမှာ ငါ လယ်ရှင်ကွ…. လယ်ရှင်၊ မင်းကြောင့် မင်းသောက်သုံးမကျလို့ ငါ ဘာမဟုတ်တဲ့ အကြော်သည်မကိုပါ တောင်းပန်ရတာ ၊ လူကြည့်တော့ လက်တောက်လောက်၊ မင်းကြောင့် ဒီရွာမှာ ငါ မတောင်းပန်ဖူးတဲ့သူ မရှိတော့ဘူးကွ၊ တိုင်ကို သေချာဖက်ထားစမ်း၊ ကျောကွဲဖို့ ပြင်ပေတော့´´

ဦးဖိုးအောင်က နီရဲနေတဲ့ မျက်နှာကြီးနဲ့ ကြိမ်လုံးကို လွှဲရိုက်ချလိုက်တယ်။

``အောင်မယ်လေးဗျ… ကြောက်ပါပြီ အဘရဲ့ ၊ ကျုပ် နောက်…ရန်မ ဖြစ်တော့ပါဘူးဗျ၊ အီး… ဟီး… ဟီး… အီး… ခုလည်း ကျုပ် မလွန်ဘူးဗျ၊ ဟိုကောင်သံလုံး ညစ်လို့ ဖြစ်ရတာ ပါ အဘရဲ့ ၊ ကျုပ်ကို မရိုက်ပါနဲ့တော့ဗျ… ဟီး…ဟီး..´´

မောင်ချစ်အောင်က မျက်ရည်ဘူးသီးလောက်ကျရင်း အော်ဟစ်ငိုယိုနေပြန်တယ်။

``ဘာကွ… တစ်ခနဲရှိ လက်ပါရအောင် မင်းက လူမိုက်လားကွ၊ လူမိုက်လုပ်ချင်တဲ့ကောင် မင်းနဲ့တန်တာ ကြိမ်လုံးပဲကွ၊ ရိုက်ရလွန်းလို့ ကျိုးတဲ့ကြိမ်လုံးလည်း မနည်းတော့ဘူး၊ ဒီတစ်ခါ ထပ်ပြီး ပြဿနာ ရှာရဲရှာကြည့်စမ်းကွ၊ မင်းကို လိပ်ကျောက်မြီးနဲ့ကို ဆုံးမပစ်မယ်´´

ဦးဖိုးအောင်က ထိုသို့ ကြိမ်းမောင်းရင်း ဒေါသတကြီး ရိုက်နှက်ပြန်တယ်။

အော်ဟစ်ငိုယိုသံ၊ ရိုက်နှက်သံတွေ ကြောင့် … အကြားမတော် တဲ့ အိမ်နီးချင်းတွေ ဟာ ကျေးရွာလူကြီးဆီသွားပြီး အကူအညီတောင်ြး ကတော့တယ်။

သူတို့ကိုယ်တိုင် လယ်ပိုင်ရှင်ဦးဖိုးအောင်ကို ဆရာလုပ် ၀င်ဆွဲရဲသူများ မဟုတ်ကြချေ။

အိမ်နီးချင်းတွေ ရဲ့ ခေါ်ယူမှု ကြောင့် ရွာလူကြီး ရောက်လာပြီး ဦးဖိုးအောင်ကို တားဆီးတော့တယ်။

``ရွာလူကြီး မသိလို့ဗျ၊ ဒီကောင့်ကြောင့် ကျုပ် အရှက်ကွဲပေါင်း များ လှပြီ၊ ကျုပ် ဒင်းကို ဘယ်လိုဆုံးမ ဆုံးမ လုံးဝ မရဘူးဗျ၊ တိရစ္ဆာန်လောက်တောင် အမှတ်မရှိတဲ့ကောင်၊ ရိုက်ပြီးခဏပဲ… နောက်ရက်ကျ ဒုံရင်းက ဒုံရင်းပဲဗျ… တောက်´´

ရွာလူကြီးက ဒေါသသိပ်ထွက်နေတဲ့ ဦးဖိုးအောင်ကြောင့် မောင်ချစ်အောင်ကို ဘေးအိမ်ခေါ်သွားစေတယ်…။

ပြီးမှ…

``မောင်ချစ်အောင်ဆိုတယ်ဆိုတာ ငါတို့ သိပါတယ် ဖိုးအောင်ရာ၊ ဒါပေမယ့်… ကလေးက မကြာခင် ကိုရင်စီးရတော့မယ်လေ၊ မင်းရဲ့ ဒေါသကို ထိန်းစမ်းပါကွာ၊ ကိုရင်စီးလို့ ဆရာတော့် ကျောင်း ရောက်သွားရင် မောင်ချစ်အောင် လိမ္မာသွားမှာ ပါကွာ၊ ခုနေ… မင်း ရိုက်နှက်ဆုံးမလည်း လက်နာပြီး ဒေါသကြောင့် သွေးတိုးရုံပဲ ရှိမှာ ပေါ့ကွ၊ ကဲ… ကဲ… အကြမ်းရည်လေးသောက်ပြီး စိတ်ကို လျှော့ချလိုက်ကွာ´´

ကျေးရွာလူကြီးက ဦးဖိုးအောင်ကို ဖျောင်းဖျစကား ဆိုလိုက်တယ်။

ဦးဖိုးအောင်က ရွာလူကြီးရဲ့ စကားကို မလွန်ဆန်ဝံ့တာကြောင့် မျက်နှာကြော မပြေတဲ့မျက်နှာကြီးနဲ့ အကြမ်းရည်ခွက်ကို မော့ချလိုက်တယ်။

``ဒါနဲ့…. မင်းသား ကိုရင်စီးဖို့ ပြင်ဆင်ပြီးပြီလားကွ´´

ရွာလူကြီးက သူ့ဒေါသပြေစေဖို့အတွက် စကားလွှဲပြောလိုက်တယ်။

``ဆရာတော့် ကိုတော့ လျှောက်ပြီးပြီ၊ လာမယ့်သော ကြာနေ့ သင်္ကန်းစီးမှာ ဗျ၊ ပရိက္ခရာတွေ ကိုတော့ မှာ ထားပြီးပြီလေ´´

ရွာလူကြီးကပါ အကြမ်းရည်တစ်ခွက် ငှဲ့သောက်ရင်း…

``လိုတဲ့အကူအညီရှိလည်း ပြောကွာ၊ ကျွေးမွေးဖို့ရော စီစဉ်ပြီးပြီလားကွ၊ ကာလသားခေါင်းကိုရော ပြောပြီးပြီလား´´

လို့ ထပ်မေးလိုက်ပြန်တယ်။

``ကိုတင်ဝင်းရာ… ခင်ဗျားလည်း ကျုပ်အကြောင်း သိရဲ့ နဲ့၊ ကျုပ်က အလှူလုပ်ရင် ဇာမချဲ့တတ်ဘူးဗျ၊ လိုရင်း ကိုပဲ အဓိက လုပ်တတ်တယ်၊ ဒါ့ကြောင့် လည်း… ကျုပ်သားကို ရှင်လောင်းတွေ ဘာတွေ မထည့်ဘဲ တစ်ခါတည်း ကိုရင်စီးပေးတာဗျ၊ အဲဒီ နေ့ကျရင်… ရွာဦးကျောင်းမှာ နေ့ဆွမ်းကပ်မယ်၊ လာတဲ့လူတွေ ကိုလည်း ၀က်သားနီချက်နဲ့ ဧည့်ခံမယ်ဗျ၊ အားလုံး ကျုပ် စီစဉ်ပြီးသွားပြီ´´

``ကောင်းပါပြီဗျာ၊ ကဲ… ဖိုးအောင်…. ငါလည်း ဘုရားဝတ်ပြုချိန် ရောက်နေလို့ ပြန်ဦးမယ်ဟေ၊ မင်းလည်း ကလေးကို ဆူပူမနေနဲ့တော့´´

ကျေးရွာသူကြီး ဦးတင်ဝင်းက ထိုသို့ပြောပြီး ထပြန်သွားတယ်။

ဦးဖိုးအောင်လည်း ထိုညက စောစီးစွာ ပဲ အိပ်ရာဝင်ခဲ့တော့တယ်။

* * * * *


အခန်း (၂)

နောင် ဝေ ဝေ….

ဆိုတဲ့ ကြေးစည်သံနဲ့အတူ အလောင်းတင်ရိပ်ဖြူထမ်းစင်ကြီးနဲ့ လူတန်းရှည်ကြီးက ရွာနောက်ပိုင်းဘက် တရွေ့ရွေ့ သွားနေကြတယ်။

ငှက်ပစ်ဖို့အတွက် လေးခွကိုယ်စီနဲ့ ထွက်လာတဲ့ ချစ်အောင်နဲ့ သာထူးဟာ အသုဘပို့ခြင်းကို ရပ်ကြည့်နေလိုက်ကြတယ်။

``ဟေ့ကောင် သာထူး.. အဲဒါ ဘယ်သူ့အသုဘလဲကွ´´

ချစ်အောင်ရဲ့ အမေးကို သာထူးက အံ့အားသင့်ဟန်နဲ့…

``ဟင်… မင်း ဒါတောင် မသိဘူးလား၊ အဲဒါ ကျောင်းဒကာကြီးဦးဖိုးမှန်ရဲ့ နာရေး ကွ၊ ရုတ်တရက်ကြီး သေသွားလို့ သူ့သတင်းက တစ်ရွာလုံး ပြောနေကြတာ ချစ်အောင်ရ´´

ချစ်အောင်က လောက်လေးခွကို တောင်ရွယ် မြောက်ရွယ် လုပ်ရင်းက….

``ဟုတ်လား… ငါလည်း အဘရဲ့ အဆော်ခံရပြီး အိပ်ရာထဲ မှော က်နေတာနဲ့ မသိလိုက်ဘူးကွ၊ သန်သန်မာမာကြီးနဲ့ သေတာ သနားပါတယ်ကွာ နော်´´

ဟု ပြောရင်း လောက်စာလုံးနဲ့ ချိန်လွှဲပစ်လိုက်တယ်။

ချစ်အောင်ပစ်လိုက်တဲ့ လောက်စာလုံးက ရိပ်ဖြူထမ်းစင်ကြီးကို ထိမှန်သွားတယ်။

``ဟာ..မင်း ဘယ်လိုလုပ်လိုက်တာလဲ၊ ဟိုမှာ မသာကို မှန်သွားပြီကွ၊ မင်းတော့ ပြဿနာပဲ´´

ထိုအချိန်

ရိပ်ဖြူထမ်းစင်ကြီးကို ထမ်းထားတဲ့ ရွာသားတွေ ဟာ `ဒေါက်ခနဲ´ အသံကြောင့် တစ်ဦးမျက်နှာ တစ်ဦးကြည့်လိုက်ကြသလို ခြေလှမ်းတုံ့သွားကြတယ်။

ပြီးတော့..

ထိုလူတွေ က အလောင်းကိုတစ်လှည့် ပတ်ဝန်းကျင်ကို တစ်လှည့် ကြည့်လိုက်တယ်။

``ဟာ… ဦးရီးသာလှတို့ ကြည့်နေပြီကွ၊ လာ… လာ… ငါတို့ အမြန်လစ်မှ ဖြစ်မယ်၊ မင်း လက်သရမ်းမှန်းသိလို့ ဘကြီးကို သွားတိုင်ရင် မင်းပဲ ဗျောတီးခံရမှာ ကွ´´

သာထူးက ထိုသို့ပြောရင်း ချစ်အောင်ရဲ့ လက်ကို အမြန်ဆွဲပြီး အပြေးတစ်ပိုင်း ခေါ်သွားတယ်။

``မင်းကွာ.. မသာကိုမှ ဂွနဲ့ပစ်ရသလား၊ မင်းကို မသာက မကျေနပ်လို့ ခြောက်ရင် ဘယ်လိုလုပ်မလဲကွ၊ မင်း မကြောက်ဘူးလားဟင်´´

သာထူးရဲ့ အမေးကြောင့် ချစ်အောင် တစ်ယောက် ခြေလှမ်းရပ်ပြီး မျက်နှာငယ်သွားတယ်။

``မသာက မကျေနပ်ရင် ခြောက်တတ်တယ်လား၊ ငါက ဘာရယ်မဟုတ်ဘူးကွ… ဒီအတိုင်း ပစ်လိုက်မိတာ၊ ငါ ကြောက်တယ်ကွ၊ ငါ့ကိုခြောက်ရင် ဒုက္ခပါပဲကွာ´´

``လုပ်တုန်းက လုပ်ပြီး အခုမှ ကြောက်နေပြန်ပြီ၊ အင်း…. ငါ့အထင်တော့ မင်း မသာကြီးဦးဖိုးမှန်ကို ပြန်တောင်းပန်သင့်တယ်ကွ´´

``ဘယ်လို… တောင်းပန်ရမယ် ဟုတ်လား၊ ဦးလေးဖိုးမှန်ကြီးက မသာ ဖြစ်နေပြီလေကွာ၊ ငါ ဘယ်လိုလုပ် တောင်းပန်လို့ရမှာ လဲကွ၊ မင်းကလဲ´´

သာထူးက မျက်မှော င်ကုပ်စဉ်းစားဟန်နဲ့…

``အေး… ငါ ဒီလိုတွေးမိတယ်ကွ၊ ညကျရင် ငါတို့ သင်္ချိုင်းကုန်း သွားကြမယ်၊ ပြီးရင် မင်းက ဦးဖိုးမှန်ရဲ့ မြေပုံကို တောင်းပန်လိုက်ကွာ´´

လို့ ပြောလိုက်တဲ့အခါ ချစ်အောင်ဟာ မျက်လုံးပြူးသွားတယ်။

``ဘာ..ငါ… ငါက… သင်္ချိုင်းကုန်းကို ညဘက်ကြီးသွားရမယ် ဟုတ်လား၊ ဟင့်အင်းကွာ… ငါ ကြောက်တယ်၊ အခုပဲ အသုဘပို့တဲ့လူတွေ နဲ့ လိုက်ပြီး တောင်းပန်လိုက်မယ်ကွာ…. နော်´´

ချစ်အောင်ရဲ့ ကြောက်အားတကြီး ငြင်းဆန်မှု ကြောင့်

``အာ… မင်းကလည်း အခု သွားတောင်းပန်ရင် မသာကို လေးခွနဲ့ပစ်မှု နဲ့ မင်းအဘဆီ တိုင်ကြမှာ ပေါ့ကွ၊ သင်္ချိုင်းဆိုတာ မင်းကို ဘာအန္တရာယ်မှ မပြုနိုင်ဘူး၊ မင်းအဘဆော်မှ ကျောကော့အောင် ခံရမှာ ကွ၊ ငါလည်း ပါမှာ ပါကွာ… မကြောက်စမ်းပါနဲ့၊ အေး…. ကြောက်ရင်လည်း မသွားနဲ့ပေါ့ဗျာ၊ ကျောင်းဒကာကြီး ခြောက်တာပဲ ခံလိုက်တော့´´

* * * * *


လရောင် မှိန်ပျပျသာရှိတဲ့ အမှော င်ထုအောက်…. ဒုတ်ခနဲ အသံက ခပ်တိုးတိုးနဲ့ အဆက်မပြတ် ထွက်ပေါ်နေတယ်။

အမှော င်ကြီးထဲ မြေကြီးတွေ တူးဆွနေတဲ့ လူနှစ် ယောက် ။

တစ်ယောက် က ပေါက်ပြားကို မြေကြီးထဲ ထိုးစိုက်လိုက်ရင်း ခါးကြားက အရက်ပုလင်းကို မော့သောက်လိုက်တယ်။

``မင်ဟာ အတ္တကြီးတဲ့ကောင်ပဲကွ၊ ငါ့လည်း တိုက်ဦးလေးကွာ´´

မြေတူးဆွနေတဲ့ လူရဲ့ အပြောကြောင့် နားနေသူက ပုလင်းကို လှမ်းပေးလိုက်တယ်။

``ဟေ့ကောင် သာလှရ…. မင်းပြောတာ သေချာရဲ့ လား၊ မသေချာရင် မောတာပဲ အဖတ်တင်မှာ နော်´´

သာလှက အရက်ကို အ၀မျိုသောက်လိုက်ရင်း….

``သံလုံးရာ… မင်း သူငယ်ချင်း ငါက မသေချာရင် ဘာမှမလုပ်ဘူးကွ၊ အရီးစိန်က လူတွေ အလစ်မှာ အသာလေးဝတ်ပေးလိုက်တာကွ၊ ဒီမျက်လုံးတွေ နဲ့ကို သေချာမြင်ခဲ့တာ၊ ကဲ… အချိန်ကောင်းတုန်းလေး ဆက်လုပ် ကြရအောင်´´

လို့ ပြောပြီး မြေကြီးကို ဆက်တူးဆွလိုက်တယ်။

``ဂီး… ဂီး… ဂီး… ဂီး…´´

ရုတ်တရက်ကြီး နားရွက်နားက ဖြတ်ပျံသွားတဲ့ ငှက်ဆိုးကောင်ကြောင့် သံလုံး တစ်ယောက် လန့်ဖျပ်ပြီး…

``အောင်မယ်လေးဗျ´´ လို့ အော်လိုက်မိသလို သာလှကို ပြေးဖက်ထားလိုက်တယ်။

``ငှက်ဆိုးကောင်ပါကွ… မင်းကလဲ၊ လုပ်နေတာ မသာအကောာင်ဖော်ဖို့၊ သတ္တိက နည်းလှချည်လားကွ´´

သာလှရဲ့ အပြောကြောင့် သံလုံးက ဖက်ထားရာက ခွာလိုက်ရင်း

``ငါက ကျောင်းဒကာကြီးအကြောင်း တွေးနေတာကွ၊ ဟို… သူတောင်းစား ငှက်ဆိုးက နားနားကပ်အော်တော့ တအားလန့်သွားတာပေါ့၊ တကယ်ပဲ… ဟူး´´

လို့ ပြောပြီး မြေကြီးကို ဆက်တူးပြန်တယ်။

ဒီအချိန်မှာ ပဲ…

``ဟာ… ဟေ့ကောင် သံလုံး၊ ငါ့ဘက်မှာ အခေါင်းကြီးပေါ်နေပြီကွ၊ မင်း အမြန်တူးတော့´´

လို့ ဆော်သြလိုက်သည်။

သံလုံးလည်း သာလှရဲ့ စကားကြောင့် အားတက်ပြီး မြေကြီးတွေ ကို ပေါက်ပြားနဲ့ ကလောထုတ်လိုက်တယ်။

သစ်သားခေါင်းကြီးတစ်ခုလုံး ပေါ်ချိန်မှာ တော့…

နှစ် ယောက် သား မြေကျင်းထဲဆင်းပြီး အဖုံးဖွင့်ဖို့ ကြိုးစားလိုက်တယ်။

ထိုစဉ်မှာ ပဲ…

သံလုံး တစ်ယောက် သင်္ချိုင်းရဲ့ အ၀င်လမ်းဆီ မျက်လုံးအကြည့် ရောက်သွားတယ်။

သူဟာ ထိုအရာကို မျက်တောင်မခတ်တမ်း ကြည့်ရင်း ငြိမ်သက်နေတယ်။

``ဟာ… ဒီကောင်… ဘာကြောင်နေတာလဲကွ၊ အဖုံးကို ဖွင့်စမ်းပါကွ၊ ဟေ့ကောင် သံလုံး…´´

သာလှက အားမလို အားမရအသံနဲ့ လှမ်းပြောလိုက်တဲ့အခါ သံလုံးက…

``ဟို… ဟိုမှာ ကြည့်စမ်းပါကွ၊ အရိပ်မည်းကြီးတွေ ငါ… ငါ မြင်နေရတယ်´´

လို့ ပြောလိုက်တဲ့အခါ သာလှက ၎င်းပြရာကို မျက်လုံး ဝေ့ကြည့်လိုက်တယ်။

``ဘာမှ မရှိပါဘူးကွ၊ မင်းကလေ လူမသိအောင် လုပ်ပါတယ်ဆိုမှ ပြဿနာကို စုံနေတာပဲ၊ မင်းအာရုံတွေ ပြောင်းလိုက်စမ်း။ ငါတို့လိုချင်တာ ကျောင်းဒကာကြီးရဲ့ အလောင်းမှာ ၀တ်ထားတဲ့ လက်ပတ်ကြိုးကြီး၊ ဒါဆိုရင်… မြို့တက်ပြီး အပြတ်သော င်းကျန်းလို့ ရပြီ၊ လုပ်စမ်းပါကွ´´

သာလှရဲ့ လောဘစိတ်ကို နှိုးဆွပေးမှု ကြောင့် သံလုံးက ထိုနေရာကို မကြည့်တော့ဘဲ အခေါင်းအုံးကြီးကို ခွာထုတ်လိုက်တယ်။

အဖုံးကြီး ပွင့်သွားတဲ့အခါ အလင်းရောင် ၀ိုးတ၀ါးအောက် မျက်လုံးကြီးပြူးနေတဲ့ အလောင်းကောင်ကြီးကို ကျောချမ်းဖွယ် ကောင်းလောက်အောင် မြင်လိုက်ရတယ်။

လောဘဇောကပ်နေတဲ့ သာလှက ကျောင်းဒကာကြီးရဲ့ တိုက်ပုံအင်္ကျီလက်ကို ဆွဲမ,လိုက်ပြီး ကြည့်လိုက်တယ်။

``ဟာ… တွေ့ ပြီကွ၊ ကြည့်စမ်းပါဦး သံလုံးရ… အမှော င်ထဲမှာ တောင် လက်ပတ်ကြိုးကြီးက လက်နေတာပဲကွ၊ အလေးချိန်လည်း များ ပုံရတယ်၊ ဟီး ဟီး… ငါတို့ ပွပြီကွ´´

``ဟုတ်တယ်ကွ… ငါ ဖြုတ်လိုက်တော့မယ်၊ ဒါ… ဒါပေမယ့်… မင်း ကျောင်းဒကာကြီးရဲ့ မျက်လုံးကို အုပ်ထားပေးကွာ၊ သူ့မျက်လုံးပြူးကြီးက ငါ့ကို စိုက်ကြည့်နေသလိုပဲကွ´´

ဒီ့နောက်မှာ တော့…

သူငယ်ချင်းနှစ် ယောက် သား အတိုင်ဖောက်ညီစွာ နဲ့ အလောင်းကြီးလက်က လက်ပတ်ကြီးကို ဖြုတ်ယူလိုက်ကြတယ်။

သံလုံးက လက်ထဲပါလာတဲ့ လက်ပတ်ကြိုးကို ချိန်ဆကြည့်ရင်း…

``လက်ပတ်ကြိုးကြီးက အလေးကြီးပဲဗျ၊ ငါ့စိတ်ထင် ရွှေငါးကျပ်သားလောက် ရှိမယ်ထင်တယ်၊ ဒါပဲနော်.. ဟေ့ကောင်… ဒါကြီး ရောင်းရငွေကို အချိုးကျခွဲယူမယ်၊ မင်း ညစ်ဖို့ မကြိုးစားနဲ့´´

လို့ ပြောလိုက်တဲ့အခါ…

``အောင်မာ… ခုမှလာပြီး လောဘတက်နေတယ်၊ ငှက်ဆိုးဖြတ်သွားတာတောင် ကြောက်တဲ့ကောင်ကများ ၊ တစ်ယောက် တစ်ဝက်လို့ ပြောထားပြီးပြီပဲ၊ ကဲပါ… ငါတို့လိုချင်တာ ရပြီဆိုတော့ မြေတွေ ပြန်ဖို့ရအောင်ကွ၊ ဒီမှာ ကြာနေရင်… သူများ မြင်မှာ စိုးရတယ်´´

* * * * *


ရှပ်… ရှပ်… ရှပ်…

ဖိနပ်ကို ရှပ်ပြီး သွားနေတဲ့ အသံကြီး။

ထိုအသံကြီးက မြေဖို့အပြီး သင်္ချိုင်းက ပြန်ဖို့ပြင်နေတဲ့ သာလှတို့နှစ် ယောက် လုံး နားနဲ့ဆတ်ဆတ် ကြားလိုက်ရတယ်။

…ရှပ်… ရှပ်… ရှပ်…

… ရှပ်… ရှပ်….

အသံက တိုးနေရာကနေ တဖြည်းဖြည်း နီးကပ်လာသလို ခံစားနေရပြီး နှစ် ယောက် သား တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်ပြီး စကားမပြောနိုင်ဘူး။

အမှော င်ကြီးထဲ ဘယ်နေရာကြည့်ကြည့် ကမ္ဗည်းတိုင်တွေ ၊ မြေပုံမို့မို့တွေ ကြောင့် အကြောက်အရွံ့မရှိတဲ့ သာလှပါ ကျောထဲ စိမ့်ခနဲ အေးခနဲ ဖြစ်သွားတယ်။

ကျောင်းဒကာကြီးရဲ့ အလောင်းကို တူးစဉ်မှာ ရော အလောင်းဆီက လက်ပတ်ကြိုး ဖြုတ်ယူချိန်မှာ ရော လောဘမွှန်နေတဲ့အတွက် ကြောက်စိတ်ပျောက်နေတဲ့ သာလှ။

ခုတော့….

တဖြည်းဖြည်း နီးကပ်လာတဲ့ ခြေသံ (ရှပ်တိုက်သံ) ကြီးကြောင့် ကြက်သီးတွေ က သီးခနဲ.. ဖျဉ်းခနဲ။

``ဒီ… ဒီလိုချည်း ရပ်နေမလို့လားကွ၊ အသံကြီးက ငါတို့နဲ့ နီးကပ်သလိုပဲကွာ၊ ငါ… ငါတို့… ပြေးကြရအောင်ကွ´´

ကတုန်ကယင်ကြီး ပြောလိုက်တဲ့ သံလုံးကြောင့် မျက်စိမျက်နှာပျက်နေတဲ့ သာလှက….

``ထွက်ပေါက်က ငါတို့ နောက်ကျောမှာ ကွ၊ အသံကလည်း အနောက်က ကြားနေရတာ ၊ နောက်လှည့်လိုက်မှ မတော် တာမြင်ရရင် ဘယ်လိုလုပ်မလဲကွ၊ ငါလည်း မလှည့်ရဲ့ ဘူးကွာ´´

``ဘာ ဖြစ် ဖြစ်ကွာ… အနားရောက်မှ ဘွားခနဲ တွေ့ ရတာ ထက်စာရင် အရဲစွန့်ပြေးတာက ပိုကောင်းမယ်၊ ငါ ကြောက်လွန်းလို့ သေးပေါက်ချင်နေပြီ သာလှရ၊ ဘုရားစာရွတ်ပြီး ပြေးရအောင်ကွာ၊ မင်းမလိုက်လည်း ငါ ပြေးတော့မယ်၊ ငါ့ကျောတွေ မလုံတော့ဘူးကွ´´

သံလုံးအပြောကြောင့် သာလှ တစ်ယောက် အသက်ကို တ၀ကြီး ရှူသွင်းလိုက်တယ်။

ပြီးမှ….

သံလုံးရဲ့ လက်ကို ကျစ်နေအောင် လှမ်းဆွဲလိုက်ရင်း…

``ပြီးရောကွာ… ငါတို့ လက်မဖြုတ်ကြေး ပြေးကြမယ်၊ ဒါပေမယ့်… တစ်ခုရှိတယ်ကွ၊ ငါတို့နောက်က လာနေတဲ့အကောင်ဟာ သရဲမဟုတ်ဘဲ ကျတ်တွေ ဖြစ်နေရင် ပိုကြောက်ဖို့ကောင်းတယ်ကွ၊ သူတို့ရှေ့မှာ အသံမပြုရဘူးလို့ ငါကြားဖူးတယ်၊ ဒါ့ကြောင့် … ဘာကြီးပဲတွေ့ တွေ့  အသံလုံးဝ မထွက်မိစေနဲ့၊ ကြားလား.. ဟေ့ကောင်´´

လို့ ပြောလိုက်တဲ့အခါ သံလုံးက ရင်ခေါင်းအသံကြီးနဲ့…

`အင်း´ လို့ ရေရွတ်လိုက်တယ်။

ရှပ်… ရှပ်… ရှပ်… ရှပ်….

သာလှနဲ့ သံလုံးတို့ဟာ နောက်ကို ဖြည်းဖြည်းချင်း လှည့်လိုက်တယ်။

မြင်လိုက်ရတာ က…

လရောင် အောက် တရွေ့ရွေ့ ချဉ်းကပ်လာတဲ့ အရိပ်နှစ် ခု။

နှစ် ယောက် သား ထိုအရိပ်ကို မြင်ပြီး အကြီးအကျယ် လန့်ဖျပ်သွားတယ်။

အသံလည်း မပြုရဲတာကြောင့် ပါးစပ်ထဲ လက်ထည့်လိုက်ပြီး သုတ်ခြေတင် ပြေးကုန်ကြတယ်။

၎င်းတို့ သင်္ချိုင်းပြင်ရောက်တဲ့အခါ…

အရိပ်ကြီးနှစ် ခုဟာ ကျောင်းဒကာကြီးရဲ့ မြေပုံနား ရောက်နေကြတယ်။

``ဟေ့ကောင်.. လာစမ်းပါကွ၊ တွန့်ဆုတ် တွန့်ဆုတ်နဲ့ကွာ၊ ဒီမှာ ကျောင်းဒကာကြီးရဲ့ မြေပုံ ရောက်နေပြီကွ´´

သာထူးက နောက်မှာ ကျန်ခဲ့တဲ့ ချစ်အောင်ကို လှမ်းပြောလိုက်တယ်။

ချစ်အောင် တစ်ယောက် သင်္ချိုင်းအ၀ကို ငဲ့စောင့်ကြည့်ပြီး….

``ငါ… ငါ… ခုနက ရိပ်ခနဲ ဖြတ်ပြေးသွားတဲ့အရိပ်တွေ မြင်လိုက်တယ်၊ သ.. သရဲခြောက်ခံရပြီ ထင်တယ်ကွာ´´

လို့ တုန်ယင်သံကြီးနဲ့ ပြောလိုက်တယ်။

``ဟာကွာ… သင်္ချိုင်းလာမှာ တော့ သရဲတွေ့ လည်း ဘာ ဖြစ်လဲကွာ၊ မင်းကို လျှာကြီးထုတ်မပြသွားရင် ပြီးတာပဲ၊ မင်းကိစ္စကို အမြန်လုပ်ပါကွ ချစ်အောင်ရ´´

သာထူးရဲ့ ဆော်သြမှု ကြောင့် ချစ်အောင်က ကြောက်လန့်စွာ နဲ့ပဲ…

``ဘ… ဘကြီးဖိုးမှန်ရယ်… နေ့လယ်က ကျွန်တော် လေးခွနဲ့ပစ်မိတာ စိတ်မဆိုးပါနဲ၊ ဗွေမယူပါနဲ့နော်၊ အဲ.. အဲဒါ လာပြီး တောင်းပန်တာပါခင်ဗျ´´

လို့ မြေပုံကိုကြည့်ပြီး တောင်းပန်လိုက်တယ်။

ချစ်အောင်က တောင်းပန်ပြီးတဲ့အခါ သာထူးက ၀ါးခနဲ သမ်းဝေလိုက်ရင်း…

``ကဲ.. ပြီးရင်လည်း ပြန်ကြမယ်ကွာ၊ ငါ တအားကို အိပ်ချင်နေပြီကွ… ချစ်အောင်ရ၊ ဇက်ကြောတွေ လည်း လေးသလို တက်သလိုကြီးကွ´´

လို့ ပြောလိုက်တယ်။

ဒီ့နောက်မှာ တော့…

နှစ် ယောက် သား ကျောင်းဒကာကြီးရဲ့ မြေပုံရှေ့က လှည့်ပြန်ဖို့ ပြင်လိုက်ကြတယ်။

ထိုစဉ်မှာ ပဲ…

ချစ်အောင်ရဲ့ မျက်လုံးက လရောင် အောက် တစ်နေရာဆီ ရောက်ရှိသွားကြတယ်။

ချစ်အောင် တစ်ယောက် ထိုနေရာကို လျှောက်သွားပြီးနောက် အံ့အားသင့်ဟန်တွေ သူ့မျက်နှာပေါ် ယှက်သန်းသွားတော့တယ်။

* * * * *




ဝန်ဇင်းချစ်သူများ မအိုစာ ၏ “ တစ္ဆေခြောက်တဲ့ကုတင်ကြီး ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


သွေးစုပ်သူယောင်မယ်

ချစ်တီးတိုက်

အောက်လမ်း (ပထမပိုင်း)