Cover

အောက်လမ်း (ဇာတ်သိမ်းပိုင်း)

အပိုင်း(၁)

ရွှေဘုံစံ တစ်ယောက် ၀တ်ရည်ကို ပြန်ပို့ပြီး အိမ်ပြန်ရောက်တဲ့အချိန်ထိ စိတ်ထဲ မတင်မကျကြီး ဖြစ်နေမိတယ်။

``တစ်ချိန်ကျရင်… မိန်းကလေးဟာ အဖော်မပါဘဲ ကျုပ်ဆီ လုံးဝရောက်လာရလိမ့်မယ်၊ အဲဒါ မြဲမြဲမှတ်ထားပါ၊ မှတ်ထားပါ…. မှတ်ထားပါ….´´

ဆရာကြီးစိုင်းဇေရဲ့ စကားက သူမနားထဲ ပဲ့တင်ထပ်သလိုကြီး ကြားနေရတယ်။

သူမဟာ အိပ်ရာပေါ် ပစ်လှဲချလိုက်ရင်း….

``ဘာ ဖြစ်တာလဲ …. ဆရာကြီးရဲ့ စကားက ငါ့နားထဲက မထွက်ဘူး၊ ငါ့လို ခေတ်ပညာတတ် နိုင်ငံတကာခြေချနေတဲ့ မိန်းမက ဗေဒင်တွေ ၊ အကြားအမြင်တွေ ကို လက်ခံနိုင်စရာ အကြောင်းမရှိဘူး၊ ဒါကို… ဘာလို့များ ဆရာကြီးက သူ့ဆီ တစ်ယောက် တည်း လာရဦးမယ်လို့ ပြောပါလိမ့်´´

လို့ တွေးလိုက်မိတယ်။

အတွေးနဲ့အတူ သူမ မှေးခနဲ အိပ်ပျော်သွားတယ်။

အဲဒီ အချိန်မှာ ပဲ တံခါးခေါက်သံ ကြားလိုက်ရတယ်။

``ဒေါက်… ဒေါက်… ဒေါက်´´

``မမ… မမ´´

တံခါးခေါက်သံကြောင့် သူမ နိုးသွားပြီး…

``အင်း… ဘယ်သူလဲ၊ ၀င်ခဲ့… ၀င်ခဲ့… ရတယ်´´

လို့ ဖြေရင်း အိပ်ရာထက်က လူးလဲထလိုက်တယ်၊

တံခါးတွန်းဖွင့်သံနဲ့အတူ မျက်နှာတစ်ခုလုံး မြင်လိုက်ရတာ ကြောင့် ရွှေဘုံစံရဲ့ မျက်နှာ တင်းမာသွားတယ်။

``အောက်ထပ်မှာ ထမင်းစားဖို့အတွက် မမကို အားလုံး စောင့်နေကြတယ်၊ မမ လာခဲ့ပါနော်´´

ပန်းသပြေက နူးညံ့တဲ့ အပြုံးလေးနဲ့ ပြောလိုက်ပေမယ့် ရွှေဘုံစံမျက်လုံးတွေ စူးရှသွားတယ်။

``ငါသိတယ်… ဒီအချိန်ဟာ ညနေစာစားချိန်ပဲ၊ အေး… ဒါပေမယ့်… နင်သိဖို့၊ နင် တစ်ယောက် တည်း သိဖို့ လိုတဲ့အရ ရှိတယ်၊ နင် သိထားဖို့က ငါ့အခန်းကို နင် လာစရာ လုံးဝမလိုဘူး၊ အမေ ဘာတွေ ပဲ လုပ်ခဲ့ လုပ်ခဲ့၊ ငါ့အမေ အသိအမှတ်ပြုပေမယ့် ငါ အသိအမှတ် မပြုနိုင်ဘူး၊ ဒီနေ့ကစပြီး ငါမပြောဘဲနဲ့ ငါ့အခန်းရှေ့ ခြေဦးမလှည့်နဲ့ ပန်းသပြေ၊ မှတ်ထားစမ်း´´

ရွှေဘုံစံရဲ့ လက်ညှိုးငေါက်ငေါက်ထိုးရင်း ပြောလိုက်တဲ့ စကား…။

ချာခနဲ လှည့်ထွက်သွားတဲ့ အပြုအမူကြောင့် ပန်းသပြေဟာ အကြီးအကျယ် အံ့သြသွားရသလို ၀မ်းနည်စိတ်တွေ လှိုက်တက်သွားရှာတယ်။

ပါးပြင်ပေါ် လှိမ့်ကျလာတဲ့ မျက်ရည်စကို သုတ်လိုက်ရင်း…

``အို… မမက ငါ့ကို တောသူမမို့လို့ လက်မခံနိုင်တာပဲ ဖြစ်ရမယ်၊ သူ ဘာပဲ ဖြစ် ဖြစ်… ငါ့ယောက်ျားရဲ့ အစ်မအကြီးဆုံးက ငါ့ရဲ့ အစ်မပါပဲ၊ ငါ သည်းခံနိုင်ရမှာ ပေါ့၊ ငါ့ရဲ့ သည်းခံစိတ်ကို သူ စမ်းသပ်တာလည်း ဖြစ်နိုင်တယ်´´

လို့ တွေးလိုက်မိတယ်။

ဒါကြောင့် အောက်ထပ်သို့ ပြန်ဆင်းခဲ့မိတယ်။

အိမ်သားအားလုံး စုံနေတဲ့ ထမင်းဝိုင်း။

လှေကားပေါ်ကနေ ဆင်းလာတဲ့သူ့ကို ရွှေမိုးယံက မြင်သွားပြီး…

``အစ်မကို ထမင်းစားဖို့ သွားခေါ်ခိုင်းတာ၊ ခေါ်ခိုင်းတဲ့ သူ့ရဲ့ အရင် အခေါ်ခံရတဲ့သူက ရောက်နေပြီ၊ ဗိုက်ဆာနေပြီ ပန်းရဲ့ … အမြန်လာကွာ´´

ယောက်ျား ဖြစ်သူရဲ့ စကားကြောင့် သူမ ထမင်းဝိုင်းရှိရာ ခပ်သုတ်သုတ်လျှောက်ခဲ့တယ်။

ရွှေမိုးယံရဲ့ နံဘေး ၀င်ထိုင်ပြီး… ဇွန်း ခက်ရင်းကို ကောက်ကိုင်လိုက်တယ်။

ရွှေမိုးယံက သွက်လက်စွာ ပဲ သူမပန်းကန်ထဲ ဟင်းခပ်ပြီးထည့်ဖို့ ပြင်လိုက်တယ်။

``ရွှေမိုးယံ… နင် ဘာလုပ်တာလဲ၊ အမေရှိတုန်းက ငါတို့အားလုံး အမေ့ပန်းကန်ထဲ ဟင်းကို ဦးချပြီးမှ စားခဲ့ကြတယ်၊ အခု… အမေမရှိတော့တဲ့အတွက် အိမ်ထောင်ဦးစီးရဲ့ နေရာကို နင် မေ့သွားတာလား မောင်လေး´´

ရွှေဘုံစံရဲ့ စူးစိုက်ကြည့်ပြီး ပြောလိုက်တဲ့စကားကြောင့် ရွှေမိုးယံရဲ့ လက် တွန့်သွားတယ်။

``ဆောရီးအစ်မ၊ ငါ မှားသွားတယ်၊ ခုချိန်မှာ … ငါတို့ညီအစ်ကိုတွေ အတွက် နင်က အိမ်ထောင်ဦးစီးပါ၊ ငါ နင့်ကိုပဲ ဦးချရမှာ ပေါ့´´

ရွှေမိုးယံက ရွှေဘုံစံရဲ့ ပန်းကန်ထဲ ဟင်းကို ဦးချလိုက်တယ်။

ပန်းသပြေနဲ့ရွှေဘုံစံ အကြည့်ချင်းဆုံသွားသလို ရွှေဘုံစံရဲ့ မျက်နှာမှာ တော့ နှုတ်ခမ်းတွန့်ရုံလေး ပြုံးလိုက်တယ်။

``ဟင်း….ဟင်း… နင် ဇာတ်သိမ်းမလှဘူး ပန်းသပြေ၊ ငါ့မောင်တွေ က ငါ့ရဲ့ ချုပ်ကိုင်မှု အောက်မှာ ပဲ ရှိနေတယ်၊ နင် ငါ့အိမ်က ခေါင်းနဲ့ဆင်းဖို့ ပြင်ထားပေတော့´´

♥ ♥ ♥


အပိုင်း (၂)

``ဒေါ်ပု၊ မစွမ်… လာကြပါဦး´´

ရွှေဘုံစံရဲ့ ခေါ်သံကြောင့် အိမ်အကူတွေ ဖြစ်တဲ့ ဒေါ်ပုနဲ့ မစွမ်ဟာ အပြေးအလွှား ရောက်လာကြကုန်တယ်။

ရွှေဘုံစံက ဆိုဖာဆက်တီကြီးမှာ ခြေချိတ်ထိုင်ရင် စားပွဲပေါ်ရှိ ငွေစက္ကူတစ်ထပ် ပစ်တင်လိုက်တယ်။

``ဒေါ်ပုနဲ့ မစွမ်… ဒီနေ့ကစပြီး ဟော့ဒီရွှေစံအိမ်မှာ … ရှင်တို့ အလုပ်မရှိတော့ဘူး၊ ဟောဒီ့ငွေကိုယူပြီး ရွာပြန်ပြီး အသက်မွေးကြပါ´´

ရွှေဘုံစံရဲ့ စကားကြောင့် ၎င်းတို့နှစ် ဦးလုံး မျက်လုံးပြူးကုန်တယ်။

``ရှင်… သခင်မလေး… ကျွန်… ကျွန်မတို့ ဘာအမှားများ လုပ်မိလို့လဲရှင်´´

ရွှေဘုံစံက လှပတဲ့မျက်နှာကို အကျည်းတန်အောင် မဲ့ပြုံး ပြုံးလိုက်တယ်။

``အလုပ်ကနေ အပြီးအပိုင် ရပ်စဲလိုက်တာ… ရှင်တို့ရဲအပြစ် မဟုတ်ဘူး၊ ပန်းသပြေကြောင့် ပဲ၊ ကျွန်မရဲ့ သေဆုံးသွားတဲ့မိခင်ဟာ ဒေါ်ရွှေနှင်းဆီ၊ ဒေါ်ရွှေနှင်းဆီရဲ့ ရွှေစံအိမ်တော် မှာ ပထမဆုံး ချွေးမ ရောက်လာပြီ၊ ချွေးမဆိုတာ အိမ်ရဲ့ ကျက်သရေလို့ ကျွန်မရဲ့ အမေက ပြောဖူးတယ်၊ အိမ်ရဲ့ ကျက်သရောဟာ… အိမ်ရဲ့ အောက်ခြေသိမ်းကစပြီး… အရာအားလုံး သူ လုပ်ကိုင်တိုင်ရမယ်၊ ဒါကြောင့် ကျွန်မမိခင်ရဲ့ ဆန္ဒအရ ဒီအိမ်မှာ ချွေးမ တစ်ယောက် ဦးဦးဖျားဖျား ရောက်လာတဲ့အတွက် ရှင်တို့အစေခံတွေ ကို ကျွန်မ အလုပ်ထုတ်ပစ်လိုက်ပြီ၊ ဒါပါပဲ၊ ချက်ချင်း အထုပ်ပြင်ပြီး ပြန်ကြပါ၊ သုံးလစာ လစာယူသွားကြ´´

ရွှေဘုံစံရဲ့ စကားကြောင့် ဒေါ်ပုနဲ့မစွမ်ဟာ တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်ရင်း မျက်နှာလေးတွေ သေးငယ်သွားကြရှာတယ်။

ဒါပေမယ့်…

အိမ်ရှင်ကိုယ်တိုင် အလုပ်ထုတ်လိုက်တဲ့အတွက် ဘာမှ စောဒက မတက်ရဲရှာကြဘူး။

ရည်ဝဲနေတဲ့ မျက်နှာငယ်လေးတွေ နဲ့ ရွှေဘုံစံပေးတဲ့ ငွေယူပြီး ဧည့်ခန်းထဲက ထွက်ခဲ့ကြတယ်။

ဒေါ်ပုနဲ့ မစွမ်ဟာ မီးဖိုချောင်ရှိ ၎င်းတို့အခန်းနား ရောက်တဲ့အခါ ရှိုက်ကြီးတငင် ငိုကြွေးမိကြတယ်။

``ငါ ဒီအိမ်မှာ အိမ်စေလုပ်လာတာ ဆယ်နှစ် ရှိပြီ၊ သူဌေးမကြီးမရှိတော့မှ သခင်မလေးက ဒီလိုငွေပေးပြီး နှင်ရက်တာ ရင်နာလို့မဆုံးဘူးဟာ… ဟင့်…ဟင့်´´

ဒေါ်ပုရဲ့ စကားကို မစွမ်က ရှိုက်ငိုရင်း…

``ကျွန်မလည်း ဘာထူးလို့လဲ ဒေါ်ကြီးပုရယ်၊ ဒီအိမ်မှာ နေခဲ့တာ သုံးနှစ် ရှိပါပြီ၊ ကိုယ့်ဘက်က ဘာအမှားအယွင်းမှ မရှိဘဲ ငွေပစ်ပေးပြီး နှင်ရက်တာ၊ ပန်းသပြေလေးကို ဗန်းပြပြီး နှင်ရက်တာ.. ရွှေဘုံစံ သိပ်လွန်လွန်းတယ်ရှင့်´´

လို့ ၀မ်းနည်းသံကြီးနဲ့ ပြောလိုက်တယ်။

ဒေါ်ပုက မျက်ရည်စတွေ သုတ်လိုက်တယ်။

``အရာအားလုံးဟာ ကံစီမံရာပေါ့ မစွမ်ရယ်၊ ငါတို့ ဘာမှ မတတ်နိုင်ပါဘူး၊ ဒါပေမယ့် ဒီအိမ်ကြီးမှာ ပြဿနာကြီးတစ်ခုခုတော့ ရှိလိမ့်မယ်၊ အဲဒါ… ငါသိတယ် မစွမ်´´

ဒေါ်ပုရဲ့ အပြောကြောင့် မစွမ်ရဲ့ မျက်လုံး ပြူးကျယ်သွားတယ်။

ဒီအချိန်မှာ ပဲ…

``ဟင်… ဒေါ်ကြီးပုနဲ့ မစွမ်တို့ မျက်နှာလည်း မကောင်းကြပါလား၊ အို… မစွမ် ငိုနေတယ်၊ ဘာ ဖြစ်လို့လဲဟင်… စိတ်ပူလိုက်တာ´´

ဘုရားပန်းလဲဖို့ မီးဖိုထဲရောက်လာတဲ့ ပန်းသပြေ…။

မစွမ်က မျက်ရည်တွေ ကို ကပျာကသီ သုတ်လိုက်သည်။ ဒေါ်ပုလည်း ပျာပျာသလဲ ဖြစ်သွားတယ်။

``ဘာ… ဘာမှမ ဖြစ်ပါဘူး ပန်းလေးရယ်၊ ဒေါ်… ဒေါ်ကြီးပုရဲ့ ရွာမှာ ကျန်ခဲ့တဲ့ သားလေး…သိပ်ကို နာမကျန်း ဖြစ်နေလို့ပါ၊ ဒါ… ဒါကြောင့် ဒေါ်ကြီးပုတို့ ပြန်ရတော့မယ်´´

ဒေါ်ပုရဲ့ အပြောကို ပန်းသပြေက အံ့အားသင့်ဟန်နဲ့…

``ဟုတ်လား ဒေါ်ကြီးပုရယ်၊ ကျွန်မဖြင့် ကြားရတာ စိတ်မကောင်းလိုက်တာ၊ ဒါနဲ့… မစွမ်က ဘာလို့ငိုနေရတာ လဲဟင်´´

ပန်းသပြေရဲ့ အမေးကြောင့် မစွမ်ဟာ ကပျာကသီ မျက်ရည်ကို သုတ်လိုက်တယ်။

``မစွမ်က ဘာလို့ငိုလဲဆိုတော့…

ဒေါ်ကြီးပုနဲ့ မစွမ်က တစ်ရွာတည်းသူတွေ လေ၊ သူ့သားက မစွမ်ရဲ့ သားလိုပဲ၊ ဒီကလေးက သိပ်လိမ္မာတော့ မစွမ် ချစ်တယ်လေ၊ ဒါ… ဒါ့ကြောင့် ၀မ်းနည်းလို့ ငိုမိတာပါ၊ ဘာပဲ ဖြစ် ဖြစ်ပါလေ… ပန်းလေးကို မစွမ်းတို့ တစ်ခုတော့ မှာ ခဲ့ချင်တယ်၊ အရာအားလုံးအတွက် သတိနဲ့နေပါ ပန်းလေး၊ ပန်းလေးဟာ ဖြူစင်ရိုးသားတဲ့သူဆိုတာ မစွမ်တို့ရင်ထဲက သိပါတယ်၊ ဘယ်လောက် ကိုယ့်အပေါ်မှာ ကောင်းတဲ့ဟန် ပြ ပြ၊ ပန်းလေးဟာ သတိကပ်ပြီး နေရလိမ့်မယ်၊ ဒါပဲ ပြောချင်တာပါ၊ ကားမမီမှာ စိုးလို့ မစွမ်တို့ အထုပ်ပြင်ရဦးမယ်၊ နှုတ်ဆက်ခဲ့ပါတယ် ပန်းလေးရယ်´´

မစွမ်ရဲ့ စကားကြောင့် ပန်းသပြေဟာ ပိုမိုအံ့အားသင့်သွားပြီး `ရှင်´ ခနဲ ဖြစ်သွားတယ်။

ဒေါ်ပုနဲ့မစွမ် ကတော့ အခန်းထဲဝင်ပြီး ၎င်းတို့ပစ္စည်းတွေ သိမ်းဆည်းလိုက်တယ်။

♥ ♥ ♥


အပိုင်း (၃)

ညနေရာက်တဲ့အခါ… ရွှေဘုံစံက မောင်နှစ် ယောက် ကို ဧည့်ခန်းထဲ ခေါ်လိုက်တယ်၊

``ဘာ ဖြစ်လို့လဲ အစ်မ၊ ငါ အင်တာနက်သုံးနေတာဟ၊ ဘာတွေ များ အရေး ကြီးနေလဲ´´

ရွှေမိုးယံက ထိုသို့ပြောလိုက်သလို ရွှေမင်းဂံကပါ…

``အေးဟ… ငါလည်း ကောင်မလေးနဲ့ ဖုန်းချိန်းထားတာ မြန်မြန်ပြော အစ်မ´´

လို့ ပြောလိုက်တယ်။

ရွှေဘုံစံက နို့နှစ် ရောင် ဆိုဖာကြီးမှာ ခြေချိတ်ထိုင်ရင် မောင်တွေ ရဲ့ မျက်နှာကို တစ်ဦးချင်းစီ စေ့စေ့ကြည့်လိုက်တယ်။

``အခု… ဟောဒီ့အိမ်ကြီးမှာ အမေ မရှိတော့ဘူး၊ အမေ မရှိပေမယ့် အမေရဲ့ ဖြစ်ချင်တဲ့ဆန္ဒ အမေ့ရဲ့ စည်းကမ်းတွေ ကို ဆက်ပြီး လိုက်နာကျင့်သုံးသင့်တယ်လို့ မင်းတို့ မထင်ဘူးလား´´

ရွှေဘုံစံရဲ့ စကားကြောင့် ရွှေမိုးယံတို့ဟာ တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်လိုက်မိတယ်။

သားအလတ် ဖြစ်တဲ့ ရွှေမင်းဂံက မျက်မှော င်တွန့်ရင်း…

``ဟုတ်ပါတယ် အစ်မရဲ့ ၊ အမေ့ရဲ့ စည်းကမ်းနဲ့ဆန္ဒကို လိုက်နာသင့်ပါတယ်၊ ငါတို့ ဘာအပြစ်များ လုပ်မိလဲဗျာ´´

လို့ မေးလိုက်တယ်။

``ငါ…ဒေါ်ပုနဲ့မစွမ်ကို အလုပ်ထုတ်လိုက်ပြီ´´

ရွှေဘုံစံရဲ့ အပြောကြောင့် မောင်အငယ် ဖြစ်တဲ့ ရွှေမိုးယံက…

``ဗျာ… သူတို့ကို အလုပ်ထုတ်လိုက်တယ် ဟုတ်လား၊ ဘာ ဖြစ်လို့လဲ အစ်မ၊ သူတို့ အပြစ်လုပ်လို့လား၊ ဒါပေမယ့်… အမေ့စည်းကမ်းတွေ နဲ့ သူတို့ကို အလုပ်ထုတ်တာ ဘာဆိုင်လို့လဲ၊ အိမ်ဖော်အသစ်ခေါ်ရတာ သိပ်စိတ်ပျက်ဖို့ ကောင်းတယ် အစ်မ´´

လို့ ပြောလိုက်တဲ့အခါ ရွှေဘုံစံက…

``သူတို့မှာ ဘာအပြစ်မှ မရှိဘူး၊ လိုအပ်လို့ ထုတ်လိုက်တာ၊ အိမ်ဖော်အသစ်လည်း ခေါ်စရာမလိုဘူး´´

``ဟာ.. အိမ်ဖော်မရှိရင် ငါတို့ကို အိမ်အလုပ်တွေ ခိုင်းဖို့လား၊ မ ဖြစ်နိုင်ဘူးနော် အစ်မ၊ ငါတို့က ယောက်ျားလေးတွေ ဟ၊ ဘာတွေ ပြောနေတာလဲ အစ်မရာ´´

ရွှေမင်းဂံရဲ့ စကားကြောင့် ရွှေဘုံစံရဲ့ မျက်နှာ တည်တံ့သွားတယ်။

``အမေရှိစဉ်တုန်းက ပြောဖူးတာ…နင်တို့ မှတ်မိကြလား၊ အမေဟာ ချွေးမ တစ်ယောက် ကို အိမ်ရဲ့ ကျက်သရေ၊ အိမ်ရဲ့ ဆည်းလည်းလို့ အမြဲပြောဖူးတယ်၊ အမေ့ရဲ့ သားအငယ်ဆုံး ဖြစ်တဲ့ ရွှေမိုးယံ၊ ရွှေမိုးယံရဲ့ မိန်းမဟာ ဒီအိမ်ကြီးရဲ့ ကျက်သရေ၊ ဆည်းလည်းလည်း ဖြစ်တယ်၊ ဒါကြောင့် အိမ်ကြီးရဲ့ အောက်ခြေကစပြီး အရာအားလုံးဟာ ပန်းသပြေနဲ့ သက်ဆိုင်တယ်၊ ဒီနေ့ကစပြီး ပန်းသပြေဟာ ရွှေမိုးယံအတွက်တင်မကဘူး ငါတို့အားလုံးအတွက် အိမ်ရှင်မကောင်း တစ်ယောက် ပဲ´´

ရွှေဘုံစံရဲ့ အပြောကြောင့် ရွှေမိုးယံဟာ တွေ ခနဲ ဖြစ်သွားသလို ရွှေမင်းဂံ စိတ်ရှုပ်ထွေးဟန်နဲ့ ခေါင်းကုတ်ဖွလိုက်တယ်။

ခဏကြာမှ ရွှေမိုးယံက အစ်မ ဖြစ်သူကို ပြုံးကြည့်ပြီး

``ကျေးဇူးပဲ အစ်မ၊ ဒါဟာ… နင်က ငါ့မိန်းမကို တန်ဖိုးထားလို့ နေရာပေးလိုက်တယ်ဆိုတာ ငါ သဘောပေါက်သွားပြီ၊ ငါ လက်ခံတယ် အစ်မ´´

လို့ ပြောလိုက်တယ်။

``ကဲ… နင်ပြောချင်တာ ပြီးပြီမဟုတ်လား အစ်မ၊ ငါ ဖုန်းသွားပြောတော့မယ်´´

``ဟုတ်တယ် ရွှေမင်းဂံ၊ ငါ ပြောချင်တာ ဒါပဲ၊ သွားလို့ရပြီ´´

ရွှေဘုံစံရဲ့ အဖြေကြောင့် ရွှေမင်းဂံက အရင်ထသွားတယ်။

ရွှေမိုးယံက အစ်မ ဖြစ်သူရဲ့ လက်ကို ဆုပ်ကိုင်ရင်း ပြုံးပြလိုက်တယ်။

ပြီးတော့… သူပါ ဧည့်ခန်းထဲက ထွက်သွားတယ်။

ရွှေဘုံစံဟာ ဆိုဖာကျောမှီကို မှီချလိုက်တယ်။

``ဟင်း… ဟင်း… ရွှေမိုးယံ… ရွှေမိုးယံ၊ နင့်လို ငတုံးတွေ ရှိနေလို့… လောကမှာ လူလိမ်ဆိုတာ ရှိနေမှာ ပဲ၊ ပညာတွေ တတ်ပြီး ကျေးဇူးတင်ဖို့ကလွဲရင် ဘာမှမသိတဲ့ကောင်၊ နင် ကြည့်လိုက်စမ်းပါ၊ ရွှေဘုံစံလို သိပ်ထက်မြတ်တဲ့မိန်းမက တောသူမ နင့်မယားကို ဘယ်လိုကန်ချမလဲဆိုတာ၊ တောသူမလက်ထဲရောက်သွားတဲ့ ပိုင်ဆိုင်မှု အားလုံး မကြာခင်… ငါ့လက်ထဲ ရောက်စေရမယ်´´

♥ ♥ ♥


အပိုင်း (၄)

ရွှေဘုံစံရဲ့ ကောင်းမှု ကြောင့် ပန်းသပြေဟာ အိမ်ရဲ့ အောက်ခြေသိမ်းကအစ… မီးဖိုဆောင်ကိစ္စအားလုံးကို တာဝန်ယူလိုက်ရတယ်။

နံနက်စာစားချိန်မှာ တော့…

ရွှေဘုံစံတို့ မောင်နှမသုံးယောက် ဟာ ပန်းသပြေ စီစဉ်ပေးထားတဲ့ နံနက်စာကို စားသောက်ဖို့ ထမင်းစားပွဲမှာ ၀င်ထိုင်လိုက်တယ်။

စားပွဲပေါ်ရှိ စားသောက်ဖွယ်ရာတွေ ကို ကြည့်ပြီး…

``ဟင်… ဒါ ဘာတွေ လဲ ပန်းသပြေ၊ နင် နံနက်စာကို ဘယ်လိုလုပ်လိုက်သလဲဟင်´´

ရွှေဘုံစံရဲ့ အသံကြောင့် ခုံမှာ ၀င်ထိုင်ခါစ ရွှေမိုးယံတို့ ညီအစ်ကိုပါ ကြည့်လိုက်မိတယ်။

သူမရဲ့ အော်သံကြောင့် ပန်းသပြေ တစ်ယောက် လန့်သွားတယ်။

``ဘာ… ဘာ ဖြစ်လို့လဲ ဟင် အစ်မကြီး၊ ဒါက ကောက်ညှင်းပေါင်းပါ၊ ဘေးကဟာက မုန့်ဟင်းခါး အစ်မကြီး၊ ငါးဖယ်ကြော်ကို ညှပ်ထည့်ထားပေးပါတယ်၊ ရေနွေးကြမ်းကိုလည်း လက်ဖက်ခြောက်ကျအောင် ခပ်ထားပါတယ်ရှင်၊ ဟောဒါ ကတော့ မုန့်ကြာစေ့ပါ´´

ရွှေဘုံစံဟာ ထိုင်ရာက ဆတ်ခနဲ ထရပ်လိုက်ရင်း စားပွဲကို ဘုန်းခနဲ ရိုက်လိုက်တယ်။

``နင့်ကို အထင်ကြီးမိလို့ မီးဖိုဆောင်ရဲ့ တာဝန် ပေးထားတာ၊ နင် လုပ်ထားတာတွေ အားလုံး ငါတို့အိမ်မှာ … ဘယ်တော့မှ မစားဘူး ပန်းသပြေ၊ နင် မှတ်ထား´´

ရွှေဘုံစံက ထိုသို့ပြောပြီး ထမင်းဝိုင်းက ချာခနဲ လှည့်ထွက်သွားတယ်။

အလတ်ကောင် ဖြစ်တဲ့ ရွှေမင်းဂံ ကတော့…

``မုန့်ဟင်းရည်အနံ့လေးက မွှေးနေတာပဲ၊ အစ်မ မကြိုက်ပေမယ့် ငါတော့ စားမှာ ပဲ၊ အုပ်ပြီကွာ´´

လို့ ပြောရင်း မုန့်ဟင်းခါးကို အငမ်းမရ စားသောက်တော့တယ်။

ပန်းသပြေဟာ ရွှေဘုံစံရဲ့ ပြောဆိုမှု ကြောင့် မျက်ရည်ဆို့မိတဲ့အတွက် ပန်းကန်ဆေးတဲ့အခန်းဘက် ထွက်ခဲ့တယ်။

သူမ… ထိုအခန်းထဲမှာ ပဲ ၀မ်းနည်စိတ်နဲ့ ငိုကြွေးနေမိတယ်။ ဒီအချိန်မှာ ပဲ သူမပခုံးကိုဖက်တာ ခံလိုက်ရတာ ။

``မငိုပါနဲ့ ပန်းရယ်၊ အစ်မက တစ်ခါတလေ ဒီလိုပဲ၊ အမှန်ပြောရရင်… သူက မြန်မာအစားအစာကို မနက်ပိုင်း စားလေ့မရှိဘူး ပန်း၊ ပန်းကို သူ စိတ်ဆိုးတာ မဟုတ်ဘူး ပန်းရဲ့ ၊ သူ စားလေ့မရှိတာတွေ တွေ့ လိုက်ရလို့ စိတ်ဆိုးသွားတာ၊ မငိုနဲ့နော် ပန်း´´

ရွှေမိုးယံရဲ့ နှစ် သိမ့်မှု ကြောင့် သူမက… သူ့ဘက်လှည့်လိုက်မိတယ်။

``ပန်းလည်း တွေးမိပါတယ် အစ်ကို၊ ဒါပေမယ့်… ဆီဦးထောပတ်တွေ စားနေကျလူတွေ ဟာ... အပြောင်းအလဲလေးများ စားချင်မလားဆိုပြီး လုပ်ပေးလိုက်မိတာပါ၊ အစ်မကြီးကို ပန်း စိတ်မဆိုးဘူး အစ်ကို၊ ကိုယ်က အပင်ပန်းခံပြီး လုပ်ပေးတာကို သူ တစ်ဇွန်းတောင် မမြည်းကြည့်တဲ့အတွက် စိတ်မကောင်း ဖြစ်မိတာပါ၊ ပန်းလေ အစ်ကိုတို့ကို စားစေချင်လွန်းလို့ အားလုံးကို ညကတည်းက ကြိုပြင်ထားတာ အစ်ကိုရဲ့ ၊ အဲဒါကို စိတ်မကောင်းမိတာပါ´´

ရွှေမိုးယံက သူမကို ပြုံးကြည့်ရင်း ပါးကို ဖွဖွလေး လိမ်ဆွဲလိုက်တယ်။

``ဟုတ်ပြီကွာ… ကဲ… ကိုယ့်မိန်းမရဲ့ လက်ရာအားလုံးကို… ကိုယ် တစ်ယောက် တည်း စားပြမယ်၊ ဗိုက်ကြီးပေါက်ရင် ပေါက်ထွက် သွားပါစေ ဟုတ်ပြီလား၊ စိတ်မကောင်း မ ဖြစ်နဲ့တော့နော်´´

♥ ♥ ♥




ဝန်ဇင်းချစ်သူများ မအိုစာ ၏ “ အောက်လမ်း (ဇာတ်သိမ်း) ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


ဘီလူးနက္ခတ်

တစ္ဆေခြောက်တဲ့ကုတင်ကြီး

ကျောက်ကြီးမောင်နှမ