
အပိုင်း (၁)
နေမွန် တစ်ယောက် ခရီးဆောင်အိတ်ကိုချရင်း အခန်း၈မှ ချိတ်ထားတဲ့ ဆိုင်းဘုတ်ကို လှမ်းဖတ်လိုက်တယ်။
“ဒေါ်တင်ကြီး အထွေထွေ အကျိုးဆောင်လုပ်ငန်း”
နေမွန်က သေချာပြီဆိုမှ အခန်းထဲဝင်လိုက်တယ်။
စားပွဲအသီးသီးမှာ ဖုန်းကိုယ်စီနဲ့ အလုပ်ရှုပ်နေတဲ့ မိန်းကလေးတွေ ။
“ဒီမယ်ခင်ဗျ ဒေါ်တင်ကြီးနဲ့ တွေ့ ချင်လို့ပါ”
သူ့အမေးကို မိန်းကလေးတွေ က သတိမပြုမိကြဘူး၊
နေမွန်က ဆိုဖာမှာ ထိုင်ရင်းစောင့်စားဖို့ကြံလိုက်တယ်။
အစွန်ဆုံးက မိန်းမပျိုက သူ့ကို သတိပြုမိသွားတယ်။
“ဘာများ ကုညီပေးရမလဲရှင့်”
ချိုသာလွန်းတဲ့ အသံကြောင့် နေမွန်မော့ကြည့်မိတယ်။
တောက်ပ ရွန်းစိုတဲ့ မျက်လုံးတွေ နဲ့ သူ့ကိုစူးစိုက်ကြည့်ရင်း ပြုံးကြည့်နေတဲ့ ချစ်စဖွယ် မျက်နှာကလေး။
“သြော်… ကျွန်တော် အန်တီ့ကို ဖုန်းဆက်ပြီး အခန်းကိစ္စ ပြောထားလို့ပါ”
“အန်တီကောဗျ”
“ဟုတ်ကဲ့ ရှိပါတယ် ရှင့်၊ ခဏလေးနော်၊ ခေါ်ပေးပါ့မယ်ရှင်”
မိန်းမပျိုလေးက ထိုသို့ဆိုပြီး အခန်းထဲ ၀င်သွားတယ်။
လှပကျော့ရှင်းတဲ့ သူမရဲ့ ကျောပြင် ကိုငေးကြည့်မိပြီး ရင်ဖိုသလိုကြီး ခံစားလိုက်ရတယ်။
ငါးမိနစ်အတွင်းမှာ ပဲ မိန်းမ၀ကြီးတဦး သူမနဲ့ အတူ ထွက်လာတယ်။
“မောင်ရင် ကမောင်နေမွန်ထင်ပါရဲ့”
“ဟုတ်ပါတယ် ခင်ဗျ၊ ကျွန်တော် က ငွေသွန်းစက် ကွန်ဒိုမှာ အခန်းငှားဖို့ ပြောထားတဲ့ သူပါ”
နေမွန်အပြောကြောင့် လှပတဲ့ မိန်းကလေးမျက်လုံးလေးတွေ ၀ိုင်းစက်ပြီး အံ့အားသင့်သွား ရတယ်။
မိန်းမ၀ကြီးက သူမရဲ့ ပုံကိုကြည့်ပြီး အလျင်စလိုပဲ။
“ကဲ…မောင်နေမွန်… တခြားဧည့်သည်တွေ ဆိုရင်တော့ အန်တီ့ဝန်ထမ်းတွေ ပဲ အခန်းပြလေ့ရှိတယ်၊ ဒါပေမယ့် မောင်နေမွန်က ပြင်ဦးလွင်က တကူတကလာတဲ့ ဧည့်သည် ဖြစ်နေတော့ အန်တီ ကိုယ်တိုင်ပဲ အခန်းပြပေးပါ့မယ်၊ လာ…လာ အန်တီ့ကားနဲ့ ပဲ လိုက်ပြပေးမယ်ကွယ်”
ဒေါ်တင်ကြီးစကားကြောင့် မိန်းမလှလေးမျက်နှာဟာ ပိုမိုအံ့သြဟန်တွေ အထင်းသားပေါ်သွားတယ်။
နေမွန်ကလည်း ကားသော့ ကိုင်ပြီး ရှေ့ကထွက်သွားတဲ့ ဒေါ်တင်ကြီးကြောင့် သူမကို တချက်မျှလှမ်းကြည့်ပြီး နောက်က လိုက်သွားမိတယ်။
ဘာကြောင့် မှန်း မသိဘူး။
နေမွန့်ရင်ထဲ ကောင်မလေး တခုခု ဖြစ်နေသလိုကြီး ခံစား၇တယ်။
ဒါပေမယ့် ကိုယ်နဲ့ မဆိုင်တဲ့ ကိစ္စမို့ တိုက်ခန်းအပြင် ထွက်လိုက်တယ်။
ဒေါ်တင်ကြီးက ဟွန်ဒါဖစ်ကားမောင်းပြီး ငွေသွန်းစက် ကွန်ဒိုကို ခေါ်သွားတယ်။
ဟိုရောက်တော့ ပါကင်မှာ ကားရပ်ရင်း အောက်ဆင်းလိုက်ကြတယ်။
“ဒါက ငွေသွန်းစက် ကွန်ဒိုပဲကွဲ့၊ ဒီကွန်ဒိုမှာ အထပ်ရှစ်ထပ်ရှိတယ်၊ မောင်နေမွန်နေရမယ့် အခန်းက ငါးလွှာမှာ ရှိတယ်၊ အန်တီတို့ ဓာတ်လှေကားကနေ တက်ရအောင်”
ဒေါ်တင်ကြီးက ရှေ့ကဦးဆောင်ပြီးခေါ်သွားတယ်။
ဓာတ်လှေကားက လူရှင်းနေတဲ့အတွက် ငါးလွှာခဏချင်းရောက်သွားတယ်။
ကွန်ဒိုရဲ့ ပုံစံက ရှစ်လွှာသာဆိုတယ်။
အခန်းပေါင်းအားလုံး ဆယ့်ခြောက်ခန်းပဲရှိတယ်။
ကွန်ဒိုအငယ်စားလေးလို့ပြောရင်လည်းရတယ်။
မျက်နှာချင်းဆိုင် အခန်းနှစ် ခန်း။
အလယ်ကောင်မှာ ဓာတ်လှေကားပေါက်ရှိသလို ရိုးရိုးလှေကားလည်းရှိတယ်။
ဒေါ်တင်ကြီးက ငါးလွှာရဲ့ ညာဘက်ခန်းကို သော့ ဖွင့်လိုက်တယ်။
အခန်းပွင့်သွားတာနဲ့ နှာခေါင်းထဲ ၀င်လာတဲ့ အနံ့ကြောင့် နေမွန် နှာခေါင်း ရှုံ့လိုက်မိတယ်။
***
အပိုင်း (၂)
ဒါကို သတိပြုမိသွားတဲ့ ဒေါ်တင်ကြီးက…
“အခန်းက ဖက်ဆလတီအားလုံးအပြည့်ရှိတယ်၊ ဒါပေမယ့် …လူမနေတာ ကြာမြင့်တဲ့အတွက် အနံ့အသက်တော့ သိပ်မကောင်းချင်ဘူးကွယ့် ကိုယ့်ဟာကို သန့်ရှင်းရေး လုပ်ပေါ့ကွယ်”
လို့ပြောရင်းဆိုရင်း အခန်းတွေ လိုက်ပြတယ်။
မိသားစု အိပ်ခန်းနဲ့ ရိုးရိုးခန်းတစ်ခန်း။
တစ်အိမ်လုံးမှာ အိမ်သာနှစ် လုံးရှိတယ်။
အခန်းရဲ့ အကျယ် ကတော့ အလျားအနံ အစိတ်စီလောက်ရှိတယ်။
“အခန်းကိုတော့ ကြိုက်ပါတယ် အန်တီ၊ အန်တီဖုန်းထဲကပြောတဲ့အတိုင်း ဈေးလေးညှိပေးပါဦး ကျွန်တော် တို့က ယောက်ျားလေး သူငယ်ချင်းနှစ် ဦးပဲ နေမှာ ဗျ၊ တသိန်းလောက်တော့ လျှော့ပေးစေချင်တယ် ခင်ဗျ”
သူ့အပြောကြောင့် ဒေါ်တင်ကြီးမျက်နှာမှာ စိတ်လှုပ်ရှားသွားတယ်။
ပြီးမှပြုးပြရင်း…
“အိုကေလေ၊ အန်တီ အိမ်ရှင်ကို ဖုန်းနဲ့ မေးပေးမယ်၊ တခါတည်း ငွေချေမှာ မဟုတ်လားကွဲ့”
လို့မေးပြန်တယ်။
“ဟုတ်ကဲ့ပါ ကျွန်တော် တို့နိုင်တဲ့ ဈေးဆို ငွေအကြေချေမှာ ပါခင်ဗျ”
ဒေါ်တင်ကြီးက အကျိုးဆောင်ပီပီ ဖုန်းနှိပ်တယ်။
တဖက်နဲ့ ဘာတွေ ပြောနေမှန်းမသိရပေမယ့် ဟုတ်ကဲ့သံပဲ ကြားနေရတယ်။
ပြီးတဲ့အခါ…
“မောင်နေမွန်ရေ…မောင်ရင့်ကံကြမ္မာပါပဲ၊ အိမ်ရှင်က သိပ်ချမ်းသာတော့ အခန်းငှားတဲ့သူ အဆင်ပြေအောင် လုပ်ပေးလိုက်လို့ပဲ ပြောနေတယ်၊ ဒိတော့… ဒီအခန်းကို တလလေးသိန်းနဲ့ ခြောက်လ ချုပ်ကြတာပေါ့.. ဟင်းဟင်း…ဟင်း၊ သိပ်ကံကောင်းနေတယ်နော်၊ ထီလေးဘာလေး ထိုးဦးကွဲ့”
အကျိုးဆောင်မိန်းမကြီး အဖြေကြားမှ သူ့ရင်ထဲက အလုံးကြီး ကျသွားတယ်။
အဓိက ရန်ကုန်မြို့မှာ နေစရာတခု အမြန်ရပြီး ဖုန်းပြင်သင်တန်း အမြန်တက်နိုင်မှ…။
ဒါမှ ပြင်ဦးလွင် ပြန်ပြီး ဖုန်းဟမ်းဆက်ပြင်တဲ့ဆိုင် အမြန်ဖွင့်နိုင်မှာ လေ။
ဒေါ်တင်ကြီးက အသင့်ပါတဲ့ စာချုပ်မှာ ရေး မှတ်ပြီး သူ့ကို လက်မှတ်ထိုးခိုင်းတယ်။
သူလည်း အိမ်ရှင်အိမ်ငှားစာချုပ်ကို သေချာဖတ်ရင်း လက်မှတ်ထိုး ငွေပေးချေလိုက်တယ်။
ဒေါ်တင်ကြီးက ငွေတွေ ကို ရေတွက်ရင်း ကျေနပ်ဟန်နဲ့
“ကဲ မောင်နေမွန်ရေ… ဒီအခန်းမှာ စိတ်အေးလက်အေးသာ အနားယူပေတော့၊ ဧည့်ခန်းထဲက မီးခလုတ်ဘေးမှာ ပင်မင်းဆိုင်ဖုန်းတွေ ၊ စားသောက်ဆိုင်ဖုန်းတွေ ၊ လိုအပ်သမျှ နံပါတ်တွေ အားလုံး ကြော်ငြာကပ်ထားတယ်ကွဲ့၊ လိုအပ်တာရှိရင် ဖုန်းလေးပဲ ဆက်လိုက်၊ အားလုံး အဆင်ပြေမယ်ကွဲ့၊ အန်တီသွားမယ်နော်၊ ကံကောင်းပါစေကွယ်”
ဒေါ်တင်ကြီးနောက်ဆုံးစကားက နေမွန့်ရင်ထဲ တမျိုးကြီး ဖြစ်သွားတယ်။
သူမက သွက်လက်စွာ ပဲ အခန်းသော့ အပ်ပြီး ပြန်သွားတယ်။
“အေးပေါ့လေ၊ ရန်ကုန်မြို့ရဲ့ ကွန်ဒိုခန်းပဲ၊ အသုံးဆောင်တွေ အားလုံးလည်း ပြည့်စုံနေတယ်၊ တလလေးသိန်းပေးရတာ တန်ပါတယ်၊ ရေမိုးချိုးပြီး အေးအေးနားပစ်လိုက်မယ်…ဟူး”
နေမွန်က ထိုသို့တွေးရင်း ရေချိုးခန်းထဲ ၀င်လိုက်တယ်။
ရေပန်းဖွင့်လိုက်တဲ့အခါ သူ့မျက်နှာက ရှုံ့မဲ့သွားတယ်။
“ဟာရေကလည်း သံချေးနံ့ နံလိုက်တာကွာ၊ ဘယ်လောက်တောင် အငုံးမပြုဘဲ ပစ်ထားလည်း မသိဘူး၊ စိတ်ပျက်စရာပဲ၊ ဒီရေမှ မချိုးလည်း ချိုးစရာမရှိဘူး၊ ကျိတ်မှိတ်ပြီး ချိုးရမှပဲ၊ ချိုးမယ်ကွာ”
နေမွန်ဟာ မကျေမနပ် ရေရါတ်ရင်း ရေပန်းက ရေကိုချိုးလိုက်တယ်။
ရေချိုးပြီး ပြန်ထွက်စဉ်မှာ တော့ …
တင်းတောင်… တင်းတောင်…
တင်းတောင်… တင်းတောင်…
အဆက်မပြတ်မြည် နေတဲ့ လူခေါ်ဘဲလ်သံကြောင့် သူဟာ ပုဆိုးကို အလျင်မြန်ကောက်ဝတ်ရင်း ထွက်ခဲ့မိတယ်။
တံခါးရဲ့ မှန်ဘီလူးပေါက် ကချောင်းကြည့်ပေမယ့် ဘယ်သူမှ မတွေ့ ရဘူး။
ဒါကြောင့် ကျွန်းတံခါးကို ဆွဲဖွင့်ပြီး ကြည့်လိုက်တယ်။
“ဘာလဲကွာ …ငါက စိုးအောင် ရောက်လာတယ်ထင်တာ ဘယ်သူမှလည်းမရှိဘူး၊ ဘယ်ကလေးက လက်သရမ်းသားတာလဲကွ”
နေမွန်က မကျေမနပ် ရေရွတ်ရင်း တံခါးပြန်ပိတ်လိုက်တယ်။
တံခါးပိတ်ဖို့ ပြင်နေစဉ်မှာ ပဲ ၄င်းအခန်းရဲ့ မျက်နှာချင်းဆိုင်အခန်းကို သတိပြုမိသွားတယ်။
“ဟင် …ဒီအခန်းက လူမနေဘူး ထင်ပါရဲ့ ၊ ဘာဂျာတံခါးမှာ ပင့်ကူမျှင်တွေ အများ ကြီးပဲ၊ ဒါဆို ဒီအထပ်မှာ ငါ့တခန်းပဲ လူရှိမှာ ပေါ့၊ ညရေး ညတာ အရေး အကြာင်းဆို ဘယ်သူမှ အကူညီတောင်းလို့ မရနိုင်တော့ဘူး၊ ဒုက္ခပဲကွာ”
သူဟာထိုသို့ ရေရွတ်ပြီး တံခါးကို ဆွဲပိတ်လိုက်တော့တယ်။
***
အပိုင်း (၃)
နေမွန် တစ်ယောက် အသင့်ပါလာတဲ့ ခေါက်ဆွဲခြောက်ထုပ်ကို ရေနွေးမဖျောပဲ ကောက်ဝါးစားလိုက်တယ်။
ခရီးပန်းလာတဲ့အတွက် ခြောက်ဆွဲခေါက်စား ပြီး နှစ် ခြိုက်စွာ အိပ်မောကျသွားတယ်။
လူခေါ်ဘဲလ်သံ တင်းတောင်ကြားမှ အိပ်ရာထဲမှ လူးလဲထမိတယ်။
တံခါးပေါက်မှန်ဘီလူးက ကြည့်လိုက်တော့ စိုးအောင်ကို မြင်ရတယ်။
ဒါကြောင့် တံခါးဖွင့်ပေးရင်း…
“မင်းကွာ…ငါတနေကုန်စောင့်နေတာကွ ၊ ခုမှ ရောက်လာရသလား၊ ငါမင်းကို ဘယ်လောက် စိတ်ပူနေလဲကွ”
လို့မာန်မဲလိုက်တယ်။
စိုးအောင်က အိမ်ထဲဝင်လိုက်ရင်း…
“မင်းပြောလည်း ခံရမှာ ပဲ နေမွန်ရာ၊ ငါအောင်လံအလာ ငါစီးတဲ့ကား လမ်းမှာ ပျက်လို့ကွ၊ ခုတော် ကားကြုံနဲ့ ပြန်လာခဲ့ရတာ ကွ”
လို့ပြောတဲ့အတွက် နေမွန်က ဆိုဖာမှာ ထိုင်ရင်း
“အေးကွာ…ဒါဆိုလည်းပြီးရော၊ ငါနေ့လည်က အိမ်ငှားခကို ငွေချေလိုက်ပြီနော်၊ မင်းငါ့ကို တ၀က်ရှင်းပေးဦးကွ၊ ငါသင်တန်းတက်ဖို့ရှိသေးတယ်၊ ငါတို့ကံကောင်းတယ်ကွ၊ ဒီအခန်းက… ငါတို့နိုင်နင်းတဲ့ ငွေအတိုင်း လေးသိန်းနဲ့ ရလိုက်တာကွ”
“ဟေ…ဟုတ်လား အဲ့ဒါ မင်းတော် လို့ပါကွာ၊ အေးပါကွာ…ပြီးရင် ကျသင့်ငွေ တ၀က်ကို ရှင်းပေးပါ့မယ်၊ ခုတော့…နားပါရစေဦးကွ၊ သိပ်ပင်ပန်းနေလို့ကွ”
“အေး…အေး….သွားနားတော့ ငါအပြင်သွားပြီး စားစရာ ၀ယ်ဦးမယ်”
နေမွန်က ထိုသို့ပြောရင်း အပြင်သို့ထွက်ခဲ့တယ်။
အိမ်သော့ ကို ဘောင်းဘီအိတ်ထဲထည့်ရင်း ဓာတ်လှေကားကနေ ဆင်းခဲ့လိုက်တယ်။
သုံးတိုက်ကျော်ရှိ စားသောက်ဆိုင်မှာ ခေါက်ဆွဲကြော်နဲ့ ဘီယာမှာ ရင်း ထိုင်စောင့်နေတယ်။
ဆယ့်ငါးမိနစ်လောက်စောင့်ပြီးမှ စားစရာတွေ ရတယ်။
နေမွန်က ရေသန့်ဘူး သုံးဘူးပါ ထပ်ဝယ်ပြီး ငွေသွန်းစက်ကွန်ဒိုပေါ် ပြန်တက်ခဲ့တယ်။
ဓာတ်လှေကားနံပါတ်ကို ငါးနှိပ်ထားပေမယ့် ငါးထပ်မှာ မရပ်ဘဲ အကေါ်ထိ ဆက်တက်သွားတယ်။
နေမွန်ဟာ အကြိမ်ကြိမ် နံပါတ်ငါးကို ပြန်နှိပ်တယ်။
ခလုတ်က ကြောင်သလို ဖြစ်နေပြီး ငါးကို လုံးဝနှိပ်မရဘူး၊ ရှစ်ထပ်ရောက်မှ ဓာတ်လှေကားပွင့်သွားတယ်။
နေမွန်လည်း မထူးဘူးတွေးရင်း လှေကားကနေ အောက်ပြန်ဆင်းခဲ့တယ်။
ငါးလွှာအရောက် သော့ ဖွင့်ဖို့ပြင်တော့
“ဟင့်… ဟင့်… ဟင့်…
ဟင့်… ဟင့်… ဟင့်…”
ငိုရင်းရှိုက်နေတဲ့ အသံကြီး။
အသံက မတိုးမကျယ်လေးကြားနေရသလို မိန်းကလေးတယောက် ရဲ့ ငိုသံမျိုး။
နေမွန်ဟာ အသံကြောင့် သော့ ဖွင့်နေရင်း ခေါင်းနပန်းကြီးသွားမိတယ်။
ရုတ်ချည်းဆိုသလို ငိုရှိုက်သံတိတ်သွားတဲ့အတွက် ဘေးပတ်ဝန်းကျင်ကို မျက်လုံးဝေ့ကြည့်မိတယ်။
ငါးလွှာရဲ့ လှေကားမှာ တယောက် တာ်းရှိတယ်ဆိုတဲ့ အသွကြောင့် ဘာကြောင့် မှန်းမသိ ကြက်သီးအလိုလိုထသွားရတယ်။
ဒါကြောင့် သော့ ကို အမြန်ဖွင့်ရင်း အခန်းထဲဝင်လိုက်တယ်။
စိုးအောင်က ဆီးကြိုပြီး…
“စားစရာ ၀ယ်တာ ကြာလှချည်လားကွာ၊ ငါဗိုက်ဆာနေပြီကွ၊ ”
“ဆာရင်လည်းစားတော့ကွာဘာပန်းကန်မှ မရှိသေးဘူး၊ ဖော့ဘူးနဲ့ ပဲ စားလိုက်၊ ငါမင်းကို ပြောစရာရှိတယ်ကွ”
စိုးအောင်က ခေါက်ဆွဲကြော်ဘူးကို အလျင်အမြန်ဖွင့်ရင်း တူနဲ့ ထိုးကလော်စားလိုက်တယ်။
“ငါအခု စားစရာဝယ်ပြီး အခန်းရှေ့ရောက်တော့ မိန်းကလေးတယောက် ငိုရှိုက်သံကြီး ကြားရတယ်ကွ၊ အဲ့ဒါ မင်းဘယ်လိုမြင်လဲ”
နေမွန့်စကားကြောင့် စိုးအောင်က အစားအသောက်မပျက်ပဲ …
“ဟာ…မင်းကလည်းကွာ၊ ဒီဟာက …ကွန်ဒိုဆိုပေမယ့် လှေကားရှိရင် ခွေးတက်နိုင်တာပဲကွ၊ မင်းကြားရတာ ခွေးညည်းသံပဲ ဖြစ်ရမယ်၊ ဇာချဲ့မနေနဲ့ ဟေ့ကောင်ရ…စားစမ်းပါကွာ ပူတုန်းလေး …လျှောက်မတွေးစမ်းပါနဲ့ ကွ”
လို့ပြောလာတဲ့အတွက် နေမွန်လည်း ဘာမှမပြောတော့ဘဲ ခေါက်ဆွဲဘူး ဖွင့်စားလိုက်တယ်။
စားပြီးတဲ့အခါ ဘီယာဘူးကိုယ်စီဖွင့်ရင်း သောက်ပြန်တယ်။
“အား…စားလို့ရော အိပ်လို့ရော ကောင်းလိုက်တာကွာ၊ အိပ်ကြမယ်ဟေ့၊ ငါဘယါအခန်းအိပ်ရမလဲကွ”
စိုးအောင်ရဲ့ အမေးကို နေမွန်က…
“ငါက ညဆို ဆီးခဏခဏ သွားတတ်တာလေ၊ ဒါကြောင့် … အိမ်သာရှိတဲ့ မိသားစုအခန်းမှာ ငါအိပ်တယ်၊ မင်း…ဟိုအခန်းမှာ အိပ်မှာ ပေါ့ကွ”
ဘီယာရေ၀င်ထားတဲ့ စိုးအောင်က သဘောကောင်းစွာ နဲ့ ပဲ…
“ဟုတ်ပြီ၊ ငါလက်ခံတယ်၊ အိပ်တော့မယ် သူငယ်ချင်း၊ ဂွတ်နိုက်”
ထို့နောက် သူငယ်ချင်းနှစ် ယောက် အသီးသီး အိပ်ရာဝင်ခဲ့တယ်။
နေမွန်ဟာ အိပ်ရာထက် ဘယ်ညာလူးလိမ့်ရင်း အတန်ကြာမှ အိပ်ပျော်သွားတယ်။
သန်းခေါင်ကျော် အချိန်လောက်မှာ တော့…
ဒေါက်..ဒေါက်…ဒေါက်
ဒေါက်..ဒေါက်…ဒေါက်
ခပ်တိုးတိုးထွက်လာတဲ့ တံခါးခေါက်သံကြောင့် နေမွန်နိုးသွားတယ်။
“အင် … ဒါ … အခန်းတံခါးခေါက်တဲ့အသံဘဲ၊ ဒီအချိန်ကြီးကွာ ဧည့်စာရင်းများ လား၊ ဧည့်စာရင်းဆို ပြဿနာပဲ… ဟူး”
အိပ်ရာထက်က လူးလဲထရင်း တံခါးဆီလျှောက်သွားတယ်။
တံခါးဖွင့်ပြီး အပြင်ကို စူးစမ်းလိုက်တဲ့အခါ…
ဟင့် … ဟင့် … ဟင့် … ဟင့် … ဟင့် … ဟီး … ဟီး
သဲ့သဲ့မျှကြားနေရတဲ့ ရှိုက်သံလို အသံကြီး။
နေမွန်တယောက် ခေါင်းနပန်းကြီးရင်း အိမ်ထဲပြန်လျှောက်ခဲ့တယ်။
“ဟေ့ကောင် စိုးအောင် … ထ … ထစမ်းပါကွ”
သူ့ရဲ့ လှုပ်ရှားမှု ကြောင့် စိုးအောင် အင်းအဲလုပ်ရင်း နိုးလာတယ်။
“ငါနဲ့ လိုက်ခဲ့ပါဦးကွ … လာ. .. လာ”
စိုးအောင်က အိပ်မှု န်စုန်မွှာနဲ့ သူ့နောက်ပါလာတယ်။
သူက တံခါးဆွဲဖွင့်ရင်း
“မင်းနားထောင်ကြည့်စမ်း၊ ရှိုက်သံကြီး ကြားရတယ်မဟုတ်လားဟင်”
စိုးအောင်က မျက်လုံးပွတ်ပြီး ခေါင်းယမ်းတယ်။
“မင်းကွာ အရူးလိုပဲ၊ ဘာမှမကြားရဘူး၊ ငါအိပ်ချင်တယ် ပြန်အိပ်မယ် ဒါပဲကွာ”
နေမွန်တယောက် စိုးအောင်ထွက်သွားတဲ့အခါ ဓာတ်လှေကားနဲ့ လှေကားနေရာကို ဂရုပြု ကြည့်မိတယ်။
ပတ်ဝန်းကျင်တခုလုံး ပကတိ ငြိမ်သက်လျက်။
ခုနက ကြားရတဲ့ ရှိုက်ငိုသံကြီးလည်း မကြားရတော့ဘူး၊
ဒါကြောင့် စိတ်မကြည်စွာ ဘဲ တံခါးပြန်ပိတ်ပြီး အိပ်ခန်းထဲလျှောက်ခဲ့တယ်။
ထိုည …ငွေသွန်းစက်ကွန်ဒိုကို စရောက်တဲ့ည။
နေမွန်လုံးဝ အိပ်မပျော်ခဲ့ပေ။
***
![]() ဟိုင်းဝေး တစ္ဆေ | ![]() တစ္ဆေခြောက်တဲ့ကုတင်ကြီး | ![]() သွေးစုပ်သူယောင်မယ် |