Cover

အခန်း (၁)

“ဟဲ့ အုပ်စိုး”

“ဗျာ…………ဒေါ်လေး”

အုပ်စိုး တစ်ယောက် ထုံချိုင်းလှည်းလေးကို တွန်းထွက်ရမည့် အရေး မတွန်းထွက်သေးဘဲ ဟိုယောင်ယောင် ဒီယောင်ယောင် ဖင့်လေးနေသည်ကို အဒေါ် ဖြစ်သူ ဒေါ်ဌေးဌေးခင် မျက်စိနောက်လာဟန်ဖြင့် အသံခပ်ဆတ်ဆတ်ပေး၍ ခေါ်လေရာ အုပ်စိုး ပျာပျာသလဲ ပြန်ထူးရသည်။ ဒေါ်ဌေးဌေးခင်က မျက်နှာတည်ကြီးလုပ်ပြီး

“မင်း……….ဒီနေ့ရော ဈေးရောင်းထွက် ဖြစ်ဦးမှာ လား”

“သြော်… ထွက်မှာ ပေါ့ ဒေါ်လေးကလည်း…… ဒီမှာ ဘာလိုအပ်သေး လဲ…….ဘာတွေ ကျန်ခဲ့ သေးသလဲဆိုတာ သေချာစစ်ဆေးနေရလို့ပါ… ဒေါ်လေးလည်း ကြားဖူးမှာ ပေါ့.. ပွဲမ၀င်ခင် အပြင်ကလေ့ကျင့်ဆိုသလို…”

“တော် စမ်းပါကွယ်… အပိုတွေ ပြောပြီး အချိန်ဖြုန်းမနေစမ်းနဲ့… မင်းဒီကနေ့ ထုံချိုင်း ထွက်မရောင်းရင် ငါကလည်း ထမင်းချန်မထားဘူး မှတ်”

“ဒေါ်လေးကလည်း ပြေးကြည့်မှ ဒီတူလေး တစ်ယောက် တည်း ရှိတဲ့ဟာကို… သိပ်စိမ်းကား တာပဲ”

“စိမ်းကားတယ်ဟေ့… စိမ်းကားတယ်… စိမ်းကားမှဘာ ဖြစ်ဆိုလားပဲ”

“သြော်… ဒေါ်လေးကလည်း ဒါလေးတောင် မသိဘူးလား… စိမ်းကားမှ… မှ…”

“တော် … သူ့ဟာသူ ဘာ ဖြစ် ဖြစ် အရေး မကြီးဘူး… အရေး ကြီးတာက မင်းရဲ့ ထုံချိုင်း လှည်း ငါ့မျက်စိရှေ့က မြန်မြန်ထွက်ရင်ထွက်… မထွက်ရင် ငါတွေ့ ကရာနဲ့ ကောက်ပေါက်မိတော့ မယ်ဟဲ့”

“အဟင်း…….ဒေါ်လေးကလည်း ပြေးကြည့်မှ ဒီတူလေး တစ်ယောက် တည်း ရှိတဲ့ဟာကို… တကတည်း အံ့ပါရဲ့ ”

“ရော်… ဒီလောက်ပြောနေဆိုနေရင်းနဲ့… မိကျောင်းသားလျှာရှည်တယ်… ငါလေ… တယ်”

“နေ… နေ… ဒေါ်လေး… ဘာမှတယ်မနေနဲ့တော့… ကျွန်တော် အခုပဲ သွားပါပြီ…. တာ့တာ”

ဒေါ်ဌေးဌေးခင်နီးရာလက်နက်စွဲကိုင်တော့မည့် အရေး မြင်ကာမှ အုပ်စိုးလည်း အီလေးဆွဲ မနေရဲတော့ဘဲ ထုံချိုင်းလှည်းတွန်းထုတ်ထွက်ပြေးရလေသည်။ ဒါတောင် အဒေါ် ဖြစ်သူကို မျက်လုံးပြူး နှုတ်ခမ်းမဲ့ပြကာ နောက်ပြောင်သွားသေးသည်။ ဒေါ်ဌေးဌေးခင်လည်း အုပ်စိုး၏ အမူအရာကြောင့် ရယ်ချင်စိတ်ကို မနည်းအောင့်အီးထားရကာ

“ဟွန်း……ဒီလောက်ပြောနေတဲ့ကြားက မျက်နှာကလည်းပြောင်ပါ့”

ဟု ရေရွတ်ပြောဆိုပြီး အိမ်ထဲသို့ ၀င်မည် ပြုစဉ်

“ဗျို့……မဌေး…….. တစ်ယောက် တည်း ပွစိပွစိနဲ့ ဘာတွေ ပြောနေတာလဲဗျ”

ဆိုသော အသံကြောင့် အိမ်ထဲသို့ မ၀င် ဖြစ်သေးဘဲ နောက်လှည့်ကြည့်ရာ လူပျိုကြီး ဦးငြိမ်းမောင်ကို တွေ့ ရသဖြင့်

“သြော်… ဘယ်သူ ဖြစ်ရမလဲ… အိမ်က ကျေးဇူးရှင်ပေါ့……..တူလေး တစ်ယောက် ရှိလို့ အားကိုးရမလား မှတ်တယ်... တကတည်း သုံးစားလို့ကို မရဘူး…. ဒင်း ဒီလိုလက်ကြောမတင်းပုံ မျိုးနဲ့တော့လား… ကျုပ်သာမရှိရင် ခက်မယ်”

ဟု အုပ်စိုး ချီးမွမ်းခန်းကို ဆက်လက်ဖွင့်ဆိုရင်း နေရာမှာ ပြန်ထိုင်သည်။ ဦးငြိမ်းမောင်လည်း ဒေါ်ဌေးဌေးခင်ကို ရွှန်းရွှန်းစားစားတစ်ချက်ကြည့်လိုက်ပြီးမှ

“သြော်… မဌေးက အုပ်စိုးကိစ္စပြောနေတာကိုး… ဒီအတွက်တော့ မပူပါနဲ့….. မဌေး တစ်ယောက် တည်းအတွက် ဒီကိစ္စက ခက်ချင်ခက်ပေမယ့် နှစ် ယောက် ပေါင်းလိုက်ရင်တော့ ခက်မယ် မထင်တော့ပါဘူး”

ဟု လိုရာဆက်ပြောလေရာ ဒေါ်ဌေးဌေးခင် မျက်နှာကြီး ရဲကနဲ ဖြစ်သွားရကာ

“ဘာရှင့်…….ဘာပြောတယ်”

ဟု မဆိုင်းမတွ ရန်ထောင်ဖို့ ပြင်ဆင်လိုက်လေသည်။ ထိုအခါ မှ ဦးငြိမ်းမောင်လည်း ဒေါ်ဌေးဌေးခင် စိတ်ကြီးပုံကို အကြောင်းသိပီပီ စကားကိုလျှောချရသည်။

“သြော်…..ကျွန်တော် ဆိုလိုတာက ဒီလိုပါ… အုပ်စိုးတို့လို အရွယ်ရောက်လာကြတဲ့လူငယ် တွေ ဟာ အိမ်ကလူကြီးသူမတွေ ပြောဆိုဆုံးမတာကို လွယ်လွယ်နားမ၀င်တတ်ကြဘူးလေ….. သူတို့ကို နားဝင်အောင် ပြောနိုင်တာဆိုလို့ သူတို့နဲ့ သက်တူရွယ်တူ ကောင်မလေးတွေ ပဲရှိတာ မဟုတ်လား… ဒါကြောင့် မဌေးတူတော် မောင်ကို ခြေငြိမ်စေချင်တယ်… လိမ္မာ ရင့်ကျက်စေချင်တယ် ဆိုရင် မြန်မြန်သာ အိမ်ထောင်ချပေးလိုက် ပါလို့ ပြောတာပါ… ဒါမှ မဌေးလည်း ခုလိုပြောရဆိုရတာ သက်သာမှမဟုတ်လား”

“အို……တော် စမ်းပါတော် … တစ်ပူပေါ် နှစ် ပူဆင့် ခေါင်းရှုပ်မခံနိုင်ပါဘူး…….တော် ကြာ…… သူ့ဟာမလေးကလည်း သူ့လိုပဲလက်ကြောမတင်းတဲ့ ရေပေါ်ဆီသက်သက်ဆိုရင်… ကျုပ်အသက် ဒီထက်တိုဖို့ပဲ ရှိတော့တယ်”

“သြော်… ဒီကိစ္စမျိုးဆိုတာက အဲသလိုအပြတ်ပြောလို့ မရဘူးမဌေးရဲ့ … အိမ်ထောင်ကျ ပြီးမှ အံ့သြစရာကောင်းလောက်အောင် ကြိုးစားလာကြတဲ့သူတွေ လည်း ဒုနဲ့ဒေးပါ… နောက်ပြီး အုပ်စိုးဆိုတာကလည်း မိဘနှစ် ပါးမရှိတော့တဲ့နောက် မဌေးလက်ပေါ်မှာ ပဲ ကြီးပြင်းလာပြီး… မဌေးပဲ အဖေ… မဌေးပဲ အမေဆိုတဲ့စိတ်နဲ့ နွဲ့ဆိုးဆိုးတာလည်း ပါပါတယ်”

“အင်း… ဒါတော့ ဟုတ်ပါရဲ့ ”

လူပျိုကြီးဦးငြိမ်းမောင်စကားကို ဒေါ်ဌေးဌေးခင် သဘောတူလက်ခံပါကြောင်း ခေါင်းညိတ်ပြ သည်။ ဦးငြိမ်းမောင်လည်း အားတက်လာလျက် စကားကိုဆက်သည်။

“ဆိုရိုးစကားလည်း ရှိတယ်မဟုတ်လား မဌေးရဲ့ ……မိဘတိုးဝတ္တရားရှိတဲ့အတိုင်း သမီးကညာ အခါမလင့်ဆိုသလိုပေါ့”

“ဟင်… ကိုငြိမ်းမောင်… ရှင့်ဟာက မှားနေပြီ”

“ဟင်….. ဘာ….. ဘာမှားလို့လဲ”

“ဘာမှားရမှာ လဲ… ရှင်ပြောသလို သမီးကညာအခါမလင့်ရအောင်… ကျုပ်တူအုပ်စိုးက ယောက်ျားလေးလ… ဘာကြောင့် အခါလင့်ဖို့ကို ကြောက်ရမှာ လဲ”

“သြော်…… အင်း….. ဟုတ်သားပဲ”

ဒေါ်ဌေးဌေးခင်အမှားထောက်ပြချက်ကြောင့် ဦးငြိမ်းမောင်ဘာဆက်ပြောရမှန်းမသိ ဖြစ်သွားပြီး မှ အရှက်ပြေဆက်ပြော၏ ။

“အေးဗျနော်….. ရှေးဆိုရိုးစကားတွေ ကလည်း အားနည်းချက်တွေ အတော် ရှိတာပဲ… သမီး ကညာအတွက်ပဲ ပြောပြီး သားယောက်ျားလေးအတွက်ကျတော့ ပြောမထားတာဆိုးတယ်… ဒါကြောင့် ကျွန်တော် လည်း ခုလိုလူပျိုကြီး ဖြစ်နေရတာ ထင်တယ်”

“အိုတော် … သီးချိန်တန်သီး ပွင့်ချိန်တန်ပွင့်ဆိုတဲ့စကားရှိပါရဲ့ နဲ့… ရှင့်ဘာသာ အ ဖြစ်မရှိ လို့ မစွံတာများ … ရှေးလူကြီးတွေ ကို အပြစ်မပြောပါနဲ့”

ဒေါ်ဌေးဌေးခင် တစ်ယောက် အမြင်ကတ်ကတ်နှင့် ဖိပြောလိုက်သည်ကို ရိပ်မိသော်လည်း နောင်အရေး ကို မျှော်တွေးတတ်သော ဦးငြိမ်းမောင်က ဗွေမယူဘဲ

“အေးဗျ… မဌေးပြောတာလည်း သဘာဝကျသား…… ဒီတော့ကာ လိုရင်းကို ပြန်ဆက် ရရင်… အုပ်စိုးကို နေရာမြန်မြန်ချလိုက်တာဟာ မဌေးအတွက်ရော… ကျွန်တော့အတွက်ရော အကောင်းဆုံး ဖြစ်မယ်ဆိုတာပါပဲ”

“အင်း… ဒါလည်းဟုတ်… ဟင်… ဘာ… ဘာပြောတယ်… ရှင်က ဘာအတွက် အကောင်းဆုံး ဖြစ်ရတာ လဲ”

ဒေါ်ဌေးဌေးခင် ယောင်ပေါင်ခေါင်းညိတ်မည် ပြုပြီးမှ ဦးငြိမ်းမောင်၏ အနှောင့်အသွားမလွတ် သော စကားကို သတိရသွားလျက် ရန်ထောင်ဖို့ပြင်သည်။ ဦးငြိမ်းမောင်ကလည်း မလျှော့ဘဲ

“သြော်……ကျွန်တော် ဆိုလိုတာက အုပ်စိုးဆိုတာ ကျွန်တော့်  မျက်စိရှေ့တင် ကြီးပြင်းလာတာ ဆိုတော့… ကျွန်တော့်  တူသားပဲလေ… သူ့အတွက် မဌေးပူရသလို ကျွန်တော် လည်း ပူရတာ ပါပဲ…… သူကိုယ်တိုင်လည်း ကျွန်တော့် ကို ဦးလေးရင်းချာ တစ်ယောက် လို သဘောထားရှာတာ… ဒါကြောင့် သူမိန်းမသွားတောင်းရင်တောင် မဌေးကို သူ့မိခင်နေရာကတား… ကျွန်တော့် ကို သူ့ဖခင် နေရာကထားမယ်လို့ တွေ့ တိုင်းပြောနေတတ်တာ… ဒီကောင်လေးနှယ် တယ်ခက်ပဲ… ဟဲ ဟဲ ဟဲ”

ဟူ၍ ပါးစပ်အရသာခံပြောလေသည်။ ဒေါ်ဌေးဌေးခင်လည်း ဆက်ပြောလေ မိမိဘက်မှ နစ်နာမှု ရှိလေဆိုတာ ရိပ်မိလျက်

“ကိုင်း…… ကိုင်း…….. အဲဒီ အလိုက်ကန်းဆိုးမသိတတ်တဲ့ ငနာလေးအကြောင်း ပြောတာရပ်ပြီး ရှင့်လာရင်းကိစ္စကိုပြောပါဦး”

ဟု စကားကိုဖြတ်တော့သည်။ ဒါတောင် ဦးငြိမ်းမောင်က မျက်နှာပိုးမသတ်ဘဲ

“သြော်…… ဘာကိစ္စရှိရမှာ တုန်း မဌေးရဲ့ ……. ဟောဒါတွေ လာပို့တာပေါ့”

ဟူ၍ လက်ထဲမှ ထုံချိုင်းဆိုသည့် ယိုဒယား ဖြစ် ကြက်၊ ငါးအူချောင်းနှင့် ကြက်ငါးသားလုံးထုပ် များ ကို မြင်သာအောင်မြှောက်ပြပြီး ရက်ရောကသော စေတနာကို ဖော်ပြလေသည်။ ဒေါ်ဌေးဌေးခင် မျက်စောင်းတစ်ချက်ထိုးလိုက်ပြီးမှ

“ရော်……အဲဒါတွေ ရှင့်ကိုဘယ်သူမှာ ထားလို့လဲ”

“ဘယ်သူမှ မှာ မထားပါဘူး… မောင်အုပ်စိုးလည်း ရောင်းချင်ရောင်းလို့ရအောင်… ပြီးတော့ မဌေးကိုလည်း စားစေချင်လို့ပါ”

“အိုတော် … ကျုပ်လည်းမစားချင်ပါဘူး… ကျုပ်တူဆီမှာ လည်း တင်ရောင်းဖို့ရာ အလုံ အလောက်ရှိနေတဲ့ဟာပဲ… ရှင့်ဟာရှင်သာ ပြန်ယူသွားစမ်းပါ”

“အိုဗျာ… ဒီက တကူးတကလာပို့တဲ့စေတနာကိုတော့ အသိအမှတ်ပြုသင့်ပါတယ်နော်”

“ဟုတ်သားပဲ အမေရဲ့ … ဦးငြိမ်းက စားစေချင်လို့ လာပို့ပေးတဲ့ဟာကို… အမေမကြိုက် ရင်လည်း သမီးတို့ကြိုက်တယ်… ယူသာယူထားလိုက်”

အပြင်မှပြန်ရောက်လာပြီး ၀င်ပြောလိုက်သော သမီး ဖြစ်သူ မို့မို့၏ စကားကြောင့် ဒေါ်ဌေးဌေးခင် မို့မို့ကို မျက်စောင်းတစ်ချက်ထိုးကြည့်လိုက်သေး၏ ။ ပြီးမှ

“ဒါဆိုလည်း ကျေးဇူးပဲ… ပေး..ပေး… အိမ်ထဲမှာ ကျွန်မလုပ်စရာတွေ ရှိသေးလို့ သွားလုပ်လိုက်ဦးမယ်… ပိုက်ဆံတော့ မနက်ဖြန်မှ ရှင်းမယ်”

ဟူ၍ ထုံးချိုင်းထုပ်များ ကို လှမ်းဆွဲယူပြီး စကားဖြတ်ကာ အိမ်ထဲသို့ ဘောက်ဆတ် ဘောက်ဆတ်ဝင်သွားတော့သည်။ ဦးငြိမ်းမောင်လည်း ဒေါ်ဌေးဌေးခင်၏ အပြုအမူကို ဆယ်ကျော် သက်လေး တစ်ယောက် အလား ထင်မှတ်ခံစားပြီး

“ဟောဗျ… သူ ကျေးဇူးတင်ပုံကြီးကလည်း”

ဟုရေရွတ်ရင်း ကျေကျေနပ်နပ်ကြီး ပြုံးကြည့်ပြီးနောက်

“ကဲ သမီး မို့မို့… ဦးငြိမ်းလည်း အလုပ်ရှိလို့ သွားလိုက်ဦးမယ်နော်… နောင်လည်း ကိုယ့်ဖခင် တစ်ယောက် လို သဘောထားပြီး လိုအပ်တာရှိရင်ပြော… အားမနာနဲ့… ကွယ်လွန်သွား ရှာပြီ ဖြစ်တဲ့ သမီးတို့အဖေဆိုတာလည်း ဦးရဲ့ သူငယ်ချင်းအရင်းကြီးပဲလေ……ဒါကြောင့် သမီးတို့ကို ဖခင် တစ်ယောက် လို စောင့်ရှောက်ရမယ့်တာဝန် ဦးငြိမ်းမှာ ရှိတယ် သိလား”

“ဟုတ်ကဲ့…. စိတ်သာချ…… လိုအပ်တာရှိရင် ပြောမယ်…… အားမနာဘူး”

“ဒီလိုမှပေါ့……. ကဲ ကဲ…… သွားမယ်နော်”

ဦးငြိမ်းမောင် ကျေနပ်စွာ ဖြင့် အိမ်ထဲတစ်ချက်လှမ်းကြည့်ပြီးနောက် ထွက်ခွာသွားလေတော့ သည်။

* * * * *


အုပ်စိုး “မောင်မင်းကြီးသား ထုံချိုင်း”ဟု အမည် ပေးထားသော လက်တွန်းလှည်းလေးပေါ်ရှိ ကက်ဆက်ခလုတ်ကိုနှိပ်လိုက်သည်။ မြူးကြွသော တေးဂီတသံတွေ ထွက်ပေါ်လာသည်။ ဂီတသံနှင့် အတူ အုပ်စိုးကိုယ်တိုင်မြူးကြွလာရကာ ခေါင်းတခါခါ ကိုယ်တခါခါဖြင့် မောင်မင်းကြီးသား ထုံချိုင်း လှည်းကို စိတ်ပါလက်ပါတွန်းလျက် ရောင်းနေကျနေရာဆီသို့ ဦးတည်လိုက်သည်။

ရောင်းနေကျနေရာ မရောက်ခင် လမ်းခုလပ်မှာ ပင်

“မောင်မင်းကြီးသားထုံချိုင်း”

“မောင်မင်းကြီးသားထုံချိုင်း နေပါဦး”

ဆိုသော အသံတွေ ကြောင့် ခြေလှမ်းတွေ ကို ရပ်ပြီး နောက်လှည့်ကြည့်ရာ အပြတ်အားပေးမည့်  လက္ခဏာအထင်းသားနှင့် စားသုံးသူကလေးငယ်လေးဦးခန့်ကို တွေ့ လိုက်ရ၍ ပျော်သွားသည်။ ထို့ကြောင့် အသားညှပ်ကပ်ကြေးကို တချပ်ချပ်ညှပ်ပြရင်း

“ကိုင်းလာကြ လာကြ….. လတ်ဆတ်သလောက် အရသာရှိသလို…… အရသာရှိသလောက် သန့်ရှင်းပြီး…….. သန့်ရှင်းသလောက် ဈေးနှုန်းချိုသာတဲ့ ခုကြော်၊ ခုကင်၊ ခုစား အရွယ်သုံးပါးမရွေး ကြိုက်နှစ်သက် တဲ့ မောင်မင်းကြီးသားထုံချိုင်းက နွေးထွေးပျူငှာ ကြိုဆိုလျက်ပါပဲတဲ့ ခင်ဗျာ”

ဟူ၍ ဇာတ်မင်းသားသံနှောရင်းပြောလေရာ ကလေးငယ်များ သဘောတွေ့ သွားလျက် လက်ညှိုးတထိုးထိုးဖြင့် အလိုရှိရာပြော ကတော့သည်။

“ဦးလေးကြီး…….. ကြက်သားလုံးဘယ်လောက်လဲ”

“ကြက်သားလုံးက ငါးဆယ်……… ဘယ်မှာ မှမ၀ယ်နဲ့ ဒီမှာ ရတယ်မှတ်ဟယ်”

“အိုကေ……. ချက်ချင်း ရစေရမယ်…. မောင်မင်းကြီးသားထုံချိုင်းရဲ့ ဂီတသံကို နားသော တဆင်ရင်း ခေတ္တစောင့်ပေးပါ လူကြီးမင်းလေးခင်ဗျာ”

“အိုကေ ရတယ်”

အုပ်စိုး မီးသွေးမီးအပူပေးပြီး ဆီထည့်ထားသော အိုးထဲသို့ ကြက်သားလုံးများ ထည့်ကြော်နေစဉ် ကြက်သားလုံးမှာ ထားသော ဖက်တီးလေးက ဂီတသံမှာ စီးမျှောရင်း ခန္ဓာကိုယ်ကို ရှေ့နောက် ယိမ်းထိုးနေသည်။ နောက်ချာတိတ် တစ်ယောက် ကလည်း စည်းချက်လိုက်နေရင်းနှင့်

“ဦးလေးကြီး……. ငါးဖယ်ချောင်းကရော ဘယ်လောက်လဲ”

“ကုန်ဈေးနှုန်းတွေ တက်နေပေမယ့် မောင်မင်းကြီးသား ထုံချိုင်းရဲ့ ငါးဖယ်ချောင်း ကတော့ တစ်ခုမှ အစိတ်ပဲဆိုတာ လူရင်းတွေ မို့ ကြိတ်ပြောပြထားမယ်”

“အိုကေ… ကြိုက်ပြီဗျာ… ကျွန်တော့် ကို ငါးဖယ်ခြောက်ခုပေး”

အုပ်ဆိုးပြုံးရွှင်မြူးစွာ ဖြင့် ငါးဖယ်ဆုပ်များ ကို အကြော်အိုးထဲထည့်လိုက်ပြန်သည်။ ထိုစဉ် တတိယ မြောက်ချာတိတ်က

“ဦးလေးကြီး”

ဟုခေါ်ပြန်သဖြင့် အုပ်စိုးပြန်ထူးမည် ပြုစဉ် နောက်ဆုံးကျန်ရှိသည့် တစ်ယောက် က ဦးလေးကြီးဟု ခေါ်သည့်တတိယမြောက်ကောင်လေးကို တံတောင်ဖြင့် တစ်ချက်လှမ်းထိုးပြီး

“မင်းတို့ကလည်း အထူအပါးကို နားမလည်ဘူး… ထုံချိုင်းရောင်းတဲ့အစ်ကိုကြီးက ဒီလောက် ငယ်ငယ်လေးရှိသေးတာ… ဦးလေးကြီး ဦးလေးကြီးလို့ မခေါ်စမ်းပါနဲ့… အစ်ကိုကြီးလို့ပဲ ခေါ်စမ်းပါ… အစ်ကိုကြီး ပုဇွန်လုံးက ဘယ်လောက်လဲ”

ဟူ၍ သူငယ်ချင်းတွေ အပေါ် ဆရာလုပ်ရင်း အုပ်စိုးကို မြှောက်ပင့်လေရာ အုပ်စိုးလည်း သဘောကျသွားရသည်။ ထို့ကြောင့်

“ပုဇွန်လုံးတစ်လုံး အစိတ်… ဒါပေမယ့် ညီလေးက အမြင်စူးရှတဲ့အတွက် ညီလေးစားမယ် ဆိုရင် နှစ် ဆယ်နဲ့ပဲယူ”

ဟူ၍ သဘောကောင်းပြလေရာ ကျန်သုံးယောက် လည်း မျက်လုံးရောင် လေးတွေ တောက်လာ ကြသည်။ ဖက်တီးလေးက အုပ်စိုးကို စေ့စေ့စပ်စပ်ကြည့်ရင်း

“သြော်….ငယ်ငယ်လေးရှိသေးတယ်ဆိုတာတော့ ငါလည်းသိပါတယ်ကွ……စတွေ့ တွေ့ ချင်း လေးစားသမှု နဲ့ ဦးလေးကြီးလို့ ခေါ်ရတာ ပါကွ… ကဲ…… အခု ရင်းနှီးသွားပြီဆိုတော့ အစ်ကိုကြီးလို့ပဲ ခေါ်တော့မယ်… အင်း… ပြောလို့ပြောတာမဟုတ်ဘူး…… သေချာကြည့်တော့မှ အစ်ကိုကြီးက ယိုးဒယားကာရာအိုကေ သီချင်းခွေထဲက အဆိုတော် ထုံချိုင်းနဲ့တောင် တူသလိုလိုပဲကွ”

“ဟေ ဟုတ်လား…… ယိုးဒယားအဆိုတော် ထုံချိုင်းနဲ့ ကိုယ်နဲ့ တကယ်တူလို့လား”

“သြော်… အစ်ကိုကြီးကလည်း… ကျွန်တော့် အဖေက ကျွန်တော့် ကို လိမ်ညာမပြောရဘူး ငရဲကြီးတတ်တယ်လို့ ငယ်ငယ်လေးကတည်းက သင်ပေးထားတာဗျ… ကျွန်တော် က မတူဘဲနဲ့ တူတယ်လို့ ဘာလို့လိမ်ပြောရမှာ လဲ… ငရဲကြီးမှာ ပေါ့ဗျ”

“အေး… ငါညီပြောတာလည်းမှန်သားပဲ… ဒါနဲ့ငါ့ညီမှာ ထားတာ ကြက်သားလုံးနော်……. အစ်ကိုကြီးက နှစ် ခုအပိုပေးမယ် သိလား…… အဟီး”

မြှောက်ပြောလျှင် ဈေးလည်းလျှော့၊ အပိုလည်းပေးသည့်အခွင့်အရေး ရှိမှန်းသိသည်နှင့် ကျန်နှစ် ကောင်လည်း နောက်ကျမခံစတမ်း

“ဘယ်ကလာ…..ဦးလေးကြီးက… အဲလေ… အစ်ကိုကြီးက ၀မ်းဘက်မင်းသားနဲ့ပိုတူတာ ကွ……. မယုံကြည့်ပါလား”

“ဘယ်ကလာ… ဒီလောက်တောင် ချောတဲ့ဟာ… ဂျွန်စောနဲ့မှ ချွတ်စွပ် နော်… နော်… အစ်ကိုကြီးနော်… ကျွန်တော် ပြောတာ မှန်တယ်နော်… နော် အစ်ကိုကြီးဂျွန်စောနော်”

ဟူ၍ အသီးသီးမြှောက်ပင့်ပြောဆိုလေရာ အုပ်စိုးလည်း ထားရခက်သော မျက်နှာဖြင့် ပြုံးဖြီးဖြီး ကြီး ဖြစ်ကာ

“အေးပါကွာ… အေးပါ… ညီလေးတို့လည်း စားချင်တာကိုသာပြော…..ကင်ပေးရမလား ကြော်ပေးရမလား ကြိုက်သလိုသာပြော… ဈေးလည်းလျှော့ပေးမယ်… အပိုလည်း အများ ကြီး ပေးမယ်… စိတ်ချ”

ဟူ၍ သဘောတွေ လွှတ်ကောင်းပြလေရာ ကလေးတွေ လည်းပျော်သွားပြီး

“ဟေး…. ဒါမှ တို့ မောင်မင်းကြီးသားထုံချိုင်း အစ်ကိုကြီးကွ”

ဟု ၀မ်းသာအားရ သံပြိုင်အော်ဟစ်ကြလေသည်။

ဟိန်းကနဲထွက်ပေါ်လာသော ကလေးများ ၏ သံပြိုင်အော်ဟစ်သံကြောင့် အုပ်စိုးလည်း လန့်ဖျပ်ပြီး

“ရှူး… တိုးတိုး”

ဟူ၍ ပါးစပ်မှာ လက်ညှိုးတစ်ချောင်း ကန့်လန့်ဖြတ်တင်သတိပေးရင်း ဘေးဘီဝဲယာသို့ ကပျာကယာကြည့်မိသည်။

“ဟင်”

မြင်လိုက်ရသော မြင်ကွင်းကြောင့် အုပ်စိုးစိုးရိမ်စိတ်နှင့် အတူ ရင်ခုန်သံတွေ ပါ မြန်သွားရသည်။

ကလေးငယ်များ ၏ ရုတ်တရက်ထွက်ပေါ်လာသော သံပြိုင်အော်ဟစ်သံကြောင့် အနီးဝန်းကျင် မှ လူများ နည်းတူ မိန်းမချောလေးသည်လည်းပဲ ကိုယ့်လမ်းကိုယ်သွားနေရင်း မတ်တပ် ထုံချိုင်း အရောင်းဆိုင်လှည်းဆီ ချာကနဲလှည့်ကြည့်လေသည်။ သည်မှာ တင် ရှေ့တူရူမှလာနေသော အထမ်း သမားတစ်ဦးနှင့် တိုးတိုက်မိပြီး လက်ထဲမှ စာရွက်စာတမ်းများ ပြုတ်ကျကာ လူလည်း ဟန်ချက် ပျက်ကာလဲကျသွားရသည်။

ထိုမိန်းမချောသည် လဲကျတာကို အမှု မထားဘဲ မြေပြင်ပေါ်ပြန့်ကျဲနေသော စာရွက်စာတမ်း များ ကိုသာ အမိအရလိုက်လံကောက်ယူစုစည်းနေသည်ကို တွေ့ ရသည်။

အုပ်စိုးစာနာသနားခြင်းနှင့် အတူ မိန်းမချောလေးကို ကူညီဖေးထူရန် ခြေလှမ်းပြင်လိုက်စဉ်မှာ ပင် မိန်းမချောက မတ်တပ်ပြန်ရပ်ပြီး ဖြစ်သည်။

သူမရှက်သွားဟန်တူသည် ဟူသော အတွေးဖြင့် အုပ်စိုး စာနာစိတ်မွေးမိသော်လည်း သူမက တော့ စောစောက ဘာမျှမ ဖြစ်ခဲ့သည့် ဟန်ဖြင့် လက်ထဲမှစာရွက်လိပ်တစ်လိပ်ကို ဖြန့်ကြည့်ပြီး ငိုက်စိုက်ငိုက်စိုက်နှင့် လမ်းဆက်လျှောက်နေသည်ကိုတွေ့ ရသည်။ သည်ပုံ အတိုင်းဆိုလျှင် လမ်းမှာ သည်လိုပဲ တိုးမိတိုက်မိဦးမှာ ပဲဟု တွေးရင်း အုပ်စိုးပြုံးလိုက်မိသည်။ သူမသည် ထူးဆန်းသော မိန်းမချောလေးတစ်ဦး ဖြစ်သည်။ ဘာမထီမျက်နှာထားနှင့် သူမသည် အုပ်စိုး၏ ရင်ခုန်သံကို မြန်စေ သည်က မှန်သော သစ္စာသာ ဖြစ်သည်။

ရန်ခုန်သံ၏ စေ့စော်မှု ဖြင့် အုပ်စိုး၏ ခြေလှမ်းများ က သူမသွားရာနောက်ကို လျှောက်လှမ်းမိ လေသည်။ အုပ်စိုး၏ ရုတ်တရက် ပြောင်းသွား သော အပြုအမူကြောင့် ပါးစပ်တပြင်ပြင် ဖြစ်နေသော ကလေးငယ်လေးဦးလည်း သူတို့၏ ရရှိပြီးအခွင့်အရေး ကို လက်လွတ်မခံနိုင်သလို လှည်းရှေ့မှာ ပိတ်ကာပြီးလှည်းကို ၀ိုင်းတွန်းထားကြကာ

“အစ်ကိုကြီး ၀မ်းဘက်မင်းသား… ကျွန်တော် မှာ ထားတဲ့ ကြက်သားပြား မရသေးဘူးလေ… ဘယ်သွားမလို့လဲ”

“ဟုတ်တယ်လေ… ကျွန်တော့် အတွက် ကြက်သားလုံးလည်း မလုပ်ပေးရသေးဘူးလေ အစ်ကိုကြီးထုံချိုင်းရဲ့ ”

“ကျွန်တော် … ကျွန်တော့် ကို ငါးဖယ်ချောင်းညှပ်ပေးဦးလေ”

ဟူ၍ အသီးသီးဝိုင်းဝန်းပြောဆိုကြလေကာမှ အုပ်စိုးလည်း လူလည်ကြီးသားသမီး လေးယောက် ကို ပြန်လည်သတိထားမိသွားသည်။ သို့ သော် ထိုမိချောင်းသားလေးယောက် ထက် ပိုမို အရေး ကြီးသည်က ရင်ကိုခုန်စေသူမိန်းမချော၏ ခြေရာတွေ မပျောက်ပျက်စေဖို့သာ ဖြစ်သည်။ ထို့ကြောင့် အသင့်ကြော်ပြီး ကင်ပြီးသား ရှိသမျှအသားတွေ ကို ပလတ်စတစ်အိတ်လွတ်ထဲ စုပြုံထည့် ကာ

“ရော့ ရော့ ကျေးဇူးရှင်တွေ … အဲဒါတွေ ယူသွားပြီး ဝေစားကြပေတော့… ပိုက်ဆံလည်း ပေးမနေနဲ့တော့”

ဆိုပြီး ကိစ္စဖြတ်လိုက်ရာ ပုဂ္ဂိုလ်လေးတွေ လည်း ၀မ်းသာအားရလှမ်းယူပြီး

“ဟေး……. ဒါမှ တို့မောင်မင်းကြီးသား ထုံချိုင်းအစ်ကိုကြီးကွ”

ဟု သံပြိုင်အော်ဟစ်ကြပြန်သည်။ သည်တစ်ခါတော့ သူတို့၏ ကျယ်လောင်သော အသံက အုပ်စိုး၏ အာရုံကို မပြောင်းလဲစေတော့ပြီ။ အမှတ်တမဲ့မှသည် အမှတ်ရရ ရင်ကို လှုပ်ကိုင်ဆွဲခါနိုင်စွမ်း လေသူ မိန်းမချောနောက်သို့ သာ ခြေရာကောက်လိုက်ရန် လှည်းကိုတွန်းထုတ်ထွက်ခွာလိုက်သည်။

သို့ သော် ထုံချိုင်းလှည်းလေး ဘီးဆယ်ပတ်ပြည့်အောင် မလည်နိုင်ခင်မှာ ပင်

“အစ်ကိုကြီး ထုံချိုင်း……. ခဏလေး…….. ခဏလေး”

“အစ်ကိုကြီး ၀မ်းဘတ်မင်းသား”

“အစ်ကိုကြီး ဂျွန်စော”

ဆိုသော ဆူညံသံများ ဖြင့် ဘသားချောလေးယောက် အုပ်စိုးဆီ အပြေးပြန်ရောက်လာကြပြီး လှည်းကိုဘေးမှ ဆွဲသူကဆွဲ၊ ရှေ့မှပိတ်ရပ်ပြီး တွန်းကာတားဆီးသူက တားဆီးဖြင့် ဗရုတ်သုက္ခနိုင် လွန်းလှပေရာ အုပ်စိုး ဒေါသတွက်ချင်ချင် ဖြစ်လာရသည်။ အားလုံးကို မလိုလားဟန်ဖြင့် တစ်ချက်ဝေ့ ကြည့်ပြီး ပေါက်ကွဲစကားဆိုရန်ပြင်ဆင်လိုက်သည်။ သို့ သော်

“အချဉ်ရည်လေး သုတ်ပေးခဲ့ဦးလေ……အစ်ကိုကြီး ထုံချိုင်းရဲ့ ”

“အင်းလေ…….အချဉ်ရည်မပါဘဲနဲ့ ကျွန်တော် တို့ ဘယ်လိုသွားစားမှာ လဲ”

“အစ်ကိုကြီး ၀မ်းဘက်မင်းသားကလည်းဗျာ……. စေတနာထားရင်လည်း အပြည့်အ၀ ထားစမ်းပါ…….. တစ်ဝက်တစ်ပျက် စေတနာဆိုတာ လူကြားမကောင်းပါဘူး”

“ဟုတ်ပါတယ် အစ်ကိုကြီး ဂျွန်စောကလည်းဗျာ… ကျွန်တော် တို့ကို တစ်မျိုး မထင်လိုက်ပါနဲ့…. ဒီလောက်ကြီးရက်ရောထားပြီးမှ ဘာမဟုတ်တဲ့ အချဉ်လေးတွန့်တိုမိတာနဲ့ အစ်ကိုကြီးရဲ့ မောင်မင်းကြီးသား ထုံချိုင်းပဲ နာမည် ပျက်မှာ … ကျွန်တော် တို့က အနေသာကြီးပါဗျာ”

ဆိုသော သူတို့လေးတွေ ၏ သဘာဝကျသလိုလိုရှိသော ဆိုစကားတွေ က ဘာမျှမပြောသာဘဲ ဖြစ်သွားရသည်။ သို့ သော် သူတို့စားမည့်  အသားချောင်းလေးတွေ ကို အချဉ်ရည်သုတ်ပေးနေလျှင် လည်း မိန်းမချောလေးနောက်ကို အမှီမလိုက်နိုင်ဘဲ ဖြစ်ရပေဦးမည် ။

ထို့ကြောင့်

“ကိုင်း…… ဒါဆိုရင်လည်း မင်းတို့ဘာသာမင်းတို့ စိတ်ကြိုက်သာလုပ်ကြပေတော့ကွာ…….. ဟိုမှာ ငါ့ VIP လေးနောက်ကို ငါ ပြေးလိုက်လိုက်ဦးမယ်”

ဟူ၍ ရင်ခုန်သံကို ဦးစားပေးလိုက် လေရာ ကျေးဇူးရှင်လေးတွေ ၏ မျက်နှာ ပြုံးယောင်သန်း သွားလျက်

“ဟေး……. ဒါမှ တို့ရွှေအစ်ကိုကြီး ထုံချိုင်းကွ”

ဟူ၍ အတိုင်းမသိ အူမြူးသွားကြသည်ကို ကြည့်ပြီး အုပ်စိုးကျောတွန့်သွားရသည်။ သည်မျောက်ကလေးတွေ လက်ထဲသည် ထုံချိုင်းလှည်းလေးကို ၀ကွက်အပ်ခဲ့ရမှာ စိတ်မအေးနိုင်ဘဲ ဖြစ်ကာ ကောက်ကာငင်ကာပေါ်လာသည့် သံယောဇဉ်အမျှင်တန်းကို ရှင်ခန်းဖြတ်လိုက်တာပဲ ကောင်းပါတယ်………. ဟူ၍ ထုံချိုင်းလှည်းလေးဆီ စိတ်ပြန်လည်ချင်သလိုလို ဖြစ်သွားရသေးသည်။ သို့ သော် ရင်ခုန်သံ၏ ဆွဲအားက မငြင်းဆန်သာသည်မို့

“အို……. ဖြစ်ချင်ရာ ဖြစ်ကွာ…….. မတတ်နိုင်ဘူး”

ဟူ၍ စိတ်ဒုံးဒုံးပိုင်းဖြတ်ပြီး မြင်ကွင်းမှ ပျောက်ကွယ်လုနေပြီ ဖြစ်သော ဘ၀အလင်းရထားလေး နောက်သို့ အပြေးတစ်ပိုင်းခြေလှမ်းဖြင့် သွက်သွက် လှမ်းလိုက်ရလေသည်။

ကံကောင်းသည်လို့ပဲ ပြောရမည် ။ သိပ်ဝေးဝေးပြေးလိုက်စရာမလိုဘဲ ဘ၀အလင်းရထားလေးကို မိလုမိခင် ဖြစ်သွားရသည်။ ထိုအခါမှ စိတ်အေးသွားလျက် လောနေသော စိတ်၊ စောနေသော ဆန္ဒ၊ မြန်နေသော ခြေလှမ်းတို့ကို သိသာစွာ လျှော့ချလိုက်ကာ ရင်ခုန်သံကို ပြန်လည်ပျိုးယူရင်း အလင်း ရထားလေးနောက်မှ မယောင်မလည်လိုက်ပါရသည်။

နောက်မှ လိုက်ပါလာသူ အုပ်စိုးကသာ တကယ့်ဧရာမစွန့်စားခန်းကြီးတစ်ရပ်လို အသည်းတ ထိတ်ထိတ်၊ ရင်တဖိုဖို ဖြစ်နေရသော်လည်း သူမ ကတော့ မိမိနောက်မှ မိမိအားခြေရာခံလိုက်ပါလာသူ တစ်ယောက် ရှိလေသည်ကို အလျဉ်းရိပ်စားမိဟန်မတူဘဲ လက်ထဲမှ စာရွက်တွေ ကိုသာ စိတ်ဝင်တစား တဖျတ်ဖျတ် လှန်လှောကြည့်ရှုနေသည်ကို တွေ့ ရသည်။

အတန်ငယ်လျှောက်ပြီးနောက် ဣစ္ဆာသယလမ်းထဲသို့ ချိုးဝင်သွားသည်ကိုတွေ့ ရသဖြင့် ဘ၀ အလင်းရထားလေး ဣစ္ဆာသယလမ်းမှာ နေတာ ဖြစ်နိုင်ကောင်းသည်ဟုတွေးမိရင်း ဆက်လက်နောက် ယောင်ခံလိုက်ရသည်။ ခြေလှမ်းနှစ် ဆယ်မပြည့်တတ်သေးခင်မှာ ပင် အုပ်စိုး၏ တွေးထင်ချက် မှန်ကန်ကြောင်း ထင်ရှားသက်သေ ပြလေသည့်အလား ဘ၀အလင်းရထားလေးလည်း လေးခန်းတွဲ ရှစ်ထပ် တိုက်တစ်တိုက်ပေါ်သို့ တက်သွားသည်ကို တွေ့ ရသည်။ အုပ်စိုးလည်း ထိုတိုက်နံပါတ်ကို သေချာ မှတ်သားပြီးနောက် မယောင်မလည်ဖြင့် နောက်ကြောင်းပြန်လှည့် လျှောက်လာရသည်။ အလင်းရထား လေး၏ ရပ်နားရာဘူတာကို သိခွင့်ရခဲ့သဖြင့် အုပ်စိုးအပျော်ကြီးပျော် အကျေနပ်ကြီးကျေနပ်ရင်း ခြေလှမ်းတို့က ပေါ့ပါးတက်ကြွနေသည်။

အနာဂတ်ချစ်ဗိမာန်ကို စိတ်ကူးဖြင့် တည်ဆောက်ရင်း အုပ်စိုးမျက်နှာကြီး ပြုံးယောင်သန်းလာရာမှ မိမိ၏ ထုံချိုင်းလှည်းလေးကို ဖျတ်ခနဲသတိရသွားကာ မျက်နှာလည်း ပျက်သွားရသည်။

လက်စွမ်းအတော် ထက်မည့်  ကျေးဇူးရှင်လေးများ ၏ မျက်နှာကိုမြင်ယောင်ရင်း အုပ်စိုး ပိုကျော ချမ်းသွားရသည်။

“ဒုက္ခပါပဲ………ဟိုမျောက်လောင်းလေးတွေ လက်ချက်နဲ့ ငါ့ထုံချိုင်းလှည်းလေး အကောင်း ပကတိမှ ရှိပါသေးရဲ့ လား… ရောင်းစရာထုံချိုင်းလေးတွေ ရော ကျန်ပါသေးရဲ့ လား မသိ… ဘုရား ဘုရား”

အုပ်စိုးပူပန်စွာ ရေရွတ်မိရင်း ခြေလှမ်းကို အမြန်နှုန်းမြှင့်ကာ မိမိ ထုံချိုင်းလှည်းရှိရာဆီ အပြေးတစ်ပိုင်း ပြန်လာရလေသည်။

ထားခဲ့သည့် နေရာမှာ ပင် ခြေရာလက်ရာမပျက်ဘဲရှိနေသေးသည့် ထုံချိုင်းလှည်းလေးကို လှမ်းမြင်ရပါမှ အုပ်စိုးလည်း ရင်မှအပူလုံးလျော့ကျပြီး

“ဟူး… တော် ပါသေးရဲ့ … ဟိုကျေးဇူးရှင်လေးတွေ တစ်စစီဖြုတ်ပြီး ဆော့ပစ်လိုက်ပြီ အောက်မေ့လို့”

ဟူ၍ စိတ်သက်သာရာရကြောင်း ရေရွတ်မိလိုက်သည်။ သို့ သော် ထုံချိုင်းလှည်းဆီသို့ ရောက်သော အခါမှာ တော့ အေးမည် ကြံသော ရင်လည်းမအေးနိုင်တော့ဘဲ မျက်လုံးအစုံ ပြူးကျယ်သွားရတော့သည်။

“ဟင်”

လှည်းပေါ်တွင် အသားတစ်စမျှမကျန်တော့သလို အသားကင်ရာ၊ ကြော်ရာတွင် အသုံးပြုသည့် မီးဖိုဒယ်အိုနှင့် တကွ အသုံးအဆောင်ပစ္စည်း ဘာတစ်ခုကိုမှ မတွေ့ ရတော့။ အ တယ်ထင်ပြီး ဂုတ်လည်းစီးသေး ရှူးရှူးလည်းပေါက်ချသေးဆိုလို့ ကတော့ လူကြီးသော ကလေးသော ရယ်လို့ နားလည်မှု မပေးနိုင်။ မှတ်လောက်အောင် ဆုံးမပစ်ရမည် သာ။ ထို့ကြောင့်

“တောက်…..တွေ့ ကြသေးတာပေါ့ကွာ… အုပ်စိုးကို ဒါမျိုးလာစမ်းလို့ ကတော့ သဘောပေါက် နောက်ကျသွားမယ် မှတ်… ဟင်း”

အုပ်စိုး ဒေါသကိုမောင်းတင်ပြီး ပတ်ဝန်းကျင်ကို မိုက်ကန်းကန်းမျက်နှာဖြင့် ဝေ့ကြည့်လိုက် သည်။ ဝေ့ကြည့်လိုက်သည့်အခိုက်မှာ ပင် မလှမ်းမကမ်းရှိ ဆိုက်ကားတစ်စီးပေါ်တွင် မိမိ၏ ပျောက်ဆုံး ပစ္စည်းများ ကို အတိုင်းသားတွေ့ လိုက်ရသည်။

မျက်မှော င်ကုတ်မိလျက် ဟုတ်မဟုတ်သေချာစေရန် သေချာစူးစိုက်ကြည့်လိုက်ရာ အသေချာ ဆုံးပဲ ဖြစ်နေသည်ကို တွေ့ ရသည်။

အသားမျိုးစုံထည့်ထားသည့် လင်ပန်းလေးချပ်ကို ထပ်ပြီးတင်ထားရုံမျှနှင့် အားမရသေးဘဲ ဒယ်အိုး၊ ဆီပုလင်းတို့အပြင် အသားကင်မီးသွေးမီးဖိုကိုပင် မီးသတ်ပြီး ဆိုက်ကားပေါ် အသင့်တင်ထားပြီး ဖြစ်နေသည်။ ထို ဆိုက်ကားအနီးတွင် လူသုံးယောက် ကိုတွေ့ ရသည်။ ပိုင်ရှင်လစ်ပြီအထင်နဲ့သုတ် ပြေးရန်ကြံစည်ခြင်း ဖြစ်ကြောင်း ထင်ရှားနေသည်။

အုပ်စိုး မီးဝင်းဝင်းတောက်သော မျက်လုံးအစုံဖြင့် ဆိုက်ကားရှိရာဆီ ခပ်သွက်သွက် သွားလိုက်သည်။ ဆိုက်ကားအနီးရှိလူသုံးဦးလည်း အုပ်စိုး သူတို့ထံ ဦးတည်လာနေသည်ကို ရိပ်မိလာသည်နှင့် အချင်းချင်းကြည့်ပြီး ခေါင်းညိတ်ပြကြသည်။ သဘော ကတော့ ပစ္စည်းဖြောင်ပြီး ပြေးလို့မလွတ်မယ့် အတူတူ အုပ်စုအားကိုးနဲ့ ၀ိုင်းဖဲ့မယ်ပေါ့လေ။ အ ဟင်း… ဒါမျိုး ကတော့ ပျင်းတောင်ပျင်းသေးတယ်။ အုပ်စိုးတို့က ကရာတေးရော၊ ဂျူဒိုရော၊ မြန်မာ့လက်ဝှေ့ပါ ကျွမ်းပြီးသား။

အုပ်စိုး တိုက်ခိုက်ရန် အသင့်အနေအထားကို မသိမသာပြင်ဆင်ရင်း ထိုသုံးဦးရှေ့သို့ ရဲရဲလျှောက်သွားလိုက်သည်။ ထို့ပြင် မာကျောရဲရင့်သော လေသံဖြင့် တိုက်ပွဲခေါ်သံ ပေးလိုက် သည်။

“ဒီမယ်… ခင်ဗျားတို့ ကျုပ်မရှိတုန်း ကျုပ်ပစ္စည်းတွေ ကို ယူထားတာ ဘာသဘောလဲ”

ပိုင်ရှင်ရောက်လာမှန်းသေချာသွားသည်နှင့် ထိုပုဂ္ဂိုလ်သုံးဦးလည်း လှုပ်လှုပ်ရှားရှား ဖြစ်သွား ကြသည်။ ထိုအထဲမှ လူမိုက်ပုံပေါက်သော ဂင်တိုတိုနဲ့သူက

“ဒါဆို… ဒီထုံချိုင်းလှည်းက မောင်ရင့်လှည်းပေါ့… ဟုတ်လား”

“ဟုတ်တယ်…. ကျုပ်လှည်းမှ ကျုပ်လှည်းအစစ်ပဲ… ရေတစ်စက်မှမရောဘူး… ပြီးတော့ ဒီဆိုက်ကားပေါ်က အသားတွေ ကလည်း ကျုပ်ပစ္စည်းတွေ ပဲ… ရှင်းလား”

အုပ်စိုး၏ ၀န်ခံစကားကြားသည်နှင့် ထိုပုဂ္ဂိုလ်သုံးဦး အချင်းချင်းလှည့်ကြည့်ကာ ခေါင်းညိတ်ပြ ကြ၏ ။ သူတို့၏ အခြေအနေကို မပြတ်အကဲခတ်နေသော အုပ်စိုးသည်လည်း ခုခံတိုက်ခိုက်ရန် နောက်ခြေတစ်လှမ်းဆုတ်ကာ သိုင်းကွက်ဆွဲလိုက်၏ ။ သို့ သော်

“ကိုင်း….ဒါမောင်ရင့်လှည်းဆိုမှတော့ မောင်ရင်ကျုပ်တို့နဲ့ရုံးကိုခဏလိုက်ခဲ့ပါ”

ဆိုသော ဆက်ပြောလာသည့် ဂင်တိုတို ပုဂ္ဂိုလ်၏ စကားကြောင့် အုပ်စိုး ကြောင်သွားရသည်။

“အို… နေရင်းထိုင်ရင်း ကျုပ်က ဘယ်ရုံးလိုက်ရမှာ လဲ”

“မြို့နယ်စည်ပင်ရုံးကိုလိုက်ခဲ့ရမှာ ပါ”

“ဗျာ…… စည်ပင်ရုံးလိုက်ပြီး ကျုပ်ကဘာလိုက်လုပ်ရမှာ လဲ”

စည်ပင်သာယာရုံးသို့ လိုက်ရမည် ဆိုသော ကြောင့် အုပ်စိုး နားမလည်နိုင်သလို ဖြစ်သွားရသည်။ အုပ်စိုး၏ နားမလည်နိုင်မှု ကို ဂင်တိုတိုလူဘေးတွင် ရပ်နေသော ပါဝါမျက်မှန်နဲ့ ပုဂ္ဂိုလ်က ရှင်းလင်းပေး ရာ အုပ်စိုး ဗျာ….. တပြီး ဆွဲထားသော သိုင်းကွက်တွေ အလိုအလျှောက်ပျက်ပြယ်သွားရတော့သည်။

“စည်ပင်ရုံးကို ဘာလိုက်လုပ်ရမှာ လဲဆိုတော့… ဈေးမရောင်းရ သတ်မှတ်ထားတဲ့နယ်မြေ မှာ ဈေးရောင်းတယ်… နောက်ပြီးတော့ မီးဘေးအန္တရာယ် ဖြစ်စေနိုင်တဲ့ မီးသွေးမီးတွေ ကို ဒီအတိုင်း ပစ်ထားခဲ့တယ်… ဒါကြောင့် ကန့်သတ်နယ်မြေမှာ ဈေးရောင်းမှု … မီးပေါ့ဆမှု တွေ နဲ့ အရေး ယူခံဖို့… ခင်ဗျားလိုက်ခဲ့ရမယ်”

“ဗျာ…… ဟို……. ဟိုလေ…… ကျွန်……. ကျွန်တော် ဒီမှာ ရောင်းချင်လို့ ရောင်းတာ မဟုတ်ပါဘူး ကလေးတွေ က စားချင်တယ်ဆိုလို့ စေတနာနဲ့လုပ်ပေးလိုက် တာပါ…… အဲ ပြီး… ပြီးတော့ ဒီမီးတွေ ကိုလည်း ဒီအတိုင်းမထားခဲ့ပါဘူး………ထုံချိုင်းဝယ်စားတဲ့ ကလေးတွေ ကို သေချာအပ်ခဲ့တာပါ”

“အေး… အဲဒီ လို မျောက်လိုဆော့တတ်တဲ့ ကလေးတွေ လက်ထဲ အဲဒီ မီးတွေ အပ်ခဲ့တာကိုက ခင်ဗျားအပြစ်ပိုကြီးသွားတာပဲ”

“ဗျာ”

* * * * *


အခန်း (၂)

“ဟင်…….. ဘယ့်နှယ်…. ဘာလုပ်လုပ် အဆင်ကိုမပြေဘူး…….. အလုပ်လုပ်ပြန်တော့လည်း တစ်ခုမှ မမြဲဘူး… ခန့်စာမရောက်ခင် ဖြုတ်စာ အရင်ရောက်နေတတ်တဲ့ကောင်… စိတ်ကူးပေါက်လို့ ထုံချိုင်းသွားရောင်းတော့လည်း အရင်းပြုတ်လာတဲ့အပြင် ဒဏ်ကြေးပါဆောင်လာရသေးသတဲ့….. ဟင်း…….. နင့်ကို ဘယ်နားမှာ သုံးစားရမှာ လဲ အုပ်စိုးရဲ့ ”

ဒေါ်ဌေးဌေးခင် တစ်ယောက် တဗျစ်တောက်တောက်မြည် တွန်တောက်တီးရင်း အပြစ်ဆိုနေ သည်ကို အုပ်စိုးလည်း ဆင်ခြေတက်အားမရှိသာဘဲ မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်ဖြင့် သာ သနား စဖွယ်အမူအရာကို ပိုပိုသာသာဆောင်ထားလေ၏ ။ အုပ်စိုး သရုပ်ဆောင်ကောင်းသည်ကို ကြည့်ပြီး ဒေါ်ဌေးဌေးခင်မျက်စောင်းထိုးကာ စကားဆက်၏ ။

“ဟင်း… ပြောလိုက်ရင် ဒီလိုချည်းပဲ… မျက်စိသူငယ် နားသူငယ်နဲ့… ဘေးကကြား ရင် ပြောတဲ့လူကပဲအပြစ် ဖြစ်ဦးမယ်… နင်လုပ်တာကိုင်တာအချိုးမပြေတာကိုတော့ လူတွေ က သိကြတာမဟုတ်ဘူး… ငါ့စကားပဲ လူကြားတာ… ငါ့ကို ပတ်ဝန်းကျင်က မိန်မကြမ်းကြီးလို့ ထင်အောင်လို့ နင်လုပ်နေတာပေါ့လေ ဟုတ်လား”

အုပ်စိုး ခေါင်းလေးငုံ့နေရာမှ မျက်လုံးတစ်ချက်လှန်ကြည့်ပြီးနောက် ချက်ချင်း ဆိုသလို အကြည့် လွှဲလိုက်၏ ။ ဒေါ်ဌေးဌေးခင်သည်မျှ ပြစ်တင်ပြောဆိုနေတာတောင် တစ်ခွန်းတလေမျှစောဒက မတက်ဘဲ ငြိမ်ကုတ်နေသော အုပ်စိုးကိုကြည့်ရင်း မို့မို့လည်းမနေသာဘဲ ကြားဝင်ရတော့သည်။

“ကဲပါ အမေရယ်… ကိုကြီးစိုးလည်း ဖြစ်ချင်လို့ ဖြစ်တာမှ မဟုတ်ဘဲ… ကံမကောင်း အကြောင်းမလှလို့ ဒီလိုကြုံတွေ့ ခဲ့ရတာ ပါ… အမေပြောလည်း သူပိုစိတ်ညစ်ရတာ ပဲရှိမှာ ... နောက်ကို ဒီလိုမျိုးမ ဖြစ်အောင် သူလည်း သင်ခန်းစာ ယူတတ်သွားတာပေါ့… ဟုတ်တယ် မဟုတ်လား ကိုကြီးစိုး”

မို့မို့ မိခင် ဖြစ်သူ ဒေါ်ဌေးဌေးခင်ကို ဖျောင်းဖျရင်း အုပ်စိုးအား ထွက်ပေါက်တွင် စကားလမ်း ကြောင်းပေးလိုက် ရာ အုပ်စိုးက မလွန်အကျွံ ကျိုးနွံသော အမူအရာဖြင့် ခေါင်းသွက်သွက်ညိတ်ပြလေ သည်။ သူ့ဝသီအတိုင်း (၇)ရက် (၇)လီ ပါးစပ်ပေါက်ပေါက်ဖောက်ရမှ ကျေနပ်တတ်သူပီပီ

“ဟွန်း…. သူလား သင်ခန်းစာယူတတ်မှာ … သူသာ သူ့အမှားတွေ ကို သင်ခန်းစာယူတတ်ခဲ့ ရင် လုပ်သမျှ အလုပ်မမြဲစရာအကြောင်းမရှိဘူး”

“သြော်… အမေကလည်း… ကိုကြီးစိုးက မဟုတ်မခံသမား… မျက်နှာလိုမျက်နှာရမလုပ် တတ်တော့ နားထောင်ခေါင်းညိတ် အမြှောက်ကြိုတ်တတ်တဲ့ လူတွေ နဲ့ ဆက်ဆံရတာ အဆင်မပြေ ဘဲ… ခုလို အလုပ်တစ်ခုပြီးတစ်ခု ပြောင်းနေရတာ ပါ… ဟုတ်တယ် မဟုတ်လား ကိုကြီးစိုး”

“အင်း……. ဟုတ်”

မို့မို့စကားကို အုပ်စိုးသဘောခွေ့ကာ အင်းလိုက်ကောက်တုန်းရှိသေး ဒေါ်ဌေးဌေးခင်က

“အံမယ်…… ဒီမှာ မိမို့…… ညည်းအစ်ကိုအကြောင်းလည်း ညည်းမသိတာမဟုတ်ဘူး… အထင်သေးတာမခံနိုင်လို့ တို့…. လစာရတာ နဲ့ ဦးနှောက်ဖောက်စားခံရတာ မကာမိတာတို့….. အကြောင်းအမျိုးမျိုးပြပြီး ဟိုအလုပ်ကထွက်လာရတာ နဲ့…….. ဒီအလုပ်ကပြုတ်ရတာ နဲ့…. အခု ထုံချိုင်းရောင်းတာကိုလည်း ဖိဖိစီစီးလုပ်ချင်တာ မဟုတ်ဘူး……. လက်ထဲသုံးစရာပိုက်ဆံပြတ် မှ ထုံချိုင်း ရောင်းထွက်ရကောင်းမှန်းသိတာ……… တကတည်း ဒီလို လက်ကြောမတင်းပုံမျိုးနဲ့ ရှေ့လျှောက်ဘယ်လိုစခန်းသွားမယ်မပြောတတ်ပါဘူး”

“သြော် အမေကလည်း……..ကိုကြီးစိုးကို အဲဒီ လောက်ထိလည်း အထင်မသေးပါနဲ့……. ကိုကြီးစိုး တကယ်လုပ်ချင်လို့ ထ လုပ်တဲ့အခါကျရင် တကယ်ထွန်းပေါက်မှာ ပါ….. အမေ မယုံရင် ကြည့်နေ”

“အေးပါ… ကြည့်နေပါ့မယ်… ကြည့်နေပါ့မယ်… သူထွန်းပေါက်လည်း တို့က တော့ ဘာမှမမျှော်ပါဘူး… သူ့ဘာသာ မြန်မြန်ထွန်းပေါက်လို့… မြန်မြန်မိန်းမယူသွား… ပိုတောင် ကောင်းသေးတယ်”

မြန်မြန်မိန်းမယူသွားရင် ပိုတောင်ကောင်းသေးတယ်ဆိုသော ဒေါ်ဌေးဌေးခင်စကားကို အုပ်စိုးအတော် လေးသဘောကျသွားဟန်တူ၏ ။ သဘောကျတာမှ

“ဟီး”

ဆိုပြီး အသံထွက်သွားသည်ထိပင်။ ဒေါ်ဌေးဌေးခင်ရယ်ချင်သော်လည်း မရယ်မိအောင် နှုတ်ခမ်းကိုပိုပိုသာသာမဲ့ပြီး

“ဟင်း…….လူကသာ လက်ဆုပ်လက်ကိုင်ပြစရာ ဘာအလုပ်မှမရှိတာ….မိန်းမယူဖို့ကျ တော့ အသံကြားတာနဲ့ အတော် သဘောကျသွားတယ် ဟုတ်လား”

ဟု ဆက်လက်ပြောဆိုရာ အုပ်စိုးမျက်နှာပိုးမသတ်နိုင်ဘဲ ရယ်ဖြဲဖြဲဖြင့် ဒေါ်ဌေးဌေးခင် အား ပြန်ကြည့်၏ ။ မို့မို့လည်း ရယ်ချင်မျက်နှာပေးဖြင့်

“ဟုတ်ပ…… မိန်းမယူဖို့အသံလည်းကြားရော ကိုကြီးစိုးမျက်နှာ မဖုံးနိုင်မဖိနိုင်နဲ့ ပြုံးဖြီးဖြီးကို ဖြစ်လာပါရောလား……. ဧကန္တတို့ကိုကြီးစိုးမှာ ချစ်သူရည်စားတွေ ဘာတွေ ရှိနေပြီ ထင်တယ်”

ဟူ၍ စသလို နောက်သလို စုံစမ်းသည်ကို အုပ်စိုးက

“ဟီး”

ဆိုပြီးပဲ တဟီးတည်းဟီးပြနေ၏ ။

အုပ်စိုးကို ယောင်လို့မျှအထင်ကြီးပုံမရသော ဒေါ်ဌေးဌေးခင်က

“ဟင်း… ညည်းအစ်ကို ညည်းဘာသာ အထင်ကြီးနေ… ငါတော့ အထင်မကြီးပေါင် ဒီလိုလက်ကြောမတင်းတဲ့ကောင်မျိုး… ဘယ်မိန်းမက ကြိုက်မှာ လဲ”

“သြော်…. ကိုကြီးစိုးက ဒီလောက်ချောတဲ့ဟာကို…… နော် ကိုကြီးစိုးရယ်”

“ဟီး…….. ဟုတ်တယ်”

အုပ်စိုးထိုင်နေရာမှ အိမ်ရှေ့ခန်းရှိ ဘီရိုမှန်တွင် ကိုယ့်ကိုယ်ကိုယ် မသိမသာလှမ်းကြည့် လိုက်၏ ။ ဒါကိုပင်တွေ့  ဖြစ်အောင်တွေ့ လိုက်သော ဒေါ်ဌေးဌေးခင်က နှိပ်ကွပ်စကားဆိုလေ၏ ။

“ဟဲ့……… ရုပ်ချောတာ ဘာလုပ်ရမှာ လဲ… ကြော်စားလို့လည်း မရ…… ချက်စားလို့လည်း မရ…… အဓိကက ၀မ်းဝခါးလှအောင် ကျွေးမွေးဆင်ယင်နိုင်မှ မိန်းကလေးက သဘောကျမှာ ပေါ့”

“သြော်… အဲဒီ ကျတော့လည်း ကိုကြီးစိုးက ဒီအတိုင်းနေမှာ မှ မဟုတ်တာ……သူ့ မိန်းမအတွက်ပဲ… ကြိုးစားမှပေါ့…… နော့ ကိုကြီးစိုး နော်”

“ဟီး… ဟီး… ဟုတ်တယ်”

“ယုံတယ်… ယုံတယ်… တစ်သက်လုံး ကျွေးမွေးလာတဲ့ အဒေါ်ကိုတော့ လုပ်ကျွေးရကောင်းမှန်း မသိဘူး… မရသေးတဲ့ မိန်းမကျတော့ ကြိုပြီး လုပ်ကျွေးချင်နေတယ် ဆိုတာ”

“သြော်… ဒါ ကတော့ သဘာဝကိုး အမေရဲ့ …… ဟုတ်တယ် မဟုတ်လား ကိုကြီးစိုး”

“ဟီး…… ဟီး… ဟုတ်”

“အေးပါ… ဟုတ်ပါ… ဟုတ်ပါ… နင်တို့မောင်နှမ နှစ် ယောက် ကတော့ တော် တော် အတိုင်အဖောက်ညီနေတယ် ဟုတ်လား…… တော် ပြီ နင်တို့နဲ့ စကားဖက်ပြောမနေ တော့ဘူး… အချိန်ကုန်တယ်… လုပ်စရာရှိတာတွေ သွားလုပ်လိုက်ဦးမယ်”

မို့မို့လည်း ပြောပြာဆိုဆို နေရာမှ ထွက်ခွာသွားသော ဒေါ်ဌေးဌေးခင်ကိုကြည့်ပြီးနောက် အုပ်စိုး ကိုကြည့်ကာ လက်မထောင်ပြ၏ ။ အုပ်စိုး ပခုံတွန့်ကာပြန်ရယ်ပြလိုက်၏ ။ မို့မို့ အုပ်စိုးကို အကဲခတ် သလို ကြည့်ရင်း

“ဟုတ်ပါတယ် ငါပြောတာမမှားပါဘူး… တို့ အစ်ကိုက လူချောပါ… ကင်းလိပ်ချောတွေ တောင် သူတို့ထက်ချောလို့ ဆိုပြီးအိမ်ရှေ့ကနေ လာ လာကြည့်နေတဲ့ဥစ္စာ…… ဟော ဟိုမှာ ဟိုမှာ … ပြောရင်းဆိုရင်း တစ်ကောင်လာကြည့်နေပြန်ပြီ… ဟား… ဟား”

ဟု အိမ်ရှေ့ကို လက်ညှိုးညွှန်ပြလေရာ အုပ်စိုးလည်း ယောင်ပေါင်ပြီး ဟုတ်နိုးနိုးဖြင့် လိုက်ရှာကြည့်မိလေ၏ ။ ပြီးမှ မို့မို့နောက်မှန်း ရိပ်မိပြီး ရှက်ရယ်ရယ်ကာ

“ဟီး… ဟုတ်ပါရဲ့ … ကိုယ့်လောက်နီးနီးချောတဲ့ကောင် ပါလား”

ဟူ၍ ချောလဲရောထိုင် ရောချရင်း ဟာသပြန်ဖောက်လိုက်လေ၏ ။

ဘာပဲပြောပြော အုပ်စိုး တစ်ယောက် ဒီကနေ့ဟုတ်ကြောင်းမှန်ရာကိုသာ ရွေးချယ်ပြောဆိုနေသည့် မို့မို့ကို အထူးကျေးဇူးတင်နေမိသည်။ တစ်ဆက်တည်းမှာ ပင် ဖူးစာဖက်ဟု မိမိဘာသာ တစ်ဖက် သတ် မှတ်ယူထားသော ဘ၀အလင်းရထားလေးအား အလိုလို မြင်ယောင်မိရင်း ရင်ခုန်သံတွေ မြန်လာ ရသည်။

ဘုရားစူး……။

ကိုယ့်ဘ၀မှာ မင်းလေးနဲ့တွေ့ မှ ရင်ခုန်ရကောင်းမှန်းသိတာပါ။ မယုံရင် ကိုယ့်ရင်ကို ခွဲကြည့် ပါလား။ ကိုယ်ဟာ ရင်ခုန်သံအသစ်ကျပ်ချွတ်နဲ့လူဆိုတာ မင်းလေးအချစ်နဲ့ရင်းပြီး ယုံသွားစေရမယ် ကိုယ့်ဘ၀ရဲ့ အလင်းရထားလေးရေ……။

သြော်….

ကိုယ့်ဘ၀ကို အလင်းရောင် ပေးပြီး သင့်တင့်လျောက်ပတ်ရာ ဆိုက်ကပ်ရပ်နားစရာ အနာဂတ် ဘူတာရုံလေးဆီ သယ်ဆောင်သွားနိုင်မယ့်သူမို့ ဘ၀အလင်းရတားလေးလို့ အမည် ပေးလိုက် ပါရစေ လား။

* * * * *


“မင်းပြောပုံအရ ဣစ္ဆာသယလမ်းမှာ နေတယ်…… အရပ်မနိမ့်မမြင့်… ဆံပင်မတို မရှည် …… အသားလတ်လတ်… မျက်နှာဝိုင်းဝိုင်းနဲ့ ခပ်လှလှကောင်မလေးဆိုတော့…… အင်း… ဟုတ်ပြီ”

“ဘာလဲ… ဒါ… ဒါဆို မင်းသိတယ်ပေါ့ ဟုတ်လား”

ခန့်ကို၏ ပြောမှု ဆိုမှု ကိုကြည့်ပြီး အုပ်စိုးတက်ကြွလာရသည်။ သောက်မည့်  လက်ဖက်ရည်ခွက် ကိုပင် မသောက် ဖြစ်သေးဘဲ စားပွဲပေါ်ပြန်ချကာ ခန့်ကို ဆက်ပြောလာမည့်  စကားကို စိတ်ဝင်တစား စောင့်ဆိုင်းနေလေ၏ ။ ခန့်ကို ခေါင်းညိတ်၏ ။ ပြီး ခေါင်းခါ၏ ။

“ဟင့်အင်း… မသိဘူးကွ”

“ဟာကွာ… လခွီးတဲ့မှပဲ… သိများ သိလို့လားလို့”

အုပ်စိုးစိတ်ဓါတ်ကျသွားဟန်ဖြင့် လက်ဖက်ရည်ခွက်ကို ယူသောက်၏ ။ ပြီး ဘာဆက်လုပ် ရမည် မသိသော အမူအရာဖြင့် လက်ဖက်ရည်ဆိုင်ရှေ့မှ ဖြတ်သွားဖြတ်လာ ပြုနေသူများ ကို မဆီမဆိုင် လိုက်ကြည့်နေမိ၏ ။ ခန့်ကိုလည်း အကြမ်းပန်းကန်လုံးထဲ ရေနွေးကြမ်းဖြည့်နေရင်းမှ အုပ်စိုးကို အကဲခတ်သလိုကြည့်ပြီး သဘောကျစွာ ပြုံး၏ ။ ထို့နောက် ရေနွေးကြမ်းတစ်ငုံခန့်ငုံပြီးမှ

“အဲလောက်လည်း စိတ်ဓါတ်မကျပါနဲ့ အုပ်စိုးရာ… ငါမသိပေမယ့် သိနိုင်တဲ့လူရှိပါတယ်ကွ”

“ဟင်… ဟုတ်လား… ဘယ်… ဘယ်သူလဲဟင်”

ခန့်ကိုစကားကြောင်း အုပ်စိုးခန္ဓာကိုယ် ဆတ်ကနဲပြန်မတ်လာရသည်။ မျှော်လင်းချက် ရောင် ခြည်များ လည်း မျက်လုံးအစုံမှာ ပြန်လည်ကွန့်မြူးလာသည်။ ခန့်ကို အုပ်စိုးကို တစ်ချက်ကြည့်ပြီး ပြော၏ ။

“ဲအဲဒီ ဣစ္ဆာသယလမ်းမှာ ငါ့ဘော်ဒါ တစ်ယောက် ရှိတယ်… သူ့ဆီမှာ စုံစမ်းရင်တော့ မင်းရဲ့ ရင်ခုန်သံကဝေပျိုမလေး အကြောင်းသိနိုင်ကောင်းပါရဲ့ ကွာ”

* * * * *




ဝန်ဇင်းချစ်သူများ မျိုးကိုမျိုး ၏ “ လရောင်အနမ်းနဲ့ ပွင့်တဲ့အိပ်မက် ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


ပို့ စ်မော်ဒန်ပုံပြင်များ

အချစ်လွှမ်းသော နှလုံးသားခေတ်တစ်ခေတ်

လမင်းဖြူရဲ့ ကောင်းကင် (၁)