မျိုးကိုမျိုး
အချစ်လွှမ်းသော နှလုံးသားခေတ်တစ်ခေတ်
ရာစုမြစ်ရဲ့ ချစ်သူများ
လူ့သမိုင်းကို ထုဆစ်ထားတဲ့
မြစ်ငါးသွယ်ထဲ
သက္ကရာဇ်တွေ အုပ်စုဖွဲ့ စီးဆင်း
အတ္ထုပ္ပတ္တိမှည့် အချစ်တွေ စီးဆင်း
သွေးအရင်းဆုံး နှလုံးသားကကြိုးတစ်စုံနဲ့
ရင်ခုန်အိပ်မက်တွေ စတွေ သာ
သံသရာအိုးအိမ်တည်ခဲ့။
ချစ်သူရဲ့ သေရာပါမယ့် အနမ်းနဲ့
ဘ၀ကို အခမ်းနားဆုံးတည်ဆောက်
စိမ်းလန်းခြင်းသာ သောက်သုံးတဲ့ စကားပျိုးခင်းထဲ
လမင်း အမြဲသာတယ်။
ချစ်သူရေ
စောင့်ကြိုခဲ့
ဆောင်းရဲ့ သိင်္ဂါရနိမိတ်
မောင့်ကျောပြင်ကို တိတ်တခိုးနမ်းရင်း
ဦးစိုက်ထိုးဆင်းလာတဲ့
အသန့်ရှင်းဆုံးနေ့တစ်နေ့
လွမ်းရက်စေ့အော်သံလေ
နှလုံးသားမှာ ရောင် ပြန်ဟပ်
မောင့်နာမည် သာတပ်မက်တဲ့ ချစ်သူနှုတ်ဖျားဟာ
ထွန်းကားပြီး မြို့ပြတစ်ဆင်စာ
ဘယ်သူတွေ ၀ယ်ယူနိုင်လို့လဲ။
နှစ် ဆယ့်တစ်ခွက်မြောက်
နှစ် တစ်ရာဝိုင်ချိုရည်ကို သောက်သုံးဖို့
လက်ရုံးဆန့်သူရဲ့ ခံတွင်းဘဲ
သီချင်းသံတွေ ပြည့်နှက်
ချစ်သူလက်ကို ဆွဲလို့သာပေါ့။
လပြည့်ညရဲ့ အရိုက်အရာကို ဆက်ဆံ
မနက်ဖြန်ဆိုရင်
ကမ္ဘာဦးပြန်မယ့် ချစ်သူနှစ် ဦးရဲ့
မင်္ဂလာဦး ကျေးဇူးတင်လွှာ
သတင်းစာထဲ ပါလာပါ့မယ်
အားလုံး…
ဖတ် ဖြစ်အောင် ဖတ်လိုက်ကြပါ….။ ။
* * * * *
ကမ္ဘာဦးအရိုက်အရာ ဆက်ခံတဲ့ည
တားမြစ်ထားတဲ့အသီး
မိုက်လုံးကြီးစွာ စားသုံးစေရင်း
ပျက်စီးခြင်းကြိမ်မီးအုံးနဲ့
အရှက်တရားကို သိမြင်စေဖို့
ကျုံးသွင်းခဲ့တဲ့ စေတနာဟာ
လူ့သက်တမ်းကို ဖျားနာစေခဲ့ပြီ။
ကျိန်စာတွေ ခါးစည်းခံလိုက်ရတဲ့
စေတနာရဲ့ ဖြားယောင်းခံ လူသားနှစ် ဦးဟာ
ကမ္ဘာဦးရဲ့ အစဉ်အလာတစ်ရပ်ကို
ဘောင်ခတ်လို့ ခမ်းနားစွာ ထားရစ်ခဲ့လေရဲ့ ။
လက်ထပ်ထိမ်းမြားခြင်းဆိုတာ
ဒုက္ခမီးတွင်းထဲက
ဆင်းရဲခြင်းဝေဒနာဓါးဦးချွန်ရှေ့မှာ
ခြေကျွံမိကြခြင်းမည် ရင်လည်း
ရင်တစ်ခွင်လုံး ပွင့်ထွက်သွားစေတော့
လက်ဆင့်ကမ်းအစဉ်အလာ မဖောက်ဖျက်စတမ်း
ရှေ့ဆက်တက်လှမ်းရင်း
ဒုက္ခမီးတောက်တို့ရဲ့ လောင်မြိုက်မှု ကို
အလှိုက်လှဲဆုံး ခံယူလိုက်ပါ့မယ်။
လွတ်လပ်မှု တွေ
အပြန်အလှန် သိမ်းပိုက်ရင်း
အကျဉ်းကျ ဘ၀လှောင်ချိုင့်ထဲ
ဝင်ရောက်တပ်စွဲ
စစ်ကူမဲ့လောကတလင်းပြင်မှာ
လက်ဆက်ခဲ့ကြင်ဖော်နှစ် ဦးက
အားလုံးကို ကျေးဇူးတင်ပါတယ်။
* * * * *
အချစ်ခေါ်သံ
မယုံဘူးတဲ့
မျက်နှာများ တယ်
စကားများ တယ်။
ထင်ယောင်မြင်မှား ဓားသွားတစ်လက်နဲ့
ငါ့အချစ်ကို ထိုးစိုက်စော်ကား
မလိုသူတွေ အားရအောင်
မျက်တောင်ခတ်ပြီး မကြည့်ပါနဲ့။
သေချာပါတယ်
ဆဒ္ဒန်ဆင်မင်း ဇာတ်တော် ထဲကလို
ဘ၀ဟောင်းက ရန်ငြိုးအတွက်
လက်စားချေစစ်ခင်းဖို့ရာ
မင်းနဲ့ငါကြား ဘာအကြွေးမှ မရှိပါဘူး။
ယုံကြည်လိုက်ပါ
ဆံပင်လေးသပ်တင်လို့
ဖျတ်ကနဲအကြည့်တစ်ချက်အဝှေ့မှာ
သက်သေပြချက်မရှိပါဘဲ
မင်းကိုငါ ချစ်မိ သွားပါတော့တယ်။
ချစ်ရင်းနဲ့ လွမ်းနေသူအတွက်
မင်းရဲ့ စီရင်ချက်ဟာ
ကိုယ့်ကိုယ်ကို သတ်သေလိုက်ပါဆိုရင်(တောင်)
သည်ကောင် အယူခံမ၀င်ပါဘူး
ဒါဟာမင်းရဲ့
မျှတတဲ့ တောင်းဆိုချက် ဖြစ်တယ်။
ပြော
ငါ့အချစ်ကို
ဘယ်လိုလုပ်မှ မင်းယုံမှာ လည်း
ထက်ထက်မိုးဦး ကြော်ငြာပေးဖို့ လိုသေးလို့လား။
လျှောက်လှမ်းခဲ့ပါ
ပေတစ်ရာလမ်းပေါ်မှာ ပြန့်ကျဲနေတဲ့
ငိုသံတွေ ရယ်သံတွေ ကို ခုတ်ထွင်ဖယ်ရှား
လက်ငုတ်လက်ရင်း သစ္စာတရားရဲ့ ပန်းတစ်ခင်းသာ
မင်းအလာကို
မျက်နှာကောင်းရစွာ ဆီးကြိုစိုက်ပျိုးထားလေရဲ့ ။ ။
* * * * *
ချစ်ခြင်းတရားရဲ့ အိပ်မက်ပွဲတော်
ချစ်တယ်
မင်းကိုငါ ချစ်တယ်။
ကမ္ဘာပေါ်မှာ
စစ်ပွဲတွေ အမျိုးမျိုး ဖြစ်နေတဲ့ကြားက
မင်းကိုငါချစ်တယ်။
* * * * *
ကမ္ဘာပေါ်မှာ
စစ်ပွဲတွေ အမျိုးမျိုး ဖြစ်နေတဲ့ကြားက
အချစ်တစ်ခုသာ ရအောင်ရှာတဲ့
ကောင်မှာ
နှလုံးသားတောင်ပံတစ်စုံနဲ့
ရင်ခုန်အတ္တကြိုးတစ်စသာ
ပရမတ္တကြိုးတစ်စသာ
ကဲ့လည်း…
ကဲ့ရဲ့ ကြစေတော့ရယ်။
လွမ်းတတ်တဲ့ ရင်အုံထဲ
ရုံတင်ပြဇာတ်တွေ
တစ်ပုဒ်ပြီးတစ်ပုဒ်
ကနုတ်ဆင်ခြယ်သ
ညရဲ့ အတွင်းသားကို
အခန့်သားဝါးမြို
လိုအပ်နေတာ ကတော့ အချစ်တစ်ခုတည်းပါ။
ဘ၀ရဲ့
ရှိသမျှခွန်အားသုံးပြီး
ချစ်ရသူရေ
ချစ်လိုခြင်းတစ်ခုတည်းသက်သက်အတွက်
မင်းကိုငါ ချစ်တယ်။
ရင်ခုန်သံတွေ ကို ကဇော်ဖောက်
သောက်မြိုယစ်မူးနေတဲ့ မျက်လုံး
မင်းဟာ
ငါ့ရဲ့ စုန်းမလေးပါပဲ။
ခေါင်းညိတ်ခက်နေလား
မင်းရဲ့ လက်မှာ
ဖွားဘက်တော် ကျွန် တစ်ယောက် လို
သေ၀ပ်စွာ နေလိုပါတယ်။
ပရိယာယ်မြို့ပြတစ်ဆင်စာနဲ့
နှလုံးသားကို တင်တောင်း
ပေါင်းတင်ပြီးစ စကားမြှုံးတွေ ရဲ့
လှပအလုံးအထည်များ
ရောင်းဝယ်အားကောင်းနေချိန်မှာ
ငါမင်းကို စိုးရိမ်တယ်။
အိုဇုန်းလွှာပေါက်မှု အတွက်
စိုးရိမ်ရေမှတ်တက်နေကြသူတွေ အလယ်မှာ
အရိပ်သုံးပါး မသိတတ်စွာ နဲ့
လူမုန်းခံပြီး
မင်းကိုငါ ချစ်တယ်။
ငါ့ကိုယ်ငါတောင်
မုန်း သွားလောက်အောင်
မင်းကိုငါ ချစ်တယ်။
ပေါင်မုန့်မလိုဘူး
ဝိုင်ယစ်ချိုမလိုဘူး
ငါ့နံဘေးမှာ
ချစ်တဲ့မင်း တစ်ယောက် ကလွဲလို့
ဘာတစ်ခုမှ ထပ်မလိုတော့တဲ့ကောင်ဟာ
အိုမာခရမ်ထက်တောင်
လောဘနည်းပါသေးတယ်။
ဟယ်လင်မင်းသမီးအတွက်
ထရိုဂျင်စစ်ပွဲကြီး
သမိုင်းဝင်ခဲ့ရတယ်
မင်းကိုငါ ချစ်တယ်။
ကိုယ့်ကိုယ်ကို
နယ်နိမိတ်ကုန်အပ်နှင်း
မင်းအတွက် (ငါဟာ)
မင်းရဲ့ ခံတပ်မြို့ ဖြစ်တယ်
မင်းရဲ့ ထိုးစစ်မြားဦး ဖြစ်တယ်
မင်းကို ငါချစ်တယ်။
ရာစုနှစ် တစ်ခုမှာ
ခေတ်ဘယ်နှစ် ခေတ် အ၀င်ဆန့်လို့
ခေတ်တစ်ခေတ်မှာ
ရာစုနှစ် ဘယ်နှစ် ခုအ၀င်ဆန့်သလဲ
မင်းလည်း မစဉ်းစားနဲ့
ငါလည်း မစဉ်းစားဘူး
လိုရင်း ကတော့
မင်းကိုငါ ချစ်တယ်။
နိမ့်ကြုံမြင့်ကြုံလောကဘုံထဲ
မင်းဘ၀ လှိုင်းဂယက်ရဲ့
အသက်ကယ်လှေအ ဖြစ်
ကမ္ဘာသစ်မယ့်ငါ့အချစ်မှာ
နောက်ဆုံးပြောနိုင်တာတစ်ခု ကတော့
မင်းကိုငါ ချစ်တယ်။
ကမ္ဘာပေါ်မှာ
စစ်ပွဲတွေ အမျိုးမျိုး ဖြစ်နေတဲ့ကြားက
မင်းကိုငါချစ်တယ်။။
* * * * *
ဝန်ဇင်းချစ်သူများ မျိုးကိုမျိုး ၏ “ အချစ်လွှမ်းသော နှလုံးသားခေတ်တစ်ခေတ် ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။
ပို့ စ်မော်ဒန်ပုံပြင်များ
အလွမ်းဥတုနှင့် မတည့်သူများ
ထောင်နံရံမှတ်တမ်း