အခန်း (၁)
“ဒါ မင်း နိုင်ငံတော် ကိုပုန်ကန်တာပဲကွ”
“ကျွန်တော် နိုင်ငံတော် ကိုပုန်ကန်တဲ့အလုပ် ဘယ်တော့မှမလုပ်ဘူး”
“စောက်ရူးလား...မင်း နိုင်ငံတော် ကိုပုန်ကန်လို့သာမင်းကို ငါတို့အခုလိုဖမ်းဆီးစစ်ဆေးနေရတာ ပေါ့ကွ...မင်းသာနိုင်ငံတော် ကိုမပုန်ကန်ဘဲ အေးဆေးနေမယ်ဆိုရင် ငါတို့ရှေ့ကိုရောက်လာစရာ ဘာအကြောင်းမှမရှိဘူးကွ”
“ဒါက နိုင်ငံတော် ကိုပုန်ကန်လို့ လုံးဝမဟုတ်ဘူး”
“ငါ-မသား ကတော့ အသားထပ်နာချင်တယ်နဲ့တူတယ်...ကဲ - ဒါဆို ပြောစမ်းကွာ...မင်း အခုလုပ်နေတာတွေ က နိုင်ငံတော် ကိုပုန်ကန်တာမဟုတ်ရင် ဘာလဲ”
“အစိုးရကိုဆန့်ကျင်တာ”
“ဟေ့ကောင် - စကားကိုရှုပ်အောင်လာမလုပ်နဲ့...အစိုးရကိုဆန့်ကျင်တာနဲ့ နိုင်ငံတော် ကိုပုန်ကန်တာ အတူတူပဲပေါ့ကွ”
“မတူပါဘူး...အဓိပ္ပာယ်အများ ကြီးကွာပါတယ်...နိုင်ငံတော် ဆိုတာ အစိုးရရော ပြည်သူတွေ ရော မှီတင်းနေထိုင်ရတဲ့အိမ်တစ်လုံးလိုပါပဲ...ဒီအိမ်ကိုကာကွယ်စောင့်ရှောက်ရမယ့်တာဝန်ကအစိုးရလိုပဲ ကျွန်တော် တို့ပြည်သူမှာ လည်း အပြည့်အ၀ရှိပါတယ်...ဘယ်သူမဆို ကိုယ့်အိမ်ကိုယ်ချစ်တဲ့သူချည်းပါပဲ...ကာကွယ်စောင့်ရှောက်နေတဲ့သူချည်းပါပဲ...မှီတင်းနေထိုင်ရာအိမ်ကြီး ဆင်းရဲစုတ်ချာနေတာကို အိမ်သား တစ်ယောက် ဖြစ်တဲ့ ကျွန်တော် လည်း ဒီအတိုင်းထိုင်ကြည့်မနေနိုင်ပါဘူး...ဒါကို နိုင်ငံတော် ကိုပုန်ကန်တာပဲလို့ပြောလိုက်တာ ကတော့ ပြင်းထန်လွန်းအားကြီးတယ်လို့ ခံစားမိပါတယ်”
“ဒါဆို အစိုးရဆိုတာကကောကွာ”
“အစိုးရဆိုတာ ကတော့ အိမ်သူအိမ်သားတွေ ကိုယ်စား ဒီအိမ်ကြီးရဲ့ ကိစ္စအ၀၀ကို အကောင်းဆုံး ဖြစ်အောင် စီမံအုပ်ချုပ်နေရတဲ့ အိမ်တော် ထိန်းပါ”
“အေးလေ...မင်းဒါကိုသဘောပေါက်ရင် အိမ်တော် ထိန်းနဲ့တူတဲ့အစိုးရကို ဘာလို့ဆန့်ကျင်ရတာ လဲ...အိမ်တော် ထိန်းကိုဆန့်ကျင်တာဟာ အိမ်ကိုပုန်ကန်တာနဲ့အတူတူပဲပေါ့ကွ”
“ဒါက ဒီလိုရှိပါတယ်...အိမ်တော် ထိန်းနဲ့တူတဲ့အစိုးရရဲ့ စီမံခန့်ခွဲမှု တွေ နဲ့ပတ်သက်ပြီး ပြည်သူ ဖြစ်တဲ့အိမ်သူအိမ်သားတွေ ကအမြင်မတူတာ အားနည်းချက်၊ ချို့ယွင်းချက်ရှိတာတွေ ကို ဝေဖန်ထောက်ပြခွင့်ရှိပါတယ်...အဲဒီ လိုဝေဖန်ထောက်ပြတာကို ရန်ရှာမယ့်အစား ဒီအိမ်ကြီးကောင်းကျိုးအတွက် စေတနာနဲ့ပြောဆိုနေတာပါလားလို့ နားလည်လက်ခံပြီး ပူးပေါင်းဆောင်ရွက်သင့်ပါတယ်”
“ခွေးမသား...ကြီးကြီးကျယ်ကျယ်တွေ လာပြောနေတယ်...နှာခေါင်းကသွေးကမခြောက်သေးဘူး...လက်သီးစာထပ်မိချင်နေပြန်ပြီထင်တယ်...ဒီမယ် - မင်းတို့ကောင်တွေ ...အင်း- မင်းပြောသလို မင်းတို့အိမ်သူအိမ်သားတွေ စိတ်ကူးပေါက်ပြီး တစ်ယောက် တစ်ပေါက်ထပြောတိုင်း နားထောင်ပြီးလိုက်လုပ်ပေးနေရရင် အစိုးရကတိုင်းပြည်ကို ဘယ်လိုအုပ်ချုပ်လို့ရတော့မှာ လဲ...အင်းလေ မင်းဥပမာအတိုင်းဆိုရင် အိမ်တော် ထိန်းကြီးက အိမ်ကိုဘယ်လိုစီမံခန့်ခွဲလို့ရတော့မှာ လဲကွ...ဦးနှောက်လေးဘာလေးသုံးပြီးလည်း စဉ်းစားကြည့်ပါဦး”
“ကျွန်တော် တို့ ဘယ်သူမှ တစ်ယောက် တစ်ပေါက်လျှောက်ပြောနေကြတာမဟုတ်ပါဘူး...အားလုံးရဲ့ ပါးစပ်ပေါက်က တစ်လေသံတည်းထွက်နေကြတာပါ”
“ပြောစမ်းပါဦးကွ...မင်းတို့ရဲ့ တစ်သံတည်းက ဘာလဲဆိုတာ”
“ကျွန်တော် မှီတင်းနေထိုင်ရာအိမ်ကြီးကို နုံချာစုတ်ပြတ်စေပြီး အိမ်သူအိမ်သားတွေ ကို ဘာမှပြောခွင့်မပေးဘဲ ဓားမိုးပြီး အိမ်တော် ထိန်းတာဝန်ကို အဓမ္မ၀င်ယူထားတာကို လုံးဝဆန့်ကျင်ကန့်ကွက်တယ်...အိမ်သူအိမ်သားအားလုံးရဲ့ ဆန္ဒနဲ့ ရွေးချယ်ထားတဲ့အိမ်တော် ထိန်းအသစ်ကို တာဝန်လွှဲပြောင်းပေးပါဆိုတဲ့အသံပါ”
“ဟင်း - ဒီလောက်တောင်အပြောကောင်းနေတာ ထပ်ပြီးဂုဏ်မပြုလို့ဘယ် ဖြစ်မလဲကွ...ကဲကွာ”
“ခွပ်”
“ဖုံး...ဒိုင်း...ဖပ် ဖပ်”
“အ”
ပြင်းထန်သော ထိုးကြိတ်ကန်ကျောက်မှု တွေ ကြောင့် ဘုန်းသုခ ကုလားထိုင်ပေါ်မှ လွင့်စင်ပြုတ်ကျသွားသည်။
“မအေပေး ထစမ်း...အစိုးရကိုဆန့်ကျင်ရဲတဲ့ကောင်ကဒီလောက်လေးတောင် ခံနိုင်ရည်မရှိဘူးလား”
စစ်ကြောနေသူထဲမှ တစ်ယောက် က ကြမ်းတမ်းစွာ ဆဲဆိုရင်းဘုန်းသုခကို အင်္ကျီဂုတ်မှကိုင်ကာ ခပ်ကြမ်းကြမ်းဆွဲထူပြီး ကုလားထိုင်မှာ ပြန်ထိုင်စေသည်။
ဘုန်းသုခအားတင်းပြန်ထသည်။ သို့ သော် မျက်စိကိုပိတ်စနှင့် စည်းထားပြီး လက်ထိပ်နောက်ပြန်ခတ်ကာ ကုလားထိုင်မှာ မလှုပ်မယှက်ထိုင်နေရသည့်အချိန်က ဘယ်လောက်တောင်ရှိပြီဆိုတာ မခန့်မှန်းနိုင်လောက်အောင် ကြာမြင့်နေပြီ ဖြစ်သည့်အပြင် ထိုးကြိတ်ကန်ကျောက်ခံထားရသည့်ဒဏ်ရာများ ကလည်းရှိသေးသဖြင့် ဒူးကမခိုင်ဘဲ ခွေယိုင်ပြုတ်ကျသွားရသည်။
ဘုန်းသုခအားတင်းပြီး ပြန်ထနိုင်ဖို့ကြိုးစားသည်။ ဒူးကမခိုင်ဘဲ ပြန်လဲကျသွားပြန်သည်။ နောက်တစ်ကြိမ်ပြန်ထနိုင်ဖို့ကြိုးစားစဉ်မှာ ပင် လူနှစ် ယောက် က ဂျိုင်းကြားတစ်ဖက်စီမှဆွဲမပြီး ကုလားထိုင်ပေါ်ဆောင့်ပစ်ချလိုက်သည်။ ဘုန်းသုခလည်း ခန္ဓာကိုယ်ယိုင်ထိုးမနေစေရန်အတွက် ကုလားထိုင်နောက်မှီကိုကျောနှင့် အတင်းဖိကပ်ထားရသည်။
“ငါ့လခွီးတဲ့မှပဲ...သွေးပူလေ့ကျင့်ခန်းလုပ်တဲ့အဆင့်တောင်မဟုတ်သေးဘူး...အမြည်းလေးကျွေးရုံရှိသေးတယ်...ကြည့်ပါဦး ဖြစ်နေလိုက်တာ သေတော့မယ့်အတိုင်းပဲ...ဟင်း - လေကြီးလေကျယ်နဲ့ ဘာကောင်မှမဟုတ်တဲ့အာပလာကောင်...မင်းလိုကောင်မျိုးတွေ ကများ တို့တပ်မတော် အစိုးရကိုဖြုတ်ချချင်သေးတယ်
...ထွီ..တို့မှာ လက်နက်ရှိတယ်ကွ...မင်းတို့မှာ ဘာရှိလို့လဲ...လေပဲရှိတာ ဘာသောက်သုံးကျလို့လဲ...အလကားကောင် သူများ တွေ ယောင်တိုင်းလိုက်ယောင်နေတဲ့ကောင် နောက်များ ယောင်ပါဆိုရင်တော့ မယောင်ရဲတော့အောင် ဟောဒီပါးစပ်ကို ဒီမှာ တစ်ခါတည်းပိတ်ပေးလိုက်မယ်”
“ဖောင်း”
“အ”
ပါးစပ်ကိုဖြတ်ရိုက်လိုက်ပြန်သည်။
ဘုန်းသုခပါးစပ်တစ်ဝိုက်နာကျင်ထူပူသွားရသည်။ မျက်နှာလည်း နောက်သို့ လန်သွားရသည်။ ခေါင်းကိုတည့်တည့်ပြန်မတ်ယူရင်း နားရည်ဝနေပြီ ဖြစ်သော ဆဲဆိုကြိမ်းမောင်းသံများ ကို အာရုံမစိုက်အားဘဲ အသက်ကိုဖြည်းဖြည်းချင်းရှူသွင်းနေမိသည်။
“အေးလေ - ပြောသာပြောရတာ ...မင်းခန္ဓာကိုယ်က ပိန်ပိန်သေးသေးလေးဆိုတော့ အခြားသူတွေ လောက်တော့ ခံနိုင်ရည်ဘယ်ရှိပါ့မလဲ...ကျွတ် ကျွတ်...ငါတို့လည်း မင်းကိုဒီ့ထက်ပိုပြီးမလုပ်ချင်ပါဘူးကွာ...ခဏနားလိုက်ဦး ဟုတ်ပြီလား...ငါတို့ပြန်လာတဲ့အခါကျရင်သာ မေးတာကိုကောင်းကောင်းမွန်မွန်ဖြေပေါ့ကွာ...မလိုအပ်ဘဲ အသားအနာမခံချင်နဲ့ ဟုတ်ပြီလား”
“ကဲ ကဲ - ငါတို့လည်း မင်းကိုစစ်ရတာ အာခြောက်လို့ခဏသွားနားလိုက်ဦးမယ်...မင်းလည်းနားလိုက်ဦး ဟုတ်ပြီလား”
“ဖြောင်း”
“အွန့်”
သွားတာတောင် ရိုးရိုးမသွား။ မျက်နှာကိုလက်ပြန်တစ်ချက်ရိုက်ပြီး နှုတ်ဆက်သွားသေးသည်။
ရုတ်ချည်းဆိုသလို အခန်းထဲမှာ တိတ်ဆိတ်ငြိမ်သက်သွားသည်။
တိတ်ဆိတ်မှု က တစပြင်အလား ခြောက်ကပ်အေးစက်လွန်းသည်ဟု ခံစားမိသည်။ ဘုန်းသုခလူရှိမရှိ နားစွင့်ကြည့်လိုက်မိသေးသည်။ ကိုယ့်အသက်ရှူသံကို ကိုယ်ပြန်ကြားရသည်အထိ အခန်းကတိတ်ဆိတ်ငြိမ်သက်နေသည်ကို သတိထားမိသည်။ ဘုန်းသုခလည်းယခုမှ အနားရသလို အသက်ကိုဝအောင်ရှူနေမိသည်။ နားနားနေနေ နေခွင့်ရသည့်အခိုက်မှာ ပင် ခန်္ဓာကိုယ်အနှံ့မှ နာကျင်မှု ဝေဒနာတွေ ကို သိသာစွာ ခံစားလာရသည်။ အထူးသဖြင့် နာကျင်ကိုက်ခဲမှု ပိုမိုကာခံစားနေရသော သွေးစတို့စေးထန်းနေသည့်နှာခေါင်းကိုလက်နှင့် အသာဖိအုပ်တို့ထိလိုသော်လည်း လက်ထိပ်နောက်ပြန်ခတ်ထားသဖြင့် ဘာမျှမတတ်နိုင်။
“အခု ဘယ်အချိန်ရှိပြီလဲမသိဘူး...မနက်မိုးလင်းလောက်ပြီထင်တယ်...ဒါမှမဟုတ် နေ့လည်နေခင်းများ လား...ပြောမရဘူး...နောက်တစ်ညတောင်ကူးသွားပြီလားမသိဘူး”
မနေ့ကဟုထင်ရသော ညနေခင်းမှာ ဖမ်းဆီးခံရကတည်းကမျက်နှာကိုပိတ်စစည်းထားတာ မဖယ်ရှားသေးဘဲ စစ်ဆေးမေးမြန်းနေသည့်နာရီပေါင်းက မနည်းတော့သဖြင့် ဘုန်းသုခလည်း ခေါင်းတွေ ပူ၊ အာရုံတွေ နောက်ကာ နေ့မှန်းညမှန်းပင်မသိတော့။ ယခုထိ ထမင်းကျွေးဖို့ဝေးစွ။ ရေတစ်ခွက်ပင်မတိုက်သေးသဖြင့် အာတွေ လည်းခြောက်လှပြီ။ ပို၍ ဆိုးသည်က တစ်ရေး မျှအိပ်ခွင့်မပေးဘဲ ထိုင်ခိုင်းထားခြင်း ဖြစ်သည်။ တစ်ခါတစ်ရံ ဘုန်းသုခပင်ပန်းလွန်းသဖြင့် ထိုင်နေရင်းနှင့် မှေးခနဲငိုက်ကျသွားလျှင်ပင် ဆဲဆိုသံများ နှင့် အတူ ရိုက်ပုတ်ကန်ကျောက်ပြီး ချက်ချင်း ပြန်နှိုးသည်။
“ခွေးမသား ဒီလိုအချိန်မှာ တောင် ရအောင်အိပ်သေးတယ်ဟုတ်လား...သိပ်အိပ်ချင်နေရင်လည်း တစ်ခါတည်းပြန်မထနိုင်အောင်သိပ်ပေးလိုက်မယ်”
“ဖြောင်း...ဒိုင်း”
“အွန့်”
ဘုန်းသုခရှေ့ ဘာတွေ ကြုံလို့ ဘာတွေ ဆက် ဖြစ်မည် ကိုမစဉ်းစားနိုင်။ ကြမ်းပြင်ပေါ်မှာ တစ်ရေး လောက်လှဲအိပ်ပစ်လိုက်ချင်သည်ကိုသာ သိသည်။ ကုလားထိုင်ပေါ်ထိုင်နေရင်းနှင့် မှေးခနဲအိပ်ပျော်မည် အပြုမှာ ဖိနပ်သံတွေ ကိုကြားရသည်။ ပြန်လာကြပြီဟူသော အသိနှင့် ခန္ဓာကိုယ်ကို ဆတ်ခနဲပြန်ဆန့်မိသည်။
“ဟိတ်ကောင် - အိပ်နေပြန်ပြီလား”
ဘုန်းသုခ ခေါင်းခါပြလိုက်သည်။ ခေါင်းခါပြရင်း လည်ချောင်းကအက်ကွဲနာကျင်နေသည်ကိုခံစားမိပြန်သည်။ ရေဆာသည့်ဒဏ်ကို အလူးအလဲခံစားနေရကြောင်း ခြောက်သွေ့သည့်နှုတ်ခမ်းကသက်သေထူလျှက်ရှိသည်။
“အေ့ - သောက်လုပ်ရှုပ်တဲ့ မင်းတို့လို ဂြိုဟ်ကောင်တွေ ရဲ့ အရှုပ်ထုပ်တွေ ကိုရှင်းနေရတာ နဲ့ ငါတို့လည်း တစ်ရေး မှကောင်းကောင်းအိပ်ရသေးတာမဟုတ်ဘူး...မင်းလည်း အိပ်ဖို့မစဉ်းစားနဲ့...အိပ်ရင်လည်း ငါတို့မှာ နှိုးစက်ရှိတယ်ဆိုတာ မင်းသိပါတယ်...ဘယ်လိုလဲ သိတယ်မဟုတ်လား...ငါတို့ရဲ့ အိပ်ချင်ပြေစေတဲ့နှိုးစက်အစွမ်းကို”
ဘုန်းသုခခေါင်းညိတ်ပြဖို့ထက် ရေတောင်းသောက်လိုစိတ်ကသာ ပိုနေလေသည်။ ဘုန်းသုခရေတိုက်ရန်ပြောသော်လည်း လည်ချောင်းနှင့် ပါးစပ်ကခြောက်ကပ်နာကျင်နေသဖြင့် စကားသံက ချက်ချင်းမထွက်။
“မင်းက ငါမေးနေတာကိုမဖြေဘဲ ပါးစပ်တပြင်ပြင်နဲ့ ဘာပြောချင်လို့လဲ”
“ရေ..ရေဆာလို့ပါ...ရေသောက်ချင်လို့”
ဘုန်းသုခကြိုးစားပြီးပြောယူရသည်။ ထိုအခါမှ
“သြော် - ဟုတ်သားပဲ...မနေ့ညကတည်းက မင်းကိုထမင်းလည်းမကျွေး ဖြစ်၊ ရေလည်းမတိုက် ဖြစ်နဲ့ မေ့နေလိုက်တာကြည့်ပါဦး...ဒီနေ့ည ညစာစားချိန်တောင်ရောက်နေမှပဲကိုး”
ဟူ၍ အရေး တယူဆိုလေသည်။ သူ့လေသံနားထောင်ပြီးဘုန်းသုခလည်း ရေဆာရုံသာမက ဗိုက်ပါဆာလာရသည်။
“ဒါပေမဲ့ မင်းကိုကျွေးဖို့ထမင်းက မကျန်တော့ဘူးကွ...
ထမင်းဆာလည်း ဒီတစ်ညတော့ ဆက်သည်းခံကွာ...ထမင်းဆာတာထက် ရေဆာတာက ပိုဆိုးတယ်...ဟုတ်တယ်မဟုတ်လား...ဒါကြောင့် အခုလောလောဆယ်တော့ ရေသောက်ဖို့သွားရမှာ ပေါ့...ဒါနဲ့ မင်းဆိုင်ကယ်စီးတတ်လား”
ရေတစ်ခွက်သောက်ဖို့အရေး ဘယ်နေရာအထိတောင်များ သွားမှာ မို့ ဆိုင်ကယ်စီးတတ်လား ဟုမေးရပါလိမ့်ဟုတွေးရင်းဘုန်းသုခဆိုင်ကယ်မစီးတတ်ကြောင်း ခေါင်းခါပြလိုက်သည်။
“မစီးတတ်လည်းကိစ္စမရှိပါဘူး...သင်ပေးလိုက် ရင် ခဏလေးနဲ့တတ်သွားမှာ ပါ...လွယ်လွယ်လေးပါကွာ”
ဒီပုဂ်္ဂိုလ် ကတော့ အတော် သဘောကောင်းဟန်ရှိသည်ဟုဘုန်းသုခအမှတ်ပေးလို့မဆုံးခင်မှာ ပင် ဘုန်းသုခကိုနေရာမှထစေသည်။ ပြီး နောက်ပြန်ခတ်ထားသော လက်ထိပ်တစ်ဖက်ကိုဖြုတ်ပေးသည်။ ထို့နောက် လက်နှစ် ဖက်လုံးကိုရှေ့ထုတ်စေပြီးမှ လက်ထိပ်ပြန်ခတ်သည်။ လက်ထိပ်ကိုနောက်ပြန်ခတ်ထားတာနှင့် စာလျှင်ယခုလိုက တော် သေးသည်ဟုပြောရမည် ။
“ဘယ်လိုလဲ အဆင်သင့် ဖြစ်ပြီလား”
ဘုန်းသုခခေါင်းညိတ်ပြလိုက်သည်။ ဘုန်းသုခအဆင်သင့် ဖြစ်ပြီဆိုတာနှင့် ခြေထောက်နှစ် ဖက်ကိုကားစေသည်။
“ခြေနှစ် ဖက်ကို ခပ်ကျဲကျဲလေးခွဲရပ်လိုက်...ဟုတ်ပြီ ပြီးရင် ဒူးနှစ် ဖက်ကိုကွေးချလိုက်...မရသေးဘူး ထပ်ကွေးဦး...ဟုတ်ပြီ...လက်နှစ် ဖက်က ဆိုင်ကယ်ဟန်ဒယ်လ်ကိုကိုင်လိုက်”
“ဗျာ - ဘယ်မှာ လဲ ဆိုင်ကယ်ဟန်ဒယ်လ်”
“ပြန်မမေးနဲ့...ပြောတဲ့အတိုင်းလုပ်...ဆိုင်ကယ်မစီးတတ်ဘူးဆိုလို့ ဆိုင်ကယ်စီးတတ်အောင်သင်ပေးနေတာ...လက်နှစ် ဖက်ကိုဆန့်ထုတ်ပြီး ဆိုင်ကယ်ဟန်ဒယ်လ်ကိုဆုပ်ကိုင်ထားသလိုမျိုး လက်သီးနှစ် ဖက်ကိုကျစ်ကျစ်ပါအောင်ဆုပ်ထားစမ်း...ဟုတ်ပြီ ရပြီ...ဆိုင်ကယ်ကိုစက်နှိုးပြီး စီးတော့”
ယခုမှ ဘုန်းသုခလည်း လက်စင်ထပ်အပေးခံရပြီမှန်းသဘောပေါက်လိုက်သည်။
“ဘာလုပ်နေတာလဲ...ဆိုင်ကယ်စက်နှိုးလိုက်လို့ ပြောနေတယ်လေကွာ...အချိန်သိပ်မရှိဘူး...ညာဘက်ခြေထောက်သုံးပြီး ဆိုင်ကယ်စက်မြန်မြန်နှိုးလိုက်”
ဘုန်းသုခမငြင်းဆန်သာဘဲ ညာဘက်ခြေထောက်ကြွလိုက်နင်းချလိုက်လုပ်ကာ ဆိုင်ကယ်စက်နှိုးဟန်ပြုရသည်။“စက်နိုးသွားပြီလား”
ဘုန်းသုခ စိတ်မပါသလိုခေါင်းညိတ်ပြလိုက်သည်။
“လခွီးလား...ဆိုင်ကယ်စက်နိုးပြီးရင် ဆိုင်ကယ်စက်သံထွက်ရမှာ ပေါ့...မရသေးဘူး ပြန်နှိုး”
ဘုန်းသုခ ညာဘက်ခြေထောက်ကြွပြီး ပြန်နင်းချကာ ဆိုင်ကယ်စက်နှိုးရသည်။ ထို့နောက် ဆိုင်ကယ်စက်သံလို ပါးစပ်မှထွက်ပြရသည်။
“ဗြီးန်...ဗြီးန်...ဗြီးန်”
“ဟုတ်ပြီ ရပြီ...ဆိုင်ကယ်စက်နိုးသွားပြီး မောင်းထွက်ကြည့်လိုက်...သြော် - ငါ့လခွီး လုပ်ပြန်ပြီ...ဆိုင်ကယ်ကမောင်းထွက်သွားရင် ၀ူး ၀ူးလို့စက်သံမြည် တယ်လေကွာ...မင်းဟာကဘာသံမှမကြားရဘူးပဲ...ကြည့်ရတာ စက်သေသွားပြန်ပြီထင်တယ်...စက်ပြန်နှိုးကြည့်လိုက်”
ဘုန်းသုခအံကြိတ်မိသည်။ သို့ ပေမယ့် ခြင်းထဲကကြက်တစ်ကောင်ဘ၀ရောက်နေသည်ကို ဆင်ခြင်မိသည်မို့ ဆိုင်ကယ်စက်ပြန်နှိုးဟန်ပြုရသည်။
“ဗြီးန်...ဗြီးန်...ဗြီးန်”
“ဟုတ်ပြီ...စက်ပြန်နိုးသွားပြီ...လီဗာတင်ပြီး မောင်းကြည့်လိုက်တော့”
“၀ူး ၀ူး ၀ူး ၀ူး”
ဘုန်းသုခ ဆိုင်ကယ်မောင်းနေဟန် ပါးစပ်မှ တ၀ူးဝူးအော်ပြရသည်။
“ဟ မင်းကတယ်ဟုတ်ပါလား...အတတ်မြန်သားပဲ...ဟုတ်ပြီ အဲဒီ အတိုင်းဆက်စီးသွား”
“၀ူး ၀ူး ၀ူး ၀ူး ၀ူး”
“ရှေ့လမ်းဆုံရောက်ရင် ညာဘက်ကွေ့”
ဘုန်းသုခ ညာဘက်သို့ကွေ့ဟန် ခန်္ဓာကိုယ်ကို ညာဘက်သို့ ခွစီးဟန်ပြန်လုပ်ပြီး ဆိုင်ကယ်စက်နှိုးရသည်။“ဗြီးန်...ဗြီးန်...ဗြီးန်”
“ဟုတ်ပြီ...စိတ်အေးအေးထားပြီး ရှေ့တည့်တည့်ကိုစီးသွားလိုက်”
“၀ူး ၀ူး ၀ူး ၀ူး”
“အံမယ် - ငါ့ကောင်ကြီးက ဘယ်ဆိုးလို့လဲ...သင်ပေးရကျိုးနပ်တယ်...အတတ်မြန်သားပဲ...ဆိုင်ကယ်ကိုစီးသွားလိုက်တာ ဖြောင့်နေတာပဲ...ဟား ဟား ဟား”
“အေးလေကွာ...ဂျိမ်းစ်ဘွန်းထက်တောင် ဆိုင်ကယ်စီးကျွမ်းနေသေးတယ်...ခုနကဆိုကြည့်ပါလား...လူက ဖင်ထိုင်ချပြီး ဆိုင်ကယ်ကိုမိုးပေါ်ထောင်စီးပြသွားတာ...ဟား ဟား ဟား”
“၀ူး ၀ူး ၀ူး ၀ူး”
တမင်တကာနှိပ်စက်ညှင်းပန်းရတာ ကို ကျေနပ်အားရဟန်ဖြင့် အားပါးတရရယ်မောသံများ ကိုကြားနေရတာ ရင်ထဲမှာ အတော် ခံရခက်သည်။
“၀ူး ၀ူး ၀ူး ၀ူး”
ဘုန်းသုခ ပါးစပ်မှတ၀ူးဝူးနဲ့ အဆက်မပြတ်အသံထွက်နေရသည့်အပြင် ဒူးကိုလည်း ကိုးဆယ်ဒီဂရီလောက်ညွှတ်ထားရသေးသည်။ နဂိုကတည်းက ခြောက်ကပ်အက်ကွဲနေသော လည်ချောင်းကပိုမိုထိခိုက်နာကျင်လာရပြီး အသံကမထွက်တစ်ချက်ထွက်တစ်ချက် ဖြစ်လာသည်။ ခြေသလုံးကြောတွေ မခံရပ်နိုင်အောင် တောင့်တင်းနာကျင်လာပြီး ဒူးလည်းတဆတ်ဆတ်တုန်လာရသည်။ သည်ကြားထဲ စက်ဘီး၊ ဆိုက်ကားနှင့် ဈေးသည်တွေ ကိုရှောင်ရင်း တီတီဆိုပြီးဟွန်းသံကျယ်ကျယ်ပေးရတတ်သေးသည်။
ဘုန်းသုခ ကန်ကျောက်ထိုးကြိတ်ခံထားရသည့်ဒဏ်ရာဒဏ်ချက်ခံစားနေရလျှက်နဲ့ယခုလိုဆိုင်ကယ်ကို ကြာညောင်းစွာ စီးလာရသော အခါ ခန်္ဓာကိုယ်မဟန်နိုင်တော့ဘဲ ပြိုလဲကျမတတ် ဖြစ်နေစဉ်မှာ ပင်
“ဟိတ်ကောင် - ရှေ့မှာ ကား ကား ...ဟာ - တိုက်ပြီ”ဆိုသော အလန့်တကြားထအော်လိုက်သံနှင့် အတူ ဘုန်းသုခရင်ဝကို ၀ုန်းခနဲဆောင့်ကန်ထည့်လိုက်သည်။ဘုန်းသုခ အွန့်ခနဲနောက်ပြန်လွင့်စင်လဲကျပြီး မိုက်ခနဲ ဖြစ်သွားရသည်။
“အား ကျွတ်ကျွတ်”
ဘုန်းသုခနာကျင်မှု ဝေဒနာများ ခံစားရမှု ကို အသံထွက်ညည်းညူမိသည်။ မျက်လုံးကိုအားယူဖွင့်ကြည့်လိုက်တော့ အခန်းကျဉ်းလေးထဲရောက်နေသည်ကို သတိထားမိသည်။ မျက်လုံးကိုအုပ်စည်းထားသော ပိတ်စကိုလည်း မတွေ့ ရ။
“ငါဘယ်ရောက်နေပါလိမ့်”
ဟုစဉ်းစားမရဟန်ဖြင့် ဘေးဘီကိုပြူးပြဲကြည့်မိသည်။ ပြီးမှဖမ်းဆီးခံရပြီး စစ်ကြောရေး စခန်းတစ်ခုတွင် ရောက်ရှိနေသည်ကိုသတိရသွားလျှက် ဆတ်ခနဲထထိုင်မိသည်။အနီးတွင် ရေတစ်ခွက်နှင့် ပဲပင်ပေါက်ကြော်အနည်းငယ်ပုံထားသော ထမင်းတစ်ပန်းကန်ကိုတွေ့ ရသည်။
ရေကိုအငမ်းမရယူသောက်မိသော်လည်း စိတ်ရှိတိုင်းသောက်လို့မရ။ ပါးစပ်နှင့် လည်ချောင်းမှာ စပ်ဖျင်းဖျင်း ဖြစ်နေသဖြင့် ရေကိုဖြည်းဖြည်းချင်းမြိုချယူရသည်။ ထမင်းကလည်း နှစ် လုတ်သုံးလုတ်ထက် ပိုစားလို့မရ။
ဘယ်ရောက်နေပါလိမ့်ဟု ပတ်ဝန်းကျင်ကိုလေ့လာရန်အတွက် နေရာမှထရပ်လိုက်စဉ်စောင်းရသည်။
“ရပြီ...ဘယ်ဘက်ပြန်ကွေ့”
ခန်္ဓာကိုယ်ကို ဘယ်ဘက်သို့ စောင်းရပြန်သည်။
“၀ူး ၀ူး ၀ူး ၀ူး”
“အိုကေ - ရှေ့တည့်တည့်ပြန်စီးတော့...ဟာ - ဟိုမှာ လူ တစ်ယောက် ညာဘက်လမ်းဘေးကိုမြန်မြန်ဆွဲချ”“ဖောင်း”
ဘုန်းသုခခြေနှစ် ဖက်တစ်ပြိုင်တည်းဖြတ်ကြုံးကန်ခံရပြီးဘိုင်းခနဲလဲကျသွားသည်။
“ဟား - မင်းကလဲ...လူလေး တစ်ယောက် လောက်ရှောင်တာတောင် အ ဖြစ်မရှိပါလားကွ...အေးပေါ့လေ - ခုမှဆိုင်ကယ်စီးသင်ခါစဆိုတော့ ဒီလောက်တော့ရှိမှာ ပေါ့...ဘာမှစိတ်ဓာတ်ကျစရာမရှိဘူး...ကဲ ကဲ - ဆိုင်ကယ်ကိုပြန်ထူပြီး စက်ပြန်နှိုး”
ဘုန်းသုခနေရာမှကုန်းရုန်းထရသည်။ ထို့နောက် ဆိုင်ကယ်“ဘုန်းသုခ ထွက်ခဲ့”
ဆိုသော အသံနှင့် အတူ အခန်းတံခါးကပွင့်လာသည်။ လူနှစ် ယောက် ရောက်လာပြီး တစ်ယောက် ကလက်ထိပ်ခတ်လိုက်ကာ တစ်ယောက် က မျက်နှာကိုပိတ်စစည်းသည်။
ထို့နောက် ဆွဲခေါ်သွားပြီး ဘယ်ကွေ့စမ်း၊ ညာကွေ့စမ်း၊တည့်တည့်လျှောက်စမ်းဆိုပြီးလျှောက်ခိုင်းသည်။ မြောင်းရှိတယ်ကျော်ဆိုရင် ခုန်ကျော်ရပြန်သည်။ ရှေ့မှာ လှေခါးထစ်ရှိတယ် တက်ဆို လှမ်းတက်ရသည်။ ဘာလှေကားထစ်မှမရှိ။ အောက်မှာ လှေခါးထစ်ဆိုလို့ နင်းချလိုက်သည်။ ပြင်ညီအတိုင်းသာရှိသည်။ သူတို့ပြောတဲ့အတိုင်းလုပ်လို့ ကိုးရိုးကားယား ဖြစ်သွားလျှင် သဘောကျပြီးရယ်သည့်ရယ်သံတွေ ကို ခါးသီးစွာ ကြားရတတ်သည်။
အတန်ငယ်လျှောက်ပြီးနောက်
“ဒီမှာ ထိုင်”
ဆိုပြီး ကုလားထိုင်တစ်လုံးမှာ ထိုင်ခိုင်းသည်။
“ဘယ်လိုလဲ - ကောင်းကောင်းအိပ်လိုက်ရတယ်မဟုတ်လား”
ရှေ့မလှမ်းမကမ်းမှ စကားသံကိုကြားရသည်။ ဘုန်းသုခနှုတ်ဆိတ်နေလိုက်သည်။ စစ်ကြောရေး အရာရှိ ဖြစ်ဟန်တူသည့်ပုဂ်္ဂိုလ်ကပဲ ဆက်ပြောသည်။
“အင်း - အိပ်ချိန်စားချိန်ရပြီးပြီဆိုရင်တော့ မေးသမျှကောင်းကောင်းဖြေတော့...ဘူးချည်းပဲကွယ်နေရင် မင်းလည်းအကျိုးမရှိဘူး...ငါတို့လည်း အလုပ်ရှုပ်တယ်”
ဘုန်းသုခ ထုံးစံအတိုင်းနှုတ်ဆိတ်နေလိုက်သည်။ ထိုအရာရှိကလည်း ဘုန်းသုခအသံတိတ်နေသည်ကို ဘယ်လိုမှသဘောထားဟန်မတူဘဲ ဆက်ပြောသည်။
“အခု မင်းမျက်လုံးကိုစည်းထားတာ ဖယ်ပေးမယ်...ဒါပေမဲ့ ဘေးကိုရော၊ နောက်ကိုရော လုံးဝလှည့်မကြည့်နဲ့...ငါတို့မေးတာကိုသာ လှည့်မကြည့်ဘဲ အမှန်အတိုင်းဖြေ...အေး - သတိပေးထားရက်မှ လှည့်ကြည့်ရင်တော့ မင်းသေတွင်းမင်းတူးလိုက်ပြီပဲလို့မှတ်လိုက်တော့”
ဘုန်းသုခဘာမျှပြန်မပြော ဖြစ်ဘဲ နားစွင့်နေလိုက်သည်။
“ဟေ့ကောင် - ပြောနေတာကြားလား...ကြားရင်ကြားတယ်လို့ ပါးစပ်ကဖြေ”
“ကြားပါတယ်”
တစ်စုံ တစ်ယောက် က ဘုန်းသုခနောက်ကျောမှနေပြီး မျက်လုံးကိုပိတ်ကာစည်းထားသော ပိတ်စကို ဖြုတ်ယူဖယ်ရှားပေးသည်။ဘုန်းသုခမျက်လုံးဖွင့်ကြည့်ရာ မီးအလင်းရောင် စူးစူးကြောင့် ကျိန်းစပ်ပြီး ချက်ချင်း ပြန်မှိတ်လိုက်ရသည်။ အလင်းရောင် ကိုမမြင်ရဘဲအမှော င်ပိန်းပိန်းနဲ့သာ နေနေရရာက ရုတ်တရက် အလင်းရောင် ကိုတွေ့ လိုက်ရသည့် အခါမှာ အလင်းဒဏ်ကိုခံနိုင်ရည်မရှိဘဲ ဖြစ်ရသည်။ မျက်လုံးကိုဖြည်းဖြည်းချင်းဖွင့်ချည်ပိတ်ချည်လုပ်ကြည့်ပြီးခါမှပဲ မီးချောင်းအလင်းရောင် နှင့် အဆင်ပြေသွားသည်။
မျက်လုံးကောင်းစွာ ဖွင့်လို့ရရချင်း ဦးစွာ မြင်တွေ့ လိုက်ရသော မြင်ကွင်းကြောင့် ဘုန်းသုခမျက်စိမျက်နှာပျက်သွားရသည်။ ရှေ့စားပွဲပေါ်တွင် ဘုန်းသုခတာဝန်ယူထုတ်ဝေဖြန့်ချိခဲ့သည့် ပင်မရေစီးစာစောင် အမှတ်(၁)နှင့် အမှတ်(၂)အပြင် အမှတ်(၃)အတွက် ပြင်ဆင်လက်စ ဖြစ်သော စာရွက်စာတမ်းများ ကို တွေ့ ရသည်။ ထို့ပြင် ဘုန်းသုခဒိုင်ခံရေး သားဖြန့်ဝေခဲ့သည့် စစ်အစိုးရဆန့်ကျင်စာရွက်စာတမ်းများ ကိုလည်းအထပ်လိုက်တွေ့ ရသည့်အပြင် ရန်ပုံငွေအ ဖြစ်ထုတ်ဝေခဲ့ပြီးသမျှရန်ကုန်တက်္ကသိုလ်ကျောင်းသားများ သမဂ်္ဂပို့စကတ်မျိုးစုံကိုလည်းတွေ့ ရပြန်သေးသည်။ ရကသရန်ပုံငွေအ ဖြစ် တေးရေး နိုင်မြန်မာကမေတ်္တာဖြင့် ခွင့်ပြုခဲ့သည့်အတွက် ထုတ်ဝေဖြန့်ချိခဲ့သည့် ကမ်္ဘာမကြေမျိုးဆက်သစ်သီချင်းစာအုပ်ပင် အဆစ်ပါသေးသည်။
နေမိုးကိုလုပ်ချလိုက်ပြီဆိုသော အသိဖြင့် အံတစ်ချက်ကြိတ်မိသည်။ ဘုန်းသုခဘူးကွယ်ငြင်းဆန်ရန် လုံးဝမ ဖြစ်နိုင်တော့။
“ဘယ်လိုလဲ - စားပွဲပေါ်ကပစ်္စည်းတွေ ကိုတွေ့ တယ်မဟုတ်လား”
“တွေ့ ပါတယ်”
“အဲဒါ မင်းနဲ့မဆိုင်ဘူးလို့ ငြင်းချင်သေးလား”
“ငြင်းစရာမရှိပါဘူး”
နောက်ကျောမှ အတည်ပြုချက်ယူနေသူကို ဘုန်းသုခခေါင်းညိတ်ဝန်ခံရုံမှလွဲ၍ ရွေးစရာအခြားမရှိတော့။
“ကောင်းပြီ...ဒါဆိုရင် ဒါတွေ ဟာ မင်းဆီကတို့သိမ်းဆည်းရမိတဲ့ သက်သေခံပစ်္စည်းတွေ ဖြစ်တယ်ဆိုတာ ဟုတ်မှန်ကြောင်းရှေ့မှာ ချထားပေးတဲ့စာရွက်မှာ လက်မှတ်လိုက်ပါ”
ဘုန်းသုခ သက်သေခံပုံစံစာရွက်ဘေးတွင် အသင့်ချထားသော ဘောလ်ပင်ကိုယူ၍ လက်မှတ်ထိုးပေးပြီးသည်နှင့် မျက်နှာကိုအ၀တ်ထပ်စည်းပြန်သည်။
“ကဲ - ဒီလောက်ဆိုရင် မင်းလည်းသဘောပေါက်လောက်ပြီပေါ့...ဝေ့လည်ကြောင်ပတ်မလုပ်ဘဲ ဟုတ်ရင်ဟုတ်တယ်၊ မဟုတ်ရင်မဟုတ်ဘူး...အမှန်အတိုင်းသာပြောတော့...ဒါမှ ငါတို့လည်း အလုပ်ရှုပ်သက်သာပြီး မင်းလည်းစောစောအနားရတာ ပေါ့မဟုတ်ဘူးလား”
ဘုန်းသုခခေါင်းညိတ်ပြရုံသာတတ်နိုင်တော့သည်။ သူတို့မေးသမျှကို အပြတ်မငြင်းနိုင်သည့်အတူတူ ဖြောင့်ကွယ်ကွယ်နိုင်ဖို့ကြိုးစားရသည်။ ကျန်သည့်ရကသရဲဘော်များ နှင့် ၀န်းရံအားပေးသူများ ပါမလာအောင်ပုတ်ထုတ်ရင်း တစ်ယောက် တည်းစုခံလိုက်ဖို့ ဆုံးဖြတ်လိုက်ရသည်။ ဒါမှလည်း ကျန်ခဲ့သည့်ရဲဘော်တွေ က ဆက်လှုပ်ရှားနိုင်မှာ ဖြစ်သည်။ နေမိုးကိုကောင်းမှု အရဆိုလျှင် အမှု တွဲ ကအယောက် (၂၀)ကျော်၊ (၃၀)လောက်ရှိနေသည်။ သည်ကောင်တော် တော် ဟုတ်သည့်ကောင်။ သူ့အိမ်မှာ ရှိသမျှ သက်သေခံပစ်္စည်းအားလုံးထုတ်ပေးရုံသာမက ဘုန်းသုခတို့တတွေ ဆွေးနွေးပြောဆိုလုပ်ကိုင်သမျှမှတ်တမ်းတင်ထားသည့် ဒိုင်ယာရီစာအုပ်ကို အဆစ်ထိုးပေးလိုက်သေးသည်ဆိုတာ သူတို့မေးသမျှဖြေရင်း ကောင်းကောင်းကြီးသဘောပေါက်ခဲ့ရသည်။
မေးသမျှဖြေပြီးလို့ ကိစ်္စပြီးပြီဟုထင်မှတ်ထားသော်လည်းတစ်ချိန်လုံးမေးပြီးသမျှတွေ ကိုပဲ ထပ်ကာထပ်ကာမေးနေသဖြင့် ဖြေပြီးသမျှကိုပဲ ထပ်ကာထပ်ကာဖြေနေရသည်က အတော် ငြီးငွေ့စရာကောင်းသည်။ ကြာတော့ ဘုန်းသုခဖြေချင်စိတ်ပင်မရှိတော့။အိပ်ချင်လာတာပဲသိသည်။ တစ်ခုခံသာသည်က မှေးခနဲပျော်သွားလျှင် အတင်းပြန်လှုပ်နှိုးသော်လည်း ထိုးကြိတ်ကန်ကျောက်ခြင်းမပြုတော့။
ကိုယ်ရေး ရာဇ၀င်ကစလို့ မေးပြီးသားတွေ ကိုပဲထပ်ကာထပ်ကာမေးနေရသည်ကို သူတို့ကမပျင်းရိသော်လည်း ဖြေပြီးသမျှကိုချည်း ထပ်ကာထပ်ကာဖြေနေရသည်ကို ကြာတော့ ဘုန်းသုခသည်းခံနိုင်စိတ်ကုန်ခမ်းလာသည်။ မဟန်နိုင်တော့သည့်အဆုံး လုပ်ချင်ရာလုပ်ပစေတော့ဆိုပြီး စားပွဲပေါ်ကိုခေါင်းထိုးချပြီး ဇွတ်အိပ်ပစ်လိုက်သည်။
ဘုန်းသုခ ချက်ချင်း အိပ်ပျော်သွားသည်။ ဘယ်လောက်ကြာကြာအိပ်ပျော်သွားသည်မသိ။
“ဟိတ်ကောင် ထ ထ”
ဆိုပြီးလှုပ်နှိုးသံကြားမှ ဆတ်ခနဲပြန်နိုးလာသည်။
“ဒီနေရာမှာ အိပ်ရတာ အဆင်ပြေမှာ မဟုတ်ဘူး...အေးအေးဆေးဆေးလဲလျောင်းအိပ်လို့ရတဲ့နေရာကို ပြောင်းပေးမယ် ထ”ဘုန်းသုခအိပ်ချင်စိတ်မပြေသေးဘဲ နေရာမှအားယူထရပ်ရသည်။
“လာ လိုက်ခဲ့”
ဆိုပြီး ဆွဲခေါ်သွားရာနောက် စမ်းတ၀ါးဝါးလိုက်သွားရသည်။ အသားပေါ်ကိုမိုးစက်မှု န်လေးတွေ လာရောက်ထိမှန်နေသည်ကိုခံစားမိခြင်းအားဖြင့် အဆောက်အဦပြင်ပသို့ ရောက်ရှိနေတာ ဖြစ်ကြောင်း ခန့်မှန်းမိသည်။
အပြန်အလှန်စကားပြောနေသံတွေ ကိုနားစွင့်မိရင်း စာရွက်စာတမ်းတွေ နှင့် တကွ ဘုန်းသုခကိုပါ အခြားတစ်ဖွဲ့ထံလွှဲပြောင်းပေးလိုက်ခြင်း ဖြစ်ကြောင်း ရိပ်မိလိုက်သည်။ လက်ထိပ်လဲခတ်ပြီးနောက်
“ကဲ ဘုန်းသုခ...အပေါ်ကိုခြေတစ်ဖက်မြှောက်တက်လိုက်”
ဆိုသော အသံနှင့် အတူ လူနှစ် ယောက် က လက်မောင်းတစ်ဖက်စီမှဆွဲတင်ပေးသည်။ တစ်ယောက် က အပေါ်မှလှမ်းဆွဲသည်။မြှောက်တင်လိုက်သော ခြေတစ်ဖက်က ခပ်မာမာသံထည်ကိုနင်းမိသည်။ ဘုန်းသုခအားယူတက်လိုက်သည်။
“ဟုတ်ပြီ...ဒီမှာ ထိုင်”
အပေါ်မှာ ရှိနှင့် နေသူက ထောင့်တစ်နေရာတွင် ထိုင်စေသည်။ လူနှစ် ယောက် ထက်မနည်း အပေါ်သို့ တက်လိုက်ရာ သိမ့်ခနဲ ဖြစ်သွားသည်ကိုထောက်ရှုခြင်းအားဖြင့် ကား ဖြစ်နိုင်သည်ဟု ဘုန်းသုခတွေးမိသည်။ ရှေ့မှ ဂျိမ်းခနဲတံခါးပိတ်သံနှင့် အတူ ငြိမ့်ခနဲမောင်းထွက်သွားသည့်အခါမှာ တော့ ဘုန်းသုခကားတစ်စီးပေါ်ရောက်နေတာ သေချာသွားသည်။
အတန်ငယ်မောင်းသွားပြီးနောက် အခြားသော ကားစက်သံများ ၊ ဘတ်စ်ကားစပယ်ယာအော်သံများ ကိုကြားရသဖြင့် ပြည်လမ်းသို့ မဟုတ် အင်းစိန်လမ်းပေါ်ရောက်နေတာဟု ခန့်မှန်းမိသည်။ ယခုလို ဘာကြောင့် ခန့်မှန်းနိုင်သလဲဆိုရင် နိုင်ငံရေး နဲ့ပတ်သက်သော ကျောင်းသားအများ စုကို စစ်ကြောမေးမြန်းရေး အတွက် ပဲခူးကလပ်အနီးရှိ ထောက်လှမ်းရေး (၇)က အဓိကတာဝန်ယူထားသည်ကို သိရှိထားသော ကြောင့် ဖြစ်သည်။
နောက်ထပ် အတန်ငယ်မောင်းလာပြီးနောက် ဘုန်းသုခပခုံးကိုဖက်ထားသူတစ်ဦးထံမှ စကားသံထွက်ပေါ်လာသည်။
“ဘုန်းသုခ - မင်းသိလား...မင်းအဖမ်းခံရတဲ့ရက်က ဒီနေရာမှာ ကျွန်တော် ကျောင်းသားပါ...ကျွန်တော့် ကိုထောက်လှမ်းရေး တွေ ၀ိုင်းဖမ်းနေပါတယ်ဆိုပြီး အော်ပြေးတာလေ...အခုအထိအဲဒီ အကြောင်းကို လူတွေ ပြောနေကြတုန်းပဲ”
“သြော် - ဒါဆို အခုရောက်နေတာ လှည်းတန်းပွိုင့်နားပေါ့”
“အင်း ဟုတ်တယ်”
အဲဒီ လိုအော်ပြေးတာ အကျိုးတော့ရှိသားပဲဟုတွေးမိရင်းဘုန်းသုခကြိတ်ပြုံးမိသည်။ ဘုန်းသုခအဖမ်းခံလိုက်ရပြီဆိုတာကိုအငယ်လေးတို့၊ ဖိုးတုတ်တို့၊ ဇော်မင်းတို့အပါအ၀င် လှုပ်ရှားနေကြတဲ့ ရကသရဲဘော်တွေ အားလုံးသိနိုင်ဖို့အတွက် ယခုလိုအော်ဟစ်ပြေးလွှားခဲ့ခြင်း ဖြစ်သည်။ ဘုန်းသုခပြေးလို့မလွတ်ဘဲ အဖမ်းခံလိုက်ရပေမယ့် ဒီကောင်တွေ အဖမ်းခံလို့မ ဖြစ်။ ဆက်လက်လှုပ်ရှားရမည့် တာဝန်တွေ ရှိသည်။
စကားသံတွေ တိတ်ဆိတ်သွားပြန်သည်။ အတန်ကြာထပ်မောင်းပြီးနောက် “ရောက်ပြီ”ဆိုသော အသံနှင့် အတူ ကားစက်လည်းသတ်လိုက်လေသည်။
“မင်းနေရမယ့်နေရာရောက်ပြီ...ကားပေါ်ကဆင်းတော့”
ဆိုပြီး လက်မောင်းတစ်ဖက်စီမှဆွဲကာ ကားပေါ်မှဆင်းစေသည်။ မြေကြီးပေါ် ခြေနှစ် ဖက်စလုံးနင်းမိသည်နှင့်
“လာ - သွားရအောင်”
ဟုပြောရင်း ဆွဲခေါ်သွားပြန်သည်။
“ဒီမှာ ခဏရပ်ဦး”
သူတို့ရပ်ခိုင်းနေရာတွင် ရပ်နေစဉ်မှာ ပင် “ဂျိမ်း”ဆိုပြီး တံခါးဖွင့်သံကိုကြားရသည်။
“ခြေထောက်တစ်ဖက်ကို ဒူးခေါင်းနေရာလောက်မြှောက်အပေါ်မြှောက်ပြီးကျော်ဝင်...ခေါင်းနည်းနည်း ငုံ့ထား...ဟုတ်ပြီရပြီ”
ဘုန်းသုခ ဖွင့်ပေးသော တစ်ကိုယ်စာတံခါးပေါက်မှ ကပ်သီးကပ်သတ်ဝင်ရသည်။ ဘယ်ရောက်နေမှန်းမသိသော နေရာတွင် ဘုန်းသုခကိုလွှဲပြောင်းပေးနေပြန်သည်။ ခဏအကြာတွင် တစ်ယောက် က ဘုန်းသုခမျက်လုံးစည်းကိုဖယ်ရှားပေးပြီး လက်ထိပ်ဖြုတ်ပေးသည်။
ဘုန်းသုခမျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ပြီး အလင်းထဲမှာ ကြည့်နိုင်အောင်ပြင်ဆင်ရသည်။ မျက်စိကို အလင်းရောင် မစူးတော့မှ ရောက်ရှိနေသော နေရာကိုအကဲခတ်ရာ ထောင်ဗူးဝထဲရောက်ရှိနေကြောင်းသိလိုက်ရသည်။ ဘုန်းသုခကိုလာပို့သူတွေ မှာ ရဲအရာရှိတစ်ဦး၊ အခြားဆင့်ရဲသုံးဦး ဖြစ်ကြောင်းတွေ့ ရသည်။
ထောင်အရာရှိကရေး မှတ်စရာရှိတာရေး မှတ်ပြီးသည်နှင့်
“ရပါပြီ...သွားလို့ရပါပြီ”
ဟုပြောရာ ရဲအရာရှိလည်း ဘုန်းသုခလက်မောင်းကိုအသာအယာလှမ်းပုတ်ပြီး
“ကဲ - ဘုန်းသုခ ငါတို့တာဝန်ပြီးပြီ...သွားလိုက်ဦးမယ်နော်”
ဟူ၍ နှုတ်ဆက်သွားရာ ဘုန်းသုခလည်း ခေါင်းပြန်ညိတ်ပြလိုက်သည်။
ရဲအရာရှိနှင့် အဖွဲ့ထွက်ခွာသွားသည်နှင့် ထောင်ဝါဒါတစ်ယောက် ကအနားရောက်လာပြီး အဖြူရောင် ပိတ်စခေါင်းစွပ်ကိုလာစွပ်သည်။ တစ်မျက်နှာလုံးခေါင်းစွပ်ထဲရောက်သွားသဖြင့် ဘာမျှမမြင်ရတော့ပြန်။
“ရပြီ...သွားရအောင်”
လက်မောင်းတစ်ဖက်ကိုကိုင်ပြီးဆွဲခေါ်သွားသဖြင့် လိုက်ရပြန်သည်။
သိပ်ဝေးဝေးမလျှောက်လိုက်ရ။ လှေကားထစ်သုံးထစ်ခန့်တက်ရပြီးနောက် ရပ်ခိုင်းပြီး ခေါင်းစွပ်ကိုချွတ်ပေးသည်။ ကိုးပေပတ်လည်လောက်ရှိသည့်အခန်းတစ်ခန်းထဲ ရောက်နေသည်ကိုတွေ့ ရသည်။
“ဒါ မင်းနေရမယ့်အခန်းပဲ”
သံတိုင်များ ဖြင့် ကာရံထားသော တံခါးကိုတွန်းပိတ် မင်းတုန်းထိုးကာ ဧရာမသော့ ခလောက်ကြီးခတ်ပြီး ထွက်ခွာသွားသည်။ဘုန်းသုခဘာမျှထွေထွေထူးထူးစဉ်းစားမနေတော့ဘဲ ၀ါးခနဲသမ်းရင်း ဖျာကြမ်းတစ်ချပ်သာခင်းထားသော အခန်းကျဉ်းလေးထဲ လှဲချလိုက်ပြီး ခြေဆန့်လက်ဆန့်အညောင်းဖြေရာ အတော် အရသာရှိသည်ဟုခံစားမိသည်။ စစ်ကြောရေး ဒုက်္ခလွန်မြောက်လို့ ထောင်ထဲရောက်လာတာကိုပဲ နေသာထိုင်သာရှိသလိုလို ဖြစ်လာရသည်။ဘုန်းသုခ ရှေ့ဘာဆက် ဖြစ်မည် ကိုအတွေးမများ နိုင်အားဘဲစိတ်အေးလက်အေးတစ်ရေး ပျော်အောင်အိပ်ပစ်လိုက်သည်။
“ဂျိမ်း...ဂျိမ်း”
သံတိုင်ကို တစ်စုံတစ်ရာနှင့် ခပ်ကြမ်းကြမ်းလာခေါက်သံကြားမှ အိပ်ရာကနိုးပြီး မျက်လုံးဖွင့်ကြည့်ရသည်။ ၀ါဒါတစ်ဦးကသံတိုင်ကို လက်ကိုင်တုတ်နှင့် လာရိုက်ခြင်း ဖြစ်သည်။
“ဒီမှာ ထမင်း”
ရာဇ၀တ်အကျဉ်းသား ဖြစ်ဟန်တူသူ အဖြူရောင် ပုံစံအင်္ကျီဝတ်နှစ် ဦးက ထမင်းထည့်ထားသော ဒန်ပန်းကန်တစ်ချပ်ကို ပိတ်ထားသည့်သံတိုင်တံခါးအောက်မှထိုးပေးသည်။နီကြောင်ကြောင်ဝါညစ်ညစ်ထမင်းစေ့ကြမ်းကြမ်းများ ထိုးထောင်နေသည့် ထမင်းပန်းကန်ကို လှမ်းဆွဲယူကြည့်လိုက်သည်။ပန်းကန်နှုတ်ခမ်းသားပေါ်တွင် ပုံပေးထားသော စိမ်းစားငပိဖုတ်ကလည်း မည်းညစ်ညစ်နှင့် အနံ့ကအလွန်ဆိုးသည်။
“တာလပေါယူဦးမလား”
တာလပေါဆိုသည့်အသံကြားသဖြင့် ဘုန်းသုခစိတ်ဝင်စားသွားသည်။ ကရင်လူမျိုးတို့၏ ရိုးရာသီးရွက်စုံတာလပေါဟင်း၏ အရသာ အလွန်ကောင်းမွန်ကြောင်းကြားဖူးသည်။ ကြားဖူးပြီး မစားဖူးသေးသော တာလပေါဟင်းကို ထောင်ထဲရောက်မှ စားရကံကြုံသည်ဆိုပြီး ခေါင်းညိတ်ပြလိုက်သည်။ ထိုအခါ တာလပေါတာဝန်ယူထားသူက လက်ဆွဲရေပုံးထဲ သောက်ရေခွက်နှစ် ကာ တစ်ချက်မွှေလိုက်ပြီးနောက် တာလပေါဟင်းကိုဆယ်ယူလိုက်သည်။ ထို့နောက် သံတိုင်ကြားထဲ လက်သွင်းပြီး ဘုန်းသုခထမင်းပန်းကန်ထဲလောင်းထည့်ပေးသည်။
“ဒါလား တာလပေါ”
“ဟုတ်တယ်...အဲဒါတာလပေါပဲ”
ဆီမပါ ဆားမပါ အချိုမှု န့်မပါ ဘာမှန်းမသိရသော အရွက်ပြုတ်ရည်ကျဲကျဲမျှသာ ဖြစ်သည်။ နောင်သိရသည်က ထောင်ထဲတွင် အဓိကစိုက်ပျိုးသည့် ဟင်းနုနွယ်အပင်ကြီးမျိုးကို ခုတ်ပိုင်းပြီး အပေါ်ယံဆီဝေ့ရုံပြုတ်ထားသည့်ဟင်းကို တာလပေါဟင်းလို့ခေါ်ခြင်း ဖြစ်သည်။ တာလပေါ၏ အရသာကိုမခံစားနိုင်ဘဲ ဖွီးခနဲထွေးထုတ်မိသည်အထိ ဖြစ်ရသည်။ ထမင်းကလည်းမာလိုက်တာ သွားကျိုးမတတ်ဝါးရသလို နံစုတ်စုတ်ငပိဖုတ်ကလည်း သဲတရှပ်ရှပ်။ ဒါပေမဲ့ ဘာမှမတတ်နိုင်။ ဒါမှမစားလျှင်လည်း စားစရာမရှိသည့် အတူ ကြိတ်မှိတ်မျိုချရသည်။ အခန်းရှေ့မှာ ကပ်ပြီးချထားပေးသော ရေအိုးမှရေကိုအ၀ယူသောက်ပြီး ဗိုက်ပြည့်သွားသည့်အခါမှာ တော့ ဟုတ်သလိုလိုရှိသွားသည်။
ညရောက်တော့ အခြားခန်းများ အတွင်းသို့ ခေါ်သွင်းလာသူတချို့ကိုတွေ့ ရသည်။ မျက်နှာကိုအ၀တ်အိတ်စွပ်ထားသဖြင့် ဘယ်သူတွေ မှန်းမသိရ။
နောက်မှ အောက်ဗ(ခေါ်)ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ သမဂ်္ဂအဖွဲ့ချုပ်(အောက်ဗမာပြည်)မှ အောင်ထွန်းတို့၊ သားညွန့်ဦးတို့အဖွဲ့ ဖြစ်မှန်း သိရသည်။
သည်ရက်ပိုင်းအတွင်း အဖမ်းအဆီးတော် တော် များ ဟန်တူသည်။
တစ်သုတ်ခေါ်သွင်းလာလိုက်၊ တစ်သုတ်ပြန်ထုတ်သွားလိုက်နှင့် ထောင်ဝါဒါတွေ လည်း တော် တော် အလုပ်ရှုပ်နေကြသည်ကိုတွေ့ ရသည်။
ထိုကာလအတွင်းမှာ ပင် အိပ်ရေး ပျက်စရာကိစ်္စတွေ ကအတော် များ လာသည်။ အခြားမဟုတ်။ မေးစရာရှိသေးသည်ဆိုပြီးပန်လည်ခေါ်ယူကာ စစ်ကြောရေး ပြန်ဝင်ရခြင်း ဖြစ်သည်။ညစဉ် တစ်ယောက် မဟုတ် တစ်ယောက် ကို အခန်းထဲမှဆွဲထုတ်ပြီး ပြန်လည်ခေါ်ယူစစ်ဆေးနေလေသည်။
ဘုန်းသုခ ညကိုမလုံခြုံသလိုခံစားလာရသည်။ အခန်းတံခါးဆွဲဖွင့်သံကြားတိုင်း ကိုယ့်ကိုလာခေါ်ပြီအထင်နှင့် ထထကြည့်မိသည်။ကိုယ့်အဖွဲ့ထဲက တစ်ယောက် ယောက် ထပ်မိလို့များ လား။ သူ့ထွက်ချက်နဲ့ ကိုယ့်ထွက်ချက်လွဲရင်တော့ တိုင်ပတ်ရချည်သေးရဲ့ ။ စစ်ကြောရေး မှာ ပြန်ပြီးပေရှည်ရရင်တော့ ကွိုင်ပဲလို့တွေးပူမိတာတော့အမှန်ပါပဲ။ ကိုယ့်အခန်းမဟုတ်မှန်းသိရမှ ဟင်းချနိုင်သည်။
တစ်ပတ်ဆယ်ရက်ကျော်လာသည့်တိုင် ထပ်မံခေါ်ထုတ်ခြင်းမကြုံရသဖြင့် ကိုယ့်လူတွေ အရှောင်အတိမ်းကောင်းလွန်း၍ စစ်ကြောရေး ပြန်ဝင်ရန် အကြောင်းမရှိတော့ဟုထင်မှတ်နေသော်လည်း တစ်ညမှာ တော့ခပ်ကြမ်းကြမ်းတံခါးဆွဲဖွင့်သံနှင့် အတူ
“ဘုန်းသုခထွက်ခဲ့”
ဆိုသော ခေါ်ထုတ်သံကိုကြားရသည်။ စိုးရိမ်ကြောင့်ကြ မှု နှင့် အတူ စိတ်လှုပ်ရှားသွားရသည်။ အသက်ရှူရတာ ပင် မ၀ချင်တော့။ရင်ထဲမှာ မွန်းကျပ်မောဟိုက်ကာ အသက်ကိုမနည်းကြိုးစားပြီးရှူနေရသည်။
“ဟင်း..ဟင်း ဟင်း”
“မောင်...မောင်...ဘာ ဖြစ်တာလဲ”
“ဟင်း...ဟင်း..ဟင်း”
“မောင်...မောင် ဘာ ဖြစ်တာလဲ...မောင်ဘာ ဖြစ်တာလဲလို့...မောင်”
အတင်းလှုပ်နှိုးခံရမှ ဘုန်းသုခလည်း အိပ်ပျော်နေရာမှနိုးလာရသည်။ နိုးသည်နှင့် ချက်ချင်း ထထိုင်ပြီး အခန်းပတ်ပတ်လည်ကိုပျာယိပျာယာလိုက်ကြည့်သည်။
“မောင် - ဘာ ဖြစ်လို့လဲ...ဘာ ဖြစ်လို့လဲ မောင်ရဲ့ ...တစ်ခုခု ဖြစ်လို့လား...ကျွန်မကိုပြောပါဦး”
အိမ်ထောင်ပရိဘောဂပစ်္စည်းအချို့ကိုတွေ့ ရသည်။ သင်းပျံ့ညက်ညောသော မွေ့ရာကုတင်ပေါ်မှာ အိပ်စက်နေရသည်။ ပူပင်ပေးတတ်သော မျက်ဝန်းအစုံဖြင့် ကြည့်ကာ ဘာ ဖြစ်တာလဲတတွတ်တွတ်မေးရင်း စိုးရိမ်တကြီးပွေ့ဖက်ထားသော ချစ်သူလမင်းဖြူကိုတွေ့ ရသည်။ ထိုအခါမှ ဘုန်းသုခစိတ်သက်သာရာရသွားပြီး အသက်ကောင်းစွာ ပြန်ရှူနိုင်တော့သည်။
ဘုန်းသုခ မျက်မှော င်ကြီးကြုတ်ထားတာပြေလျော့သွားမှလမင်းဖြူလည်း အနည်းငယ်စိတ်အေးသွားဟန်တူသည်။ဘုန်းသုခမျက်နှာနှင့် လည်ပင်းမှချွေးစေးတွေ ကို လက်နှင့် သုတ်သင်ပေးရင်း စူးစမ်းလေသည်။
“မောင် - နေလို့ကောင်းတယ်မဟုတ်လား...ဘာမှမ ဖြစ်ဘူးမဟုတ်လား”
“ဟင့်အင်း - ဘာမှမ ဖြစ်ပါဘူး...ခြောက်အိပ်မက်မက်တာပါ”
“ဘယ်လိုကြောက်စရာကောင်းတဲ့ ခြောက်အိပ်မက်မျိုးမို့လဲမောင်ရယ်...ကြည့်ရတာ မထိတ်သာမလန့်သာနိုင်လိုက်တာ”
“တခြားမဟုတ်ပါဘူး...အိပ်မက်ထဲမှာ ထောင်ထဲပြန်ရောက်နေလို့...အဲဒါမွန်းကျပ်ကျပ်ကြီး ဖြစ်လာတာနဲ့ အသက်ကြိုးစားရှူနေရသလို ဖြစ်သွားတယ်နဲ့တူပါတယ် အဟင်း...နေရင်းထိုင်ရင်း မောင့်လမင်းဖြူကပါ အဆစ်လိုက်ပြီး အိပ်ရေး ပျက်ရတယ်လို့”
“ ဖြစ်ရလေမောင်ရယ်...အိမ်ထောင်ကျတာမှ ဘာမှမကြာသေးဘူး...ပျော်စရာအိပ်မက်တွေ ပဲမက်ရမယ့်အစား ဘယ်လို ဖြစ်ပြီး စိတ်မချမ်းသာစရာကောင်းတဲ့ထောင်အကြောင်းကိုပဲအိပ်မက်မက်နေရတာ တဲ့လဲ”
“ဆောရီးပါ...မောင်လည်း အဲဒီ အိပ်မက်ဆိုးမျိုးမမက်ချင်ပါဘူး...ဒါပေမဲ့ထူးဆန်းတာက ထောင်ကထွက်လာပြီးကတည်းက ထောင်ထဲရောက်နေတတ်တဲ့အိပ်မက်မျိုး မကြာခဏမက်လေ့ရှိတယ်သိလား...မက်တိုင်းလည်း လန့်နိုးလာပြီး ဘေးဘီကိုပြူးပြဲလိုက်ကြည့်ရတာ အမောပဲ...အိမ်ပြန်ရောက်နေမှန်းသေချာမှစိတ်အေးသွားရတာ ”
“အင်းပေါ့လေ...ထောင်ထဲမှာ ဒုက်္ခပေါင်းစုံခံပြီး နေထိုင်ဖြတ်သန်းခဲ့ရတာ ဆိုတော့ အပြင်လောကကို ပြန်ရောက်လာတာတောင် ထောင်နဲ့ပတ်သက်တဲ့ခံစားချက်တွေ က မသိစိတ်မှာ ရောသိစိတ်မှာ ပါ နေရာယူထားဦးမှာ ပေါ့”
“ကဲပါလေ...မောင့်ကြောင့် မောင့်ရဲ့ ချစ်သူလေး အိပ်ရေး ပျက်သွားရပြီ...အချိန်ရှိသေးတယ် ပြန်အိပ်လိုက်ဦးနော်...မောင်ပုတ်သိပ်ပေးမယ်...လာပြန်လှဲလိုက်”
“ဟင့်အင်း - ကျွန်မမအိပ်ချင်တော့ဘူး...မိုးလည်းလင်းခါနီး ပြီဆိုတော့ ပြန်အိပ်လည်း ဘာမှထူးမှာ မဟုတ်ဘူး...အိပ်လို့မရမယ့်အတူတူ မောင်ထောင်ထဲမှာ နေခဲ့ရတဲ့အကြောင်းတွေ ကျွန်မကိုပြောပြပါလား...ကျွန်မနားထောင်ချင်လို့”
“သြော် - ဒီအကြောင်းတွေ နားမထောင်ချင်ပါနဲ့လားလမင်းဖြူရာ...မောင့်မိဘညီအစ်ကိုမောင်နှမတွေ ကိုတောင် မောင်ထောင်ထဲကအကြောင်းတွေ တစ်ခါမှမပြောဖူးဘူး...ထောင်ဟာထောင်ပဲလို့နားလည်ထားရင် ထူးထူးခြားခြားလုပ်ပြီးပြောနေစရာအကြောင်းမရှိဘူးလို့မောင်ထင်တယ်”
“ဟေ့အေး - မရဘူး မရဘူး...မောင် ဘယ်သူ့ကိုမှပြန်မပြောချင်ဘဲနေလို့ရပေမယ့် ကျွန်မကိုတော့မရဘူး...ကျွန်မကမောင့်ရဲ့ ဇနီးမယား ဖြစ်နေပြီ...သူများ တွေ ထက်ပိုပြီး မောင့်ရဲ့ အရာရာကိုသိခွင့်ရှိတယ်လို့ယုံတယ်...မောင့်ရဲ့ အိပ်စက်အနားယူရာညတွေ ကို ခြောက်အိပ်မက်တွေ နဲ့ထိတ်လန့်အောင်လုပ်ပြီးလှန့်နှိုးတတ်တဲ့ ထောင်အကြောင်းကို ကျွန်မသိရမှ ဖြစ်မယ်...အဲဒီ လိုသိခွင့်ရမှလည်း အိမ်ထောင်ရေး ဘ၀တစ်လျှောက်လုံး မောင့်အပေါ် ဒီ့ထက်ပိုပြီးနားလည်မှု ရှိရှိနဲ့ ချစ်သွားနိုင်မှာ ပေါ့ မောင်ရယ်”
လမင်းဖြူပြောတာသဘာဝကျသည်ဟု ဘုန်းသုခထင်သည်။နှစ် ဦးသဘောတူချစ်ရည်မျှ ထိမ်းမြားလက်ထပ်ပြီးသူနှစ် ဦးအဖို့တစ်ဦး၏ အကြောင်းကိုတစ်ဦးက အစမှအဆုံးသိခွင့်ရှိရန်လိုတာအမှန်ပဲ ဖြစ်သည်။ ဒါမှလည်း နှစ် ဦးသားကြားက ချစ်ခြင်းတရားကိုခိုင်မြဲစေသည့်နားလည်မှု ကိုတည်ဆောက်နိုင်မည် ဖြစ်သည်။
ဘုန်းသုခ လမင်းဖြူ၏ မျက်နှာလေးကို နှစ်သက် တွယ်မက်စွာ ကြည့်ရင်း ခပ်တင်းတင်းပွေ့ဖက်လိုက်သည်။ ထို့နောက် မနက်အိပ်ရာနိုးခါစ ကပိုကယိုအလှပိုင်ရှင်လေး လမင်းဖြူ၏ နဖူးပြင်ပေါ်ဝဲကျနေသော ဆံနွယ်စများ ကို လက်တစ်ဖက်ဖြင့် အသာသပ်တင်ပြီးနုညက်ညက်နဖူးပြင်ကို မြတ်နိုးစွာ တစ်ချက်နမ်းရှိုက်လိုက်သည်။
လမင်းဖြူ ကြည်နူးပြုံးလေးနှင့် မျက်လုံးလေးလှန်ကြည့်ရင်း“မောင် ထောင်ထဲမှာ ဘယ်လိုနေထိုင်ဖြတ်သန်းခဲ့ရတယ်ဆိုတဲ့အကြောင်းတွေ ပြောပြတော့မယ် မဟုတ်လားဟင်”
ဆိုပြီး ဘုန်းသုခပြောပြတော့မည် မှန်းရိပ်မိပါလျှက် သေချာစေရန် အတည်ပြုချက်ရယူသည်။ ဘုန်းသုခ ပြောပြတော့မည့် အကြောင်း ခေါင်းညိတ်ပြလိုက်သည်။ လမင်းဖြူ စိတ်လှုပ်ရှားစွာ ဘုန်းသုခရင် ခွင်ထဲအပ်ထားသော ခေါင်းလေးကို ထောင်ကြည့်ကာဘုန်းသုခပြောလာမည့် စကားတွေ ကို စိတ်ဝင်စားလွန်းစွာ နားစွင့်ထောင်လေတော့သည်။
အခန်း (၂)
ဘုန်းသုခ ဘာလိုလိုနှင့် ထောင်ထဲရောက်နေတာ တစ်လပင်ကျော်လာပြီ ဖြစ်သည်။ တရားရုံးချိန်းလည်းမထုတ်သေး။ ထောင်ဝင်စာလည်းတွေ့ ခွင့်မရသေးသဖြင့် ထောင်ပုံစံထမင်းနှင့် သာ နှစ် ပါးသွားနေရလေသည်။
ထောင်ထမင်းမာမာကြမ်းကြမ်းကို သွားနှင့် အားရပါးရဖိချေကြိတ်ဝါးရင်း အလေ့အကျင့်ရလာသည်။ ညနေစာ မှန်နိုင်လွန်ဟင်းချိုဟုခေါ်ရလောက်သည့် တာလပေါဟင်းက ထမင်းပေါ်ဆမ်းရခက်နှုတ်ခမ်းမှာ တေ့သောက်ရခက်သော်လည်း နေ့လယ်စာပဲဟင်းရည်ကျဲလေးကို ပုံစံငပိနှင့် ရောနယ်စားရတာ ကတော့ သိပ်မဆိုးသလိုရှိသည်။
ဘုန်းသုခကိုယ်တိုင်ကလည်း ပဲဟင်းကြိုက်သူမို့ နေ့လယ်စာကို ပိုစားထားနိုင်သဖြင့် ညနေစာကိုလျှော့စားလို့ရနေသည်။ အပတ်စဉ်ကြာသပတေးနေ့ ညနေဆိုလျှင် အသားစားနေ့အ ဖြစ် ၀က်သားပြုတ်ကြော်တစ်တုံးရသည်။ ၀က်သားမစားသူများ ဆိုလျှင် ငါးကြော်ရသည်။ တစ်ခုဘ၀င်မကျသည်က ညနေအသားကျွေးသည့်အတွက်နေ့လယ်စာကို ပဲဟင်းမရတော့ဘဲ တာလပေါဟင်းသာပေးခြင်း ဖြစ်သည်
ဘယ်လိုပဲ ဖြစ် ဖြစ် တစ်နေ့ထမင်းနှစ် နပ်တော့ ပုံမှန်စားနေရသဖြင့် အာဟာရပြတ်ပြီးသေစရာအကြောင်းတော့မရှိဟုဖြေတွေးမိပြီး ဘာကိုမှထူးပြီးပူမနေတော့။
နေရေး အတွက်လည်း ပူစရာမလို။ ကိုးပေပတ်လည်တိုက်ခန်းကျဉ်းထဲမှာ မိုးလုံလေလုံနေရသည်။ နေပြောက်ပင်အထိုးမခံရ။အခန်းပတ်ပတ်လည် ထူထဲသော အုတ်နံရံများ ဖြင့် လုံခြုံစွာ ကာရံပေးထားသည်။ တံခါးကိုလည်း ခိုင်ခန့်သော သံတိုင်များ ဖြင့် ပြုလုပ်ကာ ဧရာမသော့ ခလောက်ကြီးနှင့် ပိတ်ခတ်ထားသည်။ အိပ်ရာခင်း၊ခေါင်းအုံး၊ စောင်၊ ခြင်ထောင်မရှိပေမယ့် ဖျာကြမ်းတစ်ချပ်ထားရှိပေးသဖြင့် သံမံတလင်းပေါ်မှာ ဖြစ်သလိုအိပ်ရန်မလိုတော့။ စားလို့ရ၊နေလို့ရသည်ဆိုသော်လည်း ၀တ်ရေး အတွက်တော့ ပူပင်လာရသည်။
ဖြစ်ပုံက သည်လို။ ဘုန်းသုခတို့ကို တစ်နေ့တစ်ကြိမ် (၁၀)မိနစ်ထက်မပိုဘဲ ရေချိုးချသည်။ ရေချိုးဆင်းရင်းနှင့် ဂန်ဖလားပါတစ်ပါတည်းယူလာပြီး စွန့်ထားသမျှအလေးအပေါ့တွေ ကို စည်ပိုင်းပြတ်တစ်လုံးထဲသွန်ချရသည်။ ပြီးလျှင် ရေချိုးရင်းနှင့် ဂန်ဖလားကိုပါရေလောင်းဆေးကြောရသည်။ ဂန်ဖလားဆိုသည်ကား အမြင့်တစ်မိုက်နီးပါး၊ အ၀အကျယ်တစ်ပေ၊ တစ်ပေခွဲဝန်းကျင်ရှိသည့် ခပ်ပက်ပက်စဥ့်အင်တုံ ဖြစ်သည်။ ထိုထဲမှာ ပဲ အပေါ့အလေးစွန့်ရသည်။
ရေချိုးဆင်းရသည့်တစ်ခဏလောက် ပျာယာခတ်ရတာ မရှိ။ရေလည်းချိုးရသေး၊ ဂန်ဖလားလည်းသွန်ပြီးဆေးရသေးသည်။အခန်းအပြင်ထွက်ခွင့်ရတုန်း အခြားအခန်းတွေ မှာ ဘယ်သူတွေ ရောက်နေသလဲ အပြေးအလွှားသွားကြည့်ရသေးသည်။ အများ စုကအပြင်မှာ ကတည်းက အဖွဲ့အစည်းအရသော်လည်းကောင်း၊ တစ်ဦးချင်းအရသော်လည်းကောင်း ချိတ်ဆက်တွဲ လုပ်ခဲ့ဖူးသူတွေ ချည်း ဖြစ်သည်။
“ဟာ - အောင်ထွန်း...မင်းတို့လည်းရောက်လာပြီလား”
“ဟာ - အေး ဘုန်းသုခ...မင်းလည်းရောက်နေတာကိုး...ဟိုဘက်အခန်းမှာ သားညွန့်ဦးတို့ နေလင်းတို့ရှိတယ်...ထွန်းမြင့်အောင်တို့ ဗသက်အောင်တို့ ညီထွေးခိုင်တို့ ရဲမော်ထူးတို့လည်းပါလာတယ်...ကျန်တဲ့ကောင်တွေ ရောပဲ”
“ဟေ ဟုတ်လား...ဒါဆို လူကုန်သလောက်ကို ပါလာတဲ့သဘောပေါ့ကွ...နေဦး ငါလိုက်နှုတ်ဆက်လိုက်ဦးမယ်”
ဘုန်းသုခပြေးထွက်ပြီး တစ်ခန်းချင်းကို အမြန်လိုက်နှုတ်ဆက်ရသည်။ဝါဒါတွေ ကလည်း ရေချိုးချရန် အခန်းများ စွာ ကျန်သေးသည့်အတွက် နောက်မှလိုက်လောပြီး အခန်းထဲကိုအတင်းပြန်ဝင်ခိုင်းသည်။
သည်ကြားထဲမှာ တစ်ယောက် အ၀တ်အစားကို တစ်ယောက် ကြည့်ပြီး ငိုအားထက်ရယ်အားသန်ကြရသည်။
“ဟာ - ဟေ့ ဟား ဟား ဟား...ဘုန်းသုခ မင်းပုဆိုးကဘယ်လို ဖြစ်ပြီး နံငယ်ပိုင်းသာသာလေး ဖြစ်နေရတာ လဲ”
စီးပွားရေး တက္ကသိုလ်ကျောင်းသား ၀င်းအောင်လွင်က သူ့အခန်းထဲမှ ရယ်သံစွက်လှမ်းအော်မေးခါမှ ဘုန်းသုခလည်း ကိုယ့်ကိုယ်ကိုယ်ပြန်ငုံ့ကြည့်မိသည်။
ဟုတ်သည်ပဲ။ ပုဆိုးက နဂိုမူရင်း၏ ထက်ဝက်မျှပင်မရှိတော့။ အဘယ်ကြောင့် ယခုလို ဖြစ်ရသနည်းဆိုသော် အလေးစွန့်ပြီးသုံးစရာ ဘာမျှမရှိသည့် အတွက် ကိုယ့်ပုဆိုးစကိုပဲ နည်းနည်း စီဖြဲပြီးအသုံးပြုရာက လုံးပါးပါးကာ အရှက်လုံရုံကာနိုင်ဖို့သာကျန်တော့သည်။
“အဟီး - ဒါ ကတော့ ဒီလိုပဲပေါ့ကွာ...ဘယ်တတ်နိုင်မလဲ...အမ် - ငါ့ကိုသာပြောနေတယ်...မင်းကိုယ်မင်းလည်းပြန်ကြည့်ဦး...ပုဆိုးတင်နံငယ်ပိုင်း ဖြစ်နေတာမဟုတ်ဘူး...အင်္ကျီပါ နံငယ်ပိုင်း ဖြစ်နေပြီ ဟား ဟား”
“အေးပါ...မင်းလည်း နောက်နှစ် ရက်သုံးရက်ဆိုရင် ငါတို့လိုပဲ အင်္ကျီနံငယ်ပိုင်းပဲဝတ်ရတော့မှာ ပါ”
ဝင်းအောင်လွင်ကဲ့သို့ ပင် ပုဆိုးနံငယ်ပိုင်းအင်္ကျီနံငယ်ပိုင်းသာကျန်တော့သည် တစ်ဖက်အခန်းမှဒ၀ှီး သံတိုင်ကြားမျက်နှာကပ်ပြီးပြောခါမှ ဘုန်းသုခလည်း ဟုတ်တာပဲဟုတွေးမိသည်။ဆန်းတော့လည်းမဆန်း။ ဘုန်းသုခတို့အားလုံး အ၀တ်တစ်ထည်ကိုယ်တစ်ခုစီနှင့် ရောက်လာကြသူချည်း ဖြစ်သည်။ ဒီကြားထဲအစာဟောင်းစွန့်ပြီး သန့်ရှင်းရေး လုပ်ဖို့ ဒုတ်လည်းမရှိ၊ စက်္ကူလည်းမပေး၊ ရေလည်းမရဆိုတော့ ၀တ်ထားသည့်အင်္ကျီပုဆိုးကိုပဲ ဖြဲဖြဲသုံးရင်း လူတွေ လည်း နို့ကုလားလိုလို၊ တာဇံလိုလိုဒီဇိုင်းတွေ ထွက်လာကြသည်။
ထိုညမှာ တော့ ဘုန်းသုခလည်း အင်္ကျီအောက်နားစကိုစတင်ဖြဲယူရလေသည်။ လုံခြုံရေး ကျိုးပေါက်မှာ စိုးသဖြင့် ပုဆိုးကိုမထိရဲတော့။
“သြော် - ဘ၀ ဘ၀”
ဘုန်းသုခ သံတိုင်တွေ ကိုမှီထိုင်ရင်း ရောက်တတ်ရာရာတွေးနေမိလေသည်။
ထိုအချိန်မှာ ပင် ညပိုင်းတာဝန်ကျဝါဒါက အခန်းရှေ့လာရပ်ပြီး
“ တစ်ယောက် တည်းတွေးမနေနဲ့ ဆွေးမနေနဲ့...ရော့ ဒီမှာ ...တွေးဖော်ဆွေးဖော်လေး”
ဟုပြောလည်းပြော လက်ထဲသို့ ဆေးလိပ်လာထည့်ပေးလေသည်။ ၀ါဒါကမ်းပေးသော စီးကရက်သုံးလိပ်နှင့် ဆေးပေါ့လိပ်နှစ် လိပ်ကိုကြည့်ပြီး ဘုန်းသုခအံ့သြ၀မ်းသာသွားသည်။
“ရော့ - ဆေးလိပ်မီးတစ်ခါတည်းညှိထား...ဒီညအဖို့နောက်ထပ် ဆေးလိပ်မီးလာမပေးတော့ဘူး”
ဝါဒါကသဘောကောင်းစွာ သူ့ဖွာလက်စဆေးလိပ်တိုကိုလှမ်းပေးသည်။ ဘုန်းသုခ မီးကူးပြီးသော စီးကရက်ကို အားပါးတရရှိုက်ဖွာလိုက်သည်။ မဖွာရတာ ကြာလို့ထင်သည်။ အင်မတန်ကိုအရသာရှိလှသည်။ သုံးဖွာခန့် အငမ်းမရဖွာပြီးမှ
“ဒါနဲ့ ဒါဘယ်သူ့ကောင်းမှု လဲဗျ”
ဟူ၍ ကျေးဇူးရှင်ဘယ်သူဆိုတာ လှမ်းမေးရသည်။ဝါဒါက အခြားအခန်းများ ကို ဆေးလိပ်လိုက်ဝေရန် အလျင်အမြန်ထွက်ခွာသွားသဖြင့် ဘုန်းသုခမေးတာကြားလိုက်ဟန်မတူ။
“ဟုတ်ကဲ့ - ဒကာတော် ရေမြေ့ရှင် ကျွန်တော် မောင်ငြိမ်းက ကျေးဇူးရှင် ဗိုလ်ဆရာသခင်များ ကို ဖွာတော် ဆက်ကြောင်းပါခင်ဗျ”
မျှော်လင့်မထားဘဲ ကိုဇော်ငြိမ်းလတ်အသံကိုကြားရသဖြင့် ဘုန်းသုခအံ့အားသင့်သွားရသည်။
“ဟင် - ကိုငြိမ်းတို့က ပြန်ရောက်နေကြတာလား...ကျွန်တော် က လွတ်တောင်သွားပြီထင်နေတာ”
“အမယ်လေး လေး...ဘာကြောင့် များ ဒီလောက်တောင်တွေးရဲရတာ လဲ မောင်ဘုန်းသုခရယ်...ကိုးရက်ကိုးလကိုးဆယ်လူထုလှုပ်ရှားမှု ကြီး ဖြစ်ပေါ်အောင် ကြံစည်ခဲ့တဲ့လူတွေ ကို စစ်အစိုးရက ဘယ်လိုသဘောကောင်းမှု မျိုးနဲ့လွှတ်ပေးမှာ တဲ့လဲ... ဖြစ်နိုင်ရင်တစ်ခါတည်း လည်ပင်းကြိုးကွင်းတန်းစွပ်ချင်နေတဲ့ဟာကို”
“အင်းလေ - အဲဒါကို ကျွန်တော် လည်းစဉ်းစားကြည့်မိပါတယ်...ဒါပေမဲ့ ရုံးထုတ်ဆိုပြီးထွက်သွားလိုက်တာ နှစ် ပတ်လောက်ကြာတဲ့အထိ ပြန်ရောက်လာတာမတွေ့ တော့ လွတ်များ လွတ်သွားလို့လားလို့ ယောင်ဝါးဝါးတွေးကြည့်လိုက်တာ...ဟုတ်တယ်လေ စစ်ကြောရေး ပြန်ဝင်ရတယ်ဆိုရင်လည်း သုံးလေးရက်ဆို ပြန်ရောက်လာတာပဲမဟုတ်လား”
“မင်းပြောသလို စစ်ကြောရေး ပြန်ဝင်ရတာ ကမှ ဟုတ်တုတ်တုတ်ရှိပါဦးမယ်...အခုဟာက ငါတို့အမှု တွဲ အားလုံးကို ၃၈၀(၅၄)နဲ့ အင်းစိန်ထောင်မကြီးက အချုပ်ဆောင်ကိုပို့လိုက်တာ”
“ဘာလဲဗျ...၃၈၀(၅၄)ဆိုတာ”
“ခိုးမှု မသင်္ကာပေါ့ ငါ့ကောင်ရဲ့ ”
“ဗျာ”
ဘုန်းသုခ ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။ နိုင်ငံရေး လှုပ်ရှားမှု ကြောင့် ဖမ်းဆီးထားပါလျှက်နှင့် ပုဒ်မ ၅/ည ကနေ ဘယ်လိုကနေဘယ်လို ၃၈၀(၅၄) ဖြစ်သွားရတာ လဲဆိုပြီး မျက်စိလည်ရသည်။
“အဲဒါ ဘယ်လို ဖြစ်ရတာ လဲဗျ”
“ဘယ်လို ဖြစ်ရမှာ လဲ...နိုင်ငံရေး သမားကို သိက်္ခာချအရှက်ခွဲချင်လို့ သက်သက်ညစ်ပတ်လိုက်တာပေါ့ကွာ”
“အေးဗျာ...ကြားရတာ ယုံတောင်မယုံနိုင်ဘူး...တော် တော့် ကို နှလုံးနာစရာကောင်းတဲ့လုပ်ရပ်ပဲ”
“အဲဒီ လောက်ကြီးလည်း ခံစားမနေပါနဲ့ကွာ...အာဏာရှင်မှန်သမျှ ဒီလိုချည်းပဲကွ...သူတို့ကိုဆန့်ကျင်တဲ့သူ သူတို့နဲ့အမြင်မတူတဲ့သူမှန်သမျှကို နှိပ်ကွပ်ဖို့နည်းလမ်းပေါင်းစုံ အမြဲဆောင်ထားပြီးသား...အာဏာရှင်တွေ ရဲ့ ညစ်ပတ်ကောက်ကျစ်တဲ့ အောက်လမ်းနည်းတွေ ကို မောင်ငြိမ်းတို့က ၇၄ ဦးသန့်အရေး အခင်းကတည်းက ဒီနေ့ထိတောက်လျှောက်ကြုံလာရတော့ အရေထူနေပြီ...ဘာပဲ ဖြစ် ဖြစ် သေချာတာ ကတော့ သူတို့ထက်အပုံကြီးသာတဲ့ကိုယ့်ရူပါကိုမနာလိုလို့ အခုလိုအကောက်ကြံတာပဲလို့မှတ်တယ်”
ဒုက်္ခကို ဟာသလုပ်ပြောနေသော ကိုဇော်ငြိမ်းလတ်စကားကြောင့် အားလုံးရယ်မိကြသည်။ ဘုန်းသုခ ကတော့ နာကျင်စွာ ပြုံးနေမိသည်။ ထောင်ထဲရောက်လို့ တစ်ယောက် နဲ့ တစ်ယောက် စကားစပ်မိကြခါမှ ဘုန်းသုခကြုံတွေ့ ခဲ့ရသည်ထက် ပိုမိုပြင်းထန်ဆိုးရွားသော စစ်ကြောရေး ဒဏ်ကို ခံစားခဲ့ရသူအချို့လည်းရှိကြောင်း သိလာရသည်။ ဦးမောင်ဝင်းအပါအ၀င် အချို့မှာ စစ်ကြောရေး မှာ ပင်ကွယ်လွန်ပြီး အသက်ဆုံးရှုံးခဲ့ရသည်။ ရက်စက်နိုင်ကြပါပေသည်။
“အေး မင်းတို့ကိုသတင်းတစ်ခုပြောရဦးမယ်...ငါတို့ကို၃၈၀(၅၄)နဲ့ ထောင်မကြီးကိုပို့လိုက်တဲ့ ထောက်လှမ်းရေး များ ရဲ့ ကျေးဇူးကြောင့် အရေး ကြီးတဲ့သတင်းတွေ သိခွင့်ရခဲ့တယ်ကွ”
ဘုန်းသုခစိတ်ဝင်စားသွားရသည်။ စကားထောက်မနေတော့ဘဲ ဆက်ပြောလာမည့်  ကိုဇော်ငြိမ်းလတ်စကားတွေ ကိုသာအသာနားစွင့်နေမိသည်။ ကိုဇော်ငြိမ်းလတ်လည်း အပြင်ရှိတာဝန်ကျဝါဒါအခြေအနေကို လှမ်းအကဲခတ်လိုက်သည်။ နေလင်းက
“ပြော ပြော ကိုငြိမ်း...လမ်းကြောင်းရှင်းတယ်”
ကိုဇော်ငြိမ်းလတ် လေသံကိုအနည်းငယ်နှိမ့်ပြီး“ဒီလိုကွ...ပြီးခဲ့တဲ့စက်တင်ဘာ ၂၅ ရက်နေ့က ထောင်မကြီးမှာ ၅/ည တော် တော် များများ ထုတ်အရိုက်ခံခဲ့ရတယ်လို့ကြားတယ်”
ဘုန်းသုခတို့လို နိုင်ငံရေး လှုပ်ရှားမှု ဖြင့် ဖမ်းဆီးခံရသူများ ကို အရေး ပေါ်စီမံချက်အက်ဥပဒေ၅/ညဖြင့် စွဲချက်တင်ထောင်ချလေ့ရှိသဖြင့် ထောင်အာဏာပိုင်နှင့် အခြားအကျဉ်းသားများ ကဘုန်းသုခတို့အား ၅/ညတွေ ဟုပဲ အလွယ်တကူခေါ်ဆိုလေ့ရှိကြသည်။ ထို့ကြောင့် ၅/ညဆိုသည်နှင့် နိုင်ငံရေး အကျဉ်းသားကိုဆိုလိုကြောင်း အလိုအလျောက်သဘောပေါက်ပြီး ဖြစ်နေကြသည်။
“ဟင် - ဟုတ်လား...ဘာ ဖြစ်လို့လဲ”
“ငါတို့စုံစမ်းလို့ရခဲ့သလောက်ဆိုရင် ဖြစ်ပုံကဒီလိုကွ....”
အားလုံးစိတ်ဝင်တစားသိချင်နေကြပြီမှန်း သဘောပေါက်နေသည့်အတွက် ကိုဇော်ငြိမ်းလတ်ကလည်း သူသိခွင့်ရသလောက်ကို မြန်မြန်ဆန်ဆန်ပြန်ပြောပြသည်။
အင်းစိန်ထောင်ပိုင်ကြီး ဦးဘိုကြည်သည် ထောင်အုပ်ချုပ်ရေး ကျွမ်းကျင်သူ တစ်ယောက် အ ဖြစ် သတ်မှတ်ခံထားရသူ ဖြစ်သည်။ရှစ်လေးလုံးဒီမိုကရေစီရေး လှုပ်ရှားမှု ကာလအတွင်းက ထောင်အချို့တွင် ဆူပူမှု များ ဖြစ်ပေါ်ခဲ့သည်။ သို့ရာတွင် နာမည် ကျော်သာယာဝတီထောင်ကမူ ငြိမ်ချက်သားကောင်းခဲ့သည်။ ထိုစဉ်က သာယာဝတီထောင်ပိုင်ကြီးအ ဖြစ်တာဝန်ယူခဲ့သည့် ဦးဘိုကြည်က ထောင်ဆူရန်တာဆူလာသည့်အကျဉ်းသားများ ကိုမကြာခင်လွှတ်ပေးရန်ရှိကြောင်းအချိုသတ်ပြီး ပရိယာယ်သုံးနိုင်ခဲ့ခြင်းကြောင့် ဖြစ်သည်ဟု ကြားဖူးသည်။ ထို့အတွက် ဦးဘိုကြည်နာမည် ကောင်းရပြီး အင်းစိန်ထောင်ပိုင်အ ဖြစ် တိုးမြှင့်တာဝန်ပေးခံရခြင်း ဖြစ်သည်။
အင်းစိန်ထောင်ပိုင်ကြီး ဖြစ်သော ဦးဘိုကြည်သည်အဆောင်များ ရှိ ၅/ည များ ကို တစ်ဆောင်တည်းတွင် ကြာရှည်မထားဘဲ တစ်လတစ်ခါ၊ နှစ် လတစ်ခါဆိုသလို တစ်ဆောင်မှတစ်ဆောင်သို့ ပြောင်းရွှေ့ထားရှိလေ့ရှိသည်။ ထိုသို့ အဆောင်တွေ ကိုအလှည့်ကျထားရှိနေရာမှ အလုပ်တာဝန်ပေးသည့် လေဘာချမည့် ကိစ္စအပေါ် ၅/ညများ မကျေမလည် ဖြစ်လာကြသည်။
ဦးဘိုကြည်က ပြဿနာမှရှောင်လွှဲနိုင်ရန် တိုက်မှာ နေလိုသူများ ကို တိုက်ခန်းများ သို့ပို့ဆောင်ပြီး အဆောင်မှာ နေလိုသူများ ကိုအဆောင်မှာ ဆက်လက်နေထိုင်ခွင့်ပေးသည်။ ဒီလိုနှင့် သီးသန့်ထောင်ရှိ တိုက်ခန်းများ နှင့် စစ်ခွေးတိုက်တို့ကို လူခွဲပို့လိုက်သည်။စစ်ခွေးတိုက်တွင် ဇော်မျိုးအောင်၊ ဇော်ရဲဝင်း၊ ရဲအောင်၊ ကျော်ကျော်သိန်းတို့အပါအ၀င် ၅/ည ဦးရေ ၅၀ ကျော်ခန့်ရှိသည်။
ထိုအချိန် အပြင်မှာ ရွေးကောက်ပွဲအနိုင်ရ NLD ပါတီကိုအာဏာလွှဲပေးရေး တောင်းဆိုမှု ပြင်းထန်နေချိန် ဖြစ်သည်။ စစ်ခွေးတိုက်ရှိ ၅/ည များ က NLD ပါတီအား အာဏာလွှဲပြောင်းပေးရေး နှင့် ဂန်္ဒီကြေညာချက်ကိုထောက်ခံကြောင်း နိုင်ငံရေး အရတောင်းဆိုမှု ပြုလုပ်ပြီး ထောင်တွင်း၌ လည်း စာဖတ်ခွင့်ရရှိရေး အပါအ၀င်အကျဉ်းထောင်လက်စွဲဥပဒေပါခံစားချက်များ ကို တောင်းဆိုလှုပ်ရှားမှု အ ဖြစ် အစာငတ်ခံဆန္ဒပြဖို့ဆုံးဖြတ်ပြီး တိုက်ပွဲဝင်ကြလေသည်။
အစာငတ်ခံဆန္ဓ္ဒ္ဒပြသူများ ကို စစ်ခွေးတိုက်မှာ မထားတော့ဘဲ အဆောင်များ သို့ ပြန်ပို့လေသည်။ ဆန္ဒပြသူများ အဆောင်သို့ ပြန်ရောက်သွားရာ အဆောင်ရှိ ၅/ညများ ကလည်း အတူတကွပူးပေါင်းတိုက်ပွဲဝင်ကြရာ အစာငတ်ခံဆန္ဒပြသူဦးရေ တမဟုတ်ချင်းတိုးပွားလာသဖြင့် ထောင်အာဏာပိုင်လည်း မျက်လုံးပြူးသွားရလေသည်။ အစာငတ်ခံဆန္ဒ္ဒပြ မှု များ ရပ်ဆိုင်းရန်ဖြောင်းဖျမှု များ ပြုလုပ်လာရသည်။ တစ်ဦးချင်းခေါ်တွေ့ ပြီး စည်းရုံးနားချမှု များ လည်းပြုလုပ်ကြသည်။ သို့ သော် ထောင်အာဏာပိုင်များ ၏ ကြိုးစားမှု မှာ အရာမထင်သည့်အပြင် တိုက်ခန်းများ တွင် ထားရှိသည့် ၅/ညများ သည်လည်း အစာငတ်ခံဆန္ဒပြကြရန် ဆွေးနွေးဆုံးဖြတ်လာသည်အထိ ထောင်တွင်းတိုက်ပွဲအရှိန်က မြင့်တက်လာသည်။
ထောင်ပိုင်ဦးဘိုကြည်က အဆောင်များ ရှိ အစာငတ်ခံဆန္ဒပြသူများ ကို စစ်ခွေးတိုက်သို့ ပြန်ပို့ပြီးနောက် ထောင်ဆရာဝန်ဒေါက်တာစိုးကြည်၏ အကြံပေးချက်အရ ရေပါဖြတ်လိုက်လေသည်။ ရေမသောက်ရသည့်အခါမှာ တော့ အစာငတ်ခံဆန္ဒပြသူများ အားအင်လုံးဝပြတ်ကာ မူးမေ့လဲကျကုန်ကြလေသည်။
စစ်ခွေးတိုက်ရှိ အစာငတ်ခံဆန္ဒပြသူများ ကို ရေဖြတ်လိုက်သဖြင့် မူးမမေ့လဲကျသတိလစ်ကုန်ကြပြီဆိုသော သတင်းက တစ်ထောင်လုံးသို့ ပြန့်နှံ့ရောက်ရှိသွားသည်။ အဆောင်များ ရှိ ကျန်ရှိ၅/ညများ ကလည်း အစာငတ်ခံဆန္ဒပြကြောင်းကြေညာလိုက်လေသည်။ အမျိုးသမီးအချုပ်ဆောင်တွင် ထားရှိသည့် အမျိုးသမီး၅/ညများ ကလည်း အစာငတ်ခံဆန္ဒပြတိုက်ပွဲဝင်ကြသည်။ တိုက်အသီးသီးမှရဲဘော်များ လည်း အချိန်းအချက်လုပ်ပြီး တိုက်ပွဲနည်းလမ်းကို ဆွေးနွေးနေကြပြီ ဖြစ်သည်။ တောင်းဆိုချက်များ နဲ့ တိုက်ပွဲပမာဏကိုညှိနှိုင်းနေကြပြီ ဖြစ်သည်။ ထိုအချိန်မှာ ပင် ကြိုးတိုက်နှင့် ၂-တိုက်ရှိဦးသော်ကအပါအ၀င် ၅/ညများ စတင်အော် ဟစ်ဆန္ဒပြကြလေသည်။ ထိုအခါ အခြားတိုက်များ တွင် လည်း အလှည့်ကျမိန့်ခွန်းပြောကြ၊ တောင်းဆိုချက်တွေ အော်ဟစ်ကြနှင့် တိုက်ပွဲအရှိန် ရုတ်ချည်းမြင့်တက်သွားလေသည်။
ထောင်ပိုင်ဦးဘိုကြည်က ဉာဏ်နီဉာဏ်နက်များ သူပီပီ၅/ညများ ၏ သံပြိုင်အော်ဟစ်သံကို ထောင်ပြင်ပမှ သတိပြုမိမည် ကိုစိုးရိမ်သဖြင့် ထောင်အုတ်ရိုးပေါ် လော်စပီကာများ တင်ပြီးသီချင်းတွေ ကို ကျယ်လောင်စွာ အဆက်မပြတ်ဖွင့်ထားစေလေသည်။
၅/ညများ ရင်အနာဆုံးသီချင်း ကတော့ ဟင်္သာတထွန်းရင်၏ စာဥရေငါအရောက်ပြန်ခဲ့မယ်ဆိုသည့်သီချင်းပဲ ဖြစ်သည်။အဘယ်ကြောင့် ဆိုသော် ထိုစာဥသီချင်းကိုဖွင့်ထားပြီး တိုက်ခန်းများ ရှိ၅/ညများ နှင့် အဆောင်ရှိ၅/ညများ ကို မျက်နှာအိတ်စွပ် တုတ်နှင့် ၀ိုင်းရိုက်ကြသော ကြောင့် ဖြစ်လေသည်။ ရိုက်နှက်ရာတွင် လည်း
မြေကြီးပေါ် မှော က်ခိုင်းထားပြီး မျက်နှာကို စစ်ဖိနပ်ဖြင့် နင်းထားကာခန္ဓာကိုယ်အနှံ့ကို ဂန်းပိုက်များ ၊ နံပါတ်တုတ်များ ဖြင့် အချက်ပေါင်းမရေတွက်နိုင်အောင် ၀ိုင်းရိုက်ကြခြင်း၊ ခန္ဓာကိုယ်ပေါ်တက်ခုန်ကြခြင်းတို့ကို မညှာမတာပြုကြခြင်း ဖြစ်သည်။ အချို့ထောင်အာဏာပိုင်များ က ၅/ညအချို့၏ ပါးစပ်မှ “ကြောက်ပါပြီရှင့်”ဟု မပြောမချင်းဆက်ရိုက်ကြသည် ဖြစ်ရာ ၅/ညများ အတော် လေးအထိအခိုက်များ ခဲ့ကြသည်။ အာဏာရှင်အစိုးရများ ကိုပင် အာခံတိုက်ပွဲဝင်ခဲ့သမျှထောင်ထဲရောက်ကာမှ ထောင်ဝါဒါများ လက်ထဲမှာ ယောက်ျားတန်မဲ့“ရှင်”တပ်ပြောရမည့် ကိစ္စက တမင်သက်သက်အရှက်ခွဲခြင်းသာ ဖြစ်သည်။
“နှမဇောင်း ၅/ည တွေ ...လူပါးဝလွန်းအားကြီးလို့ ဘယ်တော့များ ဆွမ်းကြီးလောင်းရမလဲဆိုပြီး ဂန်းပိုက်စာကျွေးချင်လို့စောင့်နေတာကြာပြီ...တွေ့ ကြပြီပေါ့ကွာ”
ဝါဒအများ စု လက်ယားနေသမျှအကြိုက်တွေ့ ပြီး သေမတတ် ရိုက်နှက်ကြလေသည်။ ၅-တိုက်မှ ၀ါဒါတစ်ဦးဆိုလျှင် တိုက်မှာ အစောင့်အ ဖြစ်နေခဲ့ရ၍ အခြားဝါဒါများ လက်စွမ်းပြနေခွင့်ရနေချိန်မှာ သူလက်စွမ်းပြခွင့်မရ၍ ဖင်တကြွကြွဖြင့် နေမထိထိုင်မသာ ဖြစ်နေရသည်အထိပင်။ သွားပြီးရိုက်ခွင့်မရသည့်အဆုံး ရိုက်နှက်ပြီးပြန်ခေါ်လာသည့် ၅/ညများ ဒယီးဒယိုင်ဖြင့် တိုက်ဝင်းထဲဝင်လာသည်နှင့် မျက်နှာကိုခုန်ခုန်ကန်လေသည်။ ခုန်ကန်ရာမှ အကန်ခံရသူကျော်တင့်၏ မျက်နှာကိုစွတ်ထားသော အ၀တ်အိတ်က ကျွတ်သွားလေသည်။
“ခင်ဗျားဘာလို့လုပ်တာလဲ”
ဟု တအံ့တသြမေးရာ
“သူများ တွေ ရိုက်ရပြီး ကျုပ်ကမှမရိုက်ရတာ ...ကျုပ်လည်းရိုက်ချင်တာပေါ့...ဒါကြောင့် ခုလိုလုပ်ပြီး ကျုပ်စိတ်ကိုဖြေတာ”
ဆိုပြီးပြန်ပြောရာ ၅/ညတွေ လည်း ထူးပြီးအံ့သြမနေကြတော့ပါ။ ထိုနေ့က ပြောစမှတ်ပြုပြောကျန်ခဲ့သည့် အ ဖြစ်အပျက်တစ်ခုရှိသေးသည်။
နောင်တွင် တာရာမင်းဝေဟုကျော်ကြားလာမည့်  ချစ်ညီညီ(ခေါ်)ရွှေဘုန်းလူက
“ဟေ့လူတွေ - ကျုပ်တို့ကိုမရိုက်နဲ့...ကျုပ်တို့ကျောင်းသားတွေ ဗျ”
ဟု ရိုက်နှက်မှု ကိုဟန့်တားရာ ရိုက်နှက်မှု ကို အနီးကပ်တာဝန်ယူကြပ်မတ်နေသူ အကျဉ်းဦးစီးဌာန ဒုတိယညွှန်ကြားရေး မှူးချုပ်ဒုတိယဗိုလ်မှူးကြီးအုံးဟန်က
“အေးလေကွာ...မင်းတို့က ကျောင်းသားတွေ မို့လို့ တို့ကလည်း ကျောင်းဆရာတွေ အနေနဲ့ ဆုံးမနေတာပေါ့ကွ”
ဟူ၍ အရေး မစိုက်ဟန်ပြန်ပြောရင်း ဆက်ရိုက်ခိုင်းခဲ့လေသည်။ ထိုနေ့သည် ၁၉၈၉၊ စက်တင်ဘာလ၊ (၂၅)ရက်နေ့ ဖြစ်သည်။ကိုဇော်ငြိမ်းလတ်တို့ပြောတာနားထောင်ပြီး ဘုန်းသုခတို့အားလုံးလည်း အံတကြိတ်ကြိတ် တက်ခေါက်မိကြသည်။
“တောက်”
“ဒေါင်...ဒေါင်...ဒေါင်...ဒေါင်”
“အိပ်ချိန်ရောက်ပြီ...စကားသံတွေ တိတ်မယ်...အားလုံးအိပ်မယ်”
ထောင်ဗူးဝမှ ညကိုးနာရီသံချောင်းခေါက်သံနှင့် ညတာဝန်ကျဝါဒါ၏ အိပ်ချိန် သတိပေးသံကိုကြားရသည်။
“ဘော်ဒါတို့ ဂွတ်နိုက်”
လှမ်းအော်နှုတ်ဆက်ပြီး စောင်၊ ခြင်ထောင်၊ မွေ့ရာ၊ ခေါင်းအုံးကင်းမဲ့သော ၀ါးဖျာကြမ်းပေါ်လှဲချလိုက်သည်။ အိပ်စက်ရန်ကြိုးစားသော်လည်း မျက်လုံးကမှိတ်လို့မရ။ စာဥသီချင်းသံအောက်မှ ငရဲခန်းကိုသာမြင်ယောင်နေမိသည်။ အိပ်မရသည့်အဆုံး နေရာမှထကာ တံခါးပေါက်မှာ သွားပြန်ထိုင် သံတိုင်များ ကြားမှ အင်းစိန်ထောင်မကြီးဆီသို့ မျှော်ကြည့်မိသည်။
အခန်းတွေ ကိုလိုက်ကြည့်ပြီး စစ်ဆေးနေဟန်တူသော ညတာဝန်ကျဝါဒါက အခန်းရှေ့ရောက်လာသည်။
“မင်းမအိပ်သေးဘူးလား...အိပ်ချိန်ရောက်ပြီ အိပ်တော့”
“မီးခြစ်ပါရင် မီးတစ်တို့လောက်ဗျာ”
ဝါဒါက သူအိပ်ခိုင်းနေသည့်ကြားထဲက ဆေးလိပ်မီးညှိဖို့မီးခြစ်ငှားနေသည့်ဘုန်းသုခကို မျက်မှော င်ကုတ်ပြီး တစ်ချက်ကြည့်သည်။ ပြီး ဘာမှမပြောတော့။ ဘောင်းဘီအိတ်ထဲမှ ဂတ်စ်မီးခြစ်ကိုထုတ်ကာ မီးခြစ်လိုက်ပြီးနောက် သံတိုင်အနီးသို့ ရောက်အောင်လက်ဆန့်တန်းတိုးပေးသည်။
ဘုန်းသုခလည်း မျက်နှာကိုရှေ့တိုးပြီး သံတိုင်ကြားထဲမှဆေးလိပ်မီးလှမ်းကူးရသည်။ ဆေးလိပ်မှာ ဆေးလိပ်မီးစွဲသည်နှင့် တစ်ချက်ခပ်ပြင်းပြင်းလေးဖွာရှိုက်လိုက်သည်။ ထို့နောက် မည်းမှော င်နေသော ကောင်းကင်ကြီးကိုမော့ကြည့်လိုက်သည်။ အခန်းကျဉ်းလေးထဲမှနေ၍ အပြောကျယ်သော ကောင်းကင်ကြီးကို သိမ်းပိုက်အောင်နိုင်ရေး စကားသံများ ကို ဆေးလိပ်မီးခိုးများ ကသယ်ဆောင်၍ မိုးပေါ်သို့ လိပ်တက်သွားကြလေသည်။
အခန်း (၃)
သလာစီတယ်ဆိုတာ ပထမဦးဆုံးကြားဖူးကြုံဖူးခြင်း ဖြစ်သည်။ အရာရှိအရာခံများ အပါအဝင် ဝါဒါများ အင်အားပြလျက်တစ်ခန်းချင်းနှံ့နှံ့စပ်စပ် ဝင်ရောက်ရှာဖွေရေး လုပ်ခြင်း ဖြစ်သည်။အခန်းထဲ သလာစီနေ၍ ဘုန်းသုခအပြင်ထွက်ကာ ကျောပေးထိုင်နေရလေသည်။
သလာစီမယ့်သာစီကြသည်။ ထောင်ဝင်စာလည်းတွေ့ ခွင့်မရသေး၊ ရုံးချိန်းလည်းမထုတ်သေးသဖြင့် အခန်းထဲမှာ ဘာပစ္စည်းမျှမရှိသည့် အပြင် ရှိတာလေးတွေ တောင်လျော့လျော့လာသည်။အခြားတော့ မဟုတ်။ အဖမ်းခံရကတည်းက တစ်ပါတည်းပါရှိလာသည့်ပုဆိုးကလည်း အလေးအပင်စွန့်ပြီး ဖြဲဖြဲသုံးနေရသဖြင့် ဒူးခေါင်းအထက်သို့ ရောက်ရှိသည်အထိ တိုတိုတုတ်တုတ် ဖြစ်နေပြီ ဖြစ်သည်။အင်္ကျီကလည်း ချက်အထက်ရောက်သည်ထိ တိုနှံ့နှံ့လေး ဖြစ်လို့နေပေပြီ။ ပုဆိုးနှင့် အင်္ကျီကို သည့်ထက်ဆက်သုံးလျှင်လည်း ကမ္ဘာဦးလူသားဘဝကိုရောက်တော့မည် မို့ ဖျာစတွေ ကိုချိုးသုံးရင်သုံးရင်း ဖျာပင်ဖျာရုပ်မပေါက်တော့။
''ရပြီ ပြန်ဝင်တော့''
အခန်းထဲ သလာစီပြီးသည်နှင့် ဘုန်းသုခကို အခန်းထဲပြန်ထည့်ကာ သံတိုင်တံခါးကိုပြန်ပိတ်သော့ ခတ်လေသည်။ရှာဖွေရေး ပြီးဆုံး၍ တန်းဖြုတ်သံချောင်းခေါက်သံကြားပြီးနောက် သိပ်မကြာခင် အဆောင်မှူးနှင့် ဝါဒါတစ်ဦးက ဘုန်းသုခအခန်းရှေ့ပြန်ရောက်လာကြသည်။ ဘာလုပ်မလို့ပါလိမ့်ဟု ဘုန်းသုခစူးစမ်းကြည့်နေဆဲမှာ ပင် အဆောင်မှူးက
''ရော့ - ဒီမှာ ''
ဆိုပြီးကမ်းပေးသဖြင့် လှမ်းယူကြည့်ရာ ချည်ခပ်ကြမ်းကြမ်းဖြင့် ရက်ပြီးချုပ်ထားသော ထက်အောက်အဖြူရောင် ဝတ်စုံတစ်စုံကိုတွေ့ ရသည်။
''ဒါတွေ က ထောင်ကျရင်ဝတ်တဲ့ ထောင်ကျဝတ်စုံတွေ ကွ...မင်းတို့မှာ ဝတ်စရာမရှိလို့ ခဏထုတ်ပေးထားတာ...ရုံးထွက်နေ့ကျရင် ပြန်အပ်ခဲ့ရမယ်...အပြင်ကိုဝတ်သွားလို့မရဘူး''
ဟုဆက်ပြောသည်။ ဘာပြောပြော ဘုန်းသုခအတွက်ကတော့ ဝတ်စရာရ၍ တော် ပေသေးသည်။ ဒါကလည်း အခြားအခန်းမှ ၅/ည တစ်ယောက် က ဝတ်စရာအခက်အခဲ ဖြစ်နေ၍ အိမ်ကိုအဝတ်အထည်မှာ ခွင့်ပေးရန်တောင်းဆိုရာ အိမ်သို့ အဝတ်အထည်မှာ ခွင့်မပြုနိုင်သေးသည့်အတွက် ထောင်ပုံစံဝတ်စုံထုတ်ပေးခြင်း ဖြစ်ကြောင်း သိရသည်။
အခန်း (၄)
ညနေစာစားပြီး၍ ဘာမှလုပ်စရာမရှိတော့သဖြင့် အခန်းထဲမှာ လှဲပြီး ဟိုဒီတွေးနေတုန်း
''ဘုန်းသုခ ထွက်...အခန်းပြောင်းမယ်''ဟုဆိုပြီး တံခါးဖွင့်ပေးသဖြင့် အခန်းထဲမှထွက်ရသည်။အဆောင်မှူးက အခန်းတံခါးကိုပိတ်ပြီး သော့ ခလောက်ခတ်မည် ပြုရင်း
''ဟာ - မင်း ကတော့ပြဿနာရှာပြန်ပြီ''ဟု ဘဝင်မကျသလိုရေရွတ်ပြောဆိုရင်း အခန်းထဲဝင်သွားလေသည်။
''ဒီအခန်းမှာ ဟိုစောစောပိုင်းတုန်းကနေသွားတဲ့ကောင်တွေ တုန်းကလည်း ဒီလိုပဲခွပ်ဒေါင်းပုံဆွဲလို့ ပြဿနာတက်ပြီးပြီ...အဲဒါကြောင့် ငါတို့က ပြန်ဖျက်ထားတာကို မင်းကအခုပြန်ဆွဲထားပြန်ပြီ...တော် သေးတာပေါ့ကွာ...သလာစီတုန်းက ဘယ်သူမှမတွေ့ သွားလို့...နို့မို့ မင်းတော့လွယ်မှာ မဟုတ်ဘူး...ဟေ့ကောင် -အဝတ်စုတ်တစ်ခုရှာ ရေစွတ်ပြီးလာဖျက်''
ဟု ဝါဒါကိုလှည့်အမိန့်ပေးသည်။
ဒီအခန်းမှာ နေခဲ့ဖူးသူ တစ်ယောက် ယောက် က လက်ရာမြောက်စွာ ရေး ဆွဲထားသည့်ခွပ်ဒေါင်းပုံ ဖြစ်သည်ဆိုတာ ကတော့ သေချာပါသည်။ ဖျက်ပြီးထုံးသုတ်ထားသော်လည်း ကောက်ကြောင်းရာရေး ရေး လေးကရှိနေသေးသည်။ ဘုန်းသုခ အုတ်နီခဲအကျိုးစလေးဖြင့် ထိုကောက်ကြောင်းအတိုင်းထပ်ဆွဲခဲ့ခြင်း ဖြစ်သည်။
''အောင်မာ ကြည့်ပါဦး...ပုံဆွဲရုံနဲ့အားမရသေးလို့ စာတွေ တောင်ရေး ထားလိုက်သေးတယ်''အဆောင်မှူးလည်း ခွပ်ဒေါင်းပုံကို ရေစိုအဝတ်ဖြင့် ခပ်ကြမ်းကြမ်းသုတ်ပြီး ဖျက်နေသော ဝါဒါအားကြည့်နေရင်း ဘုန်းသုခရေး သားထားသည့် ကဗျာကိုတွေ့ သွားပြန်သည်။
'' အသံငါတို့ရဲ့ အသံအဲဒီ အသံဟာလှိုင်းတံပိုးတွေ ကိုအံတုမုန်တိုင်းတွေ ကိုကျော်ဖြတ်ကျောက်တောင်ကိုထွင်းဖောက်အမှန်တရားရဲ့ ပေါက်ကွဲအော်ဟစ်သံဟာစကြဝဠာနံရံကိုထိမှန်ရိုက်ခတ်ပြီးကမ္ဘာတည်သရွေ့ ပဲ့တင်ထပ်နေစေရမယ်ဟေ့''
ဟု အသံထွက်ဖတ်ပြီးနောက်
''ဘုန်းသုခဆိုတဲ့ကောင် ကတော့ကွာ...ကိုယ့်ဒုက္ခကိုယ်အတော် ရှာတဲ့ကောင်ပဲ...ထောင်ကိုဘာမှတ်နေလဲ...မင်းကို ရုံးတင်လိုက်ရင် ရိုက်နှက်တိုက်ပိတ်ခံရမှာ သေချာတယ်...ဒီတစ်ခါတော့ ငါလည်းစိတ်ကောင်းဝင်ပြီး ဘာပြဿနာမှမရှာချင်လို့ အသာထားလိုက်မယ်...နောက်တစ်ခါဆိုရင်တော့ မလွယ်ဘူးမှတ်''ပါးစပ်ကပြောလည်းပြော လက်ကလည်း မျက်နှာကိုအဝတ်အိတ်စွပ်လိုက်သည်။ ဘုန်းသုခဘာမှမမြင်ရတော့။ ဝါဒါ တစ်ယောက် က ဘုန်းသုခကို လက်မောင်းတစ်ဖက်ကိုင်ပြီး ဆွဲခေါ်သွားသည်။သိပ်ကြီးဝေးဝေးမလျှောက်လိုက်ရ။ တစ်နေရာရောက်တော့ခေတ္တရပ်ခိုင်းသည်။ သော့ ခလောက်ဖွင့်သံနှင့် သံတံခါးဆွဲဖွင့်သံကိုကြားရသည်။ မျက်နှာကိုစွပ်ထားသော အဝတ်အိတ်ကို ဆွဲချွတ်လိုက်ပြီး
''ကဲ - ဒါ အခုမင်းနေရမယ့်အခန်းပဲ''
ဟုညွှန်ပြရင်း ကိုးပေပတ်လည်ခန့်ရှိမည့်  တိုက်ခန်းကျဉ်းထဲဝင်စေပြီး တံခါးကိုပြန်ပိတ်ကာ သော့ ခလောက်ကြီးတစ်လုံးနှင့် ခတ်ပြီးထွက်သွားသည်။
ဘယ်ကိုပို့လိုက်တာလဲဟုသိချင်စိတ်ဖြင့် သံတိုင်ကြားမှလှမ်းကြည့်ရာ သိပ်ဝေးဝေးပို့သည်မဟုတ်ဘဲ အဆောင်(၂)နှင့် ထောင့်မှန်ကျနေသည့် အဆောင်(၁)သို့ ပို့လိုက်ခြင်း ဖြစ်ကြောင်းသိရသည်။ဘုန်းသုခ စူးစမ်းကြည့်ရှုနေဆဲမှာ ပင် လူတွေ ကို အခန်းအပြောင်းအရွှေ့တွေ လုပ်နေသည်ကိုတွေ့ ရသည်။ လူသစ်တွေ ထပ်ဝင်လာသည်ကိုလည်းသတိပြုမိသည်။ မျက်နှာကိုအဝတ်အိတ်တွေ စွပ် စောင်တွေ အုပ်ပြီးခေါ်လာသဖြင့် ဘယ်သူဘယ်ဝါဆိုတာ မသိရဘဲ ဖြစ်နေသည်။ ထိုသို့ ကြည့်နေရင်းနှင့် မှ ဘုန်းသုခအခန်းသို့ လူနှစ် ယောက် ထပ်ထည့်လေသည်။ မျက်နှာမှာ စွပ်ထားသော အဝတ်အိတ်တွေ ကိုဖယ်လိုက်သော အခါ လှမျိုးနောင်နှင့် ဝင်းအောင်လွင်တို့ ဖြစ်နေသည်ကိုတွေ့ ရသည်။
ညနေ ထောင်ပိတ်ချိန်ရောက်တော့ တစ်ခန်းကျော်မှာ ရှိနှင့် နေသည့်ငွေထွန်းက
''ဘော်ဒါအသစ်တွေ ရောက်တဲ့အထိမ်းအမှတ်နဲ့ သီချင်းတစ်ပုဒ်လောက်စီ ချီးမြှင့်ပါဦးဗျို့''
ဟုပွဲတောင်းသည်နှင့် ဖိုးဆိုချင်ဝင်းအောင်လွင်က ချက်ချင်း ဆိုသလို နေရာမှထကာ တံခါးပေါက်နားသွားရပ်သည်။ ထို့နောက်သံတိုင်ကိုလက်နှင့် ကိုင်ပြီး အပြတ်ဟဲလေသည်။
''ဟိုတုန်းက xxx ညနေခင်းများ xxx ကြည်ပြာကန်ဘေးမှာ xxx .......''
ခင်မောင်တိုး၏ ဝေးခဲ့ပြီပန်းခရမ်းပြာကို သီဆိုပြီးနောက်ဘုန်းသုခကို ဆက်လက်သီဆိုမည့် သူအ ဖြစ် ပွဲထုတ်ကြေညာလေသည်။ ဘုန်းသုခ နေရာမှထပြီး ဝင်းအောင်လွင်နှင့် နေရာချိန်းလေသည်။
''နေဝင်ညကို ကူးဖြတ်ပြီးမှ xxx ရောင် နီသာတဲ့ နေ့သစ်ကိုရောက်မယ် xxx အရှုံးမပေးနဲ့ မိငယ်ရေ xxx ရဲရင့်မှကျော်ဖြတ်သွား xxx .......''
ဘုန်းသုခ အရှုံးမပေးနဲ့မိငယ်သီချင်းကို သီဆိုပြီးနောက်ကျန်အခန်းများ ကလည်း အလှည့်ကျသီဆိုကြသည်။ ဒီလိုဆိုတော့လည်း တက္ကသိုလ်မှာ ကျောင်းသူအဆောင်တွေ ရှေ့မှာ ညစဉ်ဂစ်တာတီး သီချင်းသွားသွားဆိုကြတာကို သတိရမိသည်။ လွမ်းသွားသည်။
အဆောင်(၂)သို့ ပြောင်းပြီး နှစ် ပတ်ခန့်အကြာမှာ တော့ဘုန်းသုခရုံးချိန်းထွက်ခွင့်ရသည်။ မမြင်ရတာ ကြာပြီ ဖြစ်သော ပြင်ပလောကသဘာဝ ကို ပြန်လည်မြင်တွေ့ ခံစားခွင့်ရပြီဆိုသော အတွေးမှမဆုံးသေး ရုံးထုတ်လာခေါ်သော ရဲများ က အင်းစိန်ထောင်ဝင်းအတွင်းမှာ ပင်ရှိသော အထူးတရားရုံးတွင် ၁၄ ရက် ရမန်ယူပြီးထောင်ထဲပြန်ထည့်လိုက်သည်။
၁၄ ရက်ပြည့်မြောက်၍ ရဲများ ရုံးထုတ်လာခေါ်သော အခါအင်းစိန်ထောင်ဝင်းအတွင်းရှိ အထူးတရားရုံးကိုပဲထုတ်မည် ဟုထင်ထားသော်လည်း ကမာရွတ်မြို့နယ်တရားရုံးသို့ ခေါ်သွားသဖြင့် မမြင်တွေ့ ရတာ ကြာပြီ ဖြစ်သော ပြင်ပလောကကိုပြန်လည်မြင်တွေ့ ခွင့်ရသည်။ အထူးသဖြင့် ကမာရွတ်မြို့နယ်တရားရုံးက ပြည်လမ်းတွင် တည်ရှိသော ကြောင့် အင်းလျားကန်နှင့် ရန်ကုန်တက္ကသိုလ်ကိုပြန်လည်မြင်တွေ့ ရသည်က လွမ်းစရာတော် တော် ကောင်းသည်။ပျော်ရွှင်စွာ ပညာသင်ခဲ့ရသည့် မိခင်တက္ကသိုလ်ကို ဘုန်းသုခတစ်ယောက် လက်ထိပ်တန်းလန်းနှင့် လှမ်းကြည့်ရသည်။ ရင်ထဲအတော် မကောင်း။ အသည်းနာစရာကောင်းသည်။ တစ်ခါတစ်ရံပိတ်လှောင်သော အပြာရောင် အချုပ်ကားသံတိုင်ကြားမှနေ၍ မိခင်တက္ကသိုလ်ကို တမ်းတမ်းမက်မက်လှမ်းကြည့်ရသည့်ခံစားမှု မျိုးက ဆို့နင့်စရာကောင်းပြန်သည်။
၁၄ ရက်တစ်ခါ ရုံးချိန်းပေးနေသော တရားရုံးမှာ အမှု နှင့် ပတ်သက်၍ မည် သည့်စစ်ဆေးစီရင်မှု မျိုးမှမပြုဘဲ ညနေစောင်းသည်နှင့် ထောင်ကိုပြန်လာရသည်သာ ဖြစ်သည်။ တစ်ခုတော့ရှိသည်။ရုံးချိန်းထွက်ရသဖြင့် ထောင်ထဲမှာ ချည်းပဲ ပျင်းရိနေသည့်ဒုက္ခကအခိုက်အတန့်လွတ်မြောက်သည်။ မိသားစုနှင့် အလွမ်းပြေတွေ့ ခွင့်ရသည်။ အိမ်ကထည့်ပေးသည့် အစားအသောက်များ ကို ပါဆယ်ဆွဲလာနိုင်သဖြင့် အရင်လိုတာလပေါဟင်းနှင့် စိမ်းစားငပိဖုတ်နှင့် သာနှစ် ပါးသွားနေစရာမလိုတော့။ အင်္ကျီအဝတ်အစားလည်း သုံးလေးစုံဆောင်ထားနိုင်သဖြင့် တာဇံဘဝလည်းရောက်စရာမလိုတော့။
ရာသီဥတုက ဆောင်းရာသီရောက်လာသဖြင့် အနည်းငယ်အေးလာသည်။ ထို့ကြောင့် အိမ်ကိုအနွေးထည်မှာ ရသည်။ ဘုန်းသုခ၏ အမေက ဘုန်းသုခနှစ်သက် စွာ ဝတ်ဆင်လေ့ရှိသည့် အနက်ရောင် ဂျာကင်ကိုထည့်ပေးသည်။ ထိုဂျာကင်ကလည်း သမိုင်းနှင့် ဂျာကင်၅၂ ၅၃ ဖြစ်သည်။ ကွယ်လွန်သွားရှာပြီ ဖြစ်သည့် ဘုန်းသုခ၏ အဖိုးထံမှ ဘုန်းသုခ၏ ဖခင်ဆက်ခံရရှိထားသည့် ဘုန်းသုခဖခင်အတွက် တစ်ခုတည်းသော အမွေလည်းပဲ ဖြစ်နေပြန်ရှာသည်။ ဘုန်းသုခကြိုက်သည်ဆို၍ ဖခင်က ကြိုက်ရင်ဝတ်ဆိုပြီး တစ်ဆင့်ပြန်လည်ပေးအပ်ထားခြင်း ဖြစ်သည်။
လှမျိုးနောင်က သူရုံးထွက်သည့်နေ့မှာ ထိုဂျာကင်ကိုယူဝတ်သွားသည်။ ထိုညနေ သူပြန်လာတော့ ဂျာကင်ကို ဘုန်းသုခထံပြန်ကမ်းပေးရင်း
''ငါ့ကို ဒီနေ့စစ်ခုံရုံးက ထောင်ခြောက်နှစ် ချလိုက်ပြီကွ''ဟု ဆိုင်းမဆင့်ဗုံမဆင့်ပြောလေသည်။ ထို့နောက် လုပ်စရာအလုပ်တစ်ခု လုပ်ကိုင်ပြီးစီးသွား၍ စိတ်လက်ပေါ့ပါးသွားသည့်အလား
''ဘုန်းသုခနဲ့ဝင်းအောင်လွင် လာလေကွာ...ဒီမှာ လက်ဖက်ရည်နဲ့မုန့်တွေ အများ ကြီးပါလာတယ်...အားပေးကြရအောင်''ဟု သမံတလင်းပေါ်ထိုင်ချလိုက်ပြီး မုန့်တွေ ကိုတစ်ခုပြီးတစ်ခုယူစားသည်။
''အေးပေါ့ကွာ...လှမျိုးနောင်ထောင်ကျတဲ့အထိမ်းအမှတ်နဲ့ လှမျိုးနောင်ယူလာတဲ့ လက်ဖက်ရည်နဲ့မုန့်တွေ ကိုစားပြီး ဂုဏ်ပြုရမှာ ပေါ့''
ဘုန်းသုခနှင့် ဝင်းအောင်လွင်တို့လည်း လှမျိုးနောင်အနီးတွင် ဝိုင်းထိုင်ပြီး ဝေးဝေးမှတစ်ခါသောက်ရသော လက်ဖက်ရည်ကိုပလပ်စတစ်ခွက်ထဲထည့်ကာ အရသာခံသောက်ကြလေသည်။နောက်နှစ် ရက်အကြာမှာ ဝင်းအောင်လွင် ရမန်ပြည့်၍ ရုံးထွက်ရပြန်သည်။ ဝင်းအောင်လွင် အခန်းအပြင်ရောက်ပြီးမှ
''ဘုန်းသုခ ငါ့ကိုမင်းဂျာကင်လေး ခဏငှားလိုက်ပါဦး...တိုက်ခန်းထဲနေတုန်းက မသိသာဘူး...အပြင်မှာ အေးတယ်ကွ''
ဟုဆိုပြီး ဂျာကင်လှမ်းတောင်းသဖြင့် ဘုန်းသုခလည်း ခေါင်းအုံးလုပ်အိပ်နေသည့်ဂျာကင်ကို သံတိုင်တံခါးကြားမှ လှမ်းပေးရသည်။
ညနေထောင်ပိတ်ချိန်မတိုင်ခင် ဝင်းအောင်လွင်အစားအသောက်တွေ ကို ကြွပ်ကြွပ်အိတ်ကြီးငယ်နှင့် ဆွဲပြီး ပြန်ရောက်လာသည်။ ထောင်ထဲရောက်ခါမှ ကလေးငယ်တွေ လို မုန့်ပဲသရေစာတွေ ကို ငတ်ကြီးကျတတ်လာသော ဘုန်းသုခတို့လည်း ဝင်းအောင်လွင်ပါလာသည့် မြန်မာ့ရိုးရာမုန့်ပဲသရေစာများ ကို အငမ်းမရထုတ်စားကြလေသည်။ ဝင်းအောင်လွင်က
''စား စား...ဗိုက်ပြည့်အောင်စားကြ...ဒီမှာ ကိုယ့်သူငယ်ချင်း ရုံးထုတ်သွားတာ ဘာထူးလဲဆိုတာလေးကျတော့ တစ်ခွန်းတောင်မေးဖော်မရကြဘူး...တော် တော် ဟုတ်တဲ့ကောင်တွေ ''ဟုဆိုကာမှ ဘုန်းသုခနှင့် လှမျိုးနောင်လည်း ထုံးတမ်းစဉ်လာကိုပြန်သတိရသွားပြီး
''သြော် - အေး ငါတို့လည်း ခုပဲမေးတော့မလို့ပါ...လုပ်ပါဦး ဘာထူးသေးလဲ''
''ဘာထူးသေးလဲဆိုတော့ လှမျိုးနောင်နဲ့ထောင်ဝင်နံပါတ်နီးသွားပြီ''
''ဒါဆို...''
''ဟုတ်တယ်...ဒီနေ့ ငါ့ကို စစ်ခုံရုံးတင်လိုက်တယ်''
''ဟေ - ဟုတ်လား''ဘုန်းသုခနှင့် လှမျိုးနောင်လည်း သောက်မည် ပြင်သော လက်ဖက်ရည်ခွက်ကိုပြန်ချလျှက်
''ဘယ်နှနှစ် အားပေးလိုက်သလဲ''
''ငါးနှစ် ''
ဝင်းအောင်လွင် ထောင်ဒဏ်ငါးနှစ် ချမှတ်ခံရကြောင်း ကြားသိရပြီးနောက် ထွေထွေထူးထူးဆက်မေးစရာမရှိတော့သလို ခေါင်းတညိတ်ညိတ်လုပ်မိသည်။ ဝင်းအောင်လွင်က
''တစ်ခုတော့ကောင်းတယ်ကွ...ထောင်ချလိုက်ပြီဆိုတော့လည်း ထောင်ကျသွားပြီပေါ့ကွာ...ဟိုတွေးဒီတွေး တွေးနေစရာမလိုတော့ဘူး...ရှင်းရှင်းလင်းလင်း ဖြစ်သွားတာပေါ့''ဟုပြောရင်း ဝတ်ထားသော ဂျာကင်ကိုချွတ်၍ ဘုန်းသုခထံပြန်ပေးသည်။
နောက်တစ်နေ့မနက်မှာ ထောင်လှန့်သည်။ ထောင်လှန့်သည်ဆိုတာက ထောင်တွင်းအဓိကရုန်းကိစ္စတွေ ပေါ်ပေါက်ပါက နှိမ်နင်းရန်ပုံမှန်လေ့ကျင့်ခြင်း ဖြစ်သည်။ ထောင်ဗူးဝပေါ်မှ ဒေါင်ဒေါင်ဒေါင်ဒေါင်ဆိုသော အဆက်မပြတ်သံချောင်းခေါက်သံနှင့် အတူထောင်မှအရာရှိအရာခံအကြပ်တပ်သားများ တုတ်များ ၊ သေနတ်များ ၊ လက်နက်အပြည့်အစုံကိုင်ဆောင် အင်အားပြခြင်း ဖြစ်သည်။ထောင်လှန့်သံချောင်းခေါက်နေစဉ်အတွင်း အကျဉ်းသားအားလုံးမလှုပ်မယှက်ပုံစံထိုင်ပြီးနေကြရသည်။ သံချောင်းခေါက်သံရပ်သွားခြင်းနှင့် အတူ ထောင်လှန့်မှု ပြီးဆုံးသွားသည်။
ဘုန်းသုခပုံစံထိုင်နေရာမှ မတ်တပ်ရပ်ပြီးနောက်
''ထောင်ကလည်း 'ဘာလုပ်နေလဲ...လေ့ကျင့်နေတယ်...ဘယ်သူ့အတွက်လဲ...ပြည်သူ့အတွက်ပဲ...ဘာစိတ်ဓာတ်လဲ...သံမဏိစိတ်ဓာတ်'...ဆိုပြီး လေ့ကျင့်ရင်း အမြဲတက်ကြွအောင်လုပ်နေသလို တို့တွေ လည်း ထောင်ထဲရောက်နေပေမယ့်ထိုင်းမှိုင်းမနေဘဲ တက်ကြွနေအောင်လေ့ကျင့်နေဖို့လိုမယ်ထင်တယ်ကွ''
ဟု စကားစလိုက်ရာ ဝင်းအောင်လွင် နေရာမှဆတ်ခနဲထပြီး အားမာန်အပြည့်ဖြင့်
''ဘာလုပ်နေလဲ''
ဟု တိုင်မင်ခေါ်လိုက်သည်နှင့် ဘုန်းသုခလည်း တိုက်ခန်းကျဉ်းလေးထဲပတ်ပြေးပြီး
''လေ့ကျင့်နေတယ်''
''ဘယ်သူ့အတွက်လဲ''
''ပြည်သူ့အတွက်ပဲ''
''ဘာစိတ်ဓာတ်လဲ''
''ခွပ်ဒေါင်းစိတ်ဓာတ်''
''ဘာစိတ်ဓာတ်လဲ''
''ခွပ်ဒေါင်းစိတ်ဓာတ်''
ဘုန်းသုခနှင့် ဝင်းအောင်လွင်တို့ အတိုင်အဖောက်ညီစွာ ဖြင့် လေ့ကျင့်ကောင်းနေစဉ် ဂဒေါင်းဂဒေါင်းဆိုပြီး အသံကြားသဖြင့် အပြေးရပ်ပြီးလှည့်ကြည့်ရာ အဆောင်မှူးက သူ့နံပါတ်တုတ်နှင့် သံတံခါးကိုလာရိုက်ခြင်း ဖြစ်တာကိုတွေ့ ရသည်။ ဘုန်းသုခက
''ဘာလဲဗျ...ဘာ ဖြစ်လို့လဲ''
''ဘာ ဖြစ်ရမလဲကွ...မင်းတို့ ဒါထောင်ရဲ့ အရေး ကြီးတဲ့ထောင်လှန့်တဲ့ကိစ္စကို တမင်ရွဲ့ပြီး စိန်ခေါ်နေတာပဲ''ဝင်းအောင်လွင်က
''မဆိုင်ပါဘူး...ကျွန်တော် တို့လည်း ကျွန်တော် တို့ဘာသာလေ့ကျင့်နေတာပဲ...နောက်ပြီး ကျုပ်တို့လုပ်တာက ခင်ဗျားတို့ထောင်လှန့်နေတဲ့အချိန်မှမဟုတ်တာ''
ဘုန်းသုခကလည်း
''ဟုတ်တယ်လေဗျာ...ခင်ဗျားတို့လေ့ကျင့်တာ ခင်ဗျားတို့ဘာသာသက်သက်...ကျုပ်တို့က ကျုပ်တို့ဘာသာကျုပ်တို့ အခန်းထဲမှာ သွေးပူလေ့ကျင့်ခန်းလုပ်ရင်း စိတ်ဓာတ်မြှင့်တင်နေတာ...သီးခြားစီပဲဟာ''
''ဟေ့ကောင်တွေ အပိုတွေ ပြောမနေနဲ့...ဒါ မင်းတို့ ရည်ရွယ်ချက်ရှိရှိလုပ်တာ...ဘာစိတ်ဓာတ်လဲ ခွပ်ဒေါင်းစိတ်ဓာတ်ဆိုတာ ဘာလဲ...ဒါ ထောင်ထဲမှာ နိုင်ငံရေး လာကြွေးကြော်နေတာပဲကွ...မင်းတို့ကို ငါရုံးတင်မယ်...မင်းတို့ တိုက်ပိတ်အရိုက်ခံဖို့သာပြင်ထားပေတော့''
အဆောင်မှူး ဒေါသတကြီးပြောပြီး ထောင်ဗူးဝဆီထွက်ခွာသွားသည်။ ထောင်အကြောင်းကိုနားမလည်သေးသော ဘုန်းသုခနှင့် ဝင်းအောင်လွင်တို့ ကတော့
''ဘာလဲဟ...ဘလိုင်းကြီးလာရန်ရှာနေတယ်''
''အေးလေကွာ...ဒီဘဲတွေ ကလည်း ပါဝါပြမယ်ဆိုတာချည်းပဲ...ရှုပ်ပါတယ်ကွာ...သူတို့အလုပ် သူတို့လုပ်...ငါတို့အလုပ် ငါတို့ဆက်လုပ် ကြရအောင်...ဘာလုပ်နေလဲ''
''လေ့ကျင့်နေတယ်''
''ဘယ်သူ့အတွက်လဲ''
''ပြည်သူ့အတွက်ပဲ''
''ဘာစိတ်ဓာတ်လဲ''
''ခွပ်ဒေါင်းစိတ်ဓာတ်''
''ဘာစိတ်ဓာတ်လဲ''
''ခွပ်ဒေါင်းစိတ်ဓာတ်''
နေ့လယ်ထမင်းပို့ချိန်မှာ အဆောင်မှူးပြန်ရောက်လာပြီး''မင်းတို့ကောင်တွေ ကံကောင်းသွားတယ်မှတ်ပါ...နောက်တစ်ခါဆိုရင်တော့ မင်းတို့မချောင်ဘူးမှတ်...ထောင်ထဲမှာ ဘာမှမ ဖြစ်ရင် ဘာမှမ ဖြစ်ဘူး... ဖြစ်ပြီဆိုရင် အတိုင်းအဆမရှိဘူးဆိုတာ သဘောပေါက်''
ဟု ကျိန်းမောင်းကာ မကျေနပ်နိုင်သေးသော အမူအရာနှင့် ပြန်လည်ထွက်ခွာသွားသည်။ ဘုန်းသုခနှင့် ဝင်းအောင်လွင်တို့ ကတော့ဘာမှမ ဖြစ်မှတော့ ဘာ ဖြစ်စရာရှိရဦးမှာ လဲဟုတွေးရင်း ကျန်ရစ်ခဲ့လေသည်။
နောက်တစ်ပတ်လောက်အကြာမှာ လှမျိုးနောင်နှင့် ဝင်းအောင်လွင်ကို သီးသန့်ထောင်မှ အင်းစိန်ထောင်မကြီးသို့ ရွှေ့ပြောင်းလိုက်သည်။ တိုက်ခန်းထဲတွင် ဘုန်းသုခ တစ်ယောက် တည်းကျန်ခဲ့ရပြန်သည်။ ရုံးချိန်ရမာန်ပြည့်သည့်နေ့မှာ တော့ ထုံးစံအတိုင်း ဘုန်းသုခရုံးထွက်ရပြန်သည်။
ဘုန်းသုခ အပြင်းအထန်တောင်းဆိုသဖြင့် ကမာရွတ်မြို့နယ်တရားရုံးတွင် စတင်တရားရင်ဆိုင်ခွင့်ရသည်။ တရားလိုအ ဖြစ်တာဝန်ပေးခံရသော မြို့နယ်ရဲမှူးက
''ဘုန်းသုခဟာ တရားမဝင်ကျောင်းသားသမဂ္ဂကို ဖွဲ့စည်းပြီး အစိုးရဆန့်ကျင်ရေး စာရွက်စာတမ်းတွေ ရေး သားဖြန့်ဝေခြင်းနဲ့အတူ အစိုးရဆန့်ကျင်ရေး လှုပ်ရှားမှု တွေ လုပ်ကိုင်ပြီး တည်ဆဲဥပဒေကိုချိုးဖောက်နေရုံသာမက ပြည်သူလူထုအကျင့်စာရိတ္တပျက်ပြားအောင် ကြံစည်လုပ်ဆောင်နေကြောင်း ထင်ရှားတဲ့အတွက် ထိရောက်တဲ့ပြစ်ဒဏ်ချမှတ်ပေးဖို့ တောင်းဆိုပါတယ်''
ဟုဆွဲချက်တင်သည်ကို ဘုန်းသုခနားထောင်ရင်း ပြုံးမိသည်။ ထို့နောက်
''ကျွန်တော် သိရသလောက် သမိုင်းမှာ ကျောင်းသားသမဂ္ဂဆိုတာ အစိုးရဆီခွင့်ပြုချက်တင်ပြီး ဖွဲ့စည်းရတာ မဟုတ်ပါဘူး...ကျောင်းသားရှိရင် ကျောင်းသားသမဂ္ဂဆိုတာ အလိုအလျောက်ရှိပြီး ဖြစ်ရမယ်လို့ နားလည်ထားပါတယ်...တည်ဆဲဥပဒေကို ချိုးဖောက်တယ်လို့ဆိုရအောင် ဖွဲ့စည်းပုံအခြေခံဥပဒေအရမဟုတ်ဘဲ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်ဆိုတာတွေ ကို လက်မှတ်လွယ်လွယ်ထိုးပြီးကြေညာထားတဲ့တားမြစ်ချက်တွေ ကို မလိုက်နာတာဟာ ဥပဒေကိုချိုးဖောက်တယ်လို့ စွပ်စွဲလို့မရပါဘူး...အရေး ကြီးဆုံးက ပြည်သူလူထုအကျင့်စာရိတ္တပျက်ပြားအောင် ကျွန်တော် က ခိုးကြပါ...ဆိုးကြပါ...လုယက်ကြပါ...လာဘ်ပေးလာဘ်ယူမှု ကိုအားပေးကြပါ...မတရားမှု မှန်သမျှ လက်ခံလိုက်နာကြပါလို့ ရေး သားပြောဆိုခြင်း တစ်လုံးတစ်ပါဒမှ မရှိပါဘူး...ပြည်သူလူထုကြီး ဆင်းရဲမွဲတေမှု ကလွတ်မြောက်ပြီး ကြီးပွားချမ်းသာဖို့၊ လာဘ်ပေးလာဘ်ယူဒဏ်ကလွတ်မြောက်ဖို့ မတရားအနိုင်ကျင့်ခံရမှု ကလွတ်မြောက်ဖို့၊လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ရရှိဖို့၊ လွတ်လပ်ခြင်းတရားမျှတခြင်းနဲ့ အမှန်တရားအတွက်ပူးပေါင်းတိုက်ပွဲဝင်ကြဖို့ စတာတွေ ကိုသာရေး သားပြောဆိုနေတဲ့ကျွန်တော့် အဖို့ ပြည်သူလူထုအကျင့်စာရိတ္တပျက်ပြားအောင် ကြံစည်လုပ်ဆောင်နေတယ်ဆိုတဲ့ အမှန်တရားနဲ့ဖြောင့် ဖြောင့်ကြီးဆန့်ကျင်နေတဲ့စွပ်စွဲချက်ကိုလုံးဝကန့်ကွက်ငြင်းပယ်ပါတယ်''
''ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း''
''ဟာ - မိုက်တယ်ကွာ...ရှေ့နေမငှားဘဲ ကိုယ်တိုင်လျှောက်လဲတာ ပိုတောင်ကောင်းနေသေးတယ်''
''ဒီလောက်တော့ရှိမှာ ပေါ့ကွာ...မဆလအစိုးရကိုအပြုတ်တိုက်ခဲ့တဲ့ ၈၈ ကျောင်းသားပဲဥစ္စာ''
''ခွပ်ဒေါင်းစိတ် ခွပ်ဒေါင်းသွေးပဲ ရဲပြီးသားပေါ့''
ထွက်ပေါ်လာသော လက်ခုပ်သြဘာသံအချို့နှင့် တီးတိုးစကားသံတွေ ကိုကြားရသဖြင့် လှည့်ကြည့်ရာ စုပြုံနားထောင်နေသော ပရိသတ်များ ကို တွေ့ ရလေသည်။ ဘုန်းသုခကို လက်ပြနှုတ်ဆက်သူအချို့နှင့် လက်မထောင်ပြပြီးအားပေးသူများ ကိုတွေ့ ရသည်။တက္ကသိုလ်ကျောင်းသား တစ်ယောက် အား နိုင်ငံရေး လှုပ်ရှားမှု ကြောင့် တရားရုံးတင်စစ်ဆေးနေကြောင်းကြား၍ စိတ်ဝင်စားပြီးလာရောက်ကြည့်ရှုလေ့လာကြသူများ ဖြစ်ကြောင်းသိရသည်။ ဘုန်းသုခပြန်ပြုံးပြလိုက်သည်။
တရားသူကြီးက အမှု စစ်ဆေးနေတာကိုရပ်တန့်လိုက်ပြီးနောက်ထပ် ၁၄ ရက်ကြာမှ ပြန်စစ်ဆေးမည့် အကြောင်း ရမန်ကြီးတစ်ပတ်ရုံးချိန်းပေးလိုက်သည်။ ဘုန်းသုခက မြန်မြန်စစ်ဆေး မြန်မြန်ပြီးစီးလိုသော ဆန္ဒဖြင့် ရုံးချိန်းကို နောက်ခုနစ်ရက်အကြာ ပြန်စစ်ဆေးနိုင်ရန် ရမန်လေးတစ်ပတ်ပေးဖို့ စောဒကတက်သည်ကိုတရားသူကြီးက ဘာမှပြန်မပြောဘဲ နေရာမှထလေသည်။ ရဲများ ကဘုန်းသုခကို တရားရုံးအချုပ်ခန်းဆီသို့ ပြန်ခေါ်သွားသည်။ ထို့နောက်ထောင်သို့ ပြန်ပို့ရန် ထောင်ပိတ်ချိန်မမီတော့သဖြင့် ဆိုပြီး ကမာရွတ်မြို့နယ်ရဲစခန်းသို့ ခေါ်ယူချုပ်နှောင်ထားသည်။
ကမာရွတ်ရဲစခန်းမှာ သုံးရက်လောက်နေလိုက်ရသည်။ မြို့နယ်ရဲမှူးက တရားရုံးတွင် ဘုန်းသုခ၏ ချေပချက်နှင့် ပတ်သက်ပြီးနဝတအမိန့်ကြေညာစာအမှတ် ၁/၉ဝ နှင့် ပြန်ကိုင်၍ ရသော်လည်းသားသမီးချင်းကိုယ်ချင်းစာ၍ အခြေအတင်ဆက်မလုပ်ဘဲ တမင်လျှော့ပေးခဲ့ကြောင်းလာပြောပြသည်။ ရဲစခန်းမှာ နေရစဉ်အတွင်းအိမ်ကမနက်စာတစ်ကြိမ်၊ နေ့လယ်စာတစ်ကြိမ်၊ ညစာတစ်ကြိမ်လာပို့ပေးခွင့်ရသဖြင့် အိမ်နှင့် တွေ့ ဆုံစကားပြောချိန်အတော် ရခဲ့သည်။
နှစ် ရက်မြောက်သော နေ့မှာ တောခိုရန်ကြံစည်သည်ဟုသံသယ ဖြစ်ခံရသော အထက်တန်းကျောင်းသားရှစ်ယောက် ကမာရွတ်ရဲစခန်းရောက်လာသည်။ သူတို့ကိုလုယက်မှု ဖြင့် ဖမ်းဆီးထားသော အချုပ်တန်းစီးက ပုံစံထိုင်ခိုင်းပြီး ဆဲဆိုခြိမ်းခြောက်နေသည်ကိုတွေ့ ရသည်။ ဘုန်းသုခသည်းမခံနိုင်ဘဲ လူမိုက်ထလုပ်ရသည်။အများ နှင့် တစ်ယောက် ကြောင့် လား၊ ဘာကြောင့် လားမသိ အချုပ်တန်းစီးအလျှော့ပေးသွားသည်။ ကျောင်းသားများ အား မည် သူမျှမတို့ထိစေဖို့ တာဝန်ယူရန် တာဝန်ခံရဲအရာရှိကိုပြောဆိုရသည်။သုံးရက်မြောက်နေ့မှာ ထိုအခြေခံပညာကျောင်းသားရှစ်ယောက် ကို ပြန်ခေါ်ထုတ်သွားသည်။ မိဘများ ကို ခံဝန်လက်မှတ်ရေး ထိုးခိုင်းပြီး လွှတ်ပေးလိုက်သည်ဟုသိရသဖြင့် ဘုန်းသုခ သူတို့အတွက်ဝမ်းသာရသည်။ ထိုနေ့က ၁၉၉ဝ၊ ဒီဇင်ဘာလ၊ ၁၁ ရက်နေ့ ဖြစ်သည်။ နေ့လယ်စာစားပြီးချိန်တွင် စခန်းမှူးက ဘုန်းသုခကိုအချုပ်ခန်းထဲမှခေါ်ထုတ်သည်။ ပြီး
''ဘုန်းသုခ ဒီနေ့ မင်းကိုစစ်ခုံရုံးတင်ဖို့ အမိန့်ရတယ်...ဒါကြောင့် ငါတို့ မင်းကို အခုစစ်ခုံရုံးကိုလိုက်ပို့ရမယ်''
''ဟုတ်လား ဒါဆိုလည်းသွားတာပေါ့...စစ်ခုံရုံးဆိုတာဘယ်လိုမျိုးလဲလို့ ကျွန်တော် လည်းသိချင်နေတာ''
''ဟုတ်ပါပြီ...တို့ဘက်ကလည်း မင်းကို နောက်ဆုံးအနေနဲ့ အကြံပေးချင်တာ ကတော့ စစ်ခုံရုံးကအပြစ်ရှိလားလို့မေးရင်ရှိတယ်လို့ပဲဖြေပါ...မဟုတ်ရင် နှစ် တွေ အများ ကြီးချလိုက်လို့ထောင်ထဲမှာ အကြာကြီးနေရပြီး ဘဝပျက်တာပဲအဖတ်တင်သွားလိမ့်မယ်''
ဘုန်းသုခ ဘာမှပြန်မပြောတော့ဘဲ တစ်ချက်ပြုံးလိုက်မိသည်။ လွန်ခဲ့တဲ့သုံးရက်ကပဲ အရပ်ဘက်တရားရုံးမှာ အမှု စစ်ခဲ့သေးသည်။ ပြီးတော့ ချက်ချင်း ဆိုသလို စစ်ခုံရုံးတင်ပြီး အမိန့်ချမည် တဲ့လေ။ အယောင်ပြကောင်းတဲ့မျက်လှည့်တရားစီရင်ရေး စနစ်ကိုသာချီးကျူးရမလို ဖြစ်နေသည်။
အင်းစိန်ထောင်ဝင်းအတွင်းရှိ အထူးတရားရုံးတရားသူကြီး၏ ခုံနေရာတွင် စစ်ဗိုလ်သုံးယောက် တက်ထိုင်လိုက်ခြင်းဖြင့် အထူးတရားရုံးခေါ်သည့် အရပ်ဖက်တရားရုံးသည် စစ်ခုံရုံးအ ဖြစ် အလိုအလျောက်ပြောင်းလဲသွားရခြင်း ဖြစ်သည်။ ဒုတိယဗိုလ်မှူးကြီးတစ်ဦးဦးဆောင်းသည့် ရန်ကုန်တိုင်းအထူးစစ်ခုံရုံး ဖြစ်ကြောင်း အသိပေးသည်။ စစ်ခုံရုံးဥက္ကဌက ဘုန်းသုခအပေါ်တင်ထားသည့်စွဲချက်များ ကိုဖတ်ပြပြီးနောက်
''အလုပ်နဲ့ထောင်ဒဏ်(၆)နှစ် ကျခံစေ''ဆိုပြီး အမိန့်ချလိုက်လေသည်။
စစ်ခုံရုံးကအမိန့်ချပြီးနောက် ရဲများ က ထောင်ဗူးတံခါးအတွင်းပြန်ပို့သည်။ ထောင်တာဝန်ရှိသူများ ထံ အမိန့်စီရင်ချက်စာရွက်အပ်နှံသည်။ ထို့နောက်
''ဘုန်းသုခ မင်းကွာ...အပြစ်ရှိလားမေးရင် ရှိတယ်လို့ဖြေပါလို့မှာ ထားတဲ့ကြားက ဘာလို့မဖြေရတာ လဲ''ဟုပြောပြီး ထွက်ခွာသွားသည်။
''ဘုန်းသုခ ဘာထူးလဲဟေ့''
နှစ် ခန်းကျော်မှ သာကေတသား စည်သူနှင့် ဗညားက ဘုန်းသုခအခန်းထဲပြန်ရောက်ရောက်ချင်း လှမ်းမေးကြသည်။
''အေးကွ - ထူးတော့ထူးတယ်...ဒါပေမဲ့ ထူးတော့လည်းမထူးပါဘူးကွာ''
ဗညားက
''ဒါဆိုလည်း ထူးတဲ့အကြောင်းအရင်ပြောကွာ''
''ဒီနေ့ ငါ့ကိုစစ်ခုံရုံးတင်လိုက်တယ်လေကွာ''
''ဟုတ်လား - ဘယ်နှနှစ် အားပေးလိုက်သလဲ''
''ခြောက်နှစ် ''
စည်သူက
''သြော် - ဒါဆို ကြမ်းခင်းဈေးထက် နှစ် ဆပိုသွားတာပေါ့ဟား ဟား ဟား''
စစ်ခုံရုံးတင်လိုက်သည်ဆိုသည်နှင့် အနိမ့်ဆုံးထောင်ဒဏ်သုံးနှစ် ချမှတ်လေ့ရှိသဖြင့် ကြမ်းခင်းဈေးသုံးနှစ် ဟု ပြောလေ့ရှိကြခြင်း ဖြစ်သည်။ ဘုန်းသုခ ညာဘက်နှစ် ခန်းကျော်မှ စည်သူ၊ ဗညားတို့နှင့် ပြောနေသံကိုကြားရပြီး ဘယ်ဘက်အခန်းချင်းကပ်လျက်မှ အဘဦးစိန်ဝင်းက
''အေးကွ - ဘုန်းသုခ ဒါဆိုလည်း မထူးတာလေးလည်းဆက်ပြောပြပါဦးကွ''
''မထူးတာ ကတော့ အဘရာ သိတဲ့အတိုင်းပဲ...သူတို့ကိုဆန့်ကျင်ရင် အတိုက်အခံလုပ်ရင် ထောင်ချပစ်တာ ထုံးစံအတိုင်းပဲဥစ္စာ''
''ဒါပေါ့...အဲဒီ လိုထောင်ချခံခဲ့ရတော့ ဘယ်လိုနေလဲ''
''ကိစ္စတစ်ခုပြီးပြတ်သွားတာပေါ့ အဘရာ...အခုပဲလွတ်တော့မလိုလို...မနက်ဖြန်ပဲ ထောင်ကျတော့မလိုလိုနဲ့...ဘာမှန်းမသိဘဲ အာရုံနောက်နေသမျှ ထောင်ချလိုက်ပြီဆိုတဲ့အခါကျတော့ဘာဘာညာညာ အုံးစားစရာမလိုတော့ဘူးပေါ့...စာမေးပွဲနောက်ဆုံးဘာသာရပ်ကို ဖြေပြီး စာမေးပွဲခန်းထဲကထွက်လာတဲ့ ကျောင်းသား တစ်ယောက် လို ဝန်ထုပ်ဝန်ပိုးမရှိတော့ဘဲ ပေါ့ပေါ့ပါးပါးခံစားလိုက်ရတာ တော့ အမှန်ပဲ''
''ဟား ဟား ဟား...ကောင်းကွာ''
''အဲ - နောက်ရှိသေးတယ် အဘရ...ဒီနေ့ ထောင်ကလည်း ကျွန်တော့် ကိုထောင်ကျ တစ်ယောက် ဖြစ်သွားပြီဆိုပြီး အချုပ်ဘဝကထောင်ဝင်နံပါတ်ကို ဆက်လက်သုံးစွဲခွင့်မပြုတော့ဘဲ ထောင်ဝင်နံပါတ်အသစ်ပေးလိုက် တယ်...ပြောရရင် အခုယာယီနံပါတ်မဟုတ်တော့ဘဲ ပါမစ်နန့်နံပါတ်ရသွားတဲ့သဘောပေါ့...အဆင့်တက်သွားတဲ့သဘောပေါ့ အဘရာ''
စည်သူက
''အံမယ် - မင်းက ထောင်ဝင်နံပါတ်အတည်ရပြီဆိုတော့ဘဝင်မြင့်နေတယ်ပေါ့လေ ဟုတ်လား...ဟား ဟား ဟား''
ဗညားက
''စိတ်ချ သူငယ်ချင်း...မင်းလိုပဲ ငါတို့လည်း ပါမစ်နန့်နံပါတ်အမြန်ဆုံးရအောင် စစ်ခုံရုံးအမြန်တင်ခိုင်းမယ်''
''ကဲ ကဲ - မင်းတို့ချင်း ဆက်ပြောကြဦးဟေ့...အဘကတော့ အသက်ကြီးလာပြီဆိုတော့ တစ်ခန်းနဲ့တစ်ခန်း ကြားအောင်အော်ပြောရတာ နဲ့...အားစိုက်နားထောင်ရတာ နဲ့...ပြီးတော့မင်းတို့ပြောသမျှ လိုက်ရယ်ရတာ နဲ့ နည်းနည်း ပင်ပန်းလာလို့ ခဏနားလိုက်ဦးမယ်''
အဘဦးစိန်ဝင်းပင်ပန်းလို့ စကားဝိုင်းကထွက်ပြီပြောခါမှဘုန်းသုခလည်း အဘဦးစိန်ဝင်း ဝမ်းကိုက် ရောဂါ ခံစားနေရသည်ကို ချက်ချင်း သတိရလိုက်မိသည်။ တစ်ဆက်တည်းမှာ ပင် အဘဦးစိန်ဝင်းအတွက် ရည်ရွယ်ယူဆောင်လာသော ဝမ်းကိုက်ပျောက်ဆေးမက်ထရိုဆေးပြားများ ပါလာသည်ကို သတိရပြီး
''သြော် - အဘရေ...အဘအတွက် ကျွန်တော် မက်ထရိုသုံးကဒ်ယူလာတယ်...ရေချိုးချချိန်ကျရင် လာပို့ပေးမယ်''
ဟုလှမ်းအသိပေးပြီး ထောင်ဝင်စာပါဆယ်ထုပ်များ အနီးဆောင့်ကြောင့် ထိုင်ကာ အထုပ်များ အတွင်း ဆေးကိုရှာ၏ ။ မတွေ့ ။ဘယ်မှာ များ ထားမိပါလိမ့်။ အသေအချာယူလာပါတယ်ဆိုသော
အတွေးဖြင့် ထပ်ရှာမိပြန်သည်။ မတွေ့ ။ ထို့ကြောင့် အင်္ကျီအိတ်ကပ်ထဲရှာကြည့်သည်။ မတွေ့ ။ ပြီးမှ ဂျာကင်ဘေးအိတ်ကပ်ထဲထည့်ထားသည်ကိုသတိရပြီး နှိုက်ယူကြည့်ရာ မက်ထရိုဆေးကဒ်များ ထည့်ထားသော ပလပ်စတစ်အိတ်လေးကိုတွေ့ ရသည်။ စိတ်အေးသွားဟန်ဖြင့် ဝတ်ထားသော အနွေးထည်ဂျာကင်ကိုချွတ်ပြီး ခေါင်းခုအိပ်ဖို့ အသေအချာခေါက်သိမ်းလိုက်သည်။ ခေါက်သိမ်းပြီးဂျာကင်ကို တစုံတရာသတိထားမိသလို အသေအချာပြန်ကြည့်မိရင်း
''ဟောဗျာ''
ဆိုပြီး ဖြစ်သွားရသည်။ ဘုန်းသုခ စစ်ခုံရုံးအတင်ခံရစဉ်ကဝတ်ဆင်ခဲ့မိသည်မှာ အခြားမဟုတ်ဘဲ အနက်ရောင် ဂျာကင်ပဲ ဖြစ်နေ၍ ပင်။ ဒီလိုဆိုလျှင် ထိုဂျာကင်လေးသည် လှမျိုးနောင်၊ ဝင်းအောင်လွင်၊ ဘုန်းသုခဆိုသည့် ဒီမိုကရေစီတိုက်ပွဲဝင်တက္ကသိုလ်ကျောင်းသားသုံးဦးစစ်ခုံရုံးမှာ ဥပဒေကြောင်းအရ တရားရင်ဆိုင်ဖြေရှင်းခွင့်မရခဲ့ဘဲ တစ်ဖက်သတ်ပြစ်ဒဏ်စီရင်ခံခဲ့ရကြောင်းကို မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရသည့် သမိုင်းဝင်သက်မဲ့သက်သေ ဖြစ်ခဲ့သည်ကောရယ်။
အခန်း (၅)
''ဟေ့ကောင်တွေ - မင်းတို့မမိုက်ရိုင်းနဲ့...အဲဒီ ဟာတွေ ငါ့အခန်းထဲ ထည့်ခွင့်မပြုဘူးလို့ ငါပြောပြီးပြီနော်...ငါဒီလောက်ပြောနေတဲ့ကြားမှာ မင်းတို့အတင်းထည့်ရင် ငါ့အဆိုးမဆိုနဲ့''ဘုန်းသုခ တိုက်ခန်းထဲတွင် တစ်ယောက် တည်းဘာမှလုပ်စရာမရှိသည့် အတူ နှပ်နေတာပဲကောင်းပါတယ်ဆိုပြီး အိပ်ဖို့ကြိုးစားနေစဉ် အဘဦးစိန်ဝင်းအခန်းဘက်မှ စူးစူးဝါးဝါးအော်ဟစ်ပြောဆိုသံကြားသဖြင့် ဘုန်းသုခစိတ်ပူပြီး နေရာမှဝုန်းခနဲထကာ သံတိုင်တံခါးဆီသို့ မျက်နှာအတင်းတိုးကပ်ပြီး မြင်နိုင်သလောက်လှမ်းကြည့်ရသည်။
''ခင်ဗျားကြီး အသက်လည်းကြီးပြီ...နေထိုင်လည်းမကောင်းဘူးဆိုလို့ ပြုစုစောင့်ရှောက်ဖို့လူလိုမှာ ပဲလေဆိုတဲ့ စေတနာနဲ့စီစဉ်ပေးတာ...ဒါလေးတောင်နားမလည်ဘူးလား''
''ဘာစေတနာလဲကွ...မင်းတို့အကြံ ငါမသိဘူးများ မှတ်နေလား...အိုကွာ - ရှုပ်တယ်...ငါ့ဘာသာ တစ်ယောက် တည်းဘာ ဖြစ် ဖြစ် မင်းတို့နဲ့မဆိုင်ဘူး...သွား - အဲဒီ ဟာတွေ ငါ့အခန်းရှေ့က မြန်မြန်ခေါ်ထုတ်သွား''
ဘုန်းသုခ အခြေအနေကို ချက်ချင်း ရိပ်မိလိုက်သည်။ အဘဦးစိန်ဝင်းအခန်းထဲသို့ မိန်းမလျာတွေ ကိုထည့်ရန် ထောင်တပ်ကြပ်ကြီးအဆင့်ရှိ ဒုတိယအဆောင်မှူး ဖြစ်သူက စီစဉ်နေခြင်း ဖြစ်သည်။ထိုမိန်းမလျာများ ကို သီးသန့်ထောင်၊ အဆောင်(၁)ရှိ အခန်းတစ်ခန်းတွင် ထားရှိခြင်း ဖြစ်သည်။ မူးယစ်ဆေးဝါးမှု ၊ ပြည့်တန်ဆာမှု များ ဖြင့် ဖမ်းဆီးထားသော ထိုမိန်းမလျာများ မှာ ယောက်ျားဆောင်မှာ လည်းထားမရ၊ မိန်းမဆောင်မှာ လည်းထားမရသဖြင့် နိုင်ငံရေး အကျဉ်းသားများ ထားရှိရာ သီးသန့်ထောင် အဆောင်-၁ ရှိတိုက်ခန်းတစ်ခန်းတွင် ထားရှိချုပ်နှောင်ထားခြင်း ဖြစ်သည်။ သူတို့အား နေ့စဉ်အဆောင်ရှေ့ကိုလှဲကျင်း သန့်ရှင်းရေး လုပ်ခိုင်းလေ့ရှိသည်။ ယခုသူတို့ထဲမှနှစ် ယောက် ကို အဘဦးစိန်ဝင်းအခန်းထဲသို့ ထည့်မည် ဆိုသည်မှာ သွေးရိုးသားရိုးမ ဖြစ်နိုင်။ အဘဦးစိန်ဝင်းလို နိုင်ငံရေး အစဉ်အလာကြီးမားသော ပုဂ္ဂိုလ် တစ်ယောက် ကို သိက္ခာချရန် လုပ်ကြံဖန်တီးမှု မှလွဲ၍ တခြားမ ဖြစ်နိုင်။ ထို့အပြင် ပြီးခဲ့သည့်စက်တင်ဘာလအင်းစိန်ထောင်မကြီးအတွင်း တိုက်ပွဲများ ပေါ်ပေါက်ခဲ့ခြင်းသည်အဘဦးစိန်ဝင်း၏ စနက် ဖြစ်သည်ဟု ထောင်အာဏာပိုင်များ ကအပြည့်အဝယုံကြည်သည့်အတွက် သီးသန့်ထောင်ဘက်သို့ ရွှေ့လိုက်ခြင်း ဖြစ်သည်။ အဘဦးစိန်ဝင်းသည် နိုင်ငံရေး အကျဉ်းသားများ ကိုကိုကိုးကျွန်းသို့ ပို့၍ ပြစ်ဒဏ်ကျခံစေသည့် ကျွန်းစနစ်ဖျက်သိမ်းရေး တိုက်ပွဲဝင်အတွေ့ အကြုံရှိခဲ့သူ ဖြစ်သည်။ ရဲဘော် ၉၈ ယောက် အသက်စတေးခဲ့ရသည့် ကျွန်းစနစ်ဖျက်သိမ်းရေး ၊ အစာငတ်ခံတိုက်ပွဲတွင် အုန်းရေသောက်ပြီးကြံ့ကြံ့ခံနိုင်ခဲ့သကဲ့သို့ စက်တင်ဘာလတိုက်ပွဲတွင် လည်း ဂလူးကို့စ်ကဲ့သို့ သကြားဓာတ်ပါအရည်များ သောက်သုံးသင့်ကြောင်း အကြံပေးခဲ့လေသည်။ အဘဦးစိန်ဝင်းအပေါ် ထောင်အာဏာပိုင်များ အာဃာတထားနေတာအမှန်ပဲ ဖြစ်သည်။ ယခုလိုအောက်လမ်းနည်းသုံးသည်ကို ဘုန်းသုခလည်းသည်းမခံနိုင်သဖြင့် ဒေါသတကြီးဝင်ပြောမိသည်။
''ဒီမယ် - အဘအခန်းထဲကို မိန်းမလျာတွေ ထည့်မယ့်ကိစ္စကျုပ်လည်း လုံးဝသဘောမတူဘူး...ကျုပ်လည်းကန့်ကွက်တယ်...ဒါ ဘယ်လိုမှမသင့်တော် ဘူးဆိုတာ ခင်ဗျားတို့လည်းကောင်းကောင်းသိတယ်...ဒါမျိုးမလုပ်ပါနဲ့''
''ဟေ့ကောင် - ငါက ဒီလူကြီး အသက်လည်းကြီးပြီ...ကျန်းမာရေး လည်းမကောင်းဘူးဆိုလို့ အကူအညီရအောင် စီစဉ်ပေးတာကွ''
''အဲဒါဆိုလည်း ခင်ဗျားခေါင်းရှုပ်ခံမနေနဲ့...အဘအခန်းထဲ ကျွန်တော့် ကိုပြောင်းပေး...အဲဒါဆိုရင် အားလုံးအဆင်ပြေသွားလိမ့်မယ်''
''ဟေ့ကောင် - ဒါ ထောင်ကွ...မင်းတို့နေချင်တဲ့အခန်းနေရအောင် ဒါ မင်းအမေ့လင်အိမ်မဟုတ်ဘူး...မနေ့တစ်နေ့ကမှ ထောင်ကျလာပြီး လူပါးကဝချင်လာပြီ...ဒီလောက် ဖြစ်လှတာဒီဟာမတွေ ကို မင်းအခန်းထဲထည့်လိုက်မှထင်တယ်''
ပြောပြောဆိုဆို မိန်းမလျာတွေ ကို ဘုန်းသုခအခန်းရှေ့တွန်းထုတ်လိုက်သည်။ မြားဦးက ဘုန်းသုခဘက်လှည့်လာပြီမှန်း ရိပ်မိလိုက်သည်။ ဒီနေ့မနက် ရုံးထွက်သွားကြသူတွေ များ တော့ ကျန်ခဲ့တဲ့၅/ညတွေ ကနည်းသည်။ ဒါကိုအခွင့်ကောင်းယူပြီး နိုင်ထက်စီးနင်းပြုချင်သည်လား၊ အပျင်းပြေကစားချင်နေသည်လား ဝေခွဲမရ။အထက်အဖွဲ့အစည်းတစ်ရပ်ရပ်၏ ညွှန်ကြားချက်အရ သွေးတိုးစမ်းကြည့်တာလည်း ဖြစ်နိုင်သည်။
''ဘုန်းသုခ - အဲဒီ ဟာတွေ တစ်ယောက် မှပေးမဝင်စေနဲ့''အဘဦးစိန်ဝင်း စိုးရိမ်တကြီးလှမ်းသတိပေးသည်။ ဘုန်းသုခမျက်နှာတင်းမာခက်ထန်လာလျှက်
''ကျုပ်ပြောပြီးပြီနော်...ကျုပ်အခန်းထဲကို အဲဒီ အခြောက်တွေ တစ်ယောက် မှအဝင်မခံဘူးလို့...ပြောနေတဲ့ကြားကမှ ခင်ဗျားအတင်းလုပ်ရင် ကြုံလာမယ့်ပြဿနာကို ခင်ဗျားရင်ဆိုင်နိုင်ဖို့အသင့်ပြင်ထား...ကျုပ်တို့က ခင်ဗျားတို့တွေ မော်တောင်မဖူးရဲတဲ့ စစ်အစိုးရကိုတောင်ဆန့်ကျင်ရဲလို့ ထောင်ထဲရောက်လာတဲ့ကောင်တွေ ဗျ သဘောပေါက်''
''သြော် - မင်းကလဲ...ငါက မင်း တစ်ယောက် တည်းပျင်းနေမှာ စိုးလို့ပါ...ဒါဆိုလည်း ဒီနေ့လယ်ပိုင်းလောက်ပဲ အပျင်းပြေစကားပြောဖော်ရအောင် တစ်ယောက် လောက်ပဲ ဖြစ် ဖြစ် ခဏခေါ်ထားလိုက်ကွာ''
''မရဘူး လုံးဝမရဘူး...တစ်စက္ကန့်လေးတောင်မရဘူးလို့ကျုပ်ပြောပြီးပြီ...ခင်ဗျား ကျုပ်ကိုဈေးလာမဆစ်နဲ့..သွားဗျာအဲဒီ ဟာတွေ သူတို့အခန်းထဲမြန်မြန်ပြန်ပို့လိုက်တော့...ဒါမှမဟုတ်ရင် ဘာပြဿနာပဲတက်တက် ကျုပ်ကအားလုံးကြားအောင် အော်ရတော့မှာ ပဲ''
''ဘုန်းသုခ - မင်းကလဲ...ငါက မင်းတို့ပျင်းမှာ စိုးလို့ စနေတာပါကွာ...သွား သွား - စောက်ကောင်မတွေ ရွမနေကြနဲ့...လှည်းကျင်းပြီးသွားရင်လည်း ကိုယ့်အခန်းထဲကိုယ်ပြန်ဝင်ကြတော့...ဟုတ်လည်းဟုတ်တယ်...နင်တို့ရုပ်တွေ က ဘယ်လိုမှလည်း ရင်ခုန်စရာမကောင်းဘူး...အဟင်း ဟင်း''
အဆောင်မှူး ရူးသလိုပေါသလိုလုပ်ကာ စကားလျှောချပြီးနောက် မိန်းမလျာများ ကို သူတို့အခန်းထဲပြန်ထည့်သော့ ခတ်ဖို့မောင်းထုတ်လေသည်။ ထိုမိန်းမလျာတွေ က ဘုန်းသုခကို မျက်စောင်းထိုး ပါးစပ်လှုပ်ကျိန်ဆဲသွားကြသေးသည်။
ဘာပဲပြောပြော ဒါ သာမန်ကိစ္စမျှသာဟုပြော၍ ရနိုင်သော်လည်း ပထမဆုံးကြုံရသည့် ထောင်ရဲ့ ညစ်ကွက်တစ်ကွက်လည်း ဖြစ်နေခဲ့သည်။ ဘာမျှမ ဖြစ်ခဲ့သည့်အတွက်သာ သာမန်ကိစ္စဟုဖြေရသော်လည်း ထိုမိန်းမလျာများ ကို ဇွတ်အတင်းထည့်လာသော် ပြဿနာအကြီးအကျယ်တက်နိုင်သည်။ ယခုတော့ ဒီလောက်နှင့် ပြီးသွား၍ တော် ပါသေးသည်။ ဘုန်းသုခလည်း အဘဦးစိန်ဝင်းနည်းတူ ယခုမှ'ဟင်း'ချနိုင်သည်။ ဒါပေမဲ့ လုံးဝစိတ်ချရသည် ကတော့မဟုတ်သဖြင့် ပြန်လှဲမအိပ်ရဲတော့ဘဲ တံခါးပေါက်မှာ ငုတ်တုတ်ထိုင်ကင်းစောင့်ပြီးအဘဦးစိန်ဝင်းပြောပြသည့် ကိုကိုးကျွန်းတိုက်ပွဲအကြောင်းကို စိတ်ဝင်တစားနားထောင်နေမိတော့သည်။
![]() ငွေလမင်းရဲ့ အနီးဆုံးလူ | ![]() အချစ်(သို့မဟုတ်) စေတန်ပြုခဲ့တဲ့ ကောင်းမှု | ![]() အချစ်နန်းတော်သွား တောလား |