အခန်း (၁)
“ဟာ…. ဒီရေမွှေးက ဒီတစ်ပုလင်းပဲကျန်တော့တာလား”
“ဟုတ်ပါတယ်ရှင်…. အမျိုးအစားကောင်းသလို ဈေးနှုန်းကလည်း ချိုတဲ့အတွက် အင်မတန် အရောင်းသွက်ပါတယ်”
“ဈေးချိုတာတွေ အရောင်းသွက်တာတွေ ဘာတွေ ကိုယ်ကစိတ်မ၀င်စားဘူး….. ကိုယ်စိတ်ဝင် စားတာ ပစ္စည်းအမှန်အကန် ဖြစ်ဖို့ပဲ….. သိတယ်မဟုတ်လား….. ကိုယ်တို့က Brand အမှန်မှသုံးတတ် တာ”
“ဒီအတွက်စိတ်ချပါရှင်….. ကျွန်မတို့ဆိုင်က ပစ္စည်းတွေ ကို ဘန်ကောက်အထိ ကိုယ်တိုင်သွား ၀ယ်ပြီးမှ ပြန်ရောင်းတာပါ”
“ဟား…. ခက်တာပဲ…. ဘန်ကောက်က၀ယ်လာတယ်ဆိုတာနဲ့ ကိုယ်ကစိတ်ချလက်ချသုံး လိုက်ရမှာ လား….. ဒီမှာ …. ကိုယ်က စင်္ကာပူကို သုံးလတစ်ခါလောက် ရှော့ပင်ထွက်နေတာ…. လိုအပ်တာမှန်သမျှ စင်္ကာပူက တိုက်ရိုက်ဝယ်သုံးနေကျ…. အခုတောင် ဒီမှာ ရေမွှေးပုလင်းလာဝယ် ရတယ်ဆိုတာက ပြီးခဲ့တဲ့တစ်ခါက် စလုံးက အပြန်ဝယ်ခဲ့ဖို့ မေ့လာလို့….. သိတယ်မဟုတ်လား”
“ရှင်…. သြော်…. ဟုတ်ကဲ့ပါ”
“ဒါပေမယ့် ရှေ့လလောက်ဆိုရင် စလုံးကလို ရှော့ပင်ထွက်ရဦးမှာ ပဲ….. အဲဒါ စလုံးမထွက်ခင် စပ်ကြား လောလောဆယ် သုံးစရာမရှိလို့ မလွှဲမရှောင်သာလာဝယ်ရတာ ….. သိတယ်မဟုတ်လား”
“ရှင်…. သြော်…. ဟုတ်ကဲ့ပါ”
ဌေးစိုးဆိုသည့်ကောင် ရေမွှေးပုလင်းဝယ်တာပဲ ကောင်းကောင်းမ၀ယ်ဘဲ လေလုံးမိုးလုံးကြီး နေသည်ကို ကြည့်ပြီး အောင်ရင်ကျော်က မျက်စပစ်ပြသည်။
မြတ်ဘုန်းခေါင်လည်း မျက်နှာသစ်ဆပ်ပြာဘူးတစ်ဘူးကို ယူကြည့်ရင်းမှ ဌေးစိုးတို့ ကတော့ ကြွားရတာ ၀ါသနာပဲဆိုသည့် ဓာတ်သိသဘောဖြင့် ပြုံးစိစိလုပ်ရင်းခေါင်းခါပြသည်။
ထို့နောက် လက်ထဲမှ ဆပ်ပြာဘူးကို ယူမည့် အကြောင်းအရောင်းစာရေး မလေးအား အချက် ပြပြီးနောက် အခြားလိုအပ်တာများ ရှိလိုရှိငြား တစ်ဖက်သို့ ဆက်လျှောက်သွားလိုက်သည်။
အသုံးလိုမည့်  ပစ္စည်းများ ကို လျှောက်ကြည့်ရင်း တကူးတကနားစွင့်စရာမလိုဘဲ ကြားနေရ သည် ကတော့ ဌေးစိုး၏ ကြွားလုံးများ ပင် ဖြစ်သည်။
“ကောင်းပြီလေ….. ဒါဆိုရင်လည်း ဒီရေမွှေးပဲ သုံးကြည့်တာပေါ့…… မစွံရင်တော့လည်းပဲ ၀ဲပ လိုက်ရုံပဲရှိတာပေါ့…… ဒါနဲ့ဈေးနှုန်းက ဘယ်လောက်တဲ့လဲ”
“ခုနစ်သော င်းခြောက်ထောင့်လေးရာပါ”
“ဟင်….. မများ ဘူးလား”
“မများ ပါဘူးရှင်….. အရင်ကကိုးသော င်းကျော်ရောင်းတာပါ…..အခုက နှစ် သစ်ကူး အထိမ်း အမှတ် အထူးဈေးရောင်းပွဲဆိုပြီး ဒစ်စ်ကောင့်ပေးထားတာပါ”
“သြော်….. ဟုတ်လား….. ဒစ်စကောင့်ချပေးပေး မပေးပေး အရေး မကြီးပါဘူး….. အရေး မကြီ ပါဘူး…… အရေး ကြီးတာက ကိုယ်က စလုံးမှာ ဆိုရင် အစိမ်းရွက်တွေ ပဲ ကိုင်သုံးနေကျဆိုတော့ ဒီမှာ လည်း အဲဒီ လိုအစိမ်းရွက်တွေ ပဲ ကိုင်သုံးတာအကျင့်ပါနေပြီ….. ကဲ ပြော….. ခုနစ်သော င်းခြောက် ထောင့်လေးရာဆိုတော့ အမေရိကန်ဒေါ်လာနဲ့ဆိုရင် ဘယ်လောက်ကျမလဲ တွက်ကြည့်လိုက်ပါဦး… ဒေါ်လာနဲ့ပဲရှင်းသွားချင်လို့”
“ရှင်….. ဟုတ်….. ဟုတ်ကဲ့”
“ခွမ်း”
“ဟာ”
“အို”
“ဟင်….. မင်း ဒါဘယ်လိုလုပ်တာလဲ”
သံမံတလင်းပေါ် တစ်စုံတစ်ရာကျကွဲသွားသော အသံနှင့် အတူ အာမေဋိသံများ ၊ ဌေးစိုး၏ ဒေါသမှု တ်သံများ ကို တစ်ခဏအတွင်းမှာ ပင် ညံညံစီစီကြားလိုက်ရသဖြင့် မြတ်ဘုန်းခေါင်နှင့် အောင် ရင်ကျော်လည်း အမှတ်တရပစ္စည်းလေးတစ်ခုကို စိတ်ဝင်တစားကြည့်နေရာမှ နောက်သို့ ပြိုင်တူလှည့် ကြည့်မိကြသည်။
ဌေးစိုးနှင့် ဌေးစိုးလက်ထဲမှ ရေမွှေးပုလင်းကို တိုက်မိသွားဟန်တူသော မိန်းမချောလေး တစ်ယောက် ကို တွေ့ ရသည်။ မိန်းမချောလေး မျက်နှာက တဆိတ်မထီတရီနိုင်လွန်းသည်။
“ဒီမယ်…. ငါမေးနေတယ်….. မင်း ဒါဘာလုပ်တာလဲ”
“ဟင့်အင်း…. ဘာမှမလုပ်ဘူး…… တိုက်မိသွားတာ”
“တိုက်မိသွားတယ်ပြောရုံနဲ့ မပြီးဘူးကွ….. ဒီမှာ ရေမွှေးပုလင်းက ကျကွဲသွားပြီ…. အဲဒါ မင်းဘယ်လိုပြန်လုပ်ပေးမလဲ ပြော”
“သြော်….. ဒါများ ရှင်…. စလုံးကို သုံးလတစ်ခါလောက်ရှော့ပင်ထွက်ပြီး ဒေါ်လာကိုင်သုံး နေတဲ့သူပဲ….. ဒီရေမွှေးပုလင်း ခုနစ်သော င်းကျော်တန်လေး ကျကွဲသွားတာနဲ့တော့ ထိုင်ငိုပြီး အလျော်မတောင်းလောက်ဘူးထင်ပါတယ်….. နော် ဒါလီ…. ခစ် ခစ်”
“သေချာတာပေါ့ဟယ်….. အခုတောင် ကျသင့်ငွေကို မြန်မာကျပ်ငွေနဲ့မရှင်းဘဲ ဒေါ်လာနဲ့ချည်း ပဲဇွတ်ရှင်းမယ်လုပ်နေတဲ့ ဟိုက်ဘော့စ်ပဲဥစ္စာ….. ဒီကိစ္စလောက်ကို စကားထည့်ပြောတာတောင် တော် တော် လွန်နေပြီ အဟင်း…. ဟင်း ဟင်း”
မိန်းမချောလေး၏ ပြောပုံဆိုပုံကိုကြည့်ခြင်းအားဖြင့် ရေမွှေးပုလင်းကျကွဲရခြင်းမှာ မတော် တဆ တိုက်မိတာကြောင့် မဟုတ်ဘဲ ဌေးစိုးအကြွားသန်တာကို အမြင်ကတ်ပုဒ်မနှင့် တမင်တကာ လုပ်လိုက် ခြင်း ဖြစ်ကြောင်း မြတ်ဘုန်းခေါင်ရိပ်မိလိုက်သည်။
မြတ်ဘုန်းခေါင်နည်းတူ ရိပ်စားမိလိုက်သော အောင်ရင်ကျော်လည်း ပမာမခန့်မိန်းမချောလေး အပေါ် ဒေါတစ်ချက်ဖောင်းသွားလျှင် ဌေးစိုးအား စစ်ကူးပေးရန် ခြေလှမ်းပြင်လိုက်သည်။
အောင်ရင်ကျော်ခြေလှမ်းရွှေ့မည် ကြံရုံရှိသေးသည်။ မြတ်ဘုန်းခေါင်က အောင်ရင်ကျော် လက်ကိုလှမ်းဆွဲပြီး မသွားနဲ့ဆိုသည့် သဘောဖြင့် မျက်ရိပ်ပြကာ ဌေးစိုးမမြင်တွေ့ နိုင်သည့် အကွယ်အကာ နေရာဘက်သို့ ပါ ရွှေ့ပြောင်းလိုက်သေးသည်။
“ဘာ ဖြစ်လို့လဲ” ဆိုပြီး နားမလည်နိုင်သလို ကြည့်နေသော အောင်ရင်ကျော်ကိုဂရုမထားဘဲ မြတ်ဘုန်းခေါင် အကွယ်တွင် ရပ်ရင်း ဌေးစိုးတို့အား အသာလှမ်းကြည့်သည်။
အောင်ရင်ကျော်လည်း မနေသာသည်မို့ ကိုယ်လေးကိုရို့ပြီးခိုးကြည့်ရသည်။
ဌေးစိုးခမျာမှာ လည်း မိန်းကလေး တစ်ယောက် နှင့် မည် သို့ ရန်ဖက် ဖြစ်ရမည် ကို မကြံတတ်သ ဖြင့် အကူအညီရလိုရငြား အတူပါလာသော သူငယ်ချင်းမြတ်ဘုန်းခေါင်နှင့် အောင်ရင်ကျော်ကို ဘယ် များ ရောက်နေပါလိမ့်ဟူ၍ ပြူးပြဲလိုက်ရှာနေသည်ကို တွေ့ ရသည်။
“ကျွတ်…. အရေး ထဲမှ ဒီကောင်တွေ ဘယ်သဝေထိုးနေပါလိမ့်”
ဟုမကျေမချမ်းရေရွတ်မိလိုက်သည်။ ပြီး တစ်ခုခုပြောရန်ကြံစည်လိုက်စဉ်မှာ ပင် တစ်ဖက် မိန်းကလေးက ဦးအောင်ပြောလေသည်။
“ကဲပါလေ….. ဒီရေမွှေးပုလင်းဖိုးလောက်လေးနဲ့ ငိုတော့မလို ဖြစ်မနေပါနဲ့….. ရှင့်ရုပ်ကြီးနဲ့ ငိုရင်လည်း ကြည့်လို့ကောင်းမှာ မဟုတ်ပါဘူး”
“ဘာကွ…. ဘာပြောတယ်”
“သြော် ဟော်….. ဒီကွဲသွားတဲ့ရေမွှေးပုလင်းဖိုးကို ကျွန်မကပဲ မြန်မာကျပ်ငွေနဲ့ တာဝန်ယူရှင်း ပေးလိုက် ပါ့မယ်လို့ ပြောတာပါ….. နို့မို့ရှင့်ဒေါ်လာတွေ ထုတ်ရှင်းနေရင် အဆင်မပြေမှာ စိုးလို့ပါ….. ကဲ ညီမရေ….. ရော့…. ဒါ တို့ကြောင့် ကျကွဲသွားတဲ့ ရေမွှေးပုလင်းဖိုး ခုနစ်သော င်းခြောက်ထောင့်လေးရာ တိတိ…. ဒါ ကတော့ ဒီဖန်ကွဲအစအနတွေ နဲ့ ရေမွှေးအရည်တို့ကို ရှင်းလင်းသုတ်သင်ပေးမယ့် သန့်ရှင်း ရေး သမားအတွက် လုပ်အားခ တစ်သော င်း….. ဟုတ်ပြီနော်”
ဌေးစိုးအား ရေမွှေးပုလင်းဖိုး သူလျော်ပေးမည့် အကြောင်းတင်စီးပြောပြီးနောက် ကျသင့်ငွေ ပေးလျော်နေသည့် မထီတရီအပြုံးရှင် မိန်းမချောလေးကိုကြည့်ပြီး မြတ်ဘုန်းခေါင်ပြုံးမိသည်။
“အရေး ထဲမှာ မင်းကဘာပြုံးနေတာလဲ”
ဟုလေသံဖြင့် မေးလာသော အောင်ရင်ကျော်ကို လက်ကာပြပြီးဌေးစိုးတို့ရှိရာသို့ လက်ညှိုး ဆက်ညွှန်ပြသည်။
ဌေးစိုး မိန်းမချောလေးအား မကြည်ကြည့်ကြည့်ပြီး နေရာမှ ရှူးရှူးရှားရှားထွက်ခွာမည် ပြုစဉ် မိန်းမချောလေးက
“ဒီမယ်…. ခဏ”
ဟုလှမ်းတားသဖြင့် ဌေးစိုးလည်း “ဘာလဲ”ဆိုသည့်သဘောဖြင့် မျက်မှော င်ကြီးကြုတ်ပြီး မိန်း မချောလေးအား ပြန်ကြည့်သည်။
မိန်းမချောလေးက တည်ကြည်သော မျက်နှာထားဖြင့်
“ရှင့်ကို ကျွန်မစိတ်စေတနာကောင်းနဲ့ သတိပေးလိုက် မယ်….. ငွေကြေးကပေးတဲ့ အခွင့် အရေး တွေ အပေါ်မှာ ဘယ်တော့မှ မသာယာမိပါစေနဲ့…. နောက်ဆုံးတော့ ရှင်ရှာဖွေ စုဆောင်းထားတဲ့ ငွေကြေးတွေ ကပဲ ရှင့်ဘ၀ကို မြွေတစ်ကောင်လိုရစ်ပတ်ပြီး အဆိပ်ပြင်းပြင်းနဲ့ ပေါက်သတ်သွားလိမ့်မယ်….. နားလည်လား”
ဟုပြောပြီးနောက် နာကြည်းစွာ တစ်ချက်ပြုံးလိုက်ကာ နေရာမှခြေဆောင့်ထွက်ခွာသွား လေသည်။
ဌေးစိုးလည်း ဒီနေ့ ကံမကောင်းပါလားဟူသော အကြည့်ဖြင့် ကြည့်ရင်း ခေါင်းတစ်ချက်ကုတ်မိ ကာမြတ်ဘုန်းခေါင်တို့အားရှာရန် ခြေလှမ်းပြင်လိုက်သည်။ သို့ သော် ခြေလှမ်းမရွှေ့ခင်မှာ ပင်
“ဟေ့ကောင် ဌေးစိုး….. ဘာ ဖြစ်တာလဲ”
ဆိုသော အသံနှင့် အတူအနားသို့ ရောက်လာသော အောင်ရင်ကျော်ကိုတွေ့ ရသည်။ ဌေးစိုး လည်း ဒေါသကိုလွှဲချပေါက်ကွဲလိုသော သဘောဖြင့်
“ဟား…. မင်းတို့ကလဲ…. အရေး ထဲ ဘယ်ပျောက်သွားရတာ လဲ…. ဒီမှာ …. အူကြောင်ဂေါက် တစ်ယောက် ဘလိုင်းချည်း ငါ့ကိုလာဖောက်သွားလို့တင်းနေတာ”
“အေး….. အဲဒါ ငါတို့သိတယ်”
“ဟ….. သိရင် ဘာလို့ပွဲကြည့်ပရိသတ်လုပ်နေသေးလဲ….. နည်းနည်း ပါးပါးလောက် ဖြစ် ဖြစ် ၀င်ငြှိပေးရမှာ ပေါ့…. အခုဟာက ပေါ်တင်ကြီး အကျောလည်းခံရသေးတယ်….. ဆရာမ ကြီး လေသံနဲ့ ဆုံးမသြ၀ါဒတွေ ပေးသွားတာလည်း ခံရသေးတယ်…. တောက် ယောက်ျားနဲ့မိန်းမ ဖြစ်နေလို့ပေါ့ကွာ.. နို့မဟုတ်ရင် တော့လား”
“အေးပါ သိပါတယ်…… အဲဒါ ဟိုကောင်မြတ်ဘုန်းခေါင်က ဘာတွေ ဂယောင်ဖတ်ချင်နေမှန်း မသိဘူး….. မသွားနဲ့ အသာကြည့်နေဆိုပြီး အတင်းဆွဲထားလို့”
“ဟေ….. ဟုတ်လား….. အခု ဘယ်မှာ လဲ အဲဒီ ကောင်”
“နောက်မှာ ပါလာတယ်လေ….. ဟင်….. ဘယ်ရောက် သွားပါလိမ့်”
ဌေးစိုးပြောခါမှ အောင်ရင်ကျော်လည်းနောက်လှည့်ကြည့်ရာ မြတ်ဘုန်းခေါင်ပါလာတာကို မတွေ့ ရ။ ထို့ကြောင့် စိတ်ရှုပ်သွားဟန်ဖြင့်
“ဟာ….. ဒီကောင် ကတော့ ဘာတွေ ဂယောင်လျှောက်ဖတ်နေပြန်ပြီလဲ မသိဘူး…. လာ လာ…. လိုက်ရှာကြည့်ရအောင်”
ဟုလောဆော်ပြီး နေရာမှသုတ်သီးသုတ်ပျာထွက်ခွာရာဌေးစိုးလည်းနောက်မှ လိုက်လာရင်း
“နေဦး…. ဖုန်းခေါ်လိုက်ဦးမယ်”
ဟုဆိုကာ လက်ထဲမှဖုန်းဖြင့် မြတ်ဘုန်းခေါင်ထံဖုန်းခေါ်လိုက်သည်။ ထိုအချိန်မှာ ပင် ရှေ့မှ သွားနေသော အောင်ရင်ကျော်က
“နေ နေ….. မခေါ်နဲ့တော့….. ဟိုရှေ့မှာ တွေ့ ပြီ”
ဟူ၍ လက်ညှိုးညွှန်ပြသည်။ ဌေးစိုးလည်း ခေါ်နေသော ဖုန်းကိုပိတ်လိုက်ပြီး မြတ်ဘုန်းခေါင်ထံ ဆက်လျှောက်သွားလိုက်သည်။
မြတ်ဘုန်းခေါင်လည်း ဖုန်းဝင်လာသဖြင့် ကြည့်လိုက်ရာ ဌေးစိုးဖုန်း ဖြစ်နေသည်ကို တွေ့ ရ သည်။ သို့ သော် ဖုန်းကဆက်မခေါ်တော့ဘဲ ပိတ်သွားသဖြင့် အနားရောက်နေသည်မှန်းရိပ်မိလျှက် နောက် သို့ တစ်ချက်လှည့်ကြည့်၏ ။
ဌေးစိုးနှင့် အောင်ရင်ကျော်က သူတို့ကို မြတ်ဘုန်းခေါင်ရပ်စောင့်မည် ထင်လိုက်သော်လည်း ရပ်မစောင့်သည့်အပြင် မြန်မြန်လာရန်ပါ အချက်ပြနေသဖြင့် တစ်ယောက် ကို တစ်ယောက် ပြိုင်တူ လှည့်ကြည့်မိပြီးနောက် မြတ်ဘုန်းခေါင်နောက်သို့ အမီလိုက်ကြရသည်။ လိုက်လို့မီသည်နှင့်
“ဘာ ဖြစ်လို့လဲ”
ဟုလေသံနှိမ့်ပြီး ပြိုင်တူမေးမိကြသည်။
မြတ်ဘုန်းခေါင်က နှုတ်မှမဖြေဘဲ ရှေ့သို့ မေးထိုးပြ၏
မြတ်ဘုန်းခေါင်ညွှန်ပြရာသို့ ကြည့်လိုက်ရာ မိန်းကလေးနှစ် ဦးကို တွေ့ ရသည်။ ထိုမိန်းကလေး နှစ် ဦး၏ နောက်ကျောကိုကြည့်ပြီး အောင်ရင်ကျော်က မြတ်ဘုန်းခေါင်ကို မဲ့ရွဲ့ကြည့်ရာ ဌေးစိုးက ခေါင်းညိတ်ပြ၏ ။ ပြီးမှ ချက်ချင်း ဆိုသလို တစ်စုံတစ်ရာကို သတိရသွားလျှက်
“ဟ….. မဟုတ်သေးပါဘူး….. အဲဒါ စောစောက ငါ့ကို အသားလွတ်ကြီးခွပ်သွားတဲ့ ငတိမတွေ မဟုတ်လား”
ဟုဆိုရင်း မြတ်ဘုန်းခေါင်ကိုစူးစမ်းကြည့်ကြည့်၏ ။ မြတ်ဘုန်းခေါင် ပြုံးတုံ့တုံ့လုပ်ရင်း ခေါင်း ညိတ်ပြလေသည်။
အောင်ရင်ကျော်က
“ဘာလဲ….. ဒီကောင့်ကို ရင့်သွားတာနဲ့ပတ်သက်ပြီး ပြန်ဖြဲမလို့လား”
ဟုမေးသည်ကို မြတ်ဘုန်းခေါင်ခေါင်းညိတ်ပြလေသည်။
ဌေးစိုးလည်း သူအသားလွတ်ကြီးခံခဲ့ရတာ တွေ ကို နာကြည်းစိတ်မပြေသေးသည်မို့ ပြန်လည် လက်စားချေခွင့်ရပြီဟူသော အတွေးဖြင့် ပျော်သွားလျှက် အားပေးအားမြှောက်ပြုသည်။
“အေး…. ကောင်းတယ်…. နောက်ကို တစ်သက်လုံး ဟောင်ဖွာဟောင်ဖွာမလုပ်ရဲတော့ဘဲ တစ်ချက်တည်းနဲ့ဝပ်သွားအောင်အပီကို ဟောက်စားခြောက်စားလုပ်ပစ်ကွာ…. မိန်းမနဲ့ယောက်ျား ဖြစ်နေတာတွေ ဘာတွေ ခေါက်ထားလိုက်”
“အဟင်း ဟင်း….. မင်းတို့လည်း ငါ့အကြောင်းသိပါတယ်….. အေးဆေးသာ စောင့်ကြည့်နေ လိုက်စမ်းပါ ဟင်း ဟင်း”
မြတ်ဘုန်းခေါင် မပွင့်တပွင့်ရယ်လျှက် ညာဘက်လက်သီးဆုပ်ကို ဘယ်ဘက်လက်ဖ၀ါးဖြင့် ပွတ်သပ်ပြီး သွေးအေးသော လေသံနှင့် တုံ့ပြန်ပြောကြားလေရာ ဌေးစိုးအားတက်သွားရသည်။
မဖုံးနိုင်မဖိနိုင်ဘဲ ပြုံးဖြီးဖြီးမျက်နှာထားဖြင့် အောင်ရင်ကျော်အား လှည့်ကြည့်သည်။ အောင်ရင်ကျော်က ပွဲ ကတော့ ကြည့်ကောင်းပြီ ဆိုသော သဘောဖြင့် လက်မပြန်ထောင်ပြ၏ ။
ထို့နောက် တစ်ခုခုပြောရန်ပြုဆဲမှာ ပင် မြတ်ဘုန်းခေါင် တစ်ယောက် ကိုယ်တိုင်လည်း ရုတ်တရက် ခြေလှမ်းတုံ့ခနဲရပ်လိုက်သလို သတို့ကိုလည်း လက်နှစ် ဖက်ကားပြီး တားလိုက်သဖြင့် အောင်ရင်ကျော်နှင့် ဌေးစိုးလည်း ခြေလှမ်းတွေ တုံ့ခနဲရပ်သွားကြရသည်။
“ဘာ ဖြစ်လို့လဲ”ဟု မေးစရာမလိုအောင် မြတ်ဘုန်းခေါင်က ဦးအောင် လက်ညှိုးညွှန်ပြထား၏ ။
ထို့ကြောင့် မြတ်ဘုန်းခေါင်ညွှန်ပြရာ ကားပါကင်သို့ လှမ်းကြည့်မိကြသည်။ ပြီး နှုတ်ဖျားမှ
“ဟင်….မနန္ဒီပါလား”
ဟုရေရွတ်မိကြသည်။ မနန္ဒီဆိုသည်ကား မြတ်ဘုန်းခေါင်၏ အစ်မ၀မ်းကွဲ ဖြစ်သည်။
မြတ်ဘုန်းခေါင်၏ အစ်မ၀မ်းကွဲ မနန္ဒီကို ယခုစူပါမားကတ်ရှေ့တွင် တွေ့ ရသည့်အတွက် အံ့သြ စရာအကြောင်းမရှိသော်လည်း ပြန်ထွက်ရန်ပြုနေသည့် အခြားကားရှေ့တွင် ပိတ်ရပ် ထားသော သူမ၏ ကားကိုဖယ်မပေးသေးသည့်အပြင် ဖုန်းပြောပင်မပျက်ဘဲ အေးအေးဆေးဆေးနိုင်လွန်းသည်က ပြဿနာရှိသည်။
ပြဿနာကလည်း ရှိတာမှသေးသေးလေးမဟုတ်။ အကြီးကြီး ဖြစ်နေသည်။ အဘယ်ကြောင့် ဆို သော် မနန္ဒီ၏ ကား ပိတ်ရပ်ထားသဖြင့် ပြန်ထွက်လို့မရနိုင်သေးသော ကား၏ ပိုင်ရှင်က စောစောက ဌေးစိုးကိုရင့်သွားသော မိန်းမချောလေး ဖြစ်နေ၍ ပင်။
“ဟာ….. အဲဒါမှ တကယ့်ကွိုင်ပဲ….. ကျားနဲ့ဆင် ရှော့ပင်းစင်တာမှာ တည့်တည့်ကြီးတိုးမိပြီကွ”
အောင်ရင်ကျော် စိုးရိမ်ရေမှတ် ရောက်နေသော အသံဖြင့် ပြောသည်ကို ဌေးစိုးနှင့် မြတ်ဘုန်းခေါင် က ဟုတ်မှန်ကြောင်းခေါင်းညိတ်ပြကြသည်။
မနန္ဒီကလည်း ကိုယ်ပိုင်ငွေကြေးနှင့် ကိုယ်ပိုင်ကုမ္ပဏီ ထူထောင်ထားနိုင်သူမို့ သူ့ကိုယ်သူ ယုံကြည်မှု က လွန်ကဲနေတတ်သည်။ ပညာ၊ ဂုဏ်၊ ငွေကြေးနှင့် ပတ်သက်ပြီး မာန်မာနရှိသည်။ သူပြောဆိုလုပ်ကိုင်စရာရှိသည်များ ကိုသာ အရေး ထားတတ်သည်။
ထို့အတူ တစ်ဖက်မှမိန်းကလေးကိုကြည့်ရသည်မှာ လည်း ခေသူတော့ဟုတ်ဟန်မတူ။ သူကြည့်မရဘူးထင်လျှင် သူမျက်စိနောက်လာလျှင် အချိန်အခါ၊ နေရာမရွေးဘဲ ဒေါက်ဖြုတ်ပစ်ဖို့ ၀န်လေးတတ်သူ ဟုတ်ဟန်မတူ။
ယခု ထိုထိုသော သူ့ထက်သူ လူစွမ်းကောင်းမလေး နှစ် ယောက် တို့ ထိပ်တိုက် တိုးမိနေကြပေပြီ။
“ပွမ်”
“၀ူး”
မိန်းမချောလေးက မနန္ဒီများ ကားနေရာဖယ်ပေးမလားဟူ၍ ကားစက်နှိုးပြီး စောင့်ကြည့်သော် လည်း မနန္ဒီက သတိပြုမိပုံမရဘဲ ဖုန်းကိုဆက်ပြောနေသည်။
“အဟင်း ဟင်း…. ကျွန်မဘက်ကိုစိတ်ချစမ်းပါ ကိုချစ်ဦးရယ်….. နန္ဒီတို့က စီးပွားရေး လောကမှာ နာမည် တစ်လုံးနဲ့ရပ်တည်နေတာပါ….. အခုရှင်လုပ်မယ့်လုပ်ငန်းမှာ ကျွန်မတစ်ဦးတည်းအနေနဲ့ သိန်းခြောက်ထောင်ပံ့ပိုးပေးပါ့မယ်”
“ပွမ်”
လီဗာကိုဖိနင်းပြီး ကားစက်သံပြင်းပြင်း ပေးပါသော်လည်း မနန္ဒီတို့က တစ်စက်ကလေးမှ အရေး စိုက်ဟန်မပြ၍ တစ်ဖက်မိန်းကလေးလည်း စိတ်မရှည်တော့ဟန်ဖြင့် ကားဟွန်းသံပေးလေသည်။
မနန္ဒီမကြားယောင်ပြုကာ ဖုန်းဆက်ပြောနေနိုင်အားသည်။
“အဟင်း နေပါစေ ကိုချစ်ဦးရယ်…. ဆီဒိုးနားမှာ ပဲ ကျွေးကျွေး ထရိတ်ဒါးမှာ ပဲကျွေးကျွေး ကျွန်မ ဘက်ကအချိန်မပေးနိုင်သေးလို့ပါ….. အဟင်း ဟင်း….. တစ်ခုတော့ ကြိုပြောထားမယ်နော်…. ကျွန်မ ကသိန်းခြောက်ထောင်ပံ့ပိုးပေးလို့ ကျွန်မကိုကျေးဇူးတွေ အတင်မစောနဲ့ဦး…. ပြီးရင် အဲဒီ ကထွက်လာ တဲ့ ကုန်ချောတွေ အားလုံး ကျွန်မတစ်ဦးတည်းကိုပဲ ပေါက်ဈေးနဲ့ရောင်းပေးရမှာ နော်”
“ပွမ်”
မိန်းမချောလေးမျက်နှာတင်းလာလျှက် ကားဟွန်းတစ်ချက်တီးပြန်သည်။
မနန္ဒီ တစ်ချက်လှမ်းကြည့်ရုံထက်ပိုပြီး အသိအမှတ်ပြုဖော်မရသော အခါ မချောလေး အတော် ဒေါသထွက်လာဟန်တူသည်။ ထို့ကြောင့် သူငယ်ချင်း ဖြစ်သူအား
“နင်သွားပြောကြည့်လိုက်ဦး” ဟူသော သဘောဖြင့် မျက်စပစ်ပြသည်။
စိတ်အချဉ်ပေါက်နေပြီ ဖြစ်ဟန်တူသော သူငယ်ချင်းကလည်း ချက်ချင်း ပင်ခေါင်းညိတ်ပြပြီး ကားပေါ်မှဆင်းကာ မနန္ဒီအနီးသို့ လျှောက်သွား၏ ။ အနားသို့ ရောက်သည်နှင့်
“အစ်မ….. အစ်မကားလေး ရှေ့နည်းနည်း တိုးပေးပါ…. ဒီမှာ ကျွန်မတို့ကားထွက်ချင်လို့”
ဟုဒေါသချုပ်တီးထားသော အသံနှင့် ခရီးရောက်မဆိုက်ပြောရလေသည်။
ထိုအခါမှ ကားလမ်းကြောင်းရှင်းတာဝန်ကျဝန်ထမ်းလေးကလည်း မနန္ဒီကိုရှိန်ပြီး ဘာပြော ရမှန်းမသိ ဖြစ်နေရာက ၀ီစီမှု တ်ပြီး အခြားတစ်ဖက်ရှိကားတစ်စီးထွက်သွားသဖြင့် လွတ်သွားသော နေရာလပ်တွင် မနန္ဒီကားကို နေရာယူရန်ညွှန်ပြ၏ ။
သို့ သော် မနန္ဒီက သူတို့အား သူ၏ လက်အောက်ငယ်သားများ လို သဘောထားလျှက် သူဖုန်း ပြောနေတာနှောင့်ယှက်ရကောင်းလားဆိုသော မာန်မဲပြစ်တင်လိုသည့်အကြေည့်များ ဖြင့် ခပ်စူးစူးတစ် ချက်ကြည့်ပြီးနောက် ဖုန်းကိုဆက်ပြောမြဲပြောနေလေသည်။
“ဘာ ဖြစ်တယ်…. ကျွန်မနိုင်ငံခြားကို သစ်အိတ်စ်ပို့ထ်လုပ်ပြီး စက်သုံးဆီတွေ အင်ပို့ထ်ပြန် လုပ်မှာ ကို ရှယ်ယာဝင်ချင်လို့ ဟုတ်လား….. ဒါက ကျိန်းသေပေါက်မြတ်မယ့်လုပ်ငန်းရှင့်….. သိပ်လည်း နစ်နာနေပါဦးမယ်….. စဉ်းစဉ်းစားစားလည်းပြောပါ….. ဒီမယ် ကျွန်မလုပ်တဲ့ လုပ်ငန်းမှန် သမျှ ဘယ်သူ့ရှယ်ယာမှခေါ်စရာမလိုဘူး….. ကျွန်မတစ်ဦးတည်းရဲ့ ငွေကြေးနဲ့ပဲ လုပ်ကိုင်နိုင်တယ်…. ပြီးရလာတဲ့အမြတ်အစွန်းကိုလည်း ကျွန်မတစ်ဦးတည်းခံစားမယ်….. အဲ….မတော် လို့ ရှုံးသွားရင်လည်း အပြုံးမပျက်ဘူး….. နန္ဒီတို့အတွက် ငွေဆိုတာ ရှာရမခက်ပါဘူး….. သိတယ်မဟုတ်လား”
“သြော်….. ဟုတ်လား”
ဆိုပြီးပြောလိုက်သူ ကတော့ မိန်းမချောလေးပင် ဖြစ်သည်။ မိန်းမချောလေးက မနန္ဒီကို မထီတရီ ပြုံးပြီးကြည့်လိုက်သည်။
ထိုအကြည့်၊ ထိုအပြုံးတွင် စိန်ခေါ်မှု တွေ ပြည့်နှက်နေသည်ကို မြတ်ဘုန်းခေါင်တို့ရိပ်စား မိလိုက်သည်။
သူမတစ်ခုခု လုပ်တော့မည် ဟု ထင်လိုက်စဉ်မှာ ပင် မိန်းမချောလေးက ကားကိုဝူးခနဲမောင်း ထွက်လိုက်သည်ကို တွေ့ ရသည်။
“၀ုန်း”
“အို”
“ဟာ”
“ဟင်”
ကျယ်လောင်သော ထိခိုက်သံနှင့် အတူ အားမေဋိတ်သံများ ရေပလုံစီသလို တက်လာကြသည်။
သူမ၏ ကားက မနန္ဒီ၏ ကားကို မိမိရရကြီးတိုက်မိသွားလေသည်။
ကားချင်းဆောင့်တိုက်ပစ်လိုက်သည်ကို ကြည့်ပြီး မြတ်ဘုန်းခေါင်တို့လည်း အံ့သြသွားရသည်။ သူတို့ထက်ပိုပြီးအံ့သြမင်တက်သွားရသူက မနန္ဒီပင် ဖြစ်သည်။
မနန္ဒီမယုံနိုင်သလိုကြည့်ပြီး ဘာပြောရမှန်းမသိဘဲ ဖြစ်နေစဉ် မချောက ကားပေါ်မှ အေးဆေးစွာ ဆင်းလာပြီး ထိခိုက်မိထားသည့် ကားနှစ် စီး၏ အခြေအနေကို ကြည့်သည်။ ပြီး မခိုးမခန့်အပြုံးဖြင့် မနန္ဒီကိုကြည့်သည်။
ထိုအခါမှ မနန္ဒီလည်း သတိပြန်ဝင်လာလျှက်
“ဟင်…. မင်းဒါဘာလုပ်တာလဲ”
“သြော်…. ဒီကမမက ကိန်းဂဏန်းတွေ အကြောင်း ပါစပ်က အမြှုပ်ထွက်မတတ် ပြောနေရတာ နဲ့ ကားကိုလမ်းဖယ်ပေးဖို့ အချိန်မရဘူးမဟုတ်လား….. ဒါကြောင့် ဟောဒီက ရွှေပိုးဝင့်ဝါဆိုတဲ့ ညီမလေး ကပဲ အလိုက်တသိနဲ့ ၀င်ကူညီပေးလိုက် တာပါ။
“မင်း…. မင်းလူပါးဝလှချည်လား….. ငါ့ကို ဘာများ အောက်မေ့နေသလဲပြော…. ခုကိစ္စ မင်းဘယ်လိုရှင်းမလဲ….. အဟင်း ဟင်း….. ကြည့်စမ်းပါဦး…. ငါ့ကားလေး သုံးမရအောင် ပျက်စီးသွား တာပါပဲလား”
“သြော်….. မမကလဲ…. ဖုန်းတစ်ကောလ်လေးအတွင်းမှာ တောင် ငွေသိန်းပေါင်းထောင် သော င်းချီပြီး အလုပ် ဖြစ်နေသေးတာပဲ…. ဒီကားလေးတစ်စီးလောက် ထိခိုက်သွားတာ ဘာအရေး လဲ….. မမအတွက် ပါးပါးလေးပဲဟာ”
ဘာကိုမျှအမှု မထားဘဲ ရဲတင်းရင့်သီးလွန်းသော မချောကိုကြည့်ပြီး အောင်ရင်ကျော်က
“ဟာ….. ဒီကလေးမလေး…. အဲဒါတော့ မိုက်ရိုင်းလွန်းတယ်ကွာ”
ဟုသည်းမခံနိုင်သော လေသံဖြင့် ပြောပြီး အခင်း ဖြစ်ပွားနေရာသို့ သွားရန် ခြေလှမ်းပြင်မိသလို ဌေးစိုးကလည်း
“ဟုတ်တယ်…. တော် တော် လူပါးဝတဲ့ ဟာမလေး….. တစ်ခါတည်းမှတ်သွားအောင် နာမ်နှိမ် ပစ်ရမယ်”
ဟူ၍ မကျေမချမ်းရေရွတ်ပြောပြောရင်း နောက်မှလိုက်လေသည်။ သို့ သော် သူတို့နှစ် ယောက် စလုံးကို မြတ်ဘုန်းခေါင်က လှမ်းဆွဲလိုက်သဖြင့် တုံ့ခနရရပ်သွားပြီး မြတ်ဘုန်းခေါင်ကို လှည့်ကြည့် ကြသည်။
မြတ်ဘုန်းခေါင်မျက်နှာက ပြုံးနေသဖြင့် အံ့သြနားမလည် ဖြစ်သွားရသည်။
“ဘာလဲကွ….. ဘာလုပ်တာလဲ”
“အေးလေ….. ဟိုမှာ မင်းအစ်မ တစ်ယောက် တည်း ရွာလည်နေတာ…. တို့သွားပြီး စစ်ကူပေးမှ ရမှာ ပေါ့”
မြတ်ဘုန်းခေါင်က သဘောကျသလို ခေါင်းတစ်ချက်ခါယမ်းပြုံးရင်း
“ဒီမယ်….. မင်းတို့နှစ် ယောက် စလုံး ငါသေချာမှာ မယ်….. ငါမှာ တဲ့အတိုင်းပဲလုပ်ပါ…. ဌေးစိုး… မင်းကမနန္ဒီကိုဖျောင်းဖျခေါ်သွားပြီး မင်းကားနဲ့အိမ်ပြန်ပို့ပေးလိုက် …. အောင်ရင်ကျော်…. မင်း ကတော့ ဒီကိစ္စ ကျွန်တော် ရှင်းပေးပါ့မယ်ဆိုပြီး ကြားကအဆင်ပြေအောင်ဝင်ရှင်းပေးလိုက် ….. ပြောထားမယ် နော်….. အဲဒီ ဇယားလေးနဲ့ လုံးဝကွိုင်မတက်စေနဲ့”
ဟူ၍ ညွှန်ကြားလေရာ အောင်ရင်ကျော်နှင့် ဌေးစိုး နားမလည်မှု တွေ ပိုသွားရပြန်သည်။
“မဟုတ်သေးဘူးလေကွာ…. မင်းဟာက….”
“ကဲပါ သွားပါ…. ငါပြောတဲ့အတိုင်းသာလုပ်ပါ….. မင်းတို့က ပြောနေရတာ နဲ့တင် ဟိုမှာ ပွဲက ကြမ်းကုန်တော့မယ်”
အရေး ထဲမှာ အထွန့်တက်ချင်နေသော ဌေးစိုးကို စကားဖြတ်ပြောလိုက်ပြီး မြန်မြန်ထွက်ခွာ သွားစေရန် နှစ် ယောက် စလုံးကို လက်နှင့် တွန်းထုတ်လိုက်၏ ။ ပြီး တစ်စုံတစ်ခုကို သတိရဟန်ဖြင့်
“သြော်…. ဟေ့ကောင်တွေ …. ငါရှိနေတာ မနန္ဒီမသိစေနဲ့နော်…. ပြောစရာရှိရင် ဖုန်းနဲ့ပဲ ဆက်သွယ်လိုက်”
ဟူ၍ လှမ်းသတိပေးရသေးသည်။
အောင်ရင်ကျော်နှင့် ဌေးစိုးလည်း ဘာကြောင့် မှန်းမသိသော်လည်း မလွန်ဆန်နိုင်သော သူငယ်ချင်းအလုပ်ရှင်၏ စကားကြောင့် ခေါင်းသာညိတ်ပြရင်း မနန္ဒီဆီအပြေးတစ်ပိုင်းထွက်ခွာသွား လေသည်။
မနန္ဒီလည်း အောင်ရင်ကျော်နှင့် ဌေးစိုးတို့ကို ယခုလိုအချိန်မှာ မမျှော်လင့်ဘဲ တွေ့ လိုက်ရသဖြင့် အားတက်သွားရသည်။
“မနန္ဒီ”
“သြော်…. ဌေးစိုးတို့၊ အောင်ရင်ကျော်တို့ပါလား….. အတော် ပဲ…. တို့လည်း မင်းတို့သူငယ်ချင်း ဆီဖုန်းခေါ်နေတာ မကိုင်လို့…. ဒီမှာ လေ….”
“သိတယ်…. ကျွန်တော် တို့လည်း အဲဒါမြင်လို့လာခဲ့တာ…. ရတယ် ကိစ္စမရှိဘူး…. ဒီကိစ္စ လောက်က မနန္ဒီကိုယ်တိုင်ရှင်းစရာမလိုဘူး…. ကျွန်တော် တာဝန်ယူဖြေရှင်းပေးလိုက် မယ်”
“ဟုတ်ပါတယ် မနန္ဒီရယ်…. ဒီကိစ္စလောက် ကတော့ အောင်ရင်ကျော်သာလွှဲပေးခဲ့လိုက်…. မနန္ဒီသွားစရာရှိရင်ပြော…. ကျွန်တော် လိုက်ပို့ပေးမယ် လာ”
“အဟင်း ဟင်း…. ကျွန်မအတွက်ကလည်း ဒီကိစ္စလောက်ကို ကျွန်မကိုယ်တိုင်ရှင်းစရာ မလိုပါဘူး…… ငွေကိုအထင်ကြီးကိုးကွယ်ပြီး ငွေဆိပ်သင့်နေတဲ့ သူတွေ အတွက် ဖြေဆေးဟာလည်း ငွေတစ်မျိုးပဲ ရှိတာဆိုတော့…. ရော့…. ဟောဒီနိမ်းကတ်မှာ ပါတဲ့အတိုင်း ဖုန်းဆက်လိုက်…. ပြီးမှ ရှင်တို့ ဘာသာ ကားပဲပြင်ချင်ချင်၊ အသစ်တစ်စီးပဲပြန်လိုချင်ချင် ရှင်တို့သဘောပဲ…. လာ ကေခိုင်…. ဒီကား ထားခဲ့ပြီး တက္ကစီနဲ့ပဲ သွားကြရအောင်…. ငွေကြေးစော်နံနေတဲ့ကားနဲ့ တိုက်မိပြီးတဲ့ ကားကို ဆက်စီးရမှာ ရွှေပိုးဝင့်ဝါတို့က အော်ဂလီဆန်လွန်းလို့“
ဌေးစိုးနှင့် အောင်ရင်ကျော်က စကားအလှသုံးပြီး မနန္ဒီအားခေါ်ထုတ်သွားရန်ကြိုးစားနေစဉ် မှာ ပင် ရွှေပိုးဝင့်ဝါဆိုသူမချောက စကားကိုအကျောမခံဘဲပြောသွားရုံသာမက ကတ်ပြားတစ်ပြားကို လည်း မနန္ဒီ၏ ကားခေါင်မိုးပေါ်ပစ်တင်ပေးပြီး နေရာမှခပ်တင်းတင်းပင်ထွက်ခွာသွားရန် ပြင်လေ သည်။
အောင်ရင်ကျော်က ကတ်ပြားကိုယူကြည့်ပြီး
“ဦးကျော်မောင်…. ချဲယားမင်း…. ရွှေပိုးကုမ္ပဏီလီမိတက်”
ဆိုသည်ကို အသံထွက်ဖတ်မိလေရာ မနန္ဒီက ဖျတ်ခနဲယူပြီးကြည့်သည်။ ထို့နောက်
“ဟိတ်…. မင်းက အန်ကယ်ဦးကျော်မောင်ရဲ့ သမီးလား”
ဟုလှမ်းမေးလေသည်။ ရွှေပိုးဝင့်ဝါ နောက်လှည့်ကြည့်ပြီး နာကျင်သော အပြုံးတစ်ခုနှင့် အတူ ခေါင်းညိတ်ပြပြီးနောက် ဆက်လက်ထွက်ခွာသွားလေသည်။ မနန္ဒီလည်း ခေါင်းတညိတ်ညိတ်ပြုရင်း
“သြော်…. ဒါကြောင့် လည်း ဒီကလေးမ ဒီလောက်တောင်မောက်မာနေနိုင်တာကိုး…. အင်း…. ဘာပဲ ဖြစ် ဖြစ် အန်ကယ်ဦးကျော်မောင်ဆီတော့ ဖုန်းဆက်ပြီးတိုင်ဦးမှပါပဲ”
ဟူ၍ ရေရွတ်ပြောဆိုပြီးနောက် ရွှေပိုးဝင့်ဝါ၏ ဖခင် ဦးကျော်မောင်ထံ ဖုန်းဆက်ကာ ဖြစ်စဉ်ကို ပြောပြလေသည်။
အကွယ်တစ်နေရာမှ ကြည့်ရှုအကဲခတ်နေသော မြတ်ဘုန်းခေါင် ကတော့ ဘာတွေ သဘောကျ လို့ကျနေမှန်းမသိဘဲ တစ်ယောက် တည်းပြုံနေလေသည်။
အခန်း (၂)
“ဟေ…. မင်းတို့ပြောပုံအရဆိုရင် ရွှေပိုးဝင့်ဝါဆိုတဲ့ကောင်မလေးက မိသားစုကို အချဉ်ပေါက်ပြီး သူ့မျက်စိနဲ့မတွေ့ တဲ့လူတိုင်းကို ရန်ရှာပြီး ညစ်တွန်းတွန်းနေတဲ့သဘောပေါ့”
“မဟုတ်ဘူးကွ…. အဲဒီ ထက်ပိုတယ်….. သူက လောကကြီးကို အချဉ်ပေါက်ပြီး တစ်လောက လုံးကလူတွေ ကို ရန်သူထင်ပြီး အသေခံဗုံးခွဲနေတာ”
ရွှေပိုးဝင့်ဝါအကြောင်း အောင်ရင်ကျော်ဖောက်သည်ချသမျှ နားထောင်ပြီး ဌေးစိုးနှင့် ဖိုးသား တို့က သူတို့ထင်မြင်ချက်ကိုပြောသည်။
အောင်ရင်ကျော်ပြောပြနေစဉ်တစ်လျှောက်လုံး ခေါင်းတညိတ်ညိတ်နှင့် ဘာမျှဝင်မပြောဘဲ နေခဲ့သော မြတ်ဘုန်းခေါင်လည်း ဖိုးသားနှင့် ဌေးစိုးတို့၏ မှတ်ချက်ကို ဘ၀င်မကျသေးဟန်ဖြင့်
“ငါ့အထင်ပြောရရင်တော့ ရွှေပိုးဝင့်ဝါဆိုတဲ့ကောင်မလေးက မိသားစုကိုအချဉ်ပေါက်ပြီး တွေ့ တဲ့လူကို ရန်ရှာညစ်တွန်းတွန်းနေတာလည်းမဟုတ်ဘူး….. လောကကြီးကို အချဉ်ပေါက်ပြီး လူတွေ့ တိုင်း ရန်သူပဲဆိုပြီး အသေခံဗုံးခွဲနေတာလည်း မဟုတ်ဘူး”
“ဟေ့….. ဘာလဲ…. အေးအေးဆေးဆေးနေနေတာကိုမကြည့်ချင်လို့လား”
“ကျွတ်… မင်းတို့ကောင်တွေ ကလဲ….. စကားလည်း ဆုံးအောင်နားထောင်ပါဦး….. ဒီမှာ က ဘာလုပ်မယ်မှန်းမသိသေးဘူး… အင်္ကျီလက်မောင်းစလေး ဆွဲတင်ရုံရှိသေး…… အမှု ပတ်မှာ ကြောက်ပြီး ထွက်ပြေးကြတာကအရင်…. လောကကြီးမှာ မင်းတို့လိုကောင်တွေ ချည်းပဲ ဆိုရင် ခက်ရချည်ရဲ့ ကွာ”
မြတ်ဘုန်းခေါင် မျက်နှာတည်ကြီးဖြင့် ကောလေခါမှသကောင့်သားသုံးယောက် လည်း သူတို့ မျက်နှာလေးတွေ ကို ပိစိကွေးလေးတွေ ဖြစ်အောင် စီရင်လိုက်ရင်း
“သြော်….. မင်းကလဲ…. စိတ်မဆိုးပါနဲ့ကွာ….. ငါတို့က ကြောက်တာမဟုတ်ပါဘူးကွ…. သတိ ရှိတာပါ…. အဟင်း ဟင်း”
“ဟုတ်ပါတယ်ကွာ….. တောင်းပန်ပါတယ်….. ကဲ မင်းပဲမင်းစကားကိုမင်း ဆုံးအောင် ဆက်ရှင်း စမ်းပါဦး”
ဟူ၍ အသီးသီးပြန်လည်တောင်းပန်စကားဆိုကြလေသည်။
မြတ်ဘုန်းခေါင်လည်း အချိုးမပြေသော သူငယ်ချင်းများ ကို ဘုကြည့်ကြည့်ပြီး ပါးစပ်လှုပ်ဆဲ ရေး လိုက်သေးသည်။ ပြီးမှ
“ငါပြောချင်တာက ဒီလိုကွ….. မနန္ဒီရဲ့ ကားကို ရွှေပိုးဝင့်ဝါက သူ့ကားနဲ့ ၀င်ဆောင့်တိုက်ပစ်တဲ့ ကိစ္စ….. နောက်ပြီး ဌေးစိုးလက်ထဲက ရေမွှေးပုလင်းကို တမင်ကျကွဲအောင် လုပ်ပစ်တဲ့ကိစ္စ….. ဒီလိုမျိုးတွေ က ရှင်းရပေါင်းမနည်းတော့ဘူးလို့ သူ့အဖေကိုယ်တိုင်က အောင်ရင်ကျော်နဲ့ မနန္ဒီကို ပြောပြလိုက်တယ်မဟုတ်လား”
ဟူ၍ စကားစပြန်ကောက်သည်နှင့် အောင်ရင်ကျော်က ခေါင်းတစ်ချက်ညိတ်ပြီး
“အေးကွ ပြောလိုက်တယ်…. အင်း…. ပြောတယ်ဆိုတာထက် ရင်ဖွင့်လိုက်တာဆိုရင် ပိုမှန် တယ်ကွ”
ဟူ၍ စကားကိုဖြည့်ပေးသည်။
မြတ်ဘုန်းခေါင် မေးစေ့ကိုလက်ဖြင့် အသာအယာပွတ်သပ်ရင်း
“ဒါပဲလေ…. သူ့အဖေ ဦးကျော်မောင်ရင်ဖွင့်လိုက်တာရော….. သူ့မိထွေး ဒေါ်မဉ္ဇူဖာဖာ ထွေးထွေးနဲ့ဝင်ပြောတယ်ဆိုတာတွေ ရော…..နောက်ပြီး မနန္ဒီကိုယ်တိုင် ကြားထားသိထားသမျှ ပြန်ပြောတာတွေ ရောပေါင်းပြီး စဉ်းစားကြည့်တာ”
“ဟင်…. မင်းဟာကြီးက ဘယ်လိုကြီးလဲကွ”
“ဟွန့်…. မင်းပြောမှ ပိုတောင်ရှုပ်ကုန်ပြီ”
“အေးလေ…. ဒီမယ် မြတ်ဘုန်းခေါင်…. စကားလုံးအကြီးကြီးတွေ မသုံးဘဲနဲ့ ငါတို့ရှင်းအောင် လည်း သေချာပြောစမ်းပါဦးကွာ”
ကြည့်…. ဘယ်လောက်တောင် အကင်းပါးလိုက်သည့် ကောင်တွေ လဲဆိုတာ။ တစ်လံပြတာတောင် တစ်ထွာမြင်ရကောင်းမှန်း မသိကြ။ ဒီလောင်တောင် တော် ရကောင်းလား ဆိုပြီး တစ်ယောက် ကို ငယ်ထိပ်သုံးချက်လောက်စီ ထုပြီး ဂုဏ်ပြုလိုက်ဖို့ကောင်းသည်။
“ဒီလိုကွာ…. ဌေးစိုးရဲ့ ရေမွှေးပုလင်းကိစ္စ ကတော့ ထားလိုက်ပါတော့…. မနန္ဒီကိစ္စကစပြီး ပြောကြည့်ရအောင်”
“အင်း…. ပြောကြည့်ပါဦး”
“မနန္ဒီရဲ့ ကားကိစ္စမှာ အောင်ရင်ကျော်ကအစအဆုံးဝင်ပြီးဖြေရှင်းပေးခဲ့ရတယ်မဟုတ်လား”
“အေးလေကွာ…. ဟုတ်တယ်…. အစ ကတော့ မနန္ဒီလည်းအစွယ်ရှိတဲ့လူချင်း အကျောခံရ တယ်ဆိုပြီး ပေါက်ကွဲခဲ့သေးတာ…. ဒါပေမယ့် ရွှေပိုးဝင့်ဝါရဲ့ အဖေက ရွှေပိုးကုမ္ပဏီပိုင်ရှင် ဦးကျော် မောင်ဆိုတာက သူနဲ့စီးပွားရေး အရ မကင်းရာမကင်းကြောင်း ဖြစ်နေတာကလည်းတစ်ကြောင်း…… စီးပွားရေး ပညာနဲ့ပတ်သက်ပြီး သူအထင်ကြီးလေးစားပြီး လိုအပ်ရင်လိုအပ်သလို အကြံဥာဏ်နဲ့အကူ အညီတွေ ယူနေရတာ ကတစ်ကြောင်းကြောင့် ရွှေပိုးဝင့်ဝါလက်ချက်နဲ့ ကားထိခိုက်ပျက်စီးတဲ့ကိစ္စကို ဘာမှမပြောတော့ဘဲ လျှော့ပေးလိုက် တာကွ…. ဒါတောင် ဦးကျော်မောင်က အားနာပြီး ကားအသစ် တစ်စီးနဲ့ ပြန်လဲပေးဖို့လုပ်သေးတာ…. မလုပ်ပါနဲ့…. ကိစ္စမရှိပါဘူးဆိုပြီး မနည်းတောင်းပန်လိုက်ရ တယ်….. ဒီကြားထဲကတောင် ကားပြင်ဆင်စရိတ်ကို ဦးကျော်မောင်ကပဲ ကျခံသွားသေးတာလေ”
“အေး…. ဟုတ်တယ်…. နောက်ပြီး ဦးကျော်မောင်က မင်းတို့ကို ဘာပြောသေးလဲ…. သူ့သမီး တစ်နေ့တစ်နေ့ အပြင်ထွက်တိုင်း ဘာတွေ ပြဿနာရှာခဲ့လို့ ဘာတွေ လျော်ကြေးပေးရဦးမလဲ ဆိုတာ ရင်တမမနဲ့ နားစွင့်နေရတယ်လို့ ပြောသေးတယ် မဟုတ်လား”
“ဟုတ်တယ် ပြောတယ်…. ငါလည်း ပထမတော့ ရွှေပိုးဝင့်ဝါဆိုတဲ့ ငတိမကို မိဘချမ်းသာတဲ့ အရှိန်နဲ့ ရမ်းချင်တိုင်းရမ်းနေတာလို့ အမြင်ကတ်မိသေးတယ်…. နောက်မှ မနန္ဒီပြောလို့သိရတာ က ရွှေပိုးဝင့်ဝါတို့က အရင်ကအတော် ဆင်းရဲတယ်ဆိုပဲ….. ဘ၀ကို တော် တော် ခက်ခက်ခဲခဲကို ရုန်းကန်ခဲ့ရတာ တဲ့…. အဲသလို ရုန်းကန်ကြိုးစားရင်းနဲ့ တစ်စတစ်စ အဆင်ပြေလာပြီး ငွေအရင်းအနှီးလေးလည်း အထိုက်အလျောက်စုဆောင်းမိလာတယ်….. အဲဒီ ငွေကြေးအရင်းအနှီးကို အလားအလာရှိတဲ့ လုပ်ငန်းတွေ မှာ ရင်းနှီးမြှုပ်နှံတတ်ခဲ့တဲ့ သူ့အဖေနဲ့အမေရဲ့ အမျှော်အမြင်ရှိမှု ကြောင့် ရော….. ကံကောင်းတာရော…. အမှီကောင်း ရသွားတာရောပေါင်းပြီး ဒီ့နောက်ပိုင်းမှာ အကြီးအကျယ်ကိုချမ်း သာလာတာဆိုပဲကွ”
“အင်း…. ဟုတ်ပါပြီ….. သိသလောက် ဆက်ပြောပြပါဦး”
“အေး…. အဲဒီ လို ငွေကြေးဓနပြည့်စုံကြွယ်ဝလာလို့ မိသားစုဘ၀လေး အပူအပင်မရှိ လှချင် တိုင်းလှပြီလို့ ထင်ထားရာက သူ့အဖေ ဦးကျော်မောင်က သူ့စက္ကထရီ မမဉ္ဇူနဲ့ ဇာတ်လမ်း ဖြစ်လာသလို သူ့အမေဒေါ်ဝင့်စန္ဒီကလည်း သူ့ကုန်တိုက်ရဲ့ ရှယ်ယာဝင်တစ်ဦး ဖြစ်တဲ့ ဦးဝင်းမြင့်နဲ့ ညိစွန်းလာကြ ရောတဲ့….. နောက် သူကဘယ်လိုရှာနိုင်လို့၊ ငါကဘယ်လို ရှာနိုင်လို့ဆိုတဲ့ အားပြိုင်မှု တွေ လည်း ရှိလာတယ်….. ပြောရရင် အခြေအနေတွေ က အပျက်အပျက်နဲ့ နှာခေါင်းသွေထွက်ကိန်း ဆိုက်လာတယ်ပေါ့ကွာ….. အဲဒီ လိုနဲ့ ရွှေပိုးဝင့်ဝါ ဆယ်တန်းစာမေးပွဲ နောက်ဆုံးနေ့မှာ ပဲ သူ့အဖေနဲ့ သူ့အမေလည်း ဆက်ပြီး လက်မတွဲ နိုင်မယ့်အတူတူ ဆိုပြီး တရားဝင် ကွာရှင်းလိုက်ကြသတဲ့လေ….. ဆိုးတာက အဲဒီ ကွာရှင်းတဲ့နေ့မှာ ပဲ ဦးကျော်မောင်က မမဉ္ဇူကို အိမ်ပေါ်ခေါ်တင်လိုက်သလို ဒေါ်ဝင့်စန္ဒီကလည်း အိမ်ပေါ်ကဆင်းတာနဲ့ အိမ်ရှေ့မှာ အသင့်ရပ်စောင့်နေတဲ့ ဦးဝင်းမြင့်ရဲ့ ကားပေါ်တက်သွားပြီး နေ့မကူးဘဲ အိုးသစ်အိမ်သစ် ထူထောင်လိုက်ကြသတဲ့လေ….. အဲဒီ ကစပြီး ရွှေပိုးဝင့်ဝါလည်း သူ့မိဘ တွေ အပေါ်စိတ်နာပြီး အပြင်လူတွေ ကို အခုလိုပြဿနာ လျှောက်ရှာနေတော့တာပဲတဲ့”
“အေး…. ဟုတ်တယ်…. ငါပြောချင်တာ အဲဒါပဲ”
“ဟင်…. ဘာငါပြောချင်တာ အဲဒါပဲလဲ…. အခု အားလုံးကို အောင်ရင်ကျော်ကပဲ ပြောသွားတဲ့ ဟာ”
“အေးလေ…. သူက စကားလေးတစ်ခွန်းနှစ် ခွန်းလောက် ၀င်ထောက်တာပဲရှိတဲ့ဟာကို”
မြတ်ဘုန်းခေါင်က လိုချင်တာ ပွိုင့်ရောက်ပြီဆိုသော သဘောဖြင့် မာန်ပါပါပြောသည်ကို ဌေးစိုးနှင့် ဖိုးသား မအူမလည်ဝင်ပြီး စကားကပ်ရှုပ်ပြသည်။
အောင်ရင်ကျော်ကလည်း သူတို့ပြောတာဟုတ်မှန်ကြောင်း တစ်ခုခုဝင်ပြောရန်ပြုသဖြင့် မြတ်ဘုန်းခေါင်က လက်ကာပြလိုက်ပြီး
“နေစမ်းပါဦး….. ဒီမှာ လိုရင်းပြောမလို့ဟာကို”
ဟု ဦးအောင်ပိတ်ပြောပြီးနောက် ပြောလိုရင်းကိုဆက်ရသည်။
“အခုဆိုရင် ရွှေပိုးဝင့်ဝါရဲ့ ဘ၀အကြောင်း မင်းတို့လည်း ကောင်းကောင်းသိသွားပြီပဲ…. ကြည့်လေ…. ဆင်းရဲရုန်းကန်နေရတုန်းက သူတို့မိသားစုဘ၀လေးဟာ နွေးနွေးထွေးထွေး ကြင်ကြင်နာနာနဲ့ အင်မတန်ငြိမ်းချမ်းသာယာပြီး ပျော်စရာကောင်းတဲ့ မိသားစုဘ၀လေး ဖြစ်ခဲ့တယ်…. အဲ…. ငွေကြေးချမ်းသာလာချိန်မှာ တော့ သူရှာနိုင်လို့ ငါရှာနိုင်လို့ဆိုတဲ့ အားပြိုင်မှု သာမကဘဲ အိမ်ထောင်ရေး စည်းတွေ ပါ ကျိုးပေါက်လာရာက နောက်ဆုံး တစ်ဦးတည်းသော သမီး ဖြစ်တဲ့ ရွှေပိုးဝင့်ဝါအနေနဲ့ မိတကွဲဖတကွဲ ဘ၀ကို အသားလွတ်ကြီးရောက်သွားရတဲ့အထိ ချမ်းသာကြွယ်ဝမှု ကပေးတဲ့ ဒဏ်ရာ ဒဏ်ချက်က သေရာပါအောင် ပြင်းထိန်သွားတယ်….. ဒီမှာ တင် ရွှေပိုးဝင့်ဝါရင်ထဲစွဲသွားတာက သာယာနေတဲ့သူတို့မိသားစုဘ၀လေးကို တစ်စစီပြိုကွဲသွားအောင် ရက်ရက်စက်စက်စုပ်ဖြဲပစ်လိုက် တာက ငွေကြေးဓနဆိုတဲ့ မကောင်းဆိုးဝါးပဲဆိုပြီးတော့လေ”
“သြော်…. မင်းဆိုလိုချင်တာက ရွှေပိုးဝင့်ဝါမိဘတွေ က ပိုက်ဆံချမ်းသာလာလို့ အိမ်ထောင်ရေး ပြိုကွဲသွားရတယ်…. ဒါကြောင့် ရွှေပိုးဝင့်ဝါက ပိုက်ဆံချမ်းသာတဲ့လူတွေ ကို မုန်းတီးပြီး တိုက်ခိုက်နေ တယ်ဆိုပါတော့”
မြတ်ဘုန်းခေါင်ပြောသည့်အပေါ် အလွယ်တကူမှတ်ချက်ဝင်ပြုပြန်သော ဌေးစိုးကို မြတ်ဘုန်းခေါင်တစ်ချက်ကြည့်ပြီးနောက် ခေါင်းခါယမ်းပြသည်။
“ဟင့်အင်း…. သူရဲ့ ရန်လိုတိုက်ခိုက်မှု က ငွေကြေးချမ်းသာတာကိုမဟုတ်ဘူး…. ငွေကြေးချမ်း သာမှု အပေါ်မှာ သာယာယစ်မူးပြီး ရွှေဂုဏ်ငွေဂုဏ်မောက်နေတဲ့လူတွေ ကို မုန်းတီးစက်ဆုပ်နေတာ.. စကားကို ပိုပြီးခံ့ညားသွားအောင်ပြောရရင် ရွှေပိုးဝင့်ဝါက ရွှေကိုတော် လှန်၊ ငွေကိုတော် လှန်နေတဲ့ ဒဏ်ရာတွေ နဲ့မိန်းကလေး တစ်ယောက် ပါကွာ”
မြတ်ဘုန်းခေါင် သူ့စကားကို သူအဆုံးသတ်လိုက်ပြီး သူငယ်ချင်းများ အား ဘယ်လိုသဘောရ သလဲဆိုသော အကြည့်ဖြင့် ကြည့်မိသည်။
“အေး…. ဒီလိုဆိုတော့လည်း မင်းပြောတာ သဘောကျသားပဲ”
ဟူသော ဌေးစိုး၏ တုံ့ပြန်သံနှင့် မရှေးမနှောင်း အောင်ရင်ကျော်က
“နေပါဦး….. မင်းက ဒါကို ဘာကိစ္စဒီလောက်တောင် အသေးစိတ် ဝေဖန်ပိုင်းခြားပြနေရတာ လဲ”
ဟူ၍ သိလိုသည်ကိုဝင်မေးရာ မြတ်ဘုန်းခေါင်ပြုံးတုံ့တုံ့လုပ်ရင်း
“ဒါလား…. ငါလည်း သူရဲ့ ငွေကြေးဓနကို တော် လှန်တဲ့ တော် လှန်ရေး မှာ သူနဲ့အတူ ပူးပေါင်း ပါဝင်ဖို့ သူ့မျက်နှာ၊ သူ့အသံလေးကို စတွေ့ ၊ စကြားစဉ်ကတည်းက ငါ့နှလုံးသားက သစ္စာဓိဌာန်ပြု လိုက်လို့ပဲကွ”
“ဟေ”
“ဟင်”
“တကယ်”
မြတ်ဘုန်းခေါင်၏ အတိအလင်းဝန်ခံထွက်ဆိုစကားကြောင့် သူငယ်ချင်းသုံးယောက် လည်း ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။
ပြီးမှ ဌေးစိုးကတစ်စုံတစ်ခုကို စဉ်းစားမိဟန်ဖြင့်
“သြော်…. မင်းကလဲ…. ရွှေပိုးဝင့်ဝါကို မြင်ကတည်းက ကြွေသွားတယ်ဆိုရင်လည်း မနန္ဒီနဲ့ သူနဲ့ငြိတဲ့ကိစ္စမှာ ကတည်းက အောင်ရင်ကျော်ကိုမ၀င်ခိုင်းဘဲနဲ့ မင်းကိုယ်တိုင် အဆင်ပြေအောင် ကြားဝင်ဆောင်ရွက်ပေးပြီး အမှတ်ယူရမယ့်ဟာကို”
ဟူ၍ တွေးတွေးဆဆပြောရာ ကျန်နှစ် ကောင်ကလည်း ဟုတ်မှန်ကြောင်းခေါင်းညိတ်ပြကြ သည်။
သို့ သော် သူ့အတွေးနှင့် သူရှိဟန်တူသော မြတ်ဘုန်းခေါင်က
“ဒါလား…. ဒါက ရွှေပိုးဝင့်ဝါနဲ့ အနီးဆုံးမှာ နေချင်လို့ မလိုအပ်တဲ့အချိန်မှာ လူလုံးထွက်မပြတာ ပေါ့ကွ”
“ဒါဆိုရင်တော့ မင်းလွဲနေပြီ…. အဲဒီ အချိန်မှာ လူလုံးထွက်ပြမှ ရွှေပိုးဝင့်ဝါနဲ့မင်းနဲ့ ရင်နှီးမှု ရ မှာ …… ဒါကို မင်းကအသုံးချပြီး မင်းလိုချင်တဲ့ အချစ်ကိုယူရမှာ ငတုံးရ”
“အေး…. တုံးတာက မင်းကွ ဖိုးသားရ…. အဲဒီ အချိန်မှာ ငါထွက်လိုက်ရင် ငါ့ကိုလည်း မင်းတို့၊ မနန္ဒီတို့လို ငွေ…. ငွေ…. ငွေဆိုပြီး ငွေရူးရူးနေတဲ့လူ တစ်ယောက် လို့ပဲ မြင်သွားပြီး တစ်ခါတည်း ကြက်ခြေခတ်သွားမှာ ပေါ့”
“ဒါဆို မင်းက”
“ဟုတ်တယ်…. ငါရွှေပိုးဝင့်ဝါကို လူလုံးထွက်ပြတော့မယ်…. အခု မင်းတို့မြင်နေသိနေတဲ့ လူချမ်းသာ မြတ်ဘုန်းခေါင်မဟုတ်ဘဲ မင်းတို့လို ငွေဂုဏ်မောက်သူတွေ အပေါ်မှာ ရန်လိုမုန်းတီးတတ်တဲ့ မဟုတ်မခံကြုံရာကျပမ်း ဘ၀သမားလေး မြတ်ဘုန်းခေါင်ဘ၀နဲ့ပေါ့ကွာ”
“ဟင်…. ဘလိုင်းကြီးပါလား… သူ့ဘာသာကြောင်တဲ့ကိစ္စမှာ ငါတို့ကပဲ ငွေဂုဏ် မောက်ရသေး တယ်လို့”
ဟူသော အတွေးဖြင့် သကောင့်သားသုံးယောက် လည်း မြတ်ဘုန်းခေါင်ပြောသည်ကို မယုံ သလို“တကယ်”ဆိုပြီး သံပြိုင်မေးမိကြသည်။
တစ်ဆက်တည်းမှာ ပင် မြတ်ဘုန်းခေါင် အမှန်တကယ်ပြောနေမှန်းရိပ်မိသည့်အတွက် သုံးယောက် စလုံး၏ မျက်နှာများ တည်သွားလျှက် တစ်ယောက် ကို တစ်ယောက် ကြည့်မိကြသည်။
ထို့နောက် မြတ်ဘုန်းခေါင်ကိုပြိုင်တူပြန်ကြည့်မိကြရင်း သဘောကျသလို ရုတ်တရက် ရယ်မော
“သြော်…. အချစ်အတွက်နဲ့မိုက်တော့မယ်ပေါ့”
“အင်းပေါ့လေ….. ချစ်မိပြီဆိုတော့လည်း ဘာတတ်နိုင်မှာ လဲ…. အချစ်အတွက် ဒီလောက် တော့ရင်းသင့်ပါတယ်”
“အေး…. ဒီကောင်ဘာသာရင်းတာ အရေး မကြီးဘူး…..နေရင်းထိုင်ရင်း ငါတို့ပါ အဆစ်ဝင်ပြီး ရင်းပေးကြရဦးမှာ တော့ သေချာနေပြီ”
ဟူ၍ အသီးသီးတုံ့ပြန်ပြောဆိုကြလေသည်။
ရွှေပိုးဝင့်ဝါ တစ်ယောက် ညနေစောင်းမှ တက္ကစီငှားပြီး အိမ်ပြန်လာသည်။
ခြံစောင့်ဦးဌေး တံခါးဖွင့်ပေးသည်ကို တက္ကစီအား ခြံထဲမောင်းမ၀င်ခိုင်းတော့ဘဲ ခြံရှေ့တွင် ရပ် စေကာ အိမ်ထဲသို့ လမ်းလျှောက်ဝင်လာခဲ့သည်။
လေးကလေးတချွန်ချွန်ဖြင့် ဘာမှမ ဖြစ်ခဲ့၊ ဘာမှမလုပ်ခဲ့သည့်အတိုင်း အေးအေးလူလူဝင်လာ သော သမီး ဖြစ်သူရွှေပိုးဝင့်ဝါကိုကြည့်ပြီးနောက် ဦးကျော်မောင်လည်း ဇနီး ဖြစ်သူမမဉ္ဇူအား ပခုံး တွန့်ပြ၏ ။
မမဉ္ဇူကခေါင်းညိတ်ပြပြီးနောက် ရွှေပိုးဝင့်ဝါအား ပြုံးကြည့်ကာ
“ပိုးလေး…. သမီးနောက်ကျလိုက်တာ…. ဘယ်တွေ လျှောက်သွားနေတာလဲ”
ဟူ၍ အသာအယာဆုံးလေသံဖြင့် လှမ်းပြောသည်ကို ရွှေပိုးဝင့်ဝါတစ်ချက်လှည့်ကြည့်ရုံသာ ကြည့်ပြီး ခွန်းတုံ့မပြန်ဘဲ ဆက်လျှောက်လှမ်းရန် ပြင်လိုက်သည်။
ဦးကျော်မော်က မနေသာဘဲ
“သမီး ဒီကိုခဏလာဦး”
ဟူ၍ လှမ်းခေါ်ရာ ရွှေပိုးဝင့်ဝါလည်း စိတ်မပါဟန်ဖြင့် ဖခင်အနီးတွင် သွားရပ်လေသည်။ ပြီး ဘာပြောမှာ လဲဆိုသော သဘောဖြင့် ခပ်စူးစူးကြည့်၏ ။
“နေ့လယ်က ဘယ်လို ဖြစ်ရတာ လဲ သမီး”
“ဒီလို ဖြစ်သွားတာပဲ”
“သမီး…. ဒီလိုပဲလုပ်နေဦးမှာ လား”
ရွှေပိုးဝင့်ဝါဘာမှပြန်မပြောဘဲ လက်ထဲရှိဟန်းဖုန်းကိုသာ အကြောင်းမဲ့လျှောက်နှိပ်နေလေ သည်။
ဦးကျော်မောင်က စကားကိုဆက်သည်။ှ
“အေး…. သမီးလျှောက်လုပ်တာက အရေး မကြီးဘူး…. အဖေ့မှာ နေရင်းထိုင်ရင်း ပိုက်ဆံ တော် တော် ကုန်သွားတယ်”
ဦးကျော်မောင်ပိုက်ဆံကုန်သည့်အကြောင်းပြောသည်ကိုပဲ ရွှေပိုးဝင့်ဝါက သဘောကျသလို နှုတ်ခမ်းတစ်ချက်မဲ့ပြီး ပြုံးလေသည်။
ဦးကျော်မောင်က သမီး ဖြစ်သူ၏ အမူအယာကို ဘ၀င်မကျသလိုတစ်ချက်ကြည့်ပြီးနောက်
“သမီး…. အဖေမေးနေတယ်လေ….. ဘာလို့ဒီလိုလုပ်နေရတာ လဲလို့”
ဟု အမိန့်သံပါပါဆိုလေခါမှ ရွှေပိုးဝင့်ဝါလည်း ဖခင်ကိုတစ်ချက်ကြည့်ပြီး
“ငွေဂုဏ်မောက်တဲ့လူတွေ ကို မုန်းလို့ ပညာပြလိုက်တာ”
“သမီးပညာပြတာ အရေး မကြီးဘူး…. သမီးပညာအပြကောင်းလို့ အဖေ့မှာ ဟိုလူ့တောင်းပန်ရ၊ ဒီလူ့တောင်းပန်ရနဲ့ ငွေကုန်ပေါင်းလည်း မနည်းတော့ဘူး….. သမီး ဒီလိုစိတ်ထင်တိုင်းသာ လျှောက်လုပ်နေရင် အဖေ့မှာ ငွေထုတ်စက်ရှိရင်တောင် အလျင်မီမှာ မဟုတ်ဘူး….. မြန်မြန်မွဲသွားလိမ့်မယ် သိလား”
“ကောင်းတာပေါ့”
“ဘာပြောတယ် သမီး”
“သြော်….. ပိုက်ဆံတွေ မြန်မြန်ကုန်သွားပြီး မြန်မြန်ဆင်းရဲသွားတော့ ကောင်းတာပေါ့လို့ ပြောတာလေ”
“သ…. မီး….”
ရွှေပိုးဝင့်ဝါ၏ စကားကြောင့် ဦးကျော်မောင်ဒေါသထွက်လျှက် အသံများ ပင် တုန်သွားရသည်။
မမဉ္ဇူလည်း ဖခင်နှင့် သမီးကြားပေါက်ကွဲလုလုအခြေအနေကို ရိပ်မိလျှက် ၀င်ရောက်ထိန်းသိမ်း ရန်ကြံစည်သော်လည်း မည် သို့ လုပ်ရမည် ကိုမသိသဖြင့် မျက်စိမျက်နှာ ပျက်နေရသည်။
ရွှေပိုးဝင့်ဝါ ကတော့ ရင်ဖွင့်လက်စနှင့် မထူးတော့ဘူးဆိုပြီး ခံစားနေရသမျှ ပုံအောဖွင့်ချလေ တော့သည်။
“ဟုတ်တယ် အဖေရဲ့ …. သမီးတကယ်ပြောနေတာ….. သမီးလေ ဟိုအရင် ဆင်းဆင်းရဲရဲနေ ခဲ့ရတဲ့ဘ၀လေးကိုပဲ ပြန်လိုချင်တယ်…. အခုလိုချမ်းသာလာတာကို သေလောက်အောင် စိတ်ညစ် လွန်းလို့ပါ….. အရင်တုန်းကဆို သမီးတို့မိသားစုလေး စည်းစည်းလုံးလုံး ချစ်ချစ်ခင်ခင်နဲ့ ဘယ်လောက် ပျော်စရာကောင်းသလဲ….. အခုတော့ သူစိမ်းတွေ ဖက်လာပြီး…..”
“တော် စမ်း ရွှေပိုး”
ဦးကျော်မောင် ဒေါသတကြီးဖြင့် ရွှေပိုးဝင့်ဝါပြောသည်ကိုလှမ်းဟန့်လိုက်သည်။
ရွှေပိုးဝင့်ဝါ ကတော့ ဦးကျော်မောင်ဟန့်သည်ကို ဂရုမထားဘဲ သူပြောချင်တာဆက်ပြောသည်။
“ဟုတ်တယ် အဖေရဲ့ ….. သမီးတို့မိသားစု အခုလိုတကွဲတပြား ဖြစ်နေရတာ ဟာ ဒီပိုက်ဆံဆို တဲ့ နတ်ဆိုးကြောင့် ပဲ….. ခုလိုသာ သမီးတို့ချမ်းသာကြွယ်ဝမလာဘူးဆိုရင် အဖေနဲ့အမေလည်း မာနတွေ ပြိုင်လာစရာမရှိဘူး…. အနားကို အတင်းတွယ်ကပ်ပြီး အပိုင်ကြံလာမယ့်သူတွေ လည်း ရှိလာ မှာ မဟုတ်ဘူး…… အခုတော့ ကြည့်ပါဦး…. အပေါင်းအသင်းတွေ ကြားထဲမှာ မျက်နှာတောင်မဖော်ရဲ ဘူး…. ရှက်လွန်းလို့”
“ဟာ…. ဒီကောင်မလေး ဒီလောက်ပြောနေတဲ့ကြားထဲက”
ဦးကျော်မောင် ဒီလောက်ပြောနေသည့်ကြားမှ တားမရဘဲနှုတ်သီးကောင်းလျှာပါး ဖြစ်နေသော သမီး ဖြစ်သူအား ရိုက်နှက်ဆုံးမရန် နေရာမှဝုန်းခနဲထရပ်လိုက်သည်။
မထိပ်ထားလည်း ဦးကျော်မောင်လက်ပါခြေပါ ဖြစ်လာလျှင် သားအဖနှစ် ဦးကြားပဋိပက္ခက ပိုမို ပြင်းထန်ဆိုးရွာလာမည် ကို စိုးရိမ်သဖြင့် ကြားဝင်ပါရတော့သည်။
“ကိုကြီး…. ကလေးကိုမလုပ်ပါနဲ့….. သူ့ကိုနားလည်ပေးလိုက် ပါ”
“ဒီလိုနားလည်ပေးလို့ပဲ ဒီကောင်မလေးအခွင့်အရေး ယူပြီး ပိုပိုရောင့် တက်လာတာပေါ့…. ဒီလို လွှတ်ထားရင် နောင်ဒီ့ထက်ပိုဆိုးပြီး ဒီ့ထက်ပိုမိုက်ရိုင်းလာလိမ့်မယ်”
“မဟုတ်ပါဘူး ကိုကြီးရယ်…. နောင်မှ အေးအေးဆေးဆေးပြောလည်းရပါတယ်”
“နေပါ ဒေါ်မဉ္ဇူ….. ကျွန်မတို့သားအဖကြား ဘာမှဝင်မပါပါနဲ့…. ရှေ့မှာ သာ ကျွန်မဘက်ကကာ ပေးနေပေမယ့် ကွယ်ရာကျရင် ကုန်းချောစကားတွေ ပြောမှာ ပဲမဟုတ်လား…. ဟား ဟား…. ရယ်ရ တယ်”
ထင်မှတ်မထားသော ရွှေပိုးဝင့်ဝါ၏ တုံ့ပြန်စကားကြောင့် မထိပ်ထားလည်း ဘာဆက်ပြောရမှန်း မသိဘဲ ဦးကျော်မောင်ကို မျက်လုံးကြီးပြူးကြည့်လေသည်။
ရွှေပိုးဝင့်ဝါ ကတော့ မခိုးမခန့်ရယ်သံကို အဖော်ပြုရင်းစကားကိုဆက်သည်။
“သြော်………. လောကကြီးတယ်လည်းအံ့သြစရာကောင်းတာပဲ…. ကိုယ့်ရုပ်ရည်၊ ကိုယ့် အရွယ်လေးနဲ့ ကြိုက်စရာ ကိုယ်နဲ့ရွယ်တူကောင်လေးတွေ အများ ကြိးရှိတဲ့ကြားက အိမ်ထောင်ရှိတဲ့ အဖေအရွယ် အိုကြီးအိုမကြီးကို ချစ်လှပါချည်ရဲ့ ၊ ကြိုက်လှပါချည်ရဲ့ ဆိုတာ ယုံလိုက်ရမှာ လား… ဟင်…ပြောစမ်းပါဦး”
“ပိုးလေး မမကိုအထင်လွဲနေပြီ…. မမက ပိုးလေးထက် အသက်ဆယ်နှစ် လောက်ပဲ ကြီးတယ် ဆိုပေမယ့် ပိုးလေးကို ကိုယ့်သမီး တစ်ယောက် လို တကယ်ကိုသဘောထားတာပါ”
“တော် ပါ…. ကြားရ ကြားရ နားဝမသက်သာလွန်းလို့ပါ….. ကျွန်မဘ၀မှာ အမေ တစ်ယောက် ပဲ ရှိတယ်…. အဲဒါ ဒေါ်ဝင့်စန္ဒီပဲ….. တခြားဘယ်သူ့ကိုမှ အမေ့နေရာ မထားနိုင်ဘူး….. ဒေါ်မဉ္ဇူလည်း အဖေ့မိန်းမသာ ဖြစ်နိုင်မယ်…. ကျွန်မအမေတော့ ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး….. ကျွန်မ အမေက ကျွန်မအဖေရဲ့ မိန်းမအ ဖြစ် ရဲရဲရုန်းကန်ခဲ့ရစဉ်ကတည်းက ဒိုးတူဘောင်ဖက် အဖေ့ရဲ့ မိန်းမ အ ဖြစ်ရဲရဲဝံ့ဝံ့ရပ်တည်ခဲ့တာ…. ဘယ်လိုလဲ…. ဒေါ်မဉ္ဇူကရော ကျွန်မအဖေ ခုလိုချမ်းချမ်းသာသာ မဟုတ်ဘဲ ဟိုအရင်လိုဆင်းဆင်းရဲရဲဘ၀ဆိုလို့ရှိရင် ယောက်ျားတော် ဖို့သတ္တိရှိပါ့မလား”
“ဖြောင်း”
“ကိုကြီးမလုပ်နဲ့”
မမဉ္ဇူ၏ ထိတ်လန့်တကြားဟန့်ထားသံနှင့် အတူ ရွှေပိုးဝင့်ဝါ၏ ပါးပြင်လည်း ဦးကျော်မောင်၏ လက်ချက်ဖြင့် ပူထူကာ ခန္ဓာလည်း တစ်ဖက်သို့ ယိုင်သွားရသည်။
ရွှေပိုးဝင့်ဝါနာကျင်သွားသော ပါးပြင်ကို လက်တစ်ဖက်နှင့် အုပ်ကိုင်ရင်း ဦးကျော်မောင်နှင့် မထိပ်ထားတို့ကို အဓိပ္ပာယ်ပါပါဖြင့် မခိုးမခန့်ကြည့်လေသည်။
ဦးကျော်မောင် ဒေါသကို ချွန်းအုပ်မနိုင်တော့ဘဲ နောက်တစ်ချက်ထပ်ရိုက်မည် ပြုရာ ရွှေပိုးဝင့်ဝါ က ကျန်ပါးတစ်ဖက်ကို ထိုးပေးလိုက် ၏ ။
သို့ သော် မထိပ်ထားက ကြားမှဝင်ပြီး
“ကိုကြီး….. မလုပ်နဲ့လေ….. ကိုကြီးဒီလိုကြမ်းကြမ်းတမ်းတမ်း ဆုံးမရင် ထားနဲ့ပိုးလေးကြားက ဆက်ဆံရေး က ပိုပြီးဆိုးသွားမှာ ပေါ့”
ဟူ၍ လေသံနှိမ့်ပြီးသတိပေးခါမှ ဦးကျော်မောင်လည်း ထိုအချက်ကိုသတိပြုမိသွားလျှက် စိတ်ကိုကြိုးစားထိန်းချုပ်ရင်း
“သွား…. နင် အခုငါ့မျက်စိရှေ့ကထွက်သွား”
ဟူ၍ မျက်စိကွယ်ရာသို့ မောင်းထုတ်လိုက်ရသည်။
ရွှေပိုးဝင့်ဝါ ဖခင်ကိုစိမ်းစိမ်းကြည့်ပြီးနောက် သူ့အခန်းရှိရာသို့ ထွက်ခွာသွားလေသည်။ ထွက်ခွာ သွားရင်း တစ်ဖက်သားမခံချင်အောင်
“ဟင်း ဟင်း ဟင်း ဟင်း”
ဆိုပြီး မခိုးမခန့်ရယ်မော သွားပါသေးသည်။
![]() နတ်သမီးချည်တိုင် အလွမ်းမဖောက်နိုင် | ![]() အချစ်အော်သံ | ![]() အချစ်(သို့မဟုတ်) စေတန်ပြုခဲ့တဲ့ ကောင်းမှု |