Cover

အခန်း (၁)

ချစ်ပြီးရင်

မုန်းလို့မရတဲ့ ကမ္ဘာထဲမှာ

မင်းရယ် ငါရယ် တေးသီကြမယ်….။

နီးပြီးရင်

ဝေးလို့မရတဲ့ စက်ဝိုင်းထဲမှာ

မင်းရယ် ငါရယ် လမ်းလျှောက်ကြမယ်…။

တွေ့ ပြီးရင်

ပုန်းလေမရတဲ့ နေရာလေးမှာ

မင်းရယ် ငါရယ် ပန်းတစ်ခင်း ပျိုးမယ်…။

ဆိုပြီးရင်း

မေ့လို့မရတဲ့ သစ္စာရေကို

မင်းရယ် ငါရယ် အတူသောက်ကြမယ်…။

မင်းရင်ခုန်သံကြားမှာ ငါ အိပ်စက်မယ

ငါ့ရင်ခုန်သံကြားမှာ မင်းအိပ်စက်…

တို့နှစ် ယောက် အတွက်

ချစ်သူများ ရဲ့ လက်ဖွဲ့ကဗျာ

အချစ်ရှိရာ အချစ်လာသည်။

* * * * *


နော်ဇာ အံ့သြသွားသည်။

``အန်ကယ်လ်ပိုင်´´ ဟူ၍ အားလုံးက တရင်းတနှီး ခေါ်ဆိုနေရသော ပုဂ္ဂိုလ်သည် တွေးထင်ထားသည့် အသက်အရွယ်ထက် များ စွာ ငယ်သည်။ အသက်သုံးဆယ်ဝန်းကျင်ခန့်သာ ရှိပါသေးလျက် ဘာကြောင့် အန်ကယ်လ်ပိုင်ဟူ၍ သူ၏ ကုမ္ပဏီ ၀န်ထမ်းအားလုံးက တရင်းတနှီး ဆိုကြရပါသနည်း။

အသက်သုံးဆယ်ဝန်းကျင် အရွယ်မှာ ကုမ္ပဏီပိုင်ရှင် ကုမ္ပဏီအကြီးအကဲ လုပ်ငန်းရှင်တစ်ဦး ဖြစ်နေနိုင်သည်မှာ မဆန်း။ ဆန်းသည်က နာမည် ရှေ့မှ အန်ကယ်လ်ဆိုသည်ကို တပ်ခေါ်ခြင်းပင်။ ၀န်ထမ်းများ က သူတို့၏ လုပ်ငန်းရှင်ကို ကွယ်ရာမှ ခေါ်တွင် နေကြသည့် သဘောလား။ မ ဖြစ်နိုင်….။ နှစ် ဦးနှစ် ဖက် သဘောတူ ကျေနပ်မှု ဖြင့် ခေါ်နေခြင်း ဖြစ်သည်။ ဒီနေ့ ဒီအချိန်မှာ လူချင်းတွေ့ ဆုံခွင့် ပေးသည့်အတွက် နော်ဇာ လာရောက်ရခြင်း ဖြစ်သည်။

သို့သော် နော်ဇာ တွေ့ ဆုံခွင့်ရသည့် ပုဂ္ဂိုလ်သည် အန်ကယ်လ်ဟူ၍ တပ်ခေါ်ရလောက်အောင် အသက်မကြီးသေး။ လူမှားခြင်းလည်း မ ဖြစ်နိုင်။ အခုလေးတင်ပဲ မန်နေဂျာက

``ညီမ ၀င်လို့ရပါပြီ… ညီမကို အန်ကယ်လ်ပိုင် စောင့်နေပါတယ်…´´

ဟူ၍ ဆိုသည့်အတွက် နော်ဇာလည်း အန်ကယ်လ်ပိုင်ဆိုသူ၏ ရုံးခန်းထဲ ၀င်ခဲ့ရခြင်း ဖြစ်သည်။

နော်ဇာ ရုံးခန်းထဲရောက်သည်နှင့် မျက်လုံးကစားကြည့်ရာ အန်ကယ်လ်ပိုင်ဆိုသူက ဧည့်သည်များ ကို လက်ခံစကားပြောရန် ထားရှိသည့် ဆက်တီခုံတစ်လုံးတွင် ထိုင်စောင့်နေနှင့်သည်။ ဒီတစ်ခန်းလုံးတွင် ဒီ တစ်ယောက် ပဲ ရှိမှတော့ အန်ကယ်လ်ပိုင် နောက် တစ်ယောက် မရှိနိုင်တော့။

ဒီမျှအထိစွမ်းသော စိတ်ပျိုကိုယ်နုဆေးတော့ မရှိတန်ရာ။ ဧကန္တ ကုမ္ပဏီ အကြီးအကဲပီပီ ဘာရယ်ညာရယ်မဟုတ် လူရှိန်အောင် အသက်ကို တမင်ကြီးပြနေသည့် ဇီဇာကြောင်သူတစ်ဦးသာ ဖြစ်ရချေမည် ။

``ထိုင်ပါ….´´

``ဟုတ်… ဟုတ်ကဲ့´´

နော်ဇာလည်း အန်ကယ်ပိုင် ညွှန်ပြရာ တစ်ယောက် ထိုင် ဆက်တီတွင် ၀င်ထိုင်ရင်း အန်ကယ်လ်ပိုင်ကို အကဲခတ်သလို တစ်ချက်ကြည့်လိုက်၏ ။

အန်ကယ်လ်ပိုင် ပြုံးပြသည်ကိုမြင်မှ မိမိမျက်နှာသည်လည်း ပြုံးထားရန် လိုအပ်သည်မှန်း သတိရမိတော့သည်။ ထို့ကြောင့် အရေး ပေါ် ပြန်ပြုံးပြလိုက်ရသည်။ သို့သော် အံ့သြစိတ်တို့ လွှမ်းနေရာ ဆိုင်းမဆင့် ဗုံမဆင့် ပြုံးလိုက်ရသဖြင့် နည်းနည်း တော့ အိုဗာ ဖြစ်သွားသည်ဟု နော်ဇာ မိမိဘာသာမိမိ ခံစားမိသည်။ ဒီလူကြီးက တစ်မျိုးထင်သွားလျှင် မကောင်း။

ထို့ကြောင့် မိမိကိုယ်မိမိ ကယ်တင်ရန်အလို့ငှာ မိမိ၏ လုပ်ငန်းအကြောင်း ချက်ချင်း ရှင်းလင်းပြရမှန်း နော်ဇာ သဘောပေါက်လိုက်သည်။

``ဟို… ဟို… သ.. သမီးက ရွှေမျက်ဝန်း ကြော်ငြာမီဒီယာက နော်ဇာပါ…´´

အရေး ထဲ စကားက လာထစ်နေသေးသည်။

ကိုယ်နှင့် အသက်သိပ်မကွာသူနှင့် ပြောဆိုဆက်ဆံရာမှာ ကိုယ့်ကိုယ်ကို သမီးဟူ၍ သုံးနှုန်းရမှာ နှုတ်ကမရဲချင်။ အန်ကယ်ပိုင် ကတော့ တတ်သိနားလည်စွာ ပြုံးပြီး ခေါင်းညိတ်ပြသည်။

``အန်… အန်… အန်ကယ်လ်ပိုင်က ဒီနေ့ ဆယ့်တစ်နာရီတိတိမှာ တွေ့ ခွင့်ပေးတယ်လို့ မားကက်တင်း မန်နေဂျာဆီက အကြောင်းကြားလို့… သမီး လာခဲ့ရတာ ပါ….´´

ကိုယ့်ထက် အသက်လေးငါးနှစ် ခြောက်နှစ် မျှသာ ပိုကြီးနိုင်ချေရှိသော လူ တစ်ယောက် ကို အန်ကယ်လ်ဟု ခေါ်ရသည့် ဒုက္ခလည်း မသေးပါလားဟူ၍ နော်ဇာ တွေးမိချေသေး၏ ။ အန်ကယ်လ်ပိုင် ကတော့ ဇီဇာကြောင်သော်လည်း သဘောကောင်းဟန် တူပါသည်။ ပြုံးလျက် ခေါင်းညိတ်ပြ၏ ။

နော်ဇာ တစ်ယောက် ကိုယ့်ကိုယ်ကို ဒေါသထွက်လိုက်သည့် ဖြစ်ခြင်း။

တကယ်ဆို လုပ်ငန်းမှ သင်ကြားပေးထားသော အတွေ့ အကြုံအရ ဒီလို ကြောင်တောင်တောင် ကန်းတန်းတန်းအ ဖြစ်မျိုး မကြုံရသည်မှာ ကြာလှချေပေါ့။ လုပ်ငန်းရှင်များ နှင့် ဆက်ဆံရသည့်အခါတိုင်း ဦးခေါ်တန်သည်ကို ဦး၊ အန်ကယ်လ်ခေါ်တန်သည်ကို အန်ကယ်လ်၊ အစ်ကိုကြီးခေါ်တန်သည်ကို အစ်ကိုကြီး၊ အန်တီခေါ်တန်သည်ကို အန်တီ၊ မမခေါ်တန်သည်ကို မမဟူ၍ အလွယ်တကူ ခေါ်ပြောဆက်ဆံခဲ့ပြီး ဖြစ်သည်။

တချို့ကျတော့ ရာထူးခေါ်မှ ကြိုက်သဖြင့် မန်နေဂျင်း ခေါ်တန်သည်ကို မန်နေဂျင်း၊ ဒါရိုက်တာကြီး ခေါ်တန်သည်ကို ဒါရိုက်တာကြီး စသည်ဖြင့် ခေါ်ပြောဆက်ဆံခဲ့ရဖူးသည်။ ခေါ်ပြောဆက်ဆံနေကျ ဖြစ်သည်။ ဘာမျှမဆန်း။

သို့သော်… အခုတော့ ဆန်းရချေပြီ။

ဆန်းရခြင်းအကြောင်းအရင်းမှာ တချို့လုပ်ငန်းရှင်များ က ဦးလေးအရွယ်၊ အဘိုးအရွယ် ဖြစ်ပါလျက် အစ်ကိုကြီးခေါ်မှ ကြိုက်သဖြင့် အစ်ကိုကြီး ခေါ်ရသည်။ အဒေါ်အရွယ်၊ အဘွားအရွယ် ဖြစ်ပေမယ့် မမခေါ်မှ ကြိုက်သဖြင့် မမခေါ်ရသည်။ မကြာမကြာ ကြုံရတတ်သမို့ မဆန်း။ ဆန်းသည်က အန်ကယ်လ်ပိုင်ဆိုသည့် ကြောင်တောင်တောင်လူ ဖြစ်သည်။ ငယ်ငယ်ရွယ်ရွယ်နှင့် အန်ကယ်လ်ခေါ်မှ ကြိုက်သည်ဆိုတော့… ဘယ်နှယ့် ကြုံကြုံဖူးပေါင်။ အင်းလေ… လူတစ်ကိုယ် စိတ်တစ်မျိုးတော့ ရူးကြတာပါပဲ။

နော်ဇာ တစ်ယောက် ထိုကိစ္စများ မှာ အရေး မကြီးဟု သဘောသွင်းလျက် မိမိ၏ လုပ်ငန်းခွင်ထဲမှာ သာ မု(ဒ်)ပြန်သွင်းလိုက်သည်။

``သမီးတို့ ရွှေမျက်ဝန်း ကြော်ငြာမီဒီယာရဲ့ အဓိကတာဝန်က... အန်ကယ်လ်ပိုင်တို့လို လုပ်ငန်းရှင်ကြီးများ ဆီက ထုတ်လုပ်ဖြန့်ချီတဲ့ ကုန်ပစ္စည်းတွေ ကို စားသုံးသူ ပရိသတ်များ ပိုမိုသိရှိလက်ခံလာအောင်… ကြားဝင်ဆောင်ရွက်ပေးရတာ ပါ….´´

နော်ဇာ ချောချောမောမော ဖြစ်သွားသော မိမိ၏ လေယူလေသိမ်းကို မိမိကျေနပ်သွားလျက် အန်ကယ်လ်ပိုင်ကို တစ်ချက် အကဲခတ်ကြည့်လိုက်သည်။ အန်ကယ်လ်ပိုင်၏ စိတ်ဝင်တစား အမူအရာကို တွေ့ ရ၍ အားတက်သွားသည်။

``သမီးတို့ မီဒီယာရဲ့ ၀န်ဆောင်မှု ကျေပွန်တာကို သဘောကျပြီး… ကြော်ငြာရရှိရေး အတွက် သမီးတို့ မီဒီယာလက်ထဲ လာအပ်ထားတဲ့ ဂျာနယ်ငါးစောင်နဲ့ မဂ္ဂဇင်းလေးစောင် ရှိပါတယ်´´

``သြော်… သြော်´´

``ဒါ့အပြင် …. ကုန်ပစ္စည်း ထုတ်လုပ်ဖြန့်ချီတဲ့ ကုမ္ပဏီ (၂၀)လောက်ဟာ… သူတို့ကုမ္ပဏီရဲ့ ကုန်ပစ္စည်းတွေ … ဂျာနယ်မဂ္ဂဇင်းတွေ မှာ ကြော်ငြာဖို့အတွက်ဆိုပြီး… ကြော်ငြာကိစ္စအ၀၀အတွက် သမီးတို့လက်ထဲမှာ ကုန်ပစ္စည်းကြော်ငြာပိုင်ခွင့် အပ်နှံထားပါတယ်…´´

``သြော်… သြော်´´

``အဲလို စိတ်ချယုံကြည်စိတ်နဲ့ အပ်နှံထားကြတယ်ဆိုတော့… သမီးတို့ ကြော်ငြာမီဒီယာအနေနဲ့ ဂုဏ်ယူရသလို တာဝန်လည်း ကြီးပါတယ်´´

``ဘယ်လိုများ တာဝန်ကြီးတာလဲ….´´

အန်ကယ်လ်ပိုင် စိတ်ပါဝင်စားစွာ ဖြင့် သိလိုစိတ်ကို ဖော်ပြလာခြင်းကြောင့် အောင်မြင်မှု တစ်ဝက် ရလိုက်ပြီ ဖြစ်ကြောင်း နော်ဇာ နားလည်လိုက်သည်။

``ဘယ်လို တာဝန်ကြီးရတာ လဲဆိုတော့… နံပါတ် (၁) သမီးတို့ ကြော်ငြာတာဝန်ယူပေးရတဲ့ ကုမ္ပဏီရဲ့ ကုန်ပစ္စည်းဟာ ဖော်ပြထားတဲ့အတိုင်း အမှန်တကယ် အရည်အသွေး မီရဲ့ လားဆိုတာ စုံစမ်းရပါတယ်… အရည်အသွေးမီကြောင်း သိပြီးတဲ့နောက်… နံပါတ်(၂) အချက်အနေနဲ့ ဘယ်ဂျာနယ်မျိုးမှာ ထည့်ရင် ပိုပြီးလိုက်ဖက်မလဲ… လူပိုသိမလဲဆိုတာ ရွေးချယ်ပေးရပါတယ်… နံပါတ်(၃) ကတော့ ကုန်ပစ္စည်း ကြော်ငြာမယ့် ဂျာနယ်အနေအထားကို ကြည့်ရပါတယ်… သူတို့ပြောတဲ့စောင်ရေ တကယ်ရှိရဲ့ လား… ပရိသတ် စိတ်ဝင်စားမှု ရှိတဲ့ အဆင့်အတန်း… အရည်အသွေး ရှိရဲ့ လားဆိုတာပေါ့… အားလုံး အိုကေပြီဆိုတဲ့ ဂျာနယ်မျိုးမှလည်း … သမီးတို့က လက်ခံပြီး… ကုန်ပစ္စည်းကြော်ငြာ ထည့်သွင်းပေးတာပါ…´´

``သြော်… ဟုတ်တာပေါ့… ဒါမျိုးပဲ ဖြစ်ရမှာ ပေါ့…´´

``ဟုတ်… အခုလည်း အန်ကယ်လ်ပိုင်တို့ ကုမ္ပဏီကထုတ်တဲ့ ရွှေဘ၀င် ရေမွှေးဟာဆိုရင် အရည်အသွေး တကယ်မြင့်ပြီး ဈေးနှုန်းလည်း သက်သာတဲ့အတွက်… ဈေးကွက်ဝင် လူကြိုက်များ နေတယ်ဆိုတာ သမီးတို့ လေ့လာသိရှိပြီးပါပြီ…´´

အန်ကယ်လ်ပိုင် သဘောတွေ့ သွားပြီး ပြုံးလျက် ခေါင်းတညိတ်ညိတ် ပြု၏ ။ နော်ဇာကလည်း အခြေအနေကို အလွတ်မပေးဘဲ ပစ်မှတ်ကို မိမိရရ ပစ်လိုက်၏ ။

``ထို့အတူပဲ… အခု ဖက်ရှင်ဂျာနယ်အသစ်တစ်စောင် ထွက်ရှိလာပါတယ်… ဈေးကွက်မှာ လှုပ်လှုပ်ခတ်ခတ်နဲ့ ပရိသတ် အကြိုက်တွေ့ နေတဲ့ ဂျာနယ်ပါ… စကားအကုန်ပြောရရင် မဂ္ဂဇင်းတွေ … ၀တ္ထုတွေ သာ တင်လေ့ရှိတဲ့ ရပ်ကွက်စာအုပ် အငှားဆိုင်တွေ မှာ တောင်… အတူးတက တင်ထားရတဲ့ ဂျာနယ်ပါ… သမီးပြောနေတာ ဒီဂျာနယ်ပါ…´´

``သြော်….´´

အန်ကယ်လ်ပိုင်က နော်ဇာ ကမ်းပေးသော ဂျာနယ်ကို ယူကြည့်ပြီး သဘောတွေ့ ဟန် ခေါင်းတညိတ်ညိတ်ပြု၏ ။

``အဲဒီ ဂျာနယ်မှာ သာ အန်ကယ်လ်ပိုင်တို့ ကုမ္ပဏီကထုတ်တဲ့ ရွှေဘ၀င်ရေမွှေးကို ကြော်ငြာလိုက်မယ်ဆိုရင်… ပိုပြီးတော့ ထိရောက်သွားမှာ အသေအချာပါပဲ… ပြီးတော့… ကြော်ငြာဈေးနှုန်းကလည်း အခြားဂျာနယ်… မဂ္ဂဇင်းတွေ ထက် သက်သာပါတယ်…´´

``ဟုတ်လား… အဲဒီ ဂျာနယ်ရဲ့ ကြော်ငြာဈေးနှုန်းက ဘယ်လောက် သတ်မှတ်ထားလို့လဲ… ဂျာနယ်ဖွဲ့စည်း ပြင်ဆင်ထားပုံ ကတော့ တော် တော် ကောင်းတာပဲ… ဖတ်စရာလည်း စုံတယ်…´´

နော်ဇာထံမှ ဂျာနယ်ကို လှမ်းယူလှန်လှောကြည့်နေသော အန်ကယ်လ်ပိုင်၏ အမူအရာအရ ကြော်ငြာထည့်ရန် သဘောတူလိုက်ပြီ ဖြစ်ကြောင်း နော်ဇာ သိလိုက်သည်။ ထို့ကြောင့် နော်ဇာလည်း အချိန်မဆိုင်းဘဲ ရှေ့အတွင်းဖုံး လေးရောင် ဆို ဘယ်လောက်၊ နောက်ကျောဖုံး လေးရောင် ဆို ဘယ်လောက်၊ ရှေ့အတွင်းဖုံး နောက်အတွင်းဖုံး လေးရောင် ဆိုဘယ်လောက်၊ စာမျက်နှာအတွင်းမှာ ဆိုလျှင် လေးရောင် ဆို ဘယ်လောက်၊ အဖြူအမဲတစ်ရောင် တည်းဆို ဘယ်လောက်ဖြင့် အသေးစိတ် ရှင်းပြရသည်။

``သြော်… ကြော်ငြာဈေးနှုန်းတွေ က သင့်သားပဲ… ထည့်ပျော်ပါတယ်….´´

ခေါင်းတညိတ်ညိတ်ဖြင့် မှတ်ချက်ပေးလိုက်သော အန်ကယ်လ်ပိုင့်စကားကြောင့် နော်ဇာ ပျော်ရွှင်သွား၏ ။

``ဒါဆို …. ဒီဂျာနယ်မှာ အန်ကယ်လ်ပိုင်တို့ရဲ့ ရေမွှေးကြော်ငြာ ထည့်မှာ ပေါ့နော်…´´

``အင်းလေ… အန်ကယ်လ်ပိုင်အနေနဲ့… ဒီမှာ ကြော်ငြာ ထည့်သင့်ပါတယ်…´´

``ဒါဆို… အန်ကယ်လ်ပိုင် ဘယ်နေရာကို သဘောကျသလဲ´´

``ဗျာ….´´

``သြော်… နောက်ကျောဖုံးမှာ ထည့်မှာ လား… ရှေ့အတွင်းဖုံး ထည့်မှာ လားလို့ မေးတာပါ… ကောင်းတာ ကတော့ နောက်ကျောဖုံးမျာ ထည့်နိုင်ရင်တော့ အကောင်းဆုံးပဲ…. အခြားနေရာထက်စာရင် ဈေးနည်းနည်း ပိုများ ပေမယ့် စာရွက်လှန်စရာ မလိုဘဲ ကုန်ပစ္စည်းကြော်ငြာကို တန်းတွေ့ ရတာ ကိုး… ဒါကြောင့် နောက်ကျောဖုံးမှာ ပဲ ကြော်ငြာလိုက်ပေါ့၊ အန်ကယ်လ်ပိုင် ဘယ်လိုသဘောရလသဲ… အန်ကယ်လ်ပိုင် သဘောတူတယ်ဆိုရင်… ရွှေဘ၀င် ရေမွှေးကြော်ငြာကို နောက်ကျောဖုံးပဲ သတ်မှတ်လိုက်တော့မယ်နော်…´´

``ခဏ… ခဏလေး… ဂျနယ်မှာ ကြော်ငြာထည့် မထည့်ဆိုတာ ကျွန်တော် နဲ့ မဆိုင်ဘူးခင်ဗျ´´

``ရှင်… ဒါ….ဒါဆို …. ဘယ်သူနဲ့ ဆိုင်ရပြန်တာလဲ…´´

နော်ဇာခမျာ အန်ကယ်လ်ပိုင်စကားကြောင့် အံ့သြစိတ်ပျက်သွားရသည်။ ဒီလောက် အားကြိုးမာန်တက် လေပေါင်းများ စွာ အကုန်ခံရှင်းပြထားပြီးကာမှ ကုမ္ပဏီအကြီးအကဲ ဖြစ်သည့် သူနှင့် မဆိုင်ဘူးဆိုတော့ သေသာ သေလိုက်ချင်တော့သည်။

``သြော်… အန်ကယ်လ်ပိုင်နဲ့ပဲ ဆိုင်တာပါ….´´

``ဟုတ်တယ်လေ… သမီးပြောနေတာလည်း … လည်း…´´

နော်ဇာ အားမလျှော့သေးဘဲ စကားဆက်လက်ချဲ့ထွင်ရန် ပြင်ဆင်ဆဲမှာ ပင် ကြားဖြတ် ၀င်ရောက်လာသော အသံတစ်သံကြောင့် စကားကို တစ်ဝက်တစ်ပျက်ဖြင့် ရပ်လိုက်ရသည်။

``သြော်… ကလေး စောင့်နေရတာ အားနာဖို့ကောင်းလိုက်တာဆိုပြီး… အန်ကယ်လ်ပိုင်က တွေးနေတာ… တော် သေးတာပေါ့… ကိုမင်းက ဧည့်ခံထားလို့….´´

``ရှင်….´´

နော်ဇာ အံ့သြသွားရသည်။ ပြီးတော့ မိမိကို မှင်သေသေဖြင့် အရူးလုပ်လိုက်သော ကိုမင်းဆိုသူကို ဒေါသတွေ အကြီးအကျယ် ထွက်မိတော့သည်။

``ဆောရီးကွယ်… အန်ကယ်လ်ပိုင် တောင်းပန်ပါတယ်… ဒီနေ့ ဘာအစားမှားသွားတယ် မသိဘူး… ၀မ်းက သိပ်မကောင်းချင်ဘူး ဖြစ်နေတယ်.. ဒါကြောင့် ကလေးမကို တွေ့ ခွင့်ပြုလိုက်ပြီးမှပဲ မလွှဲမရှောင်သာ သန့်စင်ခန်းထဲ ၀င်ပြေးသွားရလို့…´´

``ရ… ရပါတယ် အန်ကယ်လ်ပိုင်… ကိစ္စမရှိပါဘူး….´´

ရည်မွန်သိမ်မွေ့သော အသက်ခြောက်ဆယ်ဝန်းကျရှိ အန်ကယ်လ်ပိုင်ကို အလိုက်အထိုက် တုံ့ပြန်ပြောဆိုလိုက်ရသော်လည်း ကိုမင်းဆိုသူကိုတော့ နည်းနည်း လေးမှ မကျေနပ်။ ထို့ကြောင့် အမြင်ကတ်ကတ်ဖြင့် မျက်စောင်းတစ်ချက် ထိုးပစ်လိုက်သည်။ ထိုပုဂ္ဂိုလ် ကတော့ ထိုင်ရာမှ မတ်တပ်ထလိုက်သည့်အတွက် နော်ဇာ မျက်စောင်းထိုးသည်ကို မမြင်လိုက်ရ။

``အန်ကယ်လ်ပိုင်…. ကျွန်တော် ပြန်လိုက်ဦးမယ်… သွားစရာလေးတစ်ခု ရှိသေးလို့….´´

``သြော်… အေး… အေး… ကောင်းပါပြီ… မနက်ဖြန်ကျရင် ဆက်ဆက်ပြန်လာဦးနော်… မေ့မနေနဲ့ဦး….´´

``စိတ်ချပါ အန်ကယ်လ်ပိုင်ရဲ့ … ကဲ… မနော်ဇာလည်း ကျွန်တော့် ကို ခွင့်ပြုပါဦး…´´

အန်ကယ်လ်ပိုင်နှင့် စကားပြောနေရင်း တစ်လက်စတည်း မိမိကိုပါ နှုတ်ဆက်လိုက်သော ကိုမင်းဆိုသူကို နော်ဇာ စကားမပြန်အားဘဲ မျက်စောင်းသာ ထိုးပစ်လိုက်တော့သည်။

ထိုလူ မချိုမချဉ်ပြုံးလျက် ပခုံးတစ်ချက် တွန့်ပြရင်း အခန်းထဲမှ ထွက်ခွာသွားလေသည်။

တောက်…။

ခံပြင်းလိုက်သည့် ဖြစ်ခြင်း….။

ဒီလိုလူနဲ့မှ ကြံကြံဖန်ဖန် လာဆုံတွေ့ ရတယ်လို့….။

နော်ဇာ တစ်ယောက် ဒေါသတွေ မီးခိုးအူသလို အူထွက်ရင်း ကြိတ်မနိုင် ခဲမရ ကျန်ရစ်ခဲ့ပါတော့သည်။

* * * * *


အခန်း (၂)

``တောက်… တော် တော် မိုက်ရိုင်းတဲ့လူ… ကျေကို မကျေနပ်ဘူး…´´

``ဟဲ့ မိဇာ… ဘာ ဖြစ်လာလို့လဲ…´´

``နင့်ကို ဘယ်သူက မိုက်ရိုင်းလိုက်လို့လဲ… အန်ကယ်လ်ပိုင်လား….´´

နော်ဇာ တစ်ယောက် ရုံးခန်းထဲသို့ ဒေါသကို အဖော်လုပ်ပြီး ၀င်လာသဖြင့် သင်းသင်းရှိန်နှင့် ၀င်းဝင်းမော်တို့ စိုးရိမ်ပူပန်လျက် တစ်ယောက် တစ်ခွန်း မေးမြန်းစုံစမ်းကြ၏ ။

နော်ဇာ ချက်ချင်း ပြန်မဖြေသေးဘဲ မိမိခုံနေရာတွင် ၀င်ထိုင်ပြီး စားပွဲခုံကို လက်ဖြင့် `တဒေါက်ဒေါက်´ ခေါက်လျက် ခံပြင်းပေါက်ကွဲမှု ကို ထင်ရှားနေစေ၏ ။

သင်းသင်းရှိန်က ၀င်းဝင်းမော်ကို မျက်ခုံးပင်ပြရင်း

``ဘာလဲ… အန်ကယ်လ်ပိုင်ဆိုတဲ့လူက ကြော်ငြာထည့်မယ်ဆိုပြီး အချိန်တွေ ဖြုန်းပြီးမှ မထည့်လို့လား….´´

``ကြော်ငြာက ရပါတယ်…´´

``ဒါဆို… နင့်ကို အသားယူပြီး… တောင်ပြော မြောက်ပြော လျှောက်ပြောလိုက်လို့လား´´

``မဟုတ်ပါဘူး…´´

``ဒါဆို… ဘယ်သူနဲ့ ဘာ ဖြစ်လာလို့လဲ´´

နော်ဇာ ချက်ချင်း ပြန်မဖြေနိုင်။ မျက်စိထဲမှာ ကိုမင်းဆိုသော သူ၏ မျက်နှာကြီးက မုန်းစရာကောင်းအောင် ပေါ်ပြန်သည်။ နော်ဇာ့မျက်နှာ တင်းမာသည်ထက် တင်းမာလာပြန်သည်။

ဝင်းဝင်းမော်က ထိုင်ခုံတစ်လုံးကို နော်ဇာအနီးသို့ ရွှေ့ယူထိုင်ပြီး နော်ဇာ့ပခုံးပေါ် လက်တင်လျက်…

``နင့်ကိုကြည့်ရတာ … ရင်မောလိုက်တာဟယ်… ဘာ ဖြစ်လာတာလဲ.. ပြောစမ်းပါဦး´´

``ဟို… ကိုမင်းဆိုတဲ့ သေချင်းဆိုးကြီးပေါ့…´´

``ကိုမင်း… ဘယ်က ကိုမင်းလဲ…´´

နော်ဇာ့နှုတ်ဖျားမှ မိမိတို့ မကြားဖူးသော န်ာမည် စိမ်းကြောင့် ၀င်းဝင်းမော်နှင့် သင်းသင်းရှိန်တို့လည်း တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်မိကြသည်။

``ဘယ်က ကိုမင်းလဲ…´´

``မသိဘူး…´´

``မသိဘဲနဲ့များ … နင်နဲ့က ဘယ်လို ပြဿနာတက်ရတာ တုံး…´´

``ပြဿနာတက်တာပဲ လူချင်းသိမှ တက်ရမယ်လို့ စည်းကမ်း သတ်မှတ်ထားလို့လား….´´

နော်ဇာ၏ ဂွကျကျ စကားကြောင့် သင်းသင်းရှိန်လည်း စကားအတွန့် မတက်ရဲ့ တော့ဘဲ ဇက်ကလေးပုပြီး အသာငြိမ်နေလိုက်သည်။ ဒီလိုအချိန်မှ အနေအထိုင်မတတ်လျှင် ပြဿနာက မိမိဘက် လှည့်လာနိုင်ကြောင်း အတွေ့ အကြုံအရ သင်းသင်းရှိန် တစ်ယောက် သဘောပေါက်ပြီး ဖြစ်သည်။

ဝင်းဝင်းမော်သည်လည်း နော်ဇာ၏ အကြောင်းသိပီပီ စကားတစ်ခွန်းမျှ ၀င်မပြောတော့ဘဲ နော်ဇာ့ဘာသာနော်ဇာ စတင်ပြောလာမည့် အချိန်ကို စိတ်ရှည်ရှည်ထားပြီး စောင့်စားနေလိုက်သည်။

``ဒီလိုဟာ… ငါ ဒီနေ့ ရွှေပိုင်ပိုင်ကုမ္ပဏီကို သွားတယ်ဟာ´´

သိပ်မစောင့်လိုက်ရ နော်ဇာ့ထံမှ စကားသံ ထွက်ပေါ်လာသည်။ သင်းသင်းရှိန်နှင့် ၀င်းဝင်းမော်လည်း အလိုက်တသိဖြင့် နော်ဇာ့မျက်နှာကိုသာ မမှိတ်မသုန်ကြည့်ရင်း ကြားရမည့် စကားတွေ ကို နားစွင့်ထားကြသည်။

``ဒီနေ့မှ.. ခင်ဆွေအေးကလည်း နေမကောင်းလို့ဆိုပြီး ရုံးမလာနိုင်တော့ ငါ တစ်ယောက် တည်းပဲ သွားရတာ ပေါ့´´

ဒီအထိတော့ ဘာမျှ စိတ်ဝင်စားစရာ မရှိသေး။ သိထားပြီး ဖြစ်သည်။

``ငါလည်း ရွှေပိုင်ပိုင်ကုမ္ပဏီကို… သူတို့ချိန်းထားတဲ့ အချိန်အတိုင်း အတိအကျ ရောက်သွားတာပဲလေ…´´

ဒါလည်း ဘာမျှ မထူးဆန်း။ ရွှေမျက်ဝန်း ကြော်ငြာမီဒီယာမှ လူအားလုံး အချိန်ကို လေးစားကြပြီးသား ဖြစ်သည်။ အထူးသဖြင့် အလုပ်ကိစ္စဆိုလျှင် ပို၍ ပင် အလေးထားသေးသည်။

``ငါ… ဟိုရောက်လို့ မားကက်တင်းမန်နေဂျာနဲ့ တွေ့ တော့၊ မားကက်တင်းမန်နေဂျာကလည်း သူတို့သူဌေး အန်ကယ်လ်ပိုင်ကို… ငါရောက်တဲ့အကြောင်း ချက်ချင်း သတင်းပို့ပေးတာပဲလေ´´

သင်းသင်းရှိန်နှင့် ၀င်းဝင်းမော်တို့လည်း ကိုယ်စီ မျက်ခုံးများ တွန့်လာကြလျက် စိတ်ဝင်စားမှု ကို ပြကြ၏ ။ မိမိတို့ သိလိုသည့် ဇာတ်ကွက်ဆီသို့ စတင်ရောက်ရှိနေပြီ မဟုတ်ပါလား။

``အန်ကယ်လ်ပိုင်လို့ ခေါ်နေကြတဲ့… သူတို့ ရွှေပိုင်ပိုင်ကုမ္ပဏီသူဌေးက တွေ့ ခွင့်ပေးတဲ့အချိန်မှာ ငါဝင်တွေ့ တာပဲ.. အဲ… ရုံးခန်းထဲရောက်လို့ အန်ကယ်လ်ပိုင်ဆိုတဲ့လူကိုလည်း ကြည့်လိုက်ရော… အသက်က (၃၀)လောက်ပဲ ရှိသေးတယ်…´´

``ဟုတ်… တကယ်…´´

``ဒါ… ဒါဆို… ဘာလို့ အန်ကယ်လ်ပိုင်လို့ ခေါ်ကြရတာ လဲ´´

သင်းသင်းရှိန်နှင့် ၀င်းဝင်းမော်တို့ အမှန်တကယ် အံ့သြသွားကြရသည်။ နော်ဇာ ကတော့ သူငယ်ချင်းများ ၏ အံ့သြရိပ်လွှမ်းသော မျက်နှာကို သတိမထားမိဘဲ ပြောစရာရှိတာ အရှိန်မပျက် ဆက်ပြော၏ ။

``နင်တို့ပဲ စဉ်းစားကြည့်လေ… ငါ ဘယ်လောက် အံ့သြလိုက်မလဲဆိုတာ….´´

``ဒါပေါ့… ဘယ်သူမဆို အံ့သြမှာ ပဲ… အံ့လည်း အံ့သြထိုက်ပါတယ်…´´

``ဒါပေမယ့်…. အံ့သြနေရုံနဲ့ အလုပ်ကပြီးမှာ မှ မဟုတ်တာ….´´

``အင်း… နင်ပြောတာလည်း သဘာဝကျတာပဲ…´´

``ဒါနဲ့ ငါလည်း သူတို့ ရွှေပိုင်ပိုင်ကုမ္ပဏီလူတွေ ခေါ်သလိုပဲ အန်ကယ်လ်ပိုင်နဲ့ သမီးကလေးနဲ့ ဖောခြင်းသော ခြင်းသုံးပြီး… ငါတို့ ကြော်ငြာလုပ်ငန်းအကြောင်းတွေ ကို အကျယ်တ၀င့် ရှင်းလင်းပြောရတာ ပေါ့… သူကလည်း တော် တော် လေးကို စိတ်ဝင်စားဟန် ပြပါတယ်…´´

``သူ့ရဲ့ မားကက်တင်းမန်နေဂျာက… ငါတို့ ကြော်ငြာမီဒီယာအကြောင်း ပြောမပြထားဘူးလား´´

``မားကက်တင်းမန်နေဂျာက အသေးစိတ် တင်ပြထောက်ခံထားပြီးသားပါ… အဲ… ခက်တာက… ခက်တာက…´´

``ဘာခက်တာလဲ…´´

``ပြောရရင် ရှက်ဖို့လည်း ကောင်းတယ်.. ဒေါသထွက်ဖို့လည်း ကောင်းတယ်…´´

``ဟင်… ဘာ ဖြစ်လို့လဲ´´

``ဘာ ဖြစ်လို့လဲဆိုတော့… ငါက အန်ကယ်လ်ပိုင်ထင်ပြီး ပြောနေတဲ့လူက… အန်ကယ်လ်ပိုင် မဟုတ်ဘူး ဖြစ်နေတယ်…´´

``ဘယ်… ဘယ်လို…´´

``ဟုတ်တယ်… စောစောက ငါကျိန်ဆဲတဲ့ ကိုမင်းဆိုတဲ့လူ ဖြစ်နေတယ်…´´

``ဒါဆို.. အန်ကယ်လ်ပိုင်က တွေ့ ခွင့်ပြုတယ်လို့… ဟို မားကက်တင်းမန်နေဂျာက ပြောရတာ လဲ….´´

``ဟုတ်တယ်… မားကက်တင်းမန်နေဂျာပြောတာ အမှန်ပဲ… ဒါပေမယ့်… ငါ သူ့ရုံးခန်းထဲ ၀င်သွားတဲ့အချိန်မှာ ပဲ… သူကလည်း အစားမှားလို့ဆိုလားပဲ… မနက်ကတည်းက အိမ်သာထဲ ခဏ ခဏ ၀င်နေရတာ တဲ့… ပြောရရင်.. သူ့အခန်းမှာ ရှိတဲ့ သူ့ရဲ့ သီးသန့်သုံး သန့်စင်ခန်းထဲ ၀င်သွားတဲ့အချိန်ပေါ့ဟာ…´´

``ဒါဆို… ကိုမင်းဆိုတဲ့လူက အန်ကယ်လ်ပိုင်နဲ့ ဘာတော် သလဲ…´´

``သိဘူး…´´

``သူကရော မပြောဘူးလား…´´

``သူမပြောလို့ပေါ့… စောစောကတည်းက သူ ဘယ်သူပါ… အန်ကယ်လ်ပိုင် မဟုတ်ပါဘူး… ဘာညာဆိုပြီး ကြိုပြောထားရင်… ငါက လျှာရှည်ပြီး အပိုတွေ ရှင်းပြလင်းပြစရာ လိုပါဦးမလား… အခုတော့… သူက… သူက ကိုယ်တိုင်ပဲ အန်ကယ်လ်ပိုင်လိုလို… ဘာလိုလို မှင်သေသေနဲ့… တောက်… ခံပြင်းဖို့ ကောင်းတယ်… တကယ်… ငါ ကျေကို မကျေနပ်နိုင်ဘူး… ဖြစ်နိုင်ရင် အခု ချက်ချင်း သူ့ကို သွားရှာပြီး မှတ်လောက်အောင်ကို ဆုံးမလိုက်ချင်တယ်…´´

``ဟင်း.. နင်မို့ပဲ ကြုံတတ်တယ် မိဇာရယ်…´´

သင်းသင်းရှိန်နှင့် ၀င်းဝင်းမော်လည်း နော်ဇာထံမှ အကြောင်းစုံ သိရပြီးသကာလ ရယ်ရအခက် မရယ်ရအခက် မျက်နှာထားဖြင့် ဘာဆက်ပြောရမှန်းမသိ တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်မိကြပြန်သည်။

နော်ဇာသည်ကား အနာဟောင်းကို ပြန်ဆွမိသလို ခံစားရလျက် မျက်မှော င်ကြီးကြုတ်ကာ စိတ်ကူးဖြင့် ကလဲ့စားချေခန်းကို စတင်နေလေတော့သည်။

ထိုအချိန်မှာ ပင် ၀င်ခွင့်တောင်း တံခါးခေါက်သံကြောင့် သုံးယောက် စလုံး၏ အကြည့်များ က အတွင်းရုံးခန်းပေါက်ဆီ တစ်ပြိုင်တည်း ရွေ့သွားကြသည်။ တံခါးဖွင့်ပြီး ရုံးခန်းအတွင်းသို့ ၀င်လာသော စာရေး မလေး သီတာအောင်ကို ဘာအကြောင်းထူးရှိလဲဆိုသည့် သဘောဖြင့် သင်းသင်းရှိန်က မေးဆတ်ပြလိုက်သည်။

``ဆရာ သော်မိုယ်းခန့် (ခေါ်) ကိုကိုသော် (P.S) က… အလုပ်အပ်ချင်လို့တဲ့….´´

``အဲဒီ တော့…´´

``အဲဒါ… မမသင်းနဲ့ စကားသေချာပြောရမှ ဖြစ်မယ်တဲ့…´´

သီတာအောင်၏ ရိုကျိုးသော စကားသံကို ကြားရသော်လည်း သင်းသင်းရှိန် စိတ်ညစ်သွားသည်။ မိမိတို့၏ အတွင်းရုံးခန်းကို ကာရံထားသော မှန်မှတစ်ဆင့် ဧည့်သည်များ ကို လက်ခံစကားပြောရာ အပြင်ရုံးခန်းကို လှမ်းကြည့်ရာ ကိုကိုသော် (P.S) ခေါ် သော်မိုယ်းခန့်ကို တွေ့ ရသည်။ ဧည့်ခန်းထဲတွင် ထိုင်စရာနေရာ ရှာမတွေ့ သည့်အလား မိုးတိုးမတ်တပ်ဖြင့် မမြင်ရနိုင်သော ရုံးခန်းအတွင်းသို့ ပြူးတူးပြဲတဲဖြင့် လှမ်းလှမ်းကြည့်နေသေး၏ ။

``အဲဒီ လူကလည်း တစ်မျိုး… စိတ်ညစ်ရတဲ့အထဲမှာ ဒါတွေ လည်း ပါတယ်…´´

သက်ပြင်းချရင်း ရေရွတ်ပြော ပြောလိုက်သည့် သင်းသင်းရှိန်ကို ၀င်းဝင်းမော်က နောက်ချင်သလို ပြောင်ချင်သလို ပြုံးကြည့်၏ ။ နော်ဇာ ကတော့ အမှတ်တမဲ့ ကြည့်သည့်ပုံစံမျိုးဖြင့် သာ တစ်ချက်ကြည့်ပြီး စားပွဲပေါ်မှ စာရင်းဇယား စာအုပ်တစ်အုပ်ကို လှန်လှောကြည့်ရှုလိုက်သည်။

``ဟုတ်ပြီလေ… မသင်း လာခဲ့မယ်လို့ ပြောထားလိုက်ပါ´´

``ဟုတ်ကဲ့´´

သီတာအောင် တံခါးပြန်ပိတ်ခဲ့ပြီး ထွက်သွားကာမှ ၀င်းဝင်းမော်က သင်းသင်းရှိန်ကို လှမ်းစသည်။

``ဟဲ့… ဧည့်သည်ကို ရုံးခန်းထဲခေါ်ပြီး စကားပြောလေ… သူ့ခမျာလည်း အပြင်ဧည့်ခန်းထဲမှာ ပဲ ထိုင်ရမလို ထရမလိုနဲ့ အားနာစရာကြီး…´´

``သေလိုက်ပါလား… ခေါ်ချင် နင့်ဧည့်သည်အ ဖြစ် သတ်မှတ်လိုက်ပြီး ခေါ်ပေါ့…´´

``အေးလေ… နင်ကလည်း ကိုယ့်ကပ်စတန်မာ အရင်းအချာကြီးပဲဟာ… ရုံးခန်းထဲခေါ်ပြီး နင့်စားပွဲမှာ ပဲ သေသေချာချာ ဧည့်ခံစကားပြောသင့်တာပေါ့…´´

စကားဝိုင်းထဲ ၀င်လာသော နော်ဇာကို သင်းသင်းရှိန် တစ်ချက်ကြည့်လိုက်သည်။ နော်ဇာဆိုသည့် ကောင်မ ကတော့ သည်လိုပါပဲ စိတ်ဆိုးလွယ် စိတ်ပြေလွယ်သည်။

စောစော ကတော့ကြည့်…။ မျက်နှာကြီး တင်းမာပြီး ဒေါသတွေ ကြီးနေလိုက်တာ။ အခုတော့လည်း သူ ဘာမှမ ဖြစ်တဲ့အတိုင်း မျက်နှာတည်တည်ဖြင့် ၀င်နောက်နေပြန်သည်။

သင်းသင်းရှိန် တစ်ယောက် နော်ဇာကိုကြည့်ပြီး ပြုံးချင်ရယ်ချင် ဖြစ်လာသော်လည်း ပြုံးခက် ရယ်ခက်သော လက်ရှိ မိမိ၏ အနေအထားကြောင့် မျက်နှာကို တည်တည်လုပ်ရင်း…

``အခုတော… အကြောင်းမရှိ အကြောင်းရှာပြီး ချောင်းပေါက်မတတ် လာနေတာ… ညည်းတို့ပြောသလိုများ သာ လုပ်လိုက်လို့ ကတော့ သော်မိုယ်းခန့် (ခေါ်) ကိုကိုသော် (P.S) ဆိုတဲ့… ပြူးပြူးကြောင်ကြောင်လူကြီးက သဘောတွေ ခွေ့ပြီး တစ်နေ့ကို အခေါက်တစ်ရာလောက်တောင် လာနေမလားမသိဘူး.. ဟွန်း…´´

``အဲဒါဆိုလည်း ကြိုပြီးပြောထားပေါ့ဟဲ့… အခေါက်တစ်ရာတော့ မလာပါနဲ့… တစ်ခေါက်ပဲ လာပါလို့…´´

``အဲလို ပြောလိုက်တာနဲ့… သူက တစ်ခေါက်ဆို တစ်ခေါက်ပဲ… လာပြီးတာနဲ့ မပြန်တမ်းကို ကျောက်ချပြီး ထိုင်နေတော့မှာ ပေါ့… တကတည်း… မှတ်သားလောက်ပါတယ် ဖြစ်သွားဦးမယ်….´´

``ခစ် ခစ် ခစ်´´

သင်းသင်းရှိန်လည်း ပြောပြောဆိုဆို မျက်နှာပိုးသတ်ပြီး ရုံးခန်းအပြင်သို့ထွက်ကာ သော်မိုယ်းခန့်ကို သွားတွေ့ လေသည်။ နော်ဇာနှင့် ၀င်းဝင်းမော် ကတော့ သင်းသင်းရှိန်၏ စကားကို သဘောကျပြီး ရုံးခန်းထဲမှာ ပင် ရယ်မောကျန်ရစ်ခဲ့ကြသည်။

သင်းသင်းရှိန် ထွက်လာသည်ကို မြင်သည်နှင့် သော်မိုယ်းခန့်သွားကြီး အစွမ်းကုန် ဖြီးပြီး ပြုံးပြထား၏ ။ စိတ်ဝင်စားလျှင် သွားဘယ်နှချောင်းကျိုး၍ ဘယ်နှချောင်း အကောင်းပကတိ ရှိသည်ကို တစ်ခါကြည့်ပြီးရုံနှင့် တန်းပြောနိုင်မည် ဖြစ်သည်။

သင်းသင်းရှိန်လည်း အလိုက်သင့် ပြုံးပြလျက်…

``ဆရာ… စောင့်နေရတာ ကြာပြီလား… အားနာစရာကြီး´´

``မကြောသေးပါဘူး… ရပါတယ်.. အဟဲ…´´

``ကျွန်မလည်း အလုပ်လေး မပြတ်သေးတာနဲ့… ချက်ချက်ထွက်မလာနိုင်တာ…´´

``အလုပ်နဲ့လက် မပြတ်ဘူးဆိုတာ ဒီပို့စ်မော်ဒန်ခေတ်ကြီးရဲ့ အလိုအပ်ဆုံးနဲ့ အရေး ပါဆုံးသော ၀ါကျတစ်ကြောင်းပဲလေ…. အင်မတန် ကောင်းတာပေါ့´´

``သြော်… ဟုတ်… ဟုတ်ကဲ့… ထိုင်ပါဦး ဆရာ´´

သော်မိုယ်းခန့် နှစ် ယောက် ထိုင် ဆက်တီခုံကိုမှ အကြံကြီးစွာ ရွေးပြီး ထိုင်လိုက်သည်။ သို့သော် သင်းသင်းရှိန်က မျက်နှာချင်းဆိုင်ရှိ တစ်ယောက် ထိုင် ဆက်တီခုံတွင် ၀င်ထိုက်လိုက်သဖြင့် သော်မိုယ်းခန့် ညစ်သွားဟန်တူသည်။

``ညီမလေးကို ကိုယ် တစ်ခု ကြိုပြောထားချင်တယ်…´´

``ဟုတ်ကဲ့… ပြောပါ ဆရာ…´´

``အဲ… အဲဒါ… အဲဒါကို ပြောချင်တာ…´´

``ရှင်… ဘာ.. အဲ.. အဲဒါလဲ ဆရာ…´´

``ကိုယ့်ကို ဆရာလို့ ခေါ်ခေါ်နေတာကိုလေ… ကိုယ် ပြေားထားသာပဲ မဟုတ်လား… ကိုယ်က သော်မိုယ်းခန့်ဆိုပြီး ပို့စ်မော်ဒန်တွေ ရေး သလို… ကိုကိုယ်သော် (P.S) ဆိုပြီးတော့လည်း စီးပွားရေး ဆောင်းပါတွေ ရေး တယ်ဆိုတာလေ… ဒီတော့… ညီမလေးကလည်း ကိုကိုသော်လို့ပဲ ခေါ်ပေါ့…. တကတည်း တစိမ်းတွေ ကျနေတာပဲ.. ဒီလောက် ခင်မင်ရင်းနှီးနေကျတဲ့ဟာကို…´´

``ကာလနာကြီး…´´

စိတ်ထဲမှာ အပြတ်ခေါ်ပစ်လိုက်သည်။ သို့သော် နှုတ်ကမူ ကြည့်ကောင်းအောင် ပြောရ၏ ။

``ကိုကိုသော် (P.S) ဆိုတာ… အဆင့်မြင့် အတွေးအခေါ်တွေ နဲ့ ကမ္ဘာ့ရေး ရာ… စီးပွားရေး အဖြာဖြာကို ပိုင်ပိုင်နိုင်နိုင် ရေး သားနေတဲ့… ကလောင်နာမည် မဟုတ်လား… ဒါကြောင့် ကျွန်မ ကတော့ ကလောင်နာမည် အတိုင်း မခေါ်ဝံ့ပါဘူး… ခေါ်ရင်လည်း ရှေ့မှာ ဆရာတပ်ပြီးမှ ဆရာကိုကိုသော် (P.S) ဆိုပြီပဲ ခေါ်ရဲမှာ … ဘာပဲပြောပြော စာရေး ဆရာဆိုတာ လောကကြီးရဲ့ နား… မျက်စိတွေ မဟုတ်လား… ဒီတော့ လေးစားရမယ်လေ´´

သော်မိုယ်းခန့် မဖုံးနိုင် မဖိနိုင် ပြုံးဖြီးဖြီးကြီး ဖြစ်လျက် သဘောတွေ လှိမ့်ပြီး ကျနေ၏ ။ သို့သော် ရည်ရွယ်ချက်ကိုတော့ အပျောက်မခံ။

``တခြားသူတွေ အတွက်ဆိုရင် မှန်ပါတယ်.. ဒါပေမယ့်… ညီမလေးကိုတော့ ခင်လွန်းအားကြီးလို့ အထူးအခွင့်အရေး ပေးပြီး ခေါ်ခွင့်ပြုတာပါ… နောက်ပြီး ကိုယ့်ရဲ့ ကလောင်နာမည် မှာ ကိုက ကိုကိုဆိုတာ ပါနေပြီးသားမို့ ခေါ်ရတဲ့သူရော ကြားရတဲ့သူပါ အဆင်ပြေပြီးသားပဲ မဟုတ်လား… အဟဲ´´

သင်းသင်းရှိန် လဲသာ သေလိုက်ချင်သည်။

``ဆရာပြောတာလည်း မှန်တော့ မှန်ပါတယ်…´´

``ဟော.. ပြောနေ ဆိုနေရင်းနဲ့ ဆရာဆိုပြီး ခေါ်ပြန်ပြီ… ကိုကိုသော်ပါဆိုမှ….´´

``ဆရာ့ကို ဆရာလို့ခေါ်တာ နှုတ်ကျိုးနေလို့ ပြင်လို့ရတော့မှာ မဟုတ်ဘူး ဆရာ.. သည်းခံပေးပါ´´

သင်းသင်းရှိန် ကတော့ နားရင်းသာ အုပ်လိုက်ချင်တော့သည်။

``သြော်… စကားပြော ကောင်းနေတာနဲ့ အလုပ်ကိစ္စတောင် မပြောရသေးဘူး… ကျွန်မ ဘာကူညီပေးရမလဲ ဆရာ…´´

``ဒီလိုပါ… ကိုယ့်ဂျာနယ်.. အဲ.. ကိုယ် အယ်ဒီတာ လုပ်နေတဲ့ ရွှေကတ္တား စီးပွားရေး ဂျာနယ်အတွက် ကြော်ငြာနောက်ကျောဖုံးလေးရအောင် ကူညီပေးပါဦး…. အခုထွက်မယ့် အပတ်မှာ သာ ကြော်ငြာရမယ်ဆိုရင်.. ကိုယ်တို့ဂျာနယ်လည်း အဆင်ပြေမယ်… လုပ်ငန်းရှင်လည်း ဂျာနယ်ထဲမှာ ကိုယ်ရေး ထားတဲ့ ဆောင်းပါးတစ်ပုဒ် ဖတ်ခွင့်ရတာ နဲ့တင်… ကြော်ငြာထည့်ရကျိုး နပ်ပြီ… သိပ်ကို ကျေနပ်ကြည်နူးသွားမှာ သေချာတယ်…´´

အကြောင်းမရှိ အကြောင်းရှာပြီး လာခြင်းသာ ဖြစ်ကြောင်း သင်းသင်းရှိန် နားလည်ပြီး ဖြစ်သည်။ ရွှေကတ္တားဂျာနယ်အတွက် နောက်ကျောဖုံး ကြော်ငြာကိုလည်း ရအောင်ရှာပေးပြီး ဖြစ်ကြောင်း တာဝန်ခံ အယ်ဒီတာ ထူးသစ်ဝေကို အကြောင်းကြားထားပြီး ဖြစ်သဖြင့် သော်မိုယ်းခန့်လည်း မသိဘဲ နေမည် မဟုတ်။

``စိတ်ချပါ ဆရာ… ကျွန်မတို့ ဖြစ်အောင် ကြိုးစားပေးပါ့မယ်… ရွှေကတ္တားဂျာနယ်ဆိုရင် လုပ်ငန်းရှင်တွေ ကလည်း စိတ်ဝင်စားမှု ရှိပြီးသားပါ….´´

``အား… ရှိရမှာ ပေါ့… ကိုယ် အယ်ဒီတာ လုပ်ပြီး ကိုယ်တိုင်လည်း ၀င်ရေး နေတဲ့ ဂျာနယ်ပဲလေ… သေချာတယ်… ဒီတစ်ပတ်ဆို ကိုယ့်ဆောင်းပါးကြောင့် ပိုပြီးတောင် စိတ်ဝင်စားကြဦးမယ်…´´

``ဟုတ်… ဟုတ်ကဲ့…´´

``ကိုယ်ရေး ထားတာက ဂလိုဘယ်လိုက်ဇေးရှင်းလို့ခေါ်တဲ့ ကမ္ဘာလုံး ဆက်နွယ်မှု ဆိုင်ရာ စီးပွားရေး … နိုင်ငံရေး … လူမှု ရေး အကျိုးအပြစ်နဲ့ အ ဖြစ်သနစ်များ ဆိုတဲ့ ဆောင်းပါး… ထူးရှယ်ဆောင်းပါးပေါ့လေ… ကိုယ်ရေး ပြီဆိုကတည်းက ညီမလေးလည်း သိပါတယ်…´´

``ဟုတ်… ဟုတ်ကဲ့… သိပါတယ်…´´

``ထုံးစံအတိုင်း လှုပ်ဦးမှာ ပဲ… ဒါကြောင့် ညီမလေးကိုယ်တိုင် ရှာပေးတဲ့ ကြော်ငြာကို… ဒီတစ်ပတ်ဂျာနယ်မှာ အသေအချာ ပါစေချင်တာပါ…´´

``စိတ်ချပါ ဆရာ… ကျွန်မ ရအောင်ကြိုးစားပေးပါ့မယ်…. နာရီဝက်လောက်နေရင် ဆရာတို့ ဂျာနယ်တိုက်ကို အကျိုးအကြောင်း ဖုန်းဆက်ပေးပါ့မယ်… အခုတော့ ကျွန်မကို ခွင့်ပြုပါဦး… ဂျာနယ်ကြော်ငြာအတွက် လှုပ်ရှားလိုက်ပါဦးမယ်…´´

``ကောင်း… ကောင်းပါပြီဗျာ… ကောင်းပါပြီ….´´

သင်းသင်းရှိန် စကားပြတ်အောင် မနည်းကြီး ဖြတ်ပြီး မတ်တပ်ထရပ်လိုက်ကာမှ သော်မိုယ်းခန့်လည်း မထချင် ထချင်ဖြင့် လေးလေးကန်ကန် မတ်တပ်ရပ်ပြီး နှုတ်ဆက် ထွက်သွားတော့သည်။

မျက်မှော င်ကြုတ်ပြီး ရုံးခန်းထဲ ၀င်လာသော သင်းသင်းရှိန်ကို ၀င်းဝင်းမော်က ပြုံးစစကြည့်ရင်း နော်ဇာကို စကားခေါ်၏ ။

``ဧည့်သည်ကို လက်ခံစကားပြောတာ လိုအပ်တာထက် အချိန်တွေ ပိုနေတာ မရိုးဘူးလို့ ထင်တယ်နော်…´´

``အင်း… ဧကန္တတော့ ဧကန္တပဲ… ဘာဧကန္တလဲသာ မသိတာ…´´

သင်းသင်းရှိန်လည်း သူ့နေရာတွင် ၀င်ထိုင်လိုက်ပြီးမှ…

``အမလေ… မပြောချင်ပါဘူး.. အဲဒီ သော်မိုယ်းခန့်ဆိုတဲ့ လူကို….´´

``ဘာ ဖြစ်လို့လဲ…´´

``ဘာ ဖြစ်ရမှာ လဲ.. သူ့ကို ဆရာလို့ မခေါ်ပါနဲ့… ကိုကိုသော်လို့ပဲ ရင်းရင်းနှီးနှီး ခေါ်ပါဆိုပြီး…. အတင်းကြီး လုပ်နေလို့ ငါ့မှာ ကိုကိုသော် မခေါ်ချင်တာနဲ့… ဆင်ခြေဆင်လက်တွေ အမျိုးမျိုးပြပြီး ဆရာချည်းပဲ ဖိခေါ်လိုက်ရတာ … ဆရာတွေ ကွန်တိန်နာ တစ်စီးတိုက်လောက် ရှိမယ်… တကယ်… စိတ်ကို ညစ်ရောပဲ…´´

``ခစ် ခစ် ခစ် ခစ်´´

သင်းသင်းရှိန် ပါးစပ်ကလည်း ပြော လက်ကလည်း ပိုက်ဆံအိတ်ကို လှမ်းယူလေသည်။

``နေပါဦး… ကိုကိုသော်အနောက်မှာ ကွင်းစကွင်းပိတ်နဲ့ ရေး ထားတဲ့ P.S ဆိုတာ ဘာတဲ့လဲ သိလား´´

``ဘာမှ မဟုတ်ဘူး.. P.S ဆိုတာ ပွဲစားတဲ့လေ…´´

သင်းသင်းရှန်၏ ရှင်းလင်းချက်ကို သဘောကျပြီး နော်ဇာနှင့် ၀င်းဝင်းမော်တို့ တရစပ် ရယ်မောကြ၏ ။

``အဟင်း… အဟင်း… သူက ဘာပွဲစားလဲ…´´

``မသိဘူး… အိမ်၊ ခြံ၊ မြေ၊ ကား၊ သစ်၊ ၀ါး၊ ဓနိ၊ စက္ကူ၊ စာအုပ်၊ ပတ်စပို့… အကုန်လုပ်ပေးနိုင်တယ် ပြောတာပဲ…´´

ရယ်သံဖြင့် မေးလာသော ၀င်းဝင်းမော်ကို စကားပြန်ရင်း သင်းသင်းရှိန် ငေါက်ခနဲ ထရပ်ကာ…

``နေပါဦး… ညည်းတို့က ဘာလို့ အဲဒီ လူအကြောင်း ငါ့ကို လာမေးနေတာလဲ… သိချင်ရင် ကိုယ့်ဖာသာ သွားမေးကြပါလား… တကတည်း… ဟွန်း…´´

``သြော်.. လူ့စည်း ဘီလူးစည်းဆိုတာ ရှိတယ်လေ… ဒါကြောင့် .. ဒါကြောင့် …´´

``သေလိုက်ပါလား…´´

``ခစ် ခစ် ခစ်´´

သင်းသင်းရှိန် သူငယ်ချင်းများ ကို ဟန်မူရာ ပိုပို မျက်စောင်းတစ်ချက် ထိုးလိုက်ပြီး….

``ကဲ ကဲ… ဒေါ်ဝင်းဝင်းမော်… ရှင်က ဒီလိုပဲ ရယ်မောနေတော့မှာ လား… သွားမယ်လေ…´´

``ဘယ်သွားမှာ လဲ…´´

``လှိုင်သာယာ စက်မှု ဇုန်ကိုလေ´´

``သြော်… ဟုတ်သားပဲ.. ရေသန့်ဘူးကြော်ငြာကိစ္စ စကားပြောဖို့ ချိန်းထားတာပဲ…´´

ဝင်းဝင်းမော်ကလည်း အရယ်သတ်ပြီး ရှေ့မှထွက်ခွာနှင့်ပြီးသော သင်းသင်းရှိန်နောက်သို့ အပြေးတစ်ပိုင်း လိုက်လေ၏ ။ ဒါတောင် နော်ဇာကို နောက် ဖြစ်အောင် နောက်သွားသေးသည်။

``မိဇာ.. သွားလိုက်ဦးမယ်ဟေ့.. လူငယ် အန်ကယ်လ်ပိုင်နဲ့ တွေ့ ရင်း ဘာပြောလိုက်ရဦးမလဲ´´

``ရောက်ရာအရပ်မှာ … ချက်ချင်း လဲသေလိုက်လို့ ပြောလိုက်… ဟွန့်´´

``ခစ် ခစ် ခစ်´´

နော်ဇာ့မျက်စိထဲတွင် မုန်းစရာကောင်းသော သူ၏ မျက်နှာက မုန်းစရာကောင်းအောင် ပေါ်လာပြန်သည်။ နော်ဇာ မျက်စောင်းပြင်ပြင်းတစ်ချက် ထိုးပစ်လိုက်သည်။

သွား… မုန်းတယ်။

* * * * *




ဝန်ဇင်းချစ်သူများ မျိုးကိုမျိုး ၏ “ အချစ်ရှိရာ အချစ်လာသည် ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


တစ်ခါတုန်းက တက္ကသိုလ်မှာ

ကျွန်တော်နှင့် ကျွန်တော်၏ အချစ်ဦးများ

ထောင်နံရံမှတ်တမ်း