Cover

အခန်း(၁)

မျိုးကိုမျိုး

ကျွန်တော် နဲ့ မျိုးကွဲအိမ်မက်

အပိုင်း(က)

နှောင်ကြိုးအိမ်မက်

ကောင်မလေးရဲ့ကိုကို

“ကိုကို….ကိုကို”

ဟော…..ကောင်မလေးပြန်လာပြီ။ သေချာတယ်၊ ဒါဟာကောင်မလေးရဲ့ အသံပဲ ဖြစ်တယ်။ အိမ်ရိပ်မနင်းမိခင်ကတည်းက တကြော်ကြော်အော်လာတဲ့အသံ။ ကျုပ်တုန့်ပြန်ဖို့ စိတ်ကိုမကူးဘူး။ ဒီအသံကိုရော အသံပိုင်ရှင်ကိုရော ကျုပ်လုံးဝအသိအမှတ်မပြုနိုင်ဘူး။ အမြဲတမ်း တက်ကြွလန်း ဆန်းနေတဲ့ ကျုပ်စိတ်အာရုံတွေ ကို ငရဲခန်းပို့ပစ်တဲ့ကောင်မလေးဟာ ကျုပ်နောက်ကျောဆီ ရောက် နေပြီမှန်း သိပ်သိတာပေါ့။ ဒါပေမယ့် ကျုပ်လှည့်ကိုမကြည့်ဘူး။ စာကြည့်စားပွဲမှာ ဆက်ထိုင်မြဲထိုင် နေလိုက်တယ်။ သည်အပြုအမူအတွက် ကျုပ်မလွန်ဘူး။ လွန်တာက ကောင်မလေးပဲ ဖြစ်တယ်။

ဟုတ်တယ်။ အခုကြည့်လေ။ ဘယ်အချိန်ရှိနေပြီလဲ။ ည(၁၂)နာရီကျော်နေပြီ။ ညကြီးသန်း ခေါင်သန်းလွဲ သွားချင်ရာသွား လာချင်ရာလာပြီး ထင်ရာစိုင်းနေတဲ့ မိန်းမ။ ဒါလင်ယောက်ျားရှိတဲ့ မိန်းမလား။ ကျုပ်ကို ဂရုစိုက်စရာမလိုတဲ့ အရုပ်တစ်ရုပ်လို သဘောထားတဲ့မိန်းမ ကျုပ်သိပ်မုန်း တယ်။

“ကိုကို. .ကိုကိုရယ်. . .ကောင်မလေးလေ. . သိလား”

ဟော. . ပြောပြောဆိုဆို ကျုပ်ကို နောက်ကျောကနေ သိုင်းဖက်လို့ နှစ် သိမ့်ဖို့ပရိယာယ် ဆင်ပြီ။ ဒါဟာကောင်မလေးရဲ့ အမှားတွေ ထဲက ထပ်တိုးလာတဲ့အမှား။ ကျုပ်ဒေါသကို အတောင်ပံ တပ်ပေးလိုက် တဲ့အမှား။ ကျုပ်ဝုန်းကနဲထရပ်ပြီး ကောင်မလေးကို ဆောင့်တွန်းပစ်လိုက်တယ်။ ကြမ်းပြင်ပေါ်မှာ ခွေကနဲကျပြီး အံ့သြတကြီးကြည့်နေတဲ့ ကောင်မလေးကို သနားစရာမလိုအပ်ဘူး ဆိုတာ ကျုပ် သိပ်သိတာပေါ့။

“ဟင်. . ကိုကို. . ဘယ်လိုလုပ်လိုက်တာလဲ ကိုကိုရယ်“

“ဘယ်လိုလုပ်လိုက်တယ်ဆိုတာ မင်းကိုယ်တွေ့ ပဲမဟုတ်လား၊ ငါ့ဒေါသတွေ ဒိထက်ပိုပြီး

မပြင်းထန်မပေါက်ကွဲခင် မင်း ငါ့ရှေ့ကထွက်သွားဖို့ ငါတောင်းဆိုတယ်”

“နေပါဦးကိုကိုရယ်. .ကောင်မလေးဘာတွေ ဖြစ်လို့ ဘာတွေ ကြုံခဲ့ရတယ်ဆိုတာလည်း ပြောပါရစေဦး”

“မင်းဘာသာ ဘာတွေ ပဲ ဖြစ် ဖြစ် ဘာတွေ ပဲကြုံကြုံ ငါစိတ်မ၀င်စားဘူး၊ အခု ငါတံခါးဖွင့်ထားတယ်ဆိုတာ မင်းအလွယ်တကူ ၀င်လာနိုင်ဖို့ဆိုတာထက် မင်း ချက်ချင်း ပြန်ထွက်သွားဖို့ ဆိုတာကို နားလည်လား”

“မဟုတ်သေးဘူးလေကိုကိုရဲ့ . .ကိုကိုကောင်မလေးကို စိတ်ဆိုးနေတယ်ဆိုရင်လည်း ပြီးမှစိတ်ဆိုး. . အခု ကောင်မလေးပြောတာကို. .”

“မပြောနဲ့ဆိုမပြောနဲ့ကွာ ငါလိုချင်တာ မင်းအခု ငါ့ရှေ့ကထွက်သွားဖို့ ငါ့အိမ်ပေါ်ကဆင်းသွားဖို့ အလားကားမိန်းမ လူကို သက်သက်ဒုက္ခပေးဖို့ ရောက်လာတဲ့မိန်းမ”

ဟုတ်တယ်။ ကောင်မလေးဟာ ကျုပ်ဘ၀လေးထဲကို မဖိတ်ခေါ်ပဲနဲ့ ရောက်ခဲ့တာ။ သာယာနေတဲ့ကျုပ်ဘ၀လေးကို ဖျက်ဆီးဖို့ တကူးတကရောက်လာခဲ့တာ။

တကယ်ဆို ကျုပ်မှာ သာယာတဲ့ ဘ၀လေးတစ်ခု ရှိခဲ့ဖူးပါတယ်။ အဲဒီ ဘ၀လေးမှာ ကျုပ်ရယ် ချစ်ဦးသူရယ် ပျော်ရွှင်ကြည်းနူးခဲ့ဖူးတာပေါ့။ ချစ်ဦးသူ မဟာသိပ္ပ္ပံနောက်ဆုံးနှစ် ဖြေပြီးတာနဲ့ ကျုပ်တို့နှစ် ယောက် ရဲ့ ကိုယ်ပိုင်ဘ၀တည်ဆောက်ကြဖို့ ရည်စူးထားကြပြီးသား။ ပျော်စရာနိဗ္ဗာန်ဘုံလေးနဲ့ လက်တစ်ကမ်းအလိုမှာ နာကျည်းစရာ မုန်တိုင်းသင့်ခဲ့ရတယ်။ မုန်တိုင်းဟာ ကောင်မလေးပဲ ဖြစ်တယ်။

တစ်နေ့မှာ ချစ်ဦးသူက သူ့ကိုယ်သူကောင်မလေးကလို့ ပြောတတ်သူတစ်ဦးနဲ့ မိတ်ဆက်ပေးတယ်။ ဆယ်တန်းသုံးခါကျ ကောင်မလေးဟာ ချစ်ဦးသူရဲ့ တစ်ဦးတည်းသော နဲ့ အဆိုးဆုံး ညီမလေး ဖြစ်တယ်။ အံ့သြစရာကောင်းတာက ကောင်မလေးဟာ ကျုပ်ရေး ခဲ့သမျှ မအောင်မြင်သော အောင်မြင်သော သီချင်းအားလုံးကို သိနေခြင်းပါပဲ။ ဘယ်သီချင်းကိုဖြင့် ဘယ်အဆိုတော် နဲ့ဆိုလိုက်ဖက်တယ်။ဘယ်သီချင်း ကတော့ဟိုအဆိုတော် ဆိုတာမလိုက်ဖက်ဘူး။ နောင်ရေး တဲ့အခါ ဘယ်လိုအမြင်လေးတွေ ဖြည့်ပေးရင်ကောင်းမယ် စသဖြင့် ပေါ့လေ။ ကျုပ်မအံ့သြပဲကို နေလို့မရဘူး။ကျုပ်လို နာမည် လေးမရတရ စတီရီယို တေးရေး သမားတစ်ဦးကို သတိပြုမိနေတဲ့ ပရိသတ်ရှိနေတာ ကတော့ ၀မ်းသာကြည်နူးစရာပေါ့။

ဒါပေမယ့် ဒီဝမ်းသာကြည်နူးမှု တို့ဟာ တာရှည်မခံခဲ့ပါဘူး။ ဘာကြောင့် ဆို ကောင်မလေး ဟာကျုပ်ဆီကိုရမယ်အမျိုးမျိုးရှာပြီး မကြာမကြာလာနေတော့တာပဲ။ ကျုပ်လည်း ချစ်ဦးသူ ရဲ့မျက် နှာနဲ့အလိုက်အထိုက်ဆက်ဆံနေရပေမယ့် သိပ်တော့ ဘ၀င်မကျလှဘူး။ချစ်ဦးသူကို အသိပေးပြော ပြတော့လည်း တဇွတ်ထိုးလုပ်တတ်တဲ့သူ့ညီမရဲ့ ဥာဉ်ဆိုးကို သဘောကျပြီးရယ်နေတတ်ပြန်တယ်။ တကယ်ဆို အိမ်မှာ ကျုပ် တစ်ယောက် တည်း ရှိနေ တဲ့အချိန်မျိုးတွေ မှာ ကောင်မလေးအနေနဲ့ သူသ ဘောရှိဝင်ထွက် နေဖို့မသင့်တော် ဘူး။ ကျုပ်နေတာကတိုက်ခန်း။ ငှားရမ်းနေထိုင်တဲ့ တိုက်ခန်း။ နှုတ်ကျိုးနေလို့သာအိမ်လို့ခေါ်ဆိုနေမိတာ။ ပတ်ဝန်းကျင်က ယုံထင်ကြောင်ထင်ထင်ရင် မကောင်း ပေဘူးပေါ့။ ဒါပေမယ့်ကျုပ်ဘယ်လိုစကားလုံးသုံးပြီး စိတ်ပြက်ရှက်ရွံ့အောင်ပြောလည်း ကောင်မ လေး ကတော့ ခေါင်းမာနိုင်လွန်းတယ်။ နားအကြားဘဲ လွဲလွဲနေတတ်လွန်းတယ်။ နောက်ပြောတဲ့စ ကားတွေ မှာ အရိပ်အစွန်းတွေ ပါပါလာတယ်။ကျုပ်ရေး နေတဲ့သီချင်း တွေ ကပဲ သူ့ကိုရည်စူးပြီး ရေး သားနေသယောင်ယောင် နောက်သလိုပြောင်သလိုနဲ့ ပြောတတ်လာတယ်။ အဲသလိုနဲ့ ကျုပ်ကိုအ န္တရယ်ပေးတဲ့နေတစ်နေ့ဟာ တကယ့်ကိုရောက်ရှိလာခဲ့တော့တယ်။

ကျုပ်မှတ်မိသေးတယ်။ အဲသည်ညက ကျုပ်အိမ်ပြန်နောက်ကျတယ်။ ည(၁၂)နာရီထိုးလုပြီ သူငယ်ချင်း တစ်ယောက် ရဲ့မင်္ဂလာဦးအရက်ကြောင့် ကျုပ်မှုးလာတယ်ဆိုပါတော့။ မနက်ကျုပ်အိပ်ရာ ကနိုးတော့ ကျုပ်ဘေးမှာ ကောင်မလေးကို အံ့သြတကြီးတွေ့ လိုက်ရတယ်။ ကျုပ်ရဲ့တိုက်ခန်းသော့  အပိုကိုဘယ်တုန်းကယူထားလိုက်တယ် ဆိုတာသိတောင်မသိလိုက်ရဘူး။သူ့ဖြေရှင်းချက် ကတော့ အိမ်နဲ့စိတ်ဆိုးပြီး ဘယ်သွားရမှန်းမသိတာနဲ့ကျွန်တော့တိုက်ခန်းကိုခဏလာနေတာတဲ့။ ကျုပ်ပြန်အ လာကိုစောင့်ရင်းစောင့်ရင်းသူလည်းအိပ်ပြော်သွားတယ်ဆိုလေရဲ့။ ညကဘာမှမ ဖြစ်ဘူးဆိုတာ သေ ချာပေမယ့်မ ဖြစ်တာကိုပဲ ဘာမှဖြေရှင်းလို့မရတော့အောင် ကံတရားက ရက်စက်လေတယ်။ ချစ်ဦး သူရဲ့ နာကြည်းစက်ဆုတ်တဲ့အကြည့်နဲ့ပဲ ကျုပ်တစ်ခါဘူးမျှမစဉ်းစားဖူးသူနဲ့ အိမ်ထောင်ဘက် ဖြစ်ခဲ့ ရတော့တယ်။စဉ်းစားလေရင်နာလေပါပဲ။ သူလုပ်ချင်ရာကိုတဇွတ်ထိုးလုပ်တတ်တဲ့ ကောင်မလေး ဟာ အေးအေးဆေးဆေးနေတတ်တဲ့ကျုပ်နဲ့ဘယ်လိုမှကို မလိုက်ဖက်ပါဘူး။ လိုက်ဖက်စရာလည်း မလိုပါဘူး။ မတော် တဆလွဲချော်မှု လို့ ကျုပ်ဘယ်လိုမှခံယူလို့မရတဲ့ ကောင်မလေးရဲ့ ထိုးဇာတ်ထဲ မှာ ကျုပ်ဟာ ဘုမသိဘမသိ သားကောင် ဖြစ်ခဲ့ရတာ ။ ကျုပ်သိပ်စိတ်နာတယ်။ ကျုပ်သိပ်မုန်းတယ်။ ကျုပ်ဘယ်လိုမှခံစားလို့မရတဲ့ ဘယ်လိုမှချစ်လို့မရတဲ့ ကောင်မလေးဟာ အခုကျုပ်ရှေ့မှာ မုန်းစရာ ကောင်းလောက်အောင် ရောက်ရှိလာပြန်ပြီ။ ကျုပ်တတ်နိုင်သမျှ လူချင်းမဆုံမိအောင် ကြိုးစားနေ တယ်။ ကျုပ်မကြည့်ချင်တဲ့ မျက်နှာကို မကြည့်ပဲနေနိုင်အောင် ကျုပ်ကြိုးစားနေတယ်။ ဒီတော့ ကျုပ် သွားချင်ရာသွား လာချင်ရာလာတယ်။ ကောင်မလေးကို ဘာတစ်ခုမှ အသိမပေးဘူး။ သူလည်းသူ့သဘောသူဆောင် ကျုပ်လည်းကျုပ်သဘောကျုပ်ဆောင်။ ခက်တာက တစ်အိမ်တည်း နေ လင်မယား ဖြစ်နေတယ်။ မပြောချင်ပဲပြောရတဲ့စကား မကြည့်ချင်ပဲ မြင်နေရတဲ့မျက်နှာနဲ့ ဘ၀ဟာ မွန်းကျပ်မှု လွန်ကဲနေပြီ။ ဒီနေ့တော့ အကောင်းဆုံးဖြေရှင်းဖို့အချိန်တန်ပြီ။ သူလည်း သူ့လမ်းသူသွားတော့ ကျုပ်လည်းကျုပ်လမ်းကျုပ်သွားတော့မယ်။ ဒါဟာ ကျုပ်တို့နှစ် ဦးအတွက် အကောင်းဆုံးဖြေရှင်းချက်ပဲ။

“ကိုကို ကောင်မလေးကို တကယ်ကို နာကျည်းစိတ်ပျက်နေပြီလားဟင်”

မျက်ရည်ကျရကောင်းမှန်းမသိတဲ့ မျက်နှာနဲ့ ကောင်မလေးဟာ ကျုပ်ကိုစေ့စေ့ကြည့်လို့ မျက်နှာပြောင်တိုက်ပြီး မေးဖော်ရသေးတယ်။ အံ့သြတယ်။ ကောင်မလေးရဲ့ မျက်လုံးတွေ ကို ကြည့်ရတာ တိကျတဲ့ဆုံးဖြတ်ချက်တွေ နဲ့ တည်ငြိမ်စူးရှလွန်းနေတယ်။ ကျုပ်က ပိုပါလိမ့်မယ်။

“အခုမှမဟုတ်ဘူး ကြာပြီ၊ မင်းသိတတ်ရင်အစောကြီးကတည်းက လမ်းခွဲသွားဖို့ကောင်း တာ၊ ဒါပေမယ့် အခုလည်း မနှောင်းသေးပါဘူးလို့ ငါဖြေပြီးနားလည်ပေးလိုက် မယ်၊ ဒီတော့ မင်းလည်းနားလည်စွာ နဲ့ ငါနဲ့ဝေးရာ သွားပါတော့ တစ်သက်လုံး”

“ကောင်မလေးဘယ်တော့မှ မသွားဘူး ကိုကို”

“ဘာ”

“ဟုတ်တယ် ကောင်မလေး ကိုကိုနဲ့ဝေးရာကို ဘယ်တော့မှမသွားဘူး၊ ကိုကိုနဲ့ခွဲခွာဖို့ ဘယ်တော့မှ မစဉ်းစားဘူး၊ ကိုကိုအနားမှာ ပဲ ဖြစ်တဲ့နည်းနဲ့ တစ်သက်လုံးနေမယ်၊ ဒါ ကိုကို့ကို စတွေ့ ခဲ့ကတည်းက ကောင်မလေးရင်ထဲက ဆုံးဖြတ်ချက်”

ကျုပ်ထက်တည်ငြိမ်ပြတ်သားနေတဲ့ ကောင်မလေးကို မအံ့သြပဲကို မနေနိုင်ဘူး။ ကျုပ်အရှုံး ပေးလိုက် ရမှာ လား။ ဒီတစ်ခါ အရှုံးပေးလိုက် ရင် တစ်သက်လုံးအရှုံးပေးရတော့မယ်။ ဒီပွဲမှာ ကျုပ် အနိုင်ယူကို ယူရမှာ ။ ဒါတောင် ကျုပ်ပေးဆပ်ခဲ့ရတာ နဲ့စာရင် ဘာမှ မပြောပလောက်သေးပါဘူး။

“ကောင်းပြီ မင်းမသွားဘူးလား”

“မသွားဘူးကိုကို တစ်သက်လုံးမသွားဘူး၊ ကိုကို မကျေနပ်လည်း ကောင်မလေးကို ကြိုက်သလိုလုပ်”

“ဟုတ်ပြီ မင်းမသွားဘူးဆိုရင် ငါသွားမယ်”

“ဘာ. . ဘာပြောလိုက်တယ် ကိုကို”

“မင်းကြားတဲ့အတိုင်းပဲ”

ဟုတ်တယ်။ ဒီလိုပဲလုပ်ရတော့မယ်။ ဒီလိုမှမလုပ်ရင် ပွဲကပြတ်နိုင်မှာ မဟုတ်ဘူး။ ကျုပ်အိပ်ခန်းထဲဝင်ပြီး ကျုပ်အ၀တ်အစားတွေ ကို ကျောပိုးအိတ်ထဲဆန့်သလောက် ထည့်လိုက် တယ်။ ပြီး ကျောပိုးအိတ်ကို ကောက်လွယ်လို့ အိမ်တံခါးဝဆီ ခြေဦးလှည့်လိုက်တယ်။ အိမ်နောက် ဖေးမီးဖိုချောင်ထဲဝင်ပြီး အလောသုံးဆယ် ပြန်ပြေးထွက်လာတဲ့ ကောင်မလေးဟာ ကျုပ်လွယ်ထား တဲ့ ကျောပိုးအိတ်အတင်းဆောင့်ဆွဲရင်း ကျုပ်ကိုခြိမ်းခြောက်ပါတော့တယ်။

“ကိုကို မသွားရဘူးဆို မသွားရဘူးနော် ပြီးတော့မှ ကောင်မလေး အဆိုးမဆိုနဲ့”

ကျုပ်ကျောပိုးအိတ်ကိုပြန်လုရင်း သတိထားမိလိုက်တာက ကောင်မလေးလက်ထဲမှာ မီးဖိုချောင်သုံးအသွား ၉လက္မရှိတဲ့ ဓါးဦးချွန်တစ်ချောင်း။ အဟား. . ရယ်ချင်လိုက်တာ။ ကျုပ်ကို ဒီလို ခြိမ်းခြောက်လို့ ရရိုးတဲ့လား။ ရာဇ၀င်ရိုင်းပေတော့မပေါ့။

“မ သွားပါနဲ့ကိုကိုရယ် ကောင်မလေးကိုခွဲပြီး ဘယ်ကိုမှမ သွားပါနဲ့ ကိုကိုသွားရင် ကောင်မလေးလေ. .ဒီဓါးနဲ့ ကိုယ့်ကိုယ်ကို အဆုံးစီရင်ပစ်လိုက်မှာ နော်”

“မင်းသဘောနဲ့မင်း. . မင်းကြိုက်သလိုလုပ် ငါနဲ့မဆိုင်ဘူး ငါ့ကို ဒီနည်းလမ်းသုံးပြီး ခြိမ်းခြောက်လို့မရဘူးဆိုတာ မင်း သဘောပေါက်လိုက်တော့”

ပြောပြောဆိုဆို ကျုက်ကျောပိုးအိတ်ကို ပြန်လွယ်ပြီး ကောင်မလေးကို ကျောပေးလိုက် တယ်။ ကျုပ် ဘာကြောင့် မှ နောက်တွန့် တုန့်နှေးနေမှာ မဟုတ်တော့ဘူးဆိုတာ ကိုယ့်ကိုယ်ကို ပိုယုံကြည်သွားတယ်။

“အော်. . ကိုကိုက တကယ်ကိုပြတ်သားနေပြီကိုး၊ ကောင်းပြီ ကိုကိုသိအောင် ကောင်မလေး နောက်ဆုံးစကားတစ်ခွန်းပြောလိုက်မယ်၊ အဲဒါ ကတော့ အသေခံရမယ့်သူက ကောင်မလေး တစ်ယောက် တည်းမဟုတ်ဘူး. .နှစ် ယောက် . . ကိုကို. . နှစ် ယောက် ”

လာပြန်ပြီနောက်တစ်မျိုး။ ဒီလိုစိန်ခေါ်မှု မျိုးနဲ့ ကျုပ်ကို မတိုးဘူးဆိုတာ ကောင်မလေး မသိနိုင်သေးပဲကိုး။ ကျုပ် ကျောပိုးအိတ်ကို ပစ်ချလိုက်ပြီး ကောင်မလေးဆီကိုသွားလိုက်တယ်။

“ဘာလဲ မင်းနဲ့အတူ ငါပါလိုက်သေပေးရမှာ လား၊ ကဲ. . ထိုးစမ်းကွ မင်းလက်ထဲကဓါးနဲ့ ဟောဒီမှာ ရဲရဲထိုးလိုက်စမ်း၊ ခြိမ်းခြောက်မနေနဲ့၊ မချစ်မနှစ်သက် တဲ့သူနဲ့ ပေါင်းဖက်နေရတာ ထက် စာရင် သေရတာ ကမှ အဓိပ္ပါယ်ရှိဦးမယ်၊ ထိုးလေကွာ ဘာလုပ်နေတာလဲ မင်းမထိုးရဲဘူး မဟုတ်လား”

ကျုပ် အင်္ကျီရင်ဘတ်ကို ဖြဲပေးလိုက် ပြီး ကောင်မလေးရှေ့ကို နီးနီးကပ်ကပ်တိုးပစ်လိုက် တယ်။

“ကိုကို့ကို ကောင်မလေးမလုပ်ရက်ပါဘူး၊ ကောင်မလေးကို ကောင်မလေးပဲလုပ်မှာ ပါ ကောင်မလေးနဲ့အတူ လိုက်သေပေးရမယ့်သူကလည်း ကိုကိုမဟုတ်ပါဘူး”

“ဘာလဲ. . မင်းစကားက သွေးရူးသွေးတန်းနဲ့. . ”

“ဟုတ်တယ်. . ကောင်မလေးနဲ့အတူ လိုက်သေရမယ့်သူက လူ့လောကကို မမြင်ဖူးသေးတဲ့ ကောင်မလေးဗိုက်ထဲက ကိုကို့ရဲ့ ရင်သွေးလေးပဲ”

“ဘာ. . ဘာ. . မင်းဘာပြောလိုက်တယ် မင်းဆီမှာ ငါ့ ရင်သွေးရှိနေပြီဟုတ်လား မင်း. . မင်း. . တကယ်ပြောတာလား”

ကျုပ်ရင်တွေ ဆူဝေလှုပ်ရှားသွားတယ်။ ရင်သွေးတဲ့. . ကျုပ်ရင်သွေးတဲ့။ ဘုရား. . ဘုရား ကျုပ်ရင်သွေး ဘာဆိုဘာမှ ဖြစ်လို့မရဘူး။ ဘာအပြစ်မှမရှိတဲ့ ကျုပ်ရင်သွေးလေး လူ့လောကကို ချောချောမောမောရောက်ရှိဖို့ ကျုပ်မှာ တာဝန်ရှိတယ်။ ကျုပ် ကောင်မလေးလက်ထဲကဓါးကို အလျင်စလိုယူပြီး ခပ်ဝေးဝေးကို လွှင့်ပစ်လိုက်တယ်။ ကျုပ်. . ကျုပ် ကောင်မလေးရဲ့ ပုခုံးစွန်းနှစ် ဖက်ကို ခပ်တင်းတင်းဆုပ်ကိုင်ပြီး စကားတစ်ခွန်းတည်းကိုပဲ ထပ်တလဲလဲ မေးနေမိတယ်။

“ကိုယ့်ရင်သွေး. . ဒီဗိုက်ထဲမှာ ကိုယ့်ရင်သွေးရှိနေပြီ ဟုတ်လား. . တကယ်တကယ် ပြောတာနော် သေချာတယ်နော်”

အလို. . စောစောကပြတ်သားစူးရှလွန်းတဲ့ ကောင်မလေးရဲ့ မျက်ဝန်းမှာ မျက်ရည်တွေ နဲ့ပါ လား။ ကောင်မလေးငိုနေပြီ။ အခုမှငိုဖို့သတိရတော့တယ်။ မျက်ရည်တွေ တွေ စီးကျနေတဲ့ ပါးနှစ် ဖက်မှာ ပါးစပ်ကဖြေစရာမလိုတဲ့အသေချာဆုံးအဖြေတွေ ပြောပြနေတယ်။ ကျုပ် ကောင်မလေးကို တင်းတင်းကျပ်ကျပ် ဖက်လိုက်မိတယ်။

“ဒါ. . ဒါ. . ဘာလို့ ကိုကို့ကို စောစောကတည်းက မပြောပြရတာ လဲ ကောင်မလေးရယ်”

ကျုပ်ရင်မှာ မျက်နှာအပ်လို့ တသိမ့်သိမ့်ငိုနေရှာတဲ့ ကောင်မလေးကို ကျုပ်သနားလိုက်တာ လေ။ သူ့ခမျာ တင်းထားသမျှစိတ်တွေ ကို လျှော့ချလိုက်ပြီထင်ပါရဲ့ ။ အလို. . ကျုပ်ကိုယ်တိုင်က ရော ဘာကြောင့် မျက်ရည်တွေ ကျနေမိပါလိမ့်။ အံ့သြဖို့ ကောင်းလိုက်တာ။ ကျုပ်ရင်တစ်အုံလုံး ပေါ့ပါးပြီး ကြည်နူးမှု တွေ လည်း တရှိန်ရှိန်တက်လို့။

“တိတ်ပါတော့ကောင်မလေးရယ်။ ကိုကိုမှား သွားပါတယ်။ ကိုကိုသိချင်တာတွေ ကိုလည်း ကောင်မလေးပါးစပ်ကပြောပြပါဦး”

ကျုပ် ကောင်မလေးခေါင်းကို လက်နှစ် ဖက်နဲ့ ခပ်ဖွဖွကိုင်ပြီး မျက်နှာကိုမော့စေရတယ်။ ကြည့်ပါဦး။ မျက်ရည်တွေ နဲ့ ပြုံးကြည့်နေတဲ့ မျက်နှာလေး။ ချစ်ဖို့ကောင်းလိုက်တာ။ ကျုပ် ဘယ်တုန်းကမှမမြင်ဘူးတဲ့ မျက်နှာလေးကို စိတ်လိုလက်ရ နမ်းမိနေတော့တယ်။

“ကိုကို. . ကိုကို. . ကောင်မလေးကို မခွဲသွားတော့ဘူးပေါ့နော်”

“မခွဲသွားတော့ပါဘူး ကောင်မလေးရယ်. . အခု ကောင်မလေးဗိုက်ထဲက မီးမီးလေးက ကိုကို့ကို ဘယ်မှမသွားအောင်ဆွဲထားတာ မတွေ့ ဘူးလား”

“မီးမီးလေး မဟုတ်ပါဘူး သားသားလေးပါနော်”

“ကဲပါ. . မီးမီးလေးပဲ ဖြစ် ဖြစ် သားသားလေးပဲ ဖြစ် ဖြစ် ချစ်ရမှာ ပါပဲ နေဦး အဲဒီ ကိစ္စ ကိုကို့ကို ဘာကြောင့် အစောကြီးကတည်းက မပြောပြရတာ လဲ”

“ကိုကိုကရောအပြောပြခံလို့လား. . တကတည်း သူ့စိတ်ကြီးပဲ”

“ကဲပါ. . ဟုတ်ပါပြီ ကိုကိုပြီးမှ ကောင်မလေးကျေနပ်တဲ့အထိ တောင်းပန်မယ်ဟုတ်လား. . အခုဘယ်ကဘယ်လို ဖြစ်လာတာလဲ ကိုကိုနားလည်အောင်လည်း ရှင်းပြပါဦး”

ကောင်မလေးက အခုမှလာပြီးဆိုတဲ့သဘောနဲ့ ကျုပ်ကိုမျက်စောင်းတစ်ချက်ထိုးလိုက်သေး ရဲ့ ။ သူ့ခါးကိုတင်းတင်းကျပ်ကျပ်ဖက်ထားတဲ့ ကျုပ်လက်ကိုလည်း လျှော့ပေးဖို့ အမူအရာပြလိုက် သေးရဲ့ ။ အခုတော့လည်း မယ်မင်းကြီးမပြုသမျှ အားလုံးတရားသွားပြီပေါ့။

“ဟိုတစ်နေ့ကတည်းက ကိုကိုအိမ်ကထွက်သွားတာ မနေ့ညကအထိ ကိုကိုပြန်မလာလို့ ကောင်မလေးစိတ်ပူပြီး တစ်ညလုံးထိုင်စောင့်နေတာ၊ ဘယ်သွားမှာ လဲ ပြောမသွားတော့ ပိုစိုးရိမ် တာပေါ့”

သေချာတယ်။ ဒါ ကတော့ကျုပ်အမှား။ တစ်နေ့ညကရော မနေ့ညကပါ အဆိုတော် အသစ် တစ်ယောက် ကျုပ်သီချင်းသွင်းလို့ စတူဒီယိုမှာ နှစ် ညလုံးလုံး ရှိနေတာ။ ဒါပေမယ့် ကောင်မလေးကို ထုံးစံအတိုင်း ကျုပ်အသိမပေးလိုက် ဘူး။ ဒီနေ့ညနေ ငါးနာရီလောက်မှ အိမ်ပြန် ရောက် ဖြစ်တာ။ ကြည့်ပါဦး။ သူ့ခမျာ ကျုပ်ကြောင့် ဒီစိတ်ဒုက္ခကို နေ့စဉ် ညစဉ်လိုလို ကြုံတွေ့ နေ ရမှာ ပေါ့။

“အဲဒါမနက်မိုးလင်းတော့ စတူဒီယိုတွေ မှာ တော့ ရှိမှာ ပဲဆိုပြီး လိုက်ရှာမလို့ အိမ်ကအထွက် မှာ မူးလဲသွားတာ ဘေးခန်းကတွေ့ လို့ ဆေးခန်းလိုက်ပို့ပေးတယ်၊ ပြီးတော့ မမတို့ဆီကိုလည်းဖုန်း ဆက်အကြောင်းကြားပေးလိုက် တာလေ၊ ကောင်မလေး ညက တစ်ညလုံးမအိပ်လို့ အားနည်းသွား တာသက်သက်ပဲထင်တာ ဆရာဝန်က စမ်းသပ်ကြည့်ပြီး ကိုယ်ဝန်ရှိနေပြီလို့ပြောတော့ ၀မ်းလည်း အရမ်းသာသွားတာပဲ၊ ၀မ်းလည်းအရမ်းနည်းသွားတာပဲ၊ ဖေဖေတို့မေမေတို့ ကတော့ ကိုကို့ကိုစိတ် ဆိုးပြီး ကိုကိုနဲ့ မပေါင်းနဲ့တော့ အိမ်မှာ ပြန်နေဆိုပြီး အိမ်ခေါ်သွားကြတာ၊ ကောင်မလေးမှ ကိုကိုနဲ့ မခွဲနိုင်တာ အဲဒါကြောင့် ဖေဖေတို့အလစ်မှာ မမ အကူအညီနဲ့ ကိုကို့ဆီပြန်ပြေးလာတာ၊ အဲဒါကို ဒီ ရောက်တော့ သူကတစ်ခါတည်း ဟွန်း”

ကျုပ် စိတ်ထိခိုက်သွားတယ်။ ကျုပ်ကိုကျုပ်လည်း အတော် မကျေမနပ် ဖြစ်သွားတယ်။ ခမျာ ကျုပ်ကို အဲသလောက်ချစ်ရှာတာ။ ကျုပ်လို အမိုက်အမဲမို့ မကြည့်တတ်တာ။ လင်ယောက်ျားကို အဲသလောက်အချစ်ကြီးတဲ့ မိန်းမမျိုးရတာ ကျုပ်ကံကောင်းတာပေါ့။ ဟုတ်တယ်။ ဒီကမ္ဘာပေါ်မှာ ကျုပ်ကံအကောင်းဆုံးပဲ။ ကျုပ်ရင်မှာ မှီတွယ်နေတဲ့ ကောင်မလေးကို ကျုပ် မြတ်မြတ်နိုးနိုးပြန်ပွေ့ ဖက်ထားလိုက်တယ်။ အခုတော့လည်း ဝေးသွားမှာ ကိုကြောက်နေတတ်ပြန်ပြီ။

“ကောင်မလေးရယ် ကိုကို့ရဲ့ ကောင်မလေးရယ်”

ကိုကိုဟာ အမြဲတမ်းကောင်မလေးရဲ့ ကိုကိုဆိုတာ အကြွင်းမရှိယုံလိုက်တော့နော် “သိပ်ချစ်တယ်ကောင်မလေးရယ်” ကိုကိုရဲ့ ကောင်မလေးရယ်။ ။

•••

အခန်း(၂)

အလိုချင်ဆုံးဆု

ဘာမျှမထူးပါ။ သည်နေ့သည်လည်း ဘ၀မှာ ထပ်တိုးလာသည့် စိတ်ပျက်စရာနေ့ တစ်နေ့မျှ သာ။ အလုပ်အကိုင်မရှိသူ တစ်ယောက် ရဲ့ ဂုဏ်ငယ်သည့်ခံစားမှု မျိုးသာလျှင် ရင်နှင့်ကျွမ်းပြီးရင်း ကျွမ်းဝင်လာ၏ ။ လူတွေ့ တိုင်း ဘာလုပ်နေသလဲ ဘယ်မှာ လုပ်နေသလဲဆိုသည့် စပ်စပ်စုစုမေး တတ်သည့် ပါးစပ်ပေါက်တို့ကို စက်ဆုပ်ကြောက်ရွံ့နေတတ်ပေပြီ။ လူတွေ နဲ့မတွေ့ မိအောင် ရှောင်နေကာမှ သွားလေရာ တိုးမိနေတတ်တော့သည်။ သည်တော့ မကြားချင်သော စကားသံများ ကို ကြားရ၊ ရင်မဆိုင်ချင်သော အကြည့်များ ကို ကြုံရ၊ အသက်ရှူရသည်သာ ကျပ်လာတော့ သည်။ လူ တစ်ယောက် ၏ တန်ဖိုးကို အလုပ်အကိုင်နဲ့သတ်မှတ် ပိုင်းဖြတ်တတ်သည့်လောကမှာ ကျွန်တော် အထီးကျန်ဆန်လာခဲ့ပြီ။ အထီးကျန်ဆန်သည်ဟု မပြောသာအောင် ကျွန်တော့် မှာ အသက်တမျှချစ်ရပါသော အိမ်သူသက်ထားတော့ရှိ၏ ။ ပြဿနာ၏ အဓိက ရေသောက်မြစ်က တော့ ကျွန်တော် အိမ်ထောင်ပြုမိခြင်းပင်။ လင်ယောက်ျားဆိုသည်မှာ အိမ်ထောင်ဦးစီးမှူး။ အိမ်၏ စားဝတ်နေရေး ကို ဖြည့်ဆည်းတာဝန်ယူနိုင်သူကိုသာလျှင် အိမ်ထောင်ဦးစီးဟုခေါ်ဆိုထိုက်သည် မဟုတ်ပါလား။ ဒါဆိုလျှင် ကျွန်တော် ကရော။ ကျွန်တော် မှာ ထိုတာဝန်ကိုယူနိုင်လောက်သည့် စွမ်းရည်မရှိ ဖြစ်နေသည်။ အလုပ်အကိုင်ကောင်းကောင်းရထားသော ဇနီးမယားကို ကျွန်တော် ပြန် မှီခိုနေရသည်မှာ ရှက်ဖွယ်လိလိပင်။ အိမ်သူသက်ထားက ကျွန်တော့် အပေါ်နားလည်မှု ထားလေ ကျွန်တော် ပိုခံစားရလေ ဖြစ်သည်။ ကျွန်တော့် အမှား။ ဘာတစ်ခုမှ အဆင်သင့်မ ဖြစ်သေးခင် အိမ်ထောင်ပြုမိခြင်းသည်ပင်လျှင် ကျွန်တော့် အမှား ဖြစ်ချေတော့သည်။

မှတ်မိသေးသည်။ ချစ်သူဘ၀မှာ ကျွန်တော် တို့ရေး ဆွဲခဲ့သည့်အိမ်ထောင်ရေး စီမံကိန်းကို။ နှစ် ယောက် စလုံး ကျောင်းပြီးပြီးချင်း အိမ်ထောင်မပြုကြသေးဘဲ အလုပ်ကိုယ်စီကြိုးစားကြမည် ။ ကိုယ့်ဘ၀နောင်ရေး ၊ ပွားစည်းလာမည့်  သားသမီးနောင်ရေး ၊ မိသားစုနောင်ရေး စိတ်အေးရ လောက်အောင် ငွေကြေးစုဆောင်းမိကာမှ အိမ်ထောင်ပြုကြမည် ။ တကယ်တော့ ထိုသို့ တင်ကြို စိတ်ကူးခဲ့သလို ဖြစ်မလာခဲ့။ စာမေးပွဲ မဖြေခင်လေးမှာ ပင် အိမ်ထောင်ပြု ဖြစ်သွားသည်။ ဘာဆို ဘာမှ အဆင်သင့်မ ဖြစ်သေးခင် အိမ်ထောင်ရေး ၀န်ထုပ်ဝန်ပိုးကြီးကို ထမ်းရွက်မိတော့သည်။ ကျွန်တော့် စိတ်သော ကကို ကျွန်တော် ကိုယ်တိုင် တန်ဖိုးကြီးကြီးပေးပြီး ၀ယ်ယူခဲ့မိ၏ ။ နောက် တော့လည်း သူ့ဟာနဲ့သူ အဆင်ပြေသွားမှာ ပါဟူ၍ တိုင်ပင်ကာမှ ၀ိုင်းဂျောက်ချလိုက်သော သူငယ်ချင်းများ ကို နာကျည်းရမည် လားမသိ။

သည်တော့လည်း ဖြစ်သည့်နည်းနှင့် ဘ၀ကိုရင်ဆိုင်ရပေတော့မည် သာ။ နောက်ဆုံးနှစ် စာမေးပွဲဖြေဆိုပြီးသည်နှင့် နှစ် ယောက် စလုံး ကွန်ပျူတာသင်တန်းတွေ တက်သည်။ အင်္ဂလိပ်စာ သင်တန်းတွေ တက်သည်။ စာရင်းအင်းဆိုင်ရာသင်တန်းတွေ တက်သည်။ စီမံခန့်ခွဲရေး ဆိုင်ရာ သင်တန်းတွေ တက်သည်။ လုပ်ငန်းခွင်များ ၏ လိုအပ်ချက်နှင့် ကိုက်ညီမည့်  သင်တန်းအမျိုးမျိုး ကြိုးစားတက်ရောက်သည်။ ပြီး. . သင်တန်းဆင်းလက်မှတ်များ ကို ကိုင်ပြီး ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီအသီးသီးတွင် အလုပ်လိုက်လျှောက်ြ ကတော့သည်။

ဥာဏ်ချင်းတူပေမယ့် ကံချင်းမတူသည်ကို ကျွန်တော် လက်ခံစေရန် အခြေအနေများ စွာ က ကျွန်တော့် အားပြောပြတော့သည်။ ဥာဏ်ရည်ချင်းလည်းအတူတူ လုပ်ငန်းဆိုင်ရာပညာရပ် တတ်မြောက်ကျွမ်းကျင်မှု တွင် လည်း တူပါလျက် မိန်းကလေး ဖြစ်သော သက်ထားသာလျှင် အလုပ်အလွယ်တကူရသည်။ ကျွန်တော့် မှာ ကျွန်တော် နှင့် အဆင်ပြေမည့်  အလုပ်တစ်ခုရဖို့ သဲသဲ မဲမဲကြိုးစားရှာဖွေသလောက် အရာမထင်သော်လည်း သက်ထား ကတော့ အဆင်ပြေနေလွန်း သည်။ ဒီအလုပ်မကြိုက် ဟိုအလုပ်ပြောင်းလိုက်နှင့် ဒီထက်ဒီအဆင်ပြေသော လုပ်ငန်းဌာနများ အလွယ်တကူ ပြောင်းရွှေ့လုပ်နေသည်မှာ ကျွန်တော် ပင် မျက်စိလည်ပေပြီ။

ခေတ်သစ်စီးပွားရေး လုပ်ငန်းလည်ပတ်မှု သည် အမျိုးသားများ ထက် အမျိုးသမီးများ က ပိုပြီး အံဝင်နေပြီလားမသိ။

ကျွန်တော် လက်မလျှော့သေးပါ။ မိန်းမလုပ်စာ ထိုင်စားနေရသည့်ဘ၀မျိုးမှာ တင်းတိမ် ရောင့် ရဲနေရလောက်အောင် ကျွန်တော် သိက္ခာမမဲ့သေးပါ။ မိန်းမနှင့် ယောင်္ကျား နှစ် ဦးကြားမှာ ရှေ့၌ နေသင့်သူမှာ ယောင်္ကျားသာလျှင် ဖြစ်ရမည် မဟုတ်ပါလား။ အစဉ်အလာအဆက်ဆက်ကို ကျွန်တော် အိုးမဲမသုတ်နိုင်ပါ။

သို့ ပေမယ့်ယနေ့ထိတော့ ကျွန်တော့် လက်မှာ အိုးမဲတွေ စွန်းပေနေသည်ဟုထင်သည်။ ယခင်နေ့များ လို စိတ်ပျက်နာကျည်းစွာ အိမ်ပြန်လာခဲ့ရပြန်ပါပြီ။ အိမ်ပြန်ရောက်လျှင် ကြိုရောက် နှင့် နေသည့် အိမ်သူသက်ထား၏ နှစ် သိမ့်အပြုံးနှင့် အားပေးစကားကို မကြုံချင်လည်း ကြုံရပေဦး မည် ။ ကိုယ့်ကိုယ်ကိုသည်လောက်ညံ့ဖျင်းမှန်း ယခုလိုအချိန်အခါမျိုးမှ သေသေချာချာ သိခွင့်ရ တော့သည်။ ပို၍ ဆိုးသည်မှာ သက်ထား ကိုယ်ဝန်ဆောင်ထားရသည်မှာ ခြောက်လရှိပြီ။ ကျွန် တော် ခေါင်းခြောက်သထက်ခြောက်လာရသည်။ မွေးလာမည့် ကလေးနှင့် ရင်ဆိုင်ရမှာ ပင် မျက်နှာ မရဲ။ သားယောင်္ကျားလေးဆိုလျှင် ပြဿနာသိပ်မရှိပေမယ့် သမီးမိန်းကလေးဆိုလျှင်တော့ ရင် မောရမည် ။ စိတ်ဓာတ်ကျဖွယ်အရာရာသည် ယခုအချိန်ကျခါမှ ကျွန်တော့်  တစ်ယောက် အပေါ် စုပုံအောနေပေသည်။ လောကကြီး မတရားပါ။

လမ်းထိပ်ရှိလက်ဖက်ရည်ဆိုင်မှ လွင့်ပျံလာသော သီချင်းသံကို ဘယ်လိုမှခံစားလို့မရ။ လက်ဖက်ရည်ဆိုင်ကို ဖြတ်အလျှောက်မှာ တော့ ကျွန်တော် ဘယ်လိုမှ ကြည်ညိုလေးစား၍ မရနိုင် သော ကဗျာဆရာကို ဆိုင်မျက်နှာစာဝ လက်ဖက်ရည်စားပွဲခုံပုလေးတွင် အခန့်သားတွေ့ လိုက်ရ သည်။ သူက ကျွန်တော့် ကိုမြင်သွားပြီး အတင်းဆွဲခေါ်နေသဖြင့် လက်ဖက်ရည်ဆိုင်ထဲ မထိုင်ချင် ပဲ ၀င်ထိုင်လိုက်ရသည်။ နောက်လာသော အာရုံကို ပိုမိုရှုပ်ထွေးစေဦးမည် ထင်၏ ။

ကဗျာဆရာပီပီ လက်ကျောမတင်းသူ။ ဈေးရောင်းကျွေးနေသော မိန်းမလုပ်စာကို မြိန်ရည် ယှက်ရည်ထိုင်စားရက်သူ။ သူ့နေရာမှာ ကျွန်တော် သာဆို ကိုယ့်ကိုယ်ကိုသတ်သေလိုက်တာ ကြာပြီ။ သူ ကတော့ ကဗျာရေး နေတာကိုပင် တစ်ကမ္ဘာလုံးကိုထိုင်လုပ်ကျွေးနေသူ တစ်ယောက် လို အထင်ရောက်ဘ၀င်မြင့်နေလေသည်။ တော် တော် အံ့သြဖို့ကောင်းသည့်လူ။ တစ်ရပ်ကွက်လုံး လည်း သူ့လေဒဏ်မိုးဒဏ်ကို အလူးအလဲခံနေရသည်မှာ ကြာပြီ။ ဒါကိုပင် အထင်ကြီးပြီး ကိုး ကွယ်ဆည်းကပ်နေသည့်လူငယ်အချို့ကရှိသေးသည်။ သူနှင့် အတူ လက်ဖက်ရည်ဆိုင်ထိုင်၊ သူ ပြောသမျှ အရည်မရ အဖတ်မရစကားတွေ ကို အဟုတ်ကြီးလုပ်ပြီး မှတ်ယူနေကြ၏ ။ သူ့သြ၀ါဒကို ခံယူ သူ့ကိုအတုယူပြီး သူ့လိုလက်ကျောမတင်းပဲ ဟိုယောင်ယောင် ဒီယောင်ယောင် ဖြစ်လာကြ မည့်  ထိုလူငယ်တွေ ၏ ရှေ့ရေး ကိုတွေးပြီး ရင်လေးမိပါရဲ့ ။

ယခုလည်း ကျွန်တော့် ကိုအတင်းဆွဲခေါ်ပြီး သူနှင့် အတူ လက်ဖက်ရည်ဆိုင် ထိုင်ခိုင်းနေပြန် ပြီ။ တစ်မျိုးတော့ကောင်းသည်။ ကျွန်တော် ညစ်နေသမျှ သူ့အပေါ်ဖောက်ခွဲပစ်မည် ။ သည်နေ့ တော့ ကျွန်တော် ကြည့်မရသည်မှာ ကြာပြီ ဖြစ်နေသော လူကို တေးထားသမျှ အတိုးချလို့ တိုက် ခိုက်လိုက်တော့မည် ။

နေရာမှာ ထိုင်မိသည်နှင့် သူက ကျွန်တော့် အတွက် လက်ဖက်ရည်တစ်ခွက် လှမ်းမှာ ပေး သည်။ ကျွန်တော် က ရှေ့ရောက်လာသော လက်ဖက်ရည်ခွက် နှုတ်ခမ်းသားကို လက်ညှိုးနှင့် လှမ်းတို့ထိလိုက်ရင်း သူ့အား သရော်ဟန်ကဲသော မျက်လုံးဖြင့် ကြည့်လိုက်သည်။ ပြီးမှ “ဒီလက် ဖက်ရည်ကို ခင်ဗျားတိုက်တာလား၊ ခင်ဗျားမိန်းမတိုက်တာလား ဆိုတာတော့ ကျုပ်ကွဲကွဲပြားပြား သိဖို့လိုမယ်ထင်တယ် ဒါမှ ဘယ်သူ့ကိုကျေးဇူးတင်စကားပြောရမယ်ဆိုတာ ကျုပ်သိမှာ ပေါ့ ကဗျာ ဆရာရဲ့ ” ဟု ခံရခက်အောင်စပြောလိုက်သည်။ သူ အမူအရာမပျက် ပြုံးမြဲပြုံးနေ၏ ။ မျက်မှန်ထူ ထူအောက်မှ သူ့မျက်လုံးအကြည့်များ ကို ကျွန်တော် သိပ်မကြိုက်။ ကျွန်တော့် ကို သနားစရာ ကောင်းသည့် သတ္တ၀ါလေးတစ်ကောင်လို သဘောထားနေသည်ဟု ခံစားမိ၏ ။

သူက မျက်မှန်ကို ညာဘက်လက်ခလယ်ဖြင့် ပင့်တင်လိုက်ရင်း“ကိုယ် ဒီနေ့ထုတ်လာတဲ့က ဗျာစာမူခနဲ့ တိုက်တာပါ အဓိက ကတော့ မောင်ရင်နဲ့ စကား ပြောချင်လို့ဆိုပါတော့……အဲ…..ဆွေး နွေးချင်လို့ ဆိုပါတော့ ကွာ ” ဟုတိုးတိုးညှင်းညှင်းဆို၏ ။

“အံ့သြစရာ ပဲ ခင်ဗျားနဲ့ကျွန်တော့် ကြားမှာ ဒီလောက် ပတ်သက်စရာအကြောင်းတွေ မရှိခဲ့ ဘူးထင်တယ်”

“ဟုတ်ပါတယ် ကိုယ်က မောင်ရင့်ကိုစိတ်ဝင်စားလို့ပါ မောင်ရင့်ရဲ့အရာရာကို အလိုမကျတဲ့ မျက်နှာနဲ့ ခံစားချက်ကကိုယ့်ကိုအထူး စိတ်ဝင်စားစေတယ်”

“ကဗျာဆရာတွေ များ အလုပ်မရှိတိုင်းဟိုလူ့စိတ်ဝင်စားဒီလူ့စိတ်ဝင်စား အားနေတော့လည်း အရာရာကိုစိတ်ဝင်စားနိုင်တာပေါ့ဗျာ၊ တခြားဘာတာဝန်မှမရှိတာ ဟုတ်ဖူးလား”

ကျွန်တော့် ဘ၀ တစ်သက်တာ လူ တစ်ယောက် အပေါ် ဤမျှအထိ ချိုးဖဲ့စော်ကားခဲ့ခြင်းမျိုး တစ်ခါမျှမရှိဖူး။ သည်ကဗျာဆရာအပေါ်မှာ ဘာရန်စမျှမရှိပါပဲ အငြိုးကြီးနေမိသည့်ကျွန်တော့ကိုယ် ကျွန်တော် နားမလည်။ ဘ၀တူချင်း စာနာနားလည်ဖို့သာကောင်းသည်။ သို့ ပမယ့် သူနှင့်ကျွန်တော့်ကြားမှာ မိန်းမလုပ်စာထိုင်စားနေရသည့် ဘ၀ချင်းတူပါလျက် သည်ဘ၀အပေါ်ထားသည့်ခံ ယူ ချက်ချင်း မတူ ။

“ထားပါတော့လေ အခုမောင်ရင့်ကိုကြည့်ရတာ ဒီနေ့အလုပ်သွားရှာတာလည်း အဆင်မပြေ ခဲ့ဘူးထင်ထယ်”

“လူဆိုတာ အလုပ်လုပ်ဖို့မွေးလာတာ….ပြီးတော့အလုပ်လုပ်ရင်း သေသွားရမှာ ဒါဟာလူရဲ့ အဓိပ္ပါယ်ဂုဏ်ရှိန်၊ အလုပ်မရမချင်းတော့ ကြိုးစားပြီးရှာနေရမှာ ပဲ ၊မိန်းမထမီနားခိုစားနေရတယ့် ဘ၀အပေါ်မှာ ရောင့် ရဲနေတတ်တဲ့ ဥာဉ်မျိုးပါမလာတာကိုပဲ ကိုယ့်ကိုယ်ကို ကျေးဇူးတင်ရမယ်”

“မောင်ရင်လေးပြောတာ ကိုယ်လက်ခံပါတယ် ဒါပေမယ့်နားမလည်တာလေးတစ်ခုတော့ မေးချင်တယ်”

ကျွန်တော် က ခေါင်းနှစ်ချက်ဆတ်ပြလိုက်ရင်း သူသိလိုသည်ကို ဖိတ်ခေါ်လိုက်၏ ။ ကျွန်တော် အသာအယာပြုံးလိုက်သည်။ကဗျာဆရာနှင့်ကျွန်တော် ရဲ့ စီးချင်းထိုးပွဲမှာ ကျွန် တော် နိုင်နေပြီ။ ဝေဖန်ကဲ့ရဲ့မှု ဒဏ်တွေ အပေါ် အရေထူနေပြီ ဖြစ်သော ကဗျာဆရာလည်း ပေါ့သေး သေးတော့မဟုတ်။ ကျွန်တော် ထိုးနက်တိုက်ခိုက်မှု အပေါ် ဘာမျှမခံစားရဟန်ဖြင့် အပြုံးမပျက်နေ မြဲနေ၏ ။

“မောင်ရင်က အလုပ်ရဲ့တန်ဖိုးကို တကယ်သက်ဝင်ယုံကြည်တာလား၊ ဒါမှမဟုတ် မိန်းမရဲ့ နောက်မှာ မနေနိုင်ဘူး……မိန်းမရဲ့ရှေ့မှာ အမြဲနေရမယ်ဆိုတဲ့ အစဉ်အလာ မဟာယောက်ျားကြီး ၀ါဒကို အသက်ဝင်ယုံကြည်တာလား”

ဘုရားရေ……။ကျွန်တော် ဘယ်လိုမှ မျှော်လင့်မထားတဲ့စကား။ ကဗျာဆရာကိုပြန်ဖြေဖို့ ကျွန်တော့် မှာ အဖြေအဆင်သင့်မရှိ။ ကျွန်တော့်စိတ်ကို သူဘယ်တုန်းက ရှောင်တခင်ဝင်ကြည့်ခဲ့ပါ လိမ့်။ကျွန်တော် အတန်ကြာ နှုတ်ဆွံလျက်ကဗျာဆရာကို အသိမဲ့ငေးကြည့်နေမိ၏ ။ ကျွန်တော့် ထံ မှပြန်မလာသော စကားသံတို့ကိုအခွင့်ကောင်းယူလျက် ကဗျာဆရာက ဆက်ပြောနေ ပြန်သည်။

“ခက်တာပဲ ကိုယ့်တို့ ယောကျိားတွေ မှာ အဲဒီ အစွဲကြီးက အမြစ်ကနေဆွဲလှန်နှုတ် ပယ်သင့် ပြီ မိန်းမတွေ ခမျာ ဟိုအစဉ်အဆက်ထဲက ယောက်ျားတွေ ရဲ့အဖြည့်ခံသက်သက်အ ဖြစ် ဖိနှိပ်ခံခဲ့ရတာ ၊ယောက်ျားသေရင်မိန်းမလိုက်သေပေးရတဲ့မတော် မတရားဆိုးဝါးစနစ်ကိုကျင့်သုံးတဲ့ခေတ်တွေ ဒေသတွေ တောင် ရှိခဲ့ဖူးတယ်၊ တကယ်တော့မိန်းမလည်းလူဘဲ ယောက်ျားတွေ နဲ့ရင်ဘောင်တန်း နိုင်တဲ့ အရည်အသွေးအတွေးအခေါ်တွေ ရှိတာပေါ့၊ ဒါတွေ ကိုတို့ယောက်ျားတွေ က မျက်ကွယ်ပြု ပြီးခေါင်းထောင်ခွင့် မပေးပဲ နှစ် ပေါင်းများ စွာ နှိပ်ကွပ်လာခဲ့လိုက်တာ၊ ကြည့်..ဘယ်လောက်များ တရားမဲ့လိုက်သလဲဆိုတာ၊ စဉ်းစားကြည့် တို့ယောက်ျားတွေ အားလုံးဟာလည်းအမေလို့ခေါ်တဲ့ မိန်းမတွေ ကနေ မွေးဖွားလာလို့ လူ့လောကကို ရောက်ရှိလာခဲ့ ကြတာပဲမဟုတ်လား၊ဘာကြောင့် မိန်းမတွေ ရဲ့ အဆင့်ကို နှိမ့်ချပြီး ဆက်ဆံရမှာ လဲ၊ ဘယ်လိုလဲ အခုကိုယ်ပြောပြီးတဲ့အထိ မောင်ရင် လက်ခံလား လက်မခံဘူးလား”

ကျွန်တော် ကဗျာဆရာ၏ နှုတ်ထွက်စကားတွေ ကို အံ့အားတသင့် မှင်တက်နေမိ၏ ။ ကျွန်တော် ဘာမျှ ပြန်စောဒကမတက်နိုင်သေးပါ။ လက်ခံပါတယ်ဟူသော အမူအရာသာပြလိုက် သည်။

“လက်ခံတယ်ဆိုရင် ကိုယ်ဆက်ပြောမယ်၊ အစဉ်အဆက်ဖိနှိပ်ခံလာရတဲ့ မိန်းမတွေ ဟာ ဒီဘ၀က ရုန်းထွက်ဖို့ကြိုးစားလာကြတယ်၊ သူတို့ရဲ့ ငုပ်လျှိုးနေတဲ့ဇတွေ ကို ဖော်ထုတ်လာကြ တယ်၊ သူတို့ဟာ ယောက်ျားတွေ ရဲ့ အဖြည့်ခံသက်သက်မဟုတ်ဘူး ယောက်ျားတွေ ထက် မညံ့တဲ့ အရည်အချင်းတွေ ရှိတယ်၊ လိုအပ်ရင် ယောက်ျားတွေ ရဲ့ ရှေ့ကနေ ဦးဆောင်နိုင်တယ်ဆိုတာကို ပြလာကြတယ်၊ ကိုယ်တို့လက်မခံလို့မရဘူး. . မျက်စိမှိတ်ဇွတ်ငြင်းမနေနဲ့၊ ဟောအခုကြည့်လေ မိန်းမစစ်ဗိုလ်ကြီးတွေ မိန်းမစာရေး ဆရာတွေ မိန်းမ၀န်ကြီးချုပ်တွေ မိန်းမအင်ဂျင်နီယာတွေ မိန်းမ ဆရာဝန်တွေ စသဖြင့် အများ ကြီးပါပဲ၊ ကမ္ဘာ့ဒေသအသီးသီးမှာ ကို အံ့မခန်း ဖြစ်တည်နေကြတာ၊ ပုခက်လွှဲသော လက်ဟာ ကမ္ဘာကိုချုပ်ကိုင်နိုင်တယ်ဆိုတာ မိန်းမတွေ အတွက် စိတ်ဖြေနှစ် သိမ့်စ ကား ယုံတမ်းစကားမဟုတ်ဘူးဆိုတာ အခုလက်တွေ့ ပဲမဟုတ်လား၊ ဒါကို ကိုယ်တို့အသိအမှတ် ပြုရမယ်၊ ၀မ်းပမ်းတသာကြိုဆိုရမယ်၊ ဆင်းရဲတာ ချမ်းသာတာ နယ်ပယ်ကျဉ်းတာ ကျယ်တာ အရေး မကြီးဘူး အရေး ကြီးတာက သူတို့ရဲ့ အရေး ပါမှု ကို လက်ခံဖို့ပဲ၊ ခွင့်ပြုလိုက်ပါ သူတို့အစွမ်း အစရှိသလောက် စွမ်းဆောင်ပါစေ၊ မိခင်အုပ်ထိန်းသော ခေတ် ဖခင်အုပ်ထိန်းသော ခေတ်ရယ်လို့ သမိုင်းဦးခေတ်မှာ ကို ရှိခဲ့ဖူးတာပဲ၊ ဒီလိုပြောလို့ တစ်သက်လုံး မိန်းမလုပ်စာ ခိုစားရမယ်လို့ ဆိုလို တာမဟုတ်ဘူးနော်၊ မြင်အောင်ကြည့်ဖို့ ပြောနေတာ၊ မောင်ရင်လည်း အလကားနေမှာ မှမဟုတ် တာ၊ ကိုယ်နဲ့သင့်တော် တဲ့ အလုပ်တစ်ခုခုတော့ တွေ့ သွားမှာ ပါ၊ စိတ်ဓာတ်ကျစရာလည်းမလိုဘူး အရေး ကြီးတာက ကိုယ်လုပ်တဲ့ အလုပ်တစ်ခုဟာ ၀င်ငွေ နည်းတာများ တာ ပဓာန မဟုတ်ဘူး ရိုးဖြောင့်ပြီး ဂုဏ်သိက္ခာရှိဖို့ပဲလိုတာ၊ ကဲ ကိုယ်ပြောချင်တာတွေ အလိုက်မသိစွာ ပြောခဲ့ပြီးပြီ၊ မောင်ရင်ကရော ဘာထပ်ပြောချင်သေးလဲ”

ရှည်လျားစွာ ပြောဆိုရှင်းလင်းနေသော ကဗျာဆရာ၏ စကားတို့သည် ကျွန်တော့် နှလုံး သည်းပွတ်သို့ တိုင် စိမ့်ဆင်းလာ၏ ။ ကျွန်တော် ကြည်နူးနွေးထွေးစွာ ခံစားရသည်။ ကဗျာဆရာအ ပေါ် ဟိုအရင်ကလိုမဟုတ်သော အကြည့်များ ဖြင့် ရှင်းရှင်းလင်းလင်းစိုက်ကြည့်နေမိသည်။

“ကျေးဇူးတင်ပါတယ်ဆရာ၊ ဆရာနဲ့နောက်မှ အေးအေးဆေးဆေးတွေ့ ပြီး စကားတွေ ပြော ချင်ပါသေးတယ်၊ ကျွန်တော့် ကို ခွင့်ပြုပါဦးဆရာ”

ကျွန်တော် နှုတ်ဆက်ပြီး အိမ်သို့ အမြန်ပြန်မိတော့သည်။ တစ်ချိန်လုံး ကျွန်တော် မျက်မုန်း ကျိုးခဲ့ဖူးသော ကဗျာဆရာကို ဆရာဟူ၍ လိုလားစွာ ခေါ်ပြောမိသည်မှာ အံ့သြစရာမဟုတ်တော့ ဟုအလိုလိုလက်ခံမိ၏ ။ ပြုံးလျက်ခေါင်းငြိတ်ပြပြီး လက်ဖက်ရည်ဆိုင်ထဲ ကျန်ရစ်ခဲ့သူသည် တ ကယ့်ကဗျာဆရာ ဖြစ်မှန်း ကျွန်တော် နားလည်သွားပြီ ဖြစ်သည်။

အိမ်တံခါးဝတွင် ကျွန်တော့် ကိုကြိုနေသူ အိမ်သူသက်ထားမှာ ကျွန်တော့် အမူအရာကို ကြည့်ပြီး အံ့သြနေဟန်ရှိ၏ ။ လေးကန်စိတ်ပျက်သော ကျွန်တော့် မျက်နှာ ဘယ်မှာ ကျကျန်ရစ်ခဲ့ မှန်း သိလိုပုံပေါ်သော်လည်း ဖွင့်ဟမမေး။ သူက ကျွန်တော့် ကို စကားတွေ အရင်ပြောချင်ဟန်တူ ၏ ။ ခရီးရောက်မဆိုက်ပင်

“မောင် ဒီနေ့ဘာနေ့လဲသိလား” ဟုဆို၏ ။

ကျွန်တော် က သူတစ်ခုခုပြောလိုသည်မှန်းသိ၍ (၇)ရက်တစ်ပတ်ထဲက နေ့တစ်နေ့ ဖြစ်မှာ ပေါ့ဟု ကျီစယ်လိုက်၏ ။

“မောင်နဲ့သက်ထားနဲ့ ချစ်သူသက်တမ်း လေးနှစ် ပြည့်တဲ့နေ့ ပြီးတော့ မောင့်ရဲ့ မွေးနေ့သိ လား”

“ဟာ. . ဟုတ်လား မောင်လည်း ကိုယ့်ဟာကိုယ် စိတ်တွေ ရှုပ်ပြီး မေ့တောင်နေတယ်. . ခွင့်လွှတ်ပါကွာ”

“အဲဒါအရေး မကြီးပါဘူး၊ အရေး ကြီးတာက မောင့်ကိုမွေးနေ့လက်ဆောင်ပေးမလို့၊ ပြီးခဲ့တဲ့ အပတ်ကတည်းက လက်ဆောင်က အဆင်သင့်ရှိနေတာ၊ ဒီနေ့မှပေးမယ်ဆိုပြီး တမင်အောင့်အီး နေရတာ ”

ကျွန်တော် အံ့သြသွား၏ ။ စူးစမ်းဟန်ဖြင့် သက်ထား၏ မျက်နှာကိုကြည့်နေမိသည်။ သက် ထားက ကျွန်တော့် လက်မောင်းကိုဆွဲပြီး နှစ် ယောက် ထိုင်ဆက်တီခုံသို့ ပေါ့ပါးပြုံးချိုစွာ ဆွဲခေါ်သွား ၏ ။ ထိုင်မိကာမှ. .

“သက်ထားမှာ ကိုယ်ဝန်ခြောက်လရှိနေပြီဆိုတာ သိတယ်နော်”

“သိတယ်လေသက်ထားရဲ့ အဲဒါဘာ ဖြစ်လို့လဲ ကိုယ်ဘာလုပ်ပေးရမလဲ”

ပြောမယ့်သာပြောလိုက်ရသည်။ ကျွန်တော့် မျက်နှာရှိန်းကနဲ ဖြစ်သွားသလိုပင်။

“အဲဒီ ကလေးက ယောက်ျားလေးလား မိန်းကလေးလားဆိုတာ တီဗွီသွားရိုက်ကြည့်ပြီးပြီ”

ကျွန်တော် ရင်ဒိတ်ကနဲခုန်သွား၏ ။ ကြားရမည် မှန်းသိပါလျက် စိတ်စောနေမိ၏ ။ သက် ထား၏ နှုတ်ဖျားကို မျက်တောင်မခတ်တမ်းစိုက်ကြည့်ရင်းအသံကို အလွတ်ကျက်မှတ်ဖို့ အသင့် ပြင်ဆင်ထားလိုက်၏ ။

“သမီးလေးတဲ့”

“ဘာ. . သမီးလေး ဟုတ်လား ၀မ်းသာလိုက်တာမိန်းမရာ ကမ္ဘာကိုချုပ်ကိုင်မယ့်မိန်းမတစ် ယောက် မကြာခင်လောကကိုရောက်ရှိတော့မယ်ဟေ့ ”

ကျွန်တော် သက်ထား၏ ကိုယ်လုံးလေးအား တင်းကျပ်စွာ ပွေ့ဖက်လိုက်မိသည်။

ကျွန်တော် ၀မ်းသာလွန်း၍ သက်ထားကိုပွေ့ချီရင်း ကျယ်လောင်စွာ အော်ပြောနေမိပါတော့ သည်။ တစ်လောကလုံး ကြားသည်အထိပေါ့။ ။

•••


ဝန်ဇင်းချစ်သူများ မျိုးကိုမျိုး ၏ “ ကျွန်တော်နဲ့ မျိုးကွဲအိမ်မက် ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


ဗီးနပ်စ်ရဲ့ ကကြိုးသစ်

ကျွန်တော်နှင့် ကျွန်တော်၏ အချစ်ဦးများ

မမမောင်မင်းမူ